အားကွေ့ အပိုင်း (၉၁ မှ ၉၅ ထိ)
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၁A
သွားကျိုးနည်းတူပင် သိုင်းလောကဗဟုသုတ အတန်လေးတီးမိခေါက်မိရှိသော တရှုံးနှင့်ကြုံလောက်မှာ ဓါးလွတ်ကျတော့မတတ် တုန်လှုပ်သွားပြီး.. တရှုံးက တိမ်ဝင်နေသောအသံဖြင့်..
''ဘုရားရေ ..သွေးနီလက်ဝါးဆိုတော့ သွေး...သွေးဘီလူးပေါ့... ''
သွားကျိုးက ခေါင်းကိုပြုတ်ထွက်တော့မတတ်ခါရမ်းကာ...
''မဖြစ်နိုင်ဘူး .. သွေးဘီလူးသတင်းမကြားရတာကြာပြီ .. ကျန်းနန်တိုက်ပွဲအပြီးမှာ သူ့ကို ယွဲ့အိမ်တော် မြေတိုက်ခန်းမှာဖမ်းချုပ်ထား... ထား''
ထိုနေရာတွင် မျက်နှာဖုံးရှင်၏နောက်မှရပ်နေသော ယွဲ့ကျိုးမျက်နှာ ပြုံးဖြီးဖြီးကိုကြည့်ကာ ..
''လတ်စသတ်တော့ .. ယွဲ့မျိုးနွယ်လူအိုကြီးက လူယုံရှာလိုက်တာကိုး .. တော်တော်အကြံပက်စက်တဲ့လူကြီးပဲ... '''
ဟွားဟွားကမူ သွေးဘီလူးဟူသော နာမည်ကိုကြားယုံသာ ကြားဖူးသူမို့ ..
''သွေးဘီလူးဖြစ်တော့ရော ကြောက်နေရမှာလား .. သူလည်းခြေနှစ်ဖက် လက်နှစ်ဖက် ကိုယ်လည်းခြေနှစ်ဖက်လက်နှစ်ဖက် အတူတူပဲ ဘယ်သူမှအပိုပါတာမဟုတ်ဘူး .. ကိုယ့်ထက်သိုင်းပညာသာတော့ရော ဘာဖြစ်လည်း အလွန်ဆုံးတိုက်ရင်းသေရုံပေါ့ .. တသက်မှာတခါသေစမြဲမို့ ထူးပြီးကြောက်မနေကြနဲ့ ကိုယ်လေးစားရတဲ့သူတွေကို ကာကွယ်ပေးပြီးသေရမှာမို့ မြတ်တောင်မြတ်သေးတယ် .. ကဲ... ဒီတော့ တွေဝေနေမယ့်အစား အသက်ခြင်းလဲလိုက်ကြရအောင်..''
ဟွားဟွား၏ရဲရဲတောက် စကား၏အဆုံးတွင် သွေးဘီလူးဟူသော ဂုဏ်ဒြပ်ကို လန့်နေကြသော လူတစ်စုမှာ ရဲသွေးများတရှိန်းရှိန်းတက်လာပြီး မျက်နှာဖုံးရှင်အား ၀ိုင်းဝန်းတိုက်ခိုက်လိုက်ကြ၏..
''ယား...ဟိတ်...''
''၀ှီး...၀ှီး...၀ှီး...၀ှီး..''
''ကြောက်တတ်ရင် နှစ်ခါသေတတ်သတဲ့နော် ..တိုက်ထားကြ..''
သွေးဘီလူးဟုသမုတ်ခြင်းခံထားရသူမှာ အကွက်ချောင်လေမလားဟု သွေးနီလက်ဝါးကိုအသုံးပြုခါမှ အသက်ခြင်းလဲမည့်ဓါးကွက်များကြောင့် အကျင်းထဲအကျပ်ထဲသို့ ရောက်သွားရလေသည်.... ဟွားဟွားအပါအ၀င် သွားကျိုးတို့မှာတော့ စိတ်ဓါတ်များ အလွန်အမင်းတက်ကြွနေသည်ဖြစ်ရာ သူတို့၏ဓါးကွက်များကလည်း အကွက်မိမိနှင့်အတွဲအစပ်ညီလှ၏... သို့သော် မျက်နှာဖုံးရှင်မှာ တကယ့်အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်ရာ သိုင်းကွက် ငါးဆယ်ခန့်အတွင်း ပြန်လည် နလံထူနိုင်လာသည်ကိုတွေ့ရလေသည် .. ထိုအခါတွင်မှ တိုက်ပွဲက မြိုင်ဆိုင်လာတော့၏..
ဟွားဟွားတို့အဖွဲ့၏ဓါးချက်များကြောင့် မျက်နှာဖုံးရှင်အကြိမ်ကြိမ် နောက်ဆုတ်သွားရသလို ..မျက်နှာဖုံးရှင်၏ သွေးနီလက်ဝါးကြောင့်လည်း သူတို့အဖွဲ့ အသက်ဘေးနှင့်အကြိမ်ကြိမ်ကြုံခဲ့ရသည်.. ဒီလိုနှင့်သိုင်းကွက်များပင် နှစ်ရာနီးနီးသို့ ရောက်ရှိလာလေပြီ..
ထိုသည်ကိုမြင်လိုက်သော ယွဲ့ကျိုးက သူ၏နဘေးမှ ဆောင်ကျင့်ဖုန်းအား
''ကျင့်ဖုန်း.. ဒီအတိုင်းဆို တိုက်ပွဲကအရမ်းကြာနေလိမ့်အုံးမယ် ... သူတို့တွေ သဲသဲမဲမဲ ဖြစ်နေကြတုန်း ဒို့ဆရာတပည့်နှစ်ယောက်အတွင်းအားဆက်နေတဲ့ ဟိုလေးယောက်ကို လက်ဦးအောင်သွားလုပ်ကြံကြအုံးစို့ .. ''
အတွင်းအားသုံးရလွန်း၍ခေါင်းတွင် အငွေ့ဖြူများထောင်းထောင်းထနေသော အတွင်းအားဆက်နေသည့်လေးယောက်အား ဆောင်ကျင့်ဖုန်းက ကြည့်လိုက်ပြီး ဆရာကဲ့သို့ ယုတ်ကန်းသူပီပီ..
''ဟုတ်တယ်ဆရာကြီး ဒီချိန်မှမလုပ်ရင် နောက်ကျသွားလိမ့်မယ် .. ဘုန်းကြီးကိုပဲချန်ထားပြီး ကျန်သုံးယောက်ကို အသေလုပ်ခဲ့မှ .. မဟုတ်ရင် မီးခိုးကြွက်လျှောက်လိုက်လာနိုင်တယ် .. ''
ယွဲ့ကျိုးက သူ၏ကျောက်မျက်ရတနာများစီချယ်ထားသော ဆောင်ဓါးကို လက်ဖြင့်ပွတ်သပ်လိုက်ကာ ..
''ကိုင်း ပြောနေကြာရော့မယ် ..မိုးရွာတုန်းလေး ပြေးလို့ရေခံလိုက်ကြအုံးစို့ .'ဟီးဟီးဟီးဟီး..''
အကြံပက်စက်သူဆရာတပည့်နှစ်ယောက်သည် ဟွားဟွားတို့လူစုအား ရှောင်ကွင်းကာ ကျောက်ရုပ်သဖွယ်ငြိမ်သက်နေကြသူများထံသို့ သူခိုးခြေလှမ်းမျိုးဖြင့် တဖြည်းဖြည်းကပ်သွားလိုက်ကြသည်...
အတွင်းအားဆက်နေသူများကတော့ သူတို့အနီးသို့ သေမင်း၏ဘက်တော်သားများ ချဉ်းကပ်လာသည်ကို မသိကြ .. အတွင်းအား ဆက်ခြင်း၏ အရေးကြီးသောအပိုင်းသို့ရောက်နေသဖြင့် စိတ်အာရုံကိုထိုအထဲ၌သာ စူးစိုက်ကာနေ၏..
အားကွေ့သည် ကိုယ်အတွင်းမှအတွင်းအားလှိုင်းများကို ဂရုတစိုက်ပို့လွတ် နေရာမှ ဆဌမအာရုံ၏နိုးဆော်မှုအရ ဂုတ်ဆီမှမွှေးညှင်းလေးများ ထောင်ထလာပြီး ကျောတပြင်လုံးကြက်သီးဖြန်းဖြန်းထလာသဖြင့်..
''ဟင်.. ဘယ်လိုဖြစ်တာပါလိမ့် .. တခုခုတော့တခုခုပဲ .. အန္တရာယ်နိမိတ်ပြ နေတာလားမသိဘူး .. ခက်တာက အတွင်းအားဆက်တာ နိဂုံးပိုင်းကိုရောက်လာပြီ ငါလည့်ကြည့်လိုက်တာနဲ့ ဆရာတော်ရောငါတို့ရော အကုန်လုံးဒုက္ခ ရောက်ကုန်တော့မယ် .. သေကာမှသေရော ယောင်္ကျားပဲကွာ ..ကိုယ်ကတဲ့ဇာတ်ကို ကိုယ်ပြီးအောင်လျှောက်မယ်.. ''
ဟုတစ်ယောက်ထဲတွေးကာ စိတ်ဒုန်းဒုန်းချ၍ လုံးဝနောက်မလည့်ဘဲ နေနေ၏ ... အကယ်၍သာ သူနောက်လည့်ကြည့်မည်ဆိုလျှင်တော့ နှစ်တောင်ခန့် ရှည်လျားသော ထက်မြိနေသည့် ဓါးသွားတစ်လက်က သူ၏ကျောပြင်အား ဖောက်ထွင်းရန် တရွေ့ရွေ့နီးကပ်လာသည်ကို တွေ့မြင်ရမည်ဖြစ်လေသည်...
အားကွေ့၏ ကျောပြင်အား သံမဏိဓါးဖြင့်ထိုးသွင်းရန်ပြုလုပ်နေသူကတော့ ဆောင်ကျင့်ဖုန်းပင်ဖြစ်၏ ... ဆောင်ကျင့်ဖုန်းသည် လူတစ်ယောက်၏နောက်ကျော အားဓါးဖြင့်ထိုးသွင်းရန် မည်သည့်အခါကမျှ ၀န်မလေးခဲ့ဘူးသော်လည်း ယခုတွင်မူ မည်သည့်အတွက်ကြောင့်မသိ သူ၏လက်များတုန်ယင်နေသကဲ့သို့ ကိုင်ထားရသည့် ဓါးမှာလည်း ခါတိုင်းထက်အဆပေါင်းများစွာလေးလံနေသလို ခံစားနေရသည် ..
နဖူးတွင်ချွေးသီးချွေးပေါက်များသီးကာ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသော ဆောင်ကျင့်ဖုန်းအား နားမလည်နိုင်သော မျက်လုံးများနှင့်ကြည့်နေသူကတော့ ယွဲ့ကျိုးပင် .. ဆရာရင်းတပည့်မို့ ဆောင်ကျင့်ဖုန်းအကြောင်း အူခါးချေးမ မကျန်သိသော ယွဲ့ကျိုးမှာ တပည့်ဖြစ်သူ ထိုင်းမှိုင်းနေသည်ကို အားမရစွာဖြင့် ရှေ့ဆက်ထိုးရန် လက်ဟန်ခြေဟန်ပြနေသည်..
ဆောင်ကျင့်ဖုန်းမှာ ဆရာဖြစ်သူအား လေးခါမြောက်လည့်ကြည့်ပြီးနောက် မျက်စိစုံမှိတ်၍ အားကွေ့၏ကျောပြင်သို့ ဓါးဖြင့် အားရပါးရထိုးစိုက်ချလိုက်၏...
''ထန်း....'''
''ထန်း....''
''ချလွမ်..''
ကျောပြင်နှင့်ဓါး ထိရန်စပါးလုံးတစ်ထောက်မျှအလိုတွင် တောအုပ်အတွင်းမှ လက်နက်ပုန်းများက ဆောင်ကျင့်ဖုန်းနှင့် ယွဲ့ကျိုးတို့ထံ အရှိန်အဟုန်ပြင်းပြင်းဖြင့် ၀င်ရောက်လာ၍ ဆရာတပည့်နှစ်ယောက် အသက်နှင့်ကိုယ်အိုးစားမကွဲစေရန် အသဲအသန်ပက်ထုတ်ကာကွယ်လိုက်ရသည်..
ယွဲ့ကျိုးမှာ အသွေးတလက်လက်တောက်ပနေသည့် တစ်ဖက်သွားဓါးကြီးကို ဝှေ့ရမ်းနေရင်းဖြင့် ...
''ငါ့အလုပ်ကို ၀င်ရှုပ်တဲ့ သဘောက်မသားက ဘယ်သူလည်းကွ ..သတ္တိရှိရင် ရှေ့ထွက်လာခဲ့ .. လောကမှာတဖက်သားကို အလစ်ချောင်းပစ်တဲ့သူလောက် ရှက်စရာကောင်းတဲ့အလုပ်မရှိတော့ဘူးကွ..''
''ခစ်ခစ်ခစ်ခစ်.. နောက်ကြောကနေဓါးနဲ့ထိုးတာကတော့ ရှက်စရာကောင်းတဲ့ အလုပ်မဟုတ်ဘူးပေါ့လေ.. မှတ်သားလောက်ပါပေတယ် ဇရပ်ရှင်ကြီးရယ်..'''
ကျယ်လောင်စူးရှသောအသံနှင့်အတူ လူတစ်စု တောစပ်မှထွက်လာခဲ့သည်.. ထိုအဖွဲ့ထွက်လာခြင်းကြောင့် မျက်နှာဖုံးရှင်နှင့်ဟွားဟွားတို့၏တိုက်ပွဲမှာ အလိုလိုရပ်တန့်သွား၏..
ဟွားဟွားမှာ တောစပ်ကထွက်လာသော လူစုထဲမှ လူလေးယောက်ကိုမြင်လျှင် အရည်လဲ့နေသော မျက်ဝန်းလေး တဖြတ်ဖြတ်တောက်ပသွားကာ ..
''ဦးကြီးကျောက် .. အကိုလိုင်လိုင် .. အကိုအားဖုန် ..အကိုအားချန်..''
ရှိုက်သံပါသော ဟွားဟွား၏အသံက မြင်းဖြူတောင်ကုန်းအားလွမ်းခြုံသွားသည်..
ထို့နောက် ပျော်ရွှင်လွန်းသဖြင့် သတိလက်လွတ်ပြေးသွားမည် အပြု... သွားကျိုးက သူမ၏၀ဲဘက်လက်ကို လှမ်းဆွဲလိုက်ပြီး..
''နေအုံး ဟွားဟွား .. နင်သွားရင် ဟိုလူကြီးက ငြိမ်နေမှာမဟုတ်ဘူး .. ပြီးတော့ အကိုအားကွေ့ပြောထားတာမေ့သွားပြီလား နင့်ဦးကြီးနဲ့နင့်အကိုတွေ ဆေးမိထားတာ ဖြစ်မယ်ဆိုတာ .. ''
သွားကျိုးသတိပေးလိုက်မှ ပြန်လည်အမှတ်ရသွားပြီး သူမ၏ဦးကြီးကျောက် တို့ကို သေသေချာချာကြည့်မိသည်.. မှန်၏ ဦးကြီးကျောက်တို့က သူမလှမ်းခေါ်လိုက်သည်ကိုပင် အရေးမစိုက် တချက်မှ လှမ်းမကြည့်ဘဲ ပုံမှန်အတိုင်းသာ လျှောက်လှမ်းလာနေ၏...
ဟွားဟွားသည် သူမအား အမြဲအရိပ်တကြည့်ကြည့် အနွံတာခံနေကြ ဦးကြီးနှင့်အကိုဖြစ်သူ၏ စိမ်းကားသည့်အမူအယာကြောင့် ဦးကြီးကျောက်တို့ စိတ်ပြောင်းနေ၍ ပုံမုန်မဟုတ်ဟုသိသည့်တိုင် လက်မခံလိုသဖြင့် ပုလဲဥသဖွယ် မျက်ရည်စများက အတားဆီးမဲ့စွာ ပါးပြင်ပေါ်သို့လိမ့်ဆင်းလာကြသည်.. ထို့နောက်
''ဦးကြီးကျောက် ..ဟွားဟွားလေ .. စိတ်ကောက်အိုးလေ .. မမှတ်မိတော့ဘူးလား..အကိုလိုင်လိုင် ..အကိုအားဖုန် အကိုအားချန် ..ညီမလေးဟွားဟွားကိုတောင် မေ့သွားပြီးလား ..အဟင့် အဟင့်''
သနားစဖွယ်ဟစ်အော်ငိုနေသော်လည်း ဦးကြီးကျောက်တို့ကတော့ တုံဏိဘာဝေပင် နောဇာနာမိ ငါမသိလုပ်နေကြ၏...
''ဟင်း..ဟင်း..ဟင်း..ဟင်း.. မိန်းကလေး နင်အသံပြဲကြီးနဲ့ အော်ငိုမနေနဲ့ ..နင့်ဦးကြီးတို့က နင့်ကိုမှတ်မိဖို့နေနေသာသာ သူတို့စိတ်ကိုတောင်သူတို့ မပိုင်တော့ဘူး ..ဒီအချိန်မှာ သူတို့သိတာဆိုလို့ ငါတစ်ယောက်ထဲပဲရှိတယ်..''
ထိုစကားကို လှမ်းပြောလိုက်သူကတော့ ဦးကြီးကျောက်တို့လူစုအား ဦးဆောင်လာသည့် အနီရောင်ဝတ်စုံဝတ် အဖွားကြီးတစ်ယောက်ပင်... လွန်ကဲစွာ ချယ်သထားသော အနှီအဖွားကြီးကတော့ သိုင်းလောက၏နာမည်ကျော် သွေးစွန်းကဝေထန်စူးစူးပင်မဟုတ်ပါလား... ထန်စူးစူး ... သူမသည် မြေအောက်ဈေး အတွင်းမှ မည်သည့်အတွက်ကြောင့် ထိုတောင်ကုန်းကိုရောက်လာသနည်း ... မည်သည့်အတွက်ကြောင့် သူမနှင့်ယှဉ်ပြိုင်ဘက်မဟုတ်သူ အဝေးလက်သီးကျောက်ကျူးထင်အား ဖမ်းဆီးနိုင်ခဲ့သနည်းဟုဆိုသော် .. အမှောင်နန်းတော်သခင်မလေးကြောင့်ဟုဆိုသော် မမှားနိုင်ပါ...
အမှောင်နန်းတော်သခင်မလေးမှာ နဖူးတွင်ရွှေရောင်အစက်နှင့်လူကို ရှာဖွေဖမ်းဆီးရန် ရှောင်မိန်အား မြေပြန့်သို့စေလွတ်လိုက်သော်လည်း သိုင်းလောကနှင့်သိပ်မရင်းနှီးသောရှောင်မိန်ကို စိတ်မချသည်နှင့် သိုင်းလောကနှင့် ရင်းနှီးသူအား ထပ်မံစေလွတ်ရန်အတွေးဝင်လာသဖြင့် ထန်စူးစူးကို စေလွတ်လိုက်ရာ ယခုကဲ့သို့ သပွတ်အူ ဇာတ်လမ်းဖြစ်ပေါ်လာခြင်းပင်...
အမှောင်သခင်မလေးလိုအတွေ့အကြုံနုနယ်သူတစ်ယောက်အဖို့ ထန်စူးစူးဟူသော အမျိုးသမီးသည်ကား မည်သည့်အကြောင်းနှင့်မှ ယုံစား၍မရဟု သဘောမပေါက်ရှာသူမို့ ထန်စူးစူးတောင်းဆိုသမျှ လူသူ..ဆေးဝါးနှင့် ရွှေငွေများကိုပါ ပေးလိုက်သေး၏..
ထန်စူးစူးမှာ ကနဦးကတော့ သခင်မလေးရှာခိုင်းသော လူအား လိုက်လံ ရှာဖွေပါသေး၏ .. ၀ူချောင်မြို့တွင် သတင်းစုံစမ်း၍ တုံးမင်သို့ထွက်အလာ လမ်းခုလတ်ရွာတစ်ရွာ၌ ကျောက်ကျူးထင်တို့အဖွဲ့နှင့်အတွေ့တွင် မစွမ်းရင်းက ကန်ဇွန်းခင်းငြိခဲ့သူများဖြစ်၍ တိုက်ပွဲဖြစ်ကြလေသည် ..
ပုံမှန်အားဖြင့်ဆိုလျှင် ထန်စူးစူးမှာ ကျောက်ကျူးထင်ဟူသော အမည်ကြားသည်နှင့် ဝေးရာသို့ထွက်ပြေးသွားမည်ဖြစ်သော်လည်း ထိုအချိန်တွင်တော့ သူမဖက်၌ မိုးကြိုးဓါးလွေစု ..ကျောက်စိမ်းနဂါးတင်းပေ.. အမှောင်နန်းတော်မှ လက်ရွေးစဉ်သိုင်းသမားနှစ်ယောက်အပြင် စွမ်းအားမြင့် အောက်လမ်းဆေးဝါးများ ပါနေရာ ရှောင်တိမ်းရန်မစဉ်းစားတော့ဘဲ ထိပ်တိုက်ရင်ဆိုင် လေ၏ ...
စိုင်ကော်၍ခြုံပေါ်ရောက်ချင်တော့ တိုက်ခိုက်ရင်းနှင့်မှ ကျောက်ကျူးထင်တို့ လေးယောက်စလုံး အတွင်းအားလျော့နည်းနေသည်ကို အံ့သြစဖွယ်တွေ့လိုက်ရသည် .. အမှန်တော့ ကျောက်ကျူးထင်တို့မှာ ၀တ်ရုံနက်(ဟွားဟွားအားဖမ်းခေါ်သွားသူ) ၏ မေ့ဆေးအရှိန်ကြောင့် အတွင်းအားသုံးပုံနှစ်ပုံပျောက်ဆုံးနေ၍ဖြစ်သည်..
သူတို့နှစ်ဖွဲ့တိုက်ပွဲမှာ အမွှေးတိုင်တစ်တိုင်ကုန်စာမျှမကြာပါ.. ခဏခြင်းနှင့်ပင် လက်ရဖမ်းဆီးနိုင်ခဲ့သည် .. သူမတို့ဖက်က ဆုံးရှုံးမှုဟူ၍ အမှောင်နန်းတော်မှ သိုင်းသမားတစ်ယောက် လိုင်လိုင်၏ဓါးချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်သာ ရှိ၏...
ထန်စူးစူးမှာကျောက်ကျူးထင်တို့အားမိလျှင်မိခြင်း အမှောင်သခင်မလေး ပေးလိုက်သော ကိုယ်ပြောင်းစိတ်ခွာဆေးတဖုံဆီတိုက်လိုက်ရာ ထိုလေးယောက်စလုံး သူမကြိုးဆွဲရာကရာရှာသည့် ရုပ်သေးရုပ်ကဲ့သို့ဖြစ်ကုန်ကြခြင်းပင်..
ထိုမှတုံးမင်တို့ခရီးအဆက် .. မုစန်းသိုင်းပါရဂူ၏သိုင်းကျမ်းသတင်း အနံ့ရလေရာ ပင်မခရီစဉ်အားဖျက်၍ နေပြည်တော်သို့ရောက်လာကြခြင်းပင်... သိုင်းသမားအများစု တောင်ခြေတွင် စခန်းချကြသော်လည်း မိန်းမလည်ထန်စူးစူးကမူ မြို့ထဲတွင်သာ ခြေကုပ်ယူ၍ တောင်ပေါ်သို့နောက်ကျမှတက်လာခဲ့သည် .. သူမတို့ အဖွဲ့တောင်ပေါ်သို့အရောက်တွင်မှ အားကွေ့တို့က နေပြည်တော်သို့အ၀င်သာ ရှိသေး၏ ...
ထို့ကြောင့် ထန်စူးစူးတို့မှာ လူမဲကြီးများနှင့်ပြည်မသိုင်းသမားများ တိုက်ပွဲ ပုဝူးလူသွဲ့ ..လော်ကျင်းထျန်နှင့် ဘုံကျောင်းဆရာတော်တိုက်ပွဲတို့တင်မက ပြည်မသိုင်းသမားများနှင့် နတ်ရွှေနဂါးဂိုဏ်းတိုက်ပွဲကိုပါ မီလိုက်သေးသည် .. သို့သော်လည်း မပိုင်လျှင်မည်သည်မျှမလုပ်လိုသော ထန်စူးစူးမှာ မည်သည့်အဖွဲ့နှင့်မှ တိုက်ခိုက်ခြင်းမပြု ..တောအုပ်အတွင်း၌သာပုန်း၍ အခွင့်ကောင်းကိုချောင်းမြောင်းကာ နေနေသည်...
ယင်းအခိုက် သူမရှာဖွေနေသည့် နဖူးတွင်ရွှေရောင်အစက်နှင့်သူငယ်ကို တွေ့ရလေရာ မုန့်စားရင်းလည်းစီး ရသော အဖြစ်ဟုပင် မြည်တမ်းလိုက်သေး၏... ထိုသူငယ်ကိုသာ ဖမ်းဆီးမိလျှင်ဖြင့် အမှောင်သခင်မလေးထံမှ သူမလိုရာ ထပ်မံ တောင်းဆို၍ ရအုံးမည်မဟုတ်တုံလော ...
သို့သော် ထိုလူငယ်က သူမထင်ထားသည်ထက် အဆပေါင်းများစွာ သိုင်းပညာကောင်းသည့်အပြင် ဉာဏ်ရည်ဉာဏ်သွေးကလည်း ထက်မြက်သေးသည် .. သူမတို့အဖွဲ့ .. မဟာမိတ်ဂိုဏ်းသားများအဖွဲ့ ပုန်းအောင်းနေသည်ကိုပင် ခန့်မှန်းနိုင်ခဲ့သည် မဟုတ်လား ..
ဤသို့ဖြင့်လက်ရဖမ်းဆီးရန် အခက်ကြုံနေခိုက် လူမဲကြီးများလက်ချက်ဖြင့် ထိုသူငယ် ဘ၀ဆုံးခါနီးတွင် ၀ိညဉ်နူတ်လက်နက်ပုန်းဖြင့် ပစ်ပေါက် အကူအညီ ပေးလိုက်ရသေး၏ ..မေတ္တာရှိလွန်း၍တော့မဟုတ် ထိုသူငယ်သေလျှင် သူမအတွက် လာဒ်လာဘ ပိတ်သွားမည်စိုး၍ဖြစ်သည် .. ယခုလည်း ဆောင်ကျင့်ဖုန်း၏ လက်ချက်ဖြင့် အသက်ထွက်သွားမည်စိုးသဖြင့် သူမကိုယ်တိုင် လူလုံးထွက်ပြရခြင်းသာ .....
မထွက်လိုဘဲထွက်လာရသော်လည်း အခြေအနေတရပ်လုံးကို သုံးသပ်ကြည့်လျှင်ဖြင့် သူမတို့ဘက်က အစစအရာရာ သာနေသည့် အသွင်ရှိရာ ထန်စူးစူးကတော့ ခပ်မာမာပင်...
ဟွားဟွားကသူမ၏ဦးကြီးနှင့်အကိုများအား စိတ်ပြောင်းအောင်ပြုလုပ်ထား သော အနီရောင်ဝတ်အဖွားကြီးအား မီးတောက်လုလု မျက်ဝန်းအစုံဖြင့်ကြည့်ကာ ..
''အဖွားကြီး .. အခုချက်ခြင်း ကျွန်မဦးကြီးတို့ကို နဂိုစိတ်အတိုင်းဖြစ်အောင် ပြန်လုပ်ပေး ..မလုပ်ပေးရင်တော့ ရှင်အသက်ရှင်ရမယ်မထင်နဲ့ ..''
ထန်စူးစူးက သူမအား ချိမ်းခြောက်ကျိန်းမောင်းနေသည့် ကုမ္မာရီအရွယ် မိန်းကလေးငယ်ကို ကြည့်ပြီး သဘောကျသလို ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း
''ဒီမယ်ကလေးမ နင့်ကြည့်ရတာ နို့နံ့တောင် စင်အုံးမှာမဟုတ်သေးဘူး .. ဒီလောက်အရွယ်လေးနဲ့ ငါ့ကိုချိန်းခြောက်ရဲသေးတယ် .. ငါ့နာမည်က သွေးစွန်းကဝေ တဲ့မှတ်ထား .. ငါသတ်လာတဲ့လူက နင့်အသက်ရဲ့ဆယ်ဆမကဘူး .. နင့်ဦးကြီးတို့ နင့်အကိုတို့တောင် ငါ့လက်ထဲရောက်နေမင့်ဟာ .. နင့်လောက်ကတော့ ငါ့ခြေသန်းတောင် သတ်ပစ်ရတယ်သိလား..''
ဟွားဟွားမှာ စိတ်ထက်လွန်းသူပီပီ အဖွားကြီးထံခုန်ဝင်မည်ပြုနေ၍ သွားကျိုး တရှုံးနှင့်ကြုံလောက်တို့မှာ အတင်းဆွဲထားရသည် .. ထိုမြင်ကွင်းကို ကြည့်၍ ပီတိဖြစ်နေသူကတော့ မျက်နှာဖုံးတပ်ဆင်ထားသော သွေးဘီလူးပင် ..
