အားကွေ့ အပိုင်း (၁၀၁ မှ ၁၀၅ ထိ)
#101 ( အစ၏အဆုံး ..အဆုံး၏အစ )
Pyae Phyoe San
စာအုပ်ထဲတွင်တော့ သိုင်းကွက်ပုံများ ..မှတ်ချက်ချထားသော စာတမ်းများက တင်းကြမ်းပြည့်နေ၏.. ရုပ်ပုံမပါသော သိုင်းကွက်များပင် တစ်ထောင်ခန့်မျှရှိရာ သူမည်မျှ အချိန်ပေးရေးဆွဲထားသည်ကို သိနိုင်သည် .. အားကွေ့က ယနေ့သူ အသုံးပြုခဲ့သော သိုင်းကွက်များကို အစဉ်လိုက်ရေးနေရင်းဖြင့်..
''အင်း.. ၀မ်ကုံးရဲ့ငါးမျိုးရှစ်လွှာဓါးကွက်ထက် ငါ့သိုင်းကွက်တွေက ဘယ်လိုပဲ ကြည့်ကြည့် အသာစီးရရမယ့် သိုင်းကွက်တွေပဲ .. ဘာလို့ငါသူ့ကို သိုင်းကွက် ငါးရာနီးပါးအထိအသုံးပြုပြီးမှ နိုင်ရတာပါလိမ့်.. ငါ ဘာလိုအပ်သေးလို့လဲ .. ''
အားကွေ့မှာ ထိုအကြောင်းကို နက်နက်နဲနဲစဉ်းစားရန် အတွေးတို့ကို သိုင်းပြိုင်ပွဲဆီသို့ ပြန်လည်ရွှေ့လျားလိုက်ပြီး အစအဆုံး ပြန်လည်သုံးသပ်နေမိ၏ .. အတန်ကြာမှ..
''ဟုတ်ပြီ ..ဟုတ်ပြီ.. တကယ်တော့ ငါဟာ သိုင်းကွက်နဲ့ လိုက်ဖက်တဲ့ အတွင်းအား ကို အသုံးမပြုနိုင်သေးတာကိုး.. သူများသိုင်းသမားတွေက အတွင်းအားကျင့်စဉ် တစ်မျိုး နှစ်မျိုး ..ဒါမှမဟုတ် အများဆုံး လေးမျိုးလောက်ပဲ ကျင့်ခဲ့ကြတော့ သူတို့မှာ ရွေးချယ်စရာမရှိဘူး ဒါကိုပဲ ဆုံးခန်းတိုင်အောင် ကျင့်ခဲ့တယ် .. ဒါကြောင့် သူတို့သိုင်းကွက်နဲ့ အတွင်းအားဟာ မျှခြေပုံစံဖြစ်နေတယ်.. ငါ့မှာကြတော့ အတွင်းအားကျင့်စဉ်ကြီးသက်သက်ပဲ ..အမျိုးပေါင်းရှစ်ဆယ်နီးပါး ကျင့်ခဲ့ဖူးတယ် .. ဒါပေမယ့် တစ်ခုမှ ဆုံးခန်းတိုင်အောင် မကျင့်ခဲ့ဘူး.. ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ငွေထုတ်ပိုက်ပြီး တောကတက်လာတဲ့ ရွာသား မြို့ပေါ်ရောက်တုန်း အ၀တ်အစားဝင်ဝယ်သလို ဖြစ်နေတယ်... ဟိုဟာလည်းကောင်း ဒီဟာလည်း ကြိုက်..''
သူ၏အားနည်းချက်ကို သဘောပေါက်မိပြီဖြစ်သော အားကွေ့က စုတ်တံနှင့် စာအုပ်ကို ပစ်ချရင်း လမ်းထလျှောက်ကာ ..
''ဖြစ်ချင်တော့ ငါလေ့လာ ကျက်မှတ်ခဲ့သမျှ ပညာရပ်တွေက သူ့နေရာနဲ့သူ အစွမ်းထက်လွန်းတဲ့ ပညာရပ်တွေ .. ဒီထဲမှာမှ အကောင်းဆုံးဆိုတာကို ရွေးထုတ်မယ် ဆိုလည်း ..မဖြစ်သေးဘူး .. အတွင်းအားပညာဆိုရင် လေးဆသက်ရောက် အတွင်းအားပညာဟာ အပြင်းထန်ဆုံးဆိုပေမယ့် .. မီးလျှံနတ်ဆိုးရဲ့ ငရဲအိုးသို့ ခုန်ဆင်းခြင်း ပညာလောက် ငါ့အသက်ကို မကယ်တင်ခဲ့ဖူးဘူး.. ဒီလိုပဲ တခြားတခြား အတွင်းအား လေ့ကျင့်စဉ်တွေကလည်း အကောင်းတကာ့ အကောင်းဆုံးတွေပဲ .. ဘယ့်နှယ်လုပ်ရပါ့ .. တစ်ခုထဲကို ဇောက်ချပြီးမှတော့ ငါလည်း မကျင့်ချင်ဘူး ..''
အားကွေ့မှာ အရူးကြီးသဖွယ် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း အခန်းတွင်း လူးလားခေါက်ပြန် လျှောက်နေမိသည်.. ထို့နောက် သက်ပြင်းတချက်ချရင်း ခုန်ပေါ်တွင် ပြန်ထိုင်၍..
''အင်း.. အကောင်းဆုံးရွေးချယ်မှုဟာ ဘာဖြစ်မလဲ ..ဘာဖြစ်မလဲ..''
အားကွေ့မှာ ခေါင်းကို တွင်တွင်ကုတ်ရင်း အချိန်အကြာကြီး စဉ်းစားနေသော်လည်း ၎င်းကိစ္စကို ဖြေရှင်းရန် အကြံဉာဏ်က ထွက်မလာပေ.. သူမည်မျှ တွေးတောနေမိသလဲဟု ဆိုသော လင်းကြက်တွန်သံကြားရမှ အသိဝင်လာလေသည်..
''ဟိုက်.. လင်းကြက်တောင် တွန်နေပေါ့ .. မဖြစ်သေးဘူး .. အိပ်ချေအုံးမှ..''
စိတ်ထဲမှ တွေးရင်း အိပ်မည်လုပ်မှာ ဗိုက်က ဂွီကနဲ ဆာလောင်လာ၏.. မဆာခံနိုင်ရိုးလား .. လရောင်ဆမ်းသော နှင်းပန်းလေးဆိုင့်၌လည်း ဟုတ်တိပတိ မစားသောက်ခဲ့ရ ..ညပြန်ရောက်တော့လည်း နောက်ကျသွားသည်နှင့် ညစာလွတ်ခဲ့ သေးသည်.. တညနေနှင့် တညလုံး မစားရသေးသဖြင့် ဆာလောင်လာသည်မှာ အဆန်းမဟုတ်..
အခန်းထဲ၌လည်း ရေနွေးအကြမ်းအိုး တစ်လုံးသာရှိ၏.. အားကွေ့မှာ ဆာလောင်ခြင်း သက်သာလို သက်သာငြားဟူ၍ ကရားအိုးကိုမ၍အကြမ်းရေများအား ခွက်ထဲသို့ ငှဲ့ထည့်လိုက်၏.. စိတ်တို့က ပျံ့လွင့်နေသည်ဖြစ်ရာ ခွက်ထဲတွင် ပြည့်လျှံသွားသည်ကို သတိမပြုမိ .. သူ၏ပေါင်ပေါ်သို့ ရေများ စီးကျလာမှ ကမှန်းကတမ်း ရပ်လိုက်ရသည်..
ထို့နောက် ထ၍ခါပြီးလျှင် စားပွဲခုံ၌ လျှံကျထားသော ရေကွက်များကို သုတ်ရန်အပြုတွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားကွေ့၏ မျက်လုံး အရောင်များ ၀င်းလက်တောက်ပသွားပြီး....
''ဟားဟားဟားဟား.. တွေ့ပြီကွ ..တွေ့ပြီ .. ငါအဖြေတွေ့ပြီကွ..''
အားရ၀မ်းသာစွာ အော်ဟစ်ကျုံးဝါးလိုက်တော့၏... ဝေလီဝေလင်း အချိန်ဖြစ်သည်မို့ တိတ်ဆိတ်ငြိမ်သက်နေရာ ၎င်း၏အသံကြီးသည် အခန်းတွင်းမှ အခန်းပြင်သို့တိုင် ဟိန်းကနဲ ထွက်လာလေသည်.. ထိုအခါ အခန်းဘေးကပ်ရပ်မှ သွားကျိုး နှင့်တရှုံးတို့မှာ လန့်နိုးလာကြပြီး ၀ုန်းကနဲ ထ၍ အားကွေ့အခန်းတွင်းသို့ ပြေးဝင်လာကြ၏..
''အကိုအားကွေ့ ဘာဖြစ်တာလဲ ..ဘာဖြစ်တာလဲ...''
အားကွေ့က မျက်ချေး တပိသာနှင့် သွားကျိုးတို့အား လက်ကာပြလိုက်ကာ..
''ဘာမှမဖြစ်ဘူး ..ဘာမှမဖြစ်ဘူး .. မင်းတို့ အိပ်စရာရှိတာ ပြန်အိပ် ..မအိပ်ချင်လို့ ထိုင်ချင်ရင်လည်းထိုင်.. ''
တရှုံးက သူ၏မျက်စိနှစ်လုံးကို ပွတ်ရင်း သမ်းဝေလိုက်ပြီးလျှင်..
''၀ါး... ဒါဆို ကျွန်တော် ပြန်အိပ်ပြီဗျာ ..''
သွားကျိုးကပါ..
''ကျွန်တော်လည်း ပြန်အိပ်တော့မယ်ဗျာ ..အကိုအားကွေ့က ဘာမှန်းလဲ မသိဘူး.. အလကား လူကိုလန့်အောင်လုပ်တယ်..''
အားကွေ့က ခပ်ငေါ့ငေါ့နှင့် လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်ပြီး..
''ဟုတ်ပါပြီဗျာ ..ကျွန်တော်မျိုး မှားသွားပါတယ် ..တောင်းပန်လိုက်ပါတယ်..''
သွားကျိုးက ပြုံးစိစိဖြင့်..
''ကိုင်း..ကိုင်း.. အဲ့လောက် တောင်းပန်နေတော့လည်း သဘောထားကြီးသူ ပီပီခွင့်လွတ်ပေးရတာပေါ့ ..သွားပြီ..သွားပြီ..''
ပြောင်စပ်စပ်လုပ်ကာ ထွက်သွားသော သွားကျိုးအားကြည့်ရင်း..
''ဒီကောင်တွေလုပ်တာနဲ့ ပွင့်နေတဲ့ ဉာဏ်အလင်းလေးတောင် ပိတ်ကုန်ရော့မယ်...မှန်းစမ်း...''
ဟု ရေရွတ်ကာ စားပွဲပေါ်ရှိ သူဖိတ်စင်ခိုင်းထားသော ရေအိုင်ကွက်အားလှမ်းကြည့်လိုက်၏..
ထိုရေအိုင်ကွက်ကား သူ၏ပိတ်ဆို့ထားသော အကြံတုံး ဉာဏ်တုံးအား ပွင့်စေသည့် သော့တစ်ချောင်းပင်.. အဘယ့်ကြောင့်ဆိုသော် .. ရေခွက်မှ လျှံကျသွားသောရေတို့သည် စားပွဲ၏ ဆယ်ပုံတစ်ပုံတို့အား စိုစွတ်သွားစေသည် .. ၎င်းတို့အနက် အချို့ ရေစက်မှာ သေးငယ်ပြီး အချို့ရေစက်တို့မှာ ကြီး၏.. ရေ၏ သဘာဝအတိုင်း မြင့်ရာမှ နိမ့်ရာသို့ စီးကျလာပြီးလျှင် ရေစက်ငယ်တို့က ရေကွက်ကြီးထဲသို့ ပေါင်းစုသွားလေရာ ယခုကဲ့သို့ ရေများအိုင်နေသော အကွက်ကြီးတစ်ကွက်ဖြစ်ပေါ်လာတော့သည်..
ထိုသည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောအားကွေ့မှ..
''အင်း ..ငါကတကယ်တော့ နီးရက်နဲ့ဝေးနေတဲ့ကောင်ပဲ ..ငါလို ငအူ ငနမျိုး ဘယ်မှာ ရှိမှာလဲ .. အခုကြည့်စမ်း ဘာမဟုတ်တာလေးကိုတောင် အခက်တွေ့နေတာ နောင်များ အလုပ်ကြီးအကိုင်ကြီးလုပ်ရင် ခက်မယ်..ရေစက်ကလေး ..ရေစက်ကလေး အခုဆို မင်းတို့က ငါ့ဆရာဖြစ်သွားပြီ.. တကယ်တော့ သိုင်းပညာအကုန်လုံးက ရေသောက်မြစ်တစ်ခုထဲက စီးလာတာပဲ ..ဒါကို အလိုက်သင့် စီးမျောပေးဖို့ပဲလိုတာ .. ပေါင်းစပ်လို့မရတဲ့ သိုင်းပညာဘယ်မှာရှိမှာလဲ .. တကယ်တော့ အောက်လမ်းသိုင်း အထက်လမ်းသိုင်းနှစ်ခုကိုတောင် ပေါင်းစည်းစေချင်ရင် ပေါင်းစည်းလို့ရသေးတယ်.. ငါကသတိမမူ ဂူမမြင်ဘဲ ဖြစ်သွားသကိုး.. အခုငါကျင့်ထားတဲ့ အောက်လမ်းသိုင်းတွေ အားလုံးကို တစ်ပေါင်းတစီးထဲလုပ်ဖို့က အရမ်းကြီးမခက်ပေဘူး..အခုမှ နားလည်တယ် ဆရာကြီး ကျဲမုန်က အနက်ရောင်လောက အနီရောင်အခန်းကိုလည်း အလိုက်သင့်ပေါင်းစည်းခြင်း နိယာမနဲ့ တွဲဆက်တီထွင်ထားတာပဲ... ငါလည်း ဒီအတိုင်းလိုက်ရုံပေါ့.. ဘယ်လိုတွဲစပ်ရမလဲဆိုတော့ အနက်ရောင်လောက အနီရောင်အခန်း ထဲက သိုင်းတွေကို အဓိကထား .. တာမောဆောင်က သိုင်းတွေကို မျိုးတူရာတူရာစုပြီး ခုနက အနက်ရောင်လောက အနီရောင်အခန်းထဲမှာပါတဲ့ သိုင်းကွက်တွေကြားမှာ ညှပ်ထည့် ..ဒါဆိုပြီးပြီ ..အတွင်းအားကျင့်စဉ်တွေကိုတော့ နိယာမအတိုင်း အလိုက်သင့်စီးမျောသွားရုံပဲ.. အမျိုးရှစ်ဆယ်ကျော်ကို အဓိကအချက်တွေ ထုတ်နုတ်ပြီး တစ်ပေါင်းထဲ ဖြစ်အောင်လုပ်ပစ်လိုက်မယ်.. အဲ့ ငါ့ အတွေးမှားလို့ သွေးလေဖောက်ပြန်သွားရင်တော့ မတတ်နိုင်ဘူးပေါ့လေ..''
အားကွေ့မှာ အတွေးပေါ်ပြီးသည်နှင့် စားပွဲခုံအား လက်ညိုးဖြင့် တချက်တောက်လိုက်၏...
''ထောက်....''
မသဲမကွဲ အသံထွက်ပေါ်လာပြီး စားပွဲပေါ်တွင် တင်ကျန်နေသော ရေစက်အိုင်တို့မှာ အားကွေ့၏ လက်တောက်အားကြောင့် ကြမ်းပြင်သို့ လျောဆင်းသွားကြ၏.. အံ့အားသင့်ဖွယ်ကောင်းသည်က စားပွဲတစ်ခုလုံး တုန်ခါသွားသော်လည်း ကရားအိုးနှင့်ခွက်များမှာ အနည်းငယ်မျှ တိမ်းစောင်းမသွားပါ..
အားကွေ့မှာ သူ၏နိယာမကို ချက်ခြင်းအကောင်အထည်ဖော်လိုက် ခြင်းဖြစ်သည်.. လေလှိုင်းတုန်ခါကဲ့သို့ မုန်တိုင်းသဖွယ်ပြင်းထန်သော အတွင်းအားပညာရပ်တွင် .. ထင်းလွေ၏ န၀င်းလက်ချောင်းတောက်ပညာရပ်ကဲ့သို့ အနုစိတ် အတွင်းအားပညာရပ် ဖြင့် ပေါင်းစည်းလိုက်ခြင်းဖြစ်သည်..
ထိုသည်ကိုမြင်သည်နှင့် အားကွေ့၏ မျက်နှာကြီးသည် ၀င်းထိန်တောက်ပသွားကာ ..
''ဟားဟားဟားဟား.. ကြည့်စမ်း ဒီသိုင်းနှစ်ခုဆိုရင် ဆန့်ကျင်ဘက်မှ တော်တော်လေးကို ဝေးတယ် .. အခုတော့ ငါသုံးလို့ရသွားပြီ ..တကယ်တော့ ငါ့သိုင်းကွက်တွေက အသေဖြစ်နေတာကိုးကွ .. သိုင်းကွက်တိုင်းဟာ အရှင်ဖြစ်နေရမယ် .. သဘောတရား တစ်ခုထဲကို မယူရဘူး ..ဘာကိုမှ ပုံသေ မသတ်မှတ်ထားရဘူး.. လူတကိုယ်လုံးကို ရေအလျင်လို စီးမျောစေရမယ်.... ငယ်ငယ်က သဘောတရားကို ဖင်ကုန်းအော်ခဲ့ပြီး အခုမှ တကယ်သိတော့တယ် .. ဘဘထင်းလွေသာ ရှိရင် ဘယ်လောက်ပျော်လိုက်မလဲ မသိဘူး..''
အားကွေ့မှာဝမ်းသာအားရ အော်လိုက်ပြီးလျှင် ထင်းလွေရှိမည့် နေရာဘက်သို့ မှန်းဆကာ ရှိခိုးဦးတင်လိုက်ပြီးနောက် .. ရေအနည်းငယ် စိုနေသော စာအုပ်အား ကောက်ကိုင်လိုက်တော့၏.. သိုင်းပညာနှင့်ပတ်သက်၍ ရှေ့ဆက်လုပ်ရမည့် ကဏ္ဍတွေ အများကြီးကျန်သေးသည်မဟုတ်လား .. ယခုမှ သူ့အနေဖြင့် သိုင်းပညာပေါင်းစည်းခြင်းလမ်းစ ကိုရှာဖွေတွေ့ရှိသေး၏.. သိုင်းကွက်များ၏ အနှစ်သာရကို သဘောပေါက်ရန် .. သိုင်းကွက်နှင့်တသားထဲ ဖြစ်ရန် .. ကိုယ်တိုင်က သိုင်းကွက်ဖြစ်ပေါ်လာစေရန် တည်းဟူသော နက်နဲသော အဆင့်မျိုးကိုတော့ မည်သည့်အချိန်မှ ရရှိလေမည်လည်းဟု သူကိုယ်တိုင်မသိသေး..
ထိုအချိန်တွင် သူသိလိုက်ရသည်ကတော့ နံနက်ခင်း၏ နေရောင်ခြည်သည် ပြတင်းဝမှဖြတ်သန်းကာ သူ၏ မျက်နှာတည့်တည့်အား လာရောက်ထိုးနေသည်ကိုသာ
သြော်.. ယခုချိန်ထိ သူတရေးမှ မအိပ်ရသေးပါတကား....
================
နေခြည်နွေးနွေးနုနုအောက်ဝယ် ရွှေရည်ရောင်သမ်းနေသည့် ကန်သာယာကြီးသည် မလှုက်မခတ်ဘဲ တည်ငြိမ်လျှက်ရှိသည်.. ကန်အတွင်းရှိ ရေမှာ နဂိုကြည်လင်တောက်ပနေသော်လည်း သူရိန်နေမင်း၏ ဆေးခြယ်မှုကြောင့် သိင်္ဂီရောင် ပေါက်နေခြင်းသာ..
ခြံဝင်းအတွင်း တူးဖော်ထားသော လူလုပ်ကန်မို့ တမျှော်တစ်ခေါ်ကြီး
မကျယ်ဝန်းလင့်ပေငြား အမှိုက်အမှုန်တစိမှမရှိ သန့်ရှင်းလျှက်.. ကန်ထဲဝယ် မွေးမြူထားသော ငါးကလေးတို့မှာ တချို့ကရွှေရောင် တချို့ကအနီရောင် တချို့က ငွေရောင်.. တချို့ကအနက်ရောင် အစရှိသဖြင့် ရောင်သွေးစုံလှပြီး ရေအောက်၌ ခေါက်တုံ့ခေါက်ပြန် ကူးခတ်နေကြသည်..
ပဒုမ္မာကြာပန်းတစ်မျိုးထဲသာ စိုက်ပျိုးထားသည်မို့ ပန်းနီရောင် ကြာပွင့်များ ငွားငွားစွင့်စွင့် ပွင့်ဖူးနေကြသည်ကို အဝေးမှပင် လှမ်းမြင်နိုင်၏.. နွေဦးလေပြေနှင့် လွင့်ပါလာသော သင်းပျံ့သည့် ကြာရနံ့ကလည်း သင်းတပျံ့ပျံ့ ထုံနေသေးသည်လေ
သို့ကလို ကြည်လင်သန့်ရှင်းသည့် ကန်သာယာအလယ်တွင်တော့ ကျောက်ဖြူသားဖြင့် ပြုလုပ်ထားသော လေသာဆောင်ကြီးတစ်ဆောင်ရှိပြီး .. ရွှေရောင်ဝါးတံတားလေးဖြင့် ကန်ဘောင်ကို ဆက်သွယ်ထားရာ အထူးရှု့မောဖွယ်ရှိ၏ .. လေသာဆောင်ပီပီ အကာအရံမရှိ အုတ်ကြွတ်နီအမိုးသာ မိုးထားသည်မို့ လေးဖက်လေးတန်၏ ရှုမျှော်ခင်းအလှအပကိုလည်း ခံစားနိုင်သည်ပင်.. လေသာဆောင်ထဲတွင်တော့ ပန်းကနူတ်ဖော်ထားသော ကျောက်ဖြူသားခုံများ အသင့်ချထားပြီး ထိုခုံပေါ်ဝယ် လူနှစ်ယောက်ထိုင်နေကြ၏.. မျက်နှာခြင်းဆိုင် ထိုင်နေကြသော သူတို့၏ နောက်ဝယ် လူတစ်ယောက်စီရှိကာ ၎င်းတို့ကတော့ မတ်တပ်ရပ်နေကြသည်.. ထိုင်နေကြသူ နှစ်ယောက်ရှေ့တွင်တော့ အနီရောင် ကတ္တီပါစ စားပွဲခင်း ခင်းထားသည့် ကျောက်သား စားပွဲကြီးရှိပြီး ထိုအပေါ်တွင်...
ဆင်စွယ်ဖြင့်ပြုလုပ်ထားပြီး ငွေကွပ်ထားသော တူနှစ်စုံ .. အပြာရောင် ပန်းစာလုံးဖော်ထားသည့် လက်ဖက်ရည်ကြွေကရားအိုးတစ်အိုးနှင့် ကြွေခွက်နှစ်ခွက် ..
ဖြူဖွေးသန့်စင်နေသည့် လက်သုတ်နှစ်ထည်.. အလှကျောက်စိမ်းဖြင့်ဲပြုလုပ် ထားသောခွက်များနှင့် ထည့်ထားသည့် ဘဲပေါင်းခေါက်ဆွဲနှစ်ပွဲ အစရှိသည်တို့အား နံနက်စာအလို့ငှာတင်ထားလေသည်..
ခုံပေါ်တွင်ထိုင်နေသူတို့ကား အခြားမဟုတ်ပေ ..နရန်ကိုယ်တော်လေးနှင့် ပုဝူးလူသွဲ့တို့နှစ်ယောက်ပင်.. နောက်တွင်ရပ်နေသူများကတော့ ၀မ်ဖုံးနှင့် ရှုယီတို့ ဖြစ်လေသည်.. နရန်ကိုယ်တော်လေးမှာ အပြာရင့်ရောင် ၀တ်စုံကို ဆင်မြန်းထားပြီး အထူးခန့်ညားနေ၏.. ပုဝူးလူသွဲ့ကတော့ နီညိုရောင်ဝတ်စုံနှင့်မို့ အဆီဝင်းနေသော မျက်ခွက်နှင့် မလိုက်မဖကိ ကြည့်ရဆိုးလှ၏..
နရန်ကိုယ်တော်လေးက ကြွေကရားကို မ ကာ ပုဝူးလူသွဲ့ဘက်ရှိ ခွက်ထဲသို့ ငှဲ့ထည့်ပေးရင်း...
''သုံးဆောင်လိုက်အုံး ဆရာကြီးဝူး.. သက်ရှည်လင်ဇီးခြောက်ကို စီချွမ်းကထွက်တဲ့ နတ်သမီးအကောင်းစား လက်ဖက်ခြောက်နဲ့စပ်ထားတာ ..သွေးလေမှန်ပြီး စားဝင်အိပ်ပျော်သတဲ့ ..သက်ရှည်ကျန်းမာသတဲ့..''
ပုဝူးလူသွဲ့က ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း..
''အိမ်း ..အခုလို သာယာတဲ့မနက်ခင်းမှာ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက် .. ကျုပ်တွေးမိကတော့ .. ဘယ်နည်းနဲ့မှ အသက်တိုလို့ မဖြစ်ဘူးဆိုတာပဲ .. နောင်ဘ၀ဆိုတာ ရှိခဲ့ရင်တောင် ဒီလိုမိတ်ဆွေမျိုးနဲ့ ဆုံစည်းဖို့ မဖြစ်နိုင်ဘူးလေ ..ဒါ့ကြောင့် အခုလက်ရှိဘ၀လေးမှာ ကြာရှည် လက်တွဲနိုင်ဖို့ အတွက် အသက်ရှည်ရှည်နေရဖို့ လိုတယ်မဟုတ်လား.. ကိုယ်တော်လေးရယ်''
ကိုယ်တော်လေးက သူ့အတွက် ငှဲ့လိုက်ပြီး..
''မှန်တာပေါ့ ဆရာကြီးဝူးရယ် .. ရန်သူတစ်သောင်းနဲ့ ရင်ဆိုင်ရပါစေ.. မိတ်ဆွေကောင်းကို လက်မလွတ်နဲ့ ဆိုတဲ့ စကားတောင် ရှိသေးသားပဲ .. ကျွန်တော် လည်း ဆရာကြီးဝူးလိုပဲ အသက်ရှည်ရှည်နေရပြီး အချိန်ကြာကြာ လက်တွဲ ချင်ပါသေးရဲ့....''
ဖားပြုတ်ကြီးက ၀မ်းသာသည့်ဟန်ဖြင့် ရယ်မောလိုက်ကာ ..
''ကိုင်း ..အခုလို စိတ်လက်ကြည်သာနေတဲ့ အချိန်ဟာ အကြံကောင်း ဉာဏ်ကောင်းအထွက်ဆုံး အချိန်ပေပဲ .. ကျုပ်တို့ မိတ်ဆွေရင်းနှစ်ယောက် ကြုံတုန်းခိုက်တုန်းလေး .. အလုပ်အကြောင်းလေး ဆွေးနွေးကြရင် မကောင်းပေဘူးလား..''
နရန်ကိုယ်တော်လေးက ရေနွေးခွက်ကိုမြောက်ပြလိုက်ရင်း..
