အားကွေ့ အပိုင်း (၆၆ မှ ၇၀ ထိ)
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၆၆
ချက်ခြင်းခုန်ထလိုက်ပြီး တုန်ယင်သော လေသံနှင့်
''ကျင်းကျူး ..ကျင်းကျူး ဘာဖြစ်လို့လဲ ဆရာကြီး ..ဘယ်လိုဒုက္ခရောက်တာ လည်း..''
အားကွေ့၏ ရုပ်ပျက်ဆင်းပျက်အမူအယာကြောင့် ကျင်းကျူးအပေါ် သံယောဉ်ဇဉ် ကြီးမားဆဲ ..အလေးထားဆဲ ဟု ဘဘဟုန်းသိလိုက်ရသဖြင့် စိတ်ပြေသလောက်ဖြစ်သွားသည်.. မိန်းကလေးပိုင်ကမူ မိန်းကလေးတစ်ယောက် နာမည်ကြားရုံမျှနှင့် အမူအယာမထိန်းအောင်တော့သော အားကွေ့အား နားမလည်ခြင်း ..၀မ်းနည်းခြင်း အစရှိသော ခံစားချက်များနှင့်ကြည့်နေမိ၏ ..
ဘဘဟုန်းက နေပြည်တော်မှထွက်လာသည်မှစ၍ ကျင်းကျူးအဖမ်းခံလိုက် ရသည်အထိပြောပြလိုက်သည်..
''ငါလည်း ကလေးတွေပြောပြလို့ ကျင်းကျူးကို ဖမ်းသွားတဲ့ကောင်က ခေါင်းဆောင်းပါတဲ့ အမည်းရောင်ဝတ်ရုံရှည်ကြီး ၀တ်ထားတယ်လို့ သိလိုက်ရတာနဲ့ တုံးမင်လမ်းအတိုင်းလိုက်လာတာ မင်းကိုတွေ့တာပဲ .. တွေ့တွေ့ချင်းသတိမထား မိဘူး ..ဘုန်းကြီးရွှီကြွင်းပြောပြထားလို့ မင်းပုံစံကို ဖမ်းမိပြီးငါပြန်လှည့်လာတာ ..''
ဘုန်းကြီးရွှီကြွင်းဟူသောနာမည်ကို ကြားသည်နှင့် အားကွေ့က သတိရ သွားပြီး ..
''ဆရာကြီး ..ရှောင်းဟူက ကျင်းကျူးဆီမှာလား ..''
''အေး...ငါလည်းအခုမှသတိရတယ် ကျင်းကျူး အ၀တ်ထုတ် နဲ့ထုတ်ပြီး ကျောမှာလွယ်ထားတော့ ပါသွားတယ်နဲ့တူတယ် ဟိုမှာမကျန်ခဲ့ဘူး''
အားကွေ့က သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး ..
''ဟူး ..ရှောင်းဟူပါသွားရင်တော့ နည်းနည်းစိတ်သက်သာဖို့ရှိတယ် .. ဒါပေမယ့် အမြန်လိုက်သွားမှ .. ဒီကောင်ကရထားလုံးနဲ့ပြေးသွားတာဆိုတော့ ''
''ရထားလုံး.. အဲ့ကောင်ကို မင်းတွေ့လိုက်တယ်ပေါ့ ဟုတ်လား..''
အားကွေ့က အနည်းငယ်ယောင်လာသော ပါးကို လက်ဖြင့်ပွတ်လိုက်ရင်း ..
'' ဟုတ်တယ်ဆရာကြီး .. ကျွန်တော်လည်း ကျင်းကျူးကိုဖမ်းလာတာသိရင် အဲ့ကောင်ကို မြေမြုပ်ပစ် လိုက်ပါတယ် ''
မိန်းကလေးပိုင်က သူတောင်းစားအဘိုးကြီးအား မကြည်သောအကြည့် နှင့် ကြည့်လိုက်ပြီး အားကွေ့ဘက်လှည့်ကာ
''အကိုအားကွေ့ သူ့နောက်လိုက်သွားရင် ဟိုကြွက်ကိစ္စဘယ်လို
လုပ်မလဲ''
အားကွေ့မှာ မိန်းကလေးပိုင်စကားကြောင့် တွေ ကနဲဖြစ်သွားကာ စဉ်းစားလိုက်ပြီး
''မိန်းကလေးပိုင် .. ကြွက်ကိစ္စက ရက်သုံးဆယ်အတွင်း ဖြေရှင်းလို့ရတယ် .. အခုကျင်းကျူးကတော့ လုံးဝနောက်ကျလို့မဖြစ်ဘူး ..ဒီတော့ မိန်းကလေးပိုင်က ဘကြီးနန်တို့နဲ့ နေရစ်ခဲ့ပြီး သူတို့အစီအစဉ်အတိုင်း ကူညီပေးပါ.. ကျင်းကျူးကို ကယ်ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်''
''ကျွန်မရောလိုက်ခဲ့လို့မရဘူးလား .. ''
''မရဘူး .. ''
ထိုစကားကို အားကွေ့ဖြေလိုက်ခြင်းမဟုတ်ပါ ... ဘဘဟုန်းက ၀င်ဖြေ လိုက်ခြင်းဖြစ်သည် .. တဆက်ထဲ ဘဘဟုန်းကအားကွေ့အား ..
''ကဲ..အားကွေ့မင်းလိုက်မှာလား မလိုက်ဘူးလား .. ဟိုကောင်နဲ့ငါတို့ နဲ့ တော်တော်ကွာနေပြီ..''
အားကွေ့က စကားပြန်မပြောတော့ မြင်းလည်းဆီသို့သွားကာ ယူစရာရှိ သည်များကိုယူပြီး မိန်းကလေးပိုင်အား နူတ်ဆက်ကာ ရထားလုံးထွက်သွားရာ အရပ်သို့. ဘဘဟုန်းနှင့် လိုက်သွားတော့၏ ...
မိန်းကလေးပိုင်မှာ အရိပ်သဖွယ်လျင်မြန်လှသော ထိုနှစ်ယောက် ပျောက်သွားသည်အထိ ရပ်ကြည့်နေရင်း သူမ၏ မျက်လုံးထဲတွင် မျက်ရည်စများ ရစ်ဝဲလာတော့သည်...
++သံယောဇဉ်ဟူသည်မှာ ပျော်ရွှင်ခြင်းရော ၀မ်းနည်းခြင်းကိုပါပေးစွမ်းနိုင် စွမ်းရှိသည့် လောကကြီး၏ လက်ဆောင်တစ်ခုပင်မဟုတ်လား..++
=========================
ဝူပေမြို့ ဈေးလမ်းအကျော်တွင် ကြီးမားသော အနီရောင်အဆောက်အဦ တစ်ခု ရှိပါသည်.. ယခင်က ထိုအဆောက်အဦသည် သိုင်းလောကတွင် ပျောက်ဆုံးနေ သည်မှာ ကာလအတော်ကြာပြီဖြစ်သော မိုးကြိုးဓါးလွေစု၏ မိုးကြိုးအာမခံဌာန ဖြစ်ခဲ့ သော်လည်း ယခုအချိန်တွင်မူ ပန်းနီနီအာမခံဌာနဖြစ်နေလေပြီ..
အကယ်၍လွေစုသာ သူ၏ဌာနေဟောင်းကို ပြန်ရောက်လာမည်ဆိုလျှင် ပါးစပ်အဟောင်းသားဖြစ်သွားမှာသေချာလောက်ပေသည်.. သူ့လက်ထက် အာမခံ ဌာနနှင့် ယခုဌာနနှင့်မှာ ဆီနှင့်ရေပမာ ကွာခြားနေပြီ...
ဌာန၀င်းအတွင်း လူဦးရေ ရှစ်ရာခန့်တန်းစီကာ သိုင်းလေ့ကျင့်နေကြ၏ .. ညီညာသောလှုပ်ရှားမှုနှင့်ရဲရဲတောက်နေသော ၀တ်စုံတို့ကြောင့် အနီရောင်ပဆုပ်ပန်း များ ကခုန်နေသည့်အသွင်ရှိသည်...
ပျိုးကနဲ ပျက်ကနဲ့လင်းလက်လာသော ဓါးအရောင်တို့ကလည်း တံလျှပ် သဖွယ်တောက်ပနေကြ၏ .. သိုင်းလေ့ကျင့်နေကြသော အာမခံဌာနသိုင်းသမားများ ကို ကြီးကြပ်လမ်းညွှန်နေသူမှာ လူ့ဘီလူးအလား ထွားကြိုင်းလှပြီး သူ၏ကိုယ်တွင် လက်နက်လေးမျိုးချိတ်ဆွဲထားသည် .. ကြီးမားလှသောတဖက်သွား ဓါးရှည် တစ်လက်.. ပုဆိန်တိုနှစ်ချောင်း .. ဆူးပါသောသံတင်းပုတ်ကြီးတစ်ခု နှင့် နှစ်ဘက်ခွ သံမဏိလှံရှည်ကြီးဖြစ်သည်..
''ယား..ဟိတ်...''
''ကျား..ဟား.''
သိုင်းလေ့ကျင့်လှုပ်ရှားရာမှထွက်လာသောအသံ မာန်သွင်းအားယူသံ ... လေဟုန်ခွင်းသံတို့က ဆူညံပွက်လောရိုက်နေ၏ .. အာမခံတစ်ခုနှင့်လုံးဝမတူဘဲ သိုင်းဂိုဏ်းကြီးတစ်ခု သို့မဟုတ် စစ်တပ်တစ်တပ်နှင့်အလားသဏ္ဍန်ပိုတူနေသည် ..
ပန်းနီနီအာမခံဌာနဂေဟာကြီးပေါ်ဝယ် .. လက်တစ်ပြတ်လူနှစ်ယောက်နှင့် အိပ်ယာပေါ်ပက်လဲနေသော လူတစ်ယောက်တို့ စကားလက်ဆုံကျနေကြသည်...
ထိုလူများမှာဖားပြုတ်အိုကြီးပုဝူးလူသွဲ့ .. တပည့်ကျော်ရှု့ယီနှင့် ပုရိသ ဘ၀ဆုံးသွားသော သွေးအရိပ်တို့ဖြစ်သည်..
ပုဝူးလူသွဲ့ကသွေးအရိပ်ခြုံထားသောစောင်ကို လှပ်ကြည့်လိုက်ပြီးနောက် ..
''အင်း ..အနာကကျက်တော့ကျက်နေပြီ .. နောက်နှစ်လလောက်ဆို ပျောက်တန်ကောင်းပါရဲ့ ..သက်တော့သက်သာလာတယ်မို့လား''
သွေးဆုတ်ဖြူရာလဲလျောင်းနေသော သွေးအရိပ်က ခေါင်းကို အသာငြိမ့် ပြလိုက်ပြီး ..
''သက်သာပါတယ် ဆရာကြီး .. ဟိုကောင့်သတင်းရောဘာများကြားသေး လည်း''
''အားကွေ့ကိုမေးတာလား .. ''
ဖားပြုတ်အိုမှာ ရွှေရောင်အစက်အပျောက်နှင့်လူငယ် ဟု သွေးအရိပ်ပြော ကတည်းက ပုံပန်းသဏ္ဍန်အား တွက်ဆကာ အားကွေ့မှန်းသိပြီးဖြစ်သည် .. ထို့ကြောင့် နာမည်တပ်မေးလိုက်ခြင်းသာ ..
''ဟုတ်တယ်ဆရာကြီး အဲ့ကောင်ကို အရှင်ဖမ်းမိရင် ကျွန်တော့် လက်ထဲသာအပ်ပါ''
ဖားပြုတ်ကြီးက မဖြစ်နိုင်ဘူးဟု ခေါင်းယမ်းပြလိုက်ကာ ...
''အားကွေ့ကို အရှင်ဖမ်းရမယ့်အလုပ်က လက်နှစ်ဘက်ပြတ်နေတဲ့ လူ ဆီဆွတ်ထားတဲ့ ငါးရှဥ့်ဖမ်းနေသလိုပဲ .. တော်တော်ခက်တယ်ကွ .. ငါဆုငွေ ထုတ် ထားတာက ဒီကောင်ကို သိုင်းလောကသားတွေနဲ့ ရန်တိုက်ပေးလိုက်တဲ့ သဘော..''
သွေးအရိပ်က အသံယဲ့ယဲ့နှင့် ..
''ဒီကောင်က အဲ့လောက်စွမ်းလို့လားဗျာ .''
''သိုင်းစွမ်းတာမစွမ်းတာက ပြသနာမဟုတ်ဘူးကွ ..ဒီကောင့်ရဲ့ ဉာဏ် ရည်ဉာဏ်သွေးက ပြသနာ .. မင်းကသူ့အကြောင်း ဘယ်သိမလဲ ငါနဲ့ ရှု့ယီကတော့ ကောင်းကောင်းသိတယ်.. တကယ်မလွယ်တဲ့ကောင်..''
သွေးအရိပ်မှာမျှော်လင့်ချက်ကုန်သွားသူပမာ စကားမပြောတော့ဘဲ .. မျက်စိနှစ်လုံးကို ပြန်မှိတ်ကာ မှိန်းနေတော့၏...
ဖားပြုတ်အိုက သူ့နောက်တွင်ရပ်နေသောရှု့ယီဘက်လှည့်ကာ ..
''ရှု့ယီရေ့ သိုင်းလောကမှာ ခုတလော ဘာတွေထူးခြားသေးသလဲ..''
''ထူးတော့တော်တော်ထူးတယ်ဆရာကြီး .. သတင်းတွေက စုံနေတာပဲ .. ဆရာကြီးမုန့် သိုင်းလောကထဲကို ၀င်လာတယ် .. တောင်ပင်လယ် နတ်ရွှေနဂါး သခင်လေးနဲ့အစွယ်နှစ်ချောင်းဖျံမင်းကို ၀ူတန်က တိုက်ခိုက်လွတ်လိုက်တယ် .. ရွှေဗျိုင်းဖြူ စံအိမ်မင်္ဂလာပွဲပျက်ပြီး လူခုနှစ်ဆယ်ကျော် သေကုန်တယ် .. မြောက်ပိုင်း ရှောင်လင် ဂိုဏ်းသားတချို့သိုင်းလောကထဲကို ဆင်းလာတယ် .. ဟိုက်ထုံးဂိုဏ်းက ပြန်လှုပ်ရှားနေသလို .. ပုဝါဖြူဂိုဏ်းကလည်း ကြိုကြားကြိုကြားလှုပ်ရှားမှု ရှိလာတယ် မဟာမိတ်ဂိုဏ်း အကွဲအပြဲသတင်းထွက်နေတယ် .. ရှောင်လင်ဂိုဏ်းချုပ်ကြီး နာမကျန်း ဖြစ်နေတယ်ကြားတယ် .. ၀ူတန်ဂိုဏ်းချုပ်ကြီးရဲ့တပည့်က နှစ်ရက်ထဲနဲ့ အောက်လမ်းသိုင်းသမား ဆယ်ခြောက်ယောက်ကို သတ်ဖြတ်ပြီး အဖြူရောင်သစ္စာဓါး ဘွဲ့နဲ့ နာမည်ကြီးလာတယ် .. ၀ါဆန်းဂိုဏ်းကလက်ဝဲလက်ယာရံနှစ်ယောက်ကလည်း နာမည်ကျော်အောက်လမ်းသိုင်းအဖွဲ့အစည်း သုံးခုကို ဖြိုဖျက်ပြီး အမှောင်ကို ခွင်းမယ့် ဘယ်ညာအမွှာဓါးဆိုတဲ့ဘွဲ့ခံလိုက်တယ် .. အားကွေ့ကိုတော့ ပဟေဋိဆန်တဲ့ အရှုပ် ရွှေထုတ်ကြီး လို့ သိုင်းလောကသားတွေခေါ်ကြတယ်ဗျ .. မုယုံစုယဲ့ ရဲ့သား အကြီး ကောင်ကလည်း သူ့အရိုးသူပြန်ထိုး သိုင်းပညာနဲ့သျှမ်းသျှမ်းတောက်လာတယ် ..ပြီးတော့ အရေးအကြီးဆုံးသတင်းနှစ်ပုဒ်လည်း ကျွန်တော်ရထားသေးတယ်..''
ဖားပြုတ်အိုကြီးက စိတ်ဝင်စားစွာဖြင့်
''သတင်းတွေကတော့ သတင်းကောင်းတွေပဲကွ ... သိုင်းလောကကြီး ဆူပွက်လေလေကောင်းလေလေပဲ .. စည်းလုံးနေတဲ့ သိုင်းလောကကို ရင်ဆိုင်ရမှာ ထက် ဖရိုဖရဲဖြစ်နေတဲ့ သိုင်းလောကသားတွေကို ရင်ဆိုင်ရတာက ပိုလွယ်တယ် .. ကိုင်း လုပ်စမ်းပါအုံးအရေးကြီးသတင်းလေး ..''
''ဒီလိုဆရာကြီး .. ဆရာကြီးမုန့်သိုင်းလောကကို ဆင်းလာတဲ့ အကြောင်းရင်းပေါ့.. ''
''အော် ..ငါ့ကို စကားလမ်းပျိုးပြနေရသေးတယ် .. ဆက်ပြော..''
''ကျွန်တော်တို့ ရှောင်လင်ကို မ၀င်သေးခင် သိုင်းဂိုဏ်းအသီးသီးမှာ သူလျှို လွတ်ထားတဲ့ အသီးအပွင့်ပေါ့ဗျာ .. ဆရာကြီးရဲ့ လုပ်ပုံကိုင်ပုံတွေကို အတုယူ ပြီး ကျွန်တော့်သူလျှိုတွေကို အောက်စည်းကနေ သွင်းလိုက်တယ်လေ.. အလုပ်ကြမ်း သမား .. အိမ်အကူ .. မင်းစေ တို့လိုပုံစံပေါ့ ..ဒါမှ သူတို့ သတင်းစုံစမ်းလို့ အဆင်ပြေမှာကိုး .. ပြီးတော့ ဒီလိုအဆင့်တွေက ကြိုက်တဲ့နေရာသွားလို့လည်း ရတယ် ဘယ်သူမှ လူရာမှမသွင်းဘဲ..''
''ရှု့ယီ ငါ့အကြံအစည်တွေကို ငါ့ကို လာရှင်းပြမနေစမ်းနဲ့ လိုရင်းကို ပြောကွာ ..'''
''ခွန်လွန်းမှာရှိတဲ့ ကျွန်တော့်သူလျှို့က သတင်းပို့လာတယ် ဆရာကြီးမုန့် တောင်ပေါ်ကဆင်းလာတာခွန်လွန်းရဲ့နေမင်းတစ်ထောင်အတွင်းအားဆေးလုံးကြောင့် တဲ့ .. အဲ့ဆေးလုံးက ပျောက်ဆုံးနေတာကြာပြီ.. အခုမှ သတင်းရလို့ သူကိုယ်တိုင် ဆင်းလာတာ .. သူမဆင်းခင် ကျောက်ကျူးထင်ကို အရင်စုံစမ်းခိုင်းလိုက်သေးတယ် .. ဒါပေမယ့် ကျောက်ကျူးထင် ကိုခိုင်းလိုက်ပြီးတော့ ပိုသေချာအောင် သူကိုယ်တိုင် လိုက်သွားလို့ပြောတယ်ဗျ..''
ဖားပြုတ်အိုက ထိုဆေးလုံးအကြောင်းကြားလိုက်သည်နှင့် လောဘ ရမ္မက်တောင်ပြောင်နေသော မျက်နှာဖြစ်သွားကာ ငမ်းငမ်းတက်လေသံနှင့် ..
''အခုဘယ်သူ့လက်ထဲမှာရှိသတဲ့လဲ .. မင်းမြန်မြန်စုံစမ်း.. ဆရာကြီးမုန့် လက်မဦးခင်ငါတို့ရဖို့ အရေးကြီးတယ် .. နောက်သတင်းတစ်ပုဒ်ကရော ဘာတဲ့လည်း ''
''မုစန်းသိုင်းပါရဂူရဲ့ သိုင်းကျမ်းအနှစ်ချူပ်ဟာ ဘုန်းကြီးတစ်ပါးဆီမှာ ရှိသတဲ့ ..''
ဖားပြုတ်အိုကြီးသည် ထိုစကားကြောင့် ၀မ်းသာလုံးဆို့မတတ်ဖြစ်ပြီး
''ဘယ်..ဘယ်..ဘယ် ဘုန်းကြီးဆီမှာတဲ့လဲ .. ''
''ကျွန်တော့်တပည့်တွေကို ဖြန့်ပြီးသတင်းစုံစမ်းခိုင်းထားတယ် .. ဒါပေမယ့် ဒီသတင်းက ကျွန်တော်တို့တစ်ယောက်ထဲကြားတဲ့သတင်းမဟုတ်ဘူး ..''
''ဘယ်သူတွေသိသေးလည်း ဒီသတင်းကို .. လူများများမသိခင် အဲ့ကောင်တွေကို ရှင်းပစ်မှရမယ် ..'''
ရှု့ယီကတစ်ဖက်တည်းကျန်တော့သော လက်ကို မြောက်ပြလိုက်ကာ ..
'' သတင်းကြားပြီးသူ သုံးဆယ့်ရှစ်ယောက်ကို ရှင်းပြီးပြီ.. ဒါပေမယ့် ဒီလောက်မကဘူးနဲ့တူတယ် .. '''
''သတင်းရင်းမြစ်ကဘယ်ကစတာလည်း ..''
''ကျန်းနန် ပန်းလှေပေါ်ကသတင်းမို့လို့ ရှင်းရခက်တာဆရာကြီး .. သတင်းကိုစတဲ့သူကတော့ နတ်ရွှေနဂါးဂိုဏ်းကသခင်လေးနဲ့သူ့ဆရာကစတာပဲ .. သူတို့နှစ်ယောက် ခေါ်ပြီးပျော်ပါးတဲ့ကောင်မလေး အိပ်နေပြီထင်ပြီးတိုင်ပင်နေကြတာ တကယ်တော့ကောင်မလေးက အကုန်လုံးကြားသွားရော ..နောက်တော့..''
''ဒီလောက်ဆို ငါနားလည်ပြီ ..ဒီသတင်းဟာ လုံးဝပိတ်လို့မရနိုင်တဲ့ သတင်းမျိုးဖြစ်သွားပြီ .. ဒါပေမယ့် ဘုန်းကြီးကဘယ်သူဘယ်ဝါမှန်းတော့ မသိသေးကြဘူး မို့လား .. ဒီအချက်က ငါတို့လက်ဦးရမယ့် အချက်ပဲ .. ''
ဖားပြုတ်အိုမှ မည်သို့မည်ပုံစီမံရမည်တွေးတောနေတုန်း .. ရှု့ယီက
''ဆရာကြီး နောင်ကြီးသွေးမြွေပွေးတစ်ယောက် မတွေ့ပါလား .. ''
ဖားပြုတ်ကြီးမှာ ယခုမှသတိရသွားသည့်နှယ် ..
''အေး ဟုတ်တယ်..ငါကလည်းမင်းကို သတင်းကောင်းတစ်ပုဒ်ပြန်မပြော ရသေးဘူး .. အခုငါတို့ကို နန်းတွင်းက မြောက်စားတော့မယ်ကွ..ဟားဟားဟားဟား''
ရှု့ယီမှာ အရင်းမရှိအဖျားမရှိစကားကြောင့်ကြောင်သွားသဖြင့်..
''ဘယ်လိုဖြစ်လို့လည်း ဆရာကြီးရဲ့ ..''
''ဒီလိုကွ .. သွေးမြွေပွေးက ငါတို့အတွက် လူသူစုဆောင်းရင်းနဲ့ နေပြည်တော်ကိုရောက်သွားတယ် ..အဲ့မှာ ကုန်းကုန်းတစ်ယောက်နဲ့ အသိအကျွမ်း ဖြစ်ကြရော ... ကုန်းကုန်းက ရိုးရိုးအဆင့်မဟုတ်ဘူးကွ .. နန်းတွင်းထဲမှာ အာဏာ စက်ပြင်းတဲ့ အနောက်ဆောင်မိဖုရားကြီးရဲ့ လက်စွဲတော် .. သူကနေတဆင့် အမတ်ချုပ်ကြီးက ငါတို့အကြောင်းကို သိသွားပြီး သူနဲ့ပူးပေါင်းဖို့ ကမ်းလှမ်း လာတယ်လေ ..အဲ့ကိစ္စအတွက် ဒီကောင့်ကို နောက်ထပ်နေပြည်တော်ကို ပြန်လွတ် လိုက်ရတာပဲ.. မင်းနဲ့ငါနဲ့ကတော့ သူ့ဆီက စာပို့ခိုရောက်လာတာနဲ့ နေပြည်တော် ကို ချက်ခြင်းသွားရမှာ ..ဟားဟားဟားဟား ..ငါတို့ဆရာတပည့်နှစ်ယောက်ရဲ့ လမ်းဟာ ရှေ့လျှောက်သာယာမှုကြီးပဲရှိတော့တယ်ကွ..''
ရှု့ယီ၏မျက်နှာကြီးသည် ပြုံးရွှင်လျှက်ရှိတော့သည် .. သည်လို ဆရာမျိုးနှင့်တွေ့ဆုံရသည်မှာသူ့အတွက် ကံကောင်းမှုတရပ်ပင် .. မိုးနတ်မင်းကြီး ၏ ဂုဏ်ပြုဆု တစ်ခုပင် .. ထို့နောက်သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ၀မ်းသာအားရ ရယ်မောလိုက်ကြသည် ..
''ဟား..ဟားဟားဟား..''
ဝင်းကွက်လပ်အတွင်းမှ သိုင်းလေ့ကျင့်ပြီး၍ အနားယူနေကြသော သိုင်းသမားများမှာ အိမ်ဂေဟာမှ လွင့်ပျံလာသော ရယ်မောသံကြောင့် အလိုလို ပျော်လာကာ ပြုံးစိစိဖြစ်ကုန်ကြသည်..
