အားကွေ့ အပိုင်း (၅၁ မှ ၅၅ထိ)
#51 ( အစ၏အဆုံး ..အဆုံး၏အစ )
ဟွားဟွားသည် သူမဦးကြီးကျောက်အသံကြားသည်နှင့် ၀မ်းသာအားရဖြင့် ..
'''ဦးကြီးကျောက် ..မြန်မြန်လာပြီး ..ဒီခွေးကောင်လေးကို ဆုံးမပေး .. '''
ကျောက်ကျူးထင်မှာ ဟွားဟွားမပြောခင်ကတည်းကပင် လက်ယားနေသည် ဖြစ်ရာ မည်သည့်အကြောင်းကိစ္စမှန်းမေးမနေတော့ဘဲ .. သူ၏ နာမည်ကျော် အဝေးရောက်လက်သီးဖြင့် အားကွေ့၏ ရင်ဘတ်အားထိုးချလိုက်တော့၏...
'''ဖေါင်း ...''''
ဟိန်းကနဲ မြည်ဟီးသံကြီးနှင့် ပူနွေးသွားသော လေထုကြောင့် အားကွေ့မှာ မျက်ကလူး ဆံပြာဖြစ်ပြီး အမြန်ရှောင်တိမ်းလိုက်ရသည်..
သို့သော် ကျောက်ကျူးထင်ဆိုသည်မှာ မုယုစုယဲ့ပြီးလျှင် လက်ရှိသိုင်းလောက အ၀န်းအ၀ိုင်းတွင် နာမည်အကြီးမားဆုံးဖြစ်ရာ ပထမလက်သီးချက် လွတ်သွားသည် နှင့် နောက်ဆွဲတွဲလက်သီးချက်များကို အတွဲလိုက်အသုံးပြုလိုက်၏..
လေထုထဲတွင် .. ''တအုံးအုံး'' နှင့်ပေါက်ကွဲနေသည့်အပြင် မိမိရှောင်တိမ်းရာ ဘက်သို့ ပွတ်သီးပွတ်သပ်လိုက်ပါနေသော လက်သီးလှိုင်းများကြောင့် အားကွေ့မှာ အသက်ရှုရပင်ကြပ်လာသည်..
'''၀ှီး..'''
နထင်ဘေးမှ ဖြတ်သွားသောလက်သီးပြင်းအားမှာ ပွတ်ထိမိလျှင်ပင် ပါးရိုး ပြတ်သွားနိုင်မည်ထင်၏...
လောကတွင် ဤမျှပြင်းထန်သော လက်သီး အတွဲလိုက် ကို မရပ်မနား ထိုးချ နိုင်သူမှာ သိပ်များများစားစားမရှိပါ..ကျောက်ကျူးထင်၏ လက်သီးချက်များသည် လောဟန်အဆောင်မှူး၏ အောက်ရောက်လျှင်တောင် သိပ်အနိမ့်ကြီးမဖြစ်နိုင် ...
ထိုသည်မှာ စစ်မှန်သော အထက်လမ်းအတွင်းအား၏ အားသာချက်ပင် ဖြစ်သည်.. ကျောက်ကျူးထင်မှာ ခွန်လွန်းသိုင်း၏အနှစ်သာရများကို ကြေညှက်နေသူ လည်းဖြစ်သည့်အပြင် ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်၏ လမ်းညွန်ချက်ဖြင့် သိုင်းပညာ ကို ပညာရှာပမာသူဖုန်းစားသဖွယ် အမြဲဆည်းကပ်ကျင့်ကြံနေသောကြောင့်လည်း ထိုကဲ့သို့ ထူးချွန်နေခြင်းဖြစ်သည်..
သိုင်းလောကအတွေ့အကြံ..သိုင်းကွက်သဘာဝကိုနားလည်မှု ... ပင်ကိုယ် ဉာဏ်ထက်မြက်မှု .. သိုင်းပညာကိုခုံမင်မှု အဖက်ဖက်က ပြည့်စုံသဖြင့် ကျောက်ကျူးထင်ဟု ဆိုလိုက်လျှင်သိုင်းလောကတွင် မရှိန်သူတစ်ယောက်မှမရှိပေ...
သွေးအရိပ်၏ပညာသင်ဘက် သွေးမြေခွေးဟူထိန်ကို လွယ်လင့်တကူ သုတ်သင်နိုင်ခြင်းကလည်း အထက်ပါအရည်အချင်းများကြောင့်ပင်...
အားကွေ့မှာ ပျားပိတုန်းများသဖွယ် ၀ဲပျံနေသော လက်သီးချက်များအား ရှောင်တိမ်းနေရသောကြောင့် ခေါင်းနောက်၍ပင်နေလေပြီ..
''ဟူး..ဟူး...ဟူး..ဟူး.''
လက်သီးတချက်ထိုးလိုက်တိုင်း လေတိုးသံအကျယ်ကြီးမြည်နေသော ထိုလက်သီးချက်ကိုခံဆောင်ရန်လည်းမ၀ံ့ရဲ...
ကျောက်ကျူးထင်၏ လက်သိုင်း ..အားကွေ့၏ လျှပ်စစ်သဖွယ်ရှောင်တိမ်း နေမှုကြောင့် စမ်းချောင်းနဘေး သစ်ရွက်ကြွေများပင်လျှင် လေထဲတွင်လွင့်မြော သွားကြကုန်၏...
ဟွားဟွားသည် ကျောက်ကျူးထင်လက်သီးအောက်တွင် အလူးအလဲ အပြူးအပြဲဖြစ်နေသော အားကွေ့အားကြည့်ကာ လက်ခုပ်လက်ဝါးတီး၍ အော်ဟစ် အားပေးနေသည်...
''''ဖေါင်း...ဖေါင်း..ဖေါင်း..'''
'''ဦးကြီးကျောက် ..ဦးကြီးကျောက်.. ဟာ.. နည်းနည်းလေးလွဲသွားတယ် .. ဟုတ်ပီ..ဟုတ်ပီ ... အဲ့သေနာလေး ထိတော့မယ် ... ထိုးထားဦးကြီးကျောက် . '''
မျက်ရည်စီးကြောင်းမခြောက်သေးဘဲ ရယ်မော အားပေးနေသော ဟွားဟွားကို အားကွေ့မြင်ရလျှင် ပြုံးချင်စိတ်ပေါက်သွားသော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိသဖြင့် ကျောက်ကျူးထင်၏ လက်သီးစာမမိအောင်သာ ကြိုးစားနေရ၏ ..
ကျောက်ကျူးထင်ကလည်း သူ၏လက်သီးချက်များကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်သော အားကွေ့အား ကျိတ်ချီးကျူးနေမိသည်.. သွေးမြေခွေး ဟူထိန် ပင်လျှင်သူ၏သိုင်းကွက်ကို အသေအလဲကာကွယ်နေရသည်မဟုတ်လား... ထို့ကြောင့် ခွန်းလွန်းတောင်၏ နာမည်ကျော် ခုနှစ်ဆင့်လက်သီးသိုင်းကို အသုံးပြု ရန် ဆုံးဖြတ်လိုက်တော့သည်.. အမှန်စစ်စစ် အားကွေ့ကသာ ကျောက်ကျူးထင်၏ လက်သီးချက်ကို ကြောက်နေသည်မဟုတ်ပေ.. ကျောက်ကျူးထင်ကလည်း အားကွေ့ ၏ထူးဆန်းသော ခြေလှမ်းကွက်တွေကို ရှိန်မိသည်.. မှန်သည် သူ၏လက်သီးသိုင်းကို အကွက် တရာကျော်ခန့် ဗလာချီရှောင်တိမ်းနိုင်သူ ရှားပေသည်.. အထူးသဖြင့် အားကွေ့လိုအသက်အရွယ်မျိုးတွင် ပို၍ရှား၏ ..အားဖုန် အားချန် နှင့်လိုင်လိုင် တို့လို အခြေခံကောင်းသူပင် မပြုလုပ်နိုင်....
''ဟူး.. မလွယ်ဘူး ..မလွယ်ဘူး ..ဒီလူကြီးရဲ့လက်သီးသိုင်းက .. လောဟန်နတ်လက်သီးသိုင်းထက်တောင်အားပြင်းနေသေးတယ် .. သေချာပေါက် သိုင်းလောကထိပ်သီးသိုင်းသမားဖြစ်မှာပဲ .. ငါတော့ ငါးပါးမှောက်ပြီလားမသိဘူး .. ဆရာတော်ခုံးလွန်နဲ့တုန်းကတောင် ငါပြန်တိုက်ဖို့ အချိန်ရသေးတယ် .. အခုဟာက မြန်လွန်းလို့ လက်တောင်ထုတ်ဖို့ အချိန်မရှိဘူး .. ဒီတိုင်းဆို နောက်အကွက်တရာ အတွင်း ငါရှူံးနိုင်တယ် .. အရိပ်တရာခြေလှမ်းတစ်ထောင်သာမတတ်ထားရင် .. ငါတော့ဒုက္ခ.. ''' အားကွေ့တွေးနေစဉ်
ကျောက်ကျူးထင်က သူ၏ လက်သိုင်းမြန်နှုန်းကို လျော့လိုက်ပြီး ခုနှစ်ဆင့်လက်သီးအတွက် ခြေလှမ်းပျိုးလိုက်သည်..
ဟွားဟွားသည် သူမရင်းနှီးနေသော ထိုခြေလှမ်းကွက်ကြောင့် တစ်ခစ်ခစ် ရယ်ကာ ပျော်သွားမိသည်.. ခုနှစ်ဆင့်လက်သီးမည်မျှ ထက်မြက်သည် ဆိုတာ သူမ အသိဆုံးပင်မဟုတ်လား.. မသာလေးတော့ အနိစ္စသဘောနှင့် ကိစ္စမချောလျှင်တောင် အနည်းဆုံး ဒုက္ခိတဖြစ်သွားနိုင်သည်.. သူမ အား အရက်နဲ့မြည်းနေသော အနှီခွေး သူခိုးကောင် အနာတရဖြစ်မည်ဆိုလျှင် ကျေနပ်သည်လေ..
အားကွေ့ကတော့ ရုတ်တရက် လက်သိုင်းအရှိန်လျော့သွားသဖြင့် သက်ပြင်းချကာ သူတပြန်လှည့်စီတိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်သည်..
''''အင်း ..အခုမှအသက်ရှူချောင်တော့တယ် .. ဒီလူကြီးဘာကြံနေတာ လဲမသိဘူး . ..သတိတော့ထားမှ '' အတွေးမဆုံးခင်
'' ၀ုန်း..၀ုန်း'''
ခွန်လွန်း၏ခုနှစ်ဆင့်လက်သီးအစွမ်းကား ရှေ့ပိုင်းကလက်သိုင်းများထက် အဆများစွာပိုသာလေ၏.. အားကွေ့မှာ လေးဆသက်ရောက်အတွင်းအားကို အသင့် ပြင်ကာ ၀ရဇိန်သူရိန်လက်ညိုးသိုင်းဖြင့် အသုံးပြုရန်ချောင်းနေစဉ် ခုနှစ်ဆင့်လက်သီး သိုင်းကြောင့် မျက်စိနှစ်လုံးပြူးသွားကာ သိုင်းကွက်ပြောင်းလိုက်ရ၏ ....နူတ်မှလည်း
'''ဟိုက်.. ခုနှစ်ဆင့်လက်သီးသိုင်း .. အဝေးရောက်လက်သီး ကျောက်ကျူးထင် ကြီးဟ.. ''''
'''အေး ဟုတ်တယ် ငါ ကျောက်ကျူးထင်ပဲ ... အခုမှနောင်တရနေလည်း မထူးဘူးကောင်လေး ..'''
'''ဖြောင်း...ဖြောင်း ..'''
သေမင်းခေါ်သံဟူသော အားကွေ့၏သိုင်းကွက်နှင့် ကျောက်ကျူးထင်၏ လက်သီးချက်တို့ ထိတွေ့သံကား .. တောတန်းတစ်လျှောက် ပေါက်ကွဲသံကြီး အလားဖြစ်ပေါ်သွား၏ ..
ဟွားဟွားသည် ထိုအသံကြောင့် သွေးများဆူပွက်သွားသဖြင့် တကိုယ်လုံး ရှိအတွင်းအားကို လည်ပတ်ခုခံလိုက်ရသည်..
သစ်ပင်ပေါ်မှ ငှက်အချို့ မဆီမဆိုင်နားစည်ကွဲကာ သေပွဲဝင်ရလောက် အောင် ပြင်းထန်လှ၏..
အားကွေ့မှာ ကျောက်ကျူးထင်၏သန့်စင်သော အတွင်းအားကြောင့် ခြေလှမ်းနှစ်လှမ်းဆုတ်သွားရသော်လည်း ကျောက်ကျူးထင်က နေရာပင်မရွှေ့ ..
အားကွေ့သည် အတွေ့အကြုံနည်းနည်းရလာသဖြင့် ယခင်ကလို ကြောင်ငေးမနေပါ... အနက်ရောင်လောကအနီရောင်အခန်းသိုင်းကျမ်းထဲတွင် ပါရှိ သောသိုင်းကွက်များနှင့်တရစပ်တိုက်ခိုက်လိုက်သည်..
အနက်ရောင်သိုင်းကွက်များဖြစ်သဖြင့် တကွက်ဆိုတကွက်အလိုက် ရက်စက်ကြမ်းကြုတ်သော သိုင်းကွက်များဖြစ်သည်ကြောင့် ကျောက်ကျူးထင်မှာ ရင်ထဲထိတ်သွားကာ သူတတ်မြောက်ထားသမျှသိုင်းပညာများဖြင့်ကာကွယ်လိုက် ရ၏..
ယခုမှ ပွဲကအကြိတ်အနယ်ရှိလာသည်.. ကျောက်ကျူးထင်၏ လက်သိုင်းမှာ ရှင်းလင်းပြတ်သားပြီး တလုံးဆိုတလုံးထိရောက်သလောက် ..အားကွေ့၏သိုင်းက ရှုပ်ထွေးပြီးနားလည်ရခက်လှသည်..
''ယား...ဖောင်း..'''
''ဟဲဟဲ ဘယ်ရမလဲ...ဦးကြီးကျောက် ကျိုးစားဖို့လိုသေးတယ် ..လက်သီးက အားပါသလောက် နည်းနည်းလေးထိုင်းသဗျ..''''
အားကွေ့၏မထိတထိကလိစကားကြောင့် ကျောက်ကျူးထင်မှာ ဒေါပွပွ နှင့် အတွင်းအားကို ခုနှစ်ဆင့်ထိမြင့်ပြီး ထိုးချလိုက်သည်.. အရိပ်သဖွယ်မြန်လွန်းလှ သော်လည်း .. ပညာစုံသောအားကွေ့မှာ နဂါးလိမ်ဟူသည့် သိုင်းကွက်ဖြင့် ကိုယ်ကို တွန့်ရှောင်ကာ ..
''ဒါလည်းလွဲနေသေးတယ်ဗျ..''''
''ကောင်းပြီ.. ဒီတကွက်လာပြီကွာ.ခွန်လွန်းရဲ့ မိုးအောက်မြေပြင်နိုင်ပွဲဆင် ဆိုတဲ့အကွက်.. '''
'''ဖြောင်း..''''
ထိုအကွက်ကို အားကွေ့က ၀ရဇိန်သူရိန်လက်ညိုးသိုင်းကွက်ဖြင့် ထောက်တားလိုက်သဖြင့် လွဲချော်သွားပြန်သည်.. သို့နှင့် အကွက်ပေါင်းငါးရာခန့်တွင်
'''ဦးကြီးကျောက် .. ဘာလို့ဒီလောက်အချိန်ဆွဲနေတာလဲ ..မြန်မြန်ပွဲသိမ်း လိုက်တော့လေ...'''
ဟွားဟွား၏စကားကြောင့်.. ကျောက်ကျူးထင်မှာ အတွင်းအားကို ကိုးဆင့် အထိသုံးကာအိတ်သွန်ဖားမှောက်တိုက်ခိုက်လိုက်တော့သည်..
ကျောက်ကျူးထင်၏မည်မျှသုံးသုံးကုန်နိုင်ဖွယ်ရာမရှိသော အတွင်းအားကို ကြည့်ကာ အားကွေ့စိတ်ဓါတ်ကျလာသလို ကျောက်ကျူးထင်မှာလည်း သူမည်မျှ အတွင်းအားမြင့်မြင့် သူနှင့်တန်းတူလက်ရည်တက်လာသောအားကွေ့ကိုကြည့်ကာ ရှက်လာ၏...
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ သိုင်းလောကထဲကျင်လည်လာတာကြာမြင့်ပြီ.. ထိုကောင်လေးလောက်ထူးဆန်းသည့် ကောင် မတွေ့ဖူးပေ.. နဖူးမှရွှေရောင်ဝင်းဝင်း တောက်လျှင် အသရည်တမျိုးဖြာနေသောသူ .. ရက်စက်ကာအမျိုးစုံလင်သော သိုင်းပညာများပိုင်ရှင်..အခက်အခဲဟူသမျှ ဟာသ ဟူသောဓါတ်ခံရှိသော စိတ်ထားနှင့် လူ.. အသက်အရွယ်နှင့်မလိုက် သုံးမကုန်နိုင်သောအတွင်းအားနှင့် ကောင်လေး..
ထိုဝိသေသများနှင့်ကလေကချေကိုတော့ သူမနိုင်လို့မဖြစ်.. သူ၏သိက္ခာကျခြင်းနှင့် ဟွားဟွား၏ စိတ်ဆိုးခြင်းကိုခံရပေလိမ့်မည်..
''''ဗုန်း..ဗုန်း..ဗုန်း..''''
'''ဖြောင်း..ဖြောင်း..ဖြောင်း ..''
ကျောက်ကျူးထင်၏လက်ဝါးဒါဏ်ကြောင့် အားကွေ့လက်မောင်းနှစ်ဖက် ကျင်တက်သွားကာရင်ဘတ်အောင့်သွား၏...
အားကွေ့၏ လေးဆသက်ရောက်အတွင်းအားကြောင့် ကျောက်ကျူးထင် မှာလည်း ..ငါးလှမ်းမျှ နောက်ဆုတ်သွားရသည်..
''ဘယ့်နှယ်.. ဒီခွေးကောင်လေးအတွင်းအားက ငါထက်တောင် သာနေတာလားဟ.. မဖြစ်နိုင်ဘူး ..ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး ..''
အားကွေ့မှာ သူရှေ့ဆက်တိုက်လျှင် နှစ်ယောက်စလုံးအထိနာတော့ မှာသိလိုက်ရသည်.. တကယ်တော့ အားကွေ့မှာ ကျောက်ကျူးထင်၏ အတွင်းအား ကိုမမှီသေးပါ.. အနှစ်လေးဆယ်သန့်စင်အတွင်းအားပိုင်ရှင်အား မီဖို့ရန် အားကွေ့ အတွက်လိုပါသေး၏.. လေးဆသက်ရောက်ဟူသည့် ထူးဆန်းသော အတွင်းအား ပညာရပ်အရသာ တောင့်ခံထားနိုင်ခြင်းဖြစ်သည်.. (**)
ထို့ကြောင့် အားကွေ့သည် သူ၏ အဓိကအားထားသော သိုင်းကွက် ကို သုံးလိုက်တော့၏..
အနက်ရောင်လောကအနီရောင်အခန်းထဲတွင်ပါသော .. ငရဲနိမိတ်ပုံ ဟူသော အရိုးအဆစ်တို့ကို ရိုက်ဖြုတ်သည့်ပညာရပ်ဖြစ်သည်..
''' ၀ဝေါ...ဝေါ..''
''ဖောင်း..'''
လေတိုးသံကျယ်ကြီးဖြင့် ကျောက်ကျူးထင်၏ တကိုယ်လုံးကို အားကွေ့ လက်နှစ်ဖက်က ရစ်ဝဲကာနေသည်..
ကျောက်ကျူးထင်မှာ တသက်နှင့်တကိုယ် မမြင်ဖူးသော.. စဉ်းစား၍မရအောင် ရက်စက်လွန်းသော အနှီလက်ကြားမှ ကိုးရို့ကားယားနှင့် ဖောက်ထွက်လာပြီး နူတ်မှ..
'''ခွေးကောင်.. ငယ်ငယ်ရွယ်ရွယ်နဲ့ ရက်စက်လှပါလား .. ဒီတားမြစ် သိုင်းကွက်တွေကို သုံးကတည်းက ..မင်းဟာလူယုတ်မာတစ်ယောက်ဆိုတာ ဖော်ပြနေတယ်ကွ .. မင်းဟာအဆိပ်ပင်ကအဆိပ်သီးပဲ .. မကြီးထွားခင် မြန်မြန် ဖျက်ဆီးမှရမယ် .. ''' ဟုပြောကာ ခြေလက်အစုံဖြင့် လည်ပတ်ထိုးနှက်ကန်ကြောက် လိုက်သည်.. ထိုသည်ကို ပေါ့ပါးစွာရှောင်တိမ်းပြီးအားကွေ့သည်..
''ဟဲဟဲ .. ဒါပေမယ့် လွယ်တော့မလွယ်ဘူးမဟုတ်လား ဦးကြီးကျောက်ရဲ့ .. ကျွန်တော့ကိုဖျက်ဆီးချင်ရင် ဒီလိုသိုင်းကွက်တွေနဲ့တော့ မရသေးဘူးနော်..''''
အားကွေ့၏စကားကြောင့် ကျောက်ကျူးထင်က သိုင်းကွက်ကို ရပ်တန့်် လိုက်ကာ
'''ဟွန်း .. ကျောက်ကျူးထင်သာ မင်းကိုမနိုင်ဘူးဆိုရင် ချက်ချင်း သိုင်းလောက ကအနားယူ ..ယူ..'''
