အားကွေ့ အပိုင်း (၈၆ မှ ၉၀ ထိ)
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၆
သွားကျိုးက အားကွေ့ထပ်မံပုံဖော်နေသည့် သစ်ကိုင်းခြောက်ကို ကြည့်ပြီး..
''အကိုအားကွေ့ ..ကျွန်တော်နဲ့ဒက်ပေါလည်း ရှောင်လင်ရဲ့ လော့ဟန် တစ်ရာ့ရှစ်ပါးဝင်္ကပါထဲမှာပါဖူးတော့ ၀င်္ကပါသိုင်းကွက်နဲ့ သိပ်မစိမ်းဘူးဗျ.. ကျွန်တော်တို့ လေ့ကျင့်တဲ့အချိန်မှာ လော့ဟန်အဆောင်မှူးဆရာတော်က ဘေးကနေ တဖွဖွပြောတဲ့ စကားတစ်ခွန်းရှိတယ် ..၀င်္ကပါရဲ့ အသက်ဖြစ်တဲ့ ပင်မဦးဆောင် သိုင်းသမားတွေကို ကျန်တဲ့သိုင်းသမားတွေက ဂရုစိုက်ပေးရမယ်ဆိုပြီး အမြဲမှာတယ်''
ဒက်ပေါကလည်း သွားကျိုး၏ စကားအားထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကာ
''ဟုတ်တယ် အကိုအားကွေ့ တရာ့ရှစ်ပါးဝင်္ကပါမှာ ပင်မဦးဆောင်သိုင်းသမား ဆယ့်ရှစ်ယောက်ရှိတယ် ..အဲ့ဆယ့်ရှစ်ယောက် တစ်ခုခု ချွတ်ချော်တာနဲ့ ၀င်္ကပါကွက် ပျက်တာပဲ .. ဒါကြောင့်မို့ ကျန်တဲ့ ၀င်္ကပါသိုင်သမားတွေက သူတို့ကို ထိခိုက်မှုမရှိအောင် အမြဲသတိထားနေရတယ်..အခုအကိုအားကွေ့ရဲ့ ၀င်္ကပါမှာ ပင်မဦးဆောင်သိုင်းသမား တစ်ယောက်မှ မပါတာကိုတွေ့ရတော့ တမျိုးကြီးပဲဗျ..''
အားကွေ့က ဒက်ပေါနှင့်သွားကျိုးအားကြည့်ရင်း ပြုံးကာ.
''အင်း ..မင်းတို့အခုလို ထောက်ပြတော့ ငါလည်း ဒီဝင်္ကပါအကြောင်းကို သေသေချာချာရှင်းပြရမှာပေါ့ .. ''
အားကွေ့ကထိုင်နေရာမှ ထရပ်လိုက်ပြီး..
''ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်မှာ အနက်ရောင်လောက အနီရောင်အခန်း သိုင်းကျမ်းကို ဖန်တီးခဲ့တဲ့သူဟာ သိုင်းလောကမှာ ဘုရင်တစ်ဆူအဖြစ်မင်းမူခဲ့တယ် .. လက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံတဲ့ အဲ့လူကို ကျဲမုန်လို့ခေါ်သတဲ့ .. ကျဲမုန်ဟာ သာမာန် မိသားစုကပေါက်ဖွားလာတာ မဟုတ်ဘဲ စစ်သည်မျိုးရိုးကဆင်းသက်လာတော့ စစ်ချီ စစ်တက်ပညာမှာ သူမတူအောင်နားလည်တယ်.. စည်းလုံးခြင်းရဲ့အင်အားကို သိတယ် .. နောက်ပိုင်းသိုင်းလောကမှာ ကျင်လည်တော့ အခြေအနေအကြောင်းကြောင်း ကြောင့် အနက်ရောင်သိုင်းသမားဖြစ်သွားရော .. ဒါပေမယ့် မွေးရာပါခေါင်းဆောင် စိတ်ဓါတ်ရှိတော့ အနက်ရောင်သိုင်းသမားတွေကို တစုတစည်းထဲ ဖြစ်အောင်စည်းလုံး နိုင်ခဲ့တယ်လေ.. အဲ့လိုလည်း အင်နဲ့အားနဲ့ ထုနဲ့ထည်နဲ့ ဖြစ်တဲ့အချိန်မှာ ရှိသမျှ အနက်ရောင်သိုင်းသမားတွေကို စုပြီး ကိုယ်တတ်ကျွမ်းသမျှ ပညာရပ်အစုံကို တကွက်တလေမှ မချန်ထားဘဲ စာအုပ်ကြီးတစ်အုပ်မှာ ရေးသားစေခဲ့တယ်.. အနက်ရောင်သိုင်းသမားတွေကလည်း ကျဲမုန်ကို ချစ်ခင်လေးစားကြတဲ့ သူတွေချည်းပဲ ဆိုတော့ ကျဲမုန်ခိုင်းတဲ့အတိုင်း စာအုပ်ကြီးထဲမှာ ရေးကြတာပေါ့ .. ပညာရပ်တွေ ဘယ်လောက်ထိများလည်းဆိုရင် အဲ့စာအုပ်ကို မှတ်တမ်းတင်တာကြီးပဲကို လေးနှစ်လောက်ကြာတယ် .. လေးနှစ်လောက်ပြုစုထားတဲ့ အနက်ရောင်လောက အနီရောင်အခန်း သိုင်းကျမ်းကို ကျဲမုန်က အနက်ရောင်သိုင်းပညာရှင်တချို့နဲ့ ပြန်လည် တည်းဖြတ်စေခဲ့တယ်.. နှစ်နှစ်နီးပါး တည်းဖြတ်ပြီးတဲ့နောက်မှာ သဘာဝနဲ့ ဆန့်ကျင်နေတဲ့ တချို့ပညာရပ်တွေကို ပယ်ထုတ် .. လိုအပ်တဲ့ ပညာရပ်တွေကို ထပ်ဖြည့် ပြီးတဲ့နောက်မှာ ကျဲမုန်ရဲ့သိုင်းကျမ်းဟာ အောက်လမ်းသိုင်းပညာရပ်ပေါင်းစုံ တဲ့သိုင်းကျမ်းဖြစ်လာခဲ့တယ်လေ.. ''
အားကွေ့ကသူ၏စကားအား အာရုံစိုက်နေကြသော ညီနောင်များကိုကြည့်ကာ ဆက်လက်ပြီး..
''မင်းတို့တတွေကို အဲ့ထဲက သိုင်းတချို့တလေကို ငါသင်ပေးရအုံးမယ် .. ကိုယ့်အနေအထားနဲ့ကိုက်ညီတဲ့ သိုင်းကွက်တွေကိုပေါ့.. ဒါကထားပါ.. အခု လိုရင်းဖြစ်တဲ့ နေပျောက်လကွယ် မုန်းပင်လယ် သိုင်းဝင်္ကပါဖြစ်တည်လာပုံနဲ့ ဘာစည်းမျဉ်းကို အခြေခံထားသလည်းဆိုတာ ရှင်းပြမယ်.. ''
သွားကျိုး ဒက်ပေါနှင့် ဟွားဟွားတို့မှာ ဆက်လက်ထွက်ပေါ်လာမည့် အားကွေ့၏စကားကို မျှော်လင့်နေကြသည်.. သူတို့သုံးယောက်မှာ ထိုဝင်္ကပါကို အထင်မကြီးကြသူများမဟုတ်လား...
သူတို့မျှော်လင့်နေသည့်အတိုင်း အားကွေ့၏စကားသံက ဆက်လက်ထွက်ပေါ်လာပါ၏...
''နေပျောက်လကွယ် မုန်းပင်လယ်ဝင်္ကပါသိုင်းကွက်ကိုတော့ ကျဲမုန်ကိုယ်တိုင် တီထွင်ထားတာ.. သူငယ်စဉ်က စစ်မြေပြင်မှာ တာဝန်ထမ်းဆောင် ဖူးတယ်.. အဲ့စစ်တွင်းအတွေ့အကြုံကို အရင်းတည်ပြီး ၀င်္ကပါသိုင်းလည်းပေါ်ပေါက် လာတာပဲ.. သူ အနက်ရောင်သိုင်းဂိုဏ်းကို တည်ထောင်တော့ သူ့ရဲ့ဂိုဏ်းသားတွေ မှာ သိုင်းပညာကွာဟချက်က ပြသနာတစ်ခုဖြစ်လာတယ်လေ.. တချို့ဂိုဏ်းသားတွေ ရဲ့သိုင်းပညာဟာ သာမာန်အဆင့်ပဲရှိပြီး အချို့ကတော့ ထိပ်တန်းအဆင့်မှာရှိကြတယ် .. ၀ါစဉ်အရစီတဲ့နေရာမှာ ထိပ်တန်းအဆင့်သိုင်းသမားတွေရဲ့ အထက်မှာ သာမာန်သိုင်းသမားတွေက ရောက်နေတော့ အုပ်ချုပ်ရတာ ကမှောက်ကမတွေ ဖြစ်လာတာပေါ့ .. အဲ့မှာ သူက အထက်အဆင့် အောက်အဆင့် နှစ်ခုကြားသိုင်းပညာ ကွာဟချက်ကို ကျဉ်းမြောင်းအောင်လုပ်ဖို့ ကြံဆရရော .. ဒီလိုနဲ့ ဒီသိုင်းဝင်္ကပါဟာ စတင်ပေါ်ပေါက်လာတာပဲ .. သူကသာမာန်သိုင်းသမား ငါးယောက်ကို ခေါ်လိုက်တယ် ..ပြီးတော့ မျဉ်းကြောင်းငါးကြောင်း သတ်မှတ်ပြီး မျဉ်းကြောင်းငါးကြောင်းအဆုံးရဲ့ဆုံမှတ်အလယ်ဗဟို ကို စက်ဝိုင်းရေးဆွဲလိုက်တယ် .. မျဉ်းကြောင်းငါးကြောင်းအစနေရာမှာ ခုနက သာမာန်သိုင်းသမား ငါးယောက်ကို ရပ်စေတယ် ... အလယ်စက်ဝိုင်းမှာတော့ ထိပ်တန်းသိုင်းသမား တစ်ယောက်ကို ရပ်စေတယ်.. ''
အားကွေ့ရှင်းပြသောစကားအား ကျန်သူများက စိတ်ကူးထဲတွင် ပုံဖော်နေကြသည်.. လူငါးယောက်က ရန်သူအား မျက်နှာမူကာ ရန်သူ၏ပတ်ပတ်လည်တွင် စက်ဝိုင်းပုံနေရာယူထားသည့်ပုံမှာ အာရုံထဲ၌ပင် မြင်ယောင်နေသလိုလိုပင်..
''လူငါးယောက်ကို ကျဲမုန်က သဘောတရားတစ်ခုပဲ ပြောပြလိုက်တယ် .. ဒါကတော့ ရန်သူရဲ့နောက်ကျောကိုပဲတိုက်ခိုက်ပါဆိုတဲ့စကား... ဘေးနှစ်ဖက်နဲ့ ရှေ့က လူကို လုံးဝမတိုက်ခိုက်ခိုင်းဘဲ .. ရန်သူနောက်ကျောက လူကိုသာ တိုက်ခိုင်းတယ်.. ''
အားကွေ့က အူလည်လည်ဖြစ်နေကြသော လူတစ်စုကို ကြည့်ကာ ..
''ဒက်ပေါရေ ငါတို့ငါးယောက်ရှိတယ် .. မင်းကတော့ တစ်ယောက်ထဲ မင်းကို ငါတို့ငါးယောက်က ၀ိုင်းထားမယ် .. ငါကမင်းနဲ့မျက်နှာမူထားတဲ့တစ်ယောက် မင်းရဲ့ဘေးနှစ်ဖက်မှာတော့ ဟွားဟွားနဲ့ သွားကျိုးရှိမယ်.. ဟိုက်ထုံးဂိုဏ်းခွဲမှူးနဲ့ သူ့တပည့်က မင်းနောက်ကျောမှာကွာ .. ကိုင်း..တိုက်ပွဲစတာနဲ့ ငါ ..သွားကျိုးနဲ့ဟွားဟွားက မင်းကို မတိုက်ဘူး ..ဟိုက်ထုံးဂိုဏ်းခွဲမှူးနဲ့သူတပည့် နှစ်ယောက်က မင်းကျောကို ဓါးနဲ့တိုက်ခိုက်လိုက်မယ် ..မင်းဘာလုပ်မလည်း..''
ဒက်ပေါကမဆိုင်းမတွပင်..
''ဟာ ..ကျွန်တော်နောက်လှည့်ပြီး အဲ့နှစ်ယောက်ကို တိုက်မယ်ဗျာ ..''
''ဒါဆို မင်းနောက်ဖက်ကို လှည့်သွားတာနဲ့ မင်းရှေ့မှာ ရပ်နေတဲ့ငါ့ကို ကျောပေး ပြီးသားဖြစ်သွားမှာပဲ .. ကျဲမုန်ရဲ့စကားအတိုင်းဆိုရင် ကျောဖက်က တိုက်ဆိုတော့ ငါကမင်းကို တိုက်မှာပေါ့ .. ''
ဒက်ပေါက ပြန်ဖြေရန်ပြုမည့်အချိန်တွင် အားကွေ့က လက်ကာပြလိုက်ပြီး..
''မင်းက ဟိုက်ထုံးဂိုဏ်းခွဲမှူးနဲ့ သူ့တပည့်ကို တိုက်ခိုက်ဖို့ လည့်လိုက်တာနဲ့ တချိန်ထဲ ငါကတိုက်မှာနော် ... အဲ့နေရာမှာ မင်းနဲ့ဟိုက်ထုံးဂိုဏ်းခွဲမှူးတို့ ဓါးခြင်း လုံးဝမထိသေးတဲ့အချိန်.. ''
''အင်း ..ကျွန်တော် အကိုအားကွေ့ဖက်ကို ပြန်လည့်ရမှာပေါ့ .. ''
အားကွေ့ကပြုံးလိုက်ကာ..
''ဒါဆို ဟိုက်ထုံးဂိုဏ်းခွဲမှူးက ၀င်တိုက်ပြီကွာ ..''
ဒက်ပေါက ခေါင်းကုတ်လိုက်ရင်း..
''ဒီအတိုင်းဆို အနိုင်အရှုံးမရှိ သံသရာ လည်နေတော့မှာပေါ့..''
''ဟားဟားဟားဟား .. မင်းထင်လို့ပါ ဒက်ပေါရ အဲ့လို ခုနှစ်ခါလောက် လုပ်လိုက်တဲ့အခါ ..မင်းစိတ်ထဲမှာ ရှေ့နဲ့နောက်နဲ့ကိုပဲအာရုံစိုက်နေမိတော့မယ် .. မင်းဘေးနှစ်ဖက်မှာ ရှိတဲ့ရန်သူကို ဂရုမထားမိတော့ဘူးဆိုတာနဲ့ ကျန်တဲ့ သွားကျိုးနဲ့ ဟွားဟွားက တရှိန်ထိုးဝင်လာတော့မှာ .. အဲ့အကွက်အတိုင်းပဲ ဘေးနှစ်ဖက်ကကြီး ငါးခုလောက်တိုက်လိုက် နောက်ကနှစ်ခါလောက်တိုက်လိုက်နဲ့ ကတ်သီးကတ်ဖဲ့ တိုက်ခိုက်နေရင် .. မင်းဘယ်လောက် သိုင်းစွမ်းစွမ်း ထိမှာ အသေအခြာပဲ.. ပြီးတော့ ငါတို့ကငါးယောက်က လူကုန်တိုက်ခိုက်မှာ မဟုတ်တော့ လူလည်းသက်သာတယ် .. တိုက်ခိုက်တဲ့နေရာမှာလည်း မင်းရဲ့နောက်ကျောကိုပဲမို့ အတွင်းအားခြင်းယှဉ်ပြိုင်စရာ လည်းမလိုဘူးလေ.. မင်းရဲ့ ကိုယ်ဖော့ပညာက ငါတို့ငါးယောက်ထက် ခုနှစ်ဆလောက် မြန်နေရင်တော့ငါတို့ တိုက်ကွက်ကို တမျိုးပြောင်းရမှာပေါ့.. တရာ့ရှစ်ပါးဝင်္ကပါ .. နတ်ဆိုးကွန်ပစ်ဝင်္ကပါ.. ကျောက်စိမ်းဧက္ကရာဇ် ၀င်္ကပါ ..ခုနှစ်စင်ကြယ်ဝင်္ကပါသိုင်းကွက်တွေလို မရှုပ်ထွေးပဲ .. သာမာန်သိုင်းသမားတွေ တောင် အသုံးပြုလို့ရအောင် ဖန်တီးခဲ့တာကွ.. ''
ဒက်ပေါက လက်ခံသွားသည့်နယ် ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်စဉ်းစားနေတုန်း..
''စစ်ရေးအင်္ဂါတွေ ဒီဝင်္ကပါသိုင်းထဲမှာပါတယ်ကွ .. ရန်သူရဲ့အားအနည်းဆုံး နေရာကို ရှာဖွေတိုက်ခိုက်ပါ.. နောက်ကျောထက် အားနည်းတဲ့နေရာတော့ မရှိဘူး .. တတ်နိုင်သရွေ့ အင်အားကို ချွေတာပါ.. အပိုင်သေချာလျှင် မဆိုင်းတွပါနှင့်.. မိမိ၏ လှုပ်ရှားမှုတိုင်းဟာ တဖက်လူမသိအောင် သိုဝှက်ပါစေ.. ရန်သူထက် မိမိအင်အားများ နေလျှင် တဟုန်ထိုးဖိတိုက်ပါ.. မိမိနှင့်အင်အားတူလျှင် စိတ်ဓါတ်ရေးရာအရ အသာစီးယူပါ.. မိမိထက်အင်အားကြီးလျှင် ဆုတ်ချီတက်ချီဖြင့် ပျောက်ကြားတိုက်ပါ ..သပ်လျှိုပါတဲ့ .. မိမိထက်အင်အား အဆမတန်ကွာလျှင်တော့ အမြန်ဆုံးနောက်ဆုတ် ပါ..ဆိုတဲ့အချက်တွေ အများကြီးပါတယ် ..''
သွားကျိုးက အားကွေ့အား ချီးကျူးဂုဏ်ယူစွာကြည့်လိုက်ပြီး..
''အင်း..အကိုအားကွေ့က စစ်ရေးလည်း ရသကိုးဗျ..''
''ဟားဟားဟားဟား ..ဒီလောက်လည်း မဟုတ်ပါဘူးကွာ ..ဆွန်ဇူးရဲ့ သေနင်္ဂဗျူဟာကျမ်းလေးကျေညှက်ရုံပါ...''
ဟွားဟွားကလည်း ထိုအခါမှပင် နေပျောက်လကွယ် မုန်းပင်လယ် ၀င်္ကပါသိုင်းကို ယုံကြည်သွားသည့်နှယ် အားကွေ့ ခင်းထားသော သစ်ကိုင်းချောက်များကို စိတ်ဝင်တစား ကြည့်ရှုနေတော့၏...
ထို့နောက် အားကွေ့က နေပျောက်လကွယ်သိုင်းဝင်္ကပါနှင့် ခင်းကျင်းပုံတို့ကို အကျယ်ချဲ့ရှင်းပြတော့သည် .....
ယင်း နောက်တွင် အားကွေ့ကသူတို့အား တလည့်စီ သရုပ်ဖော်ကစားပြ စေ၏ ..
သူတို့အားလုံးမှာ သဘောတရားလွယ်သလောက် အချိတ်အဆက်နှင့် ချိန်သားမကိုက်မှုကြောင့် အားကွေ့မှာ စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံသင်ကြားပေးရ ပြန်သည်.. အတန်ကြာမျှ အမှားမှား အယွင်းယွင်းနှင့် ဖြစ်ပြီးသည့်နောက်တွင် သူတို့အားလုံး ထိုသိုင်းကွက်အား အကျွမ်းဝင်သွားတော့သည်..
အားကွေ့က ထိုအခါမှစိတ်တိုင်းကျသွားကာ ပြုံးပြုံး ပြုံးပြုံးဖြင့်..
''အားလုံး တော်ကြတယ်ဟေ့ ... တကယ်တော်ကြတယ် .. ပန်းနီနီက ငါးယောက်နဲ့ဟိုက်ထုံးဂိုဏ်းကလေးယောက် ဒီလောက်မြန်မြန်တိုးတက်လာတာ တကယ်ကောင်းတယ်ကွ .. ငါ့ညီနှစ်ယောက်ကတော့ အပြစ်ပြောစရာကိုမရှိဘူး .. ''
ဟွားဟွားမှာ သူမ၏နာမည် မပါသေး၍ မျက်နှာမှာ ဆူပုတ်သွား၏.. အားကွေ့ က သူမ၏ ဦးခေါင်းကို လက်ဖြင့် ကိုင်လှုပ်ကာ...
''ငါ့ ဟွားဟွားကတော့ အတော်ဆုံးပဲကွ ..မင်းတို့ကောင်တွေ သူ့ကို မှီဖို့ ကျိုးစားလိုက်ကြအုံးဟေ့..''
ထိုအခါမှ ဟွားဟွား၏မျက်နှာမှာ တိမ်ကင်းစင်သော လ နှယ် ၀င်းပသွားလေသည်... အားကွေ့ကပင်..
''ဒီဝင်္ကပါသိုင်းအပြင် တခြားသိုင်းတွေလည်း ဆက်သင်ပေးရအုံးမယ်.. ဟိုမှာ ဘယ်လို သိုင်းအကြော်အမော်တွေနဲ့ ရင်ဆိုင်ရမယ်မှန်းမသိသေးတော့ ကိုယ့်ဘက်ကို အကောင်းဆုံးပြင်ဆင်ထားရမယ်မဟုတ်လား.. အခုဆိုရင် စုပေါင်းသိုင်းကွက်ကိုတော့ အကုန်လုံး ကျွမ်းကျင်သွားကြပြီ ..ဒီတစ်ခါတော့ မင်းတို့အားလုံးနဲ့ လိုက်ဖက်မယ့် သိုင်းကွက်တွေကို သင်ပေးရမယ်.. ''
အားလုံးကို ဝှေ့ကြည့်လိုက်ပြီး..
''တစ်ယောက်နဲ့တစ်ယောက် သင်ရတဲ့ သိုင်းခြင်းတော့ တူမှာမဟုတ်ဘူး .. ဘာလို့လည်းဆိုတော့ ကိုယ်တတ်ထားတဲ့ သိုင်းအခြေခံရယ်.. စိတ်နေစိတ်ထားရယ် ကိုကြည့်ပြီး ဖြတ်လမ်းက သင်ပေးမှာမို့ပဲ ..ဥပမာ''
အားကွေ့က ဟွားဟွား၏လက်မောင်းကို လှမ်းကိုင်ကာ..
''ညီမဟွားဟွား ဆိုရင် မင်းတို့ထဲမှာ အခြေခံအကောင်းဆုံးပဲ .. သိုင်းပညာလည်းအထက်မြက်ဆုံး..ဒါပေမယ့် အရေးကြုံလာရင် တည်ငြိမ်တဲ့ စိတ်ထား မရှိတော့ .. သွားကျိုး ကိုတောင်နိုင်ဖို့မလွယ်ဘူး..ဘာလို့ အဲ့လိုဖြစ်လည်းဆိုရင် သူ့ရဲ့ စိတ်ကတကယ်မြန်တယ်.. ဒေါသကြီးတယ် ..အဲ ..သူသင်ထားတဲ့ သိုင်းကတော့ ခွန်လွန်းရဲ့သိုင်းကွက်တွေ.. သူနဲ့ရေခံမြေခံလုံးဝ မကိုက်ဘူး ..ခွန်လွန်း သိုင်းက တည်ငြိမ်မှုကို တည်ဆောက်ထားတာကိုး.. ငါ့ညီမရဲ့ စိတ်နဲ့ဆိုတော့ အကွာကြီးကွာတာပေါ့.. ပြီးတော့ သူ့ရဲ့သိုင်းဟန်က အလှအပဖက်ကို ဦးစားပေးထားတော့ တကယ့်ပွဲမှာ ထင်ထားသလို အစွမ်းပြနိုင်မှာ မဟုတ်ဘူးလေ... ဒီတော့ သူ့ကို သင်ပေးရမှာက သူ့ရဲ့ မြန်တဲ့စိတ်နဲ့ကိုက်ညီရမယ် .. သူကြိုက်တဲ့ ကိုယ်ဟန်အလှသိုင်း လည်း ဖြစ်ရမယ် .. တကယ်လည်း ထက်မြက်ရမယ့်သိုင်း ..အဲ့ဒါမှ သူနဲ့ လိုက်ဖက်မှာ..''
ဟွားဟွားမှာ အားကွေ့၏ စကားကို ကြားလိုက်သည့်အခါ ၀မ်းသာလုံးဆို့ မတတ်ပျော်သွားကာ ခုန်ပေါက်နေလေသည်.. မှန်သည် သူမလေ့ကျင့်ထားသော သိုင်းမှာ တကယ်အစွမ်းထက်သော သိုင်းကွက်များဖြစ်သော်လည်း တကယ်တန်း အသုံးပြုလိုက်သည့် အခါဝယ် လိုရင်းမရောက်ဘဲ ဖြစ်ဖြစ်သွားသည်မဟုတ်လား ..ယခုတော့ ထိုအားနည်းချက်ကို မြင်သော အားကွေ့ကြောင့် သိုင်းကွက် အသစ်အဆန်းကို သင်ကြားရတော့မည်ပင်...
''အကိုအားကွေ့ ..ဟွားဟွားကို သင်ပေးမယ့်သိုင်းက ဘာသိုင်းလည်း .. အကောင်းဆုံးကို သင်ပေးနော် .. သွားကျိုးနဲ့ဒက်ပေါကိုနိုင်အောင်သင်ပေး..''
အားကွေ့က သူ့ဘေးနားတွင် ခုန်ပေါက်နေသည့် ဟွားဟွားအား ချစ်ခင်စွာ ကြည့်ရင်း ..သူမ၏အမေးအား..
''ဟုတ်ပါပြီဗျာ ..သင်ပေးပါ့မယ်.. အကိုအားကွေ့သင်ပေးတဲ့သိုင်းသာ အောင်မြင်သွားရင် သွားကျိုးတို့ ဒက်ပေါတို့မပြောနဲ့ အကိုအားကွေ့တောင် ငါ့ညီမ ကိုနိုင်မှာမဟုတ်တော့ဘူး.. သိုင်းနာမည်က တဖက်ကန်းရသေ့ရဲ့အကြင်နာမဲ့ဓါးသိုင်း နဲ့ ပုပ်ဆွေးတစ္ဆေရဲ့ မရဏအပြုံးလက်ဝါးသိုင်းတဲ့ . ''
ဟွားဟွားမှာ သိုင်းနာမည်များ ကြားလိုက်ရသည်နှင့် နှာခေါင်းရှုံ့ကာ..
''ဟင့် ..အကိုအားကွေ့ရဲ့ သိုင်းနာမည်တွေက ဆိုးလိုက်တာ..''
အားကွေ့က လက်ကာပြလိုက်ပြီး..
''နာမည်သာဆိုးသာ ဟွားဟွားရဲ့ သိုင်းကွက်တွေက အရမ်းလှပြီး ထက်မြက်တယ်.. အကိုအားကွေ့ သရုပ်ဖော်ပြမယ် ကြည့်ထား..''
အားကွေ့က ပြောပြောဆိုဆိုနှင့် မြေပြင်ကို ခြေတစ်ချက်ဆောင့်ရင်း သူ၏အင်္ကျီစကို လက်တွင် ရစ်ပတ်လိုက်သည် .. ဟွားဟွားမှာ သူ၏ခါးမှ ပေါ့ခနဲ ဖြစ်သွား၍ အောက်သို့ငုံကြည့်လိုက်ရာ ..
''ရွှပ်..''ကနဲမြည်သံနှင့်အတူ သူမ၏ခါးတွင်ချိတ်ထားသော ဓါးမှာ အလိုလို လွှင့်ပျံသွားပြီး အားကွေ့၏လက်ထဲသို့ ရောက်ရှိသွားသည်ကို အံ့ချီဘနန်းတွေ့လိုက် ရသည်..
''ဟင်..'' ''ဟာ...'' ''အလို..''
ဒက်ပေါနှင့် သွားကျိုးတို့ အဖွဲ့မှာလည်း ထိုသည်ကို မြင်လိုက်သဖြင့် မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်ကြကုန်၏..
အားကွေ့က သူ၏လက်ထဲမှ ဓါးကို လေထဲတွင် ဝှေ့ရမ်းလိုက်သည်..
''၀ှမ်း....''
အဖြူရောင် အရိပ်ကြီးနှင့်အတူ လေထုခွဲသံကြီးမှာ စူးရှစွာထွက်ပေါ်လာ၍ အတွင်းအားအခြေခံနည်းသော ဟိုက်ထုံးဂိုဏ်းသား သုံးယောက်မှာ နားကို ကပြာကယာ ပိတ်ထားလိုက်ရ၏...
အားကွေ့က လေထဲတွင် တစ်ချက်နှစ်ချက်လောက် ဝှေ့ရမ်းလိုက်ပြီး သိုင်းကွက် ပုံဖော်ပြလိုက်သည်..
''၀ှစ်..၀ှစ်..၀ှစ်..''