++ ရယ်မောခြင်းနှင့် ပြုံးခြင်းဆိုသည်မှာ ပျော်ရွှင်ခြင်း အထိမ်းအမှတ် မဟုတ်လား ...ထိုအရာကိုမှဖောဖောသီသီ အသုံးမပြုလျှင် လူဖြစ်ရကျိုးနပ်တော့မည် မဟုတ်ပေ ++
================================
အားကွေ့သည် သူ့အရှေ့ ၀ါးနှစ်ရိုက်အကွာခန့်မှပြေးလွှားနေသော ဘဘဟုန်းကို ဒီ့ထက်ပိုမဝေးသွားအောင် ကျိုးစားလိုက်နေရသည် ..
''အင်း ဘဘဟုန်းက ခြေထောက်သာ ထော့ကျိုးမဟုတ်ရင် ငှက်လိုများ ပျံလိမ့်အုံးမလားမသိဘူး .. ''
အမှန်တော့ ဘဘဟုန်းမှာ အားကွေ့ကို အပင်ပန်းခံ၍ သက်သက်ငြင်းဆဲ နေခြင်းသာ .. သူ့စိတ်ထဲဝယ် မိန်းကလေးပိုင်နှင့်အကြည်ဆိုက်နေသော အားကွေ့ ကိုလုံးလုံးလျားလျားမကျေနပ်သေးပေ .. သို့သော်လည်း ယခုထိသူနှင့် မျက်ခြေ မပြတ်အောင်လိုက်နိုင်သော အားကွေ့၏ကိုယ်ဖော့ပညာကိုမူချီးကျူးမိသည်..
''ဒီကောင်အားကွေ့ကို ကျင်းကျူးလိုမိန်းကလေးက ဘာများကြည့်ပြီး သံယောဇဉ်ရှိနေတယ်မသိဘူး ..ကျင်းကျူးမှမဟုတ်ဘူး ဟိုကျန်ခဲ့တဲ့မိန်းကလေးပါ သူ့ကို သံယောဇဉ်တွယ်နေပုံထောက်တယ် ... ခုခေတ်မိန်းကလေးတွေ ဘာတွေများ ဖြစ်ကုန်ကြပါလိမ့် .. ဒါပေမယ့်ဒီကောင် ကိုယ်ဖော့ပညာကတော့ တော်တော် ကောင်း သား .. အေးပေါ့လေ ပန်းလိပ်ပြာတုမော်ရင်းရဲ့ မွေးစားသားဆိုတော့ ဒီလောက်တော့ ရှိရမှာပေါ့ .. ထင်းလွေရဲ့အမွေ တုမော်ရင်းရဲ့ အမွေ သုံးပုံတစ်ပုံလောက်ရရင်ပဲ ဒီကောင် သိုင်းလောကမှ လက်မထောင်လို့ရပြီ .. ငါလည်း ဘာပဲဖြစ်ဖြစ် ကျင်းကျူး မျက်နှာထောက်ပြီး သူ့ကိုလက်ဆောင် သိုင်းတကွက်နှစ်ကွက်တော့ သင်ပေးရအုံး မယ်.. ဒါမှ ငါတို့ရဲ့ အဖိုးတန်ကျင်းကျူးကို ဒီ့ကောင့်လက်ထဲထည့်နိုင်မှာ .. ''
တွေးရင်းတောရင်းနှင့်ရှေ့ဆီမှ မြင်လိုက်ရသောမြင်ကွင်းကြောင့် ပြေးအားကို လျော့ချလိုက်သည်.. ထိုအခါမှပင်အားကွေ့လည်း သူ့အားမီတော့၏ ..
''ဟူး...ဘာဖြစ်လို့လည်း ဘဘဟုန်း..''
သက်ပြင်းချ၍မေးလိုက်သော အားကွေ့စကားကို ဘဘဟုန်းက ..
''ဟေ့ကောင် ..သိုင်းလောကမှာ နေထိုင်သွားလာ ကျက်စားမယ်ဆိုရင် သတိရှိရတယ်ကွ .. ပတ်ဝန်းကျင်ကို အမြဲအကဲခတ်နေရတယ် ..ရှေ့မှာကြည့်လိုက် စမ်း.. လူလေးယောက် လဲကျနေတာမမြင်ဘူးလား .. '''
ဘဘဟုန်းပြမှပင်အားကွေ့လည်း လဲကျနေသောလူများကို မြင်လိုက် ရ၏ ...
''အလို ..အဝေးရောက်လက်သီးတို့အဖွဲ့ပါလား .. ဘဘဟုန်း ဒါ ခွန်လွန်းကလေ ..သိုင်းလောကထိပ်သီးနံပါတ်နှစ် အဝေးရောက်လက်သီး ကျောက်ကျူးထင်တဲ့ ..''
ဘဘဟုန်းက နာမည်ကြားဖူးပုံပေါ်သည်..
''အေး ..အေး ..သိပြီ.. သိပြီ.. ဆိတ်ဖြူရဲ့ တပည့်သားမြေးတွေပဲ ... ဒီကောင့်သိုင်းပညာ အဆင့်ကို ဘယ်လိုလူကများ အနိုင်ယူသွားပါလိမ့်..''
အားကွေ့က ကျောက်ကျူးထင်တို့အနားသွားလိုက်ရင်း ...
''ဘဘဟုန်း သိုင်းပညာနဲ့အနိုင်ယူတာမဟုတ်ဘူးဗျ .. မေ့ဆေး ကိုသုံး သွားတာဖြစ်မယ် ..''
''အောင်မာ မင်းကဘယ်လောက်သိလို့လည်း ..''
ဘဘဟုန်းမှာ သူအမြင်မကြည်သော အားကွေ့အား အကောင်းမထင်ပါ
''အိမ်း ...ငါကိုတော့ ဒီအဘိုးကြီးအခြောက်တိုက်ကို ဘုကျနေတော့တာပဲ .. ငါကလည်းငါပဲ .. ဘယ့်နှယ် ကျင်းကျူးကို ဖမ်းလာတဲ့ရထားလုံးကိုမှ လွတ်ပေးမိ ရတယ်လို့ ..''
အားကွေ့က စကားဆက်မပြောတော့ပဲ လိုင်လိုင် ..အားဖုန်နှင့်အားချန် ကို စမ်းသပ်ကြည့်လိုက်၏ ...
''ဟေ့ကောင်.. လျှောက်လျှောက်လို့သွားမလုပ်နဲ့ ..မင်းပြောတာ မှန်တယ် ဒီကောင်တွေ မေ့ဆေးမိသွားတာ ငါထင်တာမမှားရင် သူတို့မိတဲ့
မေ့ဆေးက.... ''
''နတ်သမီးရှစ်ပါးရီဝေမှူးဆိုတဲ့ဆေးပဲဗျ..''
ဘဘဟုန်းမှာ အားကွေ့၏ ခန့်မှန်းမှု မှန်ကန်ခြင်းကို မယုံသလို ကြည့်ရင်း...
''ဒီကောင်ကြားဖူးနားဝနဲ့လျှောက်ရွှီးရင်း တည့်သွားတာဖြစ်မယ် ..''
ဟုတွေးကာ ..
''အေးဟုတ်တယ်ကွ ..မင်းကွာ ..လူကြီးပြောမယ့်ဟာကို ဖြတ်ပြောရ သလား .. အတော် လူမှုရေးမသိတဲ့ကောင်..''
အားကွေ့မှာ သူ့အားချီးကျူးလေမလားဟု အဖြေစကားပြောမိလိုက်ရာ မျက်နှမရခြေထောက်ရဖြစ်သွားသဖြင့်ရှုံ့မဲ့ကာ
''အေး ..အားကွေ့ရေ ခံဟ လူပေါ်လူဇော်လုပ်ချင်တဲ့ကောင် မှတ်ပလား ..ဒီအဘိုးကြီးလောက် ဘုကျဂွစာတိုက်တဲ့သူမတွေ့ဘူးသေးဘူး .. ဘုန်းဘုန်းနှစ် ပုလွေတောင် အဲ့လိုမဟုတ်ဘူး .. ငါတော့ သူနဲ့မှ အခံဘက်ကကြီးပဲ ..''
''ဟေ့ကောင် ငါမေးနေတာမကြားဖူးလား .. လူကြီးပြောရင် သေချာနား ထောင်မှပေါ့..''
သူအတွေးလွန်နေသဖြင့် မကြားလိုက်သည်ကိုပင် ဘုကျနေသဖြင့် ..
''ဟုတ်ကဲ့ အဲ့မေ့ဆေးသုံးတတ်တဲ့ ဂိုဏ်းအကြောင်းစဉ်းစားနေတာနဲ့ မကြားလိုက်ဘူးဗျ..'''
''ဘယ်ဂိုဏ်းတွေသုံး တတ်သလဲဆိုတေတာ့ သုံးတတ်တဲ့ဂိုဏ်းက တစ်ခုထဲ ရှိတယ်ကွ.. မင်းတို့လို နောက်ပေါက်ကောင်တွေက ဘယ်သိမလဲ .. ''
''သိပါ့ဗျာ ..ပုဝါဖြူဂိုဏ်းပဲ ဒီမေ့ဆေးကို သုံးတာ ..'''
ထိုအဖြေစကားမှာ စိတ်ထဲတွင် ပြောလိုက်သည့်စကားဖြစ်၏ .. အကယ် ၍အပြင်သို့ထုတ်ဖော်ပြောလိုက်လျှင် ထပ်မံဆူပူနေလိမ့်အုံးမည်..
''အဲ့မေ့ဆေးကို သုံးတာ ပုဝါဖြူဂိုဏ်းကွ မသိရင်မှတ်ထား .. မေ့ဆေး မိတာနဲ့ ခဏပဲတောင့်ခံနိုင်တယ် သတိမေ့သွားရော .. အေး ဖြေဆေးကလည်း သူတို့ဆီမှာပဲရှိတယ် .. ဒါပေမယ့် ဖြေဆေးမရလည်း ကိစ္စသိပ်မရှိပါဘူး ..သုံးရက် လောက်သတိမေ့ပြီးရင် အလိုလိုပြန်သတိရလာလိမ့်မယ် ... အခုတော့ ငါတို့ဆီမှာ ဖြေဆေး မရှိတဲ့အတွက် ..ဒီကောင်တွေကို လုံခြုံတဲ့နေရာမှာ ထား...ထား..''
''အား..ကျွတ်..ကျွတ် ..ခေါင်းတွေကိုက်လိုက်တာ ..''
အားကွေ့၏ နားထင်သွေးကြောအား လက်ဖြင့်ထောက်ကူပေးလိုက် မှုကြောင့် လိုင်လိုင်တစ်ယောက် သတိပြန်ရလာသည် .. ဘဘဟုန်းမှာ ဖြေဆေး မပေးရသေးခင် သတိပြန်ရလာသော လိုင်လိုင်ကြောင့် စကားပင်မဆုံးလိုက်ပါ.. လိုင်လိုင်မှာ သတိရရခြင်းပင် တဆစ်ဆစ်ကိုက်နေသော ခေါင်းကို အလိုလိုထောင် ကြည့်လိုက်ရာ အားကွေ့ကို မြင်လျှင် ..
''ခင်ဗျား..ခင်ဗျား ..''
အားကွေ့ကလိုင်လိုင်၏ပုခုံးကိုကိုင်ကာ
''ကိုင်း ..ရန်တွေ့စရာရှိတာနောက်မှတွေ့ .. ဒါနဲ့ဟိုကောင်မလေး လဲ မတွေ့ပါလား .. '''
လိုင်လိုမှာ ယခုမှဟွားဟွားအတွက် ပူရကောင်းမှန်းသိသွား၍ ..
''၀တ်စုံနက်နဲ့ကောင် ကျုပ်တို့ကို မေ့ဆေးနဲ့ တိုက်ခိုက်ပြီး ဟွားဟွားကို ဖမ်းခေါ်သွားပြီ.. ''
အားကွေ့မှာ မေးကြောများထောင်အောင် အံကြိတ်လိုက်ပြီး ...
'' သူနဲ့အတူတူပါလာတဲ့ မိန်းကလေးတစ်ယောက်ကိုရော တွေ့မိလား ..'''
လိုင်လိုင်က ခေါင်းကို ငြိမ့်ပြလိုက်သည် ..ပြီးနောက် အားကွေ့ဆက်မေး မည်ကို သိသည့်အလား ..
''နေ့ခင်းကကျုပ်တို့ကို တိုက်ခိုက်သွားတာ အခုဘယ်အချိန်ရှိပြီလည်း ''
အားကွေ့ကလိုင်လိုင်စကားကြောင့် သုတ်တီးသုတ်ပြာနှင့် ..
''ဘဘဟုန်း ဒီအတိုင်းဆို ဒီလူ ကျုပ်တို့နဲ့ နေ့တစ်ဝက်လောက် ကွာသွားပြီ အမြန်လိုက်မှဖြစ်တော့မယ် .. ''
''အေး ...အဲ့ဒါမင်းကြောင့်မို့ကြာသွားတာ .. လုပ်လုပ်မြန်မြန်လိုက်ရ အောင်...'''
''ဟုတ်ကဲ့ဘဘဟုန်း ..''
အားကွေ့က ကျန်နေသေးသော အားဖုန်..အားချန်နှင့်ကျောက်ကျူးထင် တို့၏ နားထင်သွေးကြောများကို လျှင်မြန်စွာ ထောက်ပေးလိုက်ပြီး သူတို့ သတိမရခင်တွင် .. သစ်ပင်ခြေရင်း၌ မြက်စားနေသော မြင်းနှစ်ကောင်ကို ဆွဲယူ လာကာ ..
''ရော့ ဘဘဟုန်း ..မြင်းတစ်ကောင်စီ.. ကျွန်တော်က တစ်ကောင်စီးမယ် ..''
ပေတေသည့်နေရာတွင်မူ အားကွေ့နှင့်ဘဘဟုန်းက စိတ်တူညီကြသည် .. သူများမြင်းမို့လို့ မစီးသည်မရှိ ဘဘဟုန်းမှာ မြင်းပေါ်တက်ထိုင်လိုက်ပြီး ကျောက်ကျူးထင်အား ဖေးမနေသည့် လိုင်လိုင်အား လက်ယမ်းပြလိုက်၍ ..
'''တူမောင်ရေ ..မင်းတို့မြင်း ခဏငှားသွားပြီဟေ့... အဲ့လေ .. အပိုင်ယူ တာလည်း ဖြစ်ချင်ဖြစ်မှာ ..သွားပြီ...''
''ဟိုင်း..ယား..'''
''ခွပ်..ခွပ်..ခွပ်..ခွပ်..'''
လိုင်လိုင်မှာ မြင်းကိုဒုန်းစိုင်းစီးသွားကြသော လူနှစ်ယောက်ကို ကြည့်ကာ ကျေးဇူးတင်ရမည်လား စိတ်တိုရမည်လား မပြောတတ် .. တအင်းအင်း တအဲအဲ နှင့်သတိရလာကြသော ကျောက်ကျူးထင်တို့ကိုသာ ပြန်လည်အာရုံစိုက် လိုက်တော့သည်..
=====================..=.
#67A ( အစ၏အဆုံး ..အဆုံး၏အစ )
အားကွေ့နှင့်ဘဘဟုန်းတို့နှစ်ယောက်သည် ရထားလုံးနောက်ခြေရာခံ လိုက်ခဲ့ကြသည်မှာ တညလွန်မြောက်၍ နံနက်မိုးသောက်၍ပင်ရှိလေပြီ .. စီးနှင်းလာ သောမြင်းများမှာ သန်မာထွားကျိုင်းသော မြင်းများမို့သာတော်တော့၏ ... ရထားလုံး လမ်းတလျှောက်ရှိရွာများအားစုံစမ်းချက်အရ ရထားလုံးမှာ တုံးမင်မြို့ ဆိပ်ကမ်းတွင် ရထားလုံးအားတင်ဆောင်ကာ ရွက်လှေဖြင့်ခရီးဆက်သွားသည်ဟုသိရသည် ..
အားကွေ့အားလိုက်လံရှာဖွေနေကြသော သိုင်းသမားများ တုံးမင်မြို့ထဲတွင် ခြေခြင်းလိမ်နေသဖြင့် သူ့အားမမှတ်မိစေရန်မြက်ခမောက်ကြီးတလုံးအားဆောင်းထား ရ၏ .. တိုက်ကြခိုက်ကြရင်းနှင့် ခရီးကျန့်ကြာသွားမှာစိုး၍ပင် ..
ဆိပ်ကမ်းရှိလှေထိုးသားများပြောပြချက်အရ ရထားလုံးတင်သွားသော လှေမှာ သူတို့နှင့် အချိန်သိပ်မကွာဟု ဆိုသဖြင့် နှစ်ယောက်သား အားတက်သွားကြသည် .. သို့နှင့် တုံးမင်မြို့ရှိလှေများထဲမှ အပေါ့ဆုံး အမြန်ဆုံး လှေကိုငှားကာ ထွက်သွားသော လှေအားမီအောင်ဆက်လိုက်ကြ၏ ..
ရေပြင်ကိုထိုးခွဲကာတရိပ်ရိပ်ပြေးနေသော လှေအလျင်ကိုပင် အားကွေ့က နှေးသည်ထင်နေသည် .. တဟူးဟူးတိုက်နေသော လေ၏အေးမြမှုကို အာရုံမခံစား နိုင်အောင် အပူကြီးပူနေသော အားကွေ့ကို ကြည့်ကာ ဘဘဟုန်းက ..
''ရော့ .. သောက်လိုက်အုံး တုံးမင်က အရက်ချက်တဲ့ကောင်တွေ အရမ်တော် တယ်ကွ... အနံ့ရော အရသာရော ပြောစရာမရှိဘူး..''
အားကွေ့ကဘဘဟုန်းပေးလာသော အရက်ကို အိုးလိုက်မော့ပြီးနောက်..
''အား... ရင်ထဲကို ပူဆင်းသွားတာပဲ .. အေ့ .. ဘဘဟုန်း ပုဝါဖြူဂိုဏ်းရှိတဲ့ နေရာကို သိသလားဗျ..'''
ဘဘဟုန်းက စိမ်းမြနေသော မြစ်ပြင်ကို ကြည့်ကာ ..
''ကြားဖူးနားဝကတော့ ရှန်းစီးမှာ အခြေစိုက်တယ်ဆိုပဲ .. ဒါပေမယ့် ဘယ်သူမှ ရေရေရာရာမသိကြပါဘူးကွာ .. ''
''ရှန်းစီးဆိုရင် ဟိုက်ထုံးဂိုဏ်း အခြေစိုက်တဲ့ နေရာပဲ .. သူတို့တွေက ရန်ဘက်ဂိုဏ်းတွေမဟုတ်ဘူးလား ..''
ဘဘဟုန်းက အားကွေ့လက်ထဲမှ အရက်ဘူးကို ပြန်ယူရင်း ..
''အစကတော့ ရန်ဘက် အခုနောက်တော့ သူတို့နှစ်ဂိုဏ်း မိတ်ဖက်တွေ ဖြစ်သွားကြပြီတဲ့ .. ''
ငြိမ်သက်စဉ်းစားနေသော အားကွေ့ကို ကြည့်ကာ ..
''ဘာလဲ ဟိုက်ထုံးဂိုဏ်းနဲ့ပုဝါဖြူဂိုဏ်း နှစ်ဂိုဏ်းဆိုတော့ မင်းကြောက်သွား ပြီလား ..''
''နှစ်ဂိုဏ်းမှ မဟုတ်ဘူး သိုင်းလောကတစ်ခုလုံးနဲ့ရင်ဆိုင်ရရင်တောင် ကျွန်တော် မကြောက်ဘူးဗျ..''
''အေး ..ယောင်္ကျားဆိုတာ ဒီလိုမှပေါ့ .. နေစမ်းပါအုံး မင်းမနေ့တုန်းက ပုဝါဖြူဂိုဏ်းရဲ့မေ့ဆေးပညာကို ဘယ်နည်းသုံးပြီဖြေလိုက်တာလဲ .. ''
အားကွေ့မှာ အနက်ရောင်လောက အနီရောင်အခန်းတွင်းမှ သိုင်းပညာကို မပြောလိုသော်လည်း ဘဘဟုန်းဖြစ်နေ၍ ..
''အဲ့ပညာက ပျောက်နေတာနှစ်ပေါင်းတော်တော်ကြာပြီဗျ .. တိဗက်က သွေးကြောထောက်နည်းပေါ့ .. '''
''တိဗက်ကဟုတ်လား .. အင်း သွေးကြောနဲ့ပါတ်သက်လာရင် တိဗက်ကို ဘယ်သူမှမမီဘူး .. ငါ လာဆာကိုရောက်တော့ ပူတာလကျောင်းကြီးမှာ ရက်နှစ်ဆယ် လောက်နေဖူးတယ် ... အဲ့မှာကွာ တိဗက်လားမားတွေ သွေးကြောထောက် လေ့ကျင့် နေကြတာ တကယ့်နက်နက်နဲနဲပဲ...ဒို့ပြည်မကြီးကသွေးကြောထောက်ပညာနဲ့တော့ ဆီနဲ့ရေပဲ ..ဘာမှကိုမဆိုင်ဘူး ''
''ဟုတ်တယ်ဘဘဟုန်း ကျွန်တော်လည်း သွေးကြောထောက်ပညာကို အုပ်ရေနှစ်ဆယ်လောက် ဖတ်ဖူးမှတ်ဖူးတယ် .. ဒီပညာကိုလည်း လေ့လည်း လေ့လာ လိုက်ရော .. ကျန်တဲ့သွေးကြောထောက်ပညာတွေဟာ ကလေးသာသာဖြစ်သွားရော''
ဘဘဟုန်းက အားကွေ့အား မယုံသင်္ကာနှင့်စိုက်ကြည့်ကာ ..
''အုပ်ရေနှစ်ဆယ် ..မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ .. ''
အားကွေ့က ပြုံးလိုက်ပြီး ..
''တကယ်ပြောတာဗျ .. အခုကျွန်တော်သုံးတဲ့ ပညာက မီကျုံးဂိုဏ်းရဲ့ ပထမဆုံး ဂိုဏ်းချုပ်လားမား တီထွင်ထားတာ ..သိုင်းကွက်နဲ့လည်းသုံးလို့ရတယ် သွေးကြောပိတ်ပညာသက်သက်လည်းရတယ် ..ရောဂါကုလို့လည်းရတယ် .. နိုပ်စက်လို့လည်း ရတယ်ဗျ.. အဲ့သိုင်းပညာနာမည်က သွေးပင်လယ်ထဲစီးဆင်းခြင်း တဲ့ ..ကဗျာမဆန်ဘူးလား..''
''သွေးပင်လယ်ထဲစီးဆင်းခြင်း .. တခါမှမကြားဖူးပါဘူးကွာ ..''
''ဘဘဟုန်းကလည်း အ ပါ့ဗျာ .. ပင်လယ်ဆိုတာ ရှိရှိသမျှ မြစ်ချောင်း အင်းအိုင်ကရေတွေ စီးဝင်ကြတာလေ သွေးကြောတွေ လူတကိုယ်လုံးမှာ ဖြာဆင်းနေ သလိုပေါ့ .. အဲ့ဒါကို ယူပြီး လားမားက နာမည်ပေးထားတာ .. '''
ဘဘဟုန်းမှာ နားမလည်သော်လည်း ဆက်မမေးတော့ပေ .. သူ့အား အ သည်ဟုပြောသော အားကွေ့ကို ဘုကြည့်ကြည့်ကာ စကားတင်းဆိုရန် ပါးစပ်အဟ တွင် အားကွေ့က ၀မ်းသာအားရနှင့် ခုန်လိုက်ပြီး ..
''တွေ့ပြီ..ဘဘဟုန်း ..ရှေ့မှာ ရွက်လှေတစ်စင်းတွေ့ပြီဗျ.. ဟိုခွေးကောင်တို့ လှေဖြစ်မယ်''
ဘဘဟုန်းကလည်း အရှေ့သို့မျှော်ကြည့်လိုက်ရာ အမှန်ပင် ရွက်လှေ တစ်စင်းပုံ ပြပြလေး မြင်လိုက်ရသည်... ဘဘဟုန်းကချက်ခြင်း ပဲ့ပိုင်းသို့ပြေးသွားကာ
''ဟေ့ကောင်တွေ မြန်မြန်ရွက်ကုန် တက်ကုန်ဖွင့်ကြကွာ.. ရှေ့မှာ ငါတို့လိုက်နေတဲ့ လှေကိုမြင်ရပြီကွ..''
လှေသူကြီးက ဘဘဟုန်းအား
''ဆရာကြီး ကျွန်တော်တို့ အခုသွားနေတဲ့နှုန်းက အမြန်ဆုံးပါပဲဗျ .. ဒီထက်ပိုမြန်လို့မရတော့ဘူး ..ပြီးတော့ အခုရောက်နေတဲ့ မြစ်ပိုင်းက ၀ဲတွေများပြီး ရေစီးသန်တဲ့အပိုင်းမို့ မြန်နေတဲ့နှုန်းကိုတောင် ထပ်လျှော့ရအုံးမှာ ..''
လှေသူကြီးစကားကြောင့် ဘဘဟုန်းမှာ ဒေါသထွက်သွားပြီး ..
''မလိုချင်ဘူးကွာ အခုချက်ခြင်းမီအောင်လိုက် မလိုက်ရင် မင်းတို့ အကုန်လုံးကို ဟောသည်လို ရေထဲကို ကန်ချလိုက်မယ် .. ''
''ဖြောင်း..'''
''ဂျွတ်..''
''၀ုန်း..''
''ဟာ သွားပြီ..''
