အစ၏အဆုံး အဆုံး၏အစ အပိုင်း (၁၁)မှ(၁၅)ထိ
#အစ၏အဆုံး ..အဆုံး၏အစ
 Pyae Phyoe San
#11      
        လရောင်အောက်တွင် ကန်ရေပြင်က တည်ငြိမ်လျှက်ရှိသည်.. ကန်ဘေးဘောင် လမ်းနဘေးရှိ သစ်ပင်များ၏ အရိပ်များမှာ လေတိုက်လိုက်တိုင်း က ခုန်နေသည့်သဖွယ် လှုပ်ရှားလျှက်ရှိ၏....
             ထိုလမ်း ပေါ်တွင် နတ်လား သရဲလားဟု ထင်မှတ်မှားနိုင်သည့် အရိပ်တစ် ခု သည် လှစ်ခနဲ  လှစ်ခနဲအောင် ပြေးလွှားနေသည်... မြန်ဆန်လွန်းလှသဖြင့် အဝေးကကြည့်လျှင် ငှက်မည်းကြီးတစ်ကောင်အလားပင်......
            ထိုသည်က အခြားမဟုတ်ပေ ... ၀ူတန်ဂိုဏ်းချုပ်ကြီး ထန်ရှီး တစ်ယောက် မိုးတိမ်ဝဲ ကိုယ်ဖော့ပညာဖြင့် ၀ါဆန်းဂိုဏ်းချုပ် ရိချင်းတို့ အဖွဲ့ရှိရာနေရာသို့ ပြေးလွှားနေခြင်းဖြစ်သည်....
              လမ်းတလျှောက် မျက်စိကိုဖွင့် နားကိုစွင့်လာသော ဂိုဏ်းချုပ်ကြီးသည် .. အမွေးတိုင်တစ်တိုင်စာကုန်လုလု အချိန်မျှကြာသောအခါ ... ကျုံးဝါးသံတစ်ခုကို အသံသဲ့သဲ့မျှ ကြားလိုက်ရ၏...
               ထိုအသံကြောင့် ပြေးအားကို နှစ်ဆမျှမြှင့်တင်လိုက်ရန် ခြေဖြင့် မြေကို တစ်ချက်ဆောင့်လိုက်၏...
           ''''  ဖုန်း'''' ဟူသော အသံနှင့် ၀ူတန်ဂိုဏ်းချုပ်ကြီး၏ ခန္ဓာကိုယ်သည် ငှက်တစ်ကောင်အလားပင် မြေပြင်မှ ဝေဟင်ပေါ်တက်သွားပြီး သစ်ပင် အပေါ်သို့ ရောက်ရှိသွားသည်....
.             ထို့နောက် အသံကြားရာ ဖက်ဆီသို့မျှော်ကြည့်လိုက်ရာ ...မီးအရောင် မှိန်ပြပြကိုတွေ့လိုက်ရသည်...
             '' ဖလတ် ..ဖလတ်....''  အ၀တ်အစားလေတိုးသံနှင့်အတူ ထို မီးရောင်ဖက် ဦးတည်ကာ အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ပြေးသွားတော့၏...
             ကွမ်းတရာညှက်မျှအကြာတွင် ရိချင်းတို့ ဖြစ်ပျက်နေကြသော မြင်ကွင်းကို မြင်လိုက်ရသည်...
            သွေးဘီလူး သူ၏ ဆဌမအာရုံအတွင်းအားကို ထုတ်ရန် ငယ်ထိပ်ကို ရိုက်ချ လိုက်သည့် အချိန်အခါ နှင့် ၀ူတန်ဂိုဏ်းချုပ် တွေ့ကြုံလိုက်လေ၏....
            '' ဟင်  အမှောင်ကိုယ်တော်ရဲ့ ဆဌမအတွင်းအားပါလား .. ဒီလို အသက်နဲ့ ရင်းပြီးတိုက်ရမယ့် သိုင်းမျိုးနဲ့ ယှဉ်ရအောင် ပြိုင်ဘက်က ဘယ်သူပါလိမ့်'' .. ပြိုင်ဘက်  ကား ရှောင်လင်ကျောင်း၏ အဆင့်နိမ့် ရွှီဘုန်းကြီးမှန်း သိလိုက်သည်နှင့် ၀ူတန်ဂိုဏ်းချုပ်ကြီးသည် အံသြောသွားမိ၏.. သေသေချာချာ ကြည့်လိုက်မှ . မဟာသွေးသားချပ်ဝတ်လွှာကို မြင်လိုက်၍ သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်မိသည်'.'
               ''' အင်း... နှစ်ပေါင်းများစွာ အေးချမ်းနေတဲ့သိုင်းလောက ကတော့ ပြန်ဆူပူလာတော့မယ် ထင်ပါရဲ့ ... မဟာသွေးသားချပ်ဝတ်လွှာ .ပေါ်လာတော့ . သွေးဘီလူး နဲ့သွေးဂိုဏ်းဆိုတာ ဘာအရေးရှိတော့မှာလည်း...''''''
                     တကိုယ်ထဲ တီးတိုးရေရွတ်လိုက်မိသည်...
         '' ရောက်လာမှတော့ ထွက်လာခဲ့တာ ကောင်းလိမ့်မယ် ၀ူတန်ဂိုဏ်းချုပ်ကြီး ..'''
 ဘုန်းကြီးရွှီကြွင်းသည် အမှောင်ထဲသို့ ကြည့်ကာ လှမ်းပြောလိုက်၏...
      ဂိုဏ်းချုပ်ကြီးသည် ရွှီကြွင်း၏ အတွင်းအားနှင့် နားပါးမှုကို ကြိတ်ချီးကျူးရင်း အကွယ်မှ ထွက်ခဲ့လေသည်..
           '''ဖရူး ..ဖရူး'''
            '' ဘုန်း''
          ထိုအချိန်တွင် သွေးဘီလူးသည် ပါးစပ်မှ အမြှပ်တစီစီထွက်ပြီး တစ်ကိုယ်လုံး ကွေးကောက်က မြေပြင်ပေါ်သို့လဲကျသွားသည်....
        ဂိုဏ်းချုပ်ကြီးလည်း ရိချင်း ယဲ့ယွင်နှင့် ယွဲ့ပိုင်တို့ကို အတွင်းအားထောက်၍ အကူအညီပေးလိုက်သည် .. တခဏအတွင်းမှာ ပင် ရိချင်းတို့လူစု အကောင်းပကတိ ပြန်ဖြစ်သွား၏....
       '''' အား  ...''''
        နားကွဲလုမတတ် အော်ဟစ်သံကြီးနှင့်အတူ သွေးဘီလူးသည် လဲကျနေရာမှ ပြန်လည် ခုန်ထလာသည်..
        သူ၏ရည်မွန်သော ရုပ်သွင်သည် ယခုမှ သွေးဘီလူးဟူသည့် အမည်နာမနှင့် လိုက်ဖက်အောင် ဆိုးဝါးတွန့်လိမ်စွာနှင့် ကြောက်မက်ဖွယ်ရာကောင်းလှ၏...
        ''' ညီတော်ရိချင်း .. ယဲ့ယွင်နဲ့ ယွဲ့ပိုင် ... အခုချက်ချင်း အဖွဲ့ကိုခေါ်လို့ တောင်ဖက်ကိုသွား ..သူရဲကောင်းဇရပ်ပိုင်ရှင်တို့အဲ့ဒီနေရာမှာရှိတယ် ..'''
ရိချင်း၏ မာနနှင့် သွေးကြီးမှုတို့သည် ယခုအချိန်တွင်တော့ နေလာနှင်းပျောက်သည့် နှယ်ပင်.... အခြေအနေနှင့်အချိန်အခါကိုကြည့်တတ်သည်ကလည်း ပညာတရပ်ပင် မဟုတ်တုံလော.....
          ဒီအချိန်တွင်မူ သွေးဘီလူး ...ဘုန်းကြီးရွှီကြွင်း ၀ူတန်ဂိုဏ်းချုပ်ကြီးနှင့် အားကွေ့ သာကျန်ရစ်တော့သည်...
.        သူတို့၏ အာရုံသည် သွေးဘီလူးအပေါ်သို့သာ စူးစိုက်နေကြသည်..
     '''.ဗျိ ...ဗျိ...ဗျိ'''
        သူ၏ပါးလျလျ ကိုယ်ခန္ဓာသည် ဖောင်းပွ လာသဖြင့် ၀တ်ထားသောဝတ်ရုံလွှာ သည် တဗျိဗျိ ဖြင့်ပြဲစုတ်သွားလေ၏...
         အားကွေ့သည် မြင်တွေ့ရသော မြင်ကွင်း၏ ကြောက်မက်ဖွယ်ရာ ကောင်းမည်ကို သိသော်လည်း ..ရယ်ရွှင်ဖွယ် ဖောင်းကား လာသည့် သွေးဘီလူး၏ ပုံရိပ်ကို ကလေးပီပီ ဟန်မဆောင်နိုင်ဘဲ တစ်ခစ်ခစ်ထိုင်ရယ်နေမိသည်..
         '''ယား'''
         ''' အုန်း'''
         '' အုန်း....အုန်း'''
         '''၀ုန်း''
        ကံကောင်းထောက်မသည်လား ... တိကျသေချာသည်လားတော့မသိ အမှောင်ကိုယ်တော် ၏ ဆဌမအာရုံအတွင်းအားနောက်ဆုံးအဆင့်ကို သွေးဘီလူး တစ်ယောက် မသေမပျောက်ဘဲ အသုံးပြုနိုင်လေပြီ...
         နံဘေးမှ မီးအိမ်များ လွင့်စင်သွားသည့်နည်းတူ အမှိုက်အမှုန်များ ထောင်းလမောင်းထလျှက် လေထု လှိုင်းသံက တအုန်းအုန်းနှင့်ပင်..   သွေးဘီလူး၏ သွေးနီလက်ဝါး ရိုက်ခတ်သံကား ဤသို့ဤနှယ် ပြင်းထန် လှပေသည်.. အတွင်းအား လေအရှိန်သည် ၀ူတန်ဂိုဏ်းချုပ်ကြီးနှင့် ဘုန်းကြီး ထံသို့ တည့်မတ်စွာ ၀င်ရောက် သွားလေ၏....
       သူ၏လက်ဖ၀ါးရိုက်ချက် ကို ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ ထိုက်ကျိအတွင်းအားဖြင့် လမ်းလွဲလိုက်ပြီး .. ဘုန်းကြီးရွှီကြွင်းမှာတော့ ရှောင်လင်၏ သံမဏိကိုယ်ထည် အတွင်းအားဖြင့်တောင့်ခံလိုက်သည်....
        '' ခင်ဗျား .. တုမော်ရင်းလား ... ထင်းလွေလား'''
  ''' တုမော်ရင်း လဲ သေပြီ .. အကိုကြီးထင်းလွေလည်း လောကမှာမရှိတော့ပါဘူး'''.
    ဘုန်းကြီးရွှီကြွင်း၏ စကားထဲကပင် သူမည်သူမည်ဝါကို ဖော်ပြနေသကဲသို့ ဖြစ်လေပြီကော...
         သံမဏိကိုယ်ခံအတွင်းအား အားလောကတွင်တတ်မြောက်သူဟူ၍ .. ရှောင်လင်ဂိုဏ်းချုပ်ကြီး .. တာမောအဆောင်မှုး ..လောဟန်အဆောင်မှုး.. သစ္စာဖောက် ကုန်းစုပိုင်.. တင်းလုံဂိုဏ်းချုပ်ကြီး ထင်းလွေနှင့် ပန်းလိပ်ပြာ တုမော်ရင်းသာ တတ်မြောက်ကြသည် ... ထင်းလွေနှင့် တုမော်ရင်းမှာ မြောက်ပိုင်းသိုင်းကျမ်း အတွင်းမှ သစ္စာဖောက်ကုန်းစုပိုင် အောက်လမ်းသိုင်းနှင့် ရောမွှေထားသော ရှောင်လင်၏လှို့ဝှက် ခုနှစ်ဆယ့်နှစ်မျိုး သိုင်းကို ကျင်လည်စွာတတ်မြောက်ထားသည်ကို ၀ူတန်ဂိုဏ်းချုပ်ကြီးက သိရှိထားသောကြောင့် ဤအမေးစကားကို ဆိုခြင်းသာ...
        ''' လူယုတ်မာ ပန်းလိပ်ပြာ .. အမျိုးကောင်းသမီးတွေကို အညွှန့်ချိုး .. သွေးနဲ့ ခြေဆေးတယ်ဆိုတဲ့ တုမော်ရင်း ... အသက်ကြီးမှ သူတော်ကောင်းယောင်ဆောင် ပြီး ဘုန်းကြီးဝတ် .. ပြီးတော့  သွေးဘီလူးဆိုတဲ့ ငါ့ကို တရားချ ...ဟားဟား ဟားဟား ..
လောကပါလတရားဆိုတာ အဲ့လိုလား... ထွီ.. ငါဆိုတဲ့သွေးဘီလူး မိုက်တွင်းနက်တယ် ဆိုတာ ပန်းလိပ်ပြာ တုမော်ရင်းရဲ့ ခြေဖ၀ါးက ဖုန်မှုန့်လောက်တောင်မရှိပါဘူးကွာ..  သေတယ်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို မြေမြှပ်သေးတယ်.. .. သိုင်းလောက ပျက်လုံး တွေထဲမှာ အရယ်ရဆုံးနဲ့ ကလိမ်ကကျစ်အကျဆုံး စကားပဲကွ'''''
         သွေးဘီလူးမည်သို့ပင် သမုတ်စေကာမူ ဘုန်းကြီးရွှီကြွင်း တစ်ဖြစ်လဲ ပန်းလိပ်ပြာ တုမော်ရင်းမှာ အိနြေ္ဒသိက္ခာအပြည့်နဲ့ပင် မျက်လွှာချရင်း..
            '' လောကမှာ ငါသူတပါး ..ယောင်္ကျား မိန်းမဆိုတာ မရှိပါဘူး... သစ်သား မြေ ရေ မီး သတ္တုဆိုတဲ့ ဓါတ်ကြီးငါးပါး(မြန်မာမှာတော့ ဓါတ်ကြီးလေးပါးဆိုပါသည်)
ယင်ယန် ဆိုတဲ့ အဖိုအမ နဲ့ပဲ အရာရာကို ဖွဲ့စည်းထားတာပါ.. အမှားရှိရင် အမှန်ရှိမယ် .. အလင်းရှိရင် အမှောင်ရှိမယ်... ဆန့်ကျင်ဖက်အရာနှစ်ခုဟာ တစ်မျိုးနဲ့တစ်မျိုးအပေါ်ထောက်ပံ့ထားတယ် ... အဲ့တာကြောင့် .. တုမော်ရင်းဆိုတဲ့ အမှောင် အဆိုးအမိုက်ဟာ သေဆုံးသွားပါပြီ... အခုလက်ရှိမှာ ရွှီကြွင်းဆိုတဲ့ နာမည် တစ်ခုပဲတည်ရှိပါတော့မယ် .. ဒါပေမယ့် ရွှီကြွင်းဆိုတဲ့ အမည်ကလည်း အမည် သက်သက်ပါ ဒကာကြီး .. သရုပ်ခွဲကြည့်လိုက်ရင် ... သံသရာမှာ အမှတ်ပြုစရာ သညာ တစ်ခုလေးပါ.. ကိုယ်ပြုသမျှကံ ဟာ နောက်မှာ ကိုယ့်နောက် လိုက်စမြဲပါ.. '''
           '' ခေါင်းရှုပ်စရာ စကားအတိုအထွာတွေနဲ့တရားချနေလဲ အပိုပဲ ဘုန်းကြီး...
အခုလောလောဆယ်တော့ ဆဌမအာရုံအတွင်းအား ကို မြိန်မြိန်ကြီးခံစားကြည့်လိုက် စမ်းပါ... ပန်းလိပ်ပြာပဲ ရှိမလား .. သွေးဘီလူးပဲ ရှိမလား .. ကြည့်ကြတာပေါ့ ကိုင်း....လာပြီ .. '''
          '' ဝေါ ...ဝေါ..''
                ''ဖုန်း''
               ''' အင့်'''
          ဆဌမအာရုံအတွင်းအား၏ စွမ်းဆောင်ရည်မှာ အံ့မခန်းပင်.. ... သွေးဘီလူး
၏ရိုက်ချက်ကြောင့် တဝေါဝေါနှင့် အသံထွက်လာသည်.. သွေးဘီလူးနှင့် ဘုန်းကြီးရွှီကြွင်းတို့ နှစ်ဦးသား လက်ဝါးခြင်း အတွေ့ တွင် အားလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုအားလှိုင်း ၏အရှိန်ကြောင့် ဘေးတွင်ရပ်နေသော ၀ူတန်ဂိုဏ်းချုပ်ကြီးပင် အတွင်းအားသုံးပြီးခုခံလိုက်ရ၏.... ...
      အားကွေ့မှာတော့ ''အင့်'' ကနဲအသံသဲ့သဲ့ထွက်လာကာ ပါးစပ်မှ သွေးအန် ထုတ်ရင်း လဲပြိုကျသွားသည်.. ၀ူတန်ဂိုဏ်းချုပ်ကြီးသည် အားကွေ့အား ပွေ့ထူ လိုက်ပြီး ... ၀ူတန်၏ အနတ္တရင်ခွင် ဟူသောသွေးကြောထောက် ပညာဖြင့်  ကုသ ပေးလိုက်သည်..
            ဘုန်းကြီးရွှီကြွင်းတစ်ယောက် အားကွေ့၏ အဖြစ်အပျက်ကို မြင်သော် စိုးရိမ်စိတ်ဝင်လာ၏... အားကွေ့သည် ကလေးအရွယ်မျှပင်ရှိသေး၍ မပြောကောင်းမဆိုကောင်း တစ်ခုခု ဖြစ်ပျက်သွားသော် သူ့ကိုယ်သူ ခွင့်လွတ်နိုင်မည် မဟုတ်ပေ.. .. ထိုကြောင့်အတတ်နိုင်ဆုံး လက်ဝါး ထိရိုက်အတွင်းအားပြိုင်ခြင်းမှ ရှောင်ကျဉ်ရန် စဉ်းစားမိပြီး ... လှို့ဝှက် ခုနှစ်ဆယ့်နှစ်မျိုးမှ ရေပေါ်လျှပ်ပျံ ဟူသော အရှောင်အတိမ်းသိုင်းကွက် ကိုသာအသုံးပြုတော့သည်...
           ''' အုန်း... အုန်း...အုန်း..'''
