အားကွေ့ အပိုင်း (၄၁ မှ ၄၅)
#41 ( အစ၏အဆုံး ..အဆုံး၏အစ )
အသံမဲ့လက်ဝါးသိုင်းကျင့်ပြီးသည့်နောက်တွင် ကျောက်စွန်းကြီးတစ်ခုပေါ်တွင် တင်ပလင်ခွေထိုင်လျှက် အတွင်းအားပညာကို အားကွေ့ တစ်ယောက်အပတ်တကုတ် ကျိုးစားအားထုတ်နေလေသည်...
အနီရောင်စာအုပ်ထဲတွင်ပါသည့် လေးဆသက်ရောက်ဟူသောအတွင်းအား ပညာတည်း... နေမင်းကြီးကတော့ လုံးဝကွယ်ပျောက်သွားဖြစ်၍ ၀န်းကျင်တခုလုံး အမှောင်ထုဖုံးနေလေပြီ ဖြစ်သော်လည်း အားကွေ့တစ်ယောက်ကတော့ သတိမမူပါ .. သူ၏အာရုံထဲတွင် ကိုယ်ခန္ဓာအတွင်းလည့်ပတ်နေသော ချီ ဓါတ်၏ရွေ့လျားနေမှုသာ ရှိသည် ..
လေးဆသက်ရောက်အတွင်းအားသည် အခြားအတွင်းအားပညာရပ်များနှင့် ကွာခြားစွာ အဆင့်သတ်မှတ်မှုမရှိပေ .. အဆင့်ရှစ်ဆင့် ကိုးဆင့် ဆယ်ဆင့်.အစရှိ သော သတ်မှတ်ချက်များမရှိသောကြောင့် မိမိကျင့်ကြံလျှင် ကျင့်ကြံသလောက် အစွမ်း ထက်မြက်နိုင်သည်ဖြစ်ရာ အန္တိမ အတွင်းအားဟုပင် ဆိုမည်ဆိုပါက ဆိုနိုင်လောက်ပေ သည်...
အဖြူရောင်အခိုးအငွေ့များ အားကွေ့ ခေါင်းပေါ်မှ တလူလူထွက်လာပြီးသည့် နောက်တွင် အတွင်းအားကျင့်ခြင်းကိစ္စ ပြီးမြောက်အောင်မြင်သွားပြီ ဖြစ်သဖြင့် အားကွေ့၏ ပိတ်ထားသော မျက်လုံးအစုံမှာ ပွင့်လာသည်... ကြယ်ရောင် မျှသာ အလင်းရှိသော ၀ိုးတ၀ါးအလင်းထဲ၌ သူ၏နဖူးမှရွှေရောင်အလင်းနှင့် မျက်လုံးအစုမှာ တဖိတ်ဖိတ်တောက်ပနေသည်...
'''''ဟူး.....'''
''၀ှီး'''
ပါးစပ်ထဲမှသက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး ထိုင်နေရာမှ ထ၍ ချောက် ကမ်းပါးထဲသို့ခုန်ချလိုက်၏.. လေထဲတွင် ဂျွမ်းငါးပတ်မျှ ပစ်ပြီးလျှင် တောင်ခါးပန်းတွင် ထိုးထွက်နေသော ကျောက်စွန်းအငူတစ်ခုပေါ်သို့ ခြေအစုံက ကွက်တိ ကျသွားသည်.
'''' ပြန်လာပြီလားဟေ့...'''
ကျောက်ဂူအတွင်းမှ ချင်ဝေ၏ အသံကြောင့်
''ဟုတ်ကဲ့ ဘုန်းဘုန်း သုံး ...''''
'''ရေမိုးချိုးပြီးရင် လာခဲ့ဟေ့ ..ဒီနေ့မင်းကို ငါမေးရမယ့် အလှည့်ကွ'''
အားကွေ့သည် လူပျိုအရွယ်ရောက်နေသော်လည်း ငယ်ကျင့် မပျောက်သေး သောကြောင့် စပ်ဖြဲဖြဲအမူအယာနှင့် ..
''' မနေ့ကတော့ ကျွန်တော့်ကို ရှုံးသွားတာနော်...'''
လေးမျက်နှာ ပညာရှိချင်ဝေ၏မျက်နှာသည် ရှုံ့မဲ့သွားကာ ..
'''မင်းမေးခွန်းက အဖြေမရှိတဲ့ အဖြေပါဆိုမှ ငါကဘယ်လိုဖြေရမှာလဲကွ..''''
အားကွေ့သည် ချင်ဝေ၏စကားကြောင့် တဟားဟားနှင့်ရယ်ကာ နောက်ဖေး ကျောက်အခန်းထဲသို့ဝင်ကာ ရေချိုး အ၀တ်အစားလဲပြီးလျှင် အချဉ်သီးများ ကို ခူးကာ ထန်ဖုဟင်းခိုးချက်သည့် နေရာသို့သွား၍ ဆရာလုပ်နေလေသည်..
အဆိပ်ဘုရင်မော်ထိုက်က ချင်ဝေနှင့်အားကွေ့စကားကိုနားစွန်နားဖျား ကြားလိုက်သောကြောင့် ..
''အကိုသုံး ..မနေ့က အားကွေ့ဘာမေးလို့ မဖြေနိုင်တာလဲ .. ''
ချင်ဝေက မော်ထိုက်၏အမေးကို ..
''ခွေးကောင်လေးက တာအိုဟာဘာလဲတဲ့ကွာ '''
မော်ထိုက်ကလည်း ထိုအဖြေကို သိလိုသည်နှင့် ထပ်မံ၍
''အကိုသုံးကလည်း အမေးရှိရင် အဖြေရှိရမှာပေါ့ .. တာအိုဆိုတာဘာလဲ .'''
'''တာအို ဆိုတာဘာမှမဟုတ်ဘူးကွ ..တာအိုဆိုတာ အရာရာ ဖြစ်တယ် ဘယ်လိုစကားနဲ့မှ ရှင်းပြလို့မပြီးမြောက်နိုင်ဘူး ..ကိုယ်ကိုယ်၌ကနားလည်မှတာအိုရဲ့ အဓိပ္ပါယ်ကို သိရမှာ .. သူ့အဆိုအရ တာအိုဆိုတာ အိုးကြီးတစ်လုံးနဲ့ တူသတဲ့ အထဲမှာ ဘာတစ်ခုမှမရှိသော်လည်း ခပ်ယူ၍မကုန်နိုင်.. ဘာမှမရှိသောကြောင့် ဖြည့်စရာလည်းမလိုတဲ့ ..ကိုင်း ရှင်းပြီလား''
မော်ထိုက်သည် နားမလည်ရုံတင်မကတကိုယ်လုံးပါလည်သွားရကာ ..
''' ဘာကြီးလည်း ဗျာ ဒါအဖြေမှ မဟုတ်တာ ဒီထက်နားလည်အောင် နည်းနည်းလေးရှင်းပြပါအုံး ..'''
ချင်ဝေမှာ အတန်ကြာစဉ်းစားလိုက်ကာ ...
''' ဒါကြောင့်ပြောတာပေါ့ တာအိုက သဘောတရားလောက်ပဲ ပြောပြလို့ရတာ သူ့မှာအဖြေဆိုတာ သက်သက်ကြီးမရှိဘူး ကိုယ်တိုင် ကျင့်ကြံမှ တာအိုနဲ့နီးစပ်မှာကွ ... ဒီ့ထက်ရှင်းအောင်ပြောရမယ်ဆိုရင် သဘောတရားတွေပဲ ထိုင်ရွတ် နေရုံ ရှိလိမ့်မယ် ..နောက်မှပြောပြမယ်ကွာ..လောလောဆယ် ဟိုကောင်ကို ငါလက်စားချေ မယ်ကွ .. ငါမေးတာ မဖြေနိုင်လို့ကတော့ ငါ့ကို မနေ့က ဒီကောင် လုပ်သလိုမျိုး သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်လို့ ဟားတိုက်ရယ်လိုက်အုံးမယ် ..'''
မော်ထိုက်ကလည်း ထိုမြင်ကွင်းကို ကြည့်ချင်သည်နှင့် ..
'' ဒါဆိုကျွန်တော် အဲ့ကောင် ကိုသွားခေါ်လိုက်မယ် .. ''
ဟူ၍ အပြေးအလွှားပင် အားကွေ့အားသွားခေါ်ခဲ့သည်...
ချင်ဝေက အားကွေ့အားတွေ့သည်နှင့် ..
''ကိုင်း ..ဒီနေ့တော့ ငါ့အလည့်ပဲ .. ဖြေဖို့သာပြင်ပေတော့ ...'''
အားကွေ့က ပြောင်ချော်ချော်ဖြင့်
''ခက်တဲ့မေးခွန်းတွေပဲမေးနော် မဟုတ်ရင် ဖြေရမှာ ပျင်းစရာကြီး .. .'''''
ချင်ဝေက
'''အေးပါကွာ စမေးပြီ ကွန်ဖြူးရှပ်ရဲ့အသက်ခုနှစ်ဆယ်လောက်မှာ သူ့ဘ၀အကြောင်းကိုသူနားလည်ပြီလို့ပြောခဲ့တယ် အဲ့ဒီအကြောင်းနဲ့ သူပြုစုခဲ့ ဂန္တ၀င်ခြောက်ကျမ်း(wiki တွင် ငါးကျမ်း ဟုသာဖော်ပြ)အကျဉ်းကိုပြောပြကွာ ..'''
အားကွေ့သည် မျက်လုံးပြူးသွားပြီး
''ဒါတော့မတရားဘူးဗျာ .. မေးခွန်းကတစ်ခုထဲလည်းမဟုတ်ဘူး .. ခုနှစ်ခုတောင် ဖြေရမှာ'''
''ဟားဟားဟားဟား ..ငါ့ကို လေးမျက်နှာပညာရှိလို့ခေါ်တာ ဒီလို အကွက်ကျကျ မေးတတ်လို့ကွ.. မင်းတောင်မှငါ့ကို အဖြေမရှိတဲ့အမေးနဲ့ အနိုင်ပိုင်းသေးတာပဲ ..မရဘူး ဖြေရမယ် ..မသိရင်တော့ စောစောဝန်ခံလိုက်တာကောင်းမယ်..'''
'
အားကွေ့ကချင်ဝေ၏ ချေပချက်ကို လက်ခံကာ ..
''ကောင်းပြီလေ .. ဘုန်းဘုန်းသုံးရဲ့ အဖြေကိုမဖြေချင်လို့မဟုတ်ဘူးဗျ .. တော်နေကြာ ဒီနေ့ပါရှုံးသွားပြီးအရှက်ရနေမှာစိုးလို့ ..ဟဲဟဲဟဲဟဲ ..'''
ချင်ဝေကလည်း အပိုင်ဟူသော ပုံစံနှင့်
'''မင်းအသက်အရွယ်နဲ့ အဲ့ဒီခြောက်ကျမ်းလုံးသာသိလို့ကတော့ ဆရာလို့တောင် ခေါ်လိုက်ချင်သေးရဲ့ကွာ ..'''
ထိုစဉ် ထင်းလွေရောက်လာပြီး ..
''ဆူညံဆူညံနဲ့ ငြင်းခုန်နေကြပြန်ပြီ .. တရားထိုင်နေတာ အာရုံတောင်မရတော့ ဘူး ..ညီသုံးမင်းကလည်း ကလေးနဲ့တုလို့ ငြင်းခုန် ပြီးရင်ဘယ်တော့မှလည်း နိုင်တာ မဟုတ်ဘူး .. အခုလည်းရှူံးမှာမြင်ယောင်သေးတယ် .. ဟိုကောင်က အားရင် မင်း စာအုပ်တွေဖတ်လိုက် သိုင်းလေ့ကျင့်လိုက်လုပ်နေတဲ့ဟာ သူ့ဉာဏ်ကိုလည်း မင်းသိရဲ့ နဲ့ ... '''
ချင်ဝေသည် အကိုကြီးဖြစ်သူ၏ ကြိမ်းမောင်းမှုကြောင့် ဇက်ပု သွားသော်လည်း အပြောကတော့မလျော့...
'''အကိုကြီးကလည်းဗျာ .. ဒီကောင်က ကြွားလုံးကြီးလွန်းလို့ပါ ..ကျွန်တော် သင်ပေးလို့ ဗဟုသုတလေး မတောက်တခေါက်တတ်ပြီး ဆရာကို ခြေရာတိုင်း ချင်လို့ နည်းနည်းဆုံးမပေးနေတာ ..ဟေ့ကောင် ဖြေလေကွာ အကိုကြီးရှိတယ်ဆိုပြီး လစ်ဖို့ မကြံနဲ့ ''''
အားကွေ့ကတိတ်တိတ်လေး လစ်ပြေးမည့်အကြံကို လက်လျော့လိုက်ပြီး ..
'''ငါအသက်ဆယ့်ငါးနှစ်တွင် သင်အံကျက်ဖတ်ခြင်းအမှု၌ စိတ်ကို နှစ်မြုပ်ခဲ့သည်
..အသက်သုံးဆယ်အရွယ်တွင် မိမိလိုလားချက်..မျှော်မှန်းချက်အတိုင်းရပ်တည်ခဲ့ သည်..အသက်လေးဆယ်တွင် မိမိဦးတည်ချက်ဖြင့်သာ အလုပ်လုပ်ခဲ့သည်.. အသက်ငါးဆယ်အရွယ်တွင် ထာဝရကောင်းကင်ဘုံ(မင်း)၏ညွန်ပြ ချက်ကိုသိမီပြီး ဖြစ်သည်..အသက်ခြောက်ဆယ်အရွယ်တွင် အမှန်တရားဟူသည့် အမှန်ကို သိပြီး ဖြစ်သည်.. ယခု အသက်ခုနှစ်ဆယ်တွင်မူ နှလုံးသား၏စေစားရာ အမှန်တရားအတိုင်း ပြုမူဆောင်ရွက်နိုင်လေပြီ..'''
ပထမမေးခွန်းကို ဖြေပြီးသည့်နောက်တွင် ပါးစပ်ထဲသို့ ချဉ်သီး တစ်လုံးပစ် ထည့်လိုက်ပြီး ဗလုံးဗထွေးနှင့် ..
''၁။ ရှူချင်း (သမိုင်းကျမ်း )မင်းဆက်ပေါင်းတစ်ရာကျော်အထိပါတဲ့ သမိုင်းကျမ်း ထဲမှာ ရှေးစကားပုံတွေ နောက်ခံသမိုင်းတွေ ရှေးဘုရင်တွေ နန်းတက် နန်းကျ အကြောင်းတွေပါတယ်... ၂။ ရှီချင်း(ကဗျာကျမ်း) ချောင်မင်းဆက် နဲ့ အထက် နှစ်ပေါင်းငါးရာအတွင်းက ကဗျာပေါင်း သုံးထောင်ကျော်အထဲမှာ မှ လက်ရွေး စင်ကဗျာ သုံးရာ့ငါးပုဒ်ကို ထည့်သွင်းဖော်ပြထားတယ် ..၃။ ယာအို (ဂီတကျမ်း) ဂီတ စည်းမျဉ်းတွေ နရီတွေ အကြောင်းနဲ့ ..ဂီတဟန်လေးမျိုးအကြောင်းကိုရှင်းပြထားတယ် ..၄။ လီချီ(ပူဇော်မှုကျမ်း) ဘာသာရေးနဲ့ပတ်သက်ပြီး ပူဇော်မှုအမျိုးမျိုးပေါ့ဗျာ ရှင်း တယ်နော်..''''
အားကွေ့၏ အမေးကို ထင်းလွေ..မော်ထိုက်နှင့် ချင်ဝေတို့ သုံးယောက်မှာ ယောင်ရမ်းကာ ခေါင်းငြိမ့်လိုက်စဉ်တွင်ပင်အားကွေ့ကဆက်လက်၍
'''၅။ဂန္တ၀င်ခြောက်ကျမ်းရဲ့ အသက် ရီချင်း(သင်္ခါရကျမ်း) ယင်နဲ့ယန်သဘော တရား နဲ့ သုံးကြောင်းမျဉ်းတို ပုံစံရှစ်ခုတွေအကြောင်း ..၆။ ချွန်းချီဥ(နွေဦးပေါက်နှင့် ဆောင်ဦးပေါက် ကျမ်း)ချောင်မင်းဆက်ခေတ် ယင်မြို့စားလက်ထက် ကနေ ဆယ့်လေးဆက်မြောက် အိုင်းမြို့စားအထိ နိုင်ငံရေးနဲ့ စစ်ရေးအမြင်ပေါ့ဗျာ ..'''
အားကွေ့၏ရှည်လျားသော အဖြေကို ကြားပြီးနောက် ထင်းလွေ နှင့် မော်ထိုက်မှာ အံ့သြော ချီးကျူးနေသလောက် ချင်ဝေ၏ မျက်နှာ မှာမူ မည်းမှောင်ကာ သွား၏ ...
အားကွေ့က ထိုမျက်နှာအိုအိုကြီး အောင်နိုင်သူအပြုံးနှင့် ကြည့်ကာ
''' ကိုင်း ... ဘယ်လိုလည်းဗျာ လေးမျက်နှာပညာရှိကြီးရယ် .. အိုး ..အို .. အခုတော့ သနားစရာပါလားဗျာ ..ဟဲဟဲဟဲ ...ကတိအတိုင်းသာဆို ဆရာခေါ်ဖို့ တော့ မမေ့နဲ့နော်..'''
မော်ထိုက်နှင့် ထင်းလွေမှာ ပြုံးစိစိနှင့်ဖြစ်သွား၏.. ထင်းလွေက မျက်နှာပိုး သတ်လိုက်ရင်း ..
''အားကွေ့ ညီသုံးကို စမနေနဲ့တော့ .. မင်း ဘဘ နှစ်ကို သွားပြုစုလိုက် အုံး .. '''
ငွေမျက်နှာသမားတော်ကြီးသည် သန်းခေါင်ညမိစ္ဆာသိုင်းကြောင့် အတွင်းအားများလွန်စွာ မြင့်မားလာပြီး စိတ်ဖောက်ပြန်ကာထိန်းမရတော့သဖြင့် သွေးကြောများ ပိတ်ကာထားရသည်မှာ အားကွေ့တို့နှင့်တိုက်ခိုက်ပြီးသည့် ည ကတည်းက အခုချိန်ထိပင် ... နေ့ခင်း မွန်းတည့်ချိန်တွင် အမွေးတိုင် တတိုင်စာမျှ လူကောင်းကဲ့သို့ စိတ်ဓါတ်ပြန်ဝင်လာပြီး ကျန်သောအချိန်တွင်မူ စိတ်ဖောက်ပြန်နေ တတ်သောဝေဒနာဆိုးကြီးအတွက် သူကိုယ်တိုင်ပင် အဖြေရှာ၍ မရပေ..
ဆိုးသွမ်းခဲ့သော မိုက်ဒါဏ်အတွက် ဘ၀မကူးပင် ၀ဋ်ကြွေးပြန်ဆပ်နေရသော သဘောလားတော့ မည်သူမျှမသိချေ...
ကံကြမ္မာဟူသည်ကား လူတစ်ဦးတစ်ယောက်တိုင်းစီအတွက် မွေးရာမှသည် သေသည်အထိ သတ်မှတ် လာခဲ့ပြီးသားမဟုတ်ပါလား..
ထို ညကတော့ ပိန်းပိတ်မှောင်နေသော ညပင်....
====+++++=====+++===++==
ပိန်းပိတ်ပိတ်မှောင်နေပါသည်ဟူမှ မြေအောက်လှိုင်ခေါင်းထဲသို့ ထပ်မံ ဆင်းသက်ရမည်ဆိုသဖြင့် ရှု့ယီ တော်တော်စိတ်ညစ်သွား၏....သို့သော်လည်း ဆရာ ဖြစ်သူ၏ စကားကို မလွန်ဆန်နိုင်လိုသည်ကတစ်ကြောင်း .. မြေအောက်မြို့တော် ၏ မြေအောက်ဈေး ဟူသည်ကို တွေ့လိုသည်ကတစ်ကြောင်း ၀င်ရချေအုံးမည် ..
ဖားပြုတ်အဖိုးအိုနှင့်ရှု့ယီတို့နှစ်ယောက်သည် .. အမြို့မြို့ အရွာရွာကို ဖြတ်ကာ လုပြည်နယ်ရှိ လွီယွိတောင်နှင့် လီခြောက်ဆယ် အကွာတွင် တည်ရှိသော ထျန့်ရှာ ဟူသောမြို့သို့ရောက်ရှိနေကြခြင်းဖြစ်သည် .. ၀ူပေမှ ကိုးရက်ခန့်ကြာသော ထိုခရီး တလျှောက်လုံး ဖားပြုတ်အဘိုးကြီး နှင့်ရှု့ယီမှာ မျှော်လင့်ချက်ကြီးစွာနှင့်ခရီးဆက် ခဲ့ကြ၏..
ထျန့်ရှာသို့ရောက်ပြီးနှစ်ရက်ခန့်အကြာတွင် မြေအောက်ဈေး၏ အ၀င်လမ်း အတွက်လမ်းညွှန်ကို ရရှိခဲ့ကြရာ .. ယခုလိုညဥ့်ဦးယံတွင် ထျန့်ရှာ သင်းချိုင်းကုန်း သို့ ရောက်ရှိလာခြင်းပင်...
လမ်းညွှန်အတိုင်း ..နှစ်ယောက်သား သင်းချိုင်းတောင်ဖက်ရေတွင်းပျက်ထဲသို့ ခုန်ဆင်းကာ အောက်ခြေရှိလှိုင်ဂူပေါက်အတွင်း၌ဆရာဖားပြုတ်က အနစ်နာခံကာ ရှု့ယီအား အရင်ဝင်ခိုင်းနေခြင်းဖြစ်သည်...
''ဖျတ်..ဖျတ်..ဖျတ်..'''
ရှု့ယီသည် မီးခတ်ကျောက်လေးကို ခတ်ကာ ခတ်ကာ နှင့် မပီမသ အလင်း တောက်လေးကို အားကိုးကာ ရှေ့မှ ဦးဆောင်လျှောက်နေသည်... သူနှင့် မလှမ်းမကန်းတွင် ဖားပြုတ်အိုကြီးက လိုက်ပါခဲ့၏...
ထိုစဉ် ..မည်သည့်အရပ်ဒေသမှထွက်ပေါ်လာသည် မခွဲခြားနိုင်သော အသံတသံက ..
''ရပ်.. အလင်းလား ..အမှောင်လား ..'''
ရှု့ယီသည် ခြောက်ခြားစရာကောင်းသောအသံကြောင့် .. အနည်းငယ် တုံ့သွားကာ ..
''အ..အ....အလင်းပါ'''
အမှောင်ထဲမှအသံက ..
'''မှန်တယ် ကူးတို့ခပစ်ပေးခဲ့ ...'''
ရှု့ယီက သူ၏လက်ထဲမှ ဖားပြုတ်အိုပေးထားသော အကြွေစေ့ကို ပစ်ပေးလိုက် သည်..
အကြွေစေ့ပြုတ်ကျသံမကြားရ၍ ထိုသူဖမ်းမိသွားသည် ထင်၏... အတန်ကြာမှ ..
'''ရှေ့ဆက်သွားလိုက် .. ဂူပေါက်ငါးခု တွေ့မယ် လင်းနေတဲ့ ညာဖက် ဆုံးဂူကို ၀င်သွား ..လမ်းအဆုံးမှာ ချောင်းတစ်ခုရှိတယ် ..လှေတစ်စီးထားထားတယ် .. အစုန်အတိုင်းလှော်သွား ..မှတ်ထားဖို့က ခေါင်းလောင်းသံခုနှစ်ချက်''''
ဟုပြန်လည်ပြောကြားလာသဖြင့် ရှု့ယီတို့ ဆရာတပည့်နှစ်ယောက်သည် .. ထိုသူညွှန်ပြသည့်အတိုင်းသွားကာ လှေပ်ါသို့တက်၍ လှော်သွားလိုက်လေ၏...
ချောင်းသည် လှိုင်ဂူကြီးထဲမှချောင်း(မြေအောက်ရေ)ဖြစ်ပုံရသည် အပေါ်၌ မည်သည့် ကြယ်များ လများ အရိပ်အယောင်ကို မမြင်ရဘဲ ပိန်းပိတ်နေ သောကြောင့်ပင်..