''ဆရာကြီးဝူးက အခုလို လမ်းဖွင့်ပေးလိုက်တော့ ကျွန်တော်လည်း တိုင်ပင်ဖို့ အားနာစရာမလိုတော့ဘူးပေါ့...''
''ဟားဟားဟားဟား ..ကိုယ်တော်လေးကတော့ နောက်ပြီးဗျာ .. ကျုပ်လို အစွမ်းအစ တုံးနေတဲ့ အဘိုးကြီးကို ဘာမှအားနာစရာမလိုပါဘူး..''
''ဟားဟားဟားဟား .. ဆရာကြီးဝူးလို ပြည့်တဲ့အိုးများကြတော့လည်း ပညာရှိဆန်ဆန် ကြောင်လက်သည်း ၀ှက်တတ် ..ကိုယ့်ကိုယ်ကိုယ် နိမ့်ချ ပြောဆိုကြသဗျာ .. ဘယ့်နှယ် ပန်းနီနီအာမခံလို ငွေအား လူအားပြည့်စုံတဲ့ ဌာနရှင်ကြီးဖြစ်တဲ့အပြင် သိုင်းပညာမှာလည်း သန်းခေါင်ယံညမိစ္ဆာလို အဆင့်လွန် ပညာမျိုး ပိုင်ဆိုင်ထားတဲ့ လူကိုမှ အားမနာရင် ကျွန်တော်က ဘယ်သူ့ကိုအားနာရမလဲဗျာ ..''
ပုဝူးလူသွဲ့မှာ ထိုစကားကြောင့် ထိတ်ကနဲဖြစ်သွားကာ ..
''ဟင်.. ဒီ မြေခွေးလိုကောင်က ငါ သန်းခေါင်ညမိစ္ဆာသိုင်း တတ်တာ ဘယ်လိုသိသွားပါလိမ့်.. ငါ့သိုင်းပညာကိုတောင် သိနေမှတော့ ဒီကောင့်ကို သတိမထားလို့မရဘူး.. ငါလည်း သူ့အဆင့်ကို သိအောင်စုံစမ်းထားမှ ဖြစ်မယ်..''
ဟုစိတ်ထဲတွင် တွေးလိုက်သော်လည်း အပြင်ပန်းကမူ မျက်နှာ ပုရွတ်ဆိတ်တက်အောင်ပြုံး၍...
''မခံယူဝံပါဘူး..မခံယူဝံပါဘူး ..အဲ့လောက်ကြီးလည်း မချီးကျူးပါနဲ့..''
နရန်ကိုယ်တော်လေးကလည်း ပြုံးရွှင်စွာပင်..
''အခုလို ဆရာကြီးဝူးရောက်လာတာ ကျွန်တော့်အတွက်လည်း အဆင်ပြေသလို ဆရာကြီးမှာလည်း အကြောင်းရင်းရှိမယ်လို့ ထင်ရဲ့ ..ဘာကိစ္စများ ဖြစ်မလဲမသိဘူး..''
''အင်း..ဒီလိုပါကိုယ်တော်လေး.. ယွဲ့ကျိုးအကြောင်းလည်း မေးရင်း ... မနေ့ညနေက မိုးနတ်ဆိုး ရဲ့အခြေအနေလေးလဲ စုံစမ်းရင်း.. လာခဲ့တာပါ.''
ကိုယ်တော်လေးက ပုဝူးလူသွဲ့အား စိုက်ကြည့်ကာ..
''ဒီခွေးအိုကြီးက သတင်းအရမြန်သားပဲ .. ၀မ်ကုံးနဲ့ ဟိုခွေးကောင် ပြသနာတက်တာ ရက်ပိုင်းတောင်မရှိသေးဘူး ... သူ့နားကို ပေါက်သွားပြီ .. တန်တော့ ဒီငနဲကြီး .. ငါ့ကို တမင်လှောင်ချင်လို့ လာတာဖြစ်မယ်...''
စိတ်ထဲတွင်မျက်ကနဲ ဖြစ်သွားသော်လည်း ..ချက်ခြင်းဖုံးကွယ်လိုက်ပြီး..
''အော်.. ကိစ္စက ဒီလိုကိုးဗျ .. ယွဲ့ကျိုးကတော့ ဒီဆယ်ရက်အတွင်း ပျောက်ဖို့ သေချာပါတယ် .. ၀မ်ကုံးဒါဏ်ရာက သေးသေးလေးပါ .. ခြေချော်လက်ချော်ဖြစ်လို့ ရတဲ့ ဒါဏ်ရာဆိုတော့ ဒီနေ့တောင် ပြန်ကောင်းပါပြီ..''
ပုဝူးလူသွဲ့က ပြုံးပြုံးကြီးဖြင့်...
''မိုးနတ်ဆိုး ဘာမှမဖြစ်ဘူးဆိုရင် ကောင်းတာပေါ့ဗျာ ..ကျုပ်ကြားရတုန်းက ကျောရိုးကျိုးသွားပြီး လမ်းတောင်မလျှောက်နိုင်လို့ ပြန်ထမ်းသွားရတယ်ကြားတော့ စိတ်ပူမိတာပေါ့ .. ''
နရန်ကိုယ်တော်လေးမှာ ဒေါသကိုဖုံးကွယ်သည့်အနေဖြင့် ရယ်မောလိုက်ပြီး
''ဆရာကြီးဝူးကတော့ဗျာ ..ဒီလို ငချွတ်ကောင်လေးက မိုးနတ်ဆိုးကို အသေသတ်နိုင်မှာတဲ့လား....ဟားဟားဟားဟား..''
ပုဝူးလူသွဲ့ကလည်း အလိုက်သင့်ရယ်ရင်း..
''ဒါလည်းဟုတ်ပါတယ်လေ .. ကျုပ်လည်း မိုးနတ်ဆိုး အဲ့လိုဖြစ်သွားတော့ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်နေတာ ... ကိုယ်တော်လေးကိုသာ သူ့အကြောင်း အစောကြီးက သတိပေးထားမိရင် မိုးနတ်ဆိုးလဲ ..အခုလို အရှက်ကွဲမှာမဟုတ်သလို ကိုယ်တော်လေးလဲ မျက်နှာပျက်စရာမလိုဘူးပေါ့ဗျာ..''
နရန်ကိုယ်တော်လေးမှာ မည်မျှ ဉာဏ်ကောင်းသည်ဖြစ်စေ .. မည်မျှ ထက်မြက်သည်ဖြစ်စေ လူငယ်ပီပီ မခံချင်စိတ်များဖြစ်ပေါ်လာသောကြောင့်..
''ဆရာကြီးဝူးဆိုလိုချင်တာက ကျွန်တော်တို့သာ သူ့အကြောင်းကို အစောကြီးကတည်းသိရင် ရှောင်သွားမယ်လို့ ဆိုလိုချင်တာလား...''
ပုဝူးလူသွဲ့က ဟုတ်သည်ဟူသော အမူအယာနှင့်..
''ဒီကောင့်နာမည်တော့ ကိုယ်တော်လေးသိမှာပေါ့ ..အားကွေ့ဆိုတာ .. ကိုယ်တော်လေးမသိသေးတဲ့ အချက်က အဲ့ကောင်က ကောက်ကျစ်ယုတ်မာပြီး ဉာဏ်ပလီတဲ့နေရာမှာ မြေခွေးဘိုးအေ အဆင့်လောက်ရှိတယ် .. သူ့သိုင်းပညာ အဆင့်ထက် သူ့ဉာဏ်က ဆယ်ဆကြောက်စရာကောင်းတယ် .. ပိုဆိုးတာက သူ့လက်အောက်ငယ်သားတွေက သူ့အတွက်ဆို အသေခံပြီးကာကွယ်ကြသဗျာ .. မြင်းဖြူဘုံကျောင်းတိုက်ပွဲမှာ ကျုပ်တို့ အသာစီးရနေတာကနေ .. ဆရာတော်ကို ၀င်လုသွားတာ သူပေါ့ .. ပြီးတော့ ဟောဒီမှာကြည့်...''
ပုဝူးလူသွဲ့က သူ၏တံတောင်ဆစ်အထက် လက်မောင်းအောက်ပိုင်း လောက်မှပြတ်နေသော သူ၏လက်အငုံးတိုကို ပြကာ ..
''အဲ့ဒါ အဲ့ငချွတ်လက်ချက်ပေါ့...''
(ဤနေရာတွင် ပုဝူးလူသွဲ့မှာ အဆိပ်အား ..အားကွေ့သုတ်ထားသည်ဟု ထင်နေသည်)
ထို့နောက် အံ့အားသင့်နေသော နရန်ကိုယ်တော်လေးအား ရှု့ယီသို့ ညွှန်ပြလိုက်ပြီး..
''ရှု့ယီ ..မင်းရင်ဘတ်ကို ကိုယ်တော်လေးမြင်အောင် ပြလိုက်စမ်း..''
ရှု့ယီကလည်း မဆိုင်းမတွပင် သူ၏ရင်ဘတ်ကို လှန်ပြလိုက်၏ .. ရင်ဝတွင်တော့ မီးလောင်ဒါဏ်ရာရထားသော အကွက်ကြီးက တွန့်ချိတ်မည်းတူးနေသည်...
''အဲ့ဒါလည်း ဟိုငချွတ်လက်ချက်ပဲ....''
ငိုင်တွေသွားသော နရန်ကိုယ်တော်လေးအား ပုဝူးလူသွဲ့က စိုက်ကြည့်၍
''ဒါတောင်မှ ဒီထက်ဆုံးရှူံးမှုတွေ အများကြီးကျန်သေးတယ် .. အဲ့လိုဖြစ်လို့ သူ့သိုင်းပညာအရမ်းကြီး ထက်မြက်နေတယ်လို့တော့မထင်နဲ့ .. ကျောက်ကျူးထင်ထက် မသာဘူးရယ်.. ဒါပေမယ့် ဉာဏ်နီဉာဏ်နက်များလွန်းတော့ ကျုပ်တောင် လက်လျော့ထားရတာ..''
နရန်ကိုယ်တော်လေးက ထိုစကားကြောင့် ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း..
''ကောင်းပြီ ..ဒီလိုဆို .. ကျွန်တော်သူ့ကို သတ်နိုင်မသတ်နိုင် လောင်းမလား..''
ပုဝူးလူသွဲ့က နရန်ကိုယ်တော်လေး၏ စကားကြောင့် ရင်ထဲတွင် ကျိတ်ပျော်သွားပြီး...
''အင်း ..သူတို့နှစ်ယောက် ဘယ်သူအထိနာနာ ငါ့အတွက် ကောင်းဖို့ပဲ .. ဒီနေရာမှာတော့ နရန်ကိုယ်တော်လေးက အားကွေ့ကို မမီတော့ဘူး ..ဟိုခွေးကောင် ဆို ဘာလောင်းလိမ့်မလဲ ..ငါ့ကိုတောင် အချွန်နဲ့ ၀င်မ သွားလိမ့်အုံးမယ်.'''
အပြင်တွင်မူ ..ခေါင်းခါ၍
''ဒီကိစ္စကို မေ့ထားလိုက်ပါ ကိုယ်တော်လေး.. မဟုတ်လည်း ဒီကောင့်အတွက် ကျုပ်စဉ်းစားထားတာရှိပါတယ်.. ကိုယ်တော်လေး အဆင့်နဲ့ သူ့ကို ဆုံးမဖို့မလိုပါဘူး...''
''မဟုတ်သေးဘူး ..ဆရာကြီးဝူး ကျွန်တော် ဆုံးဖြတ်ပြီးပြီ.. ဒါပေမယ့် သူ့ကို ကျွန်တော့်လက် သွေးစွန်းခံပြီးတော့ သတ်မှာမဟုတ်ဘူး ..ဉာဏ်ကောင်းတယ် ဆိုတဲ့ ကောင်ကိုဉာဏ်နဲ့ပဲ အနိုင်ယူပြမယ်ကြည့်နေ....''
ပုဝူးလူသွဲ့က မခံချင်စိတ်အပြည့်နှင့်ပြောနေသော ကိုယ်တော်လေးအား ဆက်လက် စကားဆိုရန် ပြင်ပြီးနောက် .. ၀ဲဘက်ကို လှမ်းကြည့်လိုက်ကာ ..
''စာပို့သိမ်းငှက်ပါလား.. ကျုပ်တို့ဆီလာတာထင်ရဲ့...''
နရန်ကိုယ်တော်လေးမှာ ထိုဘက်သို့လှမ်းကြည့်လိုက်ပြီးမှ..
''ဟင်.. ဟုတ်တယ် .စာပို့သိမ်းငှက်ပဲ ငါအခုမှ မြင်တယ်.. ဒီခွေးအိုကြီးရဲ့ အတွင်းအားနဲ့ မျက်စိအမြင်ကောင်းလှချည်လား.. ဒါတောင် သူ့ထက်နိမ့်တဲ့ အားကွေ့ကို ကြောက်နေသေးတယ်ဆိုတော့ မှားတော့ မှားနေပြီနဲ့တူတယ်..''
ဟု မှတ်ချက်ချလိုက်၏.. ထို့စဉ် ပျံသန်းလာသော သိမ်းငှက်မှာ ကိုယ်တော်လေးရှေ့ စားပွဲပေါ်သို့ဆင်းသက်လေသည်.. ခြေတွင် ချည်ထားသော စာကို ဖြုတ်ကြည့်ပြီးနောက့်..ကိုယ်တော်လေးက..
''မှန်တယ် ..ဒါ ၀ူချောင်ကလာတဲ့ စာပို့သိမ်းငှက်ရယ်..''
ပုဝူးလူသွဲ့မှာ ရင်တထိတ်ထိတ်ခုန်ရင်း...
''၀ူချောင်..၀ူချောင်ဆို အရေးကြီးတယ် ကိုယ်တော်လေး.. ဘယ်လိုလဲ ဟိုကောင်မလေးကို ဖမ်းမိပြီတဲ့လား...''
နရန်ကိုယ်တော်လေးက စာအားနားမလည်နိုင်စွာ အခေါက်အခေါက်အခါခါ ဖတ်ပြီးနောက်..
''ထူးဆန်းတယ် ..ထူးဆန်းတယ်.. ရှောင်မိန်က ဘာဖြစ်လို့ အဲ့မှာရောက်နေတာလဲ..ထူးဆန်းတယ်..''
===========================
#102A ( အစ၏အဆုံး ..အဆုံး၏အစ )
နရန်ကိုယ်တော်လေး၏အမူအယာကိုကြည့်ရင်း မရိုးမယွဖြစ်နေသော ပုဝူးလူသွဲ့က စိတ်မရှည်နိုင်တော့စွာ..
''ဘာတွေထူးဆန်းနေတာလဲ..ကိုယ်တော်လေး.. ဟိုကောင်မလေး ကိုမိလား မမိလား ပြောစမ်းပါ..''
နရန်ကိုယ်တော်လေးက ဖားပြုတ်အိုကြီးဖက် လည့်၍...
''၀ူချောင်က ကျွန်တော်တို့ဂိုဏ်းသားပို့လိုက်တဲ့ စာအရတော့ ဆရာကြီးဝူး လိုချင်တဲ့ မိန်းကလေးနဲ့ အတူရှိနေတဲ့ အဖော်ကောင်မလေးဟာ သိုင်းပညာ အစွမ်းထက်ပြီး နှယ်နှယ်ရရမဟုတ်ဘူး.. ''
''အလို ဒီကိစ္စကျုပ် သေသေချာချာစုံစမ်းခဲ့တာပါ..အဖော်ကောင်မလေးဟာ ဘယ့်နှယ်သိုင်းစွမ်းရမှာတုံး.. သာမာန်ပုဝါဖြူ ဂိုဏ်းဝင်မိန်းကလေးပါ .. တစ်ခုခုတော့ လွဲနေကြပြီထင်ရဲ့...''
ကိုယ်တော်လေးမှာ ခေါင်းခါရမ်းလိုက်ပြီး..
''မလွဲဘူး..လုံးဝမလွဲနိုင်ဘူး.. ကျွန်တော်ဂိုဏ်းသား ဖော်ပြထားတဲ့အတိုင်းဆို အဲ့ကောင်မလေးဟာ အမှောင်နန်းတော်သခင်မလေးရဲ့ လက်စွဲတော် ရှောင်မိန် ဖြစ်နေတယ် .. ''
ဖားပြုတ်အိုမှာ ကိုယ်တော်လေး၏စကားကြောင့် စဉ်းစားရကျပ်သွားသည့် ဟန်ဖြင့် ခေါင်းကို တဗြန်းဗြန်းကုတ်ကာ..
''ဟာ ..မဖြစ်နိုင်တာ.. အမှောင်နန်းတော်နဲ့အဲ့မိန်းကလေးနဲ့ ဘယ်လိုမှ ဆက်စက်လို့မရပါဘူး..''
''မဖြစ်နိုင်ဘူးလို့ ဘယ်လိုပြောပြောလက်တွေ့ကတော့ ဒီအတိုင်းပဲရယ် ..နောက်ပြီး ကျွန်တော် အတပ်ပြောလိုက်မယ် .. ညီမကျန်းချန်ပင်းသာ အဲ့မိန်းကလေး ကိုအကူအညီပေးထားမယ်ဆိုရင်ဖြင့် ..ကျွန်တော်ကလည်း သူ့ကို လုံးဝအကာအကွယ် ပေးရမှာအမှန်ပဲ..''
''ကျန်းချန်ပင်း...ကဘယ်သူ ''
ကိုယ်တော်လေးပြောလိုက်သော နာမည်အား မည်သူမှန်း မသိ၍ ဖားပြုတ်ကြီးက လှမ်းမေးလိုက်ရာ ..ကိုယ်တော်လေးမှ ထိုနာမည်အား မြတ်နိုးစွာဖြင့် ...
''ကျန်းချန်ပင်းဆိုတာ အခြားဟုတ်ရိုးလား ..လောကကြီးမှာ ဘယ်သူမှ ယှဉ်တုလို့မရတဲ့ အလှဆုံးမိန်းကလေးပေါ့ . အမှောင်နန်းတော်သခင်မလေးလေ.. နောင်တချိန်မှာ ကျွန်တော့်ရဲ့ အမျိုးသမီးဖြစ်လာမယ့် မိန်းကလေးပေါ့...''
ပုဝူးလူသွဲ့မှာ နရန်ကိုယ်တော်လေး၏ စကားအဆုံးတွင် တစ်ကြိမ်တစ်ခါမျှသာ မြင်ဖူးသော်လည်း ယခုချိန်ထိ စိတ်ထဲတွင် စွဲလမ်းနေမိသည့် အမှောင်နန်းတော်သခင်မလေး၏ ရုပ်သွင်အား ပြန်ယောင်လာပြီး ရင်ထဲ၌ ဆူသလိုလို ပွက်သလိုလို ခံစားမိလိုက်၏.. ကိုယ်တော်လေးပြောသည်မှာ လွန်စွာမှန်လှသည် အနှီမိန်းမပျိုလို အလှရှင်မျိုးက စကားလုံးဖြင့်ဖော်ပြဖွယ်ရာမရှိအောင် ခန်းနားလွန်း သည်မဟုတ်လား..
နရန်ကိုယ်တော်လေးမှာ ငိုင်တွေသွားသော ဆရာကြီးဝူးအား..
''ကိုင်း.. ဒီအတိုင်းဆို ဆရာကြီးဝူးရေ အဲ့မိန်းကလေးကို ထိခိုက်စေဖို့ မစဉ်းစားတော့ဘဲ ..တခြားနည်းလမ်း ရှာစေ့ချင်တယ်ဗျာ .. မဟုတ်ရင် ညီမချန်ပင်းက ကျွန်တော့်ကို စိတ်ကွက်နေအုံးမယ်..''
ပုဝူးလူသွဲ့မှာ ဆက်လက်စကားဆိုခြင်း မရှိတော့ဘဲ တစ်ခုခုကို စဉ်းစား နေသည့်နှယ် ငြိမ်ကျသွား၏ ..နရန်ကိုယ်တော်လေးမှာ ထိုသည်ကို ၎င်း၏စကားအား ထောက်ခံလိုက်သည်ဟု မှတ်ကာ ..
''ကျွန်တော်တို့ စကားကောင်းနေတာနဲ့ ခေါက်ဆွဲတွေတောင် အေးကုန် တော့မယ် ..ခပ်နွေးနွေးရှိတုန်း သုံးဆောင်လိုက်ကြအုံးစို့ဗျာ..''
ပုဝူးလူသွဲ့မှာ ထိုအခါမှ အသိဝင်လာပြီး..
''အာ ..ဟုတ်ပါ့ဗျာ ..ကျုပ်တို့ ပြောကြဆိုကြတာနဲ့ စားဖို့တောင် မေ့နေမိတယ် .. မနက်စာအတွက် ကျေးဇူးပဲဗျာ ..ဒါပေမယ့် အခုမှ လုပ်စရာလေးတွေ ကျန်သေးတာ သတိရတယ်.. ''
ဟုဆိုပြီးလျှင်ထိုင်ရာမှ ထလိုက်ကာ..
''ခွင့်ပြုပါအုံး .. ကိုယ်တော်လေး...''
နရန်ကိုယ်တော်လေးကလည်း ထိုင်ရာကမှန်းကတမ်း ထရပ်လိုက်ပြီး..
''အားမနာပါနဲ့ ဆရာကြီးဝူး ..အလုပ်ကြီးအကိုင်ကြီးသမားတွေမှာ အချိန်ပိုမရှိတာ သိပါတယ်ဗျာ ..ကျွန်တော်စကားကြောရှည်နေတာနဲ့ ဆရာကြီးရဲ့ အဖိုးတန်အချိန်တွေကို ဖြုန်းတီးလိုက်မိပြီ ..ကြွပါ ...ဆရာကြီးဝူး ..ကြွပါ..''
ပုဝူးလူသွဲ့က ရှု့ယီအား မျက်စလမ်းပစ်လိုက်ရင်း..
''နောက်များ အချိန်ရတဲ့ အခါမှ ဆက်ဆုံကြတာပေါ့ .. သွားပြီဗျို့..''
နူတ်ဆက်စကားနှင့်အတူ ရှု့ယီအား ခေါ်ကာ ၀ါးတံတားလေးအား နင်းလျှောက်ရင်း ထွက်ခွာသွားလေတော့၏...
ပုဝူးလူသွဲ့တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ကိုယ်တော်လေး၏ အပြုံးမျက်နှာဖုံးမှာ မျက်လှည့်ပြလိုက်သကဲ့သို့ ပျောက်သွားကာ တည်ကြည်သော မျက်နှာထားက ချက်ခြင်းရောက်လာ၏..
ယင်းနောက် ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး နောက်မှ ရပ်နေသော ၀မ်ဖုံးအား
''၀မ်ဖုံး .. ခေါက်ဆွဲတွေ အလကားဖြစ်ကုန်မယ် ..ထိုင်ပြီးတော့ ငါနဲ့ အဖော်ပြုပေး...''
ကျောက်ရုပ်ကဲ့သို့ ရပ်နေသော ၀မ်ဖုံးမှာ ချက်ခြင်းပင် အသက်ဝင်လာပြီး ကိုယ်တော်လေးရှေ့သို့ ၀င်ထိုင်လိုက်သည်.. ပြီးနောက် အပိုစကားတစ်ခွန်းမှ မဆိုဘဲ ရှေ့မှ ဘဲသားခေါက်ဆွဲအား အားရပါးရစားတော့၏..
သို့နှင့်နှစ်ဦးသား အတူတူစားသောက်ကြပြီးလျှင် နရန်ကိုယ်တော်လေးမှာ ကရားအိုးကို မ၍ ၀မ်ဖုံးအတွက် တစ်ခွက်ငှဲ့ပေးလိုက်ပြီး..
''သောက် ..၀မ်ဖုံး.. ပြီးရင် မင်းအတွက် အလုပ်တွေရှိတယ်..''
''ဘာများလဲ ကိုယ်တော်လေး ..''
ကိုယ်တော်လေးက အငွေ့တစ်ထောင်းထောင်းထနေသော ရေနွေးခွက်ကို အသာမှုတ်လိုက်ရင်း...
''မင်း.. မဲ့လေးမဲ့ ..ရွှေပျံလွှား ..၀က်သားရောင်းတဲ့ ခေါင်းတလား .. ကလေးထိန်းတဲ့ ကဝေရှင် .. ပြန်လမ်းမမြင် ဆိုတဲ့ စာချိုးကို သိတယ်မဟုတ်လား..''
ဝမ်ဖုံးမှ ခေါင်းငြိမ့်လိုက်ရင်း ...
''သိုင်းလောကထဲကို ၀င်တဲ့လူတိုင်း အလွတ်ရတဲ့ စာချိုးပဲဟာ ..ကျွန်တော်သိပါတယ် .. မဲ့လေးမဲ့လင်းနို့ရှစ်ကောင်.. ရွှေပျံလွှား.. ၀က်သားရောင်းတဲ့ ကတုံးကြီးဝမ် .. ခေါင်းတလားနဲ့သက်မဲ့အလောင်း .. ကလေးထိန်းအဘွားအိုတု .. သွေးစွန်းကဝေထန်စူးစူးလေ ..သူတို့နဲ့မတွေ့အောင်ရှောင် ..တွေ့ရင် ပြန်လမ်းမရှိဘူးလို့ဆိုတာ .. ''
နရန်ကိုယ်တော်လေးက မှန်သည်ဟူသောအမူအယာနှင့် ..
''သိုင်းထိပ်သီးဆယ်ယောက်လိုမျိုးပဲ သူတို့လည်း နာမည်ကျော်တယ် ..ဒါပေမယ့် ရက်စက်ကြမ်းကျုတ်လွန်းတဲ့အပြင် ငွေရေးကြေးရေးနဲ့ပတ်သက်လာရင် ဘနဖူးသိုက်တူးမဲ့ လူတွေဆိုတော့ သိုင်းလောကတစ်ခုလုံး ကြဉ်ထားကြတာ.. သူတို့ထဲက အညံ့ဆုံးဆိုတဲ့ ထန်စူးစူးတစ်ယောက်ကိုတောင် အလွတ်ပေးထားရတာကြည့်...''
''အဲ့ဒီတော့...ကိုယ်တော်လေးဆိုလိုချင်တာက''
''အဲ့ဒီတော့.. မင်းလုပ်ရမှာက အဲ့လူတွေကို ရနိုင်သလောက် လူစုပေး .. တခြားလူမရချင်နေပါစေ .. မဲ့လေးမဲ့ လင်းနို့ရှစ်ကောင်ကို သေချာပေါက်ရအောင် လုပ်ပါ..ငွေဘယ်လောက်ကုန်ကုန် ငါဂရုမစိုက်ဘူး.. ''
ဝမ်ဖုံးက ပြုံးလိုက်ပြီး..
''ငွေနဲ့သာမျှားလို့ကတော့ မရမှာမပူရပါဘူး ကိုယ်တော်လေး..ကျွန်တော် သူတို့အကြောင်းကောင်းကောင်းသိပါတယ်.. အဲ..သွေးဘီလူးက အဲ့ဆယ့်သုံးယောက်နဲ့ မိတ်ဆွေရင်းခြာဖြစ်နေတော့ သူပါ ပါရင်ပိုအဆင်ပြေလိမ့်မယ်''
နရန်ကိုယ်တော်လေးက အတန်ငယ်အေးနေပြီဖြစ်သော ရေနွေးကိုမော့သောက်လိုက်ကာ..