အကြင်နာမဲ့ဓါးသိုင်းမှာ ထက်မြက်သည် မထက်မြက်သည်တော့ သူတို့အားလုံးမသိကြ သိုင်းဟန်မှာ လွန်စွာ လှပသည်ကိုမူ အကုန်လုံးချွင်းချက်မရှိ ထောက်ခံလိုက်ကြ၏ .. ဓါးချက်၏အရိပ်ခွဲများ ရာထောင်ချီပျံ့နှံ့နေသည့်ပြင် လူတစ်ကိုယ်လုံးကလည်း လေထဲတွင် ကခုန်နေသည့်နှယ်ပင် .. တဖြည်းဖြည်းနှင့်ပင် ဓါးချက်မှာ ပို၍ပို၍ မြန်ဆန်လာရာ အဖြူရောင်အလုံးကြီးကိုသာ သူတို့တွေ့မြင်လိုက် ရတော့၏..
ဟွားဟွားမှာ လက်ခုပ်လက်ဝါးတီးရင်း...
''အကိုအားကွေ့ ..ရပြီ..ရပြီ.. ဟွားဟွား ဒီသိုင်းကိုပဲ သင်တော့မယ်.. အခုသင်ပေးတော့....''
''ထပ်.''
သိုင်းသရုပ်ပြနေသော အားကွေ့မှာထိုအသံကြောင့် သိုင်းကွက်အား တိကနဲ ရပ်လိုက်သည်..
''ဟာ.....''
ဟူသော အာမေဋိတ်အသံကြီးသည် တစုတစည်းထဲ ထွက်ပေါ်လာ၏.. အဖြူရောင်အရိပ်သဖွယ်မြန်ဆန်နေသော ထိုသိုင်းကွက်ကို တိကနဲရပ်တန့်နိုင်သည် မှာ တော်တန်ရုံလွယ်သည့်အလုပ်မဟုတ်ပေ.. သို့သော် အားကွေ့အတွက်တော့ လုံးဝမပင်ပန်းသည့် ပုံ...
အားကွေ့ ရပ်တန့်လိုက်သည်နှင့် ဟွားဟွားက..
''အကိုအားကွေ့ သင်ပေးတော့လေ .. ''
''အကိုအားကွေ့ ဟွားဟွားတစ်ယောက်ထဲကိုပဲ သင်ပေးလို့ဘယ်ရမလဲ ကျွန်တော်တို့ကိုလည်း သင်ပေးပါ..''
''ဟုတ်တယ်ဗျ ကျွန်တော်တို့လည်း တတ်ချင်တယ်..''
ဒက်ပေါနှင့်သွားကျိုးကပါ ၀င်ရောက်ပူစာနေတော့၏.. ဟိုက်ထုံးဂိုဏ်းသား လေးယောက်နှင့် ပန်းနီနီဂိုဏ်းသားငါးယောက်ကလည်း ၀င်ရောက် မပြောရဲသောကြောင့်သာ နေနေရသည် သူတို့လည်း ထိုသိုင်းပညာကို သင်ယူချင် စိတ်ဖြင့် မရိုးမယွ ဖြစ်ကုန်ကြသည်..
အားကွေ့က နားလည်သည့်အမူအယာဖြင့်
''အင်း .. မင်းတို့ကို သင်ပေးလို့ရပါတယ်.. ဒါပေမယ့် မင်းတို့ထက်စာရင် ဟွားဟွားကမှ ဒီသိုင်းနဲ့ပိုလိုက်ဖက်တာ .. ဆိုတော့ အခုလောလေဆယ်တော့ သီးခြားသိုင်းတွေ အရင်သင်လိုက်အုံး ..နောက်များကြတော့မှ သေသေခြာခြာ သင်ပေးမယ်ကြားလား..''
=========================
မြင်းဖြူတောင် တိုက်ပွဲကို အသေးစိတ်ရေးချင်သော်လည်း .. အားကွေ့မပါသေးတော့ ပျင်းနေမှာစိုးလို့ သူမပါတဲ့အပိုင်းကို ကျော်ပြီး ..သူအဲ့ကို ရောက်တဲ့ အခန်းကနေ ဆက်ရေးတော့မယ် ... နောက်ပိုင်းအခန်းတွေကြမှ စမြုံ့ပြန်တော့ မယ်ခင်ဗျ..
သယ်ရင်း အနှောက်အယှက်ကြားက ရေးရတာမို့ ..လိုတာပိုတာ ဖြစ်သွားရင် ခွင့်လွတ်ဗျာ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၇
ထို့နောက် အားကွေ့က ဟွားဟွား လေ့ကျင့်ရန် တဖက်ကန်းရသေ့၏ အကြင်နာမဲ့ဓါးသိုင်းမှ အဓိကအကွက်များကို နူတ်တိုက် သင်ကြားပေးသည်..
အချိန်အနေအထားကြောင့် အခြေခံမှစကာ မသင်ကြားနိုင်သောကြောင့် ထိုကဲ့သို့ ဖြတ်တောက်ပေးရခြင်းဖြစ်၏.. ဟွားဟွားမှ ဉာဏ်ရည်မဆိုးလှသူဖြစ်ရာ သုံးခါလောက် ရွတ်ဆိုပြလိုက်သည်နှင့် ခေါင်းထဲတွင်စွဲမြဲသွားသည်..
အားကွေ့က ဟွားဟွား အလွတ်ရသွားသည်နှင့် သူသင်ပေးလိုက်သော ဓါးသိုင်းကွက်များကို ပိုမိုမှတ်မိအောင် ကိုယ်တိုင်သရုပ်ဖော်ကစားပြလိုက်၏... ဟွားဟွားမှာ သူမသဘောကျနေသော သိုင်းကွက်များမို့ ခဏခြင်း၌ပင် အကျွမ်းတ၀င် ဖြစ်သွားသည်...
ဟွားဟွားအား ပိုမိုတိုးတက်ရန် အပြင်းအထန်လေ့ကျင့်စေပြီး ကျန်အဖွဲ့သားများကိုလည်း သူတို့နှင့် လိုက်လျောညီထွေရှိမည့် သိုင်းကွက်များကို သင်ကြားပေး၏...
အားကွေ့ကတော့ သူ၏အဖွဲ့သားများ သိုင်းလေ့ကျင့်နေသည်ကို နဘေးမှ ရပ်ကြည့်ကာ လိုအပ်သည်များကို ထောက်ပြနေရင်း...
''အင်း.. ငါ့လူတွေက သေသေချာချာ ကြပ်မတ်သင်ပေးရင် သင်ပေးသလောက် ဖြစ်ထွန်းမယ့် လူတွေပဲ.. ပညာနဲ့ပတ်သက်ပြီး လိုချင်လောဘ ရှိတာ တော်တော်ကောင်းတယ် .. သူတို့ပိုပြီး မှတ်မိသွားအောင် စာရွက်ထဲမှာ သိုင်းကွက်အသေးစိတ်ကို ရေးပေးပြီး ..အားတဲ့အချိန်တိုင်း လေ့လာခိုင်းရမယ်..''
ဟု အတွေးပေါက်ကာ မြင်းဖြုတ်ထားသော လှည်းအိမ်အတွင်းမှ စုတ်တံ ..မင်တောင့်နှင့် စာရွက်များကိုသွားယူလေသည်.. ထိုသို့ယူရင်းနှင့် အတန်ငယ်နွမ်းရိ နေသော စာရွက်ခေါက်လေးကိုမြင်လျှင်...
''ဟာ.. ဟုတ်သား ..ဒက်ပေါယူလာတဲ့စာကို အခုထိငါမဖတ်ရသေးဘူး .. ဂိုဏ်းချုပ်ဆရာတော်က ငါ့ကိုဘာများ မှာချင်လို့ စာပါးလိုက်တာပါလိမ့်...''
ထိုစာမှာ အားကွေ့အတွက် ရှောင်လင်ဂိုဏ်းချုပ်ဆရာတော်က ဒက်ပေါနှင့် ပါးလိုက်သော စာပင်.. သဲသောင်ပြင်တွင် ဒက်ပေါနှင့်ဆုံကတည်းက ရထားခဲ့သော်လည်း ကျင်းကျူးအား စိတ်ပူပင်နေရသည်နှင့် စာအား လုံးလုံး သတိရတော့ခြင်းသာ...
စာအတွင်း၌..
''အားကွေ့ မင်းကိုဆရာတော်မြင်လျှင်မြင်ခြင်း တခြားသူတွေနဲ့မတူဘဲ တမူကွဲပြားနေတာကို သတိထားမိသကွယ့် .. မင်းမှာ သာမာန်ထက်ထူးခြားမှု ရှိနေတယ်ဆိုတာ ဆရာ့တော်မိတ်ဆွေ ..မင်းဘဘထင်းလွေပြောပြလို့ သိလိုက်ရတော့ ဆရာတော့်အထင်မှန်နေတယ်လို့ သဘောပေါက်မိတယ်.. မင်း ရှောင်လင်မှာနေထိုင်သွားတဲ့တလျှောက်လုံး ရှောင်လင်သိုင်းပညာကို မသင်ကြားခဲ့ရ တာ ဆရာတော်ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့်ပဲ.. အနက်ရောင်ရတနာလို့ခေါ်တဲ့ မင်းဟာ အမှောင်သိုင်းတွေမှာ ထိပ်ဆုံးအထိရောက်နိုင်ပေမယ့် အဖြူရောင်သိုင်းနဲ့ စပ်ဟပ်ပါ့မလားဆိုတာတော့ ဘယ်သူမှမသိနိုင်တဲ့ အရာပေကိုးကွဲ့... မင်း တာမော အဆောင်မှာ ရှိနေတဲ့အစပိုင်းအချိန်တွေမှာ ညစဉ်တိုင်းလိုလို လာကြည့်မိတယ် .. မင်းရဲ့ဉာဏ်ရည်နဲ့ သင်ကြားနိုင်စွမ်းကို ဆရာတော်တကယ်ပဲ ချီးကျူးတယ်အားကွေ့ ..ဆရာမပါဘဲ အချိန်တိုတိုအတွင်း ထိပ်တန်းအဆင့်ရောက်အောင် လေ့ကျင့်နိုင်တာ ဆိုလို့ ငါတို့ရှောင်လင်မှာ နောင်တော်ကုန်းစုပိုင်နဲ့ မင်းနဲ့နှစ်ယောက်ပဲရှိသေးတယ်..
တကယ်တော့ ဆရာတော် မင်းကိုစောင့်ကြည့်နေရတဲ့ ရည်ရွယ်ချက်က မင်းဟာ သော့ကျိုးနဲ့ ထိုက်တန်သူ အမှန်ဟုတ်ရဲ့လားလို့ကွဲ့.. အနက်ရောင်ရတနာ တစ်ယောက်ကို သော့ကျိုးပေးလိုက်မှန်း သိုင်းလောကတစ်ခုလုံးသိရင် ထိမ်းမနိုင် သိမ်းမရ ဖြစ်ကုန်မှာ အမှန်ပဲလေ.. ဒါကို သိရက်နဲ့ ဆရာတော်စွန့်စားလိုက်တာဟာ မိုက်မဲရာများ ကျမလားဆိုပြီး ကိုယ့်ကိုကိုယ် သံသရ ၀င်မိလို့ မင်းမသိအောင် စောင့်ကြည့်နေရတာပဲ.. ဒါပေမယ့် လပိုင်းလောက် မင်းကိုလေ့လာပြီးတဲ့နောက်မှာ တော့ တကယ့်ကို ထိုက်တန်သူမှန်း ဆရာတော်ကောက်ချက်ချမိသွားတယ်လေ.. အခုတော့ ဆရာတော်လည်း အသက်အရွယ်အရ မကျန်းမာချင်တော့ဘူးကွယ့် .. မင်းကိုလည်း သော့ကျိုးနဲ့ပတ်သက်ပြီး အကြောင်းအရင်းကို မရှင်းပြလိုက်တော့ မင်း နားလည်မယ်မထင်လို့ လူကြုံရှိတုန်း စာပါးလိုက်ရတာ.. သော့ကျိုးရဲ့ သမိုင်းကြောင်း ကိုပြောရမယ့်ဆိုရင် ရာဇ၀င်ရှည်လျားလွန်းလို့ အတိုချုံ့သာရေးလိုက်တော့မယ်.. သော့ကျိုးရဲ့ မူလပိုင်ရှင်က တို့ရဲ့ ရှောင်လင်ဖခင်ကြီး တာမောပိုးတီ (ပိုးတီတာမော.. ဗောဓိဓမ္မ ..ဓမ္မဗောဓိ .. အသီးသီးခေါ်ကြသည်..)ပဲကွဲ့ .. သူ အနောက်ပြည်(နီပေါဟု အဆိုရှိသည်)ဘက်ကနေပြည်မကြီး(ဂန္ဓာလရာဇ်တိုင်း) ကိုရောက်လာတော့ ပါလာတဲ့ အသုံးအဆောင်ပစ္စည်းထဲက တစ်ခုကွဲ့ .. ပြည်မကြီးမှာ တရားဘာဝနာဖြန့်ပွားနေတဲ့ အချိန်မှာ သူ့တပည့်တွေ စိတ်လက်မရွှင်မပြဖြစ်နေတာမြင်ပြီး ကိုယ်လက်ပေါပါး အောင် အမူအယာလှုပ်ရှားပုံ သင်ကြားပေးရာက စလို့သိုင်းပညာပေါ်ပေါက်လာတာ ကိုးကွဲ့... သိုင်းပညာရဲ့ဘိုးအေကြီးဖြစ်တဲ့ ဆရာတော်ကြီးဟာ သူပျံလွန်တော်မူခါနီး အချိန်ရောက်တော့ ငါတို့ခုရှောင်လင်ပင်မဆောင် တည်ရှိရာနဲ့ မလှမ်းမကမ်းမှာ ဂူဗိမ္မာန်တစ်ခုတည်ဆောက်ခိုင်းတယ် .. အဲ့ဂူဗိမ္မာန်မှာ သူ့ရဲ့ ရုပ်ကလာပ်ကို ထည့်သွင်းဖို့ သူ့လက်ထောက်ကျောင်းအုပ်ကို မှာကြားသွားတယ်လေ.. အတတ်ပညာအမျိုးမျိုးတတ်ကျွမ်းတဲ့ ဆရာတော်ကြီးဟာ အဲ့ဗိမ္မာန်ထဲမှာ လျှို့ဝှက်ခန်း ဆောက်ပြီး အန၀သေသ(ပါဠိ=အကြွင်းမရှိသော) အတွင်းအားပညာရပ်ကို ထည့်သွင်း ထားခဲ့တယ်လေ.. အဲ့လျှို့ဝှက်ခန်းကို ဖွင့်ဖို့ကတော့ သူအနောက်ပြည်က ယူလာတဲ့ သော့ကျိုးနဲ့သာ ပွင့်စေဖို့ စီမံထားခဲ့တယ်..သူ့နောက်အဆက် ရှောင်လင်ဂိုဏ်းချုပ် တွေ ပျံလွန်တော်မူတိုင်း အဲ့ဒီဗိမ္မာန်ထဲမှာ ဂူသွင်းကြတဲ့ ထုံးစံရှိတယ်.. ဆရာတော်ကြီး ရဲ့နောက်အဆက် ဂိုဏ်းချုပ်ကြီးတစ်ယောက်ကလွဲလို့ အဲ့ဒီလျှို့ဝှက်ခန်းကို ဘယ်သူမှ မသိကြဘူးကွဲ့.. ဒုတိယမြောက်ဂိုဏ်းချုပ်ကလည်း ပင်ကိုယ်သိုင်းပညာ ထူးချွန်သူ ဆိုတော့ အဲ့လျှို့ဝှက်ခန်းကို မဖွင့်ဘူးလေ.. သူ့နောက်တဆက် တတိယမြောက် ဂိုဏ်းချုပ် လက်ထက်မှာ လျှို့ဝှက်ခန်းကို ရှာဖွေပေမယ့် လုံးဝမတွေ့ရဘူး.. နောက်တော့ သော့ကျိုးဟာ ထိန်းသိမ်းထားရုံကလွဲလို့ ဘယ်ကျောင်းထိုင်ကမှ ထပ်မံရှာဖွေခြင်းမရှိတော့ဘူး.. ရှောင်လင်သမိုင်းမှာလည်း ပုံပြင်လိုလို ဒဏ္ဍာရီလိုလို နဲ့ ပြီးဆုံးသွားတော့တယ် .. အခုတော့ ဒီသော့ကျိုးဟာ မင်းလက်ထဲကိုရောက်သွားပြီ မင်းရဲ့ ကံတရားအကြောင်းတိုက်ဆိုင်လို့ လျှို့ဝှက်ဂူကို ရှာတွေ့မယ်ဆိုရင် အဲ့ထဲက ပညာတွေကို ဆည်းပူးပေတော့... နောက်ဆုံးမှာချင်တာက မင်းလို အနက်ရောင် ရတနာ မျိုးဟာအနက်ရောင်သိုင်းသမားတွေအတွက် သိုင်းဖြတ်လမ်းဖြစ်တယ်ဆိုတာပဲ .. ဘယ်လို သိုင်းဖြတ်လမ်းဆိုတာက ကျင့်ရခက်ခဲတဲ့ အောက်လမ်းသိုင်းပညာရပ်တွေ မှာ မင်းကို တဆင့်ခံပြီး သူတို့ကျင့်စဉ်ပေါက်မြောက်အောင် ပြုလုပ်လို့ရတယ်တဲ့.. ငါတို့ရဲ့ ဒုတိယမြောက် ကျောင်းထိုင်ဂိုဏ်းချုပ်ဆရာတော်လည်း အနက်ရောင်ရတနာ တစ်ပါးလို့ဆိုတယ် ..အားကွေ့..မင်းဘ၀မှာ ကြီးမားတဲ့အပြောင်းအလဲတွေ ကြုံလာအုံးမယ်ဆိုတာတော့ သေချာပါတယ်.. အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပါစေ ကွယ်...''
ရှည်လျားသော စာပါအကြောင်းအား ဖတ်ပြီးသည်နှင့် အားကွေ့ တစ်ယောက် ငေးငိုင်ကာသွား၏... သူ့တွင်လည်း စဉ်းစားစရာ အကြောင်းများ ပြည့်နှက်ကာသွား၏.. အဘယ့်ကြောင့် ထိုမျှတန်ဖိုးကြီးမားသော သော့ကျိုးအား သူ့ကိုမှ ဆရာတော်က ပေးအပ်ခဲ့သနည်း.. ပထမဂိုဏ်းချုပ်ဆရာတော်ကရော မည်သည့်အတွက်ကြောင့် ထိုအတွင်းအားပညာကို လျှို့ဝှက်ခဲ့သနည်း .. ရှောင်လင် တွင် တာမောဆရာတော်ချန်ထားရစ်ခဲ့သော သိုင်းအမွေတွေအများကြီးရှိလျှက်နှင့် ထိုသိုင်းတစ်ခုထဲကိုမှ ကွက်ချန်ထားခြင်းမှာ သံသယ၀င်စရာတော့ကောင်း၏..
အားကွေ့မှာ ရှုပ်ထွေးလှသော အကြောင်းအရာများကြောင့် သက်ပြင်းပူ မှုတ်ထုတ်လိုက်ကာ လည်ပင်းတွင် ချိတ်ဆွဲထားသော သော့ကျိုးကို အင်္ကျီအပေါ်မှ စမ်းကြည့်မိသည်.. ထိုသော့ကျိုးကို မြင်၍ ဘဘထင်းလွေ အံ့သြသွားသည့် အဖြစ်အပျက်အကြောင်းကို ယခုမှသိရတော့သည်မဟုတ်လား...
စာကို အမှတ်တရအနေဖြင့် သိမ်းဆည်းထားရန် သူ၏အ၀တ်ထုတ် အစုတ်ကို လှမ်းယူလိုက်သည်.. ထိုအထုတ်စုတ်မှာ သူ၏ဘ၀မှတ်တိုင်များ ထည့်သွင်း ထားသောအရာဟု ဆိုလျှင်လည်း မမှားပေ...
''ဗျိ ...''
ဟူသောမြည်သံနှင့်အတူ ဆွေးမြေ့နေသော အ၀တ်ထုတ်မှာ ပြဲထွက်သွားပြီး အထဲမှပစ္စည်းပစ္စရများ မျက်ခင်းပေါ်သို့ ပြုတ်ကျသွား၏... အားကွေ့ အမြတ်တနိုးတန်ဘိုးထားသော အရာများမှာ တခြားလူများမြင်လျင် ရယ်ဖွဲ့ ဖွဲ့ကြပေအုံးမည်...
တဆယ်သားငွေတုံးနှင့်ကြေးစဆယ့်လေးပြား..ငွေရောင်ဗူးပြားလေးတစ်ခု .. အဖိုးအိုဖုန်းချူး၏ ဂျီးအထပ်ထပ်ပေနေသောစာအုပ်တစ်အုပ်.. မွေးစားဖခင် ဘုန်းတော်ကြီး ရွှီကြွင်း၏ စာတစ်စောင် .. ထန်စူးစူး၏ ရွှေရောင်ပုရစ်ဗူး.. ရှောင်းဟူ၏ အရေပြားတစ .. ထိုသည်တို့ပဲဖြစ်၏.. အားကွေ့မှာ ပစ္စည်းများကို ပြန်လည် ကောက်ယူပြီး .. တခုခုလိုနေသည်ဟုထင်မိ၍... ပြန်စစ်လိုက်ပြီးမှ..
''အော်..ဟုတ်သားပဲ ..မိန်းကလေးပိုင်ကို ရှူဆေးဗူးပေးထားခဲ့ပြီး ပြန်မှ မတောင်းရသေးပဲ..''
သူငယ်စဉ်ကတည်းက လက်တွဲဖော်ဟု ပြောလို့ရသည့် ရှူဆေးဗူး မှာ မိန်းကလေးပိုင်နှင့် ကြွက်ကျွန်းကို သွားစဉ်က ပေးအပ်ထားခဲ့သည်လေ..
အားကွေ့မှာ ငွေရောင်ဗူးပြား စာအုပ် နှင့်စာများကို ရင်ဘတ်ထဲ ထည့်လိုက်ပြီး ပုရစ်ဗူးနှင့် ငွေသားများကိုတော့ ခါးတွင်ချိတ်ဆွဲထားလိုက်သည်..
ထို့နောက် မြက်ခင်းပြင်ပေါ်ထိုင်ကာ သူ၏ မူလရည်ရွယ်ရင်းဖြစ်သော သိုင်းကွက်များကို ရေးဆွဲနေတော့၏...
အတန်ကြာမျှတွေးလိုက်ရေးလိုက်လုပ်နေပြီး စာနှင့်သိုင်းကွက်များအားလည်း အဆုံးသတ်အပြီး အကျောဆန့်ကာ ဘေးဘီကိုဝဲကြည့်မှ ဘဘဟုန်းနှင့် ဘကြီးနန်တို့ နှစ်ယောက် သူ့သိုင်းကွက်များကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်..
ဘကြီးနန်က သိုင်းကွက်များကို ကြည့်ကာ ပါးစပ်တလှုပ်လှုပ်နှင့် လုပ်ပြီးနောက်..
''အလို..အလို ..ဟေ့ကောင် ထော့ကျိုး ဒါ..ဒါ.. သွေးကြောပြောင်းပြန် စီးဆင်းရာသိုင်းကွက်နဲ့ မေတ္တာမဲ့တောင်ကုန်းက ငှက်ဆိုးထိုးသံ ဦးစိုက်လှန်သိုင်းကွက် မဟုတ်လား..''
ဘဘဟုန်းမှာ ထိုသိုင်းကွက်များကြောင့် မင်သက်နေရာမှ..
''ဟုတ်တယ် စပ်စုကြီး ... မင်းပြောတာမှန်တယ်.. ''
''ထော့ကျိုး ..ဒီသိုင်းကွက်တွေက သိုင်းလောကမှာ ပိတ်ပင်ထားတဲ့ သိုင်းတွေလေကွာ.. ဘယ်ကနေဘယ်လို ဒီကောင်က တတ်နေရတာတုန်း..''
ဘဘဟုန်းက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး.. မသိဟူသောအမူအယာနှင့် လက်ခါပြလိုက်ပြီး..
''ဘယ်ကနေ ဘယ်လိုတတ်သလဲတော့ ငါလည်းမသိဘူး .. ဒါတောင် သူတတ်ထားတဲ့ တခြားသိုင်းတွေနဲ့ယှဉ်ရင် အလိမ္မာဆုံးသိုင်းကွက်တွေ ဖြစ်လောက်တယ်.. ''
ဘကြီးနန်နှင့်ဘဘဟုန်းအား စကားလမ်းကြောင်းလွဲသည့်အနေဖြင့်.. အားကွေ့က..
''ဘဘတို့ သတင်းသွားစုံစမ်းတာ ဘာအကြောင်းထူးသေးလဲဗျ..''
''စပ်စုကြီးတို့ သူဖုန်းစားဂိုဏ်းက ကောင်တွေနဲ့တွေ့လို့ သတင်းစုံတော့ ရလာသဟေ့... ရန်ခွမ်းက ဒီနေ့ပဲတောင်ပေါ်ကဆင်းလာလို့ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေကြပြီတဲ့... နတ်ရွှေနဂါးဂိုဏ်းက လက်သံပြောင်ပြောင်နဲ့ ဆော်နေတယ်ကြားတယ် .. ခုနှစ်ဆစ်ကျားလက်ချက်နဲ့ ဇီးပန်းဓါးသခင်တို့အဖွဲ့ ပြုတ်ကုန်ပြီဆိုပဲ...''
အားကွေ့ကထိုသတင်းကြောင့် မှင်ခြောက်လုခြောက်ခင်ဖြစ်နေသော စာရွက်များအား လိပ်လိုက်ပြီး ...
''ဟာ.. ဒါဆို ကျွန်တော်တို့စောင့်နေလို့ ဘယ်ဖြစ်မလဲဗျ.. ''
ဘဘဟုန်းက အားကွေ့အား ..
''မလောနဲ့ ...အားကွေ့ ..မလောနဲ့ .. တိုက်ပွဲက တစ်ရက်နှစ်ရက်နဲ့ ပြီးမှာမဟုတ်လောက်ဘူး.. ဘယ်အချိန်သွားသွားမီပါတယ်.. ဒီတညလုံး ခရီးဆက်လိုက်ရင် .. မနက်လင်းအားကြီးတော့ရောက်ပါပြီ..''
''ကျွန်တော်စိတ်ပူတာက အားဖုန်..အားချန်တို့ပါ သေတဲ့အထဲပါသွားမှာ စိုးလို့ဗျ ..''
''သိုင်းအဖွဲ့အစည်းတွေထဲမှာ ခုထိ ထန်စူးစူးတို့အဖွဲ့ကို မတွေ့ဘူးလို့ ငါတို့စုံစမ်းခဲ့တဲလူကပြောတာပဲ...''
အားကွေ့ကဘဘဟုန်းအား စူးစမ်းသလိုကြည့်လိုက်၍...
''အမယ် ငါ့သတင်းကိုများ မယုံသလို့နဲ့.. နေပြည်တော်နဲ့ တရက်ခရီးလောက်က သတင်းမျိုးကိုတော့ ငါတို့ သူဖုန်းစားဂိုဏ်းက ချက်ခြင်းဆိုသလို သိနိုင်တယ်ကွ...''
''ဟုတ်ပါပြီ ဘဘဟုန်းရယ်.. ကျွန်တော် ဘာမှလည်း မပြောရသေးပါဘူး .. ဘာပဲဖြစ်ဖြစ် နောက်ကျမှ ရောက်မှာထက် .. ရောက်သွားပြီး အခြေအနေကို ကြည့်ကျက်လုပ်ရှားရတာက ပိုကောင်းတော့ မြန်မြန်ခရီးဆက်မှ ဖြစ်မယ် ဘဘတို့ ''
လူကြီးနှစ်ယောက်မှာ ထိုစကားကိုတော့ မကန့်ကွက်ပါ..
ထို့ကြောင့် အားကွေ့က ချွေးသံတရွှဲရွှဲနှင့် သိုင်းလေ့ကျင့်နေသူများဖက်သို့ လည့်ကာ ..
''ကဲ ..အားလုံး ရပ်ကြမယ်ဟေ့.. ငါတို့ ရှေ့ဆက်ကြအုံးစို့ .. ''
ဟွားဟွားမှ အပ ကျန်သူများမှာ လှုပ်ရှားမှုကို ရပ်တန့်ကာ လွတ်ထားသော မြင်းကို ဆွဲသူကဆွဲ .. သိမ်းဆည်းစရာရှိသည်များကို သိမ်းသူကသိမ်းနှင့် ကိုယ့်တာဝန် အသီးသီးကိုထမ်းဆောင်လိုက်ကြ၏.. ဟွားဟွားကတော့ အားကွေ့စကားကို မကြားနိုးနား လုပ်နေသဖြင့်.. အားကွေ့ကပြုံးလိုက်ပြီး ခေါင်းတခါခါ လည်တခါခါနှင့် ဟွားဟွားအနားသို့ သွားလိုက်သည်..
တကယ်ဆိုးသည့် ကောင်မလေးတစ်ယောက်ပင်...
ဟွားဟွားအား ချော့မော့ပြီးကာ လှည်းပေါ်အတင်းတက်ခိုင်းပြီးသည်နှင့် အားကွေ့က မြင်းလှည်းအား နေပြည်တော်တို့ အပြင်းနှင်ခိုင်းတော့သည်..