သို့သော်လည်း .. ကမ်းနှစ်ဖက်နံရံရှိ အဖေးတက်နေသောရေညှိများသည်
ထူးခြားစွာ စိန်းဖန့်ဖန့်အရောင်များထွက်ပေါ်နေသဖြင့် အလင်းရောင်လုံလောက်ပါ၏ ..
ထမင်းအိုးတကျက်မျှ လှော်ခတ်ပြီးသည့်နောက်တွင် အရှေ့တည့်တည့်တွင် သံချွန်များ ပိတ်ထားသော ဂိတ်ပေါက်ဝကြီးသို့ ရောက်လေသည်.. ထိုဂိတ်ပေါက် အလယ် တွင် ရွှေဖြင့်ပြုလုပ်ထားသော လူတစ်ဖက်စာ အရွယ် ခေါင်းလောင်းကြီး ရှိ၏..
ထိုအခါမှ အမှောင်ထဲကလူပြောသော ခေါင်းလောင်းသံခုနှစ်ချက်အား သဘောပေါက်၍ လှော်တက်ဖြင့် ခေါက်လိုက်သည် ..
''' ချွင်..ချွင်..ချွင်..ချွင်..ချွင်..ချွင်..ချွင်'''
သာယာသောအသံနှင့်အတူ .. ''ကျွီ..ကျွီ''ဟူ၍ တံခါးကြီးမှာ ပွင့်သွား၏...
လှေကိုဆက်လှော်ခတ်လိုက်ပြီး တခဏအကြာတွင် ညာဖက်နဘေးမှ အ၀ါရောင်မီးအိမ်တစ်လုံးကိုင်ထားသော လူတစ်ယောက်က သူတို့နှစ်ယောက်အား
ကမ်းဖက်သို့ကပ်လာရန် အချက်ပြလိုက်သည်..
ထိုသူက စူးနွယ်ချုံများဖြင့်ပြုလုပ်ထားသော ၀င်္ကပါထဲသို့ လမ်းပြ ခေါ်ဆောင် သွားကာ ထိုဝင်္ကပါအဆုံးတွင် သူတို့၏ခရီးဖြစ်သော မြေအောက်ဈေး သို့ ရောက်ရှိ တော့၏..
မီးရောင်အလျှံညီးညီးထွန်းလင်းထားသော အနှီဈေးကြီးက မျက်စိတဆုံး ရှည် လျားလှကာ .. ဈေးရောင်းဈေးဝယ်များဖြင့်ပြည့်နှက်နေ၏.. ရှု့ယီက ထိုလူအုပ်ကြီး ကိုမြင်လျှင် ....
''ဆရာကြီး ဒီလောက်လျှို့ဝှက်တဲ့နေရာမှာ ဒီလောက်လူအုပ်ကြီးက ဘယ်က ဘယ်လိုရောက်လာတာလည်း ..သတင်းပေါက်ကြားမှာလည်း မစိုးရိမ်ရဘူးလား..'''
ဖားပြုတ်အိုက နောက်မှမေး ..စကားများများ မပြောနဲ့ဟူသော အမူအယာ လုပ်ပြလိုက်ရင်း ဈေးရောင်းသူများ၏ပစ္စည်းများကို စိတ်ဝင်စားနေသည်..
ပစ္စည်းများက အမယ်စုံလှ၏....
အတွင်းအားတိုးစေသော ဆေးလုံးများ .. သိုင်းကျမ်းများ ..အဖိုးတန်ရတနာဓါး များ .. တိရိ စ္ဆန်အရိုးချောက်များ .. အဆိပ်အမျိုးမျိုး .. ရုပ်ဖျက်ကိရိယာများ .. လူသတ်အငှားလိုက်သည်ဟူသော စာတမ်းအောက်တွင် ထိုင်နေသော ပေတီးပေစုတ် လူများ.. အဖိုးတန်ရတနာများ .. သင့်အတွက်သိုင်းတကွက်ဟူသောအူကြောင်ကြောင် ဆိုင်းဘုတ်များ .. ''' ဓါးပီးဒုတ်ပီး ကိုယ္က်ပ္အက်ႌေတြ ..အက်ႌေတြ ဈေးလျော့ပေးနေ တယ်နော် ''' ဟု ပါးစပ်က တတွတ် တွတ်အော်ကာ အင်္ကျီများတထပ်ကြီး ကိုင်ကာ အ လက်ကိုအတင်းဆွဲ၍ရောင်းနေသောလူများ ..အစရှိသဖြင့် ရှုပ်ထွေးပွေလီလှပေ၏..
ထိုမှဆက်၍လျှောက်လာရာ .ဈေးတန်းအလည်တွင် သူတို့နှစ်ယောက် ရှေ့တွင် လူတစ်ယောက်လာပိတ်ရပ်ကာ .. ကြိုးတိုးကြဲတဲ နှင့်ဝါထိန်နေသော သွားကြီးများ ကို အစွမ်းကုန်ဖြဲလျှက် ..
'''မိတ်ဆွေကြီးတို့ ကျုပ်တို့ရဲ့ဆိုင်မှာ လီတစ်ထောင်ထိ စီးနှင်းနိုင်တဲ့ မြင်းတွေ .. ငွေသတ္တာ ရှစ်လုံးတင်နိုင်တဲ့ လားပု နဲ့ မြည်းလေးတွေအပြင် တိုက်သိန်းငှက် .. စာပို့ခိုအကောင်းစား .. မြွေအမျိုးမျိုးနဲ့ ထိန်းသိမ်းနည်းစာအုပ် တွေကို အမျိုးစုံစုံ ဈေးပေါပေါနဲ့ရနိုင်တယ်.. ခဏလောက်ဆိုင်ထဲကို ၀င်ပြီးလိုက်ကြည့် .. မကြိုက်ဘူး မတန်ဘူးဆိုရင် စီးထားတဲ့ ဖိနပ်နဲ့သာ ပါးပိတ်ရိုက်သွားဗျာ .. ခဏလေးပဲ ၀င်ကြည့်လည့်'''
ဖားပြုတ်အိုကြီးမှာ ထိုသူ၏ ခံတွင်းနံ့ကို မခံနိုင်သည့် နှယ် နောက်ကို ဆုတ်လိုက်ရင်း ...
'''ကျွန်တော် နောက်တစ်ခေါက်ပြန်ဝင်လာရင် ဆက်ဆက်ကြည့်မယ်ဗျာ အခုတော့ ဟိုဘက်လျှောက်ကြည့်လိုက်အုံးမယ် ..''
ထိုသူက ၀မ်းသာသွားသည့်နှယ် တစ်လုံးထဲကျန်တော့သော မျက်စိကြီး ပိတ်အောင်ပင် ပြုံးကာ ဂါရ၀ အထပ်ထပ်ပြုနေရှာ၏...
ရှု့ယီသည်ထိုသူ၏ မျက်နှာကို သေသေချာချာကြည့်ပြီးမှ သွေးဆုတ်ဖြူလျော် သောမျက်နှာနှင့်..
'''ဆရာကြီး ..အဲ့ဒါ ....စီးဟူပြည်နယ် ရဲ့ပြိုင်ဘက်ကင်းပညာရှင် တောင်ငါးလုံး တောဆယ်တောပိုင်ရှင် နှစ်ဘွဲ့ရ သားရဲသခင် မဟုတ်လား ..ဘယ့်နှယ်ကြောင့်ဒီမှာ ဈေးလာရောင်းနေတာလဲ ..'''
ဖားပြုတ်ကြီက ..
''အေးဟုတ်တယ် .. ဟေ့ကောင် ..မေးစရာရှိတာ စုထားကွာ အပြင်ရောက် မှမေး မဟုတ်ရင် မင်းနဲ့ငါနဲ့ပါ ဒီအထဲမှာ ဈေးရောင်းစားနေရမယ် ..'''
ရှု့ယီမှာ အသံတိတ်သွားကာ ..ဘယ်ဘက်တန်းရှိ လူတစ်ယောက် အား စိတ်ဝင်စားသွားလေသည်..
ထိုသူက ဆေးသေတ္တာကြီးကို လက်တွင်ပိုက်ကာ အာဘောင်အာရင်း သန်သန်နှင့်
'' နတ်လက်ဆေးဆရာကြီး ရဲ့ ဆေးစွမ်းကောင်းတွေ သုံးကြည့်စမ်းဟေ့ .. ည အိပ်မပျော်ဘူးလား .. ခုနှစ်ရက်လောက် အိပ်ပျော်သွားမယ် .. မိန်းကလေးတွေ စိတ်ကြွဆေး .. ယောက်ကျားလေးတွေ စိတ်ထဆေး .တဗူးဝယ်ရင် တဗူးအပိုပေးမယ် အဆိပ်အမျိုးမျိုးကို ပျောက်ကင်းချင်သလား .. လာခဲ့ မပျောက်ရင် ငွေပြန်အမ်းမယ် ..နာတာရှည်ရောဂါနဲ့ ၀ဋ်နာကံနာပါ ပျောက်အောင်ကုသနိုင်တယ်နော့် .. ပြည်ပုပ်နာ ရှနာနဲ့ အဖုအမျိုးမျိုးကိုရက်ပိုင်းအတွင်းပျောက်သွားစေရမယ်.. အထူးအနေနဲ့ တော့ ပြည့်တန်ဆာတောင်အပျိုစစ်စစ် ပြန်ဖြစ်သွားစေရမယ့် ဆေး .. ဆင်မဒန်းမတောင် ဖင်ဆောင့်အော်သွားရမယ့် .. ကျားသဘာဝအားတိုးဆေးပဲဗျာ ... '''
#42 ( အစ၏အဆုံး ..အဆုံး၏အစ )
ဖားပြုတ်အိုကြီးသည် ဘယ်ဘက်ခြမ်းသို့ ကူး၍ဆေးဝယ်ရန်ပြင်နေသော ရှု့ယီ၏ပုခုံးကိုဆွဲကာ ဈေးတန်းအတိုင်းဆက်လျှောက်လာခဲ့သည်...ဈေးတန်းအလယ်တွင် စားသောက်ဆိုင် ကြီးတစ်ဆိုင်ရှိပြီး ဆိုင်နဖူးစီးတွင် သွေးစွန်းကဝေ၏အလှတရား ဟူသောကြီးမားသည့် စာတန်းကြီး ချိတ်ဆွဲထား၏ ..
ဖားပြုတ်အိုကြီးသည် ဗိုက်ဆာလာသယောင်ရှိသည်နှင့်ရှု့ယီကိုခေါ်ကာ ထိုဆိုင်ထဲသို့ ၀င်သွားလိုက်၏...
ဆိုင်မှာသန့်ရှင်းသပ်ယပ်နေပြီး အပြင်အဆင်မှာအဆင့်အတန်းမြင့်လှသည်.. စားသုံးနေကြသူ သိပ်မများပြားသည်မို့ လွတ်သည့်စားပွဲတွင်ဝင်ထိုင်လိုက်ချိန်တွင် ...
'''ဆရာကြီး ပုဝူးလူသွဲ့(ဖား) မြေအောက်ဈေးကို အလည်လာတာလားရှင် ..'''
ဖားပြုတ်အိုကြီးသည် သူ၏လျှို့ဝှက်ထားသော နာမည် နှင့် အောက်ကလိ အောက်ကလာ အသံကြီးကို ကြားလိုက်ရသောကြောင့်လည့်ကြည့် လိုက်ရာ ....
ရွတ်တွအိုစာနေသော မျက်နှာကြီးအားလွန်ကျူးစွာချယ်သထားသည့် မိန်းမအိုကြီးအားတွေ့လိုက်ရ၏...
ဖားပြုတ်ကြီးမှာ ၀မ်းသာအားရနှင့် ..
'''ထန်စူးစူး ... ဘယ်ကနေဘယ်လိုရောက်နေတာလည်း .. ငါဖြင့် မင်းသတင်းကို မကြားရတော့လို့ စိတ်ပူနေတာ ..'''
ထန်စူးစူးက နူတ်ခမ်းကြီးစူကာ ကနွဲ့ကလျပုံစံဖြင့် လက်ထဲမှ လက်ကိုင်ပုဝါအား
လေထဲတွင် ဝှေ့ရမ်း၍
'''ဆရာကြီးရယ် အဲ့ဒါတွေမပြောပါနဲ့ ပစ်တုန်းကပစ်ထားပြီးတော့ ... ဟွန်း .. ဒီကဖြင့် ကျောက်ကျူးထင်တို့ ရိလုံတို့ လက်ချက်နဲ့ သေသွားခါနီးပြီ .. နောက်ဆုံး ကြံရာမရလို့ .. မြေအောက်ဈေးမှာ စားသောက်ဆိုင်ဖွင့်လို့လာနေရတာ .. '''
ဖားပြုတ်အိုက
''ငါ့ကလည်း အပြင်ကစာတမ်းကို မြင်ကတည်းက သိဖို့ကောင်းပါတယ် .. ငါကအလည်လာတာမဟုတ်ဘူးဟေ့ .. အရောင်းအ၀ယ်လုပ်ဖို့လာတာ ..''
ထန်စူးစူးသည် အရောင်းအ၀ယ်ဟူသော စကားအား စိတ်ဝင်စားသွားကာ ညုတုတုဖြင့် ..
'''ဟင်းဟင်းဟင်း မြိုးမြိုးမြက်မြက်လေး ရမယ့် အရောင်းအ၀ယ်ဆိုရင် ထန်စူးစူးက သိပ်စိတ်ဝင်စားတာပဲ သိလား.. ''
ပုဝူးလူသွဲ့သည် ထန်စူးစူးအားတိုင်ပင်သင့်မတိုင်ပင်သင့် စဉ်းစားလိုက်ပြီး
နောက်မှ
''' ကောင်းပြီလေ ထန်စူးစူး အရောင်းအ၀ယ်တည့်ရင် မင်းလည်း မနစ်နာ စေရပါဘူး ...ငါကသတင်းတစ်ခုနဲ့ အညွန်းတစ်ခုလဲချင်တာ ..''''
ထန်စူးစူးသည် သူမမျော်လင့်ထားသော အရောင်းအ၀ယ်မဟုတ်သဖြင့် မျက်နှာကြီးရှုံ့မဲ့သွားသည်..'
ဖားပြုတ်အိုက ထန်စူးစူး၏ အမူအယာကိုရိပ်မိလိုက်သဖြင့်...
''တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေ နဲ့ သူ့ညီအကိုတွေ သတင်းနော် .. '''
ထန်စူးစူးသည် ထိုစကားကြောင့် စိတ်ဝင်စားလွန်ကာ ခေါင်းကြီးပင်ရှေ့သို့ ငိုက်ကျလာ၏..
''' မိစ္ဆာသိုင်းတွေကို အရည်ကျိုသောက်ထားတဲ့ မြောက်ပိုင်းသိုင်းကျမ်းရှင် ထင်းလွေ ဆိုရင် တန်ဖိုး မတရားကြီးမှာပဲ ... အခု သူဘယ်မှာတဲ့လဲဆရာကြီး ..''
ပုဝူးလူသွဲ့သည် ထန်စူးစူး၏အမေးကြောင့်ပြုံးလိုက်ရင်း ..
''ဟဲဟဲဟဲဟဲ ..ငါမင်းကို ပြောပြလိုက်ရင် ဒါလျှို့ဝှက်ချက်ဘယ်ဟုတ်တော့မလဲ မင်းတို့သိတဲ့အတိုင်း ထင်းလွေရဲ့ အဆင့်လွန်အတွင်းအားနဲ့ သိုင်းပညာတွေက မြေအောက်မြို့တော်နဲ့ အမှောင်နန်းတော်အတွက် ဘယ်လောက်အကျိုးရှိမယ် ဆိုတာ ဟဲ....ဟဲ..ဟဲ..ဟဲ..'''
ထန်စူးစူက
'''ဆရာကြီးကဘာပြန်လိုချင်တာလဲ ..ဒီသတင်းသာ အမှန်ဆိုရင်တော့ ရွှေငွေဆိုရင်တောင်မနည်းဘူးရမှာ ..''
ဖားပြုအိုကြီးက ဒါတွေမလိုဘူးဟူသည့်အမူအယာဖြင့်တဖက်ထဲသော လက်ကို ခါပြလိုက်ကာ ..
'''ရွှေလည်း ..မလိုဘူး ..ငွေလည်းမလိုဘူး .. ငါလိုချင်တာ ..သန်းခေါင်ည မိစ္ဆာ သိုင်းကျင့်နည်းလမ်းညွှန်ပဲ .. '''
ထန်စူးစူးသည်ထိုစကားကြောင့် ပွပေါက်တိုးပြီဟူသောအမူအယာဖြင့် မျက်နှာလို အလွန်းအမင်းချွဲလိုက်ရင်း ..
''ဟင်း..ဟင်း..ဟင်း ..ဒါဆိုဆရာကြီးအတွက် ဒီကထန်စူးစူး ဆိုတဲ့ မိန်းမလှလေးက အကျိုးဆောင်ပေးပါ့မယ်ရှင် ..ဒါပေမယ့် အကျိုးဆောင်ခတော့ .ဟင်း..ဟင်း..ဟင်း .ဆရာကြီးလည်း အလုပ်ကြီးအကိုင်ကြီးလုပ်နေတဲ့သူပဲ ဒီလောက်တော့ သိမှာပါ.. နော်..ဆရာကြီး..နော်..''''
ရှု့ယီသည် ထန်စူးစူး၏မျက်စောင်းတထိုးထိုးနှင့် စကားပြောဟန်ကို ကြည့် ကာ အသည်းတယားယားနှင့်မျက်ခွက်ကြီးအား ဖနှောင့်ဖြင့် ဆယ်ချက်ခန့် ပေါက် လိုက်ချင်တော့၏....
ထန်စူးစူးက ရှု့ယီ၏ မအီမသာမျက်နှာအား တလွဲတွေးကာ ..
''အော် ..ဟုတ်ပါရဲ့ .. စားဖို့သောက်ဖို့ဝင်လာတဲ့ဧည့်သည်ကို ဘာစားမလဲ ဆိုတာမမေးမိဘူး .. မောင်လေးရှု့ ကြည့်ရတာ သိပ်ဆာနေပြီနဲ့တူတယ် .. ''
ဟုဆိုကာ အနောက်ဖက်သို့ လည့်၍
'' အနောက်က ကောင်လေးတွေ ဒီကိုလာပါအုံးကွဲ့ ... တကတည်း အပြင် မှာ တစ်ယောက်မှ မရှိဘူး .. '''
ထန်စူးစူး၏ အသံအဆုံးတွင် နောက်ဖေးမှ လူနှစ်ယောက် ပြေးထွက်လာ၏ .. ကြည့်ရတာ ထန်စူးစူးအား အသေအလဲကြောက်နေသည့်ပုံပင် ..
ရှု့ယီနှင့် ဖားပြုတ်အိုကြီးသည် ထိုလူနှစ်ယောက်အား မြင်လျှင် နေမင်းကြီး အနောက်က ထွက်လာသည်ကို တွေ့လိုက်ရသည့်နှယ် ငိုင်သွားကြ၏....
မှန်ပေသည် .. ထိုလူနှစ်ယောက်က ထန်စူးစူးနှင့်ရန်ဘက် သူတို့ကြောင့် ဘ၀ပျက်သွားရရှာသော.. မိုးကြိုးဓါးလွေစုနှင့် ကျောက်စိမ်းနဂါး တင်းပေ ဖြစ်နေသော ကြောင့်ပင်..
ထန်စူးစူးက ငိုင်ကျသွားသောဆရာတပည့်အား ပြုံးပြလိုက်ပြီး နောက် စားပွဲထိုးနှစ်ယောက်ဘက်ကြည့်၍...
''' ကဲ ကောင်လေးတွေ ဧည့်သည်တွေဘာစားမလဲ ..ဘာသောက်မလဲ မေးလေ .. နင်တို့ကြည့်ရတာ သိပ်စိတ်ပျက်စရာကောင်းတာပဲ ..အလုပ်ကြတော့ လက်ကျောတင်းအောင်မလုပ်ချင်ဘူး .. အမြဲအချောင်ခိုဖို့ပဲစဉ်းစားနေတယ်''
သိုင်းလောက၏ နာမည်ကျော်ထိပ်တန်း သိုင်းသမားနှစ်ယောက်မှာ .. ထန်စူးစူး ငေါက်သမျှ ငြိမ်ခံနေကြပြီးမှ ထင်းပေက မပွင့်တပွင့်နှင့် ..
''ဆရာကြီးတို့...အကိုလေးတို့ ဘာများသုံးဆောင်ကြမလဲ ခင်ဗျ .. ကျွန်တော်တို့ဆိုင်က စားစရာသောက်စရာအစုံရပါတယ်ခင်ဗျား..''''
လက်နှီးစုတ်ကို ပုခုံးတွင်တင်ကာ ရိုရိုကျိုးကျိုးရပ်ကာ မေးနေသည့် တင်းပေ ၏ဖြစ်အင်ကို ဖားပြုတ်ကြီးက ရွှင်ပြစွာကြည့်ပြီး ...
''ကိုင်းကွာ အစုံရတယ်ဆိုရင် ..၀က်သားပေါင်း နှစ်ပွဲနဲ့မုန်လာချဉ်တစ်ပွဲ ကြက်သားစဉ်း ကောအစပ်ကြော် .. ဂျင်ဆင်းနဲ့ပေါင်းထားတဲ့ ကြက်ပေါင်းတစ်ပွဲ .. ငါးမန်းဝမ်းသွင်းသားကို ဆီးသီးခြောက်အဆာသွပ်ပြီးချက်ထားတာကတစ်ပွဲ... ပုဇွန်ထုတ်ကိုကွေးရုံတင်ကင်ထားပြီး သံပုရာရည်ဆမ်းထားတာက နှစ်ကောင် .. ပြီးရင် နေပြည်တော်ရဲ့ နာမည်ကြီးအရက် လီတစ်သောင်း ပျံ့မွှေး ဆိုတဲ့ အရက်နှစ်အိုးချကွာ ..'''
''ဟုတ်ကဲ့ဆရာကြီး .. အစားအစာကခဏတော့စောင့်ပါအုံးခင်ဗျာ အရက်အရင် ချပေးပါ့မယ်'''
တင်းပေနှင့်လွေစုသည် ဦးခေါင်းကို အခါခါညွတ်ကာ အရိုအသေပြုပြီး နောက်ဖေးသို့ အပြေးတပိုင်းဝင်သွားကြ၏..
ထိုစဉ်အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံ ကြီး တစ်ခု ထွက်ပေါ်လာသည်..
''' အမှောင်နန်းတော်သခင်မလေး ကြွလာပြီ... လမ်းမပေါ်ကလူတွေ လမ်းဖယ်ထားပါ .. ရှု့မြင်လို့မကောင်းတဲ့ ပစ္စည်းတွေ အနံ့အသက်မကောင်းတဲ့ အရာတွေ ဘေးဖယ်ထားပါ..'''
ထိုအသံကြောင့် ဆူညံနေသော အသံများသည် သုသန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွား၏...
ဆိုင်အတွင်းစားနေသောက်နေသည့်လူများပင် အစားအသောက် ဆက်လက် စားနေလျှင် အသံထွက်မည်စိုးသည့်အလား စားသောက်ခြင်းမပြုတော့ပဲ ရပ်ထားလေသည်..
ဖားပြုတ်အိုနှင့် ရှု့ယီမှာလည်း အကင်းပါးသူများဖြစ်သည့် အလျှောက် အသံမထွက်ဝံ့ဘဲရှိ၏ ...
ထန်စူးစူးကမူ ထိုင်ရာမှထရပ်လိုက်ပြီး အ၀တ်အစားများကို ဆွဲဆန့် လျှက် အပေါက်ဝဆီသို့ ပြေးကာမျှော်နေလေသည် ..
ခဏမျှကြာလျှင် ဈေးထိပ်ဆီသို့ လူတစ်စုရောက်လာ၏... အယောက် နှစ်ဆယ်ခန့်ရှိသော ထိုလူစုထဲတွင် .အမိုးဖွင့် ဝေါယာဉ်တစ်ခုပါရှိပြီး ထိုဝေါယာဉ်ပေါ် ၌အမှောင်နန်းတော်သခင်မလေးက မှီတုံးပေါ်တွင် တံထောင်ဆစ်ထောက်မှီလျှက် စီးနင်းလိုက်ပါလာ၏..