''လိုအပ်တာမှန်သမျှ အကုန်ငါပေးမယ် .. မင်းအဲ့လူတွေကို ရအောင် ရှာလာခဲ့.. ပြီးရင် ဆက်လုပ်ရမှာတွေရှိသေးတယ်..''
ဝမ်ဖုံးမှာ စိတ်အားတက်ကြွစွာဖြင့် ထိုင်ရာမှ ထရပ်လိုက်ပြီး...
''အခုပဲ ကျွန်တော်သွေးဘီလူးကို ခေါ်ပြီးသွားရှာတော့မယ်..''
ဟု ဆိုကာ ချက်ခြင်းပြေးသွားတော့၏...
နိမ့်တခါမြင့်တလှည့်နှင့် လှုပ်ရှားနေသော ၀မ်ဖုံး၏နောက်ကြောကိုကြည့်ကာ နရန်ကိုယ်တော်လေးမှာ စိတ်လိုစိတ်ရပြုံးလိုက်တော့၏.. ယခုအပြုံးသည်ကတော့ ဟန်ဆောင်သော အပြုံးမဟုတ်ပါ.. သူ၏အကြံအစည်အား ကျေနပ်စွာနှင့်ပြုံးလိုက်တော့ အပြုံးပင်ဖြစ်တော့သည်.. ထို့နောက်..
''အားကွေ့..အားကွေ့နဲ့ နာမည်ကျော်နေတဲ့ကောင် .. ငါနဲ့တွေ့ပြီးတဲ့နောက် မင်း ကွေ့နိုင်အုံးရိုးတော့လား... ဟားဟားဟားဟား..''
ယင်းအခိုက် လေပြေတစ်ချက်သုတ်လိုက်သောကြောင့် ငြိမ်သက်နေသော ကန်ရေပြင်သည် လှိုင်းထ လှုပ်ရှားသွားရာ .. မသိလျှင် ကိုယ်တော်လေး၏ ကျုံးဝါးသံအား ထောက်ခံနေသယောင်ပင်...
==========================
ချန်းအိမ်တော်ရှိ အခန်းကြီးတစ်ခန်း ရှေ့တွင် လူတအုပ် တွတ်ထိုးတွတ်ထိုးနှင့် ဆူညံနေလျှက်ရှိ၏.. ထိုလူအုပ်ထဲတွင် သွားကျိုး ...တရှုံးနှင့် ကြုံလောက်တို့အပြင် ဒါဏ်ရာမှ သက်သာလာစ ဒက်ပေါပင် ဂျိုင်းထောက်လေးအား အားပြုကာ ရပ်နေလေသည်..
ထူးခြားသည်က သူတို့အားလုံး၏မျက်နှာပေါ်ဝယ် စိုးရိမ်ခြင်း ..ပူပန်ခြင်း သောကရောက်နေခြင်း တည်းဟူသော အရိပ်အယောင်များက မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေ၏.. သွားကျိုးနှင့်ဒက်ပေါမှာ ပိတ်ထားသောအခန်းတံခါးဝမှ နေ၍.. အထဲသို့ မမြင်ရသည့်တိုင် တွေ့ရလိုတွေ့ရငြား လှမ်းလှမ်းကြည့်နေသည်.. အတန်မျှကြာလျှင် ..သွားကျိုးက..
''သုံးရက်ရှိပြီ..သုံးရက်ရှိပြီ.. အပြင်ကို မထွက်လာတာ သုံးရက်ရှိပြီ.. ထမင်းမစား ဟင်းမစားနဲ့ အခန်းထဲမှာ ဘာလုပ်နေသလဲမသိဘူး.. ''
ဒက်ပေါက သူ၏အင်္ဂါစုံနေသေးသော လက်ဖြင့် အခန်းတံခါးအား ရိုက်ချိုးရန်ပြင်လိုက်ပြီး..
''သွားကျိုး ..ငါတံခါးကို ရိုက်ဖွင့်လိုက်တော့မယ် .. မင်းထောက်ခံရင် ငါဖွင့်မယ်..''
သွားကျိုးမှာ ဒက်ပေါ၏လက်အား ဖမ်းကိုင်လိုက်ပြီးနောက်..
''နေအုံး ..ဒက်ပေါ..အကိုအားကွေ့အကြောင်း မင်းသိသားနဲ့ ..တော်ကြာ ငါတို့ကို စိတ်ဆိုးပြီး မောင်းထုတ်နေအုံးမယ်..''
ဒက်ပေါက ထိုစကားကြောင့် လက်အား ပြန်ရုတ်သိမ်းလိုက်ကာ ..
''အဲ့ဒါမင်းကြောင့်.. မင်းကွာ ကိုယ့်အကို တစ်ယောက်လုံး ဘာဖြစ်နေသလဲ မသိဘူးလား နည်းနည်းမှ မရိပ်မိဘူးလား .... ငါသာအိပ်ယာထဲမလဲနေရင် သူဘာဖြစ်သလဲ သိမှာပဲ...''
သွားကျိုးမှာ မျက်နှာငယ်လေးနှင့်..
''ငါတစ်ယောက်ထဲ မဟုတ်ပါဘူးကွာ ..ဟွားဟွားတို့ တရှုံးတို့ ကြုံလောက်တို့လဲ ပါတယ်ကွ..''
ထိုစဉ်တရှုံးက ၀င်၍
''ဟေ့ကောင်သွားကျိုး ...သူနဲ့နောက်ဆုံးတွေ့တဲ့လူက မင်းပါကွာ ငါတို့ကို မလွဲချပါနဲ့..မင်းပဲ အဲ့အခန်းထဲက နောက်ကျမှ ထွက်လာတာ.. ဧကန္တ မင်းကို စိတ်ဆိုးသွားတာဖြစ်မယ်..''
သွားကျိုးမှာ သူ့အား အချွန်နှင့်ဝင်မ လိုက်သော တရှုံးအား ဘုကြည့်ကြည့်လိုက်ပြီး..
''ဘုရားစူးရစေ့ ..ငါနဲ့အကိုအားကွေ့နဲ့ စကားတစ်လုံးမှ မများရပါဘူး ..သူကတော့ ငါ့ကို စနေနောက်နေသေးတယ်..''
ဒက်ပေါက အခန်းတံခါးအား ထပ်မံကြည့်လိုက်ပြီး..
''အရေးထဲ ..ဒီသုံးရက်အတွင်းမှ တိုက်တိုက်ဆိုင်ဆိုင် ဟွားဟွားကလည်း သူ့အမေဘက်က အမျိုးတွေဆီ အလည်လိုက်သွားသေးတယ် ..သူသာရှိရင် ဖွင့်နိုင်မှာ အသေချာပဲ ..''
''အေးကွာ ဒါလည်းဟုတ်သား..''
သွားကျိုးကထောက်ခံလိုက်ပြီးနောက်..
''ဟာ ..ဟုတ်ပြီ.. ငါတို့ ဘဘဟုန်းနဲ့ ဘကြီးနန်တို့ကို သွားပြောရင် ရမှာပေါ့ ..သူတို့ကိုဆို အကိုအားကွေ့ဘာမှပြောမှာမဟုတ်ဘူး.. ''
ဒက်ပေါက ထိုစကားကြောင့် ရွှင်ပြုံးသွားကာ ..
''အေး..ဟုတ်သား ..သူတို့လည်း သက်သာလာပြီပဲဟာ..သူတို့ပြောရင် ရလောက်တယ် .. ''
ထိုစဉ် ရပ်ကြည့်နေသော ကြုံလောက်က ''ငါသွားခေါ်လိုက်မယ် ..'' ဟုအော်ဟစ်ရင်း ပြေးထွက်သွားလေသည်..
သိပ်မကြာလိုက်ပေ ..ချက်ခြင်းဆိုသလို အဘိုးကြီးနှစ်ယောက်ရောက် လာ၏.. သူတို့နှစ်ယောက်လုံး ချန်းအိမ်တော်သို့ ရောက်လာကာစနှင့်မတူ လန်းဆန်းတက်ကြွနေကြရာ အတွင်းအားများ နဂိုနီးပါးပြန်ရလာပြီဟု အတပ်သိနိုင်သည်..
ဘဘဟုန်းက အခန်းတွင်းသို့ အာရုံစူးစိုက်ကြည့်လိုက်ပြီး..
''အသက်ရှူသံတော့ ကြားနေရတယ်ကွ.. ဒါပေမယ့် နည်းနည်းတော့ ထူးဆန်းတယ်.. ''
ဘကြီးနန်မှာ ဘဘဟုန်းစကားကြောင့် ခဏငြိမ်ပြီး နားထောင်လိုက်ကာ
''အေး ဟုတ်တယ် ..သူ့အသက်ရှူသံက တစ်ခေါက်နဲ့တစ်ခေါက်ကြားမှာ အကြာကြီးခြားနေတယ် ..ပုံမှန်တော့မဟုတ်ဘူး..''
ဒက်ပေါမှာ ထိုသည်ကို ကြားလျှင် ငိုသံပါကြီးနှင့်..
''သူ ..သူ အသက်ငင်နေတာလား မသိဘူး ..သေတော့မယ့်လူက အခုလိုအသက်ရှူခြားတယ်လို့ကြားဖူးတယ် .. ''
ဟုအော်လိုက်ပြီး..သွားကျိုးအား သူ၏လက် အငုံးတိုနှင့်ထိုးကာ ..
''ခွေးမသား သွားကျိုး မင်းဂရုမစိုက်လို့ အကိုအားကွေ့ အသက်ထွက်တော့မယ်..''
သွားကျိုးမှာ ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ငိုင်တွေနေတော့သည်..
ထိုစဉ်ဘကြီးနန်က ..
''ဟေ့ကောင်တွေ .. အလကားထင်ရာလျှောက်မပြောနေကြနဲ့.. ဘယ်သူက ဘာဖြစ်မှာလဲ ..နိမိတ်မရှိ နမာမရှိ..''
နှစ်ယောက်စလုံးအား ၀င်ငေါက်လိုက်ပြီးနောက် .. အခန်းတံခါးအား လက်ဖြင့်စမ်းကြည့်လိုက်၏.. ထို့နောက် ကပြာကယာလက်ကို ဆုတ်လိုက်ပြီး..
''အခန်းတံခါး တစ်ခုလုံးပူကျစ်နေတာပဲ..ထော့ကျိုး ..စမ်းကြည့်စမ်း..''
ဘဘဟုန်းမှာ ဘကြီးနန်၏ အပြောကြောင့် ကျန်သည့် တံခါးဘက်တခြမ်း အားစမ်းကြည့်လိုက်ကာ ..
''အလို ..ဒီဘက်တစ်ခြမ်းကတော့ အေးစက်နေသဟ.. '''
ကြားရသည့်သူများမှာ နဝေတိမ်တောင်ဖြစ်သွားကြသည် .. အဘိုးကြီး နှစ်ယောက်ကတော့ အခြင်းခြင်းကြည့်လိုက်ကာ ခေါင်းပြိုင်တူငြိမ့်ရင်း.. ဘကြီးနန်က
''ငါလုပ်လိုက်မယ် .. တကယ်တမ်း ..ငါတို့ထင်ထားတဲ့ အတိုင်းသာ ဆိုရင်တော့.. ''
''ဟားဟားဟားဟား..ကုန်းစုပိုင် နောက်ထပ်တစ်ယောက် ပေါ်လာပြီပေါ့ကွာ..''
ဒက်ပေါနှင့်သွားကျိုးတို့မှာ အဘိုးကြီးနှစ်ယောက်အား ကြည့်ကာ ရူးသွားပြီပင် ထင်လိုက်ကြသည်.. အဆက်အစပ်မရှိသော သွပ်ချာချာ စကားများကို ပြောနေကြသည်မဟုတ်လား..
ထိုအခိုက်...
''ချွမ်း...'' ဟူသော အသံနှင့်အတူ အလင်းရောင် လက်ကနဲ ဖြစ်သွားပြီး အခန်း တံခါးဝအလယ်တွင် ခြောက်လက်မပတ်လည် ..အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်..
ဘကြီးနန်၏လက်ချက်ပင်.. သူ၏ဓါးထုတ်ပုံ ခုတ်ဖြတ်လိုက်ပုံ ဓါးပြန်ထည့်ပုံမှာ မြန်ဆန်လွန်းလှရာ ဘဘဟုန်းတစ်ယောက်မှလွဲ၍ မည်သူမျှ မမြင်လိုက်ပါ..
သို့သော် အပေါက်ကြီးပေါ်လာသည်နှင့် ဒက်ပေါမှာ ဂျိုင်းထောက်ကြီး အားပစ်ချကာ အပေါက်ထဲသို့ ခေါင်းကပ်၍ အတွင်းထဲသို့ လှမ်းကြည့်လိုက်သည်..
ယင်းနောက်..
''အောင်မလေးဗျ.. အကိုအားကွေ့ သေပြီ ..သေပြီဗျ....''ဟုအော်ဟစ်ကာ မေ့လဲကျသွားတော့၏...
==============================
#102B ( အစ၏အဆုံး ..အဆုံး၏အစ )
သွားကျိုးတို့လူအုပ်မှာ မေ့မျောသွားသည့်ဒက်ပေါအား အရင်ပြုစုရမည်လား ၀မ်းနည်းရမည်လား ဝေခွဲ၍မရ ဖြစ်နေစဉ် ဘဘဟုန်းမှ..
''ဟေ့ကောင်တွေ.. ငြိမ်ငြိမ်နေကြ အခုအချိန်မှာ အသံမထွက်ရင် အကောင်းဆုံးပဲ ..အားကွေ့က အတွင်းအားကျင့်စဉ်တစ်မျိုးကျင့်နေတာဖြစ်မယ် .. မင်းတို့ရဲ့ ဆူညံသံကြောင့် စိတ်အာရုံပျံ့သွားရင် ...သွေးလေဖောက်ပြန်သွားနိုင်တယ်''
ဟုပြောလိုက်လှမ်းပြောလိုက်လေ၏... ထိုအခါမှ သွားကျိုးအပါဝင် ကျန်လူများမှာ တိတ်ဆိတ်ငြိမ်သက်သွားကာ မေ့လဲနေသော ဒက်ပေါအား တွဲထူလိုက်ကြသည်..
ဘဘဟုန်းမှာ ဒက်ပေါ၏အကြောတစ်နေရာကို ထောက်ပြီးနောက် ..
''သွား ..မင်းတို့ကောင်တွေ ဒီအခန်းနားမှာ ရစ်သီရစ်သီမလုပ်နဲ့တော့ ..အခုချိန်ကစပြီး ဒီနားကိုယောင်မှားလို့ ခြေဦးတောင် လှည့်မလာနဲ့..''
သွားကျိုးတို့မှာ ဘဘဟုန်းငေါက်လိုက်၍သာ ထွက်လာကြသည် အားကွေ့၏ အခြေအနေမည်ကဲ့သို့ဖြစ်နေသည်ကို သိလိုသည်မှာ တပိုင်းသေမတတ်ပင်.... ထိုစဉ်ဘကြီးနန်မှာ အပေါက်ထဲသို့ ချောင်းကြည့်ရင်း အသံအုပ်အုပ်ဖြင့်..
''ထော့ကျိုး.. မင်းလာကြည့်စမ်း ..''
ဘဘဟုန်းမှာ အထဲသို့လှမ်းကြည့်လိုက်ရန်. အပေါက်ဝနားသို့ ကပ်လိုက်သည်နှင့် သူ၏၀ဲဘက်ပါးတွင် အေးစက်သော အငွေ့အသက် .. ယာဘက်ပါးတွင် ပူနွေးသော အငွေ့အသက်တို့ကို ခံစားလိုက်ရသည်.. အခန်းတွင်း စားပွဲခုံဘေးထိုင်ခုံတွင်မူ အားကွေ့မှာ ကျောက်ရုပ်ကြီးသဖွယ် တောင့်တောင့်ကြီး ထိုင်နေလျှက်..
ထူးခြားချက်မှာ အားကွေ့၏ကိုယ်ခန္ဓာဝဲဘက်ခြမ်း၌ ရေခဲမှုန်များကပ်လျှက် ရှိကာ .. ယာဘက်ခြမ်း၌မူ အခိုးအငွေ့များထောင်းထောင်းထပြီး အ၀တ်အစားများပင် လောင်ကျွမ်းတော့မတတ် တဗြစ် ..ဗြစ်နှင့်မြည်နေကြသည်.. ဘဘဟုန်းမှာ သက်ပြင်းချ၍ အပေါက်ဝမှ လှမ်းဖယ်ကာ ..
''စပ်စုကြီး ..ငါ့တသက်တာမှာ ဒီလောက်ထူးဆန်းတဲ့ ပညာရပ်မျိုး ဒီတစ်ခါပဲ ကြုံဖူးသေးသကွာ .. ငါ့အထင် ဒီကောင်သာ ဒီအတွင်းအားသိုင်း ပေါက်မြောက် အောင်မြင်သွားရင် ငါတို့လောက်နီးနီးအဆင့် ဒါမှမဟုတ် ငါ့တို့ထက်တောင် သာလိမ့်တော့မယ်ထင်တယ်...''
ဘကြီးနန်က ကျေနပ်ပီတိဖြစ်စွာပြုံးလိုက်ပြီး..
''ဘယ်လိုပဲဖြစ်ဖြစ် ငါ့တို့ထက်သာသွားလည်း ဂုဏ်ယူပေးရမှာပဲ .. ငါတို့မှာ အခုလို နာမည်တစ်လုံးရဖို့ ဘယ်လောက်ကျိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ မိုးနတ်မင်းကြီးနဲ့ကိုယ်ကိုယ်တိုင်ပဲသိတယ်.. အခုဒီကောင်လေးကို ကြည့်စမ်း ..ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဝိဇ္ဇာအဆင့်လောက်ရောက်တော့မယ် .. တခုခုချွတ်ချော် မသွားဖို့တော့ဆုတောင်းပေးရမှာပေါ့ ..''
ဘဘဟုန်းက ဘကြီးနန်၏ပုခုံးကိုလှမ်းပုတ်လိုက်ကာ ..
''ငါတို့တွေလည်း အိုလှပါပြီကွာ ..နောက်လူတွေကို နေရာဖယ်ပေးကြတာပေါ့..''
''ကိုင်း ..သူ့ကျင့်စင်က ဘယ်တော့မှပြီးမယ်မသိဘူး ..အခုကစပြီး မင်းနဲ့ငါနဲ့. အစီအစဉ်ဆွဲကြမှဖြစ်မယ် ..မင်းက သမားတော်တပိုင်းဆိုတော့ ဘုံကျောင်းဆရာတော်ကို ပြုစု ..ငါကတော့ ဟိုသွားကျိုး ..ဒက်ပေါတို့နဲ့ ဒီနေရာကို စောင့်လိုက်မယ် ..ဟိုကောင်တွေကို ဒီအတိုင်းလွတ်ပေးထားလို့မဖြစ်ဘူး ..တော်ကြာ တစ်ခုခုဝင်နှောင့်မှ ပြသနာအကြီးအကျယ်တက်ကုန်မယ်.. ''
ဘဘဟုန်းကခေါင်းငြိမ့်လိုက်ပြီး..
''ကောင်းပြီလေ..ဒီအတိုင်း လုပ်ကြတာပေါ့... ငါသွားပြီ စပ်စုကြီး ..ဆရာတော်ကလည်း အခုထိ မသက်သာသေးဘူး ..ငါသေသေချာချာ ပြန်စစ်ဆေးကြည့်လိုက်အုံးမယ် .. ''
ဘဘဟုန်းထွက်သွားလျှင် ဘကြီးနန်မှာ အိမ်စေတစ်ယောက်အား ခုံတစ်လုံး ယူခိုင်းကာ အပေါက်ဝတွင် ထိုင်စောင့်နေတော့သည်.. အားကွေ့ကတော့ အပြင်တွင် မည်သို့မည်ပုံဖြစ်ကြပျက်ကြသည်ကို သိပုံမပေါ်ပေ.. သူ၏အတွင်းအား ဈန်ဝင်စားခြင်းနှင့်သာ စခန်းသွားနေတော့၏...
==========================
''အဟွတ်..အဟွတ်..အဟွတ်..''
ချောင်းဆိုးသံနှင့်အတူ မိန်းမပျိုလေးတစ်ယောက် ခုတင်ပေါ်မှ ထလာသည် .. ထို့နောက် သူမ၏ဘေး စားပွဲပုလေးပေါ်တင်ထားသော ကြေးထွေးခံအား တုန်ယင်သောလက်များနှင့် လှမ်းယူကာ ဝေါကနဲ အန်ချလိုက်၏.. သို့သော် အစာဟောင်းများ ..သလိပ်များ တံတွေးများအစား နီရဲနေသော သွေးများသာ ထွေးခံထဲသို့ စီးကျသွား၏..
ထိုမိန်းကလေးမှာ မျက်ကွင်းများ ညိုမဲကာ နူတ်ခမ်းများ ဖြူဖျော့နေသည့်တိုင် သူမ၏ ယဉ်စစအလှမှာ တစ်စက်ကလေးယုတ်လျော့မသွား .. သွေးများကို အန်ချလိုက်ပြီးအောင် တကိုယ်လုံးရှိအားအင်များ ကုန်ဆုံးသွားသည့်နှယ် မွေ့ယာပေါ်သို့ ခြေပစ်လက်ပစ်ပြန်လဲကျသွားသည်..
ထိုလှပသိမ်မွေ့သော ရောဂါသည်မှာ အခြားတော့ မဟုတ်ပေ .. ရန်ခွမ်း၏ ရင်နှစ်သည်းခြာ သမီးပျိုတဖြစ်လဲ အားကွေ့၏အသက်ဗူး ကျင်းကျူးသာ ဖြစ်တော့၏ .. ကျင်းကျူးမှာ တုန်ရီမောဟိုက်နေသော ရင်အစုံကို လက်ဖြင့်ဖိရင်း..
''ငါ အခုရက်ပိုင်း ဘာဖြစ်နေတာလဲမသိဘူး ..ရင်ထဲမှာ သိပ်မောတာပဲ .. သွေးတွေလည်း ခဏခဏ အန်တယ် .. တရားထိုင်လိုက်မှ နေသာထိုင်သာ ပြန်ရှိသွားတာ ..ခက်တာက အကိုအားကွေ့ကို သတိရနေတာနဲ့ တရားမထိုင် ဖြစ်တာတောင် လေးငါးရက်လောက်ရှိပြီ.. ''
ဟူ၍တွေးလိုက်ပြီး သူမ၏ခေါင်းအုံးအောက်ထဲသို့ လက်နှိုက်လိုက်သည် .. သူမ၏လက်ဖျားမှ အေးစက်မာကျောသော အထိအတွေ့နှင့်ထိတွေ့လိုက်သည်နှင့် မှေးမိန်နေသော မျက်ဝန်းမှ အရောင်များတဖြတ်ဖြတ်တောက်ပလာကာ ..
''အကိုပေးထားတဲ့ ဆံထိုးလေး .. သူပြန်မှ ဒါလေးပန်ပြရမယ် .. မတွေ့ရတာ ကြာမှ ပိုလွမ်းလာသလိုပဲ.. ''
သူမနူတ်ဖြားမှ မပွင့်တပွင့်ရေရွတ်လိုက်စဉ် .. ကုတင်ဘေးမှ လှုပ်ရှားသွားသဖြင့်
''ရှောင်းဟူ ..ပြန်လာခဲ့ပြီလား....''
''အစ်..အစ်...''
ဟူသော အသံနှင့်အတူ ကုတင်ပေါ်သို့ နက်မှောင်နေသောရှောင်းဟူ၏ ခေါင်းလေးမှာ လာရောက်မှေးတင်ခဲ့သည်.. ကျင်းကျူးမှာ ခေါင်းအုံးအောက်မှ သူမလက်ကို လေးပင်စွာထုတ်ကာ ရှောင်းဟူ၏ခေါင်းအား ခက်ခဲစွာ ပွတ်သပ်လိုက်ပြီး
''နင်.. အခုတလော အပြင်တွေ အရမ်းသွားတယ်နော်.. ငါ့ဘေးမှာ အချိန်ပြည့်ရှိမနေဘူး.. ''
ရှောင်းဟူမှာ ကျင်းကျူးအား ချော့မော့သည့်နှယ် သူ၏ခေါင်းဖြင့် လက်ကို တိုးဝှေ့နေလေသည်.. ကျင်းကျူးက ရှောင်းဟူအား..
''အကိုအားကွေ့တို့ ပြန်လာတဲ့အခါ ..နင်ရောရှိနေရမယ်နော် .. အဲ့အချိန်အလည်လွန်နေလို့ကတော့ မမရိုက်မှာကြားလား...''
သူသည်ပါသည်ဟူသော အမူအယာနှင့် ကျင်းကျူး၏လက်လေးအား ဖွဖွလေးကိုက်လိုက်သည်.. ယင်းအခိုက် ကျင်းကျူး၏ ရင်ဝတွင် မီးစဖြင့် ထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး... ''အား ..''ကနဲအော်ကာ မေ့မျောသွားလေတော့သည်..
ရှောင်းဟူမှာ အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား လူ့အရိပ်အခြေအား နားလည်သူဖြစ်ရာ ..သူ၏သခင်မ တစ်ခုခုဖြစ်သွားပြီဟု ရိပ်မိလိုက်သဖြင့် .. စူးရှစွာ အော်ဟစ်လိုက်လေ၏...
''အစ်.....အစ်.......''
ချက်ခြင်းဆိုသလိုပင် ..ရှောင်မိန်ရောက်လာပြီး
''အလို ...ဘုရားရေ ..သွေးတွေအန်ထားတာလည်း မနည်းမနောပါလား.. မမကျင်းကျူး..မမကျင်းကျူး..''
ဟုအော်ခေါ်ကာ လှုပ်နိုးသော်လည်း နိုးမလာသဖြင့်... လှစ်ကနဲ ပြေးထွက်သွားလေသည်.. တခဏအချိန်တွင်း၌ပင် သမားတော်ဟွမ်းနှင့်အတူ ပြန်ရောက်လာလေ၏.. သမားတော်ဟွမ်းမှာ ကျင်းကျူး၏အခြေအနေကို မြင်သည်နှင့် မဆိုင်းမတွပင် သူ၏ဆေးအိတ်ကြီးအတွင်းမှ ရွှေမျှင်အပ်များကို ထုတ်ယူပြီးနောက် ကျင်းကျူး၏ နားထင်နှင့် နဖူးတို့အား စိုက်ထည့်လိုက်သည် ..ပြီးနောက် ကြွေဗူးလေးထဲ ဆေးရည်နှစ်စက်ခန့် ကျင်းကျူး၏ ပါးစပ်အတွင်းမှ ၀မ်းအတွင်းသို့ ရောက်အောင် တိုက်ကြွေးလေသည်.. ထိုဆေးရည်ဝင်သွားမှပင် ကျင်းကျူး၏ မျက်နှာမှာ သွေးရောင်အနည်းငယ်လွှမ်းလာလေ၏..
ရှောင်မိန်မှာ သမားတော်၏အရိပ်အခြေကို မျက်တောင်မခတ်ကြည့်နေသူ ဖြစ်ရာ သမားတော် ပြာယာခတ်နေသည့် ဟန်ကို မြင်သည်နှင့် ကျင်းကျူး၏ အခြေအနေမှာ ဆိုးရွားသည့်အထဲ ပါသည်ဟုသဘောပေါက်မိလိုက်သည် .. ထို့ကြောင့်...
