အားကွေ့ အပိုင်း (၂၆ မှ ၃၀ ထိ)
#26  ( အစ၏အဆုံး ..အဆုံး၏အစ )
  ကျောင်းထိုင်ဆရာတော်ပင် အတန်ငယ်အံအားသင့်သွားသည် .. မှန်ပေသည် သူသည် ငယ်စဉ်ကတည်းကပင် အဖြူရောင်သိုင်းလောက အတွင်း၌သာ ကျင်လည်ခဲ့ သူမို့ ထင်းလွေတို့၏ အနက်ရောင်သိုင်းလောအား နက်နက်ရှိုင်းရှိုင်းပတ်သက်မှု မရှိခဲ့ပေ .. သူတို့၏ထူးခြားသော အစဉ်အလာအား ထင်းလွေပြောမှသာ သိရတော့၏..
          ထင်းလွေကဆက်လက်၍
        ''သိုင်းလောကမှာ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်တဲ့သူက တစ်ထောင်မှာ တစ်ယောက်ရှိနိုင်သေးတယ် .. အားကွေ့လိုအချိုးအစားမပြေပြစ်တဲ့သူက တကယ့် ရှားပါးပါတယ် ... အနက်ရောင်သိုင်းလောကထဲကသာ သူ့အကြောင်းကြားတာနဲ့ ရတနာတပါးလို ၀ိုင်းလုကြမှာသေချာတယ် .. မိတ်ဆွေကြီး အမှောင်နန်းတော် နဲ့ မြေအောက်မြို့တော်ကိုတော့ ကြားဖူးတယ်မဟုတ်လား .. '''
           ဆရာတော်က လက်အုပ်ချီကာ ...
         '''အဆင့်လွန်အောက်လမ်းသိုင်းသမားတွေ ဇာတ်မြုပ်နေထိုင်တဲ့ နေရာကို ပြောတာမဟုတ်လား .. ဒီကိစ္စက ဒဏ္ဍာရီဆန်လွန်းပါတယ်.. '''
        ထင်းလွေကသူ၏ဖြူဖွေးနေသောမှုတ်ဆိတ်မွှေးများ ၀ဲခနဲလွင့်သွားအောင် ခေါင်းခါရမ်းလိုက်ပြီး ...
        ''တကယ်တော့ ဒဏ္ဍာရီမဟုတ်ပါဘူး... ကျုပ်ရဲ့ဆရာသခင် အမှောင် ကိုယ်တော် ကိုယ်တိုင်ပါးစပ်ကနေ ဖွင့်ပြောခဲ့ဖူးတယ် .. .. သူတို့လို အောက်လမ်း သိုင်းသမားတွေဟာ သိုင်းပညာကို ဖြတ်လမ်းကနေ ကျင့်လိုက် ကြတဲ့အခါမှာ လတ်တလောမှာ အကျိုးဖြစ်ထွန်းမှုက အထက်လမ်းသိုင်းသမားတွေထက် ပိုသာတယ် ..ဒါပေမယ့် နှစ်တွေကြာလာလေလေ အထက်လမ်းသိုင်းသမားတွေက သိုင်းပညာအခြေခိုင်လာလေလေ ဖြစ်ပေမယ့် အောက်လမ်းသိုင်းသမားတွေက ဖြတ်လမ်းကျင့်စဉ်တွေကြောင့်  ကိုယ်ခန္ဓာကိုထိခိုက်လာစေတယ် ..ဒါမှမဟုတ် ကျုပ်လို ဖြစ်လာတာပေါ့ ... အသက်ကြီးလို့ သိုင်းပညာမြင့်မားလာတာနဲ့အမျှ ဒါဏ်ကိုလည်း ပိုခံရလေလေဖြစ်လာရော .. အဲ့အချိန်မှာ အဆင့်လွန်အောက်လမ်း သိုင်းပညာရှင်အခြင်းခြင်း တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရာကစပြီး အမှောင်ရွာဆိုတာဖြစ်လာတယ် .. သူတို့တွေနေထိုင်တဲ့နေရာက  အရမ်းလှို့ဝှက် လွန်းတယ်..မလှို့ဝှက်လို့လည်းမရဘူးလေ.. သူတို့နုစဉ်အခါက ပြုထားတဲ့ မကောင်းမှုတွေက နည်းတာမှမဟုတ်ဘဲ .. ဒီလိုနဲ့နှစ်တွေကြာလာလေလေ အနက်ရောင်သိုင်းပညာရှင်ကြီးတွေ များလာလေလေဖြစ်ပြီး မြို့ကြီးတစ်မြို့လို ဖြစ်လာတာပေါ့... အဲ့အခါမှာ အချို့ကစည်းမဲ့ကမ်းမဲ့တွေ ဖြစ်လာတော့ အုပ်ထိန်းမဲ့ ဥပဒေတရပ်ပြုလုပ်ရရော ... ဥပဒေကိုချုပ်ကိုင်ထားတဲ့ အဖွဲ့နေတဲ့နေရာကိုတော့ အမှောင် နန်းတော် လို့ခေါ်သတဲ့.. မိတ်ဆွေကြီးတစ်ခုသတိထားမိမှာပါ .. ပြည်မအလယ်ပိုင်းသိုင်းလောကမှာ တကယ်တမ်း ထင်ရှားကျော်ကြားတဲ့အောက်လမ်း သိုင်းပညာရှင် တွေပျောက်ပျောက်သွားတယ်ဆိုတာ ... မိတ်ဆွေကြီးလောက်အသက် အရွယ် နဲ့အဆင့်အတန်းရှိတဲ့ အောက်လမ်းသိုင်းပညာရှင်ဆိုလို့ကျုပ်တစ်ယောက် ထဲရှိတာ မဟုတ်လား .. ကျန်တဲ့ အောက်လမ်သိုင်းသမားတွေ ဆိုတာ အဆင့်သိပ်မရှိ တဲ့ ကောင်တွေပဲပေါ့ ညီလေးတု ပြောတဲ့ သွေးဘီလူးလောက်အဆင့်တွေပဲ ကျန်တော့တာ... ''''
               '''မိတ်ဆွေကြီးထင်း ပြောမှပဲ ပြန်စဉ်းစားကြည့်မိတယ် .. ဟုတ်တယ် အဆင့်မြင့်အောက်လမ်းသိုင်းပညာရှင်တွေ အသက်အရွယ် အိုမင်းသည်အထိ မရှိဘဲ ပျောက်ပျောက်သွားတာ ဒီလိုကြောင့်ကိုး ... အဲ့နေရာက ဘယ်မှာရှိသတဲ့လည်း..'''
         ထင်းလွေက ဂူပြင်ဘက်ကို လှမ်းငေးကြည့်ရင်း ..
         ''တစ်ယောက်မှမသိကြဘူး .. ဒါပေမယ့် ဆရာပြောဖူးတာကအမှောင်နန်းတော် ကလူတွေဟာ သိုင်းပညာ သိပ်စွမ်းသတဲ့ ..ဟိုမှာ က သက်ကြားရွယ်အိုတွေပဲရှိတော့ အနှစ် နှစ်ဆယ်ကို တစ်ကြိမ် .. ကလေးသူငယ်တွေကို ခိုးလို့ နန်းတော်ထဲ ခေါ်သွား ပြီး အမှောင်သိုင်းသမားအဖြစ်လေ့ကျင့်ပျိုးထောင်ပေးသတဲ့.. သူတို့ကိုသာ သိုင်းလောကက မသိတာ သူတို့ကတော့ သိုင်းလောကထဲမှာ ဖြစ်ပျက်နေသမျှ တွေကို အကုန်သိတယ်ဆိုပဲ .. ကျွန်တော့်အထင်တော့ ကျွန်တော့်ဆရာကိုယ်တိုင် အဲ့အမှောင်မြို့တော်က ထွက်လာခဲ့တဲ့သူထင်တယ် ...အဲ့လူတွေသာ အားကွေ့ ကို တွေ့လို့ကတော့ သေချာပေါက် ခေါ်သွားမှာပဲ.. ''''
           ဆရာတော်ကလည်း ဂူအပြင်ဘက်သို့ငေးကြည့်ကာ ..
          ''အင်း ပုလွေကတော့ အသဲအသန်ကို ပြေးလာတာပဲ ... ''
         သူ၏စကား အဆုံးတွင် ငွေမျက်နှာသမားတော်ကြီးသည် ဆရာတော်ကဲ့သို့ပင် ကျောက်နံရံကို ခြေဖြင့်ထောက်ကန်ကာ သံဝဂဂူသို့  တက်လာခဲ့သည်.. ဤသည်ကို ကြည့်၍ သူ၏သိုင်းပညာအဆင့်အတန်းမှာလည်း ဆရာတော်နှင့်မတိမ်းမယိင်းဟု သိနိုင်ပေသည်..
          ငွေမျက်နှာသမားတော်ကြီးသည် ဂူထဲသို့ရောက်သည်နှင့်...
        ''အကိုကြီး ..ကျွန်တော်ကဘာများဖြစ်လို့လဲလို့ စိုးရိမ်လို့ပြေးလာတာ .. ဒီဘုန်းကြီးကဘာလာလုပ်တာလဲ.. '''
        ''ပုလွေ စကားအပြောအဆိုကိုဆင်ခြင်စမ်း ..ငါတို့က သူ့အရိပ်ကို ခိုနေရတာ .. မင်းကိုမတွေ့ရတဲ့ နှစ်တွေအတွင်းမှာ ရင့်ကျက်မလာတဲ့အပြင် ငါ့စကားကိုတောင်မင်း ကနားမထောင်တော့ဘူးပေါ့လေ.. မင်းစိတ်ထဲမှာ ထင်းလွေဆိုတဲ့ကောင်ကို သေသွားပြီလို့ သတ်မှတ်ထားတာလား..'''
           ငွေမျက်နှာတော်ကြီး၏မျက်နှာသည် သွေးဆုတ်သလိုဖြူလျော်သွားပြီး ဂူကြမ်းပြင်သို့ဒူးထောက်လိုက်ကာ ...
         '' အကိုကြီးရဲ့စကားအတိုင်း ကျွန်တော်တို့ညီအကိုတွေ ဒါဏ်ကျဆောင်ကနေ တစ်လှမ်းမှတောင်မခွာပါဘူး .. အကိုကြီးကို ဘယ်သူသွေးထိုးတဲ့စကားပြောတာလဲ.''
           ထင်းလွေသည် သူ၏နံပါတ်နှစ်ညီဖြစ်သူ၏   ယခုလို အမူအယာမျိုးမြင်တော့ လည်း စိတ်မကောင်းဖြစ်သွား၍ ..
         '' ထ..ထ ညီနှစ် .. မင်းက ငါ့ထက်ငယ်ပေမယ့် အခုချိန်မှာ သင်္ကန်းဝတ်ကြီးနဲ့ .. မသင့်တော်ဘူး.. ''
        ဆရာတော်သည် ထင်းလွေတို့နှစ်ယောက်ကိုကြည့်ကာ
      '''ထင်းလွေ မှာဒီလိုသစ္စာရှိတဲ့ ညီအကိုတွေရှိလို့လည်း .. သိုင်းလောကကို ချိမ်းခြောက် နိုင်တာပေါ့ .. အင်း.. ငါသာ သူ့ကို အသာမရခဲ့ဘူးဆိုရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာတော့ ဘုရားမှသိမှာပဲ ... ''''
        ဆရာတော်တွေးနေစဉ်မှာပင် ထင်းလွေ၏အသံထွက်လာသည်..
         '''ပုလွေ  ... မင်း သန်းခေါင်ညမိစ္ဆာသိုင်းကို ကျင့်နေတာဆို .. ''''
         ငွေမျက်နှာသမားတော်ကြီးသည် အသံတုန်တုန်ယင်ယင်နှင့်
         ''''ဟုတ်..ဟုတ်ပါတယ်..အကိုကြီး... '''''
         '''' ကဲ ဖြစ်ပြီးတဲ့ကိစ္စလည်း ပြန်ပြင်လို့တော့ မရပေမယ့် .. မင်းရဲ့ခိုင်လုံတဲ့ အဖြေကိုတော့ ငါကြားချင်တယ်...'''
        ''' ကျွန်တော်ဒီသိုင်းရဲ့ အားနည်းချက်ကို သိချင်လို့ပါ.. ကိုယ်တိုင်သိမှ အဖြေရှာ နိုင်မှာ .. အဖြေရှာလို့ရမှ ဘယ်လိုကုသနိုင်မလဲဆိုတာ.....''''
        ပုလွေ၏ စကားမဆုံးခင် ထင်းလွေသည် သူ့ညီအား လက်ကာပြလိုက်၏.. ပြီးမှ ဆို့နစ်သောအသံဖြင့်..
          ''ညီနှစ် .. မင်းရဲ့ အကိုကြီး က အို လှပါပြီကွာ.. နောင်အသက်ရှင်ရတောင် လေးငါးနှစ်ပေါ့ .. ပြီးတော့ အနှစ်သုံးဆယ်လုံးလုံး ငါခံစားရတဲ့ ဝေဒနာနဲ့ ငါနဲ့ အသား ကျနေပြီ.. မင်းကတော့ နောင်ဆယ်နှစ် ဆယ်ငါးနှစ်လောက်အသက်ရှင်ရအုံးမယ်လူ .. အခုလို လုပ်လိုက်လို့ တစ်ခုခုဖြစ်သွားရင် ငါ အသေဖြောင့်ပါအုံးမလားကွာ .. ငါ့အပေါ်မင်းပေးဆပ်မှုရဲ့တန်ဖိုးက တအားကြီးတယ်ဆိုတာမင်းသိရဲ့လား .. ဒီဝေဒနာ ခံရရင် ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ မင်းမသိသေးဘူး . အရင်းအနှီး အရမ်းကြီး လွန်းတယ် ညီနှစ်..  '''
              ထင်းလွေက သူ့ညီကိုပြောလိုက်ပြီး ..ဆရာတော်ဘက်လည့်ကာ ..
     ''ဆရာတော်ကျွန်တော့်ကို စိတ်မဆိုးရင်  ဘယ်လိုဝေဒနာ ခံစားရ မလဲဆိုတာ ပုလွေကို သိစေချင်တယ် .. ဒါမှ သူစွန့်လွတ်ဖို့စဉ်းစားမှာ မဟုတ်ရင် တားလို့ရမှာ မဟုတ်ဘူး ..    '''
       ဆရာတော်သည် မျက်စိမျက်နှာပျက်ကာ ..
      '''ဒီမြင်ကွင်းကိုတော့ ကျုပ်မကြည့်နိုင်ဘူး ကြည့်လည်း မကြည့်ရက်နိုင်ဘူး ..ကျုပ်သွားတော့မယ် မိတ်ဆွေကြီး ...''''
       ''ဖလတ်...ဖလတ်'''
       ဆရာတော်သည် ထင်းလွေ၏ စကားအပြန်ကိုမှ မစောင့်တော့ဘဲ ဂူပေါက်မှ ခုန်ချကာ ဓမ္မဆောင်သို့ပြန်ကြွသွား၏ ...
        ထင်းလွေလည်း ဆရာတော်ပြန်ကြွသွားသည်နှင့် ပုလွေဘက်လည့်ကာ ..
         '''ညီနှစ် ငါ့ကို တော့ခွင့်လွတ်ပါ.. ဒီဝေဒနာဆိုးကြီးက အပြင်ပန်းကြည့်တဲ့ လူအတွက်တောင် တအားကြောက်စရာကောင်းနေပြီ ..ခံစားရတဲ့သူဆို မပြော နဲ့တော့ .. ဒီဝေဒနာဆိုးကို မင်းခံစားဖူးမှ ဒီသိုင်းပညာကို စွန့်လွတ်ဖို့ မင်းစိတ်ကူးမှာ ..  '''
အပြောမဆုံးခင် လှစ်ခနဲ့ ပုလွေ၏နောက်သို့ရောက်သွားကာ..
         ''ထောက်....ထောက်.''
          ထင်းလွေ၏ လက်ညိုးသည် ပုလွေ၏ နောက်ကျော နေရာကို  ထောက်မိသွား ၏...
        ''' ဂျလွတ်..ဂျလွတ်...'''
        ပုလွေ၏ကိုယ်ခန္ဓာအတွင်းရှိ အရိုးများမှာ တစစီပြုတ်ထွက်သွားသည့်နှယ် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများထွက်လာပြီး လူတစ်ကိုယ်လုံးတွန့်လိမ်သွား၏ ..
     ပါးစပ်မှ   ''ဂစ်ဂစ် ''' အော်မြည်ပြီး .. ပုလွေ၏ပါးစပ်အတွင်းမှ အမြုပ်များထွက်လာ သည်..ဝေဒနာသည်ပြင်းထန်လှသောကြောင့် ပါးနှစ်ဖက်မှ မျက်ရည်များစီးကျလာ၏..
      ''အား.....အကိုကြီး ကျုပ်ကိုသတ်လိုက်ပါတော့ ..အား ..အမလေး..''
       ဂူကြမ်းပြင်တွင် တကိုယ်လုံးကောက်ကွေးကာ ဟစ်အော်နေသော ညီဖြစ်သူ အားကြည့်ကာ ထင်းလွေသည်စိတ်မကောင်းလွန်းသဖြင့် ၀ဲလာသော မျက်ရည်စများ ကိုလက်ခုန်ဖြင့်သုတ်၍ ..
       ပုလွေ၏ငယ်ထိပ်ကို လက်ဖြင့်ထောက်လိုက်၏... ပုလွေကား ရေစိုနေသော ဂွမ်းပုံကြီးသဖွယ် မလှုပ်ရှားနိုင်တော့ပေ .. သူ၏ရင်ဘတ်ကြီးကသာ ဖားဖိုသဖွယ် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတော့သည်...
        အတန်ကြာမှ တဂူးဂူးတဂဲဂဲနှင့် ခံတွင်းမှချွဲများကို ရှင်းထုတ်ပြီး ပုလွေသည် တုန်တုန်ယင်ယင်နှင့်ထလာ၏...
         ထင်းလွေက စိတ်မသက်မသာဖွယ်ကြည့်လိုက်ကာ
       ''ကဲ ညီနှစ် ဒီလောက်ဆို ဘယ်လို ဝေဒမျိုးခံရသလည်းဆိုတာ အကြမ်းဖြင်း နားလည်လောက်ရောပေါ့ ..ဒါဟာ အစပဲရှိသေးတယ် နောက်ပိုင်းဆို ဒီထက် ဆယ်ဆ ဆိုးသကွဲ့ .. မင်းဒီလောက်အားစိုက်ပြီးငါ့ကို ကု ပေးထားတာတောင်မှ လပြည့် လကွယ်ဆို ဝေဒနာပြင်းပြင်းပြပြခံရသေးတယ် .. တောင်မွေးလဲတာကို ဖိုးသူတော်က ထူနိုင်ပေမယ့် ဖိုးသူတော်လဲတော့ တောင်မွေးက မထူနိုင် ဆိုတဲ့စကားပုံလို မင်းသာ ဒီလိုဖြစ်လာရင် ကုသပေးနိုင်တဲ့လူတစ်ယောက်မှ မရှိဘူး ညီနှစ် ..အခုမင်းပြန်ပါ .. အဆောင်မှာ သေသေချာချာ စဉ်းစားပါ.. ''''
             ပုလွေလည်း ခဏမျှ အတွင်းအား လေ့ကျင့်ပြီးနောက်သူ့ အကိုကြီး၏ စကားအတိုင်း ဒါဏ်ကျဆောင်သို့ပြန်သွားလေ၏..
.....''''......'''''.......'''''.......'''.....
ယနေ့ကား ရှောင်လင်၏ အဆောင်ရွေးပွဲတည်း...
       အကြီးတန်းကိုရင်များမှာ သိုင်းပညာယှဉ်ပြိုင်ရမည်ဖြစ်ပြီး .. အငယ်တန်း ကိုရင်များကတော့ အခြေခံသိုင်းကစား ပြရမည်ဖြစ်သည် ....  အဆောင်မှူး လေးယောက် မှာ ထိုထဲမှ စိတ်ကြိုက် ကိုရင်များကိုရွေးချယ်မည်ဖြစ်၏..
     လော့ဟန်အဆောင်မှူး .. တာမောအဆောင်မှူး... ပိဋိကတ်အဆောင်မှူး (တရားဆောင်).. နှင့် တံခါးနီအဆောင်မှူး ( ကျားနဂါး ဆရာတော်များ နှင့် အဝေးရောက် ရှောင်လင် ဂိုဏ်းသားများ အား အုပ်ချုပ်ရသည့်အတွက် ကိုရင်များနှင့် မဆိုင်ပေ..) ဆရာတော်လေးပါးမှာ စင်မြင့်ထက်တွင် တည်ကြည်ခံညားစွာ ထိုင်နေကြ ပြီး ကိုရင်များ၏စွမ်းရည်အား ဆုံးဖြတ်ရန် အသင့်ရှိနေ၏..
        ထိုဆရာတော်လေးပါး၏ နောက်တွင် ဂိုဏ်းစောင့်ဆရာတော် ရှစ်ပါးက အသီးသီးရပ်နေကြသည် .. စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်ကတော့ အခြွေအရံများစွာဖြင့် စင်အောက်တွင် ဟန်ရေးပြနေသည် ..
      လော့ဟန်အဆောင်မှူးသည် ကျောက်ဆစ်ကျောက်သားကဲ့သို့ အချိုးအဆစ် ထွားလှပြီး အတွင်းအားမဆိုနှင့်အပြင်အားကပြင် လူတကာထက်ပိုသာမည့်ပုံပင်အဝေး မှကြည့်လျှင်အားမာန်ဝင့်ထည်လှသောခြင်္သေ့ကြီးတစ်ကောင်အလားရှိ၏.....ကြီးမား လှသောကိုယ်ခန္ဓာကြောင့် သူ၏နဘေးတွင်ထိုင်နေကြသော တာမောဆရာတော် နှင့် တံခါးနီဆရာတော်မှာ နဂိုထက် ပိုသေးကွေးနေသယောင် ထင်ရ၏... ပိဋိကတ် ဆရာတော် ကမူ ပိန်လိုက်သည်မှာက အရိုးနှင့်ဂေါက်ဂက်ပင် .. အသားအရည်မှာ လည်း မှိုခြောက်သဖွယ် စွတ်စွတ်ဖြူနေရာ မသိလျှင် အရိုးစုကြီးအား သင်္ကန်းပတ်ကာ ထိုင်ခိုင်းထားသည့်သဖွယ်...
        သိုင်းသင်တန်းမှူးဆရာတော်ကျားဘီလူးကတော့ နှစ်လံပတ်လည်လောက် ရှိသော မောင်းကြီးကို တစ်ဒူဒူနှင့်ထုနေသည်...
        မောင်းသံကြားသည်နှင့် ရှိသမျှ ဘုန်းကြီး ကိုရင်အပေါင်းတို့သည် စင်၏အရှေ့ ကွင်းပြင်ကျယ်ကြီးထဲတွင် စနစ်တကျ စီတန်းကာရပ်လိုက်ကြ၏... ထိုကိုရင်များ ကြားတွင် အားကွေ့လည်းပါသည်..
          အားကွေ့သည်ကား ထိုတပတ်အတွင်း မည်သို့ကျင့်လိုက်သည်မသိ သူ၏ လက်မောင်း ဗိုက်နှင့် ခြေထောက်တို့မှာ လူကြီးသဖွယ် ဖောင်းဖု၍နေ၏... တွေ့သမျှ လူအပေါင်းလည်း အားကွေ့ကို ကြည့်ကာ အံ့သြောနေကြသည်..
          ကိုရင်ကြီးရွှီပင်းတို့အုပ်စုမှာ အားကွေ့အားကြည့်ကာ ..
       ''ဟေ့ကောင်တွေ ဟိုမှာ အားကွေ့ကို ကြည့်စမ်း .. ဘယ်လိုဖြစ်တာလဲဟ.. မနေ့ညကတောင် ဒီကောင် ၀ါးခြမ်းခြားလိုပိန်ကပ်နေတာ .. တညအိပ်လိုက်တာ နဲ့ ဒီလိုဖြစ်သွားအောင်ဘယ်လိုကျင့် ထားသလဲမသိဘူး ...''''
      ''မဖြစ်နိုင်ဘူးကွ ...ငါ့အထင် ဒီကောင် ကလိမ်ကျစ်လုပ်ထားပြီနဲ့တူတယ် .. စည်းကမ်းထိန်းသိမ်းရေးမှူးကို သွားတိုင်ကြမလား ..'''
      ''ဟေ့ဟေ့.. မလုပ်ကြပါနဲ့ကွာ တော်နေကြာ သူပြန်ကြားသွားမှ .. ငါတို့ အလကားနေအလကား ခံနေရအုံးမယ် ..ငါကတော့ အားကွေ့ကို မြင်ရင်ကို လန့်ဖျား ဖျားချင်လာတယ် ..'''
