အားကွေ့ အပိုင်း ( ၇၆ မှ ၈၀ ထိ )
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၆
လူမည်းကြီးသည် လက်ထဲတွင်ကိုင်ထားသော ကိုယ်တစ်ပိုင်းပြတ်ကို လွင့်ပစ် လိုက်ပြီး စုရုံးရုံးဖြစ်နေသော ပန်းနီနီဂိုဏ်းသားများထံခုန်ဝင်သွားလိုက်၏ ..
''၀ူး....၀ူး..၀ူး''
''ချွမ်..ချွမ်..''
''ခွပ်...ခွပ်''
ပန်းနီနီဂိုဏ်းသားများသည် သူတို့ထံဦးတည်လာနေသော လူမည်းကြီးအား ကြောက်ကန်ကန်ကာ ဓါးများနှင့်ထိုးခုတ်ကြသော်လည်း လူမည်းကြီးသူ၏လက်နှစ် ဘက်ဖြင့်ဝှေ့ရမ်းကာကွယ်လိုက်ရာ ဓါးများလွင့်စင်သွားသည် .. လူမည်းကြီးမှာ လက်နက်ကင်းမဲ့သွားသော သူများအား သရက်သီးမှည့်ခြွေသလို တဖြုတ်ဖြုတ်နှင့် ရိုက်သတ်နေ၏ .... အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှရာ တဒင်္ဂ အတွင်း၌ပင် လူပေါင်း ဆယ့်ငါးယောက်တိတိ သေဆုံးသွားသည်..
ရှု့ယီမှာ ထိုအဖြစ်အပျက်အား မင်သက်ငေးမောမိနေရာမှ သတိဝင်လာသည့် နှယ် သူ၏ခါးတွင် ချိတ်ဆွဲထားသော ခြူအား ဖြုတ်ကာ တီးလိုက်၏ ....
''ချွင်..ချွင်..ချွင်..''
''၀ူး..၀ူး..၀ူး''
လူမည်းကြီးမှာ ထိုခြူသံကို ကြားလိုက်ရသည်နှင့် တ၀ူးဝူးနှင့်အော်လိုက်ရင်း ငြိမ်သက်ကာသွားသည် ..
အသေးလေးနှင့် ကျန်ဂိုဏ်းသားတို့မှာ ထိုအခါကျမှ သက်မချနိုင်တော့၏ .. ရှု့ယီက ထိုလူမည်းကြီးနား တရွေ့ရွေ့ တိုးကပ်သွားကာ ... လက်တကမ်း အကွာတွင် ...
''ချွင်..ချွင်..ချွင်..''
''ဟေ့ကောင် မြင်းလှည်းကို ပြန်ထောင်စမ်း .. ''
လူမည်းကြီးမှာ ရှု့ယီအား စိုက်ကြည့်နေရာမှ အကြည့်လွဲလိုက်ပြီး လေးကန်သောခြေလှမ်းများနှင့် မြင်းလှည်းနားသို့ သွားလေသည် .. ထို့နောက် မြင်းလှည်းအားတည့်မတ်သွားအောင် ပြန်ထောင်လိုက်၏ ..မြင်းလေးကောင်အနက် တစ်ကောင်သေဆုံးသွားသော်လည်း ကျန်မြင်းများမှာ ပွန်းပဲ့သွားသည်မှအပ ကြီးကြီးမားမားဒါဏ်ရာမရပေ .. ရှု့ယီက ထိုလူမည်းကြီးအား ဆက်လက်၍
''အထဲဝင်စမ်း ..''
ဟု အော်ငေါက်လိုက်ရာ လူမည်းကြီးမှာ သံတံခါးကြီး ကိုဖွင့်လျှက်အထဲသို့ ၀င်သွားလိုက်၏ ... ရှု့ယီသည် အမြန်သံတံခါး အပြင်မှာ သံမင်းတုပ်ကို ဆွဲချလိုက်ပြီး ..
''ကျန်တဲ့ကောင်တွေ အလောင်းတွေကို မြန်မြန်ရှင်းကြ . ဟိုသေနေတဲ့ မြင်းကို လှည်းနားကဖြုတ်.. မြန်မြန်လုပ်ကြဟေ့..''
မသေအပျောက်ဘဲ ကျန်ရစ်ခဲ့သော ပန်းနီနီဌာနသားများမှာ ရှု့ယီ၏ အမိန့်ကြောင့် အပြေးအလွှားအလုပ်များသွားကြသည် ..
သိပ်မကြာခင်အချိန်တွင်းမှာပင် ရှင်းလင်းစရာရှိသည်များကို ရှင်းလင်းပြီး မြင်းဖြူ ဘုံကျောင်းတည်ရှိရာဖက်သို့ထွက်ခွာသွားလေတော့၏ ...
===========
၎င်းတို့အဖွဲ့ထွက်ခွာပြီး သိပ်မကြာခင်တွင် ထိုနေရာသို့ ရသေ့ငါးပါးနှင့် လူင်ယ တစ်ယောက်ရောက်ရှိလာသည် ... အဖြူရောင်ပိုးသားဝတ်စုံကို ချပ်ရပ်စွာဝတ်ဆင် ထားသောလူငယ်သည် မင်းညီမင်းသားသဖွယ် ခန့်ညားထယ်ဝါလှ၏ ..အထူးသဖြင့် စိမ်းညို့နေသောမျက်ခုံးမွှေးမှာ အထင်ရှားဆုံးပင် .. အကယ်၍သာ သူ၏နောက်ကြော ၌ လွယ်ပိုးထားသော ဓါးရှည်သာမပါလျှင်သိုင်းသမားဟု မည်သူမျှထင်မည်မဟုတ်.
လူငယ်မှာခန့်ချောလှသော်လည်း သူနှင့်အတူပါလာသော ရသေ့ငါးပါး၏ ရုပ်သွင်များက စိတ်ပျက်စရာ...
ပထမဆုံးမှ ဦးဆောင်လျှောက်လာသော ရသေ့ကြီးမှာ အသက်ငါးဆယ်ခန့် ရှိပြီး မျက်နှာတွင်ကန့်လန့်ဖြတ်ဓါးခုတ်ရာကြီးရှိသည်.. သူ့နောက်မှ ရသေ့ကြီးမှာ ရုပ်သွင်အဆိုးဝါးကြီးမဟုတ်သော်လည်း သူ၏နားရွက်မှာ သူတထူးထက်နှစ်ဆခန့် ကြီးနေသည့်အပြင် ကားထွက်နေရာ ချုံကြည့်လိုက်လျှင်အတော်ဆိုးလှသည်..
ထိုနားကားရသေ့၏ဘေးကပ်ရပ်တွင် လွန်စွာနှာခေါင်းကြီးသော ရသေ့တပါးရှိပြီး ရှုံ့ချည်ပွချည်အမြဲလုပ်နေ၍ အမြင်ကတ်ဖွယ်...
နှာခေါင်းကြီးရသေ့၏နောက်တွင်မူ နဖူးတွင်ဂျိုကဲ့သို့ အသားပိုကြီးထွက်နေ သည့်ရသေ့တပါးက ကပ်လိုက်လာသည်.. ထိုရသေ့၏ဘေးတွင်တော့ မျက်နှာတွင် ကျောက်ပေါက်ရာများနှင့်ပြည့်နေသော ရသေ့တပါးရှိ၏ ..
သူတို့ငါးယောက်၏ရုပ်သွင်မှာ ထူးခြားပြီးရယ်မောချင်စရာကောင်းလှသော် လည်း သိုင်းလောကသားများအတွက်တော့ ထိုသူတို့က ဟာသတစ်ပုဒ် မဟုတ်ပေ။
ဝူတန်ဓါးငါးလက်ဟု ကြားလိုက်သည်နှင့် မတွေ့ရ မဆုံရအောင်ပင် ရှောင်ကွင်း၍သွားမည်ဖြစ်သည်.. အဘယ်ကြောင့်နည်းဟုဆိုသော် ၎င်းတို့၏သိုင်းစွမ်း ၎င်းတို့၏ စိတ်ဓါတ်ကြောင့်ဟုဆိုရပေမည်... ယိယှတောင်တိုက်ပွဲတွင် ၀ူတန်ဘက်မှ နေ၍ မြောက်ပိုင်းဂိုဏ်းသားများကို ရွပ်ရွပ်ချွန်ချွန်ကာကွယ်ခဲ့ကြသော ထိုငါးယောက် ၏ တစ်ဦးခြင်းစွမ်းရည်မှာ ၀ါဆန်းဂိုဏ်းမှ ရိလုံထက်သာလေသည် .. သွေးသောက် ညီအကိုများဖြစ်ကြသော ထိုငါးယောက်၏ ပူးပေါင်းတိုက်ကွက်မှာ ၀ူတန်ဂိုဏ်းချုပ်ကြီး ကိုပင် အခက်တွေ့အောင်တိုက်ခိုက်နိုင်သဖြင့် သိုင်းလောကတွင် ထိပ်တန်းအဆင့် ထက်ကျော်လွန်နေပြီဟု သိရှိနိုင်သည် ..
ထိုထက်ပိုသည်မှာ သူတို့၏စိတ်ဓါတ်ပင် ယိယှတောင်တိုက်ပွဲပြီးကတည်း က အမှောင်သိုင်းသမားဆိုလျှင် အရိုးစွဲအောင်မုန်းတီးနေပြီး လက်နက်ကိုင်စွဲထားသူ တိုင်းလိုလိုကို အောက်လမ်းသိုင်းသမားဟုထင်ကာ ရန်လိုနေတတ်၍ဖြစ်၏ ..
သူတို့၏ဆရာအရင်းမှာ ဒေါသအလွန်ကြီးသူဖြစ်ရာ သူတို့ငါးယောက် တွင်လည်း ဆရာ၏အတွေးအခေါ်များ ပူးကပ်နေသည်လားတော့မပြောတတ်ပါ.. မည်သည့်အရေးအရာမဆို ဓါးဖြင့်သာ ရှင်းလိုသူများပေ.. ယခုတော့ ထိုငါးယောက် နှင့် လူငယ်တစ်ယောက်ကို ၀ူတန်ဂိုဏ်းချူပ်ကြီးကလွတ်လိုက်လေပြီ ..
နှာခေါင်းကြီးသော ရသေ့သည် အခင်းဖြစ်ပွားရာနေရာသို့ရောက်လျှင် နှာဝကို ရှုံ့ချည်နှပ်ချည်လုပ်ပြီး ..
''ဟေ့ကောင်တွေ သွေးညှီနံ့ရတယ်ကွ .. ဒီနေရာမှာ တိုက်ပွဲဖြစ်သွားပုံပဲ''
နားကားရသေ့က အာရုံစူးစိုက်နားထောင်လိုက်ပြီးမှ
''အသံပလံတော့ ဘာမှမကြားရဘူး ..''
အမာရွတ်ရသေ့ကလည်း ပတ်ဝန်းကျင်ကို ဝှေ့ဝဲကြည့်ပြီးလျှင်..
''ဟုတ်လို့လား နှာခေါင်းကြီးရ ငါကတော့ အနံ့လည်းမရ .. သွေးစတောင် မမြင်ရပါလား .. ''
''တွေ့ပြီဟေ့ ..တွေ့ပြီ နှာခေါင်းကြီးပြောတာ မှန်တယ် လမ်းဘေးမှာ မျက်လုံးတစ်လုံးကျွတ်ထွက်ပြီး ကျန်နေတယ်.. လူမျက်လုံးကွ..''
လမ်းဘေးသို့ကပ်ကာ လျှောက်နေသော အသားဘုက ချုံဘုတ်အတွင်း ကပ်နေသည့် အလုံးကြီးကို ဓါးဦးနှင့် ညွှန်ပြကာအော်ပြောလိုက်ခြင်း ဖြစ်သည်.. ထိုအခါမှ ကျန်ငါးယောက်မှာ ကျွတ်ထွက်နေသော မျက်လုံးအား ၀ိုင်းအုံ ကြည့်ရှူလိုက်ရင်း .. အမာရွတ်ရသေ့က..
''မျက်လုံးကျွတ်ထွက်သွားအောင် ဘယ်လိုသိုင်းကွက်များ သုံးလိုက်ပါ လိမ့်... ''
လူငယ်က မုဆိုးဒူးထောက်ထိုင်ကာ သေသေချာချာ ကြည့်လိုက်ပြီး ..
''ခေါင်းကို လက်နှစ်ဘက်နဲ့ ညှစ်ခွဲလိုက်တဲ့ အခါမှာ မျက်စိကျွတ်ထွက်လာ တာဖြစ်မယ် .. တခုခုနဲ့ကလော်ထုတ်လိုက်ရင် မျက်လုံးနောက်က အရည်ပြား ပြတ်ထွက်တာ ထိခိုက်တာမျိုးဖြစ်သွားမယ် .. အခုဟာက ဒီတိုင်းကို ကျွတ်ထွက် လာတာ.. သေချာတာကတော့ လူသတ်သမားဟာ အတွင်းအားနက်ရှိုင်းတဲ့ သူဖြစ်လိမ့်မယ်.. ''
အသားဘုက အနီးအနားချုံဘုတ်များကို ဓါးဖြင့်ကလော်ကာ သဲလွန်စ အစအနများကို ရှာဖွေနေသည် .. ခဏမျှ ရှာပြီးလျှင် ..
''အလို .. တွေ့ပြန်ပြီဟ ..ဒီတစ်ခါ . ကိုယ်ခန္ဓာအောက်ပိုင်းပြတ်ကြီးဟေ့ .. ထွီ ..ရွံစရာကြီး .. ''
ထိုနေရာသို့ငါးယောက်သားပြေးသွားကာသွားကြည့်ကြပြန်သည် .. မြင်ကွင်းက ပက်စက်လွန်း၏ .. ခါးရိုးမကြီးငေါထွက်ကာ ကလီစာများ အပိုင်းပိုင်း ပြတ်နေသော ကိုယ်အောက်ပိုင်းဖြစ်သည် ..
လူငယ်က အနီးကပ်ကြည့်ရှူကာ ..
''ဦးဦးတို့ လူသတ်ကောင်က အတွင်းအားတင်မကဘူး အပြင်အား ပါကောင်းတဲ့ လူထွားကြီးပဲ .. လူတစ်ယောက်ကို ခါးကကိုင်ပြီး နှစ်ပိုင်းဆွဲဖြတ်ဖို့ ဆိုတာ သာမာန်လူမတတ်နိုင်တဲ့ ကိစ္စ .. အခုလူသတ်ကောင်ကာ ခါးကိုလိမ်ချိုးပြီး နှစ်ပိုင်းဆွဲဖြတ်လိုက်တာ .. ''
ကျောက်ခွက်ရသေ့က နှာခေါင်းကို လက်ဖြင့်ပိတ်ပြီး ..
''မင်းဟာက အသေအချာကြီးပါလား .. မင်းပြောသလိုဆို လူမဖြစ်နိုင်ဘူး ဘီလူးသရဲပဲဖြစ်တော့မယ် .. ''
''မှန်တယ် ဦးဦးသုံး ..လူသတ်ကောင်က ဘီလူးလောက်ထွားကျိုင်းတာ အမှန်ပဲ .. ဒီမှာကြည့်..''
''ထွီ..မင့်ကဘာတွေလာပြနေတာတုန်း..''
ကျောက်ခွက်ရသေ့က လူငယ်ပြသောအရာကို ကြည့်ကာ တံတွေးထွေး လိုက်သည် .. မှန်သည် သူရွံမည်ဆိုလည်းရွံချင်စရာ လူငယ်ပြသည်က မစင်များ ပေပွနေသည့် တင်ပါးကြီးပင် .. လူငယ်က နဘေးမှ သစ်ကိုင်းခြောက်ဖြင့် ထိုတင်ပါး ကို ထိုးကာ ..
''တွေ့လား ဦးဦးသုံး .. ဒီကောင့်ရဲ့ တင်ပါးဆုံရိုးက ကျိုးကြေသွားပြီး မစင်တွေပါထွက်လာတာ .. ဒါကိုကြည့်လိုက်တာနဲ့ လူသတ်ကောင်က ပထမဆုံး အခုသေနေမယ့်လူရဲ့ ပေါင်နဲ့ ပုခုံးနဲ့ ကို ကိုင်ပြီး လှည့်ချိုးလိုက်မယ် .. ပြီးမှ ဆွဲဖြတ် လိုက်မယ် .. နောက်တခုရှိသေးတယ် ..ခုန မျက်လုံးဟာ ဒီလူရဲ့ မျက်လုံးလုံးဝ မဟုတ်နိုင်ဘူး.. တခြားတစ်ယောက်ပဲ .. ''
''ဟုတ်လို့လားဟ ..''
ဟု နားကား က ၀င်ထောက်မေးလိုက်သည်..လူငယ်က နားကားရသေ့ ဘက်လည့်ပြီး ..
''ဦးဦးနှစ်သာ လူသတ်သမားဆိုရင် နှစ်ပိုင်းပြတ်နေတဲ့ အလောင်းကြီးကို မြေကြီးပေါ်ထောင်ပြီး လက်နှစ်ဘက်နဲ့ ခေါင်းကို ရိုက်ခွဲပါ့အုံးမလား .. ''
လူငယ်၏တန်ပြန်အမေးကြောင့် နားကားမှာ ပါးစပ်ပိတ်ကာသွားသည်..
အမာရွတ်ရသေ့ကမူ
''အင်း.. သေချာတာကတော့ လူသတ်ကောင်ဟာ ကြောက်စရာကောင်း တဲဘ အောက်လမ်းသိုင်းသမားပဲ ဖြစ်လိမ့်မယ် .. တခုမေးစရာရှိတာက .. သေတဲ့ လူတွေက ဘယ်သူတွေလဲ .. ဘယ်သူက သတ်တာလဲဆိုတာပဲ .. ''
''မှန်တယ် ဦးဦးတစ် .. ကျွန်တော့အထင်ကိုပြောရရင် .. ဒီသေနေတဲ့ ကောင်တွေဟာ ပူပူနွေးနွေးပဲ ရှိသေးတာမို့ အခင်းဖြစ်သွားတာ သိပ်မကြာသေးတာ ရယ်. .. ပြီးတော့ လမ်းပေါ်မှာ မြင်းလှည်းတန်းကြီး ရပ်သွားတာရယ် ..နောက်တခုက ခြေရာလက်ရာ ဖျက်သွားတာရယ်ဆိုတော့ .. အာမခံဌာနတစ်ခုခုရဲ့ ပြသနာ ဖြစ်မယ်ထင်တယ် .. ဘာလို့လဲဆိုတော့ ..ကျွန်တော်ပြမယ် လမ်းပေါ်လိုက်ခဲ့..''
အားလုံးလမ်းပေါ်ပြန်ရောက်သွားကြသည် .. လူငယ်က လမ်းပေါ်တွင် လက်တစ်လုံးခန့် နှစ်ဝင်နေသော မြင်းလှည်းဘီးရာကို ပြလိုက်ရင်း ..
''တွေ့လားဦးကြီးတို့ .. သိုင်းလောကမှာ မြင်းလှည်းအမျိုးမျိုးကိုသုံးကြ ပေမယ့် .. သေသေချာချာလေ့လာကြည့်ရင် အမျိုးအစားမတူဘူး .. ရဲတိုက်နဲ့ သိုင်းဂိုဏ်းအချို့က ရထားလုံးကို အသုံးများတယ် .. ရထားလုံးရဲ့ဖွဲ့စည်းပုံက ၀န်ရိုးရှည်ပြီး ဘီးနဲ့မြင်းနဲ့တော်တော်လေးကွာတယ် .. ဂေဟာတွေ မိသားစုတွေက အမိုးဖွင့်မြင်းလှည်း ဒါမှမဟုတ် အမိုးကိုင်းတပ် မြင်းလည်းကို သုံးတယ်.. ပေါ့ပေါ့ပါးပါး ဖြစ်အောင် ၀န်ရိုးတိုတိုနဲ့ လှည်းအတိုကိုသုံးတယ် .. ဒါ့ကြောင့်မြင်းနဲ့ ဘီးနဲ့ သိပ်မကွာဘူး ကပ်နေတယ် .. သူတို့တွေနဲ့မတူဘဲ သီးခြားထွင်ထားတဲ့ မြင်းလှည်း ကိုတော့ အာမခံအဖွဲ့တွေပဲသုံးတယ် ဦးဦးတို့ရ ''
လူငယ်က လက်ထဲမှ သစ်ချောင်းဖြင့်ပင် လှည်းပုံစံဆွဲပြလိုက်ပြီး ..
''နောက်ဘက်မှာ ရထားလုံးလို အလုံပိတ်ဗီရို တပ်ထားတယ် .. ဒါပေမယ့် လှည့်ဝင်ရိုးကျတော့ ရထားလုံးထက်ပိုတိုတယ် .. အဲ မြင်းလှည်း လောက်တော့ မတိုဘူးပေါ့ မြင်းလှည်းက မြန်အောင်ပေါ့အောင် လုပ်ထားတာကိုး .. ပြီးတော့ အာမခံ မြင်းလှည်းတွေမှာ မြင်းချေးခံဖို့အတွက် အောက်မှာ အကာတပ်ထားတယ် .. ''
အမာရွတ်ရသေ့မှာ ခေါင်းယမ်းလိုက်ပြီး ..
''မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ..''
လူငယ်က ခပ်လှမ်းလှမ်းသို့ သွားပြီး မြင်းချေးတုံးများ ပြန်ကျဲနေသည့်နေရာ တွင်ရပ်လိုက်၏ .. ထိုနေရာသည်ကား လူမည်းကြီးလက်ချက်ကြောင့် မြင်းလှည်း လဲကျသွားသည့်နေရာပင် ..လူငယ်က မြင်းချေးတုံးများကို ဒုတ်ဖြင့်ထိုးကာ ..