''သမားတော်ကြီး ..ရှင်မှန်မှန်ဖြေစမ်း... မမကျင်းကျူးအကြောင်း ရှင်တုံးမင်သောင်စပ်မှာပြောတုန်းက ဆယ်ရက် ဆယ့်ငါးရက်လောက် အနားယူရင် သက်သာသွားမယ်လို့ပြောခဲ့တယ် ..အခုကြ ဘာဖြစ်လို့ မသက်သာသေးတဲ့ အပြင် ပိုပိုဖောက်လာသေးတာလဲ...ရှင်မဟုတ်တမ်းတရား ဖြေမယ်ဆိုလို့ကတော့ သေမယ်သာပြင်ထား''
သမားတော်ကြီးမှာ ရှောင်မိန် လက်စာကို ခံထားဖူးသူဖြစ်ရာ တကိုယ်လုံး တုန်ခါပြီးနောက်..
''ဒီ ..ဒီ..ဒီလိုပါ ..အဲ့ ..သောင်စပ်မှာတုန်းက ကျုပ်..ကျုပ်ကို ဆရာကြီးဟုန်း ..ဟုန်းက မမလေးကျင်းကျူးရဲ့ အခြေအနေ မှန် ...မှန်ကို အားလုံးသိအောင် မပြောခိုင်းဘဲ လိမ်ခိုင်းထားတာပါ.. ''
ရှောင်မိန်မှာ ယခုမှသိလိုက်ရသော စကားကြောင့် အံ့သြေသွားပြီး.. စိတ်လှုပ်ရှားသွားကာ သမားတော်ဟွမ်း၏ လည်ဂုတ်ကို ကိုင်ပြီးလျှင်..
''ဟိုမှာတုန်းကလိမ်ခဲ့တယ်ဆိုတော့ ...အခု အမှန်အတိုင်းပြောစမ်း.. မမကျင်းကျူးအခုဖြစ်နေတဲ့ ရောဂါက ဘာရောဂါလည်း ..ကုသလို့ရသေးတယ်မို့လား..''
သမားတော်ဟွမ်းမှာ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းလာကာ..
''မမလေးကျင်းကျူးရဲ့ရောဂါ..ရောဂါက ..မွေးရာပါ နှလုံးအားနည်းတာပါ.. အဲ့ဝေဒနာမျိုးက မျိုးရိုးကတဆင့် သားစဉ်မြေးဆက် လိုက်ပါတတ်လို့ ဆေးပညာအရ ၀ဋ်နာကံနာလို့ သတ်...သတ်မှတ်ထားပါတယ် ..ကုသဖို့လမ်းကတော့ အခုထိရှာမတွေ့သေးပါဘူး.. အချိန်ကြာလာတာနဲ့အမျှ နှလုံးသားမှာ သွေးမလည့်နိုင်တော့တာမျိုး နှလုံးပုတ်တာမျိုး ဖြစ်တတ်ပြီး ဆုံး..ဆုံး ရနိုင်ပါတယ် ..''
ရှောင်မိန်မှာ ကျင်းကျူး၏ ဝေဒနာဆိုးကြီးအား ကြားသိလိုက်ရလျှင် ရင်ထဲတွင် ဟာကနဲ ဖြစ်သွားလေသည်..ထို့နောက်..
''လုံးဝကုသလို့မရတော့ဘူးလား ..ရောဂါသက်သာအောင် လုပ်ဖို့ရော..''
''တစ်..တစ်..တစ်ခုတော့ရှိပါတယ်.. အခုဆို မမလေးကျင်းကျူးရဲ့ နှလုံးသားတွေ ယောင်ယမ်းလာတဲ့အဆင့်ရောက်နေပါပြီ..ဒါကြောင့်မို့ သွေးတွေ အန်ထွက်နေတာပါ ..အဲ့အခြေအနေမျိုးမှာ သူအခုလို သတိရှိနေသေးတာဟာ ကြုံတောင့်ကြုံခဲပါ.. နှလုံးမပုတ်အောင်ဘယ်အချိန်ထျတောင့်ခံနိုင်မလဲတော့ မခန့်မှန်းတတ်သေးပါဘူး...''
''တယ် ..ဒီသေနာကျ ... စကားကြောရှည်မနေနဲ့ ...အခု ပျောက်မယ့် နည်းလမ်း..သက်သာမယ့်နည်းလမ်းကို ပြော..''
ဂုတ်ကို ခပ်ပြင်းပြင်းလေးညှစ်ကာ ပြောလိုက်သဖြင့် သမားတော်ကြီးမှာ ရှေ့သို့ငိုက်ကျသွားပြီး..
''ရောဂါပိုမဆိုးစေချင်ရင် ..စိတ်ညစ်မနေခိုင်းရဘူး..အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားရပါမယ်.. အလွယ်တကူ အဖျားတက်နိုင်တာမို့ ရာသီဥတု ဆိုးရွားတဲ့ နေရာလိုမျိုးမှာ မနေသင့်ပါဘူး.. ပြီးတော့ လင်ယူသားမွေးပြုလုပ်လို့ မရပါဘူး.. ပျောက်ကင်းဖို့ကတော့ .. သူ့နှလုံးသားကို ပိုမိုအားကောင်းလာစေဖို့ ..လုပ်ရပါ့မယ်.. အဲ့ဒီအတွက် တောင်ပင်လယ် ဒဏ္ဍာရီကျွန်းမှာပေါက်တဲ့ သန္တာမြူနှင်းမြက်ကိုစားနိုင်မှဖြစ်ပါလိမ့်မယ်..''
ရှောင်မိန်မှာ သမားတော်ကြီး၏စကားဆုံးသည်နှင့် လက်အားပိုမိုအားစိုက်ညှစ်လိုက်ကာ..
''ဒီအဘိုးကြီးကတော့ မဟုတ်တမ်းတရားလျှောက်ပြောနေပြန်ပြီ.. ဒဏ္ဍာရီကျွန်းဆိုတာ ဆယ်နှစ်နေမှ ရေပေါ် ပေါ်လာတဲ့ကျွန်း.. အဲ့ကျွန်းကို မြင်ဖူးတဲ့ လူတောင်မှ ရှိရဲ့လားမသိတာ ..ဘယ်လိုလိုက်ရှာရမှာလည်း ..လူလိမ်ကြီးရဲ့.. သေချင်ပြီနဲ့တူတယ် ...တခြားဆေးနည်းကို ပြောစမ်း...''
=======================
မျက်လုံးအခြေအနေကြောင့် ဤမျှလောက်သာရေးနိုင်၏..
ခွင့်လွတ်ကြပါမိတ်ဆွေတို့..
#103 ( အစ၏အဆုံး ..အဆုံး၏အစ )
သမားတော်ကြီးသည် သူ၏ဂုတ်ပိုးဆီမှ စူးရှသော ဝေဒနာနှင့်အတူ ကြောက်ရွံ့စိတ်များ ဖုံးလွှမ်းသွားသည့်ကြားမှ အားတင်းကာ..
''ကျုပ်...ကျုပ်လည်း အဲ့ထက်ပို မသိ ..မသိတော့ပါဘူး.. ဒီ့ထက် ..ပိုသိချင်ရင် တော့ .. သမားတော်စံ..စံအိမ်.. ကလူတွေပဲ သိပါတော့မယ်..''
ရှောင်မိန်က သမားတော်၏စကားဆုံးသည်နှင့် ဂုတ်အားဆွဲကိုင်ထားသည့် လက်ကိုလွတ်လိုက်ရင်း..
''သမားတော်စံအိမ်.. လွန်ခဲ့နှစ်ငါးဆယ်ကတည်းကဆေးပညာ အရှုပ်အရှင်းကြောင့် သိုင်းလောက ကနေတိမ်မြုပ်သွားတဲ့ သမားတော် စံအိမ်ကို ပြောတာလား...''
''ဟုတ်...ဟုတ် ဟုတ်ပါတယ် ..အဲ့စံအိမ်..ကိုပြောတာပါ.. ဆေးပညာနဲ့ ပတ်သက်လာရင် ..သမားတော်စံအိမ်ကို ဘယ်သူမှ မမီပါဘူး...''
ရှောင်မိန်က တွေးတွေးဆဆနှင့်...
''အင်း.. ဒဏ္ဍာရီကျွန်းထက်စာရင် သမားတော်စံအိမ်ကမှ အခြေအမြစ်ရှိသေးတယ်.. ဒါနဲ့ သမားတော်စံအိမ် ..ခုဘယ်မှာလည်းဆိုတာ ဘယ်သူသိနိုင်မလဲ.. သမားတော်ဟွမ်း...''
သမားတော်ကြီးက မဆိုင်းမတွပင်..
''ငွေ ..ငွေမျက်နှာသမားတော်ကြီးပုလွေပဲ သိနိုင်ပါတယ်.. သူ့ကို သိုင်းလောကသားတိုင်းက သမားတော်စံအိမ်ကလို့ ခန့်မှန်းထားတာမို့ ..သူတစ်ယောက်ကလွဲရင် ဘယ်သူမှ မသိကြဘူးလို့ ထင်ပါတယ်...''
ရှောင်မိန်က ပုလွေဆိုသော အမည်ကို ကြားလိုက်သည်နှင့် ၀မ်းသာအားရနှင့် ..
''ငွေမျက်နှာသမားတော်ကြီး.. ဟုတ်ပြီ ..ဒါဆိုရင် သိပ်ကောင်းတာပေါ့..''
ထိုစဉ်... သတိလစ်မေ့မျောနေသော ကျင်းကျူးမှာ တလှုပ်လှုပ် ဖြစ်လာ၍
''ဟာ ..မမကျင်းကျူးသတိရလာပြီနဲ့တူတယ် ..သမားတော်ကြီး ဘာလုပ်နေတာလဲ မြန်မြန်သွားပြီး .. စစ်ဆေးလိုက်စမ်း..''
သမားတော်ကြီးမှာ ကုတင်နားသို့ ခပ်သုတ်သုတ်ပြေးကာ ကျင်းကျူး၏ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ရင်း ....
''မိန်းကလေးရှောင်.. မမလေးကျင်းကျူး ဒီတစ်ရက်တော့ သတိပြန်ရလာမယ် မထင်သေးဘူး.. နောက်နေ့မနက်လောက်မှ သတိပြန်ရလာမယ် ထင်ပါတယ်.. ''
ရှောင်မိန်က သမားတော်ကြီး၏စကားအဆုံး၌
'''ဒါဆို ..ရှင်ရော ..ကျွန်မရော .. ဒီတစ်ညလုံး မအိပ်ဘူး.. မမကျင်းကျူး အနားက တဖ၀ါးမှမခွာပဲ စောင့်ရှောက်ရမယ်...''
ဟုဆိုကာ ပြတ်သားစွာပြောဆိုလိုက်လေ၏....
========================================
''ဘကြီးနန် ..ဘာလုပ်နေတာလဲ ..အခန်းဝမှာ ငုတ်တုတ်ကြီးထိုင်လို့ ...အကိုအားကွေ့ရော ...''
ခပ်စွာစွာအော်ပြောလိုက်သော အသံကြောင့် ခုံပေါ်တွင်ထိုင်ကာ အိပ်ငိုက်နေသော ဘကြီးနန်မှာ ယောင်၍ခုန်ထလိုက်မိ၏ ..ပြီးမှ..
''လန့်လိုက်တာ ဟွားဟွားရာ .. နင့်မလဲ မိန်းကလေးတန်မယ့်နဲ့ အာကျယ်လိုက်တာလွန်ရော ...''
ဟွားဟွားမှာ အိပ်ချင်မူးတူးဖြစ်နေသော ဘကြီးနန်အား..
''အောင်မာ ..ဘကြီးနန်ကများ သမီးကို ပြောရသေးတယ် .. ဟွားဟွားရဲ့ နူတ်ဖျားက ပီယ၀ါစာ ချစ်ဖွယ်သော စကားကိုဆိုလိုက်ရင် .. နားထဲပျားရည်လေး စိမ့်ဝင်သွားသလို ချိုမြနေတဲ့ဥစ္စာ..''
ဘကြီးနန်က နှာခေါင်းရှုံ့လိုက်ပြီး..
''ငါ့နားထဲမတော့ နင့်အသံက ၀ါးကြောကို ဓါးနဲ့ခြစ်လိုက်တဲ့ အသံလိုပဲ စူးရှပြီး ကြားရအတော်ဆိုးသဟ.. နောက်တခါ တိုးတိုးပြောပါဟ..''
''ဟွန့်...ဘကြီးနန်နဲ့ စကားပြောရတာ အပေါက်အလမ်းကို မတည့်ပါဘူး .. အကိုအားကွေ့ရောလို့ ..''
ဟူ၍မေးပြီးမှ သတိရသွားဟန်နှင့်..
''ဘကြီးနန်က ဒီအခန်းဝမှာ ဘာလို့အိပ်နေတာလဲ ..ကိုယ့်အခန်းကိုယ် မအိပ်ပဲနဲ့...''
ဘကြီးနန်က ရှက်ရယ်ရယ်လိုက်ပြီး..
''ငါ..ငါ ..အိပ်ပျော်နေတာမဟုတ်ပါဘူးဟ .. အားကွေ့ကို စောင့်ပေးနေတာ''
''အကိုအားကွေ့ကို စောင့်ပေးနေတာ .. သူဘာဖြစ်လို့လဲ ..ဖျားနေလို့လား''
ဟွားဟွားက အံ့သြေဟန်နှင့်မေးလိုက်၍ ဘကြီးနန်က..
''ဖျားတာမဟုတ်ဘူး ..နင့်အကိုက အတွင်းအားသိုင်းတစ်မျိုးကျင့်နေတာ .. သူ့ကို နှောက်ယှက်မယ့် နင့်လိုလူမျိုး ပေါ်လာမှာစိုးလို့စောင့်နေတာ..ရှင်းပလား''
ဟွားဟွား နူတ်ခမ်းဆူလိုက်ရင်း..
''ဟွားဟွားကဘယ်သူ့ကိုနှောက်ယှက်လို့လဲ.. ''
ယင်းအခိုက်.. ခြံဝင်းထဲသို့ ရထားလုံးတစ်စင်းဝင်ရောက်လာ၏.. ရထားလုံးတွင် ကြက်လျှာစွန်းပုံ အလံတပ်ဆင်ထားပြီး .. တာဝန်ဟု ရေးသားထားရာ မင်းမှုထမ်းသုံးရထားလုံးမှန်း လူတိုင်းသိနိုင်ပေသည်.. ဘကြီးနန်က ရထားလုံးကို မြင်သည်နှင့်..
''ဟွားဟွား သွား နင့်ဘိုးဘိုးကို သွားပြောချည် ..သူ့အတွက် လာတာထင်တယ်''
ဟွားဟွားက ရထားလုံးကို ကြည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့်..
''အဲ့တာ ဘိုးဘိုးအတွက် မဟုတ်ဘူး.. ဟွားဟွားအတွက်ရယ်..''
''နင်က ဘယ်သွားပြန်အုံးမလို့တုန်း.. အခုပဲ နင့်အမျိုးတွေဆီက အလည်လာပြီး ပြန်လာတာမဟုတ်လား.. ငါးရက်တောင်ကြာတယ် နင်သွားတာ.. အခုမှ ရောက်လာပြီး အခုပဲအလည်ထွက် အုံးမလို့လား...''
ဘကြီးနန်က မာန်လိုက်ဟန်ကြောင့် .. ဟွားဟွားက..
''အာ.. ဘကြီးနန်ကလည်း မဟုတ်တာ .. အခုလာတဲ့ ရထားလုံးက လူလာပို့တာ ..ဘယ်သူတွေလည်းဆိုတော့ ဦးကြီးကျောက်တို့..ကဲ သိပြီလား ဘဘစပ်စုကြီးရဲ့..''
စပ်စုကြီးဟု ခေါ်လိုက်သော်လည်း ဘကြီးနန်မှာ စိတ်ဆိုးဟန်မပြ..
''ငါ့ကို စပ်စုကြီးဆိုရင် ..နင်ကစပ်စုလေးပဲ .. တစ်နေ့ငါ့ ခြေရာထက် ကျော်သွားမှာ မြင်ယောင်သေးတယ်.. ဒါနဲ့ ..ကျောက်ကျူးထင်တို့ကို ဘာလို့ ပြန်ခေါ်လာတာတုန်း..''
ဟွားဟွားက သူမ၏ ငုဝါရောင်ဂါဝန်လေးလှုပ်ရမ်းသွားအောင် ကိုယ်ကို လှည့်လိုက်ရင်း .. လက်ထဲတွင် ကိုင်ထားသော အရာအား ဘကြီးနန်အား ပြလိုက်သည် ....ပြီးနောက်..
''ဘကြီးနန် ...သမီးလက်ထဲမှာ ကိုင်ထားတာ ဘာဖြစ်မလဲ ..ခန့်မှန်းကြည့်.. မှန်ရင် ဘကြီးနန်ကို မုန့်တွေ အများကြီးဝယ်ကျွေးမယ် .. မှားရင်တော့ ဘကြီးနန်က သမီးကို သိုင်းတစ်ကွက် သင်ပေးရမယ်..ဘယ်လိုလဲ..''
ဘကြီးနန်မှာ အလောင်းအစားဆိုလျှင် ကလေးထွေခင်းသည်ကအစ ၀ါသနာပါသူဖြစ်ရာ .. မငြင်းစတမ်း ခေါင်းငြိမ့်ပြလိုက်ရင်း ..ဟွားဟွားလက်ထဲမှ အရာများပြူးပြဲကြည့်လိုက်၏.. ဖြူနုကာ ပန်းဆီဆိုးထားသကဲ့သို့ နီတွတ်နေသော လက်ဖ၀ါးထက်တွင် တင်ထားသောအရာကား .. လိမ္မော်သီးအရွယ်မျှရှိသည့် ကြွေဗူးလေးတစ်ဗူးပင်..
''ဟားဟား.. ငါသိပြီ.. အပိျုလေးတွေသုံးတဲ့ .. မျက်နှာချေမှုန့်..''
ဟွားဟွားက ကျန်လက်တစ်ဖက်ဖြင့် ကရော်ကရော် လုပ်ပြီး..
''မှားတယ် ..''
''နံ့သာမှုန့်ဗူးကွာ ..''
ဟွားဟွားက သူမခါးတွင်ချိတ်ထားသော ပန်းထိုးအိတ်ကလေးကို ညွှန်ပြကာ..
''သမီးက နံ့သာအိတ်ပဲသုံးတာ ..ဒီမှာ ...မှားတယ် ဘကြီးနန်ရဲ့..''
''ဒါဆို .. အင်း.. အင်း.. ဆေးဗူးကွာ..''
ဟွားဟွားက သူမ၏ဗူးကို ဝှေ့ရမ်းပြလိုက်ရင်း..
''ဟာ ...ဘကြီးနန်ကလဲ .. ရမ်းမချနဲ့လေ ..တိတိကျကျပြော ဆေးဗူးကတော့ မှန်တယ် ..ဘာဆေးဗူးလဲ ပြော..''
ဘကြီးနန်က ခေါင်းကုတ်လိုက်ပြီး..
''နင်ကလည်း ဆေးဗူးဆိုမှန်ပြီပေါ့ ..ဘာဆေးဗူးမှန်း အတပ်ပြောရမယ် ဆိုတာက မဟုတ်သေးပါဘူး..''
''ဒါဆို အရှုံးပေးလိုက်လေ...''
ဟွားဟွားစကားကြောင့် ဘကြီးနန်က ပြာပြာသလဲနှင့်
''အောင်မာ ဘာလို့ အရှုံးပေးရမှာလဲ.. ပြောမယ်ကွ ပြောမယ်.. ဟိုဒင်းဆေးကွာ .. ခေါင်းကိုက်.. အဖျားပျောက် ..ဒါဏ်ကြေဆေး ... အဆိပ်ဖြေဆေး ..မေ့ဆေး.. အဆိပ်.. ဓမ္မာတာမှန်ဆေး..အင်း..ပြီးတော့..''
ဟွားဟွားက ဘကြီးနန်၏အဖြေတစ်ခုမှ မှန်၍ ဟားတိုက်ရယ်လိုက်ပြီး..
''မှားတယ် ..အကုန်မှားတယ် ..တစ်ခုမှ မဟုတ်ဘူး .. တော်ပြီ ..ဘကြီးနန် ရှုံးပြီ..''
ဘကြီးနန်မှာ ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်၍
''အေးပါကွာ ..ငါအရှုံးပေးပါပြီ ..ပြောပါအုံး အဲ့ဒါဘာဆေးလဲ..''
ဟွားဟွားက ဆေးဗူးအား လက်ညိုးလက်မ နှစ်ချောင်းထဲနှင့် ညှပ်ကိုင်က ဘကြီးနန်မျက်နှာနားသို့ ကပ်ပြရင်း..
''ဘကြီးနန်က သိပ်ချော် သိပ်အ တာပဲ .. ဒီဆေးက ဦးကြီးကျောက်တို့ သတိပြန်ရလာမယ့်ဆေး.. အဖိုးတန်ရတနာဆေး.. သိပြီလား..''
ဘကြီးနန်က ဆေးဗူးအား ဖြတ်ကနဲ လုလိုက်ပြီး ဗူးကိုလှည့်ပတ်ကြည့်ကာ
''နင့်ဟာက အစစ်ရောဟုတ်ရဲ့လား ..ဘယ်သူပေးတာလဲ.. ''
ဟွားဟွားက သူမ၏နှာခေါင်းကို သပ်ပြလိုက်ရင်း..
''ဘာလို့ အစစ်မဟုတ်ရမှာလဲ ..ထန်စူးစူးပေးတာ .. သမီး အမျိုးတွေဆီက ပြန်တာနဲ့. အထူးစစ်ဆေးရေးဌာနကိုသွား .. ထန်စူးစူးကို အတင်းတောင်းလိုက်လို့ ရလာတဲ့ဆေး.. ဘာမှတ်သလဲ ..အဲ့ဒါနဲ့ သမီးက မယုံလို့ ထန်စူးစူးကို အရင် တစ်လုံးတိုက် .. ခဏစောင့်ကြည့်လို့ ဘာမှ မဖြစ်မှ ဦးကြီးကျောက်တို့ကိုတိုက်တာ .. ထန်စူးစူးပြောတာတော့ သူတို့ တပတ်လောက်နေရင် ပုံမှန်အတိုင်း ပြန်ဖြစ်မယ်တဲ့ ..ရှင်းပြီလား..''
ဘကြီးနန်မှာ ဗူးအား ဖွင့်ကြည့်လိုက်ပြီး..
''ဟွားဟွား နင်အလိမ်ခံရအုံးမယ်နော် ..ထန်စူးစူးက မိန်းမလည်ကြီး နင်ဘာသိလဲ .. ''
ဟွားဟွားက ဘကြီးနန်အနားသို့ ကပ်သွားရင်း နှာခေါင်းရှုံ့ကာ ..
''ဟွန့် ...သူလည်တယ်ဆိုတာ ဟွားဟွား အိပ်နေသလောက်ပဲရှိတယ် .. သူ့ကို နည်းနည်းလောက် ခြိမ်းချောက် ဟိန်းဟောက်လိုက်တာနဲ့ ..မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်ပြီး ထုတ်ပေးတော့တာပဲ .. အကိုအားကွေ့တောင် သူ့ဆီက တောင်းလို့မရတဲ့ ဆေး ..ဟွားဟွားနဲ့ကျမှ သူပေးရတော့တယ် ..အဲ့ဒါနဲ့ အကိုအားကွေ့ကို ရှာပြီး ကြွားမလို့ ..ပေးပါ.. ဘကြီးနန် အဖုံးဖွင့်တာနဲ့ ဆေးဓါတ်ပျယ်တော့မယ် ..သူတို့ကို ခုနှစ်ရက်လုံး .. တစ်နေ့တစ်လုံးတိုက်ရမှာ .. ပိုတာကိုလည်း သိမ်းထားအုံးမှ တော်ကြာ ဘကြီးနန် အဲ့ဆေးမိသွားရင် တိုက်လို့ရအောင်.. ''
ဘကြီးနန်၏မျက်နှာမှာ ရှုံ့တွသွားပြီး..
''နင်သာ တစ်သက်လုံးဆောင်ထား .. ငါ့အဆင့်နဲ့ ဒီဆေးမိစရာလား ..''
ဘကြီးနန်က ဆေးဗူးအား အဖုံးပိတ်ပြီး ဟွားဟွားလက်ထဲ ပြန်ထည့် ပေးပြီးသည့်နောက်..
''နေအုံး..နေအုံး.. ထန်စူးစူးက နင့်ကို ဒီဆေးပေးတော့ ချောချောရှုရှုပဲလား တခြား ဘာပြောတုန်း..''
ဟွားဟွားက သူ၏ခါးရှိအ၀တ်ခါးပတ်ပြားထဲသို့ ဆေးဗူးကို သွင်းထည့်လိုက်ပြီး..
''တခြားလား ..ပြောတယ် .. ပြောတယ်.. သူက အဲ့ဆေးကိုတဲ့ ဟွားဟွားကို ပေးလိုက်ရင် ဟွားဟွားက တစ်ခုပြန်လုပ်ပေးရမယ်တဲ့..''
ဘကြီးနန်က ကြားဖြတ်၍
''ငါထင်သားပဲ ..ညီးကို အပေးအယူမပါဘဲ ဒီတိုင်းမပေးလိုက်ဘူးဆိုတာ .. ဘာပြန်လုပ်ပေးရမှာတဲ့လဲ ..မြန်မြန်ပြောစမ်း..''
ဟွားဟွားက သူမ၏ မျက်ဝန်းလေးကို ဒေါင့်ကပ်ကာ ပြောင်စပ်စပ်နှင့်
''သိချင်လား ဘကြီးနန် ..သိချင်ရင် .. လေ့လာလေ.. သွားပြီ.. ဟီးဟီးဟီး..''
ဟု ဆိုကာ အားကွေ့၏ အခန်းတံခါးအား တွန်းဖွင့်လိုက်၏.. ဘကြီးနန်မှာ အဆင့်လွန်သိုင်းသမားပင် ဖြစ်သော်လည်း စကားအားစိတ်ဝင်စားလွန်းနေသည်မို့ အငိုက်မိသွားကာ ဟွားဟွားအား တားဆီးလိုက်နိုင်ခြင်း မရှိတော့ပေ..
ဟွားဟွားမှာ အခန်းထဲသို့ ရောက်သည်နှင့် ..
''ဟင်.. ပူလိုက် အေးလိုက်တာ ..အမလေး ဒါကြီးဟာ ဘာကြီးလဲ .. အီး.. ကြောက်စရာကြီး..''
ဟုအော်ဟစ်၍ သူမကျောတွင် လွယ်ပိုးထားသော ဓါးဖြင့် အားကွေ့အား ပစ်ပေါက်လိုက်တော့သည်..
''၀ှီး....''
''ဖတ်....''
ဘကြီးနန်မှာ ဟွားဟွားအားဖြတ်ကျော်ကာ အားကွေ့အား ဦးတည်သွားသော ဓါးအား အမြန်ဖမ်းဆုပ်လိုက်ရ၏ .. ဘကြီးနန်မှာ ဓါးအားလက်တဖက်ကကိုင်ကာ ကျန်လက်တဖက်ဖြင့် ဟွားဟွားအား တွန်းထုတ်ရင်း အပြင်သို့ ပြန်ထွက်လာခဲ့ရသည် ..အားကွေ့သည်ကား ဟွားဟွား ကြောက်မည်ဆိုက ကြောက်နိုင်လောက်၏.. ၀ဲဖက်ခြမ်းတွင် ငါးရက်လုံးလုံး ဖြစ်တည်လာသော ရေခဲမှုန်များ တင်ကျန်နေသဖြင့် နှင်းပုံကြီးနှယ် ဖြူဆွတ်နေကာ ..ယာဘက်တွင်တော့ မီးခိုးငွေ့များ တထောင်းထောင်းထနေ၏.. သူ၏မျက်နှာမှာလည်း ဖြူတခြမ်း နီတခြမ်းနှင့် နဂိုရုပ်ရည်အား ဖုံးကွယ်ထားသည်မဟုတ်လား..
