အစ၏အဆုံး အဆုံး၏အစ အပိုင်း(၁)မှ (၅)ထိ
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၁
ဝူပေ မြို့သည် ဆိပ်ကမ်းမြို့ ဖြစ်သည်နှင့်အညီ အလွန်တရာမှ စည်ကားလှသည် .. .. ကုန်သည်ပွဲစားများ ပညာသင်သားများ အရာရှိ အရာခံများ သူခိုးဂျပိုးများ သိုင်းသမားများ အစရှိသည့် လူမျိုးပေါင်းစုံကလည်း မြို့ထဲသို့ ၀င်ထွက်သွားလာနေကြရာ မိုးလင်းမှမိုးချုပ်သည့်အချိန်ထိ လမ်းမကြီးများ ပေါ်တွင် လူပြတ်သည်ဟူ၍မရှိပေ...
ထို့အတူပင် တည်းခိုဆောင်များ စားသောက်ဆိုင်များကလည်း ပေါများ လှ၏ .. ဈေးလမ်း တလျှောက်တွင် ၀ဲဘက် ယာဘက် နှစ်ဘက်စလုံး၌ ဆိုင်အသီးသီး ကနေရာယူထားကြသည်...
ထိုဆိုင်များထဲတွင်မှ အကြီးမားဆုံး အခန့်ငြားဆုံး အသစ်လွင်ဆုံး ဆိုင်ကြီး တစ်ဆိုင်ကို တွေ့မြင်ရနိုင်သည် .. ရွှေနဂါးဟု အမည်ရှိသော ထိုဆိုင်သည်က၀ူပေမြို့ တွင် နာမည်အကြီးဆုံး ရောင်းအားအကောင်းဆုံးဆိုင်တစ်ဆိုင်ပင်ဖြစ်သည်...
နာမည်ကျော်ကြားလှသည်နှင့်အမျှ ကုန်ကျစားရိတ်ကလည်း ကြီးမြင့်လှ သည်.. ထို့ကြောင့်လာရောက်စားသောက်သူများမှာလည်း သူဌေးသူကြွယ်များ သာဖြစ်ကြသည်ဆိုသည်မှာကို အထူးပြောပြနေစရာမလိုပေ...
ဆိုင်ထဲတွင် လာရောက်စားသူများမှာ အသွေးအရောင်တောင်ပြောင် သောပိုးဖဲ ကတ္တီပါဝတ်စုံများကို ၀တ်ဆင်ထားလျှက် အမျိုးအမည်စုံလင်လှသော အစားအသောက်များကိုမြိန်ယှက်စွာ စားသုံးနေကြသည် ....
လူချမ်းသာများသာ ကျင်လည်ကျက်စားရာ ထိုဆိုင်ထဲသို့ အဖိုးအိုနှင့်ကလေးသုံးယောက် ၀င်ရောက်လာ၏.. အဖိုးအိုအပါအ၀င် ကလေးသုံးယောက်မှာ ပေစုတ်စုတ် အ၀တ်အစားနှင့်နွမ်းပါးသည့်ဟန်ရှိသည်မို့ ဆိုင်လုလင်များ မောင်းထုတ်မည်ဟု ယူဆစရာရှိသော်လည်း အကယ်စင်စစ် ဆိုင်လုလင်များမှာ ပြုံးရွှင်သော မျက်နှာထားနှင့်ပင် သွားရောက်ကြိုဆို နေကြသေးသည်...
အဖိုးအိုသည် လေတိုးလိုက်လျှင်ပင် လဲတော့မယောင် ပိန်ပါးလှပြီး အသားအရေမှာလည်း ၀ါထိန်လှ၏ .. သူ၏လက်ထဲတွင်မတော့ ညိုညစ်ညစ်စာအုပ် တစ်အုပ်ကို ကိုင်ထားသည်.. သူနှင့်ပါလာသော ကလေးသုံးယောက်မှာမူ အသက် ဆယ်နှစ်မျှ အရွယ်တူလေးများဖြစ်ကြပြီး သုံးယောက်လုံး လေးကွက်ကျား ကတုံးလေးနှင့်ဖြစ်၏.. .. ခပ်၀၀ ကလေးသည် လက်တစ်ဖက်က အစပ်အဖာများနှင့် အိတ်တစ်အိတ် ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်မှာ ဒုတ်ထိုး မက်မန်းသီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်.. မျက်စိခပ်မှေးမှေးနှင့် ကလေးကတော့ ပိန်ချုံ့ မည်းတူးနေသော ခွက်တစ်ခွက်ကို ကိုင်ဆွဲထား၏.. ထိုခွက်ထဲတွင် ခဲလုံးများ ထည့်ထား၍ လုပ်ရှားလိုက်တိုင်း ဂလောက် ဂလောက် ဟူသော မည်သံက အတိုင်းသားကြားနေရလေသည်.. ကျန်ကလေးတစ်ယောက်ကတော့ ရှူဆေးဘူး တစ်ဘူးကို လက်ထဲထည့်ကာ တရှူးရှူးနှင့်ရှူနေသည် ..ထိုကလေးသည် အဘိုးကြီး နည်းတူ ပိန်လှီလှပြီး မျက်နှာတွင်လည်း အနာစိမ်းများက နေရာအနှံပေါက်နေ၍ ဖယောင်းချက်များ ကပ်ထားရ၏..
အဖိုးအိုက ဆိုင်ထဲသို့ရောက်လျှင်ရောက်ရောက်ခြင်းပင် ..
''' အဟမ်း အဟမ်း .. ရွှေနဂါးဆိုင်ထဲမှာ လာရောက်စားသောက် နေကြသော သူဌေးမင်းများ ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား .. ကျွန်တော့် နာမည်ကတော့ ဖုန်ချူးလို့ခေါ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အကြောင်းကို ကြားဖူးကြမယ့် သူ တွေလည်း ရှိနိုင်သလို မသိကြတဲ့ သူတွေလည်း ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ အခုလို မိတ်ဆက်ရတာပါ.. ကျွန်တော့်ရဲ့ အလုပ်အကိုင်ကတော့ သိုင်းလောက မှာ ထင်ရှား ကျော်ကြားခဲ့တဲ့ အဖြစ်အပျက်တွေ လတ်တလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ကို ပြန်လည် ဝေမျှပြောပြတဲ့ အလုပ်ကို လုပ်ပါတယ် .. အခကြေးငွေ အနေနဲ့တော့ ကျွန်တော်တို့မြေးအဖိုးလေးယောက်ကို သဒ္ဒါသလောက် သာ ပေးကမ်းနိုင်ပါတယ် .. လူကြီးမင်းတို့ သိချင်ကြားချင်တဲ့ အကြောင်းအရာကိုသာမေးလိုက်ပါ ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက် အားလုံးနီးပါးကို ကျွန်တော် သိပါတယ်..''
အဖိုးအိုသည် လူကသာပိန်လှသော်လည်း သူ၏ အသံမှာ လွန်စွာမှ ကျယ်လောင်လှ၏...
ရုတ်တရက် ဤကဲ့သို့ ကျယ်လောင်သော အသံထွက်ပေါ်လာ၍ စားသောက်နေသူများ.. စကားစမြည်ပြောနေသူများ .. အရက်သောက်နေကြသူများ မှာ ဆိုင်ပေါက်ဝဆီသို့သာ လှမ်းကြည့်ကြကုန်၏..
အဖိုးအိုဖုန်ချူးကို သိကြသည့်သူများကတော့ ကိစ္စမရှိ ရိုးနေဟန်ဖြင့် စားသောက် စကားပြောခြင်းအလုပ်ကို ဆက်လုပ်နေကြသော်လည်း .. ယခုမှ သိသူများမှာတော့ စူးစမ်းလေ့လာသည့်ဟန်နှင့် တွတ်ထိုးတွတ်ထိုးလုပ်နေကြသည်..
ထိုစဉ်တွင် ထိပ်ဆုံးဝိုင်းမှ လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး အဖိုးအိုအနီးသို့လျှောက်လှမ်းလာခဲ့သည် ...အသက်ငါးဆယ်ခန့် အရွယ်ရှိပြီး အနီရောင်ကတ္တီပါ ကိုယ်ကျပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ခါးကြားတွင် ကျောက်စိမ်းများ စီချယ်ထားသည့် ဓါးတလက်ကို ချိတ်ဆွဲထားသည် .. မြင်ရုံနှင့်ပင် အဆင်မြင့် သိုင်းသမားတစ်ယောက်ဟုသိသာနိုင်ပေသည်..
ထိုလူမှ မယုံသင်္ကာသောဟန်နှင့်
''' ကောင်းပြီ အဲ့ဒါဆို ကျူပ်မေးမယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က သိုင်းလောကမှာ အကြီးကျယ်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သွားတယ် အဲ့ကိစ္စကဘာလဲ ဆိုတာပြောနိုင်ရင်တော့ လူတော်လို့ သတ်မှတ်ရမှာပဲ''
အဖိုးအိုဖုန်ချူးမှ အဖြူတ၀က်စွက်နေသော သူ၏ မုတ်ဆိတ်ကြီးကို သပ်ချလိုက်ပြီး...
'''' အင်း.. လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းကဆိုရင်တော့ ယိယှတောင်တန်းမှာ ဖြစ်ခဲ့တဲ့ အလယ်ပိုင်းသိုင်းလောကနဲ့ မြောက်ပိုင်းသိုင်းလောက ရဲ့ အကြီးမားဆုံးသွေးချောင်းစီး တိုက်ပွဲပဲ... ကျုပ်တို့ပြည်မ သိုင်းလောက ကအဖြူရောင် သိုင်းသမားတွေ အနက်ရောင်သိုင်းသမားတွေပါ စည်းစည်းလုံးလုံးနဲ့ မြောက်ပိုင်းသိုင်းသမားတွေရဲ့ သိုင်းလောကကို အုပ်စိုးမဲ့ ရန်က တွန်းလှန်ခဲ့ ကြရတာလေ.. မှတ်မိသေးတယ် .. အလယ်ပိုင်းရော မြောက်ပိုင်းရော အကြီးအကျယ် အထိနာ ပြီး သေကျေပျက်စီးခဲ့ကြတာ .. ရှောင်လင် ၀ူတန် ငိုမေ ၀ါဆန်း ခုံတုံ ခွန်လွန်း သူတောင်းစားဂိုဏ်း အစရှိတဲ့ အဖြူရောင်သိုင်းသမားတွေရော ကောင်းချန် တင်းချန် ကောင်းတုံ ယွဲ့ရုံ အစရှိတဲ့ အနက် မကျ အဖြူမကျ ဂိုဏ်း တွေရော အနက်ရောင်သိုင်းလောကရဲ့အဓိပတိ တင်းလုံ ဂိုဏ်းရော ပါ အင်အားအများ ကြီးဆုံးရှုံးခဲ့ကြတယ်''
'' ဘိုးဘိုး ဘာလို့ အနက်ရောင်ဂိုဏ်းမှာ တင်းလုံ ဂိုဏ်း တစ်ဂိုဏ်းပဲပါတာလဲ ကျန်တဲ့အဖွဲ့တွေကရောမပါဘူးလား ..''
အဖိုးကြီးကစကားခေတ္တမျှ ရပ်လိုက်သောအချိန်တွင် နှာရှူဆေးဗူးနှင့် ကောင်ကလေးမှ လှမ်းမေးလိုက်သည် .. အမှန်တော့ ပရိတ်သတ် စိတ်ဝင်စားမှု ပိုရန် စကားထောက်ခြင်းဖြစ်သည်..
''' ဟုတ်တယ် အားကွေ့ ရဲ့ အနက်ရောင် ဂိုဏ်းမှာ တင်းလုံ တစ်ဂိုဏ်းပဲ ပါတယ် .. ဘာလို့လဲဆိုတော့ ရှိသမျှ အနက်ရောင် အဖွဲ့အစည်း အားလုံး နီးပါးကို တင်းလုံဂိုဏ်းက စုစည်းဝါးမြိုထားလို့ပဲ ... ဒါကြောင့် အနက်ရောင်ဖက် မှာ သူ့တစ်ဂိုဏ်းပါတာဟာ အနက်ရောင်သိုင်းအဖွဲ့အစည်းအကုန်ပဲလို့ ယူဆလို့ ရတယ်.. ဒါနဲ့ ဆရာကြီး ကျောက်စိမ်းနဂါး တင်းပေ ခင်ဗျား ..ဆရာကြီး မေးတဲ့ နှစ်သုံးဆယ် အဖြစ်အပျက်ဆိုတာ မြောက်ပိုင်း အလယ်ပိုင်း တိုက်ပွဲကို ဆိုလိုတာမှ ဟုတ်ရဲ့ လားခင်ဗျား''
ကျောက်စိမ်းနဂါးဟု အခေါ်ခံလိုက်ရသူမှ အံ့အားတကြီး နဲ့. ......'''''ဒီအကြောင်းအရာကို သိတာကတော့ ထားလိုက်ပါတော့.. ကျုပ်နာမည် ကို သိတာတော့ အံ့အားသင့်စရာပဲ..'''
'' ကျောက်စိမ်းဓါး ကိုခါးမှာထိုးပြီး အင်္ကျီအနီရောင်ကို စွဲစွဲမြဲဝတ် တတ်တဲ့ သူဆိုလို့ သိုင်းလောကမှာ တင်းမိသားစုရဲ့ နာမည်ကျော် ကျောက်စိမ်းနဂါး တင်းပေ ပဲရှိတယ်ဆိုတာ လူတိုင်းသိကြပါတယ်ဗျာ...''
အဖိုးကြီး၏စကားအဆုံးတွင် တင်းပေက တဟားဟား နှင့်ရယ်ရင်း
'' မိတ်ဆွေကြီးရဲ့ ကျယ်ပြောလှတဲ့ ဗဟုသုတကို တော့ လေးစားမိပါတယ် ဒါနဲ့ ခုနစကားကို ဆက်ပါအုံး '''
မတ်တပ်ရပ်နေသော အဘိုးအို သည် တစ်ချက် မျှ ယိမ်းယိုင်သွားသည် .. ထိုသို့ ယိုင်သွားသည်နှင့် ရှုဆေးဗူးနှင့်ကောင်လေး အားကွေ့က ချက်ချင်းပင် အနားကပ်၍ထိန်းပေးလိုက်သည် ..
'' ဘိုးဘိုးက ဒီလိုပဲ ဆရာကြီးခင်ဗျား သူ့မှာက လေးဘက်နာ ရှိတော့ မတ်တပ်ကြာကြာရပ်လို့မရဘူးခင်ဗျား..''
တင်းပေ မှ ''ဟုတ်ပေသားပဲ လူကြီးတစ်ယောက်ကို မတ်တပ်ရပ်ခိုင်း ထားသလိုဖြစ်နေတာပဲ ကျွန်တော့်ရဲ့ ၀ိုင်းမှာ သွားရောက်ထိုင်နိုင်ပါတယ်''
အဖိုးကြီးမှာ အားတုံ့အားနာသည့် အမူအယာနှင့်
''' တယ် ... အားကွေ့ မင့်လုပ်လိုက်တာနဲ့ ဆရာကြီးကို အားနာစရာ ဖြစ်ကုန်ပြီ .. ရပါတယ် ဆရာကြီး တင်းပေ ကျွန်တော် မတ်တပ်ရပ်နေရလည်း အဆင်ပြေ ပါတယ် ..'''
ကျောက်စိမ်းနဂါးတင်းပေမှ အဘိုးအိုကို သူ့ဝိုင်းသို့ခေါ်ဆောင်သွားကာ စားသောက်ဖွယ်ရာများမှာကြားလိုက်သည်..
'' မိတ်ဆွေကြီး တပိုင်းတစနဲ့ရပ်ထားတဲ့ အကြောင်းအရာလေးကို ပြန် စ ပါအုံးဗျာ ''
တစ်ဆိုင်လုံးရှိ လူများကလည်း ဖုန်းချုး၏ စကားအစ ကိုစောင့်မျှော် နေကြသည်ဖြစ်ရာ...
''' တကယ်တမ်း ဇာတ်လမ်း အစကတော့ ထင်းလုံဂိုဏ်းက စတယ် လို့ဆိုရမယ် .. တင်းလုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးနာမည်က ထင်းလွေ တဲ့ အင်မတန်မှ သိုင်းစွမ်းထက်မြက်ပြီး လူတော်လူမော် တစ်ယောက်ပဲ .. ခက်တာက သူ့ရဲ့ လောဘပဲ .. လူတစ်ယောက်မှာ ရှိရင်းစွဲ ထက် လောဘ ပိုကြီးလာပြီဆိုရင် တော်၏မတော်၏ ကောင်း၏မကောင်း၏ ဆိုတာကို မကြည့်တော့ဘဲ ကိုယ့်လိုဘ ပြည့်ဖို့ ဘယ်လိုနည်းလမ်းကိုမဆို အသုံးပြုတော့တာကိုး.. အဲ့လိုနဲ့ ထင်းလွေ ကလည်း သိုင်းလောကကို စိုးမိုးဖို့ ကြံဖန်တော့တာပေါ့.. တစ်ခု ကံကောင်းတာက သူ့ နောက်လိုက်တွေက အရည်အချင်းရှိတဲ့သူတွေဖြစ်နေတော့ သူကြံစည်နေသမျှ အောင်မြင်နေတာပေါ့ကွယ်.. အဆိပ်ဘုရင် မော်ထိုက်.. ထန်မိသားစုက လက်တစ်ထောင် ထန်ဖု .. ပန်းလိပ်ပြာ တုမော်ရင်း .. ငွေမျက်နှာ သမားတော်ကြီး ပုလွေ .. လေးမျက်နှာ ပညာရှိ ချင်ဝေ အစရှိတဲ့ ညဏ်နီညဏ်နက် အင်မတန်များပြီး သိုင်းပညာထက်မြက် လူ့အသက်ကို ခြင်တစ်ကောင်လောက်တောင် တန်ဖိုးမထားတတ်သူတွေဟာသူ့ရဲ့ သွေးသောက်ညီအကိုတွေဆိုတော့ သိုင်းလောကတစ်ခုလုံးကို ဗြောင်းဆန်နေအောင် ထင်းလွေက လုပ်နိုင်တော့တာပေါ့ .. ပထမ ဦးဆုံး အနက်ရောင်ဂိုဏ်းငယ်လေးတွေ ..အနက်ရောင်တစ်ကိုယ်တော် သိုင်းသမားတွေကို သူ့အဖွဲ့ထဲကို သွတ်သွင်းလိုက်တယ်..သူ့လက်အောက် မ၀င်တဲ့ဂိုဏ်းတွေကို ရက်ရက်စက်စက်ခြေမှုန်းပြလိုက်တော့ ကျန်တဲ့ဂိုဏ်းတွေကပါ အလိုလို ၀င်ရတော့တာပေါ့.. အဲ့လိုနဲ့ အနက်ရောင်သိုင်းလောကကြီးဟာ ကြောက်စရာကောင်းလောက်အောင်တစ်စုတစ်စည်းထဲ ဖြစ်ကုန်ရော..
အဖြူရောင်သိုင်းသမားတွေဆိုတာက မာန အတော်ကြီးကြတဲ့လူတွေဆိုတော့ ကိုယ့်အဖွဲ့ထဲကို သူများဝင်လာမှာ မကြိုက် .. သူများအဖွဲ့ထဲကို ကိုယ်က မ၀င်ခြင်နဲ့ ဆိုတော့ ၀ါးအစည်းပြေ နေသလိုဖြစ်နေတာပေါ့.. ထင်းလွေရဲ့ တင်းလုံဂိုဏ်းဟာ မကြံကောင်းမစည်ရာတဲ့ အလုပ်လုပ်ဖို့ ကြံစည်ပါလေရော.. အဲ့ဒါက ဘာလည်းဆိုတော့ အဖြူရောင်သိုင်းလောကရဲ့ အထွဋ်အမြတ်ဦးသျှောင် ရှောင်လင်ကို ထိပါးဖို့ လုပ်ပါလေရဲ့ ... ခင်ဗျားတို့သိကြတဲ့အတိုင်း ရှောင်လင်ဆိုတာ သိုင်းလောကရဲ့ပင်မ .. ဓမ္မဗောဓိ (တာမောပိုးတီ)လို့ခေါ်တဲ့ ဘုန်းကြီးတစ်ပါးဟာ ပြည်မကြီးကိုရောက်လာပြီး ရှောင်လင်ဂိုဏ်းကို အုတ်မြစ်ချ .. သိုင်းပညာကို ဖြန့်ဖြူး ခဲ့လို့ ရှောင်လင်ကနေ ၀ူတန် ငိုမီ ခွန်လွန်း ၀ါမေ အစရှိတဲ့ သိုင်းဂိုဏ်းတွေ ပေါ်ထွက်လာပြီး အခုလို ကြီးမားကျယ်ပြန့်တဲ့ သိုင်းလောကဆိုတာ ဖြစ်ပေါ်လာတာကိုးဗျ .. ခေတ်အဆက်အဆက်မှာ တင်းလုံဂိုဏ်းလိုသိုင်းလောက ကို စိုးမိုးဖို့ ကြံစည်ခဲ့ကြတဲ့သူမှန်သမျှဟာ နောက်ဆုံးတော့ လက်မြောက် အရှုံးပေးရတာချည်းပဲဆိုတာကို ထင်းလွေက သတိမထားမိတော့ဘူး ..
တိုတိုပြောရရင် ရှောင်လင်နဲ့ ထင်းလုံဂိုဏ်းထိပ်တိုက်တွေ့တော့တာပေါ့..'''
ပိန်လှီလှီ အားကွေ့က ကြက်ပေါင်တစ်ချောင်းကို ကိုက်နေရာမှ
''ဘိုးဘိုး .. ရှောင်လင်က အဲ့လောက်ထက်မြက်သိုင်းစွမ်းတယ်ဆိုရင် အစကတည်းက ဘာလို့ ထင်းလုံဂိုဏ်းကို မတားမြစ်ခဲ့တာလည်း'''
ကျောက်စိမ်းနဂါး တင်းပေ မှလည်း ..
'' ဟုတ်သားပဲ ရှောင်လင်သာ အစောပိုင်းက တားဆီးခဲ့ရင် တင်းလုံဂိုဏ်းဟာ ခေါင်းထောင်နိုင်စရာ အကြောင်းကို မရှိဘူး'''
ထိုသို့ အားကွေ့နှင့် တင်းပေ ၏ သံယောင်ကို လိုက်၍ ရွှေနဂါး စားသောက်ဆိုင် အတွင်းမှ လူများကလည်း ကိုယ့်ထင်မြင်ချက်ကို ကိုယ်ပေးနေကြသောကြောင့် ဆိုင်တစ်ဆိုင်လုံး ဆူညံကာ သွားလေသည်...
အဖိုးအိုက ထိုင်နေရာမှ ထ၍
'' လူလေးတို့ဆရာကြီးတို့ ထောက်ပြတဲ့အချက်က ရေရေရာရာ မသိရင်တော့ ဟုတ်ပါရဲ့... ဒါပေမယ့် ရှောင်လင် ဂိုဏ်းဆိုတာ သူတော်စင်တွေမွေ့လျော်တဲ့ နေရာ သူ့တို့ရဲ့ အဓိက အချက်က တရားအားထုတ်ခြင်းဆိုတဲ့ လောကရဲ့ အရိပ်စစ်ကို ရှာဖွေနေကြတဲ့သူတွေမဟုတ်လားကွဲ့ .. သတ်ခြင်းဖြတ်ခြင်း အလုပ်ကို မလုပ်ချင်ကြတော့ အေးချမ်းရာ တရားဓမ္မနောက်ကိုပဲလိုက်နေကြတာကိုး.. ဒါကြောင့်ပေါ့ ... ထင်းလုံဂိုဏ်းကသာ သူတို့ နဲ့ ထိပ်တိုက်မတွေ့ရင် အခုလို မြောက်ပိုင်း အလယ်ပိုင်း တိုက်ပွဲလည်း ဖြစ်လာမှာမဟုတ်ဘူး... ထင်းလုံဂိုဏ်းက ထိပ်တန်း သိုင်းသမားတွေ .. ရှောင်လင်ရဲ့ ထိပ်တန်းသိုင်းသမားတွေဟာ ကျန်းနန်နယ်က သူရဲကောင်းဇရပ်မှာ သိုင်းပြိုင်ကြတာပေါ့ ... ကြုံတောင်ကြုံခဲ ပြိုင်ပွဲဆိုတော့ သိုင်းလောက တစ်ခွင်က သိုင်းသမားတွေ အသီးသီး လာပြီးကြည့်ကြရော.. တိုတိုပြောရရင် တင်းလုံဂိုဏ်းဟာ ရှူံးသွားတာပေါ့..
အဖြူရောင်သိုင်းလောကသားတွေကလည်းပျော်လို့မော်လို့ပေါ့ကွယ်.. '''
စကားစကို ဖြတ်ပြီး အဖိုးအိုမှ ပြန်ထိုင်ကာ ရှေ့စီမှ အသင့်ငှဲ့ထားသော အရက်ခွက်ကို မော့သောက်လိုက်သည် ... ထိုအရက်ခွက်မှာ ကျောက်စိမ်းနဂါး တင်းပေ ဧည့်ဝတ်ပြုထားသော ပါးအို့ကလေး ရဲရဲနီ ဟူသည့် အကောင်းစား အရက်ပင်ဖြစ်လေ၏..
အားကွေ့မှလွဲ၍ ကျန်ကလေးနှစ်ယောက်မှာမူ စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာ များကို ပလုပ်ပလောင်း စားသောက်နေကြသည်...
အားကွေ့မှာ သူ၏ မျက်နှာပေါ်ရှိ ဖယောင်းချက်ကို နေရာပြင်လိုက်ပြီး
''''ဒါနဲ့ ဖိုးဖိုး ကျွန်တော်ကတော့ အခုထိ မြောက်ပိုင်းသိုင်းလောက အကြောင်းကို မကြားရသေးဘူးနော် မေ့များမေ့နေတာလား''
အဖိုးအိုမှ အရက်ခွက်ကို လက်စသတ်ကာ
''' အခုမှ မြောက်ပိုင်းသိုင်းလောကအကြောင်းကစလာမှာကွဲ့ လူလေးရဲ့... ပြည်မကြီး မှာရှိတဲ့ သိုင်းလောကကို အလယ်ပိုင်း သိုင်းလောက လို့ခေါ်ပြီး တောင်ပင်လယ်ဖက် အပိုင်းကို တောင်ပိုင်းသိုင်းလောက .. မြောက်ဖက် တောင်တန်းဒေသအပိုင်းကို မြောက်ပိုင်းသိုင်းလောက လို့ ခေါ်တယ်လေ...
