အားကွေ့ အပိုင်း (၃၆ မှ ၄၀ ထိ )
#36 ( အစ၏အဆုံး ..အဆုံး၏အစ )
ငွေမျက်နှာသမားတော်ကြီးနှင့် သူ၏ညီတော် လေးပါးနှင့်တိုက်ခိုက်နေခြင်းပင်.. သို့သော်လည်း ညီးအကိုလေးပါးမှာ အလူးအလဲနှင့် အောက်စည်းမှ ခုခံနေရသည် ..
'''ဖုန်း..ဖုန်း..ဖုန်း''
''ဗြောင်း ..ဒိုင်း''
ဟူသော လက်ဝါးခြင်း ထိတွေ့ရာမှ ထွက်လာသောအသံများက ဆူညံနေပြီး အတွင်းအားအရှိန်ကြောင့် နဘေးရှိသစ်ပင်များမှာ ခါးလည်မှတိုင်အောင် ပြတ်ထွက် ကုန်ကြ၏..
''ဖောင်း..'''
''အင့် ..'''
''ညီငါး ထန်ဖုထိသွားပြီဟေ့ .. အကိုနှစ်စိတ်ထိန်းပါအုံးဗျ..''''
အဆိပ်ဘုရင်မော်ထိုက်မှာ ထန်ဖုတစ်ယောက် အကိုနှစ်၏ လက်ဝါးရိုက်ချက် ထိသွားသောကြောင့် ဟစ်အော်လိုက်မိသည်..
ငွေမျက်နှာသမားတော်ကြီးမှာ စိတ်ဖောက်ပြန်သွားသည့်နှယ် တွေကရာလူကို လိုက်လံတိုက်ခိုက်ပြန်၏..
''ဟာ .. သမားတော်ကြီးက သန်းခေါင်ညမိစ္ဆာသိုင်းကြောင့် စိတ်ဖောက်သွား တာဖြစ်မယ် .. ''
ဟု ရွေရွတ်ပြီး ရွမ်ဝူကို ချကာ တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားလိုက်သည် ..
သူတိုက်ပွဲထဲသို့ မရောက်ခင်တွင် ..
''ဖြန်း ဖြန်းဖြန်း'' ဟူသော အသံသုံးချက် ထွက်လာပြီး ကျန်ညီအကိုသုံးယောက် မှာ တိုက်ပွဲအတွင်းမှ လွင့်စင်သွားကြ၏ ..
မဟာသွေးသားချပ်ဝတ်လွှာ ၀တ်ဆင်ထားသူများဖြစ်သဖြင့် အထိမနာလှသော် လည်း ငွေမျက်နှာသမားတော်ကြီး၏ လက်အားမှာ ပြင်းထန်လှသောကြောင့်သက်သာ သည်တော့မဟုတ်လှ..
''အားကွေ့ အကိုကြီးဆီထွက်ပြေးသွား .. မ၀င်ခဲ့နဲ့ ..''
ရွှီကြွင်းသည် အားကွေ့ ၀င်လာသည်ကို တွေ့၍ အော်ဟစ်လိုက်သော်လည်း .. ငွေမျက်နှာသမားတော်ကြီးနှင့်အားကွေ့ မှာ သိုင်းကွက် ငါးကွက်မျှပင် ယှဉ်ပြိုင်ပြီး နေပြီဖြစ်သည်..
''ဖိုင်း... ဖိုင်း'''
ငွေမျက်နှာသမားတော်ကြီး၏ လက်ဝါးချက် နှစ်ချက်ကို အရိပ်တရာ ခြေလှမ်း တစ်ထောင်ဖြင့် ရှောင်ထွက်သွားသောကြောင့် လက်ဝါးရိုက်ချက်များမှာ လေထုထဲ တွင်ပျောက်ကွယ်သွားလေသည်..
သန်းခေါင်ညမိစ္ဆာသိုင်းမှာ အလွန်တရာမှ မြန်ဆန်လှသော်လည်း အားကွေ့၏ ရွေ့လျားမှုကလည်း မနှေးပေ..
'' ဟင် အကိုသုံး အားကွေ့ရဲ့ နဖူးက ရွှေရောင် တောက်နေပါလား..'''
အဆိပ်ဘုရင်မော်ထိုက်က လေးမျက်နှာပညာရှိအားမေးလိုက်သည် .. ချင်ဝေ က
'''အေး ဟုတ်တယ် .. အလင်းရောင်တွေ ထွက်နေသလိုပဲ .. ''
အားကွေ့ကတော့ ကိုယ့်ကိုကိုယ်မသိပေ .. သူ၏အတွင်းအားကို တဆင့်မြင့်လိုက်တိုင်း နဖူးမှ ရွှေရောင်များ ပိုမိုလင်းလာလေသည်.. စိတ်ဖောက်နေသော ပုလွေမှာ ထိုရွှေရောင် လင်းနေသည်ကို မျက်စိစပါးမွေးစူးသည့် အလား လက်ဖြင့်ကုတ်ဆွဲလိုက်သည် ..
အားကွေ့မှာ ၀ရဇိန်သူရိန်လက်ညိုးဖြင့် ကုတ်ဆွဲလာသော လက်ကို တောက်ချရန်ကျိုးစားလိုက်ချိန်တွင် ..ပုလွေမှာ ကိုယ်တစ်ပတ်လည်ပြီး အားကွေ့ ၏ နထင်သို့ လက်ဆစ်ချွန်ဖြင့် ရိုက်ချလိုက်၏ ..
သိုင်းကွက်ပြောင်းကာ နထင်ဆီသို့ဦးတည်လာသော လက်ဆစ်ချွန်အား သေလုမျောပါးပင်ရှောင်တိမ်းလိုက်ရသည်..
''ကောင်းလိုက်တဲ့ ရှောင်ကွက် .. ခြေတစ်ချောင်းအဘိုးအို ရဲ့ သံဂျိုင်းထောက်
နောက်လည့်ပြန် ဆိုတဲ့အကွက်ပဲဟ..'''
ချင်ဝေက အားကွေ့အားချီးကျူးနေစဉ်တွင် မော်ထိုက်ကလည်း ပြောင်းလဲသွားသောသိုင်းကိုကြည့်ကာ
''အလို သိုင်းသွေးဆိုးရှစ်ဖော်ရဲ့ အရေအကြောလှန် ဆိုတဲ့ ကုတ်ဆွဲ သိုင်းပါလား''
ရွှီကြွင်းကတော့ သူ၏အတွင်းအားကို စုစည်းကာ တိုက်ပွဲထဲ ၀င်ရန် ကျိုးစား နေ၏ ...သို့သော်လည်း ပုလွေ၏ လက်ဝါးရိုက်ချက်မှာ ရန်ညွန့်ရှိ စွေ့ သွေးကြောကို ထိမှန်သွားသဖြင့် တဒင်္ဂ အကြောဆိုင်းသွားသလိုဖြစ်ကာ မည်သို့မျှ စုစည်း၍ မရပေ..
'' အကို သုံး ... အကိုလေး ..အားကွေ့ကို သွားကူလိုက်ပါအုံး ..ကျွန်တော်ဒီမှာ ရင်ညွန်ကြော ပိတ်သွားပြီ.. '''
ချင်ဝေကတိုက်ပွဲအားမျက်တောင်မခတ်ကြည့်နေရာမှ ..
''ငါတို့လည်းအတူတူပဲဟ.. ကြည့်စမ်းဟေ့ အားကွေ့က ငါတို့ထက် အများကြီး ဉာဏ်ကောင်းတယ်ကွ .. ဒီကောင် အကိုနှစ်အတွင်းအား ကုန်ခန်းအောင် လည့်ပတ် တိုက်နေတာ .. အင်း .ငါတို့ အကိုကြီးနဲ့ ထိပ်တိုက်ယှဉ်မိပြီး ခံလိုက်ရတာ ဒီကောင်မှတ်ထားတာကိုး ..တော်လိုက်တဲ့ကောင်.'''
ရွှီကြွင်းကသာစိုးရိမ်နေသည် ချင်ဝေနှင့် မော်ထိုက်ကတော့ ဆယ်ကျော်သက် ကောင်လေးနှင့် ဘုန်းကြီးအိုတို့၏ တိုက်ပွဲကို သာသုံးသပ်နေကြ၏...
ပုလွေမှာ တစ္ဆေတစ်ကောင်တစ်ဖွယ် လည့်ပတ်တိုက်နေသော အားကွေ့အား စိတ်မရှည်တော့သဖြင့် သန်းခေါင်ညမိစ္ဆာ၏အဆင့်မြင့်သိုင်းကွက်တစ်ခုဖြစ်သော .. ကြယ်မစုံတဲ့ အမှောင်ည ဟူသည့် ဆယ့်သုံးကွက်ပါဝင်သော လက်သိုင်းဖြင့် တိုက်ခိုက် သည် .. တစ်ကွက်လျှင် အကွက်ပွားငါးကွက်နှင့် အချိုးအကွေ့ လေးခုပါရာ သိုင်းကွက် စလိုက်သည်နှင့် အားကွေ့၏ မျက်လုံးတွင်ရာထောင်ချီသော လက်အစုံကို သာတွေ့လိုက်ရတော့၏..
အရေးကြုံရင် သက်လုံကောင်းသောအားကွေ့မှာ မြေပြင်ပေါ်သို့ လှဲချလိုက် ပြီး ပုလွေ၏ ခြေထောက်နှစ်ဖက်အား တိုက်ခိုက်လိုက်သည်..
မော်ထိုက်က ထိုသိုင်းကွက်အား
'' အကိုသုံးရေ ဒါတောင်ပင်လယ်ခေါင်းနှစ်လုံးငါးရှဥ့် ရဲ့မြေလူးခြေထိုး တိုက်ကွက်ဆိုတာလား ..''
''ငါလည်းမသိဘူးကွ.. ဒါပေမယ့် အဲ့သိုင်းကွက်ထင်တာပဲ ..ကြည့်စမ်း အကိုနှစ်သိုင်းကွက်ပြောင်းလိုက်ပြီ . အကိုနှစ် စိတ်သာဖောက်နေတာ ဘယ်သိုင်းသုံး ရမယ်ဆိုတာသိသေးတယ်.. တောင်ပံတစ်ဖက်သိမ်းငှက် နဲ့ နတ်ဖမ်းလက် တို့ ပေါင်းပြီး တီထွင်ထားတဲ့ ခုနှစ်ခုံဘုံကို ဖမ်းဆုပ်ခြင်း သိုင်းပဲဟေ့ .. အားကွေ့တော့ သွားပြီ .. နှစ်ပေါင်း နှစ်ရာအတွင်း ဒီသိုင်းကွက်ကို ရှောင်နိုင်တဲ့သူ .. .'''
''မရှိဘူးမလုပ်နဲ့ အကိုသုံးရေ .. ဟိုမှာ အားကွေ့ လွတ်သွားပြီဗျ..'''
ထိုသိုင်းကွက်ကို အားကွေ့တစ်ယောက်လွယ်လွယ်ကူကူလွတ်ထွက်လာခြင်း မဟုတ်ပါ ..သူ၏ထူးခြားသော အတွင်းအားကြောင့် လွတ်ထွက်သွားခြင်းပင် ..
ခေါင်းနှစ်လုံးငါးရှဥ့် ၏ သိုင်းကွက်ဖြင့် ငွေမျက်နှာသမားတော်ကြီးကို တိုက်ခိုက်လိုက် သည်နှင့် သမားတော်ကြီးမှာ လေထဲသို့ ရုတ်ချည်းခုန်ထက်သွားပြီး အပေါ်မှ ပြန်အကျတွင် ရက်စက်လွန်းသော လက်သိုင်းကွက်ဖြင့် သူ့အားတုံ့ပြန်လိုက်သည် ..
ယမ်းခါနေသော ပုလွေ၏ လက်မှာ မည်သည့်နေရာသို့ ဦးတည်နေမှန်း မကွဲပြား လိုက်ချိန်တွင် သူ၏ လက်နှစ်ဖက်မှာ ဖမ်းချုပ်ခံလိုက်ရသည် ..
မိမိအဖမ်းခံလိုက်ရသည်မှန်းသိသည်နှင့် အားကွေ့ သည် ရှိသမျှအကြော အချင်များ ကို လျော့ချလိုက်၏ .. ထို့နောက် မီးလျှံနတ်ဆိုး၏ ငရဲအိုးသို့ခုန်ဆင်းခြင်း အတွင်းအားကို ဒုတိယအကြိမ်မြောက်အသုံးပြုလိုက်သည်နှင့်
''ရှဲ'''
ဟူသော အသံထွက်လာပြီး ..ငွေမျက်နှာသမားတော်ကြီးမှာ လက်ကို ကပျာကယာ လွတ်ပြီးနောက်ဆုတ်သွားလေ၏ .. အားကွေ့လည်းလဲနေရာမှ ပေါ့ပါးစွာထရပ်လိုက်သည်..
အားကွေ့၏ နဖူးမှ ရွှေရောင်အကွက်သည် လရောင်အောက်တဖတ်ဖတ် တောက်ပနေရာ ဆယ်ကျော်သက်အရွယ် ကောင်လေးပြောင်ချော်ချော် အားကွေ့ နှင့်မတူတော့ဘဲ အသရေထွန်းကားလျှက် တစ်မျိုးတဖုံကြည့်ကောင်းလှသည် ..
. '''ယား...''''
ငွေမျက်နှာသမားတော်ကြီးသည် ၀မ်းခေါင်းသံဖြင့် အော်ယစ်ကာ သန်းခေါင်ည မိစ္ဆာ အတွင်းအား အဆင့်ခြောက်အထိ မြင့်တင်လိုက်၏ .. ထိုအဆင့်က သူ၏ အဆင့် ကုန်ပင်ဖြစ်သည် ..
ထို့နောက် .. ဆယ့်ငါးရက်တွင်လကိုမျိုမည် ဟူသော အဆင့်လွန်သိုင်းကွက် သုံးကာ အားကွေ့အား ထိုးနှက်လိုက်၏ ..
''''၀ှမ်း'''
အားကွေ့ကလည်း ထိုသိုင်းကွက်အား မည်သို့မျှ ရှောင်လွဲနိုင်မည် မဟုတ်မှန်း သိ၍ တကိုယ်လုံးရှိအတွင်းအားများကိုစုကာ လက်ဝါးရိုက်ချက်ကို ခုခံရန်ကြံစည် လိုက်လေသည် ..
ထိုအခိုက်တွင် မြေပြင်ပေါ်တွင်ထိုင်လျှက် အတွင်းအားသုံးကာ ပိတ်နေသော အကြောများကို ဖွင့်နေကြသည့် .. ချင်ဝေ .မော်ထိုက်နှင့် ..ရွှီကြွင်းတို့ သုံးယောက် မှာ တပြိုက်နက်ပင် သွေးကြောများ ပွင့်သွားကြလေ၏...
ရှေးဦးစွာ ကိုယ်ဖော့ပညာတွင် အထွဋ်အထိပ်ရောက်နေသော ရွှီကြွင်းမှာ ခုန်ထ၍ အားကွေ့၏ကျောပြင်သို့ သူ၏လက်ဝါးဖြင့် အတွင်းအားအကုန်သုံးကာ ရိုက်ချလိုက်သည်.. ချင်ဝေကလည်း ရွှီကြွင်း၏ကျောပြင်သို့ မော်ထိုက်ကလည်း ချင်ဝေ၏ ကျောသို့ ဆင့်ကာဆင့်ကာ ရိုက်လိုက်ကြ၏...
သိုင်းလောကတွင် ပျောက်ဆုံးနေသည်မှာ ကြာမြင့်လှပြီဖြစ်သော ..ကြားခံ ထောက်ကူ ဟူသည့် အတွင်းအားဆက်သိုင်းကွက်ဖြစ်သည်..
ရှေ့ဆုံးမှ အားကွေ့သည် မိမိ၏တကိုယ်လုံးအတွင်းအားများပြည်လျှံကာ တစ်လုံးပေါက်ကွဲလုလုခံစားလိုက်ရချိန်တွင် ..
''ဖုန်း ..''''
''' အား..အင့် ..အင့်..အင့်..'''
ကျယ်လောင်သော အသံကြီးထွက်လာပြီး အနီးအနားရှိ သစ်ပင်များမှာ အမြစ်မှကျွတ်ထွက်ကာသွား၏...
ငွေမျက်နှာသမားတော်ကြီးမှာ မားမားမတ်မတ် ရပ်နေသော်လည်း .. အားကွေ့တို့ တစ်သိုက်မှာတော့ ညည်းညူသံများနှင့်အတူ လွင့်စင်သွားကြသည်..
သို့သော်လည်း ထိုဒါဏ်ကို ခံလိုက်ရသည်မှာ သူတို့လေးယောက်တင်မကပါ .. မျက်ခင်းတွင်ပက်လက်လန်နေသော ထန်ဖုနှင့် .. အမှောင်ထဲမှ ချောင်းမြောင်း နေသော ဖားပြုတ်ဘုန်းကြီးပါ အဆစ်အနေဖြင့် ပါသွားသေး၏ ..
အားကွေ့နောက်မှ တောက်လျှောက်လိုက်ပါခဲ့သော အနှီဘုန်းကြီးမှာ အန်ထွက် လုလုသွေးတို့ကို ပြန်လည်မျိုချပြီးနောက် ရင်ဘတ်ကို ဖိကာ ထွက်သွားလိုက်လေ သည်..
ဒါဏ်ကျဆောင်အပျက်နားသို့ ရောက်လျှင် တစုံတခုကို တွေးမိသည့် နှယ် .. အပျက်အစီးပုံကြီးအားမွေနှောက်ရှာဖွေလိုက်သည်...
'' ဝေါ့.. ထွီ..''''
ရှာဖွေနေရင်းမှ သွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရင်း ပါးစပ်က..
'''ပြင်းလိုက်တဲ့အတွင်းအား ..ကောင်းလိုက်တဲ့သိုင်းကွက်တွေ .. မဆီမဆိုင် အဝေးကကြည့်နေတဲ့ ငါပါ အတွင်းဒါဏ်ရာရလိုက်သေးတယ် .. ပုလွေတစ်ယောက် အရင်က ဒီလောက် သိုင်းမစွမ်းပါဘူး .. အင်း ငါထင်တာမမှားဘူးဆိုရင် မြောက်ပိုင်း သိုင်းကျမ်းက ဒီကောင့်ဆီမှာ ဖြစ်ရမယ် .. ဒါဆို သိုင်းကျမ်းဟာ သေချာပေါက် ဒီအဆောင်ပျက်ထဲမှာပဲရှိရမယ် ..''
လရောင်အောက်တွင်သဲကြီးမဲကြီးရှာဖွေနေသော ဖားပြုအိုကြီးသည် အတန်ကြာလျှင် သူ၏ဆန္ဒပြည့်ဝသွားသောကြောင့်ထင်၏ .. ဟားတိုက်၍ ရယ်မောကာ ...
'''ဟား..ဟား..ဟား..ဟား.. ကိုင်း သိုင်းလောကတစ်ခုလုံး ငါ့ခြေဖ၀ါးအောက် ရောက်ဖို့ သိပ်မလိုတော့ဘူးကွ...'''