'''၀ှီး .. ဖြန်း.. ဖတ်..ဖတ်.. ဖလပ်..''
အားကွေ့သည် ကျောက်ကျူးထင် သိုင်းကွက်ရပ်လိုက်သည်ကို အခွင့် ကောင်းယူကာ လျှင်မြန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည် .. သူ၏ ခါးကြားမှ
အနက်ရောင်ကြိုးကိုထုတ်ယူပြီး ကျောက်ကျူးထင်အား ဟန်ပြရိုက်ထုတ်လိုက်၏.. တဆက်ထဲပင် သူတို့အပေါ်တွင်မိုးကျနေသော တောသရက်ပင်ကိုင်းကြီးကို ထိုကြိုး ဖြင့်ပင်ရစ်ပတ်လိုက်ပြီး ခုန်တက်သွား၏.. သစ်ကိုင်းပေါ်ရောက်သည်နှင့် မြေပြင်ပေါ်မှ အထုတ်သုံးထုတ်ကို ကြိုးဖြင့်ရစ်ပတ်လိုက်ရင်း ဆွဲယူလိုက်ကာ တခြားသစ်ပင်ပေါ် ခုန်ကူးသွားတော့သည်.. နူတ်မှလည်း..
'''ဟီးဟီး .. ဦးကြီးကျောက်နဲ့ မိန်းမလှလေးရေ .. နူတ်ဆက်ခဲ့တယ်ဗျို့ .. နောက်လမ်းတွေ့ရင်လည်းခေါ်ဗျာ .. မိန်းမလေးရေမင်းအထုတ်ကို အမှတ်တရအနေ နဲ့ ငါယူသွားပြီးနော်.. ဟီးဟီးဟီး ..'''
မြန်ဆန်လွန်းသောအဖြစ်အပျက်ကို ကြောင်ကြည့်နေကြသော တူဝရီး နှစ်ယောက်မှာ ထိုအခါမှ အသက်ဝင်လာပြီး ..
'''ခွေးကောင် မင်းယောင်္ကျားမဟုတ်ဘူးလား.. ပြန်လာခဲ့စမ်း .. ''' ဟု အော်ကာ သစ်ပင်ပေါ်ခုန်တက်လိုက်ရှာသော်လည်း.. ထိုငနဲသားမှာ အရိပ်အယောင် ပင်မမြင်ရတော့ပေ..
အားကွေ့သည် အထုတ်သုံးထုတ်ကို ကျောတွင်ထမ်း၍ မျောက်မိစ္ဆာ လေဟုန်စီး ကိုယ်ဖော့ပညာနှင့် ကြိုးကို အသုံးပြုကာထွက်ပြေးသွားသည်မို့ အရိပ် အယောင်မျှ မမြင်ရခြင်းဖြစ်သည်..
======+++++======+++++======+++=====
ညနေခင်းလေပြေသည် ပန်းဝတ်မှုံများကို ဆောင်ယူသယ်လာပြီး နေပြည်တော်သို့ ပက်ဖြန်းသွားသလားအောင့်မေ့ရသည်.. တမြို့လုံး မွှေးရနံ့များ ကြိုင်လှိုင်သင်းနေသည်.. နွေဦး၏လတ်ဆတ်သောရနံ့ပါပေါင်းစပ်လိုက်သော အခါ နှလုံးကြည်မွေ့ဖွယ်ရာကောင်းလှပေ၏...
နေပြည်တော်သည် ခါတိုင်းရက်များထက်ထူးခြားစွာ လေးဆမျှစည်ကား နေပြီး ခုနှစ်ဆခန့် လူသွားလူလာများနေသည်.. ထိုသွားလာလှုပ်ရှားနေသူများမှာ လူငယ်လူရွယ်များဖြစ်ကြပြီး ၀တ်ကောင်းစားလှကိုယ်စီနှင့်ပင်... ဤမျှလူသွားလူလာ များနေသည့်ထဲတွင် အမျိုးသမီးများ မပါသည်ကတော့ အံ့ဖွယ်ဖြစ်၏.. မည်သို့နည်း .. နေပြည်တော်တွင် အမျိုးသမီးများရှားနေပြီလား..
အဖြေကတော့ မဟုတ်ပါ .. နေပြည်တော်တွင် မြို့ခံမိန်းကလေးများတင် မဟုတ် .. အနယ်နယ်အရပ်ရပ်မှ လာကြကုန်သော မိန်းမပျိုအများစု ရှိပါသည် မိန်းမပျိုမှ သူ့ရပ်သူ့ရွာတွင်အချောဆုံး အလှဆုံး လှထိပ်ခေါင်တင် ..ဒင် ဆိုသည့် မိန်းမပျိုလေးများသာ...
သို့ဆိုလျှင် အကြင်မိန်းကလေးများ မည်သည့်နေရာတွင် ပုန်းကွယ်လျှိုး နေကြသနည်း..
နန်းတွင်းတံခါးစောင့်မှူးများခြံရံလျှက် နန်းတွင်းတခွင်လည့်လည်စစ်ဆေး နေသောချန်းမင်သည် .. တစ်နှစ်ပတ်လုံး ဘုရားစူးစေ့ ဤအချိန်အခါကိုစိတ်အညစ် ဆုံးဖြစ်၏ .. သူ့တွင်ရှိသောအိမ်သူသက်ထားဇနီးမယားတစ်ယောက်ထဲပင်လျှင် နား နှစ်ဘက်ပွင့်ထွက်အောင် စကားများလှသည်ဖြစ်ရာ .. မိန်းကလေးများ အယောက် သုံးရာကိုးဆယ့်နှစ်ယောက် စုပေါင်းနေရာ နေရာဌာနတွင် မည်သို့မျှနားမခံသာပေ...
မိန်းမများ၏ စကားပြောနိုင်စွမ်းကတော့ ယောင်္ကျားထု လက်မှိုင်ချရ နိုင်သည်.. မနက်မျက်စိနှစ်လုံးပွင့်ပြီး '''၀ါး''ဟူ၍သန်းပြီးသည်နှင့် ညအိပ်ရာဝင်သည် အထိ ပါးစပ်မစိတော့.. ဒါတောင်ရံဖန်ရံခါတွင် အိမ်မက်ထထယောင်တတ်သေး၏ ..
ယခုလည်း ထိုခန်းမကျယ်ကြီးထဲတွင် .. ပွက်စိပွက်စိဆူညံနေကာ တယောက်တပေါက်နှင့် ပွက်လောရိုက်နေသည်.. အခန်းထဲရှိ အရောင်အသွေး အမျိုးမျိုး .အ၀တ်အစားအမျိုးမျိုးနှင့် အလှအပချယ်သနေကြသော မိန်းကလေးများ တူညီသော အချက်နှစ်ချက်က အလွန်တရာစကားများခြင်း အလွန်တရာ လှပခြင်း တို့ပင်.. ထို့အပြင်အရေးတကြီး တူညီသော အချက်က လွန်စွာစပ်စုခြင်းဖြစ်သည်ဟု ဆိုလျှင်လွန်မည်တော့မထင်... ဆယ်တောင်မျှမြင့်သော ကျွန်းတံခါးမကြီးပွင့် သွားပြီ ဆိုသည်နှင့် ခုနှစ်ရာရှစ်ဆယ့်လေးစုံသော မျက်ဝန်းအစုံသည် ထိုတံခါးမကြီးဆီ ရောက်ရှိလာပြီး တွတ်ထိုးတွတ်ထိုးနှင့်စူးစမ်းစပ်စုကြသည်ဖြစ်ရာ လွန်စွာ စိတ်ညစ် စရာကောင်း၏.. အဘယ်ကြောင့်ဆိုသော် ထိုတံခါးမကြီးအား ချန်းမင်တစ်ယောက် အများဆုံးဖွင့်ရ၍ပင်...
တိုင်းပြည်၏ရတနာဖြစ်သော ထိုမိန်းမပျိုတို့ကို စောင့်ရှောက်ဖို့ရန် သူနှင့်အနောက်ဆောင်ကုန်းကုန်း တို့၏တာဝန်ပင်မဟုတ်လား... မည်သည့်အတွက် ကြောင့်တိုင်းပြည်ရတနာဖြစ်သနည်း ..မည်သည်ကြောင့်စောက်ရှောက်ရသနည်း .မည်သည့်အတွက်ကြောင့်ဤနေရာတွင်စုဝေးနေကြသနည်းဟု အမေးရှိသော်..
ယခုအချိန်ကာလသည် ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေချိန်ကာလနည်းတူ .. တိုင်းပြည်၏ ဂုဏ်ဆောင် အချောဆုံးအလှမယ်ရွေးချယ်ပွဲကြီးဖြစ်သောကြောင့်ဟု ဖြေရပေလိမ့်မည်...
သုံးရက်တိုင်တိုင်ကျင်းပမြဲဖြစ်သော ထိုအလှမယ်ရွေးပွဲအား ကုန်းနှင့် ရေနှစ်လီ ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး ယနေ့သည် ရေအလှမယ် ပြိုင်ပွဲဖြစ်၏... ပန်းမျိုးစုံ နှင့်အလှဆင်ထားသော ရောင်စုံလှေများပေါ်တွင် အလှမယ် တစ်ယောက်ခြင်းစီ ထိုင်လျှက်ကိုယ်ဟန်ပြရမည်ဖြစ်သည်...
ထိုစဉ် ''ကျွီ''ဟူသော မြည်သံနှင့် ကျွန်းတံခါးမကြီးပွင့်ထွက်လာပြီးနောက်..
'''သစ်ခွပန်းအပိုင်းကိုယ်စားပြု ရန်အိမ်တော်ရဲ့သခင်မလေး ကျင်းကျူး ရောက်ရှိလာပါပြီ... '''
ဟု ကျယ်လောင်သောအသံကြောင့်အခန်းတွင်းရှိ မိန်းမပျိုလေးများရော အစောင့်များရော ..ချန်းမင်နှင့်အနောက်ဆောင် ကုန်းကုန်းရော ထိုတံခါးစီသို့ လှမ်းကြည့်မိလိုက်သည်..
တိုင်းပြည်အလှမယ်ဘွဲ့ကို နှစ်စဉ်မပျက်ရယူထားသော သခင်မလေးကျင်းကျူး
၏အလှအပကို မမြင်ကြလိုသူ မည်သူရှိအံ့နည်း... သခင်မလေးကျင်းကျူးအကြောင်း မကြားဖူးသူမည်သူရှိအံနည်း.. အချင်းရော အဆင်းပါပြည့်စုံသည်ဟု အခြေသီတင်း ကြီးသည့် ရွှေမင်းသမီးကိုမှ မတွေ့ရမမြင်ရလျှင် လူဖြစ်ရကျိုးပင်နပ်အံ့ မထင်ရတော့ ပြီမဟုတ်လား...
#52 ( အစ၏အဆုံး ..အဆုံး၏အစ )
တံခါးဝဆီမှဖြည်းညင်းစွာလျှောက်လာသော ကျင်းကျူးကို မြင်လျှင် အခန်းတွင်းရှိ မိန်းမချော လေးများမှာ မိမိကိုယ်မိမိ မလုံမလဲဖြစ်ကုန်ကြ၏။ ပုလဲရောင် ၀တ်စုံအား ရွှေဇာချည်ကွပ် ထားကာ ပုလဲ ဆံထိုး၊ ပုလဲနားဆွဲ ၊ အစရှိသဖြင့် ဆင်မြန်း ထားပြီး လက်ထဲတွင် ရိုးတံရှည် ခရမ်းရောင် သစ်ခွပန်းလေး ကိုကိုင်ဆောင်ထား၏။
မဟာဆီမဟာသွေးအပြည့်ပါသူမို့ အိနြေ္ဒသိက္ခာရှိလှသောကျင်းကျူးမှာ လောကကြီးတွင်သူမ ထက်ချောမောလှပသူရှိကောင်းရှိနိုင်သော်လည်း သူမကဲ့သို့ မြင့်မြတ်တော်ဝင်သော ဂုဏ်ရှိန်ကြီးသော ဖြူစင်သန့်ရှင်းသည့်အမျိုးသမီးတော့ တစ်ယောက်မှမရှိနိုင်ပါ။ စိတ်ထားနူးညံ့သိမ်မွေ့ကာ ယဉ်ကျေး ပြူငှာသူဖြစ်သည်နှင့် အညီ သူမ၏မျက်နှာလေးသည် အမြဲတမ်းပြုံးယောင်သန်းနေပါသည်။
တခြားအမျိုးသမီးများလို အရေပြားတစ်ထောက်စာသာ လှသူမဟုတ် ၊ နှလုံးသားပါလှသူ ဖြစ်ရကာ အမျိုးသားတိုင်းကျင်းကျူးမှ ကျင်းကျူးဖြစ်နေသည်မှာ အလွန်တော့မဟုတ်ပါ။
ပါးစပ်အဟောင်းသားနှင့်သူမအားငေးမောကြည့်နေကြသည့် မျက်လုံးများကို သူမ၏မူပိုင် အပြုံးလေးနှင့် နှုတ်ဆက်သလို ခေါင်းလေး ငဲ့ပြလိုက်သောအခါ အခန်းတွင်းရှိလူသားအားလုံးနှလုံးသားများ အရည်ပျော်သွား၏။ ထို့ပြင် ယခင်ကလို ဆူညံပူညံအသံများပင် ထွက်မလာတော့ဘဲ တီးတိုး ပြောသံသာထွက်လာတော့၏။
ဆင်ဖြူရောက်လာပြီဖြစ်သောကြောင့် ဆင်မည်းများငြိမ်ရသည်မှာ
ဓမ္မတာမဟုတ်လော။
ချန်းမင်သည်သူကိုယ်တိုင် ရန်သခင်မလေးအားသွားရောက်ကြိုဆို နူတ်ဆက်လိုက်၏။
``ရန်သခင်မလေး မင်္ဂလာနေ့ပါခင်ဗျာ´´
ကျင်းကျူးကခေါင်းလေးညွှတ် အရိုအသေပြန်ပေးရင်း
``ဦးလေးချန်းမင်ရောအလုပ်တွေသိပ်ရှုပ်နေပြီထင်ရဲ့.. အခုတလော ရန်အိမ်တော် ကိုတောင် သိပ်ရောက်မလာတော့ဘူးနော်….´´´
``ဟုတ်တယ်သခင်မလေးရဲ့ ဒီအလှမယ်ပွဲအတွက်ရယ်..နောက်လာမယ့် အနောက်ဆောင် မိဖုရားကြီးရဲ့ သားဆုပန်ပွဲ အတွက်ရယ် အလုပ်များနေတာနဲ့ မရောက်ဖြစ်တာပါ ။ သေနာပတိကြီး နဲ့တော့ စစ်ခုံရုံးမှာအမြဲတမ်းတွေ့ဖြစ် ပါတယ်…´´
``ဖေဖေတို့ ဦးလေးချန်းမင်တို့ကတော့ အမြဲတမ်းအလုပ်များနေတော့ တာပဲ..´´
ချန်းမင်ကကျင်းကျူး၏စကားကို သဘောကျစွာနှင့်
``ကျွန်တော်တို့က သူ့ဆန်စားလို့ ရဲရတဲ့ မင်းခယောင်္ကျားဆိုတော့ ပြည်သူ အတွက် အလုပ် လုပ်တာ မဆန်းပေမဲ့ သခင်မလေးကတော့ ပြည့်ဝန်ကိုမထမ်းရဘဲ အမြဲတမ်းပြည်သူတွေကို စောင့် ရှောက်ပေးနေတာက တကယ်ကိုမွန်မြတ်လှ ပါတယ်ဗျာ´´
ကျင်းကျူးကတော့ ပြုံးရုံပြုံးကာ ကောင်းသည်ဆိုးသည်မပြောပေ။ သူမအတွက် ချီးကျုးခြင်း ချီးမြောက်ခြင်းဆိုသည်မှာ ရိုးအီနေပြီမဟုတ်လား။
နှစ်ဦးသားစကားလက်စုံကျနေချိန်တွင် ချန်းမင်အား ကိုယ်ရံတော်တစ်ယောက် မှ မျက် ရိပ်ပြလာသည်။ ချန်းမင်လည်း အစီအစဉ်စရန် အချိန်တန်ပြီဟု သဘောပေါက် ၍ အခန်းတွင်းရှိအားလုံးကြားရန်အတွက်အတွင်းအားသုံးကာ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
``ပြိုင်ပွဲဝင်ကြမယ့်အနယ်နယ်အရပ်ရပ်က အလှမယ်များ အဆင်သင့် ဖြစ်ကြပြီလို့ မျှော်လင့်မိပါတယ် အစီအစဉ်စတင်တော့မှာဖြစ်တဲ့အတွက် အလှမယ် အကုန်လုံးကြာမျိုးငါးပါးနတ်ရေ ကန် ကို အချိန်မီရောက်အောင် သွားရမှာ ဖြစ်ပါတယ် ။ အရှေ့မှာ ဝေါယဉ်တွေဆိုက်ထားပါတယ် အလှမယ်တစ်ယောက်ကို ဝေါယဉ်တစ်ခု ပါ။ ဝေါယဉ်က မြို့တပတ်ပတ်ပါမယ်။ပြီးမှ ကြာမျိုးငါးပါးနတ် ရေကန်ကိုသွားရမှာပါ။ ဟိုရောက်ရင် သတ်မှတ်ထားတဲ့နေရာကလွဲရင် ဘယ်မှ မသွားကြဖို့ မှာထား ပါရစေ။ ရွှင်လန်းသော နေ့လေးဖြစ်ကြပါစေခင်ဗျား´´
ချန်းမင်၏စကားအဆုံးတွင်မိန်းမလှလေးများစနစ်တကျတန်းစီကာအပြင်သို့ ထွက်သွား ကြလေသည်။ပြီးနောက် ပန်းများနှင့်အလှဆင်ထားသော အမိုးဖွင့်ဝေါယဉ် ပေါ်သို့တက်ကာ မြို့တွင်း သို့လည့်ပတ်ကြ၏။
မြို့အတွင်းမှ ကာလသားများ အလှမယ်တို့၏ ဆွေမျိုးသားခြင်းတို့သည် အသံကုန် ဟစ်အော်အားပေးကြကာ အသင့်ပါလာသော ပန်းမျိုးစုံတို့ဖြင့် ဝေါယဉ်ရှေ့ သို့ ပစ်ကြဲကြကုန်၏။ လမ်းတလျှောက်လုံး ရောင်စုံပန်းများနှင့်ပြည့်နှက်ကာ အလွန် တရာမှ ကြည်နူးဖွယ်ကောင်းလှသည်။
ကြာမျိုးငါးပါးနတ်ရေကန်သည် နေပြည်တော်၏အထင်ကရ နေရာဖြစ်ပြီး နေ့စဉ်နေ့တိုင်း လာရောက်လည်ပတ် အပန်းဖြေသူများ နှင့်စည်ကားသိုက်မြိုက်သော နေရာလေးဖြစ်၏။ မျက်စိတဆုံး ကျယ်ပြောလှသော ထိုရေကန်ကြီးသည် အမည်နာမ နှင့် လိုက်ဖက်စွာ ကြာမျိုးငါးပါးနှင့်ပြည့်နှက်နေ၍ လွန်စွာလှပ၏။ မြက်နုများပေါက်နေ သည့် အစိမ်းရောင်ကျွန်းငယ်လေးများ ၊ ရေထဲတွင် ကူးခတ်နေကြ သောအ၀ါရောင်နှင့် အပြာရောင်စပ် ရေဘဲအုပ်များ ၊ စီးမျောနေသော ဗေဒါပန်းကလေးများ၊ ရေမှုန် ရေမွှားနှင့်နေရောင်ဖြည် အလင်းဖြာရာမှထွက်ပေါ်နေသော သက်တံတို့အပြင် ရေထဲမှထိုးထွက် ရှင်သန်နေကြသော အံ့ဖွယ်သစ်ပင်များလည်း ရှိပါသည်။ ကြည်လင် သန့်ရှင်း နေသောထိုရေကန် ကြီးပေါ်ဝယ် လွန်စွာကြီးမားသော နဂါးဖောင်ကြီး တစ်ခုသည်ကမ်းဘေးနားတွင်ဆိုက်ကပ် ထားပါ၏။ ထိုဖောင်ကြီးပေါ်တွင်တော့ ဘုရင်မင်းမြတ်နှင့်မိဖုရားများ ၊ အမတ်ချုပ်ကြီးနှင့်အနောက်ဆောင်အမတ် များ၊သက်တော်ရှည်အမတ်ကြီးနှင့်အရှေ့ဆောင်အမတ်များ၊စာပေပညာရှင်များ၊ အနုပညာဝန်ထောက် နှင့် မင်းညီမင်းသားများ၊ ရွှေမင်းသမီးများ၊ ဂီတအကျော် အမော်များ က ၀ိုင်းဖွဲ့စားသောက်ရင်းပြုံးပျော် နေကြသည်။
စာပေပညာရှင်သုံးယောက်၊ဂီတအကျော်အမော်သုံးယောက်၊အမတ်ချုပ်ကြီး၊ အနောက်ဆောင် မိဖုရား၊ မိဖုရားများ၏အလှအပတာဝန်ခံဝမ်ဘွားဘွားနှင့် အနုပညာဝန်ထောက် ဤဆယ်ယောက်သာ အကဲဖြတ်လူကြီးမင်းများအဖြစ် တာဝန် ယူရမည်ဖြစ်ပြီး ကျန်လူများမှာ ဧည့်သည်တော်များ ဖြစ်ကြ၏။
ထိုနဂါးဖောင်တော်ကြီး၏အပြင်ဘက်တွင်မူရာနှင့်ချီသောနန်းတွင်းစစ်သားများ အကာအကွယ် ပေးထားကြပြီး၊ ၄င်းတို့၏နဘေး တစ်ဖက်တစ်ချက်စီတွင် အလှမယ် ရွေးပွဲလာ ဧည့်ပရိတ်သတ်များ က ကမ်းလုံးညွတ်မျှရှိပါသည်။
အလှမယ်များ၏လှေ စတင်ထွက်ပေါ်လာပါပြီ။ လှော်ခတ်သူတစ်ယောက်နှင့် အလှမယ် တစ်ယောက် စုစုပေါင်းနှစ်ယောက်သာပါသော ထိုလှေတော်မဟာတွင် လိပ်ပြာပုံ၊နဂါးပုံ၊ခြီးလင်ပုံ၊ ရွမ်ဝူပုံ၊ နယားပုံ၊လိပ်ပုံ၊ပန်းပွင့်ပုံများနှင့် ခြယ်သထားပြီး ရွှေရောင် ၊ငွေရောင်၊အစရှိသော အရောင်များ ဖြင့်တောက်ပနေသည်။
လှေထဲတွင် နှင်းဆီ၊ ခတ္တာ ၊ရင်ခတ် ၊ စပါယ်၊ ဇီဇ၀ါ၊ လက်ဖက်ပန်း၊ သစ္စာပန်း၊ ရွှေပန်းငွေပန်း၊ ချယ်ရီပန်း၊ ဂန္ဓမာ၊ပုလဲပန်း၊ အစရှိသောပန်းမျိုးစုံကို ထည့်သွင်းထား၏။ အလှမယ်သည် လှေဦးတွင် ထိုင်လျှက် တူရိယာတစ်မျိုးမျိုးကို အကဲဖြတ်လူကြီးမင်း များ ရှေ့တွင် တီးခတ်ပြရမည်ဖြစ်သည်။ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှု၊ ထိုထုံးဖွဲ့မှုနှင့် မိမိနှင့်လိုက်ဖက်မှု၊ ကိုယ်ဟန်အနေအထား ရုပ်ရည် နှင့် အသားအရည်ကောင်းခြင်း တို့ကို အကဲဖြတ်အဖွဲ့က အမှတ်ပေးမည်ဖြစ်သည်။
လှေအသီးသီးတွင် နာမည်များရေးထိုးထားရာ ပထမဆုံးထွက်လာသော လှေနာမည်သည် ကောင်းကင်ပေါ်ကလမင်းနှင့်ချစ်ခြင်းကဗျာဟု အမည်ရ၏။
ထိုလှေကိုမြင်သည်နှင့်ကမ်းစပ်မှပရိတ်သတ် အပေါင်းသည် အုံးအုံးကျက် ကျက် အော်မြည်ကာ အားပေးကြတော့သည်။
``ယွိဟာ…ယွိဟာ´´
``ယွိဟာ..ယွိဟာ´´
``မိုးပုလဲလပြည့်ဝန်း ယွိဟာကွ..ငါတို့ စီချွမ်းရဲ့အလှမယ်… မိုးနတ်မင်း တောင်ကွယ် ယွိဟာအလှကိုမြင်ရင် ကောင်းကင်ပေါ်က ပြုတ်ကျမယ် ဆိုတဲ့ ယွိဟာကွ..´´
ပန်းရောင်ဝတ်စုံလေးနှင့်စီချွမ်းကိုယ်စားပြုအလှမယ်ယွိဟာသည် အမှန်တကယ်အလှထိပ်ခေါင် တစ်ယောက်ဖြစ်ပါသည်။ ခေါင်းတွင်ရစ်ခွေထားသော ဆံစနှင့် ကျောက်စိမ်းဆံထိုး၊ ဖော့ဖယောင်း လည်တိုင်တွင်ဆင်မြန်းထားသော ကျောက်စိမ်းလည်ဆွဲ၊ ဖွံထွားသောရင်၊ကားစွင့်သောတင် တို့နှင့် တကယ့်စွဲမက်ဖွယ် မိန်းမချောလေးဖြစ်သည်။
ယွိဟွာသည်နဂါးဖောင်တော်ကြီးနားရောက်သည်နှင့် ဘုရင်မင်းမြတ်နှင့်တကွ ဧည့်သည်တော် များ၊အကဲဖြတ်လူကြီးမင်းများအား အရိုအသေပေးပြီး နူတ်ဆက် စကားဆို၏…..
