အားကွေ့ အပိုင်း (၇၁ မှ ၇၆ ထိ )
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၁
         ကျင်းကျူး၏ဘ၀ဆုံးလုဆဲဆဲတွင် တံခါးပွင့်ထွက်သွားပြီး လူတစ်ယောက် အခန်းထဲသို့ ခုန်ဝင်လာသည် .. ချင်းညံမှာ ရုတ်တရက်တံခါးပွင့်သွားသောကြောင့်
လှမ်းကြည့်လိုက်မိသည် .. အ၀တ်အစားနွမ်းနွမ်းနှင့် နဖူးတွင် ရွှေရောင်တောက်နေ သောလူရွယ်တစ်ယောက်ကို မြင်လိုက် သဖြင့် အံအားသင့်သွား၏..
          မိမိတို့ရဲတိုက်ကို ရန်သူများလာရောက်တိုက်ခိုက်နေသည်ကို သိသော်လည်း လေးထပ်မြောက်အထိ တက်ရောက်နိုင်မည်ဟု မျော်လင့်ထားခြင်းမရှိခဲ့ အလွန်ဆုံး ဒုတိယထပ်တွင်ပင် အသက်ကုန်လိမ့်မည်ဟုထင်ထားသည်လေ..
              ထို့ပြင်ကျူးကျော်လာသူမှာလည်း ၀ါရင့်သမ္ဘာရင့်သိုင်းသမားကြီးလည်း မဟုတ် ငယ်ရွယ်နုပျိုသေးသည့် လုလင်တစ်ယောက်.. ချင်းညံမှာလည်း ပါးနပ်သူ တစ်ယောက်မို့ အနှီကောင်လေးတွင် ကြောက်စရာ စွမ်းရည်တမျိုးမျိုးရှိလိမ့်မည်မှန်း တွက်ဆမိလိုက်သည် ..
              အားကွေ့ကတော့ အခန်းထဲရောက်ရောက်ချင်း တွေ့လိုက်ရသော အရေးအခင်းကြောင့် သူ၏ဒေါသမှာ အမြင့်ဆုံးတိုင် ရောက်ရှိနေပြီဖြစ်၏ .. ကြမ်းခင်းပေါ်တွင် လဲကျနေသော ရှောင်းဟူ ..  သူ အမြတ်တနိုးတန်ဖိုးထားရသော မိန်းကလေးအား နိုပ်စက်နေသည်ဟူသော မြင်ကွင်းက သူ့တစ်ကိုယ်လုံးကို မီးလောင် ကျွမ်းနေသလိုပင် ..
               ဒေါသ အစွန်းဆုံရောက်ရှိနေသော အားကွေ့၏ရုပ်သွင်မှာ ယခုအချိန်တွင် ရန်ခွမ်း..ထင်းလွေတို့လို အရှိန်အ၀ါအရောင်အသွေးမျိုးပေါ်ထွက်နေသည် . ..
           ကျင်းကျူးမှာ အခန်းတွင်းခေတ္တမျှ ငြိမ်သက်သွားမှုကြောင့် တုန်လှုပ်နေသည့် ကြားမှ အခန်းဝသို့ငေးကြည့်လိုက်ကာ
             ''အကိုအားကွေ့လားဟင်  ... အကို..''
             ''ကျင်းကျူးညီမ ..ဘာမှမစိုးရိမ်နဲ့ အကိုလာပြီ..''
            အားကွေ့က ကျင်းကျူးအား နှစ်သိမ့်အားပေးစကားဆို၍ ဓါးကိုမြောက်လိုက် ပြီး ချင်းညံနှင့်ချင်းလျှံအား
             ''ခင်ဗျားတို့နှစ်ယောက် ဒီနေ့တော့ ဂြိုလ်ဆိုးဝင်တဲ့နေ့လို့သာမှတ် ...  နှစ်ယောက်စလုံးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ခွေးစာကျွေးပစ်မယ် .. ''
             ''နင့်ကိုယ်နင်ဒီအထပ်ထိရောက်လာပြီဆိုပြီး မာန်တက်မနေနဲ့ .. ချင်းလျန် အကြောင်းကောင်းကောင်းမသိသေးလို့ ဂျိုကြွနေတယ် ဟုတ်လား .. အဲ့ဒီ ကြွနေတဲ့ ဂျိုကို ရိုက်ချိုးပစ်လိုက်မယ် ..လာခဲ့စမ်းကောင်လေး ..''
              ချင်းလျန်မှာအားကွေ့၏ စကားကို ပြန်လည် တုံပြန်လိုက်ပြီး သူမဆွဲချုပ် ထားသောကျင်းကျူးအား တွန်းထုတ်ကာ လျှင်မြန်လှသော အရှိန်ဖြင့် တိုက်ခိုက်လိုက် ၏ ... သူမကိုင်ဆောင်ထားသာ ပိုက်ကွန်မှာ အားကွေ့အားခြုံသွားသည်
               ''၀ှီး ....၀ှီး..၀ှီး''
                ''ထန်း..ထန်း..ထန်း''
                အားကွေ့က ပိုက်ကွန်အား ဓါးဖြင့်ရိုက်ထုတ်ကာ
                ''ဟွန်း .. ခင်ဗျားရဲ့ အဆင့်မရှိတဲ့ မြောက်ပိုင်း ၀တ်ရုံနီဂိုဏ်း သိုင်းကွက် တွေနဲ့ ကျုပ်အသားကို ထိချင်တယ်ပေါ့ .. အနှစ်တစ်ထောင်လောက် လေ့ကျင့်လိုက် အုံး ..''
                ချင်းလျန်မှာ သူ့သိုင်းပညာ၏ဇစ်မြစ်ကို ဖော်ထုတ်နိုင်သည့်အပြင် ကွန်ချက်ကိုပါ ကာကွယ်နိုင်သည့်အားကွေ့အား ရှိန်သွားသည် .. ထို့ကြောင့် သူမ ဆရာ၏မူပိုင် သိုင်းကွက်ကို ပြောင်းလဲကာ ထပ်မံတိုက်ခိုက်ပြန်၏ ...
                   ''၀ှစ်...၀ှစ်..၀ှစ်..'''
                   ''ထန်း''
                    ''ရွှပ်  .''
                    ''ဗျိ..'''
                   အားကွေ့က ချန်းလျန်၏ တိုက်စစ်ကို လက်တစ်ထောင်ထန်ဖု၏ တုကူးမိုးဆွေ ဓါးသိုင်းဖြင့် ပြန်လည်တိုက်စစ်ဆင်လိုက်ရာ ပိုက်ကွန်ချက် လုံးဝပျက်သွားပြီး ချင်းလျန်၏ ရင်ဘတ်အင်္ကျီစကိုပင် ဓါးဖြင့်ထိုးခွဲလိုက်နိုင်သည် ..
                   ချင်းလျန်မှာ အတွင်းခံသံကိုယ်ကျပ်အင်္ကျီဝတ်ထား၍သာတော်တော့၏ .. မဟုတ်လျှင် သူမ၀မ်းဗိုက်ပွင့်ကာ သေပွဲဝင်ရတော့မည် .. ချင်းညံက သူ့ညီမ အခြေအနေမကောင်းတော့သည်ကို တွေ့လျှင် သူမပါ တိုက်ပွဲထဲဝင်လိုက်သည် ..
                   အားကွေ့နှင့် ပုဝါဖြူဂိုဏ်းချုပ်ညီအမတို့၏ ရေကုန်ရေခန်း သတ်ပွဲက ကြောက်ခမှန်းလိလိ ပြင်းထန်၏ .. ကျင်းကျူးမှာ တ၀ုန်းဝုန်း တအုံးအုံးနှင့်တိုက်ပွဲကို ရင်ထိတ်နေရင်း ရှောင်းဟူအား ပြန်ထလာနိုးနိုးဖြင့် သွေးတိတ်အောင် ပြုစုပေးနေ သည် ..
                ''၀ုန်း...၀ုန်း..၀ုန်း..၀ုန်း..''
                ''ခြွင်း..ခြွင်း..ခြွင်း..'''
                   ချင်းညံဝင်ရောက်လာ၍ အားကွေ့မှာ တိုက်စစ်မဆင်နိုင်တော့ဘဲ  အောက်စည်းမှသာ ခုခံနေရ၏ ..ချင်းညံ၏ သံမဏိလက်သည်းမှာ ထက်မြက်လွန်းလှ သည့် အပြင် ချင်းလျန်၏ ပိုက်ကွန်ကလည်းသူ့အားကောင်းကောင်း ဒုက္ခပေးနိုင်သည် .. အားကွေ့က တာမောကျောင်းဆောင်အတွင်းမှ သိုင်းအမျိုးမျိုးဖြင့် လည့်ပတ်တိုက် နေရင်း ..
                   ''ဟို မိစ္ဆာမရဲ့ လက်သည်းချက်က ထက်မြက်လွန်းတယ် .. ကျောက်ကျူးထင်ထက်တောင် ပိုစွမ်းနေသလိုပဲ  ... အခုအတိုင်းသာ ဆက်သွား နေရင် နောက်ထပ်အကွက် နှစ်ရာလောက်ဆို ငါထိ နိုင်တယ် .. အနက်ရောင်လောက အနီရောင်အခန်းထဲက သိုင်းကွက်နဲ့တိုက်ခိုက်မှ ..''
               ဟုတွေးကာ  ''ရွှီ'' ကနဲလေတချက်ချွန်လိုက်ပြီး  သိုင်းကွက်ကို ပြောင်းလိုက်သည် ... လေးဆသက်ရောက်အတွင်းအားကို ရှစ်ပုံအထိမြင့်တင်ပြီး အနက်ရောင်လောက အနီရောင်အခန်းထဲမှ အဆင်ခြင်မဲ့ အဆုံးထိရက်စက် ဟူသည့် ဓါးသိုင်းကို ထုတ်သုံးလိုက်၏ ..
                  ''ရွှီ..........''
                 ''၀ှမ်း...၀ှမ်း...၀ှမ်း..''
                  ''ဟူး..ဟူး..ဟူး..ဟူး.''
                   အားကွေ့၏ဓါးချက်မှာ အမည်ပေးထားသည်ထက်ပင် ရက်စက်လှ၏ .. ရင်ခွဲအသဲလှန်ဓါးသိုင်းထက် အဆပေါင်းများစွာ သာလွန်သော ဓါးသိုင်းကြောင့်  အဖြူရောင်ဓါးစက်ဝန်းကြီးဖြစ်သွားကာ ချင်းညံနှင့် ချင်းလျန်၏ မျက်လုံးများပင် ပြာဝေသွားရသည် .. ထို့ပြင် လက်နက်ခြင်းထိတွေ့လိုက်တိုင်း ပြန်လည်တွန်းကန် လာသော အတွင်းအားကိုခုခံနေရင်းနှင့် အားကွေ့အားကြောက်ရွံ့သွားကြ၏ .. အရွယ်နှင့်မလိုက်အောင် အတွင်းအားပြည့်ဝသော အနှီကောင်မှာ လူသားပင် မဟုတ်နိုင်ဟု တွေးမိသည်အထိပင် ..
                    ချင်းညံ နှင့်ချင်းလျန်မှာ အားကွေ့သိုင်းကွက်ပြောင်းလဲလိုက်ကတည်း က မိမိတို့တတ်သမျှ သိုင်းပညာကို အိတ်သွန်ဖားမှောက်သုံးကာခုခံနေရတော့သည်  .. သို့သော် မြန်လွန်းလှသော ဓါးချက်ကို အကွက်လေးရာထိသာ ခုခံနိုင်၏ လေးရာ မြောက်တွင်
                         ''ထန်း..ထန်း..''
                          ''ရွှပ် ..'' '' အမလေး''
                           ''ချလွမ်း''
                           ''ဗွမ်း..''
                           ''ညီမလေး..''
                      အပြောင်းအလဲဆယ့်နှစ်ခုပါသော ဓါးချက်မှာ ချင်းညံ ခေါင်းပေါ်သို့ ဖြတ် ပျံဝဲကာ ချင်းလျန်၏နံကြားကို ဖြတ်ဆွဲသွားလေသည်။ သံကိုယ်ချပ်အင်္ကျီကြောင့် အသားကို ထိခိုက်သွားခြင်းမရှိသော်လည်း အတွင်းအား အရှိန်ကြောင့် ချင်းလျန်မှာ နံရိုးနှစ်ချောင်းကျိုးကာ အနောက်သို့လွင့်စင်သွား၏ .. အခန်းတွင်း ရေကန်ထဲ ပြုတ်ကျ သွား၍ ချင်းလျန်ကံကောင်းသွားခြင်းဖြစ်သည် .. မဟုတ်လျှင် လွင့်သွားသော အရှိန်ကြောင့် ပွဲခြင်းပြီးမသေလျှင်တောင် ခြေလက်အင်္ဂါချို့တဲ့သွားနိုင်၏ ..
                    ချင်းညံ ကလည်း သူ့ညီမအဖြစ်ဆိုးကြောင့် သူမ၏သေရေးရှင်ရေး ကိုဂရုမထားတော့ပဲ အားကွေ့ထံသို့ ခုန်ဝင်ကာ သူသေ ကိုယ်သေ သိုင်းကွက်ဖြင့် တိုက်ခိုက်လိုက်လေသည်....
                 ''ယား..သေစမ်း မသာကောင်''
                 ''၀ှစ်..၀ှစ်..၀ှစ်''
                     အားကွေ့မှာ သူ့ဓါးချက်ကြောင့် ရန်သူတစ်ယောက် ရှင်းသွား၍ ကျေနပ်နေစဉ်တွင် နောက်တစ်ယောက်မှာ အဆင်အချင်မဲ့ တိုက်ခိုက်လာသဖြင့် ကြောင်ငေးသွားသည် .. တကိုယ်လုံးကို ကာကွယ်ထားခြင်းအလျင်းမရှိပဲ အသက်ခြင်း လဲသည့် သိုင်းကွက်မျိုးမှာ ရှောင်တိမ်းရခက်သလောက် ခုခံရမလွယ်သည့် အမျိုးအစားပင် ..
                     မိမိ၏ဓါးချက်မှာ ချင်းညံ၏ရင်ဘတ်ကို ထိုးသွင်းလိုက်၍ရသော်လည်း မိမိ၏ ခေါင်းတစ်ခုလုံးလည်း သူမ၏ သမဏိလက်သည်းကြောင့် ပြုတ်ထွက်သွား နိုင်သည်မဟုတ်လား ..
                  ထို့ပြင်လွန်စွာနီးကပ်နေသဖြင့် ရှောင်တိမ်းရလည်း မလွယ်ကူတော့ရာ တတ်နိုင်သမျှ ထိခိုက်မှုနည်းအောင် လက်ယာလက်ဖြင့် ချင်းညံ၏ရင်ဝကို ဓါးဖြင့် ထိုးကာ လက်သည်းချက်ကို ပုခုံးနှင့်ခံလိုက်ရသည် ..
                   ''ဇွပ် ... ဗြိ... ''
                     ''အ..''
                     ''ဖြောင်း .  ဂျွတ်.''
                     ချင်းညံ၏ ကုတ်ဆွဲချက်ကြောင့် အားကွေ့၏ ပုခုံး ပေါက်ထွက်သွား သလို အားကွေ့၏ဓါးချက်ကလည်း ချင်းညံ၏ရင်ဝသို့ ထိုးမိသွားသည် .. သို့သော် ချင်းညံသည်လည်း သံကိုယ်ချပ် ၀တ်ထားသည်က တကြောင်း .. ဓါးမှာ ရိုးရိုးသံ အညံစားနှင့် ပြုလုပ်ထားသည်က တကြောင်းမို့ ထက်ပိုင်းကျိုးကာ လွင့်စင်သွား၏ .. ကျန်တပိုင်းသာလျှင် အားကွေ့လက်ထဲ ကျန်ရစ်ခဲ့သည် ..
                   အားကွေ့က သူ ချင်းညံအကွက်ထဲ ၀င်သွားသည်မှန်း သိလျှင် သိခြင်း ထိုဓါးတပိုင်းအား ချင်းညံ၏မျက်နှာသို့ ချိန်ရွယ် ပစ်ပေါက်လိုက်၏ ..    
                     ''မိန်းမယုတ်..ရော့ကွာ ..သေစမ်း..''
                       '''၀ှီး..''
                      ချင်းညံမှာ အားကွေ့အား အဆုံးသတ်တိုက်ကွက် ပြန်ရန်ရှိသေး သည် အဖြူရောင်အလင်းတန်းကြီး မျက်နှာထံသို့ ပြေးဝင်လာသဖြင့် မျက်လုံးပြူးသွား ကာကြမ်းပြင်ပေါ် အမြန်လဲချလိုက်ရသည် .. အားကွေ့ကလည်း ထိုအချက်ကို တွက်ဆ ထားပြီးသားဖြစ်၍ လဲချလိုက်သော ချင်းညံအား သရဲအရိပ်ခြေထောက်ဖြင့် ကန်ထည့်လိုက်ရာ ပုခုံးကို ထိထိမိမိ မှန်သွား၏ ..
                   ''ဖြောင်း...''
                    ''အား..အမလေး..သေပါပြီ..'''
                   ချင်းညံမှာ အသဲကြွေလုမတတ်နာကျင်သွားကာ ဟစ်အော်ပြီး ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသည် .. အားကွေ့မှာလည်း သွေးများ စိမ့်ထွက် နေသော ပုခုံးကို သွေးကြောပိတ်လိုက်ရ၏ ...
                  ပါးနပ်လွန်းသူတို့ အားပြိုင်ပွဲအပြီးတွင် သုံးဦးစလုံးဒါဏ်ရာကိုယ်စီများ နှင့်ပင် .. သို့သော် အားကွေ့ရသော ဒါဏ်ရာမှာ သူမတို့နှစ်ယောက်နှင့်ယှဉ်လျှင် မပြောပလောက်ပါ .. အားကွေ့က လဲကျလူးလိမ့်နေသော ချင်းညံ၏ ဦးခေါင်းအား ဒေါသတကြီးနှင့် နင်းခွဲရန် ရွယ်လိုက်စဉ်တွင်..
                 ''အကိုအားကွေ့ မလုပ်ပါနဲ့ ...သူ့ကို မသတ်ပါနဲ့''
                 ဟူ၍ကျင်းကျူးက တားမြစ်လိုက်လေသည် .. အားကွေ့မှာ ဒေါသမာန် ကြီးနေသော နဂါးကြီးတစ်ကောင်သဖွယ် ဖြစ်နေသော်လည်း ကျင်းကျူး၏ အသံကြောင့် ချက်ခြင်းပျော့ကျသွားကာ ..
                 ''သူတို့ကြောင့် ညီမ အခုလို ဖြစ်ရတာ .. အကိုလုံးဝမကျေနပ်ဘူး .''
                  ''မလုပ်ပါနဲ့တော့ အကိုရယ် .. သူတို့ အသက်ကို ရန်မရှာပါနဲ့တော့ .. ညီမသူတို့ကို ခွင့်လွတ်ပါတယ် . .. အခုအရေးကြီးတာက ရှောင်းဟူလေး . သူ ..သူ ''
                 အားကွေ့မှာ ချင်းညံတို့ညီအမအား စိစိညက်ညက်ကျေသွားအောင် နင်းပြားလိုသော်လည်း ..ကျင်းကျူး၏ စကားကြောင့် စိတ်ကို ထိန်းပြီး ရှောင်းဟူ အနားသို့ သွားကာ စစ်ဆေးကြည့်လိုက်သည် ..ပြီးနောက် ..
               ''ရှောင်းဟူ ..သေတော့မသေသေးဘူး ညီမ.. သူ သွေးထွက်လွန်တာရယ် အားကုန်သွားတာရယ်ကြောင့် သတိမေ့သွားတာ .. လက်သည်းနဲ့ဆိုတော့ အတွင်း ကလီစာတွေကို ထိမသွားဘူး ... ဒီလောက် အရေခွံမာတာကိုတောင် ဖောက်နိုင်တဲ့ လက်သည်းက ဘာနဲ့များ လုပ်ထားသလဲမသိဘူး .. ''
             ကျင်းကျူးသည် ရှောင်းဟူ မသေသေးဘူး ဆိုသဖြင့် မျက်နှာလေး ကြည့်လင်သွားပြီး..
            ''အမလေး ..ဘုရား..ဘုရား .. အခုမှ စိတ်ချမ်းသာတော့တယ် .. ညီမမှာ ဆုတောင်းလိုက်ရတာ ... ''
                ရင်ဘတ်ကလေးကို ဖိကာ ပြောနေသော ကျင်းကျူးအား အားကွေ့က ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး  မျက်နှာတခြမ်းနီနေတာတွေ့လိုက်ရ၍ ကျင်းကျူး၏ ပါးကို ပွတ်ကြည့်လိုက်ကာ
                   ''ညီမ .. မှန်မှန်ပြောစမ်း .. ဒါဟိုကောင်မတွေ လက်ချက်မို့လား ..''
                 ကျင်းကျူးက  ခေါင်းကို ရမ်းလိုက်၍..
                   ''ပြီးတာတွေပြီးပါပြီ အကိုရယ် သိပ်လည်း မနာပါဘူး .. ''
                  အားကွေ့က နှိပ်စက်သူများကိုပင် ပြန်ကာပေးနေသော ကျင်းကျူး အား ဒေါသထွက်ထွက်နှင့်
                  ''ဘာလို့ မနာရမှာလည်း ...ဟင် ...ကြည့်စမ်း နူတ်ခမ်းမှာလည်းသွေးစ တွေနဲ့ ..''
                   ကျင်းကျူး၏နူတ်ခမ်းပေါ်မှ သွေးစမှာ သေသေချာချာ ကပ်ကြည့်မှသာ မြင်ရ၏.. အဘယ်ကြောင့်ဆိုသော် ကျင်းကျူး၏ပင်ကိုယ်နူတ်ခမ်း အနီရောင်နှင့် ရောထွေးနေ၍ပင် ..ကျင်းကျူးက ခြောက်တောင်နေပြီဖြစ်သော သွေးစများကို လက်ခုံဖြင့်သုတ်၍ အားကွေ့၏ လက်မောင်းကို ကိုင်ကာ ..
                  ''ကဲပါ .. ထားလိုက်ပါတော့ဆိုမှ .. နော်..''
                 သူမတို့နှစ်ယောက် စကားပြောနေစဉ်တွင် ဘဘဟုန်းတစ်ယောက် အခန်းထဲရောက်လာသည် .. သူ၏တကိုယ်လုံး ချွေးများက ရွှဲနစ်နေ၏ .. ပင်ပင် ပန်းပန်းဖြတ်ကျော်လာခဲ့ရသည့်ပုံ ..ကျင်းကျူးနှင့် အားကွေ့ကို ခလုတ်မထိ စူးမညှိဘဲ တွေ့လိုက်ရသော ဘဘဟုန်းမှာ ကျေနပ်စွာ ပြုံးပြလိုက်ပြီး ..
