အစ၏အဆုံး အဆုံး၏အစ အပိုင်း (၆)မှ (၁၀)ထိ
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#6
ဝူတန်ဂိုဏ်းချုပ်ကြီးက ၀ါဆန်းဂိုဏ်းချုပ် ရိချင်းအား ပြုံးရွှင်စွာနှင့်..
''''ညီမောင်ရိချင်းကိုယ်တိုင်လာတော့ သူရဲကောင်းဇရပ်မှာ တအားတက်တာ ပေါ့ကွယ်'''
ရိချင်းက မချိပြုံးပြုံးကာ ဂါရ၀ပြုလိုက်ရင်း
''' သိုင်းလောကအရေးဆိုလို ကိုယ်တိုင်ဆင်းလာတာပါ ဂိုဏ်းချုပ်ကြီး''
အမှန်တော့ ယခုဆွေးနွေးပွဲအတွက် သူ့ညီ ရိလုံကို တပည့်သုံးယောက်နှင့် စေလွတ်လိုက်ပြီး ဖြစ်သော်လည်း ၀ူပေမြို့တွင် အဆက်အသွယ်ပြတ်တောက် သွားသောကြောင့် ကိုယ်တိုင်လိုက်လာခဲ့ခြင်းဖြစ်သည်.. ၀ါဆန်းဂိုဏ်းတွင် သူတို့ ပိုင် စာပို့ခို ဌာန များက မြို့ကြီးတိုင်းနီးပါးလိုတွင်ရှိ၏... တစ်မြို့ရောက်တိုင်း စာပို့ခိုနှင့် နီးစပ်ရာခိုဌာနသို့ အလဲအလှယ်လုပ်ကာ အဆက်အသွယ်ပြုခြင်းအားဖြင့် အဖွဲ့သားများအခြင်းခြင်း မည်သည့်နေရာတွင် ဘာကိစ္စဖြစ်သွားသည်ကို သိရှိနိုင်သလို အကူအညီလည်း တောင်းခံနိုင် ပေးနိုင်သည်... ယခု ရိလုံဆီမှ အဆက်အသွယ်မရတာ သုံးရက်ရှိသွားပြီဖြစ်သည်.. ထို့ပြင် ညနေခင်းမှ ကျန်းနန် သို့ပေးပို့လာသောသတင်းအရ ရိချင်းစိုးရိမ်နေသည့်အကြောင်းကား ၀ူပေမြို့ပြင်ဇရပ်တွင် အလောင်းသုံးလောင်းတွေ့ရပြီး ထိုသူတို့မှာ ရိလုံနှင့်အတူသွားသည့် ရိချင်း၏ တပည့်အရင်းခေါက်ခေါက်သုံးယောက်ဖြစ်သည်ဟု သတင်းပို့လာသောကြောင့်ဖြစ်၏... ရိလုံသည်ကား ၀ူပေနယ်တွင်ပျောက်နေလေပြီ...
ရိချင်း၏စိတ်ထဲတွင် ၀ူပေနယ်တစ်ဝန်းကို မြေလှန်၍ သူ့ညီကိုရှာရန်သာ စိတ်ဝင်စားနေသည်...
ထို့နောက် ယဲ့အိမ်တော်မှ ယဲ့ယွင် .. ငိုမီဂိုဏ်းမှ ဂိုဏ်းအုပ် အမုန်းသီလရှင် .. . ဟန်စမ်းမှဒုဂိုဏ်းချုပ် . . ခွန်းလွန်းဂိုဏ်းမှ တောင်ကွဲလက်သီး ကျောက်ရန် .. တင်းမိသားစုမှ တင်းချိတ် ... အစရှိသော ကိုယ်စားလှယ်အများက ၀ူတန်ဂိုဏ်းချုပ်ကြီးအား ဂါရ၀ ပြုရင်း အသီးသီး မိတ်ဆက်ကြ၏ ... သို့သော် သိုင်းလောက၏ အဓိပတိ ရှောင်လင်ဂိုဏ်း၏ ကိုယ်စားလှယ်မှာ ရှေ့ထွက်မလာသေး ..
အားကွေ့ကဘုန်းတော်ကြီးရွှီကြွင်း မှာ ရှောင်လင်ကျောင်း၏ကိုယ်စားလှယ် တစ်ယောက်အဖြစ် ဆွေးနွေးပွဲကို လာတက်သည်ဟု ရိပ်မိသောကြောင့်
''ဘုန်းဘုန်း တို့ရှောင်လင်ပဲကျန်တော့တယ် .. သွားတော့လေ'''
ဘုန်းကြီးရွှီကြွင်းမှာ အားကွေ့၏ တိုက်တွန်းမှုဖြင့် လက်အုပ်ချီလျှက် ၀ူတန်ဂိုဏ်းချုပ်ဆီသို့သွားကာ မိမိကိုယ်မိမိ မိတ်ဆက်လိုက်၏....
'''ရှောင်လင်က ရွှီကြွင်းဘုန်းကြီးပါ ဂိုဏ်းချုပ်ဆရာတော်ကစေလွတ်လိုက်လို့. လာခဲ့တာပါ ဒကာကြီး '''
ဝူတန်ဂိုဏ်းချုပ်.. ၀ါဆန်းဂိုဏ်းချုပ် .. သူရဲကောင်းဇရပ်ပိုင်ရှင်နှင့် ယွဲ့ပိုင်တို့၏ စိတ်ထဲတွင် အံ့အားတစ်ကြီးဖြစ်သွားကြ၏... အဘယ့်ကြောင့်ဆိုသော် ရှောင်လင်တွင် ရွှီအဆင့် ကွမ်အဆင့် ခုံးအဆင့် ပိုင် အဆင့်ဟူ၍ လေးဆင့်ရှိသည့်အနက် ရွှီအဆင့် သည် အနိမ့်ဆုံးအဆင့်ဖြစ်သောကြောင့်ပင်.. ထိုကဲ့သို့သော ရွှီအဆင့်ဘုန်းကြီးတစ်ပါး အား ဤဆွေးနွေးပ သို့ စေလွတ်လိုက်ခြင်းအားလည်း နားမလည်နိုင်ပေ..
ထို့ကြောင့် ၀ါဆန်းဂိုဏ်းချုပ် ရိချင်းက
''ဘုန်းကြီးက ရှောင်လင်ဘယ်အဆောင်မှာ သီတင်းသုံးလည်းဘုရား ''
ဘုန်းတော်ကြီးမှာ ရိချင်း၏ ဆိုလိုရင်းကို ရိပ်မိသော်လည်း..
'' ဘုန်းကြီးက ဒါဏ်ကျ ဆောင်မှာ သီတင်းသုံးပါတယ်''
တရားတော် ပုရပုဒ်ဆောင်များထားရှိရာ ကျမ်းစာဆောင်... စားဖိုဆောင်.. တာမော ဆောင် ..လောဟန်ဆောင် ... ထေရ်ကြီး ၀ါကြီးများ သီတင်းသုံးရန် ဓမ္မဆောင် .. အစရှိသော အဆောင်များ အပြင် ရှောင်လင်၌ ဒါဏ်ကျဆောင်ဟူ၍ ရှိသေး၏ ထိုအဆောင်မှာ ပြစ်ဒါဏ် အကျခံရသော အဆောင်ဖြစ်ပြီး .. ထိုအဆောင်နေ ဘုန်းကြီးများသည် မည်မျှ ၀ါ ကြီးသည်ဖြစ်စေ ရွှီအဆင့်မှမတက်တော့ပေ..
ရွှီအဆင့်လည်းဖြစ်ပြန် ဒါဏ်ကျအဆောင်၌ သီတင်းသုံးသူလည်း ဖြစ်သည့် ဘုန်းကြီးရွှီကြွင်းကို ရိချင်း က အထင်သေးသည့်ပုံဖြင့် စကားပင်ဆက်မပြောတော့ဘဲ ၀ူတန်ဂိုဏ်းချုပ်ကြီးဖက်သို့လှည့်လိုက်၏...
ဝူတန်ဂိုဏ်းချုပ်ကြီးက သူ၏ရှည်လျားလှသော မျက်ခုံးမွေးကို ပင့်တင်လိုက်ရင်း
ပါးစပ်မှ '''ကိုင်း...လူစုံပြီဆိုတော့လည်း .. သွေးအရိပ်နဲ့သွေးဂိုဏ်းကို ရင်ဆိုင်ဖို့ အတူတကွ ဆွေးနွေးကြတာပေါ့ ပညာရှိခေါင်းတစ်ခေါင်း ထက် နွားကျောင်းသားခေါင်း သုံးခေါင်းက ပိုသာတယ်ဆိုတဲ့ စကားပုံလည်း ရှိသားပဲ '''
ဆယ်မျက်နှာကိုခြေဆန့်သူ ယွဲ့ပိုင်ကလည်း ဂိုဏ်းချုပ်ကြီး၏ စကားကို ထောက်ခံကာ ..
'' ဟုတ်တယ် ဂိုဏ်းချုပ်ကြီး သူတို့ရဲ့ သြဇာသက်ရောက်မှုဒီထက် ကြီးထွား မလာခင် အမြစ်ဖြတ်ထားနိုင်မှရမယ် '''
ခေါင်းဆောင်ပိုင်းများက ဆွေးနွေးနေကြစဉ်ဇရပ်အတွင်းရှိ အားကွေ့အပါအ၀င် ကျန်လူများမှာ တိတ်ဆိတ်စွာနားထောင်နေကြ၏..
ထိုစဉ်မှာင်
ဇရပ်ထဲသို့ စုတ်ပြဲနေသောအနက်ရောင်အင်္ကျီဖြင့် .. မျက်နှာတွင် ဖုန်အလိမ်းလိမ်း သွေးတရွှဲရွှဲနှင့်လူ တစ်ယောက် ယိုင်ခွေသောခြေလှမ်းဖြင့် ၀င်ရောက်လာခဲ့သည်... မည်မျှသွေးထွက် လွန်ထားသည်ကို မသိရသော်လည်း သူ၏ နူတ်ယခမ်းအစုံမှာ ဖြူဖျော့ ပြာနှမ်း၍ပင် နေ၏... ဇရပ်အတွင်းခြေလှမ်း ငါးလှမ်းမျှ လှမ်းလျှောက်ပြီးသည်နှင့် '''၀ုန်း'''ခနဲလဲကျသွားသည်.. ထိုသူလဲကျ သွားသည်မှာ အားကွေ့ထိုင်နေသည့်နားတွင်ဖြစ်၍ အားကွေ့မှာထိုသူမျက်နှာကိုကောင်းကောင်း မြင်လိုက်ရသည်.. မြင်လိုက်သည်နှင့် ထရပ်လိုက်ပြီး ထိုလူနားသွားကာ
'' အကို မားဟူ .. အကိုမားဟူ ''
ဟုခေါ်သော်လည်း ထိုသူမှာ တုတ်တုတ်မျှမလုပ်....
ဝူတန်ဂိုဏ်းချုပ်ကြီးသည် ထိုလူအနီးသို့ရောက်လာကာ ထိုလူ၏ ရင်ဝ သို့ လက်ညိုးဖြင့် ထောက်လိုက်၏.. ထိုသူသည်
''' အင်း..'''
တချက်ငြီးလိုက်ပြီး အကြောတစ်ချက်ဆွဲကာ သတိပြန်လည်လာ၍
တုန်ရီသော အသံဖြင့် ..
'' သွေးဂိုဏ်း .. သွေး.....ဂိုဏ်း ... မိုးကြိုးအာမခံ... ကန် တောင်ဖက်မှာ ..''
ဟု ဗလုံးဗထွေး ပြောပြီး မျက်ဖြူလန်၍ ဇက်ကျိုးကျသွား၏..
ဝူတန်ဂိုဏ်းချုပ်ကြီးလည်း စိတ်မကောင်းသောမျက်နှာဖြင့် ခေါင်းရမ်း လိုက်ပြီး ... '' မရတော့ဘူး .. ဒီလူ ဒီလောက်အထိခံနိုင်ရည်ရှိတာတောင် အံ့သြော စရာကောင်းလှပြီ.. တစ်ကိုယ်လုံးမှာ ရထားတဲ့ဒါဏ်ရာတွေက မနည်းမနောပဲ''
ရိချင်းက ''' တော်တော်ရက်စက်တဲ့သွေးဂိုဏ်းပဲ .. ကြည့်ရတာ မိုးကြိုးအာ မခံဌာန အဖွဲ့ပစ္စည်း ပို့တာကို လူသတ်ပြီး လုယက်နေတာဖြစ်မယ်''
'' ဟုတ်လောက်တယ်..'' သူရဲကောင်းဇရပ်ပိုင်ရှင်က ထောက်ခံကာ
အားကွေ့ဖက်ကို လည့်၍
'' ကောင်လေး မင်းကြည့်ရတာ ဒီလူကို သိပုံရတယ် .. ''
''' ဟုတ်ကဲ့ ဘဘကြီးယွဲ့ .. သူ့နာမည်က မားဟူလို့ခေါ်ပါတယ် ..ကျွန်တော်တို့ ၀ူပေမြို့ကပါ .. မိုးကြိုးအာမခံဌာနမှာ အလုပ်လုပ်ပါတယ်...'''
ခုတ်နဂါးယွဲ့ယင်က ''' မားဟူပြောသွားတဲ့ပုံစံအတိုင်းဆို .. ကန်တောင်ဖက်မှာ တိုက်ပွဲဖြစ်နေပုံပဲ ... ကျွန်တော်တို့သွားကူ ကြရင်ကောင်းမယ် .. တလက်စထဲ သွေးအရိပ်ကိုသာ ဖမ်းမိရင် သိုင်းလောကအတွက်ရင်အေးရပြီ''
ဝူတန်ဂိုဏ်းချုပ်ကြီးကလည်း ..
''''ကောင်းပြီ ဒီလိုဆို ကျုပ်တို့တွေ သွားကြတာပေါ့ .. ဒါပေမယ့် ဒီလူအုပ်နဲ့
သွားရင် သွေးဂိုဏ်းက ထွက်ပြေးသွားနိုင်တယ် .. ဒီတော့ အဖွဲ့ခွဲသွားမှဖြစ်မယ် ..
.....
ပန်းရနံ့များ ထုံသင်း လျှက် ..လေပြေလေငြင်းလေးများငြိမ့်ငြိမ့်ညောင်းညောင်း တိုက်ခတ်နေသည့် လ သာသာ ည အောက်ဝယ် ... ကန် ရေလှိုင်းခတ်သံ .. ချိုအေးသော ဂီတသံ က ကြည်နူး ဆွတ်ပျံ့ ဖွယ်ရာ ကောင်းလှ၏ .. ဂီတစာဆိုများ ကျောင်းတော်သားများ .. ချစ်သူနှစ်ဦးတို့ အတွက်ဆိုလျှင် ဤသာယာသော ညမှာ ကဗျာတစ်ပုဒ်သဖွယ် ခံစားရမည်ဖြစ်သော်လည်း နတ်ဆေးအိုးကျန်း အတွက်မူ ငရဲပမာနှယ် ကာလနာတိုက်သော ည တစ်ညဖြစ်တော့၏...
ဝူပေမှ ထွက်လာသည့်ခရီးတစ်လျှောက် မည်သည့်အနှောက်အယှက်မှ မကြုံခဲ့ ရသော နတ်ဆေးအိုးကျန်းနှင့်အဖွဲ့သည် ကျန်းနန်သို့အရောက်တွင် ကြီးမားသော တိုက်ခိုက်မှုနှင့်ကြုံတွေ့ရတော့သည်...
နတ်ဆေးအိုးကျန်းတို့အဖွဲ့သည် ညနေစောင်းစပြုချိန်တွင်ကျန်းနန်သို့ ရောက်ရှိလာရာ.. နာမည်ကျော် ကန်သာယာ၏ တောင်ဖက်ခြမ်းတွင် ခေတ္တ စခန်းချကြ၏ ...
မြင်းများကို လည်းမှ ဖြုတ်က ရေတိုက် အနားပေးရင်း.... လည်းများအား ခိုင်ခန့် မှု ရှိမရှိ နတ်ဆေးအိုးကျန်းသည် မားဟူ နှင့်လုံရွဲ့ ကိုခေါ်ကာ လည့်ပတ်စစ်ဆေး နေသည် .. အဖွဲ့သားများကတော့ အနားယူသူကယူ.. ကင်းလှည့်သူက လှည့်နှင့် စနစ်တကျ လုပ်ရှားနေကြသည်...
မြင်းလှည်းမှာ ဆယ်တွဲခန့် ရှိသောကြောင့် ရှည်လျားလှသည်ဟု မဆိုသာသော်လည်း အတန်ငယ်လှမ်းသဖြင့်သုံးယောက်သား မြင်းကိုယ်ဆီ ဖြင့် လှည့်လည် ကြည့်ရှုကြ၏.. ခုနှစ်တွဲခန့်အရောက်တွင် နတ်ဆေးအိုးကျန်း၏ ပျော့တွဲနေသော ကိုယ်ခန္ဓာသည် ရုတ်တရက် မတ်သွားကာ ကန်ဘေးတွင် ပေါက်နေသော သစ်ပင်များဖက်သို့ ကြည့်လိုက်ရင်း မားဟူးနှင့်လုံရွဲ့အား တီးတိုးပြောလိုက်၏..