စမ်းချောင်းကလေးစီးဆင်းသံနှင့်အလားသဏ္ဍန်တူညီသောအသံလေးက သာယာလှပေသည်။
``ဘုရင်မင်းမြတ်ကြီးသက်တော်ရာကျော်ရှည်ပါစေရှင်၊ အိမ်ရှေ့စံ မင်းသားလေးနဲ့ ဧည့်သည် တော်များလည်း ဘုန်းကြီးလို့ကျန်းမာကြပါစေရှင့်၊ အနောက်ဆောင်မိဖုရားကြီးနဲ့ အကဲဖြတ်လူကြီးမင်း များရှင့် သမီးကတော့ စီချွမ်း ကိုယ်စားပြု အလှမယ် ယွိဟာဖြစ်ပါတယ်ရှင့်၊သမီးဖျော်ဖြေမယ့် တူရိယာ ကပုလွေ ဖြစ်ပြီး တေးသွားကတော့ စာဆိုတော်ဂီတအကျော်အမော် ၀မ်လုရီရဲ့ အိမ်မက်ထဲမှာ အချစ်ကိုရှာ ဆိုတဲ့ တေးသွားလေးပဲဖြစ်ပါတယ်..နားသောတဆင်ပေးကြပါရှင့်´´
ချိုသာသောပီရ၀ါစာ စကားကိုဆိုပြီးလျှင် သူမလက်ထဲမှ ကိုင်ဆောင် ထားသော ကျောက်စိမ်းပုလွေလေးဖြင့် စတင်မိတ်ဆက်တော့၏။
ဆူညံနေသောပရိတ်သတ်ကြီးများ၏ အသံတိတ်ဆိတ်သွားရအောင် ပုလွေသံက ဖမ်းစား သွားလိုက်သည်။
အမှန်ပင်ဘုရင်မင်းမြတ်နှင့်နားထောင်နေကြသူအပေါင်းမှာ အိမ်မက်ထဲတွင် အချစ်ကို ရှာနေသည့်နှယ် ခံစားသွားရလောက်အောင် နားဝင်ပီယံရှိလှ၏။
(လောကကြီးတွင် ဂီတလောက် ဆွဲဆောင်အားကြီးသည့်အရာမရှိ၊ ဂီတကြောင့် စိတ်ကိုညွတ်ပြောင်းနိုင်သလို ဂီတကြောင့်လည်း စိတ်ဓါတ်တက်ကြွနိုင်သည်ပင်။)
လှပသောမိန်းမပျို၊ချိုမြသောဂီတ၊ သာယာသောရေကန်နှင့် ခန်းနားသော ၀န်းကျင် တို့ကြောင့် နတ်ဘုံနတ်နန်းတစ်ခုသို့ရောက်ရှိသွား သည့်နှယ်………… ……… ……………………………..
ခွေးပြေးဝက်ပြေး ပြေးလာသော အားကွေ့သည် ကျန်းနန်နယ်သို့ ရောက်ရှိ
လာခဲ့သည်။ ပြေးမည့်သာပြေးခဲ့သော်လည်း တကယ်တမ်း ယှဉ်ပြိုင်ကြစတမ်းဆို ကျောက်ကျူးထင်အား သူ ကောင်း ကောင်းယှဉ်နိုင်ပါ၏။
နည်းပါးသောအတွေ့အကြုံနှင့် သိုင်းလောကထိပ်သီးနံပါတ်နှစ်ဟူသော အရှိန် အ၀ါတို့ကြောင့် ကိုယ့်ကိုယ်ကိုယ်မယုံကြည်ခြင်းသာဖြစ်သည်။
သို့သော်အားကွေ့ကတော့ဤအချက်ကိုမသိပါ။ ကျောက်ကျူးထင်လက်ထဲမှ မသေမပျောက် ပဲလွတ်လာသည်ကို အဟုတ်ကြီးထင်နေသည်။တောလမ်းများကို ကျော်ဖြတ်လာသူမို့ ယခုလောလော ဆယ်သူလိုအပ်နေသည်မှာ ၀မ်းဗိုက် ဖြည့်ရန် ပင်…..
ထိုအချိန်မှာပင် မြို့ရိုးပြပြကို လှမ်းမြင်လိုက်ရ၍ အားတက်ကာခပ်သုတ်သုတ် သွားရန် ခြေလှမ်းပြင်လိုက်စဉ် နားထဲတွင် ငိုရှိုက်သံသဲ့သဲ့ကြားလိုက်ရ၏။ စပ်စုတကာ့ ထိပ်သီး ၊အရှုပ်ထုပ်များ ၏ဘုရင် ဖြစ်သော အားကွေ့မှာ ကိုယ့်လမ်းကိုယ်ဆက်မသွား ဘဲ အသံကြားရာဘက်သို့ချည်းနည်း သွားလိုက်မိသည်။
ယင်းသည်မှာ သူ့အတွက် ဒုက္ခအပေါင်းသရဖူဆောင်းစေမည့် အဖြစ်အပျက်
တစ်ခု ဖြစ်လာ မည်သည် ကိုတော့ သူမသိခဲ့ပါချေ။ အသံကြားရာဖက်လိုက်သွားသော အားကွေ့သည် မထော်မနန်းသောမြင်ကွင်းကြောင့် အံ့အားသင့်မိသည်။
မြင်ကွင်းကဤသို့တည်း…….
အသက်အရွယ်ကြီးရင့်နေသောအဘိုးကြီးတစ်ယောက်နှင့်အသက်နှစ်ဆယ်
အရွယ် မိန်းကလေးတစ်ယောက်တို့သည် လက်တစ် ဖက်စီအား ကြိုးပူးတွဲချည်ထား ကာ တသွသွင်စီးဆင်းနေသော ချောင်းရိုးကြီးအား ခုန်ချရန်ပြင်ဆင်နေကြသည့်အဖြစ်အပျက်ပင်။
မျက်ရည်များတွင်တွင်ကျကာ ငိုရှိုက်နေသော မိန်းကလေးက
`` အဟင့်..အဟင့် အဖေရယ်…သမီးတစ်ယောက်ထဲသေပါရစေ… သမီးသာ ကံဆိုးလို့ ဒီလိုဘ၀မျိုးဖြစ်ရတာပါ။အဖေတစ်ယောက်ထဲသမီးမပါလည်းရှင်သန်နေလို့ ရပါတယ်။´´
အဘိုးကြီးကလွတ်နေသော လက်တစ်ဖက်ဖြင့် သမီးဖြစ်သူအားဖက်ကာ…
``ဘယ်ဟုတ်မလဲသမီးရယ်…အဖေသာ ဂုဏ်နဲ့ငွေ မမက်ရင်သမီးဒီလို ဘယ်ဖြစ်ပါ့မလဲ အဖေ့ကြောင့်သမီးလည်း အရှက်ကွဲအကျိုးနဲဖြစ်ရတာ… အဖေ ဘယ်လိုမျက်နှာနဲ့လောကကြီး မှာ ရှင်သန်ရမှာလည်း .. သြော်ငါ့သမီးလေး ..လိမ္မာရှာတဲ့ငါ့သမီးလေးကို ငါမိုက်လုံးကြီးခဲ့လို့ … ´´
``အဟင့် အဟင့် အဖေတစ်ယောက်ထဲကြောင့်တော့မဟုတ်ပါဘူး သမီး ကိုယ်တိုင် ယုံကြည်မိ လို့မှားတဲ့အမှားပါ…သူတို့လို ဂုဏ်သရေရှိလူတွေကတိပျက် မယ် လို့. အဟင့် အဟင် မထင်မိခဲ့တာ သမီးမှားတာပါ´´
အဘိုးကြီးကတကိုယ်လုံးသိမ့်သိမ့်ခါသွားအောင် ရှိုက်လိုက်ပြီး….
``လောကကြီးက တယ်လည်း မြေနိမ့်ရာလှံစိုက်ရှာသကိုးကွဲ့ …. ထွီ လူတွေလူတွေ ချမ်းသာ လေလေ အကျင့်ယုတ်လေလေပဲ….´´
ပါလေရာဆူးလည်း အားကွေ့အတွက်ထို အဖြစ်အပျက်သည် လွန်စွာမှ ဆွဲဆောင်မှု ကောင်းလှရာ ၀င်ရောက်စွက်ဖက်ရန်ပြင်လိုက်တော့၏။
လွန်စွာခက်သည့် အားကွေ့ပင်………………… ………………………… ……………… ……
#53 ( အစ၏အဆုံး ..အဆုံး၏အစ )
ရှိုက်ကြီးတငင်ငိုနေကြသော သမီးနှင့်အဖေ နှစ်ယောက်အနီးသို့ လှမ်းသွားလိုက်ရင်း အားကွေ့က
''ဟေ့..ဟေ့..နေကြပါအုံးဗျာ ..''''
အဘိုးကြီးနှင့်သမီးဖြစ်သူမှာ သူတို့နှစ်ယောက်ထဲထင်၍ လောကကြီးအား အရှုံးပေးရန် ပြင်နေကြရာမှ တစ်စိမ်းတစ်ယောက်အသံကြောင့် အလန့်တကြား ဖြစ်သွားကြ၏.. အဘိုးကြီးသည် နဖူးပေါ်မှ ရွှေရောင်အစက်အပျောက်နှင့် ခပ်ပေပေ လူငယ်တစ်ယောက်ကိုမြင်လိုက်ရမှ စိတ်သက်သာရာ ရသည့်ပုံစံနှင့် ....
'''ဟူး.. တော်သေးရဲ့.. တူမောင်ရယ် ဦးလေးဖြင့်လန့်သွားတာပဲ .'''
အားကွေ့သည် သေမည့်အရေးထက်မည်သည့်အရာက လန့်စရာကောင်းသေး သနည်းဟုတွေးကာ ....
'''ဦးလေးတို့ သမီးအဖနှစ်ယောက် ချောင်းထဲခုန်ချမလို့ လုပ်နေကြတာပေါ့ ဟုတ်လား ..''
''ဟုတ်ပါတယ် တူမောင်ရယ်.. လောကကြီးက တို့သမီးအဖနှစ်ယောက် အပေါ်မကောင်းလေတော့ .. လူ့လောကကနေစွန်ခွာပြီး လက်မြောက်အရှူံးပေးဖို့ သာကျန်တော့လို့ပါ .. တားမြစ်မယ်တော့မကြံပါနဲ့ တော့ကွယ်.. '''
အားကွေ့က လူကြီးစကားကြောင့်ပြုံးစိစိဖြင့် ..
'''မတားပါဘူးဗျာ ..ကျွန်တော်က ကျန်းနန်ကိုသွားရင်းနဲ့ ခင်ဗျားတို့အသံ ကြားလို့ဒီဘက်ကိုလျှောက်လာတာဗျ.. အထူးအဆန်း ဘာများတွေ့မလည်းလို့ အခုတော့ အချိန်ပုပ်တာပဲရှိတယ်.. ဘာမှလည်းမဟုတ်ဘူး ... ဒီတော့ကျွန်တော့ အချိန်တွေကို အလကားသက်သက်မဲ့ ကုန်အောင်လုပ်တဲ့ ခင်ဗျားတို့ သမီးအဖ နှစ်ယောက်ကျွန်တော့်ကို လျော်ကြေးပေးရမယ်..''''
လူကြီးသည်မျက်လုံးပြူးမျက်ဆံပြုးဖြစ်သွားကာ အသံတုန်တုန်နှင့်..
''အလို ..လောကကြီးကတယ်လည်းရက်စက်သကိုး .. ကံဆိုးမသွားရာ မိုးလိုက်ရွာ ဆိုတာအဟုတ်ပါပဲလား .. သေခါနီးလူတွေအပေါ် ခေါင်းပုံဖြတ်မယ့် လူနဲ့ မှ လာဆုံရသေးသလား ကွယ်ရို့. တူမောင်ရယ် မင်းကိုဘယ်သူကများ လှမ်းခေါ်လို့ လဲကွယ်.. ကိုယ့်ဟာကိုယ်လာပြီး ရေသောက်နေတဲ့ ၀ံပုလွေနဲ့ သိုးငယ်လို မလုပ်ပါနဲ့'''
အားကွေ့ကခေါင်းကိုဘယ်ညာရမ်းအောင်ခါလိုက်ပြီး
''တကယ်ဆို ကိုယ့်ဟာကိုယ်သေမယ်ဆိုရင်လည်း တိုးတိုးတိတ်တိတ်လေး သေပေါ့ဗျာ ..အခုတော့ဦးကြီးတို့အသံကြောင့် ကျွန်တော်လာခဲ့ရတယ် .. အဲ့တော့ ကျွန်တော့်ရဲ့တန်ဖိုးကြီးတဲ့အချိန်တွေ အလဟသ ဖြစ်ကုန်တယ် .. ဒါကြောင့်မို့ ကျွန်တော့် အနေနဲ့ လျော်ကြေးတစ်ခုတော့ရမယ်ဖြစ်မယ်လေ.. ဒါဟာ သဘာဝ ကျပါတယ်ဗျာ ...''''
သမီးဖြစ်သူမှာလည်း အားကွေ့၏စကားကြောင့် ဒေါသထွက်သွားဟန်တူ၏
''အဖေရယ် သူ့ကြည့်ရတာ စိတ်ကောင်းကောင်းနှံ့ပုံမပေါ်ပါဘူး.. စကား ဖက်ပြောမနေပါနဲ့တော့ တော်နေကြာ ဟိုလူတွေ လိုက်လာနေပါအုံးမယ် .. '''
လူကြီးမှာလည်း သမီးဖြစ်သူအား လည့်ကြည့်ကာ ..
''ဟုတ်တယ် သမီးရယ် .. အဖေတို့ အမြန်သွားကြတာပေါ့ ..နောင်ဘ၀ ကြရင် ငါ့သမီးလေး အဖေလိုလူနဲ့မတွေ့ပါစေနဲ့ကွယ် .. '''
ဟု ပြောလိုက်ပြီး ချောင်းထဲသို့ သမီးလက်ကိုဆွဲကာ ခုန်ချရန် ပြေးသွား လိုက်၏။
သို့သော်လည်း သူတို့နှစ်ယောက်စလုံး ၏ခြေလှမ်းများမှာ တလှမ်းသာရွေ့ နိုင်ပြီး ဆက်လက်၍မသွားနိုင်တော့ပေ...
''ဟင်.. ဘယ်လိုဖြစ်တာလည်း .. သမီးရေ အဖေ့ခြေထောက်တွေ ထုံထိုင်းပြီး ဆက်သွားလို့မရတော့ဘူးကွယ့်'''
''သမီးလည်း အတူတူပါပဲအဖေရယ်.. ဧကန္တလောကကြီးက သမီးတို့ ဖက်မှာမရှိဘူးနဲ့တူပါရဲ့.. အဟင့်..ဟင့်'''
''မိုးနတ်မင်းကြီးရယ် သေမယ့်အရေးတောင် အခွင့်မပေးတော့ဘူးလာကွယ်''
အမှန်တော့သူတို့နှစ်ယောက် ခြေလှမ်းများတုံ့ဆိုင်းသွားအောင် အားကွေ့ လုပ်လိုက်ခြင်းဖြစ်သည်..
သူ့နောက်ကို ကျားလိုက်စဉ်က ထင်းလွေသုံးသွားသော န၀င်းတစ္ဆေ လက်ချောင်းတောက် သိုင်းပညာဖြစ်၏.. ထင်းလွေကဲ့သို့ မကျွမ်းကျင်သေး သော်လည်း အတော်ပင်ပိုင်နိုင်နေပြီဖြစ်ရာ သိုင်းပညာနကန်းတလုံးမှမတတ်သော ထိုသမီးအဖနှစ်ယောက်ကိုတော့ ကောင်းကောင်းကြီးအကြော ပိတ်နိုင်ခဲ့သည်...
အားကွေ့က ကျောက်ရုပ်ကြီးသဖွယ်ရပ်နေသော ထိုနှစ်ယောက် ရှေ့သို့ ကျော်သွားလိုက်ပြီး ...
'''အင်း ... ခင်ဗျားတို့ နှစ်ယောက် ကျောက်ရုပ်လိုဖြစ်သွားတော့ .. ကျုပ် ရစရာရှိတဲ့ အကြွေးကို မရရအောင် ယူရတော့မှာပေါ့ .. မှန်းစမ်း .. အိတ်ထဲမှာ ဘာပါ သလဲလို့ ..''''
အားကွေ့သည် လူကြီး၏ ခါးတွင်ချိတ်ထားသော ငွေအိတ်အား ဖြုတ်ကာ နိုက်ကြည့်လိုက်သည်.. ငွေစသုံးစနှင့် ကြေးပြားခြောက်ပြားသာ ရှိသည်မို့ ..
'''မွဲလိုက်တဲ့ လူပဲဗျ ..မွဲလွန်းလို့ သေချင်နေတာဟုတ်စ မှန်တာပေါ့ဗျာ ဒီလောက်မွဲနေရင် ကျုပ်ဆိုလည်းလောကကြီးမှာ နေချင်မှာ မဟုတ်ဘူး .'''''
လူကြီးမှာ အားကွေ့၏ပိုင်စိုးပိုင်နင်း ပြုလုပ်ပုံကြောင့် နူတ်ခမ်းမွှေးပင် တုန်ယင်လာအောင်ဒေါသထွက်လျှက်..
