အားကွေ့ အအိုင်း(၅၆ မှ ၆၀ ထိ)
#56 ( အစ၏အဆုံး ..အဆုံး၏အစ )
Pyae Phyoe San
               ကျင်းကျူးသည် တဗျစ်ဗျစ်တောက်လောင်နေသော မီးဖိုအား ဒုတ်တစ်ချောင်းနှင့် ဆွနေသည်။ မီးဖိုထဲတွင် သူမနှင့်ဘဘဟုန်း အတွက် တနပ်စာရိက္ခာရှိသည်။ တောတွင်းမှ အလေ့ကျပေါက်နေသော ကန်ဇွန်းဥအနီကို ပြာထဲမြုပ်၍ မီးဖုတ် နေခြင်းဖြစ်၏။ ဘဘဟုန်းကတော့ သောက်ရေသွားရှာနေသည်။ ရှောင်းဟူ သည် ကန်ဇွန်းဥအစိမ်းကို စားသောက်၍ ၀သွားပြီဖြစ်သဖြင့် မီးဖိုဘေးတွင်ခွေခွေလေးအိပ်နေရှာသည်။
            လူသူမရှိသော တောကြီးမျက်မည်းတွင် ဖြစ်သော်လည်း လွတ်လွတ် လပ်လပ်ရှိသဖြင့် ကျင်းကျူး ပျော်ပါသည်။ သူမအလွန်တွေ့ချင်သော အကိုအားကွေ့ကို မတွေ့ရခြင်းကသာ စိတ်ထဲတွင်ခိုးလို့ခုလု ဖြစ်စရာ။
ယခုအချိန်တွင်တော့ ဖခင်ဖြစ်သူ သူမအားသတိရနေမည်ထင်၏။
        သူမအားလွန်စွာချစ်သော ဖခင်မှာ ဘဘဟုန်းနှင့် ဒီခရီးကို နှစ်ယောက် ထဲထွက်လာရန် ခွင့်ပြုခြင်း မှာ အိမ်မက်ပမာပင်။ အလှမယ် ရွေးပွဲပြီးသည့်နောက်တွင် သူမ အပြင်းဖျားလေသည်။ အိမ်တွင်အမြဲတမ်းလိုလို မရှိသောဖခင်မှာ သူမဖျားနေသည့် လေးရက်လုံးလုံး အနားကတဖ၀ါးမှ မခွာဘဲ ပြုစုပေး၏။ ခါတိုင်းလို ရိုးရိုးဖျားခြင်း မဟုတ်ဘဲ တကိုယ်လုံးနှုန်းချိကာ နှစ်ရက်ခန့် အစားအသောက် မ၀င်သဖြင့် ဖခင်ဖြစ်သူ အစိုးရိမ်ပိုခြင်းဖြစ်မည်။ နေပြည်တော်တွင် ရှိသမျှ သမားတော်များ ၀ိုင်းဝန်းကုသသော်လည်း ထိုနှစ်ရက်အတွင်း သူမခေါင်းမထောင်နိုင်ပါ။ နန်းတွင်းသမားတော်များပင် ပင့်ဖိတ်၍ စမ်းသပ်နေသည်ကို ကြည့်ပြီး  ဖခင်ဖြစ်သူ မှာ ပိုလွန်းသည်ဟု တွေးထင်မိ၏။ သုံးရက်မြောက်နေ့တွင် ဘဘဟုန်းရောက်လာပြီး သူမအား ကုသပေးသည်။ ဘဘဟုန်း၏ ဆေးတဖုံသည် သိသိသာသာအစွမ်းထက်သည်။
                      အမြဲတမ်းအရက်မှုးနေ၍ တွေ့ကရာတွင် ထိုးအိပ်တတ်သူ ဘဘဟုန်းမှာ အလွန်အစွမ်းထက်သော သမားတော်မှန်း သူမ မရိပ်မိသည်မှာ အထူးအဆန်းတော့မဟုတ်။ မည်သူမှလည်း သတိထားမိမည် မထင်ပေ။ သူမအား သမီးတစ်ယောက်သဖွယ်ချစ်ခင်ရှာသော မြင်းဖြူဘုံကျောင်းဆရာတော်နှင့်လည်း ဘဘဟုန်းမှာ အလွန်ရင်းနှီးသည်။ သူမဖခင်နှင့်လည်း အသိအကျွမ်းဖြစ်ပုံရသည် .. ဘဘဟုန်းအား အတော်လေးစားသည်..ဘုံကျောင်းတွင်းမှ အပြင်သို့ တစ်ဖ၀ါးမှ ခြေမချဖူးသော ဆရာတော်သည် သူမအတွက်နှင့် အိမ်တော်ရာအထိ လာရောက်ပြီး ဆုတောင်းမေတ္တာပို့သပေးလေ၏။ ထို့ပြင်သူမ စိတ်နှလုံးငြိမ်စေရန် တရား ထိုင်နည်းနှင့် ၀တ်ရွတ်စဉ်ကို နုတ်တိုက်လာရောက်သင်ပေးသွားသည်။
                    ဘဘဟုန်း၏ ဆေးလေးဖုံခန့် သောက်အပြီးတွင် သူမလုံးဝ ပြန်ကောင်းသွားလေ၏။လူကောင်းပကတိပြန်ဖြစ်သွားသော သူမအားကြည့်၍ ဖခင်ဖြစ်သူမျက်ရည်ကျသည်မှာတော့ နည်းနည်းထူးဆန်း၏။ထို့ထက် ထူးဆန်းသည် မှာက သူမကြိုက်သည့် လိုအပ်ချက်ကို တောင်းဆိုရန် ခွင့်ပြုခြင်းဖြစ်သည်။
             ထို့ကြောင့်လည်းသူမ ထိုခရီးကိုထွက်လာနိုင်ခြင်းသာ။ ဘဘဟုန်းနှင့်သူမ ခရီးထွက်မည့်နေ့က လည်းဖခင်ဖြစ်သူမှာ မျက်နှာမကောင်းပေ။ယခုတလော ဖေဖေ့ စိတ်ထဲတွင် ဘာများတွေးပူနေသည်မသိ။ အပြင်လောကသို့ရောက်တော့လည်း ဖခင်အားလွမ်းတော့အလွမ်းသား။
      တောင်တောင်အီအီတွေးနေရင်း ပင် ကန်ဇွန်းဥ ကျက်ပြီထင်သည်။ မွေးပျံ့သော ရနံ့က ပျံ့လွင့် လာ၏။ ဒုတ်ဖြင့် အသာခြစ်ယူပြီး ခဏမျှ အအေးခံထားလိုက်သည်။
              ''သမီးကျင်းကျူး ကန်ဇွန်းဥ ကျက်ပြီလားဟေ့…''
              အသံနှင့်အတူ ၀ါးဆစ်ဗူးနှစ်ခုကို ကိုင်ဆွဲလျှက် တောထဲမှ ဘဘဟုန်းထွက်လာသည်။ ခြေလှမ်း ထော့နဲ့ ထော့နဲ့ နှင့် ညစ်ပတ်ပေရေနေသော ထိုအဘိုးကြီးမှာ သမားတော်ကြီးဟု မည်သူမျှတွေးထင်မည်မဟုတ်။
     ''ကျက်ပြီ ဘဘဟုန်း…. သမီးက ဘဘဟုန်းကိုစောင့်နေတာ ..ဟိုမှာ ရှောင်းဟူလေးတောင် ဗိုက်ဝ လို့အိပ်နေပြီ…ဘဘဟုန်းက သိပ်ကြာတာကိုး..''
          ''အေးကွယ် ..စမ်းချောင်းက နည်းနည်းလှမ်းတော့ ဘဘဟုန်းလည်း အဝေးကြီးသွားနေရတာ''
             ''ဒါကြောင့်ပြောတာပေါ့ ..သမီး ရေသွားရှာပါမယ်လို့ ..အခုတော့ ဘဘဟုန်းပင်ပန်းနေပြီမဟုတ်လား'''
            သူတောင်းစားအဘိုးကြီးမှာ စိတ်ကောင်းနှလုံးကောင်းပြည့်ဝလွန်းသော ကျင်းကျူးအား ကြည့်ကာ စိတ်ထဲတွင် လွန်စွာမကောင်းပေ။ လောကကြီးသည် လွန်စွာ ရက်စက်လှချည်ရော… ဒီလို မိန်းကလေးမျိုးကိုမှ….
ခေါင်းကိုရမ်းခါလိုက်ပြီး….
        ''မပင်ပန်းပါဘူးသမီးရဲ့ .. ဘဘဟုန်းက ဒီထက်တောင် သွားနိုင်သေးတယ် .. အသက်ကြီးပေမဲ့ သန်မာပါသေးတယ်ကွဲ့.. ကိုင်း .. ကန်ဇွန်းဥ ကျက်ရင် စားကြရ အောင် ..မမှောင်ခင်လေး မြို့ထဲရောက်အောင် ခရီးဆက်ကြမယ်ကွဲ့ ခဏနေ နေ၀င်သွားတော့မယ် ..''
       ကျင်းကျူးက အနည်းငယ် အပူရော့စပြုနေသော ကန်ဇွန်းဥကို အခွံခွာလိုက်ရင်း
           ''ဘဘဟုန်း … အခုသမီးတို့သွားမယ့် မြို့က ဘာမြို့လည်း ဟင်..''    
           ''ဟူပိန် လေသမီးရဲ့ ၀ူတန်တောင်ရှိတဲ့နေရာပေါ့… အရမ်းသာယာတာ ..''
           ''အကိုအားကွေ့က အဲ့မြို့မှာ ရှိလို့လား ဘဘဟုန်းရဲ့''
 ဘဘဟုန်းသည် ၀ါးဆစ်ဗူးကို သစ်ပင်တစ်နေရာတွင်ထောင်လိုက်ကာ မီးပုံဘေးသို့ ၀င်ထိုင် လိုက်၏။
          ''ဘဘလည်း မသိပါဘူးကွယ် .. ဒီကောင်ဘယ်သဝေထိုးနေမှန်း''
        ကျင်းကျူးက ခွာပြီးသွားသော ကန်ဇွန်းဥကို လှမ်းပေးလိုက်ပြီး
          "ဘဘဟုန်းကလည်း ဒီကောင်လို့မပြောပါနဲ့ အကိုအားကွေ့ကို .. သူကသိပ် သတ္တိရှိတာ သမီးကတော့လောကကြီးမှာ ဖေဖေပြီးရင် သတ္တိအရှိဆုံးအခန့်ညားဆုံးက အကိုအားကွေ့လို့ပဲ ထင်တယ်''
ကျင်းကျူး၏စကားကြောင့် ဘဘဟုန်းမှာ ပြုံးလိုက်ရင်း
           ''ဒါဆို ဘဘဟုန်းကရောကွဲ့… ''
ကျင်းကျူးမှာ ခဏစဉ်းစားလိုက်ပြီး
            ''ဘဘဟုန်းကတော့ သူတို့နှစ်ယောက်ပြီးရင်ပေါ့..''
      '' ဟားဟားဟားဟား ဟုတ်ပါပြီကွယ် ..သမီးရဲ့ အကိုအားကွေ့ကို ဒီကောင်လို့ မပြောတော့ ပါဘူး .. ဘဘတို့ ဟူပိန်ရောက်တော့ သူ့အကြောင်း စုံစမ်းကြတာပေါ့ ဟုတ်ပြီလား ..ပျောက်သောသူ ရှာရင်တွေ့တဲ့ .. တနေ့နေ့တော့ သေချာတွေ့မှာပဲ.. သမီးဆန္ဒရှိရင် တနေ့တွေ့ရမပေါ့''
           ထိုစဉ် အိပ်ပျော်နေသော ရှောင်းဟူသည် နှာခေါင်းတစ်မှုတ်မှုတ်နှင့်
ထလာသည်။
          ဘဘဟုန်းကလည်း ကျင်းကျူးအား တိတ်တိတ်နေရန် အချက်ပြလိုက်ရင်း လေသံမျှနှင့်
           ''တိတ်တိတ်နေ သမီး.. လူနှစ်ယောက် ဒီဘက်ကို လာနေတယ်..''
 ကျင်းကျူးမှာ နားစိုက်ထောင်လိုက်သော်လည်း မည်သည့် အသံမှ မကြားပါ။ ရှောင်းဟူကတော့ ကျင်းကျူး ကို အကာအကွယ်ပေးရန် အလို့ငှာ သူမ၏ နဘေးနား သို့ တိုးကပ်လာသည်။ ကျင်းကျူးက ရှောင်းဟူ ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး လေသံတိုးတိုးလေးဖြင့်
      ''ရှောင်းဟူရေ မမတို့ အကိုအားကွေ့ကို မတွေ့တွေ့အောင်လိုက်ရှာမှာသိလား''
            ရှောင်းဟူကလည်း သဘောပေါက်သည့်နှယ် ကျင်းကျူးပုခုံးအား ဖွဖွလေးကိုက်လိုက်သည်။ (ခွေးကောင် ငါ့ကျင်းကျူးကို ကိုက်စရာလား)
           ကွမ်းတယာညှက်လောက် အကြာတွင် လူနှစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။
         ''ဦးလေး ဟိုခွေးကောင်နဲ့ ၀ူတန်ဂိုဏ်းကိုတော့ ကျုပ်တသက်မကျေဘူးဗျာ ..''
          ''သခင်လေး မကျေဘူးဆိုတာ ဖြစ်သင့်တယ် ကျုပ်လည်း သေသည်အထိ မှတ်ထားမှာပဲ .. လောလောဆယ်တော့ တောင်ပင်လယ်ကို အရင်ပြန်ပြီး ဂိုဏ်းချုပ်ကြီးနဲ့ တိုင်ပင်ရအုံးမယ်..''
 ပထမလူမှ
            '' ဒါဆို သိုင်းကျမ်းကိစ္စကရော ဒီအတိုင်း ထားလိုက်ရမှာပေါ့ဟုတ်လား''
 အသက်နည်းနည်းကြီးဟန်တူသော ဒုတိယလူက
       '' အင်း .. ဒီကိစ္စ နည်းနည်းတော့ ရှုပ်ထွေးတယ် သခင်လေးရဲ့ .. တကယ်ဆို သူလည်း ဘုန်းကြီး ၀တ်သွားပြီမို့ သိုင်းကျမ်းက အသုံးမ၀င်တော့ပေမယ့် ကျုပ်တို့ကိုတော့ ပေးချင်ဟန်မတူဘူးဗျ.. ဂိုဏ်းချူပ်ကြီး ကိုယ်တိုင်တောင်းရင်တော့ မပြောတတ်ဘူး ဒါလည်း သူ့ကို တင်ပြရမှာပဲ''
       ''ကျွန်တော်က ဘုန်းကြီးဝတ်လည်းဖြစ် ဘထွေးလည်းဖြစ်လို့ အကြမ်းနည်း မသုံးလိုက်တာ ၊ မဟုတ်ရင် စိတ်ရှိတိုင်းလုပ်လိုက်တယ်..''
 '     'အကြမ်းနည်းမသုံးတာ ကံကောင်းတယ်ပြောရမယ် သခင်လေးရဲ့ .. မဟုတ်ရင် ကျုပ်တို့ မရှုမလှ ဖြစ်သွားမှာပေါ့.. သူဒီသိုင်းကျမ်းကို ရထားတာ နှစ်ပေါင်းကို မနည်းတော့ဘူး ပြီးတော့ အဲ့သိုင်းကျမ်းကလည်း မိုးအောက် မြေပြင်ပြိုင်ဘက်ကင်းတဲ့ သိုင်းကျမ်းကြီး ''
        စကားနှင့်အတူ လူနှစ်ယောက် သူတို့အနားသို့ရောက်လာသည်။ ရှောင်းဟူမှာ သူစိမ်းကို မြင်သဖြင့် ကိုယ်ခန္ဒာကို ထွားလိုက်ကာ သူ့ကိုယ်အတွင်း မှ ဆူးများကို ချွန် ထုတ်လိုက်၏။ ကျင်းကျူးက ရှောင်းဟူခေါင်းနား သို့ကပ်ကာ
       ''ရှောင်းဟူလေး ဘယ်သူ့ကိုမှ ရန်မမူရဘူးနော်..ရန်ပြုရင် မမမင်းကို ဂရုမစိုက် တော့ဘူး''
          ရှောင်းဟူမှာ ကျင်းကျူး၏ စကားကြောင့် နဂိုအရွယ်အစားအတိုင်း ပြန်လျော့ချလိုက်သည်။
                သူစိမ်းနှစ်ယောက်ကား ကျင်းကျူးနှင့် သူတောင်းစား အဘိုးကြီးကို တွေ့မြင်သွားပါ၏။ ထိုအခါ လူငယ်မှ
             ''ဟာ ..နေပြည်တော်မှာ တွေ့ခဲ့တဲ့ မိန်းကလေးပဲ.. ဟဲဟဲဟဲ ''
             အကယ်စင်စစ်ထိုနှစ်ယောက်သည် ၀ူတန်ရသေ့ကြီးအား ရှုံးနိမ့်သွားသော နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီး လော်ထျန်းဟူ၏သား လော်ကျင်းထျန်နှင့် အစွယ်နှစ်ချောင်း ဖျံမင်း ဝေ့၀ူချောင်ပင်ဖြစ်သည်။ ရသေ့ကြီး၏လက်ချက်ကြောင့် ဒါဏ်ရာရသွားသော ဝေ့၀ူချောင် မှာ ဟူပိန်မြို့တွင် ဆေးဝါးကုသမှုခံယူပြီး တောင်ပင်လယ်သို့ ပြန်ရန် အပြုတွင် ကျင်းကျူးတို့နှင့် ဆုံတွေ့ခြင်းဖြစ်သည်။
          ကျင်းကျူးသည် လော်ကျင်းထျန် အားပြန်လည်မှတ်မိသွား၏။ မြင်းဖြူ ဘုံကျောင်းလှေကား နားတွင် သူမအားစားမတတ် ၀ါးမတတ်စိုက်ကြည့်သွားသော သူပင်မဟုတ်လား..
         လော်ကျင်းထျန်က ကျင်းကျူး၏မျက်နှာအား စူးစူးရဲရဲကြည့်ကာ ဆက်လက်၍
        ''မိန်းကလေး တောကြီးထဲမှာ သူတောင်းစားအဘိုးကြီး နဲ့ မပျင်းဘူးလားကွာ .. အကိုတို့နဲ့ လိုက်ခဲ့ရင် သိပ်ပျော်စရာကောင်းမှာ .. ''
            ကျင်းကျူးမှာ ထိုလူနှစ်ယောက်အား မနှစ်မြို့သော်လည်း အပြောမရိုင်းသူပီပီ
          ''တော်ပါပြီ အကိုတို့ရှင် ..ကျွန်မက ဘဘဟုန်းနဲ့ ခရီးဆက်မှာမို့ ကိုယ့်လမ်းကိုယ်သာ စိတ်ဖြောင့်ဖြောင့်သွားပါရှင်..''
         လော်ကျင်းထျန်မှာ မိန်းကလေး၏ သာယာနာပျော်သောခွန်းတုံ့ပြန်မှုကြောင့် အတင့်ရဲကာ တိုးကပ်လာပြီး
         ''လိုက်ခဲ့စမ်းပါမိန်းကလေးရယ် .. အကိုကတောင်ပင်လယ် ကျွန်းခုနှစ်ဆယ် ရေတံခါးကိုးခု ရဲ့ အရှင်သခင် နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးရဲ့ သားပါ.. မိန်းကလေး လိုအပ်တာ ဘာမဆိုဖြည့်ဆည်းပေးလို့ရတယ် .. သေချာပေါက်ပျော်စေရမယ်ကွယ်..''
     ကျင်းကျူးမှာ ဇွတ်အတင်းခေါ်နေသော လော်ကျင်းထျန်အား စိတ်ညစ်သွား၏ ။ ရှောင်းဟူကတော့ သူ့ သခင်မသာ မထိန်းချုပ်ထားဘူးဆိုလျှင် လော်ကျင်းထျန်အား အမှုန့်ဖြစ်သွားအောင် ပြုလုပ်တော့မည် ထင်သည် နှာတမှုတ်မှုတ်နှင့် ဒေါသကြီး နေသည်။
              ထိုစဉ် ထိုင်နေသော ဘဘဟုန်းမှ ထရပ်လိုက်ပြီး
           ''ကောင်လေး ကိုယ့်လမ်းကိုယ် သွားတာအကောင်းဆုံးပဲ မင်းအဖေ လော်ထျန်းဟူ မျက်နှာ ကိုထောက်နေလို့ ဒီစော်ကားမော်ကားပြောနေတာကို ငါလက်ပိုက်ကြည့်နေလိုက်မယ် .. နောက်ထပ် စကားများနေ မယ်ဆိုရင်တော့ မင်းမှာ ရှိသမျှ အရိုးအကုန်လုံးကို ငါရိုက်ချိုးပစ်ရလိမ့်မယ် နားလည်လား''
            လော်ကျင်းထန်သည် သူ့အား စော်ကားမော်ကား ပြောလာသော သူတောင်းစားအို ကြီးကို တစ်ခုခုပြုလုပ်ရန်ပြင်နေစဉ်တွင် နဘေးမှ ရပ်ကြည့်နေသော ဝေ့၀ူချောင် က လော်ကျင်းထန်အားဆွဲလိုက်ကာ
             ''ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဆရာကြီးဟုန်းလား မသိဘူးခင်ဗျ''
       ''ခုခေတ်မှာ ငါ့ကို သိတဲ့ကောင်တွေလည်း ရှိသေးသားပဲ .. အေး ငါ့ကိုသိတယ် ဆိုရင် ဘာဖြစ်လို့ ဒီနေရာမှာ ဆက်ရှိနေသလဲဆိုတာ စဉ်းစားလို့ကို မရနိုင်ဘူး''
           ဝေ့၀ူချောင်သည် မျက်စိပျက် မျက်နှာပျက်နှင့် လော်ကျင်းထျန်၏ လက်ကို အတင်းဆွဲကာ ထိုနေရာနှင့် ဝေးနိုင်သမျှ ဝေးအောင် ထွက်ပြေးသွားလေတော့သည်။ လော်ကျင်းထျန်မှာ ဘုမသိဘမသိနှင့် ဝေ့၀ူချောင် ဆွဲခေါ်သွားရာသို့ ယက်ကန် ယက်ကန်နှင့်ပါသွားလေသတည်း….။။
=====-=================
    ရွှေဗျိုင်းဖြူစံအိမ်သခင်လေး၏ မင်္ဂလာဆောင်မပြီးမခြင်းတော့ ၀ူချောင်မြို့သည် စည်ကားသိုက်မြိုက် နေမည်ထင်သည် ။ ယခုလည်း ရှိသမျှ တည်းခိုဆောင်များ စားသောက်ဆိုင်များတွင် လူများ ပြည့်နှက်၍နေ၏။ ကျောက်ကျူးထင်၊ဟွားဟွား၊ အားဖုန်၊အားချန်နှင့် လိုင်လိုင်တို့သည် လည်းထိုလူများနည်းတူ ကျပ်ညပ်နေသော စားပွဲဝိုင်းတစ်ခုတွင် စားသောက်နေကြသည်။
           လိုင်လိုင်က စားသောက်နေကြသူများထံမှ ဆူညံနေသောအသံများကို အလိုမကျသည့်နှယ် နှာခေါင်းရှုံ့ကာ ကျောက်ကျူးထင်အား
          ''ဦးကြီးကျောက် ..ကျွန်တော့်အတွက်အခန်းတစ်ခန်း မရတော့ဘူးလား မသိဘူးနော် ..''