''' ဟေ့ ... ငါတို့အဖွဲ့ကို တပ်လှန့်လိုက်ကြစမ်း .. မဖိတ်ခေါ်ထားတဲ့ ကောင်တွေရောက်လာပြီနဲ့တူတယ် ... '''
တိုးငြင်းစွာ ပြောလိုက်သော်လည်း တဖက် ကြားသွားသည့်နှယ် ကန်ဘေးတောတန်းအမှောင်ထဲမှ ..
''' ဟား...ဟား..ဟား..ဟား .. တပ်လှန့်လည်း မင်းအဖွဲ့သားတွေ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးကွ.. ငါတို့သွေးဂိုဏ်းကမင်းတို့အကုန်လုံးကို မြေမြှပ်ပစ်တော့ မှာ ....''''
သွေးဂိုဏ်းဟူသော အသံကြားလိုက်သဖြင့် နတ်ဆေးအိုးကျန်းမှာ ယောင်ယမ်း၍ ကိုက်ထားသော ဆေးတံကိုပင် ဖြုတ်လျှက်သားဖြစ်ကာ ..
''' သွေးဂိုဏ်း.... ဟုတ်လား .. လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက တစ်ဂိုဏ်းလုံးအသေဆိုးနဲ့သေပြီး ပျက်စီးသွားတဲ့ စုတ်တီးစုတ်ပဲ့ ဂိုဏ်းနာမည်နဲ့ မိုးကြိုးအာမခံဌာနကို လာခြိမ်းခြောက်လို့ရမယ်ထင်နေလားကွ.... အခုထိ မျက်နှာတောင် မပြရဲဘဲနဲ့ လမ်းဘေးမှာနေပြီး အရေမရအဖတ်မရစကားတွေ အော်နေတဲ့ အမှောင်ထဲက လိပ်လိုကောင်တွေကများ.. '''
''' ၀ူပေရဲ့နာမည်ကျော် နတ်ဆေးအိုးကျန်းဆိုတာ နူတ်သီးကောင်းလျှာပါး မိန်းမလိုမိန်းမရ စကားပြောလို့ နေရာရလာခဲ့သလားမသိဘူးဟေ့.. ''''
အာမခံအဖွဲ့သားများကလည်း ရန်သူများရောက်နေပြီဆိုတာ ရိပ်မိလိုက် သဖြင့် လက်နက်များ ကိုယ်စီကိုင်စွဲပြီး လည်းများကိုဝိုင်းရံကာ အသင့်အနေအထား ရှိနေကြသည်..
ရန်သူများက အမှောင်ထဲမှထွက်လာကြပြီ ဖြစ်သည်... အယောက်နှစ်ဆယ် ခန့်သာရှိသဖြင့် များသည်ဟုမဆိုသာပေ... အာမခံအဖွဲ့သားများမှာ အယောက် ငါးဆယ်ခန့်ရှိသည်.. နတ်ဆေးအိုးကျန်းနှင့်လိုက်ပါလာသူများမှာ ဌာနတွင် အတော်ဆုံးလူများ ဖြစ်သော်လည်း တဖက်ရန်သူများ၏ အခြေအနေကို မသိသေးသောကြောင့် သူ့ရင်ထဲတွင် ပေါ့ရော့စိတ်တော့မရှိ..
သွေးဂိုဏ်းဟု ကြွေးကျော် ထားသူများ အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသူက
လက်ထဲတွင် အနီရောင်စာအုပ်ကြီးကို ကိုင်စွဲထားသည် .. ၎င်းသည် စာအုပ်ကို ကြည့်၍
''' ရွှေမြင်းရုပ် ငါးဆယ်ရုပ် .. တုံ့ဖန်းချီရဲ့ ပန်းချီကား ဆယ်ကား.. ရွှေစင်အချိန် လေးဆယ်ခုနှစ်ကျပ်သား .. ဂျင်ဆင်း သုံးလည်း .. သက်ရှည်မြစ်(လင်ဇီး) သုံးဆယ်
ငွေစင် အချိန်သုံးရာ .. နွီဝါးသခင်မ ကြွေရုပ် ရှစ်ခု တိတိ လည်းထဲမှာပါတယ် .. ပို့ရမှာက နေပြည်တော်က သူဌေးကြီးကြူး ဆီကို ဒါပေမယ့် အခုပို့စရာမလိုတော့ဘူး
အဲ့ပစ္စည်းအကုန်လုံးကို သွေးဂိုဏ်းက အလှူခံလိုက်တယ်... '''
''' ဟား ဟားဟားဟား ....သူခိုးဓါးပြဂိုဏ်းကများ အလှူခံတယ်လို့ပြောသေး တယ် ကောင်းပြီ သွေးဂိုဏ်းဆိုတဲ့ ခွေးလို ၀က်လိုကောင်တွေကို အမြစ်ဖြုတ်လိုက် ကြရအောင် ငါ့ကောင်များ... '''
နတ်ဆေးအိုးကျန်း၏ တိုက်ပွဲခေါ်သံအဆုံးတွင် မားဟူနှင့်လုံရွဲ့သည် မြင်းပေါ်မှ ဆင်းကာ ဓါး ထုတ်လျှက် သွေးဂိုဏ်းကိုဦးဆောင်လာသော အဖွဲ့ခေါင်းဆောင်ကို ၀ဲ ယာ တစ်ဖက်ဆီမှ ၀င်ရောက်တိုက်ခိုက်ကြ၏.... နှစ်ယောက်တွဲ၍တိုက်ခိုက်နေကြဖြစ်သောကြောင့် အပေးအယူမျှမျှနှင့် အပိုအလို မရှိ တိုက်ခိုက်လိုက်ခြင်းပင် .. သို့သော် ထိုသူအနီးသို့ဓါးချက်ရောက်ခါနီးတွင်
''ချွမ်''
'' ချွမ် ''
ထိုသူ၏ ညာဖက်ဘေးတွင်ရပ်နေသော လူတစ်ယောက်သည် လေပွေမွေ့ သလိုပင် ထိုဓါးချက် နှစ်ချက်စလုံးကို နှစ်ပေခန့်ရှည်သောသံမဏိစူးတစ်ချောင်းဖြင့် ကာကွယ်သွားလိုက်၏.-..မားဟူနှင့် လုံရွဲ့တို့သည် လက်ထဲမှ ဓါး လွတ်ထွက်မသွား အောင်ပင် မနဲထိန်းထားလိုက်ရသည် ...
'''' ထန်စူးစူး ... အဘွားကြီး ဒီလို အပေအတေ အဖွဲ့နဲ့ ဘယ်တုံးက ပေါင်းမိသွားတာလဲ ''''
နတ်ဆေးအိုးကျန်းက စိတ်တိုစွာနှင့်ပြောလိုက်၏..
'''' သေနာကျ အဖိုးကြီး ငါ့ဟာငါ ဘယ်အဖွဲ့ထဲပါပါ နှင့်အပူပါလား ...နင်အခု စိတ်ပူရမှာက ကိုယ့်အသက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ...'''
'' ထန်း .. ထန်း..''
''' ၀ှစ် ..၀ှစ် ''
ပြောရင်းဆိုရင်းဖြင့် ထန်စူးစူးက သူ၏ သံမဏိစူး ဖြင့် မားဟူနှင့် လုံရွဲ့ကို တိုက်ခိုက်လိုက်သည်... ကျောက်ကျူးထင်ကြောင့် သူမ၏ ပုရစ်ဗူး ဆုံးရှုံးသွား၍ ထို ပုရစ်ဗူးအစား သံမဏိစူးကိုအသုံးပြုရခြင်းသာ .. သူမ၏ သွက်လက်ပြီး အတွင်းအား အပြည့်ပါသော တိုက်ခိုက်မှုကို မားဟူနှင့်လုံရွဲ့မှာ မနည်းကာကွယ်နေရ၏.. ကျန်သော အဖွဲ့သားများမှာလည်း သွေးဂိုဏ်း ၏ တိုက်ခိုက်မှုကြောင့် သိပ်အခြေအနေ မလှပ ...
'' ဒုတ် .. ဒုတ် ''
'' အား ..အား''
မိုးကြိုးအာမခံဌာနမှာ လူအင်အား ပိုများသော်လည်း သွေးဂိုဏ်းသားတို့၏ ထက်မြက်သော သိုင်းစွမ်းကြောင့် တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံး နေကြ၏...
နတ်ဆေးအိုးကျန်းမှာ သူ၏ အဖွဲ့သားများ တဖွဲဖွဲနဲ့ကျဆုံးနေသောကြောင့် ဒေါသအမြက်ချောင်းချောင်းထွက်ကာ .. သူ၏ အချိန်ရှစ်ပိသာခန့်ရှိသော ဆေးအိုးကြီးဖြင့် သွေးဂိုဏ်း အဖွဲ့ခေါင်းဆောင်အား ၀င်ရောက်တိုက်ခိုက်လေ၏...
သူ့အားနာမည်တစ်လုံးဖြင့်သိုင်းလောကတွင်ရပ်တည်စေနိုင်ခဲ့သော .. ဆေးတံတစ်ဖုံ သိုင်းလေဟုန် အမည်ရှိသည့် သိုင်းကွက်ဆန်းဖြင့် တိုက်ခိုက်လိုက်ခြင်းပင်..
အကွက် သုံးဆယ့်ကိုးကွက်ပါရှိသော ထိုသိုင်းကွက်သည် သွေးကြောများ ကိုယ်ခန္ဓာ အရိုးအဆစ်များကို ဦးတည် တိုက်ခိုက်ရသော သိုင်းပညာဖြစ်၍ ပွတ်ခတ် ထိမိလျှင်ပင် မသေဆုံးလျှင်တောင်မှ ဒုက္ခိတ အဖြစ်သို့ ရောက်သွားစေနိုင်သည်..
အတွင်းအား ဆယ်ပုံကိုးပုံမျှ ထည့်သွင်းတိုက်ခိုက်လိုက်သောကြောင့် ဆေးတံ တစ်ချက်ရမ်းလိုက်တိုင်း ၀န်းကျင်တစ်ခုလုံး တစ်ဝေါ၀ါနှင့်မည်ဟီး နေ၏...
'' ဟား..ဟား...ဟား..ဟား .. နတ်ဆေးအိုးကျန်းရဲ့ ဆေးတံတဖုံ ခွေးလေးခုန် ဆိုတဲ့ အကွက်က ကျော်သလောက် လက်တွေ့မှာ မစွံ ပါလားကွ.... ငါလို သွေးမြေခွေး ဟူထိန် ကို ဒီလိုကလေးဆန်တဲ့ အကွက်နဲ့ ထိခိုက်အောင်လုပ်နို်င်မယ် ထင်ရင် ခင်ဗျား တော်တော်မှားသွားပြီ... '''
အနှီလူ၏ သရော်တော်တော် အပြောကြောင့် နတ်ဆေးအိုးကျန်းမှာ သက်စောင့်အတွင်းအားးပင် မချန်တော့ဘဲ .ရှိသမျှ အားအကုန်သုံးကာ တိုက်ခိုက်တော့၏...ဆေးအိုးအတွင်းမှ မီးဖွားများ တဖွားဖွားနှင့် လွင့်စင်လျှက်ရှိရာ ..အမှတ်တမဲ့ကြည့်လိုက်လျှင် အမှောင်ထဲတွင်မီး နဂါးကြီးတစ်ကောင် က နေသည့် သဖွယ်ဖြစ်နေသည်.. သူ၏ အားပါးတရသိုင်းကွက်များမှာ သွေးမြေခွေး၏ စာအုပ်နီအောက်တွင် နေလာနှင်းပျောက်သည့်နှယ် အသုံးမ၀င် ဖြစ်နေသည်ကတော့ အမှန်.. ထိုသို့တိုက်ခိုက်လာရင်း အကွက်နှစ်ရာမျှ အရောက်တွင်
''' ဖတ်..ဖတ်..ဖတ် ..'''
'''ခွပ်'' ...'''ဖြောင်း'''
''ဟင်''
နတ်ဆေးအိုးကျန်း၏ ဆေးအိုးမှာ သွေးမြေခွေးလက်ချက်ဖြင့် ထက်ပိုင်း ကျိုးသွားတော့သည်... နတ်ဆေးအိုးကျန်းမှာ အတွေ့အကြုံရင့်ကျက်သူပီပီ ထက်ပိုင်း ကျိုးသွားသော ဆေးတံအိုးအား သွေးစာအုပ်ကို ဖြောင်းခနဲမည်အောင် ရိုက်ချလိုက် ပြီး မြေပြင်ပေါ်သို့လိမ့်ခါ သွေးမြေခွေး၏ ဒူးဆစ်နေရာသို့ ထိုး လိုက်၏..
သို့သော်လည်း သွေးမြေခွေး၏ သိုင်းပညာကား ဆန်းကျယ်လှသည်.. သူ၏ ဆေးတံကျိုး လာရောက်ထိမှန်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ .. အရိုးအကြော မရှိသလို ပျော့ခွေသွားအောင်ပြုလုပ်လိုက်သည် .. ထို့ကြောင့် နတ်ဆေးအိုးကျန်းမှာ နူတ်ဖြားမှပင် ဟင် ခနဲ အသံပြုရင်း .. ဆေးအိုး မိုးမျှော် တိုက်ကွက်ဖြင့် မြေပြင်ပေါ်လဲနေရာမှ လူတစ်ကိုယ်လုံးကို စကောဝိုင်းသဖွယ် လည့်ပတ်တိုက်ခိုက်လိုက်၏... သွေးမြေခွေးမှာ အပေါ်စီးမှရောက်နေသော်လည်း မပေါ့ဆ၀ံ့၍ ဆယ်ပေခန့်အမြင့်ထိ ကိုယ်ဖော့ပညာဖြင့် ခုန်လိုက်သည် .. ယင်းနောက် မြေပြင်ပေါ်သို့ပြန်အကျတွင် လေထဲမှ လက်ဝါးရိုက်ချက် ငါးချက်တိတိ ရိုက်ထုတ်လိုက်၏... မြန်ဆန်လွန်းလှသည့် လက်ဝါးရိုက်ချက်အား ရှောင်တိမ်းခြင်းငှာ မတတ်သာသောကြောင့် နတ်ဆေးအိုးကျန်းမှာ ပခုံးတွင် အထိခံလိုက်ရသည်..
ပြင်းထန်သော ရိုက်ချက်ကြောင့် '' ဝေါ့'' ခနဲ့ နေအောင် သွေးတစ်ပွက် ကိုအန်ထုတ်လိုက်သော်လည်း နတ်ဆေးအိုးကျန်းမှာ သတိလစ်ဟင်းခြင်းမရှိပေ..
ထက်ပိုင်းကျိုးနေသော ဆေးတံရိုးဖြင့် သွေးမြေခွေးအား တန်ပြန်ထိုးနှက် လိုက်သေးသည် .. သို့သော် အချည်းနှီးမျှသာ...
''' အား... အား ''
'' လုံရွဲ့'''
လုံရွဲ့၏ နာကျည်းသော အော်မည်သံကြောင့် နတ်ဆေးအိုးကျန်း လည့်အကြည့်တွင် .. သွေးမြေခွေး၏ လက်ဝါးရိုက်ချက် တစ်ချက် ရင်ဝတွင် အရိုက်ခံ လိုက်ရပြန်သည်.. လုံရွဲ့ကတော့ ထန်စူးစူး လက်ချက်ဖြင့် အသက်ထွက်သွားရပြီ..
မားဟူ တစ်ယောက်လည်း တစ်ကိုယ်လုံးသွေးချင်းချင်းရဲကာ ခြေလှမ်းပင် မမှန်တော့ပေ .. ကျန်အာမခံသားများမှာလည်း သွေးအလိမ်းလိမ်းဖြင့် အလဲလဲ အပြိုပြို ဖြစ်နေကြ၏..
'''' ၀ှီး''''
'' ဖြောင်း'''
''' သေချင်းဆိုးကြီး ဒီလို အလစ်ဝင်တိုက်ရသလား''
နတ်ဆေးအိုးကျန်းမှာ မားဟူတစ်ယောက်၏ ဆိုးဝါးသော အခြေအနေကြောင့် လက်ထဲမှ ဆေးတံကျိုးဖြင့် ပစ်ပေါက်လိုက်ပြီး ... ထန်စူးစူး နောက်ဖက်ဆီသို့ ခုန်ဝင်ကာ ခြေထောက်ဖြင့် ပတ်ကန်လိုက်၏ ..
ခြေကန်ချက်ထိသွားသဖြင့် '' ဖြောင်း'' ဟူသော အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးထန်စူးစူးမှာ နတ်ဆေးအိုးကျန်းကို ကျူကျူပါအောင် ဆဲဆိုတော့သည်..
''မားဟူ... ကန်အရှေ့ကို ပြေး .. သူရဲကောင်းဇရပ်...''