''သေသေချာချာကြည့် ဦးဦးတို့ တချို့မြင်းချေးတွေက ရက်တော်တော်ကြာ ပြီမို့လို့ မဲညစ်ညစ်အရောင်ပြောင်းပြီး မာတောင့်နေပြီ.. တချို့မြင်းချေးတွေက အဆံဖွာပြီး ပျော့နေတုန်းပဲ .. ဒါကို ကြည့်ခြင်းအားဖြင့် ရက်အကြာကြီးခရီးထွက်ခဲ့တဲ့ အာမခံမြင်းလှည်းတစ်စီး ဒီနေရာမှာ ရပ်သွားတယ် .. ဒါမှမဟုတ်တစ်ခုခု ဖြစ်ခဲ့တယ် ဆိုတာ သိနိုင်တယ် .. လုံးဝသေချာတဲ့အချက်ကာ အဲ့မြင်းလှည်းဟာ တိမ်းမှောက်ခဲ့ တာပါ .. တွေ့လား လမ်းပေါ်မှာ စွပ်ကြောင်းရာကြီးထင်နေတာ .. ''
အသားဘုက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး ..
''အေးကွာ ဒီနေရာမှာ မြင်းလှည်း လဲကျသွားတယ်ဆိုတာကိုတော့ လက်ခံပါပြီ ... အာမခံဌာနမဟုတ်ဘဲ ..တခြားလှည်းတန်းရော မဖြစ်နိုင်ဘူးလား..''
''မဖြစ်နိုင်ဘူး ဦးဦး .. ဒီမြင်းချေးတွေကို ကြည့်ချင်းအားဖြင့်.. ''
''မင်းကလည်း ဒီမြင်းချေးကြီးပဲ ဋီကာဖွင့်နေတာပဲ .. တခြားမြင်းလှည်းတွေ လည်း တပ်ခြင်တပ်မှာပေါ့ကွာ ..''
ကျောက်ပေါက်မာမှာ အတော်ရွံတတ်ပုံရသည် ... ချေးအကြောင်းတွင်တွင် ပြောနေသော လူငယ်အား ပိတ်ဟောက်လိုက်၏.. လူငယ်ကမူ သူ့အယူဆ ခိုင်မာကြောင်းကို သက်သေပြလိုသည်နှင့် ..
''မြင်းတစ်ကောင်ရဲ့ မစင်ဟာ သူ့ကျန်းမာရေးကို ပြောပြတယ်ဦးဦးသုံးရဲ့ .. မြင်းတွေက နွားတွေ ကျွဲတွေလို လမ်းသွားနေရင်း အပေါ့မစွန့်တတ်တော့ .. ကြာကြာ အသုံးပြုလေလေ ဂရုစိုက်ရလေလေ .. မဟုတ်ရင် အပေါ့ချုပ်ပြီး ဆီးပူတာတွေ ၀မ်းချူပ်တာတွေ အပူကန်တာတွေ ခဏခဏဖြစ်တယ် .. မြင်းတစ်ကောင်ကို အသုံးပြုလို့ မြင်းဇောင်းထဲပြန်ထည့်လိုက်ပြီဆိုတာနဲ့. သူ့မစင်ကို ကြည့်ပြီး ဘာရောဂါဝင်နေလည်း ဆိုတာ အမြဲကြည့်နေရတာကိုးဗျ ... အနီးအနား သွားနေတဲ့ မြင်းလှည်းတွေမှာ မစင်ခံ တပ်ဖို့မလိုဘူးလေ .. ဇောင်းထဲရောက်မှ ကြည့်လိုက်ရုံပဲ .. အဲ အာမခံဌာနလိုမျိုး ခရီးအမြဲထွက်နေရတဲ့သူတွေကြတော့ ဘယ်လိုလုပ်တော့မလဲ .. လမ်းမှာ စွန့်ထားတဲ့ မစင်တွေကို ပြန်ကောက်ပြီး မြင်းရောဂါ လိုက်ရှာနေရမှာလား .. အဲ့လို ပြန်လိုက်ကောက်စရာမလိုအောင် တမင်ကို မစင်ခံတပ်ရတာဗျ ရှင်းပြီလား''
''အေးပါကွာ .. ငါကိုက ဗဟုသုတ မရှိတာပါကွာ..''
ကျေက်ပေါက်မာက ၀န်ခံစကားဆိုပြီး နောက်ဆုတ်နေလိုက်သည်..
''ဦးဦးသုံးကို ရှင်းပြနေရတာနဲ့ ကောက်ချက်တွေတောင် လွဲကုန်ရော့မယ် .. ကျွန်တော့် အထင် အဲ့အာမခံဌာနထဲမှာ သယ်လာတဲ့အရာကြောင့် ပြသနာတက် သွားတယ်ဖြစ်မယ် .. ဘာလို့လဲဆိုတော့ လည်းရပ်ထားတဲ့ ဘီးရာအရ ခုနှစ်စီး ရှစ်စီးလောက်ရှိတဲ့ မြင်လှည်းတန်းကြီးမှာ အစောင့်က ခုနှစ်ဆယ် ရှစ်ဆယ် လောက် တော့ ပါရမယ်.. လူခုနှစ်ဆယ် ရှစ်ဆယ်လောက်ကို အချိန်တိုတိုတွင်း သတ်ဖို့လွယ် တယ်ထားအုံး .. အစအနမကျန်အောင် ဖျောက်ဖျက်ဖို့တော့ မလွယ်ဘူး.. ဒီတော့ ကျွန်တော်ကောက်ချက်အရ .. တစ်.. အာမခံဌာန ဒီလမ်းပေါ်ကို ရောက်လာတယ် . နှစ် လမ်းပေါ်မှာ တစ်စုံတစ်ရာပြသနာဖြစ်ပြီး မြင်းလှည်းတစ်စီးလှဲကျသွားတယ် .. သုံး လဲကျသွားသွားခြင်း တိုက်ပွဲဖြစ်မယ် .. လေး ..တိုက်ပွဲဟာ တဒင်္ဂလေးသာ ကြာတဲ့ တိုက်ပွဲ .. ငါး.. အချိန်တိုအတွင်းမှာပဲ အာမခံဌာနက ပြန်ထိန်းချုပ်နိုင်လိုက်တယ် .. ခြောက် .. အာမခံဌာနကပဲ ခြေရာလက်ရာ ပြန်ဖျက်သွားတယ်လို့ပဲ ..ဦးဦးတို့ရဲ့ ''
ရသေ့ငါးပါးမှာ လူငယ်စကားကိုသိပ်မယုံသော်လည်း မည်သို့ ပြန်ချေပ ရမည်မှန်းမသိသည်နှင့် ဖြစ်နိုင်သည်ဟုသာ ထောက်ခံလိုက်ကြပြီးမြို့ထဲသို့ ဦးတည် ကာ ဆက်သွားလိုက်ကြ၏ .. သူတို့စိတ်ထဲတွင် လူသတ်ကောင်ကို ရှာဖွေဆုံးမရန် စိတ်ကူးကတော့ တူညီနေသည်..
=============
ဟူထိုင်ဆိပ်ကမ်းတွင် လူတသိုက်အထုပ်အပိုးများသယ်ကာ လှေကြီးတစ်စင်း ပေါ်သို့တင်နေကြ၏ .. လှေဦးတွင်မူ ပက်လက်ကုလားထိုင်ပေါ်တွင် လူငယ်တစ်ယောက်ထိုင်နေရင်း သယ်ပိုးနေသည်ကို ကြည့်ရှုနေသည် ..ကမ်းနဖူးပေါ် တွင်တော့ မျက်ရည်စများနှင့်လူများက ကမ်းလုံးညွတ်မျှရှိနေ၏ ...
လှေဦးတွင်အခန့်သားထိုင်နေသူက အားကွေ့ပင် .. ဘဘဟုန်းနှင့်ကျန် ယောင်္ကျားသားများကတော့ သယ်ပိုးသည့်နေရာတွင် စီစစ်ကြီးကြပ်နေကြသည် .. ပစ္စည်းများက မနည်းမနောပင် .. ကြက်ဥများ ဟင်းသီးဟင်းရွက်များ .. ပန်းစည်းများ လက်လုပ်ပရိဘောဂများ .. ခပ်ကြမ်းကြမ်းလက်ရာဖြင့်ပြုလုပ်ထားသော အမှတ်တရ ပစ္စည်းများဖြစ်ကြသည် ..ထိုသည်များက မည်လောက်မျှအဖိုးမတန်သော်လည်း ထိုပစ္စည်းများထဲတွင် ဟူထိုင်တမြို့လုံး၏ စေတနာမေတ္တာများပါရှိနေ၏ ...
မှန်ပေသည် အားကွေ့တို့ လူတသိုက်အား အမှတ်တရလက်ဆောင်အဖြစ် ဟူထိုင်မြို့သားများပေးအပ်လိုက်သော အရာများပင်.. သို့သော် မြို့သူမြို့သားများ၏ အသည်းနှလုံး ကျင်းကျူးကိုတော့ မတွေ့ရသေး ..
ဟွားဟွားနှင့်ရှောင်မိန်မှာ ဆယ်ကျော်သက်များပီပီ လှချင်ပချင်စိတ်များ မပျောက်သေးရာ လှေဝမ်းထဲတွင် အ၀တ်အစားလဲနေကြ၍ အပြင်သို့မထွက်အား ကြသေးပေ.. သူမတို့နှစ်ယောက်အား စောင့်နေရ၍ကျင်းကျူးလည်း အပြင်မထွက်ရ သေးပါ...
ဟွားဟွားမှာ ကြေးမုံပြင်ထဲရှိသူမ ရုပ်လွှာကိုကြည့်ရင်း ...
''မမ''
ကျင်းကျူးက ကြာရွက်များကို တစ်လွှာချင်းချွေနေရာမှ ..
''အင်း..ပြောလေ..''
''မမ ဘာလုပ်နေတာလဲ.. မမလည်းအ၀တ်အစားလဲတော့လေ..''
''ဟင်း..ဟင်း..ဟင်း .. ညီမလေးတို့နှစ်ယောက် အ၀တ်အစားလဲပြီးမှ မမလဲတော့မယ် .. အခု အကိုအားကွေ့တို့ သောက်ရအောင် ကြာပန်းအရက်ချက် မလို့ ကြာရွက်တွေ ခြွေနေတာညီမလေးရဲ့ ..''
ဟွားဟွားက နူတ်ခမ်းလေးရဲရဲနီသွားအောင် အနီရောင်စာရွက်ကို နူတ်ခမ်းနှစ်လွှာဖြင့် တင်းတင်း ဖိကိုက်လိုက်ပြီးမှ..
''မမကိုမေးစရာရှိလို့ ..''
''မေးလေ..ဘာများမို့လို့လဲ ..''
''အင်း ..တကယ်တော့ အကိုအားကွေ့ကို မေးရမှာ ..သူနဲ့မျက်နှာချင်းမဆိုင် ချင်လို့ မမကိုမေးတာ ..''
''ဟုတ်ပါပြီကွယ် ..ဘာများသိချင်လို့လဲ ...''
''ညီမလေး ခွန်လွန်းတောင်ပေါ်မှာနေတော့ .. ညီမလေးရဲ့ ဆရာတူ အကိုနှစ်ယောက် ကပြောပြဖူးတယ် ... သူတို့မှာ အကိုတစ်ယောက်ရှိတယ်တဲ့ .. ဒါပေမယ့် ငယ်ငယ် ကတည်းကကွဲသွားလို့ မတွေ့ရတော့တာတဲ့ .. သူတို့ အကို နာမည်က အားကွေ့တဲ့ ..အဲ့တာလေ ..အခုအကိုအားကွေ့များလားလို့ ..နာမည်လည်း တူ အသက်လည်း တူနေတော့ ..အဲ့ဒါ..''
ကျင်းကျူးမှာ သူမမသိသော မေးခွန်းမို့ ကြာရွက်ခြွေနေရာမှ ရပ်လိုက်ပြီး ..
''ညီမလေးပြောတဲ့ အကြောင်းက မမလည်း မသိဘူးကွဲ့ .. အခုမှ ကြားဖူးတာ မမလည်း သူ့ငယ်ဘ၀ကို မသိတော့ ဟုတ်၏ မဟုတ်၏မပြောနိုင်ဘူး ..ခဏနေမှ မမမေးကြည့်လိုက်မယ် ဟုတ်ပြီလား ..''
''အင်း..ညီမလေးကတော့ ဟုတ်ပါစေလို့ ဆုတောင်းနေတာ .. အကို အားဖုန် နဲ့ အကိုအားချန်က သူတို့အကိုကို သိပ်တွေ့ချင်နေကြတာလေ .. တကယ်လို့သာ သူတို့ အကိုဖြစ်မယ်ဆို အရမ်းဝမ်းသာသွားမှာ .. ''
''မမကလည်း ဖြစ်စေချင်ပါတယ်ကွယ် ..အကိုအားကွေ့မှာ ညီအကိုတွေ ရှိရင် အဖော်မဲ့မနေတော့ဘူးပေါ့ .. ဒါနဲ့ ညီမလေးရဲ့ အကိုနှစ်ယောက်က အခုဘယ်မှာလည်း ''
ဟွားဟွားက နူတ်ခမ်းနီစာရွက်ကို ခုံပေါ်တင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်
''ဟယ်.. ဟုတ်ပါရဲ့ ..ညီမလေးအဖမ်းခံရတော့ သူတို့လည်း သတိမေ့ ကျန်ရစ်ခဲ့တာ အခုဘယ်ရောက်နေကြပြီလည်း မသိဘူး ..''
ကျင်းကျူးက ဟွားဟွားအား နှစ်သိမ့်အပြုံး ပြုံးပြလိုက်ပြီး ..
''တအားကြီးလည်း စိုးရိမ်မနေပါနဲ့ ညီမလေးရယ်.. သူတို့လည်း မမတို့လို ကံကောင်းမှာပါကွယ် ..''
အားဖုန်နှင့်အားချန်တို့မှာ တကယ်ရော ကံကောင်းပါမည်လော .. ဟွားဟွား အဖမ်းခံရ၍ ပြန်လွန်လာသည်မှာ ရက်သတ္တပါတ်ပင်ကြာမြင့်နေလေပြီ.. သူတို့လေး ယောက် ယခုထိ ဟူထိုင်ကို မရောက်လာသေးသည်မှ အဘယ့်ကြောင့်နည်း ....
===========
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၇
''ဂစ်.. ဂစ်..ဂစ်..''
စူးရှသော ညဥ့်ငှက်အော်သံသည် မြင်းဖြူဘုံကျောင်းတည်ရှိရာ တောင်ကုန်း ပေါ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်.. သန်းခေါင်ချိန်ဖြစ်သော်လည်း တောင်ခြေရှိ တဲဘုံ တဲနန်း တဲကျငှါန်းဆီများမှ သိုင်းသမားများကတော့ မအိပ်ကြသေးပါ..
တဲတိုင်းတဲတိုင်း၏ရှေ့တွင် မီးပုံများ အလီလီဖိုထားကြပြီး အစောင့်များ ကင်းများကို အဖွဲ့အစည်းအသီးသီးက ချထားကြသည် .. တဲအရွယ်အစားကို လိုက်၍ အစောင့်အရေအတွက်သာခြားနားသည် တဲတိုင်းတဲတိုင်းကတော့ ဖြတ်လပ်နိုးကြား နေကြ၏..
ထို့ပြင် အလံအမျိုးအမျိုးလွှင့်ထူထားသော တိုင်ထိပ်တွင် မီးပုံးများ အစီအရီ ချိတ်ဆွဲထားသဖြင့် အဝေးမှကြည့်လျှင်ပင် မိမိတို့အဖွဲ့အစည်း တည်နေရာကို အလွယ်ခွဲခြားသိရှိနိုင်ကြသည်..
သို့သော် မည်သည့်အလံမှမထောင် မည်သည့်မီးဖိုမှမဖို မည်သည့် မီးအိမ်မှ မချိတ်ဆွဲထားသော တဲငယ်လေး နှစ်လုံးလည်း ရှိပါ၏ .. အရွယ်အစားခြင်းလည်းတူ တိတ်ဆိတ်ငြိမ်သက်ခြင်းလည်းတူသည့် ထိုတဲနှစ်လုံးသည် နေရာခြင်းတော့ မတူညီကြ ... တစ်လုံးမှာ တောင်ဘက်အစွန်ဆုံးဖြစ်ပြီး နောက်တစ်လုံးမှာ မြောက်ဘက်အစွန်ဆုံးဖြစ်သည်..
အကယ်၍သာတောင်ဘက်အစွန်ဆုံးတဲဆီသို့ အာရုံစိုက်ကြည့်မည်ဆိုလျှင် အထဲတွင် စိတ်ဝင်စားစရာမြင်ကွင်းများကို တွေ့ရမည်ဖြစ်လေ၏.... အဘယ့်ကြောင့် ဆိုသော် ထိုတဲမှာ ဖားပြုတ်အိုကြီးတို့တဲဖြစ်နေခြင်းကြောင့်ပင်..
မည်သည့်အတွက်ကြောင့် ဖားပြုတ်အိုတို့တဲက စိတ်ဝင်စားစရာကောင်းနေ သနည်းဟုကြည့်လိုက်သော်...
တဲအတွင်းတွင် ညစာစားပွဲကျင်းပနေသောကြောင့်ဟုဆိုရပေမည် .. ညစာစားပွဲသည် တကယ်တော့မထူးဆန်းလှပါ.. ထူးဆန်းနေသည်က အစားအသောက်ပင်.. အစားအသောက်.. လောကတွင်လူတို့စားသုံးသည့် အရာကို သရုပ်ခွဲကြည့်မည်ဆိုလျှင် မီးလွတ်သော အသီးအနှံ သစ်ဖုသစ်ဥ နှင့် မီးနှင့်ချက်ပြုတ် ရသော အသားငါး ..အသီးအရွက်ဟူ၍ရှိပေသည်..
ယခုတဲအတွင်းညစာစားပွဲမှာ မီးလွတ်သော အသီးအနှံများလည်းမဟုတ် .. ချက်ပြုတ်ထားသော အသားငါး အသီးအရွက်များလည်းမဟုတ်ဘဲ သားစိမ်းငါးစိမ်း များဖြစ်နေခြင်းကြောင့် ထူးဆန်းသည်ဟုဆိုရပေမည် .. အညှီအဟောက်များ ထုံလွှမ်းနေသည့် ထိုသားစိမ်းငါးစိမ်းများကို မြိန်ရည်ယှက်ရည်စားသုံးနေကြသူများက တကိုယ်လုံးမည်းနက်နေသော လူထွားကြီးဆယ့်ငါးယောက်ဖြစ်သည်..
အသားစိမ်းများဖြစ်သဖြင့် တချက်ကိုက်လိုက်တိုင်း သွေးများယိုစီးကျ လာသည်ကိုကြည့်ရင်း ဖားပြုတ်အိုက သဘောကျသလိုခေါင်းတဆတ်ဆတ်ငြိမ့်ကာ အနီးရှိရှု့ယီအား..
''ရှု့ယီ..ဒီနေ့နဲ့ဆို သေနာပတိချုပ်ကြီးရန်ခွမ်း အဓိဋာန်ဝင်တာ ဘယ်နှစ်ရက်ရှိပြီလည်း..''
ရှု့ယီက တဖက်တည်းသောလက်ကိုမြောက်၍ လက်ချောင်းလေးများ ချိုးရေလိုက်ပြီး...
''အခုညသန်းခေါင်ကျော်ပြီဆိုတော့ ဆယ့်တစ်ရက်ရှိပြီ ဆရာကြီး ..''
ဖားပြုတ်အိုက သူ့ရှေ့တွင်ချထားသော ပန်းကန်လုံးအား တူဖြင့် ဆယ့်တစ်ချက်ခေါက်ကာ ..
''ဆယ့်တစ်ရက် ..ဆယ့်တစ်ရက်.. ဆယ့်တစ်ရက်တောင်ရှိပြီပဲ.. ဒီလောက်သိုင်းအဖွဲ့တွေ စုံစုံလင်လင်ရောက်နေတာတောင် .. ဘာသံမှ မကြားရသေး တာထူးဆန်းနေတယ် .. ကြည့်ရတာ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်က စလိုက်မှ နောက်ကတပြုံတမကြီး လိုက်လာဖို့ ကြံနေကြ တယ်နဲ့တူရဲ့.. ''
''မှန်တယ် ဆရာကြီး မုစန်းသိုင်းပါရဂူရဲ့သိုင်းကျမ်းလုတဲ့နေရာမှာ သမိုင်းပေး တရားခံမဖြစ်ချင်ကြလို့ ငြိမ်နေကြတဲ့သဘော ..တစ်ယောက်ယောက် စလိုက်တဲ့အခါမှ ကြားဝင်ဖြတ်လုမယ့်ပုံစံပဲဗျ.. ပြီးတော့ သေနာပတိရန်ခွမ်းရဲ့ ဆရာတော်အရင်းဖြစ်လို့ အငြိုအငြင်မခံချင်တာလဲပါမယ် .. ''
ဖားပြုတ်အိုက တူကိုလည့်ပတ်ဆော့လိုက်ပြီး..
''သိုင်းကျမ်းရချင်ရင်တော့ ရန်ခွမ်းရဲ့အငြိုအငြင်မကဘူး တလောကလုံးရဲ့ အငြိုအငြင်ကိုလည်းခံရမှာပဲ .. ဘုန်းကြီးကို အနုနည်းနဲ့တောင်းလို့လွယ်လွယ်ပေးမှာ မှမဟုတ်တာ .. အကြမ်းနည်းသုံးမှပဲရနိုင်မှာ ..ဘုန်းကြီးကို သတ်မှပဲ သိုင်းကျမ်းက ရနိုင်မှာကိုး.. အဲ.. တခုတော့ရှိတယ် .. မုစန်းသိုင်းပါရဂူရဲ့သိုင်းကျမ်းကို လက်ဝယ်ရထားတဲ့ ဘုန်းကြီးဆိုတော့ သိုင်းပညာကသိပ်ကြောက်စရာကောင်း မှာသေချာတယ် ရှု့ယီ.. အခုရောက်နေတဲ့ သိုင်းအဖွဲ့အစည်းတွေထဲမှာ ငါတို့ပန်းနီနီ အဖွဲ့ကထည့်တွက်ရမှာ ရှစ်ဖွဲ့အပြင်ပိုမရှိဘူး .. ကျန်တဲ့အဖွဲ့က အိမ်ဖြည့်လောက်ပဲ''
''ဘယ်အဖွဲ့ရှစ်ဖွဲ့လည်း ဆရာကြီး..''