         သွေးဘီလူး၏ လက်ဝါးရိုက်ချက်များမှာ တဖက်လူကို ထိဖို့ဝေးစွ ..လေထုထဲမှာပင် တစ်အုန်းအုန်းနှင့် မြည်ဟီးကာနေ၏... ဘုန်းကြီးရွှီကြွင်း တဖြစ်လဲ ပန်းလိပ်ပြာတုမော်ရင်းသည် သိုင်းလောကတွင် နှစ်တရာအတွင်း ကိုယ်ဖော့ပညာ၌ တိမ်မီးခိုး တစ်ယောက်ကလွဲရင် အတော်ဆုံးဖြစ်သည်.. .. ထို့ကြောင့်လည်း မြောက်ပိုင်းသိုင်းကျမ်းကို ခလုတ်မထိဆူးမငြိ ခိုးယူနိုင်ခဲ့ခြင်းပင်..
           သွေးဘီလူးသည် လေ နှင့်ရန်ဖြစ်နေရသူသဖွယ် အရူးမီးဝိုင်းဖြစ်နေရှာ၏ .. .. အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည်တွင် ဘုန်းကြီးရွှီကြွင်း ရှိနေသလိုပင် .. မည်သည်က အစစ် မည်သည်က အတုဟု ကွဲကွဲပြားပြား မမြင်ရလောက်အောင် မြန်ဆန်လွန်းလှသည်...
              သွေးဘီလူးသည်အတွေ့အကြုံရင့်ကျက်သော သိုင်းထိပ်သီး တစ်ယောက်ဖြစ်သောကြောင့် ယခုအတိုင်းသာဆက်တိုက်နေလျှင် သူသာအမောဆို့ သေဆုံးသွားမည်ကိုရိပ်မိသဖြင့်  တိုက်ခိုက်အားကို လျော့ချလိုက်သည်...
             ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ဒုက္ခပေးနိုင်သော အဆိပ်ခုနှစ်မျိုး လက်ဝါးသိုင်းကို ပြောင်းလဲအသုံးချလိုက်၏....
             ညှီစို့စို့ အနံ့ဆိုးကြီးက ပြန်လည်ထွက်ပေါ်လာပြန်သည်... ဘုန်းကြီးရွှီကြွင်း မှာလည်း ထိုသိုင်းကွက်အား စောင့်မျှော်နေခြင်းဖြစ်၏ .. အဆိပ်ခုနှစ်မျိုးလက်ဝါးသိုင်းကို သွေးဘီလူးအသုံးပြုမှသာ သူ ထိုသိုင်းကွက်ကို ဖျက်ဆီးနိုင်မည်မဟုတ်ပါလား...
                 အဆိပ်ခုနှစ်မျိုးကို အဆင့်ရှစ်အထိ အသုံးပြုလိုက်သဖြင့် အနံ့ဆိုးကြီးသည် လောကသုံးခွင်ကိုတောင် ဖုံးလွှမ်းသွားသကဲ့သို့ရှိ၏... သွေးဘီလူးလည်း ချွေးသီးချွေးပေါက်များ တောက်တောက်ယိုအောင်ကျဆင်းနေ လေသည်..အဆင့်တစ်ခါမြင့်လိုက်တိုင်း အတွင်းအားကို အဆမတန်သုံးစွဲနေရသော ကြောင့် ပင်ပန်းဆင်းရဲခြင်းဒါဏ်ကိုသွေးဘီလူးတစ်ယောက် ခံစားနေရသည်...
                 အကယ်၍သာ အလင်းရောင်ထိန်ထိန်သာနေမည်ဆိုလျှင် လမ်းဘေးတစ်လျှောက်ရှိ သစ်ပင်များ အဆိပ်ဒါဏ်ကြောင့် ညိုးနွမ်းခြောက်သွေ့ နေမည်ကို မြင်တွေ့ရမည်ဖြစ်၏..
                ''' ယား.. .. .. ဖြန်း...'''
                 ''  ဒေါက်''''
                  '' ဟား .. ရှောင်လင် ရဲ့ ရွှေခေါင်းလောင်းသိုင်း'''
          ရုတ်တရက် အ၀ါရောင်အရိပ်သာ မြင်လိုက်ရပြီး ဒေါက်ဟူသော အသံ ထွက်ပေါ်လာသည် ... သွေးဘီလူး၏ညှပ်ရိုးနှစ်ချောင်းကြားမှ ရွှဲ့ဟူသော အကြောအား  ထောက်မိရာမှ ဖြစ်ပေါ်လာသောအသံဖြစ်၏... သွေးဘီလုး အနှစ်နှစ်အလလ ကျင့်ကြံလာသော အဆိပ်ခုနှစ်မျိုးလက်ဝါးသိုင်းသည် .. ရေပေါ် အရုပ်ရေးမိသလို လုံးဝ ဆုံးရှုံးသွားလေသည်...
            ရွှီကြွင်းအသုံးပြုလိုက်သည့်သိုင်းကား .. ၀ူတန်ဂိုဏ်းချုပ်ကြီး အမှတ်တမဲ့ အော်မိလိုက်သော ရှောင်လင်၏ ရွှေခေါင်းလောင်း သိုင်းကွက်ဖြစ်၏...
            ရွှေခေါင်းလောင်းသိုင်းကို  ... ရှောင်လင်၏ခေါင်းကိုင်ဖခင် တာမောပိုးတီ ၏နောက် တဆက် ရှောင်လင် ဂိုဏ်းချုပ်ဆရာတော် တီထွင်ထားသောသိုင်း ဖြစ်သည်... လှို့ဝှက် ခုနှစ်ဆက် နှစ်မျိုးထဲတွင်မပါသော ထူးခြားသည့် အထက်လမ်းသိုင်းစစ်စစ်ပေ..
               .....'''....'''' ....''' ''.''.
#အစ၏အဆုံး ..အဆုံး၏အစ
 Pyae Phyoe San
#12
      သွေးဘီလူးခန္ဓာကိုယ်သည် အရိုးများမရှိတော့သည့်နှယ်ပျော့ခွေလဲကျသွားသည် .. ဘုန်းကြီးရွှီကြွင်းသည် သွေးဘီလူးအား ဂရုပင်မစိုက်တော့ဘဲ မေ့မျောနေသည့် အားကွေ့ထံသို့သာ စိုးရိမ်တကြီးနှင့် သွားရောက်ကြည့်ရှုတော့၏...
       အားကွေ့မှာ မေ့မျောလျှက် အေးစက်ကာနေသည်.... ၀ူတန်ဂိုဏ်းချုပ်ကြီး က အားကွေ့အား တကိုယ်လုံးအနှံ့ စမ်းသပ်ပြီးနောက် .... ခေါင်းတစ်ချက်ယမ်းလိုက်ပြီး ..
       '' ကံဆိုးရှာတဲ့ ကလေးလေး .. အတွင်းအားလှိုင်းဒါဏ်သင့်သွားတဲ့ အပြင် အဆိပ်ဒါဏ်ပါ ခံလိုက်ရရှာတယ် .. '''
        '' ဂိုဏ်းချုပ်ကြီး ဘုန်းကြီးတစ်ခုလောက်အကူအညီတောင်းပါရစေ... သွေးဘီလူးကို ခေါ်ပြီး အကျဉ်းချထားပေးပါ.. .. .. သူ့ရဲ့ အဆိပ်ခုနှစ်မျိုး လက်ဝါးက ပျက်စီးသွားပေမယ့် ကျန်တဲ့သိုင်းပညာက အကောင်းပကတိအသုံးပြု လို့ရသေးတယ် .... သူအနှစ်နှစ်အလလ ကျင့်ကြံထားတဲ့ သိုင်းပညာရပ်ဆိုတော့ ပျက်စီးသွားမှာ နှမျောလို့ မဖျက်စီးပစ်လိုက်တာ ..ပြီးတော့ သူ့မှာလဲ အမှားကနေ အမှန်ပြင်ဖို့ အခွင့်အရေးရှိပါတယ်လေ...  ကလေးကိုတော့ ဘုန်းကြီး ရှောင်လင်ကို အမြန်ခေါ်သွားမှ ဖြစ်မယ် .. '''
            ဂိုဏ်းချုပ်ကြီးကလည်း ..
          '' ကောင်းပြီလေ .. သွေးဘီလူးကို ဖမ်းမိထားပြီဆိုတော့ အာမခံဌာနပစ္စည်း တွေအတွက် ခြေရာကောက်ဖို့လမ်းစ တော့ရသွားပြီ.. သူ့ကို တည်ကြက်လုပ်ပြီး ကျန်တဲ့ သွေးအရိပ်တို့ကို ထောင်ဖမ်းဖို့ မခက်တော့ဘူး.. ဘုန်းကြီးသာ စိတ်ဖြောင့်ဖြောင့်နဲ့ ရှောင်လင်ကို ပြန်ပါ.. ပြီးတော့ ပန်းလိပ်ပြာဆိုတာကို သိုင်းလောကတစ်ခုလုံးသိသွားကြရင် ပြသနာတွေ အများကြီးဖြစ်ပျက်လာနိုင်တယ် ..
ဘယ်လောက်ပဲ ဘုန်းကြီးအနေနဲ့အမြင်မှန်ရသွားတယ်လို့ပဲဆိုဆို သွေးကြွေးဆိုတာ ခက်တော့ခက်သားမို့လား ..ဘုန်းကြီးကို အုံလိုက်ကျင်းလိုက် ဒုက္ခပေးကြမှာ'''
              ''' ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ခံရလည်း ဘုန်းကြီး မမူပါဘူး .. ဒီကလေးရဲ့ အသက်အန္တရယ်စိုးရိမ်ရလို့သာ .. ''
               ပြောစရာစကား ကုန်သွားသည့်နှယ် နှစ်ဦးသား အတန်ကြာ နူတ်ဆိတ်နေ ပြီးမှ..  ၀ူတန်ဂိုဏ်းချုပ်ကြီးသည် ဘုန်းကြီးအား ဂါရ၀ပြုလိုက်ရင်း
               '' ကိုင်း ... ဒီလိုဆို တပည့်တော် သွားတော့မယ် .. '''
         သွေးဘီလူးအား ဂုတ်မှဆွဲကိုင်ကာ မိုးပေါ်ဝဲ ကိုယ်ဖော့ပညာဖြင့် သူရဲကောင်းဇရပ်ပိုင်ရှင်တို့ရှိရာစီသို့ ပြေးထွက်သွားလေတော့သည်..
        မီးအိမ်များမှာလည်း ချိန်သားကိုက်ထားသည့်နှယ် တဖြည်းဖြည်း မီးစာကုန်၍ တလုံးပြီးတလုံး ငြိမ်းသွားကြလေသည်...
       သို့သော် ... အရှေ့အရပ်ဆီမှ အာရုဏ်တက် အလင်းရောင်က ထွက်ပေါ်စပြု လာ၏..
        တိမ်ကြားထဲတွင် ရှင်နေမင်းသည် အပျိုဖြန်းမလေးသဖွယ် မရဲတရဲ ထိုးထွက်လာခဲ့သည်....
       ဟန်ကြီးပန်ကြီးနှင့် သွေးဂိုဏ်း အဖွဲ့ဝင်များကတော့ ဘယ်စီဘယ်ဝယ်ရောက် သွားကြသည်မသိ...
        အဆိပ်ဒါဏ်ကြောင့် ညိုးခြောက်နေသည့်သစ်ပင်များ .. ခုံတန်းလျားရှည် .. နှစ်ခြမ်းကွဲနေသော မီးဖိုကြီး သာ မရှိခဲ့ဘူးဆိုလျှင် အိမ်မက်သဖွယ်ပင် ခံစားရပေမည်.. တိုက်ပွဲအဆုံးတွင် ကျန်ရှိခဲ့သော ဆုလာဒ်က သွေးဘီလူးအား လက်ရဖမ်းဆီးနိုင်ခြင်း ဆိုလျှင် အရင်းအနှီးက အားကွေ့တစ်ယောက် ဖြစ်မည်ပင်...
          ဘုန်းကြီးသည် စုတ်ပြဲနေသော သင်္ကန်းစအား ပြန်လည် ပြုပြင်လိုက်ပြီး အားကွေ့ ပြုတ်ကျထားသည့် ပုရစ်ဘူးနှင် လက်စွဲတော် ရှူဆေးဘူးအား ကောက်ယူ၍ အားကွေ့ကို ပုခုံးပေါ်တင်ကာ ထိုနေရာမှ အမြန်ဆန်ဆုံးပြေးသွားလိုက်သည်...
         လေတိုးသံ ပင်မကြားရလောက်အောင် လျှင်မြန်လွန်းလှသည်တကား...
အကယ်၍ သာမာန်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်တွေ့ရမည်ဆိုလျှင် အာရုဏ်ကျင်းချိန်တွင် တစ္ဆေသရဲခြောက်သည်ဟု ထင်မှတ်မှား ရလောက်အောင်ပင် မြန်ဆန်လွန်းလှ၏...
 ..... ..... .... .... ..
        ယဲ့ယွင်နှင့် ယဲ့ပိုင်တို့မှာမူ စိတ်ဓါတ်ကျနေသည့် ပုံကား မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်.. သိုင်းလောကထိပ်သီးဝင် အဆင့်မြင့်သိုင်းသမား များ ဖြစ်ကြသော်လည်း ယနေ့ညတွင်မူ သွေးဘီလူးတစ်ယောက်အား ရှူံးနိမ့် လုလု အခြေအနေ ဖြစ်ခဲ့သောကြောင့်ပင်...
      '''' ဟားဟားဟားဟား .. ဘယ်လိုလဲ သိုင်းလောကမှာ အင်မတန်သတင်းကြီးတဲ့ သွေးဘီလူးတစ်ယောက် .. အခုတော့လည်း တွေ့ရမြင်ရတာ သနားစရာတောင် ကောင်းနေပါပေါ့လား... '''
         သွေးဘီလူးကတော့ မည်သည့်စကားမျှပြန်မဆိုသာပေ .. သူ၏ဖြစ်အင်ကို သူသာလျှင် သိနိုင်ပေသည်.. အသံမျှ မထွက်နိုင်အောင်ပင် သူ၏တစ်ကိုယ်လုံးး ပျော့ခွေ နာကျင်နေသည်လေ..  ဘုန်းကြီးရွှီကြွင်း၏ လက်ထောက်ပညာက အံ့ဖွယ်ကောင်းလှ၏.. သူ့တွင် အင်အားဟူ၍ တစ်စုံတစ်ရာမျှ မရှိတော့သလို ပါးစပ်ပင်ဟရန် အားအင်လက်ကျန်ပါ ကုန်ဆုံးသွားသလိုပင်..
         ထိုပြင်အရေးအကြီးဆုံးအချက်က သူ့တွင် မျှော်လင့်ချက် ပျောက်ဆုံးသွား သောကြောင့်ဖြစ်သည်...
        ခုတ်နဂါးယဲ့ယွင်မှ တွန့်ကြေနေသော အ၀တ်အစားများကို လက်ဖြင့် သပ်ကာ .. လက်နှစ်ဖက်ဆုပ် ဂါရ၀ပြုရင်း ...
        ''' သူရဲကောင်းဇရပ်ပိုင်ရှင်နဲ့ ဂိုဏ်းချုပ်ကြီးများခင်ဗျား .. အခုလာရင်း ကိစ္စလည်း ပြီးပြတ်သလို ဖြစ်သွားပြီဆိုတော့ ကျွန်တော်ယဲ့ယွင်လည်း ယဲ့အိမ်တော်ကို ပြန်ပါအုံးမယ် .. ဒီက သူရဲကောင်းအပေါင်းကိုလည်း နူတ်ဆက်ခဲ့ပါတယ် '''
           ''' တူမောင်ယဲ့ သွားရင် ဦးလေးလည်း လိုက်ခဲ့မယ်ကွာ .. တူ့မောင့်အဖေ ယဲ့ရှင်နဲ့ မတွေ့ရတာလည်း ကြာလှပြီ'''
             ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင်ကလည်း  ထိုနေရာတွင် ဆက်လက်မနေခြင်တော့ သောကြောင့် ခုတ်နဂါးယဲ့ယွင်အားလှမ်းပြောလိုက်၏...
        သူရဲကောင်းဇရပ်ပိုင်ရှင်မှာ ခုတ်နဂါးယဲ့ယွင်အား တားမြစ်လိုသော်လည်း .. ယွဲ့ပိုင်ပါ နေထားမည်စိုးသောကြောင့် ဆက်လက်မတားမြစ်တော့ပေ..
          ထို့နောက်တွင် .. ခုတ်နဂါးယဲ့ယွင်နှင့် ဆယ်မျက်နှာခြေဆန့်သူတို့ နှစ်ယောက်  ယွဲ့အိမ်တော်မှ စီစဉ်ပေးသော မြင်းကိုယ်စီနှင့် ထိုနေရာမှ ထွက်ခွာ သွားကြတော့သည်...
            ကျန် သိုင်းလောကသားများမှာလည်း မျက်စိမျက်နှာမကောင်းလှပဲ ရှိ၏..
မည်သည့်သိုင်းဟူ၍ တကွက်မျှပင်မတိုက်ရဘဲ ရှုံးနိမ့်ခဲ့ရသည်မဟုတ်လား.. သူတို့ကြောင့်ပင် တခြားလူများ အလုပ်ပိုနေသေးသည်လေ...
            အလင်းရောင် ပီသစွာ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းချုပ်ကြီးတို့ အဖွဲ့သည် သူရဲကောင်းဇရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်..
           သွေးဂိုဏ်းနှင့်ပတ်သက်၍ အတန်ကြာပြောဆိုဆွေးနွေးကြပြီးနောက်  အမုန်းသီလရှင် .. တောင်ဖြိုလက်သီးတို့ကလည်း စကားအလှဆိုကာ လမ်းခွဲသွားကြပြန်သည် ...
          သူတို့ပြန်ပြီးသည့်နောက်တွင် ကျန်သိုင်းသမားများမှာလဲ အလျှိုလျှိုပင် ပြန်လေတော့၏...
           တစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်သွားသည်ကို ကြည့်ရင်း ၀ါဆန်းဂိုဏ်းချုပ်ကြီးလည်းနေမထိထိုင်မသာ ဖြစ်နေလေသည်.. သူ့ညီလေပြင်းဓါး ရိလုံ အတွက်ရတက်ပွေနေရသောကြောင့်ဖြစ်၏...
          သည်းမခံနိုင်သည့်နောက်ဆုံးတွင် .. ၀ူတန်ဂိုဏ်းချုပ်ကြီးအား ဖွင့်ပြောလိုက်တော့သည်...