မားဟူမှာ နတ်ဆေးအိုးကျန်း၏ ကာကွယ်ပေးမှုကြောင့် သက်သာရာ ရသွားပြီး .. နတ်ဆေးအိုးကျန်း၏ အမှာစကားအတိုင်း .. ကန် အရှေ့ဘက်သို့ တန်းနေအောင်ပြေးတော့သည်...
ထန်စူးစူးမှာ ဒါဏ်ရာအဟောင်းသို့ ထိခိုက်မိသွားသဖြင့် မြေပြင်ပေါ်တွင် တင်ပလင်ခွေ ထိုင်ကာ ဝေဒနာသက်သာအောင် အတွင်းအားဖြင့်ကုစားနေ၏..
သွေးမြေခွေးမှာလည်း ဆေးတံကျိုးမမှန်အောင် နောက်ဂျွမ်း သုံးခါမျှ ထိုးကာ ရှောင်လိုက်ရသောကြောင့် မားဟူတစ်ယောက် လွတ်လွတ်လပ်လပ် ပြေးနိုင် ခြင်းဖြစ်သည်...ကျန် သွေးဂိုဏ်းသားများကတော့ အာမခံဌာနသားများကို သုတ်သင် ရှင်းလင်းလျှက် မြင်းလည်းအတွင်းမှ ရွှေငွေများအား ယူငင်နေကြသည်လေ.. .
ဤသို့ဖြင့် မားဟူတစ်ယောက် သူရဲကောင်းဇရပ်သို့ရောက်အောင် ပြေးလွှားသွားနိုင်ခြင်းဖြစ်သည်...
သို့ဆိုလျှင် နတ်ဆေးအိုးကျန်း၏ ကံကြမ္မာကားမည်သို့နည်း.....
....................
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#7
ဝါဆန်းဂိုဏ်းချုပ်ရိချင်း ဦးဆောင်သော အဖွဲ့သည် ကန်မြောက်ဖက်ခြမ်းမှ တောင်ဖက်ခြမ်းသို့ ကိုယ်ဖော့ပညာဖြင့် ပြေးလွှားနေကြသည်... ကျန်အဖွဲ့တစ်ဖွဲ့ကိုမူ ၀ူတန်ဂိုဏ်းချုပ်ကြီးက ဦးဆောင်သွား၏... ဂဏန်းလက်မသဖွယ် ရန်သူကို ရှေ့နောက် ညှပ်၍ ထိုးစစ်ဆင်ရန်အတွက် ဤသို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ခြင်းဖြစ်သည်..
ရိချင်း၏ ကိုယ်ဖော့ပညာမှာ ထိပ်တန်းအဆင့်ရောက်နေပြီဖြစ်သောကြောင့် မီးခိုးငွေ့တန်းသဖွယ် မြန်ဆန်လွန်းလှပြီး သူ့နှင့်မလှမ်းမကမ်းတွင် ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် .. ခုတ်နဂါးယဲ့ယွင် .. အမုန်းသီလရှင် .. တောင်ကွဲလက်သီးကျောက်ရန် တို့ကအစဉ်အလိုက် လိုက်ပါနေသည် .. ကျန်သူများမှာက အတော်ဝေးဝေးပင် ပြတ်ကျန်နေရစ်ခဲ့ပြီဖြစ်၏... ထိုထဲတွင် နောက်ဆုံးမှ လိုက်ပါလာသူနှစ်ဦးက ဘုန်းတော်ကြီးရွှီကြွင်းနှင့် အားကွေ့ပင် ...
အားကွေ့အားပွေ့ချီလျှက် ဘုန်းတော်ကြီးရွှီကြွင်းမှာ ခြေလှမ်းမှန်မှန်နှင့် လျှောက်ကာနေ၏...
ထိုစဉ် ထိပ်ဆုံးမှ ရိချင်းသည် ပြေးလွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည် အဘယ့်ကြောင့်ဆိုသော် ထူးခြားသော မြင်ကွင်းတစ်ခုကိုမြင်လိုက်ရ၍ပင် ... ထိုမြင်ကွင်းမှာ ကန်ပတ်လမ်း အလယ်တည့်တည့်တွင် ကြေးမီးဖိုကြီးတစ်ခုရှိထားပြီး ထိုမီးဖိုထဲမှ မီးတောက်များသည် သွေးသဖွယ် ရဲရဲတောက်နေသည်.. ထိုမီးဖိုနောက်တွင်မူ ခုံတန်းလျားရှည်ကြီး တစ်ခုရှိနေ၍ ထိုင်ခုံပေါ်တွင် အနီရောင် ရဲရဲတောက်နေသော ၀တ်စုံကိုဝတ်ဆင်လျှက် လူဆယ့်နှစ်ယောက်တိတိသည် ထိုင်နေကြ၏... အသက်သုံးဆယ် အရွယ်မျှသာ ရှိကြသေးသော ထိုလူရွယ်များ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့ခြင်း ရက်စက် ခြင်းဟူသော သဏ္ဍန်သရုပ်က ပေါ်လွင်နေသည်..
လူရွယ်ဆယ့်နှစ်ယောက်၏ နောက်တွင် မိန်းကလေး ဆယ့်နှစ်ယောက် ရပ်နေပြီး မီးအိမ်တစ်ခုဆီကို ကိုင်တွယ်ထားရာ ပတ်ဝန်းကျင်တစ်ခုလုံးနေ့အလား လင်းထိန်ကာနေ၏...
ဤထူးခြားသောမြင်ကွင်းအား ၀ါဆန်းဂိုဏ်းချုပ်က ကြည့်ရှုသုံးသပ်နေစဉ်တွင် ယဲ့ယွင်တို့အုပ်စုကလည်း သူ့အနီးသို့ရောက်ရှိလာခဲ့သည်.. ဆယ်မျက်နှာခြေဆန့်သူက ရိချင်းအား
'' နောင်ကြီးရိချင်း ကျုပ်ဖြင့် နေရာစုံကို ရောက်ဖူးပြီး ထူးခြားတဲ့ အဖွဲ့တွေ မြင်ကွင်းတွေအများကြီးမြင်ဖူးတယ် အခုအဖွဲ့ကတော့ ဒီတစ်ခါပဲမြင်ဖူးတယ် ...''
ဟု နားနားကပ်၍ပြောလိုက်သည်...
ခုတ်နဂါး ယဲ့ယွင်က ''' အရင်သွေးဂိုဏ်းတုန်းကလည်း ဒီလိုပုံစံမဟုတ်ဘူးလား ဆရာကြီး ယွဲ့ပိုင် ''''
''' ဘယ်ကဟုတ်လိမ့်မလဲ အရင်သွေးဂိုဏ်းက အခုလိုပုံစံမဟုတ်ဘူး ..လူကိုတွေ့တာနဲ့ သတ်လားဖြတ်လား လုပ်ချင်တဲ့ လူရိုင်းသာသာကောင်တွေကွ ..
အခုဒီကောင်တွေကိုကြည့်ရတာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းလိုပဲ... '''
သူတို့တီးတိုးပြောနေကြစဉ်တွင် ခုံတန်းလျားတွင် ထိုင်နေကြသည့် အနီရောင် လူရွယ်များက ညီညာစွာ ထရပ်လိုက်ကြ၏.. အလယ်ကလူရွယ်မှ
ဂိုဏ်းချုပ်ရိချင်းအားစူးစိုက်စွာ ကြည့်လိုက်ပြီး
'''အခုလိုအချိန်မျိုးက အပြင်ထွက်လို့သိပ်ကောင်းတဲ့အချိန်မျိုးမဟုတ်ဘူး .. အိပ်ယာပေါ်မှာ အနားယူသင့်တဲ့အချိန်မျိုးပဲ ဂိုဏ်းချုပ်ကြီးရိချင်း .... သူတပါး အလုပ်တွေမှာ ၀င်ရှုပ်ရင် အသက်တိုတတ်တယ်ဆိုတာ ဂိုဏ်းချုပ်ကြီးတစ်ယောက် အနေနဲ့ သိသင့်တယ်...'''
''' ငါသိုင်းလောကထဲမှာ ကျင်လည်လာတာ နှစ်ပေါင်းမနည်းတော့ဘူး ... အခုထိ ငါ့ကိုဒီစကားမျိုးပြောရဲတာ မင်းတစ်ယောက်ပဲရှိသေးတယ် .. လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ မင်းဘိုးဘွားတွေ ဆရာသမား တွေက သင်ကြားပေးလိုက်ပုံမပေါ်ဘူး ..ဒီနေ့တော့ သူတို့အစား ငါရိချင်းက ဆုံးမ သင်ကြားပေးရတော့မှာပေါ့.....'''
''' ချွင် ချွင်'''
ရိချင်းသည် သူ၏ လက်စွဲတော်ဓါးနှစ်လက်ကို ချွင်ကနဲ မြည်အောင် ထုတ်ယူလိုက်၏... မီးအိမ်အရောင်အောက်တွင် ဓါးအရောင်မှာ တလက်လက် တောက်ပနေသည်ကို ကြည့်ချင်းအားဖြင့် မည်မျှ အဖိုးတန် ထက်မြက်လှမည်ကို သိရှိနိုင်ပေသည်....
ခုတ်နဂါး ယဲ့ယွင်မှ ဂိုဏ်းချုပ်ကြီးရှေ့တွင်ဝင်ရပ်ပြီး
''' ဂိုဏ်းချုပ်ကြီးခင်ဗျား .. ခွေးတို့ဝက်တို့ သတ်တဲ့အခါမှာ ဓါးမနဲ့ ခုတ်တာကမှ သဘာဝကျတာပါ .. ဂိုဏ်းချုပ်ကြီးရဲ့ ရတနာဓါးအသုံးပြုဖို့မလိုပါဘူး .. ကျွန်တော် ခုတ်နဂါးယဲ့ယွင်က ဒီလူလွန်မသားကို ဆုံးမပေးပါ့မယ်.... ''
ဟု ပြောလိုက်ပြီး သူ၏ ခုတ်ဓါးမ ကြီးအား ထုတ်ယူလိုက်သည် ..
မျက်စိတစ်မှိတ်အတွင်း၌ပင်သူ၏ ကြီးမားထက်မြလှသော ဓါးမအား ဓါးအိမ်အတွင်းမှ ထုတ်ယူပြီးဖြစ်သွား၏'.'. ဗြက်အကျယ်မှာ ခုနှစ်လက်မ ရှိပြီး သုံးပေခွဲ အရှည်ရှိသည့် လေးလံလှသော ဓါးမကြီးသည် ယဲ့ယွင်၏ လက်ထဲတွင် ဖက်ရွက်ပမာ ပေါ့ပါးလျှက် ရှိသည်...ယောက်ကျားပီသ ခန့်ညားသောယဲ့ယွင်နှင့် ကြီးမားသော ဓါးကြီးသည် တိုက်ပွဲဝင်စစ်သူကြီး အသွင်ရှိသလောက် ... ခံစားချက်မရှိသော အနီရောင်ဝတ် လူရွယ်မှာ မတုန်မလှုပ်သော ကျောက်ရုပ်ကြီးသဖွယ်ပင်ဖြစ်၏...
'' ကျုပ် ခုတ်နဂါး ယဲ့ယွင် ဟာ ယဲ့အိမ်တော်ရဲ့ လေးယောက်မြောက် သား တပည့်ဖြစ်ပြီး .. သိုင်းလောကမှာ နာမည်တစ်လုံးရှိခဲ့တယ် ... ပြောတဲ့စကားကို တည်ပြီး လုပ်တဲ့အလုပ်တိုင်းကို ပြတ်သားစေခဲ့တယ် ... အခုလည်းမင်းနဲ့ ပြိုင်ပြီးတဲ့ အချိန်မှာ မတော်တဆ မင်းသေဆုံးသွားနိုင်တဲ့အတွက်.. အခုမသေခင်ချိန်မှာ မင်းဖက်က အမှာ စကားပြောရင်ပြောခဲ့ပါ .. မပျက်မကွက် ငါလုပ်ပေးပါ့မယ်'''
ယဲ့ယွင်၏ စကားကို အနီရောင်ဝတ်လူရွယ်မှ မကြားသည့်နှယ် သူ၏ ခါးမှ ဓါးကို ဖြည်းညင်းစွာ ထုတ်ယူနေသည် .. ထိုသူဓါးထုတ်ယူနေပုံမှာ နှေးကွေး လွန်းလှ၍ ယဲ့ယွင်၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ၀င်ရောက်လာ၏...
အဘယ်ကြောင့်ဆိုသော် ထိုသူဓါးကိုင်သည့်ပုံမှာ ဓါးအား အာရုံစူးစိုက်မှုအပြည့် အ၀ရှိပြီး သူ၏ဓါးကို အလွန်တရာမှ ချစ်ခင်မြတ်နိုးနေသည့် ပုံသဏ္ဍန်ပေါက်၍ပင်...
မွေးကတည်းက ဓါးနဲ့မွေးလာပြီး သေဆုံးရင်တောင် ဓါးနှင့်ဖက်သေမည့် ထိုလူမျိုးကား မည်သည့်နည်းနှင့်မျှ သိုင်းပညာ အညံ့စားထဲတွင် ပါမည်မဟုတ်..
ယဲယွင်က ''' အင်း...စတွေ့ကတည်းက ဒီလူ့မျက်နှာဟာ ခံစားချက် ကင်းမဲ့နေပုံ ပေါက်နေပေမယ့် . .. သူဓါးကို ဆွဲထုတ်နေတဲ့ အချိန်မှာတော့ အနုပညာရပ်တစ်ခုကို ဈန်ဝင်နေသလိုပဲ... ဒီလိုလူမျိုး တခါမှ ငါမတွေ့ဘူးသေးဘူး ... သတိထားနိုင်မှ တော်ကာ ကျမယ် ... ''' ဟု စိတ်ထဲတွင် တွေးလိုက်ပြီး ...
''' ကဲ...မိတ်ဆွေ ခင်ဗျားအရင် စ နိုင်ပါပြီ... အော် နေပါအုံး .. ခင်ဗျား နာမည်ကို ပြောပြသွားပါအုံး ဒါမှ ခင်ဗျားသေဆုံးသွားရင် မှတ်တိုင်မှာ နာမည်ထိုးလို့ရမှာ ... '''
''' တယ်လည်း အပြောကြီးတဲ့ ခုတ်နဂါး ပဲ ... ကျုပ်တို့မှာ နာမည် မရှိဘူး အမှတ်စဉ်ပဲရှိတယ် .. ကျုပ်က နံပါတ် တစ် ...ကဲအပိုတွေပြောမနေနဲ့ စပြီ'''
''' ဝေါ.. ဝေါ ဝေါ.. ၀ှစ်ဝှစ်ဝှစ်''
'''ချွင် ..ချွင်'''
ချွင်ချွင် ဟူသောအသံမှာ ခုတ်နဂါး၏ ဓါးမ ကြီးနှင့် အနီရောင် ၀တ်လူရွယ်၏ ဓါး ထိတွေ့ရာမှ ထွက်ပေါ်လာသည့် အသံပင်.... အတွင်းအား အရာတွင် ယဲ့ယွင် ထက် နံပါတ်တစ်က အနည်းငယ် နိမ့်ကျနေ၏... သို့သော် ယဲ့ယွင်မှာ ပျော်ရွှင်စိတ် တစ်စက်လေးမျှပင် စိတ်တွင်းသို့ဝင်မလာခဲ့ ...
နံပါတ် တစ် ၏ ဓါးသိုင်းမှာ ပြည်မကြီးမှ ဓါးသိုင်းများနှင့်မတူဘဲ အလွန်တရာမှ ရက်စက်ကြမ်းကြုတ်လွန်းလှသည် ... ကိုယ်အသက်ကို မနှမျောသည့် ဓါးသိုင်း တစ်ခုဖြစ်ပြီး ထိုးသွင်း ခုတ်ထစ်လိုက်သည့် ဓါးချက်တိုင်းသည် မြန်ဆန် ထိရောက်လွန်းသည် ...
ယဲ့ယွင်သည် နံပါတ်တစ်၏ သိုင်းအောက်သို့ မြုပ်မသွားစေရန်သာ ကာကွယ်နေရတော့သည်... ယဲ့အိမ်တော်၏ ထက်မြက်လှသော မိုးလုံးကမ်းပြို နဂါးဖြို ဟူသည့် ခုတ်ဓါးမကြီးသိုင်းကွက် နှင့် ကိုယ်ခန္ဓာကို လုံခြုံအောင်သာ ကာကွယ် ထားရ၏ ... နံပါတ်တစ်ကား လူပါး တစ်ယောက်ဖြစ်၍ သူ၏ တိုက်ကွက် အနည်းငယ် တုန့်ဆိုင်းသွားသည်နှင့် ယဲ့ယွင် ၏ သိုင်းကွက်က သူအားသေရွာ ပို့နိုင်သည်ဟု ရိပ်မိသဖြင့် အမြန်နှုန်းကို မလျော့ချရဲပေ ... သို့နှင့် ဘက်မျှလှသော တိုက်ပွဲသည် မိတ်ဆွေရန်သူဟူ၍ မခွဲနိုင်ဘဲ နှစ်ဖက်စလုံးမှ အံ့အားတကြီးငေးမော ကြည့်နေကြတော့သည်...