''တစ်က နတ်ရွှေနဂါးဂိုဏ်း ..ဂိုဏ်းချုပ်ကြီးရဲ့သိုင်းစွမ်းက ငါနဲ့မတိမ်းမယိမ်း လောက်ပဲ.. ပြီးတော့သူ့ရဲ့ ဂိုဏ်းခွဲမှူးငါးယောက်.. တစ်ယောက်ခြင်းဆီက. သိုင်းပညာ သိပ်ကောင်းတယ် .. ပြီးတော့လူအင်အား လက်နက်အင်အား ဓနအင်အား အရမ်းတောင့်တယ်.. နှစ် က အဆိပ်စက်ဝန်းမိသားစု သူ့အကြောင်းကတော့ မင်းသိတဲ့အတိုင်းပဲ .. သုံးက မရဏသံကွင်းဆက် ရဲတိုက် ရဲတိုက်ရှင်ရဲ့သိုင်းပညာက ဒီလောက်မဟုတ်ပေမယ့် သူ့သားရှစ်ယောက်ရဲ့ သံကွင်းတွေကိုဂရုမထားလို့မရဘူး .. လေးက ဇီးပန်းဓါးသခင် ..မဟာတံတိုင်းတလျှောက်မှာ ဇီးပန်းဓါးသခင်ဟာ ရှုံးပွဲ တပွဲမှ မကြုံခဲ့ရသေးဘူးဆိုတော့ သူ့ကိုလည်း သတိထားရမှာပဲ .. ငါးကတော့ ထန်မိသားစု..''
ထန်မိသားစုကို ထည့်တွက်ခြင်းကိုတော့ ရှု့ယီက လက်မခံသည့်ဟန်ဖြင့်
''ဆရာကြီးရယ်.. ထန်မိသားစုကို ထည့်မတွက်ပါနဲ့ သူတို့မိသားစုက ထန်စူးစူးလို ကျပ်မပြည့်တဲ့ လူတွေပဲ မွေးထုတ်ပေးနိုင်တာနေမှာပါဗျာ..''
''မဟုတ်သေးဘူး ရှု့ယီ မင်းထန်မိသားစုအကြောင်းကို မသိသေးဘူး .. ထန်မိသားစုဟာ သိုင်းလောကထဲကို ၀င်တာသိပ်ရှားတယ်ကွ.. ထန်ဖုအလွန်မှာ ထန်စူးစူးပဲသိုင်းလောကထဲကို ရောက်လာတာ ..ထန်စူးစူးလို အဆင့်က ထန်မိသားစု မှာ နေရာရှိတဲ့ အဆင့်အတန်းမဟုတ်ဘူး ..ပြီးတော့ သွေးစွန်းကဝေ ထန်စူးစူးရဲ့ သိုင်းပညာက ထိပ်တန်းအဆင့်မဟုတ်ပေမယ့် ဟိုမြေခွေးကောင်လိုပဲ ဉာဏ်သိပ်များ တယ်.. ကြောင်လက်သည်းဝှက်သလို လျှို့ဝှက်တဲ့နေရာမှာ ထန်မိသားစုက နံပါတ်ငါးနေရာမှာ ရှိတယ် .. ဘယ်လောက်အထိလည်းဆို သိုင်းထိပ်သီး ဆယ်ယောက်ဝင် ထန်ထန်းကိုတောင်မှ သိုင်းလောကသားတွေ မြင်ဘူးတာမဟုတ်ဘူး .. ထန်မိသားစု အရှိန်အ၀ါကြောင့် သူ့ကို သိုင်းထိပ်သီးဆယ်ယောက်ထဲ ထည့်ထား တာ.. အခုဒီကိုရောက်နေတဲ့ အဖွဲ့ကိုပဲကြည့် အပြင်ခဏခဏထွက်တဲ့ အဘွားကြီး တစ်ယောက်ကလွဲလို့ တဲထဲမှာ အဖွဲ့ဝင်ဘယ်နှစ်ယောက်ရှိတယ် ..ဘယ်သူတွေ ဆိုတာ ငါတို့မစုံစမ်းနိုင်သေးဘူး .. ဒါကြောင့်မို့ ထန်မိသားစုကို ထည့်မတွက်ထားရင် ငါတို့အတွက် နောင်တရစရာတွေဖြစ်လာနိုင်တယ် ရှု့ယီ..''
ဖားပြုတ်အိုကြီး၏ စိတ်ရှည်လက်ရှည်ရှင်းပြမှုကြောင့် ရှု့ယီမှာ ငြိမ်ကျ သွား၏.. အကြောင်းမသိသေးသော ရန်သူမှာ ပို၍ကြောက်စရာကောင်းသည်ကို သူလည်းသဘောပေါက်ထားသူတစ်ယောက်မို့ နားလည်သွားခြင်းဖြစ်သည်..
ဖားပြုတ်အိုကပင်ဆက်လက်ပြီး ..
''ခြောက်ကတော့ သိုင်းလောကမဟာမိတ် အဖွဲ့ကွ.. ခုနှစ်ကတော့ ဂန္တာရကုလားအုတ်ဖြူဂိုဏ်း .. နောက်ဆုံးမှာတော့ ၀ူတန်ဓါးငါးဖော်နဲ့ အဖြူရောင် သစ္စာဓါးဆိုတဲ့ကောင်.. ''
''ယဲ့မိသားစုနဲ့ စိန့်မိသားစုတို့လည်းရှိသေးတယ်ဆရာကြီး ''
ဖားပြုတ်အိုက ခေါင်းယမ်းလိုက်ကာ
''ယဲ့နဲ့စိန့်က ဟန်ပဲရှိတာ အဆန်ရှိတာမဟုတ်ဘူး .. တစ်ယောက် ကောင်းနှစ်ယောက်ကောင်း သိုင်းသမားတွေကိုတော့ အချိန်မရွေးရှင်းပစ်လို့ရတယ် ..အဲ့ ..ဟိုမြေခွေးကောင်ကလွဲလို့ပေါ့..''
ရှု့ယီက စားသောက်စဉ်က ဖိတ်စဉ်ကျထားသည့် လေသလပ်၍ ခြောက်ကပ်နေပြီဖြစ်သော ခေါက်ဆွဲဖတ် နှစ်ဖတ်ကိုလက်ဖြင့် ခွာလိုက်ပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်ပြီးလျှင် လူမည်းကောင်များဖက် ခေါင်းငဲ့ပြ၍
''ဒါဆို ဒီကောင်တွေကို အဲ့ရှစ်ဖွဲ့ကို ရင်ဆိုင်ခိုင်းဖို့ပေါ့ ဟုတ်လား ဆရာကြီး ..''
''ဒါပေါ့တပည့်ကြီးရဲ့ ..ဒါပေမယ့် သူတို့ချည်းပဲ မဟုတ်ဘူး နရန်က ကောင်တွေလည်း ပါတယ်'' ဟုဆိုကာ ထရပ်လိုက်ပြီး ..
''လောလောဆယ်တော့ ဒီကောင်တွေကို အားမွေးခိုင်းထား လိုက်အုံး .. အခု ငါ တောင်ပေါ်တက်ပြီး စနည်းနာလိုက်အုံးမယ်..''
ရှု့ယီက ခါးကြားမှ ခြူကိုထုတ်ကိုင်လိုက်ကာ ..
''ဂရုစိုက်သွားနော် ဆရာကြီး..''
ဖားပြုတ်အိုကရှု့ယီစကားကို အသိအမှတ်ပြုသလို ခေါင်းတချက် ဆတ်လိုက်ပြီး တဲအတွင်းမှ ထွက်ကာ အမှောင်ထဲသို့ ပြေးဝင်သွားလိုက်၏ ...
=====================
တောင်ဘက်စွန်းတဲကဲ့သို့ပင် မြောက်ဘက်စွန်းတဲအတွင်းတွင်လည်း ၀ိုင်းဖွဲ့ဆွေးနွေးပွဲ ပြုလုပ်နေကြပါသည်.. လူအင်အားမှာ ခြောက်ယောက်တိတိဖြစ်ပြီး ရသေ့ကြီး ငါးယောက်နှင့် လူငယ်တစ်ယောက်တို့ဖြစ်ကြ၏ .. ထိုသူများ၏ ပုံပန်းကို မြင်လိုက်သည်နှင့်ပင် မည်သူမည်ဝါဟု သိသာထင်ရှားသော သညာရှိသဖြင့် ၀ူတန်ငါး ဖော်နှင့် လက်တလောတွင် နာမည်ကျော်လာသည့် အဖြူရောင်သစ္စာဓါးဟု သိနိုင်လေ သည်..
၎င်းတို့ခြောက်ယောက်သည် တဲကြမ်းပြင်ပေါ်တွင် မည်သည့်အခုအခံမှ မပါဘဲ ပုဆစ်တုတ် ၀ိုင်းဖွဲ့ထိုင်နေကြကာ အလည်တည့်တည့်တွင်တော့ ဓါးခြောက်လက် ကို စီတန်းထား၏...
အမာရွတ်ရသေ့ကသူ့၏ရှေ့တည့်တည့်တွင်ရှိသော ဓါးကို ကြည့်ကာ ပြုံးလိုက်ပြီး..
''ဂိုဏ်းချုပ်ကြီးက ငါတို့ငါးယောက်ကို သိုင်းလောကနဲ့ ထိတွေ့ခွင့်မပေး တာနှစ်တော်တော်ကြာနေပြီ.. အဲ့တုန်းကတည်းက ငါနဲ့ငါ့ဓါးလည်း တိုက်ပွဲ မ၀င်ခဲ့ ရတော့တာ .. အခုတော့ ကံဇာတာတွေပြန်တက်လာပြီလို့ဆိုရမယ် .. တကယ့်ပွဲ ကျတော့မှ ဓါးအစွမ်းပြရတော့မယ်..''
နှာခေါင်းကြီးကလည်း သူ၏ဓါးနှောင့်ကို လက်ဖြင့်ပွတ်သပ်လိုက်ကာ
''မှန်တယ်ဗျ ..သိပ်မကြာခင်မှာ ကျွန်တော်တို့ဓါးငါးလက်က လွင့်လာတဲ့ အ၀ါရောင် မီးပွားတွေကို သိုင်းလောကသားတွေ မြင်တွေ့ရတော့မယ်..''
နားရွက်ကားကတော့ လူငယ်ကိုကြည့်ပြီး
''တကယ်ဆို ကျွန်တော်တို့ငါးယောက် အခုလို တောင်ပေါ်ကဆင်းလာ နိုင်တာ ချင်အဲ့ထုံးလီ ကြောင့်ဗျ.. ချင်အဲ့သာ ဂိုဏ်းချုပ်ကြီးကို မပြောပေးရင် သိုင်းလောက ထဲကို ပြန်ခြေချဖို့ အခွင့်သာအုံးမယ်မထင်ဘူး..''
ကျောက်ပေါက်မာကလည်း နားရွက်ကား၏စကားကို ထောက်ခံလိုက်သည်
''ဒါတော့ ဟုတ်တယ်ဗျို့.. ချင်အဲ့ ကသာကျုပ်တို့ငါးယောက်ကို အဖော်ခေါ်ဖို့မကျိုးစားခဲ့ရင် အခုချိန်ထိ ကျုပ်တို့ဓါးငါးလက် အသွေးတုံးနေအုံးမှာပဲ''
အသားဘုကတော့ မည်သည့်စကားမှ မပြော သူ၏ဘုကိုသာ ကုတ်နေ၏..
ချင်အဲ့ဆိုသော လူငယ်က လက်နှစ်ဘက်ဆုပ်ကာ အရိုအသေပြုလိုက်ရင်း ..
''ကျွန်တော်ကိုအဲ့လောက် ချီးကျူးဖို့မလိုပါဘူးဗျာ ...ဆရာဂိုဏ်းချုပ် ကိုယ်တိုင်ကိုက ဦးဦးတို့ငါးယောက်ရဲ့ သိုင်းပညာနဲ့အတွေ့အကြုံကို ယုံကြည်လို့ လွတ်လိုက်တာပါ.. ''
အမာရွတ်က လက်ကာပြလိုက်ပြီး..
''မဖြစ်နိုင်တာ ချင်အဲ့ရာ..မင်းလိုဉာဏ်ထက်မြက်ပြီး သိုင်းပညာအစွမ်း ထက်တဲ့သူ လူငယ်ထဲမှာ မပြောနဲ့ လူကြီးထဲမှာတောင် မရှိနိုင်ဘူး .. အသက်ဆယ့် တစ်နှစ်မှာ ၀ူတန်ရဲ့မြွေဓါးသိုင်းကို တတ်တယ်..ဆယ့်နှစ်နှစ်မှာ ခုနှစ်စင်ကြယ်ဓါးသိုင်း နဲ့ လင်္ကာဓါးဝင်္ကပါသိုင်းကိုတတ်တယ်.. အဲ့နှစ်အကုန်လောက်မှာပဲ မိုးတိမ်ပေါ်ဝဲ ကိုယ်ဖော့ပညာကို စမြည်းရတယ်.. အခြေခံထိုက်ကျိအတွင်းအားသိုင်းကို အသက် ဆယ့်ငါးနှစ်မှာ အဆင့်လေးအထိ ကျင့်နိုင်ခဲ့တယ်.. အသက်ဆယ့်ခြောက်နှစ်ရောက် တော့ ၀ူးတုံထိုက်ကျိသိုင်းကို ကျင့်တယ်.. နောက်အနတ္တရင်ခွင်အတွင်းအားပညာကို ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သင်ပေးတယ်.. အသက်ဆယ့်ရှစ်နှစ်ရောက်တော့ ပုံရိပ်ဓါးကိုးချက်မှာ သုံးချက်တိတိထိုးနိုင်ခဲ့တယ်.. ငါတို့ရဲ့ဆရာရင်းလည်း ပုံရိပ်ဓါး ကိုးကွက်မှာ သုံးချက်ပဲထိုးနိုင်သေးတော့ မင်းနဲ့ အတူတူပေါ့.. အခု မင်းအသက် ဆယ့်ကိုးနှစ်ကျော် နှစ်ဆယ်ထဲဝင်တော့ အဌမုခ်သမုဒ်ဌာန် ရှစ်ပါးသိုင်းကို ကျင့်နေပြီ
(အပိုင်း#49တွင် ထိုသိုင်းကို ရှင်းပြထားသည်.. ဤကားစကားချပ်) ကဲပြောစမ်း မင်းကို ငါတို့ဘယ်နေရာမှာသာတာရှိသလဲ ..''
ချင်အဲ့က ဘာမှပြန်မပြောသာပဲ ပြုံး၍သာနေ၏.. နှာခေါင်းကြီးကတော့ အမာရွတ်၏စကားကို ထပ်ဆင့်ကာ..
''အမာရွတ်ပြောတဲ့စကားကိုတော့ ငါလည်းထောက်ခံသဟေ့.. ငါတို့ငါး ယောက်စလုံး တစ်ဦးခြင်းယှဉ်မယ်ဆိုရင် ချင်အဲ့ကို ရှုံးမှာ အမှန်ပဲ.. ဒီကောင့်ရဲ့ အရိုးအဆစ်နဲ့ဉာဏ်ရည်ဉာဏ်သွေးက တစ်ထောင်မှာ တစ်ယောက်ရှိနိုင်တဲ့ အနေအထားကွ .. အခုဆို ၀ူတန်မှာ သူလေ့ကျင့်စရာ ၀ိဇ္ဇာရှစ်ပါးဓါးသိုင်း 八仙剑 ပါ့ရှန်းကျင့် ပဲ ကျန်တော့မယ်''
''၀ိဇ္ဇာရှစ်ပါးဓါးသိုင်း ဟုတ်လား.. ကျွန်တော်ဝူတန်မှာနေတာ တသက်လုံးနီးပါး ပဲ ..တခါမှ မကြားဖူးပါလား..''
''အင်း.. မင်းလိုလူငယ်တွေဘယ်ကြားဖူးပါ့မလဲ ..၀ိဇ္ဇာရှစ်ပါးဓါးသိုင်းဆို တာ နတ်ကျင့်တဲ့သိုင်းကိုကွ..''
ထိုစကားကို ၀င်ပြောလာသူက အသားဘုပင်ဖြစ်သည်...
''ဘယ်လို နတ်ကျင့်တဲ့သိုင်း''
အသားဘုကပင်ဆက်ပြီး
''ဟားဟားဟားဟား ..မင်းခေါင်းရှုပ်သွားပြီနဲ့တူတယ် ..ဒီလိုကွ ..၀ိဇ္ဇာရှစ်ပါးဓါးသိုင်းကို တီထွင်သူဟာ ပါးရှန်းဝိဇ္ဇဓိုရ်ရှစ်ပါးခေါင်းဆောင် လူတုန်ပင်
吕洞賓Lu Dongbin တဲ့ ..မင်း လူတုန်ပင်အကြောင်းတော့ကြားဖူးမှာပေါ့ ''
ချင်အဲ့က ခေါင်းငြိမ့်လိုက်ပြီး
''လူတုန်ပင်အကြောင်းတော့ ကြားဖူးတာပေါ့ဗျာ ..အမတ ပုဂ္ဂိုလ်ပဲဟာ
လူတုန်ပင် 吕洞賓(Lu Dongbin )... ဟော်ရှန်းကူး 何仙姑 ( He Xian´gu )..ချောင်ကော်ကျွိ 曹國舅( Cao Guojui .. လီထည်ကွိုက် 李铁拐( Li Tieguai ) လန်ချိုင်ဟယ် 篮彩和( Lan Caihe )..
ဟန်ရှန်းကျေ 韩湘子( Han Xiangzi ).. ကျန်းကော်လောင် 张果老
( Zhang Guolao ) ( ဟန့်ကျုံးလီ )漢鍾離( Han Zhongli ) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရှစ်ပါးဟာ နတ်တူရိယာရှစ်ပါးကို ပိုင်ဆိုင်တယ် .. သက်ရှည်ကျန်းမာ ခြင်း လာဒ်လာဘကို ပေးနိုင်တဲ့အစွမ်းရှိတယ်လို့ ဆိုကြတာပဲ..လူတုန်ပင် အကြောင်းကိုတော့ ရေရေရာရာမကြားဖူးဘူး..''
''လူတုန်ပင်ဆိုတာ နာမည်ရင်းတော့မဟုတ်ဘူးကွ သူ့ကို ချွမ်ယွမ်ကျစ် 纯阳子 Chunyang zi လို့လည်းခေါ်ကြသေးတယ်.. နာမည်ရင်းက လွီရန်တဲ့ အမြဲတမ်းကျောင်းတော်သားဝတ်စုံနဲ့ပဲနေသတဲ့ .. လက်ထဲမှာ မိစ္ဆာနိုင်ဓါးကတော့ သူ့ရဲ့ လက်စွဲတော်ပေါ့ကွာ ..တခါတလေ ဖုန်ခါတံကိုလည်း ကိုင်တတ်တယ် .. 4လပိုင်း14ရက်နေ့ဟာသူ့ရဲ့မွေးရက်ပေါ့..သူမွေးခဲ့တုန်းက တအိမ်လုံး အမွှေးနံ့သာ နံ့လွှမ်းနေတယ်လို့ အဆိုရှိတယ်.. တိုတိုပြောရရင်တော့ ဉာဏ်ကောင်းပြီး ထက်မြက် လွန်းတဲ့ လွီရန်ဟာ တန်ခေတ်မှာ ၀န်ကြီးချုပ်အဆင့်ထိတောင် ရောက်ခဲ့သေးတယ်..
နောက်တော့ သွေးထိုးတဲ့သူတွေများလွန်းလို့ ရာထူးကစွန့်လိုက်ရတာပေါ့.. တရက် ကျတော့ သူအိမ်မက် မက်မိသတဲ့.. အိမ်မက်ထဲမှာ သူကျန်းမာရေးညံ့ပြီး လမ်းဘေးမှာ သေတယ်လို့ဆိုတာကိုး.. အဲ့အိမ်မက်လည်းမက်ရော သူက တရားဓမ္မကိုပဲ တစိုက် မတ်မတ်လိုက်စားတော့သတဲ့.. နောက်တော့ ချန်အန်းမြို့က ဇောင်းလီချွမ်း ဆိုတဲ့ ပညာရှင်ကြီးဆီက ထွက်ရပ်ပေါက်လမ်းကို သင်ယူမိပြီး အမတ ပုဂ္ဂိုလ် ဖြစ်သွားတော့ တာပေါ့.''
အသားဘုက ရှည်လျားစွာရှင်းပြပြီး နောက် လည်ချောင်းရှင်းကာ ..
''ကိုင်း..ဒါတွေကတော့ ယုံကြည်မှုနဲ့ကိုးကွယ်မှုအရ လွီရန်ကနေ လူတုန်ပင် ဖြစ်သွားတဲ့အကြောင်း ..လက်တွေ့မှာတော့ လူတုန်ပင်ဟာ ငါတို့ဝူတန်မှာ ပညာရင်နို့သောက်စို့ဖူးပြီးတော့ ပ့ါရှန်းကျင့်ဆိုတဲ့ ၀ိဇ္ဇာဓိုရ်ရှစ်ပါးသိုင်းကို တီထွင်သွား ခဲ့တယ်.. ထိုက်ကျိရဲ့အခြေခံပါတဲ့ အဲ့ဒီသိုင်းကွက်ဟာ မင်းအခုကျင့်နေတဲ့ အဌမုခ် သမုဒ်ဌာန်ရှစ်ပါး နဲ့လည်း မစိမ်းဘူး ..ထူးဆန်းတာက သိုင်းကွက်ရှိတာတောင် လေ့ကျင့်လို့မရတာပဲ...''
ချင်အဲ့က ခေါင်းကုတ်လိုက်ပြီး..
''အဲ့ဒါက ဘာကိုဆိုလိုတာလဲဗျ..ကျွန်တော်မရှင်းဘူး..''
အသားဘုကပင် စိတ်ရှည်စွာဖြင့်..