အလယ်ပိုင်းသိုင်းလောက ကတော့ အကြီးမားဆုံး .. ဂိုဏ်းကွဲတွေ အများဆုံးနဲ့ သိုင်းပရိယာယ် အကြွယ်ဆုံးပေါ့.. မြောက်ပိုင်းမှာတော့ ဂိုဏ်းကြီးဆိုလို့ ၀တ်ရုံနီဂိုဏ်း .. ရွှေဓါး ဂိုဏ်း .. ရေခဲနတ်နန်းဂိုဏ်း နဲ့ မြောက်ပိုင်းရှောင်လင်(ကျားနဂါး)ဂိုဏ်းတို့ပဲ
ရှိတာ ကျန်တာက ဂိုဏ်းသေး လေးတွေ .. တစ်ကိုယ်တော် သိုင်းသမားတွေပဲ ရှိတော့တာ ... ဒါပေမယ့် သူတို့ရဲ့ သိုင်းပညာတွေက အရမ်းကို ကြောက်ဖို့ကောင်းတယ် ... သူတို့ သိုင်းပညာဟာ အလယ်ပိုင်းမှာ ပိတ်ပင်ထားတဲ့ အောက်လမ်းသိုင်းတွေမို့ပဲ .. ၀တ်ရုံနီဂိုဏ်းရဲ့ နာမည်ကျော် အရိုးကွဲအသားဆွေး လက်ဝါးသိုင်းဆိုရင် နာမည်လိုက်အောင်ပြင်းထန် ရက်စက်လွန်းတယ်ကွဲ့ .. အဲ့လက်ဝါးနဲ့အရိုက်ခံလိုက်ရတဲ့သူဟာ အရိုးတွေကွဲ ထိလိုက်တဲ့ နေရာကအသားတွေ ပုပ်ဆွေးပြီး ပဲ့ကျသွားရော.. အဲ့သိုင်းမှာ အဆင့်ကိုးဆင့်ရှိတယ် အဆင့်ငါး လောက် ရောက်ရင်ပဲ တော်တော်ကြောက်ဖို့ကောင်းလှပြီ... ရွှေဓါးဂိုဏ်းကြတော့ ရင်ခွဲအသဲလှန် ဆိုတဲ့ဓါးသိုင်းဟာ ဗိုက်ထဲက အူကို အခွေလိုက် ထွက်ကျနိုင် လို့ မသတီစရာကောင်းလွန်းတယ် .. ရေခဲနတ်နန်းဂိုဏ်းကတော့ သူ့သိုင်းပညာဟာ လျှို့ဝှက်လွန်းလို့ ပြည်မကြီးမှာ ဘယ်သူမှ ကြားဖူးမယ့်ပုံတောင်မပေါ်ဘူး.. ဒါပေမယ့် ယိယှတောင်တိုက်ပွဲမှာတော့ အဲ့ဂိုဏ်းရဲ့ အဆိပ်ရေခဲအပ် လက်နက်ပုန်းကို တွေ့ဖူးလိုက်မိတယ် ... တကယ့်ကြောက်စရာကောင်းတဲ့ လက်နက်ပဲ.. မြောက်ပိုင်းရှောင်လင်ကတော့ သိကြတဲ့အတိုင်းပဲ ရှောင်လင်ဂိုဏ်းရဲ့ သစ္စာဖောက် ဘုန်းကြီး ကုန်းစုပိုင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ .. ရှောင်လင်ဂိုဏ်းရဲ့ အမွန်အမြတ် သိုင်းပညာတွေကို အောက်တန်းကျတဲ့ နည်းလမ်းတွေရောစွက်ထားလို့ အယုတ်တမာဂိုဏ်းလို့ဆိုရမယ် .. '''
အဘိုးအိုဖုန်းချူးမှ ရှည်လျားထွေပြားစွာ ပြောပြနေစဉ်မှာပင် ရွှေနဂါးဆိုင် ထဲသို့ ဧည့်သည်များ ၀င်ရောက်လာ၍ အဘိုးအိုပြောသမျှ ရပ်နားထောင်နေကြသော ဆိုင်လုပ်သားများက အပြေးအလွှားသွားရောက် ကြိုဆိုကြသည်..
ဆိုင်ထဲ ၀င်လာကြသူများမှာ ဆယ့်ငါးယောက်တိတိ ဖြစ်ပြီး အမည်းရောင် ၀တ်စုံဆင်တူနှင့် ရင်ဘတ်တွင် မိုးကြိုးပုံသဏ္ဍန် တံဆိပ်တပ်ဆင်ထားသောကြောင့် နာမည်ကျော် မိုးကြိုးအာမခံ အဖွဲ့ ဟု သိရှိနိုင်ပေသည်...
ထိုလူများထဲမှ ကိုယ်ခန္ဓာထွားကျိုင်းလှပြီး မျက်နှာ တွင် ဓါးဒါဏ်ရာများနှင့် ပြည့်နှက်နေသူမှာ မိုးကြိုးအာမခံအဖွဲ့ခေါင်းဆောင် မိုးကြိုးဓါးလွေစု ဖြစ်သည်.. သူ၏ မိုးကြိုးဓါးသိုင်း ဆယ့်ရှစ်ကွက်မှာသိုင်းလောကတွင် ကျော်ကြားလှ၏... အသက်နှစ်ဆယ် အရွယ်ကပင် မိုးကြိုးအာမခံအဖွဲ့ကိုထူထောင်ခဲ့ကာအာမခံ သက်တမ်းအနှစ် သုံးဆယ် အတွင်း၌ ပေးပို့ရသော ပစ္စည်းတစ်စုံတရာမျှ မဆုံးရှုံးခဲ့ဘူး၍ မိုးကြိုးအာမခံဌာနသည် ထိပ်တန်း အာမခံ အဖြစ်ရပ်တည်နေသည် ..
များပြားလှသည့် အမာရွတ်များက အသေအကြေ တိုက်ပွဲများ ကြားတွင် ရှင်သန်နေသူဟု သိသာနိုင်ပေသည်... လူဆိုး ဓါးပြများကို သတ်ဖြတ်ရာတွင် နာမည်ကျော်သူ ဖြစ်သော်လည်း မိုးကြိုးဓါးလွေစုမှာ ၀ူပေမြို့တွင်တော့ လူချစ်လူခင်ပေါများလှသော မြို့မျက်နှာဖုံးတစ်ယောက်ပင်....
ဆိုင်ထဲသို့ဝင်လာသော မိုးကြိုးဓါးလွေစုတို့အဖွဲ့အား ဆိုင်လုလင် များမှ ငါးယောက်တစ်ဝိုင်းစီ နေရာချထားပေးလိုက်၏..
. ကျောက်စိမ်းနဂါးတင်းပေမှာ မိုးကြိုးဓါးလွေစုကို မြင်လိုက်သည်နှင့် ၀မ်းသာအားရဖြင့် ထိုင်ရာမှ ထလိုက်ပြီး
'''' ဟာ.. အကိုကြီးလွေ ''''
လွေစုမှလည်း ယခုမှ တင်းပေကို မြင်သွားသဖြင့်
'' ဟား ..ဟား... ဟား .. ငါ့ညီတင်းပေ ဘယ်လိုကနေ ဘယ်လေ တိုက်လာလို့ ၀ူပေကို ရောက်လာတာလဲကွ ... ''
သူ့ဆီလာမည့်ဟန်ပြင်နေသော တင်းပေအား လက်ကာပြ၍
''' နေ .. နေ.. အကိုကြီး လာခဲ့မယ် .. အော် .. မိတ်ဆွေကြီး ဖုန်းချုးနဲ့ ထိုင်နေတာကိုး... ဧကန္တ မိတ်ဆွေကြီး ဖုန်းချူးဆီက ဗဟုသုတ မျှဝေနေထင်တယ် .. ငါတို့ဝူပေမှာတော့ မိတ်ဆွေကြီး ဖုန်းချူး မသိတဲ့ အရာမရှိသလောက်ပဲ .. '''
ပြောရင်းဆိုရင်းဖြင့် တင်းပေတို့၏ စားပွဲဝိုင်းဆီသို့ သွားရောက်ဝင်ထိုင်လိုက်သည် ..
အဖိုးအို အားကွေ့နှင့် ကလေးနှစ်ယောက်မှာလည်း ထရပ်ကာ ဂါရ၀ ပြုလိုက်၏ ..
လွေစုမှ အသိအမှတ်ပြုသည့်ဟန်နှင့် ခေါင်းငြိမ့်လိုက်ကာ
''' ထိုင်ကြ ထိုင်ကြ .. ဒီနေ့ကတော့ ငါ့ညီတင်းပေ နဲ့ပြန်တွေ့ရလို့ ၀မ်းသာတဲ့ အနေနဲ့ အရက်သုံးအိုး တိတိ သောက်လိုက်မယ် ..
ဟေ့ .....ငါတို့ ၀ိုင်းကို အရက် ယူခဲ့အုံး.. ငါ့ညီတင်းပေ ချန်အန်း ကနေ ၀ူပေအထိ လာခဲ့တာ ဘာအကြောင်းထူးတွေများရှိနေလို့လဲ...'''
လွေစု၏ စကားကြောင့်ဘေးနားရှိဆိုင်လုလင်များမှာ အရက်အိုးယူရန် အပြေးအလွား နှင့် နောက်ဖေးသို့ဝင်သွားကြသည်...
တင်းပေမှ ဆိုင်ထဲတွင်မပြောလိုဟန်နှင့် အရက်ခွက်ကို မော့သောက်လိုက် ရင်း
''' အထွေအထူးမရှိပါဘူး အကိုကြီးလွေ ရယ် .. ကျွန်တော်က ခြေထောက် မှာ ဗွေပေါက်နေတဲ့လူဆိုတော့ ဟိုဟိုဒီဒီ သွားရင်းနဲ့ ၀ူပေနယ် ထဲကိုရောက်တုန်း အကိုကြီးလွေကို သတိရလို့ တွေ့ရအောင် လာတာပါ.. ''
အကင်းပါးသောလွေစုမှာ တင်းပေ ၏ အခြေအနေကို သဘောပေါက်သည်နှင့်
ဆက်လက်မေးမြန်းခြင်းမပြုတော့ဘဲ .. အဘိုးအို ဖုန်းချူးဘက်သို့လည့်ကာ
''' မိတ်ဆွေကြီး ဖုန်းချူး ခုနက ဘာအကြောင်းပြောနေကြတာလဲ ''
အဖိုးအိုမှာသည် အစားအသောက်ငမ်းနေသော ခပ်၀၀ကလေး၏ ခေါင်းကို တစ်ချက်ခေါက်လိုက်ရင်း
''' ဆရာကြီးတင်းပေက ယိယှတောင်တန်း တိုက်ပွဲ အကြောင်းမေးနေလို့ ပြောပြနေတာပါ ဆရာကြီးလွေ.... '''
မိုးကြိုးဓါးလွေစု သည် ကျောက်စိမ်းနဂါးတင်းပေနှင့် အသိအကျွမ်း ဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် တင်းပေသည် စပ်စပ်စုစု ကိစ္စများ တွင်ဝါသနာမပါသည့်အကြောင်း သိသည်နှင့်အညီ ယခုလို အဖိုးအိုဖုန်းချူးအား မေးမြန်းနေသည့် အကြောင်းအရာထဲမှ တစ်ခုခုကို တင်းပေ သိလိုသောကြောင့်ဟု စိတ်ထဲတွင် တွေးထင်လိုက်မိသည်..
အကယ်စစ်စစ် ဖုန်းချူးဟူသည့် အဖိုးအိုသည် ၀ူပေနယ်ထဲသို့ လွန်ခဲ့သော ဆယ်နှစ်လောက်ကမှ ရောက်ရှိလာပြီး လူစည်ကားရာ စားသောက် ဆိုင်များ လက်ဖက်ရည်ဆိုင်များ ကူးတို့ဆိပ်ကမ်း အစရှိသည့် နေရာများတွင် တစ်ယောက်ထဲ လည့်လည် ၍ သိုင်းလောကရှိ ထူးခြားအဖြစ်အပျက်များ.. ဟာသ များ ...ပုံတိုပတ်စများကို အခကြေးငွေ ယူကာ လိုက်လံဖျော်ဖြေသည့် သူပင်.. တခါတရံတွင်မူ ၀ူပေနယ်မှ တစ်လ ကိုးသီတင်းမျှ ပျောက်ပျောက်သွားတတ်သည် .. ဘယ်သွား၍ဘာလုပ်သည်ဟူ၍တော့ မည်သူမျှသိဟန်မတူ .. လွန်ခဲ့သော သုံးနှစ်ခန့် ကမှ ကလေးသုံးယောက်ကို အဖိုးအိုဖုန်းချူး ခေါ်ဆောင်လာခဲ့သည် .. သူ၏မြေးများ ဟုပြောသော်လည်း မည်သူကမှ ယုံကြပုံမပေါ်ပေ.. .. မိုးကြိုးဓါးလွေစုအတွက်တော့ အဖိုးအိုဖုန်းချူးဟူသည်မှာ မြို့ပြင်ဇရပ်တွင်နေသည့် သာမာန်ဆင်းရဲသား အရက်သမား အဖိုးအိုတစ်ယောက်သာဖြစ်သည်.. သို့သော်လည်း လွေစုမှာ ခင်တတ် မင်တတ်သူပီပီ အဖိုးအိုအား အခါအားလျော်စွာ ပုံတိုပတ်စလေးများ ပြောခိုင်းတတ်သည်...
. အားကွေ့ မှာ အသက်အရွယ်အားဖြင့် ဆယ်နှစ်ဟူသော ကလေးအရွယ် သာရှိသေးသော်လည်း ပါးနပ်သူဖြစ်သည်နှင့် ပြတ်သွားသော စကားစ ကိုပြန်ဆက်လိုက်၏
'' မြောက်ပိုင်းရှောင်လင်ရဲ့ သိုင်းက တော်တော်စွမ်းသလား ဘိုးဘိုး''
''' စွမ်းသလားဆိုတော့ ကုန်းစုပိုင်က ရှောင်လင်ရဲ့. ရဟန်းလက်ဝါးသိုင်းကို အရိုးကြုံ့ အကျောလျော့သိုင်း နဲ့ပေါင်းစပ်ပြီး သိုင်းတမျိုးကို ထွင်လိုက်တယ်
..အဲ့သိုင်းကွက်နဲ့ ရှောင်လင်ရဲ့ ကြေးလူရုပ် ဆယ့်ရှစ်ယောက် အသေသတ်သွားပြီး .. လူ တစ်ရာ့ရှစ်ယောက် အသုံးပြုရတဲ့ လော်ဟန့် ၀င်္ကပါ ကို ဖြတ်သွားနိုင်ခဲ့တယ်..
ရှောင်လင်ဂိုဏ်းမှာ လျှို့ဝှက်ခုနှစ်ဆယ့်နှစ်မျိုး သိုင်းဆိုတာ ရှိတယ် .. အဲ့ထဲက တစ်မျိုးလောက်တတ်ရင်ကို ထိပ်တန်း သိုင်းသမားအဖြစ်သိုင်းလောကမှာ လက်မထောင်လို့ရနိုင်တယ်ကွဲ့... ပန်းခူးလက်ဝါး ..နဂါးလက်သဲ .. ကျောက်လက်ငြိုး .. သမဏိကိုယ်ခံအတွင်းအား အစရှိတဲ့ သိုင်းတွေဟာ အဲ့လျှို့ဝှက် သိုင်းထဲမှာ ပါတာပေါ့ ... ခုနှစ်ဆယ့်နှစ်မျိုးလုံးတတ်ဖို့ဆိုတာမလွယ်လှဘူး... တာမောအဆောင်မှူး ဆရာတော် ခုံးချင့် နဲ့ လော်ဟန့် အဆောင်မှူး ဆရာတော် ခုံးလွန် တို့နှစ်ဦးကတော့ ခုနှစ်ဆယ့်နှစ်မျိုးစလုံး တတ်တယ်.. ကုံးစွန်းပိုင်က အဲ့ သိုင်းကျမ်းကို ခိုးကူးသွားတယ်လေ .. အခုလောက်ဆို သူလည်းမတတ်ဘူးလို့ မပြောနိုင်ဘူး .. ဒီလောက်ဆို သူ့ရဲ့ သိုင်းပညာအရည်အချင်းကို သိလောက်ရောပေါ့ .... မြောက်ပိုင်းသိုင်းလောက ရဲ့ထူးခြားချက်က ကိုယ့်သိုင်းသူ့သိုင်း ဖလယ်တဲ့ အချက်ပဲ.. အလယ်ပိုင်းသိုင်းလောကမှာ ကိုယ့်ရဲ့သိုင်းပညာကို တခြားဂိုဏ်းတွေ သိမှာဆိုးလို့ လျှို့ဝှက်ထားတဲ့အချိန်မှာ ခုန မြောက်ပိုင်း ဂိုဏ်းကြီးလေးဂိုဏ်းက ဂိုဏ်းချုပ်တွေဟာ သွေးသောက်မဟာမိတ် ဂိုဏ်းအဖြစ် ပေါင်းစည်းလို့. သူ့ဂိုဏ်း ကိုယ့်ဂိုဏ်းက အထက်မြက်ဆုံး သိုင်းကွက်တွေကို စုပြီး ကျမ်းတစ်စောင်ပြုစုလိုက် ကြတယ် .. ပြီးတော့ အဲ့သိုင်းကျမ်းကို တစ်နှစ် အထိ တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း လက်လွဲ ထိမ်းသိမ်းကြသတဲ့.. အဲ့အကြောင်းကို တင်းလုံ ဂိုဏ်းကကြားလဲကြားရော .. သိုင်းကျမ်းကို ခိုးဖို့လုပ်တော့တာကိုး.. ဘာလို့လဲဆိုတော့ ရှောင်လင်ကို ရှုံးနိမ့်ထား တဲ့အတွက် အဲ့သိုင်းကျမ်းသာ ရရင် သူ့အနေနဲ့ ပြန်လက်စားချေမယ်ပေါ့... မြောက်ပိုင်းဂိုဏ်းလေးဂိုဏ်းကို သူလျှိုထည့်ပြီး သိုင်းကျမ်းအကြောင်းစုံစမ်းတော့ ၀တ်ရုံနီဂိုဏ်းလက်ထဲမှာ သိုင်းကျမ်းရှိတယ်ဆိုတာသိရော .. ထင်းလွေရဲ့ သွေးသောက် ညီ ပန်းလိပ်ပြာ တုမော်ရင်းကို သိုင်းကျမ်းခိုးဖို့ လွတ်လိုက်လေရဲ့ .. တုမော်ရင်းဆိုတဲ့လူက သိုင်းလောကမှာ ကိုယ်ဖော့ပညာအကောင်းဆုံးကိုး ..
လူမိုက်ကံကောင်းလို့ဆိုရမယ် တုမော်ရင်းဟာ မသေမပျောက်ပဲ သိုင်းကျမ်းကို ရအောင် ခိုးနိုင်ခဲ့တယ်.. သိုင်းကျမ်း ပျောက်တာ သိသိချင်းပဲ မြောက်ပိုင်းလေးဂိုဏ်း လုံးဟာ အလယ်ပိုင်းသိုင်းလောကထဲ ဆင်းချလာပါလေရော..သူတို့ မြောက်ပိုင်း ကို ထိနိုင်တာ ထိရဲတာ အလယ်ပိုင်းသိုင်းလောကပဲ ရှိနိုင်တယ် လို့ယူဆထားတာကိုး . အလယ်ပိုင်း သိုင်းလောကတစ်ခုလုံး သွေးထွက်သံယိုတွေဖြစ်ကြတော့တာပါပဲ.. အနက်ရောင် အဖြူရောင်မရွေးပဲ ရက်ရက်စက်စက် ကိုအသတ်ခံရတာ .. နောက်ဆုံး သိုင်းလောက တစ်ခုလုံး စုပေါင်းပြီး ယိယှတောင်တန်းမှာ မြောက်ပိုင်းလေးဂိုဏ်းကို တွန်းလှန်ကြတာပေါ့ကွာ..အဲ့အချိန်ထိ ဘယ်သူမှ ထင်းလုံးဂိုဏ်းဆီမှာ သိုင်းကျမ်း ရှိမှန်းမသိကြဘူး.. နောက်ဆုံးတော့ မြောက်ပိုင်း လေးဂိုဏ်းကို တွန်းလှန်နိုင်ခဲ့ပါရဲ့ .. သိုင်းလောကတစ်ခုလုံးလည်း နလန်ကိုမထူနိုင်တော့ဘူး .. ထင်းလုံဂိုဏ်းလည်း ပျက် .. ရှောင်လင် ..၀ူတန် အစရှိတဲ့ အဓိပတိဂိုဏ်းနှစ်ဂိုဏ်းတောင် တော်တော်လေး အထိနာ ကြရတယ်ဆိုတော့ ကျန်တဲ့ဂိုဏ်းတွေဆို ရစရာမရှိအောင်ကိုပဲ.... အသေးစိတ်သာပြောရမယ်ဆို သုံးလေးရက်လောက်တောင် ပြောရလောက်တယ် .. ဆရာကြီးတင်းပေတိုရဲ့. တင်းမိသားစုတောင် အဲ့တိုက်ပွဲမှာ ပါကြသေးရဲ့..ဟုတ်တယ်မို့လား ဆရာကြီးတင်းပေ''
ကျောက်စိမ်းနဂါးတင်းပေမှ လေးစားသောအမူအရာနှင့်
'' မှန်ပါတယ်ဗျာ မိတ်ဆွေရဲ့ ဗဟုသုတ ကတော့ ပြောစရာ မရှိအောင်ကို ပြည့်စုံလွန်းပါရဲ့. ..''
အဖိုးအိုဖုန်းချူးသည် အားကွေ့ထံမှ ရှူဆေးဗူးတောင်းလိုက်ပြီး အားရပါးရ ရှူနေတော့သည်.. စကားအရှည်ကြီးပြောပြလိုက်ရ၍မောနေသည့်ပုံပင်...
ကျန်ကလေးနှစ်ယောက်မှာတော့ ခွက်တစ်လုံးနှင့် ဆိုင်ထဲသို့ပတ်ကာ သဒ္ဒါကြေး လိုက်လံကောက်ခံနေကြသည်...
ကျောက်စိမ်းနဂါးတင်းပေမှာ တစ်ဆယ်သားမျှရှိသော ငွေတုံးကြီး ကို အားကွေ့လက်ထဲသို့ထည့်ရင်း
''မိတ်ဆွေကြီးဖုန်းချူးနဲ့တွေ့ရတာ ဒီနေ့အဖို့တော့ အကျိုးရှိတယ်ဆိုရမယ် ယိယှတောင်တိုက်ပွဲအကြောင်းကို ကျုပ်လည်း နားစွန်နားဖြားသာ ကြားဖူးတာ .. အခုမှပဲ အကြောင်းရင်းကိုခြုံငုံမိတော့တယ် ..ကျေးဇူးပဲ မိတ်ဆွေကြီး''
အဖိုးအိုဖုန်းချူး မှာ လက်ဝါးနှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေး လိုက်ရင်း
'' မဟုတ်တာ ဆရာကြီးရယ် ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါဗျာ..''
နှစ်ယောက်သား ပြောဆိုနေချိန်တွင်ပင် ကလေးနှစ်ယောက်မှာ ငွေလိုက်လံ ကောက်ခံ၍ပြီးဆုံးသွားသောကြောင့် အဖိုးအိုဖုန်းချုးဆီသို့ ပြန်လာခဲ့ကြသည်..
အဖိုးအိုဖုန်းချူးလည်း မိုးကြိုးဓါးလွေစု .. ကျောက်စိမ်းနဂါးတင်းပေ တို့ကို နူတ်ဆက်၍ ကလေးသုံးယောက်ကို ခေါ်ကာ ဆိုင်အတွင်းမှ ယိင်းယိုင်သော ခြေလှမ်း များဖြင့် ထွက်ခွာ သွားလေသည်..
ထိုမြေးအဖိုးများ ဆိုင်ပြင်သို့ အရောက်တွင် မိုးကြိုးဓါးလွေစုမှ
''' ကဲ... ညီလေးတင်းပေ ပြောပါအုံး မင်းကိစ္စကို ..'''
''' အကိုကြီးလွေ ကိစ္စကတော်တော် အရေးကြီးတယ်ဗျ .. အကိုကြီးနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ထဲ ဆုံလို့ရတဲ့နေရာမှာ ပြောမှဖြစ်မှာ ..ဒီအကြောင်းကို တခြားလူတွေသာကြားသွားလို့ကတော့ ငါးပါးမှောက်မယ့် သတင်းမျိုးဗျ''
'' အင်း ငါ့ညီဒီလောက်ညွှန်းနေမှတော့ တော်တော်တန်တန်မဟုတ်ပေ လောက်ဘူး... ကောင်းပြီ ဒီလိုဆို အကိုကြီးတို့ဌာနကိုသွားကြတာပေါ့'''
လွေစု ကပြောပြောဆိုဆိုနှင့် ထရပ်လိုက်ပြီး အနီးရှိဆိုင်လုလင် တစ်ယောက်ကိုခေါ်၍
'' ဒီဝိုင်းက ကုန်ကျစားရိတ်ရယ် .. ငါ့လူတွေ စားထားသောက်ထားသမျှတွေကို စားရင်းလုပ်ပြီးမှတ်ထားဖို့ မင်းတို့ဆိုင်ထိုင်ကြီးကိုပြောလိုက် ... ကဲညီလေး မင်းနဲ့ငါ နဲ့က ပြန်နှင့်ရအောင်'''
ထို့နောက်နှစ်ယောက်သား ဆိုင်ပြင်သို့ထွက်လာကြသည်.. ဆိုင်ရှေ့ရှိ သူတို့၏မြင်းများကို စီးကာ ဈေးလမ်းတစ်လျှောက် အသော့လေးမောင်းလာကြ၏..
ဈေးကား စည်ကားလျှက်ရှိတုန်းပင် .. လူကြားထဲမှ နှေးတစ်ခါမြန်တစ်လည့်နှင့် စီးနှင်းလာပြီးနောက် ကြီးမားလှသည့် အနီရောင် အဆောက်အဦ ရှေ့သို့အရောက်တွင် ရပ်တန့်လိုက်ကြသည် .. ထိုအဆောက်အဦ ထိပ်တွင် မိုးကြိုးအာမခံဌာနဟု ရွှေရောင်စာလုံးဖြင့် ပုံဖော်ထား၏..