ဟူ၍ ရေရွတ်ကာ ကိုယ်ဖော့ပညာသုံး၍ ကျောင်းဝင်းဆီသို့ ပြေးထွက်ကာ သွား၏..
ထိန်ထိန်သာနေသော လမင်းကြီးသည် တိမ်များဖုံးလွမ်းသွားသဖြင့် တလောက လုံးမည်းမှောင်ကာသွားသည်...
====+++====+++====++=+++
လမင်းကြီးတိမ်ဖုံးသွားသည်နှင့် မားမားမတ်မတ် ရပ်နေသော ငွေမျက်နှာ သမားတော်ကြီးမှာ အသိတရားပြန်ဝင်လာပြီးနောက်...
''အလို .. ညီငါး ဘာဖြစ်နေတာလဲ .. ညီးသုံး.. ညီလေး .. ညီလေးတု ..မြေခွေးပေါက်စ ''
ယခုမှပစ္စုပ္ပန်သို့ ရောက်လာသူသဖွယ် တတွတ်တွတ်မေးနေသော်လည်း ဝေဒနာကိုယ်စီနှင့်လူတစ်စုမှာ ပြန်မဖြေနိုင်အား အတွင်းအားဖြင့် ကိုယ့်အတွင်းဒါဏ် ကို ကိုယ်ပြန်လည်ကုသနေကြသည် ..
သူတို့ထဲတွင် အတွင်းအားအကောင်းဆုံးသော ချင်ဝေသည် ထရပ်လိုက်ပြီး နောက် .. ဒယိမ်းဒယိုင်လုပ်ပြီး ..
''' အကိုနှစ် ကျွန်တော့်ကို မြန်မြန်လာကူအုံး ..''
ဟုလှမ်းခေါ်လိုက်လျှင် သမားတော်ကြီးသည်အနားလာကာ ချင်ဝေ၏ ကိုယ်အား ထိန်းလိုက် ချိန်တွင် ..
''ဒုတ်..ဒုတ်..ဒုတ်'''
လျှပ်ပျက်သည့်နှယ် မြန်ဆန်သည့် အရှိန်နှင့် ပုလွေ၏ သွေးကြေမကြီးသုံးခုကို ပိတ်လိုက်သည် .. စိတ်မချသေးသည့်နှယ် သွေးကြောငယ် ဆယ့်နှစ်ခုကိုပါ ထပ်မံ ၍ ပိတ်လိုက်ရာ ပုလွေသည် စကားပြောနိုင်သည်မှအပ ..တကိုယ်လုံးမလှုပ်ရှားနိုင်တော့ ...
''' ညီသုံး ..မင်းရူးများနေသလား ဘယ့်နှယ်ကြောင့် ငါ့ကို သွေးကြော ပိတ်လိုက်ရတာလဲ ..''
ချင်ဝေက အကိုနှစ်အား ထက်ပိုင်းပြတ်သစ်ပင်အား မှီခိုင်းထားလိုက်ပြီးလျှင် ..
'' ရူးတာက အကိုနှစ်ဗျ .. သန်းခေါင်ညမိစ္ဆာသိုင်းကြောင့် စိတ်ဖောက်ပြီး ညီအကို
မှန်းအသိတော့ဘဲ ကျုပ်တို့ကို ရန်ရှာလို့ အခုလို ဖြစ်ရတာပဲ .. အကိုကြီးသာ ဒီအကြောင်းသိလို့ကတော့ အကိုနှစ်မလွယ်ဘူး ..''''
ပုလွေသည် အကိုကြီးအကြောင်းကြားလိုက်သည်နှင့် ကတုန်ကယင်ဖြစ်သွား ကာ မည်သည့်စကားမျှပြန်မပြောတော့ပေ..
မော်ထိုက်သည်လည်း အတွင်းဒါဏ်ရာမှ သက်သာသွားသဖြင့် ရွှီကြွင်းနှင့် အားကွေ့အားထောက်ကူ ပေးလိုက်ပြီး ထန်ဖုအားသွားပြုစု လေသည် ..
ထန်ဖုမှာ ဒါဏ်ရာပြင်းပြင်းထန်ထန် ရလိုက်သော်လည်း ပင်ကိုယ် အတွင်းအား ကောင်းသူမို့ အသက်အန္တရာယ်မစိုးရိမ်ရ..
အားကွေ့မှာ ဖမ်းကုတ်ခံလိုက်ရသော လက်နှစ်ဖက် အညိုအမဲစွဲနေသည် မှ အပ မည်သည့်ဒါဏ်ရာမှမရချေ.. အတွင်းအားကုန်ခမ်းသွားသည်သာရှိသည်.. ခေတ္တမျှအနားယူလိုက်သည်နှင့် ပြန်လည်ကောင်းမွန်လာမည့်အရာဖြစ်၍ အရေးမထား ပဲ ရွမ်ဝူကိုသာလိုက်ရှာလိုက်လေ၏.. အမြစ်ကျွတ်နေသော သစ်ပင်အောက် တွင် ခိုကပ်နေသော အကောင်ကို တွေ့လျှင် ပွေ့လိုက်ပြီး..
''' လန့်သွားပြီလားကွ ငါ့ကောင်ကြီး '''
ချင်ဝေက ရွမ်ဝူအားကြည့်ပြီး ..
''ဟာ .. ဒီအကောင်ခြောက်က ဘယ်ကနေဘယ်လို ပြန်ရှင်လာတာလဲဟ.. ဒီနေ့ကတော့ အံ့သြောစရာပါလားဟေ့ .. ငါတို့ရဲ့ အကိုနှစ်ကလည်း စိတ်ဖောက် ပြီး ရန်ရှာတယ် ..ငါတို့အသက်ကို မြေခွေးပေါက်က ကယ်တယ် .. ''
လက်ကိုဝှေ့ရမ်းလိုက်ကာ ..'
ဒီလပြည့်ညကတော့ တသက်လုံးအမှတ်ရနေမယ့် လပြည့်ညပဲ ... ဒါနဲ့ မြေခွေးပေါက် .. ရွမ်ဝူကို နာမည်လေးဘာလေးပေးအုံး .'''
အားကွေ့က အကောင်ကို ပစ်မြောက်ဆော့ကစားရင်း ..
''ခက်တာက ကျွန်တော်က နာမည်မပေးတတ်ဘူးဗျ..'''
'''ဟားဟားဟား ..ငါ့ကို လေးမျက်နှာပညာရှိလို့ခေါ်ကြာတာက ဉာဏ်ကောင်း လွန်းလို့ကွ ..အလွယ်လေးပေးလိုက်ပေါ့ကွာ... အခုမှပြန်ရှင်လာတဲ့ အကောင်ဆို တော့ ရှောင်းဟူ 生活 လို့. ..'''
အားကွေသည် ရှောင်းဟူ ဟု ရေရွတ်လိုက်ပြီး ပြုံးရွှင်သွားကာ ..
''ကောင်းတယ်ဗျို့ ..ကျွန်တော်ကတော့ ကြိုက်တယ် ဗျ.. '''
ရွှီကြွင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်မချမ်းမသာသည့် လေသံ ဖြင့် ..
''ကိုင်း ..ဒီတောထဲမှာ အချိန်ကုန်နေလို့မဖြစ်ဘူး .. လုပ်စရာရှိတာ လုပ်ကြအုံးစို့ အကိုသုံးနဲ့ အကိုလေး က အကိုငါးနဲ့ အကိုနှစ်ကိုခေါ် ယူစရာရှိတာယူပြီး အကိုကြီး ဆီသွားကြ အဆောင်လည်း ပြိုသွားတော့ နေလို့မရတော့ဘူး .. ကျွန်တော်ကတော့ ကျောင်းထိုင် ကို ဖြစ်ကြောင်းကုန်စင် ပြန်လျှောက်ရအုံးမယ် .. ''
ထို့နောက် အားကွေ့၏ နားရွက်ကို ဆွဲကာ ..
''ခွေးကောင် ..နောက်တခါကြရင် ဘယ်တော့မှ အရဲစွန့် ပြီးတိုက်ပွဲကြား ထဲမ၀င်နဲ့ .. မင်းသေသွားမယ်ဘာမှတ်သလဲ အခုချက်ချင်း တာမော ဆောင်ကို ပြန် '''
ဂရုဏာဒေါသဖြင့် ကြိမ်းမောင်းလွတ်လိုက်ရာ .. အားကွေ့မှာ ချစ်ကြောက် ရိုသေ ရသောကြောင့် .. မျက်နှာငယ်လေးဖြင့်ပင် လရောင်အောက်တွင်ကျောင်းဝင်းဆီသို့ ပြန်သွားလိုက်လေသည်..
ဘုန်းဘုန်းရွှီကြွင်း ကြိမ်းမောင်းလိုက်၍သာ ပြန်လာရသည် .. အားကွေ့မှာ သံဝေဂ ဂူသို့လိုက်သွားချင်နေသည် .. ဘဘ နှင့်မတွေ့ရသည်မှာ အတန်ကြာနေ သည့်အပြင် စာအုပ်နီ အကြောင်းလည်း ဆွေးနွေးချင်သေးသည် ..
သို့သော်လည်း အချိန်အများကြီးရှိသေးသောကြောင့် နောက်နေ့မှသာ တွေ့ တော့မည်ဟု တေး ကာ အဆောင်သို့သာတန်းတန်း မှတ်မှတ်ပြန်ခဲ့လိုက်၏..
သူမီးထွန်းရန် မေ့သွားသောကြောင့် တာမောဆောင်အတွင်းဝယ် မည်းမှောင် ကာနေ၏ .. ထိုကြားထဲကမှ .. ညှီစို့စို့ အနံ့တစ်ခုကို သူရလိုက်သည် ..
အားကွေ့သည် သူ၏ မသင်္ကာဖွယ်ရာ ရနံ့ကြောင့် အပေါ်ထုတ်တန်း ပေါ်သို့ ခုန်တက်ကာ ခါးကြားထဲမှ မီးခတ်ကျောက်နှစ်ခုကို ယူပြီး အမှောင်ထဲပစ်သွင်းလိုက်၏ ..သတိဟူသည်မှာ ပိုသည်မရှိဟူသော စကားအတိုင်း ကျင့်ကြံလိုက်ခြင်း ပင်..
'' ရွှီး.. ဖတ်''
အတွင်းအားထည့်ပစ်လိုက်သောကြောင့် မီးခတ်ကျောက်နှစ်ခု ပွတ်တိုက်သွား သည့်လမ်းကြောင်းတွင် မီးဖွားများထွက်သွားကြပြီးလျှင် သူ၏ ပစ်မှတ် ဖြစ်သော မီးအိမ်သို့ ထိမှန်ကာ မီးထတောက်သွား၍ တခန်းလုံးလင်းထိန်သွား၏..
'''ဟိုက်'''
ယနေ့လပြည့်ညကတော့ အမှတ်ရစရာပင် ဟူသော ချင်ဝေ ပြောလိုက် သည့်စကားက အားကွေ့အတွက်တော့ ယခုထိပင် မကုန်ခမ်းသေးပေ...
တခန်းလုံးရှိသိုင်းကျမ်းစင်များ ပြန့်ကျဲနေပြီး .. တားမြစ် စင် အောက်တွင် မည်းပုတ်ရိရွဲနေသော လက်တစ်ဖက်ပြတ်ကြီးက စာအုပ်နီအား ကိုင်လျှက်သားလေး ကျနေသည်..
အားကွေ့ကတော့ ခေါင်းနပမ်းများကြီးလျှက် ..
====++++=====++++===++++=====+++=====
#37 ( အစ၏အဆုံး ..အဆုံး၏အစ )
''' ရှု့ယီ.. ရှု့ယီ '''
အိပ်ပျော်နေသော ရှု့ယီသည် ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်၍ အသံကြားသည်နှင့် ချက်ချင်းခုန်ထပြီးသားဖြစ်သည် ..
ဖားဖြုဘုန်းကြီး၏ အသံဖြစ်သောကြောင့် မြန်မြန်ဆန်ဆန်သွားကာ တံခါးအား ဖွင့်ပေးလိုက်၏
...
''ဟင်..ဆရာဘယ်လိုဖြစ်တာလဲ...လက်တစ်ဖက်က ..'''
''အေး .... အထဲရောက်မှ အကြောင်းစုံရှင်းပြမယ် .. အား..ကျွတ်..ကျွတ်''
စုတ်တစ်သတ်သတ်နှင့်ငြီးတွားလိုက်ပြီး ရှု့ယီ အားတွန်းဖယ်ကာ အခန်းတွင်း ရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်ရင်း
''ကိုင်း ငါတို့တော့ ရှောင်လင်က စွန့် ဖို့အချိန်တန်ပြီကွ.. လေးနှစ်ကျော် ကျွန်ခံ ပြီးနေရတဲ့ ဘ၀ကနေ သိုင်းလောကကို စိုးမိုးနိုင်ဖို့ အခြေအနေက လက်တကမ်း အကွာမှာပဲရှိတော့တယ်..'''
ဖြစ်ကြောင်းကုန်စင်မသိသေးသော ရှု့ယီမှာ
''အစကနေ ပြောပြပါလား ဆရာကြီးရယ် ..'''
ဖားပြုတ်ဘုန်းကြီးက တံတောင်ဆစ်မှ စတင်ကာပြတ်နေသော ဘယ်ဘက်လက် ကို ကြည့်ကာ
''ကိုင်း လောလောဆယ်တော့ အကြမ်းရည်(လက်ဖက်ခြောက်အနည်ထိုင်ထား သော အရည်)ကို ဆားနည်းနည်းခတ်ယူခဲ့အုံးကွာ .. အနာကိုဖန်ဆေးရမယ် ..ပြီးရင် အနာကျက်ဆေးမှုန့်နဲ့ အ၀တ်စသန့်သန့်လေး တခုပါယူခဲ့''
ရှု့ယီသည် ဖားပြုတ်ဘုန်းကြီးပြောသည့်အတိုင်း ယူ၍ သွေးခြောက်များခဲ နေသည့် အနာအား မီးကင်ထားသော ဓါးငယ်လေးဖြင့် ထိုသွေးခဲများကို ခြစ်ထုတ်လိုက်သည် .. သွေးကြောပိတ်ထားသည့်ကြားမှ စိမ့်ထွက်လာသော သွေးရည်ကြည်များကို ဖန်ရည်ဆေးပြီးလျှင် အနာကျက်ဆေးမှုန့်သိပ် လိုက်၏ ..
အ၀တ်စဖြင့် စည်းပြီးသည့်အခါတွင် .. ဖားပြုတ်ဘုန်းကြီးက.. အားကွေ့ နောက် သူလိုက်သွားသည်မှစကာ မြောက်ပိုင်းသိုင်းကျမ်း ရလာသည်အထိ ပြောပြီး လျှင်..
''' ငါလည်းအစကတော့ ဒီအဆောင်ကို ပြန်လာတော့မလို့ပဲ .. ဒါပေမယ့် မင်းသိ တဲ့အတိုင်း တာမောဆောင်မှာ အစောင့် တစ်ယောက်မှမရှိတော့ .. အခွင့်သာတာနဲ့ ၀င်ပြီး သိုင်းကျမ်းတွေယူဖို့ အကြံအစည်ပေါ်လာရောဟေ့...ဟိုခွေးကောင်အားကွေ့ က မီးထွန်းဖို့မေ့သွားတော့ ငါ့စိတ်ထဲမှ ဟန်ပြီပေါ့... မင်းသိတဲ့အတိုင်း ငါက အလင်း ရောင်နည်းနည်းလေးရှိတာနဲ့ နေ့လိုမျိုး မြင်ရတဲ့သူဆိုတာ .. အဲ့ဒါနဲ့ သိုင်းကျမ်းတွေ တစ်စောင်ပြီးတစ်စောင်လိုက်ရှာတော့တော်တော်လေးကြာတော့မှ အရိုးကြုံ့အကျော လျော့ သိုင်းကျမ်းနဲ့ အနက်ရောင်လောက အနီရောင်အခန်းဆိုတဲ့ သိုင်းကျမ်း နှစ်ခု ကိုသွားတွေ့တယ် .. အနက်ရောင်လောက အနီရောင်အခန်းဆိုတဲ့ သိုင်းကျမ်းကို ငါ့ ဆရာအမှောင်ကိုယ်တော် ပါးစပ်က တဖွဖွ ပြောတာကြားဖူးတာနဲ့ ကောက်အကိုင်မှာ လက်ကစူးကနဲ့ဖြစ်ပြီး ချက်ခြင်း ထုံ လို့သွားလေရော .. ငါ့တစ်သက်မှာ ဒီလောက် အစွမ်းထက်တဲ့ အဆိပ်ဟာ အဲ့တစ်ခါပဲမြင်ဖူးသေးတယ် .. ငါလည်း မည်းပြာပြီး အဆိပ်တက်နေတဲ့ လက်ကို ခုတ်ဖြတ်.. ဘေးနားကတွေ့တဲ့ စာအုပ် တစ်အုပ်ကို ယူပြီးထွက်ပြေးလာခဲ့ရတာပဲ..'''
ဟုဆိုကာရင်ဘတ်ထဲမှ သိုင်းကျမ်းနှစ်အုပ်ကိုထုတ်ပြလိုက်သည် ..တစ်အုပ်မှာ မြောက်ပိုင်းသိုင်းကျမ်းဖြစ်ပြီး ..ကျန်တစ်အုပ်မှာ ၀ရဇိန်သူရိန်လက်ညိုး သိုင်းကျမ်း ဖြစ်၏...
'''ဒါဆိုကျွန်တော်တို့....'''
''ဟား..ဟား..ဟား..ဟား ထွက်တော်မူနန်းကခွာတာပေါ့ကွာ...''''
====++===+++++====+++++====++++===++
အားကွေ့သည် မည်းနက်ပုတ်ပွနေသော လက်ပြတ်ကိုမြင်လျှင်
''' စာအုပ်နီကို ကိုင်မိလို့ အဆိပ်မိသွားတာပဲ .. ကြည့်ရတာ ထိပ်သီး သိုင်းသမား ဖြစ်မယ်.. အဆိပ်မိတယ်လို့သိသိခြင်း ကိုယ့်လက်ကို ပြန်ဖြတ်ပစ်တယ် ဆိုတော့ သတ္တိတော့ မနည်းလောက်ဘူး .. အံ့သြောစရာကောင်းတာက ငါကိုင်တာကျတော့ ဘာမှမဖြစ်ပါလား'''
အမှန်စစ်စစ်တွင် သူဒါဏ်ရာကြောင့် ကျောက်ဂူထဲသို့အရောက် မြွေအပေါက် ခံလိုက်ရ၍ သူ၏တကိုယ်လုံး အအေး အဆိပ်များပျံ့နှံ့နေသည် .. သို့သော်လည်း သူလေ့ကျင့် ထားသော မီလျှံနတ်ဆိုး၏ ငရဲအိုးသို့ ခုန်ဆင်းခြင်းဟူသည့် အတွင်းအား ကြောင့် အဆိပ်တက်ခြင်းဝေဒနာကို ခံစားရခြင်းမရှိသေးပေ .. အဆိပ်မိခြင်း ၀ိသေသထူး ကြောင့် သူ၏နဖူးပေါ်တွင် ရွှေရောင်အကွက်ကြီးကထင်ကျန်နေခြင်းသာ ...