    ''''   ဂိုဏ်းချုပ်ကြီး   ကျွန်တော့်ကိုလည်း ခွင့်ပြုပါအုံး .. ကျွန်တော့်မှာလည်း ကိုယ်ရေးကိုယ်တာ အခက်အခဲလေးရှိသေးလို့ .. ဒီနှစ်ရက်သုံးရက်အတွင်း ၀ူပေ ကိုရောက်မှ ဖြစ်မှာဗျ .. ''
         '' ဘာအခက်အခဲမို့လို့လဲ .. ကျုပ်တို့လည်းသိရတော့ ကူညီပေးလို့ရတာပေါ့ ''
       '' ပြောရရင် ရှက်တော့ရှက်စရာပဲဗျာ ... လွန်ခဲ့တဲ့ လေးရက်လောက်က ကျွန်တော့်ညီ ရိလုံ ၀ူပေမှာ ပျောက်နေလို့ သူနဲ့ပါသွားတဲ့ တပည့်သုံးယောက်လည်း အဲ့မှာပဲ အသတ်ခံလိုက် ရတာ ..ကျွန်တော်တို့ဝါဆန်းရဲ့ သတင်းပို့တဲ့ စနစ်နဲ့ ဌာနခွဲတွေ အနှံ့အပြားရှိတာ ကိုလည်း ဂိုဏ်းချုပ်ကြီး အသိသားပဲ ..ဒါပေမယ့် ကြားထဲမှာ လုံးဝကို အဆက်အသွယ်ပြတ်ပြီးစုံစမ်းလို့ကိုမရဘူး .. '''
      '' ဟား ..ဟုတ်သားပဲ စာပို့စနစ်ဆိုမှ အခုမှသတိရတယ် ... မိတ်ဆွေကြီးရိချင်း  ကျုပ်ကို အကူအညီ တစ်ခုလောက်ပေးအုံးဗျို့ .. မိုးကြိုးဓါးလွေစုကို သူ့ဌာန အဖြစ်ဆိုးကို လှမ်းပြောရအုံးမှာ .. ကျုပ်တို့ယွဲ့အိမ်တော်က စာပို့ခိုနဲ့ဆို မိုးကြိုးအာမခံ ဌာနကို  ရက်သတ္တပါတ်တော်တော်ကြာမှ ရောက်လိမ့်မယ်..  '''
         '' ဟာ .. ဇရပ်ပိုင်ရှင်ကြီးကလည်း ကျွန်တော်တို့ ၀ါဆန်းဂိုဏ်းကို အကူအညီ တောင်းတယ် မဆိုပါနဲ့ဗျာ ... ဇရပ်ပိုင်ရှင်ကြီးအနေနဲ့ ကြိုက်သလို ခိုင်းလို့ရပါတယ်
ဟေ့ ... ကြွေ့ဟုန် .. လောက်ကျွင်း လာခဲ့အုံး '''
       ဟု ၀ါဆန်းဂိုဏ်းချုပ်ရိချင်းကပြော ပြီး သူနှင့်အတူလိုက်ပါလာသောတပည့် နှစ်စ်ယောက်ကို ခေါ် လိုက်သည်..
        ဆယ့်ငါးနှစ်အရွယ် ကောင်လေးနှစ်ယောက်သည် ဖျတ်လတ်စွာပင် ၀ါဆန်း ဂိုဏ်းချုပ် အနားသို့ ချက်ချင်း ရောက်လာ၏..
       နှစ်ယောက်စလုံးမှာ ရုပ်ရည်သန့်ပြန့်ပြီး ညဏ်ရည်ထက်မြက်မည့် ပုံသဏ္ဍန်ကြောင့် ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ အထူး သဘောကျသွားသည်.. စိတ်ထဲတွင်လည်း ...
        ''' ရိချင်းကတော့ တော်တော် ကံကောင်းတဲ့ သူပဲ ... လောကမှာ ဆရာကောင်း တွေ့ဖို့ရှားသလို တပည့်ကောင်းတွေ့ဖို့လည်းရှားတာပဲ .. အနာဂါတ်ရဲ့မျိုးဆက်သစ် ဆိုတာ နောင်တချိန်မှာ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာပဲ .... နောက်လှိုင်းလုံး အတွက် ရှေ့ကလှိုင်းလုံးက နေရာဖယ်ပေးရမှာပဲ .. ငါတို့ဝူတန်လည်း ထက်မြက်တဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့ အချိန်တန်ပြီ ... တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်လာပြီ သူများတွေ ရှေ့ဆက်နေတဲ့ အချိန်မှာ ငါတို့ဝူတန်လည်း တန့်နေလို့ မရဘူး''
         '' တယ်လည်း ရိုင်းတဲ့ ကလေးနှစ်ယောက်ပါလား ဟိုမှာ ၀ူတန်ဂိုဏ်းချုပ်ကြီးနဲ့ သူရဲကောင်းဇရပ်ပိုင်ရှင်သခင်ကြီးယွဲ့ကျိုးကို မြင်တာတောင် နူတ်ဆက်ဂါရ၀ မပြုကြဘူး ..  ငါမျက်နှာကို ဖျက်နေတာလား .. ဒူးထောက်ပြီး ဂါရ၀ပြု တောင်းပန်လိုက်စမ်း'''
               '' ကျွန်တော်တို့ကို ခွင့်လွတ်ပါ ဂိုဏ်းချုပ်ဘဘကြီးနဲ့ သခင်ကြီးယွဲ့ ခင်ဗျား '''
                '' ၀ှီး''
               '' ဖတ် ..ဖတ်''
               ''' မဆိုးဘူး ... နှစ်ယောက်လုံးတော်တယ်ဟေ့''
             စကားဆုံးသည်နှင့် ကောင်ကလေးနှစ်ယောက်မှာ ဒူးထောက်လျှက် ဂါရ၀ပြုပြီးဖြစ်သည်.. ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ ထိုကလေးနှစ်ယောက် ဇရပ်ကြမ်းပြင်နှင့် ဒူး အထိတွင် လက်တစ်ဖက်ယမ်းလိုက်သည် ..
          လက်တစ်ဖက်တွင်းမှ   အားလှိုင်း  နှစ်ခု ခွဲထွက်သွားပြီး ဒူးထောက်မည့် ဟန်ပြုနေသော ချာတိတ် နှစ်ယောက်မှာ ဂျွမ်းပြန်သွားကြ၏..
         သို့သော်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်နှင့်အညီ ပြန်အကျတွင် ကိုယ်ဖော့ပညာကို အသုံးပြုပြီး လှပစွာပင်ဝေ့၀ဲ ကျလာကြသည်..
         သူရဲကောင်းဇရပ်ပိုင်ရှင်ကလည်း .... ကလေးနှစ်ယောက်၏ ပညာကို နူတ်မှ ချူးကျူးမိသည်အထိပင်...
         ''' အခုမှ ကလေးသာသာ ရှိသေးတဲ့ အရွယ်လေးပဲ .. လောက၀တ်တွေ ဘယ်က နားလည်ပါ့မလဲ .. ခွင့်လွတ်ပါတယ် ကွယ် ...  ဒီအရွယ်နဲ့ အခြေခံ ဒီလောက် ကောင်းဖို့မလွယ်ဘူး ..  ..ကိုယ်ဖော့ပညာတော့ မြင်တွေ့ရပြီ  လူလေးတို့ ဘဘ ကို ဓါးသိုင်း အစွမ်း ပြစမ်းကွဲ့ '''
                ဤသို့ ဓါးသိုင်းတို့၏ အဓိပတိ ၀ူတန်ဂိုဏ်းချုပ်ကြီးက ချာတိတ်အရွယ် ကလေးနှစ်ယောက် ဓါးအစွမ်းကို မြင်လိုသည်ကား အခြားမဟုတ်နိုင် ပညာပေးရန် သက်သက်ဟု ရိပ်မိသွားသောကြောင့် ရိချင်းတစ်ယောက် အူမြူးနေသည် ..ထို့နောက်  အပြုံးမျက်နှာဖြင့်
            '' ဟေ့ အမြန်သိုင်းကွက်ခင်းလိုက်ကြလေ...''''
       ကလေးနှစ်ယောက်ကလည်း သွက်လက်လှပေ၏ ..၀ါဆန်းဂိုဏ်းသားပီပီ ခါးတွင်ချိတ်ထားသော ဓါးကို  မြန်ဆန်စွာ ထုတ်ယူပြီး သိုင်းကွက်ခင်းလိုက်ကြသည်... ထို့နောက်...
               '''' ၀ှမ်း .. ၀ှမ်း..၀ှမ်း ..'''
              '' '' ၀ှစ် ..၀ှစ်... '''
               '''ယား ..ယစ်'''
               ဓါးနှစ်လက်ကား ဇရပ်ထဲတွင် ၀ဲပျံနေသည့် နှယ်ပင်ရှိသည် ..  သန့်စင်သော အထက်လမ်းသိုင်းကွက်များဖြစ်သည့်ပြင် .. အတွင်းအားအခြေခံလည်း ကောင်းသူများမို့ ဓါးချက်တစ်ချက် ထုတ်လိုက်တိုင်း လေခွင်းသံက တစ်ဝှမ်း ၀ှမ်း နဲ့မြည်နေ၏...
               အပေးအယူမျှတပုံကလည်း အမိဝမ်းကတည်းက အတူတူ သင်ကြား ထားသည်လားအောင့်မေ့ရသည်...
                 တစ်ယောက်က အပေါ်ဆိုလျှင် တစ်ယောက်ကအောက် .. တစ်ယောက်က ဘယ်ဆို တစ်ယောက်က ညာ .. နှစ်ဦးတွဲ တိုက်ကွက် အပြင် တစ်ယောက် ပြီးမှ တစ်ယောက်  တစ်လှဲ့ စီအ၀င်အထွက် လုပ်ရသော သိုင်းကွက်များ ထို့ပြင် ဂိုဏ်းချုပ်အစဉ်အဆက်ပင် ကျင့်ရန်ခက်လှသည်ဟုငြီးတွားကြကုန်သည့် .. ဖိုမ သိုင်းကွက်ကိုပင် အသုံးပြုသွားနိုင်ကြသည်...
                     ထိုချာတိတ်နှစ်ယောက်ကို ကြည့်ရင်း သုံးယောက်သား အတွေး တွေး ပုံခြင်းကတော့ မတူညီကြ
            ရိချင်းမှာ ဂုဏ်ယူခြင်း ၀မ်းသာခြင်း အစချီသော အတွေးမျိုးဖြစ်ပြီး ..
ဇရပ်ပိုင်ရှင်ကတော့ အံ့အားသင့်ခြင်း ..ချီးကျူးသော အတွေးမျိုးဖြစ်ပြီး. ....
ဝူတန်ဂိုဏ်းချုပ်ကြီးအတွက်မူ ... ၀ိရောဓိ အတွေးမျိုးဖြစ်သည်...
                 သူ ၀ူတန်ဂိုဏ်းချုပ် ဖြစ်လာသည်မှာ ဆယ့်ငါးနှစ်မျှ ရှိပြီ .. ဂိုဏ်းချုပ်ဖြစ်လာ သည် နှင့် သိုင်းပညာဖက်ကို သိပ်အရေးမလုပ်တော့ဘဲ .. အုပ်ချုပ်ရေး အပိုင်းနှင့် သိုင်းလောက အရေးတို့တွင်သာ ထဲထဲဝင်ဝင် လုပ်တော့၏.. ရံဖန်ရံခါတွင် လေးငါးခြောက်လလောက်မျှ နီးပါး ၀ူတန် တောင်ကိုမျှ ပြန်မရောက် .. သူ၏ ဂိုဏ်းတူညီများကသာ ဂိုဏ်းကိစ္စ အ၀၀ကို အစစအရာရာတာဝန်ယူ ထားကြ ရသည်.... သူ့တွင် လက်ရင်းတပည့်ဟူ၍ တစ်ယောက်မျှပင် မရှိသည်အထိ တာဝန် လစ်ဟင်းခဲ့ရ၏... ထို့ပြင် ၀ူတန်တွင်ရှိသော တပည့်တပမ်းများမှာ အသက်အရွယ် ငယ်သည်မရှိ သက်လတ်ပိုင်းနှင့် သူလို သက်ကြားအိုသာရှိတော့သည်..
               ယခု မြင်ရသော မြင်ကွင်းက သူ့အား အမြင်မှန် တစ်ခုကို ပေးလိုက်သလို ပင် ... အကယ်၍ ဒီအတိုင်းသာ ရှေ့ဆက်သွားနေလျှင် ၀ူတန်ဂိုဏ်း၏ ရှေ့ရေးသည် သူကဲ့သို့ပင် အိုမင်းကုန်းကွလာ၍ ဘ၀ဆုံး တော့မည်.. သွေးသစ်လောင်းမှ ဖြစ်တော့ မည် .. လူငယ်လူရွယ်များ ကို မွေးထုတ်ရမည် ဟူသော အတွေးက ခေါင်းထဲသို့ ၀င်ရောက်လာသည်..
                 သိုင်းသရုပ်ပြခြင်းက ပြီးဆုံးသွားလေပြီ... ဆယ်ကျော်သက် နှစ်ယောက်မှာမူ အနည်းငယ်မျှ မောခြင်းပန်းခြင်းပင် ဖြစ်ဟန်မပေါ် .. ချွေးပင်မစို့ချေ .. ဓါးပညာမှာ အရွယ်နှင့်မမျှအောင်ထူးချွန်ကြသော ကလေးများပင်ဖြစ်၏..
           '' လူလေးတို့ရဲ့ဓါး ဘဘကိုပေးစမ်းကွဲ့'''
     ဓါးကို  ရိုသေစွာပေးလိုက်သည်.. ဓါးနှစ်လက်စလုံးလက်ထဲရောက်သည်နှင့် တစ်ချက် ဆ လိုက်ရင်း
          '''  အင်း... ဓါးကလည်း ဓါးကောင်း လူတွေကလည်း လူတော် .. ဆရာကောင်းသမားကောင်းနဲ့လည်းတွေ့ရတော့ လူ့အဖိုးတန်လေးတွေ ဖြစ်ကြတော့မပေါ့ .. ဒါပေမယ့် ပညာဘယ်လောက်ကောင်းကောင်း စိတ်ထားမကောင်း ရင် အလကားပဲကွဲ့ .. ဇရပ်အရှေ့ ခြင်္သေ့ရုပ်မှာရေးထိုးထားတဲ့ စာတမ်း ဟာအလကားမဟုတ်ဘူး လူလေးတို့ရဲ့ .. အစောပိုင်းက လူလေးတို့ သရုပ်ပြသွားတဲ့ ဓါးသိုင်းတွေက ထက်လည်းထက်မြက်ကြပါတယ် ဒါပေမယ့် တစ်ခုတော့ လိုနေသေးတယ်... ပထမဆုံးသုံးသွားတဲ့ အကွက်က တစ်ယောက်က မိုးသောက်နေ၀င် .. တစ်ယောက် က ဒေါင်းမြီးဖြာ .. ဒီမှာကြည့် .. '''
                  ''' ရွှမ်း... ရွှမ်း'''
             လေထုထဲသို့ ဓါးဖြတ်သွားသံကား သံထည်ကြီးတစ်ခုနှင့် ထိခိုက်သွားသလို ပင်ဖြစ်သည်... ၀ဲဘက်လက်သည် မိုးသောက်နေ၀င် အကွက်ဖြစ်ပြီး ညာဘက် ကတော့ ဒေါင်းမြီးဖြာ သိုင်းကွက် ကို အသုံးပြု၏.. ပါးစပ်ကလည်း
                  '' သေချာကြည့် .. တွေ့လား..''''
             '' ဟာ  '' ဟူသော အာမိဋိတ်သံသည်  ၀ါဆန်းဂိုဏ်းချုပ်၏ ပါးစပ်မှ ထွက်လာသောအသံဖြစ်သည်.. ချာတိတ်နှစ်ယောက်ကလည်း
              '' တွေ့ပါတယ် .. ဘဘဂိုဏ်းချုပ်ကြီးခင်ဗျား '''
             သူတို့တွေသာတွေ့နေကြသည် .. သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ကျိုးနှင့် သူ၏ တပည့်ကျော်ကတော့ မျက်လုံးကို ပြူးပြဲကြည့်သည့်တိုင် ဘာမျှမတွေ့ သိုင်းကွက်များ လေထဲ ပျောက်ကွယ်သွားသည်သာ မြင်လိုက်ရ၏...
               ''' ဟဲ..ဟဲ..ဟဲ မိတ်ဆွေကြီးထန်ရှီးရယ် ကျုပ်ကတော့ မျက်စိမွဲလို့လား မသိဘူး ဘာဆိုဘာမှ မတွေ့လိုက်ရဘူးဗျ ..ဖြစ်နိုင်ရင် ရှင်းပြစမ်းပါ့... '''
                '' ဒီလိုဗျ မိတ်ဆွေကြီးယွဲ့ရ သူတို့သုံးနေတဲ့ .. မိုးသောက်နေ၀င်ဆိုတဲ့ အကွက် က ၀ဲကနေ ယာကို ဆွဲရတဲ့ အကွက် ဖြစ်ပြီး ဒေါင်းမြီးဖြာဆိုတဲ့ အကွက်က ယာကနေ ၀ဲကို ဆွဲရတဲ့အကွက် .. တစ်ယောက်ထဲဆိုရင် မိုးသောက်နေ၀င်ပဲဖြစ်ဖြစ် ဒေါင်းမြီးဖြာပဲဖြစ်ဖြစ် တကွက် ခြင်းကိုခုခံရလွယ်ပေမယ့် အခုလို နှစ်ယောက်က မတူညီတဲ့ လားရာ အကွက်ကို သုံးလိုက်တော့ ပြိုင်ဘက်မှာ  ဘယ်လိုခုခံရမလဲဆိုတာ ဝေခွဲ မရနိုင်တော့ဘူးလေ.. အဲ့အချိန် မှာ ပြိုင်ဘက်က ဘာလုပ်မလဲ .. ၀ဲကို ကာရင် ယာက ဓါးက၀င်လာမယ် ယာကိုကာရင် ဘယ်က၀င်လာမယ်ဆိုတော့ ... '''
                   ''' အနောက် ကိုပဲ ဆုတ်ရမှာပေါ့ '''
                  '''  သေချာလို့လားမိတ်ဆွေကြီးယွဲ့'''
                   '' သေချာတာပေါ့ဗျာ '''
                   '' အဲ့ဒါဆို သူတို့ နောက်တိုက်လိုက်တဲ့ အကွက်ကြောင့် ခင်ဗျား     ရှုံးမှာပဲ ...သူတို့လိုချင်တာ  ဒီဓါးကွက်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူး ပြိုင်ဘက်ကို နောက်ဆုတ်စေချင်လို့ပါ ... နောက်ထပ်သူတို့သုံးတဲ့ အကွက်က တစ်ယောက်က ၀ါဆန်းရဲ့ နာမည်ကျော် လှိုင်းသုံးဆင့် သိုင်းကွက် .. နောက်တစ်ယောက်က ကောင်းတုံဂိုဏ်းရဲ့ မိချောင်း အမြီးရိုက် ဆိုတဲ့ ဓါးကွက် ကို ပြန်သစ်ဆန်း ထားတဲ့ သိုင်းကွက်ကို သုံးထားတာဗျ .. ၀ါဆန်းဂိုဏ်းချုပ်ကြီးရဲ့ ပြန်လည်ဆန်းသစ်မှုပေါ့ '''
         ''' ဒါက ဒီလိုပါဗျာ အတုခိုးထားတာတော့ မဟုတ်ပါဘူး .. လွန်ခဲ့ တဲ့ ခြောက်နှစ်လောက်က  ကောင်းတုံဂိုဏ်း. ချင်းချန်ဂိုဏ်း သိုင်းဖလှယ်ပွဲမှာ ဒီသိုင်းကွက် ကိုမြင်မိတာနဲ့ ပြန်ပြီးမွန်းမံကြည့်မိတာပါဗျာ..သိပ်ပြီးထိရောက်မယ်တော့လည်း မထင်ပါဘူး...''''
