အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)
#31 ( အစ၏အဆုံး ..အဆုံး၏အစ )
အမှန်စစ်စစ်ထိုညလူမှာ ဆွမ်းချက်ဆောင်မှ ရှု့ယီပင်ဖြစ်၏ .. ရှု့ယီသည် ဆရာသမား၏ခိုင်းစေချက်အရ သိုင်းကျမ်းများကို လာရောက်ခိုးယူခြင်းဖြစ်သော်လည်း ယခုတွင်မူ သရဲလိုလို တစ္ဆေလိုလို ကောင်ကြောင့် ကြက်သီးမွှေးညှင်းများ ထိုးထိုးထောင်ထောင် ထကာ လန့်ဖြန့်၍နေမိလေပြီ..
ရှေ့ကိုကြည့်လျှင် နောက်မှနေ၍ တို့လိုက် ဆိတ်လိုက် လေဖြင့်မှုတ်လိုက်လုပ်၏ ပြန်လည့်ကြည့်လိုက်လျှင်ရှေ့စီမှ ခိုးခိုးခစ်ခစ်ရယ်၏ .. ထိုသို့ လုံးချာလိုက်နေစဉ်
''ဖတ်..''
'' အမလေးဗျ..'''
သူ၏တင်ပါးမှ စပ်ဖျင်းဖျင်းဝေဒနာကို ခံစားလိုက်ရသည် .. တင်ပါးမှနာသည်ထက် ဦးနှောက်ထဲမှ ကြောက်စိတ်က ပို၏..
''ဘုရား..ဘုရား ကန်တော့ပါတယ်ဗျာ .. ကျွန်တော့်ကိုခွင့်လွတ်ပါဗျာ..'''
ရှု့ယီသည် သူ၏၀ဲဘက်လက်ဖြင့် တင်ပါးကို ပွတ်ရင်း ပါးစပ်မှ ဗလုံးဗထွေးအော်နေ၏ ကြောက်သည်ကတစ်ကြောင်း ပါးစပ်ထဲတွင် ဆီစိမ်စက္ကူဖြင့်လုံးထုတ်ထားသော ဆေးလုံးငုံထားသည်ကတစ်ကြောင်း အသံမှာ တုန်ယင်လျှက်ရှိသည်
''''ဟားဟားဟားဟား .. သူခိုးတဲ့ တော်တော် သတ္တိရှိတဲ့သူခိုးပဲ ဘယ်သူလဲ တာမောဆောင်မှာ ဘာလာခိုးတာလဲပြောစမ်း .. အားကွေ့ တစ်ယောက်လုံး စောင့်တဲ့ ဒီလိုအဆောင်မျိုးမှာ ပစ္စည်းခိုးဖို့ကြံရဲတယ်ဆိုနည်းနည်းနောနောသတ္တိမဟုတ်ဘူး ..'''
ရှု့ယီကို အကြောက်လွန်သော ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ပြီး .. အသံဖျက်ကာ ...
''ဟင် ...ခွေးကောင်လေး လူကြီး ကို နောက်နေရတယ်လို့ .. ကိုင်းကွာ''
ရှက်ဒေါသဖြစ်ဖြစ်နှင့်ရှု့ယီသည် မကြာခင်ကမှ တတ်မြောက်ထားသော တောင်ပင်လယ်စွန်ကုတ်လက်သိုင်းဖြင့် အားကွေ့အားကုတ်ဆွဲလိုက်သည် ..
ထိုတောင်ပင်လယ် စွန်ကုတ်လက်သိုင်းမှာ ထိပ်တန်းသိုင်းသမား အကျော် အမော်များပင် ခက်ခက်ခဲခဲ အသက်လုရှောင်တိမ်းရသော အကွက်ပင် ..
သို့သော် တာမောဆောင်ရှိ ရှိသမျှသိုင်းကျမ်းအား အရည်ကြိုသောက် ထား သောအားကွေ့အတွက်တော့ ရယ်ရွှင်ဖွယ်ရာ အကွက်မျှသာဖြစ်သည် ..
မျောက်မိစ္ဆာ လေဟုန်စီး ဟူသော အောက်လမ်းခြေသိုင်းကွက်အား အသုံးပြုကာ ရှု့ယီ၏ဂျိုင်းကြားအောက်မှ ထွက်သွား၏ ..
ရှု့ယီ ရှောင်တိမ်းသွားသော အားကွေ့အား မယုံသလို ဖြစ်သွားသော်လည်း အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် .. နောက်ထပ် သိုင်းကွက်ဖြစ်သော စွန်ရဲတောင်ပံလှည့် ဟူသည့် နောက်ပြန်လက်သိုင်းကွက်ဖြင့် သူ့အနောက်သို့ လည့်ကာ တိုက်ခိုက်လိုက်ပြန်သည် ..
ဒီတခါမှာတော့ အားကွေ့မှာ အသည်းကွဲတောင်ကြားမှ သိုင်းကွက်ဖြစ်သော မုန်းတီးခြင်းလမ်းစ ဟူသည့် လက်သိုင်းဖြင့် ခုခံလိုက်၏ ..
'' ဖုန်း''
ဟူသော အသံထွက်ပေါ်လာရင်း ရှု့ယီမှာ နောက်သို့ ခြေခုနှစ်လမ်းတိတိ ယိုင်တိ ယိုင်တိုင်နှင့်ဆုတ်သွားလိုက်ရသည်..
အကယ်၍သာ မျက်နှာဖုံးမစွပ်ထားဘူးဆိုလျှင် သူ၏ ရှုံ့မဲ့နေသော မျက်နှာ ကို အားကွေ့ မြင်လိုက်ရမည်ဖြစ်၏..
နှုတ်ခမ်းထောင်မှ ပူနွေးသော သွေးများစီးကျ လာသည့် အပြင် ရင်ဝမှ အောင့်တောင့်တောင့် ဝေဒနာကြောင့် အတွင်းဒါဏ်ရာရသွားပြီးမှန်း ရှု့ယီမှာ သိလိုက်ရသည်..
အသက်ဆယ့်သုံးနှစ် အလွန်ဆုံးမှ ဆယ့်လေးနှစ်မျှသာရှိသော ထိုဂတုံးသည် မည်သည့်အတွက်ကြောင့်ဤမျှ အတွင်းအားကောင်းနေရသနည်း .. မိမိ၏ ဆရာဖြစ်သူပင် ထိုကတုံးလောက်အတွင်းအားမပြည့်ဝပေ ..
စိတ်ထဲတွင် အားကွေ့ဟုပင် မမြင်တော့ဘဲ ဖုတ်တစ္ဆေမှင်စာဟုပင် ထင်မြင် မိတော့သည်..
ဒါတောင်အားကွေက အတွင်းအားကို ဆယ်ပုံငါးပုံမျှသာ အသုံးပြုသေးသည်ကို သိလိုက်ရမည်ဆိုလျှင် ချက်ချင်း လန့်ကာ အသက်ထွက်သွားနိုင်၏ ..
အားကွေ့သည် မိမိ အသာစီးရနေသည်ကို သိလိုက်ရသောကြောင့် ခပ်ကြွားကြွားဖြင့် ...
'' သူခိုးဂျပိုးကောင် သိပြီလား နောက်နောင်များ အားကွေ့ကိုတွေ့ရင် ဆရာ ဆရာဆိုပြီး ရိုရိုသေသေဆက်ဆံစမ်း .. မတောက်တခေါက်ပညာလေးနဲ့ အားကွေ့ ရှိတဲ့နေရာမှာ ပစ္စည်းခိုးဖို့မကြံလေနဲ့ ..မှတ်ထား''
ရှု့ယီမှာ နို့နံ့ပင် မစင်သေးသော ထိုကလေး၏ ဆောင့်ကြွားကြွား အမူအယာကို အမြင်ကတ်လွန်းလှသဖြင့် ပညာခြင်းကွာသည်ကို ပင် မစဉ်းစားတော့ဘဲ ..
''ခွေးကောင်.. မင်းလို ကလေက၀ကောင်ကိုများ ဆရာခေါ်မဲ့အစား ခွေးကို ...
အွတ်... အမလေးဗျ..''''
စကားမဆုံးသေးခင်တွင်ပင် အားကွေ့က လျှပ်ပစ်သလို ရောက်လာပြီး သူ၏ ကလေးလက်ညိုးဖြင့် ရှု့ယီ၏ရင်ဝသို့ထောက်လိုက်၏ ..
ရှု့ယီမှာ ဆယ်ပေါင်တူကြီးဖြင့် ရင်ဝကို ထုမိလိုက်သလိုခံစားရပြီး တကိုယ်လုံး တုန်ခါသွားကာ ပါးစပ်ထဲတွင်ထဲ့ထားသော ဆေးလုံးကြီးပါ ၀မ်းထဲရောက်သွားသည်..
အားကွေ့ကလည်း သူခိုး မျက်နှာကို မြင်လိုသဖြင့် မျက်နှာဖုံးကို ဆွဲချွတ်လိုက်ရာ ..
ဆေးစွမ်းကြောင့် ပြည်တရွှဲရွှဲနှင့် အဖုအပိမ့်များထနေသည့် ရွံရှာဖွယ် အတိဖြစ်သော မျက်ခွက် ကြီးကို တွေ့မြင်လိုက်ရ၏...
ကလေးပီပီ ထိုကျက်သရေတုံးလှသော မျက်ခွက်ကြီးအား အတွေ့တွင် လန့် သွားကာ နောက်သို့ခြေလှမ်းအဆုတ်တွင် ..
ရှု့ယီမှာ တကိုယ်လုံးနာကျင်ကိုက်ခဲနေသည့်ကြားမှ ဖားပြုတ်ဘုန်းကြီး၏ ဗူးသီးခြောက်ဖြင့် အားကွေ့အားပစ်ပေါက်လိုက်သည်..
'' ၀ှီး..''
'' ဖောင်း'''
အားကွေ့က အတွေ့အကြုံမရှိသူပီပီ ထိုဗူးသီးခြောက်အား လက်ဖ၀ါးဖြင့် ရိုက်ခွဲလိုက်ရာ ..ယမ်းစိမ်း ပေါက်ကွဲသွားကာ နွားချီးခြောက်များ ထုံးမှုန့်များ နှင့် ၀န်းကျင် တစ်ခုလုံး မမြင်ရ လောက် အောင်ေ၀၀ါးသွားလေသည် ..
''အဟွတ် အဟွတ် နံလိုက်တာ .. ထွီ ..ဘာကြီးလဲ''
ချောင်းတစ်ဟွတ်ဟွတ် ဆိုးပြီး အမှုန်များကို လက်ဖြင့် ခါယမ်းနေစဉ်တွင် ရှု့ယီတစ်ယောက် ရှိသမျှအတွင်းအားကို ထုတ်၍ကိုယ်ဖော့ပညာဖြင့်ဆွမ်းချက်ဆောင် သို့အားကုန်ပြေးသွား၏ ..
ဖားပြုတ်ဘုန်းကြီး၏ ဆေးစွမ်းကြောင့် မျက်လုံးအစုံမှာ နီရဲဖောင်းကားကာ အသက်ရှုသံပင် မမှန်ချင်တော့..အားကွေ့၏ လက်ညိုးတောက်ချက်ကြောင့် ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲထွက်လုမတတ်နာကျင် နေသည်မှာ သူ၏လက်မောင်းအား ယဲ့ယွင် ခုတ်ဖြတ် စဉ်ကထက် အဆတစ်ထောင်လောက်ပိုခံစားနေရသလိုပင်..
.....'''..... ''....'''....'''....''...''...''.
ဆွမ်းချက်ဘုန်းကြီးမှာ ဆွမ်းစားဆောင်တွင် တစ်ယောက်ထဲ ထိုင်ကာ အတွေးနှင့် ပျော်မြူးနေသည် .. သုံးနှစ်ကျော်မျှ အောက်ခြေသိမ်း အလုပ်ကို လုပ်ကာ နိမ့်နိမ့်ကျကျနေခဲ့ရသည့် ရက်အတွက် ဆုလာဒ်အဖြစ် တပည့်ကျော် ရှု့ယီက ခဏနေလျှင် သိုင်းကျမ်းများ တပွေ့တပိုက်ဖြင့် ပြန်လာတော့မည်မဟုတ်လား ..
သူ၏အဆီတ၀င်းဝင်းသော မျက်နှာကြီးသည် မီးရောင်အောက်တွင် ကျက်သရေ ကင်းမဲ့စွာပင်ပြုံးနေတော့၏ .. ပြဲလန်နေသည့် ပါးစပ်ကြီးကလည်း ..
''' အားကွေ့ ..အားကွေ့ .. မင်းလေးက ရှောင်လင်မှာတော့ ငါသဘောအကျဆုံး ကလေးတစ်ယောက်ပါကွာ ..ဒါပေမယ့် ငါတို့ရဲ့ တက်လမ်းအတွက် မင်းကို စတေး လိုက်ရတာတော့ စိတ်မကောင်းပါဘူး .. စိတ်ချပါကွာ မင်းသေသွားရင် ငါရွှေစက္ကူ ငွေစက္ကူတွေကို မီးရှို့ပေးပါမယ် ..ဟဲဟဲဟဲ ''''
''ဒေါက်..ဒေါက်..ဒေါက် ..''
တံခါးခေါက်သံကြားရ၍ ဆွမ်းချက်ဘုန်းကြီးမှာ ဆတ်ကနဲ့ ကျောမတ် သွားပြီး
''ရှု့ယီလားဟ့... မင်းနှယ်ကွာ တံခါးက စေ့ရုံစေ့ထားတာ ဖွင့်လာလိုက်လေကွယ် .. ''
နောက်မှ သတိရသွားကာ ..
''အော် ဟုတ်သားပဲ ..ငါမလဲမေ့တတ်လိုက်တာ .. ဒီကောင်က လက်တစ်ဖက် ပဲရှိတော့ သိုင်းကျမ်းတွေ သယ်လာရတာနဲ့ ဘယ်ဖွင့်နိုင်ပါ့မလဲ ...''
ဟု တွေးရင်း တံခါးသွားဖွင့်ကာ
''လာပြီဟေ့ .. လာပြီ... ဘယ်နှယ်လည်း ကိစ္စ အဆင်ပြေ..ပြေ..''''
သူတွေ့လိုက်ရသည်က တကိုယ်လုံးပြည်များ စိုရွှဲလျက် အပုပ်နံ့ ထောင်းထောင်း ထနေသည့် တံခါးဝတွင် လဲလျောင်းနေသော ချစ်တပည့် ရှု့ယီပင်..
သိုင်းကျမ်းနှင့်တူသည်ဟူ၍ စက္ကူစုတ်ပင်မတွေ့ ..
ဘေးပတ်ဝန်းကျင်အားပြာရိပြာယာ ကြည့်ကာ အပုပ်ကောင်ရုပ်ဆောင်နေသော ရှု့ယီအား အတွင်းထဲသို့ ဆွဲသွင်းလိုက်သည် .. ထို့နောက် ဖြေဆေးကို ပါးစပ်ထဲ ထည့်ကာ ၀မ်းထဲရောက်သွားအောင် လည်ချောင်းကို ပြုပြင်ပေးလိုက်ပြီး .. အ၀တ်အစားများကို ဆွဲချွတ်လိုက်၏ .. ထိုအခါမှ ရင်ဝ တွင်မီးရောင်ကျွမ်း သကဲ့သို့ အကွက်မည်းကြီးကို မြင်လိုက်ရသည် ..
'' ဟင် .. ၀ရဇိန်သူရိန် လက်ညိုး .. ဘုရားရေ ဒီိသိုင်းက ပျောက်နေတာ နှစ်ပေါင်းကြာလှပြီ .. သေမင်းသခင်ရဲ့ သိုင်းပညာကို တတ်သေးတဲ့လူ လောကမှာ ရှိသေးသတဲ့ ဘုရားဘုရား .. တော်သေးတယ် .. ချက်ခြင်း အသက်မသေ သွားလို့ '''
နူတ်ဖြားမှ တစ်တွတ်တွတ်ရေရွတ်ရင်း ရင်ဘတ်သွေးကြောများအား ပိတ်လိုက်သည် .. ထို့နောက် အခန်းထောင့်တွင်ရှိသော ဖရဲသီးများအား ထက်ခြမ်း ခွဲ၍ တကိုယ်လုံးအား အစုန်အဆန် ပွတ်သပ်ပြီးနောက် ရေဖြင့် ရှု့ယီ၏ ကိုယ်ပေါ်သို့ လောင်းချလိုက်၏...
''ရှဲ'' ဟူသော အသံထွက်လာပြီး ရှု့ယီ၏ ကိုယ်မှ အငွေ့များထောင်းထောင်းထ လာ၏ ..
. ထို့နောက်ရှု့ယီ အား သယ်မကာ နောက်ဖေး နှင်းပုံကြားထဲတွင်ခေါင်းသာ ဖော်၍ မြုပ်ထားလိုက်၏ .. မည်မျှ အပူကြီးနေသည်မသိ နှင်းပုံကြီးပင် အရေ ပျော်လုလု ဖြစ်သွားသည်..
ဖားပြုတ်ဘုန်းကြီးသည် အခန်းထဲသို့ပြန်ဝင်ကာ ထိုင်ခုံပေါ်တွင်ထိုင်ရင်း ..
'''' ဆရာတော်ခုန်းချင့် လက်ချက်တော့မဖြစ်နိုင်ဘူး .. ဆရာတော်ဆို ဒီလို ရက်စက် ကြမ်းကျုတ်တဲ့ အောက်လမ်းသိုင်းသုံးမှာမဟုတ်ဘူး ..ဒါဆို .. ဒါဆို ဆရာတူအကိုပဲဖြစ်ရမယ် .. ဟုတ်တယ် ဆရာတူအကိုကလွဲရင် ဒီလို အောက်လမ်း သိုင်းကို ဘယ်သူမှသုံးနိုင်မယ်မထင်ဘူး .. သေချာသွားအောင် ငါသွားကြည့်ရင် ကောင်းမလား.. တော်ကြာ ငါ့ကိုတွေ့သွားရင် ဖွတ်မရ ဓါးမဆုံးလဲ ဖြစ်သွားနိုင်တယ် . အင်း... နောက်များမှ စုံစမ်းရမယ် .. ''''
....''....''''....'''......
ထိုအချိန်တွင် အားကွေ့ကတော့ နွားချီးခြောက်များ ထုံးမှုန်များပေပွလျှက် စိတ်တိုနေသည် ..
''ထွီ .အောက်တန်းစားသူခိုး . လူကိုမနိုင်တာနဲ့ ယုတ်တီးယုတ်ပတ် လုပ်သွားတယ် .. ဒါကြောင့်လည်းသူ့ရုပ်က အော်ဂလီဆန်စရာကောင်းတာ .. ပြည်ပုပ်တွေချည်းပဲ.. အော့..အမလေး နံလိုက်တာနော်..'''.
''အားကွေ့ .'ဘာဖြစ်နေတာလဲ ..တကိုယ်လုံးလည်း ပေပွနံစော်နေတာပဲ ..ပေါက်ကွဲသံလိုလို ကြားလိုက်လို့ ငါလာခဲ့တာ '''
ဆရာတော်ခုန်းချင့်သည် သင်္ကန်းကြီးတဖားဖားနှင့်ရောက်ချလာပြီး အားကွေ့အားမေးလိုက်သည်...
အားကွေ့က ..
''ဆရာတော် တပည့်တော်တို့ အဆောင်ကို သူခိုးကပ်တယ် ဘုရား .. အဲ့ဒါတပည့်တော် ထွက်တားတော့ ဒီဗူးသီးခြောက် နဲ့ပစ်သွားတယ် .. ဘာတွေထည့် ထားလည်းတော့မသိဘူး နံလိုက်တာတော့ မပြောနဲ့တော့ ..'''
''တယ် ..ဒီကလေးကတော့ ကိုယ့်ဟာကိုယ် ဆော့ချေပြီး ..သူခိုးကပ်သလေး နဲ့သွား သွား ..စမ်းပေါက်မှ ရေသွားချိုးချည် .. အကြာကြီးလည်း မချိုးနဲ့ အအေးပတ် လိမ့်မယ် ကြားလား ..''
အားကွေ့သည် သူ့စကားအားမယုံကြည်တော် ဆရာတော်အား မကျေမနပ် ဖြစ်ပေမယ့် မည်သို့မျှပြန်မပြောတော့ ... အကယ်၍ ပြောလိုက်လျှင် သူသိုင်းတတ် ထားသည် မှာပေါ်သွားတော့မည်ပင် .. ထိုအခါ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်သည် မဟုတ်လား ...
ထိန်ထိန်သာနေသော လမင်းပင် အားကွေ့ဘက်က မဟုတ်ဘူးထင်သည် .. တိမ်ကြားသို့ဝင်ရောက်သွားသဖြင့် အရိပ်အယောင်ထင်ရုံသာ ခပ်ဝါးဝါးမြင်ရ၏ ..
သို့သော် အတွင်းအား ပြည့်ဝနေသော အားကွေ့အတွက်တော့ ဤ၀ိုးတ၀ါး အလင်းရောင်သည် နေ့နှင့်သိပ်မထူးခြားနားပေ..
နံစော်နေသော သင်္ကန်းအား ချွတ်ကာ မိမွေးတိုင်း ဖမွေးတိုင်းဖြင့် စမ်းပေါက် ဆီသို့ဆင်းလာ၏ ... နှင်းထုကလည်း အဆုပ်လိုက် အဆုပ်လိုက် ကျနေသည်ပင် ..
အေးစက်နေသည့် ဆန်းဆက်တောင်တွင် ကိုယ်လုံးတီးနှင့် လမ်းလျှောက်သူ ဟူ၍ အားကွေ့တစ်ယောက်သာရှိမည်ထင်သည်..
စမ်းပေါက်မှာတောင်ခြေတွင်ရှိသောကြောင့် လမ်းရိုးလေးအတိုင်းဆင်းလာစဉ် တောင်အလယ်လောက်၌ နဘေး တောတန်းထဲမှ အသံကို ကြားလိုက်ရ၍ ရပ်၍ နားထောင်လိုက်ရာ ....
'''' ကိုင်း .. အစကနေပြန်စမယ် ..ခြေထောက်ကို ကွေးထား တုတ်ကို ခပ်မြောက် မြောက်ကိုင်ထားမယ် .. ဘယ်ဘက်လက်က သူများပုခုံးပေါ်လက်တင် ထား .. အဲ့ ဘယ်ဘက်လက် က အဓိကနော် .. အတွင်းအားအချင်းချင်း ချိတ်ဆက်မိနေအောင် လွတ်ထားရမယ် .. ဒါမှ လော့်ဟန်ရဟန်း ၀င်္ကပါ ဟာအသက်ဝင်လာမှာပထမအကွက် က ရဟန်းပျို ဦးချ .. ဒုတိယအကွက်က ဆွမ်းကပ်ကျောင်းတင် ရပြီလား.ဟေ့ကောင် သွားကျိုး .. နောက်လူတွေကို စောင့်အုံးလေ မင်းတစ်ယောက်ထဲ တအားကြီး မြန်နေတယ် .. '''
အားကွေ့က
''ဟင် ..လော့ဟန်အဆောင်က ညကြီးသန်းခေါင်ကျော်မှသိုင်းထသင်နေကြပါလား''
စပ်စုသည်ကိုဝါသနာသိပ်မပါသော အားကွေ့နှင့် တော့ တွေ့ကြလေပြီ..
ကိုယ်တုံးလုံးနှင့်ပင် အသံကြားရာသို့ ထွက်သွား၏ .. ထိုနေရာတွင် ကျောက်စိမ်း မြေခွေး၏ အရိပ်တစ်ရာနှင့်ခြေလှမ်းတစ်ထောင်ဟူသည့် သိုင်းက အသုံး ၀င်လှ၏.. နဘေးရှိသစ်ပင်ထိပ်ဖြားသို့ခုန်တက်လိုက်ကာ တစ်ပင်ပေါ်မှ တစ်ပင်ကူးရင်း မြင်ကွင်း ရှင်းသည့် သစ်ပင်ပေါ်မှ ဇိမ်ပြေနပြေထိုင်ကာ ကြည့်နေလိုက်သည်..
သွားကျိုးနှင့်ဒက်ပေါ အပါအ၀င် ကိုရင် တစ်ရာ့ရှစ်ပါးသည် သံဖိနပ်ကြီးများ ကို (ရှောင်လင်တွင် ကိုယ်ဖော့ပညာအတွက် သံဖိနပ်စီးကာ လေ့ကျင့်ရ၏ .. ကနဦးတွင် ငါးပိသာ .. နောက်တွင် တစ်ပိသာ တစ်ပိသာစီ တိုးတိုးပြီး လေ့ကျင့်ရသည်) စီးနင်းလျှက် ဒုတ်များကို ပြိုင်တူ ၀ဲကာဝဲကာဖြင့် ယိင်းကနေသည့် သဖွယ် လေ့ကျင့် နေကြသည် ..