              ''ကျင်းကျူး သမီး.. ဘာမှမဖြစ်ဘူးမို့လား ..တော်သေးတယ်ကွယ် .. ''
              ကျင်းကျူးမဖြေခင် အားကွေ့က ၀င်၍
             ''ဘာလို့ မဖြစ်ရမှာလဲ ဘဘဟုန်း၍ ဒီမှာကြည့်လိုက်အုံး ..''
            ကျင်းကျူး၏မေးစေ့ကို ကိုင်ကာပါးကို ဆွဲပြလိုက်သည် .. ဘဘဟုန်းက နီရဲတွတ်နေသည့် ကျင်းကျူး၏ပါးပြင်ကို ကြည့်ရင်း အလိုလိုဒေါသများထွက်ကာ
             ''ဘယ်ခွေးမျိုးတွေက ငါတို့ အဖိုးတန်လေးကို နာကျင်အောင်လုပ်တာလဲ ''
             ''အဲ့ဒါပြောတာပေါ့ ဘဘဟုန်း ..ဟိုမှာ လဲနေတဲ့ ဟိုနှစ်ယောက် ကျင်းကျူး ကိုနှိပ်စက်ထားတာ .. ''
             ကျင်းကျူးက အားကွေ့၏ လက်ကို တွန်းဖယ်လိုက်ပြီး .. မျက်ခုံးကို တွန့်ကာ
            ''ဘဘရော ..အကိုအားကွေ့ရော ..သူတို့နှစ်ယောက်ကို လွတ်ပေးလိုက် .. အခုတောင် သူတို့ ဘယ်လောက်ခံစားနေရလဲ.. ကြည့်ပြီးမသနားကြဘူးလား .. တကယ်လို့ သူတို့ကို ထိခိုက်အောင် ထပ်လုပ်မယ်ဆို လုပ်တဲ့သူကို ကျင်းကျူး မခေါ်တော့ဘူး ..''
              အားကွေ့နှင့်ဘဘဟုန်းမှာ ကျင်းကျူး၏ ရာဇသံပေးမှုကြောင့် အသံပင် မထွက်ရဲတော့ပါ  ..
            ကျင်းကျူးက ထိုသို့ပြောပြီးမှ ..
           ''နေအုံး ခုတင်ပေါ်မှာ မိန်းကလေးတစ်ယောက် ကျန်သေးတယ် .. ''
            အားကွေ့သည် ထိုစကားကြောင့် ပြာ ကနဲဖြစ်သွားသည် .. ဟွားဟွား .. ဟုတ်သည် ဟွားဟွား ကျန်သေးသည် .. သူပြာသွားသည်က အခြားမဟုတ် ချင်းညံ အား သူပေါက်လိုက်သော ဓါးကြိုးသည် ခုတင်ပေါ်သို့ စိုက်ဝင်သွား၍ပင် ... အကယ်၍ ထိုဓါးသာ ဟွားဟွားအား ထိမှန်သွားသည်ဆိုလျှင် ..
            အားကွေ့မှာ ချွေးများ စိမ့်ထွက်လာပြီး ခုတင်အနီးသို့ ပြေးသွားလိုက်၏ ...
သူ့စိတ်ထဲတွင်
 ''ဘုရား...ဘုရား ..ငါ့ကြောင့် ဟွားဟွား ဘာမှ မဖြစ်ပါစေနဲ့ .. ''
             ကျင်းကျူးမှာ သူမထက်ပင် မြန်နေသေးသော အားကွေ့ကိုကြည့်ကာ ..
             ''အင်း ..အကိုအားကွေ့က လူတစ်ဖက်သားကို ကူညီချင်စိတ်ကလေးတော့ ရှိသားပဲ ..စိတ်ထားလေးကောင်းလိုက်တာ ..''
            ကိုယ့်ငါ့ချဉ်ကိုယ်ချဉ်ပြီး အမှတ်ပေးနေမိသည် ..
             အားကွေ့သည် ခုတင်နားသို့ရောက်လျှင် လျှင်မြန်စွာပင် ဟွားဟွား၏ ကိုယ်အား စမ်းသပ်လိုက်၏ ..
             ''အား..ကျွတ်ကျွတ်..''
              အားကွေ့မှာ ဟွားဟွားအား စမ်းသပ်နေရုံရှိသေးသည် ငြီးတွားသံနှင့် အတူ ဟွားဟွား ပြန်သတိရလာသည် ..
             ထိုအခါမှာ အားကွေ့လည်း သက်ပြင်းချပြီး ဟွားဟွားနိုးအလာကို ပြုံးပြီး ကြည့်နေလိုက်လျှင် ...
                ''ဟင်.. ရှင်..ရှင် ..လူယုတ်မာ ..ကဲဟယ်..'''
                 ''ဇွပ်  ..... ''
                 ''အား....'''
                အားကွေ့မှာ ရင်ဝတွင် စူးကနဲဖြစ်သွားပြီး သတိလက်လွတ်အော်ဟစ်ကာ  ကြမ်းပြင်ပေါ် လဲကျသွား၏ ..
             ကျင်းကျူးနှင့် ဘဘဟုန်းသည် မြန်ဆန်လွန်းလှသော အဖြစ်အပျက်ကြောင့်  သေသေချာချာ ဃဃနန မသိလိုက်ရ ကြမ်းပြင်ပေါ်ပုံခနဲ လဲသွားသော အားကွေ့အား ကြောင်ငေးကြည့်နေရာမှ ရင်ဝတည့်တည့်တွင် တဆုံးစိုက်ဝင်နေသည့် ဓါးကို မြင်လိုက်ရလျှင် .. ကျင်းကျူးမှာ ...
             '''အား ... အမလေး ..အကို .. ....''
             ''၀ုန်း ..''
             ရင်ကွဲလုမတတ်အော်ဟစ်ပြီး သတိလစ်မေ့မျောသွားလေ၏ ...
========================
ကိုင်းဗျာ.. ပြိတ်သတ်ပေါင်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ..
လောလောဆယ် မျက်စိအခြေအနေအရ .. ဒီရက်ပိုင်းအတွင်း အနားယူလိုက်ပါ အုံးမယ် ..
           ကျိုင်းစူးပါ
           #အစ၏အဆုံး ..အဆုံး၏အစ ၇၂
Pyae Phyoe San
၇၂
        ဘဘဟုန်းမှာ လဲကျသွားသည့် ကျင်းကျူးကို ဂရုမစိုက်အား .. အားကွေ့အား ထပ်မံရန်ပြုရန်ပြုလုပ်နေသော ဟွားဟွားအား သွေးကြောပိတ်လှမ်းလိုက်သည်... ထို့နောက် အားကွေ့၏ ဒါဏ်ရာကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းအခါခါချမိ၏ .. ဓါးသွားကြားမှ သွေးများက တစိမ့်စိမ့်ယိုစီးနေကျနေသည်လေ .. ဘဘဟုန်းမှာ ဆေးဝါးကုသရာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း ဓါးကိုမူ မနူတ်ရဲပါ .. အကယ်၍ အတွင်းကလီဇာတစ်ခုခုကို စိုက်ဝင်ထားသည်ဆိုပါက ဓါးအနူတ်၌ အားကွေ့၏ အသက်ပါ တခါထဲပါလာပါလိမ့်မည်  ..
         ဘဘဟုန်းမှာ ချွေးသီးချွေးပေါက်များကျလျှက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေချိန်တွင် ..
           ''ဘဘ တစ်ခုခုလုပ်ပါအုံး ..အကိုအားကွေ့ကို ကယ်ပေးပါ ..ရအောင် ကယ်ပါ .....နော် ..ဘဘ''
         ကျင်းကျူးမှာ အားကွေ့၏ အဖြစ်ဆိုးကို မြင်လိုက်ရ၍ ရုတ်တရက် ပြာဝေမူးမေ့သွားခြင်းဖြစ်သောကြောင့် ချက်ချင်းလိုလို သတိပြန်လည်လာ၍ ဘဘဟုန်းအားတောင်းဆိုလိုက်ခြင်းပင် .. သတိပြန်ရလာသော်လည်း ကျင်းကျူးမှာ ခြေလက်များပျော့ခွေလျှက် မတ်မတ်ပင်မရပ်နိုင်ပေ ..
         ဘဘဟုန်းမှာ နဖူးပြင်မှချွေးကို သုတ်ရင်း မည်သို့မျှပြန်မပြောနိုင် .. အာခေါင် များခြောက်ကပ်နေသဖြင့် တံတွေးကိုသာအကြိမ်ကြိမ်မြိုချနေရသည် ..
        ကျင်းကျူးကဘဘဟုန်း၏ အမူအယာကို မြင်လျှင် .. ဖြေမဆယ်နိုင်အောင် ငိုကာ ကျောက်ရုပ်သဖွယ်ဖြစ်နေသော ဟွားဟွားအားကြည့်၍ ..
          ''ညီမလေးရယ် ရက်စက်လိုက်တာ ... ညီမလေး ဓါးနဲ့ထိုးလိုက်တဲ့ လူက မမနဲ့ ညီမလေးတို့အတွက် အသက်စွန့်ပြီး လာကယ်တဲ့သူပါကွယ် ... '''
           ကျင်းကျူးက ရေတံခွန်နှယ်စီးဆင်းလာသော မျက်ရည်များကို သုတ်ကာ ဆက်လက်၍ ..
         ''အခု အခုတော့ .. ညီမလေး မဆင်ခြင်မှုကြောင့် သူ ..သူ အသက်ဆုံးတော့ မယ်.. နောက်တခါဆိုရင် ကိစ္စတစ်ခုခုကို ဆုံးဖြတ်ရတော့မယ်ဆိုရင် ညီမလေးစိတ်ထဲ မှာ ငါအရင်က မစဉ်းစားဆင်ခြင်ပဲ ပြုလုပ်လိုက်တဲ့အမှားကြောင့် လူနှစ်ယောက် သေဆုံးဖူးတယ်လို့ တွေးကြည့်ပေးပါကွယ် .. ညီမလေးသာ အဲ့ဒီလို ဆင်ခြင်ပြီး လူ့ဘ၀မှာ အမှားကင်းကင်းနဲ့ နေသွားမယ်ဆို ညီမလေးကြောင့် အသက်စွန့်သွားရ တဲ့ မမနဲ့သူနဲ့ အတူတူသေရတာ ပိုပြီးမြတ်ပါလိမ့်မယ် .. '''
            ''သမီးကျင်းကျူး ဘယ်လိုပြောလိုက်တယ် .. သမီးနဲ့သူနဲ့ တူတူသေမယ် ဟုတ်လား..''
             ကျင်းကျူးမှာ ဘဘဟုန်း၏ ဆို့နှစ်သော အသံနှင့်မေးလာမှုကို တည်ငြိမ်စွာနှင့် ..
             '' ဟုတ်တယ် ဘဘဟုန်း ..သမီးအတွက် အကိုအားကွေ့ မရှိရင် ဘ၀တစ်လျှောက်လုံး အထီးကျန်ပြီး အဓိပ္ပါယ်ကင်းမဲ့နေတော့မှာ သေချာတယ် .. သမီးဘ၀မှာ အကြောက်ဆုံးက အဲ့ဒါပဲ .. သမီးငယ်ငယ်ကတည်းက အမေနဲ့ ခွဲခဲ့ရ လို့ သေမတတ်ခံစားရပြီးပြီ .. အဲ့ကတည်းက သမီးမိုးနတ်မင်းကြီးဆီမှာ ဆုတောင်းဖူး တယ် .. နောက်တခါဘယ်တော့မှ ကိုယ့်မျက်စိရှေ့မှာ ကိုယ်အရမ်း တန်ဖိုးထား မြတ်နိုးချစ်ခင်ရတဲ့သူ သေဆုံးသွားကို မမြင်ပါရစေနဲ့လို့ .. အမေဆုံးသွားတော့ သမီးရဲ့ တစ်ဦးတည်းသော အချစ်ရဆုံးဟာ ဖေဖေဖြစ်လာခဲ့တယ် .. ဒါပေမယ့် ဘဘဟုန်း သိတဲ့အတိုင်းပဲ ...ဖေဖေဟာ တိုင်းပြည်အတွက် သူ့ဘ၀ကို ပေးထားပြီး သား .. တိုင်းပြည်အရေးအတွက်ဆို သမီးအရင်းဖြစ်တဲ့သူကိုတောင် စွန့်လွတ်ဖို့ ၀န်လေးမှာမဟုတ်ဘူး .. သမီးမရှိရင်လည်း သူကတော့ ဆက်ပြီးရပ်တည်နိုင်အုံးမှာပဲ ... ဒါပေမယ့် သမီးအတွက်တော့ အဖေဟာတစ်လောကလုံးပဲ ..အခုအကိုအားကွေ့ ဆိုရင် သမီးအတွက်နဲ့ အရာရာကို ရင်ဆိုင်ရဲတယ်ဆိုတာ ငယ်စဉ်တောင်ကျေးထဲ က ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကြီးကို သတ်ပြီးသက်သေပြခဲ့ပြီးသား .. အဲ့ကတည်းက သမီးသံယောဇဉ်ရှိရတဲ့သူပါ.. အခုလည်း သမီးအတွက်နဲ့ ဘယ်လောက် ဒုက္ခခံပြီး လာခဲ့ရသလဲ .. အဲ့လိုလူမျိုး သမီးမျက်စိရှေ့မှာ သေသွားမယ့် အဖြစ်ကို လုံးဝမမြင်နိုင် မခံစားနိုင်ဘူး ဘဘဟုန်း .. ဒါ့ကြောင့်မို့လို့ သူသာမရှိရင် သမီးလည်း အသက်မရှင်ချင်တော့ဘူး .. '''
               ဘဘဟုန်းမှာ ကျင်းကျူး၏ ခံစားချက်ပါသော ဖွင့်ဟမှုကို နားထောင်ကာ ကြက်သီးများပင် ဖြန်းဖြန်းထသွား၏ .. အပြင်ပန်းပျော့နွဲ့သော မိန်းကလေး၏ ရင်ထဲတွင် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ရှိသည်ဟု သိလိုက်ရသောကြောင့် သူ့ဘ၀တွင် သင်ယူစရာများရှိသေးပါလား .. အချစ်ဆိုသည့်အရာသည် လိုက်မမီနိုင် သောဆန်းကြယ်မှုပါလားဟု သိရှိသွားရ၏ ...
                ယခုမှ ဘဘဟုန်းအတွက် ဘေးကြပ်နံကြပ်အဖြစ်နှင့်ကြုံရပေတော့သည် .. အသက်နှစ်သက်က သူ့လက်ထဲမှာ .. သမီးလိုချစ်ရသော မိန်းကလေး၏ အသက်နှင့် ထိုမိန်းကလေး ချစ်ရသော သူ၏အသက် ..
               ဟွားဟွားမှာ အကြောပိတ်ခံထားရ၍ မလှုပ်နိုင် စကားမပြောနိုင် ဖြစ်နေသော်လည်း နားနှစ်ဘက်မှ ကြားနေရသေး၍ အကြောင်းစုံကို သိလိုက်ရသဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည် .. သူမ၏ စိတ်လိုက်မာန်ပါ ပြုလုပ် ခြင်းကြောင့် အသက်နှစ်သက်ဆုံးရှုံးရတော့မည် .. သူမ၏ရင်ထဲတွင်လည်း မီးတောင် ပေါက်သလို ပူလောင်နေပါ၏ ...
                 အခန်းထဲတွင် လူလေးယောက်နှင့်ရှောင်းဟူသာကျန်တော့သည် .. မိစ္ဆာညီအမနှစ်ယောက်ကတော့ ဘယ်အချိန်ကတည်းက လစ်ပြေးသွားသည်မသိ ..
ထိုလေးယောက်ထဲတွင် လှုပ်ရှားနိုင်စွမ်း ..လူကောင်းပကတိဖြစ်သော ဘဘဟုန်းမှာ တဆတ်ဆတ် တုန်ယင်နေသော လက်ဖြင့် အားကွေ့ရင်ဝမှ ဓါးကို ကိုင်ကာ ဘုရားတရားကို အာရုံပြုလျှက် ဆွဲနူတ်မည်အလုပ် ...
             ''၀ုန်း ...''ကနဲ အခန်းတံခါးပွင့်သွားကာ ..
            ''မနူတ်လိုက်နဲ့ ..မနူတ်လိုက်ပါနဲ့ ဘဘ..''
          ဟူသောအော်သံနှင့်အတူ မိန်းကလေးတစ်ယောက်ပြေးဝင်လာသည် .. ထိုမိန်းကလေးမှာ အစိမ်းရောင်ချည်ကြမ်းဝတ်စုံနွမ်းနွမ်းလေးသာ ၀တ်ထားသော်လည်း ပင်ကိုယ်ချစ်စရာကောင်းသော ဟန်မှာ ပျောက်ပျက်မသွားပါ ..အထူးသဖြင့် မေ့စေ့ နှင့် နူတ်ခမ်းထောင့်နားမှ မှဲ့နက်လေးက ၀င်းမွတ်ဖြူဖွေးသော အသားပေါ်တွင်  ထင်း နေသဖြင့် ပို၍ချစ်စရာကောင်းနေ၏ ...
         ဘဘဟုန်းမှာ မိန်းကလေးအားကြည့်ကာ လက်ကိုပြန်ရုတ်၍ ...
       ''သူငယ်မ နင်ကဘယ်သူလည်း .. ဘာကြောင့် တားရတာလဲ ..''
     မိန်းကလေးမှာ ဘဘဟုန်းအားစေ့စေ့ မကြည့်ရဲဘဲ မျက်လွှာအောက်ချကာ ..
       ''ကျွန်မက ပုဝါဖြူဂိုဏ်းဝင် တစ်ယောက်ပါဘဘ .. ဘဘတို့ကို ပထမထပ်မှာ တားတဲ့အထဲ တစ်ယောက်အပါအ၀င်ပါ .. အခုလဲကျနေတဲ့ အကိုကြီးနဲ့ ဘဘတို့ ပြန်လွန်လိုက်ပေမယ့် စိတ်မချလို့ လိုက်လာတာပါ .. ''
       ဘဘဟုန်းမှာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ..
      ''အိမ်း .. ပုဝါဖြူဂိုဏ်းဝင်ကတော့ ဟုတ်ပါပြီ .. ငါဓါးနုတ်မှာကို ဘယ်နှယ်ကြောင့် တားမြစ်နေရသတုန်း..''
       မိန်းကလေးမှာ သူမအား အထင်အမြင်လွဲသွားမည်ကို စိုးရိမ်စွာနှင့် ခေါင်းတခါခါ လက်တခါခါလုပ်ကာ ..
       ''အထင်မလွဲပါနဲ့ ဘဘ ..ဘဘ ဟာဆေးပညာကိုလည်း နားလည်မယ်လို့တော့ ကျွန်မ ရိပ်မိပါတယ် ..ဒါပေမယ့် ဒီလို ဆွဲနူတ်လိုက်ရင် အကျိုးထက် အပြစ်က ပိုသွားမှာ စိုးလို့ပါ ...''
         ''ဒါဆိုငါက သူသေသွားမှာကို ဒီအတိုင်းကြည့်နေရမှာပေါ့ဟုတ်လား ...''
        ဘဘဟုန်းနှင့်မိန်းကလေး အချီအချပြောနေသည်ကို ကျင်းကျူးက၀င်၍ ..
       ''ဘဘဟုန်းရယ် ..မိန်းကလေးပြောတာကိုလည်း နားထောင်လိုက်ပါအုံး သူ့မှာ အကြောင်းရှိလို့ဖြစ်မှာပေါ့ .. ကဲ ..ကဲ ပြော ညီမလေး .. ညီမလေးနာမည်က ဘယ်သူလည်း ..အကြောင်းရှိရင်လည်း တခါထဲသာပြော ..''
           မိန်းကလေးမှာ ချိုသာပြူငှာသော ကျင်းကျူးကို နှစ်လိုဖွယ်ပြုံးပြလိုက်ကာ ..
      ''ကျွန်မနာမည်က ရှောင်မိန်ပါ မမလေး .. ပုဝါဖြူဂိုဏ်းကပါ .. ဒီဂိုဏ်းကို ၀င်လာတာ မကြာသေးပေမယ့် .. ဂိုဏ်းရဲ့ အကြောင်းရင်း တော်တော်များများကို သိပါတယ် .. အခု ဒီအကိုကြီးရဲ့ ဒါဏ်ရာကို ကုနိုင်မယ့် သမားတော်တစ်ယောက် ပုဝါဖြူဂိုဏ်းထဲမှာ ရှိတဲ့အကြောင်းလာပြောတာပါ.. '''
         ကျင်းကျူးမှာ ခြေလက်များပျော့ခွေ ကာ ထိုင်နေရာမှ တခါထဲ ခုန်ထလိုက်ပြီး ..
           ''အခုအဲ့ သမားတော်ဘယ်မှာလည်း ..မြန်မြန်သွားခေါ်ပါ .. ဘယ်လောက်ပဲ ပေးရပေးရ .. ဘာပဲလုပ်ပေးရ လုပ်ပေးရ .. ပျောက်အောင်သာ ကုခိုင်းပေးပါ.. ''
          ''ကျင်းကျူး ..သမီး..ခဏနေအုံး ..ဘဘမေးစမ်းပါရစေအုံး ..''
          ''အိုး ..ဘဘဟုန်း .. ဒီအခြေအနေမျိုးမှာ ဘာကို စစ်ဆေးမေးမြန်းနေရအုံးမှာ လဲ .. ညီမလေး ရှောင်မိန် မြန်မြန်သွားခေါ်ပါ .. ဘဘဟုန်းက ဟိုညီမလေးကို ကောင်းအောင် ပြန်လုပ်ပေးလိုက်ပါ .. သူ့ခမျာ ညောင်းနေရှာတော့မယ် ..''
        ဘဘဟုန်းမှာ ရှောင်မိန်ဆိုသော ကလေးမအား ထပ်မံမေးမြန်း လိုသေးသော် လည်း .. ကျင်းကျူး၏ စိတ်အား ထက်သန်မှုကြောင့် လက်လျော့ကာ သူမအလိုကျ အတိုင်းလုပ်ပေးလိုက်သည် .. ရှောင်မိန် အခန်းထဲမှ ပြေးထွက်သွားသည်နှင့် ဘဘဟုန်းက ဟွားဟွားအား သွေးကြောဖွင့်ပေးလိုက်၏ ...
           ''ဖတ်..''
           ဟူသောအသံနှင့် ဟွားဟွားမှာ ပြန်လည် လှုပ်ရှား၍ ရသွားသည် .. ဟွားဟွား မှာ လှုပ်ရှား၍ ရရခြင်း ကျင်းကျူးအား ပြေး၍ဖက်ကာ ..
       ''မမ ကျွန်မတောင်းပန်ပါတယ် မမရယ် ..ကျွန်မ..ကျွန်မ..''