ပန်းနုရောင်ဝတ်စုံကို ၀တ်ဆင်ထားသော ရှောင်မိန်က ဈေးထဲတွင်ရှိသော ပစ္စည်းများကို စိတ်ဝင်စားဖွယ်လိုက်ကြည့်လိုက် သူကြိုက်လျှင် ကောက်ကိုင်ပြီး သခင်မလေး အားလှမ်းပြလိုက်လုပ်နေသည်..
သခင်မလေးကမူ မည်သည့်ပစ္စည်းမျှစိတ်မ၀င်စားသည့်ပုံဖြင့် ခေါင်းကို သွင်သွင်ရမ်းလိုက်ပြီး ရှောင်မိန်အား ...
''ရှောင်မိန်ရယ် ဘာမှမလိုချင်တော့ပါဘူး .. ထန်စူးစူးတို့ ဆိုင်ဘက်ကိုသာ သွားရအောင် .. '''
ရှောင်မိန်က သခင်မလေးပြောသည့်ပစ္စည်းများကို ပြန်ချထားလိုက်ပြီး သူမ ဦးဆောင်ကာ သွေးစွန်းကဝေ၏ အလှတရား ဆိုင်ဘက်ကို သွားလေတော့၏ ..
ထန်စူးစူးသည် သခင်မလေးတို့ သူမဆိုင်ဝသို့ရောက်လာလျှင် နူတ်ခမ်း နားရွက်ချိတ်တော့မတတ် အစွမ်းကုန် ပြုံးလျှက် ဝေါယာဉ်နားကပ်ကာ သွားရောက် ကြိုဆိုလိုက်လေသည်
ဖားပြုတ်အိုကြီးနှင့်ရှု့ယီမှာ သခင်မလေး၏ရုပ်သွင်ကို မြင်လိုက်ရသောအခါ အသူတရာနက်လှသော မဟာချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသူပမာ .. ရင် တရပ်လှပ်လှပ်ဖြစ်ကာနေ၏...
သခင်မလေး၏အလှကို မျက်စိနှစ်လုံးဖြင့်ကြည့်နေရသည်မှာမလုံလောက်နိုင် ဖြစ်နိုင်လျှင် မျက်လုံးပေါင်းထောင်သောင်းချီတပ်ကာ ဆယ်ရက်ဆယ်လီ မအိပ် မစားပဲ ထိုင်ကာ ကြည့်နေချင်မိတော့သည်ဟု အတွေးကိုယ်စီပေါက်ကာ နွားပြာကြီး အောက်သွားမရှိသည့်အတိုင်း ပါးစပ်ကြီးဟပြီးလျှင် ရှင်လျှက်သေနေကြတော့သည်..
သခင်မလေးသည် ဆိုင်ထဲသို့ရောက်လျှင် ဝေါယာဉ်ပေါ်က ဆင်းကာ အထူး ပြင်ဆင်ထားသော စားပွဲခုံစီသို့ သွားလေသည်..
သူမခြေတစ်လှမ်းလှမ်းသည်ကို မြင်ရသည်မှာ ကမ္ဘာပေါ်ရှိပန်းများစုပြုံ၍ ဖူးငုံနေရာမှ တပြိုင်နက်ပွင့်သွားသည့်အလား ကြည့်ကောင်းလှ၏...
အနက်ရောင်ဖဲသားဝတ်စုံကို ၀တ်ဆင်ထားရာ .. သူမ၏သေးသွယ်သော ခါး.. ဖွံ့ထွားကျစ်လစ်သော ကိုယ်အချိုးအစားမှာ အထူးပေါ်လွင်နေလေသည်..
ပန်းပွင့်လေးများ၏ အရှင်သခင်မ .. အလှတရားတို့၏ထိပ်ခေါင်.. လောက ကြီး၏အဖိုးတန်ဆုံးရတနာ .. တုနိုင်းမမီသော လှပခြင်းဧကရီ .. အစရှိသဖြင့် အမည် တပ်၍ မလုံလောက်နိုင်သောသူ ဖြစ်လေ၏... စက္ကုနှစ်ကွင်း အလင်းမဲ့နေသည့် သူများပင် သခင်မလေးအား တွေ့လျှင် မျက်စိပြန်မြင်သွားရနိုင်လောက်သည်..
ဖားပြုတ်အိုနှင့်ရှု့ယီသည် လီပေါင်းတစ်သောင်းခန့် မရပ်မနားပြေးနေရ သောသူကဲ့သို့ လှိုက်ဖိုနေသော ရင်ဘတ်ကို ငြိမ်အောင်ထိန်းပြီး .. တယောက် မျက်နှာ တစ်ယောက်ကြည့်ကာ အိနြေ္ဒပြန်ဆည်လိုက်ကြ၏..
ထန်စူးစူးက သခင်မလေးအား အနားကပ်ကာ ဘာတွေကပ်ခါပြောနေသည် မသိ ..ခေတ္တမျှကြာလျှင်
ပြုံးရွှင်သော မျက်နှာနှင့် ဖားပြုတ်ကြီးသို့ ၀ိုင်းသို့ပြန်လာကာ .. ပုဝူးလူသွဲ့ အား
'''ဆရာကြီးရေ တန်ဖိုးကြီးတဲ့အရောင်းအ၀ယ်ဆိုရင် သခင်မလေးနဲ့ လုပ်တာ အကောင်းဆုံးပဲ ..သခင်မလေးကသူ့ဝိုင်းဘက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ် .. တစ်ခုတော့ရှိတယ်နော်ဆရာကြီး .. တကယ်လို့သာ သတင်းအမှား ဆိုရင် ကျွန်မတို့ နှစ်ယောက်လုံး မိုးကောင်းကင်ပေါ်တက်ပုန်းရင်တောင် လွတ်မှာမဟုတ်ဘူးနော်..'''
''ထန်စူးစူးရယ် ငါဒီလောက်မိုက်လုံးကြီးပါ့မလားဟ.. ''
ဖားပြုတ်ကြီးသည် ရှု့ယီအားနေခဲ့ရင် အချက်ပြလိုက်ရင်း ..သခင်မလေးရှိရာ ဖက်သို့ သွားလေ၏ ...
သခင်မလေးစီမရောက်ခင် ပန်းရောင်ဝတ်စုံနှင့် ရှောင်မိန်က ဖားပြုတ်ကြီး တား ကာ ကိုယ်ပေါ်သို့ အမွှေး နံသာ မှုန့်များ ဖြန်းလိုက်ရင်း ..
''' သခင်မလေးက မွှေးပျံ့သန့်ရှင်းနေမှ သဘောကျလို့ပါ..စိတ်မရှိပါနဲ့ '''
ဖားပြုတ်ကြီးမှာ နည်းနည်းကသီသွားသော်လည်း ..အပြုံးမျက်နှာနှင့်..
'' ရပါတယ်ကွယ် ..ရပါတယ်.. '''
ဟုလေပြေသွေးကာ သခင်မလေးအား ဂါရ၀ပြုလိုက်ရင်း .မျက်နှာခြင်းဆိုင်မှ ၀င်ထိုင်လိုက်၏..
သခင်မလေးက အနီးကပ်ကြည့်မှ အဝေးကမြင်ရသည်ထက် အဆတစ်ရာ မကပိုမိုလှပနေသေးသည်..
ဖားပြုတ်ကြီးသည် စိတ်ကိုတင်းတင်းထားကာ လာရင်းဖြစ်သော သတင်းနှင့် သိုင်းညွှန်းအလဲအလှယ်ကိစ္စကို သခင်မလေးအား တင်ပြလိုက်လေ၏ ...
အပြန်ပြန်အလှန်လှန်တိုင်ပင်ဆွေးနွေးကြပြီး အတန်ကြာသည့်နောက်တွင်
ဖားပြုတ်ကြီး၏ မျက်နှာ ပြုံးရွှင်လာသည်ကို တွေ့ရသဖြင့် လာရင်းကိစ္စ အောင်မြင် နေပြီဟု ထန်စူးစူးနှင့်ထိုင်နေသော ရှု့ယီမှာ သိလိုက်ရသည် ..
ထိုစဉ်မှာပင် သူတို့မှာထားသော အစားအသောက်များကို ဆိုင်လုလင် များဖြစ်ကြသော မိုးကြိုးဓါးလွေစုနှင့် ကျောက်စိမ်းနဂါးတင်းပေ တို့မှာ လာရောက် ချပေးလေသည် ..
ယခုမှသတိထားမိသည် .. လွေစုသည်လည်း သူကဲ့သို့ လက်တစ်ဖက် မရှိတော့ပြီကော .
အငွေ့တစ်ထောင်းထောင်းနှင့်မွှေးပျံ့နေသော စားစရာများမို့ ရှု့ယီမှာ ခေါင်းပင်မဖော်နိုင်ပဲစားသောက်လေတော့၏ ....
===++++=====++++=====+++====+++===
အမျိုးပေါင်းငါးဆယ်မျှရှိသော စားသောက်ဖွယ်ရာများ တည်ခင်းထားသော်လည်း ကျင်းကျူး တစ်ယောက်မစားသောက်ပဲ သူမ၏ ဖခင် ဖြစ်သူအလာကို ထိုင်စောင့် နေသည်..
ကျင်းကျူးသည် ငယ်စဉ် ကလေးတုန်းကနှင့်မတူ အလွန်တရာမှ ယဉ်ကျေး သိမ်မွေ့လှပြီး နေပြည်တော်တလွှားတွင် အလှဆုံး အချောဆုံး မိန်းမပျိုလေး ဖြစ်လာ ခဲ့သည်. ... အပျိုဘော်ဝင်သည့်အချိန်မှစကာ ယခုအချိန်ထိ တိုင်းပြည့်ရတနာ အလှမယ်ဘွဲ့ကို ပြိုင်ဘက်မရှိ ဆွတ်ခူးထားသူ .. မေတ္တာစိတ် လွန်ကြီးမားသူ ..ဘာသာရေးကိုင်းရှိုင်းသူ ... ဂီတကဗျာနှင့်အကတွင် ပြိုင်ဘက်ကင်းသူ .ပန်းထိုးခြင်း
လက်ရေးစာအလှရေးခြင်း နှင့်အချက်အပြုတ်တွင်လည်း ထူးချွန်လှရာ ..နေပြည်တော် ရှိ လူပျိုကာလသားများမှန်သမျှသည် ကျင်းကျူးဟူသော မိန်မပျိုလေးကို အိမ်သူ အဖြစ် ရယူလိုကြသည်မှာ သူတို့အလွန်တော့မဟုတ်ပေ ..
ကျင်းကျူးဟူသောနာမည်ကို ဂါထာမန္တရားမှုတ်သလို တရက်လျှင် အကြိမ် တစ်ထောင်မျှ ရွတ်ဆိုနေရမှ သူတို့၏ စိတ်ထဲတွင်နေသာ ထိုင်သာရှိ၏ .. ကျင်းကျူး ၏ တပတ်သာ အချိန်ဇယားကို အလွတ်ကျက်မှတ်၍ လျှေက်ပြန်သံပေး ခြေအေးဝမ်း ယောင် လုပ်ရလွန်းသဖြင့် .. ပိတ်သားဖိနပ်များပင်ပေါက်ပြဲကုန်သည်အထိပင်..
မနက်လင်းပြီဆိုသည်နှင့် ကျင်းကျူးသည် သူမကိုယ်တိုင် ချက်ပြုတ်ထားသော ယာဂုအသားဆန်ပြုတ်အိုးကြီးကို အိမ်ရှေ့တွင်ချကာ .. နေပြည်တော်ရှိ ဆင်းရဲသား များ ..သူဖုန်းစားများအား ၀လင်အောင် အလှူလုပ်လေသည် .. နွေခါဆို ဖိနပ်နှင့် ထီး .. မိုးခါဆို မြက်ခြောက်ဖြင့်ယက်ထားသော မိုးကာ .. ဆောင်းခါဆို အ၀တ်အထည်များ စောင်များပါ ..လှူဒါန်းလျှက်ရှိရာ သူဖုန်းစားများ ..ဆင်းရဲသားများသည် သူမအား နတ်သမီးကဲ့သို့ ကိုးကွယ်အားထားကြသည်..
ကျင်းကျူးသည် သူမထံ နေတဒူဝ ယာဂုလာသောက်သူများ ပျက်ကွက် သည်နှင့် ဖျားနာနေပြီဟု အတပ်သိကာ သူမကိုယ်တိုင် ဆေးသတ္တာ ဆွဲ၍ ဆေးဝါးလည်း ကုသပေးသည် ..
တော်ရုံအဖျားဝေဒနာတို့သည် ကျင်းကျူး၏ မေတ္တာစိတ်လွန်ကြီးမားသော မျက်နှာအား မြင်လျှင်ပင် လွင့်ပါးပျောက်ကွယ်သွားသည်ဖြစ်ရာ သူမအား နတ်သမီး ဖြင့် တင်စားကြသည်မှာ နည်းတောင်နည်းနေသယောင်ယောင်..
တိရိစ္ဆာန်များအား ငယ်စဉ်ကတည်းက ချစ်တတ်သော သူမ အတွက် ဖခင် ရန်ခွမ်းမှာ ဥယျဉ်အကြီးကြီးဖန်တီးပေးထားရပြီး .. အကောင်ပလောင်များနှင့် ပြည့်နှက်နေသည်..
မည်မျှဆိုးသွမ်းသည့် တိရ စ္ဆာန်ပင်လျှင် ကျင်းကျူးအားရန်ပြုရိုးထုံးစံမရှိပေ ... ဘုံကျောင်းတွင်နေ့စဉ်နေ့တိုင်း သွားကာ ၀တ်ပြုတတ်သောသူမအား ဘုန်းတော် ကြီးများ သီလရှင်ကြီးများလည်း လွန်စွာချစ်ခင်ကြ၏ ..
ယုတ်စွာအဆုံး သူမ၏ဖခင်နှင့်ရန်ဘက် အမတ်ချုပ်ကြီးပင်လျှင် ကျုင်းကျူး အားသမီးတစ်ယောက်သဖွယ် ဆက်ဆံတတ်သည်..
အကယ်၍ သူမ၏ဂုဏ်သတင်းသာ ပြောနေရလျှင် ကုန်ခမ်းနိုင်မည်မဟုတ်ပါ လေ...
ယခုလည်း ကျင်းကျူးသည် သူမ၏လည်ပင်းတွင် အမြဲဆွဲထားသော နွယ်ကြိုး ခြောက်လေးကို ကိုင်ကာ ..
'''အကိုအားကွေ့တစ်ယောက် နေကောင်းပါစေ .. အဆင်ပြေပါစေ ..ရွမ်ဝူ လေးလည်း နေကောင်းပါစေ .. တစ်လောကလုံးတွင်ရှိကြသော လူများ တိရစ္ဆန်များ ကျမ်းမာချမ်းသာကြပါစေ .. '''
စိတ်ထဲတွင်ဆုတောင်းပေးနေသည်.. ထိုနွယ်ကြိုးလေးသည် အားကွေ့ ဖမ်းပေးသော ရှဥ့်လေးကို ချည်ထားသောကြိုးဖြစ်သည်.. (အရှေ့တွင် ဖော်ပြပြီး)
သူမသည် ငယ်စဉ်ကတည်းက အသားလုံးဝမစားသူဖြစ်ရာ .. ထမင်းဝိုင်း တွင် ကြာကြာထိုင်လျှင်အသားနံ့များကြောင့် ခေါင်းမူးလာသဖြင့် .. နောက်ဘက်သို့ လည့်ကာ ..
''စွေ့စွေ ရေ .. ''
'''ရှင် ..မမလေး..'''
'''ထမင်းဝိုင်း ပြန်သိမ်းထားလိုက်အုံးကွယ်.. မမလေး ဖေဖေကို သွားခေါ်လိုက်အုံးမယ်.. ထမင်းစားချိန်တောင် လွန်နေပြီ...'''
စွေ့စွေဆိုသူ ရွက်ကြမ်းရေကျို မိန်းမပျိုလေးက
''သခင်ကြီးက လှို့ဝှက်ခန်းထဲမှာ ထောက်လှမ်းရေးမှူးချုပ်.. ကိုယ်ရံတော်ချုပ် ..သက်တော်ရှည်အမတ်ကြီးတို့ အဖွဲ့နဲ့ တိုင်ပင်နေကြတုန်း ဆိုတော့ တော်တော်နဲ့ ထွက်လာမှာမဟုတ်ဘူး မမလေး ..''''
ထိုစကားကြောင့် .. ကျင်းကျူး တစ်ယောက် ရင်မောသွားရသည် .. သူမ ဖခင်အား နန်းတွင်းအာဏာသိမ်းရန် ထိုလူတစ်သိုက် အမြဲမြဲလိုလို လာရောက် နားချနေကြခြင်းပင် မဟုတ်ပါလား ... ဖခင်ဖြစ်သူမှာ အမြဲလိုလို ငြင်းဆန်မြဲပင် ...
သို့သော်လည်း သစ်ငုတ်ပင်လျှင် နှဲ့ပါများလျှင် ယိုင်သေး သည် ဖြစ်ရာ ... တချိန်ချိန်တွင် ဖခင်ခေါင်းငြိမ့်လိုက်လျှင် .. သူမဆက်ပြီးမတွေးရဲတော့.. သူမ၏အာရုံထဲတွင် လူများ သွေးထွက်သံယိုနှင့် သေကြကြေကြ ကယ်ပါယူပါ တစာ စာနှင့် အော်နေကြသော သူများကို မြင်ယောင်လာပြီး .. အခန်းတွင်းမှ ပြေးထွက်သွား သည် ..
ထမင်းဝိုင်းမှ အသားနံ့ကြောင့်လား ..တွေးမိသည့် မြင်ကွင်းကြောင့်လား မသိ ထိုတစ်ညလုံးခေါင်းမူးကာမအိပ်ပျော်သော ကျင်းကျူးတစ်ယောက် နောက်နေ့ တွင် အပျင်းဖျားတော့သည် ..
ကျင်းကျူးကို တစ်ရက်မတွေ့ရသောကြောင့် နေပြည်တော် တခွင်လုံးရုတ်ရုတ် သဲသဲဖြစ်သွားကြသည်....
သူမအားကျန်းမာရန် ဆုတောင်းပေးကြသူများ များပြားလွန်း၍ ရန်အိမ်တော် ရှိရာ လမ်းတစ်လျှောက်လုံး ပွဲတော်ကြီးပမာ ကျိတ်ကျိတ်တိုး စည်ကားလှ၏...
ရန်ခွမ်းသည် အဖြစ်သဲလှသော လူထုကြီးအား ကြည့်ကာ သမီးဖြစ်သူအား ဂုဏ်ပဲယူရမလား စိတ်ပဲပူရမလားမပြောတတ်တော့ပေ.. အပြင်တွင်တော့ သူဖုန်းစား များ ဆင်းရဲသားများ သူဌေးသူကြွယ်များ ဘုန်းကြီးသီလရှင်များအပြင် ခွေးများ ကြောင်များပါ ရောယောင်၍ တရုန်းရုန်းတ၀ုန်းဝုန်း ဖြစ်နေတော့သည်..
ချစ်ရလွန်းသော သမီးအတွက်နှင့် ခက်ပဲခက်လှချေတော့၏....
======++++====++++====++====
''ခက်တယ် ..ခက်တယ်ပဲပြောမနေနဲ့လေ သမီးလေးရဲ့ ...ဒီမှာ ဖေဖေကြီး ပြတာ ကိုသေချာကြည့်ထား .. ညာဖက်လက်ကို ရင်ဘတ်နားကပ် ..ဘယ်ဖက်လက်ကို ရှေ့ကိုထုတ်ထား ..ခြေထောက်နှစ်ချောင်းကို ကပ်ကြေးကိုက်ပုံစံ ခြေကွက်ခင်းထား .. အတွင်းအားကို ညာဖက်လက်ထဲကို ရောက်အောင်ပို့ ပြီးရင်ဘယ်လက်အယောင်ပြပြီး အတွင်းအားအပြည့်ထည့်ထားတဲ့ လက်သီးနဲ့ထိုးရုံပဲ .. '''
''ဖေဖေကြီးကလည်း အတွင်းအားခုနှစ်ဆင့် ကို လက်ထဲပို့လို့မရပါဘူးဆိုမှ ''
ငိုတော့မယောင်ယောင် မျက်နှာနှင့် ပြန်အော်ပြောလာသော ဒူးမနာသမီး ဖြစ်သူ ကြောင့် ဆရာကြီးမုန့် က
''' သမီးက လောကြီးတာကို .. ဒီလိုလုပ် အတွင်းအားကို တပတ်လည် ပြီးရင် ဖြန့်ရမယ့်နေရာကို တွေးထား .. ပထမ ဒုတိယ နဲ့ တတိယ အဆင့်အတွင်းအား ကို ထည့်.. ထိုးလိုက်တဲ့အချိန်မှ ကျန်တဲ့ အတွင်းအားကို ထည့် အဲ့ဒါမှ ခုနှစ်ဆင့် လက်သီးလို့ခေါ်တာ .. သမီးကစထိုးလိုက်ကတည်းက ခုနှစ်ဆင့်လုံး ထည့်လိုက်တာ ကိုး ..ပြီးတော့ လေထဲမှာ လက်ဟန်ခုနှစ်မျိုးပြောင်းဖို့ စိတ်ကူးနေတော့ လိုရာကို မရောက်တာ.. ''
. ဟွားဟွား သည် ကျစ်ဆန်မြီးများ ဝှေ့ဝဲသွားအောင်ရမ်းခါ လိုက်ပြီး ..
''' ဒီလောက်ခက်တဲ့သိုင်းကြီးကို မသင်ချင်ပါဘူး ဖေဖေကြီးရာ .. ပြီးတော့ ရုပ်ထွက် လည်းမလှဘူး ..ခြေထောက်ကို ကပ်ကြေးကိုက်နင်းထားရတော့ တင်ပါးကြီး နောက်ကို ပစ်ထားရတာ .. တခြား ကိုယ်ဟန်လှလှလေးနဲ့ သိုင်းတွေ အများကြီးရှိရဲ့ နဲ့ ..နော် ဖေဖေကြီး..''''
ဆရာကြီးမုန့်သည် ခုနှစ်ဆင့်လက်သီး၏ အစွမ်းထက်မှုကို မသိသော သမီး မိုက်စကားကြောင့် တဒင်္ဂ ဆွံ့အ သွားကာ
''' သမီးလေး ..ဒီခုနှစ်ဆင့်လက်သီး သိုင်းကို မီတဲ့လက်သီးသိုင်းဟာ လက်ချိုး ရေလို့ရတယ် .. ခွန်လွန်းဂိုဏ်းမှာ ကိုယ်ဟန်လှတဲ့သိုင်းတွေ အများကြီးရှိတယ် .. သမီးကိုလည်း သင်ပေးပြီးပြီ .. တခြား ကိုယ်ဟန်လှတဲ့သိုင်း အကုန်နီးပါး သမီး တတ်နေပြီ .. ဖေဖေကြီးမှာ သင်ပေးစရာ ကိုယ်ဟန်လှတဲ့သိုင်းက ကုန်ပြီသမီးရဲ့ ..
အခုဒီလက်သီးသိုင်း ကိုတော့ တတ်အောင်သင်ပါကွယ် .. ဒါမှ သမီးလေး သိုင်းလောကမှာ ထိပ်ဆုံးရောက်မှာ .. နောက်ထပ်ဖေဖေကြီးသင်ပေးမယ့် သိုင်း ဆယ့်နှစ်မျိုးလောက်တတ်ရင် ..ငါ့သမီးကို ထိခိုက်အောင်လုပ်နိုင်တဲ့သူ သိပ်မရှိ တော့ဘူး .... ''''
ဟွားဟွားသည် .. နဘေးတွင်ချထားသော ဓါးကို ကောက်ကိုင်လိုက်ရင်း မာနကြီးကြီး ခပ်စွာစွာ အသံနှင့် ..