        ကျောက်ကျူးထင်က ၀က်ခြေထောက်စွပ်ပြုတ်အား လွေးနေရာမှ ရပ်ကာ
         '' မင်းလည်းတွေ့တဲ့ အတိုင်းဘဲလေ လိုင်လိုင်ရဲ့ ..လူတွေအရမ်းများတော့ အခန်းအပို ရှာလို့ မရတော့ဘူး .. တညတလေပဲကွာ သည်းခံပြီးအိပ်လိုက်ပေါ့ ယောင်္ကျားပဲဟာကို ..ပြီးတော့ အားချန်နဲ့အိပ်ရမှာပဲ ညီအကိုအချင်းချင်း ဘာဖြစ်တာမှတ်လို့''
          လိုင်လိုင်သည် ကျောက်ကျူးထင်၏ စကားကြောင့် စိတ်အိုက်သွားသည့်ပုံနှင့် ခေါက်ဆွဲပြုတ်အား ထိုးခြေနေသည်။ဟွားဟွားကတော့ ကျောက်ကျူးထင်၏ ၀က်စွပ်ပြုတ်ကို တူဖြင့်လှမ်းနှိက်လိုက်ပြီး
 '   'ဦးကြီးကျောက် ကိုကြီးလိုင်လိုင်က သမီးထက်တောင်ဂျီးများသေးတယ်တယ်.. ရှက်တတ်တာ လည်း လွန်ရော.. ဟီးဟီး ဘယ်လောက်ထိရှက်လည်းဆို ရေချိုးအ၀တ်လဲတာတောင် ဘယ်သူမှအမြင်ခံတာ မဟုတ်ဘူး..''
              လိုင်လိုင်သည် ဟွားဟွား၏စကားကြောင့် မျက်နှာနီရဲသွားပြီး ..
 ''ဘာလဲ နင်ကကြည့်ချင်လို့လား..''
          ဟွားဟွားက ပါးစပ်ထဲမှ ၀က်သားဖတ်ကို မြိုချလိုက်ကာ
        ''ဘယ်သူမှ မကြည့်ချင်ဘူး ..ကိုကြီး ကမိန်းကလေးထက်တောင် အရှက်သည်း လွန်းလို့ ပြောပြတာ''
               ဟွားဟွား၏စကားကြောင့် လိုင်လိုင်က ရယ်လိုက်ပြီး
         ''လူတကိုယ်အကျင့် တစ်မျိုးပေါ့ကွာ ..နင်ကတော့ မရှက်တတ်မှန်းသိပါတယ်.. မဟုတ်ဘူးလား အားချန်''
        ''ဟုတ်ပါ့ ..ဟုတ်ပါ့ ..ငါ့တို့ညီမကတော့ အကိုတွေနဲ့ပဲ နေလာလို့လားမသိဘူး ရှက်တတ်တာ ကြောက် တတ်တာကို မရှိဘူး .. ဒါကြောင့်လည်း …''
 ''အကိုအားချန်နော်.. ကဲဟာ''
             သူမကို စနေသည့် အားချန်အား ပုဂံဘေးတွင် ပုံထားသည့် ၀က်သားရိုးဖြင့် ပစ်ပေါက်လိုက်သည်။
        ကျောက်ကျူးထင်က စစနောက်နောက်နှင့် မြူးတူးနေကြသော လူငယ်လေးယောက်အားကြည့်ကာ
              ''ကဲ ..ကဲ တော်ကြတော့ ခွန်လွန်းတောင်ပေါ်မှာ မဟုတ်ဘူးနော် ..လူတွေအများကြီးရှိတယ် .. စားပြီးရင် ကိုယ့်အခန်းကိုယ်တက်အိပ်ကြတော့ ..ငါအပြင် ခဏထွက်စရာရှိတယ် …''
      အားဖုန်က သူ့အားစင်သွားသော ဟင်းရည်များကို သုတ်လိုက်ပြီး
              ''ဘာလည်း ဦးလေးကျောက် အပျိုသွားပိုးမလို့လား .. ဒါဆိုရင် ကျွန်တော်တို့ကိုလည်း ခေါ်အုံးလေဗျာ ''
         ''ခွေးကောင် လူကြီးကို ..မင်းတော့ နာချင်ပြီ.. ဘယ်မှ မဟုတ်ဘူး ငါ ရိလုံနဲ့ သွားတွေ့မလို့ .. ငွေရှင်းထား လိုက်နော် လိုင်လိုင် ..မင်းကသူဌေးဆိုတော့ ''
      ကျောက်ကျူးထင်သည် အားချန်တို့ကို ပစ်ထားခဲ့ကာ အပြင်သို့ထွက်လာခဲ့သည် ။ သူ့တွင် အရေးကြီးသော ကိစ္စတစ်ခုရှိသည်လေ.. သူတောင်ပေါ်မှ ဆင်းလာသော အဓိကအချက်မှာ မင်္ဂလာပွဲသို့ တက်ရောက်ရန်မဟုတ်ဘဲ ခွန်လွန်း၏ လျှို့ဝှက်ချက်ကိစ္စကြောင့်ဖြစ်သည်။ဆရာကြီးမုန့်နှင့် ခွန်လွန်းဂိုဏ်းချုပ်ကြီးတို့ အခါခါမှာကြားလိုက်သော  ထိုအကြောင်းအရာမှာ ပေါက်ကြားသွားလျှင် သိုင်းလောကတစ်ခုလုံး ဆူပွက်၍သွားနိုင်သဖြင့် မည်သူ့ကိုမှ အသိ မပေးရဲပါ။
        ကျောက်ကျူးထင်သည်   ဈေးလမ်းတလျှောက်တစ်ယောက်ထဲထွက်လာရင်း ဈေးအလည်သို့ အရောက် တွင် သစ်သားရုပ်များရောင်းနေသည့် အသက်နှစ်ဆယ် အရွယ်ကောင်လေးတစ်ယာက်အား
            ''တူမောင် ..ဦးလေးတစ်ခုမေးချင်လို့…ဒီဈေးထဲမှာ ကျောက်စိမ်း လက်ကောက်တို့ လည်ဆွဲတို့ ရောင်းတဲ့ ချင်အမျိုးနွယ် လူကြီးတစ်ယောက်ရှိတယ်မို့ လား    လမ်းညွှန်ပါအုံးကွဲ့''
              ''သိပြီ သိပြီ .. ဦးကြီးချင် ကိုပြောတာမို့လား .. ကျောက်စိမ်းနဲ့လုပ်တဲ့ အမှတ်တရပစ္စည်းတွေရောင်းတာ ၊ ဆိုင်ကတော့ ဒီဈေး အဆုံးလောက်မှာပဲ .. ဒါပေမယ့်သူဈေးမရောင်းတော့ဘူးခင်ဗျ''
     ကျောက်ကျူးထင်မှာ မျက်လုံးပြူးသွားပြီး ..
       ''ဘာဖြစ်လို့လည်းကွယ် .. ဦးလေးကသူ့ဆီမှာ အရေးကြီး ပစ္စည်းဝယ်စရာရှိလို့''
              ''ဒါဆိုရင်တော့ နောက်ကျသွားပြီ ဦးလေးရေ   .. ဒီနေ့ခင်းမှာ ပဲသူ သူဌေး ဖြစ်သွားပြီဗျ .. သူ့ပစ္စည်းတွေ ကိုတောင် ယူချင်တဲ့သူယူဆိုပြီး အကုန်ပေးပစ်သွား တာ ကျွန်တော်တောင် ကျောက်စိမ်းပုတီးလေး ရလိုက်သေးတယ် ''
 ကျောက်ကျူးထင်က မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး
 ''သူဌေးဖြစ်သွားတာ..ဟုတ်လား''
        '' သူဌေးမှ ငွေသားလေးထောင်လောက် ပိုင်တဲ့ သူဌေးဗျ .. ရူးကြောင်ကြောင် လူငယ်တစ်ယောက်က ရွှေချောင်းနှစ်ချောင်း နဲ့ ကျောက်စိမ်းဆံထိုး ကို ၀ယ်သွားတယ်လေ''
      ကျောက်ကျူးထင်သည် ထိုအခါတွင်တော့ တုန်လှုပ်သွားလေ၏။ သူလိုချင်သော အရာမှာလည်း ဆံထိုးပင် မဟုတ်လား ထို့ကြောင့် အသံတုန်တုန်နှင့် …..
          ''ဇာမဏီငှက်ပုံကျောက်စိမ်းဆံထိုးတော့ မဟုတ်ဘူးမို့လား..''
  ''ဟုတ်ပါ့ဗျာ ဟုတ်ပါ့ ..အဲ့ကျောက်စိမ်းဆံထိုးမှ အစစ် .. မိန်းကလေးတစ်ယောက်နဲ့ အပြိုင်ဝယ်ကြတာ .. သူလည်း သိပ်လိုချင်ဟန်တော့ မရှိပါဘူး အဲ့မိန်းကလေးနဲ့ အပြိုင်ဈေးခေါ်နေရင်း .. တဖြည်းဖြည်းဈေးမြင့်သွားတာဗျ ကျွန်တော်တို့တောင် သူတို့နှစ်ယောက် ဈေးခေါ်တာကို ကြည့်ပြီး သဘောကျမိတယ်..''
 ကျောက်ကျူးထင်မှာ ထိုအချက်ကို စိတ်မ၀င်စားပါ။
            ''၀ယ်သွားတဲ့ကောင်လေးက ဘယ်လိုပုံစံလည်း မှတ်မိသလောက် ပြောပြစမ်းပါအုံး .. အရေးကြီးလို့ ပါ။""
            "အသက်ကတော့ ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းဗျ .. ရုပ်ကတော့ပြောရ ခက်တယ် စပ်ဖြဲဖြဲနဲ့ .. အ၀တ်အစား ကတော့ သူတောင်းစားသာသာပါဗျာ ..အဲ တစ်ခုထူးတာက နဖူးမှာရွှေရောင် အကွက်နဲ့ဗျို့''
         ''ခွေးမသား … ဒီတစ်ခါလည်း ဒီကောင်ပါပဲလားကွာ''
          ကျောက်ကျူးထင်မှာ စိတ်တိုလွန်းအားကြီး၍ ပါးစပ်မှ လွတ်ကနဲ ဆဲမိကာ ဈေးတန်းထဲမှ ကယောင်ကတမ်း နှင့် ပြေးထွက်သွားမိသည်။ သွားပြီ ..သွားပြီ ခွန်လွန်း၏ ပျောက်ဆုံးနေသော ရတနာပစ္စည်း ပါသွားပြီ ။ အနှစ်နှစ်ဆယ်ကျော်မျှ အချိန်ကုန်ခံ ပြီး ရှာဖွေနေခဲ့သမျှလမ်းစအရတွင် ရွှေရောင်နဖူးကောင်ကြောင့် ဆုံးရှုံးလိုက် ရပြန်ပြီ။ ခွန်လွန်း၏ ရတနာပစ္စည်းဆိုသည်မှာ ပစ္စည်းသုံးမျိုးဖြစ်ပြီး။ နေမင်းတစ်ထောင် အတွင်းအား ဆေးလုံး၊(သောက်သုံးလိုက်လျှင် နှစ်ပေါင်းတစ်ရာ အတွင်းအားပိုင်ဆိုင်မည်။ )ခွန်လွန်း ဓါးသိုင်း နှင့် နောက်တခုမှာ  သစ်ဆွေးဓါးရှည် ပင်ဖြစ်သည်။
           ယခုတော့ နေမင်းတစ်ထောင်အတွင်းအားဆေးလုံး၏ လမ်းစဖြစ်သည့် ဇာမဏီဆံထိုးမှာ ရွှေရောင်နဖူးကောင်နောက် ပါလေပြီ။
              ထို့ကြောင့် မိုးအဆုံးမြေအဆုံး လိုက်ရှာရပေတော့မည်။
#57 ( အစ၏အဆုံး ..အဆုံး၏အစ )
Pyae Phyoe San
          ရွှေဗျိုင်းဖြူစံအိမ်သခင်လေး၏ မင်္ဂလာဆောင်သည် ထင်ထားသည်ထက်ပင် ပို၍စည်ကားသေးသည်.. အလယ်ပိုင်းသိုင်းလောကအတွင်း ထင်ရှားသော သိုင်းသမား အများစုတက်ရောက်သည့်ပွဲမို့ မင်္ဂလာဧည့်ခံပွဲထက် သိုင်းအစည်းအဝေး ကြီးကျင်းပနေသည်နှင့် ပိုတူနေ၏..
           သိုင်းသမားများ စုပြုံနေလျှင် ပြသနာပေါင်းစုံတက်တတ်သဖြင့် ထိုသို့ မဖြစ်စေရန် မဟာမိတ်သိုင်းအဖွဲ့အစည်းမှ တာဝန်ယူထားသည် .. ထို့ကြောင့် ရွှေပွဲလာ ပရိတ်သတ်များကြားထဲတွင် အဖွဲ့အစည်းခြောက်ဖွဲ့မှ သိုင်းပညာရှင်များကို တွေ့ရလေ၏ ..
         သတိုးသားလောင်း ပါ့ထင်းသည်ဖဲပွင့်အနီရောင်တပ်ဆင်ထားသော မင်္ဂလာ ၀တ်ရုံကြီးတဖါးဖါးနှင့် ဧည့်သည်များကို လိုက်နူတ်ဆက်နေသည်..  ထိပ်သီးသိုင်းသမားဆယ်ယောက် မှ ကျောက်ကျူးထင် .. ယဲ့ယွင် ..ယွဲ့ပိုင်   သူရဲကောင်းဇရပ်ပိုင်ရှင် ..နှင့် ခုံတုံ .. ဟွာစန်း ..ငိုမီ အစရှိသောဂိုဏ်းချုပ်ကြီးများမှာ အထူးမင်္ဂလာဝိုင်းတွင် မိန့်မိန့်ကြီးထိုင်နေကြ၏ ..
           လိုင်လိုင်တို့အဖွဲ့မှာ ဒုတိယထိပ်တန်း စားပွဲဝိုင်းတွင် ထိုင်နေကြပြီး သူတို့ဝိုင်းနှင့်မလှမ်း မကမ်းတွင် အလွန်တရာလှပသော မိန်းမပျိုလေးတစ်ယောက်ထိုင်နေသည် .. အားဖုန် နှင့်အားချန်တို့၏ မျက်လုံးမှာ ထိုမိန်းကလေးနားဆီမှ မခွနိုင်အောင်ဖြစ်နေကြ၍ ဟွားဟွားက
          ''အကိုအားဖုန်နဲ့ အကိုအားချန်ကလည်း .. မျက်စိနှစ်လုံးကျွတ်ကျသွားအုံး မယ် နည်းနည်းလေး အိနြေ္ဒဆယ်ကြပါအုံး.. ''
             အားဖုန်နှင့်အားချန်မှာ ဟွားဟွားစကားကြောင့်ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ထိုမိန်းကလေးဆီမှ အကြည့်ကိုလွဲလိုက်ရ၏..
                ထိုစဉ်ဝူတန်ဂိုဏ်းချုပ်ကြီးကြွရောက်လာသဖြင့် အခန်းအတွင်းရှိ လူများ ထရပ် ဂါရ၀ပြုလိုက်ကြသည်.. သတိုးသားလောင်းမှာ ၀ူတန်ဂိုဏ်းချုပ်အနီးသို့ ပြေးသွားကာ ခရီးဦးကြိုပြုလိုက်၏.. ဂိုဏ်းချုပ်ကြီးမှာ တပည့်တစ်ယောက်နှင့်လာခြင်း ဖြစ်ပြီး ထိုတပည့်မှာ ရသေ့ဝတ်မဟုတ်ဘဲ အရပ်ဝတ်နှင့် ရုပ်ရည်သန့်ပြန့်သော အသက်နှစ်ဆယ်အရွယ် လူငယ်ဖြစ်သည်..
                 လူစုံသလောက်ဖြစ်နေ၍ ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီးသည် ထ ရပ်ကာ
                 '' အခုလိုကျွန်တော်တို့ ရွှေဗျိုင်းဖြူစံအိမ်ရဲ့ မင်္ဂလာပွဲကို တက်ရောက် လာကြတဲ့ မိတ်ဆွေအပေါင်းကို အလွန်ပဲကျေးဇူးတင်မိပါတယ် .. မကြာခင်မှာဘဲ မင်္ဂလာအခမ်းအနား စတင်တော့မှာဖြစ်ပါတယ် .. အခုအခမ်းအနားမစတင်ခင် .. အရက်နဲ့စားသောက်ဖွယ်ရာများကို စိတ်တိုင်းကြစားသောက်ကြပါ.. လိုအပ်သည်များ ရှိရင်လည်း ခွင့်လွတ်ပေးကြဖို့ ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ် '''
                  စံအိမ်သခင်ကြီး၏နူတ်ဆက်စကားအဆုံးတွင် စံအိမ်ထဲမှ အလုပ်သမား များမှာ အရက်နှင့်စားသောက်ဖွယ်ရာများကို လာရောက်ချပေးလေ၏ .. ပရိတ်သတ်များမှာလည်း သိုင်းသမားများဖြစ်ကြရာ တစ်ယောက်နှင့်တစ်ယောက် ရှိန်း နေဟန်မရှိ စားသောက်ဖွယ်ရာများကို စိတ်လွတ်ကိုယ်လွတ် စားသောက်ကြကုန်သည် ..
                   အားကွေ့နှင့်သွားကျိုးမှာ အစားအသောက်ချပေးသည့် အချိန်ကောင်း တွင်မှ ရွှေဗျိုင်းဖြူစံအိမ်ပေါက်ဝသို့ရောက်ရှိလာကြသည်..  စံအိမ်တံခါးမကြီးတွင် မဟာမိတ်ဂိုဏ်းသားများစောင့်ကြပ်နေကြရာ သူတို့နှစ်ယောက်၏ စုတ်ချာချာအသွင် ကိုမြင်လျှင် ...
                 ''ဟေ့ ရပ်စမ်း .. မင်္ဂလာဖိတ်စာပါသလား .. ''
                  အားကွေ့မှာ တံခါးမသို့ ဖြတ်ကျော်ဟန်ပြုနေသော ခြေလှမ်းကို ပြန် ရုတ်၍
                   '' ကျုပ်တို့အရှေ့က ၀င်သွားတဲ့သူတွေကိုတော့ ဖိတ်စာမပြခိုင်းပဲ ကျုပ်တို့နှစ်ယောက်ကိုမှ ကွက်ပြီး ဖိတ်စာပြခိုင်းတာ ဘာသဘောလဲကွ ... ''''
                   အားကွေ့အားရပ်ခိုင်းသူမှာ နူတ်ခမ်းမွှေးကားကားနှင့်ဖြစ်ပြီး ထိုလူက
                   ''အရှေ့ကလူတွေက လူကြီးလူကောင်းတွေကွ .. မင်းတို့လို မဟုတ်ဘူး .. ''
                   သူတို့အား နှိမ်သည့်အပြောကြောင့်သွားကျိုးမှာ စိတ်တိုသွားဟန်တူ၏
                     ''ကျုပ်တို့က. ဘာဖြစ်နေလို့လဲဗျ .. ''
                     '' မင်းတို့ဝတ်ပုံစားပုံကိုပြန်ကြည့်လိုက်အုံးလေ .. မင်္ဂလာဆောင်လာ တာလား စားကျွင်းစားကျန်လာတောင်းတာလား မသဲကွဲဘူး..'''
                      အားကွေ့ကထိုလူစကားကြောင့် မျက်ခုံးနှစ်ဘက်ကို ပင့်တင်လိုက် ပြီး ..
                     ''ခင်ဗျားစကားကို သူတောင်းစားဂိုဏ်းကသာ ကြားသွားရင် မချောင်ဘူးနော် .. ခင်ဗျားရဲ့မဆင်မချင်အပြောကြောင့် မဟာမိတ်ဂိုဏ်းနဲ့ သူတောင်းစားဂိုဏ်း ပြသနာအကြီးကြီးတက်သွားနိုင်တယ် .. ''
                      ထိုအခါ ထိုအစောင့်မှာ မျက်နှာပျက်သွားပြီးလျှင်
                      ''ညီလေးတို့က သူတောင်းစားဂိုဏ်းကလားကွာ .. အကို့စကားကို ဗွေမယူပါနဲ့.. လူဝင်လူထွက်တွေအရမ်းများတော့ .. တခုခုဖြစ်သွားမှာစိုးလို့ အကိုက တား လိုက်ရတာပါ .. ၀င်သွားပါ ..၀င်သွားပါ ... '''
                       ချက်ခြင်းလေသံပြောင်းသွား သော ထိုအစောင့်ကို အားကွေ့ က  ကြပ်ကြပ်သတိထားဟူသော ပုံစံနှင့် လက်ညိုးထောင်ပြလိုက်ပြီး ခပ်တည်တည်နှင့် အတွင်းထဲဝင်သွားသည် ..
                         သွားကျိုးကလည်း သူ့အကိုအားကွေ့၏ တင်္ခနုတ်ပတ္တိဉာဏ်အား ကျိတ်ချီးကျူးကာ ရင်ကော့ပြီးနောက်ကလိုက်သွား၏...
