အစ၏အဆုံး အဆုံး၏အစ အပိုင်း (၁၆ မှ ၂၀ ထိ)
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#16
ဘုန်းကြီးရွှီကြွင်းသည် အဆောင်တွင်းသို့ အံ့မခန်းသော အမြန်နှုန်းဖြင့် ပြေးဝင်သွားပြီး ..အားကွေ့အားပွေ့ချီကာ ပြန်ထွက်လာခဲ့သည်... အကယ်၍ အဆောင်သာ ပြိုကျသွားလျှင် အားကွေ့ တစ်ယောက် ဒုက္ခများသွားမှာ စိုး၍ပင် ...
လေးမျက်နှာပညာရှိ၏ လက်ဝါးရိုက်ချက်သည် အသံမထွက်တော့ လည်း တစိုးတစိမျှမထွက် .. ထွက်လာသော အသံသည်လည်း .. တော်လည်းသံ ပြိုကျသကဲ့သို့ပင် .. လေထု တုန်ခါ သွားအောင် မြည်ဟီးလျှက် ထွက်ပေါ်လာ၏..
မည်မျှ ပြင်းထန်မည်ကို အသံကြားရုံမျှနှင့်သိနိုင်ပေသည်.. .. အလုံးအရင်းနှင့် ၀င်ရောက်လာသော အတွင်းအားလေလှိုင်းကို ထန်ဖုတစ်ယောက်မည်သို့ ကာကွယ်မည်နည်း ... ရှောင်တိမ်းလျှင်တော့ ရနိုင်ပါ၏.. သို့သော် လက်တစ်ထောင်ထန်ဖု ဟူသော ဂုဏ်သိက္ခာအရ ရှောင်တိမ်းမည့် နည်းလမ်းကိုတော့ မရွေးချယ်နိုင်ပါ...
သူ အနှစ်နှစ်အလလ ကျင့်ကြံလာသော အတွင်းအားကိုစုစည်းပြီး လက်ဝါးရိုက်ချက်ကို တိုက်ရိုက်ခံဆောင်လိုက်သည်... သူ၏ အတွင်းအားပညာ ကိုတူဖူးမိုးကွေဟု ခေါ်၏... အထက်လမ်းသိုင်းပညာမဟုတ်သော ထိုအတွင်းအား၏ ပြင်းထန်ပုံကား လေလှိုင်းတုန်ခါထက်မသာရင်တောင် အောက်တော့ မကျ...
သို့ဆိုလျှင် နှစ်ယောက်စလုံး ၏ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်အားကြီး သောအကျိုးဆက်ထွက်ပေါ်လာတော့မည်ပင်...
ရွှီကြွင်းနှင့် အဆိပ်ဘုရင် မော်ထိုက်မှာ ထိုအကျိုးဆက်ကို တွက်ဆထားသည့် အနေဖြင့် မိမိတို့၏ ကိုယ်ခံအားကို မြင့်တင်ရန် အတွင်းအားကို အဆင့်ခွန်နှစ် အထိ သုံးကာ ကြိုတင်ကာကွယ်ထားကြသည်..
သို့သော်..
'''''ဖြန်း''''' ဟူသော အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး ထိုလေလှိုင်းနှစ်ခု သည်ပျက်ပြယ်သွား၏...
မည်သို့ကြောင့် သိုင်းထိပ်ခေါင်နှစ်ယောက်၏ အတွင်းအားသည် ပျက်ပြယ်သွားရသနည်း...
အကြောင်းအရင်းက အကိုနှစ်(၀ါ) ငွေမျက်နှာသမားတော်ကြီးကြောင့်ပင် .. ထိုအတွင်းအားနှစ်ခုကို လေထဲတွင်ခုန်ပျံရင်း လက်ဝါးနှစ်ဘက်ဖြင့်ရိုက်ထုတ် ဖျက် သွားလိုက်၏....
လေးမျက်နှာပညာရှိနှင့် လက်တစ်ထောင်ထန်ဖု တို့နှစ်ယောက်သည် ငွေမျက်နှာသမားတော်ကြီး၏ အတွင်းအားကြောင့် ခြေလှမ်း ငါးလှမ်းစီမျှ နောက်ဆုတ်သွားရလေသည်...
သူတို့နှစ်ယောက်တင်မက ဘေး၌ ရပ်ကြည့်နေသော ဘုန်းကြီးရွှီကြွင်းနှင့် အဆိပ်ဘုရင်ပါ ငွေမျက်နှာသမားတော်ကြီး၏ အတွင်းအားကို လန့်သွား၏..
အဘယ့်ကြောင့်ဆိုသော် .. ထိုသူနှစ်ယောက်အား တားမြစ်နိုင်သည်မှာ ရှောင်လင်ဂိုဏ်းချုပ်ကြီး..၀ူတန်ဂိုဏ်းချုပ်ကြီး..ဆရာကြီးမုန့် နှင့်.. တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေ စသောလူလက်တစ်ဆုပ်စာခန့်ပဲရှိသည်..
ယခုတော့ နောက်ထပ်တစ်ယောက်တိုးလာပြီ...
''' ဟားဟားဟား.. ငါ့ညီနှစ်ယောက်ကိုတော့ အကိုနှစ်ချီးကျူးတယ်ဟေ့ .. တကယ်တကယ့်ကို နှစ်သုံးဆယ်အတွင်း မထင်မှတ်အောင်တိုးတက်လာတာ .. ''
ငွေမျက်နှာသမားတော်ကြီးသည် မည်မျှ ဘုကလန့်ကျပါစေ သွေးသောက်ညီ များကို ဘယ်လောက်ချစ်မြတ်နိုးသည်ကို ထိုစကားတခွန်းနဲ့ပင်သိနိုင်လေသည်...
လေးမျက်နှာပညာရှိနှင့် လက်တစ်ထောင်ထန်ဖု မှာ သူတို့ သိုင်းပညာတိုးတက် လာသည့်နည်းတူ အကိုနှစ် မှာလည်း ထင်မထားလောက်အောင် တိုးတက်လာသည် ဟု သဘောပေါက်သွား၏... သူတို့စိတ်ထဲဇဝေဇ၀ါဖြစ်သည်မှာ ငွေမျက်နှာ သမားတော်ကြီး သိုင်းလေ့ကျင့် နေသည်ကို နှစ်သုံးဆယ်လုံးလုံးတခါမှ မမြင်ဘူးခဲ့ သောကြောင့်ဖြစ်သည်... ထို့ပြင် သိုင်းလောကတွင် ကျင်လည်ကြစဉ်အချိန်က ငွေမျက်နှာသမားတော်ကြီး၏ သိုင်းပညာသည် သူတို့ထက်အနည်းငယ်တာ သာ သည်လေ... ယခုတော့ မယုံကြည်နိုင်လောက်အောင် ထက်မြက်လာခဲ့သည်..
လေးမျက်နှာပညာရှိ ချင်ဝေမှာ ထန်ဖု၏ လက်ကို ဆွဲရင်း ..
''' ထန်ဖုရေ မင့်နဲ့ငါတော့ သေသည်အထိ အကိုနှစ်ကို မမှီလောက်တော့ဘူး ထင်တယ်ကွာ..... ဒါတောင်သူ သိုင်းလေ့ကျင့်တာ တစ်ခါမှမရှိဘူး ''''
အမှန်တော့ ငွေမျက်နှာသမားတော်ကြီး၏ လျှို့ဝှက်ချက်ကိုသိချင်၍ စကားနာထိုးလိုက်ခြင်းဖြစ်သည်...
''' ဟာ.. ညီလေးသုံးရဲ့ သိုင်းဆိုတာက မလေ့ကျင့်ရင် ဘယ်တိုးတက်ပါ့မလဲ ..ငါလည်းလေ့ကျင့်ရတာပေါ့.. ဒါပေမယ့် ငါ့ညီတို့ မတွေ့တာက အကိုနှစ်က ညသန်းခေါင်မှ သိုင်းလေ့ကျင့်တာကို .. အဲ့လို သန်းခေါင်ကျော်မှ ကျင့်တာလဲ သိုင်းကိုက ညမှကျင့်ရတာမို့...''.
ဘုန်းကြီးရွှီကြွင်းက အားကွေ့အားပွေ့ထားရင်းနှင့် မျက်စိမျက်နှာပျက်ကာ..
"အကိုနှစ် သန်းခေါင်ညမိစ္ဆာ သိုင်းကိုကျင့်တာတော့ မဟုတ်ပါဘူးနော်.. ဒီလောက်မိုက်လုံးကြီးမယ်လို့တော့ ကျွန်တော်မထင်ဘူး..'''
ရွှီကြွင်းပြောလိုက်မှ အဆိပ်ဘုရင် လေးမျက်နှာပညာရှိနှင့် ထန်ဖု တို့ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်..
သမားတော်ကြီးလည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ..
''' ဟုတ်တယ်ညီလေးတို့ .. ငါ သန်းခေါင်ညမိစ္ဆာသိုင်းကို ကျင့်ခဲ့တယ် .. .. ကိုယ်တိုင်လေ့ကျင့်မှ ဒီသိုင်း ရဲ့အားသာချက် အားနည်းချက်ကို နားလည်မှာ.. အဲ့အားနည်း ချက်တွေကို ဘယ်လို ဖြေဖျောက်ရမလဲဆိုတာ ကို သိရင်.. အကိုကြီးကို ကုသပေးလို့ရပြီမို့ .. ငါကိုယ်တိုင်လေ့ကျင့်ခဲ့တာပဲ .. ...ညီလေးတို့ကို မပြောခဲ့တာက .. မင်းတို့ တား မယ်ဆိုတာကြိုသိနေလို့ပါ '''
ထန်ဖုသည် သူ၏ကြီးမား ပြည့်ဖြိုးလှသောပါးစောင်ကြီးကို ပွတ်ကာ
''' အကိုနှစ်ကိုတော့ မိုက်လုံးကြီးတယ် ပဲပြောရမလား ချီးကျူးရမလား မသိတော့ဘူး.. ဒီမိစ္ဆာသိုင်းကြောင့် အကိုကြီးလည်း ဘ၀ပျက်လုနီးပါး ဖြစ်သွားပြီ အခုအကိုနှစ်ပါ သူ့လိုဖြစ်သွားရင် ကျွန်တော်တို့တော့ ရင်ကျိုးရမှာပဲ.. '''
လေးမျက်နှာပညာရှိ ကလည်း ထန်ဖု ပြုတ်ကျထားသော သစ်သားတုံးနှင့် ၀ါးတုတ် ကိုကောက်ရင်း
''' ကျွန်တော် အကိုကြီးကို ဒီသိုင်းမလေ့ကျင့်ဖို့ တား သားပဲ ... အောက်လမ်းသိုင်း ထဲမှာတောင် တော်တော်ကြီးကို ပုံမမှန်တဲ့ သိုင်းမို့လို့ တားတာ ကို ဇွတ်ကျင့် လိုက်တာနဲ့အခုလို စိတ်မကောင်းစရာ ကိစ္စတွေ ဖြစ်လာရော.. ''''
ရွှီကြွင်းက ..
''. ကျွန်တော်စလိုက်တဲ့ ဇာတ်လမ်းရဲ့ အကျိုးဆက်ဟာ ဒီလောက်ထိ ကြီးကျယ်မယ်မှန်းသိရင် .. အကိုကြီးလုပ်ခိုင်းကတည်းက ငြင်းလိုက်မိမှာ ..အခုတော့ ..အင်း... ဘုရား..ဘုရား .. ''
အဆိပ်ဘုရင် မော်ထိုက်မှ စိတ်မကောင်းစရာတွေကို မတွေးစေလိုဟန် ဖြင့်..
'' ငါတို့ကလည်း ညီအကိုတွေဆုံတုန်း .. ပျော်စရာတွေမတွေးဘဲ အတိတ်က မဟုတ်တာလုပ်ခဲ့တာတွေပဲ ပြောမိနေတယ် .. ပြီးခဲ့တာတွေက ပြန်ပြင်လို့မှ မရတော့ တာ .. ရှေ့လျှောက်ကောင်းအောင်နေသွားဖို့ပဲ လုပ်ကြတာပေါ့... ညီလေးတု မင့် ရှောင်လင်အပြင်ဘက်ထွက်တဲ့အကြောင်းလေးပြောစမ်းပါ .. ရှောင်လင်ဂိုဏ်းချုပ်ကြီး က မင်းကို ဘာခိုင်းလိုက်တာလည်း .. ပြီးတော့ ဒီကလေးကကော .. ဘယ်လိုဖြစ် တာလဲ .. '''
ထို့နောက်အားကွေ့၏ အရိုးအဆစ်များကို ကိုင်တွယ်ကြည့်ပြီး ..
'''' အံသြောဖို့ကောင်းလိုက်တာ ငါ့ဘ၀တစ်လျှောက်လုံး ဒီတစ်ခါပဲတွေ့ဘူး သေးတယ်..''
ငွေမျက်နှာသမားတော် ကြီးကလည်း အဆိပ်ဘုရင်၏အဆိုကို ထောက်ခံလိုက်သည်..
''' ဟုတ်ပါ့ ငါတောင် ဆေးကုရင်း သတိထားမိသေးတယ် .. တစ်ကယ့်ကို ထူးခြားတဲ့ကလေးပဲ''
ထိုအခါတွင်မှ အားကွေ့အားပွေ့ထားသော ရွှီကြွင်းလည်း သေသေချာချာ စမ်းသပ်ကြည့်မိသည်...
''' အလို ဟုတ်ပဟ...'''''
''ဘာတွေများ ထူးခြားနေလို့လဲကွ'''
ထန်ဖုနှင့် လေးမျက်နှာပညာရှိလည်း မနေနိုင်တော့ဘဲ အားကွေ့အား စစ်ဆေးကြ၏... ပြီးသော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
''' ဟိုက် ..ဒီလောက် အရိုးအဆစ်အစီအငေါ်မတည့်တဲ့ကလေး ဒီတစ်ယောက်ပဲတွေ့ဖူးတယ် .. အံ့ဖွယ်ပဲ...'''
''ဟုတ်ပါ့..အကိုသုံးရေ အရိုးအဆစ်တွေက ကြီးတဲ့ဘက်က ကြီး ငယ်တဲ့ဘက်က ငယ်နဲ့ ဘယ်လို အစီအငေါ်မတည့်တဲ့ကလေးမှန်းကို မသိဘူး .. ဟားဟား.. အရိုးအဆစ်ပြေပြစ်တဲ့ သူဆိုတာက မှ တစ်ထောင်မှာ တစ်ယောက်ရှိနိုင် သေးတယ် သူလိုကောင်ကတော့ သူပဲရှိမယ် .. ဘယ်လိုသန္ဓေနဲ့များ မွေးလာတယ် မသိဘူး .. အံသြောပါ့ ..အံသြောပါ့.. '''
ထို့နောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တ၀ါးဝါးတဟားဟားနှင့် ရယ်နေကြတော့သည်..
လေးမျက်နှာပညာရှိက
''' ညီလေးတု မင့်သူ့ကို တပည့်မွေးဖို့ ခေါ်လာခဲ့တာတော့ ဟုတ်မယ် မထင်ဘူး''
လက်တစ်ထောင်ထန်ဖုက ၀င်၍
'' ဟုတ်ချင်လည်းဟုတ်မှာပေါ့ ... ကလေးက ဥပဓိရုပ်ကလည်းကောင်း ..အရိုးအဆစ်ကလည်းပြေပြစ်တော့ တပည့်မွေးရအောင် ခေါ်လာတာ ဖြစ်မှာပေါ့'''
'''ဟားဟားဟားဟား'''.
ထပ်မံရယ်မောလိုက်ကြပြန်သည်..
ယင်းနောက်
ဘုန်းကြီးရွှီကြွင်းကလည်း .. သူဝူပေမြို့ရောက်သည့်အကြောင်း .. ကျန်းနန် ရောက်သည့် အကြောင်း..သွေးဘီလူးနှင့်တွေ့ပုံ အစရှိသဖြင့် အကြောင်းစုံ ကိုရှင်းပြလိုက်သည်..
ရွှီကြွင်းရှင်းပြသည်ကို နားထောင်ပြီးနောက် ..လေးမျက်နှာပညာရှိသည် ..
'''' အင်း အမှောင်ကိုယ်တော်ရဲ့ ဆဌမအာရုံ အတွင်းအားကို သုံးနိုင်တယ် ဆိုတော့ တော်တော်တန်တန်ကောင်မဖြစ်နိုင်ဘူး ... အမှောင်ကိုယ်တော် ဆိုတာက အကိုကြီး ရဲ့ ဆရာအရင်း.. ဆုံးသွားတာလည်း ကြာပြီ...အကိုကြီးကလည်း သွေးဘီလူးနဲ့ ပါတ်သက်မှုမရှိဘူးဆိုတော့ .. သွေးဘီလူးကို ဒီဆဌမအာရုံ အတွင်းအား သုံးတတ်အောင်သင်ပေးတာ အကိုကြီးရဲ့ ဆရာတူညီအကို ထဲကပဲဖြစ်မယ် ... ဒီအတိုင်းဆို ယွဲ့အိမ်တော်တောင် အန္တရာယ် ကြုံနိုင်တယ်နော့်... အကိုကြီးနဲ့ ဆရာတူ ဆိုရင် ဘယ်နည်းနဲ့မှ ညံ့မယ်တော့ မထင်ဘူး ... '''
''' သိုင်းကျမ်း ရတာကောမဖြစ်နိုင်ဘူးလား အကိုသုံး'''
'' မဖြစ်နိုင်ဘူး မော်ထိုက် .. ငယ်ထိပ်ကို မသေမပျောက်ဘဲ ရိုက်ချပြီး အတွင်းအားသုံး နိုင်တယ် ဆိုကတည်းက ဆရာရှိလို့ပဲ ... သိုင်းကျမ်းထဲမှာက ဒီလောက် တိကျ ဖို့မရှိဘူး.... ညီလေးတု မင်းရှောင်လင်ဂိုဏ်းချုပ်ကြီးကို ဒီအကြောင်းပြောသင့်တယ် ''
''' ငါတို့ညီလေးတု ကတော့ ကောင်းပါ့ကွာ အပြင်လေးထွက်လိုက် ကျောင်းတော်ထဲမှာနေလိုက်နဲ့ .. ပိုင်ချီးက ငါတို့ကိုတော့ အပြင်မထွက်ခိုင်းဘူး ဒီအဆောင်စုတ်ထဲမှာပဲ နေခိုင်းထားတယ်... ''''
'''အကိုနှစ် ရှောင်လင်ဂိုဏ်းချုပ်ကြီးရဲ့ဂုဏ်သိက္ခာကို လည်း နည်းနည်း အားနာပါအုံး'''.
''တော်စမ်းကွာ .. .. မင်းသံတော်ဦးတင်စရာရှိတာသွားသင် .. ပြီးတော့ မင့်တပည့်ကျော်ကိုလည်း ခေါ်သွားကွာ .. မင့်ကောင်လေးက သတိရတာ ကြာလှပြီအလကားသက်သက် အိပ်ချင်ယောင်ဆောင်နေတာ ... လူကဖြင့် လက်တောက်လောက်ရှိသေးတယ် .. သောက်ကျင့်ကတော့ ချင်ဝေ အတိုင်း ဉာဏ်ကြီးပဲ ..'''
''' ဟာ အကိုနှစ် ကျွန်တော်နဲ့ဘာဆိုင်လို့ ဆွဲထည့်ရတာလဲဗျာ''
အားကွေသည်ကားအားကွေ့ပင် မည်မျှ အပြောခံရသော် လည်း မျက်နှာ တစ်ချက်မှမပျက် ... လဲနေရာမှ ထလာပြီး တစ်ယောက်ချင်းစီကို ဂါရ၀ ပြုကာ..
'''ကျွန်တော့်အသက်ကိုကယ်ခဲ့တဲ့ဘုန်းဘုန်းတို့ကို ကျေးဇူးတင်ပါတယ်ဗျာ ..
အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ပါဘူးဗျာ .. ကျွန်တော့်ကြောင့် စကားအရှိန်ပျက် သွားမှာစိုးလို့ မှိန်းနေတာပါ... ''
ပြီးနောက် တစ်ကိုယ်လုံးကို ဟိုစမ်း ဒီစမ်းလုပ်ရင်း
'''ဒါနဲ့ကျွန်တော့်ရဲ့ ငွေအိတ်လေးများ မတွေ့မိဘူးလား ခင်ဗျား...''''
ငွေမျက်နှာသမားတော်ကြီးသည် အားကွေ့၏ ငွေအိတ်ကို ထုတ်ပြကာ..
'''.မင်းငွေအိတ်ကဒီမှာ ဆေးဖိုးအတွက် ငါယူထားတာကွ... အိတ်ထဲမှာ ငွေတစ်ဆယ်သားနဲ့ ကြေးပြားဆယ့်ငါးပြားတိတိပါတယ် မို့လား..'''
'' ဘုန်းဘုန်း မှားပြီခင်ဗျ အထဲမှာ ငွေတစ်ဆယ်သားနဲ့ ကြေးပြား ဆယ့်လေးပြား ခွဲပဲပါတယ် .. ''
'' ဟင်း..ဟင်း ..မင်းလို ငချွတ်ကများ ငါ့ကို လာစမ်းနေသေးတယ် .. ငွေမျက်နှာသမားတော်ကြီးကွ ... လှည်းဆယ်စီးတိုက်ငွေတွေကို ကိုင်လာတာ .. ငွေထုတ်အလေးချိန်ကို လက်နဲ့ ဆ လိုက်တာနဲ့သိတဲ့ကောင်ကွ..'''.