''ငါတို့ဝူတန်တောင်ပေါ်အတက်မှာ ဓါးချရေကန်ရှိတယ် .. အဲ့ရေကန် ဘေးက ကျောက်တောင်ပေါ်မှာ လွီရန်နေခဲ့တာ .. သူနေခဲ့တဲ့ နေရာမှာ ကျောက်ပြား ကြီးတပြားရှိတယ် .. အဲ့ ကျောက်ပြားပေါ်မှာ သူက လက်ညိုးကိုသုံးပြီး စာရေး ထွင်းထားခဲ့တယ်..ရေးထိုးထားတဲ့စာက သွေးကိုသွေးနှင့်ဆေးလျှင် လောကကြီးသာ ပျက်ကုန်ရာ၏တဲ့ .. သူနေတဲ့နေရာက ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့အိမ်လေး .. ဒါပေမယ့် ၀ူတန်ဂိုဏ်းချုပ်အဆက်ဆက်တိုင်း အဲ့နေရာကို မသွားဖို့မလာဖို့ ကန့်သတ်ထားတယ်.. ဘာလို့လည်းဆိုတော့ ခုနငါပြောတဲ့ ပါ့ရှန်းကျင့်ဓါးသိုင်းက အဲ့နေရာမှာ ရှိနေလို့ပဲ .အဲ့လို မကန့်သတ်ထားတုန်းကတော့ ၀ူတန်ဂိုဏ်းချုပ်တို့. အလားအလာရှိတဲ့ ၀ူတန်သိုင်းသမားတို့ ကျောက်အိမ်ထဲဝင်ပြီး ပါ့ရှန်းကျင့် သိုင်းကို ကျင့်ကြံဖို့ကျိုးစားကြဖူးတယ်.. မရပါဘူး ဘယ်သူမှအောင်မြင်အောင် မကျင့်နိုင်ဘဲ လက်မြောက်အရှုံးပေးလိုက်ရရော.. တခုဆိုးတာက အဲ့သိုင်းကို စိတ်ထဲမှာ နှစ်နှစ်ဝင် ၀င် လေ့လာခဲ့ကြတဲ့ အဲ့ဒီသိုင်းသမားတွေဟာသိုင်းအားတွေပျောက်ဆုံးတဲ့သူ ပျောက် သေတဲ့သူကသေ.. ဒုက္ခိတ ဖြစ်သူကဖြစ် ကုန်ကြသတဲ့..ဒါ့ကြောင့်မို့ သိုင်းကွက်ရှိ တာတောင်လေ့ကျင့်လို့မရဘူးလို့ပြောတာပေါ့..''
ချင်အဲ့မှာ အသားဘု၏စကားအဆုံး၌
''ဒီအတိုင်းဆို အဲ့ပါ့ရှင်းကျင့်သိုင်းဟာ တော်တော်အစွမ်းထက်မဲ့ပုံပဲဗျ.. လွီရန်ကလွဲလို့ နောက်မှာအောင်မြင်တဲ့သူ ပေါ်ဖူးလား..''
အသားဘုက ခေါင်းယမ်းလိုက်ပြီး..
''တစ်ယောက်မှကို မပေါ်လာခဲ့ဖူးဘူး..''
ထိုစဉ်နေပြည်တော်ဗြဲတိုက်မှ အုံးမောင်းနှစ်ချက်ခေါက်သံကြားလိုက်ရ၏ ...
ထိုအသံကိုကြားလျှင် အမာရွတ်က ဓါးကိုဆွဲကိုင်ကာ ထရပ်လိုက်ကာ
''အချိန်ကျပြီ... တောင်ပေါ်ကိုတက်ကြအုံးစို့..''
ချင်အဲ့တို့ကလည်း ဓါးကိုယ်စီကောက်ယူလိုက်ပြီးနောက် ၀တ်ရုံကို ဆန့်ယန့်သွားအောင်ပြင်လိုက်ကြသည်.. ချင်အဲ့က ဓါးကို ကျောတွင်လွယ်ပိုးလိုက်ပြီး
''ဦးဦးတို့ .. တတ်နိုင်သမျှ အတိုက်အခိုက်ကို ရှောင်ကြနော် .. အခုကျွန်တော်တို့က အခြေအနေကို စုံစမ်းရုံသက်သက်ပဲ ..''
အမာရွတ်က သူသိပါတယ်ဟူသော အမူအယာနှင့် လက်ဝှေ့ယမ်းပြလိုက်ပြီး..
''သွားစို့ဟေ့....''
========================
ပါ့ရှင်းကျင့်သိုင်းကျမ်းကို အကျယ်ချဲ့ဖော်ပြလိုသော်လည်း မသမာသူများ လက်ထဲသို့ ကျရောက်သွားလျှင် အများပြည်သူဒုက္ခရောက်သွားမည် စိုးသဖြင့် မဖော်ပြတော့ပါ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၈
အမာရွတ်နှင့်အပေါင်းအပါငါးယောက်တို့သည် မပီဝိုးတ၀ါး လရောင်ကြားမှ မြင်းဖြူဘုံကျောင်းဆီသို့ တရွေ့ရွေ့တိုးကပ်နေကြသည်.. မောင်းနှစ်ချက်တီးမို့ ဘုံကျောင်းတစ်ခုလုံး အိပ်မောကျနေဟန်တူ၏ အရာရာတိတ်ဆိတ်ငြိမ်သက်နေ၏...
ခြောက်ယောက်စလုံး အတွင်းအား မြင့်မားကြသူပီပီ တစွန်းတစ အလင်းရောင် ၌ပင် နေ့အလားမကွဲပြားအောင် မြင်တွေ့နိုင်စွမ်းရှိကြသည်..
ညနေစောင်းခါက မိုးအကုန်နွေဦးအကူး နူတ်ဆက်လက်ဆေးမိုး ရွာချထားသော ကြောင့် သူတို့လျှောက်လာရာမြေသားလမ်းမှာ ကျစ်လစ်စိုစွတ်နေသည့်ပြင် မြေသင်း ရနံ့ မိုးထိရွက်ကြွေရနံ့ကလည်း ၀န်းကျင်ကို ပျံ့နှံ့နေ၏...
အမာရွတ်တို့သည် ကျောက်လှေကားထစ်အတိုင်းတက်လာနေရင်း တောင်ခါးပန်း မြေသားကွက်လပ်နားသို့အရောက်
''ရပ်စမ်းဟေ့...ဒီနေ့ကစပြီး တောင်ပေါ်ကို သူစိမ်းတွေအတက်မခံတော့ဘူး ဆိုတာမသိဘူးလား.. ''
အသံနှင့်အတူ ကွက်လပ်နဘေး ထင်းရှူးပင်တန်းလေးများထဲမှ ဘုန်းကြီး ဆယ့်ကိုးပါးထွက်လာသည်...
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခပ်၀၀ဘုန်းကြီးတပါးဖြစ်ပြီး အ၀ါရောင် သင်္ကန်းကို ဖရိုဖရဲနှင့်ဝတ်ဆင်ထား၏ .. သူ၏လက်ထဲတွင် နှစ်တောင်ခန့်ရှည်သော ဒုတ်တိုတစ်ချောင်းကိုင်ဆောင်ထားပြီး ထိုဒုတ်တွင် အဆစ်ခုနှစ်ဆစ်ရှိသည်.. သူ့နောက်မှ ဘုန်းကြီးဆယ့်ရှစ်ပါးမှာ မီးခိုးရောင်ဘောင်းဘီ အ၀ါရောင်သင်္ကန်းများနှင့် လက်ထဲတွင် ကညင်ဆီမီးတုတ်များကိုင်စွဲထားကြရာ မြေကွက်လပ်တစ်ခုလုံးလင်းထိန် ၍နေ၏...
၀၀ဘုန်းကြီးက ဒုတ်ကိုထောင်ပြီးအချက်ပြလိုက်ရာ ကျန်ဆယ့်ရှစ်ပါးသည် မီးဒုတ်များကို မြေသားအတွင်းသို့ ထိုးထည့်စိုက်ထူလိုက်ကြသည်... ထိုဘုန်းကပင် ဆက်လက်၍..
''ကဲညကြီးအချိန်မတော် ကျုပ်တို့ဘုံကျောင်းကို လာခဲ့ကြတဲ့ မိတ်ဆွေများ အရေးအရာမကြီးရင် လာလမ်းအတိုင်း ပြန်ကြပေတော့.. အရေးအရာကြီးရင်တောင် မြင်းဖြူဘုံကျောင်းဆရာတော်ဖုလုံး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် တောင်ပေါ်ကို တက်ခွင့်ရမှာမဟုတ်ဘူး..''
အမာရွတ်နှင့်ရသေ့ကြီးက ဘုန်းကြီးအား ဂါရ၀ပြုသည့်နှယ် လက်အုပ် ချီကာ..
''တပည့်တော်တို့အဖွဲ့က မကောင်းတဲ့အကြံအစည်နဲ့ တောင်ပေါ်ကို တက်လာခဲ့တာမဟုတ်ပါဘူး.. ၀ူတန်ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်အရ ဆရာတော်တို့ ဘုံကျောင်းကို ကာကွယ်ပေးဖို့လာရတာပါ.. တပည့်တော်တို့ ရသေ့ငါးယောက်က ၀ူတန်ဓါးငါးဖော်ပါ.. ဟိုသူငယ်ကတော့ သိုင်းလောကသားတွေ အဖြူရောင် သစ္စာဓါးလို့ခေါ်တဲ့ လူမွန်တစ်ယောက်ဖြစ်ပါတယ်.. ''
''အင်း .. ဒကာကြီးတို့ခြောက်ယောက်စလုံးက တကယ့်နာမည်ကျော် တွေပါပဲ.. ၀ူတန်ဂိုဏ်းကဆိုတော့ လူကောင်းသူကောင်းဖြစ်မယ်ဆိုတာ ဘုန်းကြီးလဲ သိပါတယ်.. ဒါပေမယ့် ဆရာတော်ဖုလုံးက အမိန့်ထုတ်ထားတယ်ဆိုတော့ ဘုန်းကြီး လဲ မတတ်သာဘူးကွဲ့...ဒီတော့ လာလမ်းအတိုင်းပြန်ကြတာအကောင်းဆုံးပဲ..''
အမာရွတ်ရသေ့ကလည်း လက်အုပ်ချီမဖြုတ်သေးပဲ..
''မြင်းဖြူဘုံကျောင်းဆရာတော်ရဲ့ အမိန့်ဆိုတော့လည်း တပည့်တော်တို့ ဘယ်တတ်နိုင်ပါ့မလဲ.. သူများဌာနေကိုလာရင်တော့ သိတတ်ရတာပေါ့ .. တပည့်တော်တို့ခြောက်ယောက် လာလမ်းအတိုင်းပြန်တော့မှာမို့ ခွင့်ပြုပါအုံး''
ဘုန်းကြီးကခေါင်းတငြိမ့်ငြိမ့်လုပ်နေစဉ်တွင် တချိန်လုံးငြိမ်နေသော ချင်အဲ့က ၀င်၍
''အင်း.. ကျွန်တော်ငယ်ငယ်တုန်းက ဆရာသင်ပေးထားလို့ သိုင်းလောက ဗဟုသုတ နည်းနည်းရှိတယ်လို့ဆိုရမယ် .. ဆရာက သိုင်းပညာမသင်ပေးခင် အရင်ဆုံး အလယ်ပိုင်းသိုင်းလောကရဲ့နာမည်ကျော်သိုင်းသမားတွေ နဲ့ သူတို့ရဲ့သိုင်းပညာတွေ ..မြောက်ပိုင်းသိုင်းလောကရဲ့လျှို့ဝှက်သိုင်းသမားတွေနဲ့ ဆန်းကြယ်တဲ့သိုင်းပညာတွေ .. တောင်ပိုင်းသိုင်းလောကရဲ့ နာမည်ကြီးသိုင်းသမား တွေနဲ့အဆင့်မြင့်သိုင်းပညာကျော်တွေအကြောင်းကို နေ့တိုင်းနေ့တိုင်း ပုံပြောသလို စုံစုံစေ့စေ့ ပြောပြခဲ့ဖူးသဗျ... အဲ့ထဲမှာမှ တောင်ပိုင်းသိုင်းလောကကို စိုးမိုးထားတဲ့ နတ်ရွှေနဂါးဂိုဏ်းအကြောင်းကို ကြားရတော့ အံ့ချီးဘနန်းဖြစ်မိတယ်.. ဂိုဏ်းချုပ်ကြီး ရဲ့ဉာဏ်နီဉာဏ်နက်များပြားပုံ ..ထက်မြက်တဲ့သိုင်းအစွမ်းနဲ့ သူ့ရဲ့ဂိုဏ်းခွဲမှူး ငါးယောက်ရဲ့ စွမ်းဆောင်ရည်တွေကို မချီးကျူးပဲကိုမနေနိုင်ဘူး .. အဲ့ဂိုဏ်းခွဲမှူး
ငါးယောက်ထဲမှာမှ ဉာဏ်အကောင်းဆုံး သိုင်းပညာအထက်မြက်ဆုံးက ခုနှစ်ဆစ်ကျား လျှိုစဲ့ယိ လို့ဆရာပြောတာကြားဖူးခဲ့သဗျ .. လက်နက်အမျိုးမျိုးကို ကျွမ်းကျင်တဲ့ လျှိုစဲ့ယိဟာ ဘယ်လက်နက်ကိုသုံးသုံး သူ့လက်နက်တိုင်းမှာ အဆစ်ခုနှစ်ဆစ်ပါလို့ ခုနှစ်ဆစ်ကျားလို့ခေါ်ကြသတဲ့... ''
ချင်အဲ့၏စကားမဆုံးခင် ၀၀ဘုန်းကြီးကပြုံး၍...
''တန်တော့ ဒကာလေးက ကျုပ်ကိုင်ထားတဲ့ အဆစ်ခုနှစ်ဆစ်ဒုတ်ကို မြင်လို့ ခုနှစ်ဆစ်ကျားလို့ ထင်နေပုံပဲ .. အခုဘုန်းကြီးကိုင်ထားတဲ့ ဒုတ်က သံနဲ့ လုပ်ထား တာမဟုတ်သလို လက်နက်လည်း မဟုတ်ဘူးကွဲ့ .. နံနက်မိုးသောက်ရင် တုံးမောင်း ခေါက်ရမှာမို့ ဘုန်းကြီးအမြဲဆောင်ထားတဲ့ တုံးခေါက်ဒုတ်တိုပါ ဒကာလေး..''
ချင်အဲ့ကခေါင်းကို ခါရမ်းလိုက်ပြီး..
''ဒီတိုင်းဆိုရင်တော့ အခုမှ လောလောလတ်လတ်တုံးထားတဲ့ ကတုံးတွေနဲ့ အသစ်စက်စက်သင်္ကန်းတွေ အကြောင်းပါထည့်ပြောရတော့မယ့်ပုံပဲ ''
ထိုစကားကြောင့် ၀၀ဘုန်းကြီးမှာ မျက်နှာကွက်ကနဲပျက်သွား၏.. အမာရွတ်ရသေ့တို့ကလည်း ထိုအခါမှ ဂရုစိုက်ကြည့်မိရာ အမှန်ပင် ဘုန်းကြီးတိုင်း သင်္ကန်းအသစ်နှင့် ယခုမှ ကမှန်းကတမ်းတုံးထားဟန်တူသော ကတုံးများကို မြင်လိုက်ရသည်..
ချင်အဲ့ကပင်..
''ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးတိုင်း သင်္ကန်းအသစ် ၀တ်ရတာကို မကြိုက်ကြဘူး .. သူတို့ဝတ်မြဲဝတ်နေကြ သင်္ကန်းအနွမ်းကိုပဲ ၀တ်လေ့ ရှိတယ် .. ပွဲတော်ရက်လို ပူဇော်ပွဲရက်လိုကလွဲလို့ ကျန်တဲ့အချိန်တိုင်း အနွမ်းလေး တွေကို ၀တ်ကြတယ်.. ခုလို ညကြီးသန်းခေါင်ကျော်အချိန်ဆို ပိုဆိုးပေါ့ဗျာ . ပြီးတော့ ဘုန်းကြီး ဆယ့်ကိုးယောက်လုံးတပြိုင်နက် ကတုံးတုံးကြဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာဗျ..တစ်ယောက်နဲ့တစ်ယောက် ဆံပင်ပေါက် တူတာမှတ်လို့ ..အဲ့ကတည်းက ကို ဒီဘုန်းကြီးတွေ တစ်ခုခုမှားနေပြီလို့ ကျွန်တော့်စိတ်ထဲဝင်လာမိတာ..''
ချင်အဲ့က နောက်တွင်ရပ်နေသည့် ဆယ့်ရှစ်ယောက်ထဲမှ တစ်ယောက်ကို လက်ညှိးညွှန်ကာ ...
''ဟိုတစ်ယောက်ဆိုရင်ကြည့်လိုက် .. နားထင်မှာဓါးရှရာတောင်ရှိ သေးတယ်.. ဓါးကသင်တုန်းဓါးရာမဟုတ်ဘဲ ဓါးမြှောင်ရှရာဆိုတော့ ဘုန်းကြီး အယောင်ဆောင်မှန်း ပိုသေချာသွားတာပေါ့.. ပြီးတော့ သူတို့သင်္ကန်းနောက် ညာဘက်ခါးကြားတွေက အစပိုထွက်သလို ဖောင်းဖုနေတာကို မြင်တော့ ကျွန်တော် စဉ်းစားမိတယ်.. လက်နက်တခုခု ထိုးထည့်ပြီး အပေါ်ကနေသင်္ကန်းစပြန်ဖုံးထားတယ် လို့ ... ဒါဆိုဘာလက်နက်ဖြစ်မလဲလို ခန့်မှန်းကြည့်တော့ လက်နက်ဟာ အဖြောင့်တော့မဖြစ်နိုင်ဘူး .. အဖြောင့်လက်နက်ဆိုရင် ကျောမှာ ကပ်ချည်ထားပြီး အပေါ်က ဖုံးထားလိုက်ရင် ဘယ်လိုမှ မသိသာဘူးလေ.. ကောင်းပြီ ဒါဆို အကောက် လက်နက်ပေါ့ .. အကောက်လက်နက်ဆိုရင် ဘယ်လိုမျိုးဖြစ်မလဲ.. သံချိတ်လား .. တံစဉ်လား .. လခြမ်းဓါးလား.. ဒါလည်းသုံးခုလုံး မဖြစ်နိုင်ဘူး.. သံချိတ်ဆိုရင် ဖွက်ရတာ ပိုတောင်လွယ်သေးတယ်.. တံစဉ်ဆို ပြောမနေနဲ့တော့ ..လခြမ်းဓါးဆိုရင် ဒီ့ထက်ပိုဖောင်းဖုနေရာမယ်.. အခုဟာက ဒီလောက်ကြီးဖောင်းထွက်မနေဘူး.. အကယ်လို့ တစ်ယောက်ထဲသာရပ်နေမယ်ဆိုရင် သိတောင်သိသာမှာမဟုတ်ဘူး .. ရှိသမျှလူဆယ့်ရှစ်ယောက်လုံး စီတန်းရပ်နေလို့သာ ထင်ပေါ်သွားတာကိုးဗျ.. ဒါဆိုရင် တစ်ခုပဲကျန်တော့တယ်.. ဓါးကွေး...''
ချင်အဲ့ကသူ၏တံတောင်ဆစ်ကို ခပ်ကွေးကွေးလေးလုပ်ပြလိုက်ရင်း..
''ဓါးကွေးကသာ အခုလို အနေအထားမျိုးဖြစ်လာနိုင်တာကိုးဗျ.. ဒါဆို ဓါးကွေးကို ကိုင်ဆောင်တဲ့ သိုင်းသမားတွေကို ပြန်စဉ်းစားကြည့်မိလိုက်တယ်.. ပြည်မ ကြီးမှာ ဓါးကွေးသိုင်းသမားတွေရှိပေမယ့် ဂိုဏ်းတစ်ဂိုဏ်းအနေထားတော့ မကိုင်ဆောင်ကြဘူး.. တောင်ပင်လယ်နတ်ရွှေနဂါးဂိုဏ်းသိုင်းသမားတွေနဲ့ မောင်းဂွတ်တွေပဲ ဓါးကွေးကိုအများဆုံးကိုင်ကြတာ ..အဲထဲက မောင်းဂွတ်တွေကို ဖယ်ထုတ်လိုက်တယ်..သူတို့က ပြည်မကြီးကို ခြေချလို့မှမရဘဲကိုး..ကိုင်း.. တစ်ဂိုဏ်းပဲကျန်တော့တယ်.. နတ်ရွှေနဂါးဂိုဏ်း.. အဲ့လိုကောက်ချက်ချမိလိုက်ပြီ ဆိုတာနဲ့ .. အဆစ်ခုနှစ်ဆစ်ဒုတ်ကို ကိုင်ထားတာ ဘယ်သူမှန်း သိသာသွားပြီ မဟုတ်လား.. သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်.. သေနာပတိကြီး ဒီတောင်ပေါ် ကမဆင်းမခြင်း သူတို့အဖွဲ့ သိုင်းကျမ်းကို မထိသေးဘူး.. အေး အဲ့လိုပဲ တခြားအဖွဲ့ တွေ ကြားက ဖြတ်လုသွားမှာလဲ မခံချင်ဘူး .. ဒီတော့ ဘာလုပ်ရမလဲ တောင်ကို မျက်ခြေမပြတ်ကြည့်ပြီး ကြံစည်ဖို့လာတဲ့သူတွေကို ရှင်းနိုင်ရင်ရှင်း မရှင်းနိုင်ရင် ဉာဏ်ပလီသုံးပြီး ပြန်လွတ်လိုက်ရမယ်မဟုတ်လား... အခုလည်း ကျွန်တော်တို့ ခြောက်ယောက်ကို ဉာဏ်ပလီသုံးလိုက်တာပဲ...''
''ဟားဟားဟားဟား.. အဖြူရောင်သစ္စာဓါးဆိုတဲ့ သူငယ်ကိုတော့ ကျုပ်အလွန်ပဲ ချီးကျူးမိသဗျာ.. မောင်ရင်သုံးသပ်တာ အကုန်မှန်ပါတယ်.. ကျုပ်က လျှိုစဲ့ယိပဲ .. မောင်ရင်တို့ကို အကြမ်းမဖက်ချင်သေးလို့ ကောင်းကောင်းမွန်မွန် ပြောနေတုန်း ကိုယ့်အသိစိတ်နဲ့ပြန်လှည့်သွားမယ်ဆိုရင်တော့ ဒီဖြူစင်တဲ့ ကုန်းမြေမှာ သွေးမြေခ စရာမလိုတော့ဘူးပေါ့ကွယ်..မဟုတ်ရင်တော့ ခုနှစ်ဆစ်ကျား လျှိုစဲ့ယိကို ရက်စက်သူကြီးရယ်လို့ အများက သတ်မှတ်ကြတော့မယ်..''