သင်တန်းဆရာမှာ ဒုတ်တစ်ချေင်းကိုင်ထားသည့် လော့ဟန်အဆောင်မှူးဆရာတော် ကိုယ်တိုင်ဖြစ်၏ .. ဆရာတော်က သင်္ကန်းချွတ်ထားရာ တောင်တင်းသော ကိုယ်ခန္ဓာ ကို တွေ့မြင်နေကြ ရသည်.. အသက်အရွယ်ကြီးရင့်နေသည့်တိုင်အောင် အရိုးအဆစ် များက သန်မာနေသေး၏ ..
''' ရှစ်မျက်နှာ ဘုရားရှိခိုး .. ခြေလှမ်း အရိပ်ဖျောက် .. အမွေးတိုင်စာချ.. ''
သိုင်းကွက်တစ်ခု ကို ဆရာတော်က အော်လိုက်တိုင်း ..
တစ်ရာ့ရှစ်ပါးသော ရဟန်းတို့သည် .. ပါးစပ်မှ ''ယား'' ဟူ၍ ပြိုင်တူရွတ်က ဟန်ချက်ညီညီ သိုင်းကွက်ခင်းကြ၏..
မီးရောင်အောက်တွင် ချွေးတစ်လုံးလုံးဖြင့် သိုင်းကျင့်နေကြသော သွားကျိုး တို့အုပ်စုအား ..အားကွေ့မှာ အားကျသော မျက်လုံးဖြင့် သစ်ကိုင်းအား ခွထိုင်ကာ ကြည့်နေ၏ .. အမှန်တော့သူ၏ သိုင်းပညာ မည်သည့်အဆင့်ရောက်နေမှန်းပင် ကိုယ့်ကိုယ်ကို မသိပေ..
သို့သော်လည်း
ဒီနေ့တော့ အားကွေ့အတွက် ကံကြမ္မာဂြိုလ်စီးနေသော နေ့ဖြစ်မည်ထင်သည် ခွထိုင်ထားသော သစ်ကိုင်းအား မှီတင်းနေထိုင်ကြကုန်သော ပုရွက်ဆိတ်တို့သည် သူတို့၏ အသိုက်အမြုံကို မတော်ကရော်စော်ကားနေသည့် အားကွေ့၏ .... ... ကို အားရပါးရကိုက်ပလိုက်ကြကုန်၏ ..
အသားနုနု သွေးချေဥမတတ် အကိုက်ခံလိုက်ရသောကြောင့် အားကွေ့
တစ်ယောက် မျက်ရည်များဝိုင်းသွားကာ ..
''အား....''''' ခနဲအော်လိုက်မိသည်..
ပြသနာက ဤတွင်စ၏ ..
လော့ဟန်ဆရာတော်သည် အသံကြားလိုက်သည်နှင့်
''ဘယ်သူလဲကွ သိုင်းခိုးကြည့်နေတာ ..''
ဟုဆိုကာ လက်ထဲမှ သစ်သားဒုတ်ဖြင့် အသံကြားရာသို့ ပစ်ပေါက်လိုက်သည်..
'' ၀ှီး..ဟီးဟီး..''
နဂိုကမှ လက်မောင်းအားသန်မာလှရာ သူ၏အတွင်းအားပါ ထည့်ပေါင်း လိုက်သောကြောင့် သစ်သားဒုတ်သည် လှိုင်သံပေါက်အောင်ပင် ချာချလည်လျှက် အားကွေ့စီသို့ တန်းတန်းမတ်မတ်ပင် ပြေးဝင်လာသည်..
#32 A( အစ၏အဆုံး ..အဆုံး၏အစ )
အရှိန်အဟုန်ပြင်းပြင်းဖြင့် စင်္ကြသဖွယ် လည်ပတ်လာနေသော ဒုတ်၏ မြန်ဆန် လွန်းသောအလျှင်ကြောင့် အားကွေ့မှာ မည်သည့်နည်းနှင့်မျှ ရှောင်တိမ်းရန်မဖြစ်နိုင် တော့ပေ..
ဤမျှလည်ပတ်နေသော ဒုတ်အားလည်း လက်ချည်းသက်သက်ဖြင့် ခုခံရန်လည်း မဖြစ်နိုင်တော့ ..
တင်္ခနုတ္တပတ္တိဉာဏ်နှင့် လျှပ်တပျက်အတွေးအခေါ်အားကောင်းသော အားကွေ့ မှာ အတွေ့အကြုံ့ရင့် ထိပ်တန်းသိုင်းသမားများ ပင် မစဉ်းစားမိ သော လှုပ်ရှမှုကို ပြုလုပ်လိုက်သည် .. ၎င်းမှာ ခွထိုင်ထားသော သစ်ကိုင်းအား အတွင်းအားကုန်သုံး၍ ပေါင်နှစ်ဖက်ဖြင့် ညှပ်ချိုးလိုက်ခြင်းပင်
''ဖျောင်း ..''
ဟူသော အသံနှင့်အတူ အားကွေ့မှာ သစ်ကိုင်းကျိုးနှင့်အတူ အောက်သို့ ပြုတ် ကျသွား၏...
အသဲတယားယား ရင်တလှလှပ်နှင့် ပြုတ်သွားသော အားကွေ့ မှာ ကိုယ်ခန္ဓာအား တပတ်လည်ပြီးလျှင် လေထဲ၌ဂျွမ်းပစ်ကာ လက်ထဲမှကိုင်ထားသော သင်္ကန်းစဖြင့် အခြားသစ်ကိုင်းအား ရစ်ပတ်၍အရှိန့်တန့်လိုက်သည် ...
ဆရာတော်၏ ဒုတ်စကြာမှာ သစ်ပင်ထိပ်ဖျားအားထိမှန်သွားသောကြောင့် ..
သစ်ပင်ထိပ်ဖျားတစ်ခုလုံး မိုးကြိုးစက်ကွင်း ထိမှန်သကဲ့သို့ပင် မွစာကြဲဖွာလန် ကျိုးပဲ့သွား၏.. အားကွေ့မှာ အရေးကြုံလာလျှင် မပြာတတ် သော သူ၏ ဗီဇအတိုင်း အရွယ်နှင့်မလိုက်အောင်ပင် တည်ငြိမ်လွန်းလှသည် ..
ပင်စည်တစ်ခုလုံးတုန်ခါသွားသောကြောင့် ထိုတုန်ခါမှုကို အားအဖြစ်ပြောင်းလွဲ ကာ မျောက်မိစ္ဆာလေဟုန်စီး ကိုယ့်ဖော့ပညာဖြင့် ပေါ့ပါးစွာ ခုန်ဆင်းလိုက်၏ ... မြေပြင်ပေါ်ရောက်သည်နှင့် သင်္ကန်းအား ကိုယ်တွင်ပတ်ကာ နှင်းများဖြင့်စိုရွှဲနေသော မြေကြီးကိုယူကာ မျက်နှာတစ်ခုလုံးအားသုတ်လိမ်းလိုက်သည် ..
ထို့နောက် အရိပ်တရာ ခြေလှမ်းတစ်ထောင်သိုင်းကို သုံးကာ အားရှိသမျှ ပြေးထွက်သွား၏..
လော့ဟန်အဆောင်မှူးဆရာတော်သည် ထိုသေးသွယ်သော သိုင်းသူခိုး ၏ ဖြတ်ထိုးဉာဏ်နှင့် သိုင်းပညာအား စိတ်ထဲကျိတ်ချီးကျူးလိုက်ရင်း ..
'' ရွှီး'' ဟူသောအသံမြည်လာအောင် လေကို အဆုပ်အပြည့် ၀ အောင် ရှုရှိက် လိုက်သည် .. သူ၏ ကြွက်သားအဖုဖုသော ရင်ဘတ် ဖောင်းကြွ လာသည့် အချိန်မှ အသက်ကို အောင့်ကာ လက်နှစ်ဖက်ကို မိုးပေါ်ထောင်ပြီးရင်ဝသို့ လက်အုပ်ချီသည့် သဏ္ဍန်ပြုလုပ်လိုက်လေသည် .ခြေထောက် နှစ်ဖက်က လည်းတစ်ပြိုက်နက်ထဲ မြင်းထိုင်ပုံစံပြောင်းသွားကာ အရိုးအဆစ်များ တဗြုတ်ဗြုတ်နှင့်လှုပ်ရှား သွားပြီးနောက်
ကွေးထားသောခြေထောက်အား အတွင်းအားသုံး၍ခုန်ထွက်လိုက်သည်...
ထိုသိုင်းပညာမှာ စတုတ္ထမြောက် ဂိုဏ်းချုပ်ဆရာတော်တီထွင်ထားသည့် လီပေါင်းတစ်သောင်း သို့ပျံသန်းခြင်း ဟုအမည်ရသော ကိုယ်ဖော့ပညာပင် ဖြစ်၏ .. ကျင့်ရခက်ခဲလွန်းသည့်အပြင် အပြင်အား အတွင်းအား နှစ်ရပ်စလုံးပြည့်စုံမှသာ တတ်မြောက်နိုင်သော ပညာရပ်ဖြစ်၍ ရှောင်လင်သမိုင်းတွင် သူနှင့် စတုတ္ထမြောက် မူရင်းတီထွင်သူ ကျောင်းထိုင်ဆရာတော်သာလျှင် တတ်မြောက်၏.. ယခုလက်ရှိ ရှောင်လင်ဂိုဏ်းချုပ်ပင် ကျင့်ကြံ နိုင်ခြင်းမရှိပါလေ...
'ခြေထောက်ကို ဆန့်ထုတ်ခုန်တက်လိုက်သည်နှင့် သစ်ပင် ထိပ်ဖျားစီအထိ ရောက်သွား၏ .. ထိုသစ်ပင်ထိပ်အားခြေထောက်ဖြင့် ထောက်ကန်လိုက်ရာ သိုင်းသူခိုး ငပိန်ညှက် ထွက်ပြေးသွားသော အရပ်စီသို့ ရိပ်ခနဲ ရိပ်ခနဲ လိုက်သွားလေသည် .. တစ်ရာ့ရှစ်ယောက်သော ရဟန်းတို့မှာ သူတို့၏ ဆရာဖြစ်သူ၏ ကိုယ်ဖော့ပညာအား ရင်သပ်ရှုမောဖြစ်ကာ ကျန်ရစ်ခဲ့ကြ၏..
အသက်အား သုံးကြိမ်မျှ ရှုသွင်းလိုက် ရှထုတ်လိုက် လုပ်ပြီးနောက် ရှေ့မှ အရိပ်သဖွယ် လှစ်လှစ်မြည်အောင် ပြေးနေသည့် သိုင်းသူခိုးငပိန်ညှက်အား တွေ့ လိုက်ရသည်.. တဖြည်းဖြည်း နီးလာလေလေ သိုင်းသူခိုးမှာ ထင်ထားသည်ထက် ပိုညှက်နေသည်ကို မြင်ရသောကြောင့် ..
'' ဒီသိုင်းသူခိုးရဲ့ ကိုယ်လုံးကိုယ်ပေါက်က ကလေးသာသာ ပဲရှိတာပါလား ... ကိုယ်ဖော့ပညာ ကတော့ ညီတော်ခုန်းချင့် လောက်နီးနီးရှိတယ် .. .. ငါတောင် လီပေါင်းတစ်သောင်း ကိုယ်ဖော့ပညာမသုံးရင် လုံးဝလိုက်နိုင်မယ် မထင်ဘူး .. '' ဟုတွေးကာ လေကို တစ်ဝကြီးရှုရှိုက်လိုက်ပြန်သည် ..
အားကွေ့သည် ရှိသမျှ အားကုန်ပြေးနေရင်းမှ နောက်မှ လေတိုးသံ ''တဖြတ်ဖြတ်''ကို ကြားရသဖြင့် လော့ဟန်အဆောင်မှူးဆရာတော် လိုက်လာပြီဆိုတာ ကိုရိပ်မိလိုက်သည် ..
သို့သော်လည်း သူ၏ ပြေးနူန်းမှာ ထပ်မံ၍ မမြင့်တင်နိုင်တော့ပေ .. သို့ဆိုလျှင် မကြာခင်ပင် ဆရာတော်မီလာပေတော့မည် .. တွေး၍မှ မဆုံးခင် ..
'' ဟိတ်...သိုင်းသူခိုး .. ရပ်လိုက်စမ်း .. '''
နားနှစ်ဖက်စလုံးကွဲ လုမတတ် ဟစ်အော်သံကြီးကြောင့် အားကွေ့ မှာ ခြေလှမ်းတုံ့သွားကာ သွေးလေဖောက်ပြားသွားလျှက် ရင်ခေါင်းထဲမှပင် ပြို့တက် လာသည် .. ရှောင်လင်၏ ထိပ်တန်းလှို့ဝှက် ခြင်္သေ့ဟိန်းသံ သိုင်းပညာက အပြောမဟုတ် တကယ်ပင်စွမ်းလွန်းလှ၏ ..
အားကွေ့မှာ နားနှစ်ဖက်စလုံးအူတက်သွားသည့်အပြင် တကိုယ်လုံးရှိ သွေးများဆူပွက်လာသောကြောင့် အသည်းကွဲတောင်ကြား၏ သိုင်းပညာတစ်ရပ်ဖြစ် သော သွေးကြောပြောင်းပြန်စီးဆင်းရာ ဟူသည့် အတွင်းအား ပညာရပ်ကို သုံးကာ ကိုယ်ခန္ဓာတစ်ခုလုံးရှိသွေးကြောများအား ပြောင်းပြန်လည်ပတ်လိုက်မှ သက်သာရာ ရသွား၏...
သိုင်းသူခိုး၏ ခြေလှမ်းများ နှေးကွေးသွားသောကြောင့် ဆရာတော်သည် မြေပေါ်သို့ခြေတစ်ချက်ဆောင့် ကာ အားကွေ့အားကျော်တက်လိုက်သည် .. အထက်လမ်းသိုင်းသမားဖြစ်သည့်အပြင် ဂုဏ်သိက္ခာ ကြီးမားသည့် ရှောင်လင် အဆောင်မှူးဖြစ်သောကြောင့် နောက်ကျောမှ မတိုက်ခိုက်လိုသဖြင့် ခုန်ကျော် လိုက်ခြင်းသာ ..
''ဟင် ဒီသူခိုးက တော်တော်ငယ်သေးတာပဲ .. မျက်နှာကလည်း ရွှံ့တွေ ကဗလပွ .. သင်္ကန်းနဲ့ ကတုံးနဲ့ဆိုတော့ ငါတို့ရှောင်လင်ကများလား ... မဖြစ်နိုင်ဘူး သူ့ရဲ့ကိုယ်ဖော့ပညာအဆင့်နဲ့ ခြင်္သေ့ဟိန်းသံကို ခုခံနိုင်တဲ့ အတွင်းအားနဲ့ဆို နှစ်ပေါင်း လေးဆယ် အတွင်းအားလောက်တော့ အနည်းဆုံးရှိနေရမယ် .. အင်း .. ဟိုသစ္စာဖောက်မြောက်ပိုင်းဂိုဏ်းအဆက်အနွယ်များလားမသိဘူး .. ဟုတ်လောက် တယ် မြောက်ပိုင်းသစ္စာဖောက်ဂိုဏ်းမှာ ကလေးဘုန်းကြီးအိုကုနန်ဆိုတဲ့ ဆရာတော် တစ်ပါးရှိတယ် ကြားဖူးတယ် ..ဒီကိုယ်တော်ပဲဖြစ်မယ်.. '''
ဆရာတော်သည် ထိုသို့အတွေးပေါက်သွားသဖြင့် တထစ်ချ သိုင်းသူခိုး အားမြောက်ပိုင်းရှောင်လင်မှ ကိုယ်တော်ဟုထင်မိလိုက်သဖြင့် ..
''သစ္စာဖောက် မြောက်ပိုင်းရှောင်လင်သိုင်းသူခိုးက တယ်လဲကြောက်တတ်ပါလား.. လူကိုတွေ့တာနဲ့ တန်းနေအောင် ထွက်ပြေးတော့တာပဲ .. ကလေးဘုန်းကြီး အို ကုနန် ဆိုတာ မြောက်ပိုင်းမှာ နာမည်ကျော် သိုင်းပညာရှင်လို့ ကြားဖူးတာ အခု လက်တွေ့မှ လူကြောက် လူညစ်ပတ်မှန်း သိရတော့တယ် ... ညကြီးအချိန်မတော် သူများ သိုင်းကွက်တွေကို လာခိုးကြည့်နေရတယ်လို့ .. အခုတော့ဘယ့်နှယ်ရှိစ ပြေးလို့လွတ်ရိုးလား .ရှောင်လင်ရဲ့ထက်မြက်တဲ့ သိုင်းတွေကို လေ့လာချင်တယ်ဆိုရင် ကျုပ် ခုန်းလွန် ကဖြည့်ဆီးပေးမယ်.. ''''
အားကွေ့မှာ ဆရာတော် ခုန်းလွန် သူ့အားမှတ်မိသွားမည်ကို စိုးရွံ့နေရာမှ မိမိအား ကလေးဘုန်းကြီးအို ကုနန်ဟု စွတ်စွဲလိုက်သဖြင့် တချက်ကြောင်သွားသော် လည်း ချော်လဲရောထိုင်လုပ်ကာ .. မည်သည့်စကားမှ မဆို သိုင်းကွက်ခင်းထားလိုက် သည် .. အကယ်၍ သူသာ စကားပြောလိုက်လျှင် ကလေး အသံနှင့်မို့ ဆရာတော် ရိပ်မိသွားမှာစိုး၍ပင် ...
ဆရာတော်ကလည်း အားကွေ့ခင်းထားသော လက်ပုံစံကိုကြည့်ကာ ဇဝေဇ၀ါ ဖြစ်သွားသည်.. အဘယ့်ကြောင့်ဆိုသော် အားကွေ့၏ သိုင်းဟန်မှာ ..တောင်ပင်လယ် အရိုးစုကျွန်းမှပုပ်ဆွေးတစ္ဆေ၏ မရဏအပြုံးဟူသော သိုင်းကွက်နှင့်ဆင်တူ နေ၍ပင် ..
ပုပ်ဆွေးတစ္ဆေကွယ်လွန်သွားသည်မှာ နှစ်ပေါင်းငါးဆယ်မျှ ရှိပြီဖြစ်ပြီး သူ၌ တပည့်သားချင်း ဟူ၍ တစ်ယောက်မှ မရှိသည့်အပြင် မူရင်းသိုင်းကျမ်းမှာလည်း တာမောအဆာင်တွင် သိမ်းဆည်း ထားသောကြောင့် ကုနန်တစ်ယောက် မည်သို့ တတ်မြောက်နေရသနည်းဟု ဇဝေဇ၀ါဖြစ်သွား၏..
အကင်းပါးသော အားကွေ့မှာ ခုန်းလွန်တစ်ယောက် သံသယ၀င်သွားသည် ကို ရိပ်မိသွားကာ ..
''ငါကလည်း အ လိုက်တာနော်.. တောင်နဲ့မြောက် တခြားဆီ သိုင်းကွက်ကို ခင်းထားရတယ်လို့. ..ဒုက္ခပါပဲ ''
ဟု စိတ်ထဲညီးတွားရင်း သိုင်းကွက်ကို ပြောင်းလိုက်၏ .. ထိုသိုင်းမှာ ထင်းလွေ၏ ကျောက်ဂူနံရံမှ ရေးဆွဲထားသော ဘုန်းကြီး၏သိုင်းကွက်ဖြစ်သည် ..
ထိုအခါမှ ခုန်းလွန် ဆရာတော်က ဘ၀င်ကျသွားပြီး ...
''ဟားဟားဟားဟား.. ရှောင်လင်သိုင်းကို အစဉ်ဆက်ခိုးခဲ့တဲ့ သိုင်းသူခိုး မျိုးက မူလသိုင်းဂိုဏ်းကို ပြန်လှန်ချင်သေးတယ်ပေါ့ဟုတ်လား .. ကောင်းပြီ ကိုယ်တော်ရဲ့ ကွမ်ယင် လက်တစ်ထောင်သိုင်းကို ဦးကျိုးအောင် ချိုးပစ်လိုက်မယ် .. စပြီဟေ့ .. သန့်စင်တဲ့ ရှောင်လင်ရဲ့. နဂါးလက်သည်း သိုင်းကွက် ..'''
'''၀ှီး .. ၀ှီး '''
စပြီဆိုသည်နှင့် ခုန်းလွန်ဆရာတော်၏ လက်နှစ်ဖက်မှာ မည်သည်က အတုအစစ် ခွဲခြားမရနိုင်အောင် အရပ်လေးမျက်နှာသို့ ပျံနှံ့သွား၏ ...
အားကွေ့သည် ခပ်တည်တည်နှင့်သာသိုင်းကွက်ခင်းထားရသည် ထိုသိုင်းကွက် အားတခါမျှမလေ့ကျင့်ဖူးသည့်အပြင် မြင်ဖူးသည်မှ အပ သိုင်းကွက်သဘော တရားအား မသိသောကြောင့် အရိပ်တရာ ခြေလှမ်းကွက်အား အသုံးပြုကာ နောက်သို့ ခုန်ဆုတ်လိုက်ရ၏ ....ထိုသို့ ခုန်ဆုတ်နေသည့် ကြားကပင် ဆရာတော်၏ လက်သည်းမှာ သူ၏ နှာခေါင်းအား ထိလုထိခင် ပွတ်ဆွဲသွားသေးသည်..
ဒီအတိုင်း ရှောင်နေလည်း မထူးတော့ပြီမို့. ကွမ်ယင်လက်တစ်ထောင်သိုင်းဟန် နှင့် ပုပ်ဆွေးတစ္ဆေ၏ မရဏအပြုံးလက်ဝါးသိုင်းကို တွဲစပ်အသုံးပြုလိုက်သည် .. အစပ်အဟပ်တည့်သွားသည်လား .. ကံကောင်း၍လားတော့ မသိ ဆရာတော် ခုန်းလွန် ၏ နဂါးလက်သည်းသုံးဆယ့်ခြောက်ကွက်မှ တိမ်ဖမ်းလက်သိုင်း အား ကောင်းမွန်စွာ ခုခံနိုင်လိုက်သည်..
အမှန်တော့ ဆရာတော်သည် အားကွေ့၏ တမူထူးခြားသော သိုင်းကွက်အား မရင်းနှီးသောကြောင့် လေ့လာလိုသဖြင့် အရှိန်လျော့လိုက်ခြင်းသာ..
အားကွေ့ကတော့ မသိပေ သူ၏သိုင်းကွက်မှာ ထိရောက်သည်ဟု ယူဆကာ အားတက်သွားလျက် ဆက်လက်၍ တိုက်ခိုက်တော့၏..
ကျောက်ဂူနံရံမှ သိုင်းကွက်များနှင့် မိမိလေ့ကျင့်ထားသော သိုင်းကွက်များအား ရောစပ်ကာ တကွက်ပြီးတကွက် ထုတ်ဖော်တိုက်ခိုက်နေသည်..
သို့နှင့်ခုန်းလွန်ဆရာတော်၏ နဂါးလက်သည်း သုံးဆယ့်ခြောက်ကွက်လုံးလုံးကို တိုက်ခိုက်လိုက် ကာကွယ်လိုက်ဖြင့် အားကွေ့တစ်ယောက်ခုခံသွားနိုင်၏..
ဆရာတော်သည် အားကွေ့၏ သိုင်းကွက်ဇစ်မြစ်အား မည်သူမျှ အစရှာမရသည် နှင့် စိတ်မရှည်တော့ပဲ .. အရင်လို သူတပြန်ကိုယ်တပြန် တိုက်ခိုက်ခြင်းကို စွန့်ကာ တစ်ဆင့်မြင့်သည့် မိစ္ဆာနိုင်သိုင်းကွက်ကို အသုံးပြုလိုက်၏ ..အတွင်းအားကိုလည်း ယခင်က ငါးဆင့်မျှသာ အသုံးပြုထားရာမှ ရှစ်ဆင့်အထိမြင့်တင်လိုက်သည်..
'' ဖြန်း..ဖြန်..ဖြန်း..''
''ဖောင်း..ဖောင်း''
သူတို့နှစ်ယောက်၏ တိုက်ခိုက်ခြင်းရာမှ ထွက်ပေါ်လာသော အသံများမှာ လည်းကြောက်ခမှန်းလိလိပင်..
သို့သော် အားကွေ့မှာ အသက်ငယ်ရွယ်သည်ကတစ်ကြောင်း .. အဆင့်မြင့် အတွင်းအား ကို ဖြတ်လမ်းနည်းဖြင့် အလွယ်လိုက်ထားသူဖြစ်သည်က တစ်ကြောင်း ဆရာတော်၏ အဆင့်လွန်အတွင်းအားကို မယှဉ်နိုင်သည်ကတစ်ကြောင်း တို့ကြောင့် တိုက်ခိုက်အားလျော့ကာ လုံးလုံးပင် အောက်စည်းသို့ရောက်သွား၏
ထိုမှ အကွက်ပေါင်းတစ်ရာကျော်လောက်တွင် အားကွေ့သည်ရုတ်တရက် အားပြတ်သလို ဖြစ်သွားလေ၏ ..