ပြာလွင်လွင်ကောင်းကင်အောက်တွင် မြင်းခွာသံ တဖျောင်းဖျောင်းနှင့် လည်းဝန်ရိုးသံ တညံညံက ယာယီဆူညံကာသွား၏...
========================================
အားကွေ့တို့လည်းနှစ်စီး နေပြည်တော်နယ်နမိတ်ထဲသို့ အ၀င်တွင် ညဉ်ဦးယံ ဖြစ်ပြီး မြင်းဖြူတောင်ကုန်းသို့အရောက်တွင်မူ သန်းခေါင်မရောက်တစ်ရောက် အချိန် (****ကျီ့ရှီ **** )တွင်ဖြစ်၏ .. သန်းခေါင်လပြည့်ညမို့ လမင်းကြီးကထိန်ထိန်သာ လျှက်ရှိသည်...
တောင်ပေါ်တွင် လူများမည်မျှသေဆုံးနေသည်မသိ.. တောင်ခြေလောက်ကပင် သွေးညှီနံ့ကထောင်းထောင်းထနေ၏... မိန်းမသားဖြစ်သော ဟွားဟွားမှာ မသတီစရာ အနံ့ကြောင့် ကြက်သီးမွေးညှင်းများထောင်ထကာ အားကွေ့အနီးသို့ တိုးကပ်ကာ သွားသည်..
ဘဘဟုန်းက လမင်းအလင်းရောင်ကြောင့် ထင်းထင်းကြီးမြင်နေရသော ကျောက်သားလှေခါးထစ်များကို ကြည့်ငေးရင်း...
''အင်း..လောဘသားတွေ....လောဘသားတွေ .. ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ပညာကို တိုးတက်အောင်လုပ်ဖို့တော့ မကြံစည်ကြဘူး.. အခုတော့ ဘယ်လောက်များ သွေးမြေကျပြီးပြီလည်းမသိဘူး..အင်း...''
အားကွေ့ကမူ သူ၏အဖွဲ့သားများဖက်လှည့်ကာ..
''လက်နက်တွေ အဆင်သင့်ပြင်ထားကြဟေ့...မင်းတို့ အဖွဲ့တွေ တစ်ယောက်မှ လူစုမကွဲစေနဲ့ ..ကိုယ့်ကိုရန်မူလာတဲ့လူဆိုရင် မဆိုင်းနေနဲ့ အပြတ်သာရှင်းသိလား ..ပြီးတော့ ညီမလေးဟွားဟွားကိုဂရုစိုက်..''
သူ၏နဘေးမှဟွားဟွားအားလည်း..
''ဟွားဟွားကလည်း အားလုံးရဲ့ အရိပ်အခြေကို ကြည့်ထားနော်.. တစ်ယောက်ထဲ ဇွတ်ဇွတ်မလုပ်နဲ့ကြားလား..''
''ဟုတ်ကဲ့ပါ အကိုအားကွေ့ စိတ်ချ .. ''
အားကွေ့ကပင် ဆက်လက်ပြီး ဘကြီးနန်အား လက်တို့၍
''ဘကြီးနန်နဲ့ဘဘဟုန်းတို့နှစ်ယောက်ကို ကျွန်တော်အကူအညီ တောင်းချင်လို့ ..''
''ဘာများလည်းကွ... ''
''ဒီလိုဘကြီးနန် ..ကျွန်တော် ဒက်ပေါကို ခေါ်ပြီး တောင်ပေါ်ကို အရင်တက် နှင့်မယ်.. ဘကြီးတို့နှစ်ယောက်က ဒီအဖွဲ့ကို ဦးဆောင်ပြီး နောက်ကဖြည်းဖြည်း လိုက်လာခဲ့.. မြေပြင်အခြေအနေ ရန်သူအခြေအနေကို မသိရသေးဘဲ တောင်ပေါ် တက်သွားရင် စွန့်စားလွန်းရာကြနေမယ်.. ''
လူကြီးနှစ်ယောက် ခေါင်းခြင်းဆိုင်နေသည့်အချိန်ဝယ် ..ဟွားဟွားက..
အားကွေ့၏လက်ကိုဆွဲကာ..
''အကိုအားကွေ့ ..ဒက်ပေါကိုမခေါ်နဲ့ ဟွားဟွားကိုခေါ်..နော်..နော်''
အားကွေ့က ဟွားဟွား၏ခေါင်းကို ပုတ်လိုက်ပြီး..
''ဟုတ်သားပဲ .. အကိုလည်းတကယ်က ဟွားဟွားကို ခေါ်ချင်တာ.. ဒက်ပေါက ဟွားဟွားလောက် အသုံးမကျတာ သိတာပေါ့.. ဒါပေမယ့် ဒက်ပေါက ဟွားဟွားထက်စာရင် ဒီတောင်နဲ့ရင်းနှီးတယ်လေ.. မဟုတ်ရင် သူ့ကို ခေါ်ပါ့မလား ..ငါ့ဟွားဟွားကိုပဲ ခေါ်မှာပေါ့ကွာ မဟုတ်ဘူးလား..''
အလျှောက်ကောင်းတော့ အထောင်းသက်သာသည်ဟူသလို ဟွားဟွား ကလည်း အားကွေ့၏အကြောင်းပြချက်ကောင်းကြောင့် ထပ်မံပူစာနိုင်ခြင်းမရှိတော့ပေ ..
ထိုစဉ်ဘဘဟုန်း၏အသံထွက်လာသည်..
''အေး..မင်းပြောတာမှန်တယ် အားကွေ့ .. မင်းနဲ့ဒက်ပေါ ဂရုစိုက်ပြီး တက်ကွာ ..ငါတို့နောက်ကနေပုံမှန်လိုက်လာမယ် .. အကြောင်းအရင်းထူးတာနဲ့ အချက်ပေးလိုက်ဟေ့... ''
''ဟုတ်ကဲ့ ဘဘဟုန်း..''
ဟုဆိုကာ ဒက်ပေါကိုတက်နှင့်ရန် မျက်ရိပ်ပြလိုက်ပြီး.. ဟွားဟွားအား
''ဟွားဟွား...ညီမလေး ဘဘတွေ စကားကို နားထောင်နော်.. အကိုတို့သွားပြီ...''
ဟွားဟွားထံမှ မည်သည့်စကားမှ ထွက်မလာသဖြင့်.. အားကွေ့က သဘောကျသလို ခပ်တိုးတိုးလေးရယ်လိုက်ပြီး...
''အကုန်လုံး ဂရုစိုက်ကြနော်.. ခုချိန်မှာ အဖွဲ့တိုင်းက ရန်လိုနေကြမှာ သတိမထားလို့မရဘူး...သွားပြီဗျို့...''
စကားအဆုံးတွင်.. အားကွေ့နှင့်ဒက်ပေါတို့ ကျောက်လှေကားအတိုင်း ပြေးတက်သွားကြ၏.....
===========
**** ရှေးတရုတ်လူမျိုးတို့တွင် တစ်ရက်တာအ
ချိန်ကာလကို၁၂ပိုင်း ပိုင်းခြားထားခြင်းရှိပါ
သည်။ထိုအချိန်ကာလ၁၂ပိုင်းမှာ -
၁။子时 zǐshí ကျီz ရှီည်
( ည၁၁နာရီမှနံနက်၁နာရီအချိန်ထိ။ )
၂။丑时 chǒushí ချို ရှီည်
( နံနက်၁နာရီမှနံနက်၃နာရီအချိန်ထိ။ )
၃။寅时 yínshí ယင် ရှီည်
( နံနက်၃နာရီမှနံနက်၅နာရီအချိန်ထိ။ )
၎။卯时 mǎoshí မောင် ရှီည်
( နံနက်၅နာရီမှနံနက်၇နာရီအချိန်ထိ။ )
၅။辰时 chénshí ချိဲန် ရှီည်
( နံနက်၇နာရီမှနံနက်၉နာရီအချိန်ထိ။ )
၆။巳时 sìshí စိစ် ရှီည်
( နံနက်၉နာရီမှမနက်၁၁နာရီအချိန်ထိ။ )
၇။午时 wǔshí ဝူ ရှီည်
( မနက်၁၁နာရီမှမွန်းလွဲ၁နာရီအချိန်ထိ။ )
၈။未时 wèishí ဝေ့ ရှီည်
( မွန်းလွဲ၁နာရီမှညနေ၃နာရီအချိန်ထိ။ )
၉။申时 shēnshí စိဲန်း ရှီည်
( ညနေ၃နာရီမှညနေ၅နာရီအချိန်ထိ။ )
၁၀။酉时 yǒushí ယို ရှီည်
( ညနေ၅နာရီမှည၇နာရီအချိန်ထိ။ )
၁၁။戌时 xǖshí ရွှီး ရှီည်
( ည၇နာရီမှည၉နာရီအချိန်ထိ။ )
၁၂။亥时 hàishí ဟိုက် ရှီည်
( ည၉နာရီမှည၁၁နာရီအချိန်ထိ။ )****
အချိန်နှင်ပတ်သက်ပြီး မူရင်းရေးသားသူအား Credit ပေးပါ၏..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၈A
ဝင်းပနေသောလရောင်အောက် ကျောက်ဖြူသားလှေကားထစ်များအား တစ်ထစ်ခြင်းဖြတ်ကျော်ကာ ပြေးလွှားနေသော အားကွေ့တို့နှစ်ယောက်သည် စိတ်အာရုံကို စူးနစ်လျှက် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်ကြည့်ရင်း သတိထားနေကြ၏...
နွေဦးအခါသမယဖြစ်သော်လည်း တောင်ပေါ်ရှိလေထုမှာ အေးစက်ကာနေသည်... ထိုလေနှင့်အတူ လွင့်ပါလာသော သွေးညှီနံ့များကလည်း တောင်ပေါ်သို့ရောက်လာလေလေ အနံ့အသက်ပြင်းလာလေလေပင်.. မြွေလိမ်မြွေကောက်သဖွယ်ဖြစ်နေသော ထောင့်ချိုးလေးခုကိုဖြတ်ကျော်လာခဲ့ပြီး လေးဧကနီးပါးမျှကျယ်သော မြေကွက်လပ်ကြီးသို့အရောက်တွင် မြေပြင်၌ အစုလိုက်အပြုံလိုက်သေဆုံးနေကြသည့် အလောင်းကောင်များကို တွေ့လိုက်ရသည် ..
အလောင်းများကား လေးရာကျော် ငါးရာနီးပါးမျှပင်ရှိနိုင်၏.. အရောင်အသွေး စုံလင်စွာ ၀တ်ဆင်ထားသော ထိုလူများသည် အသက်ရှင်စဉ်က ပလွှားနိုင်ကြမည် ဖြစ်သော်လည်း ယခုကဲ့သို့ အသေကောင်ဘ၀တွင်တော့ မြေပြင်ပေါ်တွင် အတုံးအရုံး လဲပြိုနေကြသည်.. အလောင်းများမှ ထွက်ပေါ်လာသော သွေးစီးချောင်းကြီးမှာ ရေအိုင်အငယ်စားမျှရှိနိုင်မည်...
ဒက်ပေါမှာ ထိုမြင်ကွင်းကြောင့် မျက်နှာတပြင်လုံးသွေးဆုတ်ဖြူရော်သွားသလို ခြေတုန်လက်တုန်ပင်ဖြစ်ကာနေ၏.. အားကွေ့ကမူ ပြန့်ကျဲနေသော အလောင်းများ အလယ်သို့ ဖြည်းငြင်းစွာသွား၍ တလောင်းခြင်းစီတိုင်းကို နိုက်နိုက်ချွတ်ချွတ်လေ့လာ နေသည်..
''ဝေါ့...အော့...အော့...''
ဒက်ပေါမှာ လုံးဝဟန်ဆောင်ကာမရတော့၍ ညနေခင်းကစားထားသမျှတို့ကို ကုန်စင်အောင် အန်ချလိုက်တော့၏.. အားကွေ့က တကိုယ်လုံးကျေမွနေသော လောင်းတစ်လောင်းကို ဂျိုင်းနေရာမှ စမ်းသပ်ကာ...
''ဒက်ပေါရေ.. ငါတို့ရောက်တာ အမွှေးတစ်တိုင်စာလောက် နောက်ကျသွားတယ်ကွ.. မဟုတ်ရင် ငါတို့ကောင်းကောင်းမီလိုက်တယ်..''
ဒက်ပေါက ၀မ်းထဲတွင် ရှိသမျှ အရည်အဖတ်တို့ကို အားရအောင် အန်ချပြီး သည့်နောက် အားကွေ့အနီးသို့ လေးကန်စွာ ချဉ်းကပ်လာပြီး..
''အကိုအားကွေ့ .. ကျွန်တော်တော့ နှလုံးခုန်တာမြန်လွန်းလို့ ပေါက်ကွဲထွက် တော့မယ်နဲ့တူတယ်.. ဒီလောက်လူတွေအများကြီး သေတာ အခုမှမြင်ဖူးတော့တယ် ဗျာ.. တကယ်ဆိုးတဲ့ အတွေ့အကြုံပဲ...အား..အမယ်လေး.. အကိုအားကွေ့ လုပ်ပါအုံး ..လက်ပြတ်ကြီးက ကျွန်တော်ကို ကိုင်တယ် ..လက်ပြတ်ကြီးက ကျွန်တော့်ကိုကိုင်တယ်''
ဒက်ပေါမှာ အားကွေ့အနားသို့ရောက်ခါနီးမှ သူ့ခြေထောက်အား ဖမ်းကိုင် လာသော လက်တစ်ဖက်ကြောင့် လန့်ဖြန့်ကာ ခုန်ပေါက်လိုက်လေသည်..
အားကွေ့မှာ ဒက်ပေါ၏အမူအယာကို မြင်လျှင် လေကဲ့သို့ လျှင်မြန်ခြင်းမျိုးဖြင့် ချက်ခြင်းရောက်ကြသည်.. တကိုယ်လုံး တုန်ယင်နေသော ဒက်ပေါအား နောက်သို့ ပို့ကာ မြေပြင်ပေါ်သို့ မုဆိုးဒူးထောက်ထိုင်ချလိုက်၏... ယင်းနောက်
''မကြောက်နဲ့ ဒက်ပေါ..မကြောက်နဲ့ ..တခါတလေမှာ အလောင်းတွေက အကြောဆွဲတတ်တယ်.. သူတို့သေတုန်းက ပူနွေးနေတဲ့ အချိန်ဖြစ်မယ် အခုရာသီဥတုက အေးလာတော့ လက်ပြတ်က အကြောကြုံ့သွားပြီး မင်းခြေထောက် ကိုဖမ်းကိုင်လိုက်သလို ဖြစ်သွားတာ..''
ဒက်ပေါမှာ အားကွေ့၏ ကြောကို ပိုးထားတော့မတတ် ဖက်တွယ်ထားရာမှ ခေါင်းလေး မရဲတရဲပြူကြည့်ပြီး..
''အဲ့ဒါဆို လက်ပြတ်က သရဲတော့ မဟုတ်ပါဘူးနော်...''
''ဟားဟားဟားဟား..သရဲမဟုတ်ပါဘူးကွ ..ဒီမှာကြည့်...''
အားကွေ့က လက်မောင်းရင်းမှ ပြတ်ထွက်နေသော လက်ပြတ်ကြီးကို ကောက်ကိုင်လိုက်ပြီး ဝှေ့ရမ်းပြလိုက်ရင်း...
''အလို .. လက်ဆယ့်နှစ်ချောင်းသိုင်းသမားရဲ့လက်ပါလား .. သိုင်းလောကမှာ ညာဘက်လက်မအပိုနှစ်ချောင်း ပါတာဆိုလို့ သူတစ်ယောက်ထဲရှိတယ်.. ဇီးပန်းချောင်မှာ ဇီးပန်းဓါးသခင်ပြီးရင် သူသိုင်းအတော်ဆုံးပဲကွ.. အခုတော့ လက်တစ်ဖက်ပဲကျန်ရစ်ခဲ့တော့တယ်.. ဆိုးလိုက်တဲ့ ဘ၀နှယ်.. ''
ဒက်ပေါက ထိုအခါမှ ဘေးပတ်ပတ်လည်ရှိအလောင်းများကို ကြည့်လိုက်ပြီး ..
''အကိုအားကွေ့ အလောင်းတိုင်းလိုလို တကိုယ်လုံးစုတ်ပြတ် ကြေမွနေပါလား တချို့အလောင်းဆို ကိုယ်လက်အင်္ဂါတောင် ရှာမတွေ့ဘူး.. ကြောက်စရာကြီးပါလားဗျာ...''
အားကွေ့ကလက်ပြတ်ကြီးကို ပစ်ချလိုက်ကာ..
''ဟုတ်တယ် ဒက်ပေါ .. သူတို့အတော်များများကို ဘီလူးလိုထွားကျိုင်းတဲ့ လူတစ်စု သတ်ဖြတ်သွားတာပဲ .. ဟောဟိုမှာ သူ့တို့ခြေရာတွေ ရှိတယ် .. မင်းမယုံရင်တိုင်းကြည့် တစ်တောင်နီးပါးလောက်တောင်ရှိတယ်ကွ.. ''
ဒက်ပေါမှာ သွေးများကြောင့်နူးအိနေသည့် မြေပြင်ပေါ်၌ အကွက်လိုက်ထင်ကျန်နေသော ခြေရာကြီးကို ကြည့်ရင်း..
''ဘုရားရေ.. ခြေရာက တကယ်ကြီးလှပါလား..လူတောင်ဟုတ်ပါ့မလား အကိုအားကွေ့ ..''
အားကွေ့က ဦးခေါင်းမှစကာ ကျောရိုးမကြီးတစ်လျှောက် ရှိသမျှ အရိုးများ ကျိုးကြေနေသည့် အလောင်းအား မရွံမရှာကိုင်တွယ်နေရာမှ..
''လူမှ လူစစ်စစ်ကွဒက်ပေါရ ..လူကောင်က ဘီလူးလိုထွားနေလို့ ခြေရာက အဲ့လောက်ကြီးနေတာ ..''
ဒက်ပေါက သွေးများပေကျံနေသည့် အလံကျိုးတစ်ခုဖြင့် ခြေရာကို တိုင်းကြည့်ပြီး...
''ယုံတောင်မယုံနိုင်ဘူးဗျာ..လောကမှာ ဒီလောက်ကြီးတဲ့ လူရှိတာကို..''
''အခုမင်း မျက်မြင်တွေ့တော့ ယုံပြီပေါ့.. ခြေရာပိုင်ရှင်တွေက ဆယ်ယောက်ကျော်လောက်ရှိမယ် ..ကွင်းတစ်ခုလုံးလိုက်ရှာကြည့် အဲ့လောက်ကြီးတဲ့ ခြေရာတွေက နေရာအနှံ့မှာရှိအုံးမှာ . ရုပ်ပျက်ဆင်းပျက်သေနေကြတဲ့ လူတွေဟာ သူတို့လက်ချက်ပေါ့..ဓါးဒဏ်ရာ..အတွင်းဒဏ်ရာ အဆိပ်ဒါဏ်ရာနဲ့လက်နက်ကြောင့် သေပြီး အလောင်းမပျက်သေးတဲ့ လူတွေကတော့ နတ်ရွှေနဂါးဂိုဏ်းနဲ့ ပြည်မသိုင်း အဖွဲ့လက်ချက်ပေါ့.. ''
ထိုစဉ်ဒက်ပေါက အလောင်းများကြားထဲမှ အကြီးဆုံးအလောင်းကို ရှာတွေ့လိုက်သဖြင့်..
''အကိုအားကွေ့..ဟိုဖက်မှာ ကြည့်လိုက်အုံး.. နည်းတဲ့ကောင်ကြီး မဟုတ်ဘူး..သေနေတာ..''
အားကွေ့က ဒက်ပေါညွှန်ပြရာသို့ လှစ်ကနဲရောက်သွားပြီး..
''ဟုတ်တယ် ဒက်ပေါ.. ဒီမှာသေနေကြတဲ့ လူတစ်ဝက်ကျော်ကို သတ်သွားတဲ့ ဘီလူးလိုအဖွဲ့က ကောင်ပဲ.. အခုတော့ ကြွ နေပြီ..''
လဲကျသေဆုံးနေသူမှာ တကိုယ်လုံးနက်ပြောင်လျှက် အမွှေးအမျှင် တမှင်မှ မရှိချေ.. ကြွက်သားအပြိုင်းပြိုင်းနှင့်ကိုယ်ခန္ဓာပေါ်တွင် အထူစားသားရေပြား ကြီးတစ်ခု ပတ်ကာထားပြီး ထိုသားရေပြားပေါ်၌ ဓါးချက် လှံချက်ရာများနှင့် စိုက်ဝင်လက်စ လက်နက်ပုန်းများ တပြုံကြီးရှိသည်..သို့သော် သားရေပြားမှာ ဓါးလှံတိုးသည့်ပုံမပေါ် .. လူမဲ၏ခေါင်းတွင်တော့ အပ်ပေါက်ရာ ရှစ်ခုရှိလေ၏..
ဒက်ပေါက ထိုလူအားခြေဖြင့် တစ်ချက်ပိတ်ကန်လိုက်ကာ..
''အကိုအားကွေ့ ဒီလူဘယ်လိုသေသွားသဲမသိဘူးနော်..''
''အင်း..သူ့ခေါင်းကို သေသေချာချာကြည့် .. နားထင်ကို အဆစ်ပါတဲ့ ဒုတ်နဲ့ ရိုက်သတ်သွားတာပဲ.. ''
မှန်သည် ထိုလူ၏ယာဘက်နားထင်တစ်ခုလုံး ချိုင့်ခွက်ကာ အသားဖတ်လှန်သွားပြီး အရိုးစများပင် ထွက်ပေါ်နေသေးသည်... ဒက်ပေါက ထိုနေရာကို ပြူးပြဲကြည့်ပြီး..
''အဆစ်ပါတဲ့ဒုတ်လို့ ..ဘာလို့ပြောနိုင်တာလည်း အကိုအားကွေ့..''
အားကွေ့က ဒက်ပေါလက်ထဲတွင်ကိုင်ထားသော အလံကျိုးကို ယူကာ လူမဲကြီးဝ ၀ဲဘက် နားထင်ကို ရိုက်ချလိုက်သည်..
''ဖြောင်း..'' ဟူသောမြည်သံကြီးနှင့်အတူ အရိုးကြေမွသံ ''ခွပ်..''ခနဲ ထွက်လာပြီး အလောင်း၏ဦးခေါင်းမှာ ယာဘက်သို့ လည်ကျသွား၏...
အားကွေ့က သူ့အားနားမလည်နိုင်သလိုကြည့်နေသော ဒက်ပေါအား..
''တွေ့လား.. မင်းလက်ထဲက ရိုးရိုးဒုတ်နဲ့ ရိုက်လိုက်တာ အရိုးကြေသွားပေ မယ့် အသားတွေစုတ်ပြဲမသွားဘူး.. ပါးမှာလည်း အရှိုးရာ တစ်ကြောင်းထဲ ထင်နေရစ်တယ်.. ဟိုဘက်ကတော့ ဒုတ်ရဲ့ အဆစ်ကြောင့် အရေပြားစုတ်ပဲ့သွားပြီး အရိုးစတွေပါ ထွက်လာတယ်လေ..ပါးမှာလည်း အဆစ်ကြောင့် အနာဖြစ်သွားခဲ့တယ်''
''အော်..အဲ့လိုကိုး.. သူ့ကိုသတ်သွားတဲ့ လူကိုရော သိလား.. ''
အားကွေ့က ထိုလူကိုင်ထားသော သံမဏိတင်းပုတ်ကြီးကို ဖြုတ်နေရာမှ
''ငါ့အထင်မမှားဘူးဆိုရင် ..ခုနှစ်ဆစ်ကျား လျှိုစဲ့ယိဖြစ်မယ်.. ဘာလို့ ထင်သလဲ ထပ်မမေးခဲ့နဲ့ ..ငါခန့်မှန်းထားတာကို ပြောပြမယ်.. .. အဆစ်ပါတဲ့ လက်နက်ကို သုံးလေ့ရှိတဲ့ ခုနှစ်ဆစ်ကျား လျှိုစဲ့ယိ ဒီတိုက်ပွဲမှာပါတာနဲ့ လျှို့စဲ့ယိ ရဲ့သိုင်းစွမ်းကြောင့်ပဲ..ဒါပေမယ့် လျှိုစဲ့ယိလည်း ချောင်မယ့်ပုံမပေါ်ဘူး.. ''
အားကွေ့က ဒက်ပေါအားရှင်းပြအပြီး၌ ဖြုတ်ယူ၍ရလာသော တင်းပုတ်ကြီးကို လက်ထဲတွင် ဆ လျှက် အနီးရှိ ခေါင်းပြတ်တစ်လုံးကို ထုထည့် လိုက်၏...
''ခွပ်... ''
''ဗြစ်..''
အစိတ်အစိတ်အမွာမွာ မွမွကြေသွားသောဦးခေါင်းမှာ ပြားချပ်ကာသွားပြီး အဖြူရောင် ဦးနှောက်များက တနေရာစီလွှင့်စဉ်သွားသည်.. ဒက်ပေါမှာ သူ၏ မျက်နှာသို့ လာကပ်နေသော အရိအရွဲဖတ်ကြီးကို ကမှန်းကတမ်း ဖယ်ရှားကာ ငိုသံပါကြီးနှင့်..
''ထွီ...အော့.. အကိုအားကွေ့ ဘယ်လိုလုပ်လိုက်တာလည်းဗျာ ....
အော့ ...ဝေါ့..''
အားကွေ့က တင်းပုတ်ကြီးကို ထမ်းကာ ရယ်မောလျှက်..
''ငါက ဒီတင်းပုတ်အစွမ်းကို သိချင်လို့ စမ်းကြည့်တာပါကွ..မတော်လို့. မှန်သွားတာပါကွာ..''
ဒက်ပေါက သူ၏မျက်နှာအား အင်္ကျီစဖြင့် ပွတ်ကာ ..
''တော်ပြီဗျာ.. ဒီနေရာမှာ ဆက်နေအုံးမယ်ဆိုရင် ပြန်တော့မယ်ဗျာ ဘဘဟုန်းတို့နဲ့ပဲ လိုက်ခဲ့တော့မယ်.. ''
''ဟားဟားဟားဟား... ဒက်ပေါရယ် ခဏလေးပဲစောင့်ပါကွာ.. ကျန်တဲ့ အလောင်းတွေကို လိုက်ကြည့်အုံးမယ်.. ပြီးရင် ဘုံကျောင်းဘက် သွားကြတာပေါ့''
အားကွေ့ကဒက်ပေါကို လေချိုသွေးရင်း အလောင်းများကြား လျှောက်သွားကာ လရောင်ကိုအားပြု၍ ခြေရာလက်ရာများကို ကြည့်ရှု့နေ၏..
လေးဧကမျှကျယ်ဝန်းသော မြေတစ်ဝိုက်ကို အားရအောင်လေ့လာပြီးသည့်နောက်..
''ဒက်ပေါရေ တိုက်ပွဲကအကြမ်းအားဖြင့် နှစ်ခုဖြစ်သွားတယ်လို့ ဆိုရမယ်
.. တိုက်ပွဲအစမှာ နတ်ရွှေနဂါးဂိုဏ်းနဲ့ ပြည်မသိုင်းအဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်... သေနေတဲ့ နတ်ရွှေနဂါးဂိုဏ်းသား အယောက်တစ်ရာလောက်မှာ ဓါးလှံ လက်နက်ကြောင့် အသက်ဆုံးနေရတာအတော်များတယ်ကွ.. ပြည်မကြီး သိုင်းအဖွဲ့အသာရနေတဲ့အချိန်မှာ ဗြုန်းစားကြီး လူမဲကြီးတို့ အဖွဲ့ရောက်လာတာပဲ.. လူမဲကြီးတွေကို ကြည့်ရတာ လူ့အသိစိတ်ဓါတ်ပျောက်ဆုံးနေတဲ့ စိတ္တဇကောင်တွေ ဖြစ်မယ်...ရှိသမျှသိုင်းသမား မှန်သမျှကို အကုန်သတ်ဖြတ်သွားတာ .. နတ်ရွှေနဂါးဂိုဏ်းသားတွေကိုလည်း သတ်တာပဲ.. ကျန်တဲ့သိုင်းသမားတွေကိုလည်း သတ်တာပဲ.. လူမဲကြီးတွေကအသိစိတ်ဓါတ်မဲ့နေတဲ့သူတွေဆိုတော့ သူ့တို့ကို နောက်ကွယ်ကနေ ထိမ်းကြောင်းချုပ်ကိုင်နေတဲ့အဖွဲ့အစည်းတစ်ခုခု ..လူတစ်ဦးတစ်ယောက်တော့ရှိကိုရှိမယ်.. ဆယ်ယောက်ထက်မနည်းတဲ့လူကို ထိမ်းကြောင်းဖို့ဆိုရင် အဖွဲ့အစည်းနဲ့မှဖြစ်မယ်.. ''
ဒက်ပေါမှာ အားကွေ့ပြောနေသည့် အချင်းအရာကို စိတ်ဝင်စားသည်က တဖက် ..ထိုနေရာမှ ထွက်ခွာချင်နေသည်ကတဖက်နှင့်မို့ လူက ဂဏှာမငြိမ်နိုင်ရှာ .. တောင်သို့လျှောက်လိုက် မြောက်သို့လျှောက်လိုက်နှင့် ပြာယာခတ်နေသည်.. အားကွေ့မှာ ဒက်ပေါ၏အခြေအနေကို သဘောပေါက်သော်လည်း ပြောနေသည့် စကားမဆုံးသေးသောကြောင့် ဆက်လက်၍...