''' ဘုန်းဘုန်းရဲ့ လည်းဆယ်စီးတိုက်ငွေတွေတော့ မမြင်ဖူးလို့ ကျွန်တော် မသိဘူး ..အခု ဆယ်နှစ်သားကလေးရဲ့ ငွေအိတ်ကိုယူထားတဲ့ ဘုန်းဘုန်း ကိုပဲ ကျွန်တော်သိတယ် ... '''
'' ကောင်းပြီလေ.. အဲ့ဒါဆို မင့်နဲ့ငါနဲ့လောင်းမယ် ကွာ .. ဒီအိတ်ထဲမှာ ငွေဆယ်ကျပ်သားနဲ့ ကြေးပြားဆယ်လေးပြားခွဲရှိတယ် လို့မင်းကပြောတယ် ငါက .. ငွေဆယ်ကျပ်သားနဲ့ ကြေးပြား ဆယ့်ငါးပြား .. မင့်ရှုံးရင် ငွေအိတ်ကို ငါယူမယ် မင့်နိုင်ရင် မင့်ငွေကို မင့်ပြန်ယူ ဘယ်လိုလဲ......''''
'' အဲ့ဒါကတော့ဘုန်းဘုန်းက မတရားဘူးဗျ.. ကျွန်တော်က နိုင်ရင်လည်း အရင်းပဲ ရမှာ ..ရှုံးရင်တော့ အကုန်ကုန်မှာဆိုတော့ မတရားဘူး'''.
''.ဟုတ်တယ် အကိုနှစ် အဲ့ဒါတော့ ကလေးပြောတာမှန်တယ် '''
လေးမျက်နှာပညာရှိမှာ အားကွေ့၏ ဉာဏ်ကို သဘောကျသည်နှင့် ၀င်ထာက်ပေးလိုက်သည် .. ကျန်သူများမှာတော့ ပွဲကြီးပွဲကောင်းအနေဖြင့် ကြည့်နေကြ၏....
'' ဒါဆိုရင် ငါရှုံးရင် ဒီငွေအိတ်အပြင် အင်း... ...''
''' ဘာလဲ ဘုန်းဘုန်းမှာ တန်ဖိုးရှိတဲ့ဟာ ဘာမှမရှိလို့လား'''.
အပြောခံလိုက်ရသော ငွေမျက်နှာသမားတော်ကြီး၏ မျက်နှာသည် သူ၏မှဲ့ အရောင်အတိုင်းနီရဲကာသွားသည်.. သို့သော် တကယ်လည်း
ငွေမျက်နှာသမားတော်ထံတွင် ပိုင်ဆိုင်သည့် တန်ဖိုးရှိသောအရာဟူ၍ ဆေးသေတ္တာ တစ်လုံးသာရှိသည်... ထိုကြောင့် စကားအစ ရှာမရ ပဲထစ်ငေါ့သွား၏.. ... ဆေးသေတ္တာတော့ပေး၍မဖြစ် ထိုအရာသည် သူ့အသက်ဖြစ်သည်...
''တန်ဖိုးရှိတဲ့အရာ..တန်ဖိုးရှိသည့်အရာ..''.တွေးတော၍ တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် အဆောင်ထဲသို့ ပြေးဝင်သွား၏ ...ပြန်ထွက်လာသည့်အချိန်တွင်တော့ လက်ထဲတွင် တစ်ခုခုကို အ၀တ်စုတ်ဖြင့်ပတ်ပြီး ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်.. သူ့ညီများကို အရှက်ပြေ တစ်ချက်ရယ်ပြလိုက်ရင်း ..
'' ညီလေးတို့ရာ တစ်ခါတစ်လေမှာ ကိုယ်လှူထားတဲ့ ပစ္စည်း ကိုယ်ပြန်ငှားလို့ ရတယ်မို့လား... '''
ထိုသို့ပြောလိုက်သော်..
'' ဟာ..အကိုနှစ် ဒါတွေက ဘုရားကို လှူထားတာလေ.. ဘယ်နှယ်ကြောင့် ပြန်ယူခဲ့ရတာလဲ .. ပြီးတော့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ.. သူ့အတွက်လည်း အန္တရာယ်ကြီးမဲ့ပစ္စည်းနော်...'''
''' အသာနေစမ်းပါ ညီသုံးရာ ... မင့်အကိုနှစ်ငါ ကသေချာပေါက်နိုင်မှာပါ''
ပြောပြောဆိုဆိုနှင့်အ၀တ်စုတ်ထဲမှပစ္စည်းကို ဖြန့်ပြလိုက်သည်.. လက်ဝါးအရွယ်မျှရှိသည့် အကောင်ခြောက် လေးတစ်ကောင် .. အမည်းရောင် ဆူးလေးများက ထိုအကောင်ခြောက်၏ ကိုယ်ခန္ဓာအနှံ့ပေါက်နေသည်.. ထိုအကောင်ခြောက်လေးကို ပြန်လည်မြင်တွေ့ရသောကြောင့် ၀မ်းသာပီတိ ဖြစ်နေပုံကလည်း သမားတော်ကြီး၏ မျက်နှာတွင် မဖုံးနိုင်မဖိနိုင် ပေါ်နေ၏..
ဘုန်းကြီးရွှီကြွင်းကလည်း ယခုတစ်ကြိမ်တော့ ဟန့်တားပါတော့သည်..
'''''အကိုနှစ် ဒါကတော့ မဟုတ်သေးဘူးနဲ့တူတယ် .. ဘုရားလှူထားတဲ့ပစ္စည်း
ပြန်မယူကောင်းပါဘူး ပြီးတော့ ဒီအကောင် ရဲ့ တန်ဖိုးကလည်း များလွန်းပါတယ် ..'''
အားကွေ့ကလူပါးဖြစ်သည်နှင့်အညီထိုအကောင်ခြောက်အကြောင်းမသိသော် လည်း ဘုန်းကြီးများပြောစကားအရ တော်တော်တန်ဖိုးရှိမည်မှန်းရိပ်မိ၍..
'''' ကောင်းပြီလေဘုန်းဘုန်း ကျွန်တော်ကပဲ အနစ်နာခံပြီး ဘာမှအသုံးမ၀င်တဲ့ ဒီအကောင်ခြောက်ကို လက်ခံလိုက်ပါမယ် .. '''
'''ဘာ အသုံးမ၀င်ဘူးဟုတ်လား.. ဒီအကောင်ကိုရဖို့ဆို အသက် စတေးရဲတဲ့ ကောင်တွေ လောကမှာတစ်ပုံကြီး .. မင့်လက်ထဲမှာ သာ ဒီအကောင်ရှိတယ်လို့ ကြားတာ နဲ့ မင်းဘယ်နေရာပုန်းပုန်းလိုက်ရှာကြမှာကွ နားလည်လား..'''
''' ဒီအကောင်ခြောက်ကို ... ဟုတ်လို့လားဗျာ''.
'' ဟေ့ကောင် အကောင်ခြောက်လို့မခေါ်နဲ့နာမည်ရှိတယ်ကွ...''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#17
''' လောကကြီးမှာ မြင့်မြတ်တဲ့ သတ္တ၀ါလေးမျိုးရှိတယ် .. . .. လောကကို အကျိုးပြုတဲ့ သတ္တ၀ါလေးမျိုးရှိတယ် ... သူကအဲ့ထဲက တစ်မျိုးပဲ. .ဒါတွေပြောပြလဲ မင်းသိမှာမဟုတ်ပါဘူး.. ''
'' ဘုန်းဘုန်းက ကျွန်တော့်ကို အထင်သေးတာကိုးဗျ..{ မြင့်မြတ်တဲ့ သတ္တ၀ါလေးမျိုးက မိုးပြာနဂါး ..ကျားဖြူ.. ဟင်္သာ နဲ့ရွမ်ဝူ.. လောကကို အကျိုးပြုတဲ့ သတ္တ၀ါကတော့ ချီလင်...ပင်လယ်နဂါး ..လိပ်နဲ့ မီးငှက် တို့ပဲဗျ..}ဘုရားရေ အဲဒါအကောင်ခြောက်ကလေးကရွမ်ဝူကြီးလား ....''''
ပါးစပ်အဟောင်းသားနှင့် ကလေးကို ကြည့်ပြီး သမားတော်ကြီးမှာ ဂုဏ်ယူ ၀င့်ကြွားစွာဖြင့်
'' ဟား...ဟား...ဟား..ဟား..လောကကြီးမှာ ရွမ်ဝူကို ပိုင်ဆိုင်ထားတဲ့ သက်ရှိလူဆိုလို့ ငါတစ်ယောက်ထဲရှိသေးတယ် ကွ..ရွမ်ဝူထဲမှာမှ ဓါးခုတ်ရင်ဓါးကျိုး .. လှံထိုးရင်ခွေ.. မီးလောင်လို့မသေ .. အဆိပ်ကိုနိုင်တဲ့ နှစ်တစ်ရာ ဆူးရွမ်ဝူ ...'''
အားကွေ့သည် အံသြောသွားသည့်မျက်နှာကို အလျင်အမြန် ပြန်ပြင်ရင်း .. လှောင်သည့် အမူအယာဖြင့်
'' ကျွန်တော်ကြားဖူးတဲ့ရွမ်ဝူ ဆိုတာ မြွေအမြီးနဲ့ ခန္ဓာကိုယ်က လိပ်လို ကားသတဲ့ ပြီးတော့ အကောင်ပေါက်တောင် ဇကောလောက်ရှိတယ် ဆိုပဲ.. အနက်ရောင်ကတော့မှန်ပါတယ် .. ဆူးပါတယ်လည်းမကြားဖူးဘူး .. ခုဟာက ကြည့်ပါအုံး ငှက်တော်လောက်တောင် မရှိဘူး .. ခြောက်ကပ်ကပ်နဲ့.. ဟုတ်ရော ဟုတ်ရဲ့လားဗျာ...'''
အားကွေ့၏ချက်ကျလက်ကျ ပြန်ပြောသောစကားကို လေးမျက်နှာပညာရှိ ချင်ဝေနှင့် သူ့ညီတော်များက သဘောကျသွားသော်လည်း.. သမားတော်ကြီးကမူ သူအမြတ်တနိုးတန်ဖိုးထားရသော ရွမ်ဝူအား ဤသို့ပြောရမလားဟု ဒေါလမောင်း ထကာ ထိုအကောင်အား အမြီးမှ ကိုင်ကာ ဝှေ့ရမ်းလိုက်သည်..
'' အစ်.. '''ဟူသော အသံနှင့်အတူ ရွမ်ဝူဆိုသော အကောင်သည် .. ဆွဲဆန့် လိုက်သကဲ့သို့ ရှည်လျားပြန့်ကားသွားပြီး အားကွေ့ တစ်ယောက်ကို လွမ်းခြုံနိုင်လောက်သော အရွယ်ပမာဏအထိ ရှိသွားသည်..
''၀ှစ်...၀ှစ်.'' နှစ်ချက်မျှ လေထဲတွင် ယမ်းခါလိုက်သည့် အခါ လုံးရှည်သွားပြီး ဆူးကျာပွတ်သဖွယ် ဖြစ်သွား၏...
''' ကဲ မြင်ပြီလား ဘယ်လိုလက်နက်မျိုးကိုမဆို ရစ်ပတ် ဆွဲချေလို့ ရတဲ့ အပြင် တချက်လောက်အရိုက်ခံရတာနဲ့ သူ့အဆိပ်စူးနဲ့တွေ့သွားမယ်...လောကမှာ ဒီလို သက်ရှိလက်နက်မျိုး ဘယ်တုန်းကမှ မရှိခဲ့သေးဘူး ကွ မှတ်ထား''
အားကွေ့မှာ ကလေး ပီပီ ထိုအကောင် ပေါက်စနလေးကို သဘော ကျသွားသည်...
'' ကောင်းပြီလေ ဒါဆို ကျွန်တော်တို့နှစ်ယောက် အလောင်းအစားဖြစ်ပြီ သာမှတ်တော့... ရှုံးသွားရင် ပြန်မတောင်းကြေးနော် ... '''
''' ၀ါးနုကများ ၀ါးရင့်ကို ပတ်ချင်ရတယ်လို့ .. အကိုကြီးနဲ့ ပိုင်ချီးတောင် မှ ငါ့ကို အဲ့လိုမပြောရဲဘူး .. ကတိတည်တဲ့နေရာမှာ မိုးအောက်မြေပြင်တစ်ခွင်လုံး ပြိုင်ဘက်မရှိတဲ့ ငါကွ...ကြာတယ် .. ညီသုံး မင်းဒီအိတ်ကို ဖွင့်စမ်းကွာ .. ငွေဆယ်ကျပ်သားနဲ့ ကြေးပြားဆယ့်ငါးပြားသာတွေ့လို့ကတော့ ဒီမိချောင်းမသားကို နရင်းနှစ်ချက်ပါ အဆစ်ပေးလိုက်အုံးမယ် '''
ပစ်ပေးလိုက်သော ငွေအိတ်ကို ဖမ်းရင်း ...
'' ကျွန်တော့်စိတ်ထဲမှာတော့ အကိုနှစ် ပဲရှုံးမယ်လို့ ထင်နေတယ် ဗျို့ ... ကျွန်တော်သာဆို သူနဲ့ လောင်းရဲမှာမဟုတ်ဘူး ..လူကသာငယ်သာ တကယ့် မြေခွေး လိုကောက်ကျစ်မယ့်ကောင်...'''''
'''' အခုလိုချီးကျူးတာကျေးဇူးပါဗျာ ..'''
အားကွေ့ကလည်း မျက်နှာပြောင်ပြောင်ဖြင့် အရွဲ့တိုက်၍ ဂါရ၀ပြုကာ ပြန်ပြောလိုက်သည်..
ကာယကံရှင် မပြောနှင့် ထန်ဖု ..မော်ထိုက်..နှင့် ချင်ဝေ တို့ပါ မည်သူနိုင်မည်ဆိုတာ သိချင်စိတ်ဖြင့် မရိုးမရွဖြစ်နေကြသည်.. ဘုန်းကြီး ရွှီကြွင်းကတော့ ထုံးစံအတိုင်း အိနြေ္ဒအပြည့်ဖြင့်ပင်....
ချင်ဝေက အိတ်ကို ဖွင့်လိုက် ပါပြီ......
.....'''......'''.....'''.....'''..'''
ဝူပေမြစ်ပေါ်တွင် ရွက်လှေတစ်စင်းသည် ငြိမ့်ညောင်းစွာ ခရီးဆက်နေသည် ... စိမ်းစိုအေးမြသော ရှုခင်းသည် ဆေးသားကောင်းကောင်းဖြင့် အရောင်ခြယ်ထားသည့် နှယ် နေရောင်အောက်တွင် ပြစ်မျိုးမှဲ့မထင် လှပနေလေ၏...
မြစ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော လေ ကြောင့် လှေဦးထိပ်တွင် တပ်ဆင်ထားသော အနက်ရောင် အလံကြီး လှုပ်ရမ်းနေသည်မှာ တမျိုးတဖုံကြည့် ကောင်းလှသည်..
ထိုအလံပေါ်တွင် ရေးသားထားသည့် မိုးကြိုးဟူသော စာလုံးကြီးက အဝေးကကြည့်လျှင်ပင် ထင်ရှားစွာတွေ့မြင်ရပေမည်...
မှန်ပေသည် ..မိုးကြိုးဓါးလွေစုနှင့် ကျောက်စိမ်းနဂါးတင်းပေ တို့အဖွဲ့စီးနှင်းလိုက် ပါလာသော ရွက်လှေကြီးဖြစ်ပါသည်...
ပတ်ဝန်းကျင် မည်မျှသာယာသည် ဖြစ်ပါစေ မိုးကြိုးဓါးလွေစု ရင်ထဲ မှ အပူမီးကိုတော့ အေးချမ်းစေမည် မဟုတ်ပါ...
ပူဆွေးသောက မှန်သမျှသည် ၀မ်းနည်းခြင်းဟူသော သရုပ်ကိုသာဖော်သည် .. ဖြစ်ချိန်တန်လျှင် လောကဓံက အချိန်မှန်ဝင်ရောက်လာ၏... ကံကြမ္မာ၏ အတက်အကျ အားလွန်ဆန်နိုင် သူဟူ၍ဘယ်မှာမှ မရှိပေ...
အသက်အရွယ်ရလာ၍ လောကဓံ အကြောင်းကောင်းကောင်း နားလည်ပြီ ဟု တွေးထင်ထားသော်လည်း တကယ်တမ်း ကြုံဆုံလာသည့် အခါတွင်တော့ မိုးကြိုးဓါးလွေစုတစ်ယောက် ဘယ်လိုမှ မဖြေသာပါ....
တခြားသူ အသက်ပေါင်းများစွာ သေကြေပျက်စီးနေသော်လည်း မိမိမှာ သွားကိုက်ဝေဒနာ ခံစားနေရသောကြောင့် ထိုသူများကို ကိုယ်ချင်းမစာနိုင် ဟူသော စကားပုံအတိုင်းပင် ..
လောကတွင် မိုးကြိုးဓါးလွေစုထက် ဒုက္ခသုက္ခ ကြုံတွေ့ရမည့်သူများ များစွာရှိနေသည်မှာ အမှန်ဖြစ်သော်လည်း လွေစု တစ်ယောက်အတွက်တော့ ထိုခံစားချက်သည်သာ အပြင်းထန်ဆုံး ဖြစ်နေသည်....
'''' ဘာတွေတွေးနေတာလဲ အကိုကြီးလွေ ...'''
'' အော် ညီလေးတင်းပေ .. ဒီလိုပါပဲ ကွာ .. ဟိုသွေးဂိုဏ်းက ခွေးကောင် တွေကို ဘယ်လို ဆုံးမရမလဲလို့ တွေးနေတာ ...'''
'' ကျွန်တော်လည်း နေ့ခင်းတရေးအိပ်လို့ နိုးလာတော့ အကိုကြီးကို မတွေ့တာနဲ့ ဟိုဟိုဒီဒီလိုက်ရှာနေတာ .. နောက်မှ လှေဦး ထိပ်မှာ ဖြစ်နိုင်တယ် လို့ ထင်တာနဲ့လာခဲ့တာ ...'''
'' အေးကွာ ငါလည်း စိတ်ထဲနေလို့မကောင်းတာနဲ့ လေကောင်း လေသန့် လာရှူတာကွာ'''
''' နောက်ထပ် အမွေးတိုင်တစ်တိုင်စာလောက်ဆို ကျန်းနန်ကို ရောက်တော့မှာ အကိုကြီးလွေ... အဲ့မတိုင်ခင် တစ်ခုခုစားထားပါလား .. အခုရက်ပိုင်း အကိုကြီး ဘာမှ ဟုတ်တိပတ်တိ စားသောက်တာမတွေ့ဘူး ..ရန်သူကို မယှဉ်ဆိုင်ရ ခင် ကိုယ့်ဘက်က အားပြည့်နေဖို့လိုတယ် ... '''
မိုးကြိုးဓါးလွေစုလည်း ထိုအခါမှ ထမင်းစားခန်းမ ထဲဝင်ကာ စားသောက် လေတော့သည် .. သို့သော် ထမင်းကို တို့ကနန်းဆိတ်ကနန်းသာ စား၏ ..
ကျန်းနန်သို့ရောက်သော် လှေပေါ်မှတခါထဲ တင်လာသော မြင်းများကို ချပြီး အဖွဲ့သား ဆယ့်ယောက်နှင့်အတူ ယွဲ့အိမ်တော်သို့ အပြင်းနှင်လေသည်...
ယွဲ့အိမ်တော်သည် သူရဲကောင်းဇရပ်နှင့် မလှမ်းမကမ်း တွင် တည်ရှိပြီး ကြီးကျယ်ခမ်းနားလှသည်...
ယူကလစ်ပင်များ .. ၀ါးပင်ပုများ .. ပန်းမာန်များ ..တောင်တုများ နှင့် ကျယ်ပြောလှသော ခြံဝင်းအတွင်း ယွဲ့အိမ်တော်သည် ခံညားစွာတည်ရှိ၏..
ယွဲ့ခြံဝင်းတွင် အလုပ်လုပ်ကိုင်နေကြသော အစေခံ အင်အားပင် အယောက်ငါးဆယ် ခန့်မျှ ရှိ၍ ဂိုဏ်းအသေးစား သဖွယ်ပင်...
ထိုအစေခံအကုန်လုံးမှာ သိုင်းပညာကို ကျင်လည်ကြသူများ ဖြစ်ကြပြီး လက်ရွေးစင် ကိုယ်ရံတော် ဆယ်ယောက်မှာ ပထမတန်းစား သိုင်းသမားအဆင့် နေရာတွင်ရှိသည်...
ယခုတော့ ထိုသူများကြားတွင် ရသေ့များပါ ထူးခြားစွာ ပါဝင်နေကြပြီး ၀ူတန်ဂိုဏ်းချုပ်ကြီး၏ အစီအမံအရ သွေးဘီလူးအား စောင့်ကြပ်နေကြ၏...
လွေစုနှင့် တင်းပေသည် ရောက်ရောက်ခြင်းပင် သူရဲကောင်းဇရပ်ပိုင်ရှင် နှင့် တွေ့ဆုံလေသည်..
သူရဲကောင်းဇရပ်ပိုင်ရှင်မှလည်း .. နတ်ဆေးအိုးကျန်း၏ ရုပ်ကလာပ်ကို လိုက်ပြကာ မည်သို့မည်ပုံသေဆုံးသွားရသည်ကို ရှင်းပြ၏...
သွေးဘီလူးအား အရင်းပြု၍ သွေးဂိုဏ်းအား ထောင်ချောက်ဆင်ထားပုံ .. ၀ူတန်ဂိုဏ်းချုပ်ကြီးကိုယ်တိုင် စီမံထားသည်ဖြစ်သောကြောင့် ဟာကွက် ပျော့ကွက်များ မရှိနိုင်သလောက်သေချာပုံနှင့် အလောင်းများကို မြေချရန် စောလျင်စွာပြုဖို့ တိုင်ပင်လေသည်..
မိုးကြိုးဓါးလွေစုမှာ အဖက်ဖက်က ထောင့်စေ့အောင် ပြင်ဆင်ထားသော သူရဲကောင်းဇရပ်ပိုင်ရှင်အား ကျေးဇူးတင်၍ မဆုံးတော့ပေ...
သို့ဖြင့် သူတို့သည်သွေးဂိုဏ်းအား အမြစ်ပြတ်ဆုံးမရန် စတင်လှုပ်ရှား ကြတော့၏..