ယခု စာအုပ်နီတွင်သုတ်လိမ်းထားသော အဆိပ်မှာ အပူဓါတ်အဆိပ်ဖြစ်ခြင်း ကြောင့် သူ့ ကိုယ်ထဲမှ အအေးအဆိပ်နှင့် ထိတွေ့လိုက်သည့်အခါ အဆိပ်နှင် အဆိပ် ချေဖျက်သလို ဖြစ်ပြီး အဆိပ်တက်ခြင်းဝေဒနာကို မခံစားရပေ..
အားကွေ့သည် နားမလည်နိုင်သော အဖြစ်အပျက်ကို သိပ်မတွေးတော့ပဲ စာအုပ်နီအား လက်ပြတ်ထဲမှ ဖြုတ်ကာ တအုပ်လုံး အလွတ်ရ အောင် ကျက်မှတ် လိုက်၏..
ထို့နောက်စာအုပ်အား လက်ပြတ်ထဲပြန်ထည့်ပြီးလျှင် လဲကျနေသောသစ်သား စင်များ .ပြုတ်ကျနေသော စာအုပ်များအား ပြန်စီစစ်လိုက်ရာ .. ဟူစမ်းပေါက်၏ သိုင်းကျမ်းပျောက်ဆုံးနေသည်ကိုတွေ့လိုက်ရသည်...
''' အင်း .. ဒုက္ခတော့ရောက်ပြီ ..သိုင်းကျမ်းသူခိုးက အနီးအနားမှာ ငါ့ကိုစောင့် ကြည့်နေတာပဲဖြစ်မယ် .. ကင်းစခန်းတွေ ..ကင်းလှည့်နေတဲ့သူတွေမသိအောင် တာမောအဆောင်ထဲ ၀င်လာနိုင်တယ်ဆိုတော့ အပြင်လူ မဖြစ်နိုင်ဘူး ..အတွင်းလူပဲ ဖြစ်ရမယ်.. .. ဒါပေမယ့် ဒီအချိန်ဆို သိုင်းကျမ်းသူခိုးက ထွက်ပြေးသွားလောက်ပြီ.. ငါမရှိတုန်း သိုင်းကျမ်းပျောက်သွားတာကို စည်းကမ်းထိန်းသိမ်းရေးမှူး သာသိရင် ငါ့ ကို အပြစ်အကြီးကြီးပေးမှာသေချာတယ်.. '''
ဟုတွေးကာ ပြတင်းပေါက်တစ်ခုကို ရိုက်ချိုး ဖျက်စီးလိုက်သည် .. ပြီးနောက် သူပြန်စီထားသော စင်အချို့ကို ပြန်လဲကာ စာအုပ်များကိုလည်း ပြန်ဖွလိုက်၏...
ပြီးနောက် သူ၏ နောက်စေ့အား ဖူးယောင်သွားအောင် နံရံ နှင့်ဆောင့်ပြီးလျှင်
ခေါင်မိုးပေါ်သို့တက်ကာ ကင်းသမားများ အရိပ်အခြေကိုကြည့်လိုက်သည် ..
တုတ်များကိုင်ဆောင်ထားသော ကင်းသမားများ တာမောအဆောင်နှင့် မလှမ်း မကမ်းသို့ ရောက်လာသည့်အချိန်မှ ..အောက်သို့ဆင်းကာ သိုင်းကျမ်းစင်များနှင့် ဝေးရာ ထောင့်တစ်ထောင့်၌ ရေစွတ်ထားသော ပျဉ်တိုပျဉ်စများ .. ဆီစိမ်စက္ကူ အလွတ်များ မြက်ဖျာများကို မီးရှို့လိုက်၏....
ဆီစိမ်စက္ကူနှင့် မြက်ဖျာမှာ မီးလောင်လွယ်သည့် အမျိုးအစားဖြစ်ရာ ဟုတ် ကနဲ ဟုတ်ကနဲ မီးများထတောက်လာ၍ တခန်းလုံးလင်းထိန်သွား၏.. ပျဉ်များမှာ ရေစိုနေသည် ဖြစ်ရာ မီးခိုးများလုံးကနဲလုံးကနဲ ထွက်လာသည်...
အားကွေ့သည်သူရိုက်ချိုးထားသော ပြတင်းပေါက် မှ ကင်းသမားများ အခြေအနေကို ချောင်းကြည့်လိုက်ပြန်သည်..
ကင်းသမားများသည် တာမောအဆောင်ဖက်မှ အူထွက်လာသော မီးခိုး နှင့် အခန်းတွင်းမှ မီးစွယ်ကို မြင်လျှင်... တုတ်များကို ရိုက်ခတ်ပြီး
''တုံး..တုံး..တုံး..တုံး'''
'''တာမောဆောင် ..မီးလောင်နေပြီဗျို့ ...တာမောဆောင် မီးလောင်နေပြီ ဗျို့ ..'''
တိတ်ဆိတ်လှသော ညအခါဝယ် စူးရှသောအော်မြည်သံကြောင့် ဘုန်းကြီးများ ကိုရင်များ အကုန်လုံးလိုလိုပင် နိုးလာကြပြီး ရေပုံးများ ကိုယ်စီဖြင့် တာမော ဆောင်သို့ ပြေးလာကြသည် .. အားကွေ့သည် .. စက္ကူပြာများဖြင့် မျက်နှာနှင့် လက်များကို သုတ်လိုက်ပြီး မိမိကိုယ်မိမိ သွေးကြောပိတ်ကာ ကျမ်းပြင်ပေါ်သို့ ထိုးအိပ်လိုက်သည်.
====+++=====+++=====++++====++===
ဆရာတော်ခုံးလွန် သည် ပြာအလူးလူးနှင် ညစ်ပတ်ပေစုတ်ကာ နောက်စေ့ ဖူးယောင်နေသော အားကွေ့ကို ကြည့်လျှက်..
'''ကိုင်း ..အားကွေ့ ဘယ်လိုဖြစ်တာလဲ..'''
အားကွေ့မှာ လုပ်ကြံဇာတ်လမ်းကို ကြိုတင်စဉ်းစားထားပြီးဖြစ်၍ မထစ်မငေ့ပင်..
'''' ကျွန်တော် တစ်ယောက်ထဲ ပြဲစုတ်နေတဲ့သိုင်းကျမ်းကို ပြုပြင်နေတုန်း .. ဗြုန်းဆို .. ပြတင်းပေါက်တံခါး ကျိုးသွားပြီး အနက်ရောင်မျက်နှာဖုံးနဲ့လူတစ်ယောက် ၀င်လာပါတယ် ..ကျွန်တော် အံ့အားသင့်နေတုန်း သူ့လက်ညိုးနဲ့ကျွန်တော့် ရင်ဝကို ထောက်လိုက်တာ တကိုယ်လုံးကျောက်ရုပ်လိုတောင့်တောင့်ကြီးဖြစ်ပြီး နောက်ပြန် လဲကျသွားပါတယ် ... ကျွန်တော့်မှာ ကြမ်းပြင်နဲ့နောက်စေ့နဲ့ဆောင့်မိလို့ နာကျင် လွန်း တာတောင်မှ အသံထွက် မအော်နိုင်တော့ပါဘူး..ဒါပေမယ့် မျက်စိကတော့ မြင်နေရပါတယ် .. '''
စည်းကမ်းထိမ်းသိမ်းရေးမှူးက၀င်၍
''မင်းလိုသိုင်းမတတ်တဲ့ကောင်ကို ဆရာတော်ခုန်းချင့်က တာမောဆောင်မှာ ထားထားတာ အမှားကြီးမှားတာပဲ ..အခုတော့ကြည့်စမ်း အဖိုးတန် သိုင်းကျမ်းတွေ မီးလောင်ကုန်တော့မလို့..'''
စကားဖြတ်ပြောသော စည်းကမ်းထိမ်းသိမ်းရေးမှူးအား ဆရာတော်ခုန်းလွန်က
''''ရိလေ .. မင်း တော်တော်အာချောင်ပါလား .. ငါ့ညီတော်ကိုများ မင်းက ဝေဖန်နေသေးတယ်.. တော်တော်အတင့်ရဲလှပါလား...''''
စည်းကမ်းထိမ်းသိမ်းရေးမှူးသည် အငေါက်ခံလိုက်ရသောကြောင့် ရှက်ကိုး ရှက်ကန်းဖြစ်သွားကာ အားကွေ့ကိုသာလျှင် မကျေမနပ်နှင့် ကြည့်နေတော့၏..
''ကိုင်း .. အားကွေ့ မင်းဘာတွေဆက်မြင်ရသေးလဲ... မကြောက်နဲ့ မကြောက်နဲ့ အဖြစ်မှန်အတိုင်းသာ ဆက်ပြော ...'''''
ပိဋိကတ်အဆောင်မှူးဆရာတော်က ၀င်ထောက်လိုက်မှ အားကွေ့လည်း .. ကြောက်ရွံ့သလိုလို အမူအယာ ပြုလုပ်လိုက်ရင်း...အသံတုန်တုန်ဖြင့်..
'''' အဲ့သိုင်းကျမ်းသူခိုးက သိုင်းကျမ်းတွေကိုလျှောက်မွေတော့ပါတယ် .. တစ်စောင်ကို ကြည့်လိုက် လွင့်ပစ်လိုက် .. တစ်စောင်ကို ကြည့်လိုက် လွင့်ပစ်လိုက် လုပ်ရင်း.. တားမြစ်စင်နားက စာအုပ် နှစ်အုပ်ကို တွေ့တော့ အူယားဖားယားနဲ့ အနီရောင်စာအုပ်ကို ကောက်ကိုင်လိုက်ပါတယ်.. စာအုပ်ကိုလည်း ကိုင်မိရော ကိုယ်ခန္ဓာ တွန့်ကနဲ ဖြစ်ပြီး ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး .. ကိုယ့်လက်ကိုယ် ဓါးနဲ့ခုတ်ဖြတ်လိုက်ပါလေရော ...ပြီးတာနဲ့ အဲ့ပြတင်းပေါက်ကနေ ပြန်ခုန် ထွက်သွား ပြီး မီးစတစ်စကို အခန်းထဲ ပစ်သွင်းခဲ့ပါတယ် .. ကံကောင်းခြင်တော့ အဲ့ဒီမီးစက ကျွန်တော် အမှိုက်လဲထားတဲ့ အမှိုက်ပုံကို ထိမှန်သွားလို့ပါ.. မဟုတ်ရင် သိုင်းကျမ်းေ တွေမီးလောင်ပြီး..ကျွန်တော်ပါ မီးကျွမ်းပြီးသေရမှာ...'''
ဆရာတော်ခုန်းလွန်က အားကွေ့အားကြည့်ရင်း ..
''အင်း ..အဖြစ်အပျက်ကတော့ ငါတို့ တွေးမိထားတဲ့အတိုင်းပဲ ..''''
ထိုစဉ် ..အပြင်မှ ..
'''ဆရာတော်ခုံးလွန်ဘုရား .. ရှောင်လင်ဂိုဏ်းသားတွေကို လိုက်စစ်ဆေးတော့ ဆွမ်းချက်ဆောင်က ဖားပြုတ်ဘုန်းကြီးနဲ့ သူ့တူ လက်ပြတ်ဘုန်းကြီးတို့ နှစ်ပါး မရှိတော့ ပါဘူးဘုရား'''
ကြားလိုက်ရသော သတင်းကြောင့် အခန်းတွင်း ခေတ္တမျှ တိတ်ဆိတ်သွား ပြီးလျှင် .. ဆရာတော်ခုန်းလွန်က ...
''' ရိလေ .. မင်းဘာငိုင်နေတာလည်း .. လော့ဟန်အဆောင်က ကိုယ်တော် တွေနဲ့ .. မင်းတပည့်တွေကိုခေါ်ပြီး တောနင်း ရှာဖို့လုပ်လေ....'''
စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာတော်သည် .. တင်ပါးကို အပ်စူးသည့်အလား ဆတ်ကနဲထပြီးနောက် အပြင်သို့ပြေးထွက်သွားလေ၏......
===+++======+++++=====++++====
ကျီအန်းမြို့သည် ရိမြစ် ဖြတ်သန်းရာမြို့များထဲတွင် တတိယ အစည်ကားဆုံးမြို့ တစ်မြို့ဖြစ်သည် .. ရှန်းစီပြည်နယ်ထဲတွင်ပါပြီး ခရိုင်လေးခရိုင်စပ် မြို့ဖြစ်ရာ ထူးထူးခြားခြား မြို့စား လေးယောက် ရုံးစိုက်ရာမြို့ဖြစ်၏.. ခုံရုံးလေးရုံး .. ကျုံးလေး ကျုံး .. မြို့စောင့် တပ်လေးတပ်ရှိရာ .နယ်စားများထက်ပင် တပ်အင်အားကြီးမားသည် ... မြို့စားလေးပါးမှာ ညီအကိုအရင်း များဖြစ်ကြ၍ စံအိမ်ကြီး တစ်ခုအတွင်းတွင်သာ အတူတကွ စုပေါင်းနေထိုင်ကြ၏....
ဆန်ရေစပါးပေါကြွယ်ဝသည့်အပြင် ရေအရင်းမြစ်ဖြစ်ထွန်းသော မြို့ဖြစ်ရာ ယခုကဲ့သို့ စီးပွားရေးအဆင်မပြေသည့် ရာသီဥတု၌ပင်လျှင် မြို့ထဲတွင် ဈေးရောင်းသူ ဈေးဝယ်သူများနှင့်ပြည့်နှက်နေသည် ...
ဈေးလေးခုရှိသည့်အနက် အထူးသဖြင့် ရိဆိပ်ကမ်းနှင့် ကပ်လျှက် ဈေးသည် အစည်ကားဆုံးပင်..
မြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသော
ကျွဲနွားများ တင်ဆောင်လာသည့် ရွက်လှေကြီးတစ်စင်းသည် .. ရိ ဆိပ်ကမ်း သို့ ကပ်လိုက်ပြီဆိုသည်နှင့် ကျွဲနွားများဝယ်ယူမည့် လယ်သမားများ ..သားသတ် သမားများ .. ကုန်သည်များသည် အလုအယက်ပင် လှေကြီးပေါ်သို့ ပြေးတက်ကြ ကုန်၏...
ကုန်းပတ် ညွတ်ကျိုးလုအောင် စုပြုံတက်နေသဖြင့် ..လှေသူကြီးမှာ ကျာပွတ် ပျော့ဖြင့် လိုက်လံရိုက်လိုက် .. ပြန်တွန်းချလိုက်လုပ်နေရသည်..
ထိုမြင်ကွင်းကို ကြည့်ကာ သဲသောင်ပြင်ပေါ်မှ ကလေးများက လက်ခုပ်လက် ၀ါးတီးလိုက် ..သဲလုံးများဖြင့် ပြေးတက်နေကြသော လူများကို ပစ်ပေါက်လိုက် ဖြင့် လက်သရမ်းနေ၏...
သို့သော်လည်း အချောဆုံးအလှဆုံး ကျွဲနွားများကို ရယူလိုစိတ်ဖြင့် လောဘဇောတိုက်နေကြသူများမှာလည်း မရမကပင် တွယ်တက်ကြကုန်သည်....
တွယ်တက်ကြရင်းဖြင့်လည်း တစ်ယောက်နဲ့တစ်ယောက် လုံးလားထွေးလားဖြင့် သတ်ပုတ်ကြပြန်သည်... မင်ပဲငဆ မိုးမွန်အောင် ဆဲကြဆိုကြရင်း အုပ်စုလိုက် ရန်ဖြစ် တော့မည့်အသွင် ဆောင်လာကြ၏
မကြာခင်ပင်မြင်းကိုယ်စီ စီးနှင်းထားသော မြစ်ကမ်းပါးအာဏာပိုင် မင်းမူထမ်း အဖွဲ့သည် ရောက်ချလာပြီး ဂုန်နီလျှော်ဖြင့်ကျစ်ထားသည့် ကြိုးရှည်ကြီးဖြင့် ထိုအုပ် စုအား တဖုန်းဖုန်းမြည်အောင် လိုက်လံရိုက်နှက်တော့သည်..
တရုန်းရုန်းတအုံးအုံးနှင့် အစုလိုက် အပြုံလိုက် ရုတ်ရက်ခတ်နေသည့်ကြား ကမှ ရွက်လှေပေါ်မှ ဆင်းလာသော ကတုံးနှစ်ယောက်ကြောင့် ငြိမ်သက်သွား ကြ၏..
ထိုကတုံးနှစ်ယောက်အနက် တစ်ယောက်မှာ ဖားပြုတ်နှင့်လွန်စွာ တူပြီး ၀ဲဘက် လက်တဖက် ပြတ်နေသည် .. ကျန်တစ်ယောက်မှာမူ သက်လတ်ပိုင်းအရွယ်မျှသာ ရှိပြီး ယာဖက် လက်တစ်ဖက်ပြတ်နေ၏...
ထိုထူးခြားသောလူနှစ်ယောက်မှာ အဝေးကကြည့်လျှင် ခေါင်းနှစ်လုံးနှင့် လူတစ်ယောက်ထဲ ကဲ့သို့ ထင်နေရသောကြောင့်ပင်.. မြင်းစီးရဲမက်များပင်လျှင် ထိုဖားပြုတ်အဘိုးအိုတို့ နှစ်ယောက်ကို ကြည့်ကာ ပြုံးစိစိ ဖြစ်ပြီး ၀ါးလုံးကွဲ ရယ်လိုက်ကြလေသည်.. သူတို့တစ်သက်တာ တွင် ထိုလူနှစ်ယောက်လောက် အရုပ်ဆိုးပြီး နှစ်ယောက်ပေါင်းမှ တစ်ယောက်ကဲ့သို့ လူမျိုး ယခုမှမြင်ဖူးသောကြောင့် ပင်....
ရှု့ယီသည် သူတို့အား မျောက်ပွဲကြည့်သကဲ့သို့ ကြည့်နေကြသော လူပရိသတ်အပေါင်းကို နုတ်နုတ်စဉ်းပစ်လောက်အောင်ပင် စိတ်လည်းတို ရှက်လည်း ရှက်နေသည်...
ထို့အပြင် ကျွဲနွားများတင်သည့် ထိုရွက်လှေပေါ်တွင် တစ်ပတ်လုံးလုံး စီးနှင်း ခဲ့ရသောကြောင့် တကိုယ်လုံးလည်း တိရိစ္ဆန် အနှံ့များ စွဲကပ်နံစော်နေသည် မဟုတ်လား....
ဖားပြုတ်အိုကြီးကတော့မမူသည့်အလား ပြုံးစိစိနှင့်ပင်
''ဒီမှာ ရှု့ယီရဲ့ အောင်မြင်မယ့်သူနဲ့ မအောင်မြင်မယ့်သူ ဘာကွာသလဲ သိသလား ..'''