''အောက် အီး အီး အီး အွတ် ..''
တောတွင်းဆီမှ လင်းကြက်တွန်သံနှင့်အတူ နေမင်းကြီးပင် အရှေ့ဘက် တောင်တန်းများအပေါ် ခေါင်းထိုးတင်ကာ ရောင်စဉ်တန်းများကို လောကကြီးအား ဖြန့်ကျက်ရန် တာဆူနေလျှက်ရှိသည် ..... အိပ်တန်းတက်နေရာမှ နိုးထလာသော ငှက်များကလည်း မိမိတို့ ၀မ်းစာဖြည့်တင်းရန်အတွက် ဟိုဟိုဒီဒီဝဲပျံကာ တနေ့တာခရီးကို လျှောက်လမ်းရန် အသင့်ပြင်နေကြ၏ .. ပြည့်ဝလုံးဝန်းလာသည့်အခါ သန်းခေါင်ယံတွင် လင်းထိန်မြဲဖြစ်သည့် လမင်းကြီးကတော့ နေမင်းကြီးကို ရှက်ရွံ့၍ထင်သည် တိမ်လွှာထုထဲ ၀င်ရောက်ကာ နှစ်မြှပ်သွားလေတော့သည်..
သို့ကလို လောကဓါတ်ကြီးတစ်ခုလုံး သာယာနေသည့်တိုင် သာသနာ့နယ်မြေတစ်ဖြစ်လည်း မြင်းဖြူဘုံကျောင်းတောင်ပေါ်တွင်တော့ တဖက်နှင့်တဖက် သတ်ရန်ဖြတ်ရန် စောင်းမြောင်းနေလျှက် ရှိကြတော့၏...
======================
ကိုင်းဗျာ .... ဇာတ်ကိုတော့ ရှုံ့လိုက်ပြီ ...
ဖတ်ရတာ ကသီသွားလည်း မတတ်နိုင်ဘူးရယ် ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၁B
ယင်းသို့တဖက်နှင့်တဖက်အချေအတင်ဖြစ်နေခိုက် ယွဲ့ကျိုးနှင့် တပည့်ဖြစ်သူမှာ သူတို့အပေါ်မည်သူမှ အာရုံမရှိတော့ဟု ယူဆကာ နဂိုကြံစည်ရင်းဖြစ်သည့် အားကွေ့..ဘဘဟုန်းနှင့်ဘကြီးနန်တို့အား ဆက်လက် လုပ်ကြံရန် အားထုတ်ကြတော့၏.. ယခုအခါတွင်တော့ ဆောင်ကျင့်ဖုန်းအား မခိုင်းစေတော့ဘဲ ယွဲ့ကျိုးကိုယ်တိုင်ပင်လုပ်ဆောင်လေသည်..
''''ရွှပ်....'''
'''၀ှီး...''''
ဓါးရောင် ၀င်းကနဲတောက်ပသွားသည်နှင့်အတူ မြန်ဆန်တိကျသော ဓါးသွားက အားကွေ့၏ဦးခေါင်းအား ထက်ခြမ်းခွဲထွက်သွားစေရနစ အပေါ်မှ မိုးကျလာ၏...
အားကွေ့ကငယ်ထိပ်ဆီမှ လေတိုးသံကြောင့် သူအားတစ်ယောက်ယောက် တိုက်ခိုက်လာပြီဆိုတာ သိလိုက်သည် .. ထိုဓါးချက်အား ရှောင်ဖယ်လိုက်လျှင် ဘုံကျောင်းဆရာတော်အတွက် ဒါဏ်ရာကုသရန် ကြိုးစားထားသမျှ အဟောသိကံ ဖြစ်မည်စိုးသဖြင့် မိမိအသက်ကို ပေလယျကံ ပြုကာ ရှောင်ဖယ်ရန်မစဉ်းစားတော့ဘဲ ဖြစ်သမျှအကြောင်း အကောင်းဟူ၍သာ သဘောပိုက်၍ ပြုမြဲအလုပ်ကိုသာ ပြုကာနေ၏...
ယွဲ့ကျိုးမှာ ဆောင်ကျင့်ဖုန်းဓါးဖြင့်ထိုးသကဲ့သို့ အသံတိတ်လုပ်ကြံခြင်း မဟုတ်ဘဲ အတွင်းအားအပြည့်ပါဝင်သော ခုတ်ချက်မို့ အသံကျယ်ကြီး ထွက်ပေါ်လာရာ စကားစစ်ထိုးနေကြသော တစ်ဖွဲ့လုံး၏နားဝသို့ ချည်းနင်း ၀င်လာခဲ့သည်..
တွေ့လိုက်ရသောမြင်ကွင်းကြောင့် သွေးဘီလူးမှာ ၀မ်းသာသွားသော်လည်း ထန်စူးစူးကမူ ရင်ထဲတွင် ထိတ်ကနဲဖြစ်သွား၏.. သွားပြီ သတိထားရမည့်သူကို လွတ်ပေးထားမှုကြောင့် သူမ၏ရွှေအိုးကြီးကွဲလေပြီ..ထိုမျှ မြန်ဆန်လွန်းသော ဓါးချက်ကိုတော့ သူမမည်ကဲ့သို့မျှ အကာအကွယ်ပေးနိုင်မည် မထင် ...
သွားကျိုးနှင့်ဟွားဟွားတို့ကမူ မျက်နှာတစ်ခုလုံးသွေးဆုတ်ဖြူရော်သွားကာ ခံစားချက်ပေါင်းစုံကြောင့် နှလုံးသွေးများရပ်တန့်သွားသည်နှယ် ဖြစ်ကုန်သည်..
သူတို့လူစုမည်ကဲ့သို့ ခံစားနေရသည်ဖြစ်စေ လေထုကိုထိုးခွဲကာ နိမ့်ဆင်းလာသော ဓါးချက်ကတော့ သခင်စေလိုသည့်အတိုင်း ဆက်လက် ရွေ့လျားနေသည်ပင်.. သို့သော်ဓါးသွား အားကွေ့၏ဦးခေါင်းသို့ထိရန် တစ်တောင်ခန့် အလိုတွင်..
''ယား.....'' ဟူသောကျုံးဝါးသံကြီးနှင့်အတူ မြေပြင်ပေါ်မှ အရိပ်တစ်ခု ကုံး ထလာကာ အရှိန်ပြင်းပြင်းခုတ်ချလာသော ဓါးသွားအား လက်ဖြင့် ဖမ်းဆုပ်လိုက်လေ၏...
''ဖြန်း ...''
''ဇွိ ....''
''အ.. ''
မျက်စိတမှတ်အတွင်း ဖြစ်ပွားသွားသော အဖြစ်အပျက်က ရပ်ကြည့်နေသော လူအပေါင်း၏စိတ်အာရုံကို အပြောင်းအလည်း အများကြီး ပေးစွမ်းသွားသည်..
ဟွားဟွားမှာ ယွဲ့ကျိုး၏ ဓါးသွားကို ဖမ်းကိုင်ထားသူအား ကြည့်၍ ..
''ဟင်... ဒက်ပေါ...''
ဟုတ်ပါ၏ .. ထိုလူရိပ်မှာ ဒက်ပေါမှ ဒက်ပေါအစစ်ပင်.. ဒက်ပေါသည် ဆေးရှိန်ကြောင့် အိပ်ပျော်နေရာမှ အလွန်အမင်းရေငတ်လာသဖြင့် ယောင်ရမ်း နိုးလာပြီး မျက်စိအဖွင့်တွင် အားကွေ့၏ခေါင်းပေါ်သို့ ကျရောက်လာသော ဓါးသွားကို မြင်လိုက်ရသည်.. ထိုဓါးချက်ကိုတွေ့လိုက်သည်နှင့် မိမိ တကိုယ်လုံးတဆစ်ဆစ် ကိုက်ခဲနေသည်ကိုပင် မေ့လျော့သွားကာ ရှိသမျှအားကုန်သုံး၍ ခုန်ထလိုက်ပြီး ယွဲ့ကျိုး၏ဓါးသွားကို လှမ်းဖမ်းဆုပ်လိုက်ခြင်းဖြစ်၏... စိတ်ဆောင်နေသဖြင့်သာ ဓါးသွားကိုလက်ဖြင့် ဖမ်းဆုပ်လိုက်နိုင်သည် နံရိုးခြောက်ချောင်းကျိုးကာ ပုခုံးတွင် တူဖြင့်အထုခံထားရ၍ အတွင်းအားပုံမှန်မဖြစ်သေးသောကြောင့် ဓါးသွားမှာ အောက်သို့ ဆက်လက်နိမ့်ဆင်းလာကာဒက်ပေါ၏ ၀ဲဘက်လက်ညိုးနှင့် ၀ဲဘက်လယ်ခလယ်နှစ်ချောင်းအားပြတ်တောက်သွားစေသည်.. ဒက်ပေါမှာ အသည်းခိုက်အောင်နာကျင်နေသည့်ကြားမှ ဓါးသွားအားကျန်လက်ချောင်းများနှင့် ဆက်လက်ဆုပ်ကိုင်ထားဆဲ...
ယွဲ့ကျိုးသည် သူလုံးဝသတိမထားမိသော လူတစ်ယောက်က အမှတ်တမဲ့ ခုန်ထလာပြီး ဓါးသွားအားဖမ်းဆုပ်လာသဖြင့် ဒေါအပွကြီးပွကာ ထိုငနဲသားအား ယာခြေဖြင့် ရင်ဝသို့ဆောင့်ကန်လိုက်လေသည်..
''၀ှီး....'''
''ဗုန်း..''
ဒက်ပေါမှာ ကံကောင်းသည်လား ကံဆိုးသည်လားတော့မသိ ခြေကန်ချက် သူ့အားမထိခင်ပင် တကိုယ်လုံးတုန်ခါသွားပြီး အားအင်များရုတ်တရက်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ဗုန်းကနဲလဲကျသွား၏.. လဲကျသွားသော ဒက်ပေါမှာ မြေကြီးနှင့် အထိတွင် ကျိုးနေသော နံရိုးများလှုပ်ရှားသွားသောကြောင့် အာခေါင်ခြစ်အော်ဟစ် လိုက်ြပီး ထပ်မံသတိကင်းလွတ်သွားလေသည်..
အားကွေ့မှာ သူ၏ဆန့်တန်းထားသော လက်မောင်းပေါ်သို့ ဒုတ်ချောင်းကဲ့သို့အရာနှစ်ခုပြုတ်ကျလာသဖြင့် မျက်စိဖွင့်ကြည့်လိုက်ရာ သွေးများပေပွနေသော လက်ချောင်းနှစ်ချောင်းနှစ်ချောင်း ကိုတွေ့လိုက်ရသည် .. တဆက်ထဲမှာပင် သူ၏ခေါင်းပေါ်သို့လည်း ခပ်ပြစ်ပြစ်နှင့်ပူနွေးသော အရည်များ စီးကျလာသဖြင့် သွေးများဟုရိပ်မိလိုက်လေ၏..
ယင်းအခိုက် .. ဒက်ပေါ၏နာကျည်းသောအော်သံ ကြားလိုက်ရသောကြောင့် အားကွေ့မှာ အခြေအနေကိုတွက်ဆမိပြီးနောက် သူ့တွင်ရှိသမျှ အတွင်းအား အကုန်လုံးကို ရှေ့ဆီမှဘကြီးနန်ကိုယ်အတွင်းရိုက်ထည့်လိုက်ပြီး ခုန်ထလိုက်လေသည်..
ယွဲ့ကျိုးက လဲကျသွားသော ဒက်ပေါအား လက်စတုန်းလုဆဲဆဲတွင် အားကွေ့ခုန်ထလာသဖြင့် လိပ်ပြာလွင့်လုမတတ်ကြောက်ရွံ့သွားကာနောက်သို့ ခြောက်လံမျှအထိခုန်ဆုတ်သွားလေ၏...
ဆရာဖြစ်သူ၏ အမူအယာကြောင့် ဆောင့်ကျင့်ဖုန်းကလည်း ငိုချင်ရက်လက်တို့လိုက်သကဲ့သို့ ဖြစ်သွားပြီး နောက်လှည့်ပြေးတော့သည်..
သွေးအလူးလူးနှင့်မီးဝင်းဝင်းတောက်နေသော မျက်လုံးတို့ကြောင့် အားကွေ့၏ရုပ်သွင်မှာ နာနာဘာဝ ၀ိနာဘာဝတို့ထက်ပင် ကြောက်စရာကောင်းလှ၏ ..
အားကွေ့မှာ အံကြိတ်ထားသောကြောင့် ကြွက်သားအမြောင်းမြောင်းနှင့် လည်တိုင်ဝယ် အကြောများထောင်ထနေကာ ပီဘိသားရဲတစ်ကောင်လားပင်...
ယွဲ့ကျိုးမှာ အားကွေ့အားကြည့်ကာ လန့်နေသောကြောင့်
သူရဲကောင်းဇရပ်ပိုင်ရှင်ဟူသော ဘွဲ့ထူးကိုပင် မထောက်နိုင်ဘဲ အသံတုန်တုန်နှင့်..
''မင်း...မင်း ကို ငါ ..ငါ ဘာမှမလုပ်ရသေးဘူးနော်.. သွား သွား ..ငါ့ဆီမလာနဲ့ ..''
ဟူ၍တတွတ်တွတ် အော်မြည်ကာ ဓါးကိုဟိုရမ်းဒီရမ်းလုပ်၍ အရူးကြီးတစ်ယောက်နှယ် နောက်ဆုတ် နောက်ဆုတ်ကာနေ၏..
အားကွေ့ကတော့ မည်သည့်စကားမှ မဆို ယွဲ့ကျိုးဆီသို့သာ တလှမ်းခြင်း လျှောက်လှမ်းနေသည် .. ယွဲ့ကျိုးကလည်း မည်သည့်အတွက်ကြောင့်မှန်းမသိ သားရဲသဖွယ် ထိုလူငယ်၏အကြည့်ကြောင့် ညို့ချက်မိထားသူလို တိုက်ခိုက်ရန်လည်းမေ့ ထွက်ပြေးရန်လည်း မေ့လျော့နေမိ၏..
အားကွေ့မှာ ယွဲ့ကျိုးအနားသို့ လျှောက်လှမ်းလာရင်း ခြေလှမ်း ဆယ့်ငါးလှမ်းမျှအရောက်...
''ဝေါ့...''
ဟူသောအသံထွက်လာပြီးပါးစပ်အတွင်းမှ သွေးများကိုအန်ထုတ်လိုက်သည် ...
အမှန်စစ်စစ်အားကွေ့တစ်ယောက် အတွင်းအားဆက်နေရာမှ ခုန်ထလိုက်ခြင်းကြောင့် အတွင်းဒါဏ်ရာရသွားခြင်းဖြစ်၏... တခြားလူဆိုလျှင် ဘကြီးနန်..ဘဘဟုန်းနှင့်ဘုံကျောင်းဆရာတော်တို့၏ အတွင်းအား တန်ပြန်ကန်တွန်း မှုဖြင့် နှလုံးကွဲကာ သေပွဲဝင်ရရှာမည်ဖြစ်သော်လည်း ..အားကွေ့မှာ လေးဆသက်ရောက်အတွင်းအားကျင့်ထားသူဖြစ်သည်ကတစ်ကြောင်း အသည်းကွဲတောင်ကြား၏ သွေးကြောပြောင်းပြန်စီးဆင်းရာတို့လို ကိုယ်ခံအားမြင့် သိုင်းပညာရပ်တို့ ကို ကျေညှက်နေသူဖြစ်၍တစ်ကြောင်း အတွင်းဒါဏ်ရသွားသည်မှ အပ အသက်သေဆုံးသည့်အဖြစ်သို့ မရောက်ခြင်းဖြစ်လေသည်..
ယွဲ့ကျိုးသည် ငါးရံပြာလူးသလို တဖြတ်ဖြတ်ခါ ကြောက်နေရမှ အားကွေ့တွင် အတွင်းဒါဏ်ရာ ရနေမှန်းလည်းသိသွားသဖြင့် ယောက်ခမအိမ်က အမွေရသွားသူတစ်ယောက်သဖွယ် ပျော်ရွှင်မြူးတူးသွားပြီး...
''ဟားဟားဟားဟား .. ငါ့မှာ တကယ်တော့ စာခြောက်ရုပ်ကို ဘီလူးထင်နေတာကိုးကွ .. ဘယ်ကဟုတ်မလဲ မင်းကမြွေပွေးကွက်နဲ့ ရေမြွေဖြစ်နေတာပဲ .. ဒါမျိုးကတော့ ယွဲ့ကျိုးတို့က ဆယ်ယောက်လာလည်း မကြောက်ဘူးကွ....'''
ဟူ၍ မရှက်စတမ်း ကျုံးဝါးပြီးလျှင် .. သူအားထားရသော ယွဲ့မျိုးတို့၏ စင်္ကြာဓါးသိုင်းဖြင့် အားကွေ့အား ၀င်ရောက်တိုက်ခိုက်လေတော့သည်....
''ဒီတစ်ခေါက်တော့ တကယ်သေပေတော့ ဖိုးကံကောင်းရေ..''
''၀ှမ်း...၀ှမ်း..၀ှမ်း..''
လေထုလှိုင်းထသံနှင့်အတူ အဖြူရောင်ဓါးစက်ဝန်းကြီးက အားကွေ့၏ ကိုယ်ခန္ဓာအား အပိုင်းပိုင်းဖြတ်တောက်ရန် တိုးဝင်လာခဲ့၏ .. အားကွေ့ကတော့ ရင်ဝတစ်ခုလုံး အောင့်နေသည့်တိုင် ဓါးကွက်များ၏ သဘာဝကိုနှောကြေနေသူပီပီ အနှီစင်္ကြသဖွယ်လည်ပတ်နေသောဓါးသွားသည် မည်သည်ကအတု မည်သည်က အစစ်ဟူ၍ ခွဲခြားနိုင်သေးရာ ကိုယ်ဟန်သုံးမျိုးမျှ ပြောင်းလဲလိုက်သည်နှင့် အလိုလို တိမ်းရှောင်ပြီးသားဖြစ်သွားသည်. ..
ယွဲ့ကျိုးကလည်း ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နှင့်ပြင်မရှိပါဟူသည့် ထုံး နှလုံးမူလျှက် ပထမဓါးချက်လွဲသွားသည်နှင့် ဒုတိယ တတိယ စတုတ္ထ အစရှိသည့် နောက်ဆက်တွဲ ဓါးချက်များကို ဆက်လက်ဖော်ထုတ်လိုက်၏..
''ယား... ဟိတ်.. ''
''၀ှီး...၀ှီး ..၀ှစ်..''
တ၀ှီဝှီလည်ပတ်၍ လေးနေရာခွဲဝင်လာသည့် စင်္ကြာသိုင်းကွက်အား အားကွေ့မှာ ယခုတစ်ခေါက်တွင်တော့ တိမ်းရှောင်ခြင်း မပြု ... ရှေ့သို့ ခြေတလှမ်း လှမ်းတိုးလိုက်ကာ အင်္ကျီလက်စဖြင့် ရိုက်ထုတ်လိုက်သည် ..
'' ဖြန်း....''
ယွဲ့ကျိုးမှာ အားကွေ့၏အတွင်းအားကန်အားကြောင့် လက်ထဲမှ ဓါး မလွတ်ကျသွားရန် အလောထိန်းလိုက်ရပြီး...
''အလို .. ဒီကောင် အတွင်းဒါဏ်ရာရထားလို့သာ တော်ရချည်သေးရဲ့ .. မဟုတ်ရင် ငါ့အသက် ဆယ်ချောင်းရှိရင်တောင် လောက်မှာမဟုတ်ဘူး .. အခုချိန်မှာမှ သေအောင်မသတ်နိုင်ရင် နောင်များ ငါအိပ်ယာထတိုင်း ကိုယ့်ခေါင်းကိုကိုယ် ပြန်ပြန်စမ်းနေရတော့မယ် .. မဖြစ်ချေဘူး အတွင်းအား အကုန်ထုတ်တိုက်မှ ...''
ဟုအတွေးပေါက်ပြီးနောက် သူ့ဘ၀တစ်လျှောက်လုံးဆည်းပူးထားသမျှ ဓါးပညာ ..ရှိသမျှ အတွင်းအားတို့ကို သက်စောင့်မျှသာ ချန်ရစ်ပြီး အကုန်ထုတ်သုံးတော့၏...
''ရော့ကွာ ..''
''၀ှီး...၀ှီး..''
''ဖြန်း...ဖြန်း...ဖြန်း..''
အားကွေ့မှာ အတွင်းအားအပြည့်အ၀အသုံးမပြုနိုင်သေးသောကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေရာမှ
''တောက် .. ငါ့အတွင်းအား ဆယ်ပုံငါးပုံသာ ထုတ်သုံးလို့ကြည့် ဒီယွဲ့မျိုး ကို သိုင်းကွက်နှစ်ဆယ်အတွင်း လက်နက်မပါဘဲ ခေါင်းတစ်ခြား ကိုယ်တခြား ဖြစ်အောင်လုပ်လို့ရတယ် .. အခုတော့ သိုင်းကွက်ငါးဆယ်တောင်ကျော်လာပြီ .. အင်း ဒီလူကြီး ငါငယ်ငယ်က သူရဲကောင်းဇရပ်မှာတွေ့တုန်းကထက်စာရင်တော့ ဓါးသိုင်း ပိုထက်မြက်လာတယ် ...''
အတွေးမဆုံးသေးခင် သူ၏၀ဲဘက်ပုခုံးသို့ ပိုင်းခုတ်လာသော ဓါးချက်ကို အင်္ကျီလက်စဖြင့်ရိုက်ထုတ်ပြီးနောက်...
''ဟုတ်ပြီ .. အနက်ရောင်လောက အနီရောင်အခန်းသိုင်းကျမ်းထဲမှာ နဂါးကျော့ကွင်းဆိုတဲ့အပျော့သိုင်းကွက်အမျိုးအစား သိုင်းတစ်ခုရှိတယ် .. အင်္ကျီလက်စ ..ကြိုး ..ကျာပွတ် ...ပုဝါ တို့လို အပျော့စားလက်နက်ကိုသုံးပြီး အမာလက်နက်တွေကို ဆွဲဖြုတ်လွှင့်ပစ်တဲ့သိုင်းကွက် .. အဲ့သိုင်းကွက်သုံးရမယ် ..''
စိတ်ကူးထဲတွင် ပေါ်လာသော သိုင်းကွက်ကို အသုံးပြုရန် အတွေးပေါ်မိသော်လည်း လေ့လာမှတ်သားထားသည်က များလွန်းလှ၍ ရုတ်တရက် အသုံးမပြုနိုင်သေးဘဲ ဆက်လက်စဉ်းစားနေရသေးသည်.. ထိုစဉ်သူ့ကို သိုင်းပညာနှင့်ပတ်သက်၍ အမြဲလမ်းညွှန်ပေးတတ်သော ဘဘထင်းလွေ၏ စကားအား နားထဲတွင်ပြန်ကြားယောင်လာမိကာ...
''ငါအသက်မသေဘဲ ဒီတောင်ကုန်းပေါ်ကဆင်းသွားနိုင်တဲ့နောက်တော့ ငါ့တတ်ထားသမျှ သိုင်းပညာအကုန်လုံးကို အချိန်ပေးပြီး ပြန်ဆန်းစစ်ရတော့မယ် .. ငါ့အဖြစ်က ဘဘထင်းလွေ ပြောသလို ငါးသိုင်းများပြီး ဟင်းဟုန်နေပြီ .. တတ်ထားတဲ့ သိုင်းတွေက များလွန်းတော့ ရုတ်တရက်အရေးကြုံလာတဲ့အခါ ဟိုဟာနိုးနိုးဒီဟာနိုးနိုး ရောထွေးကုန်တယ် .. ဒါကြောင့်မို့ငါ့မှာနိုင်ခြေရှိရက်နဲ့မနိုင်တဲ့ တိုက်ပွဲတွေများနေတာ''
အားကွေ့တွေဝေနေသည်ကို အခွင့်ကောင်းယူကာ အချောင်သမား ယွဲ့ကျိုးက အသက်မရှူတမ်းပင် တရပ်စပ်တိုက်ခိုက်လေသည်..
''ယား...''
''၀ှစ်...၀ှစ်...၀ှစ်..''
''ဖြန်း...ဖြန်း..ဖြန်း..ဖြန်း..''
အားကွေ့မှာ မြန်ဆန်ပြင်းထန်လှသော ဓါးချက်များကြောင့် အတွေးတို့ကိုရပ်ဆိုင်းလိုက်ပြီး အသဲအသန်ပင် ကာကွယ်ပုတ်ထုတ်လိုက်ရ၏... သူတို့၏တိုက်ပွဲမှာ အသည်းတစ်ယားယားနှင့်ရင်ဖိုဖွယ်ကောင်းလှသောကြောင့် အတွင်းအားဆက်နေသူ အဖိုးကြီးသုံးယောက်မှလွဲ၍ တောင်ပေါ်ရှိလူကုန်မှာ မျက်တောင်မခတ်တမ်းငေးမောကြည့်နေမိကြသည်...
ယင်းအခိုက် အားကွေ့မှာ ....
''ဟားဟားဟားဟား ...မှတ်မိပြီဟေ့... ရော့စမ်း လာပြီ ...နဂါးကျော့ကွင်း သိုင်းကွက် ..''
''ဖြန်း...''
''ချလွမ်...''
==================
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၁C
အားကွေ့မှာနူတ်ဖြားမှကြွေးကျော်သံနှင့်အတူ သူ၏ကိုယ်ခန္ဓာအား လေထဲတွင် အလျားလိုက်လဲချပြီး မွတ်မွတ်လည်အောင် လည့်ပတ်လိုက်သည် .. တဆက်ထဲမှာပင် သူ၏အင်္ကျီလက်စဖြင့် ယွဲ့ကျိုး၏တဖက်ဓါးအား အသွားကိုရှောင်ကာ အထူပိုင်းမှရစ်ပတ်ဆွဲယူလိုက်၏... ယွဲ့ကျိုးကလည်း သမ္ဘာရင့် သိုင်းသမားတစ်ယောက်ဖြစ်သည်မို့ ဓါးကိုရစ်ပတ်ထားသည့် အင်္ကျီလက်စအား ဓါးသွားပြောင်းပြန်လန်ကာ မိမိဘက်သို့ဆွဲယူ၍ ဖြတ်တောက်ရန်ကျိုးစား လိုက်သေးသည် .. နဂါးကျော့ကွင်းသိုင်းကွက်၏လိုရင်းမှာလည်း ထိုသို့ပြုလုပ်ရန် အကွက်ဆင်ထားသည်ဖြစ်ရာ ..အားကွေ့က ယွဲ့ကျိုး အသွားလှန်ပြီး ပြန်ဆွဲလိုက်သည်နှင့် သူ၏အားကိုလျော့ချပေးလိုက်၏..
ထိုအခါအားကွေ့မှာ ဓါးနှင့်အင်္ကျီစပတ်လျက်သားနှင့်ပင် ယွဲ့ကျိုးဆွဲခေါ်ရာသို့ အလိုက်သင့်မျောပါသွားသည် .. ကြားထဲကကို့ယို့ကားယား ဖြစ်သွားသည်က ယွဲ့ကျိုးပင်.. ဓါးကိုဆက်ကိုင်ထားလျှင် အားကွေ့ကသူ့အားဝင်ဆောင့်တော့မည် .. ပြန်လည်တိုက်ခိုက်ရန်လည်း သူ့တွင်အဆင်သင့်ဖြစ်မနေ .. ထို့ထက်ပိုဆိုးသည်က သူ၏အတွင်းအားတစ်ခုလုံးဓါးသွားထဲသို့ အပြည့်အ၀ပုံထည့်ထားသည်ဖြစ်သဖြင့် အကယ်၍ တုံပြန်နိုင်လျှင်တောင် အားကွေ့မှာ မည်သို့မျှခံစားလိုက်ရမည်မဟုတ် .. သူသာ နာပေလိမ့်မည် ..
ယွဲ့ကျိုးအတွက် ရွေးချယ်စရာကတစ်ခုထဲသာရှိတော့သောကြောင့် လက်ထဲမှဓါးအား လွတ်ချပြီး နောက်သို့ခုန်ဆုတ်သွားလေတော့သည် .. အားကွေ့မှာ သူဆင်ထားသည့် အတိုင်း ဖြစ်လာ၍ ..
''ဟားဟားဟားဟား ...သူရဲကောင်းဇရပ်ပိုင်ရှင်ကြီး ..ခင်ဗျားရဲ့ အဖိုးတန်ဓါး ကတော့ မြေမှာ ခ နေပြီ ..သိပ်မကြာခင် ခင်ဗျားရဲ့ခေါင်း ပြုတ်ကျသွားဖို့ပဲ ကျန်တော့ သဗျာ .. ''
ယွဲ့ကျိုးမှာ ထိုစကားကြောင့် မျက်နှာတစ်ခုလုံးမည်းမှောင်သွားကာ ..