သွေးဂိုဏ်း၏ နေ၀င်ချိန်ပေလား .. သူတို့၏ ကျဆုံးခန်းလားဟူ၍တော့ မည်သူမျှ မသိနိုင်ပါ....
.....'''.......'''''......'''''......''''.....
မြူနှင်းများဆိုင်းနေသော တောင်ထိပ်ဝယ် ကြည်နူးဖွယ်ရာ တေးဂီတသံကား သာယာငြိမ့်ညောင်းဖွယ် ထွက်ပေါ်နေ၏.... ဗျပ်စောင်းသံ၏ နရီနှင့် ပုလွေသံ၏ စည်းဝါးက လွန်စွာလိုက်ဖက်ညီလျှက် မသိလျှင် နတ်ပြည်မှ တီးခတ်လိုက် သော ဂီတသံအလားပင်...
ချယ်ရီပင်အိုကြီးအောက်တွင် အဖြူရောင်ဝတ် အဖိုးအိုမှာ ဗျပ်စောင်းကို ရင်ဝယ်ပိုက်တီးခတ်နေပြီး လုလင်ပျိုတစ်ယောက်က ခုံစောင်းကိုမှီကာ ၀ါးပုလွေကို မျက်စိစုံမှိတ် တီးမှုတ်နေသည်..
ကျေးငှက်သာရကာများကပင် တေးသီချင်းမသီဆိုနိုင်လောက်အောင် နားဝင်ပီယံရှိလှသော ဂီတသံက နားကြောထဲတွင် ချိုဝင်ပျော်ကျနေလေ၏..
မြူကြားမှ ထိုးထိုးထောင်ထောင်ထွက်နေသော သစ်ပင်များကပင် စီးချက် အတိုက်လိုက် က နေသယောင်ယောင်...
'''ဆရာကြီးမုန့် ... ညီလေးချန်ချန်း '''
အရေးကောင်းလျှက်ဒိန်းဒေါင်းဖျက် ဆိုသလို .. ကျယ်လောင်လှသော အသံက ဂီတ မှော်ဝင်စားနေသူနှစ်ယောက်ကို အနုပညာလောကကြီးမှ လှုပ်နိုးသွားသည်..
အသံရှင်က အဝေးရောက်လက်သီး ကျောက်ကျူးထင်ပေ..
ချန်းချန်သည် ၀ါးပုလွေကို ခါးကြားထဲထိုးလိုက်ရင်း ...
''' အကိုကြီး ဘာအကြောင်းများထူးလို့လဲဗျ..''
''' တောင်ဖြိုလက်သီးပြန်ရောက်လာပြီ ညီလေးချန်း ... ဆရာကြီးမုန့်နဲ့ ငါ့ညီ အကြောင်းစုံမေးလို့ရအောင် အကိုကြီးခေါ်လာခဲ့တာ.. အခုတော့ သူ့ကို ၀ါးအိမ်လေးမှာ နေရစ်ခိုင်းထားတယ်..'''
ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်ကလည်း ..
'' အေးကွာ သူရောက်လာတော့ အခြေအနေကို ရေရေလည်လည် သိရတာပေါ့ ....'''
'' ဆရာကြီးတို့ အရင်သွားနှင့်ကြလေ တူမောင် ပစ္စည်းတွေသိမ်းပြီး နောက်က လိုက်လာမယ် ...'''
ကျောက်ကျူးထင်က ဗျပ်စောင်းနှင့် ခုံပေါ်က ပစ္စည်းများကို သိမ်းဆည်း ရင်းပြောလိုက်သည် ...
ထို့နောက် ဆရာကြီးမုန့်နှင့် ရွှေကွင်းပျံ ချန်းချန်တို့ မှာ ၀ါးတဲအိမ် ဆီသို့ ကိုယ်ဖော့ပညာဖြင့် ပြေးသွားကြ၏..
ဆရာကြီးမုန့်မှာ ချန်းချန်အားငဲ့၍ ကိုယ်ဖော့ပညာကို လျှိုလျှိုလေးပြေး နေရာမှ
'' အင်း ချန်းချန် ကဘယ်ဆိုးလို့ ငါ့ကိုယ်ဖော့ပညာ ငါးပုံတစ်ပုံလောက်ကို ကောင်းကောင်းမီသားပဲ ... ကိုယ်ဖော့ပညာကတော့ တူမောင်ကျောက်ထက် သာလောက်တယ်'''ဟုတွေးမိသည်..
ချန်းချန်မှာကား '' ဆရာကြီးမုန့်ကတော့ တကယ့်ကို ခွန်းလွန်တောင်စောင့် နတ်ပဲ ငါ့မှာ ခြေလှမ်းတစ်ထောင် ကိုယ်ဖော့ပညာ အဆင့် ကုန်သုံးပြီး ပြေးလိုက်တာ လျှာပဲထွက်တော့မယ် ..သူကြတော့ ချွေးတောင်မစို့ဘူး... ငါဒီလောက်ပြေးနေတာတောင် ၀ါးတစ်ရိုက်ကွာနေတုန်းပါလား..'''
ဝါးတဲအိမ်ရှေ့တွင်မူ ရိလုံတစ်ယောက် လေပြင်းဓါးသိုင်း လေ့ကျင့် နေသည် .. အဘိုးအိုဖုန်ချူးနှင့် ကလေးနှစ်ယောက်မှာတော့ အိမ်ဘေးတွင် ပေါက်နေသော ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းနေကြ၏..
လိုင်လိုင်နှင့် တောင်ဖြိုလက်သီး နှစ်ယောက်က ရိလုံသိုင်းလေ့ကျင့် နေသည်ကို နဘေးမှအတူထိုင်ရင်း လေ့လာနေကြသည်..
ထိုမြင်ကွင်းကို ဆရာကြီးမုန့်မြင်သော်
'''လိုင်လိုင် ဟိုမှာ ဧည့်သည်တွေ အလုပ်လုပ်နေတာကို ၀ိုင်းမကူဘဲ ဘာထိုင်လုပ်နေတာလဲ ... '''
လိုင်လိုင်သည် လူရှေ့သူရှေ့တွင် အဆူခံလိုက်ရ၍ ရှက်သွားရင်း ..
''' ကျွန်တော်ကူလုပ်မယ်လို့ပြောပါတယ် သူတို့က လက်မခံတာနဲ့ ကျွန်တော်လည်း ဦးလေးရိလုံသိုင်းလေ့ကျင့်နေတာကို ကြည့်နေမိတာပါ'''
''''ဟုတ်ပါတယ် ဆရာကြီးမုန့် ..လိုင်လိုင်လေးက လာကူပါတယ် ကျွန်တော်က တားထားလို့ ဆရာလေးရိလုံ သိုင်းကျင့်နေတာကို သူ လေ့လာ နေတာပါ .. ''''
မြက်ခုတ်ဓါးမကြီးကိုင်လျှက် ၀င်ပြောလိုက်သော အဖိုးအိုဖုန်းချူး၏ စကားကြောင့် ဆရာကြီူးမုန့်မှာ ဆက်မပြောတော့ဘဲ တောင်ဖြိုလက်သီးဖက် လည့်ကာ
''' ကိုင်း .. မင်း ကျန်းနန်မှာ ကြုံခဲ့ရတာတွေကို တစ်ခုမကျန်ပြောစမ်းကွာ .. '''
ထိုစဉ်မှာပင် ပစ္စည်းများသယ်လာသော အဝေးရောက်လက်သီး ကျောက်ကျူးထင်ရောက်ရှိလာသည်.. ရိလုံကလည်း သိုင်းလေ့ကျင့် ခြင်းကို အဆုံးသတ်ကာ ချွေးတလုံးလုံးနှင့် လာရောက်နားထောင်လေသည် .. .. အားဖုန်နှင့် အားချန်ကတော့ နောက်ဖေးသို့ဝင်ကာ စားစရာ သောက်စရာများစီစဉ်နေကြ၏..
တောင်ဖြိုလက်သီးကလည်း သူကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို ပြည့်စုံစွာပင် ကရားရေလွတ် တတွတ်တွတ် ပြောတော့၏...
သွေးဘီလူး၏ ဆဌမအာရုံ သိုင်းပညာအကြောင်းရောက်သော် .. ကျောက်ကျူးထင်မှာ
''' ဒီလိုအသက် နဲ့ရင်းပြီးတိုက်ခိုက်ရအောင် ရွှီအဆင့် ဘုန်းကြီးက တော်တော်လေးစွမ်းလို့လား ...'''
''' စွမ်း သလားမမေးနဲ့ အကိုကျောက် ..ဟိုဘုန်းကြီးက ပန်းလိပ်ပြာ တုမော်ရင်းဆိုပဲ .. သူ့ဗိုက်မှာလည်း မဟာသွေးသားချပ်ဝတ်လွှာ ပါသေးတယ် .. ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်ဗျာ .. သိုင်းကွက်တစ်ကွက် တောင် မထုတ်လိုက်ရသေးဘူး အဆိပ်ခုနှစ်မျိုးလက်ဝါး ဒါဏ်ကြောင့် အကုန်မေ့ သွားတော့တာပဲ ... ဘုန်းကြီးနဲ့ပါလာတဲ့ ကလေးတစ်ယောက်က ကယ်လိုက်လို့ သက်သာရာရတာ ...'''
ခုနှစ်မျိုးထူးချွန်ဆရာကြီးမုန့်သည် အနီးရှိ ကွပ်ပြစ်တွင် ၀င်ထိုင်လိုက်ရင်း..
''' အင်း .. တုမော်ရင်းသာ အကျွတ်တရားတကယ်ရသွားပြီဆိုရင် သိုင်းလောကအတွက် မင်္ဂလာပဲ ..အခုသွေးဘီလူးကိုပါဖမ်းမိထားတယ် ဆိုတော့ ပိုကောင်းတာပေါ့ .. ဒါပေမယ့် အမှောင်ကိုယ်တော်ရဲ့ ဆဌမအာရုံအတွင်းအား ပြန်ပေါ်လာတာ ကောင်းတဲ့နိမိတ်တော့မဟုတ်ဘူး... သွေးဘီလူးနောက်မှာ ကြိုးကိုင်တဲ့ လူများရှိနေမလားပဲ... တကယ်လို့သာ နောက်ကွယ်ကလူ ရှိမယ်ဆိုရင် ယွဲ့အိမ်တော်တော့ကိုယ်ကျိုးနဲရတော့မှာ .. '''
ကျန်လူများမှာလည်း ဆရာကြီးမုန့်၏ မှတ်ချက်ကြောင့် ကိုယ်စီကိုယ်ငှ အတွေးများဖြင့် ငိုင်တွတွ ဖြစ်သွားကြသည်.. ယခုအခြေအနေက သိုင်းလောက တစ်ခုလုံးဆူပွက်လာမည့် အနေအထားပင်မဟုတ်လား..
ဆရာကြီးမုန့်သည် ကွပ်ပြစ်ပေါ်သို့ ကြွေကျနေသော ၀ါးရွက် တစ်ရွက် ကို ကောက်လိုက်ကာ
''' ညီတော်ဂိုဏ်းချုပ် ကိုယ့်အကိုကြီးဆီလာတာများ ခိုးကြောင်ခိုးဝှက် လာစရာမလိုပါဘူးကွဲ့...'''
''' ဟားဟားဟားဟား .. အကိုကြီးမုန့်ရဲ့ သိုင်းပညာကတော့ လိုက်မမီနိုင်တဲ့ အထွဋ်အထိပ်ကိုတောင် ရောက်နေပြီနဲ့တူတယ် ... '''
စကားသံနှင့်အတူ မီးခိုးရောင်မှိုင်းပျပျ အ၀တ်အစားဝတ်ဆင်ထားသော ရသေ့ကြီးတစ်ပါး သည် ဖုန်ခါတံကို လက်ထဲတွင် ကိုင်ဆောင်ပြီး ၀ါးတော အတွင်းမှ ထွက်လာသည်... ဒေါသ မာန လောဘ ကင်းစင်ပုံရသော မျက်နှာကြောင့် အသက်အရွယ်ကိုပင် ခန့်မှန်း၍မရ... အမှတ်တမဲ့ကြည့်လိုက်ရင် အသက် လေးဆယ် ကျော်အရွယ်မျှသာထင်ရသော အနှီလူသည် ဆရာကြီးမုန့်၏ ဂိုဏ်းတူညီ လက်ရှိ ခွန်လွန်းဂိုဏ်းချုပ်ကြီးဖြစ်သည်..
''' တောင်ဖြိုလက်သီး ပြောပြထားလို့ ကျွန်တော်လည်း အကြောင်းစုံကို သိပြီးပြီ အကိုကြီမုန့် ... ပြီးတော့ ယွဲ့အိမ်တော်ကလည်း သိုင်းဂိုဏ်းအသီးသီးကို စာထုတ်ပြန်ထားတယ် ... ရှစ်လပိုင်း လဆန်း ကိုးရက်မှာ သွေးဘီလူး ကို ပြစ်ဒါဏ် ချဖို့အတွက် သူရဲကောင်းဇရပ်ကို လာဖို့ဆိုတဲ့အကြောင်း... အဲ့ဒါနဲ့ အကိုကြီးမုန့် ကိုတိုင်ပင်ဖို့ ကျွန်တော်ကိုယ်တိုင် ထွက်လာခဲ့တာ .. ''''
'' ထိုင်ပါအုံးညီတော်ရဲ့ ... အကိုတော်လည်းသိုင်းလောက အရေးကို စိတ်မပါဘူး ဆိုပေမယ့် သွေးအရိပ်နဲ့ပတ်သက်နေတော့ ၀င်စွက်ချင်နေတယ် .. ဒီကောင် ဘယ်လို အသက်ရှင်နေလဲ ဆိုတာ အခုထိ စဉ်းစားမရနိုင်သေးဘူး .. '''
အားဖုန်နှင့်အားချန်သည် ၀က်ခေါက်ကင်နှင့် လက်ဖက်ရည်အကြမ်းအိုး ကို မီးဖိုဆောင်မှ သယ်လာပြီး ကွပ်ပြစ်အလယ်တွင် လာရောက်ချထားလိုက်သည်..
နီရဲကျွပ်ရွနေသော ၀က်ခေါက်ကင်၏ သင်းပျံ့သော ရနံ့က လူတိုင်း၏ နှာခေါင်းဝကို ကလူကျီဆယ်နေ၏...
'''' အကိုကြီးမုန့် က တပည့်နှစ်ယောက်ပါ ထပ်မွေးထားတာကိုး .. ဒီကလေးနှစ်ယောက်လုံး ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်ပြီး ဉာဏ်သိပ်မဆိုးမဲ့ကလေး တွေပဲဗျ.. ''''
'' မဟုတ်ရပါဘူး ညီတော်ရာ ငါ့ညီတပည့်ကျောက်ကျူးထင် လူနာခေါ်လာရင်း ပါလာတဲ့ကလေးနှစ်ယောက်ပါ.. အစက တူမောင်ကျောက် ကမင်းဆီကို ခေါ်ပြီး အဆိပ်ဒါဏ်ရာ ကုခိုင်းမလို့ .. ညီတော် ဆေးမြစ်တူး ခရီးလွန်နေတာနဲ့ .. အကိုတော့်ဆီကိုခေါ်လာတာ .. ဟိုမှာလေ ရိလုံနဲ့ ဖုန်ချူးဆိုတဲ့ တစ်ယောက် ..ထန်မိသားစုရဲ့ ခုနှစ်ရက်ငို ဆိုတဲ့ အဆိပ်သင့်လာတာ '''
ဆရာကြီးမုန့်သည် ဂိုဏ်းတူညီ ခွန်လွန်းဂိုဏ်းချုပ်အားအဖြစ်အပျက်ကို ရှင်းပြရင်း အားဖုန်နှင့်အားချန်တို့၏ ခြေဆစ်လက်ဆစ်များကို စူးစိုက်ကြည့်လိုက်သည် .. ပြီးနောက်..''' ဟုတ်သားပဲ ငါ့နှယ်မျက်စိရှန်းလိုက်တာ ..ဒီကောင်လေးနှစ်ယောက် ဟာ သိုင်းသင်ဖို့ အလွန်သင့်တဲ့ကလေးတွေပဲ ငါသာမြေတောင်မြောက်ပေးလိုက်ရင် သိုင်းလောကမှာ နဂါးနဲ့ကျား နှစ်ယောက် ထွက်ပေါ်လာမှာပဲ... '''
ကျောက်ကျူးထင် ရိလုံနှင့်ချန်းချန် တို့မှာ ၀က်ခေါက်ကင်၏ ရနံ့ကြောင့် ဗိုက်ထဲတွင် ပိုးမျိုးရှစ်ဆယ်လုံး ထကြွသောင်းကြမ်း၍နေသည်.. သို့သော် လူကြီးများ မတို့ထိသေးသောကြောင့် စားချင်စိတ်ကို မြိုသိပ်ကာ ထားရ၏...
ဆရာကြီးမုန့်က ၀ါးတူလေးဖြင့် ၀က်ခေါက်ကင်ကို ညှပ်ကာ ပါးစပ်ထဲ သွင်းလိုက်သည်.. ထို့နောက် အရသာရှိစွာ စားလိုက်ရင်း ...
''' ဟာ လူလေးတို့နှစ်ယောက်ရဲ့လက်ရာတယ်ကောင်းပါလား .. ငါဖြင့် တစ်သက်လုံး ၀က်ခေါက်ကင် စားလာတာ ဒီတစ်ခေါက်ပဲ အရသာရှိရှိ စားဖူးတယ် ဘယ်လိုများ ကင်သလဲကွယ်...'''
အားချန်ကား သွက်လက်စွာပင်
''''အဲ့နည်းက မခက်ပါဘူးခင်ဗျာ.. အားကွေ့ရဲ့ နည်းလေးပါ... မြေအိုးထဲကို ရှာလကာရည်နဲ့ ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ် ...ရေစပ်စပ်လေးကျန်ရင် မီးဖိုပေါ်ကချ.. ကင်မယ့်ဝက်ခေါက်(၀မ်းဗိုက်သား)ကို ရေသေချာဆေးကြောပြီး အပေါ်ယံကို ဒါးနဲ့ မွှန်းပါတယ်... အောက်ကအဆီကို မထိဖို့တော့ သတိထားရတယ် ခင်ဗျ... အဲ့ မွှန်းထားတဲ့ ၀က်ခေါက်ကို ရေခြောက်အောင်သုတ် ....အောက်ဖက်အသားကို တစ်လက်မလောက် ဓါးနဲ့မြောင်း ..ဆား .. ပဲငံပြာရည် .. ဆန်အရက်.. ဒီမှာက ဆန်အရက်မရလို့ ချယ်ရီအရက် နဲ့သုံးပါတယ် ..ပြီးရင် ဟင်းခတ်အမွှေးမှုန့်(တရုတ်မဆလာ)ကိုထည့်ပြီး နှံ့နေအောင်နယ်.. အရသာ သိပ်သွားအောင် ထမင်းအိုးတကျက်လောက် စောင့် ပြီးတော့မှ မီးကင်ရပါတယ် ...
မီးကင်တဲ့အခါ မတူးအောင်လို့ မီးအေးအေးနဲ့ နီရဲလာအောင်လှည့်ပြီး ကင်ပါတယ် ..
တကယ်က ကျွန်တော်တို့ လုပ်တာထက် အားကွေ့လုပ်တာက အပုံကြီး စားကောင်းပါတယ် ခင်ဗျာ...'''
ခုနှစ်မျိုးထူးချွန်ဆရာကြီးသည် အသားဖတ်ကို မြုံ့လိုက်ရင်း ...
'' အခုတောင်စားကောင်းလှပြီကွဲ့လူလေးရဲ့ ..အားကွေ့လုပ်တာဆို လျှာ ဂျွမ်းပြန်သွားမလားမသိဘူးဟေ့''''
အားဖုန်နှင့်အားချန်သည် သိုင်းလောကထိပ်ခေါင်ဆရာကြီးမုန့်ထံမှ ချီးကျူးစကား အဆိုခံရ၍ အတိုင်းမသိကျေနပ်ပီတိ ဖြစ်နေချိန်တွင် လိုင်လိုင် တစ်ယောက်ကတော့ မနာလိုဝန်တိုသော မျက်လုံးဖြင့် ကြည့်ကာနေသည်..
**** ၀န်တိုခြင်းသည် အဆိပ်ထက်ဆယ်ဆပြင်း၏... အမုန်းတရားသည် မီးထက် ပူ၏.. မည်မျှပြင်းထန်သောအဆိပ်ဖြစ်ပါစေ ဖြေဆေးရှိသော်လည်း ၀န်တိုခြင်းကိုဖြေနိုင်သော ဆေးမရှိ.. အလွန်အမင်းလောင်ကျွမ်းနေသော မီးပင် တစ်ချိန်တွင် ငြိမ်းအေးနိုင်သော်လည်း ..အမုန်းတရားကတော့ မည်သို့နည်းနှင့်မျှ မငြိမ်းနိုင် ****
သို့ဖြင့် အတူတူ တပျော်တပါးစားသောက်ကြပြီးနောက် ..ရိလုံ ..ကျောက်ကျူးထင် နှင့် ချန်းချန်တို့အား ယွဲ့အိမ်တော်သို့လွတ်ရန် ဆရာကြီးမုန့်နှင့် ခွန်လွန်းဂိုဏ်းချုပ်ကြီးမှာ ဆုံးဖြတ်လိုက်ကြသည်...
......''''......''''.....''''.....'''
'''''ဒါဏ်ကျဆောင်....'''''
ညိုးလျော်ခြောက်သွေ့နေသော မုန်လာစိုက်ခင်း ကြီးက ပြားကပ်၍နေသည် ..
သစ်ကြီးဝါးကြီးများနှင့် အရိပ်အာဝသကောင်းမွန်လှသောကြောင့် သူတော်စင်များ ပျော်မွေ့ရာဖြစ်သော ရှောင်လင်ကျောင်း၏ အပယ်ခံမြေထဲဝယ် ကျယ်လောင်သော ရယ်သံနှင်အတူ သံပုံးတီးလိုက်သလို အသံတစ်သံက ပေါ်ပေါက်လာခဲ့၏...
