အားကွေ့ အပိုင်း(၂၁ မှ ၂၅ ထိ)


#21 ( အစ၏အဆုံး ..အဆုံး၏အစ )

'ရိလုံသည် သူ၏ရာဇ၀င်ကြွေးကိုပေးဆပ်ရန် အတွက် ရှိသမျှ အတွင်းအား လေ့ကျင့်ထားသမျှ သိုင်းတို့ဖြင့် အိတ်သွန်ဖာမှောက်ဆိုသလို ထန်စူးစူးအား လိုက်လံ တိုက်ခိုက်နေသည်... ထန်စူးစူးကလည်း ခေသူမဟုတ်ချေရာ သူမ၏သံမဏိစူး ကလေးကလည်း လေပြင်းဓါးရိလုံ၏ ဓါးချက်တို့ကို လမ်းချော်စေ၏ ..
. '''' ထန်း...ထန်း''
''ယား...ဟိုက်...ချွမ်း...''''
ရိလုံ၏ဓါးနှင့် ထန်စူးစူး၏လက်နက် နှစ်ခုထိတွေ့ရာမှ ထွက်ပေါ်လာသော အသံများပင် ..
တစ်ယောက်၏ ဓါးသိုင်းက ကြမ်းတမ်းရက်စက်သလောက် တစ်ယောက်၏ စူးကလေးကမူ သွက်လက်ပေါ့ပါးစွာနှင့် ခုခံကာကွယ်နေသည် ..
ထို့ပြင် ပထမအကြိမ်တိုက်ခိုက်ဖူးသဖြင့် တစ်ယောက်၏ အကွက် အလည့် အပြောင်းများကို တစ်ယောက်က နားလည်နေ၏ ...
ရိလုံမှာ ထန်စူးစူးထက်အတွင်းအား အနည်းငယ်လျော့ပြီး ပရိယာယ်ကြွယ်ဝမှု လည်း မမီပေ..သို့သော် .. ၀ါစန်းဂိုဏ်း၏ ထက်မြက်သော ဓါးသိုင်းက ထန်စူးစူးကို တော့လုံလောက်စွာဒုက္ခပေးနိုင်ပါသည် ..
ချန်းချန်မှာ သူ၏ ရွှေကွင်းများဖြင့် ကျန်ဂိုဏ်းသားများကို ထိမ်းချုပ်ထားသည် ..
ချန်းချန်၏ရွှေကွင်းပျံများက ရွှေရောင်ငှက်ကလေးများ ၀ဲပျံနေသည့်အတိုင်းပင် ...
အားပါပြင်းထန်လှသော ရွှေကွင်း ထိမှန်သွားသူများမှာ မရဏလမ်းသို့ အလည်အပတ် ခရီး ထွက်သွားကြရ၏ ..
'' ချွင်..ချွင်..''''
''ဒုတ်..ဒုတ်'''
''အား ...အမလေး ...'''
အနီရောင်စာအုပ်ကိုင်ထားသူမှာ နတ်ဆေးအိုးကျန်းအား အရိုးအဆစ်ကြေမွ အောင်ရက်ရက်စက်စက်ထိုးနှက်ခဲ့သူ သွေးမြေခွေး ဟူထိန်ဖြစ်သည် ...
ဟူထိန်သည် အခြေအနေမလှပသော သူ၏ အဖွဲ့သားများကို ကြည့်ကာ ..
''သွေးဝင်္ကပါဟေ့..'''
ဟူထိန်၏ အော်ဟစ်သံကြောင့် ကျန်ရှိနေသော အဖွဲ့ဝင်များသည် ချန်းချန်အား စက်ဝိုင်းပုံ သဏ္ဍန်ဝိုင်းရံလိုက်ကြ၏ ....
ချန်းချန်ကတော့ အပြုံးပင်မပျက် .. နေရောင်အောက်တွင် တဖိတ်ဖိတ်လက် နေသော ရွှေကွင်းများကို ကိုင်ဆောင်ထားကာ ခံညားစွာပင်ရပ်နေသည် ..
သွေးဂိုဏ်းသားတို့၏ စက်ဝိုင်းပုံရပ်နေပုံက တမျိုးတဖုံပင် တစ်ယောက်က မတ်တပ်ရပ်ကာ ဓါးကွက်ခင်းထားချိန်တွင် ဘေးနှစ်ဖက်မှ လူနှစ်ယောက် ဆောင်ကြောင့်ထိုင်ပုံစံမျိုး နေရာယူထား၏ ..ထိုင်နေကြသူများမှာ ဓါးမကိုင်ထားဘဲ လခြမ်းပုံ သံမဏိပြားကြီးကိုသာ ကိုင်ဆောင်ထားကြသည်... စုစုပေါင်း လူဆယ့်ငါးယောက်ဖြစ်၏...
ကျောက်ကျူးထင်သည် ထူးခြားသော အခင်းအကျင်းကြောင့် ..
'''ညီလေးချန်းချန် မပေါ့နဲ့ဟေ..'''
''ဟားဟားဟားဟား ..ရပါတယ်အကိုကြီးကျောက်ရာ ..ဒီကောင်တွေလောက် တော့ ချန်းချန်ချွေးတောင်မစို့ပါဘူး ...''
သို့သော် တကယ်တမ်းတိုက်ခိုက်ကြည့်တော့မှ သွေးဝင်္ကပါ၏ ထက်မြက်ပုံကို နဖူးတွေ့ဒူးတွေ့ကြုံရတော့၏...
''ချွင်..ချွင်..ချွင်...''''
'''၀ှီး...၀ှီး..၀ှီး..''''
မတ်တပ်ရပ်ထားသူများက ပြိုင်တူ ခုန်ဝင်လာပြီး ဓါးဖြင့် တိုက်ခိုက်ချိန်တွင် ထိုင်နေများမှ လခြမ်းပုံ လက်နက်ကို ချန်းချန်၏ ခြေထောက်ဆီသို့ ဦးတည်ကာ ပစ်လွတ်လိုက်သည် ... ချန်းချန်သည် သူအပြောကြီးမိသည်ကို နောင်တ ရပြီး အသည်းအသန်ပင်ကာကွယ်လိုက်ရ၏ ..
ပထမဦးဆုံး ခုန်ဝင်တိုက်ခိုက်လာသူများကို လက်ထဲရှိရွှေကွင်းနှစ်ကွင်းဖြင့် ရိုက်ဖယ်လိုက်ရပြီး လခြမ်းလက်နက်များ မထိမှန်စေရန်အတွက် လေထဲတွင် ကိုယ်ခန္ဓာကို အလျားလိုက်လူးလိမ့်ကာ ရှောင်တိမ်းလိုက်ရသည် ...
''''ဖတ်..ဖတ်...ဖတ်'''
ချန်းချန်အားမထိမှန်သော လခြမ်းလက်နက်များကို ထိုင်နေသူများကပင် ချိန်သားကိုက်ပြန်လည် ဖမ်းယူသွားကြ၏ ..
ကျောက်ကျူးထင်နှင့်ဟူထိန်တို့နှစ်ယောက်မှာ တိုက်ပွဲကို ရပ်ကာကြည့်နေကြ သော်လည်း တစ်ယောက်နှင့် တစ်ယောက် အလွတ်မပေးရဲ ကြ ..
ချန်းချန်သည် သွေးဝင်္ကပါကိုဖြုံသွားသည်...
သွေးဝင်္ကပါ၏ ဒုတိယကွက်စလေပြီ...
ထိုင်နေကြသူများက အနည်းငယ်နောက်ဆုတ်လိုက်ကြ၏ .. ရပ်နေသူများက ချန်းချန်အား လည့်ပတ်ကာ ပြေးလိုက်ကြရင်း စက်ဝိုင်းကို ချုံ့လိုက်ကာ ချန်းချန် ရှိရာသို့ တိုးကပ်လာကြသည်...
ချန်းချန်နှင့်ဓါးတစ်ကမ်းအကွာရောက်သည်နှင့် ပြေးနေရာမှ ရပ်တန့်လိုက်ကာ ရုတ်တရက်ထိုင်ချပြီး ခြေထောက်ကို ဦးတည်တိုက်ခိုက်လိုက်ကြသည် .. ရှာမှရှားသော တိုက်ကွက်ပင် .. ထိုသို့ထိုင်ချ တိုက်ခိုက်လိုက်သည်နှင့် တဆက်ထဲ တွင် နောက်မှချန်ထားသော လခြမ်းသမားများကလည်း သူတို့၏ လက်နက်များကို ပစ်လွတ်လိုက်ကြပြန်၏ ....
ဒီတခါတော့ အပေါ်ပိုင်းကို ပစ်လွတ်ခြင်းသာ ... သတိကြီးနေပြီဖြစ်သော ချန်းချန်ကလည်း အောက်ဖက်မှ ဓါးများလွတ်အောင် ခုန်ရှောင်လိုက်ပြီးနောက် ထို လခြမ်းလက်နက်များကို ရိုက်ထုတ်ပစ်လိုက်သည်.. တဆက်ထဲလေထဲ၌ပင် သူ၏ ရွှေကွင်းများကို ဆက်လိုက်၏ ...
''ချပ်..ချပ်..ချပ်..ချပ် ''
ဟူသော အသံများနှင့်အတူ ရွှေကွင်းများ သည် သံကွင်းဆက်ပမာ ဖြစ်သွားသည် ...ချန်းချန် ၏ တိုက်စစ် စတော့မည်... သိုင်းလောကတွင် ဂုဏ်ဒြပ် ကြီးမားသော ချန်းမိသားစု၏ အထက်လမ်းသိုင်းအစစ်အမှန် ထွက်ပေါ်လာတော့မည်..
မြေပြင်ပေါ်ပြန်ကျလာသည်နှင့် သွေးဂိုဏ်းသားတို့ကလည်း နောက်ပုံစံတမျိုးဖြင့် တိုက်ခိုက်ရန် ဟန်ပြင်တော့၏ ...
ဒီတစ်ခေါက်တွင်တော့ ချန်းချန်မှ စောင့်ဆိုင်းမနေပါ ... သူ၏ လေးပေခန့်အရှည်ရှိသော ရွှေကွင်းဆက်ကို ဝှေ့ရမ်းကာ သူ့အားတိုက်ခိုက်ရန် တာဆူနေကြသူများကို မရပ်မနားဝင်တိုက်လေသည် ...
အဝေးမှ ကြည့်လျှင် ရွှေရောင်နဂါးကြီး ဒေါမာန်ထနေသည့်နှယ်ပင် ... အကွက်ပေါင်း ကိုးဆယ်ရှိသော အနှီသိုင်းကွက်သည် ချန်းမိသားစုအား သိုင်းလောက ထိပ်တန်းနေရာရောက်အောင် စွမ်းဆောင်ပေးခဲ့သည့် နဂါးမာန်ဒေါသ ဟူသော သိုင်းပင်ဖြစ်၏...
'''ဖောင်း...ဖောင်း..''''
''''အား ....အမလေး...''''
သွေးဂိုဏ်းသား နှစ်ယောက်မှာ ရွှေကွင်းဆက်ဖြင့် အရိုက်ခံလိုက်ရပြီး တမလွန်သို့ ရောက်သွားကြ၏ ...
'''ယား ....ဟိတ်''
'' ဖြန်း'''
ဟူထိန်သည် သူ၏ အဖွဲ့သားနှစ်ယောက်ကျသွားသည်နှင့် .. .. မပြောမဆိုဖြင့် ဘေးမှ ကျောက်ကျူးထင်အား အလစ်ဝင်တိုက်လေသည်...
သို့သော် သတိအမြဲရှိသော ကျောက်ကျူးထင်မှ သူ၏ အင်္ကျီလက်စဖြင့် ဝှေ့ရမ်းလိုက်ရာ ..'' ဖြန်း'' ဟူသော အသံထွက်ပေါ်လာပြီး ဟူထိန်မှာ အနောက်ဖက် သို့ ငါးလှမ်းမျှ ဆုတ်သွားလိုက်ရ၏...
ဟူထိန်သည် ကျောက်ကျူးထင်အား သရဲတစ်ကောင်ကဲ့သို့ ကြည့်ရင်း ...
'''ဟိုက် ..ဒီကောင့်ရဲ့ အတွင်းအားက ကြောက်စရာကောင်းလှပါလား ... အခြေအနေတော့ ဟန်ပုံမပေါ်ဘူး...''
ဟုတွေးကာ မချိပြုံးပြုံးလိုက်ရင်း
''' ကောင်းလိုက်တဲ့အတွင်းအား ..မြန်လိုက်တဲ့ တုံ့ပြန်မှု .. ဒါနဲ့ ငါ့ညီနဲ့ အကိုကြီးတို့ကြားမှာ ဘာပြသနာ ရှိလို့ အခုလို တိုက်ခိုက်နေရမှာလဲ ..'''
ကျောက်ကျူးထင်သည် သွေးမြေခွေးဟူထိန်၏ လေပြေသွေး စကားကြောင့်
'''ဟား..ဟား ...ဟား..ဟား.. .. .. လူကို အလစ်ဝင်တိုက်ပြီး မရတော့မှ ဒီစကားကို ပြောရသလား... ကိုင်း အကွက်ကြည့်...'''
'''အုန်း ..၀ုန်း...''''
'''ဒေါင်'''
''ဟာ...''''
ကျောက်ကျူးထင်သည် အထက်လမ်း သိုင်းသမားပီပီ သတိပေးပြီး လက်သီး ချက် တစ်ချက်ထိုးသွင်းလိုက်သည် ... မိုးခြိမ်းသံတမျှ ကျယ်လောင် လွန်းသော ထိုလက်သီး၏ အမည်ကား မိုးထစ်ထစ်ချုန်း ဟူသည်...ခွန်လွန်း၏ လှို့ဝှက်လက်သီး သိုင်းကွက် ဖြစ်ပြီး ခွန်လွန်းဂိုဏ်းချုပ် ..ဆရာကြီးမုန့် နှင့် သူ တလောကလုံးတွင် စုစုပေါင်းသုံးယောက်သာလျှင် တတ်မြောက်သော လက်သီးသိုင်းကွက်ဖြစ်သည်..
ထိုလှို့ဝှက်ဆန်းပြားသော လက်သီးသိုင်းကို ဟူထိန်တစ်ယောက် မရှောင်သာ၍ သူ၏ သံမဏိစာအုပ်ဖြင့်ကာလိုက်ရ၏... သံမဏိစာအုပ် နှင့်လက်သီး ထိမှန်သံ ဒေါင်ကနဲမြည်သွားပြီး စာအုပ် သည် ပိန့်လိမ်ကာသွားသည်....
အတွေ့အကြုံရင့်ကျက်သော အောက်လမ်းသိုင်းသမားပီပီ သူ၏စာအုပ် သုံးမရတော့သည်နှင့် တကိုယ်လုံးရှိ အကြောများကို လျော့ချလိုက်ရာ လူတစ်လုံး အရိုးမရှိတော့သဖွယ် မြေကြီးပေါ်ပုံကျသွား၏ ...
ဟူထိန်၏ ဆုံးဖြတ်ချက်က မှန်ကန်လှပါသည် .. အကယ်၍သာ ထိုနေရာ တွင် ရပ်နေအုံးမည်ဆိုရင်တော့ သူ၏ခေါင်းသည် ကိုယ်ခန္ဓာနှင့်ကွဲကွာသွားမည်ဖြစ်၏ ..
'' ဖေါင်း''
''အား''
ဟူထိန် ခေါင်းပေါ်မှ ''၀ှီး''ခနဲဖြတ်သန်းသွားသော လက်သီး၏ အတွင်းအား အရှိန်ကြောင့် ချန်းချန်အား တိုက်ခိုက်နေသည့် သွေးဂိုဏ်းသားတစ်ယောက်မှာ ဗလာချီသေဆုံး သွားရသည်.. ..
''ဟူထိန် ..နင်နဲ့တိုက်နေတဲ့သူက အဝေးရောက်လက်သီး ကျောက်ကျူးထင် ဟဲ့ ... သတိထား'''
ထန်စူးစူးသည် ရိလုံ၏ လေပြင်းမုန်တိုင်း တောဆင်ရိုင်း ဟူသော သိုင်းကွက်အား ခက်ခက်ခဲခဲ ခုခံနေရာမှ .. ဟူထိန်အား သတိပေးလိုက်သည် ..
သွေးမြေခွေး ဟူထိန်သည် နဂိုကတည်းက ထိုလူအား ရှိန်နေသည့်ကြားမှ ထန်စူးစူး၏ သတိပေးစကားကြောင့် အလန့်ကြီးလန့်ကာ ပြေးပေါက်ရှာရသော ဘ၀သို့ရောက်ရရှာ၏..
သိုင်းလောကထိပ်သီးဝင် အဆင့်နှစ်ကျောက်ကျူးထင်အား နဂါးအသည်း နှင့်ကျားနှလုံး စားထားမှသာ သူရင်ဆိုင်ဝံ့မည်ဖြစ်သည် .. ထို့ပြင်ကျောက်ကျူးထင် ၏နောက်ခံအင်အားကလည်း ကြောက်စရာကောင်းလွန်းလှသည်မဟုတ်လား ....
သိုင်းလောကတွင် ရှောင်လင်ဂိုဏ်းချုပ်.. ၀ူတန်ဂိုဏ်းချုပ်တို့နှင့် တစ်တန်းထဲထား ရသော ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်၏ တူတပည့်ဖြစ်သည့်အပြင် ခွန်လွန်းဂိုဏ်းတွင် နောက်ဂိုဏ်းချုပ်နေရာအတွက်လျာထားခြင်းခံထားရသည်ဟူသော အင်အားက နည်းနည်းနောနောမဟုတ်ပေ..
အစောကြီးကတည်းကသတိပေးစကားမပြောသော ထန်စူးစူးအား စိတ်ထဲတွင် ကျိတ်ဆဲဆိုရင်း သူ၏ အားကိုးအားထားရာ တောင်ပင်လယ် စွန်ကုတ်လက်သိုင်းကို အသုံးပြုလိုက်သည်..
'''' ယား.. ဟိတ်.. '''
'' ဖန်း ..ဖန်း....ဖန်း''
ရေကိုထိုင်ကာမီးပုံရှို့နေသည်ကမှ အလုပ်ဖြစ်လိမ့်အုံးမည် .. သူ၏ စွန်ကုတ်လက်သိုင်းက ကျောက်ကျူးထင်အား ထိဖို့ဝေးစွ... အယားပြေပင်ဖြစ်ပုံ မပေါ် ..ကျောက်ကျူးထင်၏ အင်္ကျီလက်စခတ်သည့်အထဲတွင် ပျောက်ပြယ်သွားသည်
ထိုအင်္ကျီလက်စသိုင်း ကို ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့်က တီထွင် ထားပြီး အနှောက်အယှက်များကို ဖယ်ရှားခြင်း ဟု ရိုးရိုးလေးသာ အမည်ပေးထား၏... ဤသိုင်းကို ဆရာကြီးမုန့် တီထွင်ရခြင်းနှင့်ပတ်သက်၍ သိုင်းလောကတွင် ယုံတမ်း စကားများ အမျိုးမျိုးရှိပါသည် .. တချို့က ခြင် ယင် အစရှိသည်တို့ကို အင်္ကျီလက်စ ဖြင့် ဖယ်ရှား ရာမှ ထိုသိုင်းကို တီထွင်ခဲ့ခြင်းဟု ဆိုပြီး .. တချို့က ဖုန် အမှုန်အမွှား တို့ကို လက်ဖြင့် ခါထုတ်ရင်းမှ တီထွင်ခဲ့သည်ဟု ဆိုသည် .. မည်သို့ပင် ဖြစ်စေ ကာမူ ထိုသိုင်းကို မျက်မှောက်ခေတ်၏ ဆန်းပြားထက်မြက်သော သိုင်းအဖြစ် လက်ခံ ထားကြ၏ ..
'''' ရွှီး ... ထန်း..ထန်း'''
ပျိုးပျိုးပျက်ပျက် အလင်းရောင်တန်းများက ရိလုံဆီသို့ နေရာအနှံ့မှ ပြေးဝင် လာသည် ..ထန်မိသားစု၏ လက်နက်ပုန်းပညာကား မိုးသီးမိုးပေါက်များ ကောင်းကင် မှသွန်ချလိုက်သည့်အတိုင်းပင်...
တခါသေဖူး ပျဉ်ဘိုး နားလည်သော ရိလုံမှာ ဆံချည်တမျှင်စာမျှ အမှားမခံ.. တိုက်စစ်အားကို လျော့ချပြီး လက်နက်ပုန်းများကို တစ်ခုမကျန် ရိုက်ထုတ်နေသည် ...
''' အင်း... ရိလုံက အခုရက်ပိုင်းအတွင်းကို တိုးတက်လာတာပါလား .. ဒီအတိုင်းဆို ငါလည်း မလွယ်ဘူး.. ဟူထိန်ကလည်း အခြေအနေမကောင်း .. သွေးဝင်္ကပါကလည်း အလုပ်မဖြစ် .. အရိပ်အခြေကိုကြည့်ပြီးရှောင်ပြေးရမယ်..'''
ထန်စူးစူးသည် လက်နက်ပုန်းများကို အဆက်မပြတ်ပစ်လွတ်နေရင်းမှ ရှောင်ပြေးရန် စဉ်းစားနေမိသည် ..
ထို့နောက် သူ၏အားထားရာ ထန်ဆယ်နှစ်မျိုးခြေလှမ်းကို အသုံးပြု၍ ရိလုံအား တိုက်ပွဲနှင့် ဝေးရာဆီသို့ မျှားခေါ်သွား၏ ...သို့မှသာ သူရှောင်ပြေး၍ လွတ်နိုင်မည်လေ...
''' ရွှတ်..'''
''အား ...''
နောက်ဆုတ်ရန်သာ ကြိုးစားနေသူမို့ ရိလုံ၏ ဓါးချက်တစ်ချက်သည် ထန်စူးစူး၏ ညာဘက်လက်မောင်း တစ်ဖက်အား ထိခိုက်သွားစေသည်.. ..
ဒါဏ်ရာအရမ်းမကြီးမားသော်လည်း နာကျဉ်လွန်းလှရာ ပါးစပ်မှပင် ယောင်ရမ်းအော်မိသေး၏ ...
'''ကဲ ..ဒီတစ်ခေါက်တော့ ထန်စူးစူး မိန်းမယုတ်အိုကြီးရေ .. မင်းအသက်ကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ့်ဟေ့... '''
သူ၏ဓါးချက် ကပြိုင်ဘက်ကို ထိခိုက်သွားသောကြောင့် အားတက် သွားသောရိလုံက အားရ၀မ်းသာသော အသံကြီးဖြင့် အော်ပြောလိုက်သည်...
ထန်စူးစူးကလည်းအောက်စည်းမှ ဖြစ်သော်လည်း အညံ့မခံ
''ဟင်း..ဟင်း..ဟင်း .. ခတ်ကျွဲမှန်ရင် ဂျိုရာမကင်းဘူးဟဲ့ ရိလုံရဲ့ ..အပြောမကြီးနဲ့ ရော့ .. .. ဒီလက်နက်ပုန်းကို မြည်းလိုက်အုံး..'''
''' ရွှီး .. ရွှီး...'''
မြွေတွန်သလို အသံဖြင့် ထန်စူးစူးထံမှ ငွေရောင် အစက်နှစ်စက်သည် ရိလုံ၏ မျက်နှာ ဦးတည်၍ ပျံသန်းကာ လာခဲ့သည် ...
ထန်မိသားစု၏ သက်စောင့် လက်နက်ပုန်းဖြစ်သော .. သားနှင့် အမေ ဟူသည့် လက်နက်ပုန်းဖြစ်၏ ..
. သားနှင့်အမေ လက်နက်ပုန်းသည် အသက်ဘေးနှင့် အကြီးအကျယ် ကြုံမှသာထုတ်သုံးသင့်သော ပညာဖြစ်သည်.. အတွင်းအား အဆမတန် အသုံးပြု ရသည်ဖြစ်ရာ အတွင်းအားမပြည့်ဝလျှင်ထိုလက်ပုန်းသုံးပြီးသည်နှင့် အသုံးပြုသူမှာ သက်စောင့် အတွင်းအား ပင်မကျန်တော့...
အတွင်းအားမရှိသောသိုင်းသမားသည်ကား စဥ့်တီတုံးပေါ်လည်စင်း ပေးရသူသဖွယ်ဖြစ်တော့သည်မဟုတ်လား ...
''ထန်း... ထန်း ''
''ထန်း..ထန်း..ထန်း...'''
''ဟာ..ဘယ်လိုလဲဟ'''
'' ထန်း...ထန်း''
ရိလုံသည် ရှေ့ဆင့်နောက်ဆင့်ဝင်လာသော လက်နက် ပုန်း နှစ်ခုစလုံးကိုရိုက်ဖယ်လိုက်နိုင်ပါသည်.... သို့သော် ထိုသားနှင့် အမေလက်နက်ပုန်း မှာ သူရိုက်ထုတ်လိုက်သော်လည်း အ၀းသို့ လွင့်စင်မသွားဘဲ သူ့ထံသို့ပင် ပြန်ရောက်လာပြန်သည်... သူ့ရိုက်အားများလေလေ ထို လက်နက်ပုန်းနှစ်ခု ပြန်ဝင်လာ သော အရှိန်များလေလေပင်ဖြစ်သည် ..ရှောင်တိမ်း၍လည်း မဖြစ်နိုင်အောင် မြန်လှရာ သူ့ခမျာ အတွင်းအားအပြည့်နှင့်ပင် ကာကွယ်နေရသည်.. ခုနှစ်ချက်ခန့် အပြန်ပြန်အလှန်လှန် ရိုက်ထုတ်ပြီးမှ ရိလုံလည်း ထိုသဘောတရားကို နားလည်တော့ ၏ ..
ထို့နောက် သူ၏ ဓါးအရှိန်ကို လျော့ချပြီး ထိုသားနှင့်အမေလက်နက်ပုန်းကို ဖြည်းညှင်းစွာရိုက်ထုတ်လိုက်သည်...သက်ရောက်မှုအားနည်းသွားသဖြင့် သားနှင့် အမေ လက်နက်ပုန်းလည်းအရှိန်လျော့သွား၏ ..
ထိုအခါမှ ရိလုံလည်း ရှောင်တိမ်းနိုင်တော့သည်.. .. သို့သော် ထန်စူးစူးကား မရှိတော့ သူ လက်နက်ပုန်းနှစ်ခုနှင့် ဗျာ များနေချိန်တွင် လစ်ထွက်သွားလေပြီ..
စိတ်ဓါတ်ကျသွားသောရိလုံမှာ ကျောက်ကျူးထင်တို့ ရှိရာဆီသို့ ပြန်သွားလေတော့၏.. ..
တိုက်ပွဲလည်းပြီးသွားပြီဖြစ်သည် ..ချန်းချန်လက်ချက်ဖြင့် သွေးဂိုဏ်းသား များ အကုန်သေဆုံးသွားပြီဖြစ်သလို သွေးမြေခွေး ဟူထိန်လည်း ကျောက်ကျူးထင်၏ လက်ချက်ဖြင့် နံရိုးများအပိုင်းပိုင်းကျိုးကျေကာ သေဆုံးသွားပြီဖြစ်သည်.. ..
နတ်ဆေးအိုးကျန်းကတော့ တမလွန်ဘ၀မှကြည့်ရင်းကျေနပ်နေမည်လား မပြောတတ် ..
'' အကိုရိလုံ ထန်စူးစူး သေပြီလား ..''''
ချန်းချန်၏အမေးကို မဖြေချင်ဖြေချင်ဖြင့် ...
''လွတ်သွားတယ်''
''တမင်လွတ်ပေးလိုက်တာ မဟုတ်လား ...''
''ငါက ဘာလို့လွတ်ပေးရမှာလည်းကွာ .. ဒီမိစ္ဆာမကို ..'''
''ဟားဟားဟားဟား..ဘယ်သိမလဲ ... ငယ်ကျွမ်းဆွေဆိုတော့ မထိခိုက်စေချင်လို့လွတ်ပေးလိုက်တယ်ထင်တာပေါ့ .... ပြီးတော့ အကိုရိလုံ တို့ နှစ်ယောက်ထဲ ထွက်သွားကြတာလေ...''''
''''တော်စမ်းပါကွာ ..ချန်းချန်ရာ .. ''
''ဟုတ်သားပဲ ချန်းချန် မင့်အကိုရိလုံကို စ နေမယ့်အစား မြင်းလှည်းထဲမှ ဘာတွေပါလည်း ဖွင့်ကြည့်လိုက်အုံး .. ငါထင်တာကတော့ မိုးကြိုးအာမခံအဖွဲ့ ဆီက. လုသွားတဲ့ ပစ္စည်းတွေဖြစ်မယ်ထင်တယ် ..''''
''ဟုတ်ရင်တော့ ပွတာပဲဗျာ .. ကျွန်တော်တို့ညီအကိုသုံးယောက် သူဌေးဖြစ်ပြီဗျို့ ...'''
'' ဟားဟားဟားဟား ဒီစကားကို မင်းအဖေမကြားပါစေနဲ့ဆုတောင်းဟေ့ ...''
''ဟုတ်ပါ့ အကိုကြီးကျောက်ရေ .. ဒီကောင်ကယုံရတဲ့ကောင်မဟုတ်ဘူး .. သူ့အဖေမျက်နှာထောက်ချင်မှထောက်မှာ .. တကယ်ယူချင်ယူမှာဗျ....''''
''' ဟဲဟဲ ဒီစကားကိုသာ အဖေကြားသွားလို့ကတော့ စိတ်တိုတာနဲ့ ကျွန်တော့ကိုရိုက်သတ်လိုက်မှာဗျို့...'''
ချန်းမိသားစုသည် သိုင်းလောကအတွင်းရှိသမျှ မိသားစုထဲတွင် မင်းမူထမ်းအများဆုံးမျိုးရိုးဖြစ်သည် ... ချန်းချန်၏ ဖခင်ဖြစ်သူမှာ လက်ရှိနေပြည်တော် တွင် ထောက်လှမ်းရေးမှူးချုပ်ဖြစ်၏... ထို့ကြောင့်ယင်းသို့ ဆိုခြင်းပင်..
ချန်းချန်၏ အပြောင်အပျက်စကားကြောင့် သုံးယောက်သား ရယ်မောလိုက်ကြရင်း လက်ရှိအဖြစ် အပျက်ကိုပင်မေ့လျော့သွားသည်.. အခြားသူများသာသူတို့အားမြင်လျှင် အရူးသုံးယောက်ဟုဆိုလေမလားမသိ.. တုံလုံးပက်လက်သေဆုံးနေကြသောအလောင်းများအလည်တွင် ပျော်ရွှင်မြူးတူးကာ ရယ်မောနေကြသည်မဟုတ်လား...
.......''....''
တရားဓမ္မစီးဖြန်းရာဒေသဖြစ်၍ တိတ်ဆိတ်အေးချမ်းရာ နယ်မြေသည် ဆူညံပွက်လောရိုက်လျှက် ငြင်းခုန်ရင်း ချီတက်လာကြသော ဘုန်းကြီးများကြောင့် ဆိတ်ငြိမ်ရိပ်မြုံလေးမှာ ပျက်စီးသွားရ၏ ...
ရှေ့ဆုံးမှ ဦးဆောင်လာသော ဘုန်းကြီးကတော့ မည်သည့်စကားမှမဆို နောက်ကိုလည့်ကြည့်လည့်ကြည့်လုပ်ကာ ခပ်သုတ်သုတ် လျှောက်နေသည်...
ကျန်ဘုန်းကြီးလေးပါးကတော့ ကလေးများသဖွယ် အော်ကြီးဟစ်ကျယ်လုပ်ကာ ဖြေးညင်းစွာလျှောက်နေကြ၏...
ရှေ့ဆုံးကဘုန်းကြီးက နောက်သို့တဖန်ပြန်လည့်ကြည့်ရင်း...စိတ်မရှည်နှယ်
''အကိုတို့ မြန်မြန်လျှောက်ပါဗျ..ဟိုမှာ လူမမာရှိသေးတယ် ... ပြီးတော့ သိပ်လည်းမဆူကြနဲ့ဗျာ ..ဘေးပတ်ဝန်းကျင်ကိုလည်း အားနာအုံး... '''
မျက်နှာတွင်မှဲ့နီကြီးနှင့် အပေါက်ခပ်ဆိုးဆိုးဘုန်းကြီးမှ ..
''အိုး ..ငါတို့က ဘယ်သူ့ကိုဂရုစိုက်ရမှာလည်းကွ.. အော်ချင်အော်မယ် ဆဲချင်ဆဲမယ် ဘာဖြစ်လဲ ... နှစ်ပေါင်းသုံးဆယ်လုံးလုံး အဆောင်စုတ်မှာ နေလာရတာ အခုအပြင်ထွက်တုန်း ရှုခင်းအလှအပကို ခံစားချင်သေးတယ်ကွာ ..ဖြည်းဖြည်းလျှောက်မှာပဲ .. ''
အသားအရေပြာပြာနှင့် ဘုန်းကြီးကလည်း ၀င်ရောက်ထောက်ခံလိုက်သည်..
''မှန်တယ် အကိုနှစ် ..ညီလေးတုဟာ ကြာလေကြာလေ ညီလေးတုနဲ့ မတူလေဘဲ.. ဒီကောင့်ကြည့်ရတာ ဘုန်းကြီးနဲ့ပိုပိုတူလာတယ် ...'''
ရာဝင်စဉ်အိုးကြီးသဖွယ်ဝဖြီး၍ ချွေးများပြိုက်ပြိုက်ကျနေသော ဘုန်းကြီးကလည်း မျက်ခုံးပေါ်မှချွေးများကို သုတ်ရင်း.....
''အကိုလေး ကတော့ မဟုတ်တာပြောတော့မယ် .. ဘုန်းကြီးပါဆိုမှ ဘုန်းကြီးနဲ့မတူဘဲနေမလားဗျ... ဘုန်းကြီးက ဘုန်းကြီးကို ဘုန်းကြီးနဲ့ တူတယ်ဆိုတဲ့ စကားကြီးက နားထောင်ရတာ ကဗျာမဆန်လိုက်တာဗျာ ..'''
ဘုန်းကြီးငါးယောက်ထဲတွင် အပိန်ဆုံးဘုန်းကြီးက တစ်ခစ်ခစ်ရယ်၍
''ထန်ဖုပြောလိုက်မှပဲ ရှင်းသွားတော့တယ်ဟေ့... ''
အသားပြာပြာနှင့်ဘုန်းကြီးက ၀ဖြီးဖြီးဘုန်းကြီးအားမျက်စောင်းထိုးကာ
''ဟေ့ကောင် ထန်ဖု ငါပြောချင်တာက ညီလေးတု က ဟိုအရင်လို မဟုတ်တော့ ဘူး.. ငါတို့နဲ့မနေတာကြာတော့ ဒီကျောင်းက ဘုန်းကြီးတွေနဲ့ပိုတူလာတယ်လို့ ပြောတာ .. ဟိုဟာမလုပ်ရဘူး ..ဒီဟာမလုပ်ရဘူးနဲ့ ချုပ်ချယ်နေတာကို ဆိုလိုတာကွ.. မင်းဟာလေ လူတကိုယ်လုံးဝပြီး ခေါင်းကြီးသလောက် အတော် အသိဉာဏ်နုံနည်းတဲ့ကောင် ...'''
ထန်ဖုသည် ချွေးများမျက်စိထဲဝင်သွား၍စပ်နေပါသည်ဆိုကာမှ သူ့အား နုံနည်းသည် ဟု ပြောလိုက်သောကြောင့် ဒေါသထွက်သွားကာ မိုးခြိမ်းသံမျှ ကျယ်လောင်စွာဖြင့်...
''အကိုလေး ဖာသာစကားပြောတာ လိပ်ပတ်မလည်တာလေ .. ကျုပ်ကို ဘယ့်နှာကြောင့်ဆွဲထည့်နေရတာလည်း .. လူတကိုယ်လုံးကိုလည်း ပြန်ကြည့်အုံး အသားအရေက ပြာတာတာ အဆိပ်တွေဗလပွနဲ့မို့ ဘယ်သူမှ အနားလည်း အကပ်မခံချင်ဘူး .. ကြားထဲက စိတ်ထားကပုပ်သေးတယ် .. '''
ထုံးစံအတိုင်း ထိုးမယ်ကျိတ်မယ်ဖြစ်ကြပြန်သည်... ရွှီကြွင်းသည် သူ၏ နောင်တော်များကို ကြည့်ကာ စိတ်ဓါတ်ပင် မဟာအ၀ီစိသို့ ကျဆင်းသွားရ၏..
သူတို့၏ အဆောင်တွင်းတွင်မဟုတ်ဘဲ ရှောင်လင်ကျောင်းဝင်း ပရ၀ါန် အတွင်းတွင် စကားများနေကြသည်ဖြစ်ရာ .. ဘုန်းကြီးများ ..ကိုယ်ရင်များသည် ပြူတစ်ပြူတစ်နှင့်ထွက်ကြည့်နေကြသည် ...
ထိုစဉ်တွင် ဒုတ်တစ်စီကိုင်ဆောင်ထားသောကိုရင် လေးပါးအား ခြံရံလျှက် ဘုန်းကြီးတစ်ပါးသည် သူတို့အနားသို့ရောက်ချလာကာ ...
'''ကိုယ်တော်တို့ ဒါဏ်ကျဆောင်ကမို့လား ဘယ့်နှယ်ကြောင့် ၀င်းထဲကို လာခဲ့တာလည်း .. ကျောင်းထိုင်ဆရာတော်ဘုရားက ဒါဏ်ကျဆောင်က ကိုယ်တော်တွေ ၀င်းထဲကို မလာဖို့ အမိန့်ပေးထားတယ်မဟုတ်လား.. ''
မှဲ့နီနှင့် ဘုန်းကြီးသည် မျက်နှာကို ရှံ့မဲ့ကာ ....
'''ထွီ ... ပိုင်ချီး ကအကူအညီတောင်းလို့လာရတာကွ .. ငါတို့ဟာနဲ့ ငါတို့ဆို ရွှေပုံပေးရင်တောင်မလာဘူး ..နေစမ်းပါအုံး မင်းက ဘယ်သူလဲ'''
. ထိုဘုန်းကြီးသည် ယောင်ရမ်းကနောက်သို့ခြေတစ်လှမ်းပင်ဆုတ်သွား၏ .. နောက်က ကိုရင်လေးပါးဆိုလျှင် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားသည် ..
သူတို့တစ်သက်နှင့်တစ်ကိုယ် ကျောင်းထိုင်ဆရာတော်၏ နာမည်ရင်းကို တပ်ကာ ရင့်ရင့်သီးသီးစကားပြောသည်ကို မကြုံဘူးသောကြောင့်ဖြစ်သည် ..
အကယ်စစ်စစ် ထိုဘုန်းကြီးသည် ရှောင်လင်ကျောင်း၏ စည်းကမ်းထိန်းသိမ်း ရေးမှူးဖြစ်သည် .. တာမောအဆောင်မှုးဆရာတော် ..လော့ဟန်အဆောင်မှူး ဆရာတော်ပြီးလျှင် သူသာအရေးအပါဆုံးဖြစ်၏ .. မှဲ့နီနှင့်ဘုန်းကြီး ကိုကြည့်ရင်း .. ထိုသူ၏နူတ်မှ တကယ်များပြောလိုက်သလား .. နားကြားများလွဲသည်လားဟုပင် ဇဝေဇ၀ါဖြစ်သွားသည်အထိပင်..
သူထင်ချင်လည်းထင်ချင်စရာပေ ... သိုင်းလောကတခွင်လုံးရှိ အောက်လမ်း အထက်လမ်း သိုင်းသမားမှန်သမျှ ရှောင်လင်ကျောင်းထိုင် ဆရာတော် အား ချစ်ကြောက်ရိုသေကြကာ မရိုသေစကားပြောဖို့ဝေးစွ နာမည်ပင်တပ်မခေါ်ဘူးချေ ..
ယခုတော့....
''' ကျောင်းထိုင်ဆရာတော်ကိုနာမည်တပ်ပြီးရင့်ရင့်သီးသီးပြောရအောင်.. ကိုယ်တော်မိုက်ရိုင်းလွန်းလှပါလား.....ရှောင်လင်ရဲ့စည်းကမ်းထိန်းသိမ်းရေးမှူး တစ်ယောက်အနေနဲ့ ကိုယ်တော့်ကို အပြစ်ပေးရလိမ့်မယ်...''''
''..ဟား..ဟား..ဟား..ညီလေးတို့ ကြားရဲ့လား လောကကြီးမှာ ငါ့ကို အပြစ်ပေးရဲတဲ့လူက ရှိသေးသတဲ့..ကောင်းပြီလေ မင်းဘာအပြစ်ပေးမလည်းလို့ ငါစောင့်ကြည့်မယ် ... ငချော်ငချွတ်ဘုန်းကြီးရဲ့အပြစ်ပေးတာကလည်း ငချော်ငချွတ်ပဲ ဖြစ်မှာပါကွာ...'''
''ဟုတ်ပါ့ဗျာ.. ကြည့်ပါလား ဘ၀င်ဘုန်းကြီးရုပ်''
''ဘယ်ကလာ ...အကိုနှစ်ပြောသလို ငချော်ငချွတ်ရုပ်ပါ''
''ဟီးဟီး.. ဒါဆို ငချော်ငချွတ် ဘ၀င်ဘုန်းကြီးပေါ့..'''
ကျန်ညီအကိုသုံးယောက်ကလည်း ထိုနေရာတွင်တော့ သွေးစည်းကြ၏...
စည်းကမ်းထိမ်းသိန်းရေးမှူးသည် ထိုမှဲ့နီနှင့်အပေါင်းအပါတို့အား ဒေါသထွက်လွန်း၍ တဆတ်ဆတ်ပင်တုန်၍နေသည်...
ရွှီကြွင်းကလည်း အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်မည်စိုး၍ ကြားထဲမှ ၀င်ကာဖြေဖြန်လိုက်၏..
'''ဒါဏ်ကျဆောင်က ကျွန်တော့်နောင်တော်တွေကို တကယ်ပဲ ကျောင်းထိုင် ဆရာတော်က အခေါ်လွတ်လိုက်တာပါ.. စည်းကမ်းထိန်းသိမ်းရေးမှူး အနေနဲ့ ခွင့်လွတ်ပေးစေချင်ပါတယ်.. ''
'''ကျောင်းထိုင်ဆရာတော်ခေါ်ခိုင်းတယ်ဆိုရင်တောင် ဒီကိစ္စကိုအရေးမယူ လို့မဖြစ်ဘူး ..စည်းကမ်းနဲ့ပါတ်သက်ရင် ရှောင်လင်ကျောင်းမှာ ဘယ်လိုရှိတယ် ဆိုတာ ကိုယ်တော် ရွှီကြွင်းလည်းသိပါတယ်.. ဒါပေမယ့် ကိုယ်တော့်မျက်နှာ ထောက်ပြီး သူတို့သာ ကျောင်းထိုင်ဆရာတော်နဲ့ ကျူပ်ကို ၀န်ချတောင်းပန်မယ်ဆို ခွင့်လွတ်လိုက်မယ်.. မတောင်းပန်ဘူးဆိုရင်တော့..'''
'''မတောင်းပန်ဘူးကွာ ..ဘယ်လိုဖြစ်ချင်လည်း..''
အကိုနှစ်၏ စကားကြောင့်ခေါင်းနပန်းကြီးသွားသူက ရွှီကြွင်းပင် ..
. ''အကိုနှစ်..အဲ့လိုမပြောပါနဲ့ ..တောင်းပန်လိုက်ရင် အဆင်ပြေသွားမှာပါ..''
''ညီလေးတု မင်းက မင်းအကိုဘက်ကိုမပါဘဲ သူစိမ်းဘုန်းကြီးဘက်ကို ပါနေတာပေါ့လေ...ကောင်းကွာ.. '''
ဆူးကြားကဘူးခါး ဘုန်းကြီးရွှီကြွင်းခမျာ မည်သည့်စကားမျှ မပြောနိုင်ရှာတော့....
စည်းကမ်းထိန်းသိမ်းရေးမှူးဘုန်းကြီးက
''ကိုင်း ကိုယ်တော်ရွှီကြွင်းလည်းအတွေ့ပဲ .. ဒီနူတ်စည်းမစောင့်တဲ့ ဘုန်းကြီးကို လူဒါဏ်ချရမယ် ..'''
ရှောင်လင်ကျောင်းတွင် အကျင့်ပျက်ဘုန်းကြီးများအတွက် ဒါဏ်များစွာ ရှိလေသည် ... သဲဒါဏ်.. ရေဒါဏ်.. တရားဒါဏ်.. လူဒါဏ် .. အစရှိသည့်အနက် လူဒါဏ်ဆိုသည်မှာ ကြိမ်ဖြင့်ရိုက်နှက်ဆုံးမခြင်းကို ဆိုလိုသည် .. ..
''ကြိမ်ဒါဏ် အချက်နှစ်ဆယ် ချမှတ်တယ်..''
ငွေမျက်နှာသမားတော်ကြီးက ထိုစကားကို ကြားလိုက်ပြီးသည့်နောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း ...
'''ဟားဟားဟားဟား ..လာခဲ့စမ်း ...ငါ့အသားကို ထိအောင်လုပ်နိုင်ရင် .. ငါကိုယ်ငါ အစိတ်စိတ် အပိုင်းပိုင်းလုပ်ပြီး မင်းတို့ကို ငါကိုယ်တိုင်ပေးမယ်ကွာ ...'''
စည်းကမ်းထိန်းသိမ်းရေးမှူးက သူ၏နောက်မှ ကိုရင်များကို အချက်ပြလိုက် သည်..
အမှိုက်ကစ ပြသာဒ်မီးစလောင်လေပြီ...
***စည်းတကာ့စည်းတွင် အလွယ်တကူပျက်စေခြင်းက နူတ်စည်းတည်း... နူတ်စည်းမစောင့်သောရလာဒ်က ရန်လိုခြင်း ..၀န်တိုခြင်း .. အကျိုးစီးပွားကို ပျက်စေခြင်းတည်း...*****