'''' ရွှီး''''
''' ၀ှမ်း... ၀ှမ်း'''
လေတစ်ချက်ချွန်လိုက်ပြီး ယဲ့ယွင် သိုင်းကွက်ပြောင်းလိုက်ပြီ ... ယဲ့အိမ်တော် ၏ မျက်မှောက်ခေတ် အရှင်သခင်ဖြစ်သော သူ၏ ဖခင် ယဲ့ရှင် ကိုယ်တိုင် တီထွင်ထားသော ဒွိဟအမေးပုစ္ဆာ ဟူသည့် ခုတ်ဓါးမကြီးသိုင်း နှစ်ဆယ့်ရှစ်ကွက်ပင်... မည်သည့် တပါးသူကိုမျှ မတိုက်ခိုက်ရသေးသော သိုင်းကွက် အသစ်စက်စက်ပင်ဖြစ်၏ ... ယဲ့ယွင် ကိုယ်တိုင်လည်းတတ်မြောက်ထားသည်မှာ မကြာလှသေး ... သိုင်းကွက် ပြောင်းလိုက်သည်နှင့် အထက်အောက်ပြောင်းပြန်လှန်လိုက်သည့်သဖွယ်ပင်... ချက်ခြင်းဆိုသလို ယဲ့ယွင်မှာ အထက်စီးသို့ပြန်ရောက်သွားပြီး နံပါတ်တစ်မှာ အောက်စီးသို့ရောက်ရှိသွားသည်.. ထူးခြားလှသော ထိုတိုက်ကွက်မှာ ခုတ်ဓါးမကြီး၏ ဓါးဦးလားရာသို့ ခန့်မှန်းရခက်ခဲခြင်းပင်ဖြစ်၏.. ပြိုင်ဘက် လူမှာ ဓါးမကြီးဦးတည်ရာ ကို မှန်းဆနေရင်းနှင့် မိမိအသုံးပြုလိုက်သော ဓါးချက်များမှာ အလိုလို အားပျော့ သွားရတော့သည်... ထို့ကြောင့်လည်း ယဲ့ရှင်က ဒွိဟအမေးပုစ္ဆာဟု အမည်ပေးထား ခြင်းသာ...
နံပါတ်တစ်မှာ ဓါးလားရာသို့ လိုက်လံကာကွယ်နေရင်းနှင့် ယခုအတိုင်း ဆိုလျှင် အကျိုးနည်းတော့မည်ဟု ရိပ်မိလိုက်သောကြောင့် သိုင်းကွက်ပြောင်းရန် နှင့် လက်နက်ပုန်းသုံးရန် စဉ်းစားသေးသော်လည်း ယဲ့ယွင်၏ ဓါးကွက်မှာ သူ့အား အချိန် တစ်ခဏမျှပင် အနားပေးခွင့်မပေးအောင် တစ်လိမ့်ပြီးတစ်လိမ့် တိုက်ခိုက်နေ၏..
'''' ထန်း ..ထန်း''''
''' ဒုတ် '''
'' အင့်''
ရုတ်တရက် တိုက်ပွဲမှာ ပြီးဆုံးသွားလေပြီ ... ယဲ့ယွင်၏ အမည်းရောင် ခုတ်ဓါးမကြီး က သွေးများစိုရွှဲနေပြီး နံပါတ်တစ် ၏ ပုခုံးတစ်ဖက်မှာ ငုံးတိုကြီး ဖြစ်လျှက် ကိုယ်ခန္ဓာမှာ သွေဖီသွားသော ဓါးကိုင်ထားသောလက်တစ်ချောင်းလုံး မြေကြီးပေါ်တွင် တစ်ဆတ်ဆတ်နှင့် ရမ်းခါနေသည်... သွေးများက ပုခုံးတို ကြားတွင် ဆည် ကျိုးသလို ပန်းထွက်နေကြ၏... နံပါတ်တစ်၏ သတ္တိက ကောင်းလှသည်..
ဘယ်ဘက်လက်ဖြင့် သွေး ထွက်မလွန်စေရန် သွေးကြောများကို ပိတ်လိုက်ပြီး သူ၏ လက်ပြတ်ကြီးကို ဘယ်ဘက်လက်နှင့်ပင် ခပ်တည်တည် ကောက်ယူကာ ခုံတန်းလျား ဆီသို့ ပြန်သွားထိုင်နေလေ၏...
လက်တစ်ဖက်ပြတ်နံပါတ်တစ် နောက်တွင်ရပ်နေသော မိန်းမပျိုလေးသည် ကိုင်ထားသော မီးအိမ်ကို ကြေးမီးဖိုထဲပစ်ထည့်လိုက်သည်... မီးအိမ် လောင်ကျွမ်း သွားသောကြောင့် မီးရောင်က ပိုမိုတောက်ပလာကာ အနီရောင်မီးခိုးငွေ့များက ပိုမိုထွက်ပေါ်လာ၏... ထိုမီးခိုးငွေ့များအား နံပါတ်တစ်မှ လွဲ၍ ကျန် အနီဝတ် သူများက လက်ဖ၀ါးများနှင့် ရိချင်းတို့ဖက်သို့ရိုက်ထုတ်လိုက်သည်..
''' ၀ုန်း .. ၀ုန်း'''
''' ရွှပ်'''
'''' ဖုံး ဖုံး ဖုံး''''
အတွင်းအားဖြင့်ရိုက်ထုတ်လိုက်ခြင်းကြောင့် ၀ုန်း ကနဲ မြည်ကာ မီးခိုး ငွေ့များက အလုံးအရင်းနှင့် ရိချင်းတို့ အုပ်စုထံ ၀င်ရောက်လာ၏... သို့သော် ရိချင်း ..ယဲ့ယွင်... နှင့်ယွဲ့ပိုင်တို့ ၏ တုံ့ပြန်ချက်က ပိုမြန်လှသည်...
အလုံးအရင်းနှင့်လွင့်လာသော မီးခိုးလုံးကြီးကို သုံးယောက်သား အတွင်းအား အပြည့်သုံးကာ ပြန်လည်ရိုက်ထုတ်လိုက်ပြီး ရိချင်းသည်လျှပ်တပြက် ခုန်ဝင်ကာ လူနှစ်ဖက်မျှ ရှိသော ကြေးအိုးကြီးအား သူ၏ ဓါးနှစ်လက်ဖြင့် ခုတ်ချ လိုက်၏.. .. ရွှပ် ဟူသော အသံသဲ့သဲ့ ထွက်လာပြီး ကြေးအိုးကြီးမှာ ထက်ပိုင်းပြတ်ထွက်ကာ မြေပေါ်သို့ လွင့်စင်သွားလေသည်.. တဆက်ထဲမှာပင် အနီးရှိ အနီရောင်ဝတ် လူရွယ်အား ခြေထောက်ဖြင့် သုံးချက်ဆင့် ကန်ကြောက် လိုက်ရာ ခေါင်းတစ်ခြမ်းလုံး ပိန့်ဝင်သွားလျှက် မျက်စိ နှစ်လုံးပင် ပြုတ်ထွက်သွား တော့၏... . ဆယ်ပိသာခန့် တူတစ်ချောင်းနှင့် ရိုက်သမျှလောက်ပင် ပြင်းထန်သည့် ကန်ချက်ပေတကား ... မိုးကြိုးအတွင်းအားနှင့် ဖိုမ သိုင်းကွက်က လူတကာကိုပင် ဖိန့်တုန်သွားစေနိုင်လောက်သည်...
'''''' ဟားဟားဟားဟား.. တကယ်ကျော် ..တကယ်မော်တဲ့ ရိချင်းပဲ
ဖိုမဓါးသိုင်း .. မိုးကြိုးအတွင်းအား .. လှိုင်းသုံးဆင့် ၀င်္ကပါသိုင်း .. အင်း ၀ါဆန်းဂိုဏ်း ချုပ် အဆက်အဆက်မှာတော့ တကယ့် လူတော်ပါပဲ ...ဒါပေမယ့် နှမျော စရာကောင်းတာက အဲ့သိုင်းကွက်တွေ အခုညမှာ ပျောက်ကွယ် သွားတော့မှာပဲလေ..''
စူးရှ ကျယ်လောင်လှသော အသံကြီးသည် အရပ်လေးမျက်နှာမှ ပျံ့လွင့် လာလေသည်... ကန်ရေပြင်ထဲကပဲ ထွက်လာသယောင်ယောင် ၀ဲဘက်တော အုပ်ထဲမှ ထွက်လာသယောင်ယောင် ဘေး နှစ်ဖက်ကပဲ ထွက်လာသယောင်ယောင် နှင့်မို့. မသင်္ကာသည့် ဘက်ကို ယဲ့ယွင်တို့လိုက်ကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေကြသည်... ရိချင်းကတော့ အရှေ့ တူရူဖက်သို့သာ ကြည့်ရင်း ...
''' လေးမျက်နှာယောင်ပြန် အသံရိပ် တစ်ခုထဲနဲ့ ကျုပ်ဆိုတဲ့ ရိချင်း ကြောက်ရမယ်ဆိုရင် သိုင်းလောကမှာ မျက်နှာတောင် ပြ၀ံ့မှာမဟုတ်ဘူး .. ခိုးကြောင်ခိုးဝှက်လုပ်မနေနဲ့ ... သတ္တိရှိတယ်ဆို မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်ကြတာပေါ့ ... အသုံးမ၀င်တဲ့ မြည်းလို တပည့်တွေ ကို လွတ်ထားတာဟာ သူတို့အသက်ကို မနှမျောရာကျနေတယ်... '''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#8
ရိချင်း၏စကားနာထိုးမှု အဆုံးတွင် .. ခုံတန်းလျားဘေးသို့ လူတစ်ယောက် ရုတ်ချည်း ဆိုသလို ရောက်ရှိလာသည် ... မည်သည့် အသံ ..မည်သည့် အရိပ်မျှ မမြင်ရဘဲ ရောက်ရှိလာသော ထိုလူမှာ အရပ်ငါးပေမျှသာ ရှိသည့် ပိန်ပါးပါး အဘိုးအိုတစ်ယောက်ဖြစ်၏.. ရွှေရောင် လင်းလက်နေသော အနားကွပ်များပါသည့် ကြက်သွေးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးအစုံမှာ သောက်ရှုး ကြယ်ပမာ တဖိတ်ဖိတ် တောက်ပနေသည်.. ရည်မွန်နွေးထွေးသောရုပ်ရည်ရှိသော ထိုအဘိုးအို မှာ အမှတ်တမဲ့ကြည့်လိုက်လျှင် စာပေပညာရှင် သို့မဟုတ် မူးမတ် ရာထူးအဆင့် ရှိသော အရာရှိတစ်ယောက်ပမာပင်.... သူ၏ရင်ဝတွင် ရွှေချည်ထိုးနှင့် ဘီလူးပုံ ရေးဆွဲထား၏...
ရိချင်း.. ဆယ်မျက်နှာခြေဆန့်သူ တောင်ဖြိုလက်သီး နှင့် အမုန်းသီလရှင်တို့မှာ မူ အနှီ အဘိုးအိုကို မြင်လိုက်သောအခါ ပြိုင်တူ ဆိုသလိုပင် နောက်သို့ ခြေလှမ်း ဆုတ်မိလိုက်ကြ၏....
''' သွေးဘီလူး ''' '''သွေးဘီလူး ''
ပါးစပ်မှ အရူးပမာ တတွတ်တွတ် ရေရွတ်နေမိသည်ကား အမုန်းသီလရှင်ပင် ..
တောင်ဖြိုလက်သီး၏ မျက်နှာသည်လည်း ဇီးရွက်ပမာသာရှိတော့သည်..
အဘယ်ကြောင့် ထို လူအိုကြီးကို ဤမျှ ကြောက်ရွံ့နေကြသနည်း....
သွေးဘီလူးသည် သွေးအရိပ်၏ ဆရာဖြစ်ပြီး ကာမဂုဏ်အာရုံလိုက်စားသည့်နေရာ လူအသက်ကို နှိပ်စက်သတ်ဖြတ်သည့်နေရာတွင် ဆရာတပည့်နှစ်ယောက် အတွဲညီကြသည်..
သွေးဘီလူး၏ သိုင်းပညာမှာ တာမောအဆောင်မှူး ဆရာတော် ကိုပင် အကွက်ပေါင်း တစ်ထောင်ခန့် အတွင်းမရှုံးနှိမ့်နိုင်ဟု အဆိုရှိသည် .. မြောင် လူမျိုးတို့၏ အဆိပ်ခုနှစ်မျိုးသိုင်းပညာ ... တောင်ပင်လယ်၏ စွန်ကုတ်လက်သိုင်းပညာ .. ဓါးလှံများကိုပင် ချိုးနိုင်သည့် အပူ လက်ချောင်းတောက် သိုင်းပညာကို အဆင့်ကုန်အောင်တတ်မြောက်ထားသည့် အပြင် သူကိုယ်တိုင်တီထွင်ထားသည့် သွေးနီလက်ဝါး ဟူသည့် သိုင်းမှာ လည်းထက်မြက် လှ၏.. ထို့ကြောင့် သူ့အား ကြောက်ရွံ့ခြင်းမှာ မလွန်သာပေ.. သွေးအရိပ်ပင် ကြောက်စရာကောင်းသော သိုင်းသမားဆိုးတစ်ယောက်ဖြစ်ရာ သူ့ဆရာဖြစ်သူ၏ သိုင်းပညာဆိုလျှင် ဆိုဖွယ် မရှိတော့..
အသက်သေဆုံးမည်ကို ကြောက်ရွံ့သည့် သိုင်းသမားဟူ၍ တစ်ယောက်မျှ မရှိသော်လည်း .. ယုတ်ယုတ်မာမာ အဖြစ်ဆိုးဖြင့် သေဆုံးလိုသည့် သူ ဟူ၍ တစ်ယောက်မှ မရှိလို.....
တခါက သွေးဘီလူးသည် ပန်းဝါ ဟုအမည်ရှိသော ရွာ တစ်ရွာလုံးအား သက်ရှိဟူ၍ လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မှီးမှ မကျန်အောင် မီးလောင်တိုက်သွင်းခဲ့ဖူး၏...
ဝါဆန်းဂိုဏ်းချုပ်ရိချင်းသည် သွေးဘီလူးအားမြင်လိုက်သောကြောင့် အနည်းငယ်ရင်ထိတ်သွားသော်လည်း ဂိုဏ်းချုပ်တစ်ယောက်ပီပီ ဟန် ဖို့လိုက်ရင်း..
'''သွေးဘီလူး အဘိုးကြီး .. သိုင်းလောကမှာ မတွေ့ရတော့လို့ သေသွားတယ်မှတ်နေတာ .. လက်စသတ်တော့ တပည့်ကျော်နဲ့ပေါင်းပြီး မိုက်လုံးကြီးနေတာကိုး...''''
'' ရိချင်းရာ အပိုစကားတွေမပြောပါနဲ့ ငါသိုင်းလောကမှာ ကျင်လည်နေတုန်းက မင်းဆိုတာ ၀ါဆန်းဂိုဏ်းမှာ နာမည်တောင်မရှိသေးတဲ့ ကောင်ပါ.. မင်းဆရာ ရိကုန်း တောင်မှ ငါ့နာမည်ကြားရင် အမြီးတန်းအောင် ထွက်ပြေးတဲ့ဟာ .. အခုလည်းမင်းအသက်မသေချင်ရင် ငါ့ကို လေးဘက်ထောက် တောင်းပန်ပြီး ဦးသုံးကြိမ်ချလိုက် မင်းလက်နှစ်ဖက်ကို ပဲငါယူထားလိုက်မယ် .. ''''
ရိချင်းမှာ တစ်ကိုယ်လုံးထူပူသွားအောင်ဒေါသထွက်မိသော်လည်း ... တည်ငြိမ်နေသူသဖွယ် မတုန်မလှုပ်ရပ်နေမိသည်.. သိုင်းပညာယှဉ်ပြိုင်ရာတွင် ဒေါသထွက်သူက တပန်းရှုံးသည်ဆိုတာ သူသိနေသည်လေ...
ခုတ်နဂါးယဲ့ယွင် ကတော့ဖြင့် လူငယ်ပီပီ ၀ါဆန်းဂိုဏ်းချုပ်ကြီးအစား ဒေါသထွက်နေပြီဖြစ်သောကြောင့် ခုတ်ဓါးမကြီးကို ရမ်းကာ
''ဂျပု အဘိုးကြီး ..ခင်ဗျားဟာခင်ဗျား သွေးဘီလူးဖြစ်ဖြစ် ဘာဖြစ်ဖြစ်
ကျုပ်က ဂရုစိုက်မယ် မထင်နဲ့ .. သတ္တိရှိရင် လက်နက်ထုတ်ပြီး ရှေ့ကိုထွက်လာခဲ့ ယောင်္ကျားပီပီသ ယှဉ်ပြိုင်ကြမယ်....''''