                      သူတို့နှစ်ယောက်အထဲကိုရောက်တော့ ထိုင်စရာစားပွဲပင်မရှိအောင်
ဧည့်ပရိတ်သတ်က ပြည့်လျှံနေလေသည်.. ဖိတ်ကြားထားသောဧည့်သည်တော် မဟုတ်၍လည်း သူတို့အား နေရာချထားမည့်သူလည်းတစ်ယောက်မှမရှိ ..
                       သို့နှင့်အားကွေ့က နီးစပ်ရာ စားပွဲတစ်လုံးတွင် လူတစ်ယောက်စာ လွတ်နေသဖြင့် သွားကျိုးအား ..
                         ''မင်း ..ဒီမှာ ထိုင်နေလိုက်အုံး ..ငါအရှေ့ဝိုင်းတွေမှာ လူ လွတ် သလား သွားကြည့်လိုက်အုံးမယ် ..  ငါကိုလှမ်းကြည့်နေနော် .. အခြေအနေကောင်း ရင် လက်ပြလိုက်မယ် .. ကြားလား ..''
                      သွားကျိုးက စားပွဲပေါ်မှ ကြက်ပေါင်တစ်ခုကို လှမ်းယူလိုက်ပြီး ..
                      ''ဟုတ်ကဲ့ အကိုအားကွေ့ ..''
                      အားကွေ့လည်း စားပွဲဝိုင်းများကို ကွင်းရှောင်လျှက် အရှေ့ဆီသို့ သွားလေ၏... ထိုစဉ် အထူးဝိုင်းဘက်မှ တစ်ယောက်ထဲထိုင်နေသော မိန်းကလေးကို မြင်လျှင် အလိုလိုပြုံးမိလိုက်ပြီး ထိုစားပွဲဝိုင်းသို့ကပ်ကာ
                      '' အင်း ..လောကကြီးကတယ်လည်း ကျဉ်းသကိုးဗျ ..''
                     နှင်းဆီရောင်ဝတ်စုံနှင့်လှချင်တိုင်းလှနေသော မိန်းကလေးမှာ အားကွေ့၏ စကားကြောင့် မတ် ကနဲဖြစ်သွားပြီးလည့်ကြည့်လိုက်သည်.. အားကွေ့အားမြင်လျှင် မျက်နှာကြီးစူပုတ်သွားပြီး ..
                      ''ရှင်...ရှင် ..ဘယ်လိုလုပ်ဒီကိုရောက်လာတာလည်း .. ''
                       ''ဟဲ..ဟဲ မင်းနောက်လိုက်လာတယ်လို့တော့ မထင်နဲ့နော် .. ငါလည်းမင်္ဂလာဆောင်လာတာပေါ့ ''
                    ဟုပြောလိုက်ပြီး မိန်းကလေးအနီးသို့ ၀င်ထိုင်လိုက်သည်.. ပိုင်စိုးပိုင် နင်းနိုင်လှသော အားကွေ့၏ အပြုအမူကြောင့် မိန်းကလေးမှာ အံလေးကြိတ်ပြီး လေသံလေးဖြင့် ..
                      ''ရှင့်ကို ဘယ်သူထိုင်ခိုင်းလို့ ၀င်ထိုင်ရတာလည်း .. တခြားမှာ သွားထိုင်ပါလား ..မိန်းကလေးတစ်ယောက်ထဲ ရှိနေတဲ့ဝိုင်းကို ၀င်ထိုင်တော့ ကျွန်မ တို့ကို သူများတွေ ဘယ်လိုထင်မလဲ ..''
                          အားကွေ့က စားပွဲပေါ်ရှိအရက်အိုးကို ခွက်နှစ်ခွက်ထဲသို့ ငှဲ့ လိုက်ပြီး စပ်ဖြဲဖြဲနှင့် ..
                       ''စုံတွဲလို့ ထင်ကြမှာပေါ့ .. စဉ်းစားကြည့်ရင် ကျုပ်ကတောင် နစ်နာသေးတယ် ..  ဒါပေမယ့် ကျုပ်က သဘောထားကြီးတတ်ပါတယ် .. သူတို့ ထင်ရင်လည်း ထင်ပါစေတော့ ''
                    မိန်းကလေးမှာ မျက်နှာလေးပန်းသွေးရောင်ဖြန်းတက်သွားကာ ရှက်ရှက် နှင့်အားကွေ့၏ ပခုံးကို ထုလိုက်သည်..
                    အားကွေ့နှင့်ထိုမိန်းကလေးနှစ်ယောက်၏ အပြုအမူမှာ အဝေးကကြည့်လျှင် တကယ့်ကို ချစ်သူနှစ်ဦးကြည်စယ်နေဟန်ပင် ..
                   အားဖုန်နှင့်အားချန်မှာ ထိုမိန်းကလေးအား ခိုးအကြည့်နှင့် ထိုမိန်းကလေးက အားကွေ့ပုခုံးကို ထု လိုက်သည့်အချိန်နှင့် ကွက်တိဖြစ်သွားသဖြင့်       သူတို့နှစ်ယောက်လုံး ၏ စိတ်ထဲတွင် အီလည်လည်ကြီးဖြစ်သွားသည်.. သူတို့ နှစ်ယောက်အား အကဲခတ်နေသော ဟွားဟွားမှာလည်း ထိုဝိုင်းသို့ မျက်လုံးရွှေ့မိပြီး နောက် ..
                ''ဟင် .. အကိုတို့ ..အကိုတို့ . အဲ့ဒါဟိုတဏှာရူး ခွေးသူခိုးကောင်ပဲ .. ''
                ဟွားဟွား၏ အပြောကြောင့် လိုင်လိုင် ..အားဖုန်နှင့်အားချန်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး .. အားချန်က ..
                  ''ဟုတ်တယ် ..ဟုတ်တယ် .. ဟိုကောင်ပဲ ..နဖူးမှာ ရွှေရောင်နဲ့ .. ''
                  အားဖုန်က နဂိုကတည်းက မျက်စိစပါးမွှေးစူးနေသဖြင့် ..
                 ''ဒါဆိုရင် ဘာစောင့်နေရအုံးမှာလည်း ၀င်ပြီး ဆုံးမလိုက်ကြအုံးစို့ ..''
                  သို့သော်လိုင်လိုင်က အခြေအနေကိုသုံးသပ်တတ်သူပီပီ ..
                  '''နေကြအုံး ..အခုဟာက သူများမင်္ဂလာပွဲမှာကြီးဖြစ်နေတယ် .. ငါတို့ တစ်ခုခုလုပ်လိုက်ရင် .. မင်္ဂလာပွဲ အနည်းနဲ့အများထိခိုက်သွားပြီးငါတို့ ခွန်လွန်းဂိုဏ်း သိက္ခာကျသွားနိုင်တယ် .. ပြီးတော့ .. စိတ်ကောက်အိုး ဖြစ်တဲ့ပြသနာ က လူကြားလို့ ကောင်းတဲ့အရာမဟုတ်ဘူး .. ''
                   လိုင်လိုင်၏ မှန်ကန်သော သုံးသပ်ချက်ကြောင့် .. သူတို့သုံးယောက် မှာ မတတ်သာပဲ ဒေါသကို ပြန်လည်မျိုချထားလိုက်ရသည်..  အားကွေ့နှင့် မိန်းကလေးကိုမူ မျက်လုံးအစုံက မီးဝင်းဝင်းတောက်မတတ်စိုက်ကြည့်နေကြ၏...
                        ခန်းမအတွင်းရှိလူအများစုမှာ ယောင်္ကျား အများစု ဖြစ်၍ ပြိုင်စံရှားအလှပိုင်ရှင်များဖြစ်ကြသော ဟွားဟွား နှင့် နှင်းဆီရောင်မိန်းကလေး တို့ကို မျက်စိစားပွဲထိုင်နေကြသောကြောင့်. နှင်းဆီရောင် မိန်းကလေးနှင့်နှစ်ယောက်တွဲ ထိုင်၍ ကလူကြည်စယ်နေသော အားကွေ့အား မနာလိုခြင်းများစွာ ဖြစ်နေကြ၏ ...
ဟုတ်သည်လေ အသွေးအရောင်မရှိ ဘာမဟုတ်သည့် ပေစုတ်စုတ်ကောင်က မဉ္ဇူသကနတ်ပန်းအား ၀င်ချိုင်နေသည်မဟုတ်လား ..
                        မိန်းကလေးမှာ အားကွေ့နှင့်ဆံထိုးအပြိုင်လုဝယ်သော အလှပဂေး ဖြစ်သည်.. အားကွေ့က မိန်းကလေးအား ငှဲ့ထားသော အရက်တခွက်ကို ထိုးပေး လိုက်ပြီး ...
                       ''သိပ်လှတဲ့မိန်းကလေးတွေက ဒေါသမထွက်ကောင်းဘူးဗျ .. ကိုင်း .မိတ်ဖြစ်ဆွေဖြစ် တခွက်လောက်သောက်လိုက်အုံး .. ''
                       မိန်းကလေးမှာ အရက်ခွက်အား ဂရုမစိုက်ဘဲ အားကွေ့အား ..
                      '' ရှင် သွားမှာလား မသွားဘူးလား ဘယ်သူမှ ရှင်နဲ့ မိတ်ဆွေ မဖြစ်ချင်ဘူး .. အရက်လည်း မသောက်ဘူး ..''
                       ''ကောင်းပြီလေ အရက်မသောက်ရင်မသွားဘူး ..''
                       မိန်းကလေးသည် အားကွေ့၏စကားကြောင့် ရှေ့မှ အရက်ခွက် ကိုင်ကာ တရှိန်ထိုးမော့သောက်လိုက်သည်.. ပြီးနောက် အားကွေ့အား ကြည့်ကာ
                       ''ဒီမှာ သောက်ပြီးပြီ သွားတော့လေ .. ''
                        ''အရက်သောက်ရင် သွားမယ်လို့လည်းမပြောမိသေးဘူးနော် .''
                       အားကွေ့၏ ကပ်သီးကပ်သတ်စကားကြောင့် မိန်းကလေးမှာ အရက်ခွက်ကို ဆော့င်ချလိုက်သည် .. ပြီးနောက် နဘေးနဘီကို ဝှေ့ဝဲကြည့်လိုက်ရာ
အားကွေ့အား စိုက်ကြည့်နေသည့် ဟွားဟွားအားတွေ့လိုက်ရသဖြင့် ..အားကွေ့ကို
                       ''ဒီမှာ ဒီမှာ ဟိုဘက်ဝိုင်းက မိန်းကလေးကရှင့်ကို မျက်တောင် မခတ်တမ်းစိုက်ကြည့်နေတာ .. ရှင့်အသိလား .. '''
                      အားကွေ့လည်း မိန်းကလေးပြောသည့်ဘက်သို့ မျက်လုံးကစား ကြည့်လိုက်၏ ... ဟွားဟွားကိုတွေ့လျှင် ..  အားရပါးရပြုံးကာ လက်ပြလိုက်သည်..
                        ဟွားဟွားမှာ မျက်ခွက်ပြောင်လှသော အားကွေ့အား စိတ်တို လွန်းသဖြင့် ရှေ့နောက်မစဉ်းစားတော့ဘဲ ထရပ်လိုက်သဖြင့် လိုင်လိုင်မှာ လက်မြန်ခြေမြန်ဖြင့်ပြန်ဆွဲထိုင်ခိုင်းထားလိုက်ရ၏...
                       ထိုသို့သုံးပွင့်ဆိုင် အသံတိတ်တိုက်ပွဲ ဖြစ်နေစဉ်တွင် ..
                 ''မင်္ဂလာအချိန်အခါ ကျရောက်လို့လာပါပြီမိတ်ဆွေများ .. သတိုးသမီး ထွက်လာပါပြီ .. ''
                 တီးဝိုင်းအဖွဲ့မှ တီးမှုတ်သံနှင့်အတူ .. အနီရောင်ဇာမျက်နှာဖုံးလွှမ်းခြုံ ထားသော သတိုးသမီးကညာ ထွက်လာခဲ့၏ .. တခန်းလုံး မင်္ဂလာအရောင် ဖြစ်သော အနီရောင်အလင်းတန်းကြီးလင်းထိန်သွားသကဲ့သို့ပင် ..သတိုးသမီးရော သတိုးသား ရော ရဲရဲတောက်ပနေသည် .. စံအိမ်သခင်ကြီးမှာလည်း ပါးစပ်မစိနိုင်အောင် တပြုံးပြုံး တရွှင်ရွှင်ဖြစ်နေ၏...
                 သတိုးသားနှင့်သတိုးသမီးသည် ဘိုးဘွားများကို ကန်တော့ရန် အမွှေးတိုင်များကို လှမ်းယူလိုက်သည်နှင့် ...
                  ''ဒီမင်္ဂလာဆောင်ကို ကန့်ကွက်တယ်ဗျို့ ... '''
                  ဟူသော ကျယ်လောင်သော အသံကြီးထွက်ပေါ်လာသဖြင့် . အခန်းတွင်းရှိသမျှလူကုန် အံအားသင့်ခြင်း ... ဒေါသထွက်ခြင်း ဖြစ်ကုန်ကြသည်..
ထိုသို့ရုတ်ရုတ်သဲသဲဖြစ်အောင်ပြုလုပ်သော အသံပိုင်ရှင်မှာ မည်သူနည်းဟု လက်သည် လိုက်ရှာနေစဉ်တွင်ပင် .. နောက်ဖက်စားပွဲဝိုင်းမှ လူတစ်ယောက် ထရပ် လိုက်သည် .. မှန်ပါသည် .. ထိုစကားကို ပြောလိုက်သည်မှာ သူကိုယ်တိုင်ပင် မဟုတ်လား ..
                      မင်္ဂလာပွဲကို ကန့်ကွက်သူက သွားကျိုးဖြစ်လေသည်..
                   အခန်းတွင်းရှိလူများမှာ ကတုံးဆံတောက် နှင့် မင်္ဂလာပွဲဖျက်သူအား ဇဝေဇ၀ါနှင့်ကြည့်နေချိန်တွင် ..စံအိမ်သခင်ကြီးက ရှေ့ထွက်လာပြီး ..
                  ''ခုဏစကားကိုပြောလိုက်တာ  တူမောင်လား .. ''
                  သွားကျိုးကတော့ မည်သူ့ကိုမှ မမူဟန်နှင့်
                   ''ဟုတ်ပါတယ်သခင်ကြီး ကျွန်တော်ကိုယ်တိုင်ပါ .. ''
                   ''ဒီကိစ္စက ပြောင်စရာ နောက်စရာမဟုတ်ဘူး ဆိုတာ တူမောင် သိရဲ့သားနဲ့ .. ဘာကြောင့် ကန့်ကွက်ရတာလည်း ..   ကျေနပ်စရာ အကြောင်းပြ ချက်မရှိဘူးဆိုရင် .. နောက်ဖြစ်လာမဲ့ အကျိုးဆက်ကိုရောတွေးမိရဲ့လား ..''''
                   သွားကျိုးကတော့ စံအိမ်သခင်ကြီး၏ ခြိမ်းခြောက်စကားကို မမူပါ ..
                    ''သိတာပေါ့ဗျ ..ကျွန်တော်က အရူးမှ မဟုတ်ဘဲ ..''
                     ''ကောင်းပြီ ..ဒါဆို ဒီမင်္ဂလာပွဲကို နှောက်ယှက်ရတဲ့ အကြောင်းအရင်း ကိုပြောပြပေတော့ .. မဟုတ်တမ်းတရားဆိုရင်တော့ .. မောင်ရင် ရွှေဗျိုင်းဖြူမှာ ဘယ်လို အဆိပ်ရှိမှန်းကို သိရလိမ့်မယ် ..''
                       သွားကျိုးကသူ၏ သွားကြားအတွင် ညှပ်နေသော အသားစအား လက်ဖြင့် ဖယ်ထုတ်လိုက်ပြီး .. အားကွေ့ထိုင်နေသည့်ဘက်သို့ မျက်ရိပ်လှမ်းပြ လိုက်သည်..
                       အားကွေ့ကလည်း ထိုင်နေရာမှ ထရပ်ကာ ..
                      ''စံအိမ်သခင်ကြီးခင်ဗျား .. ဒီလူ ကန့်ကွက်တဲ့ စကားကို ကျွန်တော် ကလှိုက်လှိုက်လှဲလှဲထောက် ခံပါတယ် .. ''
                       စံအိမ်သခင်မှာ နောက်ထပ်လူတစ်ယောက်ပါ ထပ်ပေါ်လာသဖြင့် သူ၏ အာရုံကို နောက်တစ်ယောက်အား ထပ်ပြောင်းလိုက်သည်.. ထိုအခါတွင် ကျောက်ကျူးထင်မှာလည်း ..အားကွေ့အား တွေ့သွား၏ .. ဒီတခါတော့ ဒီကောင် လုံးဝလွတ်လို့ မဖြစ်ဟု စိတ်ထဲတွင် သတိပေးရင်း .. သူလည်း စံအိမ်သခင် နောက်တွင် နေရာယူထားလိုက်သည်..
                         မိန်းကလေးမှာ ထိုင်နေလျှက်သားမှ အားကွေ့၏ မျက်နှာကို မော့ကြည့်နေမိ၏ .. သူမ၏စိတ်ထဲတွင်လည်း  တခြားသူများသူမအား ထိုလူနှင့် တဖွဲ့တည်းဟု ထင်သွားမည်ကို စိုးရွံ့နေသည်..
                           အားကွေ့က ဆက်လက်၍ ..
                       ''သခင်ကြီးခင်ဗျာ  .. အခုသခင်ကြီးရဲ့ စိတ်ထဲမှာ ကျွန်တော်တို့ နှစ်ယောက်ကို စိတ်တိုနေမယ်မှန်းသိပါတယ် .. မင်္ဂလာပွဲကို အလကားသက်သက် လာနှောက်ယှက်နေတယ်လို့ ထင်မှာကိုးဗျ .. ဒါပေမယ့် ကျွန်တော်တို့ အခုလို လုပ်ရတာ အကြောင်းရင်းရှိပါတယ် .. ''
                   စံအိမ်သခင်မှာ အားကွေ့၏ စကားကြောင့် သိုလောသိုလော ဖြစ်သွား သည်..
                    ''ကောင်းပြီ မင်းရဲ့အကြောင်းရင်းကိုပြောပြတော့ ..''
                     ''ဒီလိုဗျ .. ဒီဝူချောင်မြို့မှာ ကျောင်းတော်သားဖူချိဆိုတဲ့လူရှိတယ် .. မြို့ဆင်ခြေဖုံးမှာ ရှိတဲ့ ကလေးတွေကို စာသင်ကြားခြင်းနဲ့ အသက်မွေးတယ် .. သူမှာ အလွန်လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ် .. ''
                    အားကွေ့၏ စကားအပျိုးကြောင့် သတိုးသားလောင်း ပါ့ထင်းမှာ စိတ်လှုပ်ရှားသွား ကာ စင်မြင့်ပေါ်မှ ဆင်းလာပြီးလျှင် ..
                       ''ဟေ့လူ .. ခင်ဗျား ဘာတွေလာပြောနေတာလည်း .. အခုချက်ချင်း စံအိမ်ထဲက ထွက်သွားစမ်း ..'''
                        အားကွေ့မှာ ထိုအကွက်ကို ကြိုတင်တွက်ဆ ထားပြီးသား ဖြစ်သောကြောင့် စကားတခွန်းမှ မဆိုဘဲ ..လှည့်ထွက်သွားလိုက်သည် ..
                      သို့သော် ခြေလှမ်း နှစ်လှမ်းမျှ သာလှမ်းရသေး၏ ..
                       ''ဟိတ် ရပ်လိုက်စမ်း .. ငါတို့စံအိမ်ကို မဟုတ်တမ်းတရား စွပ်စွဲပြီး မှ ဒီအတိုင်းထွက်သွားလို့ရမလား ..''
                       အားကွေ့က နောက်ပြန်လှည့်ကြည့်ကာ လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး ..
                        ''အခု ကျွန်တော်က အဖေဖြစ်သူရဲ့ စကားကို နားထောင်ရမှာလား ..သား စကားကိုနားထောင်ရမှာလား ..'''
                         စံအိမ်သခင်ကြီးမှာ ဂုဏ်သရေရှိဧည့်ပရိတ်သတ်ရှေ့တွင် ဖြစ်သောကြောင့် ..
                       ''ရွှေဗျိုင်းဖြူစံအိမ် ဆိုတာ သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ နေလာတာ .. ပြတ်သားတဲ့ ဆုံးဖြတ်ချက် မထွက်မခြင်း .. မင်းဒီနေရာကနေ တဖ၀ါး မှခွာဖို့ မကျိုးစားနဲ့ ..''
                     ''ကောင်းပါပြီဗျာ ..ဒါဆို ကျွန်တော့်ဇာတ်လမ်းကို ပြန်ဆက်မယ် .. ကျောင်းတော်သားဖူချိရဲ့ သမီးနာမည်က ဖူချင်းတဲ့ ..  မိန်းမလှလေးတစ်ယောက်မို့ မြို့ထဲက ကာလသားတော်တော်များများ ရည်ရွယ်ထားတဲ့ အမျိုးသမီးပေါ့ဗျာ .. ဒါပေမယ့်  ကံဆိုးချင်တော့ သူတို့သားအဖနှစ်ယောက်လုံး  ကောက်ကျစ်ယုတ်မာတဲ့ လူတစ်ယောက်ရဲ့ အယုံသွင်းခံလိုက်ရတယ်လေ.. အဲ့လူက အများအမြင်မှာတော့ ဂုဏ်ရှိန်ကြီးမားတဲ့ သခင်လေးတစ်ယောက်ပေါ့ .. နောက်ကွယ်မှာ ဆိုးယုတ်နေတာ ကိုတော့ လူတွေမသိကြဘူး .. မိန်းကလေးကို ကြောရရုံကြံပြီးတော့ ၀ူချောင်မြို့ကနေ ထွက်သွားလေရဲ့ ..ကျန်ရစ်ခဲ့တဲ့  သားအဖနှစ်ယောက်မှာတော့ ရူးမတတ်ပေါ့ .. စားလည်းဒီစိတ်သွားလည်း ဒီစိတ်နဲ့ အလုပ်အကိုင်တွေပျက် .. ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်နေရတာပေါ့ . တမြို့လုံးကလည်း လက်ညိုး ၀ိုင်းထိုးကြတယ်လေ .. အဲ့ တရက်မှာတော့ အဲ့လူယုတ်မာဆီက စာတစ်စောင် ရောက်လာတယ် .. သူ ကျန်းနန်ကို ရောက်နေတဲ့အကြောင်း .. မိန်းကလေးကို ယူပါ့မယ့်အကြောင်း ဒါကြောင့် ကျန်းနန်ကို လိုက်ခဲ့ဖို့ ရေးထားတယ် .. သားအဖနှစ်ယောက်လုံး မရှိရှိတာလေး ထုခွဲပြီး ကျန်းနန်ကို လိုက်သွားကြတာပေါ့ .. ''
                        ''ခွေးကောင် ..ရပ်လိုက်စမ်း ..မဟုတ်တာလျှောက်မပြောနဲ့ ..''