#22 ( အစ၏အဆုံး ..အဆုံး၏အစ )

ကိုရင်လေးပါးသည် စည်းကမ်းထိန်းသိမ်းရေးမှူး အချက်ပြလိုက်သည်နှင့် တပြိုက်နှက်ထဲပင် သိုင်းကွက်ခင်းပြီးသားဖြစ်သွား၏ ... ဒုတ်လေးချောင်းကို အောက်စိုက်ချရင်း မာန်ပါပါရပ်ထားသည့်ဟန်များက အထင်ကြီးစရာ..

လက်တစ်ထောင်ထန်ဖုသည် ကိုရင်များခင်းထားသည့်သိုင်းကွက်ကို မြင်လျှင်
သူ၏ အိုးစရည်းမျှကြီးမားသောဝမ်းဗိုက်ကြီးကိုနှိပ်ကာ ခွက်ထိုးခွက်လန် ရယ်ရင်း..

'''ဟားဟားဟားဟား.. အကိုနှစ်ကတော့သိုင်းလောကမှာနာမည် မရှိတော့ဘူးဗျ အကိုနှစ်ကိုတိုက်မဲ့သိုင်းက ရှောင်လင်ရဲ့အဆင့်နိမ့် သံတပျက်စီးသိုင်းတဲ့ .. ကြောက်စရာ ကောင်းလိုက်တာဗျာ ..'''.

ကျန်အကိုသုံးနှင့်လေးမှာလည်း အကဲပိုစွာ မြေကြီးပေါ်လူးလိမ့်ကာ . . .. . ရယ်မောလိုက်ကြသည်...
တကယ်တော့ ထိုသံတပျက်စီးသိုင်းသည် ရှောင်လင်၏ထိပ်တန်းသိုင်းကွက် မဟုတ်လင့်ကစား အဆင့်နိမ့်သိုင်းလည်းမဟုတ်ရပါ... အစုအဖွဲ့ဖြင့် တိုက်သည့် နေရာတွင်အလွန် အသုံးဝင်သောသိုင်းကွက်ဖြစ်၏....
အကိုနှစ်ကတော့ ဒေါသတကြီးနှင့် ..
''''ဒီကလေးကစားစရာအကွက်နဲ့ ငါ့ကိုဖမ်းချင်တယ် ဟုတ်လား ...ကဲကွာ '''
'''၀ုန်း''
''''အား.. အမလေး... အင့်...အိုး..''''
ငွေမျက်နှာသမားတော်ကြီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ ထိုကိုရင်လေးပါးသည် စွန်ကျိုးပြတ်သွားသော လေတံခွန် သဖွယ် လွင့်စင်သွားလေသည်...
စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်သည် သူ၏တပည့်များ အနာတရ ဖြစ်မည်စိုးသဖြင့် ကိုယ်ဖော့ပညာသုံးကာ အရုပ်ကလေးကဲ့သို့ လွင့်သွားသော ကိုရင်များအား လိုက်လံဖမ်းယူလိုက်ရ၏...