''''ဟား ...ဟား...ဟား...ဟား''''
သွေးဘီလူးမှာ ရီစရာကောင်းလှသော ပျက်လုံး တစ်ခုကို ကြားမိလိုက် သူပမာ တစ်ဟားဟားနှင့်ရီမောလိုက်သည်... အတွင်းအားအပြည့်ထည့်ကာ ရီမောလိုက်သောကြောင့် ရိချင်း တို့နှင့်လိုက်ပါလာသော သိုင်းသမားများမှာ နားနှစ်ဖက်ကို ပိတ်လိုက်ကြပြီး မူးမေ့ လဲကျသွားတော့၏...
တောင်ဖြိုလက်သီးနှင့် အမုန်းသီလရှင်ပင်လျှင် အချိန်မီအတွင်းအားဖြင့် တောင့်ခံထားလိုက်သောကြောင့် လဲပြိုမှုမရှိခြင်းသာ... ၀ါဆန်းဂိုဏ်းချုပ်ရိချင်း.. ခုတ်နဂါးယဲ့ယွင်နှင့် ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် တို့သာလျှင် အိနြေ္ဒမပျက် ရှိနေကြ၏..
သွေးဘီလူးသည် သိုင်းသမားများ မူးမေ့လဲကျသွားသည်ကို ကြည့်ရင်း သဘောကျသွားသည့်နှယ် .. ရယ်မောသံကို နောက်တစ်ဆင့် ထပ်မြင့်လိုက်သည်...
တောင်ဖြိုလက်သီးနှင့် အမုန်းသီလရှင်မှာ တောင်ခံနိုင်စွမ်းမရှိတော့ပေ...
.''''၀ုန်း..၀ုန်း'''
လဲပြိုကျသံကား တောင်ဖြိုလက်သီးနှင့်အမုန်းသီလရှင်ထံမှ ထွက်ပေါ်လာချင်း ပင် ..သွေးဘီလူး၏ အတွင်းအားကိုတောင့်ခံနိုင်စွမ်းမရှိတော့သောကြောင့် မြေပြင်ပေါ် လဲကျသွားလေပြီ...
ယဲ့ယွင်နှင့် ယွဲ့ပိုင် မှာလည်း ဒီတစ်ခါမှာတော့ ချွေးသီးချွေးပေါက်များ ကျဆင်းလျှက် အံကြိတ်ခုခံနေရတော့သည်... သွေးဘီလူး၏ အတွင်းအားကား လွန်စွာ ကြောက်ဖွယ်ကောင်းလေစွ...
ဝါဆန်းဂိုဏ်းချုပ်ကြီး ရိချင်း၏ မျက်နှာကတော့ ဖြူတစ်လည့် ပြာတစ်လည့် ဖြစ်နေ၏... မိုးကြိုးအတွင်းအားကို အဆင့် ခြောက် အထိ ရောက်အောင်သုံး နေသောကြောင့်ဤသို့အရောင်ထွက်နေခြင်း ဖြစ်သည်...
ထိုစဉ် သွေးဘီလူး၏ ရယ်မောသံကြားထဲမှ
''' ဘုန်းဘုန်း သူတို့ဘာလို့လဲကျသွားတာလဲဟင်..'''
သွေးဘီလူးသည် ထ ခုန်မိမတတ်ပင်အံ့အားသင့်သွားရ၏... ရယ် နေရာမှ ရပ်တန့်လိုက်ပြီး အသံထွက်နေသည့်နေရာကို ကြည့်မိလိုက်မှ ပိုအံ့အား သင့်သွားသည်... ကလေးပွေ့ထားသော ဦးခေါင်းပြောင်ပြောင်နှင့်ဘုန်းတော်ကြီး တပါးကို တွေ့မြင်လိုက်ရ၍ပင်.....
အသံရှင်ကား ဖိုးစပ်စု အားကွေ့ဖြစ်၏....
ဤသို့ဆိုလျှင် အားကွေ့သည် မည်သည့်အတွက်ကြောင့် မေ့မျော မသွားရသနည်း... ၀ါဆန်းဂိုဏ်းချုပ်ရိချင်းကဲ့သို့ ပြည့်ဝသော အတွင်းအားများ ပိုင်ဆိုင်ထား၍လား...
မဟုတ်ပါ .. ဘုန်းကြီးရွှီကြွင်းသည် အားကွေ့ မေ့မျော မသွားစေရန် သူ၏ အတွင်းအားဖြင့် အကာအကွယ် ပေးထားခြင်းဖြစ်သည်...
သို့ဆိုလျှင် ရှောင်လင်ကျောင်း၏ ဒါဏ်ကျဆောင်နေ ရွှီအဆင့်မျှသာ ရှိသော အနှီဘုန်းကြီးမှာ ၀ါဆန်းဂိုဏ်းချုပ်ရိချင်းထက်ပင် သိုင်းပညာ ပိုမို ထက်မြက် လိမ့်မည်လော........
သွေးဘီလူးသည် ဘုန်းကြီး ရွှီကြွင်းအား အံ့သြောသော မျက်လုံးအစုံဖြင့် ကြည့်ရင်း '' ဆရာတော်က တာမောအဆောင်မှူးလား.. လောဟန် အဆောင်မှူးလား .. '''
''' မဟုတ်ပါဘူး ဒကာကြီး ဘုန်းကြီးက ဒါဏ်ကျဆောင်က ရိုးရိုးဘုန်းကြီး တစ်ပါးပါ ''''
''' မဖြစ်နိုင်ဘူး ..မဖြစ်နိုင်ဘူး .. ကျုပ်ရဲ့ လေးမျက်နှာယောင်ပြန် အသံရိပ် ကို ခုခံနိုင်တာ ရိုးရိုးဘုန်းကြီးတော့ မဖြစ်နိုင်ဘူး တာမော အဆောင်မှုးနဲ့ လောဟန် အဆောင်မှုးဘုန်းကြီး နှစ်ပါးပဲရှိတယ် .. ''
''' ဘုန်းကြီးဘွဲ့က ရွှီကြွင်းပါ... ဘုန်းကြီးဆိုတာ လိမ်ညာ မပြော တတ်ပါဘူး ဒကာကြီး'''
သွေးဘီလူး ၏ လေးမျက်နှာယောင်ပြန် အသံရိပ် ဒါဏ်မှ ကင်းလွတ်သွားပြီ ဖြစ်သောကြောင့် အတွင်းအားအတော်အတန် ကောင်းမွန်သည့် သိုင်းသမားများသည် မော့မျောနေရာမှ နိုးထလာကြ၏ ....
သို့သော်လည်း တကိုယ်အားရှိ အားအင်များကုန်ခမ်းသွားသည်နှယ် ပျော့ခွေနေသည်မို့ ထရပ်ဖို့နေနေသာသာ ထိုင်ဖို့ပင်မနည်းကျိုးစားနေရသည်..
တောင်ဖြိုလက်သီးနှင့် အမုန်းသီလရှင်သာလျှင် ထိုင်၍ အတွင်းအားကျင့်နိုင်သည်..
သွေးဘီလူးတစ်ယောက်ထဲသာ အံ့အားသင့်သည်မဟုတ် ၀ါဆန်းဂိုဏ်းချုပ် ရိချင်းသည်လည်း ဘုန်းကြီးအား မယုံကြည်နိုင်အောင်ဖြစ်နေ၏...
ရွှီအဆင့် ဘုန်းကြီးတစ်ပါးသည် မည်သည့်နည်းနှင့်မျှ အတွင်းအားအရာတွင် ထိပ်တန်းအဆင့်ရှိမည်မဟုတ် .. ယခုအတိုင်းဆို ထို ဘုန်းကြီးကပင် မိမိထက် အတွင်းအား သာလွန်မည့်ပုံပင်.... ထို့နောက်
ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင်က ရိချင်းနှင့် ယဲ့ယွင်အား တစ်ချက်ကြည့်လိုက်ပြီး ...
''ဂိုဏ်းချုပ်နဲ့တူမောင် ယဲ့ ..ဒီလူ့လောကကို ဖျက်စီးမဲ့ သိုင်းလောက မိစ္ဆာကို နှိမ်နင်းတဲ့နေရာမှာ သိုင်းလောက စည်းကမ်းဆိုတာကို စောင့်စရာမလိုဘူး ကျုပ်တို့သုံးယောက်နဲ့ သူ့ကို ၀င်တိုက်လည်း အပြစ်ပြောမဲ့လူ မရှိလောက်ဘူး ...''
ရိချင်းနှင့် ယဲ့ယွင်မှာ ယွဲ့ပိုင်အပြောကို သဘောပေါက်ကြသည် .. တစ်ယောက်ချင်း ဖြင့် သွေးဘီလူးအား နိုင်အောင် တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်သလောက် ခက်ခဲလှသည်လေ ..... စုပေါင်းတိုက်ခိုက်ခြင်းသာလျှင် အနိုင်ရဖို့ အခွင့်အလမ်း ရှိနိုင်သည်ကိုး...
ထိုစကားကိုကြားလျှင် အနီရောင်ဝတ်လူရွယ်များနှင့် မီးအိမ်ကိုင် မိန်းမပျိုလေးများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွား၏.... သွေးဘီလူးကမူ သူ့အဖွဲ့သားများကို လက်ကာပြလိုက်ရင်း...
'''' ဟား...ဟား..ဟား..ဟား.. မင်းတို့သုံးယောက်မှ မကဘူး ရှိသမျှ လူကုန်တိုက်လဲ ငါဆိုတဲ့ သွေးဘီလူးက မဖြုံဘူးကွ...စိတ်ချ ငါ့အဖွဲ့ သားတွေမပါဘဲ မင်းတို့ သုံးယောက်ကို ဆုံးမပေးလိုက်မယ်... ဒါဏ်ရာရထားတဲ့ နံပါတ် တစ်နဲ့ သေသွားတဲ့ နံပါတ် ကိုးကို ပြန်ခေါ်သွားကြစမ်း... ပြီးတော့မှ ငါဟို သုံးကောင် ကိုဘယ်လို သတ်လိုက်လဲဆိုတာ ပညာယူထားကြ '''''
''ကဲ .......လာပြီ ဓါးကြည့်ဟေ့'''''
'''' ၀ှမ်း...၀ှမ်း..၀ှမ်း''
သိုင်းလောကထိပ်သီးဆယ်ယောက်ထဲတွင် အပါအ၀င်ဖြစ်သော ...အမှတ်စဉ်တစ်ဆယ်ရှိ ခုတ်နဂါးယဲ့ယွင် .. အမှတ်စဉ်ရှစ် ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် နှင့် ၀ါဆန်းဂိုဏ်းချုပ် တို့၏ သုံးယောက်ပေါင်းတိုက်ခိုက်မှုက မည်မျှပြင်းထန်သနည်းဆိုသော် လေထု ပင် တ၀ှမ်းဝှမ်း အော်မည်ကာ တုန်ခါသွား လေ၏....8
ခုတ်နဂါးယဲ့ယွင်၏ ဒွိဟအမေးပုစ္ဆာ ... ဆယ်မျက်နှာခြေဆန့်သူ၏ မုန်တိုင်းအောက်က ခရုအို .. ၀ါဆန်းဂိုဏ်းကြီး၏ ဖိုမ ဓါးသိုင်း အစရှိသည့် ထူးခြားဆန်းပြားလှသော သိုင်းကွက်များသည် ရှေ့နောက်ဆင့်သလို ၀င်သွားကြသည် ...ဖိုမဓါးသိုင်း၏ မြန်ဆန်မှုကြောင့် သွေးဘီလူးမှာ နောက်သို့ ခုန်ဆုတ်လိုက်ရချိန်တွင် ခုတ်ဓါးမကြီးက အပြောင်းအလဲများစွာ ဖြင့်ဝင်ရောက်လာပြန်၍ ဘေးဘက်သို့ရှောင် လိုက်ရပြန်သည် ... ထိုရှောင်သည့်ဘက်တွင် စောင့်ကြိုနေသည်က မုန်တိုင်းအောက်က ခရုအို တိုက်ကွက်ပင်.... မြန်ဆန်သည့် သိုင်းကွက်များကို ရှောင်တိမ်းရလွယ်သလောက် နှေးကွေးလေးလံလှသော ထိုဓါးကွက်ကို မူ သွေးဘီလူးမှာ မရှောင်တိမ်းသာ ..
ထို့ကြောင့် အပူလက်ချောင်းတောက်သိုင်းဖြင့် သူ့မျက်နှာဆီသို့ ရောက်ရှိလာသော ဆယ်မျက်နှာခြေဆန့်သူ၏ ဓါးအား တောက်ချလိုက်သည်...
'''''ထောက်... ချွင်'''
'''ဟာ...'''
လက်တောက်ချက် ထိသွားသော ဓါးမှာ လိန်တွန့် သွားပြီး အပူစီးကြောင်းကြီး
တစ်ခုမှာ ယွဲ့ပိုင်၏ဓါးကိုင်လက် ထဲသို့ဝင်ရောက်လာသောကြောင့် လက်ဖ၀ါးကွဲအက်သွားပြီး ဓါးကို ကပျာကယာ ပစ်ချလိုက်ရသည်...
ယွဲ့ပိုင်ဓါးပြုတ်ကျ သွားသည်ကိုမြင်လိုက်သော ရိချင်းမှာ မိုးကြိုးအတွင်းအားကို အဆင့်တစ်ဆယ်ထိ အသုံးပြုလိုက်ပြီး ဖိုမယှဉ်တွဲ တစ်ယောက်ထဲ ဟူသော သိုင်းကွက်ဖြင့် လေထဲသို့ ခုန်ဝဲကာ သွေးဘီလူး၏ ဦးခေါင်းဆီသို့ ချိန်ရွယ်ပြီးတိုက်ခိုက်လိုက်၏.... ခုတ်နဂါးယဲ့ယွင်ကလည်း အထာနပ်စွာနှင့် နွားသိုးမြေလူး အမည်ရှိ အခြေခံဓါးကြီး ဆယ့်နှစ်ခန်းအတွင်းမှ ဓါးကွက်ဖြင့် မြေပေါ်တွင်လိမ့်ကာ သွေးဘီလူး၏ခြေထောက်ကို ဦးတည် တိုက်လိုက်ပြန်သည်...
''''' ရွှပ်...ရွှပ်...''''
မထင်မှတ်ဖွယ်ရာရှုထောင့်နှစ်ခုမှ ၀င်ရောက်လာသော ထိုအပေါ်အောက် ညှပ်ဓါး ကွက် ကြောင့် သွေးဘီလူးသည် နှစ်ယောက်စလုံးကို စိတ်ထဲကျိတ်ချီးကျူး လိုက်မိပြီး ရှောင်တိမ်းရန် မကျိုးစားတော့ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်၏....
အပေါ်မှကျလာသော ဓါးကွက်ကို အပူလက်ချောင်းတောက် ပညာဖြင့် တောက်ချ၍လည်းကောင်း ... ခြေထောက်ဆီသို့ဝင်လာသောဓါးကွက်ကို
သွေးစက်မြေနင်း ဟူသည့် သူ့မူပိုင်သိုင်းကွက်ဖြင့် တုံ့ပြန်လိုက်သည် ...
ရိချင်းတို့နှစ်ယောက်သားသည် ထိပ်တန်း သိုင်းသမားများဖြစ်ကြသည်နှင့် အညီ သူတို့သိုင်းကွက် လွဲချော်သွားသည်နှင့် သွေးဘီလူး၏ သိုင်းကွက်ကို ထိပ်တိုက် မတွေ့စေရန် ချက်ခြင်းရပ်တန့်၍ နောက်ပြန်ဆုတ်လိုက်ကြသည်... တကယ်လို့ ထိပ်တိုက်တွေ့လျှင်ဖြင့် ယွဲ့ပိုင်လို လက်နက်ဆုံးရှုံးသွားနိုင်သည်လေ...
ယွဲ့ပိုင်ကလည်း ညာလက်ဖ၀ါးကွဲသွားသောကြောင့် ဘယ်ဘက်လက်ဖြင့်
ဓါးတစ်လက်စွဲကာ တိုက်ပွဲအတွင်းပြန်လည်ဝင်ရောက်လာပြန်သည်.. ထိုဓါးသည်ကား အမုန်းသီလရှင်၏ ဓါးပင်...
သူတို့လေးယောက် တိုက်ခိုက်နေကြပုံကို ကြည့်ရင်း ကျန်သော သိုင်းသမားများမှာ မိမိတို့၏ ပညာရပ်မှာ မည်သည့်အဆင့်မျှမရှိသေးဟု အတွေးများ ပင်ဝင်ရောက်လာကြတော့၏... မီးရောင် လရောင်အောက်တွင် ဖုန်များ အမှုန်များ ထောင်းလမောင်းထ အောင်ပင် အပြင်းအထန် တိုက်ခိုက်နေကြသည်..
ရိချင်း ..ယဲ့ယွင် ..ယွဲ့ပိုင် တို့သည် မည်မျှ အတွဲဖက်ညီစွာ တိုက်ခိုက်နေသော်လည်း သွေးဘီလူး၏ အင်္ကျီ စကိုပင် ထိအောင်မတိုက်နိုင်သေး ...