          အားကွေ့ကတော့ ခပ်တည်တည်နှင့်ပင် သွားကျိုးနှင့်ဒက်ပေါအား ဘယ်ညာထားပြီး လမ်းသလားနေသည် ..
          သွားကျိုးက
          ''ပျစ်..ပျစ်.. အကိုအားကွေ့ .. ဟိုမှာ ကိုရင်ကြီးရွှီပင်းတို့အုပ်စု အကိုအားကွေ့ကို ကြည့်နေတယ် ..''''
           အားကွေ့ကသွားကျိုး၏ စကားကြောင့် ရွှီပင်းတို့ဖက်လည့်ကြည့်လိုက်ရာ ရွှီပင်းတို့မှာ လိပ်ပြာငယ်သူအား ညဘက်ခေါစာ ပစ်ခိုင်းသကဲ့သို့ ချက်ခြင်းပင် နောက်လည့်သွားကြသည်....
             .ဒက်ပေါကထိုအပြုအမူကို သဘောကျကာ
         '' ဟားဟား အကိုအားကွေ့ကိုတော့ အဖေထက် ကြောက်တဲ့ကောင်တွေ.. ဒါနဲ့အကိုအားကွေ့ ညာဘက်လက်မောင်းက နည်းနည်းပိန်နေတယ် .. ပြင်လိုက်အုံး''
           အမှန်စစ်စစ်အားကွေ့မှာ လက်မောင်း..ခြေထောက်နှင့်ဝမ်းဗိုက်ကို အ၀တ်စများ ပတ်ထားခြင်းသာ ..
          ထိုစဉ် အားကွေ့နှင့်ဝေးရာသို့ထွက်လာကြသော ကိုရင်ကြီးရွှီပင်းတို့ အုပ်စုထဲမှ ခေါင်းကြီးကြီးနှင့်ကိုရင်မှ..
        ''ခဏနေကြအုံးကွ.... '''
        ''ဘာဖြစ်လို့လဲ...'''
ခေါင်းကြီးက
         '''မင်းတို့စဉ်းစားကြည့်စမ်း.. အားကွေ့သာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးစစ်တာ အောင်သွားရင် လော့ဟန်အဆောင်ကို ရောက်သွားမှာ..ငါတို့ကလည်း သေချာပေါက် လော့ဟန်အဆောင်ရောက်မှာဆိုတော့ ..ဒီကောင်နှိပ်စက်သမျှ မသေမချင်းခံနေရမှာ ကွ..'''
      ခေါင်းကြီး၏အပြောကြောင့်ကျန်သူများမှာ မျက်နှာရှုံ့မဲ့သွားကြကာ ..
     ''ဟုတ်တယ်.. ဒီကောင်သာ လော့ဟန်အဆောင်ကျလို့ကတော့ ငါတို့ သေပြီပဲ...ဒီတော့ဘယ်လိုလုပ်ကြမလဲ..''''
ခေါင်းကြီးကပင်...
    '''လွယ်ပါတယ်ကွာ ..စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်ကိုဒီကောင့်အကြောင်း သွားပြောကြတာပေါ့ သူသိလို့ ငါ့တို့ကိုလက်စားချေလည်း တစ်ခါပဲပေါ့..နို့မို့ဆို သူ့မျက်နှာကို တစ်သက်လုံးတွေ့နေရမှာ .. တန်ပါတယ်ကွာ..''''
       ထို့နောက် စည်းကမ်းထိန်းသိမ်းရေးမှူးရှိရာသို့ အဖွဲ့လိုက် .. သွားလေကြ၏...
....''..''....
       သွားကျိုးသည်ပြန်လည် ထွက်စပြုနေသော သွားငုတ်တိုလေးအား လျှာ ဖြင့်ထိုးလိုက်တိုင်း ယားကျိယားကျိဖြစ်သွားသည်ကို အရသာတွေ့နေသဖြင့် ထိုးကြည့် နေရင်းမှ သူတို့ဆီ တည့်တည့်လှမ်းလာနေသောစည်းကမ်းထိန်းသိမ်းရေးမှူး တို့ကို တွေ့လိုက်ရ၏..
      ''အကိုအားကွေ့...အကိုအားကွေ့ ..အခြေအနေတော့ သိပ်မကောင်းတော့ဘူး ထင်တယ်...'''
       '''ဘာဖြစ်တာလဲ သွားကျိုးရ အရင်းမရှိအဖျားမရှိနဲ့  ''
        ''.စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်တို့ ဒီဘက်ကို လာနေတယ် ..  ကိုရင်ခေါင်းကြီး နဲ့ကိုရင်ရွှီပင်းတို့ ချွန်တွန်းလုပ်လိုက်ပြီနဲ့တူတယ် ..'''
        ဒက်ပေါကလည်း ယခုမှမြင်သွားကာ ..
       '''' ဘယ်လိုလုပ်ကြမလဲ အကိုအားကွေ့ ... အလိမ်မိသွားရင် ဒုက္ခပဲ .. '''
       အားကွေ့မှာမပြောသာပေ.. .
စည်းကမ်းထိန်းသိမ်းရေးမှူးဆရာတော်သည် အားကွေ့အားကြည့်ကာ အကြီးအကျယ် ၀မ်းသာနေပုံပေါ်သည်... သူ့နောက်မှ ဒုတ်ကိုင်တပည့်လေးပါးကတော့ အားကွေ့ အားဒါဏ်ပေးရတော့မည်ဖြစ်သဖြင့် မဖုံးနိုင်မဖိနိုင်ပင် မျက်နှာတစ်ခုလုံးရွှင်ပြုံးကာ နေ၏ ...
      ကျောင်းဝင်းအတွင်းတွင် အားကွေ့သည် အဆိုးဆုံးဖြစ်သည်ဟု နာမည်ကျော် သည်မဟုတ်လား.. သို့သော် မည်သူမျှ တိုင်မည့်သူမရှိ၍  တစ်ကြိမ်တစ်ခါမျှ အပြစ် မပေးစဖူးပေ.. ယခုမှသာ..
        စည်းကမ်းထိန်းသိမ်းရေးဆရာတော်ကလက်ကို ဟန်ပါပါ ရှေ့ထုတ်လိုက်ပြီး အားကွေ့၏သင်္ကန်းစကို လက်ဖြင့်စမ်းလိုက်၏..
      ပြီးနောက်
       ''အားကွေ့ကို အဆောင်ရွေးပွဲကထုတ်တယ် .. ဒီနေ့ကစပြီး သူဟာ ပိဋိကတ်ဆောင် တာမောဆောင် နဲ့ တံခါးနီဆောင် အဆောင်သုံးဆောင်အတွက် သန့်ရှင်းရေးအလုပ်သမားအဖြစ် တာဝန်ထမ်းဆောင်ရလိမ့်မယ် ..''
           အားကွေ့သည် ခေါင်းငိုက်စိုက်ကျသွား၏.. ပြီးနောက် စီတန်းနေသောနေရာ မှ လေးလံသောခြေလှမ်းများဖြင့် တစ်ယောက်ထဲထွက်လာသည်.. သူ၏ သိုင်းပညာ သင်ကြားရန် အိမ်မက်ကလေးမှာ ပျောက်ပျက်ကုန်ပြီထင်၏..  စိတ်ညစ်ညစ်ဖြင့် အဆောင်ရွေးပွဲ နှင့် သိပ်မဝေးသော ကုန်းမြင့်ကလေးပေါ်သို့ အားတွေ့တက်သွား၏
          သာယာလှပလွန်းသော ကုန်းမြင့်ကလေးဖြစ်သော်လည်း အားကွေ့အတွက် တော့ မလှပခဲ့ပါ.. .. သို့သော် သူ့ထက် ကုန်းမြင့်ပေါ်တွင် နေရာယူထားသူတစ်ဦး ရှိပါ၏.. အားကွေ့အား ကျောပေးကာထိုင်နေသော်လည်း သင်္ကန်းအ၀ါရောင် ကို ၀တ်ဆင်ထား၍ ရှောင်လင်ဘုန်းကြီးတစ်ပါးဖြစ်သည်မှန်းသိလိုက်ရသည်...ထိုသူကို မြင်သဖြင့် အားကွေ့ခြေလှမ်းအတန့်တွင်..
          ထိုသူက
          ''' လူလေးရေ..လာကွဲ့ ဘုန်းဘုန်းဘေးမှာလာထိုင်..''
          အသံကြားလိုက်ရမှ ရှောင်လင်ကျောင်းထိုင်ဆရာတော်မှန်းသိလိုက်၏..
  ဆရာတော်ကဆက်လက်ပြီး
            ''' ဒီအပေါ်ကနေကြည့်ရင် ရှောင်လင်ကျောင်းတော်က သိပ်ပြီး သာယာတာကွဲ့ ...'''
          သိုင်းလောကတွင် ဧကရာဇ်သဖွယ် ထွန်းလင်းတောက်ပနေသော ရှောင်လင် ကျောင်းထိုင်ဆရာတော်သည် အခင်းမခုမပါသော မြက်ခင်းကပ္ပလာတွင် စိတ်လွတ် ကိုယ်လွတ်ထိုင်နေသည်ဟု ပြောလျှင် မည်သူမျှပင်ယုံမည်မထင်..
           ''စည်းကမ်းထိန်းသိမ်းရေးမှူးက လူလေးကို အဆောင်ရွေးပွဲက ထုတ်လိုက် တယ်ထင်ရဲ့ ဟုတ်ရဲ့လား..''''
           အားကွေ့က အသံတိမ်တိမ်ဖြင့်...
        ''ဟုတ်ပါတယ်ဘုရား..''''
        ''လူလေးကိုဘယ်နေရာမှာ ထားမတဲ့လဲ..'''
         ''တာမောဆောင် ..ပိဋိကတ်တော်ဆောင်နဲ့ တံခါးနီဆောင် အဆောင်သုံးဆောင် ရဲ့ သန့်ရှင်းရေးတဲ့ဘုရား..'''
      ဆရာတော်က အားကွေ့ဖက်သို့လည့်ကာပြုံးလိုက်ရင်း ..
     '' စည်းကမ်းဆိုတာ လူ့အဖွဲ့အစည်းကို မပြိုလဲအောင် ထောက်ထားတဲ့ ဒေါက်တိုင်ကွဲ့ .. ဒါပေမယ့် ဘာမှ စိတ်သောကရောက်မနေနဲ့လူလေး.. ဘုန်းဘုန်း ဆိုရင် လူလေးအရွယ်တုန်းက ရှောင်လင်မှာအောက်ခြေသိမ်း ကိုရင်ငယ်ကွဲ့ .. ကိုရင်ကြီးတွေရဲ့ အ၀တ်အစားတွေလျှော်ဖွပ်ပေးရတယ် .. ထင်းခွေရတယ် ..ဆီဆုံလည့်ရတယ် ..  ထောင်ချီတဲ့ပိဋိကတ်တော်တွေကို နေသားကျအောင်စီပေး ရတယ် .. မနက်ဆို လေးချက်မောင်း ရောက်တာနဲ့ ဘုန်းဘုန်းတို့ သူငယ်ချင်း နှစ်ယောက်တံပျက်စည်းကိုယ်စီနဲ့ ကျောင်းဝင်းထဲက အမှိုက်တွေလှည်းကျင်းရရော..  အင်း.....'''
      အတိတ်ကို ပြန်လည်သတိရသွားသည့်နှယ် ဆရာတော်၏ မျက်လုံးအစုံသည် မှုန်ရီကာ အဝေးသို့မျှော်ကြည့်နေ၏..
      အားကွေ့လည်းဆရာတော်၏ စကားအား စိတ်ဝင်စားစွာဖြင့်...
     ''အခု အရှင်ဘုရားရဲ့သူငယ်ချင်းကရောဘုရား..'''
      ''လူလေးတွေ့ဖူးပါတယ်ကွယ် .. လူလေးလက်ချက်နဲ့ ဆုံးပါးသွားတဲ့သူက ဘုန်းဘုန်းရဲ့သူငယ်ချင်းပဲ ..''
        အားကွေ့သည် စိတ်ထဲတွင်''ဟိုက်''ခနဲ့ဖြစ်သွားပြီး ပြူးကျယ်သော မျက်လုံးအစုံဖြင့် ဆရာတော်အားကြည့်မိသည်.. သူ၏စိတ်ထဲတွင် အနှီလူနှစ်ယောက် အားဆက်စပ်၍ကားမရ..
      ဆရာတော်က အားကွေ့၏ အတွေးကို ကြိုသိနေသည့်နှယ်..
        ''အသက်အရွယ်ရလာတော့ ဘုန်းဘုန်းက တာမောဆောင်ရဲ့အဆောင်မှူး ဖြစ်ရော..သူကတော့ တံခါးနီအဆောင်မှူးပေါ့.. အဲ့တုန်းက တံခါးနီအဆောက်မှူး ဆိုတာ သိုင်းပညာအရမ်းထူးချွန်မှဖြစ်တာကွဲ့ .. ကျားနဂါးဆရာတော် ထဲကမှ အဆောင်မှူးအဖြစ်ရွေးတာကိုး.. သူကသိုင်းပညာနဲ့ပတ်သက်လာရင် လောဘအရမ်း ကြီးတယ် .. သင့်၏မသင့်၏ တော်၏မတော်၏ မစဉ်းစားဘူး ထက်မြက်တဲ့သိုင်းမှန် သမျှ သူလေ့ကျင့်တာပဲ.. ရှောင်လင်မှာ အသက် ဆယ့်လေးနှစ်နဲ့ သဏ္ဍန်ငါးမျိုးသိုင်း ကိုတတ်တာ သူရယ် သစ္စာဖောက်ဘုန်းကြီးကုန်းစုပိုင်ရယ် နှစ်ယောက်ပဲရှိတယ်.... နောက်တော့ လျှို့ဝှက်ခုနှစ်ဆယ့်နှစ်မျိုးသိုင်း ကိုသူအောင်မြင်သွားတဲ့အခါမှာ သူ့ကိုယ်သူမတင်းတိမ်နိုင်တော့ဘူး ..ဂိုဏ်းချုပ်ကြီးတွေမှ လေ့လာရတဲ့ အရိုးကျုံ့ အကြောလျော့ သိုင်းပညာကို ပါတတ်ချင်လာတယ် .. ခက်တာက အဲ့သိုင်းကျမ်းက တာမောဆောင်မှာ ချိတ်ပိတ်ထားတဲ့ ပညာရပ်ဖြစ်တာကိုး ..  ဒါပေမယ့် သူက လက်မလျော့ဘူး ဘုန်းဘုန်းဆီကိုနေ့တိုင်းလာပြီး နပူနဆာ လုပ်တာပေါ့ .. ဘုန်းဘုန်း ကလည်း အဆောင်ရဲ့စည်းကမ်းအရ ဘယ်လိုမှ မဖြည့်ဆီးပေးသာဘူးလေ..  လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်ကပေါ့ .. တာမောဆောင်မှာ ချိတ်ပိတ်ထားတဲ့ သိုင်းကျမ်း ပေစာရွက်တွေ မပျက်စီးဖို့ ဖယောင်းတိုက်ပြီး နေပူမှာ ထုတ်လှမ်းကြတယ် .. ဘုန်းဘုန်းက ဦးဆောင်ဆရာတော်ပေါ့ .. အခုလက်ရှိတာမောအဆောင်မှူး ခုံးချင့် က ဘုန်းဘုန်းရဲ့ လက်ထောက်ပေါ့ .. ဘုန်းဘုန်းတို့နှစ်ယောက်ထဲ ရာနဲ့ချီတဲ့ သိုင်းကျမ်း စာရွက်တွေကို မနိုင်နင်းတော့ ယုံကြည်ရတဲ့ ဘုန်းကြီးကိုးပါးကို အကူအညီတောင်းရ တယ် .. အဲ့ထဲမှာ သူရောပါတယ်လေ ..အစကတော့ ဘုန်းဘုန်းတို့လည်း ဘယ်သိ မလဲ သူ့စိတ်ထဲမှာ ကျိတ်ကြံနေမှန်း ... သူလိုချင်တဲ့ အရိုးကျုံ့ အကြောလျော့ သိုင်းကျမ်းကို ဘုန်းဘုန်းကိုယ်တိုင် စောင့်ကြပ်တော့ သူမကပ်နိုင်ဘူလေ.. အဲ့ဒီတော့ အလားတူ အစွမ်းထက်တဲ့ လေ၀ဲအအေးလှိုင်း သိုင်းကျမ်း ကို အလွတ်ကျက်တာပေါ့.. ဉာဏ်အလွန်ကောင်းတဲ့ သူဆိုတော့ သိုင်းကျမ်းကို အလွတ်ရသွားဟန်တူပါတယ် ..  နောက်တစ်လလောက် နေတော့ သူ့တပည့်တစ်ယောက်နဲ့အတူ သိုင်းလောကထဲဆင်းသွားရော .. လူလေးသိတဲ့ အတိုင်းပဲ တံခါးနီအဆောင်မှူး ..ကျားနဂါးကိုယ်တော်တွေနဲ့ ရှောင်လင်အဝေးရောက် သိုင်းသမား(ကျားနဂါးကိုယ်တော်များ လူဝတ်လဲလျှင် ရှောင်လင်၏ အဝေးရောက်သိုင်းသမားဟုခေါ်ပါသည် ..)တွေပဲ သိုင်းလောကထဲကို  ခွင့်မပန်ဘဲ သွားခွင့်ရှိတယ်လေ.. .. အဲ့နောက်ပိုင်း ပြန်မပေါ်လာတော့တာ ..အခုလူလေးရဲ့ လက်ချက်မိမှပဲ တွေ့ရတော့တယ်..'''
      အတိတ်ဇာတ်လမ်းအားပြန်လည်ပြောပြပြီးသည့်နောက် ဆရာတော်သည် အဆောင်ရွေးပွဲအား မျက်တောင်မခတ်တမ်းကြည့်ရှုနေ၏..
     အားကွေ့က ထပ်မံ၍ဆရာတော်အား အမေးစကားဆိုမိသည်..
      ''အရှင်ဘုရားသူ့ဂူထဲမှာရှိတဲ့ အပင်ကဘာပင်လည်းဘုရား..အသီးတွေက အရောင်ထွက်ပြီး အေးလိုက်တာလည်းလွန်ရော ..''
       ''အင်း.. အဲ့အပင်ကို သူဘယ်ကနေရှာတွေ့ခဲ့သလဲတော့မသိဘူး .. လေ၀ဲ အအေးလှိုင်းသိုင်းပညာက အအေးဓါတ်ပြင်းလွန်းတဲ့ နေရာတွေမှာ ကျင့်ရတာကွဲ့ .. ရေခဲတောင်တို့လို နေရာမျိုးမှာပေါ့ ... အခုတော့သူက အဲ့အပင်ရဲ့အအေးဓါတ်ကို အမှီပြုပြီးကျင့်နေတာကိုး .. အောက်လမ်းသိုင်းပညာဖြစ်တော့ သူ့ရဲ့ပင်ကိုယ် ဗီဇစိတ် ပါဖောက်ပြန်သွားလေရှာရော.. ဒုက္ခ..ဒုက္ခ..'''
          ''အရှင်ဘုရားတို့က ဘာလို့ ဒီမကောင်းဆိုးဝါးသိုင်းကျမ်းတွေကို သိမ်းထားတာလည်းဘုရား...''''
           ''ခေတ်အဆက်ဆက်က တချို့သော အောက်လမ်းသိုင်းထိပ်ခေါင်တွေ အမြင်မှန်ရသွားရင် ရှောင်လင်မှာ လာပြီး ဘုန်းကြီးဝတ်ကြလေ့ရှိတယ် .. အဲ့အခါမှာ သူတို့ရဲ့ သိုင်းကျမ်းတွေကိုပါ ရှောင်လင်ကိုလှူတယ်ကွယ့် ..  ငြင်းပယ် လို့မရတော့ လက်ခံထားရတယ် .. တချို့ကတော့ အဖြူရောင်သိုင်းသမားတွေပေါ့ သူတို့လည်း အမွှေဆက်ခံတဲ့သူမရှိရင် လာလှူတယ် .. တစ်ချို့သိုင်းကျမ်းတွေက တော့ ရှောင်လင်က အလှူခံထားရတဲ့သိုင်းတွေကွဲ့ .. (သိုင်းကျမ်းကြောင့်  သွေးချောင်းစီးမည့်အရေးမဖြစ်လိုသဖြင့် ရှောင်လင်မှ ကြားဝင် သိမ်းဆည်းထားခြင်းကို ဆိုလိုသည်.. ) သိုင်းကျမ်းအဆူဆူကို မဖျက်ဆီးပဲ သိမ်းထားရတဲ့ရည်ရွယ်ချက် ကတော့ သူတို့ရဲ့ တစ်သက်တာလုံး ကျိုးစားလာတဲ့ သိုင်းအဆီအနှစ်တွေကို မဖျက် လိုတာက တစ်ကြောင်း ..သိုင်းကွက်တွေရဲ့ သဘောတရားကို လေ့လာလိုတာက တစ်ကြောင်း အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတာပေါ့..'''
#27 ( အစ၏အဆုံး ..အဆုံး၏အစ )
          ဆရာတော်ရှင်းပြမှပင်ညအားကွေ့လည်း ထိုသိုင်းကျမ်းများ၏ အရေးပါပုံ သိလိုက်ရ၏..
         ''ဒူ...ဒူ...ဒူ'''
        မောင်းသံတစ်ဒူဒူထုသံက ဆန်းဆက်တောင်တန်းတစ်ခွင်တို့ ပြန့်နှံ့သွား လေသည် ..
         အရွယ်မတူ အဆင့်မတူသော လူနှစ်ယောက်မှာ အပြာရောင်မိုးသားကြီး၏ အောက် စိမ်းမြမြမြက်ခင်းပြင်ပေါ်တွင် သက်တောင့်သက်သာရှိစွာ ထိုင်လျှက် အဆောင်ရွေးပွဲကို ကြည့်ရှုနေကြ၏..
      အားကွေ့၏ရင်ထဲတွင် ဆရာတော်၏ စကားကြောင့် စောနက မကျေလှယ်မှုများ ယူပစ်လိုက်သလို ပျောက်သွားပြီဖြစ်သည်..
      သူတစ်ယောက်သာ ရှေုာင်လင်၏သန့်ရှင်းရေးအလုပ်သမား ဖြစ်ခဲ့သည်မဟုတ် တစ်တိုင်းပြည်လုံးဟုန်းဟုန်းတောက်ကြော်ကြားနေသော ရှောင်လင်၏အဓိပတိ ဆရာတော်ပင်လျှင် သူလိုဘ၀မျိုးက တက်လာခဲ့သည်မဟုတ်လော.. မည်သည့် အတွက်မှ စိတ်ညစ်စရာမလို လိုခြင်စိတ်ဖြင့် ကျိုးစားလျှင် မဖြစ်နိုင်စရာ ဘာမျှမရှိ ဟူသော အတွေးဝင်သွားပြီလေ..
        ထိုအတွေးမျိုးဝင်လာသည်နှင့် လောကတခွင်မှာ အခါတိုင်းရက်များထက်ပင် ပို၍လှပနေသယောင်ယောင်.. ချက်ခြင်းလက်ငင်းပင် သူ အပေါ်စီးက မြင်နေရသမျှ သည် မိမိ၏ခြေဖ၀ါးအောက်သို့ ရောက်ရှိသွားသလိုပင်..
        ***လောကတွင် စိတ်သာရှင်စော ဘုရားဟောဟု အဆိုရှိ၏ ..ထိုအဆိုအတိုင်း ပင် မိမိ၏စိတ်သည် အညံ့နှင့်အပျက်ကိုသာ တွေးတောနေလျှင် ကိုယ်စိတ်နှလုံး ညစ်ညူးလျှက် လက်တွေ့တွင်လည်း မကောင်းသောအရာမျှသာ တွေ့ကြုံရမည်သာ ဖြစ်သည်.. အကောင်းနှင့်အကျိုးကို သာ တွေးတောနေသူသည် လက်ငင်းတွင်ပင် စိတ်ချမ်းသာမှုရရှိနေသည်ဖြစ်၏.. စကားပုံတစ်ခုရှိပါ၏ .. ....''''' မိမိစိုက်ပျိုးသည့် အတိုင်းသာ ပြန်လည်ရိတ်သိမ်းရ ကုန်၏ဟူသည်'''*****
        သန့်ရှင်းလတ်ဆတ်သောလေကို အဆုတ်တွင်းထိတိုင် အားရပါးရ ရှိုက်ရှူပြီး သကာလ အားအင်များသည် ကိုယ်နှင့်မဆန့်အောင် တိုးပွားလာသည်ဟု အားကွေ့ ခံစားလိုက်ရသည်..ယခုအချိန်တွင်တော့ မိမိသည်သာ ဘုရင် ..မိမိသည်သာ ကျွန် ဖြစ်လေပြီဖြစ်သည် .. မိမိ၏ဇာတ်ကို မိမိ ကရမည်ဖြစ်ပြီး ..မိမိဖြစ်လိုရာလမ်း ရောက်အောင် မိမိကိုယ်သာရောက်အောင်လှမ်းရတော့မည်..