''အဖွဲ့အစည်းကတောင် ရိုးရိုးအဖွဲ့အစည်း မဖြစ်နိုင်ဘူး ..လူအင်အား ငွေအင်အား အရမ်းတောင့်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်.. ဒီလူမဲကြီးတွေ ကိုဖန်တီးနိုင် တာရယ် .. တခြားလူတွေမသိအောင် လူမဲတွေကို နေပြည်တော်ရောက်အောင် လျှို့ဝှက်သယ်နိုင်တာကို ကြည့်ပြီး နည်းနည်းတောင်လေးစားမိတယ် ဒက်ပေါရ.. ဘာလို့လဲဆိုတော့ ဒီလိုကောင်ကြီးတွေကို သာမာန်လူတွေမြင်သွားရင် အုတ်အော် သောင်းနင်းဖြစ်ပြီး သတင်းတွေထွက်လာမှာပဲလေ.. အခုတော့ ဘာသတင်းမှ မကြားရပဲ နေပြည်တော်ကို ရောက်လာနိုင်တယ်ဆိုတော့ ငါ့အထင် အာမခံအဖွဲ့အစည်းကောင်းကောင်းတော့ သူတို့ဖက်မှာရှိပုံရတယ်..''
ဒက်ပေါမှာ အလောင်းများစံပျော်ရာ ထိုနေရာကို ယခုထိ မစွန့်ခွာ နိုင်သေးသော အားကွေ့အား ခပ်ချဉ်ချဉ်နှင့် .
''အာ.. လူမဲကြီးတွေက နေပြည်တော်က ဖြစ်မယ်ဆိုရင် အကိုအားကွေ့ထင်တာ အကုန်မှားပြီပေါ့.. ''
အားကွေ့က မြေပြင်ပေါ်လွှင့်ကျနေသော ဓါးနှစ်လက်ကို ကောက်ယူ၍ ဒက်ပေါအား တလက်ပေးလိုက်ရင်း...
''မင်းက အဆုံးထိမှမတွေးပဲ... ဒီလောက်ကြီးတဲ့လူတွေ ငါတို့ပြည်မ ကြီးမှာ ရှိတယ်လို့မင်းကြားဖူးလို့လား.. ဒီကောင်တွေဟာ ဟေးလုံကျန်းဒေသမှာ နေတဲ့ အော်လော်စွတ် (*俄罗斯族 Russian)လူမျိုးတွေထဲက တစ်ယောက်ကွ ..အဲ့ဘက်ကလူတွေက လူကောင်မတရားထွားကျိုင်းတယ်လို့ ငါဘုန်းဘုန်းသုံး (လေးမျက်နှာပညာရှိ ချင်ဝေ)ရဲ့စာအုပ်ထဲမှာ ဖတ်ဖူးတယ်.. ပိုသေချာသွားတဲ့ အချက်က အော်လော်စွတ်လူမျိုးတွေက လူပျိုဖော်ဝင်တာနဲ့ လက်မောင်းမှာ အနီရောင်ဆေးနဲ့ ရှစ်ထောင့်ကြယ်ပုံ စုတ်ထိုးတတ်တဲ့ ဓလေ့ရှိတယ်.. အခုသေနေတဲ့ ကောင်ကြီးကလည်း ညာဖက်လက်မောင်းမှာ အနီရောင်ဆေးနဲ့ရှစ်ထောင့်ကြယ်ပုံ ဆေးမှင်ထိုးထားသကွ.. အသားမည်းနေတော့ ဆေးနီက မပေါ်တော့ဘူး.. ငါတောင် သေသေချာချာကြည့်ယူရတယ် ..ပြီးတော့ ဟေးလုံကျန်းဒေသဆိုတာ စင်ကျန်းအတွင်းပိုင်း မွန်ဂိုနယ်မြေဘက်တောင်တော်တော်ပါသွားပြီ .. ဒီလောက်ဝေး တဲ့နေရာက လူဆယ်ယောက်ကျော်ကို ခေါ်လာပြီး နေပြည်တော်မှာ ဖွက်ပြီးနေရာချဖို့
ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ဒက်ပေါရေ့...''
ဒက်ပေါက တင်းပုတ်ကြီးတဖက် ဓါးတစ်ဖက်ကိုင်ထားသော အားကွေ့အား အတွန့်မတက်ရဲတော့..
အားကွေ့က ဒက်ပေါ၏ရှုံ့မဲ့မဲ့ မျက်နှာအား သဘောကျစွာ ကြည့်ရင်း..
''ကိုင်း .. အခုမြင်းဖြူဘုံကျောင်းကို ဆက်သွားကြစို့ .. ''
ဒက်ပေါမှာ အားကွေ့၏စကားဆုံးသည်နှင့် နှစ်ဖက်သွား ဓါးရှည်ကြီးကို ထမ်းကာ ထိုနေရာမှ ပြေးထွက်သွားတော့သည်..
အားကွေ့က မီးခိုးတန်းသဖွယ်ပြေးထွက်သွားသော ဒက်ပေါကြောင့် ခပ်တိုးတိုးလေးရယ်လိုက်ပြီး..
''ခွေးကောင် ဒက်ပေါ.. လူသေကောင်ကိုတောင် ကြောက်နေသေးတယ်..''
ထို့နောက်သူပါ ထိုမြေကွက်လပ်အား စွန့်ခွာ၍ ဒက်ပေါ၌ လိုက်သွားလေတော့သည်.. ဒက်ပေါမြန်သည်ဆိုသည်မှာ အားကွေ့အတွက်တော့ အိပ်ပျော်နေရင်း လမ်းလျှောက်သလောက်သာရှိမည်ထင်၏...
အနိဌာရုံနယ်မြေတွင်းမှ နှစ်ယောက်သော သက်ရှိထွက်ခွာ
သွားသောကြောင့် အသက်ကင်းမဲ့နေသည့် လူသေအလောင်းများသာ ကျန်ရစ်ခဲ့တော့၏..လောဘသားများမှာ လူ့ဘ၀၏အဆုံးသတ်ဖြစ်သော သေခြင်းအား သဘာဝအတိုင်း အို၍ နာ၍ မသေနိုင်ဘဲ သတ်ဖြတ်ခြင်းခံရကာ ရုပ်ပျက်ဆင်းပျက်ဖြစ်၍ ကျီးထိုးထိုး ခွေးစားစားဘ၀ဖြင့် အသက်ဆုံးရှုံးသွားရသည့် မြင်ကွင်းမှာ ယူတတ်လျှင် တရားပင်ရနိုင်သေး၏...
======================
*
အော်လော်စွတ်း သို့မဟုတ် ရုရားလူမျိုးများသည် ရုရားဘာသာစကား တရုတ်ဘာသာစကားများကို သုံးကြသည်။ ရှင်းကျန်း အတွင်းမွန်ဂိုလီးယား ဟေးလုံကျန်းစီရင်စုတို့တွင် နေထိုင်သည်။
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၈B
လက်တစ်ဖြစ်ချိန်တွင်းပင်မှီလာသော အားကွေ့အား ဒက်ပေါက
''အကိုအားကွေ့... ကျွန်တော်ဖြင့် ဟိုနေရာမှာ ခဏလောက်နေရတာကို တစ်ဘ၀စာလောက်ကြာတယ်ထင်နေတာ.. နံလိုက်ဟောင်လိုက်တာလည်း လွန်ရော
ရှုခင်းကလည်း မလှပ.. ခြေပြတ်လက်ပြတ်နဲ့သေနေကြတာကတုံးလုံးပက်လက် .. အူတွေကလီစာတွေဆိုရင်လည်း မြေတခုလုံးပြန့်ကြဲလို့ .. ဒီလောက်ဆိုးတဲ့နေရာမှာ အကိုအားကွေ့ နေနိုင်တာကို အံ့သြနေတာဗျ ..အလောင်းတွေကို မရွံဘူးလား''
အားကွေ့က ဒက်ပေါ သူနှင့်ယှဉ်ပြေးနိုင်ရန် အမြန်နှုန်းကို လျော့ချလိုက်ပြီး ..
''ဟားဟားဟားဟား ဒီကိစ္စက မင်းနားလည်အောင် ရှင်းပြရတော်တော်ခက်တာ ကွ.. အင်း ..လူပဲကွာ ငါလည်းအစက ရွံတာပေါ့..ဒါပေမယ့် သိချင်တဲ့ စူးစမ်းချင်တဲ့ စိတ်က ဆောင်နေတော့ ရွံဖို့ကြောက်ဖို့ အာရုံထဲမှာကို မရှိတော့ဘူး.. အဓိကက စိတ်ပဲ .. မင်းရဲ့စိတ်ထဲမှာ အလောင်းတွေကိုပဲ အာရုံစိုက်နေတော့ အနိဌာရုံကိုပဲ မြင်နေတယ် ..ငါကတော့ အခြေအနေနဲ့ ဖြစ်ရပ်ကိုပဲ စူးစမ်းနေတော့ အဲ့ဒီရွံစရာတွေကိုက ငါ့အတွက် သဲလွန်စတွေ ဖြစ်နေတာပေါ့ကွာ.. ဒီတော့ မင်းက ရွံစရာကြောက်စရာတွေကို မြင်တယ် ..ငါကတော့ အခြေအနေကိုမြင်တယ် ..ကြည့်တဲ့ သူခြင်း အတူတူတောင် တွေ့တာခြင်း ကွဲပြားသွားတာပေါ့ကွာ.. အဲ့အမြင်လေးကို မင်းတစ်သက်လုံးမှတ်ထားပြီး အတုယူ ဒက်ပေါ.. လူနှစ်ယောက်က အလုပ်အတူတူ လုပ်မယ် .. အလုပ်က ခက်ခဲလွန်းတော့ တစ်ယောက်က အကောင်းဖက်က မတွေးနိုင်ဘဲ အပျက်ဘက်ကကြီး မြင်မယ်.. နောက်တစ်ယောက်ကတော့ ခက်ခဲတဲ့ အပိုင်းကို ဘယ်လိုကျော်လွှားရမလဲလို့ ဉာဏ်ကို လွှာပြီး သုံးသပ်တယ် .. ပန်းတိုင်ကို မြင်တယ် .. ကိုင်း .. အမြင်ကွဲပြားတယ်ဆိုတဲ့ အဓိပ္ပါယ်ရဲ့ လိုရင်းဟာ အဲ့ဒါပဲ.. ဒါကို မြဲမြဲမှတ်ထား ..သိုင်းပညာမှာလည်း အသုံးကျတယ် .. အတတ်ပညာ နဲ့စည်းစိမ်ဥစ္စာ ရှာရင်လည်း အသုံးဝင်တယ် ဒက်ပေါ..ကြားလား..''
''ဟုတ်ကဲ့အကိုအားကွေ့...''
ဒက်ပေါက အားကွေ့၏စကားအား နှလုံးသားထဲထိစွဲသွားအောင် စိတ်ထဲတွင် အကြိမ်ကြိမ်ရွတ်ဆိုရင်း လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်သည်...
အားကွေ့က ငြိမ်သက်သွားသော ဒက်ပေါ၏ ပုခုံးကို လက်ဖြင့်တို့ပြီး ပြေးလွှားနေခြင်းမှ ရပ်တန့်လိုက်၏...ပြီးနောက်အသံတိုးတိုးလေးနှင့်
''ခဏရပ်အုံး ..ငါ့နားထဲမှာ အော်သံတွေကြားနေရတယ် .. ဘုံကျောင်းနဲ့ သိပ်မလိုတော့ဘူးမှတ်တယ် ..ဟုတ်လား..''
''ဟုတ်တယ် အကိုအားကွေ့ ရှေ့တစ်ကွေ့ချိုးပြီးတာနဲ့ ဘုံကျောင်းပဲ..''
''အင်း..ဒါဆို ဘုံကျောင်းရှေ့မှာ တိုက်ပွဲကြီး ဖြစ်နေပြီနဲ့ တူတယ်ကွ.. ''
အားကွေ့က ကောက်ချက်ချလိုက်ရင်း တဆက်ထဲ..
''ဒက်ပေါ ..မင်းကို ရှောင်လင်ကတော့ ဓါးသိုင်း သင်ပေးလိုက်မှာ မဟုတ်ဘူး.. ရှေ့မှာ တွေ့ရမယ့် ရန်သူတွေက ဒီအတိုင်းဆို ခေါင်တွေချည်းပဲ ကျန်မှာ ဆိုတော့ ဓါးမသုံးရင် မင်းအတွက်မလွယ်ဘူး.. ''
ဒက်ပေါက အသေကောင်များကို ကြောက်သော်လည်း လူလူခြင်း ယှဉ်ရမည့်နေရာတွင် သွေးမနည်းသဖြင့်..
''ကျွန်တော် ဓါးမသုံးတတ်ပေမယ့် ..သံပုတီးနဲ့ ဓမ္မဒုတ်သိုင်းကတော့ တော်တော်လေးကျွမ်းပါတယ်ဗျ .. ဘယ်သူလာလာ မကြောက်ပါဘူး..''
အားကွေ့က ခဏမျှစဉ်းစားလိုက်ပြီး..
''သံပုတီးနဲ့ဓမ္မဒုတ်သိုင်းလောက်နဲ့ မင်းသွားယှဉ်ရင် အသက်ထွက်သွားမှာ သေချာတယ်..မရဘူး ..ဒက်ပေါ.. ကိုင်း. အခုချိန်မှ ဓါးသိုင်းကပ်သင်နေရင်လည်း အလကားပဲ..ဒီတော့ .. ငါ့ကိုမင်းတတ်ထားတဲ့ ရွှေခေါင်းလောင်းသိုင်းနဲ့ တိုက်စမ်း.. အသေအကြေတိုက်နော်.. ''
ဒက်ပေါက မျက်လုံးပြူးသွားရင်း..
''ဟာ အကိုအားကွေ့ ကျွန်တော် မရဲဘူး..မတိုက်ဝံ့ပါဘူး..''
အားကွေ့က ဆံပင်ငုတ်တိုပေါက်နေသော ဒက်ပေါ၏ခေါင်းကို ဒေါက် ကနဲ ခေါက်ကာ ..
''ငါပြောတာလုပ်ပါဆိုတာကို လျှာရှည်နေသေးတယ် .. မင်းရဲ့ သံပုတီးနဲ့ ငါ့ကို ထိအောင်သာ တိုက်စမ်းပါ..''
ဒက်ပေါက အောင့်သွားသော ခေါင်းကို ပွတ်ကာ ...ဓါးရှည်ကို မြေပြင်ပေါ်သို့ ပစ်ချ၍ အားကွေ့ခိုင်းသည့် အတိုင်း.. လက်တွင်ပတ်ထားသော သံပုတီးဖြင့် တိုက်ခိုက်လိုက်သည်..
''၀ှစ်...၀ှစ်..၀ှစ်..''
လမင်း၏အလင်းရောင်ပင် တိုးမ၀င်နိုင်လောက်အောင် အကွက်စေ့ လွန်းသော ရွှေခေါင်းသိုင်းမှာ အားကွေ့ထံသို့ တရှိန်ထိုး ပြေးဝင်လာ၏..
''ဖတ်....ဖတ်..ဖတ်..ဖတ်..''
''ဟင်..''
ဟန်လေးခုဖြင့် ပြန်တားလိုက်သော အားကွေ့၏ လက်ဖ၀ါးမှာ သံပုတီးများကြားမှ ဒက်ပေါ၏ ရင်ဝကို ထိမိသွားလေရာ ဒက်ပေါတစ်ယောက် မျက်လုံး ပြူး မျက်ဆန်ပြူးသွားသည်..
''မရသေးဘူး ဒက်ပေါ ..အားကုန်တိုက်ပါဆိုမှ.. ပျော့ဖတ်ဖတ်လုပ်မနေနဲ့ ...မင်းအဖေတွေက ငါ့လို ညှာမှာမဟုတ်ဘူး..''
ဒက်ပေါမှာ ထိုအခါမှပင် မီးကုန်ရမ်းကုန် တိုက်လေတော့သည်.. လေထဲတွင် တဟဲဟဲ နှင့် ရမ်းခါနေသော သံပုတီးများမှာ ရုတ်ချည်းပင် အားကွေ့အား ခြုံလွမ်းသွား၏...
''၀ှမ်း...၀ှမ်း..''
''ကောင်းတယ်ဟေ့..ကောင်းတယ်.. ဒီလိုဖြစ်နေရမှာ ..''
သူ့အားအုပ်မိုးထားသော သံပုတီးအား ပေါ့ပါးစွာရှောင်ရှားရင်း အားကွေ့ကချီးကျူးစကားကိုဆိုလေသည်.. သို့နှင့် အကွက်ငါးဆယ်ခန့်အရောက်၌
''ဒက်ပေါ..သတိထားနော် ..ငါပြန်တိုက်ပြီ..''
ဆိုသောစကားကြောင့် ဒက်ပေါက ပိုမိုအာရုံစိုက်ကာ တကိုယ်လုံးလုံခြုံ အောင် ဖုံးကာထားလိုက်၏... သို့သော် ထိုသို့ကာထားသည့်ကြားက လက်ညိုးတစ်ချောင်းထွက်လာကာ သူ၏ကိုယ်အပေါ်ပိုင်းသို့ ထိုးဝင်လာ၏.. ထို့နောက် သူ၏ ရင်ဝတွင် ပူခနဲဖြစ်သွားပြီး သူ၏တကိုယ်လုံး အကြောများဆိုင်း သွားသည်..
''ရှဲ..'''
ဟူသော မြည်သံနှင့်အတူ သူ၏ရင်ဘတ်ရှိ အင်္ကျီမှာ မီးလောင်ကျွမ်း သကဲ့သို့ အပေါက်ကြီးတစ်ပေါက်ဖြစ်နေသည်ကိုပါ မြင်လိုက်ရ၍..
''ဟာ..အကိုအားကွေ့...''
''ဟားဟားဟားဟား စိတ်မပူနဲ့ဒက်ပေါရေ့ ..အဲ့ဒါ ၀ရဇိန်သူရိန်လက်ညိုး လို့ခေါ်တယ်.. မဆိုးဘူး..မဆိုးဘူး အကွက်ငါးဆယ်လောက် ခံနိုင်တာ မဆိုးဘူး.. ''
''ဖတ်..''
ဒက်ပေါ၏ ပုခုံးအားတချက်ပုတ်၍ အကြောဖြေပေးလိုက်ပြီး အားကွေ့က
''အင်း.. ရွှေခေါင်းလောင်းသိုင်းက တော်တော်ထက်မြက်သားပဲ .. သံပုတီး နေရာမှာ ဓါးကို အစားထိုးလိုက်ရင် ..ငါ့ကို အကွက် ရှစ်ဆယ်လောက်အတွင်း ရှုံးချင်မှ ရှုံးတော့မှာ .. ဒီတော့ သံပုတီးနဲ့ဓါးကို ငါ့ကိုပေးခဲ့..''
ဒက်ပေါက မြေပြင်ပေါ်မှ ဓါးနှင့်သံပုတီးကို အားကွေ့လက်ထဲသို့ အပ်လိုက်လျှင် ..အားကွေ့က လက်ဖြင့် ထိုလက်နက်နှစ်ခုကို ဆပြီးနောက် သံမဏိဓါး ထိပ်ဖျား လက်လေးသစ်နေရာအား လက်ညိုးဖြင့် တောက်လိုက်လေသည်..
''ထောက်..''
ဟူသော အသံနှင့်အတူ ဓါးထိပ်ဖျားမှာ တိတိရိရိပင် ပြတ်ထွက်သွားလေရာ ဒက်ပေါမှာ အားကွေ့၏ အံ့မခန်းအတွင်းအားကို မချီးကျူးဘဲ မနေနိုင်တော့ပါ..
''တော်လိုက်တာ အကိုအားကွေ့ရာ...''
''ဟားဟားဟားဟား ..ဒါတောင် အကင်းပဲရှိသေးတယ် .. စတာပါကွာ .. ဓါးက သံပုတီးထက် အလေးချိန်ပိုနေတော့ မင်းအတွက် အဆင်မပြေမှာစိုးလို့ ဖြတ်ပေးတာ.. အခုဆို အလေးချိန်တူသွားပြီ..ရော့.. ဓါးနဲ့ပိုရင်းနှီးသွားအောင် ရွှေခေါင်းလောင်းသိုင်းကို တခေါက်လောက် ကစားကြည့်..''
''ဟုတ်ကဲ့ ..''
ကမ်းပေးလာသော ဓါးကျိုးအားယူကာ အတွင်းအားအပြည့်ထည့်ပြီး ရွှေခေါင်းလောင်းသိုင်းအား မာန်အပြည့်ဖြင့် ကစားနေသည်.. အမြဲသုံးနေကျ သံပုတီးမှ ပြောင်းလဲကာဓါးကို အသုံးပြုနေရသော်လည်း ပုံမှန်အလေးချိန်ကြောင့် ဒက်ပေါအတွက် ထူးခြားပြီး အသုံးရမခက်လှ .. သံပတီးကဲ့သို့ ဝှေ့ကျမနေဘဲ တန်းမတ်သော ဓါးသွားကြောင့် ပို၍ပင်ထက်မြက်လာသေး၏..
''၀ှီး..၀ှီး..၀ှီး..''
ဓါးသွားအား အပေါ်မှအောက်ထိတိုင် ဆွဲချပြီးသည့် အကွက်နောက်ဝယ် ဒက်ပေါ၏ သိုင်းလေ့ကျင့်ခြင်း အစီအစဉ်ပြီးဆုံးသွားလေသည်..
''ရပြီ..ရပြီ ဒက်ပေါ ..ဒီလောက်ဆို မင်းကိုယ်မင်း ကာကွယ်နိုင်ပြီ.. တစ်ခုတော့ ရှိတယ် ..ဟိုရောက်သွားရင် ..မင်းငါ့စကားကို တသွေမတိမ်း လိုက်နာရ မယ် .. ငါကပြေးဆိုပြေး .. ပုန်းဆိုပုန်း.. တိုက်ဆိုမှ တိုက်ကြားလား.. ''
ဒက်ပေါက သူနှင့်ရင်းနှီးသွားသော ဓါးကျိုးအား ပီတိဖြစ်စွာကြည့်နေရာမှ
''အာ .. အကိုအားကွေ့က ငါ့ကိုပစ်လို့ထွက်ပြေးဆိုရင်တော့ မပြေးနိုင်ဘူးဗျ..''
''အေး ..ဒါဆိုလည်း အခုကတည်းက မလိုက်နဲ့တော့ ..မင်းပြန်တော့''
အားကွေ့၏ ယတိပြတ်စကားကြောင့် ဒက်ပေါမှာ မျက်နှာလေးငယ်ကာ
''အခုမှတော့ မပြန်ပါရစေနဲ့တော့ဗျာ .. အကိုအားကွေ့စကားကို နားထောင်ပါ့မယ်.. ''
ထိုစကားကြောင့် အားကွေ့ကပြုံးလိုက်ပြီး..
''ကောင်းပြီ.. ဒါဆိုရင် ငါ့နားကို တိုးလာခဲ့ ..မင်းကို အတွင်းအား ယာယီတိုး သွားအောင်လုပ်ပေးမယ်.. အဲ့လိုလုပ်လိုက်ရင် .. မင်းရဲ့ အတွင်းအား နှစ်ဆတိုးသွားမှာ.. ''
ဒက်ပေါမှာ မယုံရဲယုံရဲနှင့် တိုးကပ်လာရင်း..
''ဘယ်လိုနည်းလမ်းလည်းဗျ.. အဲ့လိုလုပ်လို့ရလား..''
အားကွေ့က သူ၏ ခါးကြားမှ လေးလက်မအရွယ် အပ်တစ်ချောင်းကို ထုတ်ကာ .. ဒက်ပေါ၏နောက်စေ့အောက် ဂုတ်နှင့်ခေါင်းအစပ်ကို နှစ်လက်မမျှ ၀င်သွားအောင်စိုက်လိုက်ကာ..
''ရတာပေါ့ကွ.. ဒီနည်းလမ်းကို ဘဘထင်းလွေရဲ့ဆရာ အမှောင်ကိုယ်တော်ဆိုတဲ့ ပညာရှင်ကြီး ထွင်ထားတာ .. ဆဌမအာရုံနိုးဆွပညာလို့ ခေါ်တယ်.. နာကျဉ်ခြင်းကနေ ပြီး အတွင်းအားကို တဒင်္ဂ ဖော်ထုတ်တာ .. အချိန်အဆ မတတ်ရင် တခါထဲသေသွားရော ..ဟိုမြေကွင်းမှာ သေနေတဲ့ လူမဲကြီးရဲ့ ခေါင်းက အပ်ရာရှစ်ပေါက်ကလည်း အဲ့ဒီဆဌမအာရုံနိုးဆွ ပညာကို သုံးထားတာပဲ ''
ဟုပြောပြီးနောက် စိုက်ဝင်ထားသော အပ်ကို လက်ဝဲရစ် လှည့်လိုက်လျှင်..
''အား.....အား...''
အော်သံနှင့်အတူ ဒက်ပေါမှာ မျက်ရည်များ ကျလာအောင် သဲခိုက်လုမျှ နာကျဉ်သွားလေ၏...
''အနာခံမှ အသာစံရမှာ ဒက်ပေါ.. ခဏလေး အတွင်းအားနဲ့လည်ပတ် လိုက်..''
ဒက်ပေါမှာ မလှသည့်ရုပ်ကို မဲ့တဲ့တဲ့လုပ်ရင်း..
''သေရင်တောင် အဲ့လောက်နာမယ့်ပုံမပေါ်ဘူး အကိုအားကွေ့ရယ် ..ရက်စက်လိုက်တာဗျာ..အား ကျွတ်..ကျွတ်''
''ခဏလေးပဲ အောင့်ခံလိုက်ပါကွာ ..မြန်မြန်လုပ်.. ငါတို့ ဒီမှာရပ်နေတာ အတော်တောင်ကြာနေပြီ.. ခဏနေ သန်းခေါင်ရောက်တော့မယ်..''
ဒက်ပေါမှာ မျက်ရည်များကို သုတ်လိုက်ရင်း မြင်းထိုင်ပုံထိုင်ကာ အတွင်းအားလေ့ကျင့်နေလိုက်သည်.. အားကွေ့ကလည်း ဒက်ပေါပိုမိုလွယ်ကူစေရန်
သွေးကြောမကြီးများအား အတွင်အားထောက်ကူပေးလိုက်၏..
ကွမ်းတယာညှက်ပင်မကြာ အတွင်းအားလည်ပတ်ခြင်း ပြီးဆုံးသွား၍
''ကိုင်းဟေ့.. ဒီအကွေ့ကို ကျော်ပြီး ..အန္တရာယ်ကို ရင်ဆိုင်ကြအုံးစို့
လူလူခြင်း မကြောက်တတ်ဘူးမို့လား ဒက်ပေါ..''
ဒက်ပေါမှာ ယခင်ကနှင့်မတူ တကိုယ်လုံးအားများပြည့်လျှံကာ စိတ်ဓါတ် တက်ကြွနေသဖြင့် ..
''မကြောက်တတ်ဘူး အကိုအားကွေ့.. ''
''ကောင်းပြီ ..ငါတို့ညီအကို နှစ်ယောက်ကို တားနိုင်တဲ့လူ လောကကြီးမှ မွေးဖွားသေးအုံးမှာ မဟုတ်ဘူး.. ကိုင်း..ငါသွားနှင့်ပြီ.. မင်းနောက်က မြန်မြန်လိုက်ခဲ့ပေရော....''
ထို့နောက် လျှပ်ပစ်သည့်နှယ် မြန်ဆန်သော အလျင်မျိုးနှင့် ပြေးထွက်သွားရာ အားကွေ့တစ်ယောက် ဒက်ပေါမြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်..
''အလို ..အကိုအားကွေ့က မြေလျှိုးပြီး မိုးပျံသွားသလား အောင့်မေ့ရတယ် မြန်လိုက်တာ ဟ..''
ဒက်ပေါမှာ ခေါင်းတချက်ကုတ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ ..
''ဖွတ်..ဖွတ်.. သရဲ ..တစ္ဆေ.. ဖုတ်သဘက်မှင်စာတွေ ရှောင်ကြရှားကြ
မင်းတို့ကိုတော့ ငါကြောက်တယ်ကွ.. ''
ဟု အူကြောင်ကြောင် ရေရွတ်ကာ လရောင်အောက်၌ ပြေးထွက်သွားလေတော့၏....
=========================
အားကွေ့မှာ ဒက်ပေါကြောင့် နှောင့်နှေးနေမည်စိုး၍ တစ်ယောက်ထဲ ထွက်လာရင်း.. ဘုံကျောင်းရှေ့ မြေကွက်အနီးသို့ ရောက်လာလေသည်.. မြေကွက်လပ်တွင်တော့ သူခန့်မှန်းထားသည့်အတိုင်း ပြင်းထန်သော တိုက်ပွဲကြီး နှစ်ပွဲဖြစ်နေလေ၏...
တစ်ပွဲမှာ လူမဲကြီး ဆယ့်လေးယောက်နှင့် သိုင်းသမား ဆယ့်ရှစ်ယောက်ခန့် အလူးအလဲတိုက်ပွဲဝင်နေပြီး .. ကျန်တစ်ပွဲမှာမူ လက်တစ်ဖက်ပြတ်လူနှစ်ယောက် ..ဘုန်းကြီးတစ်ပါးနှင့် ၀တ်ရုံဖားဖားကြီးဖြင့် လူကြီးတစ်ယောက်တို့ ဖြစ်ကြသည်..