အမာရွတ်မှာ ဘုရားမှတ်လို့ကိုးကွယ်နေရာမှ ဖွတ်ထွက်လာမှန်း သိလိုက်ရသဖြင့် ဒေါပွသွားကာ...
''လျှို့စဲ့ယိဆိုတဲ့ ခုနှစ်ဆစ်ကျားကို အယောင်ဆောင်လူလိမ်မဟုတ်တဲ့ လူတော်တစ်ယောက်လို့ထင်ခဲ့မိတာ မှားပြီ .. အကြားနဲ့အမြင်ဟာ ဘယ်တော့မှ ထပ်တူမကျနိုင်ဘူးဆိုတာ ကိုယ်တွေ့ကြုံမှ သိရတော့တယ်.. လျှိုစဲ့ယိ .. ၀ူတန်ငါးဖော် ကို ကလိမ်ကျရင် ဘယ်လို ဖြစ်သွားသလဲဆိုတာ အခုပဲမင်းကိုပြမယ်..''
လျှို့စဲ့ယိက သူ၏ဒုတ်တိုကို ၀ီခေါ်သွားအောင်လှည့်လိုက်ရင်း..
''လာခဲ့စမ်း.. ၀ူတန်ဓါးငါးဖော်နဲ့သစ္စာဓါး .. မင်းတို့ဓါးတွေ အသွေးတုံး အောင် လုပ်ပစ်မယ့် ခုနှစ်ဆစ်ကျားကွ.. ငါ့ညီတော် အစွယ်နှစ်ချောင်းဖျံမင်းရဲ့ သိက္ခာ ကြွေးကို အတိုးရော အရင်းရော ဆပ်ပေးလိုက်မယ်.. ငါ့လူတွေ နဂါးမင်းဝင်္ကပါကွက် ဟေ့''
''ဟိုင်းယား...''
''ချွင်..ချွင်..ချွင်..ချွင်''
အချိန်မရှိအခါမရှိတွင်မှ မြင်းဖြူဘုံကျောင်းတောင်ပေါ်တွင် တိုက်ပွဲစသံ စီစီညံနေတော့သည်...
လှိုင်းလုံးများသဖွယ် ကွေ့ကွေ့ကောက်ကောက်နှင့် နေရာယူထားကြ သော လူဆယ့်ကိုးယောက်သည် ချင်အဲ့တို့ ခြောက်ယောက်အား တဖြည်းဖြည်းနှင့် ၀ိုင်းလာလေ၏... သူတို့ခြောက်ယောက်ကမူ ဓါးကိုယ်စီကိုင်ထားကာ ၀ိုင်းလာသူများ ကို စူးစိုက်ကြည့်နေကြသည်...
''နဂါးရေသောက်ဆင်း..''
''ကျား..''
''ထန်း..ထန်း..ထန်း''
နဂါးမင်းဝင်္ကပါဓါး၏အဖွင့်တိုက်ကွက် နဂါးရေသောက်ဆင်းဟူ သောနာမကို လျှိုစဲ့ယိက အော်လိုက်သည်နှင့် အဖွဲ့သားများက ၀င်၍ခုတ်ပိုင်းကြကုန် ၏... ခြောက်ယောက်တတွဲ ခြောက်ယောက်တတွဲ အဆက်မပြတ် တိုက်ခိုက်လာ သော ဓါးကွေးများကို အမာရွတ် နားကား ကျောက်ပေါက်မာ အသားဘု နှာခေါင်းကြီးနှင့် ချင်အဲ့တို့က အသာအယာပင် ကာကွယ်နိုင်ပါသည်.. နဂါးမင်း ၀င်္ကပါ မှာ အထက်မြက်ဆုံးဟု မခေါ်သာသော်လည်း အဆင့်အနိမ့်ကြီးတော့မဟုတ်ပါ.. သို့သော် သူတို့ယှဉ်ပြိုင်နေရသော သူများမှာ သာမာန်အဆင့်မြင့်သိုင်းသမားများ မဟုတ်သောကြောင့် ခဏချင်းနဲ့ပင် ဖရိုဖရဲဖြစ်သွားကြသည်...
''ယား..ဟိတ်..''
''ထန်း..ထန်း..''
''ချွမ်း..ချွမ်း..ချွမ်း..''
''ဇွပ်..ဇွပ်..ဗြိ..''
''အား..အင့် .. အမလေး..''
သိပ်မကြာခင်တွင်ပင် ရှစ်ယောက်မှာ ၀ူတန်ဓါးငါးဖော်နှင့် ချင်အဲ့၏ လက်ချက်တို့ကြောင့် တမလွန်ခရီးကို အဖော်ကိုယ်စီနှင့် ခရီးထွက်သွားရရှာ၏.. အထူးသဖြင့် ချင်အဲ့၏ ဓါးချက်များမှာ မြန်ဆန်သွက်လက်လှသည် ...၀ူတန်၏ သိက္ခာရှိသောဓါးချက်များက လှပရုံတင်မက အသက်နုတ်ရာတွင်လည်း တွင်ကျယ်ပေ၏...ချင်အဲ့ ဓါးတချက်ရမ်းလိုက်သည်နှင့် အသက်တစ်ချောင်းကတော့ သေချာပေသည်...
ဝူတန်လင်္ကာဓါးသိုင်းက ချင်အဲ့လက်ထဲတွင် ကာရန်ညီနေ၏ .. တိုက်ပွဲ ပြင်ပမှ လျှိုစဲ့ယိပင် ချင်အဲ့အား အလေးထားမိ၏.. လူတော်သလောက် ကျော်သင့် သောသူငယ်ပင်.. မာန်အပြည့်နှင့်တိုက်ခိုက်နေသော ထိုလူငယ်ကား နောင်တချိန် တွင် ၀ူတန်၏ အဖိုးတန်ရတနာ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲတော့ဟု ကျိတ် ချီးကျူးမိသည်အထိပင်.. သူတို့၏ နတ်ရွှေနဂါးဂိုဏ်းတွင်တော့ ဆောင့်ကြွားကြွားနိုင် လှသော မျိုးဆက်များသာရှိသည့်အဖြစ်အတွက်လည်း ၀မ်းနည်းမိသည်..
''ဟိုင်းယား.. ''
''ဖောက် ..ဖောက်..ဖောက်''
နောက်ဆုံးကျန်နေသော သိုင်းသမား သုံးယောက် ချင်အဲ့၏ မြွေဓါးသိုင်းကွက်အောက်တွင် လည်ပင်းပေါက်ထွက်သွားပြီး သွေးများပန်းထွက်ကာ သေသွားပြီးသည့်နောက် နတ်ရွှေနဂါးဂိုဏ်းမှ လျှိစဲ့ယိသာ ကျန်နေတော့၏...
အမာရွတ်က ရန်သူ့ သွေးများစွန်းပေနေသော မျက်နှာအား အင်္ကျီလက်စဖြင့် သုတ်ကာ ...
''ကိုင်း.. အပြောကြီးတဲ့ လျှိုစဲ့ယိ.. မင်းတစ်ယောက်ထဲ ကျန်တော့တယ် ..
ဒါပေမယ့် သိပ်မကြာခင် မင်းလည်း သူတို့နောက်လိုက်ရတော့မှာပါ..''
လျှိုစဲ့ယိက ထိုစကားကြောင့်အူလှိုက်သဲလှိုက်ရယ်ပြီး...
''ကောင်းပြီ ..ကောင်းပြီ.. ငါလာပြီဟေ့.. ထုတ်လိုက်စမ်း မင်းတို့ရဲ့ အစွမ်းအကုန်လုံး...''
အသံကမှနောက်ကျနေသေး၏ လျှိုစဲ့ယိ၏ ဒုတ်က အမာရွတ်၏ မျက်ခွက်တည့်တည့်သို့ပြေးဝင်လာ၏ .. မြန်ဆန်လွန်းလှ၍ အမာရွတ်မှာ မည်သို့မျှ မတုံ့ပြန်နိုင်ရှာ ..အကယ်၍ ချင်အဲ့သာ လက်မမြန်လျှင် ထိုတကွက်ထဲနှင့် အမာရွတ် ခေါင်းပြုတ်သွားနိုင်သည်... ချင်အဲ့ ပင်လျှင်လျှိုစဲ့ယိအား မျက်ခြေမပြတ်ကြည့်နေသူမို့ အမာရွတ်အနား လျှိုစဲ့ယိခုန်ဝင်သွားသည်နှင့် ပုံရိပ်ဓါးကိုးချက်သိုင်းဖြင့် ထိုးသွင်းလိုက် ရသည်.. လျှိုစဲ့ယိမှာ သူ၏နံကြားသို့ ဓါးချက်ဝင်လာပြီဆိုတာ သိလိုက်ရသည်နှင့် ဒုတ်ကို ပြန်ရုတ်ကာ လေထဲ၌ပင် ကိုယ်ကိုလိမ်၍ ဓါးချက်အား ခုခံလိုက်၏ .. အကယ်၍ သူသာ အမာရွတ်အား ထိုးထည့်လိုက်ရင် ချင်အဲ့၏ ဓါးချက်ကြောင့် နံပွင့် သွားတော့မည်မဟုတ်လား... ဓါးနှင့်ဒုတ် ထိတွေသံက ကျယ်လောင်လွန်းလှသည်..
''၀ှီး..၀ှီး..''
''ထန်း...''
ချင်အဲ့မှာ လက်မောင်းတစ်လျှောက်ကျင်တက်သွားသောကြောင့် ယောင်မှား၍ ဓါးကိုလွတ်ချမိမတတ်ပင်.. အတွင်းအားခြင်းမယှဉ်သာဟု သိလိုက်ရ သဖြင့် နောက်သို့ ခြေတလှမ်းခုန်ဆုတ်ကာ အနတ္တရင်ခွင် အတွင်းအားဖြင့် တကိုယ် လုံးကို လှည့်ပတ်ဖြေလျော့လိုက်ရသည်... လျှို့စဲ့ယိ နာမည်ကြီးသည်က အာမလာ မဟုတ် ..
'''ဟား..ဟား..ဟား..ဟား..ဘယ်လိုလည်း ကောင်လေး .. ရော့ မင်းအတွက် နောက်ထပ်တကွက်လာပြီ..''
လျှိုစဲ့ယိက ချင်အဲ့၏အဖြစ်အား သဘောကျသလိုရယ်လိုက်ပြီး နောက်ထပ် သိုင်းကွက်တကွက်ကို တိုက်ခိုက်လိုက်ပြန်သည်.. ချင်အဲ့မှာ ထိုက်ကျိ ဓါးသိုင်းကို အသုံးပြုကာ ရေပက်မ၀င်အောင်ကာထားလိုက်သော်လည်း ဒုတ်က သူ့ထံ မ၀င်လာပါ.. သူ့အနီးနားရောက်မှ လမ်းကြောင်းပြောင်းပြီး ဘေးမှ အသားဘုဆီသို့ ဦးတည်သွားသည်..
အသားဘုမှာ ဒုတ်ချက်အား သဲသဲကွဲကွဲပင်မမြင်ရရှာ .. မည်းမည်း အရိပ်ကြီးကိုသာ မြင်လိုက်ရ၍ သက်စွန့်စံဖျား ကာကွယ်လိုက်ရသည်...
''ဒလန်..ချွမ်း..'''
နားစည်များပင်ပေါက်ထွက်လုအောင် အသံကျယ်ကြီးထွက်လာပြီး အသားဘု နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားရ၏ ..သူ၏လက်မောင်းရိုးများ ကွဲကြေ သွားပြီလားထင်ရအောင် နာကျဉ်လှပေသည်..
အမာရွတ်မှာ လျှိုစဲ့ယိ၏ကြီးမားသောကိုယ်ခန္ဓာနှင့်မလိုက်ဖက်အောင် မြန်ဆန်သွက်လက်လွန်းသော ဒုတ်ချက်များကို ကြည့်ကာ တဦးခြင်းမယှဉ်နိုင်မှန်း သိ၍ ...
''၀ူတန်ဓါးငါးဖော်ရဲ့ ဓါးသဏ္ဍန်ငါးမျိုးသိုင်းကွက်ဟေ့..''
အမာရွတ်၏ အော်ဟစ်သံကြောင့် နားကား ..နှာခေါင်းကြီး အသားဘုနှင့် ကျောက်ပေါက်မာတို့မှာ သိုင်းကွက်ကိုယ်စီပုံဖော်ပြီး လျှိုစဲ့ယိအား ၀ိုင်းတိုက်ကြတော့ သည်... ထိုအခါတွင်တော့ လျှိုစဲ့ယိလည်း မလွယ်ကူတော့ပါ... တစ်ချောင်းထဲ ကျိုးသော ထင်းများလိုပင်.. ငါးချောင်းအစီးကိုတော့ လျှိုစဲ့ယိ မချိုးနိုင်ရှာ....
ရသေ့ငါးယောက်၏ ဓါးသဏ္ဍန်ငါးမျိုးက အပေးအယူမျှတလှပြီး အကွက်စေ့လွန်း၏.. မျက်တောင်တစ်ခတ်အတွင်း၌ပင် သိုင်းကွက်ပေါင်းလေးဆယ် ကျော်သွားသည်.. သို့သော် လျှိုစဲ့ယိကလည်း ခေသူမဟုတ်ရကာ သိုင်းကွက်အရှိန် ကို သိသိသာသာကြီးလျော့ချလိုက်ပြီး ခံစစ်မှနေ၍ တစ်ကွက်ကောင်းသာ တိုက်ခိုက် လိုက်တော့၏...
ရသေ့ငါးယောက်ကလည်း သူတို့၏ဓါးချက်များ ရေတံခွန်သဖွယ် အဆက်မပြတ်တိုက်ခိုက်နေသည့် ကြားမှ ဖောက်ဖောက်ထွက်လာသော ဒုတ်ချက် များကြောင့် အကွက်မပျက်သွားရအောင် အတင်းကျိုးစားနေရရှာသည်...
တိုက်ပွဲက ပြင်းထန်သည်ထက်ပင် ပြင်းထန်လှပေ၏... ယခုမူ တိုက်ပွဲနှင့် ကင်းကွာနေသူက ချင်အဲ့....
ချင်အဲ့မှာ သိုင်းလောကအတွင်း ခြေချလာသည်မှာ သိပ်မကြာသေး၍ ထိုကဲ့သို့ ဂန္တ၀င်မြောက်သော တိုက်ပွဲကို မမြင်ဘူးရှာပေ.. ထို့ကြောင့် ပါးစပ် အဟောင်းသားနှင့်ကြည့်နေရသည်..
ကြည့်ရင်း ကြည့်ရင်းနှင့်မှ နှစ်ဖက်စလုံး၏ အားသာချက် အားနည်းချက် များကို သုံးသပ်နေမိ၏.. ဉာဏ်ထက်သူမို့ အကွက်နှစ်ရာမျှအရောက်တွင် လျှိုစဲ့ယိ၏ သိုင်းကွက်များကို သဘောပေါက်သွားသည်...
''အင်း..သူ့ရဲ့သိုင်းကွက်က တည်ငြိမ်လွန်းလှတယ်..မြန်ရင်လျှပ်စီးလိုမြန် ပြီး တချိန်ထဲမှာ နှေးသွားရင် လိပ်လိုပဲ ..ဒါပေမယ့် အဲ့နှစ်ခုစလုံးက အကွက်ကျကျ မြန်လိုက်နှေးလိုက်ဖြစ်နေတာ .. နှေးရင် ခြောက်ကွက်လောက်ဆက်တိုက်နှေးပြီး မြန်တဲ့ ဓါးချက်က နှစ်ကွက်ထဲ .. အဲ့နှစ်ကွက်သုံးလိုက်တာနဲ့ ဦးဦးတို့ သေလုမျောပါး ခံနေရတာပါလား.. ဒါဆို ခြောက်ကွက်ကို ဦးဦးအမာရွတ် ..ဦးဦးနားကား.နဲ့ ဦးဦး ကျောက်ပေါက်မာတို့သုံးယောက်ထဲနဲ့ ရအောင်တောင့်ခံထားပြီး ကျန်တဲ့နှစ်ကွက် မစခင် ဦးဦးနှာခေါင်းကြီးနဲ့ ဦးဦးအသားဘုတို့ ဦးအောင်တိုက်နိုင်ရင် လျှိုစဲ့ယိ မသေရင်တောင် သူ့သိုင်းကွက်ပျက်သွားမှာ သေချာတယ် ..သူသိုင်းကွက်ပျက်တာ နဲ့ ငါဝင်တိုက်လိုက်ရင် သေချပေါက် သူထိခိုက်သွားနိုင်တယ်... သေတော့ မသေချာပေမယ့် လောလောဆယ် ဒါအကောင်းဆုံးပဲ.. အင်း.. ငါ့ရဲ့ အတွင်းအား ဒီ့ထက်သာ ပိုကောင်းနေရင် အဌမုခ်သမုဒ်ဌာန် ရှစ်ပါးသိုင်းနဲ့ လျှိုစဲ့ယိကို နိုင်အောင် တိုက်နိုင်မှာသေချာတယ်..''
''အင်း..ဒါကတော့ မင်းအထင်ကိုးကွ.. ငါ့အကိုကြီးကို မင်းဒီ့ထက် ဆယ်ဆလောက် ကျင့်ပြီးမှ လာတိုက်လည်း သေမှာကလွဲလို့ ဘာမှမရှိဘူး ကောင်လေး...''
ချင်အဲ့မှာ တီးတိုး ရေရွတ်နေရာမှ သူ၏နောက်မှ စကားသံကြောင့် ရှေ့ကိုခုန်ထွက်လိုက်ပြီးမှ နောက်ကိုလှည့်ကြည့်လိုက်၏... သူ့အားပြုံးစိစိနှင့် စိုက်ကြည့်နေသော စုတ်ချွန်းချွန်းနှင့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်.. တကိုယ်လုံးအား အစိမ်းရောင် အနီရောင် ကြောင်ကြောင်ကျားကျားဝတ်စုံ ၀တ်ဆင်ထားပြီး ဆံပင်အားအမောက်ထောင်ထားသည့် ပုံစံပြုလုပ်ထားသဖြင့်...
''သံမဏိကြက်ဖ...''
''ဟဲဟဲဟဲဟဲ ..ဘယ်ဆိုးလို့လဲ ပြည်မကြီးမှာ ငါ့နာမည်သိတဲ့သူတွေ ရှိသားပဲ...''
ချင်အဲ့မှာ ယခုမှစိုးရိမ်စိတ်ဝင်လာမိတော့သည်... လျှိုစဲ့ယိကိုပင် ခြောက်ယောက်ပေါင်းတိုက်ရန် ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားနေရချိန်တွင် လျှိုစဲ့ယိနှင့် မတိမ်းမယိမ်းတစ်ယောက် ရောက်လာသည်မှာ သူတို့အတွက် ပျော်စရာကောင်း သည့် အဖြစ်အပျက်မဟုတ်ပါ...
သံမဏိကြက်ဖ ပြုံးစိစိနှင့်ပင် သူ၏ ခါးကြားမှ ဓါးမတိုနှစ်ချောင်းကို ထုတ်လိုက်သည် .. အသွားပါ၍သာ ဓါးဟုဆိုရသည် အမှန်စစ်စစ် ထိုလက်နက်မှာ ကြက်တောင်ပံနှင့် တထေရာရောတူလှ၏.. သံမဏိကြက်ဖက...
''ကောင်လေး မင်းအဆင်သင့်ဖြစ်ပြီလား.. ''
ထိုစကားနှင့်အတူ ချင်အဲ့အဖြေမပြန်သေးခင်တွင်ပင် သံမဏိကြက်ဖက သိုင်းကွက် ငါးကွက်တိတိတိုက်ခိုက်ပြီးဖြစ်သည်..
''၀ှီး..၀ှီး..၀ှစ်..၀ှစ်..''
''ထန်း..ထန်း..ထန်း..'''
ချင်အဲ့မှာ သတိအလျင်မပြတ်သူဖြစ်၍ သံမဏိကြက်ဖ၏ ဓါးမတိုကို ကောင်းစွာကာကွယ်လိုက်နိုင်၏ ... သူကျိတ်ပျော်သွားသည့် အချက်က သံမဏိကြက်ဖမှာ လျှိုစဲ့ယိလောက်အတွင်းအားမကောင်း၍ပင်.. သို့သော်... သို့သော်.. ထိုသို့သော်သည် ချင်အဲ့အသက်ထွက်လုနီးနီးသို့သော်ဖြစ်သည်..
သံမဏိကြက်ဖ၏ သိုင်းကွက်များက အလည့်အပြောင်းများပြားပြီး လျှိုစဲ့ယိထက် နှစ်ဆမျှ မြန်ဆန်လွန်းလှရာ ချင်အဲ့ တချက်လေးသတိလစ်သွား သည်နှင့် သူ၏ လည်ပင်းအား ရှပ်ထိရုံပွတ်ဆွဲသွားခြင်းကို ခံလိုက်ရသည်.. ရှပ်ထိရုံမို့ သွေးစို့ထွက်လာသည်မှအမ မည်သို့မျှ မဖြစ်လိုက်ရရှာ .. အကယ်၍ စပါးလုံး တစ်ထောက်မျှဆိုရင်ပင် သွေးကြောများ ပြတ်ထွက်သွားပြီး အတိဒုက္ခရောက်ရတော့ မည်...
ချင်အဲ့မှာ စပ်ဖြင်းဖြင်းဖြစ်သွားသော လည်ပင်းအား ဂရုမစိုက်နိုင်အားသေး ထစ်ချုန်းသလို တိုက်ခိုက်လာသော သံမဏိကြက်ဖ၏ တိုက်ကွက်များကို သတိထားပြီး တုံ့ပြန်နေရသည်...
လင်္ကာဓါးသိုင်းတစ်လည့် ထိုက်ကျိသိုင်းတလည့် တိုက်ခိုက်နေရာမှ ချင်အဲ့ သိုင်းကွက်ပြောင်းလိုက်၏ ..
''ယား...ဟိတ်..''
''ထန်း..ထန်း..''
''၀ှစ်..၀ှစ်..၀ှစ်..''
''ချွင်..ချွင်..ချွင်..''
'''ကောင်းလိုက်တဲ့သိုင်းကွက်ပါလား ..မလွယ်ဘူးဟေ့.. တော်တယ်ကောင်လေး ..မင်းတော်တယ်..''
