အားကွေ့ အပိုင်း (၈၁ မှ ၈၅ ထိ )

#အစ၏အဆုံး ..အဆုံး၏အစ (၈၁)
Pyae Phyoe San

၈၁

         မီးတောက်မီးလျှံများ .. တရှိန်းရှိန်းတောက်နေသော အပူဒါဏ်များကြောင့် အားကွေ့မှာ မီးလောင်ကွင်းမှ ထွက်ချိန်တန်ပြီဟု သဘောပေါက်လိုက်သည်.. ထို့ကြောင့် ရှောင်းဟူ၏ အမြီးအားလှမ်းကိုင်ကာ လေထဲတွင်ဝှေ့ယမ်းလိုက်၏...

          ''၀ှီး..၀ှီး...၀ှီး..၀ှီး..''

           ရှောင်းဟူကလည်း အလိုက်သတိနှင့်ပင် သူ၏လိပ်ကဲ့သို့ကိုယ်ခန္ဓာကို ပြန့်ကားသွားအောင် ဖြန့်ထားသည် ... ထိုအခါဧရာမယပ်တောင်ကြီးနှင့် ယပ်ခတ်လိုက်သည့်သဖွယ်ဖြစ်သွားပြီး သူတို့အားပတ်လည်ဝိုင်းနေသည့် မီးခိုးငွေ့များ လွင့်စင်သွား၏....

          မြင်ကွင်းကို ပီပီသသမြင်ရသည်နှင့် အားကွေ့က လေထဲသို့ခုန်တက်လိုက်ပြီး မီးလောင်မှု အပါးဆုံးနေရာ.. မီးညွှန့်နည်းသည့်နေရာအား ရှာဖွေလိုက်သည်.. ထို့နောက် ပြန်အကျတွင် ရှောင်းဟူအား ထိုနေရာဘက်သို့ အားကုန်သုံးကာ ပစ်လွတ်လိုက်လေ၏.....

           ''အစ်...အစ်...ရှူး'''

           ရှောင်းဟူက အားကွေ့ပစ်လွတ်လိုက်သော အရှိန်ကိုယူကာ သူ၏ကိုယ်ကို ဖြန့်ကားပြီး လေဟုန်စီးသွားသည်.. တချိန်ထဲမှာပင် အားကွေ့က လေထဲတွင် ၀ဲပျံနေ သော ရှောင်းဟူ၏ လည်ပင်းစီသို့ ကြိုးကွင်းဖြင့်ပစ်စွပ်ကာ မြေကြီးအား ခုန်ထောက်၍ လွဲထည့်လိုက်၏.....
       
          '''၀ှမ်း...၀ှမ်း..''

           လေတိုးသံအကျယ်ကြီးထွက်ပေါ်လာပြီးနောက် အားကွေ့မှာ မြားတစ်စင်း အလား မီးတောက်မီးညွှန့်များအပေါ်မှ တရှိန်ထိုးဖြတ်ကျော်သွားလေသည်... ရှောင်းဟူမှာ အားကွေ့၏ဆွဲဆောင့်လိုက်မှုကြောင့် အောက်သို့အနည်းငယ်နိမ့်ကျ သွားသည်မှအပ လေထဲတွင်ပင် ရှိနေသေး၏.. အားကွေ့ကတော့ အရှိန်နှစ်ခုပေါင်းစပ် ၍ မီးကွင်းပြင်ပသို့ အခက်အခဲမရှိ လှပစွာဝှေ့ဝဲကျသွားသည်.....

            ''ဖြောင်း ...ဖြောင်း..ဖြောင်း..ဖြောင်း..''

             ထိုအချင်းအရာကို မြင်လိုက်သော သွားကျိုးမှာ လက်ခုပ်လက်ဝါးတီး၍...

             ''ဒါမှ ဒို့အကိုအားကွေ့ကွ.... တကယ်တော်တယ်ဗျာ..''

             အားကွေ့က သားရေကြိုးကို ခါးတွင်ပြန်ရစ်ပတ်လိုက်ပြီး...

             ''ငါကြီးပဲကြောင့် မဟုတ်ဘူးဟေ့ ရှောင်းဟူသာ မပါရင် တော်တော်ခက်ခဲ ရလိမ့်မယ်.. ဒီနေ့တော့ရှောင်းဟူရဲ့ပွဲပဲ..''

             အားကွေ့အနီးသို့ ဘဘဟုန်း ..ဘကြီးနန်နှင့်သွားကျိုးတို့မှာ အပြုံးမျက်နှာ များဖြင့်လှမ်းလာရင်း...ဘကြီးနန်က...

                ''အားကွေ့ရေ .. ငါက မင်းအတွက်ရင်ထိတ်နေတာဟ .. ဒီလောက် မီးလျှံတွေများမယ်မှန်း အစကငါမထင်မိဘူးလေ... ''

                 ဘဘဟုန်းကတော့..

                 ''ငါတော့မင်းပြန်ထွက်လာမယ်ဆိုတာ ယုံတယ်ဟေ့..အားကွေ့ပဲဟာ တခြားလူမှမဟုတ်ဘဲ..''

                  အားကွေ့က လက်နှစ်ဘက်ဆုပ်ဂါရ၀ပြုလိုက်ရင်း..

                 ''ကဲ ..ဘဘတို့ရေ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ကျူပင်ခုတ် ကျူငုတ် မကျန်အောင်ရှင်းလိုက်ကြအုံးစို့ ...ချောင်ကြိုချောင်ကြားမှာ ကြွက်တွေရှိနိုင် သေးတယ်..''

                 ဘဘဟုန်းက ဘကြီးနန်အား စိမ်ခေါ်သောအကြည့်ဖြင့်ကြည့်လိုက်ပြီး

                ''ကိုင်း.. စပ်စုကြီးရေ မင်းနဲ့ငါနောက်ဆုံးတွေ့တဲ့ သိုင်းပြိုင်ပွဲတုန်းက သရေနဲ့အဆုံးသတ်သွားတာ.. အခုတော့ နောက်ထပ်ပြိုင်ဖို့ အခွင့်အလမ်းပေါ်လာပြီ ဒီတစ်ခါတော့ ကြွက်ကောင်ရေ အသတ်များတာနဲ့ ပြိုင်ရအောင်ကွာ ..များများ သတ်နိုင်တဲ့ လူကအနိုင်ပေါ့ ..ဘယ့်နှယ်လည်း..''

                ဘကြီးနန်က ကျောတွင်လွယ်ပိုးထားသော ဓါးနှစ်လက်ကို လက်ဖြင့်ပုတ် လိုက်ကာ...

                 ''စိမ်လိုက်လေ ထော့ကျိုးရာ.. အရင်ပွဲတုန်းက ဆိတ်ဖြူကြီးကြောင့် သရေကျသွားတာ .. အခုတော့ နှောက်ယှက်မဲ့သူမရှိတော့ဘူး.. ''

                အားကွေ့ကနှစ်ယောက်စလုံးကို သဘောကျစွာကြည့်ရင်း....

                ''ကဲ ..သွားကျိုးရေ လူကြီးနှစ်ယောက်ကတော့ အပြိုင်အဆိုင်လေးနဲ့ မင်းရော ငါနဲ့မပြိုင်ချင်ဘူးလား..''

               သွားကျိုးက လက်ထဲမီးဒုတ်ကို လေထဲဝှေ့ယမ်းကာ...

              ''အကိုအားကွေ့နဲ့ပြိုင်ရင် ရှုံးမယ်ဆိုတာသိပေမယ့် .. ကျိုးစားတော့ကြည့် ချင်သေးတယ်ဗျာ..''

               ''ဒါဆို စလိုက်ကြအုံးစို့ရဲ့...''

              ထို့နောက် လူလေးယောက်မှာ အရပ်မျက်နှာအသီးသီးသို့ လမ်းခွဲထွက် သွားကြလေသည်.. သူတို့နည်းတူပင် ရှောင်းဟူကလည်း နောက်ကျကျန်ရစ်မနေပါ အားကွေ့နောက်သို့ တဂစ်ဂစ် အော်မြည်ပြီး ပျော်ရွှင်စွာပြေးလိုက်သွားလေ၏...

====================================
               
            ထိုအချိန်တွင် တဖက်ကမ်းတွင်ကျန်ရစ်ခဲ့သော ကျင်းကျူးမှာ မီးပုံနဘေးတွင် ဆန်ရေဆေးနေသည်.. ဟွားဟွားကသူမဘေးတွင်ထိုင်ကာ တွတ်တွတ် တွတ်တွတ်နှင့်မေးမြန်း နေ၏...

          ''မမ ..''

          ''အင်း..ပြောလေညီမလေး..''

          ''အခုဆန်တွေရေဆေးနေတာ ထမင်းချက်မလို့လား .အရင်တခါလို အရက်ချက်မလို့လားဟင်..''

         ''နှစ်ခုလုံးမှားတယ် ညီမလေးရဲ့ .. သိချင်ရင် ရှောင်မိန်ရယ် ..ညီမလေးပိုင်ရယ် ရောက်လာတာကိုစောင့် .. သူတို့လာရင်သိလိမ့်မယ်..''

         ဟွားဟွားက သူမ၏ကျစ်ဆံမြီးလေး လှုပ်ရမ်းသွားအောင် ခေါင်းကိုခါလိုက်ရင်း ..
         ''အာ...မရဘူး ခုချက်ခြင်းပြောပြ.. ခုသိချင်လို့ မမရဲ့..''

         ကျင်းကျူးက ဆန်ဆေးနေရာမှ ရပ်လိုက်ပြီး ..

          ''ဒီလိုညီမလေးရဲ့ .. ညီမလေးတို့ ဘဘဟုန်းတို့ စားလို့သောက်လို့ မြိန်အောင် မမက ၀ါးထမင်းချက်ပေးမလို့ ...''

           ''၀ါးထမင်း ဟုတ်လား.. စားလို့ကောင်းသလား မမ..''

           ကျင်းကျူးက ဟွားဟွားအားပြုံးပြလိုက်ကာ..

           ''ဒါတော့ စားကြည့်တဲ့အခါ သိရမှာပေါ့ကွယ်..''

           ''မမ ချက်ရင်တော့ စားကောင်းတာချည်းပဲ ..မနေ့ကလည်း ငါးကိုငှက်ပြောဖက်နဲ့ထုပ်ပြီး မီးဖုတ်ပေးတာ အရမ်းစားကောင်းတယ် .. ဒီနေ့လည်း ပြန်ဖုတ်ပေးနော်..''

           ''ညီမလေးကြိုက်ရင် လုပ်ပေးရမှာပေါ့...''

             သူမတို့နှစ်ယောက် စကားပြောနေစဉ် မိန်းကလေးပိုင်နှင့် ရှောင်မိန် ရောက်လာလေသည်.. သူမတို့၏ လက်ထဲတွင် ၀ါးလုံးစိမ်းများ တစ်ပွေ့တစ်ပိုက်ကြီး သယ်လာ၏...

              ကျင်းကျူးက..

           ''ဟော ..ညီမလေးပိုင်နဲ့ ရှောင်မိန်တောင် ရောက်လာပြီပဲ .. ညီမလေးဟွားဟွားရေ မမတို့ကို ကူပြီး ၀ါးလုံးတွေ ဖြတ်ပေးအုံးနော်... နှစ်တောင် လောက်အဆစ်နေရာကဖြတ်.. ''

              ဟွားဟွားက ၀ါးလုံးများကို ကူသယ်ပေးကာ ..

              ''ဟုတ် မမ..''

              သိုင်းပညာရှင်များဖြစ်သောကြောင့် ၀ါးလုံးများ ဖြတ်ရသည်မှာ လွန်စွာ မြန်ဆန်ပေသည်.. ကျင်းကျူးက ထိုဝါးဆစ်များကို ရေဖြင့်သန့်စင်ကာ ထမင်းအိုးတစ်ကျက်မျှ ရေစိမ်ထားသော ဆန် (လေးနာရီမျှ စိမ်လျှင်ပိုကောင်း၏) အား ပါးပါးလှီးထားသော မှို ..အစိမ်းရောင်စားတော်ပဲ.. လှီးဖြတ်ထားသော ၀က်အူချောင်း .. အဆံခြွေထားသည့် ပြောင်းဖူး ..ငရုတ်သီးအနည်းငယ်.. ခပ်သေးသေးလေး တုံးထားသော မုန်လာဥနီ တို့နှင့်ရောနယ်လိုက်ပြီး ဆီအနည်းငယ် နှင့် ဆားထည့်ကာ မွေလိုက်သည်..

               ထို့နောက် သစ်သားဇွန်းဖြင့် ၀ါးလုံးများထဲသို့ စိတ်ရှည်လက်ရှည် ထည့်သွင်းကာ ကန်ဇွန်းဥဖြင့် အပေါ်က ပိတ်လိုက်လေ၏... ထို့နောက် မီးဖိုဘေးတွင် ထိုဝါးလုံးများကို ဒေါင်လိုက်ထောင်ထားကာ ၀ါးထမင်းကို မီးဖုတ်လေသည်..
                 
                 ဟွားဟွားကတော့ သူမအလွန်စားချင်သော ငှက်ပြောဖက် ငါးမီးဖုတ် စားရရန် မြစ်ထဲသို့ ဆင်းကာ ရှောင်မိန်နှင့်ငါးဖမ်းနေ၏...  သိပ်မကြာလိုက် ငါးအတော်များများ ဖမ်းမိ၍ မြစ်ထဲ၌ပင် အကြေးခွံများကို ဓါးဖြင့်ခြစ်ကာ ကလီစာများ ငါးချေးများကို ဖယ်ထုတ်လိုက်ကြသည်..
                 ပြီးလျှင် ရေပြောင်အောင်ဆေးပြီး ကျင်းကျူးလက်ထဲသို့အပ်လိုက်ရာ ကျင်းကျူးကလည်း အနားမနေနိုင်ဘဲ ငါးအား ဆားနယ်ရသည့်အပြင် ငါးဗိုက်ထဲသို့ အစာသွပ်ရန်အတွက် အလုပ်များရပြန်၏...
           ငါးကို နံနန်ပင်များ ကြက်သွန်ဖြူ /နီများ.. ဖက်ဖယ်.. ဇီယာစေ့များကို ညက်အောင်ထောင်းကာ အစာသွပ်ပြီးနောက် ငှက်ပြောဖက်နှင့်ထုပ်ကာ မီးပုံထဲသို့ ထည့်ပြီးနောက် ...ကျင်းကျူးမှာ လက်မှငါးညှီနံ့ပျောက်အောင် သံပုရာသီးဖြင့် ဆေးကြောပွတ်သပ်နေသည်....
           အတန်ကြာမျှစောင့်ပြီးလျှင် မွှေးပျံ့သော ၀ါးထမင်းရံနံ့ .. ငါးမီးဖုတ်၏ သင်းရနံ့က လူတိုင်း၏ နှာဝသို့ချူကာ ၀မ်းဗိုက်အတွင်းမှ ပိုးမျိုးရှစ်ဆယ် ထကြွအောင် လုံ့ဆော်နေတော့၏...

=============
ရေးရင်းနဲ့ဗိုက်ဆာလာလို့ နက်ဖြန်မှ ဆက်ရေးတော့မယ် ..
ကျေးဇူးပါဗျာ..
ဖုန်းဘေ မရှိလို့ဗျ ..မဟုတ်ရင် ကျွန်တော့် ချစ်သူ ၀ါးထမင်းနဲ့ ငါးမီးဖုတ်လုပ်ထားတဲ့
Video Fileကို တစ်ခါထဲတင်ပေးလိုက်တယ်...


#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San

၈၂

                မိန်းကလေးပိုင် ..ရှောင်မိန်နှင့် ဟွားဟွားတို့သုံးယောက် အခြေအနေကို အကဲခတ်မိသော ကျင်းကျူးက ...

                 ''ညီမလေးတို့ ခဏစောင့်အုံးနော် .. လူကြီးတွေအရင်စားပြီးမှ စားရမယ်..''

                မိန်းကလေးပိုင်နှင့်ရှောင်မိန်မှာ ကျင်းကျူးစကားအား အတွန့်မတက်သော်လည်း ဟွားဟွားကတော့...

                ''သူတို့ဖို့ချန်ထားပြီး ညီမလေးတို့အရင်စားလိုက်မယ်လေ .. ဘယ်အချိန်မှ ပြန်လာမယ်မှန်း မသိဘဲ ...''

                   ကျင်းကျူးက ဒုတ်တိုလေးနှင့် မီးဆွနေရာမှ ဟွားဟွားဘက်သို့ လက်ညိုးလေးတစ်ချောင်းထောင်ပြပြီး ..