'''' ဟားဟားဟားဟား.. ဘယ်လိုလဲအကိုနှစ် ကျွန်တော်ပြောသားပဲ ဒီမြေခွေးလို ကောင်နဲ့ အလောင်းအစားမလုပ်ပါနဲ့လို့ အခုတော့ အကိုနှစ်ရဲ့ ရွမ်ဝူ ပါသွားပြီမို့လား .. .. ဟိုက ဆယ်နှစ်သားကလေးမို့တော်သေးတာပေါ့ ... ပြောပါအုံး ငွေဆယ်စီးတိုက် ပိုင်ရှင်ကြီးရယ် ...ဟားဟားဟားဟား''
အနားတွင် အားရ၀မ်းသာ ရယ်မော၍ ပြောဆိုနေသော လေးမျက်နှာပညာရှိ ချင်ဝေ ၏ စကားက အနာပေါ်တုတ်ကျ .. မီးလောင်ရာလေပင့်သည့်နှယ်.... ငွေမျက်နှာ သမားတော်ကြီးမှာ ရင်ထဲတွင် တနုံ့နုံ့နှင့်ခံစားနေရသည် ...
''' တောက် ..မိုးအောက်မြေပြင် အနှံ့ ငါသွားဖူးတယ် .. လူမျိုးပေါင်းစုံကို အုပ်ချုပ်ခဲ့ဖူးတယ် .. ကောင်းတာရော မကောင်းတာရော လုပ်ခဲ့ဖူးတယ် .. ဒါပေမယ့် ဒီဥမမြည် စာမမြောက်ကောင် လို ကောက်ကျစ်တဲ့ ကောင်တော့ မတွေ့ဖူးဘူးကွာ.. တကယ့် မိစ္ဆာကောင် အသေးစားပဲ... '''
''' ၀ှီး ..... ဒုတ်..'''
လက်ထဲတွင်ကိုင်ထားသော ကြေးပြားတစ်ခြမ်းကို အတွင်းအားသုံးကာ ပစ်ပေါက်လိုက်သည် .. ထိုကြေးပြားတစ်ခြမ်းသည် လေထုအား လောင်ကျွမ်းတော့မတတ် ၀ှီခေါ်အောင် ပွတ်တိုက်သွားရင်း အဆောင်ရှေ့ရှိ သဖန်း ပင် ကြီးထဲသို့ နှစ်မြုပ်စိုက်ဝင်သွား၏ .. ပြင်းထန်လှသော အတွင်းအား အရှိန်ကြောင့် လူနှစ်စာဖက်မျှ ရှိသော သဖန်းပင်ကြီးသည် ပေါက်ထွက်လုလုပင် ဖြစ်သွား၏....
လက်တစ်ထောင်ထန်ဖုက ကျန်သော အပြားတစ်ခြမ်းကို ကိုင်ရင်း .. ' ''''''ဒီကောင် လက်ရာကတော့ မဆိုးဘူးဗျ .. သံပြားကို တကယ့် ကြေးပြားတခြမ်း လို အလေးချိန်ရော အရွယ်အစားရောညီအောင် လုပ်ထားနိုင်တယ် ... အမယ် အရောင် ပါတူအောင် ဆေးရောင်စိမ်ထားသေးတယ် .. .. ''''
လေးမျက်နှာပညာရှိချင်ဝေက
''' သံပြားကို အရောက်တက်လာအောင်မီးဖုတ်ပြီး မန်ကျည်းမှဲ့နဲ့ ပွတ်ထားတာ ပါ ..ဆေးစိမ်ထားတာမဟုတ်ဘူး .. .. ဒါပြီးမှ ကျန်တဲ့ကြေးပြား တစ်ခြမ်း ကို သစ်စေးနဲ့ကပ်ထားတာ.. ဆေးစိမ်ထားတာမဟုတ်ဘူး .. .''''
အဆိပ်ဘုရင်ကလည်း ..
'' အက်ရာတောင်မထင်အောင် ကပ်လို့ရတဲ့ သစ်စေးရှိသလား အကိုသုံး ''
''၀ူပေမှာ ထွက်တဲ့ သစ်စေးတစ်မျိုးရှိတယ် .. ငှက် သမားတွေ ငှက်ထောင်တဲ့ နေရာမှာသုံးတဲ့ သစ်စေးပေါ့ .. ငှက်နားတတ်တဲ့ နေရာတွေမှာ အဲ့သစ်ဆေးကို သုတ် ထားလိုက် .. ငှက်တွေ က လာနားတာနဲ့ ကပ်မိပြီး ပျံလို့မရတော့ဘူး .. သူ့ကို ခွာချင်ရင် ဆီ လောင်းပြီးခွာမှရတယ် .. ကြေးခွက်တို့ ကြေးဖယောင်းတိုင် တို့ အမွှေးတိုင်အိုးတို့ အပေါက်ဖာတဲ့နေရာမှာလည်း သုံးကြတယ် .. အခု မြေခွေးပေါက်စ အားကွေ့က သံပြားနဲ့ကြေးပြား တစ်ဝက်စီကပ်ပြီးတဲ့အခါမှာ အရာမထင်အောင် နနွင်းမှုန့်တွေ သိပ်ထားတာကိုး .. နေ့ခင်းဆို သေချာကြည့်ရင်မြင်ရတာပေါ့ ညမီးရောင်ထဲမှာ တော့ ဘယ်လိုခွဲနိုင်မှာလည်း .. သူ ည တစ်ခုခုဝယ်တဲ့အခါ ဒီကြေးပြားကို သုံးမှာပေါ့ .. တော်တော်စိတ်ရှည်ပြီး လည်တဲ့ကောင်.. '''
အဆိပ်ဘုရင်မော်ထိုက်က ထန်ဖုလက်ထဲမှ သံပြားတစ်ခြမ်းကိုယူလိုက်ပြီး
'''''''အလေးချိန်တူအောင် လုပ်နို်င်တာတစ်ခုနဲ့တင်.. လူတော်လို့ပြောလို့ရပြီ ... ဒီကောင်သာ သိုင်းတတ်သွားလို့ကတော့ လောကကြီးကို ခါးစောင်းတင်မလား မသိဘူး.''''
ငွေမျက်နှာသမားတော်ကြီးသည် အရူးတစ်ယောက်သဖွယ် ခွက်ထိုးခွက်လှန် ရယ်ပြီးနောက်...
'''' ဟားဟားဟားဟား .. ဒီကောင်လားသိုင်းသင်လို့ရမှာ .. အဲ့ မြေခွေးကောင် ဉာဏ်ကောင်းတယ်ဆိုတာ ငါလက်ခံလို့ရတယ် .. သူ့ရဲ့အရိုးအဆစ်တွေ ကိုလည်း မင်းတို့မြင်တာပဲ ... ဘယ်နည်းနဲ့မှ သိုင်းသင်လို့မရတဲ့ အရိုးအဆစ်တွေ .. အသက် ကြီးလာလို့ ဒီလို ကလိမ်ကျတာနဲ့ဆို သက်ဆိုးမရှည်ဘူး သူများသတ်လို့ စောစောသေမှာပဲ.. '''
လက်တစ်ထောင်ထန်ဖုကတော့ ..
'' ဘာပဲပြောပြော အခုလောလောဆယ်တော့ ငွေတစ်ဆယ်ကျပ်သား ကြေးပြား ဆယ့်လေးပြားခွဲနဲ့ အကိုနှစ်ကို သူနိုင်သွားတာပဲ.. အကိုနှစ်လို လူမျိုးကိုတောင် ကတုံးပေါ်ထိပ်ကွက်လုပ်သွားနိုင်တဲ့ကောင်က လွယ်လွယ်နဲ့တော့ သူများ အသတ်မခံရလောက်ဘူးထင်တယ်နော့် '''
ငွေမျက်နှာသမားတော်ကြီးမှာ မည်သည်ကိုစဉ်းစားနေသည်မသိ .. အသံထွက်မလာတော့ချေ...
ထိုအချိန်တွင် အားကွေ့တစ်ယောက်ကတော့ ဘုန်းကြီးရွှီကြွင်းနှင့်အတူ ရှေုာင်လင်ကျောင်းဆောင်သို့ရောက်နေသည်..
-------------------^------^--------^---------^------^- - ---^--------^-------
{ထို ကွင်းစကွင်းပိတ်ထဲတွင်ပါသော စာများမှာ မှတ်စုကြမ်းမှ အကြောင်းအရာတစ်ချို့ကို မှီငြမ်းထားခြင်းဖြစ်ပါသည်..}
ဝက်ခေါက်ကင်နည်းကိုတော့ meemeetofu.com မှ ယူသုံးထားပါသည်..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#18
ဘုန်းကြီးရွှီကြွင်းသည် ကျောင်းဝင်းအတွင်း ရောက်ရောက်ခြင်းပင် ရှောင်လင်ဂိုဏ်းချုပ်ကြီး သီတင်းသုံးရာ ဓမ္မဆောင် သို့ ဦးတည်ကာသွား၏...
အားကွေ့ကတော့ သူ၏တိုလီမိုလီများ ထည့်ထားသော အ၀တ်အိတ် ခပ်နွမ်းနွမ်းကလေးကို ပိုက်ကာ ဘုန်းကြီးနောက်မှကောက်ကောက်ပါအောင်
လိုက်လျှက် .. သူ၏ အနာဖေးတက်နေသော မျက်နှာက ပြုံးရွှင်နေသည်...
အတွေးထဲတွင်တော့ ရွမ်ဝူကို ဆုံးရှံးသွား၍ဒေါဖောင်းနေသည့်ငွေမျက်နှာ သမားတော်ကြီး ၏ အမူအယာကို ပြန်လည်မြင်ယောင်နေ၏...
ရှောင်လင်ကျောင်းတွင်
တာမောအဆောင်မှူးဆရာတော် ခုံးချင့် ..လော့ဟန်အဆောင်မှူး ဆရာတော် ခုံးလွန် .. နှင့် ဘုန်းကြီးရွှီကြွင်း တို့သုံးဦးသာ ရှောင်လင်ကျောင်းထိုင်ကြီး ဆရာတော်ပိုင်ချီး ကို အချိန်မရွေးတွေ့ခွင့်ရသူများဖြစ်ကြသည်...
သစ်ရိပ်တောင်ရိပ်ကြားမှ မြေသားလမ်းအတိုင်းလျှောက်သွားနေရင်း သစ်သားဆောင်လေးတစ်ဆောင် တစ်ဆောင်ကို အတွေ့ တွင် ဘုန်းကြီးရွှီကြွင်းက ..
'''' ကဲ ..အားကွေ့ ဒီနေရာမှာ စောင့်နေအုန်း .. ဟိုဟိုဒီဒီလျှောက်မသွားနဲ့နော် .. ဒီနေရာက ကန့်သတ်နယ်မြေကွဲ့ .. တခြားကိုယ်တော်တွေ မြင်သွားရင် လူလေးကို ပြသနာရှာနေလိမ့်မယ် ကြားလား .. ဘယ်မှမသွားနဲ့ '''
'' ဟုတ်ကဲ့ပါဘုန်းဘုန်း..''''
ဘုန်းကြီးရွှီကြွင်းသည် အားကွေ့အား သေသေချာချာ မှာကြားပြီး ခပ်သုတ်သုတ်ခြေလှမ်းများဖြင့် သစ်သားဆောင်လေးဆီသို့ ဦးတည်ကာ သွားလေသည်..
တခဏမျှ စောင့်ဆိုင်းနေရင်း အားကွေ့ မှာ အဆော့မက်သော ကလေးပီပီ ပျင်းရိငြီးငွေ့လာ၏..
'' အို.. ဟိုနားဒီနားသွားတာလောက်တော့ ဘာမှမဖြစ်ပါဘူး ... ရှောင်လင် ကိုယ်တော်တွေနဲ့တွေ့လည်း ငါလို ကလေးကိုတော့ ဘာမှ လုပ်မယ်မထင်ပေါင်.. ''
ဟု တွေးကာ မြေသားလမ်းမှ တောတန်းလေးသဖွယ်ဖြစ်နေသော သစ်ပင်များ ကြားထဲသို့ ၀င်သွားသည်...
မြေတွင်းထဲဝပ်နေသော ယုန်ကလေးများ .. .. တစ်ပင်နှင့် တစ်ပင် ကူးသန်း ပြေးလွှားနေသည့် ရှဉ့်များ .. တောပန်းများ ဆီမှ အစာအဖြစ် ၀တ်ရည်စုတ်နေသော အရောင်စုံလိပ်ပြာများကို တွေ့ ရသော အားကွေ့မှာ အလိုလို နေရင်း အူမြူး လာကာ ဌာန်ကရိုင်း မကျသော အသံဖြင့် သီချင်းများကို အော်ဆို လိုက်သည် .. ..
'''' ရောင်စုံလိပ်ပြာများလည်း ..၀ဲပျံနေပါတယ်××× နှင်းစက်တွေစိုနေတဲ့ ငှက်ကလေးရယ်.. အိမ်ပြန်ချိန်ကို မေ့နေလားကွယ်×××× '''
''' ခစ်..ခစ်..ခစ် အသံဆိုးကြီးနဲ့ သီချင်းအော်ဆိုနေလိုက်တာ ရှက်လည်းမရှက်ဘူး ''
ချိုလွင်သော ရယ်မောသံနှင့်အတူ ထင်းရှူးပင်ကြီး တစ်ပင်နောက်မှ ကိုးနှစ် ခန့်အရွယ် ကလေးမလေးတစ်ယောက် ထွက်လာ၏...
ထိုကလေးမလေးသည် အပြာရောင် ဖျင်ကြမ်းအင်္ကျီကို ၀တ်ဆင်ထားပြီး တစ်ကိုယ်လုံးဖုန်များ ပေတူးနေသည်.. သူမ၏လက်ထဲတွင် အညိုရောင် ယုန်တစ်ကောင်ကို မနိုင်မနင်းပွေ့ချီထား၏.. ယုန်လေးကတော့ ပွေ့ထားသည်ကို မကြိုက်တဲ့ အလား ရုန်းကန်နေသည်..
ဖျင်ကြမ်း ၀တ်စုံနှင့် ဖုန်များပေပွနေလင့်ကစား ထိုကလေးမလေးသည် အလွန်တရာမှ ချစ်စဖွယ်ကောင်းလှ၏.. အသားအရေမှာ ကြည်တောက် ဖြူဖွေးနေပြီး လှပသော မျက်လုံးမျက်ခုံးတို့က မျိုးရိုးအဆင့်အတန်းမနိမ့်သူဟူ၍ သိနိုင်၏...
အားကွေ့က သူထက် အသက်အရွယ်ငယ်နိုင်သည့် တစိမ်းကောင်မလေးမှ ထိုသို့ ဝေဖန်လာသဖြင့် ရှက်သွားကာ ...
'' ငါ့ဟာငါ ငါ့ပါးစပ်နဲ့ ဆိုတာလေ .. အသံကောင်းကောင်းမကောင်းကောင်း
ငါ့နားထဲမှာ နားထောင်ကောင်းရင် ပြီးတာပဲပေါ့.. နင့်ကို ဖျော်ဖြေနေတာမှ မဟုတ်တာ...'''
ကလေးမလေးသည် ရုန်းကန်နေသော ယုန်ကို အတင်းပွေ့ပိုက်လိုက်ပြီး
'' နင်ကလည်း စွာလိုက်တာ .. ငါက စတာပါဟယ် .. .. နင့်သီချင်းက တမျိုးပဲနော် ငါနားထောင်ဖူးတဲ့ သီချင်းတွေနဲ့ တခြားဆီပဲ '''
''' အဲ့သီချင်းက ငါတို့ ၀ူပေမှာတော့ နာမည်ကြီးပဲကွ .. ဆရာကြီး ကျန်းလင်ရဲ့ ''''သဘာဝထဲမှအလှကို ဖွေရှာပါ'''' ဆိုတဲ့ သီချင်း ''
'' နင်က ၀ူပေကလား ..ငါက နေပြည်တော်က .. ''
'' ဟင် ..နေပြည်တော်နဲ့ ဟိုနန်နဲ့က အဝေးကြီးပဲ .. ပြီးတော့ ရှောင်လင်ကျောင်းကို မိန်းကလေးတွေ မ၀င်ရဘူး ..နင်ကဘာလာလုပ်တာလည်း''
ကောင်မလေးသည် အားကွေ့၏ အပြောကို သဘောကျသည့်နှယ် တစ်ခစ်ခစ်ပြုံးရယ်လိုက်ရင်း ...
'' နင်က သိပ် အမေးအမြန်းထူတာပဲ .. နင့်ပုံစံကြည့်ရတာ ရှောင်လင် ကလည်း ဟုတ်မှာမဟုတ်ဘူး ..နင်ကမှ တိတ်တိတ်လေးခိုးဝင်လာတဲ့လူဆိုး မဟုတ်လား ..'''
အားကွေ့ သည်ရုတ်တရက် ပြန်အမေးခံလိုက်ရ၍ ကြောင်သွားကာ ..
'' ငါက ဘုန်းဘုန်းရွှီကြွင်းနဲ့လိုက်လာတာ .. နင့်လို ခိုးဝင်လာတာ မဟုတ်ဘူး .. ညစ်ပတ်အိုးလေးရဲ့ .. ကြည့်စမ်းမိန်းကလေးလုပ်ပြီး ညစ်ပတ်လိုက်တာ ကြောင်ချီးအိုးလေးကျနေတာပဲ '''
မိန်းကလေးကလည်း တစ်ခွန်းမှမခံပေ...
'' ငါက ဘယ်လောက်ညစ်ပတ်ပတ် ..လှနေပြီးသား... နင်ကသာ ဘယ်လောက်သန့်ရှင်းရှင်း မျက်နှာပေါ်မှာ အနာခြောက်တွေနဲ့ ရွံ့စရာ ... ရုပ်ကလည်း ဆိုး.. အသံကလည်းမကောင်း စိတ်ထားလည်း ပုတ်မှာပါ .... ''''
အားကွေ့တစ်ယောက်တော့ ကာလ၀ိပတ် နောက်ပိုးတက်လေပြီ... သူ ငွေမျက်နှာသမားတော်ကြီးကို အနိုင်ယူထား၍ နေ့မှ မကူးခင် ကလေးမလေး တစ်ယောက်၏ စကားအနိုင်ပိုင်းချင်းကို ခံနေရသည်... ပြန်လည်ခွန်းတုံ့စကားဆိုရန် ပြင်လိုက်စဉ်တွင်... ကလေးမလေးက
''' အို ဒီယုန်လေးကလည်းကွယ် ..မမ က မင့်ကို ချစ်လို့ ခေါ်လာတာပါဟယ် .. သိပ်မရုန်းနဲ့ မင့်ကို မမ မုန်လာဥတွေ အများကြီးကျွေးမှာသိလား... အနာခြောက် လေး နင်ရပ်ကြည့်မနေနဲ့ ငါ့ကို လာကူပါအုံး '''
''မကူနိုင်ပေါင် .. နင့်လို ကြောင်ချီးအိုးနားမှာယုန်တောင်မှ မနေချင်တာ ငါက ဘာလို့ ကူရမှာလည်း.... ပြီးတော့ ငါ့နာမည် အနာခြောက် မဟုတ်ဘူး အားကွေ့ ''''
''တွေ့လား ငါပြောသားပဲ နင်က စိတ်ပုတ်မှာဆိုတာ ... ဒါပေမယ့် နင်ငါ့ကို ကူပြီး ယုန်လေးကို ထိန်းပေးရင် နောက်ဆို စိတ်ပုတ်တယ်လို့ မပြောတော့ဘူး ..''.
အားကွေ့သည် ကလေးမလေးအား ဆုံးမရန် အကြံရလိုက်၍ ..
''' ကောင်းပြီ နင်ငါ့ကို ကူညီစေချင်ရင် .. အကိုအားကွေ့လို့ခေါ်ရမယ် ..ပြီးရင် ချိုချိုသာသာလေး ဆက်ဆံရမယ် .. အဲ့ဒါဆို ကူထိန်းပေးမယ် ..'''
ကလေးမလေးမှာ လည်း ယုန်လေးအား ထိန်းရင်းမနိုင်တော့ပြီမို့ ..
''အကိုအားကွေ့ရယ် .. ညီမလေးကို ကူပါအုံး '''
''' ဟဲဟဲဟဲဟဲ .. အကိုအားကွေ့က ညီမလေးကို ကူရမှာပေါ့ '''
ပြုံးဖြီးဖြီးနှင့် ပြန်ဖြေလိုက်သော အားကွေ့မျက်နှာကား အမြင်ကတ်ဖွယ်ရာပင်..
ထို့နောက် ကောင်မလေးဆီမှ ယုန်ကို လက်လွဲယူလိုက်သည်...
'' ၀ုန်း''
''' ဟိုက်.. လွတ်ပဟ... ''
''' အီး..ဟီးဟီး..ပြန်ဖမ်းပေး..''''
'' ၀ုန်း '' ဟူသည်မှာက နှစ်ယောက်သား လက်ဆင့် အကမ်းကို အခွင့်ကောင်း ယူ၍ ယုန် ခုန်ချထွက်ပြေးသွားသော အသံဖြစ်ပြီး ...
ကျန်သည်ကား အားကွေ့၏ အသံနှင့် ကောင်မလေး၏ ကျူကျူပါအောင် ငိုကြွေးသံပင်ဖြစ်သည်...
ယုန်ကလည်း မြန်လိုက်သည်မှာ မြေပေါ်သို့ရောက်သည်နှင့် မူန်နေအောင် ပြေးထွက်သွားလေ၏...
အားကွေ့သည် ယခုမှ အကြီးအကျယ်စိတ်ညစ်ရတော့သည် ... မျက်ရည်လည်ရွဲနှင့်ငိုနေသော ကလေးမလေးအားကြည့်ရင်း
''' မငိုပါနဲ့တော့ကွာ ဒီနားမှာ ယုန်တွေ အများကြီးရှိတယ် .. အကိုအားကွေ့ ပြန်ဖမ်းပေးပါ့မယ် ...'''