ဟန်မူယာပြ ကန်လိုက်သော ဘဘဟုန်း၏ ခြေကန်ချက်ကြောင့် ပဲ့ပိုင်းရှိ ရွက်တစ်ချောင်းမှာ ကျိုးထွက်သွား၏ .. တရိတ်ရိတ်ပြေးနေသော လှေမှာ လည်း ချက်ခြင်းဆိုသလို နှေးကွေးလေးလံကာသွားသည်..
ဘဘဟုန်းအပါအ၀င် လှေသူကြီးတို့အဖွဲ့မှာ ရေထဲသို့ မျောပါသွားသော ရွက်အကျိုးကို ကြောင်လျှက်ကြည့်နေကြတော့၏ ..
အားကွေ့ကလည်း လှေအရှိန်လျော့သွားသောကြောင့် နောက်ဘက် ကိုပြေးလာကာ ..
''ဘာဖြစ်သွားတာလည်း ဘဘဟုန်း .. ဟင်.. ရွက်ကြီးကျိုးသွား တာလား .. သွားပါပြီဗျာ .. '''
ဘဘဟုန်းမှာ သနားစဖွယ်မျက်နှာငယ်လေးနှင့် လှေပေါ်တွင်ဆောင့် ကြောင့်ထိုင်ချလိုက်သည် ..အားကွေ့ကတော့ စိတ်ဓါတ်ကျဆင်းသွားကာ စကားပင် မပြောနိုင်တော့ ...
ရှေ့မှ လှေကတော့ ..တရွေ့ရွေ့နှင့်မြင်ကွင်းထဲက ပျောက်သွားလေ တော့သည်..
အားကွေ့ကစိတ်လက်ညစ်ညူးစွာနှင့်ခေါင်းကို ဘယ်ညာရမ်းလိုက်ကာ အကြံဉာဏ်ထုတ်နေ၏ .. ထို့နောက် မြစ်ကမ်းပါးဘေးတွင် ပေါက်နေသော တစ်ပင်တိုင်ဝါးများကို မြင်လိုက်သောကြောင့် ထ ရပ်ကာ ..
''ဗျို့ပဲ့နင်းကြီး ဒီမြစ်နဲ့ အနီးဆုံးမြို့ကဘာမြို့လဲ..''
ပဲ့နင်းကြီးက တက်မ လှော်နေရာမှ
''ဟူထိုင်ဆိုတဲ့မြို့ဗျ ...သိပ်တော့မဝေးတော့ဘူး ရှန်းစီးအပိုင်မြို့လေ .. ဒါပေမယ့် မြို့ပိုင်တော့မရှိဘူး .. ''
''မြို့ပိုင်ကဘာလို့မရှိတာလဲဗျ ..ရှန်းစီးဆိုတာ တပ်မဟာအခြေစိုက်တဲ့ နယ်ပဲ ..မြောက်ဘက်မှာ မွန်ဂိုတွေနဲ့နီးလို့ ၀ါရင့်စစ်သူကြီးလေးယောက်တောင် တပ်မဟာကို ကွပ်ကဲတဲ့ဟာ .. တိုင်ယန် နဲ့ဟွန်ဟော့ မှာခံတပ်စခန်းတွေချပြီး ရှန်းစီး မှာ ဗဟိုတပ်မ ချထားတာ လူတိုင်းအသိကို .. ဟူထိုင်မြို့မှာ အုပ်ချုပ်ရေးမထားဘူး ဆိုတာ မဖြစ်နိုင်ဘူးဗျ..''
''ဒီလိုဗျ .. အစက ဟူထိုင်မှာ မြို့စားရှိတယ် .. စစ်ရေးဆူပူတာကို အခွင့်ကောင်းယူပြီး .. ဟိုက်ထုံးဂိုဏ်းနဲ့ပုဝါဖြူဂိုဏ်း က ဟူထိုင်မြို့ကို သိမ်းလိုက်တဲ့ သဘောဗျ .. မြို့စားမင်း လေးယောက်လောက်အသတ်ခံလိုက်ရပြီးကတည်းက ဟူထိုင်ကို ရှန်းစီးနယ်စားမင်းက ထပ်မလွတ်ပေးတော့ဘူး ... တပ်မကြီးကလည်း မွန်ဂိုနဲ့စစ်ဆိုင်နေတော့ ဟူထိုင်လောက်မြို့ကို အကာအကွယ်မပေးတော့ဘူးလေ.. ကြားထဲက ဒုက္ခရောက်တာကတော့ ပြည်သူတွေပေါ့...ဟူထိုင်က မြို့ခံအတော်များ များတောင် တခြားကိုပြောင်းကုန်ကြပြီလေ .. ဒါပေမယ့် ကျွန်တော်တို့လို လှေ သမားတွေကိုတော့ ဘာအန္တရာယ်မှမပေးပါဘူး ..ပေးလိုက်ရင်သူတို့ ကုန်နဲ့ရိက္ခာတွေ ဘယ်သူကသယ်ပေးတော့မှာလဲ .. '''
အားကွေ့က ဘဘဟုန်းကို ကြည့်ကာ
''ဘဘဟုန်းဒါဆိုရင်တော့ ဟိုက်ထုံးနဲ့ပုဝါဖြူဂိုဏ်း အစအနကိုတော့ သိရပြီ .. ကျွန်တော့်အထင်တော့ ဒီကောင်တွေ ရဲ့ဌာနချုပ်တော့ ဟူထိုင်မှာ ရှိပုံ မပေါ်ဘူး ..ဖြစ်ခြင်းဖြစ် . ဂိုဏ်းခွဲဖြစ်မယ် ..''
''အေးကွ ..ဂိုဏ်းခွဲပဲဖြစ်ဖြစ် ဂိုဏ်းမ ပဲဖြစ်ဖြစ်ငါတို့ကတော့ အမြစ်ဖြုတ် ပစ်ရမှာပဲ ..''''
အားကွေ့ကပဲ့နင်းအား
''ပဲ့နင်းကြီးရေ လှေကို ကမ်းနဲ့ နီးအောင်ကပ်ပေးဗျာ .. ၀ါးသုံးရိုက်လောက် ကွာရင်ရပြီ..''
ဘဘဟုန်းကအားကွေ့ကို နားမလည်နိုင်သောအကြည့်ဖြင့်ကြည့်လိုက် သဖြင့် အားကွေ့က..
''ကျွန်တော်တို့ ဒီကောင် ဟူထိုင်ကိုမရောက်ခင် အမီလိုက်မှ ဖြစ်မယ် ဘဘဟုန်း .. မဟုတ်ရင် လုပ်ရကိုင်ရပိုခက်လိမ့်မယ် ... ဒါကြောင့်မို့လို့ ကမ်းဘက်က လိုက်မှဖြစ်မယ်ဗျ ..ဒီလှေသွားနှုန်းနဲ့ဆို တော်တော်နောက်ကျ
သွားမယ်..''
ဘဘဟုန်းကခေါင်းငြိမ့်လိုက်ပြီး ..
''အေး..ဒါဆိုလည်းလိုက်ကြတာပေါ့ကွာ .. ပဲ့နင်းရေ ဒီကောင်ပြော တဲ့အတိုင်းသာလုပ်..''
အားကွေ့ကတဆက်ထဲ
''လှေသူကြီးရေ ခင်ဗျားတို့ တုံးမင် ကိုသာပြန်တော့ ..ကျုပ်မြင်းစာဖိုး နဲ့ လှေခ ပေးလိုက်မယ် .. ဟိုမှာကျန်ခဲ့တဲ့ မြင်းကို သေသေချာချာဂရုစိုက်ပေး ''
ဟုပြောပြီး လှေခနှင့်မြင်းစာဖိုးပေးလိုက်သည် ..ပဲ့နင်းကတော့ အားကွေ့ ပြောသည့်အတိုင်း ကမ်းနှင့်ဝါးသုံးပြန်အကွာသို့ရောက်လျှင် အရှိန်လျော့ပေးလိုက်၏ ... အားကွေ့မှာလှေအရှိန်ရော့သွားသည်နှင့် လှေချည်ကြိုးခွေ တစ်ခွေကို ပုခုံး၌ ချိတ်လိုက်ပြီး
''ဘဘဟုန်းရေ .. အရင်သွားပေတော့..''
''၀ှီး...ဖလတ်..ဖလတ်''
အားကွေ့ကဘဘဟုန်း၏လက်ကိုကိုင်ကာ ကမ်းဘက်သို့ ဦးတည်၍ လွင့်ပေါက်လိုက်သည် .. ငှက်မွေးတောင်လေးသဖွယ် ပေါ့ပါးစွာ ဘဘဟုန်း ခုန်ကျသွားလျှင် သူကလှေဝမ်းမှ ပျဉ်တချပ်ခွာကာ ရေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ထိုပျဉ်ချပ်ကို ထောက်နင်း၍ ကမ်းသို့ခုန်ကူးသွားလိုက်၏ ..
လှေသူကြီးနှင့်ပဲ့နင်းကြီးတို့မှာ အားကွေ့တို့နှစ်ယောက်အား ငေးကြည့် ကာကျန်ရစ်ခဲ့တော့သည် ..
''ဟေ့ကောင် မင်းက ငါ့ကိုယ်ဖော့ပညာကို မယုံလို့ပေါက်လိုက်တာလားကွ ..''
''မဟုတ်ပါဘူးဗျာ ..အချိန်ကြာနေမှာစိုးလို့ပါ .. ဘဘဟုန်း ..ကျွန်တော်တို့ စကားမပြောတော့ဘဲ ဟိုလှေနောက်လိုက်ကြအုံးစို့ဗျာ ..''
''၀ှီး..၀ှီး..၀ှီး''
အားကွေ့က ခါးမှ ကြိုးကို ရမ်း၍ တပင်တိုင်ဝါးပင်ကို ရစ်ပတ်လိုက်ပြီး သူလှေပေါ်မှယူလာသော ကြိုးကို ဘဘဟုန်းအားပေး၍
''ဘဘဟုန်းလည်း ကျွန်တော်လို ကြိုးနဲ့ချိတ်ပြီး လိုက်ခဲ့ဗျာ ..ဒါက ပိုမြန်တယ် ..''
ထို့နောက်သူတို့နှစ်ယောက် ကိုယ်ဖော့ပညာနှင့် အဆင့်မြင့်အတွင်းအား ပေါင်းစပ်ကာ လှေနောက် လိုက်ကြတော့၏ ....
အတန်ကြာမျှလိုက်ပြီးလျှင် ထိုလှေအား မီလာလေသည်.. ဘဘဟုန်းမှာ လှေအရိပ်ယောင်မြင်လိုက်ရသဖြင့်
''ဟေ့ကောင် ခွေးသူခိုး .. လှေကို အခုရပ်လိုက်စမ်း .. အယုတ်တမာကောင် မင်းကို ငါ ငါးစာကျွေးပစ်မယ် ..ခွေးမသား'''
အားကွေ့မှာ ဘဘဟုန်း ယခုလို အော်ဟစ်လိုက်သဖြင့် ခေါင်းနပမ်းကြီး သွားလေသည်.. စိတ်ထဲမှလည်း
''ဟာ..ဒီအဘိုးကြီးလုပ်တာနဲ့တော့ အကုန်ဒုက္ခများတော့မှာပဲ ..ဟိုကောင်က ပြေးတော့မှာပေါ့ ..''
အနက်ရောင်ဝတ်စုံရှင်မှာ လှေဦးတွင်ရပ်နေရင်း ကမ်းစပ်မှ ဟိန်းကနဲထွက်လာသော အသံကြောင့် ဆတ်ကနဲနောက်လည့်ကြည့်လိုက်သည် .. မြင်လိုက်ရသောမြင်ကွင်းကြောင့် ခဏမျှကြက်သေသေသွားပြီး .. သူ၏လှေပဲ့နင်းအား
'' လှေကို ဟိုဘက်ကမ်းနဲ့နီးအောင်ကပ်ပြီး . အမြန်လှော်ကြ .. မြန်အောင်သာလှော် ''
ပဲ့နင်းမှာ ၀တ်ရုံနက်ကို အတော်ကြောက်ရဟန်တူသည် မည်သည့် အမေးစကားမှ ပြန်မဆိုဘဲ ခိုင်းသည့်အတိုင်းသာလုပ်လိုက်၏ .. ဟူထိုင်မြို့နှင့်လည်း သိပ်မဝေးတော့ပြီလေ.. အမြန်ရောက်လျှင် ပိုကောင်းသည်မဟုတ်လား ..
ဝတ်ရုံနက်မှာ ကမ်းနဘေးမှ ထပ်ချပ်မကွာပြေးလိုက်လာသော လူနှစ်ယောက်အားကြည့်ကာ ထိတ်လန့်နေမိသည် .. အပွေးမြင်ရုံနှင့် အပင်သိနိုင် သည် .. ထိုနှစ်ယောက်၏ ကိုယ်ဖော့ပညာကို ကြည့်ခြင်းအားဖြင့် သူလိုလူအယောက် နှစ်ဆယ်ပင် ထိုလူတွေကို နိုင်မည်မဟုတ်..
အားကွေ့မှာ လမ်းတစ်လျှောက်လုံး တစ်လွဲတစ်ချော်ချည်းပဲ လုပ်နေသော ဘဘဟုန်းကို စိတ်တိုနေသည် .. သူ့ကြောင့်မို့ မြန်နေသောလှေလည်း နှေးသွားသည် ..ဘဘဟုန်းကြောင့်ပင် နှေးနေသည့်လှေမှာ မြန်သွားရပြန်သည်..
ဘဘဟုန်းမှာလည်း စိတ်လိုက်မာန်ပါ အော်လိုက်ပြီးမှ မှားမှန်းသိလိုက် ၏ .. လှေမှာ နဂိုထက် နှစ်ဆအမြန်နှုန်းနှင့်ရှေ့ဆက်သွားနေပြီမဟုတ်လား ..
ဝတ်ရုံနက်ရှင်ကတော့ ဤမျှမြန်ဆန်နေသည့် လှေနောက်ကိုပင် လိုက်လာနိုင်သေးသည့် လူနှစ်ယောက်အား ကြည့်ကာ ရင်တထိတ်ထိတ်နှင့်ဖြစ်နေ၏ .. ဟူထိုင်ကိုအမြန်ရောက်မှ ဖြစ်မည် ..ဟိုနှစ်ယောက်မီသွားလျှင် သူ့အတွက် မလွယ်
''ရှေ့တစ်ကွေ့ဆိုရောက်တော့မယ် .. မြန်မြန်လေးလှော်ကြဟေ့ ငါ့လူများ''
ပဲ့နင်း၏စကားကြောင့် ၀တ်ရုံနက်မှာ အနည်းငယ်အားတက်သွားသည် ..
လှေမှာလည်း ပို၍ပို၍ မြန်လာပြီပင်..
အားကွေ့မှာ စိတ်ဓါတ်မကျသွားအောင် မနည်းတင်းထားရသည် ..ဒီအတိုင်းဆို ဟူထိုင်ရောက်မှ မီတော့မည် .. သူစဉ်းစားထားသည်က လှေနောက် လိုက်မည် .. ထိုလူတွေမမြင်အောင် တိတ်တိတ်လေး လှေပေါ်တက်ပြီး တစ်ယောက် မကျန်သတ်ပစ်မည် .. ပြီးမှ ကျင်းကျူးကို ကယ်မည်ဟူ၍ဖြစ်သည် ..ယခုတော့ ဘဘဟုန်းကြောင့် အကုန်သဲထဲရေသွန်ဖြစ်ကုန်ပြီ ..
သိပ်မကြာခင်အချိန်တွင်းမှာပင် ဟူထိုင်ဆိပ်ကမ်းသို့ လှေဦးခေါင်းထိုးမိသွား သည် .. ၀တ်ရုံနက်မှာ အချိန်မဆိုင်းပါ ရထားလုံးကို ဆိပ်ခံတံတားပေါ် အမြန်မောင်း တက်ကာ .. လက်ခေါက်မှုတ်လိုက်၏ ..
''ရွှီး...''
စူးရှသော လက်ခေါက်မှုတ်သံကြောင့် ဆိပ်ကမ်းပေါ်ရှိ အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသောသိုင်းသမား အယောက်ငါးဆယ်ခန့် စုဝေးလာကြသည် .. သူတို့၏ရင်ဘတ်တွင် မြွေနှစ်ကောင်ပတ်ခွေနေသော ပုံရေးဆွဲထား၏ ..
ဝတ်ရုံနက်ရှင်က ထိုလူစုကို စကားအနည်းငယ်ပြောပြီးနောက် .. ဟူထိုင်မြို့ အတွင်း ရထားလုံးကို မောင်းဝင်သွားလိုက်သည် ..
အားကွေ့နှင့်ဘဘဟုန်းတို့မှာ ၀တ်ရုံနက် မြို့တွင်းဝင်သွားသည့်အချိန်နှင့် တချိန်ထဲလိုလို ဆိပ်ကမ်းသို့ရောက်လာခြင်းသာ ..
=====================
CB ကနေတစ်တောင်တောင်နဲ့ ဆန္ဒလာပြကြသောကြောင့်
စိတ်အဆာပြေကြစေရန် အမြန်ရေးသားလိုက်ခြင်းဖြစ်၏
လိုအပ်ချက်တစ်စုံတရာရှိရင်လည်း မတတ်နိုင်...
Bကိုတော့ နောက်နေ့မှသာ စောင့်ဖတ်ကြပါလို့ ..အနူးအညွတ်
မေတ္တာရပ်ခံလိုက်ရပါသည် ..
ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ မိတ်ဆွေများ ...
#67B ( အစ၏အဆုံး ..အဆုံး၏အစ )
ဟူထိုင်မြို့မှ ကြိုဆိုခြင်းက သင်း လှသည်.. အားကွေ့နှင့်ဘဘဟုန်း မြို့မုဒ် ပေါက်သို့ခြေချသည်နှင့် ၀တ်ရုံနက်များမှာ မပြောမဆိုနှင့် ၀င် တိုက်ခိုက်လေ၏ ..
''အားကွေ့ သတိထားနော် ဒီကောင်တွေက ဟိုက်ထုံးဂိုဏ်းသားတွေ .. အဆိပ်ရော သိုင်းပညာရော ထူးချွန်တယ် .. ''
အားကွေ့က သူထံဝင်လာသော ဓါးငါးလက်ကို ကိုယ်ခန္ဓာလိမ်တွန့်၍ရှောင် လိုက်ပြီး ..
''ဟုတ်ကဲ့ ဘဘဟုန်း ..''
ဟုဆိုကာ လက်နှစ်ဘက်ကိုဝှေ့ယမ်းလိုက်သည်..
''ဖြောင်း..ဖြောင်း..ဖြောင်း..ဖြောင်း..ဖြောင်း..'''
''အား..အု..အား''
ဝရိဇန်သူရိန်လက်ညိုးစာ မိသွားသော ထိုငါးယောက်မှာ ငရဲပြည်သို့ အရှင်လတ်လတ်ရောက်သွားသူပမာ ခံစားလိုက်ရပြီး အသက်ထွက်သွားကြသည်..
အားကွေ့အတွက်တော့ ထိုလူများမှာ ပြိုင်ဘက်မဟုတ်ပါ.. ဘဘဟုန်းအတွက် ဆို ပို၍လွယ်ကူလွန်းလှ၏ .. လေထဲတွင်ဝဲပျံလျက် သူ၏ထော့နေသော ခြေတဖက် လှုပ်ရှားသွားသည်နှင့် အသက်တစ်ချောင်းပင်..
''ခွပ်..ခွပ်..ခွပ်''
မှည့်ဝင်းနေသော ဖရဲသီးအား တူဖြင့် ထုချလိုက်သလို ခေါင်းများကွဲအက် သွားပြီး ဖြူဖွေးသောဦးနှောက်များမှာ လမ်းမထက်၌ ပြန့်ကျဲကုန်ကြ၏.. ဘဘဟုန်း၏ ခြေကန်ချက် ကိုမြင်လိုက်ရသော ဟိုက်ထုံးဂိုဏ်းသားများမှာ လိပ်ပြာလွင့်မတတ် ကြောက်ရွံကုန်ကြရာ အားကွေ့ဘက်လှည့်လိုက်မှ ပိုဆိုးနေသည်ကိုတွေ့လိုက်ရသည်
ဘဘဟုန်း၏ခြေကန်ချက်မှာ တစ်ချက်ထဲနှင့်အသက်ထွက်သွား၍ အော်ပင်မအော် နိုင်ကြသော်လည်း အားကွေ့၏ တိုက်ခိုက်မှုမှာမူ မကောင်းဆိုးဝါးမိစ္ဆာကောင်ကြီး မှော်ဝင်နေသည့်အလား ပြင်းထန်ရက်စက်လွန်း၏ .. သူ၏လက်ဖ၀ါး ..လက်သီးချက် ခြေကန်ချက် များထိမိလိုက်သူသည် တကိုယ်လုံးအကြောများဆွဲကာ မချိမဆန့် ခံစားရပြီး သေသည်ထက် ဆိုးဝါးနေသောကြောင့်ပင်...
ကွမ်းတယာညက်အတွင်း အယောက်ငါးဆယ်ခန့်ရှိသော ဟိုက်ထုံးဂိုဏ်းသား များအနက် အယောက်နှစ်ဆယ်ကျော်မျှ အသက်ထွက်သွားရပြီဖြစ်၏ ..ဟိုက်ထုံး အဖွဲ့ခေါင်းဆောင်မှာ အခြေအနေမလှပသော အဖြစ်အပျက်ကို ကြည့်ကာ သူ၏ ရင်ဘတ်အတွင်းမှ အနက်ရောင်အလုံးများကို ထုတ်ယူပစ်ပေါက်လိုက်သည် ..
''၀ှီး...၀ှီး...၀ှီး..''
''ဖောင်း....ဖောင်း..၀ုန်း.'''
''အား..အီး ..အိုး..အမယ်လေး''
ဇီးသီးလုံးခန့်အရွယ်ရှိ အနက်ရောင်အလုံးများကို ယမ်းနှင့်အဆိပ်များရောစပ် ထားသည်ဖြစ်ပြီး ဟိုက်ထုံးဂိုဏ်းက မရဏမိုးပေါက်အဆိပ်လက်နက်ပုန်းဟု အမည်ပေးထား၏ ..
အားကွေ့နှင့်ဘဘဟုန်းသည် ထိုလက်နက်ပုန်းများ၏ ထူးခြားသော အသွင် သဏ္ဍန်ကြောင့် လက်ဝါးကိုအရှေ့ထုတ်ကာ အဝေးမှအတွင်းအားဖြင့် လှမ်းတားလိုက် သည်.. အဆိပ်လက်နက်ပုန်းများမှာ အားကွေ့တို့နှစ်ဦး၏ အတွင်းအားလှိုင်းကြောင့် နောက်ပြန်လည့်သွား၍ ဟိုက်ထုံးဂိုဏ်းသားများအား ထိမှန်ပေါက်ကွဲသွားလေ၏..
အဆိပ်မှာပြင်းထန်လွန်းလှသည် .. အမှုန်အမွှားလေးများ ထိမှန်ရုံနှင့်ပင် ကိုယ်ခန္ဓာများတဆတ်ဆတ်တုန်လာပြီး နှာခေါင်းမျက်လုံးနှင့်ပါးစပ်ဆီမှ သွေးမည်းများ ယိုစီးကျလာကာ သေပွဲဝင်သွားရ၏ ..
လူအယောက်ငါးဆယ်မျှပင် တားဆီး၍မရနိုင်သော ထိုလူနှစ်ယောက်အား ကျန်ရှိနေသော ဟိုက်ထုံးသား ခြောက်ယောက်နှင့် ခုံခံရန်မဖြစ်နိုင်တော့သဖြင့် ခေါင်းဆောင်မှာ မြို့ဝင်မုဒ်ပေါက်ထဲသို့ ပြေးဝင်သွားတော့သည် .. သူ၏ ကိုယ်ဖော့ ပညာမှာ မဆိုးလှ...သို့သော် ကိုယ်ဖော့ပညာ ထိပ်တန်းအဆင့်ကျော်လွန်နေသော ဘဘဟုန်းနှင့်အားကွေ့လက်မှ လွတ်မြောက်နိုင်စွမ်းမရှိပါလေ..
ခြေလှမ်းနှစ်ဆယ်အတွင်းတွင် အားကွေ့၏ ဘုံခုနှစ်ဆင့်ကိုဖမ်းဆုပ်ခြင်း လက်ဝါးချုပ်ကွက်အတွင်း ကွိ နေအောင်မိသွားသည်.. ဘဘဟုန်းမှာလည်း ကျန်ဟိုက်ထုံးသားငါးယောက်အား ဇက်ကျိုးကြေသွားအောင် ကန်သတ်လိုက်ပြီး သူတို့နှစ်ယောက်အနီးရောက်လာ၏ ..
အားကွေ့က သူမိထားသော ဟိုက်ထုံးဂိုဏ်းသားအား မုဒ်ဝနံရံ၌ ကပ်တွန်း ထားကာ ..
''ဟေ့ကောင် ..ခုနကရထားလုံး ဘယ်ကိုပြေးသွားတာလည်း..ပြောစမ်း.. ပြောရင်အသက်ရှင်မယ် မပြောရင် အသေဆိုးနဲ့သေရမယ် ..''
ထိုလူမှာ အားကွေ့၏တဖျတ်ဖျတ်တောက်ပနေသော ရွှေရောင်အကွက်ကို ကြည့်၍ အကြောက်ကြီးကြောက်နေပြီဖြစ်သောကြောင့် ..