ထိုအထဲမှ လက်တစ်ဖက်ပြတ်လူနှစ်ယောက်မျက်နှာကို မြင်လျှင် အားကွေ့မှာ
''ဟင်...''
=======================
ကိုင်း...ဒီနေ့တော့ ကျေနပ်လိမ့်မည်ဟု ယူဆပါကြောင်း...
အခြေအနေပေးလျှင်ဖြင့် ည #88C ကို ဆက်လက်ရေးသားပါမည်ဟု
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၈C
''ဆွမ်းချက်ဘုန်းကြီးနဲ့ သူ့တူခွေးမသား ရှု့ယီ.. ဒင်းတို့နှစ်ကောင် ဒီရောက်နေကြတာကိုး.. ငါနဲ့တွေ့ပြီပေါ့ သိုင်းကျမ်းသူခိုးတွေရယ်..''
လပေါင်းများစွာ ပျောက်ဆုံးနေသော သိုင်းကျမ်းသူခိုး လူယုတ်မာ ဆရာတပည့်နှစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အားကွေ့မှာ ဖော်မပြတတ်အောင် ၀မ်းသာသွား၏..
စတွေ့လျှင်တွေ့ခြင်း ထိုဆရာတပည့်နှစ်ယောက်အား ပြေးဝင်ဆုံးမချင်စိတ် များတဖွားဖွားပေါ်လာသော်လည်း သူ၏ပင်ကိုယ်အသိစိတ်ကြောင့် ဆန္ဒကို အတင်းချိုးနှိမ့်ထားရသည်.. စိတ်လွတ်ကိုယ်လွတ်နှင့် မစဉ်းစားမဆင်ချင်ဘဲ လုပ်သည်မှာ အားကွေ့၏ ပင်ကိုယ်စရိုက်မဟုတ်ပြီလေ...
ထို့ကြောင့် ခုန်ထွက်ချင်နေသော ခြေထောက်တို့ကို အသာအနားပေးရင်း အခြေအနေကို သုံးသပ်ကြည့်နေမိသည်..
တိုက်ပွဲနှစ်ပွဲလုံးမှာ မယုံနိုင်လောက်အောင် ပြင်းထန်လွန်လှ၏.. အားကွေ့မှာ အဖွဲ့လိုက်တိုက်ပွဲဖြစ်သော လူမဲကြီးများနှင့် သိုင်းသမားများ တိုက်ခိုက်နေပုံကို အသေးစိတ်ကြည့်လိုက်သည်..
''အင်း.. လူမဲကြီးတွေက ပင်ကိုယ်ဓါးလှံ ပြီးပုံရတယ်.. ဒါကို ဓါးလှံတိုးမပေါက်တဲ့ သားရေချပ်ကြီးကာထားတော့ တဖက်သိုင်းသမားတွေ လုံးဝလုပ်လို့ မရတာကိုး... လူမဲကြီးတွေရဲ့ အားနည်းချက်က နားထင်နေရာဆိုတာ မသိတာ သိုင်းသမားတွေ တပမ်းရှုံးတာပဲ.. ''
စိတ်ထဲတွင် ရေရွတ်ရင်း သိုင်းသမားများကို တစ်ယောက်ချင်းကြည့်မိရာ
''အလို ..ရင်ဘတ်မှာအစိမ်းအနီစပ် မက်မုန်သီးပုံနဲ့ အ၀ါရောင်ဝတ်စုံဝတ်ပြီး ငါးမန်းလွှဓါးကို ကိုင်ထားတာ ယွဲ့ရုံဂိုဏ်းချုပ်ကြီးဖြစ်မယ်.. သိုင်းကွက်တွေက ရက်ရက်စက်စက်ကောင်းလွန်းတယ်.. နောက် အနီရောင်သံမဏိအလံကိုင်ပြီး တိုက်နေတာ သိုင်းထိပ်သီးဆယ်ယောက်ထဲက အဆိပ်စက်ဝန်း မိသားစုဝင် အိုးယန်ကျောက် သူ့ရဲ့အဆိပ်သဲမှုန်တွေက လူမဲကြီးတွေကို အိပ်ပျော်သွားအောင် မစွမ်းဆောင်နိုင်ဘူးဟ..အမယ် မရဏသံကွင်းဆက် မိသားစုခြောက်ယောက်ကလည်း ကျော်ကြားသလောက် ထက်မြက်သားပဲ... လက်နက်ပုန်းအမျိုးမျိုးပစ်ပြီး လူမဲကြီးတွေ ရှုပ်ထွေးသွားအောင်လုပ်နေတာက .. သိုင်းထိပ်သီးဆယ်ယောက်ဝင် အမကြီးထန်ထန်းဖြစ်မယ်ထင်တယ်.. သေရေးရှင်ရေးတောင် သူ့မျက်နှာဖုံးကို မချွတ်ဘူး.. သူနဲ့အတူတူတွဲတိုက်နေတဲ့ ကောင်က လူချောပဲဟ.. ဒီကောင့် ၀ူတန်ဓါးကွက်တွေက ငါမြင်ဖူးသမျှဓါးသိုင်းထဲမှာ အထက်ြမက်ဆုံးပဲ.. တကယ်တော်တယ် .. သူ့ဓါးကွက်တွေကို ငါမြင်ဖူးပါတယ်.. ဟုတ်ပြီ ဟုတ်ပြီ... ၀ူတန်တောင်ခြေမှာ အစွယ်နှစ်ချောင်းဖျံ ဝေ့၀ူချောင်ကို အနိုင်ပိုင်းသွားတဲ့ ရသေ့အို သုံးသွားတဲ့ဓါးကွက်တွေ..ဒါဆို ဒီကောင်က အခုလပိုင်းတွေမှာ နာမည်ကျော်လာတဲ့ အဖြူရောင်သစ္စာဓါးသမားပေါ့.. သူ့ကိုဝိုင်းရံပေးနေတဲ့ ရုပ်ဆိုးဆိုးရသေ့ငါးပါးက ၀ူတန်ဓါးငါးဖော်ဖြစ်မယ်.. အတွင်းအားနည်းနည်းလိုနေတာကလွဲလို့ ရသေ့တွေလည်း မဆိုးသေးဘူး.. ကျောဘုနဲ့ အဘိုးကြီးကတော့ သူတော့အဖွဲ့ထဲမှာ သိုင်းစွမ်းအကောင်းဆုံး .. ဦးကြီးကျောက်ကျူးထင်ထက်တောင်ပိုသာမယ်ထင်ရဲ့.. သြော် သာမှာပေါ့ ..ကုလားအုတ်ဖြူဂိုဏ်းချုပ်ကြီးကိုး... လှံသုံးလက်နဲ့ အသေအကြေ တိုက်နေတာကတော့ သိုင်းထိပ်သီးဆယ်ယောက်ဝင် စိန့်ရှော်ထင်းထင်တာပဲ.. နောက်ဆုံးတစ်ယောက် ဘယ်သူပါလိမ့် .. အသက်ကတော့ ငါနဲ့မတိမ်းမယိမ်းပဲ ..ဒီကောင်လည်း လူရည်သန့်ပဲ အတွင်းအားသိပ်မကောင်းပေမယ့် သိုင်းကွက်ကရှုပ်ထွေးပြီး အလှည့်အပြောင်းများသား.. ''
အားကွေ့က တစ်ယောက်ချင်းစီကို သုံးသပ်ပြီးသည့်နောက် ဘေးဘီကို ၀ဲကြည့်ကာ ..
''ဟားဟားဟားဟား ..ငါ့လို အခြေအနေကို စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိသား ..တစ်ဖွဲ့ကလူခြောက်ယောက် ငါ့ဘယ်ဖက်မှာ တစ်ဖက်က လူသုံးယောက်ပဲပါတယ်.. ငါ့ညာဖက်မှာ .. ''
ထိုစဉ် သူ၏နောက်မှ ပြေးလွှားသံကို ကြားရ၍ အနီးရှိ ခြုံထဲသို့ ၀င်ပုန်းလိုက်စဉ် ပြေးလွှားလာသူမှ...
''အကိုအားကွေ့ ..အကိုအားကွေ့ရေ...''
ဟူသောအော်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာသည်..
အားကွေ့မှာ ထိုအသံကြောင့် ခေါင်းနှစ်ဆခန့်ကြီးသွားပြီး..
''ခွေးကောင် ဒက်ပေါ.. ငါ့ကို အသုဘတွင်းထဲ အရောက်ပို့နေသလား မသိဘူး..''
ဟု ကျိတ်ဆဲကာ ခြုံထဲမှ ထွက်လိုက်ကာ..
''ဟေ့ကောင် ဒက်ပေါ ..မင်းအသံက တိုးလွန်းတယ်ဟေ့.. မင်းပထွေးတွေ သိသွားအောင် ဖင်လိပ်ခေါင်းထွက်အောင် အော်လိုက်ပါတော့လား...''
ဒက်ပေါမှာ အားကွေ့ငေါလိုက်သည်ကို အတည်ထင်မှတ်၍ ..သံကုန်ဟစ်ပြီး
''ကျွန်တော်က အကိုအားကွေ့ကိုမှ မတွေ့တာကြီးကို ..''
အားကွေ့မှာ ဒက်ပေါရှေ့သို့ ခုန်ထွက်သွားပြီး ဒက်ပေါနှာခေါင်းကို ညှစ်လိမ်ဆွဲလိုက်ရင်း..
''ငအ ငန .. မင်းအော်လိုက်တော့ မင်းဘိုးအေတွေက ငါပုန်းနေတာကို သိပြီပေါ့...''
''အရာ..အား..အား..နာတယ်ဗျ..''
''နာ နာ သေသေကွာ..''
သူတို့နှစ်ယောက်၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ် ရန်ဖြစ်နေမှုကြောင့် ကွင်းထဲရှိ တိုက်ပွဲမှာ ယာယီရပ်တန့်သွားသည်..
တိုက်ပွဲအတွင်းရှိ လူအတော်များများမှာ အားကွေ့အား မသိကြသော်လည်း ရှု့ယီနှင့် ဖားပြုအိုမှာ အားကွေ့ကိုမြင်လိုက်လျှင် စိတ်ဓါတ်ကျသွားကြ၏... သူတို့နှစ်ယောက်လောက် အားကွေ့အကြောင်းကို သိသူမရှိပြီမဟုတ်လား..
ရှု့ယီမှာ ဖားပြုတ်အိုအား လက်တို့လိုက်ပြီး..
''ဆရာ ..ဆရာ ..ဟိုမှာ မြေခွေးကောင်.. ကျွန်တော်တို့ ပြန်ဆုတ်ကြတော့ မလား..''
ဖားပြုတ်အိုမှာ သူအပိုင်တွက်ထားသမျှ အစီအစဉ်လွဲချော်တော့မည်ဟု ရိပ်မိလိုက်သော်လည်း... သိုင်းကျမ်းကို လက်မလွတ်လို၍...
''နေအုံးရှု့ယီ ..မင်းကောင်တွေ တစ်ဝက်ကို ခြူတီးပြီး ..မြေခွေးပေါက်ကို ထိန်းခိုင်းထား... ငါက နတ်ရွှေနဂါးဂိုဏ်းချုပ်နဲ့ပေါင်းပြီး မြင်းဖြူဘုံကျောင်းဘုန်းကြီးကို အပြတ်ရှင်းလိုက်မယ်.. ''
ရှု့ယီမှာ သူ့ဆရာ၏ ညွှန်ကြားမှုရသည်နှင့် ချက်ခြင်းဆိုသလို ဘုန်းကြီးအား တိုက်ခိုက်နေရာမှ ဆုတ်ခွာကာ စိတ်ပြောင်းခြူအား တီးခတ်လိုက်သည်
''ခြွင်...ခြွင်..ခြွင်....''
ခြူသံမှာ ၀န်းကျင်တစ်ခုလုံးကို ပြန့်နှံ့ကာသွား၏.. ထိုခြူသံကြောင့် သိုင်းသမားဆယ့်ရှစ်ယောက်ကို တိုက်ခိုက်နေသော လူမဲကြီးများမှာ တုံ့ဆိုင်းသွားသည်..
လူမဲကြီးများ တုံ့ဆိုင်းမှုက သိုင်းသမားဆယ့်ရှစ်ယောက်ကို အသက်ရှုချောင်စေရုံမက .. သေဘေးမှ လွတ်ကင်းစေသည်ဟု ဆိုလျှင်လဲ လွန်မည် မဟုတ် ....
မှန်ပေသည် ဓါးမတိုး အဆိပ်ပြီးသော လူမဲကြီးများကြောင့် သူတို့ဘ၀ဆုံး လုလုဖြစ်နေကြပြီပင်.. အဖြူရောင်သစ္စာဓါးချင်အဲ့မှာ ..ထိုအခွင့်အရေးကို အသုံးချပြီး ..
''ဂိုဏ်းချုပ်တို့ ..လူကြီးမင်းတို့ .. ဒီကောင်တွေကို ဒီအချိန်မှ မဖြုတ်နိုင်ရင် ကျွန်တော်တို့ လွတ်တော့မှာ မဟုတ်ဘူး.. ကျွန်တော် တစ်ခုအကြံရတယ် .. ခုလူ ဆယ့်ရှစ်ယောက်မှာ ရှစ်ယောက်က ကျန်တဲ့လူမဲတွေကို တောင့်ခံပြီး .ကျန်တဲ့ ဆယ်ယောက်က လူမဲကြီး တစ်ယောက်ခြင်းဆီကို ဦးတည်တိုက်ရင် ..အဆင်ပြေမယ် ထင်တယ်..''
''ဟားဟားဟားဟား ကောင်လေး.. မင်းကဘာအဆင့်ရှိလို့ ငါတို့ကို မိချောင်းမင်း ရေကင်းလာပြနေရတာလဲ..''
ကျောတွင်ဘုနှင့် အရုပ်ဆိုးလှသော ကန္တရ ကုလားအုတ်ဖြူဂိုဏ်းချုပ်က ချင်အဲ့အား ဘုတေ လိုက်ရာ..
ဝူတန်းဓါးငါးဖော်နှင့် ထန်သခင်မလေး ထန်ထန်းက ကုလားအုတ်ဖြူ ဂိုဏ်းချုပ်အား စွေစောင်းကာကြည့်လိုက်ပြီး .. ရသေ့အမာရွတ်က ဒေါသတကြီးဖြင့်
''ကန္တရဂိုဏ်းချုပ်.. ခင်ဗျားက ဉာဏ်ရှိလို့ အသက်ကြီးလာပုံမပေါ်ဘူး ..ကံရှိလို့သာ အသက်ကြီးလာတာဖြစ်မယ် ..အကောင်းဆုံး အကြံဉာဏ်ပေးတဲ့ လူကိုတောင် စကားနာလှမ်းထိုးတယ်ဟုတ်လား...''
ကန္တရဂိုဏ်းချုပ်က အမာရွတ်ရသေ့အား စိမ်းစိမ်းကြီးကြည့်၍.
''ဒီတပွဲ ပြီးတာနဲ့ မင်းတို့ခြောက်ယောက်ကို အရေခွံချွတ်ပစ်အုံးမယ် ဆိုတာ မှတ်ထားဟေ့.. ၀ူတန်ဂိုဏ်းဆိုတာ ငါ့မျက်စိရှေ့မှာ ရှုပ်နေတဲ့ ယင်ကောင်လောက် အဆင့်ပဲရှိတာကွ..''
သူတို့အတွင်းကျိတ် စကားများနေသည့်အချိန်တွင် ရှု့ယီ၏ညွှန်ကြား မှုကြောင့် လူမဲကြီး ခုနှစ်ယောက်မှာ အားကွေ့ထံ ဦးတည်ကာ ပြေးလွှားနေပြီဖြစ်၏..
အားကွေ့မှာ ဒက်ပေါအား သူနှင့်ဝေးရာသို့ တွန်းထုတ်လိုက်ပြီး .. ရှေ့တူရူမှ လူမဲကြီးများကို စောင့်ကြိုနေသည်.. နူတ်မှလည်း ဒက်ပေါအား
''ဒက်ပေါ ..မင်း ငါမပြောမခြင်း .. ဒီတိုက်ပွဲထဲကို ၀င်မလာနဲ့ .. အေး ငါပြောတဲ့ စကားကို မှနားမထောင်ဘူးဆိုရင်.. မင်းနဲ့ငါ သေခန်းပြတ်ပြီသာ မှတ်..''
လူမဲကြီးများကတော့ ခွေးရူးပမာ တအူအူအော်ဟစ်ရင်း အားကွေ့အား အမှုန့်ချေရန် ပြေးလာနေကြသည်...
ထိပ်တန်းသိုင်းသမား ဆယ့်ရှစ်ယောက်ပင် မထိမ်းသိမ်းနိုင်သော ထိုလူမဲများကို အားကွေ့တစ်ယောက်ထဲနှင့် အနိုင်ယူနိုင်ပါ့မလားဟူသည်ကတော့
မေးခွန်းထုတ်ရမည့် အဖြေတစ်ခုပင်.... လူသားတစ်ယောက်အနေနှင့် အမြဲတမ်းတော့ ကံကောင်းနိုင်မည်ဟု ပြောလို့မရသော အရာဖြစ်သည်မဟုတ်လား...
================
ဆက်ရေးချင်သေးသော်လည်း ..ည ဘောပွဲကြည့်ရန် ဘေချန်ထားရသည်နှင့်မို့
ဤအပိုင်းကို Post 1 Post 2 ခွဲကာ တင်ပေးလိုက်ရပါကြောင်း..
အကယ်၍ Liverpool နိုင်ပွဲရခဲ့ပါလျှင်မူ ..Bill ချေးကာ ဆက်တင်ပေးပါမည်..
#90A ( အစ၏အဆုံး ..အဆုံး၏အစ )
နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးလော်ကျင်းထျန်သည် စိတ်အားဆက်လက်ချုပ်တီးခြင်းငှါ မစွမ်းသာတော့ဘဲ လေကဲ့သို့လျှင်မြန်ခြင်းမျိုးနှင့်အားကွေ့အားဝင်ရောက်တိုက်ခိုက် လေတော့၏ .. သူအသုံးပြုလိုက်သည့် ခက်လက်ဝေဖြာ ပဒေသာဟု အမည်ရှိသော သိုင်းမှာ သူနုငယ်စက ဆရာသမားထံမှ ခိုးယူလေ့ကျင့်ထားသော သိုင်းပင်...
သိုင်းကွက်များသည် လူတစ်ယောက်၏ အကြောဆုံများ အဆစ်နေရာများကိုသာ ဦးတည်၍ ထိုးနှက်တိုက်ခိုက်ရန်ဇောင်းပေးထားသဖြင့် လွန်စွာကြောက်မက်ဖွယ် ကောင်းသည်..
ထိုသိုင်းကို အဆင့်ကုန်အောင်လေ့ကျင့်နိုင်သူသည် သူ၏အကြောနှင့်အရိုးများ ကိုလိုသလို ပြောင်းလွဲတိုက်ခိုက်နိုင်ပေရာ မတ်တပ်ရပ်နေရင်းနှင့်ပင် ခြေဖျားနှင့်လက်ဖျား ထိကပ်၍ရပေ၏.. တပါးသူ၏တိုက်ခိုက်မှုခံရလျှင်တောင် ထိခိုက်သွားသော နေရာကို အကြောလွဲအရိုးပြောင်းကာ ဝေဒနာကို ထက်ဝက်တိတိ လျော့ချပေးနိုင်သေးသည့်အပြင် သေကွင်းသေကွက်နေရာမှ အခြားသေကွက် မဟုတ်သော နေရာများသို့ လမ်းကြောင်းလွဲ၍ပါရသေးသော အံ့ဖွယ်သိုင်းအမျိုးအစား ဖြစ်သည်...
ထိုမျှအစွမ်းဂုဏ်ထူးနှင့်ပြည့်စုံသော ခက်လက်ဝေဖြာ ပဒေသာသိုင်းကွက်သည် ယခုတော့ အားကွေ့ထံသို့ ဦးတည်ရောက်ရှိ၍လာပါပြီ...
အားကွေ့သည် လော်ကျင်းထျန် ရိပ်ခနဲခုန်ဝင်လာသည်နှင့် သူ့တကိုယ်လုံးအား အတွင်းအားဖြန့်ကျက်ကာ ယာလက်ကို ရှေ့ထုတ်၍ ခန္ဓာကိုယ်ကို ဘေးတစ်စောင်းအနေအထားသို့ပြောင်းလိုက်၏.. သို့မှသာ ပြိုင်ဘက် အတွက်တိုက်ခိုက်ရန် ဘောင်ကျဉ်းသွားမည်မဟုတ်လား .. သူအဆင်သင့်ပြင်ပြီးလိုက်သည်နှင့် အချိန်ကိုက်ပင် လော်ကျင်းထျန်၏ လက်သီးလက်ဝါးချက်များက မိုးသီးမိုးပေါက်များကဲ့သို့ တရစပ်ရောက်ရှိလာခဲ့သည်..
အားကွေ့သည် လော်ကျင်းထျန်၏ လက်သီးအရှိန်ပြင်းထန်မှန်း သိရက်နှင့်ပင် မိုက်မိုက်မဲမဲဖြင့် ထိုလက်သီးချက်အား သူ၏လက်ဝါးဖြင့်ခုခံလိုက်သည် ..
''ဟိတ်...''
''ဖုန်း...ဖုန်း...''
''ဖြောင်း...''
သူမတူသောအတွင်းအားပိုင်ရှင်နှစ်ယောက်ဖြစ်သည်နှင့်အညီ လက်သီးနှင့်လက်ဝါးအဆုံ၌ အနီးနားလေထုတစ်ခွင်လုံးပူနွေးသွားကာ သူတို့၏ လေးလံပတ်လည်အတွင်း မြေထုများပင် လှိုင်းထသွား၏.. ၎င်းတို့ဝတ်ဆင်ထားသော အ၀တ်အစားများပင် အတွင်းအားရိုက်ခတ်မှုကြောင့် လက်မောင်းရင်းချုပ်ရိုးများ ပြုတ်ထွက်ကုန်သည်ကို အံ့အားသင့်ဖွယ် ကြုံတွေ့လိုက်ရသည်...
အားကွေ့မှာ လော်ကျင်းထျန်၏ လက်သီးချက်ကြောင့် နောက်သို့ ငါးလှမ်းမျှ ရွေ့လျားသွားပြီးမှ ခြေကုတ်မြဲမြဲဖြင့် အရှိန်သတ်လိုက်ရပေသည် ... လော်ကျင်းထျန်မှာမူ ခြေတစ်လှမ်းမျှ နောက်မဆုတ်ရသော်လည်း အားကွေ့၏ သက်ရောက်တန်ပြန်အတွင်းအား ပညာရပ်ကြောင့် မိမိအတွင်းအား၏ ပြန်လည်ဆောင့်တွန်းမှုဒါဏ်ကို မနည်းပင်ပြန်ဖြေလိုက်ရ၏... သူ့စိတ်ထဲတွင်လည်း သားလောက်အရွယ်မျှရှိသော သူငယ်နှပ်စားကောင်အား သိုင်းကွက်တိုတိုနှင့် အနိုင်ပိုင်း၍ မရနိုင်ဟု ခန့်မှန်းမိသွားသည်..
ဟုတ်ပေသည် သိုင်းလောကအတွင်း အတွင်းအား ဆယ်ပုံ ခုနှစ်ပုံ ထည့်ထားသော လော်ကျင်းထျန်၏လက်သီးချက်အား အတွင်းဒါဏ်ရာမရဘဲ ခုခံနိုင်သူ လက်ချိုးရေ၍ရသည်မဟုတ်လား ... လော်ကျင်းထျန်မှာ ထိုအတွေးဝင်လာ သည်နှင့်တပြိုင်နက်ပင် ခက်လက်ဝေဖြာပဒေသာ သိုင်းကျမ်းအတွင်းရှိ ဆန်းပြားသော သိုင်းကွက်များနှင့် အားကွေ့အား မနားတမ်းတိုက်ခိုက်လေတော့သည်...
'''ကျား...''
''ဖေါင်း...''
''ယား..ဟိတ်..''
''၀ုန်း...၀ုန်း...၀ုန်း..''
အားကွေ့ကလည်း မွေးရာပါဗီဇအရ အလျော့ပေးရိုးထုံးစံမရှိသည်နှင့် လော်ကျင်းထျန်၏ လက်ဆစ်ချိုးသိုင်းကွက်များအား သူတတ်စွမ်းသမျှ ပညာရပ် အသီးသီးနှင့်ခုခံကာကွယ်တော့၏...
ဘေးမှ ကြည့်ရှုနေသူအပေါင်းမှာ လရောင်အောက်တွင် သဲကြီးမဲကြီး ပညာခန်းပြနေသူနှစ်ယောက်အား မျက်တောင်မခတ်စတမ်းပင် ငေးကြည့်နေရှာသည် ..
ပြည်မသိုင်းသမား ရှစ်ယောက်မှာ လော်ကျင်းထျန်၏ ရှုမငြီးသောသိုင်းကွက်ဆန်းများနှင့် မနားတမ်းတိုက်စစ်ဆင်မှုကို အားကျလေးစား နေသလို.. နဖူး၌ ရွှေရောင်တစ်ဖြတ်ဖြတ်လက်နေသော လူငယ်သိုင်းသမားကိုလည်း ချီးကျူးနေမိသည် .. ထိုနှစ်ယောက်တိုက်ခိုက်နေကြပုံမှာ မုန်တိုင်းထန်နေသော ပင်လယ်ပြင်၌ တံငါလှေလေးတစ်စင်းဖြတ်သန်းသည်နှင့် အလားသဏ္ဍန်တူလှ၏..
လှိုင်းလုံးကြီးများ ဆင့်ကဲဆင့်ကဲ ရိုက်ခတ်နေသည့်အချိန်တွင် လှေငယ်မှာ ကျွမ်းကျင်သူ၏ ပဲ့ကိုင်ချက်ကြောင့် မှောက်ခြင်း လဲခြင်းကင်းမဲ့စွာဖြတ်သန်း နေသကဲ့သို့ .. ယခုလည်း ကြမ်းတမ်းပြင်းထန်သည့် လော်ကျင်းထျန်၏ သိုင်းကွက်များအား အားကွေ့က ပွတ်ကာသီကာနှင့် ရှောင်တိမ်းနေသည်ပင်..
ဖားပြုတ်အိုကြီးကတော့ အားကွေ့အား ကြည့်ကာ ခေါင်းတဆတ်ဆတ်ခါရင်း
''မဖြစ်ချေဘူး ..မဖြစ်ချေဘူး ...ဒီကောင်ကို ဒီအတိုင်းလွတ်ထားလို့ မဖြစ်တော့ဘူး .. ငါသိုင်းလောကကို ပိုင်စိုးချင်ရင် ဒီကောင့်ကို အရင်ရှင်းနိုင်မှ ဖြစ်လိမ့်မယ် .. အခုတောင် အသက်နှစ်ဆယ်မပြည့်သေးဘူး ..လော်ကျင်းထျန်ကို ကောင်းကောင်းကြီးယှဉ်နိုင်နေပြီ.. နောက်ငါးနှစ်ခြောက်နှစ်လောက်ဆို ဒီကောင့်ကို နိုင်တဲ့သူ အရမ်းရှားတော့မယ် .. အခုမှ မျိုးမဖြုတ်ထားရင် ...ငါ့အတွက် စူးညှောင့် မဟုတ်တော့ဘဲ ဖြိုရခက်တဲ့ ကျောက်တောင်ကြီးဖြစ်သွားနိုင်တယ်.. ''
ဖားပြုတ်အိုကြီးမှာ နောင်ရေးအတွက် ကြိုတွေးမိကာ သက်ပြင်းတချက် ချပြီး...
''ဟူး... ဒီအတိုင်းဆို ငါမပါရင် ပွဲဆက်ရှည်သွားနိုင်တယ် .. လော်ကျင်းထျန်က အားကွေ့ကို အနည်းဆုံး အကွက်ငါးရာတိုက်မှ နိုင်နိုင်မယ်.. ပွဲချိန်ကြာသွားလို့ ဘုံကျောင်းဆရာတော် အတွင်းဒါဏ်ရာ သက်သာသွားရင် ခဲလေသမျှ သဲရေကျပြီး ပဲရေပွ ဖြစ်လိမ့်မယ် .. ကိုင်း ..အားကွေ့ရေ ဘ၀ကူးကောင်းအောင် ဘုရားတရားသာ တ ထားပေတော့....''
ဖားပြုတ်အိုကြီးက သူ့ဆုံးဖြတ်ချက်အတိုင်း ၀င်မည်အပြု...
''ဖတ်....''ဟူသော အသံသဲ့သဲ့ထွက်ပေါ်လာပြီး အားကွေ့မှာ နောက်သို့ ခုန်ဆုတ်လိုက်သည်ကိုတွေ့မြင်လိုက်ရသည် .. အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှ၍ မည်သည့်အတွက်ကြောင့် အားကွေ့နောက်ဆုတ်သွားရသည်ကို ကာယကံရှင်မှ အပ အဆင့်လွန်သိုင်းသမားများ ဖြစ်ကြသော ပုဝူးလူသွဲ့နှင့် ဘုံကျောင်းဆရာတော်သာ တွေ့လိုက်ရ၏..