        ကျင်းကျူးက ဟွားဟွားအား နှစ်သိမ့်အပြုံးဖြင့်ကြည့်လိုက်ပြီး .. ဟွားဟွားအား တင်းတင်းပြန်ဖက်၍ ..
       ''မမ နားလည်ပါတယ်ကွယ် ..တောင်းပန်ဖို့မလိုပါဘူး .. ညီမလေးမှာ အပြစ်မရှိ ပါဘူး.. ကံတရားအလိုပေါ့ကွယ် ..သိပ်လည်း မခံစားပါနဲ့ ...''
        ''ဒါဆို ..မမ ကိုယ့်ကိုယ်ကိုယ် ဟိုဟွာ မလုပ်တော့ဘူးပေါ့ .. ဟုတ်လား မမ..''
        ကျင်းကျူးက ဟွားဟွား၏ ကျောပြင်ကို ပွတ်သပ်ကာ ..
         ''မမက ငယ်ငယ်ကတည်းက တစ်ယောက်ထဲ ကြီးပြင်းလာရတော့ အမြဲတမ်း ညီမလေးတွေ မောင်လေးတွေကို လိုချင်ခဲ့တာကွယ့် .. အခု ညီမလေးကို မြင်ရတော့ တကယ့် သွေးသားရင်းချာလို ချစ်ပါတယ် .. ဒါပေမယ့် မမက ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ပြောင်းရိုးထုံးစံမရှိဘူး .. သူ တစ်ခုခု ဖြစ်ရင် .. မမလည်း
မနေပါဘူးကွယ် ''
         ဟွားဟွားမှာ မည်သို့ ပြန်ပြောရမည်မှန်းမသိပဲ မျက်ရည်ကျရုံသာ ရှိနေသည်..
        ထိုအချိန်တွင် ရှောင်မိန်ဆိုသော မိန်းကလေး ပြန်ဝင်လာ၏ ...သူမ၏ နောက်တွင်လည်း လူဝကြီးတစ်ယောက်ပါလာခဲ့သည် .. သမားတော်ဆိုတာဖြစ်မည် .. သမားတော်မှာ မည်သည်ကို ကြောက်၍ ကြောက်နေမှန်းမသိ  တကိုယ်လုံး သွက်သွက်ခါအောင် တုန်ခါနေရှာ၏ ..
         ကျင်းကျူးမှာ ဟွားဟွားအား ညင်သာစွာ တွန်းဖယ်လိုက်ပြီး ..
          ''သမားတော်ကြီးဆိုတာလားရှင် .. လူနာက ဟိုမှာပါ .. ချက်ခြင်းကုပေးပါရှင် ..သူသာပျောက်သွားရင် သမားတော်ကြီးတောင်းသလောက် ဆုချပါ့မယ်ရှင်.. ''
         သမားတော်ကြီးက ကျင်းကျူး၏ စကားကို ပြန်မဖြေအား  အားကွေ့လဲကျရာ နေရာသို့ ပြေးလွှားလိုက်ပြီး  စမ်းသပ်လိုက်၏ .. ပြီးနောက် သက်ပြင်းချကာ ..
         ''တော်ပါသေးရဲ့ဗျာ .. ဓါးက အတွင်းကလီစာတွေကို မထိထားဘူး .. ရေနွေး ပွက်ပွက်ဆူ တစ်အိုးလောက်ရရင်ကောင်းမယ် .. ''
         ရှောင်မိန်က သမားတော်အနားသို့သွားလိုက်ပြီး ..
          ''သမားတော်ကြီးရှင့် ရေနွေးအပြင် ဘာများ လိုအပ်အုံးမလဲရှင် .. တခါထဲ ယူခဲ့ရအောင်လို့ .... '''
           သမားတော်ကြီးမှာ အတော်လန့်တတ်ပုံရသည် .. ရှောင်မိန်၏ ချိုချိုသာသာ အသံကိုပင် ကတုန်ကယင်နှင့် ..
        ''ရေ...ရေ ရေနွေး ..တစ်အိုး..အိုး ဆိုရပါပြီ .. ဆ..ဆရ.. အဲ မိန်းကလေး..''
          ရှောင်မိန်က သမားတော်ကြီးအား ဦးညွတ်လိုက်ကာ ..
         ''ရရစေပါ့မယ်ရှင် .. ဒါပေမယ့် ပျောက်အောင်တော့ ကုပေးနော် ..'''
        ''ဟုတ်ကဲ့ ..ဟုတ်ကဲ့ ...ဟုတ်ကဲ့ ..ဟုတ်ကဲ့ ..စိတ်ချပါဗျာ ..စိတ်..စိတ်ချပါ''
          ရှောင်မိန်က ကျင်းကျူးအား ပြုံးပြလိုက်ကာ အခန်းထဲမှ သွက်သွက် လက်လက် ပြေးထွက်သွားသည် .. သမားတော်ကြီးက ဘဘဟုန်းအား .
        ''ဆရာကြီး ကျွန်တော်ကို တစ်ချက်လောက်တော့ ကူညီပါအုံးဗျာ .. ''
         ''ပြောလေ ..ဘာများကူညီပေးရမလဲ .. ''
         ''ကျွန်တော်က ဓါးကို ဆွဲနူတ်မယ် .. ဆရာကြီးကသွေးတွေ မပန်းထွက်လာ အောင် သွေးကြောတွေကို အမြန်ပိတ်ပေး .. သွေးကြောပိတ်ပြီးမှ ဆွဲနူတ်ရင်  အ၀သွေးကြောတွေ ခဲသွားပြီး အနာတော်တော်နဲ့ ကျက်မှာမဟုတ်ဘူးဗျ.. ဒါကြောင့်ပါ''
             ''ကောင်းပြီလေ.. ''
           ဘဘဟုန်းမှာ သမားတော်အနားနဘေး၌ သွားနေလိုက်သည် .. သမားတော်က လူကသာ လူကြောက် ဖြစ်သော်လည်း ပညာတကယ် ကျွမ်းပုံပေါ်၏ .. ဓါးကို ဖျတ်ကနဲ လျှင်မြန်စွာ ဆွဲနုတ်လိုက်သည် ..
         ''ဖေါက်.. ''
         ''ဒုတ်..ဒုတ်.''
          ''အင့်..'''
          ''အမလေး ..ဘုရား ဘုရား..''
           ဘဘဟုန်းကလည်း လက်မြန်သည် ..သွေးများပန်းထွက်လာသည်နှင့် သွေးကြောပိတ်ပြီးသားပင်.. ကျင်းကျူးကတော့ ထိုအဖြစ်အပျက်ကို ကြည့်ကာ ဘုရားတရင်း ဟွားဟွားကို ဖက်ထားမိသည် ..
           ဘဘဟုန်းက သမားတော်လက်ထဲမှဓါးကိုကြည့်ကာ .. ရွှင်ပြသောအသံနှင့်
         ''ဟူး ..တော်သေးတယ်ဟေ့ ...သေတွင်းကလွတ်သွားလို့ .. ဓါးကျိုးကြီး ဖြစ်နေတာလည်း ကံကောင်းသွားတယ် ..ဒါပေမယ့် သမားတော်ကြီး နေရာယူ တတ်တာလဲ ပါတာပဲ  ... အတိမ်းနည်းနည်းစောင်းရင် ပြန်အနုတ်မှာ ကလီစာ ကို ဆွဲပွတ်သွားနိုင်တယ် .. ချီးကျူးပါတယ် သမားတော်ကြီး .. ''
          သမားတော်ကြီးက ဂုဏ်ယူစွာပြုံးလျက်..
         ''ဟွမ်း ..ပါ ကျွန်တော့်နာမည် ဟွမ်းပါ ဆရာကြီးဟုန်း .. ဆရာကြီးဟုန်းကို တော့ ကျွန်တော်သိပါတယ် .. ''
           ''ဟာ  .. ဘယ်နှယ် .. နေပြည်တော်ရဲ့နာမည်ကျော် .. သမားတော်ဟွမ်း ဆိုတာလား ..ကြားဖူးတာပေါ့ဗျာ ..ဒါပေမယ့် ဘယ်လိုလုပ် ဒီကို..''
          ''ဟုတ်တယ် ..ဆရာကြီးဟုန်း ..ပုဝါဖြူဂိုဏ်းက ကျွန်တော့်ကို ဖမ်းလာတာဗျ .''
            ဘဘဟုန်းမှာ သမားဟွမ်းနှင့် မိတ်ဆက်နေစဉ်တွင် ရှောင်မိန်ပြန်ဝင်လာ၏ .. သူမလက်ထဲတွင် ကြေးဇလုံကြီး ကိုင်ထားသည် .. ကြေးဇလုံထဲတွင်မူ အငွေ့တထောင်းထောင်းထနေသော ရေများပါရှိသည် ..
          သမားတော်ဟွမ်းသည် ရှောင်မိန်ဝင်လာသည်နှင့် ချက်ခြင်း ပါးစပ်ပိတ်သွား၏ .' ရှောင်မိန်က ..
          ''သမားတော်ကြီးရှင့် ဒီမှာရေနွေးရပါပြီရှင် .. ''
          ''ဟုတ်..ဟုတ်ကဲ့'''
         အတီးအထစ်နှင့် ကြေးဇလုံကို လှမ်းယူလိုက်ပြီး ဆေးသေတ္တာထဲမှ အပ်ချည် များ အပ်များ ဓါးငယ်နှစ်လက် .. အ၀တ်စကိုထည့်စိမ်လိုက်၏ ..
        ထို့နောက် အ၀တ်စကို ရေညစ်ကာ အားကွေ့၏ ဒါဏ်ရာတစ်ဝိုက်ရှိ သွေးစသွေးနများကို သန့်စင်သည် ..  ကြွေဗူးထဲမှ ဆေးရည်နှစ်စက်ကို ဒါဏ်ရာထဲ လောင်းထဲ့လိုက်၏ .. ပြီးနောက် အပ်ဖြင့် ဒါဏ်ရာကို ချုပ်လိုက်တော့သည် .. အားကွေ့၏ ပါးစပ်ထဲသို့ ဆေးငါးလုံး တိုက်ပြီးသည့်နောက်တွင် ဆေးကုသခြင်း ပြီးဆုံးသွားတော့၏ ...
       ကျင်းကျူးကလည်း ထိုအခါမှပင် သက်ပြင်းချနိုင်တော့သည် .. အားကွေ့၏ အသက်ရှူသံ ပြန်မှန်လာပြီမဟုတ်လား ...
         အကုန်လုံးကိစ္စ၀ိစ္စများ ပြီးသည့်နောက်တွင် ရှောင်မိန်က ..
       ''မမတို့ ဘဘတို့ကို ကျွန်မအကြံဉာဏ်ပေးချင်ပါတယ်ရှင် .. ရန်သူ့နယ်မြေမှာ ဒီလောက်အကြာကြီးနေရတာတောင် တော်တော်စွန့်စားလှပါပြီ .. အခုချက်ခြင်း ဒီနေရာက ခွာဖို့ သင့်ပြီ ထင်ပါတယ် .. ကျွန်မ အောက်မှာ ရထားလုံးနှစ်စီး ပြင်ထား  ပါတယ်ရှင်.. ''
         ဘဘဟုန်းက ရှောင်မိန်စကားအဆုံးတွင်
          ''အေး ..ဟုတ်သားပဲ ..  ရှောင်မိန် ပြောတာမှန်တယ် .. သမီးကျင်းကျူး ဘဘတို့ မြန်မြန်ထွက်ကြရအောင်.. ''
          ကျင်းကျူးက ခေါင်းငြိမ့်ပြလိုက်ပြီးမှ ..
         ''မဟုတ်သေးဘူး ဘဘ ..ရှောင်းဟူ ...ရှောင်းဟူလေးရော .. ''
          ''သြော် ကျင်းကျူးရယ် ဟိုမှာ သမားတော်တစ်ယောက်လုံးရှိနေတာ ဒီလောက်တော့ အပျော့ပေါ့ .ကိုင်း...သွားရအောင် .. ''
           ဘဘဟုန်းက အားကွေ့အား ထမ်းခေါ်ရန်ပြင်လိုက်စဉ်တွင် ရှောင်မိန်က. အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်..
         ''ဘဘ ...ဘဘ ကရှောင်းဟူကို ထမ်း ..သမီးနဲ့သမားတော်ဟွမ်းက အကိုကြီး ကိုသယ်ခဲ့မယ် .. ဟိုမမ အပြင်မှာ သတ်ထားဖြတ်ထားတာတွေ မြင်ဝံ့မှာမဟုတ်ဘူး .. သူ့ကိုတော့ ဟိုမိန်းကလေးကို ထမ်းခိုင်းလိုက်မှ ဖြစ်မယ် .. '''
           ဘဘဟုန်းကလည်း ယခုမှ သတိရစွာဖြင့် ကိုယ့်နဖူးကို ကိုယ်ပြန်ရိုက်ကာ ..
          ''ဟုတ်သားပဲ .. ငါ့နှယ် .. ကျင်းကျူးသာ အပြင်ကဟာတွေမြင်လို့ကတော့ ဆယ်ရက်လောက် အစာစားတော့မှာမဟုတ်ဘူး .. ''
            ဟုဆိုကာ ကျင်းကျူးအား အကြောလှမ်းပိတ်လိုက်ပြီး .. ဟွားဟွားအား ကမ်းပေးလိုက်ကာ ..
              ''ရော့ မိန်းကလေး ..နင့်မမကို နင်ထမ်းခဲ့ သူလမ်းလျှောက်နိုင်မှာ မဟုတ်ဘူး ''
             ဟွားဟွားမှာ ကျင်းကျူးအား အမရင်းလို ချစ်နေသည့်အတွက် ဂျစ်ကပ်ကပ် မလုပ်တော့ဘဲ ပုခုံးပေါ်ထမ်းတင်လိုက်သည် ..
           ထို့နောက် ရှောင်မိန် .. သမားတော်ဟွမ်းတို့၏ ဦးဆောင်မှုဖြင့် ထိုရဲတိုက်ဆီ မှစွန့်ခွါလာကြတော့၏ ...
=========================
ကိုင်းဗျာ .. မျက်ရည်များကြားမှ ရေးသောစာပေါ့ ..
ဟဲဟဲ ..အဲ့လောက်ပဲ ရေးနိုင်တယ်ဗျာ ..
အခုထိ မသက်သာသေး ..
ဟုတ်ကဲ့ .. အိုခီ .. ကျိုင်းဇူးပါခင်ည့ာ.. Big ကျေးဇူးပါ..
အိုးခီ ...ယားချင်တာယား ..မျက်လုံးတော့မယားနဲ့
မျက်စဉ်းဆေးတွေ ဈေးကြီးနေတယ်
ချလစ်တယ်နော် ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၃
       အလုံပိတ်မြင်းလှည်းနှစ်စီးသည် ဟူထိုင်မြို့ထဲသို့မောင်းဝင်လာခဲ့ကြသည် .. မြင်းလှည်းတစ်စီးပေါ်တွင် ချောမောလှပသော မိန်းမပျိုလေးသုံးယောက် စီးနှင်းလိုက် ပါလာကြပြီး ..ကျန်မြင်းလှည်းပေါ်တွင်တော့ အဘိုးအိုနှစ်ယောက်နှင့် လူမမာတစ် ယောက်တို့ဖြစ်ကြသည် ..
         ရှေ့မြင်းလှည်းပေါ်မှ ရှောင်မိန်သည် အဘိုးကြီးဟုန်းကို ဒေါသထွက်နေမိ၏ ..
 သူမ၏အစီအစဉ်မှာ အားကွေ့ပါသော မြင်းလှည်းကို သူမမောင်းမည် တဖြည်းဖြည်း နောက်မှ ချန်ရစ်ခဲ့ကာ ရှေ့မြင်းလှည်း မျက်ကွယ်ဖြစ်သည်နှင့် ထွက်ပြေးမည်ဟူ၍ ဖြစ်သည် .. ယခုတော့ အဘိုးကြီးဟုန်းက သမားတော်ဟွမ်းနှင့် စကားစမြည် ပြောချင်သည်ဟုဆိုကာ သူမအား ရှေ့မြင်းလှည်းသို့ပို့လိုက်သည်လေ...
       ရှောင်မိန် သည်မည်ကဲ့သို့ ပုဝါဖြူဂိုဏ်းသို့ရောက်ကာ အားကွေ့အား ခိုးပြေးရန်္ဒကြံနေသနည်းဟုဆိုသော် ...
        အမှောင်နန်းတော် သခင်မ၏ ပူဆာချက်အရ သူမနန်းတော်မှ ခိုးထွက်ကာ ၀ူချောင်မြို့သို့ ရောက်လာခဲ့သည် ... ၀ူချောင်တွင် နဖူးမှရွှေရောင် အစက်အပျောက် နှင့်လူအကြောင်းစုံစမ်းရာ ခြေရာပျောက်သွားသည်ဟုသာ ကြားသိရသဖြင့် သူမ စိတ်အိုက်ကာ ၀ူချောင်မြို့ပြင်တွင် ထိုင်နေစဉ်တွင် သူမနဘေးမှ လူတစ်ယောက် ဖြတ်ပြေးသွားသဖြင့် ထိုလူ၏ကိုယ်ဖော့ပညာအား အကဲစမ်းလိုသဖြင့် နောက်မှ ပြေးလိုက်သွားမိသည် ..
          ထိုလူမှာ ကျင်းကျူးနောက် ပြေးလိုက်လာသည့် ဘဘဟုန်းဖြစ်ပါ၏ .. ဘဘဟုန်း၏ကိုယ်ဖော့ပညာမှာ သူမထက် သာလွန်နေသည်ဖြစ်ရာ ရှောင်မိန်မှာ မျက်ခြေမပျတ်သွားရန်ပင် အလောလိုက်နေရသည် .. တုံးမင်မြို့နား မရောက်ခင်တွင် ရှောင်မိန်မှာ ဘဘဟုန်းနောက်ဆက်မလိုက်တော့ဘဲ ၀ူချောင်မြို့ကို ပြန်မည်ဟု ဆုံးဖြတ်ချက် ချနေတုံးတွင် အားကွေ့အားတွေ့လိုက်ရခြင်းပင် .. ဘဘဟုန်းနှင့် အားကွေ့ ပြသနာတက်နေသည်ကို သူမ သစ်ပင်အကွယ်မှပုန်း၍ ကြည့်နေသည် ..
            အားကွေ့အား ထိုစဉ်ကတည်းက ၀င်ဖမ်းလိုသော်လည်း ဘဘဟုန်း၏ သိုင်းပညာ အဆင့်အတန်းမှာ သူမထက်မြင့်နေမှန်းသိလိုက်ရ၍ ၀င်မဖမ်းရဲသေးပါ .. ထို့ကြောင့် သူတို့နှစ်ယောက်နောက်မှ နောက်ယောင်ခံလိုက်လာခြင်းသာ .. ထိုအခါမှ အားကွေ့၏ သိုင်းပညာကလည်း သူမထက်အဆင့်မြင်နေကြောင်းရိပ်မိလိုက် သည်...
             သို့သော် ရှောင်မိန်ကဇွဲမလျော့ အားကွေ့နှင့် ဘဘဟုန်း အလစ်တွင် ၀င်ဖမ်းမည်ဟုဆုံးဖြတ်ချက်ချကာ နောက်ရောင်ခံလိုက်ခဲ့၏ .. ရှောင်မိန်၏ ပင်ကိုယ်စွမ်း ထက်မြက်သည်ကတစ်ကြောင်း .. အားကွေ့နှင့်ဘဘဟုန်းတို့ ကျင်းကျူးအတွက်သောကရောက်နေကြသည်က တစ်ကြောင်းမို့ နှစ်ယောက်လုံး မရိပ်ခဲ့ကြပါ..
         တုံးမင်မြစ်ထဲတွင်လည်း အားကွေ့တို့လှေနောက်မှ သူမ၏ လှေပါပါသည်..
အားကွေ့တို့ ကမ်းနားမှ ကြိုးများဖြင့်ခုန်လွဲသွားသော်လည်း ရှောင်မိန်က လှေဖြင့်ပင် ဟူထိုင်မြို့ကို ဆက်သွားလိုက်သည် .. သူမကမ်းပေါ်တက်တော့ အားကွေ့မှာ ဟိုက်ထုံး ဂိုဏ်းသားကို စစ်မေးနေသည့်အခိုက်အတန့်ပင် .. ဟိုက်ထုံးဂိုဏ်းသား၏ အဖြေစကားကြောင့် အားကွေ့နှင့်ဘဘဟုန်း သွားမည့်နေရာကို သိသွားသော ရှောင်မိန်မှာ သူမအရင်ဦးအောင် ကျွဲခေါင်းတောင်ကြားသို့ သွားလိုက်သည် .. ရှောင်မိန်အတွက်တော့ ဆူးဝင်္ကပါမှာ အခက်ကြီးမဟုတ်လှပါ .. ထို့ကြောင့် အသာအယာ ဖြတ်ကျော်သွားနိုင်ပြီး ပုဝါဖြူရဲတိုက်အနား ကပ်သွားနိုင်ခဲ့သည် ..
            ရဲတိုက်နဘေးတွင် ပေါက်နေသော  သစ်ပင်ကြီးပေါ်သို့တက်ကာ ရှောင်မိန် မှာ အခြေအနေကို စူးစမ်းနေစဉ်တွင် ပုဝါဖြူညီအမများ၏ စကားကို တစွန်းတစ ကြားသိရ၍ သမားတော်ဟွမ်းအကြောင်း .. နဂါးသတ်ဓါးအကြောင်းတို့ကို သိလိုက်ရသည် ..
            ထို့နောက်သိပ်မကြာခင်တွင်ပဲ အားကွေ့တို့ရောက်လာကာ ပုဝါဖြူဂိုဏ်းသားများနှင့် တိုက်ခိုက်နေသည်ကို တွေ့ရသည် .. သူတို့နှစ်ယောက် အထဲဝင်သွားသည်နှင့် ရှောင်မိန်လည်း သစ်ပင်ပေါ်မှ ဆင်းကာ ရဲတိုက်ထဲလိုက် ၀င်သွား၏....အားကွေ့၏ သိုင်းပညာမှာ သူမထင်ထားသည်ထက်ပင် ပို၍ထက်မြက် နေသေးသည် .. ထို့အပြင် ဉာဏ်နီဉာဏ်နက်လည်း အလွန်များနေသည်ကို တွေ့လိုက်ရသဖြင့် သူမစိတ်ဓါတ်ပင် ကျသွားမိသည် ..