''' ရှိနေတဲ့ယုန်ကိုတောင် လွတ်အောင်လုပ်သေးတာ ..ပြန်ဖမ်းမယ် ဆိုတာ မယုံဘူး... အဟင့် ..အဟင့် '''
''' တကယ်ပါကွာ ... ငါတို့ဝူပေမှာဆိုရင် ငါ့သူငယ်ချင်းတွေက.. ယုန်ဖမ်း သမားကြီး အားကွေ့လို့ခေါ်တာကွ... ''
ကလေးမလေးမှာ မျက်ရည်အ၀ိုင်းသားနှင့် အားကွေ့အား ကြည့်လိုက်ပြီး ..
'' တကယ်ဖမ်းပေးရမှာနော်.. နှစ်ကောင် ပြန်ဖမ်းပေး .. အထီးလေးရယ် ...အမလေးရယ် ..''''
''' စိတ်ချ အကိုအားကွေ့ဖမ်းပေးမယ် .. လောကမှာ အားကွေ့မလုပ်နိုင်တာ ဘာမှမရှိဘူးကွ ညီမလေးရ .. .. နေအုံးညီမလေး .. မျက်ရည်တွေကို လက်နဲ့မသုတ်နဲ့ .. '''
အားကွေ့သည် သူ၏အထုတ်ထဲမှ လက်ကိုင်ပ၀ါတစ်ထည်ကို ထုတ်ယူပြီး ကလေးမလေးအားပေးလိုက်သည်...
ကလေးမလေးသည် မျက်ရည်များကို သုတ်လိုက်မှပင် ယခင်က ကပ်နေသော ဖုန်များပြောင်စင်သွားပြီး .. နှင်းဆီဖူးလေးသဖွယ် ချစ်စရာကောင်းသော မျက်နှာလေးပေါ်လာ၏....
ထို့နောက် မုဆိုးကျော် အားကွေ့၏ ယုန်ဖမ်းပွဲကို စတင်လေတော့သည်..
......''''''''........
ဘုန်းကြီးရွှီကြွင်းသည် ဓမ္မဆောင်သို့ ရောက်သည်နှင့် ထူးခြားသည်ဟု မှတ်ချက်ပြုလိုက်၏ ... အဘယ့်ကြောင့်ဆိုသော် .. အပြင်တွင် ချည်ကြမ်းအင်္ကျီများ ၀တ်ဆင်ထားပြီး ခါးတွင်ဓါးချိတ်ထားသော လူလေးယောက်ကို တွေ့လိုက်သောကြောင့်ပင် ...
ရှောင်လင်ဂိုဏ်းချုပ်ကြီးသီတင်းသုံးရာ ထိုအဆောင်သို့ သာမာန် လူများ မဆိုနှင့် တော်ရုံရှောင်လင်ဂိုဏ်းသားများပင် အနားကပ်၍မရပေ...
ယခု ထိုသူများမှာ လက်နက်အပြည့်အစုံပင်တပ်ဆင်ထားသေးသည်... ရွှီကြွင်း ကိုတွေ့သည်နှင့်ထိုလူများထဲမှ လူတစ်ယောက်က...
.''ကိုယ်တော် ... ဒီနေရာမှာပဲရပ်နေပါ... ရှေ့ကို တလှမ်းမှတိုး မလာပါနဲ့ '''
ဘုန်းကြီးရွှီကြွင်းသည် အံ့သြောစိတ်ဖြင့် မျက်ခုံးနှစ်ဖက်ပင် ပင့်တက်သွား၏..
စိတ်ထဲတွင်လည်း ''' အလို ပြောင်းပြန်တွေဖြစ်ကုန်ပါပေါ့လား... ငါ့ကိုတောင် တပြန်စီလာတားနေသေးတယ် ....''''
''' အပြင်ကဒကာကြီးတို့ ဖယ်ပေးလိုက်ကွယ် .. ဘုန်ကြီးလဲ သူ့ကို မျှော်နေတာကွဲ့...''''
ရှောင်လင်ဂိုဏ်းချုပ်ကြီးက ဖယ်ပေးရန်ပြောလာသည်ကို ပင် ထိုသူများမှာ တုတ်တုတ်မျှမလုပ်ကြ ...
ဘုန်ကြီရွှီကြွင်းသည် လောကတွင် သူ၏ အကိုကြီးထင်းလွေက လွဲလျှင် ရှောင်လင်ကျောင်းထိုင်ဆရာတော်ပိုင်ချီးအား အရိုသေအလေးစားဆုံး ဖြစ်ရာ ဆရာတော်ပြောသည်ကိုပင် မခန့်လေးစားသဖွယ်လုပ်နေသော ထိုသူများကို စိတ်တိုဒေါသထွက်သွား၏... ဒေါသထွက်ခဲသော သူတစ်ယောက်၏ အမျက်သည် မည်မျှပြင်းထန်သည်ကို ထိုသူများ တွေ့လုတွေ့ခင်တွင်....
'''ကဲ .. ဆရာတော်ပြောတာမကြားဘူးလား .. ဖယ်ပေးလိုက်ကြလေ...'''
သြောဇာတိက္ကမကြီးမားသည့် အသံတစ်သံသည် အဆောင်ထဲမှ ထွက်ပေါ်လာ ခဲ့သည်..
ထိုအသံကြားသည့်အခါမှ ထိုသူများသည် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသည့် နှယ် ကပြာကယာဖယ်ပေးလိုက်ကြ၏...
ဘုန်းကြီးရွှီကြွင်းလည်း ဒေါသကို ပြန်လည်မျိုချကာ အဆောင်ထဲသို့. ၀င်သွားလေသည်....
ရှောင်လင်ဂိုဏ်းချုပ်ကြီး၏ အဆောင်သည် လူသာမာန်များထက်ပင် ရိုးရှင်းစွာရှိသည် .. ပရိဘောဂဟူ၍ နတ္ထိ .. မြက်ဖျာများသာ ခန်းလုံးပြည့် ခင်းထားသည်..... ဆီးမီးများပူဇော်ထားသည့်အလွန်သပ္ပယ်လှသော ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတုကြီး ၏ ရှေ့တွင် လူနှစ်ဦးမျက်နှာခြင်းဆိုင်ထိုင်လျှက်ရှိ၏ ... ဆင်းတုအား ကျောပေးလျှက် အပေါက်ဝကို မျက်နှာမူထားသည်က သိုင်းလောက ဥသျှောင် ဆရာတော်ပိုင်ချီးဖြစ်သည် ..
အရိုးပေါ်အရေတင် မျှသော ကိုယ်ခန္ဓာ.. ဆွတ်ဆွတ်ဖြူနေသော မုတ်ဆိတ်မွေး နူတ်ခမ်းမွေးတို့အပေါ်မှ မျက်နှာသည် ဇရာ တည်းဟူသော အရေးအကြောင်းများ အထင်းသားပေါ်လွင်နေပြီး ..ထိုအရေးအကြောင်းများက လောကကြီးကို မည်၍မည်မျှ ခက်ခဲစွာ လျှောက်လှမ်း လာခဲ့သည် လောကကြီးထံမှ လုံလောက်သော အသိဉာဏ်ကို ရှာဖွေခဲ့သည် ဟု ဖော်ပြနေသယောင်ယောင်.. အရေပြားများ လျော့ရဲတွဲကျလျှက် လက်အစုံ တွင် စိတ်ပါများ၍ လက်ကြေးများ တက်နေသော မည်းပြောင်နေသည့် စိတ်ပုတီးကို ကိုင်ဆောင် ထားသည် .. ဆရာတော်အား ဖူးမျှော်မိသည်နှင့် အေးချမ်းခြင်း ကြည်ညိုခြင်း တည်းဟူသော ခံစားချက်ကို ခံစားရမည်ဖြစ်၏...
ဘုန်းကြီးရွှီကြွင်းသည် ဆရာတော်အား ဦးချ လိုက်ကာ မြက်ဖျာပေါ်တွင် ၀င်ထိုင်လိုက်သည် ...
ဆရာတော်သည် ဘုန်းကြီးရွှီကြွင်းဘေးမှ လူကိုကြည့်ကာ အိုစာသောအသံဖြင့်
'''မိတ်ဆက်ပေးရအုံးမယ် .. ဒကာကြီး ဒီဘုန်းကြီးက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က နာမည်ကြီးခဲ့တဲ့ ပန်းလိပ်ပြာ တုမော်ရင်းဆိုတဲ့ လူပဲ ..အခုတော့ ဘ၀အသစ်နဲ့ ရွှီကြွင်းကိုယ်တော် ဖြစ်လာခဲ့တယ် ... '''
ထိုင်နေသောလူသည် ဘုန်းကြီးရွှီကြွင်းအား လှည့်၍ကြည့်လိုက်သည် .. ရွှီကြွင်းကလည်း ထိုသူအားလေ့လာ နေသည်နှင့် အကြည့်ချင်း အဆုံတွင်..
ဘုန်းကြီးရွှီကြွင်းသည် .. ဘုရား၏ သားတော် ဘုန်းကြီးဘ၀တွင် ဖြစ်နေသော် လည်း ပထမဦးဆုံးအကြိမ် သိမ်ငယ်မိသလို ခံစားလိုက်ရ၏..
မျက်လုံးခြင်းပင် မဆိုင်နိုင်ပဲ ချက်ချင်းလွဲပစ်လိုက် ရအောင်ပင် ထိုသူ၏ အရှိန်အ၀ါကကြီးလှပေသည်..
သက်လတ်ပိုင်းအရွယ် သာရှိသေးသော ထိုသူသည် ၀တ်ထားသော ဖျင်ကြမ်းဝတ်စုံနှင့် မလိုက်ဖက်အောင် ထည်ဝါသောရုပ်သွင်ရှိ၏.. ထူထဲနက်မှောင်သော မျက်ခုံး.. လေးထောင့်စပ်စပ်မျက်နှာကျ ..ပါးလွာတိကျသော နူတ်ခမ်း နှင့် အလွန်တရာမှ စူးရှသော မျက်ဝန်းပိုင်ရှင်တစ်ယောက်ပေ ..
'''ရွှီကြွင်း ... သူက လက်ရှိဘုရင်ရဲ့ညီဝမ်းကွဲ..စစ်သေနာပတိချုပ် ရန်ခွမ်းတဲ့ .. ကျူးကျော်မွန်ဂိုတပ်တွေ ကို အကြိမ်ကြိမ် နောက်ဆုတ်သွားစေတဲ့ သူရဲကောင်းကြီး'''
ရွှီကြွင်းသည် ဘေးခြင်းယှဉ်ထိုင်ရသည်ကိုပင် အားနာနေမိတော့၏.. ရန်ခွမ်း ဟူသည် နာမည်သည် လက်ရှိဘုရင်ထက်ပင် ကျော်ကြား၍ တိုင်းသူပြည်သားများ နေလိုလလို ကိုးကွယ်အားထားရာ စစ်ဘုရင်တစ်ယောက်ပေ... သူ၏ ရဲ့ရင့်မှု.. စွန့်စားမှု ..စွန့်လွတ်မှု ..အနစ်နာခံမှုများကို တေးသီချင်းများဖွဲ့ဆိုရသည့်တိုင်အောင် ဂုဏ်ရှိန်ကြီးမားသည်..
ရွှီကြွင်းသည် လေးစားသော မျက်လုံးအစုံဖြင့် ရန်ခွမ်းအား ကြည့်ကာ
'' သေနာပတိကြီးနာမည်တော့ ကြားဖူးခဲ့တာ အကြိမ်ကြိမ်ပါ ..အခုလိုဆုံတွေ့ ရတော့လည်း အတိုင်းမသိဝမ်းမြောက်မိပါတယ် ... ''
ရန်ခွမ်းသည် လည်း လက်အုပ်ချီရင်း ..
'' ကျွန်တော်လည်း သိုင်းလောကကို ခါးစောင်းတင်ခဲ့တဲ့ ပန်းလိပ်ပြာတုမော်ရင်း တို့ကို ကြားဖူးခဲ့တာကြာပါပြီ... အစကတည်းက တွေ့ချင်မြင်ချင်မိတာပါ .. တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ကျွန်တော်လည်း ဘယ်ကိုမှ မရောက်ဖြစ်ဘူးလေ အခုတောင် သမီးလေးက ရိမြစ်ကမ်း ပါးဘေးက ဆင်းတုတော်တွေ ကြည့်ချင်လို့ အတင်းပူစာတာနဲ့ ထွက်လာခဲ့တာ ...'''
'' သြော်.. သမီးလေးနဲ့ အလည်အပတ် ခရီးကို .. ဒါထက် သမီးလေးလည်း မတွေ့ပါလား... ''
'' ကလေးဆိုတော့ အပြင်မှာထွက်ဆော့နေတယ်ထင်ပါ့ ..''
ရှောင်လင်ဂိုဏ်းချုပ်ကြီးသည် လည်း ..ဘုန်းကြီးရွှီကြွင်းဖက်သို့ ကြည့်ကာ
'''' ရွှီကြွင်း ကျန်းနန်မှာ ဘယ်လိုတွေ ဖြစ်ခဲ့ကြသေးလည်းကွဲ့... '''
ရွှီကြွင်းလည်း သူတွေ့ကြုံခဲ့ရသမျှ အဖြစ်အပျက်အလုံးစုံကို ရှင်းပြလိုက်သည်..
.....''''......''''.......'''' . '''' ... ....''
''' အကိုအားကွေ့ အခုထိယုန်လည်းတစ်ကောင်မှ မရသေးဘူးနော် .. ပြောတော့ နှစ်ကောင်ဖမ်းပေးမယ်ဆို ...'''
ငိုမဲ့မဲ့နှင့် ပြောလိုက်သော ကလေးမလေး၏ စကားသံကြောင့် အားကွေ့ ကျားချောင်းချောင်း၍ ဖမ်းမည့်ဟန်ပြင်နေသော ယုန်အား အချက်ပေးလိုက်သည့် နှယ်ပင်.... ထွက်ပြေးသွားသောယုန်ကိုကြည့်ရင်း ...
''' နင်အခုလို စကားများနေရင် တစ်ကောင်မှ မိမှာမဟုတ်ဘူး .. တိတ်တိတ်နေရင်လည်းနေ မနေချင်ရင် ဟိုးသစ်ပင်အောက်မှာ စောင့်ပါဆို ..'''
'' အကိုအားကွေ့က မဖမ်းပေးရင်ဘယ်လိုလုပ်မလဲ .. အခုဗိုက်လည်းဆာလှပြီ .. ဟယ် ..ဟိုမှာလိပ်ပြာလေးတွေ လှလိုက်တာ ..အခုဖမ်းပေး...''''
အားကွေ့သည် တစ်ထိုင်ထဲနှင့် ငိုချင်စိတ်ပင်ပေါက်သွား၏ .. .. ပူဆာလွန်းသော ကလေးမကြောင့် သူ၏ တစ်ကိုယ်လုံးလဲ ပွန်းရာပဲ့ရာများ နှင့် ပြည့်နှက်နေသည်..
လောကကြီးတွင် ဤကလေးမ မလိုချင်သောအရာများ မရှိတော့ဘူးလား ဟုဆိုရလောက်အောင်ပင်....ပန်းကလေးများတွေ့ရင်လည်းလိုချင်သည် .. ရှဥ့်လေးလည်းလိုချင်သည်.. ယခုလိပ်ပြာလိုချင်ပြန်သည်တဲ့ ..ဗိုက်ဆာသည် ကိုလည်း အစာရှာ၍ကျွေးရအုံးမည်...
သူမ၏လက်ထဲတွင်လည်း ပန်းပေါင်းအမျိုးစုံနှင့် အားကွေ့ဖမ်းကာ နွယ်ပင်နှင့် ချည်ပေးထားသည့် ရှဥ့်တစ်ကောင်လည်းရှိသည်..
''တစ်ခုပဲရမယ် ... အစာစားမှာလား လိပ်ပြာယူမှာလား ...''
'' ဟင့်အင်း နှစ်ခုလုံးယူမယ် ...ပြီးရင် ယုန်နှစ်ကောင်ရော ..'''
အားကွေ့သည် ကလေးမလေး၏ စကားအဆုံးတွင် စိတ်ပျက်လက်ပျက်နှင့် ထိုက်ချလိုက်သည်...
သူထိုင်လိုက်သည်နှင့် ကလေးမလေး၏ မျက်နှာသည် ပြိုတော့မည့် မိုးကဲ့သို့ ပုံစံပြောင်းသွား၍ ...
''' ကောင်းပါပြီဗျာ ...ကောင်းပါပြီဗျာ... ငိုတော့မငိုလိုက်ပါနဲ့ကွာ... ''
ဖြတ်ကနဲပြန်ထကာ လိပ်ပြာလေးအား ဖမ်းပေးရတော့၏..
ကလေးနှစ်ယောက်သည် သူတို့၏ လာရာလမ်းနှင့် မည်၍ မည်မျှ ဝေးကွာ လာသည်ကို သတိမထားမိကြတော့ပေ...
.......
''အကိုအားကွေ့ ဒီမှာကြည့်အုံးလိပ်ပြာလေးက လှတယ်နော် .''
သစ်သီးကို လက်တစ်ဖက်နှင့်ပလုပ်ပလောင်းဝါး.ပြီး လက်တစ်ဖက်က လိပ်ပြာလေးအားပျော်ရွှင်စွာဆော့ နေရင်းအော်ပြောလိုက်သော စကားသံကြောင့် ရှစ်ကြိမ်မြောက် ယုန် အားဆုံးရှုံးလိုက်ရပြန်သည်...
ဒီတစ်ကြိမ်တွင်တော့ အားကွေ့ သည်းမခံနိုင်တော့ပေ.. ပါးစပ်ကို ဟကာ အော်ပြောလိုက်မည် အပြင်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ သေသွား၏....
ကလေးမလေး၏ စကားသံကြောင့် ထွက်ပြေးသွားသော ယုန်လေးမှာ လေ၀ဲ ဖြင့် ဆွဲစုပ် ခံလိုက်ရသလိုဖြစ်ပြီး ခြုံပုတ်ကြားထဲသို့ ခုန်ပျံထိုးဝင် သွားသည် ကို အားကွေ့တွေ့လိုက်ရသည်...
တစ္ဆေများ ...သရဲများပင်လား .. မည်သို့ကြောင့် ဤသို့ဆွဲပါသွားသနည်း .. .
''' အမလေး... အကိုအားကွေ့...ကယ်ပါအုံး...''''
''ဟိုက်... '' ဟူသောအသံနှင့်အတူ အားကွေ့ မိုက်ကနဲဖြစ်မတတ်ခံစားသွားရ၏ .. ယုန်ကလေးနည်းတူ ကလေးမလေး ပါ ခြုံပုတ်ခြားထဲ အဆွဲခံလိုက်ရပြန်သည် .
ကြည့်နေစဉ်ပင် ခြံပုတ်ကြားထဲမှ အရာဝတ္ထုတစ်ခု ပြန်လည် ခုန်ထွက်ခဲ့သည် ..
ခုန်ထွက်ခဲ့သည့် အရာကား .. ယုန်ကလေး၏ အရိုးနှင့်အရေပင်...
သို့ဆိုလျှင် ကလေးမလေး၏ အဖြစ်အပျက်က မတွေးဝံ့တော့ပေ...
တဆတ်ဆတ်တုန်ယင်နေသော ဒူး တို့ကို အတန်ငယ်မျှ အနားပေးပြီး ... လမ်းလျှောက်၍ ရလာသည်နှင့် ထို ခြုံပုတ် ရှိရာသို့ သွားလိုက်သည် .. ..
သူ့ကိုတော့ ဆွဲခေါ်မသွားပေ... ခြုံပုတ်ကို လက်ဖြင့် ဆွဲဖြဲလိုက်ရာ ...
တွေ့လိုက်ရသည့်အရာက......
......'''......''' ''''
#19 (အစ၏အဆုံး အဆုံး၏အစ)
Pyae Phyoe San
တိရိစ္ဆာန်တို့၏ အရိုးပုံများပင် .. တောင်ပူစာလေးသဖွယ် စုပုံနေသော အရိုးပုံများကို ကြည့်ရင်း ကလေးမလေးအတွက် စိုးရိမ်စိတ်က ငယ်ထိပ်အထိ တက်သွားသည်.... ပိုဆိုးသည်ကား လူအရိုးခြောက်နှစ်ခုကို တွေ့လိုက် သောကြောင့်ပင် .. ထိုအရိုးပုံများ၏ နောက်တွင်ကား ဂူပေါက်ကြီးတစ်ပေါက်.. ခြုံနွယ်ပိတ်ပေါင်းများကွယ်နေ၍ အပြင်မှကြည့်၍ မမြင်ရ..
ဆယ်နှစ်သားအရွယ်မျှသာဖြစ်သော်လည်း ချင့်ချိန်တတ်သူပီပီ အထဲတွင် ရှိနေသူမှာ အဆင့်လွန် အောက်လမ်းသိုင်းပညာရှင် ဖြစ်မည်ဟု ခန့်မှန်းမိလေသည်...
သက်ပြင်း ကို မူတ်ထုတ်လိုက်ပြီး .. အနီးတွင် တွေ့ရသော ခပ်ရွယ်ရွယ် ကျောက်တုံးတစ်တုံးကို ကောက်ကာ အားရှိသလောက်ဂူထဲသို့ ပစ်သွင်းလိုက်၏ ..
တဆက်ထဲမှာပဲ ကိုယ်ခန္ဓာကို ဂူကြမ်းပြင်၌ လိမ့်ဝင်သွားသည်...
အသက်ကိုဉာဏ်စောင့်ဟူသော စကားက မှန်ပေ၏ ... အားကွေ့ပစ်လိုက်သော ကျောက်တုံးသည် '' တ၀ှီးဝှီး'' မြည်ပြီးလာရာလမ်းကြောင်းအတိုင်းပြန်ထွက်လာခဲ့သည် ... မည်မျှ ပြင်းထန်သည်မဆိုနှင့် ကျောက်တုံး ပြန်ထွက်လာသောအခါ ထွက်ပေါ် လာသော လေလှိုင်း အရှိန်ကြောင့် လူတစ်ကိုယ်လုံး စပ်ဖျင်းဖျင်းဖြစ်သွား၏.. .