ထိုသို့အရှိန်ဖြင့်လွင့်လာသော လူလေးယောက်ကို မလွတ်စတမ်း ဖမ်းဆီးဖို့ရန် လွယ်ကူလှသည်တော့မဟုတ်ချေ အတွင်အား၏ပြည့်ဝခြင်း...ကိုယ်ဖော့ ပညာ အစွမ်းထက်ခြင်း ဖြတ်လတ်မြန်ဆန်ခြင်း ချိန်သားကိုက်ခြင်း တည်းဟူသော အချက် များနှင့်ပြည့်စုံမှသာ စွမ်းဆောင်နိုင်သည့် ကိစ္စဖြစ်ရာ စည်းကမ်းထိန်းသိမ်းရေးမှူး ၏ သိုင်းပညာမှာလည်း ထိပ်တန်းအဆင့်တွင်ရှိသည်ဟု ကောက်ချက်ချနိုင်သည်...
သို့သော် ငွေမျက်နှာသမားတော်ကြီးတို့လို အဆင့်လွန်ပညာရှင်များအတွက်မူ
ထိုမျှသည် စာဖွဲ့စရာမရှိပေ..

စည်းကမ်းထိန်းသိမ်းရေးမှူးသည် သူ၏တပည့်လေးယောက် ခံလိုက်ရသည် သဖြင့် ယမ်းပုံမီးကျဖြစ်ကာ
''ကိုယ်တော် ..ကိုယ်တော်ရဲ့သိုင်းပညာက အဆင့်အတန်းမြင့်မားလွန်းပါတယ်.. ကိုယ့် ထက် ပညာနုတဲ့ လူတွေကို ဘာလို့ အနိုင်ကျင့်ချင်ရတာလဲ...'''
''''ဖမ်းမယ်ဆီးမယ်ဆိုရင် အသုံးမကျတာတပည့်လေးတွေတော့ မလွတ်ခဲ့နဲ့ .. အစွမ်းအစရှိရင် ကိုယ်တိုင်ကျိုးစားသင့်တယ် ..'''
'' ကဲဒါဆိုကိုယ်တော် အဆင်သင့်ပြင်ထားတော့ သိုင်းကွက်လာပြီ'''

'''ယား'...ဖုန်း''
''အား ..အမလေးနာလိုက်တာဗျာ...ဟားဟားဟားဟား''

စည်းကမ်းထိမ်းသိမ်းရေးမှူးသည် ကြိုတင်သတိပေးကာ ရှောင်လင်၏ လှို့ဝှက် ခုနှစ်ဆယ့် နှစ်ကွက်ထဲတွင်ပါသော .. မိုးကိုဖြိုမယ့် သံမဏိလက်သီး ဟူသည့် သိုင်းဖြင့် ငွေမျက်နှာသမားတော်ကြီးအားတိုက်ခိုက်လိုက်သည်... ထိုသိုင်းကွက်သည် ကျင့်ရခက်ခဲသလောက် လွန်စွာမှ အစွမ်းထက်သော သိုင်းလည်းဖြစ်သည် .. ထို့ပြင် စည်းကမ်းထိန်းသိမ်းရေးမှူး၏ နှစ်လေးဆယ်လုံးလုံးလေ့ကျင့်ထားသော အတွင်းအား ဆယ်ပုံခုနှစ်ပုံအထိ ထည့်သွင်းတိုက်ခိုက်လိုက်သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏....
သို့သော်ဤမျှကြောက်စရာကောင်းသောလက်သီးအား ငွေမျက်နှာသမားတော် ကြီးသည် လုံးဝမရှောင်တိမ်းဘဲ နေသည်.. လက်သီးချက်သည် ၀မ်းဗိုက်တည့်တည့် သို့ ထိမိသွားပါ၏ ..

စည်းကမ်းထိမ်းသိမ်းရေးမှူးသည် ထိုမှဲ့နီကြီး၏ ၀မ်းဗိုက်အားထိုးမိလိုက်သော အချိန်တွင် ၀မ်းသာရမည့်အစား မျက်နှာကွက်ခနဲ ပျက်သွားသည်.. .. သူ၏လက်သီး သည် ၀ါဂွမ်းပုံကြီးအား ထိုးမိလိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင် ...
ငွေမျက်နှာသမားတော်ကြီးကမူ သူ့အား ထိခိုက်သွားလေဟန်ဖြင့် ဟန်ဆောင် အော်ဟစ်ပြီးနောက် ... လှောင်ပြောင်ကာရယ်နေသည်...
ကျန်ညီနောင်သုံးယောက်ကတော့ မျက်ရည်များထွက်ကျအောင်ပင်တ၀ါးဝါး နှင့် ပွဲကျနေကြ၏... ရွှီကြွင်းကတော့ ခေါင်းတခါခါလည်တခါခါနှင့်စိတ်ပျက်လျှက် ...
လေးမျက်နှာပညာရှိက သူ၏ အကိုနှစ်အား
'''အကိုနှစ် အတွင်းဒါဏ်ရာများ ရသွားလား .. ဂရုစိုက်အုံးနော် ..ဟဲဟဲ ရှောင်လင်ရဲ့ ရွှံ့ကိုဖြိုမယ့် စက္ကူလက်သီးသိုင်းက အတော် ထက်မြက်တယ် ဆိုပဲ .'''

လက်တစ်ထောင်ထန်ဖု ကလည်း စည်းကမ်းထိန်းသိမ်း ရေးမှူးအား ကြည့်ကာ
'''' ဆရာတော်ပိုင်ချီးက ဒီလောက်သိုင်းအစွမ်းထက်တဲ့လူကို စည်းကမ်းထိန်းသိမ်း ရေးမှူးခန့်ထားတာကိုးဗျ... ရှောင်လင်ဂိုဏ်းကတော့ တိုးတက်အုံးသေချာတယ်ဗျို့..'''

အဆိပ်ဘုရင်မော်ထိုက်ကပါဝင်၍
'''အကိုနှစ် အညောင်းပြေသလားဗျာ.. အညောင်းပြေရင် ကျွန်တော်လည်း အထိုးခံချင်တယ် .. တနေကုန် အဆောင်ထဲနေရတော့ ညောင်းတယ်ဗျ..''''

စည်းကမ်းထိမ်းသိန်းရေးမှူးသည် မျက်နှာကြီးနီရဲကာ အရှက်ကြီးရှက်သွား၏ .. ထို့ပြင် ထိုဒါဏ်ကျဆောင်မှ ဘုန်းကြီးအိုများကိုပါ လန့်သလိုလို ဖြစ်ကာနေသည် ..
သူရှောင်လင်ကျောင်းတွင် နေထိုင်လာသည်မှာ နှစ်ပေါင်းလေးဆယ် လုံးလုံးရှိပြီ ဖြစ်သော်လည်း ထိုဒါဏ်ကျဆောင်သို့ တစ်ခါမှမရောက်ဘူးပေ .. ကျောင်းထိုင် ဆရာတော်က မည်သူမျှ ဒါဏ်ကျဆောင်သို့မသွားရန် အမိန့်ထုတ်တားမြစ်ထားသော ကြောင့်ဖြစ်သည်... ယခုတော့ ထိုဘုန်းကြီးအိုများကြောင့် အရှက်တကွဲ အကျိုးနဲ ဖြစ်ရချေပြီ...
မနိုင်မှန်းသိလျှက်နဲ့ပဲ ဆက်တိုက်ရမလား .. သွားပဲသွားခိုင်းရမလား စဉ်းစားနေတုန်း...

'''ခုန်းရှန့် ....ဒါက ဘယ်လိုဖြစ်နေတာလဲ..'''
စည်းကမ်းထိမ်းသိမ်းရေးမှူးသည် ငူငိုင်နေရာမှ သူ့အားခေါ်သံကြောင့် လည့်ကြည့်လိုက်ရာ .. တာမောအဆောင်မှူးဆရာတော် ခုန်းချင့် အားတွေ့လိုက်ရ သောကြောင့် ၀မ်းသာအားရဖြင့် ...

''ဆရာတော်ခုန်းချင့် ဒီဒါဏ်ကျဆောင်က ဘုန်းကြီးအိုတွေ ကျောင်းဝင်းထဲမှာ ကျောင်းထိုင်ဆရာတော်ကို မရိုသေစကားပြောနေလို့ ပြစ်ဒါဏ်ပေးမယ်ဆိုတော့ မနာခံဘူးလုပ်နေတာနဲ့....''
''' တော်ပြီခုန်းရှန့် သူတို့သွားပါစေ.. ရှင်းရှင်းပြောရရင် သူတို့တွေက ရှောင်လင်ဂိုဏ်းဝင်တွေ မဟုတ်ဘူးကွယ့် ... ကျောင်းထိုင်ဆရာတော်ရဲ့ မိတ်ဆွေ တွေလို့ပြောလို့ရတယ်... ကိုယ်နဲ့ဆိုင်တဲ့ အလုပ်သာသွားလုပ်ချေ...ကြားလား '''
ခုန်းရှန့်သည် မကျေနပ်သော်လည်း တာမောအဆောင်မှူးဆရာတော် ကိုတော့ စောဒက မတက်ရဲပေ...မျက်နှာဆူပုတ်ပုတ်နှင့်ပင် တပည့်များခြံရံ ကာ ထွက်သွားရ၏...
တာမောအဆောင်မှူးဆရာတော်သည် ငွေမျက်နှာသမားတော်ကြီးအား အရိုအသေပေးလိုက်ရင်း ...
''မိတ်ဆွေကြီးကြည့်ရတာ သန်တုန်းမြန်တုန်းပါပဲလား ..ဧကန္တဒါဏ်ကျဆောင်နဲ့ တည့်ပုံရတယ် ..'''
ငွေမျက်နှာသမားတော်ကြီးသည် ခုန်းချင့်ကို တော့ လေးစားပါသည် .. တာမောအဆောင်မှူးခုန်းချင့်သည် လူပုံကပိန်ပိန်ပါးပါးနှင့်သာမာန်ရုပ်ရည်သာ ရှိသော်လည်း သူ၏နူတ်ခမ်းကအမြဲပြုံးယောင်သမ်းနေသဖြင့် လူချစ်လူခင် ပေါလှသည် ..ထို့ပြင် ဂရုဏာတရားအလွန်ကြီးမားသော ဆရာတော်ဖြစ်သောကြောင့် ငွေမျက်နှာသမားတော်ကြီးလို ဘုကလန့်ဂွစာပင် လွန်စာခင်၏...

'''ဟားဟားဟားဟား ... ပျင်းတာနဲ့ ပိုအိုစာလာတာပါဗျာ .. မိတ်ဆွေကြီးကလည်း ကျူပ်တို့ဆီတောင် တခေါက်တလေမှ အလည်မလာပါလား ..''

''မလာဆိုကျောင်းထိုင်ဆရာတော်ကတားမြစ်ထားလို့ပါ.. မဟုတ်ရင် ကျုပ် ခဏခဏအလည်လာလွန်းလို့ ချောင်းတောင်ပေါက်ရော့မယ်...''''

ဘုန်းကြီးရွှီကြွင်းသည် မိတ်ဆွေနှစ်ဦး စကားစရှည်နေမည်စိုး၍
''အကိုနှစ်ကျွန်တော်တို့. မြန်မြန်သွားမှဖြစ်မယ် .. အကိုနှစ်ပြသနာရှာနေတာနဲ့ ဟိုကလေး အသက်ထွက်တော့မယ် ..'''

'''အိုကွာ ဒီမြေခွေးလိုအကောင် သေ အေးတာပေါ့ ..ငါက အခုမှ ငါ့မိတ်ဆွေနဲ့ တွေ့ရတာကွ ..စကားတွေအများကြီးပြောချင်သေးတယ် ...'''

တာမောအဆောင်မှူးသည် အံသြောသည့်အမူအယာဖြင့် ..
''ရွှီကြွင်း ဓမ္မဆောင်မှာ ဘာတွေဖြစ်နေတာလဲကွယ့်...'''
''ဆရာတော်ကိုယ်တိုင်လိုက်လာတာက ပိုကောင်းလိမ့်မယ်ဘုရား...ဇာတ်လမ်း ကတော်တော်လေးရှည်တယ် ''
''ကိုင်းဒါဆို လည်း သွားကြတာပေါ့ကွယ်...'''
သို့နှင့် ဘုန်းကြီးခြောက်ပါးသည် ဓမ္မဆောင်ဆီ ဦးလည့်သွားကြသည် ...

သစ်သားဆောင်ရှေ့တွင် ကိုယ်ရံတော် လေးယောက်မှာ ကျောက်ရုပ်ကြီးသဖွယ် ရပ်နေတုန်းပင် .. ဒီတစ်ခေါက်တွင်တော့ ရွှီကြွင်းတို့အား မတားမြစ်ပေ ...

ဆရာတော်ခုန်းချင့်သည် အဆောင်ရှေ့တွင် သွေးရဲရဲသံရဲရဲနှင့်သေထားသော လူသေအလောင်းကို အတွေ့တွင် လက်အုပ်ချီကာ
''အလို...ဓမ္မဆောင်ထဲမှာ ဘယ်ကလူသေကြီးရောက်နေတာလဲ ..''
အလောင်းမှာ အားကွေ့လက်ချက်မိသွားသော မကောင်းဆိုးဝါးအဘိုးကြီးပင် ထိုအလောင်းကြီးကို ကျောင်းထိုင်ဆရာတော်မှ ကိုယ်ရံတော်လေးယောက် အားသယ်ခိုင်းထားခြင်းဖြစ်သည် ....
ဆရာတော်ခုန်းချင့်က ထိုအလောင်းအားသေသေချာချာစစ်ဆေးပြီးသည့်နောက် တရားစာများရွတ်ကာ အမျှအတမ်းပေးဝေနေ၏..
ငွေမျက်နှာသမားတော်ကြီးနှင့်အပေါင်းအပါများကတော့ အားကွေ့တို့ရှိရာ အခန်းထဲသို့ဝင်သွားကြသည်....
အခန်းထဲတွင် ကျောင်းထိုင်ဆရာတော်က အားကွေ့၏ နဖူးပေါ်သို့ လက်တင်ကာ စောင့်ဆိုင်းနေ၏.... အားကွေ့ကတော့ မှိန်းလျှက် ..

ငွေမျက်နှာသမားတော်ကြီးသည် သူမတည့်သော လူနှစ်ယောက် အခန်းထဲတွင် အတူတူရှိနေသဖြင့် မျက်နှာကြီးသည် ရှုံမဲ့မဲ့ဖြစ်သွားသည်.. ကျောင်းထိုင်ဆရာတော် ပြုံးပြနူတ်ဆက်သည်ကိုပင်ပြန်မနူတ်ဆက်ပေ ..

အားကွေ့၏ လည်ပင်းမှဒါဏ်ရာကို စစ်ဆေးကာ
''ဒါဏ်ရာက ကိစ္စမရှိပါဘူး .. အသံအိုးကို ထိခိုက်သွားလို့ ယာယီစကား မပြောနိုင်တာပဲရှိတယ် .. ဆေးတစ်လုံးလောက်သောက်လိုက်ရင် ပျောက်ပါပြီ.. .ငါးရက်လောက်အထိတော့ လည်ပင်းကြွက်သားယောင်ယမ်းနေလိမ့်မယ် .. ဒါပါပဲ''
ဆေးသေတ္တာထဲမှ ဆေးတစ်လုံးကို ထုတ်၍ ရွှီကြွင်းအားပေးလိုက်ရင်း
'''ညီလေးတု သူရဲကောင်းရန်ရော မတွေ့ပါလား ... '''
ထိုအခိုက် တွင် ကျင်းကျူးအားပွေ့ချီလျှက် ရန်ခွမ်းသည် အခန်းထဲသို့ဝင်လာခဲ့၏ .. ရန်ခွမ်း၏ကြီးမြတ်သောအရှိန်အ၀ါနှင့် ထည်ဝါသောရုပ်သွင်ကိုမြင်လျှင်
အစကနဦးက ရွှီကြွင်းကဲ့သို့ပင် ငွေမျက်နှာသမားတော်ကြီးတို့သည် မိမိကိုယ် မိမိသိမ်ငယ်စိတ်များဖြစ်ပေါ်လာကြသည်...

ရှောင်လင်ဂိုဏ်းချုပ်ကြီးက ရန်ခွမ်းအား ..
'' ကိုင်း ဒကာကြီးရန် ..ကလေးအတွက်စိတ်ပူစရာမလိုတော့ဘူး ... ဟိုမှဲ့နီနဲ့ ဘုန်းကြီးက လောကတခွင်မှာ ပြိုင်ဘက်ကင်း ဆိုသလို ကျော်ကြားခဲ့တဲ့ ငွေမျက်နှာ သမားတော်ကြီးပဲကွယ့် ... '''
''အခုလိုသမားတော်ကြီးနဲ့တွေ့ရတာအလွန်ဝမ်းသာမိပါတယ် ..ကျေးဇူးပြုပြီး ကျွန်တော့သမီးလေးကို ကြည့်ရှုပေးပါအုံး ..'''
ရန်ခွမ်းထံမှ အကူအညီတောင်းသံ ကြားလိုက်ရသော ငွေမျက်နှာသမားတော် မှာ မနေနိုင်မထိုင်နိုင်ဖြစ်ကာ ...
''အို သူရဲကောင်းကြီးရန် အဲ့လိုအကူအညီတောင်းစရာမလိုပါဘူး ကျွန်တော်တို့ ကကူညီပေးရတာကိုပဲ ကျေးဇူးတင်လှပါပြီ.. '''
ကျန်ညီအကိုများ ကတော့ ငွေမျက်နှာသမားတော်ကြီးအား အားကျ နေကြသည်.. ကျန်ညီနောင်များကို ငွေမျက်နှာသမားတော်ကြီးကမိတ်ဆက် ပေးပြီးနောက်
ရန်ခွမ်း၏ သမီးငယ်အားစမ်းသပ်ကာ ..
. '' ကလေး က သွေးလန့်သွားတာရယ် ..အအေးဓါတ်အကြာကြီး မိထားလို့ ခြေလက် သိပ်မလုပ်ရှားနိုင်ပဲ တောင့်တင်းနေတာရယ်ပဲရှိတာပါ ကျန်တာကတော့ အကုန်ကောင်းပါတယ်....ကျွန်တော် ဆေးနည်းပေးလိုက်မယ်.. တောင်အောက် က ရွာ ပရဆေးဆိုင်မှာ ရနိုင်ပါတယ် .. တစ်ယောက်ယောက်ကို ၀ယ်ခိုင်းလိုက်ပေါ့.... '''
ငွေမျက်နှာသမားတော်ကြီးသည် သူ၏ ဒီတစ်ကြိမ်တွင်တော့ သူ၏ ထုံးတမ်း စဉ်လာကို ဖျက်ကာမည်သည့်ငွေမှမတောင်းတော့ .. ဆေးကုပေးပြီးသည်နှင့် ညီအကိုတသိုက် ထုံးစံအတိုင်းအော်ကြီးဟစ်ကျယ် ငြင်းခုံကြပြီး ပျော်ရွှင်စွာပြန်သွား ကြလေသည် ...

......''''......''''.....'''....'''''.......'''''.....''''......'''''......'''''........'''''.......
လမိုက်ည ဖြစ်သောကြောင့် သန်းခေါင်ကျော် အချိန်သည် နက်မှောင်ကာ နေ၏ .. စားဝတ်နေရေးအတွက် တနေကုန်လှုပ်ရှားရုန်းကန် ကြသူများအတွက်တော့ အိပ်စက်ခြင်းသည် ကြီးမားသော ဇိမ်ခံခြင်းတစ်မျိုးဖြစ်သည်... မည်သည့်ငွေကြေး ကုန်ကျမှုမျှ မရှိသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော ထိုဇိမ်ခံ နည်းကို တမြို့လုံး နီးပါးလိုက်နာကျင့်သုံး နေကြသည်..
ထို့ကြောင့် ကျန်းနန်၏ ည အကာလသည် မည်းမှောင်နေသည့် အပြင် တိတ်ဆိတ်ကာနေ၏...
တာဝန်အရ မီးအိမ်ဆွဲကာ လမ်းကြိုလမ်းကြား မကျန် လိုက်လံစစ်ဆေး နေသော မြို့စောင့်တပ်သားသည် .. ယခုထိ မီးမပိတ်ငြိမ်းသေးသော ယွဲ့အိမ်တော်ကို ကြည့်လိုက်ရာ ကျန်းနန်မြို့စောင့်တပ်ထက်ပင် ပိုများသော လူအင်အားများ ခြံထဲတွင် မီးအိမ်တကားကားနှင့် ကင်းလှည့်နေသည်ကို မြင်လိုက်ရသည်..
သူ၏စိတ်ထဲတွင် ဘာများတွေးမိသလဲတော့မသိ ခေါင်းတစ်ခါခါ လည်တစ်ခါခါနှင့် ထွက်သွားလိုက်၏...
သို့သော် တမြို့လုံးတွင် ယွဲ့အိမ်တော်သာလျှင် မီးလင်းကာ သက်ဝင်လှုပ်ရှား နေသည်မဟုတ် .. ယွဲ့အိမ်တော်၏ အနောက်ဘက် ကပ်လျှက် တောင်ကုန်းပေါ်က အိမ်ကလေးတွင်လည်း မအိပ်သေးသော လူတစ်စုရှိပါသည် ...
အခန်းထဲရှိမီးအလင်းရောင် အပြင်သို့ထွက်ပေါ်သွားမည်ကို စိုးရိမ်သောကြောင့် ရှိသမျှ တခါးပေါက်တိုင်းအား ဂုန်နီစရှည်ကြီးများကို ကပ်ထား၏ .. အခန်းတွင်းသာ လင်းထိန်လျှက် အပြင်ကကြည့်လျှင်တော့ မည်သည့်အလင်းရောင်မျှ မမြင်ရပေ...
ထိုသို့လျှို့ဝှက်လွန်းအားကြီးသူတို့မှာ ကောင်းသောအကြံအစည်ဖြင့်တော့ ဤကဲ့သို့လုပ်မည်မဟုတ်တန်ရာ ..
အခန်းအလည်တွင် သစ်သား စားပွဲ ရှည်ကြီးတစ်ခုချထားပြီး ... လူ လေးယောက် ၀ိုင်းဖွဲ့ကာ ထိုင်နေကြသည် .. ရှေ့တည့်တည့်တွင် ခေါက်ဆွဲပြုတ်ပန်းကန် ကိုယ်စီရှိပြီး အရက်အိုးများလည်း အစီအရီထောင်ထားသည် ... ခေါက်ဆွဲနှင့် အရက်အိုး မလိုက်ဖက်သည့် အတွဲအစပ်အား ထိပ်ဆုံးမှ အဘိုးကြီးတစ်ယောက် ကတော့ ဆယ်နှစ်မျှ ငတ်လာခဲ့သူအလား နှစ်ခြိုက်စွာစားသုံးနေသည် ..
''ပလပ်...ပလပ် ..''
''ရှလွတ်''
ထိုအသံနှစ်ခုသံ အခန်းထဲတွင် ကြားနေရသည် ကျန်လူသုံးယောက်မှာ ခေါက်ဆွဲလည်းမစား အရက်လည်းမသောက်ပဲ ထိုအဘိုးအိုကိုသာကြည့်နေသည် ...