''' ခုနှစ်ထူးချွန်ဆရာကြီးမုန့်ရဲ့ သမီးကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲ မှာလည်း .. အားကိုးရမယ့် အကိုသုံးယောက်လည်းရှိတယ် .. သိုင်းလောကရဲ့ ထိပ်သီးဆယ်ယောက်ထဲက ဦးဦးနှစ်ယောက်လည်းရှိတယ် .. ဖေဖေရယ် ဘိုးဘိုးရယ် ဘဘခွန်းလွန်ဂိုဏ်းချုပ်ကြီးရယ် ကိုပါ ထည့်ပေါင်းလိုက်ရင် သိုင်းလောကကိုတောင် နှစ်ခြမ်းခွဲပစ်လိုက်လို့ရတယ် ..'''
ငယ်ကတည်းကအလိုလိုက်ထား၍ ထိန်းမရအောင်စွာတူးလန်နေသော သမီး ဖြစ်သူအားကြည့်ကာ မည်သို့ပြောရမည်မှန်း အစရှာမရစဉ်တွင် လိုင်လိုင် အားဖုန်နှင့် အားချန်တို့ သုံးယောက် ရောက်လာပြီး .. လိုင်လိုင်က
''ဆရာကျွန်တော်တို့သုံးယောက် ကို ဒီနေ့သိုင်းအသစ်တက်ပေးအုံးမှာလား
သုံးလလုံးလုံး သိုင်းကွက်အဟောင်းတွေပဲပြန်လေ့လာနေရတာ ဖန်တရာလည်နေပြီ ''
ဆရာကြီးမုန့်က လိုင်လိုင်တို့ သုံးယောက်ကို ကိုယ်ချင်းစာသည့်သဖွယ် ကြည့်ကာ ..
'''အိမ်း ငါက မင်းတို့ညီမ ကို ဒီခုနှစ်ဆင့်လက်သီးသိုင်း အောင်ရင် မင်းတို့ နဲ့ တွဲပြီး သိုင်းအဆင့် တက်ပေးမလို့ ..ခက်တာက သုံးလတိတိ သင်ပေးတာတောင် မင်းတို့ညီမက မတတ်သေးဘူးကွ.. အဲ့ဒါမင်းတို့ သိုင်းအဆင့်ဆက်တက်ချင်ရင် ..ဒီအကွက်တတ်အောင် သင်ပေးလိုက်ကြ ..'''
ထိုအခါ သိုင်းအဆင့် ဆက်တက်ချင်နေကြသော လိုင်လိုင်တို့ သုံးယောက် သည် ဟွားဟွား ထိုခုနှစ်ဆင့်လက်သီးသိုင်းတတ်အောင် ဟွားဟွားအားဘေးမှ တောင်းပန်တိုးရှိုး၍ သင်ပေးနေကြရသည်..
ဟွားဟွားလို မိန်းကလေးမျိုးကတော့ သိုင်းသင်ပေးရမည့် ဆရာသမား များ အကိုတော်များကပင် အောက်ကနေတောင်းပန်သင်ကြားပေးရသော ရှာမှရှားသည့် မိန်းမပျိုလေးပင်...
===+++====+++===++===
အားကွေ့သည် အ၀တ်အစားများစုတ်ပြတ်လျှက် ဂူထဲမှ ပြန်ထွက်ခဲ့သည် .. ထိုဂူထဲသို့ ၀င်ကာ မြွေဖမ်းလာသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်သည် .. သူ့ထက် လည်လွန်း ပါးနပ်လွန်းသော ထိုမြွေမှာ ရှောင်းဟူနှင့်သူ နှစ်ယောက်သား ဖမ်းသည့် ကြားမှ အကြိမ်ကြိမ်လွတ်ထွက်သွားသေးသည်..
ယခုတစ်ခေါက်လည်း လက်လျော့လိုက်ရပြီ ..
'''တောက်...ဘာမဟုတ်တဲ့ မြွေစုတ်နဲ့ကြမှ ငါတို့ နှစ်ကောင်ခံလိုက်ရပြီ ရှောင်း ဟူရဲ့ .. မင်းကလည်း ခေါင်းကို ကိုက်မိထားတာတောင် .. ပေါက်အောင် မကိုက် နို်င်ဘူး ..အေးလေ ဓါးနဲ့ခုတ်လို့တာင်မပြတ်မှတော့ ဘယ်လို ကိုက်နိုင်မှာလဲ .. တကယ် အပြေးသန်တဲ့ မြွေ .. တော်သေးတယ် ခြေထောက်မရှိလို့ ခြေထောက် သာရှိရင် ငါတို့ အရိပ်တောင်မြင်ရမှာမဟုတ်ဘူးကွ '''
အားကွေ့သည် ရှောင်းဟူအား စကားပြောလာရင်း ထန်ဖုနှင့် သူ၏ တပည့်မုဆိုးတို့ နှစ်ယောက် တောထဲတွင်ယောင်ယောင်ယောင်ယောင် လုပ်နေသည် ကို တွေ့လိုက်ရ၏..
အားကွေ့က၀မ်းသာအားရနှင့် ပြေးသွားကာ ..
''ဘုန်းဘုန်းငါး ..ဘုန်းကြီးဝတ်နဲ့ သူများအသက်ကို သတ်ဖို့ လုပ်နေတယ် ပေါ့လေ..ငရဲကျမှာမကြောက်ဘူးလား '''
ထန်ဖုသည် အားကွေ့အားမြင်သည်နှင့် ဒီနေ့အဖို့ လာဒ်တိတ်သွားပြီဆိုတာ သိလိုက်ရ၍
''' ဟေ့ကောင် တိရစ္ဆန်ဆိုတာ လူချွတ်မှ ကျွတ်တာကွ .. ငါက သူတို့ ဘ၀ကူး ကောင်းအောင်လုပ်ပေးနေတာ ... ပြီးတော့ ငါသတ်တာလဲ မဟုတ်ပါဘူးကွာ .. ငါ့တပည့်သတ်တာ.. '''
အားကွေ့က ဆင်ဝှေ့ရန်ရှောင်ဖြေသွားသော ထန်ဖု၏ စကားကို သဘောကျ လျှက် ..
'' ဟဲဟဲဟဲ .. ဟုတ်ပါပြီဗျာ ..အခုကော ဘာတွေရပြီလည်း.. '''
မုဆိုးက ခေါင်းကို ရမ်းလိုက်ပြီး ..
ဘာကောင်မှ မရလို့ ..မြွေဖမ်းမလို့ လုပ်နေကြတာ ..
''မြွေဟုတ်လား .. '''
ထန်ဖုက
'''အေး...ဟုတ်တယ်ကွ .. မင်းမစားဖူးသေးလို့ မြွေသားက အရမ်း စားလို့ ကောင်းတယ်ကွ .. ကြော်လို့ပဲစားစား ..ကင်လို့ပဲစားစား ..အကွင်းလိုက်ခုတ်ဖြတ်ပြီး ချက်လို့ပဲစားစား စားလို့ကောင်းတယ် .. '''
အားကွေ့သည်မြွေသားစားရန် စိတ်မကူးမိသော်လည်း ..သူအနှစ်နှစ် အလလ ဖမ်းခဲ့သော မြွေအား လက်စားချေလိုသည်နှင့် ..
''ဒါဆိုရင် ကျွန်တော်တွေ့ထားတဲ့ မြွေတစ်ကောင်ရှိတယ်ဗျ .. သူ့အသားဆို တော်တော်ချိုချိုမှာ ..အရောင်လေးကို တောက်နေတာပဲ ''''
ထန်ဖုတို့နှင့် မုဆိုးကျော်မှာ အားကွေ့စကားကြောင့် စိတ်ဝင်စားသွားကာ ..
''ဟုတ်လားကွ ..ဘယ်နေရာမှာလည်း .. '''
အားကွေ့က ရုန်းကန်နေသော ရှောင်းဟူအား လွတ်ပေးလိုက်ပြီး
''ဒီနေရာနဲ့သိပ်မဝေးဘူးဗျ ..ကျွန်တော်လိုက်ပြမယ် .. '''
အချွန်နှင့် မနေသည်ကို မသိသော ထန်ဖုတို့ နှစ်ယောက်သားမှာ တံတွေး တပြင်ပြင်နှင့် .မုဆိုးက
''ဆရာကြီးထန် .. အရောင်တောက်တောက်နဲ့ဆို အဆိပ်ပြင်းမဲ့ ပုံပဲ ..မြွေက အဆိပ်ပြင်းလေ အရသာလေးလေးနဲ့ ပိုစားကောင်းလေဆိုတော့ ..ဟားဟားဟား ..အရက်လေးနဲ့ဆိုရင် ဘာပြောကောင်းမလဲပေါ့ဗျာ ..'''
အားကွေ့က
''အဆိပ်ကြတော့ ဘယ်လိုထုတ်မလဲ တော်ကြာအဆိပ်ပါစားမိနေလို့ ဒုက္ခ များကုန်အုံးမယ် ...'''
ထန်ဖုက သူ၏ဗိုက်ပူကြီးကို ပွတ်ကာ ..
''ဟားဟားဟားဟား ..သူ့အဆိပ်က ခေါင်းထဲမှာပဲရှိတာလေ .. ခေါင်းကို ဖြတ်လိုက်ရင်ပြီးသွားပြီ .. အဆိပ်ကိုလိုချင်တယ်ဆိုရင် ခေါင်းကိုဖြတ်ပြီး ပုရွက်ဆိတ်တွင်းဝမှာ ချထားလိုက် ပုရွက်ဆိတ်က အသားတွေအကုန် လုံးစားသွား ပြီး အဆိပ်အိတ်ကလေးပဲချန်ခဲ့တာ .. အဲ့ခါကြမှ အဆိပ်ကို သေသေချာချာ ထုတ်ယူ လိုက်ပေါ့ ..ပြီးမှ လိုတဲ့နေရာသုံးပေါ့ .. '''
အားကွေ့က ထိုနည်းကို မှတ်ထားလိုက်ပြီး ..
''အရှေ့နားဆို ရောက်တော့မယ်ဗျ .. မြွေဖမ်းတတ်တာကတော့ သေချာပါတယ် နော် .. ''''
ထန်ဖုက သူ၏ ဗိုက်ကြီးကို ပုတ်ကာ ..
'' ဟေ့ကောင် .. လက်တစ်ထောင်ထန်ဖုကွ မြွေမပြောနဲ့ နဂါးတောင် ဖမ်းနိုင် တယ်.. ငါ့တပည့်ဆိုရင် .. မြွေဖမ်းပြီး ပရဆေးဆိုင်မှာ ရောင်းစားလာတာ အကောင် ပေါင်းမနည်းတော့ဘူး ..'''
မုဆိုးကျော်ကလည်း သူ၏ လက်နှစ်တွင် မွစိတက်နေသော မြွေပေါက်ရာများ ကို ပြကာ ..
'''အကောင်ပေါင်း တစ်သောင်းရှစ်ထောင်ကျော်ပြီဗျ..မြွေတွေ့တာနဲ့ ဖမ်းမိပြီးသားပဲ ..စိတ်တာချ .. ကျုပ်လက်က လွတ်ဖူးတဲ့မြွေဆိုတာ တစ်ကောင်မှ မရှိဘူး ပြီးတော့ ကျုပ်က မွေးရာပါမြွေဆိပ်ပြီးတဲ့ကောင်ဗျ... ''''
အားကွေ့သည် မြွေဖမ်းဘုရင်နှစ်ယောက်ကြောင့် အားတက်သွားကာ ခြေလှမ်းများပင် မြန်ဆန်လာသည်..
===+++=====++++====++++====++=====
#43 ( အစ၏အဆုံး ..အဆုံး၏အစ )
ကျောက်ဂူအ၀ရှိ ခြုံနွယ်ဘုတ်သို့ ရောက်သည့်အခါ .. ထန်ဖုနှင့် တပည့်ကျော် က နှားခေါင်းတရှုံ့ ရှုံ့ နှင့်လုပ်နေကြသည်.... ထန်ဖုက ..
'''အားကွေ့ရေ ဒီနေရာလားဟေ့ .. ငါ့နှာခေါင်းထဲမှာ စိမ်းရွှင်ရွှင်အနံ့ရတယ် .. မြွေမဟုတ်ရင်တောင် အဆိပ်ပြင်းတဲ့အကောင် တစ်ကောင်ပဲ ..'''
တပည့်ဖြစ်သူက အပိုင်သေချာသည့်နှယ်..
''ဆရာထန် ရေ တခြားကောင်မဟုတ်ဘူးဗျို့ ..မြွေမှ မြွေအစစ်ပဲ ..'''
အားကွေ့သည် ထိုနှစ်ယောက်၏ စကားနှင့် အတွေ့အကြုံအား ကြိတ် အထင်ကြီးကာ ..
''နှစ်ယောက်စလုံးတော်တယ်ဗျာ ..အဲ့ဒီခြုံကြား ဂူပေါက်ထဲမှာ မြွေရှိတယ်ဗျ .. ဖမ်းပြီးအ၀ချက်စားဖို့သာ ပြင်ပေတော့ ..'''
ထန်ဖုက ပါးစုံမို့မို့ကြီး အလွာတွန့်သွားသည်အထိပြုံးပြီး
''ဒီကောင့် ကျက်စားတဲ့နေရာအထိမသွားပဲ ဒီနေရာအထိများခေါ်ပြီး ကွိခနဲ မိအောင် ဖမ်းရမယ်ကွ.. သူ့ပိုင်နက်ထဲမှာဆို တခြားကိုထွက်ပြေးဖို့ ဂယ်ပေါက်တွေ လုပ်ထားမှာပဲ .''''
အားကွေ့က
'' သူ့ ထွက်လာတာကို ထိုင်စောင့်နေမယ်ဆိုရင်တော့ မလွယ်လောက်ဘူးနော်..''
ထန်ဖုကလက်ကိုခါပြလိုက်ကာ ..
'' မထိုင်စောင့်ပါဘူးကွ .. ဒီကောင် မုချ ထွက်လာစေရမယ့် ပစ္စည်းငါ့မှာရှိတယ် .. ဟိုတခါ မင်းငါ့ကို ဟင်းချက်နည်းလိမ်ပြောသွားတုန်းက မင်းတွေ့လိုက်ရတဲ့ ဗူးဝိုင်းလေးဟာ ဒီကောင်တွေအတွက် ငါးစာပဲ.. တင်းလုံဂိုဏ်းမှာတုန်းက ငါ့တပည့် တစ်ယောက်ရဲ့ ပစ္စည်းလေးပေါ့ကွာ.. တင်းလုံဂိုဏ်းလဲ ဖျက်သိမ်းလိုက်ရော ငါ့ တပည့် လည်းဘယ်တိုင်းပြည်ရောက်သွားမှန်းမသိတော့ဘူးဟေ့..'''
အားကွေ့က ခြုံဘုတ်ကို လက်နှင့်ဖြဲကာ မြွေရိပ်မြွေယောင်မြင်ရမလားဟု ကြည့်ရင်း ...
'''' ဘုန်းဘုန်းငါးတပည့်ကဘယ်သူလဲဗျ ..'''
'' ဒီကောင်ကလည်း သူ့ဟာသူတော့ နာမည်ကြီးပဲ .. မင်းကြားဖူးမလားတော့ မပြောတတ်ဘူး တောင်ငါးလုံး တောဆယ်တောပိုင်ရှင် နှစ်ဘွဲ့ရ သားရဲသခင် တဲ့ ..'''
အားကွေ့သည် စိတ်ဓါတ်တက်ကြွစွာ
'''ဟာ ကြားဖူးပြီလားဗျာ .. တိရိစ္ဆာန်မျိုးစုံကို နိုင်ချင်သလို နိုင်တယ်ဆိုတဲ့ .. တကယ့်ပညာရှင်ကြီးပဲ ..'''
ထန်ဖုသည် တပည့်ကျော်၏ အရည်အချင်းကို ဂုဏ်ယူစွာဖြင့် .. သူအမြဲမပြတ် ဆောင်ထားသော ဗူးဝိုင်းကို ထုတ်ပြကာ
''' အေး ..ဒီကောင့်ရဲ့ လှို့ဝှက်ချက်က ဒီဗူးလေးပဲကွ .. အဲ့ထဲက ဆေးရည် လေး တစ်စက်လောက် မြေမှာ ချထားလိုက် အနီးအနားက အဆိပ်ပြင်းတဲ့ အကောင် တွေ သူ့ဟာသူ လာကြတော့တာပဲကွ.. အဲ့ဆေးကို ပရဆေးမုဆိုးတိုင်းဘာလို့ လိုချင်တယ် ဆိုတာ ဒီလောက်ဆိုမင်းသိပြီပေါ့ ..'''
အားကွေ့ပြန်မဖြေခင်တွင် ထန်ဖုက ဗူးဝိုင်းထဲမှ ဆေးရည်တစ်စက်ကို ခြုံဘုတ်ရှေ့တွင် အစက်ချလိုက်၏..
တပည့်မုဆိုးကျော်ကလည်း ..ကျောတွင် သိုင်းလွယ်ထားသော လေးအား အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားသည်..
အားကွေ့ကတော့ အနက်ရောင်သားရေကြိုးကို ကွင်းလျှော ပုံစံပြုလုပ်၍ ကိုင်ထား၏.. ထိုသားရေကြိုးမှာ ရှောင်းဟူအရေခွံလဲစဉ်က ကျန်ခဲ့သော အရေခွံဖြင့်ပြု လုပ်ထားသော ကြိုးပင်ဖြစ်သည်.. ဆွဲဆန့်၍လည်းရ ဖြန့်ကားလို့လည်းရ အလိုလို ပုံသွင်း၍ ရသောကြောင့် လွန်စွာ အသုံးဝင်၏ ...
ဆေးကား အလွန်ပင် အစွမ်းထက်သည်.. အစက်ချပြီး မကြာခင်တွင် အနီးအနားရှိ .. ကင်းခြေများ ..ကင်းမလက်မဲ .. ကင်းမှီးကောက် အစရှိသော အဆိပ်ရှိ သတ္တ၀ါတို့အပြင် အမျိုးအမည် ခွဲခြားမရသော အဆိပ်ကောင်များပင် ရောက်လာကာ ထိုဆေးစက်အား ၀ိုင်းဖွဲ့နေနေကြ၏..
ထိုစဉ်ခြုံထဲမှ ...
''ရွှီး ..ရွှီး ဟူသော အသံ ထွက်ပေါ်လာလျှင် ဆေးစက်နားရှိ အကောင်များမှာ လျှင်မြန်စွာ ထွက်ပြေးကြတော့သည်..
ထန်ဖုနှင့် မုဆိုးဖြစ်သူမှာ သူတို့၏ အတွေ့အကြုံအရ ထွက်လာသည့် သတ္တ၀ါသည် အထူးအဆိပ်ပြင်းမည်မှန်းရိပ်မိလိုက်ကြ၏ ...
ယခုလို အဆိပ်ကောင်မျိုးစုံ ထွက်ပြေးခြင်းမှာ ဘ၀တွင်ပထမဦးဆုံး အဖြစ် မြင်တွေ့လိုက်ရသေကြောင့်ပင်..
အားကွေ့က သူ၏အချစ်တော် သစ်ခြောက်ရောင်မြွေအား ဖမ်းမိတော့မည် ဟု စိတ်ထဲတွင် တွေးထင်လျှက် ၀မ်းသာနေသည် ..
''ရွှီး..ရွှီး ..ရွှီး ..'''
တွန် မြည်ကာ ထွက်လာသော မြွေသည် အားကွေ့ထင်ထားသည် ထက် ပို၍ ပါးနပ်ပေ၏ ...
အ၀ါရောင် ပြစ်ချွဲချွဲ အရည်အားမြင်သည်နှင့် ပန်းသီးသဖွယ် နီရဲလုံးဖု နေသော ခေါင်းအတွင်းမှ လျှာနှစ်ခွ အားပြူတစ် ပြူတစ်ဖြင့်ထုတ်ကာ အဝေးမှလည့် ပတ်ကြည့်နေသည်..
'''' ၀ှီး ... ထန်း'''
မြွေအားချိန်ရွယ် ပစ်လိုက်သော မုဆိုး၏ မြားချက်သည် လေဟုန်ကိုခွင်းကာ ဦးခေါင်းတည့်တည့်သို့ ထိချက်မှန်သော်လည်း ..'' ထန်း'' ဟူသော အသံနှင့် ပြန်ကန် ထွက်သွား၏..
မြွေသည် သူ၏ ဦးခေါင်းကို မြားချက်လာမှန်သည်နှင့် ထိုမြားချက် ဦးတည်ရာ ဖက်သို့ ပြန်လည် တုံ့ပြန်ရန်လည့်လိုက်စဉ်..
'' ဖြတ်..ဖြတ်...ဖြတ်..'''
. ''ချွင်..ချွင်..ချွင်..ချွင်..''''
လက်တစ်ထောင်ဟူသော အမည်နာမ နှင့်လိုက်ဖက်စွာ သံမဏိလက်နက် ပုန်းများကို ထန်ဖု ပစ်လွတ်လိုက်သည်မှာ မိုးသီးမိုးပေါက်များ ရွာချလိုက်သလိုပင်..
အတွင်းအားအပြည့် ထည့်သွင်းထားသော လက်နက်ပုန်း၏ အရှိန်က ကြောက်ခမှန်းလိလိ ပြင်းထန်လှသည်..
သို့သော်လည်း မြွေ၏ ကိုယ်ခန္ဓာ နှင့် သမဏိလက်နက်ပုန်းများ ထိတွေ့ လိုက်စဉ်တွင် .. သံသံချင်းရိုက်မိသော အသံများ ထွက်ပေါ်လာပြီး အလဟသ ဖြစ်ကုန်၏.. မြွေကား စင်းရာ ခြစ်ရာမျှပင် မထင်ချေ..
ထန်ဖုနှင့် မုဆိုးတို့မှာ ထိုအဖြစ်အပျက်ကြောင့် အံ့သြော ရန်ပင် အချိန်မရပါ ..
မြေပြင်ပေါ်မှ လျှပ်ပစ်သည့်နှယ် ခုန်ပျံ၍ သူတို့စီဦးတည်လာသောမြွေကြောင့် လွတ်ရာကင်းရာသို့ ၀မ်းရားထိုးကာ အူရားဖားရား ရှောင်လိုက်ရသည်..
'''ဇွပ်..'''''
''မိပြီဟေ့..''
အားကွေ့သည် အရှိန်ကုန်ကာ ပြုတ်ကျလာသော မြွေဦးခေါင်းအား ကြိုးကွင်း ဖြင့် ပစ်ဖမ်းလိုက်ရာ .. '' ဇွပ်'' ခနဲမိသွား သောကြောင့်ဝမ်းသာ အားရ ဟစ်အော် လိုက်၏...
မြွေသည် မြေပြင်ပေါ်သို့ ရောက်လျှင်ရောက်ခြင်းပင် ကြိုးကွင်းအား ရုန်းဖြတ် လိုက်သေးသည် .. ခိုင်ခံလှသော ကြိုးကြောင့် .. မည်သို့မျှ ရုန်းမရဟု သိလိုက် သဖြင့် သူ၏ ဘူမိနက်သန်ဖြစ်သော လှိုင်ဂူပေါက်သို့ လျှောဝင်ရန် အားထုတ်လိုက်၏ ..
အားကွေ့မှာ အရွယ်နှင့်မမျှ အင်အားကြီးလှသော မြွေကြောင့် မြေပြင်ပေါ် ဒရွတ်တိုက် လျှော ပါသွားလေရာ ..
''' ဘုန်းဘုန်း .. ဦးကြီး လာကူပါအုံးဗျ ..ကျွန်တော်မနိုင်ဘူး ..'''
'''အတွင်းအားသုံးလို့ တောင့်ခံထားဟေ့ ..ငါလာပြီ..'''
''မရဘူးဗျ.. တော်တော်အားသန်တယ် ..'''
စကားအဆုံးတွင် ထန်ဖု ရောက်လာပြီး .. အားကွေ့၏ နောက်ဖက်တွင် ပိုနေသော ကြိုးစကို ကိုင်ဆွဲ တောင့်ခံလိုက်သည်.. သို့သော် နှစ်ယောက်စလုံး လျှော ပါသွားသဖြင့် မုဆိုးမှာ လည်း အပြေးအလွှား လာရောက်ဆွဲကူ ရလေ၏..