                 ''လူကြီးတွေထက်အရင်စားလိုက်ရင် ဂါရဝေါစနိဝါတောစ မရှိဘဲဖြစ်သွား မှာပေါ့ကွယ်.. တနပ်တလေ နောက်ကျမှစားလိုက်တာက အပန်းကြီးတာ မဟုတ်ဘူးလေ..မှတ်ထားညီမလေးရဲ့ လူဆိုတာကြီးသူကိုရိုသေ ..ရွယ်တူကိုလေးစား ငယ်သူကို သနားရတယ်.. ကိုယ့်ထက်အသက်ကြီးရင့်သူ.. လေးစားထိုက်တဲ့သူမျိုးကို အရိုသေပေးရမယ် .. ကိုယ်နဲ့ ရွယ်တူ ..ကိုယ်နဲ့အသရေတူတဲ့ လူမျိုးကိုဆိုရင် ချီးမွမ်းရမယ် လေးစားရမယ်ကွဲ့.. နောက် ..ကိုယ့်ထက်ငယ်တဲ့သူ ..ကိုယ့်ထက် နိမ့်ပါး တဲ့သူဆိုရင် သနားရမယ် ..ကြင်နာရမယ် .. စောင့်ရှောက်ပေးရမယ် ..''

                 ဆူပုတ်ပုတ်ဖြစ်နေသော ဟွားဟွားမှာ ကျင်းကျုး၏စကားကြောင့် မျက်နှာကြောပြန်ပြေစပြုလာသည်.. ရှောင်မိန်နှင့် မိန်းကလေးပိုင်တို့ကတော့ ယဉ်ကျေးသိမ်မွေ့လှသော ကျင်းကျူး၏မျက်နှာကိုစိုက်ကြည့်နေကြ၏...

                 ကျင်းကျူးကပင်ဆက်လက်ကာ ..

                 ''မမပြောသလိုမျိုး လူတိုင်းလူတိုင်းကသာ ကျင့်သုံးကြမယ်ဆိုရင် ..ခိုက်ရန်ဖြစ်ပွားတာတွေ ..အငြင်းပွားမှုတွေ .မနာလိုတွန်းထိုးတာတွေ ပါးသွားမှာ အမှန်ပဲ.. အခုတော့ လူအတော်များများမှာ မာန်မာနဆိုတဲ့ အစွဲကိုပဲလက်ကိုင်ထားကြ တော့ ဒေါသနဲ့ပြည့်နှက်နေတဲ့ လောကကြီးဖြစ်နေပြီ.. ''

                  ကျင်းကျူး၏ဆိုလိုရင်းကို မိန်းကလေးသုံးယောက်မှာ နားမလည်သော မျက်လုံးများနှင့်ကြည့်နေသဖြင့်...

                 ''ဒီလိုလေ ညီမတို့ရဲ့ လူဆိုတာ အတ္တကြီးတတ်တဲ့အမျိုးလေ.. အတ္တဆို တဲ့ ငါမှငါဆိုတဲ့စိတ်ဟာ .. မာနကိုဖြစ်စေတယ်ကွဲ့ .. ငါသာ အသိ ငါသာ အတတ် ငါလုပ်တာ အမှန်.. သူကတော့ အမှား .. မာနအမျိုးမျိုးဟာ မနာလိုမုန်းထား စိတ်ကို ပေါ်စေတတ်တယ်လေ.. ငါအသိ ငါအတတ် ငါအတော်ဆုံးလို့ ကိုယ့်ကိုကိုယ် ထင်နေ တဲ့အချိန်မှာ ကိုယ့်ထက်သာတဲ့ တစ်ယောက်ပေါ်လာပြီဆိုရင် သူ့အပေါ်မနာလိုတော့ ဘူး .. မနာလိုစိတ်ပေါ်လာတော့ ဘာဖြစ်လာလဲ .. သူ့မကောင်းတဲ့အကွက်ကိုပဲ ချောင်းမြောင်းနေတတ်တယ် ..ကွယ်ရာမှ မကောင်းကြောင်းပြောမယ် .. အခွင့်သာရင် ချောက်တွန်းမယ်.. အဲ့ဒါဟာ မနာလိုတဲ့စိတ်ထားများတဲ့သူတွေပဲ.. မနာလိုစိတ်လည်း များလာရော ... လူဟာ ဒေါသဆိုတဲ့စိတ်က၀င်လာတတ်တယ် ညီမလေးတို့ .. ဒေါသရှိရင် မောဟစိတ်ပါဖုံးလာတယ် .. အဲ့ဒီနှစ်ခုဖြစ်တဲ့အခါ လူမှာ သောကစိတ်တွေ ပေါ်လာတယ်လေ.. နောက်ဆုံးတော့ လူဟာရုတ်ရင်းကြမ်းတမ်းတဲ့ လူမျိုးဖြစ်လာတာ ပေါ့.. ပါးစပ်က ဖရုသ၀ါစာ စကားတွေပြော ကိုယ့်ကိုကိုယ်အဟုတ်ကြီးထင် .. ကိုယ်ရေသွေးစကားပြော.. ကိုယ့်ထက်မြင့်တဲ့သူကို ဖော်လံဖား ကိုယ်နဲ့အဆင့်တူကို ချောက်တွန်း ခြေထိုး.. ကိုယ့်ထက်အောက်ကျနေတဲ့သူတွေကို အမြဲနှိမ့်ချဆက်ဆံ တတ်တဲ့သူတွေဟာ မမအပေါ်ကပြောခဲ့တဲ့ သူလိုအမျိုးအစားပဲ ညီမလေးတို့ရဲ့..''

            သူမ၏ဆုံးမသြ၀ါဒကိုခံယူနေကြသော မိန်းကလေးသုံးယောက်မှာ  ကျင်းကျူး၏ မျက်နှာအား တစိမ့်စိမ့်ကြည့်ကာ သူမတို့သုံးယောက်လုံး ကျင်းကျူးထက် သိုင်းပညာသာသည်မှအပ ကျန်သည့် လောကီရေးရာများတွင် ခြေမှုန်မျှပင်မမှီနိုင်ဟု တွေးတောမိတော့သည်..

                 ဟွားဟွားမှာ အငယ်ဆုံးလည်းဖြစ် ဆိုးနွဲ့နေကြလည်း ဖြစ်၍

               ''တော်ပါပြီမမရယ်.. ဟွားဟွားကစားချင်တယ်လို့ပြောတာ တစ်ခွန်းထဲ မမပြန်ပြောလိုက်တာက အရှည်ကြီးပဲ အိပ်တောင်ငိုက်တယ်.. တော်ပြီ မစားတော့ဘူး''

              ကျင်းကျူးက အသံလွင်လွင်ဖြင့် ရယ်မောလိုက်ပြီး..

              ''ညီမလေးကို မစားနဲ့လို့ပြောတာမှ မဟုတ်ဘဲ ..ခဏစောင့်လို့ပြောတာ ကြီးကို ..ညီမလေးအရမ်းဆာနေရင် ..မမတို့နေတဲ့ တဲမှာ တုံးမင်ကယူလာတဲ့ စပျစ်ညိုသီးတွေရှိတယ် .. ဒါလေးတွေစားထားနှင့် .. စပျစ်သီးစားပြီးသွားရင် မမက ညီမလေးတို့သုံးယောက်ကို အရောင်လှလှလေးနဲ့ဝတ်စုံ တစ်ယောက်တစ်စုံဆီ ချုပ်ပေးမယ်လေ..''

              ''ဒါကြောင့် မမကိုချစ်တာ..''

              ''ရွှတ်..''

              ဟွားဟွားက ကျင်းကျူး၏စကားအဆုံး၌ ပါးစပ်မှအော်ဟစ်၍ ကျင်းကျူး၏ ပါးကိုနမ်းကာ တဲရှိရာသို့ပြေးသွားလေသည်... တဲမှာ လှေများကို ဖျက်ကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး လုံခြုံလှသည့်အပြင် ကျယ်ကျယ်ဝန်းဝန်းလည်းရှိ၏..
အားကွေ့မရောက်ခင်က ၀ါးကပ်တဲလေးနှစ်လုံးထိုးထားရာမှ သူ၏အစီအမံအရ လှေများကိုဖျက်၍ တဲဆောက်လုပ်လိုက်ခြင်းပင်.. သမားတော်ဟွမ်း နှင့်ကျန်လူများကို မူ တုံးမင်မြို့ပေါ်တွင် အလှူအတန်းများ ပြုလုပ်ရန် ကျင်းကျူးကစေလွတ်ထားသဖြင့် တဲနှစ်လုံးမှ သူတို့အတွက်ချောင်ချိနေသည်.. သူတို့ရောက်နေသည်မှာ ဆယ်ရက် ကျြော်ပီဖြစ်သော်လည်း အားကွေ့၏ဒါဏ်ရာကြောင့် ကြွက်နှိမ်နင်းရန် ယနေ့မှ ပြုလုပ်ကြခြင်းသာ...

            ယောက်ကျားလေးများအတွက် တစ်လုံး ..မိန်းကလေးများအတွက် တစ်လုံး ဆောက်လုပ်ထားပြီး အားကွေ့၏အကြံအစည်အရ မိန်းကလေးများရေ သပ်သပ်ချိုးရန် သစ်သားရေစည်ကြီးပင် ထည့်သွင်းထား၏...

            သိပ်မကြာပါ စပျစ်ခိုင်တွဲကြီးများတပွေ့တပိုက်ဖြင့် ဟွားဟွားပြန်ရောက်လာ သည်..
            စင်ကျန်းဒေသထွက် စပျစ်ခိုင်ကြီးများကိုပင်ယှဉ်နိုင်လောက်သော ထိုစပျစ်များမှာ တုံးမင်၏ထွက်ကုန်တစ်လည်းဖြစ်၏..
           ကျင်းကျူးက ကြိမ်ခြင်းနှစ်ခြင်းကိုပေးလိုက်ကာ...
            ''တစ်လုံးက အသီးတွေကိုထည့်ဖို့ ကျန်တစ်လုံးကတော့ အခွံတွေသပ်သပ် စုထည့်ပေးနော်... အခွံတွေကို လွင့်မပစ်နဲ့''
              ရှောင်မိန်က ဟွားဟွားလက်ထဲမှ စပျစ်သီးများကူညီထည့်ပေးနေရာမှ ခေါင်းထောင်ပြီး..
              ''အခွံတွေကို ဘာလုပ်မလို့လဲ မမရဲ့..''
              ''စောနက မမပြောတဲ့ ၀တ်စုံကို ဆေးဆိုးရအောင်လို့လေ.. ဒါမှ အရောင်လှလှလေးရမှာ..''
               ''စပျစ်အခွံက ဆေးဆိုးလို့ရတယ် ဟုတ်လား..''

                ''ဟုတ်တယ် ညီမလေးပိုင် .. စပျစ်သီးအခွံကိုရေနွေးနဲ့ပြုတ်ပြီး ခပ်ပြစ်ပြစ်လေးရသည်အထိမွေ.. နောက် ပိတ်သားအဖြူရောင်ကို အရောင်စွဲသည် အထိ စိမ်.. အရောင်စွဲပြီဆိုရင် ရေစစ်အောင်ညစ် ..ပြီးရင် နေလှန်းလိုက်တော့ စပျစ်ရောင်လေးနဲ့ အထည်ဖြစ်သွားတာပေါ့.. ''

                 ''မမက သိပ်တော်တာပဲ ..အကုန်နီးပါးသိတယ်... ညီမလေးတို့က ဒါတွေ မသိပေါင် .. အ၀တ်အစားလိုရင် ၀ယ်မယ် အစားအသောက်ဆို ၀ယ်စားမယ် ဒါမှမဟုတ် အကိုအားဖုန်နဲ့အကိုအားချန် ချက်ကျွေးတာစားမယ် .. ဒါပဲသိတယ်..''

                ''အယ် .. အားဖုန် အားချန်ဆိုမှ အကိုအားကွေ့ကို ညီမလေးမေးခိုင်း ထားတာမမေးရသေးဘူး မေ့နေတယ်''

                ''ကြည့် မမစကားဆို ညီမလေးက အမြဲနားထောင်တယ် ..မမက ဟွားဟွားစကားဆို ဘယ်တော့မှ အလေးမထားဘူး..''

                ဟွားဟွားစိတ်ကောက်နေစဉ်အချိန်တွင် ကြွက်နှိမ်နင်းရေး အဖွဲ့ကြီး ရောက်ရှိ၍လာ၏....

                 ကြွက်ညော်နံ့ ..ကြွက်ချေးကြွက်သေးနံ့များ ပြောင်စင်အောင် ရေချိုးနေရ၍ ထိုမျှကြာသွားခြင်းပင်...

                 အားကွေ့က ကမ်းပေါ်သို့ရောက်ရောက်ခြင်းပင်..နှာခေါင်းတရှုံ့ရှုံနှင့် လုပ်ကာ ...

                 ''အားပါး..ဟင်းနံ့ကြွင်းနံ့တွေက မွှေးလိုက်တာပါလား ..ဗိုက်ဆာနေတာ နဲ့ အတော်ပဲဟေ့... ၀ါးထမင်းနဲ့ ငါးဖက်ထုတ်ကင် မှတ်တယ်..''

                 ''အကိုအားကွေ့က အစားပုတ်တဲ့လူလို့ မပြောရဘူး ..အနံ့ရရုံနဲ့ ဘာတွေလုပ်ထားမှန်း တန်းသိတာပဲ ..''

                 ''ဟားဟားဟားဟား .. အစားပုတ်တယ်လို့ မပြောရဘူး ရှောင်မိန်ရဲ့ ငါက အစားအသောက်မှာ ပါရဂူတစ်ဆူမို့ တန်းသိတာဟ..''
                  အားကွေ့ကရှောင်မိန်၏စကားကို ခြေပရင်း ယောက်ကျားလေးတဲထဲ သို့ဝင်သွားကာ အရက်အိုးတစ်အိုးပိုက်၍ပြန်ထွက်ခဲ့၏... ပြီးနောက်..
                  ''ဒီနေ့တော့ အောင်ပွဲအများကြီး ခံရမယ့်နေပဲဟေ့.. ပထမအောင်ပွဲက လူတွေကို ဒုက္ခပေးနေတဲ့ ကောင်တွေကိုရှင်းပြီးတဲ့အောင်ပွဲ ..နောက်အောင်ပွဲကတော့ ကြွက်သတ်ပြိုင်ပွဲမှာ ပြိုင်ဘက်ကို တစ်ကောင်အသာနဲ့ နိုင်ခဲ့တဲ့ ဘကြီးနန်ရဲ့အောင်ပွဲ .. တတိယအောင်ပွဲကတော့ ကြွက်ဖမ်းဝိဇ္ဇာဘွဲ့ရခဲ့တဲ့ အားကွေ့ရဲ့ အောင်ပွဲ  ''

                   ဘဘဟုန်းမှာ တစ်ကောင်လေးကပ်ကာရှုံးနိမ့်သွားသဖြင့် မခံချိ မခံသာ ဖြစ်နေရာ ..

                  ''ဟေ့ကောင် အားကွေ့ ..အမှန်ဆို ငါက စပ်စုကြီးကို နိုင်ရမှာကွ .. ငါသတ်ခဲ့တာ အကောင်ကြီးတွေချည်းပဲ ..ဒီကောင့်ကြွက်တွေက ဖလောင်းလောက် အရွယ်တွေ..နောက်ဆုံးတစ်ကောင်ဆို ပေါက်စပဲရှိတယ်.. မတရားဘူးကွ..''

                   ဘကြီးနန်ကတော့ တစ်ဟားဟားနှင့်ရယ်ကာ ..

                  ''ပြိုင်ပွဲကို မင်းကပဲစစိမ်ခေါ်တာနော် ..ပြီးတော့ အကောင်ရေပြိုင်ပွဲလေ အရွယ်အစားအကြီးအသေးမှ မဟုတ်တာ ..မင်းက ထောင့်ရှစ်ရာ့ခြောက်ဆယ့် နှစ်ကောင် .. ငါက ထောင့်ရှစ်ရာ့ခြောက်ဆယ့်သုံးကောင်.. အဖြေကရှင်းနေတာပဲလေ ..ရှုံးမှ အကောင်အကြီးအသေး လာမကပ်နဲ့ကွ.. ဟားဟားဟားဟား..''

                   ကသိကအောင့်ဖြစ်နေသော သူဖုန်းစားအိုကြီးကို အနိုင်ပိုင်းအကြည့် နှင့်ကြည့်ပြီး ဘကြီးနန်က အားကွေ့ဘက်လှည့်ကာ..

                     ''ကိုင်း..အားကွေ့ရေ အရှုံးသမားတွေ သောက်တာမသောက်တာ ငါမသိဘူး .. ငါတို့အောင်နိုင်သူနှစ်ယောက်ကတော့ ဒီညအမူးသောက်မယ်ကွ..''

                     ''ဟုတ်တာပေါ့ ဘကြီးနန် ..ရော့ ချဗျာ..''

                     ဘကြီးနန်မှာ တမင်ပင်အရက်အိုးကို ဖိတ်စင်အောင် မော့သောက် လိုက်ပြီး..

                     ''ကျင်းကျူးသမီးရေ ..ဘကြီးနန်တို့အတွက် အမြည်းကောင်းကောင်း လေးလုပ်ပေးပါအုံးဟ..''