''ပြော..ပြော..ပြောပါ့မယ်ဗျာ ..သတ်တော့မသတ်ပါနဲ့ .. ဟူထိုင်မြို့မြောက် ဘက်မှာ ကျွဲခေါင်းတောင်ကြားဆိုတာ ရှိ.. ရှိ...ရှိ..ပါတယ် .. အဲ့တောင်ကြားကို ဖမ်းခေါ်သွားတာပါ .. '''
အားကွေ့က ပုခုံးကိုကိုင်ထားသည့် လက်အားကို သာသာလေးညစ်ထည့် လိုက်ပြီး ..
''မင်းလိမ်ပြောရင် သေမယ်.. ကြားလားဟေ့ကောင်..''''
''အား..အား..အား.. နာလှချည်ရဲ့ဗျာ ..နည်းနည်းလောက်လျော့ ပေးပါဗျာ .. သေရပါတော့မယ် .. ကျွန်တော်မလိမ်ပါဘူးဗျ.. တကယ်ပါ..'''
အားကွေ့ကလက်အားကို ပြန်လျော့ကာ ..
''အဲ့တောင်ကြားက မင်းတို့ဌာနချုပ်လား ..ပြောစမ်း..''
''မဟုတ်ပါဘူး.. ကျွန်တော်တို့ဌာနချုပ်က မြောင်မှာပါ.. ပုဝါဖြူဂိုဏ်းနဲ့ ပူးပေါင်းပြီးတဲ့နောက်မှ ဒီမြို့ကိုရောက်လာတာပါ .. ''
''ဒါဆိုမင်းတို့က ဒီမြို့မှာနေပြီး ပုဝါဖြူဂိုဏ်းကတော့ ကျွဲခေါင်းတောင်ကြား မှာနေတာပေါ့ ..ဟုတ်လား ..''
''ဟုတ်..ဟုတ်ပါတယ် .. သူတို့ဂိုဏ်းက ကျွဲခေါင်းတောင်ကြားမှာ နေပါတယ် ..ကျွန်တော်သိသလောက်တော့ ဂိုဏ်းဝင် နှစ်ရာကျော်လောက်ရှိပါတယ် .. အဲ့တောင်ကြားက သူတို့ရဲ့ဌာနခွဲတစ်ခုပါ .. ''
အားကွေ့မှာ ဆက်လက်မေးမြန်းစရာရှိသေးသော်လည်း အချိန်ကြာမည်စိုး ၍ မမေးတော့ပဲ ထိုလူ၏ပုခုံးကို ဖွဖွလေးပုတ်ကာ ..
''ကောင်းပြီး ..မင်းပြောတာကို ယုံပြီး ငါကျွဲခေါင်းတောင်ကြားကို လိုက်သွားမယ် ..မဟုတ်လို့ကတော့ မင်း သေပြီတာမှတ် .. အေး ..မင်းအသက်ဆက် ရှင်ချင်သေးရင် .. ငါတို့အပြန်ုကို ဒီမြို့ကစောင့်နေ.. ''
ဟုပြောကာ ထိုလူအားလွတ်ပေးလိုက်ပြီး ..
''ကိုင်း ..ဘဘဟုန်း .. ကျွန်တော်တို့ ကျွဲခေါင်းတောင်ကြားကို သွားကြစို့ ..''
ဘဘဟုန်းက သွေးပျက်လုအောင်ကြောက်ရွံ့နေသော ဟိုက်ထုံး ဂိုဏ်းသားအားကြည့်ကာ ..
''ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ဆုံးမခဲ့အုံးမှ.. မဟုတ်ရင် ဒီကောင် ပြည်သူတွေကို ဆက်ဒုက္ခပေးနေအုံးမယ် .. ''
အားကွေ့က သူတို့အားသနားစဖွယ် မျက်နှာငယ်လေးနှင့် ကြည့်နေသော ဟိုက်ထုံးဂိုဏ်းသားအား ပြုံးပြလိုက်ပြီး ..
''မလိုတော့ပါဘူး ..ဘဘဟုန်းရဲ့ .. ဒီကောင် အသက်က အလွန်ဆုံးခံလှ တစ်လပေါ့ .. တစ်လအတွင်း ကျွန်တော်ပြန်မကုပေးရင် သူ့ညာဖက်တခုံးတစ်ဖက်လုံး က သွေးကြောတွေပိတ်ခဲကုန်ပြီး အသားဆွေးပြီးပြုတ်ကျလိမ့်မယ် .. ပြီးရင် တကိုယ်လုံးက အသားတွေပါ ပုပ်ပြီးသေရတော့မှာ ...တကယ်လို့သူပြောတဲ့အတိုင်း မှန်မယ် ..ကျွန်တော်တို့လည်းကျွဲခေါင်းတောင်ကြားက ပြန်လာနိုင်မယ်ဆိုရင် ဒီကောင် အသက်ရှင်နိုင်အောင် ကုပေးလိုက်မယ်လေ.. ''
ဘဘဟုန်းက သဘောကျစွာရယ်မောလိုက်ကာ ..
''ဟား..ဟား..ဟား..ဟား.. ကောင်းလိုက်တဲ့ အကြံကွာ ငါ သိုင်းလောက မှာကျင်လည်ခဲ့တဲ့တလျှောက်လုံးမင်းလို ဉာဏ်နီဉာဏ်နက် များတဲ့ ကောင်မျိုးမတွေ့ဖူးသေးဘူး... မင်းကတော့ တကယ့်မြေခွေးဘိုးအေ ပါပဲ..''
ဟိုက်ထုံးဂိုဏ်းသားသည် အားကွေ့၏ စကားကြောင့် သွေးရူးသွေးတန်း ဖြစ်ကာ သူ၏ အင်္ကျီကိုဆွဲဖြဲလိုက်ပြီး ပုခုံးကိုငုံကြည့်လိုက်သည် ... စောနကအားကွေ့
လက်ဖြင့်အသာပုတ်လိုက်သော နေရာဝယ် ခရမ်းရောင်အကွက်ကြီး ဖြစ်နေသည်ကို ရင်ထိတ်ဖွယ်တွေ့လိုက်ရသဖြင့် .. မျက်ရည်များ နှပ်ရည်များ စီကျကာ ..
''ဆရာရယ် .. ကျွန်တော်..ပြောတာအမှန်ပါ ..ကျွန်တော့်ကို ပြန်ကုပေးပါ .. မလိမ်ပါဘူးဗျာ..''
အားကွေ့က ထိုသူအား သနားညာတာစိတ်လုံးဝမရှိစွာ ပြုံးလိုက်ပြီ့း ..
''လိမ်တယ်မလိမ်ဘူးဆိုတာ ကိုယ်တိုင်တွေ့မှ ဆုံးဖြတ်လို့ရတာကွ .. ငါသိုင်းလောကထဲကိုဝင်မယ်လုပ်တော့ ငါ့မွေးစားအဖေ ဆုံးမလိုက်တဲ့ စကားတစ်ခွန်း ရှိတယ် .. သိုင်းလောကမှာ ကိုယ်တိုင်မတွေ့ရ မကြုံရရင် ဘာကိုမှမယုံနဲ့တဲ့ .. သူများပြောတာကို ဒုန်းဒုန်းချ ယုံတဲ့တနေ့ မင်းပျက်စီးမဲ့နေ့တဲ့ ..ငါလည်း မွေးစား အဖေဖြစ်သူရဲ့စကားအတိုင်း မင်းကို ဆက်ဆံလိုက်ရတာမို့ စိတ်တော့ မကောင်းပါဘူး ကွာ ..''
ဟိုက်ထုံးဂိုဏ်းသားသည် အားကွေ့၏ခြေထောက်ကို ဖက်လိုက်ရင်း ..
''ကျေးဇူးပြုပြီး ကယ်ပေးပါဗျာ ..ဆရာတို့နှစ်ယောက် အဲ့တောင်ကြားကို သွားရင် ..ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်လို့ပါ .. '''
အားကွေ့မှာ သူထင်ထားသည့်အတိုင်းဖြစ်၍ ဘဘဟုန်းကို မျက်စိတဖက် မှိတ်ပြလိုက်ပြီး ဒေါပွသည့်အမူအယာပြောင်းလိုက်ကာ ..
''သြော် လတ်စသတ်တော့ မင်းက ငါတို့နှစ်ယောက်ကို သေတွင်းထဲ ပို့နေတာပေါ့လေ.. ဟုတ်လား ..အေး မင်းမှတ်ထားဖို့က ငါတို့သေရင် မင်းလည်း သေမယ်ဆိုတာပဲ ...''
ထိုလူမှာ အားကွေ့၏ခြေဖ၀ါးကို တိုး၍တိုး၍ ဖက်ကိုင်လိုက်ပြီး
''အဲ့လိုပြောတာမဟုတ်ပါဘူးဗျာ ..ကျွန်တော်ပြောတာအမှန်ပါ .. စကား ကျန်သွားလို့ပါ..'''
ဘဘဟုန်းက ပလီပလာပြောနေသော ဟိုက်ထုံးဂိုဏ်းသားအား ရွံရှာစွာ ကြည့်ရင်း ..
''ကောင်းကွာ ..မင်းရဲ့ဦးဏှောက်က ကိုယ်သေတော့မယ်ဆိုတာ သိတဲ့ အချိန်မှ ပြန်ကောင်းလာတယ် ပြန်မှန်မိလာတယ်ပေါ့ .. နိပ်ပါ့.. ငါရိုက်ခွဲလိုက်လို့ မင်းဦးဏှောက်တွေ ကျီးစာဖြစ်ရော့မယ် ..မြန်မြန်ပြောစမ်းကွာ အချိန်မရှိဘူး ..ငါက ဟိုကောင်လို စိတ်သိပ်ရှည်တာမဟုတ်ဘူး ..'''
ဟိုက်ထုံးဂိုဏ်းသားမှာ ထိုအခါမှပင် ကျွဲခေါင်းတောင်ကြားအကြောင်း သူသိသလောက် တတွတ်တွတ်ပြောလေတော့သည်..
အားကွေ့နှင့်ဘဘဟုန်းမှာ ထိုသူပြောသည့်စကားကို ပြည့်စုံစွာ သိလိုက် ရမှ ..ကျွဲခေါင်းတောင်ကြားမှ ပုဝါဖြူဂိုဏ်းဌာနခွဲမှာ အမှန် သေတွင်းလမ်းဟု စိတ်ထဲတွင် မှတ်ချက်ချလိုက်မိတော့သည် .. ကျွဲခေါင်းတောင်ကြားကို ရင်ဆိုင်ရာမှာ သူတို့နှစ်ယောက်အင်အားနှင့် ဖြစ်နိုင်ပါ့မည်လော....
==========================
ကျွဲခေါင်းတောင်ကြားဟူသည့်အတိုင်း .. အဝေးမှကြည့်လျှင် ကွဲခေါင်းပမာနှယ်ပင် သစ်ပင်များရှိသော်လည်း အဆိပ်ရှိသောဂန္တာရဆူးသစ်ပင်များဖြစ်၍ မည်းနက်နေရာ လူသူအရောက်ပေါက်မရှိသော နေရာဌာနလည်းဖြစ်သည်..
လူသူအရောက်ပေါက်မရှိသောတောင်ကြားတွင် ပုဝါဖြူဂိုဏ်းခွဲ စခန်းချနေထိုင် သည်မည်ဟု မည်သူမှတွေးထင်မိမည်မဟုတ် .. ထို့ကြောင့်လည်း အောက်လမ်းဂိုဏ်း ဖြစ်သော ပုဝါဖြူဂိုဏ်းကရွေးချယ်ခြင်းဖြစ်သည် .. ဟူထိုင်မြို့ကို ခြေကုပ်ယူပြီး အကြံကြီးကြံနေသော ပုဝါဖြူဂိုဏ်းခွဲ တည်ရာ တောင်ကြားတွင် ကြောက်စရာ ထောင်ချောက်များ .. သဘာဝ အန္တရာယ်များ ..အဆိပ်ကောင်များ .. ၀င်္ကပါများက တင်းကြမ်းပြည့်နေ၏ ..
အကယ်၍ထိုနေရာကို ကျူးကျော်လာနိုင်သည်ဆိုအုံးတော့ .. ပုဝါဖြူဂိုဏ်းရှိ အောက်လမ်းသိုင်းပညာရှင်များနှင့်ရင်ဆိုင်ရအုံးမည်ဖြစ်သည် ..
ပုဝါဖြူဂိုဏ်းသည် ထိုနေရာအားတည်ဆောက်ခဲ့သည်မှာ ရှစ်နှစ်ကျော်ပြီဖြစ်၏ ..သိုင်းလောကအတွင်းပျောက်ဆုံးသွားသော ဗိသုကာပညာရှင်များ ယန္တရားပညာရှင် များမှာ သူတို့၏ စနက်ပင် .. ရှစ်နှစ်အတွင်း လူအင်အားငွေအင်အားသုံးကာ ကျွဲခေါင်း တောင်ကြား အလယ်တည့်တည့်တွင် ရဲတိုက်ကြီးတစ်ခုကို တည်ဆောက်ထားလေ၏ ..
ယခုထိုရဲတိုက်ရင်ပြင်ရှေ့သို့ ဖုန်အလူးလူးပေပွနေသော ရထားလုံးတစ်စင်း ဆိုက်ရောက်လာပါသည်.. မောင်းနှင်လာသူဖြစ်သော ၀တ်ရုံနက်မှာဌာနေကိုပြန် ရောက်လာပြီဖြစ်၍ ၀မ်းသာသည့်နှယ် လေတစ်ချက်ချွန်လိုက်ပြီး ရထားလုံးအတွင်းမှ သက်ရှိအဖိုးတန်ရတနာကို ဘယ်ညာပုခုံးနှစ်ဖက်ကို ထမ်းတင်၍ ရဲတိုက်အတွင်း ၀င်သွားလေ၏ .. ရဲတိုက်အပြင်တွင် အစောင့်များရှိသော်လည်း ထိုသူ့ကိုမူ လည့်၍ ပင်မကြည့်ကြပါ .. ၀တ်ရုံနက်က ထိုအစောင့်များကို တစုံတရာအော်ပြောလိုက်ပြီး ရဲတိုက်ထဲဝင်သွား၏..
ရဲတိုက်မှာ အထပ်ငါးထပ်ဖြစ်ပြီး .. အတွင်းဖက်တွင် အခန်းများကို ရှုပ်ထွေးစွာ ဖွဲ့စည်းထားသည် .. ၀တ်ရုံနက်သည် အဆောင်ဆောင်အခန်းခန်းများကို ဖြစ်သန်းကာ ကျောက်ဖြူသားဖြင့်ပြုလုပ်ထားသော လှေခါးထစ်များပေါ်တက်သွား၏ .. ၀တ်ရုံနက် လှေကားပေါ်တက်သည်မှာ မသိသူများမြင်လျှင် အရူးကြီးတစ်ယောက်လိုပင် .. တချို့နေရာတွင် ပုံမှန် တစ်ထစ်ခြင်းတက်သော်လည်း တစ်ချို့နေရာတွင် နှစ်ထစ်ကျော် တချို့နေရာတွင် သုံး ထစ်ကျော် .. စသည်ဖြင့် ခုန်ခုန်တက်သွား၍ ဖြစ်သည်..
လှေကားအချိုး ဆယ့်ငါးချိုးမြောက်ရောက်သော် ဆက်မတက်တော့ဘဲ အနီရောင်ချယ်ထားသော အခန်းထဲသို့ဝင်သွားလိုက်၏ .. ထိုအခန်းသည် အပြင်မှ သာအနီရောင်ချယ်သ ထားသည်မဟုတ် အတွင်းခန်း၌လည်း အနီရောင်ပင် .. ချိုအီသော ရနံ့သင်းပျံ့နေသည့် ထိုအခန်းတွင်းဝယ် မိန်းမပျိုလေးများ၏ ၀တ်လစ် စလစ် ပုံများ ချိတ်ဆွဲထားလေသည်..
အခန်းမှာ လွန်စွာကျယ်ဝန်းလှပြီး အခန်းအလယ်တည့်တည့်တွင် လေးထောင့် ပုံ ရေကန်လေးထည့်သွင်းထားသည်ကို အံ့အားဖွယ်မြင်ရ၏ .. အခန်းထောင့်တွင်မူ အိစက်နေသောအနီရောင် ခုတင်ကြီးတစ်လုံးရှိပြီး လူငါးယောက်မျှ တပြိုင်နက် ၀င်အိပ်၍ရသည် ..
ဝတ်ရုံနက်သည် ပုခုံးပေါ်တွင်ထမ်းလာသော ကျင်းကျူးနှင့်ဟွားဟွားကို ခုတင်ပေါ် အသာအယာလေးချလိုက်၏ ...မိန်းကလေးနှစ်ယောက်မှာ ပီဘိကလေးလေးသဖွယ် သတိလစ်မေ့မောနေကြတုန်းပင် .. ၀တ်ရုံနက်သည် ကျင်းကျူး၏မျက်နှာကို မျက်လုံးမှမီးထွက်တော့မတတ်စိုက်ကြည့်လိုက်ပြီး သူ၏လက်ဖ၀ါးဖြင့် ပွတ်သတ်လိုက်လေသည် ..
ပြီးနောက်သူ၏လက်များမှာ ကျင်းကျူး၏ ရင်ဘတ်ပေါ်သို့ရောက်သွားကာ အင်္ကျီကိုဆွဲချွတ်လိုက်လေ၏......
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၆၈
သို့သော် အင်္ကျီစကိုလှမ်းကိုင်နေတုန်းရှိသေးသည် အခန်းတံခါးပွင့်သွားပြီး မိန်းကလေးနှစ်ယောက်ဝင်လာ၏ ... မိန်းကလေးနှစ်ယောက်စလုံးမှာ လွန်စွာချောမော လှပကြပြီး ညို့အားပြင်းလှသည် .. အထူးသဖြင့် သူမတို့နှစ်ယောက်၏ စူးရှတောက်ပ နေသောမျက်လုံးနှင့် ထူအမ်းအမ်းနူတ်ခမ်းတို့က ပုရိသတို့ ရန်ခုန်နှုန်းမြန်ဖွယ်ရာ တည်း...
ကိုယ်ခန္ဓာအချိုးအစားမှာလည်း ဖွံ့ဖွံ့ထွားထွားရှိလှကာ ရှိုက်သင့်သည့်နေရာ ရှိုက် ဖိုသင့်သည့်နေရာဖိုနှင့်.. သူတို့နှစ်ယောက်ခြေလှမ်းလိုက်တိုင်း အသားဆိုင်များ လှုပ်ရှားသွားသည်မှာ အသည်းယားစဖွယ်ပင် .. ညို့အားပြင်းသော အလှနှင့် ဆွဲဆောင်အားကြီးလွန်းသော ကိုယ်ဟန်တို့ကြောင့် သူမတို့အား မြင်သူယောင်္ကျား အပေါင်း အာခေါင်ချောက်ကပ်ကာ တံတွေးမျိုရလွန်းအားကြီး၍ ရေဓါတ်ခန်းခြောက် နိုင်လောက်ပေ၏ ..
ဝတ်ရုံနက်က ထိုမိန်းကလေးနှစ်ယောက်ကို အရိုအသေပေးလိုက်ပြီး ..
''သခင်မတို့နှစ်ပါးရောက်လာတာ အတော်မြန်တာပဲ .. ''
သခင်မဆိုသူနှစ်ဦးမှာ ပုဝါဖြူဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ယောက်ပင်ဖြစ်သည် .. နှစ်ယောက်စလုံး ဂိုဏ်းတူညီအမများဖြစ်ပြီး မြောက်ပိုင်းသိုင်းလောကအဆက်အနွယ် များဖြစ်ကြ၏ .. သူမတို့၏ရုပ်ရည်မှာနှစ်ဆယ်ပတ်လည်ခန့်ဟုသာ ထင်ရသော်လည်း
အမှန်တော့ အသက်လေးဆယ်ခန့်ရှိပြီဖြစ်သည် .. ထိုသို့နုပျိုလှပစေရန် နည်းအမျိုး မျိုးသုံးစွဲကာ ဇရာကို ပြုပြင်ထားခြင်းဖြစ်၏ .. သိုင်းပညာ.. အဆိပ်ပညာနှင့်ဆေးဝါး ပညာတို့ကို ထူးချွန်ကြသည့်အပြင် ညစ်ပတ်စုတ်ပဲ့သောအောက်လမ်းပညာရပ်များကို
ကျွမ်းကျင်ကြသည် ..
သူမတို့နှစ်ယောက်အနက် ရွှေရောင်ပိုးသားဝတ်စုံပျော့ကို ၀တ်ဆင်ထားသူ မှာ ချင်းညံဟုခေါ်ပြီး ပန်းနုရောင်ပိုးသား ၀တ်စုံပျော့ကို ၀တ်ဆင်ထားသူမှာ ချင်းလျန် ဖြစ်သည် .. ပုဝါဖြူဂိုဏ်းကို လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်ကပင် အတူတကွ ထူထောင် ခဲ့ကြပြီး သူမတို့နှစ်ဦးစလုံးဂိုဏ်းချုပ်ဖြစ်ကြ၏ .. ချင်းလျန်ကို သိုင်းလောကသား များက မာယာရှင် သွေးအေးဘုရင်မဟု ခေါ်ကြပြီး သူမ၏အရိပ်ကိုမြင်သည်နှင့် ဝေးဝေးမှရှောင်ရှားကြသည်.. ချင်းညံကိုမူ မျက်နှာကိုးခု နတ်သမီး ဟုခေါ်ကြ၏ ..
ပုဝါဖြူဂိုဏ်း၏အဖွဲ့ဝင်သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်ကြပြီး ယောင်္ကျား လေးဂိုဏ်းဝင်အင်အားမှာ တစ်ပုံခန့်သာရှိသည် .. ရှန်းစီးတွင် အခြေစိုက်ပြီး ကျွဲခေါင်းတောင်ကြားကို ဂိုဏ်းခွဲလုပ်ကာ သိုင်းလောကသို့စိုးမိုးရန် ကြိတ်ကြံနေကြ သောထို ဂိုဏ်းတူညီအမနှစ်ယောက်၏ တူညီသောစိတ်ထားက လောကတွင်ပြိုင်ဘက် မရှိ လှပလိုခြင်းပင်..
ရွှေရောင်ဝတ်စုံနှင့်ချင်းညံက ၀တ်ရုံနက်၏အမေးကို ဂရုမစိုက် ခုတင်ပေါ် တွင် မေ့မျောနေသော ကျင်းကျူး၏မျက်နှာကိုကြည့်ပြီး စိတ်လှုပ်ရှားစွာနှင့်
''အလို .. အတော်ကျက်သရေလှရှိတဲ့ မျက်နှာလေးပါလား .. ဒီမျက်နှာက ငါ့အတွက်ပဲ ...''
ချင်းလျန်ကလည်း ကျင်းကျူးနှင့်ဟွားဟွား၏ မျက်နှာကိုတလည့်စီကြည့် ပြီး ..
''နှစ်ယောက်စလုံးက ပြိုင်ဘက်ကင်းအလှရှင်တွေကြီးပဲ .. မမ က ဟိုကောင်မလေး မျက်နှာဆို ချင်းလျန်က ဒီကောင်မလေးမျက်နှာပေါ့.. ''
ဟုဆိုကာ ၀တ်ရုံနက်ဖက်ကိုလှည့်၍
''ယွဲ့အော် ..နင့်ဝတ်ရုံကြီး ချွတ်လိုက်စမ်းပါဟယ် .. နင့်ကြည့်ရတာ စိတ်အိုက် စရာကြီး .. ''
ဝတ်ရုံနက်မှာ ချင်းလျန်၏စကားကြောင့် ကိုယ်ပေါ်မှအနက်ရောင်ဝတ်စုံ ကိုချွတ်ချလိုက်သည် ..
သူမသည်လည်း အမျိုးသမီးတစ်ယောက်ပင် .. ယွဲ့အော်ဆိုသော ၀တ်ရုံနက်မှာ ချင်းညံနှင့်ချင်းလျန်တို့၏ တပည့်မတစ်ယောက်ဖြစ်၏ .. သူမ၏ သခင်မ နှစ်ပါးအတွက် အစားထိုးရန် မျက်နှာလှလှလေးများကို ရှာဖွေပေးရသူလည်းဖြစ်သည်
ချင်းညံက ကျင်းကျူးတို့နှစ်ယောက်ကိုကြည့်ကာ ..
''ယွဲ့အော် .. သူတို့နှစ်ယောက်ကို တကိုယ်လုံးချွတ်ပြီး ဆေးရေကန်ထဲမှာ စိမ်ထား .. ညီမလေးက ဆရာဟွမ်းကိုသွားခေါ်ခဲ့ချည် .. သူတို့နှစ်ယောက်သတိပြန် မရသေးခင် မျက်နှာအစားထိုးဖို့လုပ်ရအောင်..''
ဆရာဟွမ်းဆိုသူမှာ နေပြည်တော်တွင် နာမည်ကျော် ခွဲစိတ်သမားတော်ကြီးဖြစ်သည် .. အနာပေါက်အမျိုးမျိုး ... ကိုယ်တွင်းနာ အမျိုးမျိုးကို ခွဲစိတ်နိုင်သည့်အပြင် လူ တစ်ယောက်၏ မျက်နှာကိုပါ လဲ ပေးနိုင်စွမ်းရှိသည် ..
ချင်းညံ၏စကားဆုံးသည်နှင့် ချင်းလျန်မှာ ဆရာဟွမ်းကို ခေါ်ရန် ချက်ခြင်း အပြင်ထွက်သွား၏ ယွဲ့အော်ကတော့ ကျင်းကျူး၏ အင်္ကျီကို ဆွဲချွတ်ရန်ဟန်ပြင်လိုက် ၏ ....
''ကရစ်..ကရစ်.. ''
''ဗြိ...''
''ရွှီး ..'''