''' ဂျွတ်...ဂျွတ် ..'''
''အောင်မလေး ငါ့လက်တော့ ကျိုးပါပြီ ..'''
ဆောင့်ရုန်းလိုက်သောမြွေကြောင့် ''ဂျွတ်..ဂျွတ်'' ဟူသည့် အသံနှစ်ချက် ထွက်လာပြီး ကြိုးအားတင်းတင်း ကိုင်ဆွဲထားသော မုဆိုး၏ လက်ဖျံနှစ်ချောင်း သွင်သွင် ကျိုးသွားသည် ..
အားကွေ့သည်လည်း ထရပ်နိုင်ပြီဖြစ်ရာ ခြေနှစ်ချောင်းကို မြေတွင် မားမား ရပ်လျှက် လေးဆသက်ရောက် အတွင်းအားကိုထုတ်ကာ ပြန်ဆွဲလိုက်ချိန်တွင် ..
'''ဖျောင်း..'' ခနဲမြည်သွားကာ .. ရှောင်းဟူ၏ အရည်ခွံ့ကြိုးသည် ကွင်းစွပ် နေရာမှ ပြတ်ထွက်သွားလေ၏ ..
မြွေမှာ သူ့အား အနက်ရောင် လည်ပတ် လာဆင်မြန်းပေးသော လူသုံးယောက်အား လျှာလေးကို ထုတ်ကာ ပြန်လည့်ကြည့်ပြီး ဂူအတွင်းသို့ လျှော ခနဲဝင်သွားလိုက်တော့သည်..
အဆုံးသတ်မတွင်တော့ သူတို့၏ မြွေဖမ်းပွဲကြီးသည် .. မုဆိုးကြီး လက်နှစ်ချောင်း သွင်သွင်ကျိုး .. မြေကြီးပေါ်ဒရွတ်တိုက်ပါသွားသော အားကွေ့၏ ရင်ဘတ် စုတ်ပြဲ .. ထန်ဖုမှာ ငုတ်တိုနှင့်နဖူးဆောင့်မိ၍ အညိုအမဲစွဲ သွားသည်နှင့်သာ နိဂုံး ချုပ်လိုက် ရတော့၏...
လက်နှစ်ချောင်းတွဲကျနေသော မုဆိုးကြီး၏ မျက်နှာသည် နာကျင် လွန်း၍ ငိုချတော့မယောင် ရှုံ့မဲ့မဲ့ဖြစ်နေလေရာ သနားစရာပင်ကောင်းလှ၏..
ထန်ဖုကလည်း ယောင်နေသော နဖူးကြီးကို လက်ဝါးဖြင့်အုပ်ကာ မည်သည့် စကားမျှပင်မပြောနိုင်.. အားကွေ့ကတော့ ရင်ဘတ်မှ ပွန်းပဲ့ရာများအား တံတွေးဆွတ် ကာပွတ်နေသည်...
မြွေထွက်သွားသည်နှင့် ပြန်လာကြသော အဆိပ်ကောင်များမှာ ကွဲကြေ နေသော ဗူးဝိုင်းထဲမှ အရည်များအား မြိန်ရေယှက်ရေ သောက်သုံးနေကြသည်မှာ သူတို့ သုံးယောက်အား ပြောင်လှောင်နေသယောင်ယောင်..
'''အားကျွတ်..ကျွတ်.. ဆရာကြီးရယ် ..ကျွန်တော့ လက်လေးကို ကျပ်စည်း ပေးပါအုံးဗျာ ..'''
ထန်ဖုသည် ဒေါသထွက် ..အားကွေ့အားကြွားလုံးပို ထား၍ ရှက်လည်း ရှက်ရှက်နှင့် အနီးမှ သစ်ကိုင်းတစ်ခုကို ချိုးကာ တပည့်ကျော်အား ကျပ်စည်းပေး၍ တွဲခေါ်လာခဲ့ရတော့၏.....
==+++====+++===+++=
ကျောက်ဂူသို့ ပြန်လာသော အားကွေ့နှင့် ထန်ဖုတို့နှစ်ယောက်၏ ရုပ်သွင် ကို လေးမျက်နှာ ပညာရှိချင်ဝေ မြင်လျှင် ..
''' အလို ငါ့ညီတို့နှစ်ယောက် ဘယ်က ရန်သူနဲ့ တွေ့လာတာလဲ .. ညီငါး ကနဖူးကြီးယောင်လို့ ... မြေခွေးပေါက်က ရင်ဘတ်ကြီးစုတ်ပြတ်လို့..''''
ချင်ဝေ၏ စကားသံကြောင့် ထင်းလွေ ..မော်ထိုက်နှင့် ရွှီကြွင်း တို့သုံးဦး ထွက်လာကာ ..
ရွှီကြွင်းသည် တကိုယ်လုံးစုတ်ပြတ်နေသော အားကွေ့ ကိုကြည့်ကာ
''အားကွေ့ .. ဘယ်လိုဖြစ်တာလဲ..''''
ငယ်ကတည်းက ချစ်ကြောက်ရိုသေရသူမို့ ကမြင်းကြောထကာ မြွေသွားဖမ်း သည့်ကိစ္စအားမပြောလိုသည်နှင့် အကူအညီရလို ရငြား ထန်ဖုအား မျက်ရိပ်ပြလိုက်၏ ..
ထန်ဖုက အားကွေ့အစား ..
''' ဘာမှ မဟုတ်ပါဘူး ညီလေးတုရာ .. ငါတို့ တူဝရီးနှစ်ယောက် ချောက် ကမ်းပါးထဲ ပြုတ်ကျနေတဲ့ ၀က်ဝံပေါက်လေးကို ဆင်းကယ်ရင်း နည်းနည်းပါးပါး ခိုက်မိတာပါ.. ''''
ရွှီကြွင်းက ယုံနိုင်စရာမရှိသော အဖြေကြောင့်..
'' နည်းနည်းတော့ ယုတ္တိမရှိသလိုဘဲဗျ . .. လက်တစ်ထောင်ထန်ဖုလို သိုင်းထိပ်ခေါင်တစ်ယောက်က ချောက်ထဲဆင်းတာ နဖူးယောင်လာရတယ်လို့ .. '''
ထင်းလွေသည် အကျယ်အကျယ်နှင့် စကားများမည်စိုးသဖြင့် ..
''ကိုင်းပါကွာ ညီလေးတု လူဘာမှ မဖြစ်လာရင်ပြီးရောပေါ့ .. သွား ..သွား လူလေးရော...ညီငါးရော .ရေမိုးချိုးပြီးရင် ပြန်လာခဲ့ .. မင်းအကိုနှစ်ဝေဒနာအကြောင်း တိုင်ပင်စရာရှိတယ်...'''
အားကွေ့နှင့် ထန်ဖုသည် ထင်းလွေ၏စကားကြောင့် သက်ပြင်းကိုယ်စီ မူတ်ထုတ်ကာ နောက်ဖေးသို့ ပြေးကြလေသည် ..
သူတို့၏မဟာအရှက်ကွဲမှုကြီးကိုသာ သိလျှင် ရယ်ဟားဟားကြမည့် အပြင် ရွှီကြွင်း၏ ပွစိပွစိဆုံးမခြင်းကို ခံရတော့မည်လေ..
တူဝရီးနှစ်ယောက်သည် ပြုံးရွှင်ရယ်မောကာ ကျောက်ခွက်ထဲမှ ရေများ ခပ်ကာ ၀အောင်ချိုးပြီးနောက်အ၀တ်အစားလဲကာ.. ထင်လွေတို့ ၀ိုင်းဖွဲ့နေသည့်ကြား
ထဲသို့ တိုးဝင်ထိုင်လိုက်သည်..
ထင်းလွေက လူစုံပြီဆိုသည်နှင့် ..
''' ညီလေးတို့ လူလေးတို့ သိကြတဲ့အတိုင်းပဲ ..အခုဆို ညီနှစ်ရဲ့ ဝေဒနာ ကတစ်နေ့တခြားပိုပိုဆိုးလာပြီ .. .. ကြာရင် ညီနှစ် တစ်ယောက်လုံးပါးပါးတော့မယ် ..အခုတောင် အစားအသောက်သိပ်မ၀င်တော့ဘူး.. ငါ့ညီတွေ ငါထက်အရင် မသေရဘူးလို့ သွေးသောက်ညီအကိုဖွဲ့တုန်းက ကျိန်ထားတဲ့စကားအတိုင်း အကိုကြီးကတော့ ညီနှစ်ကို ရအောင်ကုသပေးချင်တယ် .. ဒါပေမယ့် ဆေးပညာနဲ့ ပတ်သက်လို့ရော .. ဒီသိုင်းပညာရဲ့ ချို့ယွင်းချက်ကိုရော အကိုကြီးက မသိမတတ် ကျွမ်းလေတော့ .. သိနားလည်တဲ့သူတွေကို အကူအညီတောင်းဖို့ ကိစ္စအတွက် ငါ့ ညီတွေကို တိုင်ပင်ရတာပဲ ..'''
လေးမျက်နှာပညာရှိချင်ဝေ ကမူစဉ်းစဉ်းစားစားဖြင့် ..
'''ဒါပေမယ့် အကိုကြီး ကျွန်တော်သိသလောက်တော့ အကိုကြီးလောက် အောက်လမ်းသိုင်းပညာကို နားလည်တတ်ကျွမ်းတဲ့လူမရှိသလို ... အကိုနှစ်လောက် လဲဆေးပညာကို တဖက်ကမ်းခတ်တဲ့လူ သိုင်းလောကမှာ တစ်ယောက်မှ မရှိဘူးဗျ.. ''
အဆိပ်ဘုရင်မော်ထိုက်ကလည်း ထိုစကားကိုထောက်ခံကာ
'''အကိုသုံးပြောတဲ့စကားကတော့ မှန်တယ်ဗျ ..အကိုကြီးသိုင်းလောကမှာ အကိုကြီးတို့နှစ်ယောက်တောင်မတတ်နိုင်တဲ့ကိစ္စကို ဘယ်သူ့ကို အကူအညီ သွား တောင်းရမှာလည်း..''
ထင်းလွေက ပြုံးလိုက်ပြီးနောက် ..
''ညီလေးတို့မသိတဲ့ကိစ္စတွေလောကကြီးမှာ အများကြီးရှိသေးတယ်ကွ.. သိုင်းလောကဆိုတာ ဒီ့ထက် အများကြီးကျယ်ပြန့်တယ် .. တောင်..မြောက် ..အလယ် သိုင်းလောကသုံးခု ထဲမှာ အခုညီလေးတို့ အကိုကြီးတို့ကျင်လည်ခဲ့တဲ့ အလယ်ပိုင်းလောကမှာတောင် လှို့ဝှက်ချက်တွေ အများကြီးရှိတယ် ..အကိုကြီး သိုင်းလောကထဲကို ၀င်မယ်လုပ်တော့.. ဆရာကပြောတယ် .. ထင်းလွေ မင်းရဲ့ သိုင်းပညာက သိုင်းလောကမှာ လူပေါ်လူဇော်လုပ်လို့တော့ရပြီတဲ့ .. ဒါပေမယ့် မင်းကအကြံအစည်အရမ်းကြီးတယ် ..လောဘလည်းကြီးတယ် တနေ့နေ့မှာ မင်းဟာ သိုင်းလောကကို အုပ်စိုးဖို့ကြံစည်လိမ့်မယ်တဲ့ ..နောက်ဆုံးတော့ မင်းရဲ့ထင်ပေါ် ချင်တဲ့စိတ်ကြောင့် နောက်ဆုံးမှာ သံဝေဂတွေနဲ့ပဲအဆုံးသတ်ရလိမ့်မယ် မင်းနဲ့စာရင် ပုလူးဝူသွဲ့ကမှ နီးစပ်အုံးမယ်လို့ နိမိတ်ဖတ်တယ်... အကိုကြီးကတော့ ဆရာပြောနေတဲ့အချိန်မှာ ရယ်နေတာပေါ့ကွာ ..ပြီးတော့ ပြန်မေးမိတယ်.. ဆရာလို့ တကယ်လို့သာ ကျွန်တော်သိုင်းလောကကို အုပ်စိုးမယ်ဆိုရင် ဘာတွေကို ရှောင်ရမလဲလို့မေးတော့ .. ဆရာက သိုင်းလောက ဟာ မင်းသိတာထက် အများကြီးကျယ်ပြန့်တယ်တဲ့ ..လှို့ဝှက်ချက်လည်းများတယ် .. ပြီးတော့ ကြောင်လက်သည်းဖွက်သလို ဖွက်ထားတတ်တဲ့ တကယ့် သိုင်းလောက ထိပ်ခေါင်ပညာရှင်တွေလည်း ရှိတယ်လို့ ပြန်ဖြေတယ် .. ဆရာကဆက်ပြီး .. ထင်းလွေတဲ့ သိုင်းဂိုဏ်းတစ်ခုတည်ထောင်ဖို့ဆိုတာ နေ့ချင်းညချင်း တည်ဆောက် လို့မရဘူး .. အချိန်ရယ် ငွေကြေးရယ် အင်အားရယ် ..လုံ့လ၀ီရိယနဲ့ဇွဲ ..ဉာဏ် လိုတယ် .. တည်ထောင်ပြီးရင်တောင် ပျက်စီးဖို့လမ်းစလည်း များတဲ့အတွက် ဆက်လက်တည်တန့်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်လက်ထိမ်းသိမ်း ဖို့ လိုတယ်တဲ့ ... အေး .. အဲ့ဒီလို ခက်ခဲတဲ့ကြားကမှ နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ ဂိုဏ်းဟာ အလွန်ကြောက်ဖို့ကောင်းတယ်တဲ့ .. ဆရာက ရှောင်လင် ..၀ူတန်း .. ခွန်လွန်း .ငိုမေ..၀ါဆန်း .. အစရှိတဲ့ဂိုဏ်းတွေကို ဥပမာပေးတယ် ..'''
အားကွေ့က ၀ါဆန်းဟူသော အသံကြားသည်နှင့် အထင်သေးသည့် ပုံစံနှင့် ကြားဖြတ်ကာ ..
'' ဘဘကြီး ရယ် ၀ါဆန်းဂိုဏ်းချုပ်ကတော့ တော်တော် အ တဲ့သူပါဗျာ .. ဘုန်းဘုန်း လွယ်လွယ်လေးနိုင်လိုက်တဲ့ .. သွေးဘီလူးကို သုံးယောက်ပေါင်း တိုက်တာ တောင်မနိုင်ဘူး..'''
ထင်းလွေက ခေါင်းကို ယမ်းခါလိုက်ပြီး ..
''လူလေးက သိုင်းပညာအကြောင်းကို မသိသေးလို့ ဒီလို စကားမျိုးကို ပြောတာကွဲ့ .. ၀ါဆန်းဂိုဏ်းမှမဟုတ်ဘူး အခုအချိန်မှာ ဂိုဏ်းအလတ်အစား လိုမျိုး ဖြစ်နေတဲ့ ငိုမေ ဂိုဏ်းလိုမျိုးမှာတောင် ..အနိုင်ယူဖို့ ခက်ခဲလှအောင် ထက်မြက်တဲ့ သိုင်းကွက်တွေရှိတယ်ကွဲ့ ..'''
ထင်းလွေက သူ၏စကားကို မယုံကြည်သေးပုံရသည့် အားကွေ့အားကြည့်ကာ
''လူလေးက ဘဘစကားကိုမယုံသေးတာကိုး.. ဟုတ်ပြီ.. လူလေး အခုလက်ရှိ တတ်ထားတဲ့သိုင်းနဲ့ အတွင်းအားဟာ ထိပ်တန်းအဆင့်ထက်တောင် ကျော်နေပြီ .. သိုင်းပညာချည်းသက်သက်ဆိုရင်တောင် ဘဘ မသိသေးတဲ့ သိုင်းတွေ လူလေးက တတ်ထားသေးတယ် .. ဒါပေမယ့် အခုနေ ဘဘကို လူလေး နိုင်မယ် ထင်လား..'''
''ဟာ.. ဒါတော့ ဘယ်လို နိုင်ပါ့မလဲ ဘဘကလည်း.. '''
ထင်းလွေက အားကွေ့၏ စကားကိုသဘောကျသလိုရယ်ကာ ..
'' ဘဘက လူလေးကို တခြားသိုင်းမသုံးပဲ ငိုမေ ဂိုဏ်းရဲ့ သိုင်းကွက်နဲ့ပဲ တိုက်မယ်ဆိုရင်ရော ..'''
အားကွေ့သည် မျက်မှောင်ကျုံ့ စဉ်းစားလိုက်ပြီး ...
'' ဘဘ တခြားသိုင်းလုံးဝမသုံးဘူးဆိုရင်တော့.. ကျွန်တော့်ကို နိုင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်နော့်.'''
ထင်းလွေက
''ကောင်းပြီ ဒါဆို လူလေးကို ဘဘ က ငိုမေဂိုဏ်းရဲ့ လျို့ဝှက်သိုင်းကွက် ဖြစ်တဲ့ ပြောင်းလဲခြင်းမရှိသော ကိုယ်ဟန်ရှစ်ခု ဆိုတဲ့ သိုင်းကို သုံးပြီးတိုက်မယ် .. ရအောင် ကာပေတော့ .. လာပြီနော်..'''
ထင်းလွေသည် စကားဆုံးသည်နှင့် ထိုင်နေရာမှ မထပဲ အားကွေ့အား အဆိုပါသိုင်းနှင့် တိုက်ခိုက်လိုက်လေ၏..
အားကွေ့သည် မော်ထိုက်နှင့် ထန်ဖု ကြားမှ ထိုးထွက်လာသော ထင်းလွေ၏ လက်အား ရုပ်ပျက်ဆင်းပျက်ရှောင်တိမ်းလိုက်ရင်း ..
'' ခဏလေးရပ်ပါအုံး .. ဘဘက ချက်ခြင်းတိုက်ခဲ့တာကိုး.. ''
ထင်းလွေက ထိုင်ရာမှ ထရပ်လိုက်ရင်း ... အင်္ကျီလက်စကိုသိမ်းကာ
''ဟားဟား လူလေးကို ဘယ်ရန်သူက ဒီလိုရပ်ပေးမယ်ထင်လို့လဲ.. လူလေး မြဲမြဲမှတ်ထားဖို့က သိုင်းသမားတစ်ယောက်ဟာ အမြဲသတိရှိနေရမယ် .. စားသတိ လာသတိ သွားသတိ ..အိပ်သတိ နဲ့ သတိကို အသင့်ဖြစ်အောင်ဖြစ်ထား.. ဘယ်သူ့ ကိုမှမယုံလေလေ လူလေး အတွက်ကောင်းလေလေပဲ ..'''
အားကွေ့က တိုက်ခိုက်ရန် နေရာကျယ်အောင် ကျောက်ဖြင့် ပြုလုပ်ထား သော ပရိဘောဂများကို ရှင်းလင်းလိုက်ပြီး .. သိုင်းဟန်ခင်းကာ
'''' ဘဘရေ စလို့ရပြီဗျ..''
ထင်းလွေက ..
''' လူလေးကို တိုက်မယ့်သိုင်းက ခုနကသိုင်းကွက်ပဲ ပြောင်းလဲခြင်းမရှိသော ကိုယ်ဟန်ရှစ်ခု .. '''
''၀ှီး..၀ှီး..''''
ငိုမေ၏သိုင်းပညာများမှာ သွက်လက်ခြင်း .. ပျော့ပြောင်းခြင်း .. နူးညံ့ခြင်း .. လှပခြင်း တို့ကို ပေါင်းစည်းထားသည်ဖြစ်ရာ ထင်းလွေ၏ ကိုယ်ဟန်နှင့် လက်သိုင်းမှာ လိပ်ပြာလေး တစ်ကောင်ပျံဝဲနေသည့်အသွင်သဏ္ဍန်ကို ဆောင်နေလေ၏..
အမြင်သာလှသော်လည်း .. သိုင်းကွက်၏ သက်ရောက်မှုဒါဏ်ကို ခံနေရသော အားကွေ့အတွက်တော့ အကျည်းတန်လွန်းသော အကွက်ပင်..
ထင်းလွေ၏ လက်နှစ်ဖက်သည် မထင်မှတ်နိုင်လွန်းသော အမြန်ဖြင့် လေထဲတွင် ရှစ်ကွက်ခွဲထွက်သွားပြီး အားကွေ့ ၏ ကိုယ်ခန္ဓာ အနှံ့အပြားအား ထိုးဖောက်တော့ မည့် ပုံစံဖြစ်သွားသည်မို့ အားကွေ့ မှာ တိုက်ခိုက်ရန် မဆိုထားနှင့် ခုခံဖို့ပင် မနည်း ကြိုးစားလိုက်ရသည်..
''လူလေးရေ နောက်တစ်ကွက်က .. တောင်တန်းပေါ်က ခေါင်းလောင်းသံ တဲ့ ငိုမေဂိုဏ်းရဲ့ .. အဆင့်မြင့်ဓါးကွက်တစ်ကွက်ပဲ .. ဘဘက လက်ကိုပဲသုံးမယ် .. '''
'' ဖြန်း..ဖြန်း..ဖြန်း..''
အားကွေ့သည် အမြင်လှပသလောက် သိုင်းကွက်အသွား အလာရှုပ်ထွေး လှသော ထိုသိုင်းကွက်အား.. အနက်ရောင်လောက အနီရောင်အခန်း သိုင်းကျမ်းထဲမှ ဓါးကွက်ဖျက်ကွက် သူတော် လည်ဖြတ်ဟူသော ရက်စက်ကြမ်းကျုတ် လှသည့် သိုင်းကွက်ဖြင့် ခုခံလိုက်ရာ လက်ဝါးစောင်းခြင်းထိတွေ့သံသုံးချက်တိတိ ထွက်ပေါ်သွားသည်..
အားကွေ့သည် ထိုသိုင်းကွက်ကိုကာကွယ်လိုက်နိုင်သဖြင့် ဂုဏ်ယူဟန်ပြင်နေ စဉ်တွင် ..ထင်းလွေလက်သည် သူ၏လက်နှစ်ဖက်ကြားမှ ရွှေရောင်နဖူးအား အသာလေးတို့ထိသွား၏..
အားကွေ့သည် သူရှူံးသွားသဖြင့် ငိုမေဂိုဏ်းတွင် ထက်မြက်သော သိုင်းကွက်များရှိသည်ကို လက်ခံလိုက်ရသည်..
ထင်းလွေက ငိုင်နေသော အားကွေ့၏ ပုခုံးပေါ်လက်တင်ကာ ..
''' စိတ်ဓါတ်ကျစရာမလိုပါဘူး လူလေးရဲ့ ..တကယ်တော့ လူလေးမှာ အတွေ့
အကြုံကောင်းကောင်းမရှိသေးလို့ပါ .. ပြီးတော့ ဟိုတစ်ခါဘဘပြောသလိုပဲ လူလေး သိတဲ့ သိုင်းကွက်တွေက အရမ်းများတော့ အရေးကြုံရင် ဘာသိုင်းကွက်ကို သုံးရမယ် ဆိုတာ ကို ဝေခွဲမရဖြစ်နေတာ.. လူလေး အဖို့အရေးကြီးတာ သိုင်းကွက် တွေကို ချုံ့ နိုင်သလောက် ချုံ့ ထားရမယ် .. အကွက်နည်းလေ ပိုကောင်းလေပေါ့ကွာ .. အခု တော့ လူလေးကောင်းကောင်း သင်ခန်းစာ ရသွားပြီမို့လား...'''
အားကွေ့ ကစကားဖြင့် ပြန်မဖြေတော့ပဲ ခေါင်းငြိမ့်ပြလိုက်သည် .. ပြီးနောက် ပရိဘောဂများ ကို ပြန်စီပြီး အမောပြေသောက်သုံးရန် အကြမ်းအိုးအား ပြင်ဆင်ထား လိုက်၏ .. ထင်းလွေက သူ၏ညီများနှင့် ပြောနေသော စကားကို ပြန်ဆက်သည်..