              ''' ထိရောက်တာမှ သိပ်ထိရောက်သပေါ့.. ကောင်းတုံဂိုဏ်းဟာ တခြား သိုင်းဂိုဏ်းက သိုင်းကွက်တွေနဲ့ မတူ ခြားနားချက်က ခန္ဓာကိုယ်အောက်ပိုင်းကို ဦးတည် တိုက်တဲ့ အကွက် တအားများတာပဲ .. အခု ဒီ မိချောင်း အမြီးရိုက်သိုင်းကွက် ဟာ ကောင်းတုံရဲ့အကောင်းဆုံးအကွက်တွေထဲက မဟုတ်ပေမယ့်  ရန်သူ့ခြေထောက် ကိုတိုက်ခိုက်တဲ့နေရာကြတော့ ထိရောက်မှုပိုတယ် .. ကဲ  မိတ်ဆွေကြီးယွဲ့ နောက်ကို ခင်ဗျား ခုန်ဆုတ်လိုက်တဲ့ အချိန်မှာ အရှေ့တည့်တည့် ကနေ .. လှိုင်းသုံးဆင့်သိုင်းရဲ့ ပထမတစ်ဆင့် ၀င်လာမယ် ခင်ဗျား ဘာလုပ်မလဲ '''
             ''' နောက်ဆုတ်နေရင်းဆိုတော့ ဘယ်ညာရှောင်မရလို့ ဓါးနဲ့ ကာမယ်ဗျာ ''
            ''' ကောင်းပြီ ဒုတိယအဆင့်လှိုင်းပါထပ်ဝင်လာပြီဗျာ ..'''
            ခဏမျှ စဉ်းစားလိုက်ပြီး.....
            '' ထပ်ကာရမှာပဲ ...''
           '' အဲ့အချိန် တစ်ဆက်ထဲမှာ ပဲ မိချောင်းအမြီးရိုက်သိုင်းနဲ့ ခင်ဗျားခြေ ထောက်အောက်ကို နောက်တစ်ယောက် က၀င်တိုက်မယ်ဗျာ..အခုချိန်ထိ ခင်ဗျား ခြေထောက်က မြေကြီးပေါ်မကျသေးဘူးနော်....'''
              '' အင်း ..တော်တော်ကပ်သီးကပ်သပ်နိုင်တဲ့သိုင်းပဲဗျာ.. ဟုတ်ပြီဗျာ လှိုင်းသုံးဆင့်ဓါးသိုင်းကို ရိုက်ထုတ်မယ်.. ပြီးမှ မိချောင်းအမြီးရိုက်ကို ကာမယ် ..''
             ''''  မိတ်ဆွေကြီး ကလှိုင်းသုံးဆင့်ဓါးသိုင်းရဲ့ အမြန်နှုန်းကို လျော့တွက် ထားတာကိုးဗျ .. ကောင်းပြီ တကယ်လို့ ရိုက်မိတယ်ပဲထားအုံန်း .မိတ်ဆွေကြီးယွဲ့က ဓါးကိုရိုက်လိုက်တဲ့အချိန်မှာ အောက်ကို ဓါးနဲ့ပြန်ဆွဲချဖို့ဆိုရင် ကင်းမြီးကောက် ထောင်မှပဲရမယ် ... နောက်နေတုန်း မြေကြီးနဲ့ခြေမထိသေးခင် ကင်းမြီးကောက် ထောင်ဖို့တော့... တယ်လွယ်လှမယ်မထင်ဘူး'''
                '' ကိုင်းဗျာ ကျုပ်တော့ အရှူံးပေးပါပြီ .. ပထမ အကွက်ပဲအရင်ရှင်းပြ ပါအုံးဗျာ..''
                ''မိုးသောက်နေ၀င် .. နဲ့ ဒေါင်းမြီးဖြာ သိုင်းကွက်နဲ့ ညှပ်တိုက်ခံရရင် တဖက်ရန်သူလုပ်ရမယ့်အကွက်က ဓါးကို ရင်ဘတ်မှာ ထားပြီး ရှေ့တည့်တည့် ၀င်တိုး ဖို့ပဲ ..  အဲ့ဒါဆို ဒီတစ်ကွက်ထဲနဲ့တင် သူတို့နှစ်ယောက်သိုင်းဟာ လုံးဝပျက်ရုံမကဘူး .. နှစ်ယောက်လုံးအသက်ပါ ပါသွားနိုင်တယ် .. ဒီတစ်ကွက်ထဲနဲ့နော်. အဲ့ဒါကြောင့် ကျုပ်က ဓါးကွက်ကို ဒီလိုပြောင်းလိုက်တယ် .. မိုးသောက်နေ၀င် သိုင်းကွက် အဆုံး သတ်မှာ လက်ယာဘက် တိမ်းနေတဲ့ ဓါးသွားကို မဆိုစလောက်ကလေး ၀ဲဘက်ကို ပြန်ယူလိုက်တယ် ရှင်းရှင်းပြောရရင် တဖက်လူ ၀င်လာမယ့် အပေါက်ကို ပြန်ဖာတာ ပေါ့ဗျာ..  ဒီလိုပဲ ဒေါင်းမြီးဖြာ အကွက်ကိုလည်း ယာဘက်ကို ပြန်ယူလိုက်တယ် .. အဲ့အချိန်မှာ အယူအဆလေးတော့ ညီရမယ်ဗျို့ ... နည်းနည်းလေးလွဲတာနဲ့ သူတို့ နောက်ထပ်အကွက် ပြန်စတဲ့အချိန်မှာ .. အနည်းငယ် တုံ့သွားတော့မှာ .. သိတဲ့အတိုင်း မျက်စိတမှိတ်အမှား ရဲ့ အဆုံးမှာ ဆုံးရှုံးရတာ အသက်ပါ ဆိုတဲ့ ကဗျာ ကို ...အခုလဲ အဲ့လို ဖြစ်သွားမှာပဲ...  မိတ်ဆွေကြီးက သေသေချာချာ မကြည့်မိလို့ ပါ''
#အစ၏အဆုံး ..အဆုံး၏အစ
 Pyae Phyoe San
#13
        သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ကျိုးသည် တည့်တည့်ပြောမှပင်ရိပ်မိတော့၏..
     ''' လူလေးတို့နှစ်ယောက် သိုင်းစွမ်းရည်က လူငယ်ပိုင်းထဲမှာတော့ အကောင်းဆုံး လို့သတ်မှတ်လို့ရတယ် ...  ဆရာသင်ကြားလိုက်သမျှကို ကျေညှက်အောင်သင်ယူ နိုင်စွမ်းလည်းရှိတယ်ကွဲ့ .. ...  ဒါပေမယ့်  သိုင်းကွက်ရဲ့သဘောသဘာဝ ဟာ ပုံသေ မဟုတ်ဘူး ... ဆရာသင်ကြားလိုက်တဲ့ အထဲကမှ ပင်ကိုယ်ညဏ်လေးနဲ့ ကိုယ့်သိုင်းကွက် ရဲ့ အားနည်းချက် ..အားသာချက်ကို အမြဲ ရှာနေရမယ် .. အဲ့ဒါဆို လူလေးတို့ သိုင်းစွမ်း တဆင့်မြင့်လာမှပဲ... ခုလောလောဆယ် ဘဘကြီးက မင်းတို့ ၀ါဆန်းဂိုဏ်းရဲ့ သိုင်းထဲကပဲ .. ဓါးကွက် အတွဲအစပ်နဲ့ ဟာကွက်တွေကို ထောက်ပြ ပေးမယ် .. '''
          ထို့နာက် ၀ူတန်ဂိုဏ်းချုပ်ကြီးသည် ဓါးနှစ်လက်ဖြင့် ၀ါဆန်းဂိုဏ်း၏ အတွဲအစပ် သိုင်းကွက်များကို ဖြေးညှင်းစွာ သရုပ်ဖော်ပြလိုက်သည်...  ၀ါဆန်းဂိုဏ်းချုပ်ရိချင်းမှာ ၀ူတန်ဂိုဏ်းချုပ်ကြီး၏ ဓါးသိုင်းကို ကြည့်ရှုရင်း..
         '' ဟာ ဟုတ်သားပဲ .. ဘာလို့ဒီလို အတွဲအစပ်လုံးတွေကို ငါမစဉ်းစားမိသလဲ မသိဘူး .. ၀ူတန်ဂိုဏ်းချုပ်ကြီးမို့လို့သာ စဉ်းစားမိတာပါ .. အလို .. ဖိုမ ဓါးသိုင်းတောင် မှ ဂိုဏ်းချုပ်ကြီးက တတ်နေပါပေါ့လား... ''
         အမှန်တော့ ၀ူတန်ဂိုဏ်းချုပ်ကြီးသည် ဖိုမ ဓါးသိုင်းအား တခါမျှလေ့ကျင့် သင်ကြားဖူးသူမဟုတ်ပေ .. ဓါးသိုင်းအရာတွင် အဓိပတိတစ်ဆူဖြစ်သောကြောင့် ဓါးသိုင်းအသွားအလာကို ကြည့်ရုံမျှနှင့် ကျန်ရှိသည့် အကွက်များကို ခန့်မှန်းနိုင်သည့် စွမ်းရည်ရှိ၍ ဤသို့ သရုပ်ပြနိုင်ခြင်းပင်...
            ချာတိတ်နှစ်ယောက်မှာ ဉာဏ်စွမ်းဉာဏ်စ ကောင်းသူများဖြစ်ကြသည်က တစ်ကြောင်း .. ၀ါဆန်းဓါးကွက်များသာ ဖြစ်သည်ကတစ်ကြောင်းမို့ ကြည့်ရင်းနဲ့ပင် တစ်ထိုင်ထဲ မှတ်မိသွားကြ၏..
               သူတို့နှစ်ယောက်ပင်မက ၀ါဆန်းဂိုဏ်းချုပ်ပင် သိုင်းအဆင့်တစ်ခုမြင့် သွားကြလေသည်...
                 ယွဲ့ကျိုးနှင့် သူ၏ တပည့်မှာတော့ မျက်စိသူငယ် နားသူငယ်ဖြင့်သာ ..
         ''ကဲ ...ဒီလောက်ဆို လူလေးတို့ သဘောပေါက်လောက်ရဲ့ မဟုတ်လား..'''
         သိုင်းကွက်ကို လှပစွာ အဆုံးသတ်လိုက်ပြီး ၀ူတန်ဂိုဏ်းချုပ်ကြီးက ပြောလိုက်သည်... ပြီးသော် ဓါးများကို ပြန်ပေး၍ ကလေးနှစ်ယောက်အား .. သိုင်းကွက်များ ကြေညှက်မှု ရှိမရှိ စစ်ဆေးကာလိုအပ်သည့်နေရာများကို ဖြည့်စွက် ထောက်ပြပေးလိုက်၏...
            ထို့နောက် .. ၀ါဆန်းဂိုဏ်းချုပ်ရိချင်းမှ ကျေးဇူးတင်ကြောင်းပြောကာ .. လိုရင်းကိစ္စဖြစ်သော ၀ူပေမြို့ရှိ မိုးကြိုးဓါးလွေစုထံ အကြောင်းကြားစာ ပို့ရန် ကလေးနှစ်ယောက်အား အမိန့်ပေးလိုက်၏...
            သွေးဘီလူးကိုမှု ယွဲ့အိမ်တော်၏မြေတိုက်ခန်းတွင်ချုပ်နှောင်ထား၏.. ရိချင်းတို့သုံးယောက်ကလည်း မြင်းကိုယ်စိီဖြင့် ၀ူပေမြို့သို့ ထွက်သွားကြသည်..
.........'''''....''''.
        ခွန်လွန်းတောင် သည် အမြဲမပြတ်မြူခိုးမြူမှုန်များ ရစ်ခွေသိုင်းလျှက် ရှိပြီး အဖြူရောင်ဇာပ၀ါကြီး ခြုံထားသည့်ပမာနှယ်ရှိ၏...
         အဝေးကလှမ်းကြည့်လိုက်လျှင်မူ စိမ်းညို့ညို့တောင်တန်းကြီးသည် မိုးတိမ်ဖျားသို့ထိုးထွက်နေသည့်ပုံပင်...
          ခွန်လွန်းတောင်ပေါ်တွင်မူ သိုင်းလောကတွင် ထင်ရှားကျော်ကြားလှသော ခွန်လွန်းဂိုဏ်းအဖွဲ့သည် တည်ရှိပေသည်.. .. .. ချယ်ရီပင်များ ထင်းရှူးပင်များ.. ၀ါးရုံများနှင့် တင့်မောဖွယ်ရာ ရှိသည့်အပြင် တောင်ထိပ်ပေါ်တွင် ကြီးမားသော ရေကန်ကြီးတစ်ကန်ရှိသည်ဆိုလျှင် အံ့အားသင့်ဖွယ်ပင်.. ရေကန်ထဲတွင်တော့ အနီရောင် အဖြူ ကြာပန်းကြာဖူးများ ကပန်းချီရေးဆွဲထားသလားအောင့်မေ့ရအောင် လေတိုက်လိုက်တိုင်း လှုပ်လီလှုပ်လဲ့နှင့် ...
              ရေကန်ဘေးတွင် နှစ်ပေါင်းတစ်ရာခန့် သက်တမ်းရှိ ချယ်ရီပင်အိုကြီး တစ်ပင် ရှိသည် .. နှစ်ပေါင်းများစွာ ရာသီဥတု၏ အထုအထောင်းခံခဲ့ရသော်လည်း ချယ်ရီပင်အို ကြီးကတော့ အစဉ်အလာမပျက် ချယ်ရီပန်းများကို အဆုပ်လိုက် အဆုပ်လိုက် ပွင့်ဝေ နေဆဲပင်...
                 ချယ်ရီပင်အောက်တွင် အဖြူရောင်ဝတ်စုံကို သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ထားသော အသက် ခုနှစ်ဆယ် အရွယ် အဖိုးကြီးတစ်ယောက်သည် ပိတ်ဖြူစပေါ်တွင် လက်ရေးအလှစာလုံးကို ဖြည်းငြင်းစွာ ရေးခြစ်နေသည်.. သူ၏ ရှေ့ စားပွဲပေါ်တွင် မူဆယ်နှစ်သားအရွယ် ကလေးတစ်ယောက် သည် ပုဆစ်တုပ်ထိုင် ကာ ဂျစ်..ဂျစ် ဂျစ်ဂျစ် နှင့် မင်တောင့် သွေးနေ၏.'..
                ရေကန်ထဲမှ ရေဘဲများ ဗျိုင်းများကတော့ ထိုသူနှစ်ဦးအလုပ်ရှုပ်နေသည် ကို အာရုံမျှမ၀င်စား .. ရေကန်ထဲမှ ငါးများ မည်သည့်အချိန် ပေါ်လာမည်နည်း ဟု တွေးတောနေဟန်နှင့် ရေပြင်ကိုသာ စူးစိုက်ကြည့်နေကြသည်...
              မင်တောင့်တင်ထားသည့်  စားပွဲခုံပေါ်တွင် စုတ်တံ အတိုအရှည် မျိုးစုံ .. ဗျပ်စောင်းတစ်လက် .. ပေကျင်းမြို့မှ နာမည်ကျော် ကဗျာဆရာကြီး ၀ူကျိချောင်း၏ ခန်းနာထည်ဝါ လူတို့ရွာ ဟူသော ကဗျာစာအုပ်တစ်အုပ် .. ကျားဗမ်း နှင့် ကျားသီးများ .. ထုလက်စ ပန်းပု အပိုင်းအတို နှင့် စူးဆောက်တစ်စုံ .. ဆေးမြစ်ဆုံ တစ်ဆုံ .. လက်ဖက်ခြောက် အိတ်တစ်အိတ် နှင့် လက်ဖက်ခြောက်စစ်ရန် ရေစစ်ငယ် .. ရေနွေးကရား တစ်လုံးနှင့် ခွက်နှစ်ခွက် .. ဖုန်းရွှင် သံလိုက်အိမ်မြှောင်နှင့် ဟူးရား စမ အင်းချထားသည့်စာရွက်ဝါ.. ဂျီးအထပ်ထပ်ပေပွနေသော မည်းသည်းသည်း သစ်သား
ဓါးတစ်ချောင်း .. အစရှိသည့် ပစ္စည်းများကို အနေအထားကျန စွာ တင်ထားသည် ..
               မင်တောင့်သွေးနေသော ကလေးမှာလည်း အဖြူရောင် ၀တ်စုံကိုပင် ၀တ်ဆင်ထားပြီး .. ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ခါးပတ်ကို ခါး၌ ကျနစွာ ပတ်ထား၏... မျက်နှာမြင်ချစ်ခင်ပါစေဟူသော ရုပ်ရည်ရူပကာနှင့် ပြည့်စုံသော ထိုကလေးကို မြင်သူတိုင်း ချစ်ခင်ကြမည်မှာ မလွဲပေ.. ဖြူနုသော အသားအရည် က ယောက်ကျားလေးဟု ကျိန်တွယ်ပြောရမည့်ဟန်ရှိပြီး .. မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ်နှင့်မို့ ထိုကလေး အသက်အရွယ်ရလာသည့်အခါ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာမည်ဟု မည်သူမဆို ခန့်မှန်းမိကြမည်ဖြစ်သည်..
             '' ဂျစ်..ဂျစ်..ဂျစ်..ဂျစ်'''
         မင်တောင့်သွေးသံက ပဲ ဤမြင်ကွင်းသည် ပန်းချီကားမဟုတ်မှန်း ဖော်ပြ နေသည်..
          ရှင်းသန့်သော ဥပဓိရုပ် နှင့်   ခေါင်းရော မှုတ်ဆိတ်မွေးပါ မကျန် ဆွတ်ဆွတ် ဖြူနေသည့် အဘိုးကြီးသည် ခွန်လွန်းတောင်ကို စောင့်ရှောက်သည့် နတ်မင်းတပါး
များပေလား ....