''ဟေ့ကောင် .. ကျောင်းတော်သား ဖူချိ တို့က ငွေကြေးသာ မွဲချင်မွဲမယ် . ဒီလောက်နဲ့တော့ သတ်မသေဘူးကွ.. ''
အားကွေ့က လူကြီးမခံချိမခံသာ ဖြစ်အောင် နူတ်ခမ်းကိုထော်၍ ခေါင်းတဆတ်ဆတ်လုပ်ကာ ..
''လတ်စသတ်တော့ ကျောင်းတော်သားကိုး ..ခက်တာက အဆင်းအရောင် တောင်မရှိတော့ ယုံရခက်သား ''
''ဒီမယ်ရှင့် ဖေဖေက ၀ူချောင်မြို့မှာ စာသင်သားအများကြီးရှိတဲ့ ကျောင်းတော်သား ဆိုတာလူတိုင်းသိတယ် ...မချမ်းသာပေမယ့် ချောင်လည်တယ် ရှင့် .. ရှင့်နှယ်လူစိတ်မှရှိရဲ့လားရှင်... သူများဒုက္ခရောက်နေတာကို မကူညီဘဲ ရေနစ်ရာဝါးကူ မထိုးပါနဲ့လားရှင်...'''
အားကွေ့က ငွေအိတ်ကို ပြန်ထည့်ပေးလိုက်ရင်း မိန်းကလေးဘက် လည့်ကာ တဏှာရူးပုံစံနှင့်
''ဟင်း..ဟင်း..ဟင်း.. ဒီမိန်းကလေးက ရုပ်လေးကလှတပတ နဲ့ အတော် စွာပါလား .. အတော်ဘဲဗျို့ကျုပ်ကလည်း လူပျို ဆိုပေမယ့် အခုထိ ကြင်ဖော် မရှိသေး ဘူး .. အခုတော့ ဟဲ..ဟဲ...ဟဲ..ဟဲ'''
အားကွေ့၏ရုပ်မှာ အမှန်ပင်တဏှာရူးနှာဘူးပုံစံသရုပ်ပါလှရာ ..လူကြီးမှာ မျက်နှာနီးမြန်းသွားပြီးလျှင် စိတ်ဆိုးမာန်ဆိုးဖြင့်....
''ခွေးသူခိုး ..ခွေးကောင် မင်းဟာ လူစိတ်မရှိတဲ့ကောင်ပဲ .. အဖေတစ် ယောက်လုံးကို ရှေ့မှာထားပြီး သမီးကို စော်ကားနေပါလား .. မင်းဟာတကယ့် ငရဲပြည်ကနေ လူ့ပြည်ကို လမ်းမှားလို့ရောက်လာတဲ့ ငရဲခွေးပဲ ..''''
'''ဟုတ်ပါတယ်ဗျာ .. ကျွန်တော်ကလမ်းမှားလာတဲ့ ငရဲခွေးပါ.. ဒါပေမယ့် ဦးကြီးပဲစဉ်းစားကြည့်လေ ..ဦးကြီးတို့ နှစ်ယောက်စလုံးက ကိုယ့်ကိုယ်ကိုယ် သတ် သေတော့မှာ မဟုတ်လား ..မသေခင်လေး ကုသိုလ်လေးလုပ်သွားရင် တမလွန် အကူး ကောင်းတာပေါ့မဟုတ်ဘူးလား ..''''
ဟုပြောပြီးလျှင် မိန်းကလေး၏ ပါးပြင်အား လက်ဖြင့်သပ်လိုက်သည်..
လူကြီးနှင့်မိန်းကလေးတို့သည် အားကွေ့ဟန်ကို ကြည့်ရင်း မျက်ရည် များတွေတွေစီးကျလာတော့၏.. သူတို့ဘ၀မှာ လွန်စွာကံဆိုးလှရာ ..ယခုဆိုလျှင် နူနာဝဲစွဲ လဲရာသူခိုးအထောင်းခံရပေတော့မည်လေ...
အားကွေ့က စပ်ဖြဲဖြဲအမူအယာကို ပြင်လိုက်၍ မျက်နှာကိုတည် လိုက်ရင်းလူကြီးနှင့်မိန်းကလေးအား
''အခုချိန်ဦးကြီးတို့ နှစ်ယောက်သာလှုပ်ရှားလို့ရမယ်ဆိုရင် ဘာလုပ်ချင် သလဲ.. ကိုယ့်ကိုယ်ကိုယ်သတ်သေမှာလား..'''
လူကြီးက အားကွေ့အားရွံရှာစက်ဆုပ်သည့်ဟန်နှင့် ..
''ငါသာလှုပ်ရှားနိုင်ရင် သတ်မသေတဲ့ အပြင် မင်းကိုအရေခွံဆုတ်ပစ်မှာ'''
မိန်းကလေးကတော့ဘာမှဝင်မပြော မီးတောက်မတတ်မျက်လုံးအစုံဖြင့် သာကြည့်နေသည်..
အားကွေ့က ပြုံးလိုက်ရင်း ..ထမ်းထားသည့် အထုတ်ကို ချကာ ..
'''တွေ့လား ဦးကြီး ကျွန်တော့်အပေါ်ခံပြင်းတဲ့ စိတ်တွေဝင်လာလို့ ဦးကြီး စိတ်ထဲမှာ အရင်ကဖြစ်နေတဲ့ ပြသနာတွေ အကြောင်းပျောက်သွားပြီး သေချင်စိတ် ပါမရှိတော့ဘူး .. ကျွန်တော့ကို ထိခိုက်နာကျင်အောင်လုပ်ဖို့ပဲတွေးမိနေတယ် .. သေချင်စိတ်ရှိနေတဲ့လူကို စကားပြောရတာထက် စိတ်တိုနေတဲ့သူကို စကားပြောရ တာက ပိုလွယ်ကူလို့ ကျွန်တော်တမင်သက်သက် စိတ် ဆွ ပေးလိုက်ရတာ .. အခုဆို စကားပြောရတာပိုလွယ်သွားပြီပေါ့... '''
ထိုစကားဆိုပြီးနောက် အားကွေ့က လက်တစ်ဖက်ကို ရမ်းလိုက်သည်..
သူပိတ်ထားသော သွေးကြောကိုပြန်ဖြေပေးလိုက်ခြင်းဖြစ်၏။ လူကြီးနှင့်သမီးဖြစ်သူမှာ ကျောက်ရုပ်သဖွယ်ဖြစ်နေရာမှ ပြန်လည်လှုပ်ရှားလာနိုင်လေသည် .. သွေးကြောများ ပြေသွား၍ နဂိုအတိုင်းပြန်ဖြစ်သွားသောလူကြီးမှာ စာတတ်ပေတတ်တစ်ဦး ဖြစ်သော ကြောင့် အားကွေ့၏ တမင် ဆွ လိုက်သော အဖြစ်ကို သဘောပေါက်မိသည်နှင့် မည်သို့မျှ မဆိုတော့ဘဲ အားအင် ကုန်ခမ်းနေသူတစ်ယောက်လို မြေပြင်ပေါ်တွင် ထိုင်ချလိုက်တော့၏...
သမီးဖြစ်သူမှာ သူ၏အကြောအချင်များပြေရော့အောင် လုပ်ရင်း အားကွေ့ အားစိုက်ကြည့်နေဆဲပင်.. သူမကတော့ကျေနပ်ဟန်မတူပေ...
အားကွေ့က လူကြီးရှေ့တွင်ထိုင်ချလိုက်ကာ ...
'''ဦးကြီးရေ လူတွေဆိုတဲ့အမျိုးကတခါတလေမှာ အရမ်းရယ်စရာကောင်း တယ်ဗျ.. ကိုယ့်ကိုယ်ကိုယ်လောကကြီးမှာ အရမ်းအရေးပါတယ်လို့ တွေးမိတတ် ကြတယ် .. ကိုယ့်အဖေအမေတွေ ..ကိုယ့်ဆွေမျိုးသားချင်းတွေ ..ကုန်ကုန်ပြောရရင် တလောကလုံးမှာရှိတဲ့လူတွေဟာ ကိုယ့်ကို ဗဟိုပြုပြီး ဖြစ်တည်နေတယ်လို့ ထင် တတ်ကြသဗျ.. အဲ့လို ထင်တတ်ကြတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ လက်ညိုးထိုး ခံရမှာ အရမ်းကြောက်တတ်လာတယ် .. အပြောခံရမှာ ရှက်တယ် .. အပြစ်ဆိုခံရမှာ မလိုလားဘူး .. ကြီးမားတဲ့အမှားတို့ အရှက်ရစရာတို့ လုပ်မိရင်ဒါမှမဟုတ်ဖြစ်လာရင် ၀န်ခံရဲတဲ့ သတ္တိမရှိဘူး..ကျိတ်လို့ဖုံးကွယ်ထား တတ်တယ်... အဲ့ အကယ်၍ ဖုံးကွယ် မရ တော့ဘူး ဆိုရင် .. ဗြောင်ငြင်းတတ်တယ် .. ငြင်းလို့မရအောင် ဖြစ်လာပြီဆိုရင် လူတော မတိုးတော့ဘဲ သိမ်ငယ်စိတ် ၀င်လာတာ ပေါ့ .. သူ့စိတ်ထဲမှာ သူများတွေကို .. သူတို့အကုန်လုံး ငါ့ကို ကြည့်နေကြပြီ .သူတို့ တွေငါ့ကို ဟားတိုက်ရယ်နေကြပြီ.. သူတို့တွေငါ့ကို လှောင်ပြောင်နေကြပြီလို့ တွေးမိ လာရော.. ပြောရရင် တကယ့်ကို ကလေးဆန်တဲ့အတွေးမျိုးပေါ့ဗျာ .. အဲ့လိုနဲ့ ကိုယ့် ဟာကို တစ်ယောက်ထဲ စစ်ပွဲတွေ ဖြစ်လာရရောဗျို့ .. ဒီလောကကြီးမှာ ဘယ်နေရာ သွားသွား ငါ့ကိုတော့ စောင့်ကြည့် နေမယ့် သူကြီးပဲ .. ဒီလူ့ကြည့်ရတာ ငါ့များ မကောင်းပြောနေသလား မသိဘူးဆိုတဲ့ အညံ့စားဝမ်းတွင်းစစ်ပွဲပေါ့ .. ဒီလိုအတွေးတွေ ၀င်ပါများတဲ့သူဟာ နောက်ဆုံးမှာ စိတ်ဓါတ်ကျလာတယ် .. လောကကြီးကိုမုန်းလာတယ် ..လူတွေကိုလည်းမယုံတတ် တော့ဘူး..ကယောင်ချောက်ခြားတွေဖြစ်ပြီး ထွက်ပေါက်ဆိုတာ တစ်ခုထဲရှိတယ်လို့ တွေးမိလာရောဗျ .. သူ့စိတ်ထဲမှာ ကျန်တဲ့ရှု့ထောင့်တွေမရှိတော့ဘူး .. လွတ်လမ်း တွေမရှာတော့ဘူး ... အရာရာတိုင်းမှာချွင်းချက်ရှိတယ်ဆိုတာကို မသိတော့ဘူးလေ..''
ရှည်လျားသော အားကွေ့၏စကားကြောင့်လူကြီးမှာ တကိုယ်လုံး သိမ့်သိမ့်ခါအောင်ငိုရှိုက်ရင်း ..
''တူမောင် ဦးကြီးတို့ရဲ့ဒုက္ခကို မသိသေးတော့ ဒီလိုစကားမျိုးပြောမှာ ပေါ့.. ဦးကြီးတို့အတွက်တော့ ချွင်းချက်တွေ .. ထွက်ပေါက်တွေမရှိတော့ပါဘူးကွာ .. ဘိုးဘေးတွေအရှက်ရမဲ့ကိစ္စ.. လူ့အလည်မှာ လက်ညိုးထိုးခံရမဲ့ ရှက်စရာကိစ္စကြီးပါ''
အားကွေ့က ကလေးတစ်ယောက်လို ငိုယိုနေသော လူကြီး၏ ပုခုံးကို ကိုင်ကာ ..
''လောကကြီးမှာ လူတိုင်းလူတိုင်းက ကိုယ့်ဒုက္ခကို ကိုယ် အကြီးကြီးလို့ ထင်ကြတဲ့သူတွေကြီးပဲဗျ .. သွား ကိုက်နေတဲ့သူတစ်ယောက်က ဓါးချက်နဲ့ ဗိုက်ပွင့် နေတဲ့လူ အော်ဟစ်နေတာကို အပိုတွေပါကွာနားငြီးလိုက်တာလို့ ပြောနေသလိုပဲ ကိုယ့်ဝေဒနာကမှ ကြီးတယ်ထင်တာ .... ဦးကြီးရဲ့ဒုက္ခက ဘာမို့လို့လဲ ဘယ်လောက်များကြီးသလဲ ကျွန်တော်နားထောင်ကြည့်မယ် '''
လူကြီးကနှပ်များ မျက်ရည်များကိုသုတ်ရင်း ''' ဦးကြီးနာမည်က ဖူချိတဲ့ ၀ူချောင်မြို့မှာနေတယ် .. ကလေးသူငယ်တွေကို စာအသင်အပြလုပ်တော့ စားရေး သောက်ရေးက ချောင်လည်ပါတယ်ကွယ် .. ဦးကြီးရဲ့အိမ်သူက သမီးလေး အသက် ကိုးနှစ်လောက်ကတည်းက ကွယ်လွန်သွားရှာပြီ .. ဒီတော့ သမီးနဲ့ဦးကြီးတို့ နှစ်ယောက်ထဲ ဘ၀ကိုကြောင်းရတာပေါ့ သားအဖနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ မို့ တကယ့်ကို သာယာတဲ့နေ့ရက်တွေပေါ့ကွာ.. ဦးကြီးတို့က ၀ူချောင်မှာ စာအသင် အပြလုပ်တော့ တမြို့လုံးတနယ်လုံး မသိတဲ့သူလည်းမရှိဘူး.. သမီးလေးက လည်းအနေအထိုင်သိမ်မွေ့တော့ တနယ်လုံးက ကာလသားတွေကလည်း အပြိုင်ပိုး ကြတယ်လေ... သမီးကအရမ်းလိမ်မာပါတယ် ဘယ်သူနဲ့မှ ရည်ငံခြင်းမရှိဘူး .. ဒီလိုနဲ့ သမီးကိုလာပိုးပန်းတဲ့အထဲမှာ ဂုဏ်ရှိန်ကြီးတဲ့ မိသားစုက ကောင်လေး တစ်ယောက်ပါလာတယ်ကွဲ့ .. လူပုံပန်းကလည်း မဆိုး .. ငွေကြေးလည်းချမ်းသာ ထည်ဝါတဲ့ မိသားစုက ဆိုတော့ ဦးကြီးစိတ်ထဲမှာ သူနဲ့သမီးနဲ့ကို ရည်ရွယ်မိလာတယ် .. သမီးကိုယ်၌ကလည်း သဘောကျနေတဲ့အရိပ်အယောင်ပြနေတော့ ရှင်းရှင်း ပြောရရင် မစွမ်းရင်းက ကန်ဇွန်းခင်းညှိကြသပေါ့ကွယ်.. သူတို့တွဲတာ နည်းနည်း ကြာလာတော့ ၀ူချောင်တနယ်လုံးလည်း သမီးနဲ့အဲ့ကောင်နဲ့ ဇာတ်လမ်းကို ရိပ်မိကုန် ရော .. အဲ့ခါမှာ တမြို့လုံးကမိန်းကလေးတွေရော ..ယောက်ကျားလေးတွေရော သမီးကိုအပြစ်ဆိုကြတယ်.. ဂုဏ်မက်တဲ့မိန်းမတို့ဘာတို့ပေါ့ကွာ .. တချို့ဆို ကွယ် ရာမှာကိုမဟုတ်ဘူး . သမီး ရှေ့မှာအထိကို ပြောင်ပြောင်တင်းတင်းပြောတာမျိုး ဖြစ်လာတော့ .. ဦးကြီးနဲ့သမီးတိုင်ပင်ပြီးတော့ ဟိုကောင့်ကို တောင်းရမ်းလက်ထပ်ဖို့ စကားသမ်းရတော့တာပေါ့ ... ဟိုကောင်က ခေါင်းငြိမ့်ပြီးတော့ ပြောတယ် ... သူ့ အိမ်ကတော့ သမီးနဲ့မင်္ဂလာဆောင်ပေးဖို့ သဘောတူမှာမဟုတ်တဲ့အကြောင်း . ဒါ့ကြောင့်မို့ ၀ူချောင်မှာတော့ ထိမ်းမြားဖို့ မဖြစ်နိုင်ဘူးဆိုပြီးပြောလာတယ် .. ဦးကြီး တို့ကလည်း လွန်တုန်းက လွန်ခဲ့ပြီမို့ မပြောသာတော့ လက်ခံရတာပေါ့ ... အဲ့လိုနဲ့ နှစ်လလောက်အကြာမှာ သူဝူချောင်ကနေပျောက်သွားတယ် .. သမီးနဲ့ဦးကြီးဆိုရင် အရူးမီးဝိုင်းပေါ့ ညတိုင်းညတိုင်း အိပ်မပျော်တဲ့ရက်တွေချည်းပဲ ... ပတ်ဝန်းကျင်ဆိုတာ ကလည်း ဘာပြောကောင်းမလဲ .. တရက်တရက် ကဲ့ရဲ့စောင်းမြောင်းလိုက်တဲ့ အမျိုး ဆိုတာ . နောက်ဆုံးဦးကြီးရဲ့ စာသင်ခန်းလေးပါပိတ်လိုက်ရတော့တယ် ... သားအဖ နှစ်ယောက် ဒုက္ခတွေရောက်နေတုန်းမှာပဲ သူ့ ဆီကစာရောက်လာတော့ အမယ်လေး ပျော်လိုက်ရတာ သမီးအဖနှစ်ယောက် မျက်ရည်များတောင်ကျမိပါရဲ့ .. စာထဲမှာက ကျန်းနန်ကို လိုက်ခဲ့ဖို့ .. ထိမ်းမြားဖို့လို့ပါတာကိုး .. ဦးကြီးတို့ကလည်း ချက်ချင်း ပဲ အထုပ်အပိုးတွေထုတ်ပြီး ကျန်းနန်ကို ချက်ချင်းလိုက်လာတာပေါ့ .. မလာခင်လည်း ဦးကြီးတို့ကို စောင်းမြောင်းထားတဲ့ ပတ်ဝန်းကျင်ကို စာပြပြီး ကြွားလို့ ခါင်းမော့ ရင်ကော့ပြီးထွက်လာကြတာ .. ဒီရောက်တော့ အဲ့ကောင်က သမီးနဲ့ဦးကြီးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပါတယ် .. အစမှာ ဟုတ်လှပြီလို့ထင်နေတုန်း .. ဒီကောင်ဟာ ခြင်္သေရေခြုံထားတဲ့ ခွေးဝဲစားပါလားဆိုတာသိလိုက်ရတော့တယ် .''''
''အဟင့်..အင့်..ဟင့်.''''
ထိုနေရာအရောက်တွင် မိန်းကလေးသည် ဆိုးဝါးလှသောသူမ၏ အဖြစ်အပျက် ကို ပြန်လည်တွေးမိ၍လားမသိ ချုံးပွဲချ ငိုပါလေ၏.. အားကွေ့ကလည်း ဇာတ်လမ်းကို စိတ်ဝင်စားနေပြီမို့ ..
'''ဒီလိုနဲ့ .. ဆက်ပါအုံးဦးကြီးရဲ့ ''''
'''ဒီလိုနဲ့ ... ကျန်းနန်ကိုရောက်ပြီး ဆယ့်ငါးရက်လောက်ကြာတော့ သမီးနဲ့ ဦးကြီးကိုပြောတယ် .. သူကသမီးကို လုံးဝမယူနိုင်ပါဘူးတဲ့ .. သူတခြားမိန်းကလေးနဲ့ လက်ထပ်ရတော့မှာတဲ့ .. ဦးကြီးနဲ့သမီးမှာ ပါးစပ်အဟောင်းသားနဲ့ ဘာမှကို ပြန်မ ပြောနိုင်ဘူး ..သူ့ပါးစပ်က ထွက်လာတာ ဟုတ်မှဟုတ်ပါလေစဆိုပြီး အကြောင် သား ကြည့်နေမိတယ် .. စိတ်ထဲမှာလည်း မဟုတ်ပါဘူးလို့ ငြင်းနေမိတယ် .. ဒါပေမယ့် .. ဒါပေမယ့်..''''
ပြောရင်းနှင့် လူကြီးမှာ မျက်ရည်စို့လျှက် စကားပင်သိမ်ဝင်သွားလေ၏ .. မိန်းကလေးမှာလည်း သူမ၏ဖခင်ဖြစ်သူကို ဖက်ကာ ငိုနေပြန်သည်... အားကွေ့ပင် သူတို့သားအဖနှစ်ယောက်ကို ကြည့်ကာ စိတ်မကောင်းဖြစ်သွား၏... အတန်ကြာမှ လူကြီးက စိတ်ကိုပြန်တင်းရင်း ...
''သူပြောလိုက်တဲ့စကားက တကယ်ပါပဲ ... ဦးကြီးနဲ့ သမီးကတော့ အကြောက်အကန်ငြင်းတာပေါ့ .. ဦးကြီးဆို သူ့ကို သတ်မလို့တောင်ကြံစည်သေး တယ်.. ဒါပေမယ့် သူကသိုင်းညာရှင်ဆိုတော့ ဦးကြီးလောက်ကတော့ ရယ်တာပေါ့ . ရင်ဝကို လက်လေးနဲ့ တချက်ထောက်လိုက်တာ .ဦးကြီးဆို တကိုယ်လုံးမှာ ရှိတဲ့ အရိုးအဆစ်တွေပြုတ်ထွက်ကုန်သလိုပဲ နာလွန်းလို့ အသံတောင် မထွက်နိုင်ဘူး .. ကျင်ကြီး ကျင်ငယ်ပါ ထွက်ကျလောက်အောင်ခံစားရတာ ....နောက်ဆုံးမှာ သမီးက သူ့ခြေသလုံးဖက်တောင်းပန်မှ .. ဦးကြီးကိုပြန်ဖြေပေးတာ..''''