'''' ဆရာက သိုင်းဂိုဏ်းအသီးသီးမှာ အစွမ်းထက်တဲ့သိုင်းတွေ အများကြီး ရှိတယ် လို့ အကိုကြီးကိုပြောတော့ အကိုကြီးလည်း ခုန အားကွေ့လို မယုံကြည် မိဘူးပေါ့ .. ဒါပေမယ့် သိုင်းလောက ထဲကို ရောက်တော့မှ ဆရာ့စကားဟာ မှန်တယ် လို့ လက်ခံစပြုလာတယ် .. တချို့ သိုင်းကွက်တွေဆို တကယ့်ကို ခုခံဖို့ မလွယ်ကူ တဲ့ သိုင်းကွက်တွေ .. ဥပမာ အကိုကြီး စောန ကသုံးသွား တဲ့ ဓါးသိုင်း ကွက်ပေါ့ .. ဒါပေမယ့် သိုင်းဂိုဏ်းတွေမှာ စစ်မှန်တဲ့ လက်ခံသူတွေ မရှိလေတော့ သိုင်းကွက်ရဲ့ အသုံးချနိုင်စွမ်းက အနိမ့်ဆုံးအဆင့်ကို ရောက်သွားလေရဲ့ .. သင်ကြားသူကလည်း ခပ်တုံးတုံး လက်ခံသူကလည်း ခပ်ညံ့ညံ့ဆိုတော့ ကိုယ့်ဂိုဏ်းရဲ့ အဖိုးတန်သိုင်းကွက် တွေကို တန်ဖိုးရှိမှန်းမသိကြတော့ဘူး .. နားလည်အောင်လည်း မလုပ်ကြတော့ဘူး .. ကိုယ်ညံ့တာကိုညံ့မှန်းမသိဘဲ သိုင်းလောကထဲမှာ နာမည်ကြီးနေတဲ့ သိုင်းကျမ်း တွေ နောက် သေသေကြေကြေ လိုက်နေကြရော .. '''
ထင်းလွေသည် စကားပြောရလွန်း၍ အာခေါင်ခြောက်နေသဖြင့် အားကွေ့ ငှဲ့ပေးထားသော ရေနွေးကြမ်းကို မော့သောက်လိုက်ပြီး ..
'''' အဖြူရောင်သိုင်းဂိုဏ်းတွေရဲ့ အားနည်းချက်က အဲ့ဒါပဲ .. ဆရာနဲ့တပည့် ကြားမှာ လွတ်လပ်မှုမရှိဘူး .. ဆရာက ဒါဆိုရင် ပြန်မပြောနဲ့ ငါသင်ပေးတဲ့ အတိုင်း လုပ် ဆိုတဲ့ တဖက်ပိတ် သင်ကြားမှုတွေက ကိုယ့်ဂိုဏ်းကိုကိုယ် ကိုယ့်တပည့်ကို ကိုယ် ပြန်သတ်နေသလိုပဲ .. ရှေ့ဆက်တီထွင်မှုတွေ မလုပ်နိုင်တဲ့အပြင် ဆရာတွေ က တပည့်တွေကို ဘယ်တော့မှ အကွက်အကုန်မသင်ပေးလိုက်ဘူးလေ.. ငါတို့ အနက်ရောင်သိုင်းလောကကတော့ သူတို့နဲ့ လုံးလုံးလျားလျား ကွဲပြားတယ် .. သိုင်းပညာအသစ်ထွင်လိုက်တာနဲ့ ဆရာက သူ့တပည့်ကို အရင် တတ်အောင် သင် ခိုင်းတော့တာပဲ .. စေတနာပါလို့တော့ မဟုတ်ဘူးပေါ့ကွာ ..အကျိုးအပြစ် သိရအောင် .. အဖြူရောင်ဂိုဏ်းတွေမှာ တခုအားသာချက်ရှိတာက .. သူတို့ရဲ့ သိုင်းပညာတွေ ဘယ်လောက်ပဲ မှေးမှိန်နေပါစေ တချိန်ချိန်မှာတော့ တကယ့်ကို စစ်မှန်တဲ့ သိုင်းပညာ ရှင်တွေ ပြန်ပေါ်လာတာပဲ .. အဲ့အချက်ကတော့ အလွန်ချီူးကျူးဖို့ကောင်းတယ် .. ဥပမာ ခွန်လွန်းဂိုဏ်းရဲ့ ဆရာကြီးမုန့်တို့ ..ထင်းရှီ နတ်မယ်တို့ .. ၀ါဆန်းက အပြုံးဓါးဘုရင် အဘိုးအိုတို့ .. သူတောင်းစားဂိုဏ်းက ထော့ကျိုးအရက်သမား တို့ ဆိုရင် အကိုကြီးထက်မသာရင်သာရှိမယ် .. အောက်တော့မကျဘူး .. ဒါတွေကို ငါ့ညီတို့ လူလေးတို့မသိဘူး.. ငါ့ညီတို့ စိတ်ထဲမှာ အကိုကြီးထက် သိုင်းပညာသာ တာ ဆိုလို့ ရှောင်လင်ဂိုဏ်းချုပ်ကြီးတစ်ယောက်ထဲရှိတယ်လို့ ထင်နေကြတယ်မို့ လား .. အမှန်ကမဟုတ်သေးဘူးကွ .. '''
လေးမျက်နှာပညာရှိချင်ဝေသည် သူမသိသောအကြောင်းအရာအသစ်ဖြစ် သောကြောင့် လွန်စွာစိတ်ဝင်စားကာ ..
''' ဘယ်လိုလူများလဲဗျာ .. ခြေလေးချောင်း .. လက်လေးဖက်နဲ့ ခေါင်းနှစ်လုံး မိစ္ဆာတော့ မဟုတ်ဘူးမို့လား ..''
''ဟားဟားဟားဟား ..မဟုတ်ရပါဘူးကွာ ..ဒါပေမယ့် အဲ့မိစ္ဆာလောက်နီးနီး များ အစွမ်းထက်မလားတော့ အကိုကြီးလည်းမသိဘူး ..သူတို့က အမှောင်နန်းတော် မှာနေတာကွ..''''
'''အမှောင်နန်းတော်....'''
ရွှီကြွင်း..မော်ထိုက်နှင့်ထန်ဖုမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုနာမည်ကို ရေရွတ်လိုက်ကြသည်..
ထင်းလွေက ..
'''အမှောင်နန်းတော်က ပုံပြင်လိုလိုဖြစ်နေပေမယ့် တကယ်ရှိတယ် .. တအားလျှို့ဝှက်လွန်းလို့ ရှိမှန်းမရှိမှန်း ဝေခွဲမရကြတာ ညီလေးတို့ရဲ့...... '''
ချင်ဝေက လက်ထဲတွင်ကိုင်ထားသော ရေနွေးခွက်ကို ချလိုက်ရင်း ..
'''ဒါဆို အမှောင်နန်းတော်အကြောင်းကိုသိတဲ့လူက သိုင်းလောကမှာ သိပ်မရှိ ဘူးပေါ့ ...'''
''ဒီလိုလဲမဟုတ်သေးဘူး.. အကိုကြီးအထင်တော့ သိတဲ့လူ ရောက်ဖူးမယ့် သူတွေ ရှိလိမ့်မယ်ထင်တယ်..ဘာလို့လည်းဆိုတော့ ဆရာပြောဖူးတယ် မြေအောက် မြို့တော် မှာ မြေအောက်ဈေးဆိုတဲ့ ဆန်းဆန်းပြားပြား ဈေးတစ်ခုရှိတယ် .. နှစ်နှစ်မှာ တစ်ခါ အဲ့ဈေးကို ဖွင့်ထားသတဲ့ .. တစ်ခါဖွင့်ရင် သုံးလ လောက်ကြာတယ်.. အဲ့ဈေး ကို သိုင်းလောကထဲကလူတွေတောင် အရောင်းအ၀ယ်လာလုပ်ဖူးကြသတဲ့.. ဒါပေမယ့် ကိုယ်ရောင်းချင် ၀ယ်ချင်တာကလွဲလို့ အစပ်အစုလည်း မလုပ်ရဘူး ...ကိုယ်ကိုယ်တိုင်ကလွဲလို့ ဈေးအကြောင်းလည်း ဘယ်သူ့ကိုမှ ပြန်မပြောရဘူးတဲ့ .. ဈေးလာဖို့ကိုလည်း အရင်တစ်ခေါက် ရောက်ဖူးတဲ့သူ သူတို့ နုတ်လုံမယ်လို့ ထင်တဲ့သူ ကို အကြွေစိတမျိုးနဲ့ဖိတ်ခေါ်တယ်ဆိုဘဲ ....'''
အဆိပ်ဘုရင်မော်ထိုက်က ..
'''ဒါဆိုအဲ့ဈေးထဲမှာ အကိုကြီးနဲ့အကိုနှစ် ဝေဒနာ ပျောက်တဲ့ဆေး ရှိနိုင်လောက်သလား..'''
ထင်းလွေက လက်ခါပြလိုက်ရင်း ..
''အဲ့လောက်တော့ ဘယ်လွယ်ပါ့မလဲကွာ .. ငါတို့လိုချင်တဲ့ဟာ အဲ့ဈေးမှာ မရှိနိုင်လောက်ဘူး .. အမှောင်နန်းတော်မှာပဲရှိနိုင်တယ် .. ခက်တာက သွားဖို့ လမ်းစ မရှိတာပဲကွ... '''
အားကွေ့က စပ်စုတတ်သော လူငယ်ပီပီ ထိုအမှောင်ဈေးကို ရောက်ချင် လှသည်နှင့် ..
'''ဘဘကြီးကျွန်တော် အဲ့ဈေးကို ရအောင်စုံစမ်းပေးမယ်လေ.. နေရာသိရင် ဘုန်းဘုန်းနှစ် ကိုခေါ်ပြီး အတူတူသွားကြတာပေါ့ ... ''
ရွှီကြွင်းက အားကွေ့၏ခေါင်းကို တစ်ချက်ခေါက်လိုက်ပြီး ..
''' မင်းလို ကောင်ကို လောကကြီးထဲလွတ်လိုက်လို့ကတော့ တလောကလုံး ဗြောင်းဆန်ရင်ဗြောင်းဆန် မဗြောင်းဆန်ရင်လည်း သူများသတ်လို့ မင်းသေမှာပဲ ..''
ထင်းလွေကတော့ အားကွေ့စကားကို စဉ်းစားနေသည့်နှယ် .. တွေးနေရာမှ
'''အားကွေ့စကားက ဟုတ်တော့ဟုတ်တယ်ကွ .. ငါတို့က အသက်လည်း ကြီးလှပြီ နောက်ကြောင်းကလည်းမကောင်းတော့ သိုင်းလောကထဲဆင်းရင် သေချာပေါက် ပြသနာဖြစ်မှာပဲ .. အားကွေ့လို အသက်လည်းငယ် နောက်ကြောင်း လည်းရှင်း .. ဉာဏ်လည်းကောင်း ပြီးတော့ သူ့သိုင်းပညာနဲ့ဆို ဘယ်သူမှ ရန်ပြု နိုင်မှာ မဟုတ်ဘူး.. အားကွေ့ကို ဆင်းခိုင်းပြီး စုံစမ်းခိုင်းရင် ငါ့အထင်တော့ သေချာ ပေါက် အမှောင်နန်းတော်ကို တွေ့နိုင်လောက်တယ် ..'''
ရွှီကြွင်းကတော့ ထိုအကြံအစည်ကိုလုံးဝလက်မခံနိုင်သဖြင့် ရှူးရှူးရှဲရှဲ ဖြစ်၍..
'''အကိုကြီး ..အကိုကြီးလည်း အားကွေ့အကြောင်းသိရဲ့သားနဲ့ .. ဒီကောင့် စိတ်ထားနဲ့ဆို ဘယ်လိုမှမဖြစ်နိုင်ဘူး ..'''
သို့သော် ချင်ဝေကလည်း .. ထင်းလွေ၏ စကားကို ထောက်ခံကာ ..
'' ညီလေးတု မင်းစိတ်ထဲမှာ အားကွေ့ကို ကလေးလို့ပဲ ထင်မနေနဲ့ .. ဒီကောင့်အသက်အရွယ်နဲ့ လောကကြီးကိုခြေဆန့်ဖို့သင့်ပြီ.. ငါတို့တတွေတောင်မှ သူ့လောက်အရွယ်မှာ အောင်မြင်မှုခြေလှမ်းစနေကြပြီမဟုတ်လား ..ပြီးတော့ .. အကိုနှစ်ရဲ့ရောဂါအကြောင်းလည်းမင်းသိသားနဲ့..'''
''အကိုသုံး .. အားကွေ့ကိုလွတ်မယ့်အစား ကျွန်တော်ကိုယ်တိုင်ဆင်းပြီး ရှာမှာပေါ့.. ကျွန်တော့်အတွေ့အကြုံနဲ့ဆို ရှာမတွေ့နိုင်စရာအကြောင်းမရှိဘူး ..'''.
ထန်ဖုကပါဝင်၍
'' ညီလေးတု မင်းတသက်လုံးအားကွေ့ကို စောင့်ရှောက်သွားလို့မရဘူးလေ .. မင်းတို့ငါတို့မရှိရင် သူလည်း ကိုယ့်လမ်းကိုယ်လျှောက်ရမှာ ..မင်းလည်းသိတဲ့ အတိုင်း မြေခွေးပေါက်ကိုတော့ ဘယ်သူမှ ထိခိုက်အောင်မလုပ်နိုင်လောက်ပါဘူး .. သူကသာ သူများကို လုပ်မယ့်ကောင်.. ''''
'''အဲ့လို ဖြစ်မှာစိုးရိမ်လို့ပေါ့ဗျာ .. ဒီကောင် တတ်ထားတဲ့ပညာတွေက သိုင်းလောကရဲ့ ပိတ်ပင်ထားတဲ့ သိုင်းကွက်တွေ .. တကွက်လောက် သုံးလိုက်တာ နဲ့ သိုင်းလောကတစ်ခုလုံး မီးခိုးမဆုံးမိုးမဆုံး လိုက်လာပြီး အုံနဲ့ကျင်းနဲ့ တိုက်ခိုက်ခံရမှာ ဗျ .. ဒီကောင့်ကိုလည်း ရွံစရာသတ္တ၀ါတစ်ကောင်လိုဆက်ဆံကြတော့မှာ .. '''
အားကွေ့သည် သူ့အား အလယ်တွင်ထားကာ ငြင်းခုံနေကြသော ညီအကို များအား မျော်လင့်ချက် မျက်လုံးဖြင့်သာ ကြည့်နေရတော့သည်..
===++++=====+++=====++++====++=====
#44 ( အစ၏အဆုံး ..အဆုံး၏အစ )
အလွန်တရာခေါင်လှသော ညို့မှိုင်းမှိုင်းတောတန်းကြီးထဲမှ နတ်နှင့်ရိုးမှား ရွှေစင်သားကဲ့သို့ မိန်းမပျိုလေးတစ်ယောက် ထွက်လာသည်... အဖြူရောင်ဝတ်စုံနှင့် လှချင်တိုင်းလှနေသောသူမ၏မျက်နှာလေးပေါ်တွင် သြောကာသကြီးအား ယခုမှ တွေ့မြင်ရသူပမာ ရွှင်ပြလန်းဆန်းလျှက်ရှိ၏...သူမ၏ ဖူးညွတ်သွဲ့ပြောင်းသော လက်ကလေးဖြင့် လမ်းနဘေးတွင် ပေါက်နေသော အနီရောင်တောပန်းရိုင်းတို့ကို တို့ထိလိုက် .. ဖိနပ်မပါ သော ခြေဖ၀ါးအစုံ အစုံဖြင့် မြက်ခင်းပြင်ပေါ်တက်ပြေးလိုက် နှင့် သူမတစ်ယောက်ထဲပြုံးရယ်ကာ ပျော်ရွှင်နေပုံရသည်..
ဖွေးဥနေသည့်ဖမိုးမို့မို့အောက်က ပန်းသွေးရောင်တောက်နေသော ခြေဖ၀ါး နုနုဖြင့် ဖိနင်းခံရသည်ကို ဂုဏ်ယူသည့်နှယ် ပိပြားသွားသည့် မြက်များသည် သူမ နောက်တဖန်ပြန်နင်းပါလည့်ဟု ဆိုသလိုမျိုးခေါင်းပြန်ထောင်လာကြ၏...
သူမ၏အဖုဆစ်ကင်းသောခြေမျက်စိနားမှ သွေးကြောစိမ်းလေး တစ်ဒိတ်ဒိတ် ခုန်နေသည်က ပင် ဘဒ္ဒလောကကို စည်းချက်နရီမှန်အောင် ပြုနေယောင်ယောင်....
အပြစ်ကင်းစင်သော ကလေးလေးသဖွယ် ပြုံးပျော်နေသော သူမ၏မျက်နှာ လေးပေါ်တွင် ဆံနွယ်မျှင်အချို့ ကပိုကယိုလေးဝဲကျနေသောကြောင့် တမျိုးလေး လှပနေ၏..
သူမမှာ သာယာလွန်းသော ၀န်းကျင်ကြောင့် အလိုလို ပျော်နေသည်ထင်၏ သန္တာရောင်နူတ်ခမ်းဖူးဖူးလေး တလှုပ်လှုပ်ဖြင့် သီချင်းလေးတစ်ပုဒ်ကိုတိုးတိုးလေး ဆိုငြီးကာ ခြေဖျားလေးထောက်၍ ကိုယ်ခန္ဒာကို တပတ်လည့်လိုက်သည်...
အဖြူရောင်ဂါဝန်လေးလေထဲဝဲသွားသဖြင့် အပြစ်အနာအဆာမရှိ မွှေးညှင်း ပေါက်ပင်မရှိဘဲ ၀င်းမွတ်နေသောခြေသလုံးသားလေးပေါ်ထွက်လာ၏..
သို့သော် လှလွန်းဆွေ ချစ်ရာ့မိန်းမပျိုလေး၏ လွတ်လပ်မှုသည် အချိန်ခဏ တာအတွင်းမှာပင် ကုန်ဆုံးသွားပုံရသည် .. မျက်ခုံးနှစ်ခုကို တွန့်လိုက်ပြီး အနောက် ဖက်ကိုလည့်ကာ.....
''ရှောင်မိန် .. မလိုက်လာဖို့ ပြောထားရဲ့သားနဲ့ .. တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေချင်လို့ပါဆို ... '''
သစ်ပင်တန်းကြား မြေသားလမ်းကလေးထဲမှ အနီရောင်ဝတ်စုံဖြင့် မိန်းကလေး တစ်ယောက်ထွက်လာပြီး...
'''သခင်မလေးနောက်ကို ရှောင်မိန် ထပ်ချပ်မကွာလိုက်ဖို့ ဘိုးဘိုးကြီးတို့က အမိန့်ပေးထားတယ်လေ.. အခု နန်းတော်မှာ ဘိုးဘိုးကြီးတို့ မရှိတော့ဘူးဆိုပေမယ့် ရှောင်မိန်ကတော့ အမိန့်ကိုမနာခံမနေရဲပါဘူး ..'''
သခင်မလေးသည်ရှောင်မိန်၏ စကားကြောင့် အံ့သြောသွားသည့်နှယ် နူတ်ခမ်းလေးကိုဝိုင်းလျှက်..
'''' ဒါဆိုအခု နန်းတော်မှာ ဘိုးဘိုးကြီးမရှိဘူးပေါ့ ဟုတ်လား..'''
ရှောင်မိန်က တောပန်းလေးကို လက်ဖြင့်နူတ်လိုက်ပြီး ..
''ဘိုးဘိုးကြီးရော ..ဘိုးဘိုးလတ်ရော ..ဘိုးဘိုးငယ်ရော သုံးယောက်စလုံး မရှိဘူး ... သခင်မလေး ဒီကိုထွက်လာပြီး ခဏနေတော့ ထွက်သွားကြတာပဲ .. မသွားခင် ရှောင်မိန်ကို အထပ်ထပ်မှာသွားတယ် သခင်မလေးနားက ဘယ်မှ မခွာဖို့ ကို... '''
သခင်မလေးက နဖူးစပ်မှ ဆံပင်လေးကို လက်ဖြင့်သပ်တင်လိုက်ကာ ..
''' နန်းတော်မှာ သုံးယောက်လုံးမရှိဘူးဆိုတော့ .. ဘာများအရေးကြီး ကိစ္စ ရှိလို့လဲမသိဘူးနော်... '''
ရှောင်မိန်က တောပန်းလေးကို နမ်းလိုက်ပြီး ..
'''ဟို ထင်းလွေဆိုတဲ့သူကို သွားခေါ်ဖို့လို့တော့ အိမ်တော်ထိန်းကြီးက ပြောတာပဲ.. အံ့သြောစရာကောင်းတာက ခါတိုင်း လူခေါ်ဖို့ဆိုရင် နန်းတော်က လူတွေကိုလွတ်လိုက်တာ .. အခုမှ ထူးထူးဆန်းဆန်း ဘိုးဘိုးကြီးတို့ ကိုယ်တိုင် သွားတော့ ထင်းလွေဆိုတဲ့လူက တော်တော်အရေးပါပုံထောက်တယ်.. '''
သခင်မလေးက နူတ်ခမ်းလေးကို ကိုက်ကာစဉ်းစားလိုက်ပြီး ခဏကြာမှ ..
''ငါလည်းအဲ့ဒါကိုစဉ်းစားနေတာ ... တင်းလုံဂိုဏ်းချုပ်ကြီးထင်းလွေ အကြောင်းကို ကြားဖူးပေမယ့် ဒီလောက်အရေးပါမယ်မှန်းမထင်မိဘူး .. ဒါနဲ့ဟို ရွံစရာ ဖားပြုတ်ကြီးတို့ ဆရာတပည့်ရောပါသွားလား.. ''''
ရှောင်မိန်က မည်သည့်အနံ့မှမရှိသော ပန်းကို လွင့်ပစ်လိုက်ပြီး အန်ချင် သလိုလုပ်ကာ ..
'' အဲ့ ဖားပြုတ်လက်ပြတ်ကြီးက ခေါ်သွားတာပဲ .. သခင်မလေး အဲ့ ထင်းလွေအကြောင်းကို သိသလောက်ပြောပြပါလား ..'''
သခင်မလေးက ဘိုးဘိုးသုံးယောက်လုံးမရှိဘူးဆိုသည်နှင့် သူမအား ထိန်းချုပ်မည့်သူမရှိတော့ပြီဖြစ်သောကြောင့် မျက်နှာလှလှလေး ကြည်လင်သွားကာ ..
'''ငါလည်းသိပ်မသိပါဘူးဟယ် .. ဒါပေမယ့် ဘိုးဘိုးကြီးတို့ဆရာနဲ့ ထင်းလွေရဲ့ဆရာနဲ့က ဆရာတူတွေလို့ တော့ ကြားဖူးတယ် .. '''
ရှောင်မိန်က
'''ဒါဆိုရင်တော့ ထင်းလွေလည်း သိုင်းပညာသိပ်တော်မှာပဲ .. ဒါပေမယ့် ဘိုးဘိုးကြီးကိုတော့ မီမယ်မထင်ဘူး ..ဒါနဲ့သခင်မလေး ဖားပြုတ်ကြီးကို သန်းခေါင်ည မိစ္ဆာသိုင်းအညွှန်းကိုပေးလိုက်ပြီးပြီလား .. ''''
''' ဘိုးဘိုးကြီးကိုတော့ ငါပေးထားတယ် .. ဖားပြုတ်ကြီးကိုတော့ ထင်းလွေကိုရှာတွေ့ရင်ပေးမယ်ထင်တာပဲ.. ငါကဖြင့်ထင်းလွေကိုသွားဖမ်းရင် ငါ့ကို ခေါ်မယ်ထင်ထားတာ .. ..'''
'''အဲ့အညွှန်းက တကယ့်အစစ်လားဟင် သခင်မလေး.. '''
သခင်မလေးက သူမ၏ဂါဝန်လေးကို မ ကာ မြက်ခင်းပေါ်ထိုင် ချ လိုက်ရင်း ..