                         ''၀ှီး ..''
                       သတိုးသား၏ အသံနှင့်အတူ ဓါးရှည်တလက်သည် အားကွေ့ ၏ မျက်နှာဆီသို့ ပျံသန်းလာလေသည်.. ပါ့ထင်းမှာ သူ့အရှုပ်ထုပ်ပေါ်မည်စိုး၍ အားကွေ့အား သုတ်သင်ရန် ဓါးရှည်ဖြင့် အားကုန်ပစ်ပေါက်လိုက်ခြင်းဖြစ်၏ .. မည်သူမှ မျှော်လင့်မထားသည့် အရာဖြစ်ရာ .. ခန်းမအတွင်းရှိ လူများမှာ အံ့အားသင့် သွားကြလေသည်..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
အပိုင်း 57B
            ''ဖတ်..''
           အတွင်းအားအပြည့် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံသန်းလာသောဓါးသည်  တိကျမြန်ဆန်သော လက်နှစ်ချောင်းကြားတွင် ရပ်တန့်နေသွား၏ ..
          ထိုဓါးကို ဖမ်းညှပ်ထားသူမှာ ဓါးဖြင့်အပေါက်ခံရသော အားကွေ့မဟုတ်ပါ .. သူ၏နောက်မှ ကတုံးဆံတောက်နှင့် သွားကျိုးဖြစ်သည် ..
            ပါ့ထင်း၏လက်မှ ဓါးထွက်လာသည်နှင့်တပြိုင်နက် သွားကျိုးသည် အားကွေ့ ရှေ့သို့ ဖြတ်ကျော်ကာ ထိုဓါးကို ဖမ်းကိုင်လိုက်ခြင်းဖြစ်၏ ..  အကယ်၍ ပစ်ပေါက် သူမှာ သူ့ထက်အတွင်းအား ပိုများလျှင် သူ၏ရင်ဝထုတ်ချင်းပေါက်သွားမည်ကို သိသိကြီးနှင့် အသက်စွန့်ဖမ်းလိုက်ခြင်းဖြစ်သည် ..
            နဘေးမှကြည့်နေသူများမဆိုနှင့် အားကွေ့ပင်လျှင် သွားကျိုး၏ စွန့်လွတ် အနစ်နာခံမှုကို လေးစားသွား၏ .. အားကွေ့အတွက်ဆိုလျှင် အသက်စွန့်ဝံ့သူ တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီရော ..
          သွားကျိုးသည် ဓါးကို ပြင်ကိုင်လိုက်ပြီးနောက် .. သွားကြားထဲမှ ထွက်လာသော အသံနှင့် ပါ့ထင်းအား
              '' ငါတစ်ယောက်လုံးရှိရဲ့သား နဲ့ ငါ့အကိုအသက်ကိုရန်ရှာဖို့ အိမ်မက် တောင်မမက်နဲ့ .. ရော့ ..မင်းဓါးကို မင်းပြန်ယူ ..''
               ဟုပြောကာ ပါ့ထင်းအား ပစ်ပေါက်ရန် ပြင်လိုက်စဉ်တွင် ..
              ''မလုပ်နဲ့သွားကျိုး.. မလုပ်နဲ့ . ''
               သွားကျိုးသည် အားကွေ့၏စကားအဆုံးတွင် လက်ကို ပြန်အောက်ချကာ ကိုယ်ရှိန်သတ်လိုက်သည် ..သူ့အတွက်တော့ အားကွေ့၏ နူတ်ထွက်စကားသည် အမိန့်ပမာပင်မဟုတ်လား ..
                သို့သော် အားကွေ့အား ထပ်မံရန်ပြုမည်စိုး၍လားမသိ .. ရှေ့ဆီမှ လုံးဝမဖယ်တော့ပေ.. သွားကျိုးမှာ ခန်းမအတွင်းရှိ လူများအား ထိဝံ့ရင် ထိစမ်းဟူ သော အကြည့်ဖြင့် ကြည့်လိုက်ရာ  မာန်ပါလွန်းလှသဖြင့် တကယ့်သူရဲကောင်း တစ်ယောက်အသွန်သဏ္ဍန်ပေ ..
                  အားကွေ့က သွားကျိုး၏ ပုခုံးကို ကိုင်၍ ဘေးဖယ်ခိုင်းလိုက်ပြီး ..
                 ''ရွှေဗျိုင်းဖြူစံအိမ်ရဲ့ ကြိုဆိုမှုကတော့ အတော်လေး လှပပါလေရဲ့ .. စကားပြောနေတဲ့လူတစ်ယောက်ကို လက်လွတ်စပါယ် လုပ်ကြံဖို့ ကျိုးစားသတဲ့ ..ပြီး တော့ လုပ်ကြံတဲ့သူကလည်း တခြားသူမဟုတ်ဘူး ..မင်္ဂလာသတိုးသားလောင်း .. ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီး ပါ့လောက်ရဲ့တစ်ဦးတည်းသောသား ပါ့ထင်းတဲ့ဗျာ .. အဖြူရောင်သိုင်းသမားတွေအတွက်တော့ အရှက်ရစရာ လုပ်ရပ်ပေပဲ ..'''
                      အားကွေ့၏ထိုစကားသည် .. စံအိမ်သခင်ကြီးအတွက်တော့ ရင်ဝကို ဓါးအလက်တစ်ထောင်ဖြင့် ထိုးစိုက်လိုက်သလိုပင် .. ပါ့ထင်း၏ လက်ကို ကိုင်ကာ ..
                    ''ငါ့သား ..မင်း ..ဘယ်လိုလုပ်လိုက်တာလဲ ..ငါတို့ဂုဏ်သိက္ခာကို တပြားမှမကျန်အောင် လုပ်လိုက်ရသလား ..  ''
                   ပါ့ထင်းမှာ အားကွေ့အား အစိမ်းလိုက်ဝါးစားချင်အောင် ဒေါသထွက် နေသော်လည်း .. ဖခင်ဖြစ်သူအား ကြောက်ရသူပီပီ .. ခေါင်းငုံလျှက် နေနေ၏ ..
                    အားကွေ့က ဆက်လက်ပြီး ..
                   ''မပူနဲ့ စံအိမ်သခင်ကြီး ..  ဒီထက်မြောင်းထဲရောက်မဲ့ ကိစ္စက အခုမှ လာမှာ ..  ဇာတ်လမ်းကို ပြန်ဆက်ပါ့မယ် . ''
                       ဟုပြောပြီး နဘေးစားပွဲမှ အရက်အိုးအား အိုးလိုက်မော့ သောက် လိုက်ကာ ..
                   ''ဖုချိနဲ့ဖူချင်းလည်း စာရရခြင်း ကျန်းနန်ကို လိုက်သွားကြတာပေါ့ ..သူတို့ စိတ်ထဲမှာလည်း မျှော်လင့်ချက်များစွာနဲ့ပေါ့ .. ဒါပေမယ့် ဟိုရောက်တော့ သူတို့ထင်ထားသလို မဟုတ်တော့ဘူး .. လူယုတ်မာက. သူမကြာခင် တခြား အမျိုးသမီးနဲ့လက်ထပ်တော့မှာမို့ .. ဖူချင်းကို မယူနိုင်တဲ့ အကြောင်း မျက်နှာပြောင် ပြောင်နဲ့ ပြောတာကိုးဗျ .. အဲ့လိုပြောတော့ ဟိုကဘယ်လက်ခံမလည်း .. စဉ်းစား ကြည့်လေ .. မိန်းကလေးနေရာမှာ ခင်ဗျားတို့ ညီမ ..အမ တို့ဖြစ်မယ်ဆို ဘယ်လို နေမလဲ ..  အဲ့ဒါနဲ့ အဖေလုပ်တဲ့သူက ခါးခါးသီးသီးငြင်းတာပေါ့ .. အဲ့မှာ လူယုတ်မာ ကအဖေဖြစ်သူကို သေလုမျောပါးနှိပ်စက်သတဲ့ .. သမီးဖြစ်သူရှေ့မှာနော် .. ဒါတင်မကသေးဘူး ..မိန်းကလေးကို သူ့တပည့် ဖြစ်သူနဲ့ ပေးစားဖို့ လုပ်သေးတယ် . မိန်းကလေးကလက်မခံတော့ .. အဖေဖြစ်သူရှေ့မှာတင် စော်ကားသတဲ့ .. ကိုင်းဗျာ တွေးကြည့်ကြပါအုံး ..ဒီကောင်ဟာ လူမှဟုတ်ရဲ့လားဆိုတာ ..''
                အားကွေ့၏စကားကြောင့် ခန်းမအတွင်းရှိပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည် ..
            ဖုကျိုး၏နာမည်ကျော် မိုးလုံးဟိန်းခြင်္သေမင်း ဆိုသူက စားပွဲနှစ်ခြမ်းကွဲအောင် သူ၏လက်သီးဆုပ်ဖြင့် ထု ချေပြီး ..
              ''ပြောစမ်း အဲ့လူယုတ်မာ ဘယ်သူလည်းဆိုတာ .. တွေ့လို့ကတော့ ဒီစားပွဲလို နှစ်ခြမ်းကွဲအောင် ဆွဲဖြဲလိုက်မယ် .. '''
               ''ဟုတ်တယ် ..ပြောစမ်း ကောင်လေး ဒီလောက်ယုတ်မာတဲ့ကောင်ကို ငါ့ဓါးနဲ့ အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်လိုက်မယ် .. ''
              ''ဟုတ်တယ် ..ပြောဟေ့..''
                ဧည့်ပရိသတ်များ၏ ဆူညံနေမှုကို အားကွေ့က လက်ကာပြလိုက်ရင်း ..
             ''လူယုတ်မာကတော့ အခုခင်ဗျားတို့ရှေ့က သတိုးသားပါ့ထင်း ဆိုတဲ့ လူပဲ ... သူ့တပည့်ကတော့ လေ၀ဲဗျိုင်းတဲ့ .. လေ၀ဲဗျိုင်းကတော့ ကျုပ်လက်ချက်နဲ့ ကျန်းနန်က ချောင်းထဲမှာ သေသွားပြီ .. အကယ်၍ ကျုပ်ပြောတာကို မယုံဘူး ဆိုရင် ဝေးဝေးမသွားနဲ့ ၀ူချောင်မြို့ထဲကို ၀င်ပြီး တကယ်ဟုတ်မဟုတ် စုံစမ်းလို့ရတယ် ..''
                စောစောက သတ်မယ်ဖြတ်မယ် မောင်းတင်ထားသော ပရိတ်သတ် ကြီးသည်  ပါ့ထင်းဟူသော နာမည်ကြောင့် အိုး တို့ အ တ ဖြစ်ကာ မည်သို့ ဆက်လုပ်ရမည်မသိ ငိုင်ငိုင်ကြီးဖြစ်ကုန်ကြ၏ ...
                 ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီးမှာ သူ့သား၏ယုတ်မာမှုကို ကြားလိုက်ရသဖြင့် မူးမေ့မတတ်ဖြစ်ကာ အနီးရှိကျောက်ကျူးထင်အား မှီခိုလိုက်ရသည် .. အတန်ကြာမှ ဆို့နစ်သောအသံဖြင့်
                ''သားပါ့ထင်း .. ဒီသူငယ်ပြောသွားတာ အမှန်ပဲလား .. ''
                ပါ့ထင်းမှာ တကိုယ်လုံး တုန်ယင်ကာ အသံထွက်မလာတော့ပေ ..
 သူ့တွင်ရှင်းပြစရာ စကားလုံးရှာမရတော့ပြီလေ...
                သတို့သမီးသည် သူမ၏ ဇာပ၀ါကို ဆွဲချွတ်လိုက်ပြီးနောက် ..
                 ''အကိုပါ့ထင်း .. မဟုတ်ဘူးလို့ ငြင်းလိုက်လေ.. တကယ်မဟုတ်ဘူး မို့လား .. ''
                မျက်ရည်များပါးပြင်ပေါ်သို့ သွင်သွင်စီးကျကာ အော်ပြောလိုက်သော သတို့သမီး စကားက ရွှေပွဲလာပရိတ်သတ်များ လွန်စွာ ဂရုဏာသက်သွားကြသည်..
သြော် .. မဆီမဆိုင်လက်ပံသား ဓါးနှင့်ချိုင်ဆိုသလို .. သူမအဖို့ ပျော်ပွဲမှ ငိုပွဲ ဖြစ်ရလေပြီ ...
                   သတို့သမီးသည် အားကွေ့အား လက်ညိုးငေါက်ငေါက်ထိုးကာ ..
                 ''ဒီမယ်ရှင် .. ဘယ်လိုအငြိုးနဲ့များ ကျွန်မတို့ မင်္ဂလာပွဲကို လာဖျက်ရ တာလည်းရှင် .. အဟင့် .အဟင့် . ရှင်ဒီလို လုပ်လိုက်တော့ ..ကျွန်မ ကျွန်မတို့ .. ''
                  အားကွေ့မှာ သတို့သမီးအား ပျော့ပျောင်းသော လေသံဖြင့် ..
                  ''ကျုပ်လည်း မိန်းကလေးကို ကိုယ်ချင်းစာပါတယ် .. ဒါပေမယ့် ဒီလိုဆိုးယုတ်တဲ့ အပြုအမူမျိုးပြုလုပ်တဲ့သူနဲ့ အိမ်ထောင်ရက်သားမကျတာကိုက မိန်းကလေးကံကောင်းတယ်မှတ်ပါ .. မိန်းကလေးလည်း ဖူချင်းနေရာက ၀င်ခံစား ကြည့်လိုက်လေ .. သူကမိန်းကလေးထက်အများကြီး ကံဆိုးရှာတယ်ကွဲ့ ..ကျုပ် သူတို့ သားအဖနှစ်ယောက်ကို တွေ့တုန်းကဆို .. ကျန်းနန် ချောင်းထဲမှာ နှစ်ယောက် တွဲ သေကြောင်းကြံဖို့ လုပ်နေကြတာ ..ကျုပ်သာ အတွေ့မစောရင် ဘာအပြစ်မှ မရှိရှာတဲ့ လူနှစ်ယောက် သက်သက်မဲ့ အသက်ဆုံးရှုံးရမှာ ''
                     ထိုစဉ် ..
                     ''ဟား..ဟား..ဟား..ဟား ..''
                    ဟူသော ဆို့နစ်သော ရယ်သံကြီးသည် ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီး ဆီမှ ထွက်ပေါ်လာလေသည်.. သူ၏ရယ်သံသည် ငိုသံအလား မခြားနားပေ ..
                    ''ဟားဟားဟားဟား ..ရွှေဗျိုင်းဖြူစံအိမ်ဟာ သိုင်းလောကမှာ ဂုဏ်သိက္ခာ ကြီးမားစွာနဲ့ ရပ်တည်လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး .. ဒါပေမယ့် အခုကျုပ် အသုံးမကျတာနဲ့ .. ဒီဂုဏ်ပုဒ်ကြီး ပျက်ပျယ်ရတော့မယ် ... ဒီလို ယုတ်မာတဲ့သားမျိုးမွေးမိထားတဲ့ အတွက် ဘိုးဘွားတွေကို မျက်နှာမပြ၀ံ့တော့ပါဘူး ''
                    ဟုအော်လိုက်ပြီးလျှင် ..
                    ''သား ..ပါ့ထင်း .. မင်းကို  လိမ္မာရေးခြားရှိအောင် အဖေမသွန်သင် မဆုံးမနိုင်ခဲ့တဲ့အတွက် အဖေ့ကို ခွင့်လွတ်ပါ .. သားသမီးမကောင်း မိဘခေါင်း ဆိုသလို သားလုပ်ခဲ့သမျှ အရာရာကလည်း အဖေနဲ့ သက်ဆိုင်ပါတယ် .. '''
                   သူရဲကောင်းဇရပ်ပိုင်ရှင်ယွဲ့ကျိုးသည် အတွေ့အကြုံ ရင့် ကျက်သူ ပီပီ ပါ့လောက် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တော့မည်မှန်း ရိပ်မိလိုက်သဖြင့် ထိုင်နေရာမှ ကပြာကယာ ထ ကာ ..
                    ''နေကြပါအုံး နေကြပါအုံး .. ဒီကိစ္စ အဆုံးမသတ်ခင် .. ကျွန်တော် ပြောတာကို အရင်နားထောင်ကြပါအုံး .. အခု ဒီမောင်ရင်နဲ့လည်း ပတ်သက် နေပါတယ် .. '''
                    ပါ့လောက်သည် ယွဲ့ကျိုးအားလည့် ကြည့်ကာ ..
                  ''မိတ်ဆွေကြီးယွဲ့ ..ဆင်တစ်ကောင်လုံးတွေ့မှတော့ ဆင်ခြေရာ ရှာနေစရာမလိုတော့ပါဘူးဗျာ .. '''
                 ယွဲ့ကျိုးက ပါ့လောက်၏လက်ကို ဆွဲကိုင်ပြီး
                  ''ခဏလေးပါပဲ ..ကျုပ်ပြောတာကို အရင်နားထောင်ပါ .. ''
                    ဟုပြောပြီးလျှင် သူ၏လက်စွဲတော်တပည့်အား မျက်ရိပ်ပြလိုက်သည် .. အရိပ်ပြလျှင် အကောင်မြင်တတ်သော တပည့်ဖြစ်သူက အိမ်တော် အနောက်ဖက် သို့ ပြေးဝင်သွားလေ၏ ..
                  ခဏမျှအကြာတွင် .. လူလေးယောက်ကို ခေါ်ဆောင်ကာ ပြန်ထွက် လာသည် .. ထိုလူလေးယောက်အနက် တစ်ယောက်၏မျက်နှာမှာ ဖရဲသီးသဖွယ် ယောင်ယမ်းနေပြီး ..ကျန်သုံးယောက်၏မျက်နှာမှာ ဘယ်ဖက်တစ်ခြမ်းလုံး မည်းပုပ် ကာနေ၏ ..
                 ယွဲ့ကျိုးက ၀ူတန်ဂိုဏ်းချုပ်ကြီးအား ဂါရ၀ပြုလိုက်ရင်း ..
                   ''ဂိုဏ်းချုပ်ကြီးခင်ဗျာ .. ကျွန်တော့်တပည့်သုံးယောက်ရဲ့ မျက်နှာ ပေါ်က ဒါဏ်ရာကို တချက်လောက် စစ်ဆေးကြည့်ပေးပါအုံးဗျာ .. ဘယ်လို သိုင်းကွက် အမျိုးအစားနဲ့ အတိုက်ခံလိုက်ရသလည်းဆိုတာ .. ''
                 ဂိုဏ်းချုပ်ကြီးသည် ..ယွဲ့ကျိုး၏ အပြုအမူကို နားမလည်သော်လည်း သူ့အားခေါင်းစဉ်တပ်လာ၍ ထိုသုံးယောက်အား အသေးစိတ် စစ်ဆေးလိုက်သည် ..
                 ထို့နောက် ..မျက်စိပျက် မျက်နှာပျက်နှင့် နောက်သို့ ခြေတလှမ်း ဆုတ်လိုက်ပြီးလျှင် ..
                   ''ဒါ ..ဒါ.. သိုင်းလောကမှာ တားမြစ်ထားတဲ့ သိုင်းကွက်ပဲ ..အလွန်ရက် စက်လွန်းလို့ ရှောင်လင်မှာ ချိတ်ပိတ်ခြင်းခံထားရတဲ့ သိုင်းပညာ.. လုံးဝ မလေ့ကျင့်သင့် မသုံးအပ်တဲ့ ပညာ.. ဘုရားဘုရား ဘယ်လိုလုပ် ဘယ်လိုလုပ်'''
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
အပိုင်း(၅၈)
         ပါ့လောက်အပါအ၀င် ပရိတ်သတ်များသည် ၀ူတန်ဂိုဏ်းချုပ်ကြီး၏ အမူအယာကို ကြည့်ခြင်းအားဖြင့် ထိုသိုင်းကွက်မှာ အလွန်ရက်စက်လိမ့်မည်ဟု
သဘောက်ပေါက်သွားကြ၏ ..
            ကျောက်ကျူးထင်ကမူ အားကွေ့နှင့်တိုက်ခိုက်ဖူးသူဖြစ်၍ ထွေထွေထူးထူး အံ့အောမနေ .. ယွဲ့ကျိုးမှာ သူ၏အာရုံပြောင်းလွဲခြင်းအောင်မြင်သွားသဖြင့် ပြုံးလိုက် ပြီး ..
          ''လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျွန်တော်တို့ ယွဲအိမ်တော်ရဲ့လက်ရွေးစဉ် သိုင်းသမားလေးယောက် အခုလိုဒါဏ်ရာတွေနဲ့ အိမ်တော်ကို ပြန်လာကြတယ် .. တစ်ယောက်ကတော့ မေးရိုးပြုတ်သွားတယ်လို့ အလွယ်သိနိုင်ပေမယ့် .. ကျန်တဲ့ သုံးယောက်ကတော့ မျက်နှာတစ်ခြမ်းလုံးမည်းပုပ်နေပြီး အကြောတချို့ ပိတ်ကုန်တယ် ရှင်းရှင်းပြောရရင် သွေးမလျှောက်တော့ပဲ ခဲသွားလို့ နောက်တလလောက်ကြာရင်
အသားတွေပဲ့ကျလာနိုင်တယ် .. ဒီလိုမျိုးရက်စက်တဲ့သိုင်းကို အောက်လမ်းသိုင်းပညာ လို့သိပေမယ့် ..ဘာသိုင်းကွက်မှန်းမခွဲခြားနိုင်လို့. ၀ူတန်ဂိုဏ်းချုပ်ကို သုံးသပ်ခိုင်းရအောင် ၀ူချောင်ကို ခေါ်လာရတာပါ .. အခုဂိုဏ်းချုပ်ကြီးရဲ့ အမူအယာ အရ ဒီသိုင်းကွက်ကို ဖော်ထုတ်နိုင်ဟန်တူပါတယ် ..''