''ဖြောင်း '' ''..အား''
ကျင်းကျူး၏ရင်ဘတ်ကို ယွဲ့အော် ကိုင်မိလိုက်တုန်းရှိသေးသည် ..ကျင်းကျူး၏ အ၀တ်ထုတ်တွင်းမှရှောင်းဟူနိုးသွားကာ လူစိမ်းနံ့ရသဖြင့် အထုတ်ကို ဖြဲ၍ ထွက်လာ၏ ... ရှောင်းဟူမှာ အပြင်သို့ရောက်ရောက်ခြင်းပင် သူ့သခင်မ၏ အခြေအနေကို သဘောပေါက်ကာ ကိုယ်ခန္ဓာကို ဖြန့်ကားလိုက်ပြီး ယွဲ့အော်အား အမြီးဖြင့်ရိုက်ထည့်လိုက်၏...
ယွဲ့အော်မှာ ထူးဆန်းသော အကောင် အထုတ်ထဲမှ ခုန်ထွက်လာသဖြင့် လန့်ပြီးနောက်ဆုတ်လိုက်ချိန်မှာပင် အမည်းရောင် အတန်းရှည်ကြီးတစ်ခုကို သူမဘ၀၏ နောက်ဆုံးအကြိမ်ဖြင့်မြင်လိုက်ရကာ အသက်ထွက်သွားရှာလေ၏
ချင်းညံသည် ယွဲ့အော်၏အဖြစ်ဆိုးကို ပြူးကျယ်သော မျက်လုံးများနှင့် ကြည့်ကာ ထူးဆန်းသောသတ္တ၀ါအား သူမ၏အဆိပ်လက်နက်ပုန်းများနှင့် ပစ်ပေါက်လိုက်သည် ..
ဒေါင်းမြီး လက်နက်ပုန်း .. ဒေါင်းမြီးလက်နက်ပုန်းမှာ ချင်းညံ၏ မူပိုင် လက်နက်ပုန်းဖြစ်ပါ၏ .. ထိုလက်နက်ပုန်းမှာ သံချပ်ကာအင်္ကျီကိုပင် ပေါက်ထွက် နိုင်စွမ်းရှိသည်ဟု အဆိုရှိသည် .. လွန်ခဲ့သော ဆယ်နှစ်ခန့်က ချင်းညံနှင့် အနောက် ဘက်လွင်ပြင်သူရဲကောင်း တရှုံ့ ဆိုသူနှင့် တိုက်ခိုက်ခဲ့ဖူးသည် .. တရှံ့သည် အနောက်ဘက်လွင်ပြင်တွင် သိုင်းပညာအရ ဘုရင်တဆူပင် .. တရှံ့၏ သိုင်းပညာ အရည်အချင်းမှာ ထိုစဉ်က ထိပ်သီးသိုင်းဆယ်ယောက်ထက်သာသည် .. တရှုံ့မှာ သမဏိချပ်လွှာ များဖြင့်ယက်ထားသော ၀တ်စုံကို အမြဲတစေ ၀တ်ဆင်ထားသဖြင့် သင်းခွေချပ် တရှံ့ဟုလည်းခေါ်ကြသည် ..
သို့သော်ထိုသံချပ်ကာမှာ ချင်းညံ၏ ဒေါင်းမြီးလက်နက်ပုန်းကြောင့် ပေါက်ထွက်သွားပြီး တရှံ့လည်း ပွဲချင်းပြီးသေဆုံးသွားရ၏ .. ထိုသတင်းကြောင့် ချင်းညံ၏ ဒေါင်းမြီးလက်နက်ပုန်းကို ထန်မိသားစုမှ စိတ်ဝင်စားသွားကာ ချင်းညံနှင့် လက်နက်ပုန်းပညာချင်း ဖလှယ်ကြသေးသည် ..
ယခုမူ ချင်းညံ၏ ဒေါင်းမြီးလက်နက်ပုန်းသည် ရှောင်းဟူ ထံသို့ ဦးတည် ပျံဝဲသွားပါပြီ .. ဓါးလှံမတိုးသော ရှောင်းဝူမှာ ဒေါင်းမြီးလက်နက်ပုန်းကို ခံနိုင်ပါမည် လော...
''၀ှီး...၀ှီး...၀ှီး..''
ရှောင်းဟူမှာ ကျင်းကျူး၏ ပုခုံးအား ခေါင်းဖြင့်ဝေ့ကာ လှုပ်နိုးနေရာမှ
လေတိုးသံများကြောင့် သူ့ထံအန္တရာယ်တခုကြုံလာပြီဆိုတာ သိလိုက်၍ ကျင်းကျူးအား မထိခိုက်စေရန် ရှေ့သို့ ခုန်ထွက်ကာ ကိုယ်ခန္ဓာကို ဖြန့်ကားလိုက်၏
''ဒေါက်..ဒေါက်..ဒေါက်..''
''ဖောက်..''
''ဂစ်...''
''ဖြန်း..''
ဒေါင်းမြီးလက်နက်ပုန်း ဆယ်ခြောက်ခုတိတိပစ်လွတ်လိုက်ရာ ဆယ့်ငါးခုမှာ ရှောင်းဟူ ၏ကိုယ်ခန္ဓာကို မဖောက်ထွက်နိုင်ဘဲ ပြုတ်ကျသွားသော်လည်း တစ်ခုမှာမူ ရှောင်းဟူ၏ ရင်ဘတ်သို့ ထိမှန်သွားကာ လက်တစ်ဆစ်ခန့် စိုက်ဝင်သွားသည်..
ရှောင်းဟူမှာ သူ၏အသားနာသွားသောကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ
ချင်းညံထံသို့ ခုန်ဝင်သွားပြီး သူ၏အမြီးဖြင့် လိုက်လံရိုက်နက်တော့သည်.. ချင်းညံ ကလည်း သိုင်းကဝေတစ်ယောက်ဖြစ်သည်မို့ မြန်ဆန်သွက်လက်ကာ ရှောင်ရှား ၍ ရှောင်းဟူအား သူမ၏လက်ဖြင့်ကုတ်ထည့်လိုက်၏ ..
''ဂျစ်..ဂျစ်..ဂျစ်.''
''ဂရူး..''
သူမ၏လက်ထိပ်တွင် မြေအောက်သံနက်ဖြင့် ပြုလုပ်ထားသော လက်သည်းစွပ်များ တပ်ဆင်ထားရာ ရှောင်းဟူ၏ ကျောပြင်အား ခြစ်ရာများ ထင်သွားစေပါသည် .. ရှောင်းဟူမို့သာတော်တော့သည် သာမာန်လူဆိုလျှင်ဖြင့် အရိုးပင်ပေါ်သွားနိုင်ပါသည်..
ထိုအခိုက်မှာပင် ချင်းလျံနှင့်ဆရာဟွမ်းမှာ အခန်းတွင်းသို့ ရောက်လာ၍ ချင်းညံက ..
''ဆရာဟွမ်း အခန်းပြင်ဘက်မြန်မြန်ထွက် ..ညီမလေး ရွှေနန်းငွေမျှင် ပိုက်ကွန် အမြန်သုံး ..'''
ဆရာဟွမ်း မှာ ရှောင်းဟူကို ကြည့်ကာ ကြောက်လည်းကြောက် လိုလည်းလိုချင်နေမိသည်.. ရွမ်ဝူ ဆိုသော အကောင်၏ တန်ဖိုးကြီးမား ပုံကို ထိုအခန်းထဲတွင် သူတစ်ယောက်ထဲသိနေသည်လေ .. သို့သော်လည်း ချင်းညံ၏ စကားကြောင့် အခန်းပြင်ဘက် ပြေးထွက်သွားသည်... ချင်းလျန်ကသူမ၏ ရင်ဘတ်အတွင်းမှာ ပုဝါတထည်ကို ထုတ်ယူလိုက်သည်.. လူနှစ်ဝါးစာမျှသာရှိသော ထိုပုဝါသည် ပုဝါဖြူဂိုဏ်း၏ အသက် .. ရွှေနန်းငွေမျှင်ပိုက်ကွန်ဖြစ်၏ ..
အခန်းတွင်းတွင် ချင်းညံနှင့်ရှောင်းဟူ၏ တိုက်ပွဲမှာ ပြင်းထန်နေဆဲပင် .. ချင်းလျန်ကလည်း အလစ်တွင်ပိုက်ကွန်ဖြင့် လှမ်းအုပ်ရန် ဟန်တပြင်ပြင်နှင့် ရှိနေသည် ..
ကျင်းကျူးနှင့်ဟွားဟွားကတော့ သတိလစ်နေဆဲ .. သူမတို့ အတွက် ကူရာကယ်ရာဆို၍ ရှောင်းဟူ တစ်ကောင်သာရှိသည် ..အကယ်၍ ရှောင်းဟူသာ ပုဝါဖြူညီအမကို ရှုံးနိမ့်သွားမည်ဆိုလျှင်တော့ ...
===================-==--
အားကွေ့နှင့် ဘဘဟုန်းသည် ဆူးတောဝင်္ကပါအား ခက်ခက်ခဲခဲ ဖြတ်ကျော်နေကြသည် .. ဟိုက်ထုံးဂိုဏ်းသား၏ လမ်းညွှန်မှုမပါလျှင် ဆူးတောဝင်္ကပါ သို့ ရောက်ရန်ပင် အချိန်အများကြီးကျန့်ကြာနေအုံးမည်ဖြစ်သည် .. လူလုပ် ထောင်ချောက်များ .. ကင်းအစောင့်များကို ရှောင်ရှားသည့်နေရာတွင် အချိန်များစွာ ပုပ်သွားမည်.. ယခုတော့ ပုဝါဖြူဂိုဏ်းခွဲသို့ရောက်ရန် ဆူးတောဝင်္ကပါကို ဖြတ်သန်း နိုင်ရန်သာလိုတော့၏ .. ဆူးပင်ဟူ၍ ဆူးခြုံပင်များမဟုတ်ဘဲ အတောင်နှစ်ဆယ်ခန့် မြင့်၍ ကလေးလက်တစ်ဖက်စာမျှရှိသော ပင်စည်ကြီးပေါ်တွင် လက်နှစ်ဆစ်အရွယ် ဆူးချွန်များ ပြွတ်သိပ်စွာ ပေါက်နေခြင်းဖြစ်သည် ..
''ခြေငါးလှမ်း .. ဘယ်ကို နှစ်လှမ်းချိုး .. ပြီးရင်တည့်တည့် ငါးလှမ်းလျှောက် .. မဟုတ်သေးဘူး .. ဒါဆို မြေပုံစံဝင်္ကပါလား ခြေလှမ်း ဆယ်လှမ်း ပြည့်တိုင်း ဘယ်ကို သုံးလှမ်းချိုး .. ညာဖက်ထဲကို တလှမ်းဝင် .. ဒါလည်းမဟုတ် သေးဘူး''
ဘဘဟုန်းမှာ ပါးစပ်မှတတွတ်တွတ်သံထွက်နေသော အားကွေ့ကိုကြည့် ၍ ..
''ဟေ့ကောင်ဘာတွေရွတ်နေတာလည်းကွာ .. စိတ်အိုက်ရတဲ့ကြားထဲ .. ငါတို့ဒီဆူးတောထဲမှာ လည်နေတာ အမွှေးတိုင်နှစ်တိုင်ထွန်းစာလောက်ရှိပြီ .. ဒီနေရာ ဒီနေရာပဲပြန်ရောက်နေတယ် .. '''
အားကွေ့က ရွတ်နေရာမှရပ်လိုက်ပြီး ..
''ဒါကြောင့် ဘဘဟုန်းကို ကျွန်တော်ပြောတာပေါ့ .. ဆူးဝင်္ကပါထဲ မ၀င်ခင် အပြင်ကနေခဏလေးကြည့်ပါရစေဆိုတာ ..မရဘူး ဘဘဟုန်းအတင်းဇွတ်ဝင် သွားတာနဲ့ လူခြင်းကွဲသွားမှာစိုးလို့ ကျွန်တော်ပါ လိုက်ဝင်ခဲ့ရတာ .. အခုအတွင်းထဲ ရောက်တော့ ၀င်္ကပါပုံစံကို ခန့်မှန်းလို့မရတော့ဘူး .. ၀င်္ကပါဆိုတာ အပြင်ကနေ ကြည့်မှဆုံးဖြတ်ရလွယ်တာဗျ .. အထဲရောက်သွားရင် အမြင်တွေလှည့်သွားပြီ''
''မင်းကတုံ့နှေးတုံ့နှေးနဲ့ဆိုတော့ စိတ်မရှည်လို့ကွ .. တောထဲဝင်ရမှာ ကြောက်နေတယ်ထင်လို့ .. ''
အားကွေ့က အသက်ကြီး၍ သိုင်းပညာအရာတွင် အဆင့်လွန်နေသော် လည်း မဆင်မချင်ပြုလုပ်တတ်သော ဘဘဟုန်းအား ကြာလေကြာလေ စိတ်ပျက် လာလေပင် .. .. အချိန်ကို လုနေရသည့် အနေအထားဝယ် ဘဘဟုန်းကြောင့် အချိန် များဆုံးရှုံးခဲ့ရသည်မှာ မနည်းတော့.. ယခုတော့ အရွက်မရှိသော ဆူးပင်လယ်ကြီး ကြားတွင် ပိတ်မိနေတော့မည် .. သူသာ အပြင်ကနေကြည့်ရမည်ဆိုလျှင် ထိုဝင်္ကပါ အထာကို ကောင်းကောင်းကြီး ကျက်မိမည်ဖြစ်သည် .. အပေါ်စီးကနေ ကြည့်ရ လျှင်လည်း ခန့်မှန်း၍ ရနိုင်သည် ..သို့သော် ဆူးပင်များပေါ်သို့ တက်နိုင်ရန်တော့ လုံးဝမဖြစ်နိုင်
အားကွေ့သည် ထိုသို့တွေးမိပြီး ကောင်းကင်ပေါ်ကို မော့ကြည့်မိသည် .. ကောင်းကင်ပေါ်တွင် သူတို့အပေါ်မှ ၀ဲပျံနေသည့် လင်းတ လေးငါးခြောက်ကောင် ခန့်ကို တွေ့လိုက်ရ၏ ..
''ဂစ်..ဂစ်..ဂစ်..''
လင်းတများမှာ အားကွေ့နှင့်ဘဘဟုန်းတို့ မည်သည့်အချိန်တွင် သေဆုံး မည်နည်းဟု မေးခွန်းထုတ်လိုက်သည့် သဖွယ်အော်ပြောနေသည့်ပုံပင် .. ဘဘဟုန်း မှာ ထိုအသံကြောင့် စိတ်တို သွားပြီ အပေါ်သို့ မော့ကြည့်ကာ ခဲဖြင့်ကောက်ပြီး ပေါက်ထည့်လိုက်သည် ..
''ဖေါင်း ..''
''ဂစ်..''
''ကောင်းတယ်..သေစမ်း ..ငှက်မသား ငှက် ..''
လင်းတသည် ခဲချက်ကြောင့် အမွှေးအတောင်များ ဖွာလန်ကြဲကာ ဆူးပင်ထိပ် ဖျားသို့ ပြုတ်ကျသွား၏ .. အားကွေ့က ထိုအချက်ကို မြင်လျှင် လေတစ်ချက် ချွန်လိုက်ပြီး ...
''ဟုတ်ပြီ.. ဘဘဟုန်း ..ကျွန်တော့်ကို ခုနခဲပေါက်သလို မြောက်ပစ်လိုက် စမ်းပါ''
''ဘာလုပ်မလို့တုန်းကွ ..မမြောက်ချင်ပါဘူး .. ကလေးကလားနဲ့ ..''
''ကလေးကလားမဟုတ်ဘူး ဘဘဟုန်းရဲ့ ကျွန်တော်တို့ ဒီဆူးတောကို ဖြတ်နိုင်အောင်လို့ .. မြောက်ခိုင်းတာ အပေါ်စီးကနေဆိုရင် ကျွန်တော် ၀င်္ကပါကို ခန့်မှန်းနိုင်လောက်တယ် .. ''
''အေးကွာ အဲ့ဒါဆိုရင်လည်း မြောက်တာပေါ့ကွာ .. ''
ဘဘဟုန်း စကားဆုံးသည်နှင့် အားကွေ့မှာ နောက်သို့ ခပ်ဝေးဝေးဆုတ်သွားပြီး အရှိန်ဖြင့်ဘဘဟုန်းဆီပြေးသွားလိုက်သည် .. ဘဘဟုန်းနား ရောက်သည်နှင့် လေပေါ်သို့ခုန်တက်လိုက်ရာ ..သူ၏ခြေထောက်နှစ်ချောင်းကို ဘဘဟုန်းက လက်ဝါးဖြင့် ပင့်မြောက်တက်လိုက်၏ ... အားကွေ့နှင့်ဘဘဟုန်းတို့ ၏ ချိန်သားကိုက်မှု .. အတွင်းအားကြီးမြင့်မှုတို့ကြောင့် အားကွေ့မှာ ငှက်တစ်ကောင် သဖွယ် မိုးပေါ်သို့ မြောက်တက်သွားရသည် ..
''ဖုန်း..ဖုန်း...ဖုန်း..'''
ကျန်နေသေးသော လင်းတငါးကောင်ကို လေထဲတွင် ရိုက်သတ်လိုက်ပြီး နောက် ဆူးဝင်္ကပါကို အကဲခတ်လိုက်၏ .. အပေါ်စီးမှ မြင်ရသည်ဖြစ်သောကြောင့် ကြည့်လိုက်သည်နှင့်ပင် ထိုဝင်္ကပါပုံစံကို အားကွေ့တွက်ဆမိသွားသည် ..
ငှက်များလို အတောင်ပံမပါသောကြောင့် အရှိန်ကုန်သွားသည်နှင့် အားကွေ့မှာ အောက်သို့ တရှိန်ထိုးပြုတ်ကျလာခဲ့၏ .. ကိုယ်ဖော့ပညာသုံးလိုက်သည့် တိုင် အရှိန်ကို မသတ်နိုင်ပါ ..သာမှန်လူဆိုရင် ပြာယာခတ်သွားမည်ဖြစ်သော်လည်း အားကွေ့က မပျာ .. ခါးမှကြိုးကိုဆွဲထုတ်ပြီး ဆူးပင်စည်မှထွက်နေသော ဆူးကိုင်းကို လှမ်းချိတ်ကာ ကိုယ်ကိုလွဲ၍ လွဲ၍အရှိန်သတ်ကာ ပြန်လည်ခုန်ဆင်းခဲ့၏ ..
မြေပြင်ပေါ်သို့ ပြန်ရောက်လာသော အားကွေ့မှာ ဆူးတစ်ချောင်းကို ချိုးယူလိုက်ပြီး မြေကြီးပေါ်တွင် ပုံဆွဲနေသည် .. ထို့နောက် ဆူးချွန်ကို လွင့်ပစ်လိုက် ပြီး အားရပါးရယ်လိုက်ကာ ..
''ဟားဟားဟားဟား .. ရပြီဘဘဟုန်းရေ ..ဒီဝင်္ကပါထွင်ထားတဲ့သူက တကယ့်ပညာရှင်အစစ်အမှန်ပဲဗျ .. ကြယ်စုဝင်္ကပါ..လိပ်ခုံးဝင်္ကပါနဲ့ မိုးဝင်္ကပါ သုံးခုတောင်ပေါင်းထားတာ .. ၀င်္ကပါနှစ်ခုပေါင်းဖို့ဆိုရင်ပဲတော်တော်လေးခက်နေပြီ ဘဘဟုန်းရဲ့ ..''
''စကားကြောရှည်မနေပါနဲ့တော့ကွာ ဒီထဲကပဲသွက်သွက်လေး ထွက်ရအောင် .. ''
အားကွေ့က ဒီတစ်ခါတွင်တော့ ဘဘဟုန်းအား သတိပေးရတော့မည်ဟု တွေးမိကာ ..
''ခဏနေအုံး ဘဘဟုန်း .. ကျွန်တော်ပြောစရာရှိသေးတယ် .. ဟိုရောက် လို့ရှိရင် ဘဘဟုန်း ဆန္ဒမစောပဲ ..ကျွန်တော် အရိပ်အခြေကို ကြည့်ပေးဖို့ပါ..''
''အောင်မာ ငါကဘာလို့ မင်းအရိပ်အခြေကိုကြည့်ရမှာလည်း .. ငါ့အရိပ်အခြေကိုသာ မင်းကြည့်.. ကိုင်းကြာတယ်ကွာ သွားကြရအောင်..''
''အင်း ..ဒီအဖိုးကြီး တလွဲတွေ ထပ်လုပ်လို့ကတော့ ငါ့အကြောင်းသိရမှာ ပေါ့ .. ..''
အားကွေ့လည်း ပြောမရသည့်အဆုံး ရှေ့မှဦးဆောင်ကာ ၀င်္ကပါဆီမှ ထွက်သွားလိုက်သည် ..
=================================
''ဖြောင်း..ဖြောင်း..ဖြောင်း''
''ဖုန်း..ဒိုင်း ..''
''ဖရူး..ဖရူး''
ဆူညံပွက်လောရိုက်နေသော အခန်းကျယ်ကြီးထဲဝယ် ရှောင်းဟူနှင့် ချင်းညံ ချင်းလျန်တို့ တိုက်ခိုက်နေကြတုန်းပင်.. အကျောမာပြီး တစတစကြီးထွားလာသော ရှောင်းဝူကြောင့် ချင်းညံတို့ ချွေးဒီးဒီးကျအောင် တိုက်ခိုနေရသလို ..ရှောင်းဟူမှာ လည်း သွေးချင်းချင်းနီရဲနေသည် .. ချင်းညံ၏ လက်သည်းကုတ်ချက်များက သူ့အား ဒါဏ်ရာရစေခြင်းပင် ..
ချင်းလျင်မှာလည်း ရှောင်းဟူအား ပိုက်ကွန်ဖြင့် လှမ်းအုပ်သေးသော်လည်း ထိုသတ္တ၀ါက လည်လွန်းလှ၏ .. အမြီးဖြင့် လှမ်းလှမ်းရိုက်ထုတ်သွားသည် .. ကြာသော် သူမတို့နှစ်ယောက် ပင်ပန်းလာခဲ့၏ .. ဒီအတိုင်းဆိုလျင် သူမတို့ နှစ်ယောက် အခြေအနေသိပ်မကောင်းနိုင် ခဏအနားယူမှဖြစ်တော့မည် ..
ဂိုဏ်းတူညီအမများဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အသိပေးစရာ မလိုပါ . .. မျက်လုံးခြင်းစကားပြောကာ ကိုယ်ဖော့ပညာဖြင့် ပြိုင်တူ နောက်ဆုတ်ပြီး အခန်းတွင်းမှထွက်သွားသည် .. အခန်းပြင်ရောက်သည်နှင့် တခါးအား အပြင်မှ မောင်းခလုတ်ပိတ်ကာ ခတ်ထည့်လိုက်၏ ..
ရှောင်းဟူကသူ့ကိုယ်မှသွေးများကို လျှာဖြင့်ပြန်ယက်ပြီး ..ကျင်းကျူး၏ ခုတင်အောက်တွင် တံခါးဝကို မျက်နှာမူကာစောင့်နေလေသည် ..
''အင်း ..အင်း .. ဖေဖေ.. အကိုအားကွေ့ ..ဘဘဟုန်း .. အားကျွတ်ကျွတ် ခေါင်းကလည်းကိုက်လိုက်တာ .. .''
ပါးစပ်မှတီးတိုးရေရွတ်ကာ ကျင်းကျူးတစ်ယောက် နိုး ထ လာခဲ့သည် .. နားထင်ကို လက်ဖြင့် ထောက်ကာ မျက်စိနှစ်လုံးကို ဖွင့်ကြည့်လိုက်လျှင် ကျင်းကျူး တစ်ယောက် အူကြောင်ကြောင်ဖြစ်သွား၏ .. သူမကလေးများနှင့် ဆော့နေရာမှ အဘယ့်ကြောင့် ခုတင်ပေါ်ရောက်နေရသနည်း .. ကပြာကယာ ထပြီး ဘေးပတ်ဝန်း ကျင်ကို ကြည့်ကာ ကျင်းကျူးတစ်ယောက်ရှက်သွား၏ .. အနီရောင်အခန်းနံရံတွင် ၀တ်လစ်စလစ်အမျိုးသမီးပုံများ ကပ်ထားခြင်းကြောင့်ဖြစ်သည် .. ခုတင်ကို လက်ဖြင့် ထောက် ထိုင်လိုက်မှ သူမတစ်ယောက်ထဲမဟုတ်ပဲ အခြားလူတစ်ယောက်ရှိနေမှန်း သိလျှင် ကျင်းကျူးခေါင်းနပန်းကြီးသွား၏ ..
သို့သော်သူမထင်သလိုမဟုတ်ဘဲ မိန်းမပျိုလေးတစ်ယောက် ဖြစ်နေသည်တွေ့မှ သက်ပြင်းမှုတ်ထုတ်ကာ ထိုမိန်းကလေးကို လှုပ်နိုးလိုက်သည် ..
''ညီမလေး ..ညီမလေး .. ''
သူမည်မျှလှုပ်နိုးနိုး မိန်းကလေးမှာမနိုးပါ .. ကျင်းကျူးလည်း လေးငါးခါမျှ နိုးကြည့်ပြီး တုတ်တုတ်မှမလှုပ်လာသည်နှင့် ခုတင်အောက်သို့ ဆင်းရန်ပြင် လိုက်သည် .. ခုတင်အောက်တွင် ရှောင်းဟူကို တွေ့၍ ..