နောက်ဆုတ်သွားသောာ အားကွေ့ကို ကြည့်ကာ လော်ကျင်းထျန်က
''ဟားဟားဟားဟား .. မှတ်ပြီလား ခွေးကောင် ..ဒါအစပဲရှိသေးတယ်.. နောက်ပိုင်းတွေမှာ ဒီ့ထက်ဆိုးတာ လာအုံးမယ် ...ဟားဟားဟားဟား..''
ပြည်မသိုင်းသမား ရှစ်ယောက်မှာ လော်ကျင်းထျန်၏ အရိပ်ပြ စကားကြောင့် အားကွေ့အား ဂရုတစိုက်ကြည့်လိုက်ရာ အားကွေ့၏ပါးတွင် သွေးများဖြာကျနေသည်ကို မြင်လိုက်ရသည်..
အားကွေ့က သူ၏ ပါးပြင်ရှိသွေးများကို လက်ဖြင့်သပ်လိုက်ပြီး...
''ဟားဟားဟားဟား...ခတ်ကျွဲမှန်ရင် ဂျိုရာဘယ်ကင်းမလဲဗျ.. ကျုပ်လို နာမည်မရှိတဲ့ သိုင်းသမားကို ခင်ဗျားလိုအဆင့်က သိုင်းကွက်တရာကျော်မှ လက်သည်းနဲ့ ကုတ်ခြစ်နိုင်တာတော့ မဖြစ်သင့်ဘူးဗျို့ .. ပြီးတော့ သိုင်းကွက် အသာနဲ့ ထိအောင်လုပ်နိုင်တာမှ မဟုတ်ဘဲ ... ''
နတ်ရွှေနဂါးဂိုဏ်းချုပ်သည် အားကွေ့၏ ပြန်လည်ခွန်းတုံ့ပြန်မှုကြောင့် အရှက်သည်းသွားရ၏... မှန်သည် တကယ်တော့ သိုင်းကွက်အသာဖြင့် အားကွေ့ပါး ကိုကုတ်ခြစ်နိုင်ခဲ့ခြင်းမဟုတ်ပါ.. ဖြစ်ပုံမှာ အားကွေ့၏ပေါ့ဆမှုကြောင့်ဟုဆိုရပေမည်
အားကွေ့သည် လော်ကျင်းထျန်၏ ပဒေသာလက်သီးချက်များအား လေ့လာလိုသည်ကတစ်ကြောင်း .. ထိုးဖောက်တိုက်စစ်ဆင်ရန် ခက်သည်က တစ်ကြောင်းမို့ အရိပ်တရာခြေလှမ်းတစ်ထောင် ခြေသိုင်းကွက်များကို အသုံးပြုရင်း ရှောင်ရှား၍တသွယ် .. သူအားထားရာ မျောက်မိစ္ဆာလေဟုန်စီးပညာရပ်ဖြင့်တနည်း လည့်ပတ်ရှောင်ရှားရင်း အလျင်းသင့်မှ တကွက်တလေမျှ လိုက်ထောက်ခြင်း ဖြစ်၏ ..
ထိုသို့ခုခံကာကွယ်နေရင်း တဖြည်းဖြည်းနှင့်သိလာရသည်က လော်ကျင်းထျန်၏ သိုင်းအဆင့်သည် ဘဘဟုန်း ဘကြီးနန်တို့အောက်လုံးဝမလျော့ဟူ၍ပင် .. ပဒေသာ သိုင်းကွက်များကလည်း ခြေရာခံမရအောင် ထူးဆန်းလွန်းသည့်အပြင် အံသြဖို့ကောင်းသည်က ခြေလက်များကို လိုသည့်ဘက်ကွေးနိုင်ဆန့်နိုင်ခြင်းနှင့် ခြေတံလက်တံများသာမာန်ထက်နှစ်ဆခန့် ရှည်ထွက်ကာ လှမ်းတိုက်နိုင်ခြင်းဖြစ်၏..
သို့နှင့်အကွက်ပေါင်းတရာ့သုံးဆယ့်တစ်ကွက်မြောက်တွင် လော်ကျင်းထျန်ကသူ၏ပါးရိုးအဆစ်အား ရိုက်ဖြုတ်ရန် ယာလက်နှင့် လွဲပုတ်လာသဖြင့် ပေါ့ဆစွာဝဲဘက်လက်ဖျံဖြင့်အကာ၌ လက်ဖျံပေါ်မှနေ၍ အံ့အားသင့်ဖွယ် လက်ကိုတဆစ်ချိုးကာ သူ၏ပါးအား ကုတ်ဖဲ့သွားခြင်းဖြစ်သည်..
အားကွေ့ကထိုအမှားကို နောက်ထပ်မပြုလုပ်တော့ရန် ဆုံးဖြတ်ချက်ချ၍ ဆက်လက်ပြီး..
''ဘာပဲဖြစ်ဖြစ် ကျုပ်ကိုသိုင်းကွက်နှစ်ရာအတွင်း ထိခိုက်အောင်လုပ်နိုင်တော့ ခင်ဗျားမှာ အရည်အချင်းနည်းနည်းရှိတယ်လို့ သတ်မှတ်ရမှာပဲ ..ဒါပေမယ့် အပရိက အသေးအမွှားလောက် ဒါဏ်ရာလေးက အနိုင်အရှုံးသဲသဲကွဲကွဲမဟုတ်ဘူးလေ.. ဒီတော့ အဖြူအမည်းကွဲပြားသွားအောင် ဆက်တိုက်ကြတာပေါ့... အဲ .. ကိုယ့်အလည့်ကြရင်လည်း မငိုကြေးနော် ဂိုဏ်းချုပ်ကြီး...''
''ဟားဟားဟားဟား မင်းလို ကောင်ကငါ့ကို ဒါဏ်ရာရအောင် လုပ်နိုင်ရင် ဒီမြင်းဖြူတောင်ကို တသက်လုံးခြေမချတော့ဘူးလို့ ကတိပေးတယ်... ကဲ ..လာပြီ ..စကားရှည်မနေနဲ့ ကောင်စုတ်လေး...''
လော်ကျင်းထျန်က ရယ်သွမ်းသံနှင့်အတူ တိုက်ခိုက်ခြင်းကို ပြန်လည် အသက်သွင်းလိုက်လေသည်.. အတွင်းအားကို ဆယ်ပုံရှစ်ပုံအထိ တိုးမြင့်ထားသည့် အပြင် သူတတ်ထားသမျှထဲမှ အကောင်းဆုံးသော သိုင်းကွက်များကို အသုံးပြုလိုက်ခြင်းကြောင့် လေတိုးသံချည်းသက်သက်ပင် အသည်းယားဖွယ် ကျယ်လောင်လွန်းလှ၏...
အားကွေ့ကလည်း မျှော်လင့်ထားပြီးဖြစ်ရာ လက်တစ်ထောင်ထန်ဖု၏ တုကူးမိုးဆွေ အမည်ရှိ နတ်ဆိုးသားသတ်သမား သိုင်းကွက်ဖြင့် ပြန်လည်တုံ့ပြန် လိုက်သည် .. တခေတ်တခါက အထူးကျော်ကြားခဲ့သော နတ်ဆိုးသားသတ်သမား သိုင်းကွက်များသည် အားကွေ့ကပဲ အရွေးတော်သည်လား ကံစပ်သွားသည်လားတော့ မသိ လော်ကျင်းထျန်၏သိုင်းကွက်များကို ခုခံနိုင်ရုံတင်မက ပြန်လည်ပင်တိုက်စစ်ဆင်နိုင်လေ၏....
ဤသို့ဖြင့် အသက်အရွယ်ခြင်း ထက်ဝက်မကကွာခြားသော အဆင့်မြင့်တိုက်ပွဲသည် ဘတပြန် ကျားတပြန်ဖြင့် အသည်းတုန်အူတုန်ဖွယ် သက်ဝင်လှုပ်ရှားနေသည်...
'''၀ုန်း..၀ုန်း...၀ုန်း...''
''ဖုန်း...''
တိုက်ပွဲအစပြုသည်နှင့် လူရိပ်သူရိပ်မကွဲပြားတော့ရာ အမည်းရောင် စက်ဝန်းကြီး နှစ်ခုအသွင် ဖြစ်ပေါ်နေသော ထိုအရိပ်နှစ်ရိပ်၏ အနီးပတ်လည်တွင် အတွင်းအားလိုင်းသက်ရောက်မှုကြောင့် လေပွငယ်များ ဖြစ်ပေါ်ကာ တ၀ှီးဝှီးနှင့် နေ၏
အားကွေ့က ခုနှစ်ဆယ့်ကိုးကွက်ပါသော တုကူးမိုးဆွေ သိုင်းကွက် အကုန်၌ ခုနှစ်ဘုံကို ဖမ်းဆုပ်ခြင်းလက်သိုင်းကိုပြောင်းရွှေ့ရင်း လော်ကျင်းထျန်၏ ပုခုံးကို ချုပ်ကိုင်လိုက်သည်..
''ဖတ်....''
''ဟားဟားဟား မိပြီ. ..''
''ကောင်လေး ဒီလောက်နဲ့ဘယ်ရမလည်း... ''
လော်ကျင်းထျန်ကပြောပြောဆိုဆိုနှင့် ပုခုံးသားကို အကြောပြောင်း အရိုးလွဲလိုက်ရာ အားကွေ့လက်တွင်းမှ လျောကနဲလွတ်သွား၏ .. ထိုသို့လွတ်သွားသည်နှင့် ကိုယ်ကို တပတ်လှည့်လိုက်ပြီး ကျောပေးကာ တံတောင်ဆစ်ဖြင့် အားကွေ့ရင်ဘတ်သို့ထောင်းချလိုက်သည်..
''ရော့ သေစမ်း...''
''၀ှီး....''
အားကွေ့မှာ တသက်နှင့်တကိုယ် ကျောပေးပြီး နောက်ပြန်တိုက်ခိုက်သော အကွက်ကို မမြင်ဘူးသောကြောင့် အလစ်မိတော့မလို ဖြစ်သွားသော်လည်း ဖြတ်ထိုးဉာဏ်ကောင်းသူပီပီ ၀မ်းဗိုက်နှင့် ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားအောင် အသက်ရှုအောင့်ကာ အတင်းရှပ်လိုက်ရ၏.. သူရှပ်လိုက်သည်မှာ အပိုအလိုမရှိ ကွက်တိပင် .... သို့သော်ထိုမျှနှင့် လော်ကျင်းထျန်၏အကွက်က ရပ်တန့်မသွား သူ၏တံတောင်လွဲချော်သွားမှန်းသိလိုက်သည်နှင့် ထိုးထွက်နေသော တံတောင်ကို အောက်သို့နောက်ပြန်လွဲရိုက်လိုက်သည် ..
''ကိုင်း...ရှောင်နိုင်သေးလားကွာ..''
''ဖြတ်...ဖြတ်...''
''မရဘူး အားကွေ့ကို ဒီအကွက်နဲ့ အချောင်တိုက်လို့မရဘူး ..''
ဒီတခါတွင်တော့ ပြင်ဆင်ပြီးသား ဖြစ်သဖြင့် အားကွေ့ကဘေးသို့လျှပ်တပြက် ခြေတလှမ်းရှောင်လိုက်ကာ လော်ကျင်းထျန်၏ ကျောပြင်သို့ ၀ရဇိန်သူရိန်လက်ညိုးဖြင့် ထိုးထည့်လိုက်၏..
''ရော့ ..ဒီတစ်ခါတော့ ကျုပ်အလှည့်ပဲ..''
''၀ှစ်....''
လော်ကျင်းထျန်က သူ၏နောက်စေ့တွင်မျက်လုံးတပ်ထားသည့်နှယ် အားကွေ့လက်ညိုးလွတ်အောင် ကိုယ်ကိုမျက်နှာမူရာသို့ ငိုက်ချလိုက်ပြီး ဘယ်ခြေထောက်ဖြင့် နောက်ပြန်ကန်လိုက်ကာ ..
''ငနာလေး ...မင်း သေပေတော့...''
''ဖြောင်း...''
ကြိုသတိထားနေသည့်ကြားမှပင် အငိုက်မိခါနီးဖြစ်သွားသော အားကွေ့က သွက်လက်လွန်းသော ခြေကန်ချက်အား လက်သီးဆုပ်ဖြင့် ထု တားထားလိုက်ရသည်....
ထိုအခိုက်.... အားကွေ့၏နောက်ကြောရှိ လေထုသည် အေးစိမ့်သွားသောကြောင့် ပင်ကိုယ်အသိစိတ်အရ ရန်သူတစ်ယောက်တိုက်ခိုက်လာပြီ ဟု အလိုလိုသိလာသဖြင့် ဖြတ်ကနဲ နောက်လည့်လိုက်၏ ..သူ၏ လက်များကလည်း ခုခံရန်နှင့်တိုက်ခိုက်ရန် တခါထဲ ပုံစံခင်းပြီးသားဖြစ်သည်...
သို့သော် သူနောက်ကျသွားပါပြီ...
ဖားပြုတ်အို၏ ကျက်သရေကင်းမဲ့လှသော မျက်ခွက်ကြီးကို ဖြတ်ကနဲ တွေ့လိုက်ရပြီး .. ကျယ်လောင်သော အသံကြီးထွက်ပေါ်လာကာ .. သူ၏ရင်ဝတွင် စူးအောင့်ကနဲ ခံစားလိုက်ရ၏....
'''၀ုန်း...''
''ဒေါင်....'''
''အား....''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၀B
မသဲကွဲသောအာမေဋိတ်အသံနှင့်အတူ အားကွေ့တစ်ယောက် ယိုင်ထိုးကာသွားသည်... ဖားပြုတ်ကြီးက လဲပြိုလုလုဖြစ်နေသော အားကွေ့အား ချိုမြိန်စွာကြည့်ရှုပြီး
''ကဲ .. အားကွေ့ရေ မင်းရှုပ်လွန်းလို့ ငါ့လုပ်ငန်းအတော်များများ ပျက်စီးပေါင်းများလှပြီ.. အသက်ရှည်ရှည်နေချင်တဲ့သူဟာ နေရာတကာမှာ ၀င်မပါသင့်ဘူးကွ.. အခုတော့မင်းလည်း အဲ့စကားပုံအတိုင်းဖြစ်တော့တာပေါ့ကွာ .' တကယ်ဆိုငါ မင်းကို မရက်စက်ချင်ပါဘူး.. ဒါပေမယ့် မင်းက ငါသွားမယ့်လမ်းမှာ အမြဲကန့်လန့်လုပ်နေတတ်တော့ မဖြစ်နိုင်လို့ အဆုံးသတ်လိုက်ရတာဟေ့.. စိတ်တော့မရှိနဲ့ ..သန်းခေါင်ညမိစ္ဆာလက်ဝါးချက်မို့ ဘ၀ကူးမြန်မှာပါ.. သက်သက်သာသာ သာသွားတော့ အားကွေ့ရေ''
အားကွေ့မှာ သန်းခေါင်ညမိစ္ဆာ လက်ဝါးချက်ဟူသည့် စကားကြောင့် ဇဝေဇ၀ါ ဖြစ်မိသွားသည်.. သန်းခေါင်ညမိစ္ဆာလက်ဝါးချက်အား ရင်းနှီးနေသူဖြစ်၍ ထိုလက်ဝါးရိုက်ချက်မည်မျှပြင်းထန်သည်ကို သူအသိဆုံးဖြစ်လေ၏..ယခုဖားပြုတ်အို ၏ သန်းခေါင်ညမိစ္ဆာသိုင်းကတော့ပျော့လွန်းသည်ဟု ထင်မိ၍ဖြစ်သည်.. မှန်၏ ယခုတော့ သူ၏ရင်ဝတွင် အောင့်သက်သက်ခံစားနေရသည်မှ အပ အတွင်းဒါဏ်ရာပင်မရရှိပါ .. ဖားပြုတ်အို၏ အတွင်းအားအရှိန်ကြောင့် ယိုင်လုလုဖြစ်သွားသည်သာရှိသည်..
မည်သည့်အတွက်ကြောင့်နည်း .. ဖားပြုတ်အိုကတော့သူ့အား ညှာတာ ထောက်ထားဖွယ် တရွေးတစိမျှရှိမည်မဟုတ် .. ထိုသို့အတွေးဝင်မိသည်နှင့် အကြောင်းရင်းကို ရှာဖွေရန် ရင်ဘတ်အား စမ်းကြည့်လိုက်သည့်အခါမှ..
''ငွေရောင်ဗူးပြား... '' ပါးစပ်မှတိုးတိုးရေရွတ်ရင်း ဗူးကိုဆွဲထုတ်လိုက်မိ၏.. သူတောင်ပေါ်မတက်ခင်က ရင်ဘတ်ထဲထည့်ထားသော ငွေရောင်ဗူးပြားက သူ့အသက်အား ကယ်တင်မိလေပြီတကား.... လက်ထဲရှိငွေရောင်ဗူးပြားကို ကျေနပ်စွာကြည့်လိုက်ရင်း...
''အလို.... ငါဘယ်လိုမှ ဖွင့်မရတဲ့ ဗူးပြားက ပွင့်နေပြီ...လက်စသတ်တော့ စွမ်းအားမြင့်အမှောင်သိုင်းတစ်မျိုးမျိုးနဲ့ရိုက်ဖွင့်မှ ပွင့်လာအောင် စီစဉ်ထားရစ်ခဲ့တာကိုး ..ထူးလည်း ထူးပါ့..''
လရောင်အောက်တွင် ငွေရောင်တဖိတ်ဖိတ်တောက်ပနေသော လက်တ၀ါးအရွယ်ဗူးသည် အဆက်နေရာမှ ဟကာ ပွင့်နေသည်ကို အားကွေ့မြင်လိုက်ရ၍ စူးစမ်းချင်စိတ်က တဖွားဖွားပေါ်ပေါက်လာတော့၏...
သို့သော် ယခုသူရောက်နေသည်က ပန်းမျိုးစုံပွင့်လန်းနေသည့် အေးဆေး သောနေရာမဟုတ် ..သားရဲတွင်းနှင့်တူညီသော ဌာနေသို့ရောက်နေသည်ဖြစ်ရာ သိချင်စိတ်အား ချိုးနှိမ့်၍ ရင်ဘတ်ထဲပြန်ထည့်ကာ ..
''ဟားဟားဟားဟား .. ဆွမ်းချက်ဘုန်းကြီး အဲ့လေ ..ဖားပြုတ်အိုကြီး .. ခင်ဗျားရဲ့ သန်းခေါင်ညမိစ္ဆာသိုင်းက တယ်လည်း ညံ့ပါလားဗျာ .. ခင်ဗျားလက်ထဲ ရောက်မှ သိုင်းကျမ်းထွင်တဲ့ ဆရာတောင် မျက်နှာပျက်ရချည်ရဲ့ ..ဘယ့်နှယ် လူတစ်ယောက်ကို အရှက်မရှိအလစ်ချောင်းပြီး ထိထိမိမိရိုက်ရတာတောင် အယားပြေအောင် မရိုက်ပေးနိုင်ဘူး .. ချီးကျူးပါ့ဗျာ ..''
အားကွေ့၏စကားမှာ ပုဝူးလူသွဲ့၏ အရှိုက်တည့်တည့်အား မြင်းကန် ခံလိုက်ရသည့်နှယ် ကျဉ်တက်ကာသွား၏...သို့သော် အကြောပြောင်သည့်နေရာဝယ် အားကွေ့နှင့် နင်လားငါလားဖြစ်သူမို့. အပူရုပ်ကို ဟန်လုပ်ကာ ..
''ဟဲဟဲဟဲဟဲ.. မင်းကိုငါက စေတနာနဲ့ လျော့ပေါ့ပေးမိတာ ငါ့အမှားပဲ အားကွေ့ .. ဒီတခါတော့ မရတော့ဘူး... ''
နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီး လော်ကျင်းထျန်ကလည်း အစကပုဝူးလူသွဲ့၏ လက်ဝါးရိုက်ချက်ကြောင့် အားကွေ့မုချ သေမည်မှတ်၍ စောင့်ကြည့်နေရာမှ မစွံမှန်း သိတော့သဖြင့် ပြုံးစိစိမျက်နှာထားမှာ ပုံစံပြောင်းသွားပြီး အားကွေ့အား တိုက်ခိုက်ရန် ဟန်ပြင်လိုက်တော့သည်...
သို့နှင့် သုံးဦးသား မျက်နှာခြင်းဆိုင်ကာ ယှဉ်ပြိုင်ကြရန် တာဆူနေကြချိန်၌ ...
'''အကိုအားကွေ့ .. ဟာ ...ဒက်ပေါ....''
ဟူသော ၀ါးကြောအားဓါးဖြင့် ခြစ်ချလိုက်သည့်နှယ် အသံဆိုးကြီး တစ်သံကျယ်လောင်စွာ ထွက်ပေါ်လာပြီး .. လူတစ်အုပ် ကွင်းထဲသို့ ရောက်ရှိလာကြသည်... အားကွေ့အပါအ၀င် ရှိရင်းစွဲလူအပေါင်းမှာ သာယာနာပျော် ဖွယ်မရှိသော အသံဆိုးကြီးထွက်လာရာသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်.. အားကွေ့က ဆယ့်သုံးယောက်တိတိသော လူစုအား မြင်လိုက်သည်နှင့် ဖရဏာပီတိ ဂွမ်းဆီထိသည့်နှယ် စိတ်နှလုံးရွှင်ပြုံးသွားကာ ..
''ကိုင်း ဖားပြုတ်အိုနဲ့ နတ်ရွှေနဂါးဂိုဏ်းချုပ်ရေ .. နှစ်ပါးသွားလေးနဲ့ မကြွခင် ဘုရားတရားသာ တထားပေတော့...''
အားကွေ့၏ ခနဲ့သံနှင့် ရွှင်ပြုံးသော အမူအယာကို တွေ့လိုက်ရသော သိုင်းဝိဇ္ဇာနှစ်ဦးမှာ ၎င်း၏စစ်ကူရောက်လာပြီဟု အတပ်သိလိုက်ရသဖြင့် .. တစ်ယောက်နှင့်တစ်ယောက် ခေါင်းဆတ်ပြလိုက်ရင်း သူတို့၏ ဘုံရန်သူ အားကွေ့ဟူသော သူငယ်အား မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်ခြင်းနှုန်းနှင့် အတင်းဝင်ရောက် တိုက်ခိုက်လေတော့၏...
'' ဟူး...ဟူး...ဟူး...ဟူး..''
''၀ှစ်...၀ှစ်..''
လေတိုးသံနှင့်အတူ ညှပ်တိုက်ခိုက်လာမှုကြောင့် အားကွေ့မှာ အလျှင်အမြန်တိမ်းရှောင်လိုက်ရသည် .. တစ်ဦးခြင်းပင် အလောတိုက်ခိုက်ရမည်ဖြစ်ရာ ယခုကဲ့သို့ နှစ်ယောက်ပေါင်းတိုက်ခိုက်မှုကို တိမ်းရှောင်ရသည့်အလုပ်မှာ လွယ်လင့်တကူတော့မဟုတ်ပေ ..အနက်ရောင်လောက အနီရောင်အခန်းပါ အသက်ကယ်သိုင်းကွက်ကို အသုံးပြု၍ သေလုမျောပါး ရှောင်တိမ်းလိုက်ရခြင်းဖြစ်၏...
သို့သော်အားကွေ့ကံကောင်းပါသည် .. ပထမတိုက်ကွက်ပြီး၍ ဒုတိယ တိုက်ကွက် မလာခင် အချိန်လေး၌ ကူညီမည့်သူက ကြားထဲသို့ဝင်ရောက်လာ၍ပင်..
''၀ှီး....''
''ဖြောင်း ..''
တိုက်ပွဲကြားသို့ရိပ်ခနဲဝင်လာကာသူက အားကွေ့အား တိုက်ခိုက်နေသည့် လော်ကျင်းထျန်နှင့် ပုဝူးလူသွဲ့၏ လက်ဝါးရိုက်ချက်ကို ကြားမှ ခံဆောင်ပေးလိုက်သည်.. အားကွေ့က ထိုလူအားကြည့်ကာ ၀မ်းသာအားရဖြင့်...
''ဘကြီးနန်.....''
''အေး...ဟုတ်တယ်အားကွေ့ .. လမ်းမှာ လူမဲကြီးတွေကြောင့် နည်းနည်း ကြာသွားတယ်.. မင်းဒါဏ်ရာရသေးလား...''
အားကွေ့က သူ၏ပုခုံးအား ကုတ်ဆွဲလာသည့် ပုဝူးလူသွဲ့၏ တဖက်တည်း သော ယာဘက်လက်အား လက်ညိုးဖြင့်တောက်ဖယ်လိုက်ရင်း..
''..ထောက်..''
''ဒီလူတွေကအဆင့်နဲ့ကျွန်တော့်ကို ဒါဏ်ရာရအောင်လုပ်နိုင်ပါ့မလား ဘကြီးနန်ရဲ့..''
အားကွေ့က ပြိုင်ဘက်များ၏စိတ်ကိုဆွပေးသည့် စကားဖြင့် ရယ်သွမ်းသွမ်းကာ ပြန်ဖြေလိုက်ရာ ဘကြီးနန်က သဘောကျသွားသလောက် ပုဝူးလူသွဲ့နှင့်လော်ကျင်းထျန်၏ မျက်နှာမှာ မဲ့ကနဲဖြစ်သွား၏.. လော်ကျင်းထျန်မှာ သူ၏ဒေါသအား ဖော်ပြသည့်အနေဖြင့် နောက်မှကြားဝင်ရှုပ်လာသော အဘိုးကြီးအား ပဒေသာအတွင်းအားကိုးဆင့်အထိအသုံးပြု၍ ရင်ဝကို ထိုးချလိုက်လေသည်..
''အုန်း...''
ပေါက်ကွဲသံနှင့်အတူ သူ၏လက်သီးကအဘိုးကြီး၏ရင်ဝသို့ တန်းမတ်စွာ ၀ါးလုံးထိုးတိုးဝင်သွား၏... ဓါးနှစ်လက်လွယ်ပိုးထားသော ဘကြီးနန်ဟူသည့် အဘိုးကြီးက လက်သီးချက်ရင်ဝသို့ ထိလုထိခင်တွင် လက်ဝါးဖြင့်ရိုက်ဖယ်လိုက်သည် ..နောက်ကျမှ လှုပ်ရှားခြင်းဖြစ်သော်လည်း အဘိုးကြီး၏ လက်ဟန်က အရိပ်ပင် မထင်အောင် မြန်ဆန်လွန်းလှ၏...
''ဖောင်း...''
လက်ခြင်းအထိတွင်လော်ကျင်းထျန်မှာ ထိုအဘိုးကြီး၏အတွင်းအားကြောင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရပြီး ပါးစပ်အဟောင်းသားနှင့်..
''ခင်ဗျား ..ခင်ဗျားက ဘယ်သူလဲ...''
ထိုအမေးစကားကို ဘကြီးနန်ဟူသည့် အဘိုးကြီးက မဖြေဘဲ ပြုံးစိစိ လုပ်နေချိန်တွင် အိုစာသော အသံတစ်သံက ကြားဝင်၍
''ဟားဟားဟားဟား လော်ကျင်းထျန် မင်းကဂိုဏ်းချုပ်ကြီးတစ်ယောက် လုပ်နေပြီး တယ်လည်း ဗဟုသုတနည်းသကိုးကွ.. လွယ်ထားတဲ့ဓါးနှစ်လက်နဲ့ သိုင်းကွက်ကို မြင်တာနဲ့ အရိပ်မဲ့လက်နှစ်ဖက် တတိယမြောက်ဓါးရှင် သိုင်းဝိဇ္ဇာနန်စွန်း ဆိုတာကို တန်းသိနေရမှာကွ...''
လော်ကျင်းထျန်တင်မက အားကွေ့နှင့်တိုက်နေသူ ပုဝူးလူသွဲ့ပါ ဟိုက် ခနဲ အော်မြည်ရင်း တိုက်ပွဲကို ခဏရပ်လိုက်ကြသည်.. ထို့နောက် အသံရှင်အား လှမ်းကြည့်လိုက်ပြီးနောက် လော်ကျင်းထျန်က စိတ်ဓါတ်ကျသွားသည့်နှယ်..
''အလို ..ဆရာကြီးဟုန်းပါလား.. ''
''ဟဲဟဲဟဲဟဲ မင်းကငါ့ကိုတော့ မှတ်မိသားပဲ..''
လော်ကျင်းထျန်ရော ပုဝူးလူသွဲ့ပါ ထိုအဖြေစကားကြောင့် မထွေးနိုင် မအန်နိုင်ဖြစ်သွားကြပြီး အချင်းချင်းကြည့်၍ အခြေအနေမဟန်ဟု ခေါင်းယမ်းပြလိုက်ကြသည်.. ပုဝူးလူသွဲ့က ...