''မသိဘူးဆရာကြီး'''
''မသေမခြင်းမှတ်ထား ..သည်းခံစိတ်ကွ သည်းခံစိတ် .. သည်းခံနိုင် လေလေ အောင်မြင်လေလေပဲ .. ဘယ်တော့မှ ဘေးပတ်ဝန်းကျင် ရဲ့ ကဲ့ရဲ့တာတွေ ကိုစိတ်ထဲမှာ မထားနဲ့ ...ရှင်းရှင်းပြောရရင် ရှိတယ်လို့တောင် မထင်နဲ့ကွာ ..ကိုယ်လုပ် စရာရှိတာလုပ် .. ဒီနေ့အတွက် စဉ်းစား ..မနေ့တုန်းက လုပ်ခဲ့တဲ့ အရာတွေကို သင်ခန်းစာယူ .. မနက်ဖြန်အတွက် အစီအစဉ်ချထားရတယ် .. တနေ့တာ ကုန်ဆုံးသွားလို့ အိပ်ယာဝင်တော့မယ် ဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး ပြန်တွေးကြည့် .. ကိုယ့်ရဲ့အားနည်းချက်ကို ပြန်သုံးသပ် ... မရှက်တမ်း ၀န်ခံ .. လောကကြီးမှာ လူတွေက ကိုယ့်ကိုယ်ကိုယ် အလိမ်တတ်ကြဆုံးကွ .. ကိုယ်အမှား လုပ်လိုက်တဲ့ဟာကို အတင်းဇွတ် မှန်တယ် လို့မျက်စိမှတ်ငြင်းတတ်ကြတယ် .. ပြီးတော့ အဆိုးဆုံးက ဆုံးဖြတ်ချက်ကို နေ့ည ဆိုင်းတဲ့အကျင့်ပဲ .. ဆိုကြပါစို့ ..ဒီနေ့ လုပ်ရမယ့်အရာတစ်ခုကို .. ကိစ္စမရှိပါဘူး မနက်ဖြန်မှ လုပ်ပါတော့မယ်လေ လို့. နေ့ ညဆိုင်းတတ်တဲ့အကျင့်ရှိတဲ့ကောင် တွေဟာ လူ့နောက်လိုက်ပဲ ဖြစ်တာများသကွဲ့
ဒါပေမယ့် စိတ်မြန်လက်မြန် လုပ်ခိုင်းတာမဟုတ်ဘူးနော် အကျိုးသင့် အကြောင်းသင့် တွေးလို့ ကိုယ့်စိတ်ထဲမှာ ဖြစ်နိုင်မယ် အောင်မြင်နိုင်မယ် ထင်ရင် .. အဲ့အလုပ်ကို နေ့ည ဆိုင်းမနေနဲ့ ..ချက်ခြင်းသာထလုပ် ..ပြီးတော့ အကောင်းဆုံးက အရန် အစီအစဉ်လည်း ဆွဲထားတတ်ဖို့ လိုတယ်ကွ .. ဒီအလုပ်မအောင်မြင်တာနဲ့ .. ထပ်ပြီးတော့ ဘာလုပ်မယ်ဆိုတာပေါ့ ...'''
ရှု့ယီသည် ရှည်လျားထွေပြားစွာရှင်းပြနေသော ဖားပြုတ်အို၏ စကား တို့ကြောင့် မိမိ၏စိတ်ကို ပြန်လည်ထိမ်းချုပ်လိုက်ရသည်..
ဖားပြုတ်အိုကြီးကလည်း အနီးရှိ စားသောက်ဆိုင်ထဲသို့ လှမ်းဝင်သွား လိုက်သည်..
ရှု့ယီသည် စားစရာသောက်စရာများကို မှလိုက်ရင်း ...
''ဆရာကြီး ..ဟို ထင်းလွေတို့ ..ပုလွေ တို့ကို ဒီအတိုင်းပဲလွတ်ထားတော့ မှာ လား ..ကျောင်းထိုင်ဆရာတော်မရှိတော့ရင်တောင် သူတို့ ရှိနေရင် ..ကျွန်တော် တို့ အကြံအစည်အောင်ဖို့ ခက်လိမ့်မယ် ..ပြီးတော့ ဟိုခွေးကောင်လေး လည်း ရှိသေး တယ် ...'''
ဖားပြုတ်အိုသည် ..သူ၏နထင်ကို တဖက်ထဲသောလက်ဖြင့် ထောက်ပြလိုက် ကာ ...
'''' ဟားဟားဟားဟား ရှု့ယီ ငါတွေးထားပြီးသားပါကွာ သိပ်စိတ်မပူစမ်း ပါနဲ့ ..'''
ဟုဆိုရင်း .. ခါးကြားထဲမှ ဒင်္ဂါးပြားတစ်ခုကို ရှု့ယီအားပေးလိုက်ရင်း ..
''' ဒီဒင်္ဂါးပြားက နှယ်နှယ်ရရ မဟုတ်ဘူး ..မြေအောက်ဈေးမှာ သုံးတဲ့ ဒင်္ဂါးကွ ''
''မြေအောက်ဈေး ..အဲ့ဒါဘာကြီးလဲ'''
ဖားပြုတ်အိုက .. ရေနွေးကြမ်းအိုးကို လက်ဖက်ခြောက်များ နှံ့သွားအောင် ခလောက်လိုက်ကာ ...
''မြေအောက်မြို့တော်မှာ မြေအောက်ဈေးဆိုတာရှိတယ် .. အဲ့မှာ လောကကြီးမှာ မင်းမတွေးထားဖူးတဲ့ အရောင်းအ၀ယ်တွေ လုပ်လို့ရတယ်ကွ.. ဟီးဟီး .. ဒါပေမယ့် သူတို့ကို လည်း ပြန်ရောင်းလို့ရတယ် ..မြေအောက်ဈေးမှာ အဓိကရောင်းလို့ရတာကတော့ လူ ကွ..'''
''လူ ..ဆရာကြီးရယ်ရှင်းပြမယ်ဆိုလည်း သေသေချာချာရှင်းပြမှပေါ့..''''
''ကိုင်း ကိုင်း ..ဒီလိုကွ ..မြေအောက်မြို့တော်ဆိုတာရှင်းရှင်းပြောရရင် အနက်ရောင်သိုင်းဝိဇ္ဇာတွေ စုပြီးနေကြတဲ့မြို့ ..ခေတ်အသီးသီးက အနက်ရောင်သိုင်း ရာဇာတွေနေတာပေါ့ကွာ .. အဲ့လိုနေခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အကူအညီလည်းဖြစ်တယ် ..မင်းသိတဲ့အတိုင်းငါတို့အောက်လမ်းသိုင်းက ထက်မြက်လာတာနဲ့မျှ ဆုတ်ယုတ်လာတဲ့အရာတွေလည်းရှိတယ် ..အတွင်းဒါဏ် ခံစားရတာမျိုးပေါ့..အဲ့လို မဖြစ်ရလေ အောင် အပြန်အလန်ထောက်ကူ ပြုရတာပေါ့ .. ဥပမာ မင်းက အအေးလှိုင်း သိုင်းပညာရှင် .. ငါကတော့ အပူဓါတ်သိုင်းပညာရှင် ..နှစ်ယောက်ပေါင်းလိုက်တဲ့အခါကြတော့ ဘက်မျှသွားပြီး သိုင်းပညာ အသစ်ထွင် လာနိုင်တဲ့အပြင် .. အတွင်းဒါဏ်လည်း သိပ်မခံစားရတော့ဘူး ... အဲ့လိုပဲ ထင်းလွေရဲ့ အတွင်းအားနဲ့ သိုင်းပညာကို လိုချင်နေတဲ့သူရှိမှာပဲ.. မရှိရင်တောင် .. အနက်ရောင် သိုင်းရာဇာ ထဲမှာ ထင်းလွေလို လူစားမျိုးများများစားစားမရှိတော့ အမှောင်နန်းတော် က မလိုချင်ဘဲ မနေဘူး...'''
''ထင်းလွေလို လူမျိုးကို ခေါ်နိုင်စွမ်းရှိပါ့မလား ဆရာကြီး ..''''
ဖားပြုတ်ဘုန်းကြီးသည် နှားခေါင်းအတွင်းမှ နှပ်ချေးခြောက်အား လက်သန်း ဖြင့် ထိုး ကလော်ကာ လုံးချေပြီးနောက် တောက်ထုတ်လိုက်ပြီး ...
'''ဟားဟားဟားဟား အမှောင်နန်းတော်က မလုပ်နိုင်ဘူးဆိုတာ မရှိဘူး ..သူတို့မှာ လိုအပ်တာက ထင်းလွေရဲ့ နေရာကိုသိဖို့ပဲ လိုအပ်တာ ..ငါကသာ ရှောင်လင် မှာ ရှိတယ်လို့ သတင်းပေးနိုင်ရင် သူတို့ရအောင် ခေါ်လိမ့်မယ် ..မပူပါနဲ့ကွာ ..သူ့ဟာသူအဆင်အပြေသွားမှာပါ ..အခုတော့ စားလိုက်သောက်လိုက် နဲ့ ပျော်ပျော် ကြီးနေလိုက်ကြအုံးစို့ ......'''''
ရှု့ယီလည်း ဖားပြုတ်မျက်နှာအားတစိမ့်စိမ့်ကြည့်ကာ ဤလို ဉာဏ်နီ ဉာဏ်နက် များလှသော လူမျိုးအား ဆရာတင်ရကျိုး နပ်လှ၏ဟု အတွေးပေါက် နေတော့၏.....
======+++++======++++++========
#38 ( အစ၏အဆုံး ..အဆုံး၏အစ )
ကျန်းနန်၏ ယွဲ့အိမ်တော်သည် ခါတိုင်းရက်များထက် ပိုမိုစည်ကားနေသည်.. အနယ်နယ်အရပ်အရပ်မှ လာသော ဧည့်သည်တော်များ များပြားလှသည်ဖြစ်ရာ အိမ်တော်ရှိအဆောင်များပင် မလောက်ငသောကြောင့် ခြံဝင်းထဲတွင် ယာယီဆောင် များထပ်မံတိုးချဲ့ထားရ၏...
မုယုံအိမ်တော်..နန်းကုံးအိမ်တော် နှစ်ခုမှ အဖွဲ့သားများ ..၀ါဆန်း.. ချင်းချန် ..ကောင်းတုံ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းဝင်အသီးသီးများသည် သစ်လွင်သော အ၀တ်အစားများကို ၀တ်ဆင်လျှက် အိမ်ရှင်အဖွဲ့ဝင်များနည်းတူ ဧည့်သည်များ အား ခြံဝင်းအတွင်းနေရာချထားပေးနေကြသည်...
မဟာမိတ်အဖြစ်ဖွဲ့စည်းမည့် ရက်မှာ နီးကပ်နေပြီဖြစ်သဖြင့် အိမ်တော်သုံးခု နှင့် ဂိုဏ်းကြီးသုံးဂိုဏ်း ခေါင်းဆောင်များမှာ ယွဲ့အိမ်တော်ရှိ လှို့ဝှက်ခန်းမကြီးထဲတွင် တံခါးပိတ်ဆွေးနွေးနေကြ၏...
လူအယောက်ငါးဆယ်မျှချောင်ချောင်ချိချိ ပုန်းခိုနိုင်သော ထိုအခန်းကြီးထဲတွင် လူခြောက်ယောက်သာ ထိုင်နေကြသည်မို့ အခန်းမှာ ပိုမိုကျယ်ဝန်းနေသယောင်ထင် ရသည် ...
အသက်လေးဆယ် အရွယ်လူလတ်ပိုင်းလေးယောက် နှင့် အသက်ငါးဆယ် အရွယ်လူကြီးနှစ်ယောက် တို့ အနက် သေးကွေးပိန်လှီလျှက် မည်းခြောက်ခြောက် မျက်နှာ ပိုင်ရှင် လူကြီးမှ ရှေ့တွင် ချထားသော အရက်ခွက်အားကိုင်မြောက်လိုက်ရင်း ...
'' နောက်သုံးရက်ဆိုရင် ကျုပ်တို့ရဲ့ မဟာမိတ်အဖွဲအစည်းကြီး အသက်ဝင် လာတော့မယ် ..အခုဆိုရင် ပြည်နယ်အသီးသီးက ဧည့်သည်တွေလည်း ရောက်လာ ကြပြီ .. ၀ူတန်..ရှောင်လင်..ခွန်းလွန်း နဲ့ သူတောင်းစားဂိုဏ်းက ကိုယ်စားလှယ် တွေရောက်လာဖို့ပဲကျန်တော့တယ် .'''
အဖြူနှင့်အနက်ရောင်ဓါးနှစ်လက်ကို လွယ်ပိုးထားသော ၀ါဆန်းဂိုဏ်းချုပ်ကြီး ရိချင်းက
''''ကျုပ်တို့ အဖွဲ့အစည်းခြောက်ဖွဲ့သာ ညီညီညွတ်ညွတ်နဲ့ စည်းလုံးကြမယ် ဆိုရင် သိုင်းလောကမှာ ထိပ်ဆုံးကဦးဆောင်နိုင်မှာအမှန်ပဲ ..အခုဆိုရင် ကျုပ်တို့ရဲ့ အင်အားဟာ ..သူတောင်းစားဂိုဏ်းကို မမီပေမယ့် ရှောင်လင်နဲ့ဝူတန်ထက်တောင် အင်အားများသွားပြီမဟုတ်လား ..တစ်ခုရှိတာက မဟာမိတ်ခေါင်းဆောင် နေရာကို ဘယ်လိုရွေးချယ်ကြမလဲ ..အလှည့်ကျဦးဆောင်တဲ့စနစ်နဲ့ သွားမလား .. မဲခွဲတဲ့စနစ်နဲ့ ရွေးမလားဆိုတာပဲ..'''
မျက်နှာလေးထောင့်စပ်စပ်နှင့် အထက်တန်းကျသောကတ္တီပါဝတ်ရုံနီကြီး ကိုလွမ်းချုံထားသော လူကြီးမှ ...
'' မိတ်ဆွေရိချင်းပြောတာမှန်တယ် .. အခုကျုပ်တို့ မဟာမိတ်ဂိုဏ်းမှာ ဦးဆောင်မဲ့သူ မရှိလို့ဖြစ်ဘူး.. ကျုပ်တို့မုယုံအိမ်တော်ကတော့ မိတ်ဆွေတို့သဘော အတိုင်း မဲပဲခွဲခွဲ အလှည့်ကျပဲဖြစ်ဖြစ် လက်ခံနိုင်တယ်..''''
လက်ဆယ်ချောင်းစလုံး ကျောက်စိမ်းလက်စွပ်များ ၀တ်ထားသော လူကြီးမှ သောက်လက်စအရက်ခွက်ကို စားပွဲပေါ်ပြန်ချပြီး
''ကျုပ်တို့ နန်းကုန်းအိမ်တော်ကတော့ အလှည့်ကျ ဦးဆောင်တဲ့ပုံစံကို ပဲ သဘောကျတယ်ဗျာ .. အရင်ဦးဆုံး နံပါတ် တစ်ကနေ ခြောက်အထိ ရေးပြီး ခွက်ထဲ ထည့်မယ် .. ပြီးရင် ကျုပ်တို့ခြောက်ယောက်က တစ်ယောက်တစ်လိပ်ဆီနိုက် .. နံပါတ်တစ်ရရင် .. ပထမတစ်နှစ်ကို ရတဲ့သူဦးဆောင်ပေါ့ .. နှစ်ဆို နောက်တစ်နှစ်ပေါ့ .. ကျန်တဲ့ နောက်ကသုံး လေး ငါး ခြောက် ပေါ့ .. အဲ့အတိုင်းသွားရင် သမာသမတ်လည်းကျတယ် .. ထွေထွေထူးထူး ငြင်းခုန်နေစရာလည်းမလိုဘူး ..'''
မိုးပြာရောင်ပိုးဖဲအင်္ကျီတောက်တောက်ပပကို ၀တ်ဆင်ထားသော မေးစိ ကောက်ကောက်နှင့်လူကြီးမှ နန်းကုန်းအိမ်တော်၏ စကားကို သဘောကျသလို အမူအယာနှင့်....
''ကျုပ်တို့ချင်းချန်ဂိုဏ်းကလည်း မိတ်ဆွေကြီး နန်းကုန်းဖုရဲ့စကားကို ထောက်ခံတယ်ဗျာ ...'''
''ကျုပ်တို့ ကောင်းတုံဂိုဏ်းလည်း သဘောကျသဗျို့ ..''''.
နန်းကုန်းဖု၏အကြံအစည်ကို ကောင်းတုံဂိုဏ်းချုပ်ကပါထောက်ခံလိုက်သည် ဖြစ်ရာ ယွဲ့ကျိုးသည် ..
'''ကောင်းပြီလေ ဒါဆိုရင် ကျုပ်တို့ မဲလိပ်နိုက်ပြီး ဆုံးဖြတ်ကြတာပေါ့ .. ဒါပေမယ့် အခုက တရားဝင်မဖွဲ့ရသေးဘူးဆိုတော့ ဖွဲ့တဲ့နေ့မှပဲ အများရှေ့မှာ ဆုံးဖြတ် ကြတော့ပေါ့ဗျာ... အခုကတော့ သောက်ကြစားကြပြီးရင် .. ဧည့်သည်တွေကို သွားဧည့်ခံကြအုံးစို့ .. တော်နေကြာ အိမ်ရှင်တွေက ထွက်မဧည်ခံရင် ငြိုငြင်နေကြအုံး မယ်..''''
ထို့နောက်တွင်စားရင်းသောက်ရင်းဖြင့်သိုင်းလောကအကြောင်းဆွေးနွေး ကြပြီး နောက် ဧည့်သည်များ တည်းခိုရာအဆောင်ဖက်သို့ ခြောက်ယောက် စလုံးထွက်လာ ကြ၏...
ဥယျဉ်အတွင်းရှိ နှမ်းဖတ်ရောင်ကျောက်ပြားများခင်းထားသည့် လမ်းလေးပေါ်တွင် စကားတပြောပြောနှင့်လျှောက်လာကြစဉ် ...
ရေတံခွန်အတုနောက်ဖက်မှ အသံကြောင့် တုံ့ဆိုင်းသွားကြသည်..
''' ယား '''
''ဖြောင်း.. ဖြောင်း'''
''''ငါ့ညီမလေးကွ.. တော်လိုက်တာ '''
ထိုအသံကြားလိုက်သဖြင့် မုယုံအိမ်တော်၏အရှင်သခင် မုယုံဖုသည် ပြုံးလိုက် ပြီး လှမ်းအော်လိုက်၏..
'''ပိုင်စွတ် ..ပိုင်ကျဲ မင်းတို့နှစ်ယောက်နောက်ဖက်မှာ ဘာလုပ်နေကြတာလဲ..''