''' အား...ကောင်းလိုက်တာ ... ခေါက်ဆွဲပြုတ်နဲ့အရက်ဆိုတာ ဘယ်တော့မှ ရိုးတဲ့အရာမဟုတ်ဘူးကွ... ငါဆို အမြဲမပြတ် စားလာတာ နှစ်ပေါင်း မနည်းတော့ဘူး ဒါပေမယ့် ငြီးငွေ့သွားတယ်ဆိုတာမရှိဘူး..မင်းတို့လိုလူမိုက်တွေသာ မကြိုက်တာ ..အင်း.. ဗိုက်လည်းဝပြီဆိုတော့ အလုပ်အကြောင်းလေးပြောကြတာပေါ့ ...''''
နူတ်ခမ်းကိုလျှာဖြင့်သပ်ကာ ပြောလိုက်သော အဘိုးအို၏ စကားကြောင့် ကျန်လေးယောက်မှာ ချက်ခြင်း အသက်ဝင်လာသည် .. အဘိုးအို၏ ညာဖက် ဘေးကပ်ရက်တွင်ထိုင်နေသူမှ ..
''''သခင်ကြီး ကျွန်တော်ဒီနေ့ပဲ ၀ူပေက သတင်းရလာတယ် .. ဟူထိန်တို့ အုပ်စု အကုန်သေပြီး ပစ္စည်းတွေ ပြန်အလုခံလိုက်ရတယ်တဲ့...''''
ထိုသူ၏ ဂဏှာမငြိမ်သော မျက်စိပေါက်မှာ အလွန်ကျဉ်းမြောင်းပြီး ကြီးမားအဆီပြန်နေသောနှာခေါင်းက ကာမဘီလူးတဏှာရူးမှန်းသိသာစေ၏ ... ထူရမ်းမဲပြာကွဲအက်နေသော နူတ်ခမ်းက မလုံသောကြောင့် စကားပြောလိုက်တိုင်း တံတွေးများက ရေမွှာပေါက်သည့်အလား တဖွားဖွားပန်းထွက်နေသည်..
ထိုတံတွေးများကို အဘိုးအိုက ကပျာကယာရှောင်တိမ်းရင်း ..
''ဟေ့ကောင် သွေးအရိပ် မင့်စကားပြောရင် အနားကပ်မလာစမ်းနဲ့ကွာ ..တံတွေးကစင်ပါတယ်ဆိုမှ ကြားရတာ သတင်းဆိုးကြီး ..ထွီရွံလိုက်တာ...'''
သွေးအရိပ်သည် အငေါက်ခံလိုက်ရသောကြောင့် ခေါင်းကို နောက်သို့ ရွှေ့လိုက်ပြီး ..
'''သတ်သွားတဲ့လူတွေက အဝေးရောက်လက်သီးကျောက်ကျူးထင် .. ၀ါဆန်းဂိုဏ်းကလေပြင်းဓါးရိလုံနဲ့ ရွှေကွင်းပျံ ချန်းချန် တို့သုံးယောက်ပါ .. အခုသူတို့ လှေနဲ့ကျန်းနန်ကို ထွက်လာကြပါပြီ ... ဒီနေ့မနက် ဒီကိုရောက်နိုင်လောက်ပါတယ်''
'
အဘိုးအိုသည် သတင်းဆိုးကြောင့် စိတ်တိုဒေါသထွက်ကာ ..
''မင်းတို့ဆရာတပည့်တွေ အလုပ်ကို ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး .. ဆရာက အဖမ်းခံရ တပည့်တစ်ယောက်က သူများသတ်လို့သေ.. မင့်ဆိုတဲ့သွေးအရိပ်ကလည်း အလကားတဏှာရူး ... အခုဖြစ်သွားတဲ့ကိစ္စတိုင်းရဲ့ တရားခံဟာ မင့်ပဲ သွေးအရိပ် .. မင်းသာ ရွှေပန်းပွင့်ဂိုဏ်းက ကောင်မလေးတွေကို မစော်ကားခဲ့ဘူးဆိုရင် .. ၀ူတန်ဂိုဏ်းချုပ်ကြီးလည်း ဆင်းလာမှာမဟုတ်သလို .. သူရဲကောင်းဇရပ်မှာလည်း အစည်းအဝေးလုပ်ဖြစ်မှာမဟုတ်ဘူး .. .. ဒါဆို သွေးဘီလူး လည်းအဖမ်းမခံရဘူး ... ဟူထိန်လည်း မသေတော့ဘူး .. ..အခုတော့ အားလုံး ပျက်ကုန်ပြီ.... '''
သွေးအရိပ်၏မျက်နှာကားဇီးရွက်လောက်သာရှိတော့သည် ..သိုင်းလောကတွင် လူစွာလူယုတ်မာတစ်ယောက်က အိုကြီးအိုမအဘိုးကြီး၏ ဆူပူသမျှ ခေါင်းငုံခံနေသည် မှာ အထူအဆန်းပင်..
အဘိုးအိုက ဆက်လက်၍ ..
''' မင်းတို့အားလုံးသိကြတဲ့အတိုင်းပဲ ..ဒီရွှေငွေတွေရမှ ငါတို့ သိုင်းလောကကို အုပ်စိုးဖို့ လက်နက်အင်အား လူအင်အားစုဆောင်းနိုင်မှာ ..သွေးဘီလူး ကို ကယ်ဖို့ကလည်း ယွဲ့အိမ်တော်ရဲ့ အင်အားကို မင်းတို့အမြင်ပဲ ... ငါတို့ လူ တစ်ဆုပ်စာနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး ... ကျန်တဲ့သူတွေကို ထည့်မတွက်ရင်တောင် ၀ူတန်ဂိုဏ်းကိုတော့ မျက်စိထဲထည့်ရမယ်.. တစ်ဂိုဏ်းလုံးမှာ လူညံ့တစ်ယောက်မှ မပါဘူး .. ပြီးတော့ ဟိုသုံးကောင်က စစ်ကူရောက်လာအုံးမယ် .. '''
အဘိုးအို၏ ဘယ်ဖက်တွင်ထိုင်နေသူက အဘိုးအိုအား ကြည့်ကာ ..
''သခင်ကြီးဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ .. ဆရာကို ကယ်ဖို့ကိစ္စ နောက်ဆုတ်ရမှာလား .. '''
ထိုသူ၏အမေးကို အဘိုးအိုက မဖြေခင် ညာဖက်လက်တစ်ဖက် ပြတ်၍ ပတ်တီးစီးနှောင်ထားရသော သွေးဆုတ်ဖြူလျော်လျော် လူငယ်မှ ...
''ဆရာကို ကယ်ဖို့ကတော့ လွယ်မယ်မထင်ဘူး ..ယွဲ့အိမ်တော်က လူချည်းသက်သက် အစောင့်တင်မကဘူး ထောင်ချောက်တွေကိုပါဆင်ထားတယ် ကြားတယ်.. ပြီးတော့ မိုးကြိုးဓါးလွေစုတို့အဖွဲ့နဲ့ တင်းမိသားစုပါ ရောက်နေကြတယ် .. ကျောက်တောင်ကို ကြက်ဥနဲ့ပစ်တာကမှ တောင်ပြိုနိုင်လိမ့်မယ်.. အခုဟာက ဘယ်လိုမှ မဖြစ်နိုင်ဘူး...'''
အဘိုးအိုက လက်တစ်ဖက်ပြတ်လူငယ်၏ စကားအဆုံးတွင် ..
''နံပါတ်တစ်ပြောတာ မှန်တယ် သွေးမြွေပွေး .. လောလောဆယ် ဒီလူကယ်ဖို့ ကို နောက်ဆုတ်ထားရမှာပဲ ... ဒါတင်မကဘူး ငါတို့အစီအစဉ်အားလုံးပါ နောက်ဆုတ် ရမယ် .... သူတို့မေ့လောက်တဲ့ အချိန်မှ ငါတို့ အစီအစဉ်ပြန်စရမယ် .. ဒါပေမယ့် ငါတို့ဘက်က သိပ်အရှုံးကြီးတော့ မဟုတ်ဘူးကွ... နှစ်သုံးဆယ်လုံးလုံး ပျောက်နေတဲ့ လူတစ်ယောက် ရဲ့ သတင်းစကို မမျှော်လင့်ဘဲ ရလိုက်တယ်လေ... ဒါကတော့ အရှုံးထဲက အမြတ်ပဲ .. '''
'''ဆရာ့ကို ဖမ်းသွားတဲ့ ဘုန်းကြီးအကြောင်းကိုပြောတာလား သခင်ကြီး'''
နှာခေါင်းပွ၏အမေးကို ..
''အေး.....ဟုတ်တယ်..အဲ့ဘုန်းကြီးက ငါ့ရဲ့ဆရာတူအကိုရဲ့ သွေးသောက်ညီ တစ်ယောက်ပဲ .. မဟာသွေးသားချပ်ဝတ်လွှာ ၀တ်ထားတဲ့လူဆိုတော့ .. ချင်ဝေ .. တုမော်ရင်းနဲ့ မော်ထိုက် .. တစ်ယောက်ယောက်ပဲ ... ''
လက်တစ်ဖက်ပြတ်ကသူ၏လက်မောင်းပတ်တီးစထိပ်တွင်ခဲနေသည့် သွေးခဲကို ဖဲ့ထုတ်ရင်း ..
''သခင်ကြီး က သူ့ကိုတွေ့တော့ ဘာအကျိုးထူးလို့လဲ..'''
လက်တစ်ဖက်ပြတ်၏အမေးကို သဘောကျသလို ပြုံးလိုက်ရင်း
''ဟဲဟဲ... ငါ့ဆရာတူအကိုဆီမှာ မြောက်ပိုင်းသိုင်းကျမ်းဆိုတာ ရှိတယ်.. အဲ့ သိုင်းကျမ်းသာရရင် ဘယ်သူ့ကိုမှမှုစရာမလိုတော့ဘူး..အဲ ရှောင်လင်ကျောင်းထိုင်က လွဲလို့ပေါ့ .. ကျောင်းထိုင်ဆရာတော်ကလည်း အသက်အရွယ်ကကြီးလှပီ လွန်ရော ကျွံရော လောကမှာနေရလှ သုံးလေးနှစ်ပေါ့ .. ဒီအတောအတွင်းမှာ ငါတို့ရဲ့ အစီအစဉ်တွေကို အသေးစိတ် ပြန်စီစဉ်ရမယ် ... နံပါတ်တစ်နဲ့ ငါက ရှောင်လင် မှာ နေရာတစ်နေရာ ရအောင်လုပ်ပြီး ငါ့ဆရာတူအကို ရှိတဲ့နေရာကိုစုံစမ်းမယ် .. သွေးအရိပ်က ငွေကြေးရအောင်စုဆောင်းထား ..သွေးမြွေပွေးကတော့ တောင်ပင်လယ် နဲ့ မြောက်ပိုင်းက ဂိုဏ်းလေးဂိုဏ်းကလူတွေကို သိမ်းသွင်း .. မိန်းကလေးဂိုဏ်းသားတွေကို မြောင်နယ်က အဆိပ်ဒေ၀ီ ဆိုတဲ့ဂိုဏ်းထဲကို ၀င်ခိုင်းထားရမယ်..ကျန်တဲ့ယောက်ကျားလေးဂိုဏ်းသားတွေကို အထက်လမ်း ဂိုဏ်းတွေထဲ လူခွဲပြီး သူလျှိုလွတ်.. အဲ့ကိစ္စအတွက် နံပါတ်တစ်က လောလောဆယ် အရင်လုပ်ပေါ့ကွာ.. ငါကတော့ တစ်ယောက်ထဲရှောင်လင်ကို ၀င်နှင့်မယ် .. သူလျှို လွတ်တဲ့ကိစ္စပြီးမှ နံပါတ်တစ်က ငါ့နောက်လိုက်ခဲ့.. ကဲ ..ငါ့အစီအစဉ်က ဘယ်လိုလဲ ... '''
သွေးအရိပ်...သွေးမြွေပွေး နှင့် နံပါတ်တစ်တို့သည် အဖက်ဖက်က လည့်တွေးကြရင်း အားသာချက် အားနည်းချက်များကိုဆွေးနွေးကြသည်... မီးအိမ် မီးစာကုန်လုလုတွင်မှ စကားစ ဖြတ်ကာ အိပ်ယာဝင်ကြတော့၏ .. ..
နောက်နေ့နံနက်လင်းသည်နှင့် တိုင်ပင်ထားသည့်အတိုင်း လူခွဲ၍ သူတို့၏ ဆိုးယုတ်သောအကြံအစည်တို့ကို ပြုလုပ်ရန် ဦးတည်ရာဖက်သို့ အသီးသီးထွက်ခွာ သွားကြသည်..
သိုင်းလောကသည် လောလောဆယ်အချိန်အတိုင်းအတာ တစ်ခုထိတော့ ငြိမ်သက်အုံးမည်သာ .. သို့သော် သွေးဂိုဏ်း၏ ဖွဲမီးကဲ့သို့ တမြေ့မြေ့လှိုက်စားအုံးမည် ကိုတော့ မည်သူမျှမရိပ်စားမိကြ.....
*****အမှောင်ထဲကလူက အလင်းထဲရှိလူကို မြင်ရသော်လည်း ..အလင်းထဲမှ အမှောင်ကိုမမြင်ရပေ.. ထို့အတူ ဆိုးယုတ်သောသူတို့၏ အတွင်းစိတ် ကျိတ်ကြံခြင်းကို လူကောင်းသူကောင်းတို့မှာ မရိပ်မိသာ .. လောကပါလ တရားအရ အမှန်တရားကို ဖုံးကွယ်၍မရသော်လည်း အမှန်တရားမရခင် ဆုံးရှုံးပျက်စီးရသည်က လူကောင်းသူကောင်းတို့ပင်တည်း..*****

.....''''......''''....'''.....'''.....
သို့နှင့် တစ်လမျှအကြာတွင် မိုးကြိုးဓါးလွေစုနှင့် တင်းပေတို့ အဖွဲ့သည် ယွဲ့အိမ်တော်မှ နေပြည်တော်သို့ အာမခံပစ္စည်းများ သွားရောက်ပို့ဆောင်ကြသည် .. သူတို့နှင့်အတူ ကျောက်ကျူးထင်သို့ သုံးယောက်ပါ လိုက်ပါသွား၏...
သူဌေးကြီးကြူးထံ ပစ္စည်းများ အပ်နှံပြီးသည့်နောက်တွင် မိုးကြိုးအာမခံဌာနကို ဖျက်သိမ်းလိုက်ပြီး မိုးကြိုးဓါးလွေစုသည် ကျောက်စိမ်းနဂါးတင်းပေနှင့် အတူ လွိယွီ တောင်သို့ သိုင်းကျမ်းရှာဖွေရန် ထွက်ခွာသွားတော့သည်...
လေပြင်းဓါးရိလုံ ..ကျောက်ကျူးထင်နှင့် ရွှေကွင်းပျံချန်းချန် တို့သုံးယောက်ကမူ နေပြည်တော်တွင် လူလွတ်များပီပီ လအတန်ကြာမျှ လည်ကြပတ်ကြသောက်ကြ စားကြပြီးနောက် တနယ်ပြီးတနယ်သို့ အတူတူပင်ခရီးသွားကြ၏..
ယွဲ့အိမ်တော်မှ ၀ူတန်ဂိုဏ်းချုပ်ကြီးလည်း သွေးဂိုဏ်းအား ကာလကြာရှည် မစောင့်ဆိုင်းနိုင်သော ကြောင့် ၀ူတန် ဂိုဏ်းသားများအား ပြန်စေလွတ်ကာ .. မျိုးဆက်သစ် ရှာပုံတော် ဖွင့်တော့သည်...
သို့ဖြင့်သိုင်းလောကကြီးသည် သာယာလှပဖွယ် အတိဖြင့်သာ လည်ပတ်နေတော့၏..

...==============+++++=====++++====
ဇာတ်လမ်းသည်ကား ဤတွင် စလေသည်.....

#23 ( အစ၏အဆုံး ..အဆုံး၏အစ )