ဖူချိမှာ ထိုစဉ်ကအဖြစ်အပျက်ကို ပြန်တွေးမိ၍ထင်သည် ချွေးစီးများပင် ယိုစိမ့်လာသည်ကို အားကွေ့တစ်ယောက်စိတ်မသက်သာဖွယ်တွေ့လိုက်ရသည်...
ဆက်လက်၍ ဖူချိမှ
''သမီးကတောင်းပန်နေတော့ ဒီကောင်ကဘာတွေးမိတယ် မသိဘူး .. သမီးကို ကန်ထုတ်လိုက်ပြီး ..စာရွက်တစ်ခုပေါ်မှာ လက်ဗွေရာ နိုပ်ခိုင်းတယ် .'''
အားကွေ့က၀င်၍စကားထောက်လိုက်သည်...
''မဟုတ်တာပဲဖြစ်မှာပေါ့ ..သူ့အရှုပ်ဇာတ်ကို ကာကွယ်ဖို့လေ.''
'''မှန်တယ် တူမောင် ...မှန်တယ် .. ခွေးလိုကောင်က ဘယ်လောက် ပက်စက်သလဲဆိုရင် .သူ့တပည့် လေ၀ဲဗျိုင်း ဆိုတဲ့ကောင်ကို သမီးလေးက လက်ထပ် ပါ့မယ်ဆိုတဲ့စာကွယ့် ...သူတို့အိမ်တော်ကသိုင်းလောကမှာ နာမည်ကြီး အကျော် အမော်ဆိုတော့ .. ဒီအရှုပ်ထုတ်ကြီးသာပေါ်လာခဲ့ရင် နာမည်ပျက်မှာကိုးကွယ် .. ပြီးတော့ ဦးကြီးနဲ့သမီး ကိုလည်းသတ်ပစ်လို့ကမဖြစ်ဘူးကွယ့် ... ဦးကြီးတို့ သူခေါ်လို့ ကျန်းနန်ကို လိုက်သွားတယ်ဆိုတာ တမြို့လုံးသိနေတာကိုး .. ဒါကြောင့် မို့ သူ အဲ့လိုကြံတာပဲ ... သမီးကလုံးဝလက်မခံတော့ သမီးကို ရက်ရက်စက်စက် နှိပ်စက်တယ်ကွဲ့ .. ဖအေတစ်ယောက်လုံး ဘယ်လိုမှပြန်ပြောလို့မကောင်းတဲ့ နှိပ်စက်နည်းတွေနဲ့ပေါ့ကွာ ... နောက်ဆုံးမှာ သမီးလည်းဘယ်လိုမှတင်းမခံနိုင်တော့ လက်ဗွေနှိပ်လိုက်ရတာပေါ့ ..အဲ့လိုသူ့ကို အရှူံးပေးလိုက်ရတာပေါ့..နောက်ရက် သူ့ အလစ်မှာ ဦးကြီးတို့ နှစ်ယောက် အဲ့ အိမ်ကနေ ထွက်ပြေးလာခဲ့တယ် ..''
ထိုလူကြီး၏ စကားမဆုံးသေးခင်တွင်အားကွေ့က လက်ကာပြလိုက်ရင်း
နောက်ဖက်သို့လည့်ကာ ..
'''ခိုးကြောင်ခိုးဝှက်နဲ့ လာနေတဲ့ကောင်တွေ ...သေချင်လို့လားဟေ့..'''
သူ့စကားဆုံးတွင် လမ်းလေးဆီမှ လူငါးယောက်ထွက်လာခဲ့သည်...
ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ယောက်မှာ ပိန်လျားရှည်မြောလှပြီး နှာခေါင်းမှာ လွန်စွာချွန်လှရာ ဗျိုင်းတစ်ကောင်နှင့်လွန်စွာတူ၏.. အပြာရောင်ဝတ်စုံဝတ်ဆင်ထား ပြီးရင်ဘတ်တွက်လည်း အဖြူရောင်တိမ်တိုက်တွင်ပျံနေသော ဗျိုင်းပုံရွှေခြည်ထိုးထား ၏။ ကျန်လူများမှာ အနီရောင်ဇာမဏီငှက်ပုံနှင့်ဖြစ်ရာ ......
#54 ( အစ၏အဆုံး ..အဆုံး၏အစ )
သိုင်းလောကမဟာမိတ်အဖွဲ့အစည်းမှဟု မပြောဘဲနှင့်သိသာနေတော့၏....
ဗျိုင်းနှင့်တူသော လူသည် အားကွေ့၏စကားအား ခွန်းတုံ့ပြန်လိုက်သည်..
'''ဟားဟားဟားဟား ...ငါမွေးမှ ငါ့သားအရွယ်လောက်ရှိတဲ့ကောင်ကများ ငါ့ကို ခြိမ်းခြောက်နေပါလား.. ကြည့်ရတာ ငါဘယ်သူလည်းဆိုတာ မသိသေးဘူး ထင်ပါ့ ..ထားပါလေ ..ထားပါ.. ငါမိန်းမလောင်းလျာကိုငါပြန်ရှာတွေ့သွားလို့ . မင်းပြောတာ ကို ခွေးဟောင်တယ်လို့ပဲ သဘောထားလိုက်မယ် .. ဟုတ်တယ်မို့လား ရောင်းရင်း တို့ ...'''
''ဟုတ်တာပေါ့ကွာ...''' '''မှန်တယ်ဟေ့ ..'''
'''ခွေးဟောင်တိုင်း ထ ကြည့်နေရရင် အိပ်ရေးပျက်တော့မပေါ့ကွာ '''
''ကိုယ့်မိန်းမချော လေးကိုအမြန်ပြန်ခေါ်ပြီး .. ဟဲဟဲ ဟဲဟဲ အရေးကြီးတဲ့အရာကို သာဦးစားပေးကွာ ..သူငယ်နှပ်စားကောင်ကို ဂရုစိုက် မနေပါနဲ့ ...'''
ပါလာသော မဟာမိတ်အဖွဲ့ဝင်များကလည်း .. မစားရညှော်ခံဝိုင်းဝန်း ထောက်ခံလိုက်ကြ၏....
လူကြီးနှင့်သမီးဖြစ်သူမှာ သူတို့လွန်စွာ ကြောက်ရသူရောက်လာသဖြင့် .. တစ်ဦးနှင့်တစ်ဦးဖက်ပြီး ငိုရှိုက်ရုံသာ တတ်နိုင်တော့သည်...
အားကွေ့ကတော့ ထိုသူတို့အားပြုံး၍ကြည့်ကာ ..
'' ခင်ဗျားတို့ကြည့်ရတာ .. နို့ဗျင်းတွဲနေတဲ့ ခွေးအမေကြီးနဲ့ နောက်က ထပ်ချပ်မကွာလိုက်နေတဲ့ ခွေးပေါက်စလေးကောင်နဲ့တူသဗျ ..ခွေးအမေကြီး ဘာလုပ် လုပ်နောက်ကလိုက်လုပ်မယ်ဆိုတဲ့ပုံစံနဲ့... လိုက်လဲလိုက်ပါ့''''
ထိုသူငါးယောက်မှာ အားကွေ့၏အပြောကြောင့် ရှူးရှူးရှဲရှဲဖြစ်ကုန်ကြပြီး
ဗျိုင်းနှင်တူသူက ...
'''ခွေးကောင် .. ငါစိတ်ကောင်းဝင်နေတာကိုမခန့်လေးစားနဲ့ ... ရွှေဗျိုင်းဖြူ စံအိမ်က လေ၀ဲဗျိုင်းကိုစော်ကားမိတဲ့ကောင်မှန်သမျှ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံ ရသလဲဆိုတာ မသိသေးဘူးနဲ့တူရဲ့ .. လူ့လောကမှာ အသက်ရှည်ရှည်နေရမှာ ငြီးငွေ့နေပြီဆိုတော့လည်း မင်းအလိုအတိုင်းပေါ့ကွာ ..သေဖို့သာပြင်ထား''
လေ၀ဲဗျိုင်းဆိုသူ၏စကားကို .. မဟာမိတ်ဂိုဏ်းအဖွဲ့မှ တစ်ယောက်က ၀င်၍ ..
''နောင်ကြီးလေ၀ဲဗျိုင်းရယ် ..ဒီလိုမလောက်လေးမလောက်စားကောင်ကို ကျုပ်တို့နဲ့လွဲထားလိုက်စမ်းပါ .. နောင်ကြီးက မိန်းမချောလေးကို ခေါ်သွားပြီး .. ဇိမ်ခံချည်စမ်းပါဗျာ ... ''
ဟုဆိုကာ အားကွေ့ အား
'''ဟေ့ကောင် ... ငါတို့ကိုခွေးနဲ့နိုင်းတဲ့ကောင် .. မင်းအတွက် ဒီနေ့ကတော့ အကုသိုလ် အလုံးလိုက်အရင်းလိုက် ၀င်တဲ့နေ့လို့သာ မှတ်ထားပေတော့ .'''
''ဟားဟားဟားဟား ဘယ်သူအကုသိုလ်ဝင်တာလဲဆိုတာ ကျုပ်က စောင့်ကြည့်ချင်ပါသေးရဲ့ဗျာ ...'"
အားကွေ့သည် ထိုသူ၏စကားကို သရော်လိုက်ပြီးနောက် ထိုင်နေရာမှ ထရပ်လိုက်သည် .. လူကြီးနှင့်သမီးမှာ အကြောက်လွန်၍ တားမြစ်စကားပင် အားကွေ့အားမဆိုနိုင်ရှာ ......
အားကွေ့ထရပ်သည်နှင့် မဟာမိတ်အဖွဲ့မှ လူသည် မပြောမဆိုနှင့် တိုက်ခိုက်လိုက်သည်...
''ဟိုင်း..ယား.. '''
''ဖြန်း..'''' '''ဖြန်း..''''
''''အမလေးဗျ.'''
လေထဲတွင်ခုန်ပျံတိုက်ခိုက်လာသော ထိုသူ၏ သိုင်းကွက်မှာ အတော့်ကို နုံချာလှရာ အားကွေ့အတွက် ငှက်ပျောသီးအခွံခွာရသည့်ကမှ ခက်ခဲလှပါအုံးမည်..
ထိုသူမှတ်လောက်သားလောက်ရှိသွားရန် ရည်ရွယ်၍ မြေပေါ်မကျသေးခင်ပင် .. အားကွေ့က လျှပ်စီးကဲ့သို့ ၀င်ရောက်၍ ပါးနှစ်ဖက်အား ဘယ်ပြန်ညာပြန် ရိုက်ထဲ့ လိုက်၏ ..
အားကွေ့၏ လှုပ်ရှားမှုမှာ မြန်လွန်း၍ မည်သူမှ မမြင်လိုက်ရဘဲ .. ဖြန်းဖြန်း ဟူသော အသံနှင့်ထိုသူ ကိုယ့်ပါးကိုယ်ကိုင်ကာ ပြုတ်ကျလာသည်ကိုသာ တွေ့လိုက်ရ၍ လေ၀ဲဗျိုင်းအပါအ၀င် ကျန်လူအပေါင်းမှာ ယုံရခက်ကြီးဖြစ်ကုန်ကြ၏ .. ခံလိုက်ရသူအဖို့မှာတော့ မေးရိုးတစ်ခုလုံးပြုတ်ထွက်သွားကာ သွားဆယ်လေးချောင်း
ကျွတ်သွား၏ .. မျက်နှာတစ်ခုလုံးမှာလည်း ချက်ချင်းရောင်ကိုင်းသွားသောကြောင့် ကြီးမားလာသည်မှ ဖရဲသီးတလုံးအလားပင်...
အားကွေ့ကထိုသူ၏ အဖြစ်အပျက်ကို မျက်ရည်ဝဲသည်အထိ ရယ်လိုက် ပြီးနောက်..ဗိုက်ကိုနှိပ်ကာ ..
'''ဟားဟားဟားဟား ရယ်လိုက်ရတာ ဗိုက်တောင် နာတယ်ဗျို့ .. ဘယ်လို လဲဗျာ ..အကုသိုလ်ဂြိုလ်ဆိုးက ကျုပ်ဆီမလာဘဲ ခင်ဗျားဆီပဲလှည့်ဝင်သွား တယ်နဲ့ တူတယ်ရော ... ခံစားလို့ကောင်းသလားဗျာ ..ဟားဟားဟားဟား..''''
အီစိမ့်သွားဟန်တူသော ထိုလူမှာ ယောင်ကိုင်းနေသော မျက်နှာကြီးကို ကိုင်ကာ မျက်ရည်များ သွားရည်များ နှပ်ရည်များ သွေးများ စီးကျ၍ မြေပေါ်တွင် လူးလိမ့်နေသည် ..ခံလိုက်ရသူ သူကိုယ်တိုင်ပင် အားကွေ့၏ လှုပ်ရှားမှုကို မမြင်လိုက်ရပေ...
လေ၀ဲဗျိုင်းနှင့် ကျန်အဖော်များသည် နောက်သို့ ခြေတလှမ်းဆီ ဆုတ်လိုက် ကြရင်း ...
''''မင်း....မင်း...ဘယ်လိုလုပ်လိုက်တာလည်း ..အောက်လမ်းအတတ်နဲ့ ပြုစားလိုက်တာလား ...''''
အားကွေ့က မျက်နှာကို အတင်းပြန် တည်လိုက်ပြီး မုတ်ဆိတ်မွေး ရေးရေး ရှိသောမေးစိကို လက်ဖြင့် ပွတ်ကာ ..
'''ဟင်း..ဟင်း..ဟင်း..ဟင်း .. ဟိုနန်နယ်မှာ ဖိန့်ဖိန့်တုန်အောင် နာမည် ကြီးနေတဲ့ အသက်တစ်ထောင်ရုပ်ကိုယ်နုဘိုးဘိုးကြီး... ရွှေရောင်နဖူးနဲ့ခေါင်းဆယ်လုံး မြေခွးနတ်ဆိုး ....တစ္ဆေတို့ရဲ့ အရှင်သခင် ... သရဲအပေါင်းကို ထိန်းချုပ်သူ ဆရာကြီး အားကွေ့ ဆိုတာငါပဲကွ...ငါလက်တစ်ချမ်းဝှေ့လိုက်တာနဲ့.လူမပြောနဲ့ နတ်ဆိုးတွေ တောင် ကြောက်ရသကွ'''
လေ၀ဲဗျိုင်းနှင့် အဖော်လေးယောက်မှာ အားကွေ့၏ စကားကြောင့် ယုံရ နိုးနိုးဖြစ်ကုန်ကြ၏ - သူတို့၏မျက်စိရှေ့တွင်ပင် သူတို့အဖော်တစ်ယောက်က သက်သေ ပြသွားသည်မဟုတ်လား ..ထို့ကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြရင်း ..တပြိုင်နက် ဒူးထောက်ကာ ..
''ဘိုးဘိုးကြီးအားကွေ့ရယ် .. ကျွန်တော်တို့လို အမိုက်အမဲလေးတွေကို ခွင့်လွတ်ပါဗျာ .. ဘိုးဘိုးကြီးမှန်းမသိလို့ ပြစ်မှားမိတာပါ ..ချမ်းသာပေးပါဗျာ..'''
ဖူချိနှင့်သမီးဖြစ်သူမှာလည်း အားကွေ့၏အလိမ်စကားကို အဟုတ်ထင် သွားမိသည်.. သူတို့လည်း အားကွေ့ကြောင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်လေ
..ထို့ကြောင့် သူတို့သမီးအဖ နှစ်ယောက်ပါ ဒူးထောက်၍ အရိုအသေလှမ်းပြုလိုက် လေ၏ .. အားကွေ့က သူစလိုက်သည့် စကားကို အားလုံးယုံနေကြသဖြင့် မအောင့် နိုင်ဘဲ ရယ်မိလိုက်သည်..
ထိုအခါမှ လေ၀ဲဗျိုင်းတို့ တသိုက်လည်း သူတို့ အညာခံရမှန်း သိကာ ရှက်ကိုးရှက်ကန်းနှင့်ထရပ်ပြီးလျှင် ဒေါသတကြီးနှင့် ဆွေ့ဆွေ့ခုန်၍
'''ဟင်...လူလိမ်ကောင် ..မင်း..မင်း ..မင်းတော့လား.. မသေမရှင် ဖြစ်အောင်လုပ်ပြီး ချောင်းထဲမှာ ငါးစာကျွေးလိုက်မယ် ... '' ဟု ကျိန်းဝါးပြီးနောက် အဖော်များဖက်လှည့်ကာ ''' မိတ်ဆွေတို့ ကျုပ်တို့ကို ကလိမ်ကျသွားတဲ့ ဒီ သဘောက်မသားကို ဆုံးမလိုက်ကြအုံးစို့'''
လေ၀ဲဗျိုင်း နှစ်ခါမပြောရပေ .. သူ့စကားဆုံးသည်နှင့် ဓါးများကို ဆွဲထုတ် ကာ အားကွေ့အား ၀င်တိုက်ခိုက်လိုက်တော့သည်...
'''ယား..ဟိတ်.. သေစမ်းကွာ .. ရော့ဟေ့..''''
''၀ှီး...၀ှီး..၀ှီး ..၀ှီး.'''
''ဟားဟားဟားဟား .. အားကွေ့ကိုဒီလို တိုက်လို့ရရိုးလားကွ..'''
ထိုလေးယောက်၏သိုင်းကွက်များမှာ အားကွေ့ အတွက်တော့ အလွန်အဆင့် နိမ့်လှသည်.. ထို့ကြောင့်မည်သည့်သိုင်းကွက်မှ မပါဘဲ ကိုးရို့ကားယား လုပ်ကာ ဓါးလေးလက်ကြားမှ တိမ်းရှောင်နေ၏ ...
လေ၀ဲဗျိုင်းနှင့်အဖော်တသိုက်မှာသူတို့ တသက်လုံးဆည်းပူးလေ့ကျင့် ထားသမျှသိုင်းကွက်အကုန် အသုံးပြုနေသော်လည်း တဖက်လူအသားထိဖို့ဝေးစွ .. အင်္ကျီစကိုပင် ထိခိုက်အောင်မလုပ်နိုင်သေးသဖြင့် အခြေအနေမဟန်မှန်း သတိပြုမိ လာလေသည်...
ထို့ကြောင့် သူတို့၏အကျွမ်းကျင်ဆုံးသိုင်းကွက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကြ၏ .. ထိုသိုင်းကွက်မှာ ထွက်ပြေးရန်ဟူသော သိုင်းကွက်ပင် ဖြစ်၏ .. ကိုယ့်ထက်အဆင့်နိမ့်သူကို အနိုင်ကျင့် .. ကိုယ်ထက်သာသူတွေ့လျှင်ပြေးဟူသော လောကနိယာမ သိုင်းကွက်သည် သူတို့ အကျွမ်းကျင်ဆုံးသိုင်းကွက်ပင်မဟုတ်လား ..
အားကွေ့ကလည်း . ချွေးတလုံးလုံးနှင့် လေထဲတွင် အချည်းနှီးခုတ်နေ ကြသော ထိုလေးယောက်မျက်နှာကဲကို ကြည့်လိုက်ရုံဖြင့် မည်သို့ခြေလှမ်း လှမ်းနေ သည် ကိုရိပ်မိ၍ ရှောင်တိမ်းနေရာမှ သိုင်းကွက်ကိုထုတ်သုံးလိုက်၏..
''ဖြန်း..ဖြန်း..ဖြန်း..ဖြန်း''
သရဲအရိပ်ခြေထောက် ဟုအမည်ရှိသော ထိုသိုင်းကွက်သည် အားကွေ့ ဘ၀တွင်ပထမဆုံးအသုံးပြုလိုက်ခြင်းဖြစ်သော်လည်း နှစ်ပေါင်းများစွာအသုံးပြုလာခဲ့ သည့်ပမာ မှန်ကန်တိကျလှ၏... ရွှံ့အထပ်ထပ်ပေနေသော ကောက်ရိုးဖိနပ်ရာ နှင့် အတူ ခြေချက်ထိမှန်သွားသော ပါးများသည် ချက်ခြင်းညိုမည်းကုန်သည်..
အရဲအရိပ်ခြေထောက်သိုင်းကွက်ကြောင့်သူတို့၏ ပါးတ၀ိုက်ရှိသွေးကြောများ ပိတ်ဆို့သွားသဖြင့် ဤသို့ညိုမည်းသွားခြင်းဖြစ်သည်..
လှုပ်လည်း .. မလှုပ်ရှားနိုင် .. အသံလည်းမထွက်နိုင်ဘဲ တောင့်တောင့်ကြီး ဖြစ်သွားကြသော ထိုလေးယောက်မှာ အားကွေ့အား အလန့်ကြီးလန့် အကြောက် ကြီးကြောက်သွားသည်မှာ သူတိုအလွန်မဟုတ်ပါ.. သိုင်းလောကတွင် ကျော်ကြား ထက်မြက်သောသိုင်းကွက်မျိုးစုံအကြောင်းကို ကြားဖူးသော်လည်း ခြေထောက်ဖြင့် ကန်ကြောက်သွေးကြောပိတ်ခြင်းကို မကြားဖူးခဲ့ ..ထို့ပြင် ပါးပြင်ကို ကန်လိုက်သည် နှင့် တကိုယ်လုံးမလှုပ်ရှားနိုင်တော့သည်မှာ ပို၍ထူးခြား၏... ထို့ထက်ပိုဆိုးသည်မှာ အကန်ခံရသော ပါးပြင်မှာ အပ်ပေါင်းများစွာဖြင့် လာရောက်ထိုးစိုက်နေသလို ပြင်းထန်စွာ နာကျဉ်နေခြင်းဖြစ်သည်.. တဆစ်ဆစ်နှင့် နာကျဉ်နေသည့်ကြားမှ အသံမထွက်နှိုင် မလှုပ်ရှားနိုင်သည်မို့အရှင်လတ်လတ် ငရဲကျနေသည့်သဖွယ်ပင်..