အတွေ့အကြုံနုနယ်သူမို့ သက်စောင့်အတွင်းအား မချန်ဘဲ တိုက်ခိုက်လိုက်ခြင်း ကတော့ အဆိုးဝါးဆုံးမှားယွင်းမူပင်..
''' ဖုန်း .. '''
'' အင့်''
မိစ္ဆာနိုင်လက်ဝါးရိုက်ချက်တစ်ချက်မှာ အားပြတ်ကာခေတ္တတုံ့ဆိုင်းသွားသော၏ ရင်ဘတ်ပေါ်သို့ အဖျားတချက်ခတ်သွားသည်..
စူးအောင့်သော ဝေဒနာနှင့်အတူ အားကွေ့ သွေးတလုပ်ကို အန်ထုတ်လိုက်၏ ..
'''''ဟားဟားဟားဟား ဘယ်နှယ်ရှိစ ကလေးဘုန်းကြီးအို ရှောင်လင်ရဲ့ သန့်စင်တဲ့ သိုင်းကို တွေ့ပြီလား.. ''
ဆရာတော်ခုန်းလွန်သည် သွေးအန်သွားသော အားကွေ့အား ကြည့်ကာ ကျုံးဝါး လိုက်သည်..
အားကွေ့မှာ အကျဉ်းအကျပ်ထဲရောက်နေရာမှ ဖြတ်ခနဲ သတိရလိုက်သည်က အမှောင်ကိုယ်တော်၏ ဆဌမအာရုံအတွင်းအားနှင့် အသည်းကွဲတောင်ကြား၏ သွေးကြောပြောင်းပြန်စီးဆင်းရာဟူသော သိုင်းကိုပင်..
ပထမ ဆဌမအာရုံအတွင်းအားမှ တဒင်္ဂ အတွင်းအားကိုရမည်ဖြစ်ပြီး ဒုတိယ သွေးကြောပြောင်းပြန်စီးဆင်းရာမှ အတွင်းဒါဏ်ရာကို သက်သာစေမည် ဖြစ်သည် ..
ထို့နောက်တွင်တော့ ကျောက်စိမ်းမြေခွေး၏ အရိပ်တရာခြေလှမ်းတစ်ထောင်ဖြင့် ထွက် ပြေးဖို့ရန်ဖြစ်၏.. သို့သော် ထိုသိုင်းသုံးခုစလုံးမှာ မည်သည့်နည်းနှင့် မျှ ဆက်စပ်၍ရသည့်သိုင်းများမဟုတ်ပေ ..
သို့သော်လည်း ..ရှောင်လင်၏ သစ္စာဖောက် သိုင်းသူခိုး အဖြစ်နှင့်တော့ ဘ၀မဆုံးလိုသဖြင့် စွန့်စားရပေတော့မည်..
မဟုတ်လျှင် သူလည်း ကုန်းစုပိုင် သွားရာလမ်းသို့လျှောက်လှမ်းရတော့မည် ..
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပြီးနောက်..
အားကွေ့ မှာ ဒုတိယသိုင်းဖြစ်သော သွေးကြောပြောင်းပြန် စီးဆင်းရာဖြင့် သွေးကြေားများ လည်ပတ်ကာ အတွင်းဒါဏ်ရာအား ဖြေဖျောက်လိုက်သည် .. ထို့နောက် ဆဌမအာရုံအတွင်းအားသုံးရန် နဖူး ရင်ညွှန့်နှင့် ချက်အထက်ဆီသို့ ထောက်လိုက်၏ ..
ဆရာတော်မှာ သွေးအန်နေလျက်မှကိုယ့်သွေးကြောကိုယ် ပြန်ပိတ်နေသော အားကွေ့အားကြည့်ကာ ..
'' ကိုယ်တော် အတွင်ဒါဏ်ရာဆိုတာ သွေးကြော ပိတ်တာနဲ့ မပျောက်ဘူးနော့'''
ဆရာတော်၏ စကားအဆုံးတွင် အားကွေ့သည် ..
''ယား '''' ဟူ၍ အော်ကာ အရိပ်တရာကိုယ်ဖော့ပညာသုံးကာ တဟုန်ထိုးခုန်၍ ထင်းလွေ ဂူထဲတွင် အကြံပြုထားသော ၀ရဇိန်သူရိန် လက်ညိုးနှင့် အဆိပ်သရဲ လက်ညိုးသိုင်းကို ပေါင်းစည်းပြီး ရင်ဝသို့ထိုးလိုက်၏ ..
''ဟင်.. '''
ဆရာတော်မှာ အတွင်းဒါဏ်ရာရနေရာမှ ရုတ်တရက်ခုန်ထ တိုက်ခိုက်လာသော အားကွေ့အား လန့်သွားသော်လည်း .. အဆင့်လွန် သိုင်းသမားတစ်ယောက်မို့ အငိုက်တော့မမိပါ..
ပန်းခူးလက်ဖ၀ါး သိုင်းကို အသုံးပြုပြီး သူ့ရင်ဝသို့ ၀င်လာသော လက်ညိုး အားကာကွယ်လိုက်သည်..
'' အား....'''
'''အား'''
အော်ဟစ်သံက နှစ်ယောက်စလုံးပင်ဖြစ်၏ ..
အားကွေ့မှာ လက်ညိုးနှင့် လက်ကောက်ဝတ် သွင်သွင်ကျိုးသွားပြီး ဆရာတော်မှာမူ လက်ဖ၀ါးတစ်ခုလုံး မီးဟပ်သွားသည့်နှယ် မည်းနက်သွားသည် ..
ကြိုတင်ကြံစည်ထားသော အားကွေ့မှာ ဆရာတော် အငိုက်တွင် .. အရိပ်တရာ ခြေလှမ်းဖြင့် တောတန်းထဲဝင်ကာ ထွက်ပြေးသွား၏...
သူ၏ဦးတည်ရာက သံဝေဂဂူဆီသို့ပင်..
......''''......'''''......'''''......''''......'''....''
နှင်းများဖုံးလွမ်းနေသောကြောင့် ဖွေးဖွေးဖြူနေသော ၀ါးအိမ်လေးထဲဝယ် အဘိုးကြီးနှစ်ယောက်နှင့် ဆယ်ကျော်သက်ကလေးသုံးးယောက် ၀ိုင်းဖွဲ့ ထိုင်နေကြသည် ..
အနွေးဓါတ်ရအောင် ဖိုထားသော မီးလင်းဖိုမှ လောင်ကျွမ်းနေသော ထင်းများက နှင်းခိုးရိုက်ထား၍ ထင်သည် မီးခိုးများတလူလူနှင့် တစ်ဖျစ်ဖျစ်ဖြည်နေ၏'......
သို့သော် တခန်းလုံးကိုတော့ တာဝန်ကျေစွာ အနွေးဓါတ်လုံလောက်အောင် လွတ်ပေးနေပါသည်..
လူသားငါးယောက်ရှိသော်လည်း တိတ်ဆိတ်စွာနှင့်ပင် ရှေ့စားပွဲစီသို့ အာရုံစိုက်နေကြ၏...
စားပွဲပေါ်တွင်ရှိနေသည့် သူတို့အာရုံစိုက်နေသော အရာက ကျားခုံ တစ်ခုံပင် ..
ကျားထိုးနေသူက အဘိုးအိုနှစ်ယောက်ဖြစ်သည် .. ထိုနှစ်ယောက်တွင်မှ ဆံပင်ဖြူ ..မုတ်ဆိတ်ဖြူ ၀တ်စုံအဖြူနှင့် အဘိုးအိုး၏ မျက်နှာမှာပြုံးရွှင်နေသလောက် အသားအရည်ဝါထိန်ထိန်နှင့်အဘိုးအိုမှာ နဖူးကြောများရှုံ့အောင်မျက်မှောင် ကျုံ့လျှက် စိတ်အိုက်နေသည့် အသွင်ရှိသည်..
ကလေးသုံးယောက်ကမူ ကျားကွက်များအားကြည့်ကာ စိတ်ကူးနှင့် တွက်ချက် နေကြဟန်တူ၏..
တကိုယ်လုံးစွတ်စွတ်ဖြူနေသော အဘိုးအိုက ပြုံးနေရာမှ .. ကလေး သုံးယောက် အားကြည့်ကာ ..
'''နားထောင်စမ်းဟေ့ ငါ့တပည့်တို့.. ဒို့စီကို လူတစ်ယောက်လာနေတယ် .. ဘယ်သူ ဖြစ်မယ်ထင်လည်း.. ဘယ်နှစ်ယောက်လာတာလည်း .. ခန့်မှန်းနိုင်ရင်.. မှန်တဲ့သူကို ဆုအနေနဲ့ သံမဏိဓါးရှည် ထုကျန့်ရဲ့ အရိုးဖြတ်ဓါးသိုင်းသင်ပေးမယ် .. ပြီးရင် ဖုန်မိသားစုရဲ့ သုံးဆင့်ထိုး လှံသိုင်းပါ သင်ပေးမယ် ကွာ .. မှန်တဲ့သူမှ သင်ရမှာ နော်.. မှားရင်တော့ .. မသင်ပေးဘူး ..'''
ဆယ်ကျော်သက်ကောင်လေးသုံးယောက်မှာ လိုင်လိုင် ..အားဖုန်နှင့် အားချန်တို့ဖြစ်ကြသည်..
အားဖုန်နှင့်အားချန်သည် သူတို့ရောက်ခါစကလို တောသားသူရင်းငှားအသွင်
မျိုးမဟုတ်တော့ဘဲ ကိုယ်ခန္ဓာဖွံ့ဖြိုးလျှက် ခံညားသော လူချောများ ဖြစ်နေကြ လေပြီ..
အားဖုန်မှာ အရွယ်နှင့်မလိုက်အောင်ထွားကျိုင်းကာ ယောင်္ကျားပီသ သော ရုပ်သွင်ရှိပြီး .. အနေအထိုင်တည်ကြည်သည်.. အားချန်ကမူ ခပ်သွယ်သွယ်နှင့် ကျစ်လစ်သောကိုယ်လုံးကိုယ်ပေါက်ရှိကာ မသိလျှင် မင်းညီမင်းသားအသွင်ပင်..
လိုင်လိုင်ကတော့ ရှာမှရှားသောရုပ်သွင်ပိုင်ရှင်ဖြစ်၏ ... အကယ်၍အမျိုးသမီး အ၀တ်အစားသာ ၀တ်ဆင်လိုက်မည်ဆိုလျှင် ယောင်္ကျားလေးတစ်ယောက်ပါဟု ကျိန်တွယ်ပြောသည့်တိုင်မည်သူမျှယုံမည်မဟုတ်ပေ..
ပုံပန်းသဏ္ဍန်ကွဲပြားသလောက် စိတ်ဓါတ်ခြင်းလည်း မတူညီကြသော ထိုလူပိျုပေါက်သုံးယောက်သည် ဆရာဖြစ်သူ၏ စကားအရ ..
အာရုံစိုက်ကာနားထောင်လိုက်ကြသည် .. အခြေခိုင်သော အထက်လမ်း အတွင်းအားပိုင်ရှင်များ ဖြစ်ကြသောကြောင့် တခဏမျှ နားထောင်ပြီးလျှင် .. အားဖုန်က
'''' လာတဲ့လူက ကိုယ်ဖော့ပညာသုံးပြီး ပြေးလာတာပဲ .. ခွန်လွန်းဂိုဏ်း ရဲ့ ခြေရာမထင် ၀ါဂွမ်းမျှင် ဆိုတဲ့ ကိုယ်ဖော့ပညာ .. အဲ့ပညာကို တတ်တဲ့လူဆိုလို့ လက်ရှိခွန်လွန်းဂိုဏ်းမှာ ကျွန်တော် တို့တွေမပါရင် လေးယောက်ပဲရှိတယ် .. ဂိုဏ်းချုပ်ကြီးရယ် ဦးလေးကျောက်ရယ် .. တောင်ကွဲလက်သီးရယ် ဂိုဏ်းစောင့်ကြီး
ဘဘရသေ့အိုးရယ်ပဲ .. အဲ့လေးယောက်ထဲမှာ နှင်းတွေနဲ့ချောမွတ်နေတဲ့ လမ်းကို အပြေးတက် နိုင်တာဆိုလို့နှစ်ယောက်ပဲရှိတယ် ဦးလေးကျောက်နဲ့ ဂိုဏ်းချုပ်ကြီးပဲ ဒါပေမယ့် ဂိုဏ်းချုပ်ကြီးဆိုရင် သူ့ခြေသံကို ကျွန်တော်တို့မကြားနိုင်တဲ့အတွက် သေချာပေါက်ဦးလေးကျောက်ပဲ .. အမယ် နောက်တစ်ယောက်ပါသေးတယ် .. '''
အားချန်ကလည်း အားကျမခံ
''' နေပါအုံးဟ .. ငါလည်းပြောပါရစေ .. နောက်တစ်ယောက်က ခြေလှမ်းတစ်ထောင် ကိုယ်ဖော့ပညာဟ .. ချန်းအိမ်တော်က ကျောက်စိမ်းမြေခွေးရဲ့ အရိပ်တရာခြေလှမ်းတစ်ထောင်ကိုအတုယူပြီး ပြန်မွန်းမံထားတဲ့ ကိုယ်ဖော့ပညာ ..ဆိုတော့ ဦးလေးချန်းချန်ပေါ့ ...လွယ်လိုက်တာ ..ဟဲဟဲဟဲ''''
လိုင်လိုင်က သူ၏သောတ အာရုံကိုစူးစိုက်နေပြီးမှ
''ဦးလေးကျောက်နဲ့ ဦးလေးချန်းတင်မကသေးဘူး နောက်တစ်ယောက် ပါသေးတယ်.. ဒါပေမယ့် သူ့ရဲ့ အသက်ရှုသံကလွဲပြီး ဘာမှမကြားရဘူး ..အံ့သြော စရာပဲ ... '''
'''ဟားဟားဟားဟား ..ငါ့တပည့်သုံးယောက်စလုံးတော်တယ် .. သုံးယောက်စလုံးမှန်တယ် ..အထူးသဖြင့် လိုင်လိုင်က ပိုပြီးစေ့စပ်တယ် ကွဲ့ ..ထားပါ သုံးယောက်စလုံး မှန်တဲ့အတွက် မင်းတို့အားလုံးကို သင်ပေးမယ် ဟုတ်ပြီလား '.'''
ထိုစဉ်မှာပင် အိမ်ထဲသို့ ကျောက်ကျူးထင်နှင့် ချန်းချန်တို့ လှမ်းဝင်လာပြီး .
ချန်းချန်က အသံတိုးတိုးဖြင့်
''' ရှူး ..ရှူး.. သင်စရာရှိတာ နောက်မှ သင်ဗျို့ .. တော်နေကြာ စိတ်ကောက်အိုးလေး နိုးသွားအုံးမယ် .. '''
ဟုပြောကာ သူ၏ နောက်ကျောတွင် စောင်နှင့်ထုတ်ကာလွယ်ပိုးထားသည့် ဆယ်နှစ်အရွယ်ကလေးမလေးကို အများမြင်အောင် ပြလိုက်သည်..
ကျောက်ကျူးထင်က လည်း မျက်နှာရှုံ့မဲ့ကာ ခြေဟန်လက်ဟန်ဖြင့် .. တိတ်တိတ်နေကြဟူသော အမူအယာကို လုပ်လိုက်၏..သူ့ခမျာ ကလေးမလေး နိုးသွားမည်ကို အသေအလဲကြောက်ရွံ့နေသည့် အမူအယာ..
ထိုအခိုက် ကျားခုံမှလွဲ၍ မည်သည့်အရာကို မှ အာရုံစိုက်မိဟန် မတူသော အဘိုးအို ဖုန်းချူးမှ အာလုပ်သံကြီးဖြင့်..
''တွေ့ပြီဗျို့. လွတ်ကွက်ကို .. လာထား ဘာရမလဲ ..ဖုန်းချူးကွ အနယ်နယ် လှည့်ပြီးကျားထိုးစားလာတာ .. ဟားဟားဟားဟား ..ဆရာကြီးမုန့်ရဲ့ စစ်သရဲထောင် ချောက် အကွက်ရဲ့ လွတ်ကွက်က ဒီမှာဗျ.. ''
'''အီး..ဟီးဟီး.''' ဟူသော သံပြားခြစ်သံကဲ့သို့ စူးရှရှ အသံဆိုးကြီးနှင့် အတူ ကလေးမလေးသည် ငိုရင်းနိုးလာခဲ့၏..
''သွားပြီဟေ့ ..'''
''သေပြီဟ''''
ချန်းချန်နှင့် ကျောက်ကျူးထင်တို့နှစ်ယောက်သည် တကိုယ်လုံးတွန့်လိမ် လျှက် .. ပြိုင်တူအော်လိုက်ကြသည်..
အဘိုးအို ဖုန်းချူးကလည်း သူကြောင့်ကလေးမ နိုးသွားသဖြင့် မျက်စိ ကလေးပေကလပ် ပေကလပ်လုပ်ကာ နေ၏ ..
လိုင်လိုင်တို့ အုပ်စုမှာလည်း ဤမျှဆိုးဝါးလှသော ငိုသံအား လောကကြီး တွင် ဟစ်နိုင်သေးသူရှိပါသလားဟု တွေးထင်နေကြသည်..
ဆရာကြီးမုန့်ကတော့ တခြားသူများ ရှုံ့မဲ့နေကြသည်ကို သဘောကျ နေသည့် အသွင် ပြုံးရင်းဖြင့် ကလေးမအား ချန်းချန်၏ ကျောမှ သွားပွေ့ယူကာ .
'''လာ..ဟေ့ ..သမီးလေး ..ဘဘဆီလာ .. မငိုနဲ့ကွယ်.. သမီးမငိုရင် ဘဘကြီးက သမီးလေးကို မုန့်ကျွေးမယ် ..'''
ကလေးမလေးသည် မျက်ရည်အလူးလူး နှပ်တလူးလူးနှင့်မျက်လုံးဝိုင်း
လေးဖြင့် ဆရာကြီးမုန့်အားကြည့်ရင်း
'' တကယ်နော် ဘဘကြီး ..သမီးမငိုရင် မုန့်ကျွေးရမှာ ..''
'''ကျွေးမှာပေါ့သမီးရယ် ..သမီးမငိုရင် ဘဘကြီက မုန့်တွေ အများကြီ ကျွေးမှာ'''
'''အဲ့ဒါဆိုရင် အခုမုန့်အရင်ကျွေး ပြီးမှ ငိုသင့်မငိုသင့် စဉ်းစားမယ်.''
ဆရာကြီးမုန့်သည် ကလေးမလေး၏ ချစ်စဖွယ် လူလည်ကျသော စကားကြောင့် .. သဘောအကျကြီးကျကာ မန်ထို ပေါက်စီများပေးပြီး..
'''ဟားဟားဟားဟား ...ချန်းချန် ဒါလေးက ဘယ်သူလေးလည်းကွဲ့'''
''ကျွန်တော်တို့ချန်းအိမ်ရဲ့ ဆည်းလည်း ကျက်သရေဆောင် လေးပေါ့ ဗျာ.. တအိမ်လုံးရဲ့ အသည်းကျော် .. အဆိုးဆုံးကတော့ ကျွန်တော့အဖေပေါ့ .. ကျွန်တော့ အကိုရဲ့သမီးလေ.. ''''
''ဘယ်နှယ်ကြောင့် ဒီလောက်ရာသီဥတုဆိုးဆိုးဝါးဝါးကို ကလေးခေါ်လာရ သတုံးဟ..'''
ချန်းချန်က မုန့်စားရ၍ ငြိမ်နေသော ချစ်တူမတော် အားကြည့်ကာ ..
'' ဒီလိုဗျ .. ကျွန်တော့် အကိုက နန်းတွင်းတပ် ထဲမှာ ကိုယ်ရံတော်မှူး ဗျ ရွှေဓါးကိုင်အဆင့်ပေါ့ .. အခု နန်းတော်ထဲမှာ အကြီးအကျယ်ပြသနာတက်တော့ သူ့ သမီးနဲ့ ဇနီးကို ချန်းအိမ်တော်ကို ပြန်လွတ်လိုက်တာ ..ဇနီးက ချန်းအိမ်တော်မှာ လိုက်မနေဘဲ သမီးဖြစ်သူကိုပဲ လွတ်လိုက်တယ်လေ.. အိမ်တော်မှာက အဖေရယ် ကျွန်တော်ရယ်နှစ်ယောက်ထဲရှိတော့ ကလေးထိန်းက ကျွန်တော်ပေါ့ .. အဖေက သူ့ မြေးကို အထိန်းတော်တွေထိတာကောင် မကြိုက်ချင်ဘူးဗျ.. အဲ့မှာ အဖေကလည်း နန်းတော်ကဆင့်ခေါ်တော့ သွားရပြန်ရော ကျွန်တော်တစ်ယောက်ထဲ စိတ်ကောက်အိုး နဲ့ နှစ်ပါးသွားနေရချိန် အကိုကြီး ကျောက် ရောက်လာပြီး သတင်းတစ်ခုလာပေးတယ် ဗျ .. ဒါနဲ့ ဆရာကြီးမုန့်ဆီကို စိတ်ကောက်အိုးနဲ့ ရောက်လာတာပဲ ..''
ဆရာကြီးမုန့်က ကျောက်ကြူးထင်အားအကြည့်ပြောင်းရင်း ..
''တူမောင်ကျောက် မင်းကြည့်ရတာ လောကမှာ ကြောက်ရမဲ့သူ တစ်ယောက် တိုးလာပြီနဲ့တူတယ် ..'''
ကျောက်ကျူးထင်ကလည်း ထိုအဖြစ်အပျက်ကို မည်မျှပြောချင်သည်မသိ
'''မပြောပါနဲ့တော့ ဆရာကြီးရယ် စိတ်ကောက်အိုးက ကျွန်တော့်ကို တွေ့တာနဲ့ အနိုင်ကျင့်တော့တာပဲဗျာ .. မြင်းလုပ်တမ်းကစားမယ်ဆိုပြီး ကျွန်တော့် ကို လေးဘက်ထောက်ခိုင်းပြီး ပြေးခိုင်းတာဗျ .. တံတောင်ဆစ်တွေ ဒူးခေါင်းတွေဆို ပွန်းပဲ့ နေတာပဲ ..လေးလီလောက်ရှိမယ် ဗျ ပြေးခိုင်းတာ ..အဲ သူခိုင်းတာမလုပ်လို့က တော့ အာခေါင်ခြစ်ငိုတော့တာပဲ .. တရက်က ကျွန်တော်နဲ့ ချန်းချန်နဲ့ကို မိန်းကလေးလို ၀တ်ပြီး ကခိုင်း နေလို့ မလုပ်ဘဲပစ်ထားတာ ..အံ့ပါဗျာ တရက်လုံး ထမင်းမစားဟင်း မစားနဲ့ထိုင်ငိုနေလို့ .. မိန်းမအ၀တ်အစား သွားခိုးပြီးဝတ်လို့ ကပြဖျော်ဖြေပေးရသေး တယ် ..'''
ကလေးမလေးသည် မုန့်စားနေရင်းမှ .. မျက်ရည်စီးကြောင်းများနှင့် တစ်ခစ်ခစ်ထရယ်ကာ
'''ဘဘကြီ ..ဘဘကြီးရော ကြည့်မလား သမီးကတော့ သိပ်ပျော်တာပဲ သူတို့ကတာ ကြည့်ရတာ.. ဦးဦးကျောက်က မုတ်ဆိတ်မွှေးမည်းမည်းကြီး နဲ့ ဒီလိုဒီလို ကနေတာ ..''''
. မုန့်တစ်ဖက်ကို လက်မှာကိုင် ကာ ကပြနေသော ကလေးမလေးအား မည်သူမျှ မချစ်ဘဲမနေနိုင်ကြချေ... ထိုကလေးမလေးမှာ ရယ်လိုက်တိုင်း ပါးချိုင့် လေးနှင့် အလွန်မှ ချစ်ဖို့ကောင်းလှ၏.. အသားအရည်မှာလည်း နို့နှစ်ရောင်တွင် ရွှေ ရည် တစ်စက် ထည့်ထားသကဲ့ သို့ရွှန်းရွန်းလဲ့လဲ့နေသည်... တစိမ့်စိမ့်ကြည့်လေလေ ချစ်စဖွယ်ကောင်းလာလေလေ နှင့် ချစ်မွှေးပါသော ကလေးမလေးပင်..
ဆရာကြီးမုန့်က ကလေးမလေးအား ပွေ့ချီပြီး ပါးဖောင်းဖောင်းလေးကို နမ်းရှုံ့ကာ
''ကိုင်း သမီးလေးကိုတော့ ဘဘကြီးက ချစ်သွားပြီကွဲ့ ဒီမှာ ဘဘကြီးနဲ့ နေမလား ..''''
''မနေချင်ပါဘူး .. ဘဘကြီးတို့အိမ်က မိန်းကလေးမ မရှိဘဲ တော်နေကြာ သမီးကို အိမ်အလုပ်တွေလုပ်ခိုင်းနေရင် ဘယ်နှယ်လုပ်မလဲ .. သမီးကပျင်း တယ် ဘဘကြီးရဲ့ ...'''