အညိုရောင်တိမ်လိပ်တိမ်သားများက ကောင်းကင်တွင် ရစ်သိုင်းနေသည် .. .. တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံတို့က အသည်းငယ်သူများအား ခြောက်လန့်နေသယောင် ယောင် .. သို့သော် မိုးစက်မိုးပေါက်တို့က ကျမလာသေး ...
မကြာခင်မိုးရွာတော့မည်ဆိုသည်ကို သိသောကြောင့်ထင်သည် ယခင် ပျံသန်းနေကြ ငှက်ကလေးများပင် အနားယူနေကြလေပြီ...
ကြာရွက်များကတော့ ရေလှိုင်းအပုတ်တွင်တစ်လှုပ်လှုပ် .. လိုင်လိုင် တစ်ယောက် မိုးကောင်းကင်ကို တကြည့်ကြည့် နှင့်လုပ်နေသည်ကို မြင်လျှင် ..
ဆရာကြီးမုန့်က ပြုံးလိုက်ပြီး ...
'' ငါ့တပည့်ပြန်ချင်ပြန်လေ ... မိုးကမကြာခင်ရွာတော့မှာ ..ငါကတော့ ဒီရုပ်ထုလေးကို လက်စသပ်လိုက်အုံးမယ် .. .. ''
ဆရာကြီးမုန့်၏လက်ထဲတွင် စူးတစ်ချောင်းကိုင်ထားပြီး ရှေ့တွင်ချထားသော သစ်သားရုပ်ကြီးကို လက်စသပ်နေ၏ ... အရုပ်မှာ ခြူးနဂါးအရုပ်ဖြစ်ပြီး အတွန့်အခက်များမှာ ထောင်ဂဏန်းခန့်ရှိသည် .. တောင်ကိုပတ်ကာရစ်ခွေနေဟန် နဂါးရုပ်မှာ လက်စမသပ်ခင်ပင် အသက်ဝင်နေ၏ ..
''ရပါတယ် ဆရာကျွန်တော်စောင့်ပါ့မယ် ... မိုးကလောလောဆယ်ရွာမယ် မထင်သေးပါဘူး ...''''
''' ဟားဟား မင်းပြောလိုက်မှ မိုးပွားတောင်ကျလာပေါ့..''''
လိုင်လိုင်သည် သူပြောလိုက်မှ ကျလာသောမိုးစက်များအား စိတ်ဆိုးသွား သည်.. အသန့်လွန်စွာကြိုက်သော သူ့အတွက် မိုးစက်များသည် ရန်သူ မဟုတ်လား ..မိုးရွာလျှင် ဗွက်ထသည် ထိုဗွက်များကို သူရွံသည် .. အဖြူဆွတ်ဆွတ် သူ၏အင်္ကျီနှင့်ဘောင်းဘီကို ညစ်ပတ်စေသည်လေ...
ဆရာကြီးမုန့်က ရုပ်ထုကို တစ်ဒုတ်ဒုတ်နှင့်ဆက်ထုရင်း ..
''စိတ်မပူနဲ့တော့ လိုင်လိုင်ရေ ငါတို့အတွက် ထီးယူလာပေးမယ့် လူနှစ်ယောက် လာနေပြီ.. အားဖုန်နဲ့အားချန်လေ ...ဒီကလေးတွေက အတော်လေး အလိုက်သိတဲ့ ကလေးတွေ ..အရာရာကို ခန့်မှန်းလွယ်တယ် ... ငါတို့ ထွက်သွားတုန်းက ထီးမပါလို့ လိုက်လာပေးတာ ဖြစ်မယ်...'''
လိုင်လိုင်သည် သူ့ဆရာပါးစပ်မှ အခြားသူများအား ချီးကျူးသည့်စကားကို မည်သည့်အခါမှ မကြားလိုပေ.. ထိုအစား ရွှံနွံထဲတွင်ပင် လူးလိမ့်ကာ အိပ်လိုက်ချင် သေးသည် ..
အားဖုန်နှင့်အားချန်သည် ဆီစိမ်ထီးနှစ်လက်ကို ကိုင်ဆောင်ကာ မိုးဖွဲများ ကြားမှ အပြေးလာနေသည် .. .. ထိုကလေးနှစ်ယောက်မှာ ရောက်ကစက ကတုံးလေးကွက်ကြားနှင့်ဖြစ်သော်လည်း ယခုတော့ ဆံပင်ဘုတ်သိုက်နှင့်ဖြစ်ကုန် ပြီ .. အ၀တ်အစားပေစုတ်စုတ်ဝတ်ထားသော ကောင်လေးနှစ်ယောက်မှာ လိုင်လိုင် အတွက်တော့ အမှိုက်နှစ်စ လိုပင်.. သူတို့ရောက်လာ၍ ဆရာကြီးမုန့်မှာ သူ့အား ချီးကျူးစကားပင်မပြောတော့ မကြာခဏဆိုသလိုပင် နှိုင်းယှဉ်ကာအဆူခံရသေး၏..
အနီးရောက်သည်နှင့် သွက်လက်သော အားချန်က
''''ဆရာကြီးတို့ မနက် က ထီးမယူသွားတာနဲ့ လာပေးတာပါခင်ဗျာ ..'''
''လူလေးတို့က တကယ်တော်တယ်ဟေ့..'''
အားဖုန်ကတော့ နဂါးရုပ်ထုအားကြည့်ကာ ..
'' ဟာ ..လှလိုက်တာ .. ဆရာကြီး ကျွန်တော့်ကိုလည်း ဒီလို လုပ်နည်း သင်ပေးပါလား ... '''
လိုင်လိုင်သည် နဂိုကတည်းက မျက်စိစပါးမွေးစူးပါသည်ဆိုမှ အားဖုန်၏ ပညာသင်ပေးရန် တောင်းဆိုမှုကြောင့်
'' ဟေ့ကောင် ဒီရုပ်ထု တာကသင်ချင်တိုင်းဘယ်သင်လို့ရမလဲကွ..လွယ် တယ်များမှတ်နေလား...'''
'' လိုင်လိုင် မင်းဘယ်လို ပြောလိုက်တာလည်းကွယ် .. ဒီအတတ်ပညာက လူတိုင်းသင်လို့ရပါတယ် ..လောကကြီးမှာ မသင်ရဖို့ တားမြစ်ထားတဲ့ ပညာရပ် မရှိပါဘူးကွယ် အသုံးမချသင့်တဲ့ ပညာရပ် ..အသုံးမချအပ်တဲ့ ပညာရပ်ပဲရှိတာ ..''
ဆရာကြီးမုန့်က ၀င်ပြောလိုက်သဖြင့် မကျေမနပ်ဖြစ်ကာ လိုင်လိုင် တစ်ယောက် ဆက်မပြောတော့ဘဲနေ၏..
ဆရာကြီးမုန့်က ဆက်လက်၍ ..အားဖုန်အား ..
''အားဖုန်..လူလေး မင်းတကယ်သင်ချင်တယ် စိတ်ဝင်စားတယ် ဆို အဘ သင်ပေးမယ် .. ဒါပေမယ့် ကိုယ်တစ်ကယ်လုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ပြီးစီး အောင်မြင်အောင်လုပ်ရတယ် .. တကယ်တတ်ချင်မှ လုပ်နော် .. မဟုတ်ရင် အဘ မင်းကို အပြစ်ပေးရမှာ .. ..'''
အားဖုန်သည် ထိုရုပ်ထုအား ရူးသွပ်စွဲလန်းစွာကြည့် ပြီး
''''ကျွန်တော်တကယ် သင်မှာပါ ဆရာကြီး..မတတ်ဘူးဆိုတာ မရှိအောင်သင်မှာ''
အားချန်သည် အားဖုန်အားကြည့်ကာ သူ့ကိုယ်သူ အားငယ်သွား၏ .. သူက မည်သည့် ရုပ်ထုမျှ စိတ်ဝင်စားသူမဟုတ် .. .. သို့သော်လည်း တစ်ယောက်ထဲ ဖြစ်နေမှာစိုး၍ ..
'''ဆရာကြီး ..ကျွန်တော်လည်း သင်ချင်တယ် .. ''''
ဆရာကြီးမုန့်သည် အားချန်၏ စိတ်သဘောထားကို ရိပ်မိသည့်နှယ် ''''''ကောင်းပြီလေ မင်းတို့နှစ်ယောက်ကို မနက်ဖြန်ကစပြီး လိုင်လိုင်လို ပညာသင် ပေးမယ် ..သုံးယောက်လုံးမှာ ကွဲပြားတဲ့ ပါရမီရှိတယ် ဆိုတာ အဘ ရိပ်မိ ပြီးသား .. ဒီတော့ ပညာရပ်အကုန်လုံးသင်ရမယ် ..လိုက်နိုင်တဲ့ ပညာကို ဆက်သင်ရမယ် .. မလိုက်နိုင်ရင် နေခဲ့ရမယ် .. ဘယ်လိုလဲ .. ''''
အားချန်က သူတစ်ယောက်ထဲမကျန်ခဲ့တော့၍ ဖိုးကျိုင်းတုတ် ဖြစ်ကာ
''ဟုတ်ကဲ့ ဆရာကြီး ..ကျွန်တော်လက်ခံပါတယ် ..'''
အားဖုန်ကလည်း ..
''ဟုတ်ကဲ့ပါ ဆရာကြီး'''
လိုင်လိုင်ကတော့တစ်ခွန်းမှမဆို ... သူ့ခမျာနေရင်းထိုင်းရင်း ပေတီးပေစုတ် ကောင်များနှင့် ဆရာတူအကိုဖြစ်ရအုံးမည် .. သူ၏ကော့ပျံနေသော မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပစ္စည်းများကို သိမ်းဆည်းချင်ဟန်ဆောင်လိုက်သည် .. ၀ဲကျလာသော မျက်ရည်များကို မမြင်ရန်ပင်..
ကလေးခြင်းပင် တူငြားသော်လည်း သူသည်ကား ရွှေမှုန်ရွှေမွှား ကြားမှ ကြီးလာသူဖြစ်ပြီး ..ဟိုကောင်တွေက တောခြုံအုံကြားမှ ကြီးပြင်းလာသူဖြစ်သည်ဟု သူ၏စိတ်ထဲဝင်နေရာ .. ယခုကဲ့သို့ အဆင့်တူ ဖြစ်သွားလျှင် သူ့အား ပေစုတ်စုတ် ကောင်များနှင့်တစ်တန်းထဲ ဟု အများက သတ်မှတ်ကြတော့မည်ဟုတွေးကာ ၀မ်းနည်းလာခြင်းဖြစ်သည်..
****လူ လူခြင်းခွဲခြားဆက်ဆံခြင်းက မိမိကိုယ်မိမိ အဆင့်အတန်း အောက်ဆုံးသို့ ဆွဲချခြင်းပင်ဖြစ်သည် .. မာနနှင့် မစ္ဆရိယစိတ်ကား လွန်စွာ ကြောက်ဖို့ကောင်း၍ ငါမှငါဟူသော မကောင်းသောဂုဏ်ကိုဖြစ်စေ၏ .. ထိုသည်ကား မိမိကိုယ်မိမိ မီးရှို့ခြင်းလည်းမည်၏ ... ****
''''''......'''''''.......'''''.......'''''......'''''......''....'''''.......''''.....
ယခုဆိုလျှင်အားကွေ့တစ်ယောက် ရှောင်လင်သို့ ရောက်သည်မှာ လေးလ ပင်ရှိသွား၏ .. ကတုံးလေးနှင့်ကိုရင် ဖြစ်နေပြီ .. ကိုရင်ဆောင်တွင် ရှိသမျှ ကိုရင်အားလုံးလဲ အားကွေ့၏ လက်ချက်မမိတဲ့သူတစ်ယောက်မျှ မရှိပေ .. စရောက် သည်နှင့် အားကွေ့အား ကိုရင်ကြီးများက အနိုင်ကျင့်ကြသေးသည် .. သို့သော် အားကွေ့၏ လက်တုံ့ပြန်မှုက သူတို့ အနိုင်ကျင့်ထားသမျှထက် ဆယ်ဆမျှ ဆိုးသော ကြောင့် ယခုဆိုလျှင် အားကွေ့အား ဖားနေရသည့် အဆင့်ပင် ရောက်ရရှာ၏ .. ဒါတောင်မှ အားကွေ့က သိုင်းပညာကိုနကန်းတစ်လုံးမျှ မတတ်မြောက်သေး.. သိုင်းပညာ သာတတ်သွားလျှင် ရှောင်လင်ကျောင်းကိုတောင် ရောင်းစားမည့် ကောင် ဟု သမုတ်ကြသည်.. ..
ယခုလည်း မနက်ခင်း သိုင်းလေ့ကျင့်ပြီး၍ စားသောက်ပြီးစီးသော ကိုရင် ကြီးများ နေ့ခင်းတစ်ရေးတစ်မော အိပ်စက်နေကြသည်ကို အနှောက်အယှက်ပြုရန် အားကွေ့ကျိုးစားနေ၏...
ဂုန်လျှော် ကြိုးတစ်ချောင်းယူကာ ကွပ်ပြစ်ပေါ်တွင် တန်းစီ၍ အိပ်ပျော်နေ ကြသော ကိုရင်ကြီးတို့၏ ခြေထောက်အား ဆက်ကာချည်နေသည် .. ပင်ပန်းလွန်းစွာ အိပ်စက်နေကြသည်မို့ မည်သူမျှမနိုးကြ...
အားလုံးချည်ပြီးသည်နှင့် တောတန်းထဲမှ အုံလိုက်ဖြုတ်ယူပြီး အ၀တ်နှင့် ထုတ်လာသော ပျားအုံကို အခန်းထောင့်တွင် အသာလေးထားလိုက်သည်.. ပျားများက သူတို့အား မထိသရွေ့တော့ ရန်ပြုမည်မဟုတ်ပေ..
ထို့နောက် ရှိသမျှ တံခါးပေါက်များကို ပိတ်ကာ အပြင်မှ မင်းတုန်းချ ခတ်ထားလိုက်သည် .. ပြီးနောက် အဆောင်အောက်သို့ ၀င်ကာ သစ်ရွက်စိုများအား မီးရှို့လိုက်လေ၏ ...
''အဟွတ်...အဟွတ် ..'''
အားကွေ့ကိုယ်တိုင်ပင် မီးခိုးများမွှန်လွန်းသောကြောင့် မျက်ရည်များဝဲကာ လေးဘက်ကုန်းထွက်လာရ၏ ..
''ဟာ ...ဘာကြီးလဲ ..မီးခိုးတွေ ...မီးခိုးတွေ ''
''မီးလောင်ပြီဟ ..ရေ...ရေ '''
'''အမလေး...ကယ်ကြပါအုံးဗျာ ..''
''မီးလောင်နေတယ်ထင်တယ် ..'''
''ပြေးလေ..ပြေး''
''ဖုန်း..ဒိုင်း.. ''
''' အားရိုး....သေပါပြီဗျ .. ခြေထောက်ကို ကြိုးနဲ့ချည်ထားတယ် ..'''
''လုပ်ကြပါအုံးဗျို့.. ပျားတုတ်တယ်ဗျ ...'''
''အမေရေ ကယ်ပါအုံးဗျ...''
''အားကွေ့ ...မင်းလက်ချက်မို့လား .. ငါအပြင်ထွက်လာလို့ကတော့
အစိမ်းလိုက်ဝါးစားမယ် ..အား... အရား..''
''ကြောက်ပါပြီဗျ...အားကွေ့ရေ တခါးဖွင့်ပါတော့ .. အီးဟီးဟီးဟီး'''
အဆောင်ထဲမှာကား ကမ္ဘာပျက်သည့်အတိုင်းပင် ... မီးခိုးမွှန်ကာ မီးလောင်သည်ထင်၍ ထွက်အပြေးတွင် ချည်ထားသော ကြိုးကြောင့် အလဲလဲအပြိုပြို ဖြစ်သူကဖြစ် .. ပျားများကလည်း မီးခိုးများ ကြောင့် ဒေါသအကြီးအကျယ် ထွက်ကာ တွေ့သမျှ လူများအား ဖင်မှဆူးချွန်ဖြင့် လိုက်လံ တုတ်တော့၏...
အားကွေ့အတွက်တော့ အထဲမှအသံက သာယာနာပျော်ဖွယ်အသံပမာပင် ..
ရယ်ရလွန်း၍ ဗိုက်များပင်အောင့်ကာနေသည် ..
ခဏမျှ ကြာလျှင် အားကွေ့သည် တံခါးအား ဆွဲဖွင့်လိုက်သည် .. ကိုရင်ကြီးများ မှာ မျက်ရည်များအ၀ိုင်းသားနှင့် ကွဲသူကကွဲ ပြဲသူကပြဲ .. ချောင်းတဟွတ်ဟွတ် ဆိုးပြီးတန်းစီ၍ ထွက်လာကြသည်.. တန်းမစီ၍လည်းမရ ခြေထောက်တွင်က ကြိုးတန်းလန်းနှင့်...
ပျားတုတ်ထား၍ နူတ်ခမ်းများဖူးယောင်သူကဖူး .. မျက်စိများ အရှေ့ကို ပြူးသူကပြူး .. နူတ်ခမ်းများ ထော်သူကထော် နှင့် အညိအမဲများစွဲကာဖြင့် တိုးထွက်လာကြပြီး အပြင်သို့ အရောက်တွင် ပက်လက်လန်အိပ်လိုက်ကြရင်း .. ပါးစပ်မှ ကယောင်ကတမ်းများ အော်နေကြသည် .. ဘာတွေပြောလို့ပြောမှန်းပင် မသိရ... ရှိသမျှအားအင်တွေလည်း အော်ရဟစ်ရ ပြေးရလွှားရလွန်းလို့ တစ်စိုးတစ်စိမျှပင်မရှိကြတော့ပေ.. အ၀တ်စုတ် တစ်ခုလို ပျော့ပြဲပုံကျနေကြသည်..
ထိုအခါတွင်မှ အားကွေ့သည် သူတို့၏ ရှေ့တွင်ရပ်ကာ ..
''''ကြည့်ပါအုံး ဒီလူတွေဟာ .. ရှောင်လင်ရဲ့ နောင်မျိုးဆက်သစ်တွေတဲ့ .. သိုင်းပညာ သိပ်ကျွမ်းတဲ့ ကိုရင်ကြီးတွေတဲ့ .. ဘာဟုတ်သလဲ .. သိုင်းပညာ မတတ်သေးတဲ့ ကိုရင်ငယ်တွေကို အနိုင်ကျင့်ဖို့ပဲတတ်တယ် .. ဒီနေ့မနက် .. ကိုရင်လေး ရွှီဖုက လာတိုင်တယ် .. သူ့ကို ကိုရင်ကြီးတွေက ၀ိုင်းပြီးအနိုင်ကျင့်သတဲ့ .. သူ့ရဲ့ ဆီကြော် မုန့်ကို လုစားပြီး ခေါင်းဝိုင်းခေါက်ကြတယ်တဲ့ .. ပြီးတော့ တွန်းလဲလိုက်တာ ရွှီဖုရဲ့ သွားနှစ်ချောင်းကျွတ်သွားတယ် .. အဲ့ဒါနဲ့ ကိုရင်ကြီးတို့ကို အခုလို လုပ်ရတာပဲ ..'''
နူတ်ခမ်းများဖူးယောင်နေသော ကိုရင်ကြီးမှ အားကွေ့ စကားအဆုံးတွင် နာကျဉ်လွန်း၍ စုတ်တစ်ကျွတ်ကျွတ်သပ်ကာ..
..''''အား...ကျွတ်ကျွတ်.. အဲ့ထဲမှာ ငါတို့မပါဘူးလေ ..အားကွေ့ရယ် .. အမလေး ကျွတ်ကျွတ် နာလိုက်တာနော် ... ဟိုကိုရင် ကြီး ရွှီပင်း တို့အုပ်စုလုပ်တာ အခုတော့ ဘာမဆိုင်ညာမဆိုင် ငါတို့က အဆစ်ခံလိုက်ရတယ် .. အား သေပါပြီ..''''
''မဆိုင်ဘူးဆိုတာ မရှိဘူး ဘာလို့မဆိုင်ရမှာလဲ သူတို့ အနိုင်ကျင့်တုန်းက တားလိုက်ရင် ရွှီဖု သွားကျိုးမှာမဟုတ်ဘူး ..ဒီတော့ ကိုရင်မှာလည်း အပြစ်ရှိတယ် ..ဟိုကိုရင်ကြီး ရွှီပင်းကတော့ ပြစ်ဒါဏ်နှစ်ဆပေါ့ .. အခုဟာက အားလုံးကို ပထမဦးဆုံးအကြိမ် သတိလာပေးတာ ..နောက်ကိုရင်ငယ်တွေ တခြားသူတွေကို အနိုင်ကျင့်ရင်ဒီထက်ဆိုးမယ်.. အခုဒီလူတွေအကုန်လုံးကို အားကွေ့ မှတ်ထားတယ် ဒီသတင်းသာ စည်းကမ်းထိန်းသိမ်းရေး အဆောင်မှူး နားထဲ ရောက်သွား ရင် နောင်ဖြစ်လာမယ့် အကျိုးဆက်ကို အားကွေ့ တာဝန်မယူ နိုင်ဘူး''
ပြောဆို၍ ၀သွားသောအားကွေ့မှာ သူ၏ရှုဆေးဗူးလေး တရှုံ့ရှုံရှူကာ ထွက်သွား၏ ...
ကျန်သောကိုရင်ကြီးများမှာ မျက်ရည်လေးတစ်စမ်းစမ်း ..စုတ်တစ်သပ်သပ်နှင့် နေသည်.. ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အချက်ပေး၍ ကိုရင် ရွှီပင်းတို့အုပ်စုအား ၀ိုင်းကာ ထိုးနှက်ကြကုန်၏.. ထိုအုပ်စု ကြောင့်မို့သူတို့ ဗလာချီခံလိုက်ရသည်မဟုတ်လား...
အားကွေ့ပြောသော ပြစ်ဒါဏ်နှစ်ဆက မှန်ကန်လှပေသည်...
......'"'.......''''.....'''.
အားကွေ့သည် ရွှီဖုအတွက် ကလဲ့စားချေပေးပြီးပြီဖြစ်သောကြောင့် စိတ်လက်ပေါ့ပါး စွာဖြင့် လမ်းလျှောက်ထွက်လာစဉ်...
''''အားကွေ့...အားကွေ့...''''
သူ၏နာမည်ကိုတကျော်ကျော်အော်ခေါ်သံကြောင့်လည့်ကြည့်လိုက်ရာ မီးဖိုဆောင် မှဆွမ်းချက်ဘုန်းကြီး ကိုတွေ့လိုက်ရ၏ .. ထိုဘုန်းကြီးသည် ရှောင်လင်ကျောင်းဝင်း အတွင်း တွင် သူပြီးလျှင် အစပ်စုဆုံးဘုန်းကြီးအိုဖြစ်သည်..ထို့ပြင် သူ့ထက်ပင် ၀ါနု သေးသည် သူရောက်လာပြီး တစ်လအကြာတွင်မှ ရှောင်လင်ကို ရောက်လာသော ဘုန်းကြီးဖြစ်သည် .... အားကိုးအားထားရာ သားနှင့်ချွေးမ ၀မ်းရောဂါဖြင့် သေဆုံး သွားသောကြောင့် ဆွေမရှိမျိုးမရှိဖြစ်ကာရှောင်လင်သို့ ရောက်လာသူလည်းဖြစ်၏ .... ယခုလည်း ဘာလာစပ်စုအုံးမည်မသိ.. အားကွေ့သည် စိတ်ညစ်ညူးသွားသော်လည်း အဘိုးအရွယ်မျှဖြစ်သဖြင့်ရပ်စောင့်လိုက်သည်..
''အားကွေ့..မင်းကလည်းမြန်လိုက်တာကွာ .. ငါက အသက်ကြီးတော့ အမောမခံနိုင်တော့ဘူး... ဟူး ပြောစရာရှိလို့ ..''
အားကွေ့သည် ချွေးသံတရွှဲရွှဲနှင့်ပြေးလိုက်လာသော ထိုဘုန်းကြီးအိုအား မသက်မသာကြည့်လိုက်ပြီး ..
''အမောမခံနိုင်တာများ အပင်ပန်ခံပြီးပြေးလိုက်ရသေးတယ်ဗျာ .. ခဏနေ ကျွန်တော်ဆွမ်းစားဆောင်လာမှာပဲကို အဲ့ခါမှပြောလိုက်ရင်ပြီးရော ... ''
ထိုဘုန်းကြီးသည်ခေတ္တမျှ အမောဖြေလိုက်ရင်း ...
'''ဒီလိုကွ အားကွေ့ရ ..စီချွမ်းမှာ ငါ့တူ တစ်ယောက်ရှိတယ် .. သူက ငါ့ညီမ ကမွေးတာ ..ငယ်ကတည်းက အနောက်မြောက်ပိုင်းတပ်ထဲ ၀င်သွားလိုက်တာ တစ်ခါမှ အဆက်အသွယ်မရတော့လို့ ငါတို့လည်း ဆုံးသွားပြီထင်နေတာလေ... အဲ့ဒါ မနေ့က မှ ငါ့ကိုအဆက်အသွယ်လုပ်လာတယ် ...'''
''အင်း..ဆက်သွယ်လာတော့''
အားကွေ့ကစကားထောက်လိုက်သည် မထောက်လို့လဲမဖြစ် ထိုဘုန်းကြီးအိုမှာ စကားတလုံးတလုံးပြောပြီးတိုင်းလွန်စွာမောနေသည့်ပုံ..
''ဖရူး..ထွီ..'''
ဘုန်းကြီးအိုသည် လည်ချောင်းထဲမှ ချွဲသလိပ်များကို ရှင်းထုတ်လိုက်ပြီး ..
''' သူက တိုက်ပွဲမှာ လက်တစ်ဖက်ပြတ်သွားတယ်တဲ့ ..အဲ့ဒါနဲ့ တပ်ကထွက်ပြီး ဆွေမျိုးတွေကို လိုက်ရှာတာပေါ့ .. နောက်မှ ငါရှောင်လင်ရောက်နေတယ် သိတာနဲ့ သူလည်းငါနဲ့အတူ ဘုန်းကြီးဝတ်ချင်တယ်ပြောလို့ .. အဲဒါ'''
''ဟာ ..ကိုယ်တော်ကလည်း အဲ့ဒါနဲ့ အားကွေ့နဲ့ဘာဆိုင်တာမှတ်လို့ ..သူဘုန်းကြီးဝတ်ချင်ရင် စစ်ဆေးရေးဘုန်းဘုန်းကျန်း ရှိသားပဲ ..သူ့ကို ပြောလိုက် ရင် လက်ခံမှာပေါ့ ..ဒီတစ်ကျောင်းလုံးမှာ ဘုန်းဘုန်းကျန်းက သဘောအကောင်းဆုံးပဲ .. အဲ မဟုတ်သေးဘူး..ဘုန်းဘုန်းရွှီကြွင်းက အကောင်းဆုံး'''
''စကားဆုံးအောင်နားထောင်စမ်းပါအုံး ... သူ ဘုန်းကြီးဝတ်မှာက ဘုန်းကြီကျန်း ကိုပြောလို့ရမှန်းသိတာပေါ့ .. ကိုရင်ကြီး အဆောင်မှာနေတဲ့အခါ လက်တစ်ဖက်ပြတ်ဆိုပြီးအနိုင်ကျင့်မှာစိုးလို့မင်းကို အကူအညီလာတောင်းတာ ..မင်းသာ သူ့နောက်မှာရှိရင် ဘယ်သူမှ မနိုင်ရဲတော့ဘူးလေ.. ''
အမြောက်ကြိုက်သူအားကွေ့က လေထဲတွင် မြောက်သွားသကဲ့သို့ပင် .. အနာရွတ်ရေးရေးသာကျန်တော့သော သူ၏မျက်ခွက်သည် ပြုံးဖြီးဖြီးကြီးဖြစ်ကာ ..
''ဟဲ..ဟဲ.. ဒါတော့မပူနဲ့ .. အားငယ်သူကိုစောင့်ရှောက်ရမဲ့တာဝန်က အားကွေ့ရဲ့တာဝန်ပဲ ... ဆွမ်းချက်ဘုန်းကြီးသာ တူတော်မောင်ကို မြန်မြန်ခေါ်ခဲ့ ..ကျန်တာ အားကွေ့ ကိစ္စထား .. ပြီးတော့ အဆောင်ကောင်းကောင်း နေရအောင် လည်း အားကွေ့တာဝန်ယူမယ် ...'''
ထိုအခါမှ ဆွမ်းချက်ဘုန်းကြီးလည်း .. အားကွေ့အားနူတ်ဆက်ကာ ဆွမ်းစားဆောင်သို့ပြန်သွားလေတောသည် ...
အကယ်၍သာ ထိုဘုန်းကြီးနှင့်လက်တစ်ဖက်ပြတ်ဘုန်းကြီးကြောင့် ရှောင်လင်ကျောင်းတစ်ကျောင်းလုံးရှုပ်ထွေးပွေလီစွာ ဖြစ်ပျက်သွားမည်ကိုတော့ အားကွေ့လို ငယ်ရွယ်နုနယ်သော ကလေးတစ်ယောက်မှာ မသိနိုင်ရှာပေ.

#24 ( အစ၏အဆုံး ..အဆုံး၏အစ )