သံမဏိကြက်ဖမှာ ချင်အဲ့သိုင်းကွက်ပြောင်းလိုက်သည်နှင့် မျက်ကလူး ဆန်ပြာဖြစ်သွားပြီး အံ့သြသွားကာ ပါးစပ်မှထုတ်ဖော်ချီးကျူးလိုက်ရသည်အထိပင်.. မှန်သည် အဌမုခ်သမုဒ်ဌာန် ရှစ်ပါးသိုင်းဆိုသည်မှာ တော်ရုံသိုင်းမဟုတ် ၀ူတန်၏ မြစ်ဖျားဓါးသိုင်းမဟုတ်လား .. အစွယ်နှစ်ချောင်းဖျံမင်းကိုပင် ဒါဏ်ရာရသွားစေသော ထိုသိုင်းအား သံမဏိကြက်ဖ ရှိန်မည်ဆို ရှိန်လောက်သည်လေ...
သံမဏိကြက်ဖ တစ်ခုကံကောင်းသွားသည့် အချက်က ချင်အဲ့ တစ်ယောက် ထိုသိုင်းကို သိပ်မကျင်လည်သေးသည့်အချက်ကြောင့်ပင်... မကျင်လည်သေး၍သာ တော်တော့၏ ယခုပင်လျှင် သံမဏိကြက်ဖတစ်ယောက် အောက်စည်းသို့ရောက်နေရှာသည်...
ထိုစဉ်....
''ဟင်း..ဟင်း..ဟင်း..ဟင်း.. ဒို့အကိုလတ်က ဟုတ်ပြီးရင်း ဟုတ်ရဲ့နဲ့ လူငယ်လေးတစ်ယောက်ကိုတောင်မနိုင်ပါလား..''
သာယာနွဲ့ပြောင်းသော အသံနှင့်အတူ မိန်းမချောလေးတစ်ယောက် တောတန်းအတွင်းမှ ထွက်လာခဲ့၏... ချင်အဲ့နှင့် သံမဏိကြက်ဖမှာ တိုင်ပင်ထားသည့် အလား နောက်သို့ခုန်ဆုတ်ပြီး အသံထွက်လာရာသို့ လှမ်းကြည့်လိုက်ကြသည်...
အစိမ်းရောင်တောက်တောင်ဝတ်စုံနှင့် မိန်းမချောလေးတစ်ယောက် မြေကွက်လပ် အတွင်းသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏ ..
မျက်လုံးတောက်တောက်နှင့် ဖွေးနုနေသော မိန်းမချောလေးသည် သူမ၏လက်ထဲတွင် လွန်စွာလှပသော ဒေါင်းမွှေးလေးကို ကိုင်စွဲထားလေသည်.. ချင်အဲ့မှာ မိန်းမချောလေးကို မြင်လိုက်ရသောအခါ ရင်လေးသည်ထက် ပိုလေးရတော့ ၏....
ဒေါင်းစိမ်းဒေ၀ီ... ဒေါင်းစိမ်းဒေ၀ီ ဆိုသည်မှာလည်း သံမဏိကြက်ဖနည်းတူ နတ်ရွှေနဂါးဂိုဏ်း၏ ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်သည်.. ပိုဆိုးသည်မှာက နတ်ရွှေနဂါး ဂိုဏ်းချုပ်ကြီး၏ ၀မ်းကွဲညီမတော်စပ်ပြီး ..လျှိုစဲ့ယိနှင့်သိုင်းပညာ အဆင့်တူ နေသည့် အချက်ပင်....
အသက်သုံးဆယ်ကျော်နေပြီဖြစ်သော်လည်း ဒေါင်းစိမ်းဒေ၀ီမှာ ဆယ်ကျော်သက်သဖွယ် နုငယ်နေဆဲ လှနေမြဲ ..
ချင်အဲ့မှာ တံတွေးတစ်ချက်မြိုချလိုက်ပြီး လျှိုစဲ့ယိတို့ဘက်ကို ကြည့်လိုက်၏ ...
အခြေအနေက သူတင်ကိုယ်တင်ပင် နောက်ထပ်အကွက်ငါးရာအတွင်း အဖြေပေါ်အုံးမည့်ပုံမဟုတ်သေး ...
သံမဏိကြက်ဖက သူ၏ညီမစကားကြောင့် မျက်နှာကို မဲ့လိုက်ပြီး...
''ညီမလေး နင်ကဒီကောင်လေးကို ဘယ်သူထင်လို့လဲ ၀ူတန်ဂိုဏ်းချုပ်ကြီး ရဲ့တပည့် အဖြူရောင်သစ္စာဓါးလို့ခေါ်တဲ့ကောင်ပဲ..''
ဒေါင်းစိမ်းဒေ၀ီမှာ ချင်အဲ့၏ ခန့်ညားချောမောသောရုပ်သွင်ကို ရွှန်းရွှန်းစား စားကြီးကြည့်ကာ...
''ဟင်းဟင်းဟင်းဟင်း.. ကောင်လေးက လူချောလေးပဲ .. ထျန်းလေး (လော်ထျန်းဟူ) ထက်တောင်ချောသေးတယ် .. အကိုလတ်က အကိုကြီးဘက်က ကူပြီး ဟိုရသေ့တွေကို အမြစ်ဖြတ်လိုက်တော့ ညီမလေးက ဒီကောင်လေးကို ဆုံးမ ပေးလိုက်မယ်.. မြန်မြန်လုပ်နော် တော်နေကြာမိုးသောက်တော့မယ် ..မိုးသောက်ရင် အခြေအနေမကောင်းတော့ဘူး.. ''
သံမဏိကြက်ဖမှာ ဒေါင်းစိမ်းဒေ၀ီ၏စကားကို မငြင်းသာပါ.. သူတို့ဂိုဏ်းတွင် ဂိုဏ်းချုပ်ကြီး လော်ကျင်းထျန် ..လျှိုစဲ့ယိ ပြီးလျှင် ဒေါင်းစိမ်းဒေ၀ီက သြဇာအထက်ဆုံးမဟုတ်လား...
ချက်ခြင်း ဓါးမနှစ်လက်ဆွဲကာ လျှိုစဲ့ယိတို့ဘက် ပြေးသွားလိုက်၏.. ထိုသည်ကိုမြင်လျှင် ချင်အဲ့မှာ ခေါင်းကြီးမတတ်တွေးပူမိတော့သည်.. သံမဏိကြက်ဖ သာ လျှိုစဲ့ယိ ဖက်က၀င်ကူလျှင် ရသေ့ငါးပါး မည်သည့်နည်းနှင့်မျှနိုင်တော့မည်မဟုတ် .... သို့သော်လည်း တောင်မင်းမှာ မြောက်မင်းကို မကယ်သာပြီမဟုတ်လား....
သူကိုယ်တိုင်ပင် ဒေါင်းစိမ်းဒေ၀ီကို နိုင်ဖို့ရန်မသေချာပါ....
ချင့်အဲ့တွေးပူနေသော်လည်း သူတို့၏ ကံကြမ္မာမှာ အဆိုးကြီးတော့ မဟုတ်သေး....ထိုအခိုက် သံမဏိကြက်ဖအား ကြားဝင်တားသူတစ်ယောက် ပေါ်လာပါသေး၏..
သံမဏိကြက်ဖမှာ ဓါးမတိုနှစ်လက်စွဲပြီး တိုက်ပွဲထဲ ၀င်ရန်အပြုတွင် .. ရှေ့တွင်လူတစ်ယောက်ရောက်လာပြီး သူ့အားတားမြစ်နေသည်ကို အံသြစွာ တွေ့လိုက်ရသည်.. ထိုလူမှာ အသက်နှစ်ဆယ်ကျော်ခန့်သာရှိသေးသော လူငယ်တစ်ယောက်ပင်.... ကတုံးဆံတောက်နှင့် အမြီးအမှောက်မတည့်သော အ၀တ်အစားကို ၀တ်ဆင်ထားသော လူငယ်သည် အရောင်အသွေး မွဲနေသည်သာ မက ခေါင်းတွင်လည်း အကွက်အကွက်များက ထင်နေသေး၏.....
''ရပ်လိုက် ဒကာကြီး ..အဲ့လေ ဟေ့လူကြီး.. ''
သံမဏိကြက်ဖမှာ ထိုသူငယ်၏ အသွေးအမွေးကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး...
''မင်းဘယ်သူလည်း ..ဘယ်ကကောင်လည်းကွ .. အချောင်မသေချင် ရင်ဘေးထွက်နေစမ်း...''
ကတုံးဆံတောက်လူငယ်မှာ သူ၏ခေါင်းကို ကုတ်လိုက်ပြီး ..
''ဟုတ်တယ်ဗျ.. ကျွန်တော်လည်း ကျွန်တော့်နာမည်ကို သိချင်နေတာ .. ကျွန်တော်က ဘုန်းကြီးကျောင်းမှာပဲနေခဲ့ရတော့ ဘွဲ့နာမည်ပဲရှိတယ်.. လူဝတ်လဲ လိုက်တော့ ဘွဲ့ကလည်း သုံးမကောင်းတော့ဘူးလေ ..အဲ့ဒါကျွန်တော့်ကို နာမည် တပ်ပေးဖို့ အကိုအားကွေ့ကိုလိုက်ရှာနေတာ .. ဒကာကြီး အကိုအားကွေ့ကို သိသလားဟင်.. အကိုအားကွေ့လေ.. အော်...ဟုတ်ပြီ ဟုတ်ပြီ ..ကျွန်တော့်ကို အကိုအားကွေ့က ဒက်ပေါလို့ခေါ်တယ် .. အခုလောလောဆယ်တော့ ဒကာကြီး အဲ့လေ ခင်ဗျားလည်း ကိုယ်တော့်ကို အဲ့ဟုတ်ပေါင်.. ကျုပ်ကို ဒက်ပေါလို့ခေါ်ပေါ့..''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၉
သံမဏိကြက်ဖမှာ ရူးသလိုနှမ်းသလိုစကားပြောနေသော အနှီဒက်ပေါ ဆိုသည့် ငနဲသားအား စိတ်မရှည်နိုင်တော့သဖြင့် တုန့်ပြန်စကားမဆိုတော့ပဲ တွန်ကျူးတောင်ပံခတ်ဟူသော သိုင်းကွက်ကို သုံးကာ တိုက်ခိုက်လိုက်တော့၏.....
''ယား..''
''၀ှီး..၀ှီး..''
''ဟင်..''
သံမဏိကြက်ဖ၏ ဘယ်ညာဓါးနှစ်လက်သည် ဒက်ပေါ၏ လည်ပင်းဆီသို့ ကပ်ကြေးကိုက်ပြေးဝင်သွားသည်.. သို့သော် ဒက်ပေါ၏လည်ပင်းအား ထိရန်တစ်ထွာ လောက်အလိုတွင် သူ၏ရှေ့တွင် ဒက်ပေါက မရှိတော့ပေ... သံမဏိကြက်ဖမှာ ဒက်ပေါပျောက်သွား၍ ယောင်နနဖြစ်နေတုန်း...
''ဟေ့လူ မပြောမဆိုနဲ့ ဘာလို့ ဓါးနဲ့ပိုင်းတာတုန်းဗျ.. မတော်ထိခိုက်ကုန် ရင်ဘယ့်နှယ်လုပ်ကြမတုန်း...''
ဒက်ပေါ၏အသံမှာ သူ၏အောက်မှ ထွက်လာသော အသံဖြစ်၍ သံမဏိကြက်ဖမှာ အလန့်တကြားနောက်သို့ခုန်ဆုတ်လိုက်ပြီး သူ၏ဓါးနှစ်လက်ကို အောက်ပိုင်းသို့ကာကွယ်ဝှေ့ရမ်းထားလိုက်သည်.. ဒက်ပေါ သူ့အားတိုက်ခိုက်လာမှာ စိုး၍ဖြစ်၏....
''၀ှီး..၀ှီး..၀ှစ်..၀ှစ်..''
ဒက်ပေါက သံမဏိကြက်ဖ တွေးထင်မိသလို လိုက်လံမတိုက်ခိုက်ပါ .. မြေပြင်ပေါ်တွင်သာ လဲလျောင်းနေပါသည်... အမှန်တော့ ဒက်ပေါက သူ၏ လည်ပင်းဆီသို့ ဓါးနှစ်လက်ဦးတည်လာသည်နှင့် မြေပြင်ပေါ်သို့ လဲအိပ်ချလိုက် ခြင်းဖြစ်၏... သူ၏လုပ်ရှားပုံမှာ ဓါးချက်ထက် ပိုမိုမြန်ဆန်နေသောကြောင့် သံမဏိကြက်ဖ တစ်ယောက်မျက်စိရှမ်းသွားခြင်းပင်..
ဒက်ပေါ၏လှုပ်ရှားပုံသည် သိုင်းပညာမတတ်သော ဗရမ်းဗတာ လှုပ်ရှားမှုနှင့်တူနေသော်လည်း တကယ်တော့ ရှောင်လင်၏ရဟန်းငါးပါးသိုင်းကွက်ထဲ မှထိပ်တန်းသိုင်းကွက်ကို အသုံးပြုလိုက်ခြင်းသာ...
ရဟန်းငါးပါးသိုင်း... ထိုသိုင်းကို ရှောင်လင်၏ပဉ္စမမြောက် ဂိုဏ်းချုပ် လက်ထက်တွင် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်.. တီထွင်ခဲ့သူမှာရှောင်လင်၏ နာမည်ကျော် သိုင်းထိပ်သီးများမဟုတ်ဘဲ လူပျင်းဘုန်းကြီးရွှီတုရီ ဆိုသူဖြစ်၏... လူပျင်းဘုန်းကြီးရွှီတုရီမှာ အသက်ခြောက်ဆယ့်ကိုးနှစ်အထိ သာမာန်သိုင်းသမား တစ်ယောက်အဖြစ်နှင့် ရှောင်လင်၌အရိုးထုတ်နေပြီး အောက်ခြေသိမ်းဘုန်းကြီးတပါး ဖြစ်လေသည်...
မည်သည့်အလုပ်ကိုမဆိုအချောင်ခို ရေသာလိုက်နေသောကြောင့် သူ၏အမည်ရင်းပင်ပျောက်ပြီး လူပျင်းဘုန်းကြီးဟုသာ အများကခေါ်ကြ၏ ..
သကျမုနိမြတ်စွာဘုရား ဖွါးမြင်တော်မူသောနေ့ဖြစ်သည့် ၄ လပိုင်း ၈ ရက်နေ့ နေ့လည်ခင်းတွင် လူပျင်းဘုန်းကြီးရွှီတုရီမှာ ပိဋိကတ်ဆောင်နောက်ဖက်ရှိ သစ်ပင်ရိပ် ၌ အိပ်စက်နေစဉ် ထူးခြားသောအိမ်မက်တစ်ခုကို မက်လေသည်..
အရောင်ငါးမျိုးပါသော အလင်းတန်းကြီးတစ်ခုသည် တောက်ပစွ လင်းလက်လျှက် ကောင်းကင်မှ ပြုတ်ကျလာပြီး ရှောင်လင်တောင်ခြေရှိ စမ်းချောင်း ထဲသို့ ထိုးဆင်းသွားသည်ဟူသော အိမ်မက်ပင်.. အခြားသောအိမ်မက်များနှင့် မတူဘဲ မျက်လုံးထဲတွင် ပြတ်ပြတ်ထင်ထင် မြင်ယောင်မိသော အဖြစ်ကြောင့် လူပျင်းဘုန်းကြီး မှာ နိုးနိုးချင်းပင် အလင်းတန်းပြုတ်ကျသွားရာ စမ်းချောင်းဆီသို့ ပြေးရှာလေတော့၏..
အတန်ကြာမျှ ရေအောက်ထဲသို့ ငုတ်လျှိုးရှာပြီးသောအခါ သင်္ကန်းစ ဖြင့်ထုတ်ထားသော အထုတ်တစ်ထုတ်ကို တွေ့လေသည်.. အထုတ်ထဲတွင် ရပ် ထိုင် လဲ.. တားမြစ် ..မုဒြာ အစရှိသော ပုံစံငါးမျိုးနှင့် ရဟန်းရုပ်ငါးရုပ် ပါရှိ၏.. လူပျင်းဘုန်းကြီး ထိုရဟန်းငါးရုပ်ကို သူ၏ကျောင်းဆောင်သို့ ပင့်ဆောင်လာပြီး ခေါင်းရင်း၌ပူဇော်ထားသည်...
ထိုသို့ပူဇော်ထားပြီး ငါးရက်မြောက်တွင် ရွှီတုရီသည် အိမ်မက်တစ်ခု ကိုထပ်မံမက်ပြန်လေ၏ .. အိမ်မက်ထဲတွင်မူ ရပ်ထားသော ရဟန်းရုပ်မှသူ့အား သိုင်းပညာလာရောက်သင်ကြားပေးသည်ဟူ၏.. နောက်ရက်များတွင်လည်း ကျန်ရဟန်း လေးပါးသည် အိမ်မက်ထဲသို့ လာရောက်ကာ လူပျင်းဘုန်းကြီးအား သိုင်းပညာလာရောက် သင်ကြားပေးရာမှ ထိုရဟန်းငါးပါးသိုင်းပေါ်ပေါက်လာသည်ဟု အဆိုရှိ၏....
အချို့ကမူ လူပျင်းဘုန်းကြီးကိုယ်တိုင် ထိုအရုပ်ငါးရုပ်ကို ကြည့်ပြီး သိုင်းပညာတီထွင်လိုက်သည်ဟုဆိုကြသည်.. မည်သို့ပင်ဆိုစေကာမူ ထိုရဟန်းငါးပါး သိုင်းမှာ လက်နက်မဲ့သိုင်းပညာတွင် အဆင့်မြင့်သိုင်းကွက်ဖြစ်သည်ကိုတော့ သိုင်းလောကတစ်ခုလုံး ခြွင်းချက်မရှိလက်ခံထားကြ၏...
သဏ္ဍန်ငါးမျိုးပါသော ထိုသိုင်းကွက်သည် တကွက်လျှင် ငါးလီပွား သွားပြီး အပြောင်းအလဲငါးခုပါသည်..
ယခုတော့ ထိုရဟန်းငါးပါးသိုင်းသည် ဒက်ပေါ၏လက်ထဲသို့ရောက်ရှိ နေပြီဖြစ်၏...
သံမဏိကြက်ဖမှာ ရဟန်းငါးပါးသိုင်းအကြောင်း ရေးရေးမျှ ကြားဖူး သော်လည်း ထိုမအူမလည်ကောင် တတ်လိမ့်မည်ဟု မထင်ထားသောကြောင့် မြေပြင်ပေါ်လဲနေသော ဒက်ပေါအား ထပ်မံတိုက်ခိုက်လိုက်ပြန်သည်...
''ကြက်ဖရေခါ သိုင်းကွက် ..ရှောင်နိုင်ရင်ရှောင်စမ်း ..''
''ယား..'''
''၀ှစ်..၀ှစ်..''
ကြက်ဖ ရေခါ ဟူသည့်စက်ဝိုင်းပုံစံ ရစ်ပတ်လာသော သိုင်းကွက်ကြောင့် ဒက်ပေါမှာ မြေပြင်၌ပင် လူးလိမ့်ကာ ရှောင်တိမ်းလိုက်ရင်း ပါးစပ်မှ
''ဟေ့..ဟေ့.. ဒကာကြီး အဲ့လေ ဟေ့လူ ခင်ဗျားကို ကျုပ်က ဘာလုပ်လို့ ဒီလောက် လိုက်ခုတ်နေတာတုန်းဗျ.. ခဏရပ်ပါအုံး..''
မည်သူက တိုက်ခိုက်နေသည့်အချိန်တွင် ရပ်ပေးအံ့နည်း .. ဒက်ပေါ၏ စကားအတွက် အဖြေကတော့ သံမဏိကြက်ဖ၏ မိုးသောက်အိပ်တန်းထ ဟူသည့် အထက်မြက်ဆုံးသော ဓါးချက်များပင်ဖြစ်လေသည်...
''ထန်း....ထန်း..''
''ချွင်..''
ဒက်ပေါမှာ ထိုသိုင်းကွက်ကိုတော့ ခက်ခဲစွာ ခုခံလိုက်ရ၏ .. လက်နက် မဲ့ အသုံးမပြုနိုင်တော့ဘဲ လက်တွင်ပတ်ထားသော သံပုတီးဖြင့် ဓါးအား ရိုက်ချ လိုက်ရသည်...သံမဏိကြက်ဖမှာ လျှိုစဲ့ယိလောက် အတွင်းအားမကောင်းသော်လည်း ဒက်ပေါထက်တော့ သာပါသေး၏ ... ဒက်ပေါမှာ ပုတီးကိုင်ထားသော လက်ပင် ကွဲအက်သွားတော့မတတ်ခံစားလိုက်ရပြီး သွေးခြေဥသွားသည်..
အခွင့်သာသွားသော သံမဏိကြက်ဖမှာ မရပ်မနားတမ်း တရစပ်ပင် လိုက်လံတိုက်ခိုက်တော့၏ ....
တဖက်တွင် ချင်အဲ့နှင့် ဒေါင်းစိမ်းဒေ၀ီတို့ အပြင်းအထန်တိုက်ခိုက်နေ ကြသလို ၀ူတန်ဓါးငါးဖော်နှင့် လျှိုစဲ့ယိတို့ တိုက်ပွဲကလည်း ကြောက်ခမှန်းလိလိပင်..
ဝူတန်းဓါးငါးဖော်၏ ဓါးချက်များမှာ ကြာလေလေ အကွက်စေ့လေလေဖြစ်ပြီး လျှိုစဲ့ယိ ကလည်း ရိုက်လေလေမာလေလေဖြစ်နေသည်.. အရပ်မျက်နှာအသီးသီးမှ ဓါးချက်များအား သူ၏အဆစ်ခုနှစ်ဆစ်ဒုတ်ဖြင့် ပေါ့ပါးစွာ တိုက်ခိုက်နေဆဲ..
ထိုတင်မက ဓါးငါးလက်ကြားမှ ထွက်ထွက်လာသော ဒုတ်ချက်ကြောင့် ရသေ့ငါးယောက်မှာ မျက်ဖြူဆိုက်မတတ် ဖြစ်ဖြစ်သွား၏...