'
မုယုံစုယဲ့၏အသံကြောင့် ရေတံအတု၏နောက်မှ ဓါးကိုယ်စိီကိုင်ထားကြသော အသက်ဆယ့်ငါး ဆယ့်ခြောက်နှစ်အရွယ် ကလေးနှစ်ယောက် ပြေးထွက်ခဲ့ ကြသည်.. ကျစ်ဆံမီးကျစ်ထားသော ချစ်စရာကောင်းလှသည့် ကလေးမလေးနှင့် အပြာရောင် ဖဲပြားစည်းထားသော ကောင်လေးမှာ မြင်ယုံနှင့်မောင်နှမ မှန်းသိသာလှအောင်ရုပ်ခြင်း ဆင်တူ ကြ၏...
မုယုံစုယဲ့က သူ့အနားရောက်လာသော ကလေးနှစ်ယောက်ခေါင်းကို ပွတ်ကာ ..
'''သားနဲ့သမီး ..မင်းတို့ ဦးကြီးတွေကို မိတ်ဆက်လိုက်အုံး ..'''
''မင်္ဂလာပါ ဦးကြီးတို့ရှင့်...'''
ချစ်စရာကောင်းလှသည်နှင့်အမျှ သွက်လက်လွန်းသော ကလေးမလေးက ယွဲ့ကျိုးတို့အား ဂါရ၀ပြုရင်းနူတ်ဆက်လိုက်သည်..
မုယုံစုယဲ့က သူ့သမီးလက်ထဲမှဓါးကို ယူလိုက်ပြီး ယွဲ့ကျိုးဘက်သို့လှည့်ရင်း ..
'' မိတ်ဆွေကြီးရဲ့ဥယျဉ်ကတော့ ကျုပ်သမီးပိုင်စွတ်ရဲ့ သိုင်းလေ့ကျင့်ကွင်း ဖြစ်သွားပြီး ဘယ်လောက်ပျက်စီးကုန်ပြီလည်းမပြောတတ်ဖူး ဒီကလေးမရဲ့ လက်ချက် ကြောင့် ကျုပ်တို့မုယုံအိမ်တော်က သစ်ပင်တွေတောင် အကုန်ပြောင်ရောဗျို့.. '''
သူရဲကောင်းဇရပ်ပိုင်ရှင်ယွဲ့ကျိုးက မုယုံစုယဲ့၏ အပြောကို တဟဲဟဲနှင့် ရယ်ကာ ..
'''ဟဲဟဲဟဲဟဲ .. ကျုပ်အိမ်တော်ကလည်း ခင်ဗျားအိမ်တော်ပါပဲဗျာ .. ခွဲခြားစရာ မလိုပါဘူး .. ဒီအရွယ်ကလေးတွေဆိုတာဒီလိုပဲပေါ့.. '''
မုယုံစုယဲ့ က ကလေးနှစ်ယောက်အား ရှောင်ခိုင်းလိုက်ပြီး ...
'' ကျုပ်သားကြီးကတော့ အနေအေးပေမယ့် သမီးက သွက်လွန်းနေရော .. သိုင်း ပညာနဲ့ပတ်သက်လာရင် လောဘအတော်ကြီးတဲ့ ကလေးမဗျ .. သူ့အရွယ်နဲ့မလိုက် အောင် မုယုံအိမ်တော်မှာ ရှိသမျှသိုင်းတွေ အကုန်တတ်နေလို့ .. အခု ထင်းရှီနတ်မယ် စီမှာတပည့်ခံခိုင်းထားရတယ် ..'''
ဘေးမှငြိမ်၍နားထောင်နေသော ၀ါဆန်းဂိုဏ်းချုပ်ကြီးရိချင်းသည် ထင်းရှီ နတ်မယ်ဟူသော အသံကြောင့်အံသြောသွားပြီး ..
''ထင်းရှီနတ်မယ် ကအခုထိလောကမှာ ရှိသေးသလားဗျ.. လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက သတင်းမကြားရတော့လို့ ဆုံးသွားပြီမှတ်နေတာ ..''''
မုယုံစုယဲ့က သူ့သမီး၏ ဓါးကို လေထဲတွင်ရမ်းလိုက်ပြီး ..
''' ဆရာကြီးမုန့်နဲ့ ထင်းရှီနတ်မယ်တို့ ၀ူထိုက်စန်းတောင်မှာ ပြသနာတက်ပြီး ကတည်းက ယောင်္ကျားတွေကိုစိတ်နာလို့ တစ်ယောက်ထဲ မော့လိတောင်တန်း မှာ ဧကစာရီနေနေတာဗျ ..ဒါပေမယ့် ကျုပ်တို့မုယုံအိမ်တော်နဲ့တော့ အဆက်အသွယ် ရှိတယ် .. ရှိဆို ကျုပ်ရဲ့ ၀မ်းကွဲအဒေါ်တော်တာကိုး အဲ့ဒါနဲ့ ကျုပ်လည်း သမီးကို မော့လိ တောင်ကိုပို့ထားလိုက်တာပဲ .. အခုတောင် အိမ်မှာ ဘိုးဘေးကန်တော့ ပွဲ အတွက်သမီးခဏပြန်လာတာနဲ့ကျုပ်လည်းဒီကို တခါထဲ ခေါ်လာတာ ..''''
နန်းကုန်းဖုကပါဝင်၍
''ဆရာကြီးမုန့်ဆိုမှ ကျုပ်တူတစ်ယောက်တောင် ဆရာကြီးမုန့်ဆီမှာ ပညာသင်နေတာဗျ .. ကျုပ်ညီကမွေးတဲ့ ကလေးပေါ့ ''''
ချင်းချန် ဂိုဏ်းချုပ်ကြီးကလည်း စကားဝိုင်းထဲဝင်ကာ ..
''' ဆရာကြီးမုန့် နဲ့ ထင်းရှီနတ်မယ်တို့လို ပြိုင်စံရှား သိုင်းမောင်မယ်နှစ်ယောက် ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ စိတ်ဝမ်းကွဲသွားရတာ အံသြောလို့မဆုံးဖူး. တစ်ခု ကြားဖူးတာက ဆရာကြီးမုန့်ထက်ကို ထင်းရှီနတ်မယ်က သိုင်းပိုသာတယ်ဆိုပဲ '''
ထိုစဉ် အရှေ့မှ ယွဲ့ကျိုး၏လက်စွဲတော် တပည့်ရောက်လာပြီး ..
'' သခင်ကြီးတို့ .. ၀ူတန်ဂိုဏ်းချုပ်ကြီးရောက်လာပြီဗျ... သူ့တပည့်ကလေး တစ်ယောက်နဲ့ ရောက်လာတာ ..''''
ယွဲ့ကျိုးသည် သူတပည့်စကားကြောင့် မုယုံစုယဲ့တို့အား လောဆော်လိုက်သည်..
''ကိုင်းမိတ်ဆွေတို့ မြန်မြန်သွားကြိုရချေအောင်ဗျာ .. ၀ူတန်ဂိုဏ်းချုပ်ကြီးကို တော့ ခရီးဦးမကြိုလို့မဖြစ်ပေဘူး..'''
ထို့နောက်တွင် သူတို့အဖွဲ့လည်း အီးလေးဆွဲလျှောက်နေရာမှ ခြေလှမ်း ခပ်သွက်သွက်ဖြင့် အိမ်တော်ပေါက်ဆီသို့ ထွက်သွားကြလေ၏..''''
====++++=====++++=====++++====
အားကွေ့သည် သူ၏ပြစ်ဒါဏ်ကို စတင်ခံနေရပြီဖြစ်သည် .. အပြစ်ကို ဆီကဲ့သို့ အပေါက်ရှာတတ်သော စည်းကမ်းထိန်းသိမ်းရေးမှူးကြောင့် ဤကဲ့သို့ခံရခြင်းသာ..
သိုင်းကျမ်းပျောက်သည့်ကိစ္စအား အပြစ်ရှာ၍မရသောကြောင့် လက်တစ်ဖက်ပြတ် ဘုန်းကြီးအား ထောက်ခံသည့်အမှုဖြင့် စွဲချက်တင် အပြစ်ရှာခံရခြင်းပင်..
လွန်ခဲ့သောလေးနှစ်ခန့်က ဆွမ်းချက်ဘုန်းကြီး(ဖားပြုတ်) အကူအညီတောင်းမှု ကြောင့် သိုင်းကျမ်းသူခိုး လက်တစ်ဖက်ပြတ်ကို ရှောင်လင်ကျောင်းထဲ ၀င်နိုင်ရန် အာမခံပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဒါဏ်ပေးခံရခြင်းဖြစ်သည်.. (#23တွင်ပါ၏ ... စကားချပ်)
နှင်းများနှင့်ချောမွတ်နေသော ရှည်လျားသည့် ကျောက်လှေကားထစ်များပေါ် သို့ ရေပုံးနှစ်ပုံးနှင့်ခေါက်တုန့်ခေါက်ပြန်တက်နေရသော အားကွေ့အားမြင်လျှင် ကိုရင်ခေါင်းကြီးနှင့် ကိုရင်ရွှီပင်းတို့အဖွဲ့သည် ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ပြုံးရွှင် ပြောင်လှောင်ကြကုန်သည်.. သူတို့အားမကြာခဏ အနိုင်ကျင့်ခဲ့သော အားကွေ့ တစ်ယောက် ရေဒါဏ်ချခံရခြင်းတည်းဟူသော ဒုက္ခအောက်တွင် ပင်ပန်း ဆင်းရဲ နေရပြီမဟုတ်လော ..
ဆယ်ပိသာမျှလေးလံသော သံဖိနပ်ကြီးအား စီးနင်းထားရကာ .. သံထမ်းပိုး ..သံရေပုံးတို့ဖြင့် ရာကျော်သော လှေကားထစ်တို့ကို တစ်ထစ်ခြင်းလှမ်းတက်နေရ သောအားကွေ့မှာတပါးသူအမြင်တွင် ပင်ပင်းလှသည်ဖြစ်သော်လည်း တကယ်တော့ သူ၏ နက်နဲလှသောအတွင်းအားကြောင့် တစက်မှ မပင်ပန်းချေ ..
သို့သော်လည်း ပင်ပန်းလွန်းသဖြင့် လမ်းပင်မလျှောက်နိုင်တော့သည့်ပုံစံဖြင့် အားကွေ့တစ်ယောက် တုန်ချိချိလုပ်ကာ လှေကားအားတက်နေ၏...
အကယ်၍ သူသာ ထိုအတွင်းအားမရှိလျှင် ရေတစ်ခေါက်ပင် ခတ်တက်ဖို့ မလွယ်နိုင်ပေ... သံဖိနပ်စီးထားရသည့်အပြင် .. ထမ်းပိုးနှင့်ရေပုံးတို့မှာ သံဖြင့် လုပ်ထား ပြီး ..အထူးသဖြင့် ရေပုံးမှာ ဖင်အချွန်ဖြစ်သောကြောင့် လမ်းတွင် ချ နား၍ မရပါ . ခဏချလိုက်သည်နှင့်ပင် ရေပုံးမှောက်သွားကာ တောင်အောက် စမ်းချောင်း သို့ပြန်ဆင်းခပ်ရမည်ဖြစ်သည် ထို့ပြင် ရေပုံးဖင်တွင် အပေါက်သေးသေး ဖောက်ထား သဖြင့် ခပ်သွက်သွက်ပြေးတက်မှသာ လမ်းခုလတ်တွင် ရေမကုန်ဆုံးမည်ဖြစ်၏..
အားကွေ့သည် ထိုရေပုံးအား တီထွင်ခဲ့သူအား ရွှေဉာဏ်တော် ဟူသော ဆုအဖြစ်ပင်ပေးချင်မိတော့သည် .. ထိုရေတို့ကို သတိပညာဥယျဉ်ဟု ရေးသားထား သော ကျောက်ဥယျဉ်အတွင်းရှိ သစ်သားစည်များအတွင်းသို့ အပြည့်ဖြည့်ရမည် ဖြစ်၏...
''''ဟူး ..ပျင်းလိုက်တာကွာ .. ကျားဘီလူးဆရာတော်သာမရှိရင် ကိုယ်ဖော့ ပညာသုံးလို့ ခတ်လိုက်ရင် ခဏပဲ ..အခုတော့ ဆယ်ခေါက် ဆယ့်ငါးခေါက် လောက် တက်ချီဆင်းချီလုပ်နေရတယ် .. ''''.
သူအားတောင်ထိပ်မှ ပြုံးပြုံးကြီးစောင့်ကြည့်နေသူက သိုင်းသင်တန်းရေးမှူး ကျားဘီလူးဆရာတော်ဖြစ်သည်..
'''ဗွမ်း..''''
နောက်ဆုံးအကြိမ်မြောက် ရေပုံးကို စည်ပိုင်းအတွင်း ထည့်လိုက်ရင်း .. မှ ရေထဲတွင် ပေါ်နေသော မိမိရုပ်ကိုမိမိပြန်ကြည့်လိုက်မိ၏
အနာစိမ်းများပြောက်သွား၍ မေးစိ၌ခပ်ရေးရေးထင်နေသော အမာရွတ်နှစ်ခု
နဖူးတွင်ရွှေရောင်အကွက်က ဘောင်ဘင်ရိုက်နေသော ရေမျက်နှာပြင်ကြောင့် ပုံရိပ် လှိုင်းထနေသည်..
အခုရက်ပိုင်း ဒါဏ်ကျနေသောကြောင့် မရိပ်ဖြစ်သော လက်တစ်ဆစ်ခန့် ဆံပင်တို့ကိုကြည့်ရင်း အားကွေ့တစ်ယောက် စဉ်းစားမိ၏...
'''အင်း ငါဒါဏ်ကျတာက သုံးလတောင်ဆိုတော့ ရက်တွေ အများကြီးကျန်သေး တယ် .. အခုတစ်ပတ်လောက်တောင် ငါဒီလောက် ဒေါသထွက်နေတာ .. ကြာရင် ဟို ကျားဘီလူး ဘုန်းကြီးကို တောင်ပေါ်က ကန်ချမိလိမ့်မယ် .. အဲ့ခါဆို ရှောင်လင်တစ် ကျောင်းလုံးက ငါ့ကို ရန်သူလို့သတ်မှတ်တော့မှာပဲ ...မဖြစ်သေးဘူး .. ရှောင်လင် ကနေ လူထွက်ပြီး သံဝေဂဂူမှာ သွားနေတာပဲကောင်းလိမ့်မယ် ..'''
ဟုတွေးနေစဉ်ပင် ကျားဘီးလူဆရာတော် ရောက်လာပြီမှန်းသိလိုက်ရ၍ အတွင်းအားကို ကျောသို့ပို့ထားလိုက်သည်..သူထင်သည့်အတိုင်းပင်..
'''ဖြောင်း ..'''
''ဟဲ့ ..ကိုရင်စုတ် .. ရေသွားခတ်လေ ..ဘာကိစ္စ အချောင်ခိုနေရတာလည်း..'''
ကျောအား တုတ်တစ်ချက်နှင့် ဗြောတင်ကာ မောင်းကွဲသံကြီး နှင့် အော်ဟစ် လာသော ကျားဘီလူးဆရာတော်ကြောင့် သူ၏ဆုံးဖြတ်ချက်က ပို၍ ခိုင်မာသွားတော့ ၏...
'''အချောင်ခိုနေတာ မဟုတ်ဘူးဗျ .. ရေပြည့်သွားတာမတွေ့ဘူးလား ..'''
အားကွေ့၏ စကားကြောင့် ကျားဘီလူး ဆရာတော်မှာ
''' ရေပြည့်နေတယ် ..ဘယ်မှာလည်း မတွေ့ပါလားကွ ..'''
ဟုဆိုကာ ရေပြည့်နေသော သစ်သားစည်ကြီးအား ခြေဖြင့် ကန်တွန်း လဲ လိုက်သည်..
''၀ုန်း ...၀ရော..''''
အားကွေ့သည် သူ၏ သံဖိနပ်ကြားမှ စီးဆင်းသွားသော ရေများကို ကြည့်ပြီး ကျားဘီလူး ဆရာတော်၏ ခေါင်းအား မရိုက်ခွဲမိစေရန် အံတင်းတင်း ကျိတ်ထား မိ၏..
ကျားဘီလူးဆရာတော်သည် အားကွေ့ ၏ နဖူးမှ ရွှေရောင်ဝင်းဝင်းတောက် နေသော အရောင်အ၀ါကို ကြည့်ကာ နှလုံးခုန်သံ ဒိတ်ကနဲဖြစ်အောင် လန့်သွားပြီး နောက်သို့ပင်ခြေလှမ်းယောင်ရမ်း၍ ဆုတ်မိလိုက်သည်.....
''' ဘုရားရေ ..ဒီကောင့်နဖူးက အလင်းရောင်တောက်နေပါလား .. ''''
အားကွေ့မှာ စိတ်တိုလွန်း၍ကျားဘီလူး၏မျက်နှာအား ဆက်မြင်နေရလျှင် စိတ်ထိန်းနိုင်မည်မထင်သောကြောင့် .. သံပုံးကိုင်ကာ တောင်အောက်သို့ ပြေးဆင်း သွားသည်...
စမ်းချောင်းထဲတွင် လော့ဟန်ရဟန်းဝင်္ကပါအဖွဲ့ဝင် တရာ့ရှစ်ပါးတို့ ရေချိုးနေ ကြသဖြင့် ရေများနှောက်ကျိ နေသည်ကို ကြည့်ရင်း စိတ်ပျက်သွားသော အားကွေ့ မှာ မြက်ခင်းပြင်တွင် ပက်လက်လှန်လဲကာ ဆောင်းအခါသမယမို့ မြူများဆိုင်း နေသော ကောင်းကင်ဖြူဖြူကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်...
ထို့စဉ်
'''၀ှီး .... '''
'''ဖတ်...'''
အရှိန်ပြင်းပြင်းနှင့် ၀ဲပျံလာသော ရွှံ့တစ်ဖတ်သည် အားကွေ့လှဲနေရာသို့ လွင့် ပျံလာ၍ မသိချင်ယောင်ဆောင်ကာ လူးလိမ့်ပြီး ရှောင်တိမ်းလိုက်၏ ..
သို့သော် တခြားသူများ မဟုတ်ပါ .. သူနှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်သော သွားကျိုးနှင့်ဒက်ပေါမှ စမ်းချောင်းစပ်နဘေးမှ အချက်ပြလှမ်းခေါ်ခြင်းသာ ..
အားကွေ့လည်း ..လဲလျောင်းနေရာမှ ထကာ သူတို့နှစ်ယောက်ဆီ သွားလိုက် သည်....
သွားကျိုးနှင့်ဒက်ပေါမှာ နဂိုကနှင့်မတူ ကြွက်သားဆိုင်များဖွံ့ဖြိုးလျှက် ထွားထွား ကျိုင်းကျိုင်းဖြစ်နေကြမှန်း အားကွေ့သတိထားမိသည်..
သွားကျိုးက အားကွေ့အားတွေ့လျှင် ..
'''အကိုအားကွေ့ .. ဘယ်လိုဖြစ်တာလဲဗျာ .. ရေဒါဏ်ကျနေတယ် ကြားတယ် ..''
အားကွေ့က ကမ်းစပ်ပေါ်မှ ရေထဲသို့ ခြေထောက်ချလိုက်ရင်း ..