နူတ်ခမ်းလေးကို မဲ့ကာရွဲ့ကာ ပြောနေသော ကလေးမလေး ကိုကြည့်ရင်း ဆရာကြီးမုန့်က. ချန်းချန်ကို...
'''' မင်းအဖေကို ပြောလိုက်စမ်းကွ ..ဒီကလေးမလေးကို ငါက မွေးစား သမီးလို့ သတ်မှတ်တယ်လို့ .. ပြီးတော့ သိုင်းလောကတစ်ခုလုံး သိအောင် ကြေညာ ငါ့သမီးကြီးလာလို့ .. ထိကပါးယိကပါး လာလုပ်မယ့် ကောင်တွေ အားလုံးကို .. ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်က မှတ်လောက်သားလောက်အောင် .. ဒါဏ်ပေးမယ် ဆိုတာ .. ကြားလား ချန်းချန်... အေးငါသေသွားရင်တောင် ငါ့တပည့်တွေရှိသေးတယ် သူတို့ဆက်ပြီးကာကွယ်ကြလိမ့်မယ်.. '''
ချန်းချန်သည် သူ၏တူမတော်အား ကြည့်ကာ ၀မ်းသာပီတိ ဖြစ်မိသွား၏ '. ဆရာကြီးမုန့်ဆိုသည်မှာ သိုင်းလောကတွင်သာမဟုတ် မင်းပေါက်စိုးပေါက် ဆရာကြီးဖြစ်သည်မဟုတ်လား . ထိုသူ၏မွေးစားသမီးဆိုလျှင် မျက်လုံးမျှပင် ထော် ကြည့်ရဲမည်မထင်ပေ...
ဆရာကြီးသည် တစ်ခုကို သတိရသွားသည့်နှယ် ..
''အင်းငါ့သမီးလေးကို ငါတတ်ထားသမျှပညာလည်း အကုန်သင်ပေးရမကွဲ့ .. ဘယ်လိုလုပ်ရပါ့'''
ကျောက်ကြူးထင်က သမီးရူးရူးနေသော ဆရာကြီးမုန့် အားကြည့်ကာ
''' ဆရာကြီ ဒါတွေအသာထားအုံး ..အခု စစ်သေနာပတိ ရန်ခွမ်းက ဘုရင့် အမိန့် မရဘဲ .. မွန်ဂိုတပ်တွေကို တိုက်ထုတ်ဖို့ ဆိုပြီး တပ်ချီ ထွက်သွားလို့ ဘုရင်က ဒေါသပုန်ထ နေပြီ .. ဒါကြောင့်မို့ နန်းတွင်းတပ်တွေကို စုစည်းလိုက်တာပဲ ..'ကြည့်ရတာ စစ်သေနာပတိကို ဖြုတ်ချတော့မယ့်ပုံစံရှိတယ် '''
ဆရာကြီးမုန့်သည် ထိုအရေးကို ကြိုတွေးထားသည့်နှယ် ..
''အိမ်း ..တရက်ကြရင် ဒီလို အခြေအနေမျိုးရောက်လာမယ်ဆိုတာ ငါ ကြိုခန့်မှန်းသားပြီးသား .. လွန်ခဲ့တဲ့ ဆယ်နှစ်က ဘုရင်မင်းမြတ်နန်းတက်တော့ ငါ့ကို ခေါ်ပြီးတိုင်းရေးပြည်ရေးတိုင်ပင်တယ် .. အဲ့ကတုန်းက ရန်ခွမ်းက စစ်သူကြီး အဆင့်ပဲ ရှိသေးတယ် .. ဒါပေမယ့် သူ့ရုပ် အရှိန်အ၀ါက ဘုရင်ထက် သာတယ် .. သူ့ စစ်တပ် ကလည်း သူ့အပေါ်အလွန်သစ္စာရှိတယ်ကွဲ့ ..သူကသာ ငါ့လူတို့ မင်းတို့ ရင်ကိုခွဲပြီး အသည်းနှလုံးထုတ်စမ်းကွာဆိုရင်တောင် ထုတ်ပေးမယ့်လူတွေ ..ပြီးတော့မင်းတို့ သိတဲ့အတိုင်း သစ္စာ သမာဓိကြီးလွန်းလို့ ပြည်သူတွေက သူ့ကိုဆို ဘုရားတစ်ဆူ နတ်တပါးလိုကိုးကွယ်နေကြတာ .. သူကလည်း သူ့ပြည်သူကို ထိရင် မချိအောင် နာတတ်တဲ့အမျိုး .. အခုဘုရင်မင်းမြတ်က စိတ်ထားကတော့ မဆိုးပါဘူး ခက်တာက အနောက်ဆောင် အမတ်ကြီးအုပ်စုနဲ့ မိဖုရားကြီးတို့အပေါ်အလွန်ယုံလွန်းတာကိုး .. အဲ့ကတည်းက ငါ့စိတ်ထဲမှာ ဒီလိုအချိန်ရောက်လာမယ်ဆိုတာ ကို မြင်နေမိသကွဲ့ ...'''
ချန်းချန်ကလည်း ..
''စစ်သေနာပတိကြီးကတော့ ဘုရင်က စစ်ရပ်ဖို့အမိန့်ထုတ်ရင်တောင် မပြန်လာဘူးလို့ပြောတယ် .. မွန်ဂိုတွေက လည်း ဟေမင်ခံတပ်ကို သိမ်းလိုက်ပြီတဲ့ ..' ဆိုးတာက စစ်သေနာပတိကြီး က စစ်တားတဲ့ စာချွန်လွှာပို့တဲ့ ကုန်းကုန်း ကို ကြိမ်လုံးနဲ့ အားရအောင်ရိုက်ပြီးပြန်လွတ်လိုက်သတဲ့ .. ဖြစ်ချင်တော့ အဲ့ကုန်းကုန်း ကအနောက်ဆောင်မိဖုရားကြီရဲ့ လက်စွဲတော် ကုန်းကုန်းကြီး .. နောက်တစ်နေ့မှာ စစ်သူကြီး လေးယောက်နဲ့ သူ့တပ်ခေါ်ပြီးထွက်သွားတော့တာပဲ .. စစ်သူကြီးတွေက လည်း သူတို့သေနာပတိသာ ငရဲပြည်သွားမယ်ဆိုရင်တောင်လိုက်မယ့်အမျိုးတွေ..
တိုင်းပြည်ကတော့ ဘယ်လို ဖြစ်လာအုံးမယ်မသိဘူး... ''
ဆရာကြီးမုန့်သူ့ ပုခုံးပေါ်တွင် အိပ်ပျော်နေသော စိတ်ကောက်အိုး ခေါင်းညောင်း မှာစိုး၍ ခေါင်းအား လက်ဖ၀ါးထိုးထည့်ရင်း ...
''ငါ့အထင်တော့ ဒီဘုရင်မင်းမြတ် နန်းကျလို့ ရန်ခွမ်း နန်းတက်မယ် ထင်တာပဲ . ''''
ချန်းချန်နှင့်ကျောက်ကြူးထင်မှာ ဘုရင်မင်းမြတ်အား နန်းကျမည်ဟု နူတ်ထွက်ရဲ သော ဆရာကြီးမုန့်အား ကြည့်ကာ ..
''ဆရာကြီးဘယ်လို ပြောလိုက်တာလည်း ..မင်းပြစ်မင်းဒါဏ်သင့်နေမှ..''
''အေး ..သင့်လည်း မင်းတို့သွားတိုင်မှ သင့်မှာပဲ ..သွားတိုင်လည်း ငါမကြောက်ပေါင် .. ဟောဟိုက. သူ့ခမည်းတော်ပေးထားတဲ့ ရွှေဓါးကြောင့် ငါ့ဆံပင်မွှေးတောင် ဘုရင်က ထိရဲမှာ မဟုတ်ဘူး ..'''
မှန်ပေသည် .. အိမ်ခေါင်းရင်းတွင်ချိတ်ထားသော .. ကျောက်မျက် ရတနာ များစီခြယ်ထားသည့် ထိုရွှေဓါးပေါ် တွင် ..သေဒါဏ်ကင်းလွတ်ခွင့် ဟု ထင်းထင်း ကြီးရေးထား၏ .'..
......'''''....... '''' ....'''' ..'
'''အ.. အ.. အားကျွတ်ကျွတ်..'''
ဟူသောအသံနှင့် အားကွေ့ သတိပြန်ရလာသည် ..
မနေ့ညက အားကွေ့သည် သံဝေဂဂူတို့ သွားနေရင်းမှ ရင်ဘတ်က မခံမရပ်နိုင်အောင် နာလာသည်နှင့် တောအတွင်းရှိ သစ်ဆွေး သစ်ခြေက်ပုံပေါ် သို့ပစ်လဲချလိုက်ပြီးနောက် လုံးဝသတိလစ်သွား၏..
ယခုပြန်လည်နိုးလာတော့ သူ၏ ရင်ဘတ်တစ်ခုလုံးမှာ ဓါးအလက်ပေါင်း မြောက်များစွာနှင့် ထိုးမွေလိုက် သကဲ့သို့ခံစားနေရသည်..
ဆဌမ အာရုံအတွင်းအား နှင့် သွေးကြောပြောင်းပြန်စီးဆင်းရာသွေးကြောလည့် ပညာရပ်တို့၏ ဆန့်ကျင်ဘက် တွန်းကန်အား ကို လက်တွေ့ ခံစားနေရခြင်း ဖြစ်သည် ..
ထ?
#32B ( အစ၏အဆုံး ..အဆုံး၏အစ )
ထို့ပြင် ကျိုးသွားသောလက်မှလဲ ယိုင်ကိုင်း၍နေလေပြီ..
ဆရာတော် ခုန်းလွန်လည်းမည်သို့ ဖြစ်ပျက်ကာ ကျန်နေပြီလည်းမသိတာ့
အားကွေ့သည်ထိုအတိုင်းဆက်လက် လှဲလျောင်းရန် မဖြစ်တော့သော ကြောင့် နဘေးရှိသစ်ကိုင်းချောက်အား အားပြုရင်း ထ ရပ်လိုက်သည် ..
လှုပ်ရှားလိုက်တိုင်း ကိုယ်တွင်းရှိ ကလီစာများအား ဆွဲထုတ်ယူသွားသကဲ့သို့ ခံစားနေရ၏ .'
သစ်ကိုင်းကို အမှီပြုရင်း တောတန်းလေးအတိုင်းဖြည်းညှင်းစွာ လျှောက်လာရင်း
ထိုနေရာကို အားကွေ့ပြန်အမှတ်ရသွားသည်..
ထိုနေရာက ကျင်းကျူး အဖမ်းခံရသည့်နေရာဖြစ်၏ .. အားကွေ့သည် ခေါင်းထဲတွင် အကြံတစ်ချက် လင်းလက်သွား၏..
'' အင်း ..ဟုတ်ပြီ အခုလောက်ဆို ဆရာတော်ခုန်းလွန် ပြောလိုက်လို့ ငါ့ကို ကလေးဘုန်းကြီးအို မှတ်ပြီး တောနင်းလိုက်ရှာကြတော့မယ် ..ငါကလည်း ဒါဏ်ရာကြီး နဲ့ဆိုတော့ ဘဘဆီဆက်မသွားနိုင်တော့ ဘူး .. ဟိုမကောင်းဆိုးဝါးဂူထဲ သာ ၀င်နေ လိုက်ရင် ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ဘူး . အဲ့ဘုန်းကြီးတောင် ဂူထဲမှာ နှစ်လေးဆယ်လုံးလုံး နေတယ်ဆိုမှတော့ စားစရာကတော့ ရှိနေမှာပဲ .. ငါ ဒါဏ်ရာသက်သာလာမှ ပြန်ထွက်တော့မယ်..''
ဟုတွေးကာ ချုံပုတ်နောက်မှ ဂူထဲသို့ ၀င်သွားလိုက်သည် .. ဂူမှာ အရင်ကအတိုင်းပင်ဖြစ်လေသည်..
အားကွေ့က
''မဟုတ်သေးပါဘူး .. ဟိုအသီးတွေကို ရွမ်ဝူစားလိုက်တော့ မအေးတော့ပါဘူး မှေင်လည်း မှောင်သွားတယ် ..အခုတော့ အရင်လို အေးလဲ အေးတယ် ..လင်းလဲ လင်းနေပါလား ..'''
အမှန်တော့ သုံးနှစ် လေးနှစ်မျှ ကြာသွားပြီ ဖြစ်သဖြင့် အသီးများ ပြန်လည် သီးနေခြင်းသာ ..
''သြော်..အသီးတွေက ပြန်သီးနေပြီကို.. အမလေး ..အေးလိုက်တာ နော်..''
အတွင်းအားပြည့်ဝနေလျှင် ထိုအအေးဒါဏ်ကို ခံနိုင်မည်ဖြစ်သော်လည်း ယခုလိုဒါဏ်ရာရနေချိန်တွင် အအေးဒါဏ်က သိသိသာသာပင် ပိုကဲနေသည် ..
သို့သော်လည်း နဂိုတုန်းကထက်တော့ ပိုခံလာနိုင်ပါ၏ ... အားကွေ့သည် ယခင်ကသေရေးရှင်ရေးကြောင့်သေသေချာချာ မကြည့်ခဲ့ရသော ထိုဂူအား မျက်စိဖြင့် လည့်ပတ်ကြည့်နေသည် ..
ထို့နောက်ဂူအဆုံး တွင်နံရံကို မှီထိုင်လိုက်ရင်း .. အတွင်းအားကျင့်ရန် ကျိုးစားလိုက်သည် ..
''ဝေါ့..'''
''အား..့ပါး..ပါး.. နာလိုက်တာ ..''
အတွင်းအားလည်ပတ်လိုက်သည်နှင့် မခံမရပ်နိုင်နာကျင်ကာ သွေးများအန်ချ လိုက်မိသည်..
''ဟူး..ငါတော့ ဒီဂူထဲမှာပဲ ဘ၀ဆုံးတော့မယ် ထင်တယ်.. ဗိုက်ကလည်း ဆာလိုက်တာ ဘာမှစားစရာလည်း မရှိပါလား .. ဟိုဘုန်းကြီး ဘာတွေစားလို့များ အသက်ရှင်နေလည်းမသိဘူး..'''
အားကွေ့က မသဲမကွဲရေရွတ်လိုက်ပြီးနောက် မှ နံရံအပေါ်တွင် အရွက်များမပါရှိသော နွယ်ခြောက်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရ၏ ..
ထိုနွယ်ပင်၏ ထိပ် တွင် နီရဲနေသော အသီးတစ်လုံးရှိသည် .. အားကွေ့မှာ ဘာရယ်ညာရယ်မတွေး ဗိုက်ဆာဆာနှင့် ခူးလိုက်ရာ......
''ရှူး.. ဖောက်'''
''အား.. အမလေး .. ဘာကောင်ကြီးလဲဟ''
အမှန်စစ်စစ် အားကွေ့ နွယ်ပင်ဟု ထင်ထားသည်မှာ လွန်စွာ အဆိပ်ပြင်း သော မြွေတစ်ကောင်ဖြစ်သည် .. နီရဲနေသော အသီးဟု ထင်မိသည်ကား မြွေဦးခေါင်း ပင်ဖြစ်၏ ..
ယခုတော့ အစားငမ်းသည့် အားကွေ့ တစ်ယောက် မြွေပေါက်၍ တကိုယ်လုံး ပြာနှမ်းကာ သေဆုံးလုလု ဖြစ်နေလေပြီ....
#33 ( အစ၏အဆုံး ..အဆုံး၏အစ )
အားကွေ့သည် အဆိပ်ဒါဏ်ကြောင့် အရိုးကွဲမတတ်အေးစိမ့်ခြင်းဒါဏ်ကို ခံနေရသည် .. ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ တစ်ချက်တစ်ချက်တွင် သတိလက်လွတ်ဖြစ်ဖြစ်သွား၏ ...
'''အား...ငါသတိလွတ်လို့မရဘူး .. သတိလွတ်ပြီး မေ့သွားတာနဲ့ တသက်လုံး ပြန်ထနိုင်တော့မှာမဟုတ်ဘူး ..''
ကိုယ့်ကိုယ်ကိုယ်ပြန်လည်အားတင်းရင်း ထရန်ကျိုးစာသေးသော်လည်း... သူ၏လက်များခြေထောက်များမှာ လှုပ်ရှား၍မရနိုင်တော့ပေ.. ထုံကျင်ကိုက်ခဲ တောင့်တင်းကာ အထိအတွေ့ကိုပင်ခံစား၍မရတော့ ..
အားကွေ့ တကိုယ်လုံးတွင် လှုပ်ရှားနိုင်သည့်အရာဟူ၍ လတ်တလောတွင် ခေါင်းတစ်လုံးသာရှိတော့၏....
မူးဝေနေသော ခေါင်းအားအနိုင်နိုင်ထောင်၍ မိမိကိုယ်ကို ပြန်ကြည့်လိုက်ရာ ..
ရေခဲကိုက်ထားသောလူကဲသို့ ..ခြေ လက်နှင့် ကိုယ်တွင် ခရမ်းပုပ်ရောင် အကွက်များထ နေသည်ကို တွေ့လိုက်ရသည်..
'''ဟာ.. ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူး .. ဖိုးဖိုးဖုန်းချူးပြောတာကြားဖူးတယ် .. တိဗက်ကုန်းမြင့်ဒေသ အရမ်းအေးတဲ့နေရာတွေမှာ ရေခဲပြင်ထဲသွားရင်း နှင်းကိုက် ခံရတဲ့လူတွေဟာ ဒီလို ခရမ်းပုပ်ရောင်အကွက်လိုက် ထပြီး အသားတွေ ပုပ်ဆွေး ပြတ်ကျ တယ်လို့ပြောဖူးတယ် .. ငါဘယ်လိုလုပ်ရပါ့...'''''
ဟုတွေးကာ တတ်နိုင်သမျှ အားစိုက်ကာ ကျိုးစားလှုပ်ရှားကြည့်သေး၏..
သို့သော် အချည်းနှီးမျှသာ...
တခုကံကောင်းသည်မှာ ရင်ဝမှ နာကျဉ်သောဝေဒနာမှာ လုံးဝမရှိတော့ခြင်း ဖြစ်သည်...
ထို့ကြောင့်အားကွေ့သည် သူ၏အတွင်းအားကို ဖြည်းဖြည်းခြင်း စုစည်း ကြည့်လိုက်မိသည်.. ပူနွေးသော အငွေ့အသက်သည် ချက်နားတ၀ိုက်တွင် လှည့်ပတ် နေသောကြောင့် သူ၏အတွင်းအားမှာ နဂိုအတိုင်း ပြန်လည်အသုံးပြု၍ ရသွားသည်ကို သိလိုက်ရသဖြင့် အားတက်သွားကာ ထင်းလွေ၏ မူပိုင်အတွင်းအားသိုင်း ဖြစ်သော ဆယ့်တစ်ဆင့်အတွင်းအား ကိုသုံးကာ ကိုယ်လက်များသို့ ဖြန့်ကျက်လိုက်သည် ...
အတွင်းအားသည် ချက်အတွင်းနားတ၀ိုက်တွင်သာ လည့်ပတ်နေပြီး အားလျော့ပြိုကွဲသွားကာ လက်ခြေများသို့ မရောက် ပဲ လွင့်ပြယ်သွား၏ .. အားကွေ့ သည်ဇွဲမလျော့ပဲ သူသိမီထားသမျှ အတွင်းအားပညာရပ်မျိုးစုံကို တမျိုးပြီး တမျိုး သုံးကာ အတွင်းအားဖြန့်ရန်ကျိုးစားလိုက်ပြန်သည်..
အတွင်းအားအမျိုးအစားပေါင်း ဆယ်ရှစ်မျိုးမျှ အသုံးပြုပြီးသည့်နောက်တွင် ကိုယ်ခန္ဓာအနည်းငယ်နွေးလာသည်မျှအပ မည်သို့မျှဖြန့်ကျက်၍ကားမရ ...
ခရမ်းရောင်အကွက်တို့က ပို၍ပို၍ ကျယ်ပြန့်လာကြ၏ .. အကယ်၍ထိုအကွက် များသာ ဆက်မိသွားလျှင် သူ့တကိုယ်လုံးအရိုးစုကြီးသက်သက်သာကျန်တော့အောင် အသားများပုပ်ဆွေးကျ သေဆုံးရတော့မည်..
ထမင်းအိုး တကျက်မျှထပ်မံကြာသွားသည့်နောက်တွင် ယမန်နေ့ညကမှ ကျက်မှတ်ထားသော အတွင်းအားပညာ အားသတိရမိလိုက်သည်.. ထိုသိုင်း သည်က အပူဓါတ်အတွင်အားတစ်မျိုးဖြစ်သည့် မီးလျှံနတ်ဆိုး၏ ငရဲအိုးသို့ခုန်ဆင်းခြင်း ဟူသော အတွင်းအားပညာဖြစ်၏ ..
တခါမှမလေ့ကျင့်ဖူးသည့်အပြင် ကျက်မှတ်နေတုန်း သိုင်းကျမ်းသူခိုး ရောက်လာသောကြောင့် အဆုံးထိတိုင် မလေ့လာရသေးပေ ..
မိမိနားမလည်သေးသော ပညာရပ်အား အသုံးပြုရမည်မှာ စွန့်စားရာတော့ ရောက်ရာကြသည် .. သို့သော်လည်း သေမည့်အရေးထက်တော့ မည်သည့်အရာမှ အရေးမကြီးတော့ပါ..
သိုင်းကျမ်းထဲ၌ ပါသည့်အတိုင်း လျှာကို အာခေါင်နားအထိ ကပ်လိပ်ကာ အသက်ရှုအောင့် လိုက်သည် .. ထို့နောက် မိမိ ချက်နားစီမှ လည်ပတ်နေသော အတွင်းအားတို့ကို ထင်းလွေတို့ညီအကိုတသိုက် ဖွင့်ပေးထားသော သွေးကြောမ နေရာ ခြောက်ခုအပြင် အခြားသွေးကြောငယ် ကိုးခု နေရာသို့ စီးဆင်းစေလိုက်၏.. အစမှာ အတွင်းအားများ ထစ်နေသေးသော်လည်း နောက်ပိုင်းတွင် လျောလျောရှုရှုပင် စီးဆင်းသွား၏
ထိုအခါ တကိုယ်လုံးအေးစက်နေရာမှ မီးတွင်းထဲပြုတ်ကျသွားသကဲ့သို့ ခြစ်ခြစ်တောက် ပူလာကာ နတ်ကျသလိုပင် တုန်ယင်၍သွားသည်... ထို့ပြင် အသက်ရှုအောင့်ထား ရသောကြောင့် နားထင်သွေးကြောများဖောင်းကားလာ၍ အဆုတ်တစ်ခုလုံးပေါက်ကွဲထွက်မတတ် ဝေဒနာဆိုးကြီးကိုခံစားလိုက်ရပြန်၏..
အားကွေ့ယခုခံစားနေရသော ဝေဒနာမှာ ထင်းလွေနှင့် ငွေမျက်နှာသမားတော် ကြီးတို့၏ သန်းခေါင်ညမိစ္ဆာသိုင်း လမ်းချော်မှုခံစားချက်ထက် အဆပေါင်းများစွာ ပိုသည်...
အအေးနှင့်အပူတိုက်ပွဲကြားမှ အားကွေ့၏တကိုယ်လုံးသည် နီရဲလိုက် ခရမ်းပုပ်ရောင် အသွင်ပြောင်းလိုက်နှင့်ဖြစ်နေ၏..
နီရဲလာလျှင် မီးပုံထဲပြုတ်ကျသကဲ့သို့ပူကာ .. ခရမ်းပုပ်ရောင်ပြောင်းသွားလျှင် ရိုးတွင်းချဉ်ဆီထိအောင် အေးခဲသွား၏....
အမွေးတိုင်တစ်တိုင်စာမျှ ခံစားရပြီးနောက် ..
''''အား....''''ဟူ၍ ကျယ်လောင်စွာ ဟစ်အော်ရင်း အားကွေ့တစ်ယောက် ခုန်ထ လိုက်သည်...ခုန်ထသည့် အားမှာ အရှိန်များလွန်းလှ၍ သူ၏ခေါင်းနှင့် ကျောက်ဂူအမိုး ဖြင့်ပင်ဝင်ကာဆောင့်မိလိုက်သေး၏..
အသံမှာလည်းကျယ်လောင်လွန်းလှရာ .. ကျောက်ဂူတစ်ခုလုံးပင်တုန်ခါ သွားလေ ၏ .. ဂူအတွင်းရှိ ကျောက်တုံးပုံအတော်များများမှာလည်း တ၀ုန်းဝုန်းဖြင့် ပြိုလဲသွားကြသည် နံရံတွင်ကပ်နေသော ရေခဲချပ်များပင်ကွာကျသွားကုန်၏..