ဒါတောင်မှ သွေးဘီလူး၌ လက်နက်မရှိပေ.. သိုင်းကွက် နှစ်ရာ အရောက်တွင် သွေးဘီလူးက စိတ်မရှည်တော့သည့်နှယ် သိုင်းကွက်ပြောင်းလိုက်၏...
ပတ်ဝန်းကျင်တစ်ခုလုံးကို ညှီစို့စို့အနံ့ကြီး ဖုံးလွှမ်းလာသည်.. ထိုအနံ့ထွက်ပေါ်လာသည်နှင့် အနီရောင်ဝတ်လူရွယ်များနှင့် မိန်းမပျိုတို့မှာ ကြောက်လန့်တကြီး တောအုပ်ထဲသို့ပြေးဝင်သွားကြသည်...
'' အဆိပ်ခုနှစ်မျိုး လက်ဝါးသိုင်း.. .. '''
ရိချုင်း၏ အော်မည်သံကား ကျယ်လောင်စွာထွက်လာ၏...
ယွဲ့ပိုင်ကလည်း.......
'''' ထွီ တော်တော် ယုတ်ပတ်တဲ့ အဘိုးကြီး ....''''
ထိုညှီစို့စို့ အနံ့ကြီးမှာ သွေးဘီလူး၏ ကိုယ်ခန္ဓာ မှ ထွက်ပေါ်လာခြင်းပင်... အဆိပ်ခုနှစ်မျိုးသိုင်းသည် အင်မတန်မှ အောက်တန်းကျ သော သိုင်းပညာဖြစ်၍ သိုင်းလောကတွင် အတိအလင်းပိတ်ပင်ထားသော သိုင်းကွက်ဖြစ်သည်.... လေ့ကျင့်မည့်သူသည် တစ်နှစ်တိတိ နေ့စဉ်မပျက်မကွက် အဆိပ်ဆေးရေ စိမ်ပြီး လေ့ကျင့်ရသည့်ပညာဖြစ်သောကြောင့် ထိုသိုင်းကို သုံးလိုက်သည်နှင့် မိမိခန္ဓာကိုယ်တွင်စိမ့်ဝင်နေသည့် အဆိပ်များသည် ချွေးအဖြစ်သို့ ပြောင်းလဲထွက်လာကြသည်.. ထိုအဆိပ် မထိလျှင်တောင် အနံ့ရသည်နှင့်ပင် မူးမော်အော့အန်နိုင်ပေ၏... အတွင်းတဆင့်မြင့်လိုက်တိုင်း ပုပ်ဟောင်သော အနံ့ပြင်း လာပြီး အဆင့် ရှစ်အထိ မြင့်တင်လိုက်လျှင် ပြိုင်ဘက်၏ခံနိုင်ရည်ကို နိမ့်ကျသွားစေသလို အသက်သေဆုံးနိုင်သည်အထိပင်ဖြစ်နိုင်၏....
ညစ်ပဲ့သော ဤသိုင်းကွက်ကို အသုံးပြုသူသည် သိုင်းလောက၏ ဘုံရန်သူဖြစ်သည်ဟု အဆိုရှိသည်... ထိုသိုင်းကွက်ကြောင့် ရိချင်း .. ယဲ့ယွင်နှင့် ယွဲ့ပိုင်တို့သည် တဝေါဝေါနှင့် အော့လိုက် အန်လိုက်ဖြစ်ကုန်ကြပြီး သူတို့၏ သိုင်းကွက်မှာလည်း ၀ါးအစီးပြေသလိုပင်.... ထိုပုံအတိုင်းဆို နောက်သုံးကွက်အထိပင် တောင့်ခံထားနိုင်မည်မထင်...
စောစောက သတိပြန်လည်လာကြသူများလည်း ဒုတိယံပိ အနေဖြင့် ပြန်လည် မေ့မျော သွားကြပြန်သည်...
သို့သော် မည်သို့မျှဖြစ်ပုံမရသည့် လူက ရှိပေသေး၏... အားကွေ့နှင့် ဘုန်းကြီးရွှီးကြွင်းပင်ဖြစ်သည်... အားကွေ့သည် ပြင်းပြသော အနံ့ရသည်နှင့် သူရှူနေကြဖြစ်သော နှာရှူဆေးဘူးကို ထုတ်၍ရှူလိုက်သည်.. .. နှာဆေးမှာ ရိုးရိုးဆေးပင် ဖြစ်သောလည်း ထိုဆေးဘူးထဲတွင် ထန်စူးစူးပေးထားသော အဆိပ်ဖြေဆေးကို ထည့်ထားသည့်အတွက် အားကွေ့တစ်ယောက်ခံနိုင်ရည်ရှိခြင်း ဖြစ်သည်..(ကျွန်တော်ရေးထားတဲ့စာ အစောပိုင်းမှာ ထန်စူးစူးက အားကွေ့ကို ဆေးလုံးတစ်လုံးပေးထားတယ်လို့ ပါပါတယ်...ဤကားစကားချပ်တည်း)
ဤအခါတွင်တော့ သွေးဘီလူး၏ အံ့သြောခြင်းမှ သည် ထိတ်လန့် ခြင်းအဆင့်ထိပြောင်းသွားပြီး ရိချင်းတို့အားပင် တိုက်စစ်ဆင်ခြင်း မှ ရပ်တန့်လိုက်ပြီး နောက်သို့ ခုနှစ်လံခန့်ထိအောင် ခုန်ဆုတ်သွားလိုက်မိ၏.....
အကျင်ဘုန်းကြီးနှင့် မလောက်လေးမလောက်စား ကလေးသည် မည်သည့်အတွက်ကြောင့် သူ၏ မြင့်မားသော အတွင်းအားနှင့်သိုင်းပညာကို ခံနိုင်ရည်ရှိခြင်းနည်း....
ထိုအဆိပ်ခုနှစ်မျိုးသိုင်းပညာမှာ သန့်စင်သောအတွင်းအားပိုင်ရှင် အထက်လမ်းသိုင်းသမားအများစု အသေအလဲကြောက်ရွံ့နေကြချိန်တွင် အဘယ့်အတွက်ကြောင့် လူမမယ်ကလေးနှင့် ဦးပြည်းပြောင်ပြောင် ကတုံးဘုန်းကြီးက မမူသနည်း....
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#9
သွေးဘီလူးသည် ထိုဘုန်းကြီးနှင့် မျက်နှာ၌အနာစိမ်းပေါက်နေသော ကလေး တို့နှစ်ယောက်ကို ကြည့်ရင်း တဖြည်းဖြည်းလန့်လာ၏...
ရိချင်း ယဲ့ယွင်နှင့် ယွဲ့ပိုင်တို့ကတော့ လမ်းဘေးတွင် ထိုင်ချလျှက် ကိုယ်ခန္ဓာအတွင်းစိမ့်ဝင်နေသော အဆိပ်များကို ညှစ်ထုတ်နေကြသည်.. သွေးဘီလူးနှင့်အနီးကပ်တိုက်ခိုက်ကြသူများမို့ အခြားသိုင်းသမားတွေထက် အဆိပ်ဒါဏ်ကိုခံစားခဲ့ရသောကြောင့်ပင်....
ဘုန်းကြီးရွှီကြွင်းက လက်အုပ်ချီကာ ရှေ့သို့ခြေလှမ်း လှမ်းလိုက်ရင်း
'''' ဒကာကြီးရဲ့ သိုင်းပညာဟာ ထက်မြက်ပေမယ့် လောကဓမ္မတာနဲ့ဆန့်ကျင် နေတယ်ဒကာကြီး ... အဆိပ်ခုနှစ်မျိုးလက်ဝါးသိုင်းကျင့်ဟာ ကျင့်ရခက်ခဲသလောက် အစွမ်းထက်တယ်ဆိုတာ ဘုန်းကြီးလက်ခံပါတယ် ..ဒါပေမယ့် ပြိုင်ဘက်ကို မသမာတဲ့ နည်းလမ်းနဲ့အနိုင်ယူရသလိုဖြစ်တာကြောင့် သိုင်းလောကမှာ ဖယ်ကျင်ထားတဲ့ သိုင်းပညာ လည်းဖြစ်တယ်ဒကာကြီး ..ဖြစ်နိုင်မယ်ဆို ဒကာကြီးရဲ့သိုင်းပညာကို ဘုန်းကြီးအလှူခံချင်တယ် ...''''
သွေးဘီလူးသည် ဘုန်းကြီးရွှီကြွင်း၏စကားကြောင့် စိတ်ထဲတွင် ခု သွားသော်လည်း ထိုဘုန်းကြီး၏သိုင်းပညာသည် နက်နဲမည်ဟု ထင်မိသဖြင့်
ဟန်ဆောင် အပြုံးကို ပြုံးလိုက်ရင်း လက်အုပ်ချီကာ ဘုန်းကြီးအနားသို့ ကပ်လာပြီး
''' အရှင်ဘုရားက အလှူခံမယ်ဆိုတာတော့ဟုတ်ပါပြီ ..ဒါပေမယ့် တပည့်တော် ကလောလောဆယ်တော့ လှူချင်တဲ့ ဆန္ဒမရှိသေးဘူး .. နောင်များမှာဘုန်းကြီးနဲ့ ကြုံခဲ့ရင်တော့ လှူမိကောင်း လှူမိပါလိမ့်မယ်...'''
''' ဖုန်း''''
''' ဟား...ဟား..ဟား.. ဟား.. ဘုန်းကြီးမသေခဲ့ရင်ပေါ့...'''
ကောက်ကျစ်ယုတ်မာလှသော သွေးဘီလူးသည် လက်အုပ်ချီကာ စကားပြောရင်းနှင့် လက်တကမ်းအကွာသို့အရောက်တွင် ရှိသမျှ အတွင်းအားအကုန် သုံးကာ လက်ဖ၀ါးအစုံဖြင့် ဘုန်းကြီးရွှီကြွင်း၏ ရင်ဝကို ရိုက်ထည့်လိုက်သည်...
အရှိန်အဟုန် ပြင်းထန်လွန်းလှ၍ ဘုန်းကြီး၏ သင်္ကန်းစုတ် ပြဲသွားကာ ကိုယ်ခန္ဓာ သည် ၀ါဂွမ်းစအားလေနှင့် မှုတ်လိုက်သည့်နှယ် အဝေးသို့လွင့်စင်သွား၏...
ထို့နောက် သွေးဘီလူးသည် အားရပါးရ ရယ်မောလိုက်သည်..
အားကွေ့ မှာ မတ်တပ်ရပ်ရင်း မြန်ဆန်လွန်းသည့် အဖြစ်အပျက်ကို ကြည့်ကာ ကျက်သေသေနေတော့၏..
သို့သော် သွေးဘီလူးမှာ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်နှယ် ပါးစပ်အဟောင်းသားဖြစ်စရာ အဖြစ်အပျက်တစ်ခုက ပေါ်ပေါက်လာပါသည်...
'''ဘုရား...ဘုရား... ဒကာကြီးရဲ့ စိတ်ထားကတော့ အနက်ရောင်အမှောင် အစွန်းတစ်ဖက်ကို ရောက်နေပြီကော...''
ဟူသော ငြီးတွားသံနှင့်အတူ ဘုန်းကြီးသည် လက်အုပ်ချီကာ မည်သို့မျှ မဖြစ်သည့်နှယ် ပြန်ထလာခဲ့၏....
သွေးဘီလူးသည် သူ၏လက်ဖ၀ါးနှစ်ဖက်ကို ယောင်နနနှင့်ပြန်ကြည့်မိသည် .. သူ့၏အတွင်းအားအကုန်မပြောနှင့် ဆယ်ပုံငါးပုံမျှ ဖြင့်ရိုက်ချလိုက်လျှင် လူတစ်ယောက်၏အရိုးးများစိစိညှက်ညှက်ကြေမွသွားနိုင်သည်လေ.. အခုတော့
ဘုန်းကြီးသည်အယားမျှမပြေသည့်ပုံပင်...
အားကွေ့သည် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်၍ခုန်ပေါက်နေသည်...
သွေးဘီလူးသည် ထိတ်လန့်ချင်းကို ဖုံ့းကွယ်ကာ...
'''' ဘုန်းကြီး ရဲ့အတွင်းအားကတော့ ကြောက်စရာကောင်းလှပါတယ်... ကျုပ်ရဲ့လက်ဝါးရိုက်ချက်နဲ့ရင်ဝကိုအရိုက်ခံရရင် တာမော အဆောင်မှူးနဲ့လောဟန် အဆောင်မှူးတောင် သွေးပွက်ပွက်အန်သွားမှာသေချာတယ် .. ဟင် ... အလို .. မဟာသွေးသားချပ်ဝတ်လွှာပါလား... ဒါ..ဒါဆို ခင်ဗျားဟာ... '''
စကားပြောနေရင်းမှ ဘုန်းကြီး၏စုတ်ပြဲနေသော သင်္ကန်းစကြားမှရင်ဝကို မြင်လိုက်သော် သွေးဘီလူး၏မျက်နှာသည် သွေးမရှိတော့သည့် လူကဲ့သို့ ဖြူဆုတ်ကာ သွား၏...
''' မဟာသွေးသားချပ်ဝတ်လွှာ ...''''
အဆိပ်ညှစ်ထုတ်နေသော ရိချင်း .. ယဲ့ယွင့် ..ယွဲ့ပိုင်တို့သည် မဟာသွေးသား ချပ်ဝတ်လွှာဟူသော စကားကိုကြားလိုက်သည်နှင့် ထိုင်နေရာမှ ပြိုင်တူထလိုက်ကြပြီး
ပါးစပ်မှလည်း သံယောင်ဟစ်အော်လိုက်မိတော့သည်... သိုင်းလောကထဲတွင် ဒဏ္ဍာရီသဖွယ်သာကြားဖူးသည့် မဟာသွေးသားချပ်ဝတ်လွှာဟူသော စကားလုံးသည် မိမိတို့၏ အသက်အန္တရယ်ကိုပင် ယာယီမေ့လျော့သွားစေ၏....
သို့ဆိုလျှင် မဟာသွေးသားချပ်ဝတ်လွှာ ဟူသည်မှာ အဘယ်နည်း.. မဟာသွေးသား သံချပ်ကာဆိုသည်က တင်းလုံဂိုဏ်း၏ ထူးချွန်ပြောင်မြောက်သော လက်ရာတစ်ခုဖြစ်သည်.... တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေ၏ သွေးသောက် ညီအကိုများဖြစ်ကြသည့် ငွေမျက်နှာ သမားတော်ကြီး ပုလွေ နှင့် လေးမျက်နှာ ပညာရှိ ချင်ဝေ တို့ တီထွင်ထားသော အထူးကိုယ်ကျပ် အကာအကွယ်တစ်မျိုးပင် .. သိုင်းလောကတွင်ထင်းရှားကျော်ကြားသော ကိုယ်ကျပ်အင်္ကျီများ ရှိခဲ့သော်လည်း မဟာသွေးသားချပ်ဝတ်လွှာကို ယှဉ်နိုင်သည့် အင်္ကျီမျိုးမရှိပေ... အဘယ့်ကြောင့် ဆိုသော် ထိုဝတ်စုံသည် လူ့ကိုယ်ခန္ဓာနှင့် တစ်သားထဲဖြစ်အောင် ပြုလုပ်ထားသည့် ၀တ်စုံဖြစ်သည် ... ညှပ်ရိုးအောက်မှ စတင်ကာ ၀မ်းဗိုက်အောက်ခြေအထိ အသားများကို ခွာထုတ်ပြီး ၎င်းအသားနေရာတွင် ရွှေနန်းငွေမျှင် ဟူသည့် ဓါးလှံတိုး မပေါက်သော ရင်ဘတ်ကာကို အသေအစားထိုး ကပ်ထားသောကြောင့် မည်သူမျှ လာရောက် ချွတ်ယူရန်လည်းမဖြစ်နိုင်သလို မိမိကိုယ်တိုင်လည်း ပြန်ဖြုတ်၍ရမည်မဟုတ်တော့..
ဤကဲ့သို့ အစွမ်းထက်လှသော မဟာသွေးသားချပ်ဝတ်လွှာကို ၀တ်ဆင်ထားသည့် သူများမှာ လက်ချိုးရည်လို့ရပြီး ..
တင်းလုံဂိုဏ်းချုပ်ကြီးထင်းလွေ နဲ့သူ့ ရဲ့သွေးသောက်ညီများဖြစ်သော လေးမျက်နှာ ပညာရှိချင်ဝေ .. ပန်းလိပ်ပြာ တုမော်ရင်း.. လက်တစ်ထောင် ထန်ဖု နှင့် အဆိပ်ဘုရင် မော်ထိုက် တို့သာဝတ်ဆင်ထားကြသည်ဟု မျက်မှောက်ခေတ် သိုင်းလောကတွင် ယုံတမ်းစကားသဖွယ်ဖြစ်နေသည် ... သို့သော်လည်း အနှီ လူသားတို့ ပျောက်ဆုံးခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ပင် ကျော်လာခဲ့ပြီ ဖြစ်၍ ထိုအကြောင်းကို ရေရေရာရာသိသူဟူ၍မရှိတော့ပေ...