နံနက်ခင်းသည် ကျက်သရေမင်္ဂလာရှိစွာလှပနေသည် .. မိုးဦးအခါသမယ ဖြစ်သော်လည်း ကောင်းကင်တစ်ခွင်လုံး တိမ်ဖြူ တိမ်ပြာများနှင့်ဝင့်ဝင့်ထယ်ထယ် သာယာလျှက်ရှိသည် .. ..
အစီအရီဖူးနှင့်အရောင်အသွေးစုံစွာ ဖူးပွင့်နေကြသောတောပန်းလေးများက လင်းအာရုံကို တန်ဆာဆင်နေ၏.. အမြီးရှည်ရှည်နှင့် တောကြက်လေးများကလည်း အပြိုင်အဆိုင်ပင် လောကကြီးအား နိုးထကြပါတော့ဟု ဆိုသည့်နှယ် တွန်သံပေး နေကြသည်.....
ကျေးငှက်များကလည်း တောကြက်ဖများအား အနိုင်မခံအရှူံးမပေးစတမ်း ကြိုးကြိုးကျီကျီသံ အော်ဟစ်ကာ နိုးထလာကြသည်..
သူတို့၏လှုပ်ရှားမှုအ၀၀ကို အပေါ်စီးမှ မိုးကြည့်နေသည့် ရှင်နေမင်းကြီးက တိမ်ပုဝါ ခြုံထည်ကြားမှ ခေါင်းပြု လာခဲ့တော့ ကြည်နူးဖွယ်ရာ မနက်ခင်းလေး ဖြစ်သွားရ၏....
အရင်ရက်များဆီက ရွာသွန်းထားသောမိုးကြောင့် ဖြစ်ပေါ်လာသော တောင်ကျ စမ်းချောင်းလေးများကလည်း ကြည်လင်အေးလျှက် မြင့်ရာစီမှ အနိမ့်ပိုင်းစီသို့ စီးဆင်းကာသွားကြသည်..
စိတ်နှလုံးကြည်ပြုံးဖွယ်ရာအကောင်းဆုံးကတော့ ရှောင်လင်ကျောင်းတော်မှ လွင့်ပျံလာသော တရားဓမ္မရွတ်ဆိုသံပင်.. ညီတူညီညာစွာဖြင့် အနိမ့်အကျ အတက်အမြင့် အဖြတ်အတောက်မှန်မှန် ထွက်ပေါ်လာသော ဓမ္မသံက လောကကြီး အား အေးချမ်းပါတော့ဟု သီဆိုဆိုနေသည့်နှယ် ..
လောကီအာရုံကာမဂုဏ် များမြောင်လှသော လူ့ဘောင်အလည်တွင် .. ဆိုးထေး ညစ်ညမ်းသော သူများ .. လိမ်လည်ကောက်ကျစ်သောသူများ...ရက်စက်ကြမ်းကြုတ် သူများ အစရှိသဖြင့် ကြီးနိုင်ငယ်ညှင်းဝါဒများကြားမှ ထိုသို့ အေးချမ်းသာယာသော တရားသံက လူကောင်းသူကောင်းများ ဤနေရာတွင် ရှိပါသေးသည်ဟု အသိပေးနေသလိုပင်....
စုပေါင်းတရားရွတ်ဆို၍ ပြီးသွားသောကြောင့် ဘုန်းကြီးများ ကိုရင်များသည် မိမိနေထိုင်ရာ အဆောင်ဆီသို့ပြန်သွားကြလေ၏ .. အချက်အပြုတ် တာဝန်ကျသူများ .. သန့်ရှင်းရေးတာဝန်ကျသူများ .. ရေခပ် ထင်းခွဲအစရှိသော တာဝန်ကျသူများ ကတော့ မိမိ၏လုပ်ငန်းတာဝန်ပြီးဆုံးအောင် လုပ်ကိုင်ရပေအုံးမည်...
တရားဆောင်ထဲမှ နောက်ဆုံးကထွက်လာသူက အားကွေ့ပင်... ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် သူထက်အသက်အနည်းငယ်မျှ ကြီးသည့် ကိုရင်နှစ်ပါး ခြံရံလျှက် ထွက်လာသော အားကွေ့မှာ တစ်ခုခုကိုတွေးမိသည့်နှယ် ငြိမ်သက်စွာ စဉ်းစားနေ၏...
''အကိုအားကွေ့ ဘာတွေများစဉ်းစားနေတာလဲ..''
အားကွေ့ ယာဘက်မှ ရှေ့သွားနှစ်ချောင်းကျိုးနေသည့်ကိုရင်က မေးလိုက်ခြင်း ဖြစ်သည်..
''ဟုတ်သားပဲ ဒီနေ့အကိုအားကွေ့ကြည့်ရတာငြိမ်နေပါလား ..ခါတိုင်းလိုမဟုတ်ဘူး ''
ခေါင်းတွင် ဒက်များ အကွက်လိုက်အကွက်လိုက်ပေါက်နေသည့် ကိုရင်က ထပ်ဆင့်ကောက်ချက်ချလိုက်၏..
သူတို့နှစ်ယောက်သည် အားကွေ့ထက် ၀ါရော အသက်ပါကြီးသော်လည်း အားကွေ့၏ အရှိန်အ၀ါအောက်တွင် နေရရှာသော ကိုရင်များဖြစ်သဖြင့် အားကွေ့ အား အကိုဟုခေါ်ဝေါ်ကြသည်..
''အင်း.. ငါကိစ္စတစ်ခုကို စဉ်းစားနေတာကွ .. ငါဒီကို ရောက်လာတာ လေးလတိတိရှိသွားပြီ .. အခုထိ သိုင်းမတတ်သေးဘူး .. မတတ်ဆို ဘယ်သူမှလည်း မသင်ပေးကြဘူး.. ငါ့နောက်မှ ၀င်လာတဲ့ကောင်တွေကြတော့ လောဟန့်လက်သီး သိုင်း ဆယ့်ရှစ်ကွက်တောင်သင်နေကြပြီ.. ငါ့မှာတော့ အခြေခံမြင်းထိုင်ပုံစံတောင် သင်မပေးကြတဲ့ ကိစ္စကိုတွေးနေတာကွ.. '''
'သွားကျိုးက သူ၏ကျိုးနေသော ရှေ့သွား နှစ်ချောင်းကြားမှ တံတွေးကို ပြစ် ခနဲပန်းထုတ်လိုက်ပြီး ..
''ဟုတ်တယ် အကိုအားကွေ့ ..တကယ်ဆိုအကိုအားကွေ့ဟာ ကျွန်တော်တို့ ထက်တောင် သိုင်းပညာတတ်သင့်တယ် .. ''''
ဒက်ပေါကလည်း ခေါင်းကို တဗြင်းဗြင်းကုတ်ရင်း ..
''' ဒီကိစ္စကို စီစစ်ရေးဆရာတော် ဘုန်းဘုန်းကျန်းနဲ့ သိုင်းသင်တန်းဆရာတော် ရွှီထိုက် ကို မေးရင် မကောင်းဘူးလား ..ဒါဆိုအကိုအားကွေကို ဘာလို့သိုင်းမသင်ပေး လဲသိရမှာပဲ..''
အားကွေ့က ခေါင်းယမ်းလိုက်ပြီး .. .. .. ဘုန်းဘုန်းကျန်းက အမြဲတမ်း အလုပ်များနေတာ သွားနှောက်ယှက်လို့မကောင်းဘူး .. ကျားဘီလူး ဆရာတော်ကို တော့ မမေးချင်ပါဘူးကွာ .. သူ့မျက်နှာကို ကြည့်တောင်မကြည့်ချင်ဘူး ..''
သိုင်းသင်ကြားရေးဆရာတော်ရွှီထိုက်ကို သူတို့က ကွယ်ရာတွင် ကျားဘီလူးဟုခေါ်ကြသည် .. ခေါ်လည်းခေါ်ထိုက်အောင်ပင် ခန္ဓာကိုယ်မှာ လွန်စွာ ထွားကျိုင်းပြီး မျက်နှာကလည်း ကျားတစ်ကောင်သဖွယ် ကြောက်ဖို့ကောင်းလှ၏...
သွားကျိုးက သူ၏သွားကြားမှ တံတွေးပန်းထုတ်လိုက်လျှင်အဝေးကြီး ပြေးသွားသည်ကို သဘောကျ၍ထင်သည် ဆက်တိုက်ဆက်တိုက် ပန်းထုတ် နေပြန်သည် ..
''ပျစ် ..ပျစ်.. နောက်တပတ်ဆိုရင် အဆောင်ရွေးပွဲရှိတယ်နော် အကိုအားကွေ့ ..တကယ်လို့ လော့ဟန်အဆောင်ကျရင် ပြသနာမဟုတ်ဘူး ..တရားဆောင် ..တာမောဆောင်နဲ့ ထမင်းစားဆောင်ကျရင် သိုင်းသင်ရချင်မှ သင်ရတော့မှာ ကျွန်တော်မြင်တာကတော့ အဲ့အဆောင်ကကိုရင်တွေက အားရင် အလုပ်နဲ့လက် နဲ့မပြတ်ဘူး .. ထမင်းစားဆောင်ဆိုရင် အောက်ခြေသိမ်းအလုပ်လုပ်ရတယ် .. တရားဆောင်ဆို တရားစာတွေကူးရေးရ ကျက်ရမှတ်ရတယ် .. တာမောဆောင်က လူနည်းတော့ နေ့ရောညရော အဆောင်ထဲမှာ နေနေကြရော .. အထဲမှာ ဘာရှိလဲ တော့ မသိဘူး .. တာမောအဆောင်မှူးဆရာတော်ကိုတောင် ကျောင်းဝင်း ထဲမှာ တွေ့ခဲတယ် .. တနေကုန် အဆောင်ထဲမှာပဲ... '''
''ဟုတ်တယ်အကိုအားကွေ့ သွားကျိုးရွှီဖုပြောတာမှန်တယ် .. လော့ဟန် အဆောင်ကတော့ တနေကုန်သိုင်းပဲသင်နေတာ .. ကျွန်တော်တို့တောင် လော့ဟန် အဆောင်ရောက်အောင်ကျိုးစားရမှာ ..ဒါမှ သိုင်းတတ်မှာ .. '''
''ဒါဆိုငါလည်းလော့ဟန်ဆောင်ရောက်အောင်ကျိုးစားရမှာပဲ''
ဒက်ပေါက အနီးနားမှ သစ်ကိုင်းကျိုးတစ်ခုကိုကောက်ကာ လေထဲတွင် ဝှေ့ရမ်းဆော့ကစားနေရင်းမှ
''ဒါပေမယ့် အကိုအားကွေ့လို ပိန်ညောင်နေတဲ့လူကို လော့ဟန်ကရွေးမယ် မထင်ဘူး .. သူတို့က ခန္ဓာကိုယ် ကြံ့ခိုင်တဲ့သူကို ဦးစားပေးရွေးတာ .. ဒါမှ သဏ္ဍန်ငါးမျိုးသိုင်းကို သင်လို့ရမှာလေ.. ''
အားကွေ့သည် ဒက်ပေါ၏ စကားကြောင့် သူ၏ပိန်ကပ်ကပ်ကိုယ်ခန္ဓာကို ငုံ့ကြည့်ပြီးစိတ်ပျက်သွား၏...
အားကွေ့စိတ်ညစ်သွားမှန်းသိလိုက်သော သွားကျိုးက ..
''အကိုအားကွေ့ကလည်း တစ်ပတ်တောင်လိုသေးတယ် ဒီကြားထဲမှာ အကိုအားကွေ့ရဲ့ ကိုယ်ခန္ဓာကို ကြံ့ခိုင်အောင်လုပ်လို့ရမှာပေါ့ .. '''
သွားကျိုး၏ အားပေးစကားကြောင့် စိတ်ဓါတ်ပြန်လည် တက်ကြွသွားသော အားကွေ့မှာ ..
'' မင်းပြောတာ မှန်တယ် သွားကျိုး .. ဒီခုနှစ်ရက်အတွင်း ငါကြံ့ခိုင်အောင် လုပ်ရမယ်.. ''
ဒက်ပေါက တခဏမျှစဉ်းစားပြီး ..
'''ဒီကကျွေးတဲ့ ယာဂုဆန်ပြုတ်နဲ့ ထမင်းအသီးအရွက် ဆိုရင်တော့ ဘယ်လောက် စားစား တပတ်အတွင်းတော့ ခန္ဓာကိုယ် တက်မလာနိုင်ဘူးထင်တယ်အကိုအားကွေ့. .. အားရှိတဲ့ အသားတို့ .. ကြက်ဥတို့ စားမှ ကိုယ်ခန္ဓာထွားလာမှာ .. ''''
''ခက်တာက ရှောင်လင်ဂိုဏ်းသားက ဒါတွေစားလို့ဘယ်ရမလဲ''
သွားကျိုး၏အပြောကို အားကွေ့က ..
''' ဘယ်သူမှမသိရင် ဘာမှမဖြစ်လောက်ပါဘူးကွာ .. ဟုတ်တယ် .. ငါ အသားနဲ့ကြက်ဥစားရမှဖြစ်မယ် .. ဒီတော့ ရိက္ခာလည်း ရွာထဲသွားရင် ငါကိုယ်တိုင် လိုက်ပြီး အသားခိုးဝယ်ရမယ် ..'''
'' အကိုအားကွေ့အသားဝယ်တာကဟုတ်ပြီ ဘယ်သူချက်ပေးမှာလည်း ဆွမ်းချက်ဘုန်းကြီးကိုတော့ အားမကိုးနဲ့နော် သူကဆန်ပြုတ်တောင် ကောင်းကောင်း ချက်နိုင်တာမဟုတ်ဘူး..''
'' ဟားဟားဟားဟား .. ဒက်ပေါရ အားကွေ့ မလုပ်တတ်တာ ဘာမှ မရှိပါဘူး ငါဝူပေမှာနေတုန်းကဆို .. မြို့ထဲက ငါ့ကို စားဖိုမှူးကြီးအားကွေ့လို့ ခေါ်ကြတာ
ငါ အသက်ငယ်သေးလို့ မဟုတ်ရင် ရွှေနဂါး စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်လို့ ရတယ် .. '''
လေတစ်လုံးမိုးတစ်လုံးနှင့် ကြွားလုံးထုတ်လိုက်သော အားကွေ့၏ စကားအား အဟုတ်ယုံမှတ်နေသော ဒက်ပေါနှင့် သွားကျိုးက အပြောနဲ့တင် သရေတမျှားမျှား ဖြစ်ကာ ...
''ဟာ ဒါဆို ကျွန်တော်တို့ကိုလည်းကျွေးအုံးနော် .. ''
'' ငါစားရရင် မင်းတို့ဘယ်နှစ်ခါမစားရတာရှိသလဲ ..ကိုင်း အချိန်ကြာတယ် ဆွမ်းချက်ဆောင်ကိုသွားလို့ ရိက္ခာလည်းတွန်းပြီး ရွာထဲဆင်းကြရအောင်... ''
သွားကျိုးက အခုမှ သတိရသွားသည့်နှယ် ..
'' ဟာ.. အကိုအားကွေ့ ဒီနေ့က ရိက္ခာ ယူတဲ့အလည့် မဟုတ်ဘူးလေ ... နောက်နှစ်ရက်မှ ယူရမှာ ...'''
''အင်း .. အဲ့လိုဆို ဘယ်လိုလုပ်မလည်း အကိုအားကွေ့ .. ဆန်ပြုတ်ပဲ သောက်ရတော့မယ်နဲ့တူပါရဲ့ ... '''
အားကွေ့က သွားကျိုးနှင့် ဒက်ပေါကို အ တတ်ရန်ကော ဟူသည့် အကြည့်ဖြင့် ကြည့်ကာ..
''မင်းတို့ကောင် တွေက တော်တော် အ တဲ့ကောင်တွေပဲ.. ဟိုးမှာ ကြည့်စမ်း ဘာတွေ့လဲ ..'''
''တောတန်းလေးလေ...'''
'' အဲ့တောတန်းထဲမှာဘာတွေရှိလဲ .. ''
''သစ်ပင်တွေပေါ့ ..'''
အားကွေ့ကခေါင်းယမ်းလိုက်ပြီး ..
''အဲ့လောက် မအစမ်းပါနဲ့ကွာ တောပါဆိုမှ သစ်ပင်တွေပေါ့ အဲ့သစ်ပင် ကြားမှာရှိတဲ့အကောင်တွေကို ပြောတာကွ.. '''
သွားကျိုးက သူ၏အဖြေမှားသွားသောကြောင့် ပျာရိပျာယာနှင့်
''ဟုတ်ပြီ ..အကိုအားကွေ့ ..ကျွန်တော်တို့ တောထဲမှာ အကောင်ဖမ်းပြီး စားကြမယ် ဆိုတဲ့သဘောပေါ့နော် ...''''
'' အရိပ်ပြရင် အရိပ်ပဲမြင်တဲ့ကောင်တွေ အံ့သြောပါ့ကွာ ... စကားမများနဲ့ တော့ အဆောင်လည်းရောက်ပြီ .. မင်းတို့ နှစ်ယောက်က သိုင်းသင် ရအုံးမယ့် ကောင်တွေဆိုတော့ အဆောင်ထဲမှာ နေထား ..ငါ ဆွမ်းချက်ဆောင်ကို သွားလိုက် အုံးမယ် .. ''
အားကွေ့သည် အဆောင်ထဲသို့မ၀င်တော့ဘဲ ဆွမ်းချက် ဆောင်သို့သွား ကာ လိုအပ်သောပစ္စည်းကိရိယာများ ယူငှင်၍ တောတန်းလေးထဲသို့ တစ်ယောက်ထဲ ၀င်သွားသည် ..
သို့သော် အားကွေ့လာမည်မှန်း ကြိုသိ၍လားမသိ အကောင်ဟူ၍ မည်သည် အကောင်မျှမတွေ့ရ .. တအုံးအုံး တအွမ်အွမ် နှင့် အော်နေသော ဖားပြုတ် သာတွေ့ရသည် .. ထိုဖားပြုတ်များကိုတော့ စား၍မဖြစ် .. အဆိပ်အတောက် ဖြစ်ကာ သေသွားနိုင်သည် ...
ဒီလိုနှင့် အချိန်အတန်ကြာသွား၏ ..
'' တော ကသာ နက်တာဘာအကောင်မှ မရှိဘူး .. အလကား တော ပြန်တာပဲကောင်းတယ် ..နောက်နေ့ကြ ဒီဘက်တောထဲမလာတော့ဘူး .. ဟူး ဗိုက်ကလည်းဆာလိုက်တာ ..မြန်မြန်ပြန်မှ'''
ဗိုက်ကလည်း တဂွီဂွီဖြင့် အသံမြည် လာပြီး ဆာလောင်ကာနေပြီ .. သို့ဖြင့် အကောင်ဖမ်းရန် လက်လျော့လိုက်ပြီး ဆွမ်းစားဆောင်မှဆန်ပြုတ်ကို ပြန်လည် သောက်ရန်သာ ဆုံးဖြတ်ချက် ချလိုက်သည်..
နောက်ကြောင်းပြန်လည့်လာသော အားကွေ့သည် အချိန်အတော်ကြာသွား သော်လည်း တောထဲကမထွက်ပေ ..
''ဟိုက် .. ငါတော့ လမ်းမှားပြီနဲ့တူတယ် .. ဘယ်လိုလုပ်ရပါ့ ... သစ်ပင်တွေ ကြားထဲငါတော့ မျက်စိလည်နေပြီ..ဒုက္ခပဲ ..''''
ဗိုက်ကဆာ လမ်းကမတွေ့နှင့် အားကွေ့ခင်မျာ အကြီးအကျယ်ဒုက္ခရောက် နေ၏.. သို့သော် အားကွေ့က ဇွဲတော့မလျော့ပေ .. နားလိုက် လျှောက်လိုက် ဖြင့် ထွက်လမ်းကို စမ်းတ၀ါးဝါးရှာဖွေနေ၏ ..
ထိုစဉ် တောတန်းသည် ချောက်ကမ်းပါးပြတ်နေရာတွင် လမ်းဆုံးသွား၏ ..၀ါးသုံးပြန်မျှသာ နက်သော ချောက်ကမ်းပါးက အမြင့်ကြီးမဟုတ်သော်လည်း အလျားကရှည်လျားလှပြီး အချို့နေရာတွင် ဆင်ခြေလျှော ပုံစံရှိသည် ..
အားကွေ့သည်စားသောက်၍ရမည့် သီးပင်စားပင်များ .. အကောင်ပလောင် များ..စမ်းချောင်းများရှိမလားဟု ဟိုဟိုဒီဒီလိုက်ရှာသေး၏ တစ်ခုမှ မတွေ့ ..သူတွေ့သည်ကား .. ချောက်ကမ်းပါးအစွန်အဖြား တွင် လဲလျောင်းကာ နေပူစာ လှုံနေသော ကျား တစ်ကောင်ပင် .. ယခုမှ တောအတွင်းမည်သည့် အကောင်မှ မရှိခြင်းကို သဘောပေါက်တော့၏...
'' သေနာကျား ရှိလို့ တောထဲကအကောင်တွေကို မတွေ့ရတာကိုး .. ဒင်းက စားချင်တိုင်းစားပြီး အစာဝတော့ နေပူစာလှုံနေသေးတယ် .. ဒီကောင့် ကိုဘယ်လို ဆုံးမရမလဲ ..စဉ်းစားစမ်း အားကွေ့ ..စဉ်းစားစမ်း...'''
ကလေးမပြောနှင့် လူကြီးတစ်ယောက်ဆိုလျှင်တောင် ကျားကို မြင်လျှင် မှုန်နေအောင် ထွက်ပြေးမည် ဖြစ်သော်လည်း .. အားကွေ့တစ်ယောက်ကတော့ ကျားကိုပင် ဒုက္ခပေးရန်ကြံစည်နေလေသည် .. တစ်ခုကံကောင်းနေသော အချက်မှာ အားကွေ့ရပ်နေရာသည် လေအောက်ဖက်ဖြစ်နေ၍ပင် ..လေ အထက်ဖက်ဆိုလျှင် အားကွေ့၏ ကိုယ်နံ့ရပြီး ကျား မှာ သူ့အားဒုက္ခပေးမည်ဖြစ်၏..
'''ဟုတ်ပြီ .. အကြံရပြီ .. ဒီကျားစုတ်က ချောက်ကမ်းပါးကို မျက်နှာလည့် ထားတာ ငါကသူ့ကို ခဲ နဲ့ပေါက်လိုက်ရင် လန့်ပြီး ခုန်လိုက်မှာပဲ .. အဲ့ဒါဆို အောက်ပြုတ်ကျပြီး မသာပေါ် သွားမှာပေါ့... ''
စိတ်ထဲတွင်ပေါ်သည့်အတိုင်းတွေးကာ ခပ်ရွယ်ရွယ် ခဲတစ်လုံးရှာ၍ ကျားအား အားရှိသမျှပေါက်ထည့်လိုက်၏..
''ဖုန်း..'''
''ဝေါင်း..''''
သူပေါက်လိုက်သော ခဲသည် ကျားအားတည့်တည့်ပင်မှန်ပါသည်.. ကျားကား ခဲမှန်သည်နှင့် လန့်ဖြတ်ပြီးဝေါင်းခနဲ ဟိန်းကာ နောက်သို့ဦးတည်၍ ဂျွမ်း တစ်ပတ် ပစ်လိုက်၏ .. ကျားသည် ရုတ်တရက် အားကွေ့အား မြင်လိုက်သောအခါ အမှတ်တမဲ့ ကြောင်သွား၍ထင်သည် တွေတွေကြီးရပ်ကာကြည့်နေသည် ..ပြီးမှ ..
'' ဝေါင်း..ဝေါင်း.. ''
''အမလေးဗျ..'''
ရွှေဉာဏ်တော်စူးရောက်သော အားကွေ့သည် သူ၏ မဟာအကြံအစည် ကြီးတက်တက်စင်အောင်လွဲသည်နှင့် အာခေါင်ခြစ်အော်လိုက်ပြီး နောက်ကိုလည့် ကာပြေးလေ၏..
ကျားနှင့်လူဘယ်လိုမှ ပြေး၍လွတ်မည်မဟုတ်ပေ ..သို့သော် ဖိုးကံကောင်း အားကွေ့၏ ခေါင်းထဲသို့လျှပ်တပျက် အတွေးဝင်လာသောကြောင့် သူမြင်ထားသော ချောက်ကမ်းပါးဆင်ခြေလျောအတိုင်းလျောဆင်းလိုက်သည် ..
ကျားက ဆင်ခြေလျောအတိုင်း မဆင်းဝံ့၍ထင်သည် ချောက်ကမ်းပါး တစ်လျှောက်သူဆင်း၍ရမည့်နေရာကို လိုက်ရှာနေ၏ .. ကျားကား အလွယ်တကူ လက်လျော့မည့်ပုံတော့မပေါ်... သူ၏ ဇိမ်ခံရာ အခိုက်အတန့်ရိပ်မြုံလေးကို ဖျက်စီးသွားသူအား ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားမည့်ပုံရှိသည်...
'' ဟားဟားဟားဟား.. နည်းတောင် နည်းသေးတယ်..လျှာရှည်တဲ့ကလေး သေ အေးတာပဲဟေ့...ဟားဟားဟားဟား'''
အားကွေ့သည် ဆင်ခြေလျောအတိုင်းလျောဆင်းနေရင်းမှ သူ၏ အရှေ့ ခပ်လှမ်းလှမ်းမှ ရယ်သံကြားလိုက်ရသောကြောင့် ၀မ်းသာအားရဖြစ်ကာ ..
''ကယ်ပါအုံးဗျ''
အသံရှင်က ရယ်သံပါကြီးနဲ့.
''' မကယ်နိုင်ဘူးကွာ.. ဟဲဟဲဟဲ ကျားကတော့ ဆင်းစရာတွေ့သွားပြီဟေ့.
မင်းကတော့ ကံဆိုးပြီ ဟားဟားဟား ..အမလေး.. ငါအဲ့လို မရယ်ရတာ နှစ်ပေါင်းသုံးဆယ်တောင်ရှိပြီ..အဟွတ်အဟွတ်..'''
ဟုဆိုကာ ရယ်မောရင်း တံတွေးများပင်သီး၍ ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေ၏
အားကွေ့သည် ထိုလူကိုလည်း ဒေါသထွက် .. ကျားကို လည်းလန့်ရင်း ချောက်ကမ်းပါးထိပ်သို့ လှမ်းကြည့်လိုက်ရာ ..အမှန်ပင်ကျားက ဆင်းစရာတွေ့သွားပြီ ဖြစ်သည် ..တစ်ဝေါင်းဝေါင်း ဟိန်းဟောက်ကာ သဘာဝ လှေကားသဖွယ် ဖြစ်နေသော ကြီးမားသောကျောက်ထစ်ကြီးအတိုင်း တစ်ထစ်ဆင်း ခုန်ဆင်းလာ၏..
အားကွေ့လည်း ချောက်ကမ်းပါးအောက်ခြေသို့ ရောက်သည်နှင့် အသံရှင်ရှိရာ ဖက်သို့ တဟုန်ထိုး ပြေးလွှားသွားလိုက်သည် ..
ချောက်ကမ်းပါးအောက်ခြေသည် သိပ်တော့ မကျယ်ပြန့်ပေ.. ကွမ်းတစ်ယာ ညှက်လောက်ပြေးသွားသည်နှင့် လမ်းဆုံးသွား၏ ..အားကွေ့သည် လမ်းဆုံးသွား သောကြောင့် အသံရှင်အား လိုက်ရှာလိုက်၏.. သို့သော် လူနှင့်တူသည်ဟူ ၍ မျောက်ပင်မတွေ့..
''ဟား..ဟားဟား.. ကောင်လေးရေ မင်းငါ့ကိုတွေ့ရင်တောင်မှ လာလို့မရဘူးကွ''
အသံက ကျောက်နံရံ၏ အလယ်လောက်မှ ထွက်လာခြင်းဖြစ်သည် .. အားကွေ့လည်း အမြန်ပင် အပေါ်သို့တက်ရန် လမ်းစ ရှာသော်လည်းမတွေ့ပေ .. ကျားက အောက်ခြေသို့ရောက်လုပြီထင်သည်...
ချွေးသီးချွေးပေါက်များကျရင်း အားကွေ့သည် စိတ်ထဲတွင်ကြိမ်ဆဲကာ .. ဘေးပါတ်ဝန်းကျင်ကို လေ့လာလိုက်၏.. ဟိုဘက်ချောက်ကမ်းပါး ကို ဒီဘက်က အထင်းသားအရှင်းသားမြင်ရသော်လည်း ဟိုဘက်ကကြည့်လျှင်ယခုဘက်နံရံကို မမြင်ရပေ အဘယ့်ကြောင့်ဆိုသော် နေက ဟိုဘက်နံရံကို တိုက်ရိုက်ထိုးကျနေပြီး ဒီဘက်နံရံအပေါ်ဘက်တွင်တော့ မြူနှင်းများဝှေ့ဆိုင်းနေခြင်းကြောင့်ပင် .. ကျောက်နံရံ အထက်တွင် စာလုံးတစ်ချို့လေရေးထိုးထားသော်လည်း မြူများ ဖုံးနေခြင်းကြောင့် မသဲကွဲလှ...
'' ဝေါင်း...ဝေါင်း..ဝေါင်း'''
ကျားကအောက်ခြေသို့ရောက်သည်နှင့် အားကွေ့ရှိရာသို့ တစ်လှမ်းခြင်းလျှောက်လာနေသည် .. သူ့လက်ကပြေးမလွတ်ဖူးဆိုတာသေချာ နေသည့်ပုံ .... အနီးကပ်လာလေလေ ကျားက သူထင်ထားသည်ထက် ကြီးမား လေလေဖြစ်သည် .. အနည်းဆုံးလူကြီးလက် ရှစ်တောင် ကိုးတောင်ခန့် ရှိသည် ..
ကိုယ့်ကိုယ် ကိုယ်ပြေးမလွတ်တော့မှန်းသိ၍ အားကွေ့က အစောကြီး ကလို ကြောက်မနေတော့ပါ.. ဖြစ်သမျှအကြောင်း အကောင်းဟုတွေးရင်း အောက်တွင် တွေ့ သော ကျောက်ခဲ တစ်လုံးကို ကောက်ထားလိုက်သည် .. မသေခင်လေးတော့ အနည်းဆုံး ကျားကို ဒါဏ်ရာလေးမှရရ ထု သွားချင်သေး၏..
ထိုစဉ် တလှမ်းချင်း လျှောက်နေသော ကျားမှာ အားကွေ့စီလာနေရင်း တောင့်တောင့်ကြီးဖြစ်ကာ ခြေလှမ်းရပ်သွားသည်..
အားကွေ့သည် ရပ်သွားသော ကျားကို ကြည့်ပြီး အံ့အားသင့် နေစဉ် ကျားက နောက်တလှမ်း လှမ်းလိုက်ပြန်သည် .. ထိုနောက်ခဏ ရပ်သွားပြန်သည် ..
''ဟားဟားဟားဟား... ဘယ်လိုလဲကောင်လေး ရယ်ရတယ်မို့လား ..ဟားဟားဟားဟား'''
အပေါ်က ရယ်သံကြားရမှ ထိုသူ၏ လက်ချက်မှန်းသိလိုက်၏ .. မည်သို့လုပ်သည်မသိ ကျားရောသူပါ အူကြောင်ကြောင်ဖြစ်ကာနေသည် .ထိုစဉ်ကျား ကနောက်တစ်လှမ်းလှမ်းလိုက်ပြန်သည် ..ခဏရပ်သွားပြန်သည်..
ထိုလူကလည်း ခွက်ထိုးလှန်အောင်ရယ်နေပြန်သည်..
ဒီတစ်ခါတွင်တော့ အားကွေ့က ကျားအားခဲဖြင့် ထုလိုက်၏ .. မထုလို့လဲမရ နောက်ငါးလှမ်းလောက်ဆိုရင် သူနှင့်ကျား နူတ်ခမ်းခြင်းထိတော့မည်..
'' ဖုန်း''
နူတ်သီးအား ခဲထိမှန်၍ သွေးများဖြာကျလာသည်ကိုပင် ကျားခမျာ အသံမထွက် နိုင်ရှာ မျက်လုံးမှသာ အသဲခိုက်အောင် နာကျဉ်သည့်ဟန်ပြသည် ..
ခဏာကြာတော့ မှ
''ဝေါင်း'' ခနဲ နားပင်းတော့မတတ်အော်ပြီး နောက်သို့လည့်ပြေးလေ၏.. သူ့ခမျာ အကြောက်ကြီးကြောက်သွားရှာပြီမဟုတ်လား ..
သို့သော်လည်း ငါးလှမ်းမျှ ပြေးပြီးသည်နှင့် ပြန်ရပ်သွားပြန်သည် ..
''ဟားဟားဟားဟား ငါလက်က လွတ်အောင်ပြေးနိုင်လို့ကတော့ တလောကလုံး ကတောင် အံ့သြောကုန်အုံးမယ် ..'''
အားကွေ့ အပေါ်သို့ကြည့်ပြီး ..
'''အခုလို ကယ်တာ ကျေးဇူးပဲဆရာကြီး .. ဆရာကြီးရဲ့နာမည်သိပါရစေ..''
အားကွေ့၏ စကားကိုပြန်လည်ဖြေမည့်အစား ..
''ဟား..ဟား..ဟား..ဟား.. ဒီနေ့တော့ မိတ်ဆွေကြီးကိုယ်တိုင် လာခဲ့တာကိုး .. ညီလေးတု ဘာဖြစ်နေလို့လည်း ... ''
အားကွေ့လည်း နောက်သို့လည့်ကြည့်လိုက်ရာ ဘုန်းကြီးတစ်ပါးအား တွေ့ လိုက်ရသည် ..ထိုဘုန်းကြီးက သိုင်းလောက၏ဥသျှောင် ရှောင်လင်ကျောင်းထိုင် ဆရာတော်ဖြစ်၏.. .. ဆရာတော်က လက်ဖြင့်ရမ်းလိုက်ရာ ရပ်နေသော ကျားသည် ပြန်အသက်ဝင်လာပြီး အမြီးတန်းအောင်ပင်ပြေးတော့သည်.. နောက်နောင်တွင် ယောင်မှား၍ ဒီဘက်ကို ခြေဦးတောင်လှည့်တော့မည်မဟုတ်တော့ပေ...
ဆရာတော်က အားကွေ့အားကြည့်ပြီး
''''အားကွေ့ ကျောင်းထဲမှာ မနေဘဲ ဘာလာလုပ်တာလဲ .. မင်းဘုန်းဘုန်းရွှီကြွင်း သာ သိရင် မင်းကိုဆူလိမ့်မယ် ... ''''
' ''ဟားဟားဟားဟား.. ဒီကလေးက ညီလေးတု ခေါ်လာတဲ့ကလေးလား .. တကယ့် ဂြိုလ်ကောင်လေးဖြစ်မယ် .. ညီနှစ်ရဲ့ ရွမ်ဝူကိုတောင် ကလိမ်ကျ သွားတယ် ဆိုပဲ..ကောင်းတယ်ကွ.. ငါငယ်ငယ်တုန်းကလည်း မင်းအတိုင်းပဲဟေ့.. အားကွေ့ မင်းက ညီလေးတုရဲ့သားတပည့်ဆိုတော့ ငါ့ရဲ့ သားတပည့်ပဲပေါ့ .. အပေါ်တက် ခဲ့ကွာ'''