ဘကြီးနန်မှာ အပြင်သို့ရောက်သည်နှင့် တဒိတ်ဒိတ်ခုန်နေသော ရင်အစုံကို လက်ဖြင့်ဖိရင်း..
''ဟူး..တော်ပါသေးရဲ့ ..ဒီကလေးမကတော့ လုပ်လိုက်ရင် ..အရမ်းပဲ ''
ဟုရေရွတ်ကာ မျက်စိသူငယ်နားသူငယ်နှင့်ကြည့်နေသော ဟွားဟွားအား ..
''ဟွားဟွား နင်လုပ်လိုက်တာ ဘယ်လောက် အန္တရာယ်ကြီးတယ်မှတ်လဲ ... အားကွေ့သေရင်သေ မသေရင် ကိုယ်လက်အင်္ဂါချို့တဲ့သွားနိုင်တယ်...''
ဟွားဟွားမှာ ထိုအခါမှ သတိပြန်ဝင်လာကာ ..
''အထဲက သရဲကြီးက အကိုအားကွေ့ဟုတ်လား... အမလေး တော်ပါသေးရဲ့...''
''ဘာတော်ပါသေးရဲ့လဲ ..နင်ကတော့..အင်း...ငါမပြောလိုက်ချင်ဘူး..''
ဟွားဟွားမှာ သူမ မှားသွားမှန်းသိသော်လည်း ခေါင်းမာသည့်အပြင် အမြဲအနိုင်ယူလာသူတစ်ယောက်ဖြစ်ရာ ..
''အို ..ဘကြီးနန်ကလဲ ..အခုအကိုအားကွေ့ ဘာမှမှ မဖြစ်ဘဲဟာကို ...လိမ့်ဆူနေတယ်..''
ဘကြီးနန်မှာ အမှားကို တောင်းပြန်ခြင်းမပြုဘဲ ပြန်ပက်နေသော ဟွားဟွားအား ကြည့်ကာ ..
''အေး..ငါမို့လို့သာပေါ့ ...ဒက်ပေါတို့ သွားကျိုးတို့သာ ဒီမှာစောင့်နေရင် အားကွေ့ အခုချိန်အသက်ထွက်ပြီး ငိုပွဲဆင်နေရလောက်ပြီ.. နင်ဟာလေ ..သိပ်ပြီး''
''တော်ပါပြီ ဘကြီးနန် ..ကျွန်တော်လည်း ဘာမှမဖြစ်ပဲဟာကို ..ကလေးက မျက်ရည်တောင်ဝဲနေပြီ....''
အသံနှင့်အတူ အားကွေ့ တစ်ယောက် အခန်းထဲက ထွက်လာ၏.. အ၀တ်အစားအသစ်လဲထားကာ ဆံပင်များအား ပြန်လည်စည်းနှောင်ထားပုံပေါ်၏ .. ယခင်ကထက်စာလျှင် သူတောင်းစားရုပ်သိပ်မပေါက်တော့ပေ..
ဟွားဟွားမှာ အားကွေ့ကိုမြင်သည်နှင့် ဝေ့၀ဲနေသော မျက်ရည်များ ပါးပြင်ပေါ်သို့စီးကျလာကာ ပြေးဖက်လိုက်ပြီး..
''အကိုအားကွေ့ ...အကိုအားကွေ့ ..ဘကြီးနန်က ဟွားဟွားကို ဆူတယ်.. အဟင့် အဟင့် .. ''
အားကွေ့က ရှိုက်ကြီးတငင်ငိုယိုကာ တိုင်ပြောနေသော ဟွားဟွား၏ပုခုံးအိအိလေးကို ပြန်ဖက်လိုက်ကာ ဘကြီးနန်အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရင်း..
''ဟင်.. ဟုတ်လား ..ငါ့ဟွားဟွားလေးကို ဒီအဘိုးကြီးက ဆူနေတာပေါ့လေ .. သိမယ်..သိမယ် ...အားကွေ့အကြောင်း ကောင်းကောင်းသိရလိမ့်မယ်..''
ဘကြီးနန်မှာ ခြေပစ်လက်ပစ်နှင့် ထိုင်ခုံပေါ်ပစ်ထိုင်၍ ..
''ကောင်းကွာ ..အတိုင်အတော ထူနဲ့ .. မြောက်ပင့်ပေးတဲ့ကောင်နဲ့ ..ငါ့မှာတော့ အိုကြီးအိုမနဲ့ ငပေါကြီးကို ဖြစ်လို့...''
အားကွေ့က ဘကြီးနန်၏အပြောကို သဘောကျသွားကာ တဟားဟား ရယ်မောလိုက်ရင်း..
''ဘကြီးနန်ကလည်းဗျာ .. အဲ့လိုမပြောပါနဲ့ ငပေါကြီးမဟုတ်ပါဘူးဗျ ..ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ ..ညအိပ်ယာဝင်တိုင်း ဘကြီးနန်ရဲ့ ကျေးဇူးကို အမြဲသတိရပြီး ရှိခိုးအိပ်မှာမို့ .. မလေးမစားလုပ်တယ်လို့ မယူဆပါနဲ့ဗျာ''
ဟုဆိုပြီးလျှင် ဟွားဟွား မျက်ရည်များကို သုတ်ပေးလိုက်ရင်း ခန္ဓာကိုယ်အား ခွာလိုက်ကာ ...
''မှန်း.. ငါ့ညီမက ဒီလောက်ငိုထားတာတောင် လှနေတုန်းပဲဟေ့..ပြုံးများ ပြုံးလိုက်ရင် ..ဟို ရှစ်ယောက်မြောက် မင်းသား မျက်လုံးတောင် ကျွတ်ကျလောက်တယ်..''
ဟွားဟွားမှာ အားကွေ့အပြောကြောင့်ပြုံးရယ်လိုက်ပြီး ဘကြီးနန်အား လျှာထုတ်ကာ ပြောင်ပြနေလေသည်.. ဘကြီးနန်ကတော့ အဘိုးကြီးတန်မဲ့ မျက်စောင်းထိုးလိုက်ရင်း..
''အားကွေ့ ဘယ့်နှယ်လဲ ..မင်းအခြေအနေ..''
အားကွေ့က မျက်ရည်များ ကွက်ထင်နေသော ရင်ဘတ်အား လက်ဖြင့် ပွတ်သပ်လိုက်ပြီး..
''နောက်ဆုံးအဆင့် ရောက်လုလုမှာ ဟွားဟွားကောင်းမှုကြောင့် ရပ်လိုက်ရတယ်ဗျ..''
ဘကြီးနန်မှာ စုတ်တသပ်သပ်နှင့်..
''နှမျောစရာကောင်းလိုက်တာကွာ .. မင်းနှယ်..''
အားကွေ့က ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး..
''ဘယ်တတ်နိုင်မလဲဗျာ ..နောက်ထပ်အချိန်တွေရှိပါသေးတယ်..''
ပြောလိုက်သော်လည်း ထိုကဲ့သို့ ဈန်ဝင်စားမှုမှာ မည်မျှကြုံကြိုက်ဖို့ ခက်ခဲမှန်း ဘကြီးနန်ရော အားကွေ့ရောပါ သိကြ၏.. သို့သော်အားကွေ့က ဟွားဟွား အပေါ် ဘကြီးနန်ထပ်မံဒေါသထွက်နေမည်စိုးရာ ...
''ဒီလိုဗျ ..ဘကြီးနန်ရ .. ကျွန်တော် အဲ့နေ့မနက်မှာ အတွေးပေါ်လာတာနဲ့ ကျင့်ခဲ့သမျှ အတွင်းအားတွေကို စုပေါင်းပြီး လမ်းသစ်ထွင်ဖို့ ကြိုးစားလိုက်တာကိုး .. မထင်မှတ်ဘဲ အောင်မြင်သွားတယ်ဗျ .. နဂိုအတွင်းအားကျင့်စင်တွေနဲ့မတူဘဲ တော်တော်ထူးဆန်းတယ်ဗျ .. အအေးလှိုင်းရော ..အပူလှိုင်းရောကို နှစ်မျိုးခွဲပြီး လေ့ကျင့်နိုင်ခဲ့တယ် ..ပိုထူးဆန်းတာက အရင်ကလို စိတ်က တသမတ်နှစ်မြှပ်မနေဘဲ ..နှစ်ခုခွပြီး အာရုံပြုနိုင်တယ် ..စိတ်တစ်ခုက အတွင်းအားဆီမှာ ..နောက်စိတ်တစ်ခုက ဘေးပတ်ဝန်းကျင်ကို အကုန်သိတယ်.. ဘဘဟုန်းနဲ့ဘကြီးနန်ပြောတာတွေ .. ဒက်ပေါတို့သွားကျိုးတို့ ပြောသမျှတွေ ကြားနေရတယ် ...ကုန်ကုန်ပြောရရင် ..နေ၀င်တာ နေထွက်တာက အစခံစားလို့ရတယ် .. အဲ ..ဟွားဟွားရောက်လာတော့ ကျွန်တော့်အတွင်းအားကျင့်စဉ် နောက်ဆုံးအဆင့်ရောက်နေပြီ .. အဲ့မှာ ဟွားဟွား အခန်းထဲကို ၀င်လာပြီး ဓါးနဲ့ပေါက်လိုက်တော့ ကျွန်တော့် စိတ်တစ်ဖက်က အာရုံပျက်သွားပြီး ကာကွယ်ဖို့လုပ်ပါလေရော .. ဘကြီးနန် ဖမ်းလိုက်တော့မှ ကျွန်တော်စိတ်ချသွားပြီး ပြန်ကျင့်မယ်လုပ်တော့ ဘယ်လိုမှ အာရုံဖမ်းလို့မရတော့ဘူး''
ထိုစကားကြောင့် ဘကြီးနန်မှာ လွန်စွာနှမျောသွားပြီး ယူကျုံးမရဖြစ်ကာ
''ငါ့ကြောင့်လည်း ပါပါတယ်ကွာ ..ဒီကလေးမကို မတားလိုက်နိုင်ဘူး...''
အားကွေ့က ပြုံးလိုက်ရင်း လက်ကာပြကာ ..
''ဟာ ..အဲ့လိုမပြောပါနဲ့ ဘကြီးနန်ရာ ..တကယ်ဆိုကျွန်တော်က ကျေးဇူးတင်ရမှာ အဲ့ဓါးကို ကျွန်တော်အသိစိတ်ဝင်အုံး ရှောင်နိုင်ချင်မှ ရှောင်နိုင်မှာ ..'' ဟုဖြေဖော့ပြောလိုက်ရင်း ..စကားလမ်းကြောင်းလွဲသည့်အနေဖြင့် ..ဟွားဟွားအား..
''ဟွားဟွား ..ညီမလေး ဘဘဟုန်းကိုပြောတာကြားလိုက်တယ် ..ထန်စူးစူးနဲ့ ဘာအပေးအယူလုပ်ခဲ့တာလဲ ..''
ဟွားဟွားမှာ အားကွေ့မလုပ်နိုင်သည့်အရာကိုသူမလုပ်နိုင်ခဲ့သဖြင့် ဂုဏ်ယူစွာ နှင့်.....
''ဘာမှမဟုတ်ဘူး ..အဲ့ထန်စူးစူးက ငပေါမကြီး ...ညီမကို အဲ့ဆေး ပေးမယ်တဲ့ ညီမက သူ့ကို တစ်ခုပဲပြန်လုပ်ပေးရမယ်တဲ့ ..အဲ့ဒါကလည်း ဘာမှ အရေးမပါဘူး အကိုအားကွေ့ ဆီက ကတိတစ်ခုတောင်းခိုင်းတာရယ်..''
ထိုစကားကြောင့် အားကွေ့မှာ ဟွားဟွားအား စိတ်မထွက်စဖူး ထွက်သွားကာ
''ဘုရားရေ ...နင် ..နင် အဲ့လိုပြောတော့ လက်ခံလိုက်တယ်ဟုတ်လား ..မိုက်ပါ့ကွာ....''
ဟွားဟွားမှာ အားကွေ့ဆီက ခပ်မာမာစကား တစ်ခါမှ မကြားဖူးသူဖြစ်ရာ ချက်ခြင်းပင် မျက်ရည်ဝိုင်းသွားပြီး ..
''အကိုအားကွေ့က ဘယ်လိုအသံနဲ့ လာပြောနေတာလဲ.. မမကျင်းကျူးနဲ့''
''ကျင်းကျူးကို အသာထား .. ဘာကတိတဲ့လဲ..ထန်စူးစူးအကြောင်း သူများတွေထက် ငါအကုန်သိတယ် ..ဒါပေါ့သေးသေးမဟုတ်ဘူး..''
ဟွားဟွားဆီမှ အိ ကနဲရှိုက်သံထွက်လာကာ .. ငိုသံကြီးနှင့်..
''အင့်..ဟင့် ..အကိုအားကွေ့ ...ဟွားဟွားကို မဆူပါနဲ့ .. မငေါက်ပါနဲ့ .. အဟင့်..အဟင့်..''
အားကွေ့မှာ ဒေါသများကို ပြန်လည်မျိုချလိုက်ပြီး.. လေသံကို အတတ်နိုင်ဆုံးလျော့ကာ ..
''ကောင်းပြီ ..ဘာတဲ့လဲ..အဲ့မိန်းမကြီးက''
''သူ....သူ..သူက အကိုအားကွေ့ကို ခဏခေါ်သွားချင်တယ်တဲ့ ...သိပ်မကြာပါဘူးတဲ့...အဲ့ ..အဲ့ ..အဲ့ဒါပဲ..''
အားကွေ့မှာထိုင်နေရာမှ ခုန်ထလိုက်ပြီး..
''သွားပြီ..သွားပြီ ... ငါတော့ ငါးပါးမှောက်ပြီ.. သူဘာလိုချင်မှန်းမသိပေမယ့် .. သေချာပေါက် ငါ့အတွက် အကျိုးနည်းမယ့်ဟာပဲ.. ဘုရားရေ ..ဟွားဟွား နင် အတော်မိုက်တဲ့ မိန်းကလေးပါလား ...ငါ့ကို အရင်တိုင်ပင်ပါအုံးလား.. နင် ..နင်..''
ဟွားဟွားမှာ မျက်ရည်များ တသွင်သွင် ယိုစီးကျလာကာ ..
''အကိုအားကွေ့ပဲ ..အရာရာကို ဦးဆောင်နေတော့ ..ဟွားဟွားလည်း လုပ်ပြချင်တာပေါ့ ..အဲ့ဒါ ဘာမှားလို့လဲ..သူ့အဆင့်နဲ့ အကိုအားကွေ့ ခဏလိုက်သွားရတော့လည်း ...သူဘာလုပ်နိုင်မှာမို့လို့လဲ.. ''
အားကွေ့မှာ နှစ်ဆခန့်ကြီးသွားသော ခေါင်းကို လက်ဖြင့်ဆုပ်ကိုင်ပြီး..
''ဟွားဟွားရာ နင့်ကို ငါက လိမ္မာမယ်ထင်ခဲ့တာ ...အခုတော့ အလကားပဲ .. အဲ့မိန်းမကြီးလောက် ကောက်ကျစ်တာ သူပဲရှိတယ်.. နင်မို့သူ့စကားကို ယုံရက်တယ်.. ငါသူနဲ့လိုက်သွားပြီး အသက်သေသွားတာက အရေးမကြီးဘူး ..ကျင်းကျူး..ကျင်းကျူး..သူ..သူ နေနိုင်မှာမဟုတ်ဘူး...''
ဟွားဟွားမှာ သူမခါးကြားထဲမှ ဆေးပုလင်းအား အားကွေ့ထံသို့ ပစ်ပေါက်ကာ ..
''အကိုအားကွေ့ပဲ ..အားလုံးကို သိတယ် ..တတ်တယ် ..ဟုတ်တယ် ..ဟွားဟွားက မိန်းမမိုက် ..ကျေနပ်ပြီလား ..မုန်းတယ်..မုန်းတယ်.. အားလုံးကို မုန်းတယ်.. အဟင့်..အဟင့်.. ဘကြီးနန်ကိုလည်း မုန်းတယ်..အင့်အင့် ''
ပစ်ပေါက်ငိုယိုပြီးနောက် .. အိမ်တော်ထဲမှ နေ၍ ခြံဝင်းအပြင်သို့ ပြေးထွက်သွားလေတော့၏.. သူမ၏ငိုသံနှင့် ကိုယ်သင်းရနံ့ကသာ အားကွေ့တို့ အနီးတ၀ိုက်တွင် ကျန်ရစ်ခဲ့လေသည်..
ဘကြီးနန်မှာ ဆေးဗူးကြီးကိုင်ကာ ငိုင်တွေနေသော အားကွေ့အား ကြည့်ကာ သက်ပြင်းချရင်း..
''ကိုင်း..ကလေးမလေးတော့ ငိုယိုပြီးထွက်သွားပြီ ... မင်းကလည်း မင်းပဲ နောက်မှ အေးဆေး ပြောလဲရတဲ့ဟာကို ..အခုတော့ သွားချော့လိုက်အုံး...''
အားကွေ့က ခေါင်းခါလိုက်ပြီး.. ဆေးဗူးကို ဘကြီးနန်လက်ထဲသို့ ပစ်ထည့်ကာ ..
''မဟုတ်သေးဘူး ဘကြီးနန် .. အခုနေသွားချော့လည်း အလကားပဲ.. တကယ်ဆို သူထန်စူးစူးအကြောင်း ဒီထက်သဘောပေါက်သင့်တယ် ..အဲ့ မိန်းမလည်က ကျွန်တော်ကို ချောက်ထဲ တွန်းချဖို့ အမြဲကြံနေတယ်ဆိုတာ သူသိသင့်တယ်.. ကျွန်တော်သေသွားတာ တစ်ခုခုဖြစ်သွားတာက. ပြသနာမဟုတ်ဘူး.. ကျင်းကျူးရှိသေးတယ်ဗျ .. ကျွန်တော်သာ မရှိရင် သူ လုံးဝ...'''
''ငါ ..နားလည်ပါတယ်ကွာ ..အခုလည်း ..မင်းထန်စူးစူးကို တဖက်လှည့်နဲ့ ပြောလို့ရချင်ရအုံးမှာပါ ..ဒါတွေမင်းက ကျွမ်းပါတယ်..''
''တခြားလူသာရချင်ရမယ် ..ထန်စူးစူးကိုတော့ လုံးဝရမှာ မဟုတ်ဘူး ဘကြီးနန်'' ဟု လှမ်းပြောလိုက်ကာ အားကွေ့တစ်ယောက် ထိုင်ခုံပေါ်ပြန်ထိုင်ရင်း အဝေးသို့ ငေးနေမိတော့၏....
=======================
ငိုယို စိတ်နာပြီး ခြေဦးတည့်ရာ ပြေးထွက်လာသော ဟွားဟွားသည် လူအများကြည့် နေသည်ကို ပင်ဂရုမစိုက်ပေ.. လမ်းမကြီးတစ်လျှောက် ကိုဖြတ်ကာ မနားတမ်း လျှောက်လာရင်း ..လူခြေပါးသည့် သစ်ပင်ကြီး အောက်သို့ ၀င်ထိုင်လိုက်ကာ တကိုယ်လုံး လှုပ်ခါအောင် ငိုနေမိတော့သည်..
သူမအား တစ်ခါမှ မအော်ဘူး ..မဆူဘူးသည့် လူက ပြောသည့်အတွက် ခါတိုင်းထက် နှစ်ဆပိုဝမ်းနည်းသည်.. မိမိအားကိုးလေးစားရသည့် သူဖြစ်နေ၍ ပိုခံစားရသည်.. တခြားမည်သူပြောပြော သူမ ယခုလောက် မခံစားရစဖူး.. ယခုအခါသည် နှလုံးသားအား အပ်ဖြင့် ထိုးဆွလိုက်သကဲ့သို့ ရင်နရလွန်းသည်..
''မုန်းတယ် ..အကိုအားကွေ့ကို ..အရမ်းမုန်းတယ်.. အဖေကြီးရေ.. သမီးကို အကိုအားကွေ့ အနိုင်ကျင့်တယ် ..အဟင့်အဟင့်.. သမီးကို အဖေကြီးပဲ ဂရုစိုက်တယ် ..အင့်အင့်...''
''ငိုချလိုက် ..သမီးလေး ..ငိုချလိုက်.. ယောင်္ကျားသားတွေထဲမှာ အဖေက လွဲရင် ကောင်းတဲ့သူက ခပ်ရှားရှားလားကွယ်..''
အိုသံပေါက်နေသောလည်း ဂရုဏာ အပြည့်ပါသော မိန်းမကြီးအသံက သူမ၏နောက်နားတွင် ကပ်ရက်ထွက်ပေါ်လာ၍ .. မျက်ရည်လည်ရွဲနှင့်ပင် လည့်ကြည့်လိုက်၏..
အဘွားကြီးတစ်ယောက်.. ဆံပင်များကွက်တိကွက်ကြားဖြူနေသည့်တိုင် တည်ငြိမ်အေးချမ်းသော ရုပ်သွင်ရှိသော အဘွားကြီးတစ်ယောက်ပေ.. အညိုရင့်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လက်ထဲတွင် ကလေးအနှီးများ ကိုင်ထားသော အဘွားအို၏ ရုပ်ရည်သည် မြင်သူတိုင်း အားကိုးချင်စရာကောင်းလှသည်..
အဘွားကြီးက သူမလက်ထဲမှ အနှီးတစ်စကို ပေးကာ ..
''သမီးလေးအားရအောင် ငိုပြီးရင် မျက်ရည်တွေကို သုတ်ပစ်လိုက် ..ကျသွားတဲ့ မျက်ရည်တွေထဲမှာ သမီးရဲ့ ခံစားချက်တွေကို ပါသွားတယ်လို့ သဘောထားလိုက်ရင် ရင်ထဲမှ သက်သာသွားလိမ့်မယ်ကွဲ့.. စိတ်ချလက်ချသာ သုံးပါ ..ဒီအနှီးစက မသုံးရသေးတဲ့ အသစ်ပါ..''
ဟွားဟွားမှာ လောလောဆည် ခိုကိုးရာ မဲ့နေသူလို ခံစားနေရသဖြင့် အားပေးဖော် အားမြင်လိုက်ရရာ .. စိတ်ထဲတွင် အားတက်သွားပြီး ကမ်းပေးလာသော အနှီးစကို ယူကာ မျက်ရည်များကို သုတ်ပစ်လိုက်၏.. ပြီးနောက်..
''ဘွားဘွား..အကိုအားကွေ့ကလေ ..သမီးကို အနိုင်ကျင့်....ကျင့်..ကျင့်..''
ဟု၍ ပြောဆိုကာ စကားပင်မဆုံးလိုက် အမှောင်ထုထဲသို့ တကိုယ်လုံး နှစ်မြုပ်သွားတော့သည်...
အကယ်၍သူမသာ သတိမမေ့သွားဘူး ဆိုပါက .. တည်ငြိမ်အေးချမ်းသော အဘွားကြီးမှာ ကောက်ကျစ်စဉ်းလဲစွာ ပြုံးတတ်ပါလား ဟု သိရှိသွားမည်ဖြစ်ပေ၏.'....
===========.=====..===
ပထမပိုင်းပြီးဆုံးဖို့ အချိန် တဖြည်းဖြည်းနှင့် နီးကပ်လာပါကြောင်း
သတင်းကောင်းပါးလိုက်ရပါသည်..
အမှန်က ယခု103အခန်းအား အကျယ်ချဲ့ရေးသားရန် စိတ်ကူးမိပါသော်လည်း
ကျွန်ုပ်၏ ကျန်းမာရေးအခြေအနေကြောင့် အနည်းငယ်ချုံ့လိုက်ရပါ၏.
ယင်းအတွက်ကြောင့် တခုခုလိုအပ်သည် လစ်ဟာသည်များ ရှိပါက
ကျွန်ုပ်ကြောင့်ဟုသာ မှတ်ယူကြကုန်...
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၁၀၄
အားကွေ့၏သိုင်းပညာကျင့်စဉ်ပြီးမြောက်သော အထိမ်းအမှတ်ဟု ယူဆနိုင်သည့် လက်ဆုံစားပွဲတစ်ခု ချန်းအိမ်တော်တွင် ကျင်းပနေကြ၏.. နေရာဌာနသာ ချန်းအိမ်တော်ဖြစ်ပြီး ယခုပွဲတွင်တော့ ချန်းအိမ်သားများ တစ်ယောက်မှပါဝင်ခြင်းမရှိပါ.. နန်းတွင်းတွင် တာဝန်ကျနေသော ချန်းမင်.. အမြဲတစေအလုပ်များနေသော အိမ်ကြီးသခင်ချန်း.. အမျိုးများထံအလည်သွားရာမှ ပြန်မလာသေးသော ချန်းမင်၏ဇနီး...ဆယ့်နှစ်လရာသီလုံး အိမ်၌မရှိသည်ကများသော ရွှေကွင်းပျံချန်းချန်နှင့် စိတ်ကောက်တော်မူသွားသည့် ဟွားဟွား အစရှိသော အိမ်ရှင်များမပါဝင်သော ...ဧည့်သည်များ၏ စားပွဲသောက်ပွဲကြီးပင်..
အိမ်တော်ရှေ့ မြက်ခင်းပြင်ကြီး၌ ခုံတန်းရှည်ကြီးများဆက်ကာ တပျော်တပါးထဲ စားသောက်နေကြသူများကတော့ .. အားကွေ့ ..ဘဘဟုန်း..ဘကြီးနန် ..ဒုက္ခိတဒက်ပေါ .. သွားကျိုး.. တရှုံးနှင့်တပည့်သုံးယောက် .. ကြုံလောက်နှင့် သွေးသောက်လေးယောက်တို့အားလုံးပေါင်း ဆယ့်လေးယောက်ဖြစ်ကြလေ၏...
စစနောက်နောက်နှင့် တပျော်တပါးထဲစားနေသောက်နေကြသော်လည်း ထိုအထဲတွင်တော့ အားကွေ့မပါ.. အိမ်ပေါက်ဝကိုကြည့်ကာ တမျှော်မျှော်ဖြစ်နေ၍ .. ဘေးကပ်ရက်ထိုင်နေသော ဘဘဟုန်းက..
''ဟေ့ကောင် အားကွေ့ မင်းကြည့်ရတာ မလန်းဆန်းပါလား.. ဘာဖြစ်နေတာတုန်း.. အိမ်ပေါက်ဝကို တမျှော်မျှော်နဲ့...''
အားကွေ့က ဘဘဟုန်းဘက်ကို လည့်ကြည့်လိုက်ပြီး လေသံမျှနှင့်..
''ဟွားဟွားကို မျှော်နေတာဗျ ..ဒီကောင်မလေး ထွက်သွားတာ တော်တော်ကြာနေပြီ.. ခုချိန်ထိပြန်မလာသေးလို့...''
ဘဘဟုန်းမှာ ယခုမှ ဟွားဟွားမရှိမှန်းသတိထားမိကာ..