             သို့သော် သခင်မလေး၏မျက်နှာကို ပြန်မြင်မိသဖြင့် ..ရှောင်မိန် မှာ အခွင့်ကောင်းကိုသာ ဆက်ချောင်းရမည်ဟု ဆုံးဖြတ်၍ အားကွေ့တို့နောက်မှ လိုက်လာခြင်းသာ ..လေးထပ်မြောက်အထပ်တွင် အားကွေ့အခန်းထဲဝင်သွားသော် လည်း ဘဘဟုန်းအပြင်တွင်ရှိနေသေး၍ သူမမှာ လိုက်မ၀င်သာပါ ... ထိုအခိုက် အတော်လေးကြာသွားမှ သမားတော်ဟွမ်းဆိုသူ မှာ ငါးထပ်မြောက်မှ ဆင်းလာပြီး တိုက်ပွဲကို ရှောင်ကွင်းပြေးသွားသည်ကို တွေ့လိုက်ရသဖြင့် ရှောင်မိန်က ဖမ်းထားလိုက်ခြင်းဖြစ်သည် ..
               သူမသိလိုသည့် အချက်များကို သမားတော်ဟွမ်းအား နှိပ်စက်ပြီးမေး လိုက်ရာ  အခန်းတွင်းအခြေအနေများကို သိလိုက်ရသည် .. သမားတော်ဟွမ်းခမျာ လည်း သေလုမျောပါးပင် ..သမားတော်ဟွမ်းအား နှိပ်စက်နိုင်မက နှိပ်စက်၍၀မှ အကြောပိတ်ပြီး ပစ်ထားကာ ရှောင်မိန် အနီရောင်ခန်းရှေ့ကို သွားလိုက်သည် .. အခန်းထဲမှ ချင်းညံတို့ ညီအမနှစ်ယောက် ပြေးထွက်လာသဖြင့် အားကွေ့တို့ နိုင်သွား သည်ဟု ရှောင်မိန်ရိပ်မိလိုက်သည် ..
            နောက်တော့ မိန်းကလေးတစ်ယောက်၏ စူးစူးဝါးဝါးအော်သံကြောင့် တံခါးကို ဟပြီးကြည့်လိုက်မှ .. အားကွေ့ ဓါးထိုးခံထားရသည်ကို မြင်လိုက်ရသည် .. ရှောင်မိန်မှာ သူ့သခင်မမှာလိုက်သော စကားကြောင့် ထိုစဉ်က မူးမိုက်မတတ်ပင် ဖြစ်သွားရ၏ .. မှန်သည် အားကွေ့မှာ သူမ သခင်မ၏လက်ထဲမရောက်မခြင်း သေလို့ လုံးဝမရပြီမဟုတ်လား ..
              ထို့ကြောင့် ဘဘဟုန်းဓါးကို ဆွဲနူတ်မည်အပြု ရှောင်မိန် ၀င်တားလိုက်ခြင်း သာ ... အကယ်၍သူမ၏ အကြံအစည်သာ အောင်မြင်မည်ဆိုလျှင် ...
            ''ဟူး...''
            ရှောင်မိန်မှာ သူမ၏ ခရီးစဉ်တလျှောက်ကို တွေးမိပြီး သက်ပြင်းချကာ ခေါင်းရမ်းမိသည်..
          ထိုသည်ကို မြင်လိုက်သော ဟွားဟွားက ..
          ''အမ ပင်ပန်းနေရင် ကျွန်မတလှည့်မောင်းလိုက်မယ်လေ .. မြင်းနှင်တံပေးခဲ့''
            ရှောင်မိန်က ဟွားဟွားအား လှည့်ပြုံးပြလိုက်ပြီး  .
            ''မပင်ပန်းပါဘူးရှင် .. ပုဝါဖြူဂိုဏ်းပျက်သွားတော့ ကျွန်မတို့လို သာမာန် ဂိုဏ်းသားတွေ ဘယ်မှာသွားနေထိုင်ရမလဲ မသိလို့ .. ရှေ့ရေးကိုတွေးကြည့်ပြီး ရင်မောသွားတာပါ .. ''
               ဟွားဟွားက မြင်းလှည်း အပြင်မှ ယင်းကာကို ဖယ်လိုက်ပြီး အတွင်းခန်း ထဲသို့ချောင်းကြည့်ရင်း ..
              ''အော် ..ဒါများစိတ်ပူနေစရာမရှိပါဘူး .. ကျွန်မတို့ ခွန်လွန်းကို လိုက်ခဲ့ အရမ်းပျော်ဖို့ကောင်းတယ် .. အမရယ် . မမကျင်းကျူးရယ် သာလိုက်ခဲ့ရင် ကျွန်မအတွက် အဖော်တောင်ရသေးတယ် ..''
             ''သြော် .. ညီမလေးက ခွန်လွန်းကကိုး .. ထူးတော့ထူးဆန်းတယ်နော် ခွန်လွန်းဂိုဏ်းဝင်ထဲမှာ အမျိုးသမီးမရှိဘူးလို့ထင်နေတာ ''
               '''ဟင်း..ဟင်း.. ဂိုဏ်းဝင်ဟုတ်တယ်လို့လည်း ပြောလို့ရတယ် မဟုတ်ဘူး လို့လည်း ဆိုလို့ရတယ် .. ကျွန်မ ရဲ့မွေးစားအဖေက ခွန်လွန်းကလေ .. အမကြားဖူး မှာပေါ့ .. ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့် ကို .. ''
                ''သိတာပေါ့ တကယ့်ပြိုင်ဘက်ကင်း အကျော်အမော်ပဲ..ညီမလေးဟွား ကတော့ အတော်ကံကောင်းတဲ့ လူပါပဲ .. ဟိုအထဲက မမလေးကတော့ရော ဟင် .. သာမာန်အသိုင်းအ၀ိုင်းကပေါက်ဖွားလာတာတော့ မဖြစ်နိုင်ဘူး .. သူ့မျက်နှာကို မြင်လိုက်ရုံနဲ့တင် နူးညံ့သိမ်မွေ့ပြီး တကယ့်ကျက်သရေရှိလွန်းတယ်..''
           ဟွားဟွားက ခေါင်းကို အခါခါငြိမ့်ကာ ထောက်ခံလိုက်ရင်း ..
          ''အမပြောတာမှန်တယ် .. သူ့ရဲ့အကြောင်းကို သေသေချာချာမသိပေမယ့် .. တကယ့် မိန်းမကောင်း မိန်းမမြတ်ပဲဆိုတာ အဆင်းကို ကြည့်တာနဲ့သိနိုင်တယ် .. ''
          သူမတို့နှစ်ယောက် စကားတပြောပြောနဲ့မောင်းလာရင်း .. ဟူထိုင်မြို့ထဲသို့ ရောက်ရှိလာခဲ့သည် .. မြို့ထဲသို့ရောက်သည်နှင့် ပုခုံးတွင် ကျပ်စီးထားသော ဟိုက်ထုံးဂိုဏ်းခွဲမှူးမှာ ပြာပြာသလဲပြေးလာပြီးနောက် မြင်းလှည်းမှ ဘဘဟုန်းအား ..
          ''ဆရာကြီး .. ဆရာကြီး..ဟိုဆရာလေးရောဗျာ ..  ကျွန်တော့် သွေးကြော ပြန်ဖွင့်ခိုင်းပေးပါအုံးဗျာ .. အခုဆို ကျွန်တော့် လက်တဖက်လုံးလှုပ်လို့မရတော့
ဘူးဗျ .. ''
        ဘဘဟုန်းက မြင်းလှည်းကိုရပ်လိုက်ကာ ..
         ''အေး ..လောလောဆယ် သူဒါဏ်ရာ ရလာလို့ မင်းသွေးကြောကို ဖွင့်ပေးနိုင် မှာမဟုတ်ဘူး .. သူသက်သာလာမှပဲ ဖွင့်ပေးနိုင်မှာ .. အခု ငါတို့အဖွဲ့ ဒီမြို့မှာ တည်းဖို့ခိုဖို့ စားဖို့သောက်ဖို့ နေရာထိုင်ခင်းလိုတယ် ..အဲ့ဒါ..''
         ''ဟုတ်ကဲ့ ဆရာကြီး .. ရပါတယ်ဗျာ .. ကျွန်တော် အဆင်ပြေအောင် လုပ်ပေး ပါ့မယ် ..ကျွန်တော့် နောက်သာလိုက်ခဲ့ပါ ''
           ဟိုက်ထုံးဂိုဏ်းခွဲမှူးမှာ ဘဘဟုန်းအား အာမဘန္တေခံကာ ရှေ့မှပြေးထွက် သွားတော့သည် ..
==================
             နေပြည်တော်တွင် သဘာဝရတနာ ရှစ်မျိုးရှိသည်ဟုဆိုသည် .. လောကကို ပိုင်စိုးသော မိုးနတ်မင်းကြီးသည် မိအိုဖအိုနှင့် တခြားသက်ကြီးရွယ်အိုများကို လုပ်ကျွေးသော ချင် အမည်ရှိသည့် ထင်းခုတ်သမားလေးအား ဂုဏ်ပြုသည့်အနေဖြင့် ဆု အဖြစ်တောင်းရန် ခွင့်ပြုသည့် အခါ ချင် က လူသားများအတွက် သာယာလှပ သော ပတ်ဝန်းကျင်ကိုသာ ဖန်ဆင်း ပေးပါဟု တောင်းယူခဲ့သဖြင့် မိုးနတ်မင်းကြီးက ထို သဘာဝရတနာ ရှစ်မျိုးကို ဖန်ဆင်း ပေးခဲ့သည်ဟု ဒဏ္ဍာရီရှိသည် ..
            ထိုရတနာရှစ်မျိုးမှာ နေပြည်တော်၏အရှေ့ဘက်ရှိ မိုးကိုထိလုမတတ် ထိုးတက်နေသော စိမ်းစိုနေသည့် တောင်ထွဋ်ကြီး .. နေပြည်တော်၏ အနောက်ဘက် မှ သက်တံများအမြဲမပြတ်ဖြစ်ပေါ်နေသော ရေတံခွန်ကြီးတစ်ခု ... ထိုရေတံခွန်၏ နဘေးကပ်ရက်ရှိ သဘာဝပန်းတောအုပ် .. နေပြည်တော်၏ တောင်ဘက်ရှိ တပင်တိုင် ၀ါးသစ်တော .. ထိုဝါးသစ်တောနှင့်မလှမ်းမကမ်းတွင်ရှိသည့် ရွှေသမင်များ ကျက်စား ရာ မြက်ခင်းစိမ်းတောတန်းလေး .. နေပြည်တော်မြောက်ဘက်ရှိ ကျောက်တုံးကျောက် ဆောင်များ ပေါများသည့် စမ်းချောင်းငယ်များယှက်ဖြာနေသော မြစ်တစ်စင်း နှင့် နေပြည်တော်၏မြို့စွန်ရှိ ကြာမျိုးငါးပါးနတ်ရေကန်တို့ဖြစ်ကြသည် ...  
               သဘာဝရတနာတပါးဖြစ်သော အပြောကျယ်ပြီး စိမ်းမြမြ ရေကန်သာကြီး နဘေးတွင် ခန်းနားထယ်ဝါသော ခုနှစ်ဆင့် ရဲတိုက်ကြီး တစ်ခုရှိသည် .. တံခွန်များ ကုက္ကားအလံများ စုလစ်မွန်းချွန်းများ  နံရံကပ်ကျောက်ဆစ်ရုပ်ကြွများနှင့် ဆင်ယင် ထားသော ထိုရဲတိုက်ကြီး၏ ပိုင်ရှင်မှာ အမတ်ချူပ်ကြီးပင်ဖြစ်၏ .. ကိုယ်ပိုင်ခါးပိုက် ဆောင် တပ်ဖွဲရှိသော အမတ်ချူပ်ကြီးမှာ သဘာဝရတနာရှစ်ပါးနေရာဌာနတွင် တစ်နေရာလျှင် ရဲတိုက် တစ်ခုထားရှိကာ နွေမိုးဆောင်းလီ အသီးသီး၌ လည့်ပတ်နေ ထိုင်သူဖြစ်လေသည် .. ယခုလို ပွင့်လင့်ရာသီတွင်တော့ ထိုရဲတိုက်တွင် စံမြန်းနေလေ့ ရှိပါ၏ ..  ရဲတိုက်ကြီး၏ အထူးခန်းထဲတွင် အမတ်ချုပ်ကြီး နှင့် ဖားပြုတ်အိုတို့ ဆရာတပည့်နှစ်ယောက်တို့ တွေ့ဆုံစကားပြောနေကြသည် .. ဖားပြုတ်အိုကြီးက အမတ်ချူပ်ကြီး၏ အကြံပြုစကားအား ..
            ''ဘယ်လို အမတ်ချုပ်ကြီး ကျွန်တော်တို့ပန်းနီနီအဖွဲ့က သိုင်းလောကကို တစုတစည်းထဲဖြစ်အောင်လုပ်ပေးရမယ်ဟုတ်လား .. ''
            အမတ်ချုပ်ကြီးက ပြုံးလိုက်ပြီး ..
          ''မှန်တယ် ဆရာပူဝူးလူသွဲ့ .. ရှင်းရှင်းပြောရရင် ခင်ဗျားကို သိုင်းလောက ခေါင်းဆောင်ဖြစ်စေချင်တယ် .. ခင်ဗျားသာသိုင်းလောကခေါင်းဆောင် ဖြစ်ပြီဆိုရင် သိုင်းလောကသားတွေကို စစ်တပ်လိုမျိုးဖွဲ့စည်းပြီး ကျုပ်ကအင်အားတရပ်အနေနဲ့ အသုံးပြုဖို့ပဲ .. '''
          ဖားပြုတ်ကြီးက မချိပြုံးပြုံးကာ ..
      ''အမတ်ချုပ်ကြီး..ကျွန်တော်လည်း သိုင်းလောကကို အုပ်စိုးချင်စိတ်ရှိပါတယ် .. ဒါပေမယ့် သိုင်းလောကအကြောင်းတဖြည်းဖြည်း သဘောပေါက်လာလေလေ ဒီကိစ္စ ကမလွယ်မှန်းသိလာလေလေပါပဲဗျာ ..ငွေအား လူအား အင်မတန် လိုတာ
ကလားဗျာ ''
         အမတ်ချုပ်ကြီးက စားပွဲပေါ်တွင်တင်ထားသည့် လီတစ်သောင်းပျံမွှေးအရက်ကို ခွက်ထဲငှဲ့ထည့်ကာ တကျိုက်သောက်လိုက်ပြီး ..
             ''ဆရာပူဝူးလူသွဲ့ လိုအပ်တဲ့အကူအညီကို ကျုပ်ဖြည့်ဆည်းပေးနိုင်တယ် .. ငွေအား လူအင်အား ကြိုက်တဲ့အကူအညီကိုပြော .. မရဘူးဆိုတာမရှိစေရဘူး .. ပြီးတော့ လုပ်ရကိုင်ရမှာ ခင်ဗျားတို့ တဖွဲ့တည်းမဟုတ်ပါဘူး .. တခြားအဖွဲ့လည်း ရှိသေးတယ် .. .''
          ''တခြားအဖွဲ့ ......'''
        ''ဟုတ်တယ်.. ခင်ဗျားလည်း သိုင်းလောကသားတစ်ယောက်ပဲ .. နရန်ဂိုဏ်း အကြောင်းကြားဖူးမှာပေါ့ .. ''
          ဖားပြုတ်အိုကြီးမှာ နရန်ဟူသော နာမည်ကြောင့် လန့်သွားကာ ..
         ''ဟို.. လူသတ်ဂိုဏ်း နရန်လား ..ဘုရားဘုရား .. သူတို့ရဲ့စည်းမဲ့ကမ်းမဲ့ လူသတ်ပုံနဲ့တော့ ..'''
          ''မှန်တယ် ဒါ့ကြောင့်မို့လည်း သူတို့ကို အကြံဉာဏ်ပေးနိုင်မယ့် ဆရာ ပုဝူးလူသွဲ့ လိုလူမျိုး လိုအပ်လို့ ကျုပ်က ဖိတ်ခေါ်ရတာပဲ ..သူတို့ရဲ့ခေါင်းထဲမှာ သိုင်းပညာနဲ့လူသတ်ဖို့ပဲရှိတယ် .. ကျန်တဲ့အသိဉာဏ်ကအလွန်ပဲ အားနည်းလှ တယ်.. ဆရာပုဝူးလူသွဲ့ရဲ့ခေါင်း ..သူတို့ရဲ့ကိုယ်နဲ့ဆို သိုင်းလောကကို အုပ်စိုးဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘူးဗျ .. ''
           ဖားပြုတ်အိုမှာ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ကာ ...
        ''အင်း ...အမတ်ချုပ်ကြီးရဲ့အကြံအစည်ကတော့ ကောင်းပါတယ် .. ဒါပေမယ့် သူတို့အဖွဲ့ကရော ကျွန်တော်နဲ့ပူးပေါင်းဖို့ လက်ခံနိုင်ပါ့မလား .. ''
          အမတ်ချုပ်ကြီးက လက်ကာပြကာ ..
         ''စိတ်ချ ..စိတ်ချ .. ကျုပ်ဘက်က ပိုင်လို့ပြောတာ .. အဲ့အဖွဲ့က လောလောဆယ် တခြားလုပ်စရာလေးတွေရှိသေးလို့အခုထိ လူလုံးမပြနိုင်သေးတာ သူတို့လုပ်နေတဲ့ကိစ္စလေးသာ အောင်မြင်သွားပြီဆိုရင် .. လက်တဖျောက် အတွင်း သိုင်းလောကကို ခင်ဗျားတို့ သိမ်းပိုက်လို့ရပြီ .. ''
           ဖားပြုတ်အိုမှာ နရန်ဂိုဏ်းအကြောင်း အတွင်းသိအစဉ်းသိသူမို့ ပေါင်းစည်း ရန်မလွယ်ကူ ထိမ်းချုပ်ရန်မလွယ်ကူဟု သိသော်လည်း သိုင်းလောကကို ပိုင်စိုးရန်မှာ သူ၏ အိမ်မက်ဖြစ်သဖြင့် အမတ်ချုပ်ကြီး၏ အကြံအစည်ကို လက်ခံလိုက်မိသည် .. ထို့ပြင် သူ့ထံတွင်လည်း အခြားသော ရည်ရွယ်ချက်လည်း ရှိသေးသည်မဟုတ်လား ..
======================
         အမတ်ချုပ်ကြီး၏ ရဲတိုက်မှထွက်ခွာလာရင်းခပ်လှမ်းလှမ်းသို့အရောက် ရှု့ယီက
       ''ဆရာကြီး .. နရန်ဂိုဏ်းလို ကြောက်စရာကောင်းတဲ့ ဂိုဏ်းနဲ့ပေါင်းလုပ်ရမှာ တကယ်မလွယ်ဘူးနော် .. သူတို့ရဲ့ဂိုဏ်းဝင်တစ်ယောက်ဆီကိုက သိုင်းလောကမှာ ထိပ်သီးအဆင့်လောက်ရှိတယ်.. ''
        ဖားပြုတ်အိုက ရှု့ယီစကားကို အသိမှတ်ပြုသလိုခေါင်းညိမ့်လိုက်ပြီး
      ''မှန်တယ် ငါ့တပည့် ..ဒါ့ကြောင့်လည်း ငါတို့ဘက်က အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရမှာပေါ့ .. သိုင်းလောကကို အုပ်မိတဲ့အခါ နရန်ကိုဖြုတ်ချပစ်ရမယ် .. အဲ့ဒီအတွက် အခုငါတို့စမ်းသပ်နေတဲ့ သိုင်းသမားတွေ အဆင့်အောင်သွားဖို့လိုတယ်''
      ရှု့ယီက ခေါင်းယမ်းလိုက်ကာ ..
       ''ဆရာကြီး .. ကျွန်တော့်အထင်တော့ ဆရာကြီး ရဲ့စမ်းသပ်မှု မအောင်မြင်နိုင် ဘူးလို့ပဲထင်မိတယ် ..အခုဆိုရင် ဆရာကြီးရဲ့ ၀ရဇိန်သူရိန်လက်ညိုးနဲ့. သန်းခေါင်ည မိစ္ဆာ တွဲစပ်သိုင်း ကို ကျင့်ပြီး ဂိုဏ်းသား အယောက်တရာကျော် ရူးတဲ့သူကရူး သေတဲ့သူက သေကုန်ကြပြီ ..  အဲ့နှစ်ခုက အစပ်အဟပ်မတည့်ဘူးနဲ့တူတယ်ဗျ''
        ဖားပြုတ်အိုက လမ်းလျှောက်နေရာမှရပ်လိုက်ပြီး ...
         ''ရှု့ယီ မင်းကအတော်လေးစိတ်ဓါတ်ကျလွယ် ..အရှုံးပေးလွယ်တာကိုးကွ .. အခုဆို မင်းလည်း ၀ရဇိန်သူရိန်လက်ညိုးသိုင်းကို အဆင့်ကုန်တော့မယ် .. ငါလည်း သန်းခေါင်ညမိစ္ဆာသိုင်းကို အောင်တော့မယ် .. အေး ..ငါတို့အောင်သွားရင် အဲ့သိုင်း အကျိုးအပစ်တွေကို ဖြတ်ထုတ်ပြီးတွဲစပ်လိုက်မယ်ဆို မအောင်မြင်စရာဘာအကြောင်း မှမရှိနိုင်တော့ဘူးကွ .. စမ်းသပ်ရမယ့် ကိစ္စကတော့ ဆက်လုပ်နေရမဲ့ အရာပဲ .. ''
      ဟုဆိုကာ တခုခုကို သတိရသွားရင်း
          ''နေအုံး ရှု့ယီ မင်း စုံစမ်းနေတဲ့ မုစန်းသိုင်းပါရဂူရဲ့သိုင်းကျမ်းကိစ္စ ဘယ်လိုလဲ သိရပြီလားကွ ..''
         ရှု့ယီလည်း ယခုမှသတိရသွားပုံပေါ်သည် ..
       ''သိရပြီဆရာကြီး .. ကျွန်တော်ပြောဖို့မေ့နေတာ .. တောင်ပင်လယ် တူဝရီး နှစ်ယောက် .. တောင်ပင်လယ်ကို မပြန်ခင် အခုနေပြည်တော်ရဲ့ မြင်းဖြူဘုံကျောင်းကို ၀င်သွားကြတယ်လို့ အထောက်တော်တွေကပြောတယ် .. ဒါနဲ့ ကျွန်တော်လည်း သေသေချာချာ သိရအောင် စုံစမ်းကြည့်တော့မှ မြင်းဖြူဘုံကျောင်းဆရာတော်ဟာ နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးရဲ့ ဆရာတူ ညီဖြစ်နေမှန်းသိလိုက်ရတယ် .. ''
         ဖားပြုတ်ကြီးက ထခုန်လိုက်ပြီး ..
         ''ဒါ...ဒါဆို သိုင်းကျမ်းက အဲ့ဘုန်းကြီးဆီမှာ ရှိမှာပေါ့ကွ .. မင်းအခုဘယ်လို လုပ်ထားသလဲ တခြားလူတွေရော ရိပ်မိနေကြပြီလား .. ''
          ရှု့ယီက ဘေးဘီကို ၀ဲကြည့်လိုက်ကာ ..