              ဟုပြဇာတ်ဆန်ဆန်ပြောပြီးလျှင် ဂိုဏ်းချုပ်ကြီးဖက်လှည့်ကာ
           ''ဂိုဏ်းချုပ်ကြီးခင်ဗျာ .. ဒီသိုင်းကွက်ရဲ့ ဇစ်မြစ်နဲ့ သိုင်းကွက်နာမည်ကို ပြောပြစေလိုပါတယ် ..'''
             ဧည့်ပရိတ်သတ်၏အာရုံက ပထမကိစ္စ၌ မရှိကြတော့.. ထိုသိုင်းကွက် အကြောင်းကိုသာ သိလိုစိတ်ပြင်းပြနေကြသည်..
             အတန်ကြာမှဝူတန်ဂိုဏ်းချုပ်ကြီးက ..
              ''သိုင်းလောကမှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်ကွဲ့ .. အဲ့ဂိုဏ်းအကြောင်း ကို သိတဲ့သူ တော်တော်ရှားသလို ဘယ်သူမှလည်း မသိချင်ကြ ဘူး .. ဘာလို့လည်းဆိုတော့ .. အဲ့သိုင်းဂိုဏ်းက ထူးခြားတဲ့ လူသတ်ဂိုဏ်းမို့လို့ ... အဲ့မှ မေးစရာ ရှိလိမ့်မယ် လူမသတ်တဲ့ ဂိုဏ်းဘယ်ဂိုဏ်း ရှိပါ့မလဲဆိုတာ .. မှန်ပါတယ် .. အနည်းနဲ့အများတော့ လူသတ်ဖူးတဲ့ ဂိုဏ်းတွေကြီးပါပဲ .. ဒါပေမယ့် .. အဲ့ဂိုဏ်းတွေက ကိုယ်နဲ့ လားရာမတူ ရည်ရွယ်ချက်ခြင်းမတူတဲ့ ရန်သူတွေကိုပဲ သတ်တာကိုး .. အဲ့ဒီ ( နရန် *) ဆိုတဲ့ဂိုဏ်းကတော့ တခြားဂိုဏ်းတွေထက်ထူးခြား တယ် သူတို့သတ်မယ့် လူ တစ်ဦးတစ်ယောက် ..ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုကို ပစ်စာပို့တယ် .. ပြီးတော့ မရရတဲ့နည်းနဲ့ လုပ်ကြံသတ်ဖြတ်တယ် .. နည်းမျိုးစုံ သုံးပြီး သတ်တာနော်.. ဘယ်လောက်ပဲ စောင့်ကြပ်နေပါစေ .. ဘယ်လို လူတွေပဲ ကာကွယ်နေပါစေ .. မရရအောင်သတ်ပစ်တာ .. အေး သတ်ပြီးပြီဆိုရင်လည်း အဲ့ အသတ်ခံရတဲ့ လူကို လေးပိုင်းပိုင်းပြီး တနေရာစီမှာ စွန့်ပစ်ထားလေ့ရှိတယ် ..  လူသတ်သမားလေးဆယ့်ကိုးယောက်နဲ့ ဖွဲ့စည်းထားတဲ့ နရန်ဂိုဏ်းဟာ သိုင်းလောက ထဲမှာ ကောက်ရိုးမီးလို ခဏပဲ ကျင်လည်ခဲ့တာ .. လေးလပဲ သိုင်းလောကအတွင်း ၀င်လာတယ် .. အဲ့လေးလအတွင်းမှာ လူပေါင်း လေးရာကိုးဆယ့်ကိုးယောက်ကို သတ်သွားတယ် .. အိမ်း .. အဲ့တုန်းက ကျုပ်တောင်မှ သိုင်းလောကထဲကို ၀င်ကာစ .. မြိုံ့တွေ မြို့တွေမှာ လေးပိုင်းပြတ်နေတဲ့ ခန္ဒာကိုယ်တွေက နေရာအနှံ့ပဲ .. '''
                ဂိုဏ်းချုပ်ကြီး၏မျက်နှာပေါ်တွင် အတိတ်၏ မသတီစရာ မြင်ကွင်းတို့ ကို ပြန်လည်မြင်ယောင်နေသလိုပင် ..
              ဆက်လက်ပြီး
             ''ဒါပေမယ့် သူတို့အဖွဲ့ သိုင်းလောကထဲက မပျောက်ကွယ်ခင်မှာ နရန် ဂိုဏ်းသား တစ်ယောက်ကို ရှောင်လင်နဲ့ဝူတန်ပေါင်းပြီး ဖမ်းမိခဲ့ကြတယ် .. ရိုးရိုးသာ မာန်ဂိုဏ်းသားတစ်ယောက်ကို ဖမ်းမိဖို့ ရှောင်လင်ရဲ့ ကျားနဂါးဆရာတော် ဆယ့်တစ်ပါးနဲ့ ၀ူတန်ရဲ့ ခုနှစ်စင်ကြယ်ဓါးသမား ရှစ်ယောက်ကို စတေးခဲ့ကြရတယ် .. ဆရာတော်ခုံးလွန် အတွင်းဒါဏ်ရာရတယ် .. ကျုပ်တို့ ၀ူတန်ငါးဖော် .. ဒါဏ်ရာ အပြင်းအထန်ရတယ် .. ဖမ်းမိလာတဲ့ ဂိုဏ်းသားကို ရှောင်လင်က တာဝန်ယူ ခေါ်ဆောင် သွားခဲ့တယ်လေ.. နောက်တော့ ရှောင်လင်ရဲ့တရားဓမ္မအရိပ်အောက်မှာ အဲ့ဂိုဏ်းသားခိုလုံသွားခဲ့တယ် ..အခုထိလည်း ရှောင်လင်မှာ သက်ရှိထင်ရှား ရှိသေးရဲ့
သူနောင်တရသွားတဲ့အချိန်မှာ သူ့ရဲ့သိုင်းပညာအကုန်လုံးကို ရေးသားပြီး ရှောင်လင် ကိုအလှူပေးခဲ့တယ်.. အဲ့သိုင်းကွက်ကတော့ အခု လက်ရှိမြင်နေရတဲ့ အရဲအရိပ် ခြေထောက်ဆိုတဲ့သိုင်းကွက်ပဲ .. ရှောင်လင်..၀ူတန်နှစ်ဖွဲ့ပေါင်းကို သေကြေဒါဏ်ရာ ရအောင် ပြုလုပ်သွားတဲ့ သိုင်းပညာ ..  အဲ့ကတည်းက ရှောင်လင်နဲ့ဝူတန် အပါအ၀င် သိုင်းလောကခုံရုံးက ပူးတွဲ ကြေညာချက်ထုတ်ထားတယ်။သရဲအရိပ်ခြေထောက်ဆိုတဲ့ သိုင်းဟာ လုံးဝ မလေ့ကျင့်သင့်တဲ့ သိုင်းပညာ ဆိုတာကို အခု ဘယ်လို ပြန်ပေါ်ပေါက် လာမှန်း ကို တွေးဆ မရနိုင်အောင်ဖြစ်နေမိပြီ .. '''
                  အားကွေ့မှာ သူလေ့လာထားသော ပညာရပ်မှာ နည်းနည်းနောနော မဟုတ်မှန်းသိသွားရသော်လည်း ..ရှောင်လင်တွင်ယခုချိန်ထိ သက်ရှိထင်ရှားရှိနေ သည့် နရန် ဂိုဏ်းသားမှာ မည်သူဖြစ်မည်မှန်းတွေးတော နေမိသည် ..
                  ထိုအခိုက် သူရဲကောင်းဇရပ်ပိုင်ရှင်ယွဲ့ကျိုးက အောင်မြင်သော အသံကြီးဖြင့် ..
                ''အခုခန်းမအတွင်းမှာ ရှိကြကုန်သော သိုင်းလောကသားများ ခင်ဗျား  .. သိုင်းလောကကို ခလောက်ဆန်အောင် ပြုလုပ်ခဲ့တဲ့ သိုင်းဂိုဏ်းရဲ့မျိုးဆက်ဟာ အခုဆိုရင် ကျုပ်တို့ကို စတင်ခြိမ်းခြောက်လာပါပြီ .. မီးပွားဟူသည်မှာ သေးပင် သေးသော်ငြားလည်း တောပေါင်းတစ်ထောင်ကို လောင်ကျွမ်းစေနိုင်သည် ဟူသော စကားနဲ့အညီ .. မလောင်ကျွမ်းမီမှာ တားမြစ်ရမည်မဟုတ်ပါလား ..'''
                  ဧည့်ပရိတ်သတ်များမှာ ယွဲ့ကျိုး၏စကားအားလက်သီးလက်မောင်း တန်းကာ အားတက်သရော ထောက်ခံကြကုန်၏ ..
              ''ဟုတ်တယ် ...မှန်တယ်ဗျို့ ..''
              ''နရန်ဂိုဏ်းသားမှန်သမျှကို သုတ်သင်မယ်..''
              ''အသေသတ်မယ် ..ဒီလိုစော်ကားလို့ရရိုးလား..''
              ''သတ်ဗျို့ ..သတ်ဗျ ..''
              ယွဲ့ကျိုးက ဆူညံနေသူများကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး
             ''ကောင်းပြီ မိတ်ဆွေများရဲ့ ဆန္ဒနဲ့ ကျုပ်ရဲ့ဆန္ဒနဲ့ကလည်း တထပ်တည်း ပါပဲ .. ဒါပေမယ့် အရင်ဦးဆုံး ကျုပ်ရဲ့တပည့်ကို မေးမြန်းစုံစမ်းရအုံးမယ် .. သူတို့ကို တားမြစ်သိုင်းကွက်နဲ့ တိုက်ခိုက်သွားသူဟာ ဘယ်သူလည်းဆိုတာ..'''
          ဟုပြောပြီးနောက် သူ၏ တပည့်ကျော်အား အချက်ပြလိုက်သည်..
         တပည့်ကျော်နှင့်ဆရာသမားမှာ လွန်စွာလိုက်ဖက်ညီလှ၏ .. ဆရာ၏ဆိုလိုရင်း ကို ပါးစပ်မှ ထုတ်ဖော်မပြဘဲ သိသူမှာ ထိုတပည့်တစ်ယောက်သာရှိမည်ထင်သည် ..
         တိုက်ခိုက်ခံထားရသူ လေးယောက်အား ရှေ့ဆီသို့ တွန်းပို့လိုက်သည် ..
သဘောကတော့ . တရားခံမည်သူဆိုတာ ညွန်ပြဟူသော အထာဖြင့်..
             အားကွေ့က ရှေ့သို့ ထွက်လာသော ထိုလေးယောက်အား တချက်ဝှေ့ ကြည့်လိုက်သည် .. အားကွေ့၏အကြည့်အား အကြောက်လွန်၍ ဖရဲသီးမျက်နှာ မှာ ခွေကနဲပင်လှဲကျသွား၏ ..ကျန်သုံးယောက်မှာလည်း ခေါင်းတခါခါ လည်တခါခါနှင့် ရှေ့သို့ဆက်သွားရန်ရွံ့နေကြသည်..
                ယွဲ့ကျိုးက သူ့တပည့်များကြောက်လန့်နေသည်ကို သိသွားသဖြင့် ..
          '''ငါ့တပည့်တို့ ဘာမှကြောက်စရာမလိုဘူး .. အခုမင်းတို့ရှေ့မှာ သိုင်းလောက ရဲ့ထိပ်သီးအကျော်အမော်တွေကြီးပဲ ..ဖြစ်လာတဲ့ ပြသနာကို ငါအကုန် တာဝန်ယူတယ်.. မင်းတို့လုပ်ရမှာ တရားခံကို လက်ညိုးညွှန်ပြရုံပဲ ..'''
              ထိုသို့ မြောက်ထိုးပင့်ကော်စကားကြောင့် လက်ညိုးသုံးခုသည် ရှေ့တူရူ သို့ ညွှန်ပြကြကုန်၏ ..ဖရဲသီးမျက်နှာကတော့ တခါသေဘူး ပျဉ်ဖိုးနားလည်ဟန်နှင့် တုတ်တုတ်မျှပင်မလှုပ် ...
                ယွဲ့ကျိုးမှာ သူ့တပည့်သုံးယောက် ညွန်ထားသော ရွှေရောင်နဖူးနှင့် ကောင်အား
              '' နရန်ဂိုဏ်းရဲ့လက်ပါးစေ .. သိုင်းလောကကို ဖျက်ဆီးဖို့အကြံနဲ့ သိုင်းလောကမဟာမိတ်အဖွဲ့အစည်းကို စော်ကားတဲ့ကောင် .. မင်းသေဖို့သာ ပြင်ပေတော ..'''
                 အားကွေ့က သူ့အားညွှန်ပြနေသော လက်ညိုးသုံးချောင်းနှင့် စွပ်စွဲနေသော ယွဲ့ကျိုးအား ပြုံး၍ ကြည့်ကာ .. ၀ူတန်ဂိုဏ်းချုပ်ကြီးအားဦးတည်၍ ဂါရ၀ပြုလိုက်ရင်း ..
                ''ဂိုဏ်းချုပ်ကြီးခင်ဗျာ ... အခုဆို ဒီလူသုံးယောက် ကျွန်တော့်ကို ဦးတည်ပြီး .. သရဲအရိပ်ခြေထောက်ပိုင်ရှင်လို့ ညွှန်ပြနေပါတယ် .. ယုံပါရဲ့လား ခင်ဗျာ.'''
                  ''အင်း .. သရဲအရိပ်ခြေထောက်ပိုင်ရှင်ဖြစ်ဖို့ ဆိုတာ လွယ်ကူလှတဲ့ အရာတော့ မဟုတ်ဘူး.. သင်ကြားပြသသူမရှိဘဲ ဘယ်သူမှ အောင်မြင်အောင်မကျင့်
 နိုင်သလို.. အနည်းဆုံးအခြေခံ ဆယ်နှစ်အတွင်းအားရှိရမယ်.. အခုဒီ သုံးသွားတဲ့ သရဲအရိပ်ခြေထောက်ပိုင်ရှင်ဟာ အဆင့်ကုန်လုနီးနီး ကျွမ်းကျင်တာမို့ .. နှစ် လေးဆယ် အတွင်းအားပိုင်ရှင်မှ မဟုတ်ရင် မဖြစ်နိုင်ဘူးကွဲ့ .. အခုဒီသူငယ် ရဲ့ အသက်အရွယ်အရတော့ .. လုံးဝမဟုတ်နိုင်ဘူးထင်တယ် .. ''
                   အားကွေ့၏ အတွင်းအားအဆင့်အတန်းကို သိသော ကျောက်ကျူးထင်မှာ ဖွင့်ပြောရန် ပါးစပ်ယားနေသော်လည်း .. အားကွေ့ တစ်စုံတစ်ရာ ဖြစ်သွားလျှင် ဇာမဏီကျောက်စိမ်းဆံထိုး ဆုံးရှုံးသွားနိုင်သဖြင့် ..  
           ''ဒီနေရာမှာတော့ ကျွန်တော် ကျောက်ကျူးထင်လည်း ..၀ူတန်ဂိုဏ်းချုပ်ကြီး နဲ့ အတွေးခြင်း ဆင်တူပါတယ် ..   ဒီလို ပေါချာချာသူငယ်ဟာ ဘယ်နည်းနဲ့မှ သရဲအရိပ်ခြေထောက်ပိုင်ရှင်မဖြစ်နိုင်ပါဘူး ..''
              ကျောက်ကျူးထင်၏ ထိုစကားကြောင့် ဟွားဟွားမှာ စိတ်တိုသွားလေသည် ဟုတ်သည်လေ .. ရန်သူကို အခွင့်ပေးသည့် စကားမျိုးပြော၍ သူမစိတ်တိုသည် မှာ မလွန်ပါ ..
             ပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်သော လိုင်လိုင်မှာ ဟွားဟွားတစ်ယောက် ထရပ်ကာ စောဒကတက်တော့မည်မှန်းရိပ်မိသွားသဖြင့် .. သူမ၏ ပျော့ခွေကြောအား ထိုးပိတ်လိုက်သည်..
              အားကွေ့မှာ သူ့ဘက်ကို လိုက်ပြောပေးနေသော ကျောက်ကျူးထင် စကားကြောင့် အံ့အားသင့်ခြင်းဖြစ်မိသော်လည်း  ဉာဏ်ကောင်းသူပီပီ
             ''အင်း ..သိုင်းလောကထိပ်ခေါင်တွေက မဖြစ်နိုင်ဘူးလို့ ပြောပြနေပေမယ့် မနေ့တစ်နေ့ကမှ ဖွဲ့စည်းထားတဲ့ သိုင်းလောကမဟာမိတ်အဖွဲ့အစည်းကတော့ စည်းဝါးရိုက်ထားသလို ကျွန်တော့်ကို စွပ်စွဲနေကြပါလား ..'''
              ယွဲ့ကျိုးမှာ အားကွေ့စကားကြောင့် မည်သို့မည်ပုံပြန်လည်ချေပရမှန်း မသိခင်တွင် ..
             ''အိမ်း ..အခုမှသတိရတယ် .. သရဲအရိပ်ခြေထောက်ပိုင်ရှင်ဟုတ်မဟုတ် ခွဲခြားလို့ရတဲ့နည်း တနည်းတော့ ရှိတယ်ကွဲ့ ..'''
               ''ဘာ..ဘာ..နည်းလမ်းများလည်း ..ဂိုဏ်းချုပ်ကြီး ..''
               ''သရဲအရိပ်ခြေထောက်သိုင်းကို ကျင့်နိုင်ပြီ ဆိုရင် ဘယ်ညာ ခြေကျင်းဝတ်က သွေးကြော တွေဟာ အနီရောင်ရဲရဲတွတ်အောင် ပြောင်းလဲသွားသတဲ့ အဲ့ အချက်ကို စစ်ဆေးကြည့်မယ်ဆိုရင်တော့ .. သေသေချာချာ ခွဲခြားသိနိုင်မှာပေါ့ကွယ်''
                    ''သတ္တိရှိတဲ့ကောင် ..သေမှာမကြောက်တဲ့ကောင် ..ကျုပ်အကို ရဲ့ ခြေထောက်ကို လာကြည့်နိုင်တယ် .. ''
                     သွားကျိုး၏ ရဲရဲတောက်စကားက တခန်းမလုံးကို ဟိန်း ထွက်သွား လေ၏ ...
*********=====*******======***********
 နရန်ဆိုတာ တရုတ်နှစ်သစ်ကူးမှာ ထွက်လာတဲ့ ဘီလူးသရဲ ပါ .. နရန်ဟာ ဆိုးသွမ်းရက်စက်လွန်းလို့ မိုးနတ်မင်းကြီးဟာ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်
တစ်နှစ်နေမှ တခါ အပြင်ကို ထွက်ခွင့်ပေးပါသတဲ့ ကျန်တဲ့ရက်တွေမှာ ထိန်းချုပ်ထား ပါတယ် ..
       နရန်ဟာ သူ အပြင်ထွက်ရတဲ့နေ့မှာ လူပြည်မှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်း ကို လျှောက်သွားသတဲ့ . ဒါကြောင့်မို့ နှစ်ဆန်းတစ်ရက်နေ့ (၀ါ) နှစ်ကုန်ပြီး တရက်နေ့ မှာ တံခါးတွေ အလုံပိတ်ပြီး ဘယ်သူမှ အပြင်မထွက်ကြပါဘူး ..
     ဒါပေမယ့် တရက်ကြတော့ လူတွေက နရန်ရဲ့ အားနည်းချက်ကို သိသွားသတဲ့
ဒါကတော့ အနီရောင်ကို နရန်ကြောက်တယ်ဆိုတာနဲ့ ..ပေါက်ကွဲသံ နဲ့ အလင်းရောင် ကို မခံနိုင်ဘူး ဆိုတာပေါ့ ..ဒါကြောင့်မို့ နရန်ထွက်လာတဲ့နေ့မှာ အိမ်တိုင်းလိုလို အနီရောင် စက္ကူ ကိုကပ်ကြတယ် .. ဗျောက်အိုးတွေကို ဖောက်ကြသတဲ့ ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
အပိုင်း ၅၉
          အားကွေ့က သွားကျိုး၏ ကျောကို တစ်ချက်ပုတ်လိုက်ပြီး
          ''ကြည့်ပါစေ သွားကျိုးရဲ့.. သိုင်းလောကသူရဲကောင်းတွေက ငါလို အညတရကောင်ရဲ့ ခြေထောက်ကို ရှုစားအုံးမယ်ဆိုတာ ဂုဏ်တောင်ယူရအုံးမှာကွ ..
ပြရမှာပေါ့ သွားကျိုးရ ဒါမှ ငါ့ခြေထောက်ရဲ့ အလှအပကို သူတို့တခါထဲမြင်ရမှာ ''
           အားကွေ့၏စကားကြောင့် ယွဲ့ကျိုးတို့လူတသိုက်မှာ အောင့်သက်သက် ဖြစ်သွား၏ .. သူတို့လို နာမည်ကျော်ကများက ဘာမဟုတ်သည့်ကောင်၏ ခြေထောက်ကို ကြည့်ရမည့်ကိစ္စမှာ စဉ်းစားကြည့်လျှင် အသည်းနာဖို့ကောင်းသည်.
          အားကွေ့က ထိုလူများ၏ အတွင်းစိတ်ကို ခန့်မှန်းမိသောကြောင့် ခပ်ဟဟ ရယ်လိုက်ကာ ...
         ''ဟားဟားဟားဟား  တစ်ခုတော့ရှိတယ်နော် ကျုပ်က တောသူတောင်သား ဆိုတော့ နည်းနည်းတော့ရှက်တတ်သဗျ .. လူကြားသူကြားထဲမှာ ဘောင်းဘီလှန်ပြရ ကိစ္စမှာ အလျော်အစားတော့ ပါမယ်ဖြစ်မယ်ဗျာ ..  သရဲအရိပ်ခြေထောက်ဆိုတာ ပေါ်လွင်ရင် ... ကျုပ်တို့ညီအကိုနှစ်ယောက်ကို ကြိုက်သလို စီရင် လက်ခံတယ် ..
အဲ တကယ်လို့သာ သရဲအရိပ်ခြေထောက် မဟုတ်ဘူးဆိုရင်တော့ .. ရွှေဗျိုင်းဖြူ စံအိမ်သခင်လေးရဲ့ အမှုကို တရားသောအားဖြင့် စီရင်ရမယ် ''
             ယွဲ့ကျိုးမှာ တဖြတ်ဖြတ်လက်နေသော ရွှေရောင်အကွက်ကို ကြည့်ကာ
            '' စိန်လိုက်လေ ..မောင်ရင်သာ ကတိတည်ပါစေ..ကဲ မောင်ရင့် ခြေထောက်ကိုသာ အများမြင်အောင်ပြပေတော့ ..''