''အေး..ဟုတ်သား ငါ့စိတ်ထဲမှာ တစ်ယောက်ယောက်လိုနေသလိုတော့ ခံစားမိသား ..မင်းပြောမှ သတိရမိတယ် ..ဟွားဟွားမှ မပါဘဲ ..ဒီကောင်မလေး ဘယ်ထွက်သွားလို့တုန်း...''
အားကွေ့က ရှေ့ဆီမှ အရက်အိုးကိုလှမ်းယူကာ ဘဘဟုန်း၏ခွက်ထဲသို့ ဖြည့်ပေးလိုက်ရင်း...
''ကျွန်တော့်ကို စိတ်ကောက်ပြီးထွက်သွားတာပဲဗျာ ..တော်တော်လေးကို ကြာနေပြီ.. ကျွန်တော်လည်း ရုတ်တရက်မို့ စိတ်ထွက်ပြီး အော်ငေါက်လိုက်မိတာ.. ခုမှ စိတ်မကောင်းဖြစ်နေမိရော ..''
ဘဘဟုန်းက အားကွေ့ဖြည့်ပေးသော အရက်ကို တဂွပ်ထဲ ဂွပ်လိုက်ပြီးနောက်..
''အား...ကောင်းလိုက်တဲ့အရက်.. သိပ်လည်း စိတ်မပူပါနဲ့ကွာ ..ဘာမှတော့ မဖြစ်လောက်ပါဘူး..သူကိုယ်တိုင်ကလည်း ဉာဏ်ကောင်း .. သိုင်းကလည်း ထူးချွန်သေးတယ်.. ပြီးတော့ နောက်ခံကလည်း နည်းနည်းနှောနှောမှမဟုတ်ဘဲ .. စိုးရိမ်နေစရာမလိုပါဘူးကွာ .. စိတ်ကောက်တုန်းခဏပါ ..ပြီးရင်ပြန်လာမှာပေါ့..''
အားကွေ့မှာ ဘဘဟုန်း၏ စကားကြောင့် စိုးရိမ်စိတ် အနည်းငယ်လျော့သွားသော်လည်း .. မတင်မကျဖြစ်နေသေး၍..
''ဘာပဲဖြစ်ဖြစ် ..ကျွန်တော့်ကို စိတ်ဆိုးသွားတာဆိုတော့ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ .. ကျွန်တော် အပြင်ထွက်ပြီးလိုက်ရှာလိုက်အုံးမယ် .''
ဘဘဟုန်းက အမဲသားကြော်တတုံးကိုတူဖြင့်နိုက်နေရာမှ..
''အေးကွာ ..မင်းစိတ်မဖြောင့်ရင်လည်း ထွက်ရှာချင်ရှာပေါ့ .. ငါ့အထင် နန်းတွင်းထဲသွားပြီး သူ့အဖေဆီရောက်နေတယ်ထင်တာပဲ .. ပြောလို့မရဘူး .. မင်းကိုစိတ်ဆိုးသွားတယ်ဆိုတော့ သူ့အဖေကိုသွားတိုင်ချင်တိုင်မှာ ..အဲ့ကလေးမက တဇွတ်ထိုးရယ်.. ''
အားကွေ့က ထိုင်ရာမှထလိုက်ပြီး ခပ်ပြုံးပြုံးဖြင့်..
''ဟုတ်တယ်ဗျ .. ဘဘဟုန်းပြောမှ စဉ်းစားမိတယ် ..ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်... ''
ဟုဆိုကာ တ၀ိုင်းလုံးကိုဝှေ့ဝဲကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အသံကျယ်ကျယ်ဖြင့်...
''ကိုင်း.. အားလုံးပဲ ..ခဏလောက် နားထောင်ကြအုံးဗျာ .. ''
ဆယ့်သုံးယောက်သော လူတို့မှာ ပြောနေဆိုနေ စားနေသောက်နေသမျှကို ရပ်တန့်လိုက်ပြီး အားကွေ့ထံသို့ အကြည့်ရောက်သွားကြ၏ .. အားကွေ့ကလည်း ရှိသမျှလူကုန်၏ အာရုံ သူ့ထံ ဦးတည်လာမှ
'' အခုဆိုရင် .. ဘုံကျောင်းဆရာတော်နဲ့ ဦးကြီးကျောက်တို့ကို ကယ်ဖို့ဆိုတဲ့
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီးက အောင်မြင်သွားပြီ .. ဒါကလည်း ဒီမှာရှိနေတဲ့ ညီအကိုမောင်နှမတွေရဲ့ စည်းလုံးမှု ကူညီမှုတို့ကြောင့်ဆိုမမှားပါဘူး.. အဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ရှေးဦးစွာပြောလိုပါတယ်.. ''
''ဟေး...ဟေး...''
''ဖြောင်း..ဖြောင်း..ဖြောင်း...ဖြောင်း..''
လက်နာနေသော ဒက်ပေါမှအပ ကျန်လူများမှာ လက်ခုပ်လက်ဝါးတီးရင်း အားကွေ့၏စကားကို ထောက်ခံလိုက်ကြသည်...ထို့နောက် အားကွေ့ကပင် ဆက်လက်၍ ..
''နောက်ြပီးတော့ အခုလိုကူညီကြတဲ့ ညီအကိုတွေကို ကျွန်တော့်အနေနဲ့ ကျေးဇူးတုံ့ပြန်ဖို့ လက်ဆောင်တွေလည်း စီစဉ်ထားပါသေးတယ်.. ''
သွားကျိုးက လက်ဆောင်ဟူသော စကားကြောင့် ကိုက်လက်စ ကြက်ပေါင်ကို ဖြုတ်ကာ
''အကိုအားကွေ့ .. များများပေးပါဗျို့...''
''ဟုတ်တယ်..ဟုတ်တယ်.. အကိုအားကွေ့ နည်းလို့တော့ မရဘူးနော်...''
ကျန်သူများကလည်း သွားကျိုးစကားကို ၀ိုင်းဝန်းထောက်ခံလိုက်ကြရာ အားကွေ့က တဟားဟားနှင့်ရယ်လိုက်ရင်း..
''များများပေးမှာပေါ့ကွာ ..မင်းတို့ကလည်း ..ငတ်ကြီးကျတာ လူသိအောင်...''
ဘကြီးနန်နှင့်ဘဘဟုန်းမှာ အားကွေ့အား သူ၏ညီအကိုများ ၀ိုင်းဝန်းနောက်ပြောင်နေကြသည်ကို ပီတိဖြစ်စွာကြည့်ပြီး.. ဘကြီးနန်က ..
''ဟေ့ကောင် အားကွေ့ မင်း ငါတို့အဘိုးကြီးနှစ်ယောက်အတွက်လည်း မေ့ထားလို့ မဖြစ်ဘူးနော်...'''
''ဟားဟားဟားဟား.. မမေ့ပါဘူးဗျာ .. ပါရစေ့မယ်.. ''
ဟုဆိုကာ သူ၏ခါးတွင် ချိတ်ထားသော အထုတ်ငယ်အား စားပွဲပေါ်သို့ တင်လိုက်၏... ထို့နောက် ထိုအထုတ်အား ဖြည်ချလိုက်ရာ .. ကွမ်းသီးလုံးလောက် ရှိသော အရွယ်အစားတူ ကျောက်စိမ်းတုံးဆယ့်ငါးတုံး ထွက်ကျလာလေသည်.. ကျောက်စိမ်းများမှာ နေရောင်အောက်တွင် ရွှန်းလဲ့စိမ်းမြစွာ တဖိတ်ဖိတ်တောက်ပ နေရာ အလွန်တန်ဖိုးကြီးမည်ဟု ရာဖြတ်အား ပြရန်ပင် မလို သာမာန်လူပြိန်းပင် သိနိုင်ပေ၏.....
အားကွေ့က ကျောက်စိမ်းတုံးများကို အသံမြည်အောင် လှုပ်ပြလိုက်ရင်း..
''အခုဒီမှာရှိနေတဲ့ လူတိုင်း တစ်ယောက်တစ်လုံးဆီရမယ်.. ကိုယ့်ဟာနဲ့ကိုယ် သိမ်းပဲသိမ်းထားထား ထုခွဲပြီးပဲရောင်းချရောင်းချ ..ကြိုက်သလို အသုံးပြုနိုင်တယ်နော်.. အဲ အရွယ်အစားသေးတယ်ဆိုပြီး နှယ်နှယ်ရရတော့မမှတ်နဲ့ .. ညလင်းကျောက်စိမ်းတွေမို့ လျှံငွေငါးသောင်းလောက်ကတော့ အနည်းဆုံးတန်တယ်...''
ဘဘဟုန်းမှာ မျက်လုံးပြူးသွားပြီး..
''ဘုရားရေ.. အဲ့လောက်တန်ဖိုးကြီးရင်တော့ ငါ လက်မခံပါစေနဲ့..''
အားကွေ့က ကျောက်စိမ်းတလုံးကို နှိုက်ယူထားလိုက်ကာ .. အိတ်အား ဘဘဟုန်းဘက် တွန်းပို့ရင်း..
''ဘဘဟုန်းကလည်း အမှတ်တရလက်ဆောင်ဆိုတာ မငြင်းကောင်းဘူး .. ယူထားလိုက်ပါ ပြီးမှ ကိုယ်ကြိုက်တဲ့နေရာသုံးပေါ့ ..လှူချင်လှူတန်းချင်တန်း.. ဒါမှမဟုတ် မိန်းမတစ်ယောက် ကောက်ယူချင်ယူပေါ့ဗျာ .. ဟားဟားဟားဟား .. ကျွန်တော်လည်း သူခိုးလက်က သူဝှက်လုလာတဲ့ ပစ္စည်းတွေမို့ ဝေပေးတာရယ် ... ''
အားကွေ့က သူယူထားသော ကျောက်စိမ်းတုံးအား ရင်ဘတ်ထဲ ထိုးထည့်ပြီး..
''ဒီစားပွဲသောက်ပွဲ ပြီးရင် ..ဘဘဟုန်းပဲ တစ်ယောက်တစ်လုံးဆီ ဝေပေးလိုက်တော့ .. ကျွန်တော်ကတော့ ဒီတစ်လုံးနဲ့ ဟိုစိတ်ကောက်အိုးကို သွားချော့လိုက်အုံးမယ် ..''
ဟုဆိုကာ ခြေလှမ်းပြင်လိုက်စဉ်...
''အကိုလေး အားကွေ့ ..အကိုလေးအားကွေ့.. ''
ဟူသော အသံနှင့်အတူ ချန်းအိမ်တော်ရှိ အိမ်စေတစ်ယောက် ခြံဝမှ ပြေးလာခဲ့သည်.. အားကွေ့က သူ့အမည်အား တကျော်ကျော်အော်နေသည်မို့..
''အေး.. ဘာလဲဟေ့...''
''စာဗျ.. ခြံဝမှာ လူတစ်ယောက်က အကိုအားကွေ့အတွက် စာတစ်စောင် ပေးသွားလို့ ..ပြီးတော့ ဒီအ၀တ်စတစ်စရော.. ''
ဟုဆိုကာ ထိုသူမှ အားကွေ့လက်ထဲသို့ စာတစ်စောင်နှင့် တစ်ထွာခန့်ရှိသော ငုဝါရောင်အ၀တ်စတစ်စ ထည့်ပေးလိုက်၏..
အားကွေ့မှာ ငုဝါရောင်အ၀တ်စကို သေသေချာချာကိုင်ကြည့်ပြီးနောက် ထိတ်ကနဲဖြစ်သွားသည်.. ထို့နောက် စာရွက်ကို ဖြန့်ကြည့်လိုက်ရာ .. အတွင်း၌ ရေးထားသည်မှာ....
''အားကွေ့... ချန်းဟွားဟွားဆိုတဲ့ မိန်းကလေးက အရမ်းချစ်စရာ ကောင်းတယ်နော်.. အရွယ်လေးကလည်း ငယ် ..နောက်ခံကလည်း မက်လောက်စရာ ထက်ထက်မြက်မြက်လည်းရှိတော့ မင်းစိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စားလောက်ပါတယ်.. ဒါပေမယ့် စိတ်မကောင်းစရာက အခု သူ ငါ့လက်ထဲ ရောက်နေတယ် .. အဲ့ မင်းမှာ အစွမ်းအစရှိတယ် ဆိုရင်တော့ သူ့ကို ပြန်ကယ်ချင်ရင် ကယ်လို့ရသေးတယ် .. တကယ်လို့ ကယ်ချင်တယ်ဆိုရင် ..အခုမင်းဒီစာကိုရပြီး အမွှေးတိုင်တတိုင်ထွန်း မကုန်ခင်မှာ နေပြည်တော်အရှေ့မုဒ်ပေါက်က မြက်ခင်းပြင်ကို အရောက်လာခဲ့ .. အဲ့မှာ သပြေပင်ကြီးတစ်ပင်ရှိတယ်.. နည်းနည်းလေးမှ နောက်ကျလို့ မရဘူးနော် .. နောက်ကျတာနဲ့ ကောင်မလေး ဘ၀ပျက်ပြီသာမှတ်.. အရှင်လတ်လတ် ငရဲကျနေသလိုကို သူခံစားသွားရလိမ့်မယ်.. တစ်ခုတော့ ရှိတယ် .. မင်းတစ်ယောက်ထဲလာခဲ့ရမယ် ..အခုချိန်ကစပြီး ငါတို့က ချန်းအိမ်တော်နဲ့ မင်းကို စောင့်ကြည့်နေမှာမို့ .. အိမ်တော်ထဲက မင်းအပြင် လူတစ်ယောက်ထွက်လာတာနဲ့ .. ကောင်မလေး ဘ၀ပျက်ပြီသာမှတ်.. ''
အားကွေ့မှာ စာကိုဖတ်ပြီးသည့်နောက် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားကာ ချွေးသီးချွေးပေါက်များပင် စိမ့်ထွက်သွားလေတော့၏.. ထို့နောက်အိမ်စေအား..
''အခုဒီအိမ်မှာ မင်းတို့ဘယ်နှစ်ယောက်ရှိသလဲ..''
အိမ်စေက ခေတ္တစဉ်းစားလိုက်ပြီး..
''အင်း.. အားလုံး ခြောက်ယောက်ရှိပါတယ်.. ''
''ကောင်းပြီ အခုကစပြီး အဲ့ခြောက်ယောက်ကို အိမ်ကနေ တဖ၀ါးမှ မခွာခိုင်းနဲ့တော့ ကြားလား.. ''
အိမ်စေမှာ မည်သည့်အတွက်မှန်းမသိသော်လည်း အားကွေ့မှာ အိမ်ကြီးရှင်၏ အထူးဧည့်သည်တော်ဖြစ်နေ၍ ခေါင်းငြိမ့်ပြရင်း..
''ဟုတ်ကဲ့ အကိုအားကွေ့ ..ကျွန်တော်တို့လည်း အထွေအထူးထွက်စရာ မရှိပါဘူး.. ''
''အေး ဒါဆို အခုပဲ မင်းလူတွေကို သွားပြောတော့ ..မြန်မြန်နော် ..အရေးကြီးတယ်..''
အိမ်စေမှာ အားကွေ့စကားကြောင့် ချက်ခြင်းပင် အိမ်တော်ထဲသို့ ပြေးဝင်သွားလေသည်.. ယင်းအခိုက်အားကွေ့၏ အရိပ်အခြေကို မြင်သွားသော ဘကြီးနန်မှာ ထိုင်နေရာမှ ထလာပြီး..
''အားကွေ့ ..ဘာဖြစ်နေတာလဲ.. ''
အားကွေ့က သူ၏လက်ထဲမှ စာအား ဘကြီးနန်လက်ထဲသို့ ထည့်လိုက်ကာ ..
''အရေးကြီးတယ် ဘကြီးနန် .. ဘကြီးနန် ကျွန်တော်တို့ အဖွဲ့ကို အကိျုးအကြောင်းပြောပြပြီး ..အပြင်မထွက်အောင် တားပေးထား .. ဟွားဟွားကို ရန်သူတွေဖမ်းသွားကြပြီ .. ''
ဘကြီးနန်မှာ စာအားမဖတ်ကြည့်သေးဘဲ..
''ဘယ်လို... သေချာလို့လား..တော်ကြာ..''
''သေချာတယ် ဘကြီးနန် ..မနက်ခင်းက ဟွားဟွား ငုဝါရောင်ဂါဝန်လေး ၀တ်ထားတာ ..အခု ဒီမှာသူ့ဂါဝန်အနားစ .. ''
ဘကြီးနန်က ဂါဝန်စအားသေသေချာချာကြည့်ပြီးနောက် ..
''အေး ဟုတ်တယ်ကွ..''
အားကွေ့မှာ အချိန်လင့်သွားမည် စိုးသဖြင့် .. ကပြာကယာနှင့်ပင်..
''ဘကြီးနန် ကျွန်တော့်ကို ဓါးတစ်ချောင်းငှားခဲ့ပါ..ကျွန်တော်သွားမှ ရတော့မယ် ..အမွှေးတိုင် တတိုင်စာပဲ အချိန်ရတာ ..''
ဘကြီးနန်က သူ၏ဓါးနှစ်လက်မှ တစ်လက်ကိုဖြုတ်ပေးလိုက်ပြီး..
''ငါတို့ရော လိုက်လို့မရ....''
စကားပင်မဆုံးလိုက်သေး အားကွေ့မှာ သူ့ရှေ့မှ ပြေးထွက်သွားလေ တော့၏.. သို့သော် အားကွေ့၏အသံကတော့ ကျန်ရစ်ခဲ့လေသည်.. ၎င်းသည်က ..
''စာကို ဖတ်ကြည့်လိုက် ဘကြီးနန်...''
ဟူသတတ်....
====================================
အားကွေ့မှာ ချန်းအိမ်တော်ရှေ့မှ ပြေးထွက်လာပြီးနောက် မင်းလမ်းမကြီး ပေါ်ရောက်သည်နှင့် စိတ်မောသွားရ၏.. နေ့ခင်းကြောင်တောင် အချိန်မို့ လမ်းမကြီးတွင် လူများက ပြွတ်သိပ်ကျပ်နေကြသည်လေ.. ထိုလူအုပ်ကြီးနှင့်တော့ ကိုယ်ဖော့ပညာသုံး၍ လုံးဝအဆင်မပြေနိုင် .. အချိန်ကလည်း မရ၍ တိုးဝှေ့သွားနေရင်လည်း မီတော့မည်မဟုတ်...
သို့သော် အားကွေ့မှာ လွယ်လွယ်နှင့် လက်မလျှော့တတ်သူဖြစ်ရာ နဘေးနဘီကို လှမ်းကြည့်ပြီးနောက် အကြံပေါ်သွား၏.. သို့နှင့် မင်းလမ်းမကြီးမှ ချော်ကာ လမ်းကြားလေးထဲသို့ ပြေးဝင်လိုက်သည်.. လမ်းကြားထဲသို့ ရောက်သည်နှင့် မြေကို ခြေဖြင့်တစ်ချက်ဆောင့်ကာ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်တော့၏...
''၀ှစ်..၀ှစ်...၀ှစ်...၀ှစ်...''
အိမ်ပေါ်သို့ရောက်သည်နှင့် မဆိုင်းတော့ဘဲ .. အရှေု့ဘက်သို့ ဦးတည်ကာ ခေါင်မိုး အလီလီတို့ကို နင်းဖြတ်ပြီး အားပါတရပြေးတော့သည်.. ကိုယ်ဖော့ပညာကို အားကုန်ထုတ်သုံးထားသည်မို့ ..သာမာန်မျက်စိမဆိုထားနှင့်
ထိပ်တန်းသိုင်းပညာရှင်အချို့ပင် သူ၏ပြေးနှုန်းကို မြန်ရမည်မဟုတ်ပေ..
သို့နှင့်ပြေးလွှားလာသည်မှာ ရှေ့တံခါးမုဒ်ပေါက်သို့တိုင် ရောက်လာလေပြီ .. မုဒ်တံခါးပေါက်တွင် မြို့စောင့်တပ်များ စောင့်ကြပ်လျှက် အ၀င်အထွက်ကို တစ်ယောက်ခြင်းဆီ စစ်ဆေးနေသည်ဖြစ်ရာ လူတန်းရှည်ကြီးမှာ နည်းနည်းနောနော မဟုတ် .. ထိုအခြင်းအရာကို မြင်သော် အားကွေ့မှာ ခေါင်းကုတ်လိုက်ပြီး..
''အင်း ..မုဒ်ပေါက်က ဖြတ်ရင်တော့ ငါ့အလှည့်ရောက်ဖို့ ထမင်းအိုးတစ်လုံးချက် လောက်ကြာလိမ့်အုံးမယ် .. မဖြစ်သေးဘူး...အင်း ..ဟုတ်ပြီ ..ဟုတ်ပြီ..''
ဟုအတွေးပေါ်ပြီးနောက် ..သူရပ်နေရာ အိမ်ခေါင်မိုးနှင့် မြို့ရိုးကို ချိန်ဆလိုက်သည်.. အိမ်အမိုးစွန်းမှာ မြို့ရိုးအမြင့်၏ တစ်ဝက်မျှရှိပြီး .. မြို့ရိုးနှင့်တော်တော် အလှမ်းကွာနေသေး၏ .. သူ၏ ကိုယ်ဖော့ပညာနှင့်ဆို သုံးခါခုန်စာမျှ ဝေးကွာနေသေးသည်ဟု ဆိုရပေမည်..
သို့သော်သူ့တွင် အကြံရှိလေရာ ကျောဆီမှ ဓါးအား ဆွဲထုတ်လိုက်သည်..
''ချွမ်း..''
''၀ှစ်...''
''ဖတ်...''
ထိုဓါးအား မြို့ရိုး၏အလည်တည့်တည့်သို့ ပစ်ပေါက်လိုက်ပြီး ..ဓါးအလွင့်တွင် ..လေထဲတွင် တပတ်ဂျွမ်းပစ်လိုက်ပြီး ဓါးပေါ်သို့ ခုန်တက်လိုက်တော့၏.. ဓါးမှာ လူတစ်ယောက်လုံးခုန်တက်လိုက်သော်လည်း အရှိန်လျော့သွားခြင်း ...ပြုတ်ကျသွားခြင်းလုံးဝမရှိ .. ပကတိအလျင်နှင့်ပင် သွားမြဲသွားနေတော့သည်..
''ဒေါက်....''
မြို့ရိုးအမြင့်၏ အလည်တည့်တည့်သို့ စိုက်ဝင်သွားသည်နှင့် အားကွေ့မှာ ဓါးအားကန်ကာ မြို့ရိုးထိပ်သို့ အရှိန်ဖြင့် ခုန်တက်သွားလိုက်၏ .. ခုန်တက်နေရင်းနှင့် ကြိုးနက်ကို ဖြုတ်၍ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် စိုက်ဝင်နေသော ဓါးအား ဖြုတ်ယူပြီးဖြစ်သည်...
''ဖတ်....''
အပေါ်သို့ ခြေချမိပြီဆိုသည်နှင့် အချိန်မဆိုင်းဘဲ တဖက်သို့ ခုန်ဆင်း လိုက်တော့၏... အဆင်းသည်ကားတော့ သူ့အတွက် လွယ်ကူလွန်းသည်ပင်
သူ၏စလယ်ဆုံး လှုပ်ရှားမှုမှာ မျက်တောင်လေးခါခတ်မျှပင် ကြာမြင့်မည်မထင် .. မြက်ခင်းလွင်ပြင်သို့ ခြေချမိပြီဆိုသည်နှင့် သပြေပင်ကြီးအား ထီးထီးကြီး တွေ့မြင်ရတော့၏...
သပြေပင်တွင် လူတစ်ဦးတစ်ယောက်မှ မရှိသော်လည်း အားကွေ့ အတွက် စာတစ်စောင်တော့ အသင့်စောင့်နေပါသည်.. အပ်ချည်ကြိုးမျှင်နှင့် ချိတ်ဆွဲထားသော စာအတွင်း၌မူ...
''ကျန်းဆို့ကျေးရွာအနီး ..ထန်းလီကျောက်ယွင်စစ်သူကြီးရဲ့ လေးဆစ်ချိုး နှစ်ဖက်ဖွင့်လှိုင်ဂူသို့.......''
ဟုသာ တိုတိုတုတ်တုတ် ရေးသားထားလေသည်.. အားကွေ့မှာ ထိုနေရာကို ရင်းနှီးနေသောကြောင့် ပြန်လည်စဉ်းစားလိုက်ရာ....
==========================
ကိုင်းဗျာ ...အဲ့လောက်ဆို ကျွန်တော်ရှေ့ပိုင်းမှာရေးထားသမျှ
အပျင်းပြေရေးထားတာ မဟုတ်ဘူးဆိုတာ သဘောပေါက်ကြရောပေါ့... ငှင်းငှင်းငှင်း
၁၀၅ #အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၁၀၅A
တေးသဘင်သည် မိန်းမလှလေးပိချန်း၏ သီချင်းနှင့်အတူ သူမရှင်းပြခဲ့သော စစ်သူကြီး ထန်းလီကျောက်ယွင်၏စစ်နိုင်ရာဒေသဟု ခေါင်းထဲတွင် တရိပ်ရိပ်နှင့် မှတ်မိလာ၏.. ထို့နောက် အားကွေ့မှာ စာရွက်အားလုံးခြေပစ်လိုက်ပြီး မြက်ခင်းပြင် အလည်ရှိ လမ်းရိုးလေးအတိုင်း ပြေးလွှားသွားတော့လေသည်..
============================
ထန်းလီကျောက်ယွင်၏အထိမ်းအမှတ်ကျောက်လှိုင်ဂူသည် တခြားလှိုင်ဂူများ ကဲ့သို့မဟုတ်ဘဲ ကျောက်တောင်ပြတ်ကြီးတစ်တောင်အား တိုးလျှိုပေါက် တည်ရှိနေသော လှိုင်ဂူကြီးပင်...တောင်ပြတ်မှာ အတောင်ခြောက်ဆယ်ခန့်မြင့်မားပြီး တမျှော်တခေါ်ကြီး ရှည်လျားပေ၏.. ထို့ပြင် သက်ရင့် ကျောက်သားများနှင့် သဘာဝ အလျှောက်ဖြစ်တည်နေခြင်းကြောင့် သံထည်တမျှ မာကြောခိုင်ခံလှရာ ကပ်ပါးနွယ်ပင် များပင် ပေါက်ရောက်နိုင်ခြင်းမရှိ ကတုံးပီဘိသာ ရှိတော့၏...
ထိုလှိုင်ဂူတည်ရှိရာ တောင်ပြတ်ပေါ်တွင်မူ လူသုံးယောက် ရှေ့ဆီသို့မျှော်ကာ ငေးကြည့်နေကြသည်.. ၎င်းတို့သုံးယောက်အနက် အလယ်တစ်ယောက်မှာ အပြာရင့်ရောင် ၀တ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး .. သူ၏၀ဲဖက်တွင်မူ အညိုရောင်ဝတ်စုံလူတစ်ယောက်ရပ်နေလေ၏.. လူငယ်၏ ယာဖက်တွင်တော့ အရပ်လေးပေခန့်သာရှိသော ရုပ်ဆိုးဆိုး လူတစ်ယောက်ရှိနေ၏..
အပြာရောင်ဝတ်လူငယ်မှာ အခြားမဟုတ် .. နရန်ကိုယ်တော်လေးပင်ဖြစ်ပြီး . အညိုရောင်ဝတ်စုံရှင်ကတော့ သူ၏လက်စွဲတော်ဝမ်ဖုံးဖြစ်သည်.. နရန်ကိုယ်တော်လေးမှာ သူ၏ခေါင်းပေါ်သို့ ရောက်နေသော နေရောင်အား လက်ဖြင့်ကာလိုက်ပြီး..