လူကြီးနှင့်သမီးနှစ်ယောက်သားကတော့ အားကွေ့အား အားလည်းကိုး ကြောက်လည်းကြောက်သည့် အမူအယာနှင့် မ၀ံ့မရဲငေးကြည့်နေမိသည်.. ဟုတ်သည် လေ ကျားကြောက်၍ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေလျှင် မခက်ပါလား ..သူတို့ နှစ်ယောက်၏အတွေ့အကြုံအရ ဘ၀နှင့်ရင်းကာ ယုံစားမိသူမှ သစ္စာဖောက်ခြင်းကို လောလောလတ်လတ်ကြီးခံစားထားရ၍ အားကွေ့အားမယုံရဲသေးသည်မှာ သဘာဝ ကျပါသည်...
အားကွေ့ကတော့ ခြေထောက်တစ်ချောင်း မြောက်လျှက်သားဖြစ်နေ ရာမှ ပြန်ချလိုက်ရင်း သွေးကြောပိတ်ခံထားရသည့်လေ၀ဲဗျိုင်းနှင့်အဖော်သုံးယောက်
ကိုမကြည့်တော့ဘဲ မြေပြင်တွင်ဆောင့်ကြောင့်ထိုင်ကာ ရွဲ့နေသောပါးကိုကိုင်ကာ ငိုနေသည့် ဖရဲသီးမျက်နှာထံသို့ အကြည့်ပြောင်းလိုက်၏...
ဖရဲသီးမျက်နှာမှာ အားကွေ့အကြည့်က သူ့ထံရောက်လာသည်နှင့် ဆောင့်ကြောင့်ထိုင်ထားရာမှ ဖင်ထိုင်ရက်လဲသွားကာ နောက်သို့ တရွတ်တိုက် ရွှေ့မိသည်.. ဤသည်ကို ကြည့်ခြင်းဖြင့် အားကွေ့အားသူမည်မျှ ကြောက်နေသည် ကိုသိနိုင်ပေ၏ ..
အားကွေ့က ထိုသူအား ထရပ်ရန်မျက်ရိပ်ပြလိုက်သည်.. ဖရဲသီးမျက်နှာမှာ သခင်ကကြိမ်ဖြင့်တို့လိုက်သောကျွဲပမာ ချက်ခြင်းထရပ်လိုက်သော်လည်း အကြောက် လွန်နေ၍ ဒူးများမခိုင်တော့ပေ...
ဝါးပင်လို ယိင်းနွဲ့နေသော ထိုလူအား အားကွေ့က ..
'''ခင်ဗျားတို့လေးယောက်ကိုကတော့ ကျုပ်ကဘေးမသီ ရန်မခံလွတ်ဘေး လိုက်မယ် .. ရန်ပြုစရာဘာအကြောင်းမှ မရှိတာကိုးဗျ.. ဒါပေမယ့် ဟို ..လေ၀ဲဗျိုင်း ကိုတော့ နောင်ကျဉ်သွားအောင် ဆုံးမရလိမ့်မယ်..သူတို့ဆရာတပည့်နှစ်ယောက် ကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးနဲ့ တန်ဖိုးရှိတဲ့ကျောင်းတော်သား အဘိုးကြီး တစ်ယောက်ဆုံးရှုံးရတော့မလို့ ဒါကြောင့် လောလောဆယ် သူ့တပည့်ကို အရင် သင်ခန်းစာပေးလိုက်မယ် ..မင်းတို့လေးယောက်က အဲ့သင်ခန်းစာကို သေသေချာချာ ကြည့်သွား ပြီးရင် သူ့သခင်ကို ပြန်ပြောပြလိုက် ကြားလား ...'''
''ဂတ်..ဂတ်..''
ထိုသူမှာ အလျှင်အမြန် ပြန်ဖြေလိုက်သော်လည်း မေးမှာ ပြုတ်ထွက် နေသောကြောင့် အပေါ်သွားနှင့်အောက်သွားရိုက်သံ ဂတ် .ဂတ် ဟူ၍သာထွက်လာ၏
အားကွေ့က ထိုသူအား ပြောပြီးသည်နှင့်လေ၀ဲဗျိုင်းရှိရာသို့ တလှမ်းခြင်း ချည်းကပ်သွားလိုက်သည်.. လေ၀ဲဗျိုင်း၏မျက်နှာသည် မြင်မကောင်းမရှုမကောင်း အောင် ညိုမည်းနေသည့်အပြင် ချွေးသီးချွေးပေါက်များလည်း ယိုစီးကျနေ၏ ..
အားကွေ့က လေ၀ဲဗျိုင်း၏ ပခုံးအောက်မှ ညှပ်ရိုး နှစ်ချောင်းကို ရိုက်ချိုး လိုက်သည်..
ပြင်းပြသော နာကျဉ်မှုကြောင့် လေ၀ဲဗျိုင်းမှာ ချက်ခြင်းသတိမေ့သွား၏ .. ပြီးနောက် အားကွေ့က လေ၀ဲဗျိုင်းအားခြေထောက်မှ ကိုင်ကာ ချောင်းထဲ သို့ ပစ်ချ လိုက်လေတော့သည် ..
''ဗွမ်း......'''
ဟူသော အသံနှင့်ခန္ဓာကိုယ်သည် ချောင်းရေထဲသို့မျောပါသွားလေ၏... လေ၀ဲဗျိုင်းတစ်ယောက် မိန်းမ မရဘဲ ချောင်းရေထဲတွင် အသက်ဆုံးရှုံးသွားရပြီရော..
ဖရဲသီးမျက်နှာနှင့်ကျန်ရစ်သူအဖော်အသုံးယောက်၏ ကြောက်ခြင်းတရားမှာ အဆုံးစွန် ထက်ကိုကျော်လွန်နေပြီဖြစ်သည် .. သူတို့လည်းသိုင်းသမားပီပီ အသက်သေသည်ကို ခဏခဏမြင်ဖူးသော်လည်း ယခုကဲ့သို့ သွေးအေးအေးနှင့် လူတစ်ယောက်ကို မြစ်ထဲ ပစ်ချသည့် မြင်ကွင်းမျိုးတစ်ခါမှ မမြင်ဘူးပေ.. ရေမကူးနိုင်အောင်က ညှပ်ရိုးကို ချိုးပစ် လိုက်သေးသည်..
အားကွေ့က သွေးကြောပိတ်နေသည့် သုံးယောက်အား သွေးကြောဖွင့်ပေး ပြီးနောက်
'''ကိုင်း ... ခင်ဗျားတို့လေးယောက် ကျုပ်နဲ့ဝေးရာသာ ပြေးကြတော့ . တော်ကြာကျုပ်စိတ်ပြောင်းသွားရင် . ခင်ဗျားတို့ကို ရေထဲပစ်ချမိနေမယ် ..'''
ထိုစကားကြားလိုက်သည်နှင့် ထိုလေးယောက်မှာ နောက်ကို လှည့် မကြည့်စတမ်းပြေးကြတော့သည် .. ခြေထောက်နှစ်ချောင်းနှင့်ပြေးရသည်မှာ သူတို့ အတွက်လုံလောက်သည်မထင် တတ်နိုင်လျှင် ခြေထောက်ဆယ်ချောင်းမျှပင်တပ်ကာ ပြေးချင်မိတော့၏...
အားကွေ့ဟူသော အမည်နာမနှင့် ရုပ်သွင်မှာ သူတို့တသက်မေ့ နိုင်တော့မည်မဟုတ်ပေ... ညစဉ်ညတိုင်း အိမ်မက်ထဲတွင် ထည့်မက်နေလိမ့်မည်မှာ သေချာသလောက်ရှိတော့သည်..
==================.=.=.=======..========
အားဖုန်..အားချန်..နှင့်လိုင်လိုင်တို့ သုံးယောက်မှာ ၀ူချောင်နယ်သို့ ခြေချ မိသည်နှင့် အများအာရုံစိုက်ခြင်းကို ခံရပေတော့သည်.... သူတို့သုံးယောက် အား တွေ့သည့် မိန်းကလေးတိုင်းမှာ ဆယ်ခါထက်မနည်း လည်ပြန်ကြည့်သွားရ၏ .. ဤမျှ ချောမောခန့်ငြားသော လုလင်ပျိုများအား ၀ူချောင်မပြောနှင့် တပြည်လုံးတွင်ပင် ရှာဖွေတွေ့မည်မထင်ပေ... အားဖုန်ကအပြာရောင်ဝတ်စုံဖြင့် ရှင်းသန့်နေပြီး တန်ဖိုးလွန်စွာကြီးမားသည့် ရှေးဟောင်းဓါးကြီးတစ်လက်ကို ကျောတွင်လွယ်ပိုးထား ရာ လွန်စွာ ခန့်ညားနေသည်.. အားချန်ကတော့ နီညိုရောင်ချည်သား ၀တ်စုံကို ၀တ်ဆင်ထားပြီး ရွှေသားခါးပတ်နှင့်မို့ လွန်စွာကြည့်ကောင်း၏ .. လိုင်လိုင်ကတော့ အဖြူရောင်ဝတ်စုံတွင် ပန်းဖောက်ထားသော ပိုးသားဝတ်စုံနှင့် ချောမောလွန်းနေသည်
လိုင်လိုင်၏ခါးတွင်ချိတ်ထားသော ပတ္တမြားစီထားသည့် ဓါးသာ မပါလျှင် မည်သူမျှ သိုင်းသမားဟုထင်မည်မဟုတ်... သူတို့သုံးယောက်သည် ၀ူချောင်သို့ ရောက်သည်နှင့် မိန်းမထု၏ အာရုံစိုက်ခြင်းကို ခံနေရသောကြောင့် ရှိုးတိုး ရှန်းတန်း ဖြစ်နေကြသည်...
ယခုလည်း ၀ူချောင်ဆိပ်ကမ်း တွင်သုံးယောက်သား ရပ်နေကြပြီး ခဏ အကြာတွင် ဆိပ်ကမ်းနားသို့ ခပ်ရဲရဲမိန်းမပျိုများ တအုံတမကြီးရောက်လာကြ၏ ...
''ဟူး.. အားဖုန်ရေ. ..မင်းနဲ့လိုင်လိုင်နဲ့ကို လာ ပိုးပန်းနေကြတာလား မသိဘူးကွာ .. မိန်းကလေးတွေလုပ်ပြီး .. ''''
အားချန်၏ အပြောကို အားဖုန်က ''ဟာ .ငါမပါပါဘူးကွာ မင်းနဲ့လိုင်လိုင်နဲ့ ကို လာပိုးတာနေမှာပေါ့ ကွာ ..မယုံရင် ဟိုမှာကြည့်ကြည့် အနီရောင်နဲ့ ကောင်မလေး မင်းကိုစိုက်ကြည့်နေတာ .. "
လိုင်လိုင်က သူ၏မည်းနက်နေသော မျက်ခုံးမွှေးကို တွန့်လိုက်ပြီး ..
'''ကိုင်း ..မင်းတို့နှစ်ယောက်ပါးစပ်ပိတ်ပြီး ..ဦးကြီးကျောက်နဲ့ စိတ်ကောက် အိုးကိုတွေ့ဖို့ အာရုံစိုက်ရင်ကောင်းမယ် .. အမှန်ဆိုသူတို့နှစ်ယောက်က ငါတို့ထက် ကြိုရောက်ပြီးစောင့်နေရမှာ ... အခုငါတို့ရောက်ပြီးတာတောင် သူတို့နှစ်ယောက်ကို မတွေ့သေးတာ တစ်ခုခုတော့ ဖြစ်နေလို့ထင်တယ် ..''''
အားချန်က လိုင်လိုင်စကားအား ခဏစဉ်းစားလိုက်ပြီး ..
''ဒါပေမယ့်ကွာ ဦးကြီးကျောက် တစ်ယောက်လုံးပါနေမှတော့ အရမ်းကြီး စိတ်ပူစရာမလိုပါဘူး ..... သေချာတာကတော့ စိတ်ကောက်အိုး တစ်ခုခုပူဆာနေလို့ ဦးကြီးကျောက်လိုက်လုပ်ပေးနေတာနေမှာပေါ့ ..ဥပမာ တခြားနေရာတွေကို သွား လည်တာမျိုးပေါ့ကွာ ..စိတ်ကောက်အိုးအကြောင်းသိသားနဲ့ ..''''
အားဖုန်က မျက်လုံးကို ပြူးလိုက်ရင်း ပခုံးနှစ်ဖက်ကို တွန့်ကာ ..
''ငါတို့တော့ စိတ်ကောက်အိုးနဲ့ ခရီးမထွက်ရတာ ကံကောင်းတယ်ဟေ့ .. သူ့ဒါဏ်သာ ခံနေရရင် ...လုံးဝ ခရီးတွင်မှာမဟုတ်ဘူး ..''
လိုင်လိုင်သည် သူတို့အနားတို့ တဖြည်းဖြည်းတိုးကပ်လာသော မိန်းမပျို လေးများနှင့် တဖြည်းဖြည်းများလာသော မိန်းမထုအုပ်ကြီး ကို စိတ်ညစ်လာဟန်နှင့် ..
''ဟေ့ကောင်တွေ ..တစ်ဆိုင်ဆိုင်မှာ ၀င်ထိုင်ရအောင်ကွာ ..အခြေအနေ သိပ်မကောင်းတော့ဘူး ... ''''
အားချန်ကလည်း နောက်သို့လည့်ကြည့်လိုက်ပြီး ..
''ရှေ့နားမှာ စားသောက်ဆိုင်ကြီး ..တစ်ဆိုင်ရှိတယ်ကွ..ငါတို့ သွားရအောင်.. ပြောလို့မရဘူး ဦးကြီးကျောက်တို့လည်း ရောက်ချင်ရောက်နေမှာ .'''
ထို့နောက်သူတို့သုံးယောက်သည် ဆိပ်ကမ်းထိပ်ရှိ '''ရေဘဲ ..''' ဟု အမည်ရှိသော စားသောက်ဆိုင်ကြီးထဲသို့ ၀င်သွားလိုက်လေသည် .. ဆိုင်ထဲတွင် လူသိပ်မရှိ၍ မြင်ကွင်းကျယ်သော ထောင့်နေရာတွင် ၀င်ထိုင်လိုက်ကြသည်.. သူတို့ နှင့်မရှေးမနှောင်းတွင်ပင် .. နောက်မှ လိုက်လာသော မိန်းမပျို တစ်သိုက်လည်း ဆိုင်ထဲဝင်လာကြ၏...
လိုင်လိုင် က ထို မိန်းကလေးများကို ကြည့်ကာ ခေါင်းကိုသာ ဘယ်ညာ ခါယမ်းမိတော့သည်...
ထိုစဉ်အားချန်က လိုင်လိုင်နှင့် အားဖုန်အား ..
''ဟေ့ကောင်တွေ ဟိုမှာ အခုဝင်လာတဲ့ ကောင်ကိုကြည့်စမ်း ..နဖူးမှာ ရွှေရောင်အကွက်နဲ့ ထူးထူးဆန်းဆန်းဟ..'''
အားဖုန်နှင့် လိုင်လိုင်ကလည်း ၀င်လာသူကို ကြည့်လိုက်မိပြီးမှ .. အားဖုန်က
''အဟုတ်ဟ .. လူကသာပေတီးပေစုတ်နဲ့ .. တွဲလာတာက မိန်းမချော လေးပါလား ..'''
လိုင်လိုင်ကလည်းထိုလူထူးကိုကြည့်ကာ ...
''' ဟုတ်ပါ့ ..ရုပ်ကပြီတီတီနဲ့ .. ၀တ်စားထားလိုက်တာလည်း ကြည့်ပါအုံး ..စုတ်ပြတ်သတ်နေတာပဲ .. ဒါတောင်သူ့ကို ကြိုက်မယ့်သူက ရှိသေးတယ် အံ့သြောစရာပဲဟ.. '''
======================================
#55 ( အစ၏အဆုံး ..အဆုံး၏အစ )
Pyae Phyoe San
အားကွေ့သည် ထိုသမီးအဖနှစ်ယောက်တို့၏ အဖြစ်အပျက်ကို မခံချိမခံသာ ဖြစ်ကာ ကျန်းနန်သို့ပင်မ၀င်တော့ဘဲ ထိုနှစ်ယောက်ကိုခေါ်၍ ၀ူချောင်သို့ ထွက်လာခြင်း ဖြစ်သည်... လှေဖြင့်စုန်လျှင် တစ်ညအိပ်ခရီးသာကြာသည်မို့ နောက်နေ့ နံနက်တွင် ပင် ၀ူချောင်သို့ရောက်လေ၏..
ဖူချိ၏ပြောကြားချက်ကြောင့် မိန်းကလေးအားကြောရရုံကြံသွားသူမှာ ရွှေဗျိုင်းဖြူ စံအိမ်သခင်ကြီးပါ့လောက်၏ သားပါ့ထင်းဟုသိရှိပြီးဖြစ်သည်.. ရွှေဗျိုင်းဖြူသခင်ကြီး မှာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ စိတ်ထားကောင်းသူ ရက်ရောသူဟု သိုင်းလော ကတွင်သတင်းကြီးသည်လေ.. ထို့ကြောင့် သူ့သားအရေးကိစ္စတွင် မည်ကဲ့သို့ တုံ့ပြန်မည်ကို အားကွေ့တစ်ယောက် သိလိုလှ၏... တရားမျှတစွာနှင့်ဖြေရှင်းပေး မည်လော ..သားဖြစ်သူဖက်က လိုက်၍အပြစ်ကို ခ၀ါချမည်လော.. စဉ်းစားလိုက်သည် နှင့်ပင်စိတ်ဝင်စားဖွယ်ကောင်းလှ၏..
ဖူချိနှင့်မိန်းကလေးတို့မှာ သူတို့ထက်ပင်တက်ကြွနေသော အားကွေ့အား မည်သို့ခန့်မှန်းရမည်မသိပေ... သို့သော်သူတို့၏ စိတ်ထဲတွင် လူတစ်ယောက်အား အပြင်ပုံပန်း လက္ခဏာကိုကြည့်ပြီး ကောင်းသည်ဆိုးသည်ဟု ခွဲခြားသတ်မှတ်၍မရမှန်း တော့သိရှိသွားပြီလေ.. ဘ၀နှင့်ရင်းပြီးသိလိုက်ရသော အသိပေ...
ယခုတော့ အားကွေ့သည် သာမညောင်ညကောင် မဟုတ်မှန်းရိပ်မိနေလေပြီ ... အားကွေ့ကတော့ သူ့အပေါ် တရိုတသေဆက်ဆံနေသည့်သမီးအဖနှစ်ယောက် ကြောင့် အနည်းငယ်နေရခက်နေလေ၏...
ဝူချောင်သို့ရောက်သည်နှင့် အားကွေ့ပထမဦးဆုံးလုပ်သည့် အလုပ်မှာ အစားစားဖို့ပင်ဖြစ်သည်.. သူငတ်နေသည်မှာ တရက်ကျော်နေပြီမဟုတ်လား .. ထို့ကြောင့် ဆိပ်ကမ်းပေါ်တက်သည်နှင့် စားသောက်ဆိုင်ရှိရာသို့ အထုပ်ထမ်း၍ သွားတော့သည် ... သူ့နောက်တွင် ဖူချိ ၏ သမီးဖူချင်းက ထပ်ချပ်မကွာ လိုက်ခဲ့ သော်လည်း ဖူချိကတော့ သူ့အိမ်ရှိရာသို့ အရင်သွားနှင့်သည် .. သူတို့အိမ်တွင် ပြင်စရာရှိသည်များကို ပြင်ဆင်ရအုံးမည်လေ..
ရွှေဘဲဟူသော စားသောက်ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် အားကွေ့ ပထမ ဆုံးသတိထားမိသည့် အချက်မှာ စားသုံးသူ မိန်းမပျိုလေးများ လွန်စွာ များနေသည့် အချက်ဖြစ်၏ ..သို့သော် မင်းညီမင်းသားကဲ့သို့ လွန်စွာချောမောသော လုလင်ပျို သုံးယောက်ကို မြင်လိုက်သည်နှင့်သူသဘောပေါက်သွား၏ ..
ယောင်္ကျားများကို စိတ်နာနေသောဖူချင်းပင်လျှင် ထိုလုလင်ပျို သုံးယောက်ကို အတန်ကြာစိုက်ကြည့်နေမိသည်.. အားကွေ့ကတော့ သူတို့ကို ဂရုမစိုက်အား ..အသံဗြဲကြီးနှင့် ...
"ဟိတ်...ဆိုင်လုလင်တွေ မြန်မြန်လာကြကွာ .. ဒီမှာမှာအုံးမယ် .. ငါဗိုက် တော်တော်ဆာနေပြီ . မင်းတို့မလာရင် တဆိုင်လုံးကို ၀ါးစားမိတော့မယ် ..'''
အားကွေ့၏ကျယ်လောင်သောစကားကြောင့် ဖူချင်းမှာ မျက်နှာနီးမြန်းကာ ရှက်ရွံ့သွားမိ၏..
'''အကိုအားကွေ့ရယ်... ခဏတော့ စောင့်လိုက်ပါလား ...သူတို့လည်း အလုပ်ရှုပ်နေလို့နေမှာပေါ့.'''