#25 ( အစ၏အဆုံး ..အဆုံး၏အစ )
      အားကွေ့ကသူ့အားတက်လာဖို့ရန်ပြောသော်လည်း .. ဤကမ္ဘားနံရံ မတ်စောက်စောက်ကို တက်ရန်လမ်းမရှိသောကြောင့်
     ''ဆရာကြီးလမ်းမှမရှိဘဲ ကျွန်တော်ဘယ်လိုတက်လာရမှာလဲ'''
အသံရှင်က
    '' ဟားဟားဟားဟား ..မှတ်ထား အားကွေ့ [လမ်းမရှိတဲ့လမ်းဟာ ဘယ်နေရာမဆိုရောက်နိုင်တယ်]....[ တံခါးမရှိတဲ့မုဒ်ပေါက်ဟာ ဘယ်သူမဆိုဝင်လို့ ရတယ်] .. [ဘာမှမရှိတဲ့ခွက်ဟာ အရာရာကိုထည့်နိုင်တယ်].. မင်းကငယ်သေးတော့ သိမှာ မဟုတ်သေးဘူး ...အခုတော့မင်းကို ငါ့မိတ်ဆွေကြီးက ကူပါလိမ့်မယ်ကွာ .. '''
   အားကွေ့မှာထိုသူ၏စကားကို သူ၏ ဉာဏ်တစ်ထွာတစ်မိုက်လောက်နှင့် မမှီနိုင်တော့ကြောင့် ငူငူငိုင်ငိုင်ဖြစ်နေစဉ်တွင် ကျောင်းထိုင်ဆရာတော်က လက်အုပ်ချီ ကာ ..
     '''နှစ်တွေအကြာကြီးဒုက္ခခံပြီးတဲ့နောက်မှာ မိတ်ဆွေကြီးထင်းလွေတောင် အသိတရားရလာခဲ့ပြီကိုး ကောင်းလေစွ ..ကောင်းလေစွ''
     {လေးထောင့်ကွက်ထဲတွင်ရေးသားထားသော စာများမှာ တာအိုကျမ်းလာ Philosopy များဖြစ်ပါသည်.. ဤကားစကားချပ်..}
       '''အသိတရားပဲရှိပါသေးတယ် ဆရာတော် .. သတိတရားတော့ မရှိသေးပါဘူး ''
    ''ဒီလိုဘယ်ဟုတ်ပါ့မလဲ မိတ်ဆွေကြီး  အသိနဲ့သတိဆိုတာ အမြဲဒွန်တွဲနေရတယ်..
အသိကို သတိနဲ့ထိန်းရသလို သတိကိုလည်း အသိနဲ့ထိန်းရမယ် ..''
   ထင်းလွေမှာ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ အားငယ်သော လေသံဖြင့်
      ''ကျုပ်လို လူဆိုးလူမိုက်တစ်ယောက်အတွက် အသိတရားလေးဝင်လာတာကိုပဲ ကျေနပ်မိပါတယ်ဗျာ .. ဆရာတော်တို့လို သူတော်စင်တွေပဲ ကျင့်နိုင်မဲ့ စရိယ တော့ ဒီတစ်သက်ကျင့်နိုင်မယ်မထင်ပါဘူး...'''
      ဆရာတော်ကလည်း အေးချမ်းသော အသံဖြင့်
       '''မဟုတ်သေးဘူး မိတ်ဆွေကြီး အမှိုက်သရိုက်တွေနဲ့ပြည့်နေတဲ့နွံပုပ်နွံအိုင်ထဲမှာ တောင် ဖူးကြွလန်းဆန်းတဲ့ ကြာဖြူပန်းတွေ ပွင့်နိုင်သေးတာ နှလုံးသားဖြူစင်နေရင် ဘာလို့ မကျင့်နိုင်ရမှာလဲ ...''
ထင်းလွေက ဆရာတော်၏စကားကို စောဒကတက်လိုက်ပြန်သေး၏..
     '' အစွဲအလမ်းဆိုတာ ဖျောက်ရခက်ပါတယ်ဗျာ ..'''
       '' မိတ်ဆွေကြီး အစွဲအလမ်းနဲ့ ပတ်သက်ပြီး ကျုပ် ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် .. ဟိုးရှေးရှေးတုန်းက တောမှီရသေ့ကြီးတစ်ပါးရှိတယ် .. တောထဲမှာပဲ တရားအား ထုတ်လို့နေတာပေါ့.. တရက်ကျတော့ လူငယ်လေးနှစ်ယောက်က သူ့ဆီမှာ တရားလာအားထုတ်ဖို့ တပည့်လာခံပါလေရော .. အဲ့မှာ ရသေ့ကြီးကပြောသတဲ့ .. ကောင်းပြီ ..မင်းတို့ နှစ်ယောက် တရားအားထုတ်မယ် ဆိုရင် မလုပ်ရမယ့် အရာ တွေကိုပြောပြမယ်.. ဘာလဲဆိုတော့ .. အရက်သေစာ မသောက်စားရဘူး .. ၀န်တိုစောင်းမြောင်းလိမ်ညာတဲ့ အမူအကျင့်တွေမလုပ်ရဘူး .. တီးမှုတ်ကခုန်ခြင်း မလုပ်ရဘူး .. သူတပါးအသက်ကို မသတ်ရဘူး ..  ဘယ်သူတစ်ဦးတစ်ယောက်ကို မှထိခိုက်နာကျင်အောင်မလုပ်ရဘူး .. အထူးသတိထားရမှာကတော့ မိန်းမတွေကို မြွေဟောက်လိုရှောင်ရမယ် .. အဲ့လို ကျင့်နိုင်မှ တပည့်အဖြစ် လက်ခံမယ် လို့ ဆိုသတဲ့ .. လူငယ်နှစ်ယောက်ကလည်း ရသေ့ ၀တ်ချင်တာနဲ့ အာမဘန္တေ ခံလိုက်ကြတာပေါ့.. ဒီလိုနဲ့ အတူတူတရားအားထုတ်လာကြရင်း တရက်ကြတော့ ရသေ့ကြီးက ရသေ့ငယ်နှစ်ပါးကို ကိစ္စတစ်ခုနဲ့ မြို့ပေါ်ကိုလွတ်လိုက်သတဲ့ .. ရသေ့ကြီးခိုင်းတဲ့ ကိစ္စလည်းလုပ်ပြီးရော .. ရသေ့ငယ်နှစ်ပါးက ပြန်လာကြပါတော့ လမ်းခုလတ်မှာ မြစ်ကြီးတစ်စင်းကို ဖြတ်ရတာပေါ့ .. မြစ်တစ်ဘက်ကမ်းကို လဲအရောက် .. ရေထဲမှာ မိန်းကလေးတစ်ယောက်က ရေနစ်ပြီး သူတို့ကို အကူအညီ တောင်းသတဲ့ .. ပထမရသေ့က ကယ်မယ်လုပ်တော့ ..ဒုတိယရသေ့က တားပါရော .. ဆရာရသေ့က မိန်းမတွေကို ရှောင်ကျင်ရမယ်ပြောတယ် သွားမထိနဲ့ လို့ပေါ့ .. ဒါပေမယ့် ပထမရသေ့က ပြောစကားနားမထောင်ဘဲ ရေထဲဆင်းပြီးကယ်ပြီးတော့ ကမ်းပေါ်တင်ပေးလိုက်တယ်.. ပြီးတော့မှ ရသေ့ကြီးစီပြန်ကြတာပေါ့ .. ဒုတိယရသေ့ ကတော့ ပထမရသေ့ကို တစ်လမ်းလုံး မိန်းကလေးကို ကယ်လိုက်လို့ တဗြစ်တောက် တောက် ပြောလို့လာရင်း ရသေ့ကြီးရောက်တော့ ပထမရသေ့အကြောင်းကို ဒုတိယရသေ့က တိုင်သတဲ့ .. ပထမရသေ့က မိန်းကလေးကို ဘယ်လို ပွေ့ချီတာ ဘယ်လို ဆွဲတင်တာ ..ဆရာရသေ့ရဲ့စည်းကမ်းကို သူဖောက်ဖျက်တယ်ပေါ့ ..
အဲ့ချိန်မှာ ရသေ့ကြီးက ပြုံးပြီး လာတိုင်တဲ့ ဒုတိယ ရသေ့ကို ပြောသတဲ့ ..
အေး ..သူက မိန်းကလေးကို ကမ်းစပ်မှာ ထားခဲ့ပြီ.. မင်းကသာ မိန်းကလေးကို ကျောင်းအထိသယ်လာတာ ကွဲ့ တဲ့... '''

           ဆရာတော်၏ရှည်လျားသော ပုံပြင်အဆုံးတွင် ထင်းလွေမှာ
      '' ကျုပ်သဘောပေါက်ပါပြီ မိတ်ဆွေကြီး''
 ဆရာတော်က
        ''ဒါပေါ့ကွယ် စကားပုံတောင်ရှိသေးတယ်မဟုတ်လား ..+လူတစ်ယောက်ဟာ မြစ်တစ်မြစ်ထဲမှာ ရေနှစ်ခါချိုးလို့မရဘူး+ဆိုတာ .. အမှားကို သိရင် အမှန်ကိုပြင်ဖို့ မခက်ပါဘူး ..ကိုယ့်အမှားကိုကိုယ် ၀န်ခံရဲတဲ့သတ္တိရှိဖို့ပဲလိုတာ ''
   အပေါ်မှ မည်သို့မျှ မဖြေတော့ ဆရာတော်၏ စကားများကို အနုလုံပတ္ထိလုံ သုံးသပ်နေပုံရ၏ ...
       အားကွေ့ကမူ ဆရာတော်နှင့် ထင်းလွေတို့၏ အချီအချ စကားကို ခေါင်းပူမတတ် စဉ်းစားသော်လည်း တလုံးတပါဒမျှနားမလည်ပေ..
         ''' ဖလတ်..ဖလတ်''
          ဆရာတော်က မျက်မှောက်ကုတ်ကာ တွေးနေသော အားကွေ့၏ လက်မှကိုင်ကာ ကျောက်ခါးပန်းသို့ခုန်တက်သွားသည်...
          မတ်စောက်နေသောကျောက်နံရံအား သုံးချက်မျှ ထောက်ကန်တက်လိုက်ရာ ကျောက်စက်ပန်းဆွဲများနှင့်ပြည့်နေသော ဂူဝသို့ရောက်သွား၏ ....
       အောက်မှကြည့်၍၀ိုးတ၀ါးသာမြင်ရသော စာကို အားကွေ့အပြည့်အ၀ မြင်ရလေပြီ .. စာကား .. သံဝေဂ ဂူဟူတည်း...
           တောင်ခါးပန်းတွင်ဖြစ်၍ လေ၀င်လေထွက်ကောင်းပြီး အလင်းရောင်လည်း လုံလောက်စွာ ရပါသည် ...
          ဂူမှာ လေ၀င်လေထွက်ကောင်းရုံမျှမက သန့်ရှင်းသပ်ရပ်လျှက် ကျယ်ပြော လှ၏ .. အထဲတွင် ကျောက်ခုတင်တစ်လုံး .. ကျောက်စားပွဲနှင့် ကျောက်ဖြင့် လုပ်ထားသော ထိုင်ခုံများရှိသည်.. နံရံအပေါ်ဖက်တွင်တော့ ..ပုံသဏ္ဍန် အမျိုးမျိုး ဖြင့် သိုင်းကစား နေသော လူရုပ်များကိုရေးထွင်းထား၏..
           အားကွေ့မှာ ငယ်ပင်ငယ်ညားသော်လည်း ထိုရုပ်ပုံများကို ကြည့်ပြီး အင်မတန် အဆင့်မြင့်မည်ဖြစ်သော သိုင်းကွက်များဟု ရိပ်မိလိုက်သည်..

ဆရာတော်ကမူ အခန်းတွင်းဝေ့၀ဲကြည့်ကာ .
          ''အင်း.. ကျုပ်တောင် ဒီဂူကို မရောက်တာ ဆယ်နှစ်ကျော်သွားပြီပဲ ..'''
      ''  ဆယ်နှစ် သုံးလနဲ့ ဆယ့်ရှစ်ရက် ရှိသွားပြီ ဆရာတော် ''
       ကျောက်ခုတင်၏ အနောက်ဖက်အခန်းမှ အသံနှင့်အတူ အဘိုးကြီးတစ်ယောက် ထွက်လာသည် .. ထိုလူကား သိုင်းလောကတစ်ခွင်တွင် တစ်ခေတ်တစ်ယောက် ဖြစ်သော တင်းလုံ ဂိုဏ်းချုပ်ကြီးထင်းလွေပင်...
         ဟောင်းနွမ်းနေပြီဖြစ်သော မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း ထိုသူ၏ရုပ်ဆင်းမှာ နိမ့်ကျမသွားပေ .. မြင်လိုက်သည်နှင့် ခေါင်းငုံ အရိုအသေ ပေးချင်စရာ ရုပ်ဆင်းအင်္ဂါပေ... အထူးသဖြင့် အဘိုးအို၏ မျက်လုံးအစုံမှာ စိန်တုံး စိန်ခဲများသဖွယ် တစ်ဖိတ်ဖိတ်တောက်ပနေ၏.. တစ်ခုထူးခြားသည်မှာ သူ၏ညီအကိုများမှာ ဘုန်းကြီးဝတ်များဖြစ်သော်လည်း သူကား လူဝတ်နှင့်ဖြစ်သည် .. ဖြူဖွေးနေသော ဆံပင်တို့ကိုပင် အ၀တ်စဖြင့်သေသပ်သန့်ရှင်းစွာ စည်းနှောင်ထား သေးသည်...
     အားကွေ့သည် ထင်းလွေ၏ ပုံပန်းအားမြင်လျှင် တစ်စုံတစ်ယောက်ကို သတိရ လိုက်၏..
      ''အင်းဒီအဘိုးကြီးကို မြင်ရတာ ဦးကြီးရန်ခွမ်းကို မြင်ရတဲ့အတိုင်းပဲ ..နှစ်ယောက် စလုံးက တကယ့်ကို အရှိန်အ၀ါကြီးတဲ့သူတွေပဲ .. တစ်ယောက်က တစ်ခေတ် တစ်ယောက် ထူးခြားတဲ့သူ ..တစ်ယောက်က မိုးအောက်မြေပြင်ပြိုင်ဘက်ကင်း စစ်သူရဲကောင်းကြီး .. ငါလည်း တစ်ချိန်ကျရင် ဒီလူတွေလို ဖြစ်အောင်လုပ်ရမယ် ..'''