          ကနဦး တွင် အကြင်သူသည် ထိုမြင်ကွင်းကို တွေ့လျှင် ဤ မေးခွန်းကို မေးလိမ့်မည် ဖြစ်သော်လည်း ..  သိုင်းလောကသားတစ်ယောက်ဆိုလျှင် စားပွဲ ပေါ်မှ ပစ္စည်းများကို အတွေ့တွင် ..ခွန်လွန်းဂိုဏ်းရှိ ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့် ဟု ချက်ချင်းသိသွားမည်ဖြစ်သည်..
        သွေးအရိပ်အား လက်သီးတစ်ချက်ထဲဖြင့် အနိုင်ယူခဲ့သူ ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့်အား အနီးအနား မြို့ရွာများက လူများသည် နတ်တပါးသဖွယ် ပင် မှတ်ယူကိုးစားကြလေသည်...
        ဆေးပညာ ..နက္ခတ္တပညာ နှင့် ၀င်္ကပါပညာ .. သိုင်းပညာ ..ကျားပညာ.. စစ်ချီစစ်တက်ပညာ ..ပန်းချီပန်းပု ဂီတ အနုပညာ.. အင်းအိုင်လက်ဖွဲ့ ဟူးရား အဆောင်များ အစရှိသော ပညာရပ် ခုနှစ်မျိုးကို ကျွမ်းကျင်စွာ တတ်မြောက် ထားသော ဆရာကြီးမုန့်အား သိုင်းလောကအတွင်းရှိ အနက်ရောင် အဖြူရောင် တင်မက အညိုရောင်သိုင်းသမားများကပါချစ်ခင်လေးစားကြသည်...  
          နန်းတွင်းနှင့်တိုက်ရိုက်အဆက်သွယ် ရှိပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်ပင် သေဒါဏ်ကင်းလွတ်မိန့်ရွှေဓါးကိုပေးဆောင်ထားသည့်အပြင် မကြာခဏဆိုသလို တိုင်းရေးပြည်ရာများကို ခေါ်ယူအကြံတောင်းတတ်လေသည်..
         ထိုမျှ အရှိန်အ၀ါကြီးမားလှသော ခုနှစ်မျိုးထူးချွန်ဆရာကြီး မုန့်သည်  ခွန်လွန်း ဂိုဏ်းတွင် ဂိုဏ်းချုပ်မဟုတ်ဟုဆိုလျှင် အလွန်တရာမှ ထူးခြားပေ၏..
          ဆရာကြီးမုန့်သည် သူဝါသနာပါရာကိစ္စရပ်များတွင်သာ မွေ့လျော်သူ ဖြစ်သောကြောင့်  ဂိုဏ်းချုပ်ရာထူးကို  သူ၏ဂိုဏ်းတူညီဖြစ်သူကို လွဲပေးထားသည်..
        သူကိုယ်တိုင်ကတော့ ထိုရေကန်စပ်တွင် ..  တပည့်ဖြစ်သူဆယ်နှစ်အရွယ်  လိုင်လိုင် ကလေးနှင့်သာ ကဗျာစပ်လိုက် .. ကျားထိုးလိုက် သိုင်းပညာတီထွင်လိုက် အစရှိသဖြင့် အေးအေးလူလူ နေထိုင်လေ့ရှိသည်..
        ရှောင်လင်ဂိုဏ်းချုပ်ကြီးလိုပင် သိုင်းလောက အရေးအခင်းကို အတတ်နိုင်ဆုံး ရှောင်ရှားလေသည်... ယိယှတောင်တိုက်ပွဲလို သွေးချောင်းစီးတိုက်ပွဲ၌ပင် မပါပေ..
        လက်ရေးအလှ ရေးသားခြင်းမှ ပြီးစီးသွားလေပြီ...
       တိကျသေသပ် လှပသော ထိုစာလုံး ကိုမြင်လျှင် နေပြည်တော်မှသူဌေးသူကြွယ်များ ပညာရှင်များ ဆွေတော်မျိုးတော်များ ငွေပုံပေး၍ အလုအယက် လာရောက်ဝယ်ကြပေလိမ့်မည်..
         ''' ဆရာ ဒီနေ့ အာရုံသိပ်မရဘူးထင်တယ် .. အောက်ဆုံးစာလုံး အနားသတ် က အတွန့် သေးသေးလေး ဖြစ်သွားတယ် ..''
         အသက်ခုနှစ်ဆယ်အရွယ်ဆရာကို  ဆယ်နှစ်သားအရွယ် တပည့် ဖြစ်သူမှ ဝေဖန်လိုက်ခြင်းပင်..
        '' အင်း ..ဟုတ်တယ် .. လိုင်လိုင် ရဲ့ .. လူနာတွေ ဘက်ကို အာရုံရောက်သွား လို့ အနားသတ် စာလုံးမှာ အနာဖြစ်သွားတာ ... ဒီနေ့ကတော့ တော်ပါပြီလေ .. လူနာတွေကို သွားကြည့်ရအောင်....''
          ဟု တပည့်လုပ်သူ၏ ဝေဖန်ချက်ကို သဘောထားပြည့်ဝစွာ ပြန်ဖြေလိုက်ပြီး .. နာရီပေါင်းများစွာ အာရုံစိုက် ရေးသားထားသော  အလှစာလုံးကို ဗျိ ခနဲ ဆွဲဖြဲလိုက်သည် ...
        စားပွဲပေါ်မှ ပစ္စည်း ပစ္စရများကို သိမ်းရင်း .. လိုင်လိုင်မှ
          '' ဆရာ ထန်မိသားစုရဲ့ အဆိပ်က ဘာကြောင့်မို့ ဒီလောက်ပြင်းရတာလဲ'''
   ဆရာကြီးမုန့်မှ အပြဲအစများကို လုံးချေ ပြီး ...
  '''အဲ့ထန်အဆိပ်ရာဇ၀င်ကိုပြောရရင် အရှည်ကြီးကွဲ့ နောင်များကြုံမှပြောပြမယ် .. .. အခုမိလာတဲ့ အဆိပ်က ပြောရရင် တအားကြီးပြင်းထန်တယ်တော့မဟုတ်ဘူး ..   တူမောင် ကျောက်ကျူးထင် က အစိုးရိမ်လွန်ပြီး အတွင်းအားနဲ့အဆိပ်တွေကို ညှစ်ထုတ်ပေးလိုက် လို့ ဒီလောက်ဆိုးသွားတာ .. အဆိပ်က ကိုယ်ခန္ဓာထဲ ရောက်တာနဲ့ ခံရတဲ့သူဟာ နုံးချိမယ် . .. အား သုံးလို့မရတော့ဘူး .. မခံမရပ် နိုင်နာကျင်မယ် ..  အတွင်းအားမသုံးရင် ခုနှစ်ရက်လောက် နေရင်သူ့ဟာသူ ပျောက်သွားမှာ.. အခုတော့ တူမောင်ကျောက်ကျူးထင်က  အတွင်းအား သုံးလိုက်တော့ အဆိပ်တွေက နှလုံးထဲအထိ ရောက်သွားရော .. သူ့အတွင်းအားက အဆင့်မြင့်လွန်းတာလဲပါတာပေါ့.. အဲ့ဒီတော့ နည်းနည်းကုရခက်သွားတယ်..ရိလုံက အတွင်းအား ကောင်းတဲ့ သိုင်းသမားတစ်ယောက်ဆိုတော့ ပြသနာမရှိဘူး .. အဘိုးအို ဖုန်းချူးကပဲ ဆေးနဲ့လူနဲ့ ခံနိုင်ရည်မျှမမျှစောင့်ကြည့်ရမှာ ..  ''
               စကားတပြောပြောနှင့်ဆရာတပည့်နှစ်ယောက် လမ်းလျှောက်လာကြရာ .. လမ်းလေးအဆုံးတွင် ၀ါးဖြင့်ပြုလုပ်ထားသော ချစ်စရာအိမ်လေးတစ်လေးသို့ ရောက်ရှိသွား၏..
               အိမ်ထဲသို့ဝင်ဝင်ခြင်းပင် အားချန်နှင့်အားဖုံ တို့နှစ်ယောက်မှာ အိမ်ရှေ့ စားပွဲတွင် စားသောက်ဖွယ်ရာများ ပြင်ဆင်နေကြသည်ကို မြင်လိုက်ရသည်..
            ပဲပင်ပေါက်ကြော် .. ကြက်ဂျင်စင်းပေါင်း .. ပဲပြားနှင့်အသီးအရွက်စုံကြော် .. ငါးခေါင်းမုန်ညှင်းခြောက်ဟင်းချို .. ထမင်းလုံးများနှင့် တူအစုံ တို့ကို စားချင်စဖွယ် ဖြစ်အောင် ချက်ပြုတ် ပြင်ဆင်ထားသည်ကို ကြည့်ရင်း  ခုနှစ်မျိုးထူးချွန်ဆရာကြီး မုန့် ၏ စိတ်တွင်းဝယ် ..
       ''ဒီကလေးနှစ်ယောက်က ဘယ်ဆိုးလို့လဲ ဒီအသက်ဒီအရွယ် နဲ့ ထမင်းဟင်း ကို အဆီငေါ်တည့်အောင် ချက်ပြုတ်တတ်နေပြီ .. အောက်သက်ကြေတဲ့နေရာတော့ လိုင်လိုင် ထက်သာသားပဲ.. '''
         ''ကလေးတွေ .. မင်းတို့ အဘိုးအခြေအနေဘယ်လိုရှိသလဲကွဲ့'''
          ''' ဘိုးဘိုးက စကားတော့ ပြောနိုင်ပါပြီ.. အစားတော့မ၀င်သေးဘူး '' အားဖုန်က ဆရာကြီး၏အမေးစကားကို ရိုသေစွာ ပြန်ဖြေလိုက်သည်..
          ထိုစဉ်အခန်းတွင်းမှ အဝေးရောက်လက်သီးကျောက်ကျူးထင်သည် ရိလုံ ကို တွဲကာ ထွက်လာခဲ့၏...
        ရိလုံသည် ဆရာကြီုးမုန့်ကို မြင်မြင်ခြင်းပင် လက်အုပ်ချီဂါရ၀ပြုကာ
     '' ကျွန်တော့်မှာတော့ ဆရာကြီးပေးတဲ့ အသက်ပဲရှိပါတော့တယ် .. ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျား .. ဆရာကြီးမှာ အခက်အခဲမရှိတာသိပေမယ့် ဘယ်လို အရေးအကြောင်းကိစ္စမျိုးကိုမဆို ကျွန်တော့်ကို အကြောင်းကြားလိုက်တာ နဲ့ အသက်စွန့်ပြီးကူညီပါမယ် ဆရာကြီး''
        ''' မလိုပါဘူး ရိလုံရယ် .. မင့်တကယ်ကျေးဇူးတင်ချင်ရင် ကျောက်ကျူးထင် ကိုသာ ကျေးဇူးတင်ရမှာ ..သူသာ ခေါ်မလာရင် ငါလည်းကုပေးနိုင်မှာ မဟုတ်ဘူး''
         အကယ်စင်စစ် ကျောက်ကျူးထင်၏ စေတနာသည် သူတို့အတွက် ဝေဒနာ ဖြစ်စေခဲ့သည်ကိုတော့ ဆရာကြီးမုန့်မျာ မပြောတော့ပေ.. ..
            '' လိုင်လိုင် ရေ ပစ္စည်းပစ္စရတွေကို နေသားတကျထားပြီးရင် .. စားကြသောက်ကြမယ် ဟေ့ .. နေအုံး ပန်းကန်တစ်လုံးတော့ အပို ပြင်ထားရမယ် .. အပြင်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတယ် ..'''
           ''' ဟဲဟဲဟဲ ..ဒါ့ကြောင့်လည်း သိုင်းလောကမှာ ဆရာကြီးမုန့်လို့ နာမည်ကြီး နေတာပေါ့.. ကျွန်တော်ချန်းချန် ရောက်လာတာ အချိန်ကိုက်ဟုတ်ရဲ့လားဗျာ... '''
           စကားပြောသံနှင့်အတူ အပြင်ဘက်မှ အပြာရောင်ပိုးသားဝတ်စုံနှင့် အသက်သုံးဆယ် အရွယ် လူတစ်ယောက် အိမ်အတွင်းသို့ ၀င်ရောက်လာသည်.. လူက လူရည်သန့်ဖြစ်ပြီး လက်နှစ်ဖက်တွင် ထူးထူးခြားခြား ရွှေကွင်းလက်ကောက် များ ကို အစီအရီ စွတ်ထား၏... ကျောတွင် အပြာရောင်အိတ်တစ်လုံးကို ဟန်ပါပါ လွယ်ထားသေးသည်.. သူ၏မျက်နှာ ကလည်း အိပ်ပျော်နေလျှင်တောင် ပြုံးရွှင်နေမည့် ပုံပင်...
          ထိုသူက ကျောက်ကျူးထင် .. ရိလုံတို့၏ သူငယ်ချင်းဖြစ်သူ သိုင်းလောကထိပ်သီးစာရင်း တွင် နံပါတ်ခွန်ဖြစ်သော ရွှေကွင်းပျံ ချန်းချန် ပင်ဖြစ်၏- ....
          " ညီလေးချန်းချန် ရောက်လာတာ အချိန်ကိုက်ပဲဗျို့ .. မင့်အကိုလတ် ရိလုံ ရဲ့အဖြစ်ကိုသာကြည့်လိုက်... '''
         ကျောက်ကျူးထင်ကို အမှီသဟဲပြုပြီး ပျော့ခွေစွာရပ်နေသည့် ရိလုံကို အမြင်တွင် ချန်းချန်မှ ဟက်ဟက်ပက်ပက်ရယ်လိုက်ရင်း...
         ''' ဟားဟားဟားဟား .. လေပြင်းဓါးရိလုံရဲ့ နှုတ်ခမ်းမွှေးကို ဆွဲဝံ့တာတော့ တော်တော်ခေမယ့်ပုံမပေါ်ဘူး .. ကြည့်ရတာ အကိုလတ်က မိန်းမချောလေးမို့ ညှာလိုက်တာထင်ရဲ့''''
         ရိလုံ၏ ဖျော့တော့တော့မျက်နှာသည် မစင်မှန်လိုက်သည့်သဖွယ် ရှုံ့တွ
သွားကာ ..
         ''' ထွီ  . .. ဘယ်ကမိန်းမချောရမှာလည်း .. မိန်းမအို မိန်းမယုတ် ထန်စူးစူး ဆိုတဲ့ မိစ္ဆာမ အဘွားကြီး .. ငါ့တပည့်တွေကိုလည်း သတ်သွားသေးတယ် .. ငါ့ကိုလည်း အဆိပ်အပ်နဲ့ ပစ်သွားသေးတယ်... အကိုကျောက်ကျူးထင် သာ မပါရင် ငါ့ကိုတောင်မင်းမြင်ရတော့မှာမဟုတ်ဘူး'''
    ထိုမဲ့ကာရွဲ့ကာနှင့်ရိလုံ၏ အဖြေစကားကြောင့် ဆရာကြီးမုန့်ပင် ပြုံးစိစိ ဖြစ်သွားကာ
            ''' ကဲကဲ စကားကို နောက်မှ ပြောကြဟေ့ .. အစားကို အရင်စားကြရအောင်
သိပ်ဆူနေလို့လည်း မကောင်းဘူး အခန်းထဲမှာ လူနာတစ်ယောက်ရှိသေးတယ် ..
လိုင်လိုင် ..မင်းက မင်းညီလေးတွေကို ခေါ်ပြီး မီဖိုးချောင်မှာ သွားစားလိုက်.. ဆရာတို့က မင်းဦးလေးတွေနဲ့ အပြင်မှာစားမယ် ..ဧည့်ကောင်း စောင်ကောင်း ရောက်လာတယ်ဆိုတော့ မဧည့်ခံလို့မကောင်းဘူး ..  နောက်ဖေးမှာ မြုပ်ထားတဲ့ .. ချယ်ရီအရက် တစ်လုံးပါ သွားဖော်ခဲ့.. '''
              အခန်းတွင်းမှ လူမမာ ဖုန်းချူးကလည်း အရက်ဟူသော အသံကြားလိုက် သည်နှင့် ဦးခေါင်းထောင်လာကာ ပါးစပ်တပြင်ပြင်နှင့်ဖြစ်လာသည်.. ခုနှစ်မျိုးထူးချွန် ဆရာကြီးမုန့်၏ ချယ်ရီအရက်သည် သိုင်းလောကတွင် အထူးနာမည်ကျော်ကြား သော အရက်ဖြစ်သည်ကို သူကြားဖူးသည်လေ..
             အကယ်၍သူသာ လမ်းလျှောက်နိုင်မည်ဆိုပါက .. မည်သို့ပင်တောင်းပန် ရစေ သူ တောင်းပန်၍ ရအောင် သောက်ပစ်မည်သာ..
             လိုင်လိုင်သည် .. ဆရာကြီးမုန့်ထံပါးတွင် တပည့်အဖြစ် လာရောက်နေထိုင် သော်ငြားလည်း အကယ်စင်စစ် သိုင်းလောကဆွေကြီးမျိုးကြီး ထဲမှ ပေါက်ဖွား လာသူတစ်ယောက်ဖြစ်သည်.. သူ့အဖေသည် .. နန်းကုန်းမျိုးနွယ်ဝင်ဖြစ်ပြီး မိခင်ဖြစ်သူမှာ စန်းကွမ်းနယ်ကနတ်မြင်းပျံဂိုဏ်းမှ သခင်မလေးတစ်ယောက်ဖြစ်၏..
           သိုင်းလောကတွင်  နန်းကုန်းမိသားစုသည် အချမ်းသာ အကြွယ်ဝဆုံးပင်..
ထို့ကြောင့် လိုင်လိုင် သည်မွေးကတည်းကပင် ရွှေဇွန်းကိုက်၍ မွေး.. ရွှေလင်ဗန်းနှင့် အချင်းဆေးသူတစ်ယောက်ဖြစ်သည်..
                သို့သော် သူ၏ဖခင်မှာ သူခုနှစ်နှစ်သားကတည်းက ဆရာကြီးမုန့်ထံ လာအပ်လိုက်သည့် အချိန်မှစကာ သူစည်းစိမ်ခံစားရသမျှ နိထ္ထိတံ သွား၏.. ဆရာဖြစ်သူအား ၀တ်ကြီးဝတ်ငယ် ပြုစုရမည်ကို သဒ္ဒါသော်လည်း အခြားသူအား ပြုလုပ်ပေးရန် အနည်းငယ်မျှ သူမလိုလားချေ..