''ကောင်းပြီ .. ဘယ်သူ့ခေါင်းပြုတ်ကျမလဲ ကြည့်ရသေးတာပေါ့..''
ယွဲ့ကျိုးတစ်ယောက် အရှက်ကြီးရှက်သွားသဖြင့် ကြောက်ရွံ့စိတ်ပင် ဘယ်ထွက်ပြေးသွားပြီမသိ .. သူသိသည်မှာ အားကွေ့ဟူသော ငနဲသားအား လောကအတွင်းမှ ထုတ်ပယ်လိုစိတ်တစ်ခုသာရှိတော့သည်..
အားကွေ့ကတော့ သူ၏ပင်ကိုယ်ဟန်အတိုင်း ခပ်ထေ့ထေ့ပြုံးရင်း..
''ခင်ဗျားက အောက်ကလည်းနေသေး ကြောက်ပြီလားလို့လဲ မေးသေးတယ် ..ကိုင်း ခင်ဗျားမှာ အဲ့လိုလုပ်နိုင်မယ့် အစွမ်းရှိရင်လည်း လာခဲ့ဗျာ .. ခုနကလို နောက်မဆုတ်ကြေး....'''
ရိသဲ့သဲ့အပြောအဆုံးတွင် .. ယွဲ့ကျိုးက သူ၏ရှိသမျှ အတွင်းအားတို့ကို ညစ်ထုတ်ရင်း အားကွေ့အား လက်ဝါးဖြင့်လှမ်းရိုက်လိုက်သည်..
''၀ှီး...၀ှစ်..''
လေတိုးသံနှင့်အတူ ယွဲ့ကျိုးဆီမှ ညှီစို့စို့အနံ့တစ်မျိုးရလျှင် အားကွေ့ မျက်နှာ ကွက်ကနဲပျက်သွားပြီး နောက်သို့ခုန်ဆုတ်ကာ လဲကျနေသောဒက်ပေါ၏ သွေးကြောရှစ်နေရာကိုလှမ်းပိတ်ပြီးလျှင်..
''အားလုံးသတိထားကြဟေ့ .. လူယုတ်မာကြီးက အဆိပ်ခုနှစ်မျိုးလက်ဝါး သုံးလိုက်တာ .. '''
ဟုကွင်းထဲရှိလူများအား အော်ဟစ်သတိပေးလိုက်၏
အတွေ့အကြုံရင့်ကျက်ပြီး သတိကြီးမားသော ထန်စူးစူးမှာ သူ့အဖွဲ့အား လက်ပြနောက်ဆုတ်ခိုင်းပြီးနောက် သူမယူဆောင်လာသော အဆိပ်ဖြေဆေးများကို တစ်ယောက်ချင်းတိုက်လိုက်သည်..
ဟွားဟွားတို့ကလည်း အဆိပ်ခုနှစ်မျိုးလက်ဝါး၏အစွမ်းကို မသိသော်ငြား အားကွေ့၏သတိပေးစကား ..ထန်စူးစူး၏အမူအယာတို့ကြောင့် လွန်စွာကြောက်မက်ဖွယ်ကောင်းမည်ဟု ရိပ်မိလိုက်သဖြင့် သွေးဘီလူးအား ၀ိုင်းရံခြင်းမှ စွန့်လွတ်ကာ နောက်သို့ ဆယ်လှမ်းမျှ ဆုတ်သွားလိုက်ကြ၏...
ထိုသို့နောက်ဆုတ်နေရင်းနှင့်မှ ဟိုက်ထုံးဂိုဏ်းခွဲမှူးဟောင်း တရှုံးက သွားကျိုးလက်ထဲသို့ အနီရောင်ဆေးလုံးများထည့်ပေးရင်း..
''ညီနောင်သွားကျိုး .. ဒီဆေးလုံးတွေက ငါတို့ဟိုက်ထုံးဂိုဏ်းရဲ့ အဆင့်မြင့် အဆိပ်ဖြေဆေးတွေပဲ .. အဆိပ်ခုနှစ်မျိုးလက်ဝါးရဲ့ အာနိသင်ကို အရှင်းမပျောက်ဘူး ဆိုရင်တောင် အကာအကွယ်တော့ ပေးနိုင်မယ်ထင်တယ် .. တစ်ယောက်တစ်လုံးစီ ဝေရင်းသောက်ခိုင်းလိုက်ရင်ကောင်းမယ်...''
သွားကျိုးကလည်း အချိန်မဆိုင်းပေ .. သူကိုတိုင်တစ်လုံးသောက်ပြီးနောက် ကျန်အဖွဲ့သားများ တစ်ယောက်တစ်လုံးစီဝေငလိုက်သည်..
အဖွဲ့နှစ်ဖွဲ့စလုံး အသီးသီးကာကွယ်မှုများပြုလုပ်ချိန်တွင် အားကွေ့တစ်ယောက်မှာ ယွဲ့ကျိုးနှင့်သူတပြန်ကိုယ်တပြန်တိုက်ခိုက်နေလေ၏..
သူ့အတွက်တော့ အဆိပ်ခုနှစ်မျိုးလက်ဝါးအား တားဆီးရန် မည်သည့်ဆေးဝါးအကူမှ မလိုအပ်ပါ ..
''၀ှစ်...၀ှစ်...၀ှစ်...'''
''ဖြောင်း...ဖြောင်း..''
ယွဲ့ကျိုးမှာ သွေးဘီလူးထံမှ အဆိပ်ခုနှစ်မျိုးလက်ဝါးသိုင်းအား ပြီးပြည့်စုံအောင်သင်ကြားတတ်မြောက်ထားပုံရ၏.. အတွင်းအားတဆင့်မြင့်လိုက်တိုင်း အဆိပ်ရနံ့က ထောင်းထောင်းထအောင် ထွက်ပေါ်လာသည် ... အားကွေ့ကလည်း ပါးကိုက်လျှင်နားပြန်ကိုက်မည်ဟူသော မူဝါဒကို လက်ကိုင်ထားသူမို့ နရန်ဂိုဏ်း၏ သရဲအရိပ်ခြေထောက်သိုင်းဖြင့် ပြန်လည်တုံ့ပြန်လိုက်၏.. သို့နှင့် လျှို့ဝှက်အောက်လမ်းသိုင်းပညာခြင်း ဖလှယ်သည့် ပြိုင်ပွဲသဘောမျိုးသက်ရောက် သွားလေသည်... အားကွေ့၏ခြေကန်ချက်များက အရိပ်ပေါင်းထောင်ချီ သောင်းချီ ထွက်နေသလို ယွဲ့ကျိုး၏အဆိပ်ခုနှစ်မျိုးလက်ဝါးရိုက်ချက်များကလည်း သူတို့နှစ်ယောက်အားခြုံလွှမ်းထားသကဲ့သို့ရှိ၏...
အကယ်၍သာ ပြည်မသိုင်းသမားများ စောင့်ကြည့်မေမည်ဆိုပါက သိုင်းလောကဂုဏ်ဆောင် သူရဲကောင်းဇရပ်၏ပိုင်ရှင်ဖြစ်သူမှာ အဘယ်ကြောင့် ထိုမျှရက်စက်ယုတ်မာသောသိုင်းပညာအား လေ့ကျင့်ထားသနည်းဟူ၍ မေးခွန်းထုတ်ကြမည်မှာ မလွဲမသေပင်..
ထို့အတွက် ကာယကံရှင်ဖြစ်သော ယွဲ့ကျိုးထံတွင် လုံလောက်သော အဖြေရှိပါသည် .. ယွဲ့အိမ်တော်ပိုင်ရှင် အစဉ်အဆက်တိုင်းသည် သိုင်းလောကတွင် လွန်စွာထင်ရှားကျော်ကြားကြပြီး လူတိုင်း၏ရိုသေလေးစားခြင်းကိုခံကြရ၏ .. သို့သော် ဖခင်ဖြစ်သူယွဲ့ထန်ထံမှ အိမ်တော်ဂုဏ်ပုဒ်ကို သူလက်ခံယူခဲ့ပြီးသည့်
နောက်ပိုင်း ယွဲ့အိမ်တော်၏အရှိန်အ၀ါမှာ တရိပ်ရိပ်နှင့်ကျဆင်းလာခဲ့သည် ... သုံးဂိုဏ်းသုံးအိမ်တော် မဟာမိတ်အဖွဲ့ထဲဝင်ပါလိုက်မှ နေရာတနေရာပြန်ရလာ၏.. ထိုအဖြစ်မှာ ယွဲ့ကျိုးလိုဂုဏ်ရှိန်ဂုဏ်ဝါမက်မောသူအတွက် ထိုးနှက်ချက်တခုပင်... ဖြစ်နိုင်လျှင်သူ့စွမ်းသူစနှင့်သာ ကျော်ကြားလိုသည်..ပူးတွဲအနေဖြင့် နေရာတစ်နေရာ အတွက် တွယ်ကပ်နေရသော အဖြစ်မျိုးကို သူလုံးလုံး မလိုလား ..
ထိုအခါ သူ့ကိုယ်သူလိုအပ်ချက်များကို ပြန်လည်သုံးသပ်ရာဝယ် ..သူ၏ အားနည်းချက်မှာ သိုင်းပညာညံ့ဖြင်းခြင်းဟူ၍ အဖြေထွက်လာသည်...သို့သော် သူ၏အသက်အရွယ်မှာ လွန်စွာကြီးရင့်နေသည်ဖြစ်ရာ လောကတွင်အစွမ်းအထက်ဆုံး ဟူသည့်သိုင်းပညာကို ကျင့်ကြံမှသာ ပေါက်ရောက်နိုင်တော့မည်ဟု စိတ်လက်မသာမယာဖြစ်နေခိုက် တပည့်ကျော်ဆောင်ကျင့်ဖုန်း၏ အားထုတ်ချက်အရ သွေးဘီလူးနှင့်အပေးအယူလုပ်ပြီးနောက် အောက်လမ်းသိုင်းပညာတို့ကို အပတ်တကုတ်ကျင့်လေတော့သည်..
သူဝူချောင်မင်္ဂလာပွဲတွင် သွားကျိုးလက်ချက်မိရခြင်းမှာ အောက်လမ်းသိုင်းပညာများကို တမင်အသုံးမပြုခြင်းကြောင့်ပင် .. သူ့အနေနှင့် ၀ှက်ဖဲ ချန်ထားမှ လာမည့် မဟာမိတ်အပြီးသတ်ခေါင်းဆောင် ရွေးချယ်ပွဲတွင် ကျန်ခေါင်းဆောင်ငါးယောက်ကို အနိုင်ရမည်မဟုတ်လား ..
ယခုတော့အားကွေ့ကြောင့် သူနှစ်ပေါင်းများစွာ လျှို့ဝှက်ထားသော အောက်လမ်းသိုင်းများ ပွင့်အန်ထုတ်ကုန်လေပြီ... ရှက်စိတ်နာကျည်းစိတ်တို့က တကိုယ်လုံးအနှံ့စီးမျောနေသဖြင့် အားကွေ့အားတိုက်ခိုက်ရာတွင် နွားသိုးပြတ်သည့် သဖွယ်ဖြစ်နေတော့သည်..သူ့တကိုယ်လုံးတွင် ချွေးမှတဆင့်အငွေ့ပြန်ထွက်နေသည့် အမည်းရောင်အဆိပ်ငွေ့များက တဟုန်းဟုန်းထနေသည်..
''၀ှီး....၀ှစ်...၀ှစ်..''
''ဖောင်း..ဖောင်း..ဖောင်း..''
အားကွေ့ကလည်း သူ၏သရဲအရိပ်ခြေထောက်ဖြင့်အရိပ်ပင်မမြင်ရလောက်အောင် တိုက်ခိုက်နေ၏.. ဟွားဟွားတို့မှာ အမဲရောင်အခိုးငွေ့လုံးကြီးနှင့် တစ်ချက်တစ်ချက် ၀င်းကနဲဝင်းကနဲဖြစ်နေသော ရွှေရောင်အလင်းကိုသာ တွေ့မြင်နေရသည်.. ထိုအချိန်တွင် ယွဲ့ကျိုးက အားကွေ့ရင်ဘတ်သို့ ရွယ်ကာ စုံလက်ဝါးဖြင့် တွန်းထုတ်လိုက်၏ .. အားကွေ့က ဘယ်ခြေကိုတစ်ဖက်ထဲထောက်ကာ ကိုယ်ခန္ဓာအား ဂျင်ကဲ့သို့ လည်ပတ်၍ ထိုစုံလက်ဝါးအား ယာခြေဖြင့် ခတ်ထုတ်လိုက်ရာ...
''၀ှီး'.၀ှီး..''
''ဘုန်း...ဟုန်း..''
လက်နှင့်ခြေအတွေ့၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်လာပြီး
ယွဲ့ကျိုး၏ လက်မှအဆိပ်အခိုးများက ကွင်းထဲသို့ ပြန့်လွင့်ကာသွားသည်.. ထိုအငွေ့ ဖြတ်သန်းသွားရာ တစ်လျှောက် ခြုံဖုတ်နှင့်မြက်ပင်များ တရှဲရှဲနှင့်မြည်ကာ ညိုးရော် သွားသည့်အပြင် အငွေ့အဖျားခတ်မှုကြောင့် ဟွားဟွားတို့လူစုမှာ အဆိပ်ဖြေဆေး သောက်ထားသည့်တိုင် မူးဝေကာသွား၏..
အားကွေ့က ရေရှည်တိုက်နေလျှင် သူ့အတွက်မထောင်းသာမှန်း သိသော်လည်း ဟွားဟွားတို့မှာ ခံနိုင်ရည်မရှိနိုင်သဖြင့် ပြတ်သားသော အဖြေထွက်လာစေရန် သရဲအရိပ်သိုင်းအား နှစ်ဆင့်ခန့်မြင့်တင်ကာ ယွဲ့ကျိုးအား ဖိတိုက်ဖို့ဆုံးဖြတ်ချက်ချပြီးလျှင် ..
''လူယုတ်မာကြီးယွဲ့ .. သတိထားပြီးကာကွယ်ပေတော့ .. ''
ဟုအော်ဟစ်ကာ ကင်းမြီးကောက်ထောင်၍ ခြေအစုံဖြင့် ယွဲ့ကျိုး မျက်ခွက်အားကန်ကျောက်ပစ်လိုက်သည်..
''ဟာ ..''
''ဖြောင်း...'''
''အား....''
ယွဲ့ကျိုးမှာ ပွဲသိမ်းတိုက်ကွက်ထုတ်သုံးရန် ဟန်အပြင် ..ရုတ်တရက် အားကွေ့၏ခေါင်းပျောက်သွားသဖြင့် ကြောင်အအ ဖြစ်နေစဉ် ညစ်ပတ်ပေရေနေသော ခြေတဖက်မှာ မျက်နှာဆီသို့ ၀ဲပျံလာသဖြင့် ရှောင်တိမ်းရန်ကျိုးစားလိုက်သော်လည်း အနည်းငယ်နောက်ကျသွားသဖြင့် ယာဘက်ပါးတစ်ခြမ်းအား ထိမှန်သွားလေသည်.. ပါးရိုးတစ်ခုလုံးကျိုးကြေခြိုင့်ဝင်ကာ ချက်ခြင်းပင် ယာမျက်စိတစ်လုံး အမှောင်ဖုံးကာ သွား၍ စူးစူးဝါးဝါးအော်ဟစ်ပြီးလျှင် ...
''ငါ့မျက်လုံး...ငါ့မျက်လုံး...''
''ဟားဟားဟားဟား ..ရှာမနေနဲ့ ခင်ဗျားမျက်လုံးတစ်ဖက် ကျုပ်ခြေထောက်စာမိလို့ ကျွတ်ထွက်သွားပြီ ..ဒီတစ်ခါတော့ ခေါင်းကျွတ်ဖို့ပဲ ကျန်တယ်.... ရော့ဟေ့..''
ဟု ခပ်သော့သော့ပြောကာ ရှေ့ဂျွမ်းတစ်ပတ်ပစ်၍ ယွဲ့ကျိုး၏ဦးခေါင်းအား ဖနှောင့်ဖြင့်ပေါက်လိုက်သည်..
'''ယား...''
''၀ှီး..''
ခြေထောက်နှင့် ယွဲ့ကျိုးခေါင်း မမိတ်ဆက်ခင် ခဏအချိန်တွင်း၌ ငွေရောင်အလင်းတန်းတစ်ခုက ခြေထောက်ဆီ ပြေးဝင်လာသဖြင့် အားကွေ့ က လမ်းကြောင်းပြောင်းကာ ထိုအလင်းတန်းအား ခြေဖြင့်ကန်ထုတ်လိုက်ရ၏..
''ဖောင်း..''
''ဂျွတ်..''
ခြေဖြင့်ထိကာ ကွဲကြေသွားမှ မျက်နှာဖုံးတစ်ခုမှန်းသိလိုက်၍ ....
''ဟားဟားဟားဟား ..သွေးဘီလူး အခုတော့ ခင်ဗျားမျက်နှာဖုံးကို ချွတ်လိုက်ရပြီပေါ့...ဟုတ်စ''
အားကွေ့က မျက်နှာဖုံးကင်းမဲ့သွားသဖြင့် ရည်မွန်သော ရုပ်သွင်ပေါ်လာသော အဘိုးအိုဘက်သို့ လည့်ကာပြောလိုက်သည်..
အဘိုးအိုက အားကွေ့အား ပြုံးပြလိုက်ပြီး ..
''အင်း.. ဖုံးကွယ်လို့မရမှတော့ ၀န်ခံရုံမှတပါး အခြားမရှိတော့ဘူးပေါ့ကွာ .. ''
အားကွေ့ကအဘိုးအို၏အရှက်ပြေစကားအား သဘောတကျဖြစ်နေစဉ် .. အဘိုးအိုက ဆက်လက်၍ ...
''ငါ့ စိတ်ထဲမှာမင်းရဲ့ ပုံစံကို ရင်းနှီးနေတယ်လို့ ခံစားရတယ်ကွ .. ရုပ်ကိုမဖမ်းမိပေမယ့် မင်း အမူအယာက ငါသိတဲ့တစ်ယောက်နဲ့ တကယ်တူတယ် ..''
အားကွေ့က ပြုံးစိစိဖြင့်..
''ကျုပ်တို့ကျန်းနန်မှာ ဆုံဖူးကြပါတယ် .. ခင်ဗျားကမှတ်ဉာဏ် တော်တော်ကောင်းသားပဲ.. အဲ့တုန်းက ကျုပ်ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်သားအရွယ် ပဲရှိသေးတာ...''
သွေးဘီလူးက ခေါင်းရမ်းလိုက်ပြီး...
''မဟုတ်သေးဘူး.. မဟုတ်သေးဘူး ...အဲ့တုန်းကကို ပြောတာ မဟုတ်ဘူး .. အဲ့လူကလည်း မင်းလိုပဲ ..''
အားကွေ့က သူ၏နဖူးကို တချက်ကုတ်ကာ ..
''ဒါဆိုရင်တော့ ခင်ဗျားလူမှားတာပဲနေမှာပေါ့ .. ကျုပ်ကတော့ ခင်ဗျားကိုတွေ့ဖူးတာ ကျန်းနန်ရေကန်ကြီးနားမှာ ..အဲ့တုန်းက ခင်ဗျားကို ကျုပ်ရဲ့မွေးစားအဖေဘုန်းကြီးက ကောင်းကောင်းကြီး ဆုံးမလိုက်တာလေ.. အော် ..အခုမှ မှတ်မိတယ် ..ခင်ဗျားလက်ချက်နဲ့ ကျုပ်တောင် အသက်ထွက်ခါနီး ဖြစ်သွားသေးတယ် .. အခုကြုံတုန်းဆုံတုန်း အဲ့ရာဇ၀င်ကြွေးလေး ပြန်ဆပ်အုံးမှပဲ..''
သွေးဘီလူးကလက်ကိုဝှေ့ရမ်းလိုက်ရင်း..
''နောင်များ မင်းနဲ့ငါနဲ့ဆုံကြအုံးမှာပါကွာ .. အခုတော့ အချိန်မရှိတော့ဘူး ...သွားပြီဟေ့....''
''၀ှစ်...၀ှစ်...''
သွေးဘီလူးက ထိုသို့အော်ဟစ်လိုက်ပြီး မြေပြင်အား ခြေဖြင့်တစ်ချက် ဆောင့်လိုက်ပြီး နောက်ပြန်ခုန်ထွက်သွား၏.. ယင်းနောက် လေထဲ၌ပင် ကိုယ်ကို လှည့်ကာ ငှက်တစ်ကောင်အလား ပြေးသွားလေတော့သည်...
အားကွေ့ကသွေးဘီလူးလို သိုင်းသမားမျိုးက ထိုသို့ထွက်ပြေးသွားမည်ဟု မထင်မိထားသဖြင့် အံ့သြသွားရာမှ ..
''ဖွတ်.. ဟုတ်ပြီးရင်းဟုတ်ရဲ့နဲ့ ထွက်ပြေးသွားရတယ်လို့ .. ငကြောက်မှ တကယ့်ငကြောက် အဘိုးကြီး ... ''
ဟု ရေရွတ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်လျှင်..
''ဟင်.. ဟို ယွဲ့မျိုးလည်း ထွက်ပြေးသွားပြီဟ .. ဘယ်အချိန်ကတည်းက လစ်သွားသလည်း မသိဘူး .. မြန်လိုက်တာ..''
အမှန်တော့ သွေးဘီလူးမှာ ယွဲ့ကျိုးထွက်ပြေးခွင့်ရအောင် အားကွေ့အား တမင်အချိန်ဆွဲနေခြင်းဖြစ်သည် ..ယွဲ့ကျိုး လွတ်သွားပြီဆိုသည်နှင့် သူပါ ထွက်ပြေးသွားခြင်းပင်...
အားကွေ့မှာ သူအနပ်ခံလိုက်ရသဖြင့် ဒေါပွနေသည့်ကြားမှ ဒက်ပေါအား စစ်ဆေးကြည့်လိုက်ပြီး ..
''ဟူး...တော်သေးတယ်.. မသေသေးလို့ .. သွေးထွက်လွန်နေတာပဲရှိတယ် ...''
ထိုစဉ်
''ခစ်...ခစ်...ခစ်...ခစ်... မောင်လေးရေ ..မင်းကို မမတစ်ခု အကြံဉာဏ် ပေးချင်သကွဲ့...''
ဟူသော ငှက်ဆိုးထိုးသံကြီးက ထွက်ပေါ်လာသဖြင့် .. အားကွေ့ကအသံရှင်အားလှမ်းကြည့်၍ ..
''အင်း...ဒီ ထန်စူးစူးဆိုတဲ့ မိန်းမကြီးကိုတော့ လျော့တွက်လို့မဖြစ်ချေဘူး .. ဉာဏ်နီဉာဏ်နက်များတဲ့နေရာမှာတော့ ဖားပြုတ်အိုကြီးနဲ့ နင်လားငါလားလောက် ရှိတယ် .. အခုလည်း သူမပိုင်ဘဲနဲ့ တောင်ပေါ်ကိုတက်လာမယ်မထင်ဘူး .. ပြီးတော့ ဦးကြီးကျောက် အားဖုန် အားချင်တို့က သူ့လက်ထဲမှာ .. ငါကောင်းကောင်း သတိထားမှတော်ကာကျမယ်.. ''
ဟုကိုယ့်ကိုကိုယ် သတိပေးရင်း ..မျက်နှာကို အချိုပြုံးဆုံး အမူအယာ ပြောင်းကာ ...
''ပြောကြည့်ပါအုံး မမရဲ့အကြံအစည်ကို .. ''
ထန်စူးစူးမှာ အားကွေ့၏ ချိုသာသော တုံြ့ပန်မှုကြောင့် ကျေနပ်သွားသော်လည်း ဟွားဟွားမှာမူ ယမ်းပုံမီးကျ ဖြစ်၍ အားကွေ့အနားသို့ ပြေးလာပြီး...
''အကိုအားကွေ့ ..ရူးနေပြီလား ဒီအဖွားကြီးစကားကို ဘာလို့နားထောင် နေရအုံးမှာလည်း ..တွေ့တာနဲ့အရင်သတ်ပစ်ရမှာ ..ဦးကြီးကျောက်နဲ့ အကိုအားကွေ့ရဲ့ ညီ......''
''ဖတ်....''
ဟွားဟွားမှာစကားပြောနေရင်း တ၀က်တပျက်ဖြင့် ရပ်သွား၏.. ရပ်သွားသည်မှ အပြောရော လှုပ်ရှားမှုပါရပ်တန့်သွားခြင်းပင်.. ထိုသို့ရပ်သွားရသည်မှာ တကယ်တော့ အားကွေ့၏စနက်ဖြစ်သည် .. စကားပြော မဆင်ချင်သော ဟွားဟွားကြောင့် အားဖုန် အားချန်တို့နှင့် သူ၏ဆက်သွယ်မှုအား ထန်စူးစူးသိသွားလျှင် ဆိုးဝါးသော နောက်ဆက်တွဲ ပြသနာများဖြစ်လာနိုင်သည်မို့ စကားမဆုံးခင် သွေးကြောလှမ်းပိတ်လိုက်ခြင်း ဖြစ်၏ ..
ဟွားဟွားမှာပြေးလွှားနေရင်း အကြောပိတ်ခံလိုက်ရသည်မို့ ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျသွားသော်လည်း အားကွေ့ကအချိန်မီ ထိန်းပွေ့ထားနိုင်သဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားပါ...
အားကွေ့က ဟွားဟွားအား ပွေ့ရင်းနှင့်ပင်...
''စိတ်မရှိနဲ့ မမရေ. ..ကျွန်တော်ညီမက ကလေးသာသာရှိသေးတော့ စကားပြောမဆင်ချင်တတ်ဘူး .. အမိုက်အမဲအရွယ်ကပြောတဲ့ စကားမို့ ခွတ်လွတ်ပေးဖို့ ကျွန်တော် ကြားထဲကတောင်းပန်ပါတယ်ဗျာ ...''
ထန်စူးစူးမှာ ဉာဏ်များသည့်နေရာတွင် ထိပ်တန်းဖြစ်ရာ ဟွားဟွား၏စကားအပိုင်းအစ ကြားရုံနှင့်ပင် မည်သို့မည်ပုံအကွက်ရွှေ့ရမည်မှန်း သိသူမို့.
''ဟင်း...ဟင်း..ဟင်း..ဟင်း.. ကျောက်ကျူးထင်နဲ့ ပါလာတဲ့ သုံးယောက်ထဲက တစ်ယောက်ယောက်ကတော့ ဒီငနဲနဲ့ ပတ်သက်ပုံရတယ် .. အဲ့ဒါ ငါ့အတွက် ကံကောင်းတာပဲ .. ဒီငနဲရဲ့သိုင်းပညာက ငါထင်ထားတာထက် အများကြီး စွမ်းတယ် .. န၀င်းလက်ချောင်းတောက်ပညာနဲ့အဝေးကနေ ဟိုကောင်မလေးရဲ့ အကြောကိုပိတ်နိုင်တယ်ဆိုတော့ ထိပ်သီးအဆင့်တောင် လွန်နေပြီထင်တယ် .. အခုတော့ ငါ့မှာ နိုင်ကွက်တစ်ခုရှိပြီမို့ ဒင်းဘယ်လောက်ဉာဏ်များများ ဘယ်လောက် သိုင်းတော်တော် ငါ့လက်ထဲက ဘယ်ပြေးမလဲ..''
ဟုစိတ်ထဲတွင် တွေးတောလိုက်ပြီး ...ကျေနပ်စွာပြုံးကာ
''ရပါတယ် .. မောင်လေးရယ်.. မမက ဗွေမယူပါဘူး .. မမအကြံပေးချင်တယ်ဆိုတာက ဒီလိုကွဲ့....'''
92#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၉၂
ထန်စူးစူးက သူမ၏စကားကိုပိုအာရုံစိုက်မိစေရန် ခဏမျှရပ်ထားလိုက်ပြီးမှ
''ဆရာတော်ကို ထားထားပြီး မောင်လေးနဲ့ မောင်လေးအဖွဲ့သားတွေအကုန်လုံး ဒီတောင်ကုန်းပေါ်ကနေ အေးအေးဆေးဆေးဆင်းသွားရင် မမကမင်းကို တန်ဖိုးအရှိဆုံး ဆု ကိုပေးမယ်ဆိုတဲ့ အကြံပဲကွဲ့.. မင်းဘက်ကလည်း မနာ ..မမလည်း ဆိုရာဆန္ဒပြည့်ဝ ဒါဆိုနှစ်ဦး နှစ်ဖက်အဆင်ပြေမယ့် နည်းလမ်းပဲလေ..မကောင်းဘူးလား..''
''တန်ဖိုးအရှိဆုံးဆု ဟုတ်လား ..စိတ်ဝင်စားစရာပဲ အဲ့ဒါဘာများဖြစ်လိမ့်မလဲ..''
''ဟင်း..ဟင်း..ဟင်း..ဟင်း.. မောင်လေးလည်း ဉာဏ်အကောင်းသားပဲ ..စဉ်းစားကြည့်လေ မောင်လေးလို သန်မာထွားကျိုင်းတဲ့ ယောင်္ကျားသားအဖို့ တန်ဖိုးအရှိဆုံးဆုက ဘာဖြစ်မလဲဆိုတာ ..''