''ဒီညတော့ တကယ့်သိုင်းက၀ိတွေနဲ့ တွေ့ဆုံရတော့တာပဲဗျို့ .. သိုင်းလောကရဲ့ ပြိုင်စံရှား ဆရာကြီးနှစ်ပါးကို အရှင်လတ်လတ်မြင်ရတာ မင်္ဂလာရှိလိုက်တာဗျာ .. ခက်တာက ကျုပ်မှာ အရေးကိစ္စလေးရှိသေးတော့ အချိန်ပေးမဧည့်ခံနိုင်တာ ခွင့်လွတ်ဗျာ .. ''
ဟူ၍ မျက်နှာပြောင်တိုက်ပြောဆိုပြီးလျှင် မြေကြီးအား ခြေတစ်ဖက်ဆောင့်၍ ပါစင်တန်းအောင် ထွက်ပြေးသွားလေတော့သည်.. လော်ကျင်းထျန်မှာ မှုန်နေအောင် ပြေးသွားသော ပုဝူးလူသွဲ့၏ ကျောပြင်ကို ကြည့်၍
''ဆရာကြီးဟုန်း .. ကျွန်တော်လည်း သွားပြီးဗျို့...နောက်ကြုံမှ ပညာယူရသေးတာပေါ့..''
''၀ှစ်...၀ှစ်..၀ှစ်..''
နတ်ရွှေနဂါးဂိုဏ်းချုပ်ကလည်း ပုဝူးလူသွဲ့လိုပင် အခြေအနေကို တွက်ဆ တတ်သူဖြစ်ရာ အကျိုးမရှိသော တိုက်ခိုက်ခြင်းမျိုးကို ရှောင်ရှားလိုသူ ဖြစ်သည့်အတိုင်း အမိုက်ခံပြီး ရင်ဆိုင်မနေတော့ပါ .. စကားအဆုံး၌ သူလည်း ထွက်ပြေးသွားတော့၏..
ထိုအခါတွင်တော့ ကွင်းထဲတွင် အတွင်းဒါဏ်ကို တွန်းလှန်နေသော ဘုံကျောင်းဘုန်းကြီး ပြည်မသိုင်းသမားရှစ်ယောက်နှင့် အားကွေ့တို့အဖွဲ့သာ ကျန်ရစ်ခဲ့တော့သည်.. ထိုစဉ်ဟွားဟွားက ပြည်မသိုင်းသမားများဖက်လှည့်ကာ သူမ၏ဓါးကို ဝှေ့ယမ်းလိုက်ပြီး .. ..
''ရှင်တို့ကရော ဘာရပ်လုပ်နေကြတာလည်း အခုထိ မသွားကြသေးဘူးလား..''
ချစ်စဖွယ်ကောင်းသော မိန်းကလေးပါးစပ်မှ ရန်လိုသည့် အမူအယာကြောင့် ကုလားအုတ်ဖြူဂိုဏ်းချုပ်မှာ ဒေါသအမျက်ခြောင်းခြောင်းထွက်သွားသော်လည်း သူမ၏နောက်တွင် ရပ်နေကြသူ၏ ပြိုင်စံရှားသိုင်းစွမ်းကြောင့် ထွက်လာသော ဒေါသအား ပြန်လည်မြိုချလိုက်ကာ ထိုင်နေရမှ ထရပ်လျှက် ကွင်းထဲက ထွက်သွားလေတော့သည်..
ထန်သခင်မလေး ထန်ထန်းကတော့ မိန်းမသားဖြစ်သည်မို့ စွာတေးလန်မ အား ခွန်းတုံ့ပြန်ရန်အပြု ချင်အဲ့က သူမ၏ လက်ကိုဆွဲကာ ..
''မမထန်း ဒီကောင်မလေးက ငယ်သေးတာမို့ အပြောမတတ်တာနဲ့တူတယ် ခွေးရိုက်ချင်ရင်တောင် ခွေးရှင်မျက်နှာကို ကြည့်ရသေးတာပဲလေ .. အခုက အချိန်ကောင်း အခါကောင်းမှဟုတ်သေးတာ..နောက်လည်း သိုင်းလောကမှာ ပြန်ဆုံကြမှာပဲဟာကို .. ''
ထန်ထန်းက လရောင်အောက်တွင် မင်းညီမင်းသား တစ်ပါးနှယ်ခန့်ညား နေသော ချင်အဲ့၏ မျက်နှာကို ကြည့်ရင်း ခေါင်းညိမ့်ပြလိုက်ကာ ..
''မောင်လေးကတော့ လူတစ်ဖက်သားကို ဒေါသပြေအောင် သိပ်အပြော တတ်တာပဲ.. မောင်လေးကြောင့် အဲ့ကောင်မလေးကို ယာယီတော့ ခွင့်လွတ်ပေးလိုက်မယ် ..နောင်တချိန် သိုင်းလောကမှာ ပြန်တွေ့လို့ကတော့ ဒင်းကို နောင်ကျဉ်သွားအောင် ကောင်းကောင်းကြီးဆုံးမပေးရမယ် ..ဒါမှ ဒင်း ဆက်မထောင်လွှားနိုင်မှာ ...''
အမာရွတ်အပါဝင် ရသေ့ငါးယောက်ကလည်း သမီးလောက်အရွယ် ခလေးမငယ်၏ မောက်မာမှုကို ဆုံးမချင်သေးသော်လည်း ချင်အဲ့၏ မျက်ဖြေစကား ကြောင့် ဒေါသကို မြိုသိပ်ကာ တောင်အောက်သို့ ပြေးဆင်းသွားကြလေသည်..
ချင်အဲ့နှင့် ထန်ထန်းကလည်း ရသေ့ကြီးများနောက်မှ လက်တွဲကာ လျှောက်လှမ်းသွားကြ၏...
သိုင်းသမားခုနှစ်ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အခါ အားကွေ့က ဟွားဟွားအား ..
''ငါ့ညီမရဲ့ အာဏာက တယ်ထက်ပါလား ..ကြည့်စမ်း သိုင်းလောကရဲ့ အကျော်ဒယေးတွေတောင် ကြောက်ပြီး ပြေးသွားကြပြီ.. ''
ဟွားဟွားကသူ့အား အရူးဘုံမြောက်လုပ်ပေးနေသည့် အားကွေ့အနီးသို့ပြေးသွားရင်း ..
''အကိုအားကွေ့ကိုမေးစရာရှိလို့ ..ညီမတို့လေ တောင်ပေါ်ကို တက်လာတော့ လူမဲကြီးတွေနဲ့တွေ့တယ် .. အဲ့လူမဲကြီးတွေက သိပ်ကြောက်စရာ ကောင်းတာပဲ .. ဟွားဟွားက အကိုအားကွေ့သင်ပေးတဲ့ သိုင်းနဲ့ဗိုက်ကို ခုတ်တာတောင် ဘာမှမဖြစ်ဘူး .. ''
အားကွေ့က ဟွားဟွား၏မွေးပျံ့သောခေါင်းကို ပွတ်သပ်လိုက်ကာ ..
''ငါ့ညီမကလူမဲကြီးတွေကို ဓါးနဲ့ထိအောင်ခုတ်နိုင်တာ တော်တာပေါ့ ..ဒက်ပေါဆို လူမဲကြီးလက်ချက်နဲ့ အသက်ထွက်ခါနီးပြီ.. ဟိုးမှာ ဆေးတိုက်ထားရတယ်.. အကိုလည်း သူတို့လက်ချက်နဲ့ ကံကောင်းလို့ မသေတာ .. ဒက်ပေါသာမကယ်ရင် သေတာကြာပေါ့ ..''
ဟွားဟွားက သွားကျိုးပြုစုနေသည့် ဒက်ပေါအား လှမ်းကြည့်လိုက်ပြီး ..
''ဒက်ပေါက အကိုအားကွေ့ကို ကယ်တယ် ..ဟုတ်လား ..မဖြစ်နိုင်တာ''
''ရှူး..ညီမလေးနောက်မှ ပြောပြမယ် ..ဟိုးမှာ ဆရာတော်ကို ဘဘဟုန်းနဲ့ဘကြီးနန်တို့ အတွင်းအားဆက်ကုပေးနေတယ် .. အခုချိန်မှာ အာရုံလွင့်သွားလို့မရဘူး .. တခုခုမှားတာနဲ့ သုံးယောက်လုံး ကိုယ်ကျိုးနည်း ကုန်လိမ့်မယ် .. ဒီတော့ အပြောလေးတွေလျော့ပြီး ရန်သူတွေလာရင် ကာကွယ်နိုင်အောင် အစီအစဉ်လုပ်ထားမှရမယ် .. ''
ဟွားဟွားက သုံးယောက်စီတန်းလျှက် တယောက်ကျောပြင်ကို တစ်ယောက်လက်ဖြင့်ထိကပ်ထားသည့် ဘဘဟုန်းတို့အား ငေးရင်း..
''ဒီအချိန်ကြီးမှတော့ ရန်သူမလာလောက်တော့ပါဘူး.. ''
''မထင်နဲ့ညီမလေး .. အကိုသိသလောက် တောထဲမှာ ပုန်းနေတဲ့ အဖွဲ့နှစ်ဖွဲ့ရှိသေးတယ် .. အခွင့်ကောင်းကို သွေးအေးအေးနဲ့စောင့်နေတဲ့ သူတွေ .. အဲ့လိုလူမျိုးတွေက သိပ်ကြောက်စရာကောင်းတယ် .. မိကျောင်းတို့လို ပင့်ကူတို့လို ရန်သူ့ အားနည်းသွားမယ့်အချိန်ကိုစောင့်ပြီး အမိအရဖမ်းတတ်တော့ သတိလစ် သွားရင် ခံလိုက်ရမှာသေချာတယ် .. ဒီတော့ အကိုက ဘဘဟုန်းတို့ ဆရာတော်ကို အကူအညီပေးနေတာပိုလွယ်သွားအောင် အတွင်းအားသွားဆက်ပေးလိုက်မယ် .. ညီမက သွားကျိုးတို့ တရှုံးတို့ကို ဦးဆောင်ပြီး အကိုသင်ပေးထားတဲ့ ၀င်္ကပါကွက်ကို အသင့်ပြင်ထား .. ရန်သူကတော့ သေချာပေါက်လာမှာပဲ .. ဒါပေမယ့် ငါ့ညီမ တားနိုင်မယ်လို့ အကိုအားကွေ့ယုံတယ်...''
ဟွားဟွားအား အားကွေ့က သေချာစွာမှာကြားပြီးနောက် ဘဘဟုန်းတို့နားသွားကာ လေးယောက်မြောက်နေရာတွင် ၀င်ထိုင်လိုက်ပြီး သုံးယောက်မြောက်နေရာတွင်ရှိ ဘကြီးနန်၏ ကျောပြင်အား လက်ဖြင့် ထိကပ်လိုက်၏ ... ထို့နောက် သူ၏ တကိုယ်လုံးတွင်ရှိ အတွင်းအားကို လှည့်ပတ်ကာ လက်အတွင်းသို့ စီးဝင်စေလိုက်သည်.. သူ၏ပူနွေးသော အတွင်းအားလှိုင်းတို့သည် ဘကြီးနန်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်ကာ ဘဘဟုန်းအား ဖြတ်သန်းလျှက် ဘုံကျောင်းဆရာတော်ထံ ရောက်ရှိသွားလေ၏..
ဟွားဟွားကလည်း သူမအားကြီးမြင့်သောတာဝန် ပေးအပ်ခြင်းခံလိုက် ရသဖြင့် မြောက်ကြွမြောက်ကြွဖြစ်ကာ သွားကျိုးတို့အား သွာရောက်နေရာချ ပေးနေသည်.. စွာတေးလန်မ ဖြစ်သောဟွားဟွားအကြောင်းသိသူများပီပီ ပြန်ပြောနေရင် သူတို့ပဲခံရမည်ဟူသာ သိသူများဖြစ်၍ သွားကျိုးတို့အဖွဲ့မှာ
အတွန့်မတက်ရဲ ဟွားဟွားဆရာလုပ်သမျှကို ခံနေရရှာ၏.. သို့နှင့် သူတို့လူတစ်စုမှာ လရိပ်အကုန် ရောင်နီပျိုးစမပျိုးစ အချိန်တွင် အလုပ်များနေကြတော့သည်..
ယင်းအခိုက်ကွင်းစပ်အကုန်တောထဲမှ ''ရွှီး''.. ဟူသော အသံနှင့်အတူ မီးမျှားကြီးတစ်စင်း ကောင်းကင်ပေါ်သို့ ထောင်တက်သွားသည်ကို ၀င်းပစွာ မြင်လိုက်ကြ၏..
ဟွားဟွားကထိုသည်ကို တွေ့လိုက်သည်နှင့် ဓါးဝင်္ကပါ၏ မျှားဦးနေရာသို့ ၀င်ရပ်လိုက်ပြီး ..
'' သွားကျိုး..တရှုံးနဲ့ ကြုံလောက်တို့အားလုံး အသင့်ပြင်ထားတော့ ရန်သူတွေလာတော့မယ် .. နင်တို့တွေ ငါ့စကားကို နားထောင်ကြနော် .. ငါခိုင်းတဲ့အတိုင်းလုပ် ...အကိုအားကွေ့က ငါ့ကို အပ်ထားတာ ..''
သွားကျိုး ဟိုက်ထုံးဂိုဏ်းခွဲမှူးတရှုံးနှင့်ပန်းနီနီဂိုဏ်းသားဟောင်း ကြုံလောက် တို့မှာ ဟွားဟွား၏ ဆရာလုပ်သံကြောင့် မျက်နှာကြီးရှုံ့မဲ့၍ ဓါးကိုယ်စီထုတ်ကာ အသင့်ပြင်ထားလိုက်ကြသည်.. သွားကျိုးကလေသံတိုးတိုးလေးဖြင့်...
''အကိုအားကွေ့ကတော့ကွာ .. မျောက်ကိုမှသလွန်အပ်ရတယ်လို့ ..ငါတို့တော့ နားကားပြီ...''
''သွားကျိုး ..နင်ပြောနေတာ ငါကြားတယ်နော်.. အကိုအားကွေ့နဲ့ ငါပြန်တိုင်မှာ .. ''
သွားကျိုးက ရယ်ကြဲကြဲနှင့်..
''နင်ကလည်း ငါက နင့်ကို ချီးကျူးနေတာပါဟ ..ငါတို့ဟွားဟွားက တကယ့်သူရဲကောင်းမကြီးအတိုင်းပဲလို့ ..''
ဟွားဟွားက ဟွန့် ကနဲ လုပ်ပြီး..
''သွားပါ ..အပိုတွေ ..နင်ငါ့ကို မျောက်နဲ့နှိုင်းလိုက်တာ ငါသိတယ် .. နင်တော့ ဒီပွဲပြီးတာနဲ့ နာဖို့သာပြင်ထား.. ''
ထို့သို့ ကြိတ်စကားများနေစဉ် တောအုပ်အတွင်းမှ လူဆယ်ငါးယောက် သူတို့ဆီသို့ ဦးတည်ကာ ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏..
ထိုသူများ၏ရင်ဘတ်တွင်တော့ အနီရောင်ချည်မျှင်များနှင့် ရေးထိုးထားသောဇာမဏီငှက်ပုံ က ထပျံတော့မည်နှယ် ရောင်နီအောက်တွင် တလက်လက်တောက်ပနေသည်..
ဟွားဟွားက သူမ၏ဓါးကို ၀င့်လိုက်ကာ ..
''သတိထားကြနော် .. အခုလာနေတာ သိုင်းလောကမဟာမိတ်အဖွဲ့ပဲ ''
===============
ခေါင်းကိုက်နေသည့်မို့ အမှားအယွင်းများရှိရင် သည်းခံကြကုန်ဗျား...
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၀C
ဟွားဟွားထိုသို့ သတိမပေးခင်ကတည်းက သွားကျိုးတို့မှာ ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားပြီးသားဖြစ်လေသည်.. မဟာမိတ်ဂိုဏ်းသားဆယ့်ငါးယောက်ကို ဦးဆောင်လာသူမှာ သူရဲကောင်းဇရပ်ပိုင်ရှင်ယွဲ့ကျိုးဖြစ်ပြီး သူ့ဝဲဘက်တွင် တပည့်ကျော် ဆောင်ကျင့်ဖုန်းက နေရာယူထား၍ ယာဘက်တွင်မူ တကိုယ်လုံးအနက်ရောင်ဝတ်ရုံကြီးနှင့် ငွေရောင်မျက်နှာဖုံးတပ်ဆင်ထားသော အရပ်ခပ်ပြတ်ပြတ် လူတစ်ယောက်ကလိုက်ပါလာ၏..
ယွဲ့ကျိုးက ဟွားဟွားတို့အနီးသို့ တိုးကပ်လာကာ ရှေ့မှကာ၍ ဓါးတရမ်းရမ်းလုပ်နေကြသူများကို ကြည့်၍..
''ဟိတ်.. ငါတို့ကသိုင်းလောကရဲ့ အဖြူအမည်းချိန်ခွင်လျှာကို ထိမ်းညှိပေးနေတဲ့ မဟာမိတ်အဖွဲ့အစည်းဆိုတာ မသိဘူးလား .. ဘေးဖယ်ကြစမ်း..''
ဟွားဟွားက ယွဲ့ကျိုး၏ ခြိမ်းခြောက်သံအပြည့်ပါနေသော လေသံအား မမူသည့်ဟန်ဖြင့်...
''သိုင်းလောကမဟာမိတ်အဖွဲ့အစည်း မကလို့ ဘာအဖွဲ့ ညာအဖွဲ့တွေကိုမှ ဂရုမစိုက်နိုင်ဘူး ...ရှင်တို့ အသက်မသေချင်ရင်တော့ ရှေ့တစ်လှမ်းဆက်တိုးမယ် မကြံနဲ့ မဟုတ်ရင် အိမ်ကို ခေါင်းမပါဘဲ ပြန်သွားရလိမ့်မယ် ..''
ယွဲ့ကျိုးက ကက်ကက်လှန်အောင် ပြန်ခံပြောနေသော မိန်းကလေးအား အလင်းရောင်ပြပြကြားမှာ သေချာစွာစိုက်ကြည့်ပြီး...
''ဟဲ့ တယ်စွာတဲ့ မိန်းကလေးပါလား ..နင့်ကိုငါတွေ့ဖူးပါတယ်.. အဝေးရောက်လက်သီးရဲ့ တူမမဟုတ်လား..''
ဟွားဟွားက သူမထုံးစံအတိုင်း ဟွန့် ကနဲလုပ်လိုက်ကာ ..
''အဝေးရောက်လက်သီးကျောက်ကျူးထင်ရဲ့ တူမလို့သိပြီးတာတောင် ရှင်က အမိုက်ခံပြီး ရှေ့ဆက်တိုးအုံးမယ်ဆိုရင် ..ဟွားဟွားအကြောင်းကောင်းကောင်း သိရမှာပေါ့.. ''
ယွဲ့ကျိုးမှာ ကျောက်ကျူးထင်အား ရွံ့သူ တစ်ယောက်ဖြစ်သောကြောင့် အကျပ်ရိုက်သွားသော်လည်း တပည့်တပန်းများရှေ့ မဖော်ပြလိုသည်နှင့်
''နင့်ဦးကြီးတောင် ငါ့ကိုဒီလိုရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံဝံ့ဘူးဆိုတာ မသိလျော့သလား ကလေးမ.. ဒီတစ်ခါတော့ မလိမ္မာသေးတဲ့ ကလေးအရွယ်မို့ ရှိစေတော့ .. အခုငါကောင်းကောင်းမွန်မွန်ပြောနေတုန်း ဓါးချပြီး အိမ်ပြန်သွားတာ ကောင်းလိမ့်မယ် ..မဟုတ်ရင် နင့်ဦးကြီးမျက်နှာလည်းငါထောက်မှာ မဟုတ်ဘူး..''
ဟွားဟွားမှာ မွေးကတည်းကအလိုလိုက်ခံထားရသူပီပီ အလိုက်ကမ်းဆိုး တစ်စက်မှမသိသူလည်းဖြစ်..အနိုင်ယူလာသည်သူလည်းဖြစ်ရာ ယွဲ့ကျိုးလောက်တော့ သူမ မမူပေ... ထို့ကြောင့် အကျည်းတန်လှသော ယွဲ့ကျိုး၏ မျက်နှာကို စေ့စေ့ကြည့်၍ ..
''ဟွန့် .. ရှင်ကများပြောနေရသေးတယ် .. ၀ူပေမှာတုန်းက သွားကျိုးလက်ချက်နဲ့အသက်ထွက်ကာနီး သေနာအိုကြီးကများ .. နာမည်ကိုလည်း သေချာမှတ်ထား ဟွားဟွားတဲ့ သွားကျိုးလိုတော့ ညှာတာလိမ့်မယ် မထင်နဲ့ ... ''
သွားကျိုးကဟွားဟွား၏ပြန်ပက်သံအဆုံးတွင် ..
''ဟားဟားဟားဟား.. ပြောလိုက်စမ်း ဟွားဟွား ..၀ူပေမှာ ငါသနားလိုက်လို့ အခုထိထမင်းစားခွင့်ရထားတဲ့ ဇရပ်ပိုင်ရှင်ကို .. ''
ထိုအခါမှပင် ယွဲ့ကျိုးက ရာဇ၀င်ကြွေးဆပ်ရန်ကျန်သေးသော သွားကျိုးကို မြင်သွားသဖြင့် ယမ်းပုံမီးကျဖြစ်ကာ ..
''ကိုင်းကွာ အခန့်သင့်ချင်တော့ ပျိုးချတုန်း မိုးရွာချိန်နဲ့မှ လာတိုးနေတယ် .. ဟေ့ကောင်ကတုံးပေါက် မင်းအတွက်တော့ မနက်ဖြန်ဆိုတာ ဘာကြီးလဲလို့ တမလွန်မှာသွားမေးရတော့မကွ.. ''
သွားကျိုးကရယ်ဟဟနှင့်ပင်..
''အမှတ်မရှိတဲ့လိပ်အိုကြီးလို တခါအဖမ်းခံရတာကို မမှတ်ဘဲ ကွန်ချက်ရှိရာကိုပဲ ပြန်လာချင်တော့ ကျုပ်ကလည်း ပုံပြင်ထဲကတံငါသည်လိုမျိုး နိဂုံးချုပ်ပေးရမှာပေါ့ဗျာ.. ''
ယွဲ့ကျိုးက သွားကျိုး၏စကားကြောင့် စိတ်လက်မာန်ပါ ၀င်တိုက်ခိုက်တော့မည်အပြု.. သူ၏ယာဘက်ရှိငွေရောင်မျက်နှာဖုံးနှင့်လူမှ သူ၏လက်ကိုဆွဲကာ နှစ်ယောက်သားကြားရရုံလေသံလေးနှင့်
''ဇရပ်ရှင်ကြီး အပရိကအသေးအမွှားတွေနဲ့ဖက်ပြီး ပြိုင်တုနေလို့မရဘူး ... လိမ္မာတဲ့သူဆိုတာ စိတ်ခံစားချက်ကို ဖုံးကွယ်တတ်ရမယ် .. ငါးကြီးကြီးဖမ်းတဲ့နေရာမှာ ငါးသေးနုတ်တွေကို ပယ်သင့်ပယ် .. ငါးစာအဖြစ်သုံးတန်သင့်သုံးရတယ်ဗျ ..''
မျက်နှာဖုံးရှင်ကနားချပြီးနောက် အားကွေ့တို့ဘက်သို့ မေးဆတ်ပြလိုက်ပြီး...
''ဟိုးမှာကြည့် ငါးကြီးနဲ့တူတဲ့လူလေးယောက် .. အတွင်းအားဒဏ်ကို တွန်းလှန်ဖို့ ကျိုးစားနေကြတာ အခုမှအစပဲရှိသေးတယ် ... ခင်ဗျားလည်း ဒီလောက်ကတော့နားလည်မှာပါ .. အတွင်းအားဆက်ကုသတဲ့ အစပိုင်းမှာ ရပ်ထားလို့ အချိန်မီသေးတယ် .. အဲ ..အလယ်ပိုင်းရောက်တဲ့အချိန်ဆို ရပ်လိုက်တာနဲ့ လေးယောက်လုံးအတွင်းဒါဏ်ရကုန်လိမ့်မယ် ..အဆုံးပိုင်းရောက်ရင်တော့ အာရုံတောင်ပြန့်လွင့်လို့မရဘူးဆိုတာ .. တကယ်လို့ အခုနေသာ ဒီကောင်မလေးတို့အဖွဲ့ကို နစ်နာသွားအောင်လုပ်လိုက်တာနဲ့ သူတို့အတွင်းအားဆက်တာကို ဖျက်ပြီး ကျုပ်တို့ကို လာတိုက်မှာပဲ ..အဲ့ခါကျ ကျုပ်တို့လူအုပ်နဲ့ ဘယ်လိုမှ ဖက်ပြိုင်လို့ရမှာမဟုတ်တော့ဘူး.. ဒီတော့ သူတို့အတွင်းအားဆက်တာ အလယ်ပိုင်းလောက်ရောက်မှ လှုပ်ရှားကြတာပို အဆင်ပြေလိမ့်မယ်.. ''
ယွဲ့ကျိုးက မျက်နှာဖုံးရှင်၏စကားကြောင့် ဆိုးလှသော မျက်နှာပေါ်တွင် အကျည်းတန်သော အပြုံးတပွင့် ပေါ်ပေါက်လာရပြီး တိုနှံ့နှံ့ မုတ်ဆိတ်များကို ပွတ်ကာ ...
''ဟီးဟီးဟီးဟီး မိတ်ဆွေကြီးသတိပေးလို့တာပေါ့ .. မဟုတ်ရင် ကျုပ်က ဒင်းလေးတို့ကို အစိတ်စိတ်အမွှာမွာဖြစ်အောင် လုပ်တော့မလို့...''
သူတို့နှစ်ယောက်တွတ်ထိုးတွတ်ထိုး သဖန်းပိုးလုပ်နေသည်ကို ကြည့်၍ မြင်ပြင်းကတ်နေပြီဖြစ်သော ဟွားဟွားမှာ ...
''တရှုံး.. ကြုံလောက်နဲ့သွားကျိုး ငါပြောတာကိုနားထောင် .. တရှုံးက နင့်လူတွေနဲ့ဘယ်ဘက်တန်းမှာနေရာယူ .. ကြုံလောက်ကလည်း နင့်လူတွေနဲ့ ညာဘက်တန်းမှာ နေရာယူထား .. အလယ်မှာ ငါနဲ့ သွားကျိုးနဲ့နေမယ် .. ငါ့ပါးစပ်က စ လို့အော်တာနဲ့ လှုပ်ရှားနော်.. ''
''ဟွားဟွား သူတို့ကလူဦးရေများတော့ သူတို့ကျောခြင်းကပ်တိုက်ရင် ငါတို့တတွေ အခက်ကြုံမယ်နဲ့တူတယ် .. ''
သွားကျိုး၏အပြောကို ဟွားဟွားက ..
''နင်အဲ့လို အ လို့အကိုအားကွေ့က နင့်ကို မဦးဆောင်ခိုင်းတာ .. အကိုပြောတာနင်မကြားလိုက်ဘူးလား .. ၀င်္ကပါကွက်မှာ စစ်ပရိယာယ်ပါတယ်ဆိုတာ
... နင့်ကိုနောက်ကျောကတိုက်လို့ပြောတာက ဥပမာတစ်ခုထဲထုတ်ပြတာ ..အခုလို လူအင်အားကွာတော့ သူတို့အဖွဲ့ကို သပ်လျှိုပြီးတိုက်ရလိမ့်မယ် .. သူတို့အဖွဲ့ နှစ်ခြမ်းကွဲသွားအောင် အချိတ်အဆက်ပြုတ်သွားအောင်လုပ်ရမှာ ..''
''လွယ်ပါ့မလား ဟွားဟွား သူတို့ကသေချာပေါက်ငါတို့ကို ၀ိုင်းမှာပဲ..''
ဟွားဟွားက နှာခေါင်းကိုရှုံ့ပြလိုက်ပြီး...
''နင်ကယောင်္ကျားမဟုတ်တဲ့အတိုင်း ပစိပစပ်သိပ်များတာပဲ .. .. သူတို့က လူအားနဲ့ငါတို့ကိုစက်ဝိုင်းပုံဝိုင်းတိုက်မှာနင်မပြောနဲ့ ကလေးတောင်သိတယ် .. အခုငါပြောသလိုသာလုပ် .. စကားဆက်မရှည်နဲ့တော့ .. ငါစသုံးမယ့် ၀င်္ကပါပုံစံက သိုင်းပုံစံအကွက်ငါး ..မျှားဦးပမာ စစ်ဆင်ရာ ဆိုတဲ့အကွက် . .. နင်နဲ့ငါနဲ့က မျှားဦး ..ငါတို့နှစ်ယောက်ဘေးမှာ ပန်းလိုက်လာမှာကတရှုံးနဲ့ကြုံလောက်တို့တတွေ.. စက်ဝိုင်းထဲငါတို့ဝင်ပြီဆိုတာနဲ့ တရှုံးနဲ့ကြုံလောက်က ဘယ်ညာနေရာပြောင်းလဲမယ် .. သိတယ်မို့လား .. ''
''သိတာပေါ့ ငါတို့ဘယ်နှစ်ကြိမ်ရှိပြီလည်း ဒီအကွက်ကို ကျင့်လာတာ ..ြိပိုင်ဘက်ကို မျက်စိလည့်စားခြင်းနဲ့ အကြောင်ရိုက်ခြင်း ..အားနည်းချက်ကို အမိအရဖမ်းခြင်း အဲ့သုံးချက်က မျှားဦးပမာပုံစံရဲ့အသက်ပဲဟာကို .. ''
''နင်သိရင်ပြီးတာပဲသွားကျိုး ....ပြီးတော့ နင်ရော ..ကျန်တဲ့သူတွေရော ကိုယ်သုံးရမယ့် သိုင်းကွက်တွေကိုလည်း မမေ့ကြနဲ့အုံးနော် .. ''
ယခုမှ ပူးတွဲဝင်္ကပါကို နဖူးတွေ့ဒူးတွေ့အသုံးပြုရမည်ဖြစ်ရာ သူတို့တစ်ဖွဲ့လုံးစိတ်လှုပ်ရှားနေသည်ကတော့ အမှန် .. တောင်ပေါ်သို့တက်လာစဉ်က လူမဲကြီးများနှင့်ရင်ဆိုင်ခဲ့ရသေးသော်လည်း ဘဘဟုန်းနှင့်ဘကြီးနန်သာ ဦးဆောင်သွားသည်မို့ သွားကျိုးတို့အဖွဲ့မှာ ပါသည်ဆိုရုံမျှသာ ..လူမဲကြီးများအား ဟွားဟွားအလစ်ဝင်တိုက်ခိုက် လိုက်ခြင်းသာရှိ၏...