အနှီအဆောက်အဦးကား မိုးကြိုးဓါးလွေစု၏ မိုးကြိုးအာမခံဌာနပင် ဖြစ်လေသည်... ခြံဝင်းအတွင်းတွင်မူ ပစ္စည်းများ ထုပ်ပိုးသူ .. မြင်းလည်းများတပ် ဆင်နေသူ .. ဓါးလှံအစရှိသောလက်နက်များကို တိုက်ချွတ်ဆေးကြော နေသူများနှင့် အာမခံဌာနရှိ အလုပ်သမားများမှာ အလုပ်ရှပ်နေကြ၏... ၎င်းတို့ကို ညွှန်ကြားနေသူ ကား ရှည်လျားလှသော ဆေးတံကို အငွေ့တစ်ထောင်းထောင်းထအောင် ရှိုက်ဖွာနေသည့် အသက်ခြောက်ဆယ် အရွယ် လူကြီးတစ်ယောက်ပင်..
မိုးကြိုးဓါးလွေစုကို မြင်လျှင် ထိုလူကြီးမှာ
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
2
လက်နှစ်ဖက်ဆုပ် ဂါရ၀ပြုလိုက်ရင်း
''''' သခင်ကြီး ကျွန်တော်တို့ မနက်ဖြန် ပေကျင်း ခရီးအတွက် အဆင်သင့်ဖြစ်နေပါပြီ ..ဘာတွေလိုအပ်သေးလဲလို့ သခင်ကြီး စစ်ဆေးကြည့်လိုက် ပါအုံး'''
လွေစုမှာ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး
''' ဌာနမှူး ကျန်း အဆင်ပြေသလိုသာလုပ်ထားလိုက် .. မနက်ဖြန်ခရီး အတွက် ကျုပ် ကတော့လိုက်နိုင်မယ် မထင်ဘူး .. ဌာနမှူးကျန်း ပဲလိုက်သွားတော့ ..လမ်းခရီးမှာ အစစအရာရာဂရုစိုက်ဖို့တော့မမေ့နဲ့ .. လုံရွဲ့နဲ့မားဟူ တို့ရွှေနဂါးမှာ ကျန်ခဲ့တယ် .. မနက်ဖြန် သူ့တို့ကိုပါခေါ်သွားလိုက် .. ခဏနေရင် စာဖတ်ခန်း ထဲကို အရက်နဲ့စားသောက်စရာ လာပို့ပေးအုံး... လာညီလေး ငါတို့အိမ်ထဲဝင်ရအောင်.. '''
အိမ်ထဲသို့အရောက်တွင် ကျောက်စိမ်းနဂါးတင်းပေမှ
'' အကိုကြီးလွေ ခုဏက ဌာနမှူးကျန်းဆိုတာ နတ်ဆေးအိုး ကျန်း ဆိုတဲ့လူ မဟုတ်လား..''
'' ဟုတ်ပါ့ နတ်ဆေးအိုးကျန်း ဆိုတာသူပဲ .. အင်မတန်မှ စိတ်ချရတဲ့ အကိုကြီးရဲ့လူယုံတစ်ယောက်ပေါ့ကွာ... သူ့ရဲ့သိုင်းပညာက ငါနဲ့ဆို မတိမ်းမယိင်းလောက်ပဲ . . င့ါညီနဲ့ငါ သိုင်းလောကထဲမှာသာ ညီရင်းအကိုလို ရင်းနှီးခဲ့ကြတာ .. သူ့အိမ် ကိုယ့်အိမ် အလည်မရောက်ဖူးတော့ နည်းနည်းစိမ်းနေမှာပေါ့....
မိုးကြိုးအာမခံဌာန သည် အပြင်ပန်းသာကြီးကျယ်ခံညားသည်မဟုတ် အထဲတွင်လည်း ဌာနနှင့်လိုက်ဖက်ညီအောင်ပြင်ဆင်ထားသည် .. .ပန်းချီများ အလှစာလုံးများ ကျောက်ဆစ်ရုပ်ထုများ က သူ့နေရာနှင့်သူ သပ်ယပ်လှပစွာ နေရာယူထားကြ၏.. အဆောင်ဆောင်သောအခန်းများကို ဖြတ်သန်းလာပြီးနောက် မိုးကြိုးဓါးလွေစု၏ စာဖတ်ခန်းဆီသို့ရောက်လာသည်.. စာဖတ်ခန်းထဲတွင် စာအုပ်ပေါင်းမြောက်များစွာကို စုဆောင်းထား၏.. နံရံပေါ်တွင်မူ အရွယ်အစား အမျိုးမျိုးနှင့် ဓါးပေါင်းစုံကို ချိတ်ဆွဲထားသည် .. သို့သော် ဓါးတစ်လက်မှ မကျိုးမပဲ့ ထားသည်မရှိ ထက်ပိုင်းပြတ်သည့်ဓါးကပြတ် ပဲ့ရွဲ့နေသည်ကပဲ့နှင့် ကြည့်ရဆိုးလှ၏..
ကျောက်စိမ်းဓါးတင်းပေ ဓါးကျိုးဓါးပဲ့များကို အာရုံစိုက်နေသည်ကို ကြည့်၍ လွေစုမှ
''' အကိုကြီးရဲ့အာမခံဌာနကို အကဲစမ်းတဲ့ သူခိုးဓါးပြတွေရဲ့ ဓါးတွေပေါ့ .. ဓါးအလက်ပေါင်း တစ်ရာ့ ခုနှစ်ချောင်းရှိတယ် .. အဲ့ဒါက အရေးမကြီးပါဘူး
ငါ့ညီပြောမယ့် ဟိုကိစ္စဆိုတာ အကိုကြီးတော့ သိချင်နေပြီ'''
'' အကိုကြီးလည်းရွှေနဂါးစားသောက်ဆိုင်မှာ အဖိုးအိုဖုန်းချူးပြောတဲ့ ယိယှတောင်တိုက်ပွဲအကြောင်းကြားလိုက်ရမှာပေါ့ .. အဲ့တိုက်ပွဲမှာ ကျွန်တော်တို့ တင်းမိသားစု အိမ်တော်က ကျွန်တော့ဦးလေး တင်းယဲ့လုံ ဦးဆောင်တဲ့ တင်းအမျိုးအနွယ် ဆယ့်တစ်ယောက် တောင် ပါတယ်ဗျ.. တိုက်ပွဲလည်းပြီးရော ဆယ့်တစ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်ပြီး အိမ်ကိုပြန်ရောက်တယ် ..
ကျွန်တော်တို့ တင်းမိသားစုရဲ့ သိုင်းစွမ်းကို အကိုကြီးလွေလည်းအသိပဲ .. ''
''' သိတာပေါ့ကွာ ညီလေးတို့ တင်းမိသားစုရဲ့ နွေရွက်ကြွေဓါးသိုင်းနဲ့ စူးဆံထိုး လက်နက်ပုန်းဟာ သိုင်းလောကမှာ ထိပ်တန်းပဲဟာ''
'''.မှန်တယ် အကိုကြီးလွေ .. ကျွန်တော်တို့မိသားစုထဲမှာ ကျွန်တော့အဖေ တင်းကြူး ပြီးရင် ဦးလေးတင်းယဲ့လုံက အထက်မြက်ဆုံးပဲ ဒါပေမယ့် ယိယှတိုက်ပွဲက ပြန်လာတော့ မျက်စိနှစ်ဖက်လုံး ကန်းသွားတဲ့အပြင် လက်တစ်ဖက်ပါ ဆုံးရှူံးခဲ့ရတယ် .. ကျန်တဲ့မိသားစုဝင် ဆယ်ယောက်ဆို အလောင်းတောင်ပြန်မရ လိုက်ဘူး .. ''
''' ဒေါက်...ဒေါက်..ဒေါက်'''
'''' သခင်ကြီး .. အရက်နဲ့ မြည်းစရာလာပို့တာပါဗျာ''
''' အေး.. ၀င်ခဲ့ဟေ့''
နတ်ဆေးအိုးကျန်း ကိုယ်တိုင်ပင် အရက်နှင့်စားသောက်စရာများကို ယူဆောင်လာသည်.. စားပွဲပေါ်သို့ နေသားကျအောင်ပြင်ဆင်ပေးပြီးသည်နှင့် အရိပ်သဖွယ်ပင်ပြန်ထွက်သွား၏..
မိုးကြိုးဓါးစုလွေမှ အရက်ကိုခွက်ထဲသို့ငှဲ့ရင်း
''သောက်လည်းသောက် ပြောလည်းပြောပေါ့ကွာ ... ရွှေနဂါးစားသောက်ဆိုင်မှာတုန်းက အရက်သုံးအိုးသောက်မယ် ပြောထားတာ .. မသောက်ခဲ့ရဘူး .. အခု ဒီမှာတော့ ဒို့ညီအကိုနှစ်ယောက် မူးအောင်သောက်ကြတာပေါ့ .. ကဲညီလေးရဲ့ စကားဆက်စမ်းပါအုံး..''''
. ''' အဖိုးအိုဖုန်းချူးပြောသွားတာ အကိုကြီး မှတ်မိအုံးမှာပေါ့ မြောက်ပို်င်းသိုင်းကျမ်းဆိုတဲ့ဟာလေ.. ''
''.မှတ်မိသားပဲ ''
''' အဲ့ သိုင်းကျမ်းအစအနကို ကျွန်တော်ရလို့ အကိုကြီးတို့ ၀ူပေ ကို လာခဲ့တာပဲဗျာ ... ''
မိုးကြိုးဓါးလွေစုမှာ အရက်ခွက်ပင်လွတ်ကျတော့မလောက် စိတ်လှုပ်ရှားသွား ပြီး
'' ဘယ်ကဘယ်လိုဒီသတင်းရလာတာလဲငါ့ညီရယ် အကိုကြီး နားလည်အောင် ရှင်းပြစမ်းပါအုံး''
'' ယိယှတိုက်ပွဲ အစကတော့ အဖိုးအိုဖုန်းချူးပြောမှ ကျွန်တော်လည်း သိတာအကိုကြီးရ ... သူပြောတဲ့အထဲမှာ ထင်းလုံဂိုဏ်းချုပ်ကြီးဆီမှာ သိုင်းကျမ်းရှိတယ်လို့ပြောခဲ့တာ အကိုကြီးမှတ်မိအုံးမှာပါ.. ဖြစ်ချင်တော့ ထင်းလုံဂိုဏ်းချုပ်ကြီးက မြောက်ပိုင်းသိုင်းကျမ်းထဲက သိုင်းကွက်ကို သုံးမိလိုက်တာကိုး အဲ့မှာ သူသိုင်းကျမ်းခိုးထားတာပေါ်တော့တာပဲ''
'' ငါညီရာ ဟုတ်မှလုပ်စမ်းပါကွာ ဖုန်းချူးပြောတော့ သိုင်းကျမ်းခိုးခိုးခြင်း မြောက်ပိုင်းအဖွဲ့က ဆင်းလာတာဆို.. '''
.'''ဟုတ်တယ်အကိုကြီး ..ဒါပေမယ့် ဘယ်လိုပဲ မြန်တယ်ပြောပြော လူအင်အားစုတာဆောင်းတာနဲ့ဆိုတော့ တစ်လ နှစ်လလောက်က ကြာသေးတာ ကိုး.. ထင်းလုံဂိုဏ်းချုပ်ကြီးက ဉာဏ်ကောင်းတဲ့လူဆိုတော့ အဲ့တစ်လလောက်အတွင်း မှာ မြောက်ပိုင်းသိုင်းကျမ်းတစ်ခုလုံးကို ကျင့်နိုင်သွားတဲ့ပုံပဲ ... သူ့ဆီမှာသိုင်းကျမ်းရှိတယ်လို့လဲသိရော မြောက်ပိုင်းလေးဂိုဏ်းလုံးက ဂိုဏ်းချုပ် အကုန်လုံးသူ့ကိုဖိတိုက်တော့တာပေါ့.. ဒါပေမယ့် သူကလေးယောက်စလုံးကို ခံစစ်ကနေ ကာကွယ်နိုင်ခဲ့တယ်လေ... သူကသာ အခြေအနေကောင်းတာ ကျန်တဲ့ သိုင်းလောကသားတွေကတော့ မြောက်ပိုင်းသိုင်းသမားဒါဏ်ကို အလူးအလဲခံနေရတာပေါ့.. အဲ့အချိန်မှာ ရှောင်လင်ဂိုဏ်းချုပ်ကြီးကရောက်လာရော..
ရှောင်လင်ဂိုဏ်းက တာမောဆရာတော်နဲ့ လော်ဟန်ဆရာတော် နှစ်ပါး ကသာ သိုင်းလောကမှာ လူသိများတာကိုးဗျ .. ရှောင်လင်ဂိုဏ်းချုပ်ကြီး က လောကီ ကိစ္စတွေကို မစွက်ဖက်တဲ့လူဆိုတော့ မျက်နှာတောင်မြင်ဖူးတဲ့သူမရှိဘူး .. အဲ့ဒီတော့ ဂိုဏ်းချုပ်ကြီးရဲ့ သိုင်းပညာ ဘယ်လောက်ရှိမှန်းမသိကြပဲကိုး.. ရှောင်လင်ဂိုဏ်းချုပ်က အဲ့မြောက်ပိုင်းဂိုဏ်း ဂိုဏ်းချုပ်တွေကို တစ်ယောက်ထဲ ၀င်တိုက်လိုက်တာ သိုင်းကွက်တစ်ရာတောင်မပြည့်ဘူး မြောက်ပိုင်းကတစ်ယောက်ပြီးတစ်ယောက် သွေးကြောအပိတ်ခံလိုက်ရတယ်လေ.. '''
မိုးကြိုးဓါးမှ တစ်ခုခုဝင်ပြောရန်ပြင်လိုက်၍
''' အကိုကြီးပြောမှာ ကျွန်တော်သိတယ် .. ဂိုဏ်းချုပ်ဆရာတော် ကသာ ယိယှတောင်တိုက်ပွဲမှာ အစောပိုင်းက ပါလာရင် လူတွေသေပျောက်စရာမရှိဘူး လို့ပြောမလို့မို့လား... ''
''ဟုတ်တယ် ညီလေး''
'' အမှန်တော့ ဂိုဏ်းချုပ်ကြီးက တရားဓမ္မကိုပဲ အာရုံစိုက်တဲ့သူဗျ.. ရှောင်လင် ကို အုပ်ချုပ်ဖို့တောင် သူ့ညီတော်နှစ်ပါးကိုလွဲထားတာ... ယိယှ တိုက်ပွဲအကြောင်းမပြောနဲ့ သူ့ဂိုဏ်းမှာ ဘာဖြစ်လည်းတောင် သူမသိဘူး ... အဲ့တုန်းကတောင် သူဘယ်လို သိလို့လာခဲ့သလဲဆိုတာအခုထိ ပဟေဋိ ဖြစ်နေတုန်းပဲ ... ယိယှတောင်တိုက်ပွဲလည်းပြီးရော .. ထင်းလုံဂိုဏ်းချုပ်က အကြီးအကျယ် စိတ်ဓါတ် ကျသွားတာပေါ့ .. သူအားထားတဲ့ သိုင်းကျမ်းထဲက သိုင်းကွက်တွေနဲ့ ရှောင်လင်ကို အံတုလိုမဖြစ်ဘူးဆိုပြီး ... သူ့သွေးသောက်ညီအကိုတွေနဲ့ သူကိုယ်တိုင် ရှောင်လင်ဂိုဏ်းချုပ်နောက် လိုက်သွားတော့တာပဲ.. ''
အရက်ခွက်ကို ကိုင်ထားပြီး အခုထိသောက်ရန်မေ့နေသော မိုးကြိုးဓါးလွေစုမှာ
''' အဲ့လိုလိုက်သွားတော့ မြောက်ပိုင်းသိုင်းကျမ်းက....''
''' ကျွန်တော်လည်း ငယ်ကတည်းက အဲ့သိုင်းကျမ်းနောက်ကို လိုက်နေခဲ့တာ .. အခုကံကောင်းလို့ သတင်းအစအနရလာပြီ .. ထင်းလွေက လွိယွီ တောင်တန်း မှာ ကျင့်ခဲ့တာ.. အကိုကြီးလည်းနေရာအစုံ ရောက်ဖူးတော့ လွိယွီတောင်တန်းဆိုတာ ဘယ်လောက် ကျယ်ပြန့်မှန်းသိနေတာပဲ တောင်ထွဋ်ကြီးပဲ ခုနှစ်ဆယ်ကျော်တယ် ဂူပေါက်ဆိုတာ ရာဂဏန်းလောက်ရှိသတဲ့.. တောကလည်းနက်တော့ ကျွန်တော် တစ်ယောက်ထဲဘယ်လိုမှ ရှာဖို့မဖြစ်နိုင်ဘူးလေ.. .. အဲ့ဒါကြောင့် ကျွန်တော် ယုံကြည်ရတဲ့ အကိုကြီးလွေဆီကို လာခဲ့ရတာပဲဗျာ ..''
ကျောက်စိမ်းနဂါးတင်းပေမှာ စကားပြောရလွန်း၍ အာခေါင်ခြောက်သွား ပြီထင်သည် လက်ထဲကိုင်ထားသောသောအရက်ခွက်ကို တစ်ရှိန်ထိုးမော့ ချလိုက်သည်...
မိုးကြိုးဓါးလွေစုမှာ အခြေအနေတစ်ခုလုံးကို သုံးသပ်နေသည့်နှယ် အကြာကြီးစဉ်းစားနေပြီးမှ ..
'' ကောင်းပြီညီလေး မင်းနဲ့ငါသာ ဒီသိုင်းကျမ်းးကို ရရင် သိုင်းလောကမှ ရှောင်လင်ကလွဲလို့ လက်မထောင်လို့ရနိုင်ပြီ ..မရရင်လည်း ငါတို့ဂုဏ်နဲ့ အရှုံးတော့ မရှိနိုင်ဘူး .. ဒီတော့ ညီလေး ငါ့ဌာနမှာပဲနေ .. နတ်ဆေးအိုးကျန်း တို့ ပေကျင်းက ပြန်လာတာနဲ့ လွိယွီတောင်ကို မြေလှန်ရှာကြတာပေါ့ကွာ... ''
ထို့နောက် နှစ်ယောက်သား ရွှင်ပျသော စိတ်အစုံနှင့် အရက်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆို နေကြတော့ သည်...
ထိုအချိန်တွင် ရွှေနဂါးစားသောက်ဆိုင်မှ တွက်ချေကိုက်၍ ထွက်ခွာသွား ကြသော အဖိုးအိုဖုန်းချူးနှင့် မြေးသုံးယောက်မှာမူ ၀ူပေမြို့၏ မြို့စွန်ဖြစ်သည့် နတ်နန်းဇရပ် ထဲတွင် ၀ိုင်းဖွဲ့ထိုင်ကာ ရရှိလာသော ငွေများအား ရေတွက်နေကြ၏..
'' ဖိုးဖိုး နေ့တိုင်းသာဒီလိုဆိုရင် နောက်နှစ်လောက်ဆို ကျွန်တော်တို့ ကိုယ်ပိုင်အိမ်တောင် ၀ယ်နိုင်လောက်ပြီဗျ..''
အားကွေ့၏ ပြောစကားကို အဖိုးအိုဖုန်းချူးမှ တစ်ဟားဟားနှင့်ရယ်ရင်း ..
''' အားကွေ့ရယ် မင့်က ဒီငွေတွေကို မစားမသောက်ဘဲ စုထားမှာ မို့လို့လား
မင်းရယ် အားချန်ရယ် .. အားဖုံရယ် ငါရယ် ဘာမှမစားပဲစုထားရင်တော့ အိမ်ဝယ်လို့ ရတာပေါ့.. ခက်တာက ငါတို့ မြေးအဖိုးအကုန်လုံးက အစားသရဲ အသောက် သရဲတွေ ဖြစ်နေတာပဲကွ... ငါ့တစ်သက်တော့ အိမ်နဲ့ကနားနဲ့နေဖို့မဖြစ်နိုင်ပါဘူးကွာ''
'' ဟာ ..ဖိုးဖိုးကလည်း စကားပုံတောင်ရှိသေးတာပဲ ယုံကြည်ခြင်းဟာ တောင်ကိုတောင်ရွေ့နိုင်တယ်ဆိုတာ'''
အဖိုးအိုဖုန်းချူးမှ ပြုံးရွှင်သောမျက်နှာထားနှင့်
''' ငါဖြင့်အိုပဲအိုသေတော့မယ် တစ်ခါမှမကြားဖူးပါဘူးကွာ... ''
အားကွေ့က မျက်နှာရှိ အနာဖေးများကို ခွာရင်း ..
''' ဖိုးဖိုးက တော်တော် အ တဲ့သူကိုးဗျ ဘယ်သိမလဲ .. ဟိုးရှေးရှေးတုန်းက ပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ အဖိုးအိုလင်မယားနှစ်ယောက်ရှိတယ်တဲ့.. သူ့တို့ နှစ်ယောက်စလုံး တံငါ အလုပ်နဲ့အသက်မွေးကြသတဲ့.. တစ်ရက်တရက်ဖမ်းလို့ရ လာတဲ့ငါးတွေကို အနီးဆုံးမြို့ပေါ်ကိုသွားလို့ရောင်းကြတာပေါ့... မြို့နဲ့ လီငါးဆယ်လောက်သာဝေးပေမယ့် သူ့တို့ရွာအထွက်မှာ တောင်ကြီးတစ်တောင်က ခံနေတော့ သွားရလာရတာ အခက်တွေ့ရော ... တရက်ကြတော့ မိုးကတအားရွာ တောင်ပေါ်ကရွှံ့တွေဗွက်တွေထ ပြီး လူတက်လို့မရနိုင်အောင် ဖြစ်သွားတာပေါ့ .. အဖိုးအိုက ဇွဲကြီးတဲ့လူဆိုတော့ ကျိုးစားပမ်းစားတက်တာပေါ့ဗျာ .. တစ်ခါတက်လိုက် လျောကျလိုက် ..တစ်ခါတက်လိုက် လျောကျလိုက်နဲ့ .. တစ်ရက်နဲ့ တစ်ညသာကြာသွားတယ် လုံးဝတက်လို့မရဘူး .. အဲ့မှာ အဖိုးအိုကရွာပြန်လာပြီး သူ့မိန်းမ အဖွားကြီးကိုပြောသတဲ့ .. ငါတို့ရွာနဲ့ မြို့ကြားမှာ ခံနေတဲ့ ဒီတောင်ကြီးကို မနက်ဖြန်က စပြီး ဖြိုမယ်လို့ ... သူ့မိန်းမကလည်း ထောက်ခံသတဲ့ .. အဖိုးကြီးက ဖြိုရင် သူလဲလိုက်ပြီးဖြိုမယ်ပေါ့ .. အဲ့ဒါနဲ့ နောက်နေ့ ကြတော့ အဖိုးအိုလင်မယားနှစ်ယောက် ပေါက်တူးပေါက်ပြားနဲ့ ဖြိုကြတော့တာပေါ့ .. အဖိုးကြီး နဲ့ အဖွားကြီး ကအဲ့လိုဖြိုနေတော့ တစ်ရွာလုံးကမေးတာပေါ့.. နောက်တော့ တစ်ရွာလုံးလိုလိုပဲ အဲ့တောင်ကို ကျိုးစားပမ်းစားဖြိုကြရော .. ဒါပေမယ့် သူတို့ ဘယ်လောက်ပဲဖြိုဖြို တောင်က ကြီးလွန်းလို့ အရာတောင်မထင်ဘူးတဲ့.. အဖိုးအိုလင်မယားနဲ့ ရွာသူရွာသားတွေကတော့ နေ့တိုင်းဖြိုတာပဲ ... အရှုံးတော့ မပေးဘူး.. တစ်ရွာလုံး ကလေးအစ လူကြီးအဆုံးတောင်ဖြိုနေပေမယ့် .. ဖြိုဖို့ နေနေသာသာ မြေဇာတောင်လာမကောက်တဲ့ လူတစ်ယောက်တော့ရှိတယ် .. သူက ရွာမှာ ပညာအရှိဆုံး အချမ်းသာဆုံးလူတစ်ယောက်ပေါ့ .. ပညာရှိဘွဲ့ကိုနေပြည်တော် ကရထားတဲ့ လူချမ်းသာပေါ့ဗျာ ... အဲ့လူက တစ်ရွာလုံးကို ရူးသွားပြီထင်တာပေါ့ .. အဲ့တာနဲ့ အဖိုးကြီးတို့လင်မယားတောင်ဖြိုတဲ့နေရာကို လာပြီး ဆက်မဖြိုဖို့ ဖြိုရင်လည်း အချိန်ကုန်လူပမ်းဖြစ်လို့ ခင်ဗျားတို့သာ တူးရင်သေသွားမှာ ထူးခြားမှာမဟုတ်ဘူးလို့ပြောတာပေါ့..
အဲ့မှာ အဖိုးကြီးက ဘာပြန်ပြောလဲဆိုတော့ ... ပညာရှိကြီးရဲ့ တောင်ဆိုတဲ့အမျိုးက ကြီးထွားလာတဲ့အရာမဟုတ်ဘူး ရပ်တန့်နေတဲ့အရာတဲ့ .. ဟိုးမှာကြည့်စမ်း သုံးနှစ်သားကလေးလေး မြေသယ်နေတာတွေ့လား ... မင်းပြောသလိုပဲ ငါတို့လို အဖိုးကြီးတွေက မြေတူးရင်းနဲ့ သေသွားမှာ ဟုတ်တယ် ဒါပေမယ့် ငါ့ရဲ့ သားတွေ မြေးတွေက ဆက်ပြီးရှင်သန်နေမှာ .. အစဉ်တဆက် ရှင်သန်နေမယ့် လူတွေကို ရပ်တန့်နေတဲ့ ဒီတောင်ဟာ တစ်ချိန်ချိန်တော့ အရှုံးပေးရမှာပဲကွတဲ့.. အဲ့လိုပြောလိုက်တော့ ပညာရှိကြီးဟာ အမြီးကုပ်ပြီးပြန်သွားတာပေါ့...
အဖိုးကြီးပြောလိုက်တဲ့ အဲ့စကားကို မိုးကောင်းကင်က ကြားသွားသတဲ့.. ကြားလည်းကြားရော လူသားတွေရဲ့ဇွဲသတ္တိကို လေးစားသွားပြီးနောက်နေ့ ည မှာ အဲ့တောင်ကို တခြားနေရာရွှေ့လိုက်ပါလေရော.. ...