''အစစ်ပေါ့ ..ငါလည်း နန်းတော်ထဲက သိုင်းကျမ်းလမ်းညွှန်တွေကို ရှာလိုက်ရတာ ဖတ်ဖတ်ကိုမောနေတာပဲ ..နောက်ဆုံးမှ တွေ့တာ... ကျင့်စဉ် အောင်သွားရင်တော့ တကယ့်ကိုကြောက်စရာကောင်းအောင်အစွမ်းထက်တဲ့သိုင်းပဲ '''
''' သခင်မလေးရဲ့ သေမင်းကြေးမုံနဲ့ အရိုးဖြူလက်ချောင်းသိုင်း ကိုတော့ မသာနိုင်ပါဘူး ..'''
သခင်မလေးက ပြန်လည်ကာဝဲကျလာသည့် ဆံပင်ကို ပြန်သပ်လိုက်ရာ ရှောင်မိန်က အလိုက်တသိနှင့် ဆံပင်ကိုပြင်ပေးလိုက်သည်..
'''ရှောင်မိန် .. ငါတို့လည်းဘိုးဘိုးကြီးတို့နောက် တိတ်တိတ်လေး လိုက်သွားရအောင် .. ''''
သခင်မလေး၏စကားကြောင့် ရှောင်မိန်မှာ မျက်လုံးပြူးသွားပြီး ကြောက်ကြောက်လန့်လန့်နှင့် ..
'''မကြံကောင်းမစည်ရာ သခင်မလေးရယ် .. ဘိုးဘိုးကြီးသာ သိရင် သခင်မလေးကဘာမှဖြစ်မှာမဟုတ်ဘူး ရှောင်မိန်က အသတ်ခံရမှာ .. မဖြစ်နိုင်ပါဘူး .. ''''
'''နင်ဘာမှမဖြစ်ဖို့ ငါတာဝန်ယူတယ်.. ငါဒီမှာနေရတာ ပျင်းလွန်းလို့ သေတော့မယ် .. ပြီးတော့ နာမည်ကြီးတဲ့ ရှောင်လင်ကျောင်းကြီးကို ငါသိပ်ရောက်ဖူး ချင်တာ..''''
ရှောင်မိန်သည် ထိုသို့ပြောလာသော သခင်မလေးစကားကြောင့် သက်ပြင်းမောကြီးကိုချကာ ..
''သခင်မလေးဒီလောက် ဆန္ဒရှိရင်တော့ ရှောင်မိန်သေရင်လည်း သေပါစေ သွားကြတာပေါ့... ဒါပေမယ့် အိမ်တော်ထိန်း မသိမှဖြစ်မယ် ..မဟုတ်ရင် သူတားနေမှာ .. ''''
သခင်မလေးသည် သူမဆံပင်ပြင်နေသော ရှောင်မိန်၏လက်ကို ကိုင်ကာ ..
'''ဒါဆိုအခုနင်တိတ်တိတ်လေး နန်းတော်ကို ပြန်သွား ..ယူစရာ ရှိတာ ယူ ... နင်ပြန်လာတာနဲ့ သွားရအောင်..'''
ရှောင်မိန်သည် အမှောင်နန်းတော်၌နေလာသည့်တစ်လျှောက်လုံးတွင် သခင်မလေးထိုမျှ ရွှင်မြူးနေသည်ကို မမြင်ဘူးသောကြောင့် အလိုလိုဝမ်းသာလာ လျှက် .. သခင်မလေးအလိုကျအတိုင်း.. ကိုယ်ဖော့ပညာဖြင့် ပြေးသွားလိုက်လေသည် .. သခင်မလေး၏သိုင်းပညာတော့မဆိုနှင့် ရှောင်မိန်၏ ကိုယ်ဖော့ပညာပင် အလွန် အစွမ်းထက်လှလေသည်.. မသိလျှင် ငှက်နီလေးတစ်ကောင် ပျံသန်းနေသည့် အသွင်ပင်..
=====+++++======++++++=======++++====++++=
''''' ဒေါင်...ဒေါင်...ဒေါင်..'''
သာယာသော ခေါင်းလောင်းသံနှင့် အေးချမ်းသည့် ဘုရားရိပ်တရားရိပ် ကြောင့် ကျင်းကျူးရင်ထဲ ချမ်းမြေ့သွားသည်..
ကြည်ညိုဖွယ်ရာ ဆင်းတုတော်များအား ဦးချပြီးနောက်မြင်းဖြူဘုံကျောင်း၏ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများကို သွားရောက်ဆက်ကပ်လိုက်၏ ..
ဆရာတော်သည် နေ့စဉ် ဘုရားဝတ်တက်လာသော ကျင်းကျူးအား သမီးတစ်သဖွယ် အလွန်တရာမှ ချစ်ခင်လှသည်..
ဆရာတော်သည် ခဲဖွယ်ဘောစဉ်များ ပရိက္ခရာများ လာရောက်လှူဒါန်း သော ကျင်းကျူးအား ဆုတောင်းရှည်ကြီးချီးမြင့်ပေးပြီးသည့်နောက်..
''' ကျင်းကျူး .. သေနာပတိကြီးရော နေကောင်းထိုင်ကောင်းရှိရဲ့လားကွဲ့ .. သူတောင် ဒီဘုံကျောင်းကို မရောက်တာကြာပြီ.. မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ်က တစ်ခေါက်ပဲရောက်တယ် ..'''
ကျင်းကျူးက သူမဖခင်ဖြစ်သူအကြောင်းကို ရင်ဖွင့်ချင်သည်မှာ ကြာပြီ ဖြစ်၍
''' ဖေဖေက အခုနှစ်ပိုင်း အိမ်မှာတောင်သိပ်မရှိပါဘူး ဘုရား .. မေမေ့ နှစ်ပတ်လည်ကတစ်ခေါက် နဲ့ သမီးမကျန်းမာတုန်းက တစ်ခေါက်ပဲ အိမ်တော်ကို ပြန်လာတယ် .. ကျန်တဲ့ရက်တွေက စစ်ဆင်ရေးစစ်ကြောရုံးတော်မှာပဲ အချိန်ကုန်နေ တာဘုရား.. '''
'''အိမ်း ..တိုင်းပြည်ရဲ့ လက်ရုံးဆိုတော့လည်း အလုပ်များပေမပေါ့ကွယ် .. သမီးလေးနေထိုင်မကောင်းတုန်းက ဘုန်းဘုန်းတောင် ဆုတောင်းပေးနေတယ်.. ကျန်းမာရေးဂရုစိုက်ကွဲ့...'''
. '''ဟုတ်ကဲ့ ဘုန်းဘုန်း..''''
ကျင်းကျူးသည် ဆရာတော်အား နူတ်ဆက်ဂါရ၀ပြုကာ ဘုံကျောင်း အပြင်သို့ပြန်ထွက်လာခဲ့သည်.. သူမ ကျောက်လှေကားအတိုင်း ပြန်ဆင်းအလာတွင် ဘုံကျောင်းသို့သွားဟန်တူသော လူနှစ်ယောက်နှင့်လမ်းခုလတ်၌ အဆုံ .. ကျင်းကျူး ကဘေးကပ်ရှောင်ပေးလိုက်ပြီး ...
''' ဟင် .. ဒီလူတွေက သိုင်းသမားတွေလားမသိဘူး .. ဘုရားကျောင်း ကိုလာတာတောင် ဓါးကြီးတလွယ်လွယ်နဲ့ .. ငါ့ကိုလည်း စိုက်ကြည့်နေလိုက်တာ စားမတတ်ဝါးမတတ်ဘဲ ..တော်တော်ရိုင်းတဲ့သူတွေ... '''
ကျင်းကျူးတွေးမည်ဆိုလည်းတွေးနိုင်လောက်သည် .. ထိုလူ နှစ်ယောက်သည် အမည်းရောင် ၀တ်စုံကို ၀တ်ဆင်ထားကြပြီး တစ်ယောက်မှာ ရုပ်ရည်ကြမ်းတမ်းသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်.. ကျန် တစ်ယောက်မှာအသက်နှစ်ဆယ်ခန့်သာ ရှိသေးပြီး ချောမောပြေပြစ်သော ရုပ်ရည်နှင့် မလိုက်ဖက်သည့် ထူးဆန်းသော ဓါးကွေးကြီးကိုကျောတွင်လွယ်ပိုးထား၏... ..သူတို့ နှစ်ယောက်စလုံးမှာ အစိမ်းနုရောင် ၀တ်စုံနှင့် လှချင်တိုင်းလှနေသော ကျင်းကျူးအား မျက်တောင်မခတ်စတမ်းကြည့်နေကြသည်..
ကျင်းကျူးက ထိုနှစ်ယောက်အား ကြောက်ကြောက်လန့်လန့်နှင့် တောင်အောက် သို့ အပြေးတပိုင်း ဆင်းသွားလေ၏ ..
'''တော်တော်လှတဲ့ မိန်းကလေးပဲဗျာ ..'''
လူငယ်လေး၏မှတ်ချက် အသံက သူမ နားထဲတွင် နားစွန်နားဖျား ကြားလိုက်ရသေးသည်...
စစ်သေနာပတိချုပ်ကြီး၏ သမီးတော်ဖြစ်သော်ငြားလည်း ပကာသနနှင့် အဆောင်အယောင်အား မုန်းတီးလှသူဖြစ်ရာ ဘယ်သွားသွား မည်သည့် လက်အောက်ငယ်သား နှင့် အဖော်မှမပါသောကြောင့် ယခုလည်း ပြန်လာရသည်မှာ သူမတစ်ယောက်ထဲပင် ..
ကျင်းကျူးသည် အကြည့်ရိုင်းသော ထိုနှစ်ယောက်အား စိတ်ထဲတွင် ခု နေသော်လည်း စိတ်ထားကောင်းသူပီပီ ခဏမျှအကြာတွင် စိတ်ပြေသွား၏ ..
ဘုံကျောင်းမှာ မြို့ထဲတွင်ရှိသော်လည်း ထိုနေရာမှာ လူသူပြတ်လှသည် ဖြစ်၍ လမ်းတစ်လျှောက်လုံးတွင် သူမတစ်ယောက်သာရှိ၏ .. ထိုစဉ် သူမ၏ မျက်လုံး ထဲသို့ စိတ်မသက်သာဖွယ် မြင်ကွင်းတစ်ခုဝင်လာသည် ..
ထိုအရာကား ညစ်ပတ်ပေတူး စုတ်ပြတ်နေသော သူတောင်းစားအဘိုးကြီး တစ်ယောက် လမ်းဘေးတွင် လဲကျနေခြင်းဖြစ်၏ ..
ထိုသူတောင်းစားအဖိုးကြီးလဲကျနေရာသည် အရိပ်အာဝါသမရှိသော နေရာမို့ .. နေရောင်က တကိုယ်လုံးသို့ကျရောက်နေသည် ..
ဂရုဏာမေတ္တာအားကြီးမားလွန်းသူမို့ ချက်ခြင်းပင် သူတောင်းစား အဖိုးကြီးနားပြေးသွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လှုပ်နိုးလိုက်၏..
''ဘဘ ...ဘဘ..ဘဘ .. '''
တတွတ်တွတ်အော်ရင်း လှုပ်နိုးလိုက်သော် အဘိုးကြီးသည် အာသန်း ရင်း
ပြန်ဖြေကြားခဲ့သည်..
''၀ါး.. ဘယ်သူလည်း ငါဇိမ်ခံနေတာကို လာရှုပ်နေတာ ..'''
ထိုအဘိုးကြီး၏ ပါးစပ်မှ အရက်နံ့များ ဟောင်ထွက်လာသည်မို့ သူမ ခေါင်းကို အနောက်သို့ ရို့လိုက်ပြီး ..
''ဘဘ အသက်ဒီလောက်ကြီးနေပြီ မဆင်မချင်အရက်တွေမူးပြီး ..လမ်းဘေးမှာ အိပ်နေရသလား .. ပြီးတော့ နေပူပူကြီးမှာ .. တော်နေကြာရောဂါ ရတော့မှာပေါ့ .. '''
အဘိုးကြီးသည် မျက်ချီးများပြည့်နေသည် မျက်လုံးကို မည်းညစ်နေသော လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီးနောက် မျက်လုံးဖွင့်ကာ ..
''' ဟေ .. အသက်ကြီးလို့ အရက်မသောက်ရဘူးလို့ ဘယ်သူပြောလည်း နေပူထဲမှာ မအိပ်ရဘူးလို့ ဘယ်သူပြောလည်း .. ကလေးမလေးရယ် .. ကိုယ့်လမ်း ကိုယ်သာ သွားစမ်းပါ .. '''
ကျင်းကျူးသည် အဘိုးကြီးကမောင်းထုတ်သော်လည်း မသွားဘဲ
''' ဟိုးနားလေးမှာ သစ်ပင်ရိပ်ရှိတယ် .. အိပ်ချင်ရင် အဲ့မှာ သွားအိပ်ပါလား ဘဘရယ် .. '''
အဘိုးကြီးက မျက်စိကို ပြန်မှိတ်ပြီး ခေါင်းကိုတဖက်သို့လည့်ကာ
''မအိပ်ချင်ဘူး .. ဒီမှာပဲအိပ်မယ် '''
ဘုဂလန့်ကျလှသော အဘိုးကြီးကြောင့် ကျင်းကျူးမှာ စိတ်ညစ် သွားကာ သူမ၏ အပေါ်ဝတ်ရုံကို ချွတ်၍ အဘိုးကြီး၏ နေထိုးနေသော မျက်နှာအား အုပ်မိုးပေးလိုက်၏ ..ထို့ နောက် သူမကြားခြားရှုံ့အိတ်လေးထဲမှ ငါးကျပ်သားအရွယ် ငွေတုံးကြီးတစ်တုံးကို ထုတ်က နဘေးတွင်ချထားကာ စိတ်မချမ်းသာစွာဖြင့် အိမ်တော် သို့ပြန်သွားလေသည်..
ဂျစ်ပေပေ အဘိုးကြီးကတော့ မွှေးကြိုင်နေသော ကျင်းကျူး၏ ၀တ်ရုံ လေးချုံလျှက် မိုးပြိုလျှင်ပင် မထတော့ဘူးဟူသည့် အထာနှင့် မြေကြီးပေါ်တွင် ဆက်လက် လဲလျောင်းနေ၏..
====+++======++=====++++====.++====
လယ်ကွင်းပြင် ရိုးဘောင်များပေါ်မှ မျောက်တစ်ကောင်လို ခုန်ဆွ ခုန်ဆွ လုပ်ကာ အမြီးအမှောက်မတည့်သော သီချင်းများကို အော်ဆိုရင်း လျှောက်လှမ်းလာ သော ကောင်လေးတစ်ယောက်..
မူလကမည်သည့်အရောင်ဟူသည်မှာ မပေါ်တော့သော ဟောင်းနွမ်း စုတ်ပြတ်နေသော အ၀တ်အစား နှင့် အစပ်အဖာ တရာမျှရှိနိုင်သည့် အိတ်တစ်လုံး ကိုလွယ်ကာ ကောက်ရိုးခုံနပ်ကို စီးထားသောအနှီကောင်လေးမှာ လှောင်အိမ်ထဲမှ လွတ်လာသော ငှက်ကလေးလို လန်းဆန်းတက်ကြွနေသည်..
ဆီမထည့်သည်မှာ နှစ်ကာလကြာမြင့်နေပြီထင်သော ဖွာလန်ကြဲနေ သည့် ဆံပင်ကို ဂုန်လျှော်မျှင်ဖြင့်စည်းနှောင်ထားသည်မှာ အရိုင်းဆန်လှ၏..
ဗလကြီးတခွဲသားလို ကြွက်သားစိုင်များ မထွားကျိုင်းသော်လည်း ကျစ်လစ် တောင့်တင်းနေသော ကိုယ်ဟန်က ယေင်္ကျားပီသသော်လည်း ပြောင်ချော်ချော် မျက်ခွက် ကြောင့် လူပေါလူရွှတ်အသွင် ပိုဆောင်နေသည်..
စူးရဲသည့်မျက်လုံးနှင့် ထူထဲမဲနက်နေသောမျက်ခုံးမွှေးအပေါ်တွင်ရှိသည့် ရွှေရောင်အကွက်အပျောက်ကြောင့် လူထဲတွင် ထင်ပေါ်နေမည့်အသွင်ရှိသော အနှီ ကောင်လေးသည် ..
ဘုန်းကြီးရွှီကြွင်း၏ အတိုက်အခံလုပ်နေသည့်ကြားမှ လွတ်ထွက်လာသော အားကွေ့ပင် ..
ဆုံးမစကားများတသီတန်းကြီးဖြင့် မလွတ်ချင်လွတ်ချင် လွတ်လိုက်သော ဘုန်းဘုန်းရွှီကြွင်းအား ချစ်မြတ်နိုးလွန်းသော်လည်း ဟိုဟာချုပ်ချယ် ဒီဟာချုပ်ချယ်နှင့် အဖြစ်သည်းလှသဖြင့် တခါတရံ အားကွေ့မှာ စိတ်ညစ်ညူးလှသည်..
အသက်ဆယ်ခွန်ဆယ့်ရှစ်မျှရှိပြီဖြစ်၍ လောကကြီး၏ အရသာကို မြီးစမ်း ကြည်ချင်ပြီဖြစ်သော လူပျိုပေါက်အတွက်တော့ ယခုလို လွတ်လပ်ခွင့်က ချိုမြိန်သည့် ဆုလာဒ်ကြီးတပါးပင်..
ယခုလည်း ဘုန်ဘုန်းရွှီကြွင်းအား ကတိအထပ်ထပ်ပေးခဲ့ရသည့်အပြင် ရန်များမှာစိုး၍ ရှောင်းဟူကိုပင် မခေါ်ခဲ့ရ....
''' မိုးစက်လေးတွေ မြေပေါ်ကိုခုန်ဆင်းခဲ့ပါ×××.. မင်းကိုမျှော်နေတဲ့ သူတွေ ချည်းပဲကွာ ×××× ရေအိုင်ထဲကဖားလေးတွေက အသံလေးပေးနေရှာ××
ကြာဖြူပန်းများလည်း ရေလိုနေတာ ××× ကန်သာယာက စိမ်းပြာပြာ .. နင်မရှိတော့ ငါ့ရင်မှာ ဟာ...လာလာလာ...×××''''
မည်သူရေး၍ မည်သူဆိုသည်မသိသော သီချင်းကို အသံသြောကြီးဖြင့် ဆိုနေသည်မို့ လယ်ကွင်းထဲမှ ကျွဲများသည်ပင် မကြားလိုသည့်နှယ် နွံအိုင်ထဲသို့ ဆင်းကာ လူးလိမ့်နေကြ၏... အားကွေ့ကတော့ ဂရုမစိုက်ဘဲ ..ဆက်ဆိုမြဲခုန်ပေါက် ၍ ဆက်သွားနေမြဲ...
လယ်ကွင်းများကို ကျော်လွန်ကာ လမ်းလေးအတိုင်းလျှောက်နေရာမှ
လမ်းဆုံတစ်ခုသို့ရောက်သော် မည်သည့်လမ်းကို လိုက်ရာမည်မသိဘဲ ခဏမျှ အကြံအိုက်နေပြီးနောက်.. လက်ဖ၀ါးထဲတွင် တံတွေးထည့်ကာ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်.. ပြီးနောက် တံတွေးအများအပြားစင်သွားသော ၀ဲဘက်လမ်းထဲ သို့ ၀င်သွားလိုက်၏.. အကယ်၍ ထိုလမ်းလေးသည် သူ၏ ဘ၀တစ်ခုလုံးကို ကိုးရို့ကားရား ဖြစ်စေမည့် လမ်းကြောင်းမှန်းသာ သိခဲ့မည်ဆိုပါလျှင်....
#45 ( အစ၏အဆုံး ..အဆုံး၏အစ )
ပိတ်စဖြူတွင်ရေးထားသော သုခရိပ်မြုံ ဟူသော စာတမ်းက လေထဲတွင် တလွင့်လွင့်နှင့်ရှိသည် .. အလံသဖွယ်ထောင်ထားသော အနှီဆိုင်းဘုတ် ၏အောက် တွင် နာမည်နှင့် လုံးဝမလိုက်ဖက်သော စားသောက်ဆိုင်လေးတစ်ဆိုင်ရှိနေ၏...
ပေါက်ပြဲနေသော အမိုး...ဘေးအကာမရှိသောကြောင့် ဟောင်းလောင်းပေါက် မြင်နေရသော ထိုဆိုင်၏ ပိုင်ရှင်သည် ရူးနှမ်းနေ၍လားမသိ တံခါးပေါက်တော့ တပ်ထားလေ၏..
ဆီဂျီးများ ဖုံများ အထပ်ထပ်ပေနေသည့် စားပွဲဝိုင်း ဆယ့်ငါးလုံးမျှသာ ခင်းကျင်း ထားသော ဆိုင်ထဲတွင် ဆိုင်ရှင် လူဝကြီးနှင့် အသက်အရွယ်ခန့်မှန်း၍မရသော ဆိုင်လုလင်တစ်ယာက်သာ တောင်မြောက်ငေးလျှက်ထိုင်ရင်း ဧည့်မျှော်နေကြသည်..
မကြာမီ တွင် သူတို့နှစ်ယောက်၏ မျှော်လင့်ချက်ကုန်ဆုံးနေသော ရီဝေေ၀ မျက်လုံးအစုံသည် တဖြတ်ဖြတ်တောက်ပ သွားလေတော့၏.... မှန်ပေသည် သူတို့ ၏စုတ်ချာနေသော ဆိုင်ထဲသို့ လူတစ်ယောက်ဝင်လာသည်ကိုဝင်လာသည် မဟုတ် ကလား..
''' ကြွ....ကြွ... ကြွ.. ပါ ..မိတ်....မိတ်...မိတ်..ဆွေ..ဆွေ...လေး..လေး''
ဆိုင်လုလင်သည် သူ၏ မည်းခြောက်ကာ ပါးချောင်နားချောင် ကျနေသော မျက်ခွက်အား ပြုံးကာဧည့်သည်ကို ဆီးကြိုလိုက်သော်လည်း .. ၀င်လာသော အားကွေ့အတွက် ပြုံးပြသည်လား မဲ့ရွဲ့ပြနေသည်လား မသဲကွဲပေ...
သူဖြတ်သန်းလာသော ခရီးတစ်လျှောက်လုံးတွင် စားသောက်ဆိုင်ဟူ၍ ထိုတစ်ဆိုင်သာရှိ၍ ဆိုင်လုလင် မဲ့နေသည်ဖြစ်စေ ပြုံးနေသည်ဖြစ်စေ ဂရုမစိုက်အား ဆာလောင် နေသော ၀မ်းဗိုက်ကိုတော့ ဖြည့်ရပေအုံးမည်...
အားကွေ့သည် မည်းညစ်နေသော စားပွဲများအနက် အသန့်ရှင်းဆုံး ဟု ထင်ရသော စားပွဲ တွင် ၀င်ထိုင်ကာ ဆိုင်လုလင်အား
'''' ဘာရသလဲဗျို့...''''
''' ခေါက်....ခေါက်...ခေါက်....ခေါက်..'''
''ခေါက်ဆွဲလား..'''
''ဟုတ်....ဟုတ်....ဟုတ်...ဟုတ်....ဟုတ်..''''
အားကွေ့သည် တခါဖြေဖို့အရေး ထစ်ငေါ့နေသော ဆိုင်လုလင်အား ဂရုဏာ သက်သွားကာ ဆက်မမေးတော့ဘဲ ..
''ကိုင်းဗျာ ..ခေါက်ဆွဲတစ်ပွဲသာ လုပ်ခဲ့လိုက်တော့ .. နေပါဗျာ ..ပြန် မဖြေခဲ့ပါနဲ့ ..''''
ခေါက်ဆွဲ မှာလိုက်၍ ပြန်ဖြေမည်ပြုနေသောကြောင့် အားကွေ့မှာ ကပျာကယာပင်တားလိုက်ရသည်..
ဆိုင်လုလင်လူပိန်ကြီးသည် လေးကိုင်းသဖွယ် ကွေးညွတ်နေသော သူ၏ ကိုယ် ကိုညွတ်ကာ ညွတ်ကာဖြင့် နောက်ဖေးသို့ဝင်သွားပြီး ရေနွေးအကြမ်းအိုး တစ်လုံး ယူလာ၍ အားကွေ့စားပွဲသို့ချပေးပြီး စားဖိုခန်းထဲပြန်ဝင်သွား၏..