'''အေး စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာတော် ညစ်တာနဲ့ ငါလည်း ဒီလို ဖြစ်တော့တာပဲ .. သူတို့အဖွဲ့တွေ ဟိုလက်ပြတ်ဘုန်းကြီးတူဝရီးကို သွားရှာတာ မမိလို့ ဆရာတော်ခုန်းလွန် ကြိမ်းမောင်းတာခံလိုက်ရတာနဲ့ မဆီမဆိုင် ငါ့ကို မဲ တာပဲ ကွ .. ''
ဒက်ပေါက စမ်းချောင်းနဘေးရှိ ဂဏန်းတွင်းမှ မြေကျစ်စာများကိုယူကာ လုံးလိုက် ပြီး ရေထဲသို့ပေါက်၍ ..
''အကိုအားကွေ့က လက်ပြတ်ဘုန်းကြီးကို ရှောင်လင်ထဲ ၀င်ပါလို့ အတင်းခေါ်ခဲ့ တာမှ မဟုတ်ဘဲ ..သူတို့ တူဝရီးနှစ်ယောက် နဂိုကတည်းက ကြံစည်လာတဲ့ဟာ .. အခုမဆီမဆိုင် အကို အားကွေ့ကို ရေဒါဏ်သုံးလပေးတာကတော့ မတရားရာ ကျသွားပြီ.. '''
သွားကျိုးက
''နေပါအုံး အကိုအားကွေ့ ဆရာတော်ခုန်းလွန်က အဲ့ပြစ်ဒါဏ်ကျတာ ဘာမှ ၀င်မပြောဘူးလား ...'''
အားကွေ့မှ မျက်မှောင်ကျုတ်စဉ်းစားလိုက်ပြီး
'''ဘာမှ မပြောဘူးကွ .. သူလည်း ငါ့ကို သိပ်ပြီး သင်္ကာမကင်းဖြစ်နေပုံပေါ်တယ် ..''
သွားကျိုးနှင့်ဒက်ပေါကတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ..
'''ဘယ်လို သင်္ကာမကင်းဖြစ်တာလည်း... အကိုအားကွေ့ ... '''
အားကွေ့သည် သူနှင့် ဆရာတော်ခုန်းလွန် တို့နှစ်ယောက် တိုက်ခိုက်ဖူးသည့် အကြောင်း .. သူသိုင်းပညာတတ်သည့်အကြောင်းကို ထိုနှစ်ယောက်အား မပြောလို သည်နှင့် ..
'''မင်းတို့ မသိပါဘူးကွာ .. လောလောဆယ် ဘာမှမသိတာ အကောင်းဆုံးပဲ .. တစ်ခုတော့ ရှိတယ် ...ငါဒီနေ့ ရှောင်လင်က ထွက်တော့မယ်ကွ..'''
သွားကျိုးက မျက်စိနှစ်လုံးပြူးထွက်သွားပြီး ....
''အကိုအားကွေ့ ရူးသွားပြီလား .. ခွင့်ပြုချက်မရဘဲ ဘယ်လိုလုပ်ရှောင်လင်က ထွက်ပြေးမှာလည်း.. ''
''ဟားဟားဟားဟား ..ငါကထွက်ပြေးမှာ မဟုတ်ပါဘူးကွ .. တံခါးနီ ကို ဖြတ်သွားမှာ ...''''
သွားကျိုးနှင့်ဒက်ပေါမှာ ထိုအခါမှ ပြုံးကာ....
''လက်စသတ်တော့ အကိုအားကွေ့က ကျွန်တော်တို့ကို နောက်နေတာကိုး..'''
''ဘယ်ကနောက်ရမှာလဲ ..တကယ်တံခါးနီ ကနေဖြတ်သွားမှာ .. '''
သွားကျိုးနှင့်ဒက်ပေါက အတည်ပြောနေသော အားကွေ့အားကြည့်ကာ ပြောစရာစကားလုံးမျှပင်ရှာမရတော့.. ခဏနေမှ ဒက်ပေါက ..
''အကိုအားကွေ့ သိုင်းမတတ်ဘဲ တံခါးနီကို ဖြတ်မယ့်အစား .. ဆန်းဆက် တောင်ပေါ်ကနေ ခုန်ချလိုက်တာကမှ .. ဖြစ်နိုင်အုံးမယ် ...သစ်သားယန္တယားရုပ်တွေ ..ကြေးလူရုပ်တွေကို ဘယ်လိုဖြတ်မှာလည်း .. ပြီးတော့ ၀င်္ကပါတွေက ရှိသေးတယ် ကြေးအိုးကြီးရော....'''
အားကွေ့က သူ၏သံဖိနပ်နားတွင် ၀ဲချာ ၀ဲချာလုပ်နေသော ငါးပေါက်စနှစ်ကောင် အား ခြေဖြင့်ရမ်းလိုက်ရင်း ..
''ကိုင်း ..ဟိုမှာ မင်းတို့အဖွဲ့တွေ ပြန်ကုန်ကြပြီ .. သွားချေတော့ ..ပြီးရင် အားလုံးကို ကြေငြာထားလိုက် .. ရှောင်လင်သမိုင်းမှာ အသက်အငယ်ဆုံး တံခါးနီ ကို ဖြတ်မယ့် အားကွေ့ ပေါ်လာပြီလို့ .. ဆွမ်းစားပြီးချိန်မှာ .. ငါ တံခါးနီ မောင်းကို တီးလိုက်တော့မယ် ..မင်းတို့တွေ ကြည့်ချင်ရင် မြန်မြန်လာခဲ့ .. ငါ သိုင်းပညာ တစ်ကွက်မှ မသုံးပဲ တံခါးနီဆောင်ကို ဖြတ်ပြမယ် ... '''
#39 ( အစ၏အဆုံး ..အဆုံး၏အစ )
ခေါင်းတယမ်းယမ်းနှင့်ထွက်သွားကြသော သွားကျိုးနှင့်ဒက်ပေါတို့ကို ကြည့်ကာ အားကွေ့ပြုံးလိုက်ရင်း သံပုံးနှင့်ထမ်းပိုးကို ယူကာ မည်သည့်ရေမှ မခတ်တော့ဘဲ တောင်ပေါ်သို့ပြန်တက်သွားလေ၏...
ကျားဘီလူးဆရာတော်သည် ရေတစ်စက်မှ မပါလာသော အားကွေ့ကို ကြည့်ကာ ကြိမ်းမောင်းမည့်ဟန်ပြင်လျှင် အားကွေ့က...
''' ကိုယ်တော် ကျုပ်ကိုဆူမယ်ပူမယ်တော့မကြံလေနဲ့တော့ .. ခဏနေရင် ကျုပ် တံခါးနီကိုဖြတ်တော့မှာ အဲ့ခါဆိုရင် ရှောင်လင်မှာဆက်နေရင် ကျားနဂါးဘွဲ့ရ ဆရာတော် .. လူဝတ်လဲရင် ရှောင်လင်ရဲ့အဝေးရောက်သိုင်းသမားဖြစ်မှာ .. အဲ့ခါကြ ရင် ကိုယ်တော့်ထက် ကျုပ်ကအဆင့်ပိုသာတော့မှာဗျ...''''
ကျားဘီလူးဆရာတော်သည် အားကွေ့၏ စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်နေရာမှ ..
''''ဟား..ဟား'.ဟား..ဟား.. အားကွေ့တစ်ယောက်တော့ ရေဒါဏ်ကြောင့် ရူးပြီ ဗျို့ .. အဟွတ်အဟွတ် ..ဟားဟားဟားဟား'''
မျက်ရည်များထွက်ကျလုအောင်ရယ်နေသော ကျားဘီလူးဆရာတော်အား အမှုမထားတော့ဘဲ .. သံပုံးနှင့်သံထမ်းပိုးကို ချကာ အားကွေ့တစ်ယောက် ထွက်လာ ခဲ့သည်...
ထို့နောက် ဆွမ်းစားဆောင်တွင် မုန်ညှင်းဖြူကျော်နှင့် ထမင်းဖြူ သုံးလုံးမျှ စားပြီးလျှင် တံခါးနီဆောင်ရှေ့သို့သွားကာ လူတစ်ရပ်စာမျှရှိသော မောင်းကြီးကို အဆက်မပြတ်တီးလေ၏...
''' ဒူ..ဒူ...ဒူ....ဒူ''''
ဆန်းဆက်တောင်တစ်ခွင်လုံး မြည်ဟီးသွားသော မောင်းသံကြောင့် ဆွမ်းစား လက်စ ကိုယ်တော်များပင် အစားအသောက်ရပ်ပြီး တံခါးနီဆောင်သို့ လာရောက် စုရုံးကြလေသည်..
တံခါးနီကို ဖြတ်သန်းမည့်သူသည် ရှောင်လင်၏ သဏ္ဍန်ငါးမျိုးသိုင်း နှင့် ရှောင်လင်၏ လှို့ဝှက်ခုနှစ်ဆယ့် နှစ်ကွက်ထဲမှ တမျိုးကို တတ်ကျွမ်းအောင်မြင် ရမည့်အပြင် .. ၀င်္ကပါပညာနှင့် သမာဓိကို တည်ငြိမ်စွာ ဆောက်တည်နိုင်မှသာလျှင် ကျော်ဖြတ်နိုင်မည်ဖြစ်၏ .. တစ်ခုခုမျှ ချွတ်ချော်သွားရင် ယန္တရားဒါဏ်ကြောင့် လည်းကောင်း .. ကြေးလူရုပ်များကြောင့်လည်းကောင်း .. ဒုက္ခိတဖြစ်နိုင် သေဆုံးနိုင်လေသည်..
ထိုမျှခက်ခဲလှသော တံခါးနီအား ပညာရည်မပြည့်ဝလျှင် ကိုယ့်အသက်နှင့် လောင်းကြေးထပ်၍တော့ မည်သူမျှမိုက်မိုက်မဲမဲစိန်ခေါ်မည်မထင် ..
မိမိကိုယ်မိမိ ယုံကြည်ပြီ သိုင်းပညာရည်ပြည့်ဝပြီ ဖြတ်သန်းနိုင်ပြီ ဟုယူဆ လျှင်မူ ထိုတံခါးနီရှေ့ရှိ မောင်းကြီးကို ထုကာ စိန်ခေါ်နိုင်သည် ..
သို့သော် ထိုမောင်းကို ထု လိုက်သည်နှင့် ပြန်ပြင်နိုင်ရန် မဖြစ်နိုင်တော့ချေ . အသက်အန္တရာယ်များလှသောကြောင့်လည်း ဆယ်နှစ်အတွင်းမည်သူမျှ ထို မောင်း ကြီးကို တီးထု သည်ဟုမကြားဖူးသောကြောင့် အထူးအဆန်းအနေဖြင့် လာရောက် စုဝေးကြခြင်းပင်...
--------- -------- --------- -------
သိုင်းကျမ်းသူခိုးအကြောင်း ဆွေးနွေးနေကြသော ..လောဟန် အဆောင်မှူး .. ပိဋိကတ်အဆောင်မှူးနှင့် စည်းကမ်းထိန်းသိမ်းရေးမှူးတို့သည် မောင်းသံကြားလျှင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားတကြီးဖြင့် အပြင်သို့ ပြေးထွက် လာကြသည်..
သူတို့အံ့အားသင့်သည်မှာ မလွန်ပေ ..စည်းကမ်းထိန်းသိမ်းရေးမှူးလို သိုင်းပညာအဆင့်ဖြင့်ပင်လျှင် ဒုက္ခိတ မဖြစ်ရုံတမယ် ယှဉ်ပြိုင်မှ ထို တံခါးနီအား ဖြတ် သန်းနိုင်မည်ဖြစ်ပြီး ကျန် မည့်သည့် ဂိုဏ်းသားမှ တံခါးနီအား အသက်ရှင်လျှက် ဖြတ်သန်း နိုင်မည်သူတစ်ယောက်မှ မရှိသောကြောင့်ဖြစ်သည်..
သို့နှင့် ဂိုဏ်းသားများ ၀ိုင်းအုံနေသည့်နေရာကို တိုးဝှေ့ကာ ရှေ့သို့ရောက်၍ မောင်းတီးနေသူကိုမြင်လျှင် ..
ပိဋိကတ်ဆရာတော်မှာ ..
''''အားကွေ့ .. မင်းရူးနေတာလား .. အခုချက်ချင်း မောင်းတီးတာရပ်ပြီး ပြန်လာခဲ့ .. ဘယ့်နှယ် မင်းထက်သိုင်းအဆတစ်ရာလောက်တတ်တဲ့ကောင်တွေ တောင် ဒီတံခါးကို မဖြတ်နိုင်လို့ လက်မှိုင်ချထားရတဲ့ဟာ... '''
လောဟန်ဆရာတော်ကမူ ကနဦးတွင် တားဆီးမည့်ဟန်ပြင်လိုက်သော် လည်းစိတ်ထဲမှ တာမောဆောင်မီးလောင်စဉ်မှအဖြစ်အပျက်ကို ပြန်သတိရကာ
'''အင်း... အဲ့ဒီတုန်းက ဒီကောင် ကြမ်းပြင်ပေါ် လဲနေတုန်း ခြေထောက် သွေးကြော ..ပုခုံးသွေးကြောနဲ့ ဆွံ့အသွေးကြော အပိတ်ခံထားရတာ .. လောဟန် အဆောင်ကို ခေါ်လာပြီးသူ့ကိုစစ်မေးနေတဲ့အချိန်မှာ ဆွံ့အသွေးကြောနဲ့ ပုခုံးသွေး ကြောကိုပဲ ငါဖြေပေးရသေးတယ် .. စစ်မေးလို့ပြီးတာနဲ့ ချက်ချင်းဒီကောင် မတ်တပ် ထရပ်လိုက်တယ် .... ပြီးမှ ပြန်ပျော့ခွေသွားတဲ့ပုံစံလုပ်လိုက်တယ် .. ခြေထောက်သွေး ကြောပိတ်ခံထားရတဲ့ သူဟာ ဘယ်နည်းနဲ့မှ ထရပ်နိုင်မှာမဟုတ်ဘူး .. ပြီးတော့ .. ဒီကောင့်ရဲ့ အလုံးအရပ်ဟာ သေသေချာချာကြည့်မှ ငါကလေးဘုန်းကြီးအို လို့ထင် တဲ့ ကောင်နဲ့ တထေရာရောပဲ ... အခုစောင့်ကြည့်လို့ ဒီကောင် တံခါးနီကို ဖြတ်နိုင်ရင် သေချာပေါက်ကလေးဘုန်းကြီးအိုဟန်ဆောင်ပြီး လောဟန်ဝင်္ကပါကို လာခိုး ကြည့်တဲ့ကောင်ပဲ .. အဲ့ခါမှ ငါခုန်းလွန်အကြောင်းကောင်းကောင်းပြရမယ် ..''
ဟုတွေးမိပြီး ပိဋိကတ်ဆရာတော်၏ လက်ကိုဆွဲလိုက်ကာ တိတ်တိတ်နေရန် ခြေဟန်လက်ဟန်ဖြင့် ပြလိုက်ရင်း .. ၀န်းရံနေသူများကို ကြည့်ကာ
''' ကိုင်း .. ရှောင်လင်ရဲ့ နှစ်ပေါင်းများစွာ ချမှတ်လာတဲ့ သမဏိစည်းမျဉ်းအရ ..မောင်းတီးမိလိုက်ပြီဆိုတာနဲ့ ဘယ်လိုနည်းနဲ့မှ ရှောင်လွဲလို့မရတော့ဘူး .. အဲ့ဒီတော့ အခု မောင်းတီးနေတဲ့ ကိုရင်အားကွေ့လည်း .. တံခါးနီအဆောင်ထဲ ကို ၀င်ရတော့မယ် ..သူ့သဘောနဲ့သူ ၀င်တာဖြစ်တဲ့အတွက် .. ဘုန်းကြီးတို့ရဲ့ တာဝန် မဟုတ်ဘူး .. သူ့တာဝန်ကို သူယူရမယ် .. အထဲမှာ ဘယ်လို ဖြစ်ရပ်ဆိုး နဲ့ပဲကြုံ ကြုံ သူ့သမိုင်းသူရေးတာပဲ ...ကဲ အားကွေ့ ..စ၀င်လို့ရပြီ ..'''
ဆရာတော်ခုန်းလွန်၏ ခြင်္သေ့ဟိန်းသံနှင့်ပြောလိုက်သော စကားနှင့်အတူ ..
တံခါးနီသည် '''ဂျိမ်း.. ''ခနဲပွင့်ထွက်သွားသည် ..
အားကွေ့ကတော့ ခပ်တည်တည်နှင့်ပင် အဆောင်ထဲသို့ ၀င်ရောက်ကာ သွား၏ ... အားကွေ့ဝင်ပြီးသည်နှင့်တံခါးမှာလည်း ''ဂျိမ်း ''ကနဲ ပြန်ပိတ်သွား လေသည်...
လောဟန်အဆောင်မှူး.သည် ပိဋိကတ်အဆောင်မှူးနှင့် စည်းကမ်းထိန်းသိမ်း ရေးမှူးကို ခေါ်ကာ နဘေးကပ်ရက်ရှိ ကျောက်ဖြင့် ပြုလုပ်ထားသော အဆောင်သို့ ၀င်သွားလိုက်သည် ..
ထိုအဆောင်ထဲတွင် အလင်းရောင်မှိန်မှိန်လေးသာရှိပြီး တခန်းလုံး စက်သွားများ ရစ်ဘီးများ သံကြိုးများပြည့်နေသည် ...
လည်းဘီးခန့်ရှိသော သံဒလက်ကြီးကို ကြေးနီရောင် အသားအရေပေါက်နေ သော လူဆယ့်ရှစ်ယောက်က ၀ိုင်းလည့်နေကြ၏ .. ..
ထိုအခန်းထဲမှ တံခါးနီအဆောင်ထဲသို့ တိုက်ရိုက်တွေ့မြင်နိုင်စေရန် .. နံရံ တစ်လျှောက်တွင် အပေါက်ငယ်များ ဖောက်ထားသည် .. အပေါ်စီးမှ မိုးကြည့်နိုင်ရန် ပြုလုပ်ထားသည်မို့ .. အထဲမှအားကွေ့အား ထင်ရှားစွာ တွေ့မြင်နေရသည် ..
အားကွေ့သည် တံခါးနီအဆောင်တွင် နှစ်နှစ်နီးပါးမျှ နေထိုင်လာခဲ့ကာ တံခါးနီ အဆောင်မှူးနှင့်အတူ ယန္တရားများ ပြုပြင်ခဲ့ဖူးသောကြောင့် ဘယ်နေရာတွင် ဘာ ရှိသည် ဆိုသည်ကို မျက်စိတ်မှိတ်၍ပင်ပြောနိုင်သည်..(#27 တွင် ရိပ်ဖန်းသံဖန်းမျှ ဖော်ပြခဲ့ပြီးဖြစ်သည် ...စကားချပ်) လောဟန်အဆောင်မှူး ဆရာတော်တို့ တဖက်ခန်း ထဲမှ ကြည့်နေမည်ကို အတပ်သိသောကြောင့် ..