လျှိစဲ့ယိသည် ချွေးများစိုရွှဲနေသောရသေ့ငါးယောက်ကို ကြည့်ပြီး ...
''ဟားဟားဟားဟား .. ပြည်မသိုင်းလောကမှာ နာမည်ကြီးနေတဲ့ ဓါးငါးဖော် ..ထင်ထားသလောက်မဟုတ်ပါလား .. ငါတို့ တောင်ပိုင်းမှာဆို ဒီငါးယောက်ရဲ့ဓါးနဲ့ထင်းခုတ်စားလို့ပဲရမယ်...''
''ထန်း..ထန်း..ထန်း..ထန်း''
''ဒုတ်..''
''အား...''
အပြောနှင့်အတူ သူ၏ခုနှစ်ဆစ်ဒုတ်သည် ဓါးလေးလက်အား ရိုက်ထုတ် လိုက်ကာ အသားဘု၏ပုခုံးအား ပွတ်ဆွဲသွားသည်.. ရှုပ်ထိရုံသာဖြစ်သော်လည်း ကြီးမားသော အတွင်းအားကြောင့် အသားဘုမှာ အဝေးသို့လွင့်စင်သွားလေ၏...
သွားပြီ...ဓါးငါးဖော်၏သိုင်းကွက်ပျက်လေပြီ....
ချင်အဲ့သည် ဒေါင်းစိမ်းဒေ၀ီ၏ အစိမ်းရောင်ဒေါင်းတောင်အား ခက်ခက်ခဲခဲခုခံနေရရာမှ အသားဘု၏အသံကြောင့် အတွင်းအားကို အပြည့်သုံးပြီး ဒေါင်းစိမ်းဒေ၀ီအား တိုက်ခိုက်လိုက်၏...
''ရွှီး....ရွှီး...ရွှီး..''
''ထန်း...ထန်း..''
''ရွှပ်..''
ချင်အဲ့သုံးလိုက်သည်မှာ ၀ူတန်၏ သက်စောင့်သိုင်းကွက်ဖြစ်သည်မို့ ဒေါင်းစိမ်းဒေ၀ီမှာ ရှောင်တိမ်းခြင်းငှါ မစွမ်းသာဘဲ ဒေါင်းတောင်လက်နက်ဖြင့် ခုခံလိုက် ရ၏..
အနတ္တရင်ခွင်အတွင်းအားအပြည့်ထည့်ထားသော ဓါးချက်ကြောင့် ဒေါင်းတောင်လက်နက်မှာ ထက်ပိုင်းပင်ပြတ်ထွက်သွားလေသည်.. ချင်အဲ့မှာ သူ့အတွက် အခွင့်သာသွားမှန်းသိသော်လည်း .. ဒေါင်းစိမ်းဒေ၀ီအား ဆက်မတိုက် .. လျှိစဲ့ယိ တို့ဝိုင်းဘက်ကိုသာ ခုန်ကူးသွားလိုက်၏..
သူရောက်သွားသည်နှင့် ကွက်တိပင်.. မဟုတ်လျှင် လျှိုစဲ့ယိ၏ ဒုတ် ချက်ကြောင့် အမာရွတ်ဦးခေါင်း ပွင့်ထွက်သွားတော့မည်... ချင်အဲ့မှာ အတွင်းအားချင်း ကွာခြားမှန်း သိသိကြီးနှင့် လျှိုစဲ့ယိ၏ ဒုတ်ချက်အား ဓါးဖြင့်လှမ်းတားလိုက်၏...
''ချွမ်း...''
''ဒလန်း..''
ကျယ်လောင်သော အသံကြီးထွက်ပေါ်လာပြီးနောက်.. ချင်အဲ့၏ ဓါး ပြုတ်ကျသွားသည်.. လျှိုစဲ့ယိ၏ အံ့မခန်းအတွင်းအားကြောင့် ချင်အဲ့၏ လက်ညိုးနှင့် လက်မကြားပင် ကွဲအက်သွားတော့၏... လျှိစဲ့ယိက ဓါးပြုတ်ကျသွားသော ချင်အဲ့ကို ပင်ထပ်မံတိုက်ခိုက်လိုက်ပြန်ရာ...
''ဟားဟားဟားဟား.. သေတွင်းထဲ ခုန်ချတဲ့ကောင်.. ရော့ဟေ့.. ခုနှစ်ဆစ်ဒုတ်ကိုရှောင်နိုင်ရင်ရှောင်စမ်း..''
''ကျား....''
''ထန်း...ထန်း..ထန်း..ထန်း''
ချင်အဲ့မှာ မိုးတိမ်ဝဲကိုယ်ဖော့ပညာဖြင့် အတတ်နိုင်ဆုံးရှောင်တိမ်း လိုက်သော်လည်း ဒုတ်ချက်ကမလွတ်ပေ.. အကယ်၍သာ ရသေ့လေးယောက်က အသေခံတိုက်ကွက်ဖြင့် လှမ်းမကယ်လျှင် လူခုနှစ်ယောက်အနက် ဗွေဆော်ဦးသေဆုံး သူမှာ သူဖြစ်ရချေပြီ...
လျှိုစဲ့ယိမှာ ချင်အဲ့အားရိုက်သတ်လိုက်လျှင်သူပါ အထိနာတော့မည် ဖြစ်သဖြင့် နောက်ကျောမှ ၀င်လာသော ဓါးလေးချောင်းအား ပြန်လည်ပြီး ရိုက်ဖယ် လိုက်ရ၏...
''ချွင်..ချွင်..ချွင်..ချွင်..''
အမာရွတ်.. နားကား..နှာခေါင်းကြီး နှင့် ကျောက်ပေါက်မာတို့၏ ဓါးလေးချောင်းမှာ လျှိုစဲ့ယိ၏ ခုနှစ်ဆစ်ဒုတ်ကြောင့် ဆုံးရှုံးသွားပြီဖြစ်သည်...
====================
သံမဏိကြက်ဖနှင့်ဒက်ပေါ၏တိုက်ပွဲကတော့ လွန်စွာလက်ညီသည်ဟု ဆိုလျှင်ရသည်.. တကယ့်တိုက်ကြက်ဖသဖွယ် ခုန်ပျံတိုက်ခိုက်နေသော သံမဏိ ကြက်ဖ၏ ဓါးချက်များကို ကျောက်တောင်ကြီးလို မားမားမတ်မတ်ရပ်တည်ကာ ဒက်ပေါတစ်ယောက်ခုခံနေ၏...
သံမဏိကြက်ဖမှာ သူ့ထက်တဆနီးပါးငယ်သော မအူမလည်ကောင်အား ယခုချိန်ထိ ပွဲမဖြတ်နိုင်သေးသဖြင့် စိတ်တိုကာလာသည်.... အတွေ့အကြုံလည်း မယှဉ်သာ .. အတွင်းအားလည်း မယှဉ်သာ ..သိုင်းပညာလည်း ကွာခြားသော သံမဏိကြက်ဖအား ဒက်ပေါကာကွယ်နိုင်သည်မှာ အဘယ့်ကြောင့်နည်းဟုဆိုသော် ရှောင်လင်၏ ရွှေခေါင်းလောင်းသိုင်းကြောင့်ဖြစ်သည်ဟု ဆိုရမည်... (#12 တွင် ရွှေခေါင်းလောင်းအကြောင်း ရှင်းပြီးဖြစ်သည် ...အကျယ်ကိုနောက်အပိုင်းများမှ ဖော်ပြပါတော့မည်.. ဤကား စကားချပ်)
ပြိုင်ဘက်ကို ခုခံသည့်နေရာတွင် ရွှေခေါင်းလောင်းသိုင်းသည် လွန်စွာ အစွမ်းထက်သော သိုင်းပညာအမျိုးအစားဖြစ်ရာ သံမဏိကြက်ဖတိုးမပေါက်သည်မှာ အဆန်းမဟုတ်.. သို့သော် ထိုအချက်ကို သဘောမပေါက်သောကြောင့် သံမဏိကြက်ဖ အခက်ကြုံဒေါပွနေခြင်းသာ...
''ရွှီ.....'''
ထိုစဉ်တောအုပ်အတွင်းမှလေချွန်သံ အကျယ်ကြီးထွက်ပေါ် လာခဲ့သည်...
လူငါးယောက်ကို အဆုံးသတ်ရန် ပြုလုပ်နေသော လျှိုစဲ့ယိ .. ရပ်ကြည့်နေသော ဒေါင်းစိမ်းဒေ၀ီနှင့် အသဲသန် လိုက်တိုက်ခိုက်နေသော သံမဏိကြက်ဖတို့မှာ လေချွန်သံကြောင့် ချက်ခြင်းအတိုက်အခိုက်နှင့် လှုပ်ရှားမှုကို ရပ်လိုက်ကြ၏..
တောအုပ်ထဲမှပင် အသံကဆက်လက်ထွက်ပေါ်လာသည်...
''မိုးသောက်ပြီဟေ့.. ရပ်လိုက်တော့..ဒီလောက်ဆို ငါတို့အကြောင်း သူတို့ကောင်းကောင်းသိပြီ.. ''
အသံအဆုံးတွင် လျှိုစဲ့ယိ ..ဒေါင်းစိမ်းဒေ၀ီနှင့် သံမဏိကြက်ဖတို့ တောအုပ်ထဲသို့ ပြေးဝင်သွားကြလေသည်...
သို့သော်အသံရှင်၏စကားမှာမပြီးဆုံးသေးပါ..
''သစ်ပင်ပေါ်မှာ ပုန်းပြီးကြည့်နေတဲ့ မိတ်ဆွေ .. ခင်ဗျားကြောင့် ဒီလူတွေသက်သာသွားတယ်မှတ်ပါ.. ''
ဟူသောအသံနှင့် အလင်းစက်ကြီးတစ်စက် တောအုပ်အတွင်းမှ ထွက်ပေါ်လာပြီး သူတို့အဖွဲ့၏နောက်ဖက် သစ်ပင်ကြီးပေါ်သို့ ဦးတည်သွားလေ၏..
''ဖတ်..''ဟူသောအသံနှင့်အတူ လူရိပ်တစ်ရိပ် သစ်ပင်ပေါ်မှ ခုန်ဆင်း လာပြီး တောင်အောက်သို့ပြေးဆင်းသွားသည်.. မြန်ဆန်လွန်းလှသဖြင့် ချင်အဲ့တို့ တစ်သိုက်မှာ အရိပ်မည်းမည်းကြီးသာ မြင်လိုက်ရ၏...
''ဟားဟားဟားဟား.. နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးရဲ့ သိုင်းပညာက တကယ်အဆင့်မြင်ပါတယ်ဗျို့ ....''
ထိုလူရိပ်၏အသံကသာ မြင်းဖြူဘုံကျောင်းတောင်ပေါ်တွင် ကျန်ရစ်ခဲ့ သည်..
ထိုအခါမှပင် တောအုပ်ထဲကအသံရှင်မှာ နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီး၏ အသံမှန်း ချင်အဲ့တို့ သဘောပေါက်လိုက်ကြတော့၏.....
=======================================
ည ကြမှနောက်ထပ်တပိုင်း ထပ်တင်ပေးပါတော့မယ်...
အားကွေ့လည်း အဲ့ခါကြမှ ပါတော့မှာပါ...
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၀ A
အတန်ကြာမျှထိ ချင်အဲ့တို့စောင့်ကြည့်ပြီး စိတ်ချရသည့်အချိန်ရောက်သည့် အခါမှ လဲကျနေသော အသားဘုစီသို့ ပြေးသွားကြသည်.. အသားဘုကား ပုခုံးကို ဒုတ်ဖြင့်ရှပ်ထိပြီး လွင့်စင်သွားသောအရှိန်ကြောင့် သတိလစ်နေခြင်းသာ .. အတွင်းဒါဏ်ရာ အပြင်ဒါဏ်ရာ မရှိသည်မို့ ချင်အဲ့တို့ တစ်သိုက်သက်မချပြီး သူတို့ အားအကူအညီပေးခဲ့သော ဒက်ပေါဆိုသည့် လူငယ်အား ကျေးဇူးတင်စကား ဆိုရန် လည့်ကြည့်လိုက်သည့်အခါ ..ထိုလူငယ်မှာ မရှိတော့ပေ.. မည်သည့်အချိန်ကတည်း ကထွက်ခွာသွားလေသည် မသိ ..ယခုတော့ မြေကွက်လပ်ဝယ် သူတို့ခြောက်ယောက်သာ ရှိတော့သည်..
ကိုယ့်ကိုကိုယ်အဟုတ်ကြီးထင်နေကြသူ ဓါးငါးဖော်မှာ လျှို့စဲ့ယိအား အရေးနိမ့်ခဲ့ကြသဖြင့် ရှက်ရွံ့စွာ တောင်ပေါ်မှ ပြေးဆင်းသွားတော့သည်..
=============================.
ဒက်ပေါသည်အလောင်းများအား စိတ်ပျက်လက်ပျက်နှင့်ကြည့်ရှုပြီးနောက် သူတည်းခိုရာ မြင်းဖြူဘုံကျောင်းသို့ ပြန်သွားလိုက်လေ၏... သူမြင်းဖြူဘုံကျောင်း ကိုရောက်နေရခြင်းမှာ ကျောင်းထိုင်ဆရာတော်ကြောင့်ဟုဆိုလျှင် မမှား..
သွားကျိုးတောင်ပေါ်က ဆင်းသွားပြီးသည့်နောက်ဝယ် တကိုယ်ထဲကျန်ခဲ့သော ဒက်ပေါမှာ ရွှေခေါင်းလောင်းသိုင်းကို အောင်မြင်အောင် အပတ်တကုတ်ကျိုးစားတော့ သည်.. ရွှေခေါင်းလောင်းသိုင်းကျင့်စဉ်ကို အောင်မြင်ပြီးပြီးခြင်းပင်..
တံခါးနီမောင်းအား သွားထုကာ ယန္တယားများ ..ကြေးလူရုပ်များနှင့် ယှဉ်ပြိုင်သည်.. အမွှေးတိုင် ကုန်လုလု၌ ကြေးအိုးကြီးအား ပွေ့ဖယ်ကာ ကျားနဂါး ကိုယ်တော်အဖြစ် မှတ်ကျောက်အတင်ခံ၏ .. လောဟန်အဆောင်မှူးဆရာတော်က သူ့လက်ထောက်နေရာအဖြစ် ရာထူးမြင့်ပေးရန် စကားကမ်းလှမ်းလာသော်လည်း ငြင်းပယ်ပြီး လူထွက်လိုက်သည်..
လူထွက်သည့်နေ့တွင်ပင် နာမကျန်းဖြစ်နေသော ကျောင်းထိုင်ဆရာတော် က သူ့အားအခေါ်လွတ်ကာ အားကွေ့အတွက် အမှာစကားပါးရင်း စာတစ်စောင် ထုတ်ပေး၏ .. ထိုစာအား နေပြည်တော်ရှိ စစ်သေနာပတိချုပ်ကြီးရန်ခွမ်းထံ အရောက် ပို့ပေးရန်ဟု ဆိုလိုက်သဖြင့် နေပြည်တော်သို့ သူရောက်အောင်လာခဲ့သည်..
သို့သော် သေနာပတိချုပ်ကြီးမှာ မြင်းဖြူဘုံကျောင်းတွင် အဓိဋာန်ဝင်နေ သည်ဟူသော သတင်းကြောင့် ယခုတည်းခိုနေရာ မြင်းဖြူဘုံကျောင်းသို့ သူရောက်လာခြင်းဖြစ်၏... သေနာပတိချုပ်ကြီး စီမံပေးမှူကြောင့် မြင်းဖြူ ဘုံကျောင်းတွင် သူတည်းခိုနေရသော်လည်း ရေပြောင်းမြေပြောင်းမှုကြောင့် အိပ်မပျော်၍ အပြင်၌လမ်းထွက်လျှောက်နေစဉ် .. တိုက်သံခိုက်သံများကြားလိုက်ရ၍ စပ်အစု သူပါတိုက်ပွဲထဲရောယောင်ပါမိခြင်းဖြစ်သည်...
ဒက်ပေါမှာ ပင်ကိုယ်အနေအေးသူဖြစ်ရာ ရှုပ်ထွေးပွေလီသော ထိုဘုံကျောင်းတွင် ဆက်၍နေချင်စိတ်မရှိတော့ .. ချက်ခြင်းပင် ဘုံကျောင်းဆရာတော် နှင့် သေနာပတိချုပ်ကြီးအား နူတ်ဆက်ကာ အထုတ်ဆွဲ၍ တောင်အောက်သို့ ဆင်းသွားတော့သည်..
တောင်အောက်သို့ရောက်ရောက်ခြင်း ဒက်ပေါလုပ်သည့်အလုပ်က ၀မ်းဖြည့်ခြင်းပင်... တောင်ခြေဈေးတန်းကြီး၏အလယ်တွင်ရှိသော ကျက်သရေ ဟု အမည်ရှိသည့် ခေါက်ဆွဲဆိုင်သို့ ၀င်ကာ သီးစုံခေါက်ဆွဲတစ်ပွဲနှင့် အဖန်အိုး တစ်အိုး မှာကာ ၀မ်းဖြည့်နေစဉ် နဘေးဝိုင်းမှ လူနှစ်ယောက် စကားပြောနေသံကို ကြားလိုက် ရ၏...
အသက်လေးဆယ်ခန့်ရှိသော ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ ပါးတွင်မန်ကျည်းစေ့ခန့် အမည်းရောင်အမှတ်ကြီးရှိပြီး ထိုအမှတ်ကွက်တွင် အမွှေးများ ပေါက်ရောက်နေသည်.. ကျန်တစ်ယောက်မှာမူ အပေါ်သွားတအုံလုံး ရှေ့သို့ ငေါထွက်နေသည့် လွန်စွာသွားခေါသူတစ်ယောက်ပေ...
အမှတ်ကြီးက သွားခေါအား...
''ခေါကြီးရေ ဒီတစ်ရက်နှစ်ရက်အတွင်း တောင်ခြေတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေပါလား...''
''ဟုတ်တယ်ကွ .. အဓိကကတော့ နတ်ရွှေနဂါးဂိုဏ်းပဲ .. ငါ သတင်း သဲ့သဲ့ကြားတာကတော့ နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးနဲ့ မြင်းဖြူဘုံကျောင်းဆရာတော်က ဂိုဏ်းတူညီအကိုတဲ့ .. နောက်မှကတောက်ကဆ ဖြစ်ပြီး ခွဲထွက်သွားတယ်ကြားတာပဲ ..ဒါ့ကြောင့်မို့ အခုလည်း သူကကြွေးကျော်ထားတယ် .. မုစန်းသိုင်းပါရဂူရဲ့ သိုင်းကျမ်းဟာ သူတို့ဂိုဏ်းနဲ့ပဲ သက်ဆိုင်တယ်တဲ့လေ..''
''အေး..ငါလည်းအဲ့ သတင်းကိုကြားမိသားပဲ .. ဒါပေမယ့်ကွာ မုစန်းသိုင်းပါရဂူက သူတို့ဂိုဏ်းကမှ မဟုတ်ဘဲ ..ဘယ်သိုင်းလောကသားနေနေ ပိုင်ဆိုင်ခွင့်ရှိပါတယ် ဟ''
''မင်းက သိုင်းကျမ်းလုမဲ့အထဲပါမယ်ပေါ့လေ..ဟုတ်လား..''
''ဟားဟား..ငါ့လောက်အဆင့်နဲ့ သွားမှန်းရင် သေသွားမှာပေါ့.. ပွဲကြည့် ရုံသက်သက်ပါကွာ..''
''သိပ်လည်းနိမ့်ချစရာမလိုပါဘူးကွ.. သိုင်းလောကမှာ ရွှေစုတ်တံ သိုင်းသမားရဲ့ ဂုဏ်ပုဒ်ကလည်းသေးတာမှ မဟုတ်ဘဲ.. ''
မှတ်ကြီးက လက်နှစ်ဘက်ကို ဂါရပြုသလို ဆုပ်လိုက်ပြီး...
''ချီးကျူးတာကျေးဇူးပါကွာ .. တိမ်လွှာခုတ်ဖြတ်ဓါးသမားရဲ့ ချီးကျူးမှု ကြောင့် ငါတော့ ဘုံမြောက်သွားသဟေ့...ဒါပေမယ့် ငါတို့က အဖြူရောင်သိုင်းသမား တွေဆိုတော့ ကိုယ့်အိနြေ္ဒကိုယ်ဆည်ရအုံးမယ်မဟုတ်လား..''
''မဆိုင်လိုက်တာ မှတ်ကြီးရာ .. အခုဆို အဖြူရောင်သိုင်းသမား အတော် များများတောင် သိုင်းကျမ်းလုပွဲ ရောက်နေတဲ့ဟာကို.. ထိပ်သီးသိုင်းသမား တွေတောင် အတော်စုံပေါ့..''
မှတ်ကြီးက စားမည့်ဟန်ပြင်နေသော ခေါက်ဆွဲပန်းကန်လုံးကို ပြန်ချလိုက်ပြီး ..
''ဘယ်သူတွေတုံးဟ ..ငါဖြင့် မသိမိပါလား..''
''ထိပ်သီးသိုင်းသမားထဲကပဲ ပြောပြမယ်ကွာ.. အကုန်သာပြောရရင် နောက်နေ့မိုးလင်းသွားမယ်.. ''
ခေါကြီးကအကဲပိုပိုဖြင့်ပြောလိုက်ရင်း....
''ရွှေကွင်းပျံချန်းချန်ကွာ ..ထန်မင်းသမီးကွာ .. ခုတ်နဂါးကွာ ..ဆယ်မျက်နှာခြေဆန့်သူကွာ .. စိန့်သခင်လေးကွာ .. လှံခြောက်လက်ဘုရင်ကွာ .. ၀ူတန်ဓါးငါးဖော်နဲ့ အဖြူရောင်သစ္စာဓါးကွာ အများကြီးမှ အများကြီး ..မနေ့ကဆို ဘယ်သူရောက်လာတယ်မှတ်တုန်း..''
''ဘယ်သူလဲကွ ..မသိပါဘူးဆိုမှ ဈေးကိုင်နေသေး..''
''ဟဲဟဲ ..သိုင်းလောက ထိပ်သီးနံပါတ်နှစ် ..အဝေးရောက်လက်သီး ကျောက်ကျူးထင်ကွ..'''