''၀မ်ဖုံး..မင့်လူ အားကွေ့ အရိပ်အယောင် မမြင်ရသေးပါလား ..တန်တော့ ဒီကောင်လမ်းများမှားနေသလား မသိဘူး..''
ဝမ်ဖုံးက သူ့နဘေးရှိ အမွှေးတိုင်အိုးအား တစ်ချက်ကြည့်ကာ ..
''ကိုယ်တော်လေး စိတ်စောနေလို့ပါ .. အခုချိန်ထိ အမွှေးတိုင် တစ်ဝက်တောင် မကျိုးသေးပါဘူး.. လမ်းကလည်း မှားစရာမရှိဘူး ကိုယ်တော်လေး ကျန်းဆို့ရွာကျော်ပြီး ဘယ်ကိုချိုးလိုက်တာနဲ့ ဒီကိုတန်းရောက်လာမှာပဲ..''
ကိုယ်တော်လေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်..
''အင်း.. ဒီအမွှေးတိုင်လေးချိုးသုံးချိုးကုန်လို့မှ မလာသေးရင် ကောင်မလေးကို လက်စသာတုံးလိုက်တော့..''
ထိုစကားကြောင့် လူပုမှာ ပျာပျာသလဲနှင့်..
''အာ...ကိုယ်တော်လေး..ကိုယ်တော်လေး.. လက်စတော့မတုံးလိုက်ပါနဲ့ ... ကျွန်တော့်လက်ထဲကိုသာ အပ်လိုက်ပါ.. ''
ကိုယ်တော်လေးက မျက်ခုံးပင့်လိုက်ပြီး ..
''သက်မဲ့အလောင်းက မိန်းကလေးကို သဘောကျနေပြီထင်တယ်.. ဟုတ်ရဲ့လား..''
သက်မဲ့အလောင်း ပြန်မဖြေခင် ၀မ်ဖုံးက၀င်၍
''ဟားဟားဟားဟား ..ကိုယ်တော်လေးရယ် သက်မဲ့အလောင်း သဘောမကျတဲ့ မိန်းကလေးမျိုး လောကကြီးမှာ မရှိတော့ဘူးထင်ပါတယ် .. ကာမဂုဏ်လိုက်စားတဲ့နေရာမှာတော့ သက်မဲ့အလောင်းက ပြိုင်ဘက်ကင်းပဲ ..''
သက်မဲ့အလောင်းမှာ ရှက်ရယ်ရယ်လိုက်ကာ ..
''အဲ့လောက်ကြီးလဲ မဟုတ်ရပါဘူးဗျာ ...''
''ဘာမဟုတ်ရမှာလဲ ...ခင်ဗျားအကြောင်းမသိတာမှတ်လို့ ..''
ဝမ်ဖုံးက ၀င်ထောက်လိုက်ပြီး ကိုယ်တော်လေးအား..
''ကိုယ်တော်လေး ..သူ့ခါးမှာချိတ်ထားတဲ့ ကြေးအိုးလေးကို ဘာအိုးလို့ ထင်သလဲ..''
ကိုယ်တော်လေးမှာ ပျင်းရိပျင်းတွဲပုံစံနှင့် ..
''ဘာဖြစ်ရမှာလဲ .. အရက်အိုးဖြစ်မှာပေါ့ ..''
''မဟုတ်ဘူးကိုယ်တော်လေးရဲ့ ..အဲ့အိုးက စိတ်နိုးဆွဆေးဗျ ..ကျား မ မရွေး နိုးဆွတတ်တဲ့ဆေး .. အဲ့ဆေးသုံးပြီး သူဖျက်ဆီးလာတဲ့ အမျိုးသမီးတွေ အယောက် တရာကျော်လောက်ရှိလောက်ပြီဗျ..''
''အဲ့ဆေးကအဲ့လောက်စွမ်းတယ်ပေါ့ ဟုတ်လား...''
ဝမ်ဖုံးက ကိုယ်တော်လေး၏ အမေးအား ..
''စွမ်းပြီလားဗျာ .. အဲ့ဆေးက မြေအောက်ဈေးမှာပဲ ရတာဗျ .. တစ်စက်လောက်နဲ့တင် ဆင်တောင်ငိုနိုင်တယ်..ဟားဟားဟားဟား..''
လူပုမှာ တစွန်းတစပေါ်နေသော ကြေးအိုးအား အင်္ကျီစဖြင့် ဖုံးလိုက်ကာ ..
''ဆရာဝမ်တို့က သူများကို ချောက်ချတဲ့နေရာမှာ သိပ်စွမ်းတာကိုးဗျ .. ဒါ.. ဘယ်ကနိုးဆွဆေးရမှာတုန်း.. ရိုးရိုးအရက်ပါဗျ..''
ဝမ်ဖုံးက သူ၏အိတ်ထဲမှ အကြွေစေ့တစ်စေ့ကို ထုတ်ယူလိုက်ပြီး လက်ဝါးပေါ်တင်၍ ..
''ကောင်းပြီ .. ခင်ဗျားအမှန်အတိုင်း မပြောရင် ..ဒီအကြွေစေ့ကို ကျုပ်မပေးတော့ဘူး..''
လူပုမှာ ထိုအကြွေစေ့အား အာတငမ်းငမ်းနှင့်ကြည့်နေရာမှ. ..
''ဆရာဝမ် ..ခင်ဗျား ကျုပ်ကို ကတိပေးထားတုန်းက မြေအောက်ဈေးဝင်ခွင့်ပါ ပေးမယ်လို့ ပါတယ်လေ.. ဘာလို့ အခုမှ ကပ်နေရတာလဲ..''
ဝမ်ဖုံးက အကြွေစေ့အား ပင့်လိုက်ဖမ်းလိုက် လုပ်နေရင်းဖြင့်..
''ဟားဟားဟားဟား.. ခင်ဗျား ဒီအကြွေစေ့ကို ဘာလို့လိုချင်တာလဲ
ဆိုတာ ကိုယ်တော်လေးကို ရှင်းပြမှ ကျုပ်ပေးနိုင်မယ်..မဟုတ်ရင် မပေးဘူး..''
နရန်ကိုယ်တော်လေးမှာ ထိုစကားကို စိတ်ဝင်စားသွားပုံရ၏ ... လူပုအား စိုက်ကြည့်ပြီး..
''အင်း ..ဟုတ်တယ်ဗျ .. ပြောစမ်းပါအုံး သက်မဲ့အလောင်း.. မင့်ကဘာဖြစ်လို့ အဲ့အကြွေစေ့ကို မက်မက်မောမောဖြစ်နေရတာလဲ.. ''
သက်မဲ့အလောင်းဟူသော လူပုမှာ သူ့အရှက်ကို ၀မ်ဖုံးတမင်ခွဲနေမှန်း သိသော်လည်း ..
''ဟိုဟို. ..ဒီလိုပါကိုယ်တော်လေး.. ကျွန်တော်မှီဝဲနေကျဆေးလေး ကုန်ခါနီးပြီမို့ .. ထပ်..ထပ် ၀ယ်ချင်သေးလို့ပါ...''
''ဟားဟားဟားဟား..မင်းလိမ်လို့မရတော့ဘူးမို့လား..''
အမှန်စစ်စစ် ၀မ်ဖုံးနှင့်ကိုယ်တော်လေးမှာ သက်မဲ့အလောင်းအား တမင်ကျပ်နေကြခြင်းဖြစ်သည် ... မဟုတ်လျှင် စောင့်ဆိုင်းနေရသည်မှာ ပျင်းရိငြီးငွေ့ဖွယ် အလွန်ကောင်းသည်မဟုတ်လား.. ၀မ်ဖုံးက လက်ထဲမှ အကြွေစေ့အား လူပုကို ပစ်ပေးကာ ..
''လင်းနို့ရှစ်ကောင် အထဲမှာ နေရာယူထားတာ ကြာလှပြီ ..ဟိုကောင် မလာသေးတော့ ပျင်းနေလောက်ပြီထင်ရဲ့..''
လူပုက အကြွေစေ့ကို မြတ်မြတ်နိုးနိုးသိမ်းလိုက်ပြီး..
'' သူတို့လို မျက်ကန်းတွေအတွက်တော့ ပျင်းမယ်မထင်ပါဘူးဗျာ ..တကယ်တန်းပျင်းစရာ ကောင်းတာက ဟိုတောင်ကြားမှာစောင့်နေမယ့် လူတွေဗျ..''
ထိုစဉ် နရန်ကိုယ်တော်လေး၏ ခန္ဓာကိုယ်မှာမတ်ကနဲ ဖြစ်သွားကာ..
''ဟိုကောင်တော့ ရောက်လာပြီ ..သက်မဲ့အလောင်း မင်းဂူထဲကို မြန်မြန်ဝင်တော့...''
သက်မဲ့အလောင်းမှာ ကိုယ်တော်လေး၏စကားအဆုံးတွင် ဆင်ခြေလျှော သဖွယ်ဖြစ်နေသော ဂူနံရံမှ ဖင်တရွတ်တိုက်၍ အောက်သို့လျှောဆင်းသွားတော့၏.. နရန်ကိုယ်တော်လေးမှာ ဖုန်တထောင်းထောင်းထနေသော လမ်းအား စူးရှသော မျက်ဝန်းအစုံဖြင့်လှမ်းကြည့်လိုက်ပြီး .. စိတ်အားတက်ကြွသော လေသံဖြင့်..
''၀မ်ဖုံးရေ .. ကြွက်ကလေးတော့ ထောင်ချောက်ထဲဝင်လာပြီ .. ဒီကောင် တောင်ကြားကို ဖြတ်နိုင်ရင် လူတော်ပဲကွာ ..''
ဝမ်ဖုံးမှာ ခေါင်းခါရမ်း၍..
''ကျွန်တော်ကတော့ တယ်မထင်မပါဘူးဗျာ ..ကိုယ်တော်လေး အစိုးရိမ်လွန်တယ်လို့ပဲထင်တယ်... တုအဘွားကြီးနဲ့ခေါင်းတုံးကြီးနဲ့တင် ဒီကောင် ကိစ္စပြတ်နေတဲ့ဟာ...''
နရန်ကိုယ်တော်လေးက ပြုံးလိုက်ပြီး..
''ပြိုင်ဘက်ကို လုံးဝမလျော့တွက်တတ်ကာ ငါ့အကျင့်ဘဲ ၀မ်ဖုံး.. မင်းပြောသလို တုအဘွားကြီးရယ်.. ခေါင်းတုံးကြီးရယ် နှစ်ယောက်ပေါင်းတိုက်လို့ ကိစ္စပြတ်သွားရင်တော့ ပိုကောင်းတာပေါ့ကွာ ..ကိုင်း အခုတော့ ဟိုကောင် တောင်ကြားကိုရောက်နေပေါ့ ...ဆက်ကြည့်ကြအုံးစို့...''
နရန်ကိုယ်တော်လေးပြောသလိုပင် အားကွေ့မှာ ကျောက်တောင်ကြားသို့ ရောက်ရှိနေပြီဖြစ်ပါသည်.. အားကွေ့မှာ နေရာတိုင်း၌ ကျောက်သားကျောက်ချပ် များသာ ပြည့်နှက်နေသော ဌာနအားကြည့်ကာ ..
''အင်း.. ထန်းလီကျောက်ယွင် စစ်သူကြီး ရန်သူသုံးထောင်ကို အပြုတ်နှံတယ် ဆိုတာ ဒီနေရာကို မြင်မှပဲ ယုံမိတော့တယ် ..လှိုင်ဂူကိုသွားတဲ့လမ်းဟာ လူအယောက်နှစ်ဆယ်ပဲ ပုခုံးခြင်းယှဉ်နိုင်အောင် ကျဉ်းမြောင်းလွန်းတဲ့အပြင် .. လမ်းကဆင်ခြေလျှောကြီး.. သူတို့ကအပေါ်ဘက်က နေရာယူထားတာဆိုတော့ ..တိုက်ရင်း နောက်ဆုတ်သွားဖို့လွယ်တယ် .. တဖက်ရန်သူတပ်က အောက်က အနေထားဆိုတော့ ထန်းလီကျောက်ယွင်တပ်ရဲ့ အထိုးအနှက်ကို ခုခံဖို့ ခက်ခဲသလို လိုက်တိုက်ရတာလဲ ..စနိုးစနှောင့်ဖြစ်စရာ .. အခု ငါ့ကို တိုက်မယ်ဆိုရင် .. လမ်းအကျဉ်းဆုံးနေရာဟာ အကောင်းဆုံးဖြစ်မယ်..''
ဟုတွေးပြီးသကာလ အာရုံအပြည့်စူးစိုက်ကာ အရပ်ရှစ်မျက်နှာလုံးအား အထူးဂရုစိုက်၍ တစ်လှမ်းခြင်း လျှောက်သွားတော့၏.. ခြေတစ်လှမ်းမှားသည်နှင့် အသက်ပျောက်နိုင်သော နေရာပင်မဟုတ်လား....
တောင်ကြားမြေသားလမ်းမှာ ကွေ့ခြင်းကောက်ခြင်းမရှိ တဖြောင့်တည်း ဖြစ်သော်လည်း ကျဉ်းသည့်နေရာ ကျဉ်း ကျယ်သည့်နေရာက ကျယ်သည်မို့ မျက်ကွယ်သဘော ဖြစ်နေသည့် နေရာများက များပြားလှပေသည်..
သို့နှင့် တောင်ကြားလမ်းအလယ်ရောက်သည်အထိ တစုံတရာ ထူးခြားမှု မရှိသေးပေ..
တောင်ကြားလမ်းအ၀င်တွင်သာ လမ်းအကျဉ်းအကျယ်နှင့် မျက်ကွယ်များပြီး အလယ်မှစ၍ ကျောက်ဂူသို့ရောက်သည့်တိုင် လမ်းမှာ မျက်ကွယ်လုံးဝမရှိ တဖြောင့်တည်းဖြစ်ပေ၏...
နရန်ကိုယ်တော်လေးက တရွေ့ရွေ့နှင့်တောင်ကြားလမ်းအလည်သို့ ရောက်လာသော အားကွေ့ကို ကြည့်ကာ နဘေးမှ ၀မ်ဖုံးအား..
''၀မ်ဖုံး ..ဘယ်အချိန်မှာ လူတစ်ယောက်ကို လုပ်ကြံဖို့ အကောင်းဆုံး အချိန်လည်း သိလား...''
ဝမ်ဖုံးက မဆိုင်းမတွပင်..
''သတိလက်လွတ်နေတဲ့အချိန် ..ဒါမှမဟုတ် သူစိတ်ချလက်ချ ဖြစ်နေတဲ့ အချိန်ပေါ့ ကိုယ်တော်လေး..''
ကိုယ်တော်လေးမှ အဖြေအား သဘောကျစွာဖြင့်..
''မှန်တယ် ၀မ်ဖုံး ..လူတစ်ယောက်ဟာ အဲ့လိုအခြေအနေနှစ်ရပ်မှာ အားအနည်းဆုံးအချိန်ပဲ ..အခုလည်း အားကွေ့ဆိုတဲ့ အကောင်ကိုကြည့် ..သူ တွက်ထားမိမှာက .. တောင်ကြားလမ်းကျဉ်းလိုမျိုး .. မျက်ကွယ်ဖြစ်နေတဲ့ နေရာလိုမျိုးမှာ သူ့ကို ရန်သူက လုပ်ကြံမယ်လို့ တွက်ထားမှာပဲ .. သူမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာတဲ့အခါ ..သူ့ အာရုံဟာ ကျောက်ဂူထဲကို ရောက်သွားလိမ့်မယ်.. ဘယ်သူမဆို ကိုယ်သတိကြီးကြီးထားထားတဲ့ နေရာက လွန်မြောက်ပြီဆိုတာနဲ့ အာရုံကနောက်တစ်ခုကို ကူးပြောင်းသွားတတ်လို့ပဲ .. ပြီးတော့ မြင်သာထင်သာရှိတဲ့နေရာဒေသကိုတော့ လူတိုင်း ဂရုမမူတတ်ကြဘူးမဟုတ်လား...ဟားဟားဟားဟား ..သူမထင်ထားတာက ငါက လူတွေရဲ့ အားနည်းချက်ကို ရှာဖွေတတ် ...တတ်..''
''အား......''
ဟူသော နာကျင်စွာအော်လိုက်သောအသံကြီးမှာ တောင်ကြားက ဟိန်းထွက်လာသဖြင့် နရန်ကိုယ်တော်လေး၏ စကားအား ဖုံးလွမ်းသွားတော့၏..
မည်သူထိခိုက်သွားသနည်းဟု မေးခွန်းထုတ်စရာမလို .. နရန်ကိုယ်တော်လေးနှင့် ၀မ်ဖုံး၏ ပျက်ယွင်းသွားသော မျက်ခွက်ကို ကြည့်လိုက်ရုံနှင့် သိသာလှပေ၏..
မှန်၏ .. သူတို့၏ ဘက်တော်သားတစ်ယောက်မှာ ကိုယ်ခန္ဓာထက်ပိုင်းပြတ်၍ မရှု့မလှ သေပွဲဝင်နေရပြီ မဟုတ်လား .. ထို့အပြင် နောက်ထပ်အော်သံ နှစ် ချက်ထွက်လာပြီး တောင်ကြားနေရာတွင် ကိုယ်ခန္ဓာထက်ပိုင်းပြတ်ကြီး ခြောက်ခုကို တွေ့မြင်ရမည်ဖြစ်လေသည်...
အားကွေ့မှာ မြင်သာထင်သာရှိသော နေရာတွင် နရန်ကိုယ်တော်လေး ထင်ထားသော တခြားလူများကဲ့သို့ သတိလစ်ဟင်းသွားခြင်းမရှိပါ.. ထို့ပြင် ပို၍ပင် သတိထားမိတော့သေး၏.. ထိုလမ်းကျယ်ဖြောင့်ကို မြင်လိုက်သည်နှင့်..
'' အင်း.. အလစ်တိုက်ခိုက်လို့ အကောင်းဆုံး နေရာမှာ ရန်သူတွေမရှိဘူး ဆိုတော့ ရန်သူဘက်မှာ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါနေပြီ.. တဖက်လူရဲ့ ပေါ့ဆမှုကို အခွင့်ကောင်းယူပြီး အလစ်ဖမ်းတိုက်မယ်ဆိုတဲ့ ဗျူဟာပဲ ... မထင်ထားတဲ့ နေရာမှာ ကိုယ့်လူကိုပုန်းစေပြီး တဖက်ကို အပြတ်တိုက်မယ်လို့ ရည်ရွယ်ထားပုံရတယ် .. မှန်တယ် ငါသာဆိုလဲ အဲ့လို စဉ်းစားမိမှာပဲ .. ''
ဟုတွေးကာ ရန်သူပုန်းနိုင်ခြေရှိသော နေရာများကို တွက်ဆ၍ လှမ်းကြည့်လိုက်၏ .. ရှေ့လမ်းမှာ ဖြောင့်တန်းနေသည့်အပြင် ပုန်းခိုစရာ နေရာတစ်နေရာမှ မရှိပြီ ..နဘေးမှလည်း မြင့်မားသောကျောက်သားနံရံကြီး နှစ်ဖက် ကာဆီးနေ၍ အပေါ်မှ ခုန်ဆင်းလာစရာအကြောင်းမရှိ .. သို့ဆိုလျှင် ...
''ဟုတ်ပြီ .. ပုန်းစရာ မြေလမ်းပဲရှိတော့တယ် ..သေချာပေါက် ဒီကောင်တွေ မြေကိုတူးပြီး ငါ့အလာကို ပုန်း စောင့်နေပြီ.. ခွေးကောင်တွေ တော်တော်တော့ ဉာဏ်များတဲ့ မအေပေးမျိုးလေးတွေ .. တခြားလူကိုသာ သွားလုပ် ငါ့ကိုတော့ အဲ့လို လာလုပ်လို့မရဘူး..''
တဖက်လူ၏ အကြံကို သဘောပေါက်ပြီးသော်လည်း အားကွေ့မှာ သတိကြီးကြီးထားသည့် ဟန်မပြ ပုံမှန်ကဲ့သို့သော ခြေလှမ်းမျိုးနှင့်ပင် ရှေ့ဆက်သွားနေသည်.. ဤသို့ဖြင့် ခြေလှမ်းနှစ်ဆယ်ခန့်အရောက်တွင်..
''၀ုန်း..''ဟူသော အသံနှင့်အတူ လူသုံးယောက် မြေကြီးထဲမှ ခုန်ထကာာ အားကွေ့အား အလစ်ဖမ်းတိုက်ခိုက်လိုက်ကြသည်.. ရန်သူသုံးယောက်တိုက်ခိုက်ပုံမှာ ဖိုခနှောင့်ဆိုင် တိုက်ခိုက်မှုဖြစ်ပြီး အလစ်ချောင်းတိုက်သည်မို့ သိုင်းဝိဇ္ဇာအချို့ပင် ပွဲချင်းပီးနိုင်သည့်အနေအထားပင်.. ကံဆိုးသည်မှာက အားကွေ့ကိုမှ သွားလုပ်ခြင်း ဖြစ်၏.. ဖျတ်ကနဲအလင်းရောင် လက်သွားသည် နှင့်အတူ ဗွေဆော်ဦး ၀င်လာသည့် လူ၏ ကိုယ်ခန္ဓာမှာ ခါးဆီမှ နှစ်ပိုင်း ပြတ်ထွက်သွားလေ၏.. အားကွေ့၏ လောလောလတ်လတ် ပေါင်းစည်းထားသော အသစ်စက်စက်သိုင်းကွက်ဖြင့် သေဆုံးသွားရသောကြောင့် ထိုသူကို ကံထူးရှင်ဟု ဆိုလိုက ဆိုနိုင်ပါသေးသည်..
စူးဝါးသောအော်သံကြီးနှင့်အတူ သူတို့၏ ဘက်တော်သား တစ်ယောက် နှစ်ပိုင်းပြတ် သေဆုံးသွားသဖြင့် ယောင်နနဖြစ်သွားသော နှစ်ယောက်မှာလည်း မျက်တောင်တစ်ခတ်ပင်မကြာ ခါးဆီမှ ပေါ့ကနဲဖြစ်သွားကာ ပထမလူ၏နောက်သို့ ဒုတိယ တတိယအဖြစ် လိုက်သွားရလေတော့၏..
ထို့ကြောင့် တောင်ကြားမြေသားလမ်းပေါ်တွင် အလောင်းသုံးလောင်း ..ကိုယ်ခန္ဓာခြောက်ပိုင်းက သွေးညှီနံ့တသင်းသင်းနှင့် လဲလျောင်းနေလေသည်.. အားကွေ့၏ခုတ်ပိုင်းချက်မှာ မြန်ဆန်လွန်းလှရာ သူ၏ဓါးပေါ်တွင် သွေးတစ်စက်မှ ထင်ကျန်ရစ်မနေပါ.. အားကွေ့က ဓါးကို ဆ လိုက်ရင်း
''ကိုင်း .. ကြွက်တွေလို တွင်းအောင်းပြီးပုန်းနေတဲ့ နှစ်ယောက် .. ခင်ဗျားတို့ ထွက်လာမှာလား ..ကျုပ်ပဲ တစ်ခါထဲ သင်္ဂြီုလ်ပေးလိုက်ရမလား.. ''
အားကွေ့၏ စကားအဆုံး၌ ..
''၀ုန်း..၀ုန်း..''ဟူသော မြည်သံနှစ်ချက်နှင့်အတူ လူနှစ်ယောက် မြေကြီးထဲမှ ထိုးထွက်လာကြသည်.. အားကွေ့က ထိုလူနှစ်ယောက်ကို မြင်သည်နှင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး...
''အလို ... ကလေးထိန်းအဘွားကြီး တုနဲ့ ၀က်သားရောင်းတဲ့ ကတုံးကြီးဝမ် ပါလား..''
အဘွားကြီး တုက သူမ၏မူပိုင် အေးချမ်းသော အပြုံးလေးနှင့် ..
''တူမောင်က ဗဟုသုတ ရှိသားပဲ .. အဒေါ်တို့ကို မြင်တာနဲ့ ဘယ်သူဘယ်ဝါမှန်း တန်းသိနိုင်တယ် ...''
ကတုံးကြီးဝမ်ကမူ သူ၏ငှက်ပျောရွက်အငယ်စားခန့်ရှိသော သားလှီးဓါးကြီးအား လက်နှစ်ဘက်နှင့်ဆုပ်ကိုင်ကာ သားရေတမျှားမျှားကျနေသည်မှအပ စကားတခွန်းမှ ၀င်မပြော ..
အားကွေ့မှာ တဖြည်းဖြည်းနှင့် တဖက်မှ ထိန်းချုပ်သူအား မသိမသာ အထင်ကြီးစိတ်ပင် ၀င်လာမိတော့သည်.. ကလေးထိန်းအဘွားအိုတု နှင့် ကတုံးကြီး ၀မ်တို့လို လူမျိုးအား ငှားရမ်းစေခိုင်းနိုင်သည်ဟူသော အဆင့်မှာ နည်းနည်းနှောနှော အဆင့်မျိုးမဟုတ်ပေ.. အားကွေ့မှာ စိုးရိမ်စိတ်အနည်းငယ် ၀င်မိသော်လည်း ခေါင်းထဲမှ ချက်ခြင်းမောင်းထုတ်လိုက်ကာ ..
''သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားနေတဲ့ အဘွားအို တုနဲ့ ကတုံးကြီးဝမ်တို့လို လူမျိုးက ယုန်လေးကြွက်လေးတွေလို တွင်းအောင်း တတ်လိမ့်မယ်လို့မထင်ခဲ့မိတော့ ..အခုကြုံလာတဲ့အခါ နည်းနည်း အံသြေမိသဗျ..''
အဘွားအိုတု က လက်ထဲမှ နှစ်တောင်ပတ်လည် ကလေးအနှီးကို ဝှေ့ရမ်းလိုက်ပြီး...
'' အဲ့လိုတွင်းအောင်းရုံနဲ့ရွှေစင်ငါးဆယ်သားရမယ်ဆိုရော ..မင်းဆို အောင်းမှာလား..''
အားကွေ့က မျက်ခုံးပင့်လိုက်ကာ ..
''ရွှေစင်ငါးဆယ် ဆိုရင်တော့ ချီးတွင်းထဲနေရရင်တောင် တန်ပါတယ်ဗျာ ..''
''မှန်တယ် ..ဒါကြောင့်မို့ ငါနဲ့ဝမ်နဲ့ မြေတွင်းထဲ ၀င်အိပ်နေရတာပေါ့..''
''မြေတွင်းထဲ အိပ်ရုံနဲ့ ရွှေစင်ငါးဆယ်ပေးတဲ့လူကတော့ လောကမှာ အရူးဆုံးလူပဲဗျာ ..''
အဘွားအိုတု ကရှေ့သို့ ခြေတလှမ်းတိုးလိုက်ရင်း..
''အိပ်ရုံဆိုရင်တော့ ရွှေစင်နှစ်ဆယ်ပဲကွဲ့ ..နောက်ထပ် အလုပ်ပိုလုပ်ပေးမှ ရွှေစင်သုံးဆယ် ထပ်ရမှာလေ..''
''အင်း ..နှစ်ဆယ်ဆိုလည်း မနည်းပါဘူးဗျာ .. ခင်ဗျားအလုပ်ရှင် အခု ဘယ်မှာလည်း ကျုပ်နဲ့ မိတ်ဆက်ပေးပါလား...''