                   ကျင်းကျူးက ပွတ်သီးပွတ်သပ်လုပ်နေသော ရှောင်းဟူကို ဖယ်ကာ

                    ''ဟုတ်ကဲ့ ဘကြီးနန် ..လောလောဆယ်တော့ ငါးဖက်ထုပ်ကင် ရှိတယ် ..ဒါလေးအရင်စားနှင့်နော် ''

                      ဘကြီးနန်ကလက်ကာပြလိုက်ပြီး..

                    ''ရပြီသမီး ရပြီ ဒီလောက်ဆို လုံလောက်ပြီ.. ''

                    အားကွေ့က သူတို့ဘက်သို့မလှည့်ဘဲ တဲဘက်သို့ လှည့်နေသော ဟွားဟွားကို ကြည့်ပြီး...

                   ''ဟွားဟွား တစ်ယောက်တော့ စိတ်ကောက်နေပြန်ပြီထင်တယ် .. ပြောစမ်း ..ငါ့ညီမကို ဘယ်သူအနိုင်ကျင့်တာလဲဟ.. ''

                 ကျင်းကျူးက လက်ညိုးကိုသူမနူတ်ခမ်းနားကပ်ကာ ..ရှူး ခနဲလုပ်၍

                 ''အကိုအားကွေ့ကို ပြောခိုင်းထားတဲ့ စကား ညီမက မပြောသေးဘဲ မေ့နေလို့တဲ့ရှင်... ''

                 အားကွေ့ကမျက်ခုံးနှစ်ဖက်ကို ပင့်လိုက်ပြီး...

                 ''ဘာစကားမို့လို့တုန်း...''

                  ကျင်းကျူးက ဘကြီးနန် ..ဘဘဟုန်း .. သွားကျိုးတို့အား ဖက်ထုပ် တစ်ထုတ်နှင့် ကျည်တောက် တစ်ချောင်းစီပေးလိုက်ပြီး ..

                ''သြော်.. သူခွန်လွန်းမှာ နေတုန်းက သူ့မှာ ဆရာတူအကိုသုံးယောက် ရှိတယ်တဲ့ ..အဲ့ထဲမှာမှ အကိုနှစ်ယောက်က အမြဲတမ်း လူတစ်ယောက်အကြောင်းကို တဖွဖွပြောသတဲ့..''

                   ''အဲ့ဒီတော့...''

                  ''သူတို့ပြောတဲ့လူနာမည်က အားကွေ့တဲ့ ..''

                  အားကွေ့မှာထိုစကားကြောင့် ထိတ်ကနဲဖြစ်သွားပြီး ..သူမျှော်လင့် ထားသော လူများဖြစ်လေမလားဟူ၍ ရင်ခုန်သွားသည် .. ထို့နောက် အသံတုန်တုန် နှင့် ...

                 ''အဲ့ဆရာတူအကိုနှစ်ယောက်နာမည်က . ဘယ်သူတွေလဲ.. ''

                 ''အားဖုန်နဲ့အားချန်တဲ့..'''

                  ''ဟေး...''

                  အားကွေ့မှာ သဲများဖွာသွားအောင်ပင် ထခုန်ပြီး အော်ဟစ်လိုက်သည် .. သူအနှစ်နှစ်အလလ တောင့်တနေသော ညီနှစ်ယောက်၏ သတင်းအစအနကြောင့် အိနြေ္ဒပင်မဆည်နိုင်တော့ပေ.. ပီတိမျက်ရည်စများ ဝေ့၀ဲနေသော အားကွေ့က ဟွားဟွားရှေ့သို့ ပြေးသွားကာ

                ''ဖိုးဖိုးဖုန်းချူးရော..ဖိုးဖိုးဖုန်းချူး..သူ...သူလည်း ဟွားဟွားတို့ဆီမှပဲလား ..''

                 စိတ်ကောက်နေသော ဟွားဟွားက မည်သည့်စကားမှ ပြန်မဖြေ ခေါင်းသာငြိမ့်ပြလိုက်၏.... သို့သော် သူမ၏ခေါင်းအလှုပ်တစ်ချက်က အားကွေ့အား ကြီးမားသော ခံစားချက် ဖြစ်ပေါ်စေပါသည်... ၀ဲလက်စ မျက်ရည်များပင် ပါးပေါ်သို့ စီးကျလာပြီး ..တဟားဟားရယ်ကာ..

                ''ဟားဟားဟားဟား ..ဒီနေ့တော့ တကယ်ကို ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ပြည့်တဲ့ နေ့ပဲ ... ''

                ဟု အော်ဟစ်လိုက်ပြီး ..လမ်းမဘက်သို့လည့်ကြည့်ရင်း..

                ''အလို ... သွားကျိုးရေ လမ်းပေါ်မှာ လျှောက်နေတဲ့ကောင်က ဒက်ပေါ မို့လား..''
                 သွားကျိုးမှာ ငါးကင်ကိုဖဲ့စားရင်း အားကွေ့အားကြည့်ကာ ပီတိ မျက်ရည်ဝဲနေရာမှ ခုန်ထလိုက်ကာ..

                    ''ဟာ ..ဟုတ်တယ်..အကိုအားကွေ့..အဲ့ဒါ ဒက်ပေါပဲ .. ဒက်ပေါရေ ..ဒက်ပေါ.. မင်းအဖေ ငါတို့က ဒီမှာကွ...''

                      ဒက်ပေါမှာ ၀ူချောင်မြို့မှ တုံးမင်သို့ခရီးဆက်နေရင်း နားထဲသို့ အော်ဟစ်သံကြောင့် ကမ်းစပ်ဆီသို့လည့်ကြည့်ပြီးနောက်...

                 ''ဟေး..ဟားဟားဟားဟား.. အကိုအားကွေ့ ...ခွေးမသားသွားကျိုး ''

                  အားရ၀မ်းသာစွာအော်ဟစ်၍ တဟုန်ထိုးပြေးလာတော့သည်...
             
                  အားကွေ့နှင့်သွားကျိုးက ဒက်ပေါ၏ပုခုံးတစ်ဖက်တစ်ချက်အား ထိုးလိုက်ပြီး... အားကွေ့က ...

                  ''ဘယ်ကဘယ်လို အနံ့ခံပြီးရောက်လာတာလဲ... ကျားနဂါးကိုယ်တော်ကြီး ''

                   ''ကျွန်တော်နေပြည်တော်ကနေ ဒီကိုရောက်အောင်ခရီးဆက်ခဲ့ရတာဗျ .. လမ်းမှာ ရှစ်ရက်လောက်ကြာတယ်.. မြင်းပျံဆိုတဲ့ အာမခံအဖွဲ့နဲ့လိုက်ခဲ့လို့ ဒီလောက်မြန်တာ ..''
                အားကွေ့က ဒက်ပေါအား အခြားလူများနှင့်မိတ်ဆက်ပေးလိုက်ပြီး.. ကျည်တောက်တစ်တောင့်နှင့် ဖက်ထုပ်တစ်ထုတ်ပေးကာ ...

                ''ရော့ကွာ စားလည်းစား မင်းအတွေ့အကြုံလေးလည်း ပြောပြအုံး.. ရှောင်လင်ကနေဘယ်လိုထွက်လာတယ် .. ငါ့သတင်းကို ဘယ်လိုရတယ်ဆိုတာ..''

                 ဒက်ပေါက သူ့ဆန္ဒပြည့်ဝနေပြီမို့ ပြုံးပြုံးကြီးလုပ်ကာ ..
 သူရှောင်လင်တွင် မည်ကဲ့သို့သိုင်းကျင့်ပုံ ..တံခါးနီကိုဖြတ်ပုံ အောင်မြင်ပုံ ..ဂိုဏ်းချုပ် ဆရာတော်က ရန်ခွမ်းထံစာပါးလိုက်သဖြင့် .. မြင်းဖြူဘုံကျောင်းသို့ရောက်ပုံ .. နတ်ရွှေနဂါးဂိုဏ်းနှင့်တိုက်ပွဲဖြစ်ပုံ မှအစ ခေါက်ဆွဲဆိုင်မှ သူကြားခဲ့သမျှ အဆုံးပြောပြ ရင်း ကျောက်ကျူးထင်နှင့် ထန်စူးစူးတို့အကြောင်းရောက်သည့်အခါဝယ် .. ဟွားဟွားနှင့် အားကွေ့တို့မှ မျက်လုံးပြူးသွားကြသည်...

                  ဟွားဟွားမှာ စိတ်ဝင်တစားနားထောင်နေရင်းနှင့် ထရပ်လိုက်ပြီး..

                ''ဟို..ဟို ..အကိုဒက်ပေါ.. ရှင် နားကြားများမှားလို့လား.. ကျွန်မရဲ့ ဦးကြီးကျောက်က ဘယ်ကဘယ်လို ပါလာတာလည်း.. ပြီးတော့ မိစ္ဆာမ ထန်စူးစူးနဲ့ လိုက်လာတယ်ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူး.. သူတို့နှစ်ယောက်က ကမ္ဘာ့ရန်တွေ ''
                 အားကွေ့ကလည်း ပိုမိုသေချာသွားစေရန် ထပ်မံ၍...

                  ''မင်းသတင်းက သေချာရဲ့လား ဒက်ပေါ ..''

                  ဒက်ပေါက မဆိုင်းမတွပင်..

                  ''ကျွန်တော်ကြားခဲ့တာတော့ သေချာတယ်ဗျ.. တိမ်လွှာခုတ်ဖြတ် ဓါးသမားဆိုတဲ့ သွားခေါခေါနဲ့လူ ကိုယ်တိုင်ပြောတာပဲ.. သူနဲ့ အဲ့ဒီကျောက်ကျူးထင် နဲ့တော်တော်လေးရင်းနှီးကြသတဲ့ .. ဒါပေမယ့် နေပြည်တော်မှာ တွေ့ကြတော့ ကျောက်ကျူးထင်က သူ့ကို လုံးဝမသိချင်ယောင်ဆောင်နေတယ်ပြောတယ် .. နောက်မှ ထန်စူးစူး ၀င်ထောက်ပေးမှ အဲ့သွားခေါကို နူတ်ဆက်တယ်ဆိုပဲ ..''

                  အားကွေ့က ဟွားဟွားအားမေးဆတ်ပြလိုက်ပြီး

                  '' တိမ်လွှာခုတ်ဖြတ်ဓါးသမားနဲ့ ဦးကြီးကျောက် ရင်းနှီးတယ်ဆိုတာ ဟုတ်လား ဟွားဟွား..''

                ဟွားဟွားက ခေါင်းငြိမ့်ကာ..

                 ''ဟုတ်.. ဦးကြီးကျောက် စကားပြောတဲ့အထဲမှာ အဲ့ဒီ တိမ်လွှာခုတ်ဖြတ် ဓါးသမားအကြောင်းခဏခဏပါတယ် .. ဦးဦးလတ် ရိလုံနဲ့ခင်မင်ရင်းက အဲ့လူနဲ့ ရင်းနှီးသွားတယ်လို့ ပြောတယ်..''

                 လူကြီးနှစ်ယောက်ဖြစ်သော ဘကြီးနန် နှင့် ဘဘဟုန်းမှာ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း... ဘဘဟုန်းက...

                 ''အင်း..ဒါဆိုရင်တော့ တစ်ခုခုထူးခြားနေတာ သေချာတယ်..''

                အားကွေ့ကပါ ထိုစကားဝိုင်းထဲသို့ ၀င်၍..

                ''ဟုတ်တယ်..ဘဘဟုန်း.. ကျွန်တော့်အထင်တော့...''

======================


#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San

၈၃

             ''သူတို့တွေ ဆေးမိနေကြတာများဖြစ်မလား... ''

             ''ဆေး ဟုတ်လား အကိုအားကွေ့..''

              ဟွားဟွား၏မေးခွန်းကို အားကွေ့မဖြေခင် ဘကြီးနန်က၀င်၍

              ''မှန်တယ် ဟွားဟွား ..အားကွေ့ပြောသလို ဆေးမိသွားတာဖြစ်နိုင်တယ် .. ပိုသေချာအောင်ပြောရရင် လူရဲ့ပင်ကိုယ်အသိစိတ်ဓါတ် ကင်းမဲ့စေတဲ့ဆေးတစ်မျိုး မိသွားတာဖြစ်မယ်..အဲ့လိုဆေးအမျိုးအစား မိသွားရင် သူကိုဆေးခတ်လိုက်တဲ့ လူက လွဲလို့ ကျန်တဲ့သူတွေကို သတိမရတော့ပဲ .. အဲ့ဒီပဲ့ကိုင်သူ ခိုင်းသမျှ အကုန်လိုက်လုပ် တတ်တဲ့ဆေး..''

                လူတိုင်းလူတိုင်းမှာ ထိုအသိစိတ်မဲ့သွားစေသော ဆေးဟူသည်ကို စိတ်ဝင်တစားရှိသွားကြသည်... ဘကြီးနန်၏စကားကို ဘဘဟုန်းကထောက်ခံရင်း..

                ''အင်း.. အခုအတိုင်းဆိုရင် စပ်စုကြီးနဲ့အားကွေ့ ပြောသလို ဖြစ်နေပုံပဲ ..တစ်ခုရှိတာက ကျောက်ကျူးထင်လို လူမျိုးကို ထန်စူးစူးလို အဆင့်က ဘယ်ပုံဘယ်နည်းနဲ့ဆေးခတ်သွားနိုင်တယ် ဆိုတာတော့ သံသယ၀င်စရာ ကောင်းတယ်..''

                 အားကွေ့ကတွေးတွေးဆဆနှင့်ဝင်၍...

                 ''ဘဘဟုန်း သံသယ၀င်မယ်ဆို ၀င်နိုင်ပါတယ် ..အဝေးရောက်လက်သီး ကျောက်ကျူးထင်လို သိုင်းထိပ်သီး အဆင့်နှစ်စာရင်းဝင်ကို သာမာန်အားဖြင့်တော့ ထန်စူးစူး ကပ်နိုင်မယ် မထင်ဘူး.. ဒါပေမယ့် ဘဘဟုန်း ထည့်စဉ်းစားရမှာက သူတို့ လေးယောက် ၀တ်စုံနက်ရဲ့ မေ့ဆေးမိခဲ့သေးတာကို မထည့်တွက်လို့မရဘူးလေ..''

                  ''အေး..ဟုတ်သား .. ဒီကောင်တွေမေ့ဆေးမိလို့ ငါနဲ့အားကွေ့နဲ့ လမ်းမှာတောင် ကူညီခဲ့ကြသေးတာပဲ...''

                   အားကွေ့က မျက်စိသူငယ်နားသူငယ်နှင့် မျက်ရည်ဝိုင်းနေသော ဟွားဟွား အားနှစ်သိမ့်ပေးသည့် အနေဖြင့် ပုခုံးကို လက်ဖြင့်တစ်ချက်ညှစ်လိုက်ပြီး

                   ''အခြေအနေရဲ့ အဖြစ်နိုင်ဆုံးကို သုံးသပ်ကြည့်လိုက်တော့ .. သူတို့လေးယောက် မေ့ဆေးအရှိန်ကြောင့် သိုင်းအားအပြည့်မရသေးခင်မှာ ထန်စူးစူး နဲ့တွေ့မယ် .. အခွင့်ကောင်းချောင်းမြောင်းတတ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ ထန်စူးစူးက ဒါကို အခွင့်ကောင်းယူပြီး ဆေးခတ်မယ် .. ပြီးတော့ သူတို့လေးယောက် ကို ကိုယ်ကျိုးအတွက် အသုံးချဖို့ နေပြည်တော်ကို ခေါ်သွားတာဖြစ်မယ်.. ဒက်ပေါစကားအရဆိုရင် နေပြည်တော်မှာ သိုင်းကျမ်းလုပွဲဖြစ်နေတာကိုး .. ဒီလိုပွဲမျိုး ကိုထန်စူးစူးတို့ ဘယ်အလွတ်ပေးပါ့မလဲ .. ''

                     အားကွေ့၏ကောက်ချက်အား စကားဝိုင်းတွင် ရှိသမျှလူကုန် ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံလိုက်ကြသည်... အတန်ကြာတိတ်ဆိတ်သွားပြီးသည့် နောက်.. ကျင်းကျူးက ယခုမှ သတိရသည့်နှယ် ဒက်ပေါအား..

                   ''မောင်လေးဒက်ပေါ.. မမအဖေနဲ့ တွေ့တုန်းက အဖေ ကျန်းကျန်းမာမာပဲလား... ဆရာတော်ရော နေကောင်းရဲ့လား''

                  ဒက်ပေါက ခေါင်းဆတ်လိုက်ပြီး..