                 '' ဟဲ့ .. ဟိုနှစ်ကောင် မင်းတို့ငါနဲ့လိုက်ခဲ့''
       စူပုပ်ပုပ်မျက်နှာထားနှင့် လိုင်လိုင်မှာ အားဖုန်နှင့်အားချန်ကို နောက်ဖေးသို့ ခေါ်ကာ မြေကြီးထဲမှ အရက်အိုး တစ်လုံးကို ဖော်ခိုင်းလိုက်သည်.. ပြီးနောက် ..
       '' သွား ..တစ်ယောက်က ပေ နေတဲ့ ရွှံ့တွေကို ရေဆေး .. တစ်ယောက်က ငါ့အတွက် ထမင်းသွားခူးထား ...'' '.
         အားဖုန်နှင့်အားချန်မှာလူငယ်ပီပီ စိတ်ထဲတွင် မျက်ခနဲ ဖြစ်သွားသော်လည်း သူတို့ အဖိုးမျက်နှာကို ချက်ချင်းမြင်ယောင်လိုက်သည်နှင့် စကားအပို ကိုမဆိုတော့ လိုင်လိုင် ခိုင်းသမျှသာ ပြုလုပ်ပေးလိုက်ကြသည်..
#အစ၏အဆုံး ..အဆုံး၏အစ
 Pyae Phyoe San
#14
                အားဖုန်သည် ငနဲသားလိုင်လိုင် ခိုင်းသည့်အတိုင်း ချယ်ရီ အရက်အိုးကို ဆေးကျောနေရင်း အားကွေ့အား သတိရလာခဲ့သည်... အားကွေ့သာဆိုလျှင် လိုင်လိုင်ကို တခုခုဖြစ်အောင်ပြန်လည်တုံ့ပြန်ပေလိမ့်မည်. .. သူတို့သုံးယောက် ထဲတွင် အားကွေ့သည် လျှပ်တပျက်ဉာဏ်အကောင်းဆုံးဖြစ်ပြီး အားချန်သည် အထုံဆုံးဖြစ်၏... အဖိုးအိုဖုန်းချူးဆီ ရောက်ကတည်းက အားကွေ့ကသာ သူတို့အပေါ် အရာရာ အနစ်နာခံပြီး တခြားကလေးများ ရန်ရှာသမျှ ရှေ့မှ မားမား မတ်မတ် ရပ်တည်ပေးခဲ့သည်..
            ယခုတော့ အားကွေ့တစ်ယောက်မည်သို့မည်ပုံစခန်းသွားနေပြီမသိပေ...
သူတို့ကိုယ်တိုင်လည်း ဘယ်လို ဖြစ်ပျက်လာအုံးမည်မသိ... အခုတောင်မှ ဖြူဖတ်ဖတ်ကောင် အနိုင်ကျင့်သမျှခံနေရသည်လေ...
            ''' ဟေ့ကောင် .. ဒါလေးလုပ်ခိုင်းတာကို ငူငူငိုင်ငိုင်နဲ့ .. ပြောင်သွားရင် ပေးခဲ့စမ်း'''
            လက်ထဲမှ အရက်အိုးအားလိုင်လိုင်မှ ဇိုးဇိုးဇာတ်ဇာတ်လုယူသွားသည်..
ထို့နောက်  လိုင်လိုင်သည် အိမ်ထဲသို့ဝင်သွားကာ စားပွဲပေါ်သို့ တစ်ရိုတစ်သေ တင်လိုက်၏.. မသိလျှင်သူပဲ ဆေးကြောသုတ်သင်၍ယူလာသည့်ပုံ...
          အားချန်တစ်ယောက်ကတော့ ရွယ်တူကောင်လေး စားဖို့ နောက်ဖေးတွင် ထမင်းပြင်ဆင်နေရသည်....
       '' ဆရာကြီးမုန့် .. ကို ကျွန်တော် တစ်ခုလောက်အကူအညီတောင်းပါရစေဗျာ ''
       '' ပြောလေ ရိလုံရဲ့ ငါကူညီလို့ရတာဆို ကူညီမှာပေါ့'''
         '' ကျွန်တော်တို့ ၀ါဆန်းဂိုဏ်းကို ကျွန်တော် ဒီရောက်နေတာ အကြောင်း ကြားချင်လို့ပါ ဆရာကြီး ... ကျွန်တော့် အကို အကြောင်းအရင်းမသိဘဲ စိတ်ပူ နေမှာ စိုးလို့ပါ... '''
          ''' အိမ်း .. ဒါလောက်လေးများ ပြောစရာမလိုပါဘူးကွယ် ..ခဏနေရင် အကြောင်းကြားစာပို့ခိုင်းလိုက်ပါ့မယ်''
         '' ဒါနဲ့ ညီလေးချန်းချန် ဒီတစ်ခေါက် ခွန်လွန်းတောင်ကို ရောက်လာတာ ဘာအကြောင်းရှိလို့လဲ'''
             '' ဒီလိုအကိုကြီး ကျူး ရဲ့ ကျွန်တော်တို့ ချန်းမိသားစုဆီကို သူရဲကောင်းဇရပ်က ဖိတ်ခေါ်စာရောက်လာတယ် .. စာထဲမှာ က သွေးအရိပ် အကြောင်း တစွန်းတစပါတယ်ဗျ.. .. သွေးအရိပ် ဆိုတာနဲ့ ကျွန်တော်သတိရလိုက်မိ တာ ဆရာကြီးမုန့်ကိုပဲလေ.. ဆရာကြီးမုန့်က ခုနှစ်ဆင့်လက်သီးနဲ့ လေးချက်တိတိ ထိုးချလိုက်လို့ တောင်ပေါ်ကပြုတ်ကျသွားတယ် ကြားတာကိုးဗျ ... . ခုနှစ်ဆင့်လက်သီး အကြောင်း ကျွန်တော် ကောင်းကောင်းသိတော့ တစ်ချက်မိရင်ပဲ ရှိသမျှအကြောတွေပြတ် အရိုးတွေ ကျိုးကြေသွားတာလေ... ဘယ်လိုကနေ ဘယ်ပုံ ပြန်ရှင်လာသလဲလို့ အတွေးပေါက်တာနဲ့ ဆရာကြီးဆီ အပြေးလာခဲ့တာပဲဗျာ...'''
              ''' ညီလေးပြောသလိုပဲ ဖိတ်ခေါ်စာက အကိုကြီးတို့ဆီလဲရောက်တာပဲ အဲ့ဒါနဲ့ မင့်အကိုလတ်ကို ၀ူပေမှာဆုံမယ်လို့ အချိန်းအချက်လုပ်ပြီး တော့ ကျန်းနန်ကို သွားကြတာ .. ၀ူပေရောက်တော့ မင့်သိတဲ့ အတိုင်းပဲ .. .. သူနဲ့ ထန်စူးစူးနဲ့ ဖူးစာဆုံရော.. '''
             ''' ဟား.. အကိုကျူးရာ ဒီကျက်သရေတုံးမ အကြောင်းကို မပြောစမ်းပါနဲ့ဗျာ ... ကျုပ်သာ ဒါဏ်ရာ သက်သာလို့ကတော့ ရေအဆုံးကုန်းအဆုံးလိုက်ပြီး သူ့ခန္ဓာကိုယ် ကိုနုတ်နုတ်စင်းပြစ်မှာ ... '''
               တစ်ဝိုင်းလုံးရယ်မောသံက အိမ်ပြင်ထိတိုင် ပျံ့နှံ့သွားလေသည်...
               ချန်းချန်မှလည်း .. '''အကိုလတ် ကျွန်တော်က ထန်စူးစူး ဆိုတဲ့ နာမည်ပဲကြားဖူးတာ အပြင်မှာ တော်တော်လှသလား ... '''
           '' ဟေ့ကောင် ချန်းချန် တော်ကွာ... အဲ့အကြောင်းမပြောစမ်းပါနဲ့ .. သူ့နာမည်ကြားရင်ကို အော့နှလုံးနာလွန်းလှပါ... '''
              ကျောက်ကျူးထင်မှ ကြက်ဂျင်ဆင်းပေါင်းကို တူနှင့်ဖဲ့စားလိုက်ရင်း ..
          ''' အကိုလည်း မသွားဖြစ်ရော ခွန်လွန်းဂိုဏ်းချုပ်ကြီးက တောင်ဖြိုလက်သီးကို ကျန်းနန်ကို လွတ်လိုက်တယ်လေ.. သူပြန်လာရင်တော့ အကြောင်းအရင်း အစုံအလင် သိရမှာပဲ... ဒီတရက်နှစ်ရက်အတွင်းပြန်ရောက်လောက်မှာပါ.. ညီလေးချန်းချန် လည်း ဒီမှာပဲနေပြီး တောင်ဖြိုလက်သီးပြန်အလာကိုစောင့်ပေါ့ မင့်ရှိနေရင် ဒို့များလည်း အပျင်းပြေပါတယ်.. ''''
             ဆရာကြီးမုန့်သည် အရက်အိုးအဖုံးကိုဖွင့်လိုက်သည် .. အရက်၏ ရနံ့ကား မွှေးပျံ့စွာ ထွက်လာခဲ့၏... ထိုအရက်နံ့ကြောင့် မရိုးမရွဖြစ်နေသူကား လူမမာ ဖုန်းချူးပင်... ပါးစောင်မှသရေများပင် ပါးပြင်သို့စီးကျလာသည်အထိ အနံ့ကား မွှေးပျံ့လွန်းသည်...
          ချန်းချန်ကလည်း .. ချယ်ရီအရက်အိုးအား အငမ်းမရကြည့်ရင်း..
         ''' လာရင်းကိစ္စထဲမှာ ဒီအရက်သောက်ရဖို့လည်း ပါတယ်ဆရာကြီးရဲ့'''
          '' ဟားဟားဟားဟား သောက်ရမှာပေါ့ကွာ .. ဒါပေမယ့် ရိလုံကတော့ သောက်လို့မရသေးဘူးနော့်''''
           ရိလုံသည် အားငယ်သောလေသံဖြင့်
            ''' လောကမှာ အခံရအခက်ဆုံးက ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ခွင့်မသာတဲ့ အချိန်ပဲဗျာ ....''''
              သူ၏အပြောကို စိတ်ထဲကြိတ်ထောက်ခံနေသူက အိပ်ယာထဲလဲနေသည့် အဖိုးအို ဖုန်းချူးတစ်ယောက်ပေ..
             သို့နှင့် စားလိုက် ..သောက်လိုက် စကားပြောလိုက်နှင့်ပင် .. သူတို့၏ အချိန်များကို ကုန်လွန်စေလိုက်တော့သည်....
.......''''......''''.....'''.....''''...
             မိုးကြိုးဓါးလွေစုသည် ကျန်းနန်မှ ပျံသန်းလာသော စာပို့ခို ရောက်အပြီးတွင် သရဲမရဲစီးသလိုဖြစ်နေသည်..
        မဖြစ် ခံနိုင်ရိုးလား .. စာထဲတွင်ကား နတ်ဆေးအိုးကျန်း အပါအ၀င် အဖွဲ့သားများ အကုန်သေဆုံးပြီး .. ပစ္စည်းများ လုယက်ခံလိုက်ရသည်.. သွေးဂိုဏ်း ကဖြစ်သည်.. သွေးဘီလူးကိုတော့ ယွဲ့အိမ်တော်တွင် ဖမ်းဆီးထားသည်.. သွေးအရိပ် သွေးမြေခွေးနှင့် သွေးမြွေပွေးတော့ လွတ်နေသည် ဟူ၍ ရေးသားထားသည်လေ..
           သူအနှစ်နှစ်အလလ တည်ဆောက်ထားသော မိုးကြိုးအာမခံကြီးသည် .. ပျက်စီးဖို့ရန် အကြောင်းဖန်လာခဲ့ပြီ.. သူအားကိုးရသော နတ်ဆေးအိုးကျန်း ဆုံးပါးသွားသည့်အပြင် သူ့အာမခံဌာန၏ ဂုဏ်သိက္ခာသည်လည်း တပြားမကျန် မြောင်းထဲထိုးကျသွားပြီရော...
                တွေးရင်းတွေးရင်း ဒေါသထွက်ခြင်း .. ၀မ်းနည်းခြင်း .. မကျေမနပ်ဖြစ်ခြင်း အစရှိသည့် ခံစားချက်မျိုးစုံကို နီးစပ်ရာ အရာဝတ္ထုများကို ပစ်ပေါက်ဖျက်စီးခြင်းဖြင့် ဖောက်ထုတ်နေသောကြောင့် ဌာနတစ်ခုလုံး လေဆင်နှာမောင်း   တိုက်သည့်နှယ်ဖြစ်နေခြင်းသာ..
             ကျောက်စိမ်းနဂါးတင်းပေမှာလည်း ဖြောင်းဖျရန် စကားပင် အစရှာ၍မရ .. ဆုံးရှုံးမှုကားကြီးမားလှသည်...
              ကျန်အာမခံဌာနအဖွဲ့ဝင်များကတော့ အံတစ်ကျိတ်ကျိတ် မျက်ရည်တစ်ဝဲ ၀ဲနှင့် ရှိကြ၏.. သူတို့လည်း ကိုယ့်အခြေအနေကိုယ်သိကြသည်သာ .. လုယက်ခံလိုက်ရသည့် များပြားလှသော ကုန်ပစ္စည်းများ ကို လျော်ပေးဖို့ရန် မိုးကြိုးအာမခံအနေဖြင့် မည်သို့မျှတတ်နိုင်မည်မဟုတ် .. မကြာခင်ပင် .. ဤမိုးကြိုး အာမခံဌာန ချိတ်ပိတ်ခံရတော့မည်... သူတို့အတွက်တော့ စားအိုးကွဲလေတော့မည်..
              ''' သွေး...ဂိုဏ်း ...သွေး..ဂိုဏ်း .. မင်းတို့ဂိုဏ်းကို အစအန မကျန်အောင် ငါဖျက်စီးပြစ်မယ်... '''
               သွားကြားစေ့ပြီးအော်ဟစ်လိုက်သော မိုးကြိုးဓါးလွေစု၏ အသံတွင် ခံစားချက်က အပြည့်ပါလေသည်..
             သူ၏ အသက်သွေးတစ်စက်ပင် ကျန်လေလင့်ကစား  သွေးဂိုဏ်းအား ထွက်သက်မကုန်ချင်း တိုက်ထုတ်ဖို့ ဆုံးဖြတ်ပြီးလေပြီ.. '
             '' ညီလေးတင်းပေ .. အကိုကတော့ ညီလေးနောက် လိုက်နိုင်မယ် မထင်တော့ဘူး .. ညီလေး ကိစ္စကို တစ်ယောက်ထဲသာ ဆက်လုပ်ပေတော့ ...အကိုကတော့ ဒီ သဘောက်မသားဂိုဏ်းကို အမြစ်ကစပြီး ဆွဲလှန်တော့မယ် .. ''''
               ''' ဟား ..အကိုကြီးရာ .. အကိုကြီးကိစ္စဟာ ညီလေးကိစ္စပဲ ချက်ချင်း တင်းအိမ်တော်ကို ကျွန်တော် အကြောင်းကြားမယ် .. ပြီးရင် အကိုကြီးနဲ့ ကျွန်တော် ကျန်းနန်ကို အခုပဲသွားမယ် ... သွေးဂိုဏ်းဆို တာ ဘာမို့လို့လဲ ... စိတ်ချ အကိုကြီး .. အကိုကြီးကို ဘယ်တော့မှ ကျွန်တော်ပစ်ထားမှာမဟုတ်ဘူး..'''
             ကျောက်စိမ်းနဂါး၏ စကားက လူကြမ်းကြီးလွေစုအား မျက်ရည်များ ပင် ပေါက်ပေါက်ကျစေ၏...မိတ်ကောင်းဆွေကောင်းတို့ မည်သည် .. အခက်အခဲဖြစ်မှ ခွဲခြားရကောင်းသည် ဟူသော စကားပုံကားမှန်ကန်လှပေ၏....
               ထို့နောက်တွင် လက်ရွေးစင် အဖွဲ့သားများ ကို ခေါ်၍ ကျောက်စိမ်းနဂါး တင်းပေနှင့် မိုးကြိုးဓါးလွေစုတို့ ကျန်းနန်သို့ ရွက်လွင့်ခဲ့ကြသည်..
   ........'''''......'''''...'''
               ဟိုနန်နယ် ရှိ ဆန်းဆက်တောင်တန်းသည်  နဂါးကြီး တစ်ကောင်အိပ်စက် အနားယူနေသည့်သဖွယ်ရှိသည် .. ..  ထိုတောင်တန်း အလည် တွင်မူ ... ရှည်လျားသော အုတ်လှေကားထစ်လေးများရှိသည် .. လှေကားထစ်များ မည်မျှ ရှည်လျားသလဲဟုဆိုလျှင် မျက်စိတဆုံးဟု သာ ပြန်လည်ဖြေကြားရပေမည်.. အုတ်လှေကားထစ်လေးများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မတော့ ... စိမ်းလန်းသော တောတန်းလေးများက အစီအရီ ပေါက်နေကြသည်.. ကျေးငှက် သာရက လေးများကလည်း မာဓက ဘာသာစကားဖြင့် တစ်ကောင်နှင့် တစ်ကောင် ခွန်းတုံ့ပြန်နေကြသလို အပြိုင်အဆိုင်လည်း တေးသီချင်း သီဆိုနေကြ၏...
              အေးမြသော အရိပ်အ၀ါသ ကား သူတော်စင်သူတော်မြတ်များ ကိန်းအောင်းမွေ့လျော်ရန် အထူးသင့်တော်မည့် နေရာဒေသကလေးပင်...  တောပန်းကလေးများကလည်း ခူးယူပန်ဆင်မည့် အပျိုမလေးများ မရှိသည်နှင့် အထီးကျန် စိတ်ကောက်နေသည့်သဖွယ်   အရောင်အသွေးမျိုးစုံအောင် ဖူးပွင့်နေကြသည်..  ထို့ပြင် မွေးပျံ့ သောရနံ့တို့ကို လည်း ထုတ်လွင့်ပေးနေ၏..
              တေးသီဆိုရလွန်း၍ မောသွားလို့ထင်သည် .. ကျေးငှက်များက သစ်ပင်ထိပ်ဖျားစီမှ ပျံသန်းသွားကြသည်... ..
              ''' ဒေါင်... ဒေါင်'''
            တောင်ထိပ်စီမှ ခေါင်းလောင်းထိုးသံက အရပ်ဆယ်မျက်နှာကို ကျော်လွန်ကာ ဘ၀ဂ် ကိုတက်သွားသည့်နှယ် ... မည်သည့် အရပ်ဒေသမို့ ခေါင်းလောင်းထိုးရသနည်း....
              ထိုနေရာသည်ကား သိုင်းလောက၏ဥသျှောင် သူတော်စင်များ မွေ့လျော်ရာ ရှောင်လင်ဟူသော ကျောင်းတော်ရှိသည့် နေရာဒေသ ဖြစ်သောကြောင့် ဤချိုလွင်သာယာသော ခေါင်းလောင်းကို မြည်ဟီးစေခြင်းပင်...