အမှန်စစ်စစ် အားကွေ့၏ တကိုယ်လုံး ရှိ သွေးကြောမများ ပွင့်ထွက်သွားခြင်း ဖြစ်သည် .. အထက်လမ်းသိုင်းပညာတွင် လေ့ကျင့်သူသည် သွေးကြောမရှစ်ခုအား ထိုးထွင်းဖွင့်နိုင်မှ ပြီးပြည့်စုံသော အတွင်းအားပညာရှင်ဖြစ်လာမည်ဖြစ်ပြီး .... အောက်လမ်းသိုင်းပညာတွင်မူ သွေးကြောမခြောက်ခုဖွင့်ရုံဖြင့် ပြီးပြည့်စုံသော အတွင်းအားပညာရှင်ဖြစ်လာနိုင်သည် .. အထက်လမ်းတွင် အတွင်းအားပြည့်ဝ သော အဆင့်လွန်သိုင်းပညာရှင်တစ်ယောက်က ကူညီပေးမူသော်လည်းကောင်း ..မိမိကိုယ် မိမိကျင့်ကြံ၍သော်လည်းကောင်း .. အခြားဆေးဝါးများမှီဝဲ၍သော်လည်းကောင်း သွေးကြောမကြီးရှစ်ခုကိုဖွင့်နိုင်သော်လည်း .. အောက်လမ်းသိုင်းပညာတွင်မူ ထိုသွေးကြောမခြောက်ခုဖွင့်ရန်မှာ လွန်စွာခက်ခဲလှသည် ..ဆေးဝါးများမှီဝဲခြင်းမှလွဲ၍ ကျန်နည်းလမ်းများမှာ အသက်အန္တရာယ်အရင်း ခံ၍ ကြိုးစားမှသာပွင့်နိုင်သော အမျိုးအစားဖြစ်လေ၏ ..
အားကွေ့ မှာမူ သူ၏ထူးခြားသော အရိုးအဆစ်နှင့် အကြောအချင် တည်ရှိ နေမူကြောင့် ထင်းလွေတို့မှာ သွေးကြောမခြောက်ခုစလုံးအား လွယ်ကူစွာ ဖွင့်ပွင့်ပေး နိုင်ခြင်းဖြစ်သည်..
ယခုတွင်တော့အားကွေ့သည် အောက်လမ်းသိုင်းပညာ၏ သမိုင်းတလျှောက် ပထမဆုံး သွေးကြောမရှစ်ခု ပွင့်သောသူဖြစ်လာခဲ့၏..
ထူးခြားသောအခြေအနေတရပ်တွင်မမျှော်လင့်ပဲ ကံထူး၍သွေးကြောမကြီးများ ပွင့်ထွက်သွားခြင်းပင်.. မည်သို့ပင်ဆိုစေကာမူ ရှေ့လျှောက်တွင် အခြားသူများ ဆယ်နှစ်ကျင့်ရသော အတွင်းအားကို တစ်နှစ်ခန့်ကျင့်ရုံမျှနှင့် အမှီလိုက်နိုင်တော့မည် ဖြစ်သည်..
အားကွေ့မှာ မိမိကိုယ်တွင်း၌ နေရာအနှံ့ရွေ့လျားနေသော အတွင်းအား လှိုင်းများကြောင့် တကိုယ်လုံးဖျင်းဖျင်း ဖျင်းဖျင်းနှင့်ကြက်သီးများထနေသည်.. ကိုယ် ခန္ဓာကလည်း ကျိုးနေသော လက်ကောင်ဝတ်နှင့်လက်ညိုးမှ လွဲကာအကောင်း ပကတိနည်းပါး ပြန်ဖြစ်နေသည် ..
'''ဟားဟားဟားဟား.. ငါပြန်ကောင်းသွားပြီကွ .. '''
အားကွေ့သည် မိမိ တကိုယ်လုံးကိုခြုံငုံကြည့်ကာ အသံထွက်၍ ကျွေးကြော် လိုက်၏.. ကျောက်ဂူနံရံနှင့် ရိုက်မိပြီး ပြန်လာသော ပဲ့တင်သံကို နားထောင်ကာ ..သူ့အားကိုက်သွားသော မြွေအား လက်စတုံးရန် လိုက်လံရှာဖွေတော့သည်..
'' သေချင်းဆိုး မြွေခြောက် နင်ဘယ်ရောက်သွားတာလဲ ..တွေ့လို့ကတော့ ရိုက်သတ်ပြီး အစိမ်းလိုက်ဝါးစားလိုက်မယ် .. '''
ပါးစပ်မှ မကျေမနပ်နှင့်ရေရွတ်ကာ ကျောက်ဂူအနှံ့လိုက်ရှာသော်လည်း မြွေကိုမတွေ့ပေ..
သို့သော် မြွေအားမတွေ့သော်လည်း အပင်အောက်တွင် ငွေဖြင့်ပြုလုပ်ထား သော လူကြီးလက်တစ်ဝါးအရွယ် သေတ္တာပေါက်စလေးတစ်လုံးအားတွေ့လိုက်ရသည် .. အထဲတွင်ဘာများရှိမည်လည်းဟု စပ်စုလိုသည်နှင့် အမျိုးမျိုးကျိုးစားဖွင့်သော်လည်း မပွင့်ပေ...
''တော်ပြီကွာ နောက်မှပဲဖွင့်တော့မယ် အခု ရေမိုးချိုးပြီး တာမောအဆောင်ကို ပြန်မှ ဖြစ်မယ် တော်ကြာငါပျောက်နေရင်.. သင်္ကာမကင်းဖြစ်နေကြအုံးမယ် .''
ဟုတွေးပြီး ခါးကြားထဲထိုးထဲ့ကာ ဂူအပြင်ဘက်ပြေးထွက်လိုက်သည်..
ပြေးထွက်လိုက်ပြီးမှ ယခင်ကနဲ့ မတူ အလွန်တရာမှ မြန်ဆန်လှသောကြောင့် မိမိကိုယ်မိမိပင် အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားရ၏...
'' အလို .. ငါ့နှယ် ဘယ်လိုဖြစ်ရတာပါလိမ့် .. နောက်ခါသတိထားမှ.. ''
ဆိုပြီးလျှင်ဂူရှိရာခြုံပုတ်သို့ ပြန်လှည့်ကြည့်ပြီး ..
''အေး..မြွေခြောက် အခုတော့ကိစ္စရှိသေးလို့ မင်းကို မသတ်သေးဘူး .. နောက်နေ့တွေကြမှ ငါပြန်လာခဲ့မယ်..အခုလောလောဆယ်တော့ အသက်ရှင်နေအုံး ပေါ့ကွာ ..အားကွေ့က သူ့ကို နာအောင်လုပ်တဲ့သူတွေကို ဘယ်တော့မှ ခွင့်လွတ်မှ မဟုတ်ဘူး...'''
တောအုပ်ထဲသို့ အရိပ်ပမာ ပြေးဝင်သွားလေ၏.. အားကွေ့မှာ မိမိကိုမိမိ ဘယ်လောက် ထူးခြားနေမှန်းပင် မရိပ်မိသေးပါ'..
=========++++=====+++=====++++=====
တာမောဆာင်တွင်း ကျမ်းစာအုပ်စင်များကြားတွင် ဘုန်းကြီးနှစ်ပါး မြက်ဖြာခင်းကာ ထိုင်နေကြသည်.. ကိုယ်ခန္ဓာ ကြီးမားထွားကျိုင်းသော ဘုန်းကြီး၏
ညာဖက်လက်သည် မည်းနက်ရောင်ကိုင်းနေသည် .. ထို့အပြင် လက်ဖ၀ါးအလယ် တည့်တည့်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်နေပြီး ပြည်ပုပ်များသွေးစများကြားးမှ အရိုးကိုပင်မြင်နေရ၏.. ထိုဒါဏ်ရာအား ပိန်ပါးပါးဆရာတော်က ကြည့်ကာ ..
'''ဘယ်လိုများဖြစ်လာရတာလဲအကိုတော်ရယ်.. ဒါဏ်ရာကလည်း ထူးဆန်းလိုက်တာ ..''
ဆရာတော်ခုန်းချင့်၏ အမေးကို ..
'''အေး.. မြောက်ပိုင်းရှောင်လင်က ကလေးဘုန်းကြီးအို ကုနန်နဲ့ တိုက်ခိုက် ရင်းကရလာတာပဲ . ကုနန်က ငါတို့ရဲ့ လောဟန့်ရဟန်းဝင်္ကပါသိုင်းကွက် ဗျူဟာ ကို လာခိုးကြည့်နေရက စတာပဲ .. ငါကတော့ ဒါဏ်ရာရ အဲ့ကောင်လည်း မိစ္ဆာနိုင်လက် ၀ါးထိပြီးဒီအချိန်ဆို ဒုက္ခိတ ဖြစ်မလား သေနေပြီလားပဲ '''
ဆရာတော်က မီးလောင်ကျွမ်းနေသည့်သဖွယ် လက်ကို ကိုင်ကြည့်ပြီး ..
''' အကိုတော် ကျွန်တော့်အထင်တော့ ဒါကုနန်လက်ချက်မဖြစ်နိုင်ဘူး .. ဒီဒါဏ်ရာဟာ ၀ရဇိန်သူရိန်လက်ညိုးနဲ့ အထိုးခံထားရတဲ့ ဒါဏ်ရာ ဒါပေမယ့် သူ့သီးသန့်ကြီးပဲမဟုတ်ဘူး ၀ရဇိန်သူရိန်လက်ညိုးက အသားကို မပေါက်စေဘူး အခုဟာက အကိုတော့်လက်က အရိုးတောင်ပေါ်နေပြီ ဆိုတော့ အခြားသိုင်းပါ ပါလိမ့်မယ်.. ဘာသိုင်းဖြစ်မလဲဆိုတာတော့ ညီတော်လည်း ခန့်မှန်းမရဘူး .. ဒီလို ပြင်းထန်ပြီး ရက်စက်မှတော့သေချာပေါက်အောက်လမ်းသိုင်းပဲ.. အောက်လမ်းသိုင်း ဆိုတော့ ပုလွေတို့ညီအကိုတွေပဲ ခန့်မှန်းနိုင်မှာ .. '''
ဟုပြောရင်း လော့ဟန်အဆောင်မှူးဆရာတော်၏ ဒါဏ်ရာကို အနာကျက်ဆေးမှုန့်ထည့်ကာ အ၀တ်စဖြင့် စည်းနှောင်ပေးလိုက်သည်..
ဆရာတော်ခုန်းလွန်က
''ညီတော်ကလည်းကွာ သိုင်းလောကမှာ ကလေးကိုယ်ခန္ဓာနဲ့ ဘုန်းကြီးဟာ ကုနန်ကလွဲလို့ဘယ်သူဖြစ်ရမှာလည်း ... အေး ငါလည်း ကုနန်က ဘယ်လိုလုပ် ၀ရဇိန်သူရိန်လက်ညိုးကို တတ်သလဲဆိုတာ လုံးဝစဉ်းစားမရဘူး ...နောက်ပြီး သူသုံးသွားတဲ့အကွက်တွေကို ဒီမနက်မှ ငါသေချာပြန်တွေးမိတယ် .. အကုန်လုံးနီးပါး ကဒီမှာထားတဲ့သိုင်းတွေပဲ ..ဒါပေမယ့် ရှောင်လင်ရဲ့ လှို့ဝှက်သိုင်းတွေလည်း ပါတော့ ငါ့မှာ ဇဝေဇ၀ါဖြစ်နေတာ ..ဒါနဲ့ညီတော့်ဆီလာခဲ့တာ့ပဲ ..သိုင်းကျမ်းများ ပျောက်သလား .ဘာလားသိချင်လို့ ..''''
ဆရာတော်ခုန်းချင့်က အနည်းငယ်စဉ်းစားပြီး ..
'''သိုင်းကျမ်းကတော့ မပျောက်တာ သေချာတယ် .. စစ်ဆေးဖို့ကတော့ ဟိုကောင်အားကွေ့လာမှ သိရမှာ ..ဒီကောင်ပဲ သိုင်းကျမ်းတွေကို ဖာထေး ပြီး ပြန်စီထားတော့ အရင်နေရာတွေမှာ မဟုတ်တော့ဘူး .. အားကွေ့လည်း မနေ့ညကတည်းက ရေချိုးဆို ပြီးထွက်သွားလိုက်တာ အခုထိပေါ်မလာတော့ဘူး..'''''
''' အားကွေ့ဆိုတာ ဘယ်သူလည်းကွ အရင်က ညီတော့်ဆီက ကိုရင်သုံးယောက်ထဲက တစ်ယောက်လား..'''
''' မဟုတ်ဘူးအကိုတော်ရဲ့ အရင်တံခါးနီဆောင် နဲ့ပိဋိကတ်ဆောင်မှာ လုပ်သွားတဲ့တစ်ယောက်လေ... '''
ဆရာတော်ခုံလွန်းသည်ခဏမျှစဉ်းစားပြီး
'' အင်းလူပေါင်းက ရာချီ ထောင်ချီဆိုတော့ မမှတ်မိပါဘူးကွာ.... ဒီကောင်လာမှ ဆိုတော့လည်း ..လာမှပေါ့.. စောင့်ရတာပေါ့'''
'' ဒီလိုလုပ်လေ အကိုတော် သူ့ကိုစောင့်နေမယ့်အစား..ဒါဏ်ရာကိုလည်း ပြရင်း .. အရင်းအမြစ်ကိုလည်း စုံစမ်းရင်း ပုလွေတို့စီကို သွားပါလား .. ငွေမျက်နှာ သမားတော်ကြီးဆိုတာ မပျောက်တဲ့ဝေဒနာမရှိဘူးလို့တောင် နာမည်ကြီး နေတာပဲ လေ...ပြီးမှပြန်လာခဲ့ပေါ့..'''
ဆရာတော်ခုန်းလွန်က အ၀တ်စစည်းထားရသော လက်ကို ကြည့်ကာ ..
'''ညီတော်ရာ ငါဖြင့် မကောင်းဆိုးဝါးအောက်လမ်းသိုင်းနဲ့ အဲ့သိုင်းကျင့်တဲ့ သူတွေ ဆို မစင်ထက် ရွံ တယ်ဆိုတာ သိရဲ့သားနဲ့ ..ရှင်းရှင်းပြောရရင် ဂိုဏ်းချုပ်ကြီးနား ကပ်နေတဲ့ ရွှီကြွင်းကိုတောင်ငါမယုံဘူး ...'''
ဆရာတော်ခုန်းလွန်က ခေါင်းခါရမ်းလိုက်ပြီး .
'''အကိုတော်ရဲ့ စိတ်တွေက နည်းနည်း အစွန်းရောက်နေပြီ .. သူတို့တွေ ဒီမှာ နေတာ နှစ်ပေါင်းသုံးဆယ်ကျော်လာပြီ ဘာတစ်ခုမှ အမှးလည်းမလုပ်သလို ဒါဏ်ကျ ဆောင်ကနေ အပြင်ကို တောင်မထွက်ဘူးလေ.. '''
ခေါင်းမာလှသော ဆရာတော်ခုန်းလွန်ကတော့ မည်သို့မျှ နားမ၀င်သည့် ပုံနှင့်
'''' ဒါကတော့ ကျောင်းထိုင်ဆရာတော်ရှိနေလို့လေ သူသာမရှိရင် ငါတို့ တစ်တွေ ကို လူထင်မှာမဟုတ်ဘူး .. ဒီကောင်တွေကို ငါမမူပေမယ့် ဟိုမိစ္ဆာကောင်ကို တော့ ငါတို့ဘယ်လိုမှ မယှဉ်သာဘူး .. အမှန်က ဂိုဏ်းချုပ်ကြီး သူတို့ရဲ့ သိုင်းပညာ ကိုဖျက်စီးသင့်တယ် .. '''
ဆရာတော်ခုန်းလွန်က ဘယ်လိုမှ ပြောဆိုနားချ၍ မရသော အကိုတော်အား
''' အကိုတော်လည်း ထင်းလွေနဲ့ ဂိုဏ်းချုပ်ကြီးတို့ ဖြစ်ပျက်ခဲ့တဲ့ အရာကို မျက်မြင်တွေ့သားနဲ့ ..တကယ်ဆို ထင်းလွေ ကိုဖမ်းဆီးထားတာ မှမဟုတ်တာ သူကိုယ်တိုင်အသိတရားရလို့ ရှောင်လင်ရဲ့တရားအရိပ်မှာ လာမှီခိုနေတဲ့ဟာ .. ပြီးတော့ ဆရာတော်ကိုယ်တိုင် ၀န်ခံထားတာပဲ .. တကယ်လို့သာ သူသေကိုယ်သေ ယှဉ်ပြိုင်ကြစတမ်းဆိုရင် .. နှစ်ယောက်စလုံးအထိနာမယ်ဆိုတာ .. အဲ့လိုလူမျိုးကို ဘယ်လိုလုပ် သိုင်းပညာသွားဖျက်စီးလို့ရမလဲ ..လူတွေက ယွဲ့အိမ်တော်ရဲ့ သူရဲကောင်းဇရပ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုသာ သိကြတာ နောက်ကွယ်က ဇာတ်လမ်းကို ကျွန်တော်တို့တစ်တွေကလွဲရင် ဘယ်သူမှ မသိကြဘူးလေ.. '''
ဆရာတော်ခုန်းလွန်သည်သူ၏ညီတော်ပြောသည့် နောက်ကွယ်က ဇာတ်လမ်း ဟူသည်ကြောင့် မျက်နှာကြီးနီရဲကာ ဒေါသထွက်သွားပြီး
'''တော်စမ်းကွာ လွန်ခဲ့တဲ့အရာတွေကို ပြန်မကြားချင်တော့ဘူး ..''
ဆရာတော်ခုန်းချင့်ကမည်သို့မျှပြန်မပြော သက်ပြင်းတစ်ချက်သာ ချရင်း
ငြိမ်နေလိုက်သည်..
'''ဆရာတော် ...ကျွန်တော်ပြန်ရောက်ပြီဗျ...'''''
ဟူသော အားကွေ၏အသံက ရှေ့တံခါးဝဆီမှထွက်လာသည်.. ဆရာတော် နှစ်ပါးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်.. အဘယ့်ကြောင့်ဆိုသော် အားကွေ့၏ ခြေသံကို သူတို့နှစ်ယောက် မကြားမိ၍ ဖြစ်သည်..သိုင်းထိပ်ခေါင်နှစ်ပါးမှာ သိုင်းထိပ်သီးတို့၏ ကိုယ်ဖော့ပညာဖြင့် တိတ်တဆိတ်လာသည်ကိုပင် အာရုံခံမိသူများဖြစ်ရာ .. ယခုလို သိုင်းမတတ်သည့် အားကွေ့၏ ခြေသံကို မကြားမိသည်မှာ လွန်စွာမှ ရယ်ရွှင်ဖွယ်ရာကောင်း၏..
သို့သော်လည်း စကားစမြည်ပြောရင်း စိတ်မရွှင်ပြသည့်အချိန်မို့ ယာယီမျှ သတိလွတ်သွားကြသည်ဟု ကိုယ်စီကိုယ်စီ တွေးမိရင်း ဆရာတော်ခုန်းချင့်က ..
''အေး..အေး ..၀င်ခဲ့ဟေ့ ..၀င်ခဲ့ .'''
အားကွေ့သည် အထဲသို့ရောက်၍ မြက်ဖျာပေါ်ထိုင်နေသော ဆရာတော် ခုန်းလွန်ကိုတွေ့လျှင် စိတ်ထဲတွင် ထိတ်ကနဲ ဖြစ်သွားသည်.. ခေတ္တမျှ ပျက်ယွင်း သွားသော မျက်နှာက်ုပြင်လိုက်ရင်း လက်အုပ်ချီကာ ဆရာတော်နှစ်ပါးအားအရို အသေပေးလိုက်၏...
ထိုစဉ်ဆရာတော် ခုန်းလွန်က အားကွေ့အား မှတ်မိသွားကာ ..
'''အော် ကိုရင်ကိုးကွ .. နာမည်နဲ့လူနဲ့ မတွဲမိတာပဲ .. သိပါ့ကွာ ပိဋိကတ် အဆောင်မှူးအရမ်းချီးကျူးတဲ့ သူငယ်ပဲ .. ဉာဏ်အလွန်ကောင်းတယ်တဲ့..နောက်နှစ် ဆို စာသင်စာချ ကိုရင်ကြီးလုပ်ခိုင်းမလို့တောင် ငါ့ကို တိုင်ပင်နေသေးတယ် .. '''
ဆရာတော်ခုန်းချင့် ကသူ၏တပည့်ကျော်၏ ကောင်းသတင်းကြောင့်ဂုဏ် တက်သွားရင်း ..
'' ဟားဟား ဘယ်ပေးနိုင်ပါ့မလဲ အကိုတော်ရဲ့ ညီတော်ကသူ့ကို ရဖို့ တပည့်သုံးယောက်နဲ့လဲထားရတာ .. ဒီသူငယ်က ဘာလုပ်လုပ်စိတ်ချထားလို့ရ တဲ့သူငယ် .. ဆိုးတာက ဉာဏ်အလွန်ကောင်းသလောက် ကိုယ်အချိုးအစား အရိုးအဆစ်မပြေပြစ်တော့ သိုင်းသင်ကြားလို့မရတာပဲဗျာ .. သူ့ဉာဏ်ရည်နဲ့ဆို ရှောင်လင်ကျောင်းက ဘယ်လောက်ဂုဏ်ယူရမလဲဆိုတာ တွေးကြည့်လို့ တောင်မရဘူး.. '''
ဟူ၍ ပြောလိုက်ရာ လော့ဟန်အဆောင်မှူးက အားကွေ့အားသေသေချာ ချာကြည့်ပြီး ..
'''မင်းနဖူးက ဘာတွေပေထားတာလည်းကွဲ့ ရွှေရောင်လက်လက် နဲ့ ..'''
အားကွေ့သည်သူ၏နဖူးကို ပွတ်လိုက်ပြီး ..
'''မသိဘူးဘုရား'.'''
ခုန်းချင့်ဆရာတော်က ..
''' ကိုင်း ...လော့ဟန်အဆောင်မှူးက သိုင်းကျမ်းတွေ ကြည့်ချင်လို့တဲ့လိုက်
ပြပေးလိုက်အုံး .. '''
သို့နှင့်အားကွေ့လည်း ဆရာတော်ရိပ်မိသွားမှာကို တလန့်လန့်နှင့်ပင် သိုင်းကျမ်းများကိုလိုက်ပြလိုက်၏..
သူကြည့်သော သိုင်းကျမ်းများကလည်း အားကွေ့မနေ့ညတုန်းက အသုံးပြုလိုက်သော သိုင်းကွက်များဖြစ်ပြီး .. တအုပ်မျှ မပျောက်မရှသည်ကို သိလိုက်သည်နှင့် ...
''ထူးဆန်းတယ် ..ထူးဆန်းတယ် ..''
ဟုရေရွတ်ကာ နူတ်တောင်မဆက်တော့ဘဲ လော့ဟန်အဆောင်သို့ ပြန်သွားလေသည်...
=======++++=====+++++======++++=====
မြင့်မားသောတောင်များ နက်ရှိုင်းသော တောတန်းများနှင့် အန္တရာယ် ထူပြောလှသော လွီယွိတောင်တန်းတွင် နတ်ဘုံနတ်နန်းသမျှ သာယာလှပသော နန်းတော်ကြီးတစ်ဆောင်ရှိသည်ဟုဆိုလျှင် ပြောသူကို စိတ်မနှံ့သော အရူးဟူ၍ ၀ိုင်းဝန်းပြောဆိုကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ...
သို့သော်လည်း ထိုနန်းတော်ကြီးသည်က တကယ်ရှိပါသည်.. ရွှေရောင် စုလစ်မွန်းချွန်းများနှင့် အလှဆင်ထားသော အမိုးများအောက်တွင် မဟော်ဂနီရောင် ပန်းကနုတ်များ ပုံဖော်ထားပြီး နဂါးပုံကျောက်ဆစ်ရုပ်ထုများကို အရှေ့အနောက် တောင်မြောက်မျက်နှာစာတွင် ပုံစံကျအောင်နေရာချထားသည့် နန်းတော်ကြီးသည် နေ၀င်ဆည်းဆာ အောက်တွင် ခန့်ညားလှပစွာ တည်ရှိနေပါသည်.. နန်းတော်ဝင်းထဲ တွင်မူ အရောင်အသွေးမျိုးစုံသော ပန်းများကို ထူထပ်စွာ စိုက်ပျိုးထားသဖြင့် မြင်ရသည်မှာ မျက်စိအေးလှ၏...
နန်းတော်ကြီး၏ အနောက်ဘက်တွင် အောက်ဖက်တွင် မြူခိုးများဆိုင်းနေသည့်
လွန်စွာ နက်ရှိုင်းသော ချောက်ကမ္ဘားကြီးတစ်ခုရှိသည် ..