                ''သေနာပတိချူပ်ကြီးက ကျန်းကျန်းမာမာပါပဲဗျာ ဘုံကျောင်းမှာ နေ့ရှိသရွေ့ တရားထိုင်လိုက် ..ဆရာတော်နဲ့ ဓမ္မအကြောင်းဆွေးနွေးလိုက်နဲ့ လေးဆယ့်ကိုးရက်အဓိဌာန်ဝင်နေလေရဲ့ .. ဆရာတော်လည်း အခုထိ မာမာချာချာပဲ .. တောင်အောင်မှာ ရန်သူတွေဝိုင်းနေတာတောင် သိတောင်သိရဲ့လားမသိဘူး..''

                ''တောင်အောက်က လူတွေ တောင်ပေါ်ကို အခုထိတက်ပြီး ဆရာတော် ကိုရန်မရှာသေးတာ ဦးဦးရန်ခွမ်းကြောင့်ဖြစ်မယ်.. တိုင်းပြည်ဦးခေါင်းကို ထိပါးအောင် တော့ မိုက်မဲကြတဲ့ လူတွေမဟုတ်သေးတာကိုက တမျိုးတဖုံ ချီးကျူးဖို့ကောင်းတယ် .. ဒါမှမဟုတ် ကြောက်တာလည်း ပါချင်ပါမှာပေါ့.. ''

                  ''အကိုအားကွေ့ ဒီအတိုင်းဆို ညီမတို့ နေပြည်တော်ကို မြန်မြန် သွားဖို့ ကောင်းမယ် .. ဆရာတော်ကိုလည်း ကာကွယ်ပေးရင်း .. အကို့ရဲ့ ညီနှစ်ယောက်နဲ့ ညီမလေးဟွားဟွားရဲ့ ဦးကြီးကို သွားကယ်ရမယ်..''

                   ဟွားဟွားက ကျင်းကျူးအား ပြေးဖက်လိုက်ရင်း..

                   ''ဟုတ်တယ် မမ အခုသွားရအောင်နော်.. ''

                     ကျင်းကျူးကဟွားဟွား၏ကျောပြင်အား ပွတ်သပ်ကာ အားကွေ့အား မျက်ခုံးပင့်ပြလိုက်လျှင် အားကွေ့က..

                      ''ကိုင်း..သွားမယ်ဆိုလည်း သွားကြတာပေါ့ ..ပထဦးဆုံး တုံးမင်က အဖွဲ့ကို အကြောင်းကြားရအုံးမယ် .. ဒီလောက်ဆို တုံးမင်မှာ အလှူကိစ္စလည်း ပြတ်လောက်ရောက်ပေါ့.. အဂိုဏ်းဂိုဏ်းအသီးသီးနဲ့ ရင်ဆိုင်ရမှာဆိုတော့ လူအင်အား နဲ့မသွားလို့မရဘူး.. ပြီးတော့ နေပြည်တော်ကိုသွားရမယ့်အချိန်နဲ့ဆိုရင် စောလေကောင်းလေပဲ .. အကောင်းဆုံးက ဦးဦးရန်ခွမ်းတောင်ပေါ်က မဆင်းခင် အချိန်မီရင် အကောင်းဆုံးပဲ မဟုတ်ရင် အလာကောင်းပေမယ့်  အခါနှောင်းသွား နိုင်တယ်....''

               ထို့နောက်သွားကျိုးဖက်လှည့်ပြီး..

                ''သွားကျိုးရေ မင်း ခုချက်ခြင်း တုံးမင်ကိုပြေး.. သမားတော်ဟွမ်းတို့ အဖွဲ့ကို ပြန်ခေါ်လာခဲ့.. အတတ်နိုင်ဆုံး မြန်အောင်လုပ်နော် .. တကယ်လို့ ငါတို့ ဒီမှာ မရှိရင် ၀ူချောင်ကိုလိုက်ခဲ့ ..''

               ''ဟုတ်ကဲ့ အကိုအားကွေ့...''

                သွားကျိုးက ချက်ခြင်းပင် တုံးမင်မြို့သို့ဦးတည်ကာ ပြေးသွားလိုက်လေ ၏..

                အားကွေ့ကတော့ မိန်းကလေး လေးယောက်နှင့် ဒက်ပေါအား ပစ္စည်း ပစ္စရများကို သိမ်းဆည်းခိုင်းကာ .. သူကတော့ အတွေ့အကြုံရင့် သမ္ဘာရင့် သိုင်းဝိဇ္ဇာ နှစ်ပါးနှင့် နေပြည်တော် တိုက်ပွဲအတွက် ဆွေးနွေးနေလေသည်..

               အရက်ကိုအိုးလိုက်မော့သောက်ရင်း စကားပြောနေသောဘကြီးနန်က

                ''ထော့ကျိုး .. မင်းနဲ့မြင်းဖြူဘုံကျောင်း ဆရာတော်နဲ့ တော်တော်ရင်းနှီး တယ်မို့လား ..သူ့ဆီမှာ တကယ်ရော မုစန်းသိုင်းပါရဂူရဲ့ သိုင်းကျမ်းရှိရဲ့လား..''

              ဘဘဟုန်းက တွေးတွေးဆဆဖြင့်...

                ''အေး.. ငါလည်း ဒါကိုပဲစဉ်းစားနေမိတာကွ.. ဆရာတော်နဲ့ရင်းနှီး လာတာနှစ်ပေါင်းမနည်းတော့ဘူး .. သူ့မှာ သိုင်းကျမ်းရှိတာမပြောနဲ့ သူသိုင်းတတ် မှန်းတောင်မသိဘူး...''
                ''အင်း သူသာသိုင်းတတ်ရိုးမှန်ရင်တော့ မင်းတို့ငါတို့ထက် အဆင့်မြင့်နိုင် တယ်ကွ.. မင်းလိုသိုင်းအဆင့်ရှိတဲ့လူရှေ့မှာ သိုင်းမတတ်ချင်ယောင်ဆောင်ဖို့ လွယ်တဲ့ ကိစ္စမှ မဟုတ်ဘဲ..''
             
                သူတို့သုံးယောက် စကားလက်ဆုံကျနေစဉ် မိန်းကလေးလေးယောက်မှာ  အလုပ်နှင့်လက်နှင့်မပြတ်အောင်ရှိနေသည်..
              ကျင်းကျူးမှာ နောက်ဖေးတွင်လှန်းထားသော အ၀တ်များ .. သူမပြုလုပ် ထားသော အထားခံရိက္ခာများ လိုအပ်သည့် ပစ္စည်းများကို တစ်စုတစ်စည်းထဲ ဖြစ်စေ ရန် ပြုလုပ်နေ၏.. ဟွားဟွား ..မိန်းကလေးပိုင် နှင့်ရှောင်မိန်တို့ကလည်း သူမတို့၏ တစ်ကိုယ်ရေတစ်ကာယ အသုံးအဆောင်များကို သိမ်းဆည်းနေသည်..
            သိုင်းသမများဖြစ်ကြသူ သုံးယောက်မှ သိမ်းဆည်းခြင်းလုပ်ငန်းကို ခဏနှင့် ပြီးဆုံးသွားသော်လည်း ကျင်းကျူးကတော့ အလုပ်ရှုပ်နေဆဲ.....
             ထိုစဉ် အ၀တ်များကို ခေါက်ထည့်နေသော ကျင်းကျူးသည် ထိုင်နေရာမှ ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ပစ်လှဲကျသွားသည်...

               ''၀ုန်း..'''

               ''ဟင်...မမ..''

              ''အမလေး လာကြပါအုံး.. မမကျင်းကျူးဘာဖြစ်သွားသလဲ မသိဘူး..''

             အပြင်တွင် လေပန်းနေကြသော သုံးယောက်အနက် အားကွေ့မှာ မိန်းကလေးများ၏ အော်သံကြောင့် လေကဲ့သို့ လျင်မြန်မှုမျိုးနှင့် တဲထဲသို့ ပြေးဝင်သွား၏....

            အထဲရောက်၍ မြင်လိုက်ရသောမြင်ကွင်းကြောင့် အားကွေ့မှာ ခြေလက်များ အေးစက်သွားပြီး တကိုယ်လုံးတုန်ခါသွားသည်..

          ကျင်းကျူးမှာ နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျလျှက် ကြမ်းပြင်တွင် ခွေခွေ လေးလဲကျနေသည်လေ..

          ''ညီမ..ကျင်းကျူး..''

           အားကွေ့က ကျင်းကျူးအား ရင်ခွင်ထဲသို့ထည့်ကာ လှုပ်နိုးနေသော်လည်း ကျင်းကျူးထံမှ တုန့်ပြန်သံတစ်ခွန်းတစ်လေမှ ထွက်မလာပါ...

             ကျန်မိန်းကလေးသုံးယောက်မှာလည်း အမရင်းကဲ့သို့ ချစ်မြတ်နိုးသူ၏ ရှု့ချင်စဖွယ်မရှိသော အဖြစ်အပျက်ကြောင့် မျက်ရည်များ တွေတွေကျလျှက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြသည်..

           နောက်မှ ၀င်လာသော ဘဘဟုန်းနှင့် ဘကြီးနန်မှာလည်း ထိုမြင်ကွင်းကြောင့် လန့်ဖြန့်သွားကာ ..ဘဘဟုန်းက..

             ''အားကွေ့.. ကျင်းကျူးကို ခုတင်ပေါ်တင်လိုက်..''

            အားကွေ့က ခြေတုန်လက်တုန်ဖြင့် ခုတင်ပေါ်တင်လိုက်ရင်း..

             ''ဘဘဟုန်း..သူ ..သူ ..ဘယ်လိုဖြစ်တာလဲဗျာ ..အမြန်စမ်းသပ်ပေးပါအုံး''

            ဘဘဟုန်းမှာ သက်မတချက် ချလိုက်ပြီး ..ခုတင်အနီးသို့ ခပ်သုတ်သုတ် လျှောက်ကာ ကျင်းကျူး၏သွေးကြောများကို စမ်းသပ်လိုက် မျက်ခွံများကို ဖြဲကြည့်လိုက်လုပ်ရင်း .. သူ၏ရင်ဘတ်အတွင်းမှ ကြွေဗူးလေးကို ထုတ်ကာ အနီရောင် ဆေးလုံးလေးတစ်လုံးအား ကျင်းကျူးအား ခွံ့လိုက်၏.. သတိကင်းမဲ့နေသူမို့ ဆေးကို မမျိုချနိုင်သောကြောင့် ၀မ်းထဲရောက်သွားအောင် လည်ပင်းကို ပြင်ပေးရင်း..

            ''ခုရက်ပိုင်း မင်းကိုပြုစုရ . ငါတို့ရဲ့ ဝေရာဝစ္စတွေကို လုပ်ပေးရင်း ကျင်းကျူး အတော်ပင်ပန်းနေရှာတယ် အားကွေ့ .. သူ့မှာ နဂိုကတည်းက ကိုယ်ခံအား အရမ်းနည်းတော့ ပင်ပန်းတဲ့ဒါဏ်ကို မခံနိုင်ဘူးဖြစ်သွားတာ..''

             အားကွေ့က ရှောင်မိန်ပေးလာသော ရေစိုဝတ်ဖြင့် ကျင်းကျူးမျက်နှာအား သန့်စင်ပေးပြီး...

              ''ဘဘဟုန်း.. သူပင်ပန်းတာကို ကျွန်တော်လက်ခံပါတယ် ..ဒါပေမယ့် ခုလို အခြေအနေမျိုးက ပင်ပန်းလွန်းလို့ ဖြစ်တာမဟုတ်နိုင်ဘူး .. မပြောကောင်း မဆိုကောင်း တခြားအကြောင်းများ... ''

            အားကွေ့မှာ ပြောရင်းဖြင့် အသံတိမ်ဝင်သွားသည်..

            ဘဘဟုန်းကတော့ ခေါင်းကို ဘယ်ညာရမ်းလိုက်ကာ ..

           ''မဟုတ်ဘူး အားကွေ့ ..သူကမင်းတို့ငါတို့လို သိုင်းသမားတစ်ယောက် မဟုတ်ဘူး ..နန်းတွင်းက မင်းသမီးတစ်ပါးလို အဆင့်ရှိတဲ့ လူမျိုးလေ.. ပင်ပန်းတဲ့ ဒါဏ်ကို ဘယ်ခံနိုင်ပါ့မလဲ.. ''

             ဘဘဟုန်းမှာ တစ်ယောက်အဖြစ်မှ နှစ်ယောက်အဖြစ်မခံနိုင်၍ ဗြောင်ပင် ညာလိုက်ရသည်.. မိန်းကလေးသုံးယောက်နှင့် ဘကြီးနန်မှာ သမားတော်တပိုင်း ဘဘဟုန်းစကားအား ယုံသွားသော်လည်း အားကွေ့ကတော့ သံသယနှင့်ပင်..

            ဆူညံပွက်လောရိုက်သွားသော အခြေအနေကြောင့် ဒက်ပေါပင် အထုတ်များ စွဲကိုင်ကာ တဲအပေါက်ဝမှ ပြူတစ်ပြူတစ်လုပ်နေရှာ၏...

         ကျင်းကျူးကတော့ ဘဘဟုန်း၏ဆေးတစ်လုံး ၀မ်းထဲရောက်သွားသော်လည်း သတိပြန်မလည်သေး..ကြည့်နေရင်းနှင့် နူတ်ခမ်းပင် သွေးရောင်မရှိတော့ဘဲ ဖြူဖျော့ကာလာသည်...

               အားကွေ့က ကျင်းကျူး၏လက်ကို ကိုင်ကာ အပေါက်ဝသို့မျှော်ကြည့်ရင်း ...
              ''ဒက်ပေါ..ဒက်ပေါ.. လှည်းနားက မြင်းဖြုတ်ပြီး တုံးမင်ကို ခုချက်ခြင်းသွား သွားကျိုးကိုရှာ သမားတော်ဟွမ်းကို ရအောင်ခေါ်လာခဲ့ ..ပြီးတော့ မြို့ပေါ်မှာ ရှိသမျှ ပရဆေးတွေအားလုံးကို အကုန်သယ်ခဲ့ကွာ .. မင်းကိုင်ထားတဲ့ အထုတ်ထဲမှာ ရွှေတွေ ရှိတယ်.. အမြန်သွား.. ''
               ဒက်ပေါမှာ အားကွေ့စကားဆုံးသည်နှင့် တဲပေါက်ဝမှ အမြန်ထွက်သွား တော့သည်...
                ဘဘဟုန်းကပြာပြာသလဲဖြစ်နေသော အားကွေ့အားကြည့်ကာ တိတ်တဆိတ်နှင့် ရင်မောနေမိသည်.. သူ့စိတ်ထဲတွင် အဆုံးသတ်ကို မြင်နေမိ သယောင်ယောင်....
              မြစ်ဝကျွန်းပေါ်တွင်တော့ ယခုထိ မီးများကလောင်ကျွမ်းနေဆဲ ..မီးခိုးများက တလူလူလွင့်နေဆဲပင်... သဲသောင်ပြင်တွင် ကျင်းကျူးဖိုထားသော မီးကတော့ ငြိမ်းသက်စပြုနေ၏...
             
==================
           
                 နွေဦး၏လေပြေသည် ရော်ဝါရွက်များကို ကြွေကျစေသလို တဲခေါင်မိုး တွင် လွင့်ထူထားသော အလံများကိုလည်း တဖြတ်ဖြတ်လူးလွန့်စေ၏..

           အကယ်၍သာ အစီရီစီတန်းနေသော တဲတန်းရှည်ကြီးကို နေ့စဉ် မပြတ် ဂရုတစိုက်ကြည့်မည်ဆိုလျှင် ယခုရက်ပိုင်းအတွင်း ထူးခြားချက်များကို တွေ့ရမည်ပင်..

            ယခင်က လူဝင်လူထွက်များနှင့် စည်ကားနေသော လမ်းလေးသည် ယခုတော့ ကျီးနှင့်ဖုတ်ဖုတ်ပင်.. ဓါးလွယ်ထားသော ရုပ်ရည်ကြမ်းကြမ်းနှင့် လူတစ်ယောက်စ နှစ်ယောက်စမှ အပ လမ်းသလားနေသူ သိပ်မရှိတော့...

              ဈေးတန်းများပင် ရက်ပိုင်းအတွင်းကြဲပါးကာသွား၏..
               မြောက်ပြန်လေ၏ ရိုက်ခတ်မှုကြောင့် လွင့်ပါလာသည့် ဖုန်မှုန့်များသာ နေရာအနှံတွင်ရှိနေသည်... ထိုကဲ့သို့အခြေအနေသည် သာမာန်အားဖြင့် မထူးခြားဟု ဆိုနိုင်သော်လည်း သိုင်းသမားများအတွက်မူ ကြီးကျယ်သော ထူးခြားမှုပင်...
               
                 အခုလိုငြိမ်သက်နေမှုမျိုးကား သမရိုးကျမဟုတ်ပါ.. မကြာခင်တွင် မုန်တိုင်းတစ်ခုတိုက်ခိုက်တော့မည်ဟူသော အခြေအနေမျိုးကိုဖော်ပြနေလေသည် .. မုန်တိုင်းဟူ၍ မိုးသက်လေပြင်းကျသော ဖြစ်မြဲဖြစ်စဉ် မုန်တိုင်းမျိုးမဟုတ်... သွေးမြေကျရမည့် သွေးမုန်တိုင်းလိုအခြေအနေမျိုးပင်...  