      ''ယား..ယစ်...ကျား'''
      ''ဖောင်း..ဖောင်း..ဖြောင်း.'''
      စင်မြင့်ပေါ်တွင် ကိုရင်ကြီးနှစ်ပါး သိုင်းကွက်ခင်းနေလေပြီ..ရှောင်လင်စည်းကမ်း အရ တစ်ယောက်နှင့်တစ်ယောက် ထိခိုက်နာကျင်အောင် မတိုက်ခိုက်ရသော် လည်း အားမာန်အပြည့်နှင့်တိုက်ခိုက်နေကြသည်ဖြစ်ရာ ကြည့်၍ရှုမငြီးအောင်ပင်..
        အားကွေ့တစ်ယောက်စိတ်ပါဝင်စားစွာကြည့်နေစဉ်ဆရာတော်က
     ''အားကွေ့ လူလေး သိုင်းပညာကို စိတ်ဝင်စားသလားကွဲ့ ... ''
      ''ဟုတ်ကဲ့ အရှင်ဘုရား အရမ်းစိတ်ဝင်စားပါတယ် ..'''
      ''လူလေးက ဘာကြောင့်သိုင်းတတ်ချင်တာလည်း..'''
      ဆရာတော်၏ အမေးစကားကြောင့် အားကွေ့တစ်ယောက် အဖြေစကားရှာ မတွေ့ဘဲ အိုးတိုးအန်းတမ်းဖြစ်သွား၏ .. ဟုတ်သည် သူများတွေ သိုင်းလေ့ကျင့် တာမြင်၍ သိုင်းသင်ချင်စိတ်ဖြစ်နေသောလည်း ကိုယ့်ကိုယ်ကိုယ်တော့ တစ်ခါမှ မဆန်းစစ်ကြည့်ဘူးပေ..
       '' မသိဘူးဘုရား .. သူများတွေ သိုင်းသင်တာတွေ့လို့ ကျွန်တော်လည်း သင်ချင်တာ '''
       ဆရာတော်သည်အားကွေ့၏ အဖြေကြောင့် တံတွေးသီးသည်အထိရယ် မောလိုက်ပြီး ...
        ''' ဟား..ဟား..ဟား.ဟား.အဟွတ်..အဟွတ်.. ဒါကြောင့်မို့လို့ ထင်းလွေက ပြောတာကိုးကွ..အဟွတ်အဟွတ်'''
          '' ဘဘထင်းလွေက ဘာပြောလို့လည်းဘုရား''
 ဆရာတော်က အားကွေ့၏အမေးကို မဖြေဘဲ.. သူ၏ ခါးကြားမှ သံဂျီးကိုက်နေသော သော့ကျိုးကြီးတစ်ချောင်းကိုထုတ်ကာ ..
         ''''လူလေးမသိပါဘူးကွယ်.. လူလေး ရဲ့အဖြေကို သဘောကျလို့ ဘုန်းဘုန်း ဒီသော့တံကိုပေးလိုက်မယ် . ..''
          အားကွေ့က ထိုသော့တံကြီးကိုကြည့်ကာ ..
    ''အင်းဆရာတော်ဘုရားက အသက်ကြီးပြီဆိုတော့ သူငယ်များပြန်ချင်တော့တာ လားမသိဘူး ဒီသော့တံအကျိုးကြီကို ငါက ဘာလုပ်ရမှာလည်း .. '' ဟုတွေးပြီး လေသံလေးဖြင့် ..
        ''တင်ပါ့ဘုရား..''
        ''လူလေးက ဒီသော့ကျိုးကြီးကို အခုချိန်မှာတော့ အထင်သေးနေမှာပေါ့.. နောင်တစ်ချိန်မှာ ဒီသော့ကျိုးကြီးကြောင့် လူလေးဟာ .. သိုင်းလောကမှာ နေလိုလ လို လင်းလိမ့်မကွဲ့ ..ဒါပေမယ့် လောဘ မကြီးဖို့တော့လိုမယ် ...''
          ''ဘုရားရေ ..ဒီသော့စုတ်ကြီးကိုသိမ်းထားရင်ငါ့ကိုတော့ အရူးလို့ထင်ကြတော့ မှာပဲ ..'''
          ဆရာတော်ကမ်းပေးသည့် သံဂျီးကိုက် သော့အကျိုးကို ယူကာသင်္ကန်းစထဲ ထိုးထည့်လိုက်၏ ...
        ''ပြီးတော့ လူလေး .. မင်းဘဘထင်းလွေဆီကို မကြာမကြာသွားပေးကွဲ့ .. ကြားလား.. '''
          ''တင်ပါ့ဘုရား...'''
          တကယ်တော့ ဆရာတော်သည် အားကွေ့အားမြင်ရသည်မှာ သူ၏ ငယ်စဉ်က ပုံရိပ်ကို ပြန်လည်တွေ့ရသလိုဖြစ်သောကြောင့်ပင် ..
        ''အင်းဒါကြောင့်ထင်းလွေက အကောင်းဖက်ဆို ငါနဲ့တူမယ် .. အဆိုးဘက်ဆို သူနဲ့တူမယ်လို့ပြောတာကိုး ..'''
         ဆရာတော်သည် သူ၏ အရေပြားများတွဲရွဲကျနေသောလက်ဖြင့် အားကွေ့၏ ခေါင်းပြောင်ပြောင်ကြီးကို ပွတ်သပ်ကာ ..
    ''' ငြိမ်းချမ်းခြင်းဆိုတာ နှလုံးသားထဲက လာတယ်ကွယ့်လူလေးမြဲမြဲမှတ်ထား .. သွားရမယ့်ရှေ့လျှောက်ဘ၀လမ်းခရီးသာယာပါစေကွယ်..''
     ဟုပါးစပ်မှ ရွတ်ဆိုပြီးနောက် အားကွေ့ အားကျောပေးကာ ထွက်သွားလိုက်လေ၏
 အားကွေ့သည် တဖြည်းဖြည်းဝေးကွာသွားသော  ဘုန်းကြီးအိုကြီး၏ ကျောပြင် သေးသေးလေးကိုကြည့်ကာ ငိုချင်သလိုလိုခံစားလိုက် ရသည်...  ဘုန်းကြီးအိုကတော့ ဘာမျှမသိသည်နှယ် တုန်ချိတုန်ချိဖြင့် ကုန်းမြင့်ပေါ်မှငြိမ်းအေးစွာ တစ်လှမ်းခြင်းဆင်း သွားလေ၏..
       ''ဟေး...ဟေး..''
       ဟူသောအသံကြားမှ အားကွေ့လည်းအောက်ကိုငုံကြည့်မိသည် ....လော့ဟန် အဆောင်သို့ကျသွားသော ကိုရင်လေးများ၏ပျော်ရွှင်သော အော်ဟစ်သံဖြစ်၏..
      အားကွေ့က တစ်ချက်ပြုံးလိုက်ပြီး သူ၏၀ူပေနယ်မှ နာမည်ကျော် တေးတစ်ပုဒ် ဖြစ်သည့်  လမင်းထဲမှာ ကျွန်မကိုရှာပါ ဆိုသော သီးချင်းအလိုက်အား လေချွန်လျှက် တောင်ပေါ်မှ ဆင်းသွားလိုက်သည် ..
       ထိုအဆောင်ရွေးပွဲနှင့်သူနှင့်လုံးဝသက်ဆိုင်ခြင်းမရှိတော့ပြီမဟုတ်လား.. မည်သည့်အတွက်ကြောင့် စိတ်ပင်ပန်းခံကာ ကြည့်နေအုံးမည်နည်း ..
     မနက်ဖြန်ကြုံတွေ့ရမည့် လုပ်ငန်းသစ်အတွက် အကောင်းဆုံး ဖြစ်စေရန် ကြိုတင် ပြင်ဆင်မှုယူရအုံးမည်..
     ....''....'' ....'''.....'''.....'''....''.
      မိုးများတဖွဲဖွဲရွာနေသည့်ကြားတွင် လူငယ်သုံးယောက် သည် တစ်ပေသာသာခန့် ရှိသောဓါးကိုယ်စီဖြင့် သိုင်းလေ့ကျင့်နေကြသည် ..ကောင်းကင်မှလျှပ်စီးအရောင်ထက်  ဓါးသုံးလက်မှ ထွက်သောအရောင်က ပို၍တောင်ပြောင်နေသယောင်ယောင်ပင် ..
    ထိုမြင်ကွင်းကိုတော့ အဘိုးကြီးနှစ်ယောက်က ရေနွေးကြမ်း(လက်ဖက်ရည်) သောက်ကာ ဇိမ်ဖြင့်ကြည့်နေကြသည်...
     ဆံပင်အဖြူရောင် မုတ်ဆိတ်အဖြူရောင် ၀တ်ထားသည်ကလည်း အဖြူရောင်နှင့် အဘိုးကြီးက သောက်လက်စ လက်ဖက်ရည်ခွက်ကိုချပြီး ... လတ်လတ်ဆတ်ဆတ် ကြော်ထားသော တို့ဖူး(ပဲပြား)ကို ပါးစပ်အတွင်းမြုံ့ကာ ..
     '''' မိတ်ဆွေဖုန်းချူး တကယ်တော့ ကျုပ်တို့စားနေတဲ့ ဒီပဲပြားဟာ ထီးသုံးနန်းသုံး အစားအစာဗျ.. ''
        အသားအရည်လွန်စွာဝါထိန်သောအဘိုးကြီးက
        ''ဟာ ..ဟုတ်လို့လား ဆရာကြီးမုန့် ရဲ့ ကျွန်တော်ဖြင့် ဒီပဲပြားကို တောရွာ တောင်ရွာစာမှတ်နေတာ ..''
         '' ဟား..ဟား..ဟား..ဟား.. ဘယ်ဟုတ်လိမ့်မလဲဗျ .. ဟန်မင်းဆက်က နယ်စားဘုရင် လျိုအန်းမင်းသား တီထွင်ခဲ့တဲ့ အစားအစာဗျို့ ..လျိုအန်းမင်းသား ရဲ့ မယ်တော်ကြီးဟာ တရက်မှာ နေမကောင်းထိုင်မကောင်းဖြစ်သတဲ့ ..  နေမကောင်း ဖြစ်တော့  အစားဆိုဘာဆိုဘာမှ မ၀င်တော့ ပိန်လှီလို့လာတာပေါ့ .. ဘာကျွေးလဲ မစားချင် ဘာကျွေးလဲမစားချင်နဲ့ လိန်ပိန်ပြီးနေသတဲ့..တရက်သား ကြတော့ မယ်တော်ကြီးက ပဲစားချင်သတဲ့ဆိုပြီး ချဉ်ချင်းတက်ပါလေရော .. ဒါပေမယ့် အားအင် ရယ်လို့ မရှိရှာလေတော့ ပဲကို မျိုချလို့မရဖြစ်တော့တာပေါ့.. လျိုအန်း မင်းသားက လည်း သူ့မယ်တော်ကြီး စားချင်နေတဲ့ အရာဆိုတော့ ပဲကို အရည်ကြိတ် ရလာတဲ့ ပဲနို့ကို တိုက်သတဲ့ .. ပြီးတော့မှ လျိုအန်းမင်းသားက ဒီပဲနို့ရည်နဲ့ တို့ဖူး(ပဲပြား )ကို တီထွင်ချက်ပြုတ်တာပေါ့ဗျာ ..ဒီတော့ ပဲပြားဟာ ထီးသုံးနန်းသုံးပေါ့..မဟုတ်ဘူးလား''
           '' ဆရာကြီးမုန့်လို ဗဟုသုတကြွယ်တဲ့သူမို့ လို့လဲ ဒီပေါက်ပေါက်ရှာရှာ ရာဇ၀င်တွေကို သိတယ်ဗျာ ..ကျွန်တော်ဆို ၀ူပေမှာ ရာဇ၀င်တွေ ပုံပြင်တွေ ပြောစား ဟောစားလာတာ နှစ်ပေါင်းကြာပြီ .. ကိုယ့်ကိုယ်ကိုယ်လည်း မသိတဲ့အရာတွေ သိပ်မရှိဘူးလို့ မာန်တက်လာတာ ဆရာကြီးမုန့်နဲ့ တွေ့မှပဲ .. ကိုယ်သိထားတဲ့ အရာတွေဟာ  ဆင်းရဲသားခြေထောက်မှာ ကပ်နေတဲ့ ဖုန်မှုန့်  လောက်ပဲ အသိရှိ ပါလား ဆိုတာသိရတော့တယ်ဗျာ ..''
          '''ဟားဟားဟားဟား မိတ်ဆွေဖုန်းချူးပြောသလောက်လဲမဟုတ်ပါဘူးဗျား.. ကိုင်းကိုင်း ကျုပ်တို့အဘိုးကြီးနှစ်ယောက်ကတော့ အမိုးအကာထဲမှာ ဇိမ်ကျလို့ ကလေးသုံးယောက်က ကြည့်ပြီး ကျိန်နေကြပါအုံးမယ် ..''
         အဖိုးအိုဖုန်းချူးက ရေနွေးခွက် ကိုစားပွဲပေါ်ပြန်ချလိုက်ပြီး ...
         ''' အင်း..ဒီကလေးတွေက ခေါ်လည်းလာမယ့်ပုံမပေါ်ပါဘူးဗျာ ''''
     ဆရာကြီးမုန့်က လက်တွေပေနေသော ဆီများကို အ၀တ်စတစ်ခုဖြင့်သုတ်ကာ ..
      ''လိုင်လိုင် .. အားဖုန်းနဲ့ အားချန်တို့လို ကလေးတွေကတော့ တကယ့်ကို ဉာဏ်ကောင်းပြီးထူးချွန်တဲ့ကလေးတွေဗျ မိတ်ဆွေကြီးရ အခုဆို ခွန်လွန်းရဲ့ ထိပ်တန်း ဓါးကွက် တိမ်နှင်းမြူ ဓါးရေး ဆယ့်ကိုးကွက်ကို ကျွမ်းနေကြပြီ .. အတွင်းအားသာ အခြေမခိုင်သေးလို့ဗျို့ မဟုတ်ရင် ဒီသုံးကောင်သိုင်းလောက ထဲဆင်းလို့ရပြီ.. .. သုံးယောက်စလုံးကလည်း ထက်မြက် အရိပ်ပြရင်အကောင်မြင်တဲ့ကလေးမျိုးကတော့ တော်တော်လေးကို ရှားတယ်ဗျို့...'''
        အဖိုးအိုဖုန်းချူးက ပဲပြားကြော်တစ်ခုကို ကိုင်လိုက်ပြီး
        ''''တကယ်တော့ ပျောက်သွားတဲ့ကလေး အားကွေ့ကမှ အားဖုန် ..အားချန် တို့ထက်ဉာဏ်ကောင်းတာဗျ .. အကင်းပါးတဲ့နေရာ ထက်မြက်တဲ့နေရာမှာ ဒီကောင် နှစ်ကောင်ဘယ်မှီမလဲ ..အခုတော့ ဘယ်များရောက်နေလဲ မသိပါဘူးဗျာ ..''''
       '' ဒီလိုရှိတယ် မိတ်ဆွေကြီးရဲ့ ..သူရဲကောင်းတို့ရဲ့လမ်းဟာ ဘယ်တော့မှ ဖြောင့်ဖြူးသည်မရှိတဲ့ .. အခက်အခဲတွေကိုကြုံရမှ သူရဲကောင်းလို့ဆိုတာကိုးဗျ.. ဒီကလေးလည်း ရောက်တဲ့နေရာမှာအောင်မြင်ပါလိမ့်မယ်ဗျာ..'''
      ''အင်းဒီလိုပဲဖြေရတာပေါ့ဆရာကြီးမုန့်ရယ်..''''
  .....''''...''''
       မည်သည့်အလုပ်မဆို စလုပ်ကိုင်လျှင်အခက်အခဲများနှင့်ကြုံတွေ့ရပြီး နောက်ပိုင်းတွင်မှ အသားကျလာကာ အဆင်ပြေကြသည်ကြီးသာဖြစ်သည် ..
 သို့သော် အားကွေ့၏ အလုပ်မှာမူ ထိုနိယာမနှင့်ပြောင်းပြန်သာ ..
        ရှောင်လင်တွင်နေထိုင်လာသည်မှာ နှစ်နှစ်ကျော်ကာ သုံးနှစ်ထဲရောက်လာပြီ ဖြစ်သော်လည်း သူ၏နေ့တဓူဝတာဝန်မှာ ရှုပ်ထွေးမြဲရှုပ်ထွေးလျှက်ရှိ၏..
         မနက်လေးချက်မောင်း ထပြီးလျှင်  ဘုရားရုပ်ပွားတော်များကို သန့်စင်ရသည်
 စုပေါင်းတရားရွတ်ဆိုရန်အတွက် ထိုင်ဖုံ(ဒူးမနာအောင်အောက်တွင်ခုခံ ရသော အခုအခံ)များကို နေရာချထားရသည်.. သူများဝတ်ရွတ်နေစဉ်တွင် ပိဋိကတ်တိုက် အတွင်းရှိ ပေစာများအား အလွတ်ကူးရ၏ .. ထိုကူးထားသော စာရွက်များမှာ တရားကျက်မှတ်သူတို့ နေ့ခင်းဖတ်မှတ်ရန်ဖြစ်သည် .. ပိဋိကတ်တော်များမှာ ဟောင်းနွမ်းဆွေးမြေ့နေသဖြင့် အားကွေ့ပင်လျှင် သတိထားကာ ကူးယူနေရ၏ ..  ကူးရလွန်းပါများသဖြင့် ထိုပိဋိကတ်အတွင်းရှိ ရာချီသော ပိဋိကတ် သုံးပုံနှစ်ပုံကို အလွတ်ရနေပြီဖြစ်သည်..
            ပြီးလျှင် ကျောင်းဝင်းတစ်ဝင်းလုံးရှိမီးအိမ်များကို လိုက်လံငြိမ်းသတ်ရ၏ .. ထို့နောက် စားဖိုဆောင်၌ လက်တစ်ဖက်ပြတ်ဘုန်းကြီးထည့်ပေးသော အရည်ကြဲကြဲ ဆန်ပြုတ်ကို အပြေးအလွှားသောက်ကာ တာမောအဆောင်သို့ပြေးရသည်...
           တာမောအဆောင်အပြင်ဘက်ရှိအမှိုက်သရိုက်များအား ပြောင်စင် အောင်လှဲကျင်းပြီးနောက် တာမောအဆောင်မှူးနှင့် တပည့် သုံးပါးအတွက် အစား အသောက်များပြင်ဆင်ပေးရ၏ .. သို့သော်လည်း အားကွေ့အား အဆောင်တွင်းသို့ မည်သည့် အခါမျှ မ၀င်ခိုင်းပေ ..
             ထိုမှ တောက်တိုမယ်ရများလုပ်ပြီလျှင် နေ့ခင်းအချိန်ရောက်သည်နှင့် တံခါးနီအဆောင်သို့သွားကာ ထမင်းနှင့် အရွက်ကြော်အားစားသောက် ပြီးလျှင် အဆောင်တွင်းရှိ သစ်သားယန္တယားအရုပ်များ အား တံခါးနီဆရာတော်နှင့်အတူ ပြင်ဆင်ရ၏ ... ထိုအဆောင်အတွင်း၌ အတွင်းအားကျင့် နေကြသော ကြေးလူရုပ် ဆယ့်ရှစ်ပါး၏ ဝေယျာဝစ္စများလုပ်ပေးပြီးသည့်နောက်တွင် ညနေစောင်းပြီဖြစ်သည် ..      မှောင်ရီဝိုးတ၀ါးအချိန်ရောက်သည်နှင့် ပိဋိကတ်အဆောင်တွင်းရှိ ပေစာများ ပုရပိုဒ်များ ကြားထဲသို့ဝင်တိုးကာ တစ်ဦးတည်းသောအဖော်ဖြစ်သည့် ရွမ်ဝူအား ဖက်ကာ အိပ်ရတော့၏ ..
            နောက်တနေ့နိုးလာသည်နှင့်စက်ဝိုင်းသဖွယ်လည်ပတ်နေသော သူ၏ အလုပ်များကို ပြန်လည်လုပ်ကိုင်ရပြန်သည်..
            သို့သော် .. မြစ်ဝါမြစ်သည်ရပ်တန့်မနေပါ ဟူသည့်အတိုင်း  သူ၏ အကောင်းဆုံးအချိန်ဟု ခေါ်လို့ရမည့် အချိန်အခါလည်း ရောက်ရှိလာပါသည် ....
    ထိုနေ့ကထုံးစံအတိုင်း နံနက်ခင်းမီးအိမ်များ လိုက်အငြိမ်းတွင်
       '''အားကွေ့. အားကွေ့...'''
       တွေးနေစဉ်ပင် သူ၏နာမည်ကိုလှမ်းခေါ်သံကြား၍ လည့်ကြည့်လိုက်ရာ တာမော အဆောင်တွင်းမှ ဘုန်းကြီးတစ်ပါးဖြစ်သည်..
      ''ဘာရှိလို့လည်း ကိုယ်တော်..'''
       ''အေး..မင်းကို ဆရာတော်ခုန်းချင့်က ခေါ်ခိုင်းလိုက်လို့ ..''.
       ''အခုလိုက်ခဲ့ရမှာလား..''.
       ''အေးပေါ့ကွာ ..'''
         သို့နှင့်ထိုဘုန်းကြီးနှင့်လိုက်လာပြီး တာမောအဆောင်သို့အရောက်တွင် ဘုန်းကြီးက အဆောင်အတွင်းသို့လက်ညိုးညွှန်ကာ
        ''၀င်သွားလိုက်...'''
        အားကွေ့မှာ တအံတသြောနှင့် အဆောင်တွင်းသို့ ၀င်သွားလိုက်သည် .. သူဒီအဆောင်အတွက် အလုပ်လုပ်ပေးခဲ့သည်မှာ ကြာလှပြီးဖြစ်သော်လည်း တစ်ခါမှ အထဲမ၀င်ဘူးပေ ..
       တာမောဆောင်သည် အပြင်ပန်းက ကြည့်လိုက်လျှင်အဆောင်ငယ် ဟုထင်ရ သော်လည်း အထဲတွင် လွန်စွာကျယ်ပြောလှသည်..
       သို့သော်လည်း မည်သည့်နေရာကို ကြည့်ကြည့် စာအုပ်များ အစီအရီ တင်ထားသော စင်များကိုတွေ့ရမည်ဖြစ်၏ ... ထိုစာအုပ်များသည်ကား ခေတ်အဆက်ဆက်က နာမည်ကျော်ကြားခဲ့သော သိုင်းကျမ်းများပင်တည်း ..
           တချို့သိုင်းကျမ်းများဆိုလျှင် အဖုံးများပေါက်ပြဲစုတ်ပြတ်ကာနေ၏
         အားကွေ့သည် စာအုပ်စင်တန်းများအတိုင်းလျှောက်လာသော်လည်း နံရံကြီးတစ်ခုသာပေါ်လာ၍လမ်းဆုံးသွားသည် .လူဟူ၍ တစ်ယောက်မှ မတွေ့ပေ ..
    ထိုစဉ် မည်သည့်နေရာမှထွက်လာသည်မသိသောအသံဖြင့် ..
      ''အားကွေ့ ရေ ဘယ်ဖက်ကိုလျှောက်ခဲ့ကွယ် ..
       အားကွေ့လဲအသံကြားရဖက်သို့စမ်းတ၀ါးဝါးသွားလိုက်ရာ ကြမ်းပြင်ပေါ်တွင် ထိုင်၍ စာအုပ်အစုတ်အပြဲ များအား ထမင်းလုံးကိုအရည်ဖျော်ထားသော ကော်ဖြင့် ကပ်နေသည့် ဆရာတော် ခုန်းချင့်ကိုတွေ့လိုက်၏ ..
       ဆရာတော်က ..