အားကွေ့ကဖူချင်းစကားကို မတုံ့ပြန်ဘဲ ..စားဖိုဆောင်မှ လွင့်ပျံလာသည့် ဟင်းနံ့ကျွေးနံ့များကို ခေါင်းမော့၍.လိုက်ရှုနေသည်...
ရုပ်ပျက်ဆင်းပျက်လုပ်နေသော အားကွေ့အားကြည့်ကာ လိုင်လိုင်သည် နှာခေါင်းရှုံ့လိုက်၏.. ထိုသည်ကိုမြင်သော အားဖုန်က လိုင်လိုင်အား ..
''လိုင်လိုင် ...ဘာတွေနှာခေါင်းရှုံ့နေတာလဲ မှာထားတာ မကြိုက်လို့လား'''
''မဟုတ်ပါဘူး ..ဟိုရွှေရောင်နဖူးကောင် လုပ်ပုံကိုကြည့်ကြစမ်း..တကယ့် အောက်တန်းစားပဲကွ .. ကြည့် ကြည့် ဆိုင်လုလင်ကို မှာနေလိုက်တာ .. ကျိန်းဝါး နေသလားမှတ်ရတယ် .. လူပုံကစုတ်တီးစုတ်ဖတ်နဲ့ စားသမျှတောင် ရှင်းနိုင်ပါ့မလား မသိဘူး .. ''
အားကွေ့ကတော့ ဆိုင်လုလင်နှင့်စကားများနေရသည် ..သူ၏ပုံပမ်းကို ကြည့်ကာ အထင်သေးနေသော ဆိုင်လုလင်ကို စိတ်ရှိတိုင်းသာ လုပ်လိုက်ရလျှင် သေတာ့မည်.. သူမှာနေသည်ကို မကြည့်ဘဲ ဖူချင်းကိုသာ သူမှာသမျှကို ချပေးလိုက် ရမလားဟူသော အကြည့်ဖြင့် ကြည့်နေသဖြင့် .. ထမရိုက်မိစေရန် စိတ်ကို အလော ထိန်းထားရ၏..
ထိုစဉ် ထိုင်နေကြသော မိန်းကလေးများအနက် တစ်ယောက်မှာ ဖူချင်း အားမှတ်မိသွားသဖြင့် နဘေးမှ တစ်ယောက်အား ....
'''ဟိတ်.. ဟိတ် ဟိုမှာ ဟိုမှာ ဟိုဘက်ဝိုင်းက သူတောင်းစားလိုကောင်နဲ့ ထိုင်နေတဲ့ မိန်းကလေးက ဖူချင်းဆိုတာလေ...ကျောင်းတော်သား ဖူချိရဲ့သမီးပေါ့ ..သူတို့သားအဖနှစ်ယောက်ပေါင်းပြီး .. ရွှေဗျိုင်းဖြူစံအိမ်သခင်လေးကို မြူဆွယ်ကြ တာလေ.. ဟိဟိ ရယ်ချင်စရာတောင်ကောင်းသေးတယ်... ဟိုကသူ့လောက်ကို ဘယ်ယူပါ့မလည်း .. အခုတော့ ရွှေပန်းပွင့်ဂိုဏ်းကဂိုဏ်းချုပ် တူမနဲ့ ရွှေလက်တွဲ တော့မှာ ...'''
''ဟင် ...ဘာလို့ စန်းစီးမှာ မင်္ဂလာပွဲမလုပ်တာလည်း .. ''
ဝိုင်းထဲမှ မိန်းကလေးတစ်ယောက်၏အမေးကို .. ပထမဦးဆုံးမိန်းကလေး ကပင်...
''နင်တို့ကလည်း ဒါလေးတောင်မသိဘူးလား ... ၀ူချောင်ကရွှေပန်းပွင့်ဂိုဏ်းချုပ်ရဲ့ဇာတိမြေ... သူ့တူမတော်ကလည်း ဒီဝူချောင်ကပဲလေ... ဒါကြောင့် မင်္ဂလာ ပွဲကို ၀ူချောင်မှာပဲလုပ်မှာ .. ''
ထိုမိန်းကလေးကပင် ဆက်လက်ပြီး ..
''ဟိုမှာ ဖူချင်းဆိုတဲ့ကောင်မ အမြူဆွယ်လွန်ပြီး အဆင့်မရှိတဲ့ ကောင်နဲ့ နစ်ပါးသွားနေရပြီ .... '''
သူမတို့မှာ ဖူချင်းနှင့်အားကွေ့တို့တမင်ကြားအောင်ပြောနေသည် ဖြစ်ရာ .. ဆိုင်ထဲရှိလူအကုန် နီးပါး ကြားသိသွားရပြီး အားကွေ့တို့နှစ်ယောက်အား ၀ိုင်းကြည့်ကြကုန်၏..
ဖူချင်းမှာထိုစကားကြောင့် အရှက်ကြီးရှက်သွားသော်လည်း အားကွေ့ကတော့ မဟုတ်မမှန်သော ထိုစကားအား မည်သို့မျှ မခံစားမိပါ။
ဖြစ်ကြောင်းကုန်စင်ကို မသိရှာသော လိုင်လိုင်နှင့် အားဖုန် အားချန် တို့မှာ ထိုမိန်းကလေး၏ စကားကြောင့် အားကွေ့နှင့် ဖူချင်းတို့အားပို၍ အထင်သေးသွားကြ၏။
အားဖုန် နှင့်အားချန်မှာ ငယ်စဉ်ကပင်သူတို့ထက် အစစအရာရာ သာလွန်သော အားကွေ့ အားလွန်စွာ အထင်ကြီးထားကြသူ ဖြစ်၍ ထိုစုတ်တီးစုတ်ပြတ်နှင့်လူမှာ အားကွေ့ဟု ဆက်စပ် မတွေးခေါ်မိဘဲရှိ၏။ ထို့ပြင် ခွဲခွါကြစဉ်က ကလေးအရွယ်ကတည်းကဖြစ်သောကြောင့် ယခုလို ကြီးဖော်ဝင်လာကြချိန်တွင် ရုပ်ဆင်းအင်္ဂါများလည်း ပြောင်းလဲကုန်ကြသည်ကလည်း မမှတ်မိရန် အကြောင်းအရင်းတစ်ခုဖြစ်လာခဲ့သည်။
ရှက်ရွံ့နေသော ဖူချင်းအား အားကွေ့က
"ဖူချင်းညီမ ..သူတို့ပြောတဲ့စကားကို စိတ်ထဲမှာထားမနေနဲ့ ..ကိုယ်မှအမှားမလုပ်ထားတာ ကိုယ်ကမမှားဘဲခံစားနေရရင် နှစ်ထပ်ရှုံးတယ်… ကိုယ့်ဟာနဲ့ကိုယ် စားစရာရှိတာစား အရေးလုပ် မနေနဲ့..''
ဖူချင်းလည်း အားကွေ့စကားကြောင့် စိတ်ကိုတင်းလိုက်ပြီး ဆိုင်လုလင်များ လာရောက်ချပေးသည့် စားသောက်ဖွယ်ရာများကို စားသောက်လေတော့သည်။အားကွေ့ကတော့ ဆာလောင်နေသူပီပီ ခေါင်းမဖော်တမ်းစားသောက်နေ၏။
လိုင်လိုင် အားဖုန် နှင့်အားချန်တို့ကတော့ ကျောက်ကျူးထင်နှင့် ဟွားဟွားတို့များ ရောက်လာမလားဟုစောင့်မျှော်နေကြသည်……
''အား…..ခုမှပဲနေသာထိုင်သာ ရှိတော့တယ်… ကိုင်း ဗိုက်လည်းဝပြီဆိုတော့ ညီမတို့ အိမ်ကို သွားကြတာပေါ့.. ''
ခေါက်ဆွဲပြုတ်ကို တို့ကနန်းဆိတ်ကနန်းသာ စားသောက်နေသော ဖူချင်းမှာ ဆိုင်ထဲမှ ထွက်ခွာ ချင်လှပြီဖြစ်၍ အားကွေ့စကားကြောင့် ခေါင်းကို အမြန်ငြိမ့် ထောက်ခံလိုက်၏။
အားကွေ့က ဆိုင်လုလင်အား ဘဲကင်တစ်ကောင်နှင့်ကောက်ညှင်း အရက်တလုံး ယူခဲ့ရန် မှာလိုက်ပြီး ငွေရှင်းရန် သူ၏အထုပ်ကြီးကို ဖွင့်လိုက်သည်။ အထုတ်ကြီးထဲမှ ဟွားဟွား၏ အ၀တ်ထုတ် နှင့် သူ၏အ၀တ်ထုတ်ကို ဖယ်လိုက်လျှင် …..
ဆိုင်လုလင်မှာ ပါးစပ်အဟောင်းသားနှင့် ''ဟာ… '' ခနဲဖြစ်သွား၏။ သူ၏ဘ၀တသက်တာတွင် ထိုမျှများပြားသော ရွှေငွေ တို့ကို မမြင်ဘူးပေ။ထို့ပြင်ထိုပစ္စည်းတို့၏ ပိုင်ရှင်ဖြစ်သူမှာလည်း သူတောင်းစား သာသာ သာရှိသောသူဖြစ်နေ၍ ပိုအံ့သြောနေသည်။
လိုင်လိုင် အားဖုန်နှင့်အားချန်တို့မှာ အားကွေ့အား ဂရုစိုက်နေသည်ဖြစ်ရာ သူတို့လည်း ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။
အားကွေ့တို့နှစ်ယောက် အရက်အိုးနှင့်ဘဲကင်ကိုင်စွဲကာ အထုတ်ကြီးကိုထမ်းလျှက်ဆိုင်တွင်း မှ ထွက်သွားသည်ကို ကြည့်ရင်း လိုင်လိုင်မှ
''ဒီကောင်ဟာသေချာပေါက် သူခိုး ဓါးပြပဲဖြစ်မယ်နဲ့တူတယ်.. ငါတို့သွားဆုံးမရင်မကောင်းဘူး လား ..အားချန်''
''နေအုံးကွ တော်နေကြာ သူ့ပစ္စည်းအမှန်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ… ဆရာကြီးက ပြောဖူး သားပဲ သိုင်းလောကမှာ လူထူးလူဆန်းတွေရှိတာကို …ဒီကောင်လည်း အဲ့လိုဖြစ်ချင်ဖြစ်နေမှာ ပြောလို့မရဘူး''
အားဖုန်က တစ်ခုခုကိုအာရုံစိုက်တွေးနေရာမှ ရုတ်တရက် ထခုန်ကာ…..
''လိုင်လိုင်ပြောတာမှန်တယ်ကွ …. ဒီကောင်ဟာသေချာပေါက် သူခိုးဓါးပြဖြစ်မယ် .. ခုနတုန်း ကအထုတ် တစ်ထုတ်ဟာ စိတ်ကောက်အိုးရဲ့ အ၀တ်ထုတ်ကွ…'''
လိုင်လိုင်နှင့်အားချန်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ…..
''ဟုတ်တယ်…ဟုတ်တယ် ဒါစိတ်ကောက်အိုးရဲ့ အထုတ်ပဲ …ငါတို့အမြန်လိုက်မှ ဖြစ်မယ်'''
ထို့နောက်သုံးယောက်သား ငွေရှင်းရန်ပင်မေ့လျော့ သွားပြီး အားကွေ့တို့ ထွက်သွားရာ ဖက်သို့ စမ်းတ၀ါးဝါးဖြင့် လိုက်သွားလေ၏။
ဝူချောင်မြို့ရိုးသို့လှမ်းမြင်နေရသောကြောင့် ကျောက်ကျူးထင်မှာ ပြောမပြနိုင်လောက်အောင် ၀မ်းသာသွားရသဖြင့် မြင်းကိုအသော့လေးနှင်မိသည်။ ဟွားဟွားက လည်းကျောက်ကျူးထင်နည်းတူ ယှဉ်မောင်းလိုက်ပြီးနောက်
'' ဦးကြီးကျောက် …သိုင်းလောကထိပ်သီး ဆယ်ယောက်ဆိုတာ နာမည်သာကြီးပြီး တကယ် ကြတော့ အသုံးမကျဘူးထင်တယ်နော်..''
ကျောက်ကျူးထင်မှာ ဟွားဟွား စကားကြောင့်မျက်နှာ ရှုံ့မဲ့သွားကာ
''ဟွားဟွားသမီး ဒီစကားကို ဦးကြီးကျောက်နဲ့ ညီလေးချန်းတို့ နှစ်ယောက်ကို ပြောတာက ကိစ္စမရှိဘူးကျန်တဲ့ ရှစ်ယောက်သာ ကြားလို့ကတော့ ငါ့တူမ အခက်ပဲ…''
ဟွားဟွားကကျောက်ကျူးထင်၏ ထိုစကားကိုလှောင်သည့်ဟန်ဖြင့် ခပ်ဟဟလေး ရယ်ပြီး
''ဟ ဟပြောတော့ဘာဖြစ်လည်း..တကယ်အသုံးမကျလို့ မကျဘူးပြောတာကို.. သိုင်းလောက ထိပ်သီးနံပါတ်နှစ်တဲ့ သူခိုးဂျပိုးတစ်ယောက်ကိုတောင်မနိုင်ဘူး ..ဘယ်မှာ အထင်ကြီးစရာကောင်းသလဲ နံပါတ်နှစ်နေရာက သူတောင် အသုံးမကျမှတော့ ကျန်တဲ့ အမှတ်စဉ်တွေဆို ပိုဆိုးအုံးမယ်'''
ကျောက်ကျူးထင်မှာ ထိုအကြောင်းအားပြန်စဉ်းစားမိပြီး ရွှေရောင်နဖူးနှင့်ကောင် အား အရှင် လတ်လတ်အရေခွံပင် ခွာချင်မိသည်။
ထိုကောင်လွတ်သွားသည့်နေ့မှစပြီး သူ့မှာ ဟွားဟွား ဆူပူကျိန်းမောင်းသမျှ လှိမ့်ခံနေရ သည်။ သူမစိတ်တိုင်းကျအောင် ထိုကောင်အားလိုက်ရှာနေရ၍ ၀ူချောင်အား နှစ်ရက်ခန့်နောက်ကျမှ ရောက်လာတော့သည်လေ။ လိုင်လိုင်တို့တော့ ရောက်နေပြီထင်သည်။ ကျောက်ကျူးထင်က စကား လမ်းကြောင်းလွဲသည့်အနေဖြင့်
''အခုလောက်ဆို ၀ူချောင်မှာ လိုင်လိုင်တို့ အားချန်တို့တောင် ရောက်နေလောက်ပြီ ၊ တို့တွေ မြန်မြန်သွားရအောင် ဟွားဟွားရဲ့''
အမြန်လောဆောပြီးနောက် ၀ူချောင်မြို့ထဲသို့ ၀င်သွားကြလေသည်။
သူတို့မြို့ထဲအ၀င်လိုက်သည်နှင့်အားကွေ့တို့အား လိုက်ရှာနေသော လိုင်လိုင်တို့ အဖွဲ့ကို တွေ့လေ၏။
အကြောင်းစုံသိသွားကြသော အားချန်တို့မှာ ထိုရွှေရောင်နဖူးနှင့်ကောင်အား လွန်စွာဒေါသ ထွက်ကုန်ကြသည်။
ထို့နောက် မင်္ဂလာပွဲ ကျင်းပမည့် ရွှေဗျိုင်းဖြူစံအိမ်နှင့်မနီးမဝေး တည်းခိုဆောင်တွင် အခန်းများ ငှားရမ်းပြီး တည်းခိုလိုက်ကြသည်။
အခန်းသုံးခန်းသာ ရသည်မို့ ကျောက်ကျူးထင်နှင့် အားဖုန်က တခန်း၊ ဟွားဟွားက တခန်း၊ အားချန်နှင့် လိုင်လိုင်နှင့်က တခန်းဖြစ်၏။
ဝူချောင်မြို့တွင် ယခုလောက်စည်ကားသော အချိန်အခါမရှိခဲ့ဘူးပေ။ ရွှေဗျိုင်းဖြူဂိုဏ်း၏ အရှိန်အ၀ါ ၊ မဟာမိတ်ဂိုဏ်းကြီး၏ အရှိန်အ၀ါ၊ ရွှေပန်းပွင့်ဂိုဏ်း၏ ဂုဏ်ဒြပ်တို့ကြောင့် ရပ်ဝေးရပ်နီးမှ မင်္ဂလာပွဲ တက်ရောက်သူ များပြားလှသည်။ ရွှေဗျိုင်းဖြူ စံအိမ်တွင်လည်း မင်္ဂလာလက်ဖွဲ့များက တောင်ပူစာသဖွယ် စုပုံ၍နေသည်။ သိုင်းလောကထိပ်သီးဆယ်ယောက်၊ ထင်းရှီနတ်မယ်၏ တပည့်၊ ၀ူတန်ဂိုဏ်းချုပ်ကြီးနှင့်လက်စွဲတော်တပည့်၊ ဆရာကြီးမုန့်၏ မွေးစားသမီးနှင့်တပည့်သုံးယောက် ၊ အစရှိသော နာမည်ကျော်များလာရောက်မည် ဖြစ်သော ကြောင့်လည်း စံအိမ်ကြီးသခင်ပါ့လောက်နှင့် သတိုးသားပါ့ထင်းတို့မှာ ရွှင်မြူးမဆုံးတပြုံးပြုံး ဖြစ်နေကြ၏။
အားကွေ့သည် ဖူချိတို့၏ နေအိမ်တွင် ဧည့်သည်လုပ်နေရာမှ ပျင်းရိညီးငွေ့လာ၍ မြို့ထဲသို့ ထွက်လာသည်။ မြို့ထဲတွင် မင်္ဂလာပွဲလာ သိုင်းသမားများ ကျိတ်ကျိတ်တိုး စည်ကားနေ၏။ ဆိပ်ကမ်းဈေး ဖက်သို့ အရောက်တွင် သူ၏မျက်လုံးက အမှတ်တရ ပစ္စည်းများအရောင်းဆိုင်သို့ ရောက်သွားလေသည်။ ကျောက်စိမ်း လည်ဆွဲများ၊ ရာသီခွင်အရုပ်များ၊ နီလာလက်ကောက်များ ၊ ကျောက်စိမ်းခါးပန်းကြိုးများ၊ရွှေဆံထိုးများ အစရှိသော တန်ဖိုးအမျိုးမျိုးရှိသည့် အမှတ်တရပစ္စည်းများသည် နေရောင်အောက်တွင် အရောင်အမျိုးမျိုးတောက်ပနေ ကြသည်။
ထိုအထဲကမှ ကျောက်စိမ်းဖြင့်ထွင်းထုထားသော ဇာမဏီပုံရှေးဟောင်းဆံထိုးကြီးကိုသူ သဘောကျ သွား၍ ဈေးရောင်းနေသော အဖိုးကြီးအား
.. ''သူဌေး ဒီဆံထိုးကဘယ်လောက်လဲဗျ…''
အဖိုးကြီးမှာ အ၀တ်အစားနွမ်းနွမ်းနှင့် လူမွှေးလူရောင်မတောက်ပြောင်သော လုလင်အား ကြည့်ကာ
''ဟေ့သူငယ် မ၀ယ်နိုင်ဘဲ လာမရှုပ်နဲ့ကွယ် …ဒီဆံထိုးက ရှေးဟောင်းဆံထိုး တန်ဖိုးကြီး တယ်ကွဲ့''
အားကွေ့က အဖိုးကြီးကိုကြည့်ကာ
''မ၀ယ်နိုင်ဘူးလို့ ဘာကိုကြည့်ပြီး ဆုံးဖြတ်တာလဲဗျ… ၀ယ်နိုင်တာမှ ခင်ဗျားဆိုင် တဆိုင်လုံး ၀ယ်ပြီး မီးပုံရှို့ပစ်လို့ရတယ်..ကဲပြောစမ်းပါ .. ဘယ်လောက်လဲဆိုတာ''
အဖိုးကြီးကလည်း ဈေးပြောလိုက်လျှင် ထိုသူတောင်းစား ထွက်သွားလိမ့်မည်ဟူသော အထာနှင့်
''ငွေ ငါးဆယ်ကျပ်သားကျတယ်ကွ… မင်းဝယ်နိုင်ရင်ဝယ်လေ..''
အားကွေ့မှာ တန်ကြေးထက်ပိုဈေးမြင့်နေသည်ကို သိသော်လည်း အထင်သေးမခံလိုသည်နှင့်
''၀ယ်မယ်ဗျာ… ဗူးလေးနဲ့ထုတ်ပေး..မြန်မြန်လုပ်…''
အဖိုးကြီးမှာ မယုံမရဲဖြစ်ကာ
'' မင်းငွေအရင်ချေရင် ထုပ်ပေးမယ်ကွာ ငွေအရင်ပြ''
အားကွေ့မှာ လက်ပေါက်ကပ်သော အဖိုးကြီးအား ခွန်းတုံ့ပြန်ရန်အပြုတွင် …
''ဦးကြီးရှင့် ဒီဇာမဏီ ဆံထိုးလေးက ဘယ်လောက်လဲရှင့်…''
သာယာနာပျော်ဖွယ်အသံနှင့် မွှေးကြိုင်သောရနံ့က အားကွေ့၏နဘေးမှ ထွက်ပေါ်လာခဲ့သည်။
အားကွေ့မှာ ဆွဲဆောင်အားကြီးသော အသံကြောင့် လှမ်းကြည့်လိုက်ရာ အစိမ်းရောင် ၀တ်စုံနှင့် လွန်စွာလှ သော မိန်းမပျိုလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုမိန်းကလေးမှာ သိုင်းသမီးပျိုဖြစ်ဟန်တူသည် ကျောတွင် ဓါးတလက်ကို လွယ်ပိုးထား၏။
အားကွေ့က ထိုမိန်းကလေးအား
''ဟေ့…မိန်းကလေး ဒီဆံထိုးက ကျုပ်အရင်ယူထားတာ ဒါကြောင့် မိန်းကလေး တခြားကြိုက်တဲ့ ပစ္စည်း ကိုဝယ်လို့ရတယ် ဒီဆံထိုးကတော့ ထိတောင် ထိကြည့်လို့မရဘူး''
မိန်းကလေးမှာ အားကွေ့အား လည့်ကြည့်လိုက်ပြီး ခေါင်းရမ်းကာ အထင်သေးသည့်ပုံစံနှင့်
''ရှင့်နှယ် ဒီလိုတန်ဖိုးကြီးပစ္စည်းဝယ်နိုင်မယ့်ပုံလည်းမပေါ်ပါဘူး ၀ယ်နိုင်တယ် ၀ယ်ထားတယ် ဆိုရင်တောင် ရှင့်ထက်ဈေးနှစ်ဆပေးပြီး ၀ယ်လိုက်မယ်..''