''ရှောင်းဟူလေး .. မမတို့ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ''
ရှောင်းဟူမှာ စကားပြန်မဖြေတတ်သော်လည်း ကျင်းကျူး၏ အသံကြောင့် လျှာကို ပြူတစ်ပြူတစ်နှင့်ထုတ်ပြလိုက်သည် .. ကျင်းကျူးက ထိုအရာကို သဘောကျ သလို ရယ်လိုက်ပြီး မှ ရှောင်းဟူ၏ ကိုယ်ပေါ်တွင် သွေးများ ပေစွန်းနေသည်ကို တွေ့
လိုက်ရ၏ .. ကျင်းကျူးမှာ ခုတင်အောက်သို့ဆင်းကာ ရှောင်းဟူ၏ ဒါဏ်ရာများကို ကြည့်ရင်း မျက်ရည်ဝဲ၀ဲနှင့် ...
''ဟင်.. ငါ့ရှောင်ဟူလေးမှာ ဒါဏ်ရာတွေအများကြီးပါလား .. ဟင် ..ဟိုမှာ လည်း မိန်းကလေးတစ်ယောက် လဲ နေတယ် .. ဘာဖြစ်လို့ပါလိမ့်..''
ကျင်းကျူးသည် ခုတင်ခေါင်းရင်ဘက်တွင်လဲနေသော မိန်းကလေးအား အကူအညီပေးရန်ဆွဲလှည့်လိုက်ပြီးနောက် ..
''အား.....''
ဟုအော်ကာ ပြန်သတိမေ့သွားသည် .. ၀တ်ရုံနက် တဖြစ်လည်း ယွဲ့အော်မှာ လည်ပင်း ဟက်တက်ပြဲကာ သေဆုံးနေသည်ကို ကျင်းကျူးမြင်လိုက်ရ၍ ပင်...
======================
ရဲတိုက်ကြီး၏ အပေါ်ဆုံးထပ်တွင် ချင်းညံ ချင်းလျန်နှင့် ဆရာဟွမ်း တို့ ထိုင်နေကြသည် .. ချင်းညံက ဆရာဟွမ်းဖျော်စပ်ပေးသော အားတိုးဆေးကို သောက် လိုက်ပြီး ..
''ဆရာဟွမ်း .. အထဲကအကောင်ဟာ ဘာအကောင်လည်း သိသလား''
ဆရာဟွမ်းသည် သူ၏ခပ်ဖိုင့်ဖိုင့်ကိုယ်ကို လှုပ်ရမ်းသွားအောင်ပင် ခေါင်းကို ခါပြလိုက်ပြီး ..
''မသိပါဘူး သခင်မကြီး ..ကျွန်တော်လည်း တခါမှ မမြင်ဖူးပါဘူး..''
ချင်းညံမှာ လူကဲခတ်ကောင်းသူတစ်ယောက်ဖြစ်ရာ ဆရာဟွမ်း လိမ် နေသည် ဆိုတာရိပါမိသော်လည်း မသိချင်ယောင်ဆောင်ကာ .. ညီမဖြစ်သူဖက်လှည့် ၍ ..
''ကိုင်း ..ညီမလေး .. ငါတို့ အခန်းထဲက အကောင်နဲ့ မိန်းကလေး နှစ်ယောက် ကို ဘယ်လို လုပ်ကြမလည်း... ဒီအတိုင်းပဲ ဆက်ချုပ်ထားရမလား .. ငါတို့ပဲ အထဲ ၀င်ပြီး အကောင်ကို ရှင်းပစ်ကြမလား..''
ချင်းလျန်က စဉ်းစားလိုက်ပြီး .
''မမ.. ချင်းလျန်သဘောကတော့ အဲ့အကောင်ကို သတ်ပစ်လိုက်တာ ပိုကောင်းမယ်ထင်တာပဲ ..ချုပ်ထားလို့ မတော်ကောင်မလေးနှစ်ယောက် တစ်ခုခု ဖြစ်သွားရင် .. ပြန်ရှာလို့မလွယ်ဘူး .. ''
ချင်းညံက ခေါင်းငြိမ့်လိုက်ကာ
''ဟုတ်တယ် ညီမလေး .. ဒီ မိန်းကလေးနှစ်ယောက်လိုမျိုး နောင်ပြန်ရှာလို့ ရမှာမဟုတ်ဘူး .. ဟိုတစ်ယောက်ဆို မျက်နှာလေးကိုက သိမ်မွေ့ပြီး အရမ်း ကျက်သရေရှိတာ .. နောက်တစ်ယောက်ကလည်း အပြစ်ကင်းပြီးချစ်ဖို့ကောင်း လိုက်တာ အရမ်းပဲ .. ''
''ဟင်း..ဟင်း...ဟင်း မမ နဲ့ ချင်းလျန်နဲ့သာ အဲ့ကောင်မလေးတွေလို ရုပ်မျိုးနဲ့ဆို .. လောကကြီးမှာ ရှိသမျှယောင်္ကျားတွေကို စိတ်ကြိုက်ကစားလို့ရပြီ..''
''မှန်တာပေါ့ ...ညီမလေးရယ် .. ကဲ ဒီလိုဆို ဒို့တွေ အခန်းထဲ ပြန်ဝင်ပြီး ဟိုအကောင်စုတ်ကို ရှင်းလိုက်ကြအုံးစို့ .. သူ့ရဲ့ပျော့ကွက် က ရင်ဘတ်မှာဖြစ်မယ် .. သူ့ရင်ဘတ်ကို မမရဲ့ ဒေါင်းမြီးလက်နက်ပုန်း စိုက်ဝင်သွားတယ် .. ''
''မမရဲ့ အဆိပ်ဒါဏ်ကို ခံနိုင်တာ အံ့သြဖို့ကောင်းတယ်နော် .. ''
''အေး ..ဒီအကောင်ဟာ သာမန်ညောင်ည ကောင်တော့မဟုတ်တာ သေချာတယ် . .. ငါတို့မှာသာ နဂါးသတ်ဓါး ရှိရင် ပူစရာမလိုဘူး တစ်ချက်ထဲ ခုတ်ပိုင်းလိုက်ရုံပဲ .. .''
''နဂါးသတ်ဓါး ..ဟုတ်လားမမ ..''
''အင်း ..ဒဏ္ဍာရီပုံပြင်ထဲမှာ စစ်သူကြီး နန်ယွင်ကျောက်ဟာ တောင်ဘက် ပင်လယ် မှာ သောင်းကျန်းနေတဲ့ နဂါးဆိုးကြီးကို အဲ့ဓါးနဲ့ ခုတ်သတ်ခဲ့တယ်လို့ ဆိုတာပဲ .. ဒါကတော့ ဟုတ်မဟုတ်မသိနိုင်ဘူး ..ဒါပေမယ့် နဂါးသတ်ဓါးက တကယ့် ပြိုင်ဘက်ကင်းဓါးတလက်ဆိုတာတော့အမှန်ပဲ .. ''
''ခွန်လွန်းက သစ်ဆွေးဓါးနဲ့ယှဉ်ရင်ကော မမ..''
''ဒါကတော့ မပြောတတ်ဘူး ညီမလေး .. သစ်ဆွေးဓါးဆိုတာ အစအန တောင် ရှာဖို့ မလွယ်တဲ့ဓါးပဲ ..ပျောက်နေတာအတော်ကြာပြီ .. ''
''ဒါဆိုမမပြောတဲ့ နဂါးသတ်ဓါးကတော့ ကိုင်နေတဲ့သူရှိတယ်ပေါ့..''
''ဟုတ်တယ်ညီမလေး .. နဂါးသတ်ဓါးနဲ့ မုစန်းသိုင်းပါရဂူ နာမည်ကြီး လာပြီးတဲ့နောက်မှာ ပျောက်ဆုံးသွားတာ အတော်ကြာတယ် .. ဒါပေမယ့် အခု တောင်ပင်လယ် နတ်ရွှေနဂါးဂိုဏ်း ဂိုဏ်းချုပ်ကြီး ရဲ့ဆရာတူညီက နဂါးသတ်ဓါး နဲ့ သိုင်းလောကမှာ ဟုန်းဟုန်းတောက်လာသေးတယ် .. ပြီးတော့ သူမှာ မုစန်းသိုင်းပါရဂူ ရဲ့သိုင်းကျမ်းလည်း ရှိတော့ အဲ့ခေတ်အဲ့ခါမှာ ပြိုင်ဘက်ကင်းတာမှ ဘယ်သူမှသူ့ကို မနိုင်ဘူး .. နောက်တော့ သူအမှားတစ်ခုခုကို ကျူးလွန်လိုက်မိသလား .. သိုင်းလောကကိုပဲ စိတ်ကုန်သွားလို့လားမသိဘူး ဓါးနဲ့သိုင်းကျမ်းကို သိမ်းပြီး ဘုန်းကြီးဝတ်သွားတယ်ကြားတယ် .. ''
''ဟင်..ဒါဆို အဲ့ဓါးအခုဘယ်မှာ ရှိမှန်း မမ မသိဘူးပေါ့ .. ''
ချင်းညံက ရယ်လိုက်ပြီး ..
''မမ မသိဘဲ ရှိပါ့မလား ..သိလို့ပြောပြနေတာပေါ့ ..ဒါပေမယ့် မမလက် ထဲရောက်မှ ညီမလေးကိုပြမယ် ..အခုတော့ ဟိုအကောင်ကို သွားသတ်ကြရအောင်''
***
ရှောင်းဟူသည် တံခါးဆီမှ အသံကြောင့် ကျင်းကျူးအနီးမှ ခွာလိုက်ပြီး ကိုယ်ခန္ဓာကို အသင့်ပြင်ထားလိုက်၏ ...ရန်သူများက လက်မလျော့ပဲ ပြန်ဝင်လာပြန်ပြီလေ..
=======
''ဂျွတ်...ဂျွတ်.. ဂျွတ်.''
''ဟေ့ကောင် အားကွေ့ .. ဟိုမှာ ရဲတိုက်က ရှေ့မှာ ...ရန်သူတွေနဲ့ တွေ့ရတော့မှာကို ကလေးမဟုတ်သူငယ်မဟုတ် ဆူးတွေ လိုက်ချိုးနေရတယ်လို့ .မင်ဘာလုပ်မလို့တုန်း ..'''
သူချိုးထား၍ အပုံလိုက်ဖြစ်နေသော ဆူးများကို အထုတ်ဖြစ်အောင် ထုတ်လိုက်ရင်း ... ပုရစ်ဗူးကို ခါးကြားထဲထိုးလိုက်ကာ ..
''ဘဘဟုန်း တွေ့ရင်သိမှာပေါ့ဗျ .. ကဲ အချိန်ရှိတုန်း ..ကျွန်တော်တို့ ရဲတိုက်ထဲဝင်လိုက်ကြအုံးစို့ ... ''
ဘဘဟုန်းက အားကွေ့၏စကားကို ပြန်မဖြေ ရှေ့တွင် မြင်နေရသော ရဲတိုက်ဆီသို့သာ ပြေးလွှားသွားလိုက်၏ ..
ရဲတိုက်မျှော်စင်ပေါ်မှ ပုဝါဖြူဂိုဏ်းသားသည် ကွင်းပြင်ကွက်လပ်သို့ ပြေးလွှားနေသော အရိပ်နှစ်ခုကို ကြည့်ကာ လူလော သရဲလောဟုတွေးမိပြီးမှ
''အိုး ..လူဖြစ်ဖြစ်သရဲဖြစ်ဖြစ် ငါ့တာဝန်က သတိပေး ဖို့ပဲ'''
နူတ်ဖျားမှ တီးတိုးရေရွတ်ကာ မျှော်စင်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းကြီးကို တီးထည့်လိုက်၏ .. ရဲတိုက်စတင်တည်ထောင်ခဲ့သည့် အချိန်ကတည်း အတီးမခံခဲ့ရသေးသော ခေါင်းလောင်းသည် ပထမဆုံးအကြိမ် အတီးခံလိုက်ရ၍ ကျေနပ်သွားသည့်နှယ် ကျယ်လောင်စွာ မြည်ဟီးလိုက်သည် ..
''ဒေါင် ..ဒေါင် ...ဒေါင်..ဒေါင်..''
ပုဝါဖြူဂိုဏ်းသားများနှင့် ..ဘဘဟုန်း ..အားကွေ့ တိုက်ပွဲက စတင်လေတော့၏ ...
==================
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၆၉
ခေါင်းလောင်းသံကြောင့် ရဲတိုက်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြ သော်လည်း စနစ်ကောင်းသော ချင်းညံ၏အုပ်ချူပ်မှုကြောင့် ပုဝါဖြူဂိုဏ်းသားများ စည်းမဲ့ကမ်းမဲ့ ဖြစ်မသွားကြ .. အထပ်ငါးထပ်စလုံးတွင် သူ့အကန့်နှင့်တူ နေရာယူ ပြီးသားဖြစ်သွား၏ ..
ရဲတိုက်ပြင်ပတွင် သာမာန်သိုင်းသမား အယောက်ရှစ်ဆယ်မှာ ဓါးလွတ်များကိုင် ဆောင်ကာ ရန်သူအားကြိုလင့်နေကြသည် .. အောက်ဆုံးထပ်နှင့် ဒုတိယထပ်တွင် သိုင်းပညာ ကျွမ်းကျင်သော ပုဝါဖြူဂိုဏ်းသား အယောက်ခြောက်ဆယ် စောင့်ကျပ်နေ ၏ ..
တတိယထပ်တွင် အဆင့်မြင့်ဂိုဏ်းဝင် လေးဆယ်မှာ သံကြိုးတပ်ဓါးမြောင်များ ကိုင်စွဲကာ လှေကားထစ်မှ စင်္ကြန်တစ်လျှောက် အသင့်ပြင်ထားသည် .. စတုတ္ထထပ် တွင်မူ လက်ရွေးစဉ်မိန်းကလေးသိုင်းသမား ဆယ်ယောက်သာရှိပြီး အဖြူအနက်ကြား ကွက်များပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်ခြားနားစွာ နေရာယူထား၏ .. သူမတို့မှာ အဖြူရောင်လက်အိတ်များဝတ်ဆင်ထားကြပြီး အပြာရောင်တောက်ပနေ သည့် ပုဝါရှည်ကြီးများကို ကိုင်စွဲထားသည် ..
ပဉ္စမထပ်တွင်မူ အစောင့်တစ်စုံတရာမှမရှိပါ .. ကျင်းကျူးတို့ရှိနေသော အခန်း မှာ လေးထပ်မြောက်ဖြစ်ပြီး ထိုအခန်းထဲတွင် ရှောင်းဟူနှင့် ချင်းညံတို့ တိုက်ခိုက် နေကြတုန်းပင် .. ရှောင်းဟူမှာ ဒါဏ်ရာများစွာရရှိထားသော်လည်း တိုက်ခိုက်မှု အရှိန်မှာလျော့မသွား ..ချင်းလျန်နှင့် ချင်းညံတို့နှစ်ယောက်လည်း ရှောင်းဟူ၏ အမြီးရိုက်ချက် ကြောင့် အ၀တ်အစားများ စုတ်ပြဲနေကြသည် .. သို့သော် အသားကို မထိခိုက်သေးသဖြင့် သွက်လက်နေဆဲဖြစ်၏ ..
ချင်းညံမှာ ယခုထက်ထိ ကြံကြံခံနိုင်သေးသော ထူးဆန်းသတ္တ၀ါအား အံအားသင့်နေသည် .. သူမတို့နှစ်ယောက်ပေါင်းတိုက်ခိုက်လျှင် သိုင်းလောက အဆင့်လွန်ပညာရှင်များပင် အခက်ကြုံရမည်ပင် .. ယခုထိုသတ္တ၀ါမှာ ဒူပေဒါဏ်ပေ ခံနိုင်လွန်း၏ .. ထို့ထက်ပိုသည်မှာ ထိုသတ္တ၀ါ၏ မှတ်ဉာဏ်နှင့် ပင်ကိုယ်အသိသာ .. သူ၏ပျော့ကွက်ဖြစ်သော ရင်ဘတ်နေရာမပေါ်အောင် ရှောင်တိမ်းနိုင်သည်အပြင် သူမတို့နှစ်ယောက်အား အမြီးဖြင့်ရိုက်၍တဖုံ .. ပါးစပ်ဖြင့် ကိုက်၍တသွယ် အမျိုးမျိုး အထွေထွေ ရန်မူလာသေးသည်..
ချင်းညံက သူမအား ကိုက်ဖြတ်ရန်ကျိုးစားလာသော ထိုအကောင်၏ ဦးခေါင်းအောက်မှ လိမ့်ဝင်သွားကာ ဒါဏ်ရာရထားသော နေရာအား သံမဏိ လက်သဲ ဖြင့် ထပ်မံကုတ်ခြစ်လိုက်၏ ..
''ဝေါင်း ..ဂရား ..''
ရွမ်ဟူသည် သည်းခိုက်အောင် နာကျင်လှသဖြင့် ချင်းလျန်ကို ရန်မူနေရာ မှ ချင်းညံဘက်သို့ အမြီးဖြင့် ရိုက်ချလိုက်သည် .. ချင်းညံကလည်း ပါးနပ်လွန်းလှ၏ .. ကုတ်ဆွဲပြီးသည်နှင့် တပြိုက်နက် .. ငုံရှောင်ပြီးသားပင်..
ယင်းအခိုက် .. အချက်ကောင်းပေါ်လာသော ချင်းလျံမှာ သူမ၏ ပိုက်ကွန် ဖြင့်ရှောင်းဟူ၏ ခေါင်းကို စွပ်ချလိုက်လေသည် ..
======================
အားကွေ့နှင့်ဘဘဟုန်းမှာ ရဲတိုက်ရင်ပြင် ရှေ့သို့ရောက်သည်နှင့် ဓါးလွတ်ကိုင် ဂိုဏ်းသားများကို ခုန်ဝင်တိုက်ခိုက်လိုက်ကြ၏ .. သာမာန်အဆင့် ဂိုဏ်းသားများသာဖြစ်၍ ကောက်ပင်ကို တံဇဉ်နှင့် လှီးဖြတ်လိုက်သလိုပင် ..အတုံးအရုံး လှဲကျကုန်သည် ..
ဂိုဏ်းသားများမှာ အသည်းမာပုံရသည် အဆင့်ကွာလွန်းသည်ကို ထည့်မတွက်ပဲ လဲသွားသည့်လူများကို ကျော်ဖြတ်ကာ ဘဘဟုန်းနှင့် အားကွေ့ ထံသို့သာ အတင်းဝင်လုံးကြ၏ .. ဘဘဟုန်းလို အတွေ့အကြုံရင်ကျက်သူပင် ထိုသူများ၏ ဇွဲနှင့်သတ္တိကို လေးစားရတော့သည် ..
''ဟိုင်း..ယား ..''
''ကျား ..''
''ကျူးကျော်သူတွေကို သတ်ဟေ့ ..''
''ဖြတ်ဟေ့ .. တမလွန်ကိုပို့ဟေ့ .''
ကျုံးဝါးကာ ၀င်ရောက် ခုတ်ပိုင်းကြသော်လည်း လဲကျသွားသည်မှာ သူတို့သာပင်..
''ဖြောင်း ..ဖြောင်း..ဖြောင်း..ဖြောင်း''
''အား..အိ..အု ..အား..''
'' ၀ုန်း..၀ုန်း..၀ုန်း'''
အားကွေ့က တစ်ယောက်ကို သတ်လိုက်တိုင်း လူမှာ နှစ်ယောက်တိုး ကာ ခုတ်ထစ်လာမှုကြောင့် ယခုအတိုင်းဆိုလျှင် အချိန်ကြာနိုင်သည်ဟုဟူဆ၍ သရဲအရိပ်ခြေထောက်ဖြင့် လူခြောက်ယောက်ကို ကန်သတ်လိုက်ပြီး လေပေါ် ခုန်တက်လိုက်၏ .. ပုဝါဖြူဂိုဏ်းသားများကလည်း အားကွေ့ပြန်ပြုတ်ကျလာလျှင် ခုတ်သတ်ရန် ဓါးများကို အပေါ်သို့မြောက်ချိန်လျှင် စောင့်ဆိုင်းနေကြသည် ..
လေပေါ်တွင်ရောက်နေသော အားကွေ့မှာ ဆူးချွန်များ ထည့်လာသော အိတ်အတွင်းလက်နှိုက်လိုက်ကာ စုပြုံစောင့်ဆိုင်းနေသော ဂိုဏ်းသားများအား ပစ်ပေါက်လိုက်၏ ..
ထန်မိသားစု၏ ၀ါစဉ်ကြီးသိုင်းသမား လက်တစ်ထောင်ထန်ဖု ကိုယ်တိုင် တီထွင်ထားသော မိုးစက်ပမာ ဟူသည့် လက်နက်ပုန်းပစ်ပညာဖြစ်သည် ..
မည်းနက်နေသော ဆူးချွန်များမှာ ဂိုဏ်းသား အယောက်နှစ်ဆယ်ခန့်ကို ထိမှန်သွားသည် .. သေကွင်းသေကွက်များကို ချိန်ရွယ်ပစ်ခတ်လိုက်ခြင်းကြောင့် ထိမှန်သူများမှာ ဘ၀တပါးသို့ပြောင်းရွှေ့သွားရတော့သည်..
''ရွှီး ..ရွှီး..ရွှီး..ရွှီး .''
''အား..အား.အင့်..အွတ်..''
ဘဘဟုန်းကတော့ သိုင်းဝိဇ္ဇာပီသလှ၏ .. လက်သီးတစ်ချက် အသက် တစ်ချောင်း ခြေဖ၀ါးတဖက် အသက်တစ်ချောင်းပင် ... သိပ်မကြာခင် အချိန်အတွင်း မှာပင် အားကွေ့နှင့်ဘဘဟုန်းတို့ လက်ချက်ကြောင့် ရှစ်ဆယ်မျှသော ဂိုဏ်းသားများ တစ်ယောက်မကျန် သေဆုံးသွားကြလေသည် ..
သိုင်းသမားမရှိတော့သည်နှင့် ဘဘဟုန်းမှာ ရဲတိုက်ထဲသို့ ပြေးဝင်သွားရာ အားကွေ့က အတင်းပြန်ဆွဲထားရ၏ ..
''ဘဘဟုန်း ..သိပ်ပြီး ဆန္ဒမစေနဲ့အုံး .. ရဲတိုက်ထဲမှာ ထောင်ချောက် တွေက တင်းကြမ်းပြည့်လို့ ဟိုကောင်ပြောတဲ့ စကားရှိသေးတယ် .. ''
ဘဘဟုန်းမှာ အားကွေ့၏ သတိပေးစကားကြောင့် ကိုယ်ရှိန်သတ်လိုက် ပြီး ..
''အထဲမ၀င်ရင်ဘယ်လို ကယ်ရမလဲကွ..''
အားကွေ့က နဖူးတွင် ဆူးစိုက်ဝင်ကာသေဆုံးနေသော ပုဝါဖြူဂိုဏ်းသား တစ်ဦးအား ကောက်ယူပြီး ရဲတိုက်အောက်ဆုံးထပ်အတွင်းသို့ ပေါက်ထည့်လိုက်သည် ...
''၀ုန်း....ဂျိမ်း ..''
ဟူသော အသံနှင့်ရဲတိုက် ကြမ်းပြင်မှ သံချွန်များထွက်လာကာ အလောင်းအား ဇကာပေါက်ဖြစ်သွားစေ၏ ..
အားကွေ့ကဘဘဟုန်းအား ဘယ်နှယ်ရှိစဟူသော အမူအရာနှင့် မျက်စပစ်ပြလိုက်ပြီး အလောင်းများကို တစ်လောင်းပြီး တစ်လောင်း ပစ်ထည့်လိုက်၏ ..
ထောင်ချောက်မှာ အပေါက်ဝစပ်နေရာတွင်သာ ရှိပြီး ကျန်နေရာ များတွင် မရှိချေ .. အကြောင်းသိသူများ အလွယ်တကူ ကျော်လွှား၍ရနိုင်သော်လည်း အကြောင်းမသိသူအဖို့ ဒုက္ခလှလှကြီးတွေ့နိုင်သော ထောင်ချောက်ပင် ..
အားကွေ့က ဘဘဟုန်းအား သူ့နောက်မှ လိုက်ခဲ့ရန် အချက်ပြလိုက် ပြီး ထောင်ချောက်အား ခုန်ကျော်ကာ အခန်းတွင်းဝင်သွားလိုက်၏ ..
''၀ှီး..၀ှီး..၀ှီး''
''ယား..ဟိတ်.''
''ဖြောင်း ...ဖြောင်း''
''အား..အ''
အထဲသို့ရောက်သည်နှင့် တိုင်လုံးနှစ်ဖက်ကြားတွင် ပုန်းကွယ်နေသော ဓါးနှစ်လက်သည် အားကွေ့၏ နံကြား တစ်ဖက်တစ်ချက်ဆီသို့ ထိုးဖောက်ရန် ထွက်ပေါ်လာသည် ..ရန်သူ့နယ်မြေမို့ သတိထားနေသော အားကွေ့ပင် မမျှော်လင့် ထားသော နေရာမှ ထွက်ပေါ်လာ၍ အသည်းအသန် ရှောင်တိမ်းလိုက်ရ၏ ...
နောက်မှကပ်လိုက်လာသော ဘဘဟုန်းမှာ အားကွေ့တစ်ယောက် သွားပြီ ဟုပင် တွက်ဆမိလိုက်သည် . ဓါးချက်မှာ မြန်ဆန်လွန်းလှသည် .. တောင်ပင်လယ် ခေါင်းနှစ်လုံးငါးရှဥ့်၏ ရှောင်တိမ်းကွက်ဖြင့် လေထဲတွင် အလျားလိုက်ရှောင်တိမ်းကာ ၀ရဇိန်သူရိန်လက်ညိုးနှင့် အနက်ရောင်လောက အနီရောင်အခန်း သိုင်းစာအုပ်တွင်းမှ သိုင်းပညာကို ပူးတွဲသုံးကာ ထိုးနှက်ရိုက်ချလိုက်ရသည် .. ပုဝါဖြူဂိုဏ်းသား နှစ်ယောက် မှာ ခေါင်းနှင့် ရင်ဘတ်ကို ဖိကိုင်ကာ ရဲတိုက်ကြမ်းပြင်တွင် လူးလိမ့်နေ၏
အားကွေ့က ဂိုဏ်းသားနှစ်ယောက်၏ ဓါးနှစ်လက်ကို ကောက်ကိုင်လိုက် ပြီး ဘဘဟုန်းကို တစ်လက်ပစ်ပေး၍
''ရော့..ဘဘဟုန်းရေ .. ဒီထဲကကောင်တွေက ဉာဏ်လည်းများသလို သိုင်းပညာလည်း ပိုစွမ်းတယ် .. ဓါးသုံးမှဖြစ်တော့မယ် .. ''
ဘဘဟုန်းကလည်း အားကွေ့ပစ်ပေးလိုက်သော ဓါးကို ဆ လိုက်ပြီး ..