      ''အားကွေ့ရေ ဒီနေ့ကစပြီး မင်းတာမောအဆောင်မှာပဲ နေရတော့မယ်ကွဲ့ .. ပိဋိကတ် အဆောင်မှူးက မင်းကို စာပေပုရပိုဒ်အစုတ်အပြဲတွေ ပြင်ဆင်တဲ့နေရာမှာ အရမ်းထူးချွန် တယ်ပြောလို့ မင်းကိုခေါ်လိုက်တာ .. ဒီအဆောင်မှာက မင်းတွေ့တဲ့ အတိုင်းပဲ ..  စာအုပ်တွေက နှစ်ပေါင်းအတော်ကြာလာတော့ စုတ်ပြဲလာရော .. မင်းတာဝန်က ထွေထွေထူးထူးတော့ မဟုတ်ပါဘူး .. စာအုပ်အပြဲအစုတ်တွေကို ကော်နဲ့ လိုက်ကပ်ရမယ် .. တချို့ ပိုးစားနေတဲ့အပိုင်းတွေကိုတော့ အသစ်ပြန် ကူးရမယ် .. ဖယောင်းပွတ်တန်သည်ပွတ်ပေးရမယ်.. မနက်တစ်ခါ ညနေပို်င်းတစ်ခါ နှစ်ခါဖုန်သုတ်ပေးရမယ် ဒါပါပဲ... အဲမေ့နေလို့ စာပြန်ကူးရမယ့် အပိုင်းမှာ မသိတာမရှင်းတာရှိရင် ကိုယ့်သဘောနဲ့ကိုယ်မဖြည့်နဲ့နော် .. ငါ့ကိုမေး ဟုတ်ပြီလား''
        ''''တင်ပါ့ဘုရား...''''
        ''အဲ့ဒါဆို အခုစာအုပ်ကို အစမ်း ကပ်ကြည့်စမ်း .'''
        အားကွေ့အတွက်တော့ ထိုမျှအလုပ်သည် လွယ်ကူလွန်းလှသည် ..  တစ်ခဏ အချိန်အတွင်းမှာပင် စာအုပ်သည် မူလနီးပါးအတိုင်း ပြန်ဖြစ်သွား၏ ..
        ''အင်း..ဒါ့ကြောင့်လည်းမင်းကို ပိဋိကတ်အဆောင်မှူးက ချီးကျူးတာကိုး ကွဲ့ .. ကဲကဲ ..ဒီလိုပဲတခြားစာအုပ်တွေလည်း ပြင်လိုက်အုံး .. ဂရုတော့စိုက်ကွယ်.. ကြားလား .. ဆွမ်းစားချိန်ကြရင် လာပို့လိမ့်မယ် ..ဒီနေ့ကစပြီး ခုနှစ်ရက်မှာ နားရက် တစ်ရက်လွဲလို့ အခန်းထဲမှာပဲနေရမယ် သိလား....''''
         အားကွေ့မှာထိုစကားကြောင့် ၀မ်းသာသွား၏ ..  သူ့အတွက် နားရက် တစ်ရက်ကြီးတောင်ရမည်မဟုတ်လား .
         ''အင်း ဒီနားရက်ကို ဘုန်းဘုန်းရွှီကြွင်းစီပဲ သွားရမလား ဘဘစီပဲသွားရမလား ..ဒါမှမဟုတ် .သွားကျိုးနဲ့ဒက်ပေါကိုစီပဲသွားရမလား ဟားဟား ''
        'စိတ်ကူးနှင့်ရူးနေစဉ် ဆရာတော်က ..
      ''' အားကွေ့ .. ဟိုးဘက် ညာဘက်ဆုံးက ချိတ်ပိတ်ထားတဲ့ စာအုပ်တွေကို တော့ မထိနဲ့ ကွဲ့. ..အရေးကြီးတယ်သိလား ...''''
       ''တင်ပါ့ဘုရား'''
       ''ကိုင်းကိုင်း ..ဒါဆို ငါသွားပြီ.. ဂရုစိုက်ကွဲ့ ..ဂရုစိုက်.. '''
     ဆရာတော်ထွက်သွားသည်နှင့်အားကွေ့လည်း ပြဲစုတ်နေသော စာအုပ်တစ်အုပ် ကို ကောက်ကိုင်လိုက်၏ ..ထိုစာအုပ်အမည်က
      ''''၀ရဇိန်သူရိန်လက်ညိုး ဟူသည့် '''
#28 ( အစ၏အဆုံး ..အဆုံး၏အစ )
      ''ဖတ်..ဖတ်'' ဖုံမှုန့်များပြောင်စင်သွားအောက်ခါလိုက်ရင်း ပထမစာမျက်နှက်အား
လှန်ကြည့်လိုက်သည် ... နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် မှင်သားများမှာ အရောင်မှိန် နေလေပြီ.. ပထမစာမျက်နှာတွင်
        ကျွန်ုပ်ဟူစမ်းပေါက်တီထွင်ခဲ့သော ၀ရဇိန်သူရိန်လက်ညိုးသိုင်းအား ထိုက်သူ ရစေချင်သော ဆန္ဒဖြင့်ရေးသားပြုစုခဲ့ပါသည်...  အမှောင်သိုင်းပညာ အမျိုးအစားဖြစ် သည့်တွက် မကျင့်ကြံခင်စဉ်းစားစေချင်လိုပါ၏ ... ဖြစ်လာသော အကျိုး အပြစ်အားလုံးမှာ ကျင့်သူနှင်သာလျှင်သက်ဆိုင်သည်.. အပိုင်းသုံးပိုင်း ပါဝင်သော ထိုသိုင်းကျမ်းအား နားလည်သဘောပေါက်ရန် ဆယ်နှစ်တာမျှ အချိန်ယူရမည် ဖြစ်သည်..
           ''ဟိုက် .. ဆယ်နှစ်တောင်လေ့ကျင့်ရမယ်ဆိုပါလား .. ဘာတွေများ ထူးခြားလို့လည်း .. '''
           စာအုပ်ထဲတွင်မူ ရုပ်ပုံနှင့်စာသားများကို အသေးစိတ်ရှင်းပြထားသည်..
  ပထမအပိုင်းတွင် အတွင်းအားကျင့်စင်ဖြစ်ပြီး .. ဒုတိယအပိုင်းတွင် သွေးကြောများ အကြောင်း .. တတိယပိုင်းတွင်မူ လက်ညိုးသိုင်းကွက်များဖြစ်ပါသည် .. နောက်ဆုံး ပိုင်းမှာမူ ထိုသုံးခုအားဆက်စပ်အသုံးပြုပုံကို အကျယ်တ၀င့်ရေးသားထား၏. ..
      စာအုပ်၏နောက်ဖုံးတွင် မတူညီသောလက်ရေးတစ်မျိုးဖြင့် သေမင်းသခင် ဟူစမ်းပေါက်၏ ၀ရဇိန်သူရိန်လက်ညိုးသိုင်းအား အထက်လမ်းသိုင်းတွင် ရှောင်လင်၏ အရိုးကျုံ့ အကြောလျော့သိုင်း .. ၀ူတန်၏ မူလပုံစံထိုက်ကျိသိုင်း သူတောင်းစားဂိုဏ်း ၏ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်နှင့် ခွန်လွန်း၏ ခုနှစ်ဆင့်လက်သီးသိုင်း တို့ဖြင့်သာဖြိုခွဲနိုင်သည်..ဟု မှတ်ချက်ချထားသည်..
        အားကွေ့လည်းထိုအခါမှ ဟူစမ်းပေါက်အား သေမင်းသခင်ဟု သိလိုက်ရ၏ .. အဖိုးအိုဖုန်းချုး၏ သိုင်းလောကမှတ်စုတွင် သေမင်းသခင်အကြောင်းကို ရေးမှတ် ထားသည်လေ.. ထိုသူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်က အလွန်တရာမှ ဆိုးသွမ်းခဲ့သော အနက်ရောင်သိုင်းပညာရှင်ဖြစ်ပြီး .. သူ၏လက်ညိုးဖြင့် အထိုးခံရသူ မှန်သမျှမှာ တကိုယ်လုံးမီးလောင်ကျွမ်းသကဲ့သို့မည်းနက်ကာ သေဆုံးရသည်ဟုဆို၏
          ယခုတော့ဖြင့် သူ၏ သိုင်းကျမ်းသည် အားကွေ့၏လက်ထဲသို့ရောက်ရှိနေ လေပြီ.. အားကွေ့လည်း ထိုထဲမှသိုင်းကွက်များအား အလွတ်မှတ်မိအောင် ကျက်မှတ်လိုက်သည် .. ထို့နောက် အစုတ်အပြဲရှိသည့်နေရာများအား ပြန်လှယ် ဖာထေးကာ .. နောက်ထပ်စာအုပ်တစ်အုပ်ကိုကောက်ကိုင်လိုက်သည်..
          ထိုစာအုပ်ကား ကျောက်စိမ်းမြေခွေး၏  အရိပ်တစ်ရာနှင့်ခြေလှမ်းတစ်ထောင် ဟူသည့် သိုင်းကျမ်းဖြစ်၏ .. ထိုစာအုပ်ထဲတွင် အခန်းလေးခန်း ပါရှိပြီး အတွင်းအား ကျင့်စဉ် .. ကိုယ်ဖော့ပညာ .. ခြေလှမ်းကွက်များနှင့် သိုင်းကွက်များ ဖြစ်သည်..
        နောက်ဖုံးမှတ်ချက်တွင်မူ ကျောက်စိမ်းမြေခွေး၏ သိုင်းကွက်များမှာ အဆင့်လွန် အထိမဟုတ်သော်ငြား အလွန်တရာမှမြန်ဆန်လွန်းသဖြင့် အထက်လမ်းသိုင်းတွင် တိမ်မီးခိုး၏ အရိပ်မဲ့ကိုယ်ပျောက်ကိုယ်ဖော့သိုင်းပညာ ရှောင်လင်၏ ရေပေါ်လျှပ်ပြေး သိုင်းပညာနှင့် ၀ူတန်၏ တိမ်ပေါ်ဝဲ ကိုယ်ဖော့သိုင်းပညာဖြင့်သာ တိုက်ခိုက်နိုင်သည် ..     အားကွေ့က ထိုမှတ်ချက်အားကြည့်ကာ
         ''ဟင် ခွန်လွန်းဂိုဏ်းနဲ့ သူတောင်းစားဂိုဏ်းနဲ့တောင်ပြုတ်ကျနေပါလား .. ဘယ်လိုဖြစ်တာပါလိမ့်.. '''
            စာအုပ်အတွင်းရှိ သိုင်းရုပ်ပုံများကို ဤသည်မရွေးကျက်မှတ်ပြီးနောက်.. အ၀တ်စုတ်တစ်ခုအားကိုင်ကာ ဖုန်များ အမှုန်များကို သန့်ရှင်းရေးလုပ်လေ၏ .. ထိုအခါမှ သိုင်းကျမ်းများအား အမျိုးအစားခွဲကာ စီတန်းထားမှန်းသိလိုက်ရသည် ..
         ''အော် ..ငါဖတ်နေတဲ့သိုင်းကျမ်းအတန်းက လက်နက်မဲ့ သိုင်းကျမ်းတွေ ထားတဲ့နေရာကိုး .. ဒါကြောင့်မို့ မှတ်ချက်ထဲမှာ  ၀ါဆန်းတို့.. ဟန်စမ်းတို့..ငိုမီတို့ ..ကောင်းတုံတို့ တွေရဲ့ သိုင်းတွေမပါတာ .. သူတို့တွေက ဓါးသိုင်းအဓိကထားသုံးတဲ့ ဂိုဏ်းတွေဆိုတော့ ..အင်း သူတောင်းစားဂိုဏ်းနဲ့ခွန်လွန်းဂိုဏ်းတို့မှာ ထက်မြက်တဲ့ ကိုယ်ဖော့ပညာ မရှိလို့ ကျောက်စိမ်းမြေခွေးကို အနိုင်မယူနိုင်တာဖြစ်မယ် ..ဒါပေမယ့် ကျောက်စိမ်းမြေခွေးကလည်း သူတို့ကိုတော့ ထိနိုင်မယ့်ပုံမပေါ်ဘူး ..'''.
             တွေးရင်းတွေးရင်းဖြင့် ကျောက်စိမ်းမြေခွေး၏ သိုင်းကျမ်းထဲတွင်ပါသော ခြေလှမ်းကွက်အတိုင်း ရွေ့လျားနေမိသည်..
            သို့ဖြင့် သိုင်းကျမ်းများဖတ်လိုက်.. ညကျလျှင် တစ်ယောက်ထဲကျင့်လိုက်..  သန့်ရှင်းရေးလုပ်လိုက်.. စာအုပ်အပြဲဖာလိုက် လုပ်ရင်း ခုနှစ်ရက်မြောက်နေ့တွင် .. တာမောအဆောင်သို့ ဆရာတော်ခုန်းချင့် ရောက်ရှိလာသည် ...      
             ယခင်ကနှင့်မတူ သစ်လွင်တောက်ပနေသော အဆောင်အားကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့်ကျေနပ်နေသောဆရာတော်က..
           '''အိမ်း ..ဆရာတော်တာမောအဆောင်မှာ တာဝန်ကျကတည်းက စလို့ အခုချိန်ထိ အလုပ်တွဲလုပ်ဖူးသမျှထဲမှာ အားကွေ့ မင်းကအတော်ဆုံးပဲကွဲ့.. မင်းတစ်ယောက်ထဲနဲ့တင်  ဟိုတပည့်သုံးကောင်နဲ့ဆရာတော်ထက်ကို အလုပ်တွင် ကျယ်သေးတယ်.. တော်တယ်ကွယ် ..တော်တယ်..'''
          ''ဘာများခိုင်းစရာရှိသေးလည်းအရှင်ဘုရား ''
     ''''..မရှိပါဘူးကွယ် .. ဒီနေ့မင်း အားလပ်ရက်ဆိုတော့ .. ဆရာတော်က ဒီမှာစောင့်ရတာပေါ့ ...'''
         ''ဟိုကိုယ်တော်သုံးပါးရောအရှင်ဘုရား ..တပည့်တော် ရောက်ကတည်းက သူတို့ကို မတွေ့မိဘူး ..'''
           ဆရာတော်ခုန်းချင့်က စားပွဲအသေးလေးပေါ်ရှိ ပျားဖယောင်းလုံးကို နည်းနည်းဖဲ့လိုက်ပြီး ..
             '''မင်း မရှိတော့ ပိဋိကတ်တိုက်ရယ် တံခါးနီအဆောင်ရယ်မှာ အလုပ်တွေ အရမ်းပိနေသကွဲ့ .. ကျန်တဲ့ကိုယ်တော်တွေကလည်း မလုပ်ချင် မလုပ်တတ်နဲ့ အလွဲလွဲအချော်အချော်ဖြစ်နေလို့ အဆောင်မှူးတွေက မင်းကိုပြန်ခေါ်ချင်နေကြရော ..ငါလည်း မင်းကိုလက်လွတ်မခံနိုင်တာနဲ့ တပည့်သုံးယောက်နဲ့မင်းကို လဲလိုက်တာပဲ ..  ဒီအဆောင်တစ်ဆောင်လုံးမှာ အခုဆို ငါတို့နှစ်ယောက်ပဲရှိတော့ကွယ် .. အလုပ်အတူတူ ကြိုးစားလုပ်ကြတာပေါ့ ..ကိုင်းကိုင်း .. မင်းမလဲ ဒီတစ်ရက်နားရ ရှာတာ .. အပြင်လေးဘာလေးထွက်ကွယ် .. နောက်နေ့မနက်မှ ပြန်လာလဲ ရတယ်သိလား . ''
              အားကွေ့က တစ်ယောက်ထဲကျန်ခဲ့မည့်ဆရာတော်အားသနားသွားပြီး
        ''အရှင်ဘုရား ..ကျွန်တော် ဆက်ပြီးနေပေးရမလား.. တော်ကြာ''
      '' ရပါတယ်အားကွေ့ရယ်.. ငါဒီအလုပ်တစ်သက်လုံးလုပ်လာတာပါ..စိတ်မပူနဲ့ သွားသွား.အနားရတုံးပျော်ပျော်ပါးပါးနားကွယ်...''''
       အားကွေ့သည် ဆရာတော်၏အတင်းတိုက်တွန်းမှုကြောင့်သာ အပြင်ထွက်လာ သည်.. ဘယ်သွားလို့သွားရမည်မသိ.. နောက်မှ
          '''အင်း .. ဘုန်းဘုန်းရွှီကြွင်းကတော့ ကျောင်းထိုင်ဆရာတော်ဆီမှာ ဖြစ်မယ် .. ဟိုဘုန်းကြီးလေးပါးကို သွားနှောက်ရမလား. ဟီးဟီး ဒါလည်းမဖြစ်သေးဘူး ဘုန်းဘုန်း ထန်ဖုက ငါ့ကိုသတ်လိမ့်မယ်.. သွားကျိုးနဲ့ဒက်ပေါကတော့ အားမှာ မဟုတ်ဘူး .. အင်း..ဒါဆို ဘဘဆီပဲသွားတော့မယ် သူ့ခမျာ ဂူထဲမှာတစ်ယောက်ထဲဆိုတော့ ..'''
          သို့ဖြင့် တောတန်းလေးထဲဝင်ကာ ကျောက်ဂူဆီသို့ ထွက်သွားလိုက်သည် ..လမ်းတစ်လျှောက်တွင်လည်း သူကျက်မှတ်ထားသော သိုင်းကွက်များအား ဟိုတစ်ကွက်ဒီတစ်ကွက် ကပေါက်တိကပေါက်ရှာများကို သရုပ်ဖော်နေ၏..
          တောအုပ်အလွန် တောင်ကြားဆင်ခြေလျှောအတိုင်း လျှောဆင်းနေစဉ်တွင် ..
            ''' ဟားဟားဟား.. လာဟေ့..လူလေးရေ .. ဘဘကမင်းကိုမျှော်နေတာ ကွယ့် .. ''
          အားကွေ့သည် ကျောက်ကမ္ဘားအောက်သို့ရောက်သော် အပေါ်မှ အ၀တ်စများဖြင့်ပြုလုပ်ထားသော ကြိုးတစ်ချောင်းကျလာ၏... ကြိုးစကို လက်နှစ်ဘက်ဖြင့်ဆုပ်ကိုင်လိုက်သည်နှင့် ထင်းလွေက ဆွဲတက်လိုက်သည်.....
            ကျောက်ဂူကတော့ အရင်အတိုင်းပင်.. တစ်ခုတော့ရှိသည် နံရံပေါ်မှ သိုင်းကွက်များကတော့ ပိုများလာခဲ့သည်..  ထင်းလွေက အားကွေ့အားပွေ့ဖက်လိုက် ပြီး ...
          '''ကြည့်စမ်း .. မတွေ့ရတဲ့ရက်တွေမှာ ပိုထွားလာလိုက်တာ .. ညီလေးတုက တော့ပြောတယ် လူလေးက အလုပ်တွေအများကြီးလုပ်နေရတာဆို.... ''
            ''အခုတော့သိပ်မရှိတော့ပါဘူး ဘဘ .. တာမောဆောင်မှာ ရောက်နေတာ''
            '' တာမောဆောင်.. တာမောဆောင် .. အခုနောက်ပိုင်းနှစ်တွေမှာ တတာမောဆောင်ဟာ လူမရှိဆုံးအဆောင်ဖြစ်သွားပြီလို့ကြားတာပဲ အခု ဘယ်နှစ်ယောက်ရှိသေးလဲ.. ''
              အားကွေ့က ကျောက်ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ပြီး ..
            '' နှစ်ယောက်ပဲရှိတော့တယ် .. ကျွန်တော်နဲ့ ဆရာတော်ခုန်းချင့်နဲ့ ..'''
            ''ခုန်းချင့်ကတော့ ရှောင်လင်ကျောင်းထိုင်ဆရာတော် ပြီးရင် စိတ်ထားအဖြူ ဆုံး သိုင်းပညာအတော်ဆုံးပဲ .. '''
              ''ဟုတ်တယ် ဘဘ ကျွန်တော့်က ဒီနေ့အပြင်မထွက်ဘူးဆိုတာတောင် အတင်းထွက်ခိုင်းနေတာ.. နားရက်မှာပျော်ပျော်ပါးပါးနေတဲ့ ..ဒါနဲ့ ကျွန်တော်လည်း ဘဘကြီးရောက်လာတာပဲ  ..  ဒါနဲ့ ဘဘကိုကျွန်တော်မေးစရာရှိတယ် .'''
           ထင်းလွေက မေးဟူသော ပုံစံနှင့် ခေါင်းကို တစ်ချက်ဆတ်လိုက်၏ ..
         အားကွေ့ သူ၏ လည်ပင်းတွင် ကြိုးစဖြင့်ချိတ်ဆွဲထားသော သံဂျီးကိုက် သော့အကျိုးကို ထုတ်ကာ ..
           '''ကျောင်းထိုင်ဆရာတော်က ကျွန်တော့ကို ဒီသော့အကျိုးကြီးပေးသွားတာ သိုင်းလောကမှာ နေလိုလလို လင်းမယ်လည်းပြောသေးတယ် နောက်ပြီးလောဘ သိပ်မကြီးနဲ့တဲ့ ..ဘာအဓိပ္ပါယ်လည်းဆိုတာ သိချင်လို့ .. ''
           ထင်းလွေသည်သော့အကျိုးကို တုန်ယင်နေသောလက်ဖြင့် ကိုင်ကာ ..
          '' အင်း ...လွန်ခဲ့တဲ့နှစ် သုံးဆယ်ကသာ ဘဘ ဒီသော့ကျိုးကို ရရင် အခုချိန် ဆိုသိုင်းလောကတစ်ခုလုံး ဘဘ ခြေထောက်အောက်ရောက်နေပြီပေါ့ကွယ် .. ဒီမှာလူလေး လူလေးဆီမှာ ဒီသော့ကျိုး ရှိတယ်ဆိုတာ ဘဘအပြင် ဘယ်သူ့ကို မှ မသိစေနဲ့ကွယ် .. ယုတ်စွာအဆုံး ညီလေးတုကိုတောင် မပြောမိစေနဲ့သိလား .. ပြီးတော့ ဒီသော့နဲ့ပတ်သက်ပြီးလူလေးသိချိန်ရောက်ရင် ကိုယ့်ဟာကိုယ် သိလာလိမ့်မယ် .. အဲ့အတွက်လူလေးလည်း ပြင်ဆင်ထားရလိမ့်မယ်ကွယ်.. အခုတော့ဘဘလည်း ဒါပဲပြောနိုင်မယ် ..''
             အားကွေ့လည်း ထိုသံဂျီးကိုက်သော့ကျိုးအား အလွန်တရာမှ တန်ဘိုး ရှိသောအရာနှင့်အန္တရာယ်များသောအရာဟု ရိပ်မိလျှက် လည်ပင်းသင်္ကန်းကြားထဲ သို့ ပြန်ထည့်ထားလိုက်၏ ..
              ထင်းလွေသည် အားကွေ့အားတစ်ချက်ကြည့်ပြီး .. ကျောက်ခုတင်၏ နောက်ဘက်ရှိ အခန်းထဲသို့ ၀င်သွားသည်.. အတန်ကြာသည်အထိပြန်ထွက် မလာသောကြောင့် ..အားကွေ့လည်း နံရံပေါ်မှ သိုင်းကွက်များကို ကြည့်နေလိုက်၏ .. ခြောက်ရက်လုံးလုံး တရက်လျှင် သိုင်းကျမ်းသုံးအုပ်စီ အလွတ်ကျက်ထားသော အားကွေ့အတွက် အချို့သိုင်းကွက်များမှာ မစိမ်းပါ ..
           သေသေချာချာကြည့်မှ  ဘုန်းကြီးတစ်ပါးနှင့် အဘိုးအို နှစ်ယောက် တိုက်ခိုက်နေပုံဖြစ်ပြီး ဘုန်းကြီး၏ တိုက်ကွက်များကို အဘိုးအိုက ချေဖျက်နေပုံဖြစ် သည်.. ဘုန်းကြီး၏ သိုင်းပညာကို လုံးဝနားမလည်သော်လည်း အဘိုးအို၏ သိုင်းပညာကိုမူ အားကွေ့က အကျွမ်းဝင်နေသည်..
       ''လူလေးက သိုင်းကွက်တွေကို စိတ်ဝင်စားနေတာပေါ့လေ ဟုတ်လား''
       အသံနှင့်အတူ ထင်းလွေက ပြန်ထွက်လာ၏ ..
       အားကွေ့က ထင်းလွေအားလည့်ကြည့်လိုက်ပြီး
      ''ဘဘ ဒီဘုန်းကြီးရဲ့ သိုင်းကဘာသိုင်းလည်း .. ဟိုအဘိုးကြီးရဲ့သိုင်းတွေကို တော့ ကျွန်တော်သိတယ်ဗျ .. ''
         အဘိုးအိုထင်းလွေက အားပါးတရရယ်လိုက်ပြီး ..
        ''အားကွေ့ရယ် ..မင်းသာဒီအဘိုးကြီးရဲ့သိုင်း များများမဟုတ်ဘူး  ရှစ်ကွက် လောက်သာ တတ်ကြည့်  တခြားမပြောနဲ့ ကျားနဂါးဆရာတော်ကိုတောင် လက်ရည်တူ တိုက်နိုင်တယ် ကွဲ့ .. မဖြစ်နိုင်တာကွယ်..'''