      ဆရာတော်က ထင်းလွေ၏ တိကျသောအဖြေစကားကြောင့် နှစ်လိုဖွယ် ပြုံးလိုက်ကာ
       ''မိတ်ဆွေကြီးက အတိအကျကို မှတ်ထားတာကိုး .'''
       ''ကျုပ်ရဲ့အကျင့်ကိုက ဘယ်အရာမှ အသေးအဖွဲဆိုပြီး မမေ့ထားတာပဲ..  တခါတလေမှာ ကိုယ်ဂရုမပြုလိုက်တဲ့ အသေးအဖွဲလေးက အကြီးမားဆုံး ဆုံးရှူံးမှု တွေ ဖြစ်လာတတ်တယ်လေ.. အခုတော့ အဲ့ဒါတွေမလိုအပ်တော့ပါဘူး .. ''''
        ထင်းလွေက လက်အုပ်ချီဂါရ၀ပြုလိုက်ပြီး တဆက်ထဲပင်
     '''နှစ်ပေါင်းသုံးဆယ်လုံးလုံး ကျုပ်တို့ညီအကိုတွေကို နေစရာပေး ကျွေးမွှေးစောင့် ရှောက်ခဲ့တဲ့ မိတ်ဆွေကြီးကို ကျေးဇူးတင်စကား အခုမှပြောရတာ နောက်ကျနေတယ် ဆိုပေမယ့် အချိန်တော့မနှောင်းသေးဘူးထင်ပါရဲ့..''''
       ''' ဟားဟားဟား.. ကျုပ်တို့ မိတ်ဆွေနှစ်ယောက်ကြားမှာ ကျေးဇူးတရားဆိုတာ သေးငယ်တဲ့ အမျှင်တန်းလေးတစ်ခုပါ.. '''
         ထိုသူက ဆရာတော်အား ကျေးဇူးတင်စကားပြောပြီးနောက် .. အားကွေ့ဘက် လည့်ကာ...
         '''အားကွေ့..အားကွေ့နဲ့ ငါ့ညီလေးတု ပါးစပ်က. တဖွဖွ ပြောနေတာ မင်းကိုးကွ .. ဟားဟားဟား တော်တော်ဆော့တဲ့ကောင့် .. ကျားကိုမှ ခဲနဲ့ပေါက်ရ တယ်လို့ .. လာစမ်းပါအုံး ဘဘကြီးနားကို ..လူပုံကတော့ သွက်လက် ထက်မြက်မည့် ပုံပဲ...''''
       အားကွေ့မှာ ရွံ့တွန့်တွန့်နဲ့ပင် သွားလိုက်ရသည် .. ထင်းလွေကအားကွေ့ အား တကိုယ်လုံးကို စမ်းသပ်ကြည့်ပြီးနောက်... မျက်နှာကွက်ခနဲ ပျက်သွားသည် .. ထို့နောက် ဆရာတော်အား အဓိပ္ပါယ်ရှိသော မျက်လုံးဖြင့်ကြည့်ကာ ခေါင်းယမ်းလိုက် ၏... ဆရာတော်ကလည်း သူကြိုတင်သိထားသည့်သဘော ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြလိုက်သည်...
      အားကွေ့ကတော့ မသိ  သူ့အားပွေ့ထားသောကြောင့် သူ၏လက်နှစ်ဖက်ကို ထင်းလွေ၏ နောက်ကျောကို စမ်းလိုက်ရာ ထင်းလွေမှာ တွန့်ခနဲ ဖြစ်သွား၏ ...
     ''ဖတ်''
     ဆရာတော်ကလည်း အသံထက်မြန်ဆန်သည့်နှုန်းဖြင့် အားကွေ့အား ဆွဲခွာလိုက် သည်..
     အားကွေ့မှာ ရင်ထဲတွင် ထိတ်ခနဲဖြစ်ပြီး ဆရာတော်ဆွဲခေါ်ရာသို့ ပါသွား၏ ..မည်သို့ဖြစ်၍လည်းတော့ သူနားမလည်ပေ..
        ထင်းလွေမှာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ကျောက်ခုတင်ပေါ်သို့ထိုင်ချကာ ..
  '''ဘာမှမဖြစ်ဘူးမိတ်ဆွေကြီး ..ကလေးက ဘာမှန်းမှမသိသေးဘဲ .. ထိုင်ကြပါအုံး ..မတ်တတ်ကြီးဖြစ်နေကြပြီ ...'''
       ဆရာတော်နှင့်အားကွေ့လည်း ထင်းလွေပြောသည့်အတိုင်းထိုင်လိုက်ကြသည့် အခါမှ ထင်းလွေက ..
          ''အားကွေ့ ..လန့်သွားတယ်ပေါ့ ..ဒီလိုကွဲ့ လူလေးရဲ့ ..ဘဘကြီးမှာ ဝေဒနာ ဆိုးကြီးတစ်ခုရှိတယ် ..အရင်တုန်းကမိုက်ပစ် ဒါဏ်တွေပေါ့ .. ဒီမှာကြည့် ..''
           ထင်းလွေက နောက်ကျောသို့ လည့်ပြလိုက်သည်..
         ''ဟာ... ရက်စက်လိုက်ကြတာ ... ''
      ထင်းလွေက ဟက်ဟက်ပက်ပက်ရယ်ပြီး ..
       '''ငါ့ညီနှစ်သာကြားလို့ကတော့ မင်းကို ဘယ်လောက်ဒေါသထွက်လိမ့်မလဲ မသိဘူး .. ဒီလိုလုပ်ထားလို့ ငါ့အသက်မသေတာ ပေါ့ကွာ ..''
         ထင်းလွေ၏ ကျောတွင်  မိန်းကလေး ဆံထိုးအရွယ် ရွှေအပ်ကြီးရှစ်ချောင်း ကို တဆုံး စိုက်ထားသည် ..  အ၀တ်အစား ချွတ် လည်း၍ ရအောင် နောက်ကျောမှ အင်္ကျီစကို ခွဲထားသည်ဖြစ်ရာ  ထိုရွှေအပ်ရှစ်ချောင်း စိုက်ထားသော ကျောပြင်သည် သာမာန်လူ ၏အသားနှင့်မတူဘဲ ချပ်ဝတ်တံဆာတစ်ခုနှင့်တူနေသည်ကို အားကွေ့ တွေ့လိုက်ရသည်..
       ထင်းလွေကဆက်လက်၍အားကွေ့အား
         ''ဓါးလှံထိုးရင်တောင်မပေါက်တဲ့ ဒီမဟာသွေးသားချပ်ဝတ်လွှာကို ရွှေအပ် စိုက်နိုင်အောင် ညီနှစ်ခမျာ ရှိသမျှ အတွင်းအားအကုန်သုံးပြီး ထိုးစိုက်ရတာ .. အတွင်းကလီဇာတွေထိသွားမှာကလည်း စိုးရိမ်ရသေးတယ်လေ.. . ညီနှစ်ကတော့ တကယ့်ကို ဆေးပညာနဲ့ပတ်သက်လို့ကတော့ ပြိုင်ဘက်ကင်းပါပေတယ်..''''
          ဆရာတော်က ထင်းလွေ၏စကားစကို ဖြတ်ကာ
       '' အင်း ကိုယ်တော်အခုလို လာခဲ့တာလည်း မိတ်ဆွေကြီးရဲ့ ညီနှစ်ကြောင့်ပဲ .. ''
       ''ညီနှစ်ကဘယ်လိုဖြစ်လို့လဲ ...''''
        '' ဒီလို မိတ်ဆွေကြီး ..လွန်ခဲ့တဲ့လေးလလောက်က ဘုန်းကြီးရွှီကြွင်း ပြောလို့. ပုလွေ တစ်ယောက် သန်းခေါင်ညမိစ္ဆာ သိုင်းကျင့်နေတာကို သိလိုက်ရတယ် ..ကိုယ်တော်လည်း လောကီကိစ္စ ၀င်မပါချင်တာက တစ်ကြောင်း ..ရွှီကြွင်းက မိတ်ဆွေကြီးကို ဖွင့်ပြောလိမ့်မယ် လို့ ယုံကြည်တာက တစ်ကြောင်းမို့လို့. ကြားထဲကို ၀င်မပါမိဘူး .. ဒါပေမယ့် မနေ့ည ကမှ မကောင်းတဲ့အငွေ့အသက် ခံစားမိတာနဲ့ .. ဒါဏ်ကျဆောင်ဘက်ကို သွားလိုက်တယ် .. ပုလွေသိုင်းကျင့်နေ တာကို လေ့လာကြည့်မိတော့  အဆင့်ငါး အထိကို ရောက်နေပြီ.. သူ့ရဲ့အတွင်းအား အဆင့်နဲ့ဆို မကြာခင်မှာ မိတ်ဆွေကြီး လိုဖြစ်တော့မယ် ..တစ်ခုဆိုးတာက သူသာ မိတ်ဆွေကြီးလိုဖြစ်ရင် ကုသပေးမယ်လူမရှိလို့ ...အင်း ..ရွေးစရာလမ်းက တစ်ခုထဲ ရှိတော့တယ် ..ဒါကလည်း.. ဟူး... ဘုရား..ဘုရား...'''
         ထင်းလွေသည် ဆရာတော်၏ စကားကြောင့် အရုပ်ကြိုးပြတ်ဖြစ်ကာသွား၏..
ထို့နောက်တခဏအတွင်းပင် ၀မ်းနည်းခြင်း ဒေါသထွက်ခြင်းတို့ ရောပြွန်းကာ သူ၏မျက်လုံးအစုံသည် မီးလျှံကဲ့သို့ဝင်းဝင်းတောက်ကာနေသည်..ပြီးမှ သွားကြားထဲမှထွက်လာသောအသံဖြင့်
           ''ပုလွေ ..ပုလွေ အတော်မိုက်တဲ့ကောင်... ဒါပေမယ့် မိတ်ဆွေကြီး ကျုပ်ရှိနေ တုန်းတော့ ကျုပ်ညီတစ်ယောက်ကိုမှ ထိလို့ရမယ် မကြံနဲ့ .. တကယ်လို့သာ သူတစ်ခုခုဖြစ်သွားတယ်ကြားရင် .. ကျောက အပ်တွေကို ဖြုတ်ပစ်ဖို့ အချိန်ရောက် တဲ့နေ့ဖြစ်သွားမှာပဲ ...''''
          ထင်းလွေအတွက်တော့ မည်မျှပင် အသိတရားရပြီဆိုဆို သွေးရင်းသားရင်း ထက် ပိုမိုချစ်ရသောသူ၏ညီများနှင့်တော့ ထိုအသိတရားကို မလဲနိုင်ပေ.. ..ဆရာတော် ပြောသည့် ရွေးချယ်စရာလမ်းဟူသည်က ပုလွေအား အဆုံးစီရင်ရန်ဟု ဆိုလိုသည်ပင်မဟုတ်လား...
             ဆရာတော်က ထင်းလွေ၏ မီးလျှံသဖွယ်တောက်လောင်နေသည့် အမူအယာကိုမြင်လျှင် လက်အုပ်ချီကာ တရားတစ်ပုဒ်ကို ရွတ်လိုက်၏.... ချိုလွင်သာယာသော ကဗျာရွတ်ဆိုနေသည့်နှယ် ထိုတရားသံကြောင့် ထင်းလွေ၏ မျက်လုံးအရောင်မှာ အနည်းငယ်လျော့ကျသွား၏...
              သတ္တိရှိလှပါသည်ဆိုသော အားကွေ့ပင် ထင်းလွေ၏ ဒေါသကြောင့် ဘောင်းဘီပင် စိုချင်သလိုဖြစ်သွာသည်..
           တရားစာလည်းအဆုံးတွင် ထင်းလွေလည်း ပုံမှန်အခြေအနေသို့ပြန်ရောက် သွား၏ .. ထို့နောက်ဆရာတော်အား..
          '''မိတ်ဆွေကြီး ပုလွေကို ဒီကို လွတ်စေချင်တယ် .. ဒီခွေးလိုကောင်ကို.. '''
           '' စိတ်လျော့ ..စိတ်လျော့ .. သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့ သူ ရှိပါလိမ့်မယ်.. ကောင်းပြီ မိတ်ဆွေကြီးက ခေါ်စေချင်တယ်ဆို ရင် ..အားကွေ့ကို အခေါ်လွတ်လိုက်မယ်... ''
          ဟုဆရာတော်၏အပြောကို ထင်းလွေက
    ''နေအုံး ..အားကွေ့ ဒီတိုင်းဆိုဒီကောင်လိုက်လာချင်မှ လိုက်လာမှာ ရော့ ဒီတံဆိပ်ယူသွား .. အဲ့ဒါပြလိုက် ..''
       
 အားကွေ့က ထင်းလွေပေးသော သစ်သားတံဆိပ်ကို ယူပြီး အောက်ဆင်းရန်ပြင် လိုက်၏ ..သို့သော် မည်သို့ဆင်းရမည်မသိ
          ဆရာတော်က အားကွေ့အား ..
      ''' ခုန်ချလိုက် ..လူလေး ဘာမှမဖြစ်ဘူး'''
         ရှောင်လင်ဂိုဏ်းချုပ်ကြီး၏စကားမှမယုံလျှင်မည်သူ့ စကားကိုယုံရမည်နည်း ဟုတွေးကာ မျက်စိမှိတ်ကာ ခုန်ချလိုက်သည် ..
        '' ဘုတ်..'''
        ဆရာတော်၏အတွင်းအားကား အံ့မခန်းဖွယ်ကောင်းသည်ကို ထိုအချိန်တွင်မှ အားကွေ့.   ကြုံရတော့သည်.. တောင်ခါးပန်း အပေါ်မှ   အတွင်းအားသုံး ကာ  ထိန်းပေးလိုက်သောကြောင့် လေးပေခန့် အမြင့်မှ ခုန်ချလိုက်သည့်  နှယ်သာ အားကွေ့ ကျသွား၏..
          အားကွေ့လည်းအောက်ရောက်သည်နှင့်ဆရာတော် လမ်းညွှန်သည့် အတိုင်း ပြေးတော့သည် .. ဗိုက်ဆာသည်ပင်ဘယ်ရောက်သွားသည်မသိပေ...
          အမွှေးတိုင်တစ်တိုင်ကုန်လုလုအချိန်တွင် ဒါဏ်ကျဆောင်၏ အနောက်ဖက်သို့ အားကွေ့ရောက်သွား၏.. သစ်ပင်များကြားမှ အားကွေ့အထွက်တွင် နောက်ဖေးတွင် အသားဟင်းခိုးချက်နေသော လက်တစ်ထောင်ထန်ဖုနှင့်တည့်တည့်တိုးတော့၏..
        မည်သည့်ဟင်းချက်နေသည်ကို မသိသော်လည်း လွန်စွာမွှေးလွန်းသောကြောင့် နဂိုကမှ ဆာနေသော အားကွေ့၏ ဗိုက်အား ဓါးဖြင့်မွေလိုက်သကဲ့ပင်ဖြစ်သည်...
        ချွေးတစ်လုံးလုံးဖြင့်ချက်ပြုတ်နေသောထန်ဖုသည် အားကွေ့အားမကြည့်ဘဲနှင့်
        ''''အားကွေ့ရေ တစ်ခါထဲ မင်းဘေးနားက ထင်းတစ်စီးယူခဲ့ဟေ့ .. မင့်ဗိုက်ထဲက အသံကလည်းဆူညံနေတာပဲဟ တော်တော် ဆာနေ ပုံပေါက်တယ် .. ခဏတော့ စောင့်ကွာ ပြီးမှအတူတူစားကြမယ် .. '''
        အားကွေ့လည်းထန်ဖုခိုင်းသည့်အတိုင်း .. ထင်းတစ်စီးယူကာပေးပြီးသည့် နောက် ငွေမျက်နှာသမားတော်ကြီးအား ထင်းလွေခေါ်သည့်အကြောင်းသွားပြော လိုက်သည် .. အစက မယုံကြည်သေးသော်လည်း တံဆိပ်ပြလိုက်သည်နှင့် .. သုတ်တီးသုတ်ပြာပြေးတော့၏...
         ထိုအခါတွင်မှ အားကွေ့လည်း ဟင်းချက်နေသည့် ထန်ဖုအား သွားကူညီ လိုက်သည်..
        ''ဘုန်းဘုန်းထန်ဖု ဒါဘာဟင်းလို့ခေါ်သလဲ .. လိုင်ချီးသီးတွေရော အသားတွေရော .. ပြီးတော့ ဒီအသားတွေက ဘယ်ကရတာလဲ.. ''
         ''မင်းနှယ်ကွာ  လုပ်စရာရှိတာလုပ် စားစရာရှိရင်စားတာ မဟုတ်ဘူး အမေးအမြန်းကထူပါ့..''
            အငေါက်ခံလိုက်ရသောကြောင့် ခေါင်းလေးကိုပု လျှာလေးကိုထုတ်ပြီး အားကွေ့တစ်ယောက် တစ်ဖူးဖူးနှင့် မီးထိုင်မှုတ်နေစဉ်...
            ''ရွာထဲမှာ ငါ့တပည့်တစ်ယောက်ရှိတယ်ကွ ..အဲ့ကောင်က မုဆိုး ဒီဆန်းဆက်တောထဲမှာ အမဲလိုက်နေတာ ဘာပဲလိုလို ဒီကောင့်ကို မှာလို့ရတယ် ..တပြားမှပေးစရာမလိုဘူး .. ဒါလေးပေးလိုက်ရုံပဲ ..'''
              ထန်ဖုပြသော ဗူးဝိုင်းလေးအား စိတ်ဝင်စားစွာဖြင့် ကြည့်ပြီး
      '''အထဲမှာဘာပါလို့လဲ ..'..
      ''ဟဲဟဲဟဲ..ဒါငါ့လျှို့ဝှက်ချင်ကွ မင်းကိုဘယ်ပြောလို့ဖြစ်မလဲ '''
      ''လုပ်ပါဗျာ .. သိချင်လို့ပါ ...'''
       ''နောက်မှပြောမယ်ကွာအဲ့အကြောင်းကို .. ခုနမင်းမေးလိုက်တာ ဘာ ..အော်သိပြီ .. အခုချက်တဲ့ဟင်းလား  .. ဒီဟင်းကို နှယ်နှယ်ရရများမထင် နဲ့ ..
ထန်ဘုရင်မကြီးစားတဲ့ နန်းတွင်းဟင်းလျာကွ.. .. ထန်ဘုရင်မကြီးအကြောင်း သိတယ်မို့လား ''
         ''အံမာ ဘာလို့မသိရမှာလဲ .. ဆွေ့မင်းဆက် ပြီးတော့ ထန်မင်းဆက် .. ထန်မင်းဆက်မှာ ဘုရင်မကြီးဝူ နန်းတက်တာလေ ..သမိုင်းမှာ တစ်ဦးထဲသော ဘုရင်မကြီး တန်ခိုးလဲထက်တယ် ..သူ့ရဲ့  မိန်းမစစ်သည်တော်တွေက ယောင်္ကျားလေးတပ်ထက်ကို တိုက်ရည်ခိုက်ရည်ကောင်းတယ် ဆိုပဲ .. ဘုရင်မကြီး ၀ူလက်ထက်မှာ ကျွန်တော် သဘောကျတဲ့ သူ တစ်ယောက်ရှိတယ် .. အမြင့်ဆုံး နန်းတွင်း စုံစမ်းရေးအရာရှိ ဒီး ဆိုတဲ့လူ .. ''
        ထန်ဖုသည် ဟင်းအိုးမွှေနေရာမှ စုတ်တစ်သတ်သတ်လုပ်ကာ ..
     ''ကျွတ်ကျွတ်ကျွတ်ကျွတ်.. ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်သိနေတာ မကောင်းဘူးကွ .. မင်းအရွယ်က ဘာမှမသိဘဲ ဆော့လိုက် ပြေးလိုက် လုပ်နေရမှာ အခုမင်းက သိထားတာ သိပ်များတော့ .. လူကြီးလည်း မဟုတ် ကလေးလိုလဲ လုပ်မရနဲ့ .. တော်တော်ဂွကျတဲ့ကောင်ပဲ ..ငါကတော့ မင်းကို ကြည့်လို့ သနားတယ် အားကွေ့ . ဒါပေမယ့် မင်းဖြေတာမှန်တယ် .. အခုချက်နေတာ အဲ့ဒီဘုရင်မကြီး အရမ်းကြိုက်တဲ့ နန်းတွင်းဟင်းလျာကွ .. ငါတောင်မှ ဒီဟင်းချက်နည်း သိဖို့ စားဖိုမှူးပေါင်း နှစ်ဆယ့်ရှစ်ယောက်တောင်သတ်ခဲ့ရတာ ..''
      ''အဲ့နည်းလေး ကျွန်တော့်ကိုပြောပြပါလား.. နော်..''
     ''ထွီ ..မင်းကျွေးတာတောင်လွန်လှပြီကွာ ..စေတနာပျက်အောင် မလုပ်နဲ့အားကွေ့ ငါခုနကပြောသလိုပဲ ကလေးဆိုတာ အများကြီးမသိရဘူး ''
     '' ဟင်းချက်နည်းလဲမယ်ဆိုရင်ကော..'''
      ''မင်းလိုကလေးမျိုးက ဘာဟင်းချက်နည်းသိမှာလဲ ..သိတယ်ဆိုရင်တောင် တောချက်တောင်ချက်ပေါ့ကွာ...''''.
     ''ဟားဟားဟားဟား...တောချက်တောင်ချက်ပေါ့ဟုတ်လား..ကျောင်းစွတ် ရိရာဟွန်ထွမ့်    月牙馄饨 (လခြမ်းသဏ္ဍန်မုန့်) ကို တောမုန့်လို့ပြောလို့ရသလား..''''
     '''ဘာ... ကျောင်းစွတ် ဟုတ်လား.. ''
    ထန်ဖု     ဟင်းမွှေသောဇွန်းပင်ပြုတ်ကျသွားသည်...
   ''ဟဲဟဲဟဲဟဲ သမားတော်ကြီး ကျန်းကျူံးချင် ရဲ့ ..ကျောင်းစွတ်(၀ါ) ရိရာဟွန်ထွမ့် ပေါ့ဗျာ '''
      ''ကောင်းပြီ ငါ့နည်းကို ပြောပြီးမင်းနည်းကိုမရလို့ကတော့ ညီလေးတုနဲ့ နောက်မှ ကြည့်ရှင်းလိုက်တော့မယ် ..'''
      '' ဟဲဟဲ  .. ဘုန်းဘုန်းထန်ဖုသဘောပါဗျာ ''
       ''တစ်ခါထဲနားထောင်နှစ်ခါမပြောပြဘူး.. ခုတ်ထားတဲ့ ကြက်ရင်အုံသားကို ဆီ ..ဆား.. ဟင်းချက်အရက်..ကော်မှုန့်နဲ့နှယ်..ဂျင်းငါးပြား ကြက်သွန်ဖြူငါးမွှာကို နူတ်နူတ်စဉ်းပြီးဆီသတ် .. ခုတ်ထားတဲ့ကြက်သားကို အတုံးလေးဖြစ်သွား အောင်ကြော်.. ပဲပိစပ်အရည် နည်းနည်းထည့်..ပဲငံပြာရည်..(သကြား ..ကြက်သားမှုန့်) နဲ့ရှာလကာရှည်ထည့် .. (သီဟိုဋ်စေ့)နဲ့ကြက်သွန်မြိတ်ကို ထည့်မွှေ ..ပြီးရင် လိုက်ချီးသီး ဆယ်လုံး..ကိုထည့် ဟင်းလုံး.. ညှက်ညှက်ထောင်းထားတဲ့ ပန်းငြုတ်စေ့ ထည့်ပြီး ချလိုက်ရင်ရပြီ...''''
        အားကွေ့က
        ''သိပြီသိပြီ ..ဟင်းလည်းကျက်ပြီ အရင်စားရအောင်ဗျာ ..စားပြီးမှ ကျွန်တော့နည်းကိုပြောမယ် ..''
     ''အေး ...ငါ့ကို ကလိမ်ကျလို့ကတော့ အကိုနှစ်လို ညှာမှာမဟုတ်ဘူးနော်''
         ထို့နောက် မီးဖိုပေါ်မှချပြီးသည်နှင့် နှစ်ယောက်သား ထမင်းဖြင့် လွေးကြလေ၏...
       
           
...'''.......''''......'''....
         သစ်တောက်ငှက်သည် ကျောက်နံရံကို တစ်တောက်တောက်နှင့် လာခေါက်နေ ရင်း လှိုင်ဂူထဲမှအသံထွက်လာသောကြောင့် လန့်ဖြတ်ကာပြန်ပြေးသွား၏
      အသံရှင်ကား ရှောင်လင်ဂိုဏ်းချုပ်ဆရာတော်၏ အသံဖြစ်သည်..
       ''မိတ်ဆွေကြီးထင်း ဒီကောင်လေးရဲ့အရိုးအဆစ်တွေကို သတိထားမိရဲ့မို့လား ဘယ်သူနဲ့မှမတူဘူး ဒီလောက်အချိုးအစားမပြေပြစ်တဲ့လူမျိုး တစ်သက်မှာ တစ်ခါတောင် မတွေ့ဖူးဘူး .. မိတ်ဆွေကြီး ဒီကလေးကို ဘယ်လိုမြင်လည်း..''''
      ''ကျုပ်ကတော့ .. ဒီကလေးက အကောင်းဖက်ကိုရောက်မယ်ဆိုရင် မိတ်ဆွေကြီး လိုဖြစ်မယ်ထင်ပြီး .. အဆိုးဖက်ရောက်ရင်တော့ ကျုပ်လိုဖြစ်လိမ့်မယ်လို့ထင်တယ် ''
ဆရာတော်က အပြင်ဘက်ကို လှည့်ကြည့်ရင်း...
       ''''ဒါပေမယ့် ခက်တာက သူ့ရဲ့ အရိုးအဆစ်တည်နေပုံအရ သိုင်းပညာသင်လို့ မရတာပဲ.. ''''
         ဆရာတော်၏စကားကို သဘောကျသလို ပြုံးလိုက်ပြီး ထင်းလွေမှ
       '''' သင်လို့မရတာမဟုတ်ဘူး ဆရာတော် သင်လို့ရလို့ခက်နေတာ .. ဒါပေမယ့် ဆရာတော်တို့လို သူတော်ကောင်းတွေက လက်သင့်ခံမှာမဟုတ်ဘူး .. အထက်လမ်း သိုင်းလောကမှာ ကိုယ်ခန္ဓာအချိုးအစားအပြေပြစ်ဆုံးသူက သိုင်းသင်ကြားလို့ အကောင်းဆုံးဆိုပေမယ့် အောက်လမ်းသိုင်းပညာက တမူထူးခြားတယ် ...ကိုယ်ခန္ဓာ အချိုးအစားမပြေပြစ်တဲ့သူက ကျုပ်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ ..    ''
          ''ဟင်...'''
.....======++++====++***++++(()

Comments

Popular posts from this blog

အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)

အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)

အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)