                ''ဟားဟားဟားဟား .. ပုရွတ်ဆိတ်က ထမင်းလုံးဆီလာရမှာလား ... ထမင်းလုံးက ပုရွက်ဆိတ်ဆီလာရမှာလားဗျ .. ကျုပ်တော့ ကျုပ်ခြေထောက်ကို ရွံလွန်းလို့ တစ်နှစ်နေမှ တခါတောင် လှန်မကြည့်ဖူးဘူး .. သူရဲကောင်းဇရပ်ပိုင်ရှင် တို့သာ ကြည့်ချင်ရင် လာလှန်ကြည့်ကြဗျို့ ကျုပ်ကတော့ ရွံလို့ မထိချင်ဘူး ..''
               အားကွေ့၏ထိုစကားကြောင့် သွားကျိုးနှင့် နှင်းဆီရောင်မိန်းကလေး တို့နှစ်ယောက် ပြုံးစိစိဖြစ်သွားသော်လည်း .. သူရဲကောင်းဇရပ်ပိုင်ရှငိတို့ အဖွဲ့မှာ စိတ်တိုသွားကြလေသည်..
              ယွဲ့ကျိုး .. ပါ့လောက်နှင့်ပါ့ထင်းမှာ တယောက်မျက်နှာ တစ်ယောက်ကြည့် ကာ အကြံအိုက်နေကြ၏ .. ကလေက၀ကောင်၏ ခြေထောက်အား သူတို့လို ဂုဏ်သရေရှိသူများ အဖို့ မည်သို့သွားလှန်ကြည့်ရမည်နည်း .. ကိုးတိုးကပ်တတ် ပြောလာသော အားကွေ့ကို သာ ဆုံထဲထည့်ကာ မွမွကြေအောင် ထောင်းချင်တော့ သည်..
        ထိုအခိုက် ..
              ''ကျွန်မလှန်ကြည့်မယ် .. ''
               ဟူသောစကားသံထွက်လာသည် ..
              ခန်းမအတွင်းရှိလူအကုန်မှာ ထိုအသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ကုန်၏ .. အသံရှင်မှာ မင်္ဂလာသတို့သမီး ဖြစ်နေခြင်းကြောင့်ပင် .. သတို့သမီးကတော့ မည်သူ ကိုမှ ဂရုမစိုက် အားကွေ့အနီးသို့သာ ချဉ်းကပ်လာ၏ .. မှန်သည် အကယ်၍ အားကွေ့သာ သရဲအရိပ်ခြေထောက်ပိုင်ရှင်ဖြစ်လျှင် သူမ၏ မင်္ဂလာပွဲ ဆက်လက် ကျင်းပနိုင်မည်ဖြစ်ပြီး သူမလည်းအရှက်တကွဲအကျိုးနည်း မဖြစ်နိုင်တော့ပြီမဟုတ်လား သူမ၏ ကံကြမ္မာအဆိုးအကောင်း အကျိုးအကြောင်းသည် အားကွေ့၏ ခြေထောက်အစုံ၌သာတည်ရှိနေတော့သည်  ..
               ပါ့ထင်းမှာ သူ၏ဇနီးလောင်းအား အစကတားမြစ်ရန် ပြင်လိုက်တော့လည်း နောက်မှ စိတ်ကူးပြောင်းသွားသဖြင့် မတားမြစ်တော့ .. သူတားမြစ်လိုက်လျှင် သူကကိုယ်တိုင် သွားလှန်ရတော့မည်လေ ..သိုင်းလောကသားများရှေ့တွင်တြော ထိုငနဲသား ခြေထောက်အား မကိုင်ချင်ပါ..
               အားကွေ့က အနီးရှိခုံတစ်လုံးကို ဆွဲယူလိုက်ပြီး သူ၏ ညာဘက် ခြေထောက်ကို တင်လိုက်သည်.. သတို့သမီးမှာ အားကွေ့၏ ရှေ့တွင်ထိုင်ချလိုက်ပြီး ဘောင်းဘီစအား မ တင်ကြည့်လိုက်လျှင် ..  ကျိုးကြေနေသော ကောက်ရိုးဖိနပ် အစုတ်ကို စီးထားသည့် ဂျီးအထပ်ထပ်နှင့် မည်းညစ်နေသော ရွံရှာ ဖွယ် ခြေထောက်အား မြင်တွေ့လိုက်ရသည်.. အားကွေ့၏ မျက်နှာကတော့ ပြုံးစိစိနှင့် ..
                သတို့သမီးသည် မည်းတူးနေသော ဂျီးများကို မရွံမရှာပင် သူမ၏လက် လေးနှင့် ပြောင်စင်သွားအောင် ပွတ်နေရှာသည်..
               ''ဟားဟား .. ယားတယ် မိန်းကလေးရဲ့ .. ''
              အားကွေ့၏ စပ်ဖြဲဖြဲမျက်နှာနှင့် ခြေထောက်မှ ဂျီးများကို ပွတ်နေသော မိန်းကလေးကို ကြည့်ကာ ဟွားဟွားမှာ ပျို့အန်ချင်သလို ဖြစ်လာခဲ့၏ ..
               ခဏမျှအကြာတွင် ခြေထောက်သည် သန့်စင်သွားလေသည် .. အားကွေ့က သန့်သွားသော ခြေထောက်တစ်ဖက်ကို ထောင်ပြလိုက်ပြီး  ..
                 ''ကိုင်း ..ရှု့ကြ ကြည့်ကြ မိတ်ဆွေများ .. ကျုပ်ရဲ့ခြေထောက်မှာ အနီရောင်သွေးကြောဆိုလို့ စင်းရာလေးတောင်မရှိဘူး .. ''
                   ယွဲ့ကျိုး ...ပါ့လောက်နှင့် ပါ့ထင်းတို့သည်  အားကွေ့၏ ခြေထောက် အနီးသို့ တိုးကပ်ကာ ရတနာပစ္စည်းအား တန်ဖိုးဖြတ်မည့်လူကဲ့သို့ ဂရုတစိုက် ကြည့်ရှု့နေကြသည် ..  အမှန်တော့ သွေးကြောနီခြင်းမှာ သရဲအရိပ်ခြေထောက် ကျင့်စဉ်၏ အားနည်းချက်ကြောင့်ဖြစ်ပြီး အားကွေ့မှာ အနက်ရောင်ရတနာ ဖြစ်သော ကြောင့် မည်သည့် အားနည်းချက်မှ မရှိပေ။အားကွေ့က ထိုသုံးယောက်အား ကလိတိတိဖြင့်
                    ''ဟဲဟဲ ဟိုဘက် ခြေထောက်ရော ကြည့်အုံးမလား ..''
                   ယွဲ့ကျိုးတို့သုံးယောက်သည်  မျက်စိပျက် မျက်နှာပျက်နှင့် နောက်ဆုတ်သွားကြပြီးလျှင် ယွဲ့ကျိုးက ၀ူတန်ဂိုဏ်းချုပ်ကြီးဘက်လှည့်ကာ .
                 ''ဂိုဏ်းချုပ်ကြီး သွေးကြောနီတယ် ဆိုတဲ့ ကိစ္စ ကအမှန်ပဲလား .. ''
                 ဂိုဏ်းချုပ်ကြီးမှာ သူ၏ပညာမာနကို ထိခိုက်စေသော ထိုစကားကြောင့် စိတ်ခု သွားသော်လည်း ..
                  ''ကျုပ်က အလကား လိမ်ညာပြောပါ့လား မိတ်ဆွေကြီးယွဲ့ ..  အစေကြီးကတည်းက ဒီသူငယ်ဟာ သရဲအရိပ်ခြေထောက်ပိုင်ရှင် မဖြစ်နိုင်ဘူးလို့ ကျုပ်ပြောခဲ့ရဲ့သားနဲ့ မိတ်ဆွေကြီးမှ မယုံဘဲ .. '''
                   ''ဂိုဏ်းချုပ်ကြီး ..ကျုပ်တပည့်သုံးယောက်က ကာယကံရှင်တွေ ခံခဲ့ရ တဲ့ကောင်တွေ ဆိုတော့ လိမ်ညာပြီးတော့ ညွှန်ပြမှာ မဟုတ်ဘူး ..ဒီကောင်ဟာ တကယ်ဘဲ သရဲအရိပ်ခြေထောက်ပိုင်ရှင်ပါ .. '''
                     အားကွေ့က သူရဲကောင်းဇရပ်ပိုင်ရှင်၏ စကားကို နင်း၍
            ''ဒီတော့.. သူရဲကောင်းဇရပ်ပိုင်ရှင် ဆိုလိုချင်တာက တပည့်သုံးယောက် မလိမ်ဘူးဆိုတော့  ကျုပ်နဲ့ ၀ူတန်ဂိုဏ်းချုပ်ကြီးနဲ့ကတော့ လိမ်တယ် ဆိုတဲ့ သဘောမျိုးပေါ့ .. ''
                      အားကွေ့၏ သွေးခွဲစကားက လွန်စွာ ထိရောက်လေသည် ..  ၀ူတန်ဂိုဏ်းချုပ်ကြီးသည်  မျက်နှာကြီးနီရဲသွားကာ ယွဲ့ကျိုးအား စိုက်ကြည့်ပြီး ..
               ''မိတ်ဆွေကြီးယွဲ့ .. ခင်ဗျားတို့ကြားမှ ဖြစ်ကြတဲ့ ပြသနာကို ကျုပ်ကိုလည်း ဆွဲထည့်သေးတယ် .. ကျုပ်စကားကိုလည်း မယုံဘူးဆိုရင် .. တော်တော်စော်ကားလွန်းပြီလို့ မထင်ဘူးလား ''
                     ''မှန်တာပေါ့ ဂိုဏ်းချုပ်ကြီးရာ .. သူရဲကောင်းဇရပ်ပိုင်ရှင်က သူတို့ မဟာမိတ်အဖွဲ့အစည်းခြောက်ဖွဲ့ အားကိုးနဲ့ ၀ူတန်ရဲ့စကားကိုတောင် မလေးမခန့် တော့ဘူး ... သြော်..လူတွေ...လူတွေ တော်တော်တရားကျဖို့ကောင်းပါလား ..''
                  ယွဲ့ကျိုးသည်မည်သည့်ကိစ္စမဆို သူများမျက်ခုံးမွှေးပေါ် စင်္ကြံန်လျှောက် လာသူဖြစ်ပြီး ယခုအားကွေ့နှင့်တွေ့မှ မျက်နှာပျက်စရာတွေ ဖြစ်နေရသည်.. စိတ်တိုတိုနှင့် ..
               ''ကတုံးကတိုက်နဲ့ မြေခွေးလိုကောင် .. မင်းဟာ သရဲအရိပ်ခြေထောက် မဟုတ်ဘူးဆိုရင်တောင်  မင်းသဘောနဲ့မင်း .. လေ၀ဲဗျိုင်းကိုသတ်စရာမလိုဘူးကွ .. လေ၀ဲဗျိုင်းကို မင်းသတ်လိုက်တာဟာ ရွှေဗျိုင်းဖြူစံအိမ်နဲ့ ငါတို့မဟာမိတ်အဖွဲ့ အစည်းကို စိမ်ခေါ်လိုက်တာပဲ...'''
                အားကွေ့က  ကောက်ရိုးဖိနပ်ကို ပြန်စွပ်လိုက်ပြီး ..
              ''ခန်းမအတွင်းက ဧည့်ပရိတ်သတ်အပေါင်းတို့ခင်ဗျား .. မိန်းကလေး ဖူချင်းတို့ကို ယုတ်ယုတ်မာမာ အမှုပြုကျင့်လိုက်တဲ့ မကောင်းဆိုးဝါးကောင်ကို ကျုပ် ဆုံးမ လိုက်တာအပြစ်ရှိသတဲ့ .. အခုယွဲကျိုးသခင်ကြီးရဲ့ အပြောစကားဟာ  တရားမျှတတဲ့ ဆုံးဖြတ်ချက်လို့များထင်မိရင် ကျွန်တော့်လုပ်ရပ်ကို ကန့်ကွက်နိုင်ပါရဲ့ ဗျာ ..''
                 ပရိတ်သတ်မှာ တုတ်တုတ်မျှမလှုပ်ပါ .. အဖြူရောင်သိုင်းသမားများ ဖြစ်သည်နှင့်အညီ ပါ့ထင်းနှင့်လေ၀ဲဗျိုင်း၏ လုပ်ရပ်မှာ လွန်စွာ ပက်စက်သည်ဟု လက်ခံထားကြသည်မဟုတ်လား ..
                အားကွေ့က မည်သူမျှ မကန့်ကွက်သဖြင့် ကျေနပ်စွာပြုံးလိုက်ကာ ..
             ''အခုမှ မဟာမိတ်သိုင်းအဖွဲ့အစည်းရဲ့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ မူဝါဒ ကိုရိပ်မိလိုက်တော့တယ် .. အမှားကို အမှန်လုပ်ချင်တဲ့ အဖွဲ့အစည်း .. ဂုဏ်သိက္ခာ မရှိတဲ့ အဖွဲ့အစည်းပါဗျာ ..'''
              အခန်းတွင်းရှိ သိုင်းသမားများသည် အားကွေ့၏ မှတ်ချက်ကြောင့် ရင်တထိတ်ထိတ်ဖြစ်ကုန်ကြသည် .. အားကွေ့၏ ထိုစကားသည် တိုက်ပွဲခေါ်သံ နှင့် အလားသဏ္ဍန်တူညီနေသည်မဟုတ်လား ..
               ယွဲ့ကျိုးနှင့် ရွှေဗျိုင်းဖြူစံအိမ်သခင်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ..ပါ့လောက်က
             ''မောင်ရင် .. အခုပြောလိုက်တဲ့စကားဟာ ဘယ်လိုအဓိပ္ပါယ်ရှိတဲ့ဆိုတာ သိရောသိရဲ့လား .. ယွဲ့ ..မုယုံ ..နန်းကုန်း .. ချင်းချန် .. ကောင်းတုံ နဲ့ ၀ါဆန်း  အဖွဲ့အစည်းခြောက်ခုကို စော်ကားလိုက်မိတဲ့အတွက် .. မောင်ရင်ဟာ သိုင်းလောက အတွင်းမှာ ရပ်တည်လို့မဖြစ်နိုင်တော့ဘူး .. ကျုပ်ပါ့လောက်သား ပါ့ထင်းဟာ ကြီးမားတဲ့ အပြစ်လုပ်ထားတာကို မငြင်းဆိုဘဲ ၀န်ခံပါတယ် .. ဒီအတွက်လည်း ထိုက်တန်တဲ့ အပြစ်မျိုးပေးမှာပါ .. မောင်ရင်သာ ယွဲ့လူကြီးမင်းနဲ့ မဟာမိတ်ဂိုဏ်း တွေကို ပြန်တောင်းပန်လိုက် ဒါမှမောင်ရင့် ရှေ့ရေး သာယာလိမ့်မယ် .. ''
            အားကွေ့က ပါ့လောက်အားကြည့်ကာ ..
        ''အင်း ..ဒီအဘိုးကြီးကတော့ တကယ် စိတ်ထားမဆိုးဘူး .. ဒါကြောင့် ရွှေဗျိုင်းဖြူစံအိမ်ဟာ ဂုဏ်မငယ်တာပဲ .. ဟို သူရဲကောင်းဇရပ်ပိုင်ရှင်ကတော့ ပါ့ထင်းနဲ့အတူတူပဲ  ..''
           ဟုတွေးကာ ပါ့လောက်အား ဂါရ၀ပြုလိုက်ရင်း ..
           ''စံအိမ်သခင်ကြီးရဲ့ စေတနာကို အသိအမှတ်ပြုပါတယ် .. ဒါပေမယ့် ကျွန်တော်ကတော့ မဟာမိတ်အဖွဲ့အစည်း ခြောက်ခုကို လုံးဝမကြောက်ပါဘူး .. ဒါကြောင့် တောင်းပန်စကားလည်း မဆိုနိုင်ဘူး ..သူတို့မကျေနပ်ဘူး ဆိုရင် ကြိုက်သလို လုပ်လို့ရတယ် .. '''
            အားကွေ့၏ စကားမှာ ပြတ်သားလွန်းသဖြင့် ပရိတ်သတ်များမဆိုနှင့် ကျောက်ကျူးထင် ..ဟွားဟွား .. လိုင်လိုင် ..အားဖုန်နှင့် အားချန်တို့ပါ လေးစားမိ၏ ..
       ယင်းအခိုက် အားချန်က အားကွေ့အားသေသေချာချာကြည့်ကာ  အနီးရှိ အားဖုန်ကို ...
           ''အားဖုန် ..သူ့ရဲ့ ပြောဟန်ဆိုဟန်ကို ကြည့်ရတာ ငါ့မျက်စိထဲမှာ တအားကို ရင်းနှီးနေတယ် .. ''
         အားဖုန်ကလည်း ခေါင်းကို သွက်လက်စွာငြိမ့်ပြီး ..
         ''ဟုတ်တယ် ..အားချန် .. ငါလည်း သံသယ၀င်နေတာ ..''
            နလေး၌ ပျော့ခွေကြောပိတ်ခံထားရသော ဟွားဟွားကို လိုင်လိုင်က အကြောဖြေပေးလိုက်ရင်း ..
          ''အင်း ..ဒီကောင်က ငါတို့ထင်ထားသလို သိပ်အဆိုးကြီးတော့ မဖြစ်နိုင်ဘူး ထင်တယ် .. ''
         ဟွားဟွား မှာ လိုင်လိုင်အား မျက်စောင်းထိုးကာ ..
          ''ဘာလို့ မဆိုးရမှာလည်း ဟွားဟွားတွေ့ဖူးသမျှထဲမှာ သူအဆိုးဆုံးပဲ .. သိပ်မုန်းစရာကောင်းတဲ့ လူကြီး .. ''
           လိုင်လိုင်က ဟွားဟွား၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ကို သတ်တင်ပေး လိုက်ရင်း ..
          ''ငါ့ညီမလေးကတော့ ဘယ်တော့မှ ရင့်ကျက်လာမလဲမသိဘူး .. ''
          ထိုစဉ် ယွဲ့ကျိုးက တဟားဟားရယ်ကာ ..
            ''ကောင်းပြီး ..ကောင်းပြီ .. မဟာမိတ်အဖွဲ့အစည်းကိုတောင် မကြေက်တမ်း ရင်ဆိုင်ဝံ့တယ်ဆိုတော့ မောင်ရင်ရဲ့ သတ္တိကိုတော့ လေးစားသွားပါပြီ .. အခုက စပြီး ကျေငြာတယ် .. ဒီရွှေရောင်နဖူးနဲ့သူငယ် .. ''
              ထိုနေရာတွင် ယွဲ့ကျိုးက စကားစရပ်ရင်း အားကွေ့ကို သေသေချာချာ ကြည့်ပြီး ..
              ''မောင်ရင်ဟာ ပန်းနီနီ အာမခံဌာနက ဆုငွေထုတ်ထားတဲ့ သူငယ်ပဲ ...  ကျုပ်အခုမှသတိရတယ် ...နဖူးမှာ ရွှေရောင်အစက်အပျောက်နဲ့လူငယ်ကို ပန်းနီနီ အာမခံဌာနက အသေမိရင် ရွှေချိန်တစ်ဆယ် .. အရှင်မိရင် ရွှေချိန်နှစ်ဆယ် ဆိုပြီး သတင်းထုတ်ထားတာပဲ .. ''
                သိုင်းလောကသားများသည်လည်း ပုရွတ်ဆိတ်အုံအား ရေနွေးပူ လောင်းလိုက်သကဲ့သို့ ..လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည် .. ရွှေချိန်တစ်ဆယ် ဟူသည်မှာ လူတစ်ယောက် ဘ၀ပြောင်းသွားစေသော ပမာဏ မဟုတ်လား .. ထိုသူငယ်ကို သတ်ရုံမျှနှင့် ရွှေချိန်တစ်ဆယ် .. အရှင်ဖမ်းနိုင်လျှင် နှစ်ဆယ်တောင် ရမည်လေ..
               သူတို့၏မျက်လုံးထဲတွင် ထိုသူငယ်မှာ ရွှေတုံးရွှေခဲကြီးဟု မြင်ယောင် မိလေတော့သည်...
                လောဘတက်သွားသော လူတစ်စု .. ဆံထိုးရယူလို၍ ကြွေးဟောင်း ကြွေးသစ်ပြန်ဆပ်လိုသော အဝေးရောက်လက်သီး ကျောက်ကျူးထင်နှင့် ဟွားဟွားတို့ လူစု .. ထောင်လွှားနေသောယွဲ့ကျိုးနှင့် မဟာမိတ်အဖွဲ့အစည်း ..  အားကွေ့အား လုပ်ကြံလိုနေသည့် စံအိမ်သခင်ကြီး ပါ့လောက်၏သား ပါ့ထင်း .. ထိုသူများ၏ လက်အောက်မှ အားကွေ့တစ်ယောက် လွတ်နိုင်ပါမည်လား ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၆၀
           သွားကျိုးသည်ခန်းမ အတွင်းရှိလူများ၏ အရိပ်အချေကို မျက်ချေမပျက် စောင့်ကြည့်နေသူဖြစ်ရာ ခန်းမအတွင်းလူကုန်နီးပါး အားကွေ့အား လက်ရဖမ်းလို နေကြကြောင်း ရိပ်မိသွားလေသည် ..
             သွားကျိုးမှာ လူနှစ်ရာနီးပါးမျှရှိသော လူအုပ်ကြီးကို ရင်ဆိုင်နိုင်စွမ်းမရှိဟု သိသော်လည်း ကြောက်စိတ်ဟူ၍ မြူမှုန်မျှမရှိပါ ..  အားကွေ့ ကို ဘေးမသီ ရန်မခံ ထိုခန်းမထဲက လွတ်အောင် မည်သို့ ကြံဆောင်ရမည်ကိုသာ တွေးတောနေမိသည်..
               ကာယကံရှင်ဖြစ်သော အားကွေ့ကတော့ လသာသောည ပန်းဥယျဉ်တွင် ရောက်နေသည့်အလား လက်နှစ်ဘက်ကိုနောက်ပစ်ကာ ..