ယခု ည တွင်တော့ ဒဏ္ဍာရီလာသဖွယ် သတင်းကြီးလှသော မဟာသွေးသား ချပ်ဝတ်လွှာသည် ပေါ်ထွက်လာခဲ့ပြီ... ထိုဝတ်စုံကို ၀တ်ဆင်ထားသူမှာလည်း ရှောင်လင်၏ အဆင့်နိမ့် ဘုန်းကြီးတစ်ပါးဖြစ်လေ၏...
သွေးဘီလူး နာမည်ကျော်ကြားသည် သိုင်းပညာထက်မြက်သည်ကား မှန်သော် လည်း သူ၏ကျော်ကြားမှုနှင့် သိုင်းပညာသည် အကန့်အသတ်နှင့်သာ ဖြစ်သည် .. ဟိုလူများနာမည်ကျော်ကြားမှုနှင့် သိုင်းပညာကား အလယ်ပိုင်းသိုင်းလောကတစ်ခုလုံး သွေးချောင်းစီးသွားအောင်ပြုလုပ်ချိမ်းခြောက်ခဲ့သည့်အပြင် သိုင်းလောကဥသျှောင် ရှောင်လင်ကိုပင် လှုပ်ခါသွားအောင်ပြုလုပ်ခဲ့သည့် မတစ်ထောင် တစ်ကောင်ဘွားများ ဖြစ်ကြသည်မဟုတ်လား..
သွေးဘီလူးသည် အေးမြသောညတွင်ပင် ချွေးသီးချွေးပေါက်များက စိမ့်ယိုထွက်နေ၏... သူတထူးတို့အား မိမိ သာချိန်တွင် နိုင်ထက်စီးနင်းပြုလုပ်သူများ သည် မိမိ အလည့်ရောက်လာမည်ကို စိုးရိမ်နေသကဲ့သို့သွေးဘီးလူးသည်လည်း စိုးရိမ်စိတ် ကြောက်ရွံ့စိတ် တွေ တဖွားဖွားဖြစ်ပေါ်နေလေသည်...
ရိချင်း ..ယဲ့ယွင် နှင့် ယွဲ့ပိုင်တို့မှာလည်း .. ထူးခြားသော ဘုန်းကြီးကို သာ အာရုံစူးစိုက်နေကြ၏...
ဝန်းကျင် တစ်ခုလုံးတွင် ပိုးမွှားလေးများ ကျိကျိ ကျိကျိ အော်မည်သံသာ ကြားနေရအောင်တိတ်ဆိတ်နေ၏.. .. .. .. ..မိန်းမပျိုလေးများ ထွက်ပြေးသွားစဉ်က ပစ်ချထားသော မီးအိမ်များက မြေပြင်ပေါ်တွင် ပြန့်ကျဲ ကျနေကြသည် ... ကြေးမီးဖို နှစ်ပိုင်းပြတ်ကြီးက ပိုးလိုးပက်လက်နှင့် ... သိုင်းသမားများမှာလည်း မူးမေ့လဲနေကြတုန်းပင်.. .. သွေးဘီလူး ..ဘုန်းကြီးရွှီကြွင်း အားကွေ့ ...ရိချင်း ..ယဲ့ယွင်နှင့် ယွဲ့ပိုင်တို့ ခြောက်ယောက်သားသာ မြေပြင်ပေါ်တွင် မားမားမတ်မတ် ရပ်တည်လျှက် ....
ထိုတိတ်ဆိတ်နေမှုကို ဘုန်းကြီးရွှီကြွင်းက ဖြိုခွဲလိုက်၏...
''' ဒကာကြီးသွေးဘီလူး ...လူ့ဘ၀ဆိုတာ တိုတိုလေးပါ... မကောင်းတဲ့ အမူအကျင့်တွေနဲ့ လောကကို အရုပ်ဆိုးစေမယ့်အစား .. ကိုယ့်နှလုံးသားထဲက ဖြူစင်မူကို တစ်ယောက်ထဲရှာဖွေစမ်းပါ.. အေးချမ်းခြင်းဆိုတာ ရောက်ရှိလာလိမ့်မယ်
ဒကာကြီးတတ်ထားတဲ့ သိုင်းကလည်း အဆိပ်အတောက်ဖြစ်စေမယ့် သိုင်းပညာမို့သာ ဘုန်းကြီးကအလှူခံတာပါ ဒကာကြီးကို လက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူး ''
သွေးဘီလူးသည် စိတ်ထဲတွင်ကျိတ်ပြီး '' ဒီဘုန်းကြီးကတော့ တင်းလုံဂိုဏ်းက လူဆို ဘယ်လောက်ပဲသူတော်ကောင်းယောင်ဆောင်စမ်းပလေ့စေ သူတို့လုပ်ခဲ့တဲ့ အပြုအမူတွေက ငါ့ထက် ဆယ်ဆ အဆ နှစ်ဆယ်တောင် ပိုဆိုးယုတ်ခဲ့သေးတာ အခုမှလာပြီး အသံကောင်းဟစ်နေသေး... သူတို့ကျင့် ထားတဲ့ အဆိပ်မိစ္ဆာ ဆိုတဲ့ သိုင်းက ငါ့သိုင်းထက်တောင်ပို ညစ်ညမ်းသေးတယ် ..'' အပြင်ပမ်းကမူ
''ကောင်းပြီ ဆရာတော် ... ဒီနေ့ဒီလို အခြေအနေမျိုးမှာဆရာတော် အလှူခံတဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆရာတော်နဲ့ တပည့်တော်နဲ့ သိုင်းမပြိုင်လို့ မဖြစ်တော့ဘူး ဆိုတာ သိလိုက်ပြီ ... ဒါပေမယ့် တစ်ခုတော့ရှိတယ် ဆရာတော်ကရှောင်လင်ကပါလို့ ဆိုထားတာမို့ တပည့်တော်ကို တခြားသိုင်းပညာရပ် အသုံးပြုပြီး မတိုက်ခိုက်ရဘူး .. သုံးခဲ့ရင် ဆရာတော် အရှူံးပဲ..''
ဘုန်းကြီး သိက္ခာအပြည့်နှင့်ပင် ..
''' ကောင်းပြီ ဒကာကြီးစိတ်တိုင်းကြ ဖြစ်စေရမယ် .. ဒကာကြီးကပဲ အရင် စတိုက်ပါ''
''' ၀ူး.....ဟူး..ဟူး''''
''ဖြောက်...ဖြောက်..ဖြောက်''
သွေးဘီလူးသည် ပါးစပ်မှ အူသံကဲ့သို့ပြုလုပ်လိုက်ပြီး သူ၏ အရိုးအဆစ်များကို တစ်ဖြောက်ဖြောက်မည်အောင် ဆန့်ထုတ်လိုက်သည် ... သူ၏ လက်ဖ၀ါးနှစ်ဖက် သည် သွေးကဲ့သို့ရဲရဲနီတွတ်နေ၏... သွေးလက်ဝါးသိုင်းပင်...
''' ၀ှီး... ၀ှီး'''
လက်ဝါးရိုက်ချက်များက ရာထောင်ချီခွဲထွက်သွားသကဲ့သို့ထင်ရ၏.. ကြည့်ရှုနေကြသော ရိချင်းတို့ လေးယောက်မှာ ထိုလက်ဝါးရိုက်ချက်ကို မြင်မိ၍ အသက်ရှုမ၀သလို ခံစားလိုက်ရသည်... ပြင်းထန်ခြင်း.. လျှင်မြန်ခြင်း .. အကွက်ခွဲ မြောက်များစွာ ပါရှိသော ထို လက်ဝါးရိုက်ချက်အား .. ဘုန်းကြီးတစ်ယောက် မည်သို့ ခုခံမည်နည်း...
အဖြေကရှင်းလင်းပါ၏... ရှောင်လင်၏ အခြေခံသိုင်းကွက်ဖြစ်သော မုဒြာလက်ဝါးပင်တည်း... အရိပ်ပေါင်းထောင်ချီထွက်ပေါ်နေသော လက်ဝါးချက်ဗဟိုသို့ .. မုဒြာလက်ဝါးကွက်သည် ရိုးစင်းစွာရောက်ရှိသွားသည်...
.''''ဖြောင်း'''''
''' အင့်'''
လက်ဝါးခြင်းအထိတွင် လေချဉ်တက်သံနှင့်တူသော အသံကား သွေးဘီလူး၏ ပါးစပ်အတွင်းမှ မပီမသ ထွက်ပေါ်လာခဲ့၏...
ပါးစပ်ထဲတွင် ငံကျိကျိ အရသာကို ခံစားမိရင်း .. အန် ထွက်ခါနီး သွေးတို့ကို
ကျိတ်မှိတ် မြိုချလိုက်သည် .... မည်သည့်နည်းနှင့်မျှထိုဘုန်းကြီး၏ အတွင်းအားကို မယှဉ်နိုင်.... နှစ်ပေါင်း သုံးဆယ်မျှ ကျင့်ကြံအားထုတ်ခဲ့သော အတွင်းအားသည် လေထဲ တွင်လွင့်ပျောက်သွားသလိုပင်...
သွေးဘီလူးသည် အောက်လမ်းသိုင်းပညာတွင်အထက်မြက် ဆုံးဟု သတ်မှတ်ထားသည့် ဆဌမ အတွင်းအားဟုခေါ်သော နာကျဉ်မှုကို နိုးဆွသည့် ပညာရပ်ကို အသုံးပြုရန် စဉ်းစားမိတော့၏...
ထိုအတွင်းအားပညာက ဤသို့ဖြစ်သည်... လူတစ်ယောက်သည် သာမာန် အချိန်တွင် သူလိုကိုယ်လိုမျှသာ အားအင်ရှိသော်လည်း နာကျဉ်လွန်းသောအချိန် ..ထိတ်လန့်စရာကောင်းသောအချိန် .. မုန်းတီးဒေါသကြီးသော အချိန် အစရှိသည့် အချိန်မျိုးတွင် အဆမတန်သော အားအင်မျိုး ထွက်ပေါ်လာတတ်သည်... ထိုသို့ ထွက်ပေါ်လာသောအခါ ..လူတို့၏ ဆင်ခြင်ဉာဏ် ပျောက်ကွယ်သွားပြီး သူတပါးအပေါ် နိုင်လိုစိတ် တနည်း ရက်စက်စိတ်သာ ဖုံးလွမ်းသွားတော့သည်..
ထိုပညာရပ်ကို တီထွင်ခဲ့သူကိုသာ သွေးဘီလူး ကြားဖူးမည်ဆိုရင်တော့ သုံးစွဲမည် မသုံးစွဲမည်ကို သွေးဘီလူးက စဉ်းစားကောင်းစဉ်းစားပေလိမ့်မည်...'
မူရင်းပညာရှင်က တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေ၏ ဆရာရင်း အမှောင်ကိုယ်တော် ဟူသည့် အနက်ရောင်သိုင်းပညာရှင်ကြီးဖြစ်သည်...
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#10
သွေးဘီလူးသည် သူ၏အင်္ကျီလက်ကြားမှ ရွှေရောင်အပ်သုံးချောင်းကို ထုတ်လိုက်သည် ... လေးလက်မခန့်ရှည်သော ထိုအပ်ဖြင့် သူ၏ လည်ဂုတ်နှင့်ပုခုံးအစပ်ကြားထဲသို့ တစ်ဖက်တစ်ချောင်းစီထိုးစိုက်လိုက်၏....
ကျန်တစ်ချောင်းကိုမူ နောက်စိနေရာသို့ထိုးလိုက်ပြန်သည်...
'''' အား... အား....'''''
မည်မျှနာကျင်သွားသည်တော့မသိ သွေးဘီလူးသည် မျက်ရည်များပင် ထွက်ကျလာပြီး အရူးတစ်ယောက်ပမာ မိုးပေါ်သို့မော့ကာ ကျယ်လောင်အက်ကွဲ စွာ အော်ဟစ်လိုက်သည်....
ထို့နောက်အင်္ကျီကြားထဲက ကြွေဗူးတစ်ဗူးကို ထုတ်ကာ ထိုထဲမှ အနီရောင်ဆေးလုံးတစ်လုံးကိုယူ၍ သောက်လိုက်ပြန်၏...
သွေးဘီလူး၏ မျက်စိနှစ်လုံးသည် ကြောင်မျက်လုံးပမာ တစ်ဖိတ်ဖိတ် တောက်ပလာပြီး မျက်နှာပြင်တစ်ခုလုံးမှာနီရဲဖောင်းကားလာသည်...
ဘုန်းကြီးရွှီကြွင်းကတော့ သွေးဘီလူး၏ ထူးခြားသော အပြုအမူကို မည်သို့မျှ ဖြစ်ပုံမပေါ် အသာအယာပင် ရပ်ကာကြည့်နေ၏...
'''''ယား'''''
''ဖောင်း .'''
'' ဟေး'''
'''ဖတ်..ဖတ်..ဖတ်'''
ကျုံးဝါးသံနှင့်အတူ သွေးဘီလူးထံမှ တိုက်စစ်ဆင်လာလေပြီ... သူ၏ နာကျင်မူဆွ ဆဌမအာရုံ အတွင်းအားက ရှိရင်းစွဲ အတွင်းအားထက် လေးဆ တိတိ တိုးတက်လာခြင်းကြောင့် လွန်စွာ အရှိန်အဟုန်ပြင်းလှ၏ ... ထို့ပြင် သူတတ်မြောက် ထားသမျှ သိုင်းကွက်တို့ကို လျှပ်ပျက်သည့်နှယ် တမျိုးပြီးတမျိုးထုတ်သုံးတော့သည် .. တောင်ပင်လယ်စွန်ကုတ်လက်သိုင်းနှင့် ဘုန်းကြီး၏ ဦးခေါင်းကို ကုတ် ဆွဲလိုက် သည်.. အချိုးအကွေ့ ဆယ့်နှစ်ခုပါသော ထိုစွန်ကုတ် လက်သိုင်းအား ဘုန်းကြီး က
ရှောင်လင်၏ အခြေခံသိုင်းကွက်ဖြင့်ပင် ခုခံလိုက်ပြန်သည် .. လိုဟန့်နတ်လက်သီး ဟူသော သိုင်းကွက်သည် ရိုးစင်းလှသော လက်သီးထိုးကွက် ဆယ့်ရှစ်မျိုး သာဖြစ်သည် .... ရှောင်လင်တွင် သိုင်းပညာသင်ကြားသူမှန်သမျှ မသင်မဖြစ်ရသော ပညာရပ်ဖြစ်သည့် ထိုလိုဟန့်နတ်လက်သီးသိုင်းသည် အမှန်စစ်စစ်တော့ လက်သီးထိုးချက်မှန်ကန် စေရန်သာ သင်ကြားရသော အကွက်ဖြစ်ပြီး တိုက်ခိုက်ရန် အသုံးပြုရန် အတွက်တော့ မဟုတ်ပါ...
သွေးဘီလူးသည် စွန်ကုတ်လက်သိုင်းကြားမှ ဖောက်ထွက်လာပြီး သူ၏ရင်ဝသို့ထိလုထိခင် ကလူကျီစယ်လာသော လို့ဟန်နတ်လက်သီးကြောင့် အသည်းနှလုံးတစ်ခုလုံး ပေါက်ကွဲလုမတတ် ဒေါသထွက်သွားတော့၏ .. ဒေါသ၏ အဆုံးက အမိုက်အမှောင်တည်း ...
အခြေခံဆယ်ရှစ်ကွက် လို့ဟန်လက်သီးအား သွေးဘီလူးသည် အပူလက်ချောင်းတောက်ပညာဖြင့် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည် .. သွေးဘီလူး၏ အပူလက်ချောင်းတောက်ပညာ .. သွေးနီလက်ဝါး ... အစရှိသော သိုင်းကွက်များ ကို ထုတ်သုံးသည့်တိုင် ဘုန်းကြီး၏ ဆယ့်ရှစ်ကွက် ကို မဖြိုဖျက်နိုင်ပေ .. .. ထို လက်သီး သိုင်းကွက်ကိုပင် အပြန်ပြန် အလှန်လှန်သုံး၍ တိုက်ခိုက်နေသောဘုန်းကြီးအား သွေးဘီလူး တိုက်ခိုက်နေသည်မှာ အကွက်ပေါင်း ငါးရာခန့်ပင်ရှိလာပြီ... .. ညလည်း တဖြည်းဖြည်း နက်လာချေပြီလေ....
မေ့မျောနေသော သိုင်းသမားများပင်သတိပြန်လည်လာကြပြီ... အားကွေ့တစ်ယောက် သူ၏ ရှူဆေးဘူးဖြင့် အဆိပ်ဒါဏ်ခံရသူများအား တစ်ယောက်
ပြီးတစ်ယောက် လိုက်လံ ဖြေပေးနေခြင်းကြောင့် သတိပြန်ရလာခြင်းပင်..
စိတ်ဓါတ်ကျခြင်း ဟူသည်မှာ မျှော်လင့်ချက် ကုန်ဆုံးခြင်း ဟု အဓိပ္ပါယ်ရ ခဲ့မည်ဆိုလျှင် သွေးဘီလူးသည် စိတ်ဓါတ်ကျနေပြီဟု ယူဆရပေမည်...