                    ထိုသွေးမုန်တိုင်းကို အစပျိုးမည့်သူများကတော့ ကိုယ်ကျိုးရှာ လောဘ သားများဟုဆိုလျှင် မှားတော့မမှားပါ...

                     ယခုလည်း ထိုကိစ္စကြီးကို ဖန်တီးရန် လူနှစ်ယောက် နှီးနှော တိုင်ပင်နေကြ သည်မဟုတ်လား.....

                     ထိုလူများမှာ တခြားသူများမဟုတ် ..ဖားပြုတ်ကြီးတို့ ဆရာတပည့် နှစ်ယောက်ပေ....

                    ဖားပြုကြီးက သူ၏ရှေ့စားပွဲကြီးပေါ်တွင် တင်ထားသော သားရေချပ် ဆယ့်ငါးချပ်နှင့် သံမဏိတူကြီး ဆယ့်ငါးခုကိုကြည့်၍ ကျေနပ်အားရစွာ ပြုံးလိုက်ရင်း..

                    ''ကိုင်း..ရှု့ယီရေ.. ငါ့တို့လက်ထဲကိုတော့ တိုက်ပွဲဝင် လက်နက် တွေရောက်လာပြီ.. မကြာခင် သွေးချောင်းစီးအောင် လုပ်ဖို့ပဲကျန်တော့တယ်..''

                   ရှု့ယီက ဆရာသမား၏ အဆိုကို ရုတ်တရက် သဘောမပေါက်သဖြင့်

                   ''ကျွန်တော်ကတော့ နလပိန်းတုံးမို့လား မပြောတတ်ဘူး .. ဒီသားရေ ချပ်တွေကို  ဆရာကြီးဘယ်နေရာမှာ အသုံးပြုမယ်မှန်းမသိသေးဘူးဗျ.. ဆရာကြီး ခိုင်းလို့သာ အမတ်ချုပ်ကြီးဆီက သွားယူခဲ့ရတာ .. နားမလည်ဘူးဗျ..''

                     ဖားပြုတ်ကြီးက အရုပ်ဆိုးလှသော သူ၏မျက်နှာကို ပွတ်သပ်လိုက်ပြီး

                     ''အင်း.. မင်းကတော့ ဘယ်နားလည်ပါ့မလဲကွ ..ငါကမှ ရေလည် အောင်မရှင်းပြရသေးဘဲ.. ဒီလို တပည့်ကြီးရဲ့ .. မင်းရဲ့နောင်တော်ကြီးသွေးအရိပ်ကို ဆရာကြီးမုန့် ၀ူထိုက်စန်းတောင်ပေါ်မှာ ခုနှစ်ဆင့်လက်သီးနဲ့ လေးချက်တိတိထိုးချ လိုက်တာကို မင်းမှတ်မိလား..''

                       ''မှတ်မိတာပေါ့ဗျာ.. ဒီကိစ္စဟာ သိုင်းလောကရဲ့ ပဟေဠိတစ်ပုဒ် ပဲဟာ.. ဆရာကြီးမုန့်ရဲ့ လက်သီးတစ်ချက်မိရင်ပဲ .. ခုနှစ်ပြန်လောက် သေသွားနိုင်တာ ..အခုလေးချက်တိတိ အထိုးခံရတာတောင် အသက်ရှင်နေ သေးတော့ အားလုံးအံသြရတာပေါ့...''

                       ဖားပြုတ်အိုက သားရေချပ်များကို လက်ဖြင့်ပုတ်လိုက်ကာ...

                      ''ဒါဟာ ..ဒီသားရေချပ်ကြောင့်ပေါ့ကွာ .. မင်းနောင်တော်ကြီး ရင်ဘတ်မှာ ဒီသားရေချပ် ခံထားတဲ့အတွက် ဆရာကြီုးမုန့်ရဲ့ လက်သီးဒါဏ်က သေစေလောက်အောင် မတတ်နိုင်တော့တာ .. နံရိုးငါးချောင်းကျိုးသွားတာက လွဲလို့ အခုထိ အသက်ရှင်နိုင်သေးတာလေ..  တောင်အောက် ပြုတ်ကျပြီး သစ်ကိုင်းပေါ်မှာ တင်နေတာကလဲ သူ့ကံတရားပေါ့ကွာ .. အဲ့ဒီကတည်းက ငါ ဒီသားရေချပ်လိုမျိုးကို လိုချင်နေတာ .. ငါ့အတွက်တော့ မဟုတ်ပါဘူး .. ငါ့ရဲ့ အသေခံ တပည့်တွေ အတွက်ပေါ့ကွာ ..''

                  ရှု့ယီမှာ သားရေချပ်များကို စူးစိုက်ကြည့်ပြီး...

                     ''ဒီလောက်တောင် စွမ်းသလားဗျာ..''

                  ဖားပြုအိုကြီးက တဟဲဟဲနှင့်ရယ်ရင်း..

                   '' ဒီသားရေတွေကို မင်း နယ်နယ်ရရမမှတ်နဲ့ .. ဂျိုသုံးချောင်းကြံ့ထီးရဲ့ သားရေချပ်ကွ ..ရှားပါးသလောက် သိပ်အဖိုးတန်တယ် .. အမတ်ချုပ်ကြီးလို လူမျိုး ငါတို့ဘက်မှာရှိနေလို့ ဒါမျိုးရတာ ..မဟုတ်ရင် ဘာရမလဲ..''

                      ရှု့ယီက ထိုစကားကို ထောက်ခံရင်း...

                   ''ဟုတ်တယ်..ဆရာကြီး ..သူ့အကူအညီသာမပါရင် ဘယ်လွယ်လိမ့် မလဲ ..  မြို့စောင့်တပ်တပ်က နေပြည်တော်မှာ သွေးထွက်သံယို ဖြစ်မှာစိုးလို့ ကျွန်တော်တို့ သိုင်းလောကသားတွေကို မောင်းထုတ်ချင်တာတောင်  အမတ်ချုပ်ကြီး ကတားပေးထားတာမဟုတ်လား... ''

                  ဖားပြုတ်အိုက သားရေချပ်ကိုကောက်ကိုင် နမ်းရှုံ့လိုက်ပြီး...

                 ''ဒါကြီးတွေကို ဟိုကောင်ဆယ့်ငါးကောင်ကို တပ်ပေးပြီး ..သံမဏိတူ သာထည့်ပေးလိုက်လို့ကတော့ ..နရန်ကကောင်တွေကိုပါ မျိုးဖြုတ်ပစ်လို့ရတယ် ငါ့တပည့်ရေ.. ဟို နတ်ရွှေနဂါးဂိုဏ်းလောက်ကတော့ ဘာပြောကောင်းမလဲ..''

                 ရှု့ယီက နတ်ရွှေနဂါးဂိုဏ်းဟူသော အသံကြောင့် ...

                ''ဟိုး တပတ်လောက်က ဆရာကြီး မြင်းဖြူတောင်ပေါ်မှာ နတ်ရွှေနဂါး ဂိုဏ်းချုပ်ကြီးနဲ့ဆုံမိတယ်ဆို.. ကျွန်တော်က အမတ်ချုပ်ကြီးဂေဟာ ရောက်နေတော့ သေသေချာချာမသိရသေးဘူး.. ''

                ဖားပြုတ်ကြီးက သူ၏ခါးကြားမှ ရွှေရောင်ဝင်းတောက်နေသည့် သုံးမြောင့် လက်နက်ပုန်းတစ်ခုကို ထုတ်ပြလိုက်ပြီး...

                ''ဒီမှာလေ .. ငါ့ကိုတောင် လက်နက်ပုန်းနဲ့ပစ်သွားသေးတယ်.. ငါက သူ့တပည့်သုံးယောက်နဲ့ ၀ူတန်ဓါးငါးဖော်တို့ တိုက်နေကြတာကို သစ်ပင်ပေါ်က ချောင်းကြည့်နေတာ .. နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးက တကယ့်သိုင်းပညာရှင်ကွ .. ငါပုန်းနေတာကို သူသိနေတယ် .. ငါလည်း သူတောအုပ်ထဲမှာရှိတာကို သိတာပဲ ..ဒါပေမယ့် သူမှန်းတော့မထင်မိဘူး ..တခြားသိုင်းပညာရှင်တစ်ယောက်လို့ ထင်မိတာကိုး..မဟုတ်ရင် ..တပွဲတလမ်းလောက်စမ်းလိုက်ချင်သေးတာ .. တိုက်ပွဲလည်းပြီး ..၀ူတန်ငါးဖော်နဲ့အဖြူရောင်သစ္စာဓါးလည်း အရေးနိမ့်သွားရော နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီးက ငါ့ကို လက်နက်ပုန်းနဲ့ ပစ်ပေါက်ရောဟေ့.. ငါလည်း သူ့လက်နက်ပုန်းကို ဖမ်းပြီး ယူလာခဲ့တာပဲ...''

                        ရှူ့ယီက လက်နက်ပုန်းကို ဖင်ပြန်ခေါင်းပြန်လှည့်ကြည့်ရင်း..

                   ''သူရဲ့အတွင်းအားက ဘယ်လိုလည်းဆရာကြီး..''

                     ''ဟားဟားဟားဟား ..အခုအတိုင်းဆို ဒီကောင် ငါ့ထက် တဆင့်နိမ့် သေးတယ်.. အဲ ပြောလို့တော့မရဘူး ..ပညာလျှိုထားတာလည်း ဖြစ်နိုင်တာပဲ..''

                    ရှူယီက လက်နက်ပုန်းကို ပြန်ပေးပြီး...

                  ''ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ သန်းခေါင်ည၀ရိန်ဇိန် ဘီလူးတွေကို တော့ နတ်ရွှေနဂါးဂိုဏ်းလည်း တောင့်ခံနိုင်မှာမဟုတ်ပါဘူး.. ဒီအတိုင်းဆို...''

                   ''သိုင်းကျမ်းဟာ ငါတို့လက်ထဲကိုရောက်တော့မှာပေါ့ကွ ..တပည့်ကြီးရ ...ဟားဟားဟားဟား...''

                   ဆရာတပည့်နှစ်ယောက်၏ ရယ်ဖွဲ့ဖွဲ့သံက ကျယ်လောင်လှပါ၏...
=====================


#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San

၈၄

            နွေဦး၏ အလင်းရောင်ခြည်က လောကတခွင်လုံးကို နွေးထွေးသော လက်တစ်စုံနှင့် သိုင်းခြုံထားသကဲ့သို့ ရှိသည်... လေရူးတစ်ချက် အဝှေ့တွင် မြစ်ရေလှိုင်းများ ပြေလွှားဆော့ကစားနေရာ သူတို့၏ အနားကွပ်နယ်နမိတ်ဖြစ်သော သဲသောင်စပ်သို့ တဖြန်းဖြန်းရိုက်ခတ်နေ၏...

            ဖြူလွှလွှသဲသောင်ခုံတွင် ကျန်းမာပျိုမြစ်သော မိန်းကလေးတစ်ယောက် ပက်လက်လန် လဲလျောင်းနေပြီး ပြာလွင်နေသော ကောင်းကင်ကြီးအား စိုက်ကြည့် နေသည်...

             ခရမ်းနုရောင်ဝတ်စုံနှင့်ထိုမိန်းမပျိုလေးမှာ အမှောင်နန်းတော်သခင်မလေး၏ လက်စွဲတော်ရှောင်မိန်ပင်... သူမ၏ရင်ထဲတွင် ဒွိဟပေါင်းများစွာနှင့် အတွေးများ လွန်ဆွဲနေသောကြောင့် ကောင်းကင်ကြီးအားငေးကာ စိတ်လွတ်ကိုယ်လွတ် နေနေခြင်းသာ..

             စိတ်ကူးများရှုပ်ထွေးနေသောအခါတွင် ယခုကဲ့သို့ အနားပေးခြင်းက အကောင်းဆုံးဆေးတစ်ခွက်ပင်မဟုတ်လား...

             ရှောင်မိန်တစ်ယောက်မည်သည့် အကြောင်းအရာများကြောင့် စိတ်ရှုပ်နေရ သနည်းဟုဆိုသော်... သူမလေးစားချစ်ခင်ရသော သူနှစ်ယောက်ကြား ဗျာများနေရ ခြင်းကြောင့်ဟု ဆိုရမည်...

             ယခင်က လောကတွင်သူမအလေးစားရဆုံးနှင့်သံယောဇဉ် အရှိဆုံးလူကို ပြပါဆိုလျှင် အမှောင်နန်းတော်သခင်မလေးကိုသာ လက်ညိုးထိုးပြရမည်ဖြစ်ပြီး ယခုကြတော့ ကျင်းကျူးဟူသည့် မိန်းကလေးတစ်ယောက်ပါထပ်တိုး၍လာလေပြီ..

              ထို့ပြင် သူမလေးစားရသူနှစ်ယောက်မှာ ဖြောင်ဖြောင်ကြီးဆန့်ကျင်နေကြ ပြီး အစွန်းတစ်ဖက်ဆီတွင်ရပ်နေကြသူ နှစ်ယောက်ဟုဆိုလျှင် ဆို၍ရပေသည်... တစ်ဖက်က အမှောင်၏သမီးပျို တဖက်က အလင်း၏သခင်မ ..စိတ်ထားခြင်းလည်း မတူညီ နေရာဌာနခြင်းလည်း မတူညီသော ထိုနှစ်ယောက်မှာ တူညီသည့် အချက်များ ကတော့ရှိပေ၏...

            နှစ်ယောက်စလုံး ရွှေမှုန်ကြဲ ..ရွှေဇွန်းကိုက်ပြီး ခြွေယံသင်းပင်းများနှင့် ကြီးပြင်းလာခဲ့ရသည်.. ရုပ်ဆင်းအင်္ဂါတွင် ရှုမငြီးအောင်လှပကြသည်.. အထီးကျန်ကြ ပုံခြင်းလည်း တူညီကြသည်လေ.. စိတ်ထက်သည့်နေရာတွင်လည်းအတူတူပင်..

           အမှောင်သခင်မ၏စိတ်ထက်ပုံမှာ တမျိုးတပါဒဖြစ်ပြီး ..ကျင်းကျူး၏ စိတ်ထက်ပုံကတော့ လောကပါလအကျိုးဆောင်သော စိတ်ထက်ပုံမျိုးဖြစ်သည်..

          မည်သို့ပင်ဖြစ်စေ ရှောင်မိန်ကတော့ နှစ်ယောက်စလုံး၏ အကျိုးကို လိုလား သည်သာ ..သူမတို့နှစ်ယောက်အတွက်ဆိုလျှင် ရှောင်မိန်မှာ အသက်စွန့်ဖို့ ၀န်လေး မည်မဟုတ်ပါ..

            သူမ အမှောင်နန်းတော်မှ စတင်ထွက်ခွာစဉ်က သူမ၏ရင်ထဲတွင် ဦးတည်ချက်က တစ်ခုထဲရှိသည်.. သိုင်းလောကထဲဝင်မည် နဖူးတွင်ရွှေရောင် အစက်နှင့်လူအားဖမ်းမည် .. အမှောင်နန်းတော်သို့ပြန်မည်ဟူ၍ ..

            တကယ်တမ်းလက်တွေ့တွင် အားကွေ့ဟူသော လူအား သူမ မည်သို့မျှ မယှဉ်နိုင်ကြောင်းသိလာသည်.. သို့သော် အနီးကပ်ဆက်ဆံကြည့်သောအခါတွင်မှ အားကွေ့၏ အားနည်းချက်ကိုလည်းသိလာရ၏ ...ထိုသည်က အခြားမဟုတ် ကျင်းကျူးဟူသော မိန်းမပျိုလေးပင်...

          အားကွေ့မှာ အခြားသော အခက်အခဲများတွင် သွေးအေးအေးနှင့်စဉ်းစား ဖြေရှင်းနိုင်သော်လည်း ကျင်းကျူးနှင့်ပါတ်သက်လာလျှင်မူ အရူးကြီးတစ်ယောက်လို ဖြစ်သွားသည်မဟုတ်လား..

          ထို့ကြောင့် ကျင်းကျူးကိုသာ သူမအမှောင်နန်းတော်သို့ ဖမ်းခေါ်သွားလျှင် အားကွေ့မှ မုချလိုက်လာမည်မှာ သေချာလှသည်..

        သိုင်းပညာနကန်းတစ်လုံးမှ မတတ်သော ကျင်းကျူးအား ဖမ်းဖို့ရန်မှာလည်း ရေသောက်သကဲ့သို့လွယ်ကူလွန်းလှသည်ပင်... ပုဝါဖြူရဲတိုက်မှ ယခုအချိန်အထိ သူမ ကျင်းကျူးအား ဖမ်းခေါ်သွားရန် အကြိမ်ကြိမ်ကျိုးစားဖူးသည်..