         ''ဘုံကျောင်း ကို မျက်ခြေမပြတ်ကြည့်ဖို့တော့ တပည့်တွေကို အစောင့်ချပြီး ညွှန်ကြားထားတယ် .. တခြားလူတော့ရိပ်မိမရိပ်မိ မသိဘူး .. ဘုံကျောင်း အောက်ခြေမှာ ပုံစံဖျက်ထားတဲ့ လူတော်တော်များများ ရောက်နေကြတယ်လို့တော့ နေ့ခင်းက သတင်းပို့လာတယ် .. ''
           ဖားပြုတ်အိုမှာ ထိုစကားကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး ... '  
          ''မင်းကွာ ..တကယ့်အရေးကို စောစောမပြောဘူး .. စောစောကသာ သိရရင် ကြိုတင်ပြင်ဆင်မှုလုပ်ထားလို့ရသေးတယ် ..အခုတော့ သူများတွေပါ သတင်းအစ အနရကုန်ကြပြီ .. ကိုင်း .. ပြောနေကြာတယ် ..နေပြည်တော်ရောက်တုန်း ..မြင်းဖြူ ဘုံကျောင်းကို သွားကြအုံးစို့ ..အခြေအနေကို အကဲခတ်ပြီး လှုပ်ရှား တန်သည် လှုပ်ရှားရအောင်  ''
           ထို့နောက် ရှု့ယီနှင့်ဖားပြုအိုကြီးမှာ ကိုယ်ဖော့ပညာသုံးကာ မြင်းဖြူဘုံကျောင်းဆီသို့ပြေးလွှားသွားလိုက်တော့၏ ...
==============.====
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၄
           မြင်းဖြူဘုံကျောင်းတည်ရှိရာ တောင်ခြေအောက်တွင် ဈေးဆိုင်တန်းများ တဲတန်းရှည်ကြီးများ ရုတ်တရက်ဖြစ်ပေါ်လာသဖြင့် နေပြည်တော်ရှိလူအများပင် အံ့အားသင်ကုန်ကြသည် .. ထိုနေရာသည် ယခုသုံးရက်အတွင်း ထူးထူးခြားခြား စည်ကားသွားခြင်းပင် ..
        ဈေးရောင်းသူများအပါအ၀င် လာရောက်စုရုံးနေသူများမှာ အယောက်လေးရာ နီးပါးမျှရှိလေသည်.. ရှိသမျှလူကုန်မှာလည်း အရပ်သားများမပါ .. သိုင်းသမားများ သာဖြစ်ပုံရ၏ .. ဈေးရောင်းချနေသည့်လူများပင် ကျော၌ဓါးများ လွယ်ပိုးထားရာ သိုင်းသမားဟု ဖော်ပြနေသည် ..
          သုံးရက်အတွင်း တဲပေါင်း အလုံးလေးဆယ့် ခုနှစ်လုံးတိတိရှိပြီး ဈေးဆိုင်ပေါင်း ဆယ့်သုံးဆိုင် ရှိ၏ .. အသားပေါင်းဆိုင် ..အခေါက်ကင်ဆိုင် .. ပဲနို့ဆိုင်.. ဂျုံလုံးကြော်ဆိုင်.. မန်ထိုပေါက်ဆီဆိုင်.. အထမ်းထမင်းဆိုင်  ... ခေါက်ဆွဲပြုတ်ဆိုင် .. ဒုတ်ထိုးမက်မန်းသီးဆိုင် .. ဗေဒင်လက္ခဏာနှင့် ရုပ်သျှသတ္တရ အဟောဆိုင် ..
အထမ်းအရက်ဆိုင် .. အချိုမုန့်လုံးဆိုင်  နှင့်သုံးရေ ချိုးရေအရောင်းဆိုင်အပြင် ထူးထူးခြားခြား မျောက်ပွဲနှင့်ခွေးလိမ္မာ ပြပွဲတို့ပါ ရှိသည်..
        တဲများမှာလည်း အမျိုးပေါင်းအစုံစုံပင် .. ရွက်ဖျင်တဲများ ..ပိတ်ထူစတဲများ .. ရွှံ့စရည်းတဲများ ... မွန်ဂိုတဲဝိုင်းပုံစံများ ..၀ါးတဲများ .. သစ်လုံးအကြမ်းထည်တဲများ အစရှိသဖြင့် တန်းစီနေ၏ .. ထို့အပြင် ဆောက်လက်စတဲများကလည်း ရှိပါသေး၏ .. ဆောက်ပြီးသော တဲအများအနက် ဆယ်လုံးမှာ တခြားတဲများထက် ပိုမိုခန်းနား ထယ်ဝါ နေသည် ..
          အစိမ်းအနီစပ်မက်မုန်သီးပုံအလံလွှင့်ထူထားသော ယွဲ့ရုံဂိုဏ်း၏တဲ.. ငွေရောင်အသွားရှစ်ခုပါစင်္ကြာပုံအလံနှင့် ထန်မိသားစု၏တဲ .. အနီရောင်ဆံမွှေးပါလှံတို နှစ်လက်ကိုကြက်ခြေခတ်ပုံ အလံလွှင့်ထူထားသည့် စိန့်မိသားစု၏ အဖြူရောင်တဲ ..
အမည်းရောင်ခုတ်ဓါးမကြီးပုံခြယ်သထားသော အလံလွှင့်ထူထားသည့် ယဲ့မိသားစု၏ ရွက်ဖျင်တဲကြီး .. နီညိုရောင်ရဲတိုက်ပေါ်တွင် သံကွင်းသုံးခုပုံရေးခြယ်ထားသော အလံ လွင့်ထူထားသည့် မရဏသံကွင်းဆက်ရဲတိုက်၏တဲဂေဟာ..အ၀ါရောင် သဲတောင်ပူစာ
ပေါ်တွင် အဖြူရောင်ကုလားအုတ်ပုံရေးဆွဲထားသောအလံ လွင့်ထူထားသည့် ဂန္တာရ ကုလားအုတ်ဖြူဂိုဏ်း၏ တဲဝိုင်းကြီး .. ဆူးများပါသော ဇီးပန်းခက်ပုံချယ်သံထားသည့် အလံနှင့် ဇီးပန်းဓါးသခင်၏ တဲ.. မြွေ ဖား ကင်းမြီးကောက် ကင်းခြေများ အစရှိသော အဆိပ်ကောင်များ ကို စက်ဝိုင်းသဖွယ် ချိတ်ဆက် ခြယ်သထားသော အလံလွင့်ထူ ထားသည့် အိုးမိသားစု၏ အဆိပ်စက်ဝန်းတဲ .. ကိုးခရိုင်ပြိုင်ဘက်ကင်းဟု ရေးထိုးထားသော စာတမ်းနဖူးကြီးနှင့် ရွှေရောင်တဲကြီး .. ဓါးဆယ့်ရှစ်လက်ကို ပုံစံအမျိုးမျိုးစိုက်ထိုးထားသည့်အလံနှင့် ငွေဓါးဆယ့်ရှစ်ဖော်ဂိုဏ်း၏ တဲ .. အစရှိသော တဲဆယ်လုံးမှာ တောင်ခြေအောက်တည့်တည့် တွင်နေရာယူထားရုံမက ခန်းနားကြီးမားသော တဲများဖြစ်ကြသည် ...
              ကျန်တဲများမှာမူ အလံအသီးသီးကို လွင့်ထူထားကြသော်လည်း အရွယ်အစားမှာ သိပ်မကြီးလှပါ.. သို့သော် ထပ်မံဆောက်လုပ်လက်စများအနက် တဲလေးလုံးမှာ ယခုလက်ရှိတဲဆယ်လုံးထက်ပင် ပမာဏပိုကြီးမားပါသည်..
           ဖားပြုတ်အိုကြီးနှင့်ရှု့ယီတို့လတ်တလော နေထိုင်ရာတဲမှာ ချောင်အကျဆုံး အသေးငယ်ဆုံးတဲပင် .. ဖားပြုတ်အိုကြီးက တဲအတွင်းခေါက်တုံ့ခေါက်ပြန်လျှောက် နေရင်း ..
              ''ရှု့ယီ..မင်းစုံစမ်းခဲ့တဲ့သတင်းက အမှန်ပဲလား .. ''
             ရှု့ယီက အပြင်သို့ချောင်းကြည့်နေရာမှ ခေါင်းပြန်ရုတ်လိုက်ပြီး ..
             ''မှန်တာသေချာပါတယ်ဆရာကြီး .. အခုသိုင်းဂိုဏ်းအသီးသီးက မြင်းဖြူ ဘုံကျောင်းမှာ စစ်သေနာပတိကြီး ရန်ခွမ်း လေးဆယ့်ကိုးရက် အဓိဋာန်ဝင်နေလို့ ငြိမ်နေကြတာ .. သူသာ အဓိဋာန်ထွက်ပြီး အိမ်တော်ပြန်သွားတာနဲ့ သိုင်းကျမ်းလုပွဲ ကစပြီပဲ .. ''
            ''အင်း .. အခုကို သိုင်းဂိုဏ်းတွေ အိမ်တော်တွေ ရဲတိုက်တွေက အတော်စုံ နေပြီ .. ဘယ်အဖွဲ့အစည်း ဘယ်တစ်ကိုယ်တော်သိုင်းသမားကိုမှ အလွတ်ပေးလို့ မရဘူး .. မင်းတပည့်ဘယ်နှစ်ယောက်ဒီိကိုရောက်နေပြီလဲ .. ''
           ရှု့ယီက ခဏမျှစဉ်းစားလိုက်ပြီး ..
           ''တရာ့ခြောက်ဆယ်ရောက်နေပြီဗျ .. ဘယ်သူမှမရိပ်မိအောင် တရာကျော်ကို မြို့ထဲမှာတချို့ တောင်ပေါ်မှာတချို့ တောစပ်မှာတချို့ဖြန့်ထားတယ် ..ခြောက်ဆယ် ထဲမှာလေးဆယ်ကျော်ကို တဲရှစ်လုံးမှာ နေရာချထားတယ် .. ကျန်တဲ့သူတွေကတော့ သူလျှိုတွေဗျ .. ''
            ဖားပြုတ်အိုက ခေါင်းတငြိမ့်ငြိမ့်နှင့် လုပ်ကာ ..
           '' ၀ူပေကို လှမ်းပြီး လက်ရွေးစဉ် ဆယ့်ငါးယောက် လွတ်ခိုင်းလိုက်အုံး .. ငါတို့အင်အားများရင်များသလောက် အကျိုးရှိမှာပဲ .. ပြီးတော့ အမတ်ချုပ်ကြီးဆီက နရန်ဂိုဏ်းသား ဆယ်ယောက်လောက်ရရင်ကောင်းမယ် ''
           ဟုပြောပြီးမှ  ခဏစဉ်းစားလိုက်ပြီးမှ
           ''ရှောင်လင် ၀ူတန် ခွန်လွန်းနဲ့ မဟာမိတ်အဖွဲ့အစည်း ဆီကရော ဘာသတင်း ကြားသေးလဲ .. ''
            ရှု့ယီက ဆရာဖြစ်သူ၏အမေးစကားအား
           ''ရှောင်လင်ကတော့ ဂိုဏ်းချုပ်ဆရာတော်ကျန်းမာရေး အခြေအနေကြောင့် ၀င်ပါမယ့်ပုံမပေါ်ဘူး .. ၀ူတန်ကတော့ ဂိုဏ်းချုပ်ကြီးရဲ့တပည့်နဲ့ ၀ူတန်ဓါးငါးဖော်ကို လွတ်လိုက်တယ် အခုဆိုလမ်းခုလတ်လောက်ရောက်နေရောပေါ့ ...သိုင်းကျမ်းလုဖို့ မဟုတ်ဘဲ အခြေအနေကို ၀င်ထိန်းမယ့် သဘောမို့ သိပ်ပြီးထည့်တွက်စရာမလိုဘူး .. ခွန်လွန်းက အသိရခက်တယ် လှုပ်ရှားမှုတစ်စုံတရာမရှိဘူးဗျ .. မဟာမိတ်ဂိုဏ်းက တော့ နှစ်ခြမ်းကွဲလုလုအခြေအနေပဲ .. သိုင်းကျမ်းလုမဲ့အဖွဲ့က တဖွဲ့ ... အခြေအနေ ကို ၀င်ထိန်းချင်တဲ့အဖွဲ့က တဖွဲ့နဲ့ အခုထိ အစည်းအဝေးထိုင်နေတုန်း .. အခု အဖွဲ့ခေါင်းဆောင်က ၀ါဆန်းဂိုဏ်းချုပ်ရိချင်းဆိုတော့ ....''
             ဖားပြုတ်ကြီးက ကြားဖြတ်ကာ ..
           ''အင်း.. ရိချင်းဆိုရင်တော့ သိုင်းကျမ်းလုဖို့ ဆုံးဖြတ်မှာပဲ .. ဒီအတိုင်းဆိုရင် ငါတို့ရဲ့ လူနဲ့လောက်မှာမဟုတ်လောက်တော့ဘူး .. ဟိုကောင်တွေကိုပါ ထုတ်သုံး မှဖြစ်တော့မယ်နဲ့တူတယ် ..ပြီးတော့ အခုနတ်ရွှေနဂါးဂိုဏ်းပါ သိုင်းကျမ်းလုမယ့် အထဲပါလာပြီကြားတယ် .. ''
            ရှု့ယီက ဖားပြုတ်ကြီး၏ စကားကြောင့် ပြာသွားပုံရ၏ ..
           ''ဟာ ..ဆရာကြီး ဟိုကောင်တွေကို ထုတ်သုံးလို့ မဖြစ်သေးဘူးနဲ့တူတယ် နော်.. အခုထိ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေမရှိသေးဘူး .. မလုပ်ပါနဲ့ ဆရာကြီးရယ် .. အခြင်းခြင်းပါ ထိခိုက်ကုန်ပါအုံးမယ် .အဲ့အစား  နရန်ဂိုဏ်းသား ပိုခေါ်ရင်ခေါ် ..မခေါ်ရင် ကျွန်တော့် လက်ရွေးစဉ်ထဲက ပိုသုံးလိုက်ပါ့မယ် .. ''
             ''ဒီကောင်တွေကို ငါကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်ကွာ .. မင်း အစိုးရိမ်ကြီးမနေစမ်းပါနဲ့ .. နရန်ဂိုဏ်းသားအများကြီးကို ဒီအထဲထည့်လို့ မကောင်းဘူးကွ ..တော်ကြာ ငါတို့ပွဲ မဟုတ်ပဲ သူတို့ပွဲဖြစ်သွားမယ် .. ''
               ရှု့ယီက ဆရာဖြစ်သူ၏စကားကြောင့် သက်ပြင်းချကာ  ဆက်စောဒက မတက်တော့ပေ.. ဖားပြုတ်ကြီးကတော့ ဉာဏ်နီဉာဏ်နက် ဉာဏ်ကလက်များ ကို ထုတ်နေသေးပုံပေါ်သည် .. အတန်ကြာစဉ်းစားပြီးတော့မှ ..
              ''အေး .. အခုမှ ငါသတိရတယ် ..ဟိုငရှုပ်ကောင် သတင်းရော သိရပြီလား တော်နေကြာ ဒီထဲကို ၀င်ပါနေမှ ငါတို့အကုန် ရေစုန်မျောသွားရအုံးမယ် .. ''
               ရှု့ယီက ၀မ်းသာအားရပြုံးလိုက်ကာ ..
              '' ဆရာကြီးရေ .. အဲ့မြေခွေးကောင်တော့ မြွေခြောက်ကိုက်သွားပြီဗျို့ .. ဟဲဟဲ လောကကြီးမှာ ဒီလောက်ချိုမြိန်တဲ့ သတင်းတော့မရှိတော့ဘူး .. ''
           ဖားပြုတ်ကြီးမှာ ရှု့ယီ၏စကားချီးကြောင့် နေမထိထိုင်မသာဖြစ်ကာ
             ''ဟေ့ကောင် ဘာသတင်းမို့လို့လဲကွ.. အဲ့ကောင်သေပြီလား .. ''
            ''မဟုတ်ဘူးဆရာကြီး..ဟားဟားဟား..ဒါပေမယ့် ဒီချိန်ဆို သေရင်လည်း သေပါပြီ''
          ရှု့ယီက အားကွေ့အား မည်မျှမုန်းနေသည်မသိ . အားရအောင်ရယ်ပြီးမှ ..
           ''ဒီလိုဗျ ... ဒီကောင် ဆရာကြီးမုန့်ရဲ့ မွေးစားသမီးကို ပုဝါဖြူဂိုဏ်းလက်ထဲ ကနေ ဗူးကျပြီးသွားကယ်တယ်လေ.. ''
            ''အလို ပုဝါဖြူဂိုဏ်းဆိုတာ နည်းနည်းနောနောဂိုဏ်းမှ မဟုတ်တာ .. အနက်ရောင်လောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်လုံး ထိပ်သီးအဆင့်မှာ ရှိတာကို .. ပြီးတော့ ချင်းညံဆိုတာ ဉာဏ်နီဉာဏ်နက်ကလည်း များ ..သိုင်းပညာကလည်း မုယုံစုယဲ့နဲ့တောင် သိပ်မကွာဘူးလို့ဆိုကြတဲ့ဟာ .. အားကွေ့ရဲ့သတ္တိကတော့ လေးစားစရာပဲ .. ချင်းညံလက်ချက်မိသွားတာလား ဒီကောင်..''
           ''မဟုတ်ဘူးဗျ ..ချင်းညံနဲ့ချင်းလျန်နှစ်ယောက်ပေါင်းတိုက်တာတောင် အားကွေ့ကို မနိုင်ဘူး.. ဒါပေမယ့် ဖြစ်ချင်တော့ ဆရာကြီးမုန့်ရဲ့သမီးက အထင်လွဲ ပြီးသူ့ကို ဓါးနဲ့ထိုးလိုက်လို့ အခုဆို သေလုမျောပါးဖြစ်နေပေါ့ .. ဒီသတင်းက ဘယ်သူမှတောင် မသိကြသေးဘူး .. ကျွန်တော်တောင် ဟိုက်ထုံးဂိုဏ်းမှာ သူလျှို ရှိလို့ကြားရတာ ''
            ''အင်း ..ဒါဆို ဒီကောင့်ရဲ့ အားနည်းချက်က ဆရာကြီးမုန့်ရဲ့ မွေးစားသမီး ပေါ့ .. ဆရာကြီးမုန့်ကိုတော့ နည်းနည်း ရှိန်ရပေမယ့် .. သူတို့နှစ်ယောက်ရဲ့ အညာ ကိုသာ ကိုင်မိရင် .. ငါတို့လုပ်ချင်သလိုလုပ်လို့ရပြီ .. ''
            ရှု့ယီက သူ၏ရင်ဝကို တဖက်ထဲသော လက်ဖြင့် ပွတ်လိုက်ပြီး ..
            ''အညှာကိုင်မိ မကိုင်မိတော့ မသိဘူး ကျွန်တော်လည်း အဲ့သတင်းကြားပြီး ကတည်းက လက်ရွေးစဉ်ငါးယောက်ကို ဟူထိုင်မြို့ကို လွတ်ပြီး အားကွေ့ကို လက်စတုန်းခိုင်းလိုက်ပြီ .. အခုလောက်ဆိုသေရောပေါ့ .. ''
             အားရ၀မ်းသာ ပီတိဖြာနေသော ရှု့ယီ၏ရုပ်ကို ဖားပြုတ်ကြီးက စိုက်ကြည့် လိုက်ရင်း ..
           ''ဘယ်နှစ်ရက်ရှိသွားပြီလည်း မင်းကောင်တွေကို လွတ်လိုက်တာ ..''
           ''ဒီနေ့နဲ့ဆို လေးရက်လောက်ရှိပေါ့ ... အချိန်ကြာမှာစိုးလို့ .. တုံးမင်က လက်ရွေးစဉ်ငါးယောက်ကို လွတ်လိုက်တာ .. ''
           ဖားပြုတ်ကြီးက ခေါင်းရမ်းလိုက်ပြီး ..
         ''မင်းကွာ .. အားကွေ့လိုကောင်မျိုးက ပါးစပ်ကသာ စကားပြောနိုင်သေး သရွေ့ မင်းကောင့်တွေ ထိတောင်ထိနိုင်မှာမဟုတ်ဘူး ..  တုံးမင်နဲ့ ဟူထိုင်က တရက်ခရီးပဲ ... အခုလေးရက်တောင် ရှိသွာပြီဆိုတော့ ငါ့အထင် မင့်ကောင်တွေ ကိစ္စချောပြီနဲ့တူတယ် .. မင့်ကောင်တွေဆီက ဘာသတင်းမှ မကြားရတော့မို့လား..''
          ရှု့ယီမှာ ဖားပြုတ်အို၏ ထောက်ပြမှုကြောင့် ခွေးအကြီးလှည်းနင်းသလို ဖြစ်သွားကာ ..
         ''ဟုတ်..ဟုတ်..ဟုတ်တယ်ဗျ .. ဒါပေမယ့် နေပြည်တော်နဲ့ ရှန်းစီးက ဆယ့်ငါးရက် ရက်နှစ်ဆယ်လောက် ကြာတဲ့ခရီးကို .. လမ်းမှာကြန့်ကြာနေလို့ သတင်း မရောက်သေးတာဖြစ်မှာပေါ့ .. ''
          ''ရှု့ယီ ..ရှု့ယီ  မင်းက လူတော်တော့ လူတော်ပါ .. ဒါပေမယ့် တခါတလေ အရမ်းအတွေးများပြီး ကိုယ်ဖြစ်ချင်တာကို ဇွတ်တွေးတတ်တယ် ... ငါတို့ ပန်းနီနီက တခြားသိုင်းဂိုဏ်းတွေလို စာပို့ခိုသုံးတာမဟုတ်ဘူး .. စာပို့သိန်းငှက်ကို သုံးတာလေ ကွာ .. ရှန်းစီးနဲ့ နေပြည်တော်ဆို နှစ်ရက်နဲ့ ပျံနိုင်တယ် မင်းသိန်းငှက်က .. ဒါတောင် ရှန်းစီးနော် .. ဟူထိုင်မဟုတ်ဘူး .. ဒါတောင်ဘာသတင်းမှ မကြားရရင် မင်းကောင် တွေ   ပြုတ်သွားလို့ပဲ ..''
           ဖားပြုတ်အိုက စိတ်ဓါတ်ကျသွားဟန်တူသော ရှု့ယီအား ..