'''ရွှီ..ရွှီ...ရွှီ.. ရွှီရွှီရွှီ''''
လေလေးတစ်ချွန်ချွန်နှင့် အပေါက်စပ်ဝတွင် လမ်းသလားနေသည် .. .. ကွမ်းတရာညှက်ခန့်အကြာတွင်
စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်သည် အမြင်ကတ်ဖွယ်ရာ လုပ်နေသော အားကွေ့အား ကြည့်မရတော့သောကြောင့်
''ဆရာတော် .. သစ်သားရုပ်တွေ လွတ်လိုက်တော့လေ.. ဒီကောင်လုပ်နေပုံကို ကြည့်ပါအုံး ပမာမခန့်နဲ့ ..'''
လောဟန်ဆရာတော်က အားကွေ့၏လှုပ်ရှားပုံအားမျက်တောင်မခတ် စိုက်ကြည်နေပြီး ..
''သူရပ်နေတဲ့နေရာက သစ်သားရုပ်တွေမရောက်နိုင်တဲ့နေရာ .. ဒါကြောင့်မို့ သူစိတ်ချလက်ချလမ်းသလားနေတာပေါ့ .. ကိစ္စမရှိဘူး အမွှေးတိုင်အိုးထဲက အမွှေးတိုင်ကုန်သွားရင် သူရှုံးသွားမှာပဲ .. ကြည့်ရတာ ဒီကောင်လှုပ်ရှားတော့မယ် ထင်တယ်ဟေ့ ..''
အားကွေ့သည် အချိန်ကြာကြာဆွဲနေ၍မဖြစ်ဟုသဘောပေါက်သောကြောင့် .. သူ၏လှုပ်ရှားမှုကို စတင်လိုက်သည် ..
သူသာသိုင်းပညာသုံး၍ ဖြတ်မည်ဆိုလျှင် တံခါးနီကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်သော်လည်း .. အကယ်၍သူသိုင်းတတ်သွားမှန်းသာ သိလျှင် ဆရာတော် ခုန်းလွန်၏ လက်ချက်မိသွားနိုင်သဖြင့် သိုင်းပညာအသုံးမပြုဘဲ ရအောင် ဖြတ်သန်း ရမည်ဖြစ်သည်..
ပထမဦးဆုံး အနေဖြင့် သစ်သားရုပ်များ ရွေ့လျားနေရာ ဧရိယာ ထဲသို့. ခြေတလှမ်းချလိုက်သည် .. အရုပ်ငါးဆယ်မျှ ရှိသောသစ်သား ရုပ်တို့သည် အသက်ဝင်လာ သည့်နှယ် အားကွေ့ ၏ ခြေထောက်ချရာနေရာကို စိစိညက်ညက်ချေ တော့မတတ် လာရောက်ထိုးနှက်လိုက်ကြသည် ..
သို့သော် ခြေတစ်လှမ်းသာ ၀င်ထားသော ကြောင့် ပုံမှန်အတိုင်း ပြန် ရုပ်လိုက်သည်နှင့် သစ်သားရုပ်များလက်ချက်မှ လွတ်သွား၏ ..
တကယ်တော့ ..ထိုသစ်သားရုပ်များ၏ အောက်ခြေကြမ်းပြင်သည် မြောင်းလေးသဖွယ် ထူးဖော်ထားပြီး သစ်သားရုပ်အား သံကြိုးများ စက်သွားများဖြင့် ချိတ်ဆက်ထားကာ တဖက်ခန်းထဲမှ လည်းဘီးသဖွယ် ဒလက်ကြီးကို လည့်လိုက်လျှင် သစ်သား ခြေလက်များအရှင် တပ်ဆင်ထားသော အနှီအရုပ်တို့ သည် တခန်းလုံးအနှံ့ ခြေလက်များကို ယမ်းကာ မြောင်းဖော်ထားသည့်လမ်းလေးအတိုင်းလည့်ပတ် သွားနေသည့် သဘောတရားပင်..
သို့သော်တီထွင်ထားသူ၏ တိကျမှုကြောင့် သစ်သားရုပ်တစ်ရုပ်လျှုင် လမ်းကြောင်း တစ်ခုဖြစ်ကာ ခြေလက်များရမ်းဟန်မှာလည်း တစ်ရုပ်လျှင် လေးမျိုးတိတိရှိ၏ .. အရုပ်ငါးဆယ်ရှိ၍ သိုင်းကွက်ပေါင်း နှစ်ရာတိတိ ၏ တိုက်ခိုက် ခြင်းကို ခံရမည် ဖြစ်သည် ..
အားကွေ့ သည် သားသားရုပ်များ၏ လျှောက်လမ်း ကို သေသေချာချာ မှတ်ထားပြီးနောက် တိုးတိုးလေးရယ်လိုက်ကာ ..
'''ဟားဟားဟားဟား .. တီထွင်တဲ့သူကတော့ ဒီလမ်းကြောင်းကို အသုံးပြုဖို့ ဘယ်လောက်ခေါင်းရှုပ်လိမ့်မလဲမသိဘူး ..စုံကိန်း မကိန်း လျှောက်လမ်း နဲ့ ပါကွ ၀င်္ကပါပုံစံခင်းထားတော့ ဖျက်ဆီးဖို့ကတော့ ငါ့အတွက် လွယ်လွယ်လေးပဲ ..''''
ဟုဆိုပြီးနောက် အဆောင်တွင်း ထွန်းညှိထားသော ဆီမီးတိုင်တစ်ခုကို ဖြုတ် ကာ မီးငြိမ်းသတ်လိုက်ပြီး နှစ်ပိုင်းရိုက်ချိုးလိုက်၏ ..
ပြီးနောက် .. လှုပ်ရှားနေသော ရှစ်ရုပ်မြောက်ရုပ်ထု၏ အောက်ခြေမြောင်းထဲ သို့ဝင်အောင် ပစ်ထည့်လိုက်သည် ...
'''' ထန်း .. ကရစ် ..ကရစ် .. '''
လျှောက်လမ်းပေါ်တွင် သစ်သားချောင်းကန့်လန့် ခံထားသောကြောင့် ထိုရှစ်ရုပ်မြောက် ရုပ်ထုသည် ထစ်သွားပြီး ရှေ့မဆက်တော့သဖြင့် .. တစ်ဆယ် ရုပ်မြောက် ရုပ်ထုသည် ရှစ်ရုပ်မြောက် ရုပ်ထုအား အရှိုန် ပြင်းပြင်းဖြင့် ၀င်ဆောင့်မိပြီး .. တစ်ရုပ်နှင့် တစ်ရုပ် ချိတ်ဆက်ထားသော သံကြိုးများ ပြတ်တောက် လဲပြိုသွားလေသည်..
ထိုနှစ်ရုပ် ပျက်သွားသည်နှင့် ဘယ်ဘက်တစ်ခြမ်းရှိ အရုပ်များသည် တစ်ရုပ်နှင့် တစ်ရုပ်လမ်းကြောင်းများ ပြောင်းသွားကာ အခြင်းခြင်း ထုနှက်ကုန်ကြ၏.. သစ်သားရုပ်များ အခြင်းခြင်း ထိခိုက်မိသဖြင့် ဘယ်ဘက်ခြမ်းရှိ အရုပ် နှစ်ဆယ့်ငါးရုပ် စလုံး သစ်သားပုံကြီးဖြစ်သွားလေသည် ..
ညာဘက်ခြမ်းမှ အရုပ်များသာ အကောင်းပကတိအတိုင်း ကျန်တော့သည် ..
တဖက်ခန်းရှိလောဟန်အဆောင်မှူးဆရာတော်သည် ဘယ်ဘက်ခြမ်းရှိ သစ်သားရုပ်များ ပျက်သွားသည်နှင့် .. သံဒလက်ကြီးကို လှည့်နေသော ကြေး လူရုပ် ဆယ်ရှစ်ယောက်အား အချက်ပြလိုက်သည် ..
ထိုဆယ့်ရှစ်ယောက်သည် အချက်ပြလိုက်သည်နှင့် တပြိုက်နက် သံဒလက် ကို လွတ်ကာ အားကွေ့ရှိရာ အခန်းတွင်းသို့ ၀င်ရန် ဘေးတံခါးကို တွန်း ဖွင့်လိုက် သည် .. ကျောက်ချပ်ကြီးဖြင့် ပြုလုပ်ထားသော ထိုတံခါး ကြီးသည် ပွင့်ဖို့ ဝေးစွ တုတ်တုတ်မှမလုပ်ပေ..
အားကွေ့သည် အရုပ်များရပ်သွားသည်နှင့် လမ်းတစ်လျှောက်ပြေးသွားကာ အခန်းအလည်တည့်တည့်တွင်ရှိသော ကျောက်တံခါးကြီး၏ အောက်ခြေတွင် လက်ထဲ တွင်ကျန်သေးသောဆီမီးတိုင်အကျိုးတစ်ချောင်းဖြင့် စို့ရိုက်သကဲ့သို့ သပ်လျှိုထဲ့ ထားသောကြောင့် မည်သို့မျှတွန်းဖွင့်၍ မဖွင့်ပေ..
''ဖုန်း....ဖုန်း..ဖုန်း..ဖုန်း''
ကြေးလူရုပ်များသည် အတွင်းအားသုံး၍ ရှိသမျှအားကုန်ရိုက်ဖွင့်သော်လည်း ဆယ်လက်မမျှထူသော ကျောက်ထုကြီးကြောင့် ပွင့်ထွက်မသွား...
အားကွေ့သည် ထုရိုက်သံများကြောင့် တစ်ဟီးဟီး ရယ်လိုက်ရင်း စိတ်ထဲတွင်လည်း ..
''တော်တော် အ တဲ့သူတွေ ..တံခါးဆို တံခါးကို ပဲမဲထုနေကြ တယ်... တံခါးကဖြင့် ကျောက်ထု က အထူကြီး သံဘောင်က ထိန်းထားသေးတယ် နံရံ ကိုသာ ထု ချိုးလိုက်ရင် နှစ်ချက်မထုရဘူး ပွင့်ထွက်သွားမှာ... ဉာဏ်တုံးတွေ ..ဟော ..ဟိုမှာ ကျားနဂါးကြေး အမွေးတိုင်အိုးကြီး ...'''
အမွေးတိုင်အိုးနှင့် သစ်သားယန္ထရားအခန်းမှ ခြေလှမ်း အလှမ်းနှစ်ဆယ်စာမျှ သာဝေး၏..
လောဟန်အဆောင်မှူးဆရာတော်သည် ကျောက်တံခါးအား သူရိုက်ဖွင့် လျှင် ပွင့်မည်ကို သိသော်လည်း .. အစဉ်အဆက်စည်းမျဉ်းများအရ သူနှင့်မဆိုင်၍ .. အားကွေ့၏ လှုပ်ရှားမှုကို သာကြည့်နေတော့သည်.. စိတ်ထဲတွင်တော့ အားကွေ့ ၏ ကလိမ်ကကျစ်ဉာဏ်ကို ချီးလည်းချီးကျူး ခံလည်းခံပြင်းနေမိ၏...
'''တကယ့်မြေခွေးလိုကောင်ပဲ ဉာဏ်ကောင်းတဲ့လူတွေ ငါအတော်များများ တွေ့ဖူးတယ် ဒါပေမယ့် သူ့လောက် ဖြတ်ထိုးဉာဏ်ကောင်းပြီး သွေးအေးတဲ့ လူမျိုး တော့ ဒီတစ်ခါပဲတွေ့ဖူးသေးတယ် ..ဒီကောင် အတွင်းအားမသုံးဘဲ အချိန်တစ်ရာ လောက်လေးတဲ့ မီးလိုပူနေတဲ့ ကြေးအိုးကြီးကို ဘယ်လို ဉာဏ်နီဉာဏ်နက် သုံးပြီး ဘယ်လိုရွေ့မလဲဆိုတာ ငါစောင့်ကြည့်လိုက်အုံးမယ် .. '''
တံခါးနီထွက်ပေါက်၏ အ၀ကို လူတရပ်စာမျှရှိသော သုံးချောင်းထောက် ကြေးအိုးကြီးဖြင့် ပိတ်ဆို့ထားသည် ..အပေါ်ဖက်တွင် သံချွန်များတပ်ဆင်ထားသော တန်းများ ကာထားသောကြောင့် ခုန် ကျော်သွားဖို့ရန်မဖြစ်နိုင်ပေ ... ထို့ကြောင့် ဤ တံခါးနီကို ဖြတ်သန်းသူ မှန်သမျှသည် လက်နှစ်ဘက်ဖြင့် ပွေ့ချီကာ မ ရွှေ့ရလေ သည် .. မီးတမျှပူကျက်နေသည် အမွေးတိုင်အိုး၏ နဘေးတွင် ကျား နှင့် နဂါးပုံ ဖောင်း ကြွ ကနုတ်ထိုးထားရာ .လက်နှစ်ဖက်ဖြင့် ပွေ့လိုက်သည်နှင့် လက်ဖျံ အတွင်း သား ပေါ်တွင် မီးပူတံဆိပ်ခတ်နိုပ်ပြီးသား ဖြစ်သွား၏ ..
ထိုအခါတွင်မှ ထိုသူအား ကျားနဂါးဘွဲ့ရသည်ဟု ဆိုလေသည်..
သိုင်းပညာအသုံးမပြုသော အားကွေ့အတွက်မူ ထိုပူကျက်လေးလံနေသော အမွေးတိုင်အိုးကြီးမှာ မီးခိုးများ တလူလူထလျှက် ပြောင်ပြနေသည့် အသွင်ပင်...
#40 ( အစ၏အဆုံး ..အဆုံး၏အစ )
အားကွေ့သည် ခေါင်းတစ်ချက်ကုတ်လိုက်ပြီး ကြေးအိုးကြီးရှိရာ လှေကား ထစ်သို့ တက်သွားလိုက်သည်... သမံရိုးကိုင်ထား၍ ပြောင်ချောနေသော အုတ်ခုံ ပေါ်ဝယ်တင်ထားသောကြောင့် အမြင့်သည် လူတစ်ရပ်စာမျှပင်မကချေ..
အားကွေ့သည် အိုးအားသေသေချာချာ ကြည့်ကာ အားနည်းချက်ကိုရှာဖွေ သော်လည်း ''မ'' ရွှေ့ရုံမှတပါး မည်သည့်မှ မတွေ့ရသည်နှင့် ထိုင်ချလိုက်ကာ အောက်ချေသို့ စစ်ဆေးကြည့်လိုက်၏...
လူကြီးလက်ကောက်ဝတ်ခန့် လုံးပတ်ရှိပြီး အမြင့် တစ်ပေနီးပါးခန့် ရှိသော သုံးချောင်းထောက် ကြေးအိုးခြေထောက်မှာ လူတစ်ယောက်ကိုးကိုးကပ်ကပ် ၀င်မည်ဆို ဖြစ်နိုင်သော်လည်း ရဲရဲတောက်နေသော အပူရှိန်ကြောင့် ကျောတစ်ပြင်လုံး အရေခွံကျွတ်သွားနိုင်သဖြင့် ထိုအကြံအစည်မှာလည်း သိပ်မလွယ်ကူလှပေ...
အားကွေ့သည် ဆင်ပြောင်ကြီးအမှီး ကမှ တစ် ဟူသည့် စကားအတိုင်း ဖြစ်နေသဖြင့် ..
''' အင်း .. မ ရွှေ့လိုက်မယ်ဆိုရင် အတွင်းအား သုံးရတော့မယ် .. ခုန်ကျော် ၀င်ရင်လည်း အပေါ်က သံချွန်တွေနဲ့ .. ဘယ်လိုလုပ်ရပါ့.. ''
အားကွေ့သည် ထိုကြေးအိုးကြီးအား အထပ်ထပ်အခါခါ ကြည့်ပြီးမှ ခေါင်းထဲ တွင်အကြံအစည်တစ်ခုပေါ်လာသည်နှင့် သစ်သားယန္တရားအပျက်ပုံကြားမှ သစ်သား ကိုယ်လုံးတစ်ခုကို ဖြုတ်ယူလိုက်သည်..
ရှစ်လက်မ ပတ်လည်ရှိသော သစ်အမာစားဖြင့်ပြုလုပ်ထားသောကြောင့် အလေးချိန်စီးကာသံချောင်း တစ်ချောင်းလောက်နီးနီး ခိုင်ခံလှသော်လည်း ကြေးအိုးအားရိုက်ခွဲရန်တော့ မည်သို့ မျှမဖြစ်နိုင်ပါ....
သို့သော် အားကွေ့မှာ ကြေးအိုးကြီးအား ရိုက်မခွဲပေ .. ကြေးအိုးတင်ထား ရာ လှေကားထစ်အား တစ်ဒိုင်းဒိုင်းနှင့် ဆောင့်ထုနေလေသည်...
လောဟန်အဆောင်မှူးဆရာတော်သည် ထိုအခါမှ အားကွေ့ ၏ အကြံစည်ကို
သဘောပေါက်လေတော့၏...
'''ဒီကိုရင်ရဲ့ တစ်ကိုယ်လုံးဉာဏ်ချည်းပဲပါလား ..လှေကားထစ်သာ ပြိုသွားရင် သုံးချောင်းထောက်ကြေးအိုးကြီးဟာ ဟန်ချက်ပျက်ရင်ပျက် မပျက်ရင် လဲ သွားမှာပဲ ... '''
''' ဒုန်း....ဒုန်း ..ဒုန်း'''
အားကွေ့သည် နောက်ဆုံးသုံးချက်မျှ သစ်သားတုံးကြီးဖြင့် ထုချလိုက် လျှင်
လှေကားထစ်ကြီးပဲ့ကျသွားကာ '''ဂျစ်..ဂျစ်'' ဟူသောအသံနှင့် ကြေးအိုးကြီးမှာ စောင်းကျ လာလေသည် ..
ထိုသို့စောင်းသွားသဖြင့် လူတကိုယ်စာဝင်သာရုံမျှ အကျယ်အ၀န်းပေါ်လာ ရာ အားကွေ့လည်း မတုံ့မဆိုင်းပင် ထိုနေရာမှ ထွက်သွားလိုက်၏ ..
တဖက်အပေါက်ဝမှ စောင့်ဆိုင်းနေကြသော ပရိတ်သတ်အပေါင်းသည် မည်သည့်ဒါဏ်ရာအနာတမျှမရှိ .. ဘာသိုင်းပညာမှ မသုံးဘဲ ထွက်လာသော အားကွေ့အားကြည့်ကာ အိမ်မက်လေလား ၀ိုးတ၀ါးဖြစ်ကုန်ကြသည်...
ဆရာတော်ခုန်းလွန်သည် အားကွေ့ တံခါးအားဖြတ်သန်းသွားသည်နှင့် ကြေးလူရုပ်များအား ရှောင်ဖယ်ခိုင်းကာ ကျောက်တံခါးကြီးကို လက်ဝါးဖြင့် ရိုက် လိုက်၏ ...
''' ၀ုန်း..'''
ဟူသော အသံနှင့် ကျောက်တံခါးကြီးလဲပြိုသွားပြီးသည့်နောက် ဆရာတော်သည် ကြေးအိုးကြီးအား လက်ဖြင့် မ ရွှေ့ကာ အားကွေ့နည်းတူ အပြင် သို့ ထွက်လာသည်...