ထိများထိလိုက်လျှင်ဖြင့် တကိုယ်လုံးပင် စိစိညှက်ညှက်ကြေသွားနိုင်သည်..
အတွင်းထဲသို့ရောက်လေလေ ညှီစို့စို့ပုပ်အဲ့အဲ့ အနံ့က နံလေလေဖြစ်သည်..
အံ့သြောစရာကောင်းသည်ကား နေပျာက်မထိုးနိုင်သော လိုင်ဂူသည် အလင်းရောင် လုံလောက်စွာရနေခြင်းပင်.. ဂူမှာ ကွေ့ကောက်ခြင်းမရှိသော်လည်း ကျောက်တုံး ကျောက်ပုံများက အစုလိုက်အစုလိုက် ရှိနေသောကြောင့် မျက်ကွယ်သဘော ဖြစ်နေ၏...
ဂူထဲတွင်လဲ တိရိစ္ဆာန်တို့၏ အရိုးစအရိုးကြွင်းများရှိနေသည်.. တချို့အရိုးများ မှာဆွေးမြေ့၍ပင်နေလေပြီ.. လူလိမ့်ကာဝင်လာရသောကြောင့် အားကွေ့ တစ်ကိုယ်လုံး အ၀တ်အစားများစုတ်ကာ အသားများ ပွန်းပဲ့သွားသည်..
လိမ့်ဝင်လာရင်းမှ လူတစ်ကိုယ်လုံးကျင်တက်မတတ် အအေးဒါဏ်ကို ခံစားလိုက်ရပြန်သည်... မည်သည့်အတွက်ကြောင့် ဤမျှအေးသည်မသိ .. အားကွေ့ကတော့ မေးတစ်ဆတ်ဆတ်ရိုက်ကာ ချမ်းတုန်၍နေ၏ ..
သွေးခဲမတတ်အအေးဒါဏ်ကြောင့် မလူးလိမ့်နိုင်တော့ဘဲ ထရပ်ကာ ကိုယ်လက်များကို ခါရမ်းလိုက်ရင်းမှ ...
''ဟား .. ဒီအတိုင်းဆို အထဲတောင်မရောက်နိုင်လောက်ဘူး ... ငါတော့ အေးလွန်း တာနဲ့သေမှာပဲ ..ဘာလို့ဒီလောက်ချမ်းရတာပါလိမ့် .. ငါမ၀င်သွားလို့တော့ မရဘူး .. ကလေးမလေးကို ကယ်ရအုံးမယ် ...သေချင်လဲသေပါစေတော့ '''
ဟုဆုံးဖြတ်ချက်ချကာ ဖြည်းဖြည်းခြင်းလမ်းလျှောက်ဝင်သွားလိုက်သည် ..
ဘာကြောင့်မှန်းတော့မသိ သူ့ကိုတော့ အထဲမှ လူ ကား ယခုထိ အန္တရာယ်မပြုသေး .. ထို့ပြင် မည်သည့်အသံမှလဲမကြားရသေးပေ...
မည်သည့်ခရီးမဆို လမ်းဆုံးရှိသည်မဟုတ်ပါလား.. တဆတ်ဆတ်တုန်ယင်ကာ လျှောက်လှမ်းလာသော အားကွေ့သည် ကျောက်တုံးကျောက်ပုံများ အလွန် ထူးခြားသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်...
.........'''.....''''.......''''......
''အဟွတ်အဟွတ်''
ရှောင်လင်ဂိုဏ်းချုပ်ကြီးသည် ချောင်းကိုအားရအောင်ဆိုးလိုက်ပြီးမှ ..
'''ဒါဆို ပုလွေ က သန်းခေါင်ညမိစ္ဆာသိုင်းကို လေ့ကျင့်နေတာပေါ့... တယ်မိုက်တဲ့ကောင်.. ''
''ဟုတ်ပါတယ် ဆရာတော် အကိုနှစ်က အကိုကြီးရဲ့ဝေဒနာကို ကုသမလို့ အတွက် အားနည်းချက်ရှာရင်း ဒီမိစ္ဆာသိုင်းကို ကျင့်နေတယ်လို့ပြောပါတယ်..''''
ရှောင်လင်ဂိုဏ်းချုပ်ကြီးသည် မျက်နှာမကြည်မသာဖြစ်ရင်း ခေါင်းတရမ်းရမ်းနှင့် သက်ပြင်းချကာ
''မလွယ်ဘူး ..မလွယ်ဘူး ဒီသိုင်းရဲ့အားနည်းချက်ကို ရှာဖို့ဆိုတာ လုံးဝကို မလွယ်ဘူး .. .. မင့်တို့အကိုကြီးကိုပဲကြည့် တစ်ခေတ်ဆို တစ်ခေတ် ထူးချွန်ထက်မြက်တဲ့ လူ.. ဒါတောင်မှ ဒီသိုင်းရဲ့အားနည်းချက်ကို မရှာနိုင်ဘဲ ဘယ်လိုဖြစ်သွားသလဲ .. လောဘ ဒေါသ မာန်မာနတွေကို လျော့ချလိုက်ပြီး အလင်းထဲရောက်ကာမှ ဒီမိစ္ဆာသိုင်းကြောင့် ဝေဒနာဆိုးကြီးကို ခံစားရရှာတယ် ..
အော်... ၀ဋ် ၀ဋ် .. ၀ဋ်ကြွေး. .. '''
အနားတွင် ငြိမ်သက်စွာနားထောင်နေသော ရန်ခွမ်းက အဖြစ်အပျက်ကို သေသေချာချာမသိသည်နှင့်
''' ဒီမိစ္ဆာသိုင်းက ဘယ်လိုအကျိုးအပြစ်တွေရှိလို့လဲ ဆရာတော်..''
''အိမ်း... ဒီလိုကွဲ့ဒကာကြီးရန်ခွမ်းရဲ့ .. သန်းခေါင်ညမိစ္ဆာသိုင်းဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက်က ပေါ်ခဲ့တဲ့သိုင်း.. အောက်လမ်းသိုင်းပေါ့ကွယ် .. ဒီသိုင်းရဲ့ထူးခြားချက်က ည သန်းခေါင်မှ လေ့ကျင့်ရတာ .. အတွင်းအားနဲ့သိုင်းပညာ နဲ့တွဲရက်လေ့ကျင့်ရတဲ့သိုင်းမို့ တစ်ချက်လေးမှ အမှားခံလို့မရဘူး ... ကျင့်နေတုန်း မှာလဲ ရပ်တန့်လို့မရဘူး .. အဆင့်ကိုးဆင့်အထိရှိတဲ့ ဒီမိစ္ဆာသိုင်းကို ရှောင်လင် ဘုန်းကြီး တစ်ပါးက တီထွင်ခဲ့တယ် ဆိုရင် အံ့အားသင့်စရာကောင်းပေမယ့် .. တကယ်လဲ ဘုန်းကြီးတစ်ပါးက တီထွင်ခဲ့တာပဲ ..စကျင့်တာနဲ့ အဆင့်ငါးအထိ မရောက်မခြင်း တစ်ရက်မှ ပျက်ကွက်လို့မရဘူးကွဲ့ .... တစ်ရက်လောက် ပျက်တာနဲ့ သွေးလေ ဖောက်ပြန်ပြီးသေရော ... အသက်အန္တရယ် များတဲ့သိုင်းမို့လို့ အစွမ်းလည်း ထက်တယ် .. ဘုန်းကြီးတောင် အဆင့်ကိုးအထိပေါက်မြောက်သွားတဲ့ လူကိုဆို နိုင်ပါ့မလား မသေချာဘူး ...ဒါပေမယ့် အဲ့အထိပေါက်မြောက်တယ်လို့လဲ အခုထိမကြားဖူးဘူး .. ထင်းလွေတောင်မှ အဆင့်ခွန်မှာ စိတ်ဖောက်ပြန် သွားတာပဲလေ .'''
''ဒါလို အန္တရာယ်များတဲ့ တခြားသိုင်းတွေရောရှိသေးလားဘုရား..''
ရန်ခွမ်း၏ထပ်ဆင့်အမေးကို ဆရာတော်က
''အောက်လမ်းသိုင်းမှန်သမျှကတော့ အန္တရာယ်များတာပါပဲ .. .. သူတပါးကို ထိခိုက်စေနိုင်သလို ကိုယ့်ကိုကိုယ်လည်းထိခိုက်စေတာပဲ... ရှေ့မှာ ရွှီကြွင်း ပြောသွားတဲ့ အမှောင်ကိုယ်တော်ရဲ့ ဆဌမအာရုံအတွင်းအားတို့ ..အခု သန်းခေါင် မိစ္ဆာသိုင်းတို့အပြင် သူ့လောက်နီနီး အစွမ်းထက်ပြီး အန္တရာယ်များတဲ့ သိုင်း ပညာတွေလည်းရှိသေးတယ်..ဥပမာလေ၀ဲအအေးလှိုင်းလက်ဝါးသိုင်းဆို အအေးဓါတ်ကို အမှီပြုပြီး လေ့ကျင့်ရတဲ့ သိုင်းကွဲ့ ...အဝေးကရန်သူကို ကိုယ့်အနားရောက်အောင်ဆွဲခေါ်လို့လည်းရသလို အဝေးကိုလည်း ရိုက်ထုတ် ပစ်လို့ရတယ်.. ပြီးတော့ အအေးလှိုင်းလွတ်ပြီး သွေးခဲသေအောင်လည်း လုပ်လို့ရသေးတယ်.. ဒီသိုင်းပညာက အလွန့်အလွန် အောက်တန်းကျတဲ့ စိတ်ဓါတ်နဲ့မှ ကျင့်လို့ရမယ်... တပါးသူရဲ့ သွေးကို အမှီပြုပြီးလေ့ကျင့် ရတာကိုး ..ရှင်းရှင်းပြောရရင် လူသွေး ဒါမှမဟုတ် တိရိစ္ဆန်ရဲ့သွေးကို စုပ်ယူမှ ကျင့်လို့ရတာ .. ..နှင်းတောင် တို့လို အရမ်းအေးခဲတဲ့နေရာမျိုးမှာ ကျင့်ရတဲ့သိုင်းမို့ အလယ်ပိုင်း သိုင်းလောကမှာတော့ ကျင့်တဲ့သူရှားပါတယ် .. ပြီးတော့ ဒီသိုင်းပညာရဲ့ မူရင်းကျမ်းက ရှောင်လင်မှာ ချိတ်ပိတ်ထားတဲ့ သိုင်းမို့လို့ အပြင်မှာ ပျံ့နှံ့ဖို့တော့ မဖြစ်နိုင်ဘူး ... .. '''
ရန်ခွမ်းသည် ရှောင်လင်ဂိုဏ်းချုပ်ကြီးရှင်းပြမှပင် အောက်လမ်းသိုင်းများ၏ အန္တရာယ်ကြီးပုံကို သဘောပေါက်မိတော့၏ ..
ဘုန်းကြီးရွှိကြွင်းသည် စကားစမြည်ပြောနေရင်းမှ အားကွေ့တစ်ယောက် အချိန်အကြာကြီးစောင့်နေရသည်ကို အမှတ်ရ၍ ..
''ဆရာတော်.. တပည့်တော်ပြောတဲ့ အားကွေ့ဆိုတဲ့ ကလေး က အပြင်မှာ စောင့်နေပါတယ် ..သူ့အတွက်ရှောင်လင်ကျောင်းမှာ နေဖို့ထိုင်ဖို့ ပြင်ဆင်ပေးလိုက် အုံးမယ်ဘုရား... '''
ဆရာတော်လည်း ကလေးဆိုမှ ရန်ခွမ်းအားကြည့်ပြီး ..
''' ဒကာကြီး ကျင်းကျူး(ပုလဲ)တစ်ယောက် ဟိုဟိုဒီဒီလျှောက်သွားနေပြီနဲ့တူတယ် .. အနီးအနားမှာမရှိတော့ဘူး .. လမ်းရိုးအတိုင်းလျှောက်သွားနေရင် ဘာမှမဖြစ်ပေမဲ့ တောထဲဝင်သွားမှစိုးရိမ်ရသကွဲ့ ..'''
ထိုအခါမှပင် ရန်ခွမ်းလည်း သူ၏သမီးအကြောင်း သတိရတော့၏ ...
.........'''....''....
အားကွေ့ သည် ချမ်းခိုက်ခိုက်တုန်နေသည့်ကြားမှ ကျောက်ပုံကြားတွင် ပြားကပ်နေအောင်ဝပ်ရင်း ရှေ့ဆီသို့ချောင်းကြည့်နေမိသည်...
မုတ်ဆိတ်ကျင်စွယ်များ ဆံပင်များဖွာလံကြဲလျှက်ရှိနေသော အဘိုးကြီးတစ်ယောက်သည် ဂူထဲတွင်ပေါက်နေသည့် ထူးဆန်းသော သစ်ပင်အောက်တွင် ငုတ်တုတ်ထိုင်နေသည် .. သူသည် ကိုယ်ခန္ဓာအောက်ပိုင်းကို အရှက်လုံသည်ဟူရုံမျှသာ သင်္ကန်းအစုတ်တစ်ထည်ဖြင့် ရစ်ပတ်ထား၏.. ..
ထူးဆန်းသောသစ်ပင်သည်ကား လူကြီးတစ်ရပ်ခန့်သာမြင့်၍ ခပ်ချွန်ချွန်ပုံစံ အရွက်တို့ဖြင့် ဝေဆာနေသည်... လိမ္မော်သီးအရွယ် အသီးတို့ကလည်း ပြွတ်ခဲနေအောင် သီးနေပြီး အသီးများက ပိုးစုန်းကျူးများသဖွယ် အလင်းရောင် တောက်ပနေကြ၏ .. .. ထိုအလင်းရောင်ကြောင့်ဂူထဲတွင် လင်းထိန်နေခြင်း ဖြစ်သည်.. ကလေးမလေးကတော့ ထိုသူ၏ ဘေးနားတွင် မေ့မျော နေသည်လား အိပ်ပျော်နေသည်လား သို့မဟုတ် သေဆုံးနေသည်လားမသိ လဲလျောင်းနေ၏.. ..
ထိုသူသည် အားကွေ့ပုန်းနေသည့် ကျောက်တုံးပုံအား စူးစိုက်ကြည့်လိုက်ပြီး ..
'''ဟီးဟီးဟီး ... ကောင်လေး မင်းပုန်းနေတာ ငါမသိဘူးများ မှတ်နေလား .. ကျေက်တုံးကြားက ထွက်ခဲ့စမ်း... '''
ဟု ခြောက်သွေ့အက်ကွဲနေသော အသံဆိုးကြီးဖြင့် လှမ်းပြောလိုက်၏..
ထိုစဉ် အားကွေ့၏ ကျောပြင်သည် ဆန်းပြားစွာဖြင့် ပူနွေးလာသည်.. . ချမ်းအေးနေသည့်ကြားမှ ရုတ်တရက် ပူလာသည်မို့ ကျောပြင်ကို လက်ဖြင့် စမ်းကြည့် လိုက်သည် .. သူ၏ အ၀တ်ထုတ်သည် ပူကျက်၍နေ၏... အ၀တ်ထုတ်ကိုကျောမှ ဖြုတ် အထဲသို့ဖြေကြည့်လိုက်ရာ ရွမ်ဝူဆိုသော အကောင်သည် နီရဲပြီးအငွေ့များ တစ်ထောင်းထောင်းထလျှက် အပူငွေ့များကို လွတ်ပေးနေသည်..
'' ကောင်းပြီ မင်းမထွက်လာမှတော့ ထွက်လာအောင် လုပ်ရတာပေါ့ကွာ...''' ကျုံးဝါးသံနှင့်အတူ လေတိုးသံများပါထွက်လာပြီး
''' စွတ် ..စွတ်..'''
'' ဖုတ်''
ကျောက်တုံးပုံကို ကွယ်ရပ်နေသည့်ကြားမှ အားကွေ့၏ တစ်ကိုယ်လုံး လေ၀ဲ ဆွဲစုပ်ခြင်းကြောင့် မြောက်တက်သွားသည်.. လန့်ဖြန့်သွားသော အားကွေ့ သည် လက်ထဲမှ အ၀တ်ထုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ထိုသူ ၏ရှေ့သို့ ပြုတ်ကျသွား၏..
ထိုသူသည်အားကွေ့တို့နှစ်ယောက်အား မျက်စိကစားရင်း ဟားတိုက်ရယ်ကာ ..
'''' ဟီးဟီးဟီး .. .. .. နှစ်ပေါင်းလေးဆယ်လုံးလုံး ဂူထဲမှာ ဒုက္ခခံခဲ့ ရသမျှ အခုတော့ လွတ်ပြီး ကျွတ်ပြီ... ''
အနီးရောက်မှ ထိုသူ၏ရုပ်သွင်သည် အဝေးကမြင်သည်ထက်ပိုမိုဆိုးရွား နေမှန်းသိရတော့သည်.... မျက်လုံးများမှာ နီရဲ နေပြီး .. သွားများက ၀ါထိန်ထိန်နှင့် ကိုယ်နံ့ကလည်း ချဉ်စူးနံ့ထောင်းထောင်းထနေ၏ ..
အားကွေ့သည် အန္တရာယ်နှင့် မတွေ့ခင်က ကြောက်ရွံ့ သလောက် တကယ်တမ်း နဖူးတွေ့ကြုံသည့်အခါ ကြောက်စိတ်များ ပျောက်၍ သူ၏ ညစ်လိုသော ပင်ကိုယ်စိတ်ဓါတ် ပြန်ပေါ်လာသည်နှင့်ထ ရပ်ကာ ..
'' ကျွန်တော်တို့ နှစ်ယောက်ကို ဖမ်းမိတာနဲ့ အဘိုး ဒီလိုင်ဂူက လွတ်မှာ နဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲဗျာ .. '''
ကောက်ကျစ်ယုတ်ပတ်သော အပြုံးနှင့် ထိုမကောင်းဆိုးဝါး အဘိုးကြီးက
''ဆိုင်ပြီလားကွာ နှစ်လေးဆယ်လုံးလုံး ငါဒီလိုင်ဂူထဲမှာ နေရင်း လေ၀ဲအအေးလှိုင်းလက်ဝါးသိုင်းကို ကျင့်ခဲ့တာ နောက်ဆုံးအဆင့်ကို ရောက်နေပြီ.. ဒီအဆင့်မှာ လူ့သွေးကိုသောက်ပြီးကျင့်ရမယ်ဆိုလို့ တစ် နေတာ .. ..ဒီနေရာက လူ ဖြတ်သန်းဖြတ်လာက နည်းတော့ လူ့သွေးကို မရှာနိုင်ဘူးလေ.. ... နှစ်လေးဆယ် လုံးလုံးမှာ ငါတွေ့ဖူးတဲ့ လူဆိုလို့ ကိုရင် နှစ်ယောက်နဲ့ မင့်တို့ နှစ်ယောက်ပဲ ရှိသေးတယ် .. မင့်တို့နှစ်ယောက်သွေးကိုသာ ငါသောက်လိုက်ရရင် ငါ့သိုင်းပညာ ကအောင်မြင်ပြီကွ... ဒီဂူပြင်ကို ထွက်လို့ရပြီ'''
''ကိုရင်နှစ်ယောက်က ဂူအရှေ့က အရိုးခြောက်နှစ်ခုလား..''
'''ဟုတ်သပါ့ ကွာ .. သိပ်တော့ကြောက်မနေပါနဲ့ .. ဝေဒနာသိပ်မခံရဘူးကွယ် '''
''ဟုတ်ကဲ့ အဘိုးရဲ့စေတနာကတော့ လေးစားလောက်ပါတယ် ..''
ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်သော အားကွေ့၏ စကားကြောင့် မကောင်းဆိုးဝါးအဘိုးအို ပင် ကြောင်သွား၏ ..ပြီးနောက် ..''' ဒီကလေးက ဘယ်လိုကလေးလဲဟ... သေမယ့်အရေးလဲ ကြောက်တဲ့ပုံမရှိဘူး .. ဉာဏ်လည်းကောင်းမယ့်ပုံပဲ .. အရင် ကိုရင် နှစ်ပါးတုန်းကဆိုသေမယ့်အရေးကို ငိုယိုပြီးနေတာ '''ဟုတွေးမိ၏..
'''အဘိုးသွေးစုပ်မယ်ဆို ကျွန်တော့်သွေးကိုသာယူပါ .. ကလေးမလေးကို တော့ လွတ်ပေးလိုက်ပါ...''''
အားကွေ့သည် လဲလျောင်းနေသော ကလေးမအားကြည့်ရင်းပြောလိုက်သည် .. ကလေးမခမျာ အအေးဒါဏ်ကြောင့် တောင့်တင်းပြာနှမ်း၍နေသော်လည်း တစ်ဆတ်ဆတ်တုန်နေသော နူတ်ခမ်းကြောင့် အသက်ရှိသေးမှန်း သိသာနေ၏ .. ထိုပြင် အားကွေ့ထင်သလို သတိလဲလစ်သေးပုံမပေါ် မျက်တောင်ကော့ကြီးအောက်မှ မျက်လုံးဝိုင်းကြီးများက အားကွေ့အားကြည့်နေသည် .. မျက်လုံးဘေးတွင် မျက်ရည်စီးကြောင်းနှစ်ခု က ခဲ ကာနေ၏...
ထိုအခါမှ အားကွေ့သည် မိမိကိုယ်မိမိပြန်သတိထားမိသည် သူ၏ ကိုယ်ခန္ဓာတွင် အအေးဓါတ်သည် သိသာစွာရော့ပါးနေသည်မဟုတ်လား .. အ၀တ်ထုတ်ကို ကိုင်ထားသောလက်ဆိုလျှင် ပူလောင်၍ပင်နေသည်..
သူ့လိုပင် မကောင်းဆိုးဝါးအဘိုးအိုကလည်း ယခုမှ သတိထားမိသွားဟန် တူသည်..