              ခြေရင်းအုတ်လှေကားထစ်မှ အရိပ်တစ်ခုသည် အပေါ်သို့ဦးတည်က တလွှားလွှားနှင့် ဖြတ်သန်း သွားသည်... သေသေချာချာ ဂရုစိုက်၍ ကြည့်မည်ဆိုလျှင် တော့ အရိပ်သည် ဘုန်းကြီးတစ်ပါးဖြစ်ပြီး လက်ထဲတွင် ကလေးတစ်ယောက်ကို ပွေ့ချီထားမည်ကို မြင်ရမည်ဖြစ်၏....
            ထိုလူသားနှစ်ယောက်ကား ပန်းလိပ်ပြာ တုမော်ရင်း (၀ါ) ဘုန်းကြီးရွှီကြွင်း နှင့် အားကွေ့ ပင်တည်း...
            ထောင်ပေါင်းများစွာသောလှေကားထစ်များကို တက်နေရသော်လည်း ဘုန်းကြီးရွှီကြွင်းမှာ မောပမ်းသည့်ဟန်မပေါ် .. အားကွေ့ကိုသာ စိတ်မချသည့် ပုံနှင့် တင်းကြပ်စွာ ပွေ့ချီကာ မြန်ဆန်စွာ ဆက်လက်တက်နေ၏...
             သူစိုးရိမ်မည်ဆိုလဲ စိုးရိမ်စရာပင် ... အားကွေ့မှာ အသက်ယဲ့ယဲ့သာ ကျန်တော့သည်...
             ''ဟေး ရပ်'''
              ထိုစဉ်တွင် အုတ်လမ်းနဘေးမှ အ၀ါရောင် အရိပ်များ ထွက်လာပြီး တားမြစ်လေ၏..
                 ''' ကိုယ်တော်တို့ ဘုန်းကြီးရွှီကြွင်းပါ...အရေးကြီးကိစ္စရှိလို့ပါ'''
              ''.၀ှီး ၀ှီး'''
                  တားမြစ်ထားသည့် ကိုယ်တော်များ၏ ဦးခေါင်းထက်မှ ကျော်လွှားပြီး ဆက်လက်တက်သွားသည်..
                ရွှီကြွင်းဟူသော အသံကြောင့် ဆက်လက်မတားမြစ်တော့ဘဲ ...  တားမြစ်သူကိုယ်တော်များလည်း ရပ်တန့်ကာ ကျန်ရစ်ခဲ့တော့၏..
            သို့နှင့် ဘုန်းကြီးသည် .. ရှောင်လင်ကျောင်းဝင်း အတွင်းသို့ရောက်ရှိသွား လေသည်...
           ကျောင်းဝင်းကြီးသည် အရှိန်အ၀ါကြီးမားသည်နှင့်အမျှ ကျယ်ပြောလှ၏..
အဆောင်ဆောင် သော ကျောင်းဆောင်များ  .. စင်္ကြန်လမ်းများ အုတ်နံရံကြီးများ အရိပ်အာဝါသကောင်းလှသည့် သစ်ပင်အိုကြီးများ...ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်များ ..ခေါင်းလောင်းကြီးများ..  သိုင်းလေ့ကျင့်ရန် ကွင်းပြင်ကျယ်များနှင့် ဖွဲ့စည်းထားသော အနှီ ကျောင်းတော်ကြီးကား ရှောင်လင်ပေတည့်...
           ဘုန်းကြီးသည် မဆိုင်းမတွပင် ကျောင်းဆောင်များကို ကျော်ဖြတ်သွားကာ စိုက်ကွင်းများ ရှိရာဖက်သို့ ခပ်သွက်သွက်ခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်..
ကျောင်းတော်ထဲတွင်တော့ ကိုယ်ဖော့ပညာကို သုံး၍မသင့်တော်သောကြောင့်ပင်..
              '''ဒါဏ်ကျဆောင်''
         စိုက်ကွင်းများ(မဟာယာန(မဟာ..ကြီးမားသော.. ယာန..ယဉ်) ၀င် ဘုန်းကြီး များသည် ထေရ၀ါဒ ဘုန်းကြီးများနှင့် မတူဘဲ ကိုယ့်ဟာကိုယ် စိုက်ပျိုးကာ ချက်ပြုတ် စားသောက်တတ်ကြသည်..ဟိနယာန ဟိန သေးငယ်သော ယာန ယဉ် ဘုန်းကြီးများ ကလည်း မဟာယာနနည်းတူ စိုက်ပျိုးစားသောက်တတ်ကြ၏..)အကျော်တွင်
  ဒါဏ်ကျဆောင်ဟု ရေးသားထားသော နီညိုရောင်အဆောင်အို ကြီးတစ်ဆောင် ရှိသည်...
          ထိုအဆောင် ရှေ့တွင်တော့ ဘုန်းကြီးအိုကြီးများ က ၀ိုင်းဖွဲ့ ကာ စကားပြောဆိုလျှက် ထိုင်နေကြ၏..
          ရွှီကြွင်းသည် ..ထိုဘုန်းကြီးတို့ကို မြင်လျှင်
          ''အကိုနှစ် .. အကိုနှစ် .. ဒီကလေးကို ဆေးကုဖို့လုပ်ပေးပါ...'''
           မျက်နှာတွင်  အနီရောင်မှဲ့ကြီး တစ်လုံးရှိသည့် ဘုန်းကြီးတစ်ပါးသည် ပျင်းရိပျင်းတွဲလည့်လာကာ... လက်ထဲမှကလေးကို ကြည့်ရင်း
         ''' ဆေးကုတာက ရတယ် ညီလေးတု ... ဆေးဖိုးက ဘယ်သူပေးမှာလည်း .. ငါက ဘုန်းကြီးတာဖြစ်တာ ငါ့ဝါသနာက မပျောက်သေးဘူး .. ငွေမျက်နှာသမားတော် ဆိုတဲ့ ဘွဲ့ကိုလည်း ထိမ်းရအုံးမယ် ဟ...'''
             ထိုမှဲ့နှင့်ဘုန်းကြီးသည် ..တင်းလုံဂိုဏ်း၏ နာမည်ကျော် ငွေမျက်နှာ သမားတော်ကြီး ပုလွေပင်ဖြစ်သည်...
          ငွေမျက်နှာ ဟူသော ဘွဲ့နှင့်အညီ ငွေကြေးမတတ်နိုင်သူမည်သူကိုမျှ မကုသပေးပေ ... ယုတ်စွာအဆုံး သူ၏ သွေးသောက်ညီအကိုများကိုပင် ငွေပေးမှသာ ကုသပေးသည်... သူကုသပေးသူများကလည်း အကုန်ပျောက်ကင်းသက်သာရာ ရသွားကြသည်သာ..
             သို့သော် သူ့ညီအကိုများကိုတော့ ကြေးပြားတစ်ပြားသာတောင်းတတ်ပြီး ကျန်သူများကိုတော့ ငွေကြေးမြောက်များစွာတောင်းယူတတ်၏...
             ''အကိုနှစ်ရယ် ..လောလောဆယ်တော့ ကျွန်တော့မှာ တပြားမှ မရှိတော့ဘူး နောက်နေ့မှ ယူဗျာ .... '''
            ''လောကကြီးမှာ စိတ်မချရဆုံးက အကြွေးပဲကွ.. ပိုလို့စိတ်မချရဆုံးက အဲ့အကြွေးကို ညီရင်းအကိုတွေက ဘယ်တော့မှ မဆပ်တာပဲ ငါ့ညီရ.... ငါကတော့ ကြေးပြား တစ်ပြားမှ မရရင်မကုပေးနိုင်ဘူးကွာ...'''''
            '''တကယ်ပေးမှာပါဗျာ ..အကိုသုံးတို့ အကိုလေး တို့ ကြေးပြား တစ်ပြားလောက်ရှိရင် ခဏပေးစမ်းပါ့ဗျာ .. ကျွန်တော် ပြန်ပေးပါမယ်..''''
             '' ငါတို့လည်း မင့်လို ဘုန်းကြီးပဲလေ ဘယ်က ငွေ ရှိပါ့မလဲကွ မင့်ကမှ အပြင်သွားဖို့ ကျောင်းထိုင်ဆရာတော်က ငွေအလုံအလောက်ပေးလိုက်သား... ငါတို့ဖြင့် ဒီမှာနေလာတာ နှစ်သုံးဆယ်ရှိပြီ .. ငွေဆိုတာ ဘယ်လိုလဲလို့ မမြင်ဘူးတာ အတော်ကြာပြီဟ.. '''
          ပိန်ပါးပါးနှင့် ဘုန်းကြီးအိုမှ ရွှီကြွင်းအားပြောလိုက်သည်..
           ပုလွေက အားကွေ့အားကြည့်လိုက်ပြီး ..
        ''ငါ့အထင်တော့ မင့်ကောင်လေးက အတွင်းဒါဏ်ရာ ရပြီး အဆိပ်ပါ မိလာတာ ဟေ့.. မင့်အချိန်ကြာကြာဆွဲလေလေ ..အဲ့ကလေးသေဖို့နီးလာလေလေပဲ..လူ့ အသက်တစ်ချောင်းကယ်ကောင်းတယ်ဆိုတာငါသိပေမယ့် ငါ့ ကလည်း ငွေမရရင်ဆေးမကုဘူးလို့ ကျိန်ဆိုထား တာလည်း မင့်အသိပဲလေ ညီလေးတု'''
             ဘုန်းကြီးရွှီကြွင်းသည် ချွေးသီးချွေးပေါက်များပင် ကျလာသည် .. သူအကိုနှစ်၏ အကြောင်းကို သူသာ အသိဆုံးမဟုတ်လား... နောက်မှ သတိရသွားသည့်နှယ် အားကွေ့၏ ခါးကြားမှ ငွေအိတ်ကို ဆွဲဖြုတ်ကာ  ဘုန်းကြီး ပုလွေထံပစ်ပေးရင်း...
               '' ရော့ဗျာ ဒီထဲမှာ ငွေပါပုံရှိတယ် .. ငွေရရင် အမြန်သာ ကုပေးပေတော့ ''
 ငွေမျက်နှာ သမားတော်ကြီးသည် ငွေအိတ်ကို ဆ ရင်း ..
          '''ဟားဟားဟား.. အိတ်ထဲမှာ ငွေတစ်ဆယ်သားနဲ့ ကြေးပြားဆယ့်ငါးပြား တိတိ ပါတယ်ကွာ ... မယုံရင် လောင်းကြမလား ...'''
             အသားအရေသည် သူများနှင့်မတူ ပြာအက်အက် အရောင်ရှိသော ဘုန်းကြီး တစ်ပါးမှ
           '' မလောင်းချင်ပေါင်ဗျာ .. ငွေအိတ်ကို ကိုင်လိုက်တာနဲ့ ခန့်မှန်းနိုင်တဲ့ ပညာ အကိုနှစ်မှာ ရှိတာ လူတိုင်းသိပြီးသာဥစ္စာ ..'''
             '' ကဲ အကိုနှစ် ငွေလည်းရပြီ ကုတော့လေ...'''
              ''ကောင်းပြီ ကောင်းပြီ .. ကလေးကို ပေးခဲ့တော့ '''
           ဘုန်းကြီးရွှီကြွင်းလည်း ကလေးကို လက်လွဲပေးလိုက်သည်..
           ကလေးအားကိုင်လိုက်မိသည်နှင့် သမားတော်ဘုန်းကြီးမှာ
      ''အမယ် ငါ့ညီက သွေးဘီလူးဆိုတဲ့ ငချွတ်နဲ့ ရန်ဖြစ်လာတာကိုး .. .. အဆိပ်ခုနှစ်မျိုး အဆိပ်နဲ့ သွေးလက်ဝါး အားလှိုင်းရိုက်မိတာ .. ဒီကောင်တောင် တော်တော် တိုးတက်လာတာပဲ..  '''
           ပြာအက်အက်ဘုန်းကြီးသည်  '''အဆိပ်ခုနှစ်မျိုးလက်ဝါးဟုတ်လား ကလေးကွက်တွေကို အခုထိ သိုင်းလောကမှာ သုံးနေတုန်းပေါ့.. အဆိပ်ဆိုတာ...'''
        '' အကို လေးကို အဆိပ်နဲ့ပတ်သက်ရင် ဘုရင်တဆူဆိုတာ သိပါတယ် .. တော်ပါတော့ .. အကိုနှစ် ဆေးကုဖို့သာပြင်ပါတော့ ..'''
             ပြာအက်အက် ဘုန်းကြီးသည် ဘုန်းကြီးရွှီကြွင်းအား ဘုကြည့်ကြည့်ပြီး..
.......''''''.....''''
#အစ၏အဆုံး ..အဆုံး၏အစ
 Pyae Phyoe San
#15
''''မင်းတို့ကောင်တွေက အဆိပ်ရဲ့ အနုပညာနဲ့ အဆိပ်ရဲ့ခမ်းနားမှုကို နားလည်ကြမှာလဲမဟုတ်ဘူး ... '''
ပိန်ပါးပါးဘုန်းကြီးမှ စချင်နောက်ချင်သောလေသံနှင့်
'''ဘုရားရေ... အဆိပ်မှာ အနုပညာ နဲ့ခမ်းနားမှုရှိသေးတယ်ဟုတ်လား... ငါဖြင့် လောကကြီးမှာ အသက်ရှင်လာတာ နှစ်ပေါင်းမနည်းတော့ဘူး အခုမှ ငါ့ညီပြောတဲ့ မှတ်သားလောက်ဖွယ် စကားကို ကြားဖူးတော့တယ် ... ဟား..ဟား..ဟား..ဟား'''
အကိုသုံးဟူသောဘုန်းကြီး၏ စကားကို စိတ်ဆိုးစိတ်ကောက်သည့်နှယ် .. စကားတစ်လုံးမှမဆိုတော့ဘဲ ... ပြာအက်အက် ဘုန်းကြီးသည် .. သူ၏ မွဲခြောက်ခြောက်လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည် .. ..
'''ရှဲ...ရှဲ'' ဟူသောအသံနှင့်အတူ ဒါဏ်ကျဆောင်ရှေ့မှ စိမ်းစိုနေသော မုန်လာ စိုက်ခင်း သည် ချက်ချင်းပင် ညိုးရော် သွေ့ခြောက်သွားလေ၏...
'' ဟင်.. ဟေ့ကောင် မော်ထိုက် ... စိုက်ခင်းကိုသေအောင် လုပ်လိုက်တော့ ဘာနဲ့သွားစားမလဲ ... ငါတို့မှာ ဒါလေးနဲ့ အသက်ဆက်နေရတာ.. မင်းရူးများ ရူးသွားတော့တာလား '''
''''' အကိုသုံးက ကျုပ်ကို အရင် ရွဲ့နေတာလေ .. ..အဲ့ဒီတော့ ငတ်ပေါ့ဗျာ .. အပင်တွေက ခြောက်တာခြောက်သွားတာ ကျုပ်ကတော့ စားလို့ရသေးတယ် .. အကိုသုံးတစ်ယောက်ပဲ စားလို့မရတာ .. တကယ်ငတ်လွန်းလို့ စားမိရင်လည်း ..အကို နှစ်စီက ဆေးတောင်းသောက်ဖို့တော့မမေ့နဲ့ဗျို့....'''''
အကိုသုံးဆိုသောဘုန်းကြီးသည် စိတ်တိုလွန်း၍တက်မတတ် ချက်မတတ် တောင်ဖြစ်သွား၏.... ထို့နောက် တစ်ယောက်တစ်ခွန်း စကားများနေကြသည်..
သူတို့၏အသက်အရွယ်နှင့် ဘုန်းကြီးသိက္ခာအရဆိုလျှင် ထိုအပြုအမူတို့သည် လွန်စွာမှ မစီလျော်ပေ.. သို့သော်လည်း ညီအကိုရင်းထက်ပင် ချစ်ခင်ရင်းနှီးသူ များဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ကလေးဆိုးကြီးများသဖွယ် စကားနိုင်လုလိုက် ရန်ဖြစ်လိုက် နှင့်သာ နေ့တစ်ဒူဝ ရှိကြ၏..
ထိုသူများသည် တချိန်က သိုင်းလောကအား အုပ်စိုးရန် ကြံစီခဲ့သူများ ဟု ပြောလျှင် မည်သူမျှ ယုံကြမည်မဟုတ်ဘဲ .. အနည်းငယ် သွပ်ချာနေသော ဘုန်းကြီး အိုများဟုသာ ထင်ကြပေလိမ့်မည်...
အကိုသုံးဟူသော ပိန်ပိန်ပါးပါးဘုန်းကြီးသည် လေးမျက်နှာ ပညာရှိ ချင်ဝေ ဖြစ်ပြီး အသားအရည်ပြာအက်အက်နှင့် ဘုန်းကြီးမှာ အဆိပ်ဘုရင် မော်ထိုက် ဖြစ်သည်..
သူတို့နှစ်ယောက်သည် အသက်အရွယ် မတိမ်းမယိမ်း ရှိသည့် အပြင် အငြင်းသန်ကြသူများလည်း ဖြစ်ကြ၍ တစ်ယောက်နှင့်တစ်ယောက် အမြဲလိုလို စကားနာထိုး ရန်စောင်နေကြသူများဖြစ်၏.. ဝေးတစ်သက်သက် နီးတစ်ကျက်ကျက် ဟူသော စကားပုံကဲ့သို့ပင် .. မတွေ့ရလျှင်လည်းမနေနိုင်ကြပေ..
'' မင်းတို့ညီအကိုနှစ်ယောက်ကတော့ နေ့တိုင်း စကားမများရရင် မနေနိုင်ကြဘူး .. ကိုယ့်အသက်အရွယ်လည်း ကိုယ်ပြန်ကြည့်အုံး သင်္ချိုင်း ကုန်းကို ခြေတစ်ဖက်လှမ်းရုံမကဘူး မြေကျင်းထဲတောင်ရောက်နေပြီ.. '''
အားကွေ့အားပွေ့ထားသော အကိုနှစ်ငွေမျက်နှာသမားတော် မှ သာသာနှင့်နာနာ ပြောပြီး ဘုန်းကြီး ရွှီကြွင်းနှင့်အတူ အဆောင်ခန်းတွင်း ၀င်သွားကြ သည်..
အခန်းထဲရှိ ၀ါးကွပ်ပြစ် ပေါ်၌ အားကွေ့အားတင်ကာ ဆေးကုသရန် ပြင်ဆင်လိုက်၏..
.. ညီလေးတုဟု ခေါ်သော ဘုန်းကြီးရွှီကြွင်း တစ်ယောက်ကတော့ ယုံကြည်စိတ်ချစွာနှင့် အိပ်စက် အနားယူနေလေပြီ..