အားကွေ့က ခဏမျှစဉ်းစားလိုက်ပြီး....
''သန်မာထွားကျိုင်းတဲ့ ယောင်္ကျားလို့ပြောတော့ ဧကန္တ ကျွန်တော့်ကိုများ ကြင်ဖော်ရှာပေးမလို့လား...''
ထန်စူးစူးက အပျိုပေါက်လေးသဖွယ် အလွန်တရာရွှင်မြူးဟန်ဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ လက်ခုပ်လက်ဝါးတီးရင်း...
''ခစ်..ခစ်...ခစ်....ခစ်.. မောင်လေးက သိပ်တော်တာပဲ .. မမ ဘာပြောချင်သလဲဆိုတာ တခါထဲ တန်းခန့်မှန်းနိုင်တယ် ..ဟုတ်တယ် မောင်လေး မင်းကို မမက ကြင်ဖော်နဲ့အောင်သွယ်ပေးမလို့...''
အားကွေ့က မျက်ခုံးနှစ်ဖက်ကို တမင်ပင့်တင်လိုက်ပြီး..
''အင်း..မမလည်း အပွေးမြင်အပင်သိသူမို့ .. ကျွန်တော်က တော်ရုံတန်ရုံ မိန်းကလေးတွေကို စိတ်မ၀င်စားလောက်ဘူးဆိုတာ သိနေလောက်ရောပေါ့.. ''
''သိတာပေါ့ကွယ် .. မြင်းကောင်းဆိုတာ ကုန်နှီးကောင်းနဲ့လိုက်ဖက်တယ် ..သူရဲကောင်းမှန်ရင် လက်နက်ကောင်းနဲ့လိုက်ဖက်တယ် .. အရက်ကောင်းမှန်ရင် အမြည်းကောင်းနဲ့မှ လိုက်ဖက်တယ်လို့ ဆိုတာကိုး .. အခု မောင်လေးလိုလူမျိုး အတွက် သာမာန်ညောင်ည မိန်းကလေးနဲ့ လက်ဆက်ပေးဖို့ဖြစ်ပါ့မလား .. စိတ်ချကွဲ့ မမအခုမင်းနဲ့ အောင်သွယ်ပေးမယ့် မိန်းကလေးက တလောကလုံးမှာ ဘယ်သူမှ နှိုင်းယှဉ်လို့ မရနိုင်မယ့် အလှပိုင်ရှင် .. ဉာဏ်ရည်ကလည်း ထက်မြက် .. အသိုင်းအ၀ိုင်းကလည်း တောင့်တင်းတဲ့ အမျိုးထဲက..''
ထန်စူးစူး၏အဖြေစကားအား အားကွေ့ကစိတ်ဝင်စားသည့်ဟန်ဖြင့်..
''ဟဲ..ဟဲ..ဟဲ..ဟဲ ညွှန်းတဲ့အတိုင်းသာဆိုရင်တော့ နှစ်ခါပြန်စဉ်းစားစရာ မလိုတော့ဘူးဗျို့...ဒါပေမယ့် လက်တွေ့မမြင်ရသေးတော့ ချက်ခြင်းဆုံးဖြတ်လို့ မရသေးဘူး..''
ထန်စူးစူးက အားကွေ့အနီးသို့ကပ်လာရင်း..
''သွေးစွန်းကဝေ ထန်စူးစူးဆိုတဲ့ နာမည်ကို အပျက်ခံပြီး မောင်လေးကို လီဆယ်ပြောပါ့မလားကွယ် .. မိုးကောင်းကင်ကို သက်သေထားလို့ ကျိန်ဆို ကျိန်ရဲပါသေးရဲ့ မမပြောတဲ့ မိန်းကလေးလိုမျိုးလောကကြီးမှာနောက်တစ်ယောက် မရှိနိုင်တော့ဘူးကွဲ့...''
အားကွေ့ကပွေ့ချီထားသော ဟွားဟွားကို မြက်ခင်းပြင်သို့အသာချလိုက်ကာ ..
''မမပေးတဲ့ အကြံနဲ့အပေးအယူကို ကျွန်တော်လက်ခံချင်ပါတယ် ..ဒါပေမယ့် ''
အားကွေ့က အတွင်းအားဆက်နေသည့် ဘကြီးနန်နှင့်ဘဘဟုန်းတို့အား လက်ညိုးညွှန်လိုက်ပြီးနောက်..
''သူဖုန်းစားဂိုဏ်းရဲ့နာယကဆရာကြီးဟုန်းနဲ့ အရိပ်မဲ့လက် တတိယမြောက်ဓါးရှင်ဆရာကြီးနန်စွန်းကတော့ လက်သင့်ခံမယ်မထင်ဘူးဗျ .. မမလည်းသိုင်းလောကသားတစ်ယောက်ပဲ သူတို့နှစ်ယောက်ရဲ့သဘောထားနဲ့ သိုင်းအဆင့်ကို သိမှာပေါ့ .. ပြီးတော့ မမအကြံပေးသလိုပဲ ..ကျွန်တော်မမကို အကြံပြန်ပေးလိုက်မယ် .. အဲ့ဆရာကြီးနှစ်ပါး အတွင်းအားဆက်လို့မပြီးခင် မမတို့ တောင်အောက်ကို မြန်မြန်လေးဆင်းသွားဖို့ကောင်းတယ် ..မဟုတ်လို့ကတော့ သွေးစွန်းကဝေဆိုတဲ့ နာမည်လေးကို သိုင်းလောကမှာပြန်ရှာတွေ့ဖို့လွယ်တော့မှာ မဟုတ်ဘူး.. ''
ထန်စူးစူးက အဘိုးကြီးနှစ်ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြုံးစိစိလုပ်ကာ
''မောင်လေးကမမကို အထင်သေးနေတာကိုး .. သွေးစွန်းကဝေထန်စူးစူး ကဘယ်တော့မှ မသေချာပဲမလုပ်ဘူး..ဟောဒီမှာကြည့်..''
စကားနှင့်အတူ သူမအင်္ကျီလက်ကြားထဲမှ ကျောက်စိမ်းအိုးလေးကို ထုတ်ပြလိုက်သည်.. လက်တပြားစာအရွယ်ရှိသော ကျောက်စိမ်းအိုးသည် အောက်ပိုင်းလုံးဝန်း၍လည်ပင်းရှည်ကာ အနီရောင်ကတ္တီပါစဖြင့်အဖုံးကိုလုံအောင် ဖုံးထား၏..အောက်ဖက်တွင် လက်တစ်ဆစ်အရွယ်ခြေထောက်သုံးချောင်းပါရှိပြီး အသွေးလွန်စွာကောင်းသော ဟဲထျန်ကျောက်စိမ်းသားဖြင့်ပြုလုပ်ထားရာ အဖိုးနည်းလှမည်မဟုတ်ပေ.. အဖြူတပိုင်းအစိမ်းတပိုင်းအရောင်လဲ့နေသည့် ထိုအိုးပေါ်တွင် ဗျိုင်းနှစ်ကောင် ချယ်ရီပန်းခက်တစ်ခက်အားနှုတ်သီးဖြင့် ကိုက်ချီနေသည့်ပုံ ထွင်းထုထားသည်မှာ လက်ရာမြောက်လှသည်..
အားကွေ့မှာ ထိုလှပသောကျောက်စိမ်းအိုးကိုမြင်လျှင် မျက်စိမျက်နှာပျက်သွားပြီး နောက်သို့ခြေတလှမ်းဆုတ်၍ ..
''သေခြင်းရှင်ခြင်းသခင်ရဲ့ နွေဦးအိမ်မက်ဆိုး ကျောက်စိမ်းအိုးပါလား ..''
ထန်စူးစူးကသူမလက်ထဲမှ ကျောက်စိမ်းအိုးကို လေထဲတွင် ဝှေ့ရမ်းပြလိုက်ပြီး...
''ဟင်း..ဟင်း..ဟင်း..ဟင်း.. မောင်လေးက ဗဟုသုတတော်တော်လေးစုံ သားပဲ ..ဟုတ်တယ် ..ဒါ နွေဦးအိမ်မက်ဆိုး ကျောက်စိမ်းအိုးပဲ .. ဒီအိုးကို သိမှတော့ အဖုံးဖွင့်လိုက်တာနဲ့ ဘယ်လိုအာနိသင်မျိုးထွက်လာမလည်း ဘယ်လိုအကျိုးအပြစ်မျိုး ရှိမလဲဆိုတာ မင်းသိမှာပါ ..''
အားကွေ့မှာ ကျောက်စိမ်းအိုးကိုကြည့်၍ ဟန်ဆောင်ပြုံးပင် မပြုံးနိုင်တော့ဘဲ အကျပ်ရိုက်ကာနေသည် .. အားကွေ့ကဲ့သို့ လူမျိုးပင် လန့်နေရသော နွေဦးအိမ်မက်ဆိုးဟူသည့်ကျောက်စိမ်းအိုးမှာ ပန်းပေါင်းတစ်ထောင်တောင်ကြားရှင် သေခြင်းရှင်ခြင်းသခင် ပါ့ဝမ်းလီ၏ လက်ရာတစ်ခုဖြစ်လေ၏.. ပါ့ဝမ်းလီမှာ အနက်ရောင်လောကအနီရောင်အခန်း သိုင်းကျမ်းရှင် ကျဲမုန်ကဲ့သို့ပင် အောက်လမ်းသိုင်းတွင် ပြိုင်ဘက်ကင်းသူဖြစ်သည် .. ကျဲမုန်ထက်ပိုသာသည့်အချက်က အဆိပ်နှင့်ပတ်သက်၍ အတုမရှိသူ ဧကရာဇ်တစ်ဆူ ဖြစ်သောကြောင့် လူတစ်ယောက်၏သေခြင်းရှင်ခြင်းကိုပင် ပိုင်စိုးသူဟု အဆိုရှိလေ၏.. ပါ့ဝမ်းလီတွင်အသုံးချ၍မကုန်နိုင် မခမ်းအောင်များပြားလှသော အဆိပ်ဆန်းများရှိသည့်အနက် ထိုနွေဦးအိမ်မက်ဆိုးသည်လည်း တစ်ခုအပါဝင်ဖြစ်သည်.. ပါ့ဝမ်းလီကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ရာချီနေပြီဖြစ်ရာ ထိုအဆိပ်အိုးကို လူအများပင် မေ့လျော့နေပြီပင် ...ယခုတော့ထန်စူးစူး၏ လက်ထဲသို့ မည်သို့မည်ပုံရောက်ရှိနေပြီမသိ...
အားကွေ့က အိုးကိုမျက်တောင်မခတ်တမ်းကြည့်နေရင်းနှင့်...
''ဒီနွေဦးအိမ်မက်ဆိုးမပြောနဲ့ ..အဲ့အရည်တစ်စက်နဲ့ ဖော်စပ်ထားတဲ့ ရှင်လျက်သေမူးယစ်ဝေ(အားကွေ့.. အမှောင်သခင်မလေးနှင့်ဆုံသည့် ဇရပ်တွင် ထိုဆေးအကြောင်းရေးသားပြီးဖြစ်သည် ..စကားချပ်) ဆေးကတောင် တော်တော်အစွမ်းထက်တယ်ကြားဖူးတယ် ..ငါဘယ်လိုလုပ်ရပါ့.. ''
အားကွေ့က ခေတ္တာမျှ ငြိမ်ကာ တွေးတောလိုက်ပြီးနောက်..
''နေအုံး.. တစ်ခုတော့ရှိတယ် ဒီမိန်းမကြီးကယုံရတဲ့အမျိုးမဟုတ်ဘူး .. တကယ်တမ်းသာ သူ ဒီလိုအဆိပ်မျိုးပိုင်ဆိုင်ထားရင် .. သိုင်းကျမ်းရှာစရာတောင် မလိုတော့ဘူး သူလုပ်ချင်ရာလုပ်လို့ရပြီပဲ .. ငါ့ကိုလည်း အချိုသပ်စရာဘယ်လိုမလဲ တခါထဲ အဆိပ်ငွေ့လွတ်ပြီးငါ့တို့အဆိပ်တက်သွားမှ ရှင်းပစ်မှာပေါ့..''
ဟုစဉ်းစားမိသွားမှ အားတက်လာကာ ခွက်ထိုးခွက်လှန်ရယ်မော၍ ..
''ဟားဟားဟားဟား .. နွေဦးအိမ်မက်ဆိုး ကျောက်စိမ်းအိုး ..နွေဦးအိမ်မက်ကျောက်စိမ်းအိုးနဲ့ ကြားဖူးနေကတည်းက အရမ်းစိတ်ဝင်စားနေမိတာ ..အခုတော့အခွင့်အခါကြုံကြိုက်လို့တွေ့ရပြီ .. ကိုယ်စိတ်ဝင်စားတဲ့အရာကို တွေ့ရမြင်ရတော့ ဘယ်လိုဝမ်းသာလို့ဝမ်းသာမှန်းမသိဘူး .. ကြုံတုန်းလေး ဘယ်လို အနံ့အရသာရှိသလဲဆိုတာ မြည်းစမ်းကြည့်ရမယ် ..''
ထန်စူးစူးမှာ သူမ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည် .. သူမထင်ထားသည်က နွေဦးအိမ်မက်ဆိုးဟူသော အမည်ကိုကြားသည်နှင့် အားကွေ့တစ်ယောက် ပြာပြာသလဲဖြစ်သွားမည်ဟု ထင်ထားသည်မဟုတ်လား ... ထန်စူးစူးမှာ ယာယီပျက်ယွင်းသွားသော မျက်နှာထားကိုပြန်ပြင်လိုက်ရင်း..
''ခွေးကောင် ..မသာလေးက ကျောက်စိမ်းအိုးထဲမှာ အဲ့အဆိပ်မရှိမှန်း ဘယ်လိုရိပ်မိသွားသလဲမသိဘူး .. ဒါပေမယ့်ကိစ္စမရှိဘူး ဒီအဆိပ်လောက် မပြင်းတာတောင် အစွမ်းထက်တဲ့ ရှင်လျက်သေ မူးယစ်ဝေ မေ့ဆေးက အိုးထဲမှာရှိတယ် .. ပြီးတော့ သူ့ညီဆိုလား ဟိုကောင်မလေးပြောတဲ့ ကောင်တွေက ငါ့လက်ထဲမှာ ..ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူး ..ဒင်းငါ့လက်ထဲကတော့ လွတ်မယ်မကြံနဲ့ ....''
ထန်စူးစူးက ပိုင်ကွက်များရှိသေးသည်ဟု စိတ်ဖြေတွေးတွေးကာ ..
''မောင်လေး နင်သေသေချာချာပြန်စဉ်းစားကြည့်အုံးနော် .. နွေဦးအိမ်မက်ဆိုးရဲ့ အနံ့ကိုရတာနဲ့ ကောင်းကင်တံခါးစောင့်နတ်တောင် မူးမေ့သွားတယ်လို့ အဆိုရှိတယ် .. နင် စမ်းချင်တာနဲ့ နင့်အဖော်တွေပါ ဒုက္ခရောက်သွားလိမ့်မယ် .. ငါပြောခဲ့တဲ့ အကြံစည်နဲ့ ကမ်းလှမ်းတာကို လက်ခံပြီး အေးအေးဆေးဆေး တောင်ပေါ်ကဆင်းသွားတာက ပိုအဆင်ပြေလိမ့်မယ် .. နင်သာ ကောင်းကောင်းမွန်မွန်ဆင်းသွားမယ်ဆိုရင် ...ငါဖမ်းထားတဲ့ ကျောက်ကျူးထင်နဲ့ သူ့တူသုံးယောက်ကိုပါ ပြန်လွတ်ပေးမယ်လို့ ကတိပေးတယ်..''
အားကွေ့မှာသူ၏ခါးပန်းကြိုးအား လက်ဖြင့်သပ်ကိုင်ရင်းနှင့်..
''ကျွန်တော်က မမတို့လိုလူရည်မလည်သေးပေမယ့် .. ငအ ကြီးတော့လည်းမဟုတ်ပါဘူးဗျ .. တခါမှမမြင်ဘူးသေးတဲ့ မိန်းကလေးကို ကြင်ဖော်ရွေးရအောင် မမိုက်မဲသေးဘူး ..ပြီးတော့ ကျောက်ကျူးထင်နဲ့သူ့တူတွေက ကျွန်တော်နဲ့ဆိုင်တာမှတ်လို့...''
အားကွေ့မှာ ထိုသို့အဖြေစကားပြောရင်းနှင့်တဆက်ထဲ လျှပ်စီးလက်သကဲ့သို့ လျှင်မြန်ခြင်းမျိုးနှင့်လှုပ်ရှားလိုက်သည်.. ခါးတွင်ပတ်ချည်ထားသော ရှောင်းဟူ၏သားရည်ကြိုးကို ဆွဲဖြုတ်ကာ ထန်စူးစူးလက်ထဲမှ ကျောက်စိမ်းအိုးကို လှမ်းရိုက်လိုက်ခြင်းဖြစ်၏..
''၀ှီး..''
''ဖတ်...''
ထန်စူးစူးမှာ သတိမပြတ်အာရုံစိုက်သည့်ကြားမှ အမည်းရောင်တန်းကြီး တစ်ခုကို ရိုးတိုးရိပ်တိတ်မြင်လိုက်ရသဖြင့် လက်ကိုရုတ်ကာ နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း အချိန်မမီတော့ချေ .. ကျောက်စိမ်းအိုးကိုင်ထားသည့် လက်မှာ တင်းကနဲဖြစ်သွားသဖြင့် အားဖြင့်ပြန်ဆွဲကာ ..
''နောက်ကကောင်တွေ မင်းဘိုးအေကို ၀ိုင်းတိုက်တော့လေ ..''
ဟူ၍ အသံပြဲကြီးနှင့်လှမ်းအော်လိုက်လေသည်.. မအော်၍မဖြစ် အားကွေ့၏အတွင်းအားကြောင့် ကျောက်စိမ်းအိုးမှာ လွတ်လုဆဲဆဲ ဖြစ်နေပြီမဟုတ်ပါလား..အမှန်တော့ အားကွေ့တွက်ကိန်းလွဲခြင်းနှင့် ထန်စူးစူးကံကောင်းခြင်းဖြစ်သည် .. အားကွေ့မှာ ဇောဖြင့် ကျောက်စိမ်းအိုးအား လှမ်းရစ်ပတ်ဆွဲပြီးမှ သူ၏အတွင်းအား ဆယ်ပုံငါးပုံမျှသာ ပြန်ရသေးမှန်းသတိရ လိုက်သည် .. အကယ်၍သာ ခြောက်ပုံခန့်ရှိပါမူ ကျောက်စိမ်းအိုးမှာ လျောကနဲ ပါနိုင်ချေရှိ၏.. ယခုတော့ အသိနောက်ကျသွားသည် .. ထိုအခိုက် ထန်စူးစူး၏ သတိပေးသံကြောင့် ကျောက်ရုပ်သဖွယ်ရပ်နေကြသော ကျောက်ကျူးထင် ..အားဖုန် အားချန် ..လိုင်လိုင် .. ကျောက်စိမ်းနဂါးတင်းပေ ..မိုးကြိုးဓါးလွေစု အစရှိသည့် သိုင်းသမားတစ်စုမှာ အားကွေ့အား ၀ိုင်းတိုက်ကြတော့၏..
''ယား..ဟိတ်.. ''
''၀ှမ်း...၀ှမ်း..၀ှမ်း..''
''ခြွမ်း..ခြွမ်း..''
အားကွေ့မှာ ထိုလူစု၏ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုကြောင့် အသက်ရှုရပင်ခက်သွားကာ ကျောက်စိမ်းအိုးကိုလွတ်၍ လည့်ပတ်ခုခံရသော ဘ၀သို့ ဆိုက်ရောက်သွားသည် .. ထန်စူးစူးကမူ ကျောက်စိမ်းအိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တိုက်ပွဲဝိုင်းနှင့်လွတ်ရာသို့ ခုန်ဆုတ်သွားလေ၏.. အားကွေ့မှာ ဓါးခြောက်လက်နှင့် လက်သီးချက်များကို ခက်ခက်ခဲခဲရှောင်တိမ်းရင်းဖြင့်..
''သွားကျိုးတို့ အဲ့မိန်းမကြီးကို အသေအလဲတိုက်ထား .. သူ အိုးဖွင့်ဖို့ အချိန်မပေးနဲ့ .. ''
သွားကျိုးတို့၏ တုံ့ပြန်မှုကလည်း မြန်ဆန်ပါသည် ... အားကွေ့စကား စသည်နှင့် ထန်စူးစူးအား ၀ိုင်းတိုက်ပြီးဖြစ်၏ ..ထန်စူးစူးမှာ သူမ၏ကျောက်စိမ်းအိုးကို မဖွင့်အား .. သူ့အသက်ဝိညဉ် ဇီဝိန်မကြွေသွားအောင် ဓါးချက်များကို ဂရုထားရတော့သည်..
''ကျား.. ''
'''ရွှပ်...ရွှပ်..ရွှပ်..''
''ဖြောင်း..ဖြောင်း..''
''ထန်း...''
ခုတ်သံထစ်သံ မာန်သွင်းသံတို့ အပြိုင်အဆိုင်ထွက်ပေါ်လာရာ .. တောစပ်ဆီမှ ကြက်ဖတွန်သံပင် သိမ်ဝင်ကာသွား၏.. သွေးဆာနေသော ဓါးချက်များ ကတော့ နေရောင်အောက်တွင် လက်ပြောင်ကာနေသည်.. တစ်ယောက်နှင့်အများ တိုက်ပွဲခြင်းဆင်တူကြသော်လည်း အားကွေ့နှင့်ထန်စူးစူးတို့၏ အခြေအနေမှာ လုံးလုံး မတူညီဘဲ ကွဲပြားလျှက်ရှိ၏..
ထန်စူးစူးမှာ တိုက်ခိုက်နေကြသူများအား အယုတ်အလတ်အမြတ်မရွေး မာမာထန်ထန်တိုက်ခိုက်နေနိုင်သလောက် အားကွေ့အတွက်မူ ကျဉ်းထဲကျပ်ထဲမှ တိုက်ခိုက်နေရသည် .. လက်တစ်ဖက်ထဲရှိသော မိုးကြိုးဓါးလွေစု .. ကျောက်စိမ်းနဂါး တင်းပေ နှင့် အမှောင်နန်းတော်မှ သိုင်းသမား ဤသုံးယောက်ကို အညှာအတာမရှိ တိုက်ခိုက်နေနိုင်သော်လည်း ..အသိစိတ်မဲ့နေသော ကျောက်ကျူးထင်နှင့် တူတော်မောင် သုံးယောက်ကိုမူ သတိကြီးကြီးနှင့်ရှောင်ကွင်းနေရ၏..
ထိုလေးယောက်ကိုတော့ တတ်နိုင်သမျှ အနာတရမဖြစ်အောင် ဂရုစိုက်ရမည်ပင် .. ထို့သို့အကန့်အသတ်ရှိသဖြင့် သူ၏သိုင်းကွက်များမှာ ရုပ်လုံးမပီသဘဲ ပြင်းလိုက်ပျော့လိုက်နှင့်အကွက်မကျတော့...
''ဟိုင်းရား..ဟေ့...''
''၀ှစ်...၀ှစ်...၀ှစ်..''
အားကွေ့မှာ မျက်နှာတည့်တည့်ထိုးသွင်းလာသောကျောက်ကျူးထင်၏ စုံတွဲလက်သီးချက်များကို လွတ်အောင်ရှောင်လိုက်ပြီး ၀မ်းဗိုက်သို့ စိုက်ချလာသည့် ဓါးခြောက်လက်ကို ကြိုးဖြင့်ရိုက်ထုတ်ကာ အခြေအနေကို တွက်ဆလိုက်၏...
''ဟူး... ဦးကြီးကျောက်တစ်ယောက်ထဲကတောင် ငါ့အတွက် အတော်ခက်လှပြီ ..ကျောက်စိမ်းနဂါးတင်းပေနဲ့မိုးကြိုးဓါးလွေစုတို့ကလည်း ထိပ်တန်းအဆင့်သိုင်းသမားတွေ .. အားဖုန် အားချန်နဲ့လိုင်လိုင်တို့သုံးယောက်တွဲက ထိပ်သီးသိုင်းသမားတွေတောင် ခေါင်းကိုက်နိုင်တယ်.. ကြားထဲက ဟိုပေစုတ်စုတ် ဓါးသမားကလည်း သိုင်းမဆိုးဘူး ..သူတို့အကုန်လုံးပေါင်းလိုက်တော့ နတ်ရွှေနဂါး ဂိုဏ်းချုပ်ကြီးနဲ့ ဖားပြုတ်အိုကြီးလောက်နီးနီး စွမ်းအားဖြစ်သွားတယ် .. ငါ့အတွင်းအား ပုံမှန်ဖြစ်နေရင်တော့ ဘဘဟုန်းတို့ အသင့်ဖြစ်နေတဲ့အချိန်လောက်ကို အချိန်ဆွဲပြီး ခုခံနိုင်သေးရဲ့ .. အခုတော့ ကံကြမ္မာနဲ့ ဉာဏ်ကိုပဲ အားကိုးရတော့မယ်..''
အားကွေ့မှာထိုသို့တွေးရင်းနှင့် ခေါင်းထဲတွင် လက်ကနဲဖြစ်ကာ..
''ဟုတ်ပြီ ..အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်သတဲ့ ..ငါဒီအတိုင်း ခုခံနေရင် သိုင်းကွက်တစ်ရာအတွင်း ထိမှာပဲ .. ငါ့လက်နက်ရှည်တာကို အခွင့်ကောင်းယူပြီး သူတို့ငါ့နား ကပ်မရအောင် တိုက်စစ်ဆင်လိုက်မှ ... ''
ဉာဏ်စွမ်းဉာဏ်စရှိသမျှ ဖြစ်ညှစ်ထုတ်ပြီးနောက် လက်တွေ့အကောင် အထည်ဖော်သည့်အနေဖြင့် သူ၏ကိုယ်ခန္ဓာအား ဂျင်ကဲ့သို့ တပတ်လည့်လိုက်၏..
''ရွှီး....'''
''ဖြန်း..ဖြန်း..ဖြန်း..''
လေခွင်းသံစူးရှရှနှင့်အတူ ကြိုးနက်မှာ အမည်းရောင်စက်ဝန်းကြီး သဖွယ် လည့်ပတ်သွားကာ သိုင်းသမားခုနှစ်ယောက်ထံသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်ကာသွားသည်.. ၎င်းကြိုးစက်ဝန်း၏အကျယ်မှာ ခြောက်လံခန့်ရှိသဖြင့် မိုးကြိုးဓါးလွေစုတို့မှာ ကြိုးနှင့်ကင်းလွတ်ရာ ခုနှစ်လံနီးနီးမျှ နောက်ဆုတ်တိမ်းရှောင် လိုက်ရ၏...
သိုင်းသမားခုနှစ်ယောက်နှင့်သူအလှမ်းကွာသွားသဖြင့် အားကွေ့က သက်ပြင်း တစ်ချက်မှုတ်ထုတ်ပြီး အင်အားအနည်းဆုံးဟု သူယူဆထားသော အမှောင်နန်းတော်မှ သိုင်းသမားအား နဂါးကျော့ကွင်းသိုင်းကွက်နှင့် လှမ်းရိုက်လိုက်သည်..
''၀ှစ်...ဖြန်း...ဖြန်း..ဖြန်း..''
''ဖောင်း...''
အမှောင်နန်းတော်မှသိုင်းသမားမှာ ကြိုးနက်၏ဆွဲဆန့်နိုင်သော ဂုဏ်သတ္တိကို မသိသူတစ်ယောက်ဖြစ်ရာ ထိုအကွာအဝေးထိမရောက်နိုင်ဟု စိတ်ချလက်ချရှိနေရာမှ ရုတ်တရက် မြည်ဟီးသံနှင့်အတူ သူ၏ခေါင်းပေါ်သို့ အမည်းရောင်အကွင်းကြီးစွတ်ကျလာသဖြင့် ကမူးရှူးထိုးဖြင့် ဓါးဖြင့်လှမ်းခုတ်လိုက်သော်လည်း အချိန်မမီတော့ ..လည်ပင်းဆီမှ ပြင်းပြသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် လူ့လောကကိုလက်ပြနှုတ်ဆက်ကာ တမလွန် နယ်သို့ ခရီးဆက်သွားရတော့၏.. အသက်ထွက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် သူ၏ဦးခေါင်းမှာကိုယ်ခန္ဓာနှင့်ကင်းကွာလျှက် ကြိုးစနှင့်အတူ ရစ်ပတ်ပါသွားသည်ကို ပင် မသိလိုက်ရတော့ချေ ..
''ဇွိ...''
'''အား..''''