''ကောင်လေး မင်း အခုထိ ဘာမှမဖြစ်သေးဘူးလား''
အဘိုးအို ၏အမေးစကားကိုသဘောပေါက်သဖြင့် ..
''ဟားဟားဟားဟား .. ဒီဂူရဲ့အအေးဒါဏ်လောက်ကတော့ အားကွေ့က မမူဘူးဗျ... ''
''မဟုတ်သေးဘူး..မဟုတ်သေးဘူး . ..ဒီအရွယ်နဲ့ ဒီလောက်အအေးဒါဏ်ကို ခံနိုင်တာ မဖြစ်နိုင်ဘူး .''
အံ့သြောနေသော အဘိုးအိုသည် အားကွေ့တစ်ကိုယ်လုံးကိုသေသေချာချာ ကြည့်လိုက်မှ လက်ထဲတွင် ကိုင်ထားသော အ၀တ်ထုတ်မှ အငွေ့ထွက်နေသည်ကို မြင်သွားကာ ...
''ထွီ ကလိမ်ကကျစ်ကောင် အအေးဒါဏ်ခံနိုင်တယ်လေး ဘာလေးနဲ့ လက်ထဲမှာ ဘာကိုင်ထားတာလဲ မီးဖိုလား..မီးအိမ်လား .. ပြစမ်း''
''ဖတ်''
''အား...ပူလိုက်တာ''
''ဖုတ်''
သူ့ဟာနှင့်သူပြော ပြီး သူပင် အထုတ်ကို ဖတ်ခနဲ ဆွဲလုသွားသည်.. သို့သော် အထုတ်အားလက်ဖြင့်ကိုင်လိုက်သည်နှင့် ပူလောင်လွန်းလှသဖြင့် လွတ်ချလိုက်ရ၏ ..
အမှန်တော့ လေ၀ဲအအေးလှိုင်းလက်ဝါးကို ကျင့်ထားသည့် အတွက် တော်ရုံအပူကိုပင် သူမခံနိုင်ပေ.. ထို့ကြောင့်ထိုဂူထဲမှ ဂူပြင်ပင် မထွက်နိုင်ချေ ... လေ၀ဲအအေးလှိုင်းလက်ဝါးသိုင်းကို အဆုံးအထိအောင်မြင်မှသာ အပူဒါဏ်ကို အံတု၍ သူထွက်ခွာ နိုင်မည်ဖြစ်သည် ..
ယခုမူ သတိလက်လွတ်ဖြစ်၍ အထုတ်ကိုသွားကိုင်မိခြင်းကြောင့် သူ၏လက်ဖ၀ါးသည် အပူလောင်ကာသွား၏...
ထိုအချက်ကို ကောင်းကောင်းသတိပြုမိသွားသူက .. မောင်ဉာဏ်ကျယ်ပင်
ပြုကျသွားသောအထုတ်ကို ပြန်လည်ကောက်ယူပြီး ရွမ်ဝူကို ထုတ်လိုက်သည် ...
အားကွေ့၏လက်လည်း အပူလောင်မတတ်ဖြစ်သွား၏ .. အံကြိတ်အောင့်ခံပြီး ရွမ်ဝူကို ဝှေ့ရမ်းလိုက်ရာ ..
''၀ှီး''
'' အစ် ..'' ဟူသော အသံနှင့်အတူ ရွမ်ဝူသည် ကြီးမားပြန့်ကားသွားသည် .. ''
ထိုအခါတွင် ရွမ်ဝူမှ ထွက်လာသော အပူချိန်က ပိုမိုမြင့်တက်လာ၏...
အားကွေ့လည်း မကိုင်ထားနိုင်လောက်အောင်ပူလောင်လာသဖြင့် ရွမ်ဝူကို လွတ်ပစ်လိုက်ရသည် ....
''ဟင် ..''
''ဟိုက်''
'' ဖလတ်..ဖလတ်''
လွတ်လိုက်သောရွမ်ဝူသည် သူ၏လိပ်တစ်ကောင်သဖွယ် ပြန့်ကားနေသော ကိုယ်ခန္ဓာကို လွဲကာ ဂူထဲတွင် ပျံသန်းနေ၏...
မကောင်းဆိုးဝါး အဘိုးအိုနှင့်အားကွေ့မှာ မြင်ရသောမြင်ကွင်းကြောင့် ကျက်သေသေလျှက်ကြည့်နေကြသည်..
''၀ုန်း...၀ုန်း..၀ုန်း... ''
အဘိုးအိုသည် ပျံသန်းနေသော ရွမ်ဝူကို လေ၀ဲအအေးလှိုင်းလက်ဝါးသိုင်းဖြင့် အဆက်မပြတ်ရိုက်ထုတ်လိုက်သည် .. အေးစိမ့်သော လေလှိုင်းတို့က ရွမ်ဝူကို အချက်တို်င်း တည့်တည့်ပင် ထိမှန်လေ၏...
သို့သော် မီးပုံကို လေဖြင့် မူတ်လိုက်သည့်နှယ် ရွမ်ဝူက မည်သို့မျှမဖြစ် .. အကောင်ပိုမိုကြီးမားလာပြီး အပူဓါတ်ပိုလာသည်သာရှိ၏ .. ရွမ်ဝူကတော့ ၀ဲပျံလျှက်..
အကောင်ကလည်း လူနှစ်ယောက်ပင်တက်ထိုင်၍ရနိုင်လောက်ပြီ..
'''ဒါဘာကောင်လဲ .... ဒါဘာကောင်လည်း'' ...သည်းချေပျက်လုမတတ်အော်ဟစ်ရင်း အားကွေ့အနီးသို့ ရောက်လာကာ လည်ပင်းကို လက်ဖြင့်ညှစ်လိုက်သည် ...
''အခုချက်ခြင်းရပ်ခိုင်းစမ်း ... မဟုတ်ရင် မင်းကိုငါ သတ်မယ် ... ''''
''အစ်...အစ်.. အဟွတ် ..အဟွတ်..'''
အားကွေ့သည် လက်ဖျစ်အားကြောင့် မျက်လုံးများပြာဝေကာ နားများမှ လေများပင်ထွက်သွား၏ ... ချောင်းဆိုးသံလိုလို အသံများသူ၏လည်ချောင်းမှ ထွက်လာကာ တစ်လောကလုံးမှောင်မိုက်လုလုတွင်....
''ဂစ်...''
''ဖြန်း'''
'' အား...''
ရွမ်ဝူသည် သူ၏သခင်ပေါက်စ ကိုတော့ မှတ်မိပုံရသည် .. သူ၏ မြွေကဲ့သို့ လုံးရှည်သော အမြီးဖြင့် အဘိုးအို၏ ကျောကုန်းကိုဖြန်းခနဲ ရိုက်ချလိုက်သည်..
အဘိုးအို၏ ကျောသည် မီးရဲရဲဖုတ်ထားသော သံကြိုးဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ညှော်နံ့များထွက်လာကာ ဟက်တက်ကွဲသွား၏... ထို့ပြင် အဆစ်အနေဖြင့် ရွမ်ဝူ၏ အဆိပ်ဒါဏ်ပါခံစားလိုက်ရပြီး .. တီကောင်အား ဆားဖြင့်တို့လိုက်သလို လူးလိမ့်နေသည်..
***** လည်းဘီးသည်'' လည်း ''နောက်မှ တောက်လျှောက်ပါသကဲ့သို့ အကုသိုလ်သည် လည်း အကုသိုလ်၏ နောက်မှပင် ထပ်ချပ်မကွာ လိုက်ပါလာ ခဲ့သည်...****
အကောင်ခြောက်ဟု ထင်သော ရွမ်ဝူသည် အနက်ရောင် ပျောက်ကာ နီရဲလျှက်ဖြစ်သွား၏ .. .. ..အားကွေ့သည် လည်ချောင်းအား ကိုင်လျှက် တုန်ယင်စွာ မတ်တပ်ပြန်ရပ်လာသည်.. မကောင်းဆိုးဝါး အဘိုးအိုကတော့ လူးလိမ့်ဖို့ရန် အားပင်မရှိတော့သလို တစ်ကိုယ်လုံးပင် ပျော့ခွေနေသည်... ကလေးမလေးလည်း တောင့်တင်းနေရာမှ ကိုယ်ခန္ဓာလှုပ်ရှားလာ၏... အခန်းကလည်း ပူလွန်းမက ပိုမိုပူလာ၏ ...
'အကိုအားကွေ့..အကိုအားကွေ့.'''' ကလေးမလေးသည် မျက်ရည်များ ရွှဲရွှဲစို အောင်ကျနေရင်းမှ လှမ်းခေါ်လိုက်သည်...
အားကွေ့ကတော့ အသံပင် မထွက်နိုင်ရှာ .. လည်ချောင်းကို ကိုင်ရင်း ချွေးသီးချွေးပေါက်ကျကာ ကလေးမလေးအနားသို့ တစ်လှမ်းချင်းလှမ်းလာနေ၏ ..
ထိုအချိန်မှာပင် အားကွေ့၏ခြေထောက်အား လဲကျနေသော အဘိုးအိုမှ လှမ်းဆွဲလိုက်၏ ..
''၀ုန်း''
'' အင့်'''
ဝုန်း ခနဲလဲသွားကာ လည်ချောင်းနာနေသည့်ကြားမှ နာကျင်လွန်း၍ အသံထွက်သွားသည်..
အမှန်စစ်စစ်အဘိုးအိုသည် သူတစ်ယောက်ထဲ သေရွာ မသွားချင်၍ နောက်ဆုံးထွက်သက်ကို စုကာ အားကွေ့အား အဖော်ခေါ်ရန်ကျိုးစားခြင်းပင် ..
ငြိမ်းခါနီးဆီမီးသည် ပိုတောက်လောင်သည် ဟူသော စကားပုံအတိုင်း .. အဘိုးအိုသည် အတွင်းအားမသုံးနိုင်တော့သည့်တိုင် သာမာန်လူတစ်ယောက်၏ သန်မာသောအားဖြင့် အားကွေ့အားဆွဲလဲကာ လည်ပင်းနေရာကိုပင် ထပ်မံ ညှစ်လိုက်ပြန်သည်...
ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပိုနာကျင်ပါ၏ ... မျက်ရည်များပင် စီးကျလာရအောင် နာကျင်လွန်းလှ၍ သူ၏လက်များကို ဝေ့ရမ်းမိလေသည်..
ပြုတ်ကျထားသော အ၀တ်ထုတ်ကို စမ်းမိသဖြင့် ထိုထဲမှ ပုရစ်ဗူးကို ဆွဲကိုင်လိုက်၏ ..
ထို့နောက် ဂူကြမ်းပြင်ဖြင့် ပုရစ်ဗူးကိုဆောင့်ချလိုက်သည်....
'' ချွမ်''' ဟူသော မြည်သံဖြင့် .. ပုရစ်ဗူးထဲမှ စူးချွန်တစ်ခုထိုးထွက်လာသည်... ဘုန်းကြီးရွှီကြွင်း ၀ူပေဇရပ်တွင် စူးချွန်ထုတ်ကြည့်သည်ကို မြင်တွေ့ထားခြင်းက သူ့အတွက် ကံကောင်းခြင်းတစ်ရပ်ပင်ဖြစ်တော့၏...
ထိုပုရစ်ဗူးစူးချွန်နှင့် သူအားဆွဲညစ်ထားသော မကောင်းဆိုးဝါးအဘိုးအိုအား
အားကုန်ထိုးထည့်လိုက်ရာ ...
'''' အား.....''
မကောင်းဆိုးဝါးအဘိုးအို၏ လူ့လောကအတွင်း နောက်ဆုံးသောအကြိမ် အော်ဟစ်သံကား ကျယ်လောင်စူးရှလွန်း၏.....
မတော်တဆမှုများဖြင့် ဖွဲ့စည်းထားသော လောကကြီးက သနားရမည်လား .. ဟားရမည်လား .. ပျော်ရမည်လား ..ငိုရမည်လားပင် မသိတော့ ... အကယ်၍ အားကွေ့သာ ဘုန်းကြီးရွှီာကြွင်း ပြောထားသည့်အတိုင်းရပ်စောင့်နေမည်ဆိုလျှင် .... ကလေးမလေး၏ ယုန်သာ မလွတ်သွားဘူးဆိုလျှင် .. ဤသို့ဖြစ်လာမည်မဟုတ် ..
ထို့အတူပင် ဂူအတွင်း၌လည်း ရွမ်ဝူသာ ယခုကဲ့သို့ အသက်ရှင် မကူညီခဲ့ဘူး ဆိုလျှင် .. ပုရစ်ဗူးကိုသာ ရှာမတွေ့ဘူးဆိုလျှင် အားကွေ့တစ်ယောက် မကောင်းဆိုးဝါး အဘိုးအိုနောက်သို့လိုက်နေရပြီဖြစ်သည်...
အားကွေ့သည် မျက်ရည်များတွေတွေကျပြီးနောက် လက်ကျန်အားအင် ယဲ့ယဲ့လေးကို အားယူကာ ထရပ်လိုက်ပြန်သည် .. ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သုံး၍ အမည်ပင်မသိရသေးသော တစ်စိမ်းတစ်ယောက်ကို သူသတ်ဖြတ်မိလေပြီ ...
အခန်းက ပူလောင်ခြင်းသိသိသာ လျော့သွား၏.. ရွမ်ဝူသည် လူတစ်ရပ်မျှသာ ရှိသော ထူးဆန်းသောသစ်ပင်၏ သစ်သီးများကို တစ်လုံးပြီးတစ်လုံးစားနေသည် ..
ထို့ကြောင့် အားကွေ့ ဒုတိယအကြိမ် လည်ပင်းညစ်ခံရသည်ကို မတွေ့ခြင်းသာ အခန်းသည်လည်း အပူချိန်လျော့ သွားသည်နှင့် အညီ အလင်းသည်လည်း လျော့လျော့ လာသည် .. မီးလင်းသော သစ်သီးများ နည်းသွားပြီမဟုတ်ပါလား ..
''' အားကွေ့ .. .. အားကွေ့ ..ကျန်းကျူး မင်းတို့ ဂူထဲမှာလား'''
အော်သံသဲ့သဲ့ကြားလိုက်ရသည့်နောက် အားကွေ့ .. စိတ်ကိုလျော့ချလိုက်သည် .. သူ၏ ဆရာတော် ရွှီကြွင်း၏ အသံကို ကြားရပြီးသည့်နောက်.... သူ ဘာကို စိုးရိမ်ရအုံးမည်နည်း.... နောက်ဆုံးသူမှတ်မိလိုက်သည်မှာ အမှောင်ထုနှင့် ရွမ်ဝူကို ပင်....
#20 (အစ၏အဆုံး အဆုံး၏အစ)
Pyae Phyoe San
'''ဘိုးဘိုး..အားဖုန်..အားချန် .. ဘုန်းဘုန်း ..ရွမ်ဝူ ..ညီမလေး..''
အိမ်မက်ထဲတွင် ထည့်မက်မိသမျှ လူနာမည်များကို အော်ဟစ်ရင်း အားကွေ့ သတိပြန်ရလာသည် အိမ်မက်ထဲတွင်သာ ကျယ်လောင်စွာ အော်မိနေသော်လည်း လက်တွေ့ တွင်မူ တအစ်အစ် ဟူသော အသံမျှသာ ထွက်သည် ...
သတိရလာလာခြင်းခံစားမိသည်က လည်ချောင်းတစ်ခုလုံး ပေါက်ကွဲထွက် မတတ်နာကျင်နေခြင်းပင်..
''ဖြည်း ..ဖြည်း..လူလေး ..ဖြည်းဖြည်း.. ဘုန်းဘုန်းရှိတယ် ..လူလေး အန္တရာယ် ကင်းပါပြီကွယ်''
ဂရုဏာမေတ္တာအပြည့်ဖြင့် စိုက်ကြည့်နေသော ဘုန်းကြီးရွှီကြွင်း၏ မျက်နှာကို မြင်လိုက်ကာမှ အားကွေ့ ၏ မျက်လုံးမှ မျက်ရည်များသည် တာကျိုးသည့် အလား စီးကျလာတော့၏ ..
မှန်ပါသည် ကလေးတစ်ယောက်အရွယ်အတွက် ထိုအဖြစ်အပျက်သည် ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးမျှသာ ဖြစ်သင့်၏.. ယခုတော့ အသက်အရွယ် နှင့် အတွေ့အကြုံတို့က မမျှပေ..
ဘုန်းကြီးရွှီကြွင်းသည် သူ၏လက်ဖ၀ါးကြီးနှင့် အားကွေ့၏ နဖူးပေါ်အုပ်တင်ထား လိုက်သည်... အားကွေ့တစ်ကိုယ်လုံး အနွေးဓါတ်များ ပြည့်လျှံသွားကာ လုံခြုံသလို ခံစားလိုက်ရပြီး အားအင်များပင် ပြည့်ဖြိုးလာ၏ ... ထိုကြမ်းရှရှ လက်ဝါးကပင် အားကွေ့အတွက် အားဆေးတစ်ခွက်ပင် ဖြစ်လာခဲ့သည်...
***လောကတွင် ချစ်ခြင်းမေတ္တာထက်မည်သည့် အရာမှအစွမ်းမထက်ပေ.. မည်သည့်အရာမှ မလုံခြုံပေ ..မည်သည့်အရာကမှလည်း တားဆီး၍မရပေ.. ချစ်ခြင်းမေတ္တာ၏ ကျယ်ပြန့်မှုကား အတိုင်းမသိပေ****
''' ရွှီကြွင်း ..ကလေး နားပါစေအုံးကွယ် .. မင့်အကိုနှစ်ကို သွားခေါ်ရင် ကောင်းလိမ့်မယ်ကွဲ့ .. .. ဆေးဝါးနဲ့ပတ်သက်လာရင် သူ့လောက် ကျွမ်းကျင်တဲ့သူ လောကမှာမရှိတော့ဘူး..''
''ဟုတ်ကဲ့ပါ.. ဆရာတော်.. ''
ရွှီကြွင်းသည် အားကွေ့အား စိတ်မချစွာ ကြည့်လိုက်ရင်း ဆရာတော် ပြောသည့် အတိုင်း အကိုနှစ်ကို သွားခေါ်တော့သည် .. ..
ကိုယ်ဖော့ပညာကို အဆင့်ကုန်သုံးကာ ပြေးထွက်သွားသည်မို့ လျှပ်စီးပစ်လိုက်သည့် အလားပင် ..တော်ရုံတန်ရုံထိပ်တန်းသိုင်းသမားများပင် သူ၏အရိပ်ကို မြင်ရဖို့မလွယ် ..
အားကွေ့သည် ဘုန်းကြီးရွှီကြွင်း ထွက်သွားသည်ကို တားမြစ်လိုက်သော်လည်း သူ၏ ပါးစပ်မှ မည်သည့်အသံမှ ထွက်မလာပေ ... ဆွံ့အ သူများဖြစ်သွားလျှင်တော့ လူဖြစ်ရှုံးချေတော့မည်...
ကျောင်းထိုင်ဆရာတော်သည် ဘုန်းကြီးရွှီကြွင်း၏ နေရာကို အစားဝင်သည့် အနေဖြင့် အားကွေ့၏ နဖူးပေါ်လက်တင်လိုက်သည် ....
ထိုအခါမှ အားကွေ့လည်း ဆရာတော်၏ ရုပ်သွင်ကို မြင်ရတော့၏ .. .. ဆရာတော်၏ ကြည်ညိုဖွယ် မျက်နှာကြောင့် လက်အုပ်ချီမည် ဟန်ပြင်လိုက်သည်ကို
''''နေ..နေ..လူလေးရဲ့ .. လူလေးရဲ့ ဝေဒနာက သက်သာသေးတာ မဟုတ်ဘူး .. အတွင်းဒါဏ်ရာ မရပေမယ့် အပြင်ပန်းဒါဏ်ရာက မသေးဘူးကွဲ့ ...လောလောဆယ် အသံမထွက်တာက ကိစ္စမရှိပါဘူး ... လည်ချောင်းကို ထိခိုက်မိသွားလို့ပါ ..ငွေမျက်နှာသမားတော်ကြီး ရောက်လာရင် တခါထဲနဲ့ ပျောက်သွားလိမ့်မယ် ...''''
ငွေမျက်နှာသမားတော်ကြီးဟု အသံကြားလိုက်သည်နှင့် ရွမ်ဝူကို သတိရလိုက်သောကြောင့် နာကျင်နေသည့်ကြားမှ ရှာဖွေမိသေး၏...
သူရောက်နေသည်ကား သစ်သားဆောင် လေးတစ်ခုပင် .. ဆီမီးညှော်နံ ..ပျားဖယောင်းနံ့ နှင့်အမွှေးတိုင်မှ သင်းပျံသောရနံ့တို့ကြောင့် ကနဦးမှာ ဇရပ်ဟုထင်မိသော်လည်း နောက်မှ ကျောင်းထိုင်ဆရာတော်၏ အခန်းဖြစ်မည်ဟု တွေးမိသည် ..
ဆရာတော်က အားကွေ့၏ သဘောကို ရိပ်မိသည့်အလား ... ကျင်းကျူးကတော့ အပြင်ဘက်ဆောင်မှာ လဲနေတုန်းကွဲ့ ... ရွမ်ဝူကောင်လေး ကတော့ လူလေးရဲ့ ဘေးမှာပဲလေ...
ထိုအခါမှ အားကွေ့လည်း သူ၏နံဘေးတွင် မူလအရွယ်အစားတိုင်း ပြန်ဖြစ်နေသည့် ရွမ်ဝူကို တွေ့လိုက်၏ .. ရွမ်ဝူက အသက်မရှိသည့် ပုံစံ ခြောက်သယောင်းလျှက်ပင် ...
''အကိုအားကွေ့ကို တွေ့ချင်တယ် ဖေဖေ .. အခုခေါ်ပေး ..'''
''သမီးရဲ့အကိုအားကွေ့က နေမကောင်းလို့ လဲနေတယ်ကွဲ့ .. သူသတိရလာမှ တွေ့ရမှာပေါ့ ...''