''အင်း ..ငါ ဓါးမကိုင်တာ နှစ်ပေါင်း လေးဆယ်လောက်ရှိနေပြီ .. ဓါးသိုင်းတောင် ကျန်ပါ့အုံးမလားမသိဘူး .. ''
အားကွေ့ကလည်း လက်ထဲမှ ဓါးကို လေထဲသို့ စမ်းခုတ်ကြည့်ကာ ..
''ဘဘဟုန်းက နားထားတာ .. ကျွန်တော်က တခါမှ ဓါးကိုင်ဖူးတာ မဟုတ်ဘူး .. ဘာပဲဖြစ်ဖြစ် အမြန်အမြစ်ဖြတ်ဖို့ဆို ဓါးနဲ့မှ ဖြစ်မှာပဲ ..ဆက်သွားကြစို့ ဘဘဟုန်း .. အသင့်သာရှိပါစေ ..''
အားကွေ့စကားမှ မဆုံးသေး ရဲတိုက် ထုတ်တန်းပေါ်မှ ပုဝါဖြူဂိုဏ်းသား ငါးယောက် ခုန်ဆင်းလာပြီး သူတို့နှစ်ယောက်အား တိုက်ခိုက်လာလေသည် .. ဒီတခါတွင်တော့ အဆိပ်လက်နက်ပုန်းနှင့် တွဲစပ် အသုံးပြုလာခြင်းပင် ..
''အားကွေ့ ..သတိထားဟေ့ ..ဒါ အဆိပ်သဲပွင့်ဆိုတဲ့ လက်နက်ပုန်း''
''ထန်း..ထန်း..ထန်း..ထန်း ..''
''ရတယ် ဘဘဟုန်း ..ရော့စမ်းကွာ ..'''
''ဇွိ..ဇွိ...ဇွိ..''
''အား..အင့် .. အွတ်..''
အဆိပ်သဲပွင့်များကို ဓါးဖြင့်ရိုက်ထုတ်လိုက်ပြီး မြောက်ပိုင်းသိုင်းလောက မှ ရွှေဓါးဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်သိုင်းကွက်ဖြစ်သော ရင်ခွဲအသဲလှန် ဟူသော ဓါးချက် ကြွေးလိုက်ရာ ပုဝါဖြူဂိုဏ်းသား သုံးယောက်မှာ အူများပွင့်ထွက်ပြီး သေဆုံးသွားကြ၏ .. ဘဘဟုန်းကလည်း ၀ူတန်ဓါးသိုင်းဖြစ်သည့် ခုနှစ်စင်ကြယ်ဓါးကွက် တစ်ကွက်ထဲ နှင့်လူနှစ်ယောက်ကို သတ်ဖြတ်လိုက်ပြီးဖြစ်သည် .. အားကွေ့ လက်ချက်ကြောင့် သေဆုံးသွားသော လူသုံးယောက်ကို ကြည့်ကာ ဘဘဟုန်း တုန်လှုပ်သွားမိ၏ ..
ထိုလူသုံးယောက်မှာ တော့်တော့ကို အသေဆိုးလှသည် .. ၀မ်းဗိုက်မှ ရင်ခေါင်းအထိ ဓါးချက်က ဆွဲလှန်သွားသည်ဖြစ်ရာ အူများ ကလီစာများ ပြတ်ထွက်သွားပြီး အဆီခဲ များ .. မစင်များထွက်လာကာ သွေးများက အိုင်ထွန်းနေ၏ ..
အားကွေ့က အနံ့ဆိုးများထွက်လာသောကြောင့် နှာခေါင်းရှုံ့လိုက်ကာ
.
''ထွီ..ရွံစရာကောင်းလိုက်တာဗျာ ..ရှေ့ဆက်ကြအုံး ဘဘဟုန်း ..''
''နေအုံး ..အားကွေ့ မင်းသုံးလိုက်တာ ရင်ခွဲအသဲလှန် ဓါးသိုင်းမို့လား .. ငါယိယှတောင်တိုက်ပွဲမှာ မြင်ဖူးတယ် .. ''
''ဟုတ်တယ် ဘဘဟုန်း ဘာဖြစ်လို့လည်း .. ''
''ဟေ့ကောင် ..မင်း ဒီသိုင်းကို တခြားလူရှေ့မှာ လုံးဝမသုံးမိစေနဲ့ .. သိုင်းလောကရဲ့ ဘုံရန်သူဖြစ်သွားမယ် .. ဒီရက်စက်တဲ့ ဓါးသိုင်းကို ပြည်မကြီးက လုံးဝမမေ့သေးဘူး .. ''
''ဟားဟား ဘဘဟုန်းရယ် ..ဘယ်ဓါးသိုင်းက လူကိုမထိခိုက်တဲ့သိုင်း ရှိလို့လည်း ..သေတာခြင်းအတူတူ ခွဲခြားစရာမလိုပါဘူးဗျာ .. သုံးစွဲတဲ့အပေါ်မူတည် နေတာမို့ စိတ်မပူပါနဲ့ ပြီးတော့ ဒီကောင်တွေ ဒီဓါးချက်နဲ့ ထိုက်တန်ပါတယ် .. ''
ဟုပြောကာ ဓါးကို ရှေ့သို့စိုက်၍ ထွက်သွာစလိုက်သည် .. ဘဘဟုန်းက ခေါင်းရမ်းလိုက်ပြီး အားကွေ့နောက်မှလိုက်ကာ ..
''မဟုတ်သေးဘူး ..မဟုတ်သေးဘူး ..ဒီကောင့်အသက်အရွယ်နဲ့ ဒီလောက် ရက်စက်လို့မဖြစ်ဘူး ..ဟိုခွေးကောင် ထင်းလွေတို့ညီအကိုတတွေကြောင့်
အားကွေ့တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုံရန်သူဖြစ်တော့မယ် .. ငါဘယ်လို လုပ်ရပါ့''
''ဟိတ်.. ''
'' ထန်း..ထန်း..ထန်း ..
''ဒုတ်..ဒုတ်..ဒုတ်..ဒုတ်''
''အားရိုး.. အား ..အင့်.. အော့''
ဘဘဟုန်းတစ်ယောက် တကိုယ်ထဲရေရွတ်နေသည့် အချိန်တွင် အားကွေ့မှာ လူအယောက်နှစ်ဆယ်ခန့်နှင့်တိုက်ပွဲစနေသည် .. မိန်းကလေးများ အများစု ပါသော ထို တိုက်ပွဲမှာ အချိန်တဏသာကြာ၏ .. အားကွေ့က မိန်းကလေး ယောင်္ကျားလေးဟူ၍ ချမ်းသာမပေး .. အကုန်ခုတ်သတ်ပစ်လိုက်သည် .. အားကွေ့ သုံးလိုက်သော ဓါးကွက်ကြောင့် အလောင်းများမှာ မည်သူမည်ဝါပင် မသွဲကွဲလှပါ ..
အားကွေ့၏ ဓါးကွက်မှာ ဘဘဟုန်းပင် မမြင်ဖူးချေ .. အနက်ရောင် လောကအနီရောင်အခန်း သိုင်းကျမ်းအတွင်းပါ .. တောဆင်ရိုင်းမုန်ယို ဟုသော ဆိုးရွားသော အမည်ရှိသည့်သိုင်းကွက်ဖြစ်၏ .. ဆင်ရိုင်းမှာမုန်ယိုနေသည့်အချိန်တွင် အားအပြင်းဆုံး အရိုင်းစိတ်အ၀င်ဆုံးဖြစ်သည့် နည်းတူ အနှီဓါးကွက်၏ ကြမ်းကြုတ်မှု ကလည်း လက်ကုန်ပင် ..
ခြေများ လက်များ ခေါင်းများ အပိုင်းပိုင်းပြတ်တောက်လျှက် သေပွဲဝင် နေရရှာသည်.. အားကွေ့ပင်လျှင် ထိုအနိဌာရုံ မြင်ကွင်းကြောင့် ပျို့တက်မိသွား၏ . သို့သော် ထိုသိုင်းကွက်၏ တန်ခိုးကြောင့် ကျန်ရှိနေသော ပုဝါဖြူဂိုဏ်းသားများမှာ ဓါးများကို ပစ်ချလျှက် အားကွေ့တို့နှစ်ယောက်အား ရှိခိုးဦးတင်တောင်းပန် နေကြသည် .. ကြောက်ရွံ့ခြင်းက ငယ်ထိပ်ကပင် ဖောက်ထွက်သွားတော့မလိုပင် .. အားကွေ့၏မျက်နှာကိုပင် စေ့စေ့မကြည့်ဝံ့တော့ .. မိန်းကလေးများဖြစ်၍ အသည်း ငယ်သည်လည်းပါပေမည် ..
အားကွေ့က လက်နက်ချသူမိန်းကလေးအယောက်လေးဆယ့်ခန့်ထဲမှ
မျက်ရည်ဖြိုင်ဖြိုင်ကျနေသော ကောင်မလေးတစ်ယောက်ကို လက်ညိုးထိုးပြီး ခေါ်ထုတ်လိုက်သည်..
''အေး..မင်းနာမည်ဘယ်သူလည်း ..ရှေ့ကို ထွက်ခဲ့ .. ''
ကောင်မလေးမှာ အကြောက်လွန်ပြီး ခြေထောက်များပျော့ခွေကာ လဲကျသွား၏.. သူတို့အဖွဲ့မပြောနှင့် ဘဘဟုန်းပင် အားကွေ့အား ကြောက်ရွံ့စပြု လာပြီဖြစ်သည်..
အားကွေ့က တခြားသူများကို မမေး ထိုလဲကျနေသော မိန်းကလေးကိုပင် ထပ်မံ၍ ..
''မိန်းကလေး ..မင်း ကို ငါမေးစရာနည်းနည်း ရှိလို့ .. မင်းတို့ကို လက်ဖျားနဲ့တောင်မထိဘူး စိတ်ချ .. ငါ့ကို တိုက်ခိုက်လာရင်သာ ငါကမသနား တတ်တာ ... အညံ့ခံတဲ့သူတွေကို ဘယ်တော့မှ မရက်စက်တတ်ဘူး .'''
ထိုအခါမှ မိန်းကလေးလည်း ထထိုင်နိုင်ပြီး ...
''မေး..မေး..ပါရှင်.. ''
''ကောင်းပြီ .. ဟိုလှေကားတွေကို ဘယ်လို တက်ရတာလည်း . ငါထင်တာ မမှားရင် လှေကားတွေမှာ ထောင်ချောက်ဆင်ထားမှာ ..''
''မှန်..မှန် ပါတယ်ရှင် ..လေကားတွေမှာ ထောင်ချောက် ဆင်ထားပါတယ် .. အထပ်ငါးထပ်မှာ လှေကားအချိုးပေါင်း ဆယ့်ခြောက်ခု ရှိပါတယ် .. အခု အောက် ဆုံး အချိုးက လေးခုဖြစ်ပြီး ကျန်တဲ့ အထပ်တွေမှာ သုံးခုစီပါ .. ကျွန်မတို့က သုံးထပ်အထိ တက်လို့ရပါတယ် .. ကျန်တဲ့ အထပ်နှစ်ထပ် ကိုတော့ မသိပါဘူးရှင့် ''
''အေး ဒါဆို အဲ့သုံးထပ်ကို ဘယ်လို တက်ရ သလည်း ပြော ''
မိန်းကလေးမှာ တဖြည်းဖြည်းနှင့် ရဲစိတ်ကလည်း ပြန်လည်ပေါက်ဖွားလာ ရာ ..အရင်လို တုန်တုန်ယင်ယင်မဟုတ်တော့ပေ ..
''သုံးထပ်အထိ လှေကားတက်နည်း အတူတူပါ .. တစ်ထစ်ကျော် သုံးထစ်ကျော် .. ငါးထစ်ကျော်ပါ .. ''
''ဟုတ်ပြီ ..မိန်းကလေး တစ်မျိုးမထင်နဲ့. အခုအချိုးကို မင်းအရင် တက်ပြ ပြီးမှငါယုံမယ် .. ''
''ဟုတ်ကဲ့ရှင့် ..''
ဟုအဖြေပေးကာ ထရပ်လိုက်သည့် မိန်းကလေးအား ..
''နေ..နေ အဲ့လောက်ဆို ငါယုံပြီ .. တစ်ခုတော့ မှာ လိုက်မယ် ငါအခု အပေါ် ပြန်တက်သွားမယ် .. ပြန်ဆင်းလာလို့ မင်းတို့ကို တွေ့ရင် တစ်ယောက်မကျန် ငါသတ်မယ် ..''
အားကွေ့၏ စကားကြောင့် မိန်းကလေးများမှာ ထွက်ပြေးရန် ပြင်နေသဖြင့် ..
''နေကြအုံး ..နေကြအုံး ..မင်းတို့တွ ဒီဂိုဏ်းကို ၀င်လာတာ ခိုကိုးစရာ မရှိလို့ ၀င်လာတာလည်း ဖြစ်ချင်ဖြစ်မယ် .. တခြားအကြောင်းကြောင်းကြောင့် ၀င်လာတာလည်း ဖြစ်ချင်ဖြစ်မယ် .. ဘာအကြောင်းပဲဖြစ်ဖြစ် အခုချိန် အပြင်လောက ရောက်ရင် မင်းတို့ အခက်ကြုံအုံးမှာပဲ အဲ့အခါကြရင် ဒီထက်ဆိုးတဲ့ဂိုဏ်း ..ဒီထက် ဆိုးတဲ့ ဘ၀မျိုးပြန်ရောက်သွားလိမ့်မယ် .. ''
ဟုပြောကာ အားကွေ့က သူ၏ ရင်ဘတ်ထဲသို့ လက်နိုက်ပြီး ပြန်ထုတ်လိုက်၏ .. သူ့လက်ထဲတွင်ပါလာသည်က ပုလဲနက်ကုံး တစ်ကုံးပင် ..
အားကွေ့က သူ့အား အဖြေစကားပြောကြားသည့် မိန်းကလေး လက်ထဲသို့. ပုလဲနက်ကုံးကို ထည့်ပေးလိုက်ကာ ..
''ရော့ ..ဒီပုလဲနက်ကုံးဟာ လျှံငွေခြောက်သိန်းလောက် အနည်းဆုံး တန်တယ် .. အဲ့ပုလဲကုံးကို ထုခွဲရောင်းချပြီး မင်းတို့တစ်တွေ ခွဲယူလိုက်ကြ .. ပြီးရင် ဘ၀သစ်ထူထောင်ချင်တဲ့သူက ထူထောင်ကြ ..မထူထောင်ချင်သေးဘူး အဖော် အသင်း နဲ့မှနေချင်သေးတယ်ဆိုရင် .. တုံးမင်မြို့ကို သွား ''နံ့သာမွှေး'' ဆိုတဲ့ ရွာကို ရှာ ..အဲ့မှာ ကျောင်းတော်သား ဖုချိနဲ့ သူ့သမီးဖုချင်းဆိုတာ ရှိတယ် .. သူတို့ နှစ်ယောက်ကိုတွေ့ရင် အကိုအားကွေ့လွတ်လိုက်တာလို့ပြော ..မင်းတို့ကို သူတို့သားအဖ လက်ခံထားလိမ့်မယ် .. ကြားလား ..''
''ဟုတ်ကဲ့ရှင့် ..''
အားကွေ့၏ စီမံမှုကို သဘောအကျကြီးကျနေသူကတော့ ဘဘဟုန်း ပင်..
''အင်း .. ဒီကောင့်ကို လူရက်စက်လို့ပြောရမှာလည်း ခက်တော့အခက် လူယဉ်ကျေးလို့ဆိုရ အောင်ကလည်း လုပ်ရပ်ကမဟုတ်သေး ..ဘယ်လိုအမည် တပ်ရမယ့်ကောင်လည်း မသိပါဘူး .. ထူးတော့ထူးခြားတဲ့ကောင် ''
သူအတွေးများနေစဉ်တွင် မိန်းကလေးများမှာ ရဲတိုက်ကို စွန့်ခွာ ထွက်သွားကြပြီဖြစ်သည် ..
''ဘဘဟုန်း လာလေ ..တက်ရအောင် .''
''အေး ..အေး ..လာပဟ ..''
======================
''၀ူး..ဂရား..ဂရား ..'''
လေးထပ်တွင် စောင့်ကြပ်နေသူများသည် အခန်းတွင်းမှ ဟိန်းထွက်လာသော အသံကြောင့် နားမခံသာအောင်ဖြစ်သွားကြ၏ .. မည်သည့်အကောင်၏ အော်သံ နည်းဟု စဉ်းစားနေကြချိန်တွင် အသံထွက်ပေါ်ရာ အခန်းတွင်းတွင်တော့ ကမ္ဘာပျက်နေသည့်အလားပင်....
''မမထိန်းလို့မရဘူး..ချင်းလျန်တစ်ယောက်ထဲ မနိုင်ဘူး ..''
''ခဏလေးတောင့်ထား .. ညီမလေး ..ဒီကောင်ကြီးရဲ့ ရင်ဘတ်ကို ထိုးဖောက် လိုက်နိုင်ရင် ပြီးပြီ ..ခဏလေးပဲ . ''
ချင်းလျန်သည် ရှောင်းဟူကိုချုပ်မိထားသည့် ပိုက်ကွန်ကို မနိုင်မနင်း ဆွဲထား နေရပြီး ချင်းညံကတော့ ရှောင်းဟူ၏ ပျော့ကွက် ရင်ဘတ်နေရာကို ချောင်းမြောင်း နေသည် .. ရှောင်းဟူက လည်း ပါးနပ်လှသည် သူ၏ ပျော့ကွက်နေရာ ပေါ်သွားမည် စိုး၍ ချုပ်မိနေသည့်ကြားမှာ ရုန်းကန် ကာကွယ်နေရှာ၏ ...
ရှောင်းဟူ ..ချင်းညံ နှင့်ချင်းလျန် သုံးပွင့်ဆိုင် အလုပ်များနေသည့် အချိန် တွင် ကျင်းကျူးတစ်ယောက် ပြန်လည် သတိရလာလေသည် .. မျက်စိနှစ်လုံးကို ဖွင့်ကြည့်လိုက်ပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏နှလုံးခုန်နှုန်း ရပ်တန့် သွားမလောက်ပင် . ..
မှန်သည် သူမ၏ရှောင်းဟူလေးအား သတ်ဖြတ်ရန်ကြံနေကြသည့် မြင်ကွင်း လောက် ရင်နာစရာကောင်းတာ မရှိတော့ပေ .. ကျင်းကျူးမှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပြီး ခုန်ထလိုက်ကာ အော်ပြောလိုက်၏ ..
''မလုပ်ကြပါနဲ့ရှင်... ကျွန်မရဲ့ရှောင်းဟူလေးကို မသတ်ကြပါနဲ့ ..ကျွန်မ ကိုသာသတ်ပါရှင် .. ''
သို့သော် အာခေါင်ကွဲမတတ်အော်ဟစ်နေသော်လည်း ..ရှောင်းဟူ၏ အသံ ..ချင်းလျန်နှင့် ချင်းညံတို့၏ မာန်သွင်းသံများကြားထဲတွင် ပျောက်ကွယ်သွားသည် ..
ကျင်းကျူးက သူမ ထိုအဖြစ်အပျက်ကို လှမ်းတားရန် ဘေးဘီကို အကြည့်တွင် လဲလျောင်း အသက်ပျောက် နေသည့် မိန်းကလေး၏ ခါးတွင်ချိတ်ထားသော ကြွေဗူး လေး တစ်ဗူးကို တွေ့လိုက်ရ၍ ဖြုတ်ကာ ချင်းညံတို့ဘက် သို့ပစ်ပေါက်လိုက်၏ ..
ကျင်းကျူးမှာ သူမဘက်သို့ အာရုံပြောင်းလာရန် ရည်ရွယ် ပစ်ပေါက်လိုက် သော်လည်း ကံကြမ္မာ၏ အလိုအရ ချင်းညံ၏ မျက်နှာတည့်တည့် သို့ ထိမှန်သွား သည် ....
''ခွမ်း..''
''အား... အား ....''
''အား ..ဒါ ..ဒါ အရွတ်ကြေ အရေပြောင်းဆေးရည် တွေ .. သွားပြီ ..ငါ့မျက်နှာတော့ ပျက်ပြီ .. အမယ်လေး ..ကယ်ကြပါအုံး .. ''
ချင်းညံသည် သူမ၏ မျက်နှာကို ကိုင်ကာ နာကျည်းစွာ အော်နေသည် .. သူမအုပ်ကိုင်ထားသော လက်ကြားမှ အငွေ့များ တထောင်းထောင်း ထနေသည်ကို ကျင်းကျူးမှာ တွေ့လိုက်ရ၍ အော်ဟစ်လိုက်ပြီး ..
''မဟုတ်ဘူး ..မဟုတ်ဘူး ..ကျွန်မ အဲ့လို လုပ်တာမဟုတ်ဘူး .. အမလေး ကျွန်မ ကျွန်မ မရည်ရွယ်ပါဘူးရှင်.. ကျွန်မတောင်းပန်ပါတယ် .. ကျွန်မအပြစ်ပါ ကျွန်မ ကိုသာ သတ်လိုက်ပါတော့ . အဟင့် ..အဟင့် .. ''
ချင်းလျန်မှာ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ကြောင် ငေးနေပြီးမှ .. ကျင်းကျူးဖက်လည့်ကာ ..
''ခွေးမ ..နင့်ကြောင့် ..နင့်ကြောင့် .. ငါ့အမ မျက်နှာပျက်သွားပြီ .. နင့်ကို ငါသတ်မယ် ''
ကျင်းကျူးမှာ ချင်းလျန်၏ စကားကြောင့် ချုံးပွဲချ ငိုနေရာမှ အရူးတစ်ယောက် သဖွယ် ခုန်ထလိုက်ပြီး ချင်းလျန်ဆီသို့ တစ်လှမ်းခြင်းလှမ်းလာကာ
''သတ်မယ်ဆိုလည်း သတ်ပါရှင် ..ကျွန်မ ကျွန်မကြောင့် ထိခိုက်သွားတာပါ .. သတ်လိုက်ပါ.. ဒါပေမယ့် ကျွန်မရဲ့ရှောင်းဟူကိုတော့ လွတ်ပေးပါ .. သူ့မှာ ဘာအပြစ်မှ မရှိဘူး ..''
ကျင်းကျူးမှာ သူမကြောင့် အနာတရဖြစ်သွားသော ချင်းညံအား အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ချင်းလျန်အနားသို့ တိုးကပ်ကာသွား၏ ..
သြော် .. ကျင်းကျူးတစ်ယောက် အတွက်တော့ အပြင်လောကကြီးသည် ပူလောင် လွန်းလှပါတကား ..
==========
သြော် ကျင်းကျူး ခလိန်းရယ် ..မင်းဘွကြီး ကတကယ့်ကို ပူလောင်လွန်းလှပါ
တယ်ကွယ် ..ကွီးတောင်ရေးရင်း ငိုချင်လာသကွယ် ..
#အစ၏အဆုံး ..အဆုံး၏အစ
Pyae Phyoe San
၇၀
ထိုအချိန်တွင် အားကွေ့နှင့်ဘဘဟုန်းမှာ တတိယထပ်၌ တိုက်ပွဲဆင်ကြပြီ ဖြစ်သည် ....
ဒုတိယထပ်တွင်ရှိနေသော ဂိုဏ်းဝင်အတော်များများမှာ အောက်ထပ်သို့ ဆင်းကူသည့်အထဲ ပါဝင်သွားသောကြောင့် ဆယ်ယောက်မျှသာရှိသဖြင့် လွယ်လင့် တကူဖြတ်ကျော်နိုင်ခဲ့၏ . တတိယထပ်တွင်မူ အောက်ထပ်ရှိလူများထက် အဆင့်ပို မြင့်မားလေရာ တိုက်ခိုက်မှုမှာ ကြောက်ခလိလိပြင်းထန်လှသည် ..
''ယား...ဟိတ်.. ''
''ကျား .. ''
''၀ှစ်..၀ှစ်..၀ှစ်''
'ခြွမ်း..ခြွမ်း..ခြွမ်း''
''ဒုတ်..ဒုတ်..ဒုတ်''
အလက်လေးဆယ်မျှရှိသော သံကြိုးတပ်ဓါးမြောင်များမှာ အားကွေ့နှင့် ဘဘဟုန်းတို့၏ ကိုယ်ခန္ဓာအနီးမှ တရိပ်ရိပ်နှင့် ၀ဲပျံနေကြ၏ .. ထက်မြနေသော ဓါးသွားများဖြစ်သောကြောင့် ရှပ်ထိရုံနှင့်ပင် အသားများ အလွှာလိုက်ပြတ် သွားနိုင် သည်
အားကွေ့နှင့်ဘဘဟုန်းမှာ အဝေးမှနေ၍သာ သံကြိုးတပ်ဓါးမြောင်များကို ရိုက်ဖယ်နေရ၏ ... ပုဝါဖြူဂိုဏ်းသားများမှာ ထိုသံကြိုးလက်နက်နှင့် နှစ်ပေါင်းများစွာ လေ့ကျင့်သားကျပြီးသားဖြစ်၍ ကျွမ်းကျင်လှသည့်အပြင် တိုက်ခိုက်ပုံမှာ မဟာဗျူဟာ ကျသည် ..