            ''ကဲ..ကဲ .. ဒီတစ်ခါတော့ မှတ်ထားလိုက်ပေါ့ကွာ ..လောလောဆယ် ဒီကောင့်မှာ ဒါဏ်ရာကြီးနဲ့ဆိုတော့ ၀င်ရှုပ်နိုင်အုံးမှ မဟုတ်သေးဘူး .. သွား..သွား ..အမတ်ချုပ်ကြီးဆီကို သွားပြီး နရန်ဂိုဏ်းသားတွေကို တပ်လှန့်ပေးထားဖို့ သွားပြောချေအုံး ..ငါလည်း အကြံဉာဏ်ထုတ်လိုက်အုံးမယ် .. ''
         ရှု့ယီမှာ ခေါင်းငိုက်စိုက်နှင့် တဲ ထဲမှ ထွက်သွားလေတော့သည်.. သူ့စိတ် ထဲတွင်တော့ သူလွတ်လိုက်သောသူများ အားကွေ့အား သတ်မိနေလောက်ပြီဟု သာတွေးတောနေလျှက်ပင် ..
        သို့ဆိုလျှင် အားကွေ့တစ်ယောက် ထိုလူများ လက်ချက်နှင့် ဒုက္ခရောက်နေ ရပြီလား ..
=================
          မဟုတ်ပါ .. အားကွေ့တစ်ယောက် ဒါဏ်ရာကြောင့် အကြမ်းစားလှုပ်ရှားမှု မပြုလုပ်နိုင်သည်မှအပ ကျန်းမာဝဖြိုး အလှတိုးကာနေပါသည် ..
         ယခုလည်း ပက်လက်ထိုင်ခုံပေါ်တွင်ထိုင်ကာ  အိမ်ရှေ့မှ ကျင်းကျူးတို့ ညီအမ တွေ၏ လှုပ်ရှားမှု အ၀၀ကို ထိုင်ကြည့်နေ၏ .. ဟူထိုင်တွင် ယခုနေထိုင်နေသော အိမ်မှာ ဟိုက်ထုံးဂိုဏ်းခွဲမှူး၏ စီမံပေးထားသော အိမ်ဖြစ်သည် .. မြို့အလယ်တည့် တည့်တွင် ရှိသောကြောင့် အစစအရာရာအဆင်ပြေလှ၏ .. အဓိကအဆင်ပြေသူက တော့ ကျင်းကျူးပင် ..
         ဟူထိုင်မြို့တွင် ဟိုက်ထုံးဂိုဏ်းသားများ ပုဝါဖြူဂိုဏ်းသားများ ကင်းစင် သွားသောကြောင့် ထွက်ပြေးသွားသော မြို့သူမြို့သားများ တဖွဲဖွဲနှင့် ပြန်ရောက်လာ ကြသည် .. ထိုသို့ပြန်လာကြသူများကို ကျင်းကျူးမှာ အ၀တ်အထည်  ဆန် ဆီ ဆား များကို ဝေငှထောက်ပံ့ပေးနေသည်လေ .. သို့အတွက် အားကွေ့ယူလာသော ရွှေချောင်းများက လွန်စွာအသုံးဝင်၏ .. တုံးမင်မြို့မှ လှေငါးစီးတိုက် လိုအပ်သည်များ ကို မှာယူကာ ကျင်းကျူးအား ပုံအပ်ထားလိုက်သည် .. ဆန်အိတ်များ ဆားအိတ်များ သစ်သားဆီပုံးများ အ၀တ်အထည်များကို အိမ်ရှေ့တွင်  စင်များထိုးကာထားလျှက်  ကျင်းကျူးပေးဝေနေသည်ကို ကြည့်ပြီး ပီတိဖြစ်နေသူက အားကွေ့ ..
            ကျင်းကျူးအားကူညီပေးနေသူများကတော့ ဘဘဟုန်း .. ရှောင်မိန် .. ဟွားဟွား .. ဟိုက်ထုံးဂိုဏ်းသား ရှစ်ယောက် နှင့် အသစ်ရောက်လာသော ရုပ်ကြမ်းကြမ်းနှင့်လူငါးယောက်ဖြစ်၏ ... သမားတော်ဟွမ်းကတော့ အဖျားအနာ ပါလာသူများကို ကုသပေးနေသည် .. ရှောင်းဟူကတော့ ဆန်အိတ်များကြားတွင် ခွေခေါက်နေ၏ ...
          အားကွေ့မှာ ထိုလူများနှင့်အတူတကွ လှူချင်တန်းချင်နေသော်လည်း .. စိတ်သွားတိုင်းကိုယ်မပါနိုင်သေး၍ ငြိမ်သက်စွာကြည့်နေရသည် .. ဟိုက်ထုံးဂိုဏ်းသား များအပါအ၀င် ယောင်္ကျားကြီးများမှာ ဆန်အိတ် ဆီပုံးများကို ခေါက်တုံ့ခေါက်ပြန် သယ်ကာ မ ကာနှင့် အလုပ်ရှုပ်နေကြသည်မှာ ဇယ်ဆက်သလိုပင် ... ထိုလူများ အပိုးကျိုးကျိုးလုပ်နေအောင် မောင်းနှင်ထားနိုင်သည့် ကျင်းကျူး၏ အစွမ်းအားလည်း ချီးကျူးမိသည် .. .အတွေးများက လွန်ခဲ့သော ရက်များစီပြန်ရောက်သွား၏ ..
           အားကွေ့သတိမေ့နေသည့် နှစ်ရက်လုံးလုံး ကျင်းကျူးမှာ အနားက တဖ၀ါး မှမခွာ .. ခုတင်ဘေးမှ ထိုင်စောင့်ပြီး ကြည့်နေသည် .. လုံးစုံများစွာ သတ္တ၀ါအပေါင်း ကို မေတ္တာပို့သည် .. သူမသည် အစားလည်းမစား ..အိပ်လည်း မအိပ်ပဲ နေနေ သောကြောင့် ဘဘဟုန်းတို့မှာ သူမကို ပို၍စိတ်ပူနေရ၏ ..
          ''သမီးကျင်းကျူး ... ဆန်ပြုတ်လေး တစ်ဇွန်းလောက် သောက်လိုက်ပါအုံး ကွယ်.. တော်နေကြာ လူနာစောင့်ရင်း သမီးပါ လူနာဖြစ်သွားအုံးမယ် .''
         ကျင်းကျူးက ခေါင်းရမ်းကာ ..
.
          ''ဟင့်အင်း ..သမီးဘာမှ စားချင်စိတ်မရှိလို့ ဘဘရဲ့ .. အကိုအားကွေ့နိုးလာ မှပဲ တူတူစားတော့မယ် .. ''
         ဘဘဟုန်းမှာ ခေါင်းမာလွန်းလှသော ကျင်းကျူးအား ကြည့်ကာ သတိမေ့ နေသော အားကွေ့အား ကန်ဆောင့်နိုးချင်စိတ်ပေါက်လာသည် ..  အမှန်တော့ အားကွေ့ထက် ကျင်းကျူးအခြေအနေက ပို၍ ....
         ဘဘဟုန်းမှာ ဆက်မတွေးတော့ပဲ .. နဘေးမှ ဟွားဟွားကို သာ တိုက်တွန်း လိုက်အုံးဟု မျက်ရိပ်ပြလိုက်ရင်း ဆန်ပြုတ်ခွက်ကို လက်ထဲထည့်ပေးကာ အပြင်ထွက်သွားလိုက်၏ .. ဟွားဟွားက
          ''မမရယ် သမားတော်ဟွမ်းပြောထားသားပဲ .. ဆေး အရှိန်ကြောင့် တရက်နှစ်လောက်တော့ သူသတိမေ့နေမယ်လို့ ..ပြန်နိုးလာတာနဲ့ လူကောင်းနီးပါး ပြန်ဖြစ်လာမယ်တဲ့.''
        ''ဒါတော့ ဒါပေါ့ ဒါပေမယ့် မမကတော့ သူမနိုးမလာမခြင်း စိတ်ပူတာလျော့မှာ မဟုတ်ဘူး .. အစားလည်း စားချင်စိတ်မှ မရှိဘဲ ဟွားလေးရယ် .. ညီမလေး မမအတွက် စိတ်ပူမနေပါနဲ့ နော် .. ရှောင်မိန်ကိုသာ ရေဇလုံလေး ယူလာခဲ့ပေးဖို့ ပြောပေး''
              ''လာပါပြီရှင် .. မမ မပြောကတည်းက ရှောင်မိန်က အဆင်သင့် ပြင်လာပြီးသား .. ''
            အသံနှင့်အတူ အခန်းထဲသို့ ရှောင်မိန်ဝင်လာသည် ..သူမ၏ လက်ထဲတွင် တော့ ရေဇလုံနှင့် ပုဝါစတစ်ခု ..
            ''ကျေးဇူးပဲ ရှောင်မိန် .. မမကို နည်းနည်းလောက် ထပ်ကူပေးအုံးနော် .. ''
            ''ဟုတ်ကဲ့ပါရှင် .. ''
            ကျင်းကျူးမှာ အားကွေ့အား ရေပတ်တိုက်ရန်အလို့ငှာ အင်္ကျီကို အသာ ချွတ်နေစဉ် .ဟွားဟွားက မျက်နာနီနီရဲကာ ..
           ''မမတို့ပဲ ဆက်လုပ်လိုက်တော့ ညီမလေးတော့ အပြင်ကိုသွားပြီ .. ''
           အဖြေကိုပင် ပြန်မစောင့်တော့ပဲ ဆန်ပြုတ်ခွက်ကို ယူကာ လစ်သွားတော့၏ ..
          ကျစ်လစ်ဖုထစ်နေသော အားကွေ့၏ ကိုယ်ခန္ဓာအနှံ့ကို ရှောင်မိန်နှင့် ကျင်းကျူး ရေပတ်တိုက်ပေးပြီး အ၀တ်အစားအသစ်လဲပေးလိုက်သည် .. ထိုအ၀တ် အစားမှာ ရှောင်မိန်၏လက်ရာပင် .. အားကွေ့၏ ရော့ရဲနေသော ဆံပင်များကို ထုံးဖွဲ့ ပေးပြီးသည့်နောက်တွင် ရှောင်မိန်က ..
          ''အမယ် ဒီလိုသပ်သပ်ရပ်ရပ်နဲ့ဆိုတော့လည်း အကိုအားကွေ့က ရုပ်အရမ်း ကြီးမဆိုးပါဘူး .. ''
         ကျင်းကျူးက အားကွေ့၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ..
         ''အရင်ကလည်း ခန့်ပါတယ်ဟယ် ..  နင်ကလည်း ..''
         ရှောင်မိန်က ရယ်ဟဟနှင့် ..
         ''ဟုတ်ပါပြီရှင် .. မမရဲ့လူက လူခန့်ညားကြီးပါ .. ကိုင်း ..မမ အနားယူမယ် ဆိုရင် နားလိုက်လေ .. ရှောင်မိန် ဆက်စောင့်ထားလိုက်မယ် .. ''
         ''ဟင့်အင်း .. ''
         ရှောင်မိန်မှာ မည်သို့မှ အလစ်ချောင်း၍ မရသဖြင့် ရေခွက်များကို ပြန်သိမ်းပြီး ထွက်သွားလိုက်၏ ... ကျင်းကျူးကလည်း အားနေသည့်အချိန်လေးကို အလဟသ မဖြစ်စေရန် .. မျက်စိစုံမှိတ်၍ ၀င်လေထွက်လေ ရှု့ရင်းတရားမှတ်နေသည် ..
         အတန်ကြာသည့်အချိန်တွင် အားကွေ့တစ်ယောက် သတိပြန်လည်လာခဲ့၏ ..
မျက်စိနှစ်လုံးကို ဖွင့်ကြည့်လိုက်ရင်း ညနေစောင်းနေရောင်ကြောင့် အလင်းစူးသဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လိုက်ပြီးမှ ၀န်းကျင်ကို အကဲခတ်လိုက်မိသည်.. သူ၏ မြင်ကွင်းထဲကို ၀င်လာသည်ကတော့ .. မျက်စိနှစ်လုံးကို မှိတ်ထားသည့် အလှနတ်ဘုရားမလေး တစ်ပါးပင်...
         ကျင်းကျူးအားစိုက်ကြည့်ရင်း ရင်ဝမှ စူးရှရှ နာကျင်နေမှုတောင် ချက်ချင်း ပျောက်သွားသလိုလို ... မျက်နှာလေး အနည်းငယ်ချောင်ကျသွားသည်မှအပ လုံးဝ အပြစ်အနာစာမရှိသော မျက်နှာလေး .. အားကွေ့မှာ ကျင်းကျူး၏ မျက်နှာလေးကို စိုက်ကြည့်ရင်း .. မျက်စိများဝါးလာပြီး သက်တံကဲ့သို့အရောင်များ ထွက်လာ၍  မျက်တောင်အမြန်ခတ်လိုက်ရ၏ .. ထိုအခါမှ သူမျက်တောင်ခတ်ဖို့မေ့နေမှန်းသတိရ လိုက်သည် ...
        အားကွေ့၏ လှုပ်ရှားလိုက်မှုကြောင့်ထင်သည် ကျင်းကျူး၏ ပိတ်ထားသော မျက်စိပြန်ဖွင့်လာပြီး အားကွေ့ကိုမြင်လျှင် ....
        ''ဟင်.. သတိရလာပြီ .. အကိုအားကွေ့ သတိရလာပြီ .. သမားတော်ဟွမ်း မြန်မြန်လာပါအုံး ဒီမှာ အကို သတိရလာပြီ ..''
         အားကွေ့က ၀မ်းသာအားရဖြစ်နေသော ကျင်းကျူး၏ လက်ကို ကိုင်လိုက်ပြီး ..
      ''ဖြည်းဖြည်းပေါ့ ကျင်းကျူးရယ်.. ဒီဒါဏ်ရာလောက်နဲ့ ..အကိုအားကွေ့ မသေ သေးပါဘူး ..''
         ''၀မ်းသာလိုက်တာ သတိပြန်ရလာလို့ ..အကို ခဏလေးနော် .. သမားတော် ဟွမ်းကို သွားခေါ်လိုက်အုံးမယ် .. ဘယ်သွားကုန်ကြပြီလည်းမသိဘူး .. ''
         အားကွေ့က ကျင်းကျူး၏လက် ဖောင်းဖောင်းအိအိလေးကို မလွတ်ပေးဘဲ ... ဖျစ်ညစ်လိုက်ကာ ..
          ''နေပါစေ ညီမရယ် သွားမခေါ်ပါနဲ့ .. ''
          အားကွေ့က ထိုသို့ပြောပြီးနောက် .. အခန်းပေါက်ဝဆီိသို့ကြည့်ကာ
        ''ဘယ်သူလဲဟေ့ .. ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ်ဖော့ပြီး ကပ်လာတာ .. ''
         ''၀ှစ်...၀ှစ်...၀ှစ်..''
         ''ဖြန်း..ဖြန်း..ဖြန်း..'''
          ''အမေ့..''
         အဖြေစကား ပြန်မလာဘဲ ပျိုးပျိုးပြက်ပြက်အလင်းရောင်တန်းများသာ အခန်း ထဲသို့ ၀င်ရောက်လာသည်.. အားကွေ့သည် ထိုအလင်းတန်းများကို တွေ့လိုက်သည် နှင့် အဆိပ်လက်နက်ပုန်းများဟု သိသွားကာ ကျင်းကျူးအား ဘယ်လက်တဖက်တည်း ဖြင့် မ ကာ ခုတင်ပေါ်သို့ဆွဲတင်လိုက်၏ .. ညာဘက်လက်တဖက်ကမူ သူ၏ နဘေးရှိ စောင်အားယူကာ အလင်းတန်းများအားရိုက်ချလိုက်သည်..
         မြန်ဆန်လှသော အဖြစ်အပျက်မို့ ကျင်းကျူးမှာ ရင်ဖိုသွား၏ .. အားကွေ့က ယခုအချိန်ထိ ခုတင်ပေါ်တွင် ပက်လက်ကလေးရှိနေသည် ..
        ''အဝေးကနေလက်နက်ပုန်းနဲ့ချောင်းပစ်တာ .. မိန်းမလိုမိန်းမရ ဆန်လွန်းပါ တယ်ကွ.. ဂါဝန်ဝတ်ထားတဲ့ မိန်းမသားမဟုတ်ရင်  ..လူလုံးထွက်ပြဖို့ကောင်းပြီ''
         အားကွေ့၏ စကားသံအဆုံးတွင် လူငါးယောက်အခန်းထဲသို့ ခုန်ဝင်လာ၏ ..
ထိုငါးယောက်စလုံး အနီရောင်ဝတ်စုံ  .. အမည်းရောင်မျက်ဖုံးစွပ် ကိုယ်စီနှင့် ဖြစ်သည် .. ထိုအထဲမှ တစ်ယောက်က နှစ်ဖက်သွားဓါးကို လှုပ်ရမ်းလိုက်ပြီး ...
         ''သေခါနီးလူတစ်ယောက်နဲ့ မိန်းမသားတစ်ယောက်ကို သတ်ရမှာစိတ်တော့ မကောင်းပေမယ့် .. အဲ့ဒီသေခါနီးကောင်က အခုထိ နူတ်ထွက်ရဲနေတော့ .. ကိုယ့်အလုပ်ကို ကိုယ်သနုတ်တယ်လို့ မထင်တော့ဘူး ...ညီနောင်များ .. လက်စတုံး လိုက်ကြအုံးစို့ ..''
            ''ချွမ်း..ချွမ်း..ချွမ်း..''
             လေထုထဲတွင် အသံများထွက်လာအောင် တမင်သက်သက်ဓါးများကို ဝှေ့ရမ်းပြီး ခုတင်အနီးသို့ တိုးကပ်လာကြသည် .. ၀မ်းဗိုက်ဒါဏ်ရာကြောင့် မလှုပ်ရှား နိုင်သေးသော အားကွေ့အတွက် ခုခံတိုက်ခိုက်ရန် လွယ်ပါ့မည်လော ...
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၅
         အားကွေ့က တဖြည်းဖြည်းနီးကပ်လာသော လူငါးယောက်ကိုကြည့်ရင်း သူ၏ထုံးစံအတိုင်း မခိုးမခန့်ပြုံးလိုက်ကာ...
          ''ဟားဟားဟားဟား .. ဘယ်လိုလဲ ကိုယ့်လူတို့ .. သေခါနီးလူမမာနဲ့ သိုင်းပညာနကန်းတလုံးမှ မတတ်တဲ့မိန်းကလေးကို သတ်ဖို့တောင် ရွံ့နေကြတဲ့ပုံပါ လား..''
        ''ကြောက်နေရမှာက မင်းကွ''
         ခေါင်းဆောင်ဖြစ်သူ၏ စကားအဆုံး၌ ဓါးငါးလက်သည် အားကွေ့၏ ကိုယ်ခန္ဓာ အသီးသီးအား ခုတ်ပိုင်း ထိုးနှက်လိုက်ကြသည်..
        '' ၀ှစ်..၀ှီး..''
         ''ဖြန်း... ဖြန်း .. ဖြန်း''
       အားကွေ့သည် သူ့ဆီသို့ ငါးနေရာ ခွဲဝင်လာသော ဓါးများကို ညာဘက်လက်ထဲ တွင် ကိုင်ထားသော စောင်စဖြင့် ဝှေ့ရမ်းကာကွယ်လိုက်၏ .. အားကွေ့ သုံးလိုက် သော သိုင်းမှာ ၀တ်ရုံနီဂိုဏ်း၏ အဆင့်မြင့်သိုင်းကွက်ဖြစ်ပါသည် .. မှင်စာဝတ်ရုံ ဟူသည့် ထိုသိုင်းကွက်အား အသုံးပြုရန် အထူးပြုလုပ်ထားသော ၀တ်ရုံသပ်သပ်ရှိ သော်လည်း အားကွေ့ထိပ်တန်းအဆင့်လွန် သိုင်းသမားအတွက်တော့ စောင်စနှင့်ပင် လုံလောက်နေပါ၏ ..
       လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့်စောင်မှာ ကွန်ပစ်လိုက်သည့် သဖွယ် ပြန့်ကားသွားပြီး  ဓါးငါးလက်ကို ရစ်သိမ်းသွားသည်.. သံထည်များနှင့် ပြုလုပ်ထား သော ဓါးများသည် အ၀တ်စကို ခုတ်ဖြတ်ဖို့နေနေသာသာ စောင်စကြား  လိပ်၍ မပါသွားအောင် အတင်းပြန်ဆွဲယူလိုက်ရပြီး နောက်သို့ ခုန်ဆုတ်လိုက်ရ၏ .. အကယ်၍အားကွေ့သာ တကိုယ်လုံးလှုပ်ရှားနိုင်မည်ဆိုပါက ထိုတကွက်ထဲနှင့် ပွဲသိမ်းလိုက်၍ရသည် ..
          ပန်းနီနီဂိုဏ်းသားများကလည်း ခေသူမဟုတ်ကြရာ အားကွေ့၏လှုပ်ရှားမှုကို တွေ့လိုက်သည်နှင့် သူတို့ထက်သိုင်းပညာအဆပေါင်းများစွာသာလွန်နေသည်ကို သိလိုက်ကြ၏.. တဆက်ထဲမှာပင် အားကွေ့၏ အားနည်းချက်ကိုပါ ရိပ်စားမိလိုက် ကြသည်လေ....
         ထိုအချက်က အားကွေ့သည် လက်ကလွဲ၍ တကိုယ်လုံးမလှုပ်ရှားနိုင်သေးဟု ပင်... ခေါင်းဆောင်ဖြစ်သူက သူ၏ရင်ဘတ်ထဲကို လက်နိုက်ကာ ..
        ''ဟီးဟီးဟီး .. သိုင်းကွက်နဲ့တိုက်ခိုက်ကြေးဆိုရင် မင်းကို ငါတို့ ငါးယောက် ဆယ်ကွက်ပြည့်အောင်တောင် မခုခံမတိုက်ခိုက်နိုင်ဘူးဆိုတာ ၀န်ခံပါတယ်.. ဒါပေမယ့် မင်းက လုံးဝမလှုပ်ရှားနိုင်သေးတော့ .. ''
        ဟုစကားကို ဆုံးအောင်မပြောသေးပဲ ရင်ဘတ်ထဲက တစ်ခုခုကို ဆွဲထုတ်လိုက် ၏ ..
       အားကွေ့က ထိုလူ၏ဆွဲထုတ်လိုက်သည့် အရာကို ကြည့်ကာ ရင်ထိတ်သွားသော်လည်း စပ်ဖြဲဖြဲ နှင့်ပင် ..
       ''မီးခတ်ကျောက်ပါလား .. အဝေးကနေ မီးနဲ့ရှို့ပစ်မယ်ပေါ့လေ.. ကောင်းကွာ ငါက ငါနဲ့တိုက်နေတဲ့သူတွေကို ယောင်္ကျားစစ်စစ်တွေလို့ထင်နေတာ ..''
     ''ငါတို့ကို ခံပြင်းအောင်ပြောနေလည်းအပိုပဲ .. မင်းနဲ့မင်းကောင်မလေးနဲ့ ဒီအခန်း ထဲမှာသာ မီးလောင်ပြီးသေကြပေတော့ ..''
         အားကွေ့က ထိုသူများတကယ်လုပ်မည့်ဟန်ကြောင့် မျက်လုံးကို မှိတ်ကာ ဘယ်ဘက်လက်နှင့်ကျင်းကျူးအားလှမ်းဖက်လိုက်ရင်း ..