ချောက်ကမ္ဘားအစွန်အဖျားတွင်မူ အ၀ါရောင်ပိုးသားဝတ်စုံကို ၀တ်ဆင်ထား ၀တ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက် လက်ထဲတွင် ပန်းလေးတစ်ပွင့်ကို ကိုင်ကာ မတ်တပ်ရပ်နေ၏ ..
ခပ်မှုန်မှုန်လေးကျနေသော နှင်းမှုန်လေးအောက်တွင် ခပ်လျော့လျော့လေး ရပ်နေပုံက မြင်ရသူကို အလွမ်းဓါတ်ခံပေးနေသယောင်ယောင်ပင်..
ချောက်ကမ္ဘားဆီမှ တစ်ချက်တစ်ချက် လေပင့်လိုက်လေတိုင်း ၀ဲလွင့်သွား သောဆံနွယ်ရှည်တို့က သူမ၏ အလှကို အယဉ်ဆင့်စေသည်..
အ၀ါရောင်ပိုးသားဝတ်စုံမှာ ပျော့ပြောင်းလွန်းလှရာ .. သူမ၏ အရှိုက် အ၀န်းအမို့အမောက် ကောက်ကြောင်းများကို ဖုံးကွယ်ခြင်းမှာ မစွမ်းသာ ..
အင်္ကျီစ လွတ်နေသော ပခုံးနှစ်ဖက်သည် ၀င်းဝင်းမွတ်လျှက် လုံးဝန်း ပြည့်ဖြိုး ကာ လက်မောင်းရင်းသို့လျှောဆင်းသွား၏ ... လက်ပွအင်္ကျီဝတ်ဆင်ထား၍ လက်မောင်း သားနှင့် လက်တစ်ခုလုံးကို မမြင်ရသော်လည်း .. ကြာဖူးသဏ္ဍန် လက်ဖမိုးတို့ကြောင့် လက်တစ်ခုလုံး ပြေပြစ်နေမည်မှာသိသာလွန်းလှသည်..
လက်ချောင်းလေးများမှာ သူမသာ ချောက်ထဲသို့ ညွှန်ပြလိုက်လျှင် ပုရိသအပေါင်းသူတော်ကောင်းတို့ ခုန်ဆင်းသွားရလောက်အောင် သွယ်လျညွတ် ပြောင်းနေ၏...
မကြီးလွန်း မသေးလွန်းသော ခီရဓါရီ(ပါဠိ) မှာ တွဲလွန်းခြင်း ..တင်းလွန်းခြင်း
ကင်းစင်ကာ မို့မို့မောင်းမောင်းနှင့် အသဲယားစဖွယ် ရှိသည်..
ချပ်ရပ်သော ၀မ်းဗိုက်မှာ အဆီဟူ၍ တကျပ်စိမျှ ရှိပါလေစဟု ချိန်တွယ်ကြည့် လျှင်ပင် တရွေးသားမှ ထွက်မည်မထင်အောင် ကျစ်လစ်နေ၏
ထွားခြင်း ပြားခြင်း အလျင်းမရှိပဲ မိုးနတ်မင်းကြီး၏ပန်းပုဆရာ ကိုယ်တိုင် ထုဆစ်ထားဘိသကဲသို့သော ကဋိဖလက(ပါဠိ)မှာ တင်းတင်းရင်းရင်းနှင့် သားကောင်းမိခင်ဘွဲ့ထူးကို ဆွတ်ခူးနိုင်လောက်သည်...
အချိုးအစားကျနလွန်းသော ကိုယ်ခန္ဓာ နှင့် နှနယ်လှပလွန်းသော မျက်နှာတို့ပေါင်းစပ်လိုက်သည့်အခါတွင် နေမင်းကြီးပင် မကြည့်ရက်နိုင်သည့် ပမာ တောင်ကြားထဲသို့ပြေးပုန်းသွားတော့၏...
နေမင်းကြီးပုန်းရှောင်သွားသည်နှင့် နန်းတော်ထဲမှ အနီရောင်ဝတ် မိန်းမပျိုလေး တစ်ယောက် ..
''' သခင်မလေး .. သခင်မလေး ..'''
ဟုတကြော်ကြော်အော်ကာ ပြေးလာသည်.... သူမ၏ လက်ထဲတွင်လည်း
သားမွေးအင်္ကျီတစ်ထည်ကို ကိုင်ထား၏ ..
ထိုစဉ်တွင် ဖူးငုံနေစပန်းများပင် ပွင့်လန်းသွားစေနိုင်သော ဂီတသံနှယ် နှယ် အသံလေး က အ၀ါရောင်နတ်မိမယ်လေးဆီမှ ပေါ်ထွက်လာ၏...
''ရှောင်ပိုင်ရယ် .. ဘယ်နှယ်ကြောင့် တကြော်ကြော်အော်နေရတာလဲ .. ဒီအချိန်ဆို ငါဒီမှာပဲရှိမှာပေါ့.. သိရဲ့သားနဲ့'''
ရှောင်ပိုင်ဟူသော မိန်းကလေးမှာ ဇက်လေးကိုပု လျှာလေးကိုထုတ်ကာ ..
သားမွှေးအင်္ကျီကို သခင်မလေး၏ ချစ်စဖွယ့် ပုခုံးပေါ်သို့ တင်ပေးလိုက်သည်..
သူမ၏ ၀င်းမွတ်နေသော အသားဆိုင်ကို မမြင်ရတော့သောကြောင့် ထင်သည် .. နေမင်းကြီးက လောကကြီးအား အမှောင်ထုထဲသို့ ဆွဲသွင်းသွားလိုက်၏
''' သခင်မလေး နည်းနည်းနေရင် အတွင်းအားလေ့ကျင့် ရတော့မယ်လေ.. မကျင့်ခင် ဆေးသောက်ရအုံးမယ် .. '''
ဆေးဟူသော အသံကြားလိုက်သည်နှင့် နားခါး သည့်နှယ့် သခင်မလေးက မျက်နှာကို ရှုံ့လိုက်မိ၏ ..
လောကတွင်ရှိသော မည်သူမဆို မျက်နှာ ရှုံ့လိုက်သည်နှင့် ရှိရင်းစွဲ ရုပ်ထက် လျော့ကျသွားသည်သာ ရှိသော်လည်း သူမအတွက်တော့ ပိုမိုလှပအောင် ပြုလုပ်လိုက်သည်နှင့်ပင်ပိုတူသည်..
ရှောင်ပိုင်သည် နတ်သမီးများထက်ပင် ပို၍လှနိုင်ကောင်းသော သူမ၏ သခင်မ မျက်နှာကို ကြည့်ကာ ..
''မသောက်ရင်တော့ ဘိုးဘိုးကြီး က ရှောင်ပိုင့်ကို သတ်လိမ့်မယ် .'. ရှောင်ပိုင် ကိုသနားရင်တော့ သောက်ပါနော် ..''''
'' ဟင်း..ဟင်း.. ..နင်ကတော့နော် ..ငါမုန်းပါတယ်ဆိုတဲ့ ဒီဆေးကိုပဲ အတင်းသောက်ခိုင်းနေတယ် .. ဒီလောက်မှရှိတာ နင်သောက်ပါလား .. ငါ့မှာ ငယ်ကတည်းက ဒီဆေးတွေကို တရက်မှမပြတ်သောက်လာရတာ .. အဲ့အသံကြားရင် ကို အန်ချင်လာတယ် တကယ်'''
ရှောင်ပိုင်က သူမ၏သခင်မစကားကြောင့် ပြုံးတုံ့တုံ့လုပ်ရင်း
'' သခင်မကသာအဲ့ဆေးကို ငြင်းနေသာ သိုင်းလောကထဲမှာ သခင်မသောက် နေတဲ့ အဲ့ဆေး တစ်ခွက်ကိုသာ ချပေးကြည့်လိုက် ..လူတွေလူတွေ သတ်လိုက် သေလိုက်ကြမယ့် အမျိုးဆိုတာ''''
သခင်မလေးက ထိုစကားကို ကြားတော့ ပြုံးလိုက်ကာ ..
''' တရက်ကြမှ ဒို့များ အဲ့လိုကစားကြတာပေါ့ ..လူတွေသတ်ကြ ဖြတ်ကြရင် ပျော်စရာသိပ်ကောင်းမှပဲ ...''''
သတ်ခြင်းဖြတ်ခြင်းအကြောင်းကို ထမင်းစား ရေသောက်သည့်နှယ် ပြောလိုက်ခြင်းကို ရှောင်ပိုင်ကလည်း မတားသည့်အပြင် လက်ခုပ် လက်ဝါးတီးကာ ထောက်ခံလိုက်၏...
ထို့နောက်တွင်တော့ နန်းတော်ဆောင်ထဲသို့ နှစ်ယောက်သားဝင်သွား ကြလေ၏..
အပြင်မှာတော့ အမှောင်ပိတ်ပိတ်ဖုံးလျှက် ..အေးစက်နေလျှက်...
====++++====++====
ပါဠိ အဖွင့်
ခီရဓါရီ =သားမြတ်/ရင်သား
ကဋိဖလက. = တင်ပါး / ခါးအောက်အနောက်ပိုင်း
#34 ( အစ၏အဆုံး ..အဆုံး၏အစ )
နန်းတော်ကြီးထဲတွင်ရှိသော အမူထမ်းများ ပျားပမ်းခတ်မျှ အလုပ်များနေကြ သည်.....အနီရောင်ခေါင်းဆောင်းနှင့်ကျောတွင် အ၀ါရောင်အလံ တပ်ထားသော အမိန့်စာလွှာ ခြေမြန်တော် လုလင်များ မှာ တဆောင်ဝင် တဆောင်ထွက်နှင့် ခြေခြင်း လှိမ်နေကြ၏...
နန်းတော်ရင်ပြင်ကျယ်တွင် မူ ထောင်ချီသောစစ်သားများပါဝင်သောစစ်တပ်ကြီး က ကျောက်ရုပ်များသဖွယ်ရပ်တန့်နေကြသည် .. သူတို့ ကိုင်ဆောင်ထားသည့် လှံ ရှည်များမှာဆောင်းတွင်းနေရောင်အောက်တွင်ပင် တပျိုးပျိုးလင်းလက်တောက်ပနေ၏
အ၀ါရောင်ချပ်ဝတ်တန်ဆာများ ၀တ်ဆင်ထားသည်မို့ အဝေးကကြည့်လျှင်ဂန္ဓမာပန်း အ၀ါရောင်စိုက်ခင်းကြီးသဖွယ် ရှုမြင်ရပေလိမ့်မည်..
စစ်တပ်၏ ရှေ့ဆုံးတွင် အနီရောင်လက်ပတ်များ ၀တ်ဆင်ထားလျှက် ငွေဓါးကိုင် ဗိုလ်မင်းတို့၏ မြင်းတပ် ရှိ၏.. ရာနှင်ချီသောမြင်းများအား ခေါင်းနှင့် ၀မ်းဗိုက် တွင် သံချပ်ကာများ တပ်ဆင်ထားရာ လွန်စွာ အဟန့်ကောင်းလှသည်..
အပြာရောင်ရင်ကာများဖြင့် တပ်စုတစ်စုမှာလည်း လေးမြားအစုံကိုင်ဆောင် ထားရာ လေးသည်တော်များဟု ကြည့်ရုံမျှနှင့်သိနိုင်၏..
ဘုရင့် နန်းတွင်းတပ်များသည် ဘုရင့် အခမ်းအနားများမှ လွဲ၍ မည်သည့် အချိန်တွင်မျှ ဤကဲ့သို့ မစုစည်းစဖူးပေ.. စစ်တော်များ ငွေဓါးကိုင် ဗိုလ်မင်းများမှာ အကြောင်းစုံမသိရသောကြောင့် အမိန့်တော်အတိုင်းသာ လာရောက်စုရုံးနေကြ သော်လည်း ထူးခြားသော နိုင်ငံရေးအခြေဟု ရိပ်မိရုံကလွဲကာ ဘာမှမသိပေ..
နန်းတွင်းညီလာခံတွင်မူ ပေါက်ကွဲလုလုအခြေအနေတရပ်ဖြစ်နေကြပါ၏..
အနောက်ပိုင်းအမတ်များအုပ်စုနှင့် အရှေ့ပိုင်းအမတ်များ အုပ်စုမှာ တစ်ဖက်နှင့် တဖက် စကားစစ်ထိုးနေကြသည် ...
အရှေ့ပိုင်းအမတ်အုပ်စုအားဦးဆောင်နေသည့် သူမှာ သက်တော်ရှည်အမတ် ကြီးဖြစ်ကာ ဘုရင်ဆက် သုံးဆက်တိုင်တိုင် နန်းတွင်း၌ အထူးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လင်လုရွယ်ဖြစ်ပြီး စစ်သေနာပတိရန်ခွမ်း၏ ယောက်ခမ ဖြစ်သည်.. (ရန်ခွမ်းနှင့်အိမ်တော်၌ ဆွေးနွေးခဲ့သော အမတ်ကြီး)
အနောက်ဖက်အမတ်အုပ်စုအားဦးဆောင်နေသူမှာ ဘုရင်၏ ဦးရီးတော် ဖြစ်ပြီး မိဖုရားကြီး၏ မွေးစားဖခင်ဖြစ်သူ ချောင်ဝမ်းရယ် ပင်ဖြစ်ကာ လက်ရှိ အမတ်ချုပ်ကြီးတာဝန်ကို ထမ်းဆောင်နေသူပင်...
ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော နဂါးသလွန်ပေါ်တွင်ထိုင်နေသည့် ဘုရင်မင်းမြတ်သည်လည်း လွန်စွာ ဒေါသထွက်နေသည့်ဟန် ရှိသည် .. ဘုရင်မင်းမြတ်၏ရုပ်သွင်မှာ အနည်းငယ်ဝဖိုင့်သော်လည်း ရာဇအိနြေ္ဒ ရှိသူဖြစ်ရာ နူတ်ခမ်းမွေးစစနှင့်ကြည့်ကောင်းသော်လည်း ပါးလျသော မျက်ခုံးရှိခြင်း နူတ်ခမ်း ခဏခဏသပ်ခြင်းတို့ ကြောင့် အရေးကြုံလျှင် မပြတ်သားမည့်သူမှန်းသိသာ၏..
သူ၏နဘေးတွင် ဘုရင်မင်းမြတ်လောက်နီးပါး အာဏထက်သည့် အနောက်ဆောင်မိဖုရားကြီးက ဇာမဏီအောက်ခံသလွန်တလုံးနှင့်လှပကျော့မော့စွာ ထိုင်နေသည် ..
အလွန်ချောမောပြေပြစ်လှသော်လည်း ပါးလျနီနီရဲတိကျသော နူတ်ခမ်း .. လခြမ်းသဖွယ် ကွေးညွတ်နေသော မျက်ခုံးတို့က မာယာများခြင်း ရက်စက်ခြင်း ဟူသော စိတ်နေစိတ်ထားပုံကို ဖော်နေ၏ ... အထူးသဖြင့် သူမ၏ စူးရဲတောက်ပ နေသော မျက် လုံးအစုံမှာ သူတထူး၏ အထက်၌သာနေလိုခြင်း .. မာနကြီးခြင်း ..၀န်တိုစိတ်များခြင်းဟူသည့် အတွင်းသဏ္ဍန်ကို မြင်နေရသလိုလို .. သူမ၏လက် ထဲတွင် သားမွေးယပ်တောင်ကြီးကို တဖြတ်ဖြတ်နှင့်ခတ်နေရာ သူမ၏ကိုယ်မှ ကိုယ်သင်းရနံ့နှင့် အမွှေးနံသာနံ့တို့မှာ ညီလာခံတခန်းလုံးနီးပါး ကြိုင်လှိုင်ကာ နေ၏...
ညီလာခံတွင် အမတ်ကြီးများ ဘုရင်နှင့်မိဖုရားကြီးမှ လွဲကာ ထူးထူးခြားခြား သာမာန်ဝတ်စုံနှင့်အဘိုးကြီးတစ်ယောက်နှင့် ရွှေရောင်သံချပ်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက်လည်းပါဝင်နေသည်..
သက်တော်ရှည်အမတ်ကြီး လင်လုရွယ်က ဘုရင်မင်းမြတ်အား ဦးတိုက်အရိုအသေပေးကာ
'''' သုံးလောကအရှင် နဂါးအသွင်ဧကရာဇ်မင်းကြီးဘုရား ..ကျွန်တော်မျိုး ရှေ့တွင် တင်ပြသည့်အတိုင်း တိုင်းပြည်၏ အမှီးဖြစ်သော စစ်သေနာပတိချုပ်ကြီး ရန်ခွမ်းအား မွန်ဂိုအရိုင်းအစိုင်းတို့၏ရန်မှကာကွယ်ရန်အခွင့်ပေးသည့်အမိန့်ကို စောလျင်စွာ ထုတ်ပြန်ပေးသင့်ကြောင်းပါ... '''
ဘုရင်မင်းမြတ် ပြန်လည်မဖြေကြားခင်တွင် အမတ်ချုပ်ကြီးက ကြားဖြတ်၍
'''အရှင်မင်းကြီးခင်ဗျား ..သေနာပတိချုပ်ကြီးဟာ ဘုရင့်အမိန့်တော်ကို မထီမဲ့မြင်ပြုပြီး မနာခံတဲ့အပြင် အမိန့်စာလွှာပေးပို့တဲ့ ကုန်းကုန်းကိုပါ ကြိမ်လုံးနဲ့ အရှက်ရအောင် ရိုက်လွတ်လိုက်လို့ အခုဆို နန်းတွင်းသမားတော် နဲ့ကြပ်မတ်ကုသ နေရတယ် .. ဒီလိုမိုက်ရိုင်းစော်ကားတဲ့ သေနာပတိကို ဘယ်နည်းနဲ့မှခွင့်လွတ်ပေးဖို့ မသင့်ပါဘူးဘုရား .. ရန်ခွမ်းကို အရာမှ ချကာ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်ပါ ခေါင်းဖြတ်ကွက်မြက်သင့်ကြောင်းပါ.. အကယ်၍သာ ခွင့်လွတ်လိုက်မည်ဆိုပါက ဘုရင်မင်းမြတ်၏ အာဏစက်ကို ပြည်သူအများ ကဲ့ရဲ့နိုင်ကြောင်းပါ.. အပြစ်သား ရန်ခွမ်း၏ စိတ်ထဲတွင်လည်း နောက်နောင်တွင် ဘုရင်မင်းမြတ်အားအလေးမထား ဂရုမမူသည့် အပြုအမူများ ဖြစ်ပေါ်လာနိုင်သောကြောင့် ချက်ချင်းပင် အရေးယူသင့်ကြောင်းပါ..'''
ဘုရင်မင်းမြတ်သည် အမတ်ချုပ်ကြီး၏ သွေးထိုးစကားကြောင့် ဖြူဖွေး သောမျက်နှာသည် နီရဲတွတ်သွားကာ
'''သေနာပတိချုပ်ကြီးဟာ ကိုယ်တော့ရဲ့ အမိန့်ကို မလေးမစားပြုမူတာကို တော့ ဘယ်နည်းနဲ့မှ ခွင့်လွတ်လို့မရဘူး .. '''
လင်လုရွယ်သည် အမတ်ချုပ်ကြီးအား မုန်းတီးစွာကြည့်ပြီးနောက် ဘုရင်အား ထပ်မံ၍ လျှောက်ထားလိုက်ပြန်သည်..
'''စိုးရွံ့မိပါသည်ဘုရား.. သေနာပတိချုပ်ကြီးရန်ခွမ်းဟာ အရှင့်အမိန့်ကို မလေးစားမနာခံသည်ဟူသော အရေးဆိုမှုမှာ လုံးလုံးလျားလျား မမှန်ကန်ပါ .. အရှင်၏ အာဏာစက်တည်မြဲစေရန် .. ရန်သူတော်အရိုင်းအစိုင်းတို့၏ ကျူးကျော်မှု ရန်ကကာကွယ်ရန်အလို့ငှာ အသက်ကို ပသာဒ မထားပဲ တိုင်းပြည်အရေးအတွက် စစ်ခင်းထွက်သွားသည်ကို သတိချပ်စေသင့်ကြောင်းပါ.. ထို့ပြင်ရန်သူတော်များ မှာ လည်း ဟေမင်ခံတပ်ကို သိမ်းပိုက်ထားသည်ဟူ၍ စစ်မြေပြင်မှ သတင်းပေးပို့လာ သဖြင့် စစ်သေနာပတိတို့၏ တာဝန်ဖြစ်သော မိမိမြေပြင်ပေါ်မှ ရန်သူများကို တိုက်ထုတ်ရန် ထွက်ခွားခြင်းဖြစ်သည့်အတွက် အပြစ်ဟူ၍ မရှိကြောင်းပါ.. သူ၏ ၀တ္တရားအတိုင်းသာဆောင်ရွက်ခြင်းပါဘုရား... '''
ဘုရင်ကလည်း အကျိုးအကြောင်းညီသော လျှောက်တင်မှုကြောင့် မည်သို့ပြန်လည် ပြောရမည်မှန်းမသိ၍ အမတ်ချုပ်ကြီးဘက်သို့လည့်လိုက်၏..
အမတ်ချုပ်ကြီးကလည်း သဘောပေါက်စွာဖြင့် ..
''အရှင်မင်းမြတ်ဘုရား ယခုဆောင်းဦးရာသီသည် ရာသီဥတုပြင်းထန်လှခြင်း ကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးကာ ပြည်သူလူထု ဆင်းရဲဒုက္ခ များစွာ ရောက်ကြရကြောင်းပါ.. တိုင်းပြည်အခက်အခဲ ဖြစ်နေချိန်တွင် ဘဏ္ဍာငွေကြေး အရှုံးခံရမည့် စစ်ခင်းခြင်းအမှုကို တတ်အားသရွေ့ရှောင်ကျဉ်သင့်ပါတယ် .. ကျူးကြော်သူများနဲ့ စစ်ပြေငြိမ်းခြင်း ယူကာ ရွှေလမ်းငွေလမ်းဖောက်ခြင်းဖြင့် စစ်ကို ရှောင်လွဲနိုင်သည့်အပြင် မိမိရဲ့ မဟာမိတ် အဖြစ်လည်း အင်အားတောင့်တင်းစွာ လက်တွဲနိုင်ကြောင်းပါ .. ဒါကြောင့် စစ်ကို လိုလားတဲ့ အပြစ်သားရန်ခွမ်းကို နေပြည်တော်ဆင့်ခေါ်စာထုတ်ပြီး အမြန်အပြစ်ပေးသင့်ကြောင်းပါ.. အပြစ်ပေးသင့် ပါတယ် အရှင်မင်းကြီး''''
အမတ်ချုပ်ကြီး၏ စကားအတိုင်း အနောက်ဆောင်မှ အမတ်များကလည်း သံယောင်လိုက်ကာ ..
'''.ရန်ခွမ်းကို ..အပြစ်ပေးသင့်ပါတယ် အရှင်မင်းကြီး''
ဟုအော်လိုက်သံက ညီလာခံမှ ကျော်လွန်ကာ ရင်ပြင်မှ စစ်သည်တော် ၏ နားဝသို့ပင်ရောက်သွားကြ၏ ...
ထိုအခါ အပြင်မှ စစ်သည်များအဖို့ ခေါင်းထိပ်တည့်တည့်သို့ မိုးကြိုးများ ပစ်ချလိုက်သလို ခံစားလိုက်ကြရသည်... စစ်သေနာပတိချုပ်ရန်ခွမ်းအား အပြစ်ပေး ရန်ဟူသောသူတို့ကြားလိုက်ရသော စကားလုံးမှာ ဟုတ်မှဟုတ်ပါလေစ ဟူ၍ တစ်ယောက်နှင့်တစ်ယောက်မေးခွန်းထုတ်သံနှင့် အကုန်လုံးရုတ်ရုတ်သဲသဲ ဖြစ်ကုန် ကြ၏'..
နန်းတွင်းစစ်သည်ဟု ဆိုသော်ငြားလည်း အမှန်စစ်စစ်တွင် ရန်ခွမ်း၏ လက်အောက်မှ အတော်ဆုံးစစ်သည်များအား ရွေးချယ်စုစည်းထားသော အဖွဲ့ဖြစ်ရာ သေနာပတိကြီး၏ ဂုဏ်သိက္ခာကို သိနားလည်ကြခြင်းကြောင့် ကြားရသည်မှာ မယုံကြည် နိုင်လောက်အောင်ပင်..
ငွေဓါးကိုင် စစ်ဗိုလ်များမှာလည်း နဝေတိမ်တောင်နှင့် စစ်တပ်အား ပြန်လည် စုစည်းရန်ပင်မေ့ကုန်ကြသည်.. သူတို့သည်လည်း သေနာပတိချုပ်ကြီး၏ တပည့်သား မြေးများဖြစ်ကြသည်မဟုတ်လား...
အပြင်မှ ရုတ်ရုတ်သဲသဲအသံကြောင့် ညီလာခံတဒင်္ဂရပ်တန့်သွားကာ
မိဖုရားကြီးမှ ရွှေချပ်ဝတ်တန်ဆာနှင့်လူရွယ်အား ..