အဘွားအိုတုက ရယ်လိုက်ကာ ..
''အလုပ်ရှင်နဲ့ မင်းနဲ့ မကြာခင်တွေ့ရတော့မှာပါ .. ဒါပေမယ့် တစ်ခုတော့ ရှိတယ်ကွဲ့ ... အဒေါ်တို့ အလုပ်ရှင်က နည်းနည်းဇီဇာကြောင်တယ်.. ''
အားကွေ့က အဘွားအိုတု၏ ခြေထောက်ကို တချက်ကြည့်လိုက်ပြီး..
''အင်း ...ကျုပ်ကလည်း ဇီဇာကြောင်တဲ့ လူဆို သိပ်မုန်းဗျို့ .. ငယ်ငယ်ကတည်းက ဇီဇာကြောင်တွေနဲ့ပဲ နေခဲ့ရလို့လားမသိဘူး ..ဒါပေမယ့် ရွှေစင်နှစ်ဆယ်ရမယ်ဆိုရင်တော့ သီးငြင်းခံရမှာပေါ့လေ ..မဟုတ်ဘူးလား..''
''မှန်တာပေါ့ကွယ် ..ခေတ်ကာလက အလုပ်အကိုင်ရှားပါးတော့ အလုပ်ရှင်ကို မရွေးနိုင်တော့ဘူးပေါ့ .. အဒေါ်တို့လို အဘွားကြီးတွေဆို ပိုဆိုးတာပေါ့ကွယ် ..အိုကြီး အိုမနဲ့လည်း မြေတွင်းထဲမှာ အိပ်နေရသေးတယ် .. နောက်ထပ် အလုပ်ပိုကလည်း လုပ်ပေးရအုံးမယ် .. အင်း ..ဒုက္ခ ..ဒုက္ခ..''
အားကွေ့က ပြုံးလိုက်ကာ ..
''ဘာပဲပြောပြောလေ ..ရွှေစင်ငါးဆယ်သားရမယ်ဆိုတော့ လုပ်ပျော်တာပေါ့ဗျာ .. ကျုပ်လည်း အလိုချင်သား...''
အဘွားအိုတု ကနောက်ထပ် ရှေ့တလှမ်း ဆက်လှမ်းလိုက်ရင်း..
''အဒေါ်တို့အလုပ်ရှင် ဇီဇာသိပ်ကြောင်တော့ တူမောင်နဲ့ အဆင်မပြေ ဖြစ်မှာ စိုးရိမ်ရသကွဲ့ .. လူငယ်ဆိုတာမျိုးက သီးခံစိတ် ခေါင်းပါးတတ်တဲ့ အမျိုးမဟုတ်လား..''
အားကွေ့က ရယ်ဟဟနှင့်..
''အိုး ..ကျုပ်ခေါင်းကို ဖြတ်မှာမဟုတ်ဘူးဆိုရင်တော့ သီးငြင်းခံသင့် ခံရမှာပဲ .. ခုခေတ်မှာ ဒီလိုငွေရှာဖို့ လွယ်တာမှတ်လို့....''
အဘွားအိုတုက သူမ၏,ကလေးအနှီးဖြင့် ချွေးသုတ်လိုက်ရင်း..
''အင်း.. ခက်တာက ...သူက မင်းခေါင်းကို လိုချင်နေတာကွဲ့...''
ဟုဆိုကာ ..လက်ထဲမှ ကလေးအနှီးဖြင့် အားကွေ့အား လှမ်းရိုက်လိုက်တော့သည်..
''၀ှစ်..၀ှစ်...၀ှစ်...''
====================================
A B နှစ်ပိုင်း မခွဲချင်သော်လည်း ခွဲလိုက်ရတော့၏..
#105B ( အစ၏အဆုံး ..အဆုံး၏အစ )ပတွဲသိမ်း
အားကွေ့မှာ အဘွားအိုတု၏အ၀တ်စလက်နက်အား ဓါးဖြင့် ခံဆောင်လိုက်၏...
''ဖတ်...ဖတ် ...ဖတ် ..''
အဘွားအိုတု၏ လက်နက်မှာထူးဆန်းလွန်းလှသည် .. ဓါးနှင့်အတွေ့၌ သူမ၏ နှစ်တောင့်ထွာ အ၀တ်စမှာ ဓါးအားရစ်ပတ်သွားလေ၏.. အားကွေ့မှာ ရစ်ပတ်ထားသည်ကို ဖြတ်တောက်ရန် ကြိုးစားလိုက်သော်လည်း ပြတ်တောက်ဖို့ ဝေးစွ .. ကော်ဖြင့်ကတ်ထားသကဲ့သို့ လှုပ်ပင်လှုပ်မရပါ.. ထိုအချိန်တွင် စကား တစ်ခွန်းမှ မပြောဘဲ ရပ်ကြည့်နေသော ကတုံးကြီးဝမ်မှာ အပိုင်ဟု တွက်ဆကာ ငှက်ပျောရွက်ခန့်ရှိသော ဓါးကြီးဖြင့် အားကွေ့၏ ခေါင်းမှစ၍ ဒေါင်လိုက် ခုတ်ပိုင်း ချလိုက်တော့၏..
''ယား....ယား...''
''၀ုန်း...''
''၀ှမ်း...''
ခုတ်လိုက်သောအရှိန် ပြင်းထန်လွန်းရကာ ..မြေမှုန်များ ၀ဲဝဲသွားသည့်နည်းတူ အားကွေ့၏ ဆံစများပါ ဖွာလန်ကြဲသွားလေသည် .. အားကွေ့မှာ ဓါးကိုင်လက်အား အပူ အတွင်းအား လွတ်လိုက်ပြီးနောက် .. ခေါင်းပေါ်မှ မိုးကျလာသော ဓါးအား ခြေတလှမ်းစာရွှေ့၍ ရှောင်တိမ်းပေးလိုက်၏.. သို့သော် ၀မ်မှာ ထိပ်တန်းသိုင်းသမား ပီပီ သူ၏ခုတ်ချက်လွဲသွားသည်နှင့် ဓါးကိုအပြားလိုက်လှည့်ကာ အားကွေ့၏ ရင်ဘတ်အား ဆွဲဖြတ်ရန် လမ်းကြောင်းပြောင်းလိုက်သည် ..
''၀ှစ်..၀ှစ်..၀ှစ်...''
ယင်းအခိုက် ဓါးအား လက်နက်ဖြင့်ဖမ်းဆုပ်ထားသော အဘွားအိုတုမှာ သူမ၏လက်အစုံလုံး မီးခဲကြီးကိုင်မိလိုက်သလို ပူလောင်လာ၍ လန့်ဖြန့်သွားကာ ဓါးကို ဖမ်းချုပ်ထားခြင်းမှ လွတ်ပေးလိုက်ရတော့၏... လွတ်လပ်သွားသော အားကွေ့ က ၀ဲလက်ဖြင့် အဘွားအိုတုအား လက်ဝါးရိုက်ချက် တချက်ပေး၍ ၀မ်၏ ဓါးသွားကို တော့ သူ၏ဓါးဖြင့်ပင် လှမ်းတားလိုက်သည်..
''အုန်း..''ကနဲမြည်ဟီးသံနှင့်အတူ အားကွေ့၏လက်ဝါးဆီမှ အအေးလှိုင်းကြီး ထွက်ပေါ်လာ၍ ဂါဝန်ကျွတ်ကျတော့မတတ် ခုန်ပျံရှောင်တိမ်းလိုက်ရ၏.. အဘွားအိုတု မှာ အအေးလှိုင်းကြောင့် သွားတဂတ်ဂတ်ရိုက်နေရာမှ..
''ဘုရား..ဘုရား ..ကံကောင်းလို့ ..ကံကောင်းလို့ .. ငါတစ်ယောက်ထဲသာဆို ဒီတကွက်ထဲနဲ့ ရိုးတွင်းချဉ်ဆီခန်းလို့သေပြီ.. ဒီကောင်လေးရဲ့ အစွမ်းက အံ့မခန်း ပါလား ..အပူလှိုင်းရော ..အအေးလှိုင်းရော တပြိုင်နက်ထဲ သုံးနိုင်တယ် .. ငါတော့ ဒီအလုပ်လက်ခံမိတာ ငါးပါးမှောက်ပြီနဲ့တူတယ်...''
သူမ တွေးနေသည့်အချိန်တွင်..
''ထန်း....''ဟူသော ဓါးခြင်း ထိတွေ့သံထွက်လာကာ ကတုံးကြီးဝမ်မှာ ခြေခုနှစ်လမ်းမျှ နောက်ဆုတ်သွားလေသည်.. အားကွေ့၏ ဖြတ်တားလိုက်သော ဓါးကြောင့် ကတုံးဝမ် နောက်ဆုတ်သွားခြင်းပင်..
သိုင်းကွက်တကွက်ထဲနှင့်ပင် ကတုံးကြီးဝမ်ရော .. အဘွားအိုတုပါ သွေးပျက်သွားကြပြီ ဖြစ်သည်.. အားကွေ့ကတော့ အချိန်လုနေရသူဖြစ်ရာ ခါတိုင်းလို ပါးစပ်လေမတိုက်တော့ဘဲ ..ဒုတိယမြောက် သိုင်းကွက်ကို လျှင်မြန်စွာ ထုတ်သုံးလိုက် တော့၏... သူအသုံးပြုလိုက်သော သိုင်းမှာ အနှစ်ချုပ်သိုင်းကွက်များထဲမှ ဓါးကွက် တစ်ကွက်ပင်ဖြစ်လေသည်.. ၀တ်ရုံနီဂိုဏ်း၏ ရင်ခွဲအသဲလှန် .. လူသတ်ဘုရင်၏ သေမိန့်ဓါးသွား .. တဖက်ကန်းရသေ့၏ အကြင်နာမဲ့ဓါးကွက် ...အစရှိသော အရက်စက်ဆုံး ဓါးကွက်သုံးကွက်အား ခြံရံကာ အနက်ရောင်လောက အနီရောင်အခန်းပါ ဖိန့်ဖိန့်တုန်အမည်ရှိ ဓါးသိုင်းနှင့်ပေါင်းစပ်ထားသော အသစ်စက်စက် ဓါးကွက်ဖြစ်လေသည်..
''၀ှစ်...၀ှစ်...၀ှစ်..၀ှစ်..''
လေထဲတွင် ပိျုးပျိုးပျက်ပျက်သော အလင်းရောင်များနှင့်အတူ အားကွေ့တကိုယ်လုံးမှာ ဓါးသွားကြီးများသာ ဖြစ်တော့၏.. အဘွားအိုတုနှင့် ၀မ်ကတုံးတို့မှာ သူတို့အား လွမ်းခြုံလာသော ဓါးချက်များအား ကြောက်ကန်ကန်ကာ ကာကွယ်ရတော့သည်..
''ထန်း...ထန်း....ထန်း...ထန်း...''
''ချွမ်း...''
အားကွေ့၏ ဓါးချက်မြန်ဆန်မှုက အံ့မခန်းပင်.. မျက်တောင် တချက်ခတ်အတွင်း ဓါးချက် နှစ်ဆယ်မျှ တိုက်ခိုက်ပြီးဖြစ်၏.. အဘွားအိုတုနှင့် ကတုံးကြီးတို့မှာ သူတို့တတ်ထားသမျှထဲမှ အစွမ်းအထက်ဆုံး သိုင်းကို ရှိသမျှ အတွင်းအား အကုန်ထုတ်ကာ အသုံးပြု ခုံခံနေရရှာသည်..
သူတို့သုံးယောက် တိုက်ခိုက်နေကြသည်မှာ ပြင်းထန်းလွန်းလှရာ တောင်ကြားတစ်ခုလုံး တုန်ခါနေပြီးလျှင် ဖုန်လုံးကြီးကလည်း အလိပ်လိုက် အလိပ်လိုက် ထောင်းထောင်းထနေတော့သည်..
''ထန်း....ထန်း...ထန်း...ထန်း....''
တိုက်ပွဲကို ရပ်ကြည့်နေကြသော နရန် ကိုယ်တော်လေးနှင့်ဝမ်ဖုံးတို့မှာ ဖုန်လုံးများကြောင့် တိုက်ပွဲကို မမြင်ရတော့ဘဲရှိနေသဖြင့် ..၀မ်ဖုံးက..
''ကိုယ်တော်လေး.. ဖုန်တွေ အလိပ်လိုက်ထနေတော့ တိုက်ပွဲကို မမြင်ရတော့ဘူး.. ခု ပွဲကို ဘယ်သူနိုင်မယ်ထင်သလဲ..''
ကိုယ်တော်လေးမှာ ပိန်းပိတ်နေသော ဖုန်ထုများထဲမှ လက်ကနဲ လက်ကနဲ ပေါ်ထွက်လာသည့် ဓါးရောင်များကို ငေးကြည့်ရင်း..
''အင်း.. ပြောရတော့ တော်တော်ခက်သားကလား.. အဘွားအိုတုရဲ့ အ၀တ်ပျော့ ကကြိုးလိပ်ပြာသိုင်းကွက်နဲ့ ကတုံးကြီးဝမ်ရဲ့ ဓါးတချက် ဆယ်ခေါင်းဖြတ် သိုင်းကွက်တို့က အခုချိန်ထိ ရှုံးပွဲတပွဲမှ မရှိခဲ့သေးဘူး.. ခက်တာက ဟိုခွေးကောင်လေးရဲ့ သိုင်းကွက်တွေက ခန့်မှန်းလို့မရအောင် ဆန်းပြားနေတယ်ကွ.. ခုနကမြင်နေရတဲ့ ဓါးကွက်ဆိုရင် မြောက်ပိုင်းသိုင်းကွက်လိုလို ..တောင်ပိုင်းသိုင်းကွက် လိုလိုနဲ့ ထူးခြားနေတယ် ... ငါတို့မြင်နေရတာ အလှမ်းဝေးနေတဲ့အပြင် သူ့ဓါးချက် ကအရမ်းမြန်လွန်းတာလည်းပါတယ် .. ဘယ်သူနိုင်မယ် ခန့်မှန်းရမလွယ်ပါဘူးကွာ.. သေချာတာကတော့ ဒီကောင်ကမင်းထက်တော့သာမယ်..''
ဝမ်ဖုံးမှာ ကိုယ်တော်လေး၏ မှတ်ချက်ကြောင့် ခံပြင်းသွားပြီး..
''ကိုယ်တော်လေး ..ဒါတော့ ကျွန်တော့်ကို သက်သက်နှိမ်တာပဲ .. မြေမိစ္ဆာနတ်ဆိုး ဆိုတဲ့ ကျွန်တော့်ကလည်း အခုချိန်ထိ ပြည်မကြီးမှာ ရှုံးပွဲတစ်ပွဲမှ မကြုံဖူးသေးတာ ကိုယ်တော်လေးအသိပဲ..''
၎င်း၏စောဒက စကားကြောင့် ကိုယ်တော်လေးက ၀မ်ဖုံးဘက်လည့်ကာ
''ကောင်းပြီ ...၀မ်ဖုံး ..မင်းဆိုရင် တုနဲ့ဝမ်တို့ နှစ်ယောက်ပေါင်းကို လွယ်လွယ်တိုက်နိုင်ပါ့မလား..''
ဝမ်ဖုံးက ခဏမျှ စဉ်းစားလိုက်ပြီး..
''သူတို့ ကလိမ်ဉာဏ်မသုံးဘဲ ရိုးရိုးတိုက်မယ်ဆို သိုင်းကွက် တစ်ထောင်အတွင်း မနိုင်စရာ အကြောင်းမရှိဘူး ..ကိုယ်တော်လေး..''
ကိုယ်တော်လေးက ဖုန်လုံးများဘက် လက်ညိုးထိုးပြကာ..
''မင်းကြည့်လိုက်... ၀မ်နဲ့တု တို့ ဟိုကောင့်ကို တိုက်နေတာ .. အခုချိန်ထိ အသံတောင် ထွက်မလာနိုင်ဘူး.. မင်းဆိုရင် အခုလောက် သူတို့နှစ်ယောက်ကို ဖိအားပေးနိုင်အုံးမှာ မဟုတ်သေးဘူး.. ဒါ့ကြောင့်မို့ .. မင်းက ဟိုကောင့်ထက် နည်နည်းအဆင့်နိမ့်သေးတယ်ဆိုတာ လက်ခံရမယ် .. အနည်းဆုံး ၀မ်ထုံးနဲ့ မင်းနဲ့ ပေါင်းတိုက်မှ သူ့ကို နိုင်နိုင်မယ် .. ''
ဝမ်ဖုံးမှာ ကိုယ်တော်လေး အားခွန်းတုံ့ပြန်ရန် ပါးစပ်အဟတွင်..
''ဇွပ်...ဖြောင်း...''ဟူသော အသံကြီးနှင့်အတူ ကတုံးကြီးဝမ်၏ပြောင်ဝင်းသော ဦးခေါင်းကြီး ဖုန်လုံးများကြားထဲမှ လွင့်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏.. ယင်းနောက် သိပ်မကြာပါ ..
''ဂျွတ်..ဟူသော အရိုးကျိုးကြေသံနှင့်အတူ ..''အား...''ဟူသည့် နာကျင်သံကြီး ကလည်း စူးစူးဝါးဝါးပေါ်ထွက်လာခဲ့သည်.. အသံကြားရုံနှင့်ပင် .. အဘွားအိုတု ၏အသံဟု ကျိမ်းသေပေါက်တွက်ဆနိုင်ပေ၏...
ဝမ်ဖုံးနှင့် နရန်ကိုယ်တော်လေးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ မင်သက်နေကြရင်း.. ကိုယ်တော်လေးက..
''အင်း.. မထင်မိဘူး ..ဒီကောင် ဒီလောက် စွမ်းနေမယ်လို့ မထင်မိဘူး.. တော်သေးတယ် ..ငါမပေါ့ဆလို့ ..မင်းပြောတဲ့ အတိုင်းသာ အဲ့နှစ်ယောက်ကိုပဲ အားကိုးလိုက်ရင် ..အခုချိန်ဆို ငါ့သောက်ရှက် တပြားမှ ရှိတော့မှာ မဟုတ်ဘူး..''
ဟုရေရွတ်ကာ ဖုန်လုံးကြားမှ တလှမ်းခြင်း ထွက်လာသည့် အားကွေ့ကို ကြည့်ကာ ..
''မြန်လိုက်တဲ့ သတ်ပွဲ ..အဆင့်မြင့်ထိပ်တန်းသိုင်းသမားနှစ်ယောက်ကို အချိန်တိုအတွင်းမှာ ပွဲသိမ်းလိုက်နိုင်တယ်ဆိုတော့ ..သူ့ဓါးပညာဟာ မုယုံစုယဲ့ ထက်တောင်သာနိုင်လောက်ပြီ..''
ဝမ်ဖုံးကတော့ တွက်ကိန်းမှားသွားပြီမို့ မည်သည့်အသံမှ ထွက်မလာ လေတချွန်ချွန်နှင့် သောက်မြင်ကတ်ဖွယ် လျှောက်လာသော အားကွေ့ကိုသာ ဒေါသမျက်လုံးနှင့်စောင့်ကြည့်နေတော့၏...
မြောက်ကြွမြောက်ကြွနှင့် လေတချွန်ချွန်လျှောက်လာသော အားကွေ့ကတော့ အများအမြင်တွင်သာ ပေါ့ပေါ့ဆဆနှင့်ထွက်လာသည်ဟုထင်မည် အမှန်တော့ သူ၏ဦးနှောက်ထဲတွင် အစစအရာရာကိုတွက်ဆနေမိသည်.. ကတုံးကြီးဝမ်နှင့် အဘွားအိုတုလို အောက်လမ်းသိုင်းအကျော်အမော်မျိုးကို ရှေ့ပြေးမှ တိုက်ခိုက်စေသည့်အတွက် နောက်လာမည့် သူများမှာ ထိုနှစ်ယောက်ထက် ဘယ်နည်းမဆို သာမည်မဟုတ်လား ..
သို့သော် သူ၏တမုဟုတ်ချင်းတိုးတက်လာသော သိုင်းပညာကိုလည်း တဖက်မှ အားရကျေနပ်မိသည်ကတော့ အမှန် .. အဘွားအိုတု၏ အ၀တ်ပျော့ ကကြိုးလိပ်ပြာသိုင်းကွက် .. ကတုံးကြီးဝမ်၏ ဓါးတစ်ချက် ဆယ်ခေါင်းဖြတ်သိုင်းကွက် တို့အား သူ၏စုပေါင်း သိုင်းကွက်ဖြင့် အကွက်နှစ်ရာအတွင်း အနိုင်ယူလိုက်နိုင် သည်ပင်.. တစ်ရာ့ကိုးကွက်တွင် ကတုံးကြီးဝမ်၏ခေါင်းအား ဖြတ်လိုက်နိုင်ပြီး .. တရာ့သုံးဆယ်မြောက်တွင် တုအဘွားကြီး၏ လည်ပင်းအား ကန်ချိုးလိုက်နိုင်ခဲ့၏..
သို့နှင့် အားကွေ့မှာ ကျေနပ်အားရမှု တဖက် .. သတိကြီးမှု တဖက်နှင့် လျှောက်လှမ်းလာရာ ကျောက်ဂူအ၀သို့တိုင် ရောက်လာခဲ့သည်.. အ၀တွင် ရပ်ကာ မည်းမှောင် တိတ်ဆိတ်နေသော လှိုင်ဂူအတွင်းသို့ စိုက်ကြည့်ရင်း .. ဆဌမအာရုံ၏ နိုးဆော်ချက်အရ ကျောက်ဂူတောင်ထိပ်သို့ မော့ကြည့်မိလိုက်သည်...
ဝမ်ဖုံးမှာ အားကွေ့သူတို့ဆီလှမ်းကြည့်လာသဖြင့် မည်သည့်အတွက်ကြောင့်မှန်း မသိ ..ထိတ်ကနဲ ဖြစ်သွားလေ၏.. နရန်ကိုယ်တော်လေးကတော့ အားကွေ့အား တုံ့ပြန်စိုက်ကြည့်ကာ ..
''အင်း.. အနီးကပ်မြင်ရမှ ဗလာချာ ဥပတိရုပ်မှန်းသိရတော့တယ် .. ရုပ်ကလာပ်က စုတ်ပြတ်နေသလို .. ၀တ်စားပုံကလည်း သူတောင်းစားထက်တောင် မွဲတေနေသေးရဲ့ .. ဒါပေမယ့် နှလုံးရည် လက်ရုံးရည် သိပ်မဆိုးဘူးလို့ ဆိုရမယ်.. ငါ့အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်တဲ့ အရည်အချင်းမျိုး ဒီကောင့်မှာရှိတယ် .. အစောကြီးကသာ ပြိုင်ဘက်ကောင်းမှန်းသိရင် ငါမင်းကို တခါထဲ အပြတ်ရှင်းမိမှာ မဟုတ်ဘူး.. ဉာဏ်ရည်ခြင်း ကစားတဲ့ ပွဲမျိုး ဖန်တီးလို့ မင်းကို ဒီ့ထက် အထိနာအောင် လုပ်မိမှာ သေချာတယ်.. အခုတော့ မင်းကံကောင်းသွားတာပေါ့ကွာ.. ကိုင်း ..မင်းသေတွင်းထဲကိုသာ အေးအေးဆေးဆေး ၀င်သွားပေတော့...''
အားကွေ့ကတော့ နရန်ကိုယ်တော်လေး၏ အတွေးကိုမသိပါ... တောင်ထိပ်တွင် တစ်စုံတစ်ယောက်ရှိမည်မှန်းသိသော်လည်း .. စူးရှသော နေရောင်က ကာဆီးထားသည်မို့ မည်သည်မှ မမြင်ရသဖြင့် .. သက်ပြင်းရှိုက်လိုက်ပြီး ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကျောက်ဂူအတွင်းသို့ လှမ်းဝင်လိုက်တော့၏..
အထဲသို့ လှမ်းဝင်လိုက်သည်နှင့် အေးစိမ့်သော ခံစားမှုနှင့်အတူ အောက်သိုးသိုး အနံ့အသက်များက နှာခေါင်းထဲသို့ တိုးဝင်လာသည်.. အားကွေ့မှာ ခြေလှမ်းတိုင်းကို သတိထားကာ အမှောင်တွင်းသို့ တရွေ့ရွေ့တိုးဝင်သွားလေ၏.. သို့နှင့် ခြေလှမ်း ငါးဆယ်မျှ အရောက်တွင် ..
''ဂျိမ်း...''ဟူသော မြည်သံကြီးနှင့် အပြင်မှဝိုးတ၀ါးတိုးဝင်နေသော အလင်းရောင်သည် ဖြတ်ကနဲ ပျောက်ကွယ်သွားတော့သည်...
သွားပြီ .. ကျောက်ဂူဝအား တစ်စုံတစ်ယောက်မှ လုံးဝပိတ်ပစ်လိုက်လေပြီ.. ယခုမှ အမှောင်ထုသည် ပိန်းပိတ်ရုံတင်မက ..မည်သည်မှ မမြင်ရအောင် ဘ၀ဂ်တခွင်လုံး အမှောင်ဖုံးလေတော့၏....
အေးစိမ့် သော လေထုက တိုး၍ တိုး၍ အအေးပိုလာချေတော့သည်တကား..
ဤသို့ဖြင့် မည်းသော ...မှောင်သော ..ချောက်ခြားစရာကောင်းသော ဂူအတွင်းတွင် မည်သို့ကြုံတွေ့လာနိုင်အုံးမည် မသိသော ရန်သူများအား ယှဉ်ပြိုင်ရန် တော့ သူ၏ လုံ့လ ၀ီရိယ ဉာဏ်ရည်နှင့် ဇွဲသတ္တိအပေါ်တွင်သာ မှီတည်နေတော့သည် တမုံ့......
=====================
ဤတွင် ကျွန်ုပ်၏ စာစဉ်ပထမတွဲကြီး အဆုံးသတ်လေတော့၏...
တူနယ်တယ့်နယ်လဗြောင်...
==================
P.S ..စာစဉ်ကို PDF file ပြောင်းနေတာ .. Font ကြီးနေလို့လားမသိဘူး .. (ZawGyi 10.5)A4 စာမျက်နှာ ..1400ကျော်ရသဗျ .. စာလုံးအကျတွေ ပြင်ရဆင်ရနဲ့ နှစ်ရက်လုံးလုံး ပြန်စစ်တာ အခုမှ 700ကျော်ပဲရောက်သေးတယ် .. ပြီးရင်တော့ တင်ပေးပါ့မယ် .. တချို့နည်းနည်းပြောင်းထားတယ် ..
နက်ဖြန်တော့ မန်းလေးသွားမှာမို့ .. မလုပ်နိုင်လောက်ဘူး.. နောက် နှစ်ရက်လောက်နေရင် ..PDF File တင်ပေးပါ့မယ်ခင်ဗျာ ..
အခုချိန်ထိ မညီးမငြူ စောင့်ဖတ်ပေးကြသော ချစ်မိတ်ဆွေအပေါင်း ရွှင်လန်း ချမ်းမြေ့နိုင်ကြပါစေ ..ရေခဲလိုအေး၍ .. အော်ဒီကလုံးလို မွှေးပျံ့နိုင်ကြပါစေ..
ကျိုင်းဇူးပါခင်ဗျာ ..
သောကြာနေ့ ..ရှစ်ရက်..ဒီဇင်ဘာ နှစ်ထောင့်ဆယ့်ခွန် ( 5:45)တွင် ပထမတွဲပြီး၏...
... ပြည့်ဖြိုးစံ...

Comments
Post a Comment