         အားကွေ့သည် သူ့အားမယုံသလို ပြောသော ထင်းလွေ၏ စကားကြောင့် မခံချင်စိတ်ဖြစ်ကာ ..
         '''ရှစ်ကွက်မဟုတ်ဘူးဘဘရဲ့ .. အကွက်ပေါင်းသုံးရာ့ငါးကွက်အထိသိတယ် .. ပထဦးဆုံးအကွက်က တစ်ဖက်ကန်းရသေ့ရဲ့ နှလုံးသားမဲ့ ဆိုတဲ့ ဓါးသိုင်း ကို ဓါးမပါဘဲ လက်နဲ့ တိုက်တာ .. နောက်တစ်ကွက်ကတော့ တောင်ပင်လယ်နတ်ဆိုးကြီးချူးရဲ့  အကွက်ပဲ ရေလှိုင်းလက်တောက် ဆိုတဲ့ လက်တောက်ကွက် .. သွေးစုတ်လင်းနို့ရဲ့ အမှောင်ထဲကအသံ ဆိုတဲ့ ဓါးသိုင်းကွက်.''. အစရှိသဖြင့် ပြောသွားလိုက်ရာ .. အကွက် နှစ်ဆယ်ခန့်အရောက်တွင်.. ထင်းလွေမှာ
            ''နေပါအုံး ..နေပါအုံး...နေပါအုံး.. ဒီသိုင်းကွက်တွေကို ဘယ်သူသင်ပေးတာ လဲ''
           ''ဟားဟား ဘဘ ကအတော် အ တာကိုးဗျ ကျွန်တော်က တာမော အဆောင်မှာ နေရတာလေ .. စာအုပ်တွေကို ဖတ်ကြည့်လိုက်တာ နဲ့သိတာပေါ့ ..''''
     ''အင်း ဒီလိုဉာဏ်ရည်မျိုးရှိတာကို ဆရာတော်ကရိပ်မိပြီး သော့ကျိုးကို သူ့လက်ထဲ အပ်လိုက်တာကိုး .. ..ဒါပေမယ့် အားကွေ့ရဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံက တမျိုးဖြစ်နေတော့ ဆရာတော်ရဲ့စေတနာက ဝေဒနာများဖြစ်လေမလားမပြောတတ်ဘူး'''
       ထင်းလွေသည် အားကွေ့၏ဉာဏ်ကောင်းမူကို ကျိတ်ချီးကျူးပြီး ..
    ''ဘဘကလည်း လူလေးကို လက်ဆောင်တစ်ခုပေးမယ် .. ပစ္စည်းလက်ဆောင် တော့မဟုတ်ဘူး .. ပညာလက်ဆောင် .. ''
    '' ဟား ပညာလက်ဆောင်ဆိုရင်တော့ ကျွန်တော့်အတွက် ပိုကောင်းတာပေါ့ .. ''
     ''ပထဦးဆုံး လူလေးကျက်မှတ်ထားတဲ့သိုင်းကျမ်းတွေကို ဘဘကို ပြော ဘဘက လူလေးကို ဘယ်လိုအသုံးချရမလဲဆိုတာ သင်ပေးမယ် ..ဘယ့်နှယ်လည်း အဲ့လက်ဆောင်ကို သဘောကျရဲ့လား ..''''
        '''' ဒါဆိုရင်တော့ အားကွေ့အတွက်အကောင်းဆုံးလက်ဆောင်ပေါ့ဗျာ .. ''
      ဤသို့ဖြင့် အားကွေ့သည် တာမောအဆောင်အတွင်း သူကျက်မှတ်ထားခဲ့သော သိုင်းကျမ်းများအား ထင်းလွေအားရွတ်ပြလိုက် .. ထင်းလွေက သိုင်းပညာ သဘောတရားကို ပြောပြလိုက်ဖြင့် တစ်နေလုံးအချိန်ကုန်သွား၏ ...
.....''''......'''......''''........''.......'''.....''....'''
     ဆောင်းဦးရောက်ပြီဖြစ်သောကြောင့် နှင်းများက တဖွဲဖွဲ ကျနေသည် .. နေ့လည် ခင်းအချိန်ဖြစ်သော်လည်း  သူရိယနေမင်းကြီးသည်  နှင်းဆိုင် နှင်းထုအောက်တွင် အိပ်ပျော် နေသည့်နှယ် အရိပ်အယောင်မျှမမြင်ရပေ .. အရိုးကွဲမတတ်အေးစက်  နေသည့်ကြားမှပင်  နေပြည်တော်သည် စည်ကားမျှစည်ကားလျှက်ရှိသည် ..
 သားမွှေးအင်္ကျီထူများဝတ်ထားသည့် ကုန်သည်သူဌေးသူကြွယ်များ .. ကတ္တီပါဝတ်ရုံ ခြုံထားသည့် မင်းမူထမ်းအရာရှိများ .. ဂွမ်းကပ်အင်္ကျီထူထူထဲထဲဖြင့် လမ်းသလားနေ ကြသော လမ်းသွားလမ်းလာများဖြင့် လမ်းတိုင်းလမ်းတိုင်းလိုလို ပြည့်နှက်နေသည်..
    နန်းတော်အနားသို့ရောက်လာလေလေ အိမ်ကြီးအိမ်ကောင်းများ များလာလေလေ ဖြစ်ပြီး လက်နက်ကိုင်ရဲမက်စစ်သည်များကလည်း မြင်းကိုယ်စီဖြင့် မနားမနေ လည့်လှယ်နေကြ၏ ..အိမ်ကြီးအိမ်ကောင်းများကြားထဲမှ အကြီးမားဆုံး ..၀င်းနေရာ အကျယ်ဆုံးနှင့်အလှပဆုံး အိမ်ကြီးတစ်လုံးတွင်မူ လူတစ်စု သည် ဆွေးနွေးပွဲ ပြုလုပ် နေကြသည်.. ပိုးလမ်းမကြီးမှဝင်လာသည့် အမွှေးပွပါရှန်းကောဇောအနီရောင် ကို ခန်း လုံးပြည့်ခင်းထားသော ထိုအခန်းသည် အပြင်ရာသီဥတုနှင့်ဆန့်ကျင်စွာ နွေးထွေး လျှက်ရှိ၏ .. မဟော်ဂနီရောင် ဖိတ်ဖိတ်ပြောင်နေသည့် ဧရာမကျွန်းစားပွဲကြီးပေါ်တွင် တောတောင်ချိုင့်ဝှမ်းများ ..မြို့ရွာများ ..ခံတပ်များ ပါဝင်သည့် မြေပုံချပ် တစ်ခု ကို တင်ထားပြီး ထိုမြေပုံအား လူခြောက်ယောက်က မျက်တောင်မခတ်စိုက်ကြည့်နေ ကြသည် ..မြေပုံအားမကြည့်ဘဲ  စားပွဲထိပ်တွင် ထိုင်နေသော လူတစ်ယောက်က ..
        ''ကိုင်း ၀န်မင်းတို့ ကျုပ်ကတော့ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို ပြောပြပြီးပြီ .. ဘယ်လို ခုခံကာကွယ်ရမလဲဆိုတာလည်း အကြံပြုပြီးပြီ .. ၀န်မင်း တို့ရဲ့ တာဝန် ကတော့ ဘုရင်မင်းမြတ်ကို လျှောက်တင်ပေးကြဖို့ပဲလိုတော့တယ် .. ''
        မြေပုံကို သေသေချာချာ လက်ဖြင့်ထောက်ကြည့်နေသော .. မုတ်ဆိတ်မွေး ကားကားနှင့် အဘိုးအိုတစ်ယောက်က ..
        ''' ခက်တော့ခက်တယ် သေနာပတိချုပ်ရဲ့ .. ရန်သူက ဘယ်ဆီဘယ်မှာမှန်းက မသိ ထင်ကြေးနဲ့ ကာကွယ်စရိတ်နဲ့ လူအင်အားကို လွတ်တော်မှာ တောင်းခံဖို့က တကယ်မလွယ်ဘူးနော် ..'''
         မျက်နှာတွင်မှဲ့ခြောက်များနှင့်ပြည့်နှက်နေသော အဘိုးကြီးကလည်း
      '''သက်တော်ရှည်ဝန်မင်းပြောတာ မှန်တယ် သေနာပတိချုပ်ကြီး ဆောင်းတွင်းဝင် တော့မှာဖြစ်လို့ ကောက်ပဲသီးနှံတွေ ပျက်စီးလာမဲ့အရေး ရှိသေးတော့..  မဖြစ်လာ သေးတဲ့ ကိစ္စအတွက်နဲ့ ဘုရင်မင်းမြတ်က လက်သင့်ခံမှာမဟုတ်ဘူး ..''
       သက်တော်ရှည်ဝန်မင်းဆိုသူကတဖန်..
      ''' ဘုရင်မင်းမြတ်အပြင် အနောက်ဆောင်က မိဖုရားကြီးတို့ အဖွဲ့ကပါသေချာ ပေါက် တားမြစ်မယ့်အလုပ်ဗျ..'''
  သေနာပတိချုပ်ဆိုသူက ထိုစကားကြောင့်ဒေါသထွက်သွားဟန်တူသည် ..စားပွဲအား လက်ဖြင့် ''ဗုန်း''ခနဲရိုက်ကာ
       '''' ဒါဆိုကျုပ် ပြည်သူပြည်သားတွေဒုက္ခရောက်မဲ့အရေးကို ဒီအတိုင်းလက်ပိုက် ကြည့်နေရမှာလား .. တော်စမ်းဗျာ .. ခင်ဗျားတို့ ၀န်မင်းတွေ အသက်ကြီးမှ အမျက်တော်ရှပြီး သေမှာကြောက်နေရသလား ..ပြသနာဆိုတာ မဖြစ်ခင် အရင် တားရတယ်ဗျ.. အခုဆို မွန်ဂိုတွေစစ်ပြင်နေကြပြီ ..  ဒီကောင်တွေ ဟေမင်ခံတပ် နားမှာ လူအင်အား အလုံးအရင်းနဲ့ တပ်ချထားပြီးပြီ ..မကြာခင်သွေးထိုးစမ်း စစ်ပွဲ စမ်းတော့မယ်.. ဟေမင်ခံတပ် မှာရှိတာက လူအင်အား သုံးရာငါးဆယ့်နှစ်ယောက် ပဲ ရှိတယ် လူငယ်လူရွယ်နည်းပြီး တစ်ဝက်ကျော်ကျော်က အဘိုးအိုတွေ ပဲ .. ဘယ်လိုမှ ထိုးစစ်ကို တားနိုင်မှာမဟုတ်ဘူး ..  ဟေ့မင်ခံတပ်ကျရင် .. ယင်ချွမ်း ခံတပ်ပါကျမှာပဲ ဒီကြားထဲကရွာပေါင်း ခုနှစ်ဆယ်ကိုးရွာ ကလူတွေ ရှစ်ရက်အတွင်းအကုန် သေနိုင် တယ်.. ယင်ချွမ်းရောက်မှ ကာကွယ်ရမယ်ဆိုရင် ကျုပ်လည်းဘယ်လို မှ တတ်နိုင်မှာ မဟုတ်ဘူး .. အခုကတည်းက စစ်ပြင်ထားမှရမယ်.. ကျုပ်ကတော့ ဂရုမစိုက်နိုင်ဘူး ရိက္ခာနဲ့ စစ်အင်အားကို အခုလိုချင်တယ် .. ခင်ဗျားတို့ကို ကျုပ်တို့ရန်အိမ်တော်က ဘယ်လောက် ထိ ထောက်ပံ့ပေးထားတယ် ဆိုတာ တစ်တိုင်းပြည်လုံးသိတယ် .. အခုပြည်သူတွေ အခက်အခဲ ဖြစ်တော့မှ ခေါင်းရှောင်မယ်ဆိုရင်  ကျုပ်တို့ ရန်အိမ်တော်ပါ သိက္ခာကျတယ် .. ဒီတော့ မနက်ဖြန် နန်းတွင်းညီလာခံမှာ ၀န်းမင်းတို့ ခြောက်ပါး ဘုရင့်ကို ဒီအကြောင်းလျှောက်တင်ပါ..ဆောင်းမ၀င်ခင် ဟေ့မင်ကို ကျုပ်တို့ရောက်မှဖြစ်မယ်.. '''
           ''ဖေဖေ.. ..ဟင် သြော်..ဘယ်က ဧည့်သည် တွေလည်းလို့ ဘိုးဘိုးတို့ပဲ .''
          သက်တော်ရှည်ဝန်မင်းက ကလေးမလေးအား ချစ်မြတ်နိုးစွာ ကြည့်ပြီး ...
     ''အမလေး ကြည့်စမ်း ..ငါ့မြေးလေးက လှလာလိုက်တာ ဘိုးဘိုးတောင်မမှတ်မိဘူး .. အား ..နာတယ် ကွဲ့ ကျင်းကျူးရဲ့ ဘိုးဘိုးရဲ့ မုတ်ဆိတ် မွေးတွေကို အလကား ဆွဲနူတ်ရသလားကွယ်..'''
      ကျင်းကျူးက တစ်ခစ်ခစ်နှင့်ရယ်ပြီး ထိုအဘိုးအို၏ မုတ်ဆိတ်မွေးတွေကို လိုက်လံ နုတ်နေသည်..
        ''ဘိုးဘိုးတို့အိမ်တော်က ပန်းဥယျဉ်မှာ အကောင်လေးတွေမှ မရှိတာ ကျင်းကျူးက ဘာလုပ်ရမှာလဲ  ...''
        သက်တော်ရှည်အမတ်ကြီးက ကျင်းကျူး ၏လက်နှစ်ဖက်အား ရှောင်ရှားကာ
    ''ခွင့်ပြုပါအုံး သေနာပတိချုပ်ကြီး ..မနက်ဖြန် ညီလာခံမှာ တင်ပြတောင်းဆို ပေးပါ မယ် ..''
        သေနာပတိချုပ်ကြီးက ကျင်းကျူးအား ပြုံးလျှက်ကြည့်ကာ ..
    ''သမီးရေ ဖေဖေပြောထားတယ်မဟုတ်လား ဒီအခန်းတံခါးပိတ်ထားရင် မ၀င်လာဖို့ .. သမီးကို ဘယ်သူမှမတားကြဘူးလား''
     ကျင်းကျူးသည် သူ၏နှင်းဆီရောင်နူတ်ခမ်းဖူးဖူးလေးအားခပ်ဟဟ ၀ိုင်းကာ
       ''ဟားဟား .ဒီစံအိမ်မှာ ကျင်းကျူးကို တားနိုင်တဲ့သူ ဘယ်သူရှိလို့လဲ .. ''''
      ဟုဆိုရင်း ဖခင်၏  ပါးနှစ်ဖက်ကို လက်ဖြင့် ညှစ်၍
      ''ဖေဖေ သမီးတို့ ခရီးထွက်ရအောင် ဒီမှာနေရတာ ပျင်းလှပြီ'''
   သေနာပတိချုပ်ကြီးရန်ခွမ်းမှာ တစ်တိုင်းပြည်လုံးရှိ စစ်သည်ရဲမက်အပေါင်းကို နိုင်သမျှ  သူ၏ သမီးကိုတော့ လေသံပင်မမာနိုင်ရှာပေ ..
        '' သမီးကလည်း ဖေဖေမှ မအားတာကွယ် .. ဒီတစ်ခေါက် ဆောင်းတွင်းကုန် လို့ နွေဦးပေါက်တဲ့အခါကြ တစ်နိုင်ငံလုံးလည့်သွားမယ်နော် ..သမီးလေး ..''''
         '''ဖေဖေက ပြောလိုက်ရင် ဒီအတိုင်းပဲ ခရီးမထွက်ရတာ ဘယ်နှစ်နှစ် ရှိပြီလည်း .. ပြီးတော့ အကိုအားကွေ့တို့ကိုလည်းမတွေ့ရဘူး ရွမ်ဝူလေးကိုလည်း သတိရတယ် .. ဖေဖေ သမီးအကိုအားကွေ့ရဲ့ရွမ်ဝူလိုမျိုး တစ်ကောင်လောက်ရချင်တယ် ..အဲ့ဒါရှာ ပေး .'''
       ''သမီးလေး  ကလေးပေါက်စလေးမှ မဟုတ်တော့တာ အကောင်ပလောင် တွေနဲ့ မဆော့ပါနဲ့တော့ကွယ် ..သမီးအရွယ်ဟာ သူများတွေ အချက်အပြုတ် ပန်းထိုး နဲ့  အချုပ်အလုပ်တွေ သင်နေကြပြီလေ ..ဒီတိုင်းဆို ကြီးလာရင် ငါသမီးကို ယူမယ့် သူတောင်ရှိမှာမဟုတ်ဘူး .. '''
        ကျင်းကျူးသည် သူ့ အဖေ၏စကားကြောင့် ဒေါပွသွားကာ ရန်ခွမ်း၏ နူတ်ခမ်းမွေးများကို လိုက်လံဆွဲနူတ်လိုက်တော့၏ ...
      စစ်ဘုရင်ရန်ခွမ်းမှာ  သူ၏ ချစ်လှစွာသော သမီးလက်ချက်မမိစေရန်  အခန်းတွင်း လည့်ပတ် ပြေးရသော ဘ၀သို့ရောက်ရရှာသည် ...
#29 ( အစ၏အဆုံး ..အဆုံး၏အစ )
          '' ခွပ် ...ခွပ်..ခွပ်''
           လူကြီးလက်တစ်ဖက်စာမျှရှိသော ထင်းတုံးများသည် ပုဆိန်ချက်၏အောက် တွင် ထင်းချောင်းများအဖြစ်သို့ပြောင်းလဲသွားရ၏ .. ထင်းပါက်နေသူမှာ ကိုယ်ခန္ဓာ အင်္ဂါမစုံ ၀ဲဘက် လက်တစ်ဖက်သာ ရှိသော်လည်း ..သူ့အတွက်တော့ ထင်းခွဲရသည် မှနည်းနည်းမျှပင်ပန်းသည့်ပုံမပေါ်ချေ.. သူခွဲထားခဲ့ပြီးသော ထင်းပုံကြီးမှာလည်း မနည်းမနောပင်.. ..
        '''ရှု့ယီ ..ထင်းခွဲတာရပ်လို့ အခန်းထဲလာခဲ့အုံးဟေ့ ဒီမှာ နည်းနည်းလာကူအုံး''
       လက်တစ်ဖက်ပြတ် ထင်းခွဲနေရာနှင့် မလှမ်းမကမ်းရှိ သစ်သားဆောင် အတွင်းမှ အသံကြောင့် ပုဆိန်ကို ဘေးမှာ ချပြီး ကိုယ်၌ ကပ်နေသော နှင်းမှုန်များအား ခါချကာ ခြေလှမ်းခပ်မှန်မှန်ဖြင့် အဆောင်တွင်းဝင်သွားလိုက်၏ ...
         အဆောင်မှာ ကြပ်ခိုးများ မှိုင်းများစွဲပါများသောကြောင့် မည်းနက်ကာနေသည်. ထိုအဆောင်ကား ရှောင်လင်၏ ဆွမ်းချက်ဆောင်ပင်တည်း .. နှစ်ပေါင်းများစွာ ရှောင်လင်ဂိုဏ်းသားများ၏ အာဟာရနှင့်ဝမ်းရေးကို ဖြေရှင်းပေးနေသော အဆောင် ဟုခေါ်ရင်လည်းမမှားပေ ..
        အထဲတွင်  ဆန်အိတ်များ ကို သေသပ်စွာ စီရီထားပြီး ဆွမ်းထည့်ရန် လေးထောင့် သစ်သားပုံးများကို အထပ်ထပ် ဆင့်ထားသည် .. မျက်နှာကြက်အမိုး ပေါ်တွင် ကြက်သွန် ငြုတ်တောင့် နှင့် ပြောင်းဖူးများအား ဂုန်နီလျှော်ကြိုးများဖြင့် တွဲ ချိတ်ထား၏ ..  အခန်းထောင့်တွင် တရဲရဲနှင့်တဟဲဟဲတောက်လောင်နေသော ရွှံ့မီးဖိုကြီးက တခန်းလုံးကို အပူဓါတ်လွတ်ပေးနေပြီး ထိုမီးဖိုပေါ်တွင်မူ ဧရာမ ဒယ်အိုး ကြီးတစ်လုံးကိုတင်ထားသည်..
             ထိုဒယ်အိုးကြီး၏ နူတ်ခမ်းဝတွင် လှေလှော်တက်ထက်ပြင် ပိုကြီးသည့် ယောင်းမကြီးဖြင့် အထဲမှ ဆန်ပြုတ်များကို မွှေနေသော ဘုန်းကြီးအိုတစ်ယောက် ရှိပါ၏ .. ဘုန်းကြီးအို၏ ဖားပြုတ်နှင့်အလားသဏ္ဍန်တူသော မျက်နှာကြီးသည် မီးအပူချိန် ကြောင့် အဆီတစ်ဝင်းဝင်းနှင့်ဖြစ်ရာ အလွန်တရာမှ ကျက်သရေယုတ်လှသည်..
           ''ဘာခိုင်းမလို့လဲ ဆရာကြီး ..''''
           လက်တစ်ပြတ်ရှု့ယီက အထဲသို့ရောက်သည်နှင့် ဖားပြုတ်မျက်နှာ အဘိုးအို အားမေးလိုက်ရာ ..
            ''' မျက်နှာကျက်အပေါ်က မုန်ညှင်းခြောက် တစ်ဗန်းလောက် ယူပြီး သင် ထားလိုက်အုံးဟေ့ ..ဆန်ပြုတ်အိုးကျက်ခါနီးရင် ခတ်ရအောင် .. ''
           ''ဟုတ်ကဲ့ ဆရာကြီး''
            ''ဖတ်'''
            လက်တစ်ဖက်ပြတ်ရှု့ယီက ဖားပြုတ်မျက်နှာ၏ စကားအဆုံးတွင် ကြမ်းပြင်း အား ခြေဖြင့် တစ်ချက်ဆောင့်လိုက်ရာ ကြောင်တစ်ကောင်အလား ပေါ့ပါးစွာပင် မျက်နှာကျက်အပေါ်သို့ရောက်သွား၏.. သူ၏အပြုအမူကို တခြားရှောင်လင်ကျောင်း သားများသာမြင်လျှင် အထူးအံ့သြောသွားရမည်ပင် ..
            အဘယ်ကြောင့်ဆိုသော် ဆွမ်းချက်ဆောင်ရှိ ဖားပြုတ်မျက်နှာ ဘုန်းကြီးအို တို့.    တူဝရီးနှစ်ယောက်သည် သိုင်းပညာလုံးဝမတတ်သူဟု သိရှိထားကြသည် မဟုတ်လား .. ဆွမ်းချက်ဘုန်းကြီးမှာ အိုမင်းလှပြီး နာတာရှည်ရောဂါ ရှင်တစ်ယောက် ဖြစ်ကာ တူဖြစ်သူမှာက ဒုက္ခိတစစ်သားထွက်ဟုသာ ထင်ထားကြသည်လေ..
           ယခုတော့ တူဖြစ်သူ၏ ကိုယ်ဖော့ပညာအဆင့်မှာ စည်းကမ်းထိမ်းသိန်းရေး မှူးထက်သာဖို့ရန်သာရှိတော့သည် မည်သည့်နည်းနှင့်မျှ အောက်မကျနိုင်ပေ..
         ဖားပြုတ်အဘိုးအိုက  ရှု့ယီ၏ ဖျတ်လပ်မှုအား သဘောကျကာ
       ''အိမ်း ..ဒီသုံးနှစ်ကျော်ကျော်မှာ ရှု့ယီ အတော်လေးတိုးတက်လာတာပဲ .. ကောင်းတယ် ..ကောင်းတယ် .. ရှေ့လျှောက် သူ့ကိုပဲ အားကိုးရတော့မယ် ..''
       ဟုတွေးနေစဉ်...
        '''ဆရာကြီး   ဒီနှီးနဲ့စည်းထားတဲ့မုန့်ညှင်းခြောက်လား ''
        ''အေးဟုတ်တယ် ဟုတ်တယ် . တစ်ဗန်းလုံးယူခဲ့ကွ အဲ့ဒါမှလောက်တာ ..''
        လက်တစ်ဖက်ပြတ်က အောက်သို့ခုန်ဆင်းခဲ့ပြီး .. မုန်ညှင်းများအား သင် ကာ
      ''ဆရာကြီး ..ကျွန်တော်တို့ဒီကို ရောက်လာတာ အချိန်တွေအများကြီး ကြာနေပြီ အခုထိ ဘာမှ မအောင်မြင်သေးဘူးနော် . တစ်နေ့တစ်နေ့ ဒီ ကိုရင်စုတ်တွေ ဘုန်းကြီးစုတ်တွေ အတွက်ပဲ ဝေရာဝစ္စလုပ်ပေးနေရတာ ...'''