ကဲဖိုးဖိုး သိပြီလား ယုံကြည်ခြင်းဟာ တောင်ကိုတောင်ရွေ့နိုင်တယ်ဆိုတာ '''
အဖိုးအိုက စချင်နောက်ချင်ဟန်နှင့်
'' အားကွေ့ရယ် မင်းပြောလို့သာကြားရတာ အဖိုးဖြင့် အဲ့ပုံပြင်ကို မယုံပါဘူး ''
''' ဖိုးဖိုး အဲ့တာတကယ့်အဖြစ်အပျက်ဗျ ပုံပြင်မဟုတ်ဘူး ''
အဖိုးအိုမှ
''' အားချန် ..အားဖုံ အဲ့ပုံပြင်မင်းတို့ကြားဖူးရဲ့လား'''
ခပ်၀၀ကလေးမှာ အားချန် ဖြစ်ပြီး .. မျက်စိမှေးမှေးနှင့်ကလေးမှာ အားဖုံ ဖြစ်သည် .. ကလေးနှစ်ယောက်စလုံးမှာ
''' ကျွန်တော်တို့တော့မသိပါဘူး ဖိုးဖိုးရယ် ဒါပေမယ့် အားကွေ့ပြောတဲ့ စကားဆို မှန်မယ်လို့တော့ ထင်ပါတယ် .... '''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#3
အဖိုးအိုဖုန်းချူးက ကလေးသုံးယောက်အား ချစ်မြတ်နိုးသော မျက်လုံးအစုံဖြင့်ကြည့်ရင်း
'' မင်းတို့သုံးယောက်ဒီလို စည်းစည်းလုံးလုံးရှိတာ ကောင်းတယ် .. နောင်လည်း ဒီလိုပဲနေသွားနိုင်အောင် ကျိုးစားကြ...''
ထိုသို့ပြောနေစဉ်တွင် ဇရပ်ထဲသို့ အဘွားကြီး တစ်ယောက်ဝင်လာသည်..
အဘွားကြီးမှာ တောင်ဝှေးကိုင်ဆောင်ရမည့်အရွယ်ပင် ဖြစ်သော်လည်း ဆယ်ကျော် သက်မိန်းကလေးသဖွယ် ၀တ်ဆင်ထားသည် .. ပါးရေနားရေများတွန့်၍ အကြောင်းထနေသော မျက်နှာအား မျက်နှာချေမှုန့်များ လိမ်းချယ်ထားသောကြောင့် အလွန်တရာမှကြည့်ရဆိုးလှသည်.. ၀တ်ထားသည့် ၀တ်စုံမှာ ရဲရဲတောက်နေသော အနီရောင်ဖြစ်ပြီး ထက်ထဲတွင် ရွှေဖြင့်ပြုလုပ်ထားသော ပုရစ်ဘူးကို ကိုင်ထား၏..
လူတကိုယ်လုံး အိုဇာနာကျ ၍ကြည့်ရဆိုးလှသော်လည်း သူ၏ လက်နှစ်ဖက်မှာ အံ့အားသင့်ဖွယ် တင်းရင်းလှပနေသေးသည်..
အဖွားအိုအား မြင်လိုက်သည်နှင့် အဖိုးအိုဖုန်းချူးမှာ နတ်ကျသလိုတုန်ရင် သွားပြီး ချက်ချင်းမျက်နှာလွဲလိုက်၏..
အားကွေ့မှာ အဖွားအို၏ ရယ်ရွှင်ဖွယ် ပုံပန်းကြောင့် ပြုံးရယ်တော့မယောင် ပြုပြီး နောက်မှ သတိရသည့်နှယ် မျက်နှာတစ်လုံး ဖြူဖျော့ သွားကာ ထိုင်ရာမှ ခုန်ထပြီး အားဖုံနှင့်အားချန်တို့၏ ပါးစပ်အားလက်ဖ၀ါးဖြင့် ကပ်ထားလိုက်သည်...အသံမထွက်လာအောင်ပင် ..
အဖွားအိုမှာ ဇရပ်ထဲသို့ တစ်ချက်မျှ ပတ်ကြည့်ပြီး ... အားကွေ့ ၏ ကုန်းကုန်းကွကွဖြစ်နေသောအမူအရာကို မြင်လျှင် အပျိုပေါက်လေးသဖွယ် တစ်ခစ်ခစ်ရယ်လိုက်သည် ..
'' မောင်လေးရယ် ဆော့စရာရှားလို့ကွယ် ... မမ နားကို ခဏလာပါအုံး.. '''
အိုမင်းရွတ်တွနေသော အသံဖြင့် ညုတုတု ပြောသံက နားကလောဖွယ်ပင်
အားကွေ့မှာ ကြောက်လန့်လွန်း၍ ဒူးများတောင် ပျော့ ခွေနေသည် .. ကူရာကယ်ရာ ရှာသည့် အနေဖြင့် အဖိုးအိုဖုန်းချူးအား ကြည့်လိုက်ရာ တစ်ကိုယ်လုံးတုန်ယင်လျက် သူ့ထက်ပင် အခြေအနေဆိုးနေသည်ကို တွေ့လိုက်ရသောကြောင့် .. ယိုင်ထိုးယိုင်ထိုးနဲ့ပင် အဖွားအိုရှိရာသွားလိုက်၏..
အားဖုံနှင့်အားချန်မှာ အားကွေ့နှင့်ဖုန်းချူး အခြေအနေကို ကြည့်၍ အဖွားကြီးသည် ကြောက်စရာဟု သဘောပေါက်နေပြီ ဖြစ်သောကြောင့် ဘာမှန်းမသိသော်လည်း ရင်တစ်ထိတ်ထိတ်နှင့်ဖြစ်နေပြီ..
''' အော် မောင်လေးကလည်းနှေးလိုက်တာ မြန်မြန်လေးလာခဲ့''
''' ဟုတ်ကဲ့ လာပါပြီ မမ '''
အားကွေ့၏ မမ ဟုခေါ်သံကြောင့် အဖွားအို၏ ကျက်သရေကင်းမဲ့ သောမျက်နှာမှာ အပြုံးများဝေဆာသွားသည်...
'' မောင်လေး ကို မမ က တစ်ခုခိုင်းစရာရှိလို့ကွယ့် .. ''
'' ဟုတ်ကဲ့.. ခိုင်းပါ မမ''
အဖွားကြီးမှာ အားကွေ့၏ ပိန်ကပ်ကပ်ကိုယ်ခန္ဓာကို ကြည့်ရင်း
''ဒါနဲ့ မင်းကြည့်ရတာ နေရော ကောင်းရဲ့လား''
'' ဟုတ်ကဲ့ ကျွန်တော် သိပ်နေမကောင်းဘူးဗျ'''
အဖွားကြီးက တချက်ပြုံးလိုက်ရင်း
'' အို .. မင်းကြည့်ရတာ ချက်ချင်းတော့ မသေနိုင်သေးပါဘူးကွယ် ..
မမကမင်းကို ပုရစ်နှစ်ကောင်လောက်ဖမ်းခိုင်းမလို့.. မောင်လေးတို့ ဇရပ်နောက်ဖေးမှာ ပုရစ်တွေပေါတယ်မို့လား.. '''
'' ပေါတော့ပေါပါတယ်ဗျ''
အဖွားအိုမှာ စိတ်ကျေနပ်သွားသည့်သဖွယ် ခုန်ဆွခုန်ဆွ လုပ်လိုက်ရင်း
'' အဲ့ဒါဆို .. မောင်လေး မြန်မြန်သွားလို့သွားဖမ်းခဲ့ .. မကြာစေနဲ့နော်.. ''
အားကွေ့၏ စိတ်မှာ အတန်ငယ် ကြောက်စိတ် ပျယ်လာပြီဖြစ်ရာ
''ဒီအဖွားကြီးက အိုလို့ပဲသေတော့မယ် ခုထိ ကမြင်းကြောထနေတုန်း .. ဘာပဲ ဖြစ်ဖြစ် သူ့လက်က လွတ်တာနဲ့ပြေးမှပဲ '' ဟုတွေးကာ
'' မမကလည်း မြန်မြန်ဖမ်းရင် တော့ ပရစ် အညံ့စားတွေပဲရမှာပေါ့ .. ပရစ် အကောင်းစားတွေက ဇရပ် နောက်ဖက် တောထဲမှာပဲရှိတာဗျ.. .. ''
''' ပုရစ်အကောင်းစားရမယ် ဆိုရင် မမက အချိန်ဘယ်လောက်ကြာကြာ စောင့်မှာပဲ .. မောင်လေးသာ ရအောင်ရှာလာခဲ့ ''
''' ကျွန်တော် တစ်ယောက်ထဲဆို ကြာချင်ကြာနေမှာ ကျွန်တော့ တို့ မြေးအဖိုးလေးယောက်လုံး သွားရှာလိုက်ရင် ခဏနဲ့ မိရင်မိမှာ မမ''
အဖွားအိုကလည်း ''အင်း ကလေးကို မြင်ကတည်းက ကလိမ်ကကျစ် ကျမယ့်ကောင်လို့ထင်သားပဲ မင်းလောက်မှ မလည်ရင် မင်းကိုခိုင်းမလား မသာရဲ့ ...
'' အို မောင်လေးတစ်ယောက်ထဲသာသွားပါ .. စကားများနေမယ့် အစား သွားဖမ်းနေရင် အခုလောက်ဆို မိနေတော့မယ်''
အားကွေ့မှာ ဇရပ်ထဲမှ ချက်ချင်းပင် ပြေးထွက်ခဲ့သည် .. ထို့နောက် ဖနောင့်နဲ့တင်ပါး တသားထဲကျအောင် တောတန်းထဲသို့ပြေးဝင်သွားတော့၏ ..
အဖွားကြီး အဖိုးအိုဖုန်းချူးနှင့် ကလေးနှစ်ယောက်မှာမူ ဇရပ်ထောင့်ရှိကောက်ရိုးပုံ ပေါ်တွင် ငုတ်တုတ်ထိုင်ရင်း အားကွေ့ပြန်အလာကို မျှော်နေစဉ် .. ဇရပ်ထဲသို့ လူများထပ်မံရောက်ရှိလာလေ၏.. အ၀ါရောင်ဝတ်စုံကို ဆင်တူဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ်ရှိ လူလေးယောက်ပင်.. ခါးပန်းကြိုးအနီရောင် ကြားထဲတွင် ဓါးကိုယ်ဆီထိုးထဲ့ထားကြသည်..
အနှီလူရွယ်လေးယောက်မှာ အဖွားကြီးအား တွေ့မြင်ရသည်နှင့် တပြိုက်နက် ပြုံးစိစိ အမူအယာများ ဖြစ်ပေါ်သွားပြီး တစ်ဟားဟားနှင့်ရယ်လိုက်ကြ၏..
အဖိုးအိုဖုန်းချူးမှာ ခေါင်းတရမ်းရမ်းနှင့်
'' မကောင်းတော့ဘူး သေကုန်ကြတော့မယ် .. သေကုန်ကြတော့မယ် '' ဟု တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ကလေးနှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်း လိုက်သည်..
အဖွားအိုမှာ သူ့အားလှောင်ရီနေသည့် လူရွယ်များအား ကြည့်ပြီး..
'''၀ါဆန်း ဂိုဏ်းက ရိချင်းဆိုတဲ့ကောင်က ဦးနှောက်မရှိတဲ့ တပည့်တွေကို မွေးထားတာပဲ .. ဆရာကလည်း ကျပ်မပြည့်တော့ တပည့်တွေက အသုံးမကျတာမဆန်းပါဘူး'''
ရယ်မောနေကြသောလူရွယ်များမှာ အရီရပ်လိုက်ကြပြီး ဒေါသချောင်းချောင်း ထွက်ကုန်ကြ၏ .. ရိချင်းဆိုသည်မှာ ၀ါဆန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူတို့၏ ဆရာအရင်းခေါက်ခေါက်ပင်.. လူရွယ်လေးယောက်စလုံး ခါးကြားမှ ဓါးကို ပြိုင်တူ ထုတ်လိုက်ကြသည်..
''' ကျပ်မပြည့်တာက ခင်ဗျားဗျ အဖွားကြီး .. အသက်ကဖြင့် အို သေတော့မယ် ၀တ်စားထားတာကိုလည်း ကြည့်လိုက်အုံး .. နှုတ်ခမ်းနီ ပါးနီက ဆိုးထားသေးတယ် .. ကျုပ်ဖြင့် ခင်ဗျားကို ကြည့်ရတာ မျောက်အိုကြီးကို မီးမြိုက်ထားတဲ့အတိုင်းပဲ..
လေးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်ဟန်တူသည့် လူမှ ဓါးကိုင်လျက် အဖွားကြီးအားပြောလိုက်၏..
အဖွားကြီး၏ ဒေါသကား အထွဋ်အထိပ်တိုင်အောင် ရောက်တော့ ၏ ..
'' ဟဲ့ သေနာကျကောင်တွေ ... မင့်တို့ဂိုဏ်းချုပ်စုတ် ရိချင်း တောင် ငါ့ကို ဒီလိုမပြောရဲဘူး ..ဒီနေ့တော့ မင်းတို့ လည်ချောင်းသွေးကို ငါကိုယ်တိုင်ဖောက်ထုတ်မယ်''
ဖုန်းချူးနှင့် ကလေးနှစ်ယောက်မှာကား အခန်းထောင့်တွင် ကုပ်ကုပ်လေး ထိုင်ရင်း အသံမျှပင် မထွက်ရဲကြတော့ပေ..
အဖွားကြီး၏ စကားဆုံးသည်နှင့် ၀ါဆန်းဂိုဏ်းသားတို့က စတင်ပြီး တိုက်ခိုက်လိုက်ကြသည်..
ဝါဆန်းဂိုဏ်း၏ နာမည်ကျော် လှိုင်းသုံးဆင့် ၀င်္ကပါသိုင်းပင် ဖြစ်၏
နာမည်နှင့်လိုက်အောင်ပင် လှိုင်းလုံးများလိမ့်လာသည့်နှယ် ဓါးကွက်များက ပြင်းထန်လှသည်.. .. အဖွားအိုကလည်း ဓါးလှိုင်းများကြားမှ ပွတ်ကာသီကာ နှင့် ရှောင်တိမ်းနေ၏ ..
'' ထောက်... ထောက် .. ထောက် .. ထောက်''.
ရှောင်တိမ်းနေရာမှ အဖွားအိုက ဓါးများကို လက်ညိုးဖြင့် တောက်လိုက်သည်.. အသံလေးချက် ထွက်ပေါ်လာကာ ၀ါဆန်းဂိုဏ်းသားများ၏ လှိုင်းသုံးဆင့် ၀င်္ကပါ လုံးဝပျက်ပြယ်သွားလေသည်..
အခြေအနေကိုကြည့်လိုက်သည်နှင့် အဖွားကြီးကို မည်သည့်နည်းနှင့်မျှ မနို်င် ဟု သဘောပေါက်ကြလေပြီ... သို့သော် ၀ါဆန်းဂိုဏ်းသားများ က သေသည့်တိုင် ဇွဲလျော့မည့်ပုံမပေါ်... တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ မတူညီသော သိုင်းကွက်လေးမျိုးကို အချိုးအစားပြေပြစ်စွာ တိုက်ခိုက်လိုက်ကြ၏...
ဒေါင်းမြီးဖြာ ..သက်တန့်ရေသောက် .. မက်မုန်မျောက်ခူး ... လေလူးသံသာ .. အစရှိသော ၀ါဆန်းဂိုဏ်း၏ ထိပ်တန်းသိုင်းကွက်များဖြစ်လေသည်.. ဤမတူညီသော သိုင်းကွက်များက အဖွားကြီး အား နောက်သုံးလှမ်းတိတိဆုတ်သွား သည်အထိ ထက်မြက်လှ၏...
အဖွားအို၏စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး .. ''၀ါဆန်းဂိုဏ်းမှာလည်း ထက်မြက်တဲ့ ဓါးကွက်တွေရှိသေးတာပဲ ... ကိစ္စမြန်မြန်ဖြတ်မှဖြစ်မယ် .. ရိချင်းရောက် လာရင်မလွယ်ဘူး''
ထို့နောက် အဖွားကြီး သည် တစ်ကိုယ်လုံးကို ဂျင်ကဲ့သို့လည်ပြီး ၀ါဆန်းဂိုဏ်းသားများထဲသို့ ခုန်ဝင်သွားသည်..
အသက်အကြီးဆုံးလူရွယ်က ထိုသိုင်းကွက်ကို မြင်သည်နှင့် ထိတ်လန့်ခြင်း အံ့သြောခြင်း အစရှိသည့် အရိပ်အယောင်များ ပေါ်လာကာ ..
''' ထန် ဆယ့်နှစ်မျိုးခြေလှမ်း'''.
'' ညီလေးတို့ သတိထား .. အဲ့ဒီ အဖွားကြီးက ထန်မိသားစု က ထန်စူးစူး ဆိုတဲ့ မိန်းမယုတ်ကြီး... '''
''' .. ခစ်ခစ်ခစ်.မင်းတို့အစောကြီးက သိရမှာ အခုတော့ မရတော့ဘူး''
''' ဖောက် .. ဖောက်.. ဖောက်..ဖောက်'''
'' ၀ုန်း''
ဇရပ်တစ်ခုလုံး အနီရောင်များ ပြည့်နှက်သွား၏..
.
ဝါဆန်းဂိုဏ်းသား လေးယောက်မှာ အော်ပင်မအော်နိုင်ဘဲ လည်ပင်းဇလုပ်များ ပေါက် ပြဲကာ သေပွဲဝင်နေရလေပြီ.. လည်ပင်းမှ သွေးများ မြင်မကောင်းအောင်စီး ကျ နေကာ ချက်ခြင်းပင်သွေးအိုင်ကွက်များ ဖြစ်ပေါ်လာ၏..
အားချန်နှင့် အားဖုံကတော့ တိတ်တိတ်လေးငိုရှိုက်နေသည်...
အဖွားအို၏လက်မှာ သွေးများဖြင့်စိုရွှဲနေသည်.. တစ်ကိုယ်လုံးတွင် အလှပဆုံး ဆိုသည့် လက်အစုံက အရက်စက်ဆုံး.လူသတ်လက်နက်ဖြစ်နေပြီကော...
. ''' ဦးလေးကြီး .. .. ရေတစ်ခွက်လောက်ခပ်ပေးပါအုံး ..သမီး လက်ဆေးချင်လို့''.
အဖွားကြီး၏ စကားကြောင့် အဖိုးအိုဖုန်းချုးမှာ နောက်ဖေးသို့ပြေးဝင်လျက် ရေ သွားခပ်ပေးလိုက်၏....
အဖွားကြီးက လက်ကိုသေချာစွာဆေးကြောနေတုန်းရှိသေးသည် .. ဇရပ်ထဲသို့ လူနှစ်ယောက်ဝင်လာပြန်သည်.. ထိုလူနှစ်ယောက်မှာ ဇရပ်ထဲရှိ အတုံးအရုံးလဲနေသည့် လူသေများကို မြင်လျှင် ခြေလှမ်း တစ်ချက်တုန့်သွားသည် ..
ထို့နောက် ၀မ်းနည်းဒေါသထွက်နေသော မျက်လုံးအစုံဖြင့် ဇရပ်ထဲသို့ ဝေ့၀ဲ ကြည့်လိုက်ပြီး.. အဖွားကြီးကို မြင်လျှင်
'' မိန်းမယုတ် ထန်စူးစူး ဒါမင့်လက်ချက်မဟုတ်လား'''
မေးလိုက်သူမှာ အသက်လေးဆယ်ခန့်ရှိပြီး အနက်ရောင်မုတ်ဆိတ်ရှည် ကြီးနှင့် ရုပ်ရည်မှာ ခန့်ညားလှ၏.. သူကား ၀ါဆန်းဂိုဏ်းခွဲမှူး ရိလုံပင်ဖြစ်သည် .. ဂိုဏ်းချုပ်ရိချင်းနှင့် ညီအကိုတော်စပ်သည်..
. သူနှင့်ပါလာသူကား ချည်ကြမ်းဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားပြီး အသက်အရွယ်အားဖြင့် ရိလုံနှင့်အတူတူပင် စူးရှသော မျက်လုံး .. ချိုင့်ဝင်နေသော နားထင်ကိုကြည့်ခြင်းအားဖြင့် အတွင်းအား ကောင်းသည့် သိုင်းသမားတစ်ယောက်ဟုသိနိုင်ပေ၏..
ထန်စူးစူးက ကရော်ကမယ် ရယ်လိုက်ပြီး
'' မင်းတို့ဝါစန်းဂိုဏ်းကလူတွေက တော်တော်ညံ့ဖြင်းကြတာကိုး ..သေတာတောင်နည်းသေးတယ်... '''
'''ကောင်းပြီ ဒီနေ့ မိန်းမယုတ် ဒီနေ့တော့ မင်းရဲ့အသက်ကို မခြွေရရင် လေပြင်းဓါးရိလုံဆိုတဲ့ ငါ လူမဟုတ်တော့ဘူး ..'''
ပြောရင်းဆိုရင်းနှင့် ရိလုံက ခါးတွင်ချိတ်ဆွဲထားသော ဓါးကို ထုတ်၍ ထန်စူးစူးအားတိုက်ခိုက်လိုက်သည်... အတွင်းအားအပြည့်နှင့် တိုက်ခိုက်လိုက်သော အရှိန်သည် ပြင်းထန်လှရာ ဇရပ်တစ်ခုလုံးပင် တုန်ခါသွား၏...
ထန်စူးစူးလည်း ဤမျှပြင်းထန်လှသည့် ဓါးကွက်ကို ရှိန်သည့် နှယ် နောက်သို့ ခုန်ဆုတ်လိုက်ပြီး လက်ထဲမှ ပရစ်ဗူးကို တစ်ချက်ခါလိုက်သည်..
'' ချပ်..'' ဟူသောအသံတစ်ချက်ထွက်လာပြီး တစ်ပေခွဲခန့်သာ အရှည်ရှိသော ပုရစ်ဗူးထိပ်က တစ်ပေခန့်ရှည်သော စူးချွန်တစ်ခုထွက်လာသည်..ဤပုရစ်ဗူး သည်ကား ထန်စူးစူး၏ လက်နက်ပေတည်း..
ထို့နောက် တစ်ကိုယ်လုံးကို ဂျင်ကဲ့သို့လည်ကာ ရိလုံအား တိုက်ခိုက်လိုက်သည်. .. ထန် မိသားစု၏ ထိပ်တန်းသိုင်းကွက် ထန်ဆယ့်နှစ်မျိုး ခြေလှမ်း သိုင်းပင်ဖြစ်၏..
''' ထန် ''
နှစ်ယောက်စလုံး၏ လက်နက်ချင်းထိလိုက်သံက မိုးချိမ်းသံဖွယ် ထွက်ပေါ် လာရာ ငိုမဲ့မဲ့ ဖြစ်နေသော အားချင်နှင့် အားဖုံ တို့ကလေးနှစ်ယောက်မှာ တစ်ဝါးဝါးနှင့် ငိုလေတော့သည်..
ရိလုံက '' ဒီအဖွားကြီးရဲ့ အတွင်းအားက တော်တော်ကောင်းလှပါလား ..
ငါ့လက်တောင်ကျဉ်တက်သွားတယ် ... အတွင်းအားချင်းယှဉ်ရင်တော့ ငါရှုံးမှာပဲ ..
သိုင်းကွက် အသာနဲ့ တိုက်နိုင်မှရမယ် .''.စိတ်ထဲတွင်တွေးလိုက်ရင်း ..
လေပြင်းလှိုင်းထန်ဟူသည့် သိုင်းကွက်နှင့် တရစပ် တိုက်စစ်ဆင်လိုက်၏..
မြန်ဆန်ပြင်းထန်လှသော ရိလုံ၏ သိုင်းကွက်ကြောင့် ထန်စူးစူး မှာ တိုက်စစ်မဆင်နိုင်ဘဲ .. ထန်ဆယ်နှစ်မျိုး ခြေလှမ်းကိုသာ အသုံးပြု၍ ရှောင်ရှားနေရ သည်.. သူမ၏ စိတ်ထဲတွင် ရိလုံအား ဖြုံစ ပြုလာပြီပင်... စဉ်းစား၍ပင် မဆုံးသေး ခေါင်းစီသို့ ၀ဲကျ လာသော ဓါးချက်ကြောင့် သူမ၏ စူးနှင့်ကာလိုက်ရသည်.. သို့သော် ဤသည်ကရိလုံ၏ ယောင်ပြတိုက်ကွက်ပင် ... စူးနှင့်းဓါး မထိခင်ပင် လမ်းကြောင်း ပြောင်းသွားပြီး သူမ၏ နံကြားသို့ ဓါးချက်ရောက်လာ၏..
ထန်စူးစူးမှာ ရုပ်ပျက်ဆင်းပျက်ပင် ဇရပ်ကြမ်းပြင်ပေါ်သို့လူးလိမ့်ကာ ရှောင်လိုက်ရ၏ .. သူမ၏ အနီရောင်ဝတ်စုံတွင် ဖုန်များက ဗလပွ နှင့်ပေကုန်သည် ..
ရိလုံကလည်း အသာရနေပြီမို့ အလွတ်မပေး ၀ါဆန်းဂိုဏ်း၏ သက်တန့် ရေသောက် .. ပန်းမိုးစွေရွာ .. အစရှိသည့် အပေါ်စီးမှ တိုက်ခိုက်ရသော သိုင်းကွက်များ ဖြင့် ထန်စူးစူး ပြန်မထ နိုင်အောင် လိုက်ပါတိုက်ခိုက်လိုက်၏..
'' ရွှီး''
''ထန်..ထန်.. ''
'' အား''
'' အား''
အောက်မှ လူးလိမ့်နေသော ထန်စူးစူး ထံမှ အဖြူရောင် အလင်းတန်းတစ်ခုက ရွှီး ဟူသော အသံမည်၍ လျှပ်ပျက်သည့် နှယ် ရိလုံထံသို့ရောက်လာ၏.. ထန်မိသားစု၏ ၀ိဉာဉ်ခေါ်သံ လက်နက်ပုန်း ပင်ဖြစ်သည်.. ရိလုံမှာကပြာကယာ ရိုက်ထုတ်လိုက်ရ၏ .. တစ်ခုအားရိုက်ထုတ်၍မှမဆုံးသေး.. နောက်ထပ်လက်နက် ပုန်းများက ပြေးဝင်လာသောကြောင့် .. လေပေါ်သို့ခုန်ရှောင်ကာ တစ်ကိုယ်လုံး လုံအောင် ဓါးကို အဆက်မပျက် ဝှေ့ရမ်းနေရ၏...