         ''အင်း .. အဖော်လေးနဲ့သေရမယ်ဆိုရင်လည်း ဆိုးတော့မဆိုးပါဘူး .. နှမျော စရာကောင်းတာက သိုင်းကျမ်းတွေနဲ့ရတနာ ပစ္စည်းတွေကို အကျိုးရှိရှိ အသုံးမချ ရသေးခင် မီးလောင်သွားမှာကိုပဲ .. အော်.. ငါ့နှယ် ..လူတောင်သေတော့မှာပါဆို ဥစ္စာခြောက်နေမိသေးတယ်.. ''
          နုတ်ဖျားမှတီးတိုးရွတ်ဆိုလိုက်သော်လည်း လူသတ်သမားငါးယောက် ကောင်း
 ကောင်းကြားလိုက်ရ၏ .. မီးခတ်ကျောက်ဖြင့် မီးရှို့ရန်ပြင်နေသော ခေါင်းဆောင် သည် အားကွေ့၏စကားကြောင့် လက်တွန့်သွားကာ..
         ''အင်း .. ဟုတ်သားပဲ ငါမေ့နေလိုက်တာ .. ဒီကောင် ငါတို့ဂိုဏ်းက သွေးအရိပ် ကို ကောင်းကောင်းသမပြီး ရွှေငွေရတနာတွေ ယူသွားတာပဲ ..ပြီးတော့ ဒီကောင့် အသက်နဲ့ သိုင်းပညာနဲ့က လုံးဝမမျှဘူး ရှေးဟောင်းသိုင်းကျမ်း တစ်ခုခုတော့ ရှိတာ သေချာတယ် .. ''
               ဟုတွေးမိကာ မီးခတ်ကျောက်ကို ရင်ဘတ်ထဲပြန်ထည့်လိုက်ပြီး ..
          ''ဟေ့ကောင် .. မင်းနဲ့ငါနဲ့ မြွေမသေ ဒုတ်မကျိုး အလဲအလှယ် တစ်ခုခုတော့ လုပ်ရင်မကောင်းဘူးလား .. ''
          အားကွေ့က မျက်စိကို ပြန်ဖွင့်လိုက်ကာ ..
         ''ခင်ဗျားက ကျုပ်နဲ့ အလဲအလှယ်လုပ်မယ် ဟုတ်လား .. ပြောကြည့်စမ်းပါအုံး''
       ခေါင်းဆောင်က သူ၏လူများကို တချက်ဝှေ့ကြည့်လိုက်ပြီး..
        ''မင်းခုနပြောလိုက်တဲ့ ပစ္စည်းတွေကို ထုတ်ပေးရင်  မင်းနဲ့မင်းကောင်မလေး ဘာမှ မဖြစ်စေဖို့ ငါ တာဝန်ယူတယ် .. ''
       အားကွေ့က ခဏမျှစဉ်းစားဟန်နှင့် အသံတိတ်နေလိုက်ပြီးမှ သက်ပြင်းချကာ
     ''ကောင်းပြီလေ အသက်မသေသေးသရွေ့ ဥစ္စာနဲ့ပညာက ပြန်ရှာလို့ ရသေးတယ် .. ခင်ဗျားပြောတာကို ကျုပ်လက်ခံတယ် .. ''
     ''ဒါဆိုမင်းပစ္စည်းတွေ ထုတ်ပေးပေတော့ .. ''
     ခေါင်းဆောင်အား အားကွေ့က ..
     ''ဟားဟား ..ကျုပ်ကိုများ ငအ မှတ်နေလား.. အခုနေထုတ်ပေးလိုက်ရင် ခင်ဗျား ကယူပြီး မီးရှို့ပြီးထွက်ပြေးသွားမှာပေါ့ .. ''
        ''ဒီလိုဆို ငါတို့က ဘယ်လိုလုပ်ပေးရမှာတုန်း ..''
       အားကွေ့က ပြုံးလိုက်ကာ ...
       ''လွယ်ပါတယ် ..ခင်ဗျားတို့ငါးယောက်ထဲမှာ ခင်ဗျား စိတ်အချရဆုံး လူတစ်ယောက်ကို ချန်ထားခဲ့ .. သူ့ကို မီးလောင်စေနိုင်တဲ့ ပစ္စည်း အပါအ၀င် လက်နက်တစ်စုံတစ်ရာမှ မကိုင်ခိုင်းထားနဲ့ ..ခင်ဗျားတို့ အတော်ဝေးဝေးကို ရောက်မှ ကျုပ်ရဲ့ ပစ္စည်းတွေကို ခင်ဗျားချန်ထားတဲ့လူကို ပေးလိုက်မယ် .. ခင်ဗျားလည်း သိတဲ့အတိုင်း ကျုပ်ကလည်း ဒါဏ်ရာကြီးနဲ့လူ .. ဟိုမိန်းကလေးက သိုင်းပညာလုံးဝ မတတ်တဲ့လူ ဆိုတော့ ကျန်ထားတဲ့လူကို ဘယ်လိုမှ တုန့်ပြန်နိုင်မှာ မဟုတ်ဘူး ... ဘယ်လိုလဲ ...ခင်ဗျားလည်း အဆင်ပြေ ကျုပ်လည်း အဆင်ပြေ .. ခင်ဗျားလုပ်ရမှာက ကျန်တဲ့လေးယောက်ထဲက စိတ်ချရမယ့် တစ်ယောက်ကို ချန်ထားရုံပဲ..''
         အားကွေ့၏ စကားအဆုံး၌ ခေါင်းဆောင်မှာ တွေဝေသွားကာ စဉ်းစားမိ၏...
         ''သူပြောတာ ယထာဘူတတော့ ကျတယ် ..ခက်တာက ငါလူတွေထဲက ဘယ်ကောင့်ကို မှယုံလို့မရတာပဲ .. ရတာနဲ့ ထွက်ပြေးသွားမယ့်ကောင်တွေချည်းပဲ .. အကြမ်းနည်းကိုင်ရအောင်ကလည်းမဖြစ် ဒီ့ထက်ကောင်းတဲ့ အကြံလည်း ငါမစဉ်းစား တတ်တော့ဘူး .. ဘယ်လိုလုပ်ရပါ့..''
           ကျန်လေးယောက်မှာမူ သူတို့၏ ခေါင်းဆောင်ကို မျှော်လင့်ခြင်း များစွာဖြင့် စိုက်ကြည့်နေကြသည် ... သူတို့၏ရင်ထဲတွင်တော့ ဗလောင်ဆူလျှက်ပင် .. ရတနာများနှင့်သိုင်းကျမ်းသာ သူတို့လက်ထဲရောက်လျှင်ဟူသောအတွေးများနှင့်..
            အားကွေ့ကမူ ထိုလူငါးယောက်ကို ကြည့်ကာ ရယ်ချင်နေမိသည် .. လောဘကို အတောမတတ်နိုင်သော လူများကို သွေးခွဲ ရန်တိုက်ပေးရတာလောက် လွယ်ကူသည့်အရာမရှိ ..ငါးမျှားချိတ်ကိုမမြင်ဘဲ ငါးစာကိုသာမြင်သော ငါးသဖွယ်ပင် ..
        ခေါင်းဆောင်မှာ အတန်ကြာမျှစဉ်းစားပြီးလျှင် သူ့တပည့်များအား  တစ်ယောက်ခြင်းဆီကို ကြည့်ကာ
        ''မင်းတို့လေးယောက် သွားလိုက်တော့ .. ငါပဲ ရတနာနဲ့သိုင်းကျမ်းကို ယူလာခဲ့ တော့မယ် ..''
        အားကွေ့ကတော့ သူမျှော်လင့်ထားသည့် အတိုင်းဖြစ်လာသည်မို့ မထူးဆန်းသော်လည်း တပည့်လေးယောက်မှာမူ စိတ်ထွက်သွားကြပုံပေါ်သည် ...
လေးယောက်အနက်မှ နူတ်သွက်ခြေသွက်ရှိသူတစ်ယောက်က ..
       ''ဟာ .. ဒီလိုလုပ်လို့တော့ ဘယ်ရမလဲဗျ .. ဟိုကောင်ပြောတာကိုက ကျွန်တော် တို့လေးယောက်ထဲက တစ်ယောက်နေခဲ့ဖို့ပြောတာကို ..''
       ထိုလူစကားကို အားကွေ့က ၀င်၍ထောက်ခံလိုက်သည်..
        ''မှန်တယ်ဗျို့ .. ကျုပ်ကလည်း ခင်ဗျားတို့လေးယောက်ကိုပဲ ယုံတယ်.. ဒီလူကြီးကိုမယုံဘူးဗျ..''
          ''တွေ့လား ..သူတောင်မှပြောလာပြီ ကျုပ်တို့ကိုပဲ ယုံတယ်တဲ့..'''
          ခေါင်းဆောင်မှာလည်း သူ့အားစောဒဂ တက်လာသော အနှီသကောင့်သား အား ဒေါကြီးမာန်ပါဖြင့် ...
          ''ဟေ့ကောင် မင်းတို့ထဲမှာ ငါကခေါင်းဆောင် ငါ့စကားကိုနားထောင်ကြစမ်း .. မင်တို့ကောင်တွေ နာချင်ပြီနဲ့တူတယ် .. ''
           ''ခေါင်းဆောင်ဆိုတိုင်း လုပ်ချင်ရာလုပ်လို့ရမလားဗျ ''
          ''ငါလုပ်ချင်ရင်လုပ်မယ်ကွာ ..''
          ''ဒါဆိုရင်ကျူပ်တို့ကလည်း ချတယ်ဗျာ ..''
         ''၀ှီး ....''
         ''ထန်း... ထန်း..''
         စကားအဆုံး၌ ထိုလူသွက်မှာ ခေါင်းဆောင်၏ ရင်ဝအား ဓါးဖြင့်ထိုးသွင်းလိုက် သည်.. ခေါင်ဆောင်ကလည်း လက်မြန်ခြေမြန်ရှိလှ၏ ..ထိုးသွင်းလာသော ဓါးအား ပြန်ပက်ထုတ်လိုက်ပြီး လူသွက်၏ ခေါင်းအား ခုတ်ဖြတ်လိုက်လေသည် .. လူသွက်မှာ ခေါင်းကို လျှင်မြန်စွာငုံ့ရှောင်ကာ...
          ''ညီနောင်တို့ရေ ငါတို့ကိုခေါင်းပုံဖြတ်ချင်တဲ့ ဒီခေါင်းဆောင်စုတ်ကို ဖြုတ်ချ လိုက်ကြစို့ဟေ့... သူမရှိတော့မှ ရတနာနဲ့သိုင်းကျမ်းကို ဝေပုံကျခွဲယူမယ်..''
          မည်သည့်ဘက်ကို ၀င်ပါရမည်မသိဘဲ ယောင်ချာချာ ဖြစ်နေသော သုံးယောက်မှာ လူသွက်၏ စကားကြောင့် တိုက်ပွဲထဲကို ၀င်ပါလာကြ၏ ..
          ''ယား .. ဟိုင်း..''
           ''ချွမ်း..ချွမ်း.''
           ''ထန်း...ထန်း'''
         ကျင်းကျူးမှာ ဓါးရောင်များ အသံများကြောင့် အလန့်ကြီးလန့်ကာ အားကွေ့အား ဖက်တွယ်ထားသည် .. အားကွေ့ကတော့ ခေါင်းလေးစောင်းငဲ့ပြီး လောဘသား တစ်သိုက်ကို ပြုံးပြုံးကြီးကြည့်နေ၏..
            လေးယောက်တစ်ယောက်ဖြစ်သော်လည်း ခေါင်းဆောင်ဖြစ်သူမှာ အခက်မတွေ့လှသေးပေ .. သူ့ထံ၌လက်ပေါင်းများစွာရှိသကဲ့သို့ ၀င်လာသော ဓါးလေးလက်အား ရိုက်ဖယ်နေသည်...
            အားကွေ့မှာ ထိုမြင်ကွင်းကို ကြည့်ရင်းနှင့်
           ''အမယ် ခေါင်းဆောင်လုပ်တဲ့သူက သိုင်းစွမ်းထက်သားပဲ .. နောက်ထပ် အကွက်နှစ်ဆယ်လောက်ဆို ဟိုကောင်တွေရှုံးတော့မယ် .. ''
          ဟုတွေးမိကာ နူတ်မှ
        ''ဘယ်စွန်ကတစ်ယောက်က ခြေထောက်ကို မြက်လျှောတွင်းအောင်းသိုင်းကွက် နဲ့တိုက် ညာဘက်ကတစ်ယောက်က သူ့ပုခုံးကို ခဲပစ်ဓါးကွက်နဲ့တိုက် .. နောက်နှစ်ယောက်က လိပ်အိုသဲယက်...''
        ခေါင်းဆောင်ဖြစ်သူ၏လက်ချက်ကြောင့် ရှုံးလုလုဖြစ်နေသောသူများသည် ကြံရာမရသည့်အဆုံး အားကွေ့အော်ပြောလိုက်သော သိုင်းကွက်များကို ကိုယ်စီကိုယ် ငှ အသုံးပြုလိုက်ကြ၏ .. ထိုသိုင်းကွက်များမှာ သိုင်းလောကသားများ မသင်မဖြစ် အခြေခံသိုင်းကွက်များဖြစ်သောကြောင့် အသုံးပြုရန်မခက်ခဲလှပါ ..
      ''ထန်း..ထန်း..ထန်း..''
      ''ရွှပ်....''
       ''အား....'''
        ''ချွင်..''
       ထိုအခြေခံသိုင်းကွက်များ၏ စုပေါင်းတိုက်ခိုက်မှုကား ထင်ထားသည်ထက်ပင် အကျိုးဖြစ်ထွန်းလှသည် .. ခေါင်းဆောင်မှာ အသာစီးရနေရာမှာ ချက်ချင်းပင် ဓါးချက် တစ်ချက်အထိခံလိုက်ရ၏ .. ၀မ်းဗိုက်ကို လျှပ်ထိသွားသော ဓါးချက်ကြောင့်  လက်ထဲ မှာ ဓါးပင်ပြုတ်ကျသွားကာ ကြမ်းပြင်ပေါ်လှဲကျသွားသည်..
       ''တော်တယ်ဟေ့ ..တော်တယ် ..ခေါင်းဆောင်ဆိုပြီး ဗိုလ်ကျချင်တဲ့ကောင်ကို ဆုံးမလိုက်တာ တော်တော်ကြည့်ကောင်းတယ်ဟ.. ''
       အားကွေ့၏ ချီးကျူးလိုက်သံကြောင့် မတ်တပ်ရပ်နေသူလေးယောက်မှာ လှုပ်လှုပ်ရှားရှားနှင့် ပြန်လည် အသက်ဝင်သွားကြသည် ..
        အားကွေ့က ဆက်လက်ပြီး ..
       ''ကိုင်း ...အခု.. လူလေးယောက်ကျန်တယ် ..ဘယ်သူနေရစ်ခဲ့မလည်း ဆိုတာ ကိုယ့်ဟာကိုယ် တို်င်ပင်ကြတော့ဗျို့ ..''
        လူလေးယောက်မှာ ကျန်ရစ်သူဖြစ်ဖို့ရန် အခြင်းခြင်း ရန်လိုသည့် အကြည့် များနှင့်ကြည့်နေကြစဉ်...
          ''အကုန်လုံးနေရစ်ခဲ့ရမှာပေါ့ အားကွေ့ရာ ..အခန်းထဲက ဘယ်သူမှ အသက်ရှင်ပြီးထွက်သွားလို့မရဘူး ..''
          အပေါက်ဝဆီမှ ကျယ်လောင်သောအသံကြီးနှင့်အတူ ဘဘဟုန်း ၀င်ရောက် လာခဲ့၏ ..သူ၏နောက်မှာတော့ သမားတော်ဟွမ်း ..ရှောင်မိန်နှင့်ဟွားဟွား..
          ''ဘဘဟုန်း ...ဘယ်သွားနေတာလဲ .. သမီးတို့ကို ပစ်ထားတယ် ..''
          ''မဟုတ်ရပါဘူး ကျင်းကျူးရယ်..ဘဘတို့က ဟိုက်ထုံးကကောင်လာခေါ်လို့ မြို့ထဲမှာ ညစာသွားစားနေကြတာ .. ''
            ဘဘဟုန်းမှာ ကျင်းကျူးစိတ်ခုသွားမည်စိုးသဖြင့် ဖြေရှင်းချက်ထုတ်နေစဉ် တွင် စိတ်ထက်သော ဟွားဟွားမှာ ထိုလေးယောက်အား ၀င်ရောက်တိုက်ခိုက်လိုက်၏ ..
        ''ဟိတ်.. ''
       ''နင်တို့က ခြင်္သေ့အသည်းနဲ့ နဂါးနှလုံးကို စားထားလို့ ငါ့မမကို ကြောက်သွား အောင်လုပ်ဝံ့တာလား .. ကဲဟယ်..''
      ''ဖြန်း..ဖြန်း..ဖြန်း..ဖြန်း.''
     ''အား ..အိုး ..အ ..အမလေး..''
     ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်၏ မွေးစားသမီးဖြစ်သူ ဟွားဟွားမှာ ထိုလူများအား ဆုံးမရသည်မှာ ငှက်ပျောသီး အခွံခွာရသည်ထက် လွယ်ကူလှသေး၏ .. တဖြန်းဖြန်း မြည်သံနှင့်အတူ လေးယောက်သား ဇက်များလည်သွားအောင် ပါးရိုက်ခံလိုက်ရပြီး အော်မြည်၍မှ မဆုံးခင်သွေးကြောများ အပိတ်ခံလိုက်ရသည်.. ဟွားဟွားမှာ သွေးကြောများ ပိတ်ကာ ကျေက်ရုပ်သဖွယ်ဖြစ်နေသော လူလေးယောက်အား မကျေနပ်နိုင်သေးဘဲဆက်ရိုက်နေသောကြောင့် ကျင်းကျူးမှာ
        ''ညီမလေး တော်ပြီ..တော်ပြီ ..ထပ်မရိုက်နဲ့တော့''
         ဟု တားမြစ်လိုက်ပြီးလျှင်
         ''သမားတော်ဟွမ်း ဟိုမှာ လဲနေတဲ့တစ်ယောက်ရဲ့ ဒါဏ်ရာကို ကြည့်ပေးပါအုံး သူ့ခမျာ သွေးတွေချည်းပဲ .. ''
           ''ကောင်းကွာ .. ကျင်းကျူး ညီမရယ် .. ကိုယ့်ကိုယ်သတ်ဖို့လာတဲ့ကောင် တွေကိုတောင် စေတနာထားနေသေးတယ်...''
         ''အိုး အကိုအားကွေ့ကလည်း သူတို့မှာလည်း အသက်နဲ့အသွေးနဲ့အသားနဲ့ သူတို့အခုလိုလုပ်ရတာလည်း သူတို့အကြောင်းရင်းနဲ့သူတို့ရှိမှာပေါ့ .. အကြောင်းရှိ လို့ အကျိုးတရားဖြစ်တာပဲကို .. ''
        ကျင်းကျူး၏စကားကြောင့် တခန်းလုံးတိတ်ဆိတ်ကာသွား၏ .. ဉာဏ်ရွှင်သော အားကွေ့ပင်လျှင် ခြေပရန် အသံမထွက်နိုင်ရှာ .. သမားတော်ဟွမ်းကမူ ကျင်းကျူး၏ စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းဆောင်ဖြစ်သူ၏ ဒါဏ်ရာကို ကြည့်ရှု ပေးနေသည် .. ကျင်းကျူးကလည်း ခုတင်ပေါ်မှ ထ လာကာ သမားတော်ဟွမ်းအား ကူညီ ပေးနေလေ၏ ..
      ဘဘဟုန်း ဟွားဟွား ရှောင်မိန်နှင့်အားကွေ့တို့ကမူ ကျင်းကျူးအား နားမလည် နိုင်သောမျက်လုံးများနှင့်သာကြည့်နေကြတော့သည်.. သို့သော် ထိုနေ့ညလွန်ပြီး နောက်နေ့အကူးတွင်မူ သူတို့အားလုံး ကျင်းကျူး၏ မေတ္တာတိုက်ပွဲ၏ အောင်မြင်မှု ကို အသိအမှတ်ပြုလိုက်ရ၏ .. ခေါင်းဆောင်အပါအ၀င် ကျန်လေးယောက်မှာ ကျင်းကျူး၏ စေတနာ ဂရုဏာအောက်တွင် ကျရှုံးသွားကာ သူတို့လက်အောက်သို့ အလိုလိုရောက်လာလေသည် ..
=======        
         ''အကိုအားကွေ့ ..အကိုအားကွေ့''
       အတွေးယဉ်ကြောတွင်ပက်လက်မြောနေသော အားကွေ့မှာ ရှောင်မိန်၏ အသံကြောင့် ပစ္စုပ္ပန် အခြေအနေသို့ ပြန်ရောက်သွား၏ .. သူ့အားခေါ်နေသော ရှောင်မိန်အား ကြည့်ကာ ..
         ''ဟင်.. ဘာလဲ ရှောင်မိန်..''
          ''မမကျင်းကျူးက အကိုအားကွေ့ကို မေးခိုင်းလိုက်လို့ ..''
           ''အင်း ..ဘာတဲ့လည်း ..''
           ''မမကပြောတယ် ...ဆန်အိတ်တွေ အရမ်းနည်းနေပြီတဲ့ .. ဒီနေ့မှ လူတွေက လည်းအရမ်းကျနေတယ်တဲ့ .. အဲ့တာ  ဆန်အိတ်တွေမလောက်မှာ စိုးလို့ နောက်ထပ် ဆန်အိတ် တရာကျော်လောက် ထပ်မှာပေးပါတဲ့ ..ကဲ..အော် ..မမကအခုလိုချင်တာ တဲ့နော်..''
          ''တရာကျော် .. အင်း .. မှာတာကရပါတယ်ရှောင်မိန်ရဲ့ ဒါပေမယ့် ချက်ခြင်း တော့မရနိုင်ဘူးထင်တယ်..''
           ''ဟုတ်တယ် ရှောင်မိန်လည်းပြောသားပဲ.. တုံးမင်ကိုမှာရမှာမို့ တရက်တော့ အနည်းဆုံးစောင့်ရမယ်ဆိုတာကို မမကပြောတယ် အကိုအားကွေ့က ရအောင်လုပ် ပေးမှာတဲ့..''
         ''ဘုရားရေ ..နင့်မမက ငါ့ကိုများ လိုတရ တန်ခိုးရှင်များမှတ်နေရော့လား မသိဘူး .''
          ရှောင်မိန်က အားကွေ့၏ ညီးတွားမှုကြောင့် ပါးချိုင့်လေးခွက်အောင် ပြုံးလိုက်ရင်း ..