       '' ရှု့ယီ ..ရှု့ယီ အတော်ခက်တဲ့ကောင် အဲ့လိုနေရတဲ့ နှစ်တွေအတွင်း မင်းသိုင်း ပညာဘယ်လောက်တိုးတက်လာသလဲ .. ရည်မှန်းချက် ကြီးကြီးထားတဲ့သူဟာ စိတ်ရှည်ရတယ်ကွ .. အစစအရာရာကို သင်ယူရတယ်.. အခွင့်အရေးကို ရှာရတယ် .. တွေ့ရင်လည်း အမိအရဆုပ်ကိုင်တတ်ရတယ် .. ဘယ်တော့မှ အရှုံးမပေးရဘူး .. ပထမတစ်ခါလဲရင် ပြန်ထ ..နောက်တစ်ခါလဲရင်လည်းပြန်ထ .. အကြိမ်ကြိမ် လဲ ကျလဲ အကြိမ်ကြိမ်ပြန်ထ နိုင်ရမယ် .. အပ်နဖါးထဲကို ချည်ထိုးသလို ကျင့်ကြံရမယ် ကွ''
         လက်တစ်ဖက်ပြတ်နှင့်ပင် မုန်ညှင်းကို သွက်လက်စွာ သင် နေရင်းမှ ..
       ''အခုထိအကြောင်းမထူးသေးလို့ ငြီးတွားမိတာပါဗျာ .. ''
      ''''အကြောင်းမထူးသေးတာမဟုတ်ဘူး ရှု့ယီရဲ့ အခွင့်အလမ်းကို စောင့်နေတာ ..ဟဲဟဲ အခုတော့ လမ်းစပေါ် လာပြီဆိုရမှာပေါ့ကွာ ..''
        ဖားပြုတ်မျက်နှာ၏ စကားကြောင့် လက်တစ်ဖက်ပြတ်သည် ၀မ်းသာပီတိဖြာ သွားပြီး
       ''ဆရာကြီးရယ် ကျွန်တော် အားတက်သွားအောင် ပြောပြပါအုံး '''
        ''ဖြည်း..ဖြည်း..ဖြည်း..ဖြည်း .. မင်းအားကွေ့ကို သိတယ်မဟုတ်လား ..''
         ''သိပါ့ဆရာကြီးရယ်.. ဒီကလေးကြောင့် ဆရာကြီးနဲ့ကျွန်တောာ် တစ်ဆောင် ထဲနေရတာ.. ဒါပေမယ့် ဒီကောင့်ကို မတွေ့ရတာတောင်အတော်ကြာပြီ ထမင်း တောင် လာမစားတော့ဘူး ပိဋိကတ်ဆောင်မှာမဟုတ်တော့ဘူးနဲ့တူတယ် '''
         ''' အေး .. အခုအဲ့ကောင်က တာမော အဆောင်မှာရောက်နေတာ လေးလနီးပါးလောက်ရှိနေပြီကွ..''
          ''အဲ့ကောင် တာမောအဆောင်ရောက်တာနဲ့ ကျွန်တော်တို့ကဘာလုပ်ရ မှာလဲဗျ..'''
           '' လာမယ်လေ ရှု့ယီရေ .. တာမောဆောင်ဆိုတာဘာဆောင်လည်း .'''
ရှု့ယီက နဝေတိမ်တောင်နှင့်
           ''သိုင်းကျမ်းတွေထားတဲ့အဆောင်လေ.. '''
            ''ဟဲ..ဟဲ.. ဟဲ ..ငါအားကွေ့ကို မေးပြီးပြီ ..တစ်ဆောင်လုံးမှာ သူရယ် ခုန်းချင့်ဆရာတော်ရယ် နှစ်ယောက်ထဲ တာမောအဆောင်ကို စောင့်တာ .. ဒါပေမယ့် အားကွေ့တစ်ယောက်ထဲပဲ ခြောက်ရက်စောင့်ရတယ် .. ကျန်တဲ့ တရက်က ခုန်းချင့် ဆရာတော် စောင့်တယ် .. မင်းသိတဲ့အတိုင်း အားကွေ့ဆိုတဲ့ကောင်က မျက်နှာရူး သိုင်းမတတ်တဲ့ကောင် .. ဒီလောက်ဆို ဘာလုပ်ရမယ်မှန်းမင်းသဘောပေါက် ပါပြီ..''
           လက်တစ်ဖက်ပြတ် ရှု့ယီသည် ဖားပြုတ်မျက်နှာ၏ စကားအဆုံးတွင် အလှူ့အိမ်ရောက်သွားသော သူဖုန်းစားနှယ် ပျော်ရွှင်မြူးတူးကာ ...
            ''တစ်ခုတော့ရှိတယ် ဆရာကြီး တော်ကြာ ကျွန်တော်သွားတဲ့နေ့မှ ခုန်းချင့် ဆရာတော်နဲ့တိုးရင် ဘယ်နှယ်လုပ်ကြပါ့ .. '''
  '''မပူပါနဲ့ကွာ ငါ အားကွေ့ကို တီးခေါက် ထားပါမယ် .. တကယ်လို့ဆရာတော်နဲ့ တိုးရင် ရော့ ဒါလေးဆောင်ထား..''''
             ဖားပြုတ်မျက်နှာပေးသော ဗူးသီးခြောက် အား ကြည့်ကာ ..
            ''ဘာကြီးလဲ ဆရာကြီး .. '''
            ''အမှတ်တမဲ့ကြည့်ရင်တော့ ဗူးသီးခြောက်ပေါ့ ..'''
            ''ဟုတ်ကဲ့''
            ''တကယ်တော့ ဗူးသီးခြောက်ပဲ ''
             ''ဟင်''
             ''ဗူးသီးခြောက်ထဲမှာ နွားချေးခြောက်ရယ်..ထုံးရယ် ..ယမ်းစိမ်း သိပ်လို့ ရောထည့်ထားတာကွယ့် .. တကယ်လို့ဆရာတော်နဲ့တွေ့ရင် ဒီဗူးကို သူ့တည့်တည့် ပေါက်လိုက် လက်နဲ့ရိုက်ဖယ်လိုက်တာနဲ့ ပေါက်ကွဲသွားပြီးအမှုန့်တွေတစ်ခန်းလုံးဖုံး သွားမယ် ..မင်းပြေးလို့ လွတ်ပြီပေါ့ .. '''
            '''တကယ်လို့ သူက လက်နဲ့ရိုက်မဖယ်ရင်ကော''
            ''ဒါဆို ဒါလေးကို ငုံထား ''
         ရှု့ယီကဖားပြုတ်မျက်နှာလှမ်း ပေးလိုက်သောအမည်းရောင် ဆေးတစ်လုံးကို ယူလိုက်သည်..
             '''' တကယ်လို့ ပြေးမလွတ်ဘူးဆိုရင် ဒီဆေးကို ၀ါးစားလိုက် ..  မျက်နှာမှာ အဖူးအပိန့်တွေ့ထွက်လာပြီး ..ကွမ်းတစ်ယာညှက်လောက်ကြာရင် ..ခဏ အသက်ရှူ ရပ်သွားလိမ့်မယ် .. သေတာ မဟုတ်ဘူးနော် ..သေမလိုဖြစ်သွားတာ ..  ပြီးရင် မင်းတကိုယ်လုံး ပြည်တွေယို လာပြီး ချက်ခြင်းပုပ်စော်နံလာမယ် .. သူတို့မင်းကို မစစ်ဆေးနိုင်တော့ပဲ သေပြီလို့ပစ်ထားရင် ငါလာကောက်မှာပေါ့ကွာ ..မင်းဘက်က အနာ မရှိပါဘူး..ပြောလို့သာပြောတာပါ ဘယ်လိုနည်းနဲ့မှ ခုန်းချင့်ဆရာတော် မဖြစ်ပါဘူး... ပြီးတော့ အရင်ချောင်းကြည့်ပေါ့ကွာ... ဆရာတော်ဆို ပြေး ..ဟိုခွေးကောင်လေး ဆို ၀င်ပေါ့ ဟ.. အမလေး မင်းကိုရှင်းပြရ ဆန်ပြုတ်အိုး မွှေရနဲ့ မောလိုက်တာကွာ ..ကိုင်း မင်းမုန်ညှင်းတွေကိုထည့် နည်းနည်း နေရင် သစ်သားပုံး ထဲလှဲ့ ပြီး ဆွမ်းစားဆောင်သွားရအောင်''''
             ဆရာကြီးဖြစ်သူ၏ ပြောစကားကြောင့်ပြာပြာသလဲပင် ဆွမ်းအိုးထဲသို့ ထည့်လိုက်သည်..
           '' ဖုန်း''
          '' အောင်မလေးကွဲပဟ..'''
          ယောင်မှားကာထည့်လိုက်သော ဘူးသီးခြောက်ကြောင့် ဆွမ်းအိုးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၏ ..
              ထို့နေ့က ရှောင်လင်ကျောင်းရှိ ကိုရင်များ ဘုန်းတော်ကြီးများ ဆွမ်းငတ်ရာ နေ့ရက်ကလေးတစ်ရက်ပင် ..
          နွားချေးမှုန်များ ထုံးများ အဖွေးသားနှင့် ဆွမ်းပူလောင်ထားသော ဖားပြုတ်နှင့် လက်ပြတ်တို့၏ အစီအစဉ်အစက ဤနှယ်ပင် လှပ၏..
......'''''.......'''''.....''''......'''....'''......
          သံဝေဂ ကျောက်ဂူထဲတွင် အားကွေ့ နှင့် ထင်းလွေ နှစ်ယောက်ထဲသာ မက ဘဲ တခြားဧည့်သည်များ ရောက်ရှိနေကြသည် ..
        ထိုဧည့်သည်များက အခြားမဟုတ်ပါ ..ဒါဏ်ကျဆောင်မှ ထင်းလွေ၏ သွေးသောက် ညီအကိုများဖြစ်သည် ..
         ထို့နေ့တွင် ထင်းလွေသည် အခြားနေ့များနှင့်မတူ အလွန်ပင် တက်ကြွ နေသယောင်ပင် ..
         ကျောက်ခုံပေါ်တွင် ထိုင်နေကြသော သူ၏ သွေးသောက်ညီများကို ကြည့်ပြီး ..
       '' ညီလေးတို့ ငါတို့တွေက တမိသားစုထဲကမွေးခဲ့တာ မဟုတ်ပေမယ့် .. မိသားစု ထက်ကို ပိုချစ်ခင်ကြတယ် .. ညီရင်းအကိုရင်းထက်ကို သွေးစည်းခဲ့ကြတယ် .. ငါ့ရဲ့ မှားယွင်းတဲ့ ဦးဆောင်မှုအောက်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နိမ့်နိမ့် ပါးပါး နေခဲ့ရတာတောင် အခုထိ ငါ့ကိုသံယောဇဉ် ရှိသေးတာတွေ့တော့ ဒီဘ၀မှာ လူဖြစ်ရ တာကို ငါဝမ်းမနည်းတော့ဘူး   ..  မိတ်ဆွေစစ် မိတ်ဆွေကောင်း တစ်ယောက်သာ ရမယ်ဆို ရန်သူတစ်ထောင်ကို ငါသတ်မယ် ဆိုတဲ့ အတိုင်း .. .. ငါ့မှာ မိတ်ဆွေစစ် ငါးယောက်တိတိတောင်ရှိခဲ့ပါပြီ.. ချမ်းသာလည်းအတူတူ ..ဆင်းရဲလည်း အတူတူ ဥတုလေးပါး(နွေဦး ..နွေ .. မိုး ..ဆောင်း) ကို အလီလီဖြတ်သန်းခဲ့ကြပြီးပြီ .. ငါတို့ ချွေးစက်တွေ ...သွေးစက်တွေနဲ့ ဘ၀ကို လည်းအတူတူထုဆစ်ခဲ့ကြပြီးပြီ .. သေမယ် ဆိုလည်း သေပျော်ရမယ့်အချိန်တွေ ရောက်နေပါပြီ.. ဒီနေ့ ငါ့ညီတွေကို ခေါ်လိုက်ရ တဲ့ အကြောင်းက ငါတို့ရဲ့ အကုသိုလ်တွေအတွက် ငါတို့ကိုယ်စား ပြန်လည် အကြွေး
ဆပ်ပေးမယ့် သူတစ်ယောက်ကို မြေတောင်မြောက်ပေးဖို့ပဲ ..''''
           ထင်းလွေ၏ ကနဦးပြောစကားကြောင့် မျက်ရည်ဝဲနေသော ငွေမျက်နှာသမား တော်ကြီးက အားကွေ့အားကြည့်ကာ ..
           '' ဒီမြေခွေးပေါက်ကိုလား အကိုကြီး..'''
      လက်တစ်ထောင်ထန်ဖုကလည်း ..
             '' ဟာ.. အကိုကြီးဒီမြေခွေးပေါက်အကြောင်း အကိုကြီးမသိဘူးနော် .. ကျွန်တော်မှာ သူ့ဟင်းချက်နည်းအတိုင်းချက်လိုက်တာ  ဆီပေါက်လို့ ကံကောင်းပြီး မျက်စိမကန်းတာ .. '''
          အဆိပ်ဘုရင်မော်ထိုက်နှင့် လေးမျက်နှာပညာရှိချင်ဝေကတော့ မည်သည်မျှ မပြောပေ .. သူ့အကိုကြီး၏စကား သူတို့စကားဟူသည့်ပုံ.. ဘုန်းကြီးရွှီကြွင်းမှာ အားကွေ့အတွက် တဖက်ကလည်း ဂုဏ်ယူဝမ်းသာနေသလို တဖက်မှာစိုးထိတ်နေ သည်.. သူတို့ကဲ့သို့လမ်းမှားလိုက်မိသွားမှာစိုး၍ပင်..
           ထိုစဉ် ငွေမျက်နှာသမားတော်ကြီးက တစ်ခုခုကိုသတိရသွားသည့်နှယ် ..
    '''ဒါနဲ့ အကိုကြီး ဒီမြေခွေးပေါက်ရဲ့ ကိုယ်ခန္ဓာက သိုင်းသင်လို့မရဘူးမဟုတ်လား''
     ထင်းလွေက အားကွေ့၏ ပုခုံးပေါ်လက်တင်ကာ ..
      ''ရတာပေါ့..ညီနှစ်ရ ..ငါတို့တွေ အတွက် အခက်အခဲဖြစ်စေမယ့် သိုင်းတွေ ..သင်လို့မရတဲ့သိုင်းတွေကိုတောင် ဒီကလေးက အလွယ်တကူသင်လို့ရတယ် .. သူ့လို အရိုးအဆစ်ရှိတဲ့သူကို ဟွေးစွတ်ပေါင်ချီ( 黑色寶石) အနက်ရောင်ရတနာ လို့ခေါ်တယ် ..  အနက်ရောင်သိုင်းလောက ရဲ့. ဘုရင်ဖြစ်လာမယ့် ကောင်ပဲ .. '''
    ''ဟွေးစွတ်ပေါင်ချီ .. ဟွေးစွတ်ပေါင်ချီရဲ့ အဓိပ္ပါယ်က ဒီလိုကိုး ကျွန်တော်တောင် အစက ရတနာသိုက်တစ်ခုခုမှတ်နေတာ '''
      လေးမျက်နှာပညာရှိချင်ဝေက ထိုင်ရာမှထလာပြီး အားကွေ့၏ ကိုယ်ကို ပြန်လည် စမ်းသပ်ကာပြောလိုက်သည် ..
      ရွှီကြွင်းက မ၀ံမရဲ လေသံဖြင့်
     '' အကိုကြီးကျွန်တော်တို့ တွက်ကိန်းမှားရင်  ဘယ့်နှယ် လုပ်ကြမလဲ တကယ်လို့. သိုင်းသင်ပေးလို့ရတဲ့အချိုးအစားဆို ကျွန်တော်ကိုယ်တိုင် ရှောင်လင်သိုင်းကို သင်ပေး မယ်အကိုကြီး အောက်လမ်းသိုင်းပညာရပ်ကိုတော့ သူ့ကိုမသင်ပေးချင်ဘူး .. ''''
     ထင်းလွေက ရွှီကြွင်း၏ခံစားချက်ကို နားလည်သဖြင့်
      ''' ညီလေးတု မင်းစိတ်ထဲမှာ အားကွေ့ကို လမ်းမှားရောက်သွားမှာ စိုးရိမ်နေတာ အကိုကြီးသိတာပေါ့ ..ဒါပေမယ့် သူ့ရဲ့တည်ဆောက်ပုံအရ လမ်းမှန်သိုင်းကို ကျင့်လို့ အကျိုးဖြစ်ထွန်းမလားဆိုတာ တွေးရခက်ကြီးကွဲ့ လမ်းမှန်သိုင်းသင်ပေးမှ ဝေဒနာ ဖြစ်သွား လိမ့်အုံးမယ် .. အခုဟာက လုံးဝသေချာတဲ့ ကိစ္စ.. '''
       အကိုကြီးဖြစ်သူ၏ စိတ်အားထက်သန်မှုနှင့် ခိုင်လုံသော စကားကြောင့် သူခမျာ မငြင်းသာပေ..
      ငွေမျက်နှာသမားတော်ကြီးနှင့် လက်တစ်ထောင်ထန်ဖုမှာ ခပ်ဂျီဂျီလုပ်သေးသော် လည်း နောက်ဆုံးတော့ အကိုကြီးစကားအတိုင်းသာ သဘောတူလိုက်ရ၏....
       ထင်းလွေသည် အားလုံးသဘောတူညီပြီဆိုသည်နှင့်
    '''ကောင်းပြီ ညီလေးတို့ အခု အားကွေ့ရဲ့ သွေးကြောမ ခြောက်ခုကို ဖွင့်ရအောင်''
      ''ဟာ..''
      ''ဟင်..''.
     '''အလို..''
      ''မဖြစ်နိုင်တာ..'''
      ''အသေများသတ်တော့သလားမသိဘူး''
      ကျန်ညီအကိုများမှာ ထင်းလွေ၏ စကားကြောင့်မျက်လုံးပြူးမျက်ဆံပြုးများ ဖြစ်သွားချိန်တွင် ရွှီကြွင်းမှာ .. ခါးခါးသီးသီးပင်
      '' အကိုကြီးဒီသွေးကြောဖွင့်မှာကတော့ လုံးဝသဘောမတူနိုင်ဘူး .. ကျွန်တော် တို့တောင်မှ သွေးကြောမတွေပွင့်ဖို့ အနှစ်နှစ်ဆယ်လောက် အချိန်ယူခဲ့ရတာ .. ဒီလို အတွင်းအားအခံမရှိတဲ့ ကလေးဆိုရင် တကိုယ်လုံးကွဲထွက်ပြီး သေသွားမှာ ပေါ့ ..'''
         ''ဟားဟားဟားဟား ..ညီလေးတုရယ် အကိုကြီးက အားကွေ့ကို အသေသတ်ပါ့မလား.. ဆဌမအာရုံနိုးဆွသိုင်းအကူအညီနဲ့ ဖွင့်မှာပေါ့ကွ..အတွင်းအား ကို တဒင်္ဂ စုစည်းတဲ့နေရာမှာ ဒီသိုင်းလောက်ကောင်းတာ ဘာမှမရှိဘူး.. ပြီးတော့ အားကွေ့ကလည်း အဲ့သိုင်းကို  ငါ့လောက်နီးပါးကျွမ်းနေပြီဟေ့ ..'''
    '' ဘုရား ဘုရား ..လောကကြီးကတော့ ကမှောက်ကမဖြစ်ကုန်တော့မှာပဲ .. ဒီအရွယ်နဲ့ ဒီသိုင်းကိုတတ်တယ်ဆိုရင်..ဘုရားဘုရား.. ဟုတ်ကောဟုတ်ရဲ့လား အကိုကြီးရယ် ..တစ်သက်နဲ့တကိုယ်တခါမှ မကြားဖူးဘူး '''
      လေးမျက်နှာပညာရှိ၏ မှတ်ချက်စကားကို ထင်းလွေကထောက်ခံလိုက်ရင်း
     ''' ဟုတ်တယ်ညီသုံး တစ်ခါမှကြားဖူးမှာမဟုတ်ဘူး .. ဒါတောင် သူ့ဆီမှာ ငါ့ညီတို့မသိသေးတဲ့ပညာရပ်တွေ အများကြီးရှိသေးတယ် ..ကဲဒါတွေ ထားတော့
 အခု စ လိုက်ကြအုံးစို့ .. အားကွေ့မင်းက ကျောက်ခုတင်ပေါ်တက် .ညီနှစ်က စွတ်
ညီသုံးကအော့ .. ညီလေးက လျို့ .. ညီငါးက .. စမ်း.. ညီလေးတုက၀ူ .. နေရာယူ ထားတော့ .. အကိုကြီးက အချက်ပေးတာနဲ့ ပြိုင်တူရိုက်မယ် .. ကိုယ့်သွေး ကြောကိုယ် မှတ်ထားနော်.. မှားတာနဲ့ သေပြီပဲ''''
      ငြင်းမရသောကြောင့် ညီအကိုများမှာ စိတ်လေးလေးနှင့်ပင် ၀ိုင်းဖွဲ့ထိုင်လိုက်ကြ၏
  အားကွေ့က သူ၏လက်ညိုးဖြင့်  နားဖူးစပ် ရင်ညွှန့် နှင့်ချက် အထက်နား ကို ကိုယ့်ကိုယ်ကို ပြန်ထောက်လိုက်သည် .. အမှောင်ကိုယ်တော်၏ ဆဌမအာရုံနိုးဆွခြင်း အဆင့်ကုန် သုံးလိုက်ခြင်းပင် .. သွေးဘီလူးအသုံးပြုသည့် နည်းလမ်းနှင့် အားကွေ့ အသုံးပြုသည့်အတွင်းအားနိုးဆွခြင်းနည်းလမ်းမှာ အလွန်တရာမှ ကွာခြားလှ၏ ..
      ခေါင်းတွင် အငွေ့တထောင်းထောင်းထွက်လာပြီး အသက်ရှုမြန်လာသော အားကွေ့အား မျက်လုံး ဆယ့်နှစ်စုံက မျက်တောင်မခတ်တမ်းစိုက်ကြည့်နေစဉ်တွင် ..
    '''စဟေ့''
      ဟူသော ထင်းလွေ၏ အသံထွက်လာသည်နှင့်
    ''ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..ဖြန်း'''
     ခနဲ မြည်အောင် သွေးကြောများအား ချိန်ရွယ် ကိုယ်စီကိုယ်င ရိုက်ထုတ်လိုက် ကြသည် .. သူတို့၏ အနှစ်နှစ်အလလ စုဆောင်းထားသော အတွင်းအား အဆင့် ကုန်သုံးကာ ရိုက်ထည့်လိုက်သည်မို့ဆင်တစ်ကောင်ပင် အရိုးများ မွမွကြေထွက်သွား နိုင်၏..
        အားကွေ့သည် မိမိကိုယ်အတွင်းသို့ အရှိန်ပြင်းပြင်း ဆောင့်ဝင်လာသော အတွင်းအားငါးခုအား ဆဌမအာရုံအတွင်းအားဖြင့်ထိမ်းပြီး နေရာအနှံ့သို့  ပို့လွတ် လိုက်သည် ..
       ထင်းလွေသည်  အားကွေ့မျက်နှာအား  မမှိတ်မသုံကြည့်နေရာ.အားကွေ့၏ မျက်နှာတွင် အရောင်အမျိုးမျိုးပြောင်းနေသည်ကို တွေ့နေရသည် .. အနီရောင် အပြာရောင် ..အစိမ်းရောင်စသဖြင့် ပြောင်းနေရာ ..  အသားအရည် ဖြူဖြော့ဖြော့ အရောင် ပြောင်းသွားသည်နှင့်
      ''ယား ..'' ကနဲအော်လိုက်ပြီး ရှိသမျှ အတွင်းအားများကို စုကာ အားကွေ့၏ ငယ်ထိပ်ပေါ်သို့ ရိုက်ချလိုက်သည် ..
      သူ၏အတွင်းအားကား ညီအကိုငါးယောက်စုစုပေါင်းထက်ပင် သာလေသည် ..
      သို့သော်လည်း အားကွေ့၏ ငယ်ထိပ်နှင့်သူ၏လက်ဖ၀ါးထိတွေ့သံကား ထွက်ပင်ထွက်မလာခဲ့ ..
       အားကွေ့မှာ ထင်းလွေ၏ ..လက်ဖ၀ါးချက်ကြောင့် တကိုယ်လုံးတုန်သွားကာ နားထဲကလေများထွက်ပြီး မေ့မျောသွားလေသည်..
        အားကွေ့ မေ့လဲသွားသည်နှင့်.. ထင်းလွေက ..