မိုးကြိုးဓါးလွေစု ..ကျောက်စိမ်းနဂါးတင်းပေတို့နှစ်ယောက်သည် အဖော်ဖြစ်သူထံမှ အက်ကွဲသော အော်သံကြောင့် လှမ်းကြည့်လိုက်ရာ အော့အံ ချင်စိတ်ပင် တဖွားဖွားပေါ်လာကြတော့သည် .. အမှောင်နန်းတော်မှ သိုင်းသမားသည် ခေါင်းပြတ်သွားသောကြောင့် လည်ပင်းသားတစ်ခုလုံး အရေပြားများလှန်ကာ စုတ်ပြတ်လျှက် သွေးစိမ်းရှင်ရှင်ပန်း ထွက်နေသည်လေ.. ငုတ်တိုဖြစ်နေသော လည်တိုင်သည် အရိုးငုံးတိလေးပြူထွက်နေပြီး လေပြွန်ကြောမှ အသံတရွှီးရွှီးထွက်နေသေး၏.. သွေးလွတ်ကြောများမှ သွေးများကလည်း မီးတောင်ပေါက်သည့်နှယ် တဖွားဖွားထောင်ပန်းနေကြသည်.. သို့သော် ဦးခေါင်းတခုလုံးမြေပေါ်သို့ လူးလိမ့်နေသည့်တိုင် အလောင်းမှာ လဲကျမသွားသေးဘဲ မတ်မတ်ရပ်နေသေးသည်မို့ ပို၍ မသတီဖွယ်ကောင်းလှ၏..
ကျောက်စိမ်းနဂါးတင်းပေနှင့်လွေစုတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး တုံ့ဆိုင်းဆိုင်းဖြစ်နေကြသော်လည်း ကျောက်ကျူးထင်တို့ လေးယောက်မှာ သိစိတ်မဲ့နေသူပီပီ ပတ်ဝန်းကျင်ကို မလေ့လာအား သူတို့လေးယောက်၏ ပစ်မှတ်ဖြစ်သော အားကွေ့ကိုသာ တိုက်ခိုက်ရန် တာဆူနေကြသည်....
''ဟိတ်...''
''ဖုန်း..ဖုန်း...ဖုန်း..''
ပေါက်ကွဲသံနှင့်အတူအတွင်းအားလှိုင်းရိုက်ခတ်မှုကြောင့် ကျောက်ကျူးထင်၏ အဝေးရောက်လက်သီးချက်ဟု ရိပ်မိလိုက်သဖြင့် အားကွေ့မှာ ခုခံရန် မစဉ်းစားတော့ဘဲ တိမ်းရှောင်ရန်သာကြိုးစားလိုက်၏... အရိပ်တရာခြေလှမ်း တစ်ထောင်ခြေသိုင်းကွက်နှင့် ရှောင်တိမ်းလိုက်သော်လည်း သူ၏ပုခုံး လည်ပင်းနှင့် ၀မ်းဗိုက်ဆီသို့ ဓါးသုံးလက်က ရိပ်ကနဲ စိုက်ဝင်လာသည်... အားဖုန်တို့သုံးယောက်၏ ဓါးချက်များဖြစ်ကြ၏... အားကွေ့မှာ အသက်ပင်၀၀မရှူအား လေထဲ၌ပင် ကိုယ်ကို လိမ်တွန့်ကာ ရှောင်လိုက်ရပြန်သည် ..
''၀ှစ်...၀ှစ်..''
''ဗြိ ..''
ခွန်လွန်း၏ဓါးမျိုးဆက်များပီပီ စစ်မှန်သန့်စင်သော ဓါးချက်တစ်ချက်က အားကွေ့၏ ပုခုံးသားအား တစ်လက်မမျှ လှီးဖြတ်သွားလေ၏... အားကွေ့မှာ ပူထူသွားသော ဒါဏ်ရာကို တတ်နိုင်သမျှမေ့ထားလိုက်ပြီးနောက် မြေပေါ်သို့ ခြေဖြင့် တစ်ချက်ဆောင့်ကာ ငိုင်တွေနေဆဲဖြစ်သော တင်းပေနှင့်လွေစုတို့နှစ်ယောက်အား သရဲအရိပ်ခြေထောက်ဖြင့် လှမ်းခတ်ကန်လိုက်သည်...
''ယား....''
''၀ှီး...''
''ထန်း...ထန်း..''
တင်းပေနှင့်လွေစုမှာ တိုက်ပွဲအလီလီ တိုက်ခိုက်လာကြသူများမို့ သတိတော့ မကင်းလွတ်သေးပေ .. မြွေပေါက်လိုက်သည့်သဖွယ် ၀ဲပျံလာသော ခြေကန်ချက်အား ဓါးကိုယ်စီဖြင့် ခုတ်ဖြတ်ရန်ကြိုးစားလိုက်ကြ၏..နရန်ဂိုဏ်း၏ သရဲအရိပ်ခြေထောက်သိုင်းကွက်အား ထိုသို့လွယ်လွယ်ခုတ်ဖြတ်ရန် မည်သို့ လွယ်အံ့နည်း .. မိုးကျလာသော ဓါးနှစ်လက်ကိုယ်ထည်သို့ ထောက်ကန်ကာ နှစ်ယောက်ကြားမှ ဖြတ်ကျော်သွားလိုက်သည်.. တင်းပေတို့နှစ်ယောက်ကလည်း တင်းမိသားစု၏ နွေဦးရွက်ကြွေဓါးသိုင်း ..မိုးကြိုးဓါးဆယ့်နှစ်ကွက်နှင့် ခေါင်းပေါ်မှ ကျော်ဖြတ်သွားသော အားကွေ့အား လှမ်းတိုက်လိုက်ကြသေး၏.. သို့သော် သူတို့ အနည်းငယ်မျှ နောက်ကျသွားလေပြီ ..
လွေစုတို့၏နောက်ကျောသို့ရောက်သွားသည်နှင့် အားကွေ့က သရဲအရိပ်ခြေထောက်ဖြင့်ပင် ထိုနှစ်ယောက်၏ ကျောပြင်သို့ ဗြောတင်သကဲ့သို့ လှမ်းကန်ထည့်လိုက်သည်...
''ဖုန်း...ဖုန်း..''
''အား...အား..''
ငြီးတွားသံနှစ်ချက်နှင့်အတူ လွေစုနှင့်တင်းပေတို့ မြေပြင်ပေါ်သို့ မှောက်ခုံလဲကျသွားတော့၏ ...
-==================-
93 #93 ( အစ၏အဆုံး ..အဆုံး၏အစ )
တင်းပေနှင့်လွေစုတို့နှစ်ယောက်သည် သူတို့အားမြေပြင်နှင့်မိတ်ဆက်စေခဲ့သူမှာ ၀ူပေမြို့တွင် ဆုံခဲ့ဖူးသည့် အားကွေ့ဟူသော ရှူနာရှိက်ကုံး ကောင်လေးဟုပင် မသိသွားရရှာပါ ..
အားကွေ့ကတော့ ရန်သူနှစ်ယောက်ကျသွားသည်နှင့် ကျောက်ကျူးထင်တို့ တိုက်ခိုက်မှုကို ထပ်မံကာကွယ်ရတော့သည်..
''ချွမ်း..ချွမ်း...ချွမ်း..''
''၀ှစ်..၀ှစ်..''
ထန်စူးစူးဖက်မှ တိုက်ပွဲကလည်း အရှိန်တက်နေဆဲ..ယခုတော့ ထန်စူးစူး၏ လက်ထဲတွင် ကျောက်စိမ်းအိုးအစား သံမဏိစူးချွန်တစ်ခုကို ကိုင်စွဲထားပြီဖြစ်သည်... သွားကျိုးနှင့်တရှူံးတို့အဖွဲ့ကတော့ အမဲဖျက်သည့်အတိုင်း ထန်စူးစူးကို ၀ိုင်းပတ် တိုက်ခိုက်လျှက်ရှိ၏.. ၀င်္ကပါကိုဦးဆောင်သူ ဟွားဟွားမပါဝင်သော်ညားလည်း သွားကျိုး၏ကွပ်ကဲမှုအောက်၌ အစွမ်းထက်မြဲထက်နေဆဲသာ .. သွေးဘီလူးလို သိုင်းသမားမျိုးအား ကျဉ်းထဲကျပ်ထဲရောက်အောင်ပြုလုပ်နိုင်သော နွေပျောက်လကွယ် မုန်းပင်လယ်ဝင်္ကပါဓါးကွက်က ထန်စူးစူး၏တကိုယ်လုံးကို လွှမ်းခြုံလျှက်ပင်..
မိုးကောင်းကင်တွင် နေလုံးကြီးတဖြည်းဖြည်းမြင့်တက်လာသည့်နည်းတူ မြင်းဖြူတောင်ကုန်းတွင်လည်း ရင်ဖိုဖွယ်တိုက်ပွဲနှစ်ပွဲက အထွဋ်အထိပ်သို့ ရောက်နေကြသည်...
အားကွေ့မှာ ကြိုးနက်ကိုဝှေ့ရမ်းကာကွယ်ရင်းနှင့် အကြံအစည်တစ်ခု ရလိုက်၏...
''ငါဦးကြီးကျောက်တို့ကို အမိဖမ်းနိုင်ရင်တောင်မှ သူတို့အသိစိတ်ပြန်ရအောင် လုပ်ပေးနိုင်မှ လုပ်နိုင်မှာ .. အဲ့အစား ထန်စူးစူးကို အမိဖမ်းပြီး ဖြေဆေးရအောင်လုပ်တာက ပိုလွယ်မယ် .. ''
ထိုသို့တွေးမိသည်နှင့်အားကွေ့က ကျောက်ကျူးထင်တို့အား ခုခံနေရင်းဖြင့် သွားကျိုးတို့ တိုက်ပွဲစည်းဝိုင်းအနီးသို့ တဖြည်းဖြည်းကပ်ကာသွားလိုက်သည်.. ထန်စူးစူးမှာ သူမတို့ တိုက်ပွဲအနားရောက်လာသော အားကွေ့ကိုမြင်လျှင်
''သေနာကျ ငနဲလေးက ငါ့ကိုအမိဖမ်းဖို့ ကြံနေပုံရတယ် .. လူလေးက လက်တောက်လောက်နဲ့ကောက်ကျစ်တဲ့နေရာမှာ မြေခွေးကအဖေခေါ်ရလောက်တယ် ...''
သူမလည်း လူပါးတစ်ယောက်မို့ အားကွေ့မည်သို့ ခြေလှမ်းလှမ်းနေသည်ကို ရိပ်မိလိုက်လေသည် ..သို့နှင့် အမိမခံရရန် သွားတို့အား အတင်းဖောက်ထွက်ရန် ကြိုးစားတော့၏..
''ချွင်...ချွင်...''
''ထန်း...ထန်း...ထန်း..''
ထန်ဆယ့်နှစ်မျိုးခြေလှမ်းကွက်ကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်မို့ ထန်စူးစူး၏တကိုယ်လုံးမှာ မွတ်မွတ်လည်လျှက်ရှိသည် .. သို့သော် သူမ၏သိုင်းကွက် မည်ကဲ့သို့ မြန်ဆန်လှ အားပါလှသည်ဖြစ်စေ ၀င်္ကပါဓါးကွက်နှင့်တွေ့လိုက်သည်နှင့် ရေထဲကျသွားသော ခဲလုံးသဖွယ် ပလုံကနဲဖြစ်ကာ အချည်းနှီးဖြစ်ရတော့၏...
ယင်းအခိုက် ကျောက်ကျူးထင်တို့နှင့်တိုက်ခိုက်နေသော အားကွေ့သည် သူ၏ကြိုးနက်ကြီးကို ၀ှီခေါ်နေအောင် ဝှေ့ရမ်းရင်း အားဖုန် အားချန် လိုင်လိုင်နှင့် ကျောက်ကျူးထင်တို့လေးယောက်ထံသို့ အတွင်းအားသုံးကာ ပစ်ပေါက်လိုက်သည်
''၀ှီး...၀ှီး..၀ှီး..''
''ရွှီး....''
''ဖြန်း...ဖြန်း...ဖြန်း...ဖြန်း..''
''အ ...အား..''
အမည်းရောင်မျဉ်းတန်းကြီးသဖွယ်ပြေးဝင်လာသော ကြိုးနက်ကြီးအား ကျောက်ကျူးထင်နှင့်လိုင်လိုင်တို့နှစ်ယောက် အချိန်မီရှောင်တိမ်းလိုက်နိုင်သော်လည်း အားဖုန်နှင့်အားချန်တို့နှစ်ယောက်ကတော့ ရင်ဝသို့ ထိထိမိမိကြီးမှန်သွားလေသည်..
အားကွေ့လက်ဆမှန်၍သာ ၎င်းတို့နှစ်ယောက်အသက်မထွက်သွားခြင်းပေ ..
အားကွေ့မှာ သူ့လက်ထဲ လက်နက်မဲ့သွားပြီဆိုသည်နှင့် သွားကျိုးတို့ ခေါင်းမှခုန်ကျော်ကာ ၀င်္ကပါဓါးကွက်အတွင်းဝင်ရောက်သွားလိုက်သည်..
''၀ှစ်...၀ှစ်..''
''ဖတ်...''
''အား..''
ထန်စူးစူးမှာ တရှုံးနှင့်ကြုံလောက်အား သံမဏိစူးဖြင့် တိုက်ခိုက်နေရာမှ ရုတ်တရက် သူမပုခုံးတစ်ခုလုံး အရိုးကွဲမတတ်နာကျဉ်သွားသဖြင့် စူးရှစွာအော်ဟစ်လိုက်ပြီးနောက် ပျော့ခွေကာသွား၏...
''ဟားဟားဟားဟား .. မိန်းမလည်မကြီး ခင်ဗျားဘယ်ပြေးမလဲ .. အခုချက်ခြင်း ဦးကြီးကျောက်တို့ အသိစိတ်ပြန်ရမယ့် ဖြေဆေးကိုပေးပေတော့ ..မဟုတ်ရင် အရိုးလွဲအကြောပြောင်းသွေးကြောပိတ်နည်းနဲ့ ခင်ဗျားကို နှိပ်စက်ရတော့မယ်....''
ထန်စူးစူးမှာ အရိုးလွဲအကြောပြောင်းသွေးကြောပိတ်နည်းဟု ကြားလိုက်ရသည်နှင့် တကိုယ်လုံး၌ ချွေးသီးချွေးပေါက်များ စိမ့်ထွက်လာတော့၏.. အောက်လမ်းသိုင်းလောကတွင် ကျင်လည်ခဲ့သူမို့ ထိုသိုင်းပညာအကြောင်းသူမ ကောင်းကောင်းကြီး သိသည်မဟုတ်လား....
''အဲ့လို ..အဲ့လိုတော့ မလုပ်လိုက်ပါနဲ့မောင်လေးရယ် .. ''
''၀ုန်း..၀ုန်း..''
''ထန်း..ထန်း..''
အားကွေ့မှာ ထန်စူးစူးအားချုပ်ကိုင်ထားရာမှ တိုက်သံခိုက်သံများကြောင့်
လှမ်းကြည့်လိုက်ရာ လိုင်လိုင်နှင့်ကျောက်ကျူးထင်တို့နှစ်ယောက် ဓါးဝင်္ကပါအား ဖြတ်ကျော်၍ သူ့ထံသို့ လာရန်ကြိုးစားနေသည်ကို မြင်လိုက်၍
''ထန်စူးစူး ခင်ဗျားအရင်ဆုံး ဦးကြီးကျောက်တို့ကို တိုက်ပွဲရပ်ဖို့ ပြောလိုက်အုံး...''
ထန်စူးစူးမှာ ယခုအချိန်သည် ကလန်ကဆန်လုပ်ရမည်အချိန်မဟုတ်ဟု သဘောပေါက်သူမို့ အားကွေ့နှစ်ခွန်းမပြောရ...
''ရပ်လိုက်ဟေ့....''
ဟုလှမ်းအော်လိုက်သည်.. ကျောက်ကျူးထင်တို့မှာ ထန်စူးစူးအသံကြား သည်နှင့် ချက်ခြင်းပင် ကျောက်ရုပ်ကြီးသဖွယ် ပြန်ဖြစ်သွားကြလေသည်.. အားကွေ့က သက်မတချက်ချရင်း ..ထန်စူးစူးအားသွေးကြောအရင်ပိတ်လိုက်၏ .. ပြီးနောက် ကျောက်ကျူးထင် ..လိုင်လိုင် ..အားဖုန်နှင့်အားချန်တို့ကိုလည်း အစဉ်အလိုက် သွေးကြောပိတ်လိုက်ပြီး သွားကျိုးတို့ဖက်လည့်၍..
''ကိုင်း.. သွားကျိုး ..တရှုံးတို့အဖွဲ့နဲ့ကြုံလောက်တို့အဖွဲ့ လည်းမောနေကြရောပေါ့ ..ခဏနားလိုက်ကြာအုံး .. ငါ ဒက်ပေါကို သွားကြည့်လိုက်အုံးမယ် .. ''
ဒက်ပေါဆီသို့မရောက်ခင် မြက်ခင်းပေါ်လဲနေသော ဟွားဟွားအားမြင်မှ
''ဟိုက်.. ငါ့မှာတိုက်ပွဲကြား ဗျာများနေရတာနဲ့ ဟွားဟွားကိုတောင် မေ့နေမိတယ် ..''
ဟုတွေးမိကာ ဟွားဟွားဆီ ပျာယီးပျာယာ ပြေး၍ သွေးကြောဖွင့်ပေးလိုက်ရ၏..
''ထောက် ..ထောက်..''
ဟွားဟွားမှာ သွေးကြောပွင့်သွားသည်နှင့် ထထိုင်လိုက်ပြီး ကြူကြူပါအောင်ငိုကာ ..
''အကိုအားကွေ့ကို မမကျင်းကျူးနဲ့တိုင်ပြောမယ် ..ဟွားဟွားကို အနိုင်ကျင့်တယ်..မုန်းစရာကောင်းတဲ့လူကြီး .. အဟင့် ..ဟင့် ..''
အားကွေ့က ထိုသို့ဖြစ်လာမည်မှန်း ကြိုတင်တွက်ဆထားပြီးဖြစ်ရာ .. ဟွားဟွား၏ နားရွက်နားသို့ကပ်ကာလေသံတိုးလေးဖြင့်
''ဟိတ်..ဟိတ်.. ငိုမနေနဲ့တော့ ဟိုမှာသွားကျိုးတို့ ..တရှုံးတို့ ကြည့်နေကြတယ် ..ရှက်စရာကြီး ..ပြီးတော့ ဟိုမိန်းမကြီးထန်စူးစူးလည်း ညီမလေးအဲ့လိုငိုတာ မြင်ရင် ၀မ်းသာသွားမှာပေါ့ ..တကယ်ဆိုအခုချိန်မှ သူကငိုနေရပြီး ဟွားဟွားကပျော်နေရမှာလေ.. ''
ဟွားဟွားမှာအားကွေ့၏စကားကြောင့် နှပ်ရည်များ မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ကာ ငြိမ်သွား၏... မှန်သည် ထန်စူးစူးဟူသော အဘွားကြီးရှေ့တွင်တော့ သူမငိုမနေသင့်ပြီမဟုတ်လား..
အားကွေ့က မြက်ခင်းပေါ်ထိုင်နေသော ဟွားဟွားအား ပုခုံးနှစ်ဖက်မှ ကိုင်ကာ တွဲထူလိုက်ပြီး..
''ကဲ..ကဲ .. ထတော့ .. ဟွားဟွားနဲ့ အကိုအားကွေ့နဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ် .. ဒက်ပေါကိုပြုစုရမယ် .. ဦးကြီးကျောက်တို့ သတိပြန်ရလာအောင်လည်း လုပ်ရအုံးမယ် ..''
ဟွားဟွားမှာ ဆက်ဂျီကျချင်သေးသော်လည်း အရေးကြီးသည့်အရာများ ရှိနေသောကြောင့် မျိုသိပ်လိုက်ရပြီး စူပုတ်ပုတ်နှင့်ပင် အားကွေ့နောက်မှ လိုက်သွားလိုက်သည်..
အားကွေ့က ဒက်ပေါအခြေအနေကို သေသေချာချာ အကဲခတ်လိုက်ပြီးနောက်...
''နံရိုးကျိုးတယ် ..လက်ချောင်းနှစ်ချောင်းပြတ်သွားတယ် ..အတွင်းဒါဏ်ရာ ရတယ် .. ပုခုံးရိုးကျိုးသွားတယ် .. သွေးထွက်လွန်နေတယ် .. သာမာန်လူဆို သေတာကြာလှပြီ .. ရှောင်လင်ရဲ့အမာစားသိုင်းတွေလေ့ကျင့်ထားတာက သူ့ကို ကံကောင်းစေတာပဲ ..''
ဟုဟွားဟွားကိုလှမ်းပြောပြီး တဆက်ထဲ...
''ညီမလေး ...ဘဘဟုန်းတို့ အတွင်းအားဆက်ပြီးတာနဲ့ အကိုတို့ဒီတောင်ပေါ်ကနေအမြန်ဆင်းမှဖြစ်မယ်..မဟုတ်ရင် ဘယ်သူတွေ ထပ်လာအုံးမယ်ပြောမရဘူး..ဒက်ပေါကိုလည်း ဆေးကုပေးရအုံးမှာမို့ လုံခြုံတဲ့နေရာရောက်မှ အစစအရာရာစိတ်ချရမယ် ...''
ဟွားဟွားက ခေါင်းငြိမ့်လိုက်ရင်း..
''အကိုအားကွေ့ ဟိုမိန်းမကြီးကို ဘယ်လိုလုပ်ရမလဲ ..သတ်ပစ်လိုက်ရင် မကောင်းဘူးလား.. ''
အားကွေ့မှာ ဟွားဟွားစကားကြောင့် မျက်လုံးပြူးသွားကာ..
''သူ့ကိုသတ်လိုက်ရင် .. ဦးကြီးကျောက်တို့ သတိပြန်ရအောင်လုပ်ဖို့ ဘယ်လွယ်တော့မှာလဲ.. ပြီးတော့သူ့ကို သတ်လို့မဖြစ်သေးတဲ့အကြောင်းတွေလည်း ရှိသေးတယ် .. ''
''ဟင်...ဘာအကြောင်းရှိသေးတာလဲ..''
''အကိုအားကွေ့သူ့အပေါ်အကြွေးတင်ထားတာရှိသေးတယ် .. ပြောရရင်အရှည်ကြီးပဲ ..နောက်အေးအေးဆေးဆေးမှ ရှင်းပြတော့မယ် ..အခုလောလောဆယ်တော့ ဒက်ပေါကိုသယ်ရအောင် ထမ်းစင်တစ်ခုစီစဉ်လိုက်အုံးမှ ..''
အားကွေ့မှာပြောပြောဆိုဆိုနှင့်ပင် မြေပြင်ပေါ်ပြုတ်ကျနေသော အလံစများ လူသေများထံမှ အင်္ကျီစများနှင့် ထမ်းစင်ပြုလုပ်နေတော့၏... ဟွားဟွားကတော့ သူ့အနောက်တွင် တကောက်ကောက်လိုက်ရင်း အားကွေ့ခိုင်းသမျှတောက်တိုမယ်ရများကိုလိုက်လုပ်ပေးနေသည်...
ယခုကျတော့လည်း မြင်းဖြူတောင်ကုန်းသည် တောမှီကြီးများအကြိုက် တိတ်ဆိတ်အေးမြကာနေ၏.... သို့သော် မြင်းဖြူတောင်ကုန်းတွင် ဖြစ်ပျက်ခဲ့သော သွေးပျက်ဖွယ် အဖြစ်အပျက်က နောင်နှစ်ပေါင်းများစွာတိုင် သိုင်းလောကသားများ၏ နူတ်ဖြားတွင် တသသပြောနေရမည့်အကြောင်းအရာတစ်ခုတော့ဖြစ်လာပေအုံးမည်..
=====================================
ဝူချောင်မြို့၏အစွန်အဖြားနေရာတွင် သီးပင်စားပင်များ ... လှပသော ပန်းခင်းများ စိုက်ပျိုးထားသည့် ခြံဝင်းငယ်တစ်ဝင်းရှိသည်.. ပန်းခင်းများအလယ်၌ ကျောက်ဖြူတုံးများ ရံကာထားသော ရေတွင်းငယ်တစ်တွင်းရှိပြီး ရေတွင်းရှိရေမှာ ကြည်လင်နေရာ မြင်ရုံမျှနှင့် သန့်စင်အေးမြနေမည်ဟု အတပ်သိနိုင်၏...
ပန်းခင်းနှင့်ရေတွင်းအားဖြတ်ကျော်ပြီးပါမူ လက်ရာကောင်းကောင်းနှင့် ဆောက်လုပ်ထားသော သစ်လုံးအိမ်လေးတစ်အိမ်ကို မြင်တွေ့ရပါလိမ့်မည် .. အိမ်လေးမှာ အပြင်သာသေသပ်လှပသည်မဟုတ် အတွင်းခန်းများကလည်း စည်းစနစ် ကျလှသည် ... အိမ်ထဲရှိအခန်းကျယ်ကြီးထဲတွင် မိန်းကလေးနှစ်ယောက်ကို တွေ့ရမည်ဖြစ်ပြီး ..တစ်ယောက်မှာ ကုတင်ပေါ်တွင် ထိုင်နေပြီး ..ကျန်တစ်ယောက်မှာထိုင်ခုံပေါ်တွင် အကျအနထိုင်ကာ သူမ၏ရှေ့စားပွဲပေါ်တွင် တင်ထားသော နှင်းဆီပန်းများအပြည့်ပါသည့် ခြင်းလေးနှင့်အလုပ်ရှုပ်နေ၏...
သူမတို့နှစ်ယောက်စလုံးသည် သက်တူရွယ်တူခန့်သာရှိသေးသော်လည်း ကုတင်ပေါ်ရှိမိန်းကလေး၏ရုပ်ရည်နှင့်ကိုယ်ဟန်မှာ အထူးကျော့ရှင်း၍ ကျက်သရေရှိလှသည် ... ထိုမိန်းမပျိုလေးသည် အိမ်နေရင်း ချည်ကြမ်းဝတ်စုံ အဖြူကိုသာ ၀တ်ဆင်ထားသော်လည်း သူမ၏အလှအပက ပြတ်ပြတ်ထင်ထင် ထင်ပေါ်နေသည်ပင်...
နှင်းဆီရိုးတံများအား ဆူးခြွေနေသည့် ကျန်မိန်းမပျိုလေးကလည်း တမျိုးတဖုံတော့ ချစ်စရာကောင်းပါ၏ ..မျက်ဝန်းနက်နက် နှာတံပေါ်ပေါ်နှင့် မေးဖြားတွင် မှည့်နက်လေးတစ်လုံးက ဆန့်ကျင်ဘက်လိင်အား ဆွဲဆောင်မှု ကောင်းအောင် ထပ်ဆောင်းထားသည်မဟုတ်လား...
ထိုမိန်းမပျိုနှစ်ယောက်မှာ ၀ူချောင်တွင် နေရစ်ခဲ့ကြသော ကျင်းကျူးနှင့် ရှောင်မိန်တို့ဖြစ်ကြလေသည်...
ကျင်းကျူးမှာကုတင်ပေါ်တွင် ထိုင်ရင်း .. ပန်းတစ်ခြင်းနှင့် အလုပ်များနေသော ရှောင်မိန်အားကြည့်ကာ ...
''ရှောင်မိန် .. မမဒီနေ့တော့ အပြင်ထွက် လမ်းလျှောက်လို့ရပြီမဟုတ်လား .. မမလည်း သက်သာလာပါပြီကွယ် .. ဆယ်ရက်လုံးလုံး ကုတင်ပေါ်နေနေရတာ ကျောပူလာပြီ ညီမလေးရဲ့...''
ရှောင်မိန်က ဆူးတံတစ်ချောင်းကို ဆတ်ကနဲချိုးရင်း..
''မရသေးပါဘူး ..သမားတော်ကြီးက မမကိုအိပ်ယာထဲမှာပဲ နားခိုင်းထားတာလေ.. ဒါကြောင့်မို့ ဘယ်မှ မသွားရဘူး ..အိပ်ယာပေါ်မှာပဲနေ ''
ကျင်းကျူးကရှောင်မိန်အား ချစ်မြတ်နိုးစွာဖြင့်...
''ပန်းခင်းလေးထဲ လျှောက်လိုက်ရရင် ချက်ခြင်းပျောက်ရင် ပျောက်သွားမှာ .. မမက ပန်းလေးတွေနဲ့ တည့်တယ် ..နေပြည်တော်မှာဆို မမဖျားတာနဲ့ ပန်းဥယျဉ်ထဲ သွားထိုင်နေတာပဲ .. ပန်းနံ့လေးရရင် နေလို့ထိုင်လို့ ကောင်းသွားရော..''
ရှောင်မိန်က ပန်းခြင်းလေးကို မြောက်ပြ၍
''ဒီမှာလေ.. မမဖို့ ပန်းလေးတွေ .. အိပ်ယာဘေးမှာ ပုံထားလိုက်ရင် ပန်းခင်းထဲမှာလိုပဲ သင်းပျံ့နေမှာ ..ဘာဖြစ်လို့ အပြင်ထွက်နေအုံးမှာလည်း .. နားနားနေနေ နေပေါ့.. အကိုအားကွေ့တို့ပြန်လာရင် မမသက်သာနေမှဖြစ်မှာ ..မဟုတ်ရင် ရှောင်မိန် အပြုအစု မကောင်းလို့ဆိုပြီး ဆူနေမှာ ..''