ထန်မိသားစုကား သိုင်းလောကတွင် လက်နက်ပုန်းပညာနှင့် ကျော်ကြားလှ သော်လည်း ရိလုံအဖို့တော့ ယခုမှ နဖူးတွေ့ဒူးတွေ့ ကြုံဖူးခြင်းပင်.. သို့သော် စကြုံသည်နှင့်ပင် ရိလုံအဖို့ ခံရလေပြီ.. သူ၏ ခြေထောက်တွင် ထန်စူးစူး၏ လက်နက်ပုန်းတစ်ခုမှန်သွား၏.. အသည်းခိုက်အောင် နာကျင်သောခံစားမှုနှင့်အတူ ရိလုံ၏ တစ်ကိုယ်လုံးပျော့ခွေသွားသည်... သူ့နည်းတူ ကံဆိုးသူတစ်ယောက်မှာ အဖိုးအိုဖုန်းချူးပင် ဖြစ်၏ .. တိုက်ပွဲတွင် မပါဘဲ ထိုင်နေကာမှ ထန်စူးစူး၏ အဆိပ်လက်နက်ပုန်း သင့်လေပြီ..
''၀ှီး''
'' ဒိန်း''
ရိလုံခံလိုက်ရသည်နှင့် သူနှင့်ပါလာသော အဖော်မှာ ထန်စူးစူးဆီသို့ ခုန်ဝင်လာပြီး လက်သီးနှင့် ထိုးထည့်လိုက်သည် .. ထန်စူးစူးမှာ နှလုံးသား ပင် ပါးစပ်ကထွက်ကျသွားပြီးလားအောင့်မေ့ရလောက်အောင်ပင် လန့်ဖြတ်ကာသွား၏..
ရိပ်ခနဲ မြင်လိုက်ရ၍သာ ရှောင်ထွက်သွားနိုင်သည် .. အနည်းငယ်နောက်ကျလို့က တော့ သူမ၏ ခေါင်းပင် ခန္ဓာကိုယ်တွင် ရှိနိုင်တော့မည်မထင်.. သူမလဲနေရာ ဇရပ်ကြမ်းပြင်သည် အပေါက်ကြီး တစ်ခု ပေါက်ထွက်နေသည်အထိ လက်သီးချက် ကပြင်းထန် လွန်း၏...
လိပ်ပြာလွင့်မတတ်လန့်သွားသော ထန်စူးစူးသည် သူမတွင် ရှိသမျှ လက်နက်ပုန်း အစုံစုံတို့ကို ထိုလူထံသို့ ပစ်လွတ်လိုက်သည်..
''' ရွှီး... ''
''' ဖလတ်''
ဝိဉာဉ်ခေါ်သံ .. ခရေပန်းလက်နက်ပုန်း .. နွားမွှေးအပ်မျှင် .. ဆူးလုံးချူလက်နက်ပုန်း .. ခရုပတ်လက်နက်ပုန်း အစရှိသော မြောက်များလှစွာ သော လက်နက်ပုန်းများသည်
ထိုသူထံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိသွားသော်လည်း သူ၏ ချည်ကြမ်းအင်္ကျီ လက်အစ ဖြင့် ရမ်းချလိုက်ရာ တခုမကျန် အောက်ပြုတ်ကျသွား၏...
'' အဆိပ်ဖြေဆေးပေးစမ်း.. မပေးရင် ဒီကထွက်သွားဖို့တော့မစဉ်းစားနဲ့ ''
''ရှင့်နာမည်ဘယ်သူလဲ ''
'' ကျောက်ကျူးထင် ဆိုတာငါပဲ ''
'' ဟင်''
ထန်းစူးစူးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွား၏ .. ခွန်းလွန်ဂိုဏ်း၏ ထိပ်သီး အကျော်အမော် အဝေးရောက်လက်သီး ကျောက်ကျူးထင်မှန်းမသိ၍သာ ဤသို့ စမ်းမိလိုက်ခြင်းပင်... သို့သော် ယခုမှတော့ မထူးပြီ .. အဆိပ်ဖြေဆေးပေးပြီးလျှင် သူမလည်း လွတ်နိုင်မည်မဟုတ်မှန်းရိပ်မိနေသည်မို့ .. လက်ထဲရှိ စူးချွန်ဖြင့် ရှိသမျှ အတွင်းအားအကုန်ထည့်၍ ပစ်ပေါက်လိုက်သည်...
''' ၀ှီး ၀ှီး ၀ှီး... '''
''' ၀ုန်း''
'' အား...အမယ်လေး'''
စူးရှသော ၀ီခေါ်သံမည်အောင်ပင် စူးချွန်မှာ ပြေးထွက်သွားသည် ..
အတွင်းအားအကုန်ထည့်ကာ ပစ်ပေါက်လိုက်သည်မို့ ကျောက်ကျူးထင်မှာ မဖမ်းဝံ့ သည်နှင့် ဘေးသို့ ခုန်ရှောင်လိုက်ရ၏..
ထန်စူးစူးမှာမူ ပစ်ပေါက်ပြီး ခြင်းပင် ဇရပ်နံရံကို ၀ုန်းခနဲမြည်အောင် လက်ဝါးနှင့် ရိုက်ဖြိုကာ အပြင်သို့ပြေးထွက်သွားသည်.. သို့သော် ကျောက်ကျူးထင် ၏ အဝေးရောက်လက်သီး ဘွဲ့မှာ အလကားရထားသည်မဟုတ်ပါ.. ပြေးထွက်သွားသော ထန်စူးစူး၏ နောက်ကျောအား ခွန်းလွန်၏ ခုနှစ်ဆင့်လက်သီး နှင့် အဝေးမှ ထိုးထဲ့ လိုက်သည်...
ထန်စူးစူးမှာ ကျောကော့လျက် သွေးအန်သွားသည့်တိုင် ပြေးအားကို မလျော့ပဲ ကိုယ်ဖော့ပညာနှင့် တဟုန်ထိုး ပြေးသွားသည်.. ကျောက်ကျူးထင် မှာ ပြေးလိုက်သွားသော်လည်း ကိုယ်ဖော့ပညာမှာ ထန်စူးစူးလောက်မကောင်းသည်နှင့် အရိပ်မျှပင်မမြင်ရတော့... ထို့ပြင် ရိလုံအားစိတ်မချ သည်နှင့် ဇရပ်ရှိရာသို့ ပြန်လာခဲ့ ၏... ရိလုံနှင့် အဖိုးအိုဖုန်းချူးက အဆိပ်တက်နေလေပြီ.. ကလေးနှစ်ယောက်မှာ လည်း အဖိုးအိုနဘေးတွင် ငုတ်တုတ်လေးထိုင်ကာ ငိုနေကြ၏..
''' ကဲ ..ကလေးတို့ မင်းတို့ အဖိုးကတော့ အဆိပ်တက်နေပြီ .. ဦးလေးမှာလည်း အဆိပ်ဖြေဆေးက ပါမလာဘူး .. မြို့ထဲက သမားတော်တွေလည်း အဖျားအနာလောက်ပဲ ကုနိုင်တာ အဆိပ်ကိုတော့ပျောက်အောင်မကုနိုင်ဘူးကွဲ့ .. သူတို့ကို အဆိပ်ဖြေပေးနိုင်တာဆိုလို့ ဦးလေးတို့ ခွန်းလွန်းဂိုဏ်းက ဂိုဏ်းချုပ်ကြီးပဲ တတ်နိုင်မယ် .. အဲ့ဒီတော့ လူလေးတို့ရယ် လူလေးတို့အဖိုးရယ် ဦးလေးနဲ့ ခွန်းလွန်းတောင်ကို လိုက်ခဲ့မှရမယ်.''''.
အားဖုံနှင့်အားချင်မှာလည်း သူတို့အဖိုး တဟင်းဟင်းနဲ့ အဆိပ်တက်နေသည် ကို ကြည့်ပြီး ..အားချင်မှ
''''.လိုက်တာက လိုက်လို့ရပါတယ် ဦးဦးရယ် .. ဒါပေမယ့် ကျွန်တော်တို့ က အားကွေ့ကို စောင့်ရအုံးမှာ''
'' အားကွေ့က ဘယ်သွားလို့လဲ .. လိုက်ခေါ်လို့ရရင် ဦးလိုက်ခေါ်ပေးမယ် တအားကြာနေလို့တော့ မဖြစ်ဘူး ကြာရင် သူတို့အခြေအနေပိုဆိုးကုန်လိမ့်မယ် '''
အားဖုံက နီရဲနေသောမျက်စိကိုပွတ်လိုက်ပြီး ..
'''ဟို ..မိစ္ဆာမ ကသူ့ကို အနောက်တောမှာ ပုရစ်သွားဖမ်းခိုင်းထားတာ ..အခုထိ ပြန်ရောက်မလာသေးဘူး ...ကြာတော့တော်တော်ကြာနေပြီ ဦးဦးရဲ့'''
ကျောက်ကျူးထင်မှာ အားဖုံ၏ စကားဆုံးသည်နှင့် ချက်ချင်းပင် ဇရပ်အနောက်ဖက် တောထဲသို့ ကိုယ်ဖော့ပညာနှင့်ပြေးဝင်ကာ လိုက်ရှာတော့သည်.. တောမှာ သိပ်မကြီးမားသည်မို့ ထမင်းအိုးကျက်မျှ ရှာလိုက်သည်နှင့် နေရာနှံ့သွား၏ .. သို့သော် အားကွေ့ကိုတော့ မတွေ့.သွေးကွက်ကြီး တစ်ကွက်သာတွေ့သည်... မည့်သည့်သွေးကွက်လည်း ..အားကွေ့၏ သွေးကွက်များလား.. သူလည်းမသိပြီ..... မည်သို့မျှ ရှာမရသည်နှင့် ဇရပ်ရှိရာသို့ ပြန်လာပြီး ..
'' အားကွေ့ကိုတော့ ရှာမတွေ့ဘူး လူလေးတို့ရဲ့... သူကြောက်အားလန့်အား နဲ့ မြို့ထဲများဝင်သွားသလားမသိဘူး .. သူ့ကို ရှာနေရင်လည်း မင့်တို့ အဖိုးအသက်မီတော့မှာမဟုတ်ဘူး ... ဒီတော့ ဦးဦးတို့ ခွန်းလွန်းတောင်ကို အရင်သွားမှဖြစ်မယ် '''
အားဖုံနှင့်အားချင်တို့မှာလည်း ကျောက်ကျူးထင်၏စီမံမှုသာ အကောင်းဆုံးဖြစ်မည်ဟုယူဆကာ သဘောတူလိုက်ကြ၏..
သို့နှင့်ကျောက်ကျူးထင်မှာ မြို့ထဲရှိ ရထားလုံးတစ်စင်းကို ငှား၍ ကလေးနှစ်ယောက် ရိလုံနှင့် အဖိုးအို ဖုန်းချူးတို့ကို တင်ကာ ခွန်းလွန်း တောင်ရှိရာသို့ အပြင်းနှင်တော့သည်..
အားကွေ့ကား မည်သည့်နေရာကို ရောက်သွားသည်နည်း....
အားကွေ့ ..မှာ စိတ်ထဲတွင်ကျိန်ဆဲရင်း တောထဲတွင်ပုရစ်ရှာနေသည်..
သူသည်ကလေးအရွယ်မျှပင်ရှိသော်လည်း အဖိုးအိုဖုန်းချူး နှင့် အနေများသော ကြောင့် သိုင်းလောကအတွင်းရှိ ထိပ်သီးသိုင်းသမား အတော်များများကို ကြားဖူးနေသည် .. ထို့ကြောင့် အဖွားအိုအားမြင်လိုက်နှင့် ထန်စူးစူးမှန်း ခန့်မှန်းမိ၏ .. ထန်မိသားစုဝင်များသည် များသောအားဖြင့် သိုင်းလောကနှင့်ကင်းအောင် နေလေ့ ရှိသော်လည်း ထန်စူးစူးဟုခေါ်သော အဖွားကြီးသည်ကား သိုင်းလောကအတွင်း ကျင်လည်နေ၏.. ထို့ပြင် ရက်စက်ကြမ်းကျုတ်သောစိတ်ထားရှိ၍ သူမ စိတ်မထင်လျှင် လူအသက်ကို ရက်ရက်စက်စက်သတ်ဖြတ်ဖို့ ၀န်မလေးပေ .. ပုရစ်တိုက်ရသည်ကို ခုံမင်လှပြီး နေရာအနှံ့သွားကာ တိုက်ပုရစ်များကို ရှာဖွေတတ်၏ .. သူမရောက်လေရာ နေရာတိုင်းတွင်.သွေးစွန်းတတ်သောကြောင့် သွေးစွန်းကဝေ ဟု သိုင်းလောကသားများက သူမအားခေါ်ကြသည်...
သူမအား ဆုံးမ လိုသည့် သိုင်းသမားအများအပြားရှိသော်လည်း ထန်မိသား စု၏ အရှိန်အ၀ါကို လန့်သည်ကတစ်ကြောင်း.. သူမ၏ လက်နက်ပုန်းအစွမ်းကို မယှဉ်ရဲသည်က တစ်ကြောင်းနှင့် သူမ ဆိုးသမျှကို သည်းခံနေရသည်ဟု အဖိုးအို ဖုန်းချူးကပြောပြဖူးသည်.....
ဝူပေနယ်သို့သူမ ရောက်လာခြင်းမှာလည်း ၀ူပေနယ်တွင် .. ကျားပုရစ်များ ပေါသည်ဟု သတင်းရ၍ လာရှာခြင်းဖြစ်မည်.. အားကွေ့သည် ပုရစ်ပေါင်းများစွာကို တွေ့သော်လည်း မဖမ်းသေးပေ.. အကယ်၍သူဖမ်းသွားသော ပုရစ်သည် ထန်စူးစူး စိတ်တို်င်းကျမဟုတ်လျှင် ပုရစ်ရောသူပါ သေကိန်းရှိသည်ဟု သဘောပေါက်မိသော ကြောင့် ကျားပုရစ် ရောက်လာသည်အထိ စောင့်နေခြင်းသာ ..
ကျားပုရစ်ဆိုသည်မှာ ပုရစ်ထဲတွင် အလျင်မြန်ဆုံး နှင့် တိုက်ရည်ခိုက်ရည် အကောင်းဆုံးပုရစ်ဖြစ်ပြီး ကိုယ်ခန္ဓာတွင် အ၀ါနှင့် အနက်ကြားများ ပါရှိသည်..
အာ့ကွေ့မှာ ပုရစ်များကို ကြည့်နေရင်း ပျင်းရိလာကာ သစ်ပင်ခြေရင်းတွင် အိပ်ပျော်သွားသည် ..
သူပြန်နိုးလာတော့ ကျားပုရစ်မပြောနှင့်ရှိရင်းစွဲပုရစ်များပါ မတွေ့ရတော့ ..
သူလည်း ထိတ်ထိတ်ပျာပျာနှင့် သစ်ကိုင်းချောက် တစ်ချောင်းကို ကိုင်ကာ မြေကြီးကြို မြေကြီးကြားများထဲသို့ ထိုးထည့်ရင်း လိုက်ရှာနေ၏.. ထိုသို့ရှာနေစဉ်တွင် အနီရောင် အရိပ်တစ်ခုက သူဆီသို့ပြေးလာနေသည်..
အားကွေ့သည် မြင်လိုက်ကတည်းက ထန်စူးစူးမှန်းသိလိုက်ရ၍ ကြောက်အား လန့်အားနှင့်
''ကျွန်တော်ရှာနေပါတယ် မမ ... ခဏနေ ဖမ်းမိတော့မှာပါ .. ခဏလေး ခဏလေးပဲ စောင့်ပါ''
ထန်စူးစူးကား စကားမျှပင် ပြန်မဖြေနိုင်ပေ..
''' အော့'' ခနဲ့ မြည်ပြီး သွေးများကို အန်ချလိုက်သည်.. ဆိုးထားသည့် မျက်နှာချေများလည်းပျက်ပြီး မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့ကာနေ၏..
ကျောက်ကျူးထင်၏ ခုနှစ်ဆင့်လက်သီးကား ပြင်းထန်လွန်းလှ၏.. မသေမပျောက် တာပဲကံကောင်းလှပြီဟု ဆိုရမည်...
'' ဟဲ့ ကောင်လေး ငါ့နားကို လာစမ်း''
ထန်စူးစူးတစ်ယောက် မမ နှင့်မောင်လေးပင် မပြောနိုင်တော့ ...
အားကွေ့မှာ ထန်စူးစူး ဒါဏ်ရာရလာသည်ကိုတွေ့လျှင် ပျော်ကာ ထွက်ပြေးမည့် ဟန်ပြင်လိုက်သော်လည်း တင်္ဒဂအတွင်းပင် ပြန်မိသွားမည်ဟု တွေးမိ၍ '' ဟုတ်ကဲ့ '....လာပါပြီ ..မမ''
''ဒီတောအုပ်လွန်ရင် ဘယ်ကိုရောက်လည်း ... ''
''' ဒီတောအုပ်လွန်ရင် ၀ူပေမြစ်ပဲရှိတော့တယ် မမ''
''' မြစ်ကိုကျော်ရင်ကော''
''' အဲ့ဒါတော့ကျွန်တော်မသိဘူးဗျ.. ကျွန်တော်က ၀ူပေကလွဲလို့ ဘယ်မှ မသွားဖူးဘူး ...''
''ကောင်းပြီ ငါ့ကို အဲ့မြစ်ဆိပ်လိုက်ပို့ .. နေအုံး ရှေ့က မသွားနဲ့ ငါ့ကို တွဲ ''
အရှေ့မှ လမ်းပြဟန်ပြင်နေသော အားကွေ့အား ထန်စူးစူးမှ တားကာ သူ့အားတွဲခိုင်းနေသည်.. အကယ်စစ်စစ် ဤ ပိန်ညောင်ညောင် ကလေး အရှေ့မှ ထွက်ပြေးမည်စိုး၍ ပင်.. အားကွေ့က စကားတစ်လုံးမှ မဆိုဘဲ ထန်စူးစူးကို တွဲ ထားလိုက်၏..
သို့နှင့် ထိုတောထဲမှ နှစ်ယောက်သား တရွေ့ရွေ့နှင့်ထွက်လာကြသည်..
မြစ်ကမ်းနဘေးသို့ရောက်သောအခါ တွင် အားကွေ့က
'' ကဲ မမ ရောက်ချင်တဲ့ မြစ်ဆိပ်တော့ ရောက်ပြီ ကျွန်တော်ပြန်တော့မယ် .. ဖိုးဖိုးတို့မျှော်နေတော့မယ်.. ''''
ထန်စူးစူးက အားကွေ့အား ပြုံးပြလိုက်ပြီး ...
'''''''ခဏနေပါအုံး မမ ဟိုဖက်ကမ်းကူးဖို့ လှေ ရှာပေးပါအုံး .. လှေရှာပြီးရင် မောင်လေးပြန်ပေါ့..'''
အားကွေ့ကလည်း တက်ကြွစွာနှင့်
'' ဟုတ်ကဲ့ .. ကျွန်တော် သွားရှာလိုက်အုံးမယ် ဒီမှာစောင့်နေနော်..''
ထန်စူးစူးက ''ငနာလေး .. မင့်လှေသွားရှာမယ်ပြောပြီး လစ်သွားတော့မှာ မို့လား .. မသိရင်ခက်မယ်''' ဟုစိတ်ထဲမှာတွေးရင်း ..
အားကွေ့၏ လက်ပြင်နေရာကို လက်ညိုးဖြင့် တစ်ချက် ထောက်လိုက်၏ .ပြီးနောက် ပါးစပ်မှလည်း
''' လှေငှားတာမောင်လေးရဲ့ ခြေထောက်နဲ့ ပါးစပ်ပဲသုံးဖို့လိုမှာလေ .. လက်ကိုတော့ သုံးစရာမှ မလိုတာ အဲ့ဒါကြောင့် လက်ကို အကြောပိတ်လိုက်တာ ..
လှေငှားလို့ရလာမှ ပြန်ဖြေပေးမယ် ''
စိတ်ဓါတ်အကြီးအကျယ်ကျသွားသော အားကွေ့သည် ဟန်ဆောင် အပြုံး နှင့် '''' မမက ကျွန်တော့ကို မယုံတာတော့ ကျွန်တော် ၀မ်းနည်းမဆုံးဘူး .. မြန်မြန် သွားရှာပြီးပြန်လာပါ့မယ်''
အားကွေ့၏စိတ်ထဲတွင်တော့ အနှီ အဖွားကြီးကို နုပ်နုပ်စင်းချင် မိတော့၏ ...
ထိုနောက် .. မြစ်ရိုးတစ်လျှောက်ပြေးသွားပြီး လှေလိုက်ရှာတော့သည်.. ကွမ်းတယာညက်လောက်တွင် ကမ်းနဘေးတွင် ငါးဖမ်းနေသော တံငှာသည် အဖိုးကြီး တစ်ယောက်ကို တွေ့၍ အားကွေ့က
''' ဦးကြီး လှေငှါးချင်လို့ဗျ'''
တံငှာသည်အဖိုးကြီးက အားကွေ့၏ ပေစုတ်စုတ် ပုံသဏ္ဍန်ကို ကြည့်ကာ
'' မအားဘူးကွ'''
''' ကျွန်တော့မှာ ငွေ ပါ ပါတယ်ဗျ''
''' ဘယ်မှာလဲငွေ .. ငါတော့ ဘာမှ မမြင်ပါလား''
''' အိတ်ထဲမှာ ရှိတယ် ဗျ .. ကျွန်တော့လက်က လုပ်မရလို့ပါဦးကြီးရဲ့''
'' အေး အဲ့ဒါဆို ငါစမ်းကြည့်မယ်ကွာ ..''
တံငှာအဖိုးကြီးမှ အားကွေ့၏ ခါးကြားတွင်ချိတ်ထားသော ငွေအိတ်ကို ဖြုတ်လိုက်သည် .. ကျောက်စိမ်းဓါးတင်းပေ ပေးထားသည့် တစ်ဆယ်သား အရွယ် ငွေတုံးကြီးကိုတွေ့သည်နှင့် အဖိုးကြီးမှာ ၀မ်းသာအားရနှင့် နိုက်ယူထားလိုက်ပြီး ..
အားကွေ့၏ ခေါင်းကို ခေါက်ကာ
''' ကဲ ... မင်းမသေချင်ရင် ပြန်ပေတော..'''
အားကွေ့မှာ အခြေအနေကို သုံးသပ်တတ်သူပီပီ ဆက်ပြောနေရင် သူနာ တော့မည်ဟုသိသောကြောင့် ခြေနှစ်ဖက်အားကိုးနှင့် ထန်စူးစူး ဆီသုတ်ခြေတင်တော့ ၏.. ထန်စူးစူးကား အတွင်းအားကျင့်ကာ သူ့ဝေဒနာကို ကုစားနေသည်.. အတန်ကြာမျှ ကျင့်နေပြီးနောက် ထန်စူးစူးမှာမျက်လုံးပွင့်လာ၏..
'' ဟိုက် .. ကြည့်ရတာ ဒီအဘွားကြီး တော်တော် သက်သာသွားပုံပဲ.. စွမ်းတာတော့ တော်တော်စွမ်းတဲ့ အဘွားကြီးသူ့ကို ဘယ်သူကများ ရိုက်လွတ်လိုက်တယ် မသိဘူး..သူ့ကိုရိုက်လိုက်တဲ့သူကဘယ်သူများ ဖြစ်မလဲ''
စိတ်ထဲတွင်တွေးနေသော အားကွေ့မှာ ထန်စူးစူး က သူ့အားကြည့်လာသည်နှင့် မျက်နှာကို ငိုမဲ့မဲ့ အမူအယာပြောင်းလိုက်သည်...
'' မမ ..ကျွန်တော် လှေသွားငှားတာ ကျွန်တော့် ငွေကို လုပြီး ခေါင်းကို ရိုက်လွတ်လိုက်တယ်... ''
ထန်စူးစူးမှာဒေါပွသွားပြီး ..'' ငါမောင်ခေါင်းကို ရိုက်လွတ်လိုက်တာ ဘယ်သူလဲ .. သူ့ခေါင်းဘယ်လောက်မာသလဲဆိုတာ ငါလိုက်ကြည့်အုံးမယ် ငါ့ကိုပြစမ်း..
လက်ကြောကို ဖြေပေးပြီး ထန်စူးစူးက အားကွေ့လက်ကိုဆွဲ၍ မြစ် ရိုးတစ်လျှောက် ကိုယ်ဖော့ပညာနှင့်ပြေးထွက်သွားသည်..
အားကွေ့ကွမ်းတစ်ယာညှက်လောက်သွားရသည့် ခရီးကို ရုတ်ချည်း ဆိုသလို ရောက်လာ၏.. တံငှာအဖိုးကြီးကတွက်ခြေကိုက်သွားသောကြောင့်ထင်သည် လှေပေါ်သို့သူ၏ ငါးဖမ်းပစ္စည်းများ တင်ကာအိမ်ပြန်တော့မလို လုပ်နေသည်..
အားကွေ့က ထိုသူအားလက်ညိုးထိုးပြကာ
'' အဲ့လူပဲ မမ''
'''''ခွပ်''''
ထန်စူးစူးက မပြောမဆိုနှင့် ထိုသူ၏ ဦးခေါင်းကို လက်နှင့်ရိုက်လိုက်ရာ
ထိုတံငှာ အဖိုးကြီးမှာ အော်သံပင်မထွက်နိုင်ပဲ သေပွဲဝင်သွားရှာတော့၏ ... ထန်စူးစူး မှာလည်း အတွင်းအားသုံးလိုက်ရသောကြောင့် ကျောမှစူးအောင့်လာပြီး မျက်ရည်များ ပင် ထွက်ကျလာသည်...
အားကွေ့ကတော့ မကြောက်မရွံ့နှင့်ပင် ထိုလူအိတ်ထဲမှ ငွေတုံးကို ပြန်နှိုက်နေ၏ ...
ထန်စူးစူးမှာ အားကွေ့ကို ကြည့်ရင်း ..