''' တောက်..တောက်...တောက်..တောက်'''
သပိတ်အရွယ်မျှ သစ်သားတုံးကို ၀ါးလက်တံနှင့် တစ်တောက်တောက် ခေါက်ရင်း အိမ်ထဲမှ ဘုန်းကြီးတစ်ပါး ထွက်လာသည် .. ထိုဘုန်းကြီးသည် ၀ဖြီးဖြီးနှင့် ဖြစ်ပြီး နားရွက်များ ကလည်း ရှည်လျားစွာ တွဲကျနေသည် .. မျက်နှာတွင် ကျောက်ပေါက်မာ ကဲ့သို့ အခွက်လေးများရှိ၏... သင်္ကန်းသည် အိုးစရည်းသဖွယ် ရှိသော သူ၏ ၀မ်းဗိုက်ကို မလွမ်းခြုံနိုင်သဖြင့် ဆူဖြိုးသောဗိုက်ကြီးသည် ရှေ့သို့ အတော်များများ ထိုးထွက်နေ၏...
အပြင်သို့ရောက်သော် .. သစ်တုံးခေါက်ခြင်းကို ရပ်လိုက်ပြီး စကားတွတ်ထိုး နေသော ဘုန်းကြီအို နှစ်ပါးအားကြည့်ကာ
''''''အကိုနှစ် ဆူရင်လည်း ဆူလောက်စရာပဲ .. အကိုသုံးနဲ့ အကိုလေး တို့နှစ်ယောက် ဒီလောက်နှစ်တွေ အကြာကြီးဘုန်းကြီးဝတ်လာခဲ့တာ အခုထိ ဟုတ်တိပတ်တိ တရားရတယ် ဆိုတာ မရှိဘူး .. ကိုယ့်ဟာကိုယ် တရားမရှာရင် တောင် ဘာဝနာ ပွားများနေတဲ့ ကျွန်တော့်ကို အားနာသင့်တယ် ..အခုတော့ တစ်ဆောင်လုံးကို ဆူညံပွက်လောရိုက်နေတာပဲ .. '''
အကိုသုံးဖြစ်သူ လေးမျက်နှာပညာရှိ ချင်ဝေ မှ မျက်လုံးကို တမင်တကာ ပြူးကာ အဆိပ်ဘုရင်မော်ထိုက်ဖက်သို့လည့်ရင်း ...
''' ဟားဟားဟား .. ညီ လေးမော်ထိုက် မင်းကြားသလား .. နေ့တိုင်း အသားဟင်းခိုးစားနေတဲ့ကောင်က ဘာဝနာပွားသလေးဘာလေးနဲ့ .. .. သူများကို မပြောခင် ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတယ်ဟ.. မင့်ဟာမင်း စိတ်ပုတီးဘယ်လောက် စိတ်စိတ် တုံးမှတ်တရား ဘယ်လောက်တီးတီး .. လက်ပေါက်လို့ တုံးသာကွဲသွားမယ် တရားဘယ်တော့မှ ရမှာမဟုတ်ဘူး .. ''
''' ဟုတ်ပါ့ အကိုသုံးရဲ့ဟုတ်ပါ့...အသားဟင်းခိုးစားလွန်းလို့ ဗိုက်က ပေါက်ထွက်ခဲ့ တော့မယ် .. အခုချိန်မှာ ဒီဗိုက်ပူကြီးကို လက်တစ်ထောင်ထန်ဖု လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး ... '''
''' ဟား..ဟား..ဟား ကျုပ်က ပင်ကိုယ်ဗိုက်ဗျ.. လူသားဆန်တဲ့ဗိုက် အကိုတို့လို သေမှာကြောက်ပြီး မဟာသွေးသားချပ်ဝတ်လွှာ ကပ်ထားတဲ့ ဗိုက်မဟုတ်ဘူး... '''
'' ထန်ဖုရာ အပိုတွေမပြောစမ်းနဲ့ မင်းဗိုက်နဲ့ကိုက်တဲ့ ချပ်ဝတ်လွှာမရှိလို့ အကိုနှစ်က မကပ်ပေးတာများ.. အဲ့တုန်းက မင်းတောင် အကိုနှစ်ကို စိတ်ကောက် သေးတယ်လေ.. နောက်ပြီး မင့်မှာ ချပ်ဝတ်လွှာ တပ်ထားတယ် ဆိုပြီး သိုင်းလောက မှာ မဟုတ်သတင်းတောင်လွှင့်လိုက်သေးတယ်... ငါဖြင့် ရီချင်လိုက်တာကွာ .. မဟုတ်ဘူးလား အကိုသုံး''
''' ဟုတ်ပါ့..ဟုတ်ပါ့..'''
ငြင်းခုန်စရာ လူတစ်ယောက်တိုးလာသဖြင့် သုံးနှင့်လေးမှာ ညှိစရာမလိုဘဲ အတိုင်ဖောက်ညီသွားကြပြန်သည်..
ဤသို့ဖြင့် သုံးယောက်သားပတ်ပတ်လည် စကားများနေ၏....
ငွေမျက်နှာသမားတော်ကြီးသည် ကျွန်းဖြင့် ပြုလုပ်ထားသော အလျားနှစ်ပေ အနံ တစ်ပေ ခန့်ရှိသည့် အနီရောင်သေတ္တာလေးကို ယုယစွာ ဖွင့်လိုက်သည်..
အထဲတွင် ရွှေဖြင့်ပြုလုပ်ထားသောအပ်များ .. အဖြူရောင်ပိတ်စများ ... ချည်လုံး နှစ်လုံး .. သံဓါး ..ငွေဓါး..ကြေးဓါး အစရှိသော ဓါးပေါက်စသုံးလက် .. ပျားဖယောင်းတိုင်နှင့် မီးခတ်ကျောက်.. ဆေးထည့်ထားသည့် ကြွေပုလင်း ငယ်လေးများ .. ပြွန်သဖွယ် ရှည်မျောမျောခွက် တစ်ခွက် ကို စနစ်တကျ ထည့်ထား၏...
အားကွေ့အား ပက်လက်လှန်ထားရာမှာ အင်္ကျီချွတ်ကာ မှောက်ခုံမှောက်လိုက် သည်..
'''တော်တော်ပိန်တဲ့ကောင် ... မျက်နှာကလည်း အနာစိမ်းတွေက ပေါက်နေသေး ... ဥပဓိရုပ်ကြည့်ရတာတော့ တော်တော်ဉာဏ်များမဲ့ကလေး''''
တီးတိုးရေရွတ်လိုက်ပြီး .. ရှည်မျောမျော ခွက်ကို ယူကာ ခွက်ထဲသို့ စက္ကူတစ်စထည့်၍ မီးရှို့လိုက်၏..
မီးတောက်အနည်းငယ် လျော့သွားတော့မှ ခွက်ကို အားကွေ့ကျောပေါ် ကပ်လေသည်..
အားကွေ့ထံမှ '' အင့်...''' ဟူသော အသံတစ်ချက်ထွက်လာပြီး ပြန် ငြိမ်ကျ သွား၏.... ရွှေအပ် သုံးဆယ့်ခုနှစ်ချောင်းကို ကျောပြင်ရှိသွေးကြောနေရာများ၌ ထိုးစိုက်လိုက်သည်..
ခွက်အား အတန်ကြာမျှ ကပ်ထားပြီး ပြန်ခွာလိုက်သောအခါ ကပ်ထားသော နေရာသည် အဆိပ်များလာစုလျှက် မည်းနက်ကာနေသည်...
ထိုမည်းနက်နေသော နေရာကို မီးကင်ထားသော ကြေးဓါးဖြင့် ထိုးခွဲလိုက်ရာ ညှိစို့စို့ နံစော်နေသော အနံ့နှင့်အတူ အဆိပ်တို့က ''ဖောက်''ခနဲ ပန်းထွက် လာ၏..
အဆိပ်အတွက် ပူစရာမလိုတော့.. ..
'' ထောက် '' ကျော ကို လက်ညိုးဖြင့်တစ်ချက်တောက်လိုက်သည်..
စိုက်ထားသောရွှေအပ်များမှာ အသားအတွင်းမှ ပြန်ခုန်ထွက်လာကြ၏..
နက်နဲအားကြီးသော အတွင်းအားပါပေ.. .. ..
ပြန့်ကြဲစွာ ခုန်ထွက်လာသော အပ်သုံးဆယ့်ခုနှစ်ချောင်းကို လက်တစ်ဖက်ဝှေ့ရမ်းပြီး တစ်ချောင်းမကျန် ဖမ်းယူလိုက်သည်.. ..
အပ်များသိမ်းပြီးနောက် ငွေမျက်နှာသမားတော်ကြီးသည် ဖွင့်ထားသော ပြတင်းပေါက်နားကို သွားကာ ..
'' ကဲ ..အပြင်ကကောင်တွေ စကားများတာ ရပ်မလား မင်းတို့. သွားတွေကို တစ်ချောင်းမကျန် ငါလာရိုက်ချိုးရမှာလား..''
အသံခေတ္တမျှ တိတ်သွားပြီး .. ..
''' ဟဲ..ဟဲ..ဟဲ အကိုနှစ်က တစ်ယောက်ထဲနော် ကျုပ်တို့က သုံးယောက် တောင်မှ တော်နေကြာ ကျုပ်တို့မကျိုးဘဲ အကိုနှစ်သာဝါးစရာ သွားမရှိဘဲ နေလိမ့်အုံးမယ် ...ဟုတ်တယ်မို့လား ညီလေးတို့...'''
'' ခွေးကောင်... လေးမျက်နှာ ပညာရှိလို့မပြောရဘူး တစ်ကိုယ်လုံး ဉာဏ်ကြီးပဲ .. ချက်ချင်း ဟိုကောင်တွေကို စည်းရုံးလိုက်သေးတယ် . '''
ငွေမျက်နှာသမားတော်ကြီးသည် ချင်ဝေ၏ ပြန်ဖြေသောစကားကို သဘောကျစွာ ပြုံးရင်း စိတ်ထဲတွင် တွေးမိသေး၏..
အိပ်ရေးဝ သွားဟန်တူသော ဘုန်းကြီးရွှီကြွင်းမှာ အိပ်ရာမှ ထလာရင်း သင်္ကန်းစကို သပ်ရပ်အောင် ပြုပြင်ပြီး အားကွေ့၏ သွေးကြောများအား စမ်းသပ် ကြည့်လေသည်.. ခဏမျှ စမ်းကြည့်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ..
'' အင်း အခုတော့ သေတွင်းထဲက လွတ်သွားပါပြီ'''
'' ဒါပေါ့ညီလေးတုရယ် .. ငါ့အကြောင်းလဲမင့်သိသားပဲ .. ငွေမျက်နှာသမား တော်ကြီးကုမရတဲ့ရောဂါဆိုတာ ဘယ်မှာရှိပါ့မလဲ..'''
''' ဟုတ်ပါတယ်ဗျာ ..လူတစ်ယောက်ကလွဲလို့ပေါ့..'''''
''အင်း ...အဲဒါကတော့.. အင်း...''''
သမားတော်ကြီးမှာ မျက်နှာလေးငယ်ပြီး အဖြေပေးရန်စကားမရှိ...
'' ရေ..ဆာတယ် ရေ.. ရေပေးပါ...'''''
''ကောင်လေးနိုးလာပြီ... ညီလေးတု ရေတစ်ခွက် ခပ်တိုက်လိုက်ကွာ..''
အဖြေစကားမပေးနိုင်ခင် သတိရလာသော အားကွေ့၏ ရေတောင်းသံက ငွေမျက်နှာသမားတော်ကြီးအတွက် စကားလွဲစရာ ဖြစ်သွား၏..
ဘုန်းကြီးရွှီကြွင်းကလည်း မဆိုင်းမတွပင် ရေတစ်ခွက် ခပ်ယူ၍ အားကွေ့အား တိုက်လိုက်သည်.. နှစ်သုံးဆယ်အတွင်း သံယော်ဇဉ်အသစ် ဖြစ်ရသူ ကလေးပင် မဟုတ်လား ..
''ဂွပ်'..ဂွပ်''
အငမ်းမရမော့သောက်ရင်း ရေတစ်ခွက်စလုံးဝမ်းထဲရောက်သွား၍ အားကွေ့တစ်ယောက် လန်းဆန်း သွားသည့်ပုံ .... ပြီးနောက် ချက်ချင်းပြန်အိပ်ပျော်သွားရင်း..
'' အားချန် ..အားဖုန်.. ဘိုးဘိုး.. ဘုန်းဘုန်း... ''
သနားစဖွယ် ကယောင်ကတမ်းအော်နေရှာသော အားကွေ့ပင်...
ရက်ပိုင်းအတွင်းကြုံခဲ့ရသော လောကဓံက. ဥမမြည် ကလေးငယ်အတွက် ခံနိုင်ရည်နှင့် ၀န်နှင့်မမျှ...
သမားတော်ဘုန်းကြီးသည် အားကွေ့ယောင်ယမ်းအော်နေသည်ကို ကြည့်ပြီး ရွှီကြွင်းဘက်သို့လည့်ကာ မေးဆတ်ပြလိုက်သည်.. မည်သို့မည်ပုံ ဖြစ်ခဲ့ သနည်းဟု အမူအယာဖြင့် မေးလိုက်ခြင်းသာ...
ဘုန်းကြီးရွှီကြွင်းက အဆောင်အပြင်သို့ လက်ညိုး ထိုးကာ ထွက်သွား လိုက်သည် .. သမားတော်ဘုန်းကြီးကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်သွားသည်.... '
အပြင်ကသုံးယောက်မှာတော့ ငြင်းသည့် အဆင့်မျှမက သိုင်းပြိုင်သည့် အနေအထားပင်ရောက်နေကြပြီ ...
အံသြောစရာကောင်းသည်က ထိုသုံးယောက်ပြင်းထန်စွာ တိုက်ခိုက် နေကြသော်လည်း အသံပလံဟူ၍ တစုံတရာမျှ မထွက်ပေ.... .
''' တွေ့လား ..ညီလေးတု .. မင့်တစ်ယောက်သာ ရှောင်လင်ကျောင်းမှာ ဝေရာဝစ္စလုပ် တရားအားထုတ်ရင်း သိုင်းပညာရော့ကျသွားတာ.... မင့်အကိုတွေ ကတော့ အသံမဲ့ လက်ဝါးသုံးနိုင်တဲ့ အဆင့်ထိတောင် ရောက်နေပြီ...''''
တိုက်ခိုက်နေသူများသည် မြန်ဆန်လွန်းလှ၍ တော်ရုံသိုင်းသမား တစ်ယောက်သာ ဤမြင်ကွင်းကို ကြည့်မည်ဆိုလျှင် အ၀ါရောင် အလုံးကြီး တစ်လုံး လျှင်မြန်စွာ လည်ပတ်နေသည်ဟု မြင်ရပေလိမ့်မည်...
ဘုန်းကြီးရွှီကြွင်းက ထိုသုံးယောက်ကို စိတ်ပျက်စွာ ကြည့်ပြီး
''' အကိုနှစ် ၀င်ဖြန်လိုက်ပါတော့ဗျာ .. ကြာရင် တကယ်ရန်ဖြစ်နေကြမယ် '''
'''' နေပါအုံးညီလေးတုရ.. ဟော မင့်အကိုသုံးရဲ့ သေမင်းယပ်တောင် ဆိုတဲ့ သိုင်းကိုကြည့်စမ်း .. ဒီကောင်ပြန်ထွင်ထားတာနဲ့တူတယ် .. ကောင်းလိုက်တဲ့ အကွက် .. သူ့လက်စွဲတော်ယပ်တောင်သာလက်ထဲမှာ ရှိရင် မင့်အကို လေး .. ရှောင်လို့တောင်မလွတ်နိုင်ဘူး ..'''
ဘုန်းကြီးရွှီကြွင်းကလည်း ..
'''.ဟာ အကိုလေးရဲ့ အဆိပ်လက်ချောင်း သွေးတစ်သောင်း အကွက်ကလည်း ..သေမင်းယပ်တောင် သိုင်းကို မီပါတယ်ဗျ .. .''
'' ဟား..ဟား..ဟား... ကြားထဲက အမြတ်ထွက်သွားတာ ထန်ဖု ပဲဟေ့ .. ကြည့်..ကြည့် ... သူ့ရဲ့ တူဖူး(သားသတ်သမား)အကွက်နဲ့ နှစ်ယောက်စလုံးကို လွင့် သွားအောင်လုပ်လိုက်တာ.... ဟီးဟီး.. ဟိုနှစ်ကောင်တော့ ဒေါဖောင်းသွားပြီ..'''
''' အကိုနှစ် ၀င်တားမှဖြစ်တော့မယ် .. အကိုသုံးက လေလှိုင်းတုန်ခါ အကွက်ကို သုံးတော့မယ် .. အကိုငါး(ထန်ဖု)က ဘာမှဖြစ်မှာ မဟုတ်ပေမယ့် .. ဒီဆောင်ကတော့ ပြိုသွားနိုင်တယ်... '''
''' ဟိုက်... ဟုတ်ပါ့ .. တော်ကြာပြိုသွားရင် ပိုင်ချီး ကငါ့ကို လာဆူမှာ''
'' အကိုနှစ် ရှောင်လင်ဂိုဏ်းချုပ်ကြီးကို နာမည်တပ်ခေါ်ရလားဗျာ'''
'' နာမည်ပေးထားမှတော့ နာမည်ကို ခေါ်တာ ဆန်းသလား ညီလေးတု .. မခေါ်စေချင်ရင်နာမည်မပေးနဲ့ပေါ့ကွ.. '''
ငွေမျက်နှာသမားတော်ကြီးသည်ကား တကယ့် ဘုဂလန့်ဂွစာပေ..
ထိုစဉ်မှာပြင် မြေပြင်တစ်ခုလုံး တုန်လာသလို ခံစားလိုက်ရပြီး .. လေထုမှာ အနည်းငယ်နွေးလာသည်..
လေးမျက်နှာပညာရှိ ချင်ဝေ၏ လေလှိုင်းတုန်ခါ အတွင်းအားသိုင်း စတင် ပေတော့မည်....
ဘုန်းကြီးရွှီကြွင်းက စိုးရိမ်တကြီးနှင့် ..
''' အကိုနှစ် ..'''
'''' ငါသိတယ် ....''''
'''' ရွှီး....၀ီးဝီး'''
သို့သော်လည်း နောက်ကျ သွားလေပြီ .. လေးမျက်နှာပညာရှိ ချင်ဝေ က လေလှိုင်းတုန်ခါ အတွင်းအားသိုင်းဖြင့် လက်ဝါးတစ်ချက်ကို ထန်ဖု ထံသို့ ရိုက်ထုတ်လိုက်လေ၏...
Comments
Popular posts from this blog
အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)
အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)