           သို့သော် ကျင်းကျူး၏ မျက်နှာကို မြင်လိုက်ရသည်နှင့် သူမအလိုလို ပျော့ကျ သွားပြီး လိပ်ပြာမလုံတော့ချေ...

           ''ဟူး ..''

           သက်ပြင်းတချက်ချကာ မည်သည့်အတွေးမှ ဆက်မတွေးတော့ဘဲ ကောင်းကင်ကိုသာ ဆက်လက်ငေးမောနေမိတော့သည်.. ထိုစဉ်သဲသောင်ခုံကို ဖွဖွလေး နင်းလျှောက်လာသော ခြေသံကြောင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်ရာ .. အဖြူရောင်ဝတ်စုံနှင့် လုပကျော့မော့နေသော မိန်းကလေးပိုင်တစ်ယောက် သူမရှိရာ သို့လှမ်းလာနေသည်ကို တွေ့လိုက်ရ၏..... ရှောင်မိန်မှာ မိန်းကလေးပိုင်အား မြင်လိုက်ရသဖြင့် သူမမျက်နှာတွင် အပြုံးရိပ်သန်းသွားလေသည်...
           မိန်းကလေးပိုင်၏အဖြစ်အပျက်ကလည်း သူမနှင့်ခပ်ဆင်ဆင်ပင်မဟုတ်လား.
         
         မိန်းကလေးပိုင်က ရှောင်မိန်အား အပြုံးလေးနှင့်နူတ်ဆက်လိုက်ပြီး နဘေးတွင် ၀င်ထိုင်လိုက်၏.. ထို့နောက်..

        ''ရှောင်မိန် နေပြည်တော်ခရီးစဉ်ကို နင်ရောလိုက်မှာလား..''

         ရှောင်မိန်က လှဲနေရာမှပင်..

        ''လိုက်ရပေါ့ ပိုင် ရဲ့ .. မလိုက်ရင် ငါကဘယ်မှသွားစရာမှမရှိဘဲ...''

        ''နင်ငါနဲ့လိုက်နေလို့ရတာပဲလေ...''

       ရှောင်မိန်က ခေါင်းထောင်လိုက်ပြီး...

         ''ဘာလဲ ..နင်ကငါတို့နဲ့ နေပြည်တော်ကို မလိုက်ဘူးလို့ ဆိုလိုတာလား..''

         မိန်းကလေးပိုင်က သောင်ခုံအား လက်ဖြင့် ခြစ်လိုက်ရင်း...

          ''အင်း.. ငါလည်း အိမ်ကထွက်လာတာ အတော်ကြာနေပြီ.. အိမ်ကို တစ်ခေါက်လောက်တော့ ပြန်အုံးမလားလို့...ပြီးရင် ဆရာဆီလည်း သွားရအုံးမယ်လေ''

           ရှောင်မိန်က ခေါင်းပြန်ချလိုက်ကာ...

          ''နင်ကလည်း အခုလိုအရေးကြီးတဲ့အချိန်မှ ငါတို့နဲ့ခွဲတော့မယ်လို့ .. နင်ထွက်သွားတာကို မမကျင်းကျူးသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး..''

            မိန်းကလေးပိုင်က ပင့်သက်ရှိုက်လိုက်ရင်း...

           ''မမကျင်းကျူး သက်သာလာမှငါသွားမှာပါ... သူသတိပြန်ရလာလို့ အကျိုးအကြောင်းရှင်းပြပြီးမှ သွားတော့မယ်လေ..''
           
              ''နင် အကိုအားကွေ့ကိုရော အသိပေးပြီးပြီလား..''

              မိန်းကလေးပိုင်က ခေါင်းကို ခါရမ်းလိုက်ပြီး..

             ''ဟင့်အင်း ..ငါမပြောရသေးဘူး.. ငါ့ပါးစပ်က ပြောမထွက်လို့ နင်ပဲပြောပေး နော်..''
               ရှောင်မိန်က ခေါင်းငြိမ့်ပြပြီး မည်သည့်စကားမှ ပြန်မပြောတော့ဘဲ ဆက်၍ငေးမောနေတော့သည်....

===============

           သဲသောင်ပြင်နှင့် လမ်းမကြီးကြားတွင် သစ်ပင်ငယ်များဝိုင်းထားသည့် လက်ရာကြမ်းကြမ်းဆောက်လုပ်ထားသော သစ်သားတဲငယ်လေးရှိသည်... အပြင်မှ ကြည့်လျှင်မူ ထိုတဲငယ်လေးမှာ ဖြစ်ကလက်ဆန်းဆောက်လုပ်ထားသည်ဟု ယူဆဖွယ် ရှိပြီး အတွင်းပိုင်းတွင်တော့ သန့်ရှင်းသပ်ရပ်နေ၏.. ပန်းများဝေေ၀ဆာဆာ ထိုးထားသည့် ပန်းအိုးများအပြင် ဗောဓိသတ္တအလောင်းလျာအားရည်စူး ပူဇော် ထားသည့် စင်ငယ်လေးပင်ရှိသေးသည်..

            ပြတင်းပေါက်လေးပေါက် ...အခန်းလေးခန်းပါရှိပြီး နံရံကပ်ခုတင်တစ်လုံးကို တဲထဲသို့ ၀င်ဝင်ခြင်းတွေ့နိုင်ပေ၏...

            ထိုခုတင်ပေါ်တွင်တော့ ကျင်းကျူးတစ်ယောက် သတိလစ်မေ့မျောနေဆဲပင်
ကုတင်ဘေးတွင် ခွေးခြေထိုင်ခုံနှစ်လုံးရှိကာ အားကွေ့နှင့်ဟွားဟွားဘေးခြင်းကပ် ထိုင်နေကြသည်..

             ဟွားဟွား၏မျက်လုံးအစုံမှာ နီရဲမို့အစ်နေသောကြောင့် ရှိုက်ကြီးတငင် ငိုထားမှန်းသိနိုင်ပြီး အားကွေ့ကတော့ ထိုင်လိုက်ထလိုက်နှင့် ဂနာမငြိမ်ဘဲ တုံးမင်မှ သမားတော်ဟွမ်းတို့ ရောက်အလာကို စောင့်နေ၏...

             ဒက်ပေါနှင့်သွားကျိုးထွက်သွားသည်မှာ နေ့ဝက်နီးပါးပင်ရှိတော့မည် .. သူတို့တတွေ ယခုချိန်ထိ ပြန်ရောက်မလာသေးသလို ကျင်းကျူးကလည်း ယခုထိ သတိပြန်မလည်သေး ...

              ဘဘဟုန်းနှင့်ဘကြီးနန်ပင်လျှင် ကြာလွန်းသော ထိုအုပ်စုအား လမ်းခုလတ်မှ စောင့်ကြိုရန် ထွက်သွားနေပြီပင်..

                ထိုစဉ်မြင်းခွာသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် အားကွေ့၏ မျက်လုံးအစုံမှာ တောက်ပသွားပြီး အပြင်သို့ပြေးထွက်၍လှမ်းမျှော်လိုက်သည်...
သူခန့်မှန်းထားသလို ဟုတ်ပါသည် မြင်းလှည်းကို ဒုန်းစိုင်းမောင်းလာသော သွားကျိုး နှင့် နောက်ဘက်မြင်းလှည်းတစ်စီးပေါ်တွင် ထိုင်နေသော ဒက်ပေါကို မြင်လိုက်ရ၍ ..

               ''ဟေ့ကောင်တွေ မြန်မြန်လာဟ.. သမားတော်ဟွမ်းရော..''

                လှည်းအိမ်အတွင်းပိုင်းမှ သမားတော်ဟွမ်းမှာ အားကွေ့၏အသံကြောင့် ဘေးလိုက်ကာကိုဆွဲမလိုက်ပြီးလူလုံးထွက်ပြလိုက်ရသည်..

                တဲရှေ့သို့ မြင်းလှည်းထိုးစိုက်လိုက်သည်နှင့် တပြိုင်နက် သမားတော်ဟွမ်း ..ဘကြီးနန်နှင့် ဘဘဟုန်းမှာ မြင်းလှည်းပေါ်မှခုန်ဆင်းလိုက်ပြီး  တဲထဲသို့ပြေးဝင်သွားကြ၏.. လမ်းခုလတ်တွင်ဘကြီးနန်နှင့်ဘဘဟုန်း တို့မြင်းလှည်း နှင့်တပါထဲပြန်လိုက်ခဲ့ကြပုံပင်..

                  သမားတော်ဟွမ်းမှာ ရောက်သည်နှင့်အချိန်မဆိုင်းပါ.. ကျင်းကျူး၏ သွေးကြောများကို စမ်းသပ်လိုက်ပြီး သူ၏ဆေးသတ္တအတွင်းမှ ကြွေဗူးလေးကို ထုတ်ယူပြီး သစ်သားဇွန်းထဲသို့ အ၀ါရောင်အရည်များလောင်းထဲ့ကာ ကျင်းကျူးပါးစပ် ထဲသို့ ရောက်အောင်ခွံ့လိုက်သည်...

                  ''သမားတော်ဟွမ်း ..ကျင်းကျူးက ဘာဖြစ်တာလဲ ..အားနည်းတာ မဟုတ်ဘူးမို့လား..''

                  အားကွေ့၏စကားကြောင့် သမားတော်ဟွမ်းက သူ၏ဘေးတွင် ရပ်နေသော ဘဘဟုန်းအား လှမ်းကြည့်လိုက်၏.. ဘဘဟုန်းက မသိမသာ ခေါင်းငြိမ့်ပြလိုက်သဖြင့်.. သမားတော်ဟွမ်းက..

                 ''အားနည်းတာ ဟုတ်ပါတယ်.. လမ်းခရီးက ပင်ပန်းတာ တစ်ကြောင်း သူ့ရဲ့ကိုယ်ခံအား နည်းတာက တစ်ကြောင်း ..ရာသီဥတု ကွာခြားတာကတစ်ကြောင်း မို့လို့ သွေးလေအနေအထား မမှန်တော့ဘဲ နှလုံးသွေးလည်ပတ်မှု မြန်သွားပြီး ကိုယ်ထဲက သွေးတွေလျှံတက်လာတာပါ.. သေသေချာချာအနားယူပြီး ကျွန်တော်စပ် တဲ့ ဆေးကို ဆေးပတ်လည်အောင် သောက်လိုက်ရင် ဆယ်ရက် ဆယ့်တစ်ရက် လောက်ဆို လုံးဝ လူကောင်းပြန်ဖြစ်လာမှာ သေချာပါတယ်..''

                 ထိုအခါမှ အားကွေ့လည်း စိတ်ချသွားပုံဖြင့် သက်မချလိုက်ပြီး ခုတင်ဘေးတွင်ချထားသည့် အရက်အိုးကို ကောက်ကိုင်ကာ တရှိန်ထိုးမော့သောက် လိုက်သည်..
                 ''အင်း..အင်း..''
                 ငြီးတွားသံနှင့်အတူ ကျင်းကျူးတစ်ယောက် ပြန်သတိလည်လာသည် .. ယခုမှ အနာနှင့်ဆေး တည့်သွားပုံပင်.. ကျင်းကျူး သတိပြန်လည်လာခြင်းကြောင့် အခန်းတွင်းရှိလူများ ၀မ်းသာသွားကြသည်.. ကျင်းကျူးမှာ မျက်စိနှစ်လုံးပွင့်လာသော် လည်း စူးရှသော အလင်းရောင်ကြောင့် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက် ပြီးနောက်မှ အခန်တွင်းအခြေအနေကို ကောင်းမွန်စွာ မြင်ရရှာလေ၏..
              သူမအားဝိုင်းဝန်းကြည့်နေကြသော လူအုပ်ကြီးကို မြင်လျှင် အံသြသွားသည့်နှယ်..
              ''ဟင် ..ဘာဖြစ်နေကြတာလဲ.. ''

              ဟု အာမေဋိတ်သံလွတ်ကနဲထွက်သွားပြီးမှ .. သူမသတိမမေ့ခင် အခြေအနေ ကို ပြန်သတိရသွားကာ..

              ''ကျွန်မ အ၀တ်တွေခေါက်နေတုန်း.. ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားတာ သတိမေ့သွားတာထင်တယ်...''

                  အားကွေ့က ကျင်းကျူး၏လက်ဖ၀ါးနုနုကို ဆုပ်ကိုင်လိုက်ပြီး..

                ''ဟုတ်တယ် ညီမရဲ့ အဲ့ဒါနဲ့ အကိုတို့အားလုံး စိုးရိမ်နေကြတာ .. ဒါနဲ့ ချက်ခြင်း တုံးမင်က သမားတော်ဟွမ်းတို့ အဖွဲ့ကို ပြန်ခေါ်လိုက်ရတယ်..''

              ကျင်းကျူးက ဖြူဖျော့နေသော နူတ်ခမ်းလေးဖြင့်  ပြုံးပြလိုက်ရင်း..

             ''အလကားသက်သက် အကိုအားကွေ့ရယ် .. ညီမက နေပြည်တော် မှာလည်း ခဏခဏ အဲ့လိုပဲ ဖြစ်တတ်တယ် .. ပင်ပန်းလွန်းရင် လူကမခံနိုင်တော့ဘူး အိပ်ယာထဲလှဲတော့တာပဲ .. ဒါပေမယ့် ခဏနားလိုက်ရင် သက်သာသွားရော ..အခုလည်း ခဏနားလိုက်ရင် သက်သာသွားမှာ ..''

                သမားတော်ဟွမ်းမှာ ကျင်းကျူး၏စကားအား ၀င်၍..

               ''အဲ .. သခင်မလေးကျင်း .. ဒီလိုတော့ နေလို့မရသေးဘူးခင်ဗျ .. အနည်းဆုံးတော့ အားပြန်ပြည့်လာအောင် ဆယ်ရက်လောက်တော့ အနားပေးရမယ် ခင်ဗျ..''

             ''ဟုတ်တယ် ညီမ သမားတော်ဟွမ်းပြောတာမှန်တယ် .. ယာယီတော့ အားပြန်မွေးရလိမ့်မယ် ..''

           ကျင်းကျူးမှာ ထိုစကားကြောင့် ခေတ္တမျှငြိမ်သက်သွားပြီး..

            ''ဟင် .. ညီမနားလို့ ဘယ်ဖြစ်မလဲ ..ညီမလေးဟွားဟွားရဲ့ ဦးကြီးကျောက် နဲ့ အကို့ ညီနှစ်ယောက်ကို ကယ်ဖို့ နေပြည်တော်ကို ခရီးဆက်ရအုံးမယ်လေ..''

           အားကွေ့က ခေါင်းရမ်းလိုက်ကာ..

          ''သူတို့တွေက သိုင်းပညာထက်မြက်တဲ့ ထိပ်တန်းသိုင်းသမားတွေပါ .. ချက်ခြင်းတော့ ထိခိုက်အုံးမှာ မဟုတ်သေးဘူး ..လောလောဆယ် ညီမက ပိုအရေးကြီးတယ်..''

            ကျင်းကျူးကအားကွေ့၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ..

            ''အကို ..ညီမစကားကို နားထောင် .. ညီမဘာမှ မဖြစ်ဘူး .. ဒီနေ့တော့ ခရီးလည်း ဆက်ထွက်လို့ မရတော့လို့ ..တရက်နားမယ် .. မနက်ဖြန် နေပြည်တော် ကိုခရီးဆက်မယ်.. ဒါပဲ..''

             အားကွေ့မှာ ကျင်းကျူး၏ ယတိပြတ်စကားကြောင့် မည်သို့မျှ ပြန်လည် ချေပရန်မတတ်နိုင်ဘဲ ငိုင်တွေကာနေ၏...

               ထိုစဉ်ဘကြီးနန်က၀င်၍

              ''အင်း..အခြေအနေနှစ်ခုစလုံးက အရေးကြီးတာ အမှန်ပဲ..ဟိုမှာလည်း အခုမှ မသွားရင် မမီတော့မယ့် အခြေအနေ ..ဒီဖက်ကလည်း သမီးကျင်းကျူးရဲ့ ဝေဒနာမသက်သာသေးတဲ့ အခြေအနေဆိုတော့ .. ဘကြီးနန်ကတော့ ဒီလိုတွေးမိတယ်.. ''

            ဘကြီးနန်က စကားပြော ပို၍အဆင်ပြေစေရန် ရှေ့သို့ထွက်လိုက်ပြီး..