ကျင်းကျူးက..
''ဟုတ်ပါပြီတဲ့ရှင် ... ကျွန်တော်မျိုးမကြီး လက်လျော့လိုက်ပါပြီ ..''
ရှောင်မိန်က ကျင်းကျူး၏အပြောနှင့်အမူအယာကို သဘောကျသည့်နှယ် တစ်ခစ်ခစ်ရယ်ကာ ..
''အခုတော့ ခဏလဲလိုက်ပါအုံးမမရဲ့ .. ညနေခင်းကြမှ ပန်းခင်းလေးထဲ လိုက်ပို့ပေးမယ် .. ဒါပေမယ့် အပေးအယူတစ်ခုတော့ ရှိတယ်နော်.. ခုမနက်ခင်းနဲ့ နေ့ခင်းမှာ ရှောင်မိန်တိုက်တဲ့ ဆန်ပြုတ်ကို အကုန်သောက်ပြမှရမယ် .. မဟုတ်ရင် ညနေအပြင်ပေးမထွက်နိုင်ဘူး..''
ကျင်းကျူးက မျက်နှာလေးကိုရှုံ့လိုက်ပြီး..
''ဘုရားရေ .. ရှောင်မိန်က အဲ့လိုပြောပြီး အများကြီးယူလာရင်တော့ ဘယ်နှယ်လုပ်မလဲ .. ''
ရှောင်မိန်ကထိုင်ရာမှ ထလိုက်ကာ ကျင်းကျူး၏ ဖရိုဖရဲဖြစ်နေသည့် ဆံပင်များအား ပြုပြင်ပေးလိုက်ရင်း...
''အများကြီးမထည့်ပါဘူး မမရဲ့..ပုံမှန်အတိုင်းပဲ ထည့်လာမှာ မမကသာကုန်အောင်စားပြ ..ရှောင်မိန်လိုက်ပို့ပေးမယ်.. မမအတွက် ဒီခြံလေးကို အကိုအားကွေ့က တမင်ရှာပြီးဝယ်ထားတာ ..ခြံထဲမှာ ပန်းလေးတွေမှ အများကြီးရယ် ..သိပ်လှတာပဲ..''
ရှောင်မိန်ကစကားပြောရင်းနှင့် ကျင်းကျူး၏ဆံနွယ်တို့ကို ထုံးဖွဲ့လိုက်သည်.. (ရှောင်မိန်ထုံးဖွဲ့ပေးသော ဆံထုံးနည်းကို ဖော်ပြလိုသော်လည်း စာရှည်သွားမည်စိုးသဖြင့် နောင်မှ သီးခြားရေးဖွဲ့ပါတော့မည် ..စာရေးသူ) ထို့နောက် အစသတ်လိုက်ပြီး ..
''မမ အကိုအားကွေ့ပေးထားတဲ့ ကျောက်စိမ်းဆံထိုးလေးရော .. ခုထိတခါမှ မပန်ရသေးဘူးမဟုတ်လား ..အခုစမ်းကြည့်ရအောင် မမနဲ့ဆိုအရမ်းလှမှာပဲ..''
''မမက တမင်မပန်ရက်လို့ သိမ်းထားတာ ရှောင်မိန်ရဲ့ ...ပုလဲဆံထိုးလေးပဲ စိုက်လိုက်ပါကွယ် ..အကိုအားကွေ့တို့ပြန်လာတဲ့ ရက်မှ အဲ့ဆံထိုးလေး ပန်တော့မယ်..''
''ဟယ်..ဟုတ်သား ..အကိုအားကွေ့ပြန်လာရင် မမကိုအလှပြင်ရမယ် .. အဲ့နေ့မှာ အလှဆုံးဖြစ်နေရမှာမဟုတ်လား.. နက်ဖြန်ဈေးဝယ်ထွက်တော့မှ အလှပစ္စည်းတွေသွားဝယ်ရမယ် ...''
ကျင်းကျူးက ရှောင်မိန်စကားကြောင့် ရှက်အမ်းအမ်းရယ်လိုက်ကာ..
''မ၀ယ်ပါနဲ့.. မမကနေပြည်တော်မှာ ကိုယ့်အလှပစ္စည်းတွေ ကိုယ့်ဟာကိုယ်လုပ်တာ ..ဘာမှလည်း အပန်းကြီးတာမဟုတ်ဘူး ..မီးဖိုချောင်ထဲက ပစ္စည်းလေးတွေနဲ့ လုပ်လိုက်ရုံပဲ..''
ရှောင်မိန်မှာ တအံ့တသြနှင့်...
''ဟင်..ဟုတ်လား ..ရှောင်မိန်ကိုပြောပြပါလား ဘယ်လိုလုပ်ရသလဲလို့..''
ကျင်းကျူးက စားပွဲပေါ်ရှိနှင်းဆီပန်းများကို လက်ညိုးညွန်လိုက်ပြီး..
''အဓိကကတော့ နှင်းဆီပန်းပေါ့ကွယ် .. မမပြောပြမယ် လိုက်မှတ်ထား
ကိုယ့်ဟာကိုယ်လုပ်တတ်တော့ ပိုအဆင်ပြေတာပေါ့.. ပထမဆုံးက နှုတ်ခမ်းနီလုပ်နည်း ...''
ရှောင်မိန်ကတော့ စိတ်ဝင်တစားနှင့်နားထောင်နေလေသည်.. ကျင်းကျူးကပင်ဆက်လက်ကာ
''လုပ်နည်းက သစ်သားစက္ကူစလေးတစ်ရွက်လိုမယ်.. နှင်းဆီပန်းပွင့် နှစ်ဆယ်သုံးဆယ်လောက်လိုမယ် ..သံပုရာသီးကတစ်လုံး.. နှင်းဆီပန်းလေးတွေကို ရေစင်အောင်ဆေး .. ရေပြောင်ပြီဆိုတာနဲ့ ခွက်လေးတစ်ခုထဲထည့် အရက်ဖြူ နည်းနည်းနဲ့သံပုရာရည်လေးရော ညှက်သွားအောင် ထောင်း .. ညှက်သွားရင် ချည်ထည်အ၀တ် သန့်သန့်လေးထဲ ထည့်ပြီးအရည်တွေချည်းပဲရအောင် ညှစ်.. အရည်ကပြစ်လည်း မပြစ်လွန်း ကျဲလည်း မကျဲလွန်းဖို့တော့လိုမယ်နော် ..ပြီးမှ ရလာတဲ့နှင်းဆီရည်ကို မီးလေးနဲ့အပူပေး ..အရည်လေးနွေးလာပြီဆိုရင်တော့ သုံးလို့ရပြီပေါ့ .. သစ်သားစက္ကူ လေးကို အဲ့ထဲမှာစိမ်.. ရေ၀သွားရင် ပြန်ထုတ်ပြီး နေလှမ်း.. ခပ်ဖန့်ဖန့်လေးဖြစ်ရင် ခုနကနှင်းဆီရေလေးကိုပဲ စုတ်တံလေးနဲ့ လေးငါးထပ်လောက်ပြန်သုတ်ပေး .. နည်းနည်းလေးခြောက်အောင်ထား.. အဲ့ဒါဆို ရှောင်မိန်အတွက် နှုတ်ခမ်းဆိုးဆေးရပြီပေါ့ .. စက္ကူလေးတွေကို ကြွေခွက်လေးထဲထည့်ပြီး သိမ်းထား ..ဆိုးခါနီးကျမှ နှုတ်ခမ်းလေးကို ရေလေးဆွတ် .. စက္ကူစလေးကို နှုတ်ခမ်းလေးနဲ့ဖိကပ်လိုက်ပေါ့ကွယ်.. မလွယ်ဘူးလား..''
ရှောင်မိန်က ကစားစရာအသစ်ဆန်းလေးရလိုက်သော ကလေးသဖွယ် လက်ခုပ်လက်ဝါးတီးရင်း...
''လွယ်လိုက်တာ ..အရမ်းလွယ်တာပဲ..နောက်ထပ်လည်း ထပ်ပြောအုံးနော် မမ..''
ကျင်းကျူးကပြုံးလိုက်ကာ..
''နောက်တစ်ခုလား... လာမယ်လေ.. မျက်ခုံးမွှေးဆွဲဆေးအမှုန့် လုပ်နည်းပေါ့..သူလည်းလွယ်တာပါပဲ .. ပျားဖယောင်းလက်နှစ်သစ်လောက်ထဲကို သံလွင်ဆီသင့်ရုံထည့် မီးအပူပေးပြီးအရည်ပျော်ခိုင်းထား .. ရလာတဲ့ဖယောင်းရည်ကို ၀ါးမီးသွေးမှုန့်လေးနှယ်လို့ကောင်းရုံ နည်းနည်းလေးထည့် ပြီးရင်သမအောင်မွှေ.. ခဏလေးလေသလပ်ခံခိုင်းပြီးရင် ကြွေဗူးလေးထဲဖိသိပ်နေအောင်ထည့် .... ကိုယ်အသုံးလိုတဲ့အခါ စုတ်တံလေးနဲ့ခြစ်ပြီး မျက်ခုံးပေါ်ဆွဲလိုက်ပေါ့..''
( ကော်ဖီမှုန့်ထည့်လျှင်ပိုခိုင်ခံ့သည်ဟုသိရ ..ဤကားစကားချပ်)
ရှောင်မိန်က ထိုနည်းကို ဆက်၍မှတ်သားနေစဉ်..
''အခုမမ ထပ်ပြောပြမယ့်နည်းလမ်းက မျက်နှာအလှကိုပေါ်လွင်စေမယ့် နည်းကွဲ့ ..သူကနည်းနည်းတော့ ရှုပ်တယ်...သေချာနားထောင်ထားနော်...''
ရှောင်မိန်က စကားဖြင့် အဖြေမပေးတော့ဘဲ ပုတ်သင်ညိုရှုံးအောင် ခေါင်းငြိမ့်ပြလိုက်၏...
''နှင်းဆီဖူးခြောက်.. ချဉ်ပေါင်သီးခြောက် ..ဇိရှောင် 紫草(comfrey)ပန်း
ခြောက် သုံးမျိုးကို သံလွင်ဆီနဲ့ဆယ်ရက်ကျော်လောက် လေလုံအောင်လုပ်ပြီး
စိမ်ထား ...ပြီးရင် အဲ့အရည်နဲ့ပျားဖယောင်းနဲ့ရောပြီးအပူပေး.. အပူပေးနေတဲ့ အချိန်လေးမှာ ပြောင်းဖူးမှုန့် ..နှင်းဆီမှုန့်နဲ့ပုလဲမှုန့် သုံးမျိုးကိုရောပြီး နှံ့သွားအောင် မွှေ ..နှံ့သွားပြီဆိုတာနဲ့ ခုနကအပူပေးထားတဲ့ ဖယောင်းနှင်းဆီရည်ကို အဲ့အမှုန်ထဲကိုထည့် ခပ်ပြစ်ပြစ်လေးရတဲ့အထိ သမအောင်မွှေပေးပြီးရင် သုံးလို့ရပြီ ..ရလာတာလေးကို ကြွေခွက်လေးနဲ့ထည့်ပြီး ..လိမ်းလိုက်လို့ရင်.. ရှောင်မိန်ရဲ့ ပါးလေးကို ရှက်သွေးဖြန်းသလိုလုပ်ပေးမယ့် အလှချေလေး ဖြစ်သွားတာပေါ့ကွယ်..''
ရှောင်မိန်က သဘောကျသွားက အားရပါးရရယ်လိုက်ရင်း သူမသိလိုသည်များကို ထပ်မံမေးမြန်းနေတော့၏... ကျင်းကျူးကလည်း သူမသိထား သမျှ ...အလှဆီထုတ်နည်းများ .. ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံများ .. ခါးတွင်ချိတ်ဆွဲရန် နံ့သာမှုန့်ထုတ်ရောစပ်နည်းများကို ရှောင်မိန်အား သင်ကြားပေးနေလေသည်..
(ထိုအကြောင်းအရာများကို အသေးစိတ်မဖော်ပြတော့ဘဲ ချန်လှပ်လိုက်ရ သောကြောင့် ရွှေစိတ်တော်မညိုကြပါရန် လေးစားစွာ မေတ္တာရပ်ခံလိုက်ရ၏.. စာရေးသူ..)
======================
မိတ်ဆွေများ မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်းမြင်ရန် ကျွန်တော့်အမျိုးသမီး၏ Video File ပါပူးတွဲတင်ပြပေးလိုက်ပါသည်..
#94 ( အစ၏အဆုံး ..အဆုံး၏အစ )
စာရေးသူ.... Phay Phyo San
ရွက်ဝါကြွေများဖုံးလွှမ်းနေသဖြင့် လမ်းတစ်ခုလုံးရွှေရောင်တောက်ပလျှက်ရှိ၏..
လေရူးတစ်ချက်ချက်ဝှေ့လိုက်တိုင်း ၎င်းလေနောက်သို့ သစ်ရွက်ခြောက်များက မီလိုမီငြားပြေးလိုက်သွားကြသော်လည်း အဆုံးမတော့ ပြုတ်ကျကျန်ရစ်ခဲ့သည်ကြီးသာ...
ရွှေဝါရောင်လမ်းလေး၏ နဘေးတစ်ဘက်တစ်ချက်တွင်တော့ ရိုးတံငုံးတိုတို သစ်ပင်များ ကအရုပ်ဆိုး အကျဉ်းတန်စွာ လျှက်ပေါက်ရောက်နေကြ၏... သစ်ရွက်များ ကြေလွင့်သည့် အချိန်မို့ ၀တ်လစ်စလစ် ဖြစ်နေသော ထိုရိုးတံရှည်များမှာ အတန်ငယ် ရှက်ရွံ့သည့်နှယ် တယိင်းယိင်းတလှုပ်လှုပ်ဖြစ်နေကြသည်... ခိုလုံရာသစ်ရွက်များ မရှိသောကြောင့်ဟုထင်သည် ဂျိုးငှက်များက တကူကူ ..ဥသြငှက်က တဆူဆူနှင့် ညီးငွေ့လွမ်းဆွတ်ဖွယ် အော်မြည်နေကြ၏...
တချို့တချို့သော သစ်ပင်များကမူ ယခုအချိန်ထိ ရွက်ခြောက်များတွဲရွဲခိုနေတုံးပင် သို့သော် သူတို့လည်း သဘာဝတရားအရတော့ မြေပေါ်သို့ ဆင်းသက်ရအုံးမည် မဟုတ်ပါလား....
ရွက်ဟောင်းကြွေပြီးလျှင်တော့ ဖူးငုံထိုးထွက်လာမည့် ရွက်သစ်ဝေ ကာလသို့ရောက်လာပေအုံးမည်... ထိုအခါတွင်တော့ ဤသစ်တောနှင့် ဤလမ်းလေးမှာ သစ်ရွက်သစ်ခက်များနှင့် ပြန်လည်ဝေဆာလာအုံးမည်သာ...
''ခွပ်...ခွပ်...ခွပ်...''
''ကျွီ...ကျွီ...ကျွီ..''
မြင်းဟီသံ ..ခွာသံ ..သစ်ရွက်ခြောက်များအပေါ် လှည်းဘီးလိမ့်သံနှင့်အတူ ဆီမထည့်တာကြာမြင့်ပြီဖြစ်သော ၀န်ရိုးမှတကျွီကျွီမြည်သံတို့က လွမ်းမောဖွယ် မြင်ကွင်းအား ဖျက်ဆီးလိုက်သည့်နှယ်..
လှည်းမှာနှစ်စီးဖြစ်ပြီး တောလမ်းတစ်လျှောက် အပြင်းနှင်လာကြခြင်းဖြစ်၏ ... ရှေ့ဆုံးမှမြင်းလှည်းမောင်းလာနှင်လာသူကတော့ အားကွေ့ဖြစ်၏.. သူ့နဘေးတွင်တော့ ဟွားဟွားကကပ်ထိုင်လိုက်လာသည်.. လှည်းမှာစုစုပေါင်းသုံးစီး ဖြစ်ကာ ..ဒုတိယလှည်းတွင် သွားကျိုး .. တတိယလှည်းအား တရှုံးတို့က အသီးသီး မောင်းနှင်လာခဲ့ကြသည်..
ရှေ့ဆုံးမှမြင်းကို တရမ်းကြမ်းမောင်းနှင်ရင်း အားကွေ့တစ်ယောက် ပူပန်နေကာ နေပြည်တော်မြို့တွင်းသို့မြန်နိုင်မကမြန်အောင်ရောက်ချင်စိတ်က ကြီးစိုးနေ၏..့မြန်မြန်ရောက်မှဖြစ်မည် ... မြင်းလှည်းထဲတွင်ပါလာသောဝေဒနာရှင် နှစ်ယောက်အတွက် သမားတော်နှင့်ပြသရန် အရေးကြီးနေသည်မဟုတ်လား.. တောင်ပေါ်တွင် ဒက်ပေါဒါဏ်ရာကို သူခန့်မှန်းစဉ်က တစ်ခုလိုသွားသည် ဒက်ပေါမှာ ယွဲ့ကျိုး အသုံးပြုလိုက်သော အဆိပ်ခုနှစ်မျိုးလက်ဝါးသိုင်း၏ အငွေ့အသက်ကို ခံလိုက်ရသည် .. အတွင်းဒါဏ်နှင့် အပြင်ဒါဏ်ခံစားနေရသူအတွက် ထို အဆိပ်သက်ရောင်မှုက ကြောက်ခမှန်းလိလိပြင်းထန်လှ၏.. ယခုဆိုလျှင် ဒက်ပေါ၏ တကိုယ်လုံး မီးသွေးတုံးပမာ မဲနက်နေသည်ပင်.. ဒက်ပေါနည်းတူ ဘုံကျောင်း ဆရာတော်လည်း သေရေးရှင်ရေးဖြစ်နေသည်သာ .. နတ်ရွှေနဂါးဂိုဏ်းချုပ်၏ လက်သီးချက်ကြောင့် အတွင်းကလီစာများ ရွေ့လျားသွားပုံ ရသည် ..အတွင်းအားသာ မဆက်ထားလျှင် အခုချိန်တွင်ပျံလွန်တော်မူလောက်ပြီ..
အားကွေ့မှာ သူ့နားထဲသို့ တိုးဝင်လာသော အသံများကြောင့် အတွေးစတို့ကို လက်စသတ်လိုက်ပြီး မျက်မှောက်ကာလအား အာရုံစိုက်လိုက်၏...
သူကြားလိုက်ရသော အသံတို့က သစ်ရွက်ကြွေများကို နင်းဖြတ်လာသော လူအုပ်ကြီး၏အသံပင်ဖြစ်လေသည်... အားကွေ့က မြင်းလှည်းကိုအရှိန်လျော့လိုက်ပြီး ၀ဲဘက်လက်အား မိုးပေါ်သို့ထောင်ပြလိုက်၏... နောက်မှကပ်လိုက်လာသော သွားကျိုးနှင့် တရှုံးမှာ အားကွေ့ထောင်ပြသော လက်ကိုမြင်လျှင် သူတို့၏ လှည်းများကို အရှိန်လျော့လိုက်ကြသည်..
''အကိုအားကွေ့ မြည်းလှည်းရပ်မလို့လား..''
မြည်းလှည်းအရှိန်လျော့သွားသဖြင့် ဟွားဟွားမှာ အားကွေ့အား ကြည့်ကာ မေးလိုက်၏..
''ဟုတ်တယ် ဟွားဟွား ..အကို့နားထဲမှာ လူအုပ်ကြီးအသံကြားလိုက်လို့ ..
ဟွားဟွားက သူမခေါင်းလေးကို အရှေ့သို့ပြည်လှည့်၍ အာရုံစိုက်နားထောင် လိုက်သော်လည်း မည်သည့်အသံမှမကြားရသဖြင့်..
''ဟွားဟွားတော့ ဘာသံမှ မကြားရပေါင်..''
''ဟားဟားဟားဟား ..ငါ့ညီမက အတွင်းအားနုသေးတာကိုး . အကိုပေးထားတဲ့ သိုင်းနဲ့အတွင်းအားပညာတွေ ကျင့်ပြီးရင် ...နောက်ဆို ကြားရလိမ့်မယ်..''
''အနှောင့်အယှက်တွေလား မသိဘူးနော် ..''
အားကွေ့ကခေါင်းငြိမ့်ပြလိုက်ရင်း..
''ဖြစ်နိုင်တယ် .. လူငါးဆယ်ကျော်လောက်ရှိတယ် ..ခြေသံတွေက
စည်းစနစ်ကျပြီး မြင်းလေးငါးကောင်လောက်အသံပါ ကြားရတော့ မင်းမှုထမ်းအဖွဲ့ များ ဖြစ်လေမလားမသိဘူး... သိုင်းလောကမှတော့ ဒီလောက် စနစ်ကောင်းတဲ့ အဖွဲ့တစ်ဖွဲ့မှ မရှိဘူး...''
ဟွားဟွားက နဖူးရှုံ့ကာ..
''မင်းမှုထမ်းအဖွဲ့.. သူတို့က ဘာလာစရာရှိလို့လဲ အကိုအားကွေ့..''
အားကွေ့ကမြင်းလှည်းကို လုံးလုံးရပ်တန့်လိုက်ပြီး...
''အကို့အထင် တောင်ပေါ်ကလူသတ်ပွဲ အကြောင်းသိသွားလို့ ရောက်လာတာဖြစ်မယ် .. တခြားဘာအကြောင်းမှ မရှိဘဲ .. ''
ဟွားဟွားက ဟွန့်ကနဲ လုပ်ကာ ..
''သူခိုးပြေးမှ ထိုးကွင်းလာထ ကြတာဖြစ်မယ် .. အစောကြီးကတည်းက သူတို့တားပါလား အခုမှ...''
သူတို့နှစ်ယောက် အထင်အမြင်ဖလှယ်နေကြစဉ် မြင်းလေးကောင်ပါသော လူအုပ်ကြီးက သူတို့ရှေ့မြင်ကွင်းထဲသို့ တိုးဝင်လာလေ၏.. အားကွေ့ခန့်မှန်းထား သည့်အတိုင်းပင် ချည်ချောအနီရောင် ၀တ်ဆင်ထားသော လူငါးဆယ်ခန့်ရှိသော မင်းမှုထမ်းတပ်ဖွဲ့ ဖြစ်သည်..
ရှေ့ဆုံးမှ မြင်းသည်တော်သည် အ၀ါရောင်အလံကြီးတစ်ခုကိုင်ဆောင် ထားကာ အလံပေါ်တွင် နေပြည်တော်စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ဟု အနီရောင် ချည်ဖြင့် ရေးထိုးထား၏.. အလံကိုင်မြင်းသည်တော်၏နောက်တွင် အနက်ရောင် မင်းမှုထမ်း ၀တ်စုံကို သပ်ယပ်စွာဝတ်ဆင်ထားကြသော ဌာနမှူး သုံးယောက်မှာ အိနြေ္ဒအပြည့်ဖြင့် မြင်းသုံးစီးကို ကျော့ကျော့လေး မောင်းနှင်လာကြသည် .. ၎င်းတို့ သုံးယောက်လုံး သက်လတ်ပိုင်းအရွယ်များဖြစ်ကြပြီး ခါးနောက်ဖက်တွင် ဓါးကို ကန့်လန့်ချိတ်ထားကြ၏.. ဌာနမှူးတစ်ယောက်စီတိုင်းတွင် ထီးမိုးတစ်ယောက်ကျ ပါရှိသည် .. အလံကိုင်မြင်းသည်တော်က အားကွေ့တို့ မြင်းလှည်း သုံးစီးကို မြင်သည်နှင့် ...
''ဟေး...ရှေ့ကမြင်းလှည်းသုံးစီးလုံး အခုချက်ခြင်းရပ်စမ်း.. နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးက မင်းတို့အားလုံးကို စစ်ဆေးစရာရှိတယ်..''
အားကွေ့က မည်သို့မျှ မပြောသော်လည်း စွာတေးလန် ဟွားဟွားမှာ
''ရပ်ထားတာ မြင်ရဲ့သားနဲ့ ရပ်စမ်းဆိုတော့ ရှင်တို့မျက်လုံးတွေ စုံလုံးကမ်းနေကြသလား..''
မြင်းသည်တော်မှာ ဟွားဟွား၏စကားကြောင့် တင်္ဒဂ ဆွံ့အ သွားပြီး ဒေါသထွက်သွားကာ ..
''ဟင်.. ဒီကောင်မလေးကတော့ ငါတို့ အထူးစုံစမ်းရေးအဖွဲ့ကိုများ မခန့်လေးစားနဲ့ .. အချုပ်ထဲမှာ ယာဂုကြိုသောက်ချင်ပုံရတယ်..''
''ထွီ ..သခင်အားရ ကျွန်ပါးဝတဲ့ကောင် နင်သတ္တိရှိရင် ရှေ့ကိုတက်လာစမ်း .. ပါးရှစ်စိတ်ကွဲသွားလို့ ယာဂုတောင် မသောက်နိုင်ဘူး ဖြစ်သွားမယ်..''
အားကွေ့က ဟွားဟွား၏လက်ကို လှမ်းကိုင်လိုက်ပြီး .. အသံတိုးတိုးဖြင့်
''ဟွားဟွား ..အကိုတို့က အလျင်လိုနေတာ .. မင်းမှုထမ်းတွေနဲ့ ပြသနာတက်ရင် အလကား နှောင့်နှေးနေအုံးမယ် .. ညီမလေးအသာနေ အကိုပြောမယ် ..လိမ္မာတယ်နော်..''
ဟွားဟွားမှာ အားကွေ့၏ ယထာဘူတကျသော စကားကြောင့် ဆက်လက်မပြောတော့သော်လည်း နူတ်ခမ်းကြီးစူကာ မကျေနပ်သည့် အမူအယာနှင့်ြိငိမ်ကျသွား၏... အားကွေ့က နှင်တံကို ဘေးတွင်ချလိုက်ပြီး လက်ဖမိုးဆုပ် အရိုအသေပြုလိုက်ကာ ..
''စိတ်မရှိပါနဲ့ အကြီးအကဲတို့ ..ကျွန်တော့်ညီမလေးက ငယ်ရွယ်ပြီး စိတ်ဆတ်တဲ့ မိန်းကလေးမို့ စကားပြော မဆင်ချင်တတ်သေးတာပါ .. လူကြီးမင်းတို့ မေးမြန်းစရာရှိရင် ကြိုက်သလိုမေးမြန်းနိုင်ပါတယ် ..ကျွန်တော်သိသလောက် ပြန်ဖြေပေးပါ့မယ်ခင်ဗျာ...''
အားကွေ့၏ ပြေပြစ်သော အမူအယာနှင့်ပြောဆိုလိုက်သော်လည်း အလံကိုင်မြင်းသည်တော်မှာ ကျေနပ်ဟန်မပြ ...
''အခုမှာလာပြီး လေပြေသွေးလို့ ရမလားကွ .. အရူးအရူးနဲ့ အိမ်ဦးခန်းတက် သေးထိုင်ပေါက်လို့ရမလား .. ''
ဟွားဟွားမှာ ထိုလူ၏လွန်ကဲသော စကားကြောင့် ဒေါသမီးဟုန်းဟုန်းတောက် ကာ မြင်းလှည်းပေါ်မှနေ၍ ခုန်ထလိုက်ကာ မြင်းသည်တော်ထံ ပြေးဝင်သွားလေ၏.. အားကွေ့ကလည်း ထိုလူ၏အပြောအဆိုကို စိတ်ခုသွားသည်ဖြစ်ရာ တားမြစ်ခြင်း မပြုပေ...
''၀ှစ်..၀ှစ်..''
''ဖြန်း...ဖြန်း...ဖြန်း..''
''အား...''
''ဖုန်း..''
လျှပ်ပစ်သည့်နှယ် မြန်ဆန်လွန်းသော ဟွားဟွားအား မြင်းသည်တော်မှာ မိမိကိုယ်မိမိဘာဖြစ်သွားသည်မသိ ပါးနှစ်ဖက်လုံးထူပူသွားကာ မူးဝေပြီး မြင်းပေါ်မှ ပြုတ်ကျသွားလေသည်... မြေပြင်ပေါ်တွင် ခွေခွေလေးလဲကျနေသော အလံကိုင်မြင်းသည်တော်သည် ပါးနှစ်ဖက်စလုံးနီရဲယောင်ကိုင်းလျှက် ပါးစပ်မှ သွေးများယိုစီးကျနေ၏...
''ချွမ်း..ချွမ်း..ချွမ်း..''
ဓါးထုတ်သံနှင့်အတူ ဌာနမှူးသုံးယောက်မှာ မြင်းပေါ်မှ ခုန်ဆင်းလာကြပြီး ..