ထို့နောက် အားကွေ့နှင့် ရှောင်လင်ဂိုဏ်းသားများအား ကြည့်ကာ ...
'''ဒီဆယ်နှစ်အတွင်းမှ ပထမဦးဆုံး တံခါးနီကို ဖြတ်သန်းနိုင်တဲ့သူပေါ်လာလို့
ဝမ်းမြောက်ဝမ်းသာ စရာကိစ္စပေမယ့် .. ဘုန်းကြီးကတော့ ဒီအဖြစ်အပျက်ကို ဂုဏ်မယူနိုင်ဘူး ..ဘာလို့လဲဆိုတော့ ဘုန်းကြီးတို့ရဲ့ ဆရာဘိုးဘေး တွေက ဒီတံခါးနီ အဆောင်ကို အလကားသက်သက်တည်ဆောက်ခဲ့တာမဟုတ်ဘူး .. မိမိရဲ့သိုင်းပညာ အဆင့်အတန်း ကိုမှတ်ကျောက်တင်ချင်တဲ့ ဂိုဏ်းသားတွေအတွက် တည်ဆောက်ထားခဲ့တာ .. ဒီအဆောင်ကိုဖြတ်သန်းနိုင်တဲ့ ဂိုဏ်းသားမှန်သမျှကို ရှောင်လင်ရဲ့ ထိပ်တန်းသိုင်းသမားအဖြစ် တလောကလုံးက အသိအမှတ်ပြု ချီးကျူး ဂုဏ်ယူကြတယ် .. လုံလောက်တဲ့သိုင်းပညာရှင်လို့ သတ်မှတ်ထားတာမို့ ရှောင်လင်ရဲ့ ပြင်ပသိုင်းလောကကို အချိန်မရွေးဝင်ထွက်သွားလာခွင့်လည်းရှိသကွဲ့ .. ဒီလောက်အစဉ်အလာကြီးပြီး သိုင်းလောကတစ်ခုလုံးလေးစားကြတဲ့ တံခါးနီအဆောင် ကို အခုတော့ ကိုရင်အားကွေ့က သိုင်းပညာ တစ်ကွက်မှမသုံးဘဲ ဉာဏ်ကူပြီး ဖြတ်သန်းသွားတယ်.. သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေမယ့် .. အဆောင်ရဲ့ မူလ ရည်ရွယ်ချက်နဲ့ သွေဖီနေတဲ့အတွက် ..အားကွေ့ကို ကျားနဂါး အဆင့်ရ ကိုယ်တော်အဖြစ်လုံးဝအသိအမှတ်မပြုနိုင်ပါဘူး ...''''
ဆရာတော်ခုန်းလွန်၏ စကားကြောင့် ကိုရင်ငယ်များ ..ကိုရင်ကြီးများ .. ဘုန်းတော်ကြီးများသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ တွတ်ထိုးတွတ်ထိုး သဖန်းပိုးဖြစ်ကုန်ကြ၏ ...
ဆရာတော်က စကားစမပြတ်သေးသည့်နှယ် ဆူညံနေသော ပရိတ်သတ် အပေါင်းကို လက်ကာ ပြလိုက်ရင်း...
''ဘုန်းကြီးရဲ့ စကားမဆုံးသေးဘူးကွယ့် .. ''
ထိုစကားကြောင့် ဆူညံနေသောအသံများ ပြန်လည်တိတ်ဆိတ်သွား၏ ..
''' အခု ကိုရင်အားကွေ့ရဲ့ ဉာဏ်နီဉာဏ်နက်ကြောင့် တံခါးနီအဆောင်မှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုကြီးတွေဖြစ်ကုန်တယ် .. ယန္တရားသစ်သားရုပ် နှစ်ဆယ့်ငါးရုပ် လုံးရစရာမရှိအောင်ပျက်စီးသွားပြီး .. ဆက်စပ် ယန္တရား ကိရိယာတွေ သံကြိုးနဲ့ စက်သွားတွေ ပါပျက်ကုန်တယ် ပြီးတော့ ကျောက်တံခါးမကြီးတစ်ချပ်နဲ့ .. အခုဆို ဒီလှေကားထစ်ပါ ယိုယွင်းသွားတယ် .. ရှေးဟောင်းအမွေနှစ်ပစ္စည်းအနေနဲ့ တန်ဖိုး ကြီးမားသလို ဂုဏ်သိက္ခာအရပါ ဆုံးရှုံးမှုရှိသကွဲ့ .. ဒီသတင်းကို ကြားရင် ရှောင်လင်ရဲ့ တံခါးနီဟာ အလကား.. သိုင်းပညာမတတ်တဲ့ ဆယ်ကျော်သက်ကောင် တောင် ဖြတ်လို့ရသတဲ့ဆိုပြီး အများကရယ်ဖွဲ့ ဖွဲ့ကြလိမ့်မယ် .. ဒီတော့ အခု အဖြစ်အပျက်များရဲ့ တရားခံ ကိုရင် အားကွေ့ကို ရှောင်လင်မှာ ဆက်ထားသင့် မထားသင့်ဆိုတာ ဘုန်းကြီးရယ် .. ပိဋိကတ်အဆောင်မှူးဆရာတော်ရယ် ..စည်းကမ်း ထိန်းသိမ်းရေးမှူးဆရာတော်ရယ် .. တိုင်ပင်ဆွေးနွေးမှ ဖြစ်တော့မယ် .. ''''
စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်မှာ နဂိုကတည်းက အားကွေ့အား ကြည့်မရသူဖြစ်သဖြင့် ..
''ဆရာတော်ခုန်းလွန်ဘုရား ကျွန်တော်ကတော့ ကိုရင်အားကွေ့ကို ရှောင်လင် မှာ ဆက်မထားတဲ့ဖက်ကပဲ ထောက်ခံပါရစေ..'''
ပိဋိကတ်အဆောင်မှူးဆရာတော်မှာ အားကွေ့အား သဘောကျသော်လည်း .. အရွယ်နှင့်မလိုက်အောင်ဉာဏ်များလှသော ကိုရင်ဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ ရှောင်လင်နှင့် မအပ်စပ်ဟု အတွေးဝင်လာသည်နှင့် ..
'' ဆရာတော်ခုန်းလွန်သဘောအအတိုင်းတာဆုံးဖြတ်ပါ ..ကိုယ်တော်ကတော့ ဘာမှမဆိုချင်ဘူး ..'''
ဆရာတော်ခုန်းလွန်က ထိုအဖြေနှစ်ခုကြောင့် ...
'''ကောင်းပြီဒါဆိုရင် အခုချိန်ကစပြီး ကိုရင်အားကွေ့ကို ရှောင်လင်ဂိုဏ်းသား အဖြစ်ကထုတ်ပယ်တယ် .. ဒါပေမယ့် ရှောင်လင်ရဲ့ အရိပ်အာဝါသမှာ ခိုလုံဖူးတဲ့ လူ ဖြစ်တာကတစ်ကြောင်း .. အခြားဘယ်နေရာကိုမှ သွားစရာအိမ်ယာမရှိတာက တစ်ကြောင်း ..ငယ်ရွယ်သေးတဲ့သူ ဖြစ်တာကတစ်ကြောင်း .. အကယ်၍ ရှောင်လင် မှာ ဆက်နေချင်သေးတယ်ဆိုရင် စားဖိုဆောင်မှာ အောက်ခြေသိမ်း အလုပ်သမား အဖြစ်နေနိုင်တယ် .. ထွက်ချင်သပဆိုရင် ကြိုက်တဲ့အချိန်မှာ ထွက်နိုင်တယ်''''
အားကွေ့သည် ဆရာတော်ခုန်းလွန်၏စကားကြောင့် ပီတိဖြစ်သွားသော်လည်း မျက်နှာကမူ ထိုစကားကြောင့် အလွန်တရာစိတ်ထိခိုက်နေသည့်အသွင် ဟန်ဆောင် ထားကာ အသံတိမ်တိမ်နှင့် ...
'''' တခြားပြစ်ဒါဏ်ပေးလို့မရဘူးလားဘုရား ..''''
ဆရာတော်က ခေါင်းခါယမ်းလိုက်ပြီး ..
''မရတော့ဘူးကွယ့် ..အခုတစ်ရက်နှစ်ရက်အတွင်း မင်းရဲ့ရှေ့ရေးကို သာ စဉ်းစားထားပေတော့ ..ပြီးတော့ ရှောင်လင်ကနေထွက်လိုက်ပြီဆိုတာနဲ့ မင်းနဲ့ ဘုန်းကြီးတို့ရဲ့ ဆက်ဆံရေးက တခန်းရပ်ပြီကွဲ့ ..''
ဟုပြောပြီးလျှင် ပရိတ်သတ်ဖက်လည့်ကာ ..
''.ကိုင်း ..ကိုင်း ..ကိုယ်တော်တို့ ကိုယ့်အဆောင်ကိုယ်ပြန်ကြတော့ .. အားကွေ့မင်းလည်း ဘာလုပ်မယ်ဆိုတာ အခုကတည်းကစဉ်းစားထား သွားတော့ ..''
'
ဆရာတော်ခုန်းလွန်၏ စကားဆုံးသည်နှင့် အားကွေ့အပါအ၀င် ကိုရင်များ ဘုန်းကြီးများ အလျှိုလျှိုထွက်ခွာသွားကြသဖြင့် အနီရောင် တံခါးမကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့၏.....
=====+++======++++=======+++====
သိုင်းလောကမဟာမိတ်အဖွဲ့အစည်းကြီးအောင်မြင်စွာ ဖွဲ့စည်းပြီးသည့်နောက် တွင် ယွဲ့ .. မုယုံ... နန်းကုန်း..၀ါစန်း ..ချင်ချန်း နှင့်ကောင်းတုံဂိုဏ်းတို့၏ သိုင်းလောက အတွင်း အရေးပါမှုသည်ယခင်ကထက် အဆများစွာပိုကြီးလာတော့၏ ..
မီးလျှံများတောင်လောင်နေသည့်ကြားမှ ပျံသန်းလာသော အနီရောင်ဇာမဏီငှက်ပုံ
သည် သုံးဖွဲ့သုံးဂိုဏ်းမဟာမိတ်အဖွဲ့အစည်း၏ တံဆိပ်အမှတ်အသားဖြစ်သည် ..
ပထမ မဲလိပ်ပိုင်ရှင်နန်းကုန်းဖု၏ ဦးဆောင်မှုနောက်တွင် ကျန်ငါးဖွဲ့က လိုက်ပါ လျှက် ဖွဲ့စည်းပြီး ငါးလအတွင်း သိုင်းလောကအရေးအခင်း တစ်ရာခုနှစ်ဆယ့် ငါးမှု တိတိကို ရှင်းလင်းပေးပြီးဖြစ်သည် ..
အာမခံဌာနများအခြင်းခြင်း နယ်မြေခွဲခြမ်း မှုများ သိုင်းသင်တန်းကျောင်းများ အခြင်းခြင်းအားပြိုင်မှုများ ..ရန်စကျူးကျော်မှုများ .. အငယ်စားသိုင်းဂိုဏ်းတို့၏ ပိုင်ဆိုင်မှု သတ်မှတ်ချက်များ.. သိုင်းပြိုင်ပွဲများ၏ မသမာမှု များ .. အစရှိသော ပြသနာများအားသမာသမတ်မျှတအောင် ရှင်းလင်းပေးနိုင်ခဲ့သဖြင့် ထိုဇာမဏီငှက် အမှတ်တံဆိပ်သည် ယခုလက်ရှိတွင် တိုင်းဌာနေအသီးသီး၌ အောင်လံ တလူလူ စိုက်ထူထားနိုင်သည်နှင့်အမျှ ဂိုဏ်းသား ဂိုဏ်းဝင်များလည်း များပြားလာခဲ့၏ ..
နန်းကုန်းအိမ်တော်၏ပုံရိပ် ..နန်းကုန်းဖု၏ပုံရိပ်မှာ လည်း တရိပ်ရိပ်နှင့် ထိုးထက်လာခဲ့တော့သည်...
ထိုမဟာမိတ်အဖွဲ့အစည်းကြောင့် သိုင်းလောကကြီးမှာ ငြိမ်သက်နေသဖြင့် သိုင်းဂိုဏ်းအငယ်များ သိုင်းသင်တန်းကျောင်းများ .. ..အာမခံဌာနလုပ်ငန်းများလည်း မိုးဦးကျမှိုကဲ့သို့ အလျှိုလျှိုပေါက်ဖွားလာကြသည်...
ထိုထဲတွင် ထူးခြားသော အာမခံဌာနသည်လည်း အပါအ၀င်ဖြစ်သည် .. ထိုအာမခံဌာန၏ ပထမထူးခြားချက်မှာ .. ၀ူပေမြို့ရှိယခင်မိုးကြိုးအာမခံဌာနဟောင်း၏ နေရာအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ..ဒုတိယထူးခြားချက်မှာ အာမခံ အဖွဲ့သားများထဲတွင် မိန်းကလေးအများအပြားပါရှိခြင်းနှင့် တတိယထူး ခြားချက်မှာ ဌာနပိုင်ရှင်၏ရုပ်သွင်ဖြစ်သည် ... ဖားပြုတ်ကဲ့သို့အဆင်းသဏ္ဍန်ရှိသော အကြင်သူ သည် ယာဘက်လက်တစ်ဖက်သာရှိ၏ .. ထို့ပြင်သူ၏ လက်ထောက်ဖြစ်သူမှာလည်း ၀ဲဘက်လက်တစ်သာရှိသောလူရွယ်တစ်ယောက်ဖြစ်နေသေး၏..
ပန်းနီနီဟု အမည်ပေးထားသော ထိုအာမခံဌာနသည် လွန်စွာကြီးကျယ်လှ သော အဖွဲ့အစည်းဖြစ်ရာ .. စတည်ထောင်သည်နှင့် ဌာနခွဲအများအပြား ဖွဲ့စည်း နိုင်ခြင်းမှာလည်း ထူးခြားသော အချက်တချက်ပင်...
သို့သော်လည်း ပုံပန်းရုပ်သွင်ဆိုးသော်လည်း အပြောအဆိုချိုသာသော အနှီအာမခံ ပိုင်ရှင်၏ဖော်ရွေမှု .. ပျောက်ရှမှုကင်းသော တိကျသည့် ၀န်ဆောင်မှု အစရှိသည်တို့ ကြောင့် အချိန်တိုတိုအတွင်းမှာပင် အလယ်ပိုင်းတွင် တတိယမြောက် အကြီးဆုံး အာမခံအဖွဲ့အစည်းဖြစ်ရပ်တည်လာနိုင်ခဲ့၏....
ပန်းနီနီအာမခံဌာနသည်လည်း .. မဟာမိတ်အဖွဲ့အစည်းကဲ့သို့ပင် တိုးပွားစည်ပင်လျှင်ရှိလေတော့သည်..
သို့နှင့် အချိန်များကျော်လွန်လာသည်နှင့်အမျှ ကြီးမားကျယ်ပြန့်လာသော အဖွဲ့အစည်းနှစ်ခု၏ အထိမ်းမှတ်ဖြစ်သည့် ပန်းနီနီနှင့် ဇာမဏီငှက်အနီရောင်တို့ကို နေရာအနှံ့တွင် တွေ့ရှိနိုင်လေ၏ ..
===++===++=====+++====+++====++====
ရဲရဲနီနေသည့် ၀င်ခါနီး နေမင်းကြီးအားကြည့်ရင်း လွတ်လပ်ခြင်း အရသာကို အားကွေ့တစ်ယောက်ခံစားနေရသည် ..
သံဝေဂဂူတွင် လာရောက်နေထိုင်နေသည်မှာ ယခုနှင့်ဆို နှစ်နှစ်ကျော်ပြီ ဖြစ်သော အားကွေ့သည် ညနေချိန်ရောက်တိုင်း ယခုကဲ့သို့ ၀င်ခါနီးနေမင်းကြီးကို လာရောက် ကြည့်ရှုနေမြဲ ..လွတ်လပ်ခြင်းအရသာကို နေ့စဉ်နေ့တိုင်းခံစားမြဲပင် ..
အားကွေ့၏ပုခုံးပေါ်တွင်ဇိမ်ကျနေသော ရှောင်းဟူကမူ ထိုမြင်ကွင်းသည် သူ့အတွက်ရိုးနေဟန်ဖြင့် သူ၏အမြီးဖြင့် အားကွေ့၏ ကျောအားခပ်ဖွဖွလေး ရိုက်လိုက် သည် ...
'''ဟားဟားဟား ..ပျင်းနေပြီလားရှောင်းဟူ ..ခဏနေရင် ပြန်တော့မှာပါကွာ ..မင်းပျင်းနေရင်အရင်ပြန်နှင့်လေ.. '''
အားကွေ့၏စကားကို နားလည်ဟန်ဖြင့် ရှောင်းဟူမှာ ပုခုံးပေါ်မှ အားကွေ့ရပ်နေရာ ချေက်ကမ်းပါးစွန်းအောက်သို့ ခုန်ချပျံသန်းသွားသည်..
အားကွေ့ရပ်နေရာအောက် တည့်တည့်တွင် သူတို့နေထိုင်ရာ သံဝေဂဂူ ရှိသည် မဟုတ်လား ...
အားကွေ့သည် ရှောင်းဟူ အောက်သို့ခုန်ဆင်းသွားသည်နှင့် သူ နေစဉ် ပြုကျင့်မြဲဖြစ်သော သိုင်းကျင့်စဉ်တို့ကို တမျိုးပြီးတစ်မျိုး ထုတ်ဖော်လေ့ကျင့်နေ လေသည်..
''ယား..ဟိတ်...'''
''' ၀ှမ်း..၀ှမ်း..၀ှမ်း..''
အားမာန်သွင်းသံသာမကြားရလျှင် တစ်နေရာထဲသို့ကွက်ကာ လေပြင်းမုန်တိုင်း ကျနေသည်ဟုပင် ထင်ရလောက်အောင် သိုင်းကွက်များက မြန်ဆန်သွက်လက် အားပါလွန်းလှသည်...
သို့သော် အကွက်ပေါင်း တစ်ထောင်ကျော်ခန့်တွင် .. အားကွေ့၏လှုပ်ရှားမှု ကြောင့် မည်သည့် အသံပလံမှမထွက်တော့သည်ကို အံ့အားသင့်ဖွယ်တွေ့ရလေတော့ ၏ .....
အသက်ဆယ့်ရှစ် ..ဆယ့်ခွန်ခုနှစ်နှစ်ကျော် အရွယ်ကောင်လေး တစ်ယောက် သည် အသံမဲ့လက်ဝါးတည်းဟူသော သိုင်းပညာကိုအသုံးပြုနိုင်သည်မှာ ပြောမယုံ ကြုံဖူးမှ သိနိုင်မည့်အရာပေတည်း ..
သို့သော် .. အားကွေ့ဆိုသည်မှာ ... ထူးခြားသောညစ်ကျယ်ကျယ်မြေခွေး တစ်ကောင်ပင်မဟုတ်ပါလားး ...

Comments
Post a Comment