            ''အခုနေမစောင်းခင် အနီးဆုံးဖြစ်တဲ့ ၀ူချောင်ကို သွားမယ် .. ဟိုမှာ သမီးကျင်းကျူး အတွက် အကောင်းဆုံးနေရာထိုင်ခင်းတစ်ခုကိုရှာမယ်.. အဲ့မှာ သမီးရယ် ရှောင်မိန်ရယ် မိန်းကလေးပိုင်ရယ် သမားတော်ဟွမ်းရယ် က အနားယူရင်းနေရစ်ခဲ့ကြ .. ကျန်တဲ့ ဘကြီးတို့အဖွဲ့က နေပြည်တော်ကိုခရီးဆက်နှင့် မယ်.. သမီးဝေဒနာပျောက်ပြီ အနားယူရမယ့် ရက် ပြည့်ဝပြီဆိုတဲ့အချိန်ကြမှ နေပြည်တော်ကို လိုက်ခဲ့ကြပေါ့ကွယ်..ဒီအစီအစဉ်မကောင်းဘူးလား..''

               အားကွေ့မှာ ကျင်းကျူးအနားမှ မခွဲလိုသောကြောင့် ထိုအစီအစဉ်အား ကန့်ကွက်ရန်ပြင်လိုက်စဉ် ..ဘဘဟုန်းက..

               ''အိမ်း..စပ်စုကြီးရဲ့ အစီအစဉ်ကအကောင်းဆုံးပဲ ..ဒီလိုပဲလုပ်ကြမယ် .. သမီးကျင်းကျူးလည်း အနားယူလို့ရ ..ဟိုကိုလည်း အချိန်မီရောက်.. ကွက်တိပဲ .. အခြေအနေအေးမှ သမီးကျင်းကျူးတို့ လိုက်လာခဲ့ပေါ့..''

              ကျင်းကျူးမှာ လူကြီးနှစ်ယောက်၏ အစီအစဉ်အား မပျက်ကရက် မလုပ်လိုသည်နှင့် ..

            ''ဘဘတို့ စီမံသလိုပဲပေါ့ရှင်.. အကိုအားကွေ့ ..ဟိုရောက်ရင် အဖေ့ဆီကို သွားနော်..''

           အားကွေ့က ကြက်ကြီးလည်လိမ်ထားသည့်သဖွယ် ဖြစ်နေရာမှ..

           ''အင်း..အင်း.. ၀င်မယ် ..၀င်ရမှာပေါ့.. ''
         
            သူတို့အစီအစဉ် တည့်မတ်သွားသည့်အချိန်တွင်မှ သဲသောင်ပြင်မှ မိန်းမလှနှစ်ယောက်လည်း တဲဘုံတဲနန်းသို့ ပြန်ရောက်လာခဲ့ကြသည်.. သူမတို့နှစ်ယောက် ရောက်သည်နှင့် အချိန်မဆိုင်းဘဲ ပစ္စည်းပစ္စရများကို လှည်းပေါ်သို့ တင်ကာ .. ၀ူချောင်သို့ ထွက်ခွာလာခဲ့ကြတော့၏.....

            ကြွက်ကျွန်းတွင် လောင်မြိုက်နေသော မီးကတော့ ငြိမ်းသက်၍နေလေပြီ..

==================
         
              '''ဆရာကြီး..ဆရာကြီး..'' အသံနှင့်အတူ တဲထဲကို ၀င်ရောက်လာသူက ရှု့ယီ ..

               ဖားပြုတ်အိုကြီးသည် အတွင်းအားလေ့ကျင့်နေရာမှ ရပ်နားလိုက်ပြီး..

              ''ဘာလဲဟ ရှု့ယီရ အလန့်တကြား..''

             ''ဆရာကြီး ...စစ်သေနာပတိချုပ်ကြီး တောင်ပေါ်ကဆင်းလာပြီဗျ...''
             
               ဖားပြုတ်ကြီးမှာ မြက်ဖျာပေါ်မှ ခုန်ထလိုက်ကာ

               ''ဟေ..ရက်ပြည့်သွားပလား..''

               ''ပြည့်ပြီဗျ... ဒါပေမယ့် မနက်ဖြန်မှ သူပြန်မယ်ထင်လို့ ကျွန်တော်တို့တွေ စောင့်ကြည့်နေကြတာ အခုဟာက ညတွင်းချင်းကြီး.... ''

                 ''တောင်ခြေမှာ လူတွေ အတော်စုံကြပြီပေါ့..''

                '' သေနာပတိကြီး ထွက်သွားပြီးတာနဲ့ ရှိသမျှ အဖွဲ့အကုန် နီးပါး တောင်ပေါ်တက်သွားကြတာပဲ...''

                ဖားပြုတ်ကြီးက ကောက်ကျစ်စွာပြုံးလိုက်ပြီး...

               ''ဟီးဟီးဟီးဟီး.. ငါ့ကောင်တွေ အသင့်ဖြစ်ပြီမို့လား.. ဒီကောင်တွေ အကုန်လုံးကို မြည်းစမ်းခိုင်းကြည့်ရတာပေါ့..''

               ဟုဆိုရင်း ခါးကြားမှ ခြူကို ထုတ်ကာ ..

             ''ကိုင်း..တပည့်ကြီးရေ ..မြင်းဖြူတောင်ကုန်းကို သွေးချောင်းချောင်းစီး အောင် လုပ်လိုက်ကြအုံးစို့.. ''
         

==============.====.=========


#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San

၈၅

        ရှ့ယီကလည်း သူ၏ခြူကိုထုတ်ကာ..

        ''ဒီကောင်တွေကို တခါထဲတိုက်ပွဲဝင်ခိုင်းတော့မှာလား ဆရာကြီး..''

        ''နေအုံး.. လောလောဆယ်တော့ မင်းကဒီမှာစောင့်နေ.. ငါရယ်လက်ရွေးစင် သိုင်းသမားတွေရယ်ပဲ တောင်ပေါ်ကိုတက်နှင့်မယ် ..မင်းကဖြည်းဖြည်းမှလိုက်ခဲ့ .. အခြေအနေကိုကြည့်ပြီး ကြက်လည်းမော ယာလည်းညှက်ပြီးဆိုမှ အကုန်လုံးကို လက်စတုံးလိုက်ကြတာပေါ့ကွာ..''

         ''ဟုတ်ကဲ့ ..ဆရာကြီး.. ကျွန်တော်သဘောပေါက်ပြီ....''

         ဖားပြုတ်ကြီးသည် ပြောစရာစကားကုန်သွားသောကြောင့် အ၀တ်အစားများ လဲကာ သူ၏ရည်ရွယ်ချက်ရှိရာဆီသို့ ထွက်သွားလိုက်လေသည်...

=========================
         
          သစ်ပင်ဝါးပင်များ ဖြိုင်ဖြိုင်ပေါက်နေသော မတ်စောက်သည့် မြင်းဖြူတောင်ကုန်းသည် တက်ရောက်ရန်ကျောက်လှေကားတစ်ခုထဲသာရှိပါ၏..
ထိုကျောက်လှေကားမှ ဘုံကျောင်းသို့မရောက်ခင် မြေကွက်လပ် လေးခု .. အချိုးရှစ်ခု ရှိရာ အတော်အတန်မြင့်သော တောင်ဟုဆိုပါကဆိုနိုင်လေသည်..

          နေပြည်တော်နယ်နမိတ်ထဲတွင် ပါသော်လည်း ဆင်ခြေဖုန်းမြို့စွန်တွင် တည်ရှိ သည့်အပြင် တောင်မှာ အနည်းငယ်မတ်စောက်သဖြင့် ပူဇော်သက္ကယပြုသူ သိပ်အများ ကြီးမရှိလှ.. တော်တန်ရုံဘုရားဖူးများသည် အခြားသွားရလာရလွယ်သော နေပြည်တော်ရှိ ကြီးမားသပ္ပါယ်သော ဘုံကျောင်းများ ..ဆင်းတုများ .. တန်ခိုးကြီး (နာမည်ကြီးခြင်းကိုဆိုလိုသည်) ဆရာတော်များရှိရာကျောင်းဆောင် များသို့သာ ပူဇော်လေ့ရှိသဖြင့် မြင်းဖြူဘုံကျောင်းအား အလွန်ခေါင်သည့် ဘုံကျောင်းဟု သတ်မှတ်နိုင်သည်...

              စစ်သေနာပတိချုပ်ကြီးရန်ခွမ်းအိမ်တော်နှင့် တခြားအေးအေးချမ်းချမ်း တရားအားထုတ်လိုသည့် လူမျိုးများသာလျှင် ထိုမြင်းဖြူဘုံကျောင်းသို့ လာရောက်လေ့ရှိ၏...

             ထို့ကြောင့် မြင်းဖြူဘုံကျောင်းသည် အခါကြီးရက်ကြီးများကလွဲလျှင် ကျန်သောကာလတွေ၌ စည်ကားခြင်းသိပ်မရှိသော ဘုံကျောင်းဖြစ်လေသည်..

              သို့သော်ယခုအချိန်တွင်တော့ အခါကြီးရက်ကြီးမဟုတ်လင့်ကစား တောင်ပေါ်သို့တက်ရောက်လာသူများနှင့် ပြည့်နှက်ကာနေ၏... တောင်ပေါ်သို့ တဖွဲဖွဲတက်ရောက်နေသူများမှာ တစုတစည်းတည်းမဟုတ်ပဲ မတူညီသောအဖွဲ့များ ဖြစ်သည်ဟု ၀တ်ဆင်ထားသော ၀တ်စုံများက ဖော်ပြနေကြသည်မဟုတ်လား..

                ပိုမိုထူးခြားချက်ကတော့ ထိုအဖွဲ့များသည် ဘုရားဖူးရန် တရားအားထုတ်ရန် ဟူသောရည်ရွယ်ချက်နှင့် တောင်ပေါ်သို့ တက်လာခြင်းမဟုတ် တခတ်တခါက ပြိုင်ဘက်မရှိသော မုစန်းသိုင်းပါရဂူ၏ သိုင်းကျမ်းကို မက်မောသော စိတ်ဖြင့် အရယူလို၍ တက်လာခြင်းဖြစ်လေ၏...

                 သူတို့မည်သည့်အကြောင့်ဖြင့်လာရောက်သည်ဖြစ်စေ မြင်းဖြူဘုံကျောင်းမှာ လောလောဆယ် စည်ကားသိုက်မြိုက်နေသည့်ကတော့ အမှန်......

          သို့နှင့် အုပ်စုလိုက် အုပ်စုလိုက်တက်လာကြသော မျိုးစုံသည့် အဖွဲ့များသည် မြေကွက်လပ်လေးခုရှိသည့်အနက် နောက်ဆုံးမြေကွက်လပ်သို့အရောက်တွင် အတူတကွပင်ရပ်တန့်သွားကြလေသည်..

        မည်သည့်အတွက်ကြောင့် ရပ်တန့်သွားကြသနည်းဟုဆိုသော်... သူတို့အား တားဆီးနေသော လူတစ်စုကြောင့်ဟု ဆိုရပေမည်..

         စိတ်အားတက်ကြွနေကြသော ထိုလူများမှာ အချိုးလေးခုနှင့် မြေကွက်လပ် သုံးခုတွင် အတားအဆီးမရှိတက်လာနိုင်သမျှ ..နောက်ဆုံးမြေကွက်လပ်တွင်မှ အဆီးအတားနှင့် ကြုံနေရပြီပင်...

          သို့ဆိုလျှင် ထိုမျှများပြားလှသော လူအုပ်ကြီးကို မည်သည့်အဖွဲ့အစည်းက မည့်သူ့အားကိုးနှင့် တားမြစ်ရဲသနည်းဟု မေးခွန်းထုတ်ငြားအံ့...
           ကျွန်းခုနှစ်ဆယ် ရေတံခါးကိုးခုတို့၏ အရှင်သခင် တောင်ပင်လယ် နတ်ရွှေနဂါးဂိုဏ်းဟု ပြန်ဖြေရမည်မဟုတ်လား...

             အယောက် နှစ်ရာမျှရှိပြီး အညိုရောင်တူညီဝတ်စုံများ ၀တ်ဆင်ထားကာ ဓါးကောက်ကိုယ်စီကိုင်ဆောင်ထားသော ထိုအဖွဲ့သားများ၏ ရင်ဝမှ ရွှေရောင်နဂါးပုံ ကြီးက အဝေးမှပင် ထင်းခနဲမြင်နေရ၏..ထိုအဖွဲ့ဝင်များ၏ရှေ့တွင်မူ လူလေးယောက် ရှိကာ ထိုလူတို့ရုပ်သွင်က တမျိုးတပါဒ ထူးခြားကာနေသည်..

             လေးယောက်ဘယ်စွန်တွင် ရပ်နေသည့်လူက ၀ပါသည်ဆိုမှ အနက်ရောင် ၀တ်စုံပွကြီးကို ဆင်မြန်းထားပြီးလက်ထဲတွင် ခုနှစ်ဆစ်ဒုတ်ကို ကိုင်ဆောင်ထားသည့် ဦးပြည်းပြောင်ပြောင်နှင့်လူကြီး ..ထိုလူကြီးနှင့်ကပ်ရက်တွင် ချောမောလှပါသော အစိမ်းရောင်ဝတ် မိန်းမချောလေးက တက်လာသူတို့ကို ချိုသောအပြုံးလေးနှင့် ကြည့်ပြီး  မည်သည်ကို သဘောကျနေသည်မသိ ခပ်ဟဟလေးရယ်မောနေ၏..

            ထိုမိန်းကလေး၏ဘေးတွင်တော့ ကြောင်ကြောင်ကျားကျားဝတ်စုံဖြင့် ကြက်ဖတစ်ကောင်နှင့် ချွတ်စွပ်တူသည့် လူတစ်ယောက်ရှိသည်.. ညာဘက် အစွန်ဆုံး တွင်မူ  ၀ါးခြမ်းပြားအသွင်လူတစ်ယောက်မှာ တောင့်တောင်ကြီးရပ်နေ၏...

          ညာစွန်လူ၏ပိန်ချက်မှာ အရိုးစုကြီးကဲ့သို့ပင် .. တကိုယ်ရှိအသားများကို လှီးဖြတ်ကာ ချိန်တွယ်ကြည့်မှ တဆယ်သားပြည့်ဖို့ရန် အလေးခိုးရမည့်ပုံရှိသည်..
           သို့ဖြင့် အဖွဲ့အစည်းအသီးသီးနှင့် ရွှေနဂါးဂိုဏ်းအဖွဲ့တို့ တဖက်နှင့်တဖက် ခေတ္တမျှ အကဲခတ်လိုက်ကြပြီး .. ကတုံးလူဝကြီးမှ စကားအစကို ဆို၏...

           ''အခုတောင်ပေါ်ကို တက်လာကြတဲ့ ဂိုဏ်းအဖွဲ့အသီးသီးမှ မိတ်ဆွေများ ..  ခင်ဗျားတို့အားလုံး ဘယ်ခြေလှမ်းမျိုးလှမ်းဖို့ကြံစည်နေတာကို သိပြီးဖြစ်လို့ အထွေအထူးမဆိုတော့ဘူး.. ဒါပေမယ့် ခင်ဗျားတို့အားလုံးမသိသေးတဲ့ အရာကတော့ ဒီမြင်းဖြူကျောင်းဆရာတော်နဲ့ကျုပ်တို့ဂိုဏ်းချူပ်ကြီးက ဆရာတူသိုင်းညီနောင်တွေ ဆိုတာပဲ.. ''
             လူဝကြီးက စကားပြောရင်း သူ၏ခုနှစ်ဆစ်ဒုတ်ကို ဝှေ့ရမ်းလိုက်ပြီး...

             ''ဒီတော့ ဒီမြင်းဖြူဘုံကျောင်းကို ကာကွယ်ဖို့ ကျူပ်တို့ နတ်ရွှေနဂါးဂိုဏ်းမှာ တာဝန်ရှိလာတယ်... တောင်ပင်လယ်နတ်ရွှေနဂါးဂိုဏ်းဟာ ဘယ်လိုအဆင့်မျိုးရှိတဲ့ ဂိုဏ်းမျိုးဆိုတာ အများသိကြမယ်ထင်ပါရဲ့ ..အကယ်၍ သေမှာမကြောက်ဘူး ဆိုရင်တော့ စမ်းသပ်နိုင်တယ်နော့  ....''

                အဖွဲ့အစည်း အသီးသီးမှ ဂိုဏ်းအဖွဲ့များမှာ လူဝကြီး ခုနှစ်ဆစ်ကျား လျှိုစဲ့ယိ၏စကားကြောင့် ပွဲကျသွားသည့်နှယ် တဟားဟားရယ်လိုက်ကြရင်း ...
အပြာရောင်ဖဲသားဝတ်စုံဖြင့် လူကြီးကရှေ့ထွက်၍...

                 ''ခင်ဗျားတို့နတ်ရွှေနဂါးဂိုဏ်းကို ကျုပ်တို့ ပြည်မကြီးက ကြောက်နေမယ်များ ထင်နေသလား လျှိုစဲ့ယိ .. ''

                 လျှိုစဲ့ယိက သူ့အားခွန်းတုံ့ပြန်သူအား စူးစိုက်ကြည့်လိုက်ကာ..