''တယ်စော်ကားတဲ့ မိန်းကလေးပါလား .. ငါတို့ အထူးစုံစမ်းရေးတပ်ဖွဲ့ကိုမှ လာထိပါးနေတယ် .. ခေါင်းနဲ့ကိုယ်အိုးစားကွဲချင်တယ် မှတ်ရဲ့.. ''
ဟွားဟွားက သူမအား ကြိမ်းမောင်းစကားပြောနေသည့် မုတ်ဆိတ်မွေး စစနှင့် ဌာနမှူးအား ကြည့်ကာ ..
''ဟွန့် ..မင်းမှုထမ်းတွေဆိုပြီး ကြောက်မယ်များထင်နေလား.. ခေါင်းနဲ့ကိုယ် အိုးစားကွဲမှာ ဘယ်သူလည်းလို့ သိချင်ရင် စမ်းကြည့်လိုက်လေ..''
မုတ်ဆိတ်နှင့်ဌာနမှူးက ၀င်းဝင်းလက်တောက်နေသော ဓါးကြီးအား မိုးပေါ်
သို့မြောက်လိုက်ရင်း...
''တပည့်တို့ ဒီမိန်းကလေးနဲ့ သူ့အပေါင်းအပါတွေကို အကုန်ဖမ်းခဲ့ .. တစ်ယောက်မှ မကျန်စေနဲ့ ... ဒို့အထူးစုံစမ်းရေးအဖွဲ့အကြောင်းကောင်းကောင်းကြီး ပြရမယ် ..''
ဟူ၍အမိန့်လမ်းပေးလိုက်သည်နှင့် အနီရောင်ဝတ် အမှုထမ်းများမှာ ညာသံပေးရင်း ဓါးကိုယ်စီဝင့်ကာ ၀င့်ကာနှင့် ဟွားဟွားထံသို့ ပြေးဝင်လာကြ၏...
''ယား....ဟေ့..''
ဟွားဟွားကတော့ တကယ့် ဘာမထီ များမြောင်လှသော အမှုထမ်းများအား လုံးလုံးမမူ ကျားသစ်ပျိုမအသွင်နှင့် စောင့်ဆိုင်းနေသည်.. အားကွေ့မှာ ဆိုးဝါးလာသော အခြေအနေကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏လက်ကို တစ်ချက်ဝှေ့ရမ်းလိုက်၏...
''၀ှစ်..၀ှစ်...၀ှမ်း..''
''ဒုတ်..ဒုတ် ...ဒုတ်..ဒုတ်..''
အားကွေ့လက်ရမ်းလိုက်သည်နှင့် ဟွားဟွားထံပြေးဝင်လာကြသော အရာထမ်းများမှာ မမြင်ရသော အကာအရံကြီးအား ၀င်တိုက်မိသကဲ့သို့ တုံ့ကနဲ ရပ်သွားကြသည်.. အားကွေ့အသုံးပြုလိုက်သည့် ပညာရပ်သည်ကား ထင်းလွေ၏ န၀င်းလက်ချောင်းတောက်ပညာရပ်ပေတည်း... အားမာန်ကြီးသည့် ကျားကိုပင် အဝေးမှနေ၍ သွေးကြောပိတ်နိုင် ဖွင့်နိုင်အောင် ပြုလုပ်နိုင်သော ထိုန၀င်းလက်ချောင်းတောက် ပညာမှာ စစ်ဆေးရေးအမှုထမ်းများကဲ့သို့ သာမာန်သိုင်းအဆင့် လောက်ကိုတော့ စာဖွဲ့အံ့မထင်..
ကြောင်အမ်းအမ်းဖြစ်နေကြသော ဌာနမှူးသုံးယောက်မဆိုနှင့် ဟွားဟွားပင်လျှင် ယာယီအံ့အားသင့်သွားပြီး နောက်မှ အားကွေ့လက်ချက်ဖြစ်မည်ဟု ခန့်မှန်းမိလိုက်ကာ .. တစ်ခစ်ခစ်ရယ်လိုက်ပြီး ..
''အထူးစုံစမ်းရေးအဖွဲ့တဲ့ နာမည်ကတော့ ကြားလို့ကောင်းပါ့ ..တကယ်ကြုံမှ ဖွတ်ချီးအဖွဲ့ ဖြစ်နေတယ် ...''
ထိုစကားကြားလျှင် ဌာနမှူးသုံးယောက်၏ မျက်နှာသုံးစုံစလုံး မည်းမှောင်ကာသွားပြီးလျှင် မုတ်ဆတ်က..
''စုန်းမ နင် ဘယ်လိုပြုစားလိုက်တာလည်း..ခုချက်ခြင်း ငါ့လူတွေ ပြန်ကောင်းအောင်လုပ်ပေး ..မလုပ်ပေးရင် .. တာဝန်ဝတ္တရား နှောက်ယှက်မှု အကြီးအကဲကို စော်ကားမှုနဲ့ နင်တို့တဖွဲ့လုံး နင်တို့ တမျိုးလုံးကို တစ်သက်လုံး ထောင်သွင်းအကျဉ်းချလိုက်မယ် ...'''
ဟွားဟွားမှာ ထိုလူအား ပြန်လည်တုံ့ပြန်ရန် ပါးစပ်ဟ လိုက်စဉ် လမ်းကွေ့လေးအတွင်းမှ အိုစာနာကျနေသော အသံတစ်သံက ပေါ်ထွက်လာလေ၏..
''ရှလုံ ငါ့ကတော့ အိုနေပါပြီကွာ ..ငါ့ကိုတော့ ထောင်သွင်းအကျဉ်း မချလိုက်ပါနဲ့ .. ဟွားဟွား ငါ့မြေးလေး ..နင်ကလည်း ကိုယ့်အဘိုးရဲ့ အောက်လက်ငယ်သားတွေကို ဒီလောက်အနိုင်ကျင့်ရသလား ..မလွယ်ဘူး ..မလွယ်ဘူး ဒီကလေးမကတော့..''
အသံအိုအိုကြီးနှင့်အတူ မီးခိုးရင့်ရောင် ခပ်နွမ်းနွမ်း ၀တ်စုံနှင့် အဘိုးကြီးတစ်ယောက် ရွက်ကြွေများအား တလှမ်းခြင်းနင်းလျှောက်ကာ ထွက်ပေါ်လာလေသည်.. အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာပေါ်တွင် ပေါ်လွင်သော နှာတံ အဖြူစွက်သော မုတ်ဆိတ် .. စိန်ပွင့်ကဲ့သို့ စူးရှသော မျက်ဝန်းအစုံရှိသည့် ထိုအဘိုးကြီးကို မြင်လျှင် ဟွားဟွားမှာ ခုန်ပေါက်လိုက်ပြီး..
''ဘိုးဘိုး....ဘိုးဘိုး..''
အဘိုးကြီးက တဟားဟားရယ်ကာ ..
''ခွေးမလေး ..ကိုယ့်အဘိုးကိုယ်တော့ မှတ်မိသေးတယ်ပေါ့ ...ကြည့်စမ်း ငါ့မြေးလေး ထွားလာလိုက်တာ ... ဘိုးဘိုးမတွေ့တဲ့ သုံးနှစ်အတွင်း ပိုလို့လည်း လှလာချောလာသပ .. ဒါပေမယ့် ဘယ်လောက်များ ဆော့လာတယ် မသိဘူး .. တကိုယ်လုံးဖုန်တွေသဲတွေ ပေပွလို့ ...''
စင်စစ်ထိုအဘိုးကြီးမှာ ဟွားဟွား၏ အဘိုးအရင်း ..နေပြည်တော် ထောက်လှမ်းရေးမှူးချုပ်ကြီး ချန်းဖြစ်လေသည်.. ဌာနမှူးသုံးယောက်မှာ ထိုအဘိုးကြီးအားမြင်သည်နှင့် လက်နှစ်ဖက်ဆုပ် ဒူးတုပ်ကာ အရိုအသေပေးရင်း တဆတ်ဆတ်တုန်နေကြသည်... မျောက်မီးခဲ ဖင်ခုထိုင်သည်ဟူသော စကားပုံက သူတို့မှ သူတို့အစစ် .. တစ်တိုင်းပြည်လုံးရှိ မင်းမှုထမ်းများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် အဘိုးကြီး၏ တစ်ဦးတည်းသော မြေးကိုမှ ဟိန်းဟောက်ချိန်းခြောက် ထားမိသည်မဟုတ်လား ..
ဟွားဟွားမှာ အဘိုးဖြစ်သူ ရင်ခွင်ထဲသို့ ပြေးဝင်သွားကာ ပျော်ရွှင်လွန်း၍ တခစ်ခစ်ရယ်မောနေတော့သည်.. သူမအဘိုးနှင့်ဖခင်ဖြစ်သူ လွန်ခဲ့သော သုံးနှစ်က ခွန်လွန်းတောင်ပေါ်အလည်လာသည့် အချိန်မှလွဲကာ ကျန်သည့်အချိန်များတွင် ခွဲခွာနေခဲ့ရ၍ ယခုလိုပြန်တွေ့ခိုက် သူမပျော်ရွှင်နေသည်မှာ မလွန်လှ ..
အားကွေ့မှာ အဘိုးနှင့်မြေးတို့၏ကြည့်နှူးဖွယ်မြင်ကွင်းကြောင့် ပါးစပ်ပင် မစိနိုင်ဘဲ ပြုံးရွှင်ကာနေသည် ..
=================================
'' တောက်...ဒီတစ်ခါလည်း ဟိုခွေးမသားကြောင့် အခွင့်ကောင်းကို လက်လွတ်လိုက်ရပြန်ပြီ ရှု့ယီ...''
မဟော်ဂနီရောင် တဖိတ်ဖိတ်လက်ပြောင်နေသော စားပွဲအား ထုရင်း ပြောလိုက်သည့် ဖားပြုတ်အို၏ စကားကြောင့် ရှု့ယီမှာ သောက်လက်စ အရက်ခွက်ကို ချကာ ...
''မှန်တယ် ဆရာကြီး .. ဒီတစ်ချီတော့ ကျွန်တော်တို့ ဆုံးရှုံးမှုက လွန်လွန်းတယ် .. အနှစ်နှစ်အလလ အချိန်ကုန် ငွေကုန်ခံပြီး ပျိုးထောင်ထားရတဲ့ လူမည်းကြီးဆယ့်ငါးယောက် လက်လွတ်လိုက်ရတယ် .. ပိုဆိုးတာက မုစန်းသိုင်းပါရဂူ ရဲ့သိုင်းကျမ်းကို ရခါနီးမှ ပြန်လာခဲ့ရတာ ..''
ဖားပြုတ်အိုက အဆီပြန်နေသော မျက်ခွက်အား လက်ဖြင့်သပ်ရင်း...
''ငါတို့ ဒီကောင့်ကို တစ်ခုခု မတုံ့ပြန်ဘဲ နေလို့မရတော့ဘူး .. ဒီကောင် လောကမှာ အသက်တရက်ရှင်လေလေ ငါတို့ လုပ်ရကိုင်ရ အကျပ်ရိုက်လေလေ ဖြစ်မယ် .. အခုဆိုရင် ငါ့အကြောင်းကို လူတွေ အကုန်သိကုန်ကြလောက်ပြီဆိုတော့ ပန်းနီနီအာမခံဌာနကို ဟန်ပြဖွင့်လို့လဲ မရတော့ဘူး .. အာမခံဌာနကနေ ဂိုဏ်းအသွင် ပြောင်းမှ ဖြစ်တော့မယ်..''
'' ကျွန်တော်လည်း ဒီအကြောင်းပြောမလို့ .. ကျွန်တော်တို့မှာ ရှိတဲ့ ငွေအား လူအားနဲ့ဆို အကြီးစားဂိုဏ်းတစ်ခု ဖွဲ့လို့ ရနေပြီ .. ဌာနခွဲတွေကလည်း မြို့ကြီးတိုင်းမှာ ရှိနေတော့ အစကနေ စ စရာမလိုတော့ဘူးလေ .. တစ်တိုင်းပြည်လုံး သိအောင် ကြေညာဖို့ပဲလိုတော့တာ ...''
ပုဝူးလူသွဲ့က ခေါင်းငြိမ့်လိုက်ပြီး ..
''မင်းနောင်တော် သွေးအရိပ် ဒါဏ်ရာပျောက်တာနဲ့ မြောက်ပိုင်းကို လွတ်ပြီး မြောက်ပိုင်းက ပညာရှင်တွေနဲ့ မဟာမိတ်ဖွဲ့ရမယ် ..နောက်ပြီးတော့ နရန်ဂိုဏ်းကိုပါ စည်းရုံးနိုင်ရင် ငါတို့အဖွဲ့ကို မှီနိုင်တဲ့ အသင်းအဖွဲ့ ရှိတော့မယ် မထင်ဘူး... ''
''ဒါတွေက ဖိဖိဆီးဆီး လုပ်နိုင်ရင် အဆင်ပြေနိုင်တယ်ဗျ .. ဒါပေမယ့် ဟိုမြေခွေးကောင်ကို အခုကတည်းက မျိုးဖြုတ်ထားနိုင်ရင် ပိုအဆင်ပြေလိမ့်မယ်..''
ပုဝူးလူသွဲ့က တဖက်ထဲသောလက်ဖြင့် အရက်ခွက်ကို ကိုင်မြောက်ကာ တရှိန်ထိုးမော့သောက်ပြီးလျှင် ..
''ငါလည်း ပြန်ရောက်ရောက်ခြင်း အမတ်ချုပ်ကြီးကို အကူအညီတောင်းထားတယ် .. နရန်ဂိုဏ်းက လူသတ်သမားနှစ်ယောက်လောက်ကို ၀ူချောင်ကို လွတ်ပေးဖို့ပေါ့...''
''၀ူချောင်... အခုအားကွေ့က နေပြည်တော်မှာ မဟုတ်လား ..ဘယ့်နှယ် ၀ူချောင်ကို လွတ်လိုက်တာလည်း ကျွန်တော် နားမလည်ဘူး ဆရာကြီး ..''
ပုဝူးလူသွဲ့က တဟားဟားရယ်လိုက်ရင်း ...
''ဟားဟားဟားဟား .. ငါ့တပည့် ဒီနေရာမှာတော့ မင်းအတော်ညံ့သွားပြီ .. မြွေတစ်ကောင်ကို ရိုက်သတ်ရင် ခေါင်းကစ ရိုက်ရတယ် .. အားကွေ့ရဲ့ခေါင်းက ၀ူချောင်မှာ ရှိသကွ...''
''ကျွန်တော့်ကို သေသေချာချာ ရှင်းပြပါအုံး ဆရာကြီးရယ်..''
''မင်းကိုငါမေးမယ် .. အခုင့ါသိုင်းပညာနဲ့ အားကွေ့ရဲ့သိုင်းပညာနဲ့ဆို ဘယ်သူသာမယ်ထင်သလဲ..''
ရှု့ယီက မဆိုင်းမတွပင်...
''ဆရာကြီးကသာတာပေါ့.. ''
''မှန်တယ် တပည့်ကြီး.. ဒါဆိုငါနဲ့သူနဲ့ ထိပ်တိုက်တွေ့ရင် ဘယ်သူနိုင်မယ် ထင်သလဲ..''
''အင်း...အဲ ..အဲ့ဒါတော့ အဖြေရခက်တယ် ဆရာကြီး ..သာမာန်ဆို သိုင်းပညာသာတဲ့သူက အနိုင်ပဲ ..သူကျတော့...''
ပုဝူးလူသွဲ့က စားပွဲကို လက်ဖြင့်ပုတ်ကာ ..
''အဖြေကအဲ့ဒါပဲ .. ငါကသူ့ကို သိုင်းပညာမှာ သာကောင်းသာလိမ့်မယ် ဉာဏ်ခြင်း ကံခြင်းယှဉ်လိုက်တော့ သူကငါ့ထက်သာတာ အမှန်ပဲ .. ဒီတော့ သူ့ကို လိုက်သတ်နေရင် သံသရာကြောရှည်နေလိမ့်မယ် .. သူ့ရဲ့အားနည်းချက် ..သူ့ရဲ့ နှလုံးသား ..သူ့ရဲ့အနိုင်ကွက်ကို ကိုင်နိုင်မှ.. ငါ့တို့ဘက်က သေချာလိမ့်မယ် မဟုတ်လား...''
''ကျွန်တော်သိပြီ ..သဘောပေါက်ပြီ..ဆရာဆိုလိုခြင်တဲ့ သဘောက ၀ူချောင်မှာ သူ့ရဲ့အားနည်းချက်ရှိတယ်ပေါ့...''
''ဟားဟားဟားဟား ..သေချာတာပေါ့ကွာ .. ငါလုံးဝစုံစမ်းထားပြီးပြီ .. မင်းမသိခင် မင်းနောင်တော် သွေးမြွေပွေးကို ငါစုံစမ်းခိုင်းထားတာ .. သူ့ရဲ့ အားနည်းချက်က ငါတို့မင်းတို့ထင်ထားတဲ့ ဟိုကောင်မလေးမဟုတ်ဘူး .. နောက်တစ်ယောက်ကွ .. ဖြစ်ချင်တော့ အဲ့ကောင်မလေးက အားကွေ့တို့နဲ့ မလိုက်ဘဲ ၀ူချောင်မှာ အဖော်နှစ်ယောက်နဲ့ နေရစ်ခဲ့တာ .. တစ်ယောက်က မိန်းကလေးအဖော် .. နောက်တစ်ယောက်က သမားတော်ဆိုပဲ .. အစကတော့ အဖော်မိန်းကလေးက နှစ်ယောက်ကွ ..တစ်ယောက်က ခွဲထွက်သွားလေပြီ.. ၀ူချောင်မှာ ကျန်ထားတဲ့ သုံးယောက်ထဲမှာ အားကွေ့ရဲ့ကောင်မလေးက သိုင်းပညာလုံးလုံး မတတ်ဘူး .. နောက်မိန်းကလေးအဖော်ကလည်း ပုဝါဖြူဂိုဏ်းက သာမာန်ဂိုဏ်းဝင်လေး .. သမားတော်ကတော့ မူစရာကိုမလိုတာ ..ဆိုတော့..''
''ဒါများဆရာကြီးရယ် ..နရန်ကကောင်တွေလွတ်စရာ မလိုပါဘူး ..ကျွန်တော်တို့ ပန်းနီနီက လူငါးယောက်လောက်လွတ်လိုက်ရင် ကိစ္စကပြတ်နေပေါ့''
ပုဝူးလူသွဲ့က လက်ကာပြလိုက်ပြီး...
''ရှု့ယီ မင်းကဘယ်ကိစ္စမဆို ပေါ့ပေါ့လေးပဲ တွေးတယ် .. အဲ့ဒါလေးကို ပြင်ဟေ့ .. ငါပြောပြမယ် ..ငါတို့ပန်းနီနီဂိုဏ်းသားတွေ ၀ူချောင်ကို သွားဖို့ဆို အနည်းဆုံး လေးငါးရက်လောက်ကြာမယ် .. အဲ့လေးငါးရက်မှာ ဟိုကောင်မလေး ၀ူချောင်ကနေ မထွက်သွားဘူးလို့မပြောနိုင်ဘူး .. ငါတို့အတွက် ကံကောင်းချင်တော့ နရန်ဂိုဏ်းသားနှစ်ယောက်က ၀ူချောင်မှာ အသင့်ရှိနေတယ်လေ ..ငါ အမတ်ချုပ်ကြီး ကိုပြောလိုက်တာနဲ့ သူကချက်ခြင်း ၀ူချောင်ကို စာပို့သိမ်းငှက်လှမ်းလွတ်လိုက်တာပဲ .. သိမ်းငှက်နဲ့ဆိုတော့ တစ်ရက်နှစ်ရက်အတွင်းရောက်မှာ .. အဲ့ခါကြ ကောင်မလေးကို မြန်မြန်ဖမ်းမိတော့ မပေါ့ .. ကောင်မလေးငါတို့လက်ထဲ ရောက်တာနဲ့ ..မင်းရဲ့အချစ်တော် လူရှုပ် ဘယ်ပြေးတော့မလဲ ..ဟားဟားဟားဟား''
ထိုအခါမှ ဘ၀င်ကျသွားသော ရှု့ယီမှာ ဆရာဖြစ်သူနှင့် အတူတူ လှမ်းရယ်နေစဉ်...
''ဒေါက်..ဒေါက်...ဒေါက်..''
တခါးခေါက်သံကြားလိုက်ရ၍ .. ရှု့ယီက..
''ဘယ်သူလည်းဟေ့...''
''ကျွန်တော်ပါ ..ကိုယ်ရံတော်နံပါတ်သုံးဆယ့်ရှစ်ပါ...''
ယခုသူတို့တည်းခိုနေသည်မှာ နေပြည်တော်ရှိ အမတ်ချုပ်ကြီး၏ ဇိမ်ခံနန်း တစ်ခုဖြစ်ပြီး အမတ်ချူပ်ကြီး၏ ကိုယ်ရံတော်များ စောင့်ကြပ်နေကြသည်ပင်.. ရှု့ယီက ဆရာဖြစ်သူအား လှမ်းကြည့်လိုက်ရာ ခေါင်းငြိမ့်ပြလိုက်သည်ကို မြင်ရ၍ ..
''အေး..ဘာကိစ္စလည်း....''
''ဆရာကြီးတို့ရဲ့ ဧည့်သည်ရောက်နေတယ်ခင်ဗျ...''
''ဧည့်သည်ဟုတ်လား ..ဘယ်သူလို့ပြောသလဲ...''
အပြင်ဘက်ကနေပင်..
''ဆရာကြီးပုဝူးလူသွဲ့က သူ့ကိုကောင်းကောင်းသိတယ်လို့ ပြောပါတယ် ..သူ့နာမည်က သွေးဘီလူးတဲ့....''
ဖားပြုတ်အိုနှင့် ရှု့ယီမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ...
''သွေးဘီလူး....''
=======================
ဒီနေ့ group ထဲမှာ ဖတ်စရာတွေ များနေလို့ မတင်တော့ဘူး လုပ်တာ
ပါပူး နိုင်သွားတော့ ပျော်ပြီး ချက်ခြင်းကောက်ရေးလိုက်ရတယ် ..
အမြန်ရေးရတာမို့ တိုကောင်းတိုလိမ့်မယ် ..အကြောင်းအရာ ပြေပြစ်ချင်မှ ပြေပြစ်လိမ့်မယ်ဗျ .. သီးခံပေးကြပါဗျာ ..
#95 ( အစ၏အဆုံး ..အဆုံး၏အစ )
စာရေးသူ.... Pyae Phyoe San
ယခင်ကအတူတူလက်တွဲခဲ့ကြဖူးသော်လည်း မတွေ့ရ မမြင်ရ အကြောင်းမကြားရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ သွေးဘီလူးဟူသော အမည်ကိုပင် မေ့လျော့နေခဲ့ကြရာ ယခုလို ဆိုင်းမပါဗုံမဆင့်ဘဲ ပြန်ပေါ်လာသဖြင့် ဆရာတပည့်နှစ်ယောက် အံ့အားသင့်သွားကြခြင်းပင်...
ပုဝူးလူသွဲ့မှာ ခေတ္တမျှ ငေးကြောင်ပြီးနောက် ...တဟားဟားရယ်ရင်း ..
''တွေ့ခွင့်ပေးလိုက်ဟေ့ .. အခန်းထဲကိုသာလွတ်ခဲ့ ... သူ့ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံအုံး .. ''
''ဟုတ်ကဲ့ပါလူကြီးမင်း..''
အပြင်ဘက်ရှိကိုယ်ရံတော် ပြေးထွက်သွားသော ခြေသံကို နားစွင့်နေပြီးမှ ရှု့ယီက
''ဆရာကြီးရေ .. အောင်မြင်မယ့် နိမိတ်ဆိုတာ ဒါမျိုးကို ပြောတာလားမသိဘူး မိုးနတ်မင်းကြီးက ကျွန်တော်တို့ဘက်မှာ ရှိပုံရတယ် .. ဂိုဏ်းအသွင် ပြောင်းမယ်လို့လည်း ဆိုလိုက်ရော ..အနှစ်နှစ်အလလ ပျောက်နေတဲ့ ဆရာသွေးဘီလူးက ပေါ်လာရော ..ဟားဟားဟားဟား..''
ဆရာတပည့်နှစ်ယောက် ရွှင်မြူးနေသည့်အချိန်တွင် အခန်းတံခါးတွန်းဖွင့်သံ နှင့်အတူ လူတစ်ယောက်ဝင်လာခဲ့၏ ... ခပ်ညှက်ညှက်နှင့် ရည်မွန်သော ရုပ်သွင်ရှိကာ အလုံးအထည်သေးသော ထိုအဘိုးအိုက ယွဲ့အိမ်တော်တွင် အကျဉ်းကျနေသည်ဟု သူတို့သိထားသည့် သွေးဘီလူးဖြစ်လေသည်.. သွေးဘီလူးမှာ အခန်းတွင်းသို့ရောက်သည်နှင့် ၀မ်းသာအားရဖြင့်...
''အကိုကြီးဝူး ကျန်းခန့်သာလို့မာပါလေစဗျာ..''
''ဟာ ..ငါ့ညီရာ အပရိကစကားတွေနဲ့ နူတ်ဆက်နေစရာမလိုပါဘူး ..ငါတို့ နှစ်ယောက် သူစိမ်းမှမဟုတ်ဘဲ .. ဟားဟားဟားဟား .. တွေ့ရတာ ၀မ်းသာသဟေ့ .. လာလာ တစ်ခါထဲသာ ၀ိုင်းလိုက်..''
ဖားပြုတ်အို၏စကားအတိုင်း သွေးဘီလူးမှာ ထိုင်ခုံတစ်ခုပေါ် ၀င်ထိုင်လိုက်ပြီး ..စားပွဲပေါ်သို့ကြည့်ကာ
''အကိုကြီးကတော့ နည်းနည်းလေးမှ မပြောင်းလဲသေးပါလား အခုထိ ခေါက်ဆွဲပြုတ်နဲ့ အရက် တွဲသောက်နေတုန်းပဲ ..''
ရှု့ယီက အလျင်အမြန်ပင် သွေးဘီလူးအတွက် အရက်တခွက် တည်ခင်းပေးလိုက်၏..
''ကိုယ်နှစ်သက်တဲ့ အစားအသောက်ဆိုတော့လည်း တသက်လုံး ရိုးမသွားဘူးပေါ့ကွာ .. ကိုင်း ဒါတွေအသာထားစမ်းပါအုံး ..မတွေ့ရ ကြာတဲ့ အတောအတွင်း မင်းဖြစ်ခဲ့သမျှ အဖြစ်အပျက်တွေကို ငါ့တို့သိအောင် ပြောပြပါအုံး ..''
သွေးဘီလူးက ရှု့ယီငှဲ့ပေးထားသော အရက်ကို မော့သောက်လိုက်ပြီး ...
'''အား ...ကောင်းလိုက်တဲ့အရက် .. နေပြည်တော်ရဲ့နာမည်ကျော် လီတစ်သောင်းပျံ့မွှေးအရက်ကတော့ လောကမှာ နံပါတ်တစ်ပဲ ဖြစ်မယ်..''
အရက်ချီူးကြူးခန်းအရင်ဖွင့်ပြီးမှ သူမြေတိုက်ခန်းတွင် အချုပ်ကျနေသော အတွေ့အကြုံတို့ကို ရှင်းပြလေတော့၏...
''ဒီလိုဗျ .. ပန်းလိပ်ပြာတုမော်ရင်းကြောင့် ကျွန်တော် အဖမ်းခံရတာ.. ၀ူတန်ဂိုဏ်းချုပ်နဲ့ယွဲ့ကျိုးက ကျွန်တော့်ကို သွေးဘီလူးပြပွဲလုပ်တဲ့အကြောင်းတွေကို တော့ အကိုကြီးနဲ့တူမောင်ရှု့တို့အသိပဲ .. အဲ့ပြပွဲမှာ သိုင်းလောက ခုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ယွဲ့အိမ်တော် မြေတိုက်ထဲမှာ တသက်တာလုံးအကျဉ်းချဖို့ အမိန့်ထုတ်လိုက်သဗျ...''
''အိမ်း ..အဲ့တုန်းက ငါတို့အဖွဲ့တောင် မင်းကိုဝင်ကယ်မလို့ လုပ်လိုက်သေးတယ်..''