''ဟင့်အင်း မရဘူး အခုခေါ်ပေး''
''ကျင်းကျူး သမီး ..မဆိုးရဘူးလေ.. ပြီးမှတွေ့ရအောင်နော် ..သမီးလေး''
အပြင်မှ ဂျစ်ကန်ကန် ကောင်မလေး၏ အသံကို ကြားရမှ ထိုကလေးမလေး နာမည်ကို ကျင်းကျူးမှန်းသိရတော့သည် ... ထုံးစံအတိုင်း သတိရလာသည်နှင့် သူ့အဖေကို ပူဆာနေသေးသည် ..
အားကွေ့သည် ကျင်းကျူး အကြောင်းတွေးမိ၍ ပြုံးမိသေးသည် ..
..........''''........''''......''....
'' ဟားဟားဟားဟား ကိုင်း ..ငါမပြောဘူးလား မြေခွေးကောင် အခုတော့ ခံလိုက်ရပြီမို့လား ... နည်းတောင်နည်းသေးသကွာ .. တခါထဲ အသက်ပါ ထွက်သွားရမှာ ..'''
''အကိုနှစ် .. ကလေးတစ်ယောက်ကို အာဃာတ စိတ် ထားမနေပါနဲ့ဗျာ သူခမျာ ဆယ်နှစ်သားပဲရှိပါသေးတယ် ... '''
'' အေး..ဆယ်နှစ်သားနဲ့တောင် ကလိမ်ကကျစ်ကျ.. အခုဆို လူပါသတ်တဲ့ ကောင်.. ညီလေးတု ..မင်းတို့ငါတို့ ဆိုးခဲ့မိုက်ခဲ့တုန်းကတောင် အသက်ဆယ်နှစ်သား မှာ ဘယ်သူ့အသက်ကိုမှ မသတ်ခဲ့ဖူးဘူးကွ... '''
လေးမျက်နှာပညာရှိ ချင်ဝေက ထိုညီအကိုနှစ်ယောက် ပြောဆိုနေသည်ကို ကြည့်ရင်း ..
''အကိုနှစ် လိုက်သွားလိုက်ပါဗျာ .. ဆရာတော်ကိုယ်တိုင် ပင့်ဖိတ်ခိုင်းတယ် ဆိုတော့ မလိုက်သွားရင် မကောင်းဘူးဗျ ..''
''ဟေ့ကောင်တွေ မင်းတို့သာ ပိုင်ချီးကို ကြောက်နေတာ ..ငါ ပုလွေကတော့ မကြောက်ဘူးကွ ..မလိုက်နိုင်ဘူးလို့ပြောလိုက်ကွာ .. '''
ဘုဂလန့်ဂွစာ အပြောကြောင့် ဘုန်းကြီးရွှီကြွင်းမှာ စိတ်ညစ်သွား၏ .. အားကွေ့၏ လည်ပင်းဒါဏ်ရာသည် သေလောက်သည် အထိမဟုတ်သော်လည်း အချိန်မှီမကုလျှင် တစ်သက်လုံး ဆွံ့ အ သွားသည်အထိ ဖြစ်နိုင်သည်လေ..
ထိုလိုက်မည် မလိုက်ဘူး ပြသနာကို ရှင်းလင်းအောင်ဖြေပေးသူက အဆိပ်ဘုရင် မော်ထိုက်ပင် ..
''အကိုနှစ် .. အကိုကြီး ဂူထဲမ၀င်ခင်က ဘာပြောသွားလဲ .. ဆရာတော်ပိုင်ချီး ရဲ့စကားကို နားထောင်ဖို့ပြောသွားတယ်လေ.. အခု ဆရာတော်က ပင့်ဖိတ် နေတော့ မလိုက်သွားရင် အကိုကြီးစကားကို လွန်ဆန်နေသလို ဖြစ်နေမှာပေါ့.. ပြီးတော့ ဟိုမြေခွေးပေါက်စ တင်မကဘူး သူရဲကောင်းရန်ခွမ်း ရဲ့ သမီးလေးလဲ ရှိသေးတယ် .'''
ငွေမျက်နှာသမားတော်ကြီးသည် ရန်ခွမ်းကိုတော့ အတော်လေးစားပုံပေါ်သည်
''အေးကွာ ငါလည်း သူရဲကောင်းရန်ခွမ်း ကို အမည်သာ ကြားဖူးနေတာ ..လူခြင်းတော့တစ်ခါမှမတွေ့ဖူးဘူး .. အကြားနဲ့တင်လေးစားနေမိတာ.. ''
ဘုန်းကြီးရွှီကြွင်းမှာ ထိုအချက်ကို အသုံးပြုဖို့မမေ့ပါ..
'' အကိုနှစ်သာ သူ့သမီးကို ကုပေးလိုက်ရင် .. သူ့အပေါ်ကျေးဇူးရှိသွားမှာဗျ.. တစ်တိုင်းပြည်လုံး နေ လို လ လို သတ်မှတ်ထားတဲ့ သူရဲကောင်း ရန်ခွမ်း အပေါ်မှာ ကျေးဇူးရှိဖို့ဆိုတာ စဉ်းစားလိုက်ရင် မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ ... အကိုနှစ်သာ ကံထူးတဲ့သူမို့ ဒီအခွင့်အရေးကို ရတာနော် .. '''
ငွေမျက်နှာသမားတော်ကြီးသည် တွေဝေ သွားပြီးမှ
'' အို ဟိုခွေးကောင် နဲ့ မျက်နှာချင်းဆိုင် တွေ့ရင်ဖြင့် ငါစိတ်မထိမ်းနိုင်ဘဲ ရိုက်သတ်နေမိအုံးမယ် ..'''
လက်တစ်ထောင်ထန်ဖုသည် စိတ်ပုတီးစိတ်နေရာမှ ဆူညံပွတ်လောရိုက် နေသော အသံကို နားညီးလာသဖြင့် ...
''' ကိုင်းဗျာ အကိုနှစ် သွားမှာလား မသွားဘူးလား .. တစ်ခုခုကို လိုချင် ရင် တစ်ခုခုကို စွန့်ရတယ်ဆိုတဲ့စကားပုံ ကိုလည်းသိသားနဲ့ ..ဟိုမြေခွေးကောင်ကို မတွေ့ချင်ရင် သူရဲကောင်းအပေါ်ကျေးဇူးအတင်မခံနဲ့ .. ကျေးဇူးအတင်ခံချင်ရင် ..ဟိုမြေခွေးကောင်ကို ကုပေးလိုက်..ရှင်းရော .. ဒါပေမယ့် အကိုနှစ် ဆေးသွားကုမယ်ဆိုရင် ကျွန်တော်လည်းလိုက်မယ် ... လက်တိုလက်တောင်း လုပ်ကူမယ်ဗျာ ..ဒါမှ သူရဲကောင်းရန်ခွမ်းအပေါ် ကျုပ်လည်း ကျေးဇူးရှိမှာ... ''
'' အောင်မာ ထန်ဖု ရမလားကွ ငါလည်းလိုက်မှာပေါ့ နော့်အကိုနှစ်''
''တော်စမ်းကွာ မင့်တို့နှစ်ကောင်က ဘာသိတာမှတ်လို့ အကြံကောင်း ဉာဏ်ကောင်းထုတ်နိုင်တဲ့ ငါလို လေးမျက်နှာပညာရှိကိုမှ အကိုနှစ်က ခေါ်မှာကွ''
သို့နှင့် ထိုသုံးယောက်မှာ ထသတ်နေကြပြန်သည်...
ရွှီကြွင်းသည် ကွပ်ပစ်ပေါ်ကို ခြေပစ်လက်ပစ်ထိုင်ကာ လက်မှိုင်ချ၍သာ နေလေတော့၏...
.............''''........'''''.........''''.......''
''ခွပ်ခွပ်ခွပ်ခွပ်''
မြင်းခွာသံကို ကြားလိုက်ရ ၍ထင်သည် အသိုက်ယက်နေသော စာဘူးတောင်း ငှက်ကလေးသည် ခေါင်းကို ဟိုဟိုဒီဒီဝေ့၀ဲကာ ရှာဖွေနေ၏ ...ပြီးမှ လုပ်နေကျ အလုပ်ဖြစ်သော သူ၏ အသိုက်ကို သာ ပြန်လည် အာရုံစိုက်လိုက်သည်... မှန်သည် သူသာ ဤလထဲတွင် ထိုအသိုက်ကို ပြီးအောင်မယက်နိုင်လျှင် နောက်လအတွက် ဒုက္ခများသွားနိုင်သည် ..နောက်လ ဆိုလျှင် မိုးဦးကျတော့မည် .. မိုးဦးအတွက် အချိန်မှီပြင်ဆင်ထားမှရမည်မဟုတ်လား ... အထဲမှ ''ကကျိ ..ကကျိနှင့်အော်သံကို ကြားရလိုက်သော အခါ ပိုမို မြန်ဆန်စွာ အလုပ်လုပ်တော့၏ ... ဣထ္ထိယမည်သော မသတ္တ၀ါကို လူသား လင်ယောင်္ကျား များကသာ ကြောက်ရသည်မဟုတ် ကျန်သတ္တ၀ါများလည်း ကြောက်ရသည်သာ...
***ခြောက်ပေခန့် မြင့်သော ယောင်္ကျားတို့ကို လေးလက်မခန့်သာ ရှိသော မိန်းမတို့၏လျှာက အနိုင်ယူနိုင်စွမ်းရှိ၏...***
စာဘူးတောင်းငှက်သာဆက်လက်ကြည့်ရှုနေမည်ဆိုလျှုင်တော့ သူကြားလိုက် ရသော မြင်းခွာသံများ၏ လက်သည်အား လမ်းရိုးလေးအတိုင်း စီးနှင်းလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်.. .
မြင်းများက သန်မာထွားကျိုင်းသည့်မြင်းကောင်းမြင်းသန့်များ ဖြစ်ကြသည့် နည်းတူ စီးနှင်းလာကြသူများကလည်း ခန့်ညား သန်စွမ်းသောယောင်္ကျားကြီးများသာ ... မြင်းကားသုံးစီး လူကားသုံးယောက်ဖြစ်၏ .. အတန်ငယ်နုပျိုသော လူမှာ လက်နှစ်ဖက်တွင် ရွှေကွင်းများကို စွပ်ထားသဖြင့် မြင်းစီးလိုက်တိုင်း မြင်းခွာသံနှင့် အတူ ရွှေကွင်းများ ရိုက်ခတ်သံ က တချွင်ချွင်နှင့်မည်နေသည် .. .. ..
ထိုသူများမှာ ခွန်လွန်းတောင်မှ ကျန်းနန်သို့ ခရီးနှင်နေသော ကျောက်ကျူးထင် တို့ သုံးယောက်ဖြစ်ပါသည်.... သွေးသောက်ညီအကိုများကဲ့သို့ ချစ်ခင်ကြသူများ ဖြစ်သောကြောင့် ခရီးထွက်ရသည်မှာ လွတ်လပ်ပေါ့ပါးလှ၏ ... ခရီးတလျှောက် သောက်လိုက်စားလိုက် .. ရယ်စရာမောစရာများပြောလိုက်နှင့် အပျော်ခရီးထွက်လာ သည့်နှယ်ပင် ..
''အကိုကြီးကျောက် .. .. ဒီတောအုပ်ကို လွန်ပြီးရင် ၀ူပေကို ရောက်ပြီဗျ .. ၀ူပေကမှ ကျန်းနန်ကို လှေစီးပြီးသွားကြတာပေါ့ .. ဒါနဲ့ အကိုလတ်က ၀ူပေမှာ ၀ါဆန်းဂိုဏ်းချုပ်ကြီးနဲ့ ချိန်းထားသေးတယ်မို့လား .. ဒီလိုဆို ၀ူပေမှာ တစ်ည အိပ်ရအုံးမှာပေါ့...'''
ရိလုံသည် ချန်းချန်၏ အမေးကို ...
'' အင်း ၀ူပေမှာ တစ်ညတော့ အိပ်ရမယ်ထင်တယ် ... အကိုရိချင်းက ငါ့ကို ဘာပြောအုံးမယ်မသိဘူး ... စာထဲမှာကတော့ သူအသစ်ထွင်ထားတဲ့ နှစ်ယောက်တွဲ ဓါးသိုင်းကို ကြည့်ခိုင်းအုံးမလို့ဆိုလားပဲ '''
ကျောက်ကျူးထင်က
''၀ါဆန်းဂိုဏ်းက ဓါးသိုင်းဆိုရင် မထက်မြက်တာ မရှိပါဘူးကွာ ... ငါ့ညီရိလုံ ရဲ့လေပြင်းဓါးကို သာ ကြည့်လိုက် ..တကယ့်လေမုန်တိုင်းတိုက်နေတဲ့အတိုင်းပဲ .'''
''ဟုတ်တယ်ဗျ ..ဟုတ်တယ်.. ဒါပေမယ့် ကျွန်တော် ခွန်လွန်းတောင်မှာ ကြည့်နေတာ ..အကိုရိလုံရဲ့ သိုင်းကွက်တွေက အရင်ကထက် ပိုလို့ အစွမ်းထက်ပြီး ပိုပြင်းထန်လာသလိုပဲ ... '''
ရိလုံသည် မြင်းပေါ်မှပင် လက်အုပ်ချီလိုက်ကာ
'' အစွမ်းထက်ဆို ဆရာကြီးမုန့်ရဲ့ကျေးဇူးပေါ့ .. လေပြင်းဓါးသိုင်းရဲ့ လိုအပ်ချက် ဟာကွက်တွေနဲ့ ဖြည့်စွက်ကွက်တွေကိုပါ ထောက်ပြမွန်းမံလိုက်လို့လေ... ဆရာကြီးမုန့်ရဲ့ကျေးဇူးကိုတော့ ဘယ်လို ဆပ်ရမှန်းတောင်မသိတော့ဘူး ..'''
ရွှေကွင်းပျံ ချန်းချန်ကလည်း
''ဟုတ်ပါ့ဗျာ ဆရာကြီးမုန့်ကတော့ တကယ့်ကို ရှာမှရှားတဲ့ပညာရှင်ပါပဲ . ..မသိမတတ်တာလဲမရှိ စိတ်ထားကလည်း ဖြူစင်တော့ တကယ့်ကို ခွန်လွန်း တောင်စောင့်နတ်ပါပဲဗျာ...'''
ကျောက်ကျူးထင်ကလည်း ဆရာကြီးမုန့်လို စွယ်စုံပညာရှင်မျိုးခွန်လွန်းတောင် တွင် ရှိနေသည်ကို ဂုဏ်ယူသည်ပင်...
သို့နှင့် စကားတစ်ပြောပြောဖြင့်စီးလာရာမှ ကျောက်ကျူးထင်က မြင်းဇက်ကြိုး ကိုဆွဲကာ ရပ်တန့်လိုက်ပြီး ...
''ညီလေးတို့ ရှေ့မှာ လူအုပ်ကြီးလာနေတယ်ကွဲ့ .. အကို့စိတ်ထင် မြင်းလှည်းတန်းတောင် ပါသကွဲ့''''
ရွှေကွင်းပျံ ချန်းချန်နှင့် ရိလုံတို့ကမူ မည်သည့်အသံမျှ မကြားမိသေးပေ ..
သို့သော်လည်းကျောက်ကျူးထင်၏ အတွင်းအားနှင့် အတွေ့အကြုံကို ယုံကြည်ပြီး သားဖြစ်သည့်အတိုင်း ..မြင်းများကို ရပ်တန့်လိုက်ပြီး ထိုလူအုပ်ကြီး ဖြတ်အလာကို စောင့်ကြည့်လိုက်ကြသည်...
ကွမ်းတယာညှက်လောက်အကြာတွင် လူသံမြင်းသံများကို စကြားရပြီးနောက် သူတို့၏မြင်ကွင်းရှေ့ဝယ် မြင်းလှည်းတန်းကြီး က ဘွားခနဲပေါ်လာ၏... လူပေါင်း နှစ်ဆယ် သုံးဆယ်ခန့် ရှိလေသည် ..
မြင်းလှည်းတန်းရှေ့ဆုံးမှ လူကြီးသည် အနီရောင်စာအုပ်ကြီးကို ကိုင်ဆောင်ထား ပြီးကျန် အဖွဲ့သားများမှာတော့ ဓါးလှံ လက်နက်များကိုယ်စီ ကိုယ်ငှနှင့် ....
ချန်းချန် ရိလုံနှင့် ကျောက်ကျူးထင်တို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်မိလိုက်ကြ၏ ..
အဘယ့်ကြောင့်ဆိုသော် ...ဤ လူအုပ်ကြီးသည် အာမခံအဖွဲ့လည်း မဟုတ် ..သိုင်းဂိုဏ်းလည်း မဖြစ်နိုင်ပေ.. ကုန်သည် သို့မဟုတ် မင်းမှုထမ်းဖြစ်ဖို့ဆိုလျှင်တော့ အပုံကြီးဝေးကွာ၏ ..
အာမခံအဖွဲ့ဆိုလျှင် အလံပါရမည်ဖြစ်သည် .. သိုင်းဂိုဏ်းဆိုလျှင်လည်း တူညီဝတ်စုံများ အမှတ်အသားများပါရမည် ...ယခုတော့ မည်သည့် အမှတ်အသား မည်သည့်အလံမျှမပါ .. ထို့ပြင် ကုန်သည်ရုပ်လည်းတစ်ယောက်မှ မပေါက်ကြ ..
စာအုပ်နီကိုင်ထားသောလူကြီး၏ နောက်ဖက် မြင်းလည်းပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ယောက် သည် အနီရောင် ဇာပ၀ါကြီးကို လွမ်းခြုံလျက် တစ်ဆတ် ဆတ်တုန်နေ၏ ...
ရိလုံသည် ထိုဇာပ၀ါနှင့်အမျိုးသမီးကြီးကို ကြည့်ကာ ... တဟားဟားနှင့်ရယ်၍
'' ဟား..ဟား..ဟား..ဟား.. လောကကြီးက တယ်ကျဉ်းပါလား .. ထန်စူးစူး မိန်းမယုတ် .. မင့် ဘယ်လောက်ပဲ ဖုံးကွယ်ကွယ် .. မင်းရဲ့ကျက်သရေ တုံးလှတဲ့ ရိရွဲရွဲ ခန္ဓာကိုယ်ကို ငါအလွတ်ရတယ် ကွ.. '''
ရွှေကွင်းပျံ ချန်းချန် ကလည်း
''ဟာ ..အကိုရိလုံရဲ့ ငယ်ကျွမ်းတွေ ထန်စူးစူး လား .. ကျွန်တော်မြင်ဖူး ချင်နေတာ ကြာပြီဗျို့ .. ''
ရိလုံသည် အရှိုက်ကိုလက်သီးဖြင့်ထိုးခံရသည့်ဖွယ် ရှုံ့မဲ့သွားပြီး ..
''''' ဟေ့ကောင်ချန်းချန်တော်ကွာ.. '''
ထိုစဉ် ရှေ့ဆုံးမှ စာအုပ်နီကိုင်လူကြီးက ...
'''ငါ့ညီတို့ လူမှားနေပြီနဲ့ တူတယ် ကွဲ့ .. ဒီအမျိုးသမီးက အကိုကြီး ရဲ့ ဇနီးပါ သူ့ခမျာ အမျိုးသမီးရောဂါကြောင့်လေသလပ်ခံမရလို့ ပုဝါခြုံထားရတာပါကွယ်... အကိုကြီးတို့က ကုန်သည်တွေပါ '''
ကျောက်ကျူးထင်သည် သဘောကျစွာပြုံးလိုက်ပြီး ...
'''''ကျုပ်တွေ့ဖူးတဲ့ ကုန်သည်တွေကတော့ ဒီလောက်လက်နက်အင်အားမများဘူး ဗျ ..ပြီးတော့ ခင်ဗျားလောက်လဲ သိုင်းပညာမကောင်းကြဘူး ... '''
'''ဟာ ညီလေးရာ အကိုကြီးတို့အဖွဲ့လက်နက်ကိုင်တာက သူခိုးဓါးပြ ရန်ကြောက်လို့ပါ... ပြီးတော့အကိုကြီးက သိုင်းလဲမတတ်ပါဘူးကွယ်...'''
''' ၀ှီး ၀ှီး..၀ှီး''
''ဖလပ်'''
'''ဟီး..ဟီးဟီး ..အကိုရိလုံရဲ့ အမျိုးသမီးက အတော်လှသကိုးဗျ ... ''
''ထန်စူးစူး ..မဟုတ်ဘူးလို့လိမ်ချင်သေးတယ်ပေါ့လေ ...'''
ထိုလူကြီးစကားဆုံးသည်နှင့် ချန်းချန်၏ လက်အတွင်းမှ ရွှေရောင် အလင်းတန်း တစ်ခုသည် လှစ် ခနဲ့ပျံထွက်သွား၏ ... ဦီးတည်ချက်က မြင်းလှည်းပေါ်မှ အမျိုးသမီး ဆီသို့ပင် ... ချန်းချန်သည် မည်သည့်အတွက်ကြောင့် သိုင်းလောကထိပ်သီးဝင် ဖြစ်သလဲဟု အမေးစကား မဆိုရနိုင်အောင် သူ၏ ပစ်မှတ်က တိကျလှသည် .. ထန်စူးစူး လွမ်းခြုံထားသော ပုဝါသည် ရွှေကွင်းပျံ ထိမှန်၍ ဖလပ် ခနဲ ကွာကျသွား၏ .. ထန်စူးစူမှန်းသေချာသည်နှင့် ရိလုံကလည်း သူ၏ဓါးကြီးကို ထုတ်ကာ ကျုံးဝါး တော့သည်...
အနီရောင်စာအုပ်နှင့်လူကြီးမှလည်းလိမ် မရတော့သဖြင့် ..
'''အကုန်..တိုက်ကြဟေ့...'''''
တိုက်ပွဲခေါ်သံက စီစီညံလေပြီ...
Comments
Post a Comment