'''.အင်း.. ဒီကလေးက အကြောက်အရွံ့လည်းနည်းတယ် .. ညဏ်နီညဏ်နက် လည်းများတယ် .. ငယ်ပဲငယ်သေးလို့ ကြီးလာရင် ဘယ်သူမှ ထိန်းနိုင်မယ် မထင်ဘူး'' ထို့နောက် ထန်စူးစူးမှာ လှေဦးတွင်ဝင်ထိုင်လိုက်ပြီး
''' ကဲ ငါ့မောင်ရယ် .. ဘယ်လိုမှ မထင်ပါနဲ့ မမ တစ်ယောက်ထဲ လှေမလှော် နိုင်လို့ ငါ့မောင်ပါဝိုင်းကူ ပေးပါအုံး ''
အားကွေ့ မှာ ငြင်းလည်းမထူးဘူးမှန်းသိ၍
'' ဟုတ်ကဲ့ '' ဟုဆိုက လှော်တက်ကို ကိုင်လိုက်သည် .. သို့သော် သူ့မှာ လှေလှော်တတ်ရန်ဝေးစွ အခုမှလှေစီးဖူးခြင်းသာ ... ၀ူပေမြစ်ထဲတွင် အဖိုးအို ဖုန်းချူး .. အားဖုံ .. အားချင် တို့နှင့် ရေခဏခဏ ကူးဖူးသော်လည်း လှေစီးရန်ကား အိမ်မက်ပင် မမက်ဖူးခဲ့ ..
ထန်စူးစူးက လှေမည်သို့လှော်ရမည်ကို သင်ပေးလိုက်၏ .. ခဏအတွင်းပင် အားကွေ့ လှေလှော်တတ်သွားသည်...
အမွေးတိုင် တစ်တိုင်မျှ လှေစီးပြီးသော် ဟိုဘက်ကမ်းသို့ အရောက် .. ထန်စူးစူးက အားကွေ့အား ..
''' ကဲ မင်းပြန်ချင်ရင်ပြန်တော့ မင့်အဖိုးတို့မျှော်နေကြတော့မယ် ... နေအုံး
ဒီဆေးလုံးကို ယူသွား .. မင်းအဖိုးကိုတိုက်လိုက်.. အဲ့ဆေးလုံးပျောက်မယ်နော် .. လမ်းမှာဂရုစိုက်သွား..'''
အားကွေ့က သွားတော့ဟု ဆိုလိုက်သည်နှင့် ချက်ချင်း လှေလှော်သွားတော့၏..
ည မှောင်ရီပျိုးစအချိန်တွင် အားကွေ့က ဇရပ်သို့ပြန်ရောက်လာ၏. .. သို့သော် သူ့အားကြိုဆိုမည့်သူ တစ်ယောက်မှ မရှိတော့ပေ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#4
အမှောင်ထုက တစစနှင့်လွမ်းခြုံစပြုလာပြီ .. အားကွေ့က
'' ဖိုးဖိုး.. အားချန်...အားဖုံ .. ငါပြန်လာပြီကွ..'''
ပါးစပ်မှ တစ်ကြော်ကြော် အော်ရင်း ဇရပ်ထဲသို့ အားကွေ့ အပြေးဝင်ခဲ့သည်..
''' ၀ုန်း''
. မာတော့င်တင်းနေသော အရာတစ်ခုနှင့်တိုက်မိပြီး အားကွေ့ ပစ်လဲသွား၏..
''.ဘာကြီးလဲ ... အမယ်လေး.. လူသေကြီးဗျ''
တိုက်မိသောအရာကို စမ်းကြည့်လိုက်သော အားကွေ့မှာ လူ သေကြီးမှန်း သိလိုက်ရသောကြောင့် လန့်ဖြတ်သွားပြီး ဇရပ်အပြင်တို့ပြန်ပြေးထွက်သွားသည် ..
အကယ်စစ်စစ် အားကွေ့ မှာ ထန်စူးစူးထင်သလို မကြောက်တတ်သည့် ကလေးတစ်ယောက်မဟုတ်ပေ.. တံငှာအဖိုးအိုအလောင်းထံမှ ငွေပြန်ယူစဉ်က ကြောက်ရွံ့စိတ်ထက် ရယူလိုစိတ် ခံပြင်းစိတ်က ထက်သန်နေ၍ အိနြေ္ဒမပျက် ခြင်းပင် .. ယခုလို မှောင်နှင့်မဲမဲ ဇရပ်ထဲတွင်တော့ မည်သည့် အိနြေ္ဒမှ မဆောင်နိုင်ရှာ ...
သို့သော် အချိန်ခဏမျှယူလိုက်ပြီးနောက် အားကွေ့၏ ကြောက်စိတ်အား စပ်စုလိုစိတ် က လွမ်းမိုးသွားပြန်၏..
ထို့ကြောင့် ဇရပ်နောက်ဖေးသို့ ပတ်သွားလိုက်ပြီး သူတို့ ထမင်းဟင်း ချက်ပြုတ်သည့် နေရာမှ မီးခေတ်ကျောက်ကို လက်ဖြင့် စမ်းသပ်ယူငင်လိုက်သည်..
မီးေးခတ်ကျောက်ကလေးကို ခတ်ကာခတ်ကာနှင့် ဇရပ် အတွင်းပိုင်းသို့ဝင်သွားပြီး
ဘုရားစင်ရှိ ပျားဖယောင်းတိုင် အား မီးထွန်းညှိလိုက်၏ ...
အလင်းရောင်က တခန်းလုံးသို့ဖြာကျသွားသည်... တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားကွေ့မှာ ကြက်သေသေ လျှက် ကြည့်နေမိ၏ .... ဇရပ်ကြမ်းပြင်တွင် မာတောင့်တင်းနေသော အလောင်းလေးလောင်း က ပြန်ကျဲလျက် .. သွေးကွက်များက နေရာအနှံ့ .. သူရှာဖွေနေသည့် အဖိုးဖုန်းချူး အားဖုံ နှင့် အားချင်တို့ကိုတော့ မတွေ့ရ.. အားကွေ့ မျက်နှာမှာ ပြိုတော့မည့် မိုးကဲ့သို့ ငိုမဲ့မဲ့ ဖြစ်လာသည်..
'' အားဖုံ အားချင် .. ဖိုးဖိုး ''
ထိုနာမည်သုံးခုကို အာခေါင်ကွဲမတတ်အော်ဟစ်ရင်း .. ဇရပ်အနီးနားတစ်ဝိုက်သို့. အားကွေ့တစ်ယောက် လူးလားခေါက်ပြန်ပြေးလွှား နေမိသည် ..
နောက်ဆုံးအသံသာဝင်သွားသည် အားကွေ့ တွေ့လိုသည့် လူတို့က ပေါ်မလာပေ ....
မျက်ရည်များက အတားအဆီးမဲ့စွာ ကျဆင်းလာသည်ကိုပင် မသုတ်မိအောင် သတိကင်းလွတ်သူပမာ အားကွေ့ရပ်နေ၏ ..
ဇရပ်ထဲသို့ပြန်ဝင်လာသော အားကွေ့၏ ပုံပန်းမှာ တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချပြီးသည့်နှယ် .. ဟုတ်သည် ယခု အချိန်တွင် အားကွေ့၏ ရင်ထဲ ကြောက်စိတ်ဟူ၍ မြူမှုန်မျှပင် မရှိတော့ပေ.. သူ့အဖြစ်ချင်ဆုံး ဆန္ဒက အဖိုးအို ဖုန်းချူး ..အားဖုံ .အားချင်တို့ကို တွေ့လိုသည့်စိတ်တစ်ခုသာ ... သူတို့ကိုသာတွေ့ ရမည်ဆိုလျှင် အားကွေ့မည်သည့်အရာကိုမဆို လုပ်ပေတော့မည်..
အလောင်းလေးလောင်းအား တစ်လောင်းချင်း စီ သေသေချာချာ ပြန်ကြည့်လိုက်ပြီး အလောင်းများ၏ အိတ်ထဲသို့ လက်နှိုက်ကာ ရှာဖွေလိုက်သည် .. ငွေ အကြွေစများမှလွဲကာ မည်သည့် သဲလွန်စမျှ မတွေ့ရ ..
ဇရပ်တစ်ခုလုံး နှံ့စပ်အောင် ပြန်ရှာသည့် အခါမှ သူတို့အိပ်နေကြ ကောက်ရိုးပုံကြားတွင် အဖိုးအို ဖုန်းချူး၏ လက်စွဲ ညိုညစ်ညစ်စာအုပ် ကို တွေ့လိုက်ရသည်.. စာအုပ်အားမြင်သည်နှင့် အားကွေ့ တစ်ယောက်
ဝမ်းသာခြင်း ၀မ်းနည်းခြင်းဟူသော ဝေဒနာနှစ်ရပ်ကို တစ်ပြိုက်နက် ခံစားလိုက်ရ၏.. ၀မ်းသာသည်မှာ အဖိုးအို၏ တန်ဖိုးအထားဆုံး စာအုပ်ကို လက်ဝယ်ပိုင်ဆိုင် လိုက် ရ၍ ဖြစ်ကာ တစ်ချိန်ထဲမှာပင် အဖိုးအိုသည် ဤစာအုပ်အား မြတ်နိုးလွန်းသဖြင့် အသက်သေဆုံးသည် မှလွဲရင် လက်လွတ်မည်မဟုတ်ဟု တွေးမိကာ ၀မ်းနည်းသွားခြင်းပင်..
အမှန်စစ် ဤ စာအုပ်သည် သိုင်းလောက၏ ထိပ်တန်း အဖြစ်အပျက် ပေါင်းမြောက်များစွာကို မှတ်တမ်းတင်ထားခြင်းဖြစ်၏.. အနှီစာအုပ်ကို အဖိုးအိုဖုန်းချူး မည်သည့်နေရာမှ ရလာခြင်းလည်းတော့ အားကွေ့လည်းမသိ .. . အဖိုးအို ဖုန်းချူး ပြုစုထားသည့်စာအုပ်မဟုတ်မှန်းတော့ သူရိပ်မိသည်...
ထိုအတိုင်းဆိုလျှင် သူ၏ မျှော်လင့်ချက်မှာ မှေးမှိန်လျက် ရှိတော့၏ .. ပျားဖယောင်းတိုင်ကို ကိုင်လျှက် ၀ူပေမြို့တွင်းထဲသို့ အားကွေ့တစ်ယောက် ထွက်လာခဲ့၏ . .. ဇရပ်ထဲတွင်တော့ အလောင်းလေးလောင်း နှင့်သူအိပ်နိုင်မည်မထင်..
ကမ်းနားအထိလျှောက်လာပြီး လွန်းတင်ထားသော လူမရှိသည့် ရွက်လှေတစ်စီး ပေါ်သို့တက်ကာ တစ်ညတာကို ခက်ခဲစွာကျော်ဖြတ်လိုက်၏ ..
မနက်မိုးသောက်သည်နှင့် ဈေးလမ်းတွင် ပဲနို့တစ်ခွက်ဝယ်သောက်၍ ဇရပ်ရှိရာသို့ပြန်လာခဲ့သည်.. အလောင်းများက ကျက်သရေမဲ့စွာ ဖောင်းဖုညိုမဲ ၍ နေ၏ .. ယင်ကောင်များ တစ်ဝီ၀ီနှင့် အလောင်းများကို အဓိပ္ပါယ် ကင်းမဲ့စွာ ထိုင်ကြည့်နေရင်း ရင်ထဲတွင် ဆို့တက်လာသောကြောင့် အားကွေ့ရှိုက်ကြီးတငင် ငိုမိသည်..
''' ဘုရား ..ဘုရား''
မျက်ရည်လည်ရွဲနှင့် အားကွေ့တစ်ယောက် '' ဘုရား ဘုရား ဟူသောအသံကြား ရ၍ မော်ကြည့်လိုက်၏. .. အ၀ါရောင်သင်္ကန်း လွမ်းခြုံထားသော ဘုန်းတော်ကြီး တစ်ပါးမှာ သူ့ အားကြည့်နေသည်ကို တွေ့လိုက်ရ၍ .. လက်အုပ်ချီလိုက်ပြီး ဘုန်းတော်ကြီးအား ဂါရ၀ပြုလိုက်သည်.. ဘုန်းတော်ကြီးမှာ ငါးဆယ်ကျော် ခြောက်ဆယ်ပိုင်း အရွယ် မျှရှိပြီး ပြောင်ဝင်းနေသောခေါင်းတွင် အမွှေးတိုင်ရာ လေးခု ရှိ၏.. လည်ပင်းတွင် ငုံးဥ အရွယ်မျှရှိသော စိတ်ပုတီးအား ဆွဲချိတ်ထားသည်..
'' ဒီအလောင်းတွေကို ကြည့်ရတာ လူလေးနဲ့ ဘာမှတော်စပ်မဲ့ပုံတော့ မရှိဘူး'' '''မှန်ပါအရှင်ဘုရား တပည့်တော်နဲ့ သူတို့ ဘာမှ မတော်စပ်ပါဘူး.. သူတို့ ဘယ်သူမှန်းတောင် တပည့်တော်မသိပါဘူးဘုရား .. ''
အားကွေ့မှာ မိမိတစ်ယောက်ထဲဖြစ်နေရာမှ အဖော်ရလာ၍ အားတက်မိသော ကြောင့် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်မိသည်...
. ဘုန်းကြီးမှ .. ''.ဒီတို်င်းဆို လူလေးက တစ်ယောက်ထဲ ဖြစ်နေတော့တာပေါ့ .. ဟုတ်လား ''
''မှန်ပါဘုရား .. တပည့်တော်လည်း ဘာလုပ်ရမှန်းမသိလို့ ငိုနေမိတာပါဘုရား''
''' ကဲ.. လောလောဆယ်တော့ ဒီအလောင်းတွေကို မြေမြှပ်သဂြိုလ်ပေးလိုက် ကြအုံးစို့'''
ဘုန်းတော်ကြီးမှာ အလောင်းနှစ်လောင်းကို ဇရပ်အပြင်ပေါ့ပါးစွာ ချီမသွား၏..
နောက်ဖေးကွက်လပ်သို့အရောက်တွင် ဘုန်းကြီးမှ အလောင်းတစ်လောင်းထံမှ ဓါးကို ယူကာ မြေတွင်းကြီးဖြစ်အောင်တူးလိုက်သည်.. .. ထို့နောက် ဇရပ်အတွင်းကျန်ရှိနေသည့် အလောင်းနှစ်လောင်းအား သယ်ရန်အလုပ်တွင် ဇရပ်နံရံအတွင်း တပိုင်းတစ နစ်ဝင်နေသော အရာကို တွေ့လိုက်သောကြောင့် အနီးကပ် ကြည့်ရှုလိုက်သည် .. ထိုအရာမှာ အခြားမဟုတ်ပေ ထန်စူးစူး ၏ ပုရစ်ဗူး စူးလက်နက်ပင်ဖြစ်၏.. ထန်စူးစူး၏ ရှိသမျှ အတွင်းအားဖြင့် ပစ်ပေါက်လိုက်သောစူး လက်နက်သည် နံရံအတွင်းသို့ တစ်ခုလုံးနီးပါးနစ်ဝင်နေလေသည်.. ဘုန်းကြီးက နံရံအား လက်ဖြင့် တစ်ချက် ပုတ်လိုက်ရာ .. စူးလက်နက်သည် အံအား သင့်ဖွယ်ရာ ခုန်ထွက်လာခဲ့၏.. ကန်ထွက်လာသော လက်နက်အား ဘုန်းကြီးကဖမ်းထားလိုက်ပြီး
'' အဲ့ဒါထန်စူးစူးရဲ့ လက်နက်ပဲ .. ဧကန္တ ဒီလူတွေဟာ ထန်စူးစူးရဲ့ လက်ချက်နဲ့ အသက်ထွက်သွားတာပဲဖြစ်မယ်... ''
အားကွေ့က '' ဟုတ်နိုင်တယ် ဘုန်းဘုန်း သွေးစွန်းကဝေထန်စူးစူးရဲ့ လက်ထဲမှာ ဒီပုရစ်ဗူးကိုင်ထားတာတွေ့လိုက်ရတယ် .. ''
ဘုန်းကြီးမှ ပုရစ်ဗူး အား တစ်ချက် ခါလိုက်သည်.. ''ချပ်'' ခနဲ မြည်သံနှင့် စူးကလေးမှာ ဗူးအတွင်းသို့ ပြန်လည် ၀င်ရောက်သွား၏.. ပြီးနောက် အားကွေ့လက်ထဲကို ထည့်ပေးလိုက်သည်.. အလောင်းများအားသယ်ကါ အပြင်သို့ ပြန်ထွက်သွားပြီး တွင်းထဲသို့စု ပြုံထည့်၍မြေပြန်ဖို့လိုက်၏..
ရင်းနောက် ဘုန်းတော်ကြီးမှာ အားကွေ့အား ဂရုဏာသက်ဖွယ်ကြည့်ရင်း
'' လူလေး အခုဘာဆက်လုပ်မယ် စိတ်ကူးလဲ .. ဆွေမျိုးသားချင်းတွေရှိတယ် ဆိုရင် ဘုန်းဘုန်းကိုယ်တိုင်လိုက်ပို့ပေးမယ်.. ''
'' မှန်ပါဘုရား တပည့်တော်မှာ ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိပါဘူးဘုရား '' ဘုန်းကြီးက ရော့ရဲနေသည့် သင်္ကန်းအား တစ်ချက်ပြင်လိုက်ကာ ...
'' အင်း ဘုန်းဘုန်းကလည်း ကိစ္စ တစ်ခုရှိလို့ ထွက်လာတာဆိုတော့ လူလေးကို အကြာကြီးအဖော်လုပ်ပေးနိုင်မယ် မထင်ဘူး ..တစ်ခုတော့ရှိတယ် ဘုန်းဘုန်းနဲ့လိုက်မယ်ဆိုရင်တော့ ဘုန်းဘုန်းနေတဲ့နေရာ လူလေးကို ခေါ်သွားမယ်''
အားကွေ့က အားရ၀မ်းသာနှင့် ... ''ဘုန်းဘုန်းက ဘယ်မှာနေတာလဲဟင်''
'' ရှောင်လင်မှာနေတာကွဲ့...'''
အားကွေ့မှာ ရှောင်လင်ဟူသောအသံကြားလိုက်သည်နှင့် ပျော်ရွှင် သွားသည် .. သူသိထားသည်မှာ ရှောင်လင်သည် သိုင်းလောက၏ အဓိပတိဟူ၍မဟုတ်ပါလား... ထို့အပြင် ယခုအတို်င်းထိုင်နေသည်ထက်စာလျှင် ခရီးထွက်ခြင်းက အဖိုးအိုဖုန်းချူးတို့ကို တွေ့နိုင်ခြေပိုများသည်လေ..
'' တပည့်တော် လိုက်မယ်ဘုန်းဘုန်း... ''
အားကွေ့ဆီက အဖြေရသည်နှင့်ဘုန်းကြီးမှာ မဆိုင်းမတွပင် ခရီးထွက်ရန်ပြင်တော့၏ ..
မွန်းတည့်၍ ခြစ်ခြစ်တောက်ပူနေသောနေရောင်အောက်တွင် ရထားလုံးတစ်စီး မှာ ခရီးပြင်းနှင်နေသည် .. ရထားလုံးထဲတွင် လူမမာနှစ်ယောက် နှင့် ကလေးနှစ်ယောက်မှာ ဆီးဖြူသီးဇကောထဲလိမ့်သလို ခုန်ပေါက်ကာနေ၏.. အဝေးရောက်လက်သီး ကျောက်ကျူးထင် တို့အဖွဲ့ပင်... ကျောက်ကျူးထင်မှာ ရထားမောင်းနှင့် အပြင်တွင် ထိုင်လျက် ခရီးအကွာအဝေးကို တိုင်းထွာ တွက်ချက်နေ၏..
'' အင်း ...ဒီအမြန်နှုန်းနဲ့ဆို မနက်ဖြန် ညနေပိုင်းလောက် ခွန်းလွန်းတောင် ကိုရောက်နိုင်လောက်ပါရဲ့.. စိတ်ထဲတွင်တီးတိုးရေရွတ်ရင်း .. လမ်းအရှေ့ဘက်ကို ကြည့်မိသည် .. အနက်ရောင်အလံများထောင်လျှက် စီတန်းသွားနေသော မြင်းလည်း များကို တွေ့လိုက်ရသည်...
ထိုအဖွဲ့မှာ နတ်ဆေးအိုးကျန်း ဦးဆောင်သည့် မိုးကြိုးအာမခံဌာနပင်ဖြစ်၏ ... နတ်ဆေးအိုးကျန်းမှာ ထုံးစံအတိုင်း ဆေးတံကို အငွေ့တစ်ထောင်းထောင်း ထ အောင်ဖွာပြီး မြင်းလည်း ပေါ်တွင်ခံညား စွာထိုင်နေသည်.. မိုးကြိုးအာမခံ ဌာနမှာ စည်းစနစ်ကျနစွာပင် တစ်လိမ့်လိမ့်နှင့် ချီတက်နေကြ၏... ရှေ့ဆုံးမြင်းလည်းပေါ်တွင် ဗလတောင့်တောင့်နှင်လူတစ်ယောက်မှာ မောင်းကြီးကို တစ်ဒူဒူထုရင်း ကျယ်လောင်သော အသံနှင့် တစ် .. နှစ်.. သုံးဟု တိုင်လိုက်သည်နှင့် ကျန် သိုင်းသမားများမှာ ''.မိုးကြိုး '' ဟု တပြိုက်နက် အော်လိုက်ကြသည်..
ကျောက်ကျူးထင်က စည်းစနစ်ကျလှသော မိုးကြိုး အာမခံကို ကြည့်ရင်း စိတ်ထဲ ကျိတ်ချီးကြူးလိုက်၏... နတ်ဆေးအိုးကျန်းမှာမူ အနောက်ဆီမှ ဒုန်းဆိုင်း မောင်းလာသော မြင်းလည်းကို မြင်လျှင် .. ဆေးတံအိုးကို ပါးစပ်မှဖြုတ်ကာ
''ရွှီ''ခနဲမြည်အောင် လေချွန်သံပေးလိုက်သည်.. မြင်းလည်းတန်းသည် ချက်ချင်း ပင်ရပ်တန့်သွားပြီး အာမခံသိုင်းသမားများ အားလုံး ဓါးလှံ လက်နက်များကို ထုတ်၍ ရန်သူကို ရင်ဆိုင်ရန် အသင့်အနေအထားပြုလုပ်လိုက်ကြ၏....
ကျောက်ကျူးထင်က အခြေအနေကို ရိပ်စားမိသည်နှင့်
''' မိတ်ဆွေတို့ ရန်သူမဟုတ်ပါဘူး .. ကျုပ်တို့မှာ အရေးကြီး ကိစ္စရှိလို့ အရှိန်ပြင်းပြင်းမောင်းလာတာပါ''. ဟု ရထားလုံးပေါ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အာမခံ ဌာနအား ကျော်ဖြတ်သွား၏..
နတ်ဆေးအိုးကျန်းမှာလည်း ယခုမှစိတ်ချသွားသည့်နှယ် ဆေးတံအိုးကို ပြန်ကိုက်လိုက်ပြီး သူ့အဖွဲ့သားများအား လက်ပြလိုက်သည်..
''' တစ် ..နှစ်..သုံး''
'' မိုးကြိုး''
'' တစ်..နှစ်..သုံး''
''မိုးကြိုး''
ကျယ်လောင်စူးရှသော အော်ဟစ်သံနှင့်အတူ မိုးကြိုးအာမခံမှာ ဆက်လက် ထွက်ခွာသွားကြ၏....
အေးမြ သန့်ရှင်းသောလေထုက အားကွေ့၏ နောက်ကျိနေသော စိတ်အလျင်ကို ရွှင်ပြလန်းဆန်းစေသည်.. စိမ်းစိုမြနေသောဝါးပင်များ ... တကျီကျီ အော်မြည်နေသော ပိန်းညှင်းငှက် .. ခြေတံရှည်ကြီးများနှင့် ရေစပ်ဆီမှ အစာမျှော်နေသော ဗျိုင်းဖြူများ .. အုပ်လိုက် အုပ်လိုက် ပျံသန်းသွားကြသော ရေဘဲ များ .. အနီရောင်ဖျော့ဖျော့ ကြိုးကြာငှက်များ ... ရေပြင်ထက်ကို ပွက်ခါ ပွက်ခါ ခုန်တက်လာသော ငါးပျံ စသည်တို့ကို ကြည့်ရင်း ကလေးပီပီ အားကွေ့ ပျော်ရွှင် လာသည်..
ရေထဲမှ မျောပါလာသော ဒိုက်အုံ ဒိုက်ဖတ်ဗေဒါပင်များကပင် အားကွေ့ အားဆွဲဆောင်နိုင်သည် ..အနှီဒိုက်အုံတို့အား လက်မနှင့်ညှပ်ရင်း ခိုစီး လာတတ် သည့် ပုဇွန်ကွေးကြီးများကို မြင်ရ၍ပင်..
''' ဘုန်းဘုန်း တပည့်တော်တို့ ဘယ်ကိုသွား ကြမှာလဲဟင်'''
သာယာလှပသည့် မြင်ကွင်းကို မကြည့်ဘဲ မျက်လွာချပြီး စိတ်ပုတီးကို သာ တွင်တွင်စိတ်နေသော ဘုန်းကြီးမှာ အားကွေ့၏ အမေးစကားကြောင့် မျက်စိ ဖွင့်လာပြီး ..
''' ကျန်းနန်ကို သွားမှာလူလေးရဲ့ '''
စကားတခွန်းသာပြန်ပြော၍ ဘုန်းကြီးမှာ ပုတီးဆက်စိတ်နေသည်..
အားကွေ့ကလည်း အလိုက်တသိနှင့်ပင် ဘုန်းကြီးအပါးမှ ခွာ၍ လှေဝမ်းထဲမှ ကုန်းပတ်ပေါ်သို့ တက်လိုက်၏ .. .. ၀ူပေဆိပ်ကမ်းမှ ဤကုန်လှေ ထွက်ခွာလာသည်မှာ နေ့တစ်ဝက်ခန့်ပင်ရှိတော့မည်.. ဘုန်းကြီးမှာ လှေပိုင်ရှင်အား အကူအညီတောင်း၍ အားကွေ့နှင့်အတူ လမ်းကြုံလိုက်ခဲ့ကြခြင်းဖြစ်သည်... .. လှေဝမ်းထဲမှာထက် ကုန်းပတ်ပေါ်မှာက လေလည်းပိုတိုက် .. ပတ်ဝန်းကျင်ကိုလည်း ပိုမြင်ရ၍ အားကွေ့ တစ်ယောက် ပိုပျော်သွားသည်.. သူ၏ မျက်နှာပေါ်မှ အနာစိမ်းများနှင့် လေထု၏ ပွတ်တိုက်မှုကြောင့် စပ်ဖျင်းဖျင်းဖြစ်နေသည့် အရသာကိုပင် အားကွေ့က ကျေနပ်နေ၏ ...