သူ့ဘ၀တွင် တိုက်ပွဲပေါင်းအလီလီ တိုက်ခိုက်ခဲ့ဖူးပါသည် ... ရှုံးပွဲ နိုင်ပွဲပေါင်းများစွာ ကြုံခဲ့ရသည် .. .. .. သိုင်းကွက်ပေါင်းများစွာ ကို အချိန်ပေးလေ့ကျင့် ခဲ့သည် .. အတွင်းအား တိုးတက်လာစေရန် ဖြတ်လမ်းနည်းနှင့် လေ့ကျင့်ခဲ့သည် .. .. မိမိကိုယ် မိမိ ပြိုင်ဘက်ကင်းဟု မဆိုသာသော်လည်း မည်သူ့ကိုမျှ ဗိုလ်မထားသည် က အမှန်ပင် ... ၀ါဆန်းဂိုဏ်းချုပ်ရိချင်း .. သိုင်းလောကထိပ်သီးဝင် .. ခုတ်နဂါး ယဲ့ယွင်.. ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် တို့သုံးဦးပေါင်း တိုက်ခိုက်သည်ကိုပင် အနိုင်ရလုနီးပါး တိုက်ခဲ့သည်မဟုတ်လား... သူသိုင်းလောကတွင် ကျင်လည် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီမို့ ထူးခြားဆန်းပြားသော သိုင်းကွက်ပေါင်း မြောက်များစွာ နှင့် ရင်ဆိုင်ခဲ့ဖူးပါ၏.. .. ဥပမာ ယနေ့ညတွင်ပင် .. ..ရိချင်း၏ ဖိုမ ဓါးကွက် .. ခုတ်နဂါး ယဲ့ယွင်၏ ဒွိဟ အမေးပုစ္ဆာ .. ယွဲ့ပိုင်၏ မုန်တိုင်းအောက်က ခရုအို အစရှိသော သိုင်းများသည် ထူးခြားဆန်းပြားသလောက် ထိလည်းထိရောက် ခဲ့ပါ၏... သို့သော် သူ့အတွက်တော့မှုစရာမဟုတ်ပေ...
ယခု ဘာမဟုတ်သည့် အခြေခံလက်သီးထိုးဟန် ဆယ့်ရှစ်ကွက်ကိုမှ မထိုးဖောက်နိုင်သည့် အတွက် သူ၏ သိုင်းပညာသည် မည်သည့်အဆင့်အတန်းနည်း .. သိုင်းလောကတွင် မည်သည့်နာမည်နှင့် ဆက်လက်ရပ်တည်ရမည်နည်း...
'''.အော့..........ဝေါ့'''
တွေးရင်းတွေးရင်းနှင့် ရင်ထဲမှ ပျို့တက်လာပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကာ .. .. လမ်းဘေးတွင် ထိုးကာ အန်ချလိုက်သည်.. ဘုန်းကြီးရွှီကြွင်း ကလည်း ဆက်လက်တိုက်ခိုက်ခြင်း မပြုပေ...အမှန်တော့ သွေးဘီလူး၏ စိတ်ဓါတ် ပြိုပျက်သွားခြင်းသာ ....
စိတ်ကြိုက်လက်ကြိုက်အန်ချလိုက်ပြီးမှ..
'''' ဟား...ဟား...ဟား...ဟား.. ကောင်းပြီ ဘုန်းကြီး အခုထိအသက်အရွယ် အထိ ကျုပ်စိတ်တိုင်းကျ အရာရာကို လုပ်ခဲ့ပြီးပြီ ..ဒီအချိန်မှ သေမယ် ဆိုရင်လည်း ၀မ်းနည်းစရာ မရှိတော့ဘူး .. ဒါပေမယ့် ကျုပ်ကို အလွယ်တကူနိုင်မယ်တော့ မထင် နဲ့ '''
''' ဂွပ်...ဂွပ်...''
ဘုန်းကြီးမှ တပါး ကျန်သူများ အံ့သြောစရာ အဖြစ်အပျက်တစ်ခု ကို သွေးဘီလူးက လုပ်လိုက်ပြန်၏.. ယင်းမှာ သူ၏ ငယ်ထိပ်သွေးကြောနေရာသို့ လက်ဝါးဖြင့် နှစ်ချက်ရိုက်ချလိုက်ခြင်းဖြစ်သည်.. .. .. သွေးဘီလူးသည် မိမိ ကိုယ်ကို သတ်သေခြင်းပင်လော... မဟုတ်ပါ .. အမှောင်ကိုယ်တော်၏ ဆဌမအာရုံ အတွင်းအားသိုင်းတွင် သူသေကိုယ်သေအတွင်းအားပညာ တစ်မျိုးပါရှိသည်..
ခေါင်းတွင် နကျယ်ကောင် အကိုက်ခံနေ၍ နာကျင်နေသော မြွေသည် လည်းဘီးအောက်ကို ခေါင်းထိုး ကာ နကျယ်ကောင်အား သေစေသကဲ့သို့ ...မိမိ ကိုယ်လည်း ပျက်စေရာ၏... ဟူသည့် နကျယ်ကောင်နှင့် မြွေပုံပြင်ထဲကလို ..
သိုင်းပညာပင်တည်း...
ငယ်ထိပ်သွေးကြောမကြီးသည် ချီဟူသော အတွင်းအားများကို ထိန်းချုပ် ရာ နေရာဌာန ဖြစ်သည် .. ထိုသွေးကြောပျက်စီးသွားလျှင် တစ်ကိုယ်လုံးရှိ အတွင်းအားများကို မထိန်းနိုင်တော့ပဲ ဒွါရကိုးပေါက်လုံး သွေးများယိုထွက်ကာ သေပွဲ ၀င်ရမည်ပင်..
သို့သော် ထိုသွေးကြောမကြီးအား အချိန်အဆ တိကျစွာ ရိုက်ဆွနိုးနိုင်မည် ဆိုလျှင် တစ်ခါရိုက်ချနိုင်လျှင် ဆယ်နှစ်မျှ ညီသော အတွင်းအားကို တဒင်္ဂ ရရှိနိုင်သည် .. အကယ်၍အချိန်အဆ မှားခဲ့မည်ဆိုလျှင်တော့ .... သေပွဲဝင်ရမည်သာ...
ယခုဆိုလျှင် သွေးဘီလူးသည် ... ... အချိန်အဆ မှန်မည်လား ...
သေရမည်လား ... အနှစ်နှစ်ဆယ်စာ အတွင်းအားများလား...
............ ........... ......... ..........
ဝူတန်ဂိုဏ်းချုပ်ကြီး .. သူရဲကောင်းဇရပ်ပိုင်ရှင်နှင့်အဖွဲ့ အာမခံဌာန စခန်းချရာ နေရာသို့ ရောက်ရှိသွားချိန်တွင် အလောင်းများ မြင်းလှည်း အခွန်အလွတ်များသာ တွေ့ရတော့၏... အဖွဲ့ခေါင်းဆောင် နတ်ဆေးအိုးကျန်း အပါအ၀င် မိုးကြိုး အာမခံ ဌာန အဖွဲ့ဝင်များ အကုန်သေဆုံးကုန်ကြသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရသည်....
နတ်ဆေးအိုးကျန်း၏ ရုပ်ကလပ်အား ၀ူတန်ဂိုဏ်းချုပ်ကြီးက စစ်ဆေးပြီးနောက်
'''တစ်ကိုယ်လုံးမှာ ရှိတဲ့အရိုးတွေကြေမွသွားအောင် အရိုက်ခံသွားရတာပဲ မသေမရှင် ဖြစ်အောင် ရက်ရက်စက်စက် လုပ်ထားခဲ့တာ .. သူ့အနေနဲ့ဝေဒနာ အကြာကြီးတော့ ခံရမယ့်ပုံမပေါ်ဘူး ... လည်ပင်းမှာ ချွန်ထက်တဲ့ အရာနဲ့အထိုးခံလိုက်ရလို့ စောစောစီးစီး အသက်ထွက်သွားရတာ... ''
သူရဲကောင်းဇရပ်ပိုင်ရှင်က သူ၏ ကျောက်စီဓါး ကိုင်ထားသောတပည့် ကိုခေါ်၍.... '''''ကျန်တဲ့အလောင်းကို သေချာစစ်ဆေး .. .ပြီးရင်ယွဲ့ အိမ်တော် မြင်းဇောင်းက မြင်းတွေ ဒီကိုယူခဲ့ ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက် ဒီက မြင်းလှည်းတွေမှာ မြင်းတစ်ကောင်မှ မရှိတော့ဘူး .ဒီမြင်းလည်းတွေကို အိမ်တော်က မြင်းတပ် အဲ့ဒါနဲ့ အလောင်းတွေကိုပြန်သယ်ခဲ့ရမယ်.. ၀ူပေက မိုးကြိုးဓါး လွေစု ကိုစာပို့ခို လွတ်ဖို့ အသင့်ပြင်ထားတော့ ...တစ်လက်စထဲ ကျန်းနန် ခုံတရားရုံးက မြို့စောင့်တပ်မှူးကို ဒီကို လွတ်ခဲ့ ... ပြီးတော့ ကျန်းနန် သုသာန်ကို အကြောင်းကြား အလောင်းအရေအတွက်ကို ရေပြီးအခေါင်းဆိုင်မှာ ခေါင်းတခါထဲအပ် ''''
အစချီ၍ ထောင့်စေ့အောင်ခိုင်းလိုက်လေသည်... ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ ဇရပ်ပိုင်ရှင် အကွက်ကျကျခိုင်းလိုက်သည်ကို ကြည့်ရင်း... '''.အင်း သူရဲကောင်း ဇရပ်ပိုင်ရှင် ဟာအလုပ်တစ်ခုလုပ်ရင် တော်တော်ထောင့်စေ့အောင် လုပ်တတ်တဲ့သူပဲ .. လူကတော့ လူတော်ပါ ခက်တာက ဒေါသသိပ်ကြီးတာပဲ.. လူဆိုမှတော့ အဖက်ဖက်က ပြည့်စုံတဲ့သူဘယ်ရှိနိုင်ပါ့မလဲလေ..'''
ဟူ၍ အတွေးကွန်ယက် ဖြန့်ကျက်မိလေ၏.....
''' ဂိုဏ်းချုပ်ကြီး နတ်ဆေးအိုးကျန်း ဟာ ဘယ်လိုသိုင်းပညာနဲ့ သေဆုံးသွားရတယ်ဆိုတာများ ခန့်မှန်းမိရဲ့လားဗျာ...''''
ဇရပ်ပိုင်ရှင်၏ အမေးကြောင့် သူ၏မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်သပ်လိုက်ပြီး ...
''' မိတ်ဆွေကြီးယွဲ့ ရော ဘယ်လို ခန့်မှန်းသလဲ'''
''' ကျွန်တော်ကတော့ ဉာဏ်မမီလို့လားမသိပါဘူးဗျာ အရိုးတွေအကုန် ကျိုးကြေတာပဲတွေ့တယ်''''
ဝူတန်ဂိုဏ်းချုပ်ကြီး သည် လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး...
''' ကျုပ်အထင်တော့ နတ်ဆေးအိုးကျန်းဟာ တောင်ပင်လယ်စွန်ကုတ် လက်သိုင်း ဒါဏ်ကြောင့် အရိုးအဆစ်တွေ အကုန် ကျိုးကြေကုန်တာဖြစ်မယ် .. ဒါပေမယ့် စွန်ကုတ်လက်သိုင်းကို သူတကယ်ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဟန် တူဘူး.. စွန်ကုတ်လက်ရဲ့ သဘာဝက အကြောနဲ့ အဆစ်ကို ဖြုတ်ပစ်ရမှာ... အခုဟာက အတွင်းအားကို အဆမတန်သုံးစွဲမိတဲ့ရလာဒ်ကြောင့် အရိုးတွေကျိုးရတာ.. သိုင်းလောကမှာ အရိုးအဆစ်တွေအကုန် ကျိုးကြေအောင် တိုက်ခိုက်တဲ့ သိုင်းဆိုလို့
ရှောင်လင်ရဲ့ သံမဏိလက်ချောင်းသိုင်းရယ် ... တိဘက်က မီကျုံးလက်ဝါးရယ် ...
သိမ်းငှက်ဘုရင်ရဲ့ အရိုးချေမွ လက်ကုတ်ဆွဲ သိုင်း.. အစရှိတဲ့သိုင်းတွေက အကောင်းဆုံးပညာရပ်ပဲ ... တောင်ပင်လယ်စွန်ကုတ်လက်သိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထား တာဆိုလို့ အလယ်ပိုင်းသိုင်းလောကမှာ သွေးဘီလူး တစ်ယောက်ပဲရှိတယ် ... သူ့မှာ တပည့် သုံးယောက်ရှိတယ် သွေးမြေခွေး ..သွေးအရိပ်နဲ့ သွေးမြွေပွေးဆိုတဲ့ သူတွေဖြစ်တယ် ... သွေးအရိပ်က ရေစီးရေဆန်သွေးကြောပိတ်ပညာနဲ့ ကိုယ်ဖော့ပညာ ကျွမ်းကျင်တယ် ပြီးတော့ သိတဲ့ အတိုင်း သွေးဂိုဏ်းဆိုပြီးထောင်ထားတယ် ..သိုင်းလောကမှာ ကျော်ကြားတယ် .. သွေးမြေခွေးနဲ့ သွေးမြွေပွေးအကြောင်းတော့ လူသိပ်မသိကြဘူး ... ဖြစ်နိုင်တာက သွေးမြေခွေးနဲ့ သွေးမြွေပွေးတစ်ယောက်ယောက်နဲ့တွေ့ပြီး နတ်ဆေးအိုးကျန်း ခံလိုက်ရတာ ဖြစ်မယ်... သေချာတာကတော့ သွေးအရိပ်နဲ့ သွေးဘီလူးလက်ချက်မဟုတ်ဘူး... သွေးဘီလူးသာ ဒီသွေးဂိုဏ်းကို ဦးဆောင်မယ်ဆို ကျုပ်တို့တစ်တွေ မလွယ်လောက်တာအမှန်ပဲ... သူ့တပည့်တွေတောင် ဆိုးလှပြီ .. စူးဒါဏ်ရာကတော့ ဘယ်သူဖြစ်မယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်လှဘူး မိတ်ဆွေကြီး .... ''''
သူရဲကောင်းဇရပ်ပိုင်ရှင်သည် ခဏမျှ ငြိမ်သက်တွေးတောလိုက်ပြီး နောက်....
'''ဂိုဏ်းချုပ်ကြီးရေ ဒီအတိုင်းဆို သူတို့ဆရာတပည့် လေးယောက် ဒီသွေးဂိုဏ်းကို ပြန်ဖွဲ့လိုက်တာဖြစ်မယ်ဗျ... ဘာလို့လဲဆိုတော့ သွေးအရိပ် ကြီးပဲဆို မိုးကြိုးအာမခံကို ထိရဲမယ်မထင်ဘူး ... မိုးကြိုးဓါးလွေစုအကြောင်းလဲသိရဲ့သားနဲ့ ..
အခုတောင် ဘယ်လို အကျိုးဆက် ဆက်ဖြစ်လာအုံးမလဲမသိပါဘူးဗျာ ..အင်း ဒီအတိုင်းဆို သိုင်းလောကကြီးတစ်ခုလုံးဆူပွက်လာတော့မယ် ... ''ဟိုက်'' ... အခုမှ သတိရတယ် ဂိုဏ်းချုပ်ကြီး... ၀ါဆန်းဂိုဏ်းချုပ်တို့အဖွဲ့သာ သွေးဘီလူးနဲ့တွေ့ရင် .. မချောင်လောက်ဘူးဗျ... အမှန်က ဒီအချိန်လောက်ဆို သူတို့ ဒီနေရာကို ရောက်သင့် နေပြီ.....'''
ဝူတန်ဂိုဏ်းချုပ်ကြီးသည်လည်း အခုမှ သတိရသွားသည့်နှယ် ရှည်လျားသော မျက်ခုံးနှစ်ဖက်အောက်က မျက်လုံးအစုံသည် ပြူးကျယ်သွားပြီး...
''ဟုတ်သားဗျို့ တစ်ခုခုတော့ဖြစ်နေတာ သေချာ ပြီ ... ခင်ဗျားတို့ လုပ်စရာ ရှိတာ ပြီးပြတ်အောင်သာ လုပ်ထားတော့ ကျုပ်တစ်ယောက်ထဲသွားလိုက်တော့မယ်'''
နောက်ဆုံးပြောစကားမှာ အဝေးဆီမှ လွင့်ပျံ့လာသည့် အသံဖြစ်ပြီး .. စကားမဆုံးခင်ပင် မျက်စိကွယ်သို့ရောက်သွားရအောင် ဂိုဏ်းချုပ်ကြီး၏ ကိုယ်ဖော့ပညာအစွမ်းက ထက်မြက်လှသည်.. ... ....
Comments
Post a Comment