ထိုစဉ် ဆိုင်ရှင်လူဝကြီးမှ ..
'' တူမောင်ကြည့်ရတာ ခရီးဝေးက လာခဲ့ပုံထောက်တယ် .. ''''
'''ဟုတ်တယ်ဗျ.. ကျွန်တော် ဟိုနန်ကလာတာ ..'''
'''အိုး ..အဝေးကြီးကလာတာပဲ .. ဘယ်ကိုများခရီးဆက်မလို့လဲ..'''.
အားကွေ့က ရေနွေးငှဲ့လိုက်ပြီး
''ကျန်းနန်ကိုဗျ.. ဟိုမှာ ဘကြီးတစ်ယောက်ရှိတာနဲ့ ..အလည်အပတ် သဘောမျိုးပေါ့ဗျာ....''
'''ကောင်းတယ် ..ကောင်းတယ်.. တူမောင်တို့လို အရွယ်ကောင်းတုန်း လွတ်လွတ်လပ်လပ်နဲ့ သွားချင်တဲ့နေရာသွား ..လုပ်ချင်တာလုပ်ထားမှ ..အသက်ကြီး လာရင် စိတ်သွားတိုင်းကိုယ်ပါချင်တော့တာမဟုတ်ဘူး အိမ်ထောင်ရက်သားများ ကျ သွားရင်ပိုဆိုးရော ...'''
''ခက်တာက ကျန်းနန်ကို ငယ်တုန်းကပဲရောက်ဖူး တာဆိုတော့ .. အခုကျ ဘယ်လမ်းကသွားရမှန်းမသိတော့ဘူးဗျ..''''
လူဝကြီးက
'''အင်း ...ကျန်းနန်ကို ရောက်ဖို့က တော်တော်တော့လှမ်းသေးတယ်
လီပေါင်းအများကြီးသွားရအုံးမှာ မြင်းနဲ့ခရီးဆက်ရင်တော့ပိုခရီးတွင်တာပေါ့ .. ဒီကနေ ကျောင်းလီ.. ယန်အင်း.. တို့ကိုဖြတ်ပြီးရင် ဟူပိန် နယ်ထဲကိုရောက်မယ် .. ဟူပိန်နယ်ကိုကျော်မှ တူမောင်သွားချင်တဲ့ နေရာကို ရောက်မှာကွယ့် ... ဦးလေး ကတော့ မင်းကို ရေကြောင်းနဲ့သွားစေချင်တယ်.. ကုန်းပေါ်မှာဆို အန္တရာယ်များတယ် လေ...'''
. သူတို့စကားပြောနေစဉ် ဆိုင်လုလင်လူပိန်ကြီးက ခေါက်ဆွဲလာချပေး သည်... ခေါက်ဆွဲမှာဂျုံသားကောင်းကောင်းဖြင့်လုပ်ထားရန်တူ၏ .. စီးလွန်းခြင်း ..မာလွန်းခြင်းကင်းပြီး စားကောင်းမည့်အသွင်ရှိသည်.. ကြက်ပြုတ် ရည်စပ်စပ်လေး ပါသော ထိုခေါက်ဆွဲတွင် .. ဂေါ်ဖီထုပ်များ ပန်းမုန်လာများ ထည့်ထားပြီး ပဲပင်ပေါက် လေးပါ အုပ်ထားသည့်အပြင် ၀က်အသားချည်းသက်သက်ကိုသာ ထည့်ထားသော ကြောင့်အလွန်စားကောင်းလှသည်.. ကြက်သွန်မြိတ်လေးပါ ညှပ်ထည့်ထား သဖြင့် အနံ့လေးမှတမျိုးလေးမွှေးနေ၏...
စုတ်ပြတ်သတ်နေသော ဆိုင်အင်္ဂါနှင့် ကွာခြားလှသော ထိုခေါက်ဆွဲကြောင့် အားကွေ့တစ်ယောက်ခေါင်းမဖော်စတမ်းစားမိလိုက်သည်..
တူဖြင့် ''ရှလွတ်.....ရှလွတ်...'''' ခနဲမြည်အောင် စားနေရာမှ နောက်ဆုံး အရည်ချည်း သက်သက်ကျန်တော့သောအခါ ပန်းကန်လိုက်မော့လိုက်ပြီး ..
.''' အား.. ကောင်းလိုက်တဲ့ ခေါက်ဆွဲဗျာ ..'''
ဆိုင်ရှင်လူဝကြီးက သူ့ဆိုင်ကခေါက်ဆွဲကို ဂုဏ်ယူဟန်ဖြင့်...
''ကျောင်းလီ နဲ့ ယန်အင်း မြို့ကြီးတွေမှာတောင် .. ဒီသုခရိပ်မြုံခေါက်ဆွဲ လောက်ကောင်းတဲ့ ခေါက်ဆွဲတစ်ဆိုင်မှာမှမရှိဘူးကွ....''''
''ဟုတ်လောက်တယ် ..ဟုတ်လောက်တယ်ဗျို့ ကျွန်တော်စားဖူးသမျှ ခေါက်ဆွဲထဲမှာတော့ ဒုတိယအကောင်းဆုံးပဲဗျ..''''
လူဝကြီးက သူ့ခေါက်ဆွဲမှာ ဒုတိယဆိုတော့ မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်ပြီး ...
''သုခရိပ်မြုံခေါက်ဆွဲက ဒုတိယဆိုတော့ ပထမခေါက်ဆွဲက ဘယ်ခေါက်ဆွဲ လည်းကွ... '''
'''ကျွန်တော်ချက်တဲ့ခေါက်ဆွဲက ပထမအကောင်းဆုံးပေါ့ဗျ '''
''ဟားဟားဟားဟား ..ယုံပါတယ် တူမောင်ရယ် ယုံပါတယ်.. ''
အားကွေ့က
''နေပါအုံးဦးကြီးရဲ့ ဒီဆိုင်ကို လူတော်တော်များများ လာလေ့ရှိသလား''
''ဘယ်ကသာ လာလိမ့်မလဲ တူမောင်ရယ် ..လူများများသာ လာရင် ငါ့ဆိုင်ကဒီအတိုင်းဘယ်နေပါ့မလဲ .. '''
''ဒါနဲ့များ ဘာလို့ဒီလိုခေါင်တဲ့နေရာမှာ ဖွင့်ထားရသလဲဗျ..'''
''' ပထမ ကတော့ ဦးလေးလည်း ဒီနေရာမှာဘယ်ဖွင့်ပါ့မလဲ .. ကျောင်းလီမြို့ မှာဖွင့်တာပေါ့ .. တူမောင်သိတဲ့အတိုင်း .. ခေါက်ဆွဲလက်ရာကမညံ့ တော့ လူကြိုက်များကြတယ်.. လုပ်ငန်းကိုင်ငန်းလေး အဆင်ပြေခါရှိသေးတယ် .. အပျက် က၀င်လာတာပဲဟေ့.. '''
အားကွေ့ကရေနွေးကြမ်းကို ငှဲ့သောက်လိုက်ပြီး ..
'''ဘယ်လိုအပျက်လည်းဗျ...'''
''ပြောရရင်တော့ သူဌေးဝူက စတာပဲ.. လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျောင်းလီမြို့ဟာ အေးအေးဆေးဆေး စားနိုင်သောက်နိုင် ပျော်ပွဲရွှင်ပွဲတွေလုပ်နိုင် နဲ့ စည်စည်ကားကားပဲ .. ကျောင်းလီက မြို့သာသိပ်မကြီးတာ .. လက်လုပ်ရွှေတွင်းတွေ ပေါတော့ .. မြို့က တော်တော်လေးစည်တာကိုး .. အဲ ..မြို့ပေါ်ကို သူဌေးဝူ ဆိုတဲ့လူ ပြောင်းလာပြီးကတည်းက ဆိုင်နေရာကောင်းတွေကို ၀ယ်.. အကြမ်းနည်းနဲ့ရော အနုနည်းနဲ့ရော ၀ယ်တာ.. သူတို့ပေးတဲ့ ဈေးကလည်း မတန်တဆပေးတော့ လူတွေကရောင်းကြတာများပါတယ် .. မရောင်းတာဆိုလို့ ဦးကြီးရဲ့ သုခရိပ်မြုံရယ် .. ဦးကြီးရဲ့မိတ်ဆွေ တစ်ယောက်ရယ်ပဲရှိတာ .. '''
အားကွေ့ကကြားဖြတ်၍
''' သူ့တို့ကဆိုင်နေရာတွေဝယ်ပြီးဘာလုပ်ကြတာလဲ..'''
'' တချို့နေရာမှာတော့ စားသောက်ဆိုင်ကြီးတွေဖွင့် .. တချို့နေရာတော့ လောင်းကစားခန်းမကြီးတွေ .. တချို့နေရာမှာတော့ ပြည့်တန်ဆာအိမ်တွေ.. တချို့ နေရာမှာ ရွှေအ၀ယ်ဒိုင်တွေ ဖွင့်တာပေါ့ ..ဒီမှာရှိတဲ့ ရွှေလုပ်သားတွေလည်း သူတိုပေးတဲ့ဈေးနဲ့ အကုန်မွဲကုန်ပါပြီကွာ .. မွဲဆို တနေကုန် ရွှေတွင်းမှာလုပ် ညဆို သူဌေးဝူဖွင့်ထားတဲ့ ကယ်တင်ရှင် ဆိုင်ကြီးတွေမှာ သောက်စားပျော်ပါး .. ပြီးရင် အကြွေးတင် .. တင်ထားတဲ့အကြွေးတွေကို ရတဲ့ရွှေလေးနဲ့ဆပ် .. သူတို့မှ မမွဲရင် ဘယ်ကောင်ကမွဲမလဲကွာ .. '''
''ဒါနဲ့ဦးလေးတို့ဆိုင်ရော ဘယ်လိုဖြစ်သွားသလဲ..''
အတိတ်ကိုပြန်တွေးမိကာ သုခရိပ်မြုံဆိုင်ပိုင်ရှင်လူဝကြီးက နာကြည်းသော အသံဖြင့်
''' ဦးလေးတို့က သူတို့ဈေးဘယ်လောက်ပုံပေးပေးမရောင်းဘဲ တင်းခံနေတာပေါ့ .. နောက်မကြာပါဘူးကွာ .. မရောင်းတဲ့ဦးလေးမိတ်ဆွေရဲ့ အလောင်းကို ရွှေတွင်းဟောင်းနားမှာ ပက်လက်ကလေး တွေ့ရတော့တာ .. ဦးလေး ကိုလည်း ပစ်စာပေးသွားလေရဲ့ .. မရောင်းရင်ဒီလိုအဖြစ်ဆိုးနဲ့ကြုံမယ်ဆိုပြီး .. အသက်ထက်ဘာမှအရေးမကြီးတာနဲ့ သူတို့ပေးတဲ့ဈေးနဲ့ရောင်းပြီး အခုနေရာ မှာ လာဖွင့်ရတော့တာပါပဲကွာ .. '''
အားကွေ့က ခဏစဉ်းစားလိုက်ပြီးမှ
''အမှန်ဆို အဲ့ဒီပစ်စာပြပြီး ရုံးတော်ကို တိုင်သင့်တယ် .. '''
'''တိုင်လည်း ပိုဆိုးရုံကလွဲလို့ တခြားမရှိဘူးတူမောင်ရေ့ .. ရုံးတော် တစ်ခုလုံးသူ့လူတွေချည်းပဲ သူပေးစာကမ်းစာစားပြီး ကျောသပ်ခံနေကြတဲ့ ကောင်တွေလေ.. . အခုဆို တမြို့လုံး သူ့ကိုပဲ ကြောက်နေရတယ် .. ချောချောလှလှ မိန်းကလေးတွေဆို ငွေနဲ့ပေါက် ဖျက်ဆီးပြီးသူအားရသွားရင် သူ့ဆိုင်မှာပြည့်တန်ဆာ လုပ်ခိုင်းတော့တာပဲ တော်တော်ယုတ်မာတဲ့ကောင်.'''
အားကွေ့မှာ သူဌေးဝူဆိုသော ငနဲသားကို အရှင်လတ်လတ် မီးဖြင့် မြိုက်ခြင်စိတ်ပေါ်လာကာ ..
''' မြို့ရုံးတော်မှာ တိုင်မရရင် နယ်စားရုံးတော်မှာ အရေးဆိုရင် ရနိုင် လောက်သလားဗျ.. '''
လူဝကြီးက ခေါင်းယမ်းပြလိုက်ပြီး
'''မထင်ပါဘူးတူမောင်ရယ် .. ဒီမြေခွေးအိုကြီးက ကျောင်းလီမှာသာ ယုတ်တီးယုတ်ပဲ့အလုပ်တွေလုပ်နေတာ တခြားမြို့ရွာတွေမှာ သူက သူတော်ကောင်း ယန်အင်းကိုရောက်ရင် နယ်စားမင်းနဲ့လက်တွဲပြီး သာရေးနာရေးတွေလုပ်လေ့ ရှိတယ်
ဆိုတော့ နယ်စားမင်းနဲ့လည်း ပနာသင့်တယ်ပေါ့ကွာ .. စစ်ကြောရေးတွေလာရင် သူကအရင် သတင်းရနေတော့ ဖုံးဖုံးဖိဖိ လုပ်လိုက်ရော .. သူဖုံးဖုံးဖိဖိမလုပ်ရင်တောင် ဒီနယ်ခံတွေက ဘယ်ပြောရဲမှာလည်း .. ''
အားကွေ့က ထိုလူယုတ်မာသူဌေးဝူကို ပညာပေးရန်ဆုံးဖြတ်လိုက် ပြီး ..
'''ကိုင်းဗျာ .. ကျွန်တော်လည်း စားလို့သောက်လို့ဝပြီ ခရီးဆက်ရ မှာလည်းဝေးသေးတော့ အချိန်ရှိတုန်းသွားလိုက်အုံးမယ်ဗျာ .. ဘယ်လောက်ကျ သလဲ ဦးလေး .. ''''
လူဝကြီးက ပြုံးလိုက်ပြီး ..
''ဟုတ်ပ ဦးလေးက ခရီးဆက်ရမယ့်သူကို စကားတွေ အများကြီးပြော နေမိတာပဲ .. ကြေးပြား ငါးပြားပါတူမောင် .. '''
အားကွေ့သည်သူ၏အ၀တ်ထုတ်ကို ဖြေလိုက်ရာ .. သူငယ်စဉ်ကတည်း
က ပါလာသည့် ကြေးပြားဆယ့်လေးပြားနှင့် ငွေတစ်ဆယ်သားအပြင် ဘုန်းကြီး ရွှီကြွင်း ထည့်ပေးလိုက်ဟန်တူသော ငွေစအချို့နှင့် ကြေးပြားတွဲ တစ်တွဲကို တွေ့လိုက်ရ၏..
ထိုငွေတွေကို ဘုန်းကြီးရွှီကြွင်းမှာ မည်သို့ ရအောင်ရှာလာသည်မသိ .. အားကွေ့က ထိုထဲမှ ငါးပြားကို ထုတ်ကာ ပေးလိုက်ရင်း .. '
''ကိုင်း သွားပြီဗျာ နောက်ကြုံရင် ၀င်လာခဲ့အုံးမယ်ဗျို့ ...''
နူတ်ဆက်ကာ အားကွေ့တစ်ယောက်ထွက်လာခဲ့သည် .. သူစိတ်ထဲတွင်တော့ သူဌေးဝူကို ဆုံးမ ရရန် ကြံလျှက်ပင်...
ဘုန်းကြီးရွှီကြွင်းကို ပေးထားသော မည်သည့်ကိစ္စတွင်မှ မ၀င်ပါရ ဟူသော ပထမဦးဆုံး ကတိ ကို သူသတိမရတော့ပြီ...
===+++=====++=
ကျောင်းလီမြို့ ကိုဝင်ဝင်ခြင်း သူသတိထားမိသည်က စုတ်တီးစုတ်ပြတ် နှင့် လူရုပ်တောင်မပီသတော့သော ရွှေလုပ်သားများကိုပင်... ချောင်းစပ်နဘေး တွင် လေးတိုင်စင်လေးများထောင်ထားကာ အထဲရှိချည်ကြမ်းစ ရှည်ကြီးထဲသို့ ရွှေပါမည် ထင်ရသည့် သဲနှုန်မြေများအား ရေဖျော်ကာ လောင်းချသူကလောင်း .. ၀ိုင်းစက်နေ သော အင်ဝိုင်းကြီးဖြင့် ကျင်နေသူကျင် .. သံတူရွင်း တစ်ချောင်းဖြင့် ကမ်းနဖူးကို ဖြို သူနေသူကဖြို .. သုံးချောင်းထောက်စင်ကြီးများဖြင့် ဇကာတိုက်သူကတိုက် .. နှင့် အလုပ်ကိုလုပ်နှင့်မပြတ်အောင်လုပ်နေကြသော အနှီသူတို့၏ တူညီသောာအချက်မှာ ခြေထောက်နှင့်လက်များတွင် သဲဝဲများ ရေ၀ဲများ ထူလပြစ်အောင် ပေါက်နေကြခြင်း ဖြစ်သည်....
မြို့ထဲသို့ ရောက်သောအခါတွင်မူ စည်းစိမ်ရှင် ဟူသော ဆိုင်းဘုတ်ကြီး များကိုနေရာအနှံ့တွေ့ရတော့၏... အနီရောင်အောက်ခံတွင် ရွှေရောင်စာလုံးများဖြင့် ရေးဆွဲထားသည်ဖြစ်ရာ အဝေးမှကြည့်လျှင်ပင် ထင်း ခနဲမြင်နေရသောဆိုင်းဘုတ် တပ်ထားသော ဆိုင်ကြီးပေါင်း ကိုးဆိုင်တိတိရှိသည်.. အားကွေ့သည် စည်းစိမ်ရှင် တည်းခိုဆောင်ထဲသို့ဝင်သွားလိုက်၏...
ဝင်လိုက်သည်နှင့် ဧည့်ကြိုတစ်ယောက်ရောက်လာပြီး ..
''ကြွပါခင်ဗျာ...ကြွပါ.. တစ်ယောက်အိပ်လား .. နှစ်ယောက်အိပ်လား .. အခန်းကျယ်ယူမလား .. အထူးခန်းယူမလားခင်ဗျား .. '''
အားကွေ့၏ပုံစံမှာ နွမ်းဖတ်နေသော်လည်း .. ထိုဒေသ၌ အ၀တ်အစား နွမ်းလေ ပိုသုံးနိုင်လေဖြစ်သောကြောင့် ဧည့်ကြိုမှာ ပြာပြာသလဲနှင့်ပင် ဆည်းကြိုနေ၏ .. အားကွေ့က ..
'''အထူးခန်းက ဘယ်လောက်လဲကွ'''
''တရက်ကို ငွေစခြောက်စနဲ့ ကြေးပြားရှစ်ပြားခင်ဗျ.. ''''
''မြတ်စွာဘုရား... တရက်ကိုငွေစခြောက်စနဲ့ကြေးပြားရှစ်ပြား ဆိုပါလား .. တစ်လ နှစ်လလောက် ဘာမှမလုပ်ဘဲ ထိုင်စားလို့ ရမယ်..''
အားကွေ့မှာ မျက်စိပြူးမျက်လုံးပြူးဖြစ်ကာစိတ်ထဲတွေးမိသော်လည်း နူတ်ကမူ ..
'''ကောင်းပြီ ..အထူးခန်း တစ်ခန်းပြင်ထားလိုက်... ခဏနေငါပြန်လာခဲ့မယ် အပြင်ထွက် လေ့လာအုံးမလို့ ..''
ဘုန်းကြီး ရွှီကြွင်း ပေးလိုက်သော ငွေစထဲကမှ ခြောက်ခုနှင့် ကြေးပြား ဆယ်ပြားဖြုတ်လိုက်ပြီး အခန်းခရှင်းကာ ..
''''ပိုတာ ယူလိုက်တော့ကွာ .. လမ်းဖက်အစွန်ဆုံး အခန်းရချင်တယ်.. '''
''စိတ်ချ အကိုလေး ရစေရမယ် ..'''
အပြင်သို့ပြန်ထွက်လာသော အားကွေ့သည် .. သူဌေးဝူ၏ လုပ်ငန်း လည်ပတ်မှုကို လိုက်လေ့လာကြည့်မိသည်..
သူဌေးဝူပိုင်ဆိုင်သော ဆိုင်ကြီးကိုးဆိုင်မှာ ပြည့်တန်ဆာအဆောင် လေးခု .. လောင်းကစားဝိုင်း နှစ်ခု .. တည်းခို ဆောင်တစ်ခု ... ရွှေဒိုင်တစ်ခု နှင့် စားသောက် ဆိုင်ကြီးတစ်ဆိုင်တို့ဖြစ်လေသည်.... သူဌေးဝူနေထိုင်ရာအိမ်ကြီးကတော့ အစောင့် အကြပ်များ များစွာရှိသော ခြံဝင်းကျယ်ကြီးတွင်ဖြစ်၏..ထိုခြံဝင်းရှေ့တွင်ချောင်းမြောင်း နေသောအားကွေ့မှာ..
'''အင်း ..ကာလနာတိုက် မြွေပွေးကိုက်ကြီးက တော်တော်ချမ်းသာတာပဲ ..ဒါပေမယ့် ဒီနေ့ညကတော့ ဒီငနာကြီး အိမ်မက်ဆိုးမက်ရမယ့်နေပဲ ဟားဟားဟား..'''
ပါးစပ်မှတိုးတိုးလေးရေရွတ်ကာ ကိုယ့်အတွေးနှင့်ကိုယ်ပျော်နေသော အားကွေ့သည် ခြံဝင်းအတွင်း သို့ အနီရောင် လည်းများ ၀င်သွားသည်ကို တွေ့လိုက် ရ၏..
ထိုအနီရောင် မြင်းလည်းများမှာ အလံများ လွှင့်ထူထားပြီး အနီရောင်ပန်းပွင့် ပုံတံဆိပ်ကို ရေးခြယ်ထားသည်.. လည်းနဖူးနှင့် ဘေးနှစ်ဖက်တွင်မူ .. ပန်းနီနီ အာမခံ ဌာနဟု ရေးထိုးထား၏ ...
''ဒီ ငနဲသားကို ပစ္စည်းလာပို့တာဖြစ်မယ် .. ညကြမှ တစ်ခါထဲ လာပြီး ဟိုသူဌေးစုတ်ကို ဆုံးမပြီး အဲ့ပစ္စည်းတွေရော ... တအိမ်လုံးရောပါမီးတင်ရှို့လိုက်မှ ..'''
အားကွေ့မသိသော အချက်မှာ သူဌေးဝူဆိုသူမှာ ဉာဏ်နီဉာဏ်နက် အလွန်များပြီး ကိုယ်ဖော့ပညာကောင်းလွန်းသောတဏှာရူး သွေးအရိပ် ဖြစ်နေခြင်းကို ပင်..
ဆရာရင်းဖြစ်သူသွေးဘီလူး အဖမ်းခံရပြီးနောက် ဖားပြုတ်အိုကြီး ပုလူးဝူသွဲ့ ၏တာဝန်ပေးချက်အရ သွေးဂိုဏ်းအားပြန်လည်ထူထောင်ရန် သူဌေးဝူ အမည်ဖြင့် ကျောင်းလီတွင် အခြေချ၍ ငွေကြေးစုဆောင်းနေခြင်းပင်.. (ရှေ့ပိုင်းတွင် ပါပြီး စကားချပ်) ..
ယနေ့ညတွင်ကား သိုင်းလောက၏ နာမည်ကြီး သွေးဂိုဏ်းကို မူလ တည်ထောင်သူ သွေးအရိပ်နှင့် ယခုမှ သိုင်းလောကထဲသို့ မယောင်မလည်နှင့် ၀င်လာသူ အားကွေ့တို့၏ အားစမ်းပွဲ ဖြစ်လာတော့မည်ပင်..
အန္တရာယ်အသွယ်သွယ်ကြားမှလွတ်လာသူ မြေခွေးအိုကြီးနှင့် ဉာဏ်များလှ သော မြေခွေးပေါက်တို့ကတော့ ...

Comments
Post a Comment