လှေထိုးသားများမှာ ဒေသသီချင်းများကို အော်ဆိုနေရင်း တက်ညီလက်ညီ လှေလှော်နေကြသည် .. အင်္ကျီမပါသော သူ့တို့၏တောင့်တင်းသော ကိုယ်ခန္ဓာသည် နေရောင်အောက်တွင် မဲပြောင်၍နေ၏ .. လှေတစ်ချက် ခတ်လိုက်တိုင်း ချွေးစက်များက နဘေးဝဲယာသို့လွင့်စင်သွားကြသည်..
တစ်လှေလုံးတွင် ခရီးသည်ဟူ၍ သူတို့နှစ်ဦးသာပါသည်..ကျန်သည်က ကုန်ပစ္စည်းများနှင့်လှေထိုးသားများသာ ... ဤသို့နှင့် နှစ်ရက်မျှ လှေစီးပြီးနောက် လင်းအားကြီး အချိန်တွင် ကျန်းနန်ကို အားကွေ့တို့ရောက်သွားကြ၏.......
ကျန်းနန်သို့ရောက်သည်နှင့်အားကွေ့တစ်ယောက် ပါးစပ်အဟောင်း သား ဖြစ်သွားသည်.. ၀ူပေမြို့စည်ကားသည်ထက် အဆပေါင်းများစွာ ပိုစည်ပြီး မြို့မှာ သန့်ရှင်းသပ်ရပ်လှ၏... ရုပ်သေးစင်များ .. ကစားစရာအရုပ်များ ..
ဒုတ်ထိုးမက်မန်းသီးများ .. ပူပူနွေးနွေး မန်ထိုပေါက်စီများ .. အငွေ့တစ်ထောင်းထောင်း ထနေသည့် အခေါက်ကင်များက ဆယ်နှစ်သားအရွယ်သာရှိသေးသော အားကွေ့အား ဆွဲဆောင်နေသည့် အရာတွေပင်.. ဘုန်းကြီးကလည်း အားကွေ့သဘောကို ရိပ်မိသဖြင့် လက်ကို ကျစ်ကျစ်ပါအောင်ဆွဲကာ ထို အရာများနှင့်ဝေးရာသို့ ဆွဲခေါ်သွားလေသည်.. ..
ထို့နောက် မင်္ဂလာ ဟုအမည်ရသည့် တည်းခိုဆောင် တွင် အခန်းတစ်ခန်း ယူကာ တစ်နေ့ခင်းလုံး အနားယူကြ၏.. မှောင်ရီပျိုးစ အချိန်ရောက်သော် ဘုန်းကြီးမှာ အားကွေ့ လက်ကိုဆွဲ၍ ကျန်းနန်း၏နာမည်ကျော် ကန်သာယာသို့ ထွက်လာကြသည်....
ဝင်းပပလရောင်သည် ကန်သာယာထဲသို့ ဖြာဆင်းလျှက်ရှိသည်...
မြောက်ပြန်လေ တစ်ချက်တစ်ချက်ကွန့်မြူးလိုက်တိုင်း ကန် ထဲတွင် ဖြူဖွေးဖွေးသဏ္ဍန်ရှိသည့် လှိုင်းကြက်ခွပ်ကလေးများက လွန့်လူးနေ၏...
ကန်ရေပြင်ပေါ်တွင်တော့ ရောင်စုံမီးပုံးများချိတ်ဆွဲထားသည့် လှေအများအပြား ရေစီးသာရာ လေအလာတိုင်း မျောစုန်သည်ကစုန် ဆန်တက်သည်က တက်နှင့် ရွေ့လျားနေကြသည်..
ထိုအနီရောင်ချယ်သထားသော လှေတို့မှာ ဒေသအခေါ် ပန်းလှေဟု ခေါ်ဝေါ်ကြသည် ..အနှီ ပန်းလှေများထဲတွင်ကား အရွယ်မျိုးစုံလင်သည့် မိန်းမပျိုလေးများက ငွေကြေးတတ်နိုင်သည့် ပုရိသ အပေါင်းကို နည်းမျိုးစုံဖြင့် ဖျော်ဖြေပေးရန် စောင့်ဆိုင်းနေလေ၏ ...
ကန်နဖူးတွင်မူ ကျန်းနန်မြို့၏ ဂုဏ်သတင်းကြီးမားလှသော သူရဲကောင်းဇရပ်က ထည်းထည်းကြီးတည်ရှိသည်... ယွဲ့ အိမ်တော်ပိုင် ၎င်းဇရပ်သည် သိုင်းလောက ၏ အမူအခင်းများ ဖြေရှင်းရာ .. သိုင်းထိပ်ခေါင်တို့ စုဝေးရာ နေရာဖြစ်၏ .....
ဇရပ်မှာ ကြီးမားခန့်ငြားလှပြီး အရှေ့တည့်တည့်တွင် စကျင်ကျောက်သားနှင့်
ပြုလုပ်ထားသော ခြင်္သေ့ရုပ်ကြီးတစ်ရုပ်ရှိသည်...
ခြင်္သေ့ရုပ်၏ အောက်ခြေတွင် ''ရဲ့ရင်ခြင်း သတ္တိရှိခြင်း ထက် ဖြူစင်ခြင်းက အဆပေါင်းများစွာ မြတ်သည်'' ဟု လှပသေသပ်သော လက်ရေးဖြင့်ရေးထိုးထား၏ .. ဘုန်းကြီးနှင့်အားကွေ့တို့ ရောက်သောအချိန်တွင် ဇရပ်အတွင်း လူအများအပြား ရှိနှင့်နေကြပြီ....
ရသေ့များ.. သီလရှင်များ.. အသက်အရွယ်ကြီးရင့်သူများ .. ငယ်ရွယ်နုပျိုသူများ .. အစရှိသည့် လူပေါင်း လေးဆယ်ခန့်မျှ ရှိနေသည်..
ဘုန်းကြီးနှင့်အားကွေ့ တို့ရောက်ရောက်ချင်းပင် လူငယ်လေးတစ်ယောက်မှ စာအုပ်တစ်အုပ်ဖြင့် အမည်စာရင်းလာရောက်ကောက်ခံ၏..
ဘုန်းကြီးမှာ သူ၏အမည်ကို ရွှီကြွင်း ဟု စာအုပ်တွင်ရေးထိုးလိုက်သည်.. ထိုအခါတွင်မှ အားကွေ့လည်း ထိုဘုန်းကြီး၏ အမည်ကိုသိရတော့၏..
ဇရပ်ထဲတွင် လူတစ်ရာကျော်မျှ ၀င်ဆံ့နိုင်သည့် စားပွဲရှည်ကြီးတစ်ခု ခင်းကျင်းထားရာ.. ဘုန်းကြီးမှအားကွေ့ကိုခေါ်၍ နီးစပ်ရာနေရာသို့ ၀င်ထိုင်လိုက်သည်..
တစ်ခဏအချိန်မျှကြာသော် ဇရပ်အတွင်းပိုင်းမှ လူတစ်ယောက် ထွက်လာပြီး ''' အနယ်နယ်အရပ်အရပ်မှ ကြွရောက်လာကြတဲ့ ဂိုဏ်းချုပ်ကြီးများ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား မကြာခင် အချိန်အတွင်းမှာပဲ သူရဲကောင်းဇရပ်ပိုင်ရှင် ဓါးစင်္ကြာ ယွဲ့ကျိုး နဲ့ ၀ူတန်ဂိုဏ်းချူပ်ကြီး ထန်ရှီး တို့ ကြွရောက်လာတော့မှာ ဖြစ်ပါတယ် '''
ထိုသူစကားပြောပြီးမကြာခင်ပင် ဇရပ်အတွင်းပိုင်းမှ ရသေ့တစ်ပါးနှင့် အဘိုးကြီးတစ်ယောက်ထွက်လာ၏..
ရသေ့ကြီးမှာ မီးခိုးရောင်မှိုင်းပြပြ ၀တ်စုံကို ၀တ်ဆင်ထားပြီး ရှည်လျားသော မျက်ခုံးမွှေးများက နက်မှောင်ကာ မျက်လုံးဘေးဝဲယာတွင် နေရာယူထားသည်..
မြင်သူတိုင်း ကြည်ညိုစိတ် အားကိုးစိတ် တစ်ဖွားဖွားပေါ်လာအောင် ဥပဓိရုပ်ကောင်း လှ၏.. သူရဲကောင်းဇရပ်ပိုင်ရှင်မှာမူ ကိုယ်ခန္ဓာမှာ သေးကွေးပိန်လှီလှ၏ .. အဖြူတစ်ဝက်အမည်းတစ်ဝက် ရောစွက်နေသော မုတ်ဆိတ်မွှေးများက မည်းခြောက်ခြောက် မျက်နှာတွင် ကြည့်ရဆိုးစွာ ထူပိန်းနေသည်.. သို့သော် သူ့ ခါးတွင်ချိတ်ဆွဲထားသော ဓါးမှာမူ အထဲကဓါးမဆိုနှင့် အပြင်က ဓါးအိမ်ကို မြင်လျှင် ပင် အင်မတန်အဖိုးတန်မှန်းသိနိုင်၏.. ဓါးအိမ်တွင် ပတ္တမြား .. ပုလဲ ..မဟူရာ .. ကျောက်စိမ်း အစရှိသည့် ကျောက်မျက်ရတနာများ စီခြယ်ထားပြီး အနားသတ်များတွင် ရွှေကွပ် ထားသည်..
ထိုသူနှစ်ယောက် ကို မြင်သည်နှင့် ဇရပ်ထဲမှ လူအကုန်လုံးပင် ထ ရပ်ကာ ဂါရ၀ ပြုကြ၏... ထိုအထဲတွင် အားကွေ့နှင့် ဘုန်းကြီးရွှီကြွင်းလဲ ပါသည်..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
#5
''' ရွှန်းမြမြ ၀င်းပတဲ့လရောင် ... သုံးလောကနန်းဆောင်မှာ
ကျန်းနန်အလှဆုံး....တိမ်ဖုံးတော့ လမျက်နှာ ....
အလင်းရှက်သွေးဖြာ
ရေပြာပြာ လှိုင်းရယ်ကပုတ်မြူး .... ကြည်နူးစရာ့
အလှည ရယ်ပါ...
အရက်တစ်အိုးနဲ့ ဓါးတစ်လက်ဆွဲ
လောကရဲ့ အနှစ်သာရကို ငါရှာမယ်.... '''
ဇရပ်အပြင်ဖက်မှ ကျယ်လောင်သော ကဗျာရွတ်သံကား တစ်လောကလုံးကို ဖုံးလွမ်း သွားသယောင်ယောင်ပင်...
အတွင်းရှိလူများမှ ထိုကဗျာရွတ်သံကြောင့် အပြင်ဘက်ဆီသို့ မျှော်ကြည့်ကြ ၏.. လရောင်၏ အလင်းအောက်တွင် လူတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့ရသည်..ထူးထူးခြား ခြင်္သေ့ရုပ်အား ဂါရ၀ ပြုပြီးမှ ဇရပ်ထဲဝင်ခဲ့၏..
သူရဲကောင်းဇရပ်ပိုင်ရှင်သည် ထိုသူအား တွေ့မြင်လိုက်သောအခါ အရုပ်ဆိုးလှ သောသူ၏ မျက်နှာသည် မည်းမှောင် ပုတ်သိုး၍ ဒေါသအမျက်ချောင်းချောင်း ထွက်သည့်သဖွယ်ဖြစ်သွားပြီး.. လက်ညိုးငေါက်ငေါက်ထိုးကာ
'' ဒီလိုအမျိုးဖျက်ကောင်ကို ဘယ်သူဖိတ်တာလဲ... ကျုပ်တို့ယွဲ့မျိုး ဇရပ်မှာ ကျက်သရေမရှိတဲ့ကောင်ကို ကြိုဆိုဖို့နေရာမရှိဘူး.. '''
ဝူတန်ဂိုဏ်းချုပ်ကြီးမှ ယွဲ့ကျိုး(သူရဲကောင်းဇရပ်ပိုင်ရှင်)၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း...
''' မိတ်ဆွေကြီးယွဲ့ အသက်အရွယ်တွေလည်း ငယ်ကြတော့တာမှ မဟုတ်ဘဲ ဖြစ်ပျက်ပြီးခဲ့တာတွေကိုမေ့လိုက်ပါ .. ပြီးတော့ ညီအကိုတွေ .. အခုလည်း သိုင်းလောက တစ်ခုလုံးရဲ့ အရေးအခင်းဖြစ်လို့ ကျုပ်ကိုယ်တိုင် ယွဲ့ပိုင် ကို ဖိတ်ခေါ်လိုက်တာပါ... ''''
''' ထွီ'' .. ကျုပ်တို့ ယွဲ့မျိုးရဲ့ ဂုဏ်သိက္ခာ ဘိုးဘွားမျက်နှာ ဖျက်စီးခဲ့တဲ့ကောင်ကို ယွဲ့ဆိုတဲ့ အမည်မတပ်သင့်ဘူး ... သူ့ကို ကျုပ်အဖေ ယွဲ့အိမ်တော်က မောင်းထုတ်ပြီးကတည်းက သူသာ ရှက်တတ်ရင် ဒီဇရပ်မပြောနဲ့ ကျန်းနန်ကို ခြေမချသင့်တော့ဘူး မိတ်ဆွေကြီးထန်ရှီး'''
ယွဲ့ကျိုးကသာ ဒေါသတကြီးပြောဆိုနေသော်လည်း ယွဲ့ပိုင် ဆိုသူက လက်ထဲတွင်ကိုင်ထားသော အရက်အိုးကို လေပေါ်မြောက်ဆော့ရင်း ခပ်ပြုံးပြုံး မျက်နှာနှင့် ၀ူတန်ဂိုဏ်းချုပ်ကြီးအားကြည့်၍..
'' ကဲ ကျုပ်မပြောဘူးလား ဂိုဏ်းချုပ်ကြီး ကျုပ်လာရင် ကျုပ်ညီတစ်ယောက် ဆွေ့ဆွေ့ခုန်တော့မယ်ဆိုတာ'''
ဇရပ်အတွင်းရှိ သိုင်းလောကသားများ ကမူ သူတို့ညီအကို နှစ်ယောက်၏ အကြောင်းကို သဘောပေါက်သည့်နှယ် စကားတစ်ခွန်းမျှ ၀င်မပြော အပြန်အလှန်စကားစစ်ထိုးနေသည်ကို စောင့်ကြည့်နေကြသည်... အကယ်စစ်စစ် ထိုယွဲ့ပိုင်ဆိုသည့် လူကြီးကယွဲ့ကျိုး၏ အကိုဝမ်းကွဲဖြစ်သည်.. အဖြူရောင်သိုင်းသမားတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ်၏ သိုင်းထိပ်သီး ဆယ်ယောက်တွင် နံပတ် ရှစ်နေရာတွင်ရှိ၏.. ဆယ်မျက်နှာခြေဆန့်သူ ဟူသည့် ဘွဲ့နှင့် အညီ ပြည်မကြီး တစ်နံတစ်လွှား အပြင် မြောက်ပိုင်း .. တောင်ပိုင်း သိုင်းလောက အထိပင် သူ၏ အမည်နာမသည် ကျော်ကြားသည်...
မကောင်းသူပယ် ကောင်းသူကယ်ဟူသည့် လက်စွဲဆောင်ပုဒ်အတိုင်း ဆင်းရဲဒုက္ခနှင့်ကြုံတွေ့နေသည့် မည်သည့်လူမျိုးကိုမဆို အကူအညီပေးတတ်ပြီး စိတ်ရင်းသဘောထား ပြည့်စုံသူဖြစ်သော်လည်း အစအနောက် ၀ါသနာ ကြီးလှ၏ ..
အစဉ်အလာကြီးမားသော ယွဲ့မိသားစု တွင် ငယ်စဉ်ကတည်းကကြီးပြင်းခဲ့ပြီး ယခင်သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ထန် မှာ သူ၏ ဘကြီးအရင်းခေါက်ခေါက်ပင် .
သူလူပျိုပေါက်အရွယ်၌ နေညမပြတ် အရက်ကိုတွင်တွင်သောက်တတ်၍ ဘကြီးဖြစ်သူ ငြိုငြင်နေသည့် ကြားမှမူးရူးကာ ဘိုးဘွားပိုင် အမွေအနှစ်ဖြစ်သည့် သိုင်းလောက ကျောက်စိမ်းအမိန့်ပြားအား ခိုးယူကာ ပန်းလှေတွင် အလုပ်လုပ်ကိုင်နေသော မိန်းကလေးတစ်ယောက်ကို လက်ဆောင်အဖြစ်ပေးလိုက်သဖြင့် ယွဲ့မိသားစုလုံး ဒေါသပုန်ထပြီး အိမ်တော်မှ မောင်းချလိုက်ခြင်းပင်...
ထို့နောက် သိုင်းလောကအတွင်းဝင်ရောက်၍ သူ၏ ထက်မြက်သော သိုင်းစွမ်း .. ဖြူစင်သော အကျင့်စရိုက်ကြောင့် အမည်နာမ ကျော်ကြားလာခြင်းသာ..
ထိုစဉ်ကတည်းက ကျန်းနန်ကို ခြေချ မလာသော ယွဲ့ပိုင်သည် ယနေ့တွင်တော့ ၀ူတန်ဂိုဏ်းချုပ်ကြီး၏ ဖိတ်ကြားချက်အရ. သူရဲကောင်းဇရပ်အတွင်း မားမားမတ်မတ် ရပ်တည်နေလေပြီ...
သူနုစဉ်က ပြုမိသည့် အမှားတစ်ခုကြောင့် ထည်ဝါသော ယွဲ့အိမ်တော် မှာ များစွာ အရှက်ရခဲ့ရ၏ .. သိုင်းလောကရှိ မည်သည့် ဂိုဏ်း မည်သည့် အဖွဲ့စည်းကို မဆို အကူအညီတောင်း ခိုင်းစေလို့ရသည့် သိုင်းလောကကျောက်စိမ်းအမိန့်တော် အား တန်ဖိုးကင်းမဲ့စွာ ပြုလုပ်ခဲ့သည့်သူ့အား ယွဲ့ကျိုး ဒေါသ ထွက်သည်မှာလည်း အမှန်တော့ မလွန်လှပေ..
ထိုအဖြစ်အပျက်မှာ သိုင်းလောကတလွှားလုံး သိကြ၍လည်း ထိုင်ကြည့် နေခြင်းသာ .. မိသားစုအခြင်းခြင်းတက်သော ပြသနာအား မည်သူကမှ ၀င်စွက်ဖက်ချင်မည်မဟုတ်တုံလော...
ဝူတန်ဂိုဏ်းချုပ်ကြီးမှ ပြသနာကို အကျယ်အကျယ် မဖြစ်လိုသည်နှင့်
'' ကဲပါ ဒီကိစ္စကို နောင်ကြုံမှ ဖြေရှင်းကြပေါ့ .. အခု သိုင်းလောကအရေးကို အရင်ဆွေးနွေးကြပါအုံးစို့ ..... သိုင်းလောကအတွင်းရှိ မိတ်ဆွေများ အခုလို ဆွေးနွေးပွဲကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. လွန်ခဲ့တဲ့ လက စန်းစီးနယ်မှာ အဖြူရောင်သိုင်းဂိုဏ်းတစ်ခု ဖြစ်တဲ့ ရွှေပန်းပွင့်ဆိုတဲ့ အမျိုးသမီး သိုင်းဂိုဏ်းက ဂိုဏ်းဝင် ဆယ့်ရှစ်ဦး သတ်ဖြတ်ခြင်းခံခဲ့ရတယ် ... အမျိုးသမီးအချို့ မသေဆုံးခင်မှာလည်း မုဒိန်းအကျင့်ခံခဲ့ရသေးတယ်.. ရွှေပန်းပွင့်ဂိုဏ်းက တရားခံကို စန်းစီးတစ်နယ်လုံးအတွင်း မြေလှန်ရှာခဲ့ပေမယ့် အရိပ်အယောင်တောင် မမြင်ခဲ့ရဘူး .. အဲ့ဒါနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျုပ်တို့ဝူတန်ကို အကူအညီ တောင်းလာတော့ ကျုပ်ကိုယ်တိုင် စန်းစီးနယ် ကိုသွားပြီး အလောင်းတွေကို စစ်ဆေးကြည့်တယ် ... အမျိုးသမီးတွေအကုန်လုံးဟာ ရေစီးရေဆန် ဆိုတဲ့ သွေးကြော ပိတ်နည်းနဲ့ အပိတ်ခံပြီးမှ လူယုတ်မာရဲ့ရက်ရက်စက်စက်သတ်ခြင်း ခံခဲ့ရတယ်လေ.. အလောင်းတစ်လောင်းရဲ့ ပုခုံးမှာတော့ လူသတ်သမားက ဒီဆံထိုးကို ထိုးစိုက်သွားတယ်...''''
ထို့နောက် ဂိုဏ်းချုပ်ကြီးမှ ဆံထိုးတစ်ခုကို အားလုံးမြင်ရအောင် ကိုင်မြောက်ပြလိုက်၏..မြွှေနှစ်ကောင်ခွေထားသောပုံသဏ္ဍန်ရှိသည့် ရွှေသားဆံထိုးတစ်ခုပင်... ပြသပြီးနောက်
''ရေစီးရေဆန် သွေးကြောပိတ်သိုင်းကိုမြင်တာနဲ့ ကျုပ်ဟာ လူတစ်ယောက်ကို ပြေးသတိရမိလိုက်တယ် .. ဆံထိုးကိုလည်းတွေ့ရော ကျုပ်စိတ်ထဲက သံသယအစိုင်အခဲဟာ ပိုကြီးမားလာရော .. အဲ့ဒါနဲ့ သူရဲကောင်း ဇရပ်ပိုင်ရှင် မိတ်ဆွေကြီးယွဲ့ နဲ့တိုင်ပင်ကြည့်လိုက်တော့ သူရောကျုပ်ပါ တရားခံလိုယူဆရတဲ့သူဟာ တစ်ယောက်ထဲပဲ..တရားခံလို့ယူဆရတဲ့သူကတော့ သွေးအရိပ်ဆိုတဲ့မုဒိန်းကောင်ပဲ...ကျုပ်တို့ နှစ်ယောက် အဲ့လို အတွေးညီတာနဲ့ ရှောင်လင် ..ခွန်လွန်း ..၀ါဆန်း ..၀ါမေ ..ငိုမီ .. အစရှိတဲ့ ဂိုဏ်းတွေအပြင် သိုင်းလောကတလွှားက မိတ်ဆွေတွေကို ဒီသူရဲကောင်း ဇရပ်မှာ ချိန်းဆိုလိုက်တာပဲ.. '''
ထိုအခိုက် ရှေ့ဆုံးတန်းတွင်ထိုင်နေသော အစိမ်းရောင်ဝတ်စုံကို အချိုးအစားကျနစွာ ၀တ်ဆင်ထားပြီး ခုတ်ဓါးမကြီးအား ကျော၌ လွယ်ပိုးထားသည့် အသက်သုံးဆယ်အရွယ် လူရွယ်တစ်ယောက်မှ ထရပ်ကာ
''' ဂိုဏ်းချုပ်ကြီးခင်ဗျား ကျွန်တော်ကတော့ ယဲ့ မိသားစုအိမ်တော် က ယဲ့ယွင် ပါ .. သွေးအရိပ်နဲ့ သူ့ရဲ့သွေးဂိုဏ်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်း ပျက်စီးသွားတာလို့ ကြားဖူးပါတယ် ... ခွန်းလွန်ဂိုဏ်းက ခုနှစ်မျိုးထူးချွန်ဆရာကြီး မုန့် ကိုယ်တိုင် ခုနှစ်ဆင့်လက်သီးနဲ့ လေးချက်တိတိ ထိုးသတ်လိုက်လို့ ၀ူထိုက်စန်း တောင်အောက်ကို ပြုတ်ကျ သေဆုံးသွားတယ်မဟုတ်လား'''
ဝူတန်ဂိုဏ်းချုပ်ကြီး ပြန်မဖြေသေးခင်မှာပင် ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင်က
''' တူမောင် ယဲ့ ပြောတဲ့ အဲ့အကြောင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားတဲ့ ကိစ္စမို့ ကြားဖူးတာမဆန်းပေမယ့် ဆန်းတာက သူ့ အလောင်းကို ရှာလို့ မတွေ့တာပဲ ..ဆရာကြီးမုန့်ရဲ့ ခုနှစ်ဆင့် လက်သီး တစ်ချက်ထိမိရင်ကို အသက်ရှင်ဖို့ မလွယ်တဲ့ ဟာ လေးချက်တိတိ အထိုးခံလိုက်ရတဲ့ သူကတော့ ဘယ်လိုနည်းနဲ့မဆို အသက်ရှင် စရာ အကြောင်းမရှိဘူးလို့ ယူဆရပေမယ့် အခုတော့ သွေးအရိပ်က ပြန်ပေါ်လာပြန်ပြီ ... အဲ့အချိန်တုန်းက လူယုတ်မာ သွေးအရိပ်ဟာ သွေးဂိုဏ်းကို တည်ထောင်ပြီး မကောင်းမှုဒုစရိုက်လုပ်ငန်း အကုန်လုပ်ခဲ့တာ ... မုဒိန်းကျင့်တယ် ကြေးစားလူသတ်တယ် .. ဓါးပြတိုက်တယ် .. သိုင်းပညာအားကိုးနဲ့ ထင်တိုင်းကြဲတယ် .. သိုင်းလောကမှာရှိတဲ့ အနက်ရောင်သိုင်းသမား..အဖြူရောင် သိုင်းသမားအကုန် အော့နှလုံးနာတဲ့ ခွေးလိုကောင်တွေပဲ .. သွေးဂိုဏ်းဆိုလို့ ဂိုဏ်း အကြီးကြီးမထင်နဲ့ လူ ဆယ့်နှစ်ယောက်ပဲရှိတယ် .. ရေစီးရေဆန် သွေးကြောပိတ် ပညာဟာ သူ့ရဲ့မူပိုင်သိုင်း ဖြစ်ပြီး ကိုယ်ဖော့ပညာကောင်းလွန်းလို့ သိုင်းလောကတစ်ခုလုံး ဖမ်းမရ ဆီးမရနဲ့ ခေါင်းကိုက်ခဲ့ရတာ ပေါ့.. ပြီးတော့ သွေးဂိုဏ်းဝင်တွေကလည်း သူနဲ့သိုင်းပညာ မတိမ်းမယိင်းတွေအပြင် သူ့တို့ ထွင်ထားတဲ့ သွေးလက်ဝါးဝင်္ကပါဆိုတဲ့ သိုင်းဟာ ရှောင်လင်ရဲ့ လော်ဟန့်ရဟန်း သိုင်းဝင်္ကပါလောက်နီးနီး အစွမ်းထက်သတဲ့... ပိုးစိုးပက်စက်လုပ်တတ်တဲ့ သူ့အကြောင်းကို ကြားတော့ ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့်ဟာ ခံပြင်းဒေါသထွက်လို့ သူတို့ရဲ့ အခြေစိုက်တဲ့ နေရာကို စုံစမ်းပြီး တစ်ယောက်ထဲ သွေးဂိုဏ်းကို ဖြိုခွဲတာပေါ့ .. သိုင်းလောကသားတွေကြောက်ရပါတယ်ဆိုတဲ့ သွေးဂိုဏ်းကို ဘာလက်နက်မှ မကိုင်ဘဲ အနိုင်ယူလိုက်နိုင်တဲ့ အပြင် သွေးအရိပ်ကို လေးချက် ထိုးချနိုင်ခဲ့တာ .. သွေးအရိပ်က လူသတ်ပြီးတိုင်းမှာ ခုနက ဆံထိုးကို ပုခုံးမှာ ထိုးစိုက်ထားတတ်တယ် .. ''ထွီ'' သူ့အကြောင်း ပြောရတာတောင် ပါးစပ်မသတီဘူး '''
စကားပြောပြီးနောက် အရက်နှင့် ပါးစပ်ကို ပလုပ်ကျင်း၍ ဇရပ်ကြမ်းပြင် ပေါ် ထွေးထုတ်လိုက်သောကြောင့် .. သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ကျိုးမှာ စိတ်တိုသွားရကာ ...