မှတ်ကြီးက စိတ်ဝင်စားစွာဖြင့်..
''ဟာ..ဟုတ်လို့လားကွာ ..ခွန်လွန်းက ဒီလိုပွဲမျိုးပါပါ့မလား...''
''အေး..ငါလည်းအစက မင်းလိုထင်မိသား .. မျက်ဝါးထင်ထင်မြင်မှ ယုံမိတာကွာ .. သူနဲ့အတူပါလာတဲ့လူကိုသာ မင်းသိရင် ပိုတောင် အံသြအုံးမယ်..''
''မင်းကလုပ်ပြန်ပြီကွာ ..ဘယ်သူနဲ့ပါလာတာလဲ..''
''သွေးစွန်းကဝေ ထန်စူးစူးနဲ့ဟေ့..''
မှတ်ကြီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး...
''ဘုရားရေ အနောက်ကနေထွက်ပြီး ငါးတွေမိုးပေါ်ပျံပြီထင်ရဲ့ ..မဖြစ်နိုင် တာကွာ ..ထန်စူးစူးနဲ့ကျောက်ကျူးထင် အကွာကြီးဟ.. ဘယ့်နှယ်..''
''ဟုတ်တယ် မှတ်ကြီး..ငါလည်း မနေ့ညက ပျင်းပျင်းရှိတာနဲ့ ပန်းတရာ အရက်ဆိုင်ကို အသွားမှာ သူတို့အဖွဲ့နဲ့တွေ့တာဟေ့.. ကျောက်ကျူးထင်ကို စတွေ့ တော့ ၀င်နူတ်ဆက်မိတာ ငါ့ကိုမမှတ်မိဘူးကွ...''
''ဟေ..မင်းနဲ့ကျောက်ကျူးထင်နဲ့ ခင်မင်ရင်းနှီးကြတာ သိုင်းလောက တစ်ခုလုံးသိတဲ့ဟာ .. သူကမင်းကိုမမှတ်မိတာ ဖြစ်နိုင်ပါ့မလား..''
ခေါကြီးကလည်း စဉ်းစားမရသည့်ပုံဖြင့်...
''အေးကွာ.. ငါလည်း ၀င်နူတ်ဆက်ပြီးမှ နောင်တရမိသွားတယ်ကွာ .. တကယ် ငါ့ကိုမမှတ်မိတာကွ .. နောက်မှ ထန်စူးစူး ၀င်ပြောပေးမှ ငါ့ကို နူတ်ဆက်ခဲ့ တယ်လေ.. ''
မှတ်ကြီးက လက်ဝှေ့ရမ်းလိုက်ပြီး...
''ဒီကောင်က အခုမှ ဘ၀င်မြင့်သွားတာဖြစ်မှာပေါ့.. သိုင်းထိပ်သီး ဆယ်ယောက်ဝင်ဆိုပြီး မချေမငံဆက်ဆံလိုက်တာနေမှာ ထားလိုက်ပါ ခေါကြီးရာ..''
ခေါကြီးကခေါင်းယမ်းလိုက်ကာ..
''အင်း..လူတစ်ယောက်က အချိန်မကြာခင်အတောအတွင်း ဒီလောက် ပြောင်းလဲသွားတာကိုတော့ မယုံနိုင်အောင်ပဲကွာ ..''
မှတ်ကြီးမှာ ခေါကြီးတစ်ယောက် ထိုအကြောင်းကိုတွေးကာ
စိတ်မကောင်း ဖြစ်နေမည်စိုး၍ စကားလမ်းကြောင်းပြောင်းလိုက်သည့် အနေဖြင့်..
''ဒါနဲ့နေပါအုံး.. မင်း ဟူထိုင်မြို့မှာ ဖြစ်ပြီးတဲ့ အကြောင်းကြားပြီးပြီလား..''
''ဟေ့အေးကွာ ..ငါလည်း နေပြည်တော်မှာ အခြေချနေတာနဲ့ အပြင်သိုင်းလောကအကြောင်းအဆက်ပြတ်နေမိတာ..''
''၀ူချောင်မြို့ ရွှေဗျိုင်းဖြူစံအိမ်ကို ၀င်မွေသွားတဲ့ နဖူးမှာ ရွှေရောင်အစက် နဲ့ အရှုပ်ထုတ်ကို မင်းမှတ်မိအုံးမှာပါ.. ပန်းနီနီအာမခံဌာန ကဆုငွေ ထုတ်ထားတဲ့ ကောင်လေ... ''
ထိုစကားကြောင့် သွားခေါတင်မက ဒက်ပေါပင် စိတ်လှုပ်ရှားသွား၏ ..
နဖူးတွင် ရွှေရောင်အစက်ရှိသူမှာ ရှားပါးလွန်းသည်မဟုတ်လား.. အကိုအားကွေ့ မှ လွဲ၍ တခြားသူတွင်ရှိရန်မှာ မဖြစ်နိုင်ပြီလေ...
''မှတ်မိတာပေါ့ကွာ သူ့ကြောင့် မင်္ဂလာပွဲ ပျက်ပြီး မဟာမိတ်အဖွဲ့အစည်း တောင်တွေ့ရာသင်္ချီုင်းဓါးမဆိုင်း အမိန့်ထုတ်ထားတဲ့ဟာ..''
''အေး..အဲ့ကောင် အခုမွေလိုက်တာ ပုဝါဖြူဂိုဏ်းက ချင်းညံတို့ ညီအမတောင် ခွေးပြေးဝက်ပြေး ပြေးသွားရတယ်လေ... ''
သွားခေါမှာ သွားသုံးဆယ့်နှစ်ချောင်းလုံး ရှေ့သို့ ထွက်လာအောင် နှုတ်ခမ်းကို ဖြဲကာ...
''အာ.. ဒါတော့များပြီ မှတ်ကြီး.. ချင်းညံတို့ညီအမကို သိုင်းလောက တစ်ခုလုံး မထိမ်းနိုင်လို့ လွတ်ထားရတဲ့ဟာ .. ဒီကောင်က ၀င်ကျိတ်သွားတယ် ဆိုတော့ မင့်ဟာက သတင်းအမှားကြီးများလား...''
''ဖွတ်..ဘယ်က သတင်းအမှားရမတုံး.. ခိုင်လုံတဲ့ သတင်းရပ်ကွက်က လာတာဟ.. အဲ့ငနာရဲ့လက်ချက်ကြောင့် ချင်းညံကိုယ်တိုင် သေလုမျောပါးဖြစ်သွား သတဲ့ ..''
သွားခေါက မျက်လုံးကိုဖြဲ၍...
''အင်း ..ဒါဆိုရင်တော့ သူ့သိုင်းပညာက သိုင်းထိပ်သီးဆယ်ယောက်ထက် တောင်သာလေလိမ့်အုံးမလား.. ''
ဒက်ပေါမှာ သူ့အကိုအားကွေ့သတင်းကို ခြေရာခံမိသွားသောကြောင့် ပီတိဖြစ်နေရာမှ ..
''ဟားဟား ငါ့အကိုအားကွေ့က မင်းတို့သိုင်းထိပ်သီးဆယ်ယောက်ထက် မဟုတ်ဘူး .. ဘယ်သူ့ကောင်ကိုမှ မူတဲ့သူ မဟုတ်ဘူးကွ..မင်းတို့ပြောနေတဲ့ ချင်းညံ ဆိုတာ အမြီးကိုးချောင်းနဲ့ မြေခွေးမို့လို့လား .. အကိုအားကွေ့ တကယ်လုပ်ရင်
အမြီးကိုးချောင်းလည်း ယင်ရပ်တဲ့ယပ်(ယင်ကောင်ကို အဝေးသို့ မောင်းထုတ်သော ယပ်တောင် (၀ါ ) သားမွှေးယပ်) တောင်ဖြစ်သွားမယ်..''
စိတ်တဲတွင်ပြောလိုက်ပြီး မှတ်ကြီး ထပ်မံပြောမည့် စကားကို နားစွင့် နေမိသည်...
မှတ်ကြီးက ပြုံးပြုံးကြီးလုပ်၍ ..
''သာတာ မသာတာငါတော့မသိဘူးကွ... အခုတော့ ပုဝါဖြူဂိုဏ်း မြောက်ပိုင်းကိုပြေးသွားရပြီ... ဒီကောင့်ကိုလည်း သိုင်းလောက တစ်ခုလုံး အသိအမှတ် ပြုလိုက်ရတာတော့အဟုတ်ပဲ.. အခုဆို ပန်းနီနီရော မဟာမိတ်ရော သူ့နောက်ဆက်မလိုက်တော့ဘဲ တပ်ပြန်ဆုတ်နေရပြီ.. ''
သွားခေါက စဉ်းစားလိုက်ပြီး..
''နို့.... နေပါအုံး အခုအဲ့ကောင် ဒီကိုတော့ မလာသေးဘူးမို့လား ..သူသာ ဒီကိုရောက်လာရင် ဗြောင်းဆန်လိမ့်အုံးမယ်နဲ့တူရဲ့..''
မှတ်ကြီးက ခေါင်းခါလိုက်ကာ..
''အခုနောက်ဆုံး သတင်းအရတော့ ဒီကောင် တုံးမင်မြို့မှာကွ.. ဒီကို ဘာလို့ မလာသလဲတော့ ငါလည်းမသိဘူး..''
မှတ်ကြီး၏ စကားအဆုံး၌ ဒက်ပေါမှာ ထိုင်ရာမှ ထရပ်လိုက်ပြီး...
''ဆိုင်ရှင်ရေ.. ငွေရှင်းမယ်ဗျ... မြန်မြန်လေးဗျို့...''
============================-=
ထိုအချိန်တွင် အားကွေ့တစ်ယောက် လှေတစ်စင်းနှင့် အလုပ်ရှုပ်နေသည့် အချိန်ဖြစ်သည်.. သွားကျိုး ..ဘဘဟုန်းနှင့် ဘကြီးနန် အပါအ၀င် သူတို့ လေးယောက်သည် ကြွက်ကျွန်းအား လှည့်ပတ်ကြည့်ရှုနေကြ၏....
========
နောက်ကျသွားရင် Sorryဗျာ ...
မအားသေးလို့
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၈၀ B
ကြွက်ကျွန်းကတော့ တိုင်းပြည်ပျက်လုမတတ်ဆူညံနေမြဲပင်.. ကျွန်း၏သောင်ကမ်းခြေတွင် ကြွက်ချေးများပြည့်နှက်နေပြီး ကျွန်းအနီး ကပ်လိုက်သည်နှင့် ဆိုးဝါးပုပ်ဟောင်သော အနံ့အသက်ကို ခံစားရမည်ဖြစ်သည်...
လှေပဲ့အား ကျွမ်းကျင်စွာ လှော်ခတ်နေရင်း အားကွေ့က သွားကျိုးအား ...
''သွားကျိုး.. မင်းနဲ့ဘကြီးနန် ဒီကျွန်းပေါ် ခဏခဏ ရောက်ဖြစ်လား..''
သွားကျိုးက ခေါင်းငြိမ့်လိုက်ပြီး
''ရောက်တယ် အကိုအားကွေ့ .. ကျွန်းအလည်မှာ သစ်ကိုင်းခြောက်တွေ သွားသွားပုံထားတာ.. အကိုအားကွေ့ပြောသလို အဲ့ကောင်တွေကို မီးရှို့သတ်ရ အောင်လို့...''
''သစ်ကိုင်းခြောက်တွေက အတော်များပြီလား.. ''
''အကိုအားကွေ့ခန့်မှန်းထားတဲ့အတိုင်းပဲ .. သစ်ရွက်ခြောက်တွေ သစ်ပင်ခြောက်တွေက အများကြီးပဲ ..ကျွန်တော်တို့သိပ်တောင် ပုံစရာမလိုဘူးဗျ အဲ့ ကွက်လပ်မှာကို အောတိုက်ဖြစ်နေတာ..''
''အဲ့ကောင်တွေအခြေအနေကရော.. ''
''ပွားလိုက် စားလိုက်နဲ့သံသရာလည်နေကြတာပါပဲ..''
အားကွေ့က ရေကျသွားပြီဖြစ်သောကြောင့် ကျွန်းနှင့်ကုန်းနှင့်ကြား လမ်းရိုးလေး ပေါ်စပြုနေသည်ကိုကြည့်ရင်း...
''အင်း လမ်းကတော့ပေါ်နေပြီ ..နောက်ဆယ်ရက် ဆယ့်ငါးရက်လောက်ဆို ကျွန်းနဲ့ဆက်သွားနိုင်တယ်.. ''
သွားကျိုးက ကျွန်းနဘေးတနေရာကို ပြကာ ...
''ကျွန်တော်တို့ကျွန်းပေါ်လာရင် လှေကို အဲ့မှာရပ်တာ အကိုအားကွေ့ ..''
''ဒါဆိုလည်း အဲ့မှာရပ်ကြတာပေါ့..''
သွားကျိုးညွှန်ပြသည့်နေရာသို့ လှေဦးထိုးလိုက်ပြီး .. ယခင်ကအတိုင်း ၀ါးလုံးစိုက်ကာ ကျွန်းပေါ်သို့ ခုန်တက်လိုက်ကြသည်...
သူတို့လေးဦး ကျွန်းပေါ်သို့ရောက်သောအခါ အားကွေ့က သူခေါ်လာသော ရှောင်းဟူအား ပုခုံးပေါ်တင်လိုက်ပြီး...
''ဘဘဟုန်းရယ် ..ဘကြီးနန်ရယ် ..သွားကျိုးရယ်က ဒီမှာပဲခဏစောင့်နေ ကျွန်တော်ရယ် ရှောင်းဟူရယ် ကြွက်တွေကို စုရပ်ကို မျှားခေါ်သွားမယ်..ဟိုရောက် တာနဲ့.. နေရာပတ်လည်ကနေ မီးပုံရှို့ပေတော့... ဘဘဟုန်းနဲ့ဘကြီးနန်ရဲ့ ကိုယ်ဖော့ပညာနဲ့ဆို နေရာပတ်လည်ကို မီးပြေးရှို့ဖို့ အခက်အခဲမရှိလှဘူး.. ''
ဘဘဟုန်းက မျက်မှောင်ကုတ်လိုက်ကာ..
''ငါတို့ကမင်းကိုပါ မီးထဲထည့်ရှို့ရမှာလား..''
''ဟုတ်တယ် ဘဘဟုန်း ကျွန်တော့်ကိုပါရှို့ရမှာ''
သွားကျိုးမှာ အားကွေ့၏စကားကြောင့် မျက်လုံးမျက်ဆန်ပြူးသွားပြီး..
''အာ...အကိုအားကွေ့ မီးလောင်ပြီးသေသွားမှာပေါ့..''
''ဟားဟားဟားဟား မင်းကငါ့ကို အတော်အထင်သေးတာကိုးကွ .. ကိုယ့်တာဝန်ကိုယ်သာကျေအောင်လုပ်.. ဒီကြွက်တွေမရှိတော့မှ အများပြည်သူ စိတ်ချမ်းသာမှာ...''
အားကွေ့ကသူ၏စကားအဆုံးတွင် ရှောင်းဟူအား ပုခုံးပေါ်တင်ကာ ကျွန်း အတွင်းပိုင်းထဲသို့ပြေးဝင်သွားလေသည်...
ဘဘဟုန်း..ဘကြီးနန်နှင့် သွားကျိုးတို့ကလည်း အထူးပြုလုပ်ထား သော ထင်းရှူးမီးတုတ်များ ကိုင်ကာ အားကွေ့အားငေးကြည့်နေကြ၏.... မီးတုတ်များ အား ထိပ်ဖြတ်ထားသောမီးအိမ်များစွပ်ထားသဖြင့် ပြေးလွှားနေစဉ် ငြိမ်းသက်သွား မည်ကို မပူရပေ...
သစ်ခြောက်ကွင်းကြီးသို့ရောက်သည်အထိ ကြွက်တစ်ကောင်တမြီး မှမရှိပေ.. ကြွက်များကိုက်ဖြတ်ထားသော သစ်ကိုင်းခြောက်များနှင့် ရွက်ကြွေများ သစ်ကိုင်းခြောက်များကလည်း အားကွေ့ထင်ထားသည်ထက်ပင် ပေါများနေသေး သည် ...
ထိုးထိုးထောင်ထောင်ဖြစ်နေသော ကိုင်းခြောက်များကို နင်းဖြတ်ကာ ကွင်းအလည်တည့်တည့်တွင်ရပ်ပြီး အားကွေ့တစ်ယောက်အားရပါးရ အော်ထည့် လိုက်၏....
'''ဟေး.....ဟေး...ဟေး...''
. အားကွေ့၏အတွင်းအားအပြည့်ပါသော အော်သံက ကျွန်းတစ်ခုလုံးကို လွမ်းချုံသွားသည်...
ထိုသို့အော်ဟစ်လိုက်ပြီး သိပ်မကြာပါ .. အရပ်မျက်နှာ အသီးသီးမှ ကြွက်များ ထွက်ပေါ်လာပီး အားကွေ့အား ပွဲတော်တည်ရန် ပြေးလာကြ၏....
''၀ုန်း..၀ုန်း..၀ုန်း..၀ုန်း..''
သိန်းချီသောကြွက်အုပ်ကြီးချီတက်လာမှုကြောင့် တော်လဲသံကြီးသဖွယ် မြည်ဟီးကာနေသည်... အားကွေ့က ကြွက်အုပ်ကြီး အနီးသို့ရောက်နေသည့်တိုင် တုတ်တုတ်မှမလုပ်သေးပါ..
ထိုစဉ်မှာပင် အားကွေ့နောက်မှကပ်လိုက်လာသော ဘဘဟုန်း ..ဘကြီးနန်နှင့် သွားကျိုးတို့က သစ်ကွင်းကြီးနားသို့ရောက်လာကြသည်.. အလယ်တွင်မူကြွက်များနှင့် အားကွေ့တို့၏ တိုက်ပွဲက ပြင်းထန်နေကြပြီ.....
အားကွေ့မှာ သားရေကြိုးစကို အဆက်မပြတ်ဝှေ့ယမ်းပြီး အရပ်မျက်နှာ အသီးသီရှိ ကြွတ်စုတ်များကို စိစိညက်ညက်ကြေအောင် ရိုက်သတ်နေသလို ရှောင်းဟူကလည်း အမြီးနှင့်ရိုက်လိုက် ပါးစပ်ဖြင့်ကိုက်လိုက်ဖြင့် တာဝန်ကျေကျေ ထမ်းဆောင်နေပါ၏...တချို့တလေသောကြွက်များမှာ ရှောင်းဟူအား ၀င်ကိုက်ကြသော်လည်း ဓါးလှံပင်တိုးမပေါက်သော ရှောင်းဟူအတွက် အယားပင် ပြေသည့်ဟန်မရှိ.....
''ယား ...ဟိတ်..''
''ဖုန်း ..ဖုန်း..ဖုန်း..''
''ကျွိ..ကျလိ..ကျလိ''
ငတ်ပြတ်နေသောကြွက်များကလည်း မာတင်္ဂလို ဇွဲမလျော့ စိစိညက်ညက် ကြေနေသည့်အကောင်များအား ကျော်ခွကာ ရှောင်းဟူနှင့် အားကွေ့ထံသို့တိုးဝင်နေမြဲပင်....
သူတို့၏အကြိတ်အနယ်တိုက်ပွဲအား အခွင့်ကောင်းယူကာ ဘဘဟုန်းတို့လူစု ကွင်းပတ်ပတ်လည်အား ပြေးလွှား၍မီးရှို့လိုက်ကြလေသည်..
''ဖောင်း..ဖောင်း..ဖောင်း..ဖောင်း...''
သစ်ခြောက်များကြားတွင် ၀ါးဆစ်များပါ ပါသည်မို့. ၀ါးဆစ်ပေါက်သံက တဖောင်းဖောင်းနှင့်မြည်နေ၏...
ကြွက်များအဖို့တော့ ကမ္ဘာပျက်သည့်အလားပင်.. အစာဖြစ်သော အားကွေ့နှင့်ရှောင်းဟူကိုပင် ဂရုမမူနိုင်အားပဲ မီးလောင်ကွင်းမှ ပြေးထွက်နိုင်ရန်သာ ကြိုးစားနေကြတော့သည်...
သို့သော်လည်း ပတ်ပတ်လည်မှ လောင်ကျွမ်းနေသောကြောင့် သူတို့၏ ကျိုးစားမှုမှာ အဟောသိခံဖြစ်သွားရ၏..
''ဖောင်း..ဖောင်း..ဖောင်း..ဖောင်း..''
''ကျွိ..ကျလိ..ကျလိ..ကျွိ''
မီးလောင်နေသော ကြွက်များ၏ပြေးလွှားမှုကြောင့် မီးစများပို၍ပို၍ ကျယ်ပြန့်လာလေသည်...
ဘဘဟုန်း.. ဘကြီးနန်နှင့်သွားကျိုးတို့မှာမူ သူတို့၏အောင်မြင်မှုကို ပြည့်ပြည့်၀၀၀မ်းမသာနိုင်... ကြီးမားလှသော မီးပင်လယ်ထဲမှ အားကွေ့တစ်ယောက် မည်သို့ ထွက်လာနိုင်မည်နည်းဟူသည့် စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ်ဖြစ်နေကြ၏..
မှန်ပေသည် မီးတောက်ကတဟဲဟဲမည်အောင် ကြီးနေသည့်အပြင် .. လောင်ကျွမ်းနေသော အကျယ်ကလည်း မည်သည့်ကိုယ်ဖော့ပညာရှင်မှ လွတ်အောင် ခုန်နိုင်မည်မဟုတ် .. ငှက်ကဲ့သို့ အတောင်ပံပါမှပင် လွတ်နိုင်ပေလိမ့်မည်...
ခက်သည်က အားကွေ့မှာ အတောင်ပံပါသော ငှက်မဟုတ်နေခြင်းပင်..
==============================
အာ့ကB ဗျာ .. မတရားရှည်သွားရင်ခွင့်လွတ်ကြ..
ကျန်တာကတော့ နောက်ကျမယ်ဗျာ..
ဘယ်လိုလွတ်အောင်လုပ်ရမလဲလို့ စဉ်းစားလိုက်အုံးမယ်

Comments
Post a Comment