              ''ဟားဟားဟားဟား .. ပန်းနီနီအာမခံဌာနက ကျုပ်ကို ဆုငွေထုတ်ထား တယ်ဆိုတော့ ဂုဏ်ယူစရာတခုပါပဲ .. ရွှေချိန်နှစ်ဆယ် ဆိုတာက နည်းနည်းနောနော မှမဟုတ်တာ .. ကျုပ်ကို ဖမ်းနိုင်တဲ့သူကတော့ သေချာပေါက် သူဌေးဖြစ်ပြီပဲဗျို့ .. ခက်တာက ဒီခန်းမကြီးထဲမှာ လူအယောက်နှစ်ရာနီးပါးလောက်ရှိမယ် .. ကျုပ်ကို ဖမ်းနိုင်တဲ့ တစ်ယောက်ထဲကပဲ ဆုငွေရမှာ ကျန်တဲ့သူတွေကတော့ တပြားမှ ရမှာ မဟုတ်ဘူးဆိုတာတွေးမိတော့ သူတို့အစား ကျုပ်က စိတ်တောင်မကောင်းဘူးဗျာ ..''
                 ခုတ်နဂါးယဲ့ယွင်နှင့် ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင်တို့သည် အားကွေ့နှင့် မဟာမိတ်ဂိုဏ်း ပြသနာတက်နေသည်ကို ပျော်ပွဲရွှင်ပွဲအလား ကြည့်ရှု့ နေရာမှ အားကွေ့၏ထိုစကားကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ .. ယွဲ့ပိုင်က ..
                 ''ဒီရွှေရောင်နဖူးနဲ့ သူငယ်ဟာ သိုင်းပညာတော့မသိဘူး ..ဉာဏ်ကတော့ တော်တော်ကောင်းတဲ့ သူငယ်ပဲ ဟေ့ .. အခုဆိုရင် သူ့စကားကြောင့် လောဘဇော တက်နေတဲ့ လူတသိုက် ကိုယ့်အချင်းချင်း ပြန်သတ်ကြတော့မယ် .. ''
                     ခုတ်နဂါးယဲ့ယွင်ကလည်း ယွဲ့ပိုင်စကားကို ထောက်ခံလိုက်ပြီး ..
                ''မှန်တယ်ဗျ .. ဒီကောင့်ရဲ့ ဉာဏ်စွမ်းဉာဏ်စကို ကျွန်တော်တောင် သဘောကျမိတယ် .. ဒါပေမယ့် ဦးကြီးယွဲ့ ကျွန်တော်တို့နှစ်ယောက် ဓါးခုတ်ရာ လက်ဝင်လျှိုမိနေအုံးမယ် .. ပြသနာမီးမကြီးထွားခင် ဒီခန်းမထဲက ထွက်သွားရင် မကောင်းဘူးလား ..''
                  ''နေစမ်းပါအုံး တူမောင်ယဲ့ရယ် .. ထောင်လွှားလွန်းတဲ့ ငါ့ညီ ယွဲ့ကျိုး ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်လိုက်အုံးမယ် .. ''
                    ယွဲ့ပိုင်၏အပြောကြောင့် ယဲ့ယွင်လည်း အားကွေ့နှင့် ယွဲ့ကျိုးတို့ စကားစစ်ထိုးရာနေရာသို့ ပြန်လည်အာရုံစိုက်လိုက်သည်...
              အားကွေ့၏ သွေးခွဲစကားကြောင့် ခန်းမအတွင်းရှိ လူများ တစ်ဦးနှင့်တစ်ဦး ရန်ဆောင်နေကြသဖြင့် ယွဲ့ကျိုးက အခြေအနေမဆိုးဝါးခင် ၀င်ထိန်းလိုက်၏.....
                     ''ပရိတ်သတ်ကြီးခင်ဗျာ .. ဒီကောင်လေးဟာ ကျုပ်တို့ မဟာမိတ် ဂိုဏ်းကို စော်ကားမော်ကားပြောဆိုထားတဲ့ သူ ဖြစ်တဲ့အတွက် သူ့ကို ဖမ်းဆီးဖို့ မဟာမိတ်ဂိုဏ်းနဲ့ပဲ သက်ဆိုင်ပါတယ်..''
                       အားကွေ့က ၀င်၍ထောက်လိုက်သည်..
                    ''မဟာမိတ်ဂိုဏ်းကရွှေချိန်နှစ်ဆယ်ကို မက်လို့ ဘယ်သူမှဝင်မလုနိုင် အောင်လုပ်သွားတဲ့ အကွက်လေးက တော်တော်ကောင်းတယ်ဗျ.. ဒါပေမယ့် မင်္ဂလာ ပွဲလာတဲ့လူတွေကို မဟာမိတ်ဂိုဏ်းနဲ့ ဖြဲခြောက်လိုက်တာက နည်းနည်းတော့ အရုပ်ဆိုးတယ် .. ခက်တာက ရွှေပွဲလာဧည့်သည်တွေကလည်း မဟာမိတ်ဂိုဏ်းကို အတော်ကြောက်ရတဲ့ပုံပဲ ..''
                       တောက် ခါနီးမီးကို လေပင့်လိုက်သည့်သဖွယ် အားကွေ့၏ စကားလုံးများက ဧည့်ပရိတ်သတ်ကြီး၏ ရင်ဝတည့်တည့်ကို ထိမှန်သွားသည်..
                      မိုးလုံးဟိန်းခြင်္သ့မင်းက သူ၏ကြီးမားသော ကိုယ်ခန္ဒာကို လှုပ်ရမ်းလိုက်ပြီး ...
                       ''မဟာမိတ်ဂိုဏ်းကို တခြားလူတွေ ကြောက်ချင်ကြောက်လိမ့်မယ် .. ကျုပ် မိုးလုံးဟိန်းခြင်္သေ့မင်းကတော့ မကြောက်ဘူးဟေ့ .. ''
                      အားကွေ့က သွားကျိုးအား အရက်ငှဲ့ရန် မျက်ရိပ်ပြလိုက်ပြီး ..
                       ''သတ္တိကိုတော့ ကြိုက်ပြီဗျို့ .. ကြည့်ရတာ ဆရာကြီး တစ်ယောက်ထဲ မဟာမိတ်ဂိုဏ်းကို မကြောက်တာနဲ့တူတယ် .. ''
                       ''ကျုပ်လည်းမကြောက်ဘူးဗျို့ .. သိုင်းသမားပဲ အသက်တစ်ချောင်း ထဲရှိတာပါ့ .. ''
                       ''အောင်မာ ကျုပ်တို့ကကြောက်စရာလား ..''
                      ''ဒီမဟာမိတ်ဂိုဏ်း လူပါးဝနေတာကြာပြီ .. မကြောက်ဘူးကွ.''
                          ရွှေဗျိုင်းဖြူစံအိမ်ကြီး တုန်လုလုတိုင်အောင် ဧည့်ပရိတ်သတ်များ ၏ အသံတို့က ပလုံစီကာ ထွက်လာ၏.. ယွဲ့ကျိုး .. ပါ့လောက်နှင့် ပါ့ထင်းတို့မှာ ထိုလူအုပ်ကြီး၏ အသံများကြောင့် မျက်လုံးပြူးမျက်ဆန်ပြူးများ ဖြစ်ကုန်ကြသည်..
ကျောက်ကျူးထင် နှင့်ဟွားဟွားတို့လူစုပင် ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့် အကြောင်သားဖြစ်ကုန်ကြသည်..
                           ''ကောင်းပြီ.. ဒါဆိုရင် ခင်ဗျားတို့ ရွှေချိန်နှစ်ဆယ်ရဖို့ အရင်ဆုံး မဟာမိတ်ဂိုဏ်းကို လွန်ဆန်နိုင်မှဖြစ်မယ်ဗျို့ ..''
                        ''၀ုန်း...၀ုန်း ..၀ုန်း''
                           အားကွေ့၏ စကားအဆုံးတွင်  မိုးလုံးဟိန်းခြင်္သေ့မင်းနှင့် သိုင်းသမားအချို့သည် စားပွဲခုံများကို တွန်းလှဲလိုက်ကြ၏ ..
                            ပါ့လောက် ..ပါ့ထင်းနှင့် ယွဲ့ကျိုးတို့မှာ သိုင်းလောကသားများ ငြိမ်သက်သွားအောင် ကျိုးစားနေကြသော်လည်း အချည်းနှီးသာ ..
                          အထူးစားပွဲဝိုင်းမှ ဂိုဏ်းချုပ်ကြီးများပင် မနေသာတော့ဘဲ .. ၀ူတန်ဂိုဏ်းချုပ်ကြီးနှင့်အတူ ဧည့်ပရိတ်သတ်ကိုဖြောင်းဖျနေသည်..
                            ထိုအခါမှ သိုင်းလောကသားများသည် ခေတ္တငြိမ်သက်သွား ကြ၏ ..
                          ယင်းအခိုက် ..အပြင်ရှိ မဟာမိတ်ဂိုဏ်းသားများ အခန်းတွင်းမှ ဆူညံသံများကြောင့် စူးစမ်းလေ့လာရန် ၀င်လာခဲ့ကြရာ .. အားကွေ့က ..
                          ''တိုက်ကြဟေ့ ..မဟာမိတ်ဂိုဏ်းက စပြီးလှုပ်ရှားနေပြီ .. တိုက်နိုင်မှလွတ်မယ်နော် .. ''
                            ဟူ၍အော်ဟစ်လိုက်ရာ ငြိမ်သက်မှုမှသည် တိုက်ပွဲဆီသို့ ဦးတည်သွားလေတော့၏...
                        ''ချွင်..ချွင်..ချွင်..''
                         ''မဟာမိတ်ဂိုဏ်းသားတွေကို တိုက်ကြဟေ့ .. ''
                           ''ရော့..ကွာ..''
                          ''ဖြောင်း..ဖြောင်း..ဖြောင်း''
                           ''ဖုန်း..''   ''အား..''
                            လူများ ရောထွေးကုန်သဖြင့် မည်သူမည်ဝါ မခွဲခြားနိုင်တော့ဘဲ တွေ့ကရာ လူကိုသာ တိုက်ခိုက်ကြရတော့သည်.. ကျောက်ကျူးထင်မှာ လူငယ်လေးယောက်ကို လူစုမကွဲစေရန် မှာကြားပြီး အားကွေ့အားလိုက်ရှာနေ၏..     အော်ဟစ်သံ လက်နက်ခြင်းထိတွေ့သံ ထိခိုက်နာကျင်သံ အစရှိသည့်အသံများက
ခန်းမကြီးပွင့်ထွက်လုလုပင် ..အပြင်တွင်ကျန်ရှိနေသေးသော မဟာမိတ်ဂိုဏ်းသားများ မှာ အတွင်းတွင် တိုက်ပွဲဖြစ်နေသောကြောင့် ဓါးများဆွဲကာပြေးဝင်လာကြသည်.. တိုက်ခိုက်သူများက ပို၍ ပို၍များလာလေ၏ ..
                         ယွဲ့ကျိုးသည် သူ့အားတိုက်ခိုက်လာသော ဓါးလေးလက်အား ရိုက်ဖယ်ပြီးလျှင် အားကွေ့အရှေ့သို့ခုန်ထွက်လိုက်သည် ..သို့သော် အားကွေ့ အနီးတွင်ရပ်နေသော သွားကျိုးက ယွဲ့ကျိုးအား ဦးအောင်တိုက်ခိုက်လိုက်သည်..
                         ''၀ှမ်း..''
                          ''ဖြန်း..''
                         သွားကျိုး၏ရဟန်းငါးပါးသိုင်းကွက်အား ယွဲ့ကျိုး က လမင်းကိုမြောက်တင်ခြင်း ဟူသော သိုင်းကွက်ဖြင့်ခုခံလိုက်၏ .. လက်ဝါးနှစ်ဖက် ပြင်းထန်စွာထိတွေ့ပြီးသည့်နောက် သွားကျိုးမှာ နောက်သို့ ခြေလှမ်းသုံးလှမ်းဆုတ် သွားရသည်.. ယွဲ့ကျိုးမှာ သွားကျိုးထက် အတွင်းအားပိုသာလေ၏ .. သို့သော် ရဟန်းငါးပါးသိုင်းကွက်မှာ ရိုးရှင်းသလောက်အဆင့်မြင့်သိုင်းကွက်ဖြစ်သဖြင့် ယွဲ့ကျိုး၏ လက်သိုင်းကို ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့သည်..
.                      ယွဲ့ကျိုးမှာ သွားကျိုး၏ သိုင်းကွက်များကြောင့် ရှောင်လင်ကဟု ရိပ်မိလိုက်ပြီး
                      ''ရှောင်လင်သိုင်းသမားလုပ်နေပြီး ..ကတုန်းကတိုက်ကောင်ကို ကာကွယ်ပေးနေတာ မရှက်ဘူးလားကွ..''
                       ''၀ှစ်..၀ှစ်..၀ှစ်..''
                လက်သီးချက်သုံးချက်ဆက်တိုက်ထိုးပြီးနောက် ..  ပြောလာသောယွဲ့ကျိုးအား  .. သွားကျိုးက လက်သီးချက်ကို အမြန် ရှောင်တိမ်းပြီး ပြန်ချေပလိုက်သည်. ..
                 ''ခင်ဗျားတို့လို ၀ါစဉ်ကြီးသိုင်းပညာရှင်လုပ်နေပြီး အမှန်တရားကို ဖုံးကွယ်ချင်တဲ့လူကမှ ရှက်ဖို့ကောင်းတာဗျ..'''
                    ယွဲ့ကျိုးမှာ သွားကျိုး၏စကားကြောင့် စိတ်တိုသွားရပြီး အတွင်းအား နောက်တဆင့်ထပ်မြင့်ကာ သွားကျိုးအားတိုက်ခိုက်လိုက်သည်.. အားကွေ့ကတော့ အရက်အိုးကို မော့သောက်နေရင်း တခန်းလုံးကို ကြည့်ရှု့နေသည် ..
                    နှင်းဆီရောင်ဝတ်မိန်းကလေးမှာ တိုက်ပွဲနှင့်လွတ်ကင်းရာ ထုတ်တန်း ပေါ်သို့ခုန်တက်ကာ အားကွေ့အားစိုက်ကြည့်နေ၏... သူမရင်ထဲတွင် အားကွေ့၏ ထီမထင်သော စိတ်ဓါတ်အားသဘောကျစပြုနေပြီလေ..
                     အားကွေ့က မိန်းကလေးအားပြုံးပြလိုက်ပြီး .. ယွဲ့ကျိုး၏ တိုက်ခိုက်မှုကို အောက်စည်းမှ ကာကွယ်နေရသော သွားကျိုး၏ ပုခုံးကို လက်ဝါးဖြင့် ရိုက်လိုက်သည်..
                    အားကွေ့ ၏လက်ဝါးရိုက်ချက်ကြောင့် သွားကျိုး၏ကိုယ်တွင်းသို့ ပူနွေးသောစီးကြောင်းတစ်ခုတိုးဝင်လာပြီး အားအင်ပြည့်ဖြိုးသွားလေ၏..
                ''ဖုန်း..''
                 ''အင့်...''
                 ''ဝေါ့..''
                 ယွဲ့ကျိုးသည်သွားကျိုးအား မယုံကြည်နိုင်သောမျက်လုံးအစုံဖြင့် ကြည့်ပြီး ပါးစပ်မှမသဲမကွဲရေရွတ်ကာ သွေးတလုပ်ကို အန်ထုတ်လိုက်သည်.... သူနှင့်သွားကျိုးလက်ဝါးခြင်းဆုံတွေ့ခိုက် အတွင်းဒါဏ်ရာရသွားခြင်းဖြစ်သည်..
                 သွားကျိုးပင်လျှင် ထိုအဖြစ်အပျက်ကို အံ့အားသင့်မိ၏ .. မည်သည့် အတွက်ကြောင့်သူ၏အတွင်းအားများ ပြည့်ဝသွားသည်ကို သူကိုယ်တိုင်ပင်မသိပါ..
သို့သော် သွားကျိုးကြာရှည်မတွေးတောနိုင်ခင်တွင် အားကွေ့ကသွားကျိုး၏ လက်ကို ဆွဲကာ ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သည် .. အားကွေ့သည် ပြတင်းပေါက်ဘောင် ပေါ်သို့အရောက်တွင် စားပွဲပေါ်မှ တူတစ်ချောင်းကို ကောက်ယူကာ ဧည့်သည် သိုင်းသမားတစ်ယောက်နှင့်တိုက်ခိုက်နေသော ပါ့ထင်းအားပစ်ပေါက်သွားလိုက်၏ ...
                    ''၀ှီး...''
                    ''ဖေါက်..'''
                     ''အား..အု..အု..''
                     ပါ့ထင်း၏လည်ပင်းသို့ အားကွေ့ပစ်လိုက်သော တူမှာ ထုတ်ချင်းပေါက်စိုက်ဝင်သွားသဖြင့် သွေးများငေါက်တောက်ပန်းထွက်ကာ ခန်းမကြမ်း ပြင်ပေါ်လဲကျပြီးလူးလိမ့်နေသည်.. ပါ့လောက်သည် သူ့သား၏ အဖြစ်ဆိုးကြောင့် အာခေါင်ကွဲမတတ်ဟစ်အော်လိုက်ပြီးနောက် သားဖြစ်သူဆီ ခုန်ပျံသွားလိုက်၏ ..
                         နှင်းဆီရောင်မိန်းကလေးသည်လည်း ထုတ်တန်းပေါ်မှ ခုန်ဆင်း ကာ အားကွေ့သို့ ထွက်ပြေးသွားသော ပြတင်းပေါက်မှ အပြင်သို့ထွက်သွား လိုက်လေသည်..
                      သွားကျိုးမှာ အားကွေ့၏လက်ကို ဆွဲကာ
                       ''အကိုအားကွေ့ .. သူရဲကောင်းဇရပ်ပိုင်ရှင်ကတော့ ကျွန်တော့် လက်ချက်စာမိသွားပြီ.. ဒီလူကြီးကကျွန်တော့်ထက် အတွင်းအားကောင်းရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီးခံလိုက်ရတယ်မသိဘူး''
                      အားကွေ့ကပြုံးလိုက်ပြီး
                     ''မင်းကသူ့ထက် သိုင်းပညာပိုသာလို့ပေါ့ကွာ ..သိပ်တွေးမနေပါနဲ့ ..ငါတို့ ဖုချင်းတို့အိမ်ကို အမြန်ရောက်အောင်ပြန်ရအောင်ဟေ့ .. ''
                    ''အခန်းထဲမှာတော့ ဘယ်လိုတွေဖြစ်ကုန်ပြီလဲမသိဘူးနော် ..အကို အားကွေ့ ..''
                    အားကွေ့ကခြံဝင်းအပြင်သို့ရောက်လျှင် နောက်သို့လည့်ကြည့် လိုက်ပြီး ...
                    ''မိန်းကလေးက ကျုပ်တို့နောက် ဘာဖြစ်လို့လိုက်လာတာလဲ..''
                     သွားကျိုးမှာ အမေးတခြားအဖြေတခြား အားကွေ့စကားကြောင့် အူကြောင်ကြောင်ဖြစ်ကာ နောက်သို့လည့်ကြည့်လိုက်၏... ထိုအခါ ကျောတွင် ဓါးကို လွယ်ပိုးထားသော နှင်းဆီရောင်ဝတ် မိန်းမချောလေးကို မြင်လိုက်ရသည်..
                    မိန်းကလေးက လက်ခုပ်တီးလိုက်ကာ ..
                     ''ဖြောင်း..ဖြောင်း..ဖြောင်း..ဖြောင်း''
                      ''ရှင့်ကို ဂုဏ်ပြုချင်လို့ လိုက်လာတာပါ.. တမျိုးမထင်ပါနဲ့ .. ရန်သူတွေဝိုင်းနေတဲ့ကြားထဲက သိုင်းတကွက်မှ မသုံးဘဲ ဖောက်ထွက်လာနိုင်တဲ့ ရှင့်ကို ချီးကျူးခြင်လို့ပါ....''
                         အားကွေ့က သွားကျိုး၏လက်ကို ဖြုတ်ကာ ရယ်ကျဲကျဲဖြင့်
                        ''ဟားဟား ..ဒီလောက်ကိစ္စလေးကိုတော့ အားကွေ့က မမူဘူကွဲ့ မိန်းကလေးရဲ့ ...''
                        မိန်းကလေးက ချစ်စဖွယ်ပြုံးလိုက်ပြီးနောက်..
                       ''ဘာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ပြသနာတစ်ခုကိုဖြေရှင်းနိုင်တဲ့ ရှင့်ကို အထင်ကြီးမိတာတော့ အမှန်ပါရှင် ...''
                          ''ဒါဆိုအခု ကျုပ်ကမိန်းကလေးနဲ့ အသိအကျွမ်းဖြစ်လို့ ရပြီပေါ့..''
                           ''ကျွန်မနာမည်က ပိုင်စွတ်ပါ..''
                            အားကွေ့ကမိန်းကလေး၏မျက်နှာလုလုကို ငေးမောကြည့် လိုက်ပြီး .
                            .''' နာမည်နဲ့လူနဲ့လိုက်ဖက်ပါပေတယ် .. မိန်းကလေးကြည့် ရတာ ဓါးသိုင်းပညာတော်တော်ထူးချွန်မယ့်ပုံပါပဲ .. တရက်ကြမှ မိန်းကလေးဆီမှာ ဓါးသိုင်းပညာ သင်ယူရအုံးမယ်..'''
                        မိန်းကလေးက သူမ၏ဓါးကို စမ်းလိုက်ပြီးမှအသံလွင်လွင်ဖြင့်..
                        ''ဟင်း..ဟင်း..ဟင်း .. ကျွန်မလည်း အခုမှ ဆည်းပူးနေတုန်း ရှိပါသေးတယ်ရှင် .. အချိန်ရရင်တော့ ကျွန်မသိနားလည်သလောက် ရှင်းပြပါ့မယ် .. ဒါနဲ့ ရှင်တို့ ဘယ်သွားကြမလို့လည်းမသိရဘူးလားရှင် ..''
                        ''သိရပါတယ်ဗျာ.. ခန်းမထဲက သတို့သား ပါ့ထင်းရဲ့ ယုတ်မာမှု ခံလိုက်ရတဲ့ မိန်းကလေးတို့ အိမ်ပါဗျာ .. မိန်းကလေးပိုင် လိုက်ချင်တယ်ဆိုရင် ကျုပ်ကဖိတ်ခေါ်လျှက်ပါ.. ''
                       ''ကျွန်မကလည်း မိန်းကလေးချင်းကိုယ်ချင်းစာလို့ ဖုမိန်းကလေးကို တွေချင်နေတာရှင့် ..အားပေးစကားလေးပြောရအောင်ပေါ့ ..''