ရုပ်ရည်လွန်စွာလှသလောက် မာနထောင်လှသော ထိုမိန်းကလေး အား အမြင်ကပ်စွာဖြင့် အားကွေ့က
''ဒီမယ် မိန်းကလေး မင်းတို့တွေက လူတစ်ဖက်သားကို ပုံစံကြည့်ပြီး တော်တော် အထင်သေးကြတတ် သကိုးကွ … '' မိန်းမလှလေးအား ထိုသို့ပြောပြီးလျှင် အိတ်ထဲမှ ခြောက်ဆယ်သား ငွေတုံးကို ထုတ်ကာ ဆိုင်ရှင်အဖိုးကြီးအားပေး၍ ''ကဲ ကဲ ရော့ သူဌေး ကျုပ်ကိုအခုချက်ချင်း ဒီဆံထိုးကိုပေးပေတော့''
အဖိုးကြီးက အားကွေ့၏ ငွေတုံးကိုလှမ်းယူရန် အပြုတွင်
''နေပါအုံးဦးကြီးရှင့် … ကျမ ငွေသားတစ်ရာပေးမယ်ရှင် ကျမကိုပဲရောင်းခဲ့''
ဟုပြောကာ အားကွေ့အား ဘယ်နှယ်ရှိစ ဟူသော အမူအယာနှင့်လှမ်းကြည့်လိုက်သည်။
အဖိုးကြီးကလည်း အားကွေ့၏ ငွေတုံးကို လှမ်းမယူတော့ဘဲ မိန်းကလေးဘက်ကိုသာ အာရုံလှမ်း အစိုက်
''ကျုပ်က ငွေသားနှစ်ရာပေးမယ်ဗျာ''
''ကျမက သုံးရာရှင် ''
ငွေသားသုံးရာဟူသော အသံကြောင့် အဖိုးကြီးမှာ ဆံထိုးကိုင်ထားသော လက်ပင်တုန်ယင်ကာနေ၏။ ငွေသားသုံးရာဟူသော ပမာဏက သူ၏တဆိုင်လုံး တန်ကြေးထက်များစွာမြင့်သည့်အပြင် ..လူလတ်တန်းစား မိသားတစ်စု ငါးနှစ်စာ အသုံးစားရိတ်မျှရှိသည်လေ….
အားကွေ့မှာ မည်သို့ပင်တွက်တွက် ငွေသားအစိတ်ထက် မပိုနိုင်သော ထိုဆံထိုးကို ကြည့်ကာ
''ကိုင်းဗျာ ကျုပ်က တစ်ထောင်ပေးတယ်ဗျာ..''
မိန်းမလှလေးနှင့် အဖိုးကြီးမှာ မျက်စိမျက်လုံးများပြူးကျယ်လျှက် အားကွေ့အား ရူးနှမ်းနေ ပြီဟူသော အကြည့်ဖြင့် ကြည့်ကာ မည်သို့မှ ပြန်မပြောနိုင်တော့ပေ..
ငွေသားတစ်ထောင် ဟူသည်မှာ စားသောက်ဆိုင်ကြီးတစ်ဆိုင် သို့မဟုတ် အခြားစီးပွားရေး အရင်း အနှီလုပ်ရန်ကောင်းကောင်းလုံလောက်သော ငွေပမာဏဖြစ်သည်။ ထိုမျှလောက်တော့ မိန်းမလှလေးမှာ မတတ်နိုင်ပါ။ အကယ်၍ တတ်နိုင်သည်ထားအုံး သူကဲ့သို့ ရူးမိုက်မည်တော့မထင်ပေ..
''ကျမ ထောင့်ငါးရာပေးမယ်ရှင်''
ထိုစကားကို မိန်းမလှလေးက အားကွေ့အား မျက်စောင်းထိုး၍ ပြောလိုက်ခြင်းဖြစ်သည်.။
အဖိုးကြီးမှာ ရူးသွပ်လုလုဖြစ်ကာနီးနေပြီဖြစ်သည်။အားကွေ့က မည်သို့မျှ မမူဟန်နှင့်
''ဟားဟားဟား ကျုပ်က သုံးထောင်ပေးမယ်ဗျာ သုံးထောင် လက်ငင်းရှင်းမှာနော်..''
''ဟွန်း…ဒီမယ်ရှင့် ရှင်ဦးဏှောက်မှကောင်းသေးရဲ့လား …''
နူတ်ခမ်းဆူ၍ ပြောလိုက်သော မိန်းမချောလေး၏မျက်နှာကို အားကွေ့တစ်ယောက် အရသာခံ ကာ ကြည့်လိုက်ပြီး
''ဒီမယ်မိန်းကလေး မင်းမတတ်နိုင် ထွက်သွားတော့လေ တတ်နိုင်ရင်ဈေးထပ်တိုးပေါ့.. ဘာတွေညာတွေ သိပ်မပြောပါနဲ့ကွာ….''
"အရူး .. ရှင်ကတော့ သွက်သွက်ခါအောင် ရူးနေတဲ့အရူးသိရဲ့လား''
အားကွေ့အား ပစ်ပစ်နှစ်နှစ်ပြောကာ ဆောင့်ကြီးအောင့်ကြီးနှင့်ထွက်သွားလေတော့သည်။
အားကွေ့ က အိတ်ထဲမှ ရွှေချောင်းနှစ်ချောင်းကို ထုတ်လိုက်ပြီး အဖိုးကြီးအား ပစ်ပေးကာ
''ကိုင်း ..ရော့ ရော့ ရွှေချောင်းတစ်ချောင်းကို နှစ်ထောင်လောက်တန်တယ် ..ပိုတာ ပြန်အမ်းမနေနဲ့ အကုန်သာယူလိုက်တော့ ကျုပ်ရဲ့ ဆံထိုးသာပေး..''
အဖိုးကြီးသည် တုန်ယင်နေသော လက်ဖြင့် ရွှေချောင်းကို လှမ်းယူလိုက်ပြီး အားကွေ့စိတ်ပြောင်း သွားမှာစိုးသည့်အလား ဆံထိုးအား လှမ်းပေးလိုက်သည်။ ထိုဇာမဏီဆံထိုး သူ့ဆီမှာသောင်တင်နေတာ အနှစ်နှစ်ဆယ်ကျော်ပြီဖြစ်သည်။ နာမကျန်းဖြစ်နေသော ရသေ့အိုကြီးတစ်ယောက်မှ ထိုဆံထိုးအား ငွေစ လေးစ ဖြင့် လာပေါင်နှံသွားခြင်းဖြစ်၏။ ထိုကတည်းက ဆိုင်မှာတင်ထားသောလည်း မည်သူမျှဝယ်မည့်သူမရှိ ယခုတော့ ရွှေချောင်းနှစ်ချောင်း ငွေသားလေးထောင်ခန့် ဖြင့်ဝယ်မည့်အရူးရောက်လာလေပြီရော….. အားကွေ့အား ဆံထိုးပေးပြီးနောက် အဖိုးကြီးမှာသူ၏ ပစ္စည်းများကိုပင် ဒီအတိုင်းပစ်ထားပြီး တချိုးထဲ အိမ်ပြန်ပြေးတော့သည်။
အားကွေ့မှာ ထိုကျောက်စိမ်းဆံထိုးအား သဘောကျစွာ ကြည့်ကာ
''ညီမလေးကျင်းကျူးနဲ့ဆို ဒီဆံထိုး အရမ်းလိုက်မှာ… အင်း ..အမှောင်နန်းတော်ကို ရှာတွေ့ပြီးရင် တော့ နေပြည်တော်ကိုသွားရမယ်။ ငါကသာ သူ့ကိုသတိရနေတာ သူကတော့သတိတောင်ရရဲ့လားမသိဘူး ''
တွေးရင်းလူအုပ်ကြားထဲ လမ်းလျှောက်လာခိုက်
''အကို အားကွေ့ ..အကိုအားကွေ့..''
ရင်းနှီးနေသောအသံကြောင့် နောက်ကိုလှမ်းကြည့်လိုက်ရာ သူမည်သို့မျှ တွေးထင်မထားသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
''ဟာ သွားကျိုး…မင်း လူထွက်လိုက်တာလား … ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလည်း ..ဟားဟား ပျော်စရာကြီးဟေ့..ငါလည်းတစ်ယောက်ထဲပျင်းနေတာဟ ''
ကတုံးဆံတောက် နှင့်သွားကျိုးမှာ ပုံပမ်းမကျသော အ၀တ်အစားအသစ်နှင့် သူ့အား ပြုံး၍ ကြည့်ကာ `
''အကိုအားကွေ့ တစ်ဆိုင်ဆိုင်သွားရအောင်ဗျာ .. ကျွန်တော် အကိုအားကွေ့ကို လိုက်ရှာနေတာ ခြောက်ရက်ကျော် ပြီဗျ .. ပြောစရာတွေက အများကြီးပဲ''
အားကွေ့လည်း သွားကျိုး၏ ပုခုံးကိုဖက်၍ နီးစပ်ရာ ဆိုင်တစ်ဆိုင်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။
''အား…. လူတွေသောက်နေတဲ့ အရက်ဆိုတဲ့အရာက တော်တော်လေးကို ခါးတယ်နော် အကိုအားကွေ့''
ခွက်ကို ချလိုက်ပြီး ပြောလိုက်သော သွားကျိုး၏ စကားအဆုံးတွင် အားကွေ့ က
"ဒါတွေ အသာထားစမ်းကွာ မင်းဘယ်လိုဖြစ်ပြီး လူထွက်လာတာလည်း ခိုးထွက်လာရင်တော့ ငါကိုယ်တိုင် ရှောင်လင်ကိုပြန်ပို့လိုက်မယ်..ပြီးတော့် ဘုန်းဘုန်းရွှီကြွင်းရော နေထိုင်ကောင်းရဲ့လား..''
သွားကျိုးက သူ၏ လက်ဖျံနှစ်ဖက်ကို အားကွေ့မြင်အောင်ပြလိုက်သည်။ အားကွေ့က လက်ကိုကြည့်ပြီး
''ဟား…သွားကျိုး တယ်ဟုတ်ပါလား… ကျားနဂါးအဆင့်နဲ့ ရှောင်လင်ကထွက်လာပြီပေါ့… ဂုဏ်ယူတယ်ကွာ ရှောင်လင်ရဲ့အဝေးရောက်သိုင်းသမားကြီးရဲ့ ..ကမ်းပေ့ဟေ့''
''ဂွပ်..ဂွပ်..''
အရက်ကိုတရှိုန်ထိုးမြိုချလိုက်ပြီးနောက် သွားကျိုးက
''ကျွန်တော် ကျားနဂါးဘွဲ့ရတာ ဘုန်းဘုန်းရွှီကြွင်းကြောင့်ပေါ့ .. အကိုအားကွေ့ ထွက်သွားတဲ့ နေ့က စပြီး ဘုန်းဘုန်းက ကျွန်တော်နဲ့ ဒက်ပေါ ကိုညတိုင်း ရဟန်းငါးပါးဆိုတဲ့ သိုင်းသင်ပေးတယ်။ အစကတော့ ဘာလို့ သင်ပေးမှန်းမသိဘူး .. လေးရက်လောက်နေတော့ ဘုန်းဘုန်းက ပြောတယ်.. သွားကျိုးနဲ့ ဒက်ပေါတဲ့ မင်းတို့ နှစ်ယောက်က ငါ့သားကြီးအားကွေ့ ကိုအချစ်ဆုံးတဲ့.. အခုငါ့သားက အပြင်လောကကို ထွက်သွားပြီ .. သူ့ရဲ့ စိတ်ဓါတ်ကိုလည်း မင်းတို့သိသားပဲ အပြင်ရောက်တာနဲ့ သေချာပေါက် ပြဿနာ တက်လိမ့်မယ်တဲ့ .. ဖြစ်နိုင်ရင် ငါမင်းတို့နှစ်ယောက်ကို အားကွေ့နောက် လိုက်သွားစေချင်တယ်တဲ့ ..သူ့ကိုအပြည့်အ၀ အကူအညီမပေးနိုင် ရင်တောင် တစိတ်တဒေသ အနေနဲ့ကူညီပေးနိုင်ရင် ငါကျေနပ်ပြီတဲ့ .. အခုမင်းတို့ကိုသင်ပေးတဲ့ ရဟန်းငါးပါး သိုင်းဟာ ရှောင်လင်ရဲ့ ထိပ်တန်း သိုင်းကွက်.. အဲ့သိုင်းကို တတ်ကျွမ်းသွားရင် ကြေးလူရုပ်နဲ့ သစ်သားယန္တယား ကိုကြောက်ဖို့မလိုတော့ဘူးလို့ ဘုန်းဘုန်းကပြောတယ်.. ကျွန်တော်တို့နှစ်ယောက်က ပျော်တာပေါ့ဗျာ .. ကျားနဂါးဘွဲ့လည်းရမယ် အကိုအားကွေ့နောက်လည်း လိုက်ရမယ်ဆိုတော့ .. ဒါပေမယ့် ငါးရက်မြောက် နေ့ကြတော့ ဘုန်းဘုန်းရောက်လာပြီး စာအုပ်တစ်အုပ်နဲ့ စာတစ်စောင် ပေးခဲ့တယ်.. သွေးကြော ဖွင့်ပေးတယ်.. ပြီးတော့ တပွဲထိုးအတွင်းအားဆိုလား ကျင့်နည်း နုတ်တိုက်ကျက်ခိုင်းတယ်။ သူတို့ညီအကိုတွေ ခရီးထွက် ရတော့မယ်တဲ့ ..မင်းတို့နှစ်ယောက် ရဟန်းငါးပါးသိုင်းအခြေခံ ကျေညှက်ပြီးဖြစ်လို့ ပိုလို့ကျွမ်းကျင် အောင် လေ့ကျင့်ဖို့ပဲလိုတော့မယ်လို့ပြောတယ် ..ကျွန်တော်တို့ကိုပေးတဲ့စာအုပ်က ရဟန်းငါးပါးသိုင်းနဲ့ ရွှေခေါင်းလောင်း သိုင်းကွက်တွေ .. ပြီးတော့ ဘုန်းဘုန်းက မင်းတို့ ပညာစုံပြီဆိုတာနဲ့ ချက်ခြင်း ငါ့သားနောက် လိုက်သွား သူ့အကျင့်ကိုငါသိတယ် ဘယ်နေရာမှ လိုက်ရှာစရာမလိုဘူး သိုင်းလောကထဲမှာ လတ်တလော အစည်ကားဆုံး အထူးခြားဆုံးဖြစ်တဲ့နေရာတွေမှာသာ လိုက်ရှာ ဒီကောင့်ကိုသေချာပေါက်တွေ့မယ်ပြောသဗျာ
အဲ့ဒါနဲ့ ကျွန်တော်လည်း ရဟန်းငါးပါးသိုင်းကို သုံးရက်လောက် လေ့ကျင့်လိုက်တာ အောင်မြင်တာပဲ ။ ကျွန်တော် လည်း အောင်မြင်တာနဲ့ ချက်ချင်းမောင်းထတီးတော့တာကိုးဗျ တိုတိုပြောရရင် အမွေးတိုင်ကုန်လုလုမှာ တံခါးနီ ကိုဖြတ်နိုင်တော့တာပဲ…လူလည်း ယဲ့ယဲ့ပဲကျန်တယ်.. တဒင်္ဂတပွဲထိုးအတွင်းအားကြောင့်သာ မသေတာဗျ တရက်လောက်ဆေးကုပြီးတာနဲ့ ဟိုနန်နယ်ထဲကိုဆင်းပြီး သိုင်းလောက မှာ ဘာသတင်းထွက်သလဲစုံစမ်းတော့ ၀ူချောင်မှာ ရွှေဗျိုင်းဖြူသခင်လေး မင်္ဂလာဆောင် မှာ လူတွေ အတော်စုံမယ်လို့ ကြားတာနဲ့ ထွက်လာတာပဲ .. ကံကောင်းချင်တော့ ရောက်ရောက်ချင်းတန်းတွေ့တာပဲဗျို့''
အားကွေ့က သွားကျိုးလှမ်းပေးသော စာအားဖွင့်ဖတ်လိုက်ရာ စာမှာတိုတိုလေးဖြစ်သည်။
''သားကြီးအားကွေ့ .. သိုင်းလောကထဲမှာ သိပ်ပြီးပြဿနာမရှာနဲ့ ..ကောင်းကောင်းနေပါ။ ဘုန်းဘုန်း တို့တော့ အမှောင်နန်းတော်က လာခေါ်လို့လိုက်သွားပြီ ..ဒါကြောင့် အမှောင်နန်းတော်ကို မရှာနဲ့တော့ ။ ငယ်ငယ်က ကွဲသွားတဲ့ မင့်အဖိုးနဲ့ ညီနှစ်ယောက်ကိုသာ အမြန်ဆုံးတွေ့အောင်ရှာ ။ တခုခုအခက်အခဲဖြစ်ရင် အမှောင်ဈေးက အကြွေစေ့ကို ရအောင်ရှာပြီး လွိယိတောင်ကိုလိုက်လာခဲ့။ သွားကျိုးနဲ့ဒက်ပေါကို ဂရုစိုက်ပေး နော်…ငါ့သားကြီး လိမ်လိမ်မာမာနေကွယ်…''
အားကွေ့သည်ထိုစာကို ဖတ်ပြီးနောက် မျက်ရည်များစီးကျလာခဲ့သည်။ ဘုန်းကြီးရွှီကြွင်း၏ တိုတောင်း သောစာက သူ့အား ၀မ်းနည်းဝမ်းသာဖြစ်သွားစေသည်လေ..
အားကွေ့က မျက်ရည်များကို သုတ်လိုက်ရင်း ..
''ဒက်ပေါရော ..မပါလာဘူးလား..''
''ဒက်ပေါက ရွှေခေါင်းလောင်းသိုင်းအောင်မှ ဆင်းလာမယ်ပြောတယ် အကိုအားကွေ့''
''ဒါနဲ့ ငါ့ရှောင်းဟူရော ဘုန်းဘုန်းရွှီကြွင်းယူသွားတာလား ..''
'' မဟုတ်ဘူး အကိုအားကွေ့ ဘုန်းဘုန်းက နတ်သမီးလေးလို လှတဲ့ကောင်မလေးကို ပေးလိုက်တာဗျ ''
အားကွေ့မှာ မျက်မှောင်ကုတ်လိုက်ပြီး
''နတ်သမီးလိုလှတာ ..ဘယ်သူလဲဟ ..ဘာဖြစ်လို့ပေးလိုက်တာလဲ''
''ဒီလိုဗျ.. ဘုန်းဘုန်းတို့ ထွက်မသွားခင် တစ်ရက်လောက်အလိုမှာ ရှောင်လင်ကို သူတောင်းစား အဘိုးကြီးတစ်ယောက်နဲ့ နတ်သမီးလေးလိုလှတဲ့ မိန်းကလေးနဲ့ရောက်လာတယ် .. ရှောင်လင်ကျောင်းထိုင်ကိုယ် တိုင်နှစ်ယောက်စလုံးကိုတွေ့တာဗျ.. သူတောင်းစားက ခြေထောက်ထော့နဲ့ ထော့နဲ့ နဲ့ နာမည်တော့မသိဘူး .. နတ်သမီးလေးက ကျင်းကျူးတဲ့ အကိုအားကွေ့ကို လာရှာတယ်ပြောတာပဲ.. ဘုန်းဘုန်းက ရှောင်းဟူကို ပေးလိုက်တာ..'''
''ကျင်းကျူးဟုတ်လား…ဘယ်လိုလုပ် ရောက်လာတာပါလိမ့်.. အဝေးကြီးကို.. သူ့အဖေက သူတောင်းစားအဖိုးကြီးနဲ့လွတ်လိုက်တယ် ဒုက္ခပါပဲကွာ ..ကျင်းကျူးက ပန်းကလေးလို အရမ်းနုတာ''
သွားကျိုးက ကျင်းကျူးဟူသော အသံကြားသည်နှင့်နေမထိထိုင်မသာ ဖြစ်သွားသော အားကွေ့အား နားမလည်နိုင်သလို ကြည့်ပြီး
''ပန်းလေးလို နုမနုတော့ မသိဘူး ပန်းလေးလိုတော့ အတော်လှသဗျို့''
စစ်သေနာပတိချုပ်၏ သမီးဖြစ်သော ကျင်းကျူးမှာ အဘယ့်ကြောင့် ရှောင်လင်ကိုရောက်လာရသနည်း … အဘယ့်ကြောင့် သူတောင်းစားထော့ကျိုးနှင့် နှစ်ယောက်ထဲထွက်လာရသနည်း…..

Comments
Post a Comment