''အကိုကြီးဝူးတို့လာမကယ်တာကိုက ကျွန်တော့်အတွက် ပိုအဆင်ပြေသလို ဖြစ်သွားတယ်ဗျ ..လာကယ်ရင် အကိုကြီးတို့ အကုန်လုံးအဖမ်းခံရမှာ သေချာတယ် .. အဲ့လိုပြောလို့ အကိုကြီးကို အထင်သေးတယ်လို့ မထင်နဲ့ ..ယွဲ့အိမ်တော်က တကယ်ကြောက်စရာကောင်းတယ် အကိုကြီးဝူး.. သူတို့ရဲ့မြေတိုက်ခန်းက တကယ် လျှို့ဝှက်လွန်းတဲ့အပြင် ထောင်ချောက်တွေကလည်း နေရာတိုင်းမှာ ရှိသဗျ.. အစ ကျွန်တော်အဖမ်းခံရတုန်းကတော့ စိတ်ဓါတ်ကျလိုက်တာမှ မတ်မတ်ရပ်ဖို့ အားတောင် မရှိဘူးရယ် .. သူတို့မြေတိုက်ခန်းက သုံးခန်းရှိတယ် .. အအေးခန်း အပူခန်းနဲ့ ရေခန်းဆိုပြီးသုံးခု ခွဲထားတာ ... အအေးခန်းက အေးလိုက်တာများ အရိုးကွဲမတတ်ချဉ်ဆီခန်းမတတ်ပဲ ..အပူခန်းကျပြန်တော့လည်း ငရဲပြည်တောင် အဲ့လောက်မပူဘူးမှတ်ရ .. ရေခန်းကတော့ အဆိုးဆုံးဗျ .. လူတကိုယ်လုံးကို ရင်ညွှန့်အထိ မြုပ်ပြီး နေ့ည စိမ်ထားတာ အောက်မှာက လက်တစ်ဆစ်လောက် သံဆူးတွေက မြုပ်ထားသေး.. ကျွန်တော့်ကိုတော့ ရာသီဥတုလေးမျိုးမှာ တရာသီကို တခန်းကျထားတော့ အသက်တောင်ယဲ့ယဲ့ပဲကျန်တယ် .. နွေဦးနဲ့နွေမှာ အပူခန်း ..မိုးတွင်းဆို ရေခန်း .. ဆောင်းအခါဆို အအေးခန်း .. အကိုကြီးနဲ့တူမောင်ရှု့တို့ စဉ်းစားကြည့် ဘယ်လောက်အခံရခက်မလဲဆိုတာ .. အ၀တ်အစားဆိုမပါ ကိုယ်တုံးလုံးနဲ့ဆိုတော့ သိက္ခာမရှိ ..အရှက်မရှိပေါ့ဗျာ..''
သွေးဘီလူးမှာ ပြောရင်းနှင့် ဆိုးဝါးသော ဝေဒနာတို့ကို အမှတ်ရသွားသည့်နှယ် မျက်နှာတပြင်လုံးသွေးဆုတ်ဖြူလျော်သွား၏ ..ရှု့ယီကလည်း အလိုက်တသိနှင့် အရက်ခွက်ထဲသို့ အရက်များထပ်ထည့်ပေးလိုက်သည် .. သွေးဘီလူးက ရှု့ယီအား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး အရက်ခွက်ကို တရှိန်ထိုး မော့သောက်လိုက်၏.. ပြီးမှ ..
''အဲ့လိုနဲ့ တစ်နှစ်လောက်ဆင်းရဲဒုက္ခခံလိုက်ရတော့ ကျွန်တော့်ရဲ့ အသိစိတ်ဓါတ်က လုံးဝလွတ်သလောက်နီးနီးဖြစ်သွားပြီ .. လူဆိုတဲ့တန်ဖိုး နဲ့ လူလို အတွေးအခေါ်တောင် မရှိတော့ဘူးခင်ဗျ.. ကိုယ့်ကိုယ်ကို သိမ်ငယ်လိုက်တာများ အဲ့အချိန်မှာ ခွေးတစ်ကောင်လောက်တောင် အဆင့်မရှိတော့ဘူး မှတ်တယ်.. ဒီလိုနဲ့ တစ်နှစ်ကျော်ပြီး နောက်တရက်မှာ ယွဲ့ကျိုးရဲ့တပည့် ဆောင်ကျင့်ဖုန်းဆိုတဲ့ သူငယ် ရောက်လာတယ် .. ရှင်းရှင်းပြောရရင် လာကမ်းလှမ်းတာပေါ့ဗျာ ..အသေးစိတ် ပြောရရင် ရှည်နေလိမ့်မယ် .. ဆောင်ကျင့်ဖုန်းကပြောတယ် ကျွန်တော်တတ်ကျွမ်းသမျှ သိုင်းပညာတွေကို သူနဲ့သူ့ဆရာနဲ့ကို သင်ပေးရင် ကျွန်တော့်ကို ဒီလိုမနှိပ်စက်တော့ဘူး .. ကောင်းကောင်းမွန်မွန်ထားပေးမယ်လို့ ဆိုလာတယ်လေ..''
''ဖြန်း...''
ဖားပြုတ်အိုကြီးက စားပွဲကို လက်နှင့်ရိုက်လိုက်ပြီး ..
''ထွီ ..ရွံစရာကောင်းတဲ့ကောင်တွေ .. ဒါမျိုးကို ချောင်ပိတ်ရိုက်တယ်လို့ ခေါ်တယ် .. မင်းမငြင်းလိုက်ဘူးလား ..''
သွေးဘီလူးက လက်ကာပြလိုက်ရင်း..
''ဘယ်ကငြင်းနိုင်လည်းဗျာ ... ဖြစ်နိုင်ရင် အဲ့ထက်မကတဲ့ တောင်းဆိုမှုမျိုး ဆိုရင်တောင် ကျွန်တော်ပေးဖို့အသင့်ပဲ .. အဲ့တုန်းက အခြေအနေက ပါးစပ်နဲ့ ပြောလို့တောင် ပြည့်စုံအောင် ပြောလို့မရတဲ့အခြေအနေရယ် ..အဲ့အခန်းသုံးခန်းထဲ ကနေ မျက်တောင်တခတ်စာလောက်လေး ကင်းလွတ်ဖို့ အချိန်ပေးမယ်ဆိုရင်တောင် လက်ခံမိမလားမသိဘူး .. အဲ့ဒါနဲ့သူတို့ပြောသမျှအတိုင်း သင်ပေးလိုက်တာပေါ့ .. ယွဲ့ကျိုးနဲ့ဆောင်ကျင့်ဖုန်းက ကတိတော့ တည်ရှာပါတယ် .. ကျွန်တော်သိုင်းသင်ပေး တဲ့နေ့ကစပြီး တကယ့်ဆွေမျိုးရင်းချာ တစ်ယောက်လို မိတ်ဆွေတစ်ယောက်လို ဆက်ဆံပါတယ် .. သူ့တို့ရဲ့စံအိမ်ထဲမှာ တံခါးမရှိ ဓါးမရှိ နေထိုင်ခွင့်ပြုထားတယ် .. သူတို့ဘက်က တောင်းဆိုတာလေးတော့ရှိရဲ့ .. ကျွန်တော့်ကို အဲ့လိုထားတာ အပြင်လူသိမှာစိုးလို့ ငွေရောင်မျက်နှာဖုံးစွတ်ထားပေးဖို့နဲ့ တခြားလူတွေနဲ့ မဆက်ဆံဖို့ပေါ့...''
ပုဝူးလူသွဲ့မှာ ဥာဏ်ကြီးသူပီပီ .. ယွဲ့ကျိုးတို့ဆရာတပည့်နှစ်ယောက်၏ စဉ်းလဲမှုကို တွေးမိလိုက်သည်..
''အင်း ..ယွဲ့ကျိုးတို့ဆရာတပည့်နှစ်ယောက် လုပ်ပေါက်က ပထမဆုံး ပက်ပက်စက်စက်နှိပ်စက်ပြီး သွေးဘီလူးရဲ့ ဆင်ခြင်တုံ တရားကို မဲ့အောင်လုပ်တယ် ..ပြီးမှ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ယောင် ဟန်ဆောင်လို့ သွေးဘီလူးကို အချိုသပ်တယ် .. သူတို့ကို ပိုယုံကြည်အောင်လည်း သွေးဘီလူးကို လွတ်လပ်ခွင့် ပေးထားတဲ့သဘော .. ဒီကောင်တွေ့ရဲ့ ဦးနှောက်ကလည်း မသေးပေဘူး .. အခုသွေးဘီလူးငါ့ဆီပြန်လာတာလည်း အကြောင်းရှိရတယ် .. မဟုတ်ရင် သွေးဘီလူး ကိုသူတို့ အိတ်ထဲပဲ ထည့်ထားတော့မှာပေါ့ .. ထားတော့ သူတို့ဆရာတပည့် နှစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး ဘယ်လောက်ထက်သလဲဆိုတာ ငါစမ်းကြည့်လိုက်အုံးမယ် .. ငါထင်ထားတဲ့အတိုင်း ထက်မြက်တယ် ..ငါ့ဘက်ကို ပါလာမယ်ဆိုရင် ငါတို့အဖွဲ့ အင်အားကြီးလာမယ် ..မဟုတ်ဘဲ ငါ့ကို လူလည်ကျ လာမယ်ဆိုရင်တော့ .. ဒင်းတို့ လူရွေးမှားပြီဆိုတာကို မသေမချင်းမှတ်သွားစေရမယ်''
သွေးဘီလူးကတော့ ပုဝူးလူသွဲ့၏ အတွေးကို မရိပ်မိရှာပေ ..သူကပင် ဆက်လက်၍..
''အဲ့လိုနဲ့ သိုင်းလောကမှာ မုစန်းသိုင်းပါဂဂူရဲ့ သိုင်းကျမ်းသတင်းထွက် လာတော့ ယွဲ့ကျိုးက သူတို့လှုပ်ရှားဖို့ အချိန်တန်ပြီဆိုပြီး နေပြည်တော်ကို တက်လာကြတာပေါ့ .. ကျွန်တော်တို့ ဘုံကျောင်းကို ရောက်လာတော့ အကိုကြီးဝူးနဲ့ နတ်ရွှေနဂါးဂိုဏ်းချုပ်နဲ့ ပေါင်းပြီး ဆရာတော်ကို တိုက်နေကြပြီ .. အကိုကြီးဝူးရဲ့ သိုင်းပညာက တကယ်ထက်မြက်တယ်ဗျာ .. ကျွန်တော်နဲ့ မတွေ့တဲ့ အချိန်အတွင်း အရမ်းတိုးတက်သွားတာပဲ .. ဆဌမနိုးဆွအာရုံအတွင်းအားတောင် ထုတ်သုံးစရာ မလိုတဲ့အခြေအနေမျိုးဗျ .. ကျွန်တော်တို့အဖွဲ့ကတော့ ပုန်းနေကြရတာပေါ့ .. ကျွန်တော်ကတောင် ယွဲ့ကျိုးကို ပြောလိုက်သေးတယ် ..လက်တစ်ဖက်မဲ့နေတဲ့ သိုင်းပညာရှင်ကြီးက မျက်မှောက်ခေတ်အမှောင်သိုင်းမှာ ၀ိဇ္ဇာဖြစ်နေတဲ့ တင်းလုံ ဂိုဏ်းချုပ်ကြီး ထင်းလွေရဲ့ ဆရာတူညီပဲလို့ .. သူ့လက်ထဲမှာ သိုင်းကျမ်းရသွားရင် ငါတို့ပြန်တာ အသင့်လျော်ဆုံးပဲလို့ ဆိုတော့ သူကသလောတူတယ်လေ.. ဒါပေမယ့် ဟိုကောင်ရောက်လာပြီးတဲ့နောက်...''
''ဟေ့ကောင် မိချောင်းမသား တော်တော်လျှာရှည်တဲ့ကောင် မင်းအကြောင်း မင်းပြောပါလား ငါ့အကြောင်းမပြောနဲ့ကွ.. လိုရင်းကိုပြော..''
ပုဝူးလူသွဲ့က သူ့အကြောင်းအကောင်းပြောနေစဉ်က ပြုံးပြုံး ပြုံးပြုံး လုပ်နေသော်လည်း အားကွေ့ အကြောင်းပါလာကာ သူထွက်ပြေးရသည့် နေရာသို့ ရောက်လာသဖြင့် ဒေါပွသွားလေသည် ..သွေးဘီလူးကလည်း ထိုအခါမှ စကားလျှော့ လိုက်ရပြီး ..
''ပြော ..ပြော ..ပြောရရင် ကျွန်တော်တို့လည်း အဲ့ကောင်လက်ချက်မိသွား တယ်ဗျ .. ''
ပုဝူးလူသွဲ့က ထိုစကားကြောင့် တဟီးဟီးရယ်လိုက်ပြီး ..
''ဟီးဟီးဟီးဟီး .. ငါကမင်းတို့ ခံမှခံရပါ့မလားလို့ .. မင်းတို့ကောင်တွေ နောက်များ အဲ့ခွေးမသားနဲ့တွေ့ရင် ဝေးဝေးကသာပြေး ...နောက်ကျလို့ကတော့ မင်းရဲ့ ငရဲခန်းသုံးခန်းထက် ဆိုးတဲ့ ခံစားမှုမျိုးကြုံလိုက်ရမယ် .. ပြောစမ်းပါအုံး ဘယ်သူဘာဖြစ်လို့လဲ...''
သွေးဘီလူးက ရှက်ရှက်နှင့် ..
''ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး .. ဖြစ်သွားတာက ယွဲ့ကျိုးပါ ..မျက်လုံးတစ်ဖက်ကန်းသွားပြီး မျက်နှာတခြမ်းလုံး မဲညိုပုပ်သွားတယ် .. ကျွန်တော် စစ်ကြည့်လိုက်တော့ မျက်နှာမှာ ရှိသမျှ သွေးကြောတွေ ပိတ်ပြီး သွေးတွေခဲနေတယ် .. ဒီအတိုင်းထားလိုက်ရင် ရက်ပိုင်း လပိုင်းအတွင်း အသားတွေပုပ်ဆွေးပဲ့ကျနိုင်တာမို့ ..အဲ့ဒါ ..''
''သရဲအရိပ်ခြေထောက် ..ဒါ သရဲအရိပ်ခြေထောက်ကြောင့် ဖြစ်တတ်တဲ့ သဘောတရားပဲ ..တကယ်ကြောက်စရာကောင်းတဲ့ သိုင်းပဲ.. အခုယွဲ့ကျိုးက ခံလိုက်ရပြီပေါ့ ..ဟုတ်စ..''
''ဟုတ်တယ်အကိုကြီး .. ဖြစ်နိုင်ရင်အကိုကြီး ကုပေးဖို့ တောင်းဆိုချင်လို့ပါ ..အမှောင်သိုင်းနဲ့ပတ်သက်လာရင် လက်ရှိမှာတော့ အကိုကြီးက နံပါတ်တစ်ပဲလေ .''
ပုဝူးလူသွဲ့က အတန်ကြာစဉ်းစားလိုက်ပြီး ..
''ကောင်းပြီ ..မင်းမျက်နှာနဲ့မို့ ယွဲ့ကျိုးကို ငါကုပေးမယ် .. ဒါပေမယ့် ငါ့ဘက်ကလည်း တစ်ခုတော့ တောင်းဆိုစရာရှိတယ် .. ''
''ဘာများလည်း အကိုကြီး..''
ပုဝူးလူသွဲ့က ကောက်ကျစ်စွာပြုံးလိုက်ရင်း..
''ယွဲ့ကျိုးနဲ့ တေ့တေ့ဆိုင်ဆိုင်တွေ့မှ ပြောလို့ကောင်းမယ့် အရာပါကွာ .. မင်းသာ ငါဆီကိုခေါ်လာခဲ့ ..''
သွေးဘီလူးမှာ ခေါင်းငြိမ့်ပြလိုက်ပြီး..
''ဟုတ်ကဲ့ အကိုကြီး ..ကျွန်တော် ခုချက်ခြင်းပြန်ပြီး သူ့ကို သွားခေါ်လာခဲ့ ပါ့မယ်..''
''ဟာ နေပါအုံးကွာ ..အဲ့လောက်အလျင်မလိုစမ်းပါနဲ့ ..ခုတို့ ညီနောင်နှစ်ယောက် ကြုံတုန်းဆုံတုန်း အရက်ဝိုင်းလေးဖွဲ့လိုက်ကြအုံးစို့ ..''
ဟုဆိုကာ ရှု့ယီအား မျက်ရိပ်ပြရင်း ..
''ရှု့ယီ တပည့်ကြီး မင်းကလည်း ကိုယ့်ဆရာဦးရီး ဘာလိုချင်တယ် ဘာကြိုက်တတ်တယ်ဆိုတာ အသိသားနဲ့ .. သွား အရက်ငှဲ့ဖို့ ကောင်မလေးတွေ သွားခေါ်ချည် .. အရက်ကောင်း နဲ့ မိတ်ဆွေကောင်း ကြုံတဲ့အခါ မိန်းကလေးတွေ ငှဲ့တဲ့ အရက်သောက်ရတာမှ အရသာရှိတာကွ..ဟားဟားဟားဟား''
ရှု့ယီကလည်း တစ်ဖက်ထဲသော လက်ဖြင့် ကိုယ့်နဖူးကို ကိုယ်ပြန်ရိုက်ကာ..
''ဟုတ်ပါ့ ဆရာကြီးရယ် ..ကျွန်တော်ကလည်း အလိုက်ကို မသိတတ်သလို ဖြစ်နေပြီ .. ဟီးဟီးဟီး ..ခုချက်ခြင်းပဲ မိန်းမချောလေးတွေ လွတ်ခဲ့မယ် ...''
စကားနှင့်အတူ ချက်ခြင်းခုန်ထသွားသော ရှု့ယီ၏နောက်ကျောကို ကြည့်ရင်း...ဖားပြုတ်အိုကြီးက ..
''ကဲ ဒို့များကတော့ ဒီတစ်အိုးလေးကို လက်စအရင်သတ်လိုက်ကြတာပေါ့ကွာ .. မိန်းကလေးတွေ ရောက်လာမှ ..
အဟေ့ ဟေ့ ဟေး..''
''ဒါမျိုးကတော့ ကျွန်တော်လည်း ပက်ပက်စက်စက်ကို ထောက်ခံပါတယ်ဗျာ.. ဟားဟားဟားဟား..''
ဘုန်းကြီးရူးနှင့်လှေလူးတို့ ပြန်လည်ဆုံကြရာဝယ် ထွက်ပေါ်လာသော ရယ်သံက ကျယ်လောင်လွန်းလှ၏..
=======================
အသံလွင်လွင်လေးနှင့်ရယ်မောကာ ပန်းခင်းများကြားထဲတွင် ပျော်မြူးနေသည့် ကျင်းကျူးအား ကြည့်ရင်း ရှောင်မိန်မှာ အလိုလို စိတ်ချမ်းသာနေမိ၏ .. သို့သော် ကျင်းကျူး၏ မျက်နှာသွင်ပြင်အား ကြည့်နေရင်းနှင့်မှ အမှောင်သခင်မလေး၏ ပုံရိပ်ကဲ့သို့ ပြောင်းလဲမြင်ယောင်မိသွားသဖြင့် ရှောင်မိန်မှာ ယောင်ယမ်း၍ အော်ဟစ်မိမတတ်ပင် ဖြစ်သွားရရှာသည်.. နောက်မှ သူမ အမြင်မှား အထင်မှား ဖြစ်နေမှန်း ပြန်လည်သိသွားသဖြင့် တုန်ရင်နေသော ရင်အစုံကို ဖိရင်း သက်မ ချလိုက်မိ၏....
''ဟူး... ငါ ..ငါ ..ဘယ်လိုလုပ်ရမလဲ .. မမကျင်းကျူးကိုလည်း ဒုက္ခမရောက်စေချင်ဘူး .. သခင်မလေးကိုလည်း သောကမရောက်စေချင်ဘူး .. သခင်မလေးက ငါနဲ့ခွဲဖူးတာ မဟုတ်တော့ အခုဆိုနေရထိုင်ရတာမှ အဆင်ပြေပါ့မလား .. အမလေးတွေးရင်းနဲ့ ရင်မောလိုက်တာနော်...''
ထိုစဉ်...
''ဟေ့ ..ညီမလေးရှောင်မိန် ဘာတွေတွေးနေတာလဲ ..မမမေးတာလည်း ပြန်မဖြေဘူး..တန်တော့ ငယ်ကျွမ်းဆွေကို လွမ်းနေတာထင်တယ်...''
ရှောင်မိန်က စိတ်ဖိစီးမှုများနေ၍ မပီမသသော အပြုံးကို ပြုံးလိုက်ကာ .
''မဟုတ်ပါဘူး မမရယ် .. မမတို့နဲ့ခွဲသွားရရင် နေစရာထိုင်စရာ မရှိတော့မယ့် ဘ၀ကြီးကို တွေးမိရင်း ရင်မောနေလို့ပါ... ''
ကျင်းကျူးက ရှောင်မိန်အနားသို့ တလှမ်းခြင်း လှမ်းလာပြီး..
''ဘာတွေ မဟုတ်တာ လျှောက်တွေးနေတာလည်း ရှောင်မိန်ရဲ့ မမတို့နဲ့ တသက်လုံးအတူနေလို့ ရနေတာ ဥစ္စာ .. မမမှာ ညီမလေးတို့ကို မပြောရသေးတဲ့ နောင်ရေးအစီအစဉ်တွေရှိပါတယ် .. အဲ့ထဲမှာ ညီမလေးရှောင်မိန်အတွက်ပါ ပါတယ်လေ.. ''
ရှောင်မိန်မှာ ကျင်းကျူး၏ထိုစကားကြောင့် လန့်ဖြန့်ကာသွားသည်.. ရှေ့ရေး ..နောင်ရေးဟူသော စကားမှာ သူမအတွက် အစိမ်းသက်သက်ကြီး မဟုတ်လား ..ငယ်ကတည်းက အမှောင်နန်းတော်တွင် သခင်မလေး၏ လက်သုံးဘ၀ ဖြင့်နေလာခဲ့သည် ..သူမသေလျှင်လည်း ထိုမှာပဲသာ သေရမည်သာ .. သူမအတွက် ရှေ့ရေးဆိုတာ မသိ ..နောင်ရေးဆိုတာ မရှိပြီ .. ခိုင်းတာလုပ် ဆင်တာဝတ် ကျွေးတာစား စေရာသွား ဟူသော စကားကြီးလေးခွန်းသာလျှင် သူမ၏ဘ၀ဖြစ်သည်.. ယခု သူမပင် မစဉ်းစားမိသော အရာကို မမကျင်းကျူးက ကြိုတွေးပြီးနေပြီ...
ရှောင်မိန်က မချိပြုံးလေးပြုံးလိုက်ကာ ..
''မမရယ် ညီမလေးအတွက်တော့ တွေးပူမနေပါနဲ့ ..စောနက မမမေးလို့ ရှောင်မိန် မကြားလိုက်တဲ့ စကားက ဘာကြီးလဲဟင်..''
ကျင်းကျူးက နှင်းဆီပန်းလေးအား ၀တ်ရည်စုတ်နေသော လိပ်ပြာလေးကို ကြည့်နေရင်းမှ..
''အော် ..ရှောင်းဟူကို မတွေ့လို့လေ ..သူဘယ်များလျှောက်သွားနေတာလဲလို့ .. အဲ့ဒါမေးတာပါ..''
''အင်း..ဟုတ်တယ် ..ရှောင်မိန်လည်း မမပြောမှ သတိထားမိတယ် ..ရှောင်းဟူ ဒီနေ့တစ်နေကုန် ပျောက်နေတယ်တော့ ..''
ကျင်းကျူးက ဂန္ဓမာပန်းပွင့် ၀ါဝါကြီးတစ်ပွင့်ကို ခူး၍
''သူလည်း အိမ်မှာနေရတာ ကြာတော့ပျင်းနေတာလားမသိဘူး .. ''
''ဟုတ်မှာပေါ့ .. အော် အခုမှ သတိရတယ် .. မမအပြင်မှာ နေနေတာ တော်တော် ကြာနေပြီပဲ အခုချက်ခြင်းအထဲကို ပြန်ဝင်ရမယ်.. ''
''ရှောင်မိန်ကလည်းကွာ ..ခဏလေးပါပဲနော်..''
ရှောင်မိန်က ကျင်းကျူး၏ လက်ကို လှမ်းဆွဲလိုက်ပြီး ..
''မရဘူး မမရေ .. ဒီနေ့နဲ့ဆို မမအပြင်ထွက်တာ သုံးရက်ရှိပြီ .. ပြီးရင် မနက်ဆို ခြေဖျားလက်ဖျားတွေ အေးစက်နေတာ .. မရဘူး ခုချက်ခြင်း အိမ်ထဲပြန်မယ် .. မဟုတ်ရင် နောက်နေ့ကျ အပြင်မထွက်ရဘူးမှတ်..''
ကျင်းကျူးက ခုချိန်ထိ ၀တ်ရည်စုတ်ရည်မ၀သေးသော လိပ်ပြာလေးအား သံယောဇဉ်မကုန်သေးသော အကြည့်ဖြင့်ကြည့်နေရင်းနှင့်မှ...
''ဟယ် ..ရှောင်မိန် ညီမလေး ..အသံတစ်ခုခုကြားလိုက်သလား ..မမတို့ဘက်ကို လာနေကြတာ ..လူခြေသံလိုပဲ..''
ရှောင်မိန်က သတိထားပြီး နားစွင့်လိုက်ပြီးမှ...
''ဟုတ်တယ် မမ ..လူနှစ်ယောက် ရှောင်မိန်တို့ အိမ်ဘက်ကို ကိုယ်ဖော့ပညာနဲ့ပြေးလာကြတာ .. မမအခုချက်ခြင်း အိမ်ထဲ ၀င်နှင့် .. လူကောင်းသူကောင်းမဟုတ်ရင် ခက်မယ် ..''
''အိုး ရှောင်မိန် တစ်ယောက်ထဲ နေရစ်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ .. မမ ပါရှိနေမှပေါ့...''
''ထောက်..''
ရှောင်မိန်က ဆက်တားနေလည်း သွားမည့်ဟန်မပေါ်သော ကျင်းကျူးအား မေ့ကြောလှမ်းပိတ်လိုက်ပြီးနောက် .. ခြုံသဖွယ်ဖြစ်နေသော ပန်းခင်းထဲသို့ အသာလဲချထားလိုက်သည်.. ပန်းပင်များ ထူထပ်စွာပေါက်ရောက်နေသဖြင့် အနီးကပ် ဖြဲ မကြည့်မခြင်းတော့ လူတစ်ယောက်လှဲနေသည်ကို တွေ့မည်မဟုတ်ပေ...
ရှောင်မိန်က သူမ၏ ဆံဆများကို သပ်ယပ်သွားအောင်စည်းနှောင်လိုက်ပြီး နောက် ကျင်းကျူးအား ဖွက်ထားသည့် နေရာမှ ရှေ့သို့ ခပ်လှမ်းလှမ်းရောက်အောင် ခုန်သွားလိုက်သည် .. အကယ်၍ တိုက်ကြခိုက်ကြရလျှင် ကျင်းကျူးအား ခိုက်မိမည်စိုး၍ပင်..
သူမအရွေ့နှင့် လူနှစ်ယောက် အရောက်နှင့် ကွက်တိပင် .. ထှိုလူနှစ်ယောက်လုံးပင် ဘီလူးမျက်နှာဖုံးပါသော အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ၀တ်ဆင်ထားကြသည် .. မျက်နှာဖုံးကပင် မည်းနက်နေရာ မည်သို့ကြည့်ကြည့် မဟူရာ ဘီလူးအသွင်ရှိ၏...
ထိုလူနှစ်ယောက်၏လက်ထဲတွင် ထူးဆန်းသောလက်နက်များအား ဘယ်ညာ တစ်ဖက်စီ ကိုင်စွဲထားသည်ကို တွေ့လိုက်ရသည် .. ထိုသူတို့၏လက်နက် မှာ ထူးခြားလှပေရာ မြေအောက်ဈေးကဲ့သို့သောနေရာမျိုးတွင်ပင်မရှိဟု ရှောင်မိန် မှတ်ချက်ချမိလိုက်၏...
လက်နက်မှာ လွှသွားပါသော စက်ဝိုင်းပုံသံမဏိပြားဖြစ်ပြီး လွှသွားမှာ နှစ်ထပ်ဖြစ်သည် .. အလည်တွင်အပေါက်တစ်ပေါက်ပါရှိကာ အပေါက်နေရာတွင် သံမဏိကြိုးတပ်ထား၏ ..သုံးတောင်ခန့်ရှည်သော ထိုသံမဏိကြိုးအဆုံးတစ်ဖက်အား လက်ကောက်ဝတ်တွင် ပတ်ချည်ထားသောကြောင့် အဝေးသို့တိုက်ခိုက်၍လည်းရ ပြုတ်ထွက်သွားမည်ကိုလည်း မစိုးရိမ်ရပေ.. ထိုလက်နက်အား ဘယ်ညာနှစ်ဘက်လုံး ၌တပ်ဆင်ထားသောကြောင့် လူနှစ်ယောက် လက်နက်လေးစုံဖြစ်တော့၏..
ရှောင်မိန်မှာ ရန်သူနှစ်ယောက်၏ ဆန်းပြားသောလက်နက်ကိုမြင်သည်နှင့် ထိုသူတို့မှာ တော်ရုံတန်ရုံအဆင့်မဟုတ်ဟု ခန့်မှန်းမိတော့သည်..
==============================
အဲ့ထဲမှာ ၀ှက်ထားတာလေးတစ်ခုပေါ့နော် အာ့လေးကို အစဖော်ပေးထားတယ်... အရင်ကလည်း ၀ှက်ခဲ့ဖူးသဗျ ဘူမှသိကြဘူး.. ဟဲဟဲ အရင်ကမသိဆို ၀ှက်တဲ့လူတော်တာကိုးဗျ အခုကတော့ နည်းနည်းသိသာတယ် ..

Comments
Post a Comment