''' ဟေ့ အမျိုးဖျက်ကောင် .. ခုချက်ချင်း ဇရပ်ကြမ်းပြင် ပေါ်က အညစ်အကြေး ကိုပြန်သုတ် ... မသုတ်ရင်တော့ မင်းခေါင်းကို ဖြတ်ပြီး ဇရပ် ၀ မှာ ချိတ်ဆွဲ ထားလိုက်မယ်'''
''' ဟား ဟား ဟား ငါ့ညီရယ် ... မင်းသာငါ့ခေါင်းမပြောနဲ့ အင်္ကျီစကို ထိအောင် လုပ်နိုင်ရင် .. ငါ့ခေါင်းကို ငါ့ဟာငါဖြတ်ပြီး ဘိုးဘွားတွေကို ပူဇော်လိုက်ပါ့ မယ်ကွာ'''
'''၀ှီး''
'' ထန်း '''
တောက်ပသောငွေရောင် စက်ဝန်းကြီးတစ်ခုဖြစ်ပေါ်သွားပြီး
''''ထန်း'''ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာသည် ...
သူရဲကောင်းဇရပ်ပိုင်ရှင်၏ဒေါသက ဓါးကွက်အဖြစ်ပြောင်းလဲသွားခြင်းသာ...
လျှပ်တပျက်အတွင်း ဖြစ်ပေါ်သွားသော အဖြစ်အပျက်မို့ တစ်ဦးတစ်ယောက်မှ တားဆီးခြင်းငှာ မစွမ်းဆောင်နိုင်တော့.. ယွဲ့ကျိုး၏ မြန်ဆန် အားပါသော ဓါးချက်အား ယွဲ့ပိုင်က အသာအယာပင် ခုခံသွားနိုင်၏ ..
တင်္ဒဂအချိန်အတွင်းမှာပင် သိုင်းကွက်ပေါင်း သုံးဆယ် ကို အသုံးပြုပြီးဖြစ်သည် .. ယွဲ့ကျိုး၏ သိုင်းကွက်များက မြန်ဆန်ပြင်းထန်လှပြီး မုန်တိုင်း ငယ်တစ်ခုအလားပင် .. ယွဲ့ပိုင် ၏သိုင်းကွက်များကမူ လေးကွေးထိုင်းမှိုင်း နေသော်လည်း တစ်ကွက်ဆို တစ်ကွက် ထိရောက်လှပုံရ၏ အဘယ့်ကြောင့်ဆိုသော လူရိပ်မျှပင် မမြင်ရလောက်အောင် မြန်ဆန်လှသော ယွဲ့ကျိုးမှာ ခဏခဏ နောက်ပြန်ဆုတ်ဆုတ်သွားရ၏.. အဆင့်မြင့်သိုင်းထိပ်သီးတို့၏ တိုက်ပွဲ ဖြစ်၍ သူရဲကောင်းဇရပ်အတွင်းရှိ လူများထဲမှ လက်တစ်ဆုပ်စာမျှသာ ဤတိုက်ပွဲကို လေ့လာ ဆန်းစစ်နိုင်သည် ... ကျန်သူများမှာတော့ ယွဲ့ကျိုး၏ ဓါးစက်ဝန်းအ၀ိုင်း ကိုသာ မြင်နေရသည်..
အားကွေ့ကတော့ ကြည့်ရင်းကြည့်ရင်း ခေါင်းမူးလာကာ ဘုန်းကြီး အား တီးတိုး ကပ်၍မေးလိုက်မိသည် ..
''' ဘုန်းဘုန်း ဘယ်သူနိုင်မှာလဲဟင်''''
ဘုန်းကြီးက
'''အနိုင်အရှုံးမပေါ်ပဲ ပွဲပြီးသွားမှာပါ.. ယွဲ့ပိုင်က သူ့ညီကို စ ချင်နောက် ချင်လို့ တမင်လျှော့တိုက်နေတာ ... တကယ်တမ်းသာ ယွဲ့ပိုင် တိုက်ရင် သိုင်းကွက် ငါးဆယ်အတွင်း ယွဲ့ကျိုးရှုံးသွားမှာ'''
အားကွေ့က ပုရစ်ဘူး ကို ခါးကြားထဲမှ ထုတ်ကာ ဂလောက်ဂလောက်မြည်အောင်ခါရင်းနှင့်
''မဟုတ်သေးပါဘူး ဘုန်းဘုန်းကလဲ ဇရပ်ပိုင်ရှင်က မြန်လွန်းလို့ အရိပ်တောင်မမြင်ရဘူး ဆယ်မျက်နှာ သူရဲကောင်းက နှေးလိုက်တာမှ ခရုကြနေတာပဲ
ဘုန်းဘုန်းဒီတစ်ခေါက်တော့မှားပြီ ဇရပ်ပိုင်ရှင်နိုင်ကိုနိုင်မှာ..''
ဘုန်းကြီးရွှီးကြွင်းက ပြုံးလိုက်ပြီး
ယွဲ့ကျိုးရဲ့ သိုင်းက တကယ်အစွမ်းထက်ပါတယ် ... သိုင်းကွက်တွေက မြန်လွန်းလို့ ဓါးစက်ဝန်းကြီး ဖြစ်သွားတာကို ကြည့်တော့ .. ဒါပေမယ့် သူက စိတ်တိုဒေါသ ထွက်လွန်းနေတယ် .. နောက်ပြီး အတွင်းအားလည်း ယွဲပိုင်ထက် တစ်ဆင့်လောက်နိမ့်နေသေးတယ်.. ယွဲ့မိသားစု ဂုဏ်ရှိန်ကြောင့် သူ့ဘ၀မှာ တိုက်ပွဲ တွေနဲ့ သိပ်မကြုံခဲ့ရတာကလည်း အားနည်းချက် တစ်ခုပဲ ... ယွဲ့ပိုင်ဆိုတာက တစ်ပြည်လုံးအနှံ့ လျှောက်သွားနေပြီး တိုက်ပွဲဆင်ခဲ့တဲ့လူ ဆိုတော့ တစ်ကယ်တမ်း တိုက်မယ်ဆို ယွဲ့ကျိုး အသက်ထွက်တာ ကြာနေပြီ ... ပြီးတော့ ယွဲ့ပိုင် သုံးနေတဲ့ အကွက်က အလယ်ပိုင်းသိုင်းကွက် မဟုတ်ဘူးကွဲ့ ၀ူတန်ဂိုဏ်းချုပ်တောင် မမြင်ဖူးမတွေ့ဖူးလို့ ဇဝေဇ၀ါဖြစ်နေတာကိုသာကြည့်တော့ ယွဲ့ပိုင်ရဲ့ သိုင်းကွက်တွေကို လေ့လာချင်လို့ သူ ဒီပွဲကို မတားသေးတာ .. မဟုတ်ရင် တားပြီးတာ ကြာပေါ့'''
အားကွေ့ကလည်း ဘုန်းကြီး၏ပြောစကားအရ ၀ူတန်ဂိုဏ်းချုပ်ကြီးအား ကြည့်လိုက်ရာ .. အမှန်ပင် ယွဲ့ပိုင်၏ သိုင်းကွက် အသုံးချပုံတွေကို လေ့လာသည့် အနေဖြင့် မျက်တောင်မခတ်စိုက်ကြည့်နေသည် ..
'' ဘုန်းဘုန်း .. ဆယ်မျက်နှာခြေဆန့်သူရဲ့သိုင်းက ဘာသိုင်းမို့လို့ ၀ူတန်ဂိုဏ်းချုပ်ကြီးတောင်မသိတာလဲ'''
ဘုန်းကြီးက အင်မတန်စပ်စုလွန်းသော အားကွေ့အား ကြည့်၍ ''''တောင်ပိုင်းသိုင်းလောကမှာတော့ ဒီသိုင်းကွက်ဟာ သိပ်နာမည်ကြီးတာပေါ့ ... ပြည်မကြီးကတော့ဘယ်သိပါ့မလဲ.. အဲ့သိုင်းနာမည်က ခပ်ဆန်းဆန်းလေး .. မုန်တိုင်းအောက်က ခရုအို တဲ့... '''.
အားကွေ့က တစ်ခစ်ခစ်ရယ်ရင်း
'''''သိုင်းကွက်ကလည်း ပုံဆိုးပန်းဆိုး နာမည်ကလည်း ပုံဆိုးပန်းဆိုးနဲ့ ပေးလည်းပေးတတ်ပါ့'''
''' အဲ့သိုင်းကွက်က သာမာန်သိုင်းသမားတွေသုံးရင်တော့ ဘာအရာမှ ထင်မှာ မဟုတ်ဘူး အတွင်းအားအဆင့်မြင့်တဲ့ သူတွေသုံးမှပဲ ထက်မြက်တာ လူလေးရ..
ယွဲ့ပိုင်က သိုင်းထိပ်သီး ဆယ်ယောက်ထဲမှာ ပါလို့သာသုံးနိုင်တာ .. ယွဲ့ကျိုး သိုင်းလောကမှာ နာမည်ကြီးတာ သိုင်းသိပ်တော်လို့မှ မဟုတ်ဘဲ .. သူ့မျိုးရိုးကြောင့်သာ နာမည်ကျော်ခဲ့တာကိုး.. သူ့မျိုးရိုးသာ ယွဲ့မဟုတ်ဘူး ဒီဇရပ်ပိုင်ရှင်လည်း မဟုတ်ဘူး ဆိုရင် သိုင်းလောကမှာ ဒီလိုနေရာရလာမှာမဟုတ်ဘူး....'''
ယွဲ့ကျိုး၏ စိတ်ထဲတွင်တော့ ရှက်ခြင်း .. ဒေါသထွက်ခြင်း အစရှိသည့် ခံစားချက်များ တစ်လိမ့်လိမ့် တိုးပွား၍နေ၏... သူအသုံးပြုနေသော စင်္ကြာသိုင်းသည် ယွဲ့ပိုင်၏ ပုံဆိုးပန်းဆိုး သိုင်းကွက်အောက်တွင် မည်သို့မျှ အစွမ်းမပြနိုင်အောင် ဖြစ်နေသည် ... ခုတိုင်းဆို ဇရပ်အတွင်းရှိလူများရှေ့တွင် အရှက်လုံးလုံးကွဲရပေ တော့မည်.. တွေးရင်းတွေးရင် ချွေးစေးများပင် ထွက် လာခဲ့တော့၏.. အသက်ကြီးကာ မှ တသက်လုံးထိမ်းခဲ့သော သိက္ခာကျဆင်းရတော့မည်...
ဖြစ်ပုံပျက်ပုံအလုံးစုံကို တွေ့မြင်နေရသော ၀ူတန်ဂိုဏ်းချုပ်ကြီး သည် သူ၏ အင်္ကျီလက်ကို တစ်ချက်ရစ်လိုက်ပြီး နှစ်ယောက်ကြားထဲသို့ခုန်ဝင်သွားကာ ..
ဓါးနှစ်လက်ကို ရစ်ပတ်ထားသော လက်နှင့် ''' ဖြန်း'''' ခနဲမည်အောင် ရိုက်ထည့်လိုက်သည်.. ၀ူတန်၏ နာမည်ကျော် ထိုက်ကျိသိုင်း ကား ရန်စောင်နေသူ နှစ်ယောက်အား အဝေး သို့ လွင့်စင်သွားစေသည်... ယွဲ့ကျိုးနှင့် ယွဲ့ပိုင် နှစ်ယောက်စလုံး ရင်ဘတ်များ အောင့် သွားကြ၏..
''' ဖြောင်း..ဖြောင်း..ဖြောင်း'''
လက်ခုပ်တီးသံများက တစ်ခန်းလုံးဆူညံသွားကြပြန်ပြီ.. သူတို့အနေနှင့် ဤဇရပ်သို့လာရကျိုးနပ်ပြီလေ .. နာမည်ကျော် နှစ်ယောက်၏ တိုက်ပွဲကိုလည်း ကြည့်ရသည့်အပြင် .. ၀ူတန်၏ မိုးတိမ်ပေါ်ဝဲ ကိုယ်ဖော့ ပညာ နှင့် ထိုက်ကျိသိုင်း ကို ပါတွေ့လိုက်ရသေးသည်...
ဝူတန်ဂိုဏ်းချုပ်ကြီးက အင်္ကျီလက်စ ကိုပြန်ဖြေရင်း
''' ညီအကိုတစ်တွေတောင် ဘာမဟုတ်တဲ့ ကိစ္စနဲ့သွေးကွဲနေမယ်ဆိုရင် သိုင်းလောကတစ်ခုလုံး ဘယ်လိုလုပ် ညီညွတ်တော့မှာလဲ... အခုဖြစ်နေတဲ့ ကိစ္စဟာ တော်တော်တန်တန် မဟုတ်ဘူးဆိုတာ သိုင်းလောကညီအကိုမောင်နှမတွေ သတိထားသင့်တယ် .. သွေးအရိပ်တစ်ယောက်ထဲ ပြန်ပေါ်လာမယ်ဆို ပြသနာ မရှိပေမယ့် .. တစ်ဂိုဏ်းလုံးသာ ပြန်ထွက်လာရင်သွေးချောင်းစီးသွားနိုင်တယ်. ..အဲ့ဒီတော့ ရင်ထဲမှာရှိတဲ့မကျေလည်မှုတွေ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အတတ်နိုင်ဆုံးမျိုသိပ်ပြီး သိုင်းလောကအရေး ကိုသာ ရှေ့တန်းတင်ဖို့ ကျုပ်အနေနဲ့ မေတ္တာရပ်ခံလိုတယ် .... ''
ယွဲ့ပိုင်သည် ၀ူတန်ဂိုဏ်းချုပ်ကြီး၏ သိုင်းပညာ ကို စိတ်ထဲကျိတ်လေးစား ရင်း ''' အင်း .. ငါက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာဒီတိုင်းဆို ဂိုဏ်းချုပ်ကြီး နဲ့သာပြိုင်ရရင် သိုင်းကွက် တစ်ရာတောင် ခုခံနိုင်ပါ့မလားမသိဘူး'' ဟု တွေးမိ၏ .. ထို့နောက် လက်ထဲကဓါးအား ဓါးအိမ်အထဲသို့ ပြန်ထည့်ကာ
'''ဂိုဏ်းချုပ်ကြီးရဲ့ စေတနာနဲ့သိုင်းစွမ်းကို မြင်တော့ ကျွန်တော်ယွဲ့ပိုင် ကိုယ့်ကိုကိုယ်ရှက်မိပါတယ် ကျွန်တော့်အပြုအမူရိုင်းသွားရင် အားလုံးကို တောင်းပန်ပါတယ် '''
ဇရပ်ပိုင်ရှင်ကတော့ စကားတစ်ခွန်းမှမဆိုပဲ ဓါးရောဓါးအိမ်ပါ အနီးရှိ တပည့်တစ်ယောက်ကို ပေးပြီး စူပုတ်ပုတ်မျက်နှာထားနှင့်ပင် ၀ူတန်ဂိုဏ်းချုပ်ကြီး အနီးသို့ သွားရပ်ကာနေ၏...
ဂိုဏ်းချုပ်ကြီးမှ
''ကဲ အခုအခြေအနေတွေ တည်ငြိမ်သွားပြီဆိုတော့ လိုရင်းကိစ္စကို ပြန်ဆွေးနွေး ကြအုံးစို့ ..ဇရပ်ပိုင်ရှင်ကြီး အစီအစဉ်အတိုင်း ဆက်လုပ်ပါ''
သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ကျိုးက
'' အခုဇရပ်ထဲမှာ ရှိတဲ့ သိုင်းဂိုဏ်း အသီးသီးရဲ့ ကိုယ်စားလှယ် တွေ ဂိုဏ်းချုပ်တွေ ရှေ့ကိုကြွလာပေးပါ... '''
အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ပန်းဖွားအနီရောင်တပ်ထားသော ဓါးနှစ်လက်ကို ကျောမှာ ကြက်ခြေခတ်လွယ်ပိုးထားသည့် အသက်လေးဆယ်ကျော် အရွယ် လူကြီးတစ်ယောက်မှာ ပထမဦးဆုံးထရပ်ကာ ရှေ့သို့ထွက်သွား၏ ..
ထိုသူထလိုက်သည်နှင့် အားကွေ့က
''' ဘုန်းဘုန်း အဲ့ဒါ ၀ါဆန်းဂိုဏ်းချုပ်ကြီး ဖိုမဓါးနှစ်လက်ရိချင်းမဟုတ်လား ..''
ဘုန်းကြီးက ခေါင်းငြိမ့်လိုက်ပြီး '''ဟုတ်တယ်လူလေး'''
''' ဘာလို့ ဖိုမဓါးနှစ်လက်လို့ခေါ်တာလဲ''''
''ခေတ်အဆက်ဆက်ဝါဆန်းဂိုဏ်းချုပ်တွေထက် အခု ဂိုဏ်းချုပ်က သိုင်းစွမ်း ပိုပြီးထက်မြက်တယ်...ဒါပေမယ့် ပညာမာန ကြတော့ သူမတူအောင် ကြီးလွန်းတယ် .. သူမာနကြီးမယ်ဆို ကြီးလောက်အောင်လည်း သိုင်းကြတော့ တော်တယ် .. သူ့ဓါးနှစ်လက်ကို သေခြာကြည့် အကြီးအသေး မညီဘူး တွေ့လား... ''
''ဟုတ်တယ် ဘုန်းဘုန်း အနက်ရောင်ဓါးက ကြီးပြီး .. အဖြူရောင်ဓါးက သေး တယ်... '''
'' အဲ့အဖြူရောင်ဓါးဟာ အမ ကို ကိုယ်စားပြုပြီး .. အနက်ရောင်ဓါးကတော့ အဖိုကို ကိုယ်စားပြုတယ် ...၀ါဆန်းဂိုဏ်းမှာ နှစ်ကိုယ့်တစ်စိတ် လို့ခေါ်တဲ့ရှေးဟောင်း သိုင်းကျမ်းတစ်ခုရှိတယ် ... အဲ့သိုင်းဟာ ကျင့်ရခက်ခဲလွန်းလို့ ဂိုဏ်းချုပ်အစဉ်အဆက် တိုင်း မိုးကြိုးအတွင်းအားနဲ့ ဓါးကြီးကိုးကွက် ကိုပဲအဓိကထားလေ့ကျင့်ကြတာကို ရိချင်းလက်ထက်မှာ နှစ်ကိုယ့်တစ်စိတ်သိုင်းကိုကျင့်နိုင်ခဲ့တယ်လေ.. ညာဘက်လက် က အဖို ..ဘယ်ဘက်လက်က အမ ..တစ်ဆက်ထဲမှာ ဓါးနှစ်လက်ကို ပြောင်းပြီး အဖိုအမ ပြောင်းပြန်လဲတိုက်လို့လဲရတယ် .. သူ့ရဲ့ညီ ရိလုံတောင် ရိချင်းရဲ့သိုင်း တစ်ဝက် ကိုမမှီဘူး .. ဒါပေမယ့် ရိလုံက အပေါင်းအသင်းကောင်းတယ် .. သိုင်းထိပ်သီး ဆယ်ယောက်ထဲက နံပါတ်နှစ် နေရာမှာရှိတဲ့ အဝေးရောက်လက်သီး ကျောက်ကျူးထင် .. နံပါတ် ခုနှစ်နေရာမှာရှိတဲ့ ရွှေကွင်းပျံ ချန်းချန်တို့နဲ့ ညီအကိုတွေလို ရင်းနှိီးတယ်.. လူလေးကိုကြည့်ရတာငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းလောကအကြောင်း တီးမိခေါက်မိရှိပုံရတယ်... သိုင်းထိပ်သီး ဆယ်ယောက်က ဘယ်သူတွေလည်းဆိုတော့သိမှာပေါ့ ... ''
''ဟုတ်ကဲ့ .. နံပါတ်တစ် က မုယုံစုယဲ့ ...နှစ်က အဝေးရောက်လက်သီး ကျောက်ကျူးထင် ..သုံးက နန်းကုန်းဖု ... လေးက စိန့် ဂေဟာပိုင်ရှင် စိန့်ရှော်ထင်း ..ငါးက ရေသရဲ လောင်ပိုက်.... ခြောက်က ထန်မိသားစုရဲ့ သခင်မလေး ထန်ထန်း
ခွန်က ရွှေကွင်းပျံ ချန်းချန် ... ရှစ်က ဟိုလူကြီး ယွဲ့ပိုင် ..ကိုး က အဆိပ်သခင် အိုးယန်းကျောက် .. တစ်ဆယ်က ခုတ်နဂါးယဲ့ယွင် တဲ့ဟုတ်လား ဘုန်းဘုန်း..'''
'' အိမ်း ...လူလေးက ငယ်ငယ်ရွယ်ရွယ်နဲ့တယ်တော်တာပဲ. .တစ်ယောက်မှမမှားဘူး''
'' ဒါနဲ့ဘုန်းဘုန်း ခုနက ၀ူတန်ဂိုဏ်းချုပ်တို့. ၀ါဆန်းဂိုဏ်းချုပ်ကြီးတို့က သူတို့ထက်စွမ်းရဲ့သားနဲ့ ဘာလို့မပါတာလဲ''
''' လူလေးကဘာလို့သူတို့ထက် စွမ်းတယ်လို့ပြောရတာလဲ ''
''ဘုန်းဘုန်းက သိရဲ့သားနဲ့..ခုနကပဲ ၀ူတန်ဂိုဏ်းချုပ်ကြီးက ဇရပ်ပိုင်ရှင် နဲ့ ဆယ်မျက်နှာခြေဆန့်သူ ကို တစ်ချက်ထဲနဲ့နောက်ဆုတ်ခိုင်းလိုက်တာလေ.. ကျွန်တော်ကြားဖူးတာက အဲ့ဆယ်ယောက်စလုံးက သိုင်းပညာမတိမ်းမယိင်းလေးတွေ လို့ကိုးဗျ .. အဲဒီတော့ ဘယ်လိုလုပ် ဂိုဏ်းချုပ်ကြီးကို နိုင်ပ့ါမလဲ...'''
ဘုန်းကြီးက ပထမဦးဆုံးအကြိမ်အဖြစ် ရယ်လိုက်ပြီး
''' ဒီအရွယ်နဲ့ဒီလောက်ဉာဏ်ကောင်းတာ လူလေး တစ်ယောက်ပဲတွေ့ဘူး သေးတယ်... အဲ့ သိုင်းထိပ်သီး ဆယ်ယောက်ဆိုတာ သိုင်းလောကမှာ ပုံစံအမျိုးမျိုးနဲ့ ကျော်ကြားနေတဲ့သူတွေကို ပေးထားတဲ့ဘွဲ့ပဲ .. အဲ့ထဲမှာတစ်ချို့က အဖြူရောင် သိုင်းသမားတွေ တချို့ကတော့ အနက်ရောင်သိုင်းသမားတွေ .. ဒါပေမယ့် သိုင်းအဓိပတိ ဂိုဏ်းချုပ်ကြီးတွေကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ....
'' အနက်ရောင်သိုင်းသမားတွေ အထဲမှာပါနေတာရင်လေးစရာပဲနော်... '''
'''အင်း အနက်ရောင် သိုင်းလောကသားတွေကို လူဆိုးလူမိုက်လို့ တရားသေ သတ်မှတ်ထားလို့မရဘူး .. ဘာလို့လဲဆိုတော့ သူတို့ထဲမှာ မတတ်သာလို့ လမ်းမှားလိုက်ရင်း အနက်ရောင်သိုင်းသမားဖြစ်တဲ့သူကဖြစ် .. ဆရာအတင်မှားလို့ ရောက်တဲ့သူကရောက်တဲ့သူတွေရှိကြတယ် ... သူတို့ရဲ့အားနည်းချက်က သိုင်းပညာကို ဖြတ်လမ်းနည်းနဲ့ လေ့ကျင့်ရင်း စိတ်ဓါတ်တွေ အစွန်းရောက်သွား ကြလို့ပဲ... ရက်စက်စရာရှိရင် အသားကုန်ရက်စက် ..နူးညံ့စရာရှိရင် လည်း သူတပါးထက်ပို နူးညံ့တတ်ကြတဲ့သူတွေ.. '''
ရင်းအခိုက်......
Comments
Post a Comment