ဟွားဟွားက ၀င်္ကပါဓါးဟန်ကိုပြင်ဆင်လိုက်ရင်း..
''စတိုက်....''ဟူ၍အော်ဟစ်လိုက်သည်နှင့်..
''ကျား...ဟိတ်..''
''၀ှစ်...၀ှစ်..၀ှစ်...''
''ထန်း...ထန်း..ထန်း..''
ဟွားဟွားတို့ကလက်ဦးမှုရယူကာ တိုက်လိုက်သော်လည်း တဖက်က ၀ါရင့်သိုင်းသမားများဖြစ်ရာ ကြောင်ခြင်းငေးခြင်းမရှိပေ .. ယွဲ့ကျိုး၏တပည့်ကျော် ဆောင်ကျင့်ဖုန်း ကိုယ်တိုင်သိုင်းသမားများကို ဦးစီး၍ ရှေ့ဆုံးမှ ဦးဆောင်လာသော ဟွားဟွားအားခုခံလိုက်လေသည်.. ငွေရောင်မျက်နှာဖုံးရှင်နှင့်ယွဲ့ကျိုးတို့မှာ သူတို့၏ အစီအစဉ်ပျက်မည်စိုး၍ အနောက်၌သာရပ်ကာ အခြေအနေတရပ်လုံးကို သုံးသပ်နေကြသည်..
ဆောင်ကျင့်ဖုန်းက မိုးသောက်အလင်းရောင်အောက်တွင် ဖူးငုံစပန်းလေးသဖွယ် လှပနေသည့်မိန်းမပျိုလေးထံမှ ရက်စက်သောဓါးချက်များ ထွက်ပေါ်နေသည်ကို မယုံနိုင်အောင်ဖြစ်နေမိ၏..
သူရဲကောင်းဇရပ်ပိုင်ရှင်၏သားတပည့်အရင်းခေါက်ခေါက်မို့ ဆောင်ကျင့်ဖုန်းလည်း အညံ့စားသိုင်းသမားတော့မဟုတ်ပါ.. ထို့ပြင် ငွေရောင်မျက်နှာဖုံးစွပ် ဆရာထံမှ ပညာရင်နို့သောက်စို့ထားသေးရာ ထိပ်တန်းအဆင့် မရှိသော်ငြား ပထမတန်းစားသိုင်းသမားဟူ၍ဆိုနိုင်ကဆိုဖွယ်ရှိသေး၏ .. ထိုကဲ့သို့ သိုင်းပညာများကို ဆည်းပူးထားသည့်တိုင် အနှီချစ်စဖွယ်မိန်းကလေး၏ ဓါးချက်များကို အလောကာကွယ်နေရသည်..
ဟွားဟွားကတော့ ဆောင်ကျင့်ဖုန်းနှင့်ဆန့်ကျင်ဖက်ပင် .. ရက်ပိုင်းကမှ သင်ယူထားသော တဖက်ကန်းရသေ့၏ အကြင်နာမဲ့ဓါးသိုင်းဖြင့် ပြိုင်ဘက်အား နလန်မထူနိုင်အောင် လွှမ်းခြုံထား၏..
သူမလိုပင် သွားကျိုးကလည်း ရန်သူသုံးယောက်အား တပြိုင်နက် ယှဉ်နေရသည့်တိုင် အသာစီးကတိုက်ခိုက်နေနိုင်သေးသည်.. ထို့ပြင် တရှုံးနှင့် ကြုံလောက်တို့အဖွဲ့ကလည်း အခြေအနေမဆိုးလှ..
ထိုစဉ်
''ဆောင်ကျင့်ဖုန်း ၀င်္ကပါသိုင်းကွက်သုံးပြီး အချိန်ဆွဲထားဟေ့..''
ဟူသောသတိပေးသံက မျက်နှာဖုံးစွပ်ထံမှ ထွက်ပေါ်လာသည်..
ဆောင်ကျင့်ဖုန်းကလည်း သတိပေးသံအဆုံး၌ ပါးစပ်မှ လေချွန်သံတစ်ချက်မှုတ်လိုက်၏...
''ရွှီး... ''
ဆောင်ကျင့်ဖုန်းထံမှ အချက်ပြသံကြောင့် မဟာမိတ်ဂိုဏ်းသားများက ဟွားဟွားတို့အားကြုံသလိုခုခံနေရာမှ ၀ိုင်းဝန်းမိရန် အချိတ်အဆက်မိမိဖြင့် တိုက်စစ်သို့ပြောင်းလဲလိုက်ကြသည်..
ဟွားဟွားနှင့်သွားကျိုးတို့မှာ သူတို့တိုင်ပင်ထားကြသည့်အတိုင်းပင် မဟာမိတ်ဂိုဏ်းသားတို့အား အ၀ိုင်းခိုင်းလိုက်၏..
ဆောင်ကျင့်ဖုန်းက သူ့အဖွဲ့သားများ နေသားတကျဖြစ်သွားသည်နှင့် တိုက်ပွဲကို ထိမ်းချုပ်မိပြီဟုယူဆကာ သူ၏နှုတ်ခမ်းမွှေးစစအောက်မှနှုတ်ခမ်းအား အပေါ်သို့ပင့်တင်ပြုံးလိုက်ပြီး..
''မိန်းကလေးရေ .. အခုချိန်မင်းတို့လက်နက်ချလိုက်ရင် အသက်မဆုံးရှုံးစေရဘူးလို့ ငါအာမခံတယ် ..''
ဟွားဟွားကအပိုင်တွက်ပြောနေသော ဆောင်ကျင့်ဖုန်းအား
''ခစ်..ခစ်..ခစ်..ခစ်.. ရှင်က လေကတော့တော်တော်ထွားပါလား .. အနိုင်အရှုံးဆိုတာ ပွဲပြီးမှ အဖြေပေါ်တာဟဲ့ ..ကာလနာရဲ့ .. စောင့်ကြည့်လိုက်အုံး ..''
ဆောင်ကျင့်ဖုန်းအားပြန်ပက်ပြီးသည့်နောက် ဟွားဟွားက သူမ၏၀ဲဘက်လက်အား ထောင်ြပလိုက်ပြီး..
''သွားကျိုး..တရှုံး..ကြုံလောက်.. နေပျောက်လကွယ်မုန်းပင်လယ်ဝင်္ကပါဟေ့...''
သူမ၏ညွန်ကြားသံအဆုံး၌ ဓါးရောင်များ တဖြတ်ဖြတ်လင်းလက်ကာသွား၏..
သွားကျိုးတို့၏သွက်လက်သောဓါးရိပ်များကြောင့် ဘော်ငွေရောင်လက်တောက် သွားခြင်းပင်..
ရက်ပိုင်းမျှသာ လေ့ကျင့်ခဲ့ကြသော်လည်း သင်ကြားသူ၏ထက်မြက်မှု သင်ယူသူတို့၏ လိုချင်တက်ကြွမှုတို့ကြောင့် ၀င်္ကပါသိုင်းကွက်များက အပိုအလိုမရှိ ကွက်တိကျနေ၏..
''ထန်း...ထန်း..ထန်း..ထန်း..''
''၀ှစ်...၀ှစ်...၀ှစ်..''
''ချွမ်း..''
ခုတ်သံထစ်သံ သံသံခြင်းပွတ်တိုက်သံများက ဆူညံပွက်လောရိုက်ကာနေသည်
မဟာမိတ်ဂိုဏ်းသားများမှာ နေရာအသာစီးယူ၍ ၀ိုင်းကြီးပတ်ပပတ်ဒူဝေေ၀ လည့်ပတ်တိုက်ခိုက်နေသော်လည်း ပြိုင်ဘက်အဖွဲ့၏ ဆန်းပြားသော ဗျူဟာကြောင့် စတင်လိုက်သည်နှင့် အောက်စီးသို့လုံးဝရောက်သွားသည်.. ဟွားဟွားတို့ကမူ မျှားဦးပုံမှ ရုတ်တရက်လူခွဲကာ ကတ်ကြေးကိုက်ပုံပြောင်းလိုက်ကြ၏..
ဓါးသိုင်းကွက်များကိုလည်း ခုတ်ဓါး မိုးဓါး ပယ်ဓါး ၀ိုက်ဓါး ပင့်ဓါး အစရှိသော အရှိန်ယူရသောဓါးကွက်များကို လုံးဝအသုံးမပြု .. အရှိန်မယူရ၍ ဓါးချက်ပိုမိုမြန်ဆန်သော ထိုးသွင်းဓါးကွက်များအသုံးပြု၍ တရကြမ်းတိုက်ခိုက်လိုက်ရာ ..အကွက်နှစ်ဆယ်ခန့်အရောက်၌ ..
'''ဇွပ်...ဇွပ်..ဇွပ်...''
''အား....အား...အူး ..''
ဓါးချက်ထိုးသွင်းသံသုံးချက်ထွက်ပေါ်လာပြီးနောက် မဟာမိတ်သိုင်းအဖွဲ့မှ လူသုံးယောက် လဲပြိုကျသွားလေသည်..
ဆောင်ကျင့်ဖုန်းတို့၏ ၀င်္ကပါသိုင်းကွက်မှာလည်း ဟာသွားသော လူသုံးယောက်ကြောင့် အပြီးတိုင်ပျက်စီးခြင်းသို့ရောက်ရကုန်၏.. ပန်းများဖြင့် ကလူကြည်ဆယ် ပစ်ပေါက်ရသော ကစားပွဲမဟုတ်သည်မို့ ၀င်္ကပါပျက်သည်နှင့် ထိုးသွင်းချက်ဓါးများကြောင့် လူခြောက်ယောက်ထပ်မံ သေဆုံးသွားကြပြန်သည်..
''၀ှီး...၀ှီး..၀ှီး...''
''ဇွပ်...ဇွပ် ..ဇွပ်..''
''အား...အား...အ..''
သိုင်းကွက်ပေါင်းငါးဆယ် မပြည့်ခင်တွင်ပင် မဟာမိတ်သိုင်းဝင်္ကပါအား ပုံဖော်နေသည့် လူဆယ့်သုံးယောက်အနက် ဆောင်ကျင့်ဖုန်းတစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏..
ငွေရောင်မျက်နှာဖုံးရှင်နှင့်ယွဲကျိုးတို့မှာ ၎င်းတို့၏ မျက်လုံးများကိုပင် အယုံအကြည်မရှိနိုင်တော့ဘဲ .. မျက်စိများမှောက်ရော့သလားဟု သံသယ၀င်နေသည့် အသွင်ဖြစ်ကာ ငိုင်နေကြပြီး ..ခဏကြာမှ ယွဲ့ကျိုးက..
''ဘယ်လို ..ဘယ်လို ဖြစ်ကုန်တာလည်း မိတ်ဆွေကြီး ..ကျုပ်..ကျုပ် အမြင်မှားနေတာတော့မဟုတ်ပါဘူးနော်.. ''
ငွေရောင်မျက်နှာဖုံးရှင်ကလည်း ကျောက်ရုပ်သဖွယ်မင်သက်နေရာမှ
'' မဖြစ်ချင် မမြင်ချင်လည်း လက်တွေ့မှာတော့ ဒီအဖြစ်ကိုလက်ခံရမှာပဲ ဇရပ်ရှင်ကြီးရေ.. ကျုပ်တို့အဖွဲ့က ညံ့လွန်းတာမဟုတ်ဘူး ..သူတို့အဖွဲ့ရဲ့ ၀င်္ကပါကိုက အစွမ်းထက်လွန်းတာ .. သိုင်းပညာအရည်အချင်းအရဆိုရင် ပျမ်းမျှအားဖြင့် ကျုပ်တို့ဘက်ကတောင် ပိုသာသေးတယ် .. ဒါပေမယ့် အခုတော့ စုပေါင်းသိုင်းကွက် ငါးဆယ်တောင်မပြည့်လိုက်ဘူး ..ဆောင်ကျင့်ဖုန်းတစ်ယောက်ဘဲ ကျန်တော့တယ်.. ဘုရား.ဘုရား .. ဘယ်လို ၀င်္ကပါကွက်ကြီးပါလိမ့် .. အတွင်းအားမပါ .. သိုင်းကွက်အချိတ်အဆက်နည်းနည်းနဲ့ အချိန်တိုအတွင်း ပွဲသိမ်းနိုင်တဲ့ ဒီဝင်္ကပါကိုထွင်တဲ့သူဟာ လူသားမှဟုတ်ပါလေစဗျာ .. ''
သူတို့နှစ်ယောက်ဇောချွေးပြန်နေသည့်အချိန်တွင် ..ဟွားဟွားကတော့ သွေးများတောက်တောက်ယိုစီးကျနေသည့် သူမ၏ရှေးဟောင်းဆောင်ဓါးကြီးကို ၀င့်ကာ မျက်စိမျက်နှာပျက်နေသောဆောင့်ကျင့်ဖုန်းအား...
''ဘယ်နှယ်ရှိစ ..အသံတောင်မထွက်နိုင်တော့ပါလား ဆရာကြီး ..ပြောပါအုံး အထက်စီးကနေ .. ခစ်ခစ်ခစ်.. ''
ဆောင်ကျုင့်ဖုန်းမှာ ပြောစရာစကားရှာမတွေ့သည့်နှယ် အကျပ်ရိုက်နေစဉ်
''ဖြောင်း..ဖြောင်း..ဖြောင်း..ဖြောင်း..''
''ကောင်းလိုက်တဲ့ ၀င်္ကပါသိုင်းကွက် ..တော်လိုက်တဲ့အဖွဲ့ ... သိုင်းလောကမှာကျင်လည်လာခဲ့တာ နှစ်ပေါင်းကြာလှပြီ ဒီနေ့လောက်ထူးဆန်းတဲ့ ၀င်္ကပါသိုင်းကွက်ကို မမြင်ဖူးဘူး.. ကျုပ်ကြွားပြောတာလည်း မဟုတ်ဘူး မြောက်ပြောတာလည်း မဟုတ်ဘူး .. ကျုပ်တို့ မဟာမိတ်သိုင်းအဖွဲ့ရဲ့ ၀င်္ကပါသိုင်းကွက်ဟာ လုံးဝအဆင့်နိမ့်တဲ့ သိုင်းအမျိုးအစားမဟုတ်ဘူး.. ဒါကိုတောင် သိုင်းကွက်ငါးဆယ် မရောက်ခင် အပြတ်ဖြတ်နိုင်တယ်ဆိုတော့ ..လုံမလေးရဲ့ သိုင်းဝင်္ကပါကို မျက်မှောက်ခေတ်ရဲ့ အဆန်းပြားဆုံးသိုင်းဝင်္ကပါလို့ သတ်မှတ်လို့ရနိုင်တယ် .. ''
လက်ခုပ်သံနှင့်အတူ ဟွားဟွားတို့ဆီ စကားပြောရင်းလျှောက်လာသူက ငွေရောင်မျက်နှာဖုံးရှင်ဖြစ်လေသည် .. ၀တ်ရုံနက်အောက်မှ ကိုယ်ခန္ဓာမှာ ပိန်လှီလှသော်လည်း ထူးခြားသော ကိုယ်ဟန်ကြောင့် အဟန့်ကောင်းလှ၏.. ထိုလူကပင်ဆက်လက်ကာ ..
''ဒီလိုထက်မြက်တဲ့သိုင်းဝင်္ကပါကိုမြင်ရက်နဲ့ မစမ်းသပ်မိဘူးဆိုရင် ကျုပ်ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ တနုံ့နုံ့နဲ့နောင်တရနေမှာသေချာတာမို့ အဲ့လိုမဖြစ်ရလေအောင် မိန်းကလေးတို့ရဲ့ ၀င်္ကပါကို ကျုပ်ကစမ်းသပ်ကြည့်ချင်သကွဲ့''
ဟွားဟွားက သူမ၏နဖူးစပ်သို့ဝဲကျနေသော ဆံနွယ်တို့ကိုအပေါ်သို့သပ်တင်လိုက်ရင်း..
''သေမှာမကြောက်ရင်တော့ သိုင်းဝင်္ကပါထဲကိုဝင်လာခဲ့ပေါ့ရှင်...''
ငွေရောင်မျက်နှာဖုံးရှင်ကဟွားဟွား၏စကားအဆုံး၌ ကြည်လင် ၀င်းပစပြုနေပြီဖြစ်သော ကောင်းကင်ကြီးအားမော့ကြည့်ကာ..
''ဟားဟားဟားဟား....ဟားဟားဟားဟား...''
အတွင်းအားအပြည့်ပါသော အသံကြီးနှင့်အော်ဟစ်ရယ်မောလိုက်၏..
ထိုရယ်မောသံကြောင့်ဟွားဟွားတို့တဖွဲ့လုံး နားစည်ကွဲမတတ်ခံစားလိုက်ရကာ ဒူးများပင်ညွတ်ခွေကာသွားသည်.. ဟွားဟွားမှာ မျက်စိမျက်နှာပျက်နေရင်းမှ သွားကျိုး၏လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်ပြီး ..
''အားလုံး တစ်ယောက်ပုခုံးကို တစ်ယောက်ကိုင်ပြီး အတွင်းအားလှည့်ပတ် ကူကြ .. ငါတို့ရဲ့ပင်ကိုယ်အတွင်းအားနဲ့ ခုခံလို့မရဘူး ..အားလုံးကူမှ ထိမ်းနိုင်လိမ့်မယ်.. ''
ဟွားဟွား၏သတိပေးသံကြောင့် သူတို့အားလုံး တစ်ယောက်ပုခုံးပေါ် တစ်ယောက်လက်တင်ကာ ရှိသမျှအတွင်းအားတို့ကို လည့်ပတ်စေလိုက်သည် .. တစ်ယောက်ခြင်း ထိုအသံကို ခုခံရန်အတွင်းအား မပြည့်မီသော်လည်း သူတို့၏အတွင်းအားများကို ပေါင်းစုလိုက်သည့်အခါ ငွေရောင်မျက်နှာဖုံးရှင်၏ ရယ်မောသံကို ခုခံနိုင်သော အတွင်းအားထုကြီးတရပ်ဖြစ်ပေါ်လာလေသည်.. ထိုအခါမှပင် သူတို့၏တုန်ယင်နေသောနှလုံးခုန်သံပြန်မှန်လာကာ နေနသာထိုင်သာ ရှိသွားကြ၏..
ငွေရောင်မျက်နှာဖုံးရှင်ကမူ ရုပ်ရည်ချောမောလှပသကဲ့သို့ ဉာဏ်ရည်လည်း ထက်မြက်လှသော ဟွားဟွားအား အနည်းငယ်ရှိန်းသွားပြီး...
''အင်း..နောက်တက်ကလေးတွေကိုလည်း သတိမထားလို့မရပါလား .. ဒီကလေးမလေးဆို အသက်ဘယ်လောက်ရှိအုံးမှာမို့လို့လည်း .. ဒါပေမယ့် ဘယ်သူမှ မစဉ်းစားမိတဲ့အရာကို လျှပ်တပျက်တွေးပြီး ချက်ခြင်းအကောင်အထည် ဖော်လိုက်နိုင်တယ် ..ငါပေါ့ပေါ့ဆဆတော့ လုပ်လို့မဖြစ်ချေဘူး .. ''
ငွေရောင်မျက်နှာဖုံးရှင်တွေးတောနေသကဲ့သို့ ဟွားဟွားကလည်း ..
''ဒီလူကြီးရဲ့ သိုင်းပညာကိုတောင် မမြင်ရသေးဘူး ..အတွင်းအားနဲ့တင် ငါတို့ရှုံးခါနီးပြီ .. တကယ်လို့ တိုက်ကြခိုက်ကြတဲ့အခါ သူ့အတွင်းအားနဲ့ ထိပ်တိုက် မတွေ့ဖို့တာ့လိုမယ် .. ''
တရှုံးနှင့်ကြုံလောက်တို့အဖွဲ့ကမူ ငွေရောင်မျက်နှာဖုံးရှင်အား မည်သို့မျှ မယှဉ်နိုင်ဟု သဘောပေါက်မိသောကြောင့် စိတ်ဓါတ်ကျသည့် အမူအယာများ မျက်နှာပေါ်တွင်အထင်းသား ထင်ပေါ်နေကြသည်...
ထိုသည်ကို မြင်သော သွားကျိုးက သူ့လူများ စိတ်ဓါတ်တက်ကြွလာစေရန်
''နောင်ကြီးတရှုံးနဲ့နောင်ကြီးကြုံလောက်တို့ အကိုအားကွေ့ပြောထားတာ မှတ်မိတယ်မို့လား .. ကျုပ်တို့ရဲ့ နွေပျောက်လကွယ်မုန်းပင်လယ် ဗျူဟာကွက်က သိုင်းပညာထက်မြက်တဲ့လူတွေကို အဓိကထားတိုက်ခိုက်ဖို့ တီထွင်ထားတယ်ဆိုတာ ..အခုတော့ ကျုပ်တို့တတွေ အဲ့လိုလူမျိုးနဲ့ နဖူးတွေ့ဒူးတွေ့ကြုံနေရပြီ .. အကိုအားကွေ့ပြောတဲ့စကား ဘယ်တုန်းကမှ မမှားဘူးတာ ခင်ဗျားတို့လည်း အသိသားပဲ .. ဒါ့ကြောင့်မို့ ကျုပ်တို့သာ မကြောက်မရွံ့နဲ့စည်းစည်းလုံးလုံးရှိမယ် ဆိုရင် ဒီလိုလူမျိုးဆယ်ယောက်ရှိလည်း အနိုင်ယူနိုင်မှာ သေချာတယ် ...ပြီးတော့ ဟိုမှာ ဟွားဟွားကိုကြည့် မိန်းကလေးလည်း မိန်းကလေး ကျုပ်တို့အထဲမှာလည်း သူအငယ်ဆုံး ဒါပေမယ့် စိတ်ဓါတ်ကျတဲ့ အမူအယာ တစက်မှမရှိဘူး .. ကျုပ်တို့က ယောင်္ကျားရင့်ကြီးပြီး အားလျော့နေမယ်ဆို ဘယ်လောက်ရှက်စရာကောင်းမလည်း ''
တရှုံးနှင့်ကြုံလောက်တို့လူစုမှာ သွားကျိုး၏စကားကြောင့် စိတ်အားတက် လာသည့်အပြင် တိမ်တောင်အောက်တွင် ဘာမထီဟန်ရပ်နေသည့် ဟွားဟွားအား ကြည့်ကာ သူမ၏ကြောက်ရွံ့ခြင်းကင်းသော စိတ်ဓါတ်များ ကူးစက်လာကြ၏
ဟွားဟွားက စိတ်ဓါတ်ရေးရာ မြင့်တင်ပေးသော သွားကျိုးအား အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး ..သူမ၏သန္တာရောင်နူတ်ခမ်းမှ
''မျက်နှာမပြရဲတဲ့ငွေရောင်မျက်နှာဖုံးနဲ့လူကြီး ကျွန်မတို့ကတော့ အသင့်ဖြစ်နေပြီ ..ရှင့်ရဲ့ အသံဆိုးကြီးနဲ့ရယ်နေတာကို ခဏရပ်ပြီး စလို့ရပြီ မဟုတ်ရင် ရှင်ရယ်ရလွန်းလို့ လိပ်ခေါင်းထွက်ပြီး အသံအိုးသာ ကွဲသွားလိမ့်မယ် ကျွန်မတို့ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူးရှင့်...''
ငွေရောင်မျက်နှာဖုံးရှင်က ဟွားဟွား၏ထိမိလှသော စကားကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ..
''ကောင်းပြီ မင်းတို့ရဲ့ ဓါးဝင်္ကပါကို အပြတ်ဖြိုဖို့ ငါလာပြီ .. ရော့ ..ဟေ့...''
''၀ှစ်...၀ှစ်...၀ှစ်.. ''
''၀ှမ်း...''
စကားအဆုံး၌ ငွေရောင်မျက်နှာဖုံးရှင်က လေထဲသို့ ခုန်တက်လိုက်ပြီး ၀င်္ကပါကွက်အလယ်သို့ စွန်ရဲကြီးသဖွယ် ခေါင်းထိုးလာကာ သူ၏လက်အစုံဖြင့် ဟွားဟွားနှင့်သွားကျိုးတို့အားရိုက်ချလိုက်သည်.. လက်ဝါးချက်မကျခင်ပင် ဟပ်လာသော လေလှိုင်း၏ သက်ရောက်မူကြောင့် နှစ်ယောက်သား တဘက်တချက်စီသို့ ခုန်ထွက် ရှောင်တိမ်းလိုက်ရ၏ ..
မိုးပေါ်မှ ပြုတ်ကျလာသလို တိုက်ခိုက်လာသဖြင့် မည်သို့တိုက်ခိုက်ရမည်မသိဘဲ ယောင်အအဖြစ်နေကြသော တရှုံးတို့ကြောင့် ဟွားဟွားတို့မှာ ငွေရောင်မျက်နှာဖုံးရှင်၏ တိုက်ကွက်အသာစီးရမှုကို ခံလိုက်ရသည်..
''ဟားဟားဟားဟား.. ကိုယ်တိုင်တိုက်ကြည့်မှ ထင်သလောက် အစွမ်းမထက်ပါလား.. ''
''ယား...''
''ဖောင်း..ဖောင်း..ဖောင်း..ဖောင်း..''
ဝါးအစည်းပြေနေသကဲ့သို့ဖြစ်နေသော အဖွဲ့အားပြန်လည် စုစည်းရန် ဟွားဟွားက တိုက်ခိုက်ခြင်းမပြုတော့ဘဲ နောက်ဆုတ်၍ ..
''သွားကျိုး .. နေမင်းရောင်ဖြာ နဲ့သူ့နောက်ကိုတိုက် .. တရှုံးတို့အဖွဲ့က ဘေးကနေ ထိုးဓါးကွက်သုံးပြီး ချိုင်း ..နဲ့ခါးကိုတိုက် .. ကြုံလောက်က ရှေ့ကနေတောင့်ထား .. ''
ဟွားဟွားခိုင်းသည့်အတိုင်း သွားကျိုးတို့ ကြိုးစားလိုက်ကြသဖြင့် ငွေရောင်မျက်နှာဖုံးရှင်မှာ အသာစီးမှတရစပ်မတိုက်နိုင်တော့ဘဲ သိုင်းကွက် နှစ်ဆယ်အတွင်း လက်ရည်မျှသွား၏ ..
ငွေရောင်မျက်နှာဖုံးရှင်မှာ သိုင်းပညာအတွင်းအားပညာ အစစအရာရာ သာနေသော်လည်း တောင်ကိုတိုက်၍မှမဆုံးသေး ...မြောက်က၀င်တိုက်လိုက် .. မြောက်ကိုပြန်လည့်ခုခံနေစဉ် အနောက်မှ ၀င်လာလိုက် .. အနောက်ကိုလည့်သော် အရှေ့မှ ထပ်တိုက်လိုက်နှင့်မို့ ချာလပတ်လည်ရမ်းနေသည်..
''တောက်... ဒီကောင်တွေရဲ့ သိုင်းဝင်္ကပါက တောခွေးအုပ်လိုပဲ ..ဆင်ရိုင်းတောင်မခံနိုင်အောင် အဖက်ဖက်က ၀င်ဆွဲနေတာ ..အခုလိုအတိုင်းသာ ဆက်သွားနေရင် ငါလုံးလုံးပါးရချည်ရဲု့ .. သိုင်းကွက်ပြောင်းမှ ..''
ဟုတွေးတောကာ တကိုယ်လုံးကို မွတ်နေအောင်လည်ပတ်လိုက်ပြီး ... လက်ဝါးနှစ်ဖက်ကို လေထဲသို့ တဖြောင်းဖြောင်းနှင့် ရိုက်ထုတ်လိုက်သည်...
''ဖြောင်း...ဖြောင်း...ဖြောင်း..ဖြောင်း..''
''အားလုံးဂရုစိုက်ပြီးရှောင်ထား .. လုံးဝအထိမခံနဲ့ ထိပ်တိုက်မတွေ့နဲ့ ''
အတွင်းအားလှိုင်းကြောင့် ဖရိုဖရဲ ဖြစ်သွားသဖြင့် ယာယီ အနားရသွားသော မျက်နှာဖုံးရှင်မှာ မြင်းထိုင်ပုံထိုင်ပြီး လက်ဝါးအစုံကိုရှေ့ထုတ်လိုက်၏.. ရှေ့သို့ထွက်လာသော လက်ဝါးအစုံမှာ ရဲရဲတွတ်နီနေသည်ကို သွားကျိုးကမြင်လျှင် ..
''အလို သွေးလက်ဝါးပါလား ....''

Comments
Post a Comment