''' ချန်းမင် .. အပြင်မှာဘာတွေဖြစ်ကုန်ကြတာလည်း ဆူညံနေတာပဲ .. နန်းတွင်းတပ်ကလည်း တယ်စည်းကမ်းမဲ့လှပါလား..သွားကြည့်စမ်း.. '''
ဟု အမိန့်ပေးလိုက်သောကြောင့် ချန်းမင်း ဆိုသူသည် ရွှေဓါးအားကိုင်ဆောင် လျှက်အပြင်သို့ ခပ်သုတ်သုတ်ထွက်သွားသည်...
အပြင်တွင်စစ်သည်များအံတကြိတ်ကြိတ် နှင့် ဓါးတပြင်ပြင်လှံတပြင်ပြင်ဖြစ်နေကြ သည်ကို မျက်လုံးပြူးဖွယ်တွေ့လိုက်ရ၏... ထိုအထဲတွင် ငွေဓါးကိုင် ဗိုလ်မင်းအချို့ ပင်ပါလေသည်...
ချန်းမင် ထွက်လာသည်ကို တွေ့မှပင် အနည်းငယ်ငြိမ်သက် သွားကြ၏..
ချန်းမင်က သူ၏ရွှေဓါးကို ထုတ်ကာ ..
''ငါတို့ရဲ့နန်းတွင်းတပ်က တိုင်းပြည်ရဲ့စံပြတပ် .. လူတကာအရိုအသေ အပေးခံရတဲ့တပ် .. စည်းကမ်းအကြီးဆုံးတပ် .. အတိုင်းတိုင်းအပြည်ပြည်ကတောင် လေးစားရတဲ့တပ် .. ဒီလိုမျိုး ဂုဏ်သိမ်ဂုဏ်ထူးတွေနဲ့ တပ်လုပ်ပြီး ဘယ့်နှယ်ကြောင့် အခုလို စည်းမဲ့ကမ်းမဲ့ဖြစ်နေကြရတာလဲ .. '''
ထိုအခါ ငွေဓါးကိုင် ဗိုလ်မင်းတစ်ယောက် က ..
''ကိုယ်ရံတော်ချုပ်ကြီး .. သေနာပတိချုပ်ကြီးကို အပြစ်ပေးဖို့ ကြံစည်နေကြ တာဆို ..''''
ချန်းမင်က အနည်းငယ်တွေဝေသွားပြီးမှ
''' အခုမှ တိုင်ပင်နေကြတုန်း .. ဘာပဲဖြစ်ဖြစ်ငါတို့ အလုပ်မဟုတ်ဘူး .. ငါတို့ရဲ့ တာဝန်က ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိဖို့ပဲ .. သူတို့အလုပ် သူတို့ လုပ်မယ် .. ငါတို့အလုပ်ငါတို့လုပ်ရမယ် .. ဒါပဲ .. အားလုံးဆူညံ ဆူညံ မလုပ်ပါနဲ့ စည်းကမ်းရှိရှိနေကြပါ..'''
ဟု ပြောလိုက်ရာ စစ်သည်အားလုံးမှာ မကျေနပ်ကြသော်လည်း ချန်းမင် အားလေးစားကြသောကြောင့် ပြန်လည်ငြိမ်သက်သွားကြသည်..
ထိုအခိုက်မှာပင် ညီလာခံရုပ်သိမ်းလိုက်သောကြောင့် ၀န်မင်းများ အရှိုရှို ထွက်လာပြီး ဝေါယဉ်ပေါ်တက်ကာ နေရပ်အသီးသီး သို့ပြန်ကုန်ကြ၏..
ချန်းမင်၏ ဘေးသို့ ညီလာခံအတွင်းမှ အရပ်ဝတ်နှင့် အဘိုးကြီးရောက်လာပြီး
'' ကိုင်း ချန်းမင်ရေ သားကြီး .. စစ်သည်တွေကို ပြန်လွတ်လို့ရပြီ.. '''
ချန်းမင်က အခန်းအတွင်းမှ အဖြစ်အပျက်ကို သိလိုဇောနှင့်
'''ဘယ်လိုဖြစ်ကုန်ပြီလဲ အဖေ''
အဘိုးကြီးသည် မျက်နှာတွင်သီးနေသော ချွေးများကို သုတ်ကာ သက်ပြင်းမှုတ် ထုတ်လိုက်ပြီး ....
'''ဟူး ... တော်ပါသေးရဲ့ ..တိုင်းပြည်ပျက်တော့မလို့ .. မင်းတပ်တွေ ဆူညံသံ က သေနာပတိချုပ်ကြီးကို ကယ်လိုက်တာပဲ .. အမတ်ချုပ်ကြီးက လတ်တလော အခြေအနေကိုသဘောပေါက်ပြီး အမှုကို ဆိုင်းလိုက်ပြီ .. မဆိုင်းလို့လဲ မရဘူးလေ .. နန်းတွင်းတပ်ကပါ သူတို့ဘက်မှာ မရှိမှန်းသိလိုက်တာကိုးကွ.. တကယ့် မြေခွေးအို ကြီးပါကွာ .. သေနာပတိချုပ်ကြီးရှိနေရင် ဘုရင့်အာဏာစက်က မှိန်နေမယ် ဆိုတာ သိလို့ ရှင်းချင်နေတာ .. တကယ်တော့ ဘုရင်ဆိုတာလည်း အမည်ပါကွာ ..သူတို့ သားအဖနှစ်ယောက်ပဲ တိုင်းပြည်ကို ချယ်လှယ်နေတာ .. မင်းခယောင်္ကျား ကမ်းနား သစ်ပင်ဆိုတာ တယ်မှန်သကိုးကွ.. '''
ချန်မင်းက သူ၏ နန်းတွင်းတပ်ကို ပြန်လည်ထွက်ခွာရန် အမိန့်ထုတ်ပြီးနောက် သူ့အဖေဖက်လည့်ကာ ..
''' အဖေ .. ကျွန်တော်တို့က စည်းရိုးပေါ်ခွထိုင်နေလို့ မဖြစ်တော့ဘူးနော် .. တဖက်ဖက်ကိုရပ်မှဖြစ်မယ် .. အဖေ ဆုံးဖြတ်ပြီးပြီလား ..''''
အဖိုးကြီးသည် ပြန်မဖြေဘဲ သူ၏ သားကြီးအား လက်ပြခေါ်ဆောင်ကာ နန်းတော်နဘေး မြင်းဇောင်းသို့ သွား၍ မန်ကျည်းမှည့်ရောင် မြင်းအား နန်းတွင်းလုလင် တစ်ယောက်ကို ထုတ်ခိုင်းပြီး မြင်းပေါ်တက်ပြီးနောက် ..
''' မင်း ညီရဲ့ ပြန်စာရောက်လာမှငါတို့ ရပ်ရမဲ့ဘက်ကို သေသေချာချာ သိရမှာ ဆရာကြီးရဲ့ လမ်းညွှန်ချက်ကို စောင့်တာအကောင်းဆုံးပဲ ..'''
ချန်းမင်က ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ..
''' ချန်းချန်ဆီကစာမြန်မြန်ရောက်လာရင်အကောင်းဆုံးပဲဗျ .. ကျွန်တော်လည်း စိတ်ပင်ပန်းလှပြီ .. ဆရာကြီးမုန့်ရဲ့ စကားကတော့ ဘယ်တော့မှ မှားမယ် မထင်ပါဘူး .. ဒါနဲ့သမီးလေးတောင် အဆင်မှပြေရဲ့လားမသိဘူး ..ခွန်လွန်းတောင်က သိပ်အေး လွန်းတော့ တော်ကြာ ဖျားနေနာနေမှဖြင့် .. ''''
အဘိုးကြီးသည် မြင်းပေါ်မှ ခွန်လွန်းတောင်ဘက်ဆီသို့ မျှော်ကြည့်ရင်း ..
''' အင်း ..ငါ့မြေးလေး.. ငါ့မြေးလေးကို လွမ်းလိုက်တာဟ .. ငါ့မှာ သူမရှိတော့ ပျင်းခြောက်ခြောက်ကြီး ..ဒါပေမယ့် တိုင်းရေးပြည်ရေး မငြိမ်သက်သေး ခင်တော့ ပြန်ခေါ်ထားလို့ မဖြစ်ချေဘူး ငါတို့ တအိမ်လုံး သေရင်တောင် .. ငါ့မြေးကိုတော့ အပွန်းအပဲ့ခံလို့မဖြစ်ဘူး .. ''
ဟုငြီးတွားလိုက်ပြီးနောက် တချက်ရီလိုက်ကာ
''' ဟဲဟဲ ..ဆရာကြီးမုန့်ကတော့ ဟွားဟွား(ပန်းကလေး) ရဲ့ ဒါဏ်ကို ဘယ်လောက်ခံလိုက်ရမလဲမသိဘူး ..'''
ထိုအခါမှ ချန်းမင်လည်း သူသမီး၏ ဆိုးနွဲ့မှုကို ပြန်သတိရကာ
''' ဟုတ်ပါ့ အဖေရာ .. ဆရာကြီးမုန့်တို့ကို အားနာစရာကောင်းလောက်အောင် ဟွားဟွားက ဆိုးပြတော့မှာ ..'''
ဟုထောက်ခံလိုက်သည်..
အဘိုးကြီးသည်သူ့သားအား လက်ပြကာ ..
''ချန်းချန်ဆီက အဆက်အသွယ်ရရင် .. ငါလူလွတ်လိုက်မယ်ဟေ့ ..သွားပြီ သားကြီး ကိုယ့်လည်ပင်းကို ကိုယ်ဂရုစိုက်ကွာ..'''
ဟုအော်ကာ တဖွဲဖွဲကျနေသော နှင်းများအောက်တွင် မြင်းကို ဒုန်းစိုင်း စီးနင်း ကာထွက်ခွာသွား၏ ...
နန်းတွင်းထဲတွင်တော်ဝင်မျိုးများနှင့်အပြိုင် မြင်းစီးခွင့်ရသော ထို အဘိုးအိုက တပြည်လုံး၏ ထောက်လှမ်းရေးမှူးချုပ်ပင်...
======++++======+++++=====+++=====
ချယ်ရီပင်အိုကြီးသည် နှင်းခါးများရိုက်သောကြောင့် အညိုရောင် အကွက်များ ထနေသော်လည်း အဖြူရောင်ပေါ်တွင် ပန်းနုရောင်စွက်ထားသော ချယ်ရီပန်းများကို အဆုပ်လိုက်အခိုင်လိုက် ပွင့်ဝေပေးနေတုန်းပင်...
ရေအပေါ်ယံတွင်ရေခဲပါးများ ဖုံးလွမ်းနေသောကြောင့် အစာ ဖြစ်သော ငါးသတ္တ၀ါ များကို ယခင်ကလို အလွယ်တကူ မဖမ်းနိုင်တော့ သဖြင့် စိတ်ညစ်နေကြသော ဗျိုင်းများမှာ ကန်ဘောင်ဘေးတွင် ဟိုလျှောက် ဒီလျှောက်နှင့် လမ်းသလားနေကြ၏..
ဆယ်ကျော်သက်အရွယ် လူငယ်သုံးယောက်မှာ ကန်ဘောင်ဘေးတွင် သံမဏိ ဓါးရှည်များဖြင့် သိုင်းလေ့ကျင့်နေကြပြီး .. အဘိုးအိုတစ်ယောက်ကတော့ ဓါးသိုင်း သဘာဝကို ရှင်းပြနေသည် .. ရွှေကွင်းစွတ်ထားသော လူရွယ်မှာ မြက်ဖျာ တစ်ချပ်ပေါ် တွင်ထိုင်ကာ ပုလွေမူတ်နေ၏ .. နွားကျောင်းသား၏ချစ်ပုံပြင်ဟူသော သီချင်းအလိုက် သည် ၀န်းကျင်တစ်ခုလုံးပျံ့နှံ့နေရာ ကြားရသူအပေါင်း နားဝတွင် ချိုမြကာနေသည်..
မုတ်ဆိတ်မည်းမည်းနှင့် ဖျင်ကြမ်းဝတ် လူရွယ်တစ်ယောက်ကမူ စားပွဲခုံပေါ် မှ ကလောင်တံတစ်ခုဖြင့် တေးသွားအတိုင်း စည်းဝါးလိုက်နေ၏ ...
သို့သော် ထိုမြင်ကွင်းသည် အသားအရည်ဝါထိန်ထိန် အဘိုးကြီးတစ်ယောက် နှင့် မျက်ရည်များဖြင့် ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက် ရောက်လာသော အခါ အကုန်ကမောက် ကမများဖြစ်ကုန်သည်..
ငိုယိုနေသောကလေးမသည် ရှေးဦးစွာ ပုလွေကို လုယူပြီး ရိုက်ချိုးပစ်လိုက်သည်
..စည်းဝါးလိုက်နေသော ကလောင်တံကို ယူပြီး သိုင်းသရုပ်ပြနေသော အဘိုးအိုကို လိုက်လံရိုက်နှက်လေ၏.. အဘိုးအိုမှာ သူ့အားငိုယိုပြီးရိုက်နေသော ကလေးမလေး အား ပွေ့ချီ နမ်းရှုံ့ပြီးနောက်..
'''' သမီးလေးက အိပ်ပျော်နေတာကိုးကွဲ့ ..သမီးလေး နိုးသွားမှာ စိုးလို့ ဖေဖေကြီးက မခေါ်လာတာလေ.. '''
သို့သော် ကလေးမလေးမှာ စိတ်ဆိုးပြေပုံမရ ကလောင်တံနှင့် အဘိုးကြီး၏ ခေါင်းကိုထုပြီးနောက် ..
'' သမီးနိုးလာတော့ ဘယ်သူမှမရှိတော့ဘူး ဘိုးဘိုးဖုန်းချူးကဖေဖေကြီးတို့ သမီးကို ကြောက်လို့ ထွက်ပြေးသွားပြီ လို့ပြောတယ် .. အတင်းငိုမှ ဒီကိုလိုက်ပို့ တာ'''
ဆရာကြီးမုန့်သည် ချွန်တွန်းလုပ်သည့် အဖိုးအိုဖုန်းချူးအား မျက်စောင်း ထိုးကာကြည့်ပြီး ..
''ဘယ်ကလာ ငါ့သမီးကို ပစ်သွားရပါ့မလဲ .. ဖေဖေကြီးက ဒီလောက်ချစ်တဲ့ ဟာ ..'''
အဖြစ်သည်းနေသော မွေးစားသားအဖနှစ်ယောက်ကို ကြည့်ပြီး ရှိသမျှ လူများ ပြုံးစိစိဖြစ်နေကြသည်..
ချန်းချန်က နှစ်ပိုင်းကျိုးနေသော ပုလွေကို ကိုင်ရင်း
'''စိတ်ကောက်အိုးလေးကတော့ လုပ်လိုက်ရင် အရမ်းပဲ ဘယ့်နှယ် ပုလွေကို ရိုက်ချိုးပစ်လိုက်ရတယ်လို့ .. ''
ကလေးမလေးက ဘာမှပြန်မပြော ဆရာကြီးမုန့်၏ ရင်ခွင်ထဲမှ လျှာထုတ်ကာ လှမ်းပြောင်ပြလိုက်၏ ...
ဆရာကြီးမုံက လမ်းရိုးလေးအတိုင်းကြည့်ရင်း ..
''''ငါ့ညီတော်မောင် လာနေပြီ ဆိုတော့ ဘာကိစ္စများ အကြောင်းပေါ်နေပြီးလဲ မသိဘူးဟေ့ .. သူက လာခဲတယ်ကွ''
လူအရိပ်အယောင်မမြင်ခင်တွင်ပင်
'''ဟားဟားဟား ..အကိုကြီးမုန့်ကတော့ ဂျင်းများလိုပါလား ရင့်လေ စပ်လေပဲ .. ''''
ဟူသောအသံနှင့်အတူ ရသေ့ကြီးတစ်ပါးရောက်လာခဲ့၏.. ထိုရသေ့ကို မြင်လျှင် ကျောက်ကျူးထင် ..ချန်းချန်နှင့် ကလေးသုံးယောကါက ဂါရ၀ပြုလိုက်ကြသည် .. ခွန်လွန်းတောင်၏ အကြီးအကဲ ဂိုဏ်းချုပ်ကြီးပင်မဟုတ်လား....
''' ဆိုပါအုံး ညီတော်ရ.... '''
ရသေ့ကြီးက ဖုန်ခါတံ ဖြင့် သူ၏ ၀တ်ရုံပေါ်မှ နှင်းများကို ခါရင်း
'' ထွေထွေထူးထူးတော့မဟုတ်ပါဘူးဗျာ .. သိုင်းလောက ကမှာ အိမ်တော်သုံး
ခု သိုင်းဂိုဏ်းသုံးခုပေါင်းပြီး မဟာမိတ် အစည်းအဝေး လုပ်ဖို့ ပြင်နေတယ် လို့ သတင်းရလို့ပါဗျာ .. အဲ့ဒါ ကျုပ်တို့ ခွန်လွန် ..၀ူတန်နဲ့ ရှောင်လင်ကို နာယက အကြီး အကဲနေရာထားချင်တယ် လို့ ဖိတ်လို့ . အကိုကြီးဘယ်လို သဘော ရလဲဆိုတာ တိုင်ပင်မလို့ပါ... '''
ဆရာကြီးမုန့်က သူ၏ကလေးမအား ကျောက်ကျူးထင် လက်ထဲသို့ ထည့် ပေးပြီးနောက်...
''' အင်း ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေတယ် ညီတော်ရဲ့ .. နေစမ်းပါ အုံးဘယ်ဂိုဏ်းတွေ ဘယ်အိမ်တော်တွေလည်း ..''''
''' နန်းကုန်း.. မုယုံ...နဲ့ ယွဲ့အိမ်တော် သုံးခု ၀ါဆန်း ..ချင်းချန်.. ကောင်းတုံ.. သုံးဂိုဏ်း ဗျ ''''
ဆရာကြီးမုန့်က ကျောက်ကျူးထင် လက်ပေါ်မှ ခုန်ဆင်း၍ ရေကန်ဘက် ပြေး သွားသော ကလေးမအား လိုက်ဖမ်းပြီး ..
'' အင်းဒီအဖွဲ့အစည်း ခြောက်ခုပေါင်းလိုက်ရင်တော့ တော်တော့် ကို ကြီးကျယ်တဲ့အဖွဲ့အစည်းဖြစ်တော့မှာပေါ့.. ငါ့ခေါင်းထဲမှာတော့ သိပ်ဘ၀င်မကျချင် ပေမယ့် အစိုးအရိမ်လွန်တာလည်း ဖြစ်မှာပေါ့ကွာ.. ငါတို့သိုင်းလောကမှာ အဲ့လို အဖွဲ့ အစည်း စုပေါင်းလိုက်ရင် တချိန်မဟုတ်တချိန် ပြသနာ ဖြစ်တတ်လွန်းလို့ တွေးမိ နေတာပဲ...''''
ရသေ့ကြီးက ကလေးမလေး၏ ပါးအား ဖြစ်ညှစ်လိုက်ပြီး ..
'''သိပ်ပြီးစိုးရိမ်မနေပါနဲ့အကိုကြီးမုန့်ရာ အဖြူရောင် သိုင်းဂိုဏ်း တွေပေါင်းစည်း တာပဲ ..ကျွန်တော်တို့ ခွန်လွန်းကတောင် မြောက်စားပေးရအုံးမယ် .. ပြီးတော့ နာယက ထဲမှာ ၀ူတန်နဲ့ ရှောင်လင်တောင် ပါမှာဆိုတော့ တခုခုဖြစ်လာအုံး ကျွန်တော် တို့အပြစ်ကြီးပဲ မဟုတ်ဘူးပေါ့ ... နောက်တစ်ခုက ဟို ကိစ္စ သဲလွန်စရပြီဗျ အကိုကြီး''
ဆရာကြီးမုန့်သည် ကိုယ်တစ်ချက်တုန်ခါပြီးမှ ..
'''တကယ်လားညီတော် ဘယ်မှာတဲ့လဲ .. '''
ဟုမေးပြီးမှ တခြားသူများရှိသူနှင့်
'' ကိုင်း.. ပြီးမှ ငါ မင်းဆီ သပ်သပ်လာခဲ့မယ် ..'''
ရသေ့ကြီးက တမင်ပင် အရေးမကြီးလေဟန်နှင့် တခြားသူများ အာရုံစိုက် မိမည်စိုးသောကြောင့်
'''ဒီ ကလေးမလေးက တော်တော်ချစ်စရာကောင်းတာပဲ .. ချန်းချန် ရဲ့ကလေးလား....''''
ဆရာကြီမုန့်က သူ့လက်ထဲမှ ကလေးမအား ငုံကြည့်ပြီး ..
''ဟားဟားဟား ..ဒါငါ့သမီးပါကွ ..မွေးစားထားတာ ..သူ့အဖေရင်းက ချန်းမင်လေ....'''
ရသေ့ကြီးက ချန်းမင်ကို ကောင်းကောင်းသိပုံပေါ်သည် ..
''လက်စသတ်တော့ ချန်းမင်ရဲ့သမီးကိုးကွ.. ချန်းမင်ကသိပ်နှမျောဖို့ ကောင်းတာပဲ ..သူသာသိုင်းလောကမှာနေရင် .. သိုင်းထိပ်သီးဆယ်ယောက်ထဲမှာ ထိပ်ဆုံးနေရာရမှာ ..'''
ချန်းချန်က ၀င်၍ ..
'''မပါတာပဲကောင်းပါတယ်ဗျာ မဟုတ်ရင် ကျွန်တော်က တဆင့်လျော့ သွားမှာ ပေါ့....''''
ချန်းချန်၏ အပြောကြောင့် အားလုံးရယ်လိုက်ကြရာ ထိုအသံကြောင့် အစာရှာမရသော ဗျိုင်းသည် စိတ်ဆိုးမာန်ဆိုးနှင့် တစ်ချက်အော်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားတော့သည်...
===+++=====++=====++======++===
အားကွေ့သည် ရေခွက်အား ငုံ့ကြည့်လိုက် ရေစိုဝတ်ဖြင့် နဖူးကို ပွတ်လိုက် လုပ်နေ၏ .. သူ၏ကျိုးနေသောအရိုးမှာ တရက်ပဲကြာသေးသည် အံ့သြောဖို့ ကောင်း အောင်ပြန်ဆက်သွားလေပြီဖြစ်သည်..
''တောက်.. ဘယ်ကနေဘယ်လို ငါ့နဖူးမှာ ရွှေရောင် အကွက်ကြီး လာထင် နေရတာလဲ. ဘယ်လိုဖျက်ဖျက် မပျက်ပါလား ..'''
မပီပြင်ဝိုးတ၀ါးသာ မြင်ရသော ရေအရိပ်ထဲတွင်ပင် သူ၏နဖူးမှ ရွှေရောင် အကွက်က ထင်းနေ၏.. မည်သို့မျှဖျက်မရသည့်အဆုံး ..
'' အို.. ဖျက်မရလည်းဘာဖြစ်လည်း ..သူများနဲ့မတူ လှတောင်လှသေးတယ်'' ဟု ကိုယ့်ဘက်ကိုကိုယ်ယက်တွေးရင်း ပြုံးစိစိလုပ်ကာ ခြေလက်များ ဆေး၍ တာမော ဆောင်ထဲသို့ ပြန်ဝင်လိုက်သည်..
ဆရာတော်ခုန်းချင့်သည် သိုင်းစာအုပ်များနောက်ဖုံးတွင် မှတ်ချက်ရေးနေရာ မှ
'''အားကွေ့ရေ .. မင်း တလလောက်တော့ တစ်ယောက်ထဲစောင့်ရမယ်ဟေ့ ..ငါနဲ့ တံခါးနီအဆောင်မှူးနဲ့ သိုင်းလောကထဲသွားစရာရှိတယ် .. ရရဲ့မို့လား'''
အားကွေ့သည် မည်သူမျှမရှိလေ ကောင်းလေမို့ ..
''ရပါတယ်ဆရာတော် .. စိတ်ချလက်ချသာသွားပါ .. ကျွန်တော် အကုန်ဆက် လုပ်ထားလိုက်ပါ့မယ် .. '''
အားကွေ့၏ စကားကြောင့် ဆရာတော်ခုန်းချင့်က ဟက်ဟက်ပက်ပက် ရယ်ရင်း ..
'' ငါရေးနေတဲ့မှတ်ချက်က ဘယ်သိုင်းကို ဘယ်သိုင်းက နိုင်တယ် သိုင်းသဘော တရားကဘယ်လိုဆိုတဲ့မှတ်ချက်ကွဲ့ .. မင်းကဘယ်လိုသိနိုင်မှာလဲ .. ကဲ ထားပါတော့ သွားရမှာ က သူရဲကောင်းဇရပ်တင်ဆိုပေမယ့် .. တခြားကျန်တဲ့ ကိစ္စတွေလည်း ရှိသေးတော့ ရက်နည်းနည်းကြာမယ် ..တလဆိုတာ ယေဘူရသာ ပြောတာ .. တကယ် လို့တလကျော်သွားရင် .. တခြားကိုရင်တွေကို ခေါ်ခိုင်း ကြားလား... ငါအကုန် မှာခဲ့ပြီးသား .. '''
''ဘယ်နေ့သွားမှာလည်း ဘုရား..'''