       '''ဟားဟားဟားဟား .. ကဲ့ဘယ်နှယ်လဲ ညီလေးတို့ ..ငါမပြောဘူးလား .. ဘာလို့ဖွင့်လို့မရ ရမှာလဲ ..ဒီကောင်နိုးလာရင်တော့ ကိုယ့်ကိုယ်ကို အံ့အားသင့်နေ တော့မှာ ..'''.
       ကျန်ညီအကိုများမှာလည်း အပြုံးမျက်နှာ ကိုယ်စီဖြင့်ပင်... အထူးသဖြင့် ဘုန်းကြီးရွှီကြွင်းမှာ အပျော်ဆုံးဖြစ်သည် ..
....'''.....''..''
       နားထဲတွင် တစ်တောက်တောက် တစ်တောက်တောက် မြည်နေသော အသံကြောင့် အားကွေ့နိုးလာသည် .. နိုးနိုးခြင်းသတိထားမိသည်ကား သူ၏တစ်ကိုယ်လုံး နွေးထွေးလျှက် အားအင်ပြည့်ဖြိုးနေသည်ဟူသည့်အချက်ပင် ..
      မျက်စိနှစ်လုံးကို ဖွင့်ကြည့်လိုက်သည်နှင့် သူ့ပြုံးကာ ကြည့်နေသော ထင်းလွေကို တွေ့ရသည် ..
      ''ထ ထ လူလေး ..နောက်ဖေးခန်းထဲမှာ ရေရှိတယ် မျက်နှာသွားသစ်ချီ''
     အားကွေ့လည်းလဲနေရာမှ ထကာ နောက်ဖေးခန်းထဲသို့ဝင်သွားလိုက်၏ .. သူထိုဂူသို့ရောက်လာသည်မှာ အခေါက်ပေါင်းမနည်းတော့ သော်လည်း တခါမှ နောက်ဖေးခန်းသို့မ၀င်စဖူး..
      နောက်ဖေးဂူထဲတွင် ကျောက်စက်ပန်းစွဲများက ပြည့်နှက်နေသည် .. အလင်းရောင် မ၀င်၍ ခပ်မှောင်မှောင်ဖြစ်နေသော်လည်း  မြင်ကွင်းအကုန် တွေ့မြင် နေရသည် မှာ ထူးခြားလှ၏..ကြီးမားလှသော ကျောက်စက်ပန်းစွဲတစ်ခုမှ  ရေများ  တစ်တောက်တောက်ကျနေသည်.. ထိုရေများအားအောက်မှ ကျောက်ခွက်ကြီး တစ်ခုနှင့် ခံထား၏ .. ထိုထဲကရေဖြင့်ပင် အားကွေ့ ကိုယ်လက်ဆေးကြော သုတ်သင် လိုက်သည် .. ကျောက်ခွက်ကြီး နဘေးနားတွင်တော့ အညိုရောင် နွယ်ပင်များ ထူထပ် စွာယှက်ဖြာနေပြီး စပြစ်သီးအရွယ် အနီရောင် အသီးလေးများ ပြွတ်ခဲစွာ ပေါက်နေ၏.. ဗိုက်ဆာနေသည်မို့ အနီရောင်အသီးလေးအား ခူးကာ ပါးစပ်ထဲထည့်ဝါးလိုက်သည် .. အဆိပ်ရှိလျှင်တော့ ဤဂူထဲတွင်ထားမည်မထင်..  ချဉ်ပြုံးပြုံးနှင့် စားကောင်းလှသော ကြောင့် အသီးများ တပွေ့တပိုက်ခူးကာ ပြန်ထွက်လာ၏ ..
          ထင်းလွေက ကျောက်ထိုင်ခုံတွင် ထိုင်ကာ အားကွေ့အားမြင်လျှင်
      ''လာဟေ့ လူလေးရေ .. ဘဘ မင်းကို သတိပေးစရာရှိသေးတယ်ကွဲ့ ..'''
        ''ဘာများလဲဘဘ ''
        ''သိုင်းပညာနဲ့ပတ်သက်လို့ပေါ့ကွယ် .. အခုဆို လူလေးမှာ သွေးကြောမကြီး ခြောက်ခုစလုံးပွင့်သွားပြီကွဲ့ ..သူ့ရဲ့အကျိုးသက်ရောက်မှုက လူလေးကိုယ်တိုင် ခံစား
ရမယ့်သူဆိုတော့ အထွေအထူးပြောစရာမလိုဘူး ..တခုရှိတာက လူလေး ကျက်မှတ် ထားတဲ့သိုင်းတွေက အရမ်းများတယ် .. .. အဲ့လိုများလွန်းတဲ့အခါကြတော့ အရေးကြုံ လာရင် ဟိုသိုင်းသုံးရနိုးနိုးဒီသိုင်းသုံးရနိုးနိုးဖြစ်တတ်တယ် .. အဲ အတွေ့အကြုံ များသွားရင်တော့ ပြသနာမရှိဘူးပေါ့.. ဒါပေမယ့် အတွေ့အကြုံမရှိခင်စပ်ကြားမှာ ကိုယ် သုံးရမယ့် သိုင်းကို ပြန်ချုံ့ထားဖို့လိုမယ် ..  ဆိုရိုးတစ်ခုရှိတယ်လူလေးရဲ့ ထိပ်တန်းသိုင်းသမားအဆင့်မှာ သိုင်းကွက်အများကြီးသိထားရမယ် .. နောက်တစ်ဆင့် မှာ သိုင်းကွက်တွေကို ကျစ်လစ်သွားအောင်လုပ်ရမယ် .. ဥပမာ သိုင်းကွက်တူ သုံးလေးကွက်ထပ်နေတဲ့ နေရာလိုမျိုး .. မလိုအပ်ပဲ အရိပ်အယောင်ပြ သိုင်းကွက်တွေလိုမျိုးကို ဖြုတ်ချထားခဲ့ရမယ် .. ပရိယာယ်များတဲ့သိုင်းအဆင့်ကနေ ရိုးရှင်းထိရောက်တဲ့ သိုင်းအဆင့်မျိုးကိုပြောင်းလဲရမယ်ကွဲ့ .. နောက်တစ်ဆင့်မှာ ကြတော့  သိုင်းကွက်အစွဲမထားရဘူး''
        ထင်းလွေ၏အပြောစကားကြောင့် အားကွေ့ နဖူးကြောရှုံ့သွားသဖြင့်
      ''  ဒီလိုလေ လူလေးရဲ့ .. ဆိုကြပါတော့ မင်းပထဦးဆုံးလေ့ကျင့်ထားတဲ့သိုင်း ဟူစမ်းပေါက်ရဲ့ ၀ရဇိန်သူရိန်လက်ညိုး သိုင်းကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ပိုလို့ ထိရောက် နိုင်မယ်ထင်တဲ့ သိုင်းနဲ့ ပေါင်းစပ်အသုံးပြုတာမျိုးပေါ့ကွာ .. ဟူစမ်းပေါက် ရဲ့ဝရဇိသူရိန်လက်ညိုးရယ် ..  အဆိပ်သရဲလက်ညိုးသိုင်းရယ် ကို တလှည့်စီသုံးမယ် ဆိုရင် သပ်သပ်စီသုံးတာထက်ပိုထိရောက်တယ် .. ကိုယ့်ကိုယ်ကိုယ် ဖြည့်စွက် သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့ ..အဲ့လိုဖြည့်စွက်ရင်းနဲ့မှ နောက်တဆင့်မှာ သိုင်းကွက် အသစ်တွေကို တီထွင်နိုင်လာမယ်.. ဥပမာ ဘဘ ထွင်ထားတဲ့  အထီးကျန်ဝင်္ကပါ ဆိုရင် သိုင်းလောကထဲမှာ သိုင်းအသစ်ပဲ ..  ဒါပေမယ် အသစ် ကြီးပဲလားဆိုတော့ မြောက်ပိုင်းသိုင်းကျမ်း တစ်ကျမ်းလုံးရဲ့ အစီအနှစ်တွေကို စုပြီး ထွင်ထားတာ ..အဲ့လို လူလေးရဲ့ .. ''
        ''ဒါဆိုနောက်တစ်ဆင့်ကျတော့ရော ..'''
       '' နောက်တဆင့်ကတော့ သိုင်းကွက်တွေကို မေ့ပစ်ရမယ့် အဆင့်ရောက်ရော ..လူလေး ''
       ''ဘယ်လို .. ကျွန်တော်နားသိပ်မရှင်းလို့ '''
       ''ဟဲဟဲ ..အစက ဘဘလည်း ဒီအကြောင်းကို သိပ်နားမလည်ဘူးလူလေး ..လူလေးနဲ့ ပထမတစ်ခေါက်တွေ့တဲ့နေ့မှာ ကျောင်းထိုင်ဆရာတော်ပြောလိုက်တဲ့ စကားကြောင့် ဘဘလည်း အလင်း ပွင့်သွားတာ .. လူလေးမှတ်မိမှာပါ ရသေ့ကြီး ရဲ့ အစွဲအလမ်း ဆိုတဲ့ပုံပြင်လေ.. ''
       အားကွေ့က အချဉ်သီးကို ပါးစပ်ထဲပစ်ထည့်လိုက်ရင်း ..
       ''မှတ်မိတာပေါ့ဘဘရဲ့'''
       '' အေး အဲ့ဒီပုံပြင်ထဲမှာ ပါသလိုပဲ အစွဲအလမ်း ကြီးနေတဲ့သူတစ်ယောက်ဟာ ဘာပဲလုပ်လုပ် အစွဲထဲမှာပိတ်နေတော့တာကိုးကွဲ့ .. သိုင်းကွက်ကိုပဲစွဲနေတော့ ဘဘ တို့ဟာ သိုင်းကွက်တွေထဲမှာ ပဲ ပိတ်မိနေတယ် .. ဘယ်လောက်ပဲ သိုင်းပညာ တတ်တတ် ဘယ်လောက်ပဲသိသိ ဒီဘောင်လေးအတိုင်းပဲ ဘဘ တတ်တယ် .. အဲ့ဒီဘောင်အပြင်ဘက်က ဘဘ ထက်သာတဲ့သိုင်း တကွက်နဲ့သာ ဘဘကို တိုက်ရင် ဘဘ ရှူံးပြီ .. သဘောပေါက်သလား'''
      အားကွေ့မှာ ခေါင်းကုတ်လိုက်ပြီး
    ''နားလည်သလိုလို တော့ရှိသား ..ဒါပေမယ့် သိပ်နားမလည်ဘူး .. '''
     ''လူလေးက ငယ်သေးတော့ဘယ်သိမလဲ .. ခုနတုန်းက ဘဘတီထွင်ထားတဲ့ အထီးကျန်ဝင်္ကပါဆိုတဲ့ သိုင်းကွက်ဆို ခုနှစ်ကွက်ပဲရှိတယ်  အဆင့်လွန် ပညာရှင်တွေ အတွက် သိုင်းကွက် နည်းလေလေ ကြောက်စရာ ပိုကောင်းလေလေပဲ .. ဒီတော့ ဘဘရဲ့ သိုင်းကွက် ကို ခုခံနိုင်မဲ့လူဆို သိုင်းလောကမှာ လက်ချိုးရေရင်တောင် ငါးချောင်းမပြည့်ဘူး .. ဒါပေမယ့် အဲ့ဒီအထီးကျန် ၀င်္ကပါရဲ့ မူလဗီဇ သိုင်းကွက်ကို သိရင် ဘဘ ကို နိုင်မဲ့သူက လက်ငါးချောင်းလောက် ပြန်ဖြစ်သွားလိမ့်မယ် .. အဲအဲ့ဒီ သိုင်းကျမ်းသာ သိုင်းလောက ထဲ ပြန့်နှံ့ သွားကြည့်လိုက် ဘဘ ဟာ ဘယ်သူကိုမှ  အလွယ်တကူနိုင်တော့မှာ မဟုတ်ဘူး ..ဘာလို့လဲဆိုတော့ ဘဘရဲ့သိုင်းကွက် ကို ခန့်မှန်းလို့ရသွားပြီလေ.. '''
         အားကွေ့က သူ၏ပေါင်ကို ဖြတ်ကနဲ ရိုက်ပြီး ...
      ''သိပြီ ဘဘ သိပြီ .. ကိုယ့်ကိုယ်၌မှာ သိုင်းကွက်မရှိအောင် လုပ်ရမယ် .. အစကလည်း အဆုံး ဖြစ်သလို အဆုံးကလည်း အစ ဖြစ်တယ်ဆိုတဲ့ ပုံစံပေါ့.. ဘာမှ မရှိတဲ့နေရာက လာတယ် ဘာမှ မရှိတဲ့နေရာကို ပြန်သွားရမယ် ... ယင် နဲ့ယန် စက်ဝိုင်း.. သုည ဟာ မရှိခြင်းလည်း ဖြစ်တယ် ပြည့်ဝခြင်းလည်း ဖြစ်တယ် ..'''
     '''  ဟားဟားဟားဟား ဒါကြောင့်ပြောတာပေါ့ ..လူလေးက တကယ့်ဉာဏ်ကောင်း တဲ့လူတော်ပါဆို ..ကဲ..ကဲ.. လူလေးလုပ်စရာရှိတာသွားလုပ်ချေတော့.. ''''
        အားကွေ့က ကျောက်ဂူအောက်သို့ ခုန်ချမည့်ဟန်ပြင်ပြီးမှ နောက်သို့ပြန်လည့် ကာ ..
      ''ဘဘ .. '''
      ထင်းလွေကလည်း..
     ''ဟင် ..လူလေး ဘာမေးအုံးမလို့လဲ..''''
     ''ကျောင်းထိုင်ဆရာတော်ကြတော့ရော .ဘယ်လို သိုင်းပညာရှင်လည်း '''
     ထင်းလွေက သူ၏လက် နှစ်ဖက်ကို ခါပြလိုက်ရင်း ..
     '''သူက ဘာဆို ဘာမှ မဟုတ်တော့ဘူးကွယ် .. သူက ငြိမ်းချမ်းခြင်း အစစ်ကို ရှာတွေ့သွားပြီ .. သူက ကြီးမြတ်သွားပြီ.လူလေး''''
      **** ကြီးမြတ်သည့်သူသည် ၎င်း မွေးကင်းစ အရွယ်က နှလုံးသားကို မပျောက်ဆုံးသောသူပင်ဖြစ်လေသည်**** (မင်းရှပ် 372 --289 BC)
    ထိုအခိုက်မှာပင် ကောင်းကင်ပေါ်မှ ပျံသန်းသွားသော ကျီးကန်းတစ်ကောင်သည်
အား..အား ကနဲ စူးရှစွာအော်မြည်ကာ မြူနှင်းများကြားသို့ဝင်သွားလေ၏...
#30 ( အစ၏အဆုံး ..အဆုံး၏အစ )
         အားကွေ့သည် တောတန်းတစ်လျှောက် ပြေးလာရင်း မိမိကိုယ် မိမိ မယုံကြည် နိုင်လောက်အောင် ဖြစ်နေ၏ ... ကိုယ်ခန္ဓာတစ်ကိုယ်လုံးသည် ပေါ့ပါးလန်းဆန်းလျှက် တစ်ချက်တစ်ချက် ထခုန်လိုက်တိုင်း .. သစ်ပင် ထိပ်ဖျားထိ ရောက်လုလုတိုင်အောင် မြင့်တက်သွားသောကြောင့် မိမိကိုယ်မိမိ ၀ိဉာဉ် တစ်ကောင်အဖြစ်ပင် ထင်မိတော့၏..
         တဖွဲဖွဲကျနေသော နှင်းမှုန်များကြားတွင်  မိုးပေါ်သို့ပျံနေသည့် အလား ရွေ့လျားနေသော အားကွေ့ကိုမြင်လျှင် သာမာန်လူများအဖို့ နီကျားကိုယ်တော်လေး ( ချီးလင် ကို စီးနင်းထားသော လက်တွင်မီးကွင်းများ .. မီးခြေနင်းများ စွပ်ထားသည့် နတ်သူငယ်) ဟုပင် ထင်မြင်ကြပေလိမ့်မည်..
          အားကွေ့သည် ခုန်ပျံနေရင်းမှ ပျော်ရွှင်လွန်းသဖြင့်  ၀ူပေမြို့တွင် နေစဉ်က ကြည့်ရှုခဲ့ဖူးသော ကြိုးကြာငှက်များ၏ ဟစ်ကြွေးသံ ဟူသည့် ပြဇာတ်ထဲမှ ကကွက် အတိုင်း လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ..
    '' ဖုန်း''   ဟူသော အသံထွက်လာပြီး ၀ဲ ဘက် ယာဘက် နှစ်ဖက်ရှိ ထင်းရှူးပင်ပျို နှစ်ပင်မှာ ခါးလည်မှ ပြတ်တောက်သွား၏...
       မိမိ၏လက်ဖြင့် မထိရပါဘဲ ပြတ်တောက်သွား သော ပေါင်လုံးခန့်ရှိသည့်  ထင်းရှူးပင် နှစ်ပင်အား ကြည့်ကာ ..
     ''ဟိုက် ..ငါ သရဲတစ္ဆေများဖြစ်သွားတော့တာလား ..''''
      ဟု ရေရွတ်၍  ခေါင်းတခါခါ လည်တခါခါဖြင့် တာမော အဆောင်သို့ အရိပ်သဖွယ် ပြေးလွှားသွားတော့၏...
  ......'''.....'''''  .....''''.....
      လွိယွီ တောင်တန်းသည် အလယ်ပိုင်းဒေသတွင်ဒုတိယတောင်ထွဋ်အများဆုံး နှင့် လှိုင်ဂူပေါက်ဝအများဆုံးဖြစ်သည် .. သက်တမ်းရင့် ကျားရဲတိရိ စ္ဆန်များ မှီတင်းနေထိုင် ကြပြီး နက်ရှိုင်းသော တော လည်းရှိ၏...
     ရက်စက်ကြမ်းကြုတ်သော သားရဲများပေါခြင်း ..သဘာဝဘေးအန္တရာယ် ကြီးမြင့် ခြင်းကြောင့် အလွန်တရာမှ ကျွမ်းကျင်လှပါသည်ဟူသော မုဆိုးကျော်များပင် ထို လွိယွီ တောင်တန်းနှင့် တောအားလက်ရှောင်၏..
     သစ်ခြောက်ဖုံးထားသော နွံအိုင်ကျယ် ကြီးများ ..  အဆိပ်ပြင်းသော အကောင်များ ... မြေအောက်တွင် တွင်းဖွဲ့ နေသော ပဒူအုံကြီးများ .. နွားတစ်ကောင်ပင် တုံးခနဲလဲ နိုင်သော အဆိပ်စူးများ .. ၀င်္ကပါသဖွယ် ဖြစ်နေသော နေပျောက်ပင်မထိုးသည့် မိုးသစ်ပင် နွယ်ခြုံများ  သွေးစုတ်လိပ်ပြာများ.အစရှိသော အရာများက လူတစ်ယောက် မပြောနှင့် ရာချီသော တပ်စုတစ်စုအား အချိန်အတိုအတွင်း ဘ၀ကူးသွား အောင် လုပ်ပေးနိုင်သည်..
       သို့သော်လူသားဟူ၍ မည်သူမျှ လာရောက်ခြင်း မရှိသော  ကြမ်းတမ်းအန္တရာယ် ရောပြွန်းနေသည့် ထိုတောနက်တောင်တန်းကြီးပေါ်တွင် လူသားနှစ်ယောက်ကား အမူ မထားသည့်အသွင် ခရီးဆက်နေကြ၏..
      ထိုနှစ်ယောက်အနက် တစ်ယောက်မှာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်လျှက် အပြားကြီးမားသည့် ဓါးကို ကျောတွင်လွယ်ပိုးထားပြီး ကျန်တစ်ယောက်မှမူ အနီရောင် ၀တ်စုံနှင့် ကျောက်စိမ်းများစီခြယ်ထားသည့် ဓါးတစ်လက်ကို ခါးတွင်ထိုးထား၏...  လမ်းဟူ၍ မယ်မယ်ရရမရှိသော  အချိန်မရွေး အန္တရာယ်နှင့် ကြုံနိုင်သည့် သစ်ကြီး တောကြီးရိပ်ဝယ် ပဟေဌိဆန်ဆန် လျှောက်လှမ်းနေကြသော  အနှီ လူနှစ်ယောက်မှာ  ရူးသွပ်နေသူကြသူများလော...
         ထိုသို့တွေးထင်မည်ဆိုလျှင် တွေးမည့်လူဖက်က လွန်ဖွယ် မရှိသော် လည်း အမှန်စစ်စစ်တော့
         ထိုလူနှစ်ယောက်မှာ အလယ်ပိုင်းသိုင်းလောကတွင် လျှမ်းလျှမ်းတောက် ကျော်ကြားကြသော သိုင်းသမားကြီးနှစ်ယောက်ဖြစ်ပါသည် ..
         မိုးကြိုးအာမခံဌာနမှူးလွေစုနှင့် တင်းမိသားစုပိုင်ရှင်၏ စတုတ္ထမြောက်ညီ ဖြစ်သူ နာမည်ကျော် ကျောက်စိမ်းနဂါးတင်းပေဖြစ်၏..
          ထိုနှစ်ယောက်အနက် မိုးကြိုဓါးလွေစုမှာ  သူ၏မျက်နှာစီသို့ ၀ဲပျံလာသော ယင်မမဲကြီးများ ..ဖြုတ်.. ခြင်များအား လက်ဖြင့် ဝေ့ယမ်းရင်း ..
       ''ညီလေး ဒို့တော့ ..ခဏနားမှ ဖြစ်မယ်ကွာ .. ဗိုက်လည်းတော်တော် ဆာလှပြီ '''
      ကျောက်စိမ်းနဂါးတင်းပေကတော့ နားချင်သေးသည့်ဟန် မပေါ်သော်လည်း  လွေစု၏ စကားကိုတော့ အတိုက်အခံမပြုပါ..
         '' အကိုကြီးလွေ သဘောပါဗျာ..ဟုတ်လည်းဟုတ်ပါတယ်လေ .. တနေကုန် နီးပါး လျှောက်လာရတော့ အားအင်ပြည့်သွားအောင် နည်းနည်းတော့ နားရမှာပါ့..'''
         ထိုအခါမှ လွေစုလည်း  .. လွန်စွာကြီးမားလှသော ကညှင်ပင်ကြီး တပင် အောက်တွင်ထိုင်ကာ ..
          '' ညီလေးရေ .. ဒီတောင်ကြီးကတော့ တော်တော့် ကို ရှည်လွန်းပါတယ်ကွာ တောင်ထွဋ်ကြီးပဲ ခုနှစ်ဆယ့်နှစ်ခုနဲ့ ဂူပေါက်ကို က တစ်ရာကျော်ရှိတယ် .. ငါတို့ ဒီတောင်တန်းကို ရောက်နေတာ သုံးနှစ်ကျော်ကျော်တောင် ရှိလှပေါ့ .. အခုထိ ထင်းလွေ သိုင်းကျင့်ခဲ့တဲ့ ဂူကို အစအနတောင်ရှာမတွေ့သေးဘူး .. ဟူး..'''
        သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လျှက် အားလျော့စကားဆိုလိုက်သော လွေစု အား ..
     ''' အကိုကြီးလွေရာ .. နှင်းဆီပန်းကို လိုချင်မှတော့ ဆူးစူးတာလောက်ကို ခံနိုင်ရ မှာပေါ့ .. သိုင်းဘုရင်ဖြစ်ချင်မှတော့ ၀ီရိယ တော့မပါလို့မရဘူးလေ.. ''
       '' အင်း ခက်တာက ရေသာများ၍ ငါးမတွေ့ ဖြစ်နေမှာစိုးလို့ပါငါညီရာ .. ''
        ထိုစဉ် ကျောက်စိမ်းနဂါးတင်းပေ က
         ''အကိုကြီး .. တိတိတ်နေ .. ကျွန်တော့်နားထဲမှာ အသံကြားရတယ်.. ''
         ''ဘာ သံလဲ ညီလေးရ.. '''
         '' လူတစ်စု လမ်းလျှောက်တဲ့အသံဗျ..''
           ''ဟားဟားဟားဟား ...ငါ့ညီရာ ဒီလောက်ခေါင်တဲ့တောမှာ ဘယ်သူလာမှာ လည်း မင်းနဲ့ငါနဲ့လို အရူးတွေပဲလာမှာပေါ့''
            ကျောက်စိမ်းနဂါးတင်းပေကတော့ လွေစု၏ စကားကိုအလေးမထားဘဲ ..
 လွေစု၏ လက်ကိုဆွဲကာ သူတို့မှီထိုင်နေရာ ကညှင်ပင်ပေါ်သို့ခုန်တက်လိုက်၏ ..
            သစ်ပင်သည် အလွန်ကြီးမားလှသည့်အပြင်  ယှက်ဖြာနေသော သစ်ရွက်သစ်ခက်များကြောင့် လုံခြုံလှသည်..