             ''အလို ဘယ်သူများလည်းမှတ်တယ် .. ဇီးပန်းဓါးသခင်ပဲ.. ဟားဟားဟား မဟာတံတိုင်းတလျှောက်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ဇီးပန်းဓါးသခင်.. ဒါပေမယ့် ခင်ဗျားလောက်အဆင့်နဲ့ နတ်ရွှေနဂါးဂိုဏ်းကို ယှဉ်ပြိုင်ဖို့ အိမ်မက်တောင် မက်မနေနဲ့..''

            ဇီးပန်းဓါးသခင်မှာ လျှိုစဲ့ယီ၏စကားအား.မမူသလိုပြုံးလိုက်ရင်း...

            ''နတ်ရွှေနဂါးဂိုဏ်းရဲ့ဂိုဏ်းခွဲမှူး ခုနှစ်ဆစ်ကျား လျှိုစဲ့ယိရဲ့ သိုင်းပညာဟာ တောင်ပင်လယ်မှာ ပြိုင်ဘက်ကင်းလုလုလို့ ကြားဖူးခဲ့တယ် .. ဒါပေမယ့် တောင်ပင်လယ်မှာ အဆင့်နိမ့်သိုင်းသမားတွေပဲ ရှိနေတော့ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူနိုင်တာအဆန်းတော့မဟုတ်ပါဘူး....''

            ''ချွမ်း..''

            ဇီပန်းဓါးသခင်က သူ၏ခါးမှ နှစ်ဖက်သွားဓါးရှည်ကြီးကို ထုတ်ပြီး ..လျှိုစဲ့ယီအား...

           ''ခုနှစ်ဆစ်ကျား ..စကားအပိုတွေ ပြောတာလျော့ပြီးတော့ ယောင်္ကျားပီပီ အလုပ်နဲ့သက်သေပြကြအုံးစို့......''

           အခြေအနေမှာ တင်းမာနေရာမှ ဇီးပန်းဓါးသခင်နှင့် လျှို့စဲ့ယိတို့ကြောင့် ပေါက်ကွဲလုလုဖြစ်ကုန်၏။ကျန်အဖွဲ့အစည်းများကလည်း ပြိုင်ဘက်တစ်ယောက်လျော့ နည်းသလား ဟူသောအမူအယာနှင့် ၀င်ရောက်တားမြစ်ရန် စိတ်တောင်မှ မကူးမိကြသည့်ပုံပင်....
         
===============================

           တောင်ခုလတ်တွင် တိုက်ပွဲဖြစ်ရန် တာဆူနေသည့်အချိန်တွင် ဘုံကျောင်း၌ လည်းလူနှစ်ယောက် အခြေအတင် စကားများနေကြ၏....

          မြင်းဖြူဘုံကျောင်းသည် အခြားသော ဘုံကျောင်းများလောက် ကြီးကျယ်ခန်းနားခြင်းမရှိပါ... အဆောင်သုံးဆောင်အား ၀င်းကျယ်ကြီးခတ်ထားကာ သစ်ကြီးဝါးကြီးများနှင့် တရားထိုင်ရန် ကွပ်ပစ်များသာရှိပါသည်..

           အဆောင်သုံးဆောင်အနက် ပင်မကျောင်းဆောင်မှာ ၀တ်တက်ရန်အဆောင် ဖြစ်ကာ ကျန်နှစ်ဆောင်မှာ အရှင်သူမြတ်နှင့် အာဂန္တု များတည်းခိုနေထိုင်ရန်ဖြစ်၏..

           ယခုတော့ ပင်မဆောင်ရှိ ခန်းမကျယ်ကြီး၌ ဘုန်းကြီးတပါးနှင့် အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက် ငြင်းခုန်နေကြသည်...

          ငြင်းခုန်နေကြသည်ဟုဆိုရသော်လည်း ခန်းမတစ်ခုလုံးဆူညံအောင် ဒေါမာန် ပါပါဖြင့် ပြောနေသူကတော့ အညိုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူကြီးဖြစ်၏..
        မြင်းဖြူဘုံကျောင်းဆရာတော်ကမူ ထိုလူပြောသည့်အရာကို လက်မခံလိုဟန်နှင့် ဦးခေါင်းကိုသာ တွင်တွင်ရမ်းနေသည်..

        ဆရာတော်၏ငြင်းဆန်နေမှုကြောင့် ထိုလူကြီးမှာ စိတ်ထွက်လာပုံရ၏ .. ထိုင်နေရာမှ ထလိုက်ပြီး...

        '' ညီတော်ဖုလုံး မင်းဟာအတော်ခေါင်းမာလှပါလားကွ.. ဆရာ့လက်ထဲကနေ မင်းသိုင်းကျမ်းရထားတာ နှစ်ပေါင်းမနည်းတော့ဘူး... ဒီတော့ ငါ့ကို သိုင်းကျမ်း တလည့်ပြန်ပေးဖို့ တန်ပြီ.. တကယ်လို့မင်းသာ သိုင်းလောကသားဆိုရင် ငါပြန်တောင်းမှာ မဟုတ်ဘူး ..အခုကမင်းကသိုင်းလောကသားလည်း မဟုတ်တော့တဲ့ အပြင် ဘုန်းကြီးတပါးလည်း ဖြစ်နေတော့ ဒီသိုင်းကျမ်းကြီးဟာ မင်းအတွက် လုံးဝ အသုံးဝင်တော့တာမှ မဟုတ်ဘဲ..''

            ဆရာတော်က သူ၏လက်ထဲကိုင်ထားသော တရာ့ရှစ်လုံးပုတီးကို လက်ကောက်ဝတ်တွင် ရစ်ပတ်လိုက်ကာ...

            ''အကိုကြီး ..ဆရာကွယ်လွန်ခါနီးဆဲဆဲမှာ ကျွန်တော်ကို သိုင်းကျမ်းနဲ့ နဂါးသတ်ဓါးကို အပ်ခဲ့တယ် .. အဲ့အမွေပစ္စည်းနှစ်ခုနဲ့အတူ ကျွန်တော့်ကိုလည်း အမှာ စကားပြောသွားသေးတယ်ဗျ... အဲ့စကားက အကြောင်းအရာသုံးခုပါတယ် ..ပထမ အကြောင်းအရာက အကိုကြီးနဲ့ပတ်သက်ပြီး သတိပေးစကားဆိုတာပဲ .. ဘာလဲဆိုတော့.. မင်းအကိုကြီးလော်ကျင်းထျန် က မင်းထက်ပိုပြီး ဉာဏ်ရည် ထက်တယ် ..ပရိယာယ်ကြွယ်ဝတယ် .. မင်းကတော့ ထုံတယ်တဲ့ .. တကယ်ဆို အစဉ်အလာအရ အကိုကြီးဆုံးနဲ့ ဉာဏ်ရည်အထက်ဆုံးတပည့်ကို ဆရာက ပညာအမွေ..ဥစ္စာအမွေပေးရတယ်ဆိုပေမယ့် ..မင်းအကိုကြီးရဲ့ စာရိတ္တကြောင့် မင်းကိုပဲ သိုင်းကျမ်းနဲ့ဓါးကိုပေးလိုက်မယ်တဲ့ .. မင်းအကိုကြီးဟာ ငါတားမြစ်ထားတဲ့ သိုင်းကျင့်စဉ်ကို ငါ့ဆီကခိုးပြီးကျင့်ဘူးတော့ သူ့စိတ်ဓါတ်ကို ငါသဘောမကျဘူးတဲ့ ..''

           ဆရာတော်၏စကားကို နားထောင်နေသူ နတ်ရွှေနဂါးဂိုဏ်းချုပ်ကြီး လော်ကျင်းထျန်၏မျက်နှာမှာ ထိုစကားကြောင့် နီရဲကာသွားသည်..

           ဆရာတော်ကဆက်လက်ပြီး...

             ''ဆရာက သိုင်းကျမ်းနဲ့ဓါး ကျွန်တော့်လက်ထဲလည်းရောက်ရော ..ဖုလုံးတဲ့ မင်းဒီမုစန်းသိုင်းပါရဂူရဲ့သိုင်းကျမ်းကိုယူပြီးတာနဲ့ တောင်ပင်လယ်မှာ မနေနဲ့တော့ မင်းအကိုကြီး လက်လှမ်းမမီတဲ့နေရာကို ထွက်သွားလိုက်တော့လို့ မှာလိုက်တယ်လေ .. အဲ့ဒါနဲ့ ကျွန်တော်လည်း မြောင်နယ်ဖက်ကို ထွက်သွားတော့တာပဲ .. ဒုတိယ အကြောင်းအရာကတော့ သိုင်းကျမ်းနဲ့ပတ်သက်ပြီးမှာလိုက်တာ ..ဆရာက ဖုလုံးရေ မင်းအနေနဲ့ သင့်တော်တဲ့ အမွေဆက်ခံသူရှိလာရင် ..ဘယ်လိုလူမျိုးကိုမဆို အမွေပေး လိုက်ပါတဲ့ .. နောက်ဆုံးတစ်ခုကတော့ အကျင့်သီလနဲ့ပြည့်စုံအောင်နေထိုင်ပါလို့ ဆရာမိန့်သွားတာပါ..''

            လော်ကျင်းထျန်က သူ၏ကျောတွင် ရုံထားသော ၀တ်ရုံကြီးအား ပြန့်သွား အောင်လက်ဖြင့် နောက်ပြန်သပ်လိုက်ရင်း..

         ''ဖုလုံး ဆရာပြောတဲ့စကားကို နားထောင်တာကောင်းပါတယ်.. ဒါပေမယ့် ဆရာ မရှိတော့တဲ့နောက်မှာ မင်းအနေနဲ့ အကိုလုပ်သူရဲ့စကားကို နားထောင်တာက ပိုကောင်းလိမ့်မယ် .. အခုဆို မင်းရဲ့သိုင်းကျမ်းကြောင့် မြင်းဖြူတောင်ကုန်းမှာ သွေးချောင်းစီးတော့မယ်  .. အေး အဲ့လို အနိဌာရုံမြင်ကွင်းမျိုးမမြင်ချင်ဘူးဆိုရင်တော့ ငါ့လက်ထဲကို သိုင်းကျမ်းအပ်လိုက်တာက ပိုကောင်းလိမ့်မယ်နော်..''

           ဆရာတော်က မျက်လွှာချကာ..

          ''သိုင်းကျမ်းကို ဖျက်ဆီးလိုက်တာ ကြာပြီအကိုကြီး... ကျွန်တော့်လက်ထဲမှာ မရှိတော့ဘူး..နဂါးသတ်ဓါးကိုတော့ ကျွန်တော် သာသနဘောင် ၀င်တဲ့နေ့မှာပဲ စွန့်ပစ်ထားလိုက်ပြီ...''

          လော်ကျင်းထျန်က ဆရာတော်ဖုလုံး၏စကားကို မယုံသည့်ပုံဖြင့် ခေါင်းယမ်းလိုက်ပြီး...

          ''မင်းရဲ့နဂါးသတ်ဓါးကို စွန့်ပစ်လိုက်တယ်ဆိုတာကို ငါလက်ခံပေမယ့် ..ဆရာ့ အမွေဖြစ်တဲ့ သိုင်းကျမ်းကို ဖျက်ဆီးဖို့တော့ မင်းလုပ်မှာ မဟုတ်ဘူးဆိုတာ ငါကောင်းကောင်းသိတယ် ဖုလုံး.''

           ဆရာတော်က သက်ပြင်းချကာ..

            ''အကိုကြီးယုံတာ မယုံတာကတော့ ကျွန်တော်လည်းမတတ်နိုင်ဘူး.. လောလောဆယ် ကျွန်တော့်လက်ထဲမှာ မရှိတာတော့ အမှန်ပဲ .. ပြီးတော့ ကျွန်တော့် ရဲ့ ပညာအမွေကိုလည်း လူတစ်ယောက်ကိုပေးပြီးပြီ..''

            လော်ကျင်းထန်မှာ ဆရာတော်ဖုလုံး၏စကားကြောင့် သီးခံနိုင်စွမ်း ကုန်သွားပြီထင်၏ .. လေသံမာမာဖြင့်..

           ''ကိုင်း..အချိန်ကြာတယ် ဖုလုံး.. ငါကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် သိုင်းကျမ်း ကိုရအောင်ယူရမှာပဲ.. ''
           ဆရာတော်ဖုလုံးက လော်ကျင်းထျန်အားကြည့်ကာ..
           ''အကိုကြီးကျွန်တော့်ကို ဘယ်လိုအကြပ်ကိုင်ချင်ကိုင် ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ပြင်မှာမဟုတ်ဘူး...''
          လော်ကျင်းထန်က သူ၏ရင်ဘတ်ရှေ့တွင် လက်နှစ်ဘက်ကို မျဉ်းဖြောင့်ပုံ တန်းထားလိုက်ပြီး..
         ''ကောင်းပြီ ဖုလုံး .. မင်းအသင့်သာပြင်ထားလိုက်တော့ ..''

         ကြီးမားသော ရန်ငြိုးမရှိသော ဆရာတူညီအကို နှစ်ယောက်မှာလည်း ဥစ္စာရမ္မက် ကြောင့် တိုက်ပွဲဖြစ်ရန် တာဆူ၍နေလေပြီဖြစ်၏...

==============================
       
           သာယာပြန့်ပြူးသော မျက်ခင်းပြင်တွင် မြင်းများက ပျော်ရွှင်မြူးတူးစွာ တဟီဟီ အော်ဟစ်ပြီး ၀မ်းစာဖြည့်နေကြသည်.. ပြာလွင်သော ကောင်းကင်ပေါ်၌မူ ကျေးငှက်များက ကြိုးကြိုးကျည်ကျည်အော်ကာ ပျံသန်းသွားလာနေကြ၏ ..

         ကောင်းကင်ပြာပြာကြီး၏အောက် မျက်ခင်းပြင်၏ အထက်တွင်တော့ အားကွေ့တို့ လူတစ်သိုက် ၀ိုင်းဖွဲ့နေကြသည်.. ထိုအဖွဲ့ထဲတွင်မူ ဘဘဟုန်းနှင့် ဘကြီးနန်မှာ မပါဝင်ချေ...

        သွားကျိုး ..ဒက်ပေါ..ဟွားဟွား.. ဟိုက်ထုံးဂိုဏ်းသား လေးယောက် ..ပန်းနီနီဂိုဏ်းသား ငါးယောက်တို့က မြက်ခင်းပေါ်တွင် အားကွေ့နေရာချထားသည့် လက်သန်းအရွယ် သစ်ကိုင်းချောက်များကို စူးစိုက်ကြည့်နေကြ၏..

         အားကွေ့က ထိုသစ်ကိုင်းများကို နေရာရွှေ့လိုက်ရင်း..

           ''ကိုင်း ..သေချာမှတ်ထားကြနော် ..ဒီဝင်္ကပါသိုင်းကွက်က ရိုးရှင်းလွယ်ကူပေမယ့် အချိတ်အဆက်များတော့ မျက်စိမှားတတ်တယ် ..''

        ''အကိုအားကွေ့ရဲ့ ၀င်္ကပါသိုင်းကွက်က အစွမ်းရော ထက်လို့လား .. ဟွားဟွား အမြင်တော့ ရိုးလွန်းတယ်..''

        အားကွေ့က ဟွားဟွား၏စကားကြောင့် တဟားဟားနှင့်ရယ်လိုက်ကာ..

        ''ငါ့ညီမဟွားဟွားက အကိုအားကွေ့ကို သိပ်မယုံတဲ့ပုံပဲ.. ငါ့ညီမသေသေချာချာ မှတ်ထား.. ဒီဝင်္ကပါသိုင်းကွက်ကို ကျဲမုန်ဆိုတဲ့ သိုင်းပညာရှင်ကြီးက တီထွင်ခဲ့တာ .. ၀င်္ကပါသိုင်းရဲ့နာမည်က နေပျောက်လကွယ် မုန်းပင်လယ်တဲ့ .. လူငါးယောက်ကနေ အယောက်နှစ်ဆယ်ထိ ပါဝင်လှုပ်ရှားလို့ရတယ်.. အတွင်းအားကို အသားမပေးဘဲ ကိုယ်ဟန်နဲ့သိုင်းကွက်ကိုပဲ အသားပေးထားတော့ အတွင်းအားမကောင်းတဲ့ သာမာန် သိုင်းသမားတွေတောင် အသုံးပြုလို့ရတယ်လေ..အတွင်းအား မပါပေမယ့် ထိရောက်ချက်ကတော့ ကြောက်ခမှန်းလိလိရှိတယ် ညီမလေး.. ချိန်သားကိုက်မှုနဲ့ ပေါင်းစည်းခြင်းအားကို ထည့်ထားတော့ တော်ရုံသိုင်းဝိဇ္ဇာတောင် အကွက်ထဲဝင်သွား ရင် ပြန်ထွက်ဖို့ တော်တော်ကျိုးစားရမယ်..''

================

Comments

Popular posts from this blog

အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)

အားကွေ့ အပိုင်း(၄၆ မှ ၅၀ထိ)

အားကွေ့ အပိုင်း (၃၁ မှ ၃၅ ထိ)