အားကွေ့၏အမေးကို ဆရာတော်က
''အခုသွားတော့မလို့ပဲ .. မင်းကို မှာမလို့စောင့်ရင်း မှတ်ချက်ရေးနေတာ ..ရော့ ..ပြန်စီထားလိုက်တော့ ..ငါသွားတော့မယ် ..စိတ်ချမယ်နော် အားကွေ့'''
အားကွေ့က. အမြင်စရာကောင်းလောက်အောင် ရင်ကိုကော့၍ မျက်နှာကို ဟန်လုပ် တည် လိုက်ရင်း ..
''စိတ်ချပါဆရာတော် .. ကျွန်တော်အားကွေ့ ရှိသမျှ သိုင်းကျမ်းတွေကို ချစ်သူ့ မျက်နှာလို တစိမ့်စိမ့်ကြည့်ပြီး အသက်နဲ့လဲ စောင့်ရှောက်ပါ့မယ် ..'''
ဟုပိုပိုသာသာပြောလိုက်ရာ ..
'''ခွေးကောင် ပြောင်ချော်ချော် သိပ်မလုပ်နဲ့ .. '''
ဆရာတော်က အားကွေ့ခေါင်းကို တစ်ချက်ခေါက်ကာ ပြုံး၍ ထွက်သွား လေ၏...
အားကွေ့လည်းဆရာတော်သွားသည်နှင့် ဆရာတော် မှတ်ချက်ပြုထား သည့် သိုင်းကျမ်းကို ကြည့်ကာ..
''' အံမာ ဆရာတော်က ငါ့ကိုများ အထင်သေးလို့ ဘာသိုင်းကျမ်းများလည်း မှတ်တယ် ဟိုးတုန်းက သိုင်းရှစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး လူသတ်ဘုရင် ရဲ့ သေမိန့် လက်ဝါးကိုး ..မှန်းစမ်း ဘယ်လောက် အစွမ်းထက်သလဲ ငါကြည့်လိုက်အုံးမယ်''
အားကွေသည် သေမိန့်လက်ဝါးသိုင်းကျမ်းကို ဖတ်ကြည့်လိုက်သည်နှင့် လွန်စွာ အစွမ်းထက်မည့်သိုင်းမှန်းရိပ်မိလိုက်သည် ..သိုင်းကွက်များသည် ရှုပ်ထွေး ပွေလီလှပြီး ကျင့်ရန်လည်း မလွယ်ကူလှပေ .. သူဖတ်ဖူးသမျှ သိုင်းကျမ်းများတွင် အရက်စက်အကြမ်းကျုတ်ဆုံးပင် ..
မည်သည့်အကွက်နှင့်ဖြေရမည်မှန်းမသိ၍ ခေတ္တမျှ အဖြေရှာပြီးလျှင် ..
''ဒီလိုရှုပ်ထွေးဆန်းပြားတဲ့အကွက်တွေကြောင့် လူသတ်ဘုရင်က နာမည်ကြီး နေတာပဲ ငါဉာဏ်နဲ့တော့ မမီဘူး ..ဆရာတော့်မှတ်ချက်ကိုကြည့်အုံးမှ'''
စာအုပ်နောက်ကျောကိုလှန်ကြည့်လိုက်ရာ ..
''ဟင် .. ထိုလက်ဝါးကွက်ကို စာအုပ်နီထဲမှ သိုင်းကွက် ဖြင့်သာအနိုင်ရနိုင်မည် ထင်၏ ဆိုပဲ .. ဘာလဲစာအုပ်နီဆိုတာ ..'''
ဟုတွေးကာ ပြီးမှ ...
''ဟုတ်ပြီ .. ဆရာတော်ပြောတဲ့ .. ငါ့ကိုမထိနဲ့ဆိုတဲ့ စာအုပ်တွေပဲဖြစ်မယ်..'''
အားကွေ့သည် စပ်စုလိုစိတ်များ တဖွားဖွားပေါ်လာရာ မထိရန် တားမြစ် ထားသည့် ညာဘက်အခြမ်းကို သွားကြည့်လိုက်သည် ..
ထိုအတန်းတွင် စာအုပ်အနီရောင်နှင့် အနက်ရောင် နှစ်အုပ်သာရှိ၏.. နှစ်အုပ်စလုံးမှာ ဟောင်းနွမ်းနေပြီး ဖုန်အလူးလူးနှင့်ဖြစ်သည်..
သစ်တန်းစင်တန်းတွင် မူ
ထိုစာအုပ်များအားလုံးဝမထိရ ပြင်းထန်သောအဆိပ်များသုတ်လိမ်းထားသည်ဟု ရေးသားထားသော ကြောင့်
အားကွေ့က ခပ်တိုးတိုးလေးရယ်ကာ ..
''ရှောင်လင်လို တရားဓမ္မအားထုတ်တဲ့ ကျောင်းမျိုးက အဆိပ်သုံးမတဲ့လား .. အလကား သက်သက်မဲ့လျှောက်ရေးထားတာ ..''
ဟူ၍ရေရွတ်လိုက်ပြီး ..
စာအုပ်အနီရောင်ကို ကောက်ကိုင်လိုက်သည် ... စပ်စုလို စိတ်ပြင်းထန်နေ သောကြောင့် သူ၏ လက်ဖ၀ါးများ စပ်ဖြင်းဖြင်းဖြစ်သွားသည်ကိုပင် သတိမပြုမိပေ..
စာအုပ်ပထမစာမျက်နှာတွင် ..
လွန်ခဲ့သောအနှစ်သုံးရာခန့်က ကျွန်ုပ်တို့ မြွေဟောက်ကင်းမြီးကောက်ဂိုဏ်း ၏ ဘုန်းမီးနေလတောက်ပြောင်ချိန်ဖြစ်သည် .. သိုင်းလောကအတွင်း ရှိသမျှ အမှောင် သိုင်းသမားများအပြင် မြောက်ပိုင်းနှင့်တောင်ပိုင်း သိုင်းလောကကိုပါ စုစည်းနိုင်ခဲ့ပြီး သိုင်းလောကတခွင်ကို သိမ်းပိုက်ရန်ကျိုးစားခဲ့ကြသည် .. ကျွန်ုပ်တို့၏ စည်းလုံးမှု ကြောင့် တဖြည်းဖြည်းနှင့် အဖြူရောင်သိုင်းဂိုဏ်းများအား ဖြိုခွဲလာကြရာ .. ရှောင်လင် ၀ူတန်နှင့် ခွန်လွန်းဂိုဏ်းသုံးဂိုဏ်းသာလျှင်ကျန်ရှိတော့၏ ..
ထိုအချိန်တွင် ....
#35 ( အစ၏အဆုံး ..အဆုံး၏အစ )
အကယ်၍ ကျွန်ုပ်ရေးသားထားသော အမှာစာအဆုံးကိုမြင်နိုင်လျှင် သင်သည် ကျွန်ုပ်၏သိုင်းနှင့်ထိုက်တန်သူဖြစ်ပေလိမ့်မည် .. ထိုစာအုပ်အား ကျွန်ုပ်သုတ်လိမ်း ထားသော အဆိပ်မှာ လွန်စွာပြင်းထန်လွန်းလှရာ ထိမိကိုင်မိရုံမျှမဟုတ် အဖုံးအား လှန်မိလိုက်သည်နှင့်ပင် အဆိပ်မှုန်အား ရှုမိပြီး သေဆုံးနိုင်သောကြောင့်ပင်...
ယအမှာစာအဆုံးတွင်အားကွေ့သည် ထိုစာအုပ်အား ကြမ်းပြင်သို့ ကပြာ ကယာပစ်ချလိုက်သည်..
''ဘုတ်'''
''သေနာကျ ကျဲမုံ သေသွားတာတောင် ဒုက္ခပေးသွားသေးတယ် .. ငါတော့ သေတော့မယ်နဲ့တူတယ် .. ''''
ဟုညီးညူလိုက်ပြီး မိမိ၏ ကိုယ်ခန္ဓအားစစ်ဆေးလိုက်သည် .. သို့သော်လည်း မည်သို့မျှ ပြောင်းလဲခြင်း မဖြစ်ပေ.. အတွင်းအားလည်ပတ်ကြည့်ရာလည်း အထစ် အငါ့ မရှိသောကြောင့်
'''အဆိပ်တွေက နှစ်ပေါင်းကြာတော့ အာနိသင်ပျယ်သွားတာဖြစ်မယ် .. ဘာတွေပါသလဲကြည့်အုံးမှ .. '''
စာအုပ်ကိုပြန်ကောက်ယူကာ တရွက်ခြင်းတရွက်လှန်လှောကာ ဖတ်ကြည့် လိုက်သည်နှင့် ပတ်ဝန်းကျင်ကိုမေ့လျော့သွားလေ၏.. စာအုပ်ထဲတွင်ပါဝင်သောသိုင်း များမှာ အမျိုးအစားစုံလင်သည်နှင့်အမျှ စိတ်ကူးထဲတွင်တွေးတောနိုင်ခြင်းမရှိသော အလွန်ရက်စက်ဖွယ်ရာသိုင်းများလည်းပါရှိသည် .. အားကွေ့စိတ်အ၀င်အစားဆုံးမှာ
လေးဆသက်ရောက် ဟူသော အတွင်းအားပညာပင် .. ထိုအတွင်းအားပညာမှာ အတွင်းအားစုပ်သိုင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး မိမိအားတိုက်ခိုက်လာသူအပေါ် သူ၏ အတွင်းအားထက် လေးဆပိုမိုပြင်းထန်သော တန်ပြန်သက်ရောက်မှုကိုခံရမည် ဖြစ်သည်.. အတွင်းအားပြင်းထန်လျှင်ပြင်းထန်သလောက် ပိုမိုခံစားရမည်ဖြစ်ရာ အားကွေ့၏ ပါးကိုက်လျှင်နားရိုက်မည်ဟူသော စိတ်ဓါတ်နှင့် လိုက်လျောညီထွေလှ သည်...
ဓါးသိုင်း(ဓါးအမျိုးမျိုး ဓါးမြောင် ဓါးရှည် ခုတ်ဓါးမ နှစ်ဖက်ဓါးသွား တစ်ဖက်ဓါး သွား ..ဓါးနှစ်လက် .. ဆူးဓါး .. အပ်ဓါး ..ငါးမန်းလွှဓါး .. စက်ဝိုင်းဓါးသွား ..လခြမ်းဓါး .. မိုးကြိုးလျှပ်စီးဓါး .. စုပေါင်းဓါးကွက်များ .. )အစုံအလင် နှင့်ဖျက်ကွက်များ .. လှံသိုင်း ...(လှံရှည်လှံတို .. သုံးဆစ်ချိုးလှံ .. လှံဓါး ..သံကြိုးတပ်လှံ .. အသွား နှစ်ဖက်လှံ .. စင်္ကြာလှံ အသွားလေးခုပါသော လှံ .. မိုးကြိုးလှံ ..လခြမ်းအသွားလှံ ..စူးချိတ်လှံ ..တံစဉ်ပုံစံလှံ .. )အစရှိသော လှံအမျိုးမျိုးသိုင်းနှင့် ဖျက်ကွက်များ .. အတွင်းအားကျင့်စဉ်များ .. အဆိပ်အမျိုးမျိုးအသုံးပြုပုံ..သွေးကြောများနှင့် လက်ထောက်ကွက်များ ..
ကျာပွတ်..ကြိုး ..ပ၀ါ.. ဓါးပျော့ .. သံကွင်းစွတ်များ ..သံလုံးတပ် ကြိုးလက်နက် များ အစရှိသော အဝေးမှတိုက်ခိုက်ရသော လက်နက်များ အသုံးပြုပုံနှင့် ဖြေရှင်းကွက် ..လက်နက်ပုန်းအမျိုးမျိုးအကြောင်း နှင့် ခြေပကွက်များ .. ကိုယ်ဖော့ပညာ .ခြေလှမ်းကွက်နှင့် လက်သိုင်းတွဲစပ်အသုံးပြုနည်း ..၀င်္ကပါပညာရပ်များနှင့် နက္ခတ္တ ပညာရပ်များ .. ညစ်ညမ်းသောသိုင်းရုပ်ပုံများနှင့် ရက်စက်သော သိုင်းကွက်များ .. ထို့ပြင်အထူးအနေဖြင့် အဖြူရောင်သိုင်းဂိုဏ်းအသီးသီး၏ သိုင်းသဘောသဘာဝများ ကိုထည့်သွင်းထားပြီး မည်သို့အနိုင်ယူရမည်ဆိုသော အချက်များရေးထား၏
အချို့သိုင်းများမှာ လက်တွေ့မဆန်ဘဲ မှော်အတတ်ပညာလိုလို စုန်းအတတ် ပညာလိုလို ညစ်တီးညစ်ပတ်သိုင်းများပါ ပါရာ .. လူပျိုပေါက်ဝင်လာပြီဖြစ်သော အားကွေ့မှာ တစ်ခစ်ခစ်ရယ်လျှက် သဘောအကျကြီးကျနေသည်..
ထို့နောက်တွင် ကြမ်းပြင်ပေါ်တွင် အကျအနထိုင်ပြီးစာအုပ်အား ဖတ်နေ လိုက်ရာ အမှောင်ထုဖုံးသွားမှ ..
'''ဟင် မိုးတောင်ချုပ်ပြီပဲ .. မီးထွန်းအုံးမှ'' ဟုတွေးလိုက်စဉ်သူ၏ နားထဲဝယ် အသံတစ်ခုခုကို ကြားလိုက်ရသည် ..
'''ကလစ် ..ကလစ် ..'''
ဟူသောအသံကသူအိပ်နေကြအခန်းသေးလေးမှ ထွက်နေသည်.. အားကွေ့သည် အိပ်ခန်းသို့သွားကာ စူးစမ်းကြည့်လိုက်သောအခါ . သူ၏ အ၀တ်ထုတ်ထဲမှ အသံဖြစ် သည်ဟု သိလိုက်၏.. အထုတ်ထဲတွင် သူ ချမ်းသာသမျှ ပစ္စည်းအကုန် ထည့်ထား သည် .. ရှုဆေးဘူးနှင့် ထန်စူးစူး၏ အဆိပ်ဖြေဆေးတစ်လုံး .. ငွေတစ်ဆယ်ကျပ်သား နှင့် ကြေးပြားဆယ့်လေးပြား .. ငွေသတ္တာဗူးလေးတစ်ခု .. ရွှေပုရစ်ဗူး .. စုတ်ပြတ် သတ်နေသော အ၀တ်အစား နှစ်ထည် .. ဖယောင်းချက်ခုနှစ်ခုနှင့် ရွမ်ဝူ အကောင် ခြောက်တို့ဖြစ်၏..
ရွမ်ဝူသည် လှိုင်ဂူထဲတွင် အသက်တခါပြန်လည်ရှင်သန်ပြီးနောက် .နဂိုအတိုင်း အကောင်ခြောက်လေးပြန်ဖြစ်သွားသဖြင့် အ၀တ်ထုတ်ထဲထည့်ထားခြင်းပင် .. အထုတ်အားကြည့်နေစဉ်
''ကလစ်..ကလစ်..'''
'''အစ်''
ဟူသော အသံနှင့် အ၀တ်ထုတ်ကြီး စုတ်ပြဲကာ မီးခိုးရောင် အကောင် တစ်ကောင်ထွက်လာ၏ ..
''ဟာ..'''
အားကွေ့သည် တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်စိကိုပင်ပွတ်မိလိုက် သည် .. မှန်ပေသည် .. ရွမ်ဝူသည် အရေခွံ လဲကာ အကောင်သစ်သဖွယ် ပြန်လည် ထွက်ပေါ်လာခြင်းပင်..
'''ဟား..ဟား..ဟား..ဟား.. ငါ့ကောင်လေး ပြန်လာပြီကွ..''
ရွမ်ဝူသည် အရေခွံလဲကာစမို့ အားအင်ကုန်ခမ်းကာ ယိုင်နဲ့နဲ့ဖြစ်နေသည် .. အားကွေ့သည် ရွမ်ဝူအား ပွေ့ချီလိုက်၏ ..ခါတိုင်းလို သေးသေးလေးမဟုတ်တော့ ဘဲ ကြက်တစ်ကောင် အရွယ်မျှရှိသော အကောင်ဖြစ်နေပြီ ..
'''ငါဘုန်းဘုန်းနှစ် ပုလွေကို သွားကြွားလိုက်အုံးမယ် .. သူသာသိရင် ဘယ်လောက် မနာလို လိုက်မလဲမသိဘူး ..'''
ဟူ၍ဆိုပြီူး ..
တာမောအဆောင်အားပစ်ထားကာ ဒါဏ်ကျဆောင်သို့ ထွက်သွားလိုက်သည်
အပြင်တွင်အပြည့်အ၀လင်းထိန်နေသော လမင်းကြီးကတော့ ထိန်ထိန် သာနေသည်.. ....
အကယ်၍သာ အားကွေ့သည် အပျော်မလွန်ဘဲ သတိရှိနေမည်ဆိုပါက သူ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေသူ ရှိနေမည်မှန်း သိပေလိမ့်မည် ..... ယခုတော့ ..
+++ရံဖန်ရံခါတွင်သတိမမူဘဲ မိမိသေးငယ်သည်ဟု ထင်ထားသောကိစ္စတို့သည် ကြီးမားသော သက်ရောက်မှုကိုဖြစ်စေ၏ : ကြီးမားသော အကြံအစည်ရှိသူသည် အပ်တဖျားစာ အရေးအရာကိုပင် လစ်လျုမရှု့ပေ.. +++
====++++===+++=++ ===
ထိန်ထိန်သာနေသော လမင်းကြီးအောက်တွင် ချန်းမင်တစ်ယောက်အလုပ်များ နေသည် .. ကိုယ်ရံတော်တပ်သားများ၏ နောက်ကြောင်းရာဇ၀င်နှင့် လုပ်ရည်ကိုင်ရည် အပေါ်မူတည်၍ ရာထူးအဆင့် တိုးမြင့်ပေးရန် ရိက္ခာနှင့်ငွေကြေး ထပ်ဆောင်းချီးမြင့် ပေးရန်အတွက် နှစ်အလိုက်လုပ်ဆောင်ရည်အား ပြန်ကြည့်နေခြင်းပင် ...
နန်းတွင်းတွင်နေရထိုင်ရသည်မှာ ဂုဏ်ဒြပ်စည်းစိမ်အပြည့် နှင့်ဖြစ်သော်လည်း အချိန်မရွေး လည်ပင်းပြတ်နိုင်သည် .. အာဏာနှင့်ပတ်သက်လာလျှင် အရူးအမူး ဖြစ် နေကြသော သူများသာ စုဝေးနေရာမို့ နေ့ညမပြတ်မျက်လုံးဒေါက်ထောက်ကာ ကြည့်နေရ၏ .. မိဖုရားလေးပါးရှိသည့်အနက် အနောက်ဆောင်မိဖုရားကြီးမှာ တန်ခိုး အထက်ဆုံးဟုဆိုသော်လည်း ...ကျန်မိဖုရားသုံးပါး၌လည်း အဆိပ်ရှိပါသည် ..
အမတ်ချုပ်ကြီး ကတဖွဲ့ .. အိမ်ရှေ့မင်းသားကတဖွဲ့ ..အရှေ့ဆောင်ကတဖွဲ့ .. ကုန်းကုန်းများက တဖွဲ့နှင့် အပြန်အလန်ကတုံးပေါ်ထိပ်ကွက်လုပ်နေကြသည့် ကြားတွင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ် ဖို့ကအလွန်အရေးကြီးလှသည် ..
မည်သည့်ဘက်မျှမလိုက်သော သူ့အား ချောင်းမြောင်းခြေထိုးခြင်သူ များလှသော်လည်း သူ့အဖေ၏ အရှိန်အ၀ါကြောင့် ယနေ့အထိတော့ ဘာမျှမထိခိုက် သေးပေ..
ယခုတော့မူ အရင်အခြေနေများလို ရန်စောင်နေသည့် အသွင်မဟုတ်ဘဲ .. အမတ်ချုပ်ကြီးက ခြေလှမ်းစလာပြီးဖြစ်ရာ .. ပေါက်ကွဲလုလုအခြေအနေဖြစ်လာခဲ့ပြီ .. ထို့ကြောင့်ရပ်တည်ရမည့်ဘက်လည်းလိုလာပြီဖြစ်သည် .. နိုင်ခြေမရှိသည့် ဘက် သာရပ်မိမည်ဆိုလျှင်တော့ ဆွေစဉ်မျိုးဆက် ခေါင်းပြတ်မည့်အရေး ဖြစ်ရာ ..
'''ဟူး....'''
တွေးရင်း ရင်မောလာသဖြင့် သက်ပြင်းတချက်မှုတ်ထုတ်ကာ အပေါ်၌ ချိတ်ဆွဲထားသော အ၀ါရောင်ပိုးမီးအိမ် အား အဓိပ္ပါယ်မဲ့စွာစိုက်ကြည့်နေစဉ် ..
''' ကိုယ်ရံတော်ချုပ်ကြီးခင်ဗျား .. ထောက်လှမ်းရေးမှူးချုပ်ရုံးက ခြေမြန်တော် လာပါတယ် ..'''
တံခါးဝမှ အစောင့်အော်ပြောလိုက်သံကြောင့် ...
''အေး..အေး ငါမျှော်နေတာဟေ့ .. ၀င်ခိုင်းလိုက် ..''''
စကားအဆုံးတွင် .. ၀ါးခြမ်းပြားသဖွယ်ပိန်ကပ်နေသော လူတစ်ယောက် ၀င်လာပြီး ...
'' ခွန်လွန်းက .. ရန်မျိုးနွယ်လို့ ပြောပါတယ် ..'"
ဟူ၍ပြောသွားကာ ချက်ချင်းပင် ပြန်ထွက်သွားလေသည် ..
ချန်းမင်သည်
'''အင်း ..ဒါဆိုရင်တော့ .. ငါလည်း အဆင်သင့်လုပ်ထားရတာပေါ့ .'''
ဟု တိုးတိုးလေးပြောကာ .. ကလောင်တံကို ကောက်ကိုင်လိုက်၏ ..
ထိုစဉ်တွင် နန်းဆောင်ထက်မှ ညဥ့်ငှက်တစ်ကောင်သည် .. ကျက်သရေကင်းမဲ့ စွာဖြင့် ..'''ဂစ်..'' ခဏဲအော်မြည်လိုက်သံက တိတ်ဆိတ်နေသော ညတွင် ကျယ်လောင် စွာကြားလိုက်ရသည်..
တံခါးစောင့်ကလည်း ..ငှက်အော်သံကြောင့် ..
'''' ဒီငှက်စုတ်ကတော့ကွာ .. ဆိုးလိုက်တဲ့ အသံ ..တုံးလိုက်တဲ့ ကျက်သရေ ..နိမိတ်ကို မရှိဘူး ..'''
ဟူ၍ ဆိုလိုက်သတည်း...
====++++====++++===+++====++===++==++====
ရွှန်းပပသာနေသော လမင်းကြီးမှာ အေးမြခြင်းအလင်းဆောင်သော် လည်း ဒါဏ်ကျဆောင်ကတော့ မအေးမြပေ..
''''ဟာ...ဘယ်လိုဖြစ်ကုန်တာလဲ ...''''
ဟုအထိတ်တလန့်ရေရွတ်မိပြီး အားကွေ့သည် ဒါဏ်ကျဆောင်ကို ကြည့်မိ နေသည်... ယခုအခါတွင် အဆောင်ဟု ပြော၍ မရနိုင်တော့ပဲ အပျက်အစီးပုံဟု ပြောမှသာ ပို၍ မှန်ကန်ပေလိမ့်မည် ..
အဆောင်တစ်ခုလုံး ပြိုကျပျက်စီးကာ စိုက်ခင်းများလည်း ပြားကပ်ကာ နေ၏''
မည်သို့မည်ပုံ ကောက်ချက်ချရမည်မသိချိန်တွင် အနောက်ဖက် တောတန်း ထဲမှ တ၀ုန်းဝုန်း တဖုန်းဖုန်းနှင့် တိုက်ခိုက်နေသံ ကြားလိုက်ရသဖြင့် ..
မတုံ့မဆိုင်းပင် ပြေးဝင်ကြည့်လိုက်သည်.. အတွင်းအားများ အဆမတန် တိုးပွားနေသောကြောင့် လျှပ်တပျက်အတွင်းပင် အခင်းဖြစ်ရာနေရာသို့ ရောက်သွား ၏.....
'''မြတ်စွာဘုရား ..လောကကြီးများ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ကြတာလား..''
ဟူ၍ ရေရွတ်မိပြီး တကိုယ်လုံးကျောက်ရုပ်သဖွယ်ဖြစ်သွားမိသည် ..
ထိုမြင်ကွင်းမှာ......