             သစ်ပင်ပေါ်ရောက်မှ မိုးကြိုးဓါးလွေစုလည်း တင်းပေကဲ့သို့ အသံကို ကြားလိုက်ရတော့၏ ..
             ခြူသံများ.. လမ်းလျှောက်လာသံများ.. စကားပြောသံများကြောင့် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်..
           အဘယ့်ကြောင့်ဆိုသော်  ထိုတောနက်ထဲသို့ သူတို့လာစဉ်က လွေစု၏ လက်ရွေးစဉ်သိုင်းသမား ဆယ်ယောက်နှင့် တင်းမိသားစုမှ သိုင်းသမား ငါးယောက်ပါ လိုက်ပါခဲ့ကြ၏ .. သို့သော် အန္တရာယ်အမျိုးမျိုးကြောင့် နေပူရှိန်မိသော သီးကင်းများ ပမာ တစ်ဖြုတ်ဖြုတ်ကြွေလွင့်သွားကြရာ နောက်ဆုံးတွင် သူတို့နှစ်ယောက်သာ ကျန်တော့သည်မဟုတ်လား..
            ယခုလို လူစုလူဝေး အသံများကြားလိုက်ရ၍ ကိုယ့်နားကိုယ် မယုံနို်င်အောင်
ဖြစ်သွားသောကြောင့်ပင်...
                ''မြန်.'မြန်သွားဟေ့ '''
                ''ဟုတ်ကဲ့ ..သခင်မလေး''
               '''ချွင်... ချွင် ...ချွင်''
                 '''ဘုတ်...ဘုတ်..ဘုတ်'''
                 အသံများကပင် ထူးခြားသည်မဟုတ် မြင်ရသည့်မြင်ကွင်းက ပို၍ ပို၍ပင် ထူးခြားချေ၏ ...
                ထိုလူစုမှာ အယောက် ကိုးဆယ်ခန့် ရှိပြီး အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ် ကလေးများမှာ အယောက်ရှစ်ဆယ်ခန့်ရှိသည်.. ထိုကလေး များမှာ မည်သည့်အသိဉာဏ်စိတ် ရှိပုံမပေါ် အိမ်မက်ထဲတွင်လမ်းလျှောက် နေသူများ အသွင်ဖြစ်၏..  ကလေးများ၏ရှေ့တွင် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်မှာ ခြုကြီးတစ်လုံးကိုကိုင်ကာ တစ်ခြွင်ခြွင် မြည်အောင်ခေါက်နေသည် ..  အသိမဲ့ ကလေးများမှာ ထိုခြူကြီးနောက် ကောက်ကောက်ပါအောင်လိုက်နေခြင်းပင်..
                   ထိုကလေးများ၏ အနောက်တွင် အမိုးဖွင့်ဝေါယဉ်တစ်ခုအား လူလေးယောက်ထမ်းပိုးထားကြ၏ .. ထိုလူလေးယောက်မှာ အောက်ပိုင်းသာလျှင် အ၀တ်ဖုံးထားရာ .  ကြေးနီရောင်လို ၀င်းပြောင်နေသောအသားနှင့် အဖုဖုအထစ် အထစ်သော ကြွက်သားများ အမြောင်းလိုက်အမြောင်းလိုက် လှုပ်ရှားနေသည်ကို မြင်နေရသည်..
              ဝေါယဉ်ပေါ်တွင် ရွှေရင်သိမ်းသစ် ချစ်စရာ့ဆယ်ကျော်သက်အရွယ် .. ကုမ္မာရီငယ် တစ်ယောက်မှာ မိန့်မိန့်ကြီးထိုင်နေ၏ .. အပျိုဖော်ဝင်ကာစမျှပင် သူမ၏ အလှက ယောင်္ကျားလေးမပြောနှင့် မိန်းမခြင်းပင် အားကျနိုင်လောက်အောင် လှပေသည် .. သူမ၏မျက်နှာသည် ကျက်သရေရှိခြင်း .. မြင့်မြတ်ခြင်း  .. မာနနှင့် မဟာဆီမဟာသွေးကဲ့ အရှိန်အ၀ါများပေါင်းစပ်ထားသည့်အပြင် တလောကလုံးရှိ အလှများ လာရောက်စုစည်းထားသကဲ့သို့ပင်..
             ပိတုန်းရောင်ကဲ့သို့ မဲနက်စိမ်းဖန့်ဖန့်အရောင်တောက်ပနေသော့ ပိုးသား ကဲ့သို့ပျော့ပျောင်းသည့် ဆံနွယ်ကလေး လေတိုက်လိုက်တိုင်း လွှင့်ဝဲသွားသည်ကပင် ကဗျာတစ်ပုဒ်ဖြစ်နိုင်သည်..
                သွယ်လျလျ မျက်နှာပေါ်တွင် မကျဉ်းလွန်း မကျယ်လွန်း မမှောက်လွန်း မချိုင့်လွန်းသော နဖူးပြင်သည် အချိုးအစားကျနစွာ ရှိနေသည် .. နဖူးပြင်၏ အောက်တွင်မူ မည်းနက်ထင်းနေသည့် မျက်ခုံးမွှေးသည်  ရှည်လွန်းခြင်း တိုလွန်းခြင်း
ထူလွန်းခြင်း ပါးလွန်းခြင်းမရှိဘဲ  ယခုပင်ထပျံတော့မည့် မဟူရာ ငှက်သဖွယ် နေရာ ယူထား၏..  ရှည်လျားကော့ညွှတ်နေသော မျက်တောင်နှင့် လိုက်ဖက်စွာ အရည် ရွှန်းလဲ့နေသော မျက်ဝန်းအစုံက သက်ရှိမဆိုနှင့် ကျောက်ရုပ်ကပင် ထ ထိုင်ရလေ အောင်အသက်ဝင်လှသည်.. အဖြူရောင်မျက်သားထဲမှ ပြာသလို ညိုသလို စိမ်းသလို နက်သလို မျက်ဆန်က ညို့ဓါတ်အပြည့်ဖြင့် စူးရဲတောက်ပနေသောကြောင့် ဖြစ်၏..
       တစ်တိုင်းပြည်လုံး၏နာမည်ကျော် နန်းတွင်းပန်းပုဆရာကြီးဖြစ်သူ သွမ့်ထျန်းအန် ပင်လျှင် ထိုသူငယ်မ၏ နှာတံကို ကြည့်ကာလက်မှိုင်ချသွားနိုင်ပေသည် ...
            ဖော့ဖယောင်းလိုဖွေးဥဥနုလျက် ပျော့ပျောင်းပျောင်း နှာတံလေးသည် မျက်လုံးနှစ်ဖက်ကြားမှ သွယ်ဆင်းလာ၏.. ပြားခြင်း ချွန်ခြင်းမရှိသော နှာတံလေးမှာ မြင်ရသူအပေါင်း အသဲတဖို ရင်တမမနှင့်ဖြစ်စရာ..
               အကယ်၍ ခြစ်ခြစ်တောက်ပူနေသော သဲဂန္တာရအတွင်း ယောင်္ကျားလေး တစ်ယောက် သည် ခုနှစ်ရက်ခန့်ရေမသောက်ရ၍ နှုတ်ခမ်းများ အာခေါင်များ  ခြောက်ကပ် ကွဲအပ်ကာနေစဉ်တွင် ..  ရှေ့စီမှ ရေအပြည့်ဖြည့်ထားသော  ခွက် တစ်လုံးနှင့် ထိုသူငယ်မ၏ နှုတ်ခမ်းအား အနမ်းတပွင့်ခြွေရမည်ဟု ရွေးချယ်ခိုင်းလျှင် ထိုရေငတ်နေသူသည် သေချာပေါက်ပင်ရေခွက်ကို ငြင်းကာ ထိုသူငယ်မအား အနမ်းခြွေလိမ့်မည် .. အရည်အသွေးလွန်စွာကောင်းသော ပတ္တမြားသဖွယ် နီရဲတွတ် ကာ ဖူးကြွဖောင်းဖုဖု နူတ်ခမ်းအား မြင်လျှင် သင်္ချိုင်းကုန်း ဆီမှ အရိုးခြောက်များ လူသေကောင်များပင်လျှင် အရိုးများတွန်လျှက် ဖိုသံပေးဟစ်အော်ကြနိုင်သည်..
          ပျော့ပျောင်းသော လည်တိုင်နုနုသည် ဆင်စွယ်ပန်းပွတ်နှယ် ၀င်းဝင်းမွတ်ကာ တကယ့်ဂုဏ်ရှိန်မြင့်မားသော အမျိုးသမီးယောက်ပါဟုဆိုနေသည့် သဖွယ်ပင်....
           ထိုသူငယ်မ၏ အလှတရားတွင် မိန်းမောသွားကြမိသော သက်ကြီး ထိပ်တန်း သိုင်းသမားနှစ်ယောက်မှာ ခြူသံရပ်သွားသောကြောင့် ပြန်လည်အသက်ဝင် လာကြသည်..    
          ခြူသမားသည် ဝေါယဉ်ဖက်သို့လည့်ကာ ..
        ''သခင်မလေး ရှေ့သစ်ပင်ပေါ်မှာ မျောက်နှစ်ကောင်ပုန်းနေတယ် .. ဘယ်လို ဖြစ်စေချင်သလဲ သခင်မလေး.. '''
          သခင်မလေးဆိုသူက စကားမဆို သူမ၏ ဝေါယဉ်ဘေးတွင် ကပ်လိုက်လာ သည့် သူမနှင့်ရွယ်တူ အစိမ်းရောင်ဝတ် မိန်းကလေးအားကြည့်လိုက်၏..
         ထိုမိန်းကလေးမှာ သူမ၏သခင်မအကြောင်း နှောကျေနေသည့် ပုံစံရှိသည်..
    '' လောက်ဝူ .. ဒီနေ့ကသခင်မလေးရဲ့မွေးနေ့ဆိုတော့ သွေးထွက်သံယိုတွေ မဖြစ်စေချင်ဘူး .. သစ်ပင်ပေါ်ကမျောက်နှစ်ကောင်ကို အိမ်တော်ကို ဖမ်းခေါ်လာခဲ့ ဟိုမှာ ကြိုးချည်ပြီးမွေးထားရတာပေါ့... ''''
       ကျောက်စိမ်းနဂါးတင်းပေနှင့် မိုးကြိုးဓါးလွေစုသည် တည့်တည့်ပြောမှ ရိပ်မိလိုက် သကဲ့သို့ သစ်ပင်ပေါ်မှ မျောက်နှစ်ကောင်ဟူသည်မှာ မိမိတို့ကို ဆိုလိုမှန်း သိလိုက်ရသည်..
       အလယ်ပိုင်းသိုင်းလောကတွင် နာမည်တစ်လုံးဖြင့် နေလာကြသော လူများ ဖြစ်သည့် အတွက် ယခုလို မျောက်နှင့်နှိုင်းသည်ကို  စိတ်ထဲတွင် ဆတ်ဆတ်ခါအောင် နာရင်း သစ်ပင်အောက်သို့ ခုန်ဆင်းလိုက်ကြသည်..
            ''ဖတ်..ဖလပ်''
         ထိပ်တန်းသိုင်းသမားများ ဖြစ်သည့် အတွက် ကိုယ်ဖော့ပညာမှာ သေသပ် ကောင်းမွန်လှ၏ ..
        အစိမ်းရောင်ဝတ်မိန်းမလေးက ထိုသူနှစ်ယောက်ခုန်ဆင်းလာသည်ကို ကြည့်ပြီး ခပ်မဲ့မဲ့ပြုံးကာ
      '' တစ်ယောက်က မိုးကြိုးမြေပစ် ဆိုတဲ့ ကိုယ်ဖော့ပညာ ကိုသုံးခဲ့တယ်ဆိုတော့ အညံ့စားသိုင်းသမားမိုးကြိုးဓါးလွေစုပေါ့ .. နောက်တစ်ယောက် တင်းအိမ်တော်က ဖြစ်မယ် တင်းအိမ်တော် ရဲ့ အသုံးမကျတဲ့ နွေဦးရွက်ကြွေ ဓါးသိုင်းမှာ လေလွင့်ရွက်ဝါ ဆိုတဲ့ ကိုယ်ဖော့ပညာ သုံး ဓါးကွက်တစ်ကွက်ပါတယ် ..အခုဒီအကွက်ကို သုံးလိုက်တာပဲ .. ဟုတ်တယ်မို့လား.. သခင်မလေး..'''
        သခင်မလေးက စကားပြန်မပြော  အသေးအမွှားတွေကိုစိတ်မ၀င်စားဟူသော အရာနှင့်ပျင်းရိပျင်းတွဲပုံစံလုပ်ကာ ခေါင်းတချက်ငြိမ့်ရင်း မျက်လွှာစုံချကာ နေကျောသို့ မှီလိုက်သည်..
        လွေစုနှင့်တင်းပေမှာ ထိုအမူအယာလေးကိုပင် ကြည့်မ၀နိုင်သည့်နှယ် ပါးစပ် အဟောင်းသားနှင့်ငေးနေသည်..
         ''ဖြန်း..ဖြန်း..'''
         ဟူသော အသံနှစ်ခု ထွက်လာပြီး သူတို့၏ ပါးပြင်နှစ်ဖက်လုံးထူပူကာ သွား၏.. မည်သည့်အတွက်ကြောင့် ပါးများပူသွားသည်ကို မသိခင်ပင် ..
        ''ဟွန်း ..အသက်ကဖြင့်  မြေတွင်းထဲ တစ်ဝက်ရောက်နေပြီ တဏှာရူးနေတုန်း ..မှတ်ထား အခုတော့ ပထမအကြိမ်မို့ ပါးပဲရိုက်လိုက်တာ နောက်တစ်ခါဆို မျက်လုံး ကို ဖောက်ထုတ်ပစ်မယ်.. ''
             ဟူသော ခပ်စွာစွာ အသံကြားလိုက်ရမှ အစိမ်းရောင်ဝတ်မိန်းကလေး သူတို့အား ပါးလာရိုက်သွားမှန်းသိလိုက်ရ၏..
             တင်းပေနှင့်လွေစုသည် ရှက်လည်းရှက် အမျက်လည်းထွက်.. ကြောက်လည်းကြောက် ..လန့်လည်းလန့်သွားသည်.. တစ်သက်နှင့်တစ်ကိုယ် မျက်စိတမှိတ်အတွင်း ဤမျှ မြန်ဆန်သောနှုန်းကို အသုံးပြုနိုင်သော ပညာရပ်ဟု မကြားစဖူး မကြုံစဖူးပေ.. ထိုသူမတို့အဖွဲ့သည် လူသားစင်စစ် ပေကော ဟုတ်ပါလိမ့် မလား .. တောချောက် တောင်ချောက်ခြင်းပေလား ..
            တင်းပေသည် ပါးတွင်နီရဲနေသော လက်ဖ၀ါးရာ အားပွတ်ကာ ..
        ''အကိုကြီးလွေ ကျုပ်တို့တော့ နာနာဘာဝတွေနဲ့များ ကြုံနေပြီလားမသိဘူး ''
    လွေစုကတော့ ဒေါသဖက်က ပိုပုံရသည် သူ၏ ဓါးကြီးကို ထုတ်ကာ ..
    '''နာနာဘာဝဖြစ်ဖြစ် ..လူဖြစ်ဖြစ် ..ခွေးဖြစ်ဖြစ် .. ..'''
      '''ဖြန်း...ဖြန်း..ဖြန်း''
      ''အား.. ''
        လွေစု၏ စကားမဆုံးသေးခင်ပင် အစိမ်ရောင် အရိပ် တစ်ခုသာမြင်လိုက်ရပြီး ပါးသုံးချက်အရိုက်ခံလိုက်ရသည် .. ဒီတစ်ခေါက်တော့ ပို၍ပြင်းထန်လှ၏ .. မျက်လုံးထဲတွင် ကြယ်များလများ ပွင့်ထွက်သွားပြီး  .. ပါးပင်ကွဲအက်ကာ သွား နှစ်ချောင်း ကျွတ်သွားသည်..
        သို့သော် တသက်လုံးတိုက်ပွဲကြားတွင် ကြီးပြင်းရာရသည်မို့ အသံတချက် ထွက်ပြီးသည်နှင့် သူ၏ ဓါးကြီးကို ဆွဲရမ်းကာ အစိမ်းရောင်အရိပ်အား ခုတ်ချလိုက်၏..
          လွေစု၏ နာမည်ကျော် မိုးကြိုးဓါး ဆယ့်နှစ်ကွက်ပင် .. ထိုသိုင်းကွက်ဖြင့် ရန်သူများ၏ အသက်နှင့်ခန္ဓာကိုယ် ကိုဆွဲခွာခဲ့သည်မှာ များလှပြီမဟုတ်လား ..
           '''ဒါန် ..ရွှလွမ်''
           ဟူသည့် အသံနှစ်ချက်ထွက်လာပြီး လွေစုသည် ဖင်ထိုင်ရက် လဲကျသွား၏..
သူ၏တစ်သက်လုံးလက်တွဲလာခဲ့သည့် ကြီးမားသော ဓါးကြီးမှာ စက္ကူစုတ် သဖွယ် ကော့လန်သွားသည်..  မိန်းကလေးသည် သူ၏ ဓါးကို လက်ဖြင့်တောက်လိုက်ပြီး .. လက်သည်းဖြင့် လက်ကောက်ဝတ်ကို ကုတ်ဆွဲလိုက်သောကြောင့် ဓါးကိုင် လက်မှာ သွေးချဉ်းချဉ်း ရဲလျှက်ရှိသည်..
         ''ဟင်း  ..ဟင်း  ..ဟင်း.. လွေစုရဲ့မိုးကြိုးဓါးဆိုလို့ အဟုတ်မှတ်နေတာ လက်စသတ်တော့ ဓါးစုတ်ဓါးပဲ့ကြီးကိုး ..လူကလည်း လူဖျင်း ..ဓါးကလည်း ဓါးစုတ်'''
         ကျောက်စိမ်းနဂါးတင်းပေသည် .. ထိုမိန်းကလေးအားကြည့်ကာ တုန်ယင်စွာ
       ''ဒါ...ဒါ...အရိုးဖြူလက်ချောင်းသိုင်း .. အရိုးဖြူ လက်ချောင်း သိုင်း ..''
       ဟု အော်ပြီး သူ၏ဓါးကို ထုတ်ကာ မိုးကြိုးဓါးလွေစု၏ လက်ကောက်ဝတ်ကို ခုတ်ဖြတ်လိုက်သည်..
       ''အား...ညီလေး...မင်းဘယ်လို လုပ်လိုက်တာလည်း .'''
        ''ခစ်..ခစ်..ခစ်.. ရှင့်လူက ရှင့်အသက်ကို ကယ်လိုက်တာရှင့် ...ရှင့်လက်ပြတ်ကို ကြည့်လိုက်စမ်း''
       လွေစုသည်သူ၏လက်ပြတ်ကို ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်.. သူ၏လက်ပြတ်ကြီးသည် မည်းပုတ်ကာနေ၏
        ''ရှောင်မိန်.. ငါဒီနေ့သွေးထွက်သံယို မမြင်ချင်ပါဘူးဆိုမှ နင်တော်တော်ဆိုးပါ လား..'''
         စမ်းရေစီးသံလိုလို .. လောကတွင်အသာယာဆုံး တေးသီသံလိုလို အမျိုးအမြည်ခွဲခြားမသိနိုင်သော အသံလေးကြောင့်လွေစုမှာ လတ်တစ်လော နာကျင် နေသည်ပင် လျော့ပါးသွား၏..
       ရှောင်မိန်ဟုခေါ်သော အစိမ်းရောင်ဝတ်မိန်းကလေးသည် .. လွေစုတို့နှင့် ထောင်လွားသလောက် သခင်မကိုမူ အလွန်တရာကြောက်ပုံရ၏.. ငြိမ်ကုတ်ကာနေ၏
   ''ကဲ.. သူတို့ကို ပါတခါထဲခေါ်ခဲ့တော့ ရှောင်မိန် .. ငါတို့တော်တော်နောက်ကျနေပြီ တော်ကြာ မျှော်နေကြအုံးမယ် ..''
      ''ဟုတ်ကဲ့ သခင်မလေး . ''
       ရှောင်မိန်၏ အစွမ်းအစကို သိသွားသော လွေစုနှင့် တင်းပေတို့မှာ .. အဘယ်မှာ ငြင်းဆန်နိုင်အံ့နည်း ..
       သို့ဖြင့် သူတို့၏ သိုင်းကျမ်းရှာပုံတော်ကြီးသည် ..ဤနည်းဖြင့်ပင် နိဌိတံပတ္ထိတံ ခြင်းသို့ရောက်ရရှာ၏..
.....''''......''''''......''''.......
           ည သန်းခေါင်အချိန်ရှိပြီဖြစ်၍ တစ်လောကလုံး အမှောင်ဖုံးနေသော်လည်း ရှောင်လင်ပရ၀ုဏ်ကတော့ဖြင့် ဆီမီးများဖြင့် လင်းထိန်နေပါသည် .. အထူးသဖြင့် ပိဋိကတ်ဆောင်နှင့် တာမောအဆောင်သည် ပိုမို လင်းထိန်နေသည် .. ထိုစဉ်  ကင်းလှည့်နေသော ဘုန်းကြီးများ ကိုရင်များကို ရှောင်ရှားရင်း တာမော အဆောင်ဆီ သို့ ခိုးကြောင်ခိုးဝှက်ဖြင့် ကပ်လာသော လူတစ်ယောက် ရှိပါ၏..
           အထက်အောက် အနက်ရောင်ဝတ်စုံ အနက်ရောင် မျက်နှာဖုံးကို တပ်ဆင် ထားသော ထိုလူသည် ဆီမီးများလင်းထိန်နေသောကြောင့် သူ၏၀တ်စုံမှာ ထင်းထင်း ကြီးဖြစ်နေသည်တွေးကာ စိတ်ဓါတ်ကျနေ၏..
             '' ငါနှယ်ကွာ ဆရာဝတ်ခိုင်းလို့ အမှောင်ကာတဲ့ ညလူဝတ်စုံဝတ်ခဲ့မှ ပိုဆိုး နေသေးတယ်'''
             သို့သော်လည်း ကျောင်းဝင်းတစ်ခုလုံးကို ကျွမ်းကျင်နေသူမို့ အစောင့် အရှောက်များ မတွေ့အောင် တာမောအဆောင်သို့ ရောက်ခဲ့ပါ၏..
            ထိုသူသည်  တဒိတ်ဒိတ်ခုန်နေသော နှလုံးသားအား တစ်ဖက်ထဲသော လက်ဖြင့် ဖိနှိပ်လိုက်ပြီး  အနည်းငယ်ဟ နေသော ပြတင်းပေါက်ကြားမှ အထဲသို့ ခိုးကြည့်လိုက်၏ ..
           ''' ဟင် ..ဘယ်သူမှလည်းမရှိပါလား .. အားကွေ့လည်းမရှိဘူး ဆရာတော် ခုန်းချင့်လည်း မရှိဘူး ..ဆရာပြောတာကတော့ ဒီနေ့ အားကွေ့အလှည့်ပဲတဲ့ ကြည့်ရတာ ဒီကောင် တပိုးတပါး သွားနေတာဖြစ်မယ် ..'''''
             ဟုတွေးပြီး ပြတင်းပေါက်ကို ဖွင့်ရန် ခါးကြားတွင် ချိတ်ထားသော သူခိုး ကိရိယာအိတ်ကို စမ်းလိုက်ရာ မတွေ့ရသည်နှင့်
             ''ဟင် ..ခုန ငါဝင်ခဲ့တုန်းကတောင် ရှိပါတယ် ..အရေးထဲအရာပေါ် .. ဘယ်နား ကျသွားပါလိမ့် .. ''
              တောင်စမ်းမြောက်စမ်း တောင်ရှာမြောက်ရှာ လုပ်နေစဉ်တွင် .. အနောက်စီမှ .. တစ်ခစ်ခစ်ဖြင့် ကျိတ်ရယ်နေသံခပ်တိုးတိုးကို ကြားလိုက်ရသဖြင့် နောက်ကိုဆတ်ကနဲလည့်ကြည့်လိုက်၏ .. သို့သော် မည်သည့်အရာမျှမတွေ့ ပြန်လည့်ကာ ရှာစဉ်တွင် မိမိ၏ဂုတ်အား တစ်စုံတစ်ယောက်က လေဖြင့်လာမှုတ်သကဲ့ သို့ခံစားလိုက်ရသောကြောင့် ပြန်လည့်ကြည့်လိုက်ပြန်၏ .. မည်သည်မျှ မတွေ့ရ ..
            ဒီတစ်ခေါက်တွင်တော့ သူလန့်လာပြီဖြစ်သည် .. တစ္ဆေသရဲများ လား  နာနာဘာဝများလား ..
 ....'''.......''''......'''......'''.......
Comments
Popular posts from this blog
အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)
အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)