         ''အဲ့တာတော့ ရှောင်မိန်မသိဘူး မမကပြောဆိုလို့လာပြောတာ .. ကျန်တာ အကို့ဟာအကိုရှင်းပေတော့..''
         အားကွေ့က ခေါင်းတချက်ကုတ်ကာ ..
          ''အင်း ..ဟိုကောင် ဟိုက်ထုံးဂိုဏ်းခွဲမှူး တရှူံး ကို လွတ်ခဲ့လိုက် .. ''
        ''ဟုတ်..''
        ရှောင်မိန်ထွက်သွားပြီးခဏအကြာတွင် တရှူံးရောက်လာသည် ..ယခုတော့ တရှူံး လည်းအားကွေ့ ကုသပေးမှုကြောင့် အကောင်းပကတိဖြစ်နေပြီ.. တရှုံးက ရောက်သည်နှင့် ဂါရ၀ပြုကာ..
         ''အကိုအားကွေ့ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ .''
         ''အေး .. အခုဆန်အိတ်တွေပြတ်တော့မှာဆို ..''
         ''ဟုတ်တယ် ..အကိုအားကွေ့ ..ဆန်အိတ်နှစ်ဆယ်လောက်ပဲကျန်တော့တယ် .. ဆီ ဆား အ၀တ်အထည် တွေကတော့ အများကြီးကျန်သေးတယ် ဆန်အိတ်ပဲ..''
       ''ကျင်းကျူးက အခုချက်ခြင်းဆန်အိတ်တရာလိုချင်လို့တဲ့ကွာ ... ဒီမြို့မှာ ၀ယ်လို့ရမရ အဲ့တာ သိချင်လို့ မင်းကိုခေါ်လိုက်ရတာ .. ''
         တရှုံးက အားကွေ့အမေးကို ချက်ခြင်းခေါင်းယမ်းလိုက်ကာ..
        ''လုံး၀၀ယ်လို့မရနိုင်ဘူး အကိုအားကွေ့ .. ဒီနေ့မနက်လေးတင်မှ မြို့ပေါ်မှာ ရှိသမျှဆန်တွေရော တုံးမင်ကမှာသမျှရော .. အကုန်ဝယ်ပြီး လှူနေတာလေ.. မြို့ဆန် လှောင်ရုံလည်း အခုဆိုဟောက်ပက်ပဲ .. ဆန်တစေ့မှ မကျန်တော့ဘူး ..''
            ''ဒီတိုင်းဆို .. ၀ယ်လို့လုံးဝမရနိုင်ဘူးပေါ့ .. ဘေးရွာတွေမှာရော ..''
            ''အကိုအားကွေ့ သိတဲ့အတိုင်းပဲ.. ဘေးရွာ တွေဆီကလည်း မနေ့တုန်းက မှ အကုန်ကောက်ထားတာ.. ''
             အားကွေ့က မျက်စိနှစ်လုံးမှိတ်ကာ စဉ်းစားလိုက်ပြီး ..
            ''ဒီနေ့ဆန်အိတ် ဘယ်နှစ်အိတ်ရှိပြီလည်း လှူခဲ့တာ ''
            တရှူံးက လက်ချိုးရည်ကာ
            ''သေသေချာချာ အတိအကျတော့ မမှတ်မိတော့ဘူး .. အိတ်ရေ လေးရာ ကျော်တော့ရှိမယ် ..''
           ''မတတ်နိုင်ဘူးကွာ ကျင်းကျူးက အခုလိုချင်တာဆိုတော့ .. မရရအောင် ဖန်တီးရမှာပဲ .. မင်းလူရှစ်ယောက်ကို ခေါ်သွား လှည်းငါးစီးလည်းယူသွား .. ငါတို့လှူခဲ့ပြီးသမျှ လူတွေဆီမှာ ငွေနှစ်ဆပေးပြီး ဆန်ကို ပြန်ကောက် ..   နေအုံး ဒီလူတွေ ဆန်ကို အကုန်အိမ်အတွက်သုံးမှာ မဟုတ်တာသေချာတယ် .. ဆန်ဒိုင်တွေ မှာ ပြန်သွင်းလိမ့်မယ်.. အဲ့ဆန်ဒိုင်တွေကိုစုံစမ်းပြီး ပြန်ဝယ်တာအသေချာဆုံးပဲ ..ရသလောက်သာ ပြန်ဝယ်ခဲ့ .. ''
            တရှုံးကဂါရ၀ပြုလိုက်ပြီး ..
            ''ဟုတ်ကဲ့ အကိုအားကွေ့ ..''
            ''အနီးအနားမှာလုံးဝပြန်မကောက်နဲ့နော် .. ကျင်းကျူးသိသွားရင် ဒေါသပုန် ထလိမ့်မယ် ကြားလား ..မြန်မြန်သွားတော့ ..''
           ''ဟုတ်..''
            ''အေး..အေး ..မင်းသွားရင်းနဲ့ တလက်စထဲ ကျင်းကျူးကို လွတ်ခဲ့အုံး ငါ့ဆီကို..''
          တရှုံးမှာ ခေါင်းငြိမ့်လိုက်ပြီး သွက်လက်စွာပြေးထွက်သွား၏....
           သိပ်မကြာခင်တွင် အားကွေ့အနားကို ကျင်းကျူးရောက်လာခဲ့သည်..
           ''အကို ညီမကိုခေါ်တယ်ဆို ... ''
           အဖြုရောင်ဝတ်စုံနှင့် လှသွေးကြွယ်နေသော ကျင်းကျူးအား စိုက်ကြည့်ရင်း အားကွေ့က..
          ''ဟုတ်တယ် ..ညီမ အကိုပြောစရာရှိလို့ ..''
         ကျင်းကျူးက အားကွေ့နဘေးရှိ ထိုင်ခုံတလုံးပေါ်သို့ ထိုင်ချလိုက်ပြီး
          ''ပြောလေ အကိုရဲ့ ညီမက ဟိုဘက်ပြန်သွားရအုံးမယ် ..''
           ''ဟုတ်ပါပြီဗျာ .. ဒီလိုညီမရဲ့ တုံးမင်မြစ်ဝကျွန်းပေါ်မှာ လူတွေကို ဒုက္ခပေးနေ တဲ့ ကြွက်အုပ်ကြီးရှိတယ် ..အဲ့ကြွက်အုပ်ကြီးက အခုကျွန်းပေါ်မှာတအားသောင်းကျန်း နေကြတာ..လူတွေတောင်မနေနိုင်လို့ထွက်ပြေးကြကုန်ြပီ ... ကြွက်တွေမျိုးပွားရင်း ပွားရင်းနဲ့ သိန်းဂဏန်းမကတော့ဘူး .. အဲ့ဒီကြွက်တွေက လောလောဆယ် ကျွန်းပေါ်မှာမို့ ပြသနာမရှိပေမယ့် အကယ်၍ကုန်းပေါ်ကိုသာ ရောက်သွားရင် လူတွေ အကြီးအကျယ်ဒုက္ခရောက်နိုင်တယ်ညီမရဲ့ .. အဲ့ကျွန်းက နွေဦးပေါက်ရောက်ရင် ကုန်းမြေနဲ့တဆက်ထဲဖြစ်သွားတဲ့အတွက် စိုးရိမ်ရတာအမှန်ပဲ .. ''
              ''ဟင်..အခုတောင်နွေဦးပေါက်တော့မယ်လေ အကို ..''
              ''မှန်တယ် ညီမ .. နွေဦးပေါက်တော့မှာမို့ အကိုလည်း အရမ်းစိုးရိမ်နေတာ အခုအချိန်သာ သူတို့ကို မနိုမ်နင်းနိုင်ရင် ဖြစ်လာမယ့် အကျိုးဆက်က ကောင်းမှာ မဟုတ်တော့ဘူး .. ဒါကြောင့် အကိုလည်း အဲ့ကို အမြန်ရောက်ချင် သွားချင်နေတာ .. ညီမက ဒီမြို့မှာ ပျော်နေတာတွေ့တော့ အကိုလည်း မပြောရက်ဖူးဖြစ်နေတာနဲ့''
              ကျင်းကျူးမှာ အားကွေ့စကားကြောင့် ခေတ္တမျှတွေတွေဝေေ၀ဖြစ်ကာ..
              ''အင်း .. အကို့ကိစ္စက အရေးကြီးနေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ .. မနက်ဖြန်တော့ ညီမတို့ တုံးမင်ကိုသွားကြတာပေါ့ .. ''
              ''ဒါဆို အကို နက်ဖြန်ခရီးထွက်ဖို့ တရှုံးပြန်လာရင် အဆင်သင့် ပြင်ခိုင်း ထားလိုက်မယ် .. ကဲ ကဲ ဟိုးမှာ ဟွားဟွား ညီမကို လှမ်းခေါ်နေပြီ သွားတော့ .. ''
             ''ဟုတ်..အကို သွားပြီနော်..''
             စကားအဆုံး၌ ထရပ်ကာ အပြေးလေးသွားနေသော ကျင်းကျူး၏ ကိုယ်နောက်ပိုင်းအလှအပကို ခံစားရင်း အားကွေ့တစ်ယောက် ပြုံးနေမိသည်..
===========================+
         နေပြည်တော်သို့ ဟုတပ်ထားသော လမ်းညွှန်ဆိုင်းဘုတ်ကြီးအတိုင်း မောင်းနှင်လာသော မြင်းလှည်းတန်းကြီးသည် မနှေးလွန်း မမြန်လွန်းစွာ ခရီးနှင်နေ၏ . မြင်းလည်းများတွင် စိုက်ထူးထားသည့် အနီရောင်ပန်းပွင့်ပုံ အလံတိုင်များ လေထဲတွင် တလွင့်လွင့် ၀ဲပျံနေသည်မှာ သာမောဖွယ်ကောင်းလှသည် ..
        သို့သော် ထိုမြင်းလှည်းနဘေးမှ စောင့်ကြပ်လိုက်လာသူများမှာမူ စိတ်တထင့် ထင့်နှင့် တစုံတရာကို ကြောက်ရွံ့နေသည့်ပုံပင် .. အနီရောင်ကိုယ်ကျပ်အင်္ကျီ အနီရောင်ပန်းပွင့်ပုံ တံဆိပ်နှင့်မို့ သိုင်းလောကတွင်နာမည်ကြီး ပန်းနီနီ အာမခံဌာန ဟု သိနိုင်သော ထိုလူများမှာ မည်သည်ကို  စိုးထိတ်နေကြသနည်း ..
          နေပြည်တော်တွင်နီးကပ်နေပြီမို့ အာမခံ၏ ရန်ဖက် ခိုးသားဓါးပြများလည်း မရှိပါဘဲနှင့် အစိုးရိမ်ကြီးနေကြသည်မှာ အံ့သြဖို့ကောင်း၏ ... အကယ်၍သာ ထိုလူများမှာ အပြင်လူကိုကြောက်ရွံ့နေခြင်းမဟုတ် မြင်းလည်းအတွင်းမှ အရာများ ကိုသာ လန့်ထိတ်နေခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍ အံ့အားသင့်စရာပင် ..
           သို့ဆိုလျှင် ဆယ်ငါးစီးတိတိရှိသော ထိုမြင်းလှည်းများထဲတွင် မည်သည်များ ကို တင်ဆောင်လာ၍နည်း .. ပေါက်ကွဲစေတတ်သော ပစ္စည်းများလော ... ပေါက်ကွဲ တတ်သည့် ပစ္စည်းများဆိုလျှင် လွန်စွာကြောက်ဖို့ကောင်းသည်လေ.. သို့သော် မှားပါ၏  မဟုတ်ပါ... ပေါက်ကွဲတတ်သည့်အရာမဟုတ်ပါ..
            ကောင်းပြီ .. ဒါဆိုရင် .. အဆိပ်ရှိသော သတ္တ၀ါများ ... အဆိပ်ပြင်းသော ပစ္စည်းများလား .မှားပါ၏ ..ထိုအရာလည်းမဟုတ်ပါပေ..
           အဆိပ်များလည်းမဟုတ် ပေါက်ကွဲတတ်သည့်အရာလည်း မဟုတ်ဘူး ဆိုရင်ဖြင့် .. ကြမ်းကြုတ်ရက်စက်သော သားရဲများပင်လော... ထိုသို့မေးလာလျှင်မူ အာမခံသားများအဖို့ အဖြေရခက်တော့မည်ပင်.. အဘယ်ကြောင့်ဆိုသော် ဤ မေးခွန်းသည် လုံးလုံးလျားလျား မမှန်ပင်ငြားလည်း အတော်လေးနီးစပ်၍ပင် ..
            မှန်ပေသည် ထိုမြင်းလည်းဆယ့်ငါးစီးတွင် ကြမ်းကြုတ်ရက်စက်သော သတ္တ၀ါများ တစ်စီးလျှင် တစ်ကောင်ကျနှုန်းဖြင့် သယ်ဆောင်လာခဲ့ပါသည် .. ပို၍ ထူးခြားသည်က ထိုမြင်းလည်းများမှာ ရိုးရိုးမြင်းလှည်းများ မဟုတ်ဘဲ မြင်းလေးကောင် က ထားသော လှည်းများဖြစ်၍ပင် ..  သန်မာထွားကျိုင်းလှသော မြင်းလေးကောင် သည် ဆင်ပေါက်တစ်ကောင်ကိုပင် သယ်ဆောင်နိုင်စွမ်းရှိနိုင်သည် ..
            ယခုတော့ လူလေးယောက်မျှသာလိုက်ပါနိုင်သော လှည်းကို တပ်ဆင် အသုံးပြုထားသည်မှာ လွန်ကဲလှသည်ထင်မည် .. အကယ်၍သာ မြင်းကိုယ်ထည်ကို လက်ဖြင့်ခေါက်ကြည့်မည်ဆိုလျှင်တော့  ''သြော်''ဟူသော အာမေဋိတ်ထွက်ရုံမှ အပ လွန်သည် ပိုသည်ဟု ပြောတော့မည်မဟုတ် ...
            မည်သည့်အတွက်ကြောင့်နည်းဟုဆိုသော် .. မြင်းလည်း ကိုယ်ထည်များကို လွန်စွာထူထဲသော သံမဏိဖြင့် ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်..
             ပန်းနီနီအာမခံဌာနခေါင်းဆောင်သည် .. လူ့ဘီလူးကြီးသဖွယ် သန်မာ ထွားကျိုင်းပြီး လက်နက်ပေါင်းစုံချိတ်ဆွဲထားသူဖြစ်၏ .. သူ၏ရုပ်သွင်မှာလည်း ကြမ်းတမ်းခက်ထော်လှသည်ဖြစ်ရာ မည်သည့်အရာကို မျှ မကြောက်တတ်ပါဟု ထင်မြင်စရာရှိသည် .. အမှန်တကယ်လည်း သူယခင်က မည်သည့်အရာကို မှာ မကြောက်တတ်ပါ ..
                ယခုတော့ သူသည်ကြောက်တတ်နေပါပြီ .. တိတိကျကျဖြေရပါမူ ထိုသံမဏိမြင်းလှည်းထဲမှ သတ္တ၀ါများကို ကြောက်ပါသည် ဟူ၍ပင်.... လမ်းတောင်ဘက်၍ သစ်ပင်နှစ်ပင် လိမ်ယှက်စွာပေါက်နေ သည်ကိုမြင်လျှင်  လူ့ဘိီလူးကြီးသည် မျက်ခုံးမွေးပေါ်တွင် သီးနေသော ချွေးများကို ၀ဲလက်ဖြင့်သတ်ကာ ယာလက်ဖြင့် သူ့လူများအား အချက်ပြလိုက်သည် ..
             စည်းစနစ်ကျလှသော အာမခံဖြစ်သည်မို့ သူလက်အပြ၌ အကုန်လုံး ကျောက်ရုပ်သဖွယ်ရပ်တန့်သွားကြ၏ .. ကုန်ကုန်ပြောရလျှင်မြင်းများပင် တုတ်တုတ်မှ မလှုပ်ကြပါ ... လူဘီလူးကြီးက
               ''ငါ့လူတို့ .. သခင်ကြီးမှာကြားချက်အတိုင်းဆို ဒီနေရာမှာ အထောက်တော် လာကြိုလိမ့်မယ် .. သူ့နောက်ကို ငါတို့လိုက်ခဲ့ရမယ်လို့ ဆိုတယ်''
              သူ့စကားအဆုံးတွင် ထိုသစ်ပင်နောက်မှ အင်္ဂါမစုံလင်သော လူတစ်ယောက် ခုန်ထွက်လာ၏... အင်္ဂါမစုံခြင်းမှာ ယာဘက်လက်တစ်ဖက် ပြတ်တောက် နေ၍ပင် ...
             ထိုလူအားမြင်လျှင် လူ့ဘီလူးကြီးက လက်နှစ်ဘက်ဆုပ်ဂါရ၀ပြုလိုက်ရင်း ..
              ''အကိုလေး ရှု့ ..ကိုယ်တိုင်လာကြိုတာကိုးဗျ.. ''
               ရှု့ဆိုသည်မှာ အခြားလူမဟုတ် ရှု့ယီပင် .. ရှု့ယီက လူ့ဘီလူးကြီး အား အသိအမှတ်ပြုရုံ ခေါင်းငြိမ့်ပြလိုက်ပြီး သူသိလိုသည်ကို သာမေးလိုက်၏...
               ''အသေးလေး .. ဟိုကောင်တွေ လမ်းမှာ သတိရလာသေးလား .. ဘယ့်နှယ်နေသေးလည်း..''
                လူ့ဘီလူးကြီး၏ အမည်နာမမှာ အသေးလေးဖြစ်ပုံပေါ်သည် .. ထိုသူက.
               ''သတိမရပါဘူး အကိုလေးရှု့ .. ကျွန်တော်တို့လည်း ရင်တထိတ်ထိတ် နဲ့ မောင်းလာရတာ .. လမ်းမှာသာ ဒီကောင်တွေ သတိရလာရင် .. ကျွန်တော်တို့ တွေ သေပြီပဲ .. ''
                ရှု့ယီကထိုလူစကားကို ထောက်ခံလိုက်ကာ ..
                ''အေး ..အခုလို ချောချောမွေ့မွေ့ဖြစ်တာ တော်သေးတာပေါ့ .. စိတ်ပြောင်းခြူ ကလည်း ၀ူပေမှာ မကျန်ခဲ့တော့ ငါမင်းတို့ကို စိုးရိမ်နေတာ .. ''
                ''အကိုလေးနဲ့သခင်ကြီး ကျွန်တော်တို့အတွက် တလုံးလောက်တော့ ထားခဲ့သင့်ပါတယ်ဗျာ ..''
                 ထိုစဉ်မှာပင်..
                   ''ဗုန်း...ဗုန်း..ဗုန်း..''
                   ''အူး...ယား..ဟား..''
                   ''အီး ဟီးဟီးဟီး...''
                   ကျယ်လောင်သော အသံကြီးနှင့်အတူ နောက်ဆုံးမြင်းလည်းမှာ တိမ်းစောင်းသွားလေသည် .. မြင်းလေးကောင်မှာလည်း လှည်းမှောက်သွားသော အရှိန်ကြောင့် အနာတရများ ဖြစ်သွားပုံပေါ်၏ .. နာကျည်းစွာအော်ဟစ်ပြီး ရုန်းကန် နေကြ၏ ..
               နဘေးရှိ ပန်းနီနီဂိုဏ်းသားများမှာတော့ ထိုနေရာနှင့် ဝေးကွာအောင် ထွက်ပြေးသွားကြသည်..
             သို့သော် .. '''ထောင်း..'' ဟူသော အသံကြီးမြည်ဟီးပြီးနောက် သံမဏိတံခါးကြီး ပွင့်ထွက်သွားကာ လည်းအတွင်းမှ မည်းမည်းအရိပ်ကြီး ခုန်ဆင်းလာ၏ .. ထိုအရိပ်ကြီးမှာ လူ ဖြစ်သော်လည်း လူမမည်သော လူသတ္တ၀ါကြီး ပင် ..
                ထိုလူကြီးမှာ အသေးလေးဟူသော အရပ်ခြောက်ပေကျော်သည့် လူ ထက်ပင် ခေါင်းတလုံးပိုသာကာ တကိုယ်လုံး ကြွက်သားအမြောင်းမြောင်းနှင့်ဖြစ်၏ .
အရောင်အသွေးမှာ သပိတ်ဖင်ကဲ့သို့ နက်ကျူတ်နေပြီး ဦးပြည်းတွင် အမွှေးအမျှင် တမွှေးမှ မရှိရှာ ..ထိုခေါင်းပြောင်ပြောင်တွင်မူ ရွှေဆံထိုး ရှစ်ခု ထိုးစိုက်ထား၏ .. သူ၏ ကိုယ်အား ကလေးပေါင်လုံးခန့်ရှိသည့် သံကြိုးဖြင့် ချည်နှောင်ထားခဲ့ပုံရသော်လည်း ယခုအချိန်တွင်တော့ သံကြိုးမှာ ပြတ်တောက်လျှက်ရှိသည် ..
           ထိုလူမှာ အောက်ရောက်သည်နှင့် သူ၏ အနီးဆုံး၌ ရှိနေသော ပန်းနီနီ ဂိုဏ်းသားထံခုန်ဝင်ကာသွား၏ ..
          ''၀ူး..၀ူး..၀ူး..'''
           ''ဂျွတ် ဂျွတ်.ဂျွတ်''
           တိရစ္ဆန်တစ်ကောင်သဖွယ်အော်မြည်ပြီး ထိုလူအား ခါးမှ ဖက်ကိုင်ကာ ဆွဲလိမ်လိုက်သည် ..ခံလိုက်ရသော  ပန်းနီနီဂိုဏ်းသားမှာ ကိုယ်ခနွာထက်ပိုင်း ပြတ်ထွက်သွားကာ ကျောရိုးမအတွင်းမှ ချဉ်ဆီများပင် ပန်းထွက်လာလေ၏ ..
           ထိုလူမှာ ထိုမျှနှင့် ကျေနပ်သေးပုံမပေါ် လက်ထဲတွင်ရှိနေသော ကိုယ်တပိုင်း ပြတ်ကြီးကို လက်နှစ်ဖက်နှင့် ညစ်ခြေလိုက်သည် ...
          ''ဂျလွတ် ဂျလွတ်..''
          သွေးများ အဆီများ မှာ သူ၏တကိုယ်လုံး ပေပွသွားကာ ရုပ်သွင်မှာ နာနာဘာဝ အလားဖြစ်ကာသွား၏ .. ထိုမြင်ကွင်းကို မြင်လိုက်ကြသော ပန်းနီနီဂိုဏ်း သားတချို့မှာ အကြောက်လန့်ကြီးကြောက်လန့် ငိုယိုဟစ်ကြွေးကုန်ကြသည် ..
=================
ကိုင်းဗျာ .. မကောင်းရင်တော့ ခွင့်လွတ် ..
ကျေးဇူးပါ
Comments
Popular posts from this blog
အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)
အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)