အလက်လေးဆယ်ရှိသော သံကြိုးများကို အခြင်းခြင်းရှုပ်ထွေးခြင်းမရှိဘဲ ရန်သူကို တည့်မတ်စွာ ပစ်လွတ်နိုင်ခြင်းမှာ သေသပ်လှပလွန်း၏ ... ဓါးတိုက်ပွဲ တပွဲ တွင် လူမည်မျှ များများ ရန်သူကို ခြောက်ယောက်ထက်ပို၍ တိုက်ခိုက်၍မလွယ်လှ .. ထို့ထက် ပိုလျှင် အခြင်းခြင်း ရှုပ်ထွေးကာ ရန်သူအတွက်အခွင့်အရေး ပိုရသွားနိုင် သည် ..
ထိုအချက်ကို ကောင်းကောင်းကျက်မိသော ချင်းညံက ထိုသံကြိုးတပ် ဓါးမြောင်ကို တီထွင်ခဲ့ခြင်းဖြစ်၏ .. အဝေးမှနေ၍ အလက်လေးဆယ်ကို တပြိုင်နက် ပစ်လွတ်တိုက်ခိုက်နိုင်သည့် အပြင် ပြန်လည်းရုတ်သိမ်းနိုင်သည် ... ထိုအချက်က
မည်မျှ တာ သွားသနည်းဟုဆိုလျှင် ယခုအဆင့်လွန်သိုင်းသမားများဖြစ်သော ဘဘဟုန်း နှင့် အားကွေ့ပင်လျှင် အခက်ကြုံနေကြရ၏ ..
ဘဘဟုန်းမှာ အတွေ့အကြုံရင့်ကျက်သူပီပီ .. သံကြိုးအား သူ၏ဓါးဖြင့် ခုတ်ဖြတ်ရန်ကျိုးစားနေသော်လည်း မရ.. တလက်အား ရိုက်မထုတ်ရသေးခင် နောက်ထပ်ဆယ့်ငါးလက်မျှကို ကာကွယ်နေရ၍ လက်မလည်နိုင်ပါ..
အားကွေ့ကတော့ တချက်ခြင်းကာကွယ်ကာ အကြံဉာဏ်ထုတ်နေ၏ .. သိပ်တော့မစဉ်းစားလိုက်ရ အဖြေပေါ်လာသည် .. ဖြတ်တောက်၍လည်းမရ .. ပူးကပ် ၍လည်း မရလျှင် သူတို့၏ သံကြိုးကို ရှုပ်ထွေးရန်ပြုလုပ်ဖို့သာရှိတော့သည်မဟုတ် လား ...
အကြံပေါ်ပေါ်ခြင်း အားကွေ့က ...
''နောက်ဆုတ်လိုက် ဘဘဟုန်း .. ကျွန်တော် သိပြီ.. ''
ဘဘဟုန်းမှာ အားကွေ့၏ဉာဏ်ရည်ကို သဘောပေါက်သူပီပီ နောက်သို့ ခုန်ဆုတ်လိုက်၏ ...
သူ တစ်ယောက်ထဲလွတ်လပ်စွာ လှုပ်ရှား၍ ရပြီဆိုသည်နှင့် ကျောက်စိမ်း မြေခွေး၏ခြေလှမ်းသိုင်းကွက်ကို အသုံးချကာ သံကြိုးများကိုရှောင်ရှားရင်း စင်္ကြန်လမ်း တစ်လျှောက်၌ မြွေလိမ် မြွေကောက်ပြေးလွှားလိုက်သည် ..
'''၀ှီး..၀ှီး..၀ှီး..၀ှီး..'''
'''ခြွင်..ခြွင်...ခြွင်''
''ဇွတ်..ဇွတ်. ဇွတ်..''
''အား..အား..အင့်..''
အားကွေ့၏ ဆုံးဖြတ်ချက်မှာ မှန်ကန်လှပါ၏ .. သူ၏တည်နေရာနောက် ကိုလိုက် ပစ်နေရင်းနှင့် သံကြိုးများမှာ အလိုလို ယှက်ဖြာသွားကာ ညှိသွားကြသည် ..
ပုဝါဖြူဂိုဏ်းသားများကလည်း ကျွမ်းကျင်လွန်းလှပါ၏ .. ညှိတွယ်သွားသော သံကြိုးကို လေးချက်မျှခါလိုက်ရုံနှင့်ပြုတ်ထွက်သွားသည် ...
သို့သော် အားကွေ့တို့လို သိုင်းပညာရှင်မျိုးအတွက် ထိုလျှပ်တပျက်ခန့် ကြာသော အချိန်လေးက လုံလောက်ရုံမက ပိုလျှံနေသေး၏ .. အရိပ်တရာ ခြေလှမ်း တစ်ထောင် ကိုယ်ဖော့ပညာဖြင့်ခုန်လွှားကာ လက်တချက်ဝှေ့ရမ်းလိုက်ရုံဖြင့် ပုဝါဖြူ ဂိုဏ်းသား ခြောက်ဦးအသက်ခန္ဓာ အိုးစားကွဲသွားသည် ..
ဘဘဟုန်းကလည်းနှေးမနေ .. တဖက်လူတိုက်စစ် တန့်သွားသည်နှင့် ခုန်ဝင်ကာ လက်ထဲမှ ဓါးကို ရမ်းခါလိုက်၏ .. ဓါးချက်မှာ ကြယ်ပွင့်များသဖွယ် တဖိတ် ဖိတ်တောက်ပသွားပြီး ဂိုဏ်းသားများအတုံးအရုံးလဲကျသွားသည် ..
''ရွှပ်..ရွှပ်..ရွှပ်..ရွှပ် ''
''အား..အင့် ..အိုး ..''
''၀ုန်း..၀ုန်း..၀ုန်း..''
အချိန်တခဏအတွင်း ပုဝါဖြူဂိုဏ်းသားအယောက်လေးဆယ်စလုံး ဆက်လက် ရပ်တည်နိုင်သူမရှိတော့ပါ ..
ရန်သူအားလုံးကို ရှင်းအပြီးတွင် အားကွေ့၏ နားထဲသို့ အသံတစ်သံ တိုးဝင်လာ၏ ..
''၀ူး..ဂရား..ဂရား .''
''ဟာ.. ဘဘဟုန်း ..အဲ့ဒါ ရှောင်းဟူရဲ့အသံ''
''ကျင်းကျူး ''
ဘဘဟုန်းနှင့်အားကွေ့မှာ ထိုအသံကြောင့် ပြိုင်တူအော်ဟစ်လိုက်ပြီး လှေကားထစ်ရှိရာသို့ပြေးသွားလိုက်ကြသည် .. အားကွေ့ကပြေးလွှားရင်းနှင့်ပင် သံကြိုးတပ်ဓါးမြောင်နှစ်လက် ကောက်ယူခဲ့၏.. လှေကားထစ်များသို့ ရောက်လျှင် အထက်နံရံကို ကောက်ယူလာသောသံကြိုးဓါးတလက်ဖြင့်ပစ်စိုက်လိုက်၏ ..
''ဒုတ်..''
ပြည့်ဝသောအတွင်းအားကြောင့် ဓါးမှာ အသွားတစ်ခုလုံးစိုက်ဝင်လျှက် ဓါးလက်ကိုင်ကြိုးမှာ ရမ်းခါလျှက်ရှိသည် ..
''ဘဘဟုန်း..ရော့ ..ကြိုးဓါး ပြီးရင် ကျွန်တော့်လိုသာ တက်ခဲ့ .. လှေကားထစ်ကိုလုံးဝမထိစေနဲ့ .. အရှိန်နဲ့လွဲပြီး နံရံကိုသာ ခြေနဲ့ကန်လိုက် .''
ဘဘဟုန်းက အားကွေ့ပစ်ပေးလိုက်သော သံကြိုးတပ်ဓါးကို ကိုင်ကာ အခြေအနေကို ရပ်ကြည့်နေ၏ ..
အားကွေ့က အချိန်မဆိုင်းပဲ ကြိုးကို အရှိန်ယူပြီး ကိုယ်ကို ပစ်လွဲကာ နံရံကို ခြေဖြင့် ကန်ထောက်၍ လှေကားအချိုးနှစ်ကွေ့စလုံးကို လွဲတက်သွားလေသည် ..
''ဖတ် ..''
''ဟိုင်း..ယား .''
'''၀ှစ်..၀ှစ် ..၀ှစ်..''
''ထန်း..ထန်း..ထန်း.''
အားကွေ့မှာ လေးထပ်မြောက်ရောက်၍မှ စင်္ကြန်ကို ခြေဖြင့်မချရသေး .. အဆိပ်လက်နက်ပုန်းများမှာ သူ့ထံသို့ ပလူပျံလျှက် ရောက်ရှိလာ၍ လေထဲတွင်ပင် ဓါးကိုရမ်းကာ အဆိုပါလက်နက်ပုန်းများကို ရိုက်ထုတ်လိုက်ရသည် ..
ထို့နောက်ဂျွမ်းတပတ်ပစ်၍ ကြမ်းပြင်တွင် မတ်မတ် ရပ်ပြီသည့်နောက် အခြေအနေကို အကဲခတ်ပြီး အားကွေ့တစ်ယောက် ရင်လေးမိသွား၏ ..
အဖြူရောင်လက်အိတ်စွတ်ထားကာ အပြာရောင်ပုဝါရှည်များ ကိုင်စွဲထား သည့် နုနယ်လှပသော မိန်းကလေးများ၏ ရပ်နေပုံကို မြင်လိုက်ကတည်းက ထိုနေရာ ကို လွယ်လင့်တကူဖြတ်ကျော်၍ မလွယ်မှန်း သိသွားသည် ..
ပုဝါဖြူဂိုဏ်းဝင်မိန်းကလေးများကတော့ စတုတ္ထအထပ်ထိ ရောက်အောင် ဖြတ်ကျော်လာနိုင်သော နဖူးတွင်ရွှေရောင်တလက်လက်တောက်ပနေသည့် လုလင် ပျို၏ဇွဲနှင့်သတ္တိကို သဘောကျနေသော်လည်း အထက်ကအမိန့်အတိုင်း သုတ်သင် သတ်ဖြတ်ရမည်ဖြစ်၍ နှမျောနေကြ၏..
အားကွေ့နှင့်မိန်းကလေးများ တစ်ယောက်နှင့်တစ်ယောက် အခြေအနေ ကို စူးစမ်းနေကြချိန်တွင် ''ဖတ်''ဟူသော မြည်သံနှင့်အတူ ဘဘဟုန်းရောက်လာခဲ့၏ ..
''အား...'''
ဟူသော မိန်းကလေးတစ်ယောက်အော်သံသည် ပုဝါဖြူဂိုဏ်းသားများ၏ နောက်အခန်းမှ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်.. ဘဘဟုန်းမှာ ထိုအသံကြောင့် သွေးဆုတ်ဖြူလျော်သွားကာ အားကွေ့အား ..
''အားကွေ့ ...ဒါ...ဒါ ကျင်းကျူးရဲ့ အသံ သူအန္တရာယ် ဖြစ်ပြီနဲ့ တူတယ် .. ''
ထိုစကားအဆုံးတွင် အားကွေ့၏ သွေးများ ပွက်ပွက်ထအောင် ဆူတက် လာပြီး တကိုယ်လုံးတရှိန်းရှိန်းနှင့်ဖြစ်လာ၏ .. အထူးသဖြင့် သူ၏မျက်လုံးနှစ်လုံးမှာ မိစ္ဆာတစ်ကောင် ၀င်ပူးသလို ၀င်းဝင်းတောက်နေရာ အကြည့်တချက်၌ မီးထွက်လုလုပင် .. နဖူးမှ ရွှေရောင်ကလည်း အရောင်ပျိုးပျိုးပျက်ပျက်ထွက်နေသည် ..
အားကွေ့၏ဒေါသအရိပ်အယောင်သည်ကား ကြောက်မက်ဖွယ်ရာ ကောင်းလှ၏ .. အားကွေ့က ဘဘဟုန်းအား အေးစက်စက်လေသံဖြင့် ..
''ဘဘဟုန်း ... ဒီအခန်းထဲက မိန်းကလေးတွေ ရှင်း ..ကျွန်တော် ကျင်းကျူးကို သွားကယ်မယ် .. ကျင်းကျူးရဲ့ မွှေးညင်းတပင်ကို ကျွတ်အောင် လုပ်ရဲ လုပ်ကြည့်စမ်း ..ဒီပုဝါဖြူဂိုဏ်းကို အမှုန့် ကျေအောင် လုပ်ပစ်မယ်လို့ မိုးနတ်မင်းကို တိုင်တည်ပြီး ကျွန်တော် ကျိန်တယ် .. ''
ဘဘဟုန်းမှာ အားကွေ့၏ ပုခုံးကို ပုတ်လိုက်ပြီး ..
''ငါလည်းအတူတူပဲ အားကွေ့ ..ငါဒီကောင်မလေးတွေကို ရှင်းလိုက်မယ် မင်းမြန်မြန်သာ သွားပေတော့ ..
သို့သော် ပုဝါအပြာရောင်နှင့် မိန်းကလေးများအား ဖြတ်ကျော်၍ လွယ်ပါမည်လား .. ကျင်းကျူးတစ်ယောက်ရော အခြေအနေကောင်းပါအုံးမည်လား .
==============================
ကျင်းကျူးမှာ ချင်းလျန်အနီးသို့ အသိမဲ့စွာ တရွေ့ရွေ့သွားနေသည် .. ချင်းညံကတော့ မျက်နှာကို လက်နှင့်အုပ်ကာ ငြီးတွားနေဆဲပင် .. ချင်းလျန်မှာ ရှောင်းဟူအား မနိုင်မနင်းထိန်းချုပ်နေရာမှ သူမနှင့်နီးကပ်လာသော ကျင်းကျူးအား ဒေါသပုံ ထ နေသည် .. အမဖြစ်သူ ချင်းညံ၏ ငြီးတွားသံကြားရလေလေ ကျင်းကျူး အားသတ်ဖြတ်ချင်စိတ်ပေါ်လာလေလေဖြစ်သည် ..
လူလူခြင်းမဆိုနှင့် တိရိစ္ဆာန်လေးများအပေါ်တွင်တောင် ဂရုဏာ မေတ္တာ အပြည့်ဖြင့် ဆက်ဆံတတ်သော ကျင်းကျူးမှာ သူမကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒါဏ်ရာ ရသွားခြင်းအပေါ် ဖြေမဆည်နိုင်အောင်ခံစားနေရရှာသည် ..
သူမအသက်ဆုံးရှုံးမှ ထိုလူများ စိတ်ပြေမည်ဆိုလျှင်လည်း ပြေပါစေတော့ ဟူ၍ စိတ်ဒုံးဒုံးချကာ လျှောက်လှမ်းလာရင်း ချင်းလျန်၏ လက်တကမ်းအကွာသို့ ရောက်လာ၏ ..
''ငါ့အမ မျက်နှာကို ဖျက်ဆီးတဲ့ ကောင်မ နင့်ကို ဒီအတိုင်းပေးမသေဘူး တစ်တိတိနှိပ်စက်ပြီးမှ သတ်မယ် ရော့ .. ''
''ဖြန်း ..''
''အား ..''
ကျင်းကျူး၏မျက်နှာဖွေးဖွေးနုနုသည် ချင်းလျန်၏ လက်ဝါးချက်ကြောင့် နီရဲတွတ်သွားသည်.. ကျင်းကျူး၏ခေါင်းတဖက်သို့စောင်းထွက်သွားအောင်ပင် လက်ဝါးချက်က ပြင်းထန်၏ .. ချင်းလျန်မှာ တချက်ထဲမရိုက်သတ်လိုပဲ အားရအောင် နှိပ်စက် မည်ဟူသောအကြံဖြင့် အတွင်းအားမထည့်ဘဲ ရိုးရိုးတန်းတန်း ရိုက်လိုက်မှု ကြောင့်သာ ကျင်းကျူးအသက်မသေခြင်းသာ ..
သို့သော် ထိုလက်ဝါးချက်တချက်ထဲကပင် ကျင်းကျူးအား အသည်းခိုက်အောင်နာကျင်လွန်းလှသည် .. နေမထိ လေမထိပဲ ကြီးပြင်းလာခဲ့သော ရွှေအိမ်စံအတွက် ပထဦးဆုံးအကြိမ် ထိခိုက်မှုခံရခြင်းပင်..
နာကျဉ်လွန်းလှသဖြင့် ပါးစပ်မှ လွတ်ကနဲ အော်မိလိုက်သော ကျင်းကျူးသည် ချက်ခြင်းခေါင်းကို တည့်မတ်လိုက်ပြီး ..
''ရှင်တို့ကြိုက်သလို နှိပ်စက်မယ်ဆိုလည်း နှိပ်စက်ပါရှင် ..ဒါပေမယ့် ရှောင်းဟူလေးကိုတော့ ပြန်လွတ်ပေးလိုက်ရှင်..''
''ဟင်း..ဟင်း..ဟင်း ..နင်တို့အကုန်လုံး လွတ်မယ်မထင်နဲ့ ''
ချင်းလျန်၏စကားကြောင့် ကျင်းကျူး၏မျက်နှာမှာ ညိုးရော်ကာ သွားသည်.. သူမအသက်သေမှာ ကြောက်၍တော့မဟုတ် .. ရှောင်းဟူအတွက် စိုးရိမ်ခြင်းသာ ..
''၀ူး...ဂရူး..''
ရှောင်းဟူသည် သူ့သခင်မ အနာတရ ဖြစ်သွားသည်ကို မြင်လိုက်ရ သဖြင့် တကိုယ်လုံးကို တွန့်ခါကာ အတင်းရုန်းနေသည်။သူ၏ကိုယ်တွင် ရွှေနန်းငွေမျှင် ပိုက်ကွန် ရှဝင်မှုကြောင့် သွေးများ ယိုစီးကျနေ၏ .. ချင်းလျန်ကတော့ လုံးဝအလစ် မပေး မနိုင်မနင်းနှင့်ပင် ထိန်းချုပ်နေဆဲ ..
ယင်းအခိုက်တွင် ချင်းညံသည် မျက်နှာမှာ အနာသက်သာလာ၍ လက်နှစ်ဖက်ကို ဖယ်လိုက်ပြီး ကျင်းကျူးကိုကြည့်ကာ ..
'''ငါ့မျက်နှာကို ဖျက်ဆီးတဲ့ကောင်မစုတ် .. နင့်မျက်နှာကိုလည်း ငါဖျက်မယ် ..ဒီမှာ ငါ့ရဲ့ ဒေါင်းလက်သည်း အရသာ ကိုမြည်းကြည့်စမ်းဟေ့..ရော့ .. '''
ကျယ်လောင်စွာ အော်ဟစ်ရင်း လေပေါ်သို့ခုန်ပျံကာ ကျင်းကျူး၏ မျက်နှာအား ကုတ်ဆွဲလိုက်သည် .. ကျင်းကျူးကတော့ ဖြစ်သမျှအကြောင်း အကောင်းဟုသာ သတ်မှတ်၍ မျက်စိနှစ်လုံးကို မှိတ်ထား၏ ..
''ဖောက်... ဒုတ်...''
''ဂရူး.. ''
''တစ်ကောင်တော့ ထိသွားပြီ မမရေ ..''
''ဟင်...ရှောင်းဟူ ..အမလေး ..သေပါပြီ.. ရှောင်းဟူရေ..''
''ဟင်း..ဟင်း..ဟင်း..ဟင်း ..ငိုမနေနဲ့ကောင်မ ဒီတခါနင့်အလည့် နင်ကတော့ သေတာထက် ဆိုးပြီသာမှတ်...''
ဖြစ်ပုံမှာ ချင်းညံ၏ သံမဏိလက်သည်း ကျင်းကျူးအနားသို့ မရောက်ခင် လမ်းခုလတ်တွင် ရှောင်းဟူက ကိုယ်ဖြင့်ဝင်ကာလိုက်ခြင်းဖြစ်သည် .. ရှေင်းဟူမှာ ပိုက်ကွန်ဖြင့်ငြိနေသည့်ကြားမှ ၀င်ကာလိုက်ရသည်ဖြစ်ရာ သူ၏ အားနည်းချက် ရင်ဘတ်နေရာကို မဖုံးကွယ်နိုင်ခဲ့ပါ .. ထိုအချက်က ချင်းညံအတွက် မဟာအခွင့်အရေးကြီးဖြစ်သွားသည် .. သိုင်းကဝေတစ်ယောက်အဖို့ လမ်းကြောင်း ပြောင်းတိုက်ခိုက်ခြင်းမှာ လွယ်လွန်းလှသဖြင့် သူမရှေ့၌ ၀င်ခံနေသော ရှောင်းဟူ၏ ရင်ဘတ်ကို လက်သည်းဖြင့်ကုတ်ဆွဲလိုက်ခြင်းပင် ..
ရှောင်းဟူမှာ ရင်ဘတ်နေရာသို့ ထိထိမိမိ ကုတ်ဆွဲခံလိုက်ရသဖြင့် တကိုယ်လုံးတုန်ခါလျှက် အော်ဟစ်ကာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည် .. ကျင်းကျူးမှာ မျက်စိစုံမှိတ်ထားရာမှ ရှောင်းဟူအသံကြောင့် ပြန်ဖွင့်ကြည့်လိုက်ပြီး အရုပ်ကြိုးပြတ်လဲကျသွား၏ ..သူမပါးစပ်ကတော့ ရှောင်းဟူနာမည်ကို တကျော်ကျော် အော်ဟစ်နေသည် ..
ချင်းညံနှင့်ချင်းလျန်မှာ ပဋာမြေလူးဖြစ်နေသော ကျင်းကျူးအား အားရ၀မ်းသာစွာကြည့်၍ .. ချင်းလျန်က ကျင်းကျူး၏ ဆံပင်ကို ဆောင့်ဆွဲလိုက်သည် ..
''အ..''
ပါးစပ်မှမသဲမကွဲအော်ဟစ်ကာ နောက်လှန်ကျလာသော မျက်နှာလှလှလေး ကိုကြည့်ကာ ချင်းလျန်က
''မမ ဒီကောင်မကို ဘယ်လို ဆုံးမရင်ကောင်းမလည်း ..''
ချင်းညံက ကောက်ကျစ်စဉ်းလဲစွာပြုံးလိုက်၏ ..သို့သော်လည်း သူမ၏ မျက်နှာသည် ကျင်းကျူးလက်ချက်ကြောင့် အရေပြားများစုတ်ပြတ် ဖုဖောင်း နေရာ အပြုံးမှာ မပီသပါ ..
''ဒီကောင်မစုတ်ရဲ့ မျက်နှာကို ငါ့လက်သည်းနဲ့ စုတ်ပြတ်အောင်ခြစ်ပြီး .. အသားပုပ်ဆေးမှုန့်သိပ်လိုက်မယ် .. ဒါဆို ဒီကောင်မ သေတာထက်ဆိုးတဲ့ ဝေဒနာ ခံရမှာ ..မကောင်းဘူးလား ချင်းလျန် ''
''ဖြန်း..''
''အား..''
''ကောင်းတာပေါ့ မမရယ် ..ဒီကောင်မမျက်နှာကို ဖျက်စီးပြီးရင်တောင် ဟိုကောင်မလေးတစ်ယောက်ကကျန်သေးတာပဲ သူ့မျက်နှာကို မမယူလိုက်ပေါ့ ''
ချင်းလျန်က ကျင်းကျူး၏မျက်နှာကို ထပ်မံရိုက်လိုက်ပြီး ချင်းညံစကားကို ထောက်ခံလိုက်သည်.. ကျင်းကျူးမှာ နာကျဉ်လွန်း၍ သတိမေ့လုလုပင်ဖြစ်သွားကာ
နှုတ်ခမ်းထောင့်မှ သွေးများပင် စိမ့်ထွက်လာခဲ့သည် ..
''ကဲ ညီမလေးသူ့မျက်နှာကို ဒီ့ထက် ဆွဲလှန်လိုက်စမ်း .. မမရဲ့ လက်သည်း အရသာမြည်းခိုင်းရအောင်..''
ချင်းလျန်ကလည်း ကျင်းကျူးအား နှိပ်စက်ရသည်ကို ပျော်နေပုံရသည် မဆိုင်းမတွပင် ကျင်းကျူး၏ ဆံပင်ကို ထပ်မံ ဆွဲလှန်လိုက်ပြန်သည် ..
''အား..ကျွတ်..ကျွတ်..''
ကြမ်းကြမ်းတမ်းတမ်း ဆွဲလှန်မှုကြောင့် ဦးရေပြားတခုလုံးစပ်ဖြင်းဖြင်း ဖြစ်သွားသော ကျင်းကျူးမှာ စုတ်တသတ်သတ် လုပ်ကာ ငိုနေရုံကလွဲ၍ ဘာမျှမတတ် သာ.... ချင်းညံ၏ သံမဏိလက်သည်းမဲမဲကြီးကလည်း သူမ၏ မျက်နှာအနီးသို့ ၀ဲလာ ပြီမဟုတ်လား ....
=====================
ရေးရင်းနဲ့ မျက်စိကိုက်လာလို့ဗျာ ..နားတော့မယ် ..ဒီအတိုင်းဆို မနက်ဖြန်တောင် ရေးနိုင်ပါ့မလားမသိဘူး ..
စာထဲမှာ တခုခု ချွတ်ယွင်းသွားရင် တောင်းပန်ပါတယ် ..

Comments
Post a Comment