                         အားကွေ့ကမိန်းကလေးပိုင်အား ဦးညွတ်ပြလိုက်ကာ
                        ''ဒီလိုဆိုရင် သိပ်ကောင်းတာပေါ့ဗျာ ..သူ့ခမျာ မိန်းကလေးပိုင် လိုမိန်းမချင်းအားပေးစကားကြားရရင် ခံစားရသက်သာသွားနိုင်တာပေါ့ ..''
                          ထို့နောက် သုံးယောက်သား ၀ူချောင်မြို့၏ ဆင်ခြေဖုံးရပ်ကွက် ထဲသို့ ၀င်သွားကြလေ၏...
                         သူတို့ထွက်သွားပြီး သိပ်မကြာခင်တွင် ထိုနေရာသို့ ကျောက်ကျူးထင်တို့အဖွဲ့ရောက်လာကြသည်.. သူတို့ငါးယောက်စလုံးတွင် တခြားလူများ၏ သွေးများကပေပွနေ၏ ... ဟွားဟွားမှာ သွေးပျက်လုမတတ် မြင်ကွင်းဆိုးကြီးကြောင့် သစ်ပင်တစ်ပင် ခြေရင်းတွင်ထိုင်ကာ စားထားသမျှကို အန်ထုတ်နေမိသည်..
                     လိုင်လိုင် အားဖုန်နှင့် အားချန်တို့ပင်လျှင် မျက်နှာမှာ သွေးဆုတ် မတတ်ဖြူလျော်နေ၏ .. ကျောက်ကျူးထင်ကတော့ အားကွေ့မည်သည့်ဘက်သို့ သွားမည်နည်းဟု တွေးဆလျှက် ..လေများအန်ထုတ်နေသော လိုင်လိုင်အားကြည့်ကာ
                    '' လိုင်လိုင် ..မင်းညီတွေနဲ့ဟွားဟွားကို ခေါ်ပြီး တည်းခိုဆောင်ကို အရင်ပြန်နှင့် ဦးကြီးကျောက် ဟိုခွေးကောင်ကို လိုက်ရှာလိုက်အုံးမယ် ..''
                   လိုင်လိုင်က သူ့ကိုယ်တွင်ပေနေသော သွေးစက်များကို ရွံရှာသော အကြည့်ဖြင့်ကြည့်ကာ ခေါင်းကို ငြိမ့်လိုက်သည်..
                    ''ဟုတ်ကဲ့ ဦးကြီးကျောက် .. ကျွန်တော်တို့ တည်းခိုဆောင် အရင်ပြန် နှင့်မယ် .. ဒါနဲ့ ကျွန်တော့် အထင်မမှားဘူးဆိုရင် ..ဦးကြီးကျောက် ဟိုမိန်းကလေး ဖုချင်းတို့အိမ်ကို အရင်စုံစမ်းသင့်တယ် .. ဟိုကောင် အဲ့အိမ်မှာပဲ ရှိလောက်တယ် .''
                      ကျောက်ကျူးထင်မှာ ရှာဖွေရန်လမ်းစပျောက်နေရာမှ လိုင်လိုင်၏ စကားကြောင့် မျက်လုံးများ အရောင်တဖိတ်ဖိတ်တောက်ပလာပြီ...
                   ''ငါ့တူလိုင်လိုင်ပြောတာဖြစ်နိုင်တယ်ဟေ့ .. ဒီကောင်အဲ့အိမ်ကို သွားမှာမုချပဲ ... ''
                  ဟုပြောလိုက်ပြီးနောက် မိန်းကလေးဖု တို့အိမ်ကို စုံစမ်းရန် မြို့ထဲသို့ ပြေးဝင်သွားလိုက်သည်...
'===========================
           ကျင်းကျူးသည် ပန်းသီးများကို အနာအဆာပါမပါရွေးချယ်ဝယ်ယူနေသည် .. ဘဘဟုန်းကတော့ စားသောက်ဆိုင်အတွင်းသို့ ၀င်သွားကာ အရက်သွားဝယ် နေဟန်တူ၏ .. ရှောင်းဟူအား မည်သူမှ မမြင်တွေ့အောင် အ၀တ်ထုတ်ထဲတွင် ထည့်ကာ ကျောတွင်လွယ်ပိုး ထား၏..
             ပန်းသီးရောင်းနေသူမှာ မိန်းမကြီးပင်ဖြစ်သော်လည်း သိမ့်မွေ့နူးညံ့လှသော ကျင်းကျူး၏မျက်နှာလေးအား ငေးကြည့်နေသည် .. ကျင်းကျူးက ရဲရဲတွတ်နေသည့် ပန်းသီးငါးလုံးကို ကြိမ်ခြင်းလေးထဲကောက်ထည့်လိုက်ပြီးနောက် ကြေးပြားဆယ်ပြား ကိုဈေးသည်မိန်းမကြီးအား ပေးလိုက်၏ ...
               ဟူပိန်မြို့ဈေးသည် အသီးအရွက်များ အလျှံပယ်ပေါကြွယ်ဝလှသည် .. ကျင်းကျူးဈေးဝယ်ပြီးသည်နှင့်အချိန်ကိုက်ပင် ဘဘဟုန်းစားသောက်ဆိုင်ထဲမှ ထွက်လာ၏ .. သူနှင့်အတူ သူဖုန်းစား တစ်ယောက်လည်း လိုက်ပါလာသည် .. ထိုသူဖုန်းစားသည် ပုခုံးတွင် အိတ်ရှစ်အိတ်ချိတ်ဆွဲထားပြီး လက်ထဲတွင် မည်းနက်နေသော ဒုတ်တစ်ချောင်းကိုင်ထား၏... ဘဘဟုန်းအား အလွန်ရိုသေနေ သည့်အသွင်ရှိ၍ မကြာမခဏဆိုသလို ဦးညွတ်ဂါရ၀ပြုနေသည်.. ဘဘဟုန်းက ကြိမ်ခြင်းထဲမှ ပန်းသီးများကိုကြည့်ကာ ..
                 ''သမီးကျင်းကျူးတောင် ဈေးဝယ်ပြီးမှကိုး ... ဘဘက အသိတစ်ယောက်တွေ့တာနဲ့ နည်းနည်းကြာသွားသကွဲ့ .. ''
                အသက်လေးဆယ်ခန့်ရှိသော သူဖုန်းစားကြီးအား လက်ညိုးညွန်ပြ လိုက်ပြီး ..
               ''သူ့နာမည်က ခွေးရိုက်သူ ထင်း လို့ခေါ်တယ်သမီးရဲ့ .. သူဖုန်းစားဂိုဏ်း ရဲ့ လက်ထောက်ဂိုဏ်းချုပ်ပေါ့ .. နောင်လမ်းမှာတွေ့ရင် ခေါ်ပြော ..လိုတဲ့အကူအညီ တောင်းပေါ့ကွယ်..''
              ခွေးရိုက်သူ ထင်းက ကျင်းကျူးအား အရိုအသေပေးလိုက်ပြီး ..
              ''လုံမလေးကျင်း နဲ့တွေ့ရတာ ၀မ်းသာပါတယ်ဗျာ .. ''
              ''ကျွန်မကလည်း ဦးဦးထင်းနဲ့ တွေ့ရတာ ၀မ်းသာပါတယ်ရှင် .. ''
              ဘဘဟုန်းက ကျင်းကျူး၏လက်ထဲမှ ကြိမ်ခြင်းကို လှမ်းယူလိုက်ကာ ..
              ''သမီးရေ သတင်းတစ်ခုတော့ကြားတယ်ကွဲ့ .. သူဖုန်းစားဂိုဏ်းဆိုတာက နိုင်ငံအ၀ှန်းမှာရှိတော့ သတင်းတစ်ခုရပြီဆိုရင် တခြားသူတွေထက်စောပြီး ခေါင်းဆောင်ပိုင်းဆီကို ရောက်လာတတ်တယ်..''
                 ကျင်းကျူးက သူမ၏မျက်တောင်ကော့ကြီးကို တဖျတ်ဖျတ်ခတ်လိုက်ရင်း မျှော်လင့်ချက် မျက်လုံးများဖြင့် ဘဘဟုန်းအားကြည့်ကာ ..
                  ''အကိုအားကွေ့အကြောင်းလားဟင် .. သူအခုဘယ်မှာတဲ့လည်း ဘဘဟုန်းရဲ့ ...'''
                 ဘဘဟုန်းက သက်ပြင်းတချက်ချလိုက်ပြီး ..
                  ''အိမ်း သူလို့တော့ထင်တာပဲသမီးရဲ့ ..ရှောင်လင်ဘုန်းကြီးရွှီကြွင်း ပြောလိုက်တဲ့စကားဆိုရင် အားကွေ့ရဲ့နဖူးမှာ ရွှေရောင်အကွက်ရှိတယ် .. စပ်စုပြီး ဟိုနေရာဒီနေရာ ၀င်ဝင်ပါတတ်တယ် လို့ဆိုတာကိုး.. အခုလည်း ရွှေရောင်နဖူးနဲ့ လူ ငယ်အကြောင်းဆိုတော့ ဘဘက သူလို့ထင်တာပဲ .. ''
                ကျင်းကျူး၏မျက်နှာလေးမှာ ကြည်လင်ဝင်းပသွားကာ ၀မ်းသာလွန်း၍ မျက်ရည်ကြည်များရစ်ဝဲလာ၏..
                  ''ဒါပေမယ့်သမီးရေ.. သတင်းကတော့သတင်းကောင်းတော့မဟုတ်ဘူး .အဲ့ဒီရွှေရောင်နဖူးနဲ့လူက ၀ူချောင်မြို့ကိုရောက်နေသတဲ့ ...''
                    ''အော်..ဘဘကလည်းဒါသတင်းကောင်းပေါ့ ..ဘဘအခုသွားမယ် နော် .. နော် ဘဘဟုန်း..''
                      ဘဘဟုန်းက ခေါင်းကို ခါရမ်းလိုက်ပြီး ..
                      ''နေပါအုံးသမီးရဲ့ ဘဘပြောတာ ပြီးအောင်အရင် နားထောင်အုံး .. အဲ့ဝူချောင်မှာ ရွှေဗျိုင်းဖြူစံအိမ်ဆိုတာရှိတယ်သမီးရဲ့ ..အဲ့စံအိမ်သခင်ကြီးရဲ့သား မင်္ဂလာဆောင်ကို ရွှေရောင်နဖူးနဲ့လူငယ်ရောက်လာပြီး ဗြောင်းဆန်သွားအောင် လုပ်လိုက်သတဲ့ .. သတို့သားပါ့ထင်းအပြင် သိုင်းလောကသားအယောက်ခုနှစ်ဆယ် ကျော်သေဆုံးသွားသတဲ့ .. မင်္ဂလာပွဲကနေ အမင်္ဂလာပွဲဖြစ်သွားပြီး . အခုဆိုရင် သိုင်းလောကမဟာမိတ်အဖွဲ့အစည်းက ကြေငြာချက်ထုတ်ပြန်ထားတယ် .. ရွှေရောင် နဖူးနဲ့လူငယ်ကို မည်သည့်အသင်းအဖွဲ့ကမှ ထောက်ခံမပေးဖို့နဲ့ တွေ့ရင် သူတို့ အဖွဲ့အစည်းကိုအကြောင်းကြားဖို့ ထုတ်ပြန်ထားတယ်.. ပြီးတော့အဲ့သူငယ်ကို လိုက်နေတာ သူတို့တင်ပဲမဟုတ်ဘူး .. ပန်းနီနီအာမခံဌာနကပါ သူ့ကို ဆုငွေ ထုတ်ထားသေးတယ် သမီးရဲ့..''
                      ''ဟင် ..ဆုငွေထုတ်ရအောင် သူတို့က တရားရေးဌာနကလား .. ပြီးတော့အကိုအားကွေ့ကလူဆိုးမှမဟုတ်ဘဲ  .. ''
                      သိုင်းလောကအကြောင်းနကန်းတစ်လုံးမှမသိသော ကျင်းကျူး၏ စကားကြောင့် ဘဘဟုန်းမှာ ရင်လေးသွားပြီး ..
                      ''သမီးကသိုင်းလောကနဲ့ မရင်းနှီးတော့ ဒီလိုဆုငွေအကြောင်းတွေ ရှင်းပြနေလည်း သဘောပေါက်မှာမဟုတ်ဘူး .. အခုဘဘသမီးအတွက်စိတ်ပူနေတာ အကယ်လို့သာ သမီးက အားကွေ့အနားမှာရှိနေမယ်ဆိုရင် သူ့အတွက်တင်မကဘူး သမီးအတွက်ပါအသက်အန္တရာယ်ကျရောက်မှာသေချာတယ် .. ဒါကြောင့်  သမီး အားကွေ့နဲ့တွေ့မယ့်ကိစ္စကို လက်လျော့ပြီး နေပြည်တော်ပြန်ကြရင် မကောင်းဘူး လားကွယ်..'''
                       ကျင်းကျုးမှာ အားကွေ့အသက်အန္တရာယ်ကြုံနိုင်သည်ဟူသော စကားကြောင့် စိတ်ပူနေရာမှ ..
                        ''ဘဘဟုန်းကလည်း သူအခုလိုအသက်အန္တရာယ်ကြုံနေတာကို သမီးကသွား မတွေ့ရင်ဘယ်လိုဖြစ်သွားမှာလည်း ..တော်ပြီ ဘဘဟုန်းရယ် .. အခုချက်ခြင်း ၀ူချောင်ကို သွားမယ် မြန်လေကောင်းလေပဲ ..တကယ်လို့ ဘဘဟုန်း မလိုက်ရင်တောင် သမီးတစ်ယောက်ထဲ ရောက်အောင်သွားမှာ..'''
                         ဘဘဟုန်းမှာ ပြောမရဆိုမရ ခေါင်းမာလှသောကျင်းကျူး၏ စကားကြောင့် ခေါင်းကိုငြိမ့်လိုက်ပြီး ..
                       ''ကိုင်း..သမီးဆန္ဒပြင်းပြနေတော့လည်း သဘောပဲကွယ်..''
                        ခွေးရိုက်သူ ထင်း ကတော့လူပုံပန်းနုနယ်သလောက် စိတ်ဓါတ် ပြင်းပြသောကျင်းကျူးကိုသာ အံ့သြမိတော့သည်..
==================================
                ကျောက်ကျူးထင်သည် မှောင်ရီပျိုးစအချိန်တွင်မှ ၀ူချောင်မြို့ဆင်ခြေဖုံးရှိ
ဖုချိတို့အိမ်ကိုရောက်သွားလေသည် ... ဆင်ခြေဖုံးရပ်ကွက်ဖြစ်သောကြောင့် ၀င်္ကပါ သဖွယ်လမ်းများကြားတွင် အခါခါ မျက်စိလည်လည်သွား၍ မကြာသင့်ပဲကြာသွားရ၏ .. လမ်းညွှန်ပြသူများကလည်း ဖုချိတို့သားအဖအိမ်ဟုမေးလိုက်လျှင် မဖြေခြင်သလို ပုံစံမို့ ကျောက်ကျူးထင်မှာ လွန်စွာစိတ်အိုက်ရသည် .. နောက်မှ သဘောကောင်း သော အဘိုးကြီးတစ်ယောက်ညွှန်ပြမှုဖြင့်ရောက်လာရခြင်းဖြစ်၏...
                  သို့သော်အလာကောင်းပေမယ့်အခါနှောင်းပြီဟု ဆိုရတော့မည် . တအိမ်လုံး ကိုအပြင်မှသော့ခတ်ထားပြီး ခရီးထွက်သွားဟန်တူသည်..
                   ''အင်း..ဒီကောင် ခြေရောင်ဖျောက်သွားပြီနဲ့တူတယ် .. ဒါပေမယ့် အရပ်သားတွေပါတော့ ခရီးဝေးရောက်မယ့်ပုံတော့ မပေါ်သေးဘူး .. လိုင်လိုင်တို့ လေးယောက်ကို ပြန်ခေါ်ပြီး ဒီကောင့်နောက်ကို အမြန်လိုက်မှ.. '' ဟုအတွေးပေါက်ပြီး တည်းခိုဆောင်ရှိရာသို့ပြန်ထွက်လာခဲ့သည်..
                   အပြန်တွင်လည်း ရှုပ်ထွေးများမြောင်လှသောလမ်းများကြောင့် အတန်ကြာ နောက်ကျသွားပြန်၏.. သူတည်းခိုဆောင်ကို ပြန်ရောက်သည့်အချိန်ဝယ် လူငယ်များ အိပ်မောကျနေကြသည် ..
                 သို့နှင့်တခန်းပြီးတခန်းဝင်နိုးရာ .. ဟွားဟွား.. အားဖုန်နှင့်အားချန် ကိုသာတွေ့ပြီး လိုင်လိုင်ကို မတွေ့သဖြင့် သူနှင့်အတူတူအိပ်သော အားချန်အား
                   ''အားချန် လိုင်လိုင်ကဘယ်ရောက်သွားတာလဲ ..မင်းနဲ့အတူတူအိပ် တာမဟုတ်ဘူးလား ..''
                 အားချန်က အိပ်မှုန်စုံဝါးဖြင့်..
                   ''၀ါး... လိုင်လိုင်က ကျွန်တော်နဲ့မှ မအိပ်ဘဲ .ဒီကိုရောက်တဲ့ ည ကတည်းကကျွန်တော်နဲ့မအိပ်ဘူး .. တည်းခိုဆောင် ခေါင်မိုးပေါ်တက်ပြီး တစ်ယောက်ထဲအိပ်တာဗျ ..  ''
                  ကျောက်ကျူးထင်မှာ ဇီဇာကြောင်လွန်းသော လိုင်လိုင်အား အနည်းငယ်စိတ်ထွက်သွားကာ ..
                   ''ထူးလည်းထူးတဲ့ကောင် .. အမြန်လိုပါတယ်ဆို နှေးရအုံးမယ် .. ကိုင်း အားချန်မြန်မြန်တက်ပြီး နိုးချေ .. ငါတို့အထုတ်အပိုးပြင်ပြီး တည်းခိုဆောင်ရှေ့မှာ စောင့်နေမယ် .. မြန်မြန်လုပ်ဟေ့..''
                   အားချန်လည်း လိုင်လိုင်ကို နိုးရန်ခေါင်မိုးပေါ်သို့ ခုန်တက်သွား၏ ..
  ကျောက်ကျူးထင်နှင့် အားဖုန်ကတော့ ပစ္စည်းပစ္စရများကို ထုတ်ပိုးကာ မြင်းပေါ်သို့ တင်နေကြသည်... ဟွားဟွားကတော့ မြင်းပေါ်တွင် အခန့်သား ထိုင်ကာ အိပ်ငိုက်နေ ၏..
                    သိပ်မကြာခင်တွင်ပင် အားချန်နှင့်လိုင်လိုင် ခေါင်မိုးပေါ်က ခုန်ဆင်း လာခဲ့ကြသည်.. လိုင်လိုင်ကအောက်ရောက်သည်နှင့် ..
                    ''ဘယ်လိုလည်းဦးကြီးကျောက် မမိခဲ့ဘူးမဟုတ်လား ..''
                   ''အေးကွ .. လမ်းညွှန်မယ့်သူမရှိလို့ ၀ူချောင်မြို့ထဲမှာ ငါလမ်းပျောက် နေတုန်း ဒီကောင်တွေ ထွက်ပြေးသွားတာဖြစ်မယ် .. ''
                    လိုင်လိုင်က မြင်းပေါ်ခုန်တက်လိုက်ပြီး
                   '' ဦးကြီးကျောက် ကုန်းလမ်းကလိုက်မှာလား ရေလမ်းကလိုက်မှာလား .. ကျွန်တော့်အထင်တော့ကုန်းလမ်းက ပိုဖြစ်နိုင်တယ်.. ''
                      ''ဘယ်လိုဖြစ်လို့လည်း . ကုန်းကြောင်းနဲ့သာပြေးရင် အဲ့ကောင်တွေ ဘယ်လွတ်နိုင်မလဲ .. မြို့တိုင်းနီးပါးမှာ ပန်းနီနီအာမခံအဖွဲ့နဲ့ မဟာမိတ်အဖွဲ့ခွဲတွေ အများကြီးရှိတဲ့ဟာ.. အမိုက်ခံပြီးပြေးပါ့မလား ..''
                     ကျောက်ကျူးထင်၏အမေးကို လိုင်လိုင်က
                     '' .. သူ့စိတ်ဓါတ်ကို ကျွန်တော်လေ့လာမိသလောက် .. ဒီကောင်က တော်တော်စပ်စပ်စုစုနိုင်မယ့်အမျိုးကိုဗျ .. မဆိုင်တဲ့ကိစ္စမှာ အသက်နဲ့ရင်းပြီး ၀င်ပါတာကိုပဲကြည့် ..အဲ့လို ကောင်တွေက ခရီးထွက်ရင် မတူညီတဲ့လမ်းကြောင်းကိုပဲ ရွေးချယ်ကြတာ .. အခုရေလမ်းနဲ့ ဒီမြို့ကို ရောက်ပြီးရင် ..အပြန်ကြတော့ ကုန်းလမ်းကို ရွေးမယ် .. သေတွင်းထဲတောင် မကြောက်မရွုံ့ဝင်လာပြီး ပြန်ထွက်သွား သေးတာပဲလေ.. ဒီလောက်တော့ ဘယ်မှုပါ့မလဲ .. ''
                      ကျောက်ကျူးထင်က ခေတ္တမျှစဉ်းစားလိုက်ပြီး ..
                   ''အင်း ..လိုင်လိုင်ပြောတာ ဖြစ်နိုင်လောက်တယ်ကွ .. ဒို့များ ကုန်းလမ်းကပဲ လိုက်ကြတာပေါ့ .. ''
                  အားဖုန် အာားချန်နှင့်ဟွားဟွားတို့မှာ အိပ်ချင်မူးတူး ဖြစ်နေကြသဖြင့် မည်သည်မှ မဆိုပဲ .. ကျောက်ကျူးထင် ဦးဆောင်ရာနောက်သို့ လိုက်သွားကြသည်.
Comments
